← Chapters

အခန်း (၃၁-၃၃)

Vol. 3 Ch. 31-33

အခန်း (၃၁-၃၃)

Vol. 3 Ch. 31-33

အပိုင်း (၃၁)

“ဌာနခွဲစာရေး ကျွန်တော့်ကို ခွင့်ပြုပါ”

စုန့်ဝေဖျင်က သူ့လက်ကို မြှောက်လိုက်ပြီး ရွှီရှောင်ကျောင်းကို ဦးဆောင်ကာ ရှေ့ထွက်လာခဲ့လေသည်။

သည်လူက ပထမဆုံးတစ်ယောက်ပင်။ အားလုံးက စောင့်ကြည့်ဖို့ အလိုလို သဘောကျနေကြပြီး အနည်းဆုံးတော့ မြေယာခွဲဝေပုံကို နောက်မှ လိုက်ကြည့်နိုင်ပေသည်။

ဌာနခွဲစာရေးက ခေါင်းညိတ်လိုက်ပြီး

“ပုံးနှစ်ခု၊ တစ်ခုက စိုက်ပျိုးမြေ၊ ကျန်တစ်ခုက မြေဆိုး၊ ဘယ်တစ်ခုကို အရင်ဆွဲမလဲ”

မိသားစုတိုင်းက စိုက်ပျိုးမြေနဲ့ သဲမြေကို မဲနှိုက်ရမယ်လို့ သူ ရှင်းရှင်းလင်းလင်း ပြောထားပြီးသားလေ။ အကြမ်းဖျင်းအားဖြင့်တော့ ပမာဏက အတူတူပဲ။ မိသားစုတစ်ခုထဲက ရွှေမြေဆီတွေပါတဲ့ မြေအားလုံးကို မဲနှိုက်ရဖို့ မဖြစ်နိုင်ဘူးလေ။ အားလုံးက ဒီစည်းမျဥ်းကို သဘောပြီးသား။ နောက်ဆုံး မြေကောင်းတွေချည်းပဲ မဲကျလိမ့်မယ်လို့ ဘယ်သူမှ အာမခံမထားဘူးလေ။

ရွှီရှောင်ကျောင်းက ရှေ့သို့လှမ်းလိုက်ပြီး “စိုက်ပျိုးမြေကို အရင်နှိုက်မယ်”

မဲပုံးနှစ်ခုက ဘေးချင်းကပ်လျက် ရှိနေလေသည်။ ရွှီရှောင်ကျောင်းက ရွာဌာနစာရေးကြီး၏ အချက်ပြမှုအောက်တွင် မြေကောင်းထည့်ထားသည့် မဲပုံးဆီသို့ လက်ဆန့်လိုက်တော့သည်။

သူမက အနီရောင်စာရွက်တစ်ခုကို ထုတ်လိုက်ပြီး ဌာနခွဲစာရေးဆီသို့ လှမ်းပေးလိုက်လေသည်။

“စုန့်ဝေဖျင် အရှေ့ဘက်တာရိုးမြေဆီလွှာမြေ၊ ၁မူခွဲ”

ရွာဌာနစာရေးက ဖတ်ပြလိုက်ပြီးနောက်တွင် သူက ရယ်မောလိုက်ကာ

“ရှောင်ကျောင်း နင် ကံကောင်းတာပဲ”

ဒါက ကောင်းတယ်ဆိုတာထက်ကို ပိုသေးတယ်လေ။ အရှေ့ဘက်တာရိုးက အကောင်းဆုံးမြေ ဖြစ်ပြီးတော့ စုစုပေါင်း ၃မူလောက်ရှိတာ ရွာထဲက လူတိုင်းသိကြတယ်။ ရွှီရှောင်ကျောင်းက တစ်ခါထဲနဲ့ တဝက်ကို မဲပေါက်ခဲ့တာပဲ။ ဒီစကားကို ကြားပြီးတော့ အားမကျတဲ့သူ ဘယ်သူရှိမှာလဲ။

“အိုး ရှောင်ကျောင်းက တကယ်ပဲ ကံကောင်းတာပဲမလား၊ ကြည့်လေ၊ တစ်ချီထဲနဲ့ စိုက်ပျိုးမြေအများကြီးကို မဲပေါက်သွားတယ်၊ ဒါက ထယ်ထိုး စိုက်ပျိုးဖို့လည်း အဆင်ပြေတယ်လေ၊ စပါးထွက်နှုန်းကလည်း အရမ်းမြင့်တယ်”

“ဟုတ်ပါ့၊ နင့် ၁မူခွဲက တခြားနေရာက ၂မူ တန်တယ်၊ တော်တော် အံ့ဩစရာကောင်းနေပြီ”

“ငါလည်း ခဏလောက်တော့ ကံကောင်းချင်သွားပြီ”

ရွှီရှောင်ကျောင်းက စုန့်ဝေဖျင်ကို ‘ငါ မတော်ဘူးလား’ဟူသည့် မျက်နှာထားဖြင့် ကြည့်လိုက်လေသည်။ စုန့်ဝေဖျင်က သူမကို လက်မထောင်ပြလိုက်လေသည်။

ရွှီရှောင်ကျောင်းက ကိုယ့်ကို ပြန်လှည့်သွားပြီး သဲမြေအတွင် မဲပုံးနောက်တစ်ခုကို နှိုက်လိုက်လေသည်။

“စုန့်ဝေဖျင် မြစ်အရှေ့ခြမ်းက သဲမြေ ၁မူ”

ဌာနခွဲစာရေးက သည်တစ်ကြိမ်တွင်တော့ အံ့ဩသွားတော့သည်။

“အို နင် တကယ့်ကိုပဲ... ဒီသဲမြေက ပုံမှန်ဆိုရင် နည်းနည်းလေးပဲရှိတာ၊ ဒီ၁မူက တော်တော်လေး နည်းတယ်၊ နင် မဲနှိုက်လိုက်တဲ့ ၁မူက နောက်ပိုင်းကျရင် သန့်ရှင်းရတာ ပိုပြီး လွယ်ကူတယ်လေ”

ဌာနခွဲစာရေးက ထိုစကားကို ပြောလိုက်ချိန်တွင် အားလုံးက ပို၍ပင် မနာလိုဖြစ်သွားတော့သည်။

သည်လိုနှင့် ရွှီရှောင်ကျောင်းက အားလုံး၏ရှေ့တွင် စိုက်ပျိုးမြေကြီးကို မဲပေါက်သွားတော့သည်။

သူမက ဦးဆောင်လိုက်သဖြင့် အားလုံးက ဘာလုပ်ရမည်ကို သိသွားကြလေသည်။ ထို့ကြောင့် ဌာနခွဲစာရေးက ထပ်မေးလာချိန်တွင် အားလုံးက မဲနှိုက်ဖို့ အလျင်လိုသွားကြတော့သည်။

ကျောက်ယန်ယန်က မျက်နှာပြောင်းလေသည်။ သူမက ဒုတိယနေရာမှ မဲနှိုက်ဖို့သာ အတင်းပြောနေသည်။

သူမက ထိုသို့ တွေးလိုက်၏။ ရွှီရှောင်ကျောင်းရဲ့မဲက ဒီလောက်ကောင်းနေတာ။ ဒါက မြေကောင်းတွေကို အတူတူ အုပ်စုဖွဲ့ထားတာလို့ ပြောနေတာပဲ။ အခုတလော ဟန်ကွမ်းဟွေနဲ့ လီယုံဟိုင်တို့က သူမကို သည်းမခံနိုင်ကြဘူးလေ။ သူမက မြေကောင်းတချို့ကို မဲပေါက်ခဲ့ရင် ကြီးမားတဲ့လုပ်ဆောင်ချက်တစ်ခု လုပ်ပေးလိုက်တာပဲပေါ့။

“ပညာတတ်လူငယ်အိမ်ထောင်စု ၊ တောင်အရှေ့ဘက်က စိုက်ပျိုးမြေ သုံးပိုင်း”

“ပညာတတလူငယ်အိမ်ထောင်စု ၊ တောက်ရဲ့တောင်ဘက်က စိုက်ပျိုးမြေ ဝေစု၂ခု”

“ပညာတတ်လူငယ်အိမ်ထောင်စု ၊ အရှေ့ဘက်ရေသွင်းပြောင်းနားက မြေ သုံးပိုင်း”

“ပညာတတ်လူငယ်အိမ်ထောင်စု ၊ တောင်ဘက်က တောင်ခြေနားက မြေရိုင်း တစ်ပိုင်း”

ကျောက်ယန်ယန်သည် ဆယ်ခုနီးပါး မဲနှိုက်ခဲ့သော်လည်း သူတို့သုံးယောက်လိုချင်သည့် မြေဝေစုကို တစ်ခုမှ မရခဲ့ချေ။

ဟန်ကွမ်းဟွေ၏မျက်နှာက အိုးဖင်က ပြာထက် ပိုပြီးမည်းနက်လာကာ

“ကျောက်ယန်ယန် ရပ်တော့”

အားလုံးက ဝိုင်းရယ်ကြတော့သည်။

“ဟေ့ ကျောက်ယန်ယန် ဟန်ကွမ်းဟွေ စကားကို မြန်မြန်နားထောင်လိုက်တော့၊ ရပ်လိုက်ပါ၊ နင် မဲဆက်နှိုက်နေရင် နင်တို့အဖွဲ့ကို ရင်မောပြီး သေသွားအောင် လုပ်မိလိမ့်မယ်”

“ငါ ပြောတာတော့ မဟုတ်ဘူးနော်၊ နင့်ကံက အရမ်းဆိုးတာပဲ၊ နင်သာ ရှောင်ကျောင်းရဲ့ တစ်ဝက်လောက် ကံကောင်းမယ်ဆိုရင် မြေငါးပိုင်းကို မဲနှိုက်နိုင်ခဲ့မှာပဲ၊ တောင်ပိုင်း တောင်က စိုက်ပျိုးမြေ သုံးပိုင်းရပေမဲ့ အဲမြေက သဲမြေတွေနဲ့ ဝိုင်းနေတာလေ၊ ဒါက အကြမ်းဖျင်းပြောရရင် မရှိတဲ့အထဲက နည်းနည်းပေါ့၊ ပိုကောင်းလာဖို့ မရှိပါဘူး”

“ဟုတ်တယ်၊ မြေကောင်းအားလုံးကို အတူတူ ချထားလိမ့်မယ်လို့ ငါ ထင်ထားတာ၊ ရှောင်ကျောင်း မဲနှိုက်ပြီးရင် နောက်တစ်ယောက်ကလည်း ကောင်းရမှာပေါ့၊ အိုက်ယား ငါ ကျောက်ယန်ယန်ကို မနိုင်ပါဘူး”

ကျောက်ယန်ယန်သည် အနည်းငယ် မယုံကြည်နိုင်အောင် ဖြစ်သွားတော့သည်။

“နင်တို့တွေ ငါ့ကို နောက်တစ်ခါပဲ ပေးနှိုက်ရင် နောက်တစ်ခုက သေချာပေါက် မြေကောင်းတစ်ခုဖြစ်မှာ”

ဟန်ကွမ်းဟွေက မျက်မှောင်ကြုတ်လိုက်ပြီး သူမကို ဘေးသို့ တွန်းထုတ်လိုက်ကာ

“ဝေးဝေးနေစမ်း”

သူသည် အလွန်မှ ဒေါသထွက်နေလေသည်။ သူတို့သာ ကောလိပ်ကို ဝင်နိုင်ခဲ့ရင် ဘယ်သူက မြေအတွက် မဲနှိုက်နေအုံးမှာလဲ၊ ဒါပေမဲ့ ပညာတတ်လူငယ်အိမ်ထောင်စုမှ သူတို့သုံးယောက်ပဲ ကျန်တာလေ။ သူတို့တွေ မဲ မနှိုက်ရင် နောက်နှစ် ကောလိပ်ဝင်ခွင့် မရခဲ့ရင် ငတ်သွားလိမ့်မယ်။ ဒါကြောင့်ပဲ သူတို့တွေက အစည်းအဝေး တက်ရတော့တာပေါ့။

ဒါပေမဲ့ ကျောက်ယန်ယန်က ကိုယ့်ဟာကိုယ် အရှက်ခွဲနေတယ်တဲ့လေ။ တကယ့်ကို ဂြိုဟ်ဆိုးတစ်ကောင်ပဲ။

သူက လက်ဆန့်လိုက်ပြီး မဲပုံးထဲက စာရွက်တစ်ခုကို ဖမ်းဆုပ်လိုက်ကာ ဌာနခွဲစာရေးထံ လှမ်းပေးလိုက်လေသည်။ ထို့နောက် သူက ခေါင်းလှည့်ပြီး လေသံတိုးတိုးဖြင့် ကျောက်ယန်ယန်ကို ဆူပူပြစ်တင်တော့သည်။

“ ငါ မင်းကို မဲမနှိုက်ခိုင်းခဲ့သင့်တာ”

စာရွက်ကို ကိုင်ထားပြီး ဌာနခွဲစာရေးသည် စာရွက်ပေါ်က စာကို ဖတ်လိုက်၏။ သူသည် အနည်းငယ် ဆွံ့အသွားပုံ ပေါ်နေသည်။

“ပညာတတ်လူငယ်အိမ်ထောင်စု ၊ တောင်ပိုင်းရေသွင်းမြောင်းက သဲမြေ တစ်ပိုင်း”

. . .

“ဟား ဟား ဟား ဟား”

“အိုက်ယိုး အိုက်ယိုး ငါ့ဗိုက်တောင် အောင့်လာပြီ ဟား ဟား ဟားဟား”

“ရဲဘော် ဟန်ကွမ်းဟွေ မင်းက ကျောက်ယန်ယန်ကို ဝေဖန်တယ်”

မင်တို့ ပညာတတ်လူငယ်တွေ ကြည့်ရတာ မင်းတို့တွေက မဲနှိုက်ဖို့ မသင့်တော်ဘူးထင်တယ်နော်”

“ဟုတ်ပါ့လေ၊ ရှောင်ကျောင်းကို အကူအညီ တောင်းကြည့်ကြပါလား၊ မင်း သူ့ကို အများကြီး စော်ကားထားပေမဲ့ မင်း တောင်းဆိုရင် သူက သဘောတူချင် တူမှာပေါ့”

အားလုံးက စကားစမြည်ပြောရင်း ရယ်စရာကို စောင့်ကြည့်နေကြတော့သည်။

ရွှီရှောင်ကျောင်းက လူအုပ်ထဲတွင် အကျယ်ဆုံး အော်ရယ်သူပင်။ သူမသည် နောက်ဆုံးစကားကို ကြားလိုက်သောအခါ မျက်လုံးများကို ပင့်ကြည့်လိုက်လေသည်။ သူတို့က ငါလေးကို တောင်းပန်ရင်တောင် ငါလေးက သဘောတူမှာ မဟုတ်ပါဘူးနော်။

အမှန်ပင်။ ဟန်ကွမ်းဟွေကလည်း မမေးရဲချေ။ စုန့်ဝေဖျင်က သူ့ကို သေအောင် ခြိမ်းခြောက်ထားခဲ့သည်ပဲ။ အချိန်အတော်ကြာခဲ့ပြီးဆိုသော်လည်း ထိုအကြောင်းကို စဥ်းစားလိုက်လျှင် သူ့မှာ တုန်ယင်နေဆဲပင်။

ကျောက်ယန်ယန်ကလည်း သေချာပေါက် တောင်းပန်လိမ့်မည်မဟုတ်ပေ။ သူမသည် ရွှီရှောင်ကျောင်းကို ဦးမညွှတ်လိုပေ။

လီယုံဟိုင်က သည်လူနှင့် ဟိုလူကို ကြည့်လိုက်၏။ သူ့စိတ်ထဲတွင်တော့ မှတ်ချက်ပြုလိုက်လေသည်။ သူတို့နှစ်ယောက်နဲ့ ဆုံရတာ သူ့အတွက် ရှစ်ဘဝလောက်ကို ကံဆိုးတာပဲ။

