← Chapters

အခန်း (၁၀-၁၂)

Vol. 1 Ch. 10-12

အခန်း (၁၀-၁၂)

Vol. 1 Ch. 10-12

အပိုင်း (၁၀) သူ့ကို ရိုက်စမ်းပါ

“မရိုက်နဲ့တော့၊ မရိုက်နဲ့တော့ အမလေး ရပ်ပါတော့ ကောင်လေးဖျင်ရဲ့၊ နင် ဟန်ကွမ်းဟွေကို ဆက်ရိုက်နေရင် သူ့ကို သ-တ်မိသွားတော့မှာပဲ”

အမှန်တွင်တော့ စုန့်ဝေဖျင်သည် သူ့လက်သီးကို ပစ်ထိုးလိုက်ချိန်တွင် နောက်မှ လိုက်လာသည့် ကျောက်ယန်ယန်က အော်ဟစ်လိုက်လေသည်။ ရုန်းရင်းဆန်ခတ်ဖြစ်သံကို ကြားလိုက်ကြသည့် လူများက မြန်မြန်ဝိုင်းအုံလာကြသည်။ ဟန်ကွမ်းဟွေက အများကြီး အရိုက်မခံလိုက်ရပေ။

စုန့်ဝေဖျင်၏ ဝံပုလွေနှင့်တူသည့် စိတ်ဓာတ်ကသာ လူများကို ပျာယာခတ်သွားအောင် လုပ်လိုက်ခြင်းပင်။

ရွာဌာနခွဲစာရေးက ဖြတ်သွားသည်နှင့်ကြုံသည်။ လူအုပ်ကြီးက စုန့််ဝေဖျင်ကို ဆွဲထားပြီး ဟန်ကွမ်းဟွေ၏ ပါးစပ်တွင် သွေးထွက်နေသည်ကို မြင်လိုက်ရသောအခါ သူက အလျင်စလို ရှေ့တိုးလာပြီး

“ဘာဖြစ်ကြတာလဲ၊ သောက်ကျိုးနဲ၊ မင်းတို့တွေ ဘာလို့ ရန်ဖြစ်နေကြတာလဲ ကောင်လေးဖျင် မင်း ဟန်ကွမ်းဟွေကို လုပ်လိုက်တာကိုလည်း ကြည့်အုံး၊ သူက ပညာတတ်လူငယ်ခေါင်းဆောင်လေ၊ မင်းအလုပ်ရမှတ်တွေကို နုတ်ပစ်ရမယ်”

ရွှီရှောင်ကျောင်းက စုန့်ဝေဖျင်ကို ဖမ်းဆွဲထားလိုက်ပြီး

“စာရေးကြီး ဘာ အလုပ်ရမှတ်ကို နုတ်မှာလဲ၊ ဟန်ကွမ်းဟွေကို သူအရင်ဆုံး ဘာလုပ်ခဲ့လဲဆိုတာ မေးကြည့်ပါအုံးလား၊ သူက ကျွန်မဆီ ပြေးလာပြီး ပေါက်ကရစကားတွေနဲ့ ကျွန်မကို နှောင့်ယှက်ခဲ့တာ၊ ဒါက ရမ်းကားတဲ့လုပ်ရပ်ပဲ၊ ကိုကိုဝေဖျင်က သူ့ရိုက်တာကလည်း နည်းနည်းလေးပဲ”

ဟန်ကွမ်းဟွေသည် နာကျင်မှုကို သည်းခံရင်း ပြန်ချေပလိုက်လေသည်။

“ကျွန်တော် မလုပ်ခဲ့ဘူး”

ရွှီရှောင်ကျောင်းက ဘာမှလည်း ဖုံးကွယ်မထားသလို စိုးရိမ်သည့်မျက်နှာလည်း ဖြစ်မနေချေ။ သူမက မဲ့ရွဲ့လိုက်ပြီး

“နင် မလုပ်ခဲ့ဘူး ဟုတ်လား၊ လာလေ ဒါဆို၊ ဌာနခွဲစာရေးကြီးကို ပြောပြလိုက်စမ်းပါ၊ နင် ခုနကပြောခဲ့တာတွေ ပြန်ပြောလိုက်၊ ဌာနခွဲစာရေးနဲ့ တခြားသူတွေကို နားထောင်ပါစေ၊ နင်က လူရမ်းကားတစ်ယောက်လား”

ဟန်ကွမ်းဟွေက တွန့်ဆုတ်နေပြီး စကားမပြောနိုင်ဖြစ်နေသည်ကို တွေ့လိုက်ရသည်တွင် အားလုံးက နားလည်သွားကြတော့သည်။

“အို ဟန်ကွမ်းဟွေက ပညာတတ်လူငယ်တစ်ယောက်ဖြစ်ပြီး သူ့ပါးစပ်ကလည်း မသန့်ရှင်းပါလား”

“ရဲဘော်ဟန်ကွမ်းဟွေ နင်က ပညာတတ်လူငယ်ခေါင်းဆောင်လေ၊ နင့်မှာ စာရိတ္တကျင့်ဝတ်ကောင်းတွေ ရှိရမှာပေါ့၊ နင်က စာရိတ္တပျက်ပြားနေမဟုတ်မလား”

“ဟုတ်တယ် ရွာကလူတွေ အားလုံးသည် ရှောင်ကျောင်းက စုန့်ဝေဖျင်နဲ့ တွဲနေတာ၊ မနေ့က ရှောင်ကျောင်း အနီရောင်ဝတ်စုံလေး ဝတ်ပြီး စုန့်ဝေဖျင်နဲ့ ထွက်သွားတာ အားလုံး တွေ့လိုက်ကြတယ်လေ ဟုတ်တယ်မလား”

“ဟုတ်တယ် နင်က ဘာအတွက် တွယ်ကပ်နေတာလဲ၊ နင့်မှာလည်း ရွှီယန်ယန် မဟုတ်ဘူး ကျောက်ယန်ယန် ရှိနေတာပဲမလား”

အနီရောင်ဝတ်စုံအကြောင်း ကြားလိုက်ရသည်တွင် ဟန်ကွမ်းဟွေ၏မျက်လုံးများက တဖန်နီရဲသွားပြီး

“ရှောင်ကျောင်းက ကျွန်တော့်ကို လာသောင်းကျန်းနေတာ”

သည်စကားကို ကြားလိုက်သည်တွင် ရွာဌာနခွဲစာရေးလည်း သည်ကလေးက ရိုက်ခံရသင့်သည်ဟု ခံစားလိုက်ရကာ

“ဘာလို့ သောင်းကျန်းမှာလဲ၊ သူတို့နှစ်ယောက်က မိတ်ဆက်စာနဲ့ လက်ထပ်မှတ်ပုံတင်တွေ ရထားပြီးပြီ၊ ဘာသောင်းကျန်းစရာ ရှိလို့လဲ၊ ငါ မြင်တာတော့ မင်းက ပညာတတ်လူငယ်ခေါင်းဆောင် မလုပ်ချင်တော့ဘူးထင်တယ်၊ မင်း အဲလိုဆက်လုပ်နေရင် မင်း ဆက်ပြီး အရိုက်ခံရလိမ့်မယ်”

သူသည် ပြောရင်းဆိုရင်း သူ့လက်ကို ယမ်းလိုက်ကာ

“လူစုခွဲတော့၊ လုပ်စရာရှိတာ သွားလုပ်ကြ”

ချောင်းဟန့်လိုက်ပြီး သူက လျှောက်ကာ ထွက်သွားတော့သည်။ အားလုံးက စုန့်ဝေဖျင်၏ မှုန်ကုပ်နေသည့်မျက်နှာကို ကြည့်ပြီး သူ့ဘေးတွင် ဆက်မနေရဲတော့ချေ။ သို့တိုင် ရွှီရှောင်ကျောင်းက တီးတိုးစကားအားလုံးကို ကြားလိုက်သေးသည်။

“အို ရွှီရှောင်ကျောင်းက စုန့်ဝေဖျင်ကို တကယ်လက်ထပ်လိုက်တာလား၊ ရွှီရှောင်ကျောင်းက စ,နေတာလို့ ထင်ထားတာလေ”

“ဟုတ်ပါ့၊ ရွှီရှောင်ကျောင်းက တော်တော်လေး လှတဲ့ဟာကိုဟယ်၊ သူက စုန့်ဝေဖျင်ကို တကယ်ပဲ မျက်စိကျနိုင်သတဲ့လား”

“ဌာနခွဲစာရေး ပြောပြီးပြီလေ၊ သတင်းအမှားဖြစ်နိုင်ပါအုံးမလား၊ စုန့်ဝေဖျင် သောက်ကျိုးနဲ ကံကောင်းတာဟ”

“စုန့်ဝေဖျင်က လူမွဲတစ်ယောက်ပဲ၊ ရွှီရှောင်ကျောင်းက ဘယ်လိုဖြစ်ပြီး သူ့ကို မျက်စိကျသွားတာလဲ၊ ယန်ယန် ပြောတာ မှန်နေတာတော့ မဟုတ်လောက်ပါဘူးနော်။ ရွှီရှောင်ကျောင်းက စုန့်ဝေဖျင်ရဲ့အိမ်မှာ ညအိပ်ခဲ့တယ်ဆိုတာလေ”

“မသိဘူးလေ၊ ငါတော့ သတင်းအမှားလို့ ထင်တာပဲ၊ ယန်ယန်က ဟန်ကွမ်းဟွေကို မျက်နှာဖို့ ကြိုးစားနေတာမဟုတ်ဘူးလား၊ သူက ပါးစပ်ထဲမှာ နောက်ချေးအပြည့်နဲ့ တခြားသူတွေကို နာမည်မဖျက်ဘူးလို့ ဘယ်သူပြောနိုင်လို့လဲ”

ပြောနေတော့ရော ဘာထူးမှာလဲ၊ သူတို့ကဖြင့် လက်ထပ်ပြီးသွားပြီလေ”

“ကျွတ် ကျွတ် ရွှီရှောင်ကျောင်းက အရမ်းလှတာ ပျားတွေနဲ့ လိပ်ပြာတွေကို ဆွဲဆောင်ထားသလိုပဲ၊ နင် ခုနက ဟန်ကွမ်းဟွေရဲ့မျက်လုံးတွေကို မတွေ့လိုက်ဘူးလား၊ သူ ရွှီရှောင်ကျောင်းကို လုံးဝ မမေ့သေးဘူး၊ ငါ မြင်သလောက်တော့ စုန့်ဝေဖျင်ရဲ့ဆံပင်တွေ တနေ့တာ့ စိမ်းကုန်တော့မှာပဲ”

ရွှီရှောင်ကျောင်းက အေးတိအေးစက် နှာခေါင်းရှုံ့လိုက်ပြီး လှမ်းအော်ပြောလိုက်လေသည်။

“ဒီမှာ အဒေါ်တို့ ဦးလေးတို့ အားနေရင်လည်း မြေကြီးတူးကြပါလား၊ တခြားလူတွေအကြောင်း အတင်းပြောတာက ဗိုက်ပြည့်ပြီး ချမ်းသာအောင် လုပ်ပေးနိုင်လို့လား၊ ကျွန်မလည်း မနက်ဖြန် ရှင်တို့ရဲ့မိသားစုတွေမှာ ဘာတွေပျော်စရာများ ရှိမလဲ စုံစမ်းပြီးရင် လော်စပီကာနဲ့ တရွာလုံးကြားအောင် အော်ပေးရမလား”

