← Chapters

အခန်း (၅၂-၅၄)

Vol. 4 Ch. 52-54

အခန်း (၅၂-၅၄)

Vol. 4 Ch. 52-54

အပိုင်း (၅၂) လုံခြုံတဲ့ခံစားချက်

“အိုး တကယ် ရွှီရှောင်ကျောင်းပဲ၊ ကျွန်တော်.. ကျွန်တော်က မင်းကို သီးသန့်လာရှာတာပါ”

နေကာမျက်မှန်နှင့် လူက အလွန်စိတ်လှုပ်ရှားသွားပြီး သူ့လက်များကို သူ့အင်္ကျီနှင့် သုတ်လိုက်ပြီးမှာ ရွှီရှောင်ကျောင်းကို လက်ဆွဲနှုတ်ဆက်ဖို့ လက်လှမ်းလိုက်လေသည်။

လျိုချွန်းယန်၏ တရားမျှတသည့်အာရုံက ရုတ်ခြည်းနိုးထလာခဲ့သည်။ ဒီလူက ဘယ်သူမလို့ အဲလောက် ရင်းရင်းနှီးနှီး ဆက်ဆံနေရတာလဲ။ သူမသည် နေကာမျက်မှန်တပ်ထားသည့်လူနှင့် ရွှီရှောင်ကျောင်းကြားတွင် ရပ်လိုက်ပြီး

“ဒီမှာ၊ ရှင် ဘာလုပ်နေတာလဲ၊ ရှင်က ဘာလို့ ရွှီရှောင်ကျောင်းကို ရှာနေတာလဲ”

ရွှီရှောင်ကျောင်းက လျိုချွန်းယန်ကို ပြန်ဆွဲထားလိုက်ပြီး အဆင်ပြေကြောင်း မျက်ရိပ်ပြလိုက်လေသည်။ ထို့နောက် သူမက လျိုချွန်းယန်နောက်မှနေ၍ ကိုယ်ကိုဆန့်ထုတ်လိုက်ပြီး သူ့ကို ကြည့်လိုက်၏။

“အားနာပါတယ်၊ ရှင် လူများမှားနေသလား၊ ကျွန်မ ရှင့်ကို မသိဘူးနော်”

နေကာမျက်မှန်နှင့်လူက မြန်မြန်လက်ခါပြလိုက်ပြီး နောက်ဆုတ်လိုက်ကာ

“စိတ်မလှုပ်ရှားပါနဲ့ စိတ်မလှုပ်ရှားပါနဲ့၊ ကျွန်တော်က လူဆိုး မဟုတ်ပါဘူး”

သူက သူငယ်လာသည့်အိတ်လေးထဲက လက်ကမ်းစာစောင် နည်းနည်းပါးပါးကို မြန်မြန်ထုတ်ယူလိုက်ပြီး

“ဒီဟာ၊ ဒီအဝတ်အစား လက်ကမ်းစာစောင်ထဲက အဲဒါ မင်းပဲ ဟုတ်တယ်မလား၊ ကျွန်တော် ရှာနေတာ ကြာပြီဗျ၊ နောက်ဆုံးတော့ လူကိုယ်တိုင် တွေ့လိုက်ရပြီ၊ မင်းက ကျွန်တော် ထင်ထားတဲ့ ပိုလှတာပဲ”

သူက သူ့အိတ်ထဲမှာ နောက်ထပ် စာရွက်တစ်ရွက်ကို ထုတ်လိုက်ပြီး ပြောလိုက်လေသည်။

“ကျွန်တော် ကိုယ့်ဟာကို အရင်မိတ်ဆက်ပါ့မယ်၊ ကျွန်တော်က ဖျော်ဖြေရေးကုမ္ပဏီမှာ အလုပ်လုပ်တာပါ၊ ဖျော်ဖြေရေးကုမ္ပဏီတွေက မင်းသား မင်းသမီးတွေကို မွေးထုတ်ပေးပါတယ်၊ ကျွန်တော်က အရည်အချင်းရှိတဲ့ ကင်းထောက်လူငယ်ပါ၊ လတ်တလော ရုပ်မြင်သံကြားပေါ်မှာ နာမည်အကြီးဆုံးလူက လျိုမိန်ယင်းပါ၊ မင်း သိမှာပေါ့ ဟုတ်တယ်နော်၊ ကျွန်တော် သူ့ကို ရှာတွေ့ခဲ့တာဗျ၊ အဲတုန်းက သူ နာမည်ကြီးလာနိုင်တယ်လို့ ကျွန်တော် ထင်ခဲ့တာလေ၊ ပြီးတော့ ရလဒ်ကရော၊ သူက နာမည်ကြီး မင်းသမီးတစ်ယောက် ဖြစ်လာခဲ့တာပဲ”

သူသည် ရွှီရှောင်ကျောင်းက လျိုမေယင်းထက် ပိုလှသည့်ဟု စဥ်းစားလိုက်မိသောအခါ ပို၍ပင် စိတ်လှုပ်ရှားသွားတော့သည်။

“ဒါ- ဒါက ကျွန်တော့်ရဲ့ဝန်ထမ်းသက်သေခံကတ်ပါ၊ ကျွန်တော် မင်းကို မလိမ်ပါဘူး၊ ကျွန်တော်က တကယ် မင်းသား မင်းသမီးတွေကို ရှာပေးတဲ့ အရည်အချင်းရှိတဲ့ ကင်းထောက်တစ်ယောက်ပါ၊ ရွှီ‌ရှောင်ကျောင်း ကျွန်တော် မင်းကို တကယ် အပြုသဘောဆောင်ပြီး ပြောတာပါ၊ ကျွန်တော်နဲ့ ရှန်ဟိုင်းကို လိုက်ခဲ့ပါ၊ မင်းသမီး ဖြစ်လာစေရမယ်၊ ကျွန်တော် ကတိပေးပါတယ်၊ မင်းကို ထောက်ပံ့ပေးဖို့လည်း ကျွန်တော် လူရှာပေးပါ့မယ်၊ မင်း နှစ်ဝက်အတွငး နာမည်ကြီးလာလိမ့်မယ်၊ တစ်လကို ယွမ် တစ်ထောင် နှစ်ထောင်ဝင်ဖို့က ပြဿနာမဟုတ်တော့ပါဘူး”

ယွမ်တစ်ထောင်နှစ်ထောင်က သည်လူများအတွက် မည်မျှဆွဲဆောင်မှုရှိကြောင်း သူ သိလေသည်။ သူနှင့် စာချုပ်ချုပ်သူများက ယွမ်တစ်ထောင်နှစ်ထောင်ကို ကြားလိုက်လျှင် ရှားရှားပါးပါး တွေဝေသွားကြသည်ချည်းသာ။

လျိုချွန်းယန်သည် ထောင်ချီသည့်ယွမ်အကြောင်းကို ကြားလိုက်ရ‌သောအခါ သူမလည်း လန့်ဖျပ်သွားတော့သည်။ ယွမ်ထောင်ချီတယ်။ တစ်လကိုလေ။

“ရှောင်ကျောင်း”

သူမက ရွှီရှောင်ကျောင်းကို ပြန်လှည့်ကြည့်လိုက်၏။ သူမ၏စကားသံက တုံ့ဆိုင်းနေပြီး ‌နှေးကွေးနေတော့သည်။ ဒါကသာ အမှန်တကယ်ဆိုရင် သူမ ဒီအခွင့်အရေးနဲ့ လွဲလို့မဖြစ်နိုင်ဘူးလေ။ တစ်လကို ယွမ်ထောင်ချီတယ်တဲ့။ တစ်လမပြည့်ခင်မှာပဲ သူမက ယွမ်တစ်သောင်း အိမ်ထောင်စုတစ်ခု ဖြစ်လာလိမ့်မယ်။ ဒါက အံ့ဩစရာပဲ။ ဒါဆိုရင် သူက မြို့လေးထဲမှာ ပထမဆုံးလူ ဖြစ်လာမှာသေချာတယ်။

ရွှီရှောင်ကျောင်းသည် သည်လူက အမှန်ပင် လူလိမ်တစ်ယောက် မဟုတ်ကြောင်း ပြောနိုင်လေသည်။ အသိအမှတ်ပြုလက်မှတ်နှင့် ကတ်များအားလုံးက မူရင်းများဖြစ်ကြသည်။ ကုမ္ပဏီနာမည်ကလည်း သူမနှင့် အလွန်ရင်းနှီးသည်။ သည်ဖျော်ဖြေရေးကုမ္ပဏီက ရှည်လျားသည့် တိုးတက်မှုသမိုင်းကြောင်း ရှိခဲ့ပြီး အနာဂတ်တွင် နာမည်အကြီးဆုံး ဧရာမဖျော်ဖြေရေး ကုမ္ပဏီတစ်ခု ဖြစ်ခဲ့သည်။ သူ့ယခင်လုပ်ငန်းက သည်ဖျော်ဖြေရေးကုမ္ပဏီ ဖြစ်လေသည်။

သို့သော်ငြား သူမက သည်အတိုင်း စိတ်မဝင်စားနေခြင်းသာ။ သူမ၏အရင်ဘဝတွင် တစ်စုံတစ်ယောက်က သူမကို ဖျော်ဖြေရေးလာကသို့ ဝင်စေချင်ခဲ့ဖူးသော်လည်း သူမက ငြင်းခဲ့လိုက်သည်။

“အားနာပါတယ်၊ ကျွန်မ မင်းသမီးဖြစ်ဖို့ စိတ်မဝင်စားပါဘူး၊ ကျွန်မ ရှင့်ခရီးကို အချည်းနှီး ဖြစ်သွားအောင် လုပ်မိပြီ”

နေကာမျက်မှန်နှင့်လူက ချက်ချင်း စိုးရိမ်ပူပန်သွားတော့သည်။ ရွှီရှောင်ကျောင်းက သူ့ကို မယုံကြည်ဘူးဟု ထင်သွားတော့သည်။

“ကျွန်တော် တကယ်မလိမ်ပါဘူး၊ ရွှီရှောင်ကျောင်း ၊ ကျွန်တော် ဒီအဝတ်အစားစာအုပ်ထဲက မင်းကို ပထမဆုံး သတိထားမိသွားခဲ့တာပါ၊ ဒါပေမဲ့ မင်းက မျက်နှာဖုံး တပ်ထားတယ်လေ၊ ကျွန်တော် စျေးထဲက လူတွေကို မေးကြည့်တော့ သူတို့အားလုံးက မမှတ်မိဘူးလို့ ပြောကြတယ်၊ ကျွန်တော် လတော်တော်ကြာလောက် စုံစမ်းလာခဲ့ပြီးမှ မင်း ဒီမှာနေတယ်ဆိုတ သိလိုက်ရတာ ကျွန်တော် ဒီကိုရောက်လာတာလည်း မင်းအတွက်ပါပဲ၊ မင်းက ကျွန်တော်နဲ့ စာချုပ်ချုပ်မယ်ဆိုရင် မင်းကို လျိုမေယင်းထက် ပိုနာမည်ကြီးတဲ့မင်းသမီးတစ်လက် ဖြစ်အောင် လုပ်ပေးမယ်လို့ ကျွန်တော် အာမခံပါတယ်”

သူသည် ပြောနေရင်းမှ သူကိုယ်တိုင်နှင့် သူတင်ထားသည့် မင်းသမီးများ၏ လက်မှတ်ထိုးထားသည့် ဓာတ်ပုံံကို ထုတ်ကာ ရွှီရှောင်ကျောင်းကို ပြလိုက်လေသည်။ ရွှီရှောင်ကျောင်းက စိတ်မဝင်စားချေ။ လျိုချွန်းယန်က သူမ ကြိုက်သည့် မင်းသားတစ်ယောက်ကို တွေ့သွားပြီး တစ်ချက်လောက် ယူကြည့်လိုက်လေသည်။

ထို့နောက်တွင် သူမက အံ့ဩသွားကာ

“ဒါက အမှန်ပဲလား”

လျိုချွန်းယန်က ယုံကြည်သွားသည်ကို မြင်လိုက်သဖြင့် နေကာမျက်မှန်နှင့်လူက ဆက်ပြီး မြန်မြန်အာမခံလိုက်တော့သည်။

“ဒါက တကယ့်ကို အတုလုပ်လို့မရတာပါ၊ ကျွန်တော်တို့က အဲလိုလိမ်ညာတတ်တဲ့သူတွေ မဟုတ်ပါဘူး၊ လက်မှတ်ထိုးထားတဲ့ စာချုပ်အားလုံးကလည်း အစိုးရကို တင်ပြရပါသေးတယ်”

ထိုအခါမှ လျိုချွန်းယန်က ယုံကြည်သွားတော့သည်။ သူမသည် ယုံကြည်သွားနှင့်တစ်ပြိုင်နက် စိတ်လှုပ်ရှားလာတော့သည်။

“ရှောင်ကျောင်း, ရှောင်ကျောင်း လက်ခံလိုက်၊ မင်းသမီးလုပ်လိုက်၊ ငါနင့်ကို ပထမဆုံးတွေ့တုန်းက နင့်ကို မင်သမီးတစ်ယောက်လို့တောင် ထင်သွားတာ”

နေကာမျက်မှန်နှင့်လူက သူ့အတွက် ထောက်ခံပေးသူတစ်ယောက် ရှိလာသဖြင့် ဝမ်းသာသွားတော့သည်။ သူသည် မင်းသမီးတစ်ယောက် ဖြစ်ရခြင်း၏ ကောင်းကြောင်းကိုပြောရင်းပင် မီးကို လောင်စာထည့်လိုက်သေးသည်။ နှစ်ယောက်သား၏ အာဝဇ္ဇန်းရွှင်ရွှင် စကားများဖြစ်သည့်တိုင် ရွှီရှောင်ကျောင်း၏ စိတ်ကို လုံးဝမယိမ်းနိုင်ခဲ့ပေ။

မင်းသမီးတစ်ယောက်တဲ့။ သူတို့တွေကို ကြည့်လိုက်ရင် စွဲလမ်းမက်မောစရာကောင်းပေမဲ့ တကယ်တမ်းကျတော့ သူတို့တွေက စားကောင်းခြင်း မစားရ။ အိပ်ကောင်းခြင်း မအိပ်ရနဲ့လေ။ သူတို့မှာ သူတို့ရဲ့ကိုယ်ခန္ဓာကိုယ်ကို ထိန်းသိမ်းဖို့အရေး ချုပ်တီးမှုအားလုံးနဲ့ လေ့ကျင့်ခန်းတွေ လုပ်ရတာ။ ပင်ပန်းလိုက်တာ။ ပြီးတော့ ငါလေးက နာမည်ကြီးဖို့ စိတ်မဝင်စားသလို အဲလိုဟာမျိုးတွေကိုလည်း စိတ်မဝင်စားပါဘူး။

မည်မျှပင် နားချစေကာမူ ရွှီရှောင်ကျောင်းက လက်မခံချေ။ ‌နောက်ဆုံးတွင် သူမသည် အိမ်သို့ ချက်ချင်း ပြန်သွားတောသည်။

