← Chapters

အခန်း (၃၇-၃၉)

Vol. 3 Ch. 37-39

အခန်း (၃၇-၃၉)

Vol. 3 Ch. 37-39

အပိုင်း (၃၇) သဝန်တိုခြင်း

စုန့်ဝေဖျင်က ဖတ်စာအုပ်ကို အာရုံစိုက်ပြီးဖတ်နေသည်ကို တွေ့လိုက်ရသဖြင့် ရွှီရှောင်ကျောင်းက စာကိုဖွင့်လိုက်ပြီး ကိုယ့်ဟာကိုယ် ဖတ်လိုက်တော့သည်။

စာကို ခဏလောက်ဖတ်လိုက်ပြီးနောက် သူမက မဲ့လိုက်လေသည်။

စုန့်ဝေဖျင်က စားပွဲမှ မော့ကြည့်လိုက်ပြီး

“ပင်ပန်းလို့လား၊ ခဏနားလိုက်လေ၊ ငါ လုပ်လိုက်မယ်”

ရွှီရှောင်ကျောင်းက ပြောလိုက်သော်လည်း ပြောလိုက်သေးသည်။

“နင်က မပင်ပန်းဘူးနော်၊ ဟုတ်ပါတယ်လေ၊ နေ့တိုင်း နင့်နောက်ကို ချစ်စရာကောင်းတဲ့ မိန်းမလေး ငယ်ငယ်လေးတွေ အများကြီး လိုက်နေကြတာဆိုတော့လေ ဟွန့်”

စုန့်ဝေဖျင်မှာ ဇဝေဇဝါဖြစ်သွားတော့သည်။ သို့နှင့် ရွှီရှောင်ကျောင်းက စာကို ခါပြလိုက်ပြီး ဖတ်ပြလိုက်၏။

“ဆရာစုန့် နေ့တိုင်း ဆရာ့အသံကို နားထောင်ရတဲ့အချိန်ဆိုရင် အရမ်း အေးချမ်းတယ်လို့ ခံစားရတယ်၊ ဆရာ စင်ပေါ်မှာ မားမားမတ်မတ် ရပ်နေတာကို တွေ့ရရင်လေ ကျွန်မရဲ့နှလုံးခုန်သံကို.....”

သူမက ကျန်သည့်အပိုင်းကို ဖတ်လို့မပြီးခင်မှာပင် စုန့်ဝေဖျင်က စာကို လှမ်းယူလိုက်လေသည်။

ရွှီရှောင်ကျောင်းက သူ့ကို ဝါးစားမတတ်ကြည့်လိုက်ပြီး

“ဟဲ့ ဘာလို့ စာကို ဆုံးအောင် ပေးမဖတ်တာလဲ၊ အဲဒီကျောင်းသူတွေ နင့်အပေါ်ထားတဲ့ ချစ်ခြင်းတွေအကြောင်းကို နားမထောင်ချင်ဘူးလား”

စုန့်ဝေဖျင်က စာကို ချက်ချင်းဖြဲပစ်လိုက်တော့သည်။

“နားမထောင်ချင်ဘူး”

သူက လုံးဝ စိတ်မဝင်စားသည်ကို တွေ့လိုက်ရသဖြင့် ရွှီရှောင်ကျောင်းလည်း ထူးထူးဆန်းဆန်း နေသာထိုင်သာရှိသွားသလို ခံစားလိုက်ရတော့သည်။ သူမက ဖတ်စာအုပ်ကို ဆက်ပြီး ငုံ့ကာဖတ်နေလိုက်လေသည်။

“ရဲဘော်စုန့်ဝေဖျင် နင်က အရမ်းနာမည်ကြီးမယ်လို့ ငါ မသိခဲ့ဘူး”

စုန့်ဝေဖျင်က ထိုကိစ္စကို မည်သို့ဖြေရှင်းရမည်ကို အဖြေရှာမရနိုင်ခင်မှာပင် သူ့ခေါင်းကို ငုံ့ကာ ဖတ်စာအုပ်ကို လှန်လိုက်လေသည်။ သူက စာမျက်နှာအသစ်တစ်ခုကို ဖွင့်လိုက်သည်နှင့်ချက်ချင်း အထဲတွင် စာတစ်စောင်ညပ်နေသည်ကို တွေ့လိုက်ရတော့သည်။ သူက စိတ်ထိခိုက်သွားသည့် ရွှီရှောင်ကျောင်းကို လှမ်းကြည့်လိုက်ပြီး စာကို ဖွင့်လိုက်၏။

ရွှီရှောင်ကျောင်းက မျက်စိလျင်လျင်ဖြင့် စာကို မြင်ပြီးသွားလေသည်။

“ကျစ်... ထပ်ရှိနေသေးတာပဲ၊ စုန့်ဝေဖျင် နင် ငါ့ကွယ်ရာမှာ ဆွဲဆောင်မှုတွေ ဘယ်လောက်တောင် ထုတ်ခဲ့တာလဲ၊ ငါတို့ကြားက ပူးပေါင်းထားတဲ့ကတိကို မှတ်သိပါသေးတယ်နော်၊ နင့်ကို တခြားအမျိုးသမီးရဲဘော်တွေအကြောင်း ဘာအတွေးမှ ရှိခွင့် မပေးထားဘူးလေ”

စုန့်ဝေဖျင်က သူမကိုသာ လှမ်းကြည့်လိုက်ပြီး သူမကို မျက်ခုံးပင့်ပြလိုက်ကာ

“မင်းရဲ့စာ”

ထို့နောက်တွင်တော့ သူက ရွှီရှောင်ကျောင်းကို အတုခိုးလိုက်ပြီး စဖတ်လေတော့သည်။

“ဆရာမရွှီ ပထမအနှစ်နှစ်ဆယ်အတွင်း ကျွန်တော့်ဘဝက နံစော်နေတဲ့ရေအိုင်တစ်ခုလိုပဲ၊ ကျွန်တော်လေ အမှောင်ထဲမှာ လမ်းပျောက်နေခဲ့တာ၊ အလင်းတန်းတစ်ခုလို ကျွန်တော့်ဘဝ တစ်ခုလုံးကို အလင်းပေးခဲ့တာ ဆရာမပါ၊ ဆရာမ စင်ပေါ်မှာ ရပ်ခဲ့တဲ့ အဲဒီနေ့က နေမင်းကလည်း ဆရာမရဲ့ဘေးမှာ တောက်ပနေတာပဲ၊ ကျွန်တော့်နှလုံးသား....”

ဇာတ်သိမ်းကတော့ အတူတူပင်။ - စာကို ရွှီရှောင်ကျောင်းကို လုယူလိုက်လေသည်။

စုန့်ဝေဖျင်က မျက်မှောင်ကြုတ်ကာ မကျေမနပ်ဖြင့်

“ဘယ်သူ လက်မှတ်ထိုးထားတာလဲ ကြည့်ပါအုံး”

ရွှီရှောင်ကျောင်းက စာကို ဖတ်ပင်မဖတ်လိုက်ဘဲ သူ့လိုပင် စာကို စုတ်ဖြဲလိုက်တော့သည်။

“ဘာကြည့်စရာရှိလို့လဲ၊ နင် မသိသလို ဟန်ဆောင်နေလိုက်၊ ဟုတ်ပြီနော်”

ရွှီရှောင်ကျောင်းသည် သည်တစ်ကြိမ်တွင်တော့ ဖြောင့်မတ်သည့် ခံပြင်းဒေါသတို့နှင့် ပြည့်မနေတော့ချေ။

စုန့်ဝေဖျင်က သူမကို ကြည့်လိုက်ပြီး

“ငါသာ နာမည်ကို သိရရင် သူ့ကို ထုတ်ပယ်လိုက်မှာ”

ဟာ။

“စုန့်ဝေဖျင် နင့်ကို စာရေးတဲ့မိန်းကလေးကိုတောင် ငါ ဘာမှ မပြောရသေးဘူးနော်၊ နင်ကတော့ ငါ့ကျောင်းသားကို ထုတ်ပယ်မလို့တဲ့လေ၊ မရဘူး”

စုန့်ဝေဖျင်က ရွှီရှောင်ကျောင်းကို ကြည့်လိုက်၏။ သူမက လှပြီးရင်း လှလာတာပဲ။ ဒီအချိန်အတွင်းမှာ သူမက စာအုပ်ထဲမှာပဲ စိတ်နှစ်ထားလို့ထင်ပါရဲ့။ သူမရဲ့စိတ်နေစိတ်ထားက ပိုတည်ငြိမ်လာပြီး သူမ၏တကိုယ်လုံးကလည်း ဆွဲဆောင်မှုနဲ့ပျော့ပြောင်းလာခဲ့တယ်။ သူမကို အမှတ်တမဲ့ ကြည့်မိတဲ့သူတွေကို နစ်မျောသွားစေတဲ့ အချက်ပဲ။ အဲဒီ ယောက်ျားလေး အတန်းဖော်တွေက အတန်းထဲမှာဆိုရင် သူမကို အမြဲတမ်း အနီးကပ်ငေးကြည့်နေခဲ့ကြတာ။

“မင်းက ငါ့လူပဲ” စုန့်ဝေဖျင်၏အသံက တိုးညင်းနေသည်။

သူ့မျက်လုံးကို မိသွားသည်တွင် ရွှီရှောင်ကျောင်းသည် သူမနှလုံးသားက တုန်ခါနေသည်ကို ခံစားလိုက်ရတော့သည်။

သူမသည် အနည်းငယ် ပျာယာခတ်သွားသော်လည်း အကြောမခံချင်ပေ။

“ဒါဆို စုန့်ဝေဖျင် နင်ကလည်း ငါ့လူပဲ၊ ငါတို့တွေက တရားဝင်လက်ထပ်ထားတာ၊ ငါတို့မှာ စာချုပ်လည်း ရှိတယ်”

သူမက ထိုစကားကို ပြောပြီးသွားသည်နှင့် စုန့်ဝေဖျင်သည် စိတ်ဓာတ်ကျနေရာမှ နည်းနည်း သက်သာသွားပြီး

“ဒါဆို မနက်ဖြန် သူတို့ကို ပြောပြလိုက်”

ရွှီရှောင်ကျောင်းက မျက်တောင်ခတ်လိုက်ပြီး

“သူတို့ကို ဘာပြောမှာလဲ”

“စုန့်ဝေဖျင်က ရွှီရှောင်ကျောင်းရဲ့လူပါ၊ ရွှီရှောင်ကျောင်းကလည်း စုန့်ဝေဖျင်ရဲ့လူပါလို့လေ”

ထိုစကားနဲ့ ပတ်သက်ပြီး အမှားမပါသော်လည်း စုန့်ဝေဖျင်က ထုတ်ပြောလိုက်သောအခါ ထာဝရချစ်ခြင်းတရား၏ သက်သေတစ်ခု၏ အငွေ့အသက်တစ်ခုကို ဆောင်သွားတော့သည်။ သူတို့နှစ်ယောက်က အပြန်အလှန် သစ္စာတည်ကြတော့မည့်နှယ်။

ရွှီရှောင်ကျောင်းသည် ချောင်းဆိုးသွားပြီး

“ဒါက အရမ်းရှက်ဖို့ကောင်းတယ်၊ နင်လည်း စာတစ်စောင်ရပြီး ငါလည်း စာတစ်စောင်ရခဲ့တယ်ဆိုတော့ ငါတို့တွေ ကြေသွားပြီ၊ မဖြစ်ခဲ့သလို သဘောထားလိုက်ရအောင်”

စုန့်ဝေဖျင်က ခေါင်းခါလိုက်လေသည်။

“တစ်ကြိမ် ဖြစ်နိုင်ရင် ဒုတိယအကြိမ်လည်း ဖြစ်နိုင်တယ်”

အဲလိုဆိုရင်တောင်။ အဲလိုဆိုရင်တောင် သူတို့တွေက စာသင်ခန်းထဲက လူအများကြီးရှေ့မှာ ဝန်မခံနိုင်ဘူးလေ။ ဘယ်လောက် ရှက်ဖို့ကောင်းလိုက်မလဲ။

“ဒါဆိုရင် ဒါဆို ငါ့မှာ အကြံတစ်ခုရှိတယ်”

ရွှီရှောင်ကျောင်းက ခဏလောက်စဥ်းစားလိုက်ပြီး

“ငါ ဒီနေ့ ဒီစာအုပ်ကို စိတ်ကြိုက်ဝိဇ္ဇာအခန်းကနေ ယူပြန်လာတာ၊ ဒီစာကို ရေးတဲ့သူက စိတ်ကြိုက်ဝိဇ္ဇာအတန်းက ဖြစ်ရမယ်၊ ဒီလိုလုပ်မယ်၊ မနက်ဖြန် နင်က သင်္ချာတန်းပြီးရင် ရုံးခန်းကို အရင်ပြန်မဲ့အစား စာသင်ခန်းအပြင်ဘက်မှာ စောင့်နေလိုက်၊ ငါ့ရဲ့ နိုင်ငံရေးဘာသာအတန်းပြီးသွားရင် အတူတူ ပြန်ကြပြီး အားလုံးကို ချစ်သူစုံတွဲတစ်တွဲလို ခံစားသွားရအောင် လုပ်ပေးလိုက်မယ်၊ နားလည်လား”

ဒါက လုပ်ငန်းလေ။ ငါလေး ဒါကို သိတာပေါ့။

စုန့်ဝေဖျင်က အတန်းကို သူမထက် နာရီဝက်စောဆင်းလိုက်လေသည်။ သူသည် ပုံမှန်ဆိုလျှင် အိမ်စာများကို စစ်ရန် သို့မဟုတ် သင်ခန်းစာများ ရေးပြီး သူမကို စောင့်ရန် ရုံးခန်းသို့ ပြန်သွားတတ်သည်။ သည်တစ်ကြိမ်တွင်တော့ ကိုယ်ပိုင်အသိတရား မဲ့သည့် ထိုမိန်ကလေးငယ်လေးများကို မောင်းထုတ်ဖို့ရာ သူ့ကို ချစ်မြတ်နိုးတတ်သည့် စရိုက်တစ်ခု ဖန်တီးခွင့်ပေးလေသည်။