နောက်ဆုံး သူတို့သည် အဝေးကြီး မရောက်ကြသေးချေ။ ပါဝင်ပတ်သက်နေသည့်သူလက်ထဲတွင် မိသွားပြီး အတင်းစကား၏ အဓိကဇာတ်ကောင်မှာ ရွာထဲက ဝံပုလွေပေါက်လေး စုန့်ဝေဖျင် ဖြစ်လေရာ လူအုပ်ကြီးက ချောင်းဆိုးလိုက်ကြပြီး မကြားချင်ဟန်ဆောင်ကာ ထွက်သွားလိုက်ကြတော့သည်။

စုန့်ဝေဖျင်က မျက်နှာ တင်းမာနေသေးသည်ကို တွေ့လိုက်ရသဖြင့် ရွှီရှောင်ကျောင်းက သူ့ကို တွတ်လိုက်ပြီး

“ဒေါသမထွက်ပါနဲ့တော့၊ ပြောကြပါစေ၊ အခု ဆင်းရဲတာ ဘာမှားလို့လဲ၊ ငါတို့တွေက နောက်ဆုံးကျရင် သူတို့ထက် ပိုကောင်းတဲ့ဘဝမှာ သေချာပေါက်နေရမှာ၊ ပြီးတော့ ငါကလည်း ငါ့ဘဝမှာ တခြားယောကျ်ားတွေကို ဘယ်တော့မှ ကြည့်မှာမဟုတ်ဘူး၊ စိတ်မပူနဲ့”

ဟန်ကွမ်းဟွေ၏ စိတ်ပျက်နေသည့်အဖြစ်နှင့်မတူဘဲ ကျောက်ယန်ယန်၏ နှလုံးသားကတော့ မီးရှူးမီးပန်းများ အပြည့်ဖြစ်နေလေသည်။ ရွှီရှောင်ကျောင်းက စုန့်ဝေဖျင်ကို လက်ထပ်လိုက်ပြီတဲ့လေ။ အစ်ကိုကွမ်းဟွေ ဘယ်လိုပဲ နောင်တရနေပါစေ ရွှီရှောင်ကျောင်းနဲ့ ပတ်သက်ပြီး သူ ဘာမှမတတ်နိုင်တော့ဘူး။ သူမက ရှေ့သို့ လှမ်းကာ ဟန်ကွမ်းဟွေကို တွဲပေးလိုက်ပြီး စုန့်ဝေဖျင်ကို မျက်စောင်းဖြင့်ကြည့်လိုက်ကာ

“အစ်ကိုကွမ်းဟွေ သွားကြမယ်၊ အဲဒီဘောင်မဝင်တဲ့ ရွှံ့ခြေထောက်တွေကြောင့် စိတ်ရှုပ်ခံမနေနဲ့”

ဟန်ကွမ်းဟွေသည် သူ ရွှီရှောင်ကျောင်းကို ပြောခဲ့သည့်စကားများကို ကျောက်ယန်ယန် ကြားလိုက်မှန်း သိနေလေသည်။ သို့သော်ငြား သူသည် ကျောက်ယန်ယန်က ဘာတစ်ခုမှ တွေးရဲမည် မဟုတ်မှန်း သိလေရာ ထိုနှင့်ပတ်သက်ပြီး စိတ်မပူချေ။ သူမက သူ့အပိုင်ဖြစ်ပြီးသားလေ။ သူမက သူ့အပေါ် အသေတွယ်ကပ်ထားရမှာ။ သူ့ကို လက်ထပ်ဖို့ကလွဲပြီး တခြားနည်းလမ်းမရှိဘူးလေ။ သူ လုံးဝ မျှော်လင့်မထားတာက ရွှီရှောင်ကျောင်းတစ်ယောက် စုန့်ဝေဖျင်ကို တကယ်ကြီး လက်ထပ်လိုက်မယ်ဆိုတာကိုပဲ။

သူ့မျက်နှာက ဝမ်းနည်းမှုအပြည့်ဖြင့်

“ရှောင်ကျောင်း နင် တကယ်ပဲ စုန့်ဝေဖျင်ကို သဘောကျသွားတာလား”

သူ နားမလည်နိုင်တော့ဘူး။ စုန့်ဝေဖျင်ရဲ့ ဘယ်အပိုင်းက ကောင်းနေလို့လဲ။

ရွှီရှောင်ကျောင်းသည် ခုနက သူပြောခဲ့သည့်စကားကို စဥ်းစားမိပြီး ရွံရှာသွားတော့သည်။ အတ္တစွဲသမားတစ်ယောက်ရဲ့ အလှအပစကားတွေက တကယ့်ကို သည်းမခံနိုင်စရာပဲ။ သူမက စုန့်ဝေဖျင်ကို ဆွဲခေါ်လိုက်ပြီး

“နင် ထပ်ပြီး အရိုက်မခံချင်ရင် ငါ့ကို စကားလာမပြောတာ ပိုကောင်းမယ်၊ အဲဒီစကားတွေကို ကြားရတာ အန်ချင်လွန်းလို့”

ရွှီရှောင်ကျောင်းကို စကားထပ်မပြောရတော့ဘူးတဲ့လား။ ဟန်ကွမ်းဟွေက မဖြစ်နိုင်ဘူးဟု ထင်မိလေသည်။ သူ ဒါကို မယုံဘူး။ ရွှီရှောင်ကျောင်းရဲ့မျက်လုံးထဲမှာ သူက တောသား တစ်ယောက်လောက်တောင် မတော်ဘူးတဲ့လား။

သူသည် စုန့်ဝေဖျင်ကို ရှောင်ပြီး သူမနှင့် တိုးတိုးတိတ်တိတ် ဖြေရှင်းချင်လေသည်။ သို့သော် စုန့်ဝေဖျင်က သည်အတွေးကို ဖယ်ရှားပစ်လိုက်တော့သည်။ ထိုအဖြစ်က သူ့စိတ်ထဲတွင် အရိပ်လို ထင်ကျန်နေတော့သည်။

ထိုနေ့ညက သူသည် ရွှီယန်ယန်ကို စကားချိုချိုလေးများနှင့် ချော့မော့ပြီး သူမကို အဆောင် ပြန်ပို့ပေးလိုက်သည်။ ပညာတတ်လူငယ်နေရာသို့ အပြန်လမ်းတွင် စုန့်ဝေဖျင်က သူ့ကို ဆွဲထားပြီး ထပ်ရိုက်နှက်ပြန်သည်။

ဓားတိုတစ်ချောင်း၏ အေးစက်စက်အလင်းရောင်က လရောင်အောက်တွင် သူ့လည်ပင်းကို လာထောက်ထားလိုက်ချိန်တွင် ဟန်ကွမ်းဟွေသည် အမှန်ပင် ကြောက်လန့်သွားတော့သည်။ သူ့နှာခေါင်းက ပွန်းပဲ့နေကြီး သူ့မျက်နှာက ရောင်ကိုင်းနေသည်။ သူသည် တုန်ယင်နေမှုကို ဖိနှိပ်ထားလိုက်ပြီး

“စုန့်ဝေဖျင် မင်း.. မင်း.. ငါ မင်းကို ပြောနေတယ်နော်၊ မိုက်ရူးရဲဆန်တာတွေ မလုပ်နဲ့”

“ငါ မိုက်ရူးရဲဆန်တာတွေ လုပ်ရဲမလားဆိုတာ မင်း စမ်းကြည့်လို့ရတယ်”

စုန့်ဝေဖျင်၏အသံက အလွန်မှ မှုန်မှိုင်းနေပြီး ရေများက တစက်စက်ကျ လာနိုင်လေသည်။

ဟန်ကွမ်းဟွေက မစမ်းရဲပေ။ သူသည် ထိုနှစ်က မိန်လင်ရွာသို့ အရင်ဆုံးရောက်လာချိန်က သူတို့ကြားခဲ့သည့် ပထမဆုံးအတင်းစကားမှာ စုန့်ဝေဖျင်အကြောင်း ဖြစ်လေသည်။ တစ်ခါက လူတစ်ယောက် ပြောဖူးသည်။ စုန့်ဝေဖျင်၏ကံကြမ္မာက သူ့မိသားစုတစ်ခုလုံးကို ကျိန်စာသင့်စေခဲ့ပြီး သူ့အဘွားကလည်း အနှေးနှင့်အမြန် လိုက်ဖြစ်လာလိမ့်မည်ဟူ၍။ ထိုလူသည် သေလုမျောပါး အရိုက်ခံလိုက်ရတော့သည်။ စုန့်ဝေဖျင်။ သူသည် အမှန်ပင်လုပ်ရဲပေလိမ့်မည်။

ဓားဖျားက သူနှင့် တစ်လက်မလောက် ပိုနီးကပ်လာသည်ကို ခံစားလိုက်ရချိန်တွင် ဟန်ကွမ်းဟွေ၏ စိတ်က ပြိုလဲသွာပြီး

“ပြောပါ၊ မင်း ပြောသမျှ ငါ လိုက်လုပ်မယ်”

“ရှောင်ကျောင်းနဲ့ ဝေးဝေးနေ၊ မင်း သူ့ကို ထပ်ပြီးနှောင့်ယှက်ရဲရင် ငါ မင်းကို သ-တ်ရလိမ့်မယ်”

“ကောင်းပြီ ကောင်းပြီ ငါ ကတိပေးတယ်၊ ငါ ရန်စဖို့ မတတ်နိုင်ပါဘူး၊ ငါက ပုန်းနေဖို့ပဲ တတ်နိုင်ပါတယ်၊ ဟုတ်ပြီနော်”

ရွှီရှောင်ကျောင်းသည် အမှောင်ထဲတွင် ဖြစ်သွားခဲ့သည့် သည်ကိစ္စအကြောင်းကို မသိခဲ့ပေ။ ဟန်ကွမးဟွေက ရက်အနည်းငယ်လောက် အနားယူပြီး သူ့မျက်နှာက ပိုပြီးယောင်ကိုင်းလာသည်ဟု အားလုံးက ပြောနေကြသည်ကိုသာ ခပ်ရေးရေး ကြားခဲ့ရလေသည်။ လက်ခုပ်တီးပေးသည်ကလွဲလျှင် သူမသည် သူ့အတွက် ဘာအားအင်ကိုမှာ အချည်းနှီးမသုံးလိုက်ချင်ပေ။

သူမသည် သယ်ယူပို့ဆောင်ရေးအဖွဲ့နှင့် လိုက်သွားမည့် စုန့်ဝေဖျင်ကိုသာ ပိုစိတ်ပူမိလေသည်။

