← Chapters

အခန်း (၁၃-၁၅)

Vol. 1 Ch. 13-15

အခန်း (၁၃-၁၅)

Vol. 1 Ch. 13-15

အပိုင်း (၁၃) လုပ်ငန်းသေးသေးလေး

“ဘာကိစ္စလဲ”

စုန့်ဝေဖျင်က သူမစကားနောက်လိုက်ပြီး မေးလိုက်လေသည်။

ရွှီရှောင်ကျောင်းက ခဏလောက်စဥ်းစားလိုက်ပြီး သူ့ကိုမေးလိုက်၏။

“ဒီနေ့ ငါ နင့်ကို လုပ်ဖို့ ပြောတဲ့ စတူးဟင်းကို စားလိုက်သေးလား၊ ဘယ်လိုနေလဲ”

အမှန်အတိုင်းပြောရလျှင် သည်နေ့ ဟင်းပွဲအားလုံးက အလွန်မှ အရသာကောင်းမွန်လှသည်ဟု သူ ခံစားမိသည်။ စုန့်ဝေဖျင်က ချင့်ချိန်စဥ်းစားလိုက်၏။ စတူးဟင်းက အမှန်ပင် ရွှီရှောင်ကန်းပြောသလိုပင်။

“အရသာရှိလိုက်တာ”

ရွှီရှောင်ကျောင်းက သူ့ကို ချီးကျူးလိုက်ပြီး

“စုန့်ဝေဖျင် နင်ကလေ အချက်အပြုတ်မှာ တော်တော်လေးပါရမီပါတာ ငါ သတိထားမိတယ်”

ငါပေးလိုက်တာတွေက ရိုးရှင်းတဲ့နည်းအဆင့်ဆင့်လေးတွေပဲလေ။ ဒါတောင် စုန့်ဝေဖျင်လုပ်ခဲ့တဲ့ ရလဒ်က အရသာရှိနေသေးတယ်။ အနံ့အရသာကအစ မူလလက်ရာအတိုင်းပဲ။ တလောကလုံးက ဟင်းလျာတွေအများကို စားခဲ့ဖူးပြီး တော်တော်များများကိုလည်း စားခဲ့ဖူးတယ်လေ။ သူမက မေးလိုက်၏။

“ဟဲ့ မြို့ငယ်လေးမှာ လူချမ်းသာတွေ အများကြီးရှိတယ်ဆို ဟုတ်လား၊ လမ်းကြားတွေထဲက လုပ်ငန်းတွေကလည်း အရမ်းကောင်းတယ်လေ ဟုတ်တယ်မလား”

စုန့်ဝေဖျင်က ထိုနေရာသို့ အကြိမ်အနည်းငယ် ရောက်ခဲ့ဖူးသဖြင့် သူသည် ကောင်းကောင်းသိလေသည်။ ပြီးခဲ့သည့်အခေါက်က ပိတ်စများ ဝယ်သွားသည့်အစ်မကြီးက ၁၀ယွမ်ကျော် သုံးလိုက်ချိန်တွင် မျက်တောင်တစ်ချက်ပင် မခတ်ချေ။ မြို့ပေါ်ကလူများစွာက အလွန်ချမ်းသာသည်ဟု ဆိုနိုင်လေသည်။

“တော်တော်လေး အဆင်ပြေတယ်”

“ဒါဆို နင်လုပ်တဲ့စတူးဟင်းကို ရောင်းကြမယ်လေ အဆင်ပြေလား”

သူမက မေးစေ့ကို ပွတ်သပ်လိုက်ပြီး

“တကယ်တော့ အဲဒီစတူးဟင်းမှာ နောက်ထပ်နာမည်တစ်ခုရှိသေးတယ်၊ ဝက်စတူးလို့ခေါ်တယ်၊ ဒါက ဝက်ဗိုက်သားစတူးထဲ ရှိတာမဟုတ်ဘူး၊ တခြားဟာတွေကိုလည်း စတူးဟင်းလုပ်လို့ရတယ်၊ တလောက ငါ စုံစမ်းထားတာ၊ မြို့က အစိုးရပိုင်စားသောက်ဆိုင်တွေမှာလည်း အသားစတူးဟင်း ရှိတယ်တဲ့၊ တစ်ပွဲကို အများကြီးမပါတာတော့ ပြောစရာလိုမှာမဟုတ်ဘူး၊ အရသာကလည်း တော်တော့်ကို သာမန်ပဲတဲ့၊ ပြီးတော့ လက်မှတ်လည်း လိုတယ်လို့ ကြားတယ်၊ လူတော်တော်များများက ဝယ်စားဖို့ မတတ်နိုင်ကြဘူး၊ ငါတို့သာ ဒါကို ရောင်းရင် လွယ်လွယ်လေး ဖြေရှင်းနိုင်လောက်တယ်၊ သူ့ကို အသားတုံးလေးတွေဖြစ်အောင် လှီးလိုက်မယ်၊ အသား ၁ကျင်း ကို ၈တုံး လုပ်လို့ရတယ်၊ တစ်ပိုင်းကို ၂လျန်နဲ့ တစ်တုံးကို ၄ဝဖန်းနဲ့ ရောင်းလို့ရတယ်၊ တော်တော်လေး အမြတ်ရမှာ”

သူမ၏ဦးနှောက်က မူလလက်ဟောင်း စတူးဟင်း လုပ်ခြင်းနည်းလမ်းများနှင့် ပြည့်နေလေသည်။

“ငါ့မှာ လျှို့ဝှက်ဟင်းချက်နည်း တစ်ခုရှိတယ်၊ ဒီနေ့ချက်တာထက် သေချာပေါက် ပိုပြီး အများကြီး အရသာရှိမှာ”

အမှန်တွင်တော့ ကြက်ခြေထောက်စတူးဟင်းနှင့် ဝက်ခြေထောက်စတူးဟင်းက စားလို့ ပိုကောင်းတာလေ။ ဒါပေမဲ့ ဒီခေတ်မှာကျတော့ ကြက်ခြေထောက်နဲ့ ဝက်ခြေထောက်တွေက အရိုးပဲပါတာ ပြီးတော့ အချိန်ကုန်တဲ့ပစ္စည်းတွေ။ သာမန်မိသားစုတစ်ခုက ဒါတွေကို ဝယ်စားမယ်ဆိုရင် မတန်ဘူးလို့ပဲ ခံစားရမှာ။ ဝက်ဗိုက်သားစတူးဟင်းက တကယ်ပဲ ရောင်းရလွယ်တယ်ဆိုရင်တော့ သူတို့တွေက ဒါနဲ့တွဲပြီး စမ်းရောင်းကြည့်လို့ရတယ်၊ ဝက်ခေါင်းသားကင်ကလည်း တော်တော်လေး ကောင်းတယ်။ ဒါပေမဲ့ ဝက်ခေါင်းကျတော့ အရမ်းကြီးတယ်။ စွန့်စားရမဲ့ကိစ္စက အရမ်းကြီးလွန်းတယ်။ အရင်ဆုံး ဝက်ဗိုက်သားစတူးဟင်းကို ရောင်းတာက အန္တရာယ်အကင်းဆုံးပဲ။

စုန့်ဝေဖျင်က သူမပြောလိုက်သည့် အသေးစိတ်အကြောင်းအရာကို ကြားလိုက်ပြီး သူမကို မေးလိုက်လေသည်။

“မင်း ဒါကို အစောကြီးကတည်း တွေးထားတာလား”

ရွှီရှောင်ကျောင်းက ခေါင်းညိတ်ပြလိုက်ပြီး

“ဟုတ်တယ်၊ ပြီးခဲ့တဲ့တစ်ခေါ် နင် ငါ့ကို မြို့ကို အလည်ခေါ်သွားပြီးကတည်းက ငါ ဒီအကြောင်း စပြီး စဥ်းစားထားတာ၊ နင် ဘယ်လိုထင်လဲ”

စုန့်ဝေဖျင်သည် လက်ထပ်တော့မည်ဟု ဆုံးဖြတ်ပြီးကတည်းက ငွေရှာရန် နည်းလမ်းများစွာ စဥ်းစားထားခဲ့လေသည်။ သို့သော် နည်းလမ်းက မရှိသလောက်ပင်။ ထို့ကြောင့် သူက သူနှင့်အတူ သယ်ယူပို့ဆောင်ရေးအတွက် ခရီးထွက်ရန် လီစန်းထျယ်ကို သွားရှာခဲ့ခြင်းပင်။ သူတို့သည် ကြားပေါက်တစ်ခု ရနိုင်ဖို့က မှန်းရခက်လေသည်။ အကြိမ်တိုင်း၏ အဓိကအကြောင်းအရာမှာ ထောက်ပံ့ကြေးငွေ ရဖို့ရန်ဖြစ်လေသည်။ သူသည် ထိုအကြောင်းကို ရက်တော်တော်ကြာအောင် စဥ်းစားလာပြီး လမ်းကြားထဲတွင် တစ်ခုခုလုပ်ဖို့ စီစဥ်ခဲ့သည်။ ရွှီရှောင်ကျောင်းက သူနှင့် အတွေးတူနေလိမ့်မည်ကိုတော့ မျှော်လင့်မထားခဲ့ချေ။

“ငါတို့တွေ ဒါကိုပဲ အရင်ဆုံး စမ်းကြည့်လို့ရတယ်”

ရွှီရှောင်ကျောင်း လက်ခုပ်တီးလိုက်၏။ အနာဂတ်ရဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးလို့ မပြောရဘူး။ သူက သတ္တိရှိတယ်။ အခုချိန်မှာ မူဝါဒတွေကို လျှော့ပေးလိုက်ပြီဆိုပေမဲ့ လူတိုင်းစိတ်ထဲမှာ နက်နက်ရှိုင်းရှိုင်း အရိုးစွဲနေတဲ့ အတွေးတွေကို ချိုးဖောက်ကတော့ လုံးဝမလွယ်ဘူးလေ။ စုန့်ဝေင်ဖင်ကို စည်းရုံးဖို့ အချိန်အများကြီး ယူရလိမ့်မယ်လို့ ထင်ထားခဲ့တာလေ။

“ဒါဆို မနက်ဖြန် အသားဝယ်ဖို့ မြို့ပေါ်ကို ငါနဲ့ အဖော်လိုက်ပေးလေ၊ အရင်ဆုံး ၂ကျင်းလောက် စမ်းဝယ်ကြည့်လိုက်မယ်၊ အလုပ်မဖြစ်ဘူးဆိုရင် ငါတို့ကိုယ်တိုင် အသားတွေ စားလို့ရတယ်၊ ဟင်းခတ်အမွှေးအကြိုင်တွေလည်း ဝယ်ဖို့လိုသေးတယ်နော်”

သူတို့နှစ်ယောက်သည် လက်ထပ်ပွဲ အကြောင်းပြပြီး ရက်အနည်းငယ် ခွင့်ယူလိုက်ကြသည်။ သူတို့သည် အားလပ်နေသည်နှင့် အတော်ဖြစ်သွားလေသည်။

စုန့်ဝေဖျင်သည်လည်း အီလေးမဆွဲတတ်သူတစ်ယောက်ပင်။ အခုတော့ သူသည် ဆုံးဖြတ်ထားပြီးသဖြင့် တွေဝေမနေတော့ပဲ

“ကောင်းပြီလေ”

ရွှီရှောင်ကျောင်းက ဂွမ်းစောင်၏အနားကို ပွတ်သပ်လိုက်လေသည်။ သူမသည် အနည်းငယ် အိပ်ချင်လာလေသည်။ သူမ၏အသံက ပျော့ပြောင်းသွားပြီး

