← Chapters

အခန်း (၄၆-၄၈)

Vol. 4 Ch. 46-48

အခန်း (၄၆-၄၈)

Vol. 4 Ch. 46-48

အပိုင်း (၄၆) အိပ်ရာဝင်စကား

သို့သော်ငြား လက်တွေ့က စုန့်ဝေဖျင်ကို ညင်သာသည့်ပါးတစ်ချက် ချလိုက်တော့သည်။ မပြင်းထန်လှသော်လည်း သူ့မှာ ကြောင်အမ်းအမ်း ဖြစ်ရလေသည်။

သူ အိမ်သို့ရောက်လာချိန်တွင် ရွှီရှောင်ကျောင်းနှင့် ကျိုးဖင့်ရှန်းတို့က ကိုယ်လက်ဆေးကြောပြီး ဂွမ်းစောင်အောက်တွင် ချစ်ကြင်စွာဖြင့် နှစ်ဦးတည်း သီးသန့်စကားပြောနေကြသည်။

စုန့်ဝေဖျင် : ....

အဲဒီနှစ်ကို မှတ်မိပါသေးတယ်။ ရွှီရှောင်ကျောင်းကို စပါးလှေ့ကွင်းထဲမှာ ရုပ်ရှင်ကြည့်ဖို့ ခေါ်သွားတုန်းက ရွှီရှောင်ကျောင်းနဲ့ နှစ်ယောက်ထဲ ထိုင်ချင်လို့ အကြံတွေ အများကြီး ထုတ်လိုက်ရတာ။ တစ်ညလုံး ဘေးမှာ ရှိနေတဲ့သူကလည်း ဒီကျိုးဖင့်ရှန်းပဲ။

အခုထိလည်း သူမက ရှိနေသေးတုန်း။

ရွှီရှောင်ကျောင်းသည် စုန့်ဝေဖျင်၏ နာကျည်းမှုကို မခံစားမိနိုင်သော်လည်း စိတ်ကြည်နူးကာ အံ့ဩမိနေသေးသည်။

“စုန့်ဝေဖျင် နင် ပြန်လာတာ ဘာလို့ အဲလောက်နောက်ကျတာလဲ၊ နင့် တစ်ကိုယ်လုံးလည်း စိုရွှဲနေတာပဲ၊ နှင်းကျနေတာ တွေ့တာတောင် ပြန်လာတယ်၊ တတိယအစ်ကိုလီအိမ်မှာ တစ်ညလောက်နေပြီး မနက်ဖြန်မှ ပြန်လာသင့်တာ‌ပေါ့”

သူမက စုန့်ဝေဖျင်အတွက် အဝတ်အစားထူထူတချို့ကို မြန်မြန်ထုတ်ပေးလိုက်ပြီးနောက် လက်ဖက်ရည်နှင့် ရေကို ယူလာပေးလိုက်ပြီး နောက်ဆုံးတာ့ သူ့ကို မောင်းထုတ်လေတော့သည်။

“နင် မာချွန်းနဲ့ သွားအိပ်လိုက်၊ ငါ ဒီရက်ပိုင်းအတွင်းတော့ ဖင့်ရှန်းနဲ့ အိပ်ချင်တယ်”

စုန့်ဝေဖျင်သည် သူ့ခေါင်းအုံးနှင့် ဂွမ်းစောင်လေးကို ပိုက်ကာ မဆုံးနိုင်သည့်နာကျည်းမှုဖြင့် မာချွန်းဆီသို့ သွားလိုက်ရတော့သည်။

ကျိုးဖင့်ရှန်းက ရွှီရှောင်ကျောင်းကို အိပ်ခန်းထဲတွင် စောင့်နေသည်။ ရွှီရှောင်ကျောင်း ဝင်လာသည်ကို မြင်လိုက်ရသောအခါ သူမက မေးလိုက်၏။

“စုန့်ဝေဖျင် သွားလိုက်ပြီလား”

ရွှီရှောင်ကျောင်းက ဂွမ်းသားအနွေးထည်အထူတစ်ထည်ကို ဝတ်ထားသည်။ သူမက အနွေးထည်ကို ချွတ်လိုက်ပြီး အိပ်ရာပေါ် တက်လိုက်ကာ

“သွားပြီ၊ သူ့ကို ရက်ပိုင်းလောက် မာချွန်းနဲ့ အိပ်ခိုင်းလိုက်တယ်”

သူမက ကျိုးဖင့်ရှန်းကို ဘာမှဖြစ်သလို လက်ယမ်းပြလိုက်လေသည်။

ကျိုးဖင့်ရှန်းက အိပ်ရာပေါ်တွင် ရွှီ‌ရှောင်ကျောင်းဘေး၌ လဲလျောင်းလိုက်သည်။ သူမက အိပ်ရာအကြီးကြီးကို ကြည့်လိုက်ပြီးနောက် အစွန်ဘက်တွင် ထုတ်ထားသည့် ပျဥ်ခုတင်ကို ကြည့်လိုက်။ သူမက ရွှီရှောင်ကျောင်းကို ဇဝေဇဝါဖြင့် မေးလိုက်တော့သည်။

“နင်တို့နှစ်ယောက် ခွဲအိပ်ကြတာလား”

ရွှီရှောင်ကျောင်းက သူမ ပြောချင်သည့် အဓိပ္ပာယ်ကို နားလည်လိုက်သည်။ သူမက သည်အကြောင်းကို ဘယ်သူ့ကိုမှ မပြောပြရသေးချေ။ သို့သော် ကျိူးဖင့်ရှန်းကိုတော့ ဖုံးကွယ်မထားချင်ပေ။

“ငါ နင့်ကို လျှို့ဝှက်ချက်တစ်ခု ပြောပြမယ်၊ ဒါပေမဲ့ ဘယ်သူ့ကိုမှ မပြောပြနဲ့နော်”

ကျိုးဖင့်ရှန်းက ချက်ချင်း ခေါင်းညိတ်လိုက်သည်။

အနည်းငယ် စိတ်ရှုပ်နေပြီး ရွှီရှောင်ကျောင်းက ပြောပြလိုက်တော့သည်။

“စုန့်ဝေဖျင်နဲ့ငါက တစ်ခါမှ အတူမနေခဲ့ဖူးဘူး”

ကျိုးဖင့်ရှန်းမှာ အံ့ဩသွားပြီး

“တကယ်ကြီးလား”

သူမ၏ဦးနှောက်လုပ်ဆောင်ချက်က ဝူချွန်းဟွား၏စကားတို့နှင့် အံ့ဩစရာကောင်းလောက်အောင် တစ်ထပ်တည်း ဖြစ်သွားကာ

“စုန့်ဝေဖျင်က....”

ရွှီရှောင်ကျောင်းကလည်း ထူးထူးဆန်းဆန်း ချက်ချင်း နားလည်မိပြီး

“မဟုတ်ဘူး၊ မဟုတ်ဘူး”

အရင်က စုန့်ဝေဖျင်က မစွမ်းဆောင်နိုင်ဘူးလို့ အခိုင်အမာ ယုံကြည်ခဲ့ရင်တောင် အခုတော့ သေချာမသိတော့ဘူး။ ကြည့်ရတာ စုန့်ဝေဖျင်က အဆင်ပြေသလိုပါပဲ။

သည်အချိန်တွင် သူတို့နှစ်ယောက်သည် အိပ်ရာတစ်ခုတည်းတွင် လဲလျောင်းနေပြီး အမှောင်ထုက ဝန်းရံထားသည်။ ပုံမှန် ရှက်စရာကောင်းသည့်စကားလုံးများကို ထုတ်ပြောနိုင်ကြသည်။ ရွှီရှောင်ကျောင်းက စုန့်ဝေဖျင်နှင့် လုပ်ခဲ့သည့်သ‌ဘောတူညီမှုအကြောင်းကို ကျိုးဖင့်ရှန်းအား ပြောပြလိုက်သည်။

ကျိုးဖင့်ရှန်းသည် အံ့အားသင့်သွားပြီး ဘာပြောရမည်မသိအောင် ဖြစ်သွားတော့သည်။

“သူက ဒီအတိုင်း သဘောတူခဲ့တာလား”

“အင်း သဘောတူလိုက်တယ်”

ကျိုးဖင့်ရှန်းသည် ခဏလောက်စဥ်းစားလိုက်ပြီး

“ဒါဆို၊ဒါက မဟုတ်သေးဘူးလေ၊ သူက နင့်ကို စီးပွားဖက်လိုပဲ သဘောထားရင် နင့်အပေါ် အဲလောက် ကောင်းမှာ မဟုတ်ဘူး၊ ရှောင်ကျောင်း စုန့်ဝေဖျင်က နင့်အပေါ်ကောင်းတာကိုတော့ နင် ဝန်ခံရလိမ့်မယ်”

ရွှီရှောင်ကျောင်းက ခဏလောက်စဥ်းစားလိုက်ပြီး

“သူက တကယ်ပဲ ကောင်းပါတယ်”

ကောင်းတာမှ အကန့်သတ်ကို မရှိဘူး။

ကျိုးဖင့်ရှန်းက စုန့်ဝေဖျင်၏အတွေးများကို နားလည်သွားတော့သည်။ အစပိုင်းတွင်တော့ စုန့်ဝေဖျင်က ရွှီရှောင်ကျောင်းနှင့် မတန်ဘူးဟု သူမလည်း ထင်ခဲ့ဖူးသည်။ သို့သော် သည်နှစ်များတွင် ဘက်မလိုက်သည့် စိတ်တစ်ခုဖြင့် စောင့်ကြည့်လာခဲ့ပြီးနောက်တွင်တော့ နောက်လူတစ်ယောက်က ရွှီရှောင်ကျောင်းကို သည်လောက်ချစ်မြတ်နိုးနိုင်လိမ့်မည်မဟုတ်မှန်း သူမ ခံစားလိုက်ရတော့သည်။

“ဒါဆို နင် ဘယ်လို စဥ်းစားထားလဲ၊ နင် ဒီလိုပဲ ဆက်လုပ်နေမှာလား” ကျိုးဖင့်ရှန်းက ရွှီ‌ရှောင်ကျောင်း၏ ပါးလေးကို ညှစ်လိုက်လေသည်။

ရွှီရှောင်ကျောင်းက သူမ၏လက်ကို ပုတ်ချလိုက်ပြီး

“ဟဲ့ ငါက နင့်ကို လျှို့ဝှက်ချက် ပြောပြနေတာလေ၊ နင့်ကို စုန့်ဝေဖျင် ကောင်းကြောင်း ပြောခိုင်းနေတာမဟုတ်ဘူး၊ ဘာပဲဖြစ်ဖြစ်ဟာ နင် မသိချင်ဟန်ဆောင်နေလိုက်”

ကျိုးဖင့်ရှန်းက လေသံပျော့ပျော့ဖြင့် နှာ‌ခေါင်းရှုံ့လိုက်ပြီး

“နင်ကျတော့ ငါနဲ့မာချွန်းအကြောင်းကို ပြောတယ်၊ ဒါပေမဲ့ ငါ့ကိုကျတော့ နင်နဲ့စုန့်ဝေဖျင်အကြောင်း ပေးမပြောဘူးပေါ့လေ”

ရွှီရှောင်ကျောင်းက ခစ်ခနဲ ထုတ်ရယ်လိုက်ပြီး ပြောလိုက်၏။

“ဒါဆို ငါ ပြောမယ်, မာချွန်းက နင့်ကို စိတ်ဝင်စားနေတယ်၊ ကြည့်လေ၊ ဒီနေ့ည သူ နင့်ကို လက်ဖက်ရည်အိုး သယ်ကူးတယ်၊ ရေထည့်ပေးတယ် ပြီးတော့ ထမင်းလည်း ထည့်ပေးတယ်၊ နင့်ကို ခွံ့မကျွေးရုံတမယ်ပဲ”

သည်တစ်ကြိမ်တွင် ကျိုးဖင့်ရှန်းက ထိုအကြောင်းကို ရှက်မနေတော့ချေ။

“သူက အဆင်ပြေတယ်လို့ ငါ ထင်ပါတယ်”

ရွှီရှောင်ကျောင်းက သမီးရည်းစားဆက်ဆံရေးတွင် ရှက်မနေသည်ကို တွေ့လိုက်ရသဖြင့် ရွှီရှောင်ကျောင်းမှာ အနည်းငယ် အံ့ဩသွားတော့သည်။

“နင် အခု သူ့ကို ရွေးလိုက်ပြီလား”

ကျိုးဖင့်ရှန်းက ခေါင်းခါပြလိုက်ပြီး

“မဟုတ်ပါဘူး၊ အရင်ဆုံး စမ်းကြည့်မယ်၊ ကောလိပ်မှာက တွဲကြည့်တယ်ဆိုတာ အားလုံးအတွက် ရေပန်းစားတယ်လေ၊ အရင်ဆုံး အချိန်တစ်ခုအထိ တွဲကြည့်မယ်၊ ငါတို့တွေ ကိုက်ညီတယ်ဆိုရင် ငါတို့တွေက အတူတူနေကြမှာပေါ့၊ မကိုက်ညီဘူးဆိုရင်လည်း ငါတို့တွေ လမ်းခွဲကြမယ်၊ ငါ သူ့ကို အချိန်ဆွဲထားမှာ မဟုတ်ဘူး”

ရွှီရှောင်ကျောင်းက အံ့ဩရလေသည်။

“ဖင့်ရှန်း နင် တော်တော်လေး ခေတ်မီလာတာပဲ”

ကျိုးဖင့်ရှန်းက သူမ၏ခါးကို ပုတ်ကာ ပြောလိုက်လေသည်။

“ခေတ်မီတဲ့နေရာမှာတော့ ငါက နင့်ကို မမီပါဘူးနော်၊ နင်က ဘာအကြောင်းကို ပြောနေတာလဲ၊ အပေးအယူနဲ့ လက်ထပ်တာတဲ့လား၊ အရမ်းကို ခေတ်ရှေ့ပြေးတာပဲ၊ ငါဖြင့် အရင်က တခါမှ မကြားခဲ့ဖူးပါဘူး”