“ဒါဆိုရင် နင် ငါ့ကို စောင့်နေတာ မြင်ရရင် အရမ်းပျော်မိမှာပဲ၊ လက်တွဲပြီး သူတို့အတွက် ဝမ်းသာစရာ ကျောခိုင်းမှုလေးနဲ့ ပြန်လာကြတာပေါ့”

စုန့်ဝေဖျင်က ခေါင်းညိတ်လိုက်၏။

“အင်း”

သို့နှင့် နောက်တစ်နေ့တွင် ရွှီရှောင်ကျောင်းက စင်ပေါ်တွင် စကားပြောနေစဥ် စုန့်ဝေဖျင်က ပြတင်းပေါက်အပြင်ဘက်တွင် ရပ်ကာ သူမကို တိတ်တိတ်လေး ငေးကြည့်နေလေသည်။

ရွှီရှောင်ကျောင်း သတိမထားမိခင်မှာပင် အခန်းထဲက ကျောင်းသားများစွာက သတိထားမိသွားလေသည်။

မာချွန်းက သူ၏ အတူတူထိုင်သည့်သူငယ်ချင်းကို တွတ်ထိုးလိုက်ပြီး

“ဟေး ကြည့်လိုက်၊ ဆရာမရွှီရဲ့ ကြင်ဖက်က သူကို အပြင်မှာ စောင့်နေတယ်”

အတူတူထိုင်သည့်သူငယ်ချင်းက ပြတင်းပေါက် အပြင်ဖက်ကို လှမ်းကြည့်လိုက်ပြီး အနည်းငယ် စိတ်ဓာတ်ကျသွားတော့သည်။

“သူ ဒီမှာ ဘာလုပ်နေတာလဲ”

မာချွန်းက သူ့နှုတ်ခမ်းကို ကွေးလိုက်၏။ တစ်ဖက်လူက သူတို့ရဲ့ကြင်ဖက်ကို စောင့်လို့မရတော့ဘူးလား။ ဆရာမရွှီက မင်းရဲ့လူမှ မဟုတ်တာ။ နေ့တိုင်း အရမ်းစွဲလမ်းသလို လုပ်နေ။ ‘ရွှီ’ဆိုတဲ့ စကားလုံး တွေ့ရုံနဲ့တင် မင်းက စိတ်လှုပ်ရှားနေပြီ။ ဘာအသုံးဝင်လဲ။ သူတို့တွေက လင်မယားတွေလေ။ ပြီးတော့ စုန့်ဝေဖျင်ကလည်း အရမ်းအစွမ်းရှိတာ။ သူ့အမြင်ကတော့ တခြားသူတွေ ကောလိပ်တက်ခဲ့ရင်တောင် သူတို့တွေက သူ သင်ပေးသလိုမျိုး သင်ခန်းစာတွေကို လုပ်ပေးနိုင်မှာမဟုတ်သေးဘူး။ ဒါ့အပြင် သူက ရုပ်ချောတဲ့အရည်အချင်းတစ်ခု ရှိသေးတယ်လေ။ သူတို့နှစ်ယောက်က လိုက်ဖက်တဲ့အတွဲတစ်ခုပဲ။

တစ်ဖက်တွင်တော့ လီယုံဟိုင်က သူ၏အတူတူထိုင်သည့် သူငယ်ချင်းက ပြတင်းပေါက်အပြင်ဘက်ကို မကြာခဏ ကြည့်နေသည်ကို သတိထားမိလိုက်ရာ

“ဟေး နင် ဘာတွေကြည့်နေတာလဲ၊ စာသင်တာကို သေချာနားထောင်လေ”

အတူတူထိုင်သည့်သူငယ်ချင်းသည် စိတ်နှင့်ကိုယ်မကပ်တော့ဘဲ

“ငါ့ကိုပြောစမ်းပါ၊ ဆရာစုန့်က ဘာလို့ အဲလောက်တောင် ချောနေရတာလဲ”

လီယုံဟိုင်သည် မနေ့က သူမက ဖတ်စာအုပ်ကြားထဲတွင် စာတစ်စောင် ညပ်ခဲ့ပြီး စုန့်ဝေဖျင်ကို ပေးခဲ့မှန်း သိထားလေသည်။ ထိုစကားကို လိုက်သည်တွင် သူက ရွှီရှောင်ကျောင်းကို လှမ်းကြည့်လိုက်ပြီး

“သူက ဘယ်လောက်ပဲ ချောချော သူက ဆရာမရွှီရဲ့လူလေ၊ သူက ဆရာမရွှီကလွဲပြီး တခြားဘယ်သူ့ကိုမှ ကြည့်မှာ မဟုတ်ဘူးမလား၊ ဖြစ်ချင်စိတ်နဲ့ တွေးနေတာတွေကို ရပ်လိုက်တော့၊ နင်လည်း နင့်ဘေးက လူတွေကို ကြည့်သင့်တယ်”

အတူတူထိုင်ဖော် သူငယ်ချင်းက သူမ၏လက်ကို ဆန့်ထုတ်လိုက်ပြီး လီယုံဟိုင်ကို ရိုက်လိုက်ကာ

“နင့်ကိုယ်နင်ပြန်ကြည့်အုံး ဖက်တီးရဲ့ နော်”

လီယုံဟိုင်က သူ့နှာခေါင်းကို ပွတ်လိုက်၏။ ပိုဝတာ ဘာမှားလို့လဲ။ ရွှီရှောင်ကျောင်းရဲ့ စကားလုံးနဲ့ဆိုရင် ဖက်တီးက လုံခြုံမှုခံစားချက်တစ်ခု ပေးတယ်တဲ့လေ။

“ဘာပဲဖြစ်ဖြစ် မြန်မြန် လက်လျှော့လိုက်တော့၊ သူတို့တွေ အရမ်းချစ်ကြတာ၊ နင့်အလုပ် မဟုတ်ဘူး”

လီယုံဟိုင်က ထပ်ပြီး အလေးအနက်ပြောလိုက်လေသည်။

အတန်းပြီးခါနီးတွင် ရွှီရှောင်ကျောင်းသည် စုန့်ဝေဖျင်၏အရိပ်ကို သတိထားမိသွားတော့သည်။ ထို့နောက်တွင် ထိုကိစ္စကို သည်နေ့ စလုပ်မည်ကို သတိရသွားလေသည်။ သူမက စိတ်ထဲတွင် လုပ်ငန်းစဥ်ကို တိတ်တိတ်လေး ရေးဆွဲထားလိုက်တော့သည်။

အတန်း ဆင်းသွားပြီးနောက် သူမက ပြတင်းပေါက် အပြင်ဘက်ကို ကြည့်လိုက်၏။ သူမသည် စုန့်ဝေဖျင်ကို အခုမှ တွေ့လိုက်သည့်နှယ် အံ့ဩဟန်အပြည့် ပြသလိုက်လေသည်။

သူမက ပြတင်းပေါက်နားသို့ မြန်မြန်လျှောက်သွားရင်း ပြတင်းပေါက်အပြင်ဘက်က စုန့်ဝေဖျင်ကို ချိုချိုသာသာ ပြုံးပြလိုက်ပြီး

“ဝေဖျင် နင် ငါ့ကို လာကြိုတာပေါ့”

ထို့နောက် သူမက တံခါးမှ မြန်မြန်လျှောက်ထွက်လာလိုက်သည်။ သူမ၏စကပ်က ချစ်စဖွယ် စက်ဝန်းလေးတစ်ခုအသွင် လွှင့်သွားလေသည်။

သူမက ထွက်လာသည်နှင့်တစ်ပြိုင်နက် သည်နေ့၏အစီအစဥ်က ပြီးပြည့်စုံသည်ဟု ခံစားလိုက်ရတော့သည်။

လှပသည့်ပုံရိပ်လေးတစ်ခု ဖန်တီးရန် သူမက စုန့်ဝေဖျင်ကို သူ ဝတ်နေကျမဟုတ်သည့် အဖြူရောင် ရှပ်အင်္ကျီတစ်ထည်း ဝတ်ခိုင်းပြီး အနက်နှင့် အဖြူ ကျုံးရှန့်ဘောင်းဘီရှည်တစ်ထည်ဝတ်ခိုင်းဖို့ အထူးစီစဥ်ထားခဲ့သည်။ သူ့ကို ရုပ်ပြစာအုပ်ထဲက အမျိုးသားတစ်ယောက်လို ဖြစ်သွားစေတော့သည်။ ထို့အပြင် မျက်နှာတစ်လက်နှင့် လည်ပင်းအထိ ကြယ်သီးတပ်ထားသည့် ရှပ်အင်္ကျီကို ပေါင်းလိုက်ရာ ရှောင်ကျဥ်တတ်သည့် အငွေ့အသက်က သူ့မျက်နှာပေါ်တွင် တန်းပေါ်လာတော့သည်။ သည်လိုလူတစ်ယောက်က အလွန်မှ ချစ်ခင်မြတ်နိုးဟန်ဖြင့် သူ၏ဇနီးငယ်လေးကို စောင့်ဆိုင်းနေလေသည်။

ရွှီရှောင်ကျောင်းက အနီရောင်ဂါဝန်လေးကို ဝတ်ထားသည်။ သူမက စုန့်ဝေဖျင်ဆီသို့ ဝဲပျံလာခဲ့သည်။ ဝင်နေသည့်နေက သူမကို အလှအပတစ်လွှာပေါင်းထည့်ပေးလိုက်ပြီး လူများကို အမှတ်တမဲ့ အသက်ရှူရပ်သွားစေတော့သည်။

သူမက သူ့ရှေ့တွင် ရပ်လိုက်ကာ ပြုံးပြီး တီးတိုးပြောလိုက်၏။

“စုန့်ဝေဖျင် ငါ ဘယ်လိုလဲ”

စုန့်ဝေဖျင်က လက်ထုတ်ကာ သူမ၏ ကျီစယ်နေသည့်ဆံကေသာ အဖျားကို သပ်ပေးလိုက်ပြီး နူးနူးညံ့ညံ့ ပြောလေသည်။

“ငါ့ကို ဖက်လိုက်”

ရွှီရှောင်ကျောင်းက ခေါင်းကို စောင်းထားလိုက်ပြီး

“ဘာလို့လဲ၊ ငါတို့တွေ ဒီအပိုင်းကို မစီစဥ်ထားပါဘူး”

စုန့်ဝေဖျင်၏အသံက သိမ်မွေ့ကာ ပြုစားနေတော့သည်။

“သူတို့အားလုံး ကြည့်နေကြတယ်လေ၊ သူတို့ကို လက်လျှော့သွားအောင် လုပ်ရမယ်”

ရွှီရှောင်ကျောင်းက ထိုအကြောင်းကို စဥ်းစားလိုက်ပြီး စျေးဆစ်တော့သည်။

“ဒါဆို ငါကရော ကျောင်းသူတွေကို လက်လျှော့သွားအောင် ဘယ်လိုလုပ်ရမလဲ”

စုန့်ဝေဖျင်က ပြောလိုက်သည်။

“ငါ မင်းကို မနက်ဖြန်လည်း လာကြိုပေးမယ်၊ မင်းအတွက် ပန်းလည်းလာပို့ပေးမယ်”

သဘောတူတယ်။

ရွှီရှောင်ကျောင်းက တောက်ပသည့်အပြုံးတစ်ခုကို ထုတ်ပြလိုက်သည်။ နေဝင်သည့်ကာလအောက်တွင် သူမက လက်ကိုဆန့်လိုက်ပြီး သူ့လည်ပင်းကို သိုင်းဖက်လိုက်ကာ ခြေဖျားထောက်ရပ်လိုက်ပြီး သူ့နားနားသို့ ကပ်သွားလိုက်လေသည်။

“ဘယ်လိုလဲ”

စုန့်ဝေဖျင်၏ မျက်ထောင့်က လျင်လှသည်။ သူသည် အခန်းထဲက တိတ်ဆိတ်နေသည့်ငိုသံတစ်ခုကို မိသွားတော့သည်။ မာချွန်း၏ ထိုင်ခုံဖော် သူငယ်ချင်းက စိတ်ပျက်ပျက်နှင့် စာပွဲပေါ် မှောက်ချလိုက်လေသည်။ စုန့်ဝေဖျင်၏ နှုတ်ခမ်းထောင့်က ကွေးတက်သွားတော့သည်။

သူက ရွှီရှောင်ကျောင်း၏ဆံပင်ကို အသာအယာ သပ်ပေးလိုက်ပြီး သူမကို ငုံ့ကြည့်လိုက်ကာ

“ပြောင်မြောက်တယ်”

ရွှီရှောင်ကျောင်းက သူမ၏မျက်လုံးများကို ပင့်လိုက်၏။ နှစ်ဦးသားအကြည့်က ပွတ်တိုက်မိတော့သည်။

ဝိုး။ ဒီလူ။ ငါ့နှလုံးတောင် ခုန်သွားပြီ။ သူက တကယ်ကို ချောတာပဲဟဲ့။

ဒီလိုမပြုံးမရယ်တတ်တဲ့ ယောက်ျားမျိုးက သူ့အမူအရာပြောင်းသွားတာ ကြည့်ဖို့ သူ့မျက်မှန်ကို ဆွဲဖြုတ်၊ သူ့ကြယ်သီးတွေကို ဖြုတ်ပစ်ဖို့ လူတွေကို တကယ်ပဲ လှုံ့ဆော်နေတာပဲ။

ဝါး~ ရွှီရှောင်ကျောင်း။ နင်တော့ ပုံမှန်မဟုတ်ဘူး။

သူမသည် အနည်းငယ် ရှက်သွားပြီး သူမ၏လက်ကို ရှက်ကိုးရှက်ကန်းဖြင့် ချလိုက်တော့သည်။ သို့သော် သူမက လက်ကိုလွှတ်လိုက်သည့်အခိုက်တွင် စုန့်ဝေဖျင်က သူမ၏လက်ကို ကိုင်လိုက်ပြီး

“သွားစို့၊ ငါ မင်းကို အိမ်ခေါ်ပြန်ပေးမယ်”

အဖြူအမည်း ဝတ်ထားသည့် ကောင်လေးတစ်ယောက်နှင့် အနီဂါဝန်ဝတ်ထားသည့် မိန်းကလေးတစ်ယောက်တို့သည် တောက်ပနေသည့် နေဝင်ချိန်အောက်တွင် လက်ချင်းတွဲကာ အေးအေးလူလူ လမ်းလျှောက်ထွက်လာကြလေတော့သည်။