“နင် ငွေအတွက် စိတ်ပူစရာမလိုဘူးနော်၊ ငါ့ဟာကို သုံးလိုက်၊ ငါ့မှာ ၁၅ယွမ်ရှိသေးတယ်၊ ဒီတစ်ခါ အလုပ်မဖြစ်ဘူးဆိုရင် ငါတို့တွေ တခြားတစ်ခု စမ်းကြည့်လိုက်ရသေးတယ်၊ အလုပ်ဖြစ်ရင်တော့ အကောင်းဆုံးပေါ့၊ ငါတို့တွေ ငွေရှာနိုင်ခဲ့ရင် ငါ့မောင်လေးကို ကျောင်းပို့ပေးချင်သေးတယ်၊ သူက ဆယ်ကျော်သက်အရွယ်တောင် ရောက်နေပြီ၊ စာလုံးတွေအများကြီးကိုလည်း မမှတ်ဘူး၊ ပြီးတော့ အဘွားရဲ့ကျန်းမာရေးကလည်း မကောင်းဘူး၊ အဟာရဖြည့်စွက်စာ နည်းနည်းလောက် ဝယ်ရမယ် ပြီးရင် သူ့ကို ဆေးစစ်ဖို့ ခေါ်သွားပေးရမယ်၊ ပြီးတော့ ငါလည်း အဝတ်အစားအသစ်တွေ လိုချင်သေးတယ်”

ငိုက်မြည်းမှုက အနိုင်ရသွားလေသည်။ သူမသည် ပြတ်တောင်း ပြတ်တောင်း ပြောလိုက်သည်။ သတိမထားမိလိုက်ခင်မှာပင် သူသည် ခေတ်သစ် လူချမ်းသာတို့၏ အဆင့်အတန်းအတိုင်း စကားလုံးများကို ရေရွတ်လိုက်လေသည်။

“စက်ဘီးတစ်စီး၊ လက်ပတ်နာရီကြီးတစ်လုံး၊ TV နဲ့ အိမ်အကြီးကြီးတစ်လုံး လိုချင်တယ်၊ စုန့်ဝေဖျင် နင် ငွေအများကြီး ရှာရမယ်နော်၊ ငါ့ကို မကြာခင် ငါးဆားနယ်လေးတစ်ကောင်လို ထားပေးရမယ်”

အချိန်တော်တော် ကြာသွားပြီးနောက်တွင် ရွှီရှောင်ကျောင်းသည် အိပ်မက်ချိုချိုလေးတစ်ခုထဲ ကျဆင်းသွားတော့သည်။ စုန့်ဝင်ဖျင်က လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။

“ငါတို့တွေ အားလုံး ရစေရမယ်”

ကောင်းမွန်သည့် အိပ်စက်မှုတစ်ခုပင်။ ရွှီရှောင်ကျောင်းသည် မနက်ခင်း နိုးလာချိန်၌ သူမ သည်နေရာသို့ ရောက်လာကတည်းက ကောင်းကောင်းအိပ်ပျော်သွားသည့် ပထမဆုံးအကြိမ်ဟု ခံစားလိုက်ရလေသည်။

စုန့်ဝေဖျင်က ကောက်ရိုးဖျာနှစ်ခုကို ထပ်ထားပေးပြီး အပေါ်တွင် ဂွမ်းကပ်တစ်ခု ထပ်ထားပေးသည်။ ဂွမ်းစောင်များကို ပွလာသည်အထိ ခြောက်သွေးနေအောင် နေလှန်းပေးထားသည်။ မြက်ခင်းနှင့် သစ်ပင်တို့၏ ရနံ့သင်းသင်းလေး ရနေသည်။ သူမ၏မျက်နှာနှင့် ကပ်ထားဖို့ရာ အလွန်မှသက်သောင့်သက်သာရှိလှသည်။ သူမသည် အိပ်ရာနှင့်ပတ်သက်ပြီး ချေးမများသော်လည်း မျှော်လင့်မထားဘဲ သူမသည် အရင်ဘဝက ပျော့အိအိမွေ့ရာနှင့် အသားကျနေခဲ့သည်။ ဝူချွန်းဟွားအိမ်က မာကျောသည့်အိပ်ရာက အမြဲတမ်း အနည်းငယ် သက်သောင့်သက်သာ မရှိနေချေ။ သို့သော်လည်း စုန့်ဝေဖျင်ဘက်ကတော့ အဆင်ပြေလှသည်။

သူမသည် ခန္ဓာကိုယ်ကို အကြောဆန့်လိုက်ပြီး ခေါင်းလေးကို ခန်းဆီးအပြင်ဘက် ပြူထွက်လိုက်လေသည်။ သပ်သပ်ရပ်ရပ် ခေါက်ထားသည့် ဂွမ်းစောင်တစ်ထပ်သာ ရှိလေသည်။ စုန့်ဝေဖျင် အိပ်ရာထနှင့်ပြီပင်။

သူမသည် အဝတ်အစားများကို ဝတ်လိုက်ပြီး ခန်းဆီးကို သိမ်းထားလိုက်သည်။ သည်အချိန်မှာပင် စုန့်ဝေဖျင်က တံခါးလာခေါက်ပြီး မနက်စာအဆင်သင့်ဖြစ်ပြီ ဖြစ်ကြောင်း ပြောလိုက်လေသည်။

သူမသည် စုန့်ဝေဖျင်အတွက် တံခါးဖွင့်ပေးလိုက်၏။

“ နင် အစောကြီးထတာပဲ၊ ဘာလို့ ငါ့ကို မခေါ်တာလဲ”

“မနေ့က နင် ပင်ပန်းနေမှာလေ၊ ပိုအိပ်သင့်တယ်”

စုန့်ဝေဖျင်က သူမကို မြင်လိုက်ချိန်တွင် မနက်ခင်းက နိုးလာသည့်အဖြစ်ကို စဥ်းစားမိသွားလေသည်။ သူမ၏ခြေထောက်သေးသေးလေးနှင့် ဖြူဖွေးနေသည့် ခြေမျက်စိက ဆန့်ထွက်လာသည်ကို မြင်လိုက်ရ၏။ ထို့နောက်တွင်တော့ ကမန်းကတမ်း ပြေးထွက်လာခဲ့သည့်အဖြစ်ကို စဥ်းစားမိတော့သည်။ သူသည် အသာအယာ ချောင်းဟန့်လိုက်ပြီး

“ထွက်လာပြီး စားတော့လေ”

ရွှီရှောင်ကျောင်းက ထိုအကြောင်းကို စဥ်းစားလိုက်သည်။ တကယ်တော့ မနေ့က စားသောက်တာကလွဲပြီး ဘာမှမလုပ်ခဲ့ရပါဘူး။ ငါက ပင်ပန်းတယ်ဆိုရင် စုန့်ဝေဖျင်က ပိုပင်ပန်းရမှာပေါ့။

တဖန် သူမသည် စုန့်ဝေဖျင်ကို စိတ်ထဲက လူကောင်းဆုတစ်ခု ပေးလိုက်လေသည်။ သူတို့နှစ်ယောက်သည် စားသောက်ပြီးနောက် မြို့တက်သွားလိုက်ကြတော့သည်။

ရွှီရှောင်ကျောင်းသည် အချိန်အကြာကြီး ငါးဆားနယ်တစ်ယောက်လို နေခဲ့ရသော်လည်း သူမသည် ဘယ်တော့မှာ အီးလေးဆွဲတတ်သူတစ်ယောက်မဟုတ်ပေ။ စုန့်ဝေဖျင်ကလည်း ကိစ္စတစ်ခုကို မတွေဝေဘဲ လုပ်ဆောင်တတ်သူဖြစ်လေသည်။ သူတို့နှစ်ယောက်သည် နေ့လယ်ခင်းတွင် အလုပ်စလုပ်လိုက်ကြသည်။ အချိန်ကျခါနီးတွင် စုန့်ဝေဖျင်က မီးငြိမ်းလိုက်သည်။

အိုးကို ဖွင့်လိုက်တော့ မွှေးရနံ့က မျက်နှာကို လာရိုက်လေသည်။ အနီရောင်တောက်တောက်စတူးဟင်းက အရည်ရွှမ်းလို့ပင်။ မြင်ကွင်းက လူများကို လက်ယားလာအောင် လုပ်နေတော့သည်။

ရွှီရှောင်ကျောင်းနှင့် စုန့်ဝေဖျင်တို့က အသားတုံးများကို အတုံးလေးဖြစ်အောင် လှီးလိုက်ကြသည်။ သူမသည် တစ်တုံးလောက် ယူကာ မြည်းကြည့်လိုက်၏။

အရသာက ကောင်းမွန်လှသည်။ အနှစ်ကလည်း ရွှဲစိုလို့ပင်။ အဆီသားက ပါးစပ်ထဲတွင် အရည်ပျော်သွားပြီး အသားက အလွန်ခြောက်ကပ်မနေချေ။ အလွန်နူးညံ့ပြီး ဝါးလို့ကောင်းသည်။

“ဝိုး ငါ အရင်က စားဖူးတာထက်တောင် ပိုကောင်းနေသေးတယ်၊ စုန့်ဝေဖျင် နင်က အံ့ဩစရာကောင်းလိုက်တာ”

သူက အရင်က ဒီဟင်းကို တစ်ခါမှမလုပ်ခဲ့ဖူးဘဲနဲ့ ငါ့ဟင်းချက်နည်းကို လိုက်လုပ်ရုံနဲ့ အသားစတူးဟင်းချက်ကို ဒီလောက်အရသာကောင်းအောင် လုပ်နိုင်တယ်တဲ့။ အံ့ဩဖို့ ကောင်းလိုက်တာ။ ဒီအတိုင်းကို အံ့ဩစရာကောင်းနေပြီ။

စုန့်ဝေဖျင်က တစ်တုံးလောက် မြည်းကြည့်လိုက်ပြီး အရသာ အလွန်ကောင်းနေသဖြင့် အံ့ဩသွားတော့သည်။ ရွှီရှောင်ကျောင်း၏မျက်ခုံးများက လင်းလက်နေသည်ကို တွေ့လိုက်ရသဖြင့် သူ့နှုတ်ခမ်းထောင့်က ကွေးတက်သွားကာ

“မင်း ညွှန်ကြားတာ တော်လို့ပါ”

ရွှီရှောင်ကျောင်းက နောက်တစ်တုံးယူလိုက်ပြီး

“နင်က အချက်အပြုတ်မှာ ပါရမီရှိတယ်၊ နောက်ထပ် တစ်ခါ နှစ်ခါလောက် ချက်ပြီးသွားရင် ငါ စောင့်ကြည့်ပေးစရာတောင် လိုတော့မှာမဟုတ်ဘူး၊ အခုက အေးနေတာဆိုတော့ အသားကို ညအိပ်ထားလို့ရတယ်။ ရာသီဥတုပူလာရင်တော့ ရောင်းဖို့အတွက် နင် မနက်စောစောထလုပ်ရလိမ့်မယ်၊ အဲဒီအချိန်ကျရင် နင်တော့ ပင်ပန်းတော့မယ်၊ ငါက စောစော မထနိုင်ဘူးနော်”

သူမသည် ကပ်ချွဲသည့်လေသံဖြင့် ဆက်အိပ်ချင်ကြောင်း ကြေညာလိုက်လေသည်။

“ငါ လုပ်ပါမယ်”

စုန့်ဝေဖျင်က ပြောသည်။ သူသည် နောက်တစ်ပန်းကန်အတွက် အသားနောက်တစ်တုံးကို လှီးလိုက်၏။

“အမေနဲ့ ရှောင်ကန်းတို့ကို သွားခေါ်လိုက်၊ သူတို့ ဒီနေ့ ဒီမှာ စားလိမ့်မယ်”

ပစ္စည်းကောင်းများရှိလျှင် ဝေမျှရမည်က အမှန်ပင်။ ထို့ကြောင့် ရွှီရှောင်ကျောင်းက ဝမ်းသာအားရ သူတို့ကို သွားခေါ်လိုက်တော့သည်။

ပြောရန်ပင်မလိုချေ။ သည်ဝက်သားစတူးဟင်းက မိသားစုထံမှ တညီတညွှတ်တည်း ချီးကျူးခြင်းကို လက်ခံခဲ့ရသည်။