မူလက ပညာတတ်လူငယ်အဖွဲ့တွင် ရွှီရှောင်ကျောင်းသည် စာရင်းသွင်းပြီးသား အမြဲတမ်း အိမ်ထောင်စုဝင်တစ်ယောက် ဖြစ်လာသည်။ ဝမ်ကွေးယွဲ့က လက်ထပ်သွားသည်။ ကျိုးဖင့်ရှန်းက ကောလိပ်သွားတက်သည်။ ထို့ကြောင့် ပညာတတ်လူငယ်အိမ်ထောင်စုတွင် သူတို့က မပါတော့ချေ။ သူက တိုက်တိုက်ဆိုင်ဆိုင် အလွန်ကံဆိုးခဲ့ခြင်းပင်။ သည်ပညာတတ်လူငယ်အိမ်ထောင်စုတွင် သူသည် တစ်ဦးတည်းသော ကျန်ရစ်သူ ဖြစ်လာနိုင်သည်။ နှစ်နှစ် ရှိသွားပြီဖြစ်သည်။ ဟန်ကွမ်းဟွေက သူအိမ်ထောင်စုစာရင်းထဲတွင် ကျောက်ယန်ယန်ကို မထည့်လိုခဲ့ချေ။

သူက ဖြစ်ချင်ရာဖြစ်ဟု ရှေ့တက်လာခဲ့တော့သည်။

“ငါ မဲနှိုက်မယ်”

ကံအားလျော်စွာ သူသည် မြေကောင်းတစ်ကွက်ကို မဲပေါက်ခဲ့လေသည်။

ပညာတတ်လူငယ်များ၏ ဥပမာက နောက်ဆုံးမျဥ်းဖြစ်လေရာ နောက်ကလူများက ဆိုးဆိုးရွားရွား မဲမပေါက်ကြပေ။ အစပိုင်းတွင် ဆူညံသည့်မဲကိစ္စတစ်ခု ဖြစ်မည်ဟု မျှော်လင့်ထားခဲ့သည်။ ထင်မထားဘဲ ဝမ်းသာရွှင်လန်းကာ ရယ်မောသံများနှင့် အဆုံးသတ်သွားလေသည်။

ရွာဌာနခွဲစာရေးက စိတ်အေးသွားကာ ခေါင်းညိတ်လိုက်၏။ ထင်မထားဘဲ ပညာတတ်လူငယ်တွေက အသုံးဝင်သေးတာပဲ။

သူတို့တွေက အဆိုးဆုံးဥပမာ ရထားတော့ နည်းနည်းလေး ပိုဆိုးတဲ့ မဲနှိုက်မိသူတွေကလည်း ပညာတတ်လူငယ်တွေနဲ့ ယှဥ်ရင် စိတ်ထဲမှာ တော်သေးတယ်လို့ ခံစားမိမှာပဲ။

မြေများကို ခွဲဝေပြီးနောက်တွင် ရွှီရှောင်ကျောင်း၏ဘဝက ပိုပြီးသက်သောင့်သက်သာ ရှိလာလေသည်။ သည်တစ်ကြိမ်တွင် သူမကို အလုပ်လုပ်ဖို့ မတိုက်တွန်းကြတော့ပေ။ သူသည် စာရင်းကိုင်တစ်ယောက်အဖြစ်လည်း ဆက်ပြီးအလုပ်လုပ်စရာ မလိုတော့ချေ။ သူမသည် အိမ်တွင် လဲလျောင်းနေနိုင်တော့သည်။

ဝမ်ကွေးယွဲ့က သူမဆီ စကားပြောလေသည်။ သူမ၏စကားလုံးများက နည်းနည်းချဥ်ချင်စရာပင်။

“ရှောင်ကျောင်း နင်လေ လယ်ထဲလုံးဝမဆင်းဘူးနော်”

ရွှီရှောင်ကျောင်းက ခေါင်းညိတ်လိုက်ပြီး

“အင်း ငါက အိမ်စောင့်ဖို့နဲ့ အဘွားကို စောင့်ရှောက်ဖို့ အိမ်မှာနေရတာ”

ဝမ်ကွေးယွဲ့က စိတ်ထဲက ငြင်းဆိုလိုက်၏။ ‘ပေါက်ကရပါဟယ်’။ အဘွားစုန့်က သူ့ကို စောင့်ရှောက်နေတာနဲ့တောင် ပိုတူသေးတယ်။ သူကဖြင့် ချက်လည်းမချက်တတ် ရေနွေးတောင် ဆူအောင်မတည်တတ်ဘဲနဲ့။ သူက အိမ်နေရင်တောင် တစ်ချိန်လုံး အလကားနေနေတာပဲ။

သူမက သက်ပြင်းချလိုက်ပြီး

“အိုး နင်ကတော့ ကံကောင်းနေတုန်းနော်၊ ငါသာ အလုပ်မလုပ်ရင် အားပေါင်က ငါ့ကို ဆူတယ်ဟဲ့”

ရွှီရှောင်ကျောင်းက သူမကို ကြည့်လိုက်ပြီး

“နင် ကောလိပ်ဝင်ခွင့် စာမေးပွဲအတွက် ပြင်ဆင်နေတာ မဟုတ်ဘူးလား၊ ပြီးတော့ သူက နင့်ကို အလုပ်လုပ်ခိုင်းနေသေးတာလား”

ဝမ်ကွေးယွဲ့၏မျက်နှာက အနည်းငယ် ရှက်သွားတော့သည်။ သူမက ကောလိပ်ဝင်ခွင့်စာမေးပွဲ အကြောင်းပြောပြီး အလုပ်မသွားဘဲ အိမ်မှာ အပျင်းတစ်နေပြီး စာလုပ်ဖို့ စိတ်လည်း အများကြီး မပါဘူး။ နောက်ပိုင်းကျတော့ သူမရဲ့မိသားစု သိသွားပြီး သူမကို ပြဿနာရှာတော့တာပဲ။

“ဟင်း စာလုပ်ရတာက အရမ်းခက်တယ် ရှောင်ကျောင်းရဲ့၊ ငါ့ဘဝမှာ ကောလိပ်ဝင်ခွင့်စာမေးပွဲ အောင်နိုင်မယ် မထင်ဘူး၊ မနှစ်က နင်ငါ့ကိုပေးတဲ့ အစမ်းမေးခွန်းတွေကိုလည်း ငါ အဖြေရှာမရပါဘူး”

ထိုအကြောင်း ပြောလိုက်သည်တွင် ဝမ်ကွေးယွဲ့သည် အနည်းငယ် စိတ်ဖြေရ ခက်သွားတော့သည်။ မနှစ်က ကောလိပ်ဝင်ခွင့်စာမေးပွဲ မတိုင်ခင် ဒီစာရွက်ရလာတုန်းက ရွှီရှောင်ကျောင်းက တမင် ခက်တဲ့မေးခွန်းတွေ လုပ်ပြီး သူမကို တမင် အပြစ်ပေးချင်တာလို့ ထင်ခဲ့တာလေ။

နောက်တော့ ရလဒ်က ဘာတဲ့လဲ။ အဲဒီစာရွက်ထဲက အချက် ၆၀%ကျော်ကို ကောလိပ်ဝင်ခွင့်စာမေးပွဲထဲမှာ ထည့်မေးထားတယ်လေ။

စာမေးပွဲခန်းထဲက ထွက်လာပြီးတော့ သူမမှာ နောင်တအကြီးအကျယ် ရသွားတာပေါ့။

နောက်ပိုင်းကျတော့ သူမက အချိန်အကြာကြီး လေ့လာတာတောင် စာရွက်ထဲက မေးခွန်းတချို့ကို မဖြေနိုင်သေးဘူး။

သူမလည်း လက်ကျန်တစ်ဘဝလုံးက လယ်စိုက်ရတော့မယ်လို့ ခံစားလိုက်ရတယ်။ ဒါပေမဲ့ သူမက လယ်စိုက်စရာ မလိုတဲ့ ရွှီရှောင်ကျောင်းလို မဟုတ်လေဘူး။ နေ့တိုင်း အိမ်မှာ လှဲနေရင်တောင် သူ့ကို ဆူမဲ့သူ မရှိဘူးလေ။ သူတို့နှစ်ယောက်လုံးက အိမ်ထောင်သည်တွေပါ။ သူမရဲ့ဘဝကျတော့ ဘာလို့ ရွှီရှောင်ကျောင်းလိုများ မကောင်းနိုင်ရတာလဲ။

“ပြောစမ်းပါ၊ ငါတို့တွေ ကျန်တဲ့ဘဝကို လယ်သမားတွေပဲ လုပ်ရတော့မှာလား၊ ဒီဘဝမှာ မြေကို မျက်နှာမူပြီး ကောင်းကင်ကို ကျောပေးရမယ်လို့ စဥ်းစားလိုက်ရင်လေ ငါ အားတောင်မရှိတော့ဘူး”

ရွှီရှောင်ကျောင်းက စိတ်ထဲတွင် သူမကို ပြောလိုက်လေသည်။ ဒီနှစ်ကုန် ဒါမှမဟုတ် နောက်အကျဆုံး နောက်နှစ်အစောပိုင်းကျရင် ပညာတတ်လူငယ်တွေကို မြို့ပြန်ခိုင်းလိမ့်မယ်။ အဲဒီအချိန်သာ ရောက်လာရင် ဝမ်ကွေးယွဲ့ ဘယ်လိုရွေးချယ်မလဲ မသိဘူး။

“ဖင့်ရှန်းက ငါတို့ကို ပစ္စည်းတချို့ ပို့လာပေးတယ်မလား၊ သူ ဒါတွေကို မြို့မှာတွေ့လို့တဲ့၊ ပြီးတော့ ဒါတွေက အရမ်းအသုံးဝင်တယ်လို့ ပြောတယ်၊ ကြည့်လိုက်လေ”

ကျိုးဖင့်ရှန်းက ကောလိပ်ကျောင်းသူဘဝ စတင်ရန် မြို့သို့ ပြန်ရောက်နေပြီဖြစ်သည်။ သို့တိုင် သူမက သူမ၏ သူငယ်ချင်းကောင်းလေးကို မမေ့ချေ။

အမှန်တွင်တော့ ပစ္စည်းများကို ရွှီရှောင်ကျောင်းကြောင့်သာ ပို့ပေးခဲ့ခြင်းပင်။ သူမက ဝမ်ကွေးယွဲ့၏ အခြေအနေကို သိလေသည်။ သူမတွင် အထက်တန်းကျောင်းအသိပညာက အခြေခံပင် မရှိချေ။

သို့သော်ငြား ရွှီရှောင်ကျောင်း၏ အရည်အချင်းကိုတော့ သူမက သေချာသိလေသည်။ သူမက သည်ပစ္စည်းများကို မပို့ပေးလျှင်တောင် ရွှီရှောင်ကျောင်းက စာမေးပွဲဝင်ဖြေနိုင်ချင်သရွေ့ သေချာပေါက် စာမေးပွဲအောင်လိမ့်မည်။ သို့သော် သူမက သည်းမခံနိုင်ချေ။ ရွှီရှောင်ကျောင်းကို ကောလိပ်တွင် တွေ့ရဖို့ မျှော်လင့်နေမိလေသည်။

ဝမ်ကွေးယွဲ့က ခေါင်းခါလိုက်၏။ သည်အတိုင်း ကိုယ့်ဟာကို လက်လျှော့ထားလိုက်ကာ

“ငါ့မှာ ဘာမျှော်လင့်ချက်မှ မရှိပါဘူးဟယ်”

ရွှီရှောင်ကျောင်းက သက်ပြင်းချလေသည်။ ကြည့်ရတာ ဒီဖတ်စာအုပ်တွေကို မလိုတော့ဘူး ထင်ပါတယ်။ ဖင့်ရှန်းက ပင်ပင်ပန်းပန်းအားထုတ်ထားတာတွေက အလကားဖြစ်သွားပြီ။

သည်အချိန်တွင် သည်ဖတ်စာအုပ်များက မကြာမီတွင် အသုံးဝင်လာလိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ချေ။

သူတို့နှစ်ယောက် စကားပြောနေစဥ် ရွှီရှောင်ကျောင်းက အလောတကြီးပြန်လာပြီး

“မမ၊ မမရေ အမေ ဗိုက်အရမ်းအောင့်နေလို့တဲ့၊ ယောက်ဖက သူ့ကို ကျောပိုးပြီး ပြန်လာပြီ”

ရွှီရှောင်ကျောင်းမှာ အလန့်တကြားဖြစ်သွားပြီး

“ဘာဖြစ်တာလဲ”

သူမက ထရပ်လိုက်ပြီး ရွှီရှောင်ကန်းနောက် တံခါးနားအထိ လိုက်သွားလိုက်လေသည်။

ရွှီရှောင်ကန်းက အနည်းငယ် ကြောက်လန့်နေကာ

“အစက လယ်ထဲမှာ အလုပ်နည်းနည်းပဲကျန်တာ၊ ယောက်ဖနဲ့ ကျွန်တော် လုပ်နိုင်တယ်၊ ဒါပေမဲ့ အမေက ကူညီမယ်ချည်းပဲ ပြောနေတာ၊ ပြီးတော့ သူက အလုပ်လုပ်ရင်း မြေကြီးပေါ် လဲကျသွားတော့မလို့၊ ကျွန်တော်တို့က မေးမှပဲ အမေက ဗိုက်အရမ်းအောင့်နေတာ သိလိုက်ရတာ”

ဘေးတွင် ဝမ်ကွေးယွဲ့က လက်ယမ်းပြလိုက်လေသည်။ ရွာထဲတွင် ဗိုက်အောင့်တတ်သူ အများကြီး ရှိသည်။

“အဆင်ပြေမှာပါ၊ အစားမှားတာလည်း ဖြစ်နိုင်တာပဲ”

သည်လို ရုတ်တရက်ဗိုက်အောင့်ခြင်းက ကောင်းသည့်ကိစ္စ မဟုတ်ပေ။ ရွှီရှောင်ကျောင်းက မျက်မှောင်ကြုတ်လိုက်ပြီး ဝမ်ကွေးယွဲ့ကို အသိပေးလိုက်လေသည်။

“ကွေးယွဲ့ ငါ အမေ့ကို အရင်ဆုံးသွားကြည့်လိုက်အုံးမယ်၊ နောက်မှပဲ နင်နဲ့ စကားပြောတော့မယ်နော်”

ဝမ်ကွေးယွဲ့သည် သူမက ရေးကြီးခွင်ကျယ် လုပ်နေသည်ဟု ထင်မိလေသည်။ တခါနှစ်ခါလောက် ဗိုက်အောင့်တာကို ဘယ်သူက မခံစားဖူးလို့လဲ။ သို့သော်ငြား သူမက ဘာမှမပြောလိုက်ဘဲ အရင် အိမ်ပြန်သွားလိုက်တော့သည်။

ရွှီရှောင်ကျောင်းက လမ်းတစ်လျှောက်လုံး ဝူချွန်းဟွားကို ကျောပိုးပြီးပြန်လာသည့် စုန့်ဝေဖျင်ဆီသို့ အပြေးသွားလိုက်၏။

“အမေ ဘယ်လိုဖြစ်တာလဲ”

ဝူချွန်းဟွားက ဆိုးဆိုးရွားရွား ဗိုက်အောင့်နေလေသည်။ သူမ၏မျက်နှာက ဖြူဆုတ်နေသော်လည်း သူမက ဆက်ပြီး အားတင်းထားကာ

“ရပါတယ်၊ ပြန်ပြီး ရေနွေးနည်းနည်းလောက် သောက်လိုက်မယ်”

ရွှီရှောင်ကန်းက မျက်လုံးထဲတွင် မျက်ရည်များနှင့် အော်ဟစ်တော့သည်။

“ဘယ်မှာ ကောင်းလို့လဲ၊ မမ အမေက ဗိုက်အောင့်နေတာ ခဏခဏရှိပြီ၊ ကျွန်တော့်ကို ပေးမပြောလို့”

ရွှီရှောင်ကျောင်း၏ မျက်နှာအသားအရေမှာ ပြောင်းလဲသွားတော့သည်။ သူမက ရွှီရှောင်ကန်းကို ပုတ်လိုက်ပြီး

“နင် ရူးနေလား၊ ငါတို့က နင့်ကို မပြောခိုင်းရင် နင်က မပြောတော့ဘူးလား၊ ပြီးတော့ အမေရောပဲ၊ နေမကောင်းတာကို ဘာလို့ သမီးကို မပြောတာလဲ”

ရွှီရှောင်ကျောင်း၏ ပူပန်နေသည့်မျက်နှာကို မြင်လိုက်ရသဖြင့် စုန့်ဝေဖျင်က သူမကို နှစ်သိမ့်ပေးလိုက်ကာ