စာသင်ခန်းထဲတွင်တော့ လူများ၏မျက်လုံးထဲတွင် ကြယ်ရောင်များ လက်သွားခဲ့လေသည်။

သူတို့နှစ်ယောက်ကို လိုချင်ကြသည့် လူတချို့ရှိခဲ့သော်လည်း သူတို့အများစုက ရှုပ်ထွေးသည့် အတွေးများ တစ်စုံတစ်ရာ မရှိခဲ့ကြပေ။ သည်အခိုက်တန့်တွင် သည်လိုချိုမြိန်သည့် မြင်ကွင်းကို မြင်လိုက်ရသဖြင့် သူတို့သည် မနေနိုင်တော့ဘဲ ထိုအတွဲကို စုပ်သပ်မိကြတော့သည်။

“ဝိုး ဆရာစုန့်နဲ့ ဆရာမရွှီတို့က လိုက်ဖက်တဲ့စုံတွဲပဲ၊ သူတို့တွေက ရုပ်ရှင်ထဲက သူရဲကောင်းနဲ့ သူရဲကောင်းမလေးနဲ့ တူတယ်လို့ ထင်မိတယ်”

“ဆရာမရွှီကလည်း ဆရာစုန့်ကို ချစ်တယ်နော်၊ သူ ဆရာစုန့်ကိုတွေ့လိုက်တော့ အရမ်းပျော်သွားပြီး ပြုံးလိုက်တာ၊ သူပြေးသွားတဲ့ပုံလေးကလည်း ငါ့ရင်တောင် ခုန်သွားတယ်”

မာချွန်းက အတူတူထိုင်သည့် သူ့သူငယ်ချင်းက စိတ်ဓာတ်ချုံးချုံးကျကာ စားပွဲပေါ်တွင် လဲလျောင်းနေသည်ကို ကြည့်လိုက်ပြီး

“လက်လျှော့လိုက်တော့၊ စုံတွဲက ချစ်ခင်မြတ်နိုးနေတာ၊ မင်းကတော့ ကြိုးကြိုးစားစား စာသွားလုပ်တော့၊ မင်း ကောလိပ်ရောက်ရင် မိန်းမလှလေးတွေအများကြီးရှိတယ်၊ အဲအချိန်ကျရင် ကြင်ဖက်တစ်ယောက် ရှာပြီး ဆရာစုန့်နဲ့ ဆရာမရွှီတို့လိုနေပေါ့၊ လူအများကြီး အားကျသွားလိမ့်မယ်”

အတူတူထိုင်သည့် သူငယ်ချင်းက သူ့ကို ကြည့်လိုက်ပြီး

“မင်းက ပြောတော့လွယ်တာပေါ့၊ မင်း ကျိုးဖင့်ရှန်းရဲ့ ကောလိပ်ကို သွားပြီး သူ့ကို မင်းရဲ့ချစ်သူ လုပ်စေချင်နေတာ ငါ မသိဘူးလို့ ထင်မနေနဲ့”

မာချွန်းက သူ့နှာခေါင်းကို ပွတ်လိုက်ပြီး

“ဘာဖြစ်လဲ၊ ဖင့်ရှန်းနဲ့ ငါက အထက်တန်းကျောင်းတုန်းက အတန်းဖော်တွေပဲ၊ ငါတို့တွေက တစ်နှစ်ပဲ အတန်းဖော် ဖြစ်ခဲ့ပေမဲ့ ငါတို့က ဆက်ဆံရေး အရမ်းကောင်းတာနော်၊ သူက အရမ်းသဘောကောင်းပြီး ငါကြိုက်ရတဲ့လူမျိုးပဲ”

လီယုံဟိုင်ကလည်း သူ၏အတူတူထိုင်သည့်သူငယ်ချင်းကို တွတ်ထိုးလိုက်ပြီး

“နင် ဘယ်လိုထင်လဲ”

အတူတူထိုင်သည့် သူငယ်ချင်းက သူ့ကို ဒေါသတကြီးကြည့်လိုက်ပြီး

“ငါ့ကို လာမထိန်းချုပ်စမ်းပါနဲ့”

လီယုံဟိုင်က အားတက်သရော နားချလေသည်။

“ငါ နင့်ကို ပြောပြမယ်၊ သူတို့နှစ်ယောက်လုံးက သွားရှုပ်လို့ရတဲ့သူတွေ မဟုတ်ဘူးနော်၊ နင် အလွန်ကျွံလုပ်နေတာတွေကို ရပ်လိုက်တာ ပိုကောင်းမယ်၊ သူတို့နှစ်ယောက်လုံးက ရင်းနှီးကြတဲ့သူတွေ၊ တစ်ယောက်က ငါတို့ရွာက ပညာတတ်လူငယ်၊ စုန့်ဝေဖျင်က နင် အရမ်းကျိတ်ကြွေနေတဲ့သူ၊ ဆရာစုန့်ကလေ နင် သိလား၊ သူက ရွာထဲမှာ ရက်စက်တဲ့သူလို့နာမည်ကြီးတဲ့သူ တစ်ယောက်၊ ဒီအတိုင်း.....”

သူ၏ အတူတူထိုင်ဖော် သူငယ်ချင်းလေးကို ကယ်တင်ရန်အလို့ငှာ လီယုံဟိုင်က သူမကို စုန့်ဝေဖျင်နှင့် ပတ်သက်သည့် အကြောင်းအရာအားလုံးကို ပြောပြလိုက်လေသည်။

စုန့်ဝေဖျင်နှင့် ရွှီရှောင်ကျောင်းတို့ကတော့ အတန်းသားများက ဘယ်လိုတွေးကြသည့်ကို ဂရမစိုက်ချေ။ ရွှီရှောင်ကျောင်းက ထိုင်ခုံပေါ်တွင် စက်ဘီးပေါ်တွင် ထိုင်ကာ စုန့်ဝေဖျင်၏ခါးကိုဖက်ထားပြီး သူမ၏မျက်နှာကို လေပြေလေးဖြတ်တိုက်သွားသည်ကို ခံစားနေလေသည်။

“စုန့်ဝေဖျင် မနက်ဖြန် နင် ငါ့ကို ပန်းလာပို့ပေးမှာလား”

စုန့်ဝေဖျင်သည် သူကတိပေးထားသည့်အရာကို သေချာပေါက် ဖြည့်ဆည်းပေးပေလိမ့်မည်။

နောက်တစ်နေ့တွင် ဝူချွန်းဟွားသည် စုန့်ဝေဖျင်နှင့် ရွှီရှောင်ကျောင်းတို့က စကားပြောရင်း ရယ်မောကာ တံခါးမှ အတူတူဝင်လာသည်ကို တွေ့လိုက်ရလေသည်။ ရွှီရှောင်ကျောင်းက လှပလွန်းသည့် အနီရောင်တောက်တောက် ပန်းစည်းလေးတစ်စည်းကို ကိုင်ထားသည်။

“ငွေရှာရတာ လွယ်တာမဟုတ်ဘူး၊ ဘာလို့ ဝေဖျင်ကို ပစ္စည်းတွေ ဝယ်ခိုင်းနေတာလဲ၊ ပန်းတွေက လှတော့လှပါရဲ့ စားလို့မရ သောက်မရနဲ့” သူမက ပုံမှန်အတိုင်း မှတ်ချက်ပေးလိုက်သည်။

ရွှီရှောင်ကျောင်းက ငြင်းပယ်လိုက်ပြီး

“အမေရယ် အမေ ဘာသိလို့လဲ၊ အခန်းထဲမှာ စုန့်ဝေဖျင်ကို ရည်စားစာပေးတဲ့ မိန်းကလေးတစ်ယောက် ရှိနေတယ်လေ၊ အမေ့သမက်က မှားတာ”

ဝူချွန်းဟွားက ပြုံးလိုက်ပြီး

“ဝေဖျင်က နင့်ကို အဲလောက် ကောင်းကောင်းဆက်ဆံတာ၊ အမေ့အမြင်တော့ စာဘယ်နှစ်စောင်ပဲ ရေးရေး အသုံးမဝင်ပါဘူး၊ ဒီကလေးမ အရသာတချို့ကို ဘယ်လိုမြည်းစမ်းရမယ်ဆိုတာ သိသေးသားပဲ၊ ဝေဖျင် နင့်ကို ချော့ဖို့တာလည်း သိတယ်ပေါ့”

အရသာတချို့ကိုတောင် မြည်းရအုံးမယ်တဲ့။ ဒါက ရှာလကာရည် (သဝန်တိုတာ) စားနေတာမလား။

ငါလေးက ရှာလကာရည် စားနေတာလား။

စုန့်ဝေဖျင်ကလည်း ရှာလကာရည် စားနေတာလား။

...

အပိုင်း (၃၈) အချစ်

ရွှီရှောင်ကျောင်းသည် ရှာလကာရည်ကဲ့သို့သော စကားများကို မကြားချင်ဟန် ဆောင်နေလိုက်တော့သည်။ ငါလေးနဲ့ စုန့်ဝေဖျင်က တကယ့်အတွဲတွေမှ မဟုတ်တာလေ။ ဘာရှာလကာရည်သောက်ရမှာလဲ။ အလွန်ဆုံး သဘောတူထားတာကို လာထိပါးလို့ ဒေါသထွက်တာပဲရှိတာပါ။

သို့သော်ငြား သူတို့ချစ်ခင်ပြသည့်ရလဒ်က မှတ်သားလောက်ပေသည်။ အထူးသဖြင့် စုန့်ဝေဖျင်က သူမက ပန်းများ လာပို့ပေးသည့်အပြင် လက်ပတ်နာရီတစ်လုံးလည်း ဝယ်ပေးခဲ့သေးသည်။ ထိုကတည်း သူတို့နှစ်ယောက်သည် ကြုံရာပစ္စည်းများကို ထပ်ပြီး မရတော့ချေ။

နာရီက ရှန်ဟိုင်းတွင် နာမည်ကြီးတံဆိပ်တစ်ခုဖြစ်သည်။ ဝမ်ကွေးယွဲ့ပင် နာရီကို တွေ့လိုက်ရသောအခါ မနာလိုဖြစ်သွားတော့သည်။

“ရှောင်ကျောင်း နင်တို့ အနီးကပ်သင်တန်းဖွင့်တာကနေ ငွေအများကြီး ရလိုက်တယ်လို့ ကြားတယ်၊ စုန့်ဝေဖျင်က ဒါကို ရှာထားတဲ့ငွေနဲ့ ဝယ်ခဲ့တာပေါ့ ဟုတ်လား”

ဝမ်ကွေးယွဲ့က နာရီကို သူမ၏လက်ပေါ် ဂရုတစိုက် တင်လိုက်ပြီး ဘယ်ပြန် ညာပြန်ကြည့်လိုက်ပြီးမှ နာရီကို ရွှီရှောင်ကျောင်းထံ ပြန်ပေးလိုက်လေသည်။ ယွမ် ၁၀၀ ကျော်ကျသည့် လက်ပတ်နာရီတစ်လုံးက အလွန်မှ စျေးကြီးပေသည်။

ရွှီရှောင်ကျောင်းက ခေါင်းခါလိုက်၏။ ဒါက ကိစ္စမရှိပါဘူးလေ။

ပြီးခဲ့တဲ့ သောကြာနေ့က လီစန်းထျယ်က သူမဆီ ကိုယ်တိုင်ရောက်လာပြီး စုန့်ဝေဖျင်ကို သူနှင့် ခရီးအတူ လွှတ်ပေးဖို့ လာတောင်းဆိုခဲ့သည်။

ပြီးခဲ့သည့်နှစ်ရက်အတွင်းတွင် စုန့်ဝေဖျင်က သယ်ယူပို့ဆောင်ရေးအဖွဲ့တွင် ပစ္စည်းအတင်အချ အလုပ်တချို့ကိုသာ လုပ်ပေးလာခဲ့သည်။ သူသည် ခရီးတစ်ခုပင် မထွက်ခဲ့ရချေ။ လီစန်းထျယ်က သင်တန်းအတွက် အနေရာတစ်ခုကို ကူညီချိတ်ဆက်ပေးခဲ့သည်။ သာမန်ကိစ္စဖြစ်လျှင် စုန့်ဝေဖျင်ကို ခေါ်လို့မရနိုင်မှန်းလည်း သူ သိနေသည်။

“ဒီတစ်ခါ ပစ္စည်းတွေက အရေးကြီးတယ်၊ ငါ့နောက်လိုက်နေကျတဲ့သူတွေက ကောင်းကောင်း မောင်းတတ်တယ်ဆိုပေမဲ့ ဝေဖျင်လောက်တော့ မညက်ဘူးလေ၊ ဒီတစ်ခါ နေရာကလည်း နီးပါတယ်၊ သူ တနင်္ဂနွေနေ့လောက် ပြန်လာလို့ရတယ်၊ ဘာကိုမှ အချိန်မနှောင့်နှေးစေရဘူး၊ ငါ ဝေဖျင်ကို သွားရှာတော့ သူက မသွားချင်ဘူးတဲ့လေ၊ ခယ်မလေး နင့်စကားက အသုံးဝင်တယ်၊ သူ့ကို ငါနဲ့ ထည့်ပေးလိုက်ပါနော်”

သူ ပြောသည့်စကားက စိတ်ရင်း ဖြစ်လေသည်။ ရွှီရှောင်ကျောင်းက ထိုအကြောင်းကို စဥ်းစားလိုက်သည်။ သောကြာနေ့တွင် သူမ တစ်ယောက်တည်း အပိုသင်တန်းနှစ်ခုကို တာဝန်ယူပေးဖို့ အဆင်ပြေသည်။ ထို့ကြောင့် သူမက ခေါင်းညိတ်လိုက်ပြီး စုန့်ဝေဖျင်ကို သွားခွင့်ပေးလိုက်တော့သည်။

အစပိုင်းတွင် စုန့်ဝေဖျင်က အင်တင်တင် ဖြစ်နေသေးသည်။ သူသည် ရွှီရှောင်ကျောင်းကို အလွန် မပင်ပန်းစေချင်ပေ။ ရွှီရှောင်ကျောင်းက ရှည်လျားစွာ နားချလိုက်ပြီး နောက်ဆုံးမှ သူက သဘောတူတော့သည်။