ငါတို့တွေက တရားဝင်စုံတွဲ ဖြစ်သွားပြီပဲ။ စုန့်ဝေဖျင် ခရီးရှည်ထွက်တဲ့အခါ ငါက ဘာမှ မထုတ်ပြနိုင်ဘူး။ ရာသီဥတုက လက်ရှိမှာ အေးနေပြီး ပစ္စည်းတွေကို ပိုပြီး ကြာကြာသိမ်းထားလို့ရတယ်။ ဒါပေမဲ့ စုန့်ဝေဖျင်ကို ငါ့အတွက် ချက်ပေးသွားပါလို့ ပြောဖို့ကလည်း အရမ်းရှက်ဖို့ကောင်းတယ်။ ဒီလိုဆိုတော့လည်း ဝူချွန်းဟွားကိုပဲ အကူအညီတောင်းရတော့မှာပဲ။

“ဒါက ဂျုံဖြူနဲ့ ပြောင်းမှုန်းရောပြီး လုပ်ထားတဲ့ ဂျုံပန်ကိတ်နော်၊ ဆားနဲ့ ကြက်သွန်ပင်လည်း ထည့်ထားတယ်၊ အစားအသောက် ဝယ်စားလို့ အဆင်မပြေရင် နင့်ဗိုက်ကိုဖြည့်ဖို့ ဒါကို စားလို့ရတယ်၊ ဒါက ခေါက်ဆွဲကြော်နည်းနည်း။ မနက်နဲ့ညပိုင်းက အေးနေသေးတယ်ဆိုတော့ နင် ရေပူရတဲ့အခါ ဒီထဲကို ရေပူနှစ်ခွက်လောက် လောင်းထည့်ပြီး ဟင်းရည်လို လုပ်စားလို့ရတယ်”

စုန့်ဝေဖျင်သည် ဘာမှမပြောဘဲ ပစ္စည်းများကို လက်ခံလိုက်ပြီးနောက် အိတ်ထဲသို့ ထည့်ထားလိုက်သည်။

“ကောင်းပြီ”

“အဘွားအတွက် စိတ်မပူနဲ့နော်၊ ငါ သူ့ကို ကောင်းကောင်း စောင့်ရှောက်ထားလိုက်မယ်၊ အရေးကြီးတာက နင်ပဲ၊ ရော့ ၁၀ယွမ်၊ ယူထားလိုက်”

ရွှီရှောင်ကျောင်း၏လက်ထဲတွင် ငွေနည်းနည်းပါးပါး ရှိသည်ကို စုန့်ဝေဖျင်က သိထားသော်လည်း သူမက သူ့ကို ငွေများ ပေးလာလိမ့်မည်ဟုတော့ မျှော်လင့်မထားခဲ့ပေ။

“ငါ မလိုချင်ပါဘူး၊ နင်ပဲ သိမ်းထားလိုက်ပါ”

သူသည် ပြောရဆိုရခက်မှန်း သိနေသဖြင့် ရွှီရှောင်ကျောင်းက သူ့ကို အလေးအနက်ပြောလိုက်၏။

“စုန့်ဝေဖျင် ငါ ပြောတာ နားထောင်၊ ဆိုရိုးစကား ရှိတဲ့အတိုင်းပဲ၊ အိမ်မှာ ဆင်းဆင်းရဲရဲနေပြီး လမ်းပေါ်မှတော့ ချမ်းချမ်းသာသာ နေရမယ်တဲ့၊ စားသောက်စရာတွေ ရှိနေတာပဲ၊ ငါတို့ မငတ်ပါဘူး၊ နင်က အပြင်သွားမှာဆိုတော့ မတူဘူးလေ၊ နင်က ရက်နည်းနည်းလောက် ခရီးသွားရမှာ၊ အစားအသောက်နဲ့ နေရာထိုင်ခင်းအခြေအနေက သိရတာမဟုတ်ဘူး၊ ငါတို့ စိတ်အေးရအောင် ဒီငွေကို ယူသွား၊ ဘာမှမဖြစ်ရင်တော့ အကောင်းဆုံးပဲပေါ့၊ နင် ခေါင်းကိုက်တာဖြစ်ဖြစ် နေမကောင်းတာဖြစ်ဖြစ် သည်းခံမထားနဲ့နော်၊ မြန်မြန်ပျောက်အောင် ကုရမယ်”

ထို့အပြင် သူမတွင်လည်း ကိုယ်ပိုင်စိတ်ငယ်လေးများ ရှိလေရာ

“နင်က ပိုပြီးပါးပါးနပ်နပ်နဲ့ သယ်ယူပိုဆောင်ရေးအဖွဲ့ ခေါင်းဆောင်နဲ့ ဆက်ဆံရေးကောင်းအောင် လုပ်နော်၊ ကြားပေါက်ရမဲ့ အခွင့်အရေးရှိလာရင် ဒီငွေကို ရင်းနှီးငွေလို သုံးလို့ရတယ်၊ ဘာပဲဖြစ်ဖြစ် ယူထားလိုက်၊ နင် မသုံးဖြစ်လည်း ပြန်လာမှ ပြန်ပေးပေါ့၊ ငါ့မှာလည်း ရှိပါသေးတယ်၊ နင့်ကို အကုန်လုံး ပေးလိုက်တာမဟုတ်ပါဘူး”

အာရုံတက်ချိန်တွင် စုန့်ဝေဖျင်သည် အိမ်မှ ထွက်လာခဲ့လေသည်။ သူသည် သယ်ယူပို့ဆောင်ရေးအဖွဲ့နှင့် နောက်ဆုံးခရီးထွက်ခဲ့သည်မှာ တစ်နှစ်နီးပါးရှိသွားပြီဖြစ်သည်။ သူ့အဘွားက မတော်တဆဖြစ်မလို ဖြစ်သွားကတည်းက သူသည် ထပ်ပြီး ခရီးမထွက်တော့ပေ။ သို့သော် သူသည် သည်တစ်ကြိမ်တွင်တော့ စိတ်အေးအေးနှင့် ထွက်လာခဲ့လေသည်။ ယုံကြည်မှုက သူ့ရင်ဘတ်ထဲတွင် ပြည့်နေလေရာ ဖောင်းကားနေတော့သည်။

အံ့ဩစရာကောင်းလိုက်တာ။ သူက တွေးမိလေတော့သည်။

…

အပိုင်း (၁၁) စားသောက်ပွဲကျင်းပမယ်

“ဝေဖျင် မင်း အစားအသောက် မဝယ်ဘူးလား၊ ငါတို့တွေ နောက်တစ်နေရာကို ရောက်တဲ့အချိန်ကျရင် အရမ်းနောက်ကျသွားလိမ့်မယ်၊ မင်း အစားအသောက်မရှိရင် ဘာမှလုပ်လို့မရဘူးနော်၊ မင်းက ယာယီအလုပ်သမားဆိုရင်တောင် တစ်နေ့ကို ထောက်ပံ့ပေး ၃ ကျောင် ရနိုင်တယ်လေ၊ မင်း အားလုံးကို စုထားစရာမလိုပါဘူး၊ ဆန်ကြမ်းနဲ့လုပ်ထားတဲ့ မန်ထိုက သုံးခုမှ ၁ ကျောင် ပဲပေးရတာ၊ မင်း စားဖို့ လောက်ပါတယ်ကွ”

သည်တစ်ကြိမ်တွင် သယ်ယူပို့ဆောင်ရေးအဖွဲ့တွင် လူလေးယောက်ပါလေသည်။ သူသည် မနက်ခင်း စောစောက ထွက်လာခဲ့ပြီး နေ့လယ်တွင် စီရင်စုမှ ထွက်လာခဲ့သည်။ လီစန်းထျယ်က သူတို့ကို ညစာအတွက် အစိုးရပိုင် စားသောက်ဆိုင်တစ်ခုဆီ ခေါ်လာခဲ့သည်။ စုန့်ဝေဖျင်က ဘာမှ မဝယ်သည်ကို တွေ့လိုက်ရသဖြင့် သူက စုန့်ဝေဖျင်ကို နားချနေခြင်းပင်။

လူလေးယောက်တွင် အမဲသားတစ်ပွဲဝယ်လိုက်သည့် လီစန်းထျယ်မှ လွဲလျှင် ကျန်နှစ်ဦးကသာ ဂျုံဖြူမန်ထိုသုံးလုံး ဝယ်လိုက်ကြသည်။ သူတို့ထဲက ဘယ်သူကမှ လူချမ်းသာများ မဟုတ်ကြပေ။ ဂျုံဖြူမန်ထိုက သည်ရက်ပိုင်းတွင် ကြီးကျယ်သည့် အစားတနပ်ဟု မှတ်ယူရမည်။

စုန့်ဝေဖျင်က ခေါင်းခါပြလိုက်ပြီး

“တတိယအစ်ကိုလီ ကျွန်တော် အစားအသောက်နည်းနည်းပါးပါး ယူလာခဲ့ပါတယ်၊ ကျွန်တော် ဒီတစ်နပ်ကို ဝယ်ဖို့ မလိုဘူး”

တစ်ချက်အတွေးတွင် လီစန်းထျယ်က သွားများပေါ်အောင် ပြုံးလိုက်ပြီး

“ဟုတ်လိုက်လေ ကောင်လေး၊ အခု မင်းက မိန်းမရှိသွားပြီဆိုတော့ မင်းကို ချစ်ပေးမဲ့လူတစ်ယောက် ရှိသွားပြီပေါ့လေ၊ မင်းက အစားအသောက်တောင် ယူလာခဲ့တယ်ပေါ့”

အမှန်တွင်တော့ အရင်က အစားအသောက် ယူလာတတ်သည့် လူများရှိကြသော်လည်း အမြဲတမ်း ဝေါ်ထို (ပြောင်းပေါင်မုန့်) အသီးအရွက်ပန်ကိတ်လိုမျိုးသာ ယူလာတတ်ကြလေသည်။ ထိုအစားအသောက်များက အချိန်ကြာလာသည်နှင့် မာကျောလာသည်။ သူ့နောက် လိုက်ကြသူအားလုံးက လူငယ်များဖြစ်ပြီး မျက်နှာလှချင်ကြသည်။ တခြားသူများက မန်ထိုစားနိုင်သည်ကို မြင်ရတော့ သူတို့လည်း တဖြည်းဖြည်းနှင့် ကိုယ်ပိုင်အစားအသောက်များကို မယူလာကြတော့ပေ။ မည်သို့ဆိုစေ သယ်ယူပို့ဆောင်ရေးအဖွဲ့က ထောက်ပံ့ကြေးပေးသည်။ ထို့ကြောင့် ခရီးထွက်လျှင် တစ်ခုခု စားသောက်သည်က မလွန်ချေ။

သူသည် စုန့်ဝေဖျင်က စားသောက်ဖို့ရန် ဝေါ်ထိုနှင့် ရေသန့်ကိုသာ ယူလာခဲ့သည်ဟု ထင်ထားလိုက်လေသည်။ ထို့ကြောင့် သူက သိပ်ပြီး အာရုံမထားလိုက်ချေ။ မကြာမီတွင် သူသည် ရနံ့တစ်ခုကို ရှူရှိုက်မိလေသည်။

“အစ်ကိုဝေဖျင် မင်း ဘာအစားအစာ ယူလာတာလဲ၊ အနံ့က မွှေးနေတာပဲ”

