အခန်း (၄၉-၅၁)
Vol. 4 Ch. 49-51
အပိုင်း (၄၉) ကိုယ် မင်းကို လွမ်းတယ်
စုန့်ဝေဖျင် ခရီးထွက်သွားပြီး ရက်အနည်းငယ်ကြာပြီးနောက်တွင် ရွှီရှောင်ကျောင်းက အနည်းငယ် ပျင်းလာတော့သည်။
သူမသည် ဂိမ်းစက်ထဲက ဂိမ်းအားလုံးကို ကစားပြီးသွားကာ စတင်ပျင်းရိလာတော့သည်။ သူမနှင့် ရွှီရှောင်ကန်းတို့က မြို့ထဲရှိ နေရာအားလုံးကို လည်ပတ်ခဲ့ကြပြီး ငါးဖမ်းရန် မိန်လင်ရွာက မြစ်နားသို့ပင် အခေါက်အနည်းငယ် ရောက်ခဲ့ကြသည်။
သို့သော် သူမက လက်ချိုးရေလိုက်တော့ စုန့်ဝေဖျင် ခရီးထွက်သွားသည်မှာ ၇-၈ရက်သာ ရှိသေးသည်ကို သိလိုက်ရလေသည်။
ရွှီရှောင်ကျောင်းက ပျင်းပျင်းနှင့် ချိတ်ဆွဲခြင်းဒန်းပေါ်တွင် ထိုင်ကာ စုန့်ဝေဖျင် ဖတ်နေကျစာအုပ်ကို ဖတ်ရင်း ခြံထဲတွင် ဖိနပ်ချုပ်နေသည့် ဝူချွန်းဟွားနှင့် စကားပြောနေလိုက်သည်။
“အမေ ပြောစမ်းပါ၊ ဒီရက်မှာ တစ်နေ့ပြီးတစ်နေ့သာ ကုန်သွားတယ်၊ ဘာလို့ အချိန်ကုန်တာ အရမ်းနှေးနေတာလဲ”
ဝူချွန်းဟွားကတော့ အချိန်ကုန်နှေးသည်ဟု မထင်ချေ။ ဒီနေရာကို ပြောင်းလာဖို့ အချိန်ဆယ်ရက်ကျော်တောင် ယူခဲ့ရတာလေ။ စိုက်စရာလယ် မရှိပေမဲ့ သူမက အားမနေပါဘူး။ အဘွားစုန့်က နေ့တိုင်း သူမရဲ့ပန်းပင်တွေကို ပြုစုစောင့်ရှောက်နေတယ်။ ပြီးတော့ အိမ်နောက်ဘက်က မိသားစုမှာလည်း ပန်းခြံတစ်ခုကို စိုက်ပျိုးနေတဲ့ အဘွားကြီးတစ်ယောက်ရှိတယ်လေ။ အဘွားစုန့်က အမျိုးလို ခင်မင်ရတဲ့သူတစ်ယောက် ရှာတွေ့သွားတာပေါ့။ အဘွားကြီး ညီအစ်မနှစ်ယောက်က နေ့တိုင်း ပြောစရာစကား မဆုံးနိုင်အောင် ရှိနေကြတာပေါ့။
သူမအတွက်ကတော့ သန့်ရှင်းရေး လုပ်တာပါပဲ။ မပြောင်းလာခင်က တော်တော်များ သန့်ရှင်းရေး လုပ်ထားခဲ့တယ်ဆိုပေမဲ့ ပြောင်းလာပြီးတော့လည်း ပစ္စည်းတွေကို နေရာချရတာ တစ်ရက် နှစ်ရက်နဲ့ မပြီးဘူး။ ပြီးတော့ နွေဦးရာသီက ဖရဲသီးနဲ့ အသီးအရွက်တွေ စိုက်ရတဲ့အချိန်လေ။ သူမ မိန်လင်ရွာကို သုံးလေးခေါက်လောက်ပြန်ပြီး မိသားစုနှစ်ခု ပိုင်ဆိုင်တဲ့ မြေကွက်လေးမှာ အသီးအရွက်တချို့ စိုက်ခဲ့ပြီး မကြာခဏဆိုသလို ရေသွားလောင်းရသေးတယ်။ ဒါမှ ဒီနွေရာသီနဲ့ ဆောင်းရာသီမှာ ဘာအသီးအရွက်မှ ဝယ်မစားရမှာလေ။
သူမက နေ့တိုင်း ပြည့်စုံတဲ့ဘဝတစ်ခုမှ နေနေတောပဲ။ ဝူချွန်းဟွားသည် သမီးဖြစ်သူကို လှမ်းကြည့်ကာ ပြောလိုက်လေသည်။
“အမေ မြင်တာတော့ သမီးလည်း အားမနေပါဘူး၊ စက်ဘီးတစ်စီးနဲ့ ရှောင်ကန်းကို နေရာတိုင်း ခေါ်သွားနေတာပဲ၊ ပြီးခဲ့တဲ့ နှစ်ရက်တုန်းကလည်း ငါးမျှားဖို့ဆိုပြီး အမေနဲ့ မိန်လင်မြစ်ဆုံကို လိုက်ခဲ့သေးတာပဲ၊ အခုတော့ လုပ်စရာမရှိတော့ဘူးလား”
ဝူချွန်းဟွားက အသံထွက်ကာ အော်ရယ်လိုက်ပြီး
“အမေ့ အမြင်တော့ ဝေဖျင် ခရီးထွက်သွားလို့ သမီး ဟာတာတာ ခံစားနေရတာပါ၊ ဟုတ်တယ်မလား၊ ဝေဖျင်ရှိတုန်းက နေ့တိုင်း အဲဒီမှာ ထိုင်ပြီး ကွာစေ့စားနေတာ နင် ပျင်းတယ်လို့ ပြောသံ မကြားမိပါဘူး၊ ဘာလုပ်စရာ ရှိလို့လဲ၊ အမေတို့မှာ စိုက်စရာဘာလယ်မှ မရှိဘူး၊ ဝေဖျင်က ပြောတယ်၊ သူ ပြန်လာရင် ဝက်စတူးဆိုင် ဖွင့်မယ်တဲ့၊ သမီးက ဘာလုပ်တတ်လဲ၊ ပြီးတော့ ဝေဖျင် ခရီးသွားလိုက်တုန်းက သမီးကို ပိုပြီး စောင့်ကြည့်ပြီး သွားချင်တဲ့နေရာတိုင်းကို ပေးမသွားဖို့ အမေ့ကို မှာသွားသေးတယ်၊ သူ ပြန်အလာကို စောင့်ပြီးမှ သမီးနဲ့အတူတူ သွားပေးမယ်တဲ့လေ”
စုန့်ဝေဖျင် ဟူသည့်စကားကို ကြားလိုက်တော့ ရွှီရှောင်ကျောင်း၏နှလုံးသားက လှုပ်ရှားသွားပြီး လက်ထဲက စာအုပ်ကိုပင် ဆက်မဖတ်နိုင်တော့ချေ။ မဟုတ်မှလွဲရော။ ငါလေး စုန့်ဝေဖျင်ကြောင့်များ တကယ်ကြီး ဒီလိုဖြစ်နေတာလား။
***
သမဝါယမဆိုင်က လျိုချွန်းယန်သည် သူမ၏သူငယ်ချင်းအသစ်လေး ရွှီရှောင်ကျောင်းက အခုတလောတွင် သမဝါယမဆိုင်သို့ လာသည့်အချိန်မှာ ပိုပြီး ကြာလာသည်ကို သိလိုက်ရလေသည်။
လျိုချွန်းယန်၏အိမ်က ရွှီရှောင်ကျောင်း၏အိမ်အသစ်နှင့် ကပ်လျက်ဖြစ်သည်။ သူမတွင် ပန်းပင်များကို ချစ်တတ်သည့် အဘွားတစ်ယောက်ရှိပြီး အိမ်တွင်လည်း ပန်းပင်များ စိုက်ထားသည့် ခြံတစ်ခု ရှိလေသည်။ အဘွားစုန့်နှင့် သူမ၏အဘွားတို့က အချင်းချင်း သိကြသဖြင့် လျိုချွန်းယန်သည်လည်း ရွှီရှောင်ကျောင်းနှင့် တဖြည်းဖြည်းခင်လာခဲ့သည်။
လျိုချွန်းယန်သည် ရွှီရှောင်ကျောင်းမှာ အလွန်မှ ချောမောသဖြင့် မာနကြီးပြီး ပေါင်းသင်းရ ခက်လိမ့်မည်ဟု အစက ထင်ထားခဲ့သည်။ သို့သော် သူမနှင့် ခင်မင်လာပြီးနောက်တွင် ထိုသို့မဟုတ်မှန်း သိလိုက်ရသည်။ ရွှီရှောင်ကျောင်းနှင့် သူငယ်ချင်းဖြစ်ရသည်က သက်သောင့်သက်သာတော့ လုံးဝဖြစ်မနေချေ။
အမျိုးသမီးတိုင်းက အလှအပ ကြိုက်ကြသည်။ လျိုချွန်းယန်သည် သေးသွယ်သည့် ကိုယ်ခန္ဓာ ရှိသော်လည်း မျက်နှာက လေးထောင့်ကျသည်။ ထိုကြောင့်ပင် သူမက အခက်တွေ့ရလေသည်။ ထို့ကြောင့် ရွှီရှောင်ကျောင်းက သူမကို အကြံဉာဏ်တချို့ ပေးလိုက်၏။
သူမက သူမ၏ရှည်လျားသည့် ကျစ်ဆံမြီးနှစ်ဖက်ကို လည်ပင်းနားအထိ တိုအောင် ညှပ်လိုက်ပြီး ရှေ့ဆံပင်ကို ဖယ်ထားလိုက်သည်။ သူမ၏မျက်နှာတစ်ခုလုံံးက တဝက်လောက် ပိုသေးသွားသလို ထင်ရသည်။ ရွှီရှောင်ကျောင်း ရွေးပေးသည့် အဝတ်အစားများနှင့် တွဲဝတ်လိုက်သောအခါ သူမ၏အသွင်ပြင်တစ်ခုလုံးက ချက်ချင်း ပြောင်းလဲသွားတော့သည်။ ရွှီရှောင်ကျောင်း၏ စကားအရဆိုလျှင် သူမ၏ကိုယ်နေဟန်ထားက ချက်ချင်း စွဲမက်ဖွယ်ဖြစ်လာခဲ့သည်။ အရင်က အမျိုးသားဘက်က ကြင်ဖက်က သူမကို ရွေးချယ်ခဲ့ဖူးသည်။ နောက်ဆုံးတစ်ခေါက် ကြင်ဖက်တွေ့ပြီး ပြန်လာသည်နှင့်ချက်ချင်း အမျိုးသားက သူမကို စိတ်ဝင်စားခဲ့ပြီး သူမက ချောမောသည်ဟု အောင်သွယ်တော်က ပြောခဲ့သည်။
ထိုအကြောင်းကြောင့်ပင် သူမနှင့် ရွှီရှောင်ကျောင်းတို့သည် အားလုံး ပြောလို့ရသည့် သူငယ်ချင်းကောင်းများ ဖြစ်လာကြတော့သည်။
“ဟဲ့ ရှောင်ကျောင်း နင်လေ နေ့တိုင်း သမဝါယမကိုလာတာတော့ တွေ့ပါရဲ့၊ ဘာမှ ဝယ်တာလည်း မတွေ့ဘူး”
လျိုချွန်းယန်က အရံစားသောက်ကုန်ဆိုင်ခွဲတစ်ခုကို တာဝန်ယူထားရသည်။ သူမအမေ၏တာဝန်ကို လွဲပြောင်းယူခဲ့ပြီးနောက် သူမတွင် သည်ထမင်းအိုးတစ်လုံးသာ ရှိလေသည်။ သူသည် တနှစ်ကျော်ကျော်သာ အလုပ်လုပ်ရသေးသည်။ သူမ၏အသက်အရွယ်က အရမ်းမကြီးသေးချေ။ သူမသည် ငယ်ရွယ်၊တက်ကြွပြီး ဖော်ရွေလေသည်။
ရွှီရှောင်ကျောင်းက ကောင်တာကို မှီလိုက်ပြီး အသစ်ရောက်လာသည့် အရံစားသောက်ကုန် တချို့ကို သေသေချာချာကြည့်လိုက်ပြီး မကြာခဏဆိုသလို သူမကို ပြောလိုက်လေသည်။
“ငါက နင်နဲ့ စကားလာပြောလို့မရဘူးလား၊ နင့်စီးပွားရေးက ဒီနှစ်မှာ အများကြီး ကျဆင်းသွားတာကို ငါ သတိထားမိတယ်၊ ဒီနေ့ လူအများကြီး မလာကြဘူး၊ နင်က တစ်ယောက်ထဲဆိုတော့ ပျင်းနေမှာပဲလေ”
သည်စကားအထိ ရောက်လာသည်တွင် လျိုချွန်းယန်က ထောက်ခံလိုက်လေသည်။
“အေးဟယ်၊ ငါ့ကံကပဲ အဲလောက်တောင်ဆိုးတာလား၊ ထမင်းအိုးကြီးလည်း ရရော၊ နိုင်ငံရေးမူဝါဒတွေက ပြောင်းလဲသွားပြီ၊ ငါ အလုပ်စလုပ်တုန်းကဆိုရင် ငါ့အမေက ငါ့ကို ဒီလိုပြောခဲ့တာ ‘ပစ္စည်းလာဝယ်တဲ့သူတွေကို သဘောကောင်းပြနေစရာမလိုဘူး၊ သူတို့ ဒီမှာမှ မဝယ်ရင် တခြားဝယ်စရာနေရာမရှိဘူး၊ သူတို့က နင့်ကို စိတ်ဆိုးအောင်လုပ်ရင် သူတို့ ဆဲသာဆဲပစ်လိုက်တဲ့’ ငါ့အမေက သူ့ဘဝတစ်ဝက်လောက် ပစ္စည်းတွေကို ဒီလိုပဲ ရောင်းလာခဲ့တာလေ”
သူမက ကောင်တာကို ခေါက်လိုက်ပြီး နောင်တရနေဟန်ဖြင့်
“ဟော ငါ့အလှည့်လည်းရောက်ရော ငါက ပထမနှစ်တုန်းကတော့ အရမ်းတင်းမာခဲ့ပါသေးတယ်၊ အခုတော့ ငါက အလျှော့ပေးပြီး ငါ့အင်အားကို ထုတ်ပြချင်တဲ့အချိန်ကျတော့ သူတို့တွေက အခုဆိုရင် မလာကြတော့ဘူးလေ၊ အခုဆို လမ်းမကြီးနဲ့ လမ်းကြားတွေမှာ ခေါင်းရွက်ဗျပ်ထိုးသည်တွေ အများကြီး ရှိလာတယ်လို့ ကြာားတယ်၊ လူတွေက ကိုယ်ပိုင်လုပ်ငန်းတွေ လုပ်ကြပြီး တတ်နိုင်လာကြသလို စျေးလည်း သက်သာလာကြတယ်၊ ငါသာဆိုရင်လည်း သမဝါယမကို သွားပြီး ပစ္စည်းတွေကို စျေးကြီးပေးမဝယ်ဘူး၊ နောက်ဆုံး ဒါတွေအားလုံးက စားစရာတွေပဲလေ”
သူမက ပြောရင်းဆိုရင် တဖန်သက်ပြင်းချလိုက်ကာ
“ ငါ့ရဲ့ထမင်းအိုးကို ထိန်းသိမ်းထားနိုင်မယ်လို့ နင် ထင်လား”
ရွှီရှောင်ကျောင်းက အနာဂတ်၏ မြန်ဆန်သည့်အပြောင်းအလဲကို စဥ်းစားလိုက်ပြီး
“ခက်လိမ့်မယ်”
“အိုးဟဲ့ နင်ကလည်း ဘာလို့ ငါ့အမေအတိုင်း ဖြစ်နေတာလဲ၊ လူတွေကို လုံးဝနှစ်သိမ့်ပေးလို့ မရနိုင်ဘူးလား၊ ငါ့အမေက ပြောဖူးတယ်၊ အခု နိုင်ငံက ကိုယ်ပိုင်စီးပွားရေးတွေကို ခွင့်ပြုလိုက်တော့ ဒီသမဝါယမကလည်း ထပ်ပြီး မှီခိုလို့ မရနိုင်တော့ဘူးတဲ့၊ သူက ငါ့ကို စာကြိုးစားခိုင်းပြီး ဒီနှစ် စာမေးပွဲ ဖြေခိုင်းနေတယ်၊ ဒါပေမဲ့ဟယ် ငါက ဖတ်စာအုပ်တွေနဲ့ ဝေးနေတာဖြင့် အရမ်းကြာနေပြီ၊ အထက်တန်းကျောင်းမှာ သင်ခဲ့တာတွေကည်း ပတ်ကစားနေတာပဲ ရှိတာ၊ ငါက ဘယ်လိုလုပ်ပြီး ဒါကို သင်နိုင်တော့မှာလဲ”
ရွှီရှောင်ကျောင်းက ‘နင် စာလုပ်ချင်ရင် ငါ နင့်ကို ကူညီပေးလို့ရတယ်၊ ငါ့မှာ အထက်တန်းဖတ်စာအုပ်တွေ ရှိသေးတယ်’ ဟု ပြောမည်ပြင်လိုက်၏။
သူမက ဘာမှမပြောရသေးခင်မှာပင် တယ်လီဖုန်းက မြည်လာတော့သည်။
လျိုချွန်းယန်က ရေရွတ်လိုက်သည်ကို တွေ့လိုက်ရချိန်တွင် သူမ၏နှလုံးသားက တင်းကြပ်သွားတော့သည်။
“ဖုန်းမလာတာတောင် တော်တော်ကြာနေပြီ”
သူမက တယ်လီဖုန်းကို တရင်းတနှီးကိုင်လိုက်ကာ ပြောလိုက်၏။
“ဟယ်လို ဟယ်လို၊ ဘယ်သူ့ကို ရှာပါသလဲ”
တစ်ဖက်က ပြောလိုက်သည့်စကားကိုတော့ မသိရပေ။ လျိုချွန်းယန်က အနည်းငယ် အံ့အားသင့်သွားလေသည်။ သူမက ခေါင်းမော့လိုက်ပြိး ရွှီရှောင်ကျောင်းကို ကြည့်လိုက်၏။
“ဟယ်လို ရဲဘော် ကျေးဇူးပြုပြီး ထပ်ပြောပေးပါ၊ ဘယ်သူ့ကို တွေ့ချင်တာ”
တစ်ဖန် အတည်ပြုလိုက်ပြီးနောက်တွင် သူမက မော့ကြည့်လိုက်ပြီး
“ရှောင်ကျောင်း နင့်ကို ရှာနေတာ”
ရွှီရှောင်ကျောင်းက ချက်ချင်း စိတ်အေးသွားကာ တယ်လီဖုန်းကို မြန်မြန် ကောက်ကိုင်လိုက်ပြီး
“ဟဲ့ စုန့်ဝေဖျင်လား”
“ကိုယ်ပါ”
စုန့်ဝေဖျင်၏အသံက ဖုန်းထဲမှ ထွက်လာပြီး အနည်းငယ် အားလျော့နေလေသည်။ စကားနှစ်လုံးလေးက ရွှီရှောင်ကျောင်းကို အလွန်အမင်း ဝမ်းနည်းသွားစေတော့သည်။
“စုန့်ဝေဖျင် ဘာလို့ အခုမှ အိမ်ကို ဖုန်းခေါ်ရတာလဲ”
လျိုချွန်းယန်က နားစွင့်ကာ ခိုးနားထောင်နေ၏။ သူမက ထိုစကားကို ကြားလိုက်ချိန်တွင် ရုတ်တရက် အသိဉာဏ် ပွင့်သွားတော့သည်။ သူမက ကိုယ်ကိုမှီထားလိုက်ကာ စုန့်ဝေဖျင် ခေါ်သံကို ကြားလိုက်ရလေသည်။
“ကျောင်းကျောင်း”
သူမက ချက်ချင်း ဝါးလုံးကွဲ အော်ရယ်လိုက်ပြီး
“ ဪ ရှောင်ကျောင်းရယ် နင် နေ့တိုင်း ငါ့သမဝါယမဆိုင်မှာ ဘာလို့များ အချိန်တွေအကြာကြီး ဖြုန်းနေရပါလိမ့်လို့ စဥ်းစားနေတာ၊ နင်က နင့်ယောက်ျားဖုန်းကို စောင့်နေတာကိုးဟဲ့ ဟား ဟား”
သူမ၏အသံက မတိုးချေ။ စုန့်ဝေဖျင်က ချက်ချင်းကြားသွားပြီး ခပ်တိုးတိုး ရယ်မောလိုက်လေသည်။
“လျိုချွန်းယန် ဟိုဘက်ကို မြန်မြန်သွားပြီး နင့်အလုပ်ကို လုပ်စမ်းပါ၊ ငါတို့အတွဲ ပြောတဲ့စကားတွေက နင်နဲ့မဆိုင်ပါဘူးနော်” ရွှီရှောင်ကျောင်းက ရှက်သွားပြီး သူမကို တွန်းထုတ်လိုက်တော့သည်။
ရွှီရှောင်ကျောင်းသည် မှန်ကောင်တာပေါ်တွင် ခင်းထားတာသည့်အခင်းပေါ်က ဖွာနေသည့်အစများကို ဆွဲထုတ်ရင်း သူမက တစ်ဖက်သို့သွားလိုက်သည်ကို စောင့်လိုက်လေသည်။ ထို့နောက် သူမက ဖုန်းတဖက်ကို တန်းခေါ်လိုက်လေသည်။
“စုန့်ဝေဖျင်”
စုန့်ဝေဖျင်၏အသံက နွေးထွေးနေပြီး
“မင်း ကိုယ့်ကို ဘယ်နှစ်ရက်တောင် စောင့်ခဲ့ရသလဲ၊ ကိုယ် အခုမှ ဒီကိုရောက်ပြီး လူတစ်ယောက်အတွက် သင်္ဘောနဲ့ ပစ္စည်းတင်ပေးနေတာ၊ ကိုယ်အခု ကွမ်တုန်းမှာ”
ရွှီရှောင်ကျောင်းက နေ့တိုင်း သည်နေရာသို့လာပြီး စုန့်ဝေဖျင်၏ ဖုန်းကို စောင့်နေခဲ့သည်ဟု ဘယ်တော့မှ ဝန်ခံလိမ့်မည်မဟုတ်ပေ။
“ငါ နင့်ကို မစောင့်ပါဘူးနော်”
သူမက ထပ်ပြောလိုက်၏။
“ဟုတ်တယ်လေ၊ နင်ပဲ အိမ်ကို ဖုန်းခေါ်မယ်လို့ ပြောထားပြီးတော့၊ ငါက အဘွားနဲ့အမေ့ကို ပြောပြထားတာ ပြီးတော့ သူတို့အားလုံးကလည်း မျှော်နေကြတာ၊ ဒါပေမဲ့ နင်ကတော့ ဖုန်းခေါ်ဖို့အရေး အကြာကြီးပဲ”
သူမက တစ်ခုခုကို ဖုံးကွယ်ချင်လျှင် အမြဲတမ်း စကားအများကြီး ပြောတတ်လေသည်။ သူမက သူ့ကို အထူးတလည်စောင့်နေမှန်း စုန့်ဝေဖျင် သိလိုက်၏။