နောက်တစ်နေ့တွင် ရွှီရှောင်ကျောင်း အိပ်နေတုန်းရှိသေး စုန့်ဝေဖျင်က ထွက်သွားနှင့်ပြီးဖြစ်လေသည်။

အနှစ်ဖြင့်ပေါင်းထားသည့် အသား ၆တုံးကို မြေအိုးဇလုံထဲတွင် ထည့်ထားသည်။ နွေးနေစေရန် စုန့်ဝေဖျင်ကလည်း လုံးချောကျောက်များကို အပူပေးထားကာ အဝတ်နှင့်ထုပ်ပြီး ခြင်းအောက်တွင် ဖြန့်ကာထည့်ထားသည်။ မြို့သို့ရောက်လာချိန်တွင် စတူးဟင်းက အပူဓာတ် မကုန်သေးချေ။ အိုးကို ဖုံးထားသည့် အဖြူရောင်ပိတ်စကို ဖယ်လိုက်သည်နှင့် အနံ့က ချက်ချင်း လွှင့်ပျံလာခဲ့သည်။

“ဘာအနံ့လဲ၊ အရမ်းမွှေးတာပဲ”

ခဏအကြာတွင် ဦးထုပ်ဆောင်းထားသည့် အမျိုးသားတစ်ယောက်က ရောက်လာပြီး လေသံတိုးတိုးဖြင့် မေးလိုက်သည်။

စုန့််ဝေဖျင်ကလည်း တခြားသူများနည်းတူ ကိုယ့်ဟာကိုယ် လုံခြုံနေအောင် ဖုံးကွယ်ထားသည်။ သူ့အသံက မာဖလာထဲက တိုးထွက်လာပြီး

“ကျွန်တော့်မိသားစုက လုပ်ထားတဲ့ ဝက်သားစတူးဟင်းပါ၊ လုံးဝကို အရသာရှိတာနော်၊ အစ်ကိုကြီး တစ်တုံးလောက် ဝယ်ပြီး မြည်းကြည့်မလား”

ထိုလူက နှာခေါင်းရှုံ့ကာ အနံ့ခံလိုက်ပြီး စားချင်သွားကာ

“ဘယ်လောက်လဲ”

“အသားတစ်ပိုင်းကို ၂လျန်၊ တစ်တုံးဆိုရင်တော့ ၄၀ဖန်း”

ထိုလူက စုပ်သပ်လိုက်ပြီး

“အရမ်းစျေးကြီးတယ်”

စုန့်ဝေဖျင်က အလျင်မလိုချေ။ သူက တခြားပန်းကန်လုံးထဲ့က အသား အကြေများကို ထုတ်လာလိုက်ပြီး သူ့ကို လှမ်းပေးလိုက်ကာ

“ကျွန်တော့် ဝက်သားစတူးဟင်းက အရည်အသွေးကောင်းတဲ့ ပစ္စည်းတွေနဲ့ လုပ်ထားတာ၊ ဒါက မိသားစုရဲ့ လျှို့ဝှက်ဟင်းချက်နည်းခင်ဗျ၊ စားသောက်ဆိုင်က ရောင်းတာထက် အများကြီး ပိုကောင်းတယ်၊ မြည်းကြည့်ပါ”

ကြေနေသည့်အသားကို သူ့ပါးစပ်ထဲ ထည့်လိုက်သည်ကို မြင်လိုက်ရလေသည်။ သူ့မျက်လုံးများက လင်းလက်သွားပြီး ကျေနပ်သွားသည့် အမူအရာဖြစ်လာခဲ့သည်။ သူက လေသံတိုးတိုးဖြင့် ဆက်ပြောလိုက်၏

“စားသောက်ဆိုင်က တစ်တုံးက အသားပြားတစ်ဖတ် နှစ်ဖတ်လောက်ပဲပါတာ၊ စျေးကြီးရုံမကဘူး အရသာကလည်း မကောင်းဘူး၊ ကျွန်တော့် အသားနှစ်ပိုင်းက အဲဒါထက် ပိုများတယ်နော်၊ တစ်တုံးလောက် အိမ်ဝယ်ပြန်သွားပြီး သောက်စရာနဲ့ တွဲစားတာဖြစ်ဖြစ် ကလေးတွေရဲ့ စားချင်စိတ်ကို ကျေနပ်အောင် လုပ်ပေးတာပဲဖြစ်ဖြစ် တကယ်တန်ပါတယ်၊ အိမ်မှာ ဧည့်သည်ရှိရင်လည်း နှစ်ပိုင်းလောက် ဝယ်သွားပြီး အသား ပါးပါးလေးလှီးလိုက်၊ ဟင်းပွဲတစ်ပွဲစာရတယ်၊ တော်တော် အဆင်ပြေတာနော်”

သည်အသား၏အရသာက တော်တော်လေးကောင်းမွန်သည်။ ထိုလူကလည်း သူပြောသည့်စကားက မှန်ကန်ကြောင်း သိနေသည်။ သူသည် တစ်ပိုင်းလောက် ဝယ်ခဲ့လျှင် အပြားလိုက်လှီးပြီး ဝိုင်နှင့် စားသောက်နိုင်သည်။ ကျန်တာကို သူ့မိန်းမ စားချင်စိတ်ကို ဖြည့်ဆည်းပေးလို့ရသည်။ စိတ်ကူးကောင်းတစ်ခုပင်။

“ကောင်းပြီလေ၊ ငါ့ကို တစ်တုံးပေး၊ ကြီးတာပေးနော်”

စုန့်ဝေဖျင်က တစ်ခုကို ထုတ်လိုက်ပြီး ထုပ်ပိုးပေးလိုက်ကာ လှမ်းပေးလိုက်၏။

“အစ်ကိုကြီး ဒီအသားကို မေ့နိုင်မှာ မဟုတ်ဘူးဆိုတာ ကျွန်တော် အာမခံတယ်၊ နောက်တစ်ခါ ထပ်လာခဲ့အုံးနော်”

မနက်၇နာရီတွင် ကောင်းကင်က လင်းရှင်းနေသည်။ ရွှီရှောင်ကျောင်းသည် စုန့်ဝေဖျင် ပြန်လာချိန်မှ အိပ်ရာနိုးလာခဲ့သည်။

“နင်တို့တွေ လူတောင် ခွဲလာပြီပဲ၊ ဘယ်လိုနေလဲ”

စုန့်ဝေဖျင်က ကျန်သည့် ၈၀ဖန်းကို လှမ်းပေးလိုက်ပြီး

“အားလုံး ရောင်းလို့ ကုန်သွားတယ်၊ လူတစ်ယောက်က သုံးတုံးဝယ်တာ တစ်တုံးက နည်းနည်း သေးနေတာနဲ့ စျေးညှိနှိုင်းပြီးတော့ ၁ယွမ်တောင်းလိုက်တယ်၊ ပြီးတော့ ငါ အသား ၂ကျင်း ဝယ်ခဲ့တယ်၊ ၈၀ဖန်း ကျန်တယ်”

“အားလုံး ရောင်းလို့ကုန်သွားတယ် ဟုတ်လား”

ရွှီရှောင်ကျောင်းက အံ့သြသွားတော့သည်။ သူက နည်းနည်းပါးပါးတော့ ရောင်းနိုင်မှာပါလို့ပဲ တွေးထားတာလေ။ အားလုံးကို ကောင်းကောင်းကြီး ရောင်းကုန်သွားမယ်လို့ လုံးဝမထင်ထားဘူး။ စုန့်ဝေဖျင်က သာမန်ဆန်ဆန် သမားရိုးကျသမားလို့ ထင်ရပေမဲ့ သူက စီးပွားရေးလုပ်တဲ့နေရာမှာတော့ တော်တော်အရည်အချင်းရှိတာပဲ။

ငွေကို ကိုင်ထားတာ အသုံးမဝင်လေဘူး။ သူမက မလိုကြောင်း လက်ခါပြရင်း ပြောလိုက်လေသည်။ သူမသည် ယွမ်နည်းနည်းပါးပါးကို သိမ်းထားပြီး ကျန်တာကို စုန့်ဝေဖျင်ကို ပေးလိုက်လေသည်။

“စုန့်ဝေဖျင် ငါလေ နင့်ကို ပိုပိုပြီး လေးစားလာပြီ၊ နင်က တော်လိုက်တာ၊ နင် ငွေယူထားလိုက်၊ နင့်စီးပွားရေး အဆင်ပြေလာရင် ငါ့ငွေကလည်း အခြေခံရင်းနှီးမြှုပ်နှံထားတဲ့ ရင်းနှီးငွေဖြစ်သွားပြီ၊ နင် ငွေပိုရှာလာနိုင်မှ ငွေကို ပြန်ပေးပေါ့”

စီးပွားရေးကောင်းလာသည်နှင့်အမျှ နောက်ထပ်ပြဿနာတစ်ခုက ပေါ်လာတော့သည်။

“ငါတို့မှာ အသားဝယ်ဖို့ လက်မှတ်မရှိဘူးနော်၊ ငါ ဒီနေ့ ဖင့်ရှန်းနဲ့ တခြားသူတွေကို သွားရှာပြီး လက်မှတ်တချို့ သွားလဲခဲ့မယ်၊ ဒါပေမဲ့ ဒါက တစ်ရက် နှစ်ရက်စာလောက်ပဲ ဖြေရှင်းနိုင်မှာ”

စုန့်ဝေဖျင်တွင် အဖြေကရှိထားလေသည်။

“ငါ တတိယအစ်ကိုလီကို မေးလိုက်မယ်၊ သူ့မှာ နည်းလမ်းတစ်ခုတော့ ရှိမှာပါ”

ဒါဆိုရင်တော့ အဆင်ပြေသွားမှာပါ။

စုန့်ဝေဖျင်က သူမကို ကြည့်လိုက်ပြီး

“ရောင်းကောင်းရင် ၂လလောက်နေရင် ရှောင်ကန်းကို ကျောင်း ပို့လို့ရပြီ”

ရွှီရှောင်ကျောင်းသည် အနည်းငယ် အံ့ဩသွားပြီး

“နင့်ဦးလေးမိသားစုရဲ့ ငွေတွေကို အရင်ပြန်ပေးသင့်တယ်မလား”

အဘွားရဲ့ စကားတွေအရဆိုရင် ပြီးခဲ့တဲ့ နှစ်တွေမှာ စုန့်ဝေဖျင်ရှာသမျှ ငွေတွေအားလုံးကို အကြွေးဆပ်ဖို့ပဲ စုထားခဲ့ရတာတဲ့။ ပြီးခဲ့တဲ့တစ်ခေါက် ဂါဝန် ဝယ်ပေးခဲ့တဲ့ ငွေကလည်း ချေးထားတာဆိုတာ မမေးလည်း သိနေပါတယ်လေ။

စုန့်ဝေဖျင်က သူ့နှုတ်ခမ်းကို စူထားလိုက်ပြီး

“အလျင်လိုစရာမလိုပါဘူး၊ ငါတို့တွေ အဲဒီအကြောင်း နှစ်သစ်ကူးပြီးမှ ပြောကြမယ်လေ”

လုပ်ငန်းကလည်း ကောင်းမွန်ပြီး အသားဝယ်ရတဲ့ ပြဿနာကို ဖြေရှင်းပြီးသွားရင် တစ်လလုံးရဲ့ လဝက်လောက်ပဲ ရောင်းရင်တောင် ၁၀ယွမ်အထက် ရှာနိုင်ပါသေးတယ်။ ဒါက ငွေပမာဏ အများကြီးပဲလေ။ ရွှီရှောင်ကျောင်းသည် သူမက ငွေကြိုက်သည့် ဝါသနာတစ်ခု ရလာကြောင်း သိလိုက်ရတော့သည်။ ငွေအများကြီးကို မြင်မိသဖြင့် သူမသည် ကျေနပ်သွားကာ

“စုန့်ဝေဖျင် နင် သေချာပေါက် ကောင်းကောင်းလုပ်ရမယ်နော်”

အဟုတ်ပဲ။ အနာဂတ်စီးပွားရေးလုပ်ငန်းရှင်ကြီးရဲ့ အရည်အချင်းကို လျှော့တွက်ထားလို့မရဘူး။ သူ့ကို အခွင့်အရေးသေးသေးလေးပဲ ပေးလိုက်။ သူသည် အဲဒါကို ရှိသမျှအားနဲ့ ဖမ်းဆုပ်ပြီး တက်သွားလိမ့်မယ်။ နေ့ရက်ကောင်းတွေက ရောက်လာတော့မယ်လေ။

...