ယခုဆိုလျှင် မိသားစုက ချမ်းသာလာပြီဖြစ်သည်။ သူမက ငွေကို တာဝန်ယူထားသည်။ မထွက်ခွာခင်း သူမက စုန့်ဝေဖျင်ကို ယွမ်၃၀၀ တန်းပေးလိုက်သည်။

စုန့်ဝေဖျင်သည် အစပိုင်း ခရီးထွက်ချိန်က ၅-၁၀ယွမ်လောက် ယူသွားသည့်အချိန်ကလွဲလျှင် သူသည် ချမ်းသာလာပြီးနောက်တွင် အကြိမ်တိုင်း ပစ္စည်းအများကြီး ယူပြန်လာတတ်သည်။ သို့သော် ယွမ်၃၀၀ တော့ တစ်ခါမှ မရောက်ခဲ့ဖူးချေ။

အခုတော့ စုန့်ဝေဖျင်၏အမြင်လည်း ပွင့်လာသည်။ သူသည် မငြင်းတော့ဘဲ ယွမ်သုံးရာကို အိတ်ကပ်ထည့်ကာ သွားလိုက်လေသည်။

သူ ပြန်လာချိန်တွင်တော့ ရွှီရှောင်ကျောင်းအတွက် ‘ရှန်ဟိုင်းတံဆိပ်’ လက်ပတ်နာရီတစ်လုံးကို ဝယ်လာပေးခဲ့သည်။

ယွမ်၃၀၀ကိုလည်း သူမ၏အိတ်ထဲ ပြန်ထည့်ပေးခဲ့သည်။

ရွှီရှောင်ကျောင်းက နာရီဝယ်ရန် ငွေမည်သို့ ရခဲ့သနည်းဟု မေးခဲ့ဖူးသည်။ သူက သူရှာခဲ့သည်ဟုသာ ပြောလေသည်။

သူက ဘာမှမပြောလျှင် စုန့်ဝဖျင်သည် အခုဆိုလျှင် ရဲတင်းပြီး ဂရုတစိုက်ရှိသဖြင့် ကြီးကြီးမားမား တစ်ခုခု လုပ်ခဲ့မှန်း ရွှီရှောင်ကျောင်းက ခပ်ရေးရေးလေး နားလည်လိုက်သည်။ သို့သော် သူက ပြောပြလိုက်လျှင် သူမ စိတ်ပူသွားမည်ကို စိုးရိမ်ခဲ့ခြင်းပင်။ ထို့ကြောင့် သူက သည်အတိုင်း ဘာမှ မပြောခဲ့ခြင်းပင်။

သူမကလည်း ဘာမှထပ်မမေးလိုက်တော့ချေ။

ထို့အစား သူမက နာရီကို အတန်းထဲသို့ ပတ်သွားပြီး အခန်းထဲက ကျောင်းသူအဖွဲ့၏ အားကျမှုကို ရယူကာ စုန့်ဝေဖျင်က သူမအပေါ်ကောင်းကြောင်း ပြောလေတော့သည်။

အခုတာ့ ဝမ်ကွေးယွဲ့က မေးလာသဖြင့် သူမကလည်း အဖြေကို ရှောင်ဖို့ စိတ်ကူးထားလိုက်လေသည်။ သူမက ပြောလိုက်၏။

“စာမေးပွဲက တစ်လပဲ လိုတော့တယ်၊ နင် အခြေအနေ ဘယ်လိုလဲ”

ဝမ်ကွေးယွဲ့က အခုတော့ လက်လျှော့လိုက်ပြီဖြစ်သည်။ ထိုစကားကို ကြားလိုက်ချိန်တွင် သူမက ကွာစေ့ကို ခွာရင်း လက်ခါပြလိုက်ကာ

“ငါက အဲဒါနဲ့ မကိုက်ပါဘူးဟယ်၊ ပြီးတော့ နင်က နင့်ဆီလာပြီး စာလုပ်စေချင်နေတယ်၊ နင် ငါ့ကို ပေးခဲ့တာ ပညာရပ်ဆိုင်ရာအချက်တွေရဲ့ အခြေခံပုံစံအရဆိုရင် ငါ အခုထိ တစ်ဝက်တောင် ဖတ်လို့မပြီးသေးဘူး၊ ငါ လက်လျှော့လိုက်ပြီ”

သူမသည် ကောလိပ်သို့ သွားချင်သော်လည်း အားထုတ်မှုတော့ မလုပ်ချင်ခဲ့ပေ။ ဝမ်ကွေးယွဲ့က ထိုကိစ္စကို သည်အတိုင်းသာ ထားလိုက်တော့သည်။ နောက်ဆိုလျှင် သူမသည် ကောလိပ်သို့ သွားမည့်အကြောင်း ဘယ်တော့ စဥ်းစားတော့မည်မဟုတ်ပေ။

ရွှီရှောင်ကျောင်းက ဝမ်ကွေးယွဲ့၏ ဝဖိုင့်ဖိုင့်ရုပ်ရည်ကို ကြည့်လိုက်ပြီး သူမက စာလေ့လာရာတွင် လုံးဝစိတ်မဝင်စားကြောင့် သိလိုက်လေသည်။ ဝမ်ကွေးယွဲ့ရဲ့ပြဿနာက သူက တနေကုန် အလကားနေချင်တဲ့သူ ဖြစ်နေတာပဲ။ သူက တနေ့လုံး ဘယ်လိုပုန်းပြီး အလကားနေရမလဲဆိုတာပဲ စဥ်းစားနေတာ။ မြေတွေမခွဲခင်တုန်းက စုပေါင်းအင်အားနဲ့ လုပ်ရတာ။ သူက ဌာနခွဲစာရေးရဲ့ ချွေးမ။ အလုပ်နည်းနည်းပဲလုပ်လုပ်။ ပေါ့ပါးတဲ့အလုပ်ပဲ လုပ်လုပ် ဘယ်သူမှ ဘာမှပြောမှာ မဟုတ်ဘူးလေ။

ဒါပေမဲ့ အခုကျတော့ မြေက သူတို့ကိုယ်ပိုင်ဖြစ်သွားပြီ။ သူက အလုပ်ကို ရှောင်ချင်တယ်ဆိုရင် လက်မခံနိုင်တဲ့ ပထမဆုံးလူက ဌာနခွဲစာရေးပဲ ဖြစ်လိမ့်မယ်။ ရွှီရှောင်ကျောင်းသည် ဝမ်ကွေးယွဲ့၏ ယောက္ခမထံမှာ ဒုတိယချွေးမက အပျင်းကြီးသူဖြစ်ကြောင်း အကြိမ်တော်တော်များများ ကြားခဲ့ဖူးသည်။ တစ်ချိန်က နွေဦးပျိုးကျဲချိန်တွင် သူမက ကောလိပ်ဝင်ခွင့် စာမေးပွဲအတွက် ပြင်ဆင်မည်ဟု ပြောခဲ့သည်။ အခုတော့ စာမေးပွဲပြီးသွားပြီး အားလပ်ချိန်ရှိရလာသည်။ သူမက စာမလုပ်တော့ဘဲ နေ့တိုင်း လမ်းထွက်လျှောက်နေလေသည်။

သူမက စာလုပ်သည်ဖြစ်စေ မလုပ်သည်ဖြစ်စေ တခြားသူအတွက် မဟုတ်ချေ။ ထို့ကြောင့် ရွှီရှောင်ကျောင်းက တစ်ကြိမ်သာ မေးလိုက်လေသည်။

ဆန့်ကျင်ဘက်အနေနှင့် ကောလိပ်ဝင်ခွင့် စာမပေးပွဲအကြောင်း ပြောလိုက်သည်တွင် နောက်ထပ်အတင်းစကားကို စဥ်းစားလိုက်သူက ဝမ်ကွေးယွဲ့ ဖြစ်နေပြန်သည်။

“အာ.. နင် သိလား၊ လီယုံဟိုင်က ပြောင်းသွားပြီနော်၊ ကျောက်ယန်ယန်က ဟန်ကွမ်းဟွေရဲ့နေရာကို ပြောင်းသွားတယ်၊ အဲဒီချန်းရွှယ်ကတော့ ပညာတတ်လူငယ် အမျိုးသမီးအဆောင်မှာ တစ်ယောက်ထဲ နေနေတယ်၊ ဟန်ကွမ်းဟွေက ညသန်းခေါင်ကြီးမှာ ချန်းရွှယ်ရဲ့အဆောင်ကနေ ထွက်လာတာ တွေ့တာ အကြိမ် မနည်းတော့ဘူးတဲ့၊ အရှက်ကို မရှိတာပါဟယ်”

သူက နှစ်ချက်လောက် စုပ်သပ်လိုက်ပြီး

“ကျောက်ယန်ယန်က ကောလိပ်ဝင်ခွင့်စာမေးပွဲ ဖြေဖို့ အိပ်မက်မက်နေတာ၊ ဟန်ကွမ်းဟွေက စီရင်စုမြို့ကနေ ပြန်လည်လေ့ကျင့်ခန်း စာအုပ်တွေရဖို့ ငွေအများကြီး သုံးခဲ့တယ်လို့ ကြားတယ်၊ အခု သူတို့သုံးယောက်ကနေ့ အဲဒီစာအုပ်တွေအတိုင်း စာလုပ်နေကြတယ်တဲ့၊ သူတို့တွေက ကောလိပ်ဝင်ခွင့်စာမေးပွဲကို ၁၀၀ရာခိုင်နှုန်းအောင်မှာ သေချာတယ်လို့တောင် ပြောနေသေးတယ်၊ ကျောက်ယန်ယန် ပြောထားတယ်၊ ဒီတစ်ခါ အားလုံးကို ကျက်မှတ်ပြီး စာမေးပွဲအောင်ရမယ်တဲ့”

“ဟမ့် ငါမြင်တာတော့ သူကလုပ်လည်း အလကားပါပဲ၊ ချန်းရွှယ်နဲ့ ဟန်ကွမ်းဟွေတို့က ပြောပြလို့မရတဲ့ လျှို့ဝှက်ချက်တချို့ ရှိနေမှာသေချာတယ်”

သက်သေမရှိဘဲ ကျောက်ယန်ယန် ကိုယ်တိုင်က မသိသော်လည်း အားလုံးက တစ်ခုခုပြောဖို့တော့ ခက်ပေသည်။ သို့သော် ကိစ္စက အစကတည်းက ကောလာဟလပင်ဖြစ်လေသည်။ အားလုံးက အတင်းဖျင်း ပြောမှာကိုတော့ မတားနိုင်ခဲ့ပေ။

ရွှီရှောင်ကျောင်းက သူတို့၏လှုပ်ရှားမှုများးကို စိတ်မဝင်စားချေ။

သို့သော်ငြား ကျောက်ယန်ယန်နှင့် ကျန်လူများကတော့ ရွှီရှောင်ကျောင်းနှင့် ပတ်သက်ပြီး အလွန်မှ စိတ်ဝင်စားကြသည်။

ဝမ်ကွေးယွဲ့က ရွှီရှောင်ကျောင်းအနားသို့ ကပ်လာပြီး

“ဟဲ့ ရှောင်ကျောင်း နင့်ရဲ့ ကောလိပ်ဝင်ခွင့် စာမေးပွဲ အနီးကပ်သင်တန်က အခြေအနေကရော၊ ကျောက်ယန်ယန်က ရွာထဲပတ်သွားပြီး ပြောနေတယ်၊ နင့်က ငွေတွေလိမ်စားပြီး နင် သင်ပေးတဲ့သူတွေက စာမေးပွဲတစ်ယောက်မှ အောင်မှာ မဟုတ်ဘူးတဲ့”

ရွှီရှောင်ကျောင်းက မလှုပ်မယှက် ဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် သူမက မြန်မြန် ရှင်းပြလိုက်လေသည်။

“ဘယ်သူမှ ဒီစကားကို မယုံကြပါဘူး၊ ရွာထဲမှာ မသိတဲ့သူ ဘယ်သူရှိလို့လဲ၊ စာမေးပွဲမအောင်ရင် ငွေပြန်အမ်းမယ်လို့ နင်က အားလုံးနဲ့ စာချုပ်ချုပ်တယ်လို့ ဌာနခွဲစာရေးက ပြောထားတာပဲ၊ နင့်အိမ်က မိန်လင်ရွာမှာလေ ပြီးတော့ ထွက်ပြေးလို့ မရပါဘူး၊ ငွေလည်း လိမ်လို့ရမှာမဟုတ်ဘူး”

“သူက အားလုံးရဲ့ပါးစပ်ကို မနိုင်တော့ လီယုံဟိုင်ကို စပြီး ကြွားပြနေတာလေ။၊ သူတို့မှာ ထိပ်တန်း လျှို့ဝှက် ကောလိပ်ဝင်ခွင့် စာမေးပွဲမေးခွန်းတွေ ရှိတယ်တဲ့၊ လီယုံဟိုင်က အားကုန်ခံနေတာ စာမေးပွဲ ကျလိမ့်မယ်တဲ့လေ”

ရွှီရှောင်ကျောင်းသည် ဟန်ကွမ်းနှင့်တခြားသူများက ကောလိပ်ဝင်ခွင့် ရမရ မသိသော်လည်း လီယုံဟိုင်က ပုံမှန်လုပ်သွားလျှင်တော့ သေချာပေါက် ဝင်ခွင့်ရလိမ့်မည်ဟု ယုံကြည့်ထားလေသည်။

လီယုံဟိုင်သည်လည်း ပြင်းပြသည့် ကြိုတင်ခံစားချက်တစ်ခု ရှိနေသည်။ သူသည် သည်တစ်ကြိမ်တွင် ကောလိပ်သို့ ဝင်နိုင်လိမ့်မည်ဟု ခံစားနေရသည်။

ထို့ကြောင့် ကျောက်ယန်ယန်က သူ့ကို ‘ထိပ်တန်း လျှို့ဝှက်စာမေးပွဲမေးခွန်း’ဟု ထုတ်ပြောလိုက်သောအခါ သူက စိတ်ထဲတွင် ရှုတ်ချလိုက်တော့သည်။

