အခန်း (၂၈-၃၀)
Vol. 2 Ch. 28-30
အပိုင်း (၂၈) သူမကို ချီပေးမယ်
ရွှီရှောင်ကျောင်းသည် ကြောင်အမ်းအမ်း ဖြစ်သွားတော့သည်။ သူမက သူ့ကို မသင်္ကာသလို ကြည့်လိုက်ပြီး
“စုန့်ဝေဖျင် နင် နည်းနည်းတော့ အရမ်းပုံမှန်ဖြစ်နေသလိုပဲနော်”
သူက တခြားစိတ်ခံစားချက်တွေမပါဘဲ ရုပ်တည်ကြီးနဲ့ ပြောနေပေမဲ့ တစ်ခုခုလိုနေတယ်လို့ ဘာလို့ ခံစားမိနေပါလိမ့်။
သူမက ငြိမ်ပြီးရပ်နေသည်ကို တွေ့လိုက်သည်တွင် စုန့်ဝေဖျင်က ဘာမှ မဖြစ်ခဲ့သလို သူမ၏လက်ကို ပြန်ချထားပေးလိုက်ပြီး
“အခန်းဖော်အချင်းချင်း အကူအညီပေးတာ မကောင်းဘူးလား”
ရွှီရှောင်ကျောင်းက မေးစေ့ကို ပွတ်သပ်လိုက်ပြီး
“ဟုတ်သလိုပဲ၊ နင်းက ငါ့ထက် ပိုအားကောင်းပြီး ဒီနေရာနဲ့လည်း ပိုရင်းနှီတယ်၊ ဒါပေမဲ့ ငါမှ နင် ချီပေးစရာမှ မလိုတာ”
သူက သူမက ချီပေးမည်ဆိုတော့ ရွှီရှောင်ကျောင်းက ခေါင်းခါပြလိုက်သည်။ ထူးဆန်းနေမှာလေ။
သူတို့နှစ်ယောက်က ခြေလှမ်းအနည်းငယ်လောက် လျှောက်လာပြီး သူပြောထားသည့် ကျောက်ဆောင်ကြီးဆီသို့ ရောက်လာကြသည်။ အမှန်ပင် တောင်တက်ဖို့ရန် ခက်ခဲနေသည်။
ကုန်းလျှောဖြစ်မနေဘဲ လှိုင်းထကာ အနားထက်သည့်ကျောက်ဆောင်တစ်ခု ဖြစ်နေသည်။ ကြည့်လိုက်လျှင် ခြေချစရာနေရာ မရှိပေ။
စုန့်ဝေဖျင်က နောက်ထပ်အကောင်းဆုံး အခြေအနေကို ရွေးချယ်လိုက်ပြီး
“ငါ မင်းကို ကျောပိုးသွားပေးရမလား၊ ငါ ဒီနေရာကို ခဏခဏရောက်ဖူးတယ်၊ ခြေထောက်ဘယ်မှာချရမယ်ဆိုတာ သိတယ်၊ မင်း အရင်က မလုပ်ခဲ့ဖူးရင် ကျောက်တုံးတွေနဲ့ ခြစ်မိသွားနိုင်တယ်၊ ကျောက်ဆောင်တွေပေါ် မှားပြီးခြေချမိရင် ကင်းမြီးကောက်တွေ ထွက်လာနိုင်တယ်”
ကင်းမြီးကောက်အကြောင်း ကြားလိုက်ပြီးနောက် ရွှီရှောင်ကျောင်းသည် ချက်ချင်းဆိုသလို အတွေးအားလုံး ပျောက်ကွယ်သွားတော့သည်။
“ဒါဆို ငါ့ကို ဟိုနားအထိပဲ ပိုးသွားပေး”
ဒါက စုန့်ဝေဖျင်က သူမကို ကျောပိုးပေးသည်မှာ ဒုတိယအကြိမ်ဖြစ်လေသည်။ သူမက အလွန်ပေါ့ပါးနေသည်ဟု ခံစားနေရဆဲပင်။ သူက ခြေတံရှည်များနှင့် ကျောက်တုံးများပေါ် တစ်ခုပြီးတစ်ခု နင်းသွားရာ သူ့ကျောပေါ်တွင် ဘယ်သူမှ ရှိမနေသည့်နှယ်။
“နောက်ဆိုရင် ထမင်းပိုစားနော်” သူက လမ်းလျှောက်ရင်း ပြောလိုက်၏။
ငါလေးက ပေါ့နေတယ်လို့ သွယ်ဝိုက်ပြီး ပြောချင်တာမဟုတ်ဘူးလား။ ရွှီရှောင်ကျောင်းသည် ထိုစကားကြောင့် စိတ်ချမ်းသာသွားလေသည်။
“ငါ အများကြီးစားပါတယ်နော်၊ အိုး မဖြစ်သေးပါဘူး၊ ငါ ဝလာလို့ မဖြစ်ဘူး”
စုန့်ဝေဖျင်က စိတ်ထဲမှ ပြန်ချေပလိုက်လေသည်။ သူမကဖြင့် လုံးဝကို အများကြီးစားတာလည်း မဟုတ်ဘဲနဲ့။ သူမရဲ့မိသားစုဝင် ငါးယောက်ထဲမှာ ရှောင်ကန်းတောင် သူမထက် ပိုစားသေးတယ်။
ရွှီရှောင်ကျောင်းက သူ့ကျောကို မှီထားရင် ကိုယ့်ဟာကိုယ်ကျေနပ်နေဟန်ဖြင့် ဆိုလိုက်လေသည်။
“ပြီးတော့ ငါက အခု ကွက်တိဖြစ်နေပါပြီ၊ ငါက အရမ်းလည်း မပိန်ပါဘူး၊ ငါက ‘အဝတ်အစားဝတ်ထားရင် ပိန်တယ်လို့ ထင်ရပြီး ချွတ်ထားရင်တော့ အသားရှိတယ်’လို့ ပြောရမယ်၊ ကွက်တိပဲ”
သူမက နောက်ပိုင်းမျိုးဆက်များ ချီးမွှမ်းလျှင် အများဆုံးသုံးနေကျ စကားလုံးများကို မတော်တဆ ရေရွတ်မိသွားတော့သည်။ ထိုစကားက စုန့်ဝေဖျင်ကို မည်မျှသက်ရောက်မှုရှိသွားခဲ့သည်ကိုတော့ သူမမှာ မသိလိုက်ပေ။
“ဟဲ့ ဟဲ့ စုန့််ဝေဖျင် နင် ဘာလို့ ရုတ်တရက်ကြီး အားထည့်လိုက်တာလဲ”
ရွှီရှောင်ကျောင်းသည် သူမ၏ကွေးထားသည့်ခြေထောက်ပေါ်တွင် စုန့်ဝေဖျင် ထည့်လိုက်သည့် အားတချို့ကို ခံစားမိလိုက်လေသည်။ သူမသည် စုန့်ဝေဖျင်၏လည်ပင်းကို ဖက်မထားလိုက်ချေ။ နောက်သို့လှန်ကျတော့မလိုဖြစ်သွားပြီး ဘေးဘီကို ကြည့်လိုက်တော့သည်။
စုန့်ဝေဖျင်က သူ့နှုတ်ခမ်းများကို တင်းနေအောင် စေ့ထားလိုက်ပြီး
“ရှေ့က ကျောက်တုံးက နည်းနည်းမြင့်လို့၊ မင်းလက်ကို ငါ့လည်ပင်းမှာ သိုင်းဖက်ထားနော်”
ရွှီရှောင်ကျောင်းက ပြုတ်ကျမှာ စိုးရိမ်သွားတော့သည်။ ကျောက်ဆောင်တွေအများကြီးရှိနေတာ တကယ်သာ ပြုတ်ကျသွားရင် ရယ်စရာတော့မဟုတ်လေဘူး။ ထိုစကားကို ကြားလိုက်သည်တွင် သူမက နာနာခံခံဖြင့် စုန့်ဝေဖျင်၏လည်ပင်းကို ဖက်ထားလိုက်တော့သည်။ ရုတ်တရက်ဆိုသလို သူမသည် သူတို့တွေ ကောက်ရိုးပုံထဲတွင် လေ့ကျင့်ခန်း လုပ်ခဲ့ကြသည့်အကြောင်းကို သတိရသွားလေတော့သည်။
“ဟဲ့ စုန့်ဝေဖျင် ဒီတစ်ခါက နင် ငါ့ကို ကိုင်ထားဖို့ပြောတာနော်”
ငါလေးရဲ့လက်တွေက ငါ့စကားနားမထောင်ဘဲ သူ့ကို ကိုင်လိုက်တာမဟုတ်ဘူးနော်။
သို့သော် ထိုစကားပြောလိုက်ပြီး သူမမှာ နောင်တရသွားတော့သည်။ ဟာ။ ရွှီရှောင်ကျောင်းက နင့်ပါးစပ်က ဘာဖြစ်နေတာလဲ။ ငါတို့တွေ ဒီအကြောင်းထပ်မပြောတော့ဘူးလို့ သဘောတူထားပြီးသားလေဟယ်။
သေချာပါသည်။ စုန့်ဝေဖျင်က ထိုစကားများကို ကြားလိုက်ရသောအခါ တဟင်းဟင်း ရယ်တော့သည်။
“အင်း ဒီတစ်ခါတော့ မင်း အရင်စ,တာမဟုတ်ဘူး”
“ဟဲ့”
ရွှီရှောင်ကျောင်းက သူမ၏လက်ကို မြောက်ကာ သူ့ပခုံးကို ရိုက်လိုက်ပြီး
“နင် ခုနက ဘာမှမကြားလိုက်ဘူး”
စုန့်ဝေဖျင်ကလည်း သူမကို လိုက်လျောပေးလိုက်၏။ သူ့အသံထဲတွင် ပြုံးစစရယ်သံတစ်ခု ပါရှိနေခြင်းသာ။
“အင်းပါ အင်းပါ ငါ မကြားလိုက်ဘူး၊ မလှုပ်နဲ့နော်၊ မင်း တကယ်ကျသွားရင် နာလို့ အော်ငိုနေရလိမ့်မယ်”
သည်နေရာက လမ်းလျှောက်ရန် အခက်ခဲဆုံးနေရာဖြစ်လေသည်။ ထိုနေရာကို ဖြတ်လာပြီးနောက် ရွှီရှောင်ကျောင်းက စုန့်ဝေဖျင်ကို ကျောမပိုးခိုင်းတော့ပေ။ သူမကိုယ်တိုင်လည်း သဘာဝအတွေ့အကြုံစစ်စစ်ကို လိုချင်သေးလေသည်။
သည်နေ့တွင် စုန့်ဝေဖျင်က သူမကို သည်နေသို့ အလည်ခေါ်လာသဖြင့် သူက ခြင်းတောင်းကြီးတစ်ခုကို ယူမလားခဲ့ချေ။ သူ့လက်ထဲ သူမ ကောက်ချင်တာ ကောက်ရအောင် ထည့်ဖို့ ခြင်းတစ်လုံးသာ ပါလေသည်။
ရွှီရှောင်ကျောင်းအဖို့ သစ်ကြားသီးပင်ကို မြင်ဖူးသည်မှာ ပထမဆုံးအကြိမ်ပင်။
တောင်ပေါ်က သစ်ကြားသီးပင်တော်တော်များများက အလွန်အိုမင်းနေပြီဖြစ်သည်။ အခေါက်က ကြမ်းတမ်းပြီး မာကြောနေသည်။ သစ်ကိုင်းများက အရွက်များနှင့် ဝေဝေဆာဆာ ရှိနေသည်။ မှဲ့ပြီးသား သစ်ကြားသီးအခွံများက ကွဲထွက်နေပြီး မြေကြီးပေါ် ကြွေကျနေသည်။
“ဝိုး အများကြီးပဲ၊ ဘယ်သူက သစ်ကြားသီးတွေ မလာမကောက်ကြဘူးလား”
သူမက ကိုယ်ကိုညွှတ်လိုက်ပြီး မြေကြီးပေါ်က သစ်ကြားသီးများကို ကောက်လိုက်သည်။
စုန့်ဝေဖျင်ကလည်း သူမဘေးတွင် ဒူးတုတ်ထိုင်လိုက်ပြီး
“အရင်တုန်းကတော့ စောစောလာတဲ့သူ ရတာပဲ၊ ဒါပေမဲ့ ငတ်မွတ်တဲ့အချိန်တုန်းက ဒီလိုပစ္စည်းတွေက အသက်ကယ်ပေးနိုင်တယ်လေ၊ ဒီတော့ ရုတ်တရက်ကြီး အစောကြီး ပြောင်သွားတဲ့အထိ လူတွေကို ပေးမခူးတော့ဘူး၊ အဲဒီနောက်မှာ ရွာထဲမှာ ဆူပူမှု တစ်ခုဖြစ်သွားတယ်လေ၊ ရွာမှာ အထွေထွေအစည်းအဝေး လုပ်ပြီး အာမခံရ အိမ်ထောင်စု ငါးခုကလွဲရင် ဘယ်သူမှ သစ်ကြားသီး ကျင်း၃၀ ထပ် ပိုမခူးရတော့ဘူး”
ရွှီရှောင်ကျောင်းမှာ သည်လိုစည်းကမ်းမျိုး ရှိနေလိမ့်မည်ဟု ထင်မထားခဲ့ချေ။
“ဒါဆို အားလုံးက ဌာနခွဲစာရေးကြီးရဲ့ စကားကို နားထောင်ကြသလား”
“အစပိုင်းတုန်းကတော့ တချို့လူတွေက နားမထောင်ပါဘူး။ သူတို့တွေက ညကြီးသန်းခေါင် ခိုးထွက်ပြီး သစ်ကြားသီးအားလုံးကို ခူးပစ်လိုက်ကြတယ်လေ။ ရွာထဲက လူတွေအားလုံးက ဒေါသထွက်ကြတာပေါ့. သူတို့တွေက လူစုပြီး အဲဒီလူကို ရှာခဲ့ကြပြီး ဌာနခွဲစာရေးဆီကို တိုင်ကြားကြတာပေါ့။ အဲဒီနှစ်မှာ လူထုရိက္ခာဝေရမဲ့အချိန်ကျတော့ အဲဒီမိသားစု ဘာမှမရခဲ့ဘူးလေ။ ဒီအပြစ်ဒဏ်က အရမ်းပြင်းထန်တာ။ နောက်ပိုင်းကျတော့ ဘယ်သူမှ မစွန့်စားရဲကြတော့ဘူး”