“ဒီတစ်ခါတော့ ကို့အမှားပါ၊ အခုကစပြီး ကို မင်းဆီ တစ်ပတ်တစ်ခါ ဖုန်းခေါ်မယ်နော်၊ ဒီတော့ အထူးတလည်ကြီး စောင့်နေစရာမလိုတော့ဘူးပေါ့”
သည်အစီအစဥ်အတိုင်းဆိုလျှင် သူမကလည်း စောင့်နေစရာမလိုတော့ချေ။ ရွှီရှောင်ကျောင်းက ခေါင်းညိတ်လိုက်ပြီး
“ဒါဆို ငါတို့တွေ ဒီလို သဘောတူလိုက်ပြီနော်”
“အင်း”
စုန့်ဝေဖျင်သည် သူမက စကားနားထောင်ပြီး ခေါင်းညိတ်လိုက်သည့်ပုံကိုပင် မြငယောင်ကြည့်နိုင်ပြီး မသိစိတ်က ပြုံးမိလေသည်။
“မင်း နေ့တိုင်း ဘာလုပ်သလဲ”
ရွှီရှောင်ကျောင်းက လက်ချိုးရေပြလေသည်။
“စာအုပ်ဖတ်တယ်၊ ဂိမ်းကစားတယ်၊ ရှောင်ကန်းနဲ့စက်ဘီးစီးတယ်၊ ငါးဖမ်းတယ် ပြီးတော့ ခြင်းဒန်းထဲမှာ အိပ်တယ်”
သူမက ဆက်ပြီး ရေတွက်ပြနေရင်းက ဘာမှ လေးလေးနက်လုပ်နေသည်မရှိမှန်း သိလိုက်တော့သည်။
“ပြီးတော့ ငါ အဘွားကိုလည်း ပန်းပင်စိုက်ကူပြီး အမေ့ကိုလည်း ချည်လုံးကူတယ်”
သည်တစ်ကြိမ်တွင်တော့ စုန့်ဝေဖျင်က အော်ရယ်တော့သည်။
“ဟဲ့ စုန့်ဝေဖျင် ငါ တကယ် ကူညီတာပါနော်”
သူက ထိုစကားကို မယုံနိုင်သည့်အကြောင်း ရွှီရှောင်ကျောင်းက ကြားနိင်လေသည်။
စုန့်ဝေဖျင်က ရယ်မောနေသည်ကို ဖြည်းဖြည်းချင်းရပ်လိုက်ပြီး အသက်ရှူသံ သဲ့သဲ့လေးကိုသာ ချန်ထားလိုက်၏။
“ကျောင်းကျောင်း”
သူ့အသံက သူမ၏နားနှင့် အလွန်မှ နီးကပ်လော ရွှီရှောင်ကျောင်းသည် အမှတ်တမဲ့ သူမ၏နားသီးကို ဖျစ်လိုက်မိတော့သည်။
“ကို မင်းကို လွမ်းတယ်”
ဒါသည် စုန့်ဝေဖျင်က သူမအတွက် သူ၏တမ်းတစိတ်ကို အလွန်ရှင်းလင်းနေအောင် ပထမဆုံးအကြိမ် ဖော်ပြလိုက်ခြင်းပင်။ သူက ဖုန်းအိမ်လေးကို မှီထားလိုက်ပြီး သူမ၏အသံကိုနားထောင်ရင်း အလွန်မှ စိတ်အေးရသလို ခံစားလိုက်ရတော့သည်။ သည်ရက်ပိုင်းတွင် တင်းကြပ်နေသည့် သူ့နှလုံးသားလေးကလည်း အေးချမ်းသွားသလို ခံစားလိုက်ရလေသည်။
တမ်းမှုကိုဆက်ပြီး မခံစားနိုင်တော့လေရာ စုန့်ဝေဖျင်က ထပ်ပြောလိုက်သည်။
“ကျောင်းကျောင်း ကို မင်းကို လွမ်းတယ်”
ရွှီရှောင်ကျောင်းက နှုတ်ဆိတ်နေဆဲ။ စုန့်ဝေဖျင်က သူမကို မလောချေ။ ခဏကြာပြီးမှ ကွမ်တုံးတွင် သူတွေ့ကြုံခဲ့ရသည့် အကြောင်းအရာများကို ပြောပြလိုက်လေသည်။
“ဒီမှာ အရမ်းကို စည်ကားတာ၊ အထူးသဖြင့် ညပိုင်းပဲ၊ နေရာတိုင်းမှာ ညစျေးတွေရှိတယ်၊ သူတို့စဥ်းစားလို့ရသမျှအားလုံးနီးပါးကို ရောင်းချနိုင်တယ်၊ ဒီတစ်ခါ ကို ကင်မရာတစ်လုံး တွေ့ခဲ့သေးတယ်၊ ဒီတစ်ခေါက်ပြန်လာရင် မင်းအတွက် ဝယ်လာပေးမယ်နော်”
“မင်း ပြောတဲ့ဖုန်းကို လည်း တွေ့ခဲ့သေးတယ်၊ ‘ဆယ်လူလာဖုန်း’ လို့ ခေါ်တယ်တဲ့၊ အဲဒါနဲ့ဆိုရင် မင်း အချိန်မရွေး နေရာမရွေး ဖုန်းခေါ်လို့ရပြီ၊ ဒါပေမဲ့ အခုတော့ ကို မတတ်နိုင်သေးဘူး၊ အရမ်းစျေးကြီးတယ်”
“ဒီက အစားအသောက်ကတော့ အရသာမရှိဘူး၊ မင်း ဒီမှာမရှိတော့ ကိုယ့်ဟာကို ချက်ပြုတ်ရမှာ အရမ်းပျင်းတာပဲ၊ အိမ်မှာ ချက်ပြုတ်ပေးမဲ့ ကို မရှိတော့ မင်း စားလို့မှကောင်းရဲ့လားမသိလို့ စဥ်းစားမိတယ်”
“ရှောင်ကျောင်း ဒီမှာ အရမ်းကို စည်ကားတယ်ဆိုပေမဲ့လေ ကိုကတော့ အိမ်ကိုပဲ လွမ်းတယ်”
“နောက်တစ်ခါကျရင် ကို မင်းကို တကယ်ပဲ ခေါ်သွားချင်တယ်”
“ကို ဒီမှာအဆင်ပြေပါတယ်၊ အဘွားနဲ့အမေ့ကို စိတ်မပူဖို့ ပြောပြလိုက်နော်၊ မင်းလည်း စိတ်ပူစရာမလိုဘူးနော်၊ ကို့ကို အိမ်မှာ စောင့်နေ”
ဖုန်းခေါ်ဆိုမှုအတွင်းတွင် စုန့်ဝေဖျင်က အများဆုံး ပြောပြီး ရွှီရှောင်ကျောင်းကတော့ နားထောင်နေလေသည်။
ဖုန်းမချခင် ရွှီရှောကျောင်းက လမ်းခေါ်လိုက်၏။
“စုန့်ဝေဖျင်”
သူမက ပါးစပ်ကို ဖွင့်ဟလိုက်သော်လည်း ‘ငါလည်း နင့်ကို လွမ်းတယ်’ဟူသည့် စကားကိုတော့ မပြောလိုက်ချေ။
သူမက ထိုသို့သာ ပြောလိုက်လေသည်။
“ကိုယ့်ဟာကို ဂရုစိုက်နော်၊ ငါ နင့်ပြန်အလာကို စောင့်နေမယ်”
စုန့်ဝေဖျင်က စိတ်ကျေနပ်ပြီးဖြစ်တော့သည်။
ဖုန်းချလိုက်ပြီးနောက် ရွှီရှောင်ကျောင်း၏ပါးပြင်က နီရဲကာ အနည်းငယ်ပူနေလေသည်။
လျိုချွန်းယန်က ထပ်ရောက်လာပြန်ပြီး သူမက သူမ၏မျက်နှာကို ဆက်တိုက် ယပ်ခပ်နေသည်ကို မြင်လိုက်ရသဖြင့် မနေနိုင်တော့ဘဲ အော်ရယ်လေတော့သည်။
“အိုး နင့်ယောကျ်ားက နင့်ကို ချစ်စကားတွေ နည်းနည်းပါးပါး ပြောလိုက်တာကိုး၊ နင့်ကိုလည်းကြည့်အုံး၊ နင့်ပန်းရောင်မျက်နှာလေးက အလှတရားတွေနဲ့ အပြည့်ဖြစ်နေပြီ၊ လူတွေကို နင့်ကိုချစ်ချင်လာအောင် လုပ်နေတာပဲဟဲ့”
ရွှီရှောင်ကျောင်း၏ရှက်စိတ်က ဒေါသအဖြစ်ပြောင်းသွားပြီး ပြောလိုက်၏။
“နံစော်လိုက်တာ ချွန်းယန် နင် ငါ့ကို ထပ်ရယ်ပြန်ပြီပေါ့လေ”
လျိုချွန်းယန်က သူမ အလွန်ရှက်နေသည်ကို တွေ့လိုက်ရချိန်တွင် သူမက ထပ်ပြီး သည်းမခံနိုင်တော့ချေ။
“အေးပါ အေးပါ၊ ငါ နင့်ကို ထပ်ပြီး မစတော့ပါဘူး ကျောင်းကျောင်းရယ်~”
သူမက စုန့်ဝေဖျင်၏အသံကို လိုက်တုလိုက်ပြီး သူမ၏လေသံကို တမင်ဆွဲထားလိုက်ကာ အကျယ်ကြီး အော်ရယ်လေတော့သည်။
“ရှောင်ကျောင်း နင့်ယောက်ျားက နင့်ကို လွမ်းနေတာလား”
ရွှီရှောင်ကျောင်းသည် ပထမဆုံးအကြိမ် စနောက်ခံရချိန်က သည်အတိုင်း ထွက်ပြေးသွားခဲ့ပြီး အမှန်လည်း ပြေးထွက်သွားခဲ့ဖူးသည်။ ထွက်မသွားခင် သူမက ဒေါသထွက်ထွက်နှင့် ပြန်ကြိမ်းသွားသေးသည်။
“လျိုချွန်းယန် နင် ယောက်ျားရတဲ့အထိ စောင့်နေလိုက်၊ ငါ နင့်ကို ရှက်ရအောင် လုပ်ပေးမယ်”
သူမ၏မျက်နှာပေါ်က ပန်းရောင်မှာ အိမ်ပြန်ရောက်သည်အထိ ပျောက်မသွားသေးချေ။
ဝူချွန်းဟွားက သူမကို မြင်လိုက်သည်နှင့်ချက်ချင်း စိတ်ပူလာပြီး
“အိုက်ယား၊ ဘာဖြစ်လာတာလဲ၊ အအေးမိနေတာလား၊ နီရဲနေတဲ့မျက်နှာကို ကြည့်ပါအုံး၊ မြန်မြန်ထိုင်၊ သာမိုမီတာ ဘယ်မှာလဲ၊ မြန်မြန်တိုင်းပါအုံး”
ထုတ်မပြောသင့်သည်ကို အကြောင်းအရာကို အမှန်ပင် ထုတ်ပြောခဲ့ခြင်းပင်။ ရွှီရှောင်ကျောင်းက ခြင်းဒန်းပေါ်တွင် ထိုင်ချလိုက်ပြီး ခေါင်းအုံးနှင့် သူမကို ခေါင်းကို ကိုင်ထားကာ
“အမေရယ် ဘာအအေးမိတာလဲ၊ သမီး နေကောင်းပါတယ်”
ဝူချွန်းဟွားက လက်ဆန့်လိုက်ပြီး သမီးဖြစ်သူ၏နဖူးကို စမ်းကြည့်လိုက်၏။ အမှန်ပင် အဖျားက မရှိချေ။
“ဒါဆို သမီးက ဘာဖြစ်နေတာလေ”
ရွှီရှောင်ကျောင်းက ချောင်းဆိုးသွားပြီး ပြောလိုက်တော့သည်။
“ဘာမှမဖြစ်ပါဘူး၊ သမီး အလောတကြီး ပြေးလာလို့ပါ၊ ပြီးတော့ စုန့်ဝေဖျင် ဖုန်းခေါ်လာတယ်”
ဝူချွန်းဟွားသည် ထိုစကားကို ကြားလိုက်ချိန်တွင် လူငယ်အတွဲများ ပြောမည့်စကားကို နားလည်သွားတော့သည်။ သမီးရဲ့ ပါးနီနေတာ သူ ရှက်နေတာကိုး။ သူမက ရယ်ချင်စိတ်ကို ထိန်းထားလိုက်ပြီး ပြန်ထိုင်ချလိုက်လေသည်။
“အိုး အိုက်ယား ဒီဝေဖျင်ကတော့ သူ ရောက်ရင် ဖုန်းခေါ်မယ်လို့ ပြောခဲ့တယ်မလား၊ ဘာလို့ အခုမှ ဖုန်းခေါ်ရတာတဲ့လဲ”
ရွှီရှောင်ကျောင်းက စုန့်ဝေဖျင်အတွက် မြန်မြန်ရှင်းပြလိုက်၏။
“အမေ သူအရမ်း အလုပ်များနေလို့ပါ၊ သူ ရောက်သွားတုန်းက အရင်တခါ သူနဲ့အတူတူ အလုပ်လုပ်ခဲ့တဲ့သူဌေးနဲ့ တွေ့ပြီး သူ့အတွက် ပစ္စည်းတစ်သုတ် ထည့်ပေးလိုက်တယ်တဲ့၊ သူ နေ့တိုင်း အလုပ်များနေတာတဲ့၊ သူ အားတဲ့အချိန်လေးရတာနဲ့ အိမ်ကို ဖုန်းခေါ်လိုက်တာ၊ သူ တမင် လုပ်တာမဟုတ်ပါဘူး”
ဝူချွန်းဟွားက မအော်ရယ်ဘဲ မနေနိုင် ဖြစ်သွားတော့သည်။
“အိုး အမေ သိပါပြီ၊ အမေကတောင် ဘာမှ မပြောရသေးဘူး၊ နင်က သူ့ကို ကာကွယ်ပေးနေပြီ”
“ဘယ်သူက သူ့ကို ကာကွယ်ပေးလို့လဲ၊ သမီးဖြင့် သူ့ကို မုန်းလို့တောင် မဝဘူး” ရွှီရှောင်ကျောင်းက ခေါင်းအုံးပေါ်က သားမွှေးကို ဆွဲဆုပ်လေသည်။
ဝူချွန်းဟွားက သမီးဖြစ်သူကို မစနောက်တော့ဘဲ လိုရင်းကို ပြောလိုက်တော့သည်။
“ဘယ်လိုလဲ၊ ဝေဖျင် အပြင်မှာ အဆင်ပြေရဲ့လား၊ သူ့ကို ကောင်းကောင်း စားသောက်ပြီး အိမ်ကို စိတ်မပူဖို့ သမီးသူ့ကို ပြောလိုက်ရဲ့လား, အိမ်မှာအားလုံး အဆင်ပြေတယ်လို့လေ”
ရွှီရှောင်ကျောင်းက ခေါင်းညိတ်လိုက်ပြီး
“သမီး အဲလိုပဲ ပြောလိုက်တာပါ၊ သူ နေကောင်းပါတယ်တဲ့ ဒါပေမဲ့ ကွမ်တုန်းက အစားအသောက်ကတော့ အိမ်နဲ့ မတူဘူးတဲ့၊ သူ အသားမကျသေးဘူးတဲ့”
ဝူချွန်းဟွားက ထောက်ခံလိုက်ပြီး
“မတူညီတဲ့ပတ်ဝန်းကျင်က မတူညီတဲ့လူတွေကို ပျိုးထောင်ပေးတာပဲ၊ ဒါက အရှိတရားပဲလေ၊ သူ ဒါကို ကျင့်သားရနိုင်ရင် ထူးဆန်းနေမှာပေါ့၊ အရင်ကဆိုရင် ဝေဖျင် ခရီးကပြန်လာတိုင်း သူ ပိန်ကျသွားတယ်၊ ဒီတစ်ခါ သူ ပြန်လာရင်တော့ သူ့ကို အားရှိအောင် လုပ်ပေးရမယ်၊ ငွေရှာပြီး မိသားစုကို ထောက်ပံ့ဖို့ သူ့မှာ ခရီးအဝေးကြီး သွားနေရတယ်”
ရွှီရှောင်ကျောင်းက မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် ဖြစ်သွားလေသည်။ စုန့်ဝေဖျင် ပြန်လာရင် အမြဲတမ်း ပိန်သွားတယ်တဲ့လား။ ငါ ဒါကို ဘာလို့ သတိမထားမိပါလိမ့်။
ဝူချွန်းဟွားက ဆက်ပြီး ပြောလိုက်သေးသည်။
“ဝေဖျင် ဒီကလေးက အရမ်းကို စိတ်အားတက်ကြွပြီး သတ္တိလည်းရှိတယ်၊ ကြည့်လေ၊ လုပ်ငန်းလုပ်ကိုင်ခွင့်ကို ဖွင့်ပေးလိုက်ပြီ၊ မြို့ထဲမှာလည်း လှုပ်ရှားနေကြတဲ့သူတွေ အများကြီးပဲ၊ ဒါပေမဲ့ တစ်ယောက်မှ ခရီးဝေးသွားတယ်လို့ အမေ မကြားခဲ့ဘူး၊ အလွန်ဆုံး အထုပ်လေးတစ်ထုပ်နဲ့ အပြင်ထွက်ပြီး ငွေရှာဖို့ တစ်ခုခုရောင်းတာပဲ ရှိတာ၊ ဝေဖျင်လို ခါးသီးတဲ့ဒဏ်ခံပြီး ခရီးဝေးထွက်တဲ့လူက မရှိသလောက်ပဲ”
ရွှီရှောင်ကျောင်းက ခေါင်းညိတ်လိုက်သည်။ ချမ်းသာလာသူများထဲက ပထမအသုတ်သည် အမှန်ပင် စွန့်စားရဲပြီး လုပ်ကိုင်ရဲသူများ ဖြစ်ကြလေသည်။
“အမေ အမေ့သမက်က အရည်အချင်းရှိတော့ ဝမ်းမသာဘူးလား၊ သမီး စုန့်ဝေဖျင်ကို လက်ထပ်ချင်တုန်းက အမေက စိုးရိမ်ခဲ့သေးတယ်၊ အခုတော့ အမေ စိတ်ချလို့ရပါပြီ၊ သူနဲ့ဆိုရင် သမီး ခါးသီးမှုတွေ ခံစားရမှာ မဟုတ်ဘူး”
ရွှီရှောင်ကျောင်းက အစပိုင်းမှ လက်ရှိအချိန်အထိ ပြန်စဥ်းစားလိုက်တော့သည်။ သူမသည် အမှန်ပင် လုံးဝ ဒုက္ခမခံစားခဲ့ရပေ။
ဝူချွန်းဟွားက ကျေကျေနပ်နပ် ပြုံးလိုက်ပြီး
“ပျော်တာပေါ့၊ အမေက ဒီထက်ပျော်တာတောင် ဒီလောက် ပျော်မှာမဟုတ်ဘူး၊ ပတ်ဝန်းကျင်က လူတွေက သမီးလောက်တောင် ကံကောင်းမှာမဟုတ်ဘူး၊ လက်ထပ်လိုက်တဲ့သူတွေထဲမှာ မီးဖိုချောင်မှာ တဝဲလည်လည်နဲ့ လယ်ထဲ မဆင်းရတဲ့သူတွေ ဘယ်သူရှိလို့လဲ၊ သမီးကတော့ လယ်ထဲကို တစ်နှစ် တစ်ကြိမ်နှစ်ကြိမ်ထပ် ပိုပြီး မဆင်းခဲ့ရပါဘူး၊ ပြီးတော့ ချက်ပြုတ်တာလည်း မလုပ်ရဘူး၊ နေ့တိုင်း ဟိုဟာစားချင် ဒီဟာစားချင်နဲ့၊ ပြီးတော့ စားချင်တာလည်း ထူးထူးဆန်းဆန်းတွေ၊ ဝေဖျင်ကို စားဖိုမှူးကောင်းတစ်ယောက် ဖြစ်လာစေတော့တာပဲ”
ရွှီရှောင်ကျောင်းက သူမကိုယ်သူမ အတော်လေး ဂုဏ်ယူသွားတော့သည်
“ဘယ်သူက သမီးကို အမြော်အမြင်ရှိအောင် လုပ်ပေးခဲ့တာလဲ၊ အမေ သမီး အခုတလော ရှောင်ကန်းကို လေ့ကျင့်ပေးနေတယ်၊ သူ အချက်အပြုတ်မှာ တော်တော်လေးကောင်းတယ်လို့ သမီး ထင်တယ်၊ ဒါပေမဲ့ စုန့်ဝေဖျင်လောက်တော့ မကောင်းသေးဘူးပေါ့၊ နည်းနည်းပါးပါး လေ့ကျင့်ပြီးတာတောင် သူက မဆိုးဘူး၊ သူ့အတွက် စိတ်မညစ်နဲ့နော်၊ သူ့ကို ပေးလုပ်ထားလိုက်၊ သူ တတ်သွားရင် သူ့ကို ပိုပြီး ချက်ပြုတ်ခွင့်ပေးထားလိုက်၊ နောက်ဆိုရင် အမေ ဘေးကနေပဲ ကူညီပေးရုံပဲ”
ဝူချွန်းဟွားက ရယ်မောကာ ပြောလိုက်၏။
“အမေက နေ့တိုင်း ဘာမှလုပ်စရာမရှိပါဘူး၊ ပြီးတော့ သမီးက သမီးရဲ့မောင်လေးကို ချက်ပြုတ်ခိုင်းနေတာပဲ”
ရွှီရှောင်ကျောင်းက ခေါင်းညိတ်လိုက်ပြီး
“အရင်ဆုံး သူ့ကို မကြာမကြာ လေ့ကျင့်ခွင့်ပေးထားလိုက်၊ အမေ စဥ်းစားကြည့်လေ၊ ရှောင်ကန်း လက်ထပ်သွားရင် သူလည်း သူ့မိန်းမကို ချက်ပြုတ်ကူလို့ ရတာပေါ့၊ ဒီအရည်အချင်းက အပိုရမှတ်တွေပဲ၊ သမီး စကားနားထောင်လို့ အန္တရာယ်ဖြစ်စရာမရှိဘူး”
ရွှီရှောင်ကန်းက ပြီးခဲ့သည့်နှစ်နှစ်အတွင်း ကြီးထွားမြန်လာပြီး ပိုပြီး သန်မာလာခဲ့သည်။ တခြားသူများနှင့် မတူဘဲ ဝူချွန်းဟွားကတော့ သားဖြစ်သူကို ဘယ်အလုပ်မဆို လုပ်ခိုင်းဖို့ မတွန့်ဆုတ်ပေ။ သူမက ထိုစကားကို ကြားလိုက်ချိန်တွင် ခေါင်းညိတ်လိုက်ပြီး
“အင်းပါ၊ အမေ သမီး စကားကို နားထောင်ပါမယ်”
ရွှီရှောင်ကန်းအကြောင်း ခဏလောက် ပြောလိုက်ကြပြီးနောက် ရွှီရှောင်ကျောင်းက စုန့်ဝေဖျင်အကြောင်း ပြန်လှည့်လေသည်။
“အမေ စုန့်ဝေဖျင်က ပြောတယ်၊ အခုကစပြီး သူ အဆင်ပြေကြောင်း အိမ်ကို တစ်ပတ်တစ်ခါ ဖုန်းဆက်မယ်တဲ့၊ နောက်တစ်ခါ ဖုန်းလာရင် အဘွားကို ပြောလို့ရတယ်၊ အဘွားက ထုတ်မပြောပေမဲ့ သူလည်း သေချာပေါက် စိတ်ပူနေမှာပဲ”