“မစိုးရိမ်ပါနဲ့၊ ငါ အမေ့ကို မြို့တက်ပြလိုက်ပါမယ်”

ရွှီရှောင်ကျောင်းက သူ့ကို မြန်မြန်ခေါင်းညိတ်ပြလိုက်ပြီး

“မြန်မြန်၊ အမေ့ကို စက်ဘီးနဲ့ခေါ်သွားလိုက်၊ ငါနဲ့ရှောင်ကန်း လမ်းလျှောက်ပြီး လိုက်ခဲ့မယ်”

ဝူချွန်းဟွားသည် ဒုက္ခသုက္ခ များလွန်းလေရာ သွားဖို့လိုသည်ဟု မထင်မိချေ။

“ရပါတယ် ရပါတယ်၊ အဆင်ပြေတယ်၊ အခု သိပ်မနာတော့ပါဘူး၊ ဘာလို့ ငွေကုန်ခံမှာလဲ”

ရွှီရှောင်ကျောင်းက ဝူချွန်းဟွား၏လက်ကို တွဲလိုက်ပြီး

“အမေ မပြောနဲ့တော့၊ သမီးနဲ့ စုန့်ဝေဖျင် စကားကို နားထောင်”

ဝူချွန်းဟွား၏အတွေးကလည်း ဝမ်ကွေးယွဲ့ကဲ့သို့ပင်။ ဒါက ဗိုက်အောင့်တာလေပဲ မလား။ ဘာဖြစ်နိုင်မှာမလို့လဲ။ ရွာထဲက လူတွေလည်း ဗိုက်အောင့်ရင် ရေနွေးသောက်ပြီး လှဲနေလိုက်တာပဲ။ ဆေးစစ်ဖို့ မြို့ဆေးရုံကသွားတာတော့ မတန်ပါဘူး။

သို့သော် ရလဒ်က သူမကို မယုံကြည်နိုင်အောင် ဖြစ်စေတော့သည်။

“ဆရာ ဒါက တကယ်ပဲလား” ဝူချွန်းဟွားသည် အထိတ်တလန့်ဖြစ်သွားတော့သည်။

ဆရာဝန်က သူတို့အဖွဲ့ကို ဓာတ်မှန်ဖလင်ပြား ပြလိုက်ပြီး

“ဒီမှာ၊ ကျောက်ကပ်ပေါ်မှာ အလုံးတစ်ခု ရှိနေတယ်၊ ခင်ဗျားတို့ စီရင်စုကို သွားပြီး ထပ်စစ်ဆေးကြည့်ဖို့ အကြံပေးချင်တယ်၊ အမှန်ဖြစ်နေရင်တော့ ဖြစ်နိုင်သမျှ ချက်ချင်း ခွဲစိတ်တာ အကောင်းဆုံးပဲ”

ရွှီရှောင်ကျောင်း၏ခြေထောက်များက အခိုက်တန့် အားပြတ်သွားတော့သည်။ အလုံးဆိုတာ နောက်ပိုင်းမျိုးဆက်တွေမှာ အကျိတ်လို့ ခေါ်တာပဲ၊ တကယ်လို့များ အန္တရာယ်ရှိတဲ့အကျိတ်ဆိုရင် ဒါက....။

မဟုတ်ဘူး။ မဟုတ်လောက်ပါဘူး။ ဒီလိုခေတ်ကာလမှာ ကင်ဆာအကြောင်း မကြားဖူးသလောက်ပါပဲ။ မဖြစ်လောက်ပါဘူး။

“စုန့်ဝေဖျင်”

စိုးရိမ်ထိတ်လန့်နေသည့်အမူအရာဖြင့် သူမက စုန့်ဝေဖျင်ကို လှည့်ကြည့်လိုက်လေသည်။

“အဆင်ပါတယ်၊ အခုပဲ စီရင်စုဆေးရုံကို သွားကြမယ်၊ ရှောင်ကန်းက အရင်ဆုံး စက်ဘီးနဲ့ ပြန်နှင့်လိုက်၊ အဘွားကို စိတ်မပူဖို့ ပြောလိုက်နော်” စုန့်ဝေဖျင်က ချက်ချင်း ဆုံးဖြတ်ချက်ချလိုက်၏။

ဝူချွန်းဟွားသည် နာကျင်မှု သက်သာသွားပြီး ပုံမှန်နှင့်မခြားပေ။ သူမက ထိုအဖြစ်ကို မယုံနိုင်သေးချေ။

သူတို့အဖွဲ့က ဆေးရုံမှ လမ်းလျှောက်ကာ ထွက်လာခဲ့လေသည်။ သူမက ရွှီရှောင်ကျောင်း၏ လက်ကို ကိုင်လိုက်ပြီး

“သမီး စီရင်စုဆေးရုံကို မသွားတော့ရအောင်ပါ၊ ဆေးရုံက ငွေလိမ်နေကြတာ၊ မဖျားဘဲနဲ့လည်း ပြင်းထန်တဲ့ရောဂါရှိတယ်လို့ ပြောကြလိမ့်မယ်၊ အမေ အခု နေကောင်းသွားပါပြီ”

ပြန်လည်စစ်ဆေးခြင်းက ငွေအလကား ဖြုန်းတီးခြင်းဟု ခံစားမိလေသည်။

ရွှီရှောင်ကျောင်းက သည်တစ်ကြိမ်တွင် စိတ်အေးသွားပြီဖြစ်ရာ

“အမေ သမီး အဲဒီဓာတ်မှန် ရိုက်ထားတာကို နားလည်တယ်၊ အမေ့ရဲ့ကျောက်ကပ်မှာ တကယ်ပဲ အရိပ်တစ်ခုရှိနေတယ်၊ ဒါပေမဲ့ ဆရာဝန်ကလည်း ပြောတယ်၊ သူတို့ရဲ့စက်က အရမ်းဟောင်းနေပြီတဲ့၊ သေချာအောင် ဆေးရုံကြီးကို သွားပြီး နောက်ထပ်ဆေးစစ်တာက ပိုကောင်းမယ်တဲ့၊ ဆရာဝန်စကားကို နားထောင်ရအောင်ပါ၊ အားလုံးအဆင်ပြေရင် သမီးတို့လည်း စိတ်အေးနိုင်တယ်မလား”

ရွှီရှောင်ကျောင်းသည် ထိုသို့ပြောလိုက်သော်လည်း ဆေးရုံကစစ်ဆေးမှု ရလဒ်များက အခြေခံအားဖြင့် မှန်ကန်သည်ကို သေချာသိနေလေသည်။

သေချာလေသည်။ စီရင်စုဆေးရုံကလည်း တူညီသည့်အဖြေ ပေးခဲ့သည်။

“ဘယ်ဖက်ကျောက်ကပ်မှာ အကျိတ်တစ်ခုရှိတာ အတည်ပြုပေးနိုင်တယ်၊ အရင်ဆုံး ခွဲစိတ်ပြီး အကျိတ်ကို ဖယ်လိုက်ဖို့ အကြံပေးချင်တယ်၊ ခင်ဗျားတို့က ဒါကို နားလည်ချင်မှ နားလည်မယ်၊ အန္တရာယ်မရှိတာနဲ့ အန္တရာယ်ရှိတဲ့ အကျိတ်ဆိုတာ ရှိတယ်၊ ဒီအကြောင်းကို စစ်ဆေးပြီးမှပဲ ပြောပြပါမယ်၊ အခုတော့ ခင်ဗျားမိသားစုဝင်တွေက အကျိတ်ကို ဖယ်မလား မဖယ်ဘူးလားဆိုတာကို အရင်ဆုံး အတည်ပြုပေးရမယ်”

ဝူချွန်းဟွားသည် ထိုစကားကို ကြားလိုက်ချိန်တွင် ချက်ချင်းမေးလိုက်လေသည်။

“ဆရာ မဖယ်ရင်ကော အဆင်ပြေတယ် မလား”

သည်လိုခေတ်မျိုးမှာ ဘယ်သူမှ ငွေအများကြီး မရှိဘူးလေ။ ငွေကိုချွေတာဖို့အတွင် နေမကောင်းတဲ့သူတွေ အများကြီး ရောဂါကို သည်းခံခဲ့တာကို ဆရာဝန်တွေလည်း တွေ့နေရတယ်။

“ဒါက အန္တရာယ်မရှိတဲ့အကျိတ်ဆိုရင်တော့ ခဏလောက် မဖယ်ထုတ်ထားလိုက်လည်း ပြဿနာကြီး မဟုတ်ပါဘူး၊ ဒါပေမဲ့ အန္တရာယ်ရှိတယ်ဆိုရင်တော့ ပြောရခက်တယ်”

ဝူချွန်းဟွားက ခွဲစိတ်မှုကို လုပ်မည်မဟုတ်ကြောင်း ပြောတော့မည်ပြင်လိုက်စဥ် ရွှီရှောင်ကျောင်းက သူမ၏လက်ကို ကိုင်လိုက်ပြီး

“ဆရာ ခွဲစိတ်မှုအတွက် ကျွန်မတို့တွေ ဘယ်လောက်ပြင်ဆင်ထားဖို့လိုအပ်ပါသလဲ”

…

အပိုင်း (၃၂) ပွေ့ဖက်ခြင်း

“ခွဲစိတ်ခကတော့ စျေးမကြီပါဘူး၊ type B ခွဲစိတ်မှု ကုန်ကျစားရိတ်က ယွမ်၆၀ပါ၊ အကျိတ်ကိုပဲ ဖယ်ထုတ်မယ်ဆိုရင်တော့ ဆေးရုံအတက်အဆင်းနဲ့ ဆေးဖိုးအပါအဝင် ယွမ် ၂၀၀လောက်ရှိမယ်၊ ဒါပေမဲ့ ရလဒ်က မကောင်းဘဲ အန္တရာယ် ရှိတယ်ဆိုရင်တော့ ဒုက္ခများလိမ့်မယ်၊ ဘယ်ဖက်ကျောက်ကပ်ကို ဖယ်ထုတ်ပစ်ဖို့လိုတယ်၊ နောက်ဆက်တွဲကုသမှုကတော့ အခြေအနေပေါ် မူတယ်၊ ဒီတော့ ဒါကို တွက်ကြည့်လို့မရဘူး၊ ခင်ဗျားတို့ အရင်ဆုံး ယွမ်၅၀၀ လောက်ပြင်ဆင်ထားသင့်တယ်”

ဝူချွန်းဟွားသည် ထိုစကားကို ကြားလိုက်ချိန်တွင် သတိလစ်မတတ်ဖြစ်သွားတော့သည်။

“မဖြစ်ဘူး၊ မဖြစ်ဘူး၊ မဖြစ်ဘူး၊ ကျွန်မတို့ ကုသမှု ခံယူလို့ မဖြစ်ဘူး၊ ကျွန်မတို့ မကုတော့ဘူး”

သူမ ငွေတွေစုနိုင်ခဲ့တယ်ဆိုတာလည်း ပြီးခဲ့တဲ့နှစ်နှစ်က သမီးဖြစ်သူရဲ့အကူအညီကြောင့်လေ။ ဒါပေမဲ့ ဒါက ယွမ်၁၀၀လောက်ပဲရှိတာ။ မလောက်ဘူး။ သမီးဖြစ်သူရဲ့ငွေကို သုံးမယ်ဆိုရင်လည်း ဒါက မမျှတလေဘူး။

“ကုသမှု ယူခံပါမယ်”

စုန့်ဝေဖျင်က ရှေ့တိုးလာပြီး ဆရာဝန်ကို ပြောလိုက်လေသည်။

“ကျွန်တော်တို့ ဒီနေ့ပဲ ဆေးရုံတက်ပါမယ်”

ရွှီရှောင်ကျောင်းလည်း သူ့ဘေးမှနေ၍ ခေါင်းညိတ်လိုက်လေသည်။ သေချာပေါက် ကုမှဖြစ်မယ်။

ဆရာဝန်က ခေါင်းညိတ်လိုက်ပြီး

“ကောင်းပါပြီ၊ မနက်ဖြန်မနက် စစ်းဆေးမှုတွေ လုပ်ကြမယ်၊ ပြဿနာမရှိဘူးဆိုရင်တော့ နေ့လယ်ခင်းလောက် ခွဲစိတ်မှုလုပ်နိုင်မှာပါ၊ ဆေးရုံတက်ဖို့ သွားစီစဥ်လိုက်ပါ”

စုန့်ဝေဖျင်က ခေါင်းညိတ်လိုက်၏။ ရွှီရှောင်ကျောင်းက ဝူချွန်းဟွားကို တွဲကာ ဆေးခန်းထဲမှ ထွက်လာခဲ့လေသည်။

စုန့်ဝေဖျင်၏အသံက တည်ငြိမ်နေ၏။

“အမေ ကျွန်တော် ငွေယူလာပါတယ်၊ လောက်ပါတယ်၊ စိတ်မပူဘဲ စိတ်အေးအေးနဲ့ ကုသမှုခံယူလိုက်ပါ၊ ကျွန်တော် ကျန်တာကို ကြည့်လုပ်လိုက်ပါမယ်”

ဝူချွန်းဟွားသည် မျက်ရည်များကို စတင်သုတ်လိုက်ပြီး

“ဒီလောက်ကြီးတဲ့ အန္တရာယ်ကို ယူထားပြီးမှာ အဲဒီငွေလေးတွေကို ရှာဖို့ လွယ်ခဲ့တာမဟုတ်ဘူး၊ ကလေးရယ်၊ အမေ့စကားနားထောင်ပါ၊ အမေတို့ ဆေးမကုတော့ပါဘူး၊ အမေ သေရမယ်ဆိုရင်တောင် အမေ့ကံပေါ့၊ အမေက မင်းတို့အိမ်ကိုတော့ အလွတ်အတိုင်း မထားနိုင်ဘူးလေ”

ရွှီရှောင်ကျောင်းက ဝူချွန်းဟွားကို တွဲထားကာ ခွင့်ပြုချက် လုပ်ထုံးလုပ်နည်းများကို သွားလုပ်ဖို့ စုန့်ဝေဖျင်ကို အချက်ပြလိုက်လေသည်။

သူမက နောက်တွင်နေခဲ့ကာ ဝူချွန်းဟွားကို တွဲရင်း ဖြည်းဖြည်းချင်းလမ်းလျှောက်လာခဲ့သည်။

“အမေ ငွေက သက်မဲ့ပစ္စည်းပါ၊ ငွေက လူတွေထက် ဘယ်လိုလုပ်ပြီး အရေးကြီးမှာလဲ၊ အမေ စိတ်အေးအေးနဲ့ ကုသမှုခံယူလို့ရပါတယ်၊ စုန့်ဝေဖျင်နဲ့သမီးက ကျန်တာတွေကို ကြည့်လုပ်နိုင်တယ်”

ဝူချွန်းဟွားက သမီးဖြစ်သူ၏လက်ကို တင်းနေအောင် ဆုပ်ထားလိုက်ပြီး

“ဒါပေမဲ့ အမေက ဘယ်လိုလုပ်ပြီး သမီးရဲ့ငွေကို သုံးရက်မှာလဲ၊ မနက်အစောကြီးထပြီး ညမှောင်တဲ့အထိ ငွေရှာရတဲ့ ဝေဖျင်အတွက်လည်း လွယ်တာမဟုတ်ဘူး၊ ပြီးတော့ သူက သမီးအပေါ် အရမ်းကောင်းတာ၊ ဒီငွေတွေကို သုံးလိုက်ပြီးမှ ဝေဖျင်က ဘယ်လိုတွေးမလဲ မသိဘူးလေ၊ အမေ သမီးကို နစ်နာအောင် မလုပ်နိုင်ပါဘူး”

စကားက ဘယ်ရောက်သွားတာလဲ။ ရွှီရှောင်ကျောင်းခမျာ ငိုရခက် ရယ်ရခက် ဖြစ်သွားတော့သည်။

“သူတစ်ယောက်ထဲ ငွေရှာနေတာ မဟုတ်ပါဘူး၊ သမီးလည်း လုပ်အားခတစ်ဝက်ကျော်လောက် ပါပါတယ်၊ ပြီးတော့ ငွေကို သုံးလိုက်ပြီးရင်လည်း ရှာမနေလို့လား၊ ငွေရှာမဲ့ နည်းလမ်းအများကြီး ရှိပါတယ်”