သည်စကားကို ကြားလိုက်သည်တွင် ရွှီရှောင်ကျောင်းက ခေါင်းညိတ်လိုက်လေသည်။ ဒါက မဆိုးလှတဲ့ စည်းကမ်းတစ်ခုပဲ။ ဒီလိုမှပဲ သစ်ကြားသီးတွေကို မျှမျှတတ ခွဲပေးနိုင်မှာပဲ။ လိုအပ်တဲ့မိသားစုတွေက ပိုရလာတော့ ဒါကို ရိက္ခာတစ်ခုလို မှတ်လို့ရတယ်။
ငါလေးကတော့ သစ်ကြားသီး ဘယ်နှစ်လုံးကောက်ခဲ့သည်ကို စိတ်မဝင်စားဘူး။ အဓိကက ကိုယ့်ဟာကို ပျော်ချင်လို့ လာခဲ့တာလေ။ သူမသည် ၁ကျင်း ၂ကျင်းလောက် ကောက်ပြီးနောက် ရပ်လိုက်တော့သည်။
စုန့်ဝေဖျင်က သူမတွက် လတ်လတ်ဆတ်ဆတ် တချို့ကို ကောက်ပေးထားရာ ရွှီရှောင်ကျောင်းက မြည်းစမ်းကြည့်လိုက်တော့သည်။ အလွန်မှ ကြွပ်ရွပြီး အရသာရှိလှသည်။
“အင်း၊ တောဆီးသီး သွားခူးရအောင်၊ တောဆီးသီးတွေက အရမ်းချိုတယ်လို့ နင် ပြောတယ်မလား”
ရွှီရှောင်ကျောင်းက စားရင် ပြောလိုက်၏။
သူသည် ရွာသားများ အကြုံပြုလိုက်သည့် နေရာသို့ မသွားချေ။ ထိုနေရာတွင် တောင်ပေါ်ထွက် စွံပလွန်သီးများစွာ ရှိမှန်း သိသော်လည်း ကျောက်ဆောင်က များလွန်းသည်။ သူမအတွက် စွံပလွန်သီးကောက်ရန် မသင့်တော်ချေ။
ရွှီရှောင်ကျောင်းက သူ့နောက်မှ လိုက်လာပြီး တွေ့သမျှက အသစ်အဆန်းဖြစ်နေတော့သည်။
နေရာနှစ်ခုက သိပ်မဝေးချေ။ တောဆီးသီးကောက်သည့်နေရာက နေရောင်ရသည့်ကုန်းမို့လေးတစ်ခု ဖြစ်နေသည်။ ပြန့်ကျဲနေသည့် ကျောက်စရစ်ခဲများကြားတွင် ဆူးခြုံပင်များက အစုလိုက် စိမ်းလန်းစွာ ပေါက်ရောက်နေသည်။ သူတို့သည် ကျယ်ပြန့်သည့်နေရာတစ်ခုကို ဖုံးလွှမ်းထားပြီး အံ့ဩဖွယ်ရာပင်။
လက်သန်းအရွယ် တောဆီးသီးတစ်ခိုင်က အပင်ပေါ်တွင်တွဲလောင်းကျနေ၏။ တချို့က စိမ်းနေပြီး တချို့ တဝက်စိမ်း တဝက်နီနေကာ တချို့ အားလုံးနီနေပြီး တချို့ကတော့ မဟောဂနီရောင်နီးပါး ဖြစ်နေသည်။ သည်မြင်ကွင်းက လူများကို ပျော်ရွှင်လာစေတော့သည်။
“ဝိုး စုန့်ဝေဖျင်၊ အများကြီးပဲနော်”
စုန့်ဝဖျင်က ကိုယ်ကို ညွှတ်ကာ နီရဲနေသည့်မဟော်ဂနီရောင်တစ်လုံးကို ကောက်လိုက်ပြီး သူမကို လှမ်းပေးလိုက်ကာ
“စားကြည့်”
တောင်ပေါ်တွင် ပေါက်သည့်အပင်များက ပိုးသတ်ဆေး မထိထားချေ။ အားလုံးက သဘာဝအတိုင်း ဖြစ်ရာ ဆေးကြောရန် မလိုပေ။
ရွှီရှောင်ကျောင်းက လှမ်းယူလိုက်ပြီး သူမ၏ပါးစပ်ထဲသို့ ထည့်ပြီး တစ်ကိုက် ကိုက်ကြည့်လိုက်သည်။ ဂျွပ်ခနဲ အသံတစ်ခု ထွက်လာပြီးနောက် ချိုမြသည့်အရသာတစ်ခုက သူမ၏ပါးစပ်ထဲတွင် ပေါက်ထွက်လာလေသည်။
“အင်း အရမ်းချိုတာပဲ၊ အရည်သိပ်မရွှမ်းပေမဲ့ ချိုတယ်နော်၊ အရသာရှိလိုက်တာ”
ဝိုး။ အများကြီးပါပဲလား။ ဒီခရီးကတော့ တန်သွားပြီ။
စုန့်ဝေဖျင်က သူမအတွက် အနီသန်းနေသည့်မဟော်ဂနီရောင် တောဆီးသီးများကို ကောက်ပေးဖို့ အာရုံစိုက်ထားလိုက်သည်။
“မင်း ကြိုက်ရင် နောက်ကျရင် တောဆီးသီးကောက်ဖို့ ထပ်ခေါ်လာပေးမယ်နော်”
ရွှီရှောင်ကျောင်းက ခေါင်းညိတ်လိုက်ပြီး
“ဒါကို အခြောက်လှန်းထားပြီး စားလို့ရလား”
စုန့်ဝေဖျင်က ခေါင်းခါပြလိုက်၏။
“ဒီလိုတောဆီးသီးမှာ နောက်ထပ် နာမည်တစ်ခုရှိသေးတယ်၊ ဆီးသီချဥ်တဲ့၊ အသားက အရမ်းနည်းပြီး ခြောက်သွားရင် ချဥ်သွားတယ်၊ ဒါပေမဲ့ သူ့ကို ရေထဲစိမ်ပြီး သောက်လို့ရတယ်’
ရွှီရှောင်ကျောင်းက နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်ကာ
“ဒါဆို လျှော့ကောက်လိုက်၊ တောဆီးသီးတွေ ကောက်ချင်ကြတဲ့ ကလေးတွေလည်း အများကြီးရှိမှာပဲ၊ သူတို့အတွက် နည်းနည်းလောက် ချန်ထားပေးလိုက်”
သူမသည် အလွန်စိတ်ဝင်စားသွားကြတော့သည်။ ဆူးများပေါ်တွင် ပေါက်နေသည့် အနီရောင်အသီးလေးများ ရှိပြီး အလွန်ချစ်ဖို့ကောင်းနေသည်။
ဒါက တောဆီးသီး အရိုင်းမျိုးဖြစ်မယ်။ မျိုးစုံစိုက်ပျိုးပြီး ကိုင်းဆက်ပြီးမှာ အမျိုးအစားတွေအများကြီး ရလာတာပဲ။ ရွှေပိုးတောဆီးသီး၊ ဆောင်းတောဆီးသီး၊ ကျင်းပေါင်ထန် တောဆီးသီး အဲလိုတွေပေါ့။ အမှန်အတိုင်းပြောရရင် လူသားတွေရဲ့ ဉာဏ်ရည်ကို လျှော့တွက်လို့မရလေဘူး။
သူမသည် တောဆီးသီးကောက်ရင် စဥ်းစားနေရာ အသီးနီနီလေးဘေးက ဆူးချွန်ကို သတိမထားမိလိုက်ပေ။ မတော်တဆ ဆူးစူးသွားတော့သည်။
“အ...”
“ဘာဖြစ်တာလဲ”
စုန့်ဝေဖျင်က ချက်ချင်းလျှောက်လာလိုက်သည်။
သူမ၏လက်ကို အသာအယာ ခါလိုက်သည်ကို တွေ့လိုက်သဖြင့် စုန့်ဝေဖျင်၏မျက်နှာက ပြောင်းလဲသွားတော့သည်။ သူက သူမကို မြန်မြန်လှမ်းဆွဲကာ တစ်ချက်ကြည့်လိုက်ကာ ရွှီရှောင်ကျောင်း၏ လက်မပေါ်တွင် ထွက်လာသည့်သွေးတစ်စက သူ့မြင်ကွင်းထဲ ဝင်လာတော့သည်။
ရွှီရှောင်ကျောင်းက ညည်းလိုက်ပြီး
“သွေးထွက်သွားပြီ”
သူမ စကားဆုံးသွားသည်နှင့် စုန့်ဝေဖျင်က သူမ၏လက်ချောင်းကို သူ့ပါးစပ်ထဲ ထည့်လိုက်တော့သည်။ ထို့နောက်တွင်တော့ သူမ၏လက်မအသားက ခဏလောက် စိုစွတ်သွားလေသည်။ လက်မက အစုပ်ခံထားရတော့သည်။
“စုန့်...စုန့်ဝေဖျင် နင် ဘာလို့ ငါ့ကို ကိုက်တာလဲ”
ရွှီရှောင်ကျောင်းက စုန့်ဝေဖျင်၏ပါးစပ်ထဲ ရောက်နေသည့် သူမ၏လက်မကို ကြည့်လိုက်၏။ အကြောင်းကြောင်းကြောင့် သူမ၏နှလုံးခုန်နှုန်း စည်းချက်လွဲသွားတော့သည်။
ထုံကျဥ်သွားသည့်ခံစားချက်တစ်ခုက သူမ၏ခေါင်းမှ လက်ချောင်းများအထိ ပြန့်နှံ့သွားလေသည်။ သူမ၏တကိုယ်လုံးက တုန်ယင်သွားတော့သည်။
စုန့်ဝေဖျင်က သူမ၏လက်ချောင်းကို ထုတ်ပေးလိုက်ပြီး သူမကို မော့ကြည့်လိုက်ကာ
“သွေးထွက်ရပ်သွားအောင် ပိုးသတ်ပေးတာ”
သူက မျက်နှာသေနှင့် ရုပ်တည်ကြီးဖြစ်နေလေသည်။ ထိုမျက်နှာထားပေါ်တွင် ဘာမှ မမြင်ရချေ။
“စုန့်ဝေဖျင် နင်လည်း ဆိုးလာတယ်လို့ ငါ ထင်တယ်” ရွှီရှောင်ကျောင်းက သူမ၏လက်ကို ပြန်သိမ်းလိုက်လေသည်။
“ဟမ်”
စုန့်ဝေဖျင်က သူမ၏လက်ချောင်းကို လွှတ်မပေးလိုက်ချေ။ သူက လက်ချောင်းကို မြောက်လိုက်ပြီး ဆူးကျန်မကျန် သေသေချာချာ စစ်ဆေးကြည့်လိုက်လေသည်။
ရွှီရှောင်ကျောင်းက သူ့၏အာရုံစိုက်နေသည့် ရုပ်ပုံကို အကဲခတ်ကြည့်လိုက်၏။ သူ ငါလေးကို ဂရုစိုက်တဲ့ပုံပါပဲ။ တခြားဘာအဓိပ္ပာယ်မှ မရှိဘူး။
အို ဟဲ့။ နင် ဘာတွေ စဥ်းစားနေပြန်တာလဲ။ ရွှီရှောင်ကျောင်းက သူမ၏ခေါင်းကို ပုတ်လိုက်၏။ စုန့်ဝေဖျင်က စွမ်းဆောင်ရည် မရှိတဲ့သူလေ။ သူက ငါလေးကို ဆွဲဆောင်ဖို့ဆိုတာ မဖြစ်နိုင်တာပဲ။
သူမ၏လက်က ဘာမှမဖြစ်သည့်အတွက် စုန့်ဝေဖျင်မှာ စိတ်အေးသွားတော့သည်။ သူမ၏ဆွံ့အပြီး နှုတ်ဆိတ်နေသည့်အခြေအနေကို တွေ့လိုက်သည်တွင် သူက သူမကို ငုံ့ကြည့်လိုက်ပြီး
“ကောက်အုံးမလား”
ရွှီရှောင်ကျောင်းက နီရဲနေသည့် သူမ၏လက်မဖောင်းဖောင်းလေးကို ကြည့်လိုက်သည်။
“ငါတို့တွေ အများကြီး ကောက်ပြီးပြီ၊ နင် နည်းနည်းလောက် ထပ်ကောက်လိုက်၊ အဘွား၊အမေနဲ့ ရှောင်ကန်းတို့စားဖို့ ယူပြန်ရအောင်”
စုန့်ဝေဖျင်က သူမကို ထိုင်အနားယူခိုင်းထားလိုက်သည်။ သူတစ်ယောက်တည်း အများကြီး ကောက်လိုက်လေသည်။ ထို့နောက်တွင် အနီရောင်ဆီးသီးများစွာပါသည့် သစ်ကိုင်းတစ်ခုကို တွေ့သွားပြီး ဓားဖြင့် ခုတ်လိုက်၏။ သူက ဆူးများကို ဖယ်ထုတ်လိုက်လေသည်။ သူက ရွှီရှောင်ကျောင်းကို ကိုင်ထားခိုင်းပြီး စားရင် ကစားနေဖို့ ပြောလိုက်သည်။
သည်ဆူးသစ်ကိုင်းကြောင့် ရွှီရှောင်ကျောင်းသည် အလွန်စိတ်အားတက်နေတော့သည်။ တောင်ပေါ်က ဆင်းလာချိန်တွင် သူက သစ်ကိုင်းကို ကိုင်ထားပြီး မကြာခဏဆိုသလို ပါးစပ်ထဲသို့ တောဆီးသီးတစ်လုံးကို ထည့်လိုက်ကာ
“စုန့်ဝေဖျင် ငါကတော့ သကြားအုပ်အသီးရောင်းသမားနဲ့ တူနေပြီလို့ ထင်တယ်၊ သစ်ကိုင်းပေါ်က အားလုံး သကြားအုပ်အသီးတွေလေ၊ ဒါပေမဲ့ ငါ့ဟာတွေကတော့ အားလုံးက တော်ဆီးသီးတွေ၊ သဘောကျလိုက်တာ”