ဝူမားဇီသည် သူတို့ထဲတွင် အငယ်ဆုံးဖြစ်လေသည်။ သူသည် မနေနိုင်ဘဲ မော့ကြည့်လိုက်သည့် ပထမဆုံးလူပင်။

စုန့်ဝေဖျင်က ရေထဲတွင် နစ်နေသည့် ခေါက်ဆွဲကြော်ကို တစ်ငုံစားလိုက်ပြီး ပြန်ဖြေလိုက်လေသည်။

“ပဲနဲ့ရောထားတဲ့ ဂျုံပန်ကိတ်တွေပါ၊ မြည်းကြည့်မလား”

ပန်ကိတ်လုပ်စဥ်က ရွှီရှောင်ကျောင်းသည် အားလုံးက အတူတူ စားသောက်ကြမည်ကို စဥ်းစားမိခဲ့လေသည်။ စုန့်ဝေဖျင်က တခြားသူများကို အမြည်းတော့ ကျွေးရလိမ့်မည်။ ပန်ကိတ်တစ်ခုက လက်ဝါးနှစ်ပြန်စာ ကြီးသည်။ ဘယ်သူကမှတော့ ပန်ကိတ်တစ်ခုလုံးကို တခြားသူကို ကျွေးလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် သူမက ပန်ကိတ်များကို လေးစိတ် စိတ်ပေးလိုက်သည်။ စုန့်ဝေဖျင် စားသည့်အခါ အစိတ်နှစ်စိတ်ကို တစ်ပြိုင်တည်းစားနိုင်သည်။ တခြားသူများကို တစ်စိတ်လောက် ဝေငှပြီးကျွေးလျှင်လည်း အဆင်ပြေသည်။

သူမသည် ထိုသို့ ပြောထားသဖြင့် စုန့်ဝေဖျင်က သူမပြောထားသည့်အတိုင်း လုပ်လေသည်။ သူသည် အားလုံးကို သူ့ကို ကြည့်နေကြသည်ကို သတိထားမိလိုက်၏။ သူက ပန်ကိတ်တစ်စိတ်ကို ညှပ်လိုက်ပြီး လီစန်းထျယ်ကို အရင်ဆုံးလှမ်းပေးလိုက်သည်။ ထို့နောက် ကျန်နှစ်ယောက်ကို တစ်စိတ်စီ ပေးလိုက်သည်။

“ဒါက အိမ်က လုပ်ထားတာ၊ စားကြည့်”

စုန့်ဝေဖျင်အတွက် ချက်ပြုတ်ပေးစဥ်က ရွှီရှောင်ကျောင်းသည် မတွန့်တိုချေ။ သူမတွင် ကပ်စေးနည်း ကော်တရာ အကျင့်လည်းမရှိပေ။ ပဲနှင့်ဂျုံကို ရောထားသော်လည်း ဂျုံနှယ်စဥ်က ဝူချွန်းဟွားကို ဆီ ထည့်နယ်ပေးဖို့ ပြောထားပြီး ခေါင်းဆွဲထဲတွင် ကြက်သွန်မြိတ်နှင့် ငရုတ်ကောင်းကိုလည်း ထည့်ခိုင်းခဲ့သည်။ ဆားကိုလည်း ထည့်ပေးထားသည်။ သည်ပန်ကိတ်၏အရသာက မဆိုးဘူးဟု ပြောလို့ရသည်။ နူးအိပြီး မွှေ့ပျံ့နေသည်။

“အင်း အနံ့ကတော့ မွှေးနေတာပဲ၊ အရသာလည်း ရှိတယ်”

ဝူမားဇီက တစ်ကိုက်ကိုက်လိုက်ပြီး မန်ထိုကို ဖွင့်လိုက်ကာ မန်ထိုထဲတွင် ပန်ကိတ်ညှပ်ပြီး စားလိုက်လေသည်။

“အစ်ကိုဝေဖျင် အစ်ကို့မိန်းမက ဒါကို အစ်ကို့အတွက် လုပ်ပေးလိုက်တာလား၊ အစ်ကိုက အရမ်းကံကောင်းတာပဲဗျာ”

အဖွဲ့သားနောက်တစ်ယောက်ဖြစ်သည့် ယန်မန်ကျင်းကလည်း ဝူမားဇီကို အတုယူပြီး ချီးကျူးလိုက်လေသည်။

“တကယ်ကောင်းတာဗျ၊ အရသာအပြည့်နဲ့ နူးအိနေတာပဲ၊ ကျွန်တော့်မိန်းမသာ ကျွန်တော့်အတွက် ဒီလောက်အရသာရှိတဲ့ ပန်ကိတ်တွေ လုပ်ပေးချင်ရင် ကျွန်တော်က ဘာလို့ ဝယ်စားနေမှာလဲ၊ ပြီးခဲ့တဲ့တစ်ခေါက်က ကျွန်တော်ယူလာတဲ့ အသီးအရွက်ပန်ကိတ်က ရာသီဥတုအေးနေတော့ မာတောင့်သွားပြီး ကျွန်တော့်မှာ နင်သွားတာ သေတော့မလို့”

လီစန်းထျယ်ကလည်း ခေါင်းညိတ်ပြီး စုန့်ဝေဖျင်ကို ပြောလိုက်လေသည်။

“မင်းရဲ့မိန်းမကို ကောင်းကောင်းလက်ထပ်ထားတာပဲ”

စုန့်ဝေဖျင်၏နှုတ်ခမ်းထောင့်က မသိမသာကွေးတက်သွားပြီး

“ဒါက သူနဲ့လက်ထပ်ပြီးကတည်းက ကျွန်တော် ပထမဆုံးအကြိမ် ခရီးထွက်တာလေ၊ သူက စိတ်ပူနေတာ”

ဝူမားဇီက သူ့ခေါင်းကို ဆန့်ထုတ်လိုက်ပြီး သူ့သံဘူးထဲသို့ လှမ်းကြည့်လိုက်ကာ

“သူက အစ်ကို့အတွက် ဂျုံဖြူခေါက်ဆွဲတောင် ကြော်ပေးလိုက်တာပဲ၊ အစ်ကိုဝေဖျင် မရီးက အစ်ကို့ကို တကယ်ချစ်တာပဲဗျ”

စုန့်ဝေဖျင်က ပန်ကိတ်ကို အကိုက်ကြီးတစ်ကိုက် ကိုက်လိုက်ပြီး သူ့မျက်လုံးထဲတွင် တလက်လက်ဖြင့် ဝူမားဇီကို ကြည့်လိုက်ကာ

“မိန်းမတစ်ယောက် မြန်မြန်ယူလိုက်၊ နောက်ဆို မင်းမိန်းမကလည်းက မင်းကို ချစ်လိမ့်မယ်”

ဂျုံက အဖိုးတန်ပစ္စည်းတစ်ခုလေ။ တခြားသူတွေဆိုရင် မြည်းကြည့်ဖို့ သူတို့ပါးစပ်ကို လွယ်လွယ်ကူကူနဲ့ ဘယ်ဖွင့်ကြပါ့မလဲ။ သူကလည်း သူတို့နဲ့ မျှစားဖို့အထိတော့ မအ,သေးပါဘူး။ ပန်ကိတ်တစ်စိတ်ကို မျှကျွေးလိုက်ရင်ပဲ ရက်ရောလွန်းရာကျနေပြီ။ သူသည် လီစန်းထျယ်ကို ညအိပ်နားမည့်နေရာကို မေးလိုက်လေသည်။ စကားလမ်းကြောင်းလွှဲလိုက်သည်ဟု မှတ်ယူနိုင်လေသည်။

သူ့ရင်ဘတ်အိတ်ကပ်ထဲက ၁၀ယွမ်ကို စဥ်းစားလိုက်ပြီး တပြားမှ မသုံးဘဲ ပြန်ရောက်လျှင် ရွှီရှောင်ကျောင်းကို ပြန်ပေးမည်ဟု ဆုံးဖြတ်ထားလိုက်တော့သည်။

သူ ထင်မထားသည်က ၁၀ယွမ်ထဲက တစ်ပြားပင် မကျန်တော့မှာကိုပင်။

စုန့်ဝေဖျင်သည် မိန်လင်ရွာသို့ ပြန်ရောက်လာချိန်၌ ည၈နာရီ ကျော်နေပြီဖြစ်သည်။ မှောင်နေလေပြီ။ သူသည် အိမ်တန်းမပြန်လိုက်ပေ။ ထို့အစား သူက ရွှီရှောင်ကျောင်းကို အရင်ဆုံး သွားရှာလိုက်တော့သည်။

“စုန့်ဝေဖျင်လား၊ နင် ဘာလို့ အရမ်းနောက်ကျမှ ပြန်လာတာလဲ၊ စားပြီးပြီလား၊ နေ့လယ်ခင်းကကျန်တဲ့ မန်ထိုနဲ့ ကန်စွန်းဥဆန်ပြုတ်ရေကျဲ ရှိတယ်၊ စားမလား”

သယ်ယူပို့ဆောင်ရေးအဖွဲ့က ကုန်သွယ်ရေးဝင်းထဲသို့ ပြန်လာရန် လုံးဝမှောင်သည်အထိ တမင်စောင့်ခဲ့ရသည်။ ပစ္စည်းများကို အကြမ်းအပ်ပြီးနောက် သူတို့သည် ယာဥ်နှင့် ကုန်ပစ္စည်းများကို ပစ္စည်းထိန်းဆီ အပ်နှံလိုက်ကြသည်။ သူတို့သည် မနက်စောစောမှ ပစ္စည်းများကို လာချပေးမည်ဟု သဘောတူထားလိုက်လေသည်။ ထို့ကြောင့် သူတို့၏ပစ္စည်းများကို ယူပြီး အိမ်ပြန်လာခဲ့ကြသည်။ တစ်လုတ်ပင် မစားရသေးချေ။ စုန့ဝေဖျင်သည် ဗိုက်ဆာနေသဖြင့်

“အင်း၊ ငါ့ကို စားဖို့ နည်းနည်းပါးပါး ယူလာပေးပါအုံး”

ရွှီရှောင်ကျောင်းက သူ့ကို သူမ၏အခန်းထဲသို့ ပေးဝင်လိုက်ပြီး ဧည့်ခန်းထဲက လှုပ်လှုပ်ရှားရှားအသံကို ကြားလိုက်သည့် ဝူချွန်းဟွားကို တစ်ခုခုလှမ်း ပြောလိုက်လေသည်။ ထို့နောက် သူမက သူ့ကို သိလိုစိတ်ဖြင့် မေးလိုက်လေသည်။

“နင် ဘာလို့ အိတ်ကြီးတစ်လုံး သယ်ထားတာလဲ၊ အထဲက ဘာတွေလဲ”

စုန့်ဝေဖျင်က အနည်းငယ် အပန်းပြေပုံပေါ်သွားပြီး

“ငါ မင်းပေးတဲ့ ၁၀ယွမ်ကို သုံးခဲ့တယ်၊ အပြန်လမ်းမှာ ပိတ်စရောင်းတဲ့သူတစ်ယောက်နဲ့ တွေ့လို့ ပိတ်စတချို့ဝယ်လာလိုက်တယ်”