သူမက ခဏ‌လောက်စဥ်းစားလိုက်ပြီးနောက် ပြောလိုက်လေသည်။

“ဒါကလေ စုန့်ဝေဖျင်က နင့်ကို ချစ်လို့ နင့်ကို လိုလိုလားလား လိုက်လျောပေးနေတာနော်၊ စဥ်းစားကြည့်လေ၊ အခုနေ စုန့်ဝေဖျင်သာ တစ်ကိုယ်တည်းဆိုရင် လူတွေဘယ်နှစ်ယောက်လောက်များ သူ့ကို လက်ထပ်ချင်လိုက်ကြမလဲ”

ရွှီရှောင်ကျောင်းက တခစ်ခစ်ရယ်မောလိုက်ပြီး ပြောလိုက်တော့သည်။

“ဒါတော့ မတတ်နိုင်ဘူး၊ ငါ့ကို အဲလောက် ချစ်စရာကောင်းနေပါလို့ ဘယ်သူက ပြောထားလို့တုံး”

ကျိုးဖင့်ရှန်းက သူမ၏သူငယ်ချင်းဖြစ်သူ၏ ဘဝက မျှော်လင့်ထားသည်ထက် ပိုအဆင်ပြေနေသဖြင့် ဝမ်းသာပေးရသည်က သဘာဝပင်။ သူမက ရွှီရှောင်ကျောင်းကို အကြံသာပေးလိုက်တော့သည်။

“လွယ်လွယ်လေး စဥ်းစားကြည့်ပါလေ၊ နင် ခုနက စုန့်ဝေဖျင်ကို နှုတ်ဆက်ပုံကို ကြည့်ရင် နင် သူနဲ့ ပတ်သက်ပြီး အတွေးတွေမရှိဘူးဆိုတာ မဖြစ်နိုင်ပါဘူး၊ နင့်မှာ အတွေးရှိတယ်ဆိုရင်လည်း တတ်နိုင်သလောက် လှုပ်ရှားတော့၊ နင်ကလေ ဘာလို့များ မူနေမှန်း မသိတော့ဘူး’

ရွှီရှောင်ကျောင်းက နှုတ်ခမ်းစူထားလိုက်ပြီး

“ငါ့ စိတ်အခြေအနေ‌ပေါ်မူတည်တယ်”

ကျိုးဖင့်ရှန်းက အော်ရယ်ကာ တုံ့ပြန်လိုက်ပြီး

“နင့်နာမည်ကလေ တကယ်လိုက်တယ်နော်၊ နင်က တကယ့်ကို နူးညံ့သိမ်မွေ့တဲ့မိန်းကလေးတစ်ယောက်ပဲ၊ ငါ့အထင်တော့ စုန့်ဝေဖျင်က နင့်ကို အသားကုန် အလိုလိုက်ထားတာဖြစ်မယ်”

သူတို့နှစ်ယောက်က အသီးသီး၏ လက်တွဲဖော်များအကြောင်း ပြောနေကြစဥ် စုန့်ဝေဖျင်နှင့် မာချွန်းတို့ကလည်း သူတို့၏လက်တွဲဖော်များအကြောင်း ပြောနေကြလေသည်။

ဦးဆောင်ပြောနေသူမှာ မာချွန်းပင်။

သူက စုန့်ဝေဖျင်ကို သင်ကြားပြသပေးသည့်အတွက် ကျေးဇူးတင်ကြောင်း အထပ်ထပ် ပြောလိုက်ပြီးနောက်တွင် အဓိကအကြောင်းအရာကို ရောက်သွားတော့သည်။

“ဟဲဟဲ ဝေဖျင် ငါ မင်းကို ဆရာစုန့်လို့ မခေါ်တော့ဘူး၊ မင်းရဲ့မိန်းမနဲ့ အိပ်ရာဝင်စကား ပြောတဲ့အခါ သူ့ကို ဖင့်ရှန်းဆီမှာ ငါ့ကောင်းကြောင်း ပြောပေးခိုင်းလို့မရဘူးလား”

သူက သူ့နားကို ဆွဲကာ ‌ခေါင်းကုပ်လိုက်ပြီး

“မင်းတို့နှစ်ယောက်ကို ကြည့်လေ၊ ဒီလောက်ချိုမြိန်တဲ့ နေ့ရက်တွေမှာ နေနေကြတာ၊ ငါ့မှာ တစ်ကိုယ်တည်း ဖြစ်နေတုန်းပဲ၊ မင်းက နေ့တိုင်း ငါ့ကို တစ်ယောက်တည်းတော့ မအိပ်ခိုင်းရက်ဘူးလေ ဟုတ်တယ်မလား”

စုန့်ဝေဖျင်က သူ့ကို လှမ်းကြည့်လိုက်ပြီး

“ငါ့ခေါင်းအုံးဘေးမှာရှိနေတာ မင်းလေ”

သူ့မှာ ကန်ထုတ်ခံလိုက်ရပြီးပြီ။ ဘာ အိပ်ရာဝင်စကား ပြောနိုင်မှာလဲ။ ပြီးတော့ သူကဖြင့် ဘာချိုမြိန်တဲ့နေ့မှ မရခဲ့သေးပါဘူး။

မာချွန်းက တဟီးဟီး ရယ်မောလိုက်ပြီး

“အို အစ်ကိုကြီးစုန့် ကျွန်တော် နားလည်ပါပြီ၊ သေးငယ်တဲ့ ခွဲခွာခြင်းက မင်္ဂလာဆောင်ပြီးတဲ့ အတွဲတွေထပ်တော့ သာတာ ဟုတ်ပါတယ်လေ၊ မင်းက ဆယ်ရက်ခွဲလောက် အဝေးရောက်နေခဲ့တာဆိုတော့ ဆရာမရွှီကို လွမ်းနေမှာ သေချာတယ်၊ ဒါက တိုက်ဆိုင်မှုတစ်ခုပဲ မဟုတ်ဘူးလား”

ရွှီရှောင်ကျောင်းက ကျိုးဖင့်ရှန်းနှင့် တစ်ပတ်ကျော်လောက် အတူတူနေမည့်ကိစ္စကို စဥ်းစားမိတော့ သူသည် စုန့်ဝေဖျင်အတွက် စိတ်ပူသွားတော့သည်။

“ငါ မာချွန်း မဆင်ခြင်နိုင်တော့ဘူး၊ နှစ်ရက်လောက်နေရင် ဖင့်ရှန်းကို ပြောပြီး သူ့ကို ကျောင်းသွားတက်ခိုင်းလိုက်တော့မယ်၊ ငါတို့တွေက မင်းတို့နှစ်ယောက်အတွက် မီးသီးတွေ မဖြစ်စေရဘူး ဟုတ်ပြီနော်”

စုန့်ဝေဖျင်က အနည်းငယ် စိတ်လှုပ်ရှားသွားသော်လည်း ခေါင်းခါလိုက်ကာ

“သူတို့နှစ်ယောက်ကို ကြည့်လိုက်အုံး၊ ရှောင်ကျောင်းက ဒီမှာ သူငယ်ချင်းတွေအများကြီး မရှိဘူး၊ ဒီတစ်ခါ ကျိုးဖင့်ရှန်းက သူ့ကို လာတွေ့တော့ သူ့မှာ အရမ်းပျော်နေတာ”

ရွှီရှောင်ကျောင်းက ပျော်နေတာလေ။ ဒီတော့ သူမ ပျော်နေတာလေးကို စောစောစီးစီး ကုန်ဆုံးသွားအောင် မလုပ်ချင်ဘူး။ နောက်ဆုံး သူ့မှာလည်း လျှောက်ရမဲ့လမ်းက မိုင်ထောင်ချီ ရှိနေတယ်။ လုပ်စရာတွေအများကြီး ရှိနေသေးတယ်။

ထိုစကားကို ကြားလိုက်ပြီးနောက် မာချွန်းသည် စုန့်ဝေဖျင်က သူ့မိန်းမကို ချစ်ကြောင်း အမှန်ပင် ခံစားမိသွား‌တော့သည်။

ဘာအနှောင့်အယှက်မှ မရှိဘဲ ကျိုးဖင့်ရှန်းသည် နဂိုအစီအစဥ်အတိုင်း မိန်လင်ရွာတွင် အခြေချခဲ့လေသည်။

ဆယ်ရက်လောက် လည်ပတ်လိုက်ပြီးနောက် ရွှီရှောင်ကျောင်းက ကျိုးဖင့်ရှန်းကို အင်တင်တင်ဖြင့် ကားဂိတ်သို့ လိုက်ပို့ပေးရတော့သည်။

“နင် အားရင် ငါ့ဆီလာလည်အုံးနော်”

ကျိုးဖင့်ရှန်းကလည်း မပြန်ချင်ပေ။ ရွှီရှောင်ကျောင်းနှင့် အတူရှိနေလျှင် သူမ၏ပုံစံအစစ်အမှန် ဖြစ်သည်ဟု အမြဲတမ်း ခံစားမိလေသည်။

“ငါ သိပါတယ်၊ နွေရာသီအားလပ်ရက်မှာ အားရင် ပြန်လာခဲ့မယ်နော်၊ အခု ငါ ပြန်တော့မယ်နော်’

ရထား‌ပေါ်မတက်ခင် သူမက ရွှီရှောင်ကျောင်းကို ဘေးသို့ လှမ်းဆွဲလိုက်ပြီး တီးတိုးပြောလိုက်လေသည်။

“ငါ ပြောတာကို မမေ့နဲ့နော်”

ရွှီရှောင်ကျောင်းက ခေါင်းညိတ်ပြလိုက်ပြိး

“အင်း အင်း အင်း”

ကျိုးဖင့်ရှန်းက သွားများပေါ်အောင် ပြုံးကာ ပြောလိုက်လေသည်။

“ငါ့အထင်တော့ နင်က ဝတ်ကျေတမ်းကျေ လုပ်နေတာပဲ၊ ငါ ဒီရက်ပိုင်းမှာ လေးလေးနက်နက် လေ့လာလာခဲ့တာနော်၊ စုန့်ဝေဖျင်နဲ့ လွဲလို့မဖြစ်ဘူး၊ နင် ဒီအတိုင်း ဆက်လုပ်နေရင် နောက်ကျရင် နင် နောင်တရလိမ့်မယ်”

သူမ ပြီးခဲ့တဲ့ရက်အနည်းက ဒီမှာ နေခဲ့ပြီး ဘေးလူအနေနဲ့ သေသေချာချာ မြင်ခဲ့ရတယ်လေ။ စုန့်ဝေဖျင်က ရွှီ‌ရှောင်ကျောင်းကို ဘယ်လောက်တောင် ချစ်လဲဆိုတာ ပိုပိုပြီး နားလည်လာခဲ့တယ်။ သူမကတော့ သူငယ်ချင်းမလေးအတွက် ဝမ်းသာတာ‌ပေါ့။ ဒါပေမဲ့ သူငယ်ချင်းမလေးကိုလည်း စိတ်ပူမိတယ်လေ။ သူတို့နှစ်ယောက် မြန်မြန်အဆင်ပြေသွားကြဖို့ မျှော်လင့်မိတယ်။

ရွှီရှောင်ကျောင်းက သူမ၏လက်မောင်းကို တွဲထားလိုက်ပြီး

“ငါ သိပါတယ်ဟယ်၊ နင် ပြောတဲ့စကားကို မှတ်ထားပါ့မယ်၊ သွားမယ်၊ မဟုတ်ရင် ကားမမီဘဲ နေလိမ့်မယ်”

ကျိုးဖင့်ရှန်းက မပြန်ချင် ပြန်ချင်ဖြင့် ပြန်သွားတော့သည်။

ကျိုးဖင့်ရှန်းကို လိုက်ပို့ပေးလိုက်ပြီးနောက်တွင် ရွှီရှောင်ကျောင်းက သက်ပြင်းချလိုက်ပြီး

“ငါတို့တွေ နောက်တစ်ခါ ဘယ်တော့မှ ထပ်တွေ့ရမှာလဲ မသိဘူး”

စုန့်ဝေဖင်က သူမကို ကြည့်လိုက်ပြီး

“မင်း တွေ့ချင်ရင် ရာသီဥတု နွေးလာတဲ့အခါ သူ့ကို သွားတွေ့ဖို့ ငါ မင်းကို ခရီးလိုက်ပို့ပေးမယ်လေ”

ရွှီရှောင်ကျောင်း၏စိတ်အခြေအနေက အနည်းငယ် တက်ကြွလာလေသည်။

“အဆင်ပြေသားပဲ၊ ငါတို့တွေ အဲဘက်ကို ခရီးထွက်လို့ရတယ်နော်၊ ဖင့်ရှန်းက ပြောတယ် အဲဘက်မှာ ခရီးသွား လည်ပတ်ဖို့နေရာတွေ အများကြီးရှိတယ်တဲ့၊ ဒါဆိုရင် ငါတို့တွေ အတူတူသွားပျော်လို့ရတယ်”

စုန့်ဝေဖျင်သည် ပြန်လာပြီးကတည်းက အခုမှ သူမနှင့် စကားပြောဖို့ အချိန်ရလေသည်။

“ဒီတစ်ခါ ခရီးက အဆင်ပြေတယ်၊ တစ်ရက်လောက် နားပြီးမှ မနက်ဖြန် မြို့တက်ပြီး အိမ်သွားကြည့်ကြမလား”

သည်စကားက ရွှီရှောင်ကျောင်း၏ အာရုံကို လုံးဝပြောင်းသွားအောင် လုပ်ပေးလိုက်လေသည်။ နှစ်ယောက်သားက လမ်းလျှောက်ပြီး ပြန်လာခဲ့ကြသည်။ ရွှီရှောင်ကျောင်းက သူ့ကို မေးလိုက်၏။

“ဘယ်လောက် ကုန်မှာလဲ”

ပေါ်လစီက အခုမှ ဖွင့်ပေးလိုက်တာ သိထားတယ်လေ။ နေရာကောင်းတွေက အိမ်တန်ဖိုးတွေကို ဘယ်သူမှ နားလည်သေးမှာ မဟုတ်ဘူး။ ရွာက အိမ်တချို့ကို ယွမ်၁၀၀ အောက်နဲ့ ‌ရောင်းနိုင်တယ်။ မြို့မှာဆိုရင်တော့ ပိုပြီးစျေးကြီးမှာပေါ့။ ဒါပေမဲ့ အလွန်အကျွံကြီးတော့ မဖြစ်သင့်ပါဘူး။