သူတို့ကို အနီးကပ် သင်ကြားရေးတုန်းက ရွှီရှောင်ကျောင်းက စာမေးပွဲသင်ရိုးမာတိကာကို ပြည့်ပြည့်စုံစုံ ထုတ်နုတ်ပေးထားပြီး ရမှတ်တွေကိုလည်း အရမ်းကိုရှင်းလင်းနေအောင် ခွဲထုတ်ပေးထားတယ်လေ။ သူ ကောင်းကောင်း နားလည်သားပဲ။ ‘ထိပ်တန်းလျှို့ဝှက်စာမေးပွဲမေးခွန်း’တွေအားလုံးက အတုအယောင်တွေချည်းပဲ။ ဒီလိုမျှတတဲ့ စာမေးပွဲတစ်ခုမှာ စာမေးပွဲမေးခွန်းတွေကို တစ်ယောက်ယောက်က နမော်နမဲ့ ယူသွားလို့မှ မရတာ။

ပြီးတော့ သူတို့တွေက မေးခွန်းတွေကိုလည်း စပြီး ခန့်မှန်းထားပြီးသားပဲ။ သူ့ကိုယ်ပိုင်စိတ်ကူးထဲမှာ ရမှတ်တွေကို ခွဲဝေတာနဲ့ ပတ်သက်ပြီး ခပ်ရေးရေး စိတ်ကူးတချို့တောင် ရှိပြီးသွားပြီ။

ဒါက မနှစ်က ပုံစံနဲ့မတူဘူး။ သူလည်း မနှစ်က စာလုပ်ခဲ့တာပဲ။ ပြီးတော့ လုံးဝဝေဝါးနေခဲ့တာ။ တူက ဒီနားရောက်နေပြီး အောက်ခံတုံးက ဟိုနားရောက်နေတာလေ။ ဘာစည်းမျဥ်းမှကို မရှိဘူး။ ဒါပေမဲ့ ဒီနှစ်တော့ မတူတော့ဘူး။

ကွာခြားချက်ကို သိမြင်နေတာ သူတစ်ယောက်ထဲ မဟုတ်ဘူးလေ။ မနှစ်က ကောလိပ်ဝင်ခွင့်စာမေးပွဲကို ဖြေခဲ့တဲ့ အတန်းထဲက ကျောင်းသားအားလုံးက ဒီလိုပဲ ခံစားရတယ်တဲ့။

ဒီကောလိပ်ဝင်ခွင့် စာမေးပွဲအတွက်ကတော့ သူတို့တွေ နိုင်တော့မယ်လေ။

စာမေးပွဲမတိုင်ခင် နောက်ဆုံးသင်ခန်းစာတွင် ရွှီရှောင်ကျောင်းက နောက်ဆုံးစုဝေးကြခြင်းအတွက် အားလုံးကို စာသင်ခန်းကြီးတစ်ခုထဲတွင် လူစုထားလိုက်သည်။

သုံးလနီးပါး ရှိသွားခဲ့သည်။ သူမသည် အားလုံးနှင့် သူတို့၏အရည်အချင်းများ၊ သူတို့တော်ကြသည့် ဘာသာရပ်များနှင့် မေးခွန်းဖြေရာတွင် သူတို့၏အမူအကျင့်များကို တီးမိခေါက်မိရှိလာခဲ့သည်။

သူမသည် သူလူအုပ်ကြီးကို ယုံကြည်မှု အပြည့်ရှိလေသည်။

“ပြီးခဲ့တဲ့ သုံးလအတွင်းမှာ ကျွန်မ အားလုံးကို စစ်မှန်တဲ့အရည်အသွေးတစ်လို့ သင်ပေးခဲ့တယ်၊ ဒီနေ့တော့ စာမေးပွဲနဲ့ပတ်သက်ပြီး အကြံပြုချက်တချို့အကြောင်း ပြောကြမယ်”

စာမေးပွဲ အရည်အချင်း။ နောက်ပိုင်းမျိုးဆက်တွေမှာ ကျောင်းသားတွေ ကျွမ်းကျင်ကြတဲ့ အရည်အချင်းတစ်ခုလေ။ ဒီခေတ်နဲ့ဆိုရင်တော့ မရင်းနှီးတဲ့အခေါ်အဝေါ်တစ်ခုပေါ့။

“သုံးလ။ ကျွန်မတို့တွေ သုံးလတာ တိုက်ပွဲဝင်လာခဲ့ကြပြီ၊ ဒါပေမဲ့ ဒါက သုံးနှစ်ဖြစ်နေရင်တောင် ကျွန်မတို့တွေ အသိပညာရမှတ်အားလုံးအတွက် ကျွမ်းကျင်နိုင်မယ်လို့ မပြောရဲသေးဘူး၊ ရှင်တို့တွေ စာလေ့လာတဲ့နေရာမှာ ဘယ်လောက်တော်တော် ရှင်တို့မသိတဲ့ မေးခွန်းတချို့ကတော့ အမြဲတမ်း ရှိနေလိမ့်မယ်”

ရွှီရှောင်ကျောင်းက စင်ပေါ်တွင် ရပ်ပြီး ကျောင်းသားများကို နောက်ဆုံး နည်းပရိယာယ်များ သင်ပေးလိုက်လေသည်။

ရွေးချယ်မေးခွန်း၊ ကွက်လပ်ဖြည့် မေးခွန်း၊ အတွက်အချက်မေးခွန်း၊ မေးခွန်းအားလုံးတွင် သူတို့ မသိသည့်မေးခွန်းရှိလာလျှင် လုပ်ဆောင်နိုင်သည့် နည်းလမ်းများကို သူမက မထိန်ချန်ထားဘဲ ပြောပြလိုက်လေသည်။

တခြားကျောင်းသားများလိုပင် စုန့်ဝေဖျင်က ထိုင်ခုံနောက်ဆုံးတန်းတွင် ထိုင်ကာ သူမကို မော့ကြည့်နေလေသည်။

သူမသည် အမှန်ပင် ထွန်းလင်းတောက်ပနေလေသည်။

စုန့်ဝေဖျင်က တစ်ယောက်တည်း တွေးနေမိ၏။

နှစ်နှစ်ကျော်သွားပြီပဲ။ အစတုန်းကတော့ သူက သူမကို သံသယအပြည့်နဲ့ အထင်သေးပြီး ဆက်ဆံခဲ့တယ်။ နောက်တော့ အချစ်ဆိုတဲ့အရာထဲမှာ နက်နက်ရှိုင်းရှိုင်းအမြစ်တွယ်လာခဲ့တယ်။

သူမကတော့ တခြားနယ်ပယ်မှာ ထူးခြားပေမဲ့ ခံစားချက်အပိုင်းမှာတော့ သူမက အရိုးခံလေးပဲ။

စုန့်ဝေဖျင်သည် အနည်းငယ် စိတ်ရှုပ်နေတော့သည်။ သူမက နောက်ကွယ်တွင် ဝူချွန်းဟွားနှင့် သီးသန့်ပြောခဲ့သည့်စကားများကို ပြန်သတိရသွားတော့သည်။

“ဝေဖျင် အမေက အမေ့သမီးအကြောင်းကို သိတယ်၊ ရှောင်ကျောင်းက အမြင်မှန်မရသေးဘူး၊ သူ မင်းကို ဂရုစိုက်တာကို အမေ တွေ့ရပေမဲ့ ဒီကောင်မလေးက သူ့ကိုယ်သူ မသိဘူးလေ၊ ကလေး မလိုချင်ဘူးလို့ပြောခဲ့တာ သူ မလား၊ မင်းကတော့လေ... အိုး... စိတ်မပူနဲ့၊ မင်းတို့နှစ်ယောက် အပေးအယူမျှမျှနဲ့ နေကြတာပဲ အမေ့အမြင်တော့ ဒီကောင်မလေး မကြာခင် နားလည်လာမှာပါ”

စုန့်ဝေဖျင်လည်း သူမက နားလည်လာဖို့ မျှော်လင့်ခဲ့လေသည်။ သို့သော် တခါတရံ အကယ်၍များ သူမက နားမလည်ခဲ့ဘူးဟု ခံစားမိချိန်တွင်တော့ သူ၏ကျန်သည့်တစ်ဘဝလုံးကို သည်လိုနေပေးဖို့ ဆန္ဒရှိလေသည်။ သူရဲ့ ကျောင်းကျောင်းလေးကို သူက ကျန်တဲ့တစ်ဘဝလုံး အလိုလိုက်ထားဖို့ လိုလားပါတယ်လေ။

စုန့်ဝေဖျင်သည် သတိပြန်ဝင်လာချိန်တွင် အားပေးသံများ ပွင့်ထွက်လာသည်ကို ကြားလိုက်ရလေသည်။

“ဝေး စုန့်ဝေဖျင် နင်က ငါ့စာသင်နေတာ နားထောင်ရင်း စိတ်နဲ့ကိုယ်မကပ်ဘူးနော်”

ရွှီရှောင်ကျောင်း၏ မကျေမနပ် ချွဲနွဲ့သံက သူ့နားထဲသို့ ဝင်လာတော့သည်။

“ဟမ်၊ ဘာဖြစ်လို့လဲ” စုန့်ဝေဖျင်က သူမကို မေးလိုက်၏။

“သွားကြမယ်၊ အစိုးရပိုင်စားသောက်ဆိုင်ကို သွားကြမယ်၊ ငါတို့တွေ ကြိုတင် သဘောတူထားတယ်မလား” ရွှီရှောင်ကျောင်းက သူကို ဆွဲထလိုက်လေသည်။

ပြန်လည်ကုစားရေးအတန်းပြီးလျှင် သူတို့သည် ကျောင်းသားအားလုံးကို ဖတ်ပြီး နှုတ်ဆက်စားပွဲတစ်ခု လုပ်ကြပေမည်။ ဒါက ရွှီရှောင်ကျောင်းနှင့် စုန့်ဝေဖျင်တို့ အစောကြီးကတည်း သဘောတူထားသည့် ကိစ္စပင်။

စုန့်ဝေဖျင်က ထရပ်လိုက်ပြီး သူမ၏လက်ကို ကိုင်လိုက်ကာ

“သွားမယ်၊ ဒါပေမဲ့ မင်းကို သောက်ခွင့်မပေးဘူးနော်”

စုန့်ဝေဖျင်က သည်ကိစ္စကို သူမကို အကြိမ်ကြိမ် အထူးသတိပေးထားပြီးသားပင်။ ရွှီရှောင်ကျောင်းက ခေါင်းညိတ်လိုက်ပြီး

“အင်းပါ”

သို့သော် သူမက မသောက်ဘဲ မည်သို့နေနိုင်ပါမည်နည်း။ ကျောင်းသားက စိတ်ရင်းဖြင့် သူမကို ကျေးဇူးတင်စကား ပြောသည်။ ရွှီရှောင်ကျောင်းက တစ်ဖက်လူနှင့် ခွက်ချင်း မတိုက်လျှင် သူတို့ကို မလေးစားရာကျသည်ဟု ထင်သည်။

စုန့်ဝေဖျင် မတားလိုက်နိုင်ခင်မှာပင် သူမက သူ့လက်မောင်းကို ဖက်ထားပြီး ကလေးတစ်ယောက်လို လုပ်နေတော့သည်။

“တစ်ငုံထဲပါ၊ တစ်ငုံထဲနော်၊ ငါ မမူးစေရဘူး”

စုန့်ဝေဖျင်က သူမ၏တိုက်ခိုက်မှုကို လုံးဝမခုခံနိုင်ပေ။

သူမက မမူးဘူးဆိုလျှင် ထူးဆန်းနေအုံးမည်။

သည်တစ်ငုံ၊ ဟိုတစ်ငုံ၊ ထို့နောက်တွင် စုပေါင်းခွက်ချင်းတိုက်ကြသည်။ ဆောင်ပုဒ်ကို ရွတ်ပြီး နောက်တစ်ငုံ သောက်ပြန်သည်။

ရွှီရှောင်ကျောင်းမှာ ကြောင်ငမူးလေးဖြစ်လာသည်ကိုတော့ အံ့ဩစရာမရှိပေ။

စုန့်ဝေဖျင်က သက်ပြင်းချလိုက်ပြီး

“ငါ မင်းအတွက် သောက်ပေးပါမယ်လို့ မင်းကို ပြောသားပဲ မင်းကမှ နားမထောင်တာ”

ရွှီရှောင်ကျောင်းက နားမထောင်ပေ။

“နင် ဒီနေ့ပျော်လား”

သူမကတော့ ပျော်လေသည်။

“စုန့်ဝေဖျင် ငါလေ လူ့အဖွဲ့အစည်းအတွက် ကောင်းကျိုးတစ်ခု လုပ်ပြီးသွားပြီ”

ဟင်းနော်။ အစက ငါလေးက စားလိုက်သောက်လိုက် ပျော်လိုက်ပါးလိုက်နဲ့ ငါးဆားနယ်လေး ဖြစ်ချင်ခဲ့တာလေ။ ထင်မထားဘဲ အကျိုးပြုဆောင်ရွက်ချက်တစ်ခုတောင် လုပ်ခဲ့သေးတယ်။ ငါလေးက ဘာလို့ အဲလောက် ဉာဏ်ကောင်းနေရပါလိမ့်နော်”

စုန့်ဝေဖျင်သည် သူမက သုံးကြိမ်လောက် စက်ဘီးပေါ်ခုန်တက်ပြီး မဖြစ်နိုင်သည့်အဆုံးတွင် သူမ၏ လှုပ်ရှားမှုကို တားလိုက်တော့သည်။

“ဟုတ်တယ်၊ မဟာအကျိုးပြုလုပ်ငန်းတစ်ခုပဲ၊ သူတို့တွေ ကောလိပ်ဝင်ခွင့်ရသွားရင် မင်းကို သေချာပေါက် မေ့မှာမဟုတ်ဘူး”

ရွှီရှောင်ကျောင်းက သူ့နောက် ဘာမှမစဥ်းစားဘဲ လိုက်လာပြီး စာသင်ခန်းဝင်းထဲတွင် စက်ဘီးကို သော့ခတ်လိုက်ကာ ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး သူမကို နောက်ပြန်ကြည့်လိုက်သည်ကို တွေ့လိုက်ရလသည်။

“တက်”

သူသည် သူမကို စက်ဘီးပေါ်တင်ခေါ်သွားဖို့ စိတ်မချပေ။ ထို့ကြောင့် သူမကို ကျောပိုးသွားသည်က ပိုကောင်းလေသည်။

“အိုး”