ရွှီရှောင်ကျောင်းသည် ထိုစကားကို ကြားလိုက်သည်နှင့် ချက်ချင်း သဘောပေါက်သွားတော့သည်။

“နင်တို့တွေ တကယ်လုပ်နိုင်ခဲ့တာပဲ၊ ကြားပေါက်တောင် ရှာနိုင်ခဲ့သေးတယ်၊ ဘယ်သူတွေ ဝယ်ကြသေးလဲ၊ နင်တို့သယ်ယူပို့ဆောင်ရေးအဖွဲ့ ခေါင်းဆောင်ရော ဝယ်ခဲ့လား”

စုန့်ဝေဖျင်က ခေါင်းညိတ်ပြလိုက်၏။ ခေါင်းဆောင်က အသားကိုသာ စားချိန်တွင် အောက်ကလူများက အရည်ကိုသာ သောက်ရဲကြလေသည်။ သူ့အတွက် စကားများများ ပြောသည်က ခပ်ရှားရှားပင်။

“အင်း ငါ တစ်ခါ ကံကောင်းသွားတယ်၊ ငွေအရေးပေါ် လိုနေတဲ့ အဲဒီလူနဲ့ မမျှော်လင့်ဘဲ တွေ့ခဲ့ရလို့၊ အရည်အသွေးလည်း မီတယ်၊ လက်မှတ်လည်းမလိုဘူး၊ စျေးနှုန်းကတော့ တစ်ပေကို ၆ကျောင်၊ ငါတို့ အဖွဲ့ခေါင်းဆောင် တတိယအစ်ကိုလီက ယွမ်၅၀ဖိုး ဝယ်တယ်၊ ငါက ၁၀ယွမ်၊ ကျန်တဲ့နှစ်ယောက်ကတော့ ငွေအများကြီး မရှိဘူး၊ တစ်ယောက် ၅ယွမ်ဖိုးပဲ”

လီစန်းထျယ်ကတောင် ပြောတယ်။ ဒီလိုပစ္စည်းကောင်းမျိုးကို အရင်က တစ်ခါမှ မကြုံခဲ့ဖူးဘူးတဲ့၊။ ပုံမှန်ဆိုရင် လမ်းမှာ ခေါင်းစည်းကြိုးတို့၊ မီးခြစ်ဆံတို့ မုန့်ချိုအိတ်တို့လို ပစ္စည်းသေးသေးလေးတွေ တချို့ပဲ ဝယ်နိုင်တာတဲ့။ အကောင်းဆုံးက ယွမ်နည်းနည်းပါးပါး ပြန်ရောင်းလို့ရတဲ့ စည်သွပ်ဘူးတွေပဲတဲ့။ ဘယ်လောက်တောင် ကံကောင်းလိုက်သလဲ။

အမှန်တွင်တော့ ထိုလူတွင် ပိတ်စတချို့ ကျန်နေသေးသော်လည်း သူတို့က ငွေလုံလုံလောက်လောက် မယူလာခဲ့ချေ။ အနည်းဆုံး စုန့်ဝေဖျင်က ၁၀ယွမ် ယူလာခဲ့သည်။ ၅ယွမ်သာယူလာခဲ့သည့် နှစ်ယောက်ကတော့ ပိုလို့ပင် နောင်တရနေတော့သည်။

သူက ဆန်ပြုတ်ရေကျဲကို တစ်ကြိုက်လောက် မော့သောက်လိုက်ပြီး မန်ထိုကို ပါးစပ်အပြည့် ကိုက်စားလိုက်ကာ ရွှီရှောင်ကျောင်းကို ပြဖို့ အိတ်ကို ဖွင့်လိုက်လေသည်။

“အကောင်းဆုံး အရည်အသွေးပဲ၊ အဝတ်တစ်စုံလောက် ချုပ်ဖို့ မင်းအတွက် နည်းနည်းလောက် ဖယ်ထားတယ်”

အရောင်က ရေနံဆီမီးအိမ်အောက်တွင် သိပ်မရှင်းလင်းသော်လည်း ပိတ်စက အမှန်ပင် အလွန်လှသည်ကိုတော့ ရွှီရှောင်ကျောင်း တွေ့လိုက်ရသည်။ နွေးထွေးသည့်ဘက် သွားသည့် အဝါရောင်အဆင်ဖြစ်သည်။ အလွန်လန်းဆန်းပြီး လာမည့်နွေရာသီနှင့် သင့်တော်လေသည်။ ပြီးခဲ့သည့်အခေါက်က သူတို့ မြို့တက်ပြီး ပတ်ကြည့်ခဲ့စဥ်က သည်လိုအရောင်မျိုး မရှိပေ။ ရှားပါးပစ္စည်းဟု ခန့်မှန်းရသည်။ ပုံမှန်စျေးက တစ်ပေကို ၁ယွမ်ရှိပြီး သည်အမျိုးအစားက ပိုပြီးစျေးကြီးနိုင်သည်။

စုန့်ဝေဖျင်က တကယ် စဥ်းစားပေးတတ်တဲ့သူပဲ။ အဝတ်အစားအသစ်ချုပ်ပေးတာကို ဘယ်သူက မပျော်ဘဲ နေမှာလဲ။ ဒါပေမဲ့ ငါကလည်း လောဘကြီးနေလို့တော့ မဖြစ်လေဘူး။

“ငါ့အတွက် အင်္ကျီတစ်ထည်စာ ၃ပေလောက်ပဲ ချန်ထားပေး၊ ဒီအရောင်က အင်္ကျီချုပ်တာနဲ့ပဲ လိုက်တယ်၊ တစ်စုံစာတော့ မလိုချင်ဘူး၊ နောက်မှ ချုပ်လိုက်မယ်လေ”

စုန့်ဝေဖျင်က စဥ်းစားလိုက်ပြီး သူမနှင့်ပြိုင်ငြင်းတော့ချေ။

“အင်းပါ၊ ငါ ပိတ်စတွေကို ရောင်ပြီးတာနဲ့ ၁၀ယွမ် ပြန်ပေးမယ်နော်”

ဒါကို ငွေပိုရအောင် ရောင်းနိုင်ခဲ့ရင် သူတို့တွေ စားပွဲနှစ်လုံးစာ အစားအသောက်အလျှံပယ်နဲ့ ဖိတ်နိုင်မှာပဲ။

ရွှီရှောင်ကျောင်းက ဝမ်းသာသွားပြီး

“ငါ့စကားကို နားထောင်တာ မှန်တယ်နော်၊ နင် နောက်တစ်ခါ ခရီးထွက်ရင်လည်း ငွေယူသွားတာ ပိုကောင်းတယ်၊ ငွေကို ငါနဲ့ ထားခဲ့လဲ အသုံးမဝင်ဘူးလေ၊ ခရီးတိုလေးတစ်ခုအတွက် နင့်ကို ငွေလေး တစ်ခါ ပေးလိုက်တာ ငါက အလကားနေရင် အရည်အသွေးကောင်း အင်္ကျီတစ်ထည် ရလိုက်တယ်၊ ဒါက အမြတ်ပဲပေါ့”

နောက်တစ်နေ့ အာရုံမတက်ခင်တွင် စုန့်ဝေဖျင်က အိမ်မှ ထွက်လာခဲ့သည်။ အဝတ်အသားများကို သေသေချာချာ မရောင်းရမည်စိုးဖြင့် သူသည် ရွှီရှောင်ကျောင်းနှင့် တိုင်ပင်လိုက်ပြီး ၁၇ပေသာ ယူသွားလိုက်သည်။ ရွှီရှောင်ကျောင်းက ပိတ်စများကို မရောင်းရလျှင် သူ့ကို နှစ်သိမ့် အားပေးရမည့်အကြောင်းကို စဥ်းစားထားလိုက်လေသည်။ မျှော်လင့်မထားဘဲ သူ့တွင် ၁ပေပင် မကျန်ခဲ့ပေ။

စုန့်ဝေဖျင်ကလည်း ထိုသို့ မျှော်လင့်မထားခဲ့ချေ။

“ငါ အစ်မကြီးကို အားလုံး ရောင်းပေးလိုက်တယ်၊ ၁ပေကို ၁ယွမ်၂ကျောင်နဲ့၊ သူက သူ့သမီးနှစ်ယောက်အတွက် ဝမ်းဆက်ချုပ်ပေးဖို့ စဥ်းစားနေတာတဲ့၊ ဒါကြောင့် မနက်ဖြန် သူ့ကို နောက်ထပ် ၇ပေ လာပို့ပေးဖို့ ငါ့ကို ပြောထားတယ်”

သူသည် စုစုပေါင်းပိတ်စ ၁၇ပေ ရှိပြီး ၃ပေကို ရွှီရှောင်ကျောင်းအတွက် ချန်ထားလိုက်သည်။ သည်လိုနှင့် ကျန်တာအားလုံးက ရောင်းထွက်သွားလေသည်။

ရွှီရှောင်ကျောင်းကတော့ သည်တစ်ကြိမ်လောက် ချောမွေ့တာ မရှိတော့ဘူးဟု ခံစားလိုက်ရသည်။ ငါ့အတွက် ချန်ထားတဲ့ ပိတ်စကို ထည့်မတွက်ရင်တောင် အသားတင်အမြတ်က တစ်ချီတည်းနှင့် ၇ယွမ် ၈ယွမ်လောက် ရောက်လာခဲ့တယ်။ အရင်ဘဝတုန်းကဆိုရင် ငါ့အသုံးစားရိတ်က ဂဏန်းခြောက်လုံးက စ,တာလေ။ ဒါပေမဲ့ ဒီခေတ်မှာတော့ ငွေ၁ယွမ်ရဲ့ ဝယ်လိုအားစွမ်းအင်ကို လျှော့တွက်လို့မရလေဘူး။ ပြီးခဲ့သည့်အခေါက်က ၅ယွမ်တည်းနှင့် အစားအသောက်အများကြီး ဝယ်ခဲ့သည့်အချိန်ကို စဥ်းစားမိလိုက်လေသည်။ ငါသာ အလုပ်လုပ်ပြီး ငွေရှာမယ်ဆိုရင် သုံးလစာလောက် လုပ်ပြီးမှ ရှာနိုင်မဲ့ ငွေပမာဏပဲ။ သူသည် ချက်ချင်းဆိုသလို ချီးချူးပေးသည့်စိတ်အခြအနေကို အသက်သွင်းလိုက်ကာ

“စုန့်ဝေဖျင်၊ နင်က အရမ်းလုပ်နိုင်စွမ်းရှိတာပဲ”

နေ့ရက်ကောင်းလေးတွေတော့ မကြာခင်ရောက်လာတော့မှာပဲ။

စုန့်ဝေဖျင်က ဘာတစ်ခွန်းမှ မပြောချေ။ သို့သော်ငြား သူ့စိတ်ထဲတွင် အလွန်ပျော်ရွှင်နေလေသည်။ အမှန်တွင်တော့ ရွှီရှောင်ကျောင်းကြောင့်သာ ငွေရှာနိုင်ခဲ့ခြင်းပင်။ သူသည် သူ့လက်ထဲက ဂျုံဖြူနှင့် ပြောင်းမှုန့်တို့ကို လှမ်းပေးလိုက်ပြီး