ဝူချွန်းဟွားက ခေါင်းညိတ်လိုက်ပြီး
“ဟုတ်တာပေါ့၊ သမီး အဘွားကို ခေါ်သွားလိုက်၊ အမေနဲ့ ရှောင်ကန်းကတော့ မပြောတော့ပါဘူး၊ ဖုန်းပြောခကလည်း စျေးကြီးတယ်လို့ ကြားတယ်၊ ဒီတော့ သမီးပဲ အမေ့ကိုယ်စား နည်းနည်းပါးပါး ပြောပေးလိုက်”
နေရောင်က လူများပေါ်တွင် နွေးထွေးစွာ ဖြာကျနေလေသည်။ ရွှီရှောင်ကျောင်းက ခြင်းဒန်းပေါ်တွင် ရှေ့နောက် လွဲနေလိုက်ပြီး ဝက်စတူးဆိုင် ဖွင့်မည့်အကြောင်း ဝူချွန်းဟွားက ထပ်ပြောလိုက်သည်ကို နားထောင်လိုက်လေသည်။
“ဒီတစ်ခါ ဝေဖျင် ပြန်လာရင် အမေတို့တွေ အရင်ဆုံး အိမ်မှာပဲ ဝက်စတူးဆိုင် ဖွင့်ရမယ်၊ ဒါမှ ပြေးလွှားနေစရာမလိုဘဲ ခဏလောက် အနားယူနိုင်မှာ၊ သူ ခရီးပြန်ထွက်တဲ့အခါကျရင် အမေက တာဝန်ယူပြီး သမီးကို လုပ်ကူပေးမယ်၊ ရှာလို့ရတဲ့ ငွေကတော့ အမေက အိပ်ဆောင်နည်းနည်းပါးပါး ရရင် ဟုတ်ပါပြီ၊ ကျန်တာကိုတော့ သမီး သိမ်းထားဖို့ ပေးထားရမယ်”
ဘယ်လိုလုပ်ပြီး ဖြစ်မှာလဲ။ ဝက်စတူးဆိုင်ကိစ္စကို စဥ်းစားထားပြီးပါပြီ။ အခုအချိန်မှာ ဆိုင်က သေးသေးလေးဆိုရင်တောင် သေချာ စီမံထားရင် ဆိုင်ခွဲတစ်ခုဖွင့်ပြီး အပြင်မှာ ရောင်းရင် ပြဿနာဖြစ်တော့မှာ မဟုတ်ဘူး၊ ဒါက အမြတ်ခွဲတဲ့ကိစ္စပဲလေ။ ဒီလိုကိစ္စတွေကို အစောကြီးကတည်း ဆုံးဖြတ်ထားသင့်တာ။
ငါနဲ့စုန့်ဝေဖျင်ကလည်း အစောပိုင်းအဆင့်ကတည်း ဒါကို တိုင်ပင်ထားပြီးသား။ သူတို့တွေက မျက်နှာစာ ဆိုင်ငယ်လေး ဖွင့်တဲ့အခါ ငွေမလိုဘူး။ အားလုံးကို အမေ့ကို ပေးလိုက်မယ်။ နောက်ပိုင်း ဆိုင်ကို ချဲ့မှပဲ အမြတ်ကို ပြန်ခွဲလည်း အဆင်ပြေတယ်။
ဒါပေမဲ့ လုပ်ငန်းက ကောင်းပြီး စုန့်ဝေဖျင်က အလုပ်များနေရင်တော့ ပြောမရဘူး ငါလေးကိုယ်တိုင်တောင် ကူညီပေးရလောက်တယ်။ ငါတို့တွေ ငွေကို လက်မခံရင်လည်း အမေက သေချာပေါက် ပျော်မှာမဟုတ်ဘူး။ သူတို့တွေက အဲဒီအချိန်ကျရင်တော့ ပမာဏတစ်ခု သတ်မှတ်လို့ရပါတယ်။
“အမေ ငွေကိစ္စနဲ့ ပတ်သက်ပြီး သမီးတို့နဲ့ မငြင်းခုန်ပါနဲ့၊ အလုပ်စရင် တစ်လလောက် လုပ်ကြည့်ပြီးမှာ အရောင်းအခြေအနေကို ကြည့်ရမှာ”
ဝူချွန်းဟွားက ခေါင်းညိတ်လိုက်ပြီး
“ဟုတ်ပါပြီ၊ ဟုတ်ပါပြီ၊ အမေက အခုတော့ အားနေတယ်လေ၊ သမီးတို့တွေ အရင်က ဝက်စတူးဆိုင် ဖွင့်မယ်လို့ ပြောကြတော့ အမေက စိတ်ဝင်စားခဲ့ပေမဲ့ ဒါက တကယ်မဟုတ်သေးဘူးလို့ ခံစားရတုန်းပဲ၊ ဒါပေမဲ့ အခုတလော မြို့ထဲမှာ လူတွေအများကြီး စက်ဘီးပေါ် ပစ္စည်းတွေ တင်ပြီး ရောင်းဝယ်နေကြတွေ့တော့ ဒီမူဝါဒက ကောင်းတယ်လို့ ခံစားမိလာတယ်၊ ကြည့်လေ၊ သမီးလည်း လုပ်ငန်းသေးသေးလေးတစ်ခုကစပြီး ငွေအများကြီး ရှာနိုင်လာတယ်၊ အမေကတော့ ဝက်စတူးဆိုင်ဖွင့် မျှော်လင့်နေပြီ”
ရွှီရှောင်ကျောင်းသည် ထိုစကားကို ကြားလိုက်ချိန်တွင် ရုတ်တရက် ထထိုင်လိုက်ပြီး ပြောလိုက်လေသည်။
“အမေ စုန့်ဝေဖျင်ကို မစောင့်တော့ဘူး၊ ဆိုင်ကို သမီးတို့ကိုယ်တိုင် ဖွင့်ကြမယ်”
ငါလေး အခု ပျင်းနေပြီလေ။ ရာသီဥတုကလည်း ကောင်းပြီး အပူချိန်ကလည်း အသင့်တင့်ပဲ။ စုန့်ဝေဖျင်အကြောင်း နေ့တိုင်းတွေးနေမဲ့အစား ကိုယ့်ဟာကိုယ် အလုပ်များနေအောင် ထားလို့ရတာပဲ။ စုန့်ဝေဖျင်ပြန်လာရင် သူ သေချာပေါက် အံ့ဩသွားပြီး စိတ်ပျက်သွားလိမ့်မယ်။
ဝူချွန်းဟွားက အနည်းငယ် မှင်တက်အံ့ဩနေမိသည်။
“အဆင်ပြေပါ့မလား၊ အမေတို့ အမျိုးသမီးရဲဘော်တွေက မတတ်နိုင်ဘူးလေ၊ သမီးက ဆိုင်ဖွင့်မယ်ဆိုရင် နေရာအများကြီးကို သွားရမှာလို ကြားတယ်၊ “
ရွှီရှောင်ကျောင်းက လက်ခါပြလိုက်ပြီး အလုပ်ဖြစ်ဖို့ ပိုပြီး သေချာလာတော့သည်။
“ဒါက မခက်ပါဘူး၊ စီရင်စုကိုသွားပြီး စာရင်းသွားသွင်းရုံပဲ၊ သမီး စီရင်စုက နေရာတွေနဲ့ ရင်းနှီးပါတယ်၊ တကယ်လို့ သူတို့တွေနဲ့ မရင်းနှီးဘူးဆိုရင်တောင် သမီးမှာ အသိမိတ်ဆွေတွေ ရှိပါတယ်၊ အမေ ဒီလိုပဲ သတ်မှတ်လိုက်ပြီ၊ စုန့်ဝေဖျင်ကို မစောင့်တော့ဘူး၊ အမေ မနက်ဖြန်ရွာပြန်ပြီး ဦးလေးကျောက်ကို သမီးတို့ အရင်က မှာထားတဲ့အရွယ်အစားအတိုင်း ခြင်းတွေကို သွားမှာလိုက်၊ သမီးတို့မှာ သံအိုးက ပြင်ဆင်ထားပြီးသား၊ သမီး စီရင်စုကို သွားပြီးတော့ ဟင်းခတ်အမွှေးအကြိုင်တွေ သွားဝယ်လိုက်မယ်၊ ပြီးရင် ကျန်တာတွေကိုတော့ လုပ်ရင်းနဲ့ ကြည့်သွားကြမယ်”
ရွှီရှောင်ကျောင်းက ထိုစကားကို ပြောလိုက်ချိန်တွင် ဝူချွန်းဟွား၏နှလုံးသားမှာ လှိုက်လာပြီး
“သမီးရယ် အလုပ်ဖြစ်ပါ့မလား”
ရွှီရှောင်ကျောင်းက ခြင်းဒန်းပေါ်က ခုန်ဆင်းလိုက်ပြီး ပြောလိုက်လေသည်။
“ဘယ်လို မဖြစ်နိုင်ရမှာလဲ၊ အမျိုးသမီးတွေကလည်း ကောင်းကင်ကို ထိန်းထားနိုင်ပါတ်၊ စုန့်ဝေဖျင် အနားမှာမရှိရင် သမီးတို့တွေ ဝက်စတူးဆိုင်ကို ဖွင့်နိုင်သေးတယ်၊ သူ ပြန်လာတဲ့အခါ အံ့ဩသွားမှာ အာမခံတယ်”
...
အပိုင်း (၅၀) လုပ်ငန်းဖွင့်လှစ်ခြင်း
ရွှီရှောင်ကျောင်းက ရှားရှားပါးပါး စိတ်လှုပ်ရှားနေတော့သည်။ နောက်တစ်နေ့ မနက်ခင်း စောစောတွင် သူမက အချက်အလက်အားလုံးကို စုစည်းလိုက်ပြီး စီရင်စုမြို့သို့ သွားသည့် ဘက်စ်ကားပေါ် တက်သွားလေသည်။
ဝူချွန်းဟွားက သူမကို ကားဂိတ်အထိလိုက်ပို့ပေးလိုက်ပြီး တတွတ်တွတ် ရေရွတ်နေတော့သည်။
“ အိုး ဝေဖျင်က ပြောထားတယ်၊ သမီးကို လျှောက်မသွားဖို့ စောင့်ကြည့်ပြီး တားပေးပါတဲ့၊ သမီးက တစ်ယောက်ထဲ ကိုယ့်ဟာကိုယ် စီရင်စုမြို့ကို သွားရဲတယ်လို့ ပြောနေတယ်၊ ဝေဖျင်သာ သိသွားရင် သူ သမီးကို သေချာပေါက် ဆူပူနေတော့မှာပဲ”
ရွှီရှောင်ကျောင်းက လက်ကိုင်အိတ်ကို ကိုင်ထားကာ ထိုစကားကို ကြားလိုက်ချိန်တွင် အနည်းငယ် ဝမ်းသာသွားလေသည်။
“ အမေရယ် ဘာစိတ်ပူစရာ ရှိလို့လဲ၊ အခုက ဘယ်လို လူ့ပတ်ဝန်းကျင်ဖြစ်နေပြီလဲ၊ ပြီးတော့ သမီး စီရင်စုကို အကြိမ်အများကြီး ရောက်ဖူးပါတယ်၊ စိတ်မပူပါနဲ့၊ သမီး ညနေခင်းလောက် ပြန်လာမှာပါ”
ရွှီရှောင်ကျောင်းသည် စကားပဲပြောပြီး လက်မလှုပ်ချင်သည့် ငါးဆားနယ်တစ်ယောက် ဖြစ်ရမည်ဟု ရည်ရွယ်ချက်ကြီးမားခဲ့သော်လည်း သူမ၏အခြေခံ စွမ်းရည်များက ရှိနေကာ စံနှုန်းထက်ပင် သာလွန်နေသေးသည်။ လုပ်ငန်းလိုင်စင်လျှောက်ခြင်းက အလွန်မှ ချောချောမွေ့မွေ့ ပြီးသွားခဲ့သည်။ သူမက နေ့လယ်ခင်းတွင် ကျန်းမေလိနှင့် တခြားမိန်းကလေးများနှင့်အတူ ထမင်းတနပ်ပင် အတူစားခဲ့သေးသည်။
ကျန်းမေလိသည် သူက ဆိုင်ဖွင့်ရန် လိုင်စင်လာလျှောက်မှန်း သိရသဖြင့် သူမကို အလွန်အမင်း ချီးကျူးနေတော့သည်။
“ရှောင်ကျောင်း နင်က အရမ်းကို သိမြင်တတ်တာပဲ၊ အားလုံးက အိပ်ရင်း စောင့်ပြီး လေ့လာနေကြတုန်း ရှိသေးတယ်၊ ငါ့အဖေဆီက ကြားတာတော့ ဒီလိုင်စင်အတွက် လျှောက်ရဲကြတဲ့သူ အများကြီး မရှိဘူးလို့ ကြားတယ်၊ သူတို့တွေက ဘာကို စောင့်နေကြတာလဲတဲ့နော်၊ အခွင့်အရေးက အဲလောက်ကောင်းနေတာ၊ ပြီးတော့ သူတို့တွေက ချက်ချင်း လှုပ်ရှားကြသေးတာလည်း မဟုတ်ဘူး၊ ဆိုင်ဖွင့်တဲ့ ပထမဆုံးအသုတ်တွေက ပြိုင်ဘက်ရှိမှာ မဟုတ်ဘူး၊ ဒီတော့ လုပ်ငန်းက သေချာပေါက် ကောင်းမှာပဲ”
ရွှီရှောင်ကျောင်းလည်း သူမ၏လျှောက်လွှာက အလွန်မှ အဆင်ပြေချောမွေ့သွားလိမ့်မည်ဟု ထင်မထားခဲ့ချေ။ စာရင်းစစ်က အချက်အလက်များကို ပြန်စစ်ဆေးလိုက်ပြီး ဘာတစ်ခွန်းမှ မပြောဘဲ တံဆိပ်တုံးနှိပ်ပေးလိုက်သည်။ သူမက စိတ်ကြည်လင်နေတော့သည်။
“ဟုတ်တယ်၊ ပြည်နယ်ကလည်း ဒါကို ထောက်ခံတယ်၊ ငါတို့တွေ စောစော လုပ်ရမှာ၊ ငါက ငါ့အမေအတွက် ဝက်စတူးဆိုင်လေးတစ်ဆိုင်ဖွင့်ပေးဖို့ ပြင်ဆင်နေတာ၊ ဒါမှ သူလည်း အချိန်ကုန် နိုင်မှာလေ၊ ဒီတစ်ခါ ငါ အလျင်လိုနေတာနဲ့ မေ့ခဲ့တယ်၊ နောက်တစ်ခါ လာရင် နင်တို့အတွက် ငါ့ရဲ့ဝက်စတူးဟင်းကို ယူလာခဲ့ပေးမယ်နော်၊ အရမ်းအရသာရှိတာ”
“ဒါဆိုရင် ဒီလို မှတ်ထားလိုက်ပြီနော်”
သူငယ်ချင်းကောင်းတချို့နှင့် ထမင်းတစ်နပ်စားလိုက်ပြီးနောက် ရွှီရှောင်ကျောင်းက မြို့လေးတွင် လုံးဝသုံးနေကျ မဟုတ်သည့် ဟင်းခတ်အမွှေးအကြိုင်တချို့ကို ဝယ်လိုက်သည်။ သူမက ဝက်စတူးဆိုင်ကို ဖွင့်မည်ဖြစ်ရာ အားလုံးကို ပြင်ဆင်ထားရမည်က သဘာဝပင်။ သို့သော် သူမက တချို့ရှားပါးသည့် ပစ္စည်းများကို သာဝယ်ခဲ့ပြီး ကျန်ပစ္စည်းများကို ဝယ်ရန် ရွာသို့ ပြန်လာခဲ့လိုက်သည်။ လယ်သမားမိသားစုထံမှ ဝယ်သည်က ပိုပြီး သက်သာပြီး အရည်အသွေးလည်း ပိုကောင်းလေသည်။
အသိအမှတ်ပြု လက်မှတ်ရပြီးသည်နှင့် အကြီးမားဆုံးပြဿနာကို ဖြေရှင်းပြီးသွားခဲ့သည်။
အရင်က စုန့်ဝေဖျင်က ဝက်စတူးကို အကြိမ်အရေအတွက်အများကြီး လုပ်ခဲ့ပြီး ဝူချွန်းဟွားက အမြဲတမ်း ကူညီပေးခဲ့သည်။ သည်ကိစ္စတွင်တော့ ပါဝင်ပစ္စည်းများကို ရှင်းလင်းနေသ၍ လုပ်ရန် မခက်ခဲချေ။ ထို့အပြင် ရွှီရှောင်ကျောင်းက အရင်က မသုံးခဲ့သည့် စီရင်စုမြို့က ဟင်းခတ်အမွှေးအကြိုင်များကို ဝယ်လာခဲ့သည်။ သူမက အသားပြုတ်ရည်လုပ်ရန် အရိုးကြီးများကိုပင် ဝယ်ခဲ့လေသည်။ ဝူချွန်းဟွားက ဟင်းရည်ကို ညွှန်ကြားထားသည့်အတိုင်း အကြိမ်အနည်းငယ် လုပ်လိုက်ပြီး အရသာက ကောင်းနေသည်။ အရင်က စုန့်ဝေဖျင်လုပ်ခဲ့သည့် ဝက်စတူးထက် ပိုပြီး အရသာရှိကာ မွှေးပျံ့နေသည်။
နောက်ဆုံးကျန်သည့် ပြဿနာမှာ လူသိများအောင် လုပ်ဖို့ပင်။
ဝူချွန်းဟွားက သည်အကြောင်းကို အများကြီး မစဥ်းစားထားပေ။
“သမီး ဆိုင်ဖွင့်ဖို့အတွက် ဘာလုပ်စရာ ရှိသေးလို့လဲ၊ အိမ်နီးချင်းတွေကို ပြောရင်း ဝက်စတူးတစ်အိုးကိုပေါင်း၊ တံခါးဖွင့်ပြီး အသားရောင်းလိုက်ရင် ရပြီလေ”
ရွှီရှောင်ကျောင်းက နောက်ပိုင်းမျိုးဆက်များ၏ ခမ်းနားသည့်ဖွင့်ပွဲများကို မြင်နေကျဖြစ်ခဲ့လေသည်။ စားသုံးသူကို ဆွဲဆောင်ရန် ကုန်သည်များက တတ်နိုင်သမျှ အရာအားလုံးကို လုပ်ပြီး မဆုံးနိုင်သည့် အရောင်းမြင့်တင်ရေးနည်းလမ်းများကို သုံးကြသည်။ တစ်ခါတရံ ဖွင့်ပွဲတစ်ရက်တည်း၏ ရောင်းအားက အလွန်မှ အထင်ကြီးစရာကောင်းလေသည်။
သူမက လက်ချောင်းကို လှုပ်ယမ်းပြလိုက်ပြီး
“မရဘူး၊ မရဘူး၊ ဒီပထမဆုံးပစ်ချက်က အကျယ်ကြီးဖြစ်ကို ဖြစ်ရမယ်၊ ဝိုင်ရဲ့အနံ့က လမ်းကြိုလမ်းကြားကို မရောက်မှာ မစိုးရိမ်ရပေမဲ့ သတင်းကတော့ မြန်မြန်ပျံ့သွားလေ ပိုကောင်းလေပဲ”
ရွှီရှောင်ကန်းက ဘေးတွင် အသားပေါင်မုန့်ကို စားနေပြီး
“အရောင်းမြင့်တင်တာ၊ ကျွန်တော် နားလည်တယ်၊ ပြီးခဲ့တဲ့အခေါက်တုန်းက မမ အနီးကပ်သင်တန်း ဖွင့်တုန်းလိုပဲ၊ ‘မအောင်ရင် ငွေပြန်အမ်းမယ်’ ဆိုတာက ကြော်ငြာတာပဲလေ”
ရွှီရှောင်ကျောင်းသည် သူမ၏မောင်ဖြစ်သူက အနာဂတ်တွင် လူထုဆက်ဆံရေးနှင့် စီမံကိန်းအတွက် မျိုးစေ့ကောင်းတစ်ခု ဖြစ်လိမ့်မည်ဟု အစောကြီးကတည်း ယုံကြည်ထားခဲ့သည်။ သူမက ထိုစကားကို ကြားလိုက်ချိန်တွင် ခေါင်းညိတ်ထောက်ခံလိုက်ပြီး
“အဲဒါပဲ”
ရွှီရှောင်ကန်း၏ ဦးနှောက်ယန္တရားကလည်း လည်ပတ်လာကာ
“မမ ငါတို့တွေ ဘယ်လို ကြော်ငြာကြမှာလဲ၊ ‘အရသာမရှိရင် ပိုက်ဆံမယူဘူး’လို့တော့ လုပ်ချင်လို့တော့ မဖြစ်ဘူး၊ ဒါက သေချာပေါက် လုံးဝမဖြစ်နိုင်ဘူးလေ”
ရွှီရှောင်ကျောင်းက ခဏလောက်စဥ်းစားလိုက်ပြီး စိတ်ကူးတစ်ခု ပေါ်လာတော့သည်။
“ အရသာမရှိရင် ပိုက်ဆံမယူဘူးဆိုတာက အရမ်းကို အတုအယောင်ဆန်ပြီး လက်တွေ့မကျဘူးလေ၊ ငါတို့တွေ စားသုံးသူကို ပေးမဲ့လျှော့စျေးကမှ လက်တွေ့ကျမှာ သေချာတယ်၊ မြင်နိုင် ထိတွေ့နိုင်တဲ့အရာတစ်ခုခုပေါ့”
သူမက ရွှီရှောင်ကန်းကို ဘောပင်နှင့်စာရွက် ယူလာခိုင်းလိုက်ပြီး သူမ၏အကြမ်းဖျဥ်းအစီအစဥ်ကို ချရေးလိုက်လေသည်။
“အရင်ဆုံး သွေးပူအောင် လုပ်ကြမယ်၊ ဒါကို ဆယ်ရက်ခွဲလောက် အရောင်းမြင့်တင်ရေးလုပ်မယ်၊ အခုလောလောဆယ် မြို့ထဲက ကြော်ငြာဘုတ်တွေပေါ်မှာ ကိုယ်ပိုင်အချက်အလက်တွေနဲ့ တင်လို့မရနိုင်ဘူး၊ ဒီတော့ အရင်ဆုံး လက်ကမ်းစာစောင်တစ်ခုလုံးနဲ့ စတင်ရမယ်”
“ပထမဆုံးက အရမ်းနာမည်ကြီးလာအောင် လုပ်ဖို့ပဲ၊ ဆိုင်ဖွင့်ပြီး ပထမဆုံးသုံးရက်ကို ပထမဆုံး လာဝယ်တဲ့သူ အယောက်၃၀က ဘယ်လောက်ဝယ်ဝယ် သူတို့က ဝယ်သလောက် အပို အလကားပြန်ရမယ်”
သူမ ဘာမှ မပြောရသေးခင်မှာပင် ဝူချွန်းဟွားက မြန်မြန်တားလိုက်လေသည်။