သူမက စုန့်ဝေဖျင်၏လည်ပင်းကို ဖက်ထားလိုက်၏။ သူ၏ တရှပ်ရှပ်မြည်နေသည့် ခြေသံများကို ကြားလိုက်သည်တွင် သူမသည် ကိုယ့်ဟာကို စိတ်အေးလာသလို ခံစားလိုက်ရတော့သည်။

“စုန့်ဝဖျင် နင်က အရမ်းကောင်းတာပဲ”

“အင်း ဘာရှိသေးလား” စုန့်ဝေဖျင်က သူမကို စနောက်လိုက်သည်။

အနောက်ဆီမှာ အသံထွက်မလာတော့ချေ။ သူမသည် သူ့ပခုံးပေါ်ကို မှီထားလေသည်။ ရွှီရှောင်ကျောင်း၏ အပြစ်ကင်းသည့်စိတ်ကူးတစ်ခုသာ ကျန်ရစ်ခဲ့သည်။

အချိန်တော်တော်ကြာမှ စုန့်ဝေဖျင်သည် သူမ မသိစိတ်က ရေရွတ်လိုက်သံကို ကြားလိုက်ရတော့သည်။

“ငါ နင့်ကို မဖြစ်စလောက်လေး ချစ်တယ်ထင်တယ်”

“ပြန်ပြောပါအုံး” စုန့်ဝေဖျင်က လျှောက်နေသည့်သူ့လမ်းကြောင်းကို ရပ်လိုက်၏။

ရွှီရှောင်ကျောင်းက မသိလိုက်ပေ။

“ငါ ထင်တယ်လို့ ငါ နင့်ကို နည်းနည်းလေး ချစ်မိတယ်လို့”

လရောင်အောက်တွင် စုန့်ဝေဖျင်သည် ‘ချစ်တယ်’ဟူသည့် စကားလုံးကို ကြားလိုက်ရလေသည်။ သူ့နှလုံးသားက စမ်းချောင်းတစ်ခုလို နူးညံ့သွားတော့သည်။

သူက ခြေထောက်ကို ပြန်ချွလိုက်ပြီး သူမကို မေးလိုက်လေသည်။

“မနက်ကျရင် ဒီနေ့ပြောခဲ့တဲ့ စကားကိုမှတ်မိအုံးမှာလား”

“မှတ်မိမှာပေါ့”

“လူလိမ်”

...

အပိုင်း (၃၉)

နောက်တစ်နေ့တွင် စုန့်ဝေဖျင်သည် ရွှီရှောင်ကျောင်းကို ခါတိုင်းလိုပင် တွေ့လိုက်ရသဖြင့် သူမက ဘာကိုမှ မမှတ်တော့မှန်း သိလိုက်တော့သည်။

ရွှီရှောင်ကျောင်းက စုန့်ဝေဖျင် သူမကို ချီပြန်လာသည်ကို မှတ်မိနေသည်။

“မနေ့က နင် အများကြီးသောက်ထားပြီး ငါ့ကို ကျောပိုးပြန်လာနိုင်သေးတယ်နော်၊ ငါလေ နောက်ကျတော့ အိပ်ပျော်သွားတာ၊ နင် ခရီးမှာ ပင်ပန်းသွားရင် ဘယ်လိုလုပ်မလဲ”

စုန့်ဝေဖျင်က သူမကို ကြည့်လိုက်ပြီး

“ငါက မင်းလောက် မမူးပါဘူး၊ မင်းကို အရက်သောက်ခွင့် မပေးတော့ဘူးလို့ ငါတို့တွေ ကြိုပြီး သဘောတူထားခဲ့တာ မလား”

ရွှီရှောင်ကျောင်းက နှုတ်ခမ်းမဲ့လိုက်ပြီး

“ငါ မထိန်းနိုင်ခဲ့ဘူး၊ ငါ မထိန်းနိုင်ခဲ့လို့ပါ၊ နောက်တစ်ခါ အဲလိုမလုပ်တော့ပါဘူး”

သူမက မနေ့ညကလို ထပ်လုပ်မည်ဆိုလျှင်လည်း သူက သူမကို မတားနိုင်မှန်း စုန့်ဝေဖျင် သိနေသည်။ သူက ဘာမှမပြောတော့ဘဲ နေရာမှ

“မင်း ပြောတဲ့စကားကို မှတ်ထားနော်”

ရွှီရှောင်ကျောင်းက ကတိပေးလိုက်၏။

“ငါ သေချာပေါက်မှတ်ထားပါ့မယ်”

စုန့်ဝေဖျင်က တခြားအကြောင်းအရာကို စကားလမ်းကြောင်း လွှဲလိုက်တော့သည်။

“ပြီးခဲ့တာလတွေတုန်းက မင်းလည်း ပင်ပန်းထားခဲ့တာ၊ ရာသီဥတုက တဖြည်းဖြည်းပူလာပြီ၊ အိမ်မှာ ကောင်းကောင်းအနားယူလိုက်”

ထိုအရာက ရွှီရှောင်ကျောင်း စဥ်းစားထားသည်နှင့် တထပ်တည်းပင်။

“နင်ကရော”

ဒီကာလထဲမှာ သူက ငါလေးထက် ပိုပင်ပန်းတယ်လေ။ သူက ကူညီနိုင်တာတွေ အားလုံးနီးပါး လုပ်ပေးခဲ့တာ။ ငါတို့နှစ်ယောက်က နေ့တိုင်း အရမ်းအလုပ်များခဲ့ပေမဲ့ ငါလေးက စာသင်ပြီး စိတ်ကူးတွေပဲ ထုတ်ပေးခဲ့ရတာ။ လူအားနဲ့လုပ်ရတာတွေ အားလုံးနီးပါးကို သူပဲ လုပ်သွားတာလေ။

“နင်လည်း အနားယူအုံး၊ အခုတလော နင် အရမ်းအလုပ်ကြိုးစားနေတာပဲ” ရွှီရှောင်ကျောင်းက ပြောလိုက်၏။

စုန့်ဝေဖျင်က ခေါင်းညိတ်ပြလိုက်ပြီး

“အင်းပါ၊ လယ်ထဲမှာ အလုပ်အများကြီး မရှိပါဘူး၊ အမေ့ကျန်းမာရေးက တဖြည်းဖြည်း ပိုကောင်းလာပြီဆိုတော့ ငါလည်း အနားယူမှာပါ၊ ဒါပေမဲ့ မနက်ခင်းမှာ ဝက်စတူးကိုတော့ ဆက်ရောင်းရမယ်”

ပြီးခဲ့သည့်သုံးလအတွင်း အင်အားအကန့်အသတ်ရှိနေသဖြင့် သူတို့သည် ဝက်စတူးနှင့် ရို့ကျားမို ရောင်းသည့် လုပ်ငန်းလေးကို ရပ်ထားရလေသည်။ အခုတော့ သူတို့သည် အားလပ်သွားပြီဖြစ်ရာ စုန့်ဝေဖျင်က ထိုအလုပ်ကို ပြန်လုပ်ချင်သည်။

ရွှီရှောင်ကျောင်းက သူ ထိုအလုပ်ကို ဆက်လုပ်ချင်အုံးမည်ဟု မျှော်လင့်မထားခဲ့ချေ။

“ဒါဆို နင် ဆရာတစ်ယောက်ကနေ လမ်းကြားစျေးသည်တစ်ယောက် ပြောင်းသွားမှာပေါ့၊ ကွာခြားချက်တစ်ခုတော့ ရှိတယ်မလား”

သူ ဆရာတစ်ယောက်လုပ်တုန်းက အဲဒီကျောင်းသူတွေ သူ့ကို မြင်တာနဲ့ ရှက်သွေးဖြာသွားကြတယ်လေ။ ဒါပေမဲ့ သူက ခေါင်းရွက်ဗျပ်ထိုးသည်လေးတစ်ယောက် ဆက်လုပ်မယ်ဆိုရင်တော့ တစ်ခါ ခေါင်းအစခြေအဆုံး ဖုံးထားရလိမ့်မယ်။

စုန့်ဝေဖျင်က အလွန်မှတည်နေပြီး

“အားလုံးက အတူတူပါပဲ”

အခုတော့ သူသည် ဆုံးဖြတ်ထားပြီးဖြစ်ရာ ချက်ချင်း အကောင်အထည်ဖော်မည်က အမှန်ပင်။

ပူပြင်းသည့် ရာသီဥတုကြောင့် ဝက်စတူးကို တစ်ညကြိုချက်ထား၍ မရတော့ချေ။ နောက်တစ်နေ့ မနက်ခင်းတွင် ရွှီရှောင်ကျောင်းက နှစ်နှစ်ခြိုက်ခြိုက်အိပ်နေစဥ် စုန့်ဝေဖျင်က နိုးလာလေသည်။

ခပ်မှိန်မှိန် အနေအထားတွင် ရွှီရှောင်ကျောင်းသည် သူက အိပ်ရာထပြီး လက်ဆန့်ကာ သူ့အဝတ်အစားကို ဝတ်ရင်း ပြောလိုက်သံကို ကြားလိုက်ရသည်။

“အင်း အစောကြီးရှိသေးတယ်”

သူမ၏မျက်လုံးများက လုံးဝပွင့်မနေသည်ကို တွေ့လိုက်ရသဖြင့် စုန့်ဝေဖျင်က ပြုံးကာ သူမ၏ခေါင်းကို ပုတ်ပေးလိုက်ပြီး

“ဆက်အိပ်နော်”

ရွှီရှောင်ကျောင်းက တဖန် အိပ်ပျော်သွားပြန်သည်။

သူမ ပြန်လာနိုးလာချိန်တွင်တော့ စုန့်ဝေဖျင်က ပြန်ရောက်နေသည်။

သူမက မျက်နှာသစ်ပြီးနောက်တွင် မနက်စာက အသင့်ဖြစ်လို့နေသည်။

သူမကို တစ်ယောက်တည်း အကြောဆန့်နေသည်ကို တွေ့လိုက်ရသည်တွင် ဝူချွန်းဟွားက ပြုံးလိုက်ပြီး

“ကြောင်ငပျင်းလေး၊ ငါတို့က နင့်ကို အားကိုးပြီး မနက်ခင်းအစည်းအဝေး အမီတက်ရမယ်ဆိုရင်လေ အစည်းအဝေး ပြီးသွားရင်တောင် နင်က ရောက်သေးမှာမဟုတ်ဘူး”

စုန့်ဝေဖျင်က ရွှီရှောင်ကျောင်းကို ထပ်ပြီး အနားယူစေချင်သည်။

“အမေ သူ ဒီရက်ပိုင်း ပင်ပန်းထားတာ သူ့ကို ထပ်ပြီး ပေးနားလိုက်ပါ”

ဝူချွန်းဟွားက ရွှီရှောင်ကျောင်းဆီသို့ ဆန်ပြုတ်ရေကျဲကို လှမ်းပေးလိုက်ပြီး

“သူက အနားမယူရင် ဘာလုပ်စရာရှိသေးလို့တုံး၊ မြေကိုလည်း အငှားထုတ်လိုက်ပြီ၊ လယ်စိုက်ချင်ရင်တောင် လယ်စိုက်လို့မရဘူးလေ”

မျိုးဆက်ဟောင်းများက စိုက်ပျိုးရေးအလုပ်ကို အစွဲအလမ်းကြီးကြသည်။ သူမသည်လည်း ခြွင်းချက်မဟုတ်ပေ။

“အမေပြောထားတဲ့အတိုင်းပဲ၊ တောင်အနောက်ဘက်က မြေသုံးပိုင်းကို ဒီအတိုင်းထားသင့်တယ်၊ ရှောင်ကျောင်း ရထားတဲ့မြေက ပိုကောင်းတယ်၊ လူတွေ ဘယ်နှစ်ယောက်လောက်တောင် အားကျလိုက်သလဲ၊ အဲမြေကို အမေတစ်ယောက်ထဲ ကိုင်တွယ်နိုင်ပါတယ်၊ ဒါပေမဲ့ မင်းတို့နှစ်ယောက်လုံးက ငှားလိုက်ဖို့ပဲ အတင်းပြောနေတယ်”

ရွှီရှောင်ကျောင်းက ပြောင်းနှံဆန်ပြုတ်ကို တစ်ငုံသောက်လိုက်ပြီး

“သမီးတို့က အဲမြေကို မငှားရင် ဘာလုပ်ကြမှာလဲ၊ နွေဦးပျိုးကျဲချိန်တုန်းက အမေက ခွဲခန်း ဝင်နေရတယ်၊ ဒါကို အမေက လယ်စိုက်ချင်နေသေးတယ်၊ အမေရယ် အမေ့အမာရွတ် ပျောက်သွားတော့ နာကျင်ခဲ့တာကို မေ့သွားပြီပေါ့လေ၊ အိမ်နောက်ဖေးက သီးသန့်မြေလေးက အမေသုံးဖို့ မလောက်ဘူးလား၊ ပြီးတော့ အမေက စိုက်ပျိုးရေး မလုပ်ရင်တောင် အားနေတာလဲမဟုတ်ဘူး၊ နေ့တိုင်း ဖိနပ်အောက်ခံ ချုပ်နေတာ သမီး မြင်သားပဲ၊ ထပ်မချုပ်နဲ့တော့၊ မပင်ပန်းဘူးလားဟင်၊ ဖိနပ်တစ်ရံလောက် ဝယ်လိုက်လည်း စျေးမကြီးပါဘူး”

ထိုအကြောင်းကို ပြောတော့ ဝူချွန်းဟွားတွင် ပြောစရာထပ်ရှိလာပြန်သည်။

“ဘာ ဈေးမကြီးတာလဲ၊ ဝေဖျင် နင့်အတွက် ဝယ်လာပေးတဲ့ ဖိနပ်ကို ကြည့်စမ်း၊ တစ်ရံကို ၂၀ကနေ၃၀ ရှိတယ်၊ ငါကတော့လေ နင် အလိုလိုက်ခံထားရတယ်လို့ပဲ ထင်တယ်၊ ဝေဖျင် သူ့ကို ဈေးကြီးတဲ့ဖိနပ်တွေ ထပ်မဝယ်ပေးနဲ့တော့၊ အမေချုပ်ထားတာတွေပဲ ဝတ်ပါစေ”