သူမက အလွန်ချမ်းသားသွားသည်ဟု ခံစားမိတော့သည်။
စုန့်ဝေဖျင်က ခြင်းတောင်းကို သယ်ထားသည်။ အလွန်ပျော်နေကာ ခေါင်းလေးကို လှုပ်ယမ်းပြီး သူမ ကိုင်ထားသည့် သစ်ကိုင်းဖျားကို တွေ့လိုက်ရတော့ စုန့်ဝေဖျင်သည် သူ့နှုတ်ခမ်းထောင့်များက မထိန်းနိုင်တော့ဘဲ ကွေးသွားလေတော့သည်။
အဝေးတစ်နေရာမှာ ကျောက်ယန်ယန်သည် စုန့်ဝေဖျင်နှင့် ရွှီရှောင်ကျောင်းတို့က သူတို့ဘက်သို့ လျှောက်လာသည်ကို မြင်လိုက်ရသည်။ သူမဘေးက ဟန်ကွမ်းဟွေကလည်း သူတို့ကို မြင်မည်က သဘာဝပင်။
ဟန်ကွမ်းဟွေက ခေါင်းကိုလှည့်လိုက်ပြီး ဘာတစ်ခွန်းမှမပြောဘဲ ထွက်သွားတော့သည်။
ချန်းရွှယ်က နားမလည်ချေ။
“ကွမ်းဟွေ ဘာလို့ ထွက်သွားတာလဲ”
ကျောက်ယန်ယန်က သူမ၏နှုတ်ခမ်းများကို ဆူပုတ်ထားလိုက်၏။ ဟွန့်။ သူ့စိတ်ထဲမှာ ရွှီရှောင်ကျောင်းကို မမေ့နိုင်တာကလွဲရင် ဘာဖြစ်အုံးမှာလဲ။ သူ့မှာ သူမကိုတွေ့ရင် စကားတစ်လုံးတောင် မပြောရဲဘဲနဲ့များ။ စုန့်ဝေဖျင်က သူ့ကို မြေးလေးတစ်ယောက်လို အသေရိုက်မှာလေ။ လုံးဝကို အသုံးမကျဘူး။
သို့သော်ငြား ထိုအကြောင်းကို ထုတ်ပြောလျှင်လည်း သူမက မျက်နှာပျက်ရအုံးမည်။ ကျောက်ယန်ယန်က ချန်းရွှယ်၏ လက်မောင်းကို တွဲလိုက်ပြီး
“မသိဘူးလေ၊ အစ်ကိုကွမ်းဟွေမှာ လုပ်စရာလေးတွေ ရှိနေလို့နေမှာပေါ့”
ရွှီရှောင်ကျောင်း ရောက်လာတော့မည်ကို တွေ့လိုက်ရသဖြင့် သူမက အသံကို မြင့်လိုက်ကာ
“ရှောင်ရွှယ် အချိန်ကလည်း ကုန်မြန်လိုက်တာ၊ ငါတို့တွေ ရက်ပိုင်းလောက်နေရင် စာမေးပွဲ ဖြေရတော့မယ်နော်၊ ပြီးရင်တော့ ငါတို့တွေ ကောလိပ်တက်ရမှာ၊ ဘွဲ့ရပြီးရင် ငါတို့တွေ အမြဲတမ်းဝန်ထမ်း အလုပ်တစ်ခု ရပြီး မြို့နေလူထု ဖြစ်သွားမှာ”
ချန်းရွှယ်ကလည်း တိုက်တိုက်ဆိုင်ဆိုင် ရွှီရှောင်ကျောင်းကို သဘောမကျပေ။ ထို့ကြောင့် သူမက သဘာဝကျကျ သံယောင်လိုက်ကာ ပြောလိုက်လေသည်။
“ဟုတ်တယ်၊ ငါတို့တွေ နှစ်သစ်မကူးခင် အောင်စာရင်းထွက်မှာ၊ ဒီနှစ်ကတော့ ရွာမှာနေရတဲ့ နောက်ဆုံးနှစ် ဖြစ်လောက်တယ်”
ကျောက်ယန်ယန်က အောင်နိုင်သူလို ရွှီရှောင်ကျောင်းကို လှမ်းကြည့်လိုက်ပြီး
“အို ကျိုးဖင့်ရှန်းတစ်ယောက်ပဲ စာကောင်းကောင်း မလုပ်ခဲ့တာနော်၊ သူသာ စာမေးပွဲကျရင် ဘာလုပ်မလဲ သိချင်လိုက်တာ၊ ဧကန္တ သူ့တစ်ဘဝလုံး မိန်လင်ရွာမှာပဲ လယ်စိုက်တော့မယ်ထင်တယ်၊ သနားစရာကောင်းလိုက်တာ”
ချန်းရွှယ်က ခေါင်းညတ်သဘောတူလိုက်ပြီး
“မသိဘူးလေ၊ နောက်ဆုံး သူ့မှာလည်း သူငယ်ချင်း မရှားပါဘူး၊ ကောလိပ်ကျောင်းသူ မဖြစ်နိုင်တာပဲ ရှိမှာ”
နှစ်ယောက်သားက ရွှီရှောင်ကျောင်းကို မသိသလို ဟန်ဆောင်လိုက်ပြီး ချစ်ချစ်ခင်ခင် ထွက်သွားလိုက်ကြသည်။
ရွှီရှောင်ကျောင်းကတော့ ကျောက်ယန်ယန် ဦးနှောက်ပျက်သွားပြီဟု ထင်လိုက်လေသည်။ သူ့မှာ ကိုယ့်ဟာကို သတိတောင် မရှိတဲ့အပြင် လူတွေကို သေသေချာချာ ကြည့်တတ်တဲ့အမြင်လည်း မရှိဘူး။ ငါလေးတောင်မှ ချန်းရွှယ်နဲ့ ဟန်ကွမ်းဟွေတို့ ဘာလိုလို ဆက်ဆံရေးဖြစ်နေတာ ကြားနေတာကို။ အရူးလိုပဲ ကျောက်ယန်ယန်က တဖက်လူကို သူငယ်ချင်းကောင်းတစ်ယောက်လို ဆက်ဆံနေတာတဲ့။
သူမ၏မျက်နှာပေါ်က ရှင်းမပြတတ်သည့် အမူအရာကို တွေ့လိုက်ရသဖြင့် စုန့်ဝေဖျင်က သူမကို မေးလိုက်၏။
“ဘာကိစ္စလဲ”
ရွှီရှောင်ကျောင်းက အေးအေးလူလူ သက်ပြင်းချလိုက်ပြီး
“ကောလိပ်ဝင်ခွင့်စာမေးပွဲ မြန်မြန်ထွက်လာပါစေလို့ မျှော်လင့်ပါတယ်”
ကျောက်ယန်ယန်ရဲ့ အဖြေလွှာရလဒ်ကို အရမ်းကြည့်ချင်နေမိပြီလေ။
...
အပိုင်း (၂၉) ကောလိပ်ဝင်ခွင့်စာမေးပွဲရလဒ်
ကျိူးဖင့်ရှန်းနှင့် ဝမ်ကွေးယွဲ့တို့သည် ကောလိပ်ဝင်ခွင့်စာမေးပွဲမတိုင်ခင် ရွှီရှောင်ကျောင်းထံ မေးခွန်းများ လာမေးခဲ့ကြသည်။
ပြီးခဲ့သည့် လအနည်းက ပြန်လှန်လေ့ကျင့်ခန်းများ လုပ်ခဲ့ပြီးနောက် သူတို့နှစ်ယောက်သည် ရွှီရှောင်ကျောင်းက အလွန်ထူးချွန်ကြောင်း နားလည်သွားကြလေသည်။
သူတို့ မသိသည့် မေးခွန်းတစ်ခု ရှိလာတိုင်း သူတို့က ရွှီရှောင်ကျောင်းကို မေးကြသည်။ သူမက မေးခွန်းကို ဖြေရှင်းပေးနိုင်သည်။
ဝမ်ကွေးယွဲ့က သူမမှားခဲ့သည့် မေးခွန်းအားလုံးကို တစ်ခုချင်း ကြည့်လိုက်ပြီး ပြောလိုက်၏။
“ရှောင်ကျောင်း ငါတော့ စာမေးပွဲအောင်မယ် မထင်ဘူး၊ ဒါပေမဲ့ နင်သာ စာမေးပွဲဖြေရင်တော့ စာမေးပွဲအောင် ၁၀၀%ပဲ၊ စာပေဘာသာပဲဖြစ်ဖြစ် သိပ္ပံဘာသာပဲဖြစ်ဖြစ် နင်က သေချာပေါက်လုပ်နိုင်မှာ”
ကျိုးဖင့်ရှန်းသည် သူမ၏ ပြန်လှန်လေ့ကျင့်ခန်းက အလွန်ကောင်းနေသည်ဟု ခံစားရသော်လည်း စာမေးပွဲနီးလာသည်နှင့်အမျှ အနည်းငယ် စိုးရိမ်လာခဲ့သည်။ သူမက ဝမ်ကွေးယွဲ့၏ စကားကို ထောက်ခံလိုက်ပြီး
“ဟုတ်တယ် ရှောင်ကျောင်း၊ နင် ဒီနှစ် မလျှောက်ခဲ့ဘူး၊ နောက်နှစ်လည်း ကောလိပ်ဝင်ခွင့် စာမေးပွဲက ရှိနေအုံးမှာပဲ နင် ဝင်ဖြေမှာလား”
ရွှီရှောင်ကျောင်းက ခေါင်းခါလိုက်ပြီး
“လုံးဝပဲ”
သူမက ကောလိပ်ဝင်ခွင့်စာမေးပွဲကို စိတ်မဝင်စားချေ။
ဝမ်ကွေးယွဲ့မှာ သူမနှင့်ပတ်သက်ပြီး ဘာပြောရမည်ပင် မသိတော့ချေ။ စာမေးပွဲ အောင်ချင်တဲ့သူတွေကျတော့ မအောင်နိုင်ဘူး။ စာမေးပွဲအောင်နိုင်တဲ့သူကျတော့ မဖြေဘူးတဲ့လေ။
သူတို့က မည်သို့ စဥ်းစားကြသည်ဖြစ်စေ ရွှီရှောင်ကျောင်းကတော့ ကျိုးဖင့်ရှန်းကို စာမေးပွဲ အောင်စေချင်လေသည်။ ဝမ်ကွေးယွဲ့ကတော့.... သူသာ စာမေးပွဲအောင်သွားရင် သူ့ယောက်ျားနဲ့ ကွာရှင်းမှာ သိနေတယ်။ ဒါပေမဲ့ ဒါကလည်း သူ့ရွေးချယ်ခွင့်ပဲလေ။ ငါလေး ဘာမှ ပြောလို့မရပါဘူး။ ဒီတော့ နောက်ဆုံးကျတော့လည်း သူတို့နှစ်ယောက်လုံး စာမေးပွဲမှာ အမှတ်ကောင်းကောင်း ရဖို့ပဲ မျှော်လင့်ပါတယ်။
ဒါကြောင့်လည်း ငါက သူတို့နှစ်ယောက်အတွက် လာနိုင်မဲ့မေးခွန်းတွေကို ခန့်မှန်းပေးခဲ့တာပေါ့။
မေးခွန်း ခန့်မှန်းတာက နောက်ပိုင်းမျိုးဆက်တွေမှာ သာမန်အကျဆုံး စာမေးပွဲအကြို လုပ်ဆောင်ချက်တစ်ခုပဲလေ။ ဆရာတွေကနေ ကျောင်းသားတွေအထိ စာမေးပွဲမတိုင်ခင် မေးခွန်းတွေ ခန်းမှန်းကြတာပဲ။ သူတို့တွေက အဓိကအချက်တွေနဲ့ ရင်းနှီးနေသ၍တော့ အကြောင်းအရာ ပြောင်းသွားရင်တောင် အဓိကအသိပညာက ဘယ်တော့မှ မမှားဘူး။
စုန့်ဝေဖျင်က ငါ့အတွက် ဖတ်စာအုပ်တစ်အုပ် ဝယ်လာပေးတုန်းက ဒီနှစ်မှ ထုတ်ထားတဲ့ ကောလိပ်ဝင်ခွင့်စာမေးပွဲအတွက် သင်ရိုးတွေ ပါတယ်လေ။ ငါလေးက အထက်တန်းကျောင်းရဲ့ အဓိကပညာရပ်ကို ကောင်းကောင်း သိပြီးသားပဲ။ ပြီးတော့ ဒီနှစ် ကောလိပ်ဝင်ခွင့် စာမေးပွဲမေးခွန်းရဲ့အဆင့်က သမိုင်းကြောင်း ဖော်ပြချက်တချို့ပါမယ်လို့ ထင်တယ်။
သူမသည် စမ်းသပ်မေးခွန်းလွှာတစ်ခုကို အကြမ်းဖြင့် ပြင်ဆင်လိုက်လေသည်။
“ဒါတွေက ငါစဥ်းစားထားတဲ့ မေးခွန်းတချို့ပဲ၊ နင်တို့ အချိန်ရရင် သေချာကြည့်ထားလိုက်၊ နင်တို့အတွက် အကူအညီဖြစ်လောက်တယ်၊ နင်တို့အားလုံး စာမေးပွဲမှာ အမှတ်ကောင်းပါစေလို့ ဆုတောင်းပေးတယ်နော်”
ကျိုးဖင့်ရှန်းက သူမပေးသည့် မေးခွန်းများကို ယုံကြည်လေသည်။ စာမေးပွဲမတိုင်ခင် ရက်ပိုင်းတွင် သူမက သည်မေးခွန်းအစုံများကို စိတ်နစ်ကာ လေ့ကျင့်လေတော့သည်။
ဝမ်ကွေးယွဲ့ကတော့ အလေးအနက် မထားချေ။ သူမက စမ်းသပ်မေးခွန်းထဲက မေးခွန်းအများစုကို မဖြေနိုင်မှန်း တွေ့လိုက်ရပြီးနောက်တွင်တော့ သူမက ပိုပြီး အယုံအကြည် နည်းလာတော့သည်။
“တကယ်ပါပဲ၊ အဲဒီရှောင်ကျောင်း၊ သူကိုယ်တိုင် ကောလိပ်ဝင်ခွင့်စာမေးပွဲ ဝင်မဖြေနိုင်တာနဲ့ ငါ မဖြေတတ်တဲ့မေးခွန်းတွေ ထုတ်ထားတာပဲ ဖြစ်ရမယ်၊ ငါ့ရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုကို ထိခိုက်စေချင်နေတာလေ၊ ငါ့ကို ဖြေချင်စိတ် မရှိအောင် လုပ်တာ”