“အိုး အိုး အိုး ဒါကတော့ မဖြစ်ဘူး, အမေတို့တွေ အကြီးကြီး ရှုံးသွားလိမ့်မယ်၊ ဒီအသား ၁ကျင်းက ဝက်စတူး ဂရမ် ၄-၅၀၀လောက် ရှိတာ၊ အဲတာထက် ပစ္စည်းကောင်းတွေအများကြီးကိုလည်း သုံးထားရသေးတယ်၊ ကျောက်သကြား၊ သကြားညိုနဲ့ အရိုးကြီးတွေလည်း ပါသေးတယ်၊ အမေတို့ရဲ့ စျေးအဟောင်းနဲ့ဆိုရင် ၁၀၀ဂရမ် အသားတစ်တုံးကို ၄၀ဖန်း ရောင်းတာ၊ ဝက်စတူး ၁ကျင်းမှ ၂ယွမ်ပဲကျတယ်၊ သမီးက တစ်ခုဝယ် တစ်ခုလက်ဆောင်နဲ့ ရောင်းလိုက်ရင် ရောင်းရတဲ့ ကျင်းတစ်ဝက်က လိုငွေပြနေမှာပေါ့”
ရွှီရှောင်ကျောင်းက ရွှီရှောင်ကန်းကို အရင်ဆုံး ချရေးခိုင်းလိုက်ပြီးမှ အပြုံးတစ်ခုနှင့် ဝူချွန်းဟွားကို စနောက်လိုက်လေသည်။
“အမေ အခု အမေ့ရဲ့အတွက်အချက်စကေးက ပိုကောင်းပြီးရင် ကောင်းလာတာပဲ”
ဝူချွန်းဟွားက သူမကို ဆဲဆိုတော့သည်။
“နင်က အမေ့ကို ရယ်စရာလုပ်နေသေးတယ်၊ လုပ်ငန်းလုပ်ရတာ ခက်တဲ့ဟာကို၊ နင် ဒီလိုရောင်းရင် ငါတို့မိသားစု ဘယ်လို ငွေရှာနိုင်တော့မှာလဲ”
ရွှီရှောင်ကျောင်းက ခေါင်းခါပြလိုက်ပြီး
“အမေ ဒါက စျေးကွက်နည်းဗျူဟာပဲ၊ အမေ နားမလည်ပါဘူး၊ စဥ်းစားကြည့်လေ၊ သမီးတို့တွေက ဒီနေရာ အခု၃၀နဲ့ လူတစ်ရာကို ဆွဲဆောင်နိုင်မယ်ဆိုရင် ရှုံးသွားတဲ့ ငွေပမာဏနည်းနည်းလေးကို အများကြီးလို့ စဥ်းစားလို့ရသေးလို့လား”
ရွှီရှောင်ကန်း၏စိတ်က မြန်ဆန်လေသည်။
“အမေက လူအယောက်၃၀ရဲ့ငွေကို ရှုံးသွားရင်တောင် ကျန်တဲ့လူ၇၀ဆီကနေ ငွေရှာနိုင်တယ်လေ၊ ပြီးတော့ အမေ အဲဒီ လူသုံးဆယ်ကို ရှုံးလိုက်ရရင်တောင် အမေ အများကြီး မရှုံးဘူး၊ အမေရေ နောက်ဆုံးတော့ ကျွန်တော်တို့ မြတ်နေသေးတယ်”
ရွှီရှောင်ကျောင်းက ခေါင်းညိတ်လိုက်ပြီး
“ပြီးတော့ သမီးတို့ရဲ့ဝက်စတူးဆိုင်ကို ချက်ချင်း ကြော်ငြာပြီးသား ဖြစ်သွားလိမ့်မယ်၊ လာဝယ်စားတဲ့သူတွေက အရသာရှိတယ်လို့ ထင်သ၍ သူတို့အများစုက ထပ်ခါထပ်ခါ ဝယ်စားမဲ့ စားသုံးသူတွေ ဖြစ်လာလိမ့်မယ်၊ ဒီလုပ်ငန်းက အဖွင့်မကောင်းဘူးလား”
ရွှီရှောင်ကျောင်းက ရွှီရှောင်ကန်းကို ဆက်ရေးဖို့ အချက်ပြလိုက်ပြီး
“ဒုတိယအနေနဲ့ ငါတို့တွေက ပထမ အယောက်၃၀ကိုပဲ အကျိုးအမြတ်ပေးလို့မရဘူး၊ တကယ်လို့ သူတို့တွေက နေရာတစ်ခုမရခဲ့ရင် သူတို့တွေက ဒီအတိုင်း ထွက်သွားကြမှာမလား၊ နောက်လူတွေကိုလည်း လျှော့စျေးနဲ့ ပေးရမယ်၊ ငါတို့တွေက ဒီအပေါ်အခြေခံပြီး ငွေကို သုံးရလိမ့်မယ်၊ တွက်ကြည့်ရအောင်”
သူမက ခဏလောက်စဥ်းစားလိုက်ပြီး
“ငါတို့တွေ အရင်ဆုံး ပစ္စည်းရင်းမြစ်ကို ဆက်သွယ်ရလိမ့်မယ်၊ ဒီတစ်ခါ ငါတို့တွေ ကြက်ခြေထောက်၊ ဝက်ခြေထောက်၊ ဝက်အသည်း နဲ့ တခြားပစ္စည်းတွေကို နည်းနည်းစီ ဝယ်ရမယ်၊ အချိန်တန်ရင် အဲဒါတွေကို အတူတူ ထည့်နှပ်ရမယ်၊ ဝယ်တဲ့ပမာဏ ၅၀ဖန်းကျော်သွားရင် ကြက်ခြေထောက်ကို လက်ဆောင်ပေးမယ်၊ တကယ်လို့ ၁ယွမ်ကျော်သွားရင် ဝက်ခြေထာက် လက်ဆောင်ပေးမယ် အဲလိုပေါ့၊ ဘာပဲဖြစ်ဖြစ် သူတို့တွေ ငွေသုံးသရွေ့ ငါတို့တွေက သူတို့ကို အနည်းနဲ့အများ ပြန်ပေးရလိမ့်မယ်”
ဝူချွန်းဟွားက စကားပြောတော့မည် ပြင်နေသည်ကို တွေ့လိုက်ရသဖြင့် ရွှီရှောင်ကျောင်းက အရင်ဆုံး ရှင်းပြလိုက်လေသည်။
“အမေ စိတ်မပူပါနဲ့၊ သမီးတို့က ဒီအစီအစဥ်ကို သုံးရက်ပဲ လုပ်မှာပါ၊ ဒီတော့ လက်ဆောင်ပေးလိုက်တဲ့ ပစ္စည်းတွေကလည်း ငွေမရှုံးပါဘူး၊ အလွန်ဆုံး သမီးတို့ ရှာနိုင်တဲ့ငွေ လျော့သွားတာပဲ ရှိမယ်၊ အတူတူပဲလေ၊ လူတွေ များလာတဲ့ချက်ချင်း အမြတ်သေးသေးလေးတွေက အသားတင်အမြတ် မြန်မြန်ဖြစ်လာလိမ့်မယ်”
ကုန်ပစ္စည်းရင်းမြစ်အတွက်တော့ ရွှီရှောင်ကျောင်းက ခဏလောက်စဥ်းစားလိုက်ပြီး
“စုန့်ဝေဖျင်က အသားကို မြို့ထဲက သားသတ်သမား ကျန်းလို့ခေါ်တဲ့သူဆီမှာ အသားဝယ်နေကျပဲ၊ သမီး သူ့နောက် တစ်ခါလိုက်သွားဖူးတော့ သူ့ကို သိတယ်၊ သမီးတို့က လျှို့လျှို့ဝှက်ဝှက် လုပ်ခဲ့ကြတာဆိုပေမဲ့ အခုတော့ သူလည်း လမ်းပေါ်မှာ ပေါ်တင်လုပ်နိုင်နေပြီ၊ သမီး သူနဲ့ ပြီးခဲ့တဲ့ရက်တုန်းက တွေ့ခဲ့သေးတယ်၊ သမီးတို့တွေ အရင်ဆုံး သူ့ဆီကနေ အသားဝယ်လို့ရတယ်၊ နောက်ပိုင်း အရမ်းများလာရင်တော့ သမီးတို့တွေ မိန်လင်ရွာကို ပြန်ပြီး လက်တွဲလုပ်ဖို့ လူတစ်ယောက်လောက် ရှာပြီးရင် ရွာကလူတွေကို ဝက်မွေးခိုင်းလို့ရတယ်လေ”
သူမက တစ်ခုချင်း စာရင်းထုတ်ထားလိုက်သည်။ ပြဿနာအားလုံးကို ထုတ်ပြီး စဥ်းစားလိုက်၏။ ရွှီရှောင်ကန်းက ပစ္စည်းဆယ်ခုကျော်ကို ချရေးထားလိုက်လေသည်။
စာရေးလိုက်ပြီးနောက်တွင် ရွှီရှောင်ကန်းက စာအပြည့်ရေးထားသည့် စာရွက်နှစ်ရွက်ကို ကြည့်ကာ မေးလိုက်တော့သည်။
“မမ ဒါတွေအားလုံးကို ရေးပြီး ကြော်ငြာမှာလား”
ရွှီရှောင်ကျောင်းက သူ့ခေါင်းကို သပ်ပေးလိုက်ပြီး
“အခု ငါရေးထားတာတွေက ဆိုင်ဖွင့်မဲ့အစီအစဥ်ပါ၊ အားလုံးကို တစ်ခုချင်း အစီအစဥ်ကျကျ စာရင်းလုပ်ထားတာ၊ ကြော်ငြာဖို့အတွက်တော့ ငါတို့တွေ အရင်ဆုံး နည်းနည်းပါးပါးကိုပဲ ချရေးထားလို့ရတယ်၊ နင် ဝယ်တဲ့ပစ္စည်းနေရာတွေကို အားလုံးကို ပြောပြချင်လို့တော့ မဖြစ်ဘူးလေ”
ရွှီရှောင်ကန်းက သူ့ခေါင်းကို ပွတ်လိုက်ပြီး ရယ်မောလိုက်ကာ
“မမ နင် မပြောနဲ့၊ ဒီလိုလေးချရေးရုံနဲ့တင် ငါ ဆိုင်တစ်ဆိုင် ဖွင့်နိုင်ပြီလိူ့ ခံစားရတယ်၊ နင် ပြောတဲ့အတိုင်း တစ်ခုချင်း လုပ်ရင် နောက်ဆုံးတော့ ပြီးသွားလိမ့်မယ်”
အခုတော့ သူမက ထုတ်ပြောလိုက်သဖြင့် ဝူချွန်းဟွားကလည်း ပစ္စည်းဝယ်ခြင်းနှင့် ရောင်းခြင်း၊ ကြော်ငြာခြင်းနှင့် လက်ရှိမှာ အနာဂတ်အထိ လုပ်မည့်အဆင့် တစ်ဆင့်ခြင်းကို ရှင်းလင်းသွားသလို ခံစားလိုက်ရတော့သည်။
“ဒါက နင့်အစ်မရဲ့အရည်အချင်းပဲ၊ နင့်အစ်မက အနီးကပ်သင်တန်းကို ဖွင့်လာတဲ့သူပဲ၊ နင် သူ့ဆီက လေ့လာသင့်တယ်”
သူမက ပြောလိုက်သည်နှင့် ရွှီရှောင်ကျောင်းက ဆိုင်ကို ကြော်ငြာမည့် နောက်နည်းလမ်းတစ်ခုကို စဥ်းစားလိုက်လေသည်။
“သမီး သမဝါယမကို စကားသွားပြောကြည့်လိုက်မယ်၊ သူတို့ရဲ့တံခါးမှာ ကြော်ငြာစာရွက် ကပ်လို့မရလားလို့၊ ငွေနည်းနည်း ပေးလိုက်ရလည်း အဆင်ပြေတယ်၊ သူတို့ဆီမှာ ဈေးဝယ်တဲ့သူက အဲလောက် မများပေမဲ့ အဲဒီကို နေ့တိုင်းသွားတဲ့သူတွေ အများကြီးရှိသေးတယ်၊ ပြီးတော့ သမဝါယမှာ ပစ္စည်းဝယ်တဲ့သူတွေက သုံးစွဲနိုင်တဲ့အင်အား ရှိသေးတယ်၊ သမီး ချွန်းယန်ကို သမီးအတွက် ကြော်ငြာပေးနိုင်မလား မေးကြည့်အုံးမယ်”
သူမက စိတ်ကူးများ တစ်ခုပြီးတစ်ခု ပေါ်လာလေသည်။ ရွှီရှောင်ကန်း၏စိတ်ကလည်း စပြီး အလုပ်လုပ်လာတော့သည်။
“ဒါဆိုရင် ငါလည်း ငါတို့ဆိုင်ကို ကျောင်းမှာ ကြော်ငြာရမယ်၊ အခုချိန်ကစပြီး ငါ နေ့တိုင်း ဝက်စတူးနဲ့ ရို့ကျားမိုကို ကျောင်းထုတ်သွားရမယ်၊ ဒါမှ အချိန်တန်ရင် သူတို့တွေ သေချာပေါက် လာဝယ်စားကြမှာ”
ရွှီရှောင်ကျောင်းက ချက်ချင်း လက်ခုပ်တီးကာ ချီးကျူးလိုက်တော့သည်။
“ဟုတ်တယ် ဟုတ်တယ်၊ ရှောင်ကန်း နင့်စိတ်ကူးက စိတ်ကူးကောင်းတစ်ခုပဲ၊ လုပ်လိုက်တော့”
ရွှီရှောင်ကန်းသည် အလွန်အားတက်သွားပြီး ချက်ချင်း စိတ်ကူးအသစ်တစ်ခု ပေါ်လာတော့သည်။
“အဘွား လမ်းလျှောက်ထွက်တတ်တယ်မလား၊ သူက ပန်းစိုက်တဲ့သူတွေ အများကြီးကို သိတယ်လေ၊ ဒီနေ့ သူ အပြင်ထွက်ရင် သူလည်း ဆိုင်အကြောင်း ကြော်ငြာလို့ရတယ်”
ရွှီရှောင်ကျောင်းက အလေးအနက် ထောက်ခံလိုက်ပြီး
“ဟုတ်တယ်၊ ဒါ အလုပ်ဖြစ်တယ်၊ ပထမလဝက်ကို အားလုံးရဲ့အာရုံ ရအောင်လုပ်ပြီး ဒီအကြောင်းအရာကို နာမည်ကြီးလာအောင် လုပ်ရမယ်၊ ငါတို့တွေ ဘယ်သူမှ လာဝယ်စားမှာ မဟုတ်ဘူးဆိုပြီး စိုးရိမ်နေဖို့မလိုဘူး”
ပြောရမည်ဆိုလျှင်တော့ ရွှီရှောင်ကျောင်း၏ဗျူဟာက အင်မတန်မှန်ကန်လေသည်။
တမြို့လုံးကမှ သည်လောက်သာ ကြီးလေသည်။ တချို့မိသားစုကိစ္စများက သတင်းပြန့်လွယ်သည်။
ရွှီရှောင်ကျောင်းမိသားစု၏ ဝက်စတူးဆိုင်က ဖွင့်သည့်ကာလအတွင်း ကြီးမားသည့် အကျိုးအမြတ်များ ရရှိခဲ့သည်။ ထိုအကြောင်းကို ကြားလိုက်သူတိုင်းက သေချာပေါက် ရှာဖွေကြပြီး သူတို့က သည်အချက်မှ အကျိုးအမြတ်ရနိုင်မလားဟု စမ်းကြည့်ချင်ကြသည်။ ထို့အပြင် ရွှီရှောင်ကျောင်းမိသားစုက ထိုအကြောင်းကို တမင် ကြေညာထားလေသည်။ ဆယ်ရက်လောက် ကြော်ငြာလိုက်ရပြီးနောက်တွင် မြို့ထဲက လူအားလုံးနီးပါးက ထိုအကြောင်းကို သိသွားကြတော့သည်။
ရွှီရှောင်ကျောင်းတို့မိသားစု မြို့သို့ပြောင်းလာသည်မှာ အချိန်တစ်ခု ရှိသွားပြီဖြစ်သည်။ သူမသည် ချောမောလှပပြီး အကျင့်စရိုက်ကောင်းတစ်ခုရှိသည်။ မြို့က လူတော်တော်များများက သူမကို သိကြလေသည်။ သူတို့ ဝက်စတူးဆိုင်ဖွင့်မည့်သတင်းကို ရက်ပိုင်းလောက်သာ ကြေညာရသေးပြီး လူတစ်ယောက်က ရွှီရှောင်ကျောင်းနှင့် တွေ့ချိန်တွင် သူမကို ထိုအကြောင်းမေးလေသည်။
“ရှောင်ကျောင်း ငါ သမဝါယမကို ပစ္စည်းသွားဝယ်တာ၊ ချွန်းယန်က ပြောတယ် နင်တို့ဝက်စတူးဆိုင်ဖွင့်ပွဲ သုံးရက်မှာ အသားလာဝယ်တဲ့ ပထမဆုံး လူအယောက် ၃၀က ဝယ်သလောက် အပိုပြန်ရမှာဆို၊ အမှန်ပဲလား”
ရွှီရှောင်ကျောင်းက ခေါင်းညိတ်လိုက်ပြီး
“ဟုတ်ပါတယ်၊ ကျွန်မတို့က သတင်းမှားတွေ မလွှင့်ပါဘူး”
“သဘောက ငါ အသား၁ကျင်း ဝယ်ရင် နင်က နောက်ထပ်၁ကျင်း ပေးမှာလား”
“ဟုတ်ပါတယ်၊ ရှင် ၁၀ကျင်းဝယ်ရင် ကျွန်မက ၁၀ကျင်း ထပ်ပေးမှာပါ”
ရွှီရှောင်ကျောင်းကိုယ်တိုင် အတည်ပြုပေးလိုက်သည်တွင် သည်အချိန်၌ အားလုံးက သံသယ မရှိကြတော့ပေ။ မြို့က အစိုးရပိုင်စားသောက်ဆိုင်တွင်လည်း ရွှီရှောင်ကျောင်း ပြောသည့် ဝက်စတူးရလေသည်။ အရသာက သာမန်မျှသာဖြစ်ပြီး စျေးက မပေါချေ။ ရွှီရှောင်ကျာင်း၏ဆိုင်က အစိုးရိမ်ပိုင်စားသောက်ဆိုင်များလို ဖြစ်နေလျှင် တစ်တုံးကို ၅၀ဖန်းသုံးပြီး တစ်တုံးအလကားရဖို့ စမ်းစားကြည့်သည်က တန်ပေသည်။
စုန့်ဝေဖျင်ရောင်းသည့် ဝက်စတူးနှင့် ရို့ကျားမိုကို စားဖူးကြသူများလည်း ရှိကြသည်။ သူတို့သည် လမ်းကြားလေးထွဲင် ဝက်စတူးရောင်းသည့် စုန့်ဝေဖျင်ကို မတွေ့သဖြင့် တသသဖြစ်နေခဲ့ကြသည်။ ရွှီရှောင်ကျောင်းက ဝက်စတူးဆိုင်ကို ဖွင့်မည့်သတင်းကြားလိုက်ရသောအခါ သူတို့သည် လမ်းကြားထဲက ဝက်စတူးအရသာကို စဥ်းစားမိသွားကြတော့သည်။ မည်သို့ပင်ဖြစ်စေ သူတို့သည် ဒါကို စမ်းကြည့်ရလိမ့်မည်။ အရသာ ကောင်းနေလျှင် သူတို့သည် လမ်းကြားတွင် စောင့်နေစရာ မလိုတော့ပေ။
ကြော်ငြာအား ကောင်းသဖြင့် ဆိုင်ဖွင့်ပွဲပထမဆုံး မနက်ခင်း စောစောစီးစီးတွက် ပြတင်းပေါက်အပြင်ဘက် လမ်းပေါ်တွင် လူများစွာက စောင့်ဆိုင်းနေကြသည်။
ရွှီရှောင်ကျောင်း၏ တောင်းဆိုမှုအတိုင်း ဆိုင်ခန်းတံခါးကို ချဲ့ထားလေသည်။ မူလက ၁မီတာရှိသည့် တံခါးငယ်လေးကို ၂မီတာကျော်အောင် တန်းချဲ့လိုက်သည်။ တံခါးရှေ့တွင် ၂မီတာရှည်သည့် စားပွဲတစ်လုံးကို ချထားပြီး စားပွဲပေါ်တွင် ကြီးမားသည့် ခြင်းပြားကြီး၂လုံးကို တင်ထားလေသည်။ အဲတွင် လူ ၂-၃ယောက် အလုပ်လုပ်ဖို့ရန် အခက်အခဲမရှိချေ။ အပြင်က နေရာလည်း မသေးပေ။ ခြင်းထဲတွင် ထည့်ထားသည့်ပစ္စည်းကို သေချာမြင်နိုင်လေသည်။
အရသာကို ထိန်းသိမ်းထားရန်အတွက် ရာသီဥတုက တစ်ရက်စောပြီး ချက်ပြုတ်လို့ရသော်လည်း ဝူချွန်းဟွားက လတ်လတ်ဆတ်ဆတ် ဝက်စတူးလုပ်ရန် မနက်အစောကြီး ထခဲ့သေးသည်။
သံအိုးကြီးကို တင်းနေအောင် ဖုံးအုပ်ထားသည်။ အထဲက ပွက်ပွက်ဆူနေသည့်အသံကိုသာ ကြားရလေသည်။ မနက် ၇နာရီထိုးချိန်တွင် ရွှီရှောင်ကျောင်းသည် တံခါးအပြင်ဘက်က လူအများကြီးကို တွေ့လိုက်ရပြီး ဝူချွန်းဟွာကို လှမ်းခေါ်လိုက်တော့သည်။
“အမေ အိုးကို ထုတ်လာခဲ့လို့ရပြီ”
ဝူချွန်းဟွားက မီးဖိုထဲမှ ပြန်ဖြေလိုက်ပြီး အိုးကြီး၏ အဖုံးကို ဖွင့်လိုက်၏။
ဝက်စတူး၏ အရသာရှိပြီး လွှမ်းမိုးနိုင်လွန်းသည့် အနံ့က ရုတ်ခြည်းဆိုသလို ပျံ့နှံ့သွားတော့သည်။ သည်တစ်ကြိမ်တွင်တော့ သူတို့သည် မိန်လင်ရွာလို မဟုတ်တော့ချေ။ ထိုအချိန်က အနံ့မထွက်နိုင်ရန် မီးဖိုခန်းကို သေသေချာချာ ပိတ်ထားရသည်။ အခုတော့ ပြတင်းပေါက်နှင့်တံခါးများကို ကျယ်ကျယ်ဖွင့်ထားပြီး ရွှီရှောင်ကန်းက ကြိမ်ယပ်တောင်ကြီးတစ်ခုကို ကိုင်ကာ လေပူများကို အပြင်သို့ ခါထုတ်လိုက်သည်။
ဝူချွန်းဟွားက ကြီးမားသည့် မီးညှပ်ကြီးကို ကိုင်ထားပြီး ဝက်စတူးများကို အဖြူရောင်ပိတ်စ ဖုံးထားသည့် ခြင်းကြီးတစ်လုံးထဲသို့ ထည့်လိုက်လေသည်။
ဆိုင်အပြင်ဘက်တွင် စောင့်နေကြသူများက တီးတိုးစကားပြောနေကြဆဲ။
