အခန်း (၃၄-၃၆)
Vol. 3 Ch. 34-36
အပိုင်း (၃၄) စာရင်းသွင်းခြင်း
စုန့်အိမ်တွင်တော့ အားလုံးက စားသောက်ပြီးနောက်တွင် ထိုင်ကာ စကားပြေောခန်းဖွင့်နေကြလေသည်။
ရွှီရှောင်ကျောင်းက ကုလားထိုင်တစ်လုံးပေါ်တွင် ထိုင်ကာ ကွာစေ့စားနေသည်။ သူမက ရွှီရှောင်ကန်းကို စပြီး ခိုင်းစားတော့သည်။
“ဒီကိုလာအုံး၊ နင့်အစ်မကို နှိပ်ပေးစမ်းပါ၊ ဒီကာလ ငါ့ဘဝမှာ အပင်ပန်းဆုံးအချိန်ပဲ”
ရွှီရှောင်ကန်းက သူ့အစ်မကို မကန့်ကွက်ပေ။ သူသည် သည်အလုပ်နှင့် ရင်းနှီးပြီးသားဖြစ်လေသည်။ သို့သော်ငြား ရွှီရှောင်ကန်းက သူမစကားကိုတော့ သဘောမတူချေ။
“မမ နင်ကဖြင့် ဘာမှမလုပ်ဘဲနဲ့၊ အိမ်ကိုလည်း ယောက်ဖပဲ ရှာထားတာ၊ သန့်ရှင်းရေးကိုလည်း ငါနဲ့ ယောက်ဖပဲလုပ်တာ၊ စားပွဲတွေ ထိုင်ခုံတွေလည်း ယောက်ဖပဲငှား၊ ယောက်ဖပဲ အဲပစ္စည်းတွေ ဝယ်လားတာ၊ ငါက စာလုံးကြီးနဲ့ ပိုစတာအားလုံးကို ကူးပေးခဲ့တာ၊ ယောက်ဖ အစမ်းမေးခွန်းတွေ လုပ်နေတာ ငါ တွေ့သားပဲ၊ နင် အလုပ်လုပ်နေတာကိုတော့ ငါ မတွေ့ပါဘူး”
ရွှီရှောင်ကျောင်းက သူပြောလိုက်သည့်စကားကို စဥ်းစားလိုက်လေသည်။ အင်း။ ငါလေး ဘာလုပ်ခဲ့လဲ။ ငါလေးက ပုံနှိပ်စက်အတွက် အလုပ်သမား၊ လယ်သမား၊ စစ်သည်ကောလိပ်ကိုသွားခဲ့ပြီး ကျိုးဖင့်ရှန်းကို ကြေးနန်းတစ်စောင် ပို့ခဲ့တယ်လေ။ အမ်း။ နောက်ထပ်ရော။ အသိပညာမှတ်စုနဲ့ စစ်ဆေးမှု ရမှတ်တွေကို ရွေးထုတ်ပေးခဲ့တယ်။ ပြီးတော့ စုန့်ဝေဖျင်ကိုခေါ်ပြီး ဖတ်စာအုပ်နဲ့ အသိပညာမှတ်စုတွေအပေါ် လိုက်ပြီး မေးခွန်းတွေထုတ်ခိုင်းခဲ့တယ်လေ။
ငါလေးက ဘာမှမလုပ်ခဲ့ဘူးဆိုပေမဲ့ ငါလေးရဲ့ဆောင်ရွက်ချက်က အကြီးဆုံးပဲ။
“နင်က ဘာသိလို့လဲ၊ ဝါယာကြိုးကို မီတာရာချီ ဆွဲဆန့်ရင်တောင် လျှပ်စစ်မီး မရှိရင် ဒါက အလကားပစ္စည်းပဲ၊ ငါက လျှပ်စစ်မီးနော်၊ ငါ့အရေးပါပုံကို နင် နားလည်ရဲ့လား”
ရွှီရှောင်ကန်းက ခေါင်းခါလိုက်ပြီး နားမလည်ကြောင်း ဖော်ပြလိုက်လေသည်။ ရွှီရှောင်ကျောင်းက ပုံမှန်အတိုင်း ပြောလိုက်၏။
“နင် ပိုက်ဆံလိုချင်တယ်မလား ဟမ်”
သူမသည် ရွှီရှောင်ကန်းနှင့် သဘောတူညီမှုတစ်ခု လုပ်ထားခဲ့လေသည်။ ကျောင်းပိတ်ရက်တွင် စာရင်း စလက်ခံလျှင် သူမက သူ့ကို လာကူခိုင်းပြီး တစ်နေ့လျှင် ၂ယွမ်ပေးမည်ဟူ၍။
ရွှီရှောင်ကန်းက ချက်ချင်းဆိုသလို ပြုံးဖြီးသွားပြီး
“ဟဲ ဟဲ မမ ငါက ရယ်စရာပြောတာပါ၊ ယောက်ဖက ငါ့ကို နေ့တိုင်းပြောပါတယ်၊ နင်က ပင်ပန်းလို့ နင့်ကို ဂရုစိုက်ပေးပါလို့ ပြောထားတယ်၊ ငါ မှတ်မိတာပေါ့ဟ”
ရွှီရှောင်ကျောင်းက စုန့်ဝေဖျင်ကို ကျေနပ်သွားသည့်အကြည့်တစ်ခုဖြင့် လှမ်းကြည့်လိုက်ကာ
“နင့်ယောက်ဖဆီက သင်ထား”
ရွှီရှောင်ကန်းက သူ့နှုတ်ခမ်းများကို ကွေးထားလိုက်တော့သည်။ သူ့အစ်မက နေ့တိုင်း ဘာအလုပ်မှ မလုပ်တာ ယောက်ဖက အနိုင်ကျင့်ရလွယ်လို့လို့ သူမက မြင်နေလို့ပဲ ဖြစ်မယ်။ သူ့ယောက်ဖ ခမျာတော့ မညည်းမညူနဲ့ အလုပ်ကြိုးစားရရှာတော့တယ်။
သည်အချက်ကို စဥ်းစားလိုက်မိသည်တွင် သူသည် တစ်ခုခုကို သတိရသွားတော့သည်။
“မမ ငါ နင့်အတွက် ကျောင်းမှာ ကြေညာထားပေးတယ်၊ ပြီးတော့ ငါတို့ဆရာက အဲဒီအကြောင်း ငါ့ကို မေးထားတယ်”
ရွှီရှောင်ကျောင်းက အံ့ဩသွားပြီး
“ဟယ် နင့်ကို အသုံးဝင်လိမ့်မယ်လို့ ငါ ထင်မထားဘူး၊ နင့်ကို ဘာမေးတာတဲ့လဲ”
ရွှီရှောင်ကန်းက သူမ၏ပခုံးကို တာဝန်ကျေကျေ နှိုပ်နှယ်ပေးလိုက်ရင်း
“ငါတို့ သင်္ချာဆရာက အထက်တန်းကျောင်းဆင်း ထင်တယ်၊ သူက အသက်၃၀ ရှိပြီ၊ ဒီနှစ် ကောလိပ်ဝင်ခွင့် စာမေးပွဲကို ဖြေချင်တာတဲ့၊ နင် ပြလည်ကုစားရေးသင်တန်း ဖွင့်မယ်လို့ ကြားတော့ သူက ညပိုင်း လာတက်လို့ရမလား သိချင်တာ”
ရွှီရှောင်ကျောင်းနှင့် စုန့်ဝေဖျင်တို့က အချင်းချင်း ပြန်ကြည့်လိုက်ကြလေသည်။ သူတို့သည် ညနေပိုင်းတွင် သင်တန်းဖွင့်ဖို့ အစီအစဥ် မရှိခဲ့ချေ။
ရွှီရှောင်ကျောင်း၏အစီအစဥ်ထဲတွင် အတန်းတစ်ခုကို ဘာသာရပ်တစ်ခုစီသင်ပြီး တစ်တန်းလျှင် အများဆုံး ကျောင်းသားဦးရေ ၄၀ ထားရှိမည်။ လူပိုနည်းခဲ့လျှင် ကောင်းပေမည်။ သို့သော် အရမ်း များလွန်းလျှင်လည်း သူတို့က မလိုချင်ပြန်ပေ။ တစ်နေ့လျှင် အတန်း၄ခု ရှိမည်။ တရုတ်ဘာသာနှင့် သင်္ချာဘာသာလို ပုံမှန်အတန်းများကို အတူတူတွဲထားမည်။ အထူးတန်းများကိုတော့ ခွဲထားရမည်။ အကြောင်းမှာ အားလုံး၏အဆင့်က သေချာပေါက် ကွာခြားမည်ဖြစ်သောကြောင့်ပင်။ ကျန်သည့်အချိန်ကိုတော့ ကိုယ်ပိုင်စာကြည့်ချိန်အဖြစ် ထားမည်။ ထို့နောက်တွင် သူတို့က အနီးကပ် သင်ကြားပေးမည်။ နေ့လယ်ခင်း ကျောင်းဆင်းလျှင် အားလုံးက အိမ်ပြန်နိုင်သည်။
“ညပိုင်းက မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး”
ရွှီရှောင်ကျောင်းက သူမ၏မေးစေ့ကို ပွတ်သပ်လိုက်ပြီး ခဏလောက်စဥ်းစားလိုက်၏။
“ဒါပေမဲ့ မအောင်ရင် ငွေအမ်းမယ်ဆိုတဲ့ဟာတော့ လုပ်လို့မရဘူး၊ ငါတို့မှာ အနှစ်ချုပ်အတန်းရှိတယ်၊ ပြီးတော့ ရက်ပိုင်းအတွင် စာအုပ်တစ်အုပ်ရဲ့ အဓိကမှတ်စုအကြောင်း သင်ပေးတယ်၊ နေ့တိုင်း လာစရာ မလိုဘူး၊ ၃-၄ရက်တစ်ခါပဲ၊ စာကြေအောင်လုပ်ပြီး ကျက်မှတ်ဖို့ လုံလောက်တယ်၊ စျေးကတော့ အတန်းတစ်ခုကို ၅ကျောင်”
စုန့်ဝေဖျင်က ခေါင်းညိတ်ပြလိုက်သည်ကို တွေ့ရသည်တွင် ရွှီရှောင်ကျောင်းက ရွှီရှောင်ကန်းကို ပြောလိုက်လေသည်။
“နင့်ဆရာကို ပြောလိုက်၊ ဝင်ခွင့်ဖြေတဲ့နေ့မှာ အစမ်းသင်ကြားရေးအတန်းတစ်ခု ရှိတယ်လို့၊ သူလာပြီး နားထောင်လို့ရတယ်လို့”
ရွှီရှောင်ကန်းက သိကြောင်း ပြန်ဖြေလိုက်လေသည်။ ထို့နောက်တွင်တော့ စုန့်ဝေဖျင်က ထရပ်လိုက်ပြီး သူ့ကို ပြောလေသည်။
“ပင်ပန်းပြီလား၊ ဟိုနားမှာ သွားနားလိုက်၊ ငါ မင်းအစ်မကို နှိပ်ပေးလိုက်မယ်”
စုန့်ဝေဖျင်က ဆွေးနွေးဖို့ပင် အချိန်မပေးဘဲ ရွှီရှောင်ကန်းကို ဘေးသို့ တွန်းလိုက်ကာ သူ့ကို ထိုင်ခိုင်းလိုက်လေသည်။
ရွှီရှောင်ကန်းမှာ ဇဝေဇဝါ ဖြစ်တော့သည်။ သူ မပင်ပန်းပါဘူး။ ဒါပေမဲ့ သူ့အစ်မကို မနှိပ်ပေးရတော့ဘူးဆိုတော့ သူက ပိုပျော်တာပေါ့။ ယောက်ဖက အရမ်းထူးဆန်းတာပဲ။ သူက အလုပ်လုပ်ရင် အလောတကြီးနဲ့။
ရွှီရှောင်ကျောင်းသည် သူမ၏ပခုံးပေါ်က စုန့်ဝေဖျင်၏ ကြီးမားသည့်လက်ကို ခံစားမိလိုက်တော့သည်။ သူမက ငြင်းလိုက်ချင်သော်လည်း စုန့်ဝေဖျင်က လှုပ်ရှားပြီးဖြစ်နေသည်။ သူမသည် အလွန်မှ နေသာထိုင်သာ ရှိလေရာ မပြောချင်တော့ပေ။
“စုန့်ဝေဖျင် ငါ မပြောတတ်တော့ဘူး၊ နင်က တော်တော်အရည်အချင်းရှိတာပဲ၊ အရင်က ငါ့ကို နှိပ်ပေးဖို့ ဘာလို့များ နင့်ကို မပြောခဲ့မိတာပါလိမ့်နော်၊ ရှောင်ကန်းရဲ့နည်းလမ်းက ငါ အချိန်အကြာကြီး သွေးထားပေးရတဲ့ဟာလေ၊ နင် ဘယ်သူ့ဆီက သင်လာတာလဲ”
ဝမ်းသာအားဖြင့် သူမ၏မျက်လုံးများကို ကျဥ်းမြောင်းထားသည်ကို မြင်လိုက်သည်တွင် စုန့်ဝေဖျင်က သူ့အားကို လျှော့လိုက်ပြီး
“နင် ရှောင်ကန်းကို ပြောတုန်းက ငါ နားထောင်ထားတာလေ”
ရွှီရှောင်ကျောင်းမှာ အနည်းငယ် အံ့ဩသွားတော့သည်။
“နင့်ရဲ့သင်ယူနိုင်စွမ်းရည်ကိုတော့ ငါ လေးစားတယ်၊ အရမ်းထူးချွန်တာပဲ၊ ဒါဆိုရင် နင် အခုချိန်ကစပြီး အနှိပ်တာဝန်ယူလိုက်တော့”
ရွှီရှောင်ကန်းက ကွာစေ့လက်တစ်ဆုပ်စာကို ယူကာ စားလိုက်ပြီး
“ဒါဆို နင်က ယောက်ဖကို ဘာဆုပေးမှာလဲ”
သူ မမကို နှိပ်ပေးရင် ဆုတစ်ခုတော့ အမြဲရှိတယ်လေ။
စုန့်ဝေဖျင်က ရွှီရှောင်ကန်းကို ချီးကျူးသည့်အကြည့်ဖြင့် ကြည့်လိုက်ပြီး
“အင်း ဘာဆုပေးမှာလဲ”
ရွှီရှောင်ကျောင်းက ခဏလောက်တွေးလိုက်ပြီး
“ရှောင်ကန်း နှိပ်ပေးတာက တစ်ခါကို ၁ ကျောင် ပေးရတယ်၊ နင်က ငွေမှ မလိုတာ၊ ဒီတော့ နင် ဘယ်လိုဆုမျိုး လိုချင်လဲ”
စုန့်ဝေဖျင်က ကိုယ်ကို အနည်းငယ်ညွှတ်လိုက်ပြီး
“ငါ မင်းကို ၅ခါနှိပ်ပေးမယ်၊ မင်းက တစ်ခါ ပြန်နှိပ်ပေးလေ”
ရွှီရှောင်ကန်းက ပြန်ချေပလိုက်လေသည်။
“ယောက်ဖ အများကြီး ရှုံးမှာပေါ့”
ရွှီရှောင်ကျောင်း ထိုသို့ မစဥ်းစားချေ။
“ငါ့ကို လုပ်ခိုင်းမယ် ဟုတ်လား၊ ငါက အရမ်းစျေးကြီးတာနော်”
စုန့်ဝေဖျင်က လျှော့ပေးလိုက်ပြီး
“ဒါဆို ဆယ်ခါ တစ်ခါ”
ရွှီရှောင်ကျောင်းက သူသည် ဤမျှ သဘောကောင်းလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။
“ဖြစ်တယ်”
နှစ်ယောက်သားက အချင်းချင်း ကြည့်ကာ လက်ဝါးချင်းရိုက်လိုက်ပြီး တစ်ယောက်တည်း ရေရွတ်နေသည့် ရွှီရှောင်ကန်းကို လွှတ်ထားလိုက်လေသည်။ ကြည့်ရတာ ယောက်ဖကတော့ ရူးသွားပြီထင်တယ်။