သူမက မေးခွန်းစာရွက်ကို နှစ်ခါလောက်ကြည့်လိုက်ပြီးနောက် ပစ်ထားလိုက်တော့သည်။
ရွှီရှောင်ကျောင်းကတော့ သူမက မေးခွန်းကို ကြည့်ကြည့် မကြည့်ကြည့် အာရုံမရှိပေ။ မည်သို့ဆိုစေ သူမ၏ရမှတ်က သူမနှင့် မဆိုင်ပေ။
အခုတော့ သူမ၏နေ့စဥ်လုပ်ငန်းဆောင်တာက စုန့်ဝေဖျင်ဆီက စက်ဘီးစီးသင်ခြင်းပင်။
ရွှီရှောင်ကျောင်းသည် စက်ဘီးသေးသေးလေးက သင်ရအလွန်ခက်လိမ့်မည်ဟု လုံးဝ မျှော်လင့်မထားခဲ့ချေ။
ပိုဆိုးသည်က ဝူချွန်းဟွားနှင့် ရွှီရှောင်ကန်းတို့က စက်ဘီးစီးနည်းကို နားလည်သွားပါလျက် သူမကတော့ နားမလည်နိုင်သောကြောင့်ပင်။
ရွှီရှောင်ကန်းမှာ အစ်မဖြစ်သူအတွက် ဘယ်လိုမျက်နှာထားမည်ပင် မသိတော့ချေ။ သူက ရက်ရက်စက်စက် ဟန်လုပ်ကာ ပြောတော့သည်။
“ဟား ဟားဟား မမ နင်ဘာလို့ အဲလောက်အ,တာလဲ၊ ကျွန်တော့်အမြင်တော့ မမက သင်လို့ မတတ်တော့ပါဘူး၊ ဒီတော့ သင်မနေနဲ့တော့၊ နောက်ဆိုရင် နင် အပြင်ထွက်ချင်တဲ့အခါ ယောက်ဖကိုပဲ ပို့ခိုင်းတော့၊ ယောက်ဖ မအားရင်လည်း ငါ ပို့ပေးပါ့မယ်”
စုန့်ဝေဖျင်က စူပုတ်နေသည့် ရွှီရှောင်ကျောင်းကို လှမ်းကြည့်လိုက်ပြီး ရွှီရှောင်ကန်းကို ဆုံးမတော့သည်။
“မင်းအစ်မကို အဲလိုမပြောနဲ့လေ”
ရွှီရှောင်ကျောင်းကတော့ သူမက သည်စက်ဘီးလေးကို စီးတတ်မှာ မဟုတ်ဟုတော့ မယုံကြည်ပေ။
“နင့် ခန္ဓာကိုယ် သေးသေးလေးနဲ့များ ငါ့ကိ တင်ချင်သေးတယ် ဟုတ်လား၊ နင့်ဟာနင်တောင် ထိုင်ခုံတောင် မီအောင် မထိုင်နိုင်ဘဲနဲ့များ၊ တန်းအောက်ကနေပဲ စီးနိုင်တာ ဘယ်သူမလို့လဲ”
သူမက ရွှီရှောင်ကန်းကို တစ်ခွန်းတည်းနှင့် အလဲထိုးလိုက်ပြီး စုန့်ဝေဖျင်ဆီက ဆက်သင်လိုက်တော့သည်။
သစ်ရွက်များအားလုံး ကြွေသွားသည့်တိုင် သူမမှာ စက်ဘီးမစီးတတ်သေးချေ။ ပညာတတ်လူငယ်များ ကောလိပ်ဝင်ခွင့်စာမေးပွဲသွားဖြေသွားချိန်တွင်လည်း သူမက စက်ဘီးစီးနည်းကို နားမလည်သေးချေ။ ကောလိပ်ဝင်ခွင့်စာမေးပွဲ အောင်စာရင်းက မကြာခင်ထွက်တော့မည်။ သူမက အခုထိ မစီးတတ်သေးချေ။
တစ်ညတွင်တော့ သူမက အကြောင်းပြချက်တစ်ခုကို ရုတ်တရက် စဥ်းစားမိလိုက်လေသည်။ ခုတင်ဘေးတွင် မှီကား စာအုပ်ဖတ်နေသည့် စုန့်ဝေဖျင်ကို ကြည့်လိုက်ပြီး သူမက သူ့ကို ခြေထောက်နှင့် လှမ်းတို့လိုက်ကာ
“စုန့်ဝေဖျင် နင် ငါ့ကို သေသေချာချာ မသင်ပေးဘူးမလား”
ဆရာဖြစ်သူ စုန့်ဝေဖျင်က ကောင်းအောင် မသင်ပေးသလို ခံစားနေမိသည်။
စုန့်ဝေဖျင်က စာအုပ်ဖတ်ရင်းက အပြုံးတစ်ဝက်နှင့် မော့ကြည့်လိုက်လေသည်။
“မတတ်တာနဲ့ ငါ့ကို အပြစ်နေတာလား”
ရွှီရှောင်ကျောင်းက သဘာဝကျကျ ပြုမူပြလိုက်ပြီး
“အင်းလေ”
စုန့်ဝေဖျင်က လက်ကိုဆန့်ကာ သူမ၏ခြေကျင်းဝတ်ကို လှမ်းကိုင်လိုက်၏။ သူမက ခြေထောက်ကို ပြန်သိမ်းချင်သည့် အားတစ်ခုကို ခံစားမိသဖြင့် သူက လွှတ်ပေးလိုက်ကာ
“ငါ အမေနဲ့ ရှောင်ကန်းကို သင်ပေးခဲ့တာပဲ၊ သူတို့အားလုံး တတ်သွားပြီလေ၊ ဒီတော့ ငါက ဘာပြောရမှာလဲ”
ရွှီရှောင်ကျောင်းက ချက်ချင်းအားငယ်သွားပြီး
“စုန့်ဝေဖျင် ငါ ဒီဘဝမှာ ဘယ်တော့မှ မစီးတတ်တော့ဘူးလို့ နင် ထင်လား”
စုန့်ဝေဖျင်က သူမနှင့် ပြန်ဆွေးနွေးလိုက်သည်။
“ဒါဆိုလည်း မသင်ပါနဲ့၊ နောက်ဆို အပြင်ထွက်တဲ့အခါ ငါ မင်းကို ခေါ်သွားပေးမယ်လေ”
ရွှီရှောင်ကျောင်းက ခေါင်းခါပြလိုက်ပြီး
“ကားမှ မဟုတ်တာ၊ နင်သာ ကားတစ်စီး ဝယ်ခဲ့ရင် နင်က ငါ့ယာဉ်မောင်း လုပ်လို့ရသေးတယ်၊ အဲလိုဆိုရင်တောင် ငါ စက်ဘီး စီးတတ်ချင်သေးတယ်၊ လာမဲ့နွေဦးကျရင် စီးရအောင်လို့လေ”
သူမက လက်မလျှော့ပေ။ အချိန်ရတိုင်း စက်ဘီးပေါ် ခုန်တက်နေတတ်သည်။
ထို့ကြောင့် သူမ စက်ဘီးမစီးတတ်သည့်သတင်းက တရွာလုံးနီးပါး ပျံ့သွားတော့သည်။
ကောလိပ်ဝင်ခွင့် စာမေးပွဲပြီးသွားသည့်နောက်တွင် ကျိုးဖင့်ရှန်းက သူမကို လာတွေ့လေသည်။ သူမကတော့ ဝမ်းနည်းပလက်ဖြင့်
“ဖင့်ရှန်း ငါ့ကို ပြောစမ်းပါ၊ ငါလေ အဲဒီနှစ်ဘီးပဲ ရှိတဲ့ဟာကို ဘာလို့ မစီးတတ်တာလဲ၊ ငါ အဲလောက်တောင် အ,နေတာလား”
ရွာထဲတွင် စက်ဘီးကို လောဘနှင့် စောင့်ကြည့်နေကြသူများလည်း ရှိလေသည်။ သူမက စက်ဘီးစီးသင်ချိန်တွင် မကြာခဏဆိုသလို သူတို့ကို တစ်ပတ် နှစ်ပတ်လောက် ပေးစီးတတ်သည်။ သူတို့က သုံး၊ လေးခါလောက် ကြိုးစားပြီးနောက်တွင် စီးတတ်သွားကြသော်လည်း သူမကတော့ မစီးတတ်ခဲ့ပေ။
ထိုရွာသားများက သူမကို နှစ်သိမ့်ချင်ဟန်ဆောင်ကြလေသည်။
“ဝေး ရှောင်ကျောင်း စိတ်မပူပါနဲ့၊ နင်ဘာကိုပဲ သင်သင် မြန်မြန်တတ်တဲ့အချိန်နဲ့ ဖြည်းဖြည်းမှ တတ်သွားတဲ့အချိန်ဆိုတာ ရှိပါတယ်”
“ရှောင်ကျောင်း နင် မစီးတတ်လည်း ဘာမဖြစ်ပါဘူး၊ နင် အပြင်သွားချင်တိုင်း ဝေဖျင်ကို လိုက်ပို့ခိုင်းပေါ့”
“ဒီလိုဟာမျိုးကို စီးဖို့က ခြေတံရှည်ဖို့လိုတာ တွေ့ရတယ်၊ ရှောင်ကျောင်း၊ ရှောင်ကျောင်း နင့်ခြေထောက်တွေကလည်း မတိုပါဘူးဟဲ့”
သူတို့က ရယ်သံများကို မထိန်းအောင် ဖြစ်နေသည်ကို တွေ့လိုက်ရတော့ သူမမှာ အလွန် စိတ်ဆင်းရဲရတော့သည်။
သည်ကိစ္စက ရွာထဲတွင် သတင်းဖြစ်လာတော့သည်။ အားလုံးက ရွှီရှောင်ကျောင်း စက်ဘီးစီးတတ်မည့် အချိန်ကို စောင့်နေကြလေသည်။ ကျိုးဖင့်ရှန်းကလည်း ထိုအကြောင်းကို အလိုလို သိပြီးသားပင်။ သူမမှာလည်း မရယ်ဘဲ မနေနိုင်ဖြစ်ရလေသည်။
“အားလုံးမှာ အားနည်းချက် အားသာချက်တွေ ရှိတာပဲ၊ နင့်ခေါင်းက တော်တော်လေး ဉာဏ်ကောင်းပြီးသားပဲ၊ စက်ဘီးစီးသင်တာ နှေးတယ်ဆိုလည်း စိတ်လျှော့ထားလိုက်၊ အချိန်ယူလိုက်ပေါ့”
ရွှီရှောင်ကျောင်းက သည်လိုစဥ်းစားမိလေသည်။ ဧကန္တ ငါလေးက အရမ်းပျင်းပြီး ပုံမှန်ဆိုရင် စကားပဲပြောပြီး မလှုပ်ရှားလို့များလား။ ဦးနှောက်ဆဲလ်တွေက ကောင်းကောင်း ဖွံ့ဖြိုးနေပေမဲ့ လှုပ်ရှားမှုယန္တရားဆဲလ်တွေက ကေောင်းကောင်း မဖွံ့ဖြိုးတာများလား။
အင်း။ အများကြီး စီစစ်စဥ်းစားကြည့်လိုက်တော့ ဒါက တစ်ခုတည်းသော အကြောင်းအရင်းလို့ ခံစားနေရတာပဲ။
သူမက လွမ်းတသသ ပြောတော့သည်။
“အိုး ငါကတော့ စက်ဘီးလေးစီးပြီး လယ်ကွင်းကြားက ဂျုံခင်းလှိုင်းလုံးတွေကို လေချွန်ပြီး ဖြတ်စီးချင်တာ၊ အဲဒီရှုခင်းကလေး စဥ်းစားလိုက်ရုံနဲ့တင် လှနေရောပဲ”
ကျိုးဖင့်ရှန်းက သူမကို နှစ်သိမ့်ပေးလိုက်၏။
“နောက်နှစ်ရောက်ဖို့ အချိန်ရှိပါသေးတယ်ဟယ်၊ ဆောင်းတွင်းမှာလည်း လုပ်စရာမှမရှိတာ၊ ဒီတော့ ဖြည်းဖြည်းချင်းသင်”
ရွှီရှောင်ကျောင်းက ခေါင်းညိတ်ပြလိုက်၏။ ဒီလိုပဲ လုပ်ရတော့မှာပဲ။ လေ့ကျင့်ခန်းလို့ပဲ မှတ်ရတော့မယ်။
တစ်ချိန်ထဲတွင် ကျောက်ယန်ယန်နှင့် တခြားသူများကလည်း သည်ကိစ္စအကြောင်း ပြောနေကြလေသည်။
ကျောက်ယန်ယန်က ပီတိဖြာနေရင်း
“အိုးဟယ် တရွာလုံးလည်း ဒီအကြောင်း ပြန့်နေပြီ၊ သူက အရမ်းအ,တာပဲ၊ စုန့်ဝေဖျင်ကဖြင့် နောက်ဆုံးတော့ သူ့အတွက်ဆိုပြီး တစ်နေရာက စက်ဘီးတစ်စီး ရအောင် လုပ်ပေးခဲ့တာ သူကတော့ ကြွားချင်တာပဲသိတယ်၊ ဘယ်လိုစီးရမလဲမဆိုတာကျတော့ မသိဘူးတဲ့လေ”
ကောလိပ်ဝင်ခွင့်စာမေးပွဲသည် ပြီးသွားသော်လည်း ချန်းရွှယ်က မပြန်ချေ။ သူမက ကျောက်ယန်ယန်၏ နှာခေါင်းအောက်တွင်ပင် ဟန်ကွမ်းဟွေနှင့် အီစီကလီလုပ်နေလေသည်။ သူတို့နှစ်ယောက်လုံးကလည်း ဒါကို တော်တော်လေး ပျော်စရာကောင်းသည်ဟု ထင်သည်။ ကျောက်ယန်ယန် ပြောလိုက်သည့် စကားကို ကြားလိုက်ချိန်တွင် သူမလည်း ရယ်မောလိုက်၏။
“သူ အ,တာ ဒီကနေတောင် မြင်ရတယ်၊ သူ ကောလိပ်စာမေးပွဲ မဖြေတာလည်း မဆန်းဘူး၊ ဒါက ရှက်စရာကောင်းတယ်မလား”
ကျောက်ယန်ယန်က ခေါင်းညိတ်လိုက်ပြီး