လျိုချွန်းယန်ကတော့ မျက်မှန်နှင့်လူ၏ အယုံသွင်းခံလိုက်ရတော့သည်။ ရွှီရှောင်ကျောင်း ထွက်သွားသည်ကို မြင်လိုက်ရသဖြင့် သူမက စိုးရိမ်သွားပြီး

“ဒီမယ် ရဲဘော်ကင်းထောက်ပြီး ကျေးဇူးပြုပြီး ကျွန်မကို အချိန်နည်းနည်းပေးပါ၊ ကျွန်မ ရှောင်ကျောင်းကို ပြန်ခေါ်လာခဲ့မယ်၊ သူက ထူးထူးခြားခြားကို မင်းသမီး လုပ်ဖို့သင့်တော်တယ်လို့ ကျွန်မ ထင်တယ်၊ လက်မလျှော့လိုက်ပါနဲ့နော်”

မျက်မှန်နှင့်လူက စကားဝိုင်း မအောင်မြင်လိမ့်မည့်အ‌ကြောင်းကို မျှော်လင့်မထားခဲ့ချေ။ သို့တိုင် သူသည် လက်လျှော့လိုက်ဖို့ ဘယ်တော့မှ မစဥ်းစားခဲ့ချေ။ ခေါင်းညိတ်လိုက်ပြီး သူ့တွင်လည်း စိတ်ကူးသစ်တစ်ခု ရလာတော့သည်။ ရွှီရှောင်ကျောင်းက လက်မခံခဲ့ဘူး။ တကယ်လို့ သူ့မိသားစုဝင်တွေ အားလုံးကို လက်ခံခဲ့ရင်‌ကော။ သူတစ်ယောက်ထဲထက်စာရင် မိတ်ဆွေသူငယ်ချင်းတွေနဲ့ ဆွေမျိုးတွေက နားချပေးတာ ပိုကောင်းလိမ့်မယ်။

“ကျေးဇူးတင်ပါတယ်၊ ကျေးဇူးတင်ပါတယ်၊ ကျွန်တော် ဒီအတိုင်း လက်လျှော့လိုက်မှာ မဟုတ်ပါဘူး၊ ရွှီရှောင်ကျောင်းက သေချာပေါက် နာမည်ကြီး မင်းသမီးတစ်ယောက် ဖြစ်လာမှာပါ၊ ဒီနေ့က အရမ်းရုတ်တရက် ဆန်သွားတာ၊ ကျွန်တော် တည်းခိုခန်းကို ပြန်သွားပြီး နောက်တစ်နေ့ကျမှ ပြင်ဆင်ပြီး သူ့ကို လာရှာပါ့မယ်”

သူက လျိုချွန်းယန်ကို နှုတ်ဆက်လိုက်ပြီး မည်သို့လှုပ်ရှားမည်ကို အဖြေထုတ်ဖို့ရန် ပြင်ဆင်ဖို့ ပြန်သွားတော့သည်။

ရွှီရှောင်ကျောင်းက သည်ကိစ္စကို စိတ်ထဲတွင် လုံးဝမထားဘဲ အိမ်ပြန်ရောက်သောအခါ သူမ၏ မိသားစုများကို မပြောပြခဲ့ချေ။

ထိုကြောင့် နောက်တစ်နေ့တွင် မျက်မှန်နှင့်လူက သူမ အိမ်တွင် မရှိချိန်၌ သူမဆီသို့ လာလည်သောအခါ ဝူချွန်းဟွားနှင့် စုန့်ဝေဖျင်တို့နှစ်ယောက်လုံးက အနည်းငယ်ဆွံ့အသွားကြတော့သည်။

“မနေ့က ကျွန်တော် ရဲ‌ဘော်ရွှီရှောင်ကျောင်းကို ပြောခဲ့ပါသေးတယ်၊ သူက စိတ်မဝင်စားဘူးတဲ့၊ ဒါနဲ့ ကျွန်တော် သူ့မိသားစုဝင်တွေဖြစ်တဲ့ အဒေါ်တို့နဲ့ စကားပြောချင်လာလို့ပါ၊ အဒေါ်တို့က အဆင်ပြေတယ်လို့ ထင်ရင် ကျွန်တော့်ကို ကူညီပြီး သူ့ကို နားချပေးပါအုံးခင်မျာ”

မျက်မှန်နှင့်လူက သည်တစ်ကြိမ်တွင် အလွန်မှ လူကြီးလူကောင်းဆန်သည့် အင်္ကျီနှင့်ဘောင်းဘီု ပြောင်းဝတ်ထားရာ အလွန်ရည်မွန်သည့်ရုပ် ဖြစ်နေတော့သည်။ သူက သူရောက်လာရသည့် ရည်ရွယ်ချက်ကို ရှင်းပြလိုက်ချိန်တွင် ဝူချွန်းဟွားက ဘာမှမသိတော့သလို ခံစားလိုက်ရတော့သည်။

“ဒါ-ဒါ မင်း ပြောတာက တစ်လထဲမှာ ယွမ်ထောင်ချီ ရှာနိုင်တယ်၊ ဒါက တကယ်ပဲလား”

မျက်မှန်နှင့် လူက ခေါင်းညိတ်ပြလိုက်ပြီး

“ကျွန်တော် လုံးဝမလိမ်ပါဘူး”

စုန့်ဝေဖျင်ကတော့ လုံးဝ တွေဝေမနေချေ။

“သူက မလုပ်ချင်ဘူးဆိုမှ မလုပ်ဘူးဆိုတဲ့ အဓိပ္ပာယ်ပဲ၊ ခင်ဗျား ပြန်လို့ရပါပြီ”

ဝူချွန်းဟွားသည် အစပိုင်းတွင် ငွေအမြောက်အမြားကြောင့် အနည်းငယ်ဘာမှမမြင်ခဲ့မိသော်လည်း သမက်ဖြစ်သူ၏ တုံ့ပြန်မှုကို မြင်လိုက်ရချိန်တွင် သူမသည် ချက်ချင်း ဣန္ဒြေပြန်ဆည်လိုက်တော့သည်။ ဒီလူက သမီးဖြစ်သူ အိမ်မှာ မရှိတဲ့အချိန်မှ သမီးကို နားချပေးဖို့ မိသားစုတွေကို တမင်ရွယ်ချက်နဲ့ လာရှာခဲ့တာပဲ၊။ သူမက သမီးဖြစ်သူ နားချတာ အောင်မြင်သွားပြီး သမီးက မင်းသမီးတစ်ယောက် ဖြစ်သွားခဲ့ရင် သမက်နဲ့ သမီးက အတူတူနေနိုင်အုံးမှာလား။

“ဟုတ်တယ် ဟုတ်တယ်၊ ဝေဖျင်ပြောမှန်တယ်၊ ကျွန်မတို့ကို လာရှာစရာမလိုတော့ပါဘူး၊ ကျွန်မက မိသားစုကိစ္စမှာ ကျွန်မသမီး စကားကိုပဲ နားထောင်တာပါ၊ သူ မလုပ်ချင်ဘူးဆိုရင် မလုပ်ချင်လို့ပါပဲ၊ ကျွန်မကလည်း သူ့သဘောထားကို ငြင်းမှာမဟုတ်ဘူး၊ ရှင့်အားထုတ်မှုကို အလကားအဖြစ်မခံပါနဲ့၊ ဒီအတိုင်း ပြန်သွားလိုက်ပါတော့”

မျက်မှန်နှင့်လူက အားတက်သရော ပြောလိုက်၏။

“ဒါက တကယ်ကောင်းတဲ့အခွင့်အရေးပါ၊ စဥ်းစားကြည့်ပါအုံး၊ အခုတော့ နိုင်ငံတွင်း မူဝါဒတွေကလည်း ကောင်းလာပြီ၊ ပစ္စည်းသစ်အများကြီးကလည်း လူတိုင်းရဲ့ စိတ်ဝင်စားမှုကို ဖမ်းစားထားတယ်၊ ရွှီရှောင်ကျောင်းက လှတယ်၊ ဒါက အကြီးမားဆုံးအားသာချက်ပဲ၊ ရုပ်မြင်သံကြားမှာ နာမည်ကြီးလာတာနဲ့ သူက အရမ်းကို မြန်မြန်ကြီး နာမည်ကြီးလာမယ်လို့ ကျွန်တော်အာမခံနိုင်ပါတယ်၊ အဲဒီအခါကျရင် တစ်နိုင်ငံလုံးက လူတွေက သူ့ကို သိသွားကြပြီး အဒေါ်တို့လည်း အဆင်ပြေလာမှာပါ၊ ကျွန်တော်ပြောခဲ့တဲ့ တစ်လယွမ် တစ်ထောင်နှစ်ထောင် ဆိုတာကလည်း အောက်ထစ်ဆုံးပမာပါ၊ တစ်လကို ယွမ်တစ်သောင်းဆိုရင်လည်း ပြဿနာမရှိပါဘူး ဟုတ်ပြီနော်”

စုန့်ဝေဖျင်က ထပ်ပြီး နားမထောင်နိုင်‌တော့ပ။ ထို့ကြောင့် သူက ထိုလူကို မောင်းထုတ်ဖို့ ထရပ်လိုက်တော့သည်။

“မသွားသေးဘူးလား”

ဝူချွန်းဟွားသည် ပိတ်သွားသည့်တံခါးကို ကြည့်လိုက်ပြီးနောက် သုန်မှုန်နေသည့်မျက်နှာနှင့် စုန့်ဝေဖျင်ကို ကြည့်လိုက်၏။ သူမသည် စိတ်မကောင်း ဖြစ်သွားပြီး

“ဝေဖျင်၊ စိတ်မပူပါနဲ့၊ အစတုန်းက အမေ အတွေးမှားသွားလို့ပါ၊ ရှောင်ကျောင်းက ဘာပဲဖြစ်ဖြစ် မင်းသမီး ဖြစ်ချင်တယ်ဆိုရင်တောင် အမေက သဘောတူမှာ မဟုတ်ပါဘူး”

နှစ်ယောက်သားက လက်ထပ်ထားတာ နှစ်တွေအရမ်းကြာနေပြီး အခုထိ ကလေးမရသေးဘူးလေ။ တချို့လူတွေက အတင်းပြောနေကြပြီ။ သမီးဖြစ်သူကသာ မင်းသမီးဖြစ်သွားပြီး နောက်ပိုင်း အိမ်ပြန်မလာတော့ရင် သူတို့ကို လင်မယားလို့ ခေါ်တာ ဘာအဓိပ္ပာယ်ရှိတော့မှာလဲ။

စုန့်ဝေဖျင်က ခေါင်းမညိတ်ချင် ညိတ်ချင်ဖြင့် ခေါင်းညိတ်လိုက်ပြလိုက်ပြီး

“အမေ တကယ်လို့ ရှောင်ကျောင်းက သွားချင်တယ်ဆိုရင် ကျွန်တော်က သူ့ကို အားပေးမှာပါ၊ သူက မသွားချင်ဘူးဆိုရင်လည်း ကျွန်တော်က သူ့ကို ထောက်ခံနေမှာပါပဲ”

နောက်ဆုံး သူမက ဘယ်လိုဆုံးဖြတ်ချက်ပဲ ချချ သူက သ‌ဘောတူပေးမှာပါ။ သူမက တကယ် သွားချင်တာဆိုရင် သူလည်း သူမနဲ့အတူ လိုက်သွားလိုက်ရုံပဲ။

ဝူချွန်းဟွားသည် ထိုစကားကို ကြားလိုက်ရချိန်တွင် ဝမ်းနည်းသွားတော့သည်။ သမက်ဖြစ်သူက အခန်းထဲသို့ ဝင်သွားသည်ကို မြင်လိုက်ရသောအခါ သူမက တံခါးနားတွင် ထိုင်ချလိုက်ပြီး ရွှီရှောင်ကျောင်းကို စောင့်နေလိုက်တော့သည်။

လျိုချွန်းယန်က သည်နှစ် ကောလိပ်ဝင်ခွင့် စာမေးပွဲ ဖြေမည်ဟု ပြောထားသဖြင့် ရွှီရှောင်ကျောင်းသည် ထိုလူရှာသည့်ကိစ္စကို မေ့နှင့်နေပြီး ဖြစ်လေသည်။ ထို့ကြောင့် သူမက ကျန်သည့် ပြန်လှန်လေ့ကျင့်ခန်းကို လျိုချွန်းယန်ဆီ လာပို့ပေးပြီး သူမကို အဓိကအချက်များ ထုတ်ကူပေးမည်ဟု သ‌ဘောတူထားခဲ့သည်။

ဝူချွန်းဟွားက လွတ်လပ်ပေါ့ပါးကာ ကလေးတစ်ယောက်လို လုပ်နေသည့် သမီးဖြစ်သူကို မြင်လိုက်ရချိန်တွင် သမက်ဖြစ်သူအတွက် ချက်ချင်း စိတ်မကောင်း ဖြစ်သွားတော့သည်။

“အမေ သမီးကို ပြောမှကိုဖြစ်မယ်၊ ဝေဖျင်က သမီးကို အားပေးပေး မပေးပေး အမေက သမီး မင်းသမီးတစ်ယောက် လုပ်ဖြစ်လာမှာကို မလိုချင်ဘူးနော်၊ သမီးကို ငွေဘယ်လောက်ပဲပေးပေး ခွင့်မပြုဘူး၊ သမီးရဲ့ဘဝကို ဝေဖျင်နဲ့ပဲ ပုံမှန်အတိုင်း နေရမယ်”

မျက်မှန်နှင့်လူက အိမ်ကိုလာသွားသည့်အကြောင်း ဝူချွန်းဟွား ပြန်ပြောပြသည်ကို နားထောင်လိုက်ပြီး ရွှီရှောင်ကျောင်းက ဝူချွန်းဟွားနှင့် စုန့်ဝေဖျင်တို့ သည်အကြောင်းကို မည်သို့သိသွားပုံကို နားလည်သွားတော့သည်။

“အမေ သမီး သူ့ကို မနေ့ကတည်း ငြင်းလိုက်ပြီးပါပြီ၊ သမီးက ဘာလို့ မင်းသမီးဖြစ်ချင်ရမှာလဲ၊ ချုပ်ချယ်တာတွေကို သည်းမခံနိုင်ပါဘူး၊ သမီးက အိမ်မှာပဲ စားလိုက်သောက်လိုက်နဲ့ ပျော်ပျော်နေချင်တာ”

ဝူချွန်းဟွား၏ မျက်နှာပေါ်က တည်တံ့နေသည့်ရုပ်က အခိုက်တန့်အတွင်း ပြိုပျက်သွားပြီး ရုတ်ခြည်းဆိုသလို ပြုံးလိုက်လေတော့သည်။ သမီးဖြစ်သူက မသွားတော့ရင် အကောင်းဆုံးပဲပေါ့။ သူမက ဆူပူတော့သည်။

“အမေ့အထင်တော့ နင့်ကို ဝေဖျင်က အလိုလိုက်ထားတာပဲ”