သူအတွက် ဆယ်ခါဆိုရင် ၁ယွမ်ပဲရမှာ။ ၁ယွမ်ရဖို့ မမကို နှိပ်ပေးရတာ မတန်ပါဘူး။ မမရဲ့ရုပ်ကို ကြည့်တာနဲ့ သူ အလုပ်ဘယ်တော့မှ မလုပ်တာ သိနေတာပဲကိုး။ ဒီတော့ သူ့ကို နှိပ်ခိုင်းတာက မနှိပ်ခိုင်းတာနဲ့ အတူတူပဲလေ။
ဒါပေမဲ့ သူ့ယောက်ဖရဲ့ နှုတ်ခမ်းထောင့် ကွေးတက်နေတာ တွေ့ရတော့ သူကတောင် တွေဝေသွားတာပေါ့။
အမလေး။ လူကြီးတွေရဲ့ ကမ္ဘာက နားလည်ရခက်လိုက်တာ။
သူကတော့ ယောက်ဖလောက် မအပါဘူး။ ငွေက အမွှေးဆုံးပဲ။
ရွှီရှောင်ကန်းသည် ငွေကအရေးကြီးဆုံးအရာ ဖြစ်သည်ဟုသာ ထင်မိလေသည်။ ထို့ကြောင့် ရွှီရှောင်ကျောင်း၏ ပြန်လည်ကုစားရေးအတန်း စဖွင့်လိုက်သည်နေ့တွင် သူက မနက်စောစောစီးစီး ကိုယ့်ဟာကို သန့်ရှင်းရေး ထလုပ်ခဲ့လိုက်သည်။ နှစ်သစ်ကူးကာလတွင်သာ ဝတ်လိုသည့် အဝတ်အစားအသစ်ကိုပင် ဝတ်လိုက်သေးသည်။ သူ့စာမေးပွဲတွင် ဖြေခဲ့သည်ထက်ပင် ပိုပြီးအာရုံစိုက်ကာ အစ်မဖြစ်သူအတွက် အလုပ်လုပ်ပေးကာ သူ့ကို ပိုက်ဆံပိုပေးအောင် ကြိုးစားဖို့ ပြင်ဆင်ထားလေသည်။
သို့သော် လူအများကြီး ရှိနေလိမ့်မည်ဟု လုံးဝမျှော်လင့်မထားခဲ့ချေ။
မနက် ၈နာရီထိုးရုံရှိသေး မျိုးစုံသောလူအုပ်ကြီးတစ်ခုက ရောက်လာလေသည်။ ယောက်ျား၊ မိန်းမ၊ လူကြီး၊ လူငယ် နေရာတိုင်းတွင် စကားပြောနေကြသည်။ ရွှီရှောင်ကန်းမှာ လုံးဝ သည်းမခံနိုင်တော့ချေ။
“ဒီမှာ စာရင်းသွင်းရမှာလား၊ ဒါက ကောလိပ်ဝင်ခွင့် ပြန်လည်ကုစားရေးအတန်းလား၊ ဘာလို့ ကလေးတစ်ယောက်ပဲ ရှိတာလဲ”
ကောလိပ်ဝင်ခွင့် မရရင် ငွေတပြားမှ မယူဘူးလို့ကြားတယ် အမှန်ပဲလား”
“ဟုတ်တယ် ဟုတ်တယ် တကယ်လား။ ရက်ပိုင်းပဲ သင်မှာလား၊ ဒါမှမဟုတ် လနည်းနည်းလောက် သင်မှာလား၊ ကောလိပ်ဝင်ခွင့် စာမေးပွဲမှာ ဝိဇ္ဇာနဲ့သိပ္ပံဘာသာရပ်တွေ ပါတယ်လို့ ကြားတယ်၊ ဝိဇ္ဇာနဲ့ သိပ္ပံဘာသာရပ်တွေကို သင်ပေးမှာလား”
“ဟုတ်တယ်၊ ဓာတုဗေဒနဲ့ ရူပဗေဒ ပါတယ်လို့ ပြောတယ်၊ ပြီးတော့ ပေါင်းစပ်ဘာသာရပ်ကော၊ အားလုံးကို သင်ပေးမှာလား”
“ဆရာက ဘယ်သူလဲ၊ သူတို့က အရည်အချင်းရှိလား၊ ငါတို့ရွာဌာနခွဲစာရေးဆီက ကြားထားတာတော့ သူက အလုပ်သမား၊ လယ်သမား၊ စစ်သည်ကောလိပ်မှာ အတန်းတစ်တန်း သင်ခဲ့ပြီး အရမ်းတော်တယ်ဆို ဟုတ်လား”
“”အိုး မတိုးနဲ့လေ၊ မတိုးကြပါနဲ့၊ ငါ ဒီကို အရင်ဆုံးရောက်တာပါ”
ရွှီရှောင်ကျောင်းသည် ရုံးခန်းထဲက ထွက်လာသည်နှင့်တစ်ပြိုင်နက် ခြံထဲတွင် လူအများကြီး ရောက်နေသည်ကို တွေ့လိုက်ရတော့သည်။ သူမလည်း အံ့ဩမိလေသည်။ ဒီကို လူအရေအတွက် တော်တော်များများ ရောက်လာတာပဲ။
ဒါပေမဲ့ အားလုံးရဲ့ စကားကို နားထောင်ကြည့်လိုက်ရင် လူတချို့က ဒီနေရာကို ဒီအတိုင်း စပ်စုချင်လို့ လာကြတာပဲ။ သူတို့တွေ စာသင်ဖို့မပြောနဲ့ သင်ရိုးတွေနဲ့တောင် ရင်းနှီးတာ မဟုတ်ဘူး။
ကြည့်ရတာ သူတို့တွေကို စစ်ဆေးမေးခွန်းဖြေခိုင်းလို့မဖြစ်ဘူး၊ ဒါက စာရွက်အလကား ကုန်တာပဲ ဖြစ်လိမ့်မယ်။ မဟုတ်ဘူးလား။ တစ်မျက်နှာပဲဆိုပေမဲ့ ဒါတွေကအားလုံး ရှောင်းကန် မှင်ခံနဲ့ တစ်ရွက်ချင်းစီ ကူးထားပေးတဲ့ဟာလေ။ အရင်ဆုံး အဖွဲ့တစ်ဖွဲ့ကို နှုတ်မေးနှုတ်ဖြေ စစ်ရလိမ့်မယ်။
ရွှီရှောင်ကျောင်းက စုန့်ဝေဖျင်ကို မေးခွန်းစာရွက်များ လှမ်းပေးလိုက်ပြီး အစီအစဥ်အတိုင်း ပြန်လုပ်ဖို့ရန် ရှေ့တစ်လှမ်း ထွက်လိုက်လေသည်။
“အားလုံးပဲ မင်္ဂလာပါ၊ ကျွန်မက ပြန်လည်ကုစားရေးအတန်းရဲ့ နည်းပြပါ၊ ရွှီရှောင်ကျောင်းလို့ ခေါ်ပါတယ်၊ ကျေးဇူးပြုပြီး စိတ်မပူပါနဲ့၊ အရင်ဆုံးတန်းစီလိုက်ကြပါ၊ ကျွန်မတို့ တစ်ခုချင်း လုပ်သွားပါမယ်၊ ကျွန်မ အားလုံးရဲ့မေးခွန်းကို တစ်ခုချင်း ဖြေသွားပေးပါမယ်”
သူမက အသံက ပြတ်သားရှင်းလင်းလေသည်။ သူမသည် တောက်ပနေဟန်တူသည်။ ထိုနေရာတွင် ရပ်နေသည်က သူမသည် မြို့ကြီးတစ်မြို့က မိန်းကလေးတစ်ယောက်နှင့် တူနေကာ လူများကို အမှတ်တမဲ့ သတိအနေအထား အနည်းငယ် ဖြစ်သွားစေတော့သည်။
လူအုပ်ကြီးက ငြိမ်ကျသွားသည်ကို တွေ့လိုက်ရသဖြင့် သူမက ကြိုတင်ပြင်ဆင်ထားသည့် စားပွဲနှစ်လုံးကို လက်ညှိုးထိုးပြလိုက်သည်။
“စိတ်ကြိုက် ဝိဇ္ဇာဘာသာရပ်အတွက် လျှောက်ထားမဲ့သူတွေက ဘယ်ဖက်က စားပွဲဆီကို သွားပါ၊ သိပ္ပံဘာသာရပ်ကို လျှောက်ထားမဲ့သူတွေက ညာဖက်စားပွဲကို သွားပါ”
သူမက ပြောနေလိုက်သည်နှင့် စုန့်ဝေဖျင်က ထွက်လာပြီး သူမနောက်တွင် ရပ်လိုက်လေသည်။ သည်နေ့တွင် သူသည် မျက်မှန်တစ်လက်ကို အထူးဝတ်ဆင်ထားလေသည်။ သူသည် လေးနက်တည်ကြည်ကာ ခန့်ညားနေပြီး ပညာတတ်အငွေ့အသက်တစ်ခု ပိုင်ဆိုင်ထားသည်။ ဒါက ချက်ချင်းဆိုသလို အားလုံးကို အထင်ကြီးသွားစေတော့သည်။
ရွှီရှောင်ကျောင်းက သူ့ကို သည်လိုဝတ်စားဖို့ တိုက်တွန်းခဲ့ခြင်းပင်။ စုန့်ဝေဖျင်၏ သဘောအရဆိုလျှင် ပုံမှန်အတိုင်း ဝတ်စားလည်း အဆင်ပြေလိမ့်မည်။ ရွှီရှောင်ကျောင်းက သူ့ကို လူယဥ်ကျေး တစ်ယောက်လို အတင်း ဝတ်စားခိုင်းလေသည်။
သည်အချိန်တွင် အားလုံးက စကားနားထောင်ပြီး တန်းစီကြသည်ကို တွေ့လိုက်ရသဖြင့် ရွှီရှောင်ကျောင်းက စုန့်ဝေဖျင်ကို တိတ်တိတ်လေး မျက်ခုံးပင့်ပြလိုက်ပြီး
“ငါ့စိတ်ကူး တော်တော်ကောင်းတယ်နော်”
ထိုအဖြစ်ကြောင့် စုန့်ဝေဖျင်သည် အလေးအနက် ခေါင်းညိတ်ပြလိုက်ပြီး သူမကို သဘောကျသွားစေတော့သည်။
“အို ဘာလို့ လူအများကြီး ရှိနေတာလဲ” စူးရှသည့်အသံတစ်ခုက တံခါးအပြင်ဘက်မှ ဝင်လာလေသည်။
“ဟုတ်ပါ့၊ ဒီလောက်များတဲ့ ပညာတတ်လူငယ်က ကျေးလက်ကို ပို့ခံထားရတာလား”
နောက်တစ်ယောက်က ပြန်ပြောလိုက်သည်။
ကျောက်ယန်ယန်၊ ဟန်ကွမ်းဟွေနှင့် လီယိုဟိုင်တို့သည် တိုးဝေ့ရင်း ရှေ့သို့ လျှောက်လာခဲ့ကြသည်။
“အိုး နင်တို့တွေ ဘာလို့တိုးဝေ့နေကြတာလဲ၊ ဆရာမက ပြောထားတယ်၊ တန်းစီတဲ့” တွန်းခံလိုက်ရသူက မကျေမနပ် ဖြစ်သွားတော့သည်။
ကျောက်ယန်ယန်က ချက်ချင်း ခါးထောက်ပြီး နှာခေါင်းရှုံ့ကာ ပြောတော့သည်။
“ဒီမယ် အစ်ကို ကျွန်မ အမြင်တော့ ရှင်က ၃၀နားနီးနေပါပြီ၊ ရှင် အသင့် ဖြစ်သေးတဲ့ပုံလည်း မပေါ်ပါဘူး၊ ကြည့်လိုက်တာ ရှင့်တစ်သက်လုံး လယ်စိုက်လာခဲ့တာ ၄၀ လောက်ကို အိုနေပြီ၊ ရှင်က ဘာသိနိုင်မှာလဲ၊ ဘာလို့ တန်းစီနေသေးတာလဲ၊ မြန်မြန် အိမ်ပြန်ပြီး ကလေးသွားထိန်းလိုက်ပါတော့”
“မင်း... မင်း.. အမျိုးသမီးရဲဘော် ဘာတွေပြောနေတာလဲ”
ထိုယောက်ျားမှာ သည်စကားကြောင့်ရှက်သွားပြီး ဒေါသခြောင်းခြောင်းထွက်သွားတော့သည်။
ကျောက်ယန်ယန်က ဟန်ကွမ်းဟွေ၏ အင်္ကျီလက်ကို ဆွဲလိုက်ပြီး ရှေ့သို့ တိုးသွားလိုက်ကာ
“ကျွန်မ ဘာပြောလို့လဲ၊ ရှင့်ကိုယ်ရှင် ပိုမတွက်နဲ့လို့ ပြောနေတာ၊ ရှင်က ပညာတတ်လူငယ်လည်း မဟုတ်သလို ဆရာတစ်ယောက် မဟုတ်တာ ကျွန်မ သိပါတယ်၊ ရှင်က ငန်းသားစားချင်နေတဲ့ ဖား၊ ကောလိပ်ကျောင်းသားဖြစ်ဖို့ ကောလိပ်ဝင်ခွင့်စာမေးပွဲ ဖြေမှာ၊ အစ်ကိုကြီး သေချာကြည့်ပါအုံး၊ ကျွန်မတို့လို ပညာတတ်လူငယ်တွေကပဲ ကောလိပ် ဝင်ခွင့်ရနိုင်တာရှင့်”
သူမ၏စကားလုံးများက အားလုံးက ဒေါသထွက်သွားစေတော့သည်။
“အို နင် ၊ အမျိုးသမီးရဲဘော် ၊ ရိုင်းလိုက်တာ၊ ဘာတဲ့၊ နင်တို့ ပညာတတ်လူငယ်တွေကပဲ စာမေးပွဲအောင် နိုင်တာတဲ့လေ၊ ငါတို့တွေက လယ်သမားတွေဆိုပေမဲ့ ငါတို့လည်း အထက်တန်းကျောင်း ဝင်ခဲ့ပါသေးတယ်”
“ဟုတ်ပါ့၊ ငါက အသက်၃၀၊ နှစ်တော်တော်ကြာအောင် ဆရာတစ်ယောက် လုပ်ခဲ့ဖူးတယ်၊ ငါက ကောလိပ်ဝင်ခွင့်စာမေးပွဲ ဖြေတော့ ဘာဖြစ်လဲ၊ နင် စကားမပြောတတ်ရင် မပြောနဲ့၊ ရဲဘော်”
“မူဝါဒထဲမှာ ပြောထားပြီးသား လိုအပ်ချက်တွေ ကိုက်ညီပြီး နိုင်ငံရေးအတွေးအမြင် အသိရှိသရွေ့ လျှောက်ထားနိုင်တယ်၊ နင်တို့ ပညာတတ်လူငယ်တွေပဲ မဟုတ်ဘူး”
“ဘာတွေ အဲလောက်ကြီးကျယ်နေလို့လဲ”
အားလုံးက အချင်းချင်း ဆွေးနွေးကြတော့သည်။ ကျောက်ယန်ယန်သည် စကားပြောဖို့ အခွင့်အရေးတစ်ခုပင် မရသဖြင့် သူမက သည်အတိုင်း စကားမပြောတော့ဘဲ ခပ်တည်တည်ဖြင့် ရှေ့ဆက်တိုးသွားတော့သည်။ သူမက အမျိုးသမီး ရဲဘော်တစ်ယောက်ပင်။ အားလုံးက အမှန်ပင် သူမကို ဘာမှမလုပ်နိုင်နိုင်ရာ သူမကို ရှေ့သို့ သွားခွင့်ပေးလိုက်ရတော့သည်။
“ဆရာမ ဆရာမ ကျွန်မ ဒီမှာ စာရင်းလာသွင်းတာပါ၊ ကျွန်မက ပညာတတ်လူငယ်ပါ၊ ကျွန်မ မနှစ်က ကောလိပ်ဝင်ခွင့် စာမေးပွဲဖြေခဲ့တာ နည်းနည်းလေး လွဲသွားလို့၊ ဆရာမသာ ကျွန်မကို ဒီနှစ် သေချာလေး လမ်းညွှန်ပေးမယ်ဆိုရင် ကျွန်မ သေချာပေါက်....”