ရွှီရှောင်ကျောင်းက လျှာလေးတစ်လစ်ထုတ်ပြလိုက်လေသည်။ ဒီတစ်ရံကိုပဲ ငါလေးက အိမ်မှာ စီးတာလေ။၊ အပြင်သွားရင် ဘယ်တော့မှ မစီးပါဘူး။

ရွှီရှောင်ကန်းက ပြောရေးဆိုခွင့်ရှိလေရာ

“အမေ ယောက်ဖက ပြောတယ်၊ သူနဲ့ ကျွန်တော်က အမေလုပ်တဲ့ဖိနပ်တွေ စီးမယ်တဲ့၊ ကျွန်တော်တို့က ယောက်ျားလေးလေ၊ အမေနဲ့မမကတော့ ဝယ်ထားတဲ့ဖိနပ်တွေ စီးပါစေပေါ့၊ ကြည့်လို့ပိုကောင်းတယ်”

ရွှီရှောင်ကျောင်းမှာ အလွန်မှ စိတ်အေးသွားတော့သည်။ နောက်ဆုံးတော့ သူမ၏မောင်ဖြစ်သူက စာအုပ်ကြီးအတိုင်းကောင်လေးတစ်ယောက် မဟုတ်ချေ။

“ငါ့ရဲ့လိမ္မာတဲ့မောင်လေး၊ နင် ဒီနေ့ ကျောင်းမသွားရဘူးဆိုတော့ နေ့လယ်စာအတွက် နင့်ယောက်ဖကို ကြက်စတူးနဲ့မှို ချက်ကျွေးခိုင်းလေ”

အဘွားစုန့်က မိသားစု စကားဝိုင်းကို ပြုံးကာ နားထောင်လိုက်ပြီး ထိုစကားကို ကြားလိုက်ချိန်တွင် ခေါင်းညိတ်လိုက်ကာ

“ဟုတ်တယ်၊ ဝေဖျင် အဘွားတို့အတွက် ကြက်စတူးချက်ပေး”

ဝူချွန်းဟွား၏ ပူညံပူညံ လုပ်ခံရလိုက်ပြီးနောက်တွင် ရွှီရှောင်ကျောင်းက အလုပ်တချို့ လုပ်ရန် ဆုံးဖြတ်လိုက်ကာ

“ဒါဆိုရင် စုန့်ဝေဖျင် ငါ နင့်အတွက် မီးမွှေးပေးမယ်”

စုန့်ဝေဖျင်က သူမကို မီးမွှေးခိုင်းဖို့ အင်တင်တင်ဖြစ်နေလေသည်။ သို့သော် သူမက ဘေးတွင်ထိုင်ပြီး သူနှင့်စကားပြောနိုင်လေသည်။

နွေရာသီ ရောက်လာချေပြီ။ ရွှီရှောင်ကျောင်းက မီးဖိုးနှင့် ခပ်လှမ်းလှမ်းတွင် ထိုင်ရင်း ရေတွင်းထဲတွင် အအေးခံထားသည့် လတ်လတ်ဆတ်ဆတ် ဖရဲသီးစိတ်ကြီးတစ်ခုကို ထိုင်စားပြီး အတွင်းအင်္ကျီ ဝတ်ထားပြီး မီးဖိုဘေးတွင်း ထင်းထည့်နေသည့် စုန့်ဝေဖျင်ကို စောင့်ကြည့်နေလေသည်။

သူမက ထရပ်လိုက်ပြီး ဖရဲသစိတ်အရှည်တစ်ခုဖြစ်အောင် လှီးလိုက်ကာ စုန့်ဝေဖျင်ဘက်သို့ လက်လှမ်းလိုက်ပြီး

“ပါးစပ်ဟ”

စုန့်ဝေဖျင်က သူမကို ပြန်ကြည့်လိုက်ပြီး သူ့ပါးစပ်ကို ဟလိုက်ပြီး အနေတော်တစ်ကိုက် ကိုက်လိုက်ကာ သူ့ပါးစပ်ထဲ သွင်းလိုက်လေသည်။

“ချိုလား” ရွှီရှောင်ကျောင်းက သူ့ကို မေးလိုက်သည်။

“အင်း မင်း ဟိုနားမှာ သွားစားလေ၊ ဒီမှာ ပူတယ်” စုန့်ဝေဖျင်က ပြောလိုက်၏။

ရွှီရှောင်ကျောင်းက စားရင်း ကြိမ်ယပ်တောင်ကြီးတစ်ခုဖြင့် သူတို့နှစ်ယောက်ကို ယပ်ခပ်ပေးရင်း သူ့ဘေးတွင် ရပ်နေလေသည်။

“စုန့်ဝေဖျင် နင်အများကြီး ပြောင်းလဲသွားတာ ငါ သတိထားမိတယ်”

စုန့်ဝေဖျင်က အခိုက်တန့် အံ့ဩသွားပြီး

“ဘယ်မှာ ပြောင်းလဲသွားလို့လဲ”

ရွှီရှောင်ကျောင်းက လက်ချောင်းများဖြင့် ရေတွက်လိုက်ပြီး

“အများကြီးပဲ၊ ငါ မှတ်မိနေသေးတယ်၊ ပထမဆုံးနေ့တုန်းက နင့်အိမ်မှာ နင့်ကို ဝက်ဆီစွပ် လုပ်ခိုင်းတုန်းက နင်က လုံးဝ ပြန်မပြောချင်ဘူးလေ၊ ကြက်ဥတစ်လုံးနဲ့ ဂျုံနည်းနည်းသုံးတုန်းကလည်း နင့်နှလုံးသားတွေ နာကျင်နေမှာပဲ၊ နင်က ဆီအိုးထဲကို ကြက်သွန်ပင် လှီးထားတာ ထည့်လိုက်တုန်းကဆို ငါ လန့်တောင်သွားတယ်၊ နင်က ငါ့ကို ရယ်ခဲ့မှာသေချာတယ်၊ မဟုတ်ဘူးလား”

စုန့်ဝေဖျင်သည် ထိုစကားကို ကြားလိုက်ရသောအခါ ရယ်ချင်သွားတော့သည်

“ဟုတ်တယ်လေ၊ မင်း ကြောက်နေတဲ့ပုံက ရယ်စရာကြီး”

“ကြောက်တာ ဘာမှလို့လဲ၊ ငါက အခုလည်း အဲလိုပဲနော်၊ ငါက နည်းနည်း နတ်သမီးဆန်တယ်၊ သိမ်မွေ့တယ်၊ နင့်မှာ ငြင်းစရာရှိလား”

စုန့်ဝေဖျင်က ထရပ်လိုက်ပြီး အမဲရောင်ဖရဲစေ့တစ်စေ့ကို ယူကာ သူမ၏နှုတ်ခမ်းထောင့်တွင် ကပ်ထားလိုက်ပြီး သူမ၏ပါးလေးကို ဖျစ်လိုက်ကာ

“ငြင်းစရာမရှိပါဘူးဗျာ”

”ဟဲ့ ဒီအတိုင်းပဲ ပြောပါ၊ ဟိုထိဒီထိ မလုပ်နဲ့” ရွှီရှောင်ကျောင်းက သူ့လက်ကို ပုတ်ချလိုက်ပြီး

“ဒါက အရမ်းရင်းနှီးလွန်းတယ်”

စုန့်ဝေဖျင်က မျက်ခုံးများကို ပင့်ထားလိုက်ပြီး

“မူးပြီး ငါ့ကျောပေါ်က မဆင်းနိုင်တာကရော ဘယ်သူပါလိမ့်၊ ငါ့ကို ထိတာတောင် ဒါက အရမ်းရင်းနှီးပြီး ပုံမှန်ဖြစ်နေတာပဲ”

ရွှီရှောင်ကျောင်းက မျက်လုံးအဝိုင်းသားဖြင့်

“ဟဲ့ စုန့်ဝေဖျင် နင်မှ ငါ့ကိုမချီရင် ဘယ်သူက ငါ့ကို ချီပေးမှာလဲ၊ နင်က ငါ့လူလေ”

ဒါက သူ့မိန်းမကို ကာကွယ်ပေးရမဲ့ သူ့တာဝန်ပဲလေ။ ဟုတ်ပြီနော်။

ထိုစကားကို ကြားလိုက်ချိန်တွင် စုန့်ဝေဖျင်၏မျက်လုံးများက မည်းမှောင်းသွားတော့သည်။

“ပြန်ပြောပါအုံး”

သူက သည်စကားကို ပြောလိုက်ချိန်တွင် ရှေ့သို့ အနည်းငယ်ညွှတ်လိုက်လေသည်။ ရွှီရှောင်ကျောင်းက အမှတ်တမဲ့ သူမ၏ဇက်လေးကို ပုထားလိုက်ကာ

“ဘာ ဘာကိုလဲ”

“ဘယ်သူက မင်းရဲ့လူလဲ”

ရွှီရှောင်ကျောင်းက သူ့မျက်လုံးများကို ကြည့်ပြီး

“နင်လေ”

စုန့်ဝေဖျင်သည် သူ့မျက်လုံးများထဲတွင် အပြုံးတစ်ခု ဖြစ်သွားတော့သည်။

“ တတွဲလုံးပြောလေ”

“ဘာလို့လဲ, ငါက ဘာလို့ နင့်စကား နားထောင်ရမှာလဲ၊ စုန့်ဝေဖျင် နင် အနိုင်ကျင့်တာ”

ရွှီရှောင်ကျောင်းက သူ့ကို တွန်းထုတ်လိုက်ပြီး ထွက်ပြေးသွားတော့သည်။

သူမသည် ခြေလှမ်းအနည်းငယ်လောက်နှင့် အိပ်ခန်းဆီရောက်သွားပြီး တံခါးကိုပိတ်ကာ တံခါးကို မှီထားလိုက်ပြီး သူမ၏လက်များနှင့် မျက်နှာကို အုပ်ထားလိုက်တော့သည်။ သူမ၏နှလုံးသားလေးက မြန်မြန်ဆန်ဆန် ခုန်နေတော့သည်။

အား။ ရွှီရှောင်ကျောင်း။ နင်တော့ တစ်ခုခုမှားနေပြီနော်။

စုန့်ဝေဖျင်က ပိုပိုပြီး ချောလာတယ်လို့ ဘာလို့ ထင်နေမိတာတုံး။ အဖြူရောင်ရှပ်အင်္ကျီ၊ မျက်မှန်တစ်လက်နဲ့မလို့ ကြည့်ကောင်းတယ်ဆို လုံလောက်ပြီပေါ့။ ဒါပေမဲ့ ချေးတလုံးလုံးနဲ့ မီးဖိုရှေ့မှာရပ်ပြီး လက်ထဲမှာ ထင်းချောင်းကိုင်ထားတဲ့အချိန်မှာတောင် ကြည့်ကောင်းနေသေးတယ်လို့ ဘာလို့ ထင်နေတာတုန်း။

စုန့်ဝေဖျင်။ အဲဒီခွေးကောင်ပဲ။ ရွှီရှောင်ကျောင်းသည် ဒေါသထွက်နေမိတော့သည်။ မစွမ်းဆောင်နိုင်ဘဲ ဘာလို့များ အီစီကလီလာလုပ်နေတာတဲ့လဲ။

ရွှီရှောင်ကျောင်းသည် ထိုကိစ္စကို စုန့်ဝေဖျင်နှင့် စကားပြောရန် လိုအပ်သည်ဟု ထင်မိလေသည်။ သို့သော် စုန့်ဝေဖျင်က စကားဝိုင်း မစရသေးခင်မှာပဲ အလုပ်များနေလေသည်။

လီစန်းထျယ်က မကြာခဏဆိုသလို သူ့ကို ခရီးထွက်ဖို့ စပြီး မေးတတ်သည်။ တစ်ခါတရံ သူသည် တစ်ရက်နှင့် ပြန်လာပြီး နောက်တစ်နေ့တွင် ပြန်ထွက်သွားတတ်သည်။

သူ ပြန်လာချိန်တွင် အားသည့်အခါတိုင်း စာလေ့လာနေတတ်သည်။ သူက ဖတ်စရာ စာအုပ်အများကြီးပင် ဝယ်ခဲ့သေးသည်။

သူသည် အလွန်အလုပ်များနေသဖြင့် ရွှီရှောင်ကျောင်းက သူမ၏အတွေးများကို လက်လျှော့ထားလိုက်ပြီး စုန့်ဝေဖျင်ကို အပြင်ဘက်တွင် အလုပ်လုပ်ခွင့်ထားပြီး သူမကတော့ အိမ်တွင်ပင် နွေရာသီ၏အပူဒဏ်ကို အေးအေးလူလူ ရှောင်နေလိုက်တော့သည်။

နေ့တိုင်း ရာသီဥတုက ပိုပူပြင်းလာသည်နှင့်အမျှ ရွှီရှောင်ကျောင်း သဘောအကျဆုံးနေရာ ရွာထဲ မြစ်ငယ်လေးတစ်ခုပင်။

မြစ်ငယ်လေးက ရွာ၏အပြင်ဘက်တွင် ဝေ့ဝိုက်ကာ စီးဆင်းနေပြီး အလွန်မှ ကြည်လင်လေသည်။ မြစ်ဘေးတွင် ပေါ့ပလာပင်တန်းတစ်တန်း ရှိသည်။ သူမက လုပ်စရာမရှိသည့်အချိန်တိုင်း နွေရာသီ၏အပူဒဏ်ကို ရှောင်ကာ အေးမြသည့်ခံစားချက်ကို ခံစားရန် မြစ်ငယ်လေးဆီသို့ စုန့်ဝေဖျင်ကို ခေါ်လာရသည်ကို အမြဲတမ်း သဘောတကျ ရှိခဲ့သည်.