သူမက ရွှီရှောင်ကျောင်းကိုဆွဲကာ စိတ်ထဲက ရှိသည့်အတိုင်း ပြောလိုက်လေသည်။

“စောစောက ဝေဖျင် အရမ်းဝမ်းနည်းသွားတာ အမေ တွေ့လိုက်တယ်၊ သူ သမီးကို ဘယ်လောက်တောင် ဂရုစိုက်လဲ စဥ်းစားကြည့်စမ်း၊ ဒီနှစ်တွေမှာ သူ သမီးကို တစ်စက်ကလေးမှ နစ်နာရအောင် မလုပ်ခဲ့ဘူး၊ သမီးက မင်းသမီးဖြစ်ချင်လို့ ရှန်ဟိုင်းကို တကယ်သွားချင်တာဆိုရင် သမီးတို့စုံတွဲ ဘယ်လိုဖြစ်လာမလဲ”

သူမက သက်ပြင်းချလိုက်ပြီး

“အဲလိုပဲ၊ အမေက သမီးကို ပေးမသွားဘူးလို့ ပြောထားတယ်‌နော်၊ ပြီး‌တော့ သူက ပြောနေသေးတယ်၊ သမီး ဘာဆုံးဖြတ်ချက်ပဲ ချချ သူက သမီးကို အားပေးမှာတဲ့၊ အိုး အမေ့စကားနားထောင်ပြီး ဝေဖျင်နဲ့ ပုံမှန်အတိုင်းနေပါ၊ သမီးတို့ ကလေးရရင် အမေလည်း စိတ်အေးရလိမ့်မယ်”

ရွှီ‌ရှောင်ကျောင်းက ကလေးယူရမည့်စိတ်ကူးကို ရွေးကာ လျစ်လျူရှုထားလိုက်လေသည်။ သို့သော် သူမကို အားပေးမည်ဟူသည့် စုန့်ဝေဖျင်၏ စကားကို ကြားလိုက်ချိန်တွင် သူမသည် အခိုက်တန့်အတွင်း ခံစားချက်အနည်းငယ် ရောထွေးသွားတော့သည်။

“အမေ သမီး စုန့်ဝေဖျင်နဲ စကားသွားပြောလိုက်အုံးမယ်”

ရွှီရှောင်ကျောင်းသည် ရုတ်တရက်ဆိုသလို စုန့်ဝေဖျင်နှင့် စကားပြောချင်သွားတော့သည်။

“စိတ်မပူပါနဲ့၊ သမီး မင်းသမီး လုံးဝမလုပ်ချင်ပါဘူး၊ သမီးက အမေတို့နဲ့ သမီးတို့ရဲ့မြို့ငယ်လေးမှာပဲ နေချင်တာပါ”

ဝူချွန်းဟွားကို သေချာ အာမခံပေးလိုက်ပြီးသည်နှင့် ပင်မဆောင်၏ အိပ်ခန်းဘက်သို့ ဦးတည်သွားလိုက်တော့သည်။

အိပ်ခန်းထဲတွင စုန့်ဝေဖျင်က ခါတိုင်းလိုပင် ပြတင်းပေါက်ဘေးက စားပွဲနားတွင် ထိုင်နေလေသည်။ သူသည် စာအုပ်တစ်အုပ်ကို စိတ်ဝင်တစားဖတ်နေတော့သည်။ ရွှီရှောင်ကျောင်း၏ စိတ်အခြေအနေကြောင့်လား မသိပေ စုန့်ဝေဖျင်သည် အနည်းငယ် အထီးကျန်နေသည်ဟု ခံစားလိုက်ရလေသည်။

“စုန့်ဝေဖျင်” ရွှီရှောင်ကျောင်းက သူ့ကို ညင်ညင်သာသာ ခေါ်လိုက်၏။

စုန့်ဝေဖျင်သည် ဆူညံသံကို ကြားလိုက်ရသောခါ သူမကို လှည့်ကြည့်လိုက်သည်။ သူ့အသံက ခါတိုင်းလိုပင်။

“ပြန်လာပြီလား”

ရွှီရှောင်ကျောင်းက ခေါင်းညိတ်ပြလိုက်ပြီး

“ကင်းထောက်တစ်ယောက် အိမ်ကိုလာတယ်လို့ အမေ့ဆီက ကြားတယ်”

စုန့်ဝေဖျင်က လေသံဖြင့် အတည်ပြုပေးလိုက်သည်။

“မင်း သွားချင်လား”

ရွှီရှောင်ကျောင်းက မေးလိုက်၏။

“နင်ကရော ငါ့ကို သွားစေချင်လား”

စုန့်ဝေဖျင် သူမကို ကြည့်လိုက်ပြီး

“မင်း သဘောပါ”

ရွှီရှောင်ကျောင်းသည် သူက သူမ၏ဆုံးဖြတ်ချက်အပေါ် ခံနိုင်ရည်စွမ်း ရှိနေသေးသည်ကို မြင်လိုက်ရသဖြင့် ရုတ်တရက် စိတ်ဆိုးလာမိကာ

“လူလိမ်၊ စုန့်ဝေဖျင်၊ နင်က လိမ်နေတာပဲ”

သူမက သူ့အနားသို့ ကပ်သွားလိုက်ပြီး စားပွဲနားက သူ့ဘေးတွင် ထိုင်ချလိုက်လေသည်။

“စုန့်ဝေဖျင် ငါ့မျက်လုံးကို ကြည့်ပြီး နင် ငါ့ကို သွားစေချင်လားဆိုတာကို ပြော”

စုန့်ဝေဖျင်က သူမကို လှည့်ကြည့်လိုက်၏။ သူမသည် အလွန်မှ ချောမောလှပလေသည်။ လင်းလက်သည့်မျက်ခုံး၊ ဖြူဖွေးသည့်သွားနှင့် ချိုမြိန်ပြီး စွဲမက်ဖွယ်ကောင်းလှသည်။ နေကာမျက်မှန်နှင့် လူပြောသကဲ့သို့ပင် သူမတွင် မေ့မရနိုင်သည့်ရုပ်သွင်တစ်ခု ရှိလေသည်။ သူမသည် လက်ကမ်းစာစောင်ထဲတွင် မျက်နှာဖုံးတစ်ခု တပ်ထားသော်လည်း သူမ၏တိမ်မြှုပ်နေသည့် ပင်ကိုယ်စရိုက်က ကျန်ရှိနေသေးသည်။ တစ်ဖက်လူက သူမကို ထိုက်တန်သည်ဟု ထင်ထားသဖြင့် သူမကို ရှာဖွေဖို့ရန် ထိုလူက လအနည်းငယ် အချိန်ပေးသည်အထိ ဆွဲဆောင်ထားခဲ့သည်။

သူမသည် အမှန်ပင် ထိုက်တန်ပေသည်။ သူမသည် ကောင်းမွန်သည့်အရာအားလုံးနှင့် ထိုက်တန်သည်ဟု တစ်ချိန်က စုန့်ဝေဖျင် တွေးခဲ့ဖူးသည်။ သူကလည်း သူမလိုချင်သည့်အရာတိုင်းကို ပေးချင်သည်။

စက်ဘီး၊ လက်ပတ်နာရီ၊ ရုပ်မြင်သံကြားစက်၊ အိမ်အသစ်၊ အရာအားလုံးပဲ။ သူက သူမကို ပျော်အောင် လုပ်ပေးချင်တာ။ ဒါပေမဲ့ သူက သူမကို လိုက်လို့မမီသေးဘူးလို့ ခံစားနေရတုန်းပဲ။ ဘယ်အချိန်မှာပဲဖြစ်ဖြစ် အချိန်မရွေး ထွက်သွားလိမ့်မယ်ဆိုတဲ့ ခံစားချက်က ထွက်လာတတ်တယ်။

ဒီအချိန်လေးမှာတော့ သူ့ရဲ့မျက်နှာဖုံးကို ဆုတ်ဖြဲ၊ သူမကို ထွေးပွေ့ပြီး သူမကို ပိုင်ဆိုင်ချင်မိတာ အမှန်ပဲ။ ဘယ်သူမှ သူမရဲ့အလှကို မမြင်နိုင်အောင် သူမကိုတောင် ပိတ်လှောင်ထားချင်မိတယ်။ သူမက သူ့ရဲ့လူပဲ ဖြစ်ရမယ်။ စုန့်ဝေဖျင်ရဲ့လူ။

“မင်းက ကို့ရဲ့လူလေ” စုန့်ဝေဖျင်၏အသံက တိုးညင်းနေသည်။

ရွှီရှောင်ကျောင်း၏ ခန္ဓာကိုယ်တစ်ခုလုံးကို စုန့်ဝေဖျင်၏ ကိုယ်သင်းနံ့က ဝန်းရံထားသည်။ သူမသည် စုန့်ဝေဖျင်၏ကိုယ်သင်းနံ့ကို အတိုင်းအတာတစ်ခုအထိ ရင်းနှီးနေပြီးသား ဖြစ်နေလေသည်။ သူ့မှာ အဲဒီသိမ်မွေ့တဲ့ကိုယ်သင်းနံ့လေး အမြဲရှိတယ်။ မြက်ပင်နဲ့ သစ်ပင်တို့ရဲ့ ရနံ့သင်းသင်းလေးတစ်ခု။ လူတွေကို အမှတ်တမဲ့ မြောပါသွားချင်စိတ်ဖြစ်အောင် လုပ်တတ်တယ်။

သူမက သူ့ရင်ခွင်ထဲတွင် ခေါင်းမော့ထားလိုက်ပြီး သူတို့၏မျက်လုံးများ ဆုံသွားကြတော့သည်။

စုန့်ဝေဖျင်၏မျက်လုံးထဲက ချစ်မြတ်နိုးမှုကို အလွယ်တကူ နားလည်နိုင်လေသည်။ သူ့လည်ဇလုတ်က အနည်းငယ် လှုပ်ရှားသွားပြီး

“မသွားပါနဲ့”

ဒီဘဝမှာတော့ ထွက်မသွားပါနဲ့။

မသွားပါနဲ့နော်။ ကိုယ် မင်းကို မတတ်သာဘဲ နာကျင်အောင်လုပ်မိမှာ စိုးရိမ်လို့ပါ။

ရွှီရှောင်ကျောင်းက လက်ဆန့်ကာ သူ့ကို ဖက်လိုက်ပြီး

“စုန့်ဝေဖျင်ရယ်၊ ဘယ်နှစ်ခါတောင် ရှိပြီလဲ၊ ပြီးတော့ ငါက ထွက်သွားမယ်လို့ နင်က ထင်နေတုန်းပဲ”

ရှားရှားပါးပါး အခွင့်အရေးတစ်ခုတွင် သူမက သူ့ကို နာနာခံခံ ထွေးပွေ့ခွင့်‌ပေးထားလိုက်သည်။ သူမ၏ပါးစပ်ကလည်း ရေရွတ်နေလိုက်သည်။

“အဲဒီတုန်းက ကောလိပ်ဝင်ခွင့်စာမေးပွဲကို ဝင်ဖြေနိုင်ခဲ့တာပဲ၊ နင် သိပါတယ်၊ ငါသာ ကောလိပ်ဝင်ခွင့် စာမေးပွဲဖြေချင်ရင် သေချာပေါက် အောင်မှာပဲ ဒါပေမဲ့ ငါ မဖြေခဲ့ဘူးလေ၊ ငါ နင်နဲ့ပဲနေခဲ့တာ”

နောက်ပိုင်းကျတော့ ပညာတတ်လူငယ်တွေက မြို့ကို ပြန်လို့ရတယ်၊ ငါက ပညာတတ်လူငယ် မဟုတ်တော့ဘူးလေ၊ ဒီတော့ ငါ မြို့ကို လုံးဝပြန်လို့မရတော့ဘူး၊ အဲတုန်းကလဲ နင် ငါ့ ထွက်သွားမှာ စိုးရိမ်နေတုန်းပဲ”

သူမက သူ့ကို မော့ကြည့်လိုက်ပြီး

“ နင် ဒီတစ်ခါလဲ စိတ်ပူနေပြန်ပြီလား၊ ငါ ကတိပေးတယ်၊ ငါ ထွက်မှာမဟုတ်ဘူး၊ ဟုတ်ပြီလား”

စုန့်ဝေဖျင်က သူမ၏လေးနက်သည့်အမူအရာကို ကြည့်လိုက်ပြီး အသာအယာ ခေါင်းညိတ်ပြလိုက်လေသည်။

ရွှီရှောင်ကျောင်းက ရယ်မောလိုက်ပြီး သူ့ပါးကို လက်နှစ်ဖက်လုံးဖြင့် ညှစ်လိုက်ပြီး

“စုန့်ဝေဖျင်ရယ် နင်ဘာလို့ အဲလောက်တောင် စိတ်မလုံမခြုံဖြစ်နေရတာလဲ”

စုန့်ဝေဖျင်က အရိုးသားဆုံး ခေါင်းခါပြလိုက်ပြီး

“မဖြစ်ပါဘူး”

ကောလိပ်ဝင်ခွင့်စာမေးပွဲတုန်းက သူ သူမကို လက်လွှတ်နိုင်ခဲ့ပါတယ်။ ပညာတတ်လူငယ်တွေ မြို့ကို ပြန်ရတုန်းကလည်း သူ ဝမ်းနည်းရမယ်ဆိုရင်တောင် နာကျင်မှုကို သည်းခံပြီး သူမကို လွှတ်ပေးလိုက်နိုင်တယ်။ ဒါပေမဲ့ အခုကျတော့ ဘယ်လိုပဲဖြစ်ဖြစ် သူ သူမကို လက်မလွှတ်နိုင်တော့ဘူးလေ။

ရွှီရှောင်ကျောင်းက သက်ပြင်းချလိုက်၏။ သူမက သူမကိုယ်သူမ ပြန်သုံးသပ်လိုက်ကာ

“စုန့်ဝေဖျင် ငါ ဘယ်ကိုမှ သွားမှာမဟုတ်ဘူး၊ ငါ သွားရမယ်ဆိုရင်တောင် နင်နဲ့ပဲ သွားမှာ၊ နင် နားလည်လား”

စုန့်ဝေဖျင်က သူမကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်လိုက်ပြီး

“ကျောင်း‌ကျောင်း”

နွေရာသီအစောပိုင်း၏ နေ့လယ်ခင်းတွင် တိတ်ဆိတ်သည့်အခန်းထဲက လေထုက တဖြည်းဖြည်း ပရမ်းပတာ ဖြစ်လာတော့သည်။ လူငယ်နှစ်ယောက်၏ ရင်ခုန်သံက တစ်ထပ်တည်း ဖြစ်နေလေသည်။

“ရှောင်ကျောင်း အဲဒီကင်းထောက်က ထပ်ပြီး ‌ရောက်လာပြန်ပြီ”