အပိုင်း (၁၄) နှိုင်းယှဥ်ခြင်း

“မင်း ဘာပြောလိုက်တယ်၊ သူက တကယ်ပဲ စားသောက်ပွဲတစ်ခု လုပ်ခဲ့တယ်ဟုတ်လား”

လူငယ်ပညာတတ် အမျိုးသားဆောင်တွင် ဟန်ကွမ်းဟွေသည် သူ စီရီထားသည့် လက်မှတ်များကို ပြန်ချထားလိုက်ပြီး အဆောင်ထဲက လီယုံဟိုင်ကို လှည့်ကြည့်လိုက်လေသည်။

ဝဖိုင့်ဖိုင့် ဝမ်းဗိုက်၏အလိုကို လိုက်လျောရင်း လီယုံဟိုင်သည် မုန့်တစ်ခုကို စားလိုက်ပြီး

“ငါက မင်းကို ဘာလို့ လိမ်ရမှာလဲ၊ တစ်ရက်ပဲ ရှိသေးတယ်၊ အဲဒါလုပ်ပြီးသွားတာ တစ်ရက်ပဲ ရှိသေးတယ်ကွ၊ တမြန်နေ့က၊ ငါ ဝမ်ကွေးယွဲ့ဆီက ကြားခဲ့တာ၊ သူတို့တွေက စားပွဲနှစ်ဝိုင်းစာ ဖိတ်ခဲ့တယ်တဲ့၊ ရွှီရှောင်ကျောင်းက အနီရောင်ဂါဝန်ကို ဝတ်ထားတာတဲ့၊ တော်တော်လေး စည်ကားတယ်တဲ့”

ဟန်ကွမ်းဟွေ၏ ညိုမည်းနေသည့်မျက်နှာကို တွေ့လိုက်ရသည်တွင် လီယုံဟိုင်က သူ့ကို ပုတ်လိုက်ပြီး

“အိုကွာ မင်းလည်း လုပ်ရည်ကိုင်ရည်ရှိပါတယ်၊ ဒါတောင် သူ့ကို မမေ့သေးဘူး၊ ငါတို့တွေ ကျေးလက်ကို ပထမဆုံးရောက်လာကတည်းက မင်းတို့တွေက အတွဲတွေမှန်း ငါ သိပါတယ်၊ အရင်တုန်းကတော့ မင်း ရွှီရှောင်ကျောင်းအပေါ် အဲလောက်စိတ်ဝင်စားတာမျိုး မတွေ့ခဲ့ပါဘူး၊ အခုမှ ဘာလို့ လက်မလွှတ်နိုင် ဖြစ်နေတာလဲ”

ဟန်ကွမ်းဟွေက ပြန်လှည့်လာပြီး လက်မှတ်များကို ဆက်စီနေလိုက်ကာ

“မင်းက ဘာသိလို့လဲ”

အရင်တုန်းကတော့ ရွှီရှောင်ကျောင်းက သူ့ကိုပဲ လက်ထပ်မှာဆိုတာ သိထားတယ်လေ။ သူ့ကို လိုက်တွယ်ကပ်ပြီး တခြားအမျိုးသမီးလူငယ်တွေ သူ့နားမကပ်ရဲအောင် အမြဲတမ်းလုပ်ခဲ့တာလည်း ရွှီရှောင်ကျောင်းပဲလေ။ နည်းနည်းစိတ်ပျက်ဖို့ကောင်းတာကလွဲရင် ရွှီရှောင်ကျောင်း ဘယ်လောက် လှတယ်ဆိုတာကို သူ သတိမထားမိခဲ့ဘူး။

ဒါပေမဲ့ အခုတော့ အဲဒီနေ့ညက စုန့်ဝေဖျင်ရဲ့လက်ထဲက အရောင်လက်နေတဲ့ ဓားဖျားကို စဥ်းစားမိလိုက်တော့ ဘာမှကို မလုပ်ရဲတော့ဘူး။

“မင်းမှာလည်း ကျောက်ယန်ယန် ရှိပြီးသားပဲ၊ မင်းက တော်တော်ကံကောင်းသားပဲကွ၊ မင်းတို့ မိသားစုနှစ်ခုလုံးက သဘောတူထားပြီးသားမလား၊ အိုး မင်းတို့တွေ ဘယ်တော့ စားသောက်ပွဲလုပ်မှာလဲ”

ဟန်ကွမ်းဟွေသည် အခိုက်တန့် အံ့ဩသွားလေသည်။ ထို့နောက် သူက တစ်ခုခုကို စဥ်းစားလိုက်ပြီး

“လုပ်မှာပါ”

သူက လီယုံဟိုင်ကို မေးလိုက်၏။

“စုန့်ဝေဖျင်က ဘာဟင်းတွေကျွေးတာလဲ မင်း သိလား”

သူသည် လူမှန်ကို မေးခဲ့ခြင်းပင်။ လီယုံဟိုင်သည် အစားမက်သူတစ်ယောက်ပင်။ သူသည် ပတ်ပြီး စုံစမ်းထားပြီးဖြစ်လေသည်။

“ဝမ်ကွေးယွဲ့ပြောတာတော့ အများကြီးပဲတဲ့၊ ကြက်စတူးနဲ့ အသားစတူးကတော့ ထည့်ပြောစရာတောင် မလိုဘူး၊ အသီးအရွက်ဟင်းတွေအားလုံးကို ဆီများများသုံးပြီး ချက်ထားတာလို့ ကြားတယ်၊ တော်တော် အရသာရှိတယ်တဲ့၊ ဝက်စတူးအသားပြားဟင်းတစ်မျိုးလည်း ပါတယ်လို့ ကြားတယ်၊ တကယ့်ကို အလျှံပယ်ပဲ၊ ကျိုးဖင့်ရှန်း ပြောတာတော့ ထူးထူးခြားခြားကို အရသာရှိတာတဲ့၊ ပြန်တော့လည်း ချိုချဥ်တွေ ပေးလိုက်သေးတယ်တဲ့”

သူသည် ပါးစပ်ကို နှစ်ခါလောက် လှုပ်လိုက်ပြီး တံတွေးကို မျိုချလိုက်လေသည်။ သူသည် ကျန်နေသည့် မုန့်တစ်ခုကို မျိုချလိုက်ပြီး

“အဲဒီစုန့်ဝေဖျင်က တကယ် အားစိုက်ထုတ်ထားတာပဲ၊ လခွမ်း ငါသာ ဒီလောက်ပန်းလေးလိုလှတဲ့ မိန်းမကို လက်ထပ်ရမယ်ဆိုရင်လည်း ငါ့မှာရှိသမျှ ငွေအားလုံးကိုသုံးပြီး ခမ်းခမ်းနားနား လုပ်ပေးလိုက်မှာပဲ”

ဟန်ကွမ်းဟွေသည် နားထောင်လေလေ ပိုပြီး ဒေါသထွက်လာလေလေ ဖြစ်နေတော့သည်။

“ယန်ယန်နဲ့ ငါ့ပွဲက သေချာပေါက် ပိုကောင်းစေရမယ်၊ ငါက စားသောက်ပွဲလုပ်ဖို့ အစိုးရပိုင်စားသောက်ဆိုင်ကို သွားတန်းစီပြီး ကြိုတင်မှာထားအုံးမှာ၊ အနီရောင်ဂါဝန်က ဘာအရေးလဲ၊ ငါက စက်ဘီးတစ်စီး ဝယ်မှာ”

သူသည် ရွှီရှောင်ကျောင်းကို မျက်စိနားပွင့်ဖြစ်စေချင်ပြီး မည်သူက ပိုတတ်နိုင်သူဖြစ်ကြောင်း တစ်ချက်လောက် မြင်စေချင်လေသည်။

ကျောက်ယန်ယန်က မယုံကြည်နိုင်ဖြစ်နေတော့သည်။

“အစ်ကိုကွမ်းဟွေ အစ်ကို အစ်ကို ညီမကို တကယ်လက်ထပ်ချင်တာလား၊ ပြီးတော့ စက်ဘီးတစ်စီး ဝယ်ပေးပြီး စည်ကားတဲ့ စားသောက်ပွဲတစ်ခုလည်း လုပ်ပေးမှာ ဟုတ်လား”

ဟန်ကွမ်းဟွေက အသက်ရှူကြပ်လာပြီး

“ဒါပေါ့ ယန်ယန် ငါ့ကို လက်ထပ်တာ ပျော်စရာအကောင်းဆုံးဆိုတာကို တစ်ရွာလုံးကို မြင်စေချင်တာ”

ကျောက်ယန်ယန်မှာ ပျော်လွန်းလို့ မေ့လဲသွားမတတ် ခံစားလိုက်ရလေသည်။

“ဒါပေမဲ့ စက်ဘီးတစ်စီးက ယွမ်၁၀၀ကျော်ပေးရတာလေ၊ ပြီးတော့ လက်မှတ်လည်း လိုသေးတယ်၊ ညီမကြားထားတာတော့ လက်မှတ်ရှိရင်တောင် စက်ဘီးရဖို့ မလွယ်ဘူးတဲ့”

ဟန်ကွမ်းဟွေက မဲ့ပြုံးပြုံးလိုက်ပြီး

“အဲဒါက ရွှံ့ခြေထောက် မလုပ်နိုင်တဲ့ ကိစ္စပါ၊ ငါ့မိဘတွေနှစ်ယောက်လုံး ကေဒါတွေပဲ၊ ငါ့မှာလည်း ၂၀၀ - ၃၀၀လောက် ရှိတယ်၊ အဖေ့ကို ငါ့အတွက် လက်မှတ်တစ်ခု တောင်းခိုင်းလိုက်မယ်၊ ယန်ယန် အဲဒီအချိန်ကျရင် ငါ မင်းကို စက်ဘီးပေါ်တင်ပြီး တရွာလုံး ပတ်သွားပြီး မင်းကို အားလုံးက အားကျရအောင် လုပ်ပေးမယ်”

ကျောက်ယန်ယန်သည် ထိုစကားကို ကြားလိုက်ချိန်တွင် ရင်ခုန်သွားတော့သည်။

“အစ်ကို ကွမ်းဟွေ တကယ်ပြောတာနော်၊ ဟုတ်တယ်မလား”

ဟန်ကွမ်းဟွေက ခေါင်းညိတ်ပြလိုက်၏။ သူ့အပြုံးက သိမ်မွေ့သွားကာ

“ငါက မင်းကို ဘာလို့ လိမ်ရမှာလဲ၊ ငါတို့တွေ စားသောက်ပွဲ လုပ်တဲ့အချိန်ကျရင် အစိုးရပိုင် စားသောက်ဆိုင်က အစားအသောက်တွေကို မှာမယ်၊ ဘယ်သူကမှ ငြင်းမှာမဟုတ်ဘူး”

ကျောက်ယန်ယန်သည် သူမ၏ဘဝတွင် ဤမျှလောက် တစ်ခါမှ မပျော်ခဲ့ဖူးသလို ခံစားလိုက်ရတော့သည်။ သူမက မကြာခင် ပိုကောင်းတဲ့ဘဝမှာ နေရတော့မှာပဲ။

“သူတို့တွေက အသိအမှတ်ပြုလက်မှတ်တောင် မရသေးဘူး၊ အဆောင်မှာ နေ့တိုင်း ကြွားပြီးနေပြီ၊ ပြောတာတော့ အဝတ်အစားလှလှလေးတွေ ဝယ်မယ်တဲ့၊ ပြီးတော့ ပြောသေးတယ်၊ စက်ဘီးတစ်စီးလည်း ဝယ်မှာတဲ့၊ ပြီးတော့ စားသောက်ပွဲအတွက် အစိုးရပိုင် စားသောက်ဆိုင်မှာ ကြိုတင်မှာထားမှာလို့လည်း ပြောသေးတယ်၊ သူ့အမြီးတွေက မိုးပေါ်ကို ဘယ်လိုတောင် ပျံတက်နေလဲဆို နင် မမြင်လို့နော်”