သူမသည် မော့မကြည့်ခင် စိတ်လှုပ်ရှားကာ အများကြီး ထုတ်ပြောခဲ့ပြီးမှာ မှင်တက် အံ့ဩသွားတော့သည်။
“ရွှီရှောင်ကျောင်း”
ရွှီရှောင်ကျောင်းက သူမကို လှမ်းကြည့်လိုက်ပြီး
“အားနာပါတယ်၊ ကျွန်မ ရှင့်လျှောက်လွှာကို လက်မခံပါဘူး”
ကျောက်ယန်ယန်က နောက်တစ်ကြိမ် သေချာကြည့်လိုက်၏။ ရွှီရှောင်ကျောင်း အမှန်ပင်။ ထို့နောက် သူမက ရွှီရှောင်ကျောင်းနောက်တွင် ရပ်နေသည့် စုန့်ဝေဖျင်ကို ကြည့်လိုက်လေသည်။ သူမက နောက်တစ်လှမ်းဆုတ်သွားပြီး
“နင်က ဒီပြန်လည်ကုစားရေးအတန်းကို ဖွင့်တယ်၊ နင်က ပြန်လည်ကုစားရေးအတန်းတွေကို ဖွင့်နေတာလား”
သူမ စကားမပြောနိုင်ခင်မှာပင် နောက်လူများက သူမကို တွန်းထုတ်ချင်ကာ
“ဆရာမက နင့်လျှောက်လွှာကို လက်မခံဘူးလို့တဲ့ မကြားဘူးလား အမျိုးသမီးရဲဘော်၊ ငါသာဆိုရင်လည်း လက်ခံနိုင်မှာ မဟုတ်ဘူး၊ နင်က နိုင်ငံရေးသဘောတရား အသိအမြင်ရှိမရှိ ပြောရခက်တယ်၊ တန်းစီတာနဲ့တင် နင့်မှာ အရည်အချင်းလုံးဝမရှိတာ သိနိုင်တယ်”
ကျောက်ယန်ယန်က ထိုလူစကားကို နားမထောင်ချေ။ သူမက နောက်ပြန်လှည့်ပြီးး ဟန်ကွမ်းဟွေ၏ အတည်ပြုချက်ကို ရယူလိုသော်လည်း သူက စုန့်ဝေဖျင်၏ စူးရှသည့်အကြည့်အောက်တွင် ထွက်သွားနှင့်ပြီး ဖြစ်နေတော့သည်။ လီယုံဟိုင်က ရွှီရှောင်ကျောင်းကို ခေါင်းညိတ်ပြလိုက်ပြီး
“ရွှီရှောင်ကျောင်း ဌာနခွဲစာရေး ပြောတဲ့ဆရာက နင်လား”
ရွှီရှောင်ကျောင်းက ခေါင်းညိတ်ပြလိုက်ပြီး
“နင် စာရင်းသွင်းချင်ရင် နောက်မှာ တန်းသွားစီ၊ မကျော်နဲ့”
နောက်က တန်းစီနေသည့်လူများက ခေါင်းညိတ်လိုက်ကြသည်။
“ဟုတ်တယ်၊ ဟုတ်တယ်၊ သူကဖြင့် နောက်ကျမှ ရောက်လာပြီးတော့ ဘာလို့ ရှေ့တက်လာတာလဲ”
“ဟုတ်ပါ့ဟယ်၊ သူပဲ စိတ်ပူတတ်တယ်၊ ငါတို့တွေက စိတ်မပူတတ်တော့ဘူးတဲ့လား”
“ဟေ့ အဲဒီအမျိုးသမီးရဲဘော် တစ်ဖက်လူက နင့်ကို အလိုမရှိဘူးလို့ ပြောပြီးပြီလေ၊ ဒီတော့ မြန်မြန်ထွက်သွားတော့၊ အချိန်မဆွဲနဲ့”
ကျောက်ယန်ယန်သည် ဘက်ပေါင်းစုံမှ ဝင်လာသည့် တိုက်ခိုက်မှုကို ကြားလိုက်ချိန်တွင် မနေနိုင်တော့ဘဲ ‘အဟ’ သံထွက်ကာ ပြောလိုက်လေသည်။
“သူ့ကိုယ်သူများ ဘယ်လောက်အစွမ်းရှိတယ် ထင်နေလဲ မသိဘူး၊ သူကဖြင့် ပညာတတ်လူငယ် တစ်ယောက်တောင် မဟုတ်တော့ဘဲနဲ့”
ကျောက်ယန်ယန်က စုန့်ဝေဖျင်ကို လက်ညှိုးထိုးလိုက်ပြီး
“ပြီးတော့ သူ၊ တစ်ယောက်ယောက်ကတော့ သူ့ကို သိမှာပေါ့၊ သူက မိန်လင်ရွာက လယ်သမားလေ၊ သူကဖြင့် ကျောင်းတောင် နှစ်ရက်ပြည့်အောင် မတက်ခဲ့ဘဲနဲ့ ကောလိပ်ဝင်ခွင့်စာမေးပွဲအတွက် နည်းပြဆရာ လုပ်မလို့တဲ့လေ၊ ရယ်လိုက်ရတာ”
ရွှီရှောင်ကျောင်းက သရော်လိုက်တော့သည်။
“ကျောက်ယန်ယန် ဒီမှာလာပြီး ငါ့ကို အပြစ်တွေမရှာစမ်းပါနဲ့၊ ငါက ပြန်လည်ကုစားရေးသင်တန်းကို ဖွင့်ပြီး စာမေးပွဲကျရင် တပြားမှ မယူဘူးလို့ ကတိပေးထားရဲမှတော့ ငါ့မှာ အရည်အချင်း ရှိပြီးသား မလို့ပေါ့၊ နင် ဒီမှာလာပြီး ငါ့ကို ဝေဖန်နေစရာမလိုဘူး”
ကျောက်ယန်ယန်သည် အခု စုန့်ဝေဖျင်ကို မကြောက်တော့ချေ။
“နင်ကရော အရည်အချင်းရှိလို့လား၊ နင်သာ အရည်အချင်းရှိရင် ကောလိပ်ဝင်ခွင့် စာမေးပွဲကို ဘာလို့ မဖြေခဲ့တာလဲ၊ နင်သာ အရည်အချင်းရှိရင် အခုအချိန်လောက်ဆို နင် ကောလိပ်ရောက်နေသင့်ပြီ”
သူမက အားလုံးဖက် လှည့်လိုက်ပြီး
“အားလုံးပဲ ကျွန်မပြောတာ မဟုတ်ဘူးလား၊ သူ(မ)က အရည်အချင်းရှိလို့ ဒီမှာ ပြန်လည်ကုစားရေးသင်တန်းတွေ ဖွင့်တယ်ပေါ့၊ သူက ကောလိပ်ရောက်ပြီးလို့ ခိုင်မာတဲ့အလုပ်ကို စောင့်နေမှာပေါ့၊ သူက ငွေလိမ်နေတာ”
သူမ၏အသံ ပျောက်သွားသည်နှင့် အချင်းပွားနေသည့်နေရာ အတန်ငယ် ငြိမ်ကျသွားလေသည်။ လူတန်းရှည်ကြီးထဲက လူတစ်ယောက်က လေသံတိုးတိုးနှင့် ပြန်ဖြေလိုက်လေသည်။
“ဟုတ်တယ်၊ သူသာ ပြန်လည်ကုစားရေးအတန်းကို ဖွင့်နိုင်ရင် ကောလိပ်ဝင်ခွင့်စာမေးပွဲဖြေရင်လည်း သေချာပေါက် အောင်မှာပဲ”
“ဒါပေမဲ့ သူ့ပုံက ငွေလိမ်မဲ့သူနဲ့လည်း မတူပါဘူး၊ တဖက်လူက ငါတို့တွေ ကောလိပ်ဝင်ခွင့်မအောင်ရင် ငွေတပြားမှ မယူဘူးလို့ ပြောထားတယ်လေ”
ကျောက်ယန်ယန်က ထိုစကားကို မငြင်းနိုင်ပေ။ ထို့ကြောင့် သူမက အခြေအနေကို သည်အတိုင်း ပြောင်းပြောလိုက်တော့သည်။
“သူ ငွေလိုချင်မှ လိုမှာပေါ့၊ သူက ကျွန်မတို့ မြို့က လူအားလုံးကို စာမေးပွဲကျအောင် လုပ်တာလည်း ဖြစ်မှာပဲ၊ ဒါမှ သူတစ်ယောက်ထဲ အောင်မှာလေ”
“အနီးကပ် သင်ပေးမယ်လို့ပြောပြီး အချိန်တန်ရင် သူက ခက်တဲ့မေးခွန်းတချို့ ထုတ်လာပြီး အားလုံးရဲ့ သုံးလကို အလကားဖြစ်အောင် လုပ်မှာလေ၊ ပြိုင်ဘက်တွေအများကြီး ပျောက်သွားရင် စာမေးပွဲအောင်မဲ့ သူ့အခွင့်အရေးက ကြီးလာလိမ့်မယ်”
ထိုစကားကို ကြားလိုက်သည်တွင် အားလုံးက ချက်ချင်း တွေဝေသွားတော့သည်။
ရွှီရှောင်ကျောင်းက ကျောက်ယန်ယန်ကို ခပ်စူးစူးတစ်ချက်ကြည့်လိုက်၏။ သူမက စကားပြန်ပြောမည် ပြင်လိုက်စဥ် နောက်ထပ်လူတစ်စုက တံခါးအပြင်မှ လှုပ်လှုပ်ရှားရှား အသံကို ကြားလိုက်ရလေသည်။
“ဒါက ရဲဘော်ရွှီရှောင်ကျောင်း ဖွင့်ထားတဲ့ ပြန်လည်ကုစားရေးအတန်းလား”
“ဟုတ်တယ် ဟုတ်တယ်၊ ဒီမှာ ရေးထားတယ်မလား၊ တန်းစီနေကြတဲ့လူတွေလည်း အများကြီးပဲ”
“ကောင်းလိုက်တာ၊ ငါ အရင်ဆုံး ဝင်သွားပြီး နှုတ်ဆက်လိုက်အုံးမယ်”
ရွှီရှောင်ကျောင်းက စကားတခွန်းပင် မပြောရသေးခင် ဝင်လာသည့်လူက သူမ၏လက်ကို ကိုင်လိုက်လေသည်။
“ရဲဘော်ရွှီရှောင်ကျောင်း မင်္ဂလာပါ၊ နောက်ဆုံးတော့ ကျွန်တော် မင်းကို တွေ့ရလို့ အရမ်းဝမ်းသာတာပဲ၊ အရင်ဆုံး ကျွန်တော့်ကိုယ်ကျွန်တော် မိတ်ဆက်ပါရစေ၊ ကျွန်တော့်နာမည်က မာချွန်းပါ၊ ကျွန်တော်က ရဲဘော်ကျိုးဖင့်ရှန်းရဲ့ အတန်းဖော်ပါ၊ သူနဲ့ မင်းကြားက အကြောင်းကို ကျွန်တော် သိပါတယ်၊ ကျိုးဖင့်ရှန်းကလည်း ကျွန်တော့်ကို ပြောပြပြီးပြီ၊ သူ နာမည်ကြီးကောလိပ်ကို ဝင်ခွင့်ရခဲ့တာ မင်းရဲ့သင်ကြားမှုနဲ့ အကူအညီပေးခဲ့တဲ့ ကျေးဇူးကြောင့်ပါတဲ့”
မာချွန်းက စိတ်လှုပ်ရှားကာ ရွှီရှောင်ကျောင်း၏လက်ကို ဆွဲလှုပ်လိုက်ပြီး
“ပြီးတော့ သူက ပြောသေးတယ် သူ စာမေးပွဲမဖြေခင် မင်းက မေးခွန်းတွေကို ခန့်မှန်းပေးခဲ့တာ နားလည်မှုမေးခွန်း ၆၀%အထိ ပေါက်ခဲ့တယ်တဲ့၊ ရဲဘော်ရွှီရှောင်ကျောင်း ကျိုးဖင့်ရှန်းက မင်းက ပြန်လည်ကုစားရေးအတန်းတွေကို ဖွင့်မယ်လို့ သိထားတော့ ကျွန်တော့်ကို ချက်ချင်း ကြေးနန်းစာ ပို့လာခဲ့တယ်၊ တိုက်တိုက်ဆိုင်ဆိုင်ပဲ ကျွန်တော်တို့ရွာဌာနခွဲစာရေးကလည်း ဒီအကြောင်းကို ရွာမှာ ကြေညာပေးနေတယ်လေ၊ ဒီတော့ ဒါက မင်းပဲ ဖြစ်လိမ့်မယ်လို့ ကျွန်တော် တွေးလိုက်တာ၊ ဒါကြောင့် ကျွန်တော် သိတဲ့လူတချို့ကို ခေါ်လာပြီး အားလုံးက စာရင်းလာသွင်းကြတာ”
“စာရင်းသွင်းချင်လို့ စောင့်နေကြတဲ့သူတွေအများကြီးရှိတယ်၊ နေရာတွေ မကျန်တော့လို့ မဖြစ်ဘူးနော်၊ ရဲဘော်ရွှီရှောင်ကျောင်း ကျွန်တော်တို့တွေ စာသင်ဖို့ ဒီနေရာကို စိတ်ရင်းနဲ့ လာခဲ့တာပါ၊ ဒီတော့ မင်း ကျွန်တော်တို့ကို လက်ခံမှဖြစ်မယ်နော်”
...