စုန့်ဝေဖျင် ခရီးထွက်သွားပြီးနောက်တွင် သူမက ရွှီရှောင်ကန်းကို ဆွဲခေါ်လာခဲ့ရသည်။

သည်နေ့က တိုက်တိုက်ဆိုင်ဆိုင် စနေနေ့ဖြစ်လေသည်။ မနက်စာစားပြီးနောက် ရွှီရှောင်ကျောင်းနှင့် ရွှီရှောင်ကန်းတို့သည် မြစ်ဘေးသို့ သွားခဲ့ကြသည်။ ရွှီရှောင်ကျောင်းက အေးမြသည့်ခံစားမှုကို သည်အတိုင်း ခံစားနေလိုက်သည်။ မြစ်ဘေးတွင် ဖျာလေးတစ်ချပ်ကို ခင်းပြီး ဖရဲသီးတစ်ဝက်ကို လက်ထဲတွင်ကိုင်ထားကာ ဇွန်းလေးနှင့် ခပ်စားရင်း သူမ၏ခြေထောက်များကို ရေထဲတွင် နစ်ထားကာ လှုပ်ရမ်းလိုက်လေသည်။

ရွှီရှောင်ကန်းက အများကြီး ပိုပြီးအဆော့သန်သည်။ သူက ရေထဲတွင် ကိုယ်တစ်ဝက် ရောက်နေပြီး တခါတလေ ငါးဖမ်းကာ တခါတလေ ဂဏန်းများဖမ်းတတ်သည်။

အစပိုင်းတွင် ရွှီရှောင်ကျောင်းသည် ကဏန်းများကို စိတ်ဝင်စားခဲ့သည်။ တစ်ခါက စုန့်ဝေဖျင်က ကဏန်းကြီးတစ်ကောင်းကို ဖမ်းမိခဲ့သည်။ သူမက ဆိတ်ရင်းညှပ်ရင်း ကဏန်းနှင့် ကစားနေခဲ့သည်။ သူမကို မတော်တဆ ညှပ်မိလိုက်ချိန်တွင်တော့ နာကျင်သွားတော့သည်။ ထိုအချိန်က သူမသည် မျက်ရည်များပင် စီးကျလာခဲ့လေသည်။ ထိုကတည်းက သည်အရာကို ဘယ်တော့မှ ထပ်ပြီးမမြင်ချင်တော့ပေ။

“ဟဲ့ကောင်လေး နင် ငါ့ကို ဂဏန်းတွေနဲ့ ထပ်ပြီး ခြောက်ရင် နင့်ယောက်ဖနဲ့ နင့်ကို ရိုက်ခိုင်းမှာနော်”

ရွှီရှောင်ကျောင်းက ရွှီရှောင်ကန်းကို တခြားဖက်သို့ မောင်းထုတ်ဖို့ သူ့ကို ကျောက်ခဲသေးသေးတစ်လုံးနှင့် လှမ်းပစ်လိုက်သည်။

ရွှီရှောင်ကန်းကလည်း အစ်မဖြစ်သူကို စနောက်ရမည်ဆိုလျှင် ဘယ်တော့မှ မောပန်းသည်မရှိပေ။ တစ်ခါက သူတို့သုံးယောက် အတူတူလာကြချိန်တွင် သူက သူမကို ခြောက်လန့်ဖို့ လိပ်တစ်ကောင်ကို တိတ်တိတ်လေး ဖမ်းခဲ့ဖူးသည်။ ရွှီရှောင်ကျောင်းမှာ ငယ်သံပါအောင် အော်လိုက်ရပြီး သူလည်း စုန့်ဝေဖျင် သင်ခန်းစာပေးခြင်း ခံလိုက်ရသည်။

ထိုစကားကို ကြားတော့ ရွှီရှောင်ကန်းက အရှုံးပေးရန် ငြင်းဆန်လိုက်ပြီး

“မမ နင်လေ ယောက်ဖကို အရမ်းကို အလွယ်တကူ အမိန့်ပေးတာ ငါ တွေ့နေရတယ်နော်၊ အခုတော့ ဘာပဲဖြစ်ဖြစ် နင်က ယောက်ဖကိုပဲ ရှာနေတယ်၊ နင့်ဟာနင် လုပ်နိုင်တာဘာရှိလဲ”

ရွှီရှောင်ကျောင်းက အလေးမထားဘဲ

“ငါက နင့်ယောက်ဖကို မရှာရင် ဘယ်သူ့ကို သွားရှာရမှာလဲ၊ နင့်ကို ရှာနေရမှာလား ကောင်စုတ်လေးရဲ့”

ရွှီရှောင်ကန်းက သူ့ရင်ဘတ်ကို ထုတ်လိုက်ပြီး

“ငါ့ကို ရှာလည်း ရပါတယ်နော်၊ ငါက ယောက်ျားပီသတဲ့ယောက်ျားတစ်ယောက်ပါ၊ ငါ နင့်အတွက် သေသေချာချာ ဖြေရှင်းပေးမှာပေါ့”

အဟက်။ ရွှီရှောင်ကျောင်းက မျက်စောင်းထိုးလိုက်ပြီး

“ဒါဆို နင့်ကိုယ့်နင် နည်းနည်းပါးပါးလောက် ရိုက်လိုက်အုံး”

ရွှီရှောင်ကန်းက အော်ရယ်လိုက်ပြီး ကဏန်းများကို လွှင့်ပစ်လိုက်ကာ ဖရဲသီးစားရန် ဖျာပေါ်တွင် ထိုင်လိုက်လေသည်။ ၃-၄ကိုက်လောက် ပါးစပ်အပြည့်စားလိုက်ပြီး သူက ငြိမ်ငြိမ်လေး ထိုင်မနေနိုင်တော့ချေ။

“မမ ပြီးခဲ့တစ်ခေါက်က ယောက်ဖ ယူပြန်လာတဲ့ အဲဒီပစ္စည်းလေ၊ သခွားမွှေး၊ အရမ်းချိုတယ်နော်၊ အရမ်းအရသာရှိတယ်”

ရွှီရှောင်ကျောင်းက သူ့ကို ကြည့်လိုက်ပြီး

“ဘာလဲ၊ အရသာရှိတဲ့အစားအသောက်တွေ အားလုံး ကုန်ပြီ”

ရွှီရှောင်ကန်းက နှာခေါင်းရှုံ့လိုက်ပြီး

“နင်က လိမ်နေပြန်ပြီ၊ ငါ တွေ့ပြီးပြီနော်၊ နင်တို့အခန်းထဲမှာ တစ်လုံးကျန်သေးတယ်”

“အဲဒါတွေ နင့်ကို တစ်ခုမှ ပေးမှာမဟုတ်ဘူးနော်၊ ငါ စားချင်တဲ့အချိန် စားဖို့ဆိုပြီး နင့်ယောက်ဖက ငါ့ကို သိမ်းထားဖို့ ပြောထားတာ”

ပြီးခဲ့သည့်အခေါက်က စုန့်ဝေဖျင်သည် ခရီးထွက်သွားပြီး သခွားမွှေးနည်းနည်းပါးပါး ယူပြန်လာခဲ့သည်။ သူမသည် မရေမတွက်နိုင်သည့် အသီးအနှံများကို စားခဲ့သည့်တိုင် အံ့ဩစရာကောင်းနေဆဲပင်။

ထိုသခွားမွှေးက ချိုပြီး ကျွပ်ကာ ချိုမွှေးလေသည်။ အလွန်ချိုရဲနေသည်လည်း မဟုတ်ချေ။ သူမသည် တစ်ခါလောက် စားလိုက်သည်နှင့် မရပ်နိုင်တော့ပေ။

သူမက သခွားမွှေးကြိုက်မှန်း တွေ့လိုက်ရသဖြင့် စုန့်ဝေဖျင်က မိသားစုတစ်ခုလုံး အတူတူစားရန် တစ်လုံးနှစ်လုံးလောက် ထုတ်လာပြီး ကျန်သည့်အနည်းငယ်ကိုတော့ သူမ စားချင်သည့်အချိန်တွင် စားရန် သိမ်းထားလိုက်လေသည်။ ရက်အနည်းငယ် ကြာပြီးနောက်တွင်တော့ သခွားမွှေးတစ်လုံးသာ ကျန်တော့သည်။

မျှော်လင့်မထားဘဲ ရွှီရှောင်ကျောင်းက ထိုတစ်လုံးကို မြင်သွားတော့သည်။

ရွှီရှောင်ကန်းက ခေါင်းညိတ်လိုက်ပြီး

“မမ မရှက်ဘူးလား၊ နင်က ဒီအရွယ်မှာတောင် အငမ်းမရဖြစ်နေသေးတယ်”

“ဘာရှက်ရမှာလဲ၊ နင် ငါ့အရွယ် ရောက်လာရင်ကော နင်လည်း အငမ်းမရဖြစ်မှာပဲမလား”

ရွှီရှောင်ကန်းက ခဏလောက်စဥ်းစားလိုက်ပြီး

“ဒါဆို ငါလည်း ဖြစ်မှာပဲ၊ မမ နင် ပြောကြည့်စမ်း၊ ဒီတစ်ခါ ယောက်ဖက ငါတို့အတွက် အရသာရှိတဲ့အစားအသောက်တွေ ယူလာပေးမှာလား”

ရွှီရှောင်ကျောင်းက ခေါင်းညိတ်လိုက်ပြီး

“ဒါပေါ့၊ သူ ငါ့ကို ကတိပေးထားတာပဲ”

ရွှီရှောင်ကန်းက မေးထောက်လိုက်ပြီး

“ယောက်ဖက ဘယ်တော့ ပြန်လာမှာလဲ၊ ငါ သူ့ကို လွမ်းနေပြီ’

ရွှီရှောင်ကျောင်းက သူ့ကို မသင်္ကာသလို ကြည့်လိုက်ပြီး

“နင်က နင့်ယောက်ဖကို လွမ်းတယ်ဟုတ်လား၊ ငါ့အထင်တော့ နင်က သူယူပြန်လာမဲ့ အရသာရှိတဲ့ အစားအသောက်တွေကို လွမ်းနေတာပါ၊ နင်ကလေ အရည်ထူသွားပြီ”

“ငါက ဘာလို့ မလွမ်းနိုင်ရမှာလဲ၊ ငါ ယောက်ဖကို လွမ်းတယ်၊ နင် တစ်ယောက်ထဲ သူ့ကို လွမ်းလို့ရတာမှ မဟုတ်တာ” ရွှီရှောင်ကန်းက မကျေမချမ်းဖြစ်သွားတော့သည်။ သူက စားဖို့ပဲ စိတ်ထဲတာ မရှိတာပါဘူးနော်။

ရွှီရှောင်ကျောင်းမှာ အထစ်ထစ် အငေါ့ငေါ့ဖြစ်သွားပြီး

“ ဘယ်သူ- ဘယ်သူက သူ့ကို လွမ်းလို့လဲ”

ရွှီရှောင်ကန်း၏မျက်လုံးများက ဝိုင်းစက်သွားပြီး

“နင် ယောက်ဖကိုတောင် မလွမ်းဘူးပေါ့ ဟုတ်လား၊ သူ ပြန်လာမှ ငါ သူ့ကို ဒီအကြောင်း ပြောပြရမယ်၊ ယောက်ဖ နင့်ကို ချစ်တာ အလကားဖြစ်သွားပြီ”

ရွှီရှောင်ကျောင်းက သူ့ကို ကန်ထုတ်လိုက်ပြီး

“ငါလေ နင့်ကို ရှင်းပြရမယ် အရမ်းပျင်းတာပဲ ကောင်စုတ်ရဲ့”

“ဟား ဟား ဟား မမ ငါတို့ သိပ်မကြာခင်တုန်းက ဒေသိယစကားအသုံးအနှုန်းအသစ် သင်ထားတယ်၊ နင့်အမူအရာနဲ့ အတူတူပဲ၊ ရှက်လို့ဒေါသထွက်လာတယ်လို့ ခေါ်တယ်တဲ့”

“ရွှီရှောင်ကန်း ကောင်စုတ်၊ နင်လေး လောကကြီးကို ပြောင်းပြန်လှန်ချင်နေတာ ထင်တယ်ဟုတ်လား၊ ငါ စုန့်ဝေဖျင်ကို မလိုဘူးနော်၊ နင့်ကို ပညာပေးနိုင်သေးတယ်ဟဲ့”

ရွှီရှောင်ကျောင်းက ထရပ်လိုက်ပြီး သူ့နောက် လိုက်သွားချင်ခဲ့လေသည်။

သူမက ထပ်ရပ်လိုက်သည်နှင့် တစ်ပြိုင်နက် အဝေးဆီမှ တစ်ယောက်ယောက်က သူမကို ခေါ်နေသည်ကို တွေ့လိုက်ရတော့သည်။

“ရှောင်ကျောင်း၊ ရှောင်ကျောင်း”

ရွှီရှောင်ကျောင်းက ရပ်လိုက်၏။ ထိုလူက မျက်စိတမှတ်အတွင်း အနားသို့ ရောက်လာလေသည်။

“ဟေး ရှောင်ကျောင်း၊ နင် ဘာလို့ ဒီမှာကစားနေတာလဲ၊ အိမ်ကို မြန်မြန်ပြီး တစ်ချက်သွားကြည့်လိုက်အုံး”

ရွှီရှောင်ကျောင်းက ရင်ထဲတွင် ‘ဒုန်းခနဲ’တစ်ချက်ခုန်သွားတော့သည်။

“ဘာကိစ္စလဲ အဒေါ်ရဲ့၊ အိမ်မှာ တစ်ခုခုဖြစ်လို့လား”

အိမ်တွင် တစ်ခုခုဖြစ်မှာ စိုးရိမ်သွားကာ ဖိနပ်ကို အလောတကြီး ကောက်စီးလိုက်လေသည်။

အဒေါ်က သူမ၏ပေါင်ကို ပုတ်လိုက်ပြီး

“အိုး နင့်အိမ်ကို လူတွေအများကြီး လာနေကြတယ်၊ အားလုံးက အိတ်ကြီး အိတ်ငယ်တွေနဲ့၊ ငါ့အထင်တော့ လူနှစ်ဆယ်ကျော်လောက် ရှိမယ်”

“ငါ အဝေးကနေပဲ တစ်ချက်ကြည့်လိုက်တာ၊ သူတို့တွေက နင့်ကို လာရှာတာလို့ ပြောသံကြားတယ်၊ ဒါနဲ့ ဘာမှမေးမနေတော့ဘဲ ငါ လာခဲ့တာ”

“ဟေး ရှောင်ကျောင်း နင် ပြန်လည်ကုစားရေးအတန်း ဖွင့်ပြီး ငွေလိမ်ခဲ့လို့များလား၊ ဒါကြောင့် သူတို့တွေ နင့်ကို လာရှာတာလား၊ ပြန်သွားပြီး တစ်ချက်ကြည့်လိုက်ပါအုံး”

All Chapters