ဝူချွန်းဟွား၏အသံက ခန်းမတံခါးဆီမှာ ဒေါသံဖြင့် ထွက်လာတော့သည်။

“အမေ သူ့ကို ပြောဖို့ ကြိုးစားတာပဲ ဒါပေမဲ့ သူက ခြံတံခါးမှာ နေပြီး ထွက်သွားဖို့ ငြင်းနေတယ်၊ အိမ်နီးချင်းတွေ အများကြီးကတောင် အာရုံစိုက်နေကြပြီ၊ သမီး မြန်မြန်ထွက်လာပြီး ဝေဖျင်နဲ့ သူ့ကို မောင်းထုတ်ခိုင်းလိုက်စမ်းပါ”

ရွှီရှောင်ကျောင်းသည် သူမ၏ဆံချည်တစ်လုံးစာ အကွာအ‌ဝေးတွင် ရှိသည့် တစ်ယောက်သောသူ၏ နှုတ်ခမ်းပါးလေးများကို ကြည့်လိုက်ပြီး အသံထွက် အော်ရယ်လိုက်တော့သည်။

စုန့်ဝေဖျင်က သူမကို မဆုံးနိုင်သည့်ခါးသီးမှုတို့နှင့် ကြည့်နေလေသည်။ သူမအတွက် အရမ်းလိမ္မာတဲ့အချိန်က ရှားပါတယ်ဆိုမှ စိတ်လှုပ်ရှားစရာအချိန်ကို လာဖျက်ဆီးတဲ့သူက အမြဲတမ်း တစ်ယောက်ကတော့ ပေါ်လာတာပဲ။

“မနောက်နဲ့တော့၊ သွားမယ်၊ အဘွားရဲ့အသံကိုတောင် ကြားနေရတယ်၊ ငါတို့ပြန်လာရင် သေသေချာချာ စကားပြောကြမယ်”

ရွှီရှောင်ကျောင်းက လက်ကိုဆန့်လိုက်ပြီး သူ့အင်္ကျီလက်ကို ဆွဲရမ်းကာ သူ့ကို ချော့ရတော့သည်။

စုန့်ဝေဖျင်က ပင့်သက်ရှည်တစ်ချက် ရှိုက်လိုက်ပြီး ရွှီရှောင်ကျောင်းကို တင်းနေအောင် ဖက်ထားလိုက်ကာ

“သူ ထပ်မလာတော့အောင် ကို လုပ်ပစ်မယ်”

ရွှီရှောင်ကျောင်းက ခေါင်းညိတ်လိုက်ပြီး အခုတော့ သူမသည် စုန့်ဝေဖျင်အပေါ် မဆုံးနိုင်အောင် စိတ်ရှည်ပေးနိုင်နေသည်ဟု ခံစားလိုက်ရတော့သည်။

“သူ့ကို မလာစေနဲ့တော့၊ ဘယ်သူပဲလာလာ၊ ဘာအခြေအနေပဲဖြစ်ဖြစ် ငါ သွားမှာမဟုတ်ဘူး”

စုန့်ဝေဖျင်၏ မျက်နှာပေါ်က တိမ်မဲများသည် ရှင်းလင်းသွားတော့သည်။ သူက ရွှီရှောင်ကျောင်း၏ လက်ကို တွဲလိုက်ကာ ထွက်လာလေသည်။

ရွှီရှောင်ကျောင်း၏စိတ်ကူးက ရိုးရိုးရှင်းရှင်းလေးပင်။ သူမက နေကာမျက်မှန်နှင့်လူကို ရှင်းအောင်ပြောပြီး သူတို့ကို မြန်မြန်ထွက်သွားခိုင်းလိုက်မည်။ သို့သော်ငြား သူမသည် လူထု၏ အင်အားကို လုံးဝလျှော့တွက်မိခဲ့လေသည်။

...

အပိုင်း (၅၃) နှစ်သိမ့်ခြင်း

ရွှီရှောင်ကျောင်းနှင့် စုန့်ဝေဖျင်တို့ ပေါ်လာသည်နှင့်တစ်ပြိုင်နက် သူတို့သည် အိမ်နီးချင်းများနှင့် ဝိုင်းရံခြင်းကို ခံလိုက်ရတော့သည်။

“အိုး ရှောင်ကျောင်း ဒီလူက ပြောတယ်၊ သူက နင့်ကို ရှန်ဟိုင်းကို ခေါ်ပြီး ရုပ်မြင်သံကြားပေါ်မှာ မင်းသမီးလုပ်ခိုင်းမလို့ဆို၊ တစ်လကို ယွမ်ထောင်ချီရမှာဆို”

“ဟုတ်တယ် ဟုတ်တယ် ငါတို့ ဒီကိစ္စကို နင့်အတွက် သေချာစုံစမ်းထားပြီးပြီ၊ အဲဒါအဟုတ်ပဲနော်၊ ငါ့အိမ်နီးချင်းရဲ့ ဝမ်းကွဲအစ်မရဲ့ယောက္ခမရဲ့ တတိယချွေးမရဲ့ဝမ်းကွဲညီမလေးက ဒီလူရဲ့ကုမ္ပဏီက မင်းသမီးတစ်ယောက်တဲ့၊ ဒီနှစ်ထဲမှာ ရုပ်ရှင်ဇာတ်လမ်းတွဲတစ်ခု ရိုက်ခဲ့တယ်လို့ ကြားတယ် တကယ် ငွေရှာနေတာ၊ ရှောင်ကျောင်း နင် ချမ်းသာလာမှာနော်”

“ပြောစမ်းပါ၊ ဒီလောက်ကောင်းတဲ့ကိစ္စ၊ ဘာလို့များ ငါ့သမီးအလှည့်တော့ မရောက်လာနိုင်တာလဲ”

“ဟယ် အဲဒီတုန်းက အဒေါ်လီ အိမ်ရဲ့ ဖုန်း‌ရွှေမကောင်းဘူး၊ နောက်မျိုးဆက်အတွက် ကောင်းမှာ မဟုတ်ဘူးလို့ ဘယ်သူပြောခဲ့တာလဲ၊ ဒီအိမ်ကို ကြည့်လိုက်၊ သူက အခုမှ ပြောင်းလာတာ၊ ဆိုင်တစ်ဆိုင်ဖွင့်ပြီး မင်းသမီးတစ်ယောက် ဖြစ်တော့မယ်၊ ဘယ်လိုဆိုးတာလဲ၊ ဒါက အရမ်းကောင်းတဲ့ဖုန်းရွှေဆိုတာ ရှင်းနေတာပဲ”

“ဟုတ်တယ် ဟုတ်တယ် ဒါပေမဲ့ ရှောင်ကျောင်းက သူ့ရဲ့ရုပ်ချောချောလေးကြောင့် အဲဒီကင်းထောက်တွေကို ဆွဲဆောင်နိုင်တာပါနော်, ကျွတ်... ကျွတ်... ဒီလိုငွေမျိုးက လူတိုင်းရှာနိုင်တာမဟုတ်ဘူး”

ရွှီရှောင်ကျောင်းမှာ ပါးစပ်ပင် မဖွင့်ရသေးဘဲ အိမ်နီးချင်းများက သူမကို မင်းသမီးတစ်ယောက်လို မြင်ယောင်နေကြတော့သည်။

သူမက စုန့်ဝေဖျင်ဖက်ကို လှည့်လိုက်၏။ သူ့မျက်နှာက မျက်နှာသေ ဖြစ်နေ‌သေးသော်လည်း သူ့စိတ်ထဲတွင်တော့ ဒေါသခြောင်းခြောင်း ထွက်နေမှန်း ရွှီရှောင်ကျောင်း ပြောနိုင်လေသည်။

သူမက ပြုံးကာ ပြောလိုက်သည်။

“ဟုတ်ပါပြီ၊ ဟုတ်ပါပြီ၊ အားလုံးပဲ ကျေးဇူးပြုပြီး မပြောကြပါနဲ့တော့၊ ကျွန်မ မင်းသမီး မဖြစ်ချင်ဘူးဆိုတဲ့အကြောင်း ဒီလူကို အကြိမ်ကြိမ်ပြောခဲ့ပြီးပါပြီ”

ထိုစကားထွက်လာသည်နှင့် ချက်ချင်း နေကာမျက်မှန်နှင့်လူအတွက် စကားပြောရန် မလိုချေ။ အားလုံးက အရင်ဆုံး ပြောကြတော့သည်။

“ဘယ်လို၊ ရှောင်ကျောင်း၊ ပုံမှန်ဆိုရင် ငါက နင့်ကို ဉာဏ်ကောင်းတယ်လို့ မှတ်ထားတာလေ၊ အခုကျမှ ဘာလို့ မိုက်မဲသွားတာလဲ၊ တစ်လကို ယွမ်ထောင်ချီတာနော်၊ တစ်ထောင်ပဲဆိုရင်တောင် ဒါက လခစားအလုပ်သမား သုံးလေးဆယ်စာနဲ့ ညီတယ်၊ နင် ဘယ်လိုတွက်ချက်ရမယ်ဆိုတာ မသိဘူးလား”

“ဟုတ်ပါ့ ဟုတ်ပါ့၊ ရှောင်ကျောင်း မင်းသမီးတစ်ယောက်အနေနဲ့ ခက်ခဲမှာစိတ်ပူစရာမလိုဘူး၊ ငါ နင့်ကို ပြောပြမယ်၊ ရုပ်မြင်သံကြားပေါ်က မင်းသမီးတွေထဲမှာ တချို့လောက်ပဲ နင့်ထက် ပိုလှတာ၊ ပြီးတော့ ငါ ကြားတာတော့ သူတို့အားလုံးက မိတ်ကပ်လိမ်းကြတယ်တဲ့၊ နင်လည်း မိတ်ကပ်နည်းနည်းလောက် လိမ်းလိုက်ရင် သူတို့ထဲ အဆတစ်ရာလောက် ပိုလှသွားမှာ သေချာတယ်၊ နင်က မင်းသမီးကောင်းတစ်ယောက် ဖြစ်ဖို့ မွေးဖွားလာတာပဲ”

“ဒီ့အပြင် မင်းသမီးတစ်ယောက်ဖြစ်ရတာ ကောင်းတဲ့ကိစ္စပဲ၊ နင် ဘာပင်ပင်ပန်းပန်း အလုပ်မှလုပ်စရာမလိုဘူး၊ ပြီးတော့ နင်က ငွေလည်း အများကြီးရအုံးမယ်၊ ကြော်ငြာခ ဘာညာတွေလည်း ရတယ်လို့ ကြားတယ်၊ လူတွေက နင့်ကို လာရှာကြလိမ့်မ်၊ နင် ဒါကို မလုပ်ရင်တော့ အ,တာပဲ”

ရွှီရှောင်ကျောင်း :...

ဒီနေ့တော့ ငါလေးက သူတို့တွေ ပြောတဲ့အရူးတစ်ယောက် တကယ်ဖြစ်သွားတော့မှာပဲ။

စုန့်ဝေဖျင်၏အမူအရာက ညိုမည်းတော့မည်ကို မြင်လိုက်သည်တွင် ရွှီရှောင်ကျောင်းက သေသေချာချာ စဥ်းစားလိုက်ပြီး စိတ်ကူးတစ်ခု ရသွားတော့သည်။

“မင်းသမီးတစ်ယောက် ဖြစ်ဖို့ဆိုရင် ကျွန်မက မင်းသမီးတစ်ယောက် သေချာပေါက် ဖြစ်လာမှာ မဟုတ်ဘူး၊ ကျွန်မက ကျွန်မတို့မိသားစုက ကိုကိုဝေဖျင်ကို ကတိပေးထားပြီးပြီ၊ သိပ်မကြာခင် ကျွန်မက သူနဲ့ စီးပွားရေးလုပ်ဖို့ ခရီးထွက်တော့မှာ၊ ရှင်တို့သိတဲ့အတိုင်းပဲ၊ အခုဆိုရင် မူဝါဒက ကောင်းလာပြီး လုပ်ငန်းလုပ်ကိုင်တာကိုလည်း ထောက်ခံပေးနေတယ်၊ အပြင်ဘက်မှာ စည်ကားနေပြီ၊ ကျွန်မက အရင်ကတည်းက သူနဲ့ ခရီးထွက်ပြီး ကမ္ဘာကြီးကို တွေ့ချင်ခဲ့တာ၊ လုပ်ငန်းလုပ်ပြီး ရလာတဲ့ငွေတွေက မင်းသမီးတစ်ယောက်ဖြစ်ရတာ ထက်မနည်းပါဘူး”

စကားပြောချင်နေကြ‌သေးသည် လူများကို တွေ့နေရသဖြင့် သူမက ချက်ချင်း ထပ်ပြောလိုက်လေသည်။

“ပြီးတော့ မင်းသမီးတစ်ယောက် လုပ်ရတာ လွယ်တယ်လို့ ဘယ်သူပြောလဲ၊ ချောမောတဲ့လူတွေ အများကြီး ရှိတဲ့အထဲကမှ ရုပ်ရှင်ဇာတ်လမ်းတွဲတွေမှာ ဦးဆောင်ဖို့ နည်းနည်းပဲလိုတာ၊ အဲဒီဇာတ်ရံ မင်းသမီးတွေရဲ့လစာက ဘာမှတောင်မရှိဘူး၊ ကျွန်မတို့ ထင်ထားသလောက်တောင် မများဘူး, ပြီးတော့ ရှင်တို့တွေက တစ်ဖက်လူနဲ့ စာချုပ်ချုပ်ရအုံးမှာ၊ ဒါက ရှေးခေတ်လူ့အဖွဲ့အစည်းမှာဆိုရင် ခန္ဓာကိုယ်ရောင်းစားတဲ့ စာချုပ်လိုပဲ၊ စာချုပ်ချုပ်ပြီးသွားရင် သူတို့ပြောသမျှပဲ သူတို့ ရှင့်ကို လုပ်ခိုင်းတာ မှန်သမျှ ရှင်တို့လုပ်ရမှာ၊ လုံးဝ လွတ်လပ်မှု မရှိဘူးနော်”

သူမက ထိုစကားကို ပြောလိုက်သောအခါ အားလုံး၏ မီးတောက်နေသည့်နှလုံးသားများက အတိုင်းအတာတစ်ခုအထိ မီးငြိမ်းသွားတော့သည်။

“တကယ်ကြီလား”

နေကာမျက်မှန်နှင့်လူက သူ့နေရာကို ချက်ချင်း ထုတ်ပြလိုက်လေသည်။

“အဲလိုမဟုတ်ပါဘူး၊ မင်းက စာချုပ်ချုပ်မယ်ဆိုရင်တောင် သဘောမတူခင် စာချုပ်ကို ဖတ်လို့ရပါသေးတယ်”

ရွှီရှောင်ကျောင်းက အေးတိအေးစက် နှာခေါင်းရှုံ့လိုက်၏။ သူမသည် သည်ကင်းထောက်ကို တည်ငြိမ်အေးဆေးသည့် သဘောထားတစ်ခု မထားပေးနိုင်တော့ချေ။ ငါ့ကို နားချလို့မရတော့ မိသားစုဆီ သွားပြီး နားချတယ်။ မိသားစုကို နားချလို့မရတော့ သူက လူထုသဘောထားကို အသုံးချတယ်။ ငါသာ သာမန်လူတစ်ယောက်ဖြစ်ပြီး ငါ့အိမ်နီးချင်းတွေလည်း နေ့တိုင်း ငါ့ကို ဦးနှောက်ဆေးနေမယ်ဆိုရင် ရက်ပိုင်းလောက်တောင် အသက်ရှင်နိုင်မှာ မဟုတ်ဘူး။