“ဘယ်လိုလဲ၊ မင်း အတော်လေး စောစောရောက်လာပြီး ၅ယောက်မြောက်နေရာမှာတောင် ရသွားတယ်၊ မင်းကလည်း ဒီမှာ တစ်ခုဝယ် တစ်ခုလက်ဆောင်ရဖို့ လာဝယ်တာလား၊ တစ်ခုဝယ် တစ်ခုလက်ဆောင် ဝယ်ဖို့ဆိုတာတော့ သေချာတယ်၊ သူတို့တွေ အသားကို ဘယ်လိုလုပ်ထားလဲဆိုတာပဲ မသိတာ၊ အရသာဆိုးရင်တော့ ငွေအလကားဖြစ်မှာပဲ”
ထိုလူက ခေါင်းညိတ်ထောက်ခံလိုက်ကာ ပြောလိုက်၏။
“မဟုတ်ဘူးလား၊ ငါက အရင်ဆုံး တန်းစီဖို့ စဥ်းစားနေတာ၊ ကောင်းနေခဲ့ရင်ကော၊ အသားနှစ်တုံးကို တစ်တုံးစာစျေးနဲ့ ဝယ်နိုင်တယ်လေ”
ရှေ့က လူအယောက်သုံးမှလွဲလျှင် ကျန်သည့်နေရာများကို အငြင်းပွားစရာ မဖြစ်အောင် ရွှီရှောင်ကျောင်း၏ စီမံမှုအောက်တွင် ဆုံးဖြတ်လိုက်ကြသည်။ ကျန်သည့်လူအများစုက အတူတူစုဝေးကာ အပျော်သဘော ကြည့်ရှုဖို့ စောင့်နေကြလေသည်။
လူအများစုက စိတ်ကူးတစ်ခုတည်းပင်။ သူတို့က အကျိုးအမြတ် တစ်ခုခု ရလိုရငြား သိချင်ရုံပင်။ အသားက အမှန်တကယ် ကောင်းနေခဲ့လျှင် သူတို့က သည်နေ့ နည်းနည်းပါးပါး စမ်းဝယ်ဖို့ စဥ်းစားထားကြသည်။ နောက်ပိုင်းကျလျှင်လည်း မေတ္တာလက်ဆောင် ရှိသေးသည်ဟု ဆိုထားသည် မဟုတ်ပါလား။ အမှန်တကယ် ကောင်းမွန်နေခဲ့လျှင် သူတို့က နေရာတစ်ခုရဖို့ မနက်ဖြန် မနက်စောစော လာရလိမ့်မည်။ တစ်ခုဝယ် တစ်ခုလက်ဆောင်က ပိုကောင်းသည့်အရောင်းအဝယ်ပင်။
အားလုံးက စကားစမြည်ပြောနေကြစဥ် တက်ကြွနေသည့်အနံ့တစ်ခုက ရုတ်တရက် ပြန့်လာလေသည်။ လူများမှာ ပြောချင်သည့်စကားများကိုပင် မေ့လျော့သွားတော့သည်။
“ဟား... အနံ့ကတော်တော် မွှေးတာပဲ”
“ဟုတ်တယ် ဟုတ်တယ်၊ ငါ မနက်စာမစားရသေးဘူး၊ ဒီအနံ့က ကျွတ်.. ကျွတ်.. အသားကို ပန်ကိတ်တစ်ခုထဲ ထည့်လိပ်လိုက်ရင် မိုက်သွားမှာပဲ”
“အို ရှင် အဲလိုပြောလိုက်တော့ ကျွန်မ လမ်းကြားထဲက ရို့ကျားမိုကို စဥ်းစားမိသွားပြီ၊ အရသာက တကယ်ကောင်းတာနော်”
ဝူချွန်းဟွားက ခြင်းကို ရွှေ့လာပြီး ရွှီရှောင်ကျောင်း ခြင်းကိုဖုံးထားသည့် ပိတ်စဖြူကို မ,လိုက်သည်။ အနံ့နှင့် ရောနေသည့် အပူဓာတ်က တောက်ပသည့် ဝက်စတူးထံမှ ဖြာထွက်လာခဲ့သည်။ သူမရှေ့က လူများ၏မျက်လုံးများ အားလုံးကို တစ်နေရာထဲသို့ ဆွဲဆောင်ထားလိုက်တော့သည်။
“အားလုံးပဲ မင်္ဂလာပါ၊ ဒီနေ့ ကျွန်မတို့ စုန့်ကျီ ဝက်စတူးကို တရားဝင်ဖွင့်လှစ်လိုက်ပါပြီ၊ ဝက်စတူးကတော့ ၁ကျင်းကို ၂ယွမ်ပါ၊ ကျွန်မတို့ရဲ့ အစပိုင်းက ကြော်ငြာအတိုင်းပဲ ပထမအယောက်သုံးဆယ်က တစ်ခုဝယ် တစ်ခုလက်ဆောင် ရမှာပါ၊ ကြိုတင်စီစဥ်ထားတဲ့ အစီအစဥ်ကို ရှုပ်သွားအောင် မလုပ်ကြပါနဲ့နော်၊ ကျွန်မတို့ အခုပဲ စပြီး ရောင်းပေးပါတော့မယ်”
သူမက စကားပြောနေစဥ် ရွှီရှောင်ကန်းက စားပွဲပေါ်သို့ စဥ်းနှီတုံးနှင့်ဓားများကို တင်လိုက်လေသည်။ ထို့နောက်တွင် ဝူချွန်းဟွားက စားပွဲထိပ်တွင် ရပ်လိုက်၏။ အားလုံးက အဆင်သင့်ဖြစ်သွားတော့သည်။
ပထမဆုံးလူက အပြင်းထန်ဆုံး တိုက်ခိုက်ခံရလေသည်။ သူသည် ပိုနီးကပ်နေရာ ပိုပြီးရှင်းရှင်းလင်းလင်း မြင်နေရသည်။ ဝူချွန်းဟွားက စားပွဲပေါ်သို့ ခြင်းကို တင်လိုက်သောအခါ ဝက်စတူးက တဆတ်ဆတ် တုန်ခါသွားလေသည်။ ကြည့်လိုက်ရုံနှင့် လတ်ဆတ်ပြီမွှေးပျံ့နေသည်ဟု ခံစားရသည်။
ရွှီရှောင်ကျောင်းက ဘေးတွင်ရှိကာ တိုက်တိုက်ဆိုင်ဆိုင် ထပ်ပြောလိုက်လေသည်။
“ရှင်က ဆိုင်ဖွင့်ပြီး ကျွန်မတို့ရဲ့ ပထမဆုံး ဧည့်သည်ပါပဲ၊ တစ်ခုဝယ် တစ်ခုလက်ဆောင်အပြင် ကျွန်မတို့က ရှင့်ကို ကြက်ခြေထောက်တစ်စုံနဲ့ ရို့ကျားမို တစ်ခု လက်ဆောင်ပေးပါ့မယ်”
အိုက်ယား။ အိုက်ယား။ ဒါက အခွင့်အရေးကြီးတစ်ခုပဲ။ ထိုလူက ချက်ချင်း ဆုံးဖြတ်လိုက်၏။
“ငါ့ကု ၁ယွမ်ဖိုး အသားပေးပါ”
ဝူချွန်းဟွားမှာ သမီးဖြစ်သူ လက်ဆောင်ပေးပစ်လိုက်သည့် ပစ္စည်းများကြောင့် စိတ်ဆင်းရဲမိတော့သည်။ ကြက်ခြေထောက်က အရမ်းမတန်ပေမဲ့ ပစ္စည်းကောင်းမျိုးစုံနဲ့ နှပ်ထားရတာလေ။ ရို့ကျားမိုဆိုရင်လည်း ပေါင်မုန့်ထဲမှာ အသား၅၀ဂရမ်လောက် ပါသေးတယ်။ ဒီလူကသာ ၄-၅ကျောင်ဖိုးပဲ ဝယ်မယ်ဆိုရင် လက်ဆောင်တွေအများကြီး ပေးလိုက်တာ အရှုံးဖြစ်သွားမှာပေါ့။
ထိုလူက ‘၁ယွမ်’ဟု အော်ပြောလိုက်သည်ကို ကြားလိုက်ချိန်တွင် သူမသည် စိတ်အေးသွားကာ သက်ပြင်းချလိုက်တော့သည်။ အနည်းဆုံးတော့ သူတို့တွေ အများကြီး မရှုံးသေးဘူး။ သူမက ထိုလူရွေးလိုက်သည့်အသား ၁ကျင်းကို သပ်သပ်ရပ်ရပ်လှီးပေးလိုက်သည်။ ထို့နောက် ချက်ချင်း ကြက်ခြေထောက်နှစ်ချောင်းနှင့် ရို့ကျားမိုတစ်ခုကို ထုတ်ပေးလိုက်လေသည်။
ထိုလူက အစားအသောက်ကိ လောဘမျက်လုံးများနှင့် ကြည့်လိုက်၏။ သူက လက်တစ်ဖက်တွင် ဝက်စတူးထုပ်ကို ကိုင်ကာ ကျန်သည့်လက်တစ်ဖက်က အသားပေါင်မုန့်ကို တစ်ကိုက် ကိုက်လိုက်လေသည်။
“အင်း....”
သူက သူ့မျက်လုံးများကို ကျုံ့ထားလိုက်ပြီး လက်မထောင်လိုက်ပြီး နောက်တစ်ကိုက်ကိုက်လိုက်ကာ ကျေနပ်ပြီး ထွက်သွားတော့သည်။
ပထမဆုံးဥပမာနှင့် အရသာကြောင့် နောက်တစ်ယောက်ကလည်း ဝယ်ဖို့ မပြတ်မသားမဖြစ်တော့ချေ။ သူတို့သည် အစက ၅ကျောင်ဖိုးသာ ဝယ်ဖို့ စီစဥ်ထားသော်လည်း နောက်ဆုံးတော့ အံကြိတ်လိုက်ပြီး ၁ယွမ်ဖိုး ဝယ်သွားတော့သည်။
သူမ၏နောက်က လူများက တွေဝေနေကြသေးသည်ကို တွေ့လိုက်ရသဖြင့် ရွှီရှောင်ကျောင်းက နောက်ထပ်နည်းလမ်းတစ်ခု ချက်ချင်း စဥ်းစားလိုက်သည်။ သူမက အသားတစ်တုံး ထုတ်လိုက်ပြီး လက်မအရွယ် အတုံးငယ်လေးများကို တစ်တုံးချင်း လှီးလိုက်ကာ ပန်းကန်ထဲထည့်လိုက်ပြီး အားလုံးကို အလကားပေးမြည်းဖို့ ရွှီရှောင်ကန်းကို ယူသွားခိုင်းလိုက်တော့သည်။
အခုတော့ တချို့လူများက ထပ်ပြီး သည်းခံမထားနိုင်တော့ချေ။
အစက လူတချို့သည် ဝက်စတူးဝယ်ပြီး လမ်းပေါ်တွင် စားဖို့ စတင်လိုက်ကြသည်။ mukbang နာမည်ကြီးလာသည့် အကြောင်းအရင်းကို သိကြမှာသေချာသည်။ အကြောင်းမှာ တခြားသူများက စားသောက်နေသည်ကို ကြည့်လိုက်သောအခါ ဦးနှောက်က တခြားသူများ၏ အစားအသောက်က အရသာရှိပုံကို ပုံကြီးချဲ့ပေးနိုင်သောကြောင့်ပင်။ ထို့အပြင် တခြားလူများက အစားအသောက် အရသာရှိကြောင်း အမြဲပြောနေလျှင် လူများကို ပိုပြီး ဗိုက်ဆာလာစေသည်။
ရွှီရှောင်ကန်းက အသားကို ယူထွက်သွားချိန်တွင် အရသာမြည်းကြည့်ချင်သူများက အသားတုံးလေးကို ဖဲ့ယူပြီး အလကား စားကြည့်နိုင်သည်။ မည်သူက ထိန်းထားနိုင်ပါမည်နည်း။ ဝယ်ချင်သူများရော မဝယ်ချင်သူများပါ အားလုံးက အသားတုံးလေးကို စားဖို့ ယှဥ်ပြိုင်နေကြတော့သည်။ သူတို့ထဲက တချို့တွင် ကလေးများပါပြီး သူတို့ကိုယ်တိုင် အသားတုံးကို ဖဲ့ကာ နည်းနည်းကိုက်စားကြည့်လိုက်ပြီးမှ ကျန်သည့်အသားကို ကလေးပါးစပ်ထဲ ထည့်ပေးလိုက်ကြသည်။
မြင်ကွင်းက ပိုပြီးတော့ပင် မထိန်းသိမ်းနိုင်အောင် ဖြစ်လာတော့သည်။
“ဟယ် အရသာရှိလိုက်တာ၊ ငါတော့ မနက်ဖြန် တန်းစီပြီး စောင့်ဖို့ စဥ်းစားနေပြီ၊ ဒီနေ့ အိမ်မှာ စားဖို့ ၅ကျောင်ဖိုး ဝယ်ပြီး မနက်ဖြန်မှ တန်းစီးရမယ်”
“ကျစ်...ငါလည်း အဲလိုပဲ တွေးနေတာ၊ ပြီးတော့ ဒီဝက်စတူးက လမ်းကြားထဲက ဝက်စတူးနဲ့အရသာ တူတယ်မလား၊ ဒါပေမဲ့ ဒီတစ်ခုက အိုးထဲက အခုလေးတင် ထုတ်ထားပြီး ပါဝင်ပစ္စည်းတွေကလည်း လုံလောက်တယ်၊ ဒီတစ်ခု လမ်းကြားထဲကဟာထက် ပိုအရသာရှိတယ်လို့ ထင်တယ်၊ ငါကတော့ ဘာပဲဖြစ်ဖြစ် ၅၀ဖန်း လောက်ဝယ်ပြီး အိမ်ပြန်ရောက်ရင် ယမကာနဲ့ တွဲစားရမယ်၊ ငါ ဒါကို စဥ်းစားနေတာ တစ်လ နှစ်လ လောက်ရှိနေပြီ”
“မဟုတ်လို့လား၊ အိုး၊ ဒီရို့ကျားမိုကလည်း လမ်းကြားထဲကဟာနဲ့ အတူတူပဲ ဖြစ်မယ်၊ ငါ့ကလေး အဲဒီတုန်းက တစ်ခါ နှစ်ခါလောက် စားခဲ့ဖူးတယ်၊ အခုရက်ပိုင်း သူ ငါ့ကို ဂျီကျနေတာ၊ ငါ သူ့အတိုင်း နည်းနည်းလောက် ချက်ချင်းဝယ်သွားပေးရမယ်”
နေရာက ကလေးတချို့ကလည်း ချက်ချင်း စတင် ဂျီကျတော့သည်။ သူတို့ကို မဝယ်ကျွေးလျှင် နေရာက မထတော့ချေ။ အစပိုင်းတွင် မိဘတစ်ချိူ့က တွေဝေနေကြသေးသည်။ သို့သော် သည်လို ဂျီကျနေမှုကြောင့် သူတို့သည် အရင်ဆုံး စားဖို့ နည်းနည်းပါးပါး ဝယ်လိုက်ပြီး မနက်ဖြန်မနက်က ပိုစျေးသက်သည့်တစ်ခုကို ဝယ်ဖို့ စဥ်းစားထားလိုက်လေသည်။
တချို့လူများက စုန့်ဝေဖျင်၏ ဝက်စတူးနှင့် ရို့ကျားမိုကို အများကြီး စားခဲ့ကြသည်။ သူတို့က ဒါကို စားကြည့်လိုက်သည်နှင့် ကွာခြားချက်ကို တန်းပြောနိုင်လေသည်။ သူတို့က အသံကို မြင့်လိုက်ပြီး ရွှီရှောင်ကျောင်းကို မေးလိုက်၏။
“ရဲဘော်လေး မင်းရဲ့အသားအရသာက လမ်းကြားဝက်စတူးဟောင်းနဲ့ အတူတူပဲနော်၊ အရင်က ဒါကိုလုပ်တဲ့သူက မင်းမိသားစုပဲလား”
ရွှီရှောင်ကျောင်းက မငြင်းသလို ပွင့်ပွင့်လင်းလင်းလည်း ဝန်မခံလိုက်ပေ။
“အခုက နိုင်ငံရဲ့မူဝါဒစည်းမျဥ်းတွေက ကောင်းသွားပြီ၊ လမ်းကြားက ဝက်စတူးနဲ့ ရို့ကျားမိုက မရှိတော့ဘူး၊ ကျွန်မတို့ စုန့်ကျီ ဝက်စတူကို ဖွင့်လိုက်ပြီ၊ အခုချိန်က စပြီး အားလုံးက ဘာပဲစားချင်ချင် လာစားလို့ရပါပြီ၊ အဆင်ပြေပြီး သန့်ရှင်းလတ်ဆတ်ပါတယ်၊ အားလုံးက စိတ်ကျေနပ်စေရမယ်လို့ အာမခံပါတယ်”
ထိုစကားကို ပြောလိုက်သည်တွင် ဝက်စတူးစားကြသူများက သူတို့မိသားစု ဖြစ်နေမှန်း ခပ်ရေးရေး နားလည်သွားကြတော့သည်။
အားလုံးက တန်းစီနေကြ၏။ သူတို့သည် အားနေသဖြင့် စတင် စကားလက်ဆုံကျလိုက်ကြတော့သည်။
“ကြည့်စမ်း နင်တို့မိသားစုက တကယ်အံ့ဩစရာကောင်းလိုက်တာ၊ ဒီနိုင်ငံက အခုမှ မူဝါဒတွေကို ဖွင့်လိုက်ပြီလို့ ကြေညာခါစပဲ ရှိသေးတယ်၊ လမ်းပေါ်မှာ အထုပ်တွေနဲ့ လျှောက်သွားနေတဲ့သူတွေက ကြောက်ရွံ့နေကြတုန်းပဲ ၊ နင်တို့ဆိုင်ကတော့ အခုကို ဖွင့်နေပြီ”
“ဟုတ်ပါ့၊ မြို့လေးမှာ ဆိုင်တစ်ခု ဖွင့်တော့မယ်လို့ သတင်းကြားလိုက်တော့ ငါတောင် လန့်သွားတယ်၊ ငါ့မှာ နှစ်ပေါင်းများစွာ လက်မှတ်အမျိုးမျိုး သုံးလာခဲ့ရတာ အခုကျတော့ ဒါတွေကို မလိုတော့ဘူး၊ ပြီးတော့ ကိုယ်ပိုင်အလုပ်ကိုလည်း ခွင့်ပြုပေးလိုက်ပြီ၊ ငါက ပစ္စည်းရောင်းဖို့ ဆိုင်တစ်ဆိုင်းဖွင့်ပြီး ပြန်ရောင်းမယ်လို့ စဥ်းစားနေတာ”
“အခုဆိုရင် နေရာတိုင်းမှာ ဒီလိုပဲလေ၊ သူဌေးတို့နံရံမှာ ကပ်ထားတဲ့ လုပ်ငန်းလိုင်စင်ကို ခင်ဗျား မတွေ့ဘူးလား၊ နောက်ဆိုရင် ဘဝကြီးက သေချာပေါက် ကောင်းသည်ထက် ကောင်းလာတော့မှာ”
ဝက်စတူးဆိုင်ကို တရားဝင်ဖွင့်လှစ်လိုက်ပြီဖြစ်သည်။ ပထမဆုံးညအတွက် ဝူချွန်းဟွားက ငွေကို ရေတွက်နေချိန်တွင်တော့ သူမသည် အလွန်ကျေနပ်သွားတော့သည်။
“အမေ့ ချစ်သမီးလေးရေ တော်သေးလို့ အမေ သမီးရဲ့စကားနားထောင်ခဲ့မိလို့ပဲ၊ အသား ကျင်း ၂၀ နှပ်ခဲ့တာ၊ ကုန်ကျစားရိတ်နုတ်လိုက်ပြီးတာတောင် အမေတို့တွေ ဒီနေ့ကို ၇-၈ယွမ် ရခဲ့သေးတယ်၊ ပြီးတော့ ဒါက ပထမဆုံး ယွမ်၃၀ကို နှုတ်ပြီးသားနော်၊ မဟုတ်ရင် ၁၀ယွမ်ကျော်လောက်ရမှာ”
ရွှီရှောင်ကျောင်းသည် သူမက လက်ဆောင်ပေးလိုက်သည့် အသားတွက် စိတ်အနှောင့်အယှက် ဖြစ်နေမှန်း သိလေသည်။ အကြောင်းမှာ ပထမဆုံး အယောက်၃၀က တစ်ခုဝယ် တစ်ခုလက်ဆောင်ဖြင့် ဝယ်သွားခဲ့သည်။ ပထမအနည်းငယ်ကတော့ အဆင်ပြေပြီး လျှော့ဝယ်သွားကြသည်။ ကျန်လူများက ပိုဝယ်ခဲ့သည်က အရသာကြောင့်ပင်။ အများဆုံး ဝယ်သွားသူက အသား၃ကျင်းရှိသည်။ သည်နေ့ခေတ်အခါမျိုးတွင် လူတိုင်းက ၅၀ဂရမ်အသားလောက်ကိုသာ ဝယ်ကြသည်။ ၃ကျင်းက များပြားလှသည့်ပမာဏ ဖြစ်လေသည်။
ရွှီရှောင်ကျောင်းက သူမကို နှစ်သိမ့်ပေးလိုက်၏။
“သမီးတို့တွေ ငွေအများကြီး ရှာခဲ့ပါတယ်၊ အမေ ထင်ထားတာထက်တောင် ပိုများသေးတယ်လေ”
ဝူချွန်းဟွားက ခေါင်းညိတ်လိုက်ပြီး
“အမေကတော့ ၂-၃ယွမ်လောက် ရှာနိုင်ရင်ကို အများကြီးလို့ ထင်နေပါပြီ”
ရွှီရှောင်ကျောင်းက ရွှီရှောင်ကန်းကို စာရင်းမှတ်ထားဖို့ မှာလိုက်ပြီး ဝူချွန်းဟွားကို အပြုံးတစ်ခုနှင့် ပြောလိုက်၏။
“အမေ မနက်ဖြန် ၃၀ကီလိုလောက်ဆို လောက်တယ်၊ သဘက်ခါအတွက်တော့ အနည်းဆုံး ၅၀ကျင်းလောက် လိုမယ်၊ ပြီးတော့ ကြက်ခြေထောက်၊ ဝက်ခြေထောက်နဲ့ ရို့ကျားမိုလည်း ထပ်လိုမယ်”
“ဘာလို့လဲ၊ အမေတို့တွေ ၅၀ကျင်းကို မရောင်းနိုင်ဘဲ နောက်တစ်ရက်ကူးသွားရင် မလတ်ဆတ်တော့ဘူးနော်”
ရွှီရှောင်ကျောင်းက ပြုံးလိုက်ပြီး ဘာမှမပြောပေ။
“အမေ တတိယနေ့ကျရင် သိလာပါလိမ့်မယ်”
သူမက ပါးစပ်ကို ပိတ်ထားသော်လည်း စိတ်ထဲတွင်တော့ စဥ်းစားနေမိလေသည်။ စုန့်ဝေဖျင်သာ ရှိနေရင် ငါ ပြောချင်တဲ့အဓိပ္ပာယ်ကို သူသေချာပေါက် နားလည်မှာပဲ။
ငါလေး သူ့ကို နည်းနည်းလေးတောင် ထပ်လွမ်းသွားပြီ။
...