ရွှီရှောင်ကျောင်းက ထိုအကြောင်းကို စဥ်းစားလိုက်၏။ ဒီအကြောင်းပြောရုံနဲ့ အသုံးမဝင်ပါဘူးလေ။ သူမက ဝူချွန်းဟွား၏ နှလုံးသားကို ပစ်မှတ်ထားကာ ပြောလိုက်တော့သည်။

“ရှောင်ကန်းကို မစဥ်းစားတော့ဘူးလား၊ သူက အခုမှ ကျောင်းတက်တုန်း ရှိသေးတယ်၊ ရှေ့ဆက်ဖို့ အဝေးကြီးလိုသေးတယ်၊ သမီးတို့မှာ အဖေမရှိတော့ဘူး၊ အမေက ကုသမှုမခံယူဘဲ တစ်ခုခုဖြစ်သွားရင် နောက်ပိုင်းကျရင် သမီးတို့ကို ဘယ်သူက လာချစ်ပေးတော့မှာလဲ၊ ရှောင်ကန်း ကောလိပ်သွားတာကို မမြင်ချင်ဘူးလား၊ မိန်းမယူပြီး မြေးတွေကိုရော မတွေ့ချင်ဘူးလား”

သူမက ထိုစကားကို ပြောလိုက်ပြီးသည်နှင့် ဝူချွန်းဟွားသည် သူမက သေမည် မသေမည်အကြောင်းကို ဘာမှ မပြောတော့ချေ။ သူမက သမီးဖြစ်သူအပေါ် အားနာစိတ် ဖြစ်မိသွားတော့သည်။

“ဒါပေမဲ့ အမေက သမီးကိုတော့ ဆွဲမချနိုင်ဘူးလေ”

ရွှီရှောင်ကျောင်းက ငွေကိစ္စကို စိတ်မပူချေ။ သူ စိတ်ပူသည်က အကျိတ်သဘာဝကိုပင်။ သည်ခေတ်တွင် အန္တရာယ်ရှိသည့်အကျိတ် ဖြစ်ရပ်က အလွန်မှနည်းပါးဖို့သာ မျှော်လင့်နိုင်တော့သည်။

“အမေ စိတ်မပူပါနဲ့၊ စုန့်ဝေဖျင်နဲ့ သမီးက ဒီနှစ် သေချာပေါက် ငွေပြန်ရှာမှာပါ”

ရွှီရှောင်ကျောင်းသည် ဝူချွန်းဟွားက ထိုအကြောင်းကို ယုံမယုံတော့ မသိပေ။ မည်သို့ပင်ဖြစ်စေ သူမသည် ခွဲစိတ်ဖို့ သဘောတူသ၍ အဆင်ပြေလေသည်။

ခွဲစိတ်ခန်း၏ အနီရောင်မီးက လင်းလာသည်။ ရွှီရှောင်ကျောင်းက စင်္ကြံပေါ်တွင် အနည်းငယ် စိတ်မအေးနိုင် ဖြစ်နေ၏။ စုန့်ဝဖျင်က သူမကိုဆွဲကာ ထိုင်ခုံတွင် ထိုင်ခိုင်းလိုက်ပြီး

“မင်း နေ့လယ်စာ မစားရသေးဘူး၊ ဗိုက်ဆာနေပြီလား”

ရွှီရှောင်ကျောင်းက ခေါင်းခါပြလိုက်သည်။ သူမနှင့် စုန့်ဝေဖျင်တို့က မစားရသေးချေ။ သူမက လုံးဝ ဗိုက်မဆာနေချေ။ ကူးပြောင်းလာသည်မှာ အလွန်ကြာနေပြီဖြစ်ရာ သူမက စိုးရိမ်စိတ် ခံစားမိသည်မှာ ပထမဆုံးအကြိမ်ပင်။

အစပိုင်းတွင် သူမက ဝူချွန်းဟွားကို မိသားစုတစ်ခုကို မသတ်မှတ်ခဲ့ပေ။ သူမက ‘အမေ’ဟု အမည်သညာခေါ်ခဲ့သော်လည်း ကိုယ်ချင်းစာတရားနှင့် ကြင်နာမှုကြောင့်သာ ဖြစ်လေသည်။ ခံစားချက်များများစားစား မရှိခဲ့ချေ။ သို့သော် နှစ်နှစ်ကျော်ကြာသွားပြီး အဆင်ပြေပြေ နေလာပြီးနောက်တွင် သူမသည် သည်မိသားစုနှင့် တသားတည်းဖြစ်လာခဲ့သည်။ သူမ၏စိတ်ထဲတွင် ဝူချွန်းဟွားနှင့် ရွှီရှောင်ကျောင်းက ဒီလောကတွင် အရင်းနှီးဆုံးမိသားစုဝင် ဖြစ်လာတော့သည်။

သူမသည် ပြီးခဲ့သည့်နှစ်ရက်က ထိုအကြောင်းကို များစွာပြန်စဥ်းစားခဲ့လေသည်။ သို့သော် စာအုပ်ထဲတွင် ဝူချွန်းဟွား၏ ရောဂါအကြောင်း ဖော်ပြချက်ကို မမှတ်မိခဲ့ပေ။ ရွှီရှောင်ကျောင်းက နေမကောင်းဖြစ်ပြီး ဆေးမှားထိုးမိရာက အကြားအာရုံ ချို့ယွင်းသွားသည်ကိုသာ မှတ်မိလေသည်။

သူမက ထိုအကြောင်းကို အချိန်တော်တော်ကြာအောင် လေ့လာဆန်းစစ်မိသည်။ စာအုပ်ထဲမှာ ဝူချွန်းဟွားက တစ်ချိန်လုံး သည်းခံလာခဲ့ပုံရတယ်။ နောက်ပိုင်းကာလမှ မိန်လင်ရွာအကြောင်း ရေးထားတာ အရမ်းနည်းသွားတယ်။ နောက်ဆုံး ရလဒ်က ဘာဖြစ်မလဲဆိုတာ ကောက်ချက်ချကြည့်လို့မရဘူး။

ရလဒ်က ကောင်းဖို့ပဲ မျှော်လင့်ပါတယ်။

သူမက ခေါင်းခါပြီး ဗိုက်မဆာဘူးဟု ပြောလိုက်သည်နှင့် ခွဲစိတ်ခန်းမီးကလည်း မှိတ်သွားတော့သည်။ စုန့်ဝေဖျင်က သူမရှေ့သို့ လျှောက်လာပြီး

“ဆရာ ကျွန်တော့်အမေ အခြအနေ ဘယ်လိုရှိလဲဗျာ”

ဆရာဝန်က သူ့မက်စ်ကို ချွတ်လိုက်ပြီး ပြုံးပြလိုက်ကာ

“အရမ်းကို အဆင်ပြေပြီး အောင်မြင်ပါတယ်၊ အကျိတ်ကို လုံးဝကို သေချောသေချာ ဖယ်ရှားပြီး ဒီအကျိတ်ကလည်း အကြီးစားမဟုတ်ဘူး၊ ခဏနေ လူနာထွက်လိမ့်မယ်၊ အလုံးကို ဓာတ်ခွဲခန်းကို ပို့ပေးလိမ့်မယ်၊ ရလဒ်က မနက်ဖြန်ထွက်လာလိမ့်မယ်၊ ကျေးဇူးပြုပြီး စိတ်ရှည်ရှည်နဲ့ စောင့်ပေးပါ”

စုန့်ဝေဖျင်က ရွှီရှောင်ကျောင်း ကြည့်လိုက်ပြီး

“ကြားတယ်မလား၊ ဆရာဝန်က ခွဲစိတ်မှု အောင်မြင်တယ်လို့ ပြောသွားတယ်၊ အမေက သေချာပေါက် အဆင်ပြေမှာပါ”

သူမသည် မနက်ဖြန်၏ ဆေးစစ်ချက်ရလဒ်က အရေးကြီးဆုံးဖြစ်မှန်း သိသော်လည်း ရွှီရှောင်ကျောင်းက ဆရာဝန်ပြောသည့် စကားကို ကြားလိုက်ရချိန်တွင် စိတ်အေးသွားကာ ရယ်မောလိုက်တော့သည်။

“ဝမ်းသာလိုက်တာ”

ဝူချွန်းဟွားက သူမ၏မျက်လုံးကို ဖွင့်လိုက်ရာ သူမ သမီးဖြစ်သူ၏ အပြုံးကို တွေ့လိုက်သဖြင့် ဘာမှ ကြီးကြီးမားမား မဖြစ်မှန်း သိလိုက်လေသည်။ ရွှီရှောင်ကျောင်းက သူမကို ယုံကြည်ချက်ပေးဖို့ မစောင့်နိုင်အောင် ဖြစ်သွားတော့သည်။

“အမေ ဆရာဝန်က ပြောတယ် ခွဲစိတ်မှုက အောင်မြင်တယ်တဲ့၊ ရက်နည်းနည်းလောက် အနားယူပြီးရင် ဆေးရုံဆင်းလို့ရတယ်၊ စိတ်မပူနဲ့နော်၊ အဆင်မပြေ မဖြစ်တာမျိုး ရှိသေးလား”

ဝူချွန်းဟွားသည် အနည်းငယ် ပင်ပန်းသလိုသာ ခံစားရလေသည်။ မေ့ဆေးက မပြယ်သေးသဖြင့် ခွဲစိတ်ထားသည့်နေရာက နာကျင်မှုကိုပင် မခံစားရပေ။

“အမေ နေကောင်းပါတယ်၊ အားလုံး အဆင်ပြေတယ်”

စုန့်ဝေဖျင်သည် ဝူချွန်းဟွား၏မျက်နှာက ဖျော့နေသော်လည်း သူမက စိတ်အားတက်နေသည်ကို တွေ့လိုက်ရသည်။ သူက စိတ်အေးသွားပြီး ရွှီရှောင်ကျောင်းကို ကြည့်လိုက်ကာ

“အမေ နိုးပြီဆိုတော့ ငါ ဆရာဝန်သွားခေါ်လိုက်အုံးမယ်၊ ဆရာဝန်က ပြောတယ် နှံစားပြောင်းစွပ်ပြုတ် သောက်လို့ရတယ်တဲ့၊ ငါ သွားဝယ်လိုက်အုံးမယ်၊ မင်း နေ့လယ်စာ မစားရသေးဘူးနော်၊ မင်း ဘာစားချင်လဲ”

ဝူချွန်းဟွားက အဆင်ပြေပြေ ထွက်လာသဖြင့် ရွှီရှောင်ကျောင်းက တခြားအကြောင်းများကို စဥ်းစားဖို့ စိတ်ထဲ ရောက်လာတော့သည်။ သူမက ဗိုက်ကို ပွတ်လိုက်ပြီး

“ငါ ဗိုက်ဆာတယ်၊ ငါ အသားစားချင်တယ်”

စုန့်ဝေဖျင်က ခေါင်းညိတ်လိုက်၏။ သူက ဝူချွန်းဟွားကို နွေးနွေးထွေးထွေး ပြောပြောလိုက်လေသည်။

“အမေ ရှောင်ကျောင်းကို အမေနဲ့ အဖော်လုပ်ခိုင်းလိုက်၊ ကျွန်တော် အစားအသောက် သွားဝယ်လိုက်အုံးမယ်”

ဝူချွန်းဟွာသည် စုန့်ဝေဖျင်က ဆေးရုံအခန်းထဲမှ ထွက်သွားသည်ကို ကြည့်နေလိုက်လေသည်။ သူမက ပြုံးကာ ရွှီရှောင်ကျောင်း၏လက်ကို ကိုင်ထားလိုက်ပြီး

“ဝေဖျင် သူလေ အရမ်းစဥ်းစားပေးတတ်တာပဲ၊ သမီးက အိမ်ထောင်ရေးကောင်းတယ်၊ အခန်းကိုလည်း တစ်ယောက်ခန်း ငှားထားပေးတယ်၊ ဘယ်လောက်တောင် ကုန်ကျသွားလဲ”

သည်အခိုက်တွင် ရွှီရှောင်ကျောင်းသည်လည်း စုန့်ဝေဖျင်က သူမဘေးတွင် ရှိနေတာက ကံကောင်းသည်ဟု ခံစားမိလေသည်။ သူသာ အဖော်မလုပ်ပေးခဲ့လျှင် သူမသည် ပိုပြီး စိတ်ဆင်းရဲရပေလိမ့်မည်။

“အများကြီး မကုန်ပါဘူး၊ ဒါမှပဲ အမေလည်း စိတ်အေးအေးနဲ့ ဒဏ်ရာကို ပြန်ကုနိုင်မှာလဲ၊ ဒီတစ်ခါတော့ စိတ်မပူနဲ့နော်၊ မခွဲစိတ်ခင်တုန်းက အမေက ငွေအကြောင်းပဲ တတွတ်တွတ်ပြောနေတာ၊ စုန့်ဝေဖျင်က ငွေကို ဂရုမစိုက်ပါဘူး” ရွှီရှောင်ကျောင်းက စိတ်အေးသွားတော့သည်။

ဝူချွန်းဟွားက ပြုံးပြလိုက်ပြီး

“ငွေတစ်ပြားကလည်း သူရဲကောင်းကို ဒုက္ခရောက်အောင် လုပ်နိုင်တယ်၊ သူက ငွေကို ဂရုမစိုက်ဘူးဆိုတာကလည်း သမီးကို ပိုပြီး ဂရုစိုက်လို့လေ၊ သမီးလည်း အဲအကြောင်းကို သိသင့်တယ်”

ရွှီရှောင်ကျောင်းက ခေါင်းသာ ညိတ်နိုင်လေတော့သည်။

သူမသည် ငွေကိစ္စကို ဘယ်တော့မှ ဂရုမစိုက်သော်လည်း အမေပြောသည့်စကားကတော့ မှန်လေသည်။ ငွေတပြားက သူရဲကောင်းကို ဒုက္ခရောက်စေနိုင်တယ်တဲ့။ ညပိုင်းတွင် ဝူချွန်းဟွားက အိပ်ပျော်သွားခဲ့သည်။ ရွှီရှောင်ကျောင်းနှင့် စုန့်ဝေဖျင်တို့က ပိုက်ဆံကိစ္စ ဆွေးနွေးကြသည်။

“ငါတို့မှာ ငွေဘယ်လောက်ကျန်သေးလဲ”

မနေ့ကမှ သည်နေ့အထိ ရွှီရှောင်ကျောင်းသည် ကောင်းကောင်း အနားမယူရသေးချေ။ သူမ ပင်ပန်းနေသည်ကို တွေ့ရသဖြင့် စုန့်ဝေဖျင်က သူမ၏ဆံပင်ကို အသာအယာသပ်ပေးလိုက်ပြီး

“ဆေးရုံကုန်ကျစားရိတ် ယွမ်၂၀၀ ပေးထားပြီးပြီ၊ ငါ့မှာ ယွမ်၂၀၀ကျော်လောက် ကျန်သေးတယ်”

ရွှီရှောင်ကျောင်းက ခေါင်းညိတ်ပြလိုက်ပြီး နှုတ်ခမ်းကို ကိုက်ကာ

“မနက်ဖြန် စစ်ဆေးချက် ရလဒ် ကောင်းခဲ့ရင် ငွေလောက်မှာပါ၊ ဒါပေမဲ့ ရလဒ်မကောင်းခဲ့ရင်တော့...”