စုန့်ဝေဖျင်က ထိုအကြောင်းကို အစောကြီးကတည်းက စုံစမ်းထားခဲ့သည်။

“ငါ မင်းကို ပြောတဲ့တစ်လုံးက ယွမ်၁,၅၀၀၊ ကျန်တဲ့တစ်လုံးက မသိမသာလေးသေးတယ်၊ ယွမ် ၁,၂၀၀ကနေ ၁,၃၀၀လောက်ကျမယ်၊ မင်း ကြိုက်တဲ့အိမ်‌ပေါ် မူတည်တယ်”

သည်အိမ်စျေးက နောက်ပိုင်းမျိုးဆက်နှင့် ယှဥ်လျှင် စျေးသက်သာသည်ဆိုသော်လည်း သည်ခေတ်ကာလတွင်တော့ ယွမ်၁,၀၀၀က လူအများစု၏ တစ်သက်စာရှာဖွေမှု ဖြစ်လေသည်။

“နင် သွားလိုက်တုန်းက မိသားစုရဲ့ငွေအားလုံးနီးပါးကို ယူသွားခဲ့တာ၊ ၁၀၀၀လောက်ရှိမယ်၊ နင် ဒီတစ်ခါ ဘယ်လောက် ရှာခဲ့တာလဲ”

စုန့်ဝေဖျင်က အလွန်မှ တော်သင့်ရုံသာ ပြန်ဖြေလေသည်။

“ငါတို့တွေ တိပ်ခွေ အသံဖမ်းစက်ကို တစ်သုတ်လောက် ပြန်ရောင်းခဲ့တယ်၊ အခု မူဝါဒကို ဖြေလျော့ပေးလိုက်ပြီ၊ အလုပ်က ပိုပြီး လွယ်ကူလာတယ်၊ နှစ်ဆလောက် ဝင်တယ်”

သည်တစ်ကြိမ်တွင် သူသည် တစ်ယောက်တည်း ထွက်လာခဲ့သည်။ သူသည် အစကတည်းက လီစန်းထျယ်ထက် ပိုပြီး သတ္တိရှိကာ သတိရှိလေသည်။ သည်တစ်ကြိမ်တွင် သူသည် အချိန်ကိုက် တွေ့ခဲ့ပြီး ထိုပစ္စည်းကို တစ်ချီတည်းနှင့် ပြန်ရောင်းခဲ့ကာ သူ့လက်ထဲတွင် ငွေနှစ်ဆ ဖြစ်လာခဲ့သည်။

ရွှီရှောင်ကျောင်းက သူ့ကို ငေးကြည့်လိုက်ပြီး

“တကယ်ကြီးလား”

စုန့်ဝေဖျင်က ခေါင်းညိတ်ပြလိုက်သည်ကို မြင်လိုက်သည်တွင် လူတချို့အတွက် ငွေရှာသည်က ထမင်းစား ရေ‌သောက်သလို ရိုးရှင်းလှသည့်ဟု ရွှီရှောင်ကျောင်းမှာ အမှန်ပင် ခံစားမိလေသည်။ စုန့်ဝေဖျင်က စီးပွားရေးလုပ်ဖို့ အမှန်တကယ်မွေးဖွားလာတဲ့သူပဲ။

“စုန့်ဝေဖျင် နင်လေ တကယ့်ကို ဩချလောက်တယ်နော်”

ဒီအရှိန်အဟုန်သာ ဆက်သွားနေရင် ရွာထဲမှာ ယွမ် ၁သောင်းတန် ပထမဆုံးအိမ်ထောင်စု ဖြစ်လာတော့မှာပဲ။

ရွှီရှောင်ကျောင်းသည် လက်နောက်ပစ်ရင်း စုန့်ဝေဖျင်ရှေ့တွင် နောက်ပြန်လျှောက်လာလေသည်။ သူမက စုန့်ဝေဖျင်ကိုကြည့်ရင်း လျှောက်လာကာ

“ငါ့အမြင်က တကယ်ကောင်းတာပဲ”

အနာဂတ်မှာ သူ အောင်မြင်လိမ့်မယ်လို့ ငါ သိနေတယ်လေ။ ဒါပေမဲ့ ငါ့မျက်လုံးနဲ့ သူ တစ်ဆင့်ချင်း အောင်မြင်လာတာကို ကြည့်နေရတာတော့ တကယ့်ကို မတူဘူး။

သူမက ဂုဏ်ယူပြီးရင်း ဂုဏ်ယူနေသည်ကို တွေ့ရသဖြင့် သူ့နှုတ်ခမ်းထောင့်များက မသိမသာ မြင့်တက်သွားပြီး

“ဒါတွေအားလုံးက မိန်းမရဲ့သင်ကြားပြသပေးတာကြောင့်ပါ”

ရွှီရှောင်ကျောင်းက သည်တစ်ကြိမ်တွင်တော့ ဝန်ခံလေသည်။

“ဟုတ်လေစွ၊ ဟုတ်လေစွ”

သည်တစ်ကြိမ်တွင် သူမက မငြင်းလိုက်သဖြင့် စုန့်ဝေဖျင်က အနည်းငယ် အံ့ဩသွားတော့သည်။

သူ၏အံ့ဩနေသည့်ရုပ်ကို တွေ့လိုက်ရသဖြင့် ရွှီရှောင်ကျောင်းက မနေနိုင်တော့ဘဲ အော်ရယ်လိုက်ကာ

“စုန့်ဝေဖျင် နင် ဘယ်လောက်တောင် ရူးကြောင်ကြောင်ဖြစ်သွားလဲ ကြည့်ပါအုံး၊ ဟား ဟား ဟား”

စုန့်ဝေဖျင်က သတိပြန်ဝင်လာပြီး သူမကို မေးလိုက်လေသည်။

“ဒါဆိုရင် ငါ အိပ်ရာဝင်စကားပြော လို့ရပြီလား”

ရွှီရှောင်ကျောင်းက နားမလည်ချေ။

“ဘာ အိပ်ရာဝင်စကားလဲ”

စုန့်ဝေဖျင်က မာချွန်း ပြောခဲ့သည့်စကားကို သူမကို ပြောပြလိုက်လေသည်။

ရွှီရှောင်ကျောင်းက အော်ရယ်လိုက်ပြီး

“ဪ နင်နဲ့ မာချွန်းက ဒီအကြောင်းတောင် ပြောခဲ့ကြတာပေါ့လေ၊ ငါသာ စောစောကတည်းက သိခဲ့ရင် မာချွန်းကို ပြောလိုက်ပါတယ်၊ နင်က အိပ်ရာဝင်စကား ပြောစရာမလိုဘူးလို့၊ ငါ သူ့ကို ကူညီပြီးပါပြီ၊ ဖင့်ရှန်း ကြည့်ရလည်း မာချွန်းကို စိတ်ဝင်စားတဲ့ပုံပါပဲ၊ ငါတို့တွေ သူတို့ကို နောက်တစ်ခါ ထပ်တွေ့ရင် သူတို့တွေ တွဲနေကြလောက်ပြီ”

မာချွန်းကာ စုန့်ဝေဖျင်ထံတွင် နှိမ့်ချပြီး စုန့်ဝေဖျင်က သူ့ကို ကူညီပေးဖို့ မျှော်လင့်နေပုံကို စဥ်းစားမိတော့ သူမသည် အော်ရယ်ချင်သွားတော့သည်။ အာရုံလွှတ်သွားပြီး သူမက နောက်ပြန်လျှောက်ရင်း ကျောက်တုံးတစ်တုံးကို မတော်တဆ နင်းမိပြီး လဲကျမလိုဖြစ်သွားတော့သည်။

“သတိထား”

စုန့်ဝေဖျင်က သူမ၏လက်မောင်းကို ဖမ်းဆွဲထားလိုက်သည်။

“ကျေးဇူး”

ရွှီရှောင်ကျောင်းက သူ့ရင်ဘတ်ကို ပုတ်လိုက်၏။ သူမသည် လဲကျတော့မလို ဖြစ်သွားတော့သည်။

စုန့်ဝေဖျင် သူမကို ငုံ့ကြည့်လိုက်ပြီး

“မင်း ငါ့ကို တကယ်ကျေးဇူးတင်ချင်ရင် ငါတို့တွေ ဆွေးနွေးလို့ရပါတယ်”

ရွှီရှောင်ကျောင်းက မျက်တောင်ခတ်လိုက်ပြီး

“ဘာကိုလဲ”

စုန့်ဝေဖျင်က

“ငါတို့တွေ အိမ်အသစ်ကို ပြောင်းကြရင် ငါတို့အိပ်ခန်းထဲက အိပ်ရာကို ပိုသေးတဲ့တစ်လုံးနဲ့ လဲရလိမ့်မယ်”

“ပြီးတော့ ဒီတစ်ခါ မီးဖိုရတဲ့ခုတင် မလိုတော့ဘူး၊ အခုချိန်ကစပြီး ငါက မင်းအိပ်ရာလေးကို နွေးအောင် လုပ်ပေးရလိမ့်မယ်”

...

အပိုင်း (၄၇) အိမ်တစ်လုံးဝယ်ခြင်း

နောက်တစ်နေ့တွင် အိမ်ကို လိုက်ကြည့်ချိန်၌ ရွှီရှောင်ကျောင်းသည် အိပ်ခန်းထဲသို့ ရောက်လာသောအခါ မနေ့က စုန့်ဝေဖျင်ပြောခဲ့သည့် စကားကို ရုတ်တရက် သတိရသွားတော့သည်။

သည်အခိုက်တွင် သူ့၏လေးနက်သည့်မျက်နှာကို ကြည့်လိုက်မိပြီး သူက သည်လိုခွေးစကားမျိုး ပြောလိမ့်မည်ဟု သူမမှာ လုံးဝမျှော်လင့်မထားခဲ့ချေ။

ရွှီရှောင်ကျောင်းက အိပ်ခန်း အကျယ်အဝန်းကို ကြည့်လိုက်၏။ သူတို့ရဲ့ပင်မအိပ်ခန်းက မသေးဘူး။ အိပ်ခန်းတစ်ခန်းနဲ့ ဧည့်ခန်းတစ်ခန်း ခွဲလိုက်လို့ရတယ်။ မြောက်ဘက်မှာ တစ်ယောက်ခန်းငယ်လေးတစ်ခုလည်း ရှိတယ်။ အိပ်ရာကို ပိုကြီးတာလုပ်ရင်ကောင်းမလား။ ပိုသေးတာ လုပ်ရင်‌ကောင်းမလား။

ဒါက စုန့်ဝေဖျင်ရဲ့ လုပ်ဆောင်ချက်အပေါ် မူတည်တယ်။ ရွှီရှောင်ကျောင်းက စဥ်းစားလိုက်၏။ သူက ငါ့ကို ပျော်အောင်ထားရင်တော့ ပုံမှန်အရွယ် ဝယ်လိုက်မယ်။ ပိုသေးတာဆိုရင်လည်း ညှိနှိုင်းလို့ရပါတယ်။ စုန့်ဝေဖျင်က ငါ့ကို ပျော်အောင်မထားရင်တော့...ဟွန်း... အခန်းခွဲ အိပ်လိုက်ရုံပဲ။

ဒါပေါ့။ ငါလေးက စိတ်ကူးသေးသေးလေးတွေ တစ်ခုမှ မပေါ်စေရဘူး။ စုန့်ဝေဖျင်ကဲ့သို့ပင် သူမက အလွန်တည်ငြိမ်သည့် မျက်နှာတစ်ခုကို ဆောင်ထားလိုက်တော့သည်။ အိမ်လေးတစ်လုံး ဝယ်တာပဲလေ။ နောက်ဆိုရင်လည်း အိမ်တွေ ဝယ်ရမဲ့အခွင့်အရေးတွေ ထပ်ရှိလာအုံးမှာ။

သို့သော်ငြား အဘွားစုန့်၊ ဝူချွန်းဟွားနှင့် ရွှီရှောင်ကန်းတို့သည် မြို့ငယ်လေးတွင် အိမ်တစ်လုံး ဝယ်ယူခြင်း၏ တုန်လှုပ်မှုထဲတွင် နစ်မြှုပ်နေဆဲ။ သည်အချိန်တွင သူတို့သည် သည်ခြံဝင်းငယ်လေးကို ပတ်ကြည့်နေကြပြီး သူတို့၏နှလုံးသားများက လွင့်မျောနေကြတော့သည်။

“အမေတို့တွေ ဒီအိမ်ကို တကယ်ဝယ်မလို့လား” ဝူချွန်းဟွားက သည်မေးခွန်းကို မ‌ရေမတွက်နိုင်အောင် မေးလေသည်။

ရွှီရှောင်ကျောင်းက ခေါင်းညိတ်ထောက်ခံလိုက်ပြီး

“စုန့်ဝေဖျင်က ပြောတယ်၊ သမီးတို့တွေ ကောင်းတယ်လို့ထင်ရင် ဝယ်လို့ရတယ်တဲ့၊ အမေ ဘယ်လိုထင်လဲ”

ဝူချွန်းဟွားက မြန်မြန်ခေါင်းညိတ်လိုက်ပြီး

“အမေက ဘာထင်ရအုံးမှာလဲ၊ ဒီအိမ်က တကယ့်ကို ကောင်းနေပြီပဲ”

အိမ်ပုံစံက မြောက်ဘက်တွင် ရှိပြီး တောင်ဘက်ကို မျက်နှာမူထားသည်။ တောင်ဖက်ဘေးတံခါးက လမ်းမပေါ်သို့ တန်းရောက်သည်။ မြောက်ဘက်တွင် လေးခန်း၊ အနောက်ဖက်တွင် မီးဖိုဆောင်နှင့် တောင်ဘက် ဝင်ပေါက် တစ်ဖက်တစ်ချက်တွင် အခန်းပိုလေးနှစ်ခန်းရှိသည်။ သည်သပ်ရပ်သည့် အခန်းဖွဲ့စည်းပုံက အလင်းရောင် ကောင်းကောင်းဝင်နိုင်သည်။

စုန့်ဝေဖျင်က ဘေးမှ မိတ်ဆက်ပေးသည်။

“ဒီအိမ်က စုစုပေါင်း အခန်း၅ခန်းရှိတယ်၊ ခုနက ဟိုဖက်လမ်းမှာ ကျွန်တော်တို့ ကြည့်ခဲ့တစ်လုံးက ၄ခန်း၊ ဒီအိမ်ထပ် ပိုသေးတယ်၊ ဒီတစ်လုံးက ပိုကောင်းတယ်လို့ ကျွန်တော်လည်း ထင်တယ်၊ အဘွားနဲ့အမေ တကယ်လို့ သင့်တော်တယ်ထင်ရင် ဒီအိမ်ကို ဝယ်လိုက်မယ်လေ”