“မဟုတ်လို့လား၊ အစ်ကိုကွမ်းဟွေ ငါ့ကို သင်ပေးတုန်းက နှစ်ရက် သုံးရက်လောက်နဲ့ တတ်သွားတာ၊ ရှောင်ရွှယ် နင်လည်း အစ်ကိုကွမ်းဟွေကို သုံး၊ လေးရက်လောက် သင်ခိုင်းလိုက်လေ၊ နင် စက်ဘီး မစီးတတ်သေးဘူးမလား၊ ငါက နင့်ထက် ပိုဉာဏ်ကောင်းတယ်နော်”
သူမက စက်ဘီးစီးသင်တော့ ရွှီရှောင်ကျောင်းနဲ့ ချန်းရွှယ်တို့ထက် ပိုမြန်မြန် တတ်သွားတယ်လေ။ သဘောက သူမက သူတို့နှစ်ယောက်ထက် ပိုဉာဏ်ကောင်းတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။ သူမရဲ့ကောလိပ်ဝင်ခွင့်စာမေးပွဲ အမှတ်ကလည်း ချန်းရွှယ်ထက် ပိုကောင်းရမယ်။
ချန်းရွှယ်က စိတ်ထဲမှ ရယ်မောလိုက်လေသည်။ သူမက တမင် မတတ်အောင် သင်တာလေ။ အခု ကောလိပ်စာမေးပွဲလည်း ပြီးသွားပြီ။ အားလုံးက အားနေကြတာ။ သူမမှာ ဟန်ကွမ်းဟွေနဲ့ အတူတူ ရှိနေဖို့ အကြောင်းပြချက်ကောင်းကောင်းတောင် မရှိတော့ဘူး။ ဒီတော့ သူနဲ့အတူတူရှိနဖို့ စက်ဘီးစီးသင်တာကိုပဲ ဆင်ခြေတစ်ခုလို အသုံးချရတော့တာပေါ့။
သူမက လဲကျသွားချင်ဟန် ဆောင်လိုက်တဲ့အချိန်တိုင်း ဟန်ကွမ်းဟွေက အရမ်းစိုးရိမ်သွားတာလေ။ သူက သူမရဲ့ခါးကို ကိုင်ပြီး အဆင်ပြေရဲ့လားလို့တောင် မေးသေးတယ်။ အဲဒီကဏ္ဍမှာ ဟန်ကွမ်းဟွေက သူမအပေါ်ခံစားချက် ရှိတာကို မြင်နိုင်သားပဲ။
တကယ်လို့သာ ကောလိပ်ဝင်ခွင့်စာမေးပွဲရလဒ်က ထွက်လာရင်တော့ သူမနဲ့ ဟန်ကွမ်းဟွေတို့ ကောလိပ်ဝင်ခွင့်ရလိမ့်မယ်။ ကျောက်ယန်ယန်ကတော့ အောင်မှာ မဟုတ်ဘူး။ နောက်ဆိုရင် သူတို့နှစ်ယောက်ကို တားမဲ့သူ မရှိတော့ဘူး။
ထိုအကြောင်းကို စဥ်းစားမိတော့ ချန်းရွှယ်က ဘဝင်ခိုက်သွားကာ ကျောက်ယန်ယန်ကို လှမ်းကြည့်လိုက်လေသည်။ သူမက စကားလမ်းကြောင်း လွှဲလိုက်ပြီး
“ရွှီရှောင်ကျောင်းက ကျိုးဖင့်ရှန်းကို စက်ဘီးပေးစီးမယ်လို့ ထင်လား”
ကျောက်ယန်ယန်က သူမ၏နှုတ်ခမ်းကို ကွေးထားလိုက်ပြီး
“ကျိုးဖင့်ရှန်း စီးတတ်ရင်တောင် သူတော့ စီးတတ်လာမယ် မထင်ဘူး၊ ကျိုးဖင့်ရှန်ရဲ့ပုံစံကို နင်မတွေ့ဘူးလား၊ သူက ဘယ်သူမဆိုထက် အလုပ်မှာ ပိုတက်ကြွတယ်၊ ပြီးတော့ နေ့တိုင်း အားလုံးထက်လည်း အလုပ်ပိုကြိုးစားတယ်၊ သူက ငတုံးတစ်ယောက်ပဲ၊ ငါ့အမြင်တော့ သူ့တစ်ဘဝလုံး လယ်စိုက်နေရလိမ့်မယ်”
သူတို့နှစ်ယောက်က အချင်းချင်း ကြည့်လိုက်ကြပြီး အသံထွက်ကာ အော်ရယ်ကြလေသည်။
“ဟေ့ ဟေ့ ရဲဘော်တို့ ကျေးဇူးပြုပြီး အာရုံစိုက်ပေးကြပါ၊ ရဲဘော်တို့ ကျေးဇူးပြုပြီး အာရုံစိုက်ပေးကြပါ၊ ငါက ဌာနခွဲစာရေးပါ၊ နောက်ပြီး ငါ့မှာ အရမ်းကောင်းတဲ့သတင်းကို ကြေညာစရာရှိတယ်၊ အားလုံးပဲ ကျေးဇူးပြုပြီး အာရုံစိုက်ပေးကြပါ”
သူတို့နှစ်ယောက်သည် အသံကျယ်ကျယ်နှင့် အော်ရယ်လိုက်ကြချိန်တွင် ရွာထဲက လောစပီကာသံကို ကြားလိုက်ရ၏။
ဆောင်းတွင်း ရောက်နှင့်နေပြီးဖြစ်သည်။ လောစပီကာကို ပုံမှန်ဆိုလျှင် မသုံးကြချေ။ ထို့ကြောင့် သူတို့က ဘာဖြစ်နေပါလိမ့်ဟု စဥ်းစားလိုက်ကြလေသည်။
ရွာဌာနခွဲစာရေး၏ရိုးရှင်းသည့်အသံက အပြုံးတစ်ခုကို ဆောင်ထားလေသည်။
“ဒါက ငါတို့မိန်လင်ရွာရဲ့ ဂုဏ်ကျက်သရေပဲ၊ ကျေးဇူးပြုပြီး အာရုံစိုက်ပေးကြပါ၊ ရဲဘော်ကျိုးဖင့်ရှန်း ငါတို့မိန်လင်ရွာရဲ့ ပညာတတ်လူငယ်တစ်ယောက်၊ ရဲဘော်ကျိုးဖင့်ရှန်းက ကောလိပ်ဝင်ခွင့်အတွက် ခွင့်ပြုစာတစ်စောင် ရခဲ့ပါတယ်၊ သူ ကောလိပ် ဝင်ခွင့်ရသွားပါပြီ၊ သူ ကောလိပ်ဝင်ခွင့်ရသွားပါပြီ ခင်ဗျ”
“ရဲဘော်ကျိုးဖင့်ရှန်း ကျေးဇူးပြုပြီး တပ်ဖွဲ့မှာ မင်းရဲ့ခွင့်ပြုမိန့်ကို သွားယူပေးပါ၊ တပ်ဖွဲ့မှာ မင်းရဲ့ခွင့်ပြုမိန့်ကို ကျေးဇူးပြုပြီး သွားယူပေးပါ”
စုန့်ဝေဖျင်၏အိမ်တွင် ရွှီရှောင်ကျောင်းက ကြောင်အမ်းအမ်းဖြစ်နေသည့် ကျိုးဖင့်ရှန်းကို ဖက်ကာ အားပေးတော့သည်။
“ဝိုး ဖင့်ရှန်း နင် အောင်သွားပြီ၊ နင် ကောလိပ်ဝင်ခွင့်ရသွားပြီ ဖင့်ရှန်း”
ကျိုးဖင့်ရှန်းသည် ရွှီရှောင်ကျောင်းကို ကြောင်အမ်းအမ်းနှင့် ငေးကြည့်နေလေသည်။ သတိပြန်ဝင်လာဖို့ အချိန်တော်တော်ယူလိုက်ရသည်။
“ငါ့ဝင်ခွင့် ခွင့်ပြုမိန့်ဟုတ်လား”
ရွှီရှောင်ကျောင်းက ခေါင်းကို တရကြမ်းညိတ်ပြလိုက်၏။ ကျိုးဖင့်ရှန်း မည်မျှကြိုးစားသည်ကို သူမ အသိဆုံးပင်။ သည်အသိပေးစာက သူမအတွက် မည်မျှအရေးပါသည်ကိုလည်း သိပေသည်။
“ဟုတ်တယ်၊ နင့်အတွက်စာ။ နင် ကောလိပ်တက်ရတော့မယ်”
ကျိုးဖင့်ရှန်းသည် စိတ်အေးသွားကာ ရယ်မောရင်း မျက်ရည်များက အသံတိတ်စီးကျသွားတော့သည်။
ရွှီရှောင်ကျောင်းက သူမ၏မျက်ရည်များကို သုတ်ပေးလိုက်ပြီး
“နင် ဘာလို့ ငိုနေတာလဲ၊ နင် ဝမ်းသာသင့်တာလေ၊ နင်က အရမ်းတော်တာပဲ”
ကျိုးဖင့်ရှန်းက ရွှီရှောင်ကျောင်းကို ဖက်ထားလိုက်ပြီး သူမကို ဆွဲဝေ့လိုက်ကာ
“ရှောင်ကျောင်း ကျေးဇူးတင်ပါတယ်၊ နင်က ငါ စာလုပ်တာကို ကူညီပေးခဲ့တဲ့အပြင် စာမေးပွဲမတိုင်ခင် ငါ့အတွက် မေးခွန်းတွေကိုလည်း ခန့်မှန်းပေးခဲ့တယ်၊ အဲဒီမေးခွန်းတွေထဲက ၆၀%က အဓိကအချက်ကို ပေါက်သွားတယ်လေ၊ ရှောင်ကျောင်း နင်က အကောင်းဆုံးပဲ”
ရွှီရှောင်ကျောင်းသည် ကောလိပ်ဝင်ခွင့်ရသည့် သူမ၏သူငယ်ချင်းအတွက် ဝမ်းသာရလေသည်။ သူမက ကျိုးဖင့်ရှန်းကို တင်းနေအောင် ကိုင်ထားပြီး အသက်ပင်မရှူနိုင်လောက်အောင် ဖြစ်နေပြီး
“ဟား ဟား ဟား ဖင့်ရှန်း၊ နင် ဘာလို့ အဲလောက်တောင် အားသန်နေတာလဲ, ငါ့ကိုမြန်မြန်ချပေးပါဟဲ့၊ အိုက်ယား ငါ မူးလာပြီ”
ခြံထဲတွင် စုန့်ဝေဖျင်က ဝမ်းသာမျက်ရည်ဖြင့် ငိုနေသည့် ကျိုးဖင့်ရှန်း ဖက်ထားတာ ခံထားရသည့် ရွှီရှောင်ကျောင်းကို ကြည့်နေမိ၏။ သူ့စိတ်ထဲတွင် သက်ပြင်းချမိတော့သည်။
တပ်ဖွဲ့တွင် ရွာဌာနခွဲစာရေးက လော်စပီကာ ပိတ်လိုက်ပြီး အနီရောင်ပိတ်စကြီးတစ်ခုဖြင့် အသံချဲ့စက်ကို ဖုံးလိုက်ပြီး ကျိူုးဖင့်ရှန်း၏စာကို အာရုံစိုက်ကာ စိုက်ကြည့်နေမိလေသည်။ လေးထောင့် ဘောင်လေးပေါ်တွင် အနီရောက်စာလုံးများ ရေးထားသည်။ - ‘ဝင်ခွင့်အသိပေးစာ’။ သူသည် အထဲက အကြောင်းအရာကို မသိသော်လည်း သည်စာလုံးများကို အကြိမ်ကြိမ်ဖတ်ပြီးသည့်တိုင် ဖတ်လို့မဝနိုင် ဖြစ်လေသည်။
စာလေ့လာတာ ကောင်းတဲ့ကိစ္စပဲ။ စာကို သေချာလုပ်ရင် ကောလိပ်ဝင်ခွင့်ရလိမ့်မယ်။ ဘယ်လောက်တောင် ဂုဏ်ယူစရာကောင်းလိုက်သလဲ။
သူသည် ကျိုးဖင့်ရှန်းကို စောင့်နေစဥ် တံခါးအပြင်ဘက်က အလောတကြီးခြေသံများကို ကြားလိုက်ရလေသည်။
ထို့နောက် ဝှစ်ခနဲဆိုလျှင် လူတစ်အုပ်က ဝင်လာတော့သည်။
ရွာဌနခွဲစာရေးက မော့ကြည့်လိုက်၏။ ဪ ။ ကျိုးဖင့်ရှန်းကလွဲရင် တခြားပညာတတ်လူငယ်အားလုံး ရောက်လာကြတာပဲ။
“နင်တို့တွေ ဒီမှာ ဘာလုပ်နေတာလဲ”
ရွာဌာနခွဲစာရေးက အခုတော့ သူတို့အပေါ် အမြင်မကြည်တော့ပေ။ အလုပ်များတဲ့ စိုက်ပျိုးရေးရာသီမှာ ကျိုးဖင့်ရှန်းက တစ်ရက်တောင် ခွင့်မယူဘဲ ကောလိပ်ဝင်ခွင့် ရခဲ့တယ်လေ။ ဒီဟာတွေကျကတော့ ပြန်လှန်လေ့ကျင့်ခန်း လုပ်မလို့ဆိုပြီး အရမ်းကို ကျလောက်အောင် အာပေါင်အာရင်းသန်သန်နဲ့ တောင်းဆိုခဲ့ကြတယ်။ တစ်ရက်စာ အလုပ်တောင် မပြီးဖူးသလို စာမေးပွဲလည်း မအောင်ကြဘူး။ ဒီအကြောင်း စဥ်းစားကြည့်ရုံနဲ့ သူတို့အတွက် ရှက်လိုက်တာ။
“ဌာနခွဲစာရေး အသိပေးစာဘယ်မှာလဲ”
ရွာဌာနခွဲစာရေးက စားပွဲဆီသို့ မေးငေါ့ပြလိုက်လေသည်။
“ဟိုမှာ”
ကျောက်ယန်ယန်နှင့် တခြားသူများက စားပွဲကို လှမ်းကြည့်လိုက်ကြလေသည်။ ပေါ်တွင် ‘ကျိုးဖင့်ရှန်းအတွက်စာ’ဟု ရှင်းနေအောင် ရေးထားလေသည်။
“မဟုတ်ဘူးလေ ကျွန်မတို့ရဲ့စာ”
ရွာဌာနခွဲစာရေးက သူတို့ကို မျက်စောင်းဖြင့်ကြည့်လိုက်ပြီး
“နင်တို့ရဲ့စာ ဟုတ်လား၊ နင်တို့မှ စာမေးပွဲ မအောင်တာ၊ ဘာစာရှိမှာလဲ”
...