“မင်း ဒါကို စားဖို့ သိမ်းထားလိုက်၊ အဘွားက ပြောတယ် ၁၈ရက်နေ့က ရက်ကောင်းတယ်တဲ့၊ အဲနေ့ကို စားသောက်ပွဲလုပ်ကြမလား”

ရွှီရှောင်ကျောင်းက မငြင်းပေ။ သူမသည် ဝူချွန်းဟွားရှေ့တွင် ဂျုံမှုန့်နှင့် ပိတ်စ သုံးပေကို ချထားလိုက်သည်။ ဝူချွန်းဟွားကလည်း ငြင်းစရာမရှိချေ။

“ဒါက တကယ့်ကို ပိတ်စကောင်းပဲ၊ မဟုတ်ဘူးလား၊ အရောင်ကလည်း အရမ်းလှတာပဲ၊ ကောင်လေးဖျင် ယူလာပေးခဲ့တာလား” ဝူချွန်းဟွားက ပိတ်စကို အသာအယာ ထိကြည့်လိုက်လေသည်။

ရွှီရှောင်ကျောင်းသည်လည်း စုန့်ဝေဖျင်က ဩချလောက်သည်ဟု စိတ်ထဲက ခံစားမိလိုက်သည်။

“ကိုကိုဝေဖျင်က မြို့ငယ်လေးက သယ်ယူပို့ဆောင်ရေးအဖွဲ့မှာ ကုန်တင်ကုန်ချ လုပ်နေတာလေ၊ သူက ကားလည်း မောင်းတတ်တယ်၊ သယ်ယူပို့ဆောင်ရေးအဖွဲ့ခေါင်းဆောင်က သူ့ကို ပစ္စည်းသယ်ဖို့ ခရီးတစ်ခုကို ခေါ်သွားခဲ့တာ၊ အဲမှာ အဆင်ပြေသွားတာ၊ သူက ကြားပေါက်တစ်ခု ရခဲ့တယ်လေ၊ အမေ ဒီအကြောင်း လျှောက်ပြောမနေနဲ့အုံးနော်”

ဝူချွန်းဟွားသည် အလွန်ဝမ်းသာသွားတော့သည်။ ဒါက တကယ့်ကို ကြီးမားတဲ့ လုပ်ကိုင်နိုင်စွမ်းပဲ။ ခရီးတိုလေးတစ်ခု ထွက်အပြီးမှာ ပိတ်စအပြင် ဂျုံ ၁ယွမ် ၂ယွမ်ဖိုး ငွေလည်းရသေးတယ်။ သူမက ခေါင်းတွင်တွင် ညိတ်လိုက်ကာ

“ဟုတ်ပါပြီ၊ ဟုတ်ပါပြီ၊ အမေက အဲလောက် မ,အပါဘူး၊ အမေက ဘယ်လိုလုပ်ပြီး ဒီအကြောင်းကို နေရာတိုင်းမှာ ပတ်အော်နေရမှာလဲ”

သူမသည် အနီရောင်ဂါဝန်နှင့် သည်နေ့ပစ္စည်းများအကြောင်း စဥ်းစားလိုက်လေသည်။ ဒီပစ္စည်းတွေကို ငွေလို့ မှတ်လို့ရတာပဲ။ မိန်းမယူဖို့အတွက် ရွာထဲက လူအများစု ပေးတာထက်တောင် များသေးတယ်။ သမီးဖြစ်သူက နောက်ဆိုရင် ကောင်းမွန်တဲ့ဘဝမှာ နေနိုင်မယ်ဆိုတာ သက်သေပြနေတာပဲ။ သူသည် အခိုက်တန့် ဝမ်းသာကြည်နူးသွားတော့သည်။

“အမြင်ကောင်းတဲ့သူက သမီးဖြစ်နေသေးတယ်လေ”

ဝူချွန်းဟွားသည် သူမ၏စိတ်ပူပန်မှုကို လွှတ်ချလိုက်ပြီး တစ်ချိန်လုံးက စိတ်ကြည်လင်နေတော့သည်။ ရွှီရှောင်ကျောင်းသည် ထိုအဖြစ်ကို မြင်လိုက်ချိန်တွင် အနည်းငယ် ဇဝေဇဝါဖြစ်သွားတော့သည်။ စုန့်ဝေဖျင်က ရွာထဲမှာ ‘ဂြိုဟ်ဆိုး’လို့ သတ်မှတ်ခံထားရတဲ့သူလေ။ ငါ့အမေက လုံးဝဂရုမစိုက်တဲ့ပဲ။

အမှန်တွင်တော့ သူမသည် အတွေးလွန်နေခြင်းပင်။ မိသားစုနှစ်ခုက အချင်းချင်း ထောက်ပံ့ပေးရမည်ပင်။ ဝူချွန်းဟွားသည် စုန့်ဝေဖျင် ကြီးလာသည်ကို မျက်စိအောက်တွင် မြင်ခဲ့ရသူဖြစ်သည်။ ချစ်စရာကောင်းသည့် ကလေးလေးအရွယ်မှာ ဂြိုဟ်ဆိုးဟု နာမည် တပ်ခံရသည့်အထိပင်။ ဒါက ရွာထဲမှ အတင်းအဖျင်းတစ်ခုသာ ဖြစ်ကြောင်း သူမ သိလေသည်။ သူမကိုယ်တိုင်ကလည်း ယောက်ျားဖြစ်သူအတွက် ဂြိုဟ်ဆိုးတစ်ယောက်ဟု အခေါ်ခံခဲ့ရသည်။ အကြောင်းမှာ သူမ၏ ယောက္ခမိဘများနှင့် ယောက်ျားဖြစ်သူက စောစောစီးစီး ဆုံးပါး သွားကြသောကြောင့်ပင်။ မိသားစုနှစ်ခုက တူညီသည့်ကံဆိုးမှု ရှိကြသည်ဟု မှတ်လို့ရသည်။ သူသည် အတင်းအဖျင်း ပြောခံရသည့် ခါးသီးမှုကို လုံလောက်အောင် သည်းခံခဲ့ပြီး အစောကြီးကတည်းက သည်ကိစ္စကို အလေးအနက်မထားတော့ချေ။

၁၆ရက်နေ့ မနက်ခင်းတွင် ရွှီရှောင်ကျောင်းက ထုပ်ပိုးပြီး ဝူချွန်းဟွား၊ ရွှီရှောင်ကန်းတို့နှင့်အတူ စုန့်ဝေဖျင်၏အိမ်သို့ သွားလိုက်လေသည်။ အသက်ဝင်လှသည့် စားသောက်စားပွဲနှစ်လုံး ရှိနေသည်။ အခမ်းအနားလိုတော့ မဟုတ်ပေ။ ရွှီရှောင်ကျောင်းက အနီရောင်ဂါဝန်ကို ဝတ်ထားပြီး ဘာမှလုပ်စရာမလိုချေ။ စုန့်ဝေဖျင်က ဧည့်သည်များကို ကြိုဆိုထားသည်။

ခြံဝင်းကို အစောကြီးကတည်းက သန့်ရှင်းရေးလုပ်ထားသည်။ စားပွဲနှစ်လုံး၊ ကုလားထိုင်နှင့် ခုံရှည်များကို နေရာချထားသည်။ အနီရောင်စာရွက်ကို ပြတင်းပေါက်များတွင် ကပ်ထားလေသည်။ စုန့်ဝေဖျင်က အနီရောင်ရေနွေးဘူးနှင့် အနီရောင်ဇလုံကြီးတစ်ခုကိုလည်း ဝယ်ထားသည်။ ထို့အပြင် ဝူချွန်းဟွားက ရွှီရှောင်ကျောင်းကို ပေးထားသည့် အနီရောင်အိပ်ရာခင်းနှင့် အနီရောင်ခေါင်းအုံးစွပ်ကို သုံးထားရာ သည်အခင်းအကျင်းနှင့်တင် အခန်းအနားပွဲ၏ အငွေ့အသက်တစ်ခု ရှိနေလေသည်။

စုန့်ဝေဖျင်က အိပ်ရာခင်းကို ခင်းထားလိုက်သည်။ ရွှီရှောင်ကျောင်းက ရှေ့သို့ လှမ်းလိုက်ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်လေသည်။ နီပြီးရင် နီနေလေသည်။ သူမသည် ပြုံးပြီး သူ့ကို လှည့်မေးလိုက်၏။

“မဆိုးဘူးနော်၊ ဟုတ်တယ်မလား စုန့်ဝေဖျင်”

သူမက သွားများပေါ်သည် အထိ တောက်ပစွာပြုံးလိုက်ပြီး အနီရောင်ဂါဝန်လေးနှင့် အိပ်ရာဘေးတွင် ရပ်လိုက်လေသည်။ စုန့်ဝေဖျင်မှာ သူ့မျက်နှာတစ်ခုလုံး အလွန်ပူလောင်သွားသလို ခံစားရလိုက်ရပြီး

“ငါ- ငါ အပြင်ထွက်ပြီး တချက်လောက် သွားကြည့်လိုက်အုံးမယ်”

သူက ခေါင်းလှည့်ကာ ပြေးထွက်သွားပြီး ရွှီရှောင်ကျောင်းက အော်ရယ်ရင်း ကျန်ခဲ့ကာ

“စုန့်ဝေဖျင် နင် ထပ်ပြီး ရှက်သွားပြန်တာလား”

...

အပိုင်း (၁၂) မအိပ်တန်း တွေ့ဆုံပွဲ

ရွှီရှောင်ကျောင်းသည် စုန့်ဝေဖျင် မည်မျှရယ်စရာကောင်းနေသည်ကို စိတ်ထဲက ရေရွတ်လိုက်လေသည်။ သူက တကယ့်ကို ပျင်းစရာကောင်းတဲ့ ဘူးသီးခြောက်ဆိုပေမဲ့ တစ်ခါတလေကျတော့လည်း ချစ်စရာကောင်းတဲ့အခြမ်းလေးကို ထုတ်ပြတတ်သားပဲ။ သူ့အရင်ဘဝက တစ်ကိုယ်တည်းလူပျိုကြီးအဖြစ်ပဲ ရှိနေတာလား မသိဘူး။ မိန်းကလေး ဘယ်နှစ်ယောက်ကတောင်များ ဝိုင်းဝိုင်းလည်နေပြီး သူ့ဆီ ပြေးဝင်ကြတဲ့သူ ဘယ်နှစ်ယောက်များ ရှိနေမလဲမသိဘူး။

ဒါပေမဲ့ ဒီဘဝမှာတော့ အဲဒီမြှူဆွယ်တတ်တဲ့ဟာလေးတွေတော့ အခွင့်အရေးမရှိတော့ပါဘူး။ ဒီအလားအလာရှိတဲ့ စတော့ကို ငါက သိမ်းပိုက်ထားလိုက်ပြီလေ။

ရွှီရှောင်ကျောင်းသည် သူမ၏အနာဂတ်ဘဝကို ငါးဆားနယ်လေးတစ်ကောင်အဖြစ် တဖန် စဥ်းစားမိလိုက်ပြီး အားရကျေနပ်ကာ အပြင်ထွက်လာပြီး စုန့်ဝေဖျင်နှင့်အတူ ဧည့်သည်များကို ကြိုဆိုလိုက်တော့သည်။