သူမသည် စကားပြောနေရင်း အသံက အနည်းငယ် တုန်ယင်လာတော့သည်။ နောက်ပိုင်း မျိုးဆက်တွေမှာ အန္တရာယ်ရှိတဲ့အကျိတ်ကို ကုသလို့ မရနိုင်သေးဘူးလေ။ အခုဆိုရင်တော့ ပြောမနေနဲ့တော့။ နည်းနည်းတော့ ကြောက်မိတယ်။

စုန့်ဝေဖျင်၏မျက်လုံးများထဲတွင် စိတ်မကောင်းသည့်အရိပ် ဖြတ်ပြေးသွားတော့သည်။ သူက လက်ကို ဆန့်လိုက်ကာ သူမ၏ပါးပြင်ကို ထိလိုက်ပြီး

“ရပါတယ်၊ ငါ ဆရာဝန်ကို မေးထားပြီးပြီ၊ ငါတို့ စောစော သိရမှာပါ၊ ရလဒ်မကောင်းရင်တောင် ဘယ်ဖက်ကျောက်ကပ်ကို ဖယ်လိုက်ပြီး ကောင်းကောင်း အနားယူလိုက်ရင် အမေ ပြန်ကောင်းလာမှာပါ”

“မင်း ငွေကိစ္စတော့ စိတ်ပူစရာ မလိုပါဘူး၊ ငါ ရှိသားပဲ၊ မင်း အမေနဲ့ စကားပိုပြောပြီး သူ့ကို စိတ်အေးသွားအောင် လုပ်ပေးလိုက်နော်”

“ပြီးတော့ မင်းလည်း သေချာစားသောက်အုံး”

စုန့်ဝဖျင်က သူ့စိတ်ထဲရှိသမျှ ထုတ်ပြောလိုက်ပြီး မကြုံစဖူးစိတ်ရှည်မှုနှင့်အတူ ပျော့ပြောင်းသည့် လေသံဖြင့် ပြောလိုက်လေသည်။

အိပ်မပျော်ခင် ရွှီရှောင်ကျောင်းက လေသံတိုးတိုးဖြင့် ပြောလိုက်၏။

“စုန့်ဝေဖျင် နင်ရှိလို့ တော်ပါသေးရဲ့”

သူမ အိပ်ပျော်သွားချိန်တွင်တော့ စုန့်ဝေဖျင်က သူမကို အချိန်အကြာကြီး စောင့်ကြည့်လိုက်ပြီးနောက် ထရပ်ကာ ဝူချွန်းဟွားကို ဂရုစိုက်ပေးလိုက်လေသည်။

နောက်တစ်နေ့မနက်ခင်းတွင် ရွှီရှောင်ကျောင်းက စုန့်ဝေဖျင် ယူလာပေးသည့် မနက်စာကို စားပြီးသွားချိန်တွင် သူနာပြုဆရာမ၏ အပြင်က အော်သံကို ကြားလိုက်ရလေသည်။

“ဝူချွန်းဟွားမိသားစု၊ ဆေးစစ်ချက် ရလဒ် ထွက်လာပါပြီ၊ ပြတင်းပေါက်နားသွားပြီး ကိုယ်တိုင် သွားယူလိုက်ပါ”

ရွှီရှောင်ကျောင်းက ချက်ချင်း ထရပ်လိုက်၏။

ဝူချွန်းဟွားက သူမကို ပြုံးကာကြည့်လိုက်ပြီး

“သွားလေ”

ရွှီရှောင်ကျောင်းက နှုတ်ခမ်းများကို တင်းနေအောင် စေ့ထားလိုက်ပြီး ညည်းသံဖြင့် ပြန်ဖြေလိုက်သည်။ သူမနှင့် စုန့်ဝေဖျင်တို့ ထွက်လာသည်နှင့်တစ်ပြိုင်နက် မျက်ရည်များက စီးကျလာတော့သည်။

“စုန့်ဝေဖျင် ငါ ကြောက်တယ်”

သူမက ရှိသမျှအားနှင့် စုန့်ဝေဖျင်၏ လက်ချောင်းများကို တင်းနေအောင်ဆုပ်ထားလိုက်လေသည်။

“မကြောက်နဲ့၊ မကြောက်နဲ့နော်၊ ငါ ရှိတယ်”

သူမသည် ခြေကျင်းဝတ်လည်ပြီး ငိုခဲ့ကတည်း စုန့်ဝေဖျင်က သူမကို ထပ်ပြီးငိုခွင့်မပေးတော့ချေ။ သူမ၏မျက်ရည်များ စီးကျလာသည်ကို မြင်ရသဖြင့် စုန့်ဝေဖျင်သည် သူ့ရင်ဘတ်ထဲတွင် နာကျင်မှုတစ်ခုကို ခံစားလိုက်ရပြီး သူမ၏ပခုံးကို အသာအယာ ပုတ်ပေးလိုက်လေသည်။

ရွှီရှောင်ကျောင်းက နှာခေါင်း တရှုံ့ရှုံ့နှင့်

“ဒါဆို... ဒါဆို နင် သွားယူလိုက်လေ၊ ငါ..ငါ မဖတ်ဘူး”

စုန့်ဝေဖျင်က သူမကို ပြတင်းပေါက်နားအထိ ခေါ်လာလိုက်၏။

“အင်း”

ရွှီရှောင်ကျောင်းသည် ရင်ဘတ်ထဲတွင် နှလုံးခုန်နေသည်ကို ခံစားမိလေသည်။ သူမက နားကို တင်းနေအောင် အုပ်ထားပြီး ပြတင်းပေါက်ကို မှီထားကာ စုန့်ဝေဖျင်က စစ်ဆေးမှုစာရွက်ကို ယူပြီး မျက်လွှာချကာ အဖြေကို ကြည့်နေသညကို စောင့်ကြည့်နေလိုက်လေသည်။

ထိုစက္ကန့်ပိုင်းလေးက နှစ်အနည်းငယ်လောက် ကြာနေသယောင်။ သူမ၏အသက်ရှူသံကို မကြားရတော့သလောက်ဖြစ်နေပြီး မျက်လုံးများကို တင်းနေအောင် ပိတ်ထားလိုက်တော့သည်။

ဟင့်အင်း။ အဖြေက ဆိုးမှာ မဟုတ်ပါဘူး။

ရုတ်တရက် စုန့်ဝေဖျင်က လက်ဆန့်လိုက်ပြီး သူမ၏လက်များကို ကိုင်လိုက်၏။

ရွှီရှောင်ကျောင်းက ချက်ချင်း မျက်လုံးများကို ဖွင့်လိုက်ပြီး စုန့်ဝေဖျင်၏အပြုံးကို မြင်လိုက်လေသည်။

“အန္တရာယ်မရှိဘူးတဲ့၊ အန္တရာယ်မရှိတဲ့အကျိတ်တဲ့”

“အားးး စုန့်ဝေဖျင် ဟင့် ဟင့် ဟင့် နင် ငါ့ကို သေအောင် ခြောက်နေတာပဲ”

ရွှီရှောင်ကျောင်းက စုန့်ဝေဖျင်ကို ဖက်လိုက်၏။ သူမ၏တကိုယ်လုံးက သူ့ပေါ်သို့ ခုန်တက်သွားကာ သူ့လည်ပင်းကို တင်းနေအောင် ဖက်ထားပြီး သူ့ရင်ခွင်ထဲတွင် မြှုပ်ထားကာ မျက်ရည်များ ပြိုကျလာတော့သည်။

စုန့်ဝေဖျင်က အခိုက်တန့် အံ့ဩသွားတော့သည်။ သူလက်ထဲက စစ်ဆေးချက်စာရွက်က ကြမ်းပြင်ပေါ် ကျသွားလေသည်။ ထို့နောက် သူက လက်ကိုဆန့်ကာ သူမကို ဖက်လိုက်ရာ တလောကလုံးကို ဖက်ထားနေမိသည့်နှယ်။

“လိမ္မာတယ်၊ မငိုနဲ့နော်”

ရွှီရှောင်ကျောင်းက ခေါင်းခါပြလိုက်ပြီး

“စုန့်ဝေဖျင် ငါ မတတ်နိုင်ဘူး၊ စုန့်ဝေဖျင် ငါ အရမ်းကြောက်သွားတာ၊ ရလဒ်သာ မကောင်းရင် ငါ ဘာလုပ်ရမှာလဲ၊ အမေက ငယ်ငယ်လေးပဲ ရှိသေးတာ၊ ရှောင်ကန်းကလည်းက အရမ်းငယ်သေးတယ်၊ ဟင့် ဟင့် ဟင့်”

စုန့်ဝေဖျင်က သူမကို ဖက်ရင်း နံရံဖက်သို့ ကပ်လိုက်လေသည်။ သူက သက်ပြင်းချလိုက်ပြီး လက်ကို မြောက်ကာ သူမ၏ခေါင်းကို သပ်ပေးလိုက်ပြီး

“အဆင်ပြေသွားပါပြီ၊ အဆင်ပြေသွားပြီနော်”

ရွှီရှောင်ကျောင်းက သူ့ကို မော့အကြည့်တွင် မျက်ရည်များက သူမ၏မျက်နှာပေါ်တွင် စီးကျနေကာ

“တကယ် အန္တရာယ်မရှိတဲ့အကျိတ်လား၊ နင် ငါ့ကိုမလိမ်ပါဘူးနော်”

စုန့်ဝေဖျင်က ပြုံးလိုက်ပြီး

“မလိမ်ပါဘူး၊ အန္တရာယ်မရှိတဲ့အကျိတ်ပါ၊ မင်း အခု စိတ်အေးလို့ရပါပြီ”

ထိုအခါမှ ရွှီရှောင်ကျောင်းက မျက်ရည်များ စီးကျလာရင်း ရယ်မောလိုက်ကာ

“ဝမ်းသာလိုက်တာ၊ ဝမ်းသာလိုက်တာ”

နောက်ပိုင်းကျမှ သူမသည် အနည်းငယ်အလွန်စိတ်လှုပ်ရှားခဲ့မိသယောင် သိလိုက်ရတော့သည်။

“ငါ မလေးဘူးလား၊ ငါ့ကို ချပေးတော့”

စုန့်ဝေဖျင်က သူမကို ပင့်ထားပေးပြီး ခေါင်းခါပြလိုက်ကာ

“ခဏလောက်ထပ် ချီထားမယ်”

“မရဘူး၊ ငါ ဆင်းချင်ပြီ”

သူမက စုန့်ဝေဖျင်ကို တွန်းထုတ်လိုက်ပြီး ကြမ်းပြင်ကို ထိလိုက်လေသည်။ သူမက ကြမ်းပြင်ပေါ်က စစ်ဆေးမှုစာရွက်ကို ကောက်ယူလိုက်၏။ ထိုအခါမှ သူမသည် စာရွက်ကို သေသေချာချာ ဖတ်ရဲတော့သည်။

“အန္တရာယ်မရှိတဲ့အကျိတ်ပဲ၊ ငါ အမေ့ကို သတင်းကောင်း သွားပြောရမယ်”

စုန့်ဝေဖျင်က ပေါ့ပါးသည့်ခြေလှမ်းများနှင့် ထွက်ပြေးသွားသည့် သူမကို စောင့်ကြည့်နေမိလေသည်။ သူက သူ့လက်များကို ပြန်ကြည့်လိုက်၏။ နံရံကို ပြန်မှီထားလိုက်ပြီး ခေါင်းမော့ကာ မျက်လုံးများကို မှိတ်ထားလိုက်တော့သည်။ သူသည် ခဏလောက် စောင့်ပေးလိုက်ပြီး ဝူချွန်းဟွားတို့ သားအမိ စကားပြောဖို့ အချိန်ပေးထားလိုက်လေသည်။ သက်ပြင်းချလိုက်ပြီးနောက် သူက အေးအေးဆေးဆေး အခန်းသို့ လျှောက်လာခဲ့တော့သည်။

“ဒီတစ်ခါတော့ စိတ်မပူနဲ့နော်၊ နောက်ထပ် ရက်နည်းနည်းလောက် နေပြီးရင် သမီးတို့ အိမ်ပြန်လို့ရပြီ”

ရွှီရှောင်ကျောင်း၏ ဝမ်းသာရွှင်လန်းသည့်အသံက အခန်းထဲမှ ထွက်လာလေသည်။

ဝူချွန်းဟွားက သည်တစ်ကြိမ်တွင် စိတ်ရင်းနှင့်ပြုံးပြလိုက်ပြီး

“ဟုတ်ပါပြီ ဟုတ်ပါပြီ၊ ကောင်းတာပေါ့၊ အမေ အိမ်ကထွက်လာတာ ၂ရက်တောင်ရှိပြီ၊ အိမ်မှာ ဘာတွေဖြစ်နေပြီလဲ မသိဘူး၊ ဝေဖျင်ကို အိမ်ပြန်ခိုင်းပြီး တစ်ချက်လောက် သွားကြည့်ခိုင်းလိုက်အုံး”

“အင်း အင်း အင်း၊ သမီးလည်း အဘွားနဲ့ ရှောင်ကန်းကို စိတ်ပူနေတာ၊ တော်သေးတယ်၊ သမီး ဒီကိုမလာခင် သူတို့ကို စောင့်ရှောက်ပေးဖို့ ဘေးအိမ်က အဒေါ်ဆီမှာ အပ်ထားခဲ့လို့”

စုန့်ဝေဖျင်က တခါးမှ ဝင်လာသည်နှင့်ချက်ချင်း ရွှီရှောင်ကျောင်းက တော်တော်လေး စိတ်အားထက်သန်နေကာ

“စုန့်ဝေဖျင် အမေ နေကောင်းတယ်၊ ဒီနေ့ အိမ်ပြန်ပြီး တစ်ချက်သွားကြည့်လိုက်အုံး၊ မနက်ဖြန်မှ ပြန်လာခဲ့နော်၊ ဒီနေ့ ငါ အမေနဲ့ နေလိုက်မယ်”

ဝူချွန်းဟွားသည် မထနိုင်သေးသော်လည်း ဆေးရုံခုတင်ပေါ်တွင်တော့ အလွယ်တကူ လှုပ်ရှားနိုင်လေသည်။ ရွှီရှောင်ကျောင်းက သူမကို စောင့်ရှောက်ပေးနိုင်သည်။

စုန့်ဝေဖျင်က မငြင်းလိုက်ပေ။ သူက ခေါင်းညိတ်သဘောတူလိုက်ပြီး

“မင်း ဘာစားချင်လဲ၊ ငါ ယူလာပေးမယ်”

အခုတော့ ဝူချွန်းဟွားက နေကောင်းလာပြီဖြစ်ရာ ရွှီရှောင်ကျောင်းလည်း စားသောက်ဖို့ စိတ်ရှိလာတော့သည်။

“အင်း ဒါဆို နင် ငါ့အတွက် မိုးခိုသားနည်းနည်းလောက် ကြော်လာပေး၊ ငါ အဲဒါ စားချင်တယ်၊ ကြာစွယ်ကြော်လည်း ထပ်စားချင်တယ်”

ဝူချွန်းဟွားက ပြုံးကာ ရွှီရှောင်ကျောင်း၏နဖူးကို တို့လိုက်ပြီး

“ဝေဖျင်က အဘွားနဲ့ ရှောင်ကန်းကို ပြန်သွားကြည့်မှာလေ၊ ဒါကို နင်က ဟိုဟာလိုချင် ဒီဟာလိုချင်နဲ့၊ ဝေဖျင် သူ့အတွက် မလုပ်လာနဲ့၊ အမေ ဆေးရုံက ဆင်းပြီး အိမ်ပြန်ရောက်မှ စားကြမယ်”

စုန့်ဝေဖျင်က ခေါင်းခါလိုက်ပြီး

“ကိစ္စမရှိပါဘူး၊ ဆရာဝန် လာကြည့်ပြီးရင် ကျွန်တော် ပြန်လိုက်မယ်”

နှစ်ရက်လောက် အပြင်ရောက်နေသဖြင့် သူလည်း အိမ်ကို စိတ်ပူမိလေသည်။

စုန့်ဝေဖျင် ထွက်သွားပြီးနောက် ဝူချွန်းဟွားနှင့် ရွှီရှောင်ကျောင်းတို့က စကားပြောလိုက်ကြသည်။

“ဒီကိစ္စကို တွေ့ကြုံပြီးမှ အမေ စဥ်းစားမိတယ်၊ အမေ့ကျန်းမာရေးထက် ဘာကမှ အရေးမကြီးဘူးဆို သိလိုက်ရတယ်၊ နောက်ဆိုရင် သမီးလည်း ဝေဖျင်ကို အလုပ်အရမ်းမလုပ်ဖို့ နားချသင့်တယ်၊ ခဏလောက် အနားယူခိုင်းလိုက်”

ရွှီရှောင်ကျောင်းက ပြောလိုက်ချင်လေသည်။ အမေမြင်တဲ့အများကြီးက ဒီလောက်ပဲ ရှိတာလား။ စုန့်ဝေဖျင်က နေခင်းဆိုရင် လယ်ထဲမှာ အလုပ်လုပ်ဖို့ ရုပ်ပိုင်းဆိုင်ရာ ခွန်အားကို သုံးလိုက်ရုံမကဘူး နေ့တိုင်း စာလုပ်ဖို့ ဦးနှောက်ကိုလည်း သုံးရသေးတယ်။ စုန့်ဝေဖျင်သာ ကောလိပ်ဝင်ခွင့်စာမေးပွဲ ဝင်ဖြေခဲ့ရရင် ကောလိပ်ဝင်ခွင့်ရမှာ သေချာတယ်။