အပိုင်း (၃၀) အောင်ဘာလေထီ
“ကျိုးဖင့်ရှန်းတစ်ယောက်ထဲ အောင်တာ အမှန်ပဲ၊ ပြီးတော့ နေ့တိုင်း အာရိုက်နေကြတဲ့ ကျန်တဲ့နင်တို့တွေက စာမေးပွဲမအောင်ဘူးမလား”
“အိုး မဟုတ်လို့လား၊ ပြောကြည့်စမ်းပါ၊ ရှက်ဖို့မကောင်းဘူးလား၊ နေ့တိုင်း သူတို့တွေက လော်စပီကာတစ်ခု အော်ဟစ်ပြောတော့မတတ်ပဲ၊ ပြီးတော့ ရလဒ်ကျတော့ရော၊ ကျိုးဖင့်ရှန်းက အလုပ်ရမှတ်ကို ရှာဖို့လည်း အချိန်မဆွဲဘူး၊ ပြီးတော့ သူက စာမေးပွဲ အောင်သွားတယ်”
“ဟန်ကွမ်းဟွေ စာမေးပွဲကျလိမ့်မယ်လို့ ငါ မထင်ထားဘူး၊ နေ့တိုင်း မျက်မှန်တပ်ပြီး အရမ်းကို သားနားနေတဲ့ရုပ်ရည်ကို ကြည့်လေ၊ သူ စာမေးပွဲအောင်မယ်လို့ ငါက ထင်ထားတာ”
“ဖွီး ၊ အဲဒီချန်ရွှယ်ရောပဲ၊ တစ်ခါက သူ ဟန်ကွမ်းဟွေနဲ့ အပြင်ထွက်သွားတာ ငါ တွေ့သားပဲ၊ ညသန်းခေါင်ကြီးနော်၊ ကျွတ်...ကျွတ်၊ အဲလို ကွေ့ကောက်တဲ့စိတ်ဓာတ်နဲ့ သူက ဘယ်လိုလုပ်ပြီး စာမေးပွဲ အောင်မှာလဲ”
“ကျောက်ယန်ယန်လည်း အတူတူပဲ၊ ဉာဏ်ကောင်းတဲ့ရုပ်နဲ့ မွေးလာပြီးတော့ ဘာမှလဲမဟုတ်ဘူး၊ သူက ကလေးမချန်းရွှယ်ကို လူကောင်းတစ်ယောက်လိုတောင် ဆက်ဆံလိုက်သေးတယ်”
“ကဲပါ ကဲပါ မပြောကြနဲ့တော့၊ သူတို့အားလုံး ရောက်လာကြပြီ”
လမ်းဆုံတွင် စကားပြောနေကြသည့် အဒေါ်ကြီးတချို့က မျက်ရိပ်ပြလိုက်ပြီး ထိုအကြောင်းကို ရပ်ကာ တခြားအကြောင်းများ စတင်ပြောဆိုလိုက်ကြလေသည်။
ဟန်ကွမ်းဟွေနှင့် တခြားသူများက တပ်ဖွဲ့မှ ထွက်လာချိန်တွင် သူတို့သည် ကြားခဲ့ရသည့်စကားကို မယုံကြည်နိုင်ခဲ့ပေ။
စာမေးပွဲ မအောင်ဘူးတဲ့။ သူတို့တွေ တစ်ယောက်မှ စာမေးပွဲမအောင်ဘူးတဲ့။
“မဖြစ်နိုင်ဘူး၊ ငါက ဘယ်လိုလုပ်ပြီး စာမေးပွဲကျမှာလဲ”
ကျောက်ယန်ယန်က တစ်ယောက်တည်း ရေရွတ်လိုက်သည်။
ချန်းရွှယ်က သူမကို လှမ်းကြည့်လိုက်၏။ သူမသည် ကျောက်ယန်ယန်၏အဆင့်ကို ခံစားမိလေသည်။ သူက ဘယ်လိုလုပ်ပြီး စာမေးပွဲ အောင်နိုင်မှာလဲ။ ပြီးတော့ သူမက ဒါကို မယုံဘူး။ သူမနဲ့ ဟန်ကွမ်းဟွေက ဘာလို့ စာမေးပွဲမအောင်တာလဲ။
သူမက ဟန်ကွမ်းဟွေနား ကပ်သွားပြီး သူ့ကို အသာအယာ ထိလိုက်ကာ
“ကွမ်းဟွေ”
ဟန်ကွမ်းဟွေက သူမကို စူပုတ်ကာ ကြည့်လိုက်သော်လည်း နှုတ်ဆိတ်ပြီး နေလိုက်လေသည်။
တဖက်တွင်တော့ လီယုံဟိုင်က အမြင်ကျယ်သူဖြစ်သည်။
“ဟေး ဒီကိစ္စက အရမ်းလွယ်နေရင် အားလုံးက ကောလိပ်ရောက်ကုန်မှာပေါ့၊ ငါ့အဖြေလွှာမှာ အလွတ်တွေ အများကြီးပဲ၊ ဒီတော့ ငါ အောင်မှာမဟုတ်ဘူးဆိုတာ သိနေတယ်”
အခု သူအံ့ဩမိနေတာက ကျိုးဖင့်ရှန်း စာမေးပွဲအောင်တာကိုပဲ။ ကျောက်ယန်ယန်နဲ့ တခြားသူတွေ ပြောတာတော့ ကျိုးဖင့်ရှန်းက စာသေချာလုပ်တဲ့ပုံ မပေါ်ပါဘူး။ သူ အချိန်ရမှာ သူမကို အဲဒီအကြောင်း မေးကြည့်အုံးမယ်။ သူသာ သူမရဲ့မှတ်စုတွေကို ကူးထားနိုင်ရင် ကောင်းမှာပဲ။
“ငါ စီရင်စုစာတိုက်ကို သွားကြည့်လိုက်အုံးမယ်၊ ငါ့အတွက် စာများ ကျန်နေမလားလို့” ဟန်ကွမ်းဟွေက ပြောလိုက်သည်။
ချန်းရွှယ်ကသူ့ကို လှမ်းကြည့်လိုက်ပြီး
“ငါလည်း သွားကြည့်မယ်”
ကျောက်ယန်ယန်၏ မျက်လုံးများက ပို၍ပင် လင်းလက်သွားလေသည်။ သူမကလည်း ခေါင်းတွင်တွင်ညိတ်လိုက်ပြီး
“ငါ သိပြီ၊ စာတိုက်က ငါတို့အတွက် ဝင်ခွင့်အသိပေးစာ မပို့ရသေးတာဖြစ်မယ်၊ ငါ သိပါတယ်၊ ငါတို့တွေက ဘယ်လိုလုပ်ပြီး စာမေးပွဲမအောင်ရမှာလဲ၊ သွားပြီး တစ်ချက်ကြည့်ရအောင်”
လီယုံဟိုင်က နေရာတွင် ပေါ်လာသည်။ သည်လိုအေးချမ်းသည့်ရာသီဥတုတွင် သူက အိမ်ပြန်ပြီး မီးဖိုဘေးတွင်ထိုင်ကာ နောက်နှစ်အတွက် စာလေ့လာမည့်ပုံစံကို စဥ်းစားမည်ဟု ပြောချင်လိုက်သည်။ လိပ်စာဖြည့်တုန်းက သူတို့တွေ စာလုံးတိုင်းကို စစ်ဆေးခဲ့တာပဲ။ ဒီတော့ ဘာအမှားမှ မရှိနိုင်ဘူး။ သို့သော် သူ မပြောလိုက်နိုင်ခင်မှာပင် သူသည် ဆွဲသွားခံလိုက်ရတော့သည်။
စုန့်အိမ်တွင်တော့ ရွှီရှောင်ကျောင်းက ကျိုးဖင့်ရှန်းကို လိုက်ပို့ပေးလိုက်ပြီး အသိပေးစာကို တစ်ချက်ကြည့်ဖို့ အားလျှင် ယူလာဖို့ ပြောလိုက်လေသည်။ သည်လိုနှင့် သူမသည် သမိုင်းကို မျက်မြင်ကိုယ်တွေ့မြင်ခဲ့သည်ဟု မှတ်ယူနိုင်ပေသည်။
သူမတွင် ဝမ်းသာခြင်းထက် တခြားဘာခံစားချက်မှ မရှိနေသည်ကို တွေ့လိုက်ရသဖြင့် စုန့်ဝေဖျင်က စိတ်အေးသွားကာ သက်ပြင်းချလိုက်လေသည်။
ရွှီရှောင်ကျောင်းက အခုတော့ သူ့ခံစားချက်များကို နည်းနည်းသတိထားမိလာတတ်လေသည်။
“စုန့်ဝေဖျင် ဘာဖြစ်တာလဲ၊ ငါ နောင်တရမှာ စိုးရိမ်နေတာလား”
စုန့်ဝေဖျင်က သူမ သတိထားမိသွားလိမ့်မည်ဟု မျှော်လင့်မထားချေ။ သူက ခေါင်းညိတ်ပြလိုက်၏။
“ငါ နောင်တရခဲ့ရင်ကော နင်က နောက်နှစ် ငါ စာမေးပွဲဖြေဖို့ အားပေးမှာလား” ရွှီရှောင်ကျောင်းက သူ့ကိုမေးလိုက်သည်။
စုန့်ဝေဖျင်က ခေါင်းထပ်ညိတ်ပြလိုက်ပြီး
“အားပေးမှာပေါ့”
ရွှီရှောင်ကျောင်းက ရယ်မောလိုက်ပြီး
“ဒါဆို နင်က ဘာကိုစိုးရိမ်နေတာလဲ၊ မစိုးရိမ်ပါနဲ့လေ၊ ငါ ဒီကိစ္စကို နောင်တမရပါဘူး၊ ဒါပေါ့ နောက်နှစ်ကျရင်လည်း ငါ ဝင်မဖြေချင်ပါဘူး၊ ငါတို့မိသားစု တဖြည်းဖြည်း အဆင်ပြေလာတာ တွေ့ရတော့ စာလုပ်ဖို့ ငါ့ဦးနှောက်ကို ထပ်မသုံးချင်တော့ဘူး၊ ဘာပဲဖြစ်ဖြစ် နင် ငါ့ကို ထောက်ပံ့ပေးနေမှာပဲလေ”
ဒါပေမဲ့။
“နင် ဖြေချင်တယ်ဆိုရင်တော့ နင် ဖြေပါ၊ ငါ ဖင့်ရှန်းကို ပေးခဲ့တာ မေးခွန်းအစုံနဲ့ဆိုရင် နင်လည်း အားလုံးကို နားလည်သလောက်ပဲမလား”
“ငါ ဖြေမှာ မဟုတ်ဘူး”
စုန့်ဝေဖျင်က တစ်ခွန်းတည်းသာ ပြောလိုက်ပြီး စကားလမ်းကြောင်း ပြောင်းလိုက်တော့သည်။
“စက်ဘီးစီး သွားသင်ကြမလား”
သို့နှင့် သူတို့နှစ်ယောက်သည် မြို့သို့သွားသည့် လမ်းမကြီးဆီသို့ ရောက်လာခဲ့လေသည်။ စုန့်ဝေဖျင်က တဖန် ရွှီရှောင်ကျောင်း၏ဆရာဖြစ်လာတော့သည်။
စိတ်ကြည်လင်နေ၍လားတော့မသိပေ ရွှီရှောင်ကျောင်းသည် သည်နေ့မှ နည်းလမ်းတစ်ခုကို ကျွမ်းကျင်တတ်မြောက်သွားသလို ခံစားနေရသယောင်။
သူမသည် ကြိုးစားစား သင်ယူနေသဖြင့် ကောင်းကင်မှ နှင်းမှုန်လေးများ ကျလာသည်ကိုပင် သတိမထားမိခဲ့ချေ။ သူမ၏စိတ်ဝင်စားမှုက အမြင့်ဆုံးသို့ ရောက်နေလေသည်။
ဟန်ကွမ်းဟွေနှင့် တခြားသူများကတော့ ရှက်နေကြသည်။ မြို့က စာတိုက်တွင်လည်း သူတို့အတွက် ဘာစာမှ မရှိချေ။
စာတိုက်စာရေးက သူတို့ကိုပင် ဆူဆဲလိုက်သေးသည်။
“နင်တို့တွေ လိပ်စာကို မှန်မှန်ကန်ကန် ဖြည့်ထားတယ်ဆိုရင် မရှိတာက မရှိလို့ပေါ့၊ ဒါက တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကိစ္စကြီးတစ်ခုပဲ၊ ငါက ဘယ်လိုလုပ်ပြီး မှားအောင်လုပ်မှာလဲ၊ ဒီနေ့ ဘာမှ အလုပ်မပြီးပါဘူးဆို နင်တို့ ဒီကိစ္စရှင်းပြနေရတာနဲ့ ငါ့အချိန်တွေ အလကားဖြစ်ကုန်ပြီ၊ ပြောပါအုံးမယ်၊ နင်တို့တွေ ကိုယ်ကျက်မှတ်ထားတဲ့အခြေအနေကိုတောင် အရိပ်အကဲ မသိတတ်ကြဘူးလား၊ နင်တို့ စာမေးပွဲမအောင်ဘူးဆိုရင် မအောင်လို့ပေါ့၊ အခုမှ စာတိုက်ကို လာအပြစ်ပြောနေတာလား၊ ချက်ချင်းထွက်သွားကြ”
အပြန်လမ်းတွင် လေထုက အင်မတန်ထိုင်းမှိုင်းလို့နေသည်။ ဟန်ကွမ်းဟွေမှာ အဖြစ်ကို မယုံနိုင်ပေ။
“ ငါက ဘယ်လိုလုပ် စာမေးပွဲကျနိုင်မှာလဲ၊ တခြားသူသာ ကျချင်ကျမယ်၊ ငါကတော့ ဘယ်လိုဖြစ်ပြီး စာမေးပွဲကျမှာလဲ”
နောက်ဆုံးတော့ သူတို့သည် လင်မယားဖြစ်နေလေသည်။ ကျောက်ယန်ယန်က အလွန်မှ စိတ်ပျက်လက်ပျက် ဖြစ်နေသည့်သူ့အတွက် စိတ်မကောင်းဖြစ်ရသည်။
“အစ်ကို ကွမ်းဟွေ ဝမ်းမနည်းပါနဲ့တော့၊ နောက်နှစ်ကျရင်လည်း နောက်ထက်ကောလိပ်ဝင်ခွင့် စာမေးပွဲ ရှိသေးတယ်မလား၊ ထပ်ဖြေကြတာပေါ့နော်၊ အဲဒီအခါကျရင်တော့ ညီမတို့ ကောလိပ်တက်သွားရမှာပါ၊ ကျွန်မတို့ကို ရယ်နေမဲ့ ရွာကလူတွေကို ပေးရယ်ထားလိုက်ပါ....”