အပိုင်း (၅၁) အိမ်အပြန်
ဝူချွန်းဟွားသည် အစကတည်းက ရွှီရှောင်ကျောင်း၏ စကားကို သံသယဖြစ်ခဲ့လေသည်။ တတိယနေ့ ဝက်စတူးလုပ်ချိန်တွင် ရောင်းမကုန်ခဲ့လျှင် ဘာလုပ်ရပါ့ဟုပင် စဥ်းစားထားခဲ့သည်။
သို့သော် မနက်ခင်း ဆိုင်ဖွင့်လိုက်သည်နှင့် တစ်ပြိုက်နက် အပြင်က လူများကြောင့် အလန့်တကြား ဖြစ်သွားတော့သည်။
ပထမနှစ်ရက်တွင် လူအများကြီးလာသော်လည်း လူအယောက် ၅၀-၆၀သာရှိခဲ့သည်။ ရှေ့က လူအယောက်သုံံးဆယ်ကလွဲလျှင် လူအများကြီး မကျန်ခဲ့ပေ။ သို့သော် သည်နေ့တွင်တော့ သူမက တစ်ချက်လောက် မြန်မြန်ကြည့်လိုက်မိ၏။ အိုး။ ပါးစပ်ပေါက် ၁၀၀ကျော်လောက် ရှိတာပဲ။
ပထမအယောက်သုံးဆယ်ကို ရောင်းပေးလိုက်ပြီးသည်နှင့် နောက်ကလူများက စတင်လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။
“ဟေ့ အားလုံးပဲ ကျေးဇူးပြုပြီး စုပြုံနေတာမျိူး မလုပ်ပါနဲ့၊ ရဲဘော်ရှောင်ကျောင်းက တန်းစီဖို့ ပြောထားတယ်လေ”
ရွှီရှောင်ကျောင်းက အသံကို မြင့်ကာ ပြန်ဖြေလိုက်သည်။
“ဟုတ်ပါတယ်၊ တန်းစီကြပါ၊ စိတ်မရှည်တာမျိုး မဖြစ်ကြပါနဲ့နော်၊ ကျွန်မတို့မှာ အားလုံးရှိပါတယ်”
သူမက အခုလေးတင် စကားပြောလိုက်သည့်လူကို ကြည့်လိုက်ပြီး ပြုံးကာ ပြောလိုက်သည်။
“ဦးလေးရန် ဦးလေးက ပထမနေ့တုန်းက ပထမဆုံးအယောက်၃၀ထဲမှာ ပါတယ်မလား၊ ဘာလို့ ထပ်ပြီး လာဝယ်လာတာလဲ”
ရန်မျိုးရိုးအမည်ရှိ သက်လတ်ပိုင်းအရွယ်လူကြီးက နှမြောတသစွာဖြင့် သူ့ပေါင်ကို ရိုက်လိုက်ပြီး
“အိုက်ယား အဲနေ့က ငါ ဘာလို့ ပိုမဝယ်ခဲ့လိမ့်ကွာ၊ ငါ ၁ယွမ်ဖိုးပဲ ဝယ်ခဲ့တာ၊ မနေ့က အိမ်မှာ ဧည့်သည်လာတာနဲ့ ကြုံသွားပြီး ချက်ချင်း ကုန်သွားတယ်၊ အခုတော့ ငါ့မိသားစုက သေချာတောင် မစားလိုက်ရဘူးတဲ့၊ ငါ့သမီးလေးက ဒါကို လက်မခံနိုင်ဖြစ်နေတာလေ၊ ငိုယိုပြီး သောင်းကျန်းနေလို့၊ ဒါနဲ့ ဒီနေ့က တတိယနေ့ဆိုတာ တွေးမိတော့ တစ်ခုဝယ် တစ်ခုလက်ဆောင် နဲ့မီရင် အဆင်ပြေနိုင်တယ်ပေါ့၊ ဒီတော့ ငါ တော်တော် စောစောလေး ထလာခဲ့တာ၊ ပြီးတော့ ရလဒ်ကရော၊ ငါလည်း ရောက်လာရော တန်းစီနေတာ လူ၄၀တောင် ကျော်သွားပြီတဲ့လေ”
သည်စိတ်ကူးမျိုးရှိသူက တစ်ယောက်မက ရှိလေသည်။ အကြောင်းမှာ နောက်ဆုံးရက် ဖြစ်နေသောကြောင့်ပင်။ ပြီးခဲ့တဲ့နှစ်ရက်က နေရာမရသူတွေက ဝက်စတူးနဲ့ အသားပေါင်မုန့်က အရသာရှိပြီး ကြက်ခြေထောက်တွေနဲ့ ရို့ကျားမို အလကားရဖို့အရေး မျှော်လင့်ထားကြပြီး လက်ဆောင်ရဖို့အတွက် လုံလောက်တဲ့ပမာဏကို ဝယ်ရမယ်လို့ သိထားကြတယ်လေ။ သူတို့အားလုံးက တတိယနေ့ကို အာရုံစိုက်ထားကြတာ။ နောက်ပြီး ရလဒ်ကရော။ သူတို့တွေက စောစောလာတယ်လို့ ခံစားနေရချိန်မှာ တစ်စုံတစ်ယောက်က သူတို့ထက် ပိုစောပြီး ရောက်နေကြတယ်လေ။
သူတို့တွေက နောက်ဆုံးရက်မှာတောင် နေရာမရဘူးတဲ့။ သူတို့တွေ သုံးရက်တောင် စောင့်လာခဲ့တာ။ ဒီတော့ သူတို့တွေက တကယ်ပဲ ဘာမှမသုံံးနိုင်တော့ဘူးတဲ့။ ဒီနေ့က လက်ဆောင်ရဖို့ နောက်ဆုံးရက်လေ။ ပြီးတော့ ကြက်ခြေထောက်၊ ဝက်ခြေထောက်နဲ့ ပေါင်မုန့်လည်း ပါသေးတယ်။ မနက်ဖြန်ဆိုရင် ဘာမှမရှိတော့ဘူး။
သည်နောက်ဆုံးရက်တွင် ရောင်းအားက အလျင်အမြန် ထိုးတက်သွားတော့သည်။
အလုပ်များလွန်းသဖြင့် အဘွားစုန့်ပင် ရှေ့နှစ်ရက်လို အလကားမနေနိုင်ပေ။ သူမက ပေါင်မုန့်ဖုတ်သည့် တာဝန်ကို လက်လွဲယူပြီး ဝူချွန်းဟွားနှင့် ရွှီရှောင်ကျောင်းတို့ကို ဧည့်သည်များအတွက် အသားချိန်ပေးရာတွင် အာရုံစိုက်ခိုင်းထားလိုက်သည်။ သူမနှင့်ရွှီရှောင်ကန်းတို့က ကူညီပေးသည်။
အသားက တစ်ဝက်လောက် ကုန်သွားပြီကို တွေ့လိုက်ရချိန်တွင် စောင့်နေသည့်လူများက တစ်ဝက်ကျော်ရှိနေသေးသည်။ ထို့အပြင် ရောင်းနေသည်မှာလည်း နှစ်နာရီပင် မပြည့်သေးချေ။ နောက်ပိုင်း ထပ်လာမည့်လူများလည်း ရှိအုံးမည်။ ရွှီရှောင်ကျောင်း ပြောရန်ပင် မလိုဘဲ၊ ဝူချွန်းဟွားက ပြင်ဆင်ထားသည့်အသား ကုန်တော့မည်ကို တွေ့လိုက်ရ၏။
ရွှီရှောင်ကျောင်းက တစ်ဖက်လူကို အသားထုပ်လှမ်းပေးလိုက်ပြီး ငွေအကြွေမြန်မြန် သိမ်းလိုက်ကာ ဝူချွန်းဟွားကို ပြောလိုက်လေသည်။
“အမေ နောက်ထပ် အသား ၁၀ကီလို၊ မဟုတ်ဘူး ကီလို၅၀ကို မြန်မြန်သွားနှပ်လိုက်တော့၊ ဝက်ခြေထောက်နဲ့ ကြက်ခြေထောက်တွေလည်း အားလုံးကုန်ပြီ၊ သမီးတို့ လက်ဆောင်ပေးရမယ်ဆိုရင် ဝက်စတူးကိုပဲ ပေးရတော့မယ်”
အလွန်မှ အလုပ်များသဖြင့် ဝူချွန်းဟွား၏နဖူးတွင် ချွေးများရွှဲနေလေသည်။ လုပ်ငန်းကောင်းနေသဖြင့် သူမ၏မျက်နှာက နှင်းဆီရောင်သန်းနေသည်။ သည်တစ်ကြိမ်တွင် သူမသည် သမီးဖြစ်သူ၏စကားကို သံသယမဖြစ်တော့ပေ။ ကျန်တာတွေကို ရောင်းမလောက်တော့ဘူးလို့ ဘယ်သူပြောလဲ။
“အိုး ဒါဆိုရင် သမီး ခဏလောက် ထိန်းထားလိုက်အုံး၊ ပစ္စည်းက အသင့်ပဲ၊ အမေ အသားတွေ သွားထည့်လိုက်အုံးမယ်၊ အမေကို ရှောင်ကန်းကို ကြည့်ထားခိုင်းပြီးရင် ပြန်လာခဲ့မယ်”
ရွှီရှောင်ကျောင်းက ခေါင်းညိတ်ပြလိုက်ပြီး သူမကို မြန်မြန်သွားဖို့ လက်ဟန်ပြလိုက်လေသည်။
“ဟေး ရှောင်ကျောင်း နင့်ယောက်ျား ပြန်မလာသေးဘူးလား၊ တစ်လခွဲတောင် ရှိနေပြီနော်”
ရွှီရှောင်ကျောင်း၏အိမ်နီးချင်းက အသားဝယ်ရန် တန်းလာစီရင်း ရွှီရှောင်ကျောင်းနှင့် ပုံမှန်အတိုင်း စကားပြောလိုက်လေသည်။
စုန့်ဝေဖျင် ခရီးထွက်သွားပြီး ရွှီရှောင်ကျောင်း အနည်းငယ် ပျင်းရိနေချိန်ကလွဲလျှင် သူမသည် ဝက်စတူးဆိုင် ဖွင့်ဖို့ရန် နောက်ပိုင်းတစ်လကျော်လောက် ပြင်ဆင်လာခဲ့ရသဖြင့် စုန့်ဝေဖျင်အကြောင်း စဥ်းစားဖို့ရန် အချိန်အများကြီး မရှိခဲ့ချေ။ အင်း။ တစ်ခါတလေတော့ သူ့အကြောင်း တွေးမိချင် တွေးမိနိုင်တာပေါ့လေ။
အခုတော့ သည်နေ့ တစ်စုံတစ်ယောက်က မေးလာသည်တွင် ရွှီရှောင်ကျောင်းသည် စုန့်ဝေဖျင်ကို အရမ်းလွမ်းမိသလို ခံစားလိုက်ရတော့သည်။
လူများက သူမရှေ့တွင် သွားလာနေကြသည်။ စည်ကားသည့် မြင်ကွင်းတစ်ခုဖြစ်သော်လည်း လူတစ်ယောက် လိုနေသည်ဟု အမြဲတမ်း ခံစားနေရလေသည်။
အသားလှီးရင်း သူမက ဖြေလိုက်၏၊
“သူ ပြန်မလာသေးဘူး၊ ပြီးခဲ့တဲ့တစ်ခေါက် ငါ သူ့ကို ဖုန်းခေါ်တုန်းက သူ မကြာခင် ပြန်လာမယ်လို့ ပြောတာပဲ၊ ဒါပေမဲ့ သူ ဘယ်အချိန်ပြန်လာမလဲတော့ အတိအကျ မပြောနိုင်ဘူး”
“နင် ဘယ်လောက်တောင် အလုပ်များနေလိုက်သလဲ ကြည့်ပါအုံး၊ သူသာ ဒီမှာရှိရင် နင့်အတွက် ပိုပြီး လွယ်ကူသွားမှာ”
မှန်ပါသည်။ သို့သော် ဆိုင်ကို ကြိုဖွင့်လိုက်ဖို့က သူမ၏ဆုံးဖြတ်ချက် ဖြစ်နေသည်။
“သူသာ ဒီမှာရှိနေရင် လုပ်ငန်းလုပ်ဖို့ သူ့ပြန်အလာကို စောင့်ဖို့ ပြောမှာပဲ၊ ဒါပေမဲ့ ငါက အိမ်မှာ အားနေတာလေ၊ ဒီတော့ အဘွားနဲ့ အမေတို့နဲ့အတူတူ အလုပ်ဝင်လုပ်ရတာပေါ့၊ အမျိုးသမီးရဲဘော်တွေကလည်း ကောင်းကင်တစ်ဝက်ကို ထောက်ပံ့ပေးထားနိုင်တယ်မလား”
သူမက ပြောရင်းဆိုရင် ထိုလူက ရှေ့သို့ရောက်လာခဲ့သည်။ ထိုစကားကို ကြားလိုက်တော့ သူက ပြုံးလိုက်ပြီး ပြောလိုက်၏။
“ဒါတော့ မမှားဘူး၊ အိုက်ယား ဒါဆို မင်း သူ့ကို မလွမ်းဘူးပေါ့”
ရွှီရှောင်ကျောင်းက နှာခေါင်းရှုံ့လိုက်ပြီး
“ကျွန်မမှာ အချိန်မရှိပါဘူး၊ ကျွန်မက အလုပ်များတယ်ရှင့်”
သူမက အပေါ်ယံတွင် အထာကျပြီး လွတ်လပ်သည်ဟု မြင်ရသော်လည်း စိတ်ထဲတွင်တော့ မဟုတ်ချေ။
“ရှောင်ကျောင်း ငါ နင့်ကို ၂ကျင်း မှာတာလေ၊ ဘယ်လိုလုပ်ပြီး ငါ့ကို ၁ကျင်းပဲ ပေးတာလဲ”
ဝူချွန်းဟွားသည် အသား နှပ်ဖို့ထားခဲ့ပြီး မြန်မြန် ပြန်လာကူလိုက်သည်။ ထို့နောက်တွင် သမီးဖြစ်သူက အနည်းငယ် စိတ်နှင့်ကိုယ်မကပ်သည်ကို သတိထားမိသွားတော့သည်။
ရွှီရှောင်ကျောင်းက သတိပြန်ဝင်လာပြီး
“အာ အမေ သမီး နားကြားမှားသွားလို့”
ဝူချွန်းဟွားသည် သမီးဖြစ်သူက ရှေ့နှစ်ရက်တွင် အားအင်ကုန်သွားသည်ကို တွေ့လိုက်ရပြီး အနည်းငယ် စိတ်ပူသွားကာ
“သမီး ပင်ပန်းနေပြီလား၊ အခန်းထဲ သွားနားချည်၊ အမေ လုပ်လိုက်မယ်”
ရွှီရှောင်ကျောင်းက မပင်ပန်းချေ။ သည်နေ့ သူတို့စရောင်းကတည်း ၂နာရီသာ ရှိသေးသည်။ သူမက စောစောအိပ်ပြီး နောက်ကျမှ ထခဲ့သည်။ မိသားစုတွင် သူမက အေးအေးဆေးဆေး ဖြစ်ရဆုံးသူ ဖြစ်လေသည်။
“သမီး မပင်ပန်းပါဘူး၊ ဒီအတိုင်း....”
“ဟယ် ရှောင်ကျောင်း ဟိုမှာကြည့်စမ်း၊ အဲဒါ ဝေဖျင်မလား၊ ဝေဖျင် ပြန်လာပြီ”
ဝူချွန်းဟွားက အံ့ဩတကြီး ကြည့်လိုက်ပြီး အဝေးက ပုံရိပ်တစ်ခုကို ညွှန်ပြလိုက်ကာ ရွှီရှောင်ကျောင်း၏ စကားကို ဖြတ်ပြောလိုက်လေသည်။
ရွှီရှောင်ကျောင်းက တုံ့ပြန်ရင်း လှမ်းကြည့်လိုက်၏။ အမှန်ပင် စုန့်ဝေဖျင် ဖြစ်နေသည်။ သူ ပြန်လာပြီပဲ။
ရွှီရှောင်ကျောင်းသည် စဥ်းစားလိုက်ရင်း သူ့ကို တစ်ချက်လှမ်းအကြည့်တွင် စုန့်ဝေဖျင်က မျက်တောင်တစ်ခတ်အတွင်း ပိုနီးလာကပ်လာပြီးဖြစ်သည်။
သူက အရင်ဆုံး အဘွားစုန့်နှင့် ဝူချွန်းဟွားတို့ကို နှုတ်ဆက်လိုက်၏။ ထို့နောက် သူက ရွှီရှောင်ကျောင်းကို ကြည့်လိုက်ကာ
“ကို ပြန်လာမှ လုပ်ငန်းဖွင့်မယ်လို့ ကိုတို့တွေ ပြောထားခဲ့တယ်မလား၊ ပင်ပန်း သွားပြီလား”
ရွှီရှောင်ကျောင်းက ခေါင်းခါပြပြီး မပင်ပန်းကြောင်း ပြောချင်သည်။ သို့သော်ငြား သူမ၏ စကားလုံးများက ပါးစပ်ထဲတွင် တစ်နေပြီး တစ်ခွန်းမှ မပြောနိုင်ပေ။ ဝူချွန်းဟွားက သူမကို လောဆော်လိုက်၏။
“ဝေဖျင်ကို မြန်မြန် အခန်းထဲခေါ်သွားပြီး နားလိုက်အုံး၊ သမီးလည်း နားသင့်တယ်”
ငွေရှာတာက အရေးကြီးတယ်ဆိုပေမဲ့ သမီးနဲ့ သမက်တို့ကြားက ဆက်ဆံရေးက ပိုအရေးကြီးတယ်လေ။ အခု ဘဝကြီးက ပိုပိုပြီး ကောင်းလာတော့ ဝူချွန်းဟွားက မြေးလေးတစ်ယောက် ရဖို့ မျှော်လင့်နေတော့တာပေါ့။
သူမက အစတုန်းကလောက် အလုပ်မများတော့ဘူးဆိုပေမဲ့ အားလပ်ချိန်တော့လည်း ရှိမနေချေ။ ရွှီရှောင်ကျောင်းက ငြင်းမည်ပြင်လိုက်စဥ် စုန့်ဝေဖျင်က သူမ၏လက်ကို ကိုင်လိုက်ပြီး သူမကို ပင်မခန်းထဲသို့ ခေါ်သွားလိုက်၏။
“မင်း အနားယူလိုက်၊ ကို အဝတ်အစားလဲပြီးရင် သွားကူလိုက်မယ်”
စုန့်ဝေဖျင်က ရွှီရှောင်ကျောင်း၏ ပါးပြင်ပေါ်တွင် ချွေးများ ထွက်နေသည်ကို မြင်လိုက်ရသောအခါ အနည်းငယ် စိတ်မကောင်းဖြစ်သွားတော့သည်။
သူ သည်မှာ မရှိချိန်က သူမသည် သူ့အကြောင်းကို စဥ်းစားမိလေသည်။ သို့သော် အခုတော့ သူတို့သည် သည်လိုမျက်နှာချင်းဆိုင်လိုက်ရချိန်တွင် ရွှီရှောင်ကျောင်းမှာ အခိုက်တန့် ဘာပြောရမည်မသိဖြစ်သွားပြီး သည်အတိုင်း တီးတိုးရေရွတ်လိုက်တော့သည်။
“စုန့်ဝေဖျင်”
စုန့်ဝေဖျင်က သူမကို ပြင်းပြင်းပြပြ ငေးကြည့်လိုက်ပြီး
“အစက တစ်ပတ်လောက်နေပြီးမှ ကို ပြန်လာရမှာ၊ ဒါပေမဲ့ ဒီတစ်ခါ ကို ခရီးထွက်တာ အရမ်းကြာသွားတော့ မင်းတို့ကိုလည်း လွမ်းနေပြီလေ၊ ဒါကြောင့် ညှိုနှိုင်းပြီးသလောက်ရှိတဲ့ လက်ထဲက ပစ္စည်းတွေကို ဒီအတိုင်း ရောင်းခဲ့လိုက်တာ၊ အမြတ်က နည်းနည်း နည်းသွားပေမဲ့ တော်ပါသေးတယ်၊ ပြန်လာပြီး မင်းနဲ့ အတူနေဖို့ အချိန်ပိုရတာ ပိုကောင်းတယ်လေ”
သူက ပြောရင်းဆိုရင် ညတိုင်း ဟိုလှည့် သည်လှည့်နှင့် အပြင်ဘက်တွင် နေခဲ့သည့်ရသည့် နေ့ရက်များကို သတိရသွားတော့သည်။
စုန့်ဝေဖျင်က လက်ကို လှမ်းလိုက်ပြီး ရွှီရှောင်ကျောင်း၏ ပါးလေးကို ပွတ်သပ်လိုက်၏။ သူ့အသံက အနည်းငယ် တိမ်ဝင်နေလေသည်။
“ကို့ကို လွမ်းရဲ့လား ဟင်”
ရွှီရှောင်ကျောင်း၏နှလုံးသားက ခုန်နေသော်လည်း ‘နင့်လွမ်းတယ်’ဟု မပြောနိုင်ခဲ့ချေ။
စုန့်ဝေဖျင်က သူမ၏တုံ့ပြန်ပုံကို စိတ်မကွက်မိချေ။ သူ့ကျောင်းကျောင်းလေးက ပါးစပ်မာပေမဲ့ စိတ်နှလုံးက နူးညံ့ပြီး သူမရဲ့စိတ်ထဲက အကြောင်းအရာကို သူ့ကို ဘယ်တော့မှ မပြောချင်မှန်း သူ အစောကြီးကတည်းက သိထားပြီးသားလေ။
သူက တစ်ခုခု ပြောဖို့ရန် ပါးစပ်ဖွင့်လိုက်ချိန်တွင် အဝေးက ရွှီရှောင်ကန်း၏အသံက ဝင်လာလေသည်။
“ယောက်ဖရေ၊ ယောက်ဖ၊ မနက်စာ စားပြီးပြီလား၊ အမေက ကျွန်တော့်ကို အစ်ကိုစားဖို့ ရို့ကျားမို ယူလာခိုင်းလို့၊ မနက်ခင်းက အိုးထဲမှာ ပြောင်းဆန်ပြုတ်နည်းနည်း ကျန်သေးတယ်၊ နည်းနည်း သောက်လိုက်ပြီး အရင်နားလိုက်တဲ့....”