အပိုင်း (၃၅) ယွမ်တစ်ထောင်
သူ့စကားဆုံးသွားသည်နှင့် သူ့နောက်က လူ၂၀ကျော် အားလုံးက တုံ့ပြန်လိုက်ကြလေသည်။
“ဆရာမရွှီ ကျွန်တော်တို့လာတာ နောက်ကျသွားတယ်၊ နေရာကျန်ပါသေးတယ်နော် ဟုတ်တယ်မလား”
“ဟုတ်တယ် ဟုတ်တယ် ဆရာမရွှီ ကျွန်မတို့ကို လက်ခံရမယ်နော်”
“ကျွန်တော်တို့တွေ ငွေပါတစ်ခါထဲ ယူလာခဲ့တယ်၊ ဒီနေ့ ငွေချေလို့ရလား၊ ကျွန်တော်တို့တွေ အရင်ဆုံး ငွေပေးထားရင် အရင်ဆုံး စာသင်လို့ရနိုင်တယ်မလား”
“ကျိုးဖင့်ရှန်းက ပြောတယ်၊ ဒီနှစ် ကောလိပ်ဝင်ခွင့်စာမေးပွဲအတွက် မေးခွန်းတွေထပ်ပြီး ခန့်မှန်းပေးလိမ့်မယ်တဲ့၊ ဆရာမရွှီ ဆရာမနောက် လိုက်ရင် သေချာပေါက် အဆုံးသတ် ကောင်းလိမ့်မယ်ဆိုတာ ကျွန်တော်တို့ ယုံတယ်”
“နင် မသိဘူးလား၊ ဆရာမရွှီက အလုပ်သမား၊ လယ်သမား စစ်သည်ကောလိပ်မှာ ဆရာမ လုပ်ခဲ့ဖူးတယ်လေ၊ သူ့အရည်အချင်းတွေကို ဝေဖန်စရာ ဘာမှမရှိဘူး”
လူ၂၀ကျော်လောက်က တခြားသူများကို ကြားဖြတ်ပြောခွင့်ပင် မပေးဘဲ တစ်ယောက်ပြီးတစ်ယောက် ပြောလိုက်ကြလေသည်။
ရွှီရှောင်ကျောင်းလည်း ငေးကြောင်ကြောင် ဖြစ်သွားတော့သည်။ စုန့်ဝေဖျင်က သူမ၏ပခုံးကို ဆုပ်ပေးလိုက်ပြီး သူမကို သူ့ဘေးကို ဆွဲလိုက်ကာ ရှေ့ကလူကို သတိပေးလိုက်တော့သည်။
“ မင်း လွှတ်ပေးလို့ရပါပြီ”
ထိုအခါမှ မာချွန်းလည်း သူက ရွှီရှောင်ကျောင်း၏လက်ကို ကိုင်ထားသေးကြောင့် သတိဝင်သွားတော့သည်။ သူက အားရပါးရ ရယ်မောလိုက်ပြီး
“ကျွန်တော် အရမ်းစိတ်လှုပ်ရှားသွားတယ် အရမ်းစိတ်လှုပ်ရှားသွားတယ်”
သူတို့သည် သည်လိုကြီးကြီးကျယ်ကျယ် လုပ်ခဲ့ပြီးနောက်တွင်တော့ တခြားသူများက ဆွံ့အသွားပြန်တော့သည်
“ဒီနည်းပြက အဲလောက်တောင် စွမ်းတာလား”
“ငါ ကျိုးဖင့်ရှန်းကို သိတယ်လေ၊ သူက ငါတို့နဲ့ ကျေးရွာကို တစ်နှစ်လောက် သွားခဲ့ရတာ၊ သူ အကောင်းဆုံး ကောလိပ်တစ်ခုကို တကယ်တက်ရတာ”
“ငါ မာချွန်းကို မှတ်မိတယ်၊ သူက အထင်ကြီးစရာ ကောင်းတယ်၊ မနှစ်က ကောလိပ်ဝင်ခွင့်စာမေးပွဲမှာ အောင်ခါနီးလေးပဲ၊ သူက ဒီဆရာမကို ယုံတယ်ဆိုတော့ မမှားလောက်ဘူး”
“ဒါဆို ခုနက အဲဒီမိန်းမရဲ့စကားတွေက ဘာသဘောလဲ”
“အို နင်မတွေ့ဘူးလား၊ သူတို့တွေက အချင်းချင်း သိနေတာပဲ ပြီးတော့ ငြင်းခုံနေကြတာ၊ မနာလိုလို့ ဖြစ်မှာပေါ့”
အားလုံးက မြန်မြန်ဆန်ဆန်ပင် သဘောထားတစ်ခုတည်း ဖြစ်သွားကြတော့သည်။
“ဟိုက အမျိုးသမီးးရဲဘော် ၊ မင်း မြန်မြန်ပြန်သင့်ပြီ၊ အားလုံးက စာရင်းသွင်းတာကို အချိန်မဆွဲနဲ့၊ ခုနက ငါတို့တွေ မင်းစကားကို နားထောင်လိုက်မိရင် အကြီးကြီး ဆုံးရှုံးရတော့မလို့”
ရွှီရှောင်ကျောင်းက စကားပြောမည် ပြင်လိုက်စဥ် စုန့်ဝေဖျင်က လက်မြှောက်လိုက်ပြီး သူမကို သူ့ဘေးသို့ ဆွဲထားလိုက်လေသည်။ သူက ရှေ့တစ်လှမ်းတိုးလိုက်ပြီး သူ့လက်ကို မြောက်ကာ အားလုံးကို တိတ်တိတ်နေဖို့ လက်ဟန်ပြလိုက်လေသည်။ သူက သူ့လက်ထဲမှ ဖိုင်တွဲကို မြောက်ပြလိုက်သည်။
“ပြန်လည်ကုစားရေးအတန်းအတွက် ဆရာမရွှီက စာမေးပွဲ အနှစ်ချုပ်အားလုံးကို စုစည်းထားတယ်၊ အဖြေတွေနဲ့ ခက်ခဲတဲ့ ပညာရပ်ဆိုင်ရာ အချက်အလက်တွေကို ရွေးထုတ်ပေးထားတယ်၊ သင်ကြားရေးမှာ မတူညီတဲ့အဆင့်တိုင်းအတွက် မတူညီတဲ့မေးခွန်းစာရွက်တွေကို ထုတ်ထားပေးပြီး သင်ကြားရေးပစ္စည်းတွေကို ပုံနှိပ်ထုတ်ဝေပေးဖို့ အလုပ်သမား၊ လယ်သမား၊ စစ်သည်ကောလိပ်က ပုံနှိပ်စက်ကို ဆက်သွယ်ထားတယ်”
သူသည် သဘောတူညီမှုစာချုပ်ကို ထုတ်လိုက်ပြီး
စာချုပ်မှာ လက်မှတ်မထိုးခင် ကျွန်တော်တို့မှာ စမ်းသပ်ကာလသင်တန်းတစ်ခုရှိတယ်၊ စမ်းသပ်ကာလသင်တန်းကို စာရင်း ပေးပြီးသွားရင် စဥ်းစားချိန် သုံးရက်ရမယ်၊ ဒီသုံးရက်မှာ မင်းတို့တွေက အတန်းကို ပုံမှန်အတိုင်း လာလို့ရတယ်၊ သုံးရက်ပြီးသွားရင်တော့ ဆက်နေမလား၊ ထွက်သွားမလား ဆုံးဖြတ်ဖို့က အားလုံးအပေါ်ပဲ မူတယ်”
“ပြီးတော့ ကျွန်တော်တို့က သေချာရှင်းအောင် ပြောထားပါတယ်၊ မင်းတို့တွေ ဒီနှစ်ကောလိပ် ဝင်ခွင့် ကျရှုံးခဲ့ရင် တပြားမှ ကုန်ကျမှ မဟုတ်ပါဘူး”
သူက ကျောက်ယန်ယန်ကို သေချာစိုက်ကြည့်လိုက်ပြီး
“လူတစ်ယောက် လုပ်နိုင်စွမ်း ရှိမရှိကာ ပါးစပ်ကိုပဲ အားကိုးလို့ရတဲ့ကိစ္စ မဟုတ်ပါဘူး”
ကျောက်ယန်ယန်သည် စုန့်ဝေဖျင်၏မျက်လုံးများနှင့် ဆုံလိုက်ချိန်တွင် တုန်လှုပ်သွားတော့သည်။
“နင် နင်....”
သူမက ‘နင်’ တစ်လုံးကိုသာ အကြာကြီးရေရွတ်လိုက်ပြီး စကားတစ်ခွန်းဆုံးအောင်ပင် မပြောနိုင်ခဲ့ချေ။ နောက်ဆုံးတွင် သူမက လှည့်ကာ ပြေးထွက်သွားတော့သည်။
ကျိုးဖင့်ရှန်းက ကောလိပ်ဝင်ခွင့် ရခဲ့သည့်အတွက် မာချွန်းသည် ရွှီရှောင်ကျောင်း၏ အရည်အချင်းကို လုံးဝသံသယမရှိပေ။ သည်အခိုက်တွင် စုန့်ဝေဖျင်၏ ပစ္စည်းအစုံကို မြင်လိုက်ရသဖြင့် သူ၏မျက်လုံးများက လင်းလက်သွားတော့သည်။
“ဒါဆို အခုပဲ စပြီး စာရင်းသွင်းလိုက်ပါ”
“ဟုတ်တယ် ဟုတ်တယ်၊ စာရင်းစသွင်းရမယ်”
“ဟုတ်တယ် အဲဒီစိတ်ထားနိမ့်ကျတဲ့လူတွေရဲ့ လွှမ်းမိုးမခံနဲ့၊ ဆရာမရွှီ ကျွန်မတို့ ရှင့်ကို ယုံပါတယ်”
စုန့်ဝေဖျင်၏ စိတ်ဆိုးမာန်ဆိုးအကြည့်ကို တွေ့လိုက်ရသည်တွင် ရွှီရှောင်ကျောင်းက ပြုံးကာ သူ့လက်မောင်းကို ပုတ်လိုက်တော့သည်။
ကျောက်ယန်ယန်လို လူများတွေကို ဒေါသထွက်ရတာ မတန်ပါဘူး။ ကောလိပ်ဝင်ခွင့်စာမေးပွဲ ရလဒ်တွေထွက်လာမှ လက်တွေ့ကျကျ ပါးရိုက်ရရင် လန်းဆန်းသွားလိမ့်မယ်။
သူမသည် တန်းစီနေသည့်လူများကို လှည့်ကြည့်လိုက်ပြီး သူမ၏အစီအစဥ်ကို စတင် ဆွေးနွေးတော့သည်။
“ဟုတ်ပြီ အားလုံးပဲ တန်းစီကြပါ၊ ကျွန်မတို့ရဲ့လိုအပ်ချက်ကို ပြောပြပါမယ်”
သူမက သည်လက်တန်းတောင်းဆိုချက်ကို အကြံရလိုက်လေသည်။
“ကျွန်မတို့ နှစ်ရက်တာ စာရင်းလက်ခံပါတယ်၊ ဒီနေ့ ဒီမှာ လူတစ်ရာကျော်ရှိနေတယ်၊ ကျွန်မတို့အနေနဲ့ အားလုံးကို လက်ခံပေးဖို့ မဖြစ်နိုင်ဘူးဆိုတာ အားလုံး သိပါတယ်၊ ကျွန်မတို့က တချို့လောက်ကိုပဲ သေချာပေါက် ရွေးချယ်မှာပါ”
သူမက အကြောင်းအရင်းကို စတင်ရှင်းပြလိုက်တော့သည်။
“ပထမဆုံးအနေနဲ့ ဆရာအင်အားက အကန့်သတ်ရှိနေပါတယ်၊ ရှင်တို့တွေ အရည်သွေးမြင့် သင်ကြားရေးနဲ့ တစ်ယောက်ချင်း အနီးကပ်သင်ကြားရေးကို လိုချင်တယ်ဆိုရင် လူအရေအတွက်ကို သေချာပေါက် ထိန်းချုပ်ထားမှ ရမှာပါ၊ ဒုတိအချက်ကတော့ အားလုံးကိုလည်း တာဝန်ယူပေးရမှာပါ၊ ကျွန်မတို့က ကောလိပ်ဝင်ခွင့်စာမေးပွဲကို ဖြေကြမှာ၊ အနည်းဆုံးတော့ အခြေခံရှိမှဖြစ်မယ်၊ မဟုတ်ရင် အားလုံးရဲ့အဆင့်က အရမ်းကွာခြားချက် ရှိလာလိမ့်မယ်၊ လုပ်နိုင်စွမ်း မလုံလောက်တဲ့ ကျောင်းသားတွေကို စောင့်ရှောက်ပေးဖို့အတွက်ဆိုရင် ပုံမှန်တိုးတက်မှုရှိနေတဲ့ ကျောင်းသားတွေကို အချိန်နှောင့်နှေးစေပြီး နောက်ဆုံး အဆင့်ကို မကျေနပ်နိုင်တဲ့ ရလဒ်ဖြစ်လာနိုင်တယ်၊ အားလုံးက နားလည်ပေးနိုင်မယ်လို့ ကျွန်မ မျှော်လင့်ပါတယ်”
သူမသည် ထိုစကားကို ကြားလိုက်ပြီးနောက် အားလုံးက နားလည်သွားပြီး ထိုအကြောင်းကို သေချာပြန်စဥ်းစားလိုက်ကြသည်။ ဆရာက တတ်မြောက်မှုနှေးကွေးသူများကို ဆက်တိုက်အနီးကပ် ကြည့်ပေးနေရလျှင် သူတို့၏ကိုယ်ပိုင်သင်ယူမှုကို နှောင့်နေစေလိမ့်မည်။ ဒါက အချိန်ဖြုန်းခြင်းပင် မဟုတ်ပါလား။
“ဒါဆို ကျွန်တော်တို့က ဘယ်လိုလိုက်နာရမှာလဲ” လူတစ်ယောက်က မေးလိုက်၏။
ရွှီရှောင်ကျောင်းက အားလုံးကို ကြည့်လိုက်ပြီး
“ဒါက အရမ်းရိုးရှင်းပါတယ်၊ နှုတ်ဖြေနဲ့ ရေးဖြေ လုပ်ရပါမယ်”
နှုတ်ဖြေတွင် သူမနှင့် စုန့်ဝဖျင်တို့က အရိုးရှင်းဆုံးနှင့် အခြေခံအကျဆုံးမေးခွန်းများကို တစ်ယောက်ချင်း မေးလိုက်မည်။
‘periodic tableကို ရွတ်ပါ’
‘ကျွန်မတို့နိုင်ငံမှာ စီရင်စုပြည်နယ်ဘယ်နှစ်ခုရှိပါသလဲ’
အင်္ဂလိပ်စာလုံး ၂၆လုံးကို ရွတ်ပါ’
ဒီအရိုးရှင်းဆုံးတွေကိုတောင် မသိဘူးလား။ ဒါဆိုရင်တော့ ကျေးဇူးပြုပြီး ပြန်လိုက်ပါတော့။