သူတို့သည် လူအများကြီးကို မဖိတ်ထားပေ။ ရွှီရှောင်ကျောင်းဖက်တွင် သူမ၏ပညာတတ်လူငယ် သူငယ်ချင်းများ ဖြစ်သည့် ဝမ်ကွေးယွဲ့နှင့် ကျိုးဖင့်ရှန်းတို့လာသည်။ ဝူချွန်းဟွားက သူမနှင့် ဆက်ဆံရေးကောင်းမွန်သည့် အိမ်နီးချင်းနှစ်ယောက်ကို ဖိတ်သည်။ ကျန်တာကိုတော့ စုန့်ဝေဖျင်က ဖိတ်ထားခြင်းပင်။ သူက ရွာဌာနခွဲစာရေးကြီး၊ ဌာနခွဲခေါင်းဆောင်လင်မယား၊ ပြီးခဲ့သည့် အခေါက်က ခရီးအတူတူထွက်ခဲ့ကြသည့် သယ်ယူပို့ဆောင်ရေးအဖွဲ့က လူများကို ဖိတ်လိုက်သည်။ အဘွားစုန့်၏ အမေဘက်က မိသားစုမှ မောင်လေးများက ငယ်ရွယ်ဟန်တူသည့် ဝမ်းကွဲဦးလေးကို ခေါ်ထားသည်။

အားလုံးပေါင်းမှ စားပွဲနှစ်လုံးသာ ရှိလေသည်။

လူကြီးများ ရောက်လာကြသည်။ နှုတ်ဆက်စကားပြောလိုက်ကြပြီးနောက် ကျိုးဖင့်ရှန်းနှင့် ဝမ်ကွေးယွဲ့တို့က ရွှီရှောင်ကျောင်းကို အခန်းထဲသို့ ဆွဲခေါ်သွားကြသည်။ သူတို့သည် ကျေးလက်သို့ အတူတူ ရောက်လာခဲ့ကြကြီး အမြဲတမ်း ပြောစရာစကားများ ရှိကြလေသည်။

“ရှောင်ကျောင်း နင် ဒီနေ့ တကယ်ကြည့်လို့ကောင်းလိုက်တာ”

ကျိုးဖင့်ရှန်းသည် ပထမဆုံးအဖြင့် အနီရောင်ဂါဝန်ဝတ်ထားသည့် သူမကို မြင်လိုက်ရသောအခါ အကြည့်မခွာနိုင်အောင်ပင်။

အားကျစိတ်များက ဝမ်ကွေးယွဲ့၏ မျက်လုံးထဲတွင် ဖျတ်ခနဲလက်သွားပြီး

“ပြောရအုံးမယ်နော်၊ အခု ရှောင်ကျောင်းက မိန်လင်ရွာရဲ့ ပန်းလေးတစ်ပွင့်ဖြစ်သွားပြီ”

ကျိုးဖင့်ရှန်းက ခေါင်းညိတ်ပြလိုက်ပြီး

“ငါ့အထင်တော့ စုန့်ဝေဖျင်က တကယ်ဂရုစိုက်တတ်တာပဲ၊ အိမ်ကလည်း ကောင်းတယ်၊ ပြတင်းပေါက်တွေကိုလည်း အနီရောင်စက္ကူနဲ့ ကပ်ထားတယ်”

လူတချို့က ရယ်မောပျော်ရွှင်နေကြသည်။ လေထုအခြေအနေက အတော်လေး ကောင်းပေသည်။ ဝမ်ကွေးယွဲ့က ပြတင်းပေါက်မှနေ၍ ခြံထဲကို ကြည့်လိုက်၏။ သိလိုစိတ်ဖြင့် သူမက မှတ်ချက်ပေးလိုက်လေသည်။

“အို အဲဒါက စုန့်ဝေဖျင်ရဲ့အမေဘက်က ဝမ်းကွဲအဘိုးနဲ့ ဝမ်းကွဲဦးလေးပဲ၊ သူ့ဝမ်းကွဲဦးလေးက ဘယ်လိုတောင် မျက်နှာစူပုတ်နေလဲ ကြည့်ပါအုံး၊ လုံးဝမပျော်သလို၊ စိတ်မပါတဲ့ပုံနဲ့”

ရွှီရှောင်ကျောင်းက လှမ်းကြည့်လိုက်ပြီး နားလည်သွားကာ

“သူလား၊ ဪ၊ သူက ကိုကိုဝေဖျင်ကို ဂြိုဟ်ဆိုးဆိုပြီး အထင်သေးနေတာလေ၊ သူက နှစ်သစ်ကူးကာလမှာ ပိုက်ဆံတောင်းဖို့က လွဲပြီး တစ်နှစ်လုံး ဘယ်တော့မှ မပေါ်လာတတ်ဘူးလေ၊ ဒီတော့ သူက မျက်နှာသိုးကြီးနဲ့ ဖြစ်နေမှာပေါ့”

ပြီးခဲ့တဲ့တစ်ခေါ် စုန့်ဝေဖျင် သယ်ယူပို့ဆောင်ရေးအတွက် ခရီးထွက်တုန်းက ရက်တော်တော်များများကို အိမ်မှာပဲ နေခဲ့တာလေ။ အဘွားစုန့်က ဒီဝမ်းကွဲဦးလေးအကြောင်း ပြောတာကို ကြားလိုက်ရတယ်။

ဒီတစ်ခါ ရောက်လာတဲ့ ဒီအမေဖက်က ဝမ်းကွဲအဘိုးကို အဘွားစုန့်က ကျွေးမွေး ပျိုးထောင်ပေးခဲ့တာလို့ ပြောကြတယ်။ သူက အဘွားစုန့်နဲ့ အရင်းနှီးဆုံးအမျိုးပေါ့။ သူက တော်တော်လေး လုပ်ရည်ကိုင်ရည် ရှိတယ်။ သူက ငယ်ငယ်လေးနဲ့ ဘေးရွာက လူထုခေါင်းဆောင်တစ်ယောက် ဖြစ်လာခဲ့တာတဲ့။ မိသားစုမှာလည်း စုထားဆောင်းထားတာ နည်းနည်းပါးပါးရှိတော့ အဘွားစုန့်ကို အများကြီး ချေးငှားထားဖြစ်တာပေါ့။ သူ့တစ်ဦးတည်းသောသားက မကျေနပ်တာတော့ သဘာဝပဲပေါ့လေ။

“သူက အရမ်းကို အယူသီးတာလေ၊ သူက စုန့်ဝေဖျင်ကို မကောင်းတဲ့ကံနဲ့ မွေးလာတာလို့ ထင်နေတာ၊ ပြီးတော့ သူ့အိမ်ရဲ့ဖုန်းရွှေကလည်း မကောင်းဘူးတဲ့၊ ဒီနေရာကို လာတာက သူ့အနာဂတ်ဘဝနဲ့ ကံကောင်းခြင်းတွေကို ထိခိုက်စေနိုင်တယ်တဲ့လေ၊ သူက အကြွေးသာ လာမတောင်းရဘူးဆိုရင် ဘဝပေါင်း ၈၀၀လောက်တောင် ဘယ်တော့မှ ပေါ်လာမှာမဟုတ်ဘူး”

စုန်ဝေဖျင်ရဲ့ အမေဘက်က ဝမ်းကွဲအဘိုးက ဒီတစ်ခါတော့ သူ့ကိုလိုက်လာဖို့ ဖိအားပေးခဲ့တာပဲ ဖြစ်ရမယ်။

တချို့က စကားပြောနေတုန်း စုန့်ဝေဖျင်သည် သူတို့နှစ်ယောက်ကို အနောက်ဘက်ဆောင်သို့ ခေါ်လာခဲ့လေသည်။ မကြာမီ သူသည် ပြန်ထွက်လာပြီး သူ့ဝမ်းကွဲဦးလေး၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပါလာတော့သည်။

“ဟယ်၊ စုန့်ဝေဖျင်မှာ ကိစ္စကို ဖြေရှင်းဖို့ နည်းလမ်းရှိတာပဲ၊ သူ့မျက်နှာထားက ပိုကောင်းသွားပြီတော့”

ကျိုးဖင့်ရှန်းက လူများကို အကျင့်တစ်ခုလို့ ချီးကျူးလိုက်လေသည်။

ရွှီရှောင်ကျောင်းက ခိုးပြီး မျက်စောင်းထိုးလိုက်၏။ ဘာနည်းလမ်းဖြစ်ရမှာလဲ။ ငွေက သရဲကိုတောင် ပြန်လှည့်လာအောင် လုပ်နိုင်တယ်လေ။ နောက်ဆုံးတော့ ပြန်ပေးရမဲ့ငွေတွေပဲကိုး။

စုန့်ဝေဖျင်က လွန်ခဲ့သည့်နှစ်ရက်က သူမကို ပြောပြထားသည်။ အမေဘက် ဝမ်းကွဲအဘိုး သည်တစ်ကြိမ်လာခဲ့လျှင် သူက ၅ယွမ် ပြန်ပေးလိုက်မည်။ အရင်က သူသည် နှစ်ကုန်မှသာ ၅ယွမ်ကို ပြန်ပေးနိုင်ခဲ့သည်။ အခုတော့ နွေဦးပင်မကုန်သေးဘဲ သူက ငွေကို ပြန်ပေးခဲ့သည်။ သူက ပျော်နေလိမ့်မည်ကတော့ အမှန်ပင်။

ဝမ်ကွေးယွဲ့သည် စုန့်ဝေဖျင်၏မိသားစုက ကိစ္စများစွာ ဖြစ်ပျက်ခဲ့ပြီး အကြွေးများစွာ ရှိမည့်အကြောင်းကို စဥ်းစားမိလိုက်လေသည်။ အခိုက်တန့်အတွင်း သူသည် သိပ်ပြီး အားမကျမိတော့ပေ။ ထို့ကြောင့် သူမက ရွှီရှောင်ကျောင်း အနားသို့ တိုးလိုက်ပြီး

“ဖုန်းရွှေကလေ တစ်ခါတလေတော့လည်း နင် ဒါကို ယုံရမယ်ဟဲ့၊ နောက်ပိုင်း နင် ဒီမှာ ဒုက္ခခံရပြီး ငါတို့အားလုံး မြို့ကို ပြန်သွားမှ နင် မငိုနဲ့နော်”

ရွှီရှောင်ကျောင်းက သည်ကာလအတွင်း စုန့်ဝေဖျင်အတွက် အရာအားလုံးက ချောမွေ့နေသည်ဟု တွေးလေသည်။ အဘွားစုန့်က သူမကို ကံကောင်းစေတဲ့ကြယ်လေးဟု ချီးကျူးသည်။ ထို့ကြောင့် သူမက နည်းနည်းတော့ ကျေနပ်မိပြီး

“ဘာဖုန်းရွှေပဲဖြစ်ဖြစ် ငါသာ ဒီမှာရှိရင် ချမ်းသာကြွယ်မှုအပြည့် ဖြစ်နေလိမ့်မယ်”

