အခန်း (၁၆-၁၈)
Vol. 2 Ch. 16-18
အပိုင်း (၁၆) ကင်းမြီးကောက်
စုန့်ဝေဖျင်က သူ၏တဒိုင်းဒိုင်းခုန်နေသည့် ရင်ဘတ်ကို ဖိထားရင် ရွှီရှောင်ကျောင်း ညည်းနေသည့် ထူးဆန်းသည့်သီချင်းကို နားထောင်နေလေသည်။
‘ငါးဆားနယ်၊ ငါးဆားနယ်လေး၊ ငါက ငါးဆားနယ်လေးပါ ~ ချစ်ဖို့ကောင်းပြီး လှလိုက်တာ၊ ငါက အလှဆုံးငါးဆားနယ်တစ်ယောက်ပါ ~’
သူမသည် လက်ရှိတွင် စိတ်ကြည်လင်နေမှန်း သူ သိနေသည်။
သူမ စိတ်ကြည်လင်နေချိန်တိုင်း သူ နားမလည်နိုင်သည့် ထူးထူးဆန်းဆန်း သီချင်းများကို ညည်းနေတတ်သည်။ သို့တိုင် သူကတော့ သီချင်းများက နားထောင်လို့ကောင်းသည်ဟု ထင်မိသည်။
အိပ်ချင်မူးတူးဖြင့် စုန့်ဝေဖျင်က တွေးမိလေသည်။ သူမက ဘာလို့ အရမ်းချစ်ဖို့ကောင်းနေရတာလဲ။
စုန့်ဝေဖျင် ခရီးထွက်သည့် နေ့ရက်များက မြန်မြန်ဆန်ဆန်ပဲ ကုန်လွန်သွားခဲ့သည်။ ရွှီရှောင်ကန်းသည် ကျောင်းတက်ဖို့ ရက်ထွက်လာပြီဖြစ်သဖြင့် ရွှီရှောင်ကျောင်းက အဖွဲ့မှ ခွင့်ယူပြီး ထိုနေ့ရက်များကို ရွှီရှောင်ကန်းအတွက် ဖြည့်စွက်သင်ခန်းစာများကို သင်ပေးဖို့ အသုံးချလိုက်သည်။
ဝူချွန်းဟွားက အလွန်ဝမ်းသာနေသည်မှာတော့ သဘာဝပင်။ သူမတွင် ချက်ပြုတ်စရာ များများစားစား မရှိသော်လည်း နေ့တိုင်း မတူသည့်နည်းလမ်းဖြင့် ကြိုးစားချက်ပြုတ်ပေးရှာသည်။ ရွှီရှောင်ကန်းက စုန့်အိမ်သို့ သွားပြီး သန့်ရှင်းရေးအလုပ်တချို့လုပ်ပေးသည်။ ပြီးခဲ့သည့်တစ်ခေါက်က စုန့်ဝေဖျင် ခရီးထွက်သွားသလိုပင် ရွှီရှောင်ကျောင်းကို ဘာမှပေးမလုပ်ချေ။
ရွှီရှောင်ကျောင်းသည် ထိုကိစ္စကို အလွန်ကျေနပ်ပြီး မောင်ဖြစ်သူကို ပျိုးထောင်ရသည်မှာ အချည်းနှီးမဖြစ်ဘူးဟု ခံစားမိလေသည်။ ရွှီရှောင်ကန်းသည် အသားများ ပြည့်လာပြီး တဖြည်းဖြည်း အချက်အပြုတ်များကို လေ့ကျင့်လာနိုင်သည်ကို တွေ့လိုက်ရလေသည်။ အိမ်က စားဖိုမှူးကတော့ နောက်တစ်ယောက် တိုးလာတော့မည်။
တစ်မနက်ခင်းတွင်တော့ သူမအိမ်တံခါးရှေ့တွင် ဟန်ကွမ်းဟွေက သူမနေ့တိုင်း မြင်နေရသည့် ဝက်စတူးကို ကိုင်ပြီး တံခါးလာခေါက်သည်ကိုတော့ စိတ်ဆိုးရလေသည်။ ဒီလူယုတ်မာကောင်ကို တစ်ချက်ကြည့်လိုက်ရုံနှင့် သူ ဘာဖြစ်ချင်နေသည်ကို သူမ သိလေသည်။
“နင် ငါ့ကို စကားတစ်ခွန်းပြောရဲရင် ပြောကြည့်စမ်း ငါ စုန့်ဝေဖျင်နဲ့ နင့်ကို အသေလာရိုက်ခိုင်းပစ်မယ်”
စကားတစ်ခွန်းတည်းနှင့် ဟန်ကွမ်းဟွေကို ရှက်သွားအောင် လုပ်ပစ်ပြီး သူ့လည်ပင်းလည်း ထူပူသွားတော့သည်။ ရွှီရှောင်ကျောင်းက ကျေနပ်သွားပြီး တံခါးကို ဝုန်းခနဲ ပိတ်လိုက်တော့သည်။ ဒီလိုရွံစရာကောင်းတဲ့လူတွေနဲ့ စကားပြောရတာကိုက အသက်တိုတယ်။ သူနဲ့ ကျောက်ယန်ယန်က တကယ့်ပြီးပြည့်စုံတဲ့အတွဲပဲ။ ဒီဘဝမှာ သူတို့တွေ သံယောဇဥ်ခိုင်မာပါစေလို့တောင် ဆုတောင်းတယ်။
ဒီအနှောင့်အယှက်တွေကို မစဥ်းစားတော့ဘူး။ ရွှီရှောင်ကျောင်း၏ဘဝက အေးအေးချမ်းချမ်းနှင့် လွတ်လပ်ပေါ့ပါးနေလေသည်။ သို့သော်ငြား စုန့်ဝေဖျင်ကတော့ သုံးရက်အတွင်း ပြန်လာရမည့်အစား ငါးရက်မြောက်မှ ပြန်လာခဲ့သည်။
ရွှီရှောင်ကျောင်းသည် စုန့်ဝေဖျင်က သည်တစ်ကြိမ်လည်း သူမအတွက် ရှားပါးပစ္စည်း ဝယ်လာပေးလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။ စည်သွပ်ဘူးတစ်ဖာလေ။ ပြီးတော့ စတော်ဘယ်ရီစည်သွပ်ဘူး။
“ဝိုး စုန့်ဝေဖျင် ဒါက စားလို့ကောင်းတယ်လေ၊ ငါ ကြိုက်တယ်”
ရွှီရှောင်ကျောင်းက မစားရတာကြာပြီဖြစ်သည့် စတော်ဘယ်ရီအရသာကို မျက်လုံးမှိတ်ရင်း အရသာခံလိုက်ပြီး သူ့ကို စိတ်ရှိတိုင်း ချီးကျူးနေလိုက်တော့သည်။
သူက ခြင်းငယ်လေးတစ်ခုကို သယ်ထားသည်ကို တွေ့လိုက်ရသဖြင့် သူမက စဥ်းစားလိုက်ပြီး
“ဒါက ဘာလဲဟင်”
ဧကန္တ ဒီတစ်ခါ သူတို့တွေ မမျှော်လင့်ဘဲ အခွင့်အရေးတစ်ခု ရခဲ့ပြီး ရှားပါးပစ္စည်းတချို့ ရခဲ့တာများလား။
စုန့်ဝေဖျင်က ခြင်းငယ်လေးကို အုပ်ထားသည့် ကောက်ရိုးဖျာကို ဖွင့်လိုက်ပြီး
“ငါးဆားနယ်လေ”
ဘာ။ ဘာ။ ဘယ်လို။
“နင်ဘာလို့ ငါးဆားနယ်တွေ ဝယ်လာတာလဲ” ရွှီရှောင်ကျောင်းက ခေါင်းလေးကို ဆန့်ပြီး လှမ်းကြည့်လိုက်လေသည်။
စုန့်ဝေဖျင်က သူ့မျက်ခုံးများကို ပင့်ထားလိုက်ပြီး
“မင်း ကြိုက်တယ်မလား”
ရွှီရှောင်ကျောင်းသည် သူမ ညည်းနေကျ ငါးဆားနယ်သီချင်းကို သတိရသွားပြီး ဆွံ့အသွားတော့သည်။
ငါးဆားနယ်ကို သုံးရက်ဆက်တိုက် စားသောက်ပြီးနောက်တွင်တော့ ရွှီရှောင်ကျောင်း အိပ်ရာမဝင်ခင် ခန်းဆီးကို ထပ်မ,လိုက်ပြီး
“ဟဲ့ စုန့်ဝေဖျင် နောက်ဆို နင့်ကို ငါးဆားနယ်တွေ ဝယ်ခွင့်မပေးတော့ဘူးနော်၊ ငါ ပြောတာ ကြားလား”
စုန့်ဝေဖျင်က သူမ စားလို့ဝသွားတာ ဖြစ်မည်ဟုသာ တွေးလိုက်ပြီး ခေါင်းညိတ် သဘောတူလိုက်လေသည်။
ရွှီရှောင်ကျောင်းက ရှင်းပြရန် လိုအပ်သည်ဟု ခံစားလိုက်ရပြီး
“ပြီးတော့ ငါ ငါးဆားနယ် မကြိုက်ဘူး၊ ငါက ငါးဆားနယ်လို ဖြစ်ချင်တာ၊ မဟုတ်ဘူး၊ အိုက်ယား.. နင် နားမလည်ပါဘူး၊ ဘာပဲဖြစ်ဖြစ် ငါ မကြိုက်ဘူးနော်”
စုန့်ဝေဖျင်သည် နားမလည်သော်လည်း သူမက မကြိုက်ဘူးဆိုသဖြင့် သူက မဝယ်တော့ပေ။