ဝမ်ကွေးယွဲ့က ခံပြင်းနေသည့်ဟန်ဖြင့် ဖရုံစေ့ကို ကျွမ်းကျွမ်းကျင်ကျင်ခွာပြီး အခွံကို ထွေးထုတ်လိုက်ကာ

“ဟဲ့ ရှောင်ကျောင်း သူက ဘာကို ကြွားပြနေတာတဲ့လဲ၊ သူကဖြင့် အရှက်မရှိတာ၊ ဖြတ်ခုတ်ထားတဲ့ ယောက်ျားတစ်ယောက်ကိုများ”

ရွှီရှောင်ကျောင်းသည် သူမက ဘာကြောင့် ဒေါသထွက်နေမှန်းပင် မသိချေ။ ယောက်ျားကို ဖြတ်ခုတ်သွားတဲ့သူက ငါလည်းမဟုတ်။

“ဘာမှမဆိုင်တဲ့သူအတွက်နဲ့ နင်ကိုယ်တိုင် ဒေါသထွက်စရာလိုလို့လားဟယ်”

ဝမ်ကွေးယွဲ့က ထိုမျှလောက် သူတော်ကောင်း မဟုတ်ပေ။

“ရှောင်ကျောင်း နင် ဒေါသမထွက်ဘူးလား၊ စဥ်းစားကြည့်လေ၊ အဲဒါက စက်ဘီးနော်၊ အဲဒီငွေ၊ အစိုးရပိုင်စားသောက်ဆိုင်မှာ လုပ်တဲ့ အဲဒီစားသောက်ပွဲ၊ ဒါတွေအားလုံးက နင့်အပိုင်ဖြစ်ရမှာလေ၊ ဒါတွေကို အရှက်မရှိဖြတ်လုသွားတာ ကျောက်ယန်ယန်လေ”

ကျိုးဖင့်ရှန်းက ဆက်ပြီး နားမထောင်နိုင်တော့ရာ

“ကွေးယွဲ့ နင် ဘာတွေပြောနေတာလဲ၊ အခု ရှောင်ကျောင်းက လက်ထပ်ပြီးသွားပြီလေ”

ဝမ်ကွေးယွဲ့က သက်ပြင်းချလိုက်ပြီး သူမ စကားလွန်သွားသည်ကို သိလိုက်လေသည်။ သူမသည် ကိုယ့်ဟာကိုယ် စကားလမ်းကြောင်းလွဲလိုက်ကာ

“နင်တို့ တစ်ယောက်စီက လက်ထပ်ကြမှာပဲ၊ ဖင့်ရှန်းနဲ့ ငါလည်း မငယ်တော့ဘူး၊ ရှောင်ကျောင်း ငါတို့တွေရော လက်ထပ်ဖို့ လူတစ်ယောက်လောက် ရှာသင့်တယ်လို့ နင် ထင်လား”

ရွှီရှောင်ကျောင်းက ‘ဘာလို့ လက်ထပ်မှာလဲ၊ တစ်ယောက်ထဲ အသက်ရှည်ရှည်နေကြပါဟဲ့’ဟု ချက်ချင်းဆိုသလို အော်ဟစ်ပြီး ငြင်းပစ်လိုက်ချင်တော့သည်။ သို့သော် နောက်ဆုံးတော့ သူမသည် ပြန်မျိုသိပ်ထားလိုက်ပြီး သွယ်ဝိုက်ကာသာ ပြောလိုက်တော့သည်။

“အခုနေ နင်တို့တွေ ဘာကောင်းတဲ့လက်ထပ်ပွဲ ရနိုင်မှာလဲ၊ နင်တို့တွေ မြို့ကို ပြန်ရောက်မှ မြို့သားတစ်ယောက်ကို ရှာတာက ပိုကောင်းတာပေါ့”

ဝမ်ကွေးယွဲ့က မျှော်လင့်ချက်မထားချေ။

“ငါတို့တွေက ဘယ်လို ပြန်လို့ရမှာလဲ၊ ရှေ့ပိုင်းက ကျေးရွာကို သွားခဲ့ကြတဲ့သူတွေကို ကြည့်လေ၊ ဒီနှစ်တွေမှာ ပြန်သွားရတဲ့သူတွေကို တစ်ယောက်မှ မတွေ့သေးဘူး၊ သူတို့အားလုံးက ရွာမှာပဲ အိမ်ထောင်စုစာရင်း သွင်းလိုက်ကြတာ၊ ငါ့အထင်တော့ ငါ့ကံကလည်း နောက်ဆိုရင် ရွာသားတစ်ယောက်နဲ့ပဲ လက်ထပ်ပြီး လယ်သမားဘဝနဲ့ပဲ ငါ့တစ်ဘဝလုံးကို အချိန်ကုန်ရမယ်ထင်တယ်”

ရွှီရှောင်ကျောင်းသည် သည်ခေတ်က ပညာတတ်လူငယ်များသည် နှစ်ပေါင်းများစွာ မျှော်လင့်ချက်များ ထားခဲ့ပြီးနောက် ကျေးရွာတွင် အခြေချပြီး လက်ထပ်ကြကာ ကလေးရသွားကြမှန်း သိထားလေသည်။

သူမက ခဏလောက် စဥ်းစားလိုက်ပြီး

“ဘယ်သူ သိမှာလဲ၊ ငါ့ သဘောကတော့ နင်တို့တွေ လက်မထပ်နိုင်ရင် အခုတော့ လက်ထပ်ကြနဲ့၊ အနာဂတ်မှာ ဘာဖြစ်လာမယ်ဆိုတာ မသိနိုင်ဘူးလေ၊ ငါ့သဘောသာဆိုရင် စာပဲ ပိုလုပ်ဖြစ်မှာ”

ကောလိပ်ဝင်ခွင့်စာမေးပွဲက နောက်နှစ်ပြန်ခေါ်မှာလေ။ စာပိုလုပ်ထားတာက သေချာပေါက် မှန်ကန်တဲ့နည်းလမ်းပဲ။

ဝမ်ကွေ့ယွဲ့က ပိုလို့ပင် သဘောမတူချေ။

“ရှောင်ကျောင်း နင် ပြောတာတွေကို ငါ မယုံနိုင်ဘူး၊ စာလေ့လာတော့ ဘာအသုံးကျမှာလဲ၊ အများကြီး လေ့လာပြီးရင်လည်း ငါတို့တွေက ဒီမှာ လယ်လုပ်ပြီး အဆုံးသတ်ရမှာပဲ၊ ဖင့်ရှန်းက ဘာမှလုပ်စရာ မရှိရင် နေ့တိုင်း စာလုပ်နေတာ ငါ မြင်ပြီးပြီ၊ ဘာအသုံးဝင်မှာလဲဟဲ့၊ အဲလို အချိန်ရရင် ဌာနခွဲစာရေးကြီးနဲ့ ဆက်ဆံရေး ပိုကောင်းလုပ်ပြီး အလုပ်အတွက် ပိုလွယ်တဲ့အလုပ်နေရာ ချပေးအောင် လုပ်တာပိုကောင်းသေးတယ်”

ရွှီရှောင်ကျောင်းသည် သူမကို နားချလို့မရနိုင်တော့မှန်း တွေ့လိုက်ရသဖြင့် ကျိုးဖင့်ရှန်းဘက်သို့ လှည့်လိုက်ကာ

“ဖင့်ရှန်း နင်က နေ့တိုင်း ဇွဲကောင်းကောင်းနဲ့ စာလုပ်နေတုန်းလား”

ကျိုးဖင့်ရှန်းက နည်းနည်းရှက်သွားပြီး

“အခုတလော အလုပ်က လုံးဝမပင်ပန်ဘူးလေ၊ ဒါနဲ့ ငါလည်း အချိန်ရလို့ စာလုပ်နေတာ”

ရွှီရှောင်ကျောင်းက ထောက်ခံလိုက်ပြီး

“ကောင်းတယ်လေ၊ ငါလည်း နေ့တိုင်း စာလုပ်ဖြစ်တယ်၊ အသိပညာက အင်အားပဲ၊ ငါတို့တွေ အချင်းချင်းဆီက သင်ယူလို့ရတာပေါ့”

စာလေ့လာခြင်းနှင့် ပတ်သက်လျှင် ကျိုးဖင့်ရှန်းသည် စကားအများကြီး ပြောတတ်လေသည်။

“ငါ အခုတလော အထက်တန်းကျောင်း သင်္ချာတွေကို လုပ်နေတာ၊ နင်လည်း သိပါတယ်၊ ငါက အထက်တန်းမပြီးဘူးလေ၊ ဒါကြောင့် တချို့အပိုင်းတွေမှာ သိပ်မရဘူး၊ နင်က အထက်ပြီးထားပြီဆိုတော့ ငါထက်တော့ ပိုသိမှာပဲ၊ ငါ နားမလည်တာရှိရင် နင့်ကို လာရှာလို့ရလား”

“ရတာပေါ့၊ ငါ သိတာဆိုရင် နင့်ကို ရှင်းပြမယ်လေ”

ရွှီရှောင်ကျောင်းက ခေါင်းညိတ်လိုက်သည်။ သူမသည် မူလခန္ဓာကိုယ် ယူလာခဲ့သည် သင်ရိုးစာအုပ်များကို ဖတ်ပြီးသား ဖြစ်လေသည်။ သိပ်မခက်ချေ။သူမ၏ စာမေးပွဲအပေါ် စိတ်ဝင်စားခြင်းကင်းမဲ့ခြင်းကြောင့်သာ မဟုတ်လျှင် အဆင့်တစ်ကျောင်းသူတစ်ယောက်ဖြစ်ဖို့ရန် ခက်ခဲလိမ့်မည်မဟုတ်ချေ။ သူမ၏ပါးစပ်ကို လှုပ်ရုံဖြင့် တခြားသူများကို နည်းနည်းပါးပါး ကူညီရမည်ဆိုလျှင်တော့ သူမက လုပ်နိုင်ပေးနိုင်ပါသည်။

ဝမ်ကွေးယွဲ့က ထိုစကားကို ကြားလိုက်ချိန်တွင် သူမ၏နှုတ်ခမ်းများကို ကွေးထားလိုက်လေသည်။ ဒီအရူးလေး နှစ်ယောက်ကတော့လေ။ တစ်ယောက်က ရွှံ့ခြေထောက်နဲ့လူကို လက်ထပ်ထားတယ်။ ကျန်တစ်ယောက်က စာလုပ်ဖို့ပဲသိတယ်။ ဒါက စားဖို့သောက်ဖို့ ဒါမှမဟုတ် စက်ဘီးတစ်စီးနဲ့ လဲလှယ်လို့ ရနိုင်လို့လား။ ခဏနေဆိုရင် နွေဦးပျိုးကျဲချိန် ရောက်တော့မယ်။ မနှစ်ကဆိုရင် သူမမှာ ပင်ပန်းလွန်းလို့ သေတော့မယ်။ ဒီနှစ်တော့ တာဝန်ရှောင်ဖို့ နည်းလမ်းတစ်ခု ရှာထားမှဖြစ်မယ်။

ရွှီရှောင်ကျောင်းသည် ရွှီယန်ယန်၏ စက်ဘီးနှင့် စားသောက်ပွဲအကြောင်းကို စိတ်မဝင်စားချေ။ ငါ့မျက်လုံးထဲမှာတော့ ဟန်ကွမ်းဟွေက စက်ဆုပ်ဖွယ်ကောင်းတဲ့သူပဲ။ ဒီရွံစရာကောင်းတဲ့လူရဲ့ ပစ္စည်းများကို အလကားပေးရင်တောင် ငါက မျက်တောင်တစ်ချက် ခတ်လိမ့်မှာမဟုတ်ဘူး။ စုန့်ဝေဖျင်လို အလားအလာရှိတဲ့ လူယဥ်ကျေးတစ်ယောက်က ပိုကောင်းတာလေ။ အခုမှ လဝက်ပဲ ရှိသေးတယ်။ အချိန်တိုအတွင်းမှာ သူက အသားကုန်ကြမ်းပြဿနာကို ရှင်းခဲ့ရုံမကဘူး ဝက်စတူး ချက်တဲ့နေရာမှာလည်း ငါတောင် ပါစရာမလိုတော့ဘူး။ အားလုံးက ချောချောမွေ့မွေ့ဖြစ်နေတော့ နေ့ရက်တိုင်း ကံကောင်းနေတာပဲ။

သူမ မသိလိုက်သည်က ဟန်ကွမ်းဟွေသည် ခမ်းနားကြီးကျယ်သည့် စားသောက်ပွဲတစ်ခု ကျင်းပဖို့ရန် သူမကို ငွေအမြောက်အများ ပေးခဲ့ခြင်းပင်။

တစ်နေ့တွင် စုန့်ဝေဖျင်က သူမကို ပြောလေသည်။

“ပြီးခဲ့တဲ့ ရက်တုန်းက ဖက်တီးတစ်ယောက်က အသားနှစ်ပိုင်း လာဝယ်ခဲ့တယ်၊ ဒီနေ့ကျတော့ သူက နောက်ထပ် ၆ကျင်း လာမှာထားတယ်”

...