စုန့်ဝေဖျင်သည် အသံကို ကြားလိုက်ရသောအခါ ရွှီရှောင်ကျောင်း၏ ပါးပေါ်က သူ့လက်ကို ချလိုက်ထားလိုက်ပြီး သူမကို ပြုံးပြလိုက်ကာ ရွှီရှောင်ကန်းအတွက် တံခါးလှည့်ဖွင့်ပေးလိုက်လေသည်။
သူက တံခါးဆီ လျှောက်သွားလိုက်သည်နှင့်တစ်ပြိုင်နက် ရွှီရှောင်ကျောင်း၏အသံကို ကြားလိုက်ရ၏။
“စုန့်ဝေဖျင်”
စုန့်ဝေဖျင်က ရပ်လိုက်ပြီး သူမကို လှည့်ကြည့်ကာ ဘာဖြစ်လို့လဲဟု မေးချင်သွားသည်။
ထို့နောက်တွင် ရွှီရှောင်ကျောင်းက အပြေးရောက်လာပြီး သူ့လည်ပင်းကို သိုင်းဖက်လိုက်သည်ကို တွေ့လိုက်တော့သည်။
စုန့်ဝေဖျင်က ကြောင်အမ်းအမ်းဖြစ်သွားချိန်တွင် သူမက သူမ၏လွမ်းဆွတ်မှုကို ညင်ညင်သာသာ ထုတ်ပြလိုက်တော့သည်။
“စုန့်ဝေဖျင် ငါ နင့်ကို လွမ်းတယ်၊ ဒီတစ်ခါ နင် ခရီးသွားတာ အကြာကြီးပဲ”
သူမက မျက်နှာကို သူ့ရင်ခွင်ထဲတွင် မြှုပ်ထားလိုက်၏။ သူမ၏အသံက နူးညံ့သိမ်မွေ့နေကာ ငိုချင်နေသည့် အရိပ်အယောင်တစ်ခု ဖြစ်နေလေသည်။
စုန့်ဝေဖျင်က သူ့ရင်ခွင်ထဲက သူမ၏ကိုယ်အလေးချိန်ကို ခံစားမိလိုက်၏။ အခိုက်တန့်လေးတွင် သူသည် ဘာပြောရမည်မသိ ဖြစ်သွားတော့သည်။
သူက လက်ဆန့်ကာ သူမ၏ကျောပြင်ကို ဖက်ထားလိုက်ပြီး သူမနှင့်အတူ တံခါးကို မှီထားလိုက်ပြီး သူ့ခေါင်းလေးကို ငုံ့ကာ သူမ၏အနက်ရောင်ဆံနွယ်လေးကို တရှိုက်မက်မက်နမ်းလိုက်၏။
“ကျောင်းကျောင်း”
***
ဝူချွန်းဟွားသည် စုန့်ဝေဖျင်နှင့် ရွှီရှောင်ကန်းတို့ တစ်ယောက်ပြီး တစ်ယောက် ရောက်လာသည်ကို တွေ့လိုက်ရချိန်တွင် သူမက အလုပ်များနေလေသည်။ ရို့ကျားမိုက ရွှီရှောင်ကန်း၏လက်ထဲတွင် ရှိနေသေးသည်။
သူမက သူ့ကို မြန်မြန်နှုတ်ဆက်လိုက်ပြီး
“ဝေဖျင် ဘာလို့ ဒီကို လာတာလဲ၊ ရှောင်ကန်း လာပို့ပေးတဲ့ ရို့ကျားမိုကို မစားရသေးဘူးပဲ၊ မြန်မြန် နည်းနည်းလောက်စားပြီး ကောင်းကောင်း အနားယူလိုက်တော့၊ ဒီမှာ သား လုပ်စရာမလိုပါဘူး”
အဘွားစုန့်က ခေါင်းညိတ်လိုက်ပြီး ဝင်ပြောလေသည်။
“လူလေးဖျင် အရင်ဆုံးနားလိုက်၊ အလျင်မလိုပါနဲ့”
စုန့်ဝေဖျင်က ခေါင်းခါပြလိုက်ပြီး
“အဘွား၊ အမေ ကျွန်တော် မနက်စာစားပြီးပါပြီ၊ ကျွန်တော် ဗိုက်မဆာဘူး၊ လာပြီး ကူညီပေးတာ အချိန်ကိုက်ပါပဲ”
သူသည် အဝတ်အစားလဲပြီး ဆေးကြောသန့်စင်ပြီးသွားခဲ့သည်။ သူ့တကိုယ်လုံးက အများကြီးပိုပြီး အင်အားပြည့်နေပုံပေါ်သည်။
သူရောက်လာသည်တွင် သူက သွက်သွက်လက်လက်နှင့် အသားကို ချိန်တွယ် လှီးဖြတ်နေသည်ကို မြင်လိုက်ရသည်။ သူသည် ဝက်စတူးကို နှစ်နှစ်လောက်ရောင်းခဲ့သဖြင့် အလွန်မှ ရင်းနှီးနေမှန်း သိနေသဖြင့် ဝူချွန်းဟွားက မငြင်းတော့ပေ။ သူမက သည်အတိုင်း မေးလိုက်၏။
“ရှောင်ကျောင်းရော ဘယ်မှာလဲ”
စုန့်ဝေဖျင်၏အသံက တုံ့ဆိုင်းသွားပြီးမှ ပျော့ပြောင်းသွားကာ
“သူ ပင်ပန်းနေလို့တဲ့၊ သူ့ကို ပေးနားလိုက်ပါ”
ဝူချွန်းဟွား ဘာမှမပြောနိုင်ခင်မှာပင် အဘွားစုန့်က မြန်မြန်ခေါင်းညိတ်လိုက်ပြီး
“ရှောင်ကျောင်းက ဒီကာလအတွင်းမှာ အရမ်းအလုပ်များခဲ့တာ၊ မင်းက အိမ်မှာမရှိတော့ သူပဲ ဆိုင်ဖွင့်မဲ့ကိစ္စတွေကို ဖြေရှင်းဖို့ ပတ်သွားခဲ့ရတယ်၊ ဒီရက်ပိုင်းမှာလည်း အသားရောင်းကူရသေးတယ်၊ အခု မင်း ပြန်လာပြီဆိုတော့ မင်း သူ့ကို အနားယူခိုင်းမှရမယ်”
ဝူချွန်းဟွားက နားထောင်လိုက်ပြီး သူမ၏သမီးဖြစ်သူက သည်ကာလအတွင်းတွင် ပင်ပန်းမှာ သေချာသည်ကို ခံစားမိလေသည်။ စောစောက အသားရောင်းချိန်ကလည်း သူမက မှားပြီး ချိန်တွယ်ခဲ့သေးသည်။ သူမက ခေါင်းညိတ်လိုက်ပြီး ပြောလိုက်၏။
“ဒါဆို သူ့ကို ပေးနားလိုက်ပါ”
အစ်မဖြစ်သူနှင့်စာလျှင် အနားယူနိုင်သည့် ရွှီရှောင်ကန်းကတော့ အနည်းငယ် စိတ်လှုပ်ရှားနေဆဲပင်။
“အဘွား၊ အမေ အမေတို့ ပြောစရာမလိုပါဘူး၊ ယောက်ဖက မမကို အလုပ်ထပ်လုပ်ခိုင်းမှာ မဟုတ်တော့ဘူး၊ ယောက်ဖက မမအတွက် ကင်မရာတစ်လုံး ဝယ်လာပေးတယ်လေ၊ မမက အိပ်ရာထဲမှာလှဲပြီး လေ့လာနေတယ်၊ နောက်ဆိုရင် သူက ကျွန်တော်တို့အတွက် ဓာတ်ပုံတွေ ရိုက်ပေးမှာ”
ပင်မအိပ်ခန်းထဲတွင် ရွှီရှောင်ကျောင်းက အိပ်ရာဘေးတွင် မှီကာ သူမရှေ့က ကင်မရာကို အမှတ်တမဲ့ လေ့လာနေလေသည်။
တကယ်တော့ စစ်ဆေးစရာမရှိပါဘူး။ ဒါက အစောဆုံးခေတ်ဟောင်း ကင်မရာပဲ။ နေက်ပိုင်း မျိုးဆက်မှာလို ခေတ်မီပြီး အဆင့်မြင့်တဲ့ မှန်ဘီလူးတွေနဲ့ ဆုံချက်တွေ မပါဘူး။ ဒီတော့ သာမန်ပဲလေ။
သို့သော်ငြား ရွှီရှောင်ကျောင်းသည် သူမလက်ထဲက သည်ပစ္စည်းက လူတစ်ယောက်၏ရိုးသားမှုစိတ်ရင်း အပြည့်ပါနေသည်ကို ခံစားမိလေသည်။
သူမသည် ပြီးခဲ့သည့် နှစ်နှစ် သုံးနှစ်က အချိန်ကို သတိရသွားပြီး စုန့်ဝေဖျင်က သူမပြောသည့် အရာအားလုံးနှင့် သူမ လိုချင်သည့်အရာအားလုံးကို ဝယ်ပေးခဲ့ကြောင်း နောက်ကျမှ နားလည်လိုက်လေသည်။
အစပိုင်းက သူမနှစ်သက်သည့် တောက်ပသည့် ကလစ်မှအစ အနီရောင်ဝမ်းဆက်အထိပင်။ သားမန်ကာလျှံကာ ထုတ်ပြောလိုက်သည့် စက်ဘီး၊ နာရီ၊ တီဗွီကအစ ပန်းခြံထဲတွင် သူမ အရင်က ပြောခဲ့သည့် ကင်မရာအဆုံး စုန့်ဝေဖျင်က တစ်ခုချင်းစီကို သူမအား ပေးခဲ့သည်။
သူမက မြို့သို့ ပြောင်းချင်သည်ဟု မပြောခင်မှာပင် စုန့်ဝေဖျင်က အိမ်တစ်လုံးကို ရွေးထားပေးခဲ့ပြီး ဖြစ်သည်။
စောစောက သူမ စုန့်ဝေဖျင်ကို ပွေ့ဖက်လိုက်ချိန်က သူမ၏ဆံဖျားလေးကို သူ ဂရုတစိုက် နမ်းလိုက်ပုံမှတဆင့် စုန့်ဝေဖျင်၏နှလုံးသားထဲတွင် သူမက သူ၏ အဖိုးမဖြတ်နိုင်သည့် ရတနာဖြစ်ကြောင်း ခံစားမိနိုင်ခဲ့သည်။
ငါလေးက စုန့်ဝေဖျင်ရဲ့ အဖိုးမဖြတ်နိုင်တဲ့ရတနာတဲ့။
ရွှီရှောင်ကျောင်းက ထိုစကားကို သူမ၏နှလုံးသားထဲတွင် အထပ်ထပ် ရေရွတ်လိုက်ပြီး ရုတ်တရက်ဆိုသလို ငြိမ်ငြိမ်လေး လှဲမနေနိုင်တော့ချေ။
သူမက ကင်မရာကိုကိုင်ကာ ထရပ်လိုက်ပြီး တောင်ဖက်အခန်း၏တံခါးဆီသို့ ဖြည်းဖြည်းချင်း လျှောက်လာလိုက်သည်။
သူမ၏ခြေလှမ်းများကို အလွန်ဖော့ထားလိုက်သည်။ အထဲက အလုပ်များသည့် လူလေးယောက်က သူမ၏လှုပ်ရှားမှုကို မကြားကြချေ။ သူမက တံခါးကို တိတ်တိတ်လေးကို မှီလိုက်ပြီး အလုပ်များနေသည့် စုန့်ဝေဖျင်ကို ကြည့်လိုက်လေသည်။
သူက တကယ့်ကို မျက်စိပသာဒဖြစ်စရာပဲ။ နောက်ပိုင်းမျိုးဆက်သာဖြစ်ခဲ့ရင် သူက မင်းသားတစ်လက် ဖြစ်လာပြီး အရမ်းကို ထူးချွန်တဲ့လူတစ်ယောက် ဖြစ်လိမ့်မယ်။ ရိုးရှင်းတဲ့ မီးခိုးရောင်ရှပ်အင်္ကျီတစ်ထည်က သူ ဝတ်လိုက်တော့ မတူညီတဲ့ခံစားချက်တစ်ခုတောင် ထုတ်ပေးနေတယ်။ သူ့အင်္ကျီလက်ကို လိပ်တင်ထားပြီး စားပွဲရှေ့မှာ အလုပ်များနေလေရဲ့။ ဒါတောင် လူတွေက သူ့ကို နိမ့်တဲ့ပုံရှိတယ်လို့ မမြင်ရစေဘူး။
တံခါးရှေ့မှာ အမျိုးသမီးလေးတွေနဲ့ ငယ်ငယ်ရွယ်ရွယ် ဇနီးသည်တွေလည်း အများကြီးပဲ။ သူတို့ထဲက အများစုက သူ့ကို တိတ်တိတ်လေး ခိုးကြည့်နေကြတယ်။ သူသာ အမှတ်တမဲ့ မျက်ခွံကို လှန်ကြည့်လိုက်ရင် လူတွေက ရှက်သွားပြီး သူတို့ရဲ့ရင်တွေ ခုန်သွားအောင် လုပ်နိုင်တယ်။
နင်တို့တွေက တစ်ခါပဲ ကြည့်မှာပါနော်။ ရွှီရှောင်ကျောင်းက တစ်ယောက်တည်း တွေးလိုက်လေသည်။ ဒီလူက ငါ့လူရယ်။
သူမက ကင်မရာကို မ,လိုက်ပြီး ခေါင်းငုံ့ကာ အလုပ်လုပ်နေသည့် စုန့်ဝေဖျင်ကို ချိန်ထားလိုက်ပြီး ခလုတ်ကို နှိပ်လိုက်တော့သည်။
ဘေးတစ်ခြမ်း ရိုက်ထားသည့် ပုံဖြစ်သည်။ သူ့ကိုယ်ပေါ်တွင် ကျနေသည့် အလင်းရောင်က တောင်ဖက်တံခါးမှ ဖြတ်ဝင်လာပြီး သူ့ကို လောကကြီးနှင့် အနည်းငယ် ကွဲပြားနေအောင် ပြုလုပ်ထားသည်။ သို့သော် သူ၏အလုပ်များနေသည့် လှုပ်ရှားမှုများက သူ့ကို သေမျိုးလောကထဲသို့ ပြန်ခေါ်လာပြီး သူ့ကို လက်လှမ်းမီအောင် ဖြစ်နေစေတော့သည်။
ဒါက အသစ်ဝယ်လာသည့် ကင်မရာဖြင့် ရွှီရှောင်ကျောင်းရိုက်ထားသည့် ပထမဆုံး ဓာတ်ပုံဖြစ်လေသည်။
“ဝါး မမ ဒီဓာတ်ပုံက ကင်မရာနဲ့ ရိုက်ထားတာလား၊ အရမ်းကို ကြည်နေတာပဲ”
ရွှီရှောင်ကန်းက ရွှီရှောင်ကျောင်း သင်ပေးသည့်အတိုင်း လိုက်လုပ်ပြီး သူမ ရိုက်ပေးထားသည့် ဓာတ်ပုံများကို ကြည့်လိုက်၏။ သူသည် ဒါကို အလွန်မှ အသစ်အဆန်းတစ်ခုလို မြင်နေမိတော့သည်။
မနက်ခင်း သူတို့၏အလုပ်များ ပြီးစီးသွားသည့်နောက် မိသားစုက တခြားလုပ်စရာမရှိတော့ပေ။ သို့သော် အိမ်တွင် ဓာတ်ပုံရိုက်လိုက်ကြသည်။ တစ်ယောက်ချင်း တစ်ပုံစီ၊ မိသားစုပုံများ၊ မောင်နှမပုံများနှင့် အတွဲပုံများ။ သူတို့သည် စုစုပေါင်း ပုံ၃၀လောက် ရိုက်လိုက်ကြသည်။ ထို့နောက်တွင် မိသားစုက ဓာတ်ပုံမျာကို စတင်ကြည့်ရှုသည့် အလှည့်သို့ရောက်လာခဲ့သည။
ရွှီရှောင်ကျောင်းက အမှန်တွင်တော့ စိတ်မလုံမလဲဖြစ်ရလေသည်။ ဓာတ်ပုံအများကြီး ရိုက်ထားပြီးမှတော့ စုန့်ဝေဖျင်တစ်ယောက်ထဲပုံက အရမ်း မသိသာနေလောက်ပါဘူးနော်။
တခြားသူများက ဘာမှသတိမထားမိသော်လည်း စုန့်ဝေဖျင်ကတော့ တစ်ခုခုမူမမှန်သည်ကို သတိထားမိလေသည်။ ညပိုင်းတွင် သူတို့နှစ်ယောက်က အိပ်ရာပေါ်တွင် လဲလိုက်ကြသည်။ သည်တစ်ကြိမ်တွင်တော့ စုန့်ဝေဖျင်က စာအုပ်မဖတ်ချေ။ သူက ကိုယ်ကို ဘေးစောင်းလိုက်ပြီး သူမကို မေးလိုက်၏။
“မင်း ဘယ်တုန်းက ကို့ပုံကို ခိုးရိုက်ခဲ့တာလဲ”
ရွှီရှောင်ကျောင်းမှာ သူ ရှာတွေ့သွားလိမ့်မည်ဟု ထင်မထားခဲ့ပေ။ သူမက သူ့ကို တည်တည်ငြိမ်ငြိမ် ကြည့်လိုက်ပြီး
“ဘယ်သူက နင့်ကို ဓာတ်ပုံခိုးရိုက်လို့လဲ၊ ငါက ကင်မရာ အဆင်ပြေမပြေ စမ်းကြည့်တာပါနော်၊ ဒီအတိုင်း ဖြစ်သလိုရိုက်ထားတာ”
သူမရဲ့ပါးစပ်လေးကတော့ မာကျောလာပြန်ပြီ။ စုန့်ဝေဖျင်က သူမကို မဖော်ထုတ်လိုက်သော်လည်း သူ့မျက်လုံးထဲက အပြုံးကတော့ မှိန်ဖျော့မသွားခဲ့ချေ။
“ကို မင်းကို ယုံတယ်”
သူ့တုံ့ပြန်စကားတွင် ရွှီရှောင်ကျောင်းသည် အနည်းငယ် ရှက်သွားတော့သည်။ သူမက နှစ်ခါလောက် တွန့်လိမ်လိုက်ပြီး လက်ရှိတွင် စုန့်ဝေဖျင်နှင့် မျက်နှာချင်းရသည်ကို သတိအနေအထား ဖြစ်သွားတော့သည်။ သူမက တစ်ခုခု ပြောလိုက်ချင်သော်လည်း ဘာပြောရမှန်းမသိတော့ချေ။
သူမက ခဏလောက်စဥ်းစားလိုက်ပြီးမှ သူ့ကို မေးလိုက်၏။
“အင်း စုန့်ဝေဖျင် အပြင်မှာ ဘာတွေဖြစ်နေလဲ ငါ့ကို ပြောပြအုံးလေ၊ ကွမ်တုန်းက အခုဆိုရင် အများကြီး တိုးတက်နေပြီလား”
စုန့်ဝေဖျင်က သူမကို အစကတည်းက ပြောပြချင်ခဲ့လသေည်။ သူမက မေးလာသဖြင့် သူကလည်း အဖြေပေးဖို့ မပျက်ကွက်ချေ။
“အရမ်းမြန်တယ်၊ အခြေအနေတွေက တစ်နေချင်းကို ပြောင်းလဲနေတာ၊ ကို အဲမှာ တစ်လနီးပါး နေခဲ့တာ၊ အဲဒီလအတွင်းမှာ ပစ္စည်းသစ်တွေက နေ့တိုင်းနီးပါး ပေါ်နေတယ်၊ လုပ်ငန်းအခွင့်အရေးတွေလည်း အများကြီးပဲ၊ ကို အထင်ကရလူတွေအကြောင်း အများကြီး ကြားခဲ့ရပြီး တချို့လူတွေက ညတွင်းချင်း ချမ်းသာတဲ့အချိန်မှာ တချို့တွေက သူတို့ငွေအားလုံး ဆုံးရှုံးသွားတာကို မျက်စိနဲ့ကိုယ်တိုင် မြင်ခဲ့ရတယ်”
ရွှီရှောင်ကျောင်းက မအံ့ဩချေ။ လူဘယ်နှစ်ယောက်တောင်မှ ဒီအဆင့်မှာ မူလအရင်းအနှီးကို များလာအောင် စုဆောင်းပြီး အထင်ကရပုဂ္ဂိုလ်တွေ ဖြစ်လာခဲ့သလဲ။ စုန့်ဝေဖျင်က သူတို့ထဲက တစ်ယောက်ပဲလေ။ အင်းပေါ့။ ပင်လယ်ထဲ ထိုးဆင်းပြီး အရှုံးပေါ်သွားလို့ တိတ်တိတ်လေး ပြန်လာကြတဲ့သူတွေလည်း ရှိတာပဲ။
“နင်ကရော၊ ဒီခရီးက ဘယ်လိုနေလဲ”
ရွှီရှောင်ကျောင်းကလည်း သူ့လိုပင် ကိုယ်ကို စောင်းက သူနှင့်မျက်နှာချင်းဆိုင်ထားလေသည်။
သူတို့နှစ်ယောက်ကြားက အကွာအဝေးက အလွန်မှ နီးကပ်လှသည်။ စုန့်ဝေဖျင်က လက်ဆန့်ပြီး သူမကို ပွေ့ဖက်နိုင်သော်လည်း သူက မလုပ်ခဲ့ပေ။ သူသည် သူမက သူ့ကို သတိမထားဘဲ ဖြစ်နေသည့် အခြေအနေကို သဘောကျလေသည်။ လူများကို ပိုပြီးလိုတပ်မက်လာအောင် လုပ်နေသည့် နွေးထွေးမှုတစ်ခုပင်။
“ဒီတစ်ကြိမ် ကို ခရီးထွက်ပြီး အမြတ်အများကြီးရလိုက်တယ်၊ ကို ငွေလည်း အများကြီးရှာနိုင်ခဲ့တယ်၊ တတိယအစ်ကိုလီကိုတောင် ချေးထားတဲ့ တစ်ထောင်ပြန်ဆပ်ပြီး နှစ်ထောင်ကျန်သေးတယ်။ ကို အဲပိုက်ဆံတွေကို မင်း ပိုက်ဆံသိမ်းတဲ့အိတ်ထဲမှာ ထည့်ထားတယ်”
ရွှီရှောင်ကျောင်းသည် အနည်းငယ် ရှော့ခ်ရသွားတော့သည်။