အဘွားစုန့်နှင့် ဝူချွန်းဟွားတို့က သူတို့နောက်ဆုံး ဆုံးဖြတ်ချက်ကို မပြောရသေးခင်မှာပင် ရွှီရှောင်ကန်းက အားတက်သရော ပြောလေသည်။

“ကောင်းတယ်၊ ယောက်ဖ၊ ကျွန်တော်ကတော့ ဒီတစ်လုံး သင့်တော်တယ်လို့ မြင်တယ်၊ ဒီအိမ်က ကျွန်တော်တို့ ကျောင်းနဲ့ ပိုနီးတယ်၊ ဒီအိမ်ကို ဝယ်လိုက်ရင် ကျွန်တော် အိမ်မှာ နာရီဝက် ပိုအိပ်လို့ရပြီ။ ဘယ်လောက် ကောင်းလိုက်သလဲ”

ဝူချွန်းဟွားသည် သားဖြစ်သူက အာကျယ်အာကျယ်ဖြင့် ပေါက်ကရ ပြောနေသည်ကို တွေ့လိုက်ရလေသည်။ အိမ်ကြီးက ဘယ်လောက်ကောင်းတယ်ဆို ဘယ်သူက မသိလို့တုံး။ သားဖြစ်သူကတော့ ဘာမှမသိတဲ့ပုံနဲ့ လုပ်နေပြန်ပြီ။ သူမ လက်ကိုမြောက်က သူ့ခေါင်းကို ဖိထားလိုက်ပြီး ရွှီရှောင်ကန်းကို ဘေးသို့တွန်းဖယ်လိုက်ကာ

“ဝေဖျင်၊ ဒီအိမ်က ကောင်းပါတယ် ဒါပေမဲ့ သေချာပေါက် စျေးကြီးမှာပဲ၊ အမေတို့ရွာက သုံးခန်းတွဲအိမ်တောင် ယွမ်ရာကျော်ရှိတာ၊ ဒါက မြို့လေ၊ ဒီတော့ ငွေအများကြီး ပိုပေးရမှာ”

အဘွားစုန့်သည် မငယ်တော့သော်လည်း သူမက အမြဲတမ်း အလွန်တက်ကြွလေသည်။ မြေးဖြစ်သူက သူမကို မြို့သို့ခေါ်ကာ ကံကောင်းမှုကို ခံစားစေချင်သည်။ သူမက စိတ်ထဲတွင် အလွန်မှ ကြည်နူးရလေသည်။ သူမသည် မိန်လင်ရွာက အိမ်ဟောင်းလေးကို အနည်းငယ် မခွဲနိုင်ဖြစ်မိသော်လည်း နောက်ဆုံးတွင် သူမ၏မြေးလေးနှင့် မြေးမလေးတို့က ပိုအရေးကြီးသည်။

“ဟုတ်တယ်၊ ဒီငွေက နည်းတဲ့ပမာဏမဟုတ်ဘူး၊ လူလေးဖျင် အဘွားတို့ ဇာတိက အိမ်ကို ရောင်းလိုက်ကြရင်ကော”

ရွှီရှောင်ကျောင်းက ချက်ချင်း ပြန်ချေပ၏။

“မရောင်းရပါဘူး”

အဘွားက ထုတ်မပြောဘူးဆိုပေမဲ့ လူတစ်ယောက်ရဲ့ ဇာတိကို မခွဲနိုင်ဖြစ်ရတဲ့ခံစားချက်ကို နားလည်ပါတယ်။ ပြီးတော့ မိန်လင်ရွာက အခုမှ ရွာငယ်လေးတစ်ခုပဲ ရှိသေးတယ်။ တရွာလုံးက ညီညာတဲ့မြေမျက်နှာသွင်ပြင် ရှိပြီး နေရာလည်း ကောင်းတယ်။ နောက်ပိုင်းကျရင် ကျေးလက် ဖွံ့ဖြိုးရေးကို သေချာပေါက် ကောင်းကောင်းစီစဥ်ပြီး မြေတွေကို ကောင်းကောင်း နေရာချထားလိမ့်မယ်။ နောက်ဆိုရင် တန်ဖိုးတက်လာမှာဆိုပေမဲ့ အခုချိန်ရောင်းရင်တော့ အမြတ်ရနိုင်မှာ မဟုတ်ဘူး။

သူမက အဘွားစုန့်နှင့် ဝူချွန်းဟွားတို့၏လက်ကို တစ်ဖက်စီ ကိုင်ထားလိုက်ပြီး

“အဘွား၊ အမေ၊ စိတ်မပူပါနဲ့၊ သမီးမှာ ငွေအလုံအ‌လောက် ရှိပါတယ်၊ အိမ်ဝယ်ပြီးရင်တောင် ငွေတချို့ ကျန်သေးတယ်၊ ပြီးတော့ အခု လုပ်ငန်းတွေကို ခွင့်ပြုထားလိုက်ပြီလေ၊ နောက်ဆိုရင် သမီးတို့ဝက်စတူးက မြို့ကို ‌ရောက်လာလိမ့်မယ်၊ သမီးတို့တွေ ပွင့်ပွင့်လင်းလင်း ရောင်းလို့ရပြီ၊ ပြီးတော့ ကိုကိုဝေဖျင်နဲ့သမီးလည်း အိမ်တောင်ဖက်က အနောက်ဘက်ဆောင်မှာ ဝက်သားနှပ်ဆိုင်ဖွင့်ဖို့ တိုင်ပင်ထားတယ်၊ အမေက သူဌေးလုပ်၊ ပြီးတော့ အဘွားက အားရင် ကူညီပေးနိုင်တယ်၊ အခုချိန်ကစပြီး သမီးတို့တွေ အိမ်မှာထိုင်ရင်း ငွေရှာနိုင်ပြီ”

သည်စကား ထွက်လာသည်နှင့် တစ်ပြိုင်နက် မိန်းမနှစ်ယောက်၏ အာရုံက ချက်ချင်း ပြောင်းသွားတော့သည်။

ဝူချွန်းဟွား၏ အတွေးများကတော့ လူအများစုလိုပင် အရိုးစွဲနေလေသည်။

“အို အမေက မလုပ်ပါဘူး၊ တစ်ယောက်ယောက်က တွေ့သွားရင် အဖမ်းခံနေရပါအုံးမယ်”

ဆန့်ကျင်ဘက်အနေဖြင့် အဘွားစုန့်၏စိတ်ကတော့ လိုက်လျောညီထွေ ရှိနေသည်။ စီးပွားရေးလုပ်ခြင်းကို တစ်ဦးချင်း တားမြစ်တားသည့် မူဝါဒက သူမ၏ဘဝတွင် အချိန်ကာလတစ်ခုအထိသာ ရှိခဲ့သည်။ သူမက ပြောလိုက်၏။

“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ၊ နင် ရုပ်မြင်သံကြား မကြည့်ဘူးလား၊ အခု မူဝါဒတွေကို ဖွင့်ပေးလိုက်ပြီ၊ အထက်က ခေါင်းဆောင်တွေကလည်း တစ်ဦးချင်း လုပ်ငန်းကို အားပေးနေပြီ၊ ရှောင်ကျောင်း ပြောတဲ့အလုပ်ကတော့ ဒီစိတ်ကူးက အလုပ်ဖြစ်လိမ့်မယ်”

သူတို့မိသားစု၏ ဝက်စတူးနှင့် အသားပေါင်မုန့်က မည်မျှနာမည်ကြီးမှန်း သူမ သိထားလေသည်။ အစပိုင်းတွင် သူမ၏မြေးလေးက အသား ၂-၃ကီလိုလောက် ရောင်းခဲ့သည်။ ဒါက များသည်ဟု ဆိုနိုင်သည်။ သို့သော် နောက်ပိုင်းတွင် သူက တစ်နေ့လျှင် ၁၀ကီလိုကျော် ရောင်းရခဲ့သည်။ တချို့လူများက သူ့ကို ကြိုပြီး မှာထားကြသည်။ သူမ၏ မျက်မြင်အတွေ့အကြုံအရ သူတို့သည် မြို့လေးတွင် ဝက်စတူးဆိုင် အမှန်တကယ်ဖွင့်ခဲ့လျှင် အခြေအနေဆိုးလိမ့်မည် မဟုတ်ပေ။

ရွှီရှောင်ကျောင်းက စာရင်းကို ချက်ချင်း တွက်ပြလိုက်ပြီး အမြင့်ဆုံးရောက်အောင် လှုံ့ဆော်လိုက်တော့သည်။

“အမေ သမီးတို့ရဲ့ဝက်စတူး ဘယ်လောက်‌တောင် နာမည်ကြီးလဲ သိရဲ့လား၊ ပြီးတော့ ဒါက လျှို့လျှို့ဝှက်ဝှက် ရှိနေတုန်းပဲ၊ သမီးတို့တွေ ဆိုင်တစ်ခုဖွင့်ပြီး ပွင့်ပွင့်လင်းလင်း ရောင်းရင် လာဝယ်တဲ့သူတွေ သေချာပေါက် ပိုများလာမှာ၊ အသား ၁ကျင်းကို ၆၀-၇၀ဖန်းလောက် ရှာနိုင်တယ်၊ သမီးတို့တွေ တစ်နေ့ကို ၃-၄ပေါင်ရောင်းပြီး ရိုကျားမို ထည့်လိုက်ရင်း တစ်နေ့ကို ၃-၄ယွမ်လောက် အလွယ်လေးရှာနိုင်တယ်၊ ဒါကို တွက်ကြည့်လေ၊ သမီးတွေ တစ်လကို ယွမ်တစ်ရာကျော် ရှာနိုင်နေပြီ၊ အမေလည်း တွက်တတ်ပါတယ်၊ တစ်နှစ်ဘယ်လောက်ဖြစ်ရသွားမလဲ”

ရွှီရှောင်ကန်းက သူ့လက်‌ချောင်းများကို ထုတ်လိုက်ပြီး သူ့မျက်လုံးများက ဝိုင်းစက်သွားတော့သည်။

“အမေ တစ်ထောင်ကျော်”

ဝူချွန်းဟွားသည် ထိုစကားကို ကြားလိုက်ပြီးနောက် အသက်ရှူရပ်သွားတော့သည်။

“တကယ်ပဲလား”

ရွှီရှောင်ကျောင်းက ခေါင်းညိတ်ထောက်ခံလိုက်ပြီး

“ အမေ့သမီးနဲ့ သမက်က အရှုံးပေါ်တဲ့ စီးပွားရေးလုပ်တာ ဘယ်တုန်းက တွေ့ဖူးလို့လဲ”

ထိုသို့ပြောလိုက်တော့ ဝူချွန်းဟွားက သည်တစ်ကြိမ်တွင် တွေဝေမနေတော့ဘဲ သည်ငွေကို လိုလိုလားလား စွန့်ခွာလိုက်တော့သည်။ သူမသည် အနည်းငယ် စိတ်လှုပ်ရှားမိသလိုပင် ခံစားနေရပြီး သူမ၏အင်္ကျီလက်ကို လိပ်တင်ကာ တစ်ခုခု ကြီးကြီးမားမား လုပ်ဖို့ အသင့်ဖြစ်နေလေသည်။

“အဲလို သတ်မှတ်လိုက်ပြီ၊ အမေ့အမြင်တော့ ဒီအိမ်က ကောင်းပါတယ်”

မိသားစုက တညီတညွတ်တည်း သဘောတူလိုက်ကြပြီး စုန့်ဝေဖျင်က တွေဝေမနေချေ။ သူသည် ထိုနေ့မှာပင် တစ်ဖက်လူနှင့် သဘာတူစာချုပ်လုပ်ခဲ့ပြီး စရံချထားလိုက်သည်။

သည်အိမ်ကို လူအိုလင်မယားနှစ်ယောက်က ပိုင်ဆိုင်ခဲ့သည်။ အစက မိသားစုတွင် မြို့၌ အစိုးရအလုပ်တစ်ခု ရှိသည့် သားတစ်ယောက်ရှိပြီး မိသားစုက မြို့ရှိ သည်လိုအိမ်တွင် နေလာကာ ကြွယ်ဝသည့်ဘ၀တစ်ခုတွင် နေထိုင်ခဲ့ကြသည်။ မျှော်လင့်မထားဘဲ သားဖြစ်သူက သည်ဘဝကို ပျော်ရွှင်ဖို့ လုံလောက်သည့် ကံကောင်းခြင်း လုံးဝပါမလာပေ။ အပြင်းအထန် နေမကောင်းဖြစ်ပြီးနောက် သူသည် ဆုံးပါးသွားခဲ့သည်။ ကလေးမရှိတော့သဖြင့် လူအိုလင်မယားက အလွန်ဝမ်းနည်းကြကာ သူတို့၏ ချစ်ရသူများကို လွမ်းဆွတ်ကြလေသည်။ ထို့ကြောင့် သူတို့သည် သည်အတိုင်း သူတို့၏ ဇာတိမြေသို့ ပြန်ပြောင်းသွားခဲ့ကြသည်။ အိမ်ကို အလွတ်အတိုင်းထားပြီး ရောင်းချဖို့ အဆင်သင့်ဖြစ်နေသည်။

သို့သော် သည်လောက်အချိန်အကြာအကြီးအထိ သူတို့သည် အိမ်ကို မရောင်းနိုင်သဖြင့် သန့်ရှင်းရေးလည်း လုံးဝ မလုပ်ကြတော့ပေ။ စားပွဲ၊ ကုလားထိုင်၊ ထိုင်ခုံရှည်လို ကြီးမားသည့်ပစ္စည်းတချို့ကို ဖရိုဖရဲ ချထားသည်။

စရံငွေချေပေးလိုက်ပြီးနောက် စုန့်ဝေဖျင်က အဘိုးကြီးလင်မယားနှင့် သဘောတူညီချက်တစ်ခု လုပ်ထားလိုက်သည်။ သူတို့က ပစ္စည်းများကို ပြောင်းရွှေ့ချင်လျှင် ထုပ်ပိုးပြီး ပြောင်းရွှေ့နိုင်သည်။ စီစဥ်မှုများ ပြီးသ‌လောက်ရှိသည်နှင့် သူက ကျန်သည့်ငွေကို ပေးချေပြီး အိမ်ကို လက်လွှဲယူလိုက်မည်။