စုန့်ဝေဖျင်ကိုကြည့်ရင် ဘယ်တော့မှ မပင်ပန်းတတ်တဲ့ပုံပဲ။

သို့သော်ငြား သူမက ဝူချွန်းဟွားနှင့် လိုက်ပြောပေးလိုက်သည်။

“အင်း၊ သမီး နားလည်ပါပြီ အမေရယ်၊ စိတ်မပူပါနဲ့၊ သူနဲ့သမီးနှစ်ယောက်လုံး ကျန်းမာရေးကောင်းပါတယ်၊ အခု ဘာမှ မစဥ်းစားသေးနဲ့အုံး၊ ကောင်းကောင်းနားလိုက်၊ တခြားဘာအကြောင်းမှ မစဥ်းစားနဲ့နော်”

ရွှီရှောင်ကျောင်းက ဝူချွန်းဟွား စိတ်အေးရအောင် စကားနည်းနည်းပါးပါး ပြောပေးရင်း သူမ၏စိတ်ထဲတွင်တော့ ငွေရှာရမည့်အကြောင်း စဥ်းစားနေလိုက်သည်။

ဝူချွန်းဟွား၏ ခွဲစိတ်မှုပြီးနောက် ပြန်လည်နာလန်ထူလာကာ နေပြန်ကောင်းပြီးနောက်တွင် ရွှီရှောင်ကျောင်းက သူမကို ထပ်ပြီး အလွန်မပင်ပန်းစေချင်တော့ပေ။ ထို့ကြောင့် သူမ၏ဦးနှောက်ကို သုံးပြီး ငွေရှာဖို့နည်းလည်း စဥ်းစားရပေတော့မည်။

လုပ်ငန်းတစ်ခုစဖို့တော့ အချိန်မကျသေးချေ။ အသားစတူးက ငွေရှာနိုင်တယ်ဆိုပေမဲ့ ဒါက စီးပွားရေးငယ်လေးတစ်ခုလေ။ ငွေက ဖြည်းဖြည်းချင်း ဝင်လာပြီး အရမ်းကြီး မတည်ငြိမ်သေးဘူး။ ငွေရှာဖို့ တခြားနည်းလမ်းတွေ ရှိလာရင်တော့ ကောင်းတာပေါ့။

နေ့လယ်ခင်းတွင် ဝူချွန်းဟွားသည် စားသောက်ပြီးနောက် အိမ်ပျော်သွားလေသည်။ သူမသည် ပြန်ကောင်းလာသော်လည်း အနည်းငယ် အားနည်းနေသေးသည်။ ရွှီရှောင်ကျောင်းက သူမ၏ဂွမ်းစောင်ကို ထည့်သိမ်းပေးလိုက်၏။ သူက စားသောက်ရင်း အတွေးနစ်နေစဥ် အခန်းတံခါးက ပွင့်သွားလေသည်။

…

အပိုင်း (၃၃) ပြန်လည်ကုစားခြင်းအတန်း

“စုန့်ဝေဖျင်လား၊ နင် ဘာလို့ ဒီနေ့ ရောက်လာတာလဲ”

ရွှီရှောင်ကျောင်းက အံ့ဩသွားတော့သည်။ တံခါးဖွင့်လိုက်သူက စုန့်ဝေဖျင် ဖြစ်နေသည်။ သူက အိမ်မှာ တစ်ညလောက်နေပြီးမှ မနက်ခင်း ဒါမှမဟုတ် နေ့လယ်ခင်းလောက်မှ ပြန်လာမယ်လို့ ထင်ထားခဲ့တာလေ။

ဝူချွန်းဟွား အိပ်နေသည်ကို တွေ့လိုက်ရသဖြင့် စုန့်ဝေဖျင်သည် မသိစိတ်က အသံကို တိုးလိုက်မိကာ

“မင်းကို စိတ်ပူလို့လေ၊ အဘွားနဲ့ ရှောင်ကန်းတို့ အိမ်မှာ အဆင်ပြေတယ်၊ ဒါကြောင့် ငါပြန်လာခဲ့တာ”

“အချိန်တောင် နောက်ကျနေပြီလေ၊ ဘတ်စ်ကား ရှိသေးလို့လား” ကောင်းကင်တစ်ခုလုံးက မဲမှောင်လို့နေသည်။

စုန့်ဝေဖျင်က ပစ္စည်းများကို စားပွဲပေါ် အသာအယာတင်လိုက်ပြီး

“ငါ ဒီကို စက်ဘီးနဲ့လာခဲ့တာ၊ ဒီရက်ပိုင်းမှာ ပစ္စည်းတွေ ဝယ်ရတာ ပိုလွယ်တယ်လေ၊ မင်း စားပြီးပြီလား”

ရွှီရှောင်ကျောင်းက ခေါင်းခါပြလိုက်ပြီး

“အမေကတော့ စားပြီးပြီ၊ သူ ပင်ပန်းပြီး အခုပဲ အိပ်ပျော်သွားတာ၊ ငါလည်း အခုပဲ စားတော့မလို့”

စုန့်ဝေဖျင်က ထမင်းကို ထုတ်ယူလိုက်ပြီး

“ကွက်တိပဲ၊ ငါ မင်းအတွက် လုပ်လာတဲ့ ကြာစွယ်ကြော်နဲ့ မိုးခိုသားကြော်က နွေးနေတုန်းပဲ၊ ပူတုန်း စားလိုက်အုံး”

ရွှီရှောင်ကျောင်းက အံ့ဩသွားတော့သည်။

“ဒါကို နာရီပိုင်းလေးနဲ့ နင် ဘယ်လိုလုပ်ပြီး ပြီးအောင်လုပ်လာတာလဲ”

မနက်က သူအိမ်ပြန်သွားတုန်းက ၁၁နာရီရှိနေပြီလေ။ အခုချိန် ပြန်ရောက်ဖို့ဆိုရင် သူ ညနေခင်း ၃နာရီလောက်က ထွက်လာမှဖြစ်မှာ။ ကြားမှာ ၃-၄နာရီအတွင်းကို သူက အဘွားနဲ့ ရှောင်ကန်းကို တွေ့ပြီး ပြန်ယူလာမဲ့ ပစ္စည်းတချို့ကိုလည်း ထုပ်ပိုးရသေးတယ်။ သူက ငါလေးအတွက် ချက်ပြုတ်ပေးဖို့ အချိန်ဘယ်လိုရခဲ့ပါလိမ့်နော်။

စုန့်ဝေဖျင်က သူမ၏မျက်နှာပေါ်က အံ့ဩရိပ်ကို တွေ့လိုက်ပြီး

“ဒါက အချိန်အများကြီး မလိုပါဘူး”

အကြောင်းတချို့ကြောင့် ရွှီရှောင်ကျောင်း၏ နှလုံးခုန်နှုန်းမှာ အနည်းငယ် ဗြောင်းဆန်သွားတော့သည်။

“ဟဲ့ စုန့်ဝေဖျင် နင် ငါ့အပေါ် အရမ်းမကောင်းပါနဲ့ဟယ်”

သူမသည် စုန့်ဝေဖျင်အတွက် စိတ်မကောင်းဖြစ်မိသလား၊ တခြားတစ်ခုကို ခံစားမိသည်လားကိုတော့ မပြောတတ်တော့ပေ။ သူမ ခံစားလိုက်မိသည့် အခိုက်တန့်လေးတွင် အနည်းငယ် နေရထိုင်ရခက်သွားတော့သည်။

စုန့်ဝေဖျင်က သူမရှေ့တွင် ထမင်းနွေးနွေးလေးကို ချပေးလိုက်ကာ

“ငါက မင်းအပေါ် မကောင်းပေးရင် ဘယ်သူ့ကို ကောင်းပေးရမှာလဲ၊ စားလိုက်”

ရွှီရှောင်ကျောင်းက စုန့်ဝေဖျင်ကို ကြည့်လိုက်လေသည်။ သူ အိမ်ပြန်ရောက်ပြီးတော့ ကိုယ့်ဟာကိုယ်တောင် သန့်ရှင်းရေးလုပ်ဖို့ အချိန်မရလောက်ဘူး။ ပြီးခဲ့တဲ့နှစ်ရက်လောက်က ထွက်လာတဲ့ မုတ်ဆိတ်မွေး ငုတ်တိုတွေကလည်း ခပ်ရေးရေးပဲ။ သူ့ကြည့်ရတာ နည်းနည်း ပင်ပန်းနေသလိုပဲ။

“နင် ရုပ်ဆိုးနေပြီ”

ရွှီရှောင်ကျောင်းက လက်ဆန့်ကာ သူ့မေးစေ့ကို လှမ်းထိလိုက်လေသည်။

“ငါ့ကို မကြိုက်ဘူးလား” စုန့်ဝေဖျင်က သူမကို မေးလိုက်၏။

“မဟုတ်ပါဘူး၊ ငါတို့တွေက တစ်သက်စာ သဘောတူထားပြီးသားပဲ”

အကြောင်းကြောင်းကြောင့် ရွှီရှောင်ကျောင်းမှာ တသက်စာ အခန်းဖော်ဖြစ်ကြသည်ဟု သည့် စကားကို မပြောနိုင်ခဲ့ချေ။

“နင်လည်း မစားရသေးဘူးမလား၊ အတူတူ စားရအောင်”

စုန့်ဝေဖျင်က ခေါင်းညိတ်လိုက်ပြီး

“ကောင်းပြီ”

သူတို့နှစ်ယောက်က အေးအေးလူလူ စားသောက်နေစက် ဝူချွန်းဟွားက နိုးလာလေသည်။ စုန့်ဝေဖျင်ကို တွေ့လိုက်ရသည်တွင် ဆူပူသံ နောက်တစ်ကျော့ ထွက်လာတော့သည်။ သူမက သူ ပင်ပန်းမှာကို စိုးရိမ်နေခြင်းပင်။ ဝူချွန်းဟွားသည် တစ်ယောက်ခန်းတွင် နေရသဖြင့် အခန်းထဲတွင် လူနာစောင့်ခုတင်ကြီးတစ်လုံး ရှိလေသည်။ စုန့်ဝေဖျင်က အပြင်မှ ပက်လက်ကုလားထိုင်တစ်လုံးကို ငှားထားသည်။ သူတို့အတွက် အနားယူရန် အခက်အခဲမရှိချေ။ စားသောက်ပြီး မကြာခင်တွင် ဝူချွန်းဟွားက စုန့်ဝေဖျင်ကို အနားယူဖို့ တိုက်တွန်းတော့သည်။

စုန့်ဝေဖျင်မှာ အမှန်ပင် အိပ်မပျော်နိုင်ပေ။ ပုံမှန်ဆိုလျှင် သူသည် အိမ်တွင် ရှိချိန်က အလုပ်ပြီးချိန်သည် ည၁၀နာရီကျော်မှ ဖြစ်လေသည်။ အခုမှ ည၈နာရီသာ ရှိသေးသည်။ သူသည် လုံးဝ မအိပ်ချင်နေပေ။

ရွှီရှောင်ကျောင်းက စုန့်ဝေဖျင်၏မုတ်ဆိတ်ကို ရိတ်ပေးဖို့ သူနာပြုဆီသို့သွားကာ မုတ်ဆိတ်ရိတ်ဓားကို ငှားလာခဲ့သည်။

အကြောင်းမှာ တချို့လူများက အချိန်အကြာကြီး ဆေးရုံတက်မည်ဖြစ်သဖြင့် သူနာပြုများတွင် ကတ်ကြေး၊ လက်သည်းညှပ်၊ အပ်နှင့် အပ်ချည် နှင့် မုတ်ဆိတ်ရိတ်ဓားများ ရှိတတ်သည်။ ရွှီရှောင်ကျောင်းက မုတ်ဆိတ်ရိတ်ဓားတစ်ချောင်းကို ငှားလာခဲ့လိုက်သည်။

တစ်ယောက်ခန်းထဲတွင် သီးသန့်ရေးချိုးခန်းတစ်ခု ပါလေသည်။ ရွှီရှောင်ကျောင်းက စုန့်ဝေဖျင် ထိုင်ဖို့အတွက် ကုလားထိုင်ကို ရွှေ့လာပေးလိုက်ကာ

“ငါ ဘယ်သူ့ကိုမှ မုတ်ဆိတ်ရိတ်ပေးဖူးတာ မဟုတ်ဘူးနော်၊ ငါ နင့်ကို သွေးထွက်အောင်လုပ်မိရင် ငါ့ကို အငြိုးမထားနဲ့အုံး”

တစ်ယောက်ယောက်က မုတ်ဆိတ်ရိတ်ပေးသည်ကလည်း စုန့်ဝေဖျင်အတွက် ပထမဆုံးအကြိမ်ပင်။ သူ့မေးစေ့ပေါ်က ဆပ်ပြာမြှုပ်များပေးနေသည့် ရွှီရှောင်ကျောင်း၏လက်ကြောင့် စိတ်ချမ်းသာလို ခံစားမိကာ အသံထွက်ရုံ ပြန်ဖြေလိုက်လေသည်။

“ငါ အပြစ်မတင်ပါဘူး”

ရွှီရှောင်ကျောင်းက ခေါင်းကို နိမ့်ထားလိုက်ပြီး သူ့မေးစေ့ကို သေသေချာချာ ကြည့်လိုက်လေသည်။ သူမက အစိတ်အပိုင်းတိုင်း သေသေချာချာ ဖုံးအုပ်ပေးလိုက်ပြီး

“စိတ်မပူပါနဲ့၊ ငါလည်း မလုပ်ရက်ပါဘူး၊ နင့်မေးစေ့က အရမ်းလှတယ်၊ သွေးစနဲ့ ဒဏ်ရာတစ်ခု ကျန်ခဲ့ရင် ငါပဲ စိတ်မကောင်းဖြစ်ရမှာ”

“လှတယ် ဟုတ်လား” စုန့်ဝေဖျင်က သူ၏မျက်ခုံးများကို ပင့်လိုက်လေသည်။

ရွှီရှောင်ကျောင်း၏ မျက်ခုံးနှင့် မျက်လုံးများက အာရုံစိုက်ထားရင်း သူမ၏လက်က အသာအယာ လှုပ်ရှားနေလေသည်။

“အင်း လှတယ်၊ စုန့်ဝေဖျင် ငါ နင့်ကို တစ်ခါမှ မချီးကျူးခဲ့ဖူးဘူးလား၊ နင်က ချောတယ်လေ”

စုန့်ဝေဖျင်က သူမ၏အနီးကပ်မျက်နှာလေးကို ကြည့်လိုက်လေသည်။ သူမ၏ရှည်လျားကာ စင်းနေသည့် မျက်တောင်များက ယပ်တောင်ငယ်လေးတစ်ခုသဖွယ်။ သူမသည် အလေးအနက် ဖြစ်နေကာ အင်မတန်ချစ်စရာကောင်းနေတော့သည်။

“ကြိုက်လား”

ရွှီရှောင်ကျောင်းက ခေါင်းညိတ်လိုက်ပြီး

“ငါ ကြိုက်တယ်”

သူမသည် စကားဆုံးသွားနှင့်တစ်ပြိုင်နက် ခေါင်းမော့ကာ သူ့ကို ကြည့်လိုက်တော့သည်။

“ဝေး နင်ဘာလို့ အဲလိုမရှင်းမရှင်း မေးခွန်းတွေ မေးနေတာလဲ၊ အားလုံးက လှတာကို ကြိုက်ကြတာပဲလေ၊ နင်က ချောတယ်၊ ဒါပေါ့ ငါ သဘောကျတာပေါ့ဟဲ့၊ ဒါက တခြားဘာနဲ့မှ မဆိုင်ဘူးနော်၊ ငါက ငါတို့ရဲ့ကတိကို ဖောက်ဖျက်မှာမဟုတ်ဘူး”

တခြားသူတွေရှေ့မှ နူးညံ့သိမ်မွေ့တဲ့ ဇနီးလေးက နောက်ကွယ်မှာတော့ အခန်းဖော်ကောင်းတစ်ယောက်လေ။ ငါလေးက သူ့မျက်နှာကို ကာကွယ်ပေးပြီး သူ့အောင်မြင်မှုတွေကို ဝမ်းသာပေးရမှာပေါ့။ ဒါက ပြီးပြည့်စုံဆုံးသော ကိစ္စပဲလေ။