“ကျွန်မ မင်းသမီး မလုပ်ချင်ဘူးလို့ ပြောထားပြီးသား၊ အခုတော့ ကျွန်မ ရှင့်ကို လူလိမ်တစ်ယောက်လို့ သံသယဖြစ်သွားပြီ၊ ရှင် မသွားဘူးဆိုရင် ကျွန်မ ရဲခေါ်ရလိမ့်မယ်”

နေကာမျက်မှန်နှင့်လူမှာ လူပေါင်းများစွာနှင့် စာချုပ်ချုပ်ခဲ့သည့်သူက သည်လို ဆန္ဒမရှိသူ တစ်ယောက်နှင့် ပထမဆုံးတွေ့ကြုံရလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။ ဒီနေ့လိုခေတ်မျိုးမှာ ငွေကို ဂရုမစိုက်တဲ့သူ ဘယ်သူရှိလို့လဲ။ တချို့လူများဆိုရင် တစ်လကို ယွမ်ထောင်ချီရမယ်လို့ ကြားတာနဲ့ စာချုပ်တောင် မကြည့်ဘဲ ချက်ချင်း လက်မှတ်ထိုးလိုက်ကြတာ။ တချို့ကတော့ ပိုသတိရှိကြပြီး သူတို့ကိုယ်တိုင် ပတ်ဝန်းကျင်ကို မေးကြည့်ကြသေးတယ်။ ဒါလည်း သူတို့တွေ ပြေးမလွတ်ပါဘူး။

တချို့ကတော့ ငွေမပြတ်နေဘူးလေ။ ဒီ‌တော့ သူက သူတို့တွေက နာမည်ကြီးလာနိုင်ပြီး တနိုင်ငံလုံးမှာ လူသိများလာမှာလို့ ပြောပြီး ဆွဲဆောင်ရတာပေါ့။ သူတို့ကို အနိုင်ယူခဲ့တာက လွယ်လွယ်လေးရယ်ပါ။ ရွှီရှောင်ကျောင်းကျတော့ သူ့မှာ လတော်တော်ကြာအောင် ရှာခဲ့ပြီးမှ နောက်ဆုံး သူမကို ရှာတွေ့ခဲ့တာ။ နောက်ဆုံးတော့ တစ်ဖက်လူက မလုပ်ချင်ဘူးလို့ ပြောလိုက်တယ်လေ။

သူကလည်း ပတ်ဝန်းကျင်ကို သေချာ စုံစမ်းပြီး မေးမြန်းကြည့်တော့ ရွှီရှောင်ကျောင်းရဲ့မိသားစုက သိပ်မကြာခင်မှာက ရွာကနေ မြို့လေးကို ပြောင်းလာတဲ့ လယ်သမားတွေတဲ့။ သူတို့မှာ ငွေအများကြီး မရှိဘူး။ ဘာပဲလုပ်လုပ် သူတို့ကို လက်ခံလာ‌အောင် မလုပ်နိုင်ခဲ့တာကို နားမလည်နိုင်တော့ဘူး။

နေကာမျက်မှန်နှင့်လူက စိတ်ထဲတွင် သက်ပြင်းချလိုက်ပြီး သည်တစ်ကြိမ်တွင်တော့ သူ အနိုင်မရနိုင်မှန်း သိလိုက်လေသည်။ သူသည် တစ်နှစ်ပတ်လုံး အပြင်ဘက်တွင် ခရီးသွားလာနေခဲ့ပြီး ငွေကို သင့်တင့်လျောက်ပတ်အောင် ရှာနည်းကို သိခဲ့ရသည်။ သူက ရနိုင်သမျှ နည်းလမ်းအားလုံးကို အသုံးချခဲ့ပြီး တစ်ဖက်လူက ဆန္ဒမရှိလျှင်တော့ ဘာမှမတတ်နိုင်ပေ။ သူသည် လက်ခါပြလိုက်ရတော့သည်။

“မလုပ်နဲ့၊ မလုပ်ပါနဲ့၊ မလုပ်ပါနဲ့၊ မင်းက လက်မခံဘူးဆိုမှတော့ ကျွန်တော် ထွက်သွားပါ့မယ်၊ ကျွန်တော်က ရဲတွေ လာမှာကို ကြောက်လို့တော့မဟုတ်ပေမဲ့ အငြင်းပွားစရာဖြစ်ဖို့ မလိုပါဘူး၊ မင်း အခု ဒါကို စိတ်မဝင်စားဘူးဆိုရင်ပေမဲ့ နောက်ပိုင်းကျရင် စိတ်ကူးရှိချင် ရှိလာမှာပါ၊ ကျွန်တော် အခု ပြန်သွားပါ့မယ်၊ မင်း ကျွန်တော့်လိပ်စာကတ်ကို ယူထားလိုက်ပါ၊ နောက်ပိုင်း ရုပ်မြင်သံကြားမှာဖြစ်ဖြစ် ရုပ်ရှင်မှာဖြစ်ဖြစ် သရုပ်ဆောင်ချင်တယ်ဆိုရင် ကျွန်တော့်ကို ဖုန်းပဲဆက်လိုက်ပါ၊ မင်း နာမည်ကြီးလာမယ်လို့ ကျွန်တော် အာမခံပါတယ်”

သူသည် မပြန်ခင် ရွှီရှောင်ကျောင်းကို လိပ်စာကတ်တစ်ခု ပေးခဲ့လေသည်။

ကြည့်ရှုနေကြသည့် အိမ်နီးချင်းများက နေကာမျက်မှန်နှင့်လူ ထွက်သွားသည်ကို တွေ့လိုက်ရသောအခါ သူတို့သည် ရွှီရှောင်ကျောင်းက မင်းသမီးတစ်ယောက် တကယ်မဖြစ်ချင်မှန်း နားလည်သွားကြတော့သည်။

စိတ်လှုပ်ရှားမှု ပြီးဆုံးသွားသော်လည်း လူများက ထွက်မသွားကြသေးချေ။ သူတို့ထဲက တချို့က ရွှီရှောင်ကျောင်း ပြောခဲ့သည့် လုပ်ငန်းလုပ်မည့်အကြောင်းကို တဖန် သိချင်သွားတော့သည်။

“ရှောင်ကျောင်း လုပ်ငန်းလုပ်တာက မင်းသမီးလုပ်တာထပ် ငွေပိုရှာနိုင်တယ်လို့ နင် ပြောခဲ့တယ်လေ၊ မင်းသမီးလုပ်တာက တစ်လကို ယွမ်ထောင်ချီရတာနော်”

ရွှီရှောင်ကျောင်းက ဒါကိုတော့ အာမမခံရဲချေ။ သို့သော် နေကာမျက်မှန်နှင့်လူ ပြောသွားသည့်စကားကတော့ သေချာပေါက် ချဲ့ကားထားခြင်းပင်။

“ရှင်တို့တွေက တခြားလူရဲ့ ကြွားလုံးကို နားထောင်နေကြတာ၊ ရုပ်ရှင်ဇာတ်လမ်းတွဲ လုပ်နေတဲ့သူတွေမှ အများကြီး၊ လူတိုင်းက တစ်လကို ယွမ်ထောင်ချီ ရှာနိုင်မယ်ဆိုရင် ဘယ်သူက ရုပ်ရှင်ဇာတ်လမ်းတွဲ လုပ်ဖို့ တတ်နိုင်ပါတော့မလဲ”

သူမသည် အားလုံးကို ဆက်ပြီး ပညာပေးလိုက်တော့သည်။

“မိုင်ရာထောင်ချီမှာရှိတဲ့ ဘယ်သူကမှ တစ်လကို ယွမ်ထောင်ချီ ရှာနိုင်တဲ့သူမရှိဘူး၊ ဒီရုပ်ရှင် ရိုက်တယ်ဆိုကလည်း အလုပ်တစ်ခုပါပဲ၊ ကျွန်မတို့မြို့မှာ အလုပ်လုပ်နေကြတဲ့သူတွေ ဘာမှမခြားဘူး၊ လုပ်ငန်းလုပ်တာနဲ့ ပတ်သက်လာရင်လည်း အတူတူပဲ၊ ရှင်တို့တွေ ငွေတွေ အများကြီး ရှာနိုင်မလား၊ နည်းနည်းပဲ ရှာနိုင်မလားဆိုတာကို ဘယ်သူမှ မပြောနိုင်ဘူး၊ ငွေရှာလို့နိုင်တဲ့ အချိန်တွေရှိသလို ငွေကို ဆုံးရှုံးရတဲ့အချိန်တွေလည်း ရှိတယ်”

တစ်စုံတစ်ယောက်က စပြီး ဆွေးနွေးတော့သည်။

“မင်းယောက်ျား စုန့်ဝေဖျင်ကတော့ ငွေရှာနိုင်တဲ့အချိန် ပိုများမှာပဲ၊ မဟုတ်ရင် မင်းတို့တွေ မိန်လင်ရွာကနေ ဒီကို ပြောင်းလာနိုင်မှာ မဟုတ်ဘူး၊ အဒေါ်လီရဲ့အိမ်က နှစ်တော်တော်ကြာ‌အောင် အရောင်းတင်ထားတာ ဘယ်သူမှ မဝယ်ခဲ့ဘူး, အခု မင်းတို့က ဝယ်လိုက်ပြီလေ”

“ဟုတ်တယ်၊ ပြောရမယ်ဆိုရင် မင်းနဲ့ မင်းမိသားစုအားလုံးက စီးပွားရေးလုပ်ဖို့ ဉာဏ်ရှိကြတယ်၊ ငါ့အထင်တော့ မင်းတို့ရဲ့ ဝက်စတူးဆိုင်ကလည်း နာမည်ကြီးပြီး ငွေတော်တော် ဝင်မှာပဲ”

“ပြောပါအုံး၊ ငါတို့မှာ ပစ္စည်းကောင်းတစ်ခုခုရှိရင် ငါတို့လည်း အဲဒါကို ရောင်းဖို့ ဆိုင်ဖွင့်လို့ရနိုင်မလား”

ရွှီရှောင်ကျောင်းက ထောက်ခံလိုက်သည်။

“နိုင်ငံတော်က ထောက်ပံ့ပေးနေပါတယ်၊ အစီအစဥ်ကျတဲ့လုပ်ငန်းကောင်းတစ်ခု ဖြစ်နေရင် သေချာပေါက် ဖြစ်နိုင်ပါလိမ့်မယ်”

သူမက အားလုံး၏ ခေါင်းစဥ်ကို စကားတစ်ခွန်းနှစ်ခွန်းလောက်နှင့် ပြောင်းလိုက်၏။

“ပြန်တွေးကြည့်လိုက်ရင် အားလုံးရဲ့ဘဝက ပိုပိုကောင်းလာပြီး လူတွေကလည်း သူတို့ထဲလက်မှာ ငွေပိုတွေ ပိုများလာတာပဲ၊ အစားအ‌သောက်၊ အိမ်သုံးပစ္စည်း၊ နေ့စဥ်သုံးပစ္စည်းတွေကို ဘယ်သူက မလိုတာရှိလဲ၊ အရင်တုန်းကဆိုရင် ဘာနည်းလမ်းမှမရှိတော့ ရှင်တို့တွေက သမဝါယမကိုပဲ သွားနိုင်တယ်လေ၊ အခု ရှင်တို့မှာ လွတ်လပ်ခွင့်ရလာပြီ၊ တစ်ယောက်ယောက်က ကောင်းမွန်ပြီး စျေးသက်သာတဲ့ ပစ္စည်းတွေ ရောင်းမယ်ဆိုရင် လုပ်ငန်းက ဘယ်လိုလုပ်ပြီး ဆိုးနိုင်မှာလဲ”

“အမှန်ပဲ” “ဟုတ်တယ် ဟုတ်တယ်” “ဒါက ယုတ္တိရှိတယ်”

အားလုံးက ခေါင်းညိတ်ကာ လုပ်ငန်းနှင့်ပတ်သက်ပြီး သူတို့၏အမြင်များကို ဆွေးနွေးလိုက်ကြပြီး တဖြည်းဖြည်း လူခွဲလိုက်ကြတော့သည်။

ထိုအခါမှ ရွှီရှောင်ကျောင်းသည် စုန့်ဝေဖျင်၏အင်္ကျီလက်ကို ကိုင်ထားသည့် လက်ကို လွှတ်ချလိုက်ကာ

“ကဲ အခု နင် စိတ်ချထားလို့ရပြီ”

စုန့်ဝေဖျင်က သူ့နှုတ်ခမ်းကို တင်းနေအောင် စေ့ထားလိုက်သည်။ သူသည် ရွှီရှောင်ကျောင်းကို မင်းသမီးလုပ်ခိုင်းနေသည့် အိမ်နီးချင်းများ၏ နားချသံကို ကြားလိုက်ရချိန်က သူ့နှလုံးသားထဲက ဒေါသကို သည်းခံနိုင်ဖို့ ခဲရင်းသွားခဲသည်။ ရွှီရှောင်ကျောင်းက လှမ်းပြီး သူ့အင်္ကျီလက်ကိုပင် ဆွဲထားခဲ့ရသည်။ ထိုအခါမှ သူသည် သည်းခံနိုင်သွားတော့သည်။

အားလုံးကို ပြန်သွားအောင် လုပ်နိုင်ခဲ့သည့် သူမ၏ဖျောင်းဖျသည့်စကား အနည်းငယ်ကို ကြားလိုက်ရချိန်တွင် သူသည် စိတ်သက်သာရာရပြီး သက်ပြင်းမချခဲ့မိဟုဆိုလျှင် လိမ်ရာကျပေလိမ့်မည်။ သူသည် စိတ်ပူခဲ့မိလသေည်။ ရွှီရှောင်‌ကျောင်းက ပြောလာသည့် စကားများကြောင့် စိတ်လှုပ်ရှားသွားမှာကို စိုးရိမ်မိခဲ့သည်။

အကြောင်းကြောင့် ရွှီရှောင်ကျောင်းက ကောလိပ်တက်ချင်သည်ဟု ဆိုလျှင် သူက သေချာပေါက် အားပေးလိမ့်အုံးမယ်။ သို့သော် သူမက မင်းသမီးတစ်ယောက် ဖြစ်ချင်သည်ဆိုလျှင်တော့ သူက သတိလက်လွတ်နှင့်ပင် ငြင်းဆန်ရလိမ့်မည်။

စုန့်ဝေဖျင်က သူမ ခုနက ပြောခဲ့သည့်စကားကို စဥ်းစားလိုက်ပြီး သူမကို လှည့်ကြည့်လိုက်ကာ

“မင်း ကိုနဲ့အတူ စီးပွားရေးလုပ်ဖို့ တကယ်ပဲ ခရီးထွက်ချင်တာလား”