အဘိုးကြီးလင်မယားက အလွန်ဝမ်းသာသွားပြီး ပစ္စည်းအားလုံးကို လက်‌ဆောင်အဖြစ် ချက်ချင်း ပေးလိုက်တော့သည်။ စုန့်ဝေဖျင်က အချိန်ဆွဲမနေဘဲ သူတို့သည် နှစ်ရက် သုံးရက်အတွင်း အိမ်ကို ပိုင်ဆိုင်သွားကြတော့သည်။

ပါးလွှာသည့်မြေစာချုပ်တစ်ခုကို ရွှီရှောင်ကျောင်း၏လက်ထဲသို့ လှမ်းပေးလိုက်လေသည်။

ရွှီရှောင်ကျောင်းက စာချုပ်ကို ယူလိုက်ပြီး စိတ်ဝင်တစားနှင့် သေသေချာချာ ကြည့်လိုက်ပြီး

“စုန့်ဝေဖျင် ဒါက ငါတို့ရဲ့ပထမဆုံး ပိုင်ဆိုင်မှုပဲနော်”

စုန့်ဝေဖျင်က အပေါ်ယံတွင်တော့ ခံစားချက် များများစားစား မရှိသော်လည်း သူ့ရင်ထဲတွင် စိတ်မလှုပ်ရှားပါဟု ဆိုလျှင်တော့ လိမ်ရာကျပေမည်။

လွန်ခဲ့တဲ့ ၅နှစ်ကသာ တစ်စုံတစ်ယောက်က သူ့ဘဝမှာ ယွမ်ငွေတစ်ထောင် ရှာဖွေနိုင်ပြီး စက်ဘီးတစ်စီးနဲ့ ရောင်စုံရုပ်မြင်သံကြားစက်ကိုလဲ ဝယ်နိုင်တယ်လို့ ပြောလာရင် စုန့်ဝေဖျင်က ယုံကြည်မှာတောင် မဟုတ်လေဘူး။

အဲဒီတုန်းက သူ့မိသားစုမှာ အကြွေးဆိုလည်း အများကြီး။ သူ့အဘွားကလည်း ကျန်းမာရေးမကောင်း။ ဒါနဲ့ သူလည်း သူ့ရဲ့နေ့ရက်တွေကို တစ်ချက်ကလေးမှ မယိမ်းယိုင်ဘဲ နေ့တိုင်း အလုပ်လုပ်ပြီး လယ်ထဲဆင်းရင်း ကုန်ဆုံးခဲ့ရတာ။

ဒါပေမဲ့ ရွှီရှောင်ကျောင်း သူ့ဘဝထဲမှာ ပေါ်လာပြီးကတည်းက အားလုံးက ပြောင်းလဲသွားခဲ့တယ်။

အတိတ်က သူခံစားခဲ့ရတာတွေအားလုံးက တစ်နေ့ သူမ ရောက်လာမှာကို စောင့်နေခဲ့ရတဲ့အတိုင်းပဲ။

ဒီလိုနဲ့ အရာအားလုံးက အဓိပ္ပာယ်ရှိလာတော့တယ်။

စုန့်ဝေဖျင်က သူမကို ငုံ့ကြည့်လိုက်ပြီး

“ငါ အရင်ဆုံး အိမ်ကို သန့်ရှင်းရေးလုပ်လိုက်မယ်၊ မင်းမှာ စိတ်ကူးရှိရင် ငါတို့တွေ အတူတူ ပြန်ပြင်ဆင်လို့ရတယ်လေ”

ထိုအကြောင်းပြောလိုက်တော့ ရွှီရှောင်ကျောင်းသည် စိတ်ဝင်စားလာတော့သည်။

“အင်း ရှိတယ်၊ ငါ့မှာ စိတ်ကူးတွေအများကြီး ရှိတယ်၊ ငါ့ အမြင်တော့ ခြံဝင်းက မငယ်ပါဘူး ပြီးတော့ တလဲသီးပင်ကလည်း ကောင်းတယ်လေ၊ သစ်ပင်ဘေးမှာ ဒန်းစီးခြင်းလေးတစ်ခု ချိတ်ကြရအောင်”

သည်ခေတ်တွင် ကျေးလက်ဒေသ၌ ဒန်းကပင် ရှားပါးလေရာ ဒန်းစီးခြင်းဆိုလျှင်တော့ ပြောရန်ပင်မလိုချေ။ ရွှီရှောင်ကျောင်းက လက်ညှိုးထိုးပြလိုက်ပြီး စုန့်ဝေဖျင်က နည်းပြလိုက်သည်။ သူက နားမလည်နိုင်သေးမှန်း ထင်မိသဖြင့် သူမက သူ့ကို သည်အတိုင်း အိမ်ထဲသို့ ဆွဲခေါ်လာပြီး ပုံဆွဲပြလိုက်လေသည်။

“ကြည့်၊ အဲလိုပုံ၊ အပေါ်က တစ်ခုက ရွေ့လျားနိုင်ဖို့လိုတယ် ဒါမှ သူ့ကို လွှဲလို့ရမှာ၊ ဒါပေမဲ့ လူတွေ ထိုင်လို့ရနိုင်တဲ့ ချိတ်ဆွဲခြင်းတောင်းလိုဟာမျိုး ရှိပါ့မလားမသိဘူး၊ အရမ်းကြီး ကောင်းစရာမလိုဘူး၊ ဘာပဲဖြစ်ဖြစ် သူ့ကို စောင် ဒါမှမဟုတ် တစ်ခုခုနဲ့ ခင်းထားမှာဆိုတော့လေ၊ ဒါပေမဲ့ ခိုင်မှတော့ဖြစ်မယ်”

စုန့်ဝေဖျင်က သူမ ဆွဲထားသည့်ပုံကို သေသေချာချာ လေ့လာလိုက်ပြီး အခြေခံစိတ်ကူးတစ်ခု ရသွားတော့သည်။ မိုးရွာလျှင် ချိတ်ဆွဲခြင်းတောင်းကို ဖုံးရမည့်နည်းလမ်းကိုပင် စဥ်းစားခဲ့လေသည်။

“ချိတ်ဆွဲခြင်းတောင်းက ရိုးရှင်းပါတယ်၊ ရွာက ဦးလေးကျောက် လုပ်နိုင်တယ်၊ ခြင်းတောင်းဖြစ်နေသ၍ ဘယ်လောက်ကြီးကြီး သေးသေး သူ အကုန်လုပ်တတ်တယ်”

ရွှီရှောင်ကျောင်းက သူ့ခေါင်းကို ရိုက်လိုက်ပြီး

“အေးလေ၊ ငါ ဘာလို့ ဦးလေးကျောက်ကို မေ့နေရတာလဲ၊ သူ့နာမည်ပြောင်ကဖြင့် ခြင်းတောင်းရက်တဲ့ဦးလေးကျောက် ပါဆို၊ သူ့ကို ရှာရင် သေချာပေါက် မှန်မှာပဲ၊ စားပြီးရင် သူ့ကို သွားရှာရအောင်၊ အချိန်ကြာမှာ မဟုတ်ဘူး”

နေ့လယ်စာစားချိန်တင် မိသားစုက တက်ကြွသည့်ဟန်များဖြင့် အတူတူထိုင်လိုက်ကြပြီး စုန့်ဝေဖျင်က ရွှီရှောင်ကျောင်းကို ချိတ်ဆွဲခြင်းတောင်းတစ်လုပ်ပေးမည့် သတင်းကို နားထောင်လိုက်ကြလေသည်။ ထိုနောက်တွင် အားလုံးက အိမ်အသစ်ကို မည်သို့ ပြင်ဆင်သင့်ကြောင်း စတင် ဆွေးနွေးကြတော့သည်။

“တံခါးရဲ့တစ်ဖက်တချက်မှာ ပန်းခင်း လုပ်မယ်၊ နှင်းဆီ စိုက်မယ်၊ သူတို့တွေက နှစ်တဝက်လုံး ပွင့်ကြတာ”

ဒါက ပန်းကြိုက်သည့် အဘွားစုန့်ပင်။ အခုတော့ သူမသည် အများကြိး ကျန်းမာလာပြီး အိမ်တွင်လည်း လယ်ယာအလုပ် မရှိတော့ပေ။ သူမသည် ပန်းပင်နှင့် အပင်စိုက်ခြင်းဝါသနာတစ်ခုကို ရလာတော့သည်။

“အနောက်ဘက်ခန်း နံရံက နည်းနည်းမှောင်နေတယ်လို့ ထင်တယ်၊ လင်းရှင်းပြီး သန့်ရှင်းနေတယ်လို့ မြင်ရအောင် အဖြူရောင်သုတ်ဖို့လိုမယ်”

ဒါက လုပ်ရဲကိုင်ရဲစိတ်ဓာတ် ရှိလာသည့် ဝူချွန်းဟွားပင်။ ရွှီရှောင်ကျောင်းက သူတို့သည် ဝက်စတူးဆိုင် ဖွင့်မည်ဟု သူမကို ပြောလိုက်ပြီးကတည်းက သူမက ထိုကိစ္စကို အလေးအနက်ထားကာ အလုပ်ကောင်းတစ်ခုကို လုပ်ရမည့်နည်းလမ်းကို နေ့တိုင်း စဥ်းစားနေခဲ့လေသည်။

အစတုန်းကတော့ သမီးနဲ့သမက်က ဒီဝက်စတူးဆိုင်ကို ဖွင့်တာ စိတ်ကူးကောင်းတစ်ခုပဲလို့ သူမ စဥ်းစားနေခဲ့တာလေ။ ဒါပေမဲ့ ရွှီရှောင်ကျောင်းက ပြောလာတယ်။ စုန့်ဝေဖျင်က နောက်ဆိုရင် အလုပ်ကိစ္စ ခရီးခဏခဏ ထွက်ရမှာတဲ့။ သူမက အားနေတော့ အိမ်မှာလည်း ဝက်စတူး ရောင်းလို့ရတယ်တဲ့။ ဒါကလည်း ကွက်တိဖြစ်တာပါပဲ။ သူမက အဲကိစ္စကို စဥ်းစားထားတယ်။ သူမရှာထားတဲ့ ငွေတစ်ဝက်ကို သမက်ကို ပြန်ပေးတာနဲ့ အတူတူပါပဲ။ သူမက ဒါကို သဘောပေါက်သွားတော့ အိမ်ပြောင်းဖို့ကို စပြီး မျှော်လင့်တတ်လာပြီလေ။

“အိမ်အသစ်က ကျောင်းနဲ့နီးတယ်၊ အချိန်ကျရင် ကျွန်တော့် အခန်းဖော်တွေကို ခေါ်လာပြီး ရိုကျားမို ဝယ်ခိုင်းရမယ်၊ ကျွန်တော် ရိုကျားမိုကို ကျောင်းထုပ်သွားပြီးကတည်းက ကျွန်တော့် အတန်းဖော်တွေကို စားချင်နေကြတာ၊ ကျွန်တော်တို့ရဲ့ ရိုကျားမို ဆိုင်ဖွင့်ရင် ကျွန်တော်က သူတို့ ပြောပြပြီး ဝယ်စားဖို့ သူတို့ကို ခေါ်လာမယ်”

ဒါက ကိစ္စကို အတည်မပြုရသေးခင် အ‌ရောင်းမြှင့်တင်ဖို့ စတင်စဥ်းစားနေသည့် ရွှီရှောင်ကန်းပင်။

ရွှီရှောင်ကျောင်းက ရွှီရှောင်ကန်းက ဆိုင်ကို အရောင်းမြင့်တင်ပေးခြင်းကို ဝမ်းသာမိလေသည်။ ကျောင်းသားများက အစားအသောက် စားသုံးရာတွင်အဓိကအင်အား ဖြစ်လေသည်။ ကျောင်းသွားနိုင်သူများက ဆိုးရွားသည့် မိသားစုနောက်ခံအခြေအနေ ရှိကြလိမ့်မည်မဟုတ်ပေ။ သူတို့ပစ္စည်းက ကောင်းနေသ၍ အလွယ်တကူ ရောင်းနိုင်လိမ့်မည်။

သို့သော် သူမက ရွှီရှောင်ကန်းကို သတိပေးရသေးသည်။

“ဝက်စတူးနဲ့ ရို့ကျားမိုက မလုပ်ရသေးဘူးနော်၊ ဒီတော့ အဲအကြောင်း လျှောက်ကြွားပြီး နေရာတိုင်း ထုတ်ပြောမနေနဲ့”

ရွှီရှောင်ကန်းတွင် ကြွားဝါလိုစိတ် ရှိသည်ကို သိလိုက်ရပြီးကတည်းက မောင်ဖြစ်သူက ပါးစပ်ကို စည်းမစောင့်ဘဲ စက်သေနတ်လို ဆူညံ့နေတတ်သည့် ရွာထဲက ထိုအဒေါ်ကြီးများလို ဖြစ်သွားမည် စိုးသဖြင့် သူမက သူ့စကားများကို စတင် ထိန်းချုပ်ရတော့သည်။

ရွှီရှောင်ကန်းက သူ့နှုတ်ခမ်းကို ဆူထားလိုက်ပြီး

“မမ နင်က လုပ်လို့မပြီးသေးတဲ့ ကိစ္စအကြောင်း မပြောရဘူးလို့ ပြောထားတာမလား၊ ငါ နင့်စကား နားထောင်ပါတယ်နော်၊ ငါတို့တွေ အိမ်အသစ် ဝယ်ထားပြီးပြီဆိုတော့ အိမ်အကြောင်းတော့ ပြောလို့ရတယ်လေ”

ရွှီရှောင်ကျောင်းသည် ထိုစကားကို ကြားလိုက်ရသောအခါ ချက်ချင်းပင် ဆွံ့အမိသလို ခံစားလိုက်ရတော့သည်။ ငါလေးရဲ့ ဒီမောင်လေးကတော့ နောက်ဆိုရင် တော်တတ်တဲ့ သတင်းသမားတစ်ယောက် ဖြစ်မှာသေချာတယ်။ ကောင်းပြီလေ။ အိမ်ဝယ်တဲ့ကိစ္စကလည်း မပြောင်းခင်အထိ စောင့်စရာမှ မလိုတာ။ ရွာက လူအားလုံးကလည်း အခု‌လောက်ဆို သိနေလောက်ပြီ။

ရွှီရှောင်ကျောင်း၏ခန့်မှန်းချက်က မှန်ကန်လေသည်။ ရွှီရှောင်ကန်းသည် နေ့လယ်စာမစားခင် ရွာထဲက ကလေးများနှင့် ကစားခဲ့ပြီး ရင်းနှီးသည့်သူငယ်ချင်းများကို အိမ်အသစ်အကြောင်း ပြောပြလိုက်သည်။ ထိုနောက်တွင် နေ့လယ်စားချိန်တွင်တော့ မြို့၌ စုန့်ဝေဖျင် အိမ်အသစ် ဝယ်သည့် သတင်းက မိန်လင်ရွာ၏ ထိပ်တန်းအသိုင်းအဝိုင်းများကြားတွင် သတင်းကြီးတစ်ခု ဖြစ်သွားတော့သည်။

ညနေခင်းတွင် ညနေစာစားပြီးနောက် စုန့်ဝေဖျင်နှင့် ရွှီရှောင်ကျောင်းတို့က ချိတ်ဆွဲခြင်းတောင်း ယက်ဖို့ကိစ္စနှင့် ဦးလေးကျောက်ကို စကားသွားပြောချိန်တွင် သုံးမိနစ်လောက် လမ်းလျှောက်လာသည့် အချိန်လေးအတွင်းတွင် သူတို့သည် ရွာထဲက လူအုပ်ကြီး၏ ဝိုင်းထားခြင်းကို ခံလိုက်ရတော့သည်။

...