အပိုင်း (၁၅) နင်က ငါ့ထက် ပိုတော်တယ်

ဝက်စတူး ၆ကျင်းသည် ၁၂ယွမ်ကျသင့်လေသည်။ အသားစိမ်း ၇ကျင်းစာ ကုန်ကျစားရိတ်ကို နှုတ်လိုက်ပြီးနောက် သည်အမှာစာက ၅-၆ယွမ်လောက် မြတ်နိုင်သည်။

လီယုံဟိုင်နှင့် ဟန်ကွမ်းဟွေတို့ကတော့ စုန့်ဝေဖျင်က သူတို့၏ငွေများကို မြတ်သွားမှန်း မသိလိုက်ကြပေ။ လီယုံဟိုင်သည် သည်နေ့ သူဝယ်လာသည့် အသားတစ်တုံးကို လှီးကာ ဟန်ကွမ်းဟွေအတွက် ဝိုင်ခွက်လေးတစ်ခုကို လောင်းထည့်ပေးလိုက်သည်။ ဟန်ကွမ်းဟွေက အစားအသောက်ကို ကျေနပ်သွားသည်ကို တွေ့လိုက်ရဖြင့် သူက မေးလိုက်လေသည်။

“ဘယ်လိုလဲ၊ ငါကတော့ မဆိုးဘူးလို့ ပြောရမယ်၊ ဒါက အစိုးရပိုင် စားသောက်ဆိုင်က ဆားလေးတဲ့ဝက်စတူးထက် အဆ၁၀၀လောက် ပိုအရသာရှိတယ်မလား”

သူသည် စိတ်ပျော်နေရာ သူ့ဝိုင်ကို တစ်ငုံသောက်လိုက်ပြီး

“ငါ ပြောသလိုပဲ အရသာရှိတဲ့ ဘယ်အရာဖြစ်ဖြစ် ငါ့နှာခေါင်းအောက်က ပြေးမလွှတ်ပါဘူးဆို”

ဟန်ကွမ်းဟွေကလည်း ကျေနပ်သွားလေသည်။ သူသည် အသားကို ဘယ်ကရခဲ့သလဲဟု လီယုံဟိုင်ကို မမေးလိုက်ချေ။ မည်သို့ဆိုစေ သူသည် ဂရုမစိုက်ပါ။

“မင်း ဒီနေ့ မှာခဲ့လား”

လီယုံဟိုင်က သူ့ရင်ဘတ်ကို ပုတ်လိုက်ပြီး

“အလုပ် ပြီးဖို့တော့ မင်း ငါ့ကို စိတ်ချထားလိုက်၊ အချိန်တန်ရင် မင်း လေးစားမှုတွေ တသီကြီးရလိမ့်မယ်လို့ ငါ အာမခံတယ်”

ထိုကိစ္စမှ သူရခဲ့သည့် ကော်မရှင်ခကို စဥ်းစားရင်း လီယုံဟိုင်သည် တဟင်းဟင်းရယ်မော့ စကားကောင်းများကို ငွေမကုန်သည့်နှယ် ပြောလိုက်လေသည်။

“ငါ မင်းကို ပြောလိုက်မယ်နော်၊ ငါဆိုတဲ့ လီယုံဟိုင်ကလေ မင်းကလွဲရင် ဘယ်သူ့ကိုမှ အားကျတာမဟုတ်ဘူး၊ မင်းက အရမ်းကို အထင်ကြီးစရာကောင်းနေပြီ”

သူသည် ဟန်ကွမ်းဟွေ၏ နှလုံးရောဂါကို သိလေသည်။ ထို့ကြောင့် သူ့နှလုံးသားကို ပစ်မှတ်ထားခဲ့မှန်း ပြောစရာမလိုရာ သူက ပြောလိုက်လေသည်။

“အချိန်တန်ရင် စားသောက်ပွဲ ၅-၆ပွဲလောက် တည်ခင်းပြီး ရွာက လူအားလုံးကို ဖိတ်လိုက်၊ ဒီရှားပါး ဝက်စတူးကို ထပ်ချက်ပြီးတာနဲ ရွာက အနံ့တွေ အပြည့်ဖြစ်သွားလိမ့်မယ်၊ ဒါက စားပွဲနှစ်ဝိုင်းစား အသားစတူးထက်တော့ အဆ၁၀၀ ပိုကောင်းတယ်၊ ရွာထဲက လူတိုင်းကလည်း မင်းက ချမ်းသာပြီး လုပ်ရည်ကိုင်ရည်ရှိတာ သိပါတယ်”

ဟန်ကွမ်းဟွေ၏မျက်နှာပေါ်က ဘဝင်လေဟပ်နေသည့်ဟန်ကို မြင်လိုက်သည်တွင် သူက ဆက်ပြီး တွက်ချက်ပြလိုက်သည်။

“ဒီအသား ၄-၅ကျင်းမှာမင်က စားသောက်ပွဲအတွက် ၃ကျင်း သုံးလို့ရတယ်၊ သေချာပေါက် လုံလောက်တာထက်ကို ပိုသေးတယ်၊ ကျောက်ယန်ယန်ရဲ့အမေ၊ အစ်ကိုနဲ့ သူ့ယောက်မလာမှာမလား၊ မင်း သူတို့ကို ၂ကျင်း ပြန်ထည့်ပေးလိုက်လို့ရတယ်၊ ပြီးရင် စည်သွပ်ဘူးနည်းနည်းဖြစ်ဖြစ် ဒါမှမဟုတ် တခုခု ဝယ်လိုက်ပေါ့၊ မင်းမျက်နှာရမှာ အာမခံတယ်၊ ပြီးတော့ ကျန်တဲ့ ၁ကျင်းကို ဌာနခွဲစာရေးကို ပေးလိုက်ပြီး ကျောက်ယန်ယန်အတွက် လွယ်ကူတဲ့အလုပ်တစ်ခု စီစဥ်ပေးလိုက်ပေါ့၊ ကျောက်ယန်ယန်က မင်းနဲ့နေရတဲ့ ကံကောင်းတဲ့ဘဝတစ်ခုမှာ မပျော်ဘူး ဘယ်သူက မပြောဘဲနေမှာလဲ”

ဟန်ကွမ်းဟွေသည် သူနှင့် ခွက်ချင်းတိုက်လိုက်လေသည်။ သူက သူစဥ်းစားထားသည့်ကိစ္စကို ပြောလိုက်လေသည်။

“ဟေ့ ငါ ရွှီရှောင်ကျောင်းကိုရော လာခိုင်းလိုက်ရမလား၊ ဘာပဲဖြစ်ဖြစ် သူက ပညာတတ်လူငယ်အတန်းဖော် ဖြစ်ခဲ့တာဆိုတော့”

သူက ဘယ်လောက်တောင် လုပ်နိုင်စွမ်းရှိတယ်ဆို သူမရဲ့မျက်လုံးတွေနဲ့ မြင်အောင်ပြရမှ သူမက နောင်တရမှာပေါ့။

သည်စကားကို တုံ့ပြန်ရာတွင် လီယုံဟိုင်မှာ ဆွံ့အသွားတော့သည်။

“ဒါတော့ မကောင်းဘူး”

ဟန်ကွမ်းဟွေသည် စိတ်လွှတ်သွားပြီဟု ခံစားလိုက်ရတော့သည်။ ရွှီရှောင်ကျောင်းနဲ့ ကျောက်ယန်ယန်က ရှုပ်ထွေးတဲ့ဆက်ဆံရေးတစ်ခု ရှိတယ်လေ။ ပြီးတော့ ရွှီရှောင်ကျောင်းက လက်ထပ်ပြီးသွားပြီ။

“ပြီးတော့ သူက လာမှာမဟုတ်ဘူး”

ဟန်ကွမ်းဟွေက သက်ပြင်းချလိုက်ပြီး

“ဟုတ်တယ်၊ သူက အခုမှ ဘာလို့ အဲလောက်ခေါင်းမာသွားတာလဲ၊ မဟုတ်ရင် ငါက သူစားဖို့ ဝက်စတူး ၁ကျင်းလောက်ပေးမလို့ပါပဲ၊ စုန့်ဝေဖျင်နဲ့နေရတာ သူ နေ့တိုင်း အသီးအရွက်ပန်ကိတ်ပဲ စားရလောက်တယ်၊ ဘာအဆီပါတဲ့ဟာတွေ စာနိုင်မှာလဲ”

လီယုံဟိုင် သူ့ကို ကြည့်လိုက်သည့်ပုံက ပိုပြီးတော့ပင် ဆွံ့အသွားလေသည်။ ကြည့်ရတာ စုန့်ဝေဖျင်က ဟန်ကွမ်းဟွေကို အရမ်းကို သက်သက်ညှာညှာ ရိုက်ခဲ့တယ်နဲ့တူပါတယ်။

ရွှီရှောင်ကျောင်းက ဝက်စတူးကို စားလို့ ဝနေလေပြီ။ မိသားစုက ညပိုင်း ညစာစားပြီးနောက်တွင် သူမက ဝူချွန်းဟွားနှင့် ရွှီရှောင်ကန်းကို အိမ်ပြန်လိုက်ပို့ပေးပြီး ရေရွတ်လိုက်ကာ

“ငါတော့ ဝက်စတူး စားလို့ဝသွားပြီ၊ မနက်ဖြန်ကျရင် အပြောင်းအလဲအနေနဲ့ စုန့်ဝေဖျင်ကို အသားလုံးနဲ့ အသီးအရွက်စတူးဟင်းချက်ခိုင်းရမယ်”

ပြီးခဲ့သည့် လဝက်အတွင်းတွင် ဝူချွန်းဟွားနှင့် ရွှီရှောင်ကန်း၏ အစားအသောက်က တိုးတက်လာခဲ့သည်။ နှစ်ယောက်လုံး၏ ကျန်းမာရေးက ပိုပြီးကောင်းမွန်လသည်။ ဝူချွန်းဟွားကလည်း သည်ရက်ပိုင်းတွင် အလွန်မှ ကျေနပ်စရာကောင်းသည်ကို တွေ့လိုက်ရသည်။ သူမက ပြစ်တင်စကားပြောလိုက်တော့သည်။

“စားစရာ အသားရှိနေတာတောင် မကျေနပ်သေးဘူး၊ အမေ့အထင်တော့ သမီးရဲ့နေ့ရက်တွေက အရမ်းကို ကောင်းလွန်းနေပါပြီနော်”