သူမက ယုံကြည်ချက်ရှိရှိဖြင့် ပြောလိုက်သည်။ ဝမ်ကွေးယွဲ့ မပြောနှင့် ကျိုးဖင့်ရှန်းပင် သံသယ ဖြစ်သွားတော့သည်။ မိသားစုက အဲလောက်ဆင်းရဲတာလေ။ အစားအသောက်အတွက် ရွှံ့ထဲနစ်နေရတဲ့ ရွှံ့ခြေထောက်က အကြွေးတွေလည်း အများကြီးနဲ့။ ဒီပန်းကတော့ နွားချေးပုံမှာ ထိုးစိုက်ခံရထားရတာပဲပေါ့။ သူမက သူ့နောက်လိုက်ရင် ဘာချမ်းသာကြွယ်ဝမှု ရှိမှာတဲ့လဲ။

သည်နေရာတွင် ရှိနေသူများက ထိုသို့ တွေးကြလေသည်။ ထိုအကြောင်းကို ထုတ်ပြောပြီး အဆူဆဲခံရဖို့တော့ ဘယ်သူမှ မဖြစ်ချင်သည်က အမှန်ပင်။

လီစန်းထျယ်ကတော့ ရေရှည်မြင်တတ်သည်။ သူသည် စုန့်ဝေဖျင်တွင် အလားအလာရှိသည့် အနာဂတ်တစ်ခု ရှိလာလိမ့်မည်ဟု အခိုင်အမာယုံကြည်ထားသည်။ စုန့်ဝေဖျင်က ချောမောလှပသည့် ဇနီးတစ်ယောက်ကို လက်ထပ်ခဲ့သည်ကို တွေ့ရတော့ သူတို့နှစ်ယောက်က လိုက်ဖက်သည့်စုံတွဲတစ်တွဲ ဖြစ်သည်ဟု အမှန်ပင် ခံစားမိသည်။

“ကောင်လေး မင်းက တကယ်အမြင်ရှိတာပဲ၊ ခယ်မလေး စိတ်မပူနဲ့နော်၊ ဒီဝေဖျင်က မင်းကို ကောင်းမွန်တဲ့ဘဝကို သေချာပေါက် ခေါ်သွားပေးလိမ့်မယ်”

ရွှီရှောင်ကျောင်းသည် သည်စကားများက စိတ်ထဲကလာမှန်း သိလိုက်သဖြင့် အပြုံးလေးနှင့် သူ့ကို ဝိုင်တစ်ခွက် လောင်းထည့်ပေးလိုက်ကာ

“ကျေးဇူးတင်ပါတယ် တတိယအစ်ကို၊ အခုချိန်ကစပြီး ကျွန်မတို့ ကိုကိုဝေဖျင်ကို စောင့်ရှောက်ပေးဖို့ အစ်ကို့ကို တောင်းဆိုရတော့မယ်”

“ဟား ဟား ဘာဂရုစိုက်ပေးရမှာလဲ၊ ဝေဖျင်က အရည်အချင်းရှိပါတယ်”

အားလုံးက သည်စားသောက်ပွဲကို အလွန်မှ ကျေနပ်ကြသည်။ အဓိကအကြောင်းအရင်းမှာ အစားအသောက်များက အလျှံပယ်ဖြစ်သည်။ ဟင်းလျာက ရှစ်မျိုးသာ ဖြစ်သော်လည်း ကြက်သားနှင့် အသားများဖြစ်ကြသည်။ ပိုအရေးအကြီးဆုံးက အရသာကောင်းလေသည်။ မြေကြီးမှ တူးထားသည့် တောင်အော်ရွက်ကပင် အရသာရှိနေလေသည်။ ဂျုံမှုန့်ရောထားသည့် မန်ထိုကလည်း အသားအပြည့်ပင်။

အိမ်ရှင် ဧည့်သည်အားလုံး ပျော်ရွှင်ကြသည်။ အားလုံး ပြန်ကြချိန်တွင် သူတို့ကို ချိုချဥ်အနည်းငယ် လက်ဆောင်ပေးလိုက်သေးသည်။ ဒါက ကြီးမားသည့်အသုံးစားရိတ်တစ်ခုပင်။

ရွှီရှောင်ကန်းသည် အလွန်ဗိုက်ပြည့်နေသဖြင့် ကုလားထိုင်ပေါ်တွင် ထိုင်ရင်း မလှုပ်မယှက်နှင့် ပြောလိုက်လေသည်။

“မမ အဲဒီဝက်သားလွှာနှပ်က အရမ်းအရသာရှိပြီး အနံ့အရသာအပြည့်ပဲ၊ နင် လုပ်ထားတာလား”

ရွှီရှောင်ကျောင်းလည်း ဘေးတွင် ထိုင်နေလေသည်။ သူမက စားပွဲနှင့် ထိုင်ခုံများကို သန့်ရှင်းရေးလုပ်နေသည့် စုန့်ဝေဖျင်ကို မေးထိုးပြလိုက်ပြီး

“ငါက ဟင်းချက်နည်း ထုတ်ပေးလိုက်တာ၊ နင့်ယောက်ဖက ချက်ပေးတာ၊ အရသာရှိတယ်ဆိုတော့ နောက်ကျရင် သူ ချက်တတ်သွားပါပြီ”

အခုတော့ ရွှီရှောင်ကန်းသည် ပိုပြီး သတ္တိရှိလာခဲ့သည်။ သူက စုန့်ဝေဖျင်ကို လှမ်းခေါ်လိုက်ပြီး

“ဟိ ဟိ ယောက်ဖရေ ရက်နည်းနည်းလောက်နေရင် ကျွန်တော်တို့ကို ဝက်သားလွှာနှပ်လေး ထပ်လုပ်ကျွေးပါအုံး”

‘ယောက်ဖ’ဟူသည် စကားလုံးက စုန့်ဝေဖျင်၏နားထဲ ဝင်လာခဲ့သည်။ သူသည် ထိုင်နေကြသည့် မောင်နှမနှစ်ယောက်ကို လှည့်ကြည့်လိုက်ပြီး နွေးနွေးထွေးထွေး ပြန်ဖြေလိုက်လေသည်။

“အင်းပါ”

ညရောက်သည်နှင့် ဝူချွန်းဟွားက ရွှီရှောင်ကန်းကို ခေါ်ကာ အိမ်သို့ စောစောပြန်ခဲ့လေသည်။ အဘွားစုန့်ကလည်း အပြုံးလေးတစ်ခုနှင့် အနောက်ဆောင်သို့ ပြန်သွားသည်။ ရွှီရှောင်ကျောင်းက စုန့်ဝေဖျင်နှင့်အတူ ပင်မဆောင်သို့ လိုက်လာခဲ့လိုက်သည်။ သူမသည် အစပိုင်းတွင်တော့ အနည်းငယ် အနေကြပ်နေလေသည်။ သို့သော် စုန့်ဝေဖျင်က ပိတ်စဟောင်းတစ်ခုကို ထုတ်လာပြီး အိပ်ရာကြားက ခန်းဆီးတစ်ခုအဖြစ်သို့ ပြောင်းလိုက်သည်ကို မြင်လိုက်ရသောအခါ သူမသည် ရုတ်ခြည်းဆိုသလို ကို့ယို့ကားယားအတွေးများ ပျောက်ကွယ်သွားတော့သည်။

ဟုတ်နေပါပြီ၊ စုန့်ဝေဖျင်က အဲကိစ္စကို မစွမ်းဆောင်နိုင်ဘူးပဲ။ မဟုတ်ရင်တော့ သူက မိန်းမတွေကို စိတ်မဝင်စားတာပဲ ဖြစ်မယ်။ ထုတ်ပြောစရာတောင် မလိုလိုက်ဘူး။ နံရံပေါ်က သံနှစ်ချောင်းကို ကြည့်လိုက်။ သူက လက်ထပ်ပြီးနောက်ပိုင်း နေမဲ့ဘဝကိုတောင် စဥ်းစားထားပြီးသားမှန်း သိလိုက်ပြီလေ။ ငါ ဘာမှကိုမှ စိတ်ပူစရာမလိုတော့ဘူး။

စုန့်ဝေဖျင်သည် သူမ၏အခြေအနေက တောင့်တင်းနေရာမှာ သက်သောင့်သက်သာ ဖြစ်သွားသည်ကို တွေ့လိုက်ရသောအခါ လေသံတိုးတိုးဖြင့် ပြောလိုက်တော့သည်။

“မင်းက နံရံနဲ့ကပ်တဲ့အတွင်းဘက်မှာအိပ်၊ ငါက အပြင်ဘက်မှာ အိပ်မယ်၊ ညပိုင်း မင်းတစ်ခုခုလိုရင် ငါ့ကိုသာ ခေါ်လိုက်နော်”

ရွှီရှောင်ကျောင်းက အိပ်ရာအစွန်းဘက်မှ ခေါင်းလေးကို ဆန့်ကာ အတွင်းဘက်သို့ ကြည့်လိုက်ပြီး

“စုန့်ဝေဖျင် နင်က အရမ်းတွေးပေးတတ်တာပဲ၊ ကောင်းလိုက်တယ်”

ခြေလက်သန့်စင်ပြီး လဲလျောင်းလိုက်ပြီးနောက် ရွှီရှောင်ကျောင်းက အနည်းငယ် သိချင်သွားသဖြင့်

“စုန့်ဝေဖျင် နင် အိပ်ပြီလား”

“ဟင့်အင်း”

ရွှီရှောင်ကျောင်းက ကိုယ့်ကို လှည့်လိုက်ပြီး ခန်းဆီးဘက် မျက်နှာမူလိုက်ကာ

“ဒါက ငါ လူတစ်ယောက်နဲ့ အိပ်ရာတစ်ခုထဲမှာ အိပ်တာ ပထမဆုံးပဲ၊ ငါ သိပ်ပြီး နေသားမကျသေးဘူး”

“မအိပ်တတ်ဘူးလား” စုန့်ဝေဖျင်က သူမကို မေးလိုက်သည်။

“မဟုတ်ဘူး၊ ငါ အိပ်ရာဝင်ရမဲ့အချိန် မရောက်သေးတာ”

သူမသည် အိပ်ချိန်မရောက်သေးပေ။ သည်အတိုင်း အလွန်ထူးဆန်းသလို ခံစားနေခြင်းပင်။ အခိုက်တန့်အတွင်း သူမသည် အကြောင်းအရင်းကို မပြောတတ်တော့ပေ။

“စကားပြောကြမလား” စုန့်ဝေဖျင်က အသာအယာလှည့်လာ၏။

ရွှီရှောင်ကျောင်းက ခဏလောက် စဥ်းစားလိုက်၏။ ဟုတ်သားပဲ။ ငါ့အခန်းဖော်လေးနဲ့ အတူတူနေတဲ့ ပထမဆုံးနေ့လေ။ မအိပ်တန်းတွေ့ဆုံပွဲတစ်ခုတော့ လုပ်ရမှာပေါ့။

“ကောင်းပြီ၊ ကောင်းပြီလေ၊ ငါလည်း နင်နဲ့တိုင်ပင်စရာရှိတာနဲ့ အတော်ပဲ”

All Chapters