“နင် အဲဒီငွေကို သုံးဆပွားအောင် လုပ်ခဲ့တာပဲ”
အဲဒါတင်မကသေးဘူး။ သူ ကင်မရာတစ်လုံးကိုလည်း ဝယ်လာခဲ့သေးတယ်။ ဒီပစ္စည်းက တန်ဖိုးကြီးမှာလေ။ ရွှီရှောင်ကျောင်းသည် စျေးကွက်ကို နားမလည်သော်လည်း စျေးလုံးဝ သက်သာမည်မဟုတ်မှန်းတော့ သိနေလေသည်။
စုန့်ဝေဖျင်က ခေါင်းညိတ်လိုက်ပြီး
“အခုခေတ်မှာ သတင်းအချက်အလက် စီးဆင်းမှုက နေရာတိုင်းမှာ အရမ်းနှေးနေတယ်၊ မင်းက သတင်းကို သေသေချာချာ နားလည်ပြီး အရမ်းလောဘမကြီးသရွေ့တော့ အချိန်ကွာခြားချက်ကို အခွင့်ကောင်းယူပြီး အလွယ်တကူငွေရှာနိုင်တယ်၊ ကိုတို့ရဲ့ စျေးကွက်က တကယ်တော့ အကြီးကြီးဆိုတာကို ကိုအခုမှ သိလိုက်ရတယ်၊ လူတွေရဲ့ဝယ်ယူနိုင်စွမ်းအားက အသုံးချတာနဲ့ အရမ်းကို ကွာခြားလွန်းတယ်၊ အခုဆိုရင် ပစ္စည်းအသစ်ဖြစ်နေသရွေ့ ရောင်းရတာ လွယ်ကူတယ်”
ရည်မှန်းချက်က သူ့မျက်လုံးများထဲတွင် လင်းလက်သွားတော့သည်။
“စီးပွားရေးဖွံ့ဖြိုးလာတာက ပေါ့သေးသေး မဟုတ်ဘူး၊ ဒါက လက်တွေ့ဘဝတစ်ခု ဖြစ်လာပြီး တချို့လူတွေက အရင်ဆုံး ချမ်းသာလာလိမ့်မယ်”
ရွှီရှောင်ကျောင်းက သံသယမဖြစ်ချေ။
“စုန့်ဝေဖျင် သူတို့ထဲမှာ နင်လည်း တစ်ယောက်အပါအဝင်ဖြစ်ရမယ်”
စုန့်ဝေဖျင်က သူမ၏လေးနက်သည့်စကားကို နားထောင်လိုက်ပြီး သူသည် ဧရာမအားပေးမှုတစ်ခုကို လက်ခံလိုက်ရသလို ခံစားလိုက်ရတော့သည်။
“ဒါတွေအားလုံးက မင်းကြောင့်ပါ”
စုန့်ဝေဖျင်၏အသံက နွေးထွေးနေရာ ရွှီရှောင်ကျောင်းကို အလွန်မှစိတ်အေးရသည့် ခံစားချက် ဖြစ်စေလေသည်။ သူမက အနည်းငယ် အိပ်ငိုက်လာ၏။ သူမ၏မြင်ကွင်းက ဝေဝါးလာသည်။ သူမ၏ မျက်လုံးများထဲတွင် အရည်များ ပေါ်လာ၏။
“ဘာလို့ ငါ့ ကျေးဇူး ဖြစ်မှာလဲ”
သူမက သမ်းဝေနေသည်ကို တွေ့လိုက်ရသဖြင့် စုန့်ဝေဖျင်က သူ့အသံကို ပိုပြီးတိုးလိုက်ကာ
“မင်းက ကို့ကြိုးစားမှုရဲ့ အရင်းခံအကြောင်းအရင်းပဲလေ၊ မင်းသာမရှိရင် ကိုက မိန်လင်ရွာမှာပဲ နေပြီး လယ်ကွက်လေး နည်းနည်းပါးပါး ရတာကို ဝမ်းသာပြီး ကောင်းကောင်းလယ်လုပ်ဖို့ပဲ စဥ်းစားရင်း အဘွားကို ထောက်ပံ့ပေးနေမှာ၊ ကို အကြွေးတွေလည်းအများကြီး တင်နေလိမ့်အုံးမယ်”
အခု ကို့ အားထုတ်မှုအားလုံးက ကို မင်းကို မဆုံးရှုံးချင်လို့လေ။
သူက ရွှီရှောင်ကျောင်း မျက်လုံးများ ဖြည်းညင်းစွာပိတ်သွားပြီး အိပ်ပျော်သွားသည်ကို စောင့်ကြည့်နေလိုက်လေသည်။
သည်လအတွင်းတွင် ရွှီရှောင်ကျောင်းသည် အမှန်ပင် ပင်ပန်းခဲ့ရသည်။ ဒါက စုန့်ဝေဖျင်ကို အားမကိုးဘဲ တစ်ခုခုကို လွတ်လွတ်လပ်လပ် လုပ်ခဲ့ဖူးသည့် ပထမဆုံးအကြိမ်ဖြစ်လေသည်။ ဒါက စုန့်ဝေဖျင်ကို အံ့ဩရစေတော့သည်။
သူမက ထက်မြက်မှန်း စုန့်ဝေဖျင် သိထားပြီးသားပင်။ သူမကသာ စီးပွားရေးလုပ်သူ ဖြစ်ခဲ့ရင် သူ့ထက် သေချာပေါက် ပိုတော်မှာလို့တောင် ခပ်ရေးရေး ခံစားမိလိုက်တယ်။ ဒါပေမဲ့ သူမက မလုပ်ခဲ့ဘူး။ သူမက ကောလိပ်ဝင်ခွင့် စာမေးပွဲလည်း မဖြေခဲ့သလို မြို့ကိုလည်း မပြန်ခဲ့ဘူး။ သူမက သူ့ကို လိုလိုလားလား အားကိုးချင်တယ်ဆိုရင် သူကလည်း သူ့ကိုယ်သူ အင်မတန်အားကိုးရတဲ့သူတစ်ယောက် ဖြစ်လာပေးရမှာပေါ့။
ဒီနေ့ သူမက ပြေးလာပြီး သူ့ကို ဖက်ထားလိုက်တယ်။ သူက စိတ်လှုပ်ရှားမိသလို ကြောက်လည်း ကြောက်မိခဲ့တယ်။ သူ့လိုလူတစ်ယောက်က ဒီလိုမိန်းကလေးတစ်ယောက်နဲ့ ထိုက်တန်နိုင်ပါ့မလား။
ရွှီရှောင်ကျောင်းသည် စုန့်ဝေဖျင်၏နှလုံးသားထဲက အလှည့်အပြောင်းခံစားချက်များကို မသိလိုက်ပေ။ စုန့်ဝေဖျင်ပြန်လာပြီဖြစ်သဖြင့် သူမ၏ဘဝက သည်ထက်ပိုမလှပနိုင်တော့ဘူးဟုသာ ခံစားမိလေသည်။
သူမသည် ဝက်စတူးဆိုင်ကို လုံးဝ စိတ်ပူစရာမလိုတော့ချေ။ စုန့်ဝေဖျင်က နေ့တိုင်း သူမအတွက် နည်းလမ်းအမျိုးမျိုးဖြင့် အရသာရှိသည့်အစားအသောက်ကို ချက်ပြုတ်ပေးလိမ့်မည်။
အခုတော့ သူမသည် အစားအသောက်များကို မှာယူစရာမလိုတော့ချေ။ စုန့်ဝေဖျင်က နေရာများစွာကို ခရီးသွားလာခဲ့ပြီး အစားအသောက်ကောင်းများကို စားခဲ့သည်။ သူသည် တစ်ခါစားပြီးရုံနှင့် အစားအသောက်များကို အများစုပြန်လုပ်နိုင်ခဲ့သည်။ သူ အိမ်ပြန်လာသည်မှာ တစ်ပတ်ရှိသွားပြီဖြစ်ပြီး ရွှီရှောင်ကျောင်းသည် အစားအသောက်တစ်မျိုးတည်းကို နှစ်ကြိမ်မစားခဲ့ရချေ။
စိတ်အခြေအနေကောင်းပြီး အစားအသောက်ကောင်းလေသည်။ ရွှီရှောင်ကျောင်း၏အသားအရေ အနေအထားကိုပင် ပြောရန်မလိုတော့ချေ။ သူမသည် လင်းလက်တောက်ပလို့နေသည်။
လျိုချွန်းယန်က အနည်းငယ် မလိုဖြစ်မိပြီး
“ရှောင်ကျောင်း ငါ့အထင်တော့ နင့်ရဲ့တကိုယ်လုံး အရောင်အဝါက နင့်ယောက်ျား ပြန်လာတော့ အခုဆိုရင် လုံးဝပြောင်းလဲ သွားပြီနော်”
ရွှီရှောင်ကျောင်းသည် လျိုချွန်းယန်နှင့် သူငယ်ချင်းကောင်းများ ဖြစ်လာကတည်းက အချိန်ဖြုန်းရန် မကြာခဏဆိုသလို သမဝါယမဆိုင်သို့သွားပြီး လျိုချွန်းယန်ဆီ သွားလည်တတ်သည်။ သူမက ထိုစကားကို ကြားလိုက်တော့ လျိုချွန်းယန်ကို မေးလိုက်၏။
“ငါက ဘာဖြစ်နေလို့လဲ၊ ငါက အရင်နဲ့ မတူတော့လို့လား၊ ငါက အမြဲတမ်း အရမ်းလှနေတာပဲ မဟုတ်ဘူးလား”
သူမက ရှက်မနေဘဲ ကိုယ့်ဟာကို ချီးမွှမ်းလိုက်လေသည်။ ဘယ်သူကမှ သူမကို ဘာမှမငြင်နိုင်အောင် ဖြစ်ရသည့်တစ်ချက်ပင်။
လျိုချွန်းယန်က နှာခေါင်းရှုံ့လိုက်၏။
“ဟုတ်တယ်၊ နင်က ရုပ်မြင်သံကြားစက်ထဲက ပြောပြောနေတဲ့ အလှမျိုး၊ တစ်လကျော်လောက် သူ့ယောက်ျားဆီက ဖုန်းကို အပတ်တိုင်းလာစောင့်နေတာ ဘယ်သူလဲတောင် မသိတော့ဘူး၊ အိုက်ယား၊ တစ်ခါတလေ ဖုန်းခေါ်တာ နောက်ကျတယ်လေ၊ ဒါကပဲ ခြေမကိုင်မိလက်မကိုင်ဖြစ်ရတဲ့ အဓိပ္ပာယ်ပေါ့၊ အဲတုန်းကဆိုရင် အခုလို တက်ကြွနေတဲ့မြင်ကွင်း ဘယ်ရောက်ခဲ့ပါလိမ့်နော်”
သည်လို စနောက်ခံလိုက်ရသဖြင့် ရွှီရှောင်ကျောင်း၏ပါးပြင်သည် အနည်းငယ် ပြန်ပူလာတော့သည် သို့သော် လျိုချးယန်က အကြိမ်တိုင်း ပြောစရာစကားတော့ အနည်းငယ် ရှိနေသည်။ သူမသည် ထိုအဖြစ်ကို ကျင့်သားရနေပြီးသလောက်ဖြစ်နေကာ သူမကိုလည်း စကားနည်းနည်းပါးပါး ပြန်ချေပနိုင်သည်
“ဘာလဲ, မနာလိုဘူးလား၊ နင့်ကြင်ဖက်နဲ့ မြန်မြန်လက်ထပ်လိုက်လေ”
လျိုချွန်းယန်သည် ပြီးခဲ့သည့်အခေါက်က သူမ၏ကြင်ဖက်နှင့် မျက်နှာချင်းဆိုင်တွေ့ဆုံခဲ့ပြီး အောင်မြင်ခဲ့သည်။ အခုတော့ သူတို့သည် အချင်းချင်း ရင်းနှီးလာကြ၏။ သူမ ကြားထားသလောက်တော့ တဖက်လူက မဆိုးချေ။
သို့သော်ငြား လူသားများက နှိုင်းယှဥ်ခံရသည်ကို ကြောက်ရွံ့ကြလေသည်။ လျိုချွန်းယန်က မကျေနပ်ပေ။
“သူ့ကို နင့်ယောက်ျားနဲ့ ယှဥ်လိုက်ရင် သူက ဘာမှမဟုတ်တော့ဘူး၊ သူက ငါနဲ့တောင် လက်မထပ်ရသေးဘူး၊ နင့်ယောကျ်ား နင့်ကို ဆက်ဆံသလောက်တောင် မကောင်းဘူး၊ နောက်ပိုင်း ငါတို့သာ လက်ထပ်ဖြစ်ရင် အခုလောက်တောင် ပိုကောင်းအောင် ဆက်ဆံမှာမဟုတ်တာ သေချာတယ်”
ပတ်ဝန်းကျင်တွင် မည်သူမှ မရှိသည်ကို တွေ့လိုက်ရသဖြင့် သူမက ရွှီရှောင်ကျောင်းဆီ လျှောက်သွားလိုက်ပြီး သူမကို တိတ်တိတ်လေး မေးလိုက်လေသည်။
“ဟဲ့ ရှောင်ကျောင်း ကြည့်လိုက်၊ နင့်ယောက်ျားက အမြဲတမ်း မျက်နှာတည်ကြီးနဲ့၊ ဘယ်သူကမှ အနားကပ်မလာသင့်တဲ့ပုံနဲ့၊ သူ ငါ့ဆိုင်လာပြီး ပစ္စည်းလာဝယ်တုန်းက သူ့ဆီမှာ တခြားမျက်နှာအမူအရာ ရှိတာ တခါမှ မတွေ့ခဲ့ဖူးဘူး၊ ဒါပေမဲ့ အဲတစ်ခေါက် သူ နင်နဲ့ မျက်နှာချင်းဆိုင်တာ တွေ့လိုက်ရတော့ ကျစ်... ဒါကိုမှ သိမ်မွေ့တာလို့ခေါ်တာပဲ၊ သူက နင့်ကို အတော်ချစ်တာ တစ်ချက်ကြည့်လိုက်ရုံနဲ့ သိနိုင်တယ်”
သူမက ရွှီရှောင်ကျောင်းနား အတင်းကပ်သွားလိုက်ပြီး သူမကို နည်းနည်းရှက်ရှက်ဖြင့် မေးလိုက်လေသည်။
“နင့်မှာလေ၊ ယောကျ်ားတွေ စိတ်ကို သိမ်းပိုက်နိုင်တဲ့ နည်းလမ်းလေးများ ရှိလား၊ ကျေးဇူးပြုပြီး င့ါကို နည်းနည်းလောက် သင်ပေးစမ်းပါ, သူ့ကို နင့်လူလောက် လိမ္မာအောင် လုပ်စရာမလိုပါဘူး၊ ဒါပေမဲ့ နင့်ယောက်ျားက နင့်ကို ချစ်တာရဲ့ တဝက်လောက်ဆိုရင်ကို ကျေနပ်ပါပြီ”
ရွှီရှောင်ကျောင်းက ခေါင်းခါပြလိုက်ပြီး
“ထူးထူးခြားမရှိပါဘူး၊ ပုံမှန်အတိုင်း အဆင်ပြေအောင်နေလိုက်တာပဲ”
လျိုချွန်းယန်က သံသယဖြစ်သွားပြီး
“မဖြစ်နိုင်တာ၊ နင့်မှာ ဘာနည်းလမ်းမှ မရှိရင် လက်ထပ်ပြီး နှစ်နှစ် သုံးနှစ်ကြာတာတောင် ဘာလို့အဲလောက် မျက်စိအောက်က အပျောက်မခံနိုင်အောင် ဖြစ်နေကြတာလဲ၊ ငါ့ကို ဖုံးကွယ်နေသေးတယ်၊ နင် ပြောရမှာ ရှက်နေတာလား၊ ဒါဆိုလည်း နင်တို့ဂွမ်းစောင်အောက်မှာ....”
သူမက မျက်စိမှိတ်ပြလိုက်လေသည်။ နည်းနည်းလောက် စဥ်းစားလိုက်ရုံဖြင့် အဓိပ္ပာယ် သိနိုင်လေသည်။ ရွှီရှောင်ကျောင်းသည် ချောမောကြီး ကိုယ်လုံးကိုယ်ထည် လှပသည်။ ညပိုင်း အိပ်ရာထဲတွင် သူမက မည်မျှဆွဲဆောင်မှု ရှိနေမည်ကိုတော့ မည်သူက သိနိုင်ပါမည်နည်း။
လျိုချွန်းယန်က စိတ်ပျက်သွား၏။ အိုး။ သူမက ဒါကို ဘယ်လို သင်ယူနိုင်မှာတုံး။ သူမရဲ့မျက်နှာကြီးမျိုးနဲ့ အဲဒီဆွဲဆောင်မှုရှိတဲ့ရုပ်ကို သင်ယူနိုင်မှာမဟုတ်ဘူး။
ရွှီရှောင်ကျောင်းက သူမကို တွန်းထုတ်လိုက်ပြီး
“နင်လေ တော်လိုက်တော့၊ ပြောလေ ကဲလေ ဖြစ်နေပြီ”
ဂွမ်းစောင်အောက်မှာတဲ့လေ။ ရွှီရှောင်ကျောင်းက သူမ၏လက်ချောင်းများကို ဖျစ်ညှစ်လိုက်မိလေသည်။ သူတို့တွေ အရင်က စောင်အောက်မှာ လူးလိမ့်တာမျိုး တစ်ခါမှမရှိခဲ့ပါဘူး။ လူတစ်ယောက်ကို ဆွဲဆောင်ဖို့ ပြောမနေနဲ့တော့။
တဖက်မှာတော့ စုန့်ဝေဖျင်က ငါလေးနဲ့ အိပ်ရာတစ်ခုထဲမှာ အိပ်ဖို့ အမြဲတမ်း စိတ်အားထက်သန်နေခဲ့တာ။ တခါတလေ သူ့မျက်လုံးတွေထဲအကြည့်က ငါလေးရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို ပူလာသလိုတောင် ခံစားရတယ်။
အင်း။ တကယ်တော့ အခုဆိုရင် ငါလေးလည်း ဒါကို မခုခံနိုင်တော့ပါဘူး။ ဒါပေမဲ့....
“ဟဲ့ နင်ဘာတွေ စဥ်းစားနေတာလဲ၊ နင့်ကြည့်ရင် စိတ်နဲ့ကိုယ်မကပ်သလိုပဲ၊ နင် အဲဒီအကြောင်း စဥ်းစားနေတာ...”
ရွှီရှောင်ကျောင်းက သူမ၏ပါးစပ်ကို လှမ်းအုပ်ထားလိုက်ပြီး
“နင်အဲဒီအကြောင်း ပြောနေတုန်းနော်”
သူတို့နှစ်ယောက်က အော်ရယ်တော့မည်ပြင်လိုက်စဥ် လူတစ်ယောက်က သမဝါယမဆိုင်ထဲသို့ ဝင်လာပြီး အရံစားသောက်ကုန် ကောင်တာဆီသို့ တည့်တည့်လျှောက်လာခဲ့လေသည်။ လျိုချွန်းယန်က ရပ်ကာ ထိုလူကို ကြည့်လိုက်သည်။
ထိုလူက ပန်းပွင့်ပုံစံ ရှပ်အင်္ကျီတစ်ထည် နှင့် နေကာမျက်မှန်ကို ဝတ်ဆင်ထားသည်။ သူသည် လမ်းပေါ်က ဒုတိယတန်းစား ကလေးတစ်ယောက်နှင့် ဆင်တူနေတော့သည်။ လျိုချွန်းယန်က အမှတ်တမဲ့ မျက်မှောင်ကြုတ်လိုက်၏။
“ဘာဝယ်ချင်လို့လဲ” သူမ၏လေသံကလည်း အလွန်မှ ရန်လိုနေလေသည်။
နေကာမျက်မှန်နှင့်လူက သူ့ငွေအထပ်ကို ထုတ်လိုက်ပြီး ၁၀ယွမ်ကို ဆွဲထုတ်လိုက်ကာ စားပွဲပေါ်တင်လိုက်ပြီ
“ရှာရခက်တဲ့ ပစ္စည်းတွေ ပေးပါ၊ မိန်ကလေး ကျွန်တော် မင်းကို တစ်ခု မေးချင်လို့”
လျိုချွန်းယန်က သူ့ကို လူကောင်းတစ်ယောက်ဟု မမှတ်ချေ။ သူက တစ်ခုခုကို စုံစမ်းချင်သည်ဟု ကြားလိုက်ချိန်တွင်တော့ သူသည် လူဆိုးတစ်ယောက်ရဖြစ်မည်ဟု သူမက အသေအချာ ခံစားမိလိုက်တော့သည်။
“ငါ့ကို မမေးနဲ့၊ ဘာမှမသိဘူး”
နေကာမျက်မှန်နှင့် လူက သူ့နေကာမျက်မှန်ကို ချွတ်လိုက်ပြီး ပြောလိုက်၏။
“အဟမ်း၊ မိန်းကလေး ကျွန်တော်က လူဆိုးမဟုတ်ပါဘူး၊ ကျွန်တော်က မင်းကို လူတစ်ယောက်အကြောင်း မေးချင်လို့ပါ၊ အမျိုးသမီးရဲဘော်တစ်ယောက်၊ သူက အရမ်းချောပြီး မင်းသမီးတစ်ယောက်လိုပဲ၊ မင်း သူ့ကို တစ်ခါတွေ့ဖူးရင် ဘယ်တော့မှ မမေ့တဲ့ရုပ်မျိုး၊ သူ့နာမည်က...”
သူက ပြောတော့မည့်ဆဲဆဲတွင် ကိုယ်ကို လှည့်လိုက်ရာ အနားက ထိုင်ခုံတွင်ထိုင်ပြီး ဂိမ်းကစားနေသည့် ရွှီရှောင်ကျောင်းကို တွေ့သွားတော့သည်။
ရွှီရှောင်ကျောင်းကတော့ သူ့ကို လူဆိုးနှင့် တူသည်ဟု မတွေ့ချေ။ သူမက လူတစ်ယောက်အကြောင်းကို မေးနေသည်ကို ကြားလိုက်ပြီး နားစွင့်ကာ နားထောင်နေလိုက်စဥ် တစ်ဖက်လူ၏ မျက်လုံးများနှင့် ဆုံသွားတော့သည်။
“ရွှီ... မင်းက ရွှီရှောင်ကျောင်းလား”