ရွှီရှောင်ကန်းက သူ့ခေါင်းကို ပွတ်သပ်လိုက်ပြီး

“မမ ဒီလောက်အရသာရှိတဲ့အသားကို စားလို့ဝသွားပြီ ဟုတ်လား၊ သားကတော့ ဘဝမှာ စားလို့ဝနိုင်မယ် မထင်ဘူး၊ ဝက်စတူးက ကမ္ဘာပေါ်မှာ အကောင်းဆုံးအသားပဲ”

ရွှီရှောင်ကျောင်းက သူမမောင်လေး၏ ခေါင်းကို ပုတ်ပေးလိုက်လေသည်. ကောင်လေးရယ်။ ဒါက မင်းမှာ ဗဟုသုတနည်းနည်းပဲ ရှိသေးလို့လေကွယ်။

ဒါက ခြေလှမ်းနည်းနည်းစီထဲက ကိစ္စတစ်ခုပဲ။ အရင်ကဆိုလျှင် သူမက သူတို့ကို လိုက်မပို့တတ်ချေ။ သည်တစ်ကြိမ်တော့ ကိစ္စတစ်ခု ရှိနေလေသည်။

“အမေ ဒီမှာ ၁၀ယွမ်၊ ဒါကို ယူထားပြီး ရှောင်ကန်းကို ကျောင်းထားပေးလိုက်နော်”

ဝူချွန်းဟွားက မှင်တက်အံ့ဩသွားပြီး

“သမီး ရှောင်ကျောင်း ဝေဖျင်ရှာသမျှ ငွေအားလုံးကို သမီးယူထားတာလား၊ မဟုတ်သေးပါဘူး၊ အဲလိုတော့မဖြစ်ဘူး၊ သူ့မှာ နေ့တိုင်း မနက်အစောကြီး အပြင်ထွက်ပြီး ပြန်လာရင်လည်း အလုပ်သွားရသေးတယ်၊ သူက ပင်ပန်းပါတယ်၊ ရောင်းရတာကလည်း အသားရောင်းတာကလည်း ဒီလောက်ကြီးတဲ့စွန့်စားမှုကြီးတစ်ခုကို ယူထားရတာ၊ အမေ ပြောထားသားပဲ၊ သမီးတို့ အကြွေးတွေ ဆပ်ပြီးသွားပြီး ငွေနည်းနည်းပါးပါးတော့ စုပါလို့၊ ဒါမှ အမေလည်း အသားရောင်းဖို့ ခွင့်ပြုပေးစရာ မလိုမှာလေ၊ အမေ့မှာ အိမ်မှာနေပြီ စိတ်ပူနေရတာ၊ သမီးကတော့ ငွေအားလုံးကို ယူလာရသလား၊ မလိုချင်ပါဘူး၊ မြန်မြန် ပြန်ယူသွား”

ရွှီရှောင်ကျောင်းသည် သက်ပြင်းချလိုက်မိလေသည်။ ဝူချွန်းဟွားက ဒါကို မလိုချင်ဘူးဆိုတာ သိသားပဲလေ။ အစတုန်းကတော့ တဖက်လူက စုန့်ဝေဖျင် လမ်းကြားလေးထဲမှာ အစားအသောက် ရောင်းနေတယ်ဆိုလို့ အလန့်တကြား ဖြစ်ခဲ့သေးသည်။ တော်တော်လေး နားချထားရပြီးမှ သူမက စိတ်ပူတာနည်းနည်းလေး လျော့သွားတာလေ။ ထင်တဲ့အတိုင်း။ အခု ထပ်ဖြစ်ပြန်ပြီ။

“အမေရယ် သမီး ပြောတာကို နားထောင်ပါအုံး၊ ဒီ၁၀ယွမ်က အရင်တုန်းက သမီးစုထားတဲ့ ငွေပါ၊ အစကတော့ ဒီငွေကို ဝေဖျင်ရဲ့ လုပ်ငန်းလေးထဲမှာ သုံးထားတာ၊ အခု သူက ၁၀ယွမ်ထက် ပိုရှာနိုင်ပြီလေ၊ ရလာတဲ့အသားတင်အမြတ်ကလည်း သုံးဖို့လောက်တယ်၊ ပြီးတော့ ဒီ၁၀ယွမ်က သမီးကို ပေးထားတာပါ၊ သမီးမှာလည်း ငွေသုံးစရာနေရာ မရှိဘူးလေ၊ ဒီနှစ် ရှောင်ကန်းကို ကျောင်းပို့ပေးမှ ဖြစ်မယ်လို့ သမီး သူနဲ့ ပြောထားပြီးပြီ၊ သူလည်း သဘောတူပါတယ်”

ဝူချွန်းဟွားသည် သမီးဖြစ်သူက သားဖြစ်သူကို ကျောင်းထားပေးချင်သည်ဟု ပြောခဲ့စဥ်က သူမက ထိုအကြောင်းကို စကားအဖြစ်သာ ပြောပြီး အမှန်တကယ် စိတ်ထဲတွင် ရှိနေလိမ့်မည်ဟု တကယ်ပဲ မျှော်လင့်မထားခဲ့ချေ။ ဝူချွန်းဟွားမှာ တွေဝေသွားတော့သည်။ ခင်ပွန်းသည် မဆုံးပါးခင်က မိသားစုမှာ တစ်နှစ်ကို မဆိုစလောက်ပဲ စုဆောင်းနိုင်ခဲ့တာလေ။ ဒါကြောင့်လည်း ယန်ယန်ပဲ ကျောင်း ဆက်တက်နိုင်တာပေါ့။ နောက်တော့ ခင်ပွန်းသည် ဆုံးပါးသွားခဲ့တယ်။ မိသားစုမှ ငွေဘယ်လောက် စုမိထားလဲဆိုတာ ယန်ယန်က သိနေတော့ တစ်နှစ် နှစ်နှစ်လောက် ကျောင်းဆက်တက်ဖို့ ငိုယိုခဲ့ပြီးမှ နောက်တော့ ကျောင်းထွက်လိုက်တယ်လေ။

ဒီလိုနဲ့ သားဖြစ်သူကို ကျောင်းထားဖို့ နောက်ကျခဲ့တာပေါ့။ သူမက စာလေးတစ်လုံး နှစ်လုံးလောက်တောင် မသိဘူးဆိုပေမဲ့ ပညာသင်ခြင်းရဲ့ အကျိုးကျေးဇူးကိုတော့ နားလည်ပါတယ်။ အဝေးကြီး မပြောနဲ့အုံး။ သူတို့ရဲ့ လူထူထုတ်ကုန်တပ်ဖွဲ့ကိုပဲ ကြည့်လေ။ ဌာနခွဲ့ခေါင်းဆောင်တစ်ယောက် ဖြစ်လာမဲ့လူတိုင်းက စာဖတ်တတ်ရမယ်တဲ့။ ပြီးတော့ စာရင်းကိုင်ရောပဲ။ သူတို့အလုပ်တွေက ပေါ့ပေါ့ပါးပါးနဲ့ အလုပ်ရမှတ်ဆိုလည်း အပြည့်ရတာ။ နေ့တိုင်း ခွန်အားသုံးနေရတဲ့သူတွေထက် အများကြီး သာတာပေါ့။

ရွှီရှောင်ကျောင်းသည် ဝူချွန်းဟွားက စိတ်မဆုံးဖြတ်နိုင်သည်ကို တွေ့လိုက်ရလေသည်။ ထို့ကြောင့် သူမက ဝူချွန်းဟွားလက်ထဲသို့ ငွေကို ထိုးထည့်ပေးလိုက်ပြီး

“ယူထားလိုက်ပါ၊ စာနှစ်ဝက်တစ်ခုကို ၅ယွမ်၊ အခုက စာသင်နှစ်ဝက်စဖို့ တစ်လပဲလိုတော့တယ်၊ ရှောင်ကန်းက သူကျောင်းတက်ရင် ၃-၄ယွမ်လောက်ပဲ ပေးရမှာ၊ ကျန်တာကို အမေ သိမ်းထားလိုက်၊ ကိစ္စရှိလာရင် သုံးလိုက်ပါ”

ဝူချွန်းဟွားသည် သူမလက်ထဲက ငွေကို ဖျစ်ညစ်ထားလိုက်ပြီး

“ဒါက... သမီးရဲ့မောင်လေးအတွက် ၅ယွမ်ပဲ ထားခဲ့ပါလေ၊ ကျန်တာကို သမီးနဲ့ ပြန်ယူသွားလိုက်၊ သမီးက ဝေဖျင်နဲ့လက်ထပ်ထားတာလေ၊ သမီးအနေနဲ့ အမေဘက်က မိသားစုကို ငွေတွေအများကြီး ယူပြန်လာရင် သူက မဖော်ပြရင်တောင် ဘယ်စိတ်ချမ်းသာပါ့မလဲ”

ရွှီရှောင်ကျောင်းက လက်ခါပြလိုက်ပြီး

“ကိုကိုဝေဖျင်က သမီးကို ဒီငွေ လာပို့ဖို့ ပြောလိုက်တာ၊ ပြီးတော့ သမီးက ရှောင်ကန်းရဲ့ ကျောင်းစားရိတ်ကို ပေးမမှာလို့လဲ သူနဲ့ တိုင်ပင်ထားပြီးသား၊ သူလည်း သဘောတူတယ်၊ အမေ ဒီငွေတွေကို ယူလို့ရတယ်၊ ရှောင်ကန်းက တစ်ခုခု ဝယ်ချင်တယ်ဆိုရင်လည်း သူ့အတွက် ဝယ်ပေးလိုက်၊ ငွေကို သိမ်းမထားနဲ့နော်၊ သမီးတော့ ငွေပိုရှာနိုင်လာရင် အမေ့ကို ပိုပေးမယ်”

ဝူချွန်းဟွားက ခေါင်းကို တွင်တွင်ခါလိုက်ပြီး

“မလုပ်ပါနဲ့၊ ဒီတစ်ခါနဲ့ လုံလောက်နေပါပြီ၊ ၁၀ယွမ်တဲ့လေ၊ ဆိုးဝါးတဲ့နှစ်တစ်နှစ်မှာတောင် ဒီပမာဏကို တစ်နှစ်အတွင်း မရှာနိုင်ပါဘူး၊ သမီး ငွေရှာနိုင်ရင် စုသာထားလိုက်နော်၊ နောက်ပိုင်း ကလေးရလာရင် ကလေးကို ပြုစုပျိုးထောင်ဖို့ ငွေကုန်အုံးမှာ”

ရွှီရှောင်ကျောင်းသည် ထိုစကားကို ကြားလိုက်ချိန်တွင် ဝူချွန်းဟွားက အများကြီးတွေးနေသည်ဟု ခံစားမိလိုက်ပြီး

“အမေရယ် ငွေကို သိမ်းထားလိုက်ပြီး စောစောအိပ်ရာဝင်တော့နော်၊ သမီး သွားတော့မယ်”

ဝူချွန်းဟွားက ငွေကို ထိကိုင်ကြည့်လိုက်လေသည်။ သူမ၏မျက်လုံးများက တဖန် ပူနွေးလာတော့သည်။ သူမသည် အပြုံးလေးနှင့် သမီးဖြစ်သူ၏ ကျောပြင်ကို စောင့်နေလိုက်ပြီး

“ဒီကလေးကတော့လေ လက်ထပ်ပြီးတာတောင် ဘာလို့ အဲလောက်ရှက်နေသေးတာလဲ၊ ဒါက အချိန်တစ်ခုပဲ လိုတာကို”

ရွှီရှောင်ကျောင်းမှာ ပိုပြီးမြန်မြန်ပြေးရတော့သည်။

သူမက အမောတကော ပြေးဝင်လာသည်ကို တွေ့လိုက်ရသဖြင့် စုန့်ဝေဖျင်က သူမအတွက် ရေတစ်ခွက် လောင်းထည့်ပေးလိုက်ပြီး

“ဘာလို့ ပြေးလာတာလဲ၊ ခြေလှမ်းနည်းနည်းလေးလောက်ပဲ လျှောက်ရတာကို၊ ဖြည်းဖြည်း လျှောက်မှပေါ့”