စုန့်ဝေဖျင်က အသာအယာ ခေါင်းညိတ်ပြလိုက်ပြီး

“မင်း ကြိုက်တယ်ဆိုတော့ ကောင်းတာပေါ့”

“အိုး၊ မလှုပ်နဲ့လေ၊ ငါ ဓားသုံးတော့မယ်၊ ဒီပစ္စည်းကို အရင်က တစ်ခါမှ သုံးဖူးတာမဟုတ်ဘူး”

ရွှီရှောင်ကျောင်းက သူ့ခေါင်းကို ဖိထားလိုက်၏။

စုန့်ဝေဖျင်က မလှုပ်တော့ဘဲ သူမ စိတ်ကြိုက် လုပ်ခွင့်ပေးထားလိုက်တော့သည်။

ဒါသည် ရွှီရှောင်ကျောင်း၏ပထမဆုံး တာဝန်ဖြစ်လေသည်။ သူမက စုန့်ဝေဖျင် ထိခိုက်သွားမည်ကို အလွန် စိုးရိမ်နေမိလေသည်။ မျှော်လင့်မထားဘဲ ရလဒ်က သိပ်မဆိုးလှပေ။

စုန့်ဝေဖျင်၏ မေးစေ့က တဖန်ပြန်ချောမွေ့လာသည်ကို တွေ့လိုက်ရသဖြင့် သူမက အလွန်ဂုဏ်ယူသွားတော့သည်။

“ဝိုး စုန့်ဝေဖျင် ကြည့်လိုက်၊ ရိတ်ပြီးသွားပြီ၊ ကွက်တိပဲ၊ ငါက ပါရမီရှင်လေးပဲဟဲ့၊ ငါ ဒါကို နောက်ပိုင်းကျရင် ထမင်းစားလက်မှတ် အရည်အချင်းတစ်ခုလို အသုံးချလို့ရပြီ”

စုန့်ဝေဖျင်က သူ့မေးစေ့ကို ပွတ်လိုက်ပြီး သူမကို လှမ်းကြည့်လိုက်ကာ သူမကို ရယ်စရာလုပ်တော့သည်။

“မလုပ်နဲ့၊ မင်း ငါ့ခေါင်းကို ဖရဲသီးလို ဟိုလှည့် ဒီလှည့်လိုက်ထားတာ၊ ငါ ခေါင်းတောင်မူးတယ်”

ရွှီရှောင်ကျောင်းက လက်မခံချေ။

“ဒါက ငါ့ရဲ့ပထမဆုံးကြိမ်လေ၊ ဒီတော့ ငါက နည်းနည်းပိုပြီး ဂရုစိုက်ရတာပေါ့၊ နောက်ပိုင်း တစ်ခါ နှစ်ခါလောက် ထပ်ရိတ်ပြီးသွားရင် နေသားကျသွားမှာ”

စုန့်ဝေဖျင်က သည်တစ်ကြိမ်တွင် ခေါင်းညိတ်လိုက်ပြီး

“ငါ့ကိုပဲ ရိတ်ပေး”

အမှန်တွင်တော့ သူမ မုတ်ဆိတ်မွှေး ရိတ်ပေးသည်က တော်တော်လေး သက်သောင့်သက်သာ ရှိလှသည်။ သူမ၏လှုပ်ရှားမှုများက ညင်သာလှပြီး သူမ၏အမူအရာကလည်း လေးနက်လေသည်။ အစပိုင်းတွင်တော့ စုန့်ဝေဖျင်သည် သူမ၏ ဆွဲဆောင်ခံခဲ့ရလေသည်။ ထို့နောက်တွင်တော့ သူမ၏ နူးညံ့သည့်လက်ချောင်းဖျားအောက်တွင် ငိုက်မျဥ်းလာတော့သည်။

သူသည် သူမက တခြားသူများကို ထိုသို့လုပ်ပေးမည်ကို မလိုလားချေ။

ရွှီရှောင်ကျောင်းက သူမ၏နှုတ်ခမ်းများကို ကွေးထားလိုက်ပြီး

“အိပ်မက်လှလှလေး မက်နေလိုက်နော်၊ နင်သာ ပြီးခဲ့တဲ့နှစ်ရက်အတွင်း မပင်ပန်းခဲ့ရင် ငါက နင့်ကို လိုလိုလားလားနဲ့ လုပ်ပေးမယ်လို့များ နင်က ထင်နေလိုက်၊ ငါ့လက်တွေကို လှုပ်ရှားစေချင်နေတာလား၊ ခက်တော့ ခက်လိမ့်မယ်နော်”

ငါလေးက အမြဲတမ်း ပါးစပ်ပဲလှုပ်ပြီး လက်မလှုပ်တဲ့သူလေ။

စုန့်ဝေဖျင်က ပြုံးလိုက်ပြီး

“ဒါဆို ငါ နောက်ဆိုရင် ပိုပြီးပင်ပန်းအောင် လုပ်ရတော့မှာပဲ”

သူ နောက်ပြောင်ပြောနေသည်မဟုတ်မှန်း ရွှီရှောင်ကျောင်း အာရုံခံမိလိုက်၏။ ဟုတ်သားပဲ။ ဒီတစ်ကြိမ် အမေ့ရဲ့ခွဲစိတ်ခက ငွေအများကြီး ကုန်ကျသွားတာ။ အဟာရဖြည့်စွက်စာကလည်း နောက်ပိုင်း ကျန်းမာရေးအတွက် မရှိမဖြစ် လိုတာပဲ။ အိမ်မှာ အဘွားလည်း ရှိသေးတယ်။ သူ ဖိအားတွေ အများကြီး ရှိနေမှာ ပြောစရာတောင်မလိုဘူး။

“စုန့်ဝေဖျင် ငါ နင်နဲ့ တိုင်ပင်စရာတချို့ရှိတယ်” သူမက ပစ္စည်းကို ထုပ်ပိုးရင်း ပြောလိုက်လေသည်။

စုန့်ဝေဖျင်က ပုဝါဖြင့် မျက်နှာကို သုတ်လိုက်ပြိး

“ဘာကိစ္စလဲ”

ရွှီရှောင်ကျောင်းက သူမ၏အစီအစဥ်ကို ပြောပြလိုက်၏။

“ဒီတစ်ခါ အမေ့ခွဲစိတ်ခက ငွေအများကြီး ကုန်သွားတယ်၊ နင်လည်း ဖိအားတွေအများကြီး ဖြစ်သွားပြီ၊ ငါ ငွေရှာဖို့ နည်းလမ်းတစ်ခု စဥ်းစားထားတယ်၊ ငါ ပြန်လည်ကုစားရေးသင်တန်း စဖွင့်ချင်တယ်”

စုန့်ဝေဖျင်က နားမလည်ချေ။

“ပြန်လည်ကုစားရေးသင်တန်း ဟုတ်လား”

ရွှီရှောင်ကျောင်းက ခေါင်းညိတ်ပြလိုက်ပြီး

“အင်း၊ ကောလိပ်ဝင်ခွင့် စာမေးပွဲ ပြန်လည်ကုစားရေး သင်တန်း၊ စီရင်စုမြို့မှာတော့ အများကြီးရှိတယ်၊ ငါ ဖင့်ရှန်းဆီက ကြားထားတာတော့ စီရင်စုမြို့တော်မှာ ပိုများတယ်တဲ့၊ လက်ရှိမှာ စီမံခန့်ခွဲမှုက လျော့ရဲနေတော့ ဘာလုပ်ထုံးလုပ်နည်းမှ မလိုဘူး၊ တက်ချင်တဲ့သူရှိသ၍ သင်ပေးလို့ရတယ်”

စုန့်ဝေဖျင်က သူမ၏အရည်အချင်းများကို သိထားလေသည်။ သူမက ကောလိပ်ကို မသွားချင်ရုံ သက်သက်ပဲလေ။ သူမ သွားချင်ရင် အချိန်မရွေး သွားနိုင်မှန်း သူ သေချာသိနေတယ်။

ဒါပေမဲ့ သူ သိတယ်ဆိုတာက အားလုံးလည်း သိနေမယ်လို့ မဆိုလိုဘူးလေ။ ဘယ်သူမှ လာမသင်ကြမှ စိုးရိမ်မိတယ်။

သူက ခဏလောက် စဥ်းစားလိုက်ပြီး

“မင်း လုပ်ချင်တယ်ဆိုရင် မြို့မှာ နေရာတစ်ခု ရှာလိုက်မယ်၊ ငါ တတိယအစ်ကိုလီကို ကူညီပေးဖို့ မေးလိုက်မယ်၊ သူက နေရာတွေကို ကောင်းကောင်းသိတယ်၊ စားပွဲတွေ၊ ကုလားထိုင်တွေ ခုံရှည်တွေကတော့ လုပ်ဖို့လွယ်ပါတယ်၊ အရေးကြီးတာက အားလုံး လာတက်နိုင်အောင် ဒါကို ဘယ်လိုကြေညာမလဲဆိုတာပဲ”

နောက်ဆုံး ပါးစပ်စကားမပါရင် ဘယ်သူမှ ဒါအတွက် ငွေသုံးချင်ကြမှာမဟုတ်ဘူးလေ။

ရွှီရှောင်ကျောင်းက ထပ်ဖြည့်ပြောလိုက်၏။

“အလုပ်သမား၊ လယ်သမား၊ စစ်သည်ကောလိပ်မှာ ပုံနှိပ်စက်လေးတစ်လုံးရှိတယ်၊ ငါ ငှားလို့ရတယ်၊ ဖင့်ရှန်းပို့လာတဲ့ ဖတ်စာအုပ်က အရမ်းပြည့်စုံတယ်၊ ငါ့အတွက် စာအုပ်တွေ နည်းနည်းပိုပြီး စုပေးဖို့ သူ့ဆီ ကြေးနန်းရိုက်လိုက်မယ်၊ ဒါဆို ငါ အစုံနည်းနည်းပါးပါးလောက် ထုတ်လို့ရပြီ၊ သင်ကြားရေးပစ္စည်တွေကတော့ လုံလောက်မှာပါ၊ ဒီလိုဆိုရင် ပြင်ဆင်ရမဲ့အလုပ်က အခြေခံအားဖြင့် ပြဿနာ မရှိတော့ဘူး”

ကျောင်းသား ရင်းမြစ်အတွက်တော့ သူမက ယုံကြည်ချက် ရှိလေသည်။

“ဒါကို ကြေညာဖို့ ကိစ္စကို နင် စိတ်ပူစရာမလိုဘူး၊ ငါ့မှာ လျှို့ဝှက်လက်နက်ရှိတယ်”

စုန့်ဝေဖျင်က ခဏလောက် သေချာစဥ်းစားလိုက်သော်လည်း ကြော်ငြာပေးဖို့အတွက် စိတ်ကူးကောင်းတစ်ခုမှ ထွက်မလာခဲ့ပေ။ သူက သူမကို မေးလိုက်တော့သည်။

“မင်း ဘာလုပ်မှာလဲ”

ရွှီရှောင်ကျောင်းက မျက်တောင်ခတ်ပြလိုက်ပြီး

“ငါ သဘောတူညီချက်တစ်ခု လုပ်ဖို့ စဥ်းစားထားတယ်၊ သူတို့တွေ ကောလိပ်ဝင်ခွင့် မရခဲ့ဘူးဆိုရင် ငါ တပြားမှ မယူဘူး၊ ငွေအားလုံးကို ပြန်အမ်းမယ်”

ဒီအကွက်က အလွန်မှ ကြီးလွန်းသည်။ စုန့်ဝေဖျင်သည် ထိုအကြောင်းကို အရင်က တစ်ခါမှ မကြားဖူးသဖြင့် ခဏလောက်တော့ အနည်းငယ် အံ့ဩသွားကာ

“ဒါဆို သူတို့တွေ စာမေးပွဲမအောင်ရင် မင်းလုပ်အားတွေ အလကားဖြစ်သွားမှာပေါ့”

ငွေပြန်အမ်းမယ်ဆိုတဲ့ အာမခံချက်တစ်ခုက လူအများကြီး အမြတ်ထုတ်ချင်ကြတဲ့ ကိစ္စပဲလေ။

“ဒီတော့ လာတဲ့သူတိုင်းကို ငါတို့က လက်ခံမှာမဟုတ်ဘူး၊ အနည်းဆုံးတော့ အခြေခံအသိပညာတချို့ လိုအပ်တယ်၊ လာပြီးတက်တဲ့သူတွေက အရင်ဆုံး ပဏာမစာမေးပွဲတစ်ခုကို ဖြေရမယ်၊ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့သူကိုပဲ ငါတို့က လက်ခံမယ်”

စုန့်ဝေဖျင်က ထိုအကြောင်းကို အလေးအနက် စဥ်းစားလိုက်၏။ သူသည် ထိုအကြောင်းကို စဥ်းစားလေလေ ပိုပြီး ကြောက်ရွံ့လာလေလေ ဖြစ်သွားတော့သည်။

ပြီးခဲ့သည့်ခြောက်လအတွင်း ရွှီရှောင်ကျောင်းက သူ့ကို စီးပွားရေးနှင့်ဆိုင်သည့် စာအုပ်တချို့နှင့် ထိတွေ့ခွင့် ပေးခဲ့လေသည်။ သူလည်း ရှင်းဟွာ စာအုပ်ဆိုင်က အခြေခံစာအုပ်များကို ဝယ်လာခဲ့လိုက်သည်။

ထိုစာအုပ်ကို ဖတ်ပြီး လအနည်းငယ်အတွင်းတွင် သူလည်း တချို့သော နည်းပရိယာယ်များကို နားလည်လာခဲ့သည်။ သည်အထဲတွင် ကြော်ညာခြင်းနှင့် အရောင်းမြှင့်တင်ခြင်း၏ အခြေခံနားလည်မှု သဘောတရားလည်း ပါဝင်လေသည်။

သူသည် ရွှီရှောင်ကျောင်း၏နည်းလမ်းကိုတော့ အရင်က တခါမှ မကြားခဲ့ဖူးချေ။ ကောလိပ်ဝင်ခွင့် မရရင် ငွေမယူဘူးတဲ့။ ဒီဆောင်ပုဒ်ကိုသာ အော်ဖတ်လိုက်ရင် နောက်ဆုံး လူဘယ်လောက်အများကြီးကို ဆွဲဆောင်နိုင်မလဲဆိုတာ ဘယ်သူသိမှာလဲ။ ဒါပေမဲ့ စိတ်ဝင်စားကြမဲ့ လူတွေလည်း အများကြီး ရှိလာလိမ့်မယ်။

အဲဒီအချိန်ကျရင် သူမက တခြားသူတွေကို စည်းရုံးဖို့ အရည်အချင်းတချို့ကို ထုတ်ပြပြီး အခြေခံရှိတဲ့ လူတွေကို တစ်ဖွဲ့ဖွဲ့လိုက်ရင် ကိစ္စက အခြေခံအားဖြင့် ပြီးစီးသွားမှာပဲ။

တဒင်္ဂအတွင်း ရွှီရှောင်ကျောင်၏ ထူးခြားသည့်စိတ်ကူးကြောင့် သူ့သွေးများ ဆူပွက်သွားတော့သည်။

သူက မလှုပ်မယှက် ဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် ရွှီရှောင်ကျောင်းက သူ့ကို တွန်းလိုက်ပြီး

“ဟဲ့ ဘာဖြစ်တာလဲ၊ နင် ဘာလို့ ဘာမှ မပြောတော့တာလဲ”

စုန့်ဝေဖျင်က မျက်လုံးထဲတွင် လေးစားမှုတချို့ဖြင့် သူမဘက်သို့ လှည့်လိုက်ကာ

“နင် ဘာလို့ အဲလောက်ဉာဏ်ကောင်းရတာလဲ၊ ငါတောင် အားငယ်လာပြီ”

ရွှီရှောင်ကျောင်းသည် ထိုစကားကို ကြားလိုက်သည်နှင့်တစ်ပြိုင်နက် သူ့စိတ်ထဲတွင် အခြေခံသဘောတရားကို နားလည်သွားမှန်း သူမ သိလိုက်လေသည်။ သူမက ကိုယ့်ဟာကို မကျေနပ်ဘဲ မနေနိုင်အောင် ဖြစ်သွားတော့သည်။