အပိုင်း (၄၈) အိပ်ရာအသစ်

“ရှောင်ကျောင်း ငါ နင့်မောင်လေးပြောတာ ကြားလိုက်တယ်၊ နင်တို့မိသားစုက မြို့မှာ အိမ်အသစ်တစ်လုံး ဝယ်လိုက်တယ်ဆို၊ မိသားစုတစ်ခုလုံးက မြို့ပြောင်းကြမှာပေါ့ ဟုတ်လား”

“ဟုတ်တယ် ဟုတ်တယ်၊ ငါလည်း အိမ်က ကောင်လေးဆီက ကြားတယ်၊ ရှောင်ကျောင်း၊ တကယ်ပဲလား”

မည်သို့ဆိုစေ သူတို့သည် မကြာခင် ပြောင်းရွှေ့ကြလိမ့်မည်ဖြစ်ရာ ရွှီရှောင်ကျောင်းက ထိုအကြောင်းကို မည်သူ့ကိုမျှ ဖုံးကွယ်မထားလိုက်ပေ။

“ဟုတ်ပါတယ်၊ ဝယ်လိုက်တာ သိပ်မကြာသေးပါဘူး၊ ကျွန်မတို့တွေ ပစ္စည်းတွေတောင် မသိမ်းရသေးဘူး၊ ကျွန်မတို့တွေ သိမ်းဆည်းပြီးမှပဲ ပြောင်းကြမှာပါ”

သည်စကားလုံးများက ဆီပူအိုးထဲသို့ တိုက်ရိုက်ကျသွားသည့် ရေတစ်စက်လို ဖြစ်သွားတော့သည်။ တကျွပ်ကျွပ်မြည်သံနှင့် အားလုံးက ‌ပေါက်ကွဲသွားတော့သည်။

မြို့မှာ အိမ်တစ်လုံး ဝယ်လိုက်တယ်တဲ့။ ဘုရားရေ။ ဒါက ဘယ်လို သဘောထားပါလိမ့်။

စုန့်ဝေဖျင် စက်ဘီးဝယ်တုန်းက အားလုံးကလည်း အံ့ဩကြတယ်။ ထားပါတော့။ စက်ဘီးက စျေးကြီးပေမဲ့ နောက်ဆုံး ရှားပါးပစ္စည်း မဟုတ်ဘူးလေ။ ရွာက ဌာနစာရေးအိမ်မှာတောင် တစ်စီး ရှိတာပဲ။ ဟိုတုန်းက ဟန်ကွမ်းဟွေကလည်း ကျောက်ယန်ယန်အတွက် ဝယ်ပေးခဲ့သေးတယ်။ အားလုံးက အများကြီးတွေ့ဖူးထားတော့ သူတို့တွေက ဒါကို ထူးဆန်းတယ်လို့မထင်ကြဘူးပေါ့။

စုန့်ဝေဖျင်က ရုပ်မြင်သံကြားစက်တစ်လုံး ဝယ်လိုက်တယ်။ ဒါကလည်း ကိစ္စကြီးပဲ။ သူက နှစ်သစ်ကူးတုန်းကတောင် အားလုံးကို ရုပ်မြင်သံကြားစက် ပြခဲ့သေးတယ်။ ပတ်ဝန်းကျင်ရွာက လူတွေကလည်း ရုပ်မြင်သံကြားစက်ကို လာကြည့်ကြတယ်။ ရုပ်မြင်သံကြားစက်ဆိုတာ မိန်လင်ရွာက ပထမဆုံး တစ်လုံးပဲ။ အားလုံးက ကြည့်ရုံကြည့်ကြပြီး မထိရဲကြဘူး။ အဲဒီအချိန်တုန်းက စုန့်ဝေဖျင်က သူတို့မိန်လင်ရွာက အလားအလာအရှိဆုံးလူလို့ အားလုံးက ခံစားမိခဲ့ကြတာလေ။

အခုကျတော့ သူတို့တွေက မြို့မှာ အိမ်အသစ်တစ်လုံး ဝယ်ခဲ့တယ်တဲ့။

စက်ဘီးက ယွမ်၁၀၀ကျော်ပေးရတယ်။ အခု မြေကလည်း သူတို့အပိုင် ဖြစ်သွားပြီး။ တကယ်လို့များ သူတို့တွေက ခါးပတ်ကို တင်းအောင်ချည်ပြီး(လျှော့စားပြီး ငွေစု) နှစ်အနည်းငယ်လောက် ငွေရှာလိုက်ရင်တော့ သူတို့လည်း စက်ဘီးတစ်စီး ဝယ်နိုင်ကောင်းပါရဲ့။ ရုပ်မြင်သံကြားစက်ကတော့ ယွမ် ၃၀၀-၄၀၀လောက်ရှိတယ်။ ဆယ်နှစ် ဒါမှမဟုတ် ရှစ်နှစ်လောက်စုပြီး ဝယ်လိုက်ရင် ဒါကလည်း အိပ်မက်တစ်ခုတော့မဟုတ်ပါဘူး။ ဒါပေမဲ့ မြို့မှာ အိမ်တစ်လုံးဝယ်တာကတော့ လူတိုင်းက စဥ်းတောင် မစဥ်းစားရဲ့တဲ့ အရာပဲ။

စုန့်ဝေဖျင်ကို ကြည့်သည့် အားလုံး၏ အကြည့်က လုံးဝပြောင်းလဲသွားတော့သည်။

“အိုး ဝေဖျင် ကြည့်စမ်း၊ ငါက မင်း အရွယ်ရောက်လာတာကို စောင့်ကြည့်လာခဲ့တာ၊ မင်းက ဘာလို့များ အသက် ကြီးလာလေလေ ပိုပိုပြီး အလားအလာရှိတဲ့သူ ဖြစ်လာတာလဲ၊ ငါ မင်းကိုတောင် မမှတ်မိရဲတော့ဘူး”

“အေးလေ။ ငါတို့ကို ပြောပြစမ်းပါ၊ ငွေတွေ ဘယ်လိုရှာတာလဲ၊ နင်တို့မြေတွေကိုလည်း စာချုပ်နဲ့ ငှားလိုက်ပြီ၊ ဒီတော့ နင့်မှာ မြို့က သယ်ယူပို့‌ဆောင်ရေးအလုပ်ပဲ ရှိတော့တာပဲ၊ သယ်ယူပို့ဆောင်ရေးအဖွဲ့နဲ့ ခရီးထွက်ရင် ဘယ်လိုများ ငွေရှာနိုင်တာလဲ”

“နင် မေးနေတဲ့ပုံကိုလည်း ကြည့်ပါအုံး၊ သူက နင့်ကို ပြောပြရင်တောင် နင်က ငွေရှာနိုင်မှာလား၊ ဝေဖျင်က ကားမောင်းတတ်တယ်၊ နင်က မောင်းတတ်လား၊ ဒါက သူ့အရည်အချင်းလေ၊ မနာလိုမဖြစ်စမ်းပါနဲ့”

“ငါသာ ပြောရမယ်ဆိုရင်တေ့ ကံကောင်းတဲ့သူက ရှောင်ကျောင်းပဲ၊ နင် ဝေဖျင်နဲ့ လက်ထပ်ပြီးကတည်းက နင့်ဘဝကို ကြည့်ပါအုံး၊ တနေ့တခြား ပိုပိုပြီး ကောင်းလာလိုက်တာ၊ မိန်လင်ရွာမပြောနဲ့ ပတ်ဝန်းကျင်ရွာအားလုံးမှာတောင် နင်က ဒါပဲ” ထိုလူက လက်မ ထောင်ပြလိုက်လေသည်။

“ငါ့ကို မေးရင်တော့ ရှောင်ကျောင်းက ယောက်ျားကို ကံကောင်းခြင်းတွေ ယူလာပေးတာပါဟဲ့၊ ဝေဖျင် နင် သဘောမတူဘူးလား၊ နင့်အရင်ကနေ့ရက်တွေကို စဥ်းစားကြည့်လိုက်စမ်း၊ စားစရာ လုံလုံလောက်လောက် မရှိ၊ ဝတ်စရာလည်း မလုံလောက်၊ ငတ်မွတ်ဘေးကြောင့် အကြွေးကလည်း တင်လိုက်သေးတယ်၊ အခုတော့ ကြည့်စမ်း၊ ကွာခြားသွားလိုက်တာ”

သည်စကားများကို စုန့်ဝေဖျင်က အခိုင်အမာ သဘောတူလေသည်။

“ဟုတ်ပါတယ်၊ ကျွန်တော်က သူ့ကို လက်ထပ်နိုင်တာ ကံကောင်းတာပါ”

ကြီးမားသည့်တပ်ဖွဲ့ကြီး၏ ဝင်စီးမှုမှ နောက်ဆုံး လွတ်မြောက်လာခဲ့ပြီးနောက်တွင် ရွှီ‌ရှောင်ကျောင်းသည် မှင်တက်အံ့ဩရင်း မှတ်ချက်ပေးလေတော့သည်။

“အဲဒီအဒေါ်ကြီးတွေက တကယ် ပြောနိုင်ကြတာပဲ”

စုန့်ဝေဖျင်က သ‌ဘောတူလိုက်၏။ ဆူညံသံက သူ့ကို ခေါင်းကိုက်သွားသလို ခံစားလိုက်ရတော့သည်။

သူတို့သည် ဦးလေးကျောက်အိမ်ရောက်တော့လည်း အများအပြား စုံစမ်းမေးမြန်းခံလိုက်ရသေးသည်။ နောက်ဆုံး ပုံစံကို သဘောတူလိုက်ပြီးနောက်တွင် ဦးလေးကျောက်က ခြင်းတောင်းကိုလုပ်ဖို့ ဆယ်ရက်ခွဲလောက် ကြာမည်ဟု အာမခံပေးသည်။ သူတို့အိမ်ပြန်ရောက်ချိန်တွင်တော့ ညနေခင်း ရောက်နေပြီဖြစ်လေသည်။

ဝူချွန်းဟွားက တညနေခင်းလုံး အပြင်မထွက်ဘဲ အိမ်က အိုးခွက်တချို့ကို သိမ်းဆည်းနေသည်။ သူတို့နှစ်ယောက် ဝင်လာသည်ကို တွေ့လိုက်ရသောအခါ သူမက ‌မေးလိုက်၏။

“ဘာဖြစ်လို့လဲ၊ အစ်ကိုကြီးကျောက်က မလုပ်နိုင်ဘူးတဲ့လား၊ ပြန်လာဖို့အရေး ဘာလို့ အဲလောက်တောင် ကြာနေတာလဲ”

ရွှီရှောင်ကျောင်းက ရွှီရှောင်ကန်း၏လက်ထဲက ဂိမ်းစက်ကို ယူလိုက်ပြီး သူ ကစားနေရင်းတန်းလန်း ဖြစ်နေသည့် ဂိမ်းကို ဆက်ကစားလိုက်သည်.။

“ဒါဆိုရင်တော့ အမေ့ရဲ့ အဖိုးတန်သားကို မေးတာ ပိုကောင်းမယ်၊ အဲပါးစပ်ကလေ လော်စပီကာထက်တောင် ပိုပြီး အစွမ်းထက်သေးတေယ်၊ သမီးတို့အိမ်က အိမ်သစ်တစ်လုံး ဝယ်တာကို ရွာက လူအားလုံးက သိနေကြပြီ၊ စုန့်ဝေဖျင်နဲ့သမီးမှာ မေးခွန်းတွေ ဝိုင်းမေးခံရပြီး နားထောင်လိုက်ရတဲ့စကားတွေကလည်း အများကြီးပဲ၊ အခုထိ ခေါင်းမူးနေတုန်း”

သူမက ဂိမ်းစက်ခလုတ်ကို အကြိမ်အနည်းငယ် နှိပ်လိုက်ပြီး ဝူချွန်းဟွားကိုဆက်ပြောလိုက်၏။

“အားလုံးက စကားဟောင်းတွေပဲ ပြန်ပြောနေကြတာ၊ ခဏနေ သမီးကို ကံကောင်းတယ်လို့ ချီးကျူးလိုက်၊ ခဏနေကျတော့ သမီးရဲ့ယောက်ျားကို ချမ်းသာခြင်းတွေ ယူလာပေးတာလို့ ပြောလိုက်နဲ့၊ အိုး အမေရယ် အခု သူတို့က ပြောကြပြန်ပြီ သမီးက အဲဒီရတနာအိုး သစ်ပင်လိုပဲ အဖိုးတန်တယ်တဲ့လေ”