ရွှီရှောင်ကျောင်းက ရေနည်းနည်းသောက်လိုက်ပြီး ကုလားထိုင်တွင် ထိုင်ကာ အနားယူလိုက်ပြီး

“ငါ့အမေလေ၊ နောက်ဆိုရင် ကလေးမွေးပြီး ပြုစုဖို့ ငွေစုလို့ ပြောလာလို့၊ အိုက်ယိုး ငါ့မှာ အမြန်ကြီး ထွက်ပြေးလာခဲ့ရတယ်၊ ဒါက ဟန်ဆောင်လက်ထပ်ထားပဲ၊ ငါတို့မှာ ဘယ်လိုလုပ်ပြီး ကလေးရှိလာနိုင်မှာလဲ”

သူမသည် လက်ထပ်ပြီးစကထက် အများကြီး နေသားကျလာလေသည်။ သူမသည် သူ့ရှေ့တွင်ပင် ခြေအိတ်ချွတ်ပြီး ခြေထောက်ဆေးတတ်လာတော့သည်။ စုန့်ဝေဖျင်က မလှုပ်မရှားဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် သူမက သူ့ကို မော့ကြည့်လိုက်၏။

စုန့်ဝေဖျင်က သူမ၏လိပ်တင်ထားသည့် ဘောင်းဘီရှည်ကို အကြည့်လွဲလိုက်ပြီး လေသံတိုးတိုးဖြင့် ပြန်ဖြေလိုက်လေသည်။

“အင်း”

ရွှီရှောင်ကျောင်းက သူမ၏အင်္ကျီကို ချွတ်လိုက်ပြီး အိပ်ရာအစွန်းမှ တက်သွားကာ သက်သောင့်သက်သာ လဲလျောင်းလိုက်လေသည်။ ဒီကာလအတောအတွင်းတွင် သူမနှင့် စုန့်ဝေဖျင်တို့သည် အလွန်သင့်မြတ်ကြလေသည်။ စုန့်ဝေဖျင်က အိပ်နေချိန်တွင် မဟောက်တတ်သလို သွားလည်း မကြိတ်တတ်ပေ။ စည်းကျော်မည့်အရိပ်အယောင်လည်း မရှိပေ။ သူမသည် အင်မတန် စိတ်အေးရသလို ခံစားရလေသည်။

သူမသည် စုန့်ဝေဖျင်က ဆက်လုပ်မည့်အရာကို စဥ်းစားလိုက်ပြီး

“နင် ဖိန်းနွဲခါကျရင် တတိယအစ်ကိုလီနဲ့ ထပ်ပြီး ခရီးထွက်အုံးမှာလား”

သူမက အကြောဆန့်လိုက်သံကို ကြားလိုက်သည်တွင် စုန့်ဝေဖျင်က ကျိတ်ပြုံးလိုက်ပြီး

“အင်း မင်း ဘာလိုချင်လဲ”

ငါ ဘာလိုချင်လဲ။ ရွှီရှောင်ကျောင်းက စဥ်းစားလိုက်သည်။ တကယ်တော့ လိုတာချင်တာ ဘာမှမရှိပါဘူး။ အခုတော့ ငါ့ရုပ်ဝါဒီ လိုအင်တွေကလည်း အများကြီးနည်းသွားသလိုတောင် ခံစားရတယ်။

“ငါ့မှာ အထူးတလည် လိုချင်တာမျိုးတော့ မရှိပါဘူး၊ နင် တစ်ခုခု ရှားပါးပစ္စည်းတွေ တွေ့ခဲ့ရင်သာ သင့်တော်မယ် ထင်ရင် ဝယ်ခဲ့လေ”

သူမသည် ခဏလောက်စဥ်းစားလိုက်ပြီး

“ငါ့မှာ ၅ယွမ် ကျန်သေးတယ်၊ ဒီတစ်ခါလည်း နင် ယူသွားသင့်တယ်နော်၊ နင့်လက်ထဲမှာ ရှိတာ အပါအဝင်ဆိုရင် ၂၀ကျော်လောက်မယ်၊ လိုရမယ်ရ အားလုံး ယူသွားလိုက်”

ရှေ့တစ်ခေါက် အတွေ့အကြုံကြောင့် ခရီးထွက်လျှင် ငွေတချို့ ယူသွားသည်က ပိုကောင်းမှန်း စုန့်ဝေဖျင် သိလိုက်လေသည်။

“၂၀ပဲ ယူသွားပါမယ်၊ ကျန်တာကို မင်းသိမ်းထားလိုက်၊ တစ်ခုခုဆိုရင် အရေးပေါ် သုံးလို့ရတာပေါ့”

“အိမ်မှာ ဘာကိစ္စမှ မရှိလောက်ပါဘူး၊ ဘာပဲဖြစ်ဖြစ် အဆင်ပြေပါတယ်လေ၊ ယွမ်နည်းနည်းပါးပါးပဲ ချန်ထားရအောင်ပါ၊ ငါ အရသာရှိတာ စားချင်ရင်လည်း ငါ့အမေကို လုပ်ခိုင်းလို့ရတာပဲ၊ အဘွားလည်း အသစ်အဆန်းတစ်ခုခု စမ်းကြည့်လို့ရတာပေါ့”

သူမက မမောနိုင်မပန်းနိုင် ဟိုလှည့်သည်လှည့် လုပ်နေသံကို ကြားလိုက်သည်တွင် စုန့်ဝေဖျင်သည် ခန်းဆီးဘက်ကို မျက်နှာမူလိုက်ပြီး

“မင်း အားမကျဘူးလား”

“ဘာကို အားကျရမှာလဲ”

“ကျောက်ယန်ယန်လေ၊ ဟန်ကွမ်းဟွေက သူ့အတွက် စားသောက်ပွဲလုပ်ပေးတာ ဟင်းလျာတွေကို အစိုးရပိုင်စားသောက်ဆိုင်က မှာပေးတာတဲ့၊ သူက သူ(မ)ကို စက်ဘီးတစ်စီးလည်း ဝယ်ပေးတယ်တဲ့” ရွာသားတွေပြောစကားအရတော့ အဲဒါတွေက ရွှီရှောင်ကျောင်း ပိုင်ရမဲ့ဟာတွေတဲ့။

ရွှီရှောင်ကျောင်းက ထိုအကြောင်းကို စဥ်းစားမိလိုက်တော့ အော်ရယ်ချင်သွားတော့သည်။

“အိုက်ယိုး စုန့်ဝေဖျင်ရယ် ငါတို့ဆီက ဝက်စတူးဝယ်သွားတဲ့ဖက်တီးက လီယုံဟိုင်ဆိုတာ နင် မသိဘူးလားဟဲ့”

မနေ့က ဟန်ကွမ်းဟွေနှင့် ကျောက်ယန်ယန်တို့က စားသောက်ပွဲကျင်းပပြီးသွားသဖြင့် ရွာထဲတွင် စားသောက်ပွဲက ဝက်စတူးအသားတုံးအကြောင်း ကြွားလုံးထုတ်နေကြလေသည်။ ရွှီရှောင်ကျောင်းကလည်း ဝမ်ကွေးယွဲ့ထံမှ ကြားခဲ့သည်။ ထိုအခါမှ လီယုံဟိုင်က ဟန်ကွမ်းဟွေ တောင်းဆိုထားသည့် ပစ္စည်းကို ဝယ်ပေးခဲ့မှန်း သူမ သဘောပေါက်သွားတော့သည်။ ထိုအကြောင်းကို စဥ်းစားရန်ပင် မလိုချေ။ လီယုံဟိုင်သည် စုန့်ဝေဖျင် ပြောပြခဲ့သည် ဖက်တီးပင် ဖြစ်တော့သည်။ ဝမ်ကွေးယွဲ့က ထိုအရသာရှိသည့်အစားအသောက်ကို မစားလိုက်ရလေခြင်းဟု တသသ ဖြစ်နေလေသည်။ သို့သော်ငြား သူမကတော့ ဝက်စတူးကို နေ့တိုင်း အဝအလင် စားသောက်နေရသည်ကို မိုးနတ်မင်းသာ သိပေသည်။

သူမ၏ ရွှင်လန်းနေသံကို ကြားလိုက်ရတော့ စုန့်ဝေဖျင်လည်း စိတ်အေးသွားကာ

“ငါ သတိမထားမိလိုက်ဘူး”

လမ်းကြားထဲမှာ လူတိုင်းက တမင် အသံတိုးတိုးပဲ ပြောကြပြိး အဝတ်အစားတွေလည်း ပိုဝတ်ထားတာလေ။ သူတို့နှစ်ယောက်က အချင်းချင်း မမှတ်မိကြတော့ဘူးပေါ့။

ရွှီရှောင်ကျောင်းက ထိုအဖြစ်ကို ရယ်ချင်သွားပြီး ခဏလောက် ရယ်မောလိုက်ပြီးမှ စုန့်ဝေဖျင်၏ မေးခွန်းကို ပြန်ဖြေလိုက်လေသည်။

“ငါက အားမကျပါဘူး၊ စုန့်ဝေဖျင် နင် ဒီဘဝမှာ ငါ့ကို စက်ဘီးတစ်စီးတောင် ဝယ်မပေးနိုင်ဘူးလို့တော့ မပြောနဲ့နော်”

စုန့်ဝေဖျင်က ပြန်ပြောလိုက်လေသည်။

“ငါ မင်းအတွက် သေချာပေါက် ဝယ်ပေးမှာပါ”

“ဒီလိုမှပေါ့၊ ငါ့မှာလည်း ရှိလာမှာကို ဘာလို့ အားကျနေရမှာလဲ၊ ပြီးတော့ စက်ဘီးဆိုတာ ဘာမှမဟုတ်သေးပါဘူး၊ နောက်ဆိုရင် ငါတို့မှာ တီဗွီ၊ ရေခဲသေတ္တာ၊ လက်ပတ်နာရီလေးတွေ ပြီး စတူဒီယိုကြီးတွေ ရှိလာအုံးမှာ”

စုန့်ဝေဖျင်က သူ့လက်သီးကို ဆုပ်ထားလိုက်ပြီး

“အင်း”

ရွှီရှောင်ကျောင်းက ထပ်ပြီး ချောင်းဟန့်လိုက်ကာ

“အခုချိန်ကစပြီး ငါ့ကို အဲဒီနှစ်ယောက်အကြောင်း လာမပြောနဲ့တော့၊ အထူးသဖြင့် ကျောက်ယန်ယန်ပဲ၊ ငါ သူ့အကြောင်း ကြားရတာ နားရည်ဝနေပြီ၊ ဟန်ကွမ်းဟွေကတော့...”

စုန့်ဝေဖျင်သည် ခန်းဆီးကို စိုက်ကြည့်ရင်း သူမပြောလာမည့် စကားကို နားထောင်နေလေသည်။ ခန်းဆီးက ထောင့်တစ်ခုမှ ပွင့်လာသည်။ သူသည် ရွှီရှောင်ကျောင်၏ တောက်ပသည့်မျက်ဝန်းကြောင့် သတိလက်လွတ်ဖြစ်သွားတော့သည်။

“ဟန်ကွမ်းဟွေက အီးပေါလောတစ်ယောက်တောင် မဟုတ်ဘူး၊ ငါ့စိတ်ထဲမှာတော့ နင် စုန့်ဝေဖျင်က သူ့ထက် အဆတစ်ရာ ပိုသန်မာတယ်၊ နင်က အားအကြီးဆုံးပဲ၊ နင့်ကိုယ်နင် အထင်မသေးရဘူးနော်၊ နားလည်လား”

ဂွမ်းစောင်အောက်တွင် စုန့်ဝေဖျင်က သူ့လက်ကို သူ့နှလုံးသားပေါ်တွင် တင်ထားလိုက်ပြီး သူမကို ပြန်ဖြေလိုက်လေတော့သည်။

“ဟုတ်ပြီ”

All Chapters