ရေးဖြေက ပိုပြီး ကျယ်ပြန့်လေသည်။ စာရွက်တစ်ရွက်သာ ရှိသော်လည်း ဘာသာရပ်တစ်ခုစီအတွက် မေးခွန်းတစ်ခုစီထည့်သွင်းထားသည်။ မေးခွန်းတစ်ခုစီတွင် အပိုင်းသုံးပိုင်းပါဝင်သည်။ အသိပညာရမှတ် မေးခွန်းများက ရိုးရှင်းရာမှာ ခက်ခဲမှုအဆင့်အလိုက် တဆင့်ခြင်းတက်သွားသည်။
ပထမဆုံးမေးခွန်းကိုတောင် မဖြေနိုင်ဘူးဆိုရင်တော့ အားနာပါတယ်။ ကျေးဇူးပြုပြီး ပြန်လိုက်ပါတော့။
နှစ်ရက်အတွင်း ရွှီရှောင်ကျောင်း၏ ပြန်လည်ကုစားရေးအတန်းကို တရားဝင်တည်ထောင်ခဲ့လေသည်။
ဝိဇ္ဖာနှင့် သိပ္ပံဘာသာရပ်တစ်ခုစီတိုင်းတွင် အတန်းတစ်ခုစီရှိကြသည်။ ဝိဇ္ဇာတန်းတွင် ကျောင်းသား ၄၀ နှင့် သိပ္ပံတန်းတွင် ကျောင်းသား ၃၈ယောက် ရှိသည်။
အခြေအနေက ရွှီရှောင်ကျောင်း မျှော်လင့်ထားသည်ထက် ပိုကောင်းမွန်လေသည်။ အကြောင်းမှာ လျှောက်ထားသူ အလွန်များသဖြင့် သူတို့သည် အကောင်းဆုံးကို ရွေးချယ်ခဲ့လေသည်။ အားလုံးက အခြေခံကောင်းကြသည်။ သူတို့ကို စနစ်ကျသည့် အသိပညာအချက်အလက်များကို သေသေချာချာ လမ်းညွှန်ပေးနိုင်သ၍ လူအများကြီးက ကောလိပ်ဝင်ခွင့်ရနိုင်မည်ဟု ရွှီရှောင်ကျောင်းက ယုံကြည်ထားလေသည်။
သို့သော် လီယုံဟိုင်ကလည်း စာရင်းလာသွင်းလိမ့်မည်ဟု ထင်မထားခဲ့ချေ။
လီယုံဟိုင်က သိပ္ပံတန်းအတွက် စာရင်းသွင်းခဲ့လေသည်။ သူသည်လည်း အခြေခံတချို့ရှိပြီး ရေးဖြေတွင် သူ့ရမှတ်ကလည်း ကောင်းမွန်သည်။ သူက အနည်းငယ် ရှက်ရွံ့နေခြင်းတစ်ခုပင်။
“ရွှီရှောင်ကျောင်း ငါ-ငါ ကျိုးဖင့်ရှန်းနဲ့ ဆက်ဆံရေး ကောင်းပါတယ်၊ သူ မသွားခင်တုန်းက ငါ့ကို ပြောပြသွားတယ်၊ နင် သူ့ကို ကူညီပေးခဲ့တာတဲ့၊ နင်က သင်ကြားရေးအတန်းတစ်ခုကို ဖွင့်နေပြီတော့ ဒီအခွင့်အရေးက အရမ်းကောင်းတယ်လေ၊ ငါ သေချာပေါက် လက်မလွှတ်နိုင်ဘူး၊ ငါ ဟန်ကွမ်းဟွေနဲ့ တခြားသူတွေနဲ့ ရှိနေတုန်းက ငါ လူများတဲ့နောက် လိုက်ခဲ့မိတယ်၊ ငါ နင့်မကောင်းကြောင်း ဘာမှမပြောခဲ့ပါဘူး၊ နင် ငါ့ကို အမြင်မကပ်ဖို့ မျှော်လင့်ပါတယ်”
လီယုံဟိုင်အပေါ် ရွှီရှောင်ကျောင်း၏ သဘောထားက မကောင်းမဆိုးပင်။ သူ့ကို သတိထားမိခဲ့ဆုံးအချိန်က စုန့်ဝေဖျင် ပထမဆုံး ဝက်စတူးရောင်းစဥ်က သူသည် အသားကို အများကြီး အားပေးခဲ့လေသည်။ စုန့်ဝေဖျင်ကလည်း ပြောဖူးသည်။ “အသား ကျင်းတော်တော်များများ ဝယ်သွားတဲ့ ဝဝနဲ့လူတစ်ယောက် ရှိတယ်”ဟူ၍။
သည်ခပ်ဝဝလူက လီယုံဟိုင်ပင်။
“ငါ အမြင်မကပ်ပါဘူး၊ နင် စာရင်းသွင်းရင် ဟန်ကွမ်းဟွေနဲ့ တခြားသူတွေက နင့်ကို ပစ်မှတ်ထားကြမှာ တစ်ချက်ပဲ” ရွှီရှောင်ကျောင်းက သူ့အခြေအနေကို နားလည်လေသည်။
လီယုံဟိုင်က ခေါင်းညိတ်ပြလိုက်ပြီး
“ငါ အိမ်ပြောင်းလိုက်ပြီးပြီ ပြီးတော့ သူတို့နဲ့လည်း မပတ်သက်တော့ဘူး”
ဟန်ကွမ်းဟွေက သူ စာရင်းသွင်းမှာ သိနေတော့ နေ့တိုင်း မျက်နှာအမျိုးမျိုး လုပ်ပြနေတာ။ ကျောက်ယန်ယန်ကတောင် သူ့ကို သစ္စာဖောက်၊ ရွှီရှောင်ကျောင်းရဲ့နောက်တွဲလို့တောင် ခေါ်နေတာလေ။
သူ လူအများကြီးကို သိပါတယ်။ ဒီတော့ သူက ဒီအတိုင်း ရွာထဲအိမ်စုတ်လေးတစ်လုံးကို ရှာပြီး အဲကို ပြောင်းသွားလိုက်တယ်။ ဘာပဲဖြစ်ဖြစ်လေ ကောလိပ်ဝင်ခွင့်စာမေးပွဲကလည်းက သုံးလလောက်ပဲ လိုတော့တာ။ ဒီတော့ တစ်ခါထဲနဲ့ စာမေးပွဲအောင်အောင် သေချာပေါက် ကြိုးစားရမယ်လေ။
ရွှီရှောင်ကျောင်းက ခေါင်းညိတ်ပြလိုက်၏။ လီယုံဟိုင်က လွတ်လပ်သည်ဟု မသိခဲ့ပေ။
“ဒါဆို နင် ကြိုးစားသင့်တာပေါ့၊ နင့်မှာ အခြေခံတချို့ရှိတယ်၊ နင် ကြိုးစားမယ်ဆိုရင် အဆင်ပြေသွားလိမ့်မယ်” ရွှီရှောင်ကျောင်းက စကားစပ်ပြီး မှတ်ချက်ပေးလိုက်လေသည်။
သုံးရက်တာ အစမ်းသင်တန်း ပြီးသွားသည့်နောက်တွင် ကျောင်းသား ၇၈ထဲက တစ်ယောက်မှ မထွက်ချင်ခဲ့ကြပေ။ သူတို့သည် တတ်နိုင်သမျှချက်ချင်း သင်တန်းကြေးတစ်ဝက်ကို ပေးသွင်းခဲ့ကြသည်။ စာမေးပွဲအကြို တာတိုပြေးပွဲကို တရားဝင် စတင်လိုက်လေသည်။
၁၁၇၀ယွမ်။ စားပွဲပေါ်တွင် တစ်ပြားမှမလျော့ဘဲ တင်ထားလေသည်။
ဝူချွန်းဟွားမှာ လုံးဝဆွံ့အသွားတော့သည်။
“သမီး ငွေက များလှချည်လား”
ရွှီရှောင်ကျောင်းက ခေါင်းညတ်လိုက်ပြီး
“ဟုတ်တယ်၊ သင်တန်းတစ်ခုလုံးက စုစုပေါင်း ယွမ်၃၀လေ၊ အရင်ဆုံး တစ်ဝက်ပေးထားရတာ၊ အားလုံး ဒီမှာပဲ”
ရွှီရှောင်ကန်းသည် သူ့ဘဝတွင် သည်လိုများလှသည့်ငွေကို တစ်ခါမှ မမြင်ဖူးခဲ့ချေ။ သူ့ရှေ့ ငွေအများကြီးကို တွေ့လိုက်ရသည်တွင် သူက ငွေကိုခံစားကြည့်ချင်သဖြင့် လက်ကို ဆန့်ထုတ်လိုက်ကာ
“အမေ မမက သူ့အရင်ဘဝတုန်းက ချမ်းသာခြင်းနတ် မဟုတ်လောက်ပါဘူးနော်၊ သူ့အတွက် ငွေရှာရတာ ဘယ်လောက်တောင်လွယ်လိုက်သလဲ ကြည့်ပါအုံး”
ရွှီရှောင်ကျောင်းက ရွှီရှောင်ကန်းကို ၁၀ယွမ် တန်းပေးလိုက်ကာ
“ဝေး စာရင်းသွင်းတဲ့အချိန်တုန်းက နင် အသေးစိတ် ချရေးပေးခဲ့တာ၊ ငါ့အတွက်လည်း မေးခွန်းလွှာတွေကို ကူးပေးထားသေးတယ်၊ တော်တယ်၊ မမက ဒါ မင်းကို ဆုချတာ”
ရွှီရှောင်ကန်း၏မျက်လုံးမျာက လင်းလက်သွားပြီး
“ကျေးဇူးပဲ မမ”
ဝူချွန်းဟွားက ထပ်ခါ ထပ်ခါ ပြောလေသည်။
“မဟုတ်တာ၊ သမီး သူ့ကို ၁ယွမ် ၂ယွမ်လောက် ပေးရင် ရပါပြီ၊ ၁ယွမ် ၂ယွမ်ဆိုတာ အများကြီးပါ၊ အရင်ကဆိုရင် ၅၀ဖန်းလောက်တင် အများကြီးဖြစ်နေပြီလေ”
ရွှီရှောင်ကျောင်းက ရွှီရှောင်ကန်းကို ငွေ သိမ်းထားခိုင်းလိုက်ပြီး
“အမေ စိတ်မပူပါနဲ့၊ ရှောင်ကန်းက သမီးနားကနေ ရတဲ့ငွေတွေကို စုနေတာ သမီးသိပါတယ်၊ သူက ငွေကို လက်လွတ်စပယ် သုံးတတ်တဲ့ကလေး မဟုတ်ပါဘူး၊ သူ့ဟာသူ ပေးစုထားလိုက်ပါ”
ထို့နောက်တွင်တော့ သူမက ၂၀၀ ထုတ်လာကာ
“အမေ ဒါက အမေ့အတွက်၊ မလိုဘူးဆိုရင်တောင် စုထားလိုက်ပေါ့၊ အမေစားချင်တာရှိလို့ သမီးတို့လည်း ဒီမှာမရှိဘူးဆိုရင် ရှောင်ကန်းနဲ့ ဝယ်ခိုင်းလို့ရတယ်၊ ချွေတာမနေနဲ့နော်”
ဝူချွန်းဟွားက လက်မခံနိုင်ပေ။
“အမေက ဘာလိုနိုင်မှာလဲ၊ အခုတောင် အားလုံးရှိနေပြီပဲ၊ ပြီးတော့ လဝက်လောက် ကိုယ့်ဟာကိုယ် အားဖြည့်လာခဲ့တာ၊ အခု ကြည့်လိုက်အုံး၊ ဖြူပြီဝလာတယ်လေ၊ အိမ်မှာ သမီးနဲ့ စုန့်ဝေဖျင်က နို့မှုန့်၊ သွေးအားဖြည့်ဆေးရည်၊ ကွေကာတွေ၊ အသီးအနှံတွေနဲ့ အသားတွေ ဝယ်ပေးထားတာပဲ၊ အမေ ပြန်ကောင်းနေပါပြီ၊ ဒီတော့ အမေ့အတွက် ငွေမသုံးနဲ့တော့”
သူမက စကားပြောရင်း တစ်ခြားကိစ္စကို စဥ်းစားထားလေသည်။
“ပြီးတော့ သမီးရဲ့ငွေတွေအားလုံးက သမီးပိုင်တာ မဟုတ်ဘူးလေ၊ ကောလိပ်ဝင်ခွင့်ရတဲ့သူ အများကြီး မရှိရင် ငွေကို ပြန်အမ်းပေးရအုံးမှာ”
ရွှီရှောင်ကျောင်းက ယုံကြည်မှုအပြည့်ဖြင့်
“မစိုးရိမ်ပါနဲ့ အမေရယ်၊ အနည်းဆုံးတော့ သူတို့ထဲက တစ်ဝက်လောက် ကောလိပ်ဝင်ခွင့် ရလိမ့်မယ်၊ အမေ့သမီးကို ယုံထားလိုက်”
သူမက စုန့်ဝေဖျင်ကို တိတ်တိတ်လေး လက်တို့လိုက်ပြီး သူ့ကိုလည်း တစ်ခုခုပြောဖို့ တိုက်တွန်းလိုက်တော့သည်။
စုန့်ဝေဖျင်က ချက်ချင်း ဝင်ပြောလိုက်သည်။
“အမေ ကျွန်တော်တို့ စိတ်ချရအောင် ယူထားလိုက်ပါ၊ ရှောင်ကျောင်းနဲ့ ကျွန်တော်က ဒီသုံးလအတွင်းမှာ အမေ့ကို ကောင်းကောင်း စောင့်ရှောက်နိုင်မှာ မဟုတ်ဘူး၊ အမေလိုတာ ဝယ်ပါ၊ သိမ်းထားစရာ မလိုပါဘူး”
ရွှီရှောင်ကျောင်းက ထပ်ပြောလိုက်၏။
“အင်း ငွေရှာရတာ လွယ်နေတာပဲမလား၊ အမေ အမေက အရမ်း စိတ်ပူတတ်ရန်ကော၊ ပြီးတော့ သမီးတော့ ညပိုင်းမှာ ပညာရပ်ပေါင်းချုပ်အတန်းတစ်ခုကိုလည်း ဖွင့်သေးတယ်မလား၊ အထူးသဖြင့် နေ့ပိုင်း မအားတဲ့သူတွေအတွက်လေ၊ သမီးရဲ့သင်ကြားရေးအတန်းက ရက်ပိုင်းလောက်ပဲ ဖွင့်ရသေးတယ် နာမည်က ကြီးနေပြီ၊ ညပိုင်းအတန်းက တစ်တန်းကို ၅၀ဖန်း၊ နေ့လယ်ပိုင်း တက်နေကြတဲ့ ကျောင်းသားတွေ အများကြီးက တက်ချင်ရုံမကဘူး တခြားလူတွေကလည်း လာမေးကြတယ်၊ သမီး ခန့်မှန်းကြည့်တာတော့ ၆၇ယောက်လောက် ရှိလိမ့်မယ်၊ ငွေကို ပြန်ပေးစရာ မလိုဘူး၊ တစ်ညထဲနဲ့ သမီးတို့ ဘယ်လောက်ရှာနိုင်လဲ တွက်ကြည့်လေ”