“မတတ်နိုင်ဘူးမလား၊ ဘယ်သူက ငါ့ဦးနှောက်ကို အသုံးချရလွယ်အောင် လုပ်ပေးခဲ့တာလဲ မသိပါဘူး၊ ဒါပေမဲ့ အားမငယ်ပါနဲ့လေ၊ နင်လည်း အရမ်းတော်ပါတယ်၊ ပြီးတော့ ပြန်လည်ကုစားရေးသင်တန်း အခြေကျလာရင် ငါက ငါ့လက်တွေကို လှုပ်မှာမဟုတ်ဘူး၊ နင်ပဲ ပြင်ဆင်ရမဲ့အလုပ်တွေကို လုပ်ရမှာ၊ ပြီးတော့ နင်က ဆရာလုပ်ရမှာ”

အခုတော့ အစီအစဥ်က ဆုံးဖြတ်ပြီးသွားလေရာ စုန့်ဝေဖျင်က သူမကို အတိုင်းအဆမရှိ အားပေးမည်က သဘာဝပင်။

“အင်းပါ ငါ ဆရာမရှောင်ကျောင်းရဲ့စကားကို နားထောင်ပါ့မယ်”

ဝူချွန်းဟွားကတော့ ရွှီရှောင်ကျောင်းကို အသားလွတ် ယုံကြည်ထားလေသည်။ ဝက်စတူးဟင်းနှင့် ရို့ကျားမို ကြောင့်ပင်။ ရွှီရှောင်ကျောင်းက အလုပ်ဖြစ်သည်ဟု ပြောနေ၍ သူတို့သည် ငွေအများကြီး ရှာနိုင်ခဲ့သည်။ သည်တစ်ကြိမ်တွင် ရွှီရှောင်ကျောင်းက ကောလိပ်ဝင်ခွင့်စာမေးပွဲ ပြန်လည်ကုစားရေး သင်တန်း ဖွင့်ချင်သည်ဟု ဆိုသည်။ သူမကလည်း ထိုကိစ္စကို အားပေးလေသည်။

သူမစိတ်ထဲမှာတော့ သမီးဖြစ်သူက အထက်တန်းအောင်ထားပြီး အရမ်းကို အသိပညာ ကြွယ်ဝတယ်လေ။ ကောလိပ်ဝင်ခွင့်ရသွားတဲ့ ကျိုးဖင့်ရှန်းကတောင် ပြောတာပဲ။ ရွှီရှောင်ကျောင်းသာ စာမေးပွဲ ဝင်ဖြေရင် သေချာပေါက်အောင်မှာတဲ့။ ပြီးတော့ သမီးဖြစ်သူက အလုပ်သမား၊ လယ်သမား၊ စစ်သည်ကောလိပ်ကိုသွားပြီး ကောလိပ်ကျောင်းသူ ကျောင်းသားတွေကို သင်ကြား ပို့ချပေးခဲ့သေးတာပဲ။ စီရင်စုခေါင်းဆောင်ကတောင် အပြည့်အဝ ချီးမွှမ်းထားတာ။ ဒီတော့ အခြေအနေ ဆိုးမှာမဟုတ်ဘူး။

ဒါပေမဲ့ လာသင်ကြတဲ့ ကျောင်းသားတွေ စာမေးပွဲ မအောင်ရင် ပိုက်ဆံမယူဘူးလို့ ရွှီရှောင်ကျောင်းက ပြောထားတယ်။ ဒါကိုတော့ သူမ နားမလည်နိုင်ပါဘူး။

“တကယ်ပဲ တပြားမှာ မယူဘူးလား၊ မိုက်လိုက်တဲ့သမီးရယ် နင် အရှုံးတော့ မပေါ်လောက်ပါဘူးနော်။ စာမေးပွဲကို တစ်ယောက်မှ မအောင်ရင် သမီးနဲ့ ဝေဖျင်ရဲ့ လစဥ်ကုန်ကျစားရိတ်နဲ့ လုပ်အားတွေ အလကား ဖြစ်သွားမှာမလား”

ရွှီရှောင်ကျောင်းက စာမေးပွဲအောင်နိုင်သည့် နှုန်းထားနှင့် ဝင်ငွေကြားက ဆက်စပ်မှုကို ရှင်းပြလိုက်လေသည်။ သို့တိုင် သူမက နားမလည်သေးချေ။

“အနည်းဆုံးတော့ ကြိုးစားမှုအတွက် တစ်ယွမ် နှစ်ယွမ်လောက် တောင်းသင့်တာပေါ့”

ထို့နောက်တွင်တော့ ဆွဲဆောင်မှုက ပျောက်ဆုံးသွားပေတော့မည်။ ကြော်ငြာကဏ္ဍကို ထည့်မတွက်လို့ လုံးဝမဖြစ်ချေ။ ရွှီရှောင်ကျောင်းသည် ဝူချွန်းဟွားကို နားမချနိုင်တော့သဖြင့် ထိုအကြောင်းကို မပြောဘဲ ထားလိုက်တော့သည်။

“အမေက စိတ်အေးအေးနဲ့သာ နေပြန်ကောင်းအောင် လုပ်ပါ၊ ဒီကိစ္စကို စိတ်မပူနဲ့၊ သမီးနဲ့ စုန့်ဝေဖျင်တို့ လုပ်ငန်းလုပ်တိုင်း အရှုံးပေါ်တာ တွေ့ဖူးလို့လား”

ဝူချွန်းဟွားလည်း ခဏလောက် စဥ်းစားလိုက်၏။ ဟုတ်နေသားပဲလေ။

“အမေက သမီးရဲ့အလုပ် အချည်းနှီးဖြစ်မှာစိုးလို့ပါ”

ရွှီရှောင်ကျောင်းက ခေါင်းခါပြလိုက်ပြီး

“မဖြစ်နိုင်တာ၊ အမေ ဆေးရုံကဆင်းပြီး ရက်ပိုင်းလောက်နေရင် သမီးတို့တွေ စပြီး ပြင်ဆင်ကြမှာ၊ အခုက ဖေဖော်ဝါရီရောက်နေပြီ၊ ကောလိပ်ဝင်ခွင့်စာမေးပွဲက ဇူလိုင်မှာ၊ မဟုတ်ဘူး၊ လပြက္ခဒိန်နဲ့ဆိုရင် ဇွန်လ၊ သမီးတို့တွေ သုံးလလောက် လုပ်ရလိမ့်မယ်၊ ဒါကို အချိန်လောက်တယ်၊ သမီးနဲ့ စုန့်ဝေဖျင် သဘောတူထားပြီးပြီ၊ သမီးတို့ မိသားစုနှစ်ခုရဲ့မြေကို တခြားသူဆီ အငှားချလိုက်မယ်၊ အမေက အိမ်ပဲ အနားယူလို့ရတယ်”

ဝူချွန်းဟွားသည့် ထိုစကားကို ကြားလိုက်သည်တွင် အနည်းငယ် ပူပန်သွားတော့သည်။

“မြေကို မစိုက်လို့ ဘယ်ဖြစ်မလဲ”

ထိုကိစ္စနှင့်ပတ်သက်ပြီး ပြဿနာမရှိချေ။ ရွှီရှောင်ကျောင်းနှင့် စုန့်ဝေဖျင်တို့က အလုပ်ရှုပ်ရမည့်ကိစ္စကို မြန်မြန်ဖြေရှင်းလိုက်ကြသည်။ ဝူချွန်းဟွားက ဆေးရုံက ဆင်းလာသည်နှင့်ချက်ချင်း စုန့်ဝေဖျင်က နောက်တစ်နေ့တွင် မြေကို အငှားချလိုက်တော့သည်။

သည်ကာလအတွင်းတွင် ရွှီရှောင်ကျောင်းက ကျိုးဖင့်ရှန်းကို ကြေးနန်းစာပို့ခဲ့ပြီး ပုံနှိပ်စက်ငှားဖို့ အလုပ်သမား၊ လယ်သမား၊ စစ်သည်ကောလိပ်ကို သွားခဲ့ကာ ပညာရပ်ပိုင်းဆိုင်ရာ မှတ်စုစာရွက်များကို အကြမ်းဖျင်း ဆုံးဖြတ်ထားလိုက်လေသည်။

လဝက်မပြည့်ခင်မှာပင် သူတို့၏ပြန်လည်ကုစားရေး သင်တန်းက ပုံပေါ်လာခဲ့သည်။

ရွှီရှောင်ကျောင်းက ခံစားချက်များနှင့် သက်ပြင်းချလိုက်၏။ ဒီလို အချိန်တိုတိုနဲ့ အကျိုးများမဲ့အရေးက မြင့်လွန်းတယ်။

အစောပိုင်းကာလတွင် လူများကိုဆွဲဆောင်ရန်အတွက် ရွှီရှောင်ကျောင်းက လူကိုယ်တိုင်ရှေ့ထွက်ရန်ပင် မလိုလိုက်ချေ။ စုန့်ဝေဖျင်က သူမအတွက် နည်းလမ်းတစ်ခုကို ကူညီစဥ်းစားပေးခဲ့သည်။

ရွှီရှောင်ကျောင်းသည် အလုပ်သမား၊ လယ်သမား၊ စစ်သည်ကောလိပ်တွင် တစ်ခါက သင်တန်း ပို့ချပေးခဲ့သဖြင့် မြို့ခေါင်းဆောင်များကြားတွင် နာမည်ကြီးခဲ့လေသည်။ သူမနှင့် စုန့်ဝေဖျင်က မြို့တော်ဝန်ထံ သွားပြီး ထိုအကြောင်းကို ပြောပြလိုက်သောအခါ မြို့တော်ဝန်မှာ အထိတ်တလန့် ဖြစ်ယူရသည်။

“ဟေ့ ရဲဘော်ရွှီရှောင်ကျောင်း မင်းရဲ့သိမှုနယ်ပယ်က အရမ်းမြင့်လွန်းတယ်၊ မင်းက ကောလိပ်ဝင်ခွင့် စာမေးပွဲဖြေမဲ့ ကျောင်းသားတွေကို စာသင်ပေးမယ်၊ သူတို့တွေ စာမေးပွဲကျခဲ့ရင် ငွေမယူဘူး၊ ဒီလောက်ကောင်းတဲ့ ကိစ္စကို ဘယ်မှာသွားရှာလို့ရမှာလဲ”

ဒီနှစ် ကောလိပ်ဝင်ခွင့်စာမေးပွဲက ကောလိပ်ဝင်ခွင့် ပြန်ဖွင့်ပြီးနောက်ပိုင်း ဒုတိယအကြိမ်။ မူဝါဒကလည်း ပိုပြီး လျှော့ပေါ့ပေးထားတယ်။ အသက်၃၀အောက် ဘယ်သူမဆို ဝင်ဖြေနိုင်တယ်။ မြို့တော်ဝန်က ပြီးခဲ့သည့်ရက်ပိုင်းလောက်က တွက်ချက်ခဲ့သေးတယ်။ ကျေးလက်ဒေသတွေမှာ အလုပ်သမား၊ လယ်သမား၊ ပညာတတ်လူငယ်၊ စစ်မှုထမ်းခွင့်ကင်းလွှတ်ထားတဲ့ စစ်သည်တွေ၊ ကေဒါတွေ၊ ဒီနှစ်ရဲ့ အထက်တန်းအောင်တွေ လူဘယ်လောက်တောင် များလိုက်သလဲ။ ကောလိပ်ဝင်ခွင့်ရခဲ့ရင် သူတို့တွေ ခိုင်မာတဲ့အလုပ်တစ်ခု ရလာလိမ့်မယ်။ သူတို့က နည်းနည်းလောက် ပိုပြီး မွေးထုတ်ပေးနိုင်ခဲ့ရင် ဂုဏ်ယူစရာတစ်ခု ဖြစ်လာလိမ့်မယ်။ သူလည်း စီရင်စုခေါင်းဆောင်တွေကြားမှာ နာမည်ကောင်းတစ်ခု သေချာပေါက် ရလာလိမ့်မယ်။

စီရင်စုမြို့တော်တွေနဲ့ မြို့ငယ်တွေကလူတွေမှာ သင်ကြားရေးလမ်းကြားလေးတွေ ရှိတယ်လို့ ကြားဖူးတယ်။ လမ်းကြားတစ်ခုလုံးက သင်ကြားရေးအတန်းအမျိုးစုံနဲ့ ပြည့်နေတာပဲတဲ့။ သူတို့မြို့မှာလည်း တစ်ခုလေးတောင် မရှိလို့ ကံဆိုးလိုက်လေလို့ ခံစားနေခဲ့ရတာ။ နှစ်ရက်လောက် သက်ပြင်းချလိုက်ပြီးတော့ ရွှီရှောင်ကျောင်းက ရောက်လာတော့တာပဲ။ ဒါက သမ်းဝေနေတဲ့သူကို ခေါင်းအုံးတစ်လုံး လာပေးလိုက်တာ မဟုတ်ဘူးလား။

သူသည် ရွှီရှောင်ကျောင်းပြင်ဆင်လာသည့် ပြန်လည်ဆန်းစစ်သည့် စာစောင်များကို ကြည့်လိုက်ပြီး လက်ခုပ်တီးလိုက်ကာ

“မနက်ဖြန် ရွာတိုင်းက အစည်းအဝေး လာကြလိမ့်မယ်၊ ငါ ဒါကို မင်းအတွက် ကြေညာပေးမယ်၊ ရဲဘော်ရွှီရှောင်ကျောင်း မင်းရဲ့လမ်းညွှန်မှုအောက်မှာ ငါတို့မြို့လေးက ကောလိပ်ကျောင်းသား နည်းနည်းလောက်ပိုပြီး မွေးထုတ်ပေးနိုင်ရင် မင်းကတော့ ငါတို့မြို့လေးရဲ့ သူရဲကောင်း ဖြစ်သွားပြီ”

ရွှီရှောင်ကျောင်းက ပြုံးလိုက်ပြီး မြို့ကိုမလာခင်က အစောကြီးကတည်းက သူမ ရေးထားသည့် လက်ကမ်းစာစောင်များကို လှမ်းပေးလိုက်ကာ

“ကျွန်မ ကြိုးစားပါ့မယ်”

မြို့တော်ဝန်၏ ထောက်ခံချက်ဖြင့် မြို့လေးထဲ ပြန်လည်ကုစားခြင်းသင်တန်းအကြောင်း သတင်းသည် ဌာနခွဲစာရေးများမှတဆင့် ရွာများဆီသို့ ပြန့်နှံ့သွားတော့သည်။ ဆယ်မိုင်နှင့် မြို့နယ်တစ်ဝှမ်းလုံး တောမီးလို ပြန့်နှံ့သွားခဲ့လေသည်။

မိန်လင်ရွာတွင် ကျောက်ယန်ယန်ကတော့ အလွန်မှ စိတ်လှုပ်ရှားနေလေသည်။

“အစ်ကိုကွမ်းဟွေ ဌာနခွဲစားရေးပြောတာ ကြားပြီးပြီလား၊ မြို့မှာ ကောလိပ်ဝင်ခွင့်စာမေးပွဲအတွက် ပြန်လည်ကုစားခြင်းသင်တန်းတစ်ခု ရှိတယ်တဲ့၊ စာမေးပွဲကျရင် ငွေပေးစရာမလိုဘူးတဲ့၊ ဒီတခါတော့ ညီမတို့တွေ ခေါင်းမဖော်နိုင်တဲ့ ကြက်ကလေးတွေလို စာကြည့်စရာမလိုတော့ဘူး၊ သွားပြီး စာရင်းပေးကြရအောင်”

ဟန်ကွမ်းဟွေသည်လည်း သည်တစ်ကြိမ်တွင် ရည်မှန်းချက် အပြည့်ဖြစ်နေလေသည်။

“ဟုတ်ပြီ၊ ပြန်လည်ကုစားခြင်းသင်တန်းက သတင်းအချက်အလက်တွေ အများကြီးရှိတယ်လို့ ငါ ကြားထားတယ်၊ သွားပြီး စာရင်းပေးရအောင်၊ ဒီနှစ်တော့ ငါတို့တွေ ကောလိပ်ကို သေချာပေါက် ဝင်နိုင်မှာပဲ”

All Chapters