ဝူချွန်းဟွားက ထိုစကားကို ကြားလိုက်ချိန်တွင် ပြုံးလိုက်ပြီး

“လူတွေက သမီးကို ချီးမွှမ်းနေကြတာတော့ မကောင်းတာ မဟုတ်ပါဘူး၊ အမေ့သမီးက ကံကောင်းပြီး ယောက်ျားကို ချမ်းသာခြင်းတွေ ယူလာပေးတာတော့မှန်တယ်”

ရွှီရှောင်ကန်းက ပျော်နေရပြီးမှ သူ့ဂိမ်းစက်ကို လုခံလိုက်ရပြီး အခုတော့ မပျော်နိုင်တော့ပေ။

“မမ ကျွန်‌တော့်ကို ပြန်ပေး၊ ကျွန်တော် ဂိမ်းဆော့နေတုန်း တန်းလန်းကြီးရှိသေးတယ်”

ရွှီ‌ရှောင်ကျောင်းက သူ့ကို ပြန်ပေးဖို့ ငြင်းလိုက်ပြီး

“နင် ဂိမ်းမပြန်ဆော့ခင် နင့်ပါးစပ်ကို ထိန်းနိုင်တဲ့အထိ စောင့်လိုက်အုံး”

ရွှီရှောင်ကန်းက မကျေမနပ်ဖြစ်သွားပြီး

“ကျွန်တော် အဲအကြောင်းကို လူတိုင်းကို ပြောခဲ့တာ မဟုတ်ပါဘူး၊ တကျွမ်းနဲ့သူငယ်ချင်းတွေကိုပဲ ပြောပြခဲ့တာ၊ ယောက်ဖ မမကို ကြည့်အုံး၊ ဒီအရွယ်တောင် ရောက်နေပြီ သူက ကျွန်တော့် ဂိမ်းစက်ကို လုဖို့ ကြိုးစားနေတုန်းပဲ”

ရွှီ‌ရှောင်ကျောင်းက ဟွန်းခနဲ အသံပြုလိုက်ပြီး

“ဘာ နင့်ဂိမ်းစက်လဲ၊ စုန့်ဝေဖျင်က ငါ့အတွက် ဝယ်ပေးထားတာနော်”

ရွှီရှောင်ကန်းသည် စုန့်ဝေဖျင်က သူအတွက် တရားမျှတမှု ရှာ‌ပေးရန် စောင့်နေဆဲဖြစ်သော်လည်း စုန့်ဝေဖျင်က သူ့ခေါင်းကို သပ်ပေးကာ ပြောလိုက်လေသည်။

“ မင်းရဲ့မမကို အရင်ဆုံး ပေးကစားလိုက်ပါ၊ နောက်တစ်ခါ ငါ ခရီးထွက်ရင် မင်းအတွက် တစ်ခု ဝယ်လာပေးမယ်”

ရွှီရှောင်ကန်းက ချက်ချင်း ပိုပြီး မကျေမနပ်ဖြစ်သွားကာ

“အမေ ကြည့်အုံး၊ ယောက်ဖက မမဘက်လိုက်နေတယ်”

ဝူချွန်းဟွားက ထိုစကားကို ကြားလိုက်ချိန်တွင် အော်ရယ်မိတော့သည်။

“အ,လိုက်တဲ့ကောင်လေး၊ ဒီကိုလာပြီး အမေ့ကို ကြိုးချည်ကူပါအုံး”

သမက်ဖြစ်သူက သမီးဖြစ်သူကို မျက်နှာသာပေးလိုက်တော့ သူမမှာ ဝမ်းမသာဘဲ မနေနိုင်အောင် ဖြစ်နေရတာ။ ရှောင်ကန်း လူအ,ကလေး နားကိုမလည်တတ်ဘူး။

နေ့ရက်များက နှေးကွေးစွာ ကုန်ဆုံးသွားပြီး အေးစက်သည့်လေမှ သုံးလပိုင်း နွေဦးသို့ ရောက်လာခဲ့လေသည်။ နွေးထွေးသည့် နွေးဦးနေ့တနေ့တွင် စုန့်ဝေဖျင်၏မိသားစုက အိမ်ပြောင်းကြတော့မည်။

သည်နေ့ကို အဘွားစုန့်က အထူးရွေးချယ်ထားခဲ့သည်။ သူမက နေ့ပြောင်းများစွာ ကြိုတင်ပြီး ဆုံးဖြတ်ထားခဲ့ခြင်းပင်။ နေ့ရက်က အမှန်ပင် နေသာပြီး ရွှီ‌ရှောင်ကျောင်း၊ စုန့်ဝေဖျင်နှင့် သူတို့မိသားစု၏စိတ်အခြေအနေကို မြင့်တက်နေစေလေသည်။

နှစ်လအတွင်းတွင် မြို့က ခြံဝင်းငယ်လေးကို အပြီးအစီး ပြန်လည်ပြုပြင်ထားလိုက်သည်။ ကုန်ကျစားရိတ်က မကြီးမားသော်လည်း သူတို့သည် အလွန်မှ ဂရုတစိုက် သန့်ရှင်းသပ်ရပ်နေအောင် လုပ်ခဲ့ကြသည်။

အမှန်တွင်တော့ တိုလီမုတ်စအသေးလေးများကို အိမ်အသစ်သို့ တစ်ခုပြီးတစ်ခု ပြောင်းရွှေ့ထားပြီးသား ဖြစ်သည်။ မိန်လင်ရွာသို့ တခါတလေ ရက်ပိုင်းလောက် ပြန်လာနေဖြစ်ခဲ့လျှင် လိုလိုမည်မည် တချို့ပစ္စည်းများကို ချန်ထားခဲ့လိုက်သည်။ သည်နေ့တွင်တော့ သူတို့သည် သည်နေရာတွင် ကျန်နေသေးသည့် နေစဥ်လိုအပ်သည့်ပစ္စည်းများကို ပြောင်းရွှေ့ပြီး အိမ်အသစ်တွင် ပထမဆုံး သွားနေကြမည်။ ညပိုင်းတွင်တော့ ပြောင်းရွှေ့သည့် လုပ်ငန်းက တရားဝင် ပြီးဆုံးသွားခဲ့သည်။

သူတို့ ထွက်သွားတော့မည်ကို သိကြသဖြင့် အိမ်နီးချင်းများက တစ်ယောက်ပြီး တစ်ယောက် လာ‌ရောက်နှုတ်ဆက်ကြလေသည်။

မိန်လင်ရွာသည် မြို့ငယ်‌လေးနှင့် မဝေးသော်လည်း အားလုံးက မခွဲလိုကြ‌ပေ။ အဘွားစုန့်က ခင်မင်ဖို့ မခက်ပေ။ ဝူချွန်းဟွားက စိတ်သဘောထား ပျော့ပြောင်းပြီး အိမ်နီးချင်းများနှင့် တည့်ရှုလေသည်။ ပုံမှန်ဆိုလျှင် အားလုံးက အတူတူ စကားပြောပြီး အတူတူ ခင်ခင်မင်မင် ရှိကြသည်။

“ဒေါ်ဒေါ်စုန့် အခုတော့ အဒေါ်က ထွက်သွားတော့မယ်ဆိုတော့ စကားပြောစရာလူနည်းသွားပြီ”

“ဟုတ်ပါ့ ရှောင်ကျောင်းအမေရယ်၊ ရှင် အားရင် မကြာခဏပြန်လာပြီး ကျွန်မတို့နဲ့ စကားလာပြောပါအုံး”

ရွှီရှောင်ကန်းများ၏ သူငယ်ချင်းများက သိသာလေသည်။ သူတို့က အချင်းချင်း ဖက်ထားပြီး စတင် ငိုယိုကြတော့သည်။

“ရှောင်ကန်း မင်း ထွက်သွားရင် ငါတို့ ဘယ်လိုလုပ်ရမှာလဲ”

“ဟုတ်တယ် ရှောင်ကန်း နောက်ဆိုရင် ငါမင်းနဲ့ မတွေ့ရတော့ဘူး”

“အီးဟီးးးး ငါ မင်းရဲ့ဂိမ်းစက်ကို နည်းနည်းလောက်တောင် ထပ်ကစားလို့မရတော့ဘူး”

“ရှောင်ကန်း မင်း သွားလို့တော့ရပါတယ်၊ ဒါပေမဲ့ မင်းရဲ့ဂိမ်းကို ငါတို့ ရက်ပိုင်းလောက် ကစားလို့ရအောင် ထားခဲ့ပါလား”

အစက သူတို့ငိုယိုကြချိန်တွင် အားလုံးက ဝမ်းနည်းနေကြလေသည်။ သို့သော် သူတို့သည် သည်စကားကို ကြားလိုက်ရချိန်တွင် အားလုံးက ရယ်မောလိုက်ကြပြီး လေထုကလည်း ရုတ်ခြည်း ရွှင်လန်းသွားတော့သည်။

နောက်ပိုင်း နှုတ်ဆက်ခြင်းက ပိုပြီး ဝမ်းသာစရာကောင်းလာကာ ဝမ်းနည်းမှုများ လျော့ပါးသွားတော့သည်။ စကားနည်းနည်းပါးပါး ပြောလိုက်ပြီးနော် စုန့်ဝေဖျင်သည် သူ့မိသာစုနှင့် ထွက်ခွာသွားတော့သည်။

သူတို့သည် နွားလှည်းတစ်စီးကို ငှားလိုက်ကြပြီး အားလုံးကို တင်ကာ နာရီဝက် မပြည့်ခင်မှာပင် မြို့သို့ ရောက်လာကြတော့သည်။

တံခါးကို တွန်းဖွင့်လိုက်တော့ သပ်ရပ်လှသည့်ခြံဝင်းငယ်လေးက သူတို့မြင်ကွင်းထဲတွင် ပွင့်ကျလာလေသည်။ မြေကြီးကို အင်္ဂတေခင်းထားပြီး၊ ပန်းခင်းငယ်လေးတစ်ခု စိုက်ထားကာ တလဲသီးပင်အတွက် နေရာနည်းနည်းချန်ထားသည်။ သစ်ပင်ဘေးတွင် သစ်သားဖြင့်လုပ်ထားသည့် ချိတ်ဆွဲခြင်းဒန်းတစ်ခုက ငြိမ်ငြိမ်သက်သက်လေး တွဲကျနေသည်။ တစ်စုံတစ်ယောက်က အထဲတွင် ဝင်လဲလျောင်းလာသည်ကို စောင့်ဆိုင်းရင်း သူက အသာအယာ လွှဲနေသည်။

“အို ရေး၊ အိမ်အသစ်ကို ပြောင်းလာပြီကွ” ရွှီရှောင်ကန်းက ဝမ်းသာအားရ သူ့အခန်းဆီသို့ အရင်ဆုံး တဟုန်ထိုး ပြေးဝင်သွားတော့သည်။

မူလက သီးသန့်ခန်းသုံးခန်းကို အခန်းကြီးလေးခန်း ဖြစ်အောင် ခွဲထားလိုက်သည်။ စုန့်ဝေဖျင်နှင့် ရွှီရှောင်ကျောင်းတို့က ပင်မအခန်းတွင် နေကြပြီး ရွှီရှောင်ကန်းက သီးသန့်ခန်းတွင် နေသည်။ ကျန်သည့်နှစ်ခန်းကိုတော့ စုန့်ဝေဖျင်က လူရှာပြီး ဝူချွန်းဟွားနှင့် အဘွားစုန့်တို့အတွက် ရှေ့ခန်းနှင့် နောက်ခန်းဖြစ်အောင် ခွဲပေးလိုက်သည်။ အားလုံး၏အခန်းက မသေးကြပေ။

သူတို့၏ပင်မခန်း အပြင်ဘက်တွင် ဧည့်ခန်းငယ်လေးတစ်ခု ရှိသည်။ အထဲဘက်တွင်တော့ အိပ်ခန်းတစ်ခန်း ရှီသည်။ အိပ်ခန်းထဲတွင် အထဲ၌ အင်္ကျီ‌ဗီဒိုတစ်တန်းပါသည့် အခန်းခွဲလေးတစ်ခုလည်း ထည့်ထားသည်။ ဒါက ရွှီရှောင်ကျောင်း၏ အဝတ်အစား၊ ဖိနပ်နှင့် အိတ်များထားရန် သီးသန့်လုပ်ထားခြင်းပင်။

သူက ရွှီရှောင်ကျောင်း၏ တောင်းဆိုချက်အားလုံးနီးပါးကို ဖြည့်ဆည်းထားလေသည်။

ဟုတ်ပါသည်။ အိပ်ရာက မိန်လင်ရွာကတစ်ခုလောက် မကြီးတော့ပေ။ အကြောင်းမှာ ဒါက စုန့်ဝေဖျင် အသစ်မှာထားသည့် ခုတင်အသစ်ဖြစ်သောကြောင့်ပင်။ ပျဥ်ပြားဖြင့် ခုတင်ကို မချဲ့ထားဘဲ သည်ခုတင်က သာမန်အရွယ်အစားအတိုင်းသာ ဖြစ်သည်။

သည့်အပြင် ခုတင်က မီးဖိုထည့်လို့ရသည့် ခုတင်အမျိုးအစား မဟုတ်တော့ပေ။

သို့သော် သည်ခုတင်က မိန်လင်ရွာရှိ သူတို့အိပ်ခဲ့သည့်ခုတင်ထက် ပိုပြီးသက်သောင့်သက်သာ ရှိလှသည်။

ညပိုင်းတွင် ရွှီရှောင်ကျောင်းက တနေ့တာ အလုပ်များခဲ့ပြီးနောက် အိပ်ရာပေါ်တွင် လဲလျောင်းပြီး သက်သောင့်သက်သာ အကြောဆန့်လိုက်ကာ

“စုန့်ဝေဖျင် နင် ဝယ်ခဲ့တဲ့မွေ့ယာက ကောက်ရိုးနဲ့ လုပ်ထားတဲ့ မွေ့ယာထက် အများကြီး သက်သောင့်သက်သာရှိတယ်”

စုန့်ဝေဖျင်က ခေါင်းငုံ့ပြီး သူမ၏ အဝတ်အစားများကို ‌ခေါက်ပေးနေသည်။ အင်္ကျီများကို သိမ်းဆည်းလိုက်ပြီးနောက် သူက အိပ်ရာ‌ဘေးတွင် ထိုင်လိုက်ကာ စာအုပ်တစ်အုပ် ဖတ်နေလိုက်၏။ အခန်းကို သက်သောင့်သက်သာဖြစ်အောင် ခင်းကျင်းထားသည်။ သူတို့သည် အိပ်ရာဘေး မီးအိမ်တစ်ခုကို တပ်ဆင်ထားပြီး အရင်က စာဖတ်ရသည်မှာ ပိုပြီး အဆင်ပြေလေသည်။