ရွှီရှောင်ကန်းသည် မိသားစု၏ လုပ်ငန်းငယ်လေးတွင် မပါဝင်သော်လည်း သူသည် မြင်နိုင် ကြားနိုင်လေသည်။ သူ့စိတ်တွက်က အလွန်မြန်ဆန်လွန်းလှသည်။
“အမေ ဒါဆို မမက တစ်ညဆို ယွမ် ၂၀ကနေ၃၀အထိ ဝင်မှာ၊ သူက ပြောထားတယ်လေ၊ ငါးရက်တစ်ခါ ဖွင့်မှာဆိုတော့ တစ်လကို ငါးခါ ခြောက်ခါလောက်ပေါ့၊ တစ်လကို ယွမ် ၁၀၀-၂၀၀လောက်ရှာနိုင်တယ်၊ မမ နင် အရမ်းဉာဏ်ကောင်းတာပဲ”
အခုတော့ ရွှီရှောင်ကျောင်းသည် သူ့မျက်လုံးထဲတွင် ကမ္ဘာပေါ်၌ အရည်အချင်းအရှိဆုံးသူ ဖြစ်လေသည်။
“ပြီးတော့ ကျွန်တော်တို့ ဆရာလည်း ပြောတယ်၊ နင်က အရမ်းတော်တယ်လို့ တခြားသူတွေ ပြောနေတာကိုလည်း ကြားတယ်တဲ့၊ ပုစ္ဆာက ဘယ်လောက်ပဲခက်ခက် နားလည်လွယ်ပြီး အဓိကအချက်ကို စေ့စေ့စပ်စပ် ရှင်းပြပေးနိုင်တယ်တဲ့၊ ပုံစံတူမေးခွန်းတွေအတွက် စိုးရိမ်စရာ မရှိတော့ဘူးတဲ့၊ ငါ့ဆရာက ငါ့ကို တွေ့တော့လေ သူက မေးနေတာ၊ နင် ညပိုင်းအတန်းကို ဘယ်တော့စမှာလဲတဲ့”
သူသည် ရွှီရှောင်ကျောင်းထက်ပင် ပိုပြီးဂုဏ်ယူနေလေသည်။
“ဟုတ်တယ်၊ နင်က နင့်အစ်မ ဘယ်လောက်တော်လဲဆိုတာ သိတယ်၊ ကြည့်လေ၊ စာသင်တာ အရမ်းအသုံးဝင်တယ်နော်၊ တစ်ခုကို ယွမ် ၂၀-၃၀ကို အသာထား ၂ယွမ်အကြောင်း ပြောအုံး၊ အရင်ကဆို အလုပ်လုပ်ရင် တစ်ပတ်ထဲနဲ့ အဲလောက်မရှာနိုင်ခဲ့ဘူးလေ၊ သေသေချာချာ စာလုပ်နော်၊ နင် ကောလိပ်ဝင်ခွင့် ရတဲ့အခါကျရင် ငါ့ထက်တောင် တော်သွားလိမ့်မယ်”
ရွှီရှောင်ကန်းသည် လက်တွေ့ကျသည့် ဥပမာများမှ အဆုံးမရှိ စိတ်အား တက်ကြွသွားတော့သည်။ ထိုစကားများကို ကြားလိုက်သည်တွင် သူက အားတက်သရော ခေါင်းညိတ်လိုက်ပြီး
“ကျွန်တော် သိပါတယ်၊ အခုလည်း အတန်းထဲမှာ စာမေးပွဲဖြေတိုင်း ပထမရတယ်၊ ကျွန်တော် စာကြိုးစားပါတယ်”
သမီးဖြစ်သူက အဆင်ပြေနေပြီး သားဖြစ်သူက စိတ်အားတက်ကြွနေကာ သူမ၏ကျန်းမာရေးကလည်း ကောင်းသည်ထက် ပိုကောင်းလာခဲ့သည်။ ဝူချွန်းဟွားသည် အလွန်ပျော်သွားတော့သည်။
“ကောင်းပါပြီ ကောင်းပါပြီ၊ ဒါဆို အမေ ဒါကို သိမ်းထားလိုက်ပ့ါမယ်၊ အမေ ဒါကို သမီးတို့အတွက် သိမ်းထားပေးမယ်နော်”
ငွေကိစ္စကို ဖြေရှင်းပြီးသွားတော့သည်။ ရွှီရှောင်ကျောင်း၏ ပြန်လည်ကုစားရေးသင်တန်းကလည်း တရားဝင် စတင်လိုက်လေသည်။ ညပိုင်းတွင် သူမက အိပ်ရာပေါ်လဲလျောင်းပြီး သက်ပြင်းချလိုက်၏။
“အဆင်ပြေနေတာပဲ”
ဒီလောက်လူများကို ရနိုင်လိမ့်မယ်လို့ ထင်မထားခဲ့တာလေ။
စုန့်ဝေဖျင်က သူမကို နှိပ်ပေးနေရင်း
“ဒါကြောင့် အဘွားက ဆက်တိုက်ပြောနေတာပေါ့၊ မင်းက ကံကောင်းတယ်တဲ့”
ရွှီရှောင်ကျောင်းက အိပ်ရာပေါ်တွင် လဲလျောင်းနေသည်။ စုန့်ဝေဖျင်က သူမဘေးတွင် ဒူးထောက်ထားသည်။ သူ့အားက မပြင်း မပျော့ အနေတော်လေးပင်။ သူမသည် အလွန်သက်သောင့်သက်သာ ရှိနေရာ မလှုပ်ရှားချင်တော့ပေ။
“ဟုတ်တယ်၊ ငါသာ ကံမကောင်းရင် ငါ့နှိပ်ပေးမဲ့ ချောမောတဲ့ကောင်လေး နင့်ကို ဘယ်လိုလုပ်ပြီး ရနိုင်မှာလဲ”
ဒီရုပ်ရည်နဲ့ အရည်အချင်းက နောက်ပိုင်းမျိုးဆက်ထဲမှာ ထားကြည့်ပါလား ထိပ်တန်းပဲလေ။ အခုတော့ သူက ငါလေးရဲ့သီးသန့်ပိုင်ဆိုင်မှု ဖြစ်သွားပြီ။ ဒီအကြောင်းကို စဥ်းစားကြည့်တော့လည်း ခံစားချက်က မဆိုးလှဘူး။
စုန့်ဝေဖျင်က သူမကို မေးလိုက်သည်။
“မင်းကရော ငါ့ကို ဘယ်တော့ ကောင်းချီးပေးမှာလဲ”
ရွှီရှောင်ကျောင်းက နားမလည်ချေ။
“ဘာကိုလဲ”
“ဆယ်ခါ တစ်ခါအလဲအလှယ်လေ” စုန့်ဝေဖျင်က သူမကို သတိပေးလိုက်၏။
ဪ။ ရွှီရှောင်ကျောင်းက မှတ်မိသွားတော့သည်။ စုန့်ဝေဖျင်က ငါလေးကို ဆယ်ခါနှိပ်ပေးရင် ငါလေးက သူ့ကို တစ်ခါပြန်နှိပ်ပေးမယ်လို့ ပြောထားတာပဲ။
“နင် ငါ့ကို ဆယ်ခါနှိပ်ပေးတာ မြန်လှချည်လားဟဲ့” သူမ၏သုံးစွဲနှုန်းက တော်တော်လေး မြင့်လေသည်။
စုန့်ဝေဖျက်က အာလုံးကို မှတ်ထားသည်။
“၁၁ခါ ရှိသွားပြီ၊ ဒီတော့ ငါ တစ်ခါလဲမယ်”
ရွှီရှောင်ကျောင်းက စိတ်ကောင်းဝင်နေပြီး ချက်ချင်းဆိုသလို သူမ၏လက်ကို လှုပ်ရှားလိုက်ကာ
“ ဟုတ်ပါပြီ၊ လာခဲ့၊ စုန့်ဝေဖျင် ထိုင်၊ ငါ ဒီနေ့ ငါ့လက်တွေကို လှုပ်ရှားပြီး ငါ့အရည်အချင်းတွေကို နင့်ကို ပြပေးမယ်”
စုန့်ဝေဖျင်က သူ့မျက်ခုံးများကို ပင့်လိုက်ပြီး
“ငါ့ကို တကယ် နှိပ်ပေးမလို့လား”
ရွှီရှောင်ကျောင်းက ရုတ်တရက် ထထိုင်လိုက်ပြီး
“ဒါပေါ့၊ နင်လည်း ဒီတစ်ချိန်လုံး ပင်ပန်းလာတာပဲ၊ ဒီကိုလာခဲ့၊ နင့်အင်္ကျီကို ချွတ်ပြီး လှဲလိုက်၊ ငါ နင့်ပခုံးကို နှိပ်ပေးမယ်”
စုန့်ဝေဖျင်က သူမကို လှမ်းကြည့်လိုက်ပြီး
“ဟုတ်ပြီ”
ရွှီရှောင်ကျောင်းသည် စုန့်ဝေဖျင်ကို တစ်ကြိမ်လောက်တော့ ဝန်ဆောင်မှု ပေးချင်ခဲ့လေသည်။ သို့သော် သူသည် အလင်းရောင်အောက်တွင် ကျန်းမာသည့်ကြွက်သားအခုံးလေးအသွင် ဖောင်းတက်နေသည့် သူ၏ အနည်းငယ် ဂျုံရောင်သန်းနေသည့် အသားအရေနှင့် အင်္ကျီမပါဘဲ အိပ်ရာပေါ်တွင် လဲလျောင်းလိုက်ချိန်တွင် သူမသည် နောက်ထပ်ပျော်ရွှင်မှုတစ်ခုကို ခံစားလိုက်ရတော့သည်။
“စုန့်ဝေဖျင် နင့်အသားအရေက ကောင်းလိုက်တာ”
သူမက လက်ဆန့်လိုက်ပြီး သူ့ကျောကို နှိပ်ပေးလိုက်ကာ ကြွက်သားများ၏ ကြုံ့ခြင်းဆန့်ခြင်းကို ခံစားလိုက်တော့သည်။
စုန့်ဝေဖျင်၏ တောင့်တင်းသည့်ခံစားချက်ကို အာရုံခံမိသဖြင့် သူမက သူ့ကို ပုတ်လိုက်ပြီး
“စိတ်လျှော့၊ စိတ်လျှော့ ငါ စ,နေပြီနော်”
သို့သော် သူမက စတင်နှိပ်နှယ်ပေးလိုက်ချိန်တွင် ထိုသို့ မထင်ရတော့ချေ။
“စုန့်ဝေဖျင် နင့်ကြွက်သားတွေက အကြီးကြီးပဲနော်”
“အို နင်က အရမ်းမာကြောတာပဲ”
“ဒီနေရာမှာ အရမ်းအားများနေတယ်လို့ ခံစားရတယ်”
တစ်ချက် နှစ်ချက်လောက်နှိပ်ပေးလိုက်ပြီးနောက် သူမသည် အလွန်ပင်ပန်းသွားလေတော့သည်။
အစပိုင်းက သူမသည် သူဘေးတွင် ဒူးထောက်ထားလေသည်။ အခုတော့ သူမသည် သူ့ခါးပေါ်တွင် ထိုင်ကာ စပြီး လက်ပန်းကျလာတော့သည်။
“ငါ အရမ်းပင်ပန်းနေပြီ”
သူမက အသက်တစ်ချက် ရှူထုတ်လိုက်သည်နှင့် စုန့်ဝေဖျင်က ညည်းညူးလေတော့သည်။
“ကျောင်းကျောင်း ဆင်းတော့”
...
အပိုင်း (၃၆) နှိပ်နှယ်ပေးပြီးနောက်
“စုန့် ... စုန့်ဝေဖျင်”
ရွှီရှောင်ကျောင်းသည် သူ့အသံထဲက နာကျင်မှုကို ကြားလိုက်ရပြီး ဘေးတွင် ထိုင်ချလိုက်လေသည်။
“ဟဲ့ နင် အဆင်ပြေရဲ့လား၊ ငါ နင့်ခါးပေါ် ထိုင်မိသွားတာလား၊ နင် ရရဲ့လား”
ရွှီရှောင်ကျောင်းက သူ့ကို အသာအယာတို့လိုက်၏။
စု့န်ဝေဖျင်က လက်မောင်းပေါ်တွင် သူ့ကိုယ်သူ မြှုပ်ထားလိုက်ပြီး အသံမလှုပ်ချေ။
ရွှီရှောင်ကျောင်းက ရေရွတ်လိုက်တော့သည်။
“မဟုတ်သေးပါဘူး၊ ငါက နင့်ခါးပေါ်မှာ ထိုင်တာ အဲလောက်မလေးပါဘူး၊ နောက်ပြီး နင်က နာသွားတယ်တဲ့၊ စုန့်ဝေဖျင် နင် ငါ့ကို မလိမ်ပါဘူးနော် ဟုတ်တယ်မလား”
စုန့်ဝေဖျင်က လှုပ်ရှားလိုက်၏။ သူက သူမဘက်သို့ ခေါင်းလှည့်လိုက်ပြီး
“နာတယ်”
ရွှီရှောင်ကျောင်းမှာ အနည်းငယ်ရှက်သွားကာ
“ဒါဆို ငါ့ကြောင့်ပေါ့၊ ငါ နင့်ကို ထပ်နှိပ်ပေးရမလား”
စုန့်ဝေဖျင်က ခဏလောက် နှုတ်ဆိတ်သွားပြီး
“နာတာက အဲနေရာ မဟုတ်ဘူး”
ဘာဖြစ်တာလဲ။ ဒါက.......။
ရွှီရှောင်ကျောင်းသည် ခဏလောက် စဥ်းစားလိုက်လေသည်။ ရုတ်တရက်ဆိုသလို သူမ၏မျက်နှာမှာ ပြောင်းလဲသွားပြီး
“စုန့်ဝေဖျင် နင် ငါ့ကို လူယုတ်မာလို ကစားနေတာပဲ”
ဒီခွေးကောင်ကတော့။ သူ ဘာလို့ ညည်းလိုက်လဲဆိုတာ သိသွားပြီ။ အား။ သူက အဲဒါနဲ့ပဲ တန်တယ်။
သူမသည် ဒေါသထွက်ထွက်ဖြင့် သူ့ခါးကို ရိုက်ပစ်လိုက်ကာ
“အရှက်ကို မရှိဘူး”
စုန့်ဝေဖျင်က ပြန်ကောင်းလာသည်။ သူမ၏ ဒေါသထွက်နေသည့် ရုပ်ကို တွေ့လိုက်ရပြီး ချစ်စရာကောင်းသည်ဟု မြင်မိလေသည်။
“ကျောင်းကျောင်း”
ရွှီရှောင်ကျောင်းက နှာခေါင်းရှုံ့လိုက်ပြီး
“ဟဲ့ ငါ့ကို အဲလိုမခေါ်နဲ့”
သူမက နှာခေါင်းကို တွန့်ပြလိုက်ပြီး
“ပြီးတော့ နင်... နင် မဟုတ်.... ဘယ်လိုဖြစ်....”