“တော်တော့”
ဟန်ကွမ်းဟွေက ခက်ကြမ်းကြမ်း အောက်ငေါက်လိုက်တော့သည်။
“ကျောက်ယန်ယန် နင် ပါးစပ်ပိတ်မထားနိုင်ဘူးလား၊ နင်ဟာလေ နေ့တိုင်း စိတ်ရှုပ်စရာကောင်းတာပဲ၊ နင် အဲဒါကို သိရဲ့လား”
သူ့ရင်ဘတ်က ပြင်းပြင်းထန်ထန် နိမ့်လိုက်မြင့်လိုက်ဖြစ်နေတော့သည်။
“မျိုးစုံပြစ်တင်ညည်းညူနေတာကလွဲရင် နေတိုင်း နင် တခြားဘာပြောတတ်သေးလဲ၊ ငါ မင်းကို လက်ထပ်ပြိးကတည်းက ဘာတစ်ခုမှ ကောင်းကောင်းအဆင်မပြေဘူး၊ နင်ဟာလေ သောက်ကျိုးနဲ ဂြိုဟ်ဆိုးတစ်ခုပဲ”
ကျောက်ယန်ယန်မှာ သူမက သူ့ကို စေတနာနှင့် နှစ်သိမ့်ပေးနေသည်ဟု ခံစားမိလေသည်။ သူက ထိုစကားကို ကျေးဇူးမတင်သည်ကိုတော့ သူမက လက်မခံနိုင်ပေ။
“ငါက ဂြိုဟ်ဆိုးတစ်ယောက် ဟုတ်လား၊ နင့်မှာ အရည်အချင်းမရှိတာကိုကျတော့ ဘာလို့ ထည့်မပြောတာလဲ၊ ငါက နင့်ကို ပျော့ညံ့တဲ့သူလို့ ထင်တာ နင့်က နင့်ကိုယ်နင် အရည်ချင်း သိပ်ရှိတယ်လို့ ထင်တယ်ပေါ့၊ ဖွီး၊ ငါက ဟန်ကွမ်းဟွေ နင့်ကြောင့် အရူးလုပ်ခံခဲ့တာဟဲ့၊ နင်က စိတ်ဓာတ် သေးသိမ်တဲ့လူ”
ကျောက်ယန်ယန်က အကြောမခံလိုက်ပေ။ သူမက ချက်ချင်းပြန် ဆဲဆိုတော့သည်။ သူမက ဆဲဆိုရုံမကဘဲ ဟန်ကွမ်းဟွေ၏မျက်နှာကို နှစ်ချက် သုံးချက်လောက် ကုပ်ခြစ်လိုက်သေးသည်။
ကျန်နှစ်ယောက်က မြင်ကွင်းကို ထိုင်မကြည့်နေနိုင်တော့ပေ။ သူတို့က မြန်မြန် လူချင်းခွဲလိုက်ကြလေသည်။
“အိုး နင်တို့တွေ ဘာလုပ်တာလဲ၊ အဲလိုဖြစ်ဖို့ လိုလို့လား၊ နင်ကလည်း ဘာလို့ လက်ပါရတာလဲ”
“ယန်ယန် မရိုက်နဲ့တော့၊ ကွမ်းဟွေမျက်နှာ သွေးထွက်နေပြီဟဲ့”
“ကဲပါ ကဲပါ ရပ်ပါတော့၊ ဒီလိုရယ်စရာကို တခြားသူ မမြင်စေနဲ့”
ဟန်ကွမ်းဟွေက ထိုစကားများကို ကြားလိုက်သောအခါ သူသည် ရှက်ရွံ့စိတ်ကြောင့် ပိုပြီး ဒေါသထွက်လာတော့သည်။
“အခုက ရယ်စရာတွေက နည်းနေသေးလို့လား၊ စာမေးပွမဖြေခင် ကောလိပ်သွားဖို့ ကြွားလုံးထုတ်နေတာ ဘယ်သူလဲ၊ ကျိုးဖင့်ရှန်းက စာမေးပွဲအောင်မှာ မဟုတ်ဘူးလို့ နေ့တိုင်းပြောနေတာမလား၊ ပြီးတော့ ရှောင်ကျောင်းကို ဟာသလုပ်လိုက်သေးတယ်၊ ပြီးတော့ ရလဒ်ကရော”
မကြောမခံလိုရာ ကျောက်ယန်ယန်က ပြန်ပက်လေသည်။
“ငါက ဘယ်လိုသိမှာလဲ၊ အားလုံးက မှားနေတာပဲ၊ ဒါပေမဲ့ ရွှီရှောင်ကျောင်းက အ,တာပဲလေ၊ စက်ဘီးစီးသင်တာတောင် မတတ်ဘူး”
လူအုပ်စုက လမ်းလျှောက်ရင်း စကားပြောလာကာ တိတ်ဆိတ်နေရာမှာ အသံကျယ်လာတော့သည်။
ရုတ်တရက် ဝမ်းသာရွှင်လန်းနေသည့် အသံတစ်ခုကို ဝင်လာလေသည်။
“ဝါး စုန့်ဝေဖျင် ငါ စက်ဘီးစီးတတ်သွားပြိ”
ရွှီရှောင်ကျောင်းက စက်ဘီးလက်ကိုင်ကို လက်နှစ်ဖက်နှင့် ကိုင်ထားပြီး ခြေနှစ်ဖက်လုံးနှင့် မှန်မှန်နင်းလာခဲ့သည်။ စက်ဘီးက လမ်းတစ်လျှောက် လျှောဝင်လာပြီး နှင်းပွင့်လေးများက သူမ၏ ဆံပင်ပေါ်သို့ ကြွေကျလာသည်။
“စုန့်ဝေဖျင် ငါ ဘယ်လောက်တော်လဲ ကြည့်လိုက်”
ထို့နောက်တွင် စုန့်ဝေဖျင်၏ နူးညံ့သည့်အသံထွက်လာလေသည်။
“တော်တယ်၊ အရှိန်လျှော့၊ လမ်းကို ကြည့်”
လမ်းဘေးတွင် ရပ်နေပြီး သူမ၏စိတ်လှုပ်ရှားက ပျော်ရွှင်နေသည့်မျက်နှာကို မြင်ရတော့ သူ့နှလုံးသားကို တဖန်လှုပ်ရှားအောင် လုပ်နိုင်သည့်အရာ သည်ကမ္ဘာပေါ်တွင် ထပ်မရှိနိုင်တော့သလို ခံစားလိုက်ရတော့သည်။
“ငါ အရမ်းပျော်တာပဲ၊ ငါ နောက်ဆုံးတော့ စီးတတ်သွားပြီ၊ ငါ မနက်ဖြန် ဖင့်ရှန်းကို ပြောပြရမယ်၊ ဒီတစ်ခါ တစ်ယောက်ယောက်က ငါ့ကိုမေးလာရင်တော့ ရှက်နေစရာ မလိုတော့ဘူး၊ ရွာကို စက်ဘီးနဲ့ ပတ်ပြီး ငါ စီးတတ်သွားတဲ့အကြောင်း အားလုံးကို ပြောပြအုံးမှာ”
“အင်းပါ အိမ်ပြန်ရအောင်၊ နှင်းတွေ အရမ်းထူလာပြီ”
“စုန့်ဝေဖျင် ငါဗိုက်ဆာလာပြီ၊ နှင်းတွေလည်း ကျနေပြီ၊ အိမ်မှာ နင်လုပ်ထားတဲ့ အသားလုံးရှိသေးလား၊ အသားနည်းနည်းလောက် ပါးပါးလှီး၊ တို့ဖူးနည်းနည်းလှီးပြီ ကြာဇံနည်းနည်းထည့်ပြီး အစိမ်းအရောင်အရွက်တွေကို ထည့်လိုက်၊ အေးလူလူဟောပေါ့လေး စားကြမယ်”
“ကောင်းပြီ ငါ့ကို စက်ဘီးပေး၊ တက်၊ ငါ မင်းကို တင်သွားမယ်”
ရွှီရှောင်ကျောင်းနှင့် စုန့်ဝေဖျင်တို့ နှစ်ယောက်လုံးသည် စိတ်အေးလက်အေး ဖြစ်နေဟန်တူသည်။ ရယ်ရယ်မောမော စကားပြောနေကြကာ ပြန်သွားတော့သည်။
ကျယ်ပြောလှသည့် နှင်းပြင်ထဲတွင် ဟန်ကွမ်းဟွေနှင့် တခြားသူမျာကသာ မျက်နှာပျက်ရင်း ကျန်ခဲ့လေသည်။
ဟန်ကွမ်းဟွေက သူ့မျက်နှာပေါ်တွင် အရည်ပျော်သွားသည့် ရေကို သုတ်လိုက်၏။ သူသည် ရုတ်ခြည်းဆိုသလို အင်မတန် စိတ်ဓာတ်ကျသွားတော့သည်။
“ကျောက်ယန်ယန် ငါ့ကို ကောလိပ်ဝင်ခွင့်အကြောင်း နောက်ထပ် လာမပြောနဲ့၊ နင့်ပါးစပ်က.... ပြီးတော့ ငါနဲ့လည်း ဝေးဝေးနေ”
လီယုံဟိုင်လည်း မသိစိတ်က အလိုလိုနေရင်း ကျောက်ယန်ယန်နှင့် ခပ်ခွာခွာနေချင်သွားတော့သည်။ သူ့ပါးစပ်က ချီးမြှောက်ခံထားရတာပဲ ဖြစ်မယ်။ သူပြောလိုက်တဲ့စကားတိုင်းက အမှန်ဖြစ်မလာဘူး။ သူတို့တွေ ကောလိပ်ဝင်ခွင့်ရမှာလို့ သူမက ပြောလိုက်တယ်။ ရလဒ်ကရော။ သူတို့အားလုံး ကျသွားတယ်။ ကျိုးဖင့်ရှန်း အောင်မှာ မဟုတ်ဘူးလို့ပြောတယ်။ ရလဒ်ကရော။ သူ အောင်သွားတယ်။ နေ့တိုင်း ရွှီရှောင်ကျောင်း မကောင်းကြောင်းပြောပြီး သူမက စက်ဘီးဘယ်လို စီးရမယ်ဆိုတာတောင် မသိဘူးလို့ လှောင်ပြောင်နေတယ်။ တဖက်လူကတော့ အရမ်းကို ပျော်ရွှင်တဲ့ဘဝမှာ နေလာတာ။ သူက အချန်မရွေး စက်ဘီးစီးတတ်သွားတယ်။
ကျစ်။
ကောလိပ်ဝင်ခွင့်စာမေးပွဲ ရလဒ်များကို ထုတ်ပြန်ပြီးသွားသော်လည်း တချို့လူများက ပျော်ရွှင်နေကြပြီး တချို့ကတော့ စိုးရိမ်နေကြလေသည်။ မည်သို့ဆိုစေ နှစ်သစ်ကူးပေပြီ။ ကောလိပ်ဝင်ခွင့်စာမေးပွဲ ဖြေခဲ့ကြသည့် ပညာတတ်လူငယ်အနည်းစုကလွဲလျှင် သူတို့အများစုက ဘာမှကို ဂရုမစိုက်သလို ကောလိပ်ဝင်ခွင့် စာမေးပွဲကြောင့် ထိခိုက်သွားသည်လည်း မရှိကြပေ။ အလွန်ဆုံး ညစာစားပြီးနောက် အချိန်ဖြုန်းမည့် စကားဝိုင်းအကြောင်းအရာတစ်ခုသာ ဖြစ်ခဲ့လေသည်။
သို့သော် နှစ်သစ်ကူးပြီးသွားသည့်နောက် သိပ်မကြာခင်မှာပင် မိန်လင်ရွာက လူအားလုံး၏ စိတ်ဝင်စားမှုကို ဆွဲဆောင်ထားသည့် အပြောင်းအလဲကြီးတစ်ရပ် ဖြစ်ခဲ့လေသည်။
“ကြားပြီးပြီလား မြေတွေကို ခွဲပေးတော့မယ်တဲ့ “