ထိုစကားကို ကြားတော့ စုန့်ဝေဖျင်က မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြင့် သူမကို လှည့်ကြည့်လိုက်၏။

“မင်း ကြိုက်ရင် ရပါပြီ”

ရွှီရှောင်ကျောင်းက ခေါင်းညိတ်ပြလိုက်ပြိး

“ငါ အရမ်းကြိုက်တယ်၊ ဒါပေမဲ့လေ အိပ်ရာက ပိုကြီးလေလေ ပိုကောင်းလေပဲ”

သူမက ကျီစယ်ဟန် ပြုံးလိုက်ပြီး

“စုန့်ဝေဖျင် နင် ပြောတဲ့အတိုင်း တကယ်ပဲနော်၊ မိန်လင်ရွာက ငါတို့ခုတင်လောက် ကြီးတဲ့ ခုတင်လုပ်လို့မရဘူးလား”

စုန့်ဝေဖျင်က သူမကို ဉာဏ်ဆင်နေတာ ဖြစ်ရမည်ဟု ခံစားရလေသည်။

စုန့်ဝေဖျင်တွင်လည်း အမှန်ပင် အကြံအစည်သေးသေးလေးရှိသော်လည်း သူက သူမကို မလိမ်ညာပေ။

“တကယ်၊ ကြည့်လေ၊ တံခါးက ဒီလောက်ပဲ ကြီးတာ၊ အနံ၂မီတာကျောက်ရှည်တဲ့ ခုတင်ရှိခဲ့ရင်တောင် ဆန့်မှာမဟုတ်ဘူး”

ရွှီရှောင်ကျောင်းက ထိုအကြောင်းကို စဥ်းစားလိုက်ပြီး မှန်သည်ဟု ခံစားမိလေသည်။

“ဒါဆို နင် ခုတင်အသေးလေးတစ်လုံးလောက် သွားမှာလိုက်လေ၊ ပြီးရင် ခုတင်ကြီးနဲ့ အတူတူထားလို့ရတယ်”

စုန့်ဝေဖျင်က သူ့စာအုပ်ကို ချထားလိုက်ပြီး သူမကို ကြည့်လိုက်ကာ

“မင်းက ငါ့ကို တကယ်ပဲ ခုတင်သေးသေးလေးနဲ့ အိပ်စေချင်တာလား”

ရွှီရှောင်ကျောင်းက ခေါင်းညိတ်ပြလိုက်သည့်အပြင် ထပ်ပြီးပြောလိုက်သေးသည်။

“ငါတို့တွေ ခုတင်ကြီးနဲ့ ခုတင်သေးကြားမှာ ခွဲထားမယ်ဲ့ စားပွဲတစ်လုံးလည်း ထားလို့ရသေးတယ်၊ တွင်းရေ မြစ်ရေကို မနှောင့်ယှက်တော့ဘူးပေါ့၊ နေ့ဘက်ကျရင် ငါတို့တွေ ခုတင်ကို ဆက်ထားပြီး ငါ့အမေနဲ့တခြားသူတွေ မမြင်ရအောင် လုပ်ထားလို့ရတယ်”

စုန့်ဝေဖျင်က သူမ၏ကွေးညွှတ်နေသည့်မျက်ခုံးများကို တွေ့လိုက်ရသဖြင့် သူမက စနောက်နေမှန်း သိလိုက်လေသည်။ သူက ခုတင်ကိုမှီလိုက်ပြီး သူမကို ဘာမှမပြောဘဲ ငေးကြည့်လိုက်ပြီးမှ

“မင်း ငါနဲ့ အဲလောက်တောင်မှ အတူတူမအိပ်ချင်ဘူးပေါ့နော်”

သူက အလွန်သနားစဖွယ် ပြောလိုက်ရာ ရွှီရှောင်ကျောင်းမှာ ထိုအခိုက်တွင် အနည်းငယ် ရှက်သွားပြီး

“ဟယ် စုန့်ဝေဖျင်ရယ် ငါက စတာပါ၊ နင် မသိဘူးလား”

စုန့်ဝေဖျင်က မျက်လွှာချထားလိုက်ပြီး သူမ၏လက်ကို ကိုင်လိုက်ကာ သူ့လက်ဖဝါးထဲတွင် ထည့်လိုက်ပြီး သူ့လက်ချောင်းများနျင့် ဆော့ကစားရင်း

“မသိဘူး”

ရွှီ‌ရှောင်ကျောင်းက သူမ၏လက်ချောင်းများနှင့် သူ့လက်ဖဝါးများကို ကုပ်လိုက်ပြီး

“လူလိမ်”

စုန့်ဝေဖျင်က နှုတ်ဆိတ်ကာ ပြုံးလိုက်ပြီး စကားဆက်မပြောတော့ပေ။

ရွှီရှောင်ကျောင်းက အိပ်ရာပေါ်တွင် လဲလျောင်းလိုက်ပြီး စကားတစ်ခွန်းမှ မပြောတော့ဘဲ သူ့ကို သူမလက်ချောင်းများ ဆုပ်ခွင့်ပေးထားလိုက်တော့သည်။

တနေ့ကာ ဝေယျာဝေစ္စများအပြီးတွင် အပြန်အလှန်နားလည်မှုဖြင့် နှစ်ယောက်သားက လက်ရှိအချိန်၏ ဆိတ်ငြိမ်ပြီး အေးချမ်းမှုကို ခံစားလိုက်ကြလေသည်။

အချိန်တော်တော်ကြာသွားပြီးနောက်တွင် စုန့်ဝေဖျင်က သူ၏နှုတ်ခမ်းပါးလေးများကို မသိမသာ ဖွင့်လိုက်ပြီး ရေရွတ်လိုက်လေသည်။

“ကျောင်းကျောင်း”

ညက တိတ်ဆိတ်မှုဖြင့် ငြိမ်သက်နေသည်။ သူ့အသံက သံလိုက်လိုဆွဲငင်နေပြီး ရွှီရှောင်ကျောင်းက အနည်းငယ်အာရုံပျက်သွားသလို ခံစားလိုက်ရသည်။

သူမ၏ မှိန်းနေသည့်မျက်လုံးများကို ကြည့်ရင်း စုန့်ဝေဖျင်က လက်လှမ်းလိုက်ကာ သူ့လက်မဖြင့် သူမ၏ပါးပြင်ကို ပွတ်သပ်လိုက်ပြီး

“ကျောင်း ကျောင်း”

ရွှီရှောင်ကျောင်းက ထူးထူးခြားခြား လိမ္မာနေကာ မျက်တောင်ခတ်ရင်း

“စုန့်ဝေဖျင်”

“အင်း”

“စုန့်ဝေဖျင်” သူမက ထပ်ခေါ်ပြန်သည်။

စုန့်ဝေဖျင်က သက်ပြင်းချလိုက်ပြီး သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး သူမကို ဂွမ်းစောင်နှင့်တပါထဲ ဆွဲကာ သူ့ရင်ခွင်ထဲတွင် ပွေ့ဖက်ထားလိုက်တော့သည်။

“ပိုးတုံးလုံးလေးကျနေတာပဲ” သူက သူမကို ရယ်လိုက်၏။

ရွှီရှောင်‌ကျောင်းက သူမ၏လက်ချောင်းများနှင့် ဂွမ်းစောင်အနားကို ဆိတ်လိုက်ပြီး သူမ၏နားကို သူ့ရင်ဘတ်နား ကပ်ထားလိုက်ကာ သူ၏ပြင်းထန်သည့် နှလုံးခုန်သံကို နားထောင်နေလိုက်လေသည်။ သူမကို ပြန်ချပေးဖို့ သူ့အား မပြောနိုင်တော့ဘဲ အမှတ်တမဲ့ သူ့ကို ခေါ်မိပြန်သည်။

“စုန့်ဝေဖျင်”

စုန့်ဝေဖျင်က သူမ၏ခေါင်းကို သပ်ပေးရင်း သူမ၏ဆံပင်များကို ရှင်းပေးလိုက်ပြီး သူ၏ အနာဂတ်အစီအစဥ်များကို သူမအား ပြောပြလိုက်တော့သည်။

“ရက်ပိုင်းလောက်နေရင် ငါ တောင်ပိုင်းကို သွားရလိမ့်မယ်”

“မြန်လိုက်တာ”

ရွှီရှောင်ကျောင်းက သူမ၏လက်ချောင်းများကို ဆုပ်ထားလိုက်၏။ သူက ထပ်ပြီး ခရီးထွက်အုံးမယ်တဲ့။

စုန့်ဝေဖျင်က ညည်းလိုက်ပြီး

“အခုဆိုရင် မူဝါဒက လုံးဝ ဖြေလျော့ပေးလိုက်ပြီလေ၊ အခွင့်အရေးတွေကလည်း ကောင်းတယ်၊ အိမ်မှာအကြာကြီး နေပြီးပြီးဆိုတော့ ခရီးထွက်ပြီး မင်း သုံးဖို့ ပိုက်ဆံရှာရမဲ့အချိန် ရောက်ပြီလေ”

ငွေအကြောင်း ပြောလိုက်တော့ ရွှီရှောင်ကျောင်းမှာ အနည်းငယ်စိတ်ပူရလေသည်။

“ဒါပေမဲ့ ငါတို့မှာ ငွေအများကြီး မကျန်တော့ဘူးလေ၊ နင့်မှာ အရင်းအနှီး မရှိရင် ဘယ်လိုလုပ်ပြီး လုပ်ငန်းလုပ်မှာလဲ”

စုန့်ဝေဖျင်က သူမ၏အိစက်ကာအေးမြသည့် ဆံနွယ်များကို သပ်ပေးလိုက်ပြီး သူမကို နှစ်သိမ့်ပေးလိုက်၏။

“ရပါတယ်၊ အိမ်မှာ တစ်ရာနှစ်ရာလောက် ကျန်သေးတယ်၊ ငါ တတိယအစ်ကိုလီနားက နောက်ထပ် တစ်ထောင်လောက် ချေးလိုက်မယ်၊ လောက်မှာပါ”

သူက ပြောလိုက်ပြီးမှာ ခဏရပ်လိုက်ကာ ဆက်ပြောလေသည်။

“ဒါပေမဲ့ ဒီတစ်ခါတော့ နည်းနည်းပိုကြာလိမ့်မယ်”

ပြီးခဲ့သည့် နောက်ဆုံးအခေါက်များတွင် သူ ခရီးထွက်လျှင် အလွန်ဆုံး တစ်လသာ ကြာခဲ့သည်။ သည်တစ်ကြိမ်တွင် သူသည် ပိုပြီး ကြာကြာနေချင်ပြီး ပိုများသည့်နေရာများသို့ ခရီးသွားချင်လေသည်။ တခါတရံ ရက်ပိုင်းလောက် အချိန်ကွာခြားချက်က ငွေပမာဏအများကြီးကွဟမှုကို ဖြစ်စေသည်။ ထို့အပြင် ပြီးခဲ့သည့်တစ်ခေါက်က သူနှင့်အတူတူ အလုပ်လုပ်ခဲ့သည့်သူဌေးက ပစ္စည်းအသစ်များစွာ ရတော့မည်ဟု ပြောခဲ့သေးသည်။ သူက ထိုပစ္စည်းများကို ဖြည်းဖြည်းချင်း လေ့လာရလိမ့်မည်။

“တတိယအစ်ကိုလီက နင်နဲ့ မသွားဘူးလား”

“အခုတလော အောင်သွယ်တော်တစ်ယောက်က သူ့ကို ကြင်ဖက်တွေ့ပေးနေတယ်လေ၊ သူက မိန်းကလေးကို အရမ်းစိတ်ဝင်စားနေတာ၊ ပြီးတော့ လာမဲ့အတောအတွင်းတော့ သူ့မှာ ခရီးသွားဖို့ အစီအစဥ်မရှိသေးဘူး၊ ငါ တစ်ယောက်ထဲ လုပ်နိုင်ပါတယ်”

အဲဒါထက် သူကလည်း တစ်ယောက်ထဲ ခရီးထွက်ရတာ ပိုသ‌ဘောကျတယ်။

ပထမဆုံးအကြိမ်အဖြစ် ရွှီရှောင်ကျောင်းသည် အနည်းငယ် မခွဲချင်ဖြစ်ရသော်လည်း သူမ စုန့်ဝေဖျင်နှင့် လက်ထပ်ရခြင်းအကြောင်းက သူ၏ စီးပွားရှာတတ်သည့်အရည်အချင်းကြောင့်ပင်။ သူမက သူ့ကို တားလိုက်လျှင် အနာဂတ်က နေ့ရက်ကောင်းများက အဘယ်မှာ ရောက်လာပါတော့မည်နည်း။

ရွှီရှောင်ကျောင်းက နှုတ်ဆိတ်နေသည်ကို မြင်လိုက်ရသဖြင့် စုန့်ဝေဖျင်က ခေါင်းကို ငုံ့ကာ သူမကို မေးလိုက်လေသည်။

“မင်း ငါ့ကို လွမ်းမှာလား”

ရွှီရှောင်ကျောင်းက မသိစိတ်က ခေါင်းခါပြလိုက်ပြီး

“ဟင့်အင်း၊ ငါက နင့်ပိုက်ဆံကို လွမ်းနေမှာ”

စုန့်ဝေဖျင်လည်း စိတ်မဆိုးချေ။

“ငါကတော့ မင်းကို လွမ်းနေမှာ၊ ငါ အဲဒီကိုရောက်ရင် မင်းဆီ ဖုန်းခေါ်လိုက်မယ်နော်၊ မြို့ကို ပြောင်းလိုက်တာ အဆင်ပြေသွားတယ်၊ အချိန်တန်ရင် မင်းက ဖုန်းဖြေဖို့ သမဝါယမဆိုင်ဆီကို သွားရုံပဲ၊ ဟုတ်ပြီလား”

ရွှီရှောင်ကျောင်းက ဆန့်ကျင်သည့်စကားတစ်ခွန်းမှ မပြောတော့ချေ။

“အင်း”

All Chapters