ရွှီရှောင်ကျောင်းက ခေါင်းငုံ့ထားလိုက်ပြီး သူ့အင်္ကျီစထောင့်ကို လုံးချေနေရင်း

“နင် ငါ့ကို မသိသေးဘူးလား၊ ငါ စီးပွားရေးလုပ်ဖို့ စိတ်မဝင်စားပါဘူး၊ ဒါပေမဲ့ နင်နဲ့အတူတူ အပြင်လောကကြီးကိုတော့ တကယ်ပဲ သွားကြည့်ချင်တယ်၊ ငါ နင့်အမြီး ဖြစ်လာမှာကို မငြိုငြင်ဘူးမလား”

စုန့်ဝေဖျင်က ခေါင်းခါလိုက်ပြီး

“ကို့မှာ တခြားတောင်းတချင်တာတောင် မရှိတော့ဘူး”

သူက သူမကို သူနဲ့အတူ တချိန်လုံ ခေါ်သွားချင်တာ အရင်ကတည်းကလေ။

ပြီးတော့ သူမက သူ့ကို တွယ်ကပ်နေတာမျိုးလည်း လိုချင်ခဲ့တာ။

အိမ်တွင် အရာအားလုံးက အခြေကျနေပြီဖြစ်သည်။ အဘွားစုန့်နှင့် ဝူချွန်းဟွားတို့က စုန့်ဝေဖျင်နောက် လိုက်သွားချင်သည့် ရွှီရှောင်ကျောင်း၏ဆန္ဒကို အပြည့်အဝထောက်ခံလေသည်။

အဘွားစုန့်က သူမ၏မြေးဖြစ်သူတစ်ယောက်တည်း ခရီးသွားရသည်ကို အမြဲတမ်း စိတ်မအေးနိုင်ခဲ့ရသည်။ သူက သူမ၏မြေးချွေးမလေးက အတူရှိနေမည်ဆိုလျှင်တော့ သူတို့နှစ်ယောက်က အပြန်အလှန် စောင့်ရှောက်ပေးနိုင်မည်။ ထို့အပြင် သူမက သူမမြေးချွေးမလေး၏ အရည်အချင်းကို သိထားသည်။ သူတို့အတူတူ ခရီးကြလျှင် သူမ၏မြေးလေးက ကိစ္စများကို တိုင်ပင်ရမည်သူ ရှိလာလိမ့်မည်။

ဝူချွန်းဟွား၏အတွေးကတော့ အများကြီး ပိုရိုးရှင်းလေသည်။ သူတို့မိသားစု ရွာကနေ မြို့ငယ်လေးကို ပြောင်းလာပြီး မြို့မှာ ဝက်စတူးဆိုင်တစ်ခု ဖွင့်ထားပြီ‌လေ။ လုပ်ငန်းကလည်း ကောင်းနေတာပဲ။ အခု သူမမှာ စိတ်ပူစရာ မရှိတော့ဘူး။ နေ့တိုင်း သူမ တွယ်ကပ်နေတာက တစ်ခုထဲပဲ _ မြေးချီရဖို့။

သူတို့နှစ်ယောက်တွင် ကလေးမရှိလာသည့်ကိစ္စနှင့် ပတ်သက်ပြီး ရွှီရှောင်ကျောင်းက စုန့်ဝေဖျင်၏ နည်းလမ်းဖြစ်သည့် နေမကောင်းသဖြင် ကလေးမရနိုင်ကြောင်းအဆိုကို ဘယ်တော့မှ နားမထောင်ခဲ့ချေ။ ထို့အစား သူမက ဝူချွန်းဟွားကို မပြတ်မသား အပြုအမူတစ်ခုဖြင့် ဝူချွန်းဟွားကို ဆက်တိုက် တွန်းထုတ်ထားခဲ့သည်။

ဝူချွန်းဟွားသည် သမီးဖြစ်သူက ကလေးမလိုချင်တာ ဖြစ်မည်ဟု အမြဲတမ်း စဥ်းစားလာခဲ့သည်။ သည်တစ်ကြိမ်တွင် ရွှီရှောင်ကျောင်းက စုန့်ဝေဖျင်နောက်သို့ လိုလိုလားလား လိုက်သွားချင်ဟု ကြားလိုက်ရသဖြင့် သူမမှာ အလွန်ဝမ်းသာသွားတော့သည်။

လူငယ်စုံတွဲလေးက နေ့ရက်တိုင်းလိုလိုတွင် ပိုပိုပြီး ဖက်တွယ်လာသည်ကိုလည်း တွေ့နေရသည်။ သမီးဖြစ်သူက သမက်ဖြစ်သူကို ကြည့်သည့်အကြည့်ကပင် စတင်ပြောင်းလာခဲ့သည်။

ရွှီ‌ရှောင်ကန်းကတော့ လူကြီးများ၏စိတ်လို အတက်အကျမရှိပေ။ သူက သည်အတိုင်း အားကျစိတ် ဖြစ်နေတော့သည်။ စုန့်ဝေဖျင် ပြန်လာတိုင်း သူက စုန့်ဝေဖျင်ကို ဂျီကျပြီး အပြင်လောကအကြောင်း ပြောပြခိုင်းတတ်သည်။ အပြင်လောကတွင် မြင့်မားသည့်အဆောက်အအုံများ၊ ရောင်စုံမီးရောင်များ ရှိပြီး အားလုံးကို ရောင်းချကြသည်ဟု ကြားလိုက်ရကတည်းက သူ့စိတ်ထဲတွင် အသည်းယားနေခဲ့ရသည်။

“ယောက်ဖ၊ မမ နင်တို့တွေ ငါ့ကိုလည်း ခေါ်သွားလို့မရဘူးလား၊ ငါလည်း နင်တို့နဲ့အတူတူ လောကကြီးကို တွေ့ချင်တယ်လေ”

စုန့်ဝေဖျင်က ဘာမှမပြောနိုင်ခင်မှာပင် ဝူချွန်းဟွားက သားဖြစ်သူ၏ ခေါင်းကို ပုတ်လိုက်၏။

“နင့်အစ်မနဲ့ယောက်ဖက တောင်နဲ့မြစ်တွေဆီ သွားပြီး ပျော်ပါးဖို့ ခရီးထွက်တာလို့ ထင်နေတာလား၊ သူတို့တွေက စီးပွားရေးလုပ်ပြီး ငွေရှာနေတာ၊ သူတို့က နင့်ကို ခေါ်သွားရင် နင့်ကို ကြည့်ဖို့ ဘယ်သူက အချိန်ရမှာလဲ၊ ပြီးတော့ တခြားသူတွေ ပြောတာ နင် မကြားဘူးလား၊ အပြင်ဘက်မှာ လူကုန်ကူးသမားတွေ ရှိသေးတယ်တဲ့, အန္တရာယ်များတယ်၊ ပြီးတော့ နင်က ကျောင်းတက်နေတုန်း၊ ဒီတော့ နင့်အစ်မနဲ့ ယောက်ဖကို ဒုက္ခမပေးနဲ့”

ရွှီရှောင်ကန်းမှာ ဆွံ့အသွားသော်လည်း တစ်ခွန်းမှ မငြင်းနိုင်ခဲ့ချေ။

ရွှီရှောင်ကျောင်းက ရွှီရှောင်ကန်း သူမနောက်လိုက်ချင်သည်ကို မငြင်းသော်လည်း သည်တစ်ကြိမ်တော့ မဟုတ်သေးချေ။

“နင့်ကျောင်းပိတ်ရက်အထိ စောင့်လိုက်ပါအုံး၊ ပြီးရင်တော့ ငါ နင့်ကို ခေါ်သွားပ့ါမယ်၊ ဒီတစ်ခါ ငါ နင့်ယောက်ဖနောက် လိုက်သွားပြီး လမ်းကို အရင်ဆုံးလေ့လာလိုက်အုံးမယ်၊ နောက်မှ နင့်ယောက်ဖ သူ့အလုပ်တွေ ရှုပ်နေတုန်း ငါတို့အတူတူ ခရီးထွက်ကြမယ်၊ ငါတို့နှစ်ယောက် အတူတူ လည်လို့ရတာပေါ့”

ထိုအခါမှ ရွှီရှောင်ကန်းက ဝမ်းသာသွားပြီး

“မမ နင်က အကောင်းဆုံးပဲ”

ရွှီရှောင်ကျောင်းနှင့် စုန့်ဝေဖျငတို့သည် အတူတူ ခရီးထွက်ကြဖို့ ဆုံးဖြတ်ထားသော်လည်း ထွက်ခွာမည့်ရက်အတိအကျကိုတော့ မဆုံးရဖြတ်သေးချေ။ စုန့်ဝေဖျင်က အခုမှ ပြန်လာသည်ဖြစ်ရာ ရွှီရှောင်ကျောင်း အပါအဝင် မိသားစုဝင်အားလုံးက သူ့ကို အိမ်တွင် ကောင်းကောင်း အနားယူစေချင်ကြလေသည်။

သူမက စုန့်ဝေဖျင်နှင့် နှစ်‌ယောက်တည်း ခရီးထွက်ရဖို့ အနည်းငယ် မျှော်လင့်မိသော်လည်း သူတို့ ခရီးစထွက်သည်နှင့် သူမက စူးစမ်းလေ့လာနိုင်မည်ကို သိနေသည်။ သို့သော် စုန့်ဝေဖျင်က တခြားသူများနှင့် အလုပ်ကိစ္စ ဆွေးနွေးပြီး အလုပ်ထဲတွင် စိတ်နှစ်ထားချင်လျှင်တော့ သူမအတွက် အိမ်မှာနေသည်က အလွယ်ကူဆုံးပင်။

စုန့်ဝေဖျင်ကလည်း သူမိသားစုနှင့်အတူ အချိန်ပိုကုန်ဖို့ ဆန္ဒရှိသော်လည်း သူသည် အလကား မနေချေ။ သူ ပြန်လာကတည်းက ဝက်စတူးဆိုင်၏တာဝန်ကို အများဆုံးယူခဲ့သည်။ နေ့တိုင်း သူက ဝက်စတူးနှပ်ပြီး အသားရောင်းလေသည်။ အဘွားစုန့်လည်း လည့်ကြည့်စရာမလိုတော့ချေ။ ဝူချွန်းဟွားက သည်အတိုင်း ကူညီပြီး အသားနှင့် ရို့ကျားမိုကို လုပ်ပေးသည်။

ဝူချွန်းဟွားမှာ အနည်းငယ် စိတ်မကောင်းဖြစ်လာတော့သည်။ သူမက ရွှီရှောင်ကျောင်းကို သပ်သပ်တွေ့လိုကာ စုန့်ဝေဖျင်ကို သူမနှင့်အတူ ပိုပြီးအနားယူခိုင်းဖို့ ပြောရတော့သည်။

“ဝေဖျင်ကို ကြည့်ပါအုံး၊ သူ ပြန်လာကတည်းက အခုချိန်အထိ ရက်ပိုင်းလောက်တောင် မနားရဘူး အမေ သွားလုပ်ပေးချင်တာတောင် သူက အမေ့အကူအညီမလိုဘူးတဲ့၊ ဒီကလေးက အရမ်း လုပ်နိုင်လွန်းပါတယ်”

သူမက သမီးဖြစ်သူ၏လက်ကို ကိုင်လိုက်ပြီး

“သူမလို့ပေါ့၊ ဘယ်သူက သူ့လိုနေမှာလဲ, တခြားတစ်ယောက်သာဆို သမီး ဒီလိုကံကောင်းမှုမျိုး ဘယ်လိုလုပ်ပြီး ရနိုင်မှာလဲ”

သူမက သူမ၏အစီအစဥ်ကို ပြောလိုက်တော့သည်။

“သူက မပင်ပန်းပါဘူးလို့ ပြောရင် အမေက ယုံပါတယ်၊ အဲလိုဆိုရင်တောင် နေ့တိုင်း အလုပ်နဲ့ဝေးဝေး မနေနိုင်တာ၊ အမေ ဒါကိုမြင်ရတာ စိတ်မကောင်းလွန်းလို့ပါ၊ သမီးမှာ အချိန်ရရင် သူ့ကို အပြင်ခဏခဏ ခေါ်သွားပြီး ပိုပြီးအနားယူရအောင် လုပ်ပေးလိုက်ပါအုံး”

အမှန်တွင်တော့ သူ အလွန်အလုပ်များနေသည်ကို မြင်ရသည်မှာ ရွှီရှောင်ကျောင်းလည်း စိတ်မ‌ကောင်း ဖြစ်မိလေသည်။

ထိုနေ့ညက သူမတွင် စိတ်ကူးတစ်ခု ရလာခဲ့သည်။

အိပ်ရာမဝင် စုန့်ဝေဖျင်က စာဖတ်ရသည်ကို အမြဲတမ်းသဘောကျတတ်သည်။

ရွှီရှောင်ကျောင်းက ထလာပြီး သူစာအုပ်ကို ယူလိုက်ကာ သူ့ရှေ့တွင် ဒူးထောက်ချလိုက်ပြီး ညည်းညူတော့သည်။

“စုန့်ဝေဖျင် ဘယ်သူက ပိုအရေးကြီးလဲ၊ ငါလား ဝက်စတူးဆိုင်လား”

. . .

အပိုင်း (၅၄) ဘယ်သူက အရေးကြီးလဲ

စုန့်ဝေဖျင်က သူ့မျက်လုံးများကို ပင့်လိုက်ပြီ သူမ၏ချွဲနွဲ့သည့်ရုပ်ကို မြင်လိုက်ရာ လက်လှမ်းပီး သူမ၏ပါးလေးကို အသာလှမ်းပုတ်လိုက်ပြီး

“ဘယ်လိုထင်လဲ”

ရွှီရှောင်ကျောင်းက သူ့လက်ကို ပုတ်ချလိုက်ပြီး

“ငါက ဘယ်လိုလုပ်ပြီးသိမှာလဲ၊ နင့်စိတ်ထဲမှာ ဝက်စတူးဆိုင်က ငါ့ထက် ပိုပြီး အရေးကြီးချင် ကြီးနေမှာပေါ့၊ အဲဒီဝက်စတူးဆိုင်က ငွေရှာနိုင်တယ်ပြီးတော့ နင့်အစားအသောက်ကိုလည်း ဂရုစိုက်ပေးနိုင်တယ်၊ ဒါပေမဲ့ ငါကျတော့ အဲလောက်တောင် အရေးမပါဘူးလေ”

စုန့်ဝေဖျင်က စာအုပ်ကို ချလိုက်ပြီး သူမကို အဓိပ္ပာယ်ပါပါနှင့် ကြည့်လိုက်ကာ

“မင်းလည်း ငွေရှာနိုင်ပြီး စားလို့ရပါတယ်”

“ဟဲ့ စုန့်ဝေဖျင် ငါ နင့်ကို အလုပ်အကြောင်း ပြောနေတာလေ၊ နင်က ငါ့ကို လာနောက်နေတယ်”

ရွှီရှောင်ကျောင်းက နောက်သို့ ပြန်မှီထားလိုက်ပြီး သူမ၏ခန္ဓာကိုယ်ကို မြှင့်လိုက်ကာ သူ့ကို ပြစ်တင်ပြောဆိုတော့သည်။

ရွှီရှောင်ကျောင်းနှင့် စုန့်ဝေဖျင်တို့သည် ထိုနေ့က အပြန်အလှန် စကားပြောလိုက်ကြပြီးကတည်း သူတို့ကြား လေထုအခြေအနေက အမြဲလိုလို ရှင်းမပြတတ်အောင် ပြင်းထန်လာခဲ့သည်။ ရွှီရှောင်ကျောင်းသည် စုန့်ဝေဖျင် ပြောလိုက်သည့်စကားတစ်ခွန်းက တခါတရံ သူမကို ရှက်သွားအောင် လုပ်နိုင်သည်ကို ခံစားမိလာသည်။

စုန့်ဝေဖျင်ကလည်း သူမကို စနောက်ရသည်ကို သဘောကျနေမှန်း ဝန်မခံပေ။ သူမ၏ဒေါသထွက်နေသည့် ရုပ်ကို တွေ့ရတော့ သူက သူ့နှုတ်ခမ်းဆီသို့ လက်ကိုမြောက်ထားလိုက်ပြီး အသာအယာ ချောင်းဟန့်ကာ

“အင်းပါ၊ ကို့နှလုံးသားထဲမှာ မင်းက အရေးအကြီးဆုံးပဲ၊ ဘာဖြစ်လို့လဲ”

ရွှီရှောင်ကျောင်းက လက်ချိုးပြီး ရေရွတ်ပြန်သည်။

“နင်ပြန်လာကတည်း မိန်လင်ရွာက‌ တောင်ပေါ်ကို ပန်းပွင့်တာသွားကြည့်တာနဲ့ မြစ်ထဲမှာ တစ်ခါနှစ်ခါလောက် ငါးမျှားသွားဖို့ အဖော်လုပ်ပေးတာကလွဲရင် နင် ငါနဲ့ လုံးဝ လိုက်ပြီးမလည်ခဲ့ဘူး၊ နေ့တိုင်း နင်က ဆိုင်သွားပြီး အသားပဲ ရောင်းနေတာ၊ ငါ့ အမြင်တော့ နင့်ခန္ဓာကိုယ်တစ်ခုလုံးက ဝက်စတူးနံ့တွေနဲ့ ရွှဲနေပြီ”

စုန့်ဝေဖျင်က မျက်ခုံးများကို ပင့်လိုက်ပြီး

“မင်း အနံ့ရလို့လား”

ရွှီရှောင်ကျောင်းက တင်စားပြီး ပြောလိုက်ခြင်းပင်။ သူက အသန့်ကြိုက်လေသည်။ ဆိုင်ပိတ်ပြီး ညနေခင်းတိုင်း သူလုပ်သည့် ပထမဆုံးအရာမှာ ရေချိုးပြီး အဝတ်အစားလဲခြင်းပင်။ သည်လိုနှင့် သူ့ခန္ဓာကိုယ်ပေါ်တွင် အမြဲလိုလို ဆပ်ပြာနံ့သင်းသင်းလေး ရှိနေတတ်သည်။ သို့သော် ရွှီရှောင်ကျောင်းက ထိုသို့ မပြောလိုက်ပေသည်။

“အနံ့ခံစရာ မလိုပါဘူး၊ စဥ်းစားကြည့်ရုံနဲ့ သိလိမ့်မယ်”

စုန့်ဝေဖျင်က လက်ကိုဆန့်ထုတ်လိုက်ပြီး

“ဒီကိုလာပါအုံး၊ အနံ့လေးခံရ‌အောင် ကို့ကို ဖက်ပေးအုံး”

သူ့လက်ကို ဆန့်လိုက်ပြီး သူမက သူ့ဆီသို့ ဝင်အလာကို စောင့်နေသည်ကို တွေ့လိုက်ရသည်တွင် ရွှီရှောင်ကျောင်း၏ နှလုံးသားက တဒုန်းဒုန်းခုန်သွားတော့သည်။ သို့သော် သူမ၏မျက်နှာက အထင်သေးဟန်ကို ထုတ်ပြထားပြီး

“ဘယ်သူက နင့်ကို အနံ့ခံချင်လို့လဲ၊ ဘာပဲဖြစ်ဖြစ် မနက်ဖြန် ငါ အပြင်ထွက်ရမယ်၊ ငါ စီရင်စုမြို့ကို သွားပြီး စျေးဝယ်ထွက်ချင်တယ်၊ နင် ငါသုံးဖို့ ငွေတွေ အများကြီး ရှာထားတာမလား၊ ငါ အိတ်တစ်လုံးနှင့် အဝတ်အစားတွေ ဝယ်ချင်တယ်”

စုန့်ဝေဖျင်က သူ့လက်ကို မချလိုက်ဘဲ

“ကို့ကို ဖက်ပေး၊ ဒါဆိုရင် မင်းလိုချင်တာ အကုန်ဝယ်ပေးမယ်”

သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခု ရှိနေ၏။ အရင်က တခါမှမတွေ့ခဲ့ဖူးသည့် အမူအရာတစ်ခုပင်။ ရွှီရှောင်ကျောင်းသည် လျိုချွန်းယန် ပြောခဲ့ဖူးသည့် စကားကို ရုတ်တရက် စဥ်းစားမိသွားတော့သည်။ တခြားသူတွေရှေ့မှာတော့ အမြဲတမ်း မျက်နှာသေနဲ့ ပြီးတော့ တခြားတွေနဲ့ ဆက်ဆံလို့မရနိုင်တဲ့ရုပ်။ အရင်ကဆိုရင် သူတို့တွေ လက်ထပ်ခါစတုန်းက သူက အဲလိုပဲ။

သူ့ရဲ့သိမ်မွေ့ခြင်းနဲ့ အပြုံးတွေအားလုံးကို ဘယ်တုန်းက စပြီး ‌ပေးခဲ့မှန်းတောင် မသိလိုက်ဘူး။

ဒီယောက်ျားက တကယ်ကောင်းတာပဲ။

စုန့်ဝေဖျင်က သူ့လက်ကို ချတော့မည်ကို မြင်လိုက်ရသောအခါ ရွှီရှောင်ကျောင်းက သူမလက်ကို ဆန့်လိုက်ပြီး ရှေ့တိုးကာ သူ့လည်ပင်းကို သိုင်းဖက်လိုက်ပြီး

“စုန့်ဝေဖျင်၊ ငါ နင့်ကို ဖက်ထားပြီနော်၊ နင် ငါ့အတွက် ဝယ်ပေးမှာလား”

သူမက သူ့ရင်ခွင်ထဲ ပစ်ဝင်လိုက်တော့သည်။ သူမ၏အသံက သူ့ရင်ခွင်ထဲတွင် မပီမသဖြစ်နေကာ သူ့နှလုံးသားထဲသို့ တန်းတန်းမတ်မတ် တိုးဝင်သွားတော့သည်။

စုန့်ဝေဖျင်က သူ့မကို သိုင်းဖက်လိုက်ပြီး ခေါင်းငုံ့ကာ သူမ၏ဆံပင်ရင်းကို နမ်းလိုက်ပြီး

“ဒီတစ်ခါကျတော့ ဘာလို့များ အရမ်းကို စကားနာထောင်နေတာလဲ”

ရွှီရှောင်ကျောင်းက သူ့ရင်ခွင်ထဲတွင် တိုးဝေ့ကာ ပြောလိုက်လေသည်။

“အမြဲတမ်း လိမ္မာပါတယ်နော်”

သူမက လိမ်လိမ်မာမာ ပြုမူနေချိန်ဆိုလျှင် ကြောင်လေးတကောင်နှင့်တူပြီး လူများက သူမကို မစဘဲ မနေနိုင်အောင် လုပ်နေတော့သည်။ စုန့်ဝေဖျင်၏နှုတ်ခမ်းက ကွေးတက်သွားပြီး

“ဒါဆို ကို့ကို အာဘွားပေး ပြီးရင် ကို မင်းအတွက် ဝယ်ပေးမယ်”

ရွှီရှောင်ကျောင်းက ချက်ချင်း ခေါင်း‌ထောင်လိုက်ပြီး အသာအယာ နှာခေါင်းရှုံ့လိုက်ကာ သူ့လည်ပင်ကို သိုင်းဖက်ထားသည့်လက်ဖြင့် သူ့ကို ဖြည်းဖြည်းလေး ဆိတ်လိုက်ပြီး

“စုန့်ဝေဖျင် တစ်လက်မ ရပြီးတာကို တစ်ပေတော့ တက်မလာနဲ့နော်”

“ဒါဆိုရင် ကို့ကို နမ်းခွင့်ပေး” စုန့်ဝေဖျင်က သူမ၏မျက်လုံးများနှင့် အကြည့်ချင်းဆုံလိုက်၏

“မရပါဘူး” ရွှီရှောင်ကျောင်းက အကြည့်လွဲလိုက်သည်။

သူမ၏ ရှက်နေသည့်ရုပ်ကလေးက အလွန်စွဲမက်ဖွယ်ကောင်းနေတော့သည်။ စုန့်ဝေဖျင်၏ လည်ဇလုတ်က မသိမသာ လှုပ်ရှားသွား၏။ သူ့လက်က သူမ၏နောက်စေ့ကို အသာအယာ ဖိထားလိုက်သည်။ သူက ခေါင်းကိုငုံ့ကာ သူမ၏နှာခေါင်းပေါ်ကို အနမ်းတစ်ပွင့်ချွေလိုက်လေသည်။

ရွှီရှောင်ကျောင်းက ကြည့်နေရင်းမှ သူသည် မျက်လုံးများကို မှိတ်လိုက်ပြီး ရှေ့သို့ ညွှတ်လိုက်၏။ ထို့နောက်တွင် နွေးထွေးပြီး ခြောက်သွေ့သည့်ခံစားချက်တစ်ခုကို သူမ၏နှုတ်ခမ်းထောင့်တွင် ခံစားလိုက်ရတော့သည်။

စုန့်ဝေဖျင်က မျက်လုံးများကို ပြန်ဖွင့်လိုက်ပြီး သူမ၏ဆွံ့အနေသည့်ရုပ်လေးကို ကြည့်လိုက်သည်။ သူ့မျက်လုံးများထဲက ပျော်ရွှင်မှုက ကြီးမားလာပြီး သူက လေသံတိုးတိုးနှင့် ပြောလိုက်လေသည်။

“နမ်းပြီးသွားပြီ၊ မကျေနပ်ရင် ပြန်နမ်းလို့ရတယ်နော်”

“စုန့်ဝေဖျင် နင် အပြစ်ကျူးလွန်နေတာပဲ”

ရွှီရှောင်ကျောင်းက သူမ၏မျက်လုံးရှေ့တည့်တည့် စုန့်ဝေဖျင်၏မျက်နှာကြီးကို တွန်းထုတ်လိုက်ပြီး သူမ၏အိပ်ရာပေါ်သို့ လေးဘက်ထောက်က တက်သွားတော့သည်။

စုန့်ဝေဖျင်က အသာအယာ ရယ်မောလိုက်ပြီး ဂွမ်းစောင်ထဲတွင် ဖောင်းတက်နေသည့်အရာကို လှမ်းတို့လိုက်ကာ၏

“ဒါက ဘယ်နေရာလဲ”

ရွှီရှောင်ကျောင်းက သူမ၏ခြေထောက်နှင့် ကန်ထုတ်တော့သည်။ ဂွမ်းစောင်အောက်က သူမ၏အသံက ထွက်လာလေသည်။

“စုန့်ဝေဖျင် လူဆိုးကြီး၊ သွားစမ်းပါ”

**

ဝူချွန်းဟွားသည် သမီးဖြစ်သူ၏ တိုးတက်မှုကြောင့် အလွန်မှ စိတ်ကျေနပ်လေသည်။ သူမ စကားပြောပြီး နှစ်ရက်ကြာပြီးနောက်တွင် လူငယ်အတွဲက စီရင်စုသို့ စျေးဝယ်ထွက်ကြတော့မည်။ အခုတော့ မိသားစုက ချမ်းသာလာပြီဖြစ်ရာ သမီးဖြစ်သူ ဘယ်‌လောက်သုံးသုံး သူမက ဂရုမစိုက်ပေ။ သို့သော် လူငယ်စုံတွဲက စီရင်စုကို သွားမည်ဆိုတော့ သူမ၏ စိတ်ထဲတွင် နောက်ထပ်ကိစ္စတစ်ခု ရှိနေသေးသည်။

သည်မနက်ခင်းတွင် ရွှီရောင်ကျောင်း အိပ်ရာမထခင် စုန့်ဝေဖျင်က မီးဖိုထဲတွင် မနက်စာ လုပ်နေသည်။ ဝူချွန်းဟွားက ထိုကိစ္စကို ဆွဲထုတ်လာပြီး ဆုံးဖြတ်ချက်ချလိုက်ကာ စုန့်ဝေဖျင်နှင့် စကားပြောဖို့ ဆုံးဖြတ်လိုက်တော့သည်။

“ဝေဖျင် အဟမ်း အမေ သားကို စကားနည်းနည်းလောက်‌ ပြောချင်လို့”

သူမက တစ်ခုခု ပြောချင်သော်လည်း ထုတ်ပြောဖို့ရာ ရှက်နေသည်ကို မြင်လိုက်ရသဖြင့် စုန့်ဝေဖျင်မှာ ရုတ်တရက်ဆိုသလို စိတ်ထဲတွင် အတွေးများစွာ ဝင်ရောက်လာတော့သည်။

“အမေ ပြောချင်တာရှိရင် ဘာပဲဖြစ်ဖြစ် ပြောလိုက်ပါ၊ သမက်ကို သားလို့ မှတ်လို့ရပါတယ်၊ ဒီတော့ ပြောစရာတစ်ခုခုရှိရင် အမေ ကျွန်တော့်ကို ပြောလို့ရပါတယ်”

ဝူချွန်းဟွားက ပြောလိုက်ပြီး

“မင်း ရှောင်ကျောင်းကို ကောင်းကောင်းဆက်ဆံတယ်၊ အမေ့ပေါ်သိတတ်တယ်၊ ပြီးတော့ ရှောင်ကန်းကိုလည်း ညီလေးတစ်ယောက်လို သ‌ဘောထားတာ အမေ သိပါတယ်၊ အမေ အရမ်းဝမ်းသာတယ်”

စုန့်ဝေဖျင်က သေသေချာချာ နားထောင်လိုက်ပြီး သူမ နောက်ပြောမည့် အဓိကအကြောင်းအရင်းကို သိသွားတော့သည်။

“တစ်ခုပဲ.... ကြည့်လေ မင်းတို့တွေ လက်ထပ်ပြီးတာ ၂-၃နှစ်လောက်ရှိနေပြီ၊ ကလေးတစ်ယောက်မှ မရသေးဘူး၊ အမေ စိတ်ပူမိတယ်၊ အဘွားက ဒီအကြောင်းကို မပြောပေမဲ့ သူလည်း မြစ်လေးတစ်ယောက်တော့ မျှော်လင့်နေမှာပဲ၊ မင်းကော အဲလို မထင်ဘူးလား”

စုန့်ဝေဖျင်က သူ့မျက်ခုံးများကို မသိမသာ ပင့်ထားလိုက်မိလေသည်။ ကလေးကိစ္စကို ဘာလို့ ထပ်ပြီး ထုတ်ပြောလာတာတဲ့လဲ။

ဝူချွန်းဟွားက စုန့်ဝေဖျင်၏ ဇဝေဇဝါ ဖြစ်နေသည့် အမူအရာကို သတိမထားမိလိုက်ချေ။ ပထမတစ်ခွန်းကို ထုတ်ပြောလိုက်သည်နှင့် ကျန်သည့်စကားက လွယ်ကူသွားတော့သည်။

“ဒါကြောင့် အမေနဲ့ ရှောင်ကျောင်း ဒီအကြောင်းကို အကြိမ်ကြိမ် ပြောခဲ့ပြီးပြီ၊ မင်းလည်း သူ့စိတ်ကို သိပါတယ်၊ သူ ဆုံးဖြတ်ပြီးသွားရင် နွားဆယ်ကောင်နဲ့ ပြန်ဆွဲတောင် သူ့ကို တားလို့မရဘူး၊ သူ ဒီအကြောင်းကို ပြောလိုက်တိုင်း ဘာသေချာတဲ့ အဖြေမှ မပေးဘူး၊ ဒီတော့ အမေလည်း မင်းကိုပဲ ပြောရတော့တယ်”

သူမက အားတက်သရော ပြောနေလေသည်။

“မင်းတို့တွေ ကလေးတစ်ယောက်ရလာရင် အနာဂတ်မှာ အားကိုးရမယ်သူ တစ်ယောက်ရှိလာလိမ့်မယ်၊ ဒီအပြင် မင်းရော ပြည့်ပြည့်ဖြိုးဖြိုးကလေးတစ်ယောက်လောက် မလိုချင်ဘူးလား၊ အမေကတော့ တစ်ယောက်လောက်လိုချင်တယ်၊ ဒီတခါ မင်းတို့နှစ်ယောက် စီရင်စုကို သွားကြမှာမလား၊ အမေ့အထင်တော့ အခုတော့ ရှောင်ကျောင်းက မင်းစကားကို နားထောင်တတ်လာပြီ၊ သူနဲ့ ပြောကြည့်ပြီး စီရင်စုက ဆေးရုံကိုသွားပြီး ဆေးစစ်ကြည့်လိုက်၊ မင်း ဒါမှမဟုတ် ရှောင်ကျောင်းမှာ ပြဿနာတစ်ခုခုရှိတယ်ဆိုရင်လည်း ကုသလို့ရပါတယ်၊ အခု အမေတို့မှာ ငွေတွေလည်း အများကြီး ရှိလာပြီလေ ဟုတ်တယ်မလား၊ ပြဿနာမရှိဘူးဆိုရင်လညး စိတ်အေးရတာပေါ့၊ ဒါဆိုရင်တော့ အမေတို့တွေ အဘွားစကားက နားထောင်လိုက်ရုံပဲ၊ ကလေးရဖို့ကလည်း ရေစက်ပါအုံးမှ၊ အမေတို့တွေ ဖြည်းဖြည်းချင်း စောင့်လို့ရပါတယ်”

စုန့်ဝေဖျင်၏ မျက်နှာပေါ်တွင် ဘာအမူအရာမှမတွေ့ရသဖြင့် ဝူချွန်းဟွားက သူ အတွေးလွန်သွားမှာကို စိုးရိမ်ပြီး စကားနည်းနည်း ထပ်ပြောလိုက်လေသည်။

“စိတ်မပူပါနဲ့၊ တစ်ခုခု ဖြစ်တယ်ဆိုရင်တောင် အမေတို့က မစိုးရိမ်ပါဘူး၊ ဘာပဲဖြစ်ဖြစ် အမေတို့တွေက မိသားစုတစ်ခုထဲလေ”

စုန့်ဝေဖျင်သည် ရွှီရှောင်ကျောင်းက သူပေးသည့်ရှင်းလင်းချက်ကို ဝူချွန်းဟွားအား လုံးဝမပြောပြခဲ့သည့် အကြောင်းအရင်းကို အံ့ဩနေရုံသာ ဖြစ်လေသည်။ ဝူချွန်းဟွားက ဒီကိစ္စနဲ့ သူမကို လာရှာတိုင်း သူမက ဘယ်လိုတွေ မလှိမ့်တပတ်လုပ်ခဲ့လဲ မသိဘူး။

စုန့်ဝေဖျင်က နွေးနွေးထွေးထွေး ပြန်ဖြေလိုက်၏။

“အမေ ဆေးရုံကို သွားပြီး ဆေးစစ်စရာ မလိုပါဘူး၊ ကျွန်တော်တို့ ကလေးမရတဲ့ကိစ္စက ဘာလို့ကြောင့်လဲဆိုတော့ ကျွန်တော်....”

‘ကျွန်တော်က နေမကောင်းဘဲ စွမ်းဆောင်နိုင်စွမ်းမရှိလို့ပါ’ဟူသည့်စကားက ရွှီရှောင်ကျောင်းကြောင့် သူ့ပါးစပ်ထဲတွင် ပြန်မျိုသိပ်လိုက်ရတော့သည်။

“စုန့်ဝေဖျင် တိတ်စမ်း၊ ငါ အမေနဲ့ ပြောလိုက်မယ်”

ရွှီရှောင်ကျောင်းက သူ့လက်မောင်းကို ခပ်နာနာဆိတ်လိုက်ပြီး သူ့ကို ဆက်မပြောဖို့ တားမြစ်လိုက်ကာ ဝူချွန်းဟွားကို ဆွဲခေါ်သွားတော့သည်။

သူမက ဝူချွန်းဟွားကို ပင်မဆောင်ထဲသို့ ဆွဲခေါ်သွားလိုက်ပြီး ဆိုဖာပေါ်တွင် ထိုင်ကာ ပြစ်တင်ညည်းညူတော့သည်။

“အမေ အမေနဲ့ စုန့်ဝေဖျင်တို့ ဘာပြောနေကြတာလဲ၊ အရမ်းရှက်ဖို့ကောင်းတာပဲ”

ဝူချွန်းဟွား၏ ရည်ရွယ်ချက်က အလွန်မှ သိသာလေသည်။ စုန့်ဝေဖျင်က နေကောင်းရဲ့လားဟု စစ်ဆေးဖို့ရန်ပင်။

ဝူချွန်းဟွားက ပြုံးကာ ရွှီရှောင်ကျောင်း၏လက်ကို ပုတ်လိုက်ပြီး

“အမေက အစကတော့ တော်တော်လေး ရှက်ပါတယ်၊ ဒါပေမဲ့ ဘယ်လိုလုပ်မလဲ၊ ဝေဖျင်က ပြောတယ်လေ၊ သမက်ကလည်း သားပါပဲတဲ့၊ သူက အမေ့ကို အပြင်လူလို့ မသတ်မှတ်မှတော့ အမေ့ပါးစပ်လည်း ဖွင့်နိုင်တာပေါ့”

ရွှီရှောင်ကျောင်းသည် သူမက ကလေးမလိုချင်ပါဟု ပြောခဲ့ချိန်က စုန့်ဝေဖျင် ပေးခဲ့သည့် ရှင်းလင်းချက်ကို ပြန်သတိရသွားတော့သည်။ စုန့်ဝေဖျင်က သူနေမကောင်းလို့ ကလေးမရနိုင်ဘူးလို့ ဒီအတိုင်း ပြောလိုက်ဖို့ ငါ့ကို ပြောထားခဲ့တာ။

ဒါ‌ပေမဲ့ ဘယ်တော့မှ မပြောခဲ့ဘူး။

အရင်ကတောင် မပြောချင်ခဲ့တာ အခုလည်း မပြောချင်ဘူးပေါ့။

“အမေ အမေ့စကားကို သမီး နားလည်ပါတယ်၊ စိတ်မပူပါနဲ့ ကလေးကိစ္စက သမီးတို့တွေ အရင်ကတည်းက လိုချင်ခဲ့တာ၊ အခုတော့ သမီးတို့တွေ တစ်ယောက်လောက်ယူဖို့ စဥ်းစားနေပါတယ်၊ သမီးတို့တွေက ငွေရှိလာတဲ့အထိ စောင့်ပြီးမှ ကလေးယူမယ်လို့ သမီး ပြောခဲ့တယ်မလား၊ အခု အခြေအနေကလည်း အတော်အသင့်ရှိလာပြီ၊ သမီးတို့တွေ ကလေးတစ်ယောက်ယူဖို့ အသင့်ဖြစ်နေပါပြီ၊ တကယ်လို့များ တစ်နှစ် ဒါမှမဟုတ် တစ်နှစ်ခွဲအတွင်း ကလေးမရသေးဘူးဆိုရင် အဲဒီအခါကျရင် စစ်ဆေးလိုက်ပါမယ်၊ ဆေးစစ်တာလုပ်မယ်လို့ ကတိပေးတယ်”

ဒါသည် ရွှီရှောင်ကျောင်းက ဝူချွန်းဟွားကို သေချာသည့်အချိန်တစ်ခု ပေးခဲ့သည့် ပထမဆုံးအကြိမ်ပင်။ သူမက တစ်နှစ်၊ တစ်နှစ်ခွဲဟုဆိုသော်လည်း ဝူချွန်းဟွားက အလွန်ကြာလွန်းသည်ဟု ထင်လေသည်။ သို့သော် သူမ၏သမီးက နောက်ဆုံးမှာ အလျှော့ပေးလိုက်သည်ဖြစ်ရာ သူမက အတင်းလည်း မတိုက်တွန်းလိုပေ။

“ဟုတ်ပါပြီ၊ ဒါဆိုလည်း နှစ်ဝက်ပေါ့၊ နှစ်ဝက်အတွင်း သမီးဆီမှာ ဘာလှုပ်ရှားမှုမှမရှိရင် အမေ့စကား နားထောင်ပြီး မြန်မြန်သွားစစ်ဆေးရမယ်”

ရွှီရှောင်ကျောင်းက နာနာခံခံဖြင့် ခေါင်းညိတ်လိုက်လေသည်။

“သမီးနားလည်ပါတယ်”

စီရင်စုသွားသည့် ဘက်စ်ကားပေါ်တွင် ရွှီရှောင်ကျော်းက စုန့်ဝေဖျင်ကို မှီထားလေသည်။ နှစ်ယောက်သားက လေသံတိုးတိုးဖြင်း တီးတိုးပြောလာကြသည်။

“ငါသာ နင့်ကို မတားခဲ့ရင် နင် မကောင်းပါဘူးလို့ အမေ့ကို ပြောမလို့လား”

စုန့်ဝေဖျင်က သူမကို လှည့်ကြည့်လိုက်၏။ သူမ၏မျက်နှာပေါ်တွင် စိတ်ဆိုးမာန်ဆိုး ဖြစ်နေသည့် ရုပ်လေးတစ်ခု ရှိနေလေသည်။

“ဒါက အစောကြီးကတည်းက သ‌ဘောတူထားတဲ့ကိစ္စလေ၊မင်း ဘာလို့အမေ့ကို မပြောခဲ့တာလဲ၊ သူ မင်းကို နောက်ကွယ်မှာ ခဏခဏ လာမေးမှာသေချာတယ်”

ရွှီရှောင်ကျောင်းက လက်ကိုဆန့်ကာ သူ့ကို တို့ထိလိုက်ပြီး

“အဲကိစ္စကို စိတ်မပူပါနဲ့၊ ဘာပဲဖြစ်ဖြစ် နောက်ဆိုရင် နင်က နေမကောင်းဘူးလို့ တခြားသူတွေကို ပြောခွင့်မပြုဘူးနော်၊ နင် အဲလိုမှတ်ချက်မျိုးတွေ မလုပ်ရဘူး၊ မှတ်ထားနော်”

သူတို့၏ရှေ့နှင့် နောက်တွင် မည်သူမှ မရှိသလို သူတို့၏အသံကလည်း တိုးညင်းလေသည်။ စုန့်ဝေဖျင်က သူ့နှာခေါင်းကို ပွတ်သပ်လိုက်ကာ ပြောလိုက်သည်။

“ကိုက မစွမ်းဆောင်နိုင်ဘူးလို့ မင်း အမြဲတမ်း ထင်နေတာ မဟုတ်ဘူးလား”

ရွှီရှောင်ကျောင်းက နှာခေါင်းရှုံ့လိုက်၏။ အခုချိန်အထိတောင် သူက မစွမ်းဆောင်နိုင်ဘူးလို့ ထင်နေတုန်းပါပဲနော်။ ထုတ်မပြောနိုင်တာပဲရှိတယ်။ အဲဒီအိမ်နီးချင်းတွေက အရှေ့နဲ့ အနောက်မိသားစုတွေရဲ့ အတွင်းရေးကိစ္စကို မေးမြန်းတဲ့နေရာမှာ အတော်ဆုံးပဲ။ စုန့်ဝေဖျင်က ကလေးမမွေးနိုင်ဘူးဆိုတဲ့ အတင်းသာ ပြန့်သွားလို့ကတော့ တံတွေးနဲ့တင် လူတစ်ယောက်ကို နစ်သွားအောင်လုပ်နိုင်တယ်။ ဒါဆိုရင် စုန့်ဝေဖျင်မှာ ဘယ်လိုဂုဏ်သိက္ခာမျိုးကျန်အုံးမှာလဲ။

ဘာပဲဖြစ်ဖြစ် ငါကတော့ သူ့ကို တခြားလူတွေရဲ့အမြင်မှာ ရုပ်ချောပြီး အရည်အချင်းရှိတဲ့သူလို့ပဲ မြင်စေချင်တယ်။

ရွှီရှောင်ကျောင်းက သူ့စကားကို လျစ်လျူရှုထားလိုက်ပြီး

“အမေ့ဘက်ကိုတော့ ငါ့မှာ အကြောင်းပြချက်ရှိပါတယ်၊ ဘာပဲဖြစ်ဖြစ် နောက်ဆိုရင် နင့်ကို ပေါက်ကရတွေ ဘာမှ ပြောခွင့်မပေးဘူးနော်”

စုန့်ဝေဖျင်က သူ့ကို ကာကွယ်ပေးချင်သည့် သူမ၏စိတ်ကို သတိထားမိရာ သူ့နှလုံးသားထဲတွင် နွေးထွေးသွားတော့သည်။

“အင်းပါ ကို နားလည်ပါတယ်၊ ကို မင်းစကားကို နားထောင်ပါ့မယ်”

“အဲလိုမှပေါ့” ရွှီရှောင်ကျောင်းက ကျေနပ်သွားတော့သည်။

ဒီကိစ္စကို ဖြေရှင