သူက မစွမ်းဆောင်နိုင်တဲ့သူ မဟုတ်ဘူးလား။ သူက ဘာလို့ အဲလိုခံစားရတာလဲ။ တကယ်ပါပဲ။
စုန့်ဝေဖျင်သည် သူမကို သူ့အပေါ် နားလည်မှု ဘယ်လိုလွဲသွားသည်ကို လုံးဝနားမလည်ခဲ့ချေ။
“ငါက ယောက်ျားပါ”
“ဒါဆို နင်က မိန်းမတွေကို စိတ်ဝင်စားတယ်ပေါ့”
စုန့်ဝေဖျင်က ခေါင်းခါပြလိုက်ပြီး
“စိတ်မဝင်စားပါဘူး”
ရွှီရှောင်ကျောင်းက ခေါင်းညိတ်လိုက်၏။ ဟုတ်တယ်လေ။ မဟုတ်ရင် သူ့ကျန်တဲ့ဘဝကို လက်မထပ်ဘဲ ရည်စားမရှာဘဲ နေမှာမဟုတ်ဘူး။ ဒါက လုံလောက်တဲ့သက်သေပဲ။
“ငါက မင်းတစ်ယောက်ထဲကိုပဲ စိတ်ဝင်စားတာ”
သူ့မျက်လုံးများက တောက်လောင်နေလေသည်။ သူ၏ခန္ဓာကိုယ်အပေါ်ပိုင်းက ဗလာကျင်းနေပြီး လုပ်ချင်တိုင်း လုပ်နိုင်သလို ထင်ရလေသည်။
“စုန့်ဝေဖျင်”
ရွှီရှောင်ကျောင်းမှာ ခပ်ကြမ်းကြမ်း ရင်ခုန်သွားတော့သည်။ သူမသည် ဒေါသထွက်လာပြီး သူ့ကို ခေါင်းအုံးဖြင့် ရိုက်တော့သည်။
“နင် ငါ့ကို စနေတာလား”
စုန့်ဝေဖျင်၏ရယ်သံက ခေါင်းအုံးကြားတွင် လုံးထွေးနေပြီး
“အင်းပါ၊ ငါ မင်းကို စနေတာ၊ စိတ်မဆိုးပါနဲ့တော့”
ရွှီရှောင်ကျောင်းမှာ ရှက်သွားပြီး ခေါင်းအုံးကို ဖယ်ပေးဖို့ ငြင်းဆန်နေသည်။
“ဒါဆို နောက်ဆိုရင် နင် ဒီအကြောင်း မပြောရတော့ဘူးနော်”
“မပြောတော့ဘူး”
ထိုနောက်တွင်မှ ခေါင်းအုံးကို ဖယ်ပေးလိုက်တော့သည်။
စုန့်ဝေဖျင်က သူမကို မေးလိုက်၏။
“ဆက်နှိပ်အုံးမှာလား”
ရွှီရှောင်ကျောင်းက သူ့ကျောပြင်ကို တစ်ချက်ကြည့်လိုက်၏။ နှုတ်ခမ်းမဲ့လိုက်မိသည်။ ခုနကတော့ ငါလေးက သဘာဝကျကျ ပွင့်ပွင့်လင်းလင်းနဲ့ နှိပ်ပေးနိုင်ခဲ့သေးတယ်။ ဒါပေမဲ့အခုတော့ ကျောပြင်ကို ကြည့်ရုံနဲ့တင် ရှက်သလို ခံစားနေရပြီလေ။ သူမသည် သူ့အင်္ကျီကို သူ့ဆီ မြန်မြန်ပစ်ပေးလိုက်ကာ
“မနှိပ်ဘူး၊ နင့်အင်္ကျီမြန်မြန်ဝတ်ပြီး အိပ်တော့”
စုန့်ဝေဖျင်က ကိုယ်ကိုလှည့်လိုက်ပြီး ခြေချိတ်ကာ မတ်မတ်ထိုင်လိုက်လေသည်။ သူက ဖြည်းဖြည်း ဝတ်လိုက်သည်။
အဝတ်ဝတ်နေရင်း သူက သူမကို ပုံမှန်အတိုင်းကြည့်လိုက်ပြီး
“ဆယ်ကြိမ်မှ တစ်ကြိမ်ပဲ လဲရတာကို၊ မင်းက သုံးမိနစ်ပဲ နှိပ်ပေးတယ်”
ရွှီရှောင်ကျောင်းက သူ့ကို ကန်ထည့်လိုက်ပြီး
“ပြောနေတုန်းပဲ၊ စုန့်ဝေဖျင် နင်က လူလိမ်ကြီးပဲဟဲ့”
စုန့်ဝေဖျင်က သူမ၏ခြေကျင်းဝတ်ကို ဖမ်းထားလိုက်ပြီး
“ငါက မင်းကို ဘာလိမ်ခဲ့လို့တုံး”
“နင်..နင်.. နင်....”
ရွှီရှောင်ကျောင်းသည် ‘နင်’တစ်လုံးသာပြောရင်း နေ့တစ်ဝက်လောက်ကြာသွားသော်လည်း သူက စွမ်းဆောင်နိုင်သူ ဟုတ်မဟုတ်ကိုတော့ မမေးနိုင်လိုက်ချေ။ ထို့ကြောင့် သူမက သူ့ကို မေးလိုက်လေသည်။
“အင်း ဒါဆိုရင် ငါတို့ရဲ့သဘောတူညီချက်အရ နောက်ဆိုရင်ကော ငါတို့တွေ အခန်းဖော်ကောင်းတွေ ဖြစ်အုံးမှာလား”
စုန့်ဝေဖျင်က ခေါင်းညိတ်လိုက်ပြီး
“ဖြစ်မှာပေါ့”
“ဒါ.. ဒါဆိုရင်... နင့်မှာ လိုအပ်ချက်တွေ ရှိလား”
စုန့်ဝေဖျင်က သူမကို လှမ်းကြည့်လိုက်ပြီး
“မရှိပါဘူး”
ရွှီရှောင်ကျောင်းသည် ထိုစကားကို ကြားလိုက်သောအခါ စိတ်အေးသွားတော့သည်။ သို့သော် ညပိုင်းတွင်တော့ သူမက ကသိကအောက် ဖြစ်နေဆဲ။
“ဒါဆို မြန်မြန်အိပ်ကြရအောင်”
ရွှီရှောင်ကျောင်းသည် စုန့်ဝေဖျင်က ထိုကိစ္စကို လုပ်နိုင်လား မလုပ်နိုင်လား တစ်ခုလုံး ခန့်မှန်းရင်း အတွေးနစ်နေခဲ့လေသည်။ ထို့နောက်တွင်တော့ သူမသည် ရုတ်တရက်ဆိုသလို ထိုအကြောင်းကို စဥ်းစားမိသွားတော့သည်။
သူ ဒါကို လုပ်နိုင်တာဖြစ်ဖြစ် မလုပ်နိုင်တာဖြစ်ဖြစ် အရေးမကြီးပါဘူး။ ငါတို့ကြား အပြန်အလှန် အကျိုးအတွက် ပူးပေါင်းမှုကို မထိခိုက်သရွေ့ အဆင်ပြေပါတယ်။
ငါလေးက ဘာလို့ ခေါင်းကို ထောင့်နားအထိ ကပ်နေတာတုံး။ ငါက စွမ်းဆောင်နိုင်တဲ့သူလေ။ ဪကဲ။ ဒါပေမဲ့ ငါလေးက စုန့်ဝေဖျင်ကို ဘယ်လိုနည်းနဲ့မှ ဘာမှမလုပ်ခဲ့ပါဘူးနော်။
ပြီးတော့ အဲနေ့ညက စုန့်ဝေဖျင်က ခါတိုင်းနဲ့ ကွဲပြားသွားတာမရှိဘူးလေ။ သဘောက သူ ရယ်စရာလုပ်နေတာပေါ့။
သူမက ထိုအကြောင်းနှင့် ကိုယ့်ဟာကိုယ် အယုံသွင်းလိုက်တော့သည်။ ဝူချွန်းဟွားသည် ထိုနေက သူမဆီ ရောက်ပြီး စုန့်ဝေဖျင်ကို တမင် ရှောင်နေလေသည်။
သူမက အခန်းထဲတွင် ရွှီရှောင်ကျောင်း၏လက်ကို ကိုင်ပြီး မေးနေသည်။
“နင်တို့လေးတွေ အိပ်ရင် တိတ်တိတ်လေး ခန်းဆီး ကာထားတုန်းလား”
ရွှီရှောင်ကျောင်းက ခေါင်းခါပြလိုက်ပြီး
“ဘာကို၊ မဟုတ်ပါဘူး”
ပြီးခဲ့တဲ့အခေါက်က ဝူချွန်းဟွားက ခန်းဆီတွေကို ယူသွားပြီးနောက်ပိုင်း ငါလေးက အလုပ်သမား၊ လယ်သမား၊ စစ်သည်ကောလိပ်မှာ သင်တန်းပေးဖို့ သွားနေတုန်း စုန့်ဝေဖျင်က ခုတင်ကို ချဲ့ပေးခဲ့ပြီးကတည်းက ခန်းဆီးတွေကို ဆက်မထားလိုက်တော့ဘူးလေ။ သူတို့က နေ့တိုင်း အိပ်ရာတစ်ခုတည်းမှာ အိပ်ကြပြီး ငြိမ်းငြိမ်းချမ်းချမ်း နေလာခဲ့တာပဲ။
အဲလိုပြောလို့ စုန့်ဝေဖျင်မှာ ဘာလိုအပ်ချက်မှတော့ မရှိလောက်ပါဘူး။ ဒီလောက်အချိန်အကြာကြီး နေလာခဲ့တာ သူ့ မူမမှန်ဖြစ်နေတာ တခါမှ မမြင်ခဲ့ဖူးပါဘူး။
သမီးဖြစ်သူက စိတ်နှင့်ကိုယ် မကပ်သည်ကို တွေ့လိုက်ရသဖြင့် ဝူချွန်းဟွားက ထပ်မေးလိုက်ပြန်သည်။
“ဒါဆိုရင် အမေ့ကို အမှန်အတိုင်းပြောစမ်း၊ နင်တို့လေးတွေ ညဆို အိပ်ရာတစ်ခုထဲမှာ အိပ်ကြတယ်မလား”
ရွှီရှောင်ကျော်ငးက အခိုက်တန့် ကြောင်အမ်းအမ်း ဖြစ်သွားတော့သည်။ အိုဟဲ့။ ဒီခေတ်မိန်းမတွေက အရမ်း ရှေးရိုးဆန်ကြတာပါ။ ငါ့အမေက ဒီလိုပြောသတဲ့။
“အမေရယ် ဘာလို့ ဒီလိုမေးနေတာလဲ၊ ဒါပေါ့ သမီးတို့အတူတူအိပ်ပါတယ်”
သူက တောင်စဥ်ရေမရ ပြောနေလိုက်သည်။
ဝူချွန်းဟွားခင်မျာ သူမက လိမ်နေသလား မပြောနိုင်လေရာ ထပ်မေးရပြန်သည်။
“ဒါဆို နင့်ဗိုက်ထဲက ဘာလို့ ဘာလှုပ်ရှားမှုမှ မရှိလာသေးတာလဲ”
ရွှီရှောင်ကျောင်းက သူမ၏နှာခေါင်းကို ပွတ်လိုက်ပြီး
“အမေရယ် အဘွားတောင် မလောတာ၊ အမေက ဘာလို့ လောနေတာလဲ”
ဝူချွန်းဟွားမှာ စိတ်မပူနိုင်ဘဲ အဘယ်မှာရှိပါမည်နည်း။ သူတို့သည် လက်ထပ်ပြီးသည်မှာ နှစ်နှစ်ကျော်ပြီး ဖြစ်လေသည်။ သူမက မြေးလေးကို မျှော်လင့်နေခဲ့ရသည်။
“အဘွားကလည်း သူ့မြစ်ကလေးကို မျှော်လင့်တာပေါ့ဟဲ့၊ သူက ဘာမှ မပြောတာဘဲရှိတာ၊ ဒီလိုလုပ်ပါလား၊ သမီးနဲ့ ဝေဖျင်တို့ မြို့တက်ပြီး ဆေးစစ်ကြည့်ကြပါလား”
ရွှီရှောင်ကျောင်းက ချက်ချင်း လက်ခါပြလိုက်တော့သည်။
“မလိုပါဘူး”
ဝူချွန်းဟွားသည် ရွှီရှောင်ကျောင်းက ကြောက်နေသည်ဟု ထင်လိုက်ကာ
“အ,လိုက်တဲ့ကလေး နင်က ဘာလို့ အမေ့ကို ပြောပြနေတာလဲ၊ ပြဿနာကို စောစောစီးစီး ရှာတွေ့လေ ကုသမှု စောစော ခံယူနိုင်လေပဲ၊ သမီးတို့က ငယ်သေးတယ်၊ ဒီတော့ တခုခု ဖြစ်ရင်တောင် ဒီအတိုင်း ကုလိုက်ရုံပဲ၊ သွားပြီး ဆေးစစ်လိုက်ပါ”
ဘာကို စစ်ရမှာတုန်း။ ငါတွေက လူကလေးလေးတစ်ယောက် လုပ်ဖို့ ဘာလှုပ်ရှားမှု မရှိခဲ့တာကို။ ငါတို့တွေ ဒါကို လုပ်ခဲ့ရင်တောင် ကလေးယူဖို့ အစီအစဥ်မရှိသေးပါဘူး။
ဟူး။ ငါတို့တွေ ဘာမှမလုပ်ခဲ့ဘူးလေဟယ်။
ရွှီရှောင်ကျောင်းက ခဏလောက်စဥ်းစားလိုက်ပြီး
“အမေ သမီး အမှန်အတိုင်း ပြောပြမယ်၊ စုန့်ဝေဖျင်နဲ့ သမီးက သဘာတူထားတာ တစ်ခုရှိတယ်၊ သမီးတို့တွေ ဒီနှစ်အနည်းငယ်အတွင်းမှာ ကလေးယူဖို့ အစီအစဥ်မရှိဘူး”
“ကလေးမယူဘူး ဟုတ်လား” ဝူချွန်းဟွားမှာ နားမလည်တော့ချေ။
“ဟုတ်တယ်၊ စုန့်ဝေဖျင်က ပြောတယ်၊ သူ နှစ်အနည်းငယ်လောက် ပိုက်ဆံရှာပြီး မိသားစုအခြေအနေက အရင်ကထက် ပိုကောင်းလာတဲ့အထိစောင့်ပြီးမှာ သမီးတို့တွေ ကလေးယူကြမယ်တဲ့”
ဝူချွန်းဟွား၏မျက်လုံးမှာ ဝိုင်းစက်သွားတော့သည်။
“အမေတို့မိသားစုရဲ့ လက်ရှိအခြေအနေက မကောင်းလို့လား၊ ရွာထဲမှာ ဘယ်သူက သမီးနဲ့ ယှဥ်နိုင်လဲ ကြည့်လိုက်စမ်းပါ၊ အားလုံးကဖြင့် မနာလိုနေကြတာ”
ရွှီရှောင်ကျောင်းက အလေးအနက် ခေါင်းညိတ်လိုက်ပြီး
“အင်း စုန့်ဝေဖျင်က မကောင်းသေးဘူးလို့ ထင်တာလေ၊ သမီးတို့က ဒီအခြေအနေအထိပဲ ရောက်သေးတာ၊ စက်ဘီးတစ်စီးပဲ ဝယ်ထားတာလေ၊ စုန့်ဝေဖျင်က ရောင်စုံတီဗွီတစ်လုံး၊ လက်ပတ်နာရီလေးတစ်လုံး ဒီလို အားလုံးကို စီစဥ်ပြီးတာနဲ့ သမီးတို့ ကလေးတစ်ယောက်တော့ ယူမှာပါ”
ဝူချွန်းဟွားသည် သူမ၏သမက်ဖြစ်သူကို ထပ်ပြီးနားမလည်နိုင်တော့သလို ခံစားလိုက်ရတော့သည်။ သူက ရောင်စုံတီဗွီ၀ယ် အားလုံးကို ဝယ်ပြီးသွားရင် အိမ်က ဘယ်လိုမျိုး ဖြစ်နေမှာလဲ။ သမက်လေးက ဒီလောက်ကြီးမားတဲ့ ရည်မှန်းချက်တွေရှိနေမယ်လို့ အစက မသိခဲ့ဘူးပဲ။