“ဘယ်လို၊ ဘာမြေတွေကို ခွဲပေးမှာလဲ”
“ကျစ်၊ နင် ဘာလို့ မသိရတာလဲ၊ ငါ့မိန်းမ ဦးလေးရဲ့ အမျိုးဝေးတဲ့ဝမ်းကွဲရဲ့သားက စီရင်စုရဲ့ခေါင်းဆောင်လေ၊ မြေတွေကို တစ်ဦးချင်း ခွဲပေးမယ်လို့ အထက်လူကြီးတွေက စကားသန်းထားတယ်လို့ ပြောတယ်တဲ့”
“ဘုရားရေ အမှန်ပဲလား”
“ငါ့အထင်တော့ မှန်မယ်ထင်တယ်၊ ဌာနခွဲစာရေးက နေ့တိုင်း မြို့ပေါ်တက်ပြီး အစည်းဝေးသွားနေရတာ နင်မတွေ့ဘူးလား၊ ဒီကိစ္စပဲ ဖြစ်ရမယ်”
“အိုး ဟုတ်ပါ့၊ မြေတွေကို ခွဲပေးမယ်ဆိုရင် နင် ဘယ်လောက်ရမှာလဲ အဲဒါတွေက နင့်အပိုင် ဖြစ်လာမှာပေါ့ ဟုတ်လား”
“ဟုတ်တယ်၊ ပုံမှန်ဆို အလုပ်ခိုပြီး ဉာဏ်များတတ်ကြတဲ့သူတွေကတော့ လက်တွေယမ်းပြီး ရလာအုံးမှာပြ၊ အလုပ်မကြိုးစားတဲ့သူတိုင်းက သူတို့လုပ်သလောက်ရလိမ့်မယ်၊ ဒါတွေက သူတို့ရဲ့ကိုယ်ပိုင်အိတ်ကပ်ထဲ ရောက်သွားမှာပေါ့”
မြေယာခွဲဝေခြင်းနှင့် ပတ်သက်ပြီး ရွှီရှောင်ကျောင်းလည်း သတင်းတချို့ကို ခပ်ရေးရေး ကြားထားလေသည်။ သူမသည် ရွာထဲတွင် စာရင်းကိုင်အဖြစ် လုပ်နေသဖြင့် တခြားသူများထက် သတင်းရင်းမြစ် ပိုများသည်က သဘာဝပင်။
ထို့ကြောင့် ဝူချွန်းဟွားက သူမကို မေးလာသောအခါ သူမက ခေါင်းညိတ်ထောက်ခံလိုက်လေသည်။
“အင်း မြေတွေကို ခွဲပေးတော့မှာ”
မှတ်ဉာဏ်ထဲမှာတော့ မြေယာခွဲဝေရေးလှုပ်ငန်းကို သမိုင်းထဲမှာ ဒီနှစ်စခဲ့တယ်တဲ့။ ဒီနှစ်မှာ နိုင်ငံတဝမ်းလုံးက မြေတွေကို ပြန်လည်ဖွဲ့စည်းပေးခဲ့တယ်။ ဒါက လယ်သမားတွေရဲ့ စိတ်အားထက်သန်မှုကို ကြီးကြီးမားမား စုစည်းသွားစေပြီးတော့ စပါးထွက်နှုန်းလည်း သိသိသာသာ တိုးတက်လာခဲ့တယ်။
ဒါပေမဲ့ လအတိအကျကိုတော့ အများကြီးမမှတ်နေဘူး။ အထက်လူကြီးတွေက မြေတွေကို ခွဲဝေပေးမယ်လို့ ပြောမှတော့ မမှားနိုင်ပါဘူးလေ။
ဝူချွန်းဟွားသည် ဂနာမငြိမ် ဖြစ်နေသည်ကို မြင်လိုက်ရသဖြင့် ရွှီရှောင်ကျောင်းက သူမကို နှစ်သိမ့်ပေးလိုက်လေသည်။
“အမေရယ် အဲကိစ္စ စိတ်မပူပါနဲ့၊ သမီးတို့တွေ ဘယ်လောက်ပဲရရ သမီးတို့က စားဖို့သောက်ဖို့ အဲအပေါ် မီခိုလို့ရပါတယ်”
ဝူချွန်းဟွားက သူမကို အပြစ်တင်သည့်ရုပ်ဖြင့်
“သမီးရယ် ဘာတွေပြောနေတာလဲ၊ အဲမြေက အမေတို့ရဲ့အသက်လေ၊ မြေကို ခွဲပေးလိုက်မယ်ဆိုရင် အမေက နောက်ပိုင်းမှာ အိုစာမင်းစာအတွင် မျှော်လင့်လို့ရတာပေါ့၊ ဘာပဲဖြစ်ဖြစ် အစားအသောက်တချို့ စိုက်လိုက်တာနဲ့ ငတ်ပြီးတော့ သေမှာ မဟုတ်တော့ဘူး”
ရွှီရှောင်ကျောင်းသည် ဝူချွန်းဟွားက အဝေးကြီးကို တွေးနေလိမ့်မည်ဟု ထင်မထားခဲ့ချေ။ သူမကတော့ သည်မြေအပေါ် အများကြီး အားမကိုးထားပေ။ သို့တိုင် သူမသည် မျိုးဆက်ဟောင်းတို့၏ ခံစားချက်ကိုလည်း နားလည်လေသည်။
“အင်းပါ အင်းပါ ဒါဆို သမီးတို့ သတင်းကို စောင့်ကြတာပေါ့၊ နွေဦးထယ်ထိုးချိန်က စတော့မှာဆိုတော့ သတင်းရောက်လာမဲ့အချိန်က မကြာတော့ပါဘူး၊ အထက်လူကြီးတွေကလည်း အားလုံးကို နွေဦးစိုက်ပျိုးရေး နှောင့်နှေးအောင် လုပ်မှာမဟုတ်ပါဘူး”
သေချာပါသည်။ ကိစ္စများက ရွှီရှောင်ကျောင်း ပြောသည့်အတိုင်းပင်။ နွေဦးထယ်ထိုးချိန်ရောက်ခါနီးတွင် ဌာနခွဲစာရေးက မြေခွဲပေးဖို့ အားလုံးကို အစည်းအဝေးခေါ်လေသည်။
မြေယာကို ခွဲပေးတော့မယ်တဲ့။ နှစ်ပေါင်းများစွာကြာပြီးနောက်မှာ ဒါက ကြီးမားတဲ့ဖြစ်ရပ်တစ်ခုပဲလေ။ ဘယ်မြေတွေကို အိမ်ထောင်တွေကို ခွဲဝေပေးမယ်။ ဘယ်မြေကိုတော့ ပြည်သူပိုင်အသုံးပြုဖို့ ချန်ထားမယ်။ ဒါတွေအားလုံးက အကြောင်းပြချက်နဲ့ အစီအစဥ်တွေလိုအပ်တယ်။
နှစ်သစ်ကူးပြီး နွေဦးထယ်ထိုးချိန်အထိ မိန်လင်ရွာ၏ စာရေးက ရွာကော်မတီက အဖွဲ့တစ်ခုကို ဦးဆောင်ခဲ့ပြီး နောက်ဆုံးတော့ တစ်လအတွင်း အစီအစဥ်များ ချမှတ်နိုင်ခဲ့သည်။
မြေယာခွဲပေးရန် အစည်းအဝေး လုပ်မည်ဟု လော်စပီကာက အော်လိုက်သည်နှင့် မိန်လင်ရွာတွင် ပျက်ကွက်သူ မရှိကြပေ။ အားလုံးက တက်ရောက်ကြလေသည်။
ရွာဌာနခွဲစာရေးက တစ်လလောက် အလုပ်များခဲ့သော်လည်း သူသည် အားအင်အပြည့် ဖြစ်နေ၏။ သူသည် မြေယာခွဲပေးရေးကို သဘောကျသည်ထက် ပိုလေသည်။ သူသည် စုပေါင်းစီးပွားရေး တိုးတက်မှုကို သဘောတူသော်လည်း အလုပ်မကြိုးစားဘဲ နေ့တိုင်း အချောင်ခိုချင်နေကြသည့် ထိုတစ်ဦးတစ်ယောက်များ ရှိနေသေးသည်ကိုလည်း နားလည်သည်။
သည်မြေယာခွဲဝေခြင်းက အိမ်ထောင်စုတိုင်းကို အလုပ်ကြိုးစားလာစေလိမ့်မည်။ အလုပ်ကြိုးစားလျှင် စပါးအထွက်နှုန်း သေချာပေါက် တိုးလာပြီး သူတို့၏ရွာကလည်း ပိုပြီးချမ်းသာလာနိုင်သည်။
“ဒီတစ်ခါ ငါတို့တွေ ပိုပြီးကောင်းကောင်း စဥ်းစားထားတယ်၊ မိသားစုတစ်ခုက လူတစ်ယောက်ကို မတူညီတဲ့မြေနှစ်မျိုး ၁မူ (ကိုက် ၈၀၀ ဝန်းကျင်) စီရမယ်၊ ဘယ်လိုခွဲပေးမလဲဆိုတာကတော့ ဖြေရှင်းရလွယ်ပါတယ်၊ အားလုံးက မျှမျှတတဖြစ်တယ်လို့ လက်ခံနိုင်အောင် ငါတို့တွေ မဲနှိုက်ကြမယ်၊ ဘယ်သူက ဘယ်သူ့ကိုမှ အပြစ်မတင်ရဘူး...”
အားလုံးက မငြင်းသည်ကို တွေ့ရသဖြင့် သူက နှစ်ခါလောက် ချောင်းဟန့်လိုက်ပြီး
“ကောင်းပြီ၊ ဘယ်သူမှ မငြင်းကြဘူးဆိုတော့ လေကုန်ခံမနေတော့ဘူး၊ ဒါက အစပဲ၊ ဘယ်သူက အရင်ဆုံး မဲနှိုက်ချင်လဲ”
သူတို့စဥ်းစားထားကြသည့် မြေယာခွဲဝေရေးက သူမ၏ မျက်စိရှေ့မှောက်သို့ ရောက်လာခဲ့သည်။ သို့သော် ဌာနခွဲစာရေးက မဲနှိုက်မည်ဟု ပြောလိုက်သည်ကို ကြားလိုက်ချိန်တွင် လူတချို့က ကြောက်ရွံ့သွားကြလေသည်။ အိုက်ယား။ သူတို့တွေက မြစ်ဆုံနားက မကောင်းတဲ့မြေကို မဲနှိုက်မိမှဖြင့် ကံဆိုးသွားတော့မှာပဲ။
ခဏလောက်တော့ ဘယ်သူမှ မလှုပ်ရှားကြပေ။
ရွှီရှောင်ကျောင်းကတော့ လုံးဝ စိတ်မလှုပ်ရှားပေ။ မည်သို့ပင်ဖြစ်စေ နောက်နှစ်တွင် မူဝါဒ ပြောင်းသွားလျှင် စုန့်ဝေဖျင်က စီးပွားရေေး သွားလုပ်တော့မည်။ သူသည် ဘယ်နေရာတွင် ရသည်ဖြစ်စေ အရေးမကြီးတော့ပေ။
သူမက ပျင်းရိနေသည်ကို မြင်လိုက်တော့ စုန့်ဝေဖျင်က သူမကို လေသံတိုးတိုးဖြင့် မေးလိုက်ပြီး
“မင်း မဲနှိုက်ချင်လား”
ရွှီရှောင်ကျောင်း၏မျက်လုံးများက လင်းလက်သွားပြီး
“ဟုတ်ပြီ”
ဒါက တကယ်တော့ ထီထိုးတာပဲမလား။ တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတာပဲ။
ငါလေးရဲ့ကံကို သက်သေပြဖို့အချိန်ကျပြီလေ။