ငါးဆားနယ်ကို ချန်ထားလိုက်ပြီး စုန့်ဝေဖျင်နှင့် တခြားသူများသည် သည်တစ်ကြိမ်တွင် စည်သွပ်ဘူးများကိုသာ ယူလာခဲ့ကြသည်။ မိသားစုအတွက် ချန်ထားသည့် နှစ်ဘူးကလွဲလျှင် စုန့်ဝေဖျင်သည် အားလုံးကို ရောင်းလိုက်ပြီး ၅ယွမ်ရှာနိုင်ခဲ့သည်။
လတ်တလောတွင် ငွေသုံးစရာ မရှိနေချေ။ များပြားသည့်ပစ္စည်းများကို ဝယ်ရမည့်ငွေက မရှိသလောက်ပင်။ စုန့်ဝေဖျင်က ရွှီရှောင်ကျောင်းနှင့် တိုင်ပင်လိုက်သည်။ သည်၅ယွမ်ကို လီစန်းထျယ်ကို ပြန်ဆပ်မည့်ငွေအဖြစ် ထားလိုက်လေသည်။
သည်တစ်ကြိမ် ခရီးထွက်ပြီးနောက်တွင် သယ်ယူပို့ဆောင်ရေးအဖွဲ့က လာမည့်အနာဂတ်တွင် ခရီးထွက်အုံးမည် မဟုတ်ချေ။ အကြောင်းမှာ နွေဦးပျိုးကျဲချိန် စတင်ပြီဖြစ်သောကြောင့်ပင်။ သယ်ယူပို့ဆောင်ရေးအဖွဲ့က ယာဥ်များကို လယ်ရာစိုက်ပျိုးရာတွင် ကူညီပေးရန် လိုအပ်လေသည်။ ထို့အပြင် စုန့်ဝေဖျင်ကလည်း ခွင့်မရတော့ချေ။
ရွာထဲက လူတိုင်းနီးပါးက တိုက်ပွဲတွင် ပါဝင်ရသည်။ မိုးရွာသည်ကို အချိန်ကောင်းယူပြီး သူတို့သည် နွေဦးပျိုးကျဲခြင်းကို စတင်ကြရသည်။
ရွှီရှောင်ကျောင်း မကြိုက်ဆုံးက အလုပ်သွားရခြင်းဖြစ်မှန်း စုန့်ဝေဖျင်က သိထားလေသည်။ သူမသည် အလွန်နူးညံ့ပြီး ထိုနေရာက သူမနှင့် ရန်ငြိုးရှိသကဲ့ ပါးစပ်ကို စူပုတ်ထားတော့သည်။
“မင်း အိမ်မှာပဲ နားလိုက်ပါ၊ သွားစရာမလိုဘူး”
ရွှီရှောင်ကျောင်းလည်း မသွားချင်ပေ။ သူမသည် ထိုကိစ္စကို စဥ်းစားထားပြီးသားပင်။
“ဒီနေ့တစ်ရက်တော့ သွားလိုက်ပါမယ်၊ အတွေ့အကြုံရတာပေါ့၊ မနက်ဖြန်ကျရင်တော့ ငါ မသွားတော့ဘူး”
သူမ မထင်ထားသည်က နွေဦးပျိုးကျဲခြင်းသည် အလွန်ပင်ပန်းလွန်းရသည်ကိုပင်။ ခါးလေးကုန်းပြီး စပါးပျိုးပင်များကို တွင်းထဲ ထည့်ရုံနှင့်တင် သူမ၏ခါးက စတင် နာကျင်လာတော့သည်။
သို့သော်ငြား အနီးနားတွင် အာကျယ်အာကျယ်နှင့် စကားပြောဆိုနေကြသူများလည်း ရှိလေသည်။
“အိုးဟယ် ရှောင်ကျောင်းရယ် ပြောရမယ်ဆိုရင်လေ နင်က မိုက်မဲလိုက်တဲ့မိန်းကလေးတစ်ယောက်ပဲ”
ဌာနခွဲခေါင်းဆောင်၏ မိန်းမ အဒေါ်ဝမ်က လော်စပီကာတစ်ခုလိုပင်။ သူမ၏ပါးစပ်က ပေါက်ပေါက်ဆုပ်လို ဆက်တိုက်ပြောနေတော့သည်။
“ကြည့်စမ်း၊ နင်က ဟန်ကွမ်းဟွေကို လက်မထပ်တော့ ကျောက်ယန်ယန်က အမြတ်ထွက်သွားတယ်၊ ယန်ယန်ဆိုတဲ့ကလေးမ ဘယ်သွားလဲ နင် သိရဲ့လား”
သူမသည် ရွှီရှောင်ကျောင်း၏တုံ့ပြန်မှုကို လုံးဝ မလိုအပ်ချေ။ သူမက တစ်ယောက်တည်း စကားဝိုင်းကို တက်တက်ကြွကြွ ဆက်ထိန်းထားသည်။
“သူ့ကိုလေ အမယ်, အလုပ်ကောင်းတစ်ခု ပေးထားတာဟဲ့၊ ရေလှောင်တမံကို စောင့်ကြည့်ပေးရမှာတဲ့၊ ရေလှောင်တမံကို စောင့်ကြည့်ရတာ ဘယ်လောက်တောင် ကောင်းလိုက်သလဲ၊ နေရောင်လည်း ထိစရာမလိုဘူး၊ မပင်ပန်းဘူး၊ တစ်နေ့လုံး တော်တော်လေးကို သက်သက်သာသာပဲ၊ နင့်ကို ကြည့်လိုက်စမ်း၊ ခဏလေးနဲ့တင် ဒါကို မလုပ်နိုင်တော့ဘူး၊ အခုတော့ လုပ်ရည်ကိုင်ရည်ရှိတဲ့ ယောက်ျားတစ်ယောက်ကို လက်ထပ်တာ ဘယ်လောက်တောင် အရေးကြီးလဲဆိုတာ သိပြီမလား”
ရွှီရှောင်ကျောင်းသည် သူမ၏စကားများကို ကြားရသည်မှာ ပင်ပန်းလာတော့သည်။
“အဒေါ်ဝမ် သူစိမ်းတွေကတော့ အဒေါ်က ပင်လယ်ထဲမှာနေတာလို့ ထင်နေကြတော့မှာပဲနော်”
အဒေါ်ဝမ်က သူမ၏အဓိပ္ပာယ်ကို မသိချေ။
“ဘာကိုလဲ”
“အရမ်းနားညည်းတာပဲ”
ရွှီရှောင်ကျောင်း တဖက်သို့လှည့်သွားပြီး သူ့ကို လှည့်ပင်မကြည့်ဘဲ သစ်ပင်အောက်သို့ လျှောက်သွားလိုက်လေသည်။ သူမသည် ရေနည်းနည်းလောက်သောက်ပြီး အနားယူရမည်။
ကြောင်အမ်းအမ်း ဖြစ်သွားသည့် အဒေါ်က နောက်တွင် ကျန်ခဲ့လေသည်။ တခြားသူများ၏ မထိန်းနိုင်တော့သည့် ရယ်မောသံကို ကြားလိုက်မှ သူမက တိတ်တိတ်လေး ထုတ်ပြောလိုက်လေသည်။
“ကျေးဇူးကန်းလိုက်တဲ့ ကလေးမ၊ နင် ငိုရမဲ့အချိန်တစ်ချိန်တော့ ရှိလာအုံးမှာပါ”
ရွှီရှောင်ကျောင်းသည် ရေသောက်ရင်း သစ်ပင်တစ်ပင်၏ အရိပ်အောက်တွင် ထိုင်နေလေသည်။ ကျောက်တုံးတစ်ခုက သူမ၏ခြေသလုံးနှင့် ကပ်နေသည်။ သူမက လက်ကို မြှောက်လိုက်ပြီး ကျောက်တုံးကို ဘေးသို့ တွန်းလိုက်လေသည်။ သူမ၏လက်က လက်ထောက်ပြီး သူမ၏အနေအထားကို ပြောင်းဖို့ ကျောက်တုံးကို လှည့်ဖို့ပြင်လိုက်စဥ်တွင် အင်အားကို ထုတ်ပြနေသည့် ကင်မြီးကောက်ကြီးတစ်ကောင်ကို ရုတ်တရက် ဖိမိသွားတော့သည်။
“အမလေး စုန့်ဝေဖျင်”
သူမ၏အသံကို ကြားလိုက်သည်တွင် စုန့်ဝေဖျင်က ခြေနှစ်လှမ်း သုံးလှမ်းတည်းနှင့် အပြေးရောက်လာပြီး
“ဘာဖြစ်တာလဲ”
ရွှီရှောင်ကျောင်းသည် သူမ၏ခြေမျက်စိကို ကိုင်ထားပြီး မြေကြီးပေါ်တွင် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး လှန်ထားသည့်ကျောက်တုံးကို လက်ညှိုးထိုးပြလိုက်ကာ
“ကင်းမြီးကောက်ကြီးက ငါ့ကို ကိုက်တော့မလို့၊ ငါလည်း ထရပ်ပြီး နောက်ဆုတ်လိုက်တာ ခြေကျင်းဝတ် လိမ်သွားလို့”
သူမသည် လန့်ဖျပ်သွားပြီး ကြောက်လန့်သွားတော့သည်။ သူမ၏မျက်ဝန်းများထဲတွင် မျက်ရည်များ ပြည့်တက်လာတော့သည်။
စုန့်ဝေဖျင်က ကျောက်တုံးကို ကြည့်လိုက်လေသည်။ ကင်းမြီးကောက်ကြီးတစ်ကောင် ဖြစ်နေလေသည်။ သူက ကျောက်တုံးကို ကောက်ကိုင်လိုက်ပြီး ကင်မြီးကောက်ကို အသေရိုက်ချလိုက်တော့သည်။ သူက ရွှီရှောင်ကျောင်းရှေ့တွင် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး သူမ၏ခြေကျင်းဝတ်ကို ထိကြည့်လိုက်၏။ ခြေကျင်းဝတ်က နီမြန်းနေလေသည်။
“နာလား”
“နာတယ်”
ဘာမှ မမြင်ရချေ။ စုန့်ဝေဖျင်က ကိုယ်ကို လှည့်လိုက်ပြီး ဆောင့်ကြောင့်ထိုင်ချလိုက်ကာ
“တက်လိုက်၊ ငါ မင်းကို ဆေးခန်းခေါ်သွားပေးမယ်”
ရွှီရှောင်ကျောင်းသည် အနည်းငယ်တွန့်ဆုတ်သွားပြီး သူမ၏ခြေကျင်းဝတ်က မည်မျှနာကျင်နေသည်ကို စဥ်းစားလိုက်မိလေသည်။ ငါ့ အရိုးသာ ကျိုးသွားပြီး အချိန်မီ မစစ်ဆေးနိုင်ခဲ့ရင် လမ်းလျှောက်ရင် ထော့နဲ့ထော့နဲ့ ဖြစ်ပြီး ကြည့်လို့ကောင်းတော့မှာမဟုတ်ဘူး။
သူမက လက်ကို ဆန့်လိုက်ပြီး စုန့်ဝေဖျင်၏လည်ပင်းကို သိုင်းဖက်လိုက်ကာ သူက သူမ၏ ခြေထောက်ကို ကိုင်ထားပေးလိုက်သည်။ သူမကို အလွယ်တကူ သယ်လို့ရသွားတော့သည်။
“ကောင်လေးဖျင် မင်းမိန်းမ ဘာဖြစ်တာလဲ”
စုန့်ဝေဖျင်က သူ့ကျောပေါ်က အလေးချိန်ကို အနည်းငယ် မကျေမနပ်ဖြစ်မိလေသည်။ သူသည် ထိုအကြောင်းကို မစဥ်းစားခင်မှာပင် ရှေ့သို့ ခြေလှမ်းကျဲဖြင့် လျှောက်သွားလိုက်ပြီး
“သူ ခြေကျင်းဝတ်လည်သွားလို့၊ ကျွန်တော် သူ့ကို ကျန်းမာရေးဆေးခန်း သွားပို့မလို့”
“ဒါဆို မင်း အလုပ်ရမှတ် ၁၀မှတ် ရတော့မှာ မဟုတ်ဘူးနော်”
“ရပါတယ်” စုန့်ဝေဖျင်က ပြန်ပြောလိုက်ပြီး လျှောက်ကာ ထွက်သွားနှင့်ပြီးဖြစ်လေသည်။
မထင်မရှား အသံတစ်ခုက ထွက်လာလေသည်။
“နောက်ဆုံးတော့ သူ(မ)က မြို့မှာ ကြီးလာတာလေ၊ အရမ်းကို နူးညံ့တာ၊ ခဏလောက် အလုပ်လုပ်ပြီး ခြေခေါက်သွားတာတဲ့လေ”
“နူးညံ့တော့ရော ဘာအရေးလဲ၊ ကြည့်လေ၊ ကောင်လေးဖျင်က သူ့(မ)ကို တန်ဖိုးထားလိုက်တာ သူ့မှာ ဘာအလုပ်မှ မလုပ်ရဘူး၊ ဒီလိုပန်းလေးနဲ့တူတဲ့ ဇနီးတစ်ယောက်လည်း နောက်ဆုံးတော့ လက်ထပ်လိုက်ရတာပဲ၊ ဒါပေါ့လေ သူကတော့ အလေးထားရမှာပေါ့၊ ဟန်ကွမ်းဟွေသာ ဒါကို မြင်သွားရင် ဘယ်လိုပြောမလဲဆိုတာ ဘယ်သူ သိမှာလဲ”
ရယ်မောသံက ခပ်ဝါးဝါး ပျံ့လွင့်သွားလေသည်။ ရွှီရှောင်ကျောင်းက မျက်စောင်းဖြင့် ကြည့်လိုက်ပြီး
“ငါ့ကို ပြောစမ်းပါ၊ သူတို့တွေလေ ဘာလို့ အတင်းတွေ အရမ်းပြောနိုင်ရတာလဲ၊ သူတို့တွေ တခြားလူအကြောင်းသာ မပြောရရင် ဒီနေ့ကို မဖြတ်ကျော်နိုင်တော့မဲ့အတိုင်းပဲ”
သူမ၏ ရှူထုတ်လိုက်သည့် လေနွေးက စုန့်ဝေဖျင်၏နားဘေးတွင် လွှင့်မျောသွားပြီး သူ့ကို တွန့်သွားစေတော့သည်။ စုန့်ဝေဖျင်က သူ့နှုတ်ခမ်းကို တင်းအောင်စေ့ထားလိုက်ပြီး လေသံတိုးတိုးဖြင့် ပြန်ဖြေလိုက်၏။
“သူတို့ကို စိတ်ပူမနေပါနဲ့၊ မင်း တော်တော်နာနေသလား”
ရွှီရှောင်ကျောင်းက ခေါင်းခါပြလိုက်လေသည်။ သူ မမြင်နိုင်သည်ကို စဥ်းစားမိလိုက်သဖြင့် သူမက သူ့နားနား ကပ်သွားပြီး ဖြေလိုက်လေသည်။
“ပိုတော့ ဆိုးမလာပါဘူး၊ အရင်အတိုင်းပဲ၊ ဟိုလေ စုန့်ဝေဖျင် ငါက အသုံးမကျဘူးလို့ နင် ထင်လားဟင်၊ သူတို့ရဲ့မျက်လုံးတွေထဲမှာတော့ ငါက အလှပန်းအိုးတစ်လုံးပဲ၊ ဪ ပန်းအိုးဆိုတာကလည်း လူတစ်ယောက်က သူ့ခြေသူလက်တွေကိုတောင် မမ,နိုင်ဘဲ တာဝန်မထမ်းနိုင်တဲ့သူကို ပြောတာ”
စုန့်ဝေဖျင်က ထိုကိစ္စကို တစ်ခါမှ မစဥ်းစားဖူးချေ။
“မင်းက ကောင်းပါတယ်”
သူမသာ မရှိရင် အဘွားကလည်း နေ့တိုင်း အဲလောက်ပျော်နေမှာမဟုတ်ဘူးလ။ သူ့အတွက်လည်း အတူတူပါပဲ။
ရွှီရှောင်ကျောင်းက သူ့ချီးကျူးစကားကို နားစွင့်ထားလေသည်။ ရလဒ်မှာ သည်ကောင်လေးက နှုတ်ဆိတ်နေခြင်းပင်။
“ထပ်ပြီး မရှိတော့ဘူးလား”
စုန့်ဝေဖျင်က နားမလည်ရာ
“ဟင်”
ရွှီရှောင်ကျောင်းက သူ့ပခုံးကို ပုတ်လိုက်ပြီး
“ဒါဆို ငါ ဘာမှားနေလဲဆိုတာ နင် ငါ့ကို ဘာလို့ မပြောပြတာလဲ”
စုန့်ဝေဖျင်က မသဲမကွဲအသံဖြင့် ပြောလိုက်လေသည်။
“အားလုံး ကောင်းတယ်လေ”
ဘယ်လိုဖြစ်ပြီး စကားမပြောနိုင်တဲ့ ဒီလိုလူမျိုး ရှိနေတာလဲဟယ်။ ရွှီရှောင်ကျောင်းက သူလည်ပင်းကို ဖက်ထားပြီး အနည်းငယ်မြင့်အောင် ခုန်လိုက်ပြီး ငြင်းခုန်ဖို့ ပြင်ဆင်လိုက်လေသည်။ ထို့နောက်တွင်တော့ သူမကို အလွန်ပျော်သွားစေသည့် မြင်ကွင်းတစ်ခုကို သတိထားမိသွားလေတော့သည်။
“စုန့်ဝေဖျင် နင့်နားတွေ ဘာလို့ နီနေပြန်တာလဲ၊ အဟား ဟား ဟား”
...
အပိုင်း (၁၇) နာတယ်
“အားလုံး ကောင်းပါတယ်၊ အရိုးမကျိုးသွားဘူး၊ ဒါပေမဲ့ အရွတ်တော့လည်သွားတယ်၊ မနက်ဖြန်တော့ ရောင်နေလောက်တယ်၊ ၁၀ရက်လောက်ဖြစ်ဖြစ် အနားယူလိုက်ပါ”
ဆရာဝန်က သူ့လက်ကို ယမ်းပြလိုက်ပြီး စုန့်ဝေဖျင်နှင့်သူ့မိန်းမကို သွားလို့ရပြီဖြစ်ကြောင်း အသိပေးလိုက်လေသည်။
ကြီးကြီးမားမားကိ စ္စမဟုတ်ပေ။ အလုပ်များသည့် စိုက်ပျိုးရာသီတွင် သည်လို ခြေကျင်းဝတ်လည်ခြင်းက မကြာခဏဆိုသလို ဖြစ်တတ်လေသည်။ ပုံမှန်ဆိုလျှင် အားလုံးက တစ်ရက် နှစ်ရက်လောက် အနားယူလိုက်ပြီး နာကျင်မှုကို သည်းခံကာ လယ်ထဲပြန်ဆင်းကြသည်။ သည်လိုကြီးကြီးကျယ်ကျယ်နှင့် ဆေးရုံသို့ ရောက်လာပြီး ဓာတ်မှန်ရိုက်သည်က ရှားလေသည်။ သည်လိုခေတ်အခါမျိုးတွင် မည်သူက ငွေကို လိုလိုလားလား သုံးချင်ပါမည်နည်း။
ဆရာဝန်က ဘာဆေးစာမှ မရေးပေးလိုက်သည်ကို တွေ့လိုက်ရသဖြင့် စုန့်ဝေဖျင်က မနေနိုင်တော့ဘဲ မေးလိုက်လေသည်။
“ဆရာ ဘာလို့ ဆေးစာမရေးပေးလိုက်တာလဲ ခင်ဗျာ၊ သူက နာနေတာလေ...”
ဆရာဝန်က အံ့ဩတကြီး ခေါင်းမော့ကြည့်လိုက်လေသည်။ သည်လူငယ်လေးက သူ့မိန်းမကို ထိုမျှလောက် ချစ်လိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။
“မင်းက ဆေးညွှန်းလိုချင်တာလား၊ ဘာမှမပြင်းထန်ဘူးလေ၊ ပြန်သွားရင် တစ်နေ့တစ်ခါ ရေအေး ကပ်ပေးပြီးရင် နှစ်ရက်တစ်ခါ ဆူးပန်းဆီ လိမ်းပေးလိုက်၊ သူ မနာတော့ဘူးဆိုရင် သုံးရက်ကနေ ငါးရက်အတွင်း သက်သာသွားလိမ့်မယ်၊ ဒီလိုဒဏ်ရာမျိုးက ဂရုစိုက်ဖို့ပဲလိုတာ၊ ဆေးတစ်ခု ညွှန်းပေးပါဆိုရင်တော့ အကိုက်ခဲပျောက်ဆေးပဲ ပေးနိုင်မယ်”
တကယ့်ရှားပါးပါပဲ။ သူတို့တွေ ခြေကျင်းဝတ်ကို ဆေးရုံအထိ လာပြတဲ့အပြင် ဘာမှမပြင်းထန်ဘူးဆိုတာတောင် ဆေးညွှန်းလိုချင်သေးသတဲ့လေ။
ရွှီရှောင်ကျောင်းမှာ အရိုးကျိုးမသွားသည်ကို သိလိုက်ရသဖြင့် တော်တော်လေး စိတ်အေးသွားတော့သည်။ ဒီနေ့ခေတ်အခါမျိုးမှာ ငါသာ တကယ် ခြေထောက်ကျိုးသွားရင် အပြည့်အဝ ပြန်ကောင်းနိုင်မှာမဟုတ်လောက်ဘူး။ ဖြည့်စွက်စာလောက်ပဲ စားရမှာ။
“ငါ ဆေးမသောက်ချင်ဘူးနော်”
စုန့်ဝေဖျင်က သူမသည် ဆေးမသောက်ဘဲ အခါးကို ကြောက်မှန်း တွေ့လိုက်ရတော့ မျက်မှောင်ကြုတ်လိုက်ပြီး
“ဆေးသောက်ပြီးရင် မနာတော့ဘူးလေ”
ရွှီရှောင်ကျောင်းက ခေါင်းခါပြလိုက်ပြီး
“မသောက်ဘူး၊ မဝယ်နဲ့၊ စုန့်ဝေဖျင် ငါ အိမ်ပြန်ချင်ပြီ၊ ပြန်ရအောင်”
စုန့်ဝေဖျင်က သူမအလိုကို မလိုက်ချေ။ အကိုက်ခဲပျောက်ဆေးတချို့ဝယ်ဖို့သာ ဇွဲကောင်းနေတော့သည်။
အပြန်လမ်းတွင် ရွှီရှောင်ကျောင်းသည် မကျေမနပ်ဖြင့် သူ့ကျောပေါ် မီထားရင်း
“ငါ အဲဆေးမသောက်ဘူးလို့ ပြောထားတာကို နင်က ဝယ်လာသေးတယ်နော်”
သူမ၏ နူးနူးညံ့ညံ့အသံလေးကို ကြားလိုက်ရသည်တွင် စုန့်ဝေဖျင်က သတိမထားမိလိုက်ဘဲ ချောမော့သည့်အသံတစ်ခု ဖြစ်သွားတော့သည်။
“ငါ အရင်က ခြေကျင်းဝတ်လည်ဖူးတယ်၊ ပထမ တစ်ရက် နှစ်ရက်က အရမ်းနာတယ်၊ ဒဏ်ရာ နာလာရင်တော့ ဆေးသောက်လိုက်၊ မနာဘူးဆိုရင်တော့ မသောက်နဲ့လေ”
ရွှီရှောင်ကျောင်းက အကြိမ်အနည်းငယ် နှာခါင်းရှုံ့လိုက်လေသည်။ ဘာပဲဖြစ်ဖြစ် ငါကတော့ ဆေးသောက်မှာ မဟုတ်ဘူး။
ရွှီရှောင်ကျောင်းသည် ထိုနေ့က အိမ်ပြန်ရောက်ပြီးနောက်တွင် အိပ်ရာပေါ်တွင် မှီကာ လှုပ်လှုပ်ရှားရှား မရှိခဲ့ချေ။ သူမ၏ခြေထောက်တွင် နာကျင်မှု အများကြီး မခံစားရသလို အကိုက်အခဲပျောက်ဆေးကိုလည်း မသောက်ချင်ပေ။
စုန့်ဝေဖျင်ကလည်း သူမ ဆေးသောက်ဖို့ မသောက်ဖို့ကို ဖိအားမပေးချေ။ သို့တိုင် ဆရာဝန်၏ ညွှန်ကြားချက်အရတော့ ဆူးပန်းဆီကို လိမ်းရပေမည်။ စုန့်ဝေဖျင်က တစ်ရက်နားပြီးနောက် သူမအတွက် ဆူးပန်းဆီကိုလိမ်းပေးပြီး ခြေထောက်ကို ရေအေးကပ်ပေးကာ သူမ၏ခြေထောက်များကို မြောက်ထားပေးသည်။
ရွှီရှောင်ကျောင်းက ရေနွေးဇလုံထဲတွင် သူမ၏ခြေထောက်များကို နစ်ထားပြီး စုန့်ဝေဖျင်က ပုလင်းများနှင့် ကျွမ်းကျွမ်းကျင်ကျင် ထုတ်ကာပြင်ဆင်နေသည်ကို ကြည့်လိုက်ပြီး
“စုန့်ဝေဖျင် နင် အိမ်မှာ ဒါကို အမြဲလုပ်သလား”
စုန့်ဝေဖျင်က သူ့လက်ကို ဂရုတစိုက် သုတ်လိုက်ပြီး ရေထဲက သူမ၏အငြိမ်မနေသည့် ခြေထောက်များကို တစ်ချက်ကြည့်လိုက်ပြီး လေသံတိုးတိုးဖြင့် အသိမှတ်ပြုလိုက်လေသည်။
“တစ်ခါတလေ အဘွားက လမ်းလျှောက်ရင် မတည်ငြိမ်ဘူးလေ၊ ခြေထောက်ခွင်သွားတတ်တယ်”
ရွှီရှောင်ကျောင်းက တိုးညင်းညင်းအသံတစ်ခု ထုတ်လိုက်ပြီး အနည်းငယ်ကြောက်သွားကာ
“ဒါက မနာပါဘူး”
စုန့်ဝေဖျင်သည် သူမက နာကျင်မှုကို မည်မျှကြောက်ရွံ့မှန်း သိပြီးသားပင်။ မနေ့ကဆိုလျှင် မျက်ရည်များက ကလေးတစ်ယောက်လို ကျလာခဲ့သည်။
“ငါ သာသာယာယာလေး လုပ်ပေးပါ့မယ်”
ရွှီရှောင်ကျောင်းသည် သူက အတွေ့အကြုံရှိပြီးသား ဖြစ်သဖြင့် စိုးရိမ်မနေတော့ဘဲ သူမ၏ ခြေထောက်ကို ပေးလိုက်တော့သည်။
ချောမွတ်သည့် ခြေကျင်းဝတ်က စုန့်ဝေဖျင်၏လက်ဖဝါးထဲတွင် ရောက်နေသည်။ သူ့လက်က ဆူးပန်းဆီနှင့် ရွှဲနစ်နေသည်။ သူ့လက်နှစ်ဖက်ကို ပွတ်လိုက်ချိန်တွင် လက်များက ပူလာတော့သည်။ ရွှီရှောင်ကျောင်းက အပူဓာတ်ကြောင့် တုန်ယင်သွားပြီး
“အွန်း နင့်လက်ဖဝါးတွေက ပူနေတာပဲ”
သူသည် တခြားလက်ကို သူ့မ၏ခြေကျင်းဝတ်ပေါ် တင်ထားပြီး လေသံတိုးတိုးဖြင့် ပြန်ဖြေလိုက်သည်။
“အပူကပဲ သွေးခဲတာကို ဖယ်ရှာပေးနိုင်တာလေ”
ရွှီရှောင်ကျောင်းက သူမ သိကြောင်း ခေါင်းညိတ်ပြလိုက်သည်။
“၁၀ရက်လောက်နေရင်တော့ ငါ ပြန်ကောင်းသွားမယ်ထင်တယ်နော်၊ ငါ ပြန်ကောင်းလာရင်တောင် ငါ မလုပ်နိုင်... အား.. စုန့်ဝေဖျင် နာတယ်ဟဲ့”
အလွန်မှ နာကျင်လှသည်။ ဆိုးဆိုးရွားရွားကို နာကျင်လွန်းသည်။ ရွှီရှောင်ကျောင်းမှာ ချက်ချင်းဆိုသလို မျက်ရည်များ ထွက်ကျလာတော့သည်။
စုန့်ဝေဖျင်သည် သူ့ပခုံးပေါ်တင်ထားသည့် သူ့မ၏တခြားခြေထောက်က တွန်းလိုက်သည်ကို ခံစားလိုက်ရသဖြင့် သူ့လက်ထဲက အားကို လျှော့လိုက်ကာ
“အရမ်းနာနေလား”
“စုန့်ဝေဖျင်ရယ် နင် သာသာယာယာလေး မလုပ်နိုင်ဘူးလား၊ ငါ အရမ်းနာနေပြီဟဲ့”
ရွှီရှောင်ကျောင်းက သူမ၏မျက်ရည်များကို သုတ်လိုက်ပြီး သူ့ပခုံးကို တခြားခြေထောက်နှင့် ပုတ်လိုက်လေသည်။
စုန့်ဝေဖျင်က နှုတ်ခမ်းများကို စေ့ထားလိုက်ပြီး
“အရမ်းပျော့နေရင်လည်း အသုံးမဝင်ဘူးလေ၊ ငါ တတ်နိုင်သလောက် အားပျော့အောင် ကြိုးစားပေးမယ်”
အမှန်တွင်တော့ သူသည် အားထည့်ဖို့ပင် မစရသေးဘူးဟု ခံစားရသည်။
သူ့လက်ဖဝါးများက ပူလောင်နေပြီး သူမကို ဖိလိုက်သည့်နေရာတွင် ချွေးများရွှဲနေသည်ကို ခံစားလိုက်ရသည်။ အလွန်ချော်နေသဖြင် သူသည် မထိန်းနိုင်တော့ပေ။ သူ့နဖူးပေါ်တွင် ချွေးများက ထွက်လာတော့သည်။
ရွှီရှောင်ကျောင်းက နှစ်ခါလောက် ညည်းညူလိုက်ပြီး သူမ၏မျက်လုံးများကို တင်းနေအောင် ပိတ်ထားလိုက်ကာ
“ဒါဆိုလည်း မြန်မြန်လုပ်”
စုန့်ဝေဖျင်မှာ နှစ်ကြိမ်သာ ပွတ်သပ်ပေးလိုက်ရသည်။ ရွှီရှောင်ကျောင်း၏မျက်လုံးထောင့်များက တစ်ဖန် စီးကျလာလေသည်။ သူမက ငိုယိုကာ
“စုန့်ဝေဖျင် အရမ်းနာတယ်”
သူမသည် မျက်ရည်ရွှဲစိုနေကာ သနားစဖွယ် ဖြစ်နေတော့သည်။ တစ်ချက်လှမ်းအကြည့်တွင် စုန့်ဝေဖျင်သည် သူအိမ်တွေမွေးခဲ့ဖူးသည့် ကြောင်ပေါက်လေးကို သတိရသွားတော့သည်။ ကြောင်ပေါက်လေးက အကြောင်းအရင်းမရှိဘဲ လူများကို ပွေ့ချီပြီး အလိုလိုက်ချင်အောင် လုပ်တတ်လေသည်။
သူသည် စိတ်ထဲတွင် ကျိတ်ပြီး ပင့်သက်ရှိုက်မိကာ လက်လှမ်းလိုက်ပြီး သူမ၏မျက်လုံးထောင့်က မျက်ရည်များကို သုတ်ပေးလိုက်လေသည်။
“ထပ်မပွတ်တော့ဘူးနော်”
ရွှီရှောင်ကျောင်းက သူမ၏ခြေထောက်ကို အသာအယာ လှုပ်ရှားလိုက်၏။ တစ်ချက်နှစ်ချက်လေး လှုပ်ရှားလိုက်ပြီးနောက် သူမ၏ခြေကျင်းဝတ်က နာနေပြန်သည်။ အရင်ကလောက် သက်သောင့်သက်သာ မရှိတော့ချေ။
“ဖြည်းဖြည်း ပြန်ကောင်းလာအောင် လုပ်ရင်ကော”
“ဒါဆိုလည်း ဖြည်းဖြည်းချင်း ပြန်ကောင်းလာပါစေလေ၊ မင်း အိမ်မှာ နားလိုက်”
စုန့်ဝေဖျင်၏စကားအတိုင်း ရွှီရှောင်ကျောင်းသည် ခဏတဖြုတ်တော့ ငါးဆားနယ်စစ် လုပ်ရလည်း မဆိုးဘူးဟု ခံစားလိုက်ရလေသည်။ ထို့ကြောင့် သူမက စိတ်အေးသွားတော့သည်။
သို့သော်ငြား ထိုနေ့ညတွင် သူမ၏ခြေထောက်က နာကျင်မှုကြောင့် သူမသည် ဆက်ပြီး သည်းမခံနိုင်တော့ချေ။ အကိုက်အခဲပျောက်ဆေးသောက်ရန် စုန့်ဝေဖျင်က သူမကို ချော့မော့ပြောဆိုတော့သည်။
ရွှီရှောင်ကျောင်းက ဆေးကို မြိုချလိုက်ပြီး ရေသောက်ရင်း သူ့ကို ပြောလိုက်၏။
“စုန့်ဝေဖျင် နင် အကိုက်အခဲပျောက်ဆေးဝယ်လာလို့ တော်သေးတယ်၊ မဟုတ်ရင် ငါ့ခြေထောက်ကို ပွတ်ပေးဖို့ နင့်ကို ခိုင်းရတော့မှာ၊ ငါ ဒီည အိပ်နိုင်မှာတောင် မဟုတ်ဘူး”
နာကျင်မှုနှင့် ယှဥ်လျှင် သူမသည် ခါးသက်သက်အရသာကိုသာ ဆန္ဒရှိတော့သည်။
ဘေးတွင် စုန့်ဝေဖျင်က သူ့ပစ္စည်းများကို ထုပ်ပိုးလိုက်သည်။ သူမ အလွန်မှ နူးနူးညံ့ညံ့သိမ်သိမ်မွေ့မွေ့ ပြောဆိုလုပ်ကိုင်နေပုံကို မြင်လိုက်ရသဖြင့် သူသည် သူမ၏ခေါင်းကို ထိချင်စိတ်အား ထိန်းချုပ်ထားရပြီး သူမကို ပြန်ဖြေရန် မျက်ခုံးများကို နိမ့်ထားလိုက်ကာ
“ဆေးသောက်ပြီးသွားရင် နာနေတာ ခဏလောက်တော့ သက်သာသွားလိမ့်မယ်၊ ဒီရက်ပိုင်းမှာ လှုပ်ရှားမှုသေးသေးလေးတွေ ကြိုးစားပြီးလုပ်နော်၊ နင် တစ်ခုခုလုပ်စရာရှိရင် ငါ့ကို ခေါ်လိုက်”
ဝမ်ကွေးယွဲ့နှင့် ကျိုးဖင့်ရှန်းတို့သည် ရွှီရှောင်ကျောင်းကို လာတွေ့ကြသောအခေါ သူမသည် အိမ်ရှေ့က ကျောမီကို မှီထားပြီး အဘွားစုန့်နှင့် ပျော်ရွှင်ရွှင် စကားပြောနေလေသည။
သူတို့နှစ်ယောက်ကို တွေ့လိုက်ရသည်တွင် အဘွားစုန့်က ပြုံးကာ ထရပ်လိုက်ပြီး
“ပညာတတ်လူငယ်ရဲဘော်လေးတွေက ငါတို့ ရှောင်ကျောင်းကို လာတွေ့တာပဲ၊ လာကြ, လာကြ၊ သူနဲ့ စကားမြန်မြန် လာပြောပေးလိုက်ပါအုံး၊ ဒီကလေးမလေးက ဘာမှလုပ်စရာ မရှိလို့ဆိုရင် အော်ဟစ်နေတာ ကြာပြီ၊ သူက စကားပြောပေးမဲ့လူတစ်ယောက်ကို မျှော်နေတာလေ”
သူမသည် သူတို့နှစ်ယောက်ကို ကွာစေ့ လှမ်းပေးလိုက်ပြီးနောက် တစ်ယောက်ထဲ အနောက်ဘက်ဆောင်သို့ ပြန်သွားတော့သည်။
“မင်းတို့လေးတွေ စကားပြောကြအုံး၊ အဘွားအထဲဝင်တော့မယ်”
ခုံတန်းရှည်ပေါ်တွင် ထိုင်ရင်း ဝမ်ကွေးယွဲ့က ရွှီရှောင်ကျောင်းသည် ကျောမီပေါ်တွင် တွဲလောင်းချိတ်နေသည်ကို တွေ့လိုက်ရလေသည်။ တော်တော်လေး နေသာထိုင်သာ ရှိပုံရသည်။ ဝမ်းကွေးယွဲ့က သူမကို မေးလိုက်၏။
“နင် နေ့တိုင်း ဘာမှမလုပ်ဘဲ နေနေတာ၊ အဘွားစုန့်က နင့်ကို အမြင်မကပ်ဘူးလား”
ရွှီရှောင်ကျောင်းက အဘွားစုန့် မသွားခင် ပေးသွားသည့် ကွာစေ့လက်တစ်ဆုပ်စာကို သူမပါးစပ်ထဲသို့ ထည့်လိုက်ပြီး ပျော်ပျော်ရွှင်ရွှင် ဝါးနေလိုက်ကာ
“မဖြစ်ပါဘူး၊ အဘွားက ငါ့ကို အရမ်းချစ်တာ၊ ငါ့ကို ကောင်းကောင်း ဂရုမစိုက်နိုင်မှာစိုးလို့ ငါ့ကို စောင့်ရှောက်ဖို့တဲ့ စုန့်ဝေဖျင်ကို ခွင့်ယူခိုင်းနေတာ”
သူမက ဇိမ်ကျကျနဲ့ နေနေရတာပဲ။ ကျိုးဖင့်ရှန်းက သူမအတွက် ဝမ်းသာသွားပြီး
“ နင့်ခြေထောက်တွေ ထက်ပြီး ယောင်နေမယ်လို့ ငါ မထင်မိဘူး၊ ၆ရက် ၇ရက်တောင်ရှိနေပြီလေ၊ ပျောက်လုနီးနီး ဖြစ်သင့်နေပြီ”
ရွှီရှောင်ကျောင်းက ခေါင်းခါပြလိုက်ပြီး
“ငါ့ခြေချောင်းလေးတွေပဲ လှုပ်လို့ရသေးတယ်၊ ဒါပေမဲ့ လမ်းလျှောက်ရင် နာနေတုန်းပဲ”
ဝမ်ကွေးယွဲ့က သူမကို အကြံတစ်ခုပေးလေသည်။
“စုန့်ဝေဖျင်ကိုလေ ဆူးပန်းဆီနဲ့ နာနာလေး လိမ်းခိုင်းလိုက်၊ အဲဒါ သက်သာတယ်”
ရွှီရှောင်ကျောင်းမှာ သက်ပြင်းချလိုက်ပြီး ဆူးပန်းဆီလိမ်းရင်း တဝက်တပျက် ရပ်လိုက်ရသည့်ကိစ္စကို ပြန်ပြောပြလိုက်တော့သည်။
“နင်က နာမှာကြောက်တယ်၊ ဒါနဲ့ စုန့်ဝေဖျင်က နင့်အတွက် မလိမ်းပေးတော့ဘူး ဟုတ်လား”
ဝမ်ကွေးယွဲ့မှာ အံ့ဩရလွန်းသဖြင့် စားလက်စ ကွာစေ့ကိုပင် ရပ်ထားလိုက်တော့သည်။
“အေး” ရွှီရှောင်ကျောင်းက ခေါင်းညိတ်ပြလိုက်လေသည်။
“ သူက နင့်စကားကို အလွန်အကျွံ နားထောင်နေတာပဲဟဲ့”
ဝမ်ကွေးယွဲ့မှာ သူမပါးစပ်ထဲက စိတ်ချဥ်ပေါက်နေမှုကို ဖုံးကွယ်မထားနိုင်တော့ပေ။
ကျိုးဖင့်ရှန်းကတော့ ရွှီရှောင်ကျောင်းအတွက် ဝမ်းသာသွားလေသည်။ လက်ထပ်တယ်ဆိုတာ ချစ်ခြင်းကို နားလည်ပြီး အချစ်ခံရတာကိုလည်း နားလည်ပေးတဲ့ တစ်စုံတစ်ယောက်ကို ပိုင်ဆိုင်ရတာမျိုးလေ။
“မလိမ်းလည်း အဆင်ပြေပါတယ်၊ ရက်နည်းနည်းလောက် ထပ်နားလိုက်”
ဝမ်ကွေးယွဲ့က စဥ်းစားလိုက်လေသည်။ စုန့်ဝေဖျင်က မိန်းမယူထားတာလေ။ ရွှီရှောင်ကျောင်းက ဒီမိသားစုရဲ့ ဘိုးဘေးလို ဖြစ်နေပြီ။ ဒါပေမဲ့ ရွှီရှောင်ကျောင်း သက်သောင့်သက်သာနေရတာကို မြင်ရတာက ကျောက်ယန်ယန် ကြွားလုံးထုတ်တာကို မြင်ရတာထက်စာရင် ပိုကောင်းပါသေးတယ်။ သူမက တခြားလူရဲ့ကံဆိုးခြင်းကို ကျေကျေနပ်နပ် ယူထားပေးတာပဲ။
“ဟဲ့ ရှောင်ကျောင်း နင်လေ မျက်လုံးကောင်းတာပဲ၊ နင် မသိလို့နော်၊ အခုဆိုရင်လေ အဲဒီကျောက်ယန်ယန်က ခက်ခဲနေပြီ”
ရွှီရှောင်ကျောင်းက မျက်ခုံးများကို ပင့်ထားလိုက်ပြီး
“ဟင် သူ အေးအေးလူလူ အလုပ်တစ်ခု ရထားတယ်မလား”
ဌာနခွဲခေါင်းဆောင်ရဲ့ အဒေါ်ဝမ်က ခရာကြီးတစ်ခုလို အော်ပြောခဲ့တာတွေကို မမေ့သေးပါဘူး။
ဝမ်ကွေးယွဲ့က နှာခေါင်းရှုံ့လိုက်ပြီး
“အဲအလုပ်က သူ့ဟာ မဟုတ်တော့ဘူးလေ၊ သူက ဟန်ကွမ်းဟွေနားမှာ ကပ်နေတဲ့ ရွှံဖတ်တစ်ခုပဲ၊ သူက နေ့တိုင်း ခဏလောက် ကြွားဝါနေတတ်တာ၊ တကယ်တော့ အခြေအနေက ဘာတဲ့လဲ၊ ငါ့အထင် ကျောက်ယန်ယန်က ခါးသီးမှုတချို့ ခံစားနေရတယ်ထင်တာပဲ”
ဘာပဲဖြစ်ဖြစ်ပါလေ သူတို့တွေက ဘာမှလုပ်စရာမရှိဘူး။ ပြီးတော့ သူတို့မုန်းတဲ့သူကလည်း ကံဆိုးသွားပြီ။ ရွှီရှောင်ကျောင်းသည် တော်တော်လေး နားထောင်ချင်မိနေလေသည်။ ထို့ကြောင့် သူမက ကွာစေ့ကို ခွာရင်း ပုံမှန်အတိုင်း မေးလိုက်တော့သည်။
“ဘာဖြစ်လို့လဲ”
...
အပိုင်း (၁၈) သဘောရှိတယ်
အပြင်လူများက ကျောက်ယန်ယန်ကို စာကလေးငှက်လေးတစ်ကောင်မှ ဇာမဏီငှက်တစ်ကောင်အဖြစ် ပြောင်းလဲသွားသည်ကိုသာ မြင်ကြလေသည်။ လယ်သမား ကလေးတစ်ယောက်က မြို့ကကလေးတစ်ယောက် ဖြစ်သွားပြီး တောက်ပသည့်အနာဂတ်ရှိသည့် ပညာတတ် လူငယ်တစ်ယောက်နှင့် လက်ထပ်ခဲ့သည်။ လက်မထပ်ခင်မှာပင် သူမသည် စားသောက်ပွဲက မည်မျှခမ်းနားမည့်အကြောင်း ပြောကာ နေ့တိုင်း ကြွားလုံးထုတ်နေတတ်သည်။ သူမ လက်ထပ်ပြီးစတုန်းကလည်း နေ့တိုင်းလိုလို လူများကို နှာခေါင်းရှုံ့ကာ ကြည့်တတ်ပြီး ဘယ်သူကမှ သူမလောက် မကောင်းသယောင်။
သို့သော် သူမသည် ဟန်ကွမ်းဟွေနှင့် သီးသန့်နေထိုင်ဖို့ရန် အဆောင်က ပြောင်းမသွားချေ။ အဆောင်အတူတူနေကြသည့် ဝမ်ကွေးယွဲ့နှင့် ကျိုးဖင့်ရှန်းတို့က တစ်ခုခုကို အမြဲတမ်း သိနေရသည်။
“နင် မင်္ဂလာပွဲအကြောင်း မသိဘူးသေးဘူးလား၊ အားလုံးက ဝက်စတူးဟင်းကို ချီးကျူးနေကြတာလေ၊ အားလုံးက ပြောနေကြတယ် ဝက်စတူးက အစိုးရပိုင်စားသောက်ဆိုင်ထက်တောင် ပိုကောင်းပြီး အရသာရှိတယ်တဲ့၊ ကျောက်ယန်ယန်ကလည်း ပြောသေးတယ်၊ ဟန်ကွမ်းဟွေက သူ့အမေ ပြန်သွားတော့ ဝက်သား၂ကျင်း ထည့်ပြန်ပေးပြီး အကောင်းဆုံးဖြစ်အောင် လုပ်ပေးခဲ့တာတဲ့၊ တကယ်က ဘာဖြစ်သွားလဲဆိုတာ ခန့်မှန်းကြည့်စမ်း၊ တစ်တုံးလေးတောင် ထည့်ပေးလိုက်တာ မဟုတ်ဘူးတဲ့၊ အနိမ့်ဆုံးဝက်သား ၂ကျင်းကိုတော့ ပေးလိုက်ပါရဲ့၊ ဟန်ကွမ်းဟွေက ဘယ်သူ့ကို ပေးလိုက်မှန်း မသိတာ၊ ဒါက သူ့စိတ်ထဲမှာ ကျောက်ယန်ယန် လုံးဝမရှိဘူးဆိုတာ သက်သေပဲလေ၊ ဟမ့် သူ့ထိုက်နဲ့ သူ့ကံပေါ့”
“ပြီးတော့ ကျောက်ယန်ယန်က သူတို့နှစ်ယောက် လက်ထပ်ပြီးရင် အတူတူနေကြမှာလို့ အစောကြီးကတည်းက ပြောထားတာလေ၊ ဘာဖြစ်သွားလဲ မနက်လင်းတာကနေ ညမှောင်တဲ့အထိ သူ အကြိမ်ကြိမ် ထုတ်ပြောနေတာ ငါ ကြားသားပဲ၊ ဟန်ကွမ်းဟွေက အရူးလို နားမလည်ချင်ဟန်ဆောင်နေတာ၊ တမြန်နေ့ကလည်း ငါ တွေ့သားပဲ၊ အဲကောင် ရွာထဲက လူထုအဖွဲ့ဝင် အမျိုးသမီးတစ်ယောက်နဲ့ ရယ်မောပြီး စကားပြောနေတာ၊ သူတို့နှစ်ယောက်ကြား ကပ်နေလိုက်ကြတာ ကျွတ်.. ကျွတ်.. ဖင့်ရှန်း နင်လည်း မြင်လိုက်တယ်နော်၊ အဲလိုမျိုးကို သိက္ခာမဲ့တာနော်”
ကျိုးဖင့်ရှန်းက ခေါင်းညိတ်ပြလိုက်ပြီး
“ရှောင်ကျောင်း နင် အဲဒီတုန်းက သူနဲ့ လမ်းခွဲလိုက်တာ မှန်သွားတယ်”
ဝမ်ကွေးယွဲ့က အော်ပြောလေသည်။
“သူ(မ)ကလေ ငွေမကုန်တဲ့အတိုင်း ကပ်ဖားနေတာ၊ သူ(မ)က အရှက်မရှိဘူးလို့ အားလုံးက ပြောနေပြီ၊ အခု ဟန်ကွမ်းဟွေကလည်း သူ့ကို အတည်သဘောထားတာ မဟုတ်ဘူး၊ သူတို့နှစ်ယောက်ကလည်း ကောင်းတာတွေ မဟုတ်ပါဘူးလေ”
ရွှီရှောင်ကျောင်းက ‘အင်း’တစ်လုံးသာ ပြန်ပြောလိုက်သည်။ ငါ မှန်တာပေါ့ဟဲ့။ ယုတ်မာတဲ့ယောကျ်ားက ယုတ်မာတဲ့မိန်းမနဲ့ပဲ တွဲသင့်တယ်လေ။ သူတို့တွေ တစ်သက်လုံး အတူတူနေနိုင်သွားပါစေလို့တောင် ငါက ဆုတောင်းနေသေးတာ။
ခဏလောက်ဆက်ပြီး စကားပြောလိုက်ကြသည်။ ဝမ်ကွေးယွဲ့က အချိန်ကိုကြည့်လိုက်ပြီး ကွာစေ့လက်တစ်ဆုပ် ယူလိုက်ကာ
“ငါ လုပ်စရာရှိသေးတယ်၊ အရင်ပြန်နှင့်မယ်နော်၊ ဖင့်ရှန်း နင် ရှောင်ကျောင်းနဲ့ စကားပြောပေးလိုက်”
သူမက အလောတကြီး ထွက်သွားလေသည်။ ရွှီရှောင်ကျောင်းက သိချင်စိတ်ဖြစ်သွားပြီး
“သူ အလျင်လိုနေတာလား”
ကျိုးဖင့်ရှန်းက ပြောပြဖို့ရာ တွေဝေသွားသည်။ ဝမ်ကွေးယွဲ့က ထိုအကြောင်းကို တမင်ဖုံးကွယ်ထားတာ မဟုတ်လောက်ဟု စဥ်းစားလိုက်ပြီး သူမက ရွှီရှောင်ကျောင်းကို ပြောပြလိုက်လေသည်။
“သူနဲ့ ဌာနစာရေး မိသားစုက ဝမ်အားပေါင်က တွဲနေတာလေ”
“တွဲနေတာ ဟုတ်လား”
ရွှီရှောင်ကျောင်းက အံ့ဩသွားတော့သည်။ ဝမ်ကွေးယွဲ့က အမြဲတမ်း စိတ်ကူးယဉ်နေပြီး မြို့က လုပ်ရည်ကိုင်ရည်ရှိတဲ့ လက်တွဲဖော်တစ်ယောက်ကိုပဲ ရှာချင်တာလို့ ပြောခဲ့တာပဲ။
ကျိုးဖင့်ရှန်းသည် နေ့တိုင်း ဝမ်ကွေးယွဲ့နှင့် အပြင်ထွက်ရသည်။ သူမသည် စကားပြောရသည်ကို သဘောမကျသော်လည်း ကိစ္စများကိုတော့ ရှင်းနေအောင်မြင်နေရလေသည်။ ရွှီရှောင်ကျောင်းက စုန့်ဝေဖျင်နှင့် လက်ထပ်သွားပြီး စုန့်ဝေဖျင်က သူမကို ဖူးဖူးမှုတ်ထားသည်။ ဒဏ်ရာရတုန်းကလည်း သူက သူမကို အကောင်းဆုံးဂရုစိုက်ပေးခဲ့သည်။
အဆောင်တူသည့် ကျောက်ယန်ယန်လည်း ထိုနည်းတူပင်။ ဟန်ကွမ်းဟွေက လူကောင်းတစ်ယောက် မဟုတ်သော်လည်း ထိုအချိန်က သူမအတွက် ပေါ့ပါးသည့်အလုပ်တစ်ခု ရှာပေးခဲ့သည်။ ထိုအချိန်က အဆောင်တွင် ကျောက်ယန်ယန်နေ့တိုင်း အပြောဆုံးအကြောင်းမှာ သူမသည် မည်မျှ အားလပ်နေသည့်အကြောင်းပင်။
ဝမ်ကွေးယွဲ့၏ ချိန်ခွင်ကလည်း ဘက်မမျှဖြစ်လာတော့သည်။
သူမက နည်းနည်းပါးပါး ပြောပြလိုက်သည်။
“ကွေးယွဲ့လည်း ဒီရက်ပိုင်းမှာ ပေါ့ပါးတဲ့အလုပ်တချို့ ရထားတယ်လေ၊ သူက အဲလောက် မသန်မာဘူးဆိုတော့ ပေါ့ပါးတဲ့အလုပ်က သူနဲ့ သင့်တော်ပါတယ်”
ဝမ်ကွေးယွဲ့က ကျောက်ယန်ယန်၏အလုပ်ကို လုပ်ပေးနေသည်ကိုတော့ မပြောလိုက်ချေ။ ထို့ကြောင့် အဆောင်ထဲတွင် သူတို့နှစ်ယောက်ကြားက အနေအထားက မီးနှင့်ရေလို ဖြစ်နေတော့သည်။
ရွှီရှောင်ကျောင်းသည် ဝမ်အားပေါင်၏အဖေက ဌာနခွဲစာရေးဖြစ်သဖြင့် ချက်ချင်း နားလည်လိုက်သည်။ ထို့ကြောင့် ဝမ်အားပေါင်ကို ထိန်းချူပ်နိုင်သရွေ့ အလွန်အကျွံ မဟုတ်လျှင် ဘယ်အလုပ်မဆို စီစဥ်ပေးဖို့ ပြဿနာမရှိချေ။
သူမသည် တခြားလူများ၏ ဆုံးဖြတ်ချက်များကို အမှန်ပင်ဝေဖန်လို့ မရနိုင်ပေ။ ထို့ကြောင့် သူမက ကျိုးဖင့်ရှန်းကို မေးလိုက်တော့သည်။
“နင်ရော၊ နင် ပင်ပန်းလား၊ နင် ပင်ပန်းရင် ခွင့်တစ်ရက်တော့ သေချာယူလိုက်လေ”
ကျိုးဖင့်ရှန်းက ပြုံးလိုက်ပြီး
“ငါက အိမ်မှာလဲ လုပ်နေကျဆိုတော့ မပင်ပန်းပါဘူး၊ ဒါပေမဲ့ အလုပ်များနေတော့ ငါလည်း စာလုပ်ချိန် အများကြီး မရှိတော့ဘူး၊ ငါနားမလည်တဲ့စာတွေ အများကြီးပဲ”
“ငါ့ကို မေးလေ၊ ဒီနေ့ ဒီကိုလာတာ ဘာလို့ စာအုပ်တွေ မယူလာတာလဲ”
ကျိုးဖင့်ရှန်းသည် မကြာခဏဆိုသလို စာအုပ်များနှင့် တစ်ယောက်ထဲ ရောက်လာတတ်သည်။ သူမကလည်း ကျိုးဖင့်ရှန်းကို ဗဟုသုတရစရာအချက်အလက်များကို စိတ်ပါလက်ပါ ရှင်းပြပေးပြီး သူမက ကုသိုလ်ကောင်းမှုကြီးတစ်ခု လုပ်နေသည်ဟု အမြဲတမ်း ခံစားရလေသည်။
ကျိုးဖင့်ရှန်းက အနည်းငယ်ရှက်နေ၏။ သို့တိုင် သူမက အိတ်ကပ်ထဲမှာ စာရွက်ပိုင်းလေးကို ထုတ်ယူလိုက်ကာ
“ငါ ဒီနေ့ ကွေးယွဲ့နဲ့ လာတာဆိုတော့ စာအုပ် မယူလာခဲ့ဘူး၊ သူ ဝေဖန်မှာ စိုးလို့လေ၊ ငါ နင့်ကို ဒီစာ အရင်ပေးထားပြီး အားတဲ့အချိန်မှ လာမေးမလို့”
ရွှီရှောင်ကျောင်းက ပြုံးလိုက်ပြီး
“ဘာပဲဖြစ်ဖြစ်ပါ၊ ငါလည်း ပျင်းနေတာ၊ လာလေ၊ အခုပဲ တစ်ချက်လောက် ကြည့်လိုက်ကြမယ်”
ကျိုးဖင့်ရှန်းသည် အထက်တန်း ဒုတိယနှစ် သင်္ချာကို လေ့လာနေလေသည်။ သူမ၏အခြေခံက အလွန်မှ ကောင်းမွန်သည်။ သူမ မသိသည့်အပိုင်းများက ပုံမှန်ဆိုလျှင်အလွန်ခက်ခဲတတ်သည်။ ရွှီရှောင်ကျောင်းကတော့ ကျိုးဖင့်ရှန်းအနေနှင့် နောက်နှစ် ကောလိပ်ဝင်ခွင့်စာမေးပွဲကို ဖြေဖို့ရာ လုံးဝပြဿနာမရှိနိုင်ဟု ထင်မိသည်။
“ဖင့်ရှန်း နင် အရမ်းကြိုးစားလေ့လာထားတာပဲ၊ ငါ နင့်အတွက် တကယ်ဝမ်းသာတယ်”
ရွှီရှောင်ကျောင်းသည် ကျိုးဖင့်ရှန်းက သူမ၏လက်ရှိအားထုတ်မှုကြောင့် နောက်နှစ်တွင် ဆုရလိမ့်မည်ဟု မပြောပြနိုင်ချေ။ သို့တိုင် သူမက ကျိုးဖင့်ရှန်းကို ပြောလိုက်သေးသည်။
“ဖင့်ရှန်း စာလေ့လာတယ်ဆိုတာ ဘယ်တော့မှ အလကားမဖြစ်ဘူး၊ ကြိုးစားနော်၊ အသိပညာကပဲ ကံတရားကို ပြောင်းလဲပေးနိုင်တာ”
စာလေ့လာခြင်းနှင့် ပတ်သက်လျှင် ကျိုးဖင့်ရှန်းသည် စိတ်အေးရပြီး သူမကိုယ်တိုင်၏ သက်သောင့်သက်သာ အဖြစ်ဆုံးအရာလည်း ဖြစ်လေသည်။ သူမက ခဲတံအဖျားကို ကိုင်ထားသည်။ သူမ၏မျက်လုံးများက စာလေ့လာရာတွင် စိတ်အားထက်သန်မှု အပြည့်ဖြစ်နေလေသည်။
“အင်း ရှောင်ကျောင်း ငါ ဆက်ပြီး လေ့လာမှာပါ”
ညနေခင်းတွင် စုန့်ဝေဖျင်သည် နေ့လယ်က တံခါးနားတွင် ရွှီရှောင်ကျောင်းနှင့် ကျိုးဖင့်ရှန်းတို့ ပြောနေကြသည့် စကားကို စဥ်းစားလိုက်ပြီး ခြံဝင်းတံခါးကို တွန်းဖွင့်လိုက်ချိန်တွင် ရွှီရှောင်ကျောင်း၏ မျက်နှာပေါ်က လေးစားဖွယ်အမူအရာကို ပြန်သတိရသွားတော့သည်။ သူက သူ့အစီအစဥ်ကို စားပွဲနားတွင် ထိုင်နေသည့် ရွှီကျောင်းအား ပြောပြလိုက်လေသည်။
“မင်း ငါ့ကို စာလေ့လာနည်း သင်ပေးပါလား”
ရွှီရှောင်ကျောင်းက ဇဝေဇဝါဖြစ်သွားပြီး
“ငါ နင့်ကို တစ်ချိန်လုံး သင်နေပေးတာပဲ မဟုတ်ဘူးလား”
ဒီအကြောင်းကို စဥ်းစားမိတော့ စုန့်ဝေဖျင်ကို တကယ် နည်းနည်းလေးတော့ လေးစားမိသား။ သူ့လေ့လာနိုင်စွမ်းက သာမန်မဟုတ်ဘူး။ ရက်ပိုင်းလေးပဲ ရှိသေးတယ်။ သူက မူလတန်းသင်ရိုးစာအုပ်တွေကို နားလည်နေပြီ။ အစတုန်းကတော့ သူက တချို့စာလုံးတွေကို မသိလို့ သူ့ကို သင်ပေးဖို့ ငါ့ကို လာရှာသေးတယ်။ အခုတော့ သူက ငါ့ရဲ့ ဂျူနီယာအထက်တန်း သင်ရိုးတွေကို ဖတ်နိုင်နေပြီလေ။
“ငါ ခရီးသွားတုန်းက အင်္ဂလိပ်စာက အရမ်းအသုံးဝင်တယ်လို့ ကြားတယ်၊ မင်းမှာလည်း အင်္ဂလိပ်ဖတ်စာအုပ်တွေ ရှိတာ ငါ တွေ့တယ်၊ ငါ အဲဒါကို ကျွမ်းကျွမ်းကျင်ကျင် တတ်ချင်တယ်”
ရွှီရှောင်ကျောင်းက ထိုအကြောင်းကို စဥ်းစားလိုက်၏။ စာအုပ်ထဲမှာ စုန့်ဝေဖျင်က အင်္ဂလိပ်စကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်တယ်။ သူ ဘယ်က သင်တာလဲတော့ မသိရဘူး။ နောက်ပိုင်း သူ့အလုပ်မှာ အကူအညီ ဖြစ်တယ်ဆိုရင်တော့ ငါ့ပါးစပ်လေးလှုပ်ရတာကို မငြိုငြင်ပါဘူး။
“ရတာပေါ့၊ နင်က ဘယ်လိုသင်ချင်တာလဲ”
စုန့်ဝေဖျင်က ဆုံးဖြတ်ချက်ချထားပြီးသားဖြစ်သည်။
“အခု နေ့တာရှည်တယ်လေ၊ ငါ အလုပ်က ပြန်လာပြီး ထမင်းစားပြီးတာတောင် အရမ်းမမှောင်သေးဘူး၊ ဒီအချိန်ကို အသုံးချပြီး ငါ့ကို နေ့တိုင်း နည်းနည်းချင်းစီသင်ပေး၊ နေ့လယ်ပိုင်း ငါ အချိန်ရရင် ငါ ကြည့်ထားလိုက်မယ်”
“ဒါဆို နင် အရမ်း မပင်ပန်းနေဘူးလား”
ဖြစ်တော့ ဖြစ်နိုင်ပါတယ်။ အခုတလော စုန့်ဝေဖျင် အရမ်းပင်ပန်းတာ သိနေတယ်လေ။ ညဆို ဟောက်သံညင်းညင်းလေးကိုတောင် ကြားနေရတယ်။ မနက်ဆို ၃-၄နာရီလောက်ထပြီး မြို့တက်ရတာကြောင့် ဖြစ်မယ်။ ဝက်စတူးရောင်းပြီးရင်လည်း သူက အလုပ်ပြန်သွားရသေးတယ်။ ဝူချွန်းဟွားက မနက်စာနဲ့ နေ့လယ်စာကို ကူညီပေးနေပေမဲ့ သူက ပြန်လာပြီဆိုရင် ငါ စားချင်တာကို နေ့တိုင်း ချက်ပေးသေးတယ်။
စုန့်ဝေဖျင်က ခေါင်းခါပြလိုက်ပြီး သူမ၏အင်္ဂလိပ်စာအုပ်ကို ယူလိုက်ကာ စာပွဲပေါ်တင်လိုက်ပြီး သူမနှင့် ဘေးချင်းယှဥ်ကာ ထိုင်လိုက်ပြီး
“မပင်ပန်းပါဘူး”
“ဒီနေ့ စ,မလို့လား” သူ့စိတ်ခွန်းအားက တကယ်ပြင်းထန်တာပဲဟဲ့။
“အင်း အရင်ဆုံး ငါ့ကို ရိုးရှင်းတဲ့ဟာတွေပဲ အရင် သင်ပေး”
ရွှီရှောင်ကျောင်းက ခဏ စဥ်းစားလိုက်ပြီး
“အရင်ဆုံး နင့်ကို အက္ခရာတွေ သင်ပေးမယ်”
စုန့်ဝေဖျင်က ရွှီရှောင်ကျောင်းဖတ်သလို စာလုံးများကို တစ်လုံးပြီးတစ်လုံး နောက်က လိုက်ဖတ်လေသည်။ အကြိမ်အနည်းငယ် ပြီးသွားသည့်နောက်တွင် သူ့တစ်ယောက်တည်း ဖတ်နိုင်သွားတော့သည်။
ရွှီရှောင်ကျောင်းက သူ၏ ဩရှရှချိုမြသည့်အသံကို နားထောင်နေလိုက်သည်။ အသံထွက် ဖတ်လိုက်သည့် စာလုံးများက အလွန်မှ ချစ်စရာကောင်းနေတော့သည်။ သူမသည် မနေနိုင်တော့ဘဲ သူ့ကို စောင်းကာ ကြည့်လိုက်ပြီး
“စုန့်ဝေဖျင် နင့်အသံက အရမ်းက နားထောင်လို့ကောင်းတာပဲ”
နေက မြေကြီးထဲသို့ လုံး၀မြုပ်သွားလေသည်။ နှင်းဆီရောင်က မှိန်ပျပျပင်။ ရေနံဆီမီးအိမ်က အနွေးဓာတ် ခံစားမှုတစ်ခုကို ထုတ်လွှတ်နေသည်။ သူမ၏မျက်နှာပေါ်က အပြုံးကြောင့် စုန့်ဝေဖျင်သည် တစ်ဖက်တွင် သူ့လက်ချောင်းများကို ကွေးထားပြီး တိုးတိုးလေး ပြန်ဖြေလိုက်လေသည်။
“အင်း”
ရွှီရှောင်ကျောင်းသည် သူ့အသံအောက်တွင် အမှတ်တမဲ့ အမောပြေသွားတော့သည်။ သူမက လက်ဖြင့် မေးကို ထောက်ထားပြီး သူ့ကို ကြည့်လိုက်ကာ
“နင့်အသံကလေ အိပ်ရာဝင်ပုံပြင် ပြောတဲ့အသံနဲ့ လိုက်တယ်၊ အင်း၊ နောက်ဆိုရင် ငါကြိုက်တဲ့ ဝတ္ထု ရှိလာလို့ ဖတ်ရမှာ အရမ်းပျင်းတဲ့အခါ နင် ငါ့အတွက် ဖတ်ပြပေးနိုင်မလား”
စုန့်ဝေဖျင်က ငြင်းလိုက်မည်စိုးသဖြင့် သူမက သူ့ကို မျက်စိမှိတ်ပြလိုက်ပြီး
“ဆရာမရှောင်ကျောင်းကို ကျေးဇူးပြန်ဆပ်တာလို့ သဘောထားလိုက်ပေါ့”
သူမက ကိုယ့်ဟာကိုယ် “ဆရာမရှောင်ကျောင်း”ဟု ခေါ်လိုက်သော်လည်း ချိုချဥ်လိုချင်နေသည့် အလိုလိုက်ခံထားရသည့် ကလေးတစ်ယောက်လို ပြုမူနေလိုက်လေသည်။
“ကောင်းပြီလေ” စုန့်ဝေဖျင်၏မျက်ခုံးများက သိမ်မွေ့လို့နေသည်။
ရွှီရှောင်ကျောင်း၏ မျက်လုံးများက လင်းလက်သွားသည်။ သူမက ချက်ချင်းဆိုသလို တစ်လက်မ အစား တစ်ပေအထိ ပစ်မှတ်ထားလိုက်ကာ
“ဒါဆို နင် ငါ့အတွက် သီချင်းလည်း ဆိုပြနိုင်လား”
“အင်း” အသံက အလွန်တိုးနေလေရာ သောက်ကျိုးနဲ ပြုစားနေသည့်နှယ်။
ရွှီရှောင်ကျောင်းက သူမ၏မျက်နှာကို အုပ်ထားပြီး ညည်းညူချင်သွားတော့သည်။ ရုတ်တရက်ဆိုသလို သူမစိတ်ထဲတွင် တစ်ခုခု မူမမှန်နေသည်ကို ခံစားလိုက်ရတော့သည်။ စုန့်ဝေဖျင်က ငါ့ကို ဆွဲဆောင်ဖို့ ကြိုးစားနေတာလား။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ မဟုတ်မှလွဲရော။ ဒီခွေးသားက အရင်တုန်းက အမြဲတမ်း ဟန်ဆောင်နေခဲ့တာလား။ သူ့မှာ တခြားရည်ရွယ်ချက်တွေ ရှိနေတာလား။
သူမသည် ချက်ချင်းဆိုသလို သတိအနေထား ဖြစ်သွားတော့သည်။ သူမ၏မျက်လုံးများက လည်နေသည်။ သူမ၏အသံက မပြောင်းလဲဘဲရှိနေကာ စုန့်ဝေဖျင်နားသို့ ကပ်သွားလိုက်ပြီး
“ဝေး စုန့်ဝေဖျင် ငါ ဒီနေ့ လုံးဝ လမ်းမလျှောက်ချင်ဘူး၊ နင် ငါ့ကို အိပ်ရာဆီ ချီသွားပေးပါလား”