ပရိယာယ်ဖြင့် ပြောဆိုလိုက်ပြီးနောက် ရွှီရှောင်ကျောင်းက ဝူချွန်းဟွားကို လိုက်ပို့ပေးလိုက်လေသည်။
ညပိုင်းတွင် သူမနှင့်စုန့်ဝေဖျင်တို့သည် နေ့လယ်ကကိစ္စကို ဆွေးနွေးကြတော့သည်။
“ငါ အမေကို ဒီလို ပြောပြလိုက်တယ်၊ သူ နင့်ကို မေးလာခဲ့ရင် နင်လည်း တစ်ပုံစံထဲ အတူတူ ဖြေလို့ရတာပေါ့”
စုန့်ဝေဖျင်က ရောင်စုံတီဗွီ၏စျေးကို စဥ်းစားနေရင် သူမကို မေးလိုက်၏။
“ဒါဆို နောက်ပိုင်း ရောင်စုံတီဗွီဝယ်ပြီးသွားလို့ အမေ ထပ်မေးလာရင် မင်း ဘယ်လိုလုပ်မှာလဲ”
ရွှီရှောင်ကျောင်းလည်း မစဥ်းစားတတ်ပေ။ ဟန်ဆောင်လက်ထပ်ခြင်း အကြောင်းတော့ ပြောလို့မဖြစ်ပေ။
“ဒါဆို နင် ဘယ်လိုစဥ်းစားထားလဲ”
စုန့်ဝေဖျင်က ခဏလောက်စဥ်းစားလိုက်ပြီး
“ငါ နေမကောင်းလို့ ကလေးမမွေးနိုင်ဘူးလို့ ပြောကြတာပေါ့”
ဟယ်...။ ရွှီရှောင်ကျောင်းက သူမ၏လက်ကိုမြောက်လိုက်ပြီး သူ့ကို ကြည့်လိုက်ကာ
“နင် မျက်နှာမလိုချင်တော့ဘူးလား”
သူမက ကိုယ့်ဟာကိုယ် ပြန်စဥ်းစားလိုက်၏။ ပြီးခဲ့တဲ့အခေါက်တုန်းက ငါ့အမေက နင့်ကို နားလည်မှုလွဲနေလို့ ငါ့မှာ နင့်နာမည်ကို အဖတ်ဆယ်ထားရတာလေ။ နင့်ရဲ့သိက္ခာကို ထိန်းသိမ်းဖို့အရေး ငါ့ကိုယ်ငါပဲ အပြစ်တင်ခံခဲ့တာ။
နင်က အဲလိုပြောလိုက်တော့ အဖတ်ဆယ်လို့ ဘယ်ရတော့မလဲ။
“ရပါတယ်”
စုန့်ဝေဖျင်က သူမကို ပြန်ဖြေလိုက်၏။ တစ်လျှောက်လုံး သူလည်း ကလေးယူဖို့ လုံးဝ မစဥ်းစားခဲ့ဖူးဘူးလေ။ အခုချိန်မှာ ဒီအကြောင်းကို ဘယ်သူမှ မပြောကြပေမဲ့ နောက်ဆုံးကျတော့ နောက်ပိုင်းကျရင် တစ်ယောက်ယောက် အဲဒီအကြောင်း ပြောလာမှာပဲ။ အားလုံးက သူမအကြောင်း ပြောနေတာကို ခွင့်ပေးလိုက်ရမဲ့အစား သူ့အကြောင်းပြောတာက ပိုကောင်းပါတယ်။
ဒါပေမဲ့ သူက ဒီလိုလိုက်လျောပေးထားရတာဆိုတော့ သူမကလည်း ကိုယ့်ဟာကို ဖော်ပြသင့်တာပေါ့။ စုန့်ဝေဖျင်က သူ့နှုတ်ခမ်းကို စူထားကာ ပြောလိုက်၏။
“အချိန်တန်လို့ အမေက ငါတို့ကို ကွာရှင်းခိုင်းပြီး ငါတို့ကြားမှာ ကလေးမရှိတာကို ခံစားမိရင် ငါက မင်းအတွက် လုံလောက်အောင် မကောင်းလို့ပေါ့နော်”
ရွှီရှောင်ကျောင်းက ချက်ချင်း ခေါင်းခါပြလိုက်ပြီး
“အဲလိုဖြစ်မှာမဟုတ်ဘူး၊ ငါ နင့်အပေါ်ပဲ လုံးဝစိတ်နစ်ထားမှာ၊ ငါ့ကျန်တဲ့တစ်ဘဝလုံးမှာ နင်နဲ့အတူတူ နေသွားမှာ၊ ဘယ်သူမှ ငါတို့ကို ခွဲလို့မရဘူး”
စုန့်ဝေဖျင်သည် ထိုစကားကို ကြားလိုက်ရသောအခါ သူ့နှုတ်ခမ်းထောင့်များက ကွေးတက်သွားကာ
“တကယ်ပြောတာလား”
သူမ၏သစ္စာကို ဖော်ပြဖို့ရန် ရွှီရှောင်ကျောင်း၏မျက်လုံးများက ပြူးကျယ်ထားလိုက်သည်။
“ဒါက အမှန်ပဲဖြစ်ရမယ်၊ ဘယ်သူဖြစ်ဖြစ် ငါ့ရှေ့မှာ ရွှေတောင် ငွေတောင်ပဲရှိရှိ ငါက အမြဲတမ်း ဒီလိုပဲပြောမှာပဲ”
နောက်ဆိုရင် စုန့်ဝေဖျင်၊ နင်က ရွှေတောင် ငွေတောင်မကဘူး သက်ရှိကွန်နျူကော့ပိုင်း (သီးနှံများ ပေါကြွယ်ဝကြောင်းပြသည့် သင်္ကေတပုံစံ ဦးချို)တစ်ယောက်လည်း ဖြစ်လာအုံးမှာ။ အရူးကပဲ နင့်ကို ကွာရှင်းလိမ့်မယ်။
နှစ်ယောက်သားက သည်ကိစ္စကို ပျော်ပျော်ရွှင်ရွှင် သဘောတူလိုက်ကြလေသည်။
ရွှီရှောင်ကျောင်းမှာ အပြီးတိုင် စိတ်အေးသွားတော့သည်။
ကြည့်ရတာ စုန့်ဝေဖျင် တစ်ခုခုမှားနေတာ အမှန်ပဲ ဖြစ်ရမယ်။ စိတ်ပိုင်းဆိုင်ရာ မဟုတ်ရင် ရုပ်ပိုင်းဆိုင်ရာပဲ။ မဟုတ်ရင် ဒီနေ့ခေတ်အခါမျိုးမှာ ဘယ်ယောကျ်ားက ကလေးမလိုချင်လို့လဲ။
အကျိုးတူ ပူးပေါင်းထားတဲ့ ဆက်ဆံရေးကောင်းတစ်ခုကိုတော့ ဆက်ပြီးထိန်းသိမ်းရလိမ့်မယ်။
စိတ်ထဲတွင် ဘာမှမရှိတော့ဘဲ ရွှီရှောင်ကျောင်းသည် နေ့တိုင်း အေးအေးလူလူရှိသည့် ဘဝတစ်ခုတွင် နေလာခဲ့လေသည်။
သူမနှင့် စုန့်ဝေဖျင်နှစ်ယောက်လုံးတွင် အတန်းများရှိကြသည်။ သူမက ဝိဇ္ဇာနှင့် သိပ္ပံနှစ်တန်းလုံးကို သင်ပေးရသည်။ စုန့်ဝေဖျင်ကတော့ ပိုပြီးစီစဥ်ရသည့် သိပ္ပံဘာသာရပ် အဓိကသင်ပေးသည်။ သူမက အဓိကအချက်များကို ဝိုင်းထားပေးပြီး စုန့်ဝေဖျင်က သင်တန်းပို့ချသည်။ စိတ်ကြိုက်ဝိဇ္ဇာ ဘာသာရပ်များထဲက တချို့သော နိုင်ငံရေးအသုံးအနှုန်းများကို သူမက သင်ပေးသည်။ နောက်ဆုံး သူမသည် သည်ခေတ်၏ အင်္ဂါရပ်များကို စုန့်ဝေဖျင်ထက် ကောင်းကောင်းပိုလေသည်။
သို့သော် စုန့်ဝေဖျင်က သင်ခန်းစာအစီအစဉ်များကို စုစည်းခြင်းနှင့် အိမ်စာများကို စစ်ဆေးခြင်းအလုပ်ကို အများကြီးလုပ်ခဲ့ရသည်။ သူမက နေ့တိုင်း အတန်းသို့ သွားပြီး ညပိုင်းတွင် အိမ်ပြန်ရောက်လျှင် စုန့်ဝေဖျင်ချက်ပေးသည်များကို စားပြီးနောက်တွင် သူ့အတွက် သင်ခန်းစာများ ပြင်ဆင်ပေးရန် စုန့်ဝေဖျင်ကို ညွှန်ကြားရသည်။ နေ့တိုင်း စကားပိုပြောဖြစ်သည်ကလွဲလျှင် သူမသည် အလွန်ပင်ပန်းသည်ဟု မခံစားမိချေ။
ရွှီရှောင်ကျောင်းသည် ပြန်လည်ကုစားရေးအတန်းတွင် ရေထဲက ငါးတစ်ကောင်လို ဖြစ်နေသည်ကတော့ ပြောရန်ပင် မလိုချေ။ စုန့်ဝေဖျင်လည်း ပြန်လည်ကုစားရေးအတန်းထဲက လူအားလုံးကို သင်ပေးရသည်က သူ ထင်ထားသလောက် မခက်မှန်း ခံစားမိလိုက်သည်။ ဆန့်ကျင်ဖက်အနေဖြင့် ကျောင်းသားများအားလုံးက စကားနားထောင်ကြပြီး သူ့ကို လေးစားကြလေသည်။
သူတို့နှစ်ယောက်သည် နည်းပြတာဝန်ကို အေးအေးချမ်းချမ်း လုပ်ဆောင်လိုက်ကြသည်။ သို့သော် အနီးကပ်သင်တန်းတွင် သူတို့နှစ်ယောက်သည် သူတို့၏ထူးခြားသည့် အကျင့်စရိုက်ဆွဲဆောင်မှုကြောင့် ထူးခြားသည့်သက်ရှိများ တဖြည်းဖြည်း ဖြစ်လာသည်ကိုတော့ သူတို့မှာ မသိခဲ့ကြပေ။ သည်အတိုင်း တစ်ယောက်က ခေါ်လိုက်လျှင် ရာချီသည့်အဖြေများ ထွက်လာလေသည်။
အကြောင်းမှာ ရွှီရှောင်ကျောင်းတွင် အမာခံပရိတ်သတ် မာချွန်း ရှိနေခြင်းကြောင့်ပင်။ သူမ၏ထူးချွန်သည့် ပရော်ဖက်ရှင်နယ်ကျသည့် အသိပညာများနှင့် ပေါင်းလိုက်လျှင် သူမသည် မျက်စိမှိတ်ပြီးတော့ပင် စာသင်နိုင်လေသည်။ သင်တန်းပြီးသွားလျှင် သူမက အားလုံးကို အနီးကပ် သင်ကြားပေးပြီး အမြဲတမ်း အနှစ်ချုပ်လုပ်ပေးနိုင်သည်။ သူတို့သည် မေးခွန်းများကို ကျွမ်းကျင်အောင် လုပ်နည်းသာမက မေးခွန်းအားလုံးက အနှစ်ကိုလည်း နားလည်သွားကြလိမ့်မည်။ အားလုံးက မြန်မြန်ဆန်ဆန်ပင် နားလည်သွားကြတော့သည်။
သူမ၏ထူးချွန်သည့် စိတ်နေသဘောထားနှင့် ရက်မှုကိုပေါင်းလိုက်လျှင် အခန်းထဲတွင် သူမကို မနှစ်သက်ကြသူ မရှိပေ။
စုန့်ဝေဖျင်သည် ရွှီရှောင်ကျောင်းလို အထက်တန်းအောင်ပြီးသူ မဟုတ်ခဲ့သော်လည်း သူသည် ကောလိပ်ကျောင်းသူ ကျိူးဖင့်ရှန်းကို စာပြပေးခဲ့ဖူးသည်။ ပြီးခဲ့သည့်နှစ်နှစ်အတွင်း သူသည် ရွှီရှောင်ကျောင်းထံမှ သင်ယူခဲ့သည်။ အခြေခံအသိပညာက ခိုင်မာသည်။ သင်ကြားမှုများက အတိမ်မှ အနက်သို့ တစ်ဆင့်ချင်း အားလုံး၏ သင်ယူမှုအတွေ့အကြုံနှင့် အမြဲတမ်း ကိုက်ညီအောင် လုပ်ပေးနိုင်လေသည်။ သူ့နောက်လိုက်နိုင်ဖို့ရန် အားလုံးအတွက် အလွန်မှလွယ်ကူလေသည်။
သူ၏ မပြုံးမရယ် အပျော်အပါး ရှောင်တတ်သည့် သဘောထားဖြင့် အမျိုးသားကျောင်းသားများက မည်သို့သဘောထားမည်ကို ပြောနေရန်ပင်မလိုချေ။ ခြုံပြောရလျှင် အမျိုးသမီးကျောင်းသူများ၏ နှလုံးသားများကို မကြာခင်မှာပင် အနိုင်ရသွားတော့သည်။
ကျောင်းသူ ကျောင်းသားများက သူတို့သည် စုံတွဲဖြစ်ကြသည်ကို သိကြသော်လည်း တချို့ကျောင်းသူ ကျောင်းသားများက ကျိတ်ပြီးလှုပ်ရှားခဲ့ကြသည်။
ထိုနေ့ညတွင် အကြိုစာမေးပွဲကြောင့် သူတို့နှစ်ယောက်လုံးသည် စားပွဲတွင်ထိုင်ကာ အိမ်စာများ စစ်နေရလေသည်။
သူတို့နှစ်ယောက်သည် အမှတ်များ သွင်းပြီးနောက်တွင် မနက်ဖြန် ကျောင်းသားများကို ရှင်းပြမည့် အဓိကအချက်များကို မှတ်ထားပြီး ဖတ်စာအုပ်နှင့် တွဲထားရပေမည်။
သူတို့တွေ အထက်တန်းကျောင်း ဖတ်အုပ်များ အများကြီးမရှိပေ။ တစ်ခန်းတွင် တစ်စုံစီ အနည်းငယ်သာ ရှိသည်။ အားလုံးက စာအုပ်များကို တလှည့်စီဖတ်ရပြီး အချိန်ရှိလျှင် ကူးထားရသည်။ သူတို့သည် ရွှီရှောင်ကျောင်း ထုတ်ပေးထားသည့် အဓိကအချက်များကိုသာ ကူးယူကြလေသည်။ အနီးကပ်သင်းတန်း စပြီး ရက်ပိုင်းတွင် သည်အလုပ်က ပြီးစီးသွားခဲ့သည်။
ဟုတ်ပါသည်။ အားလုံးက မူရင်းဖတ်စာအုပ်ကိုတော့ တလှည့်စီ ဖတ်နေရသေးသည်။
သည်နေ့တွင် အဓိကအချက်များကို ဝိုင်းပေးရန် ရွှီရှောင်ကျောင်းက ကျောင်းသားများ ထားခဲ့သည့် ဖတ်စာအုပ်များကို ယူပြန်လာခဲ့သည်။ အဓိကအချက်များကို မှတ်ပေးဖို့ စာအုပ်ကို ဖွင့်လိုက်သည်နှင့်တစ်ပြိုင်နက် စာတစ်စောင်ကို တွေ့ရလိမ့်မည်ဟုတော့ မျှော်လင့်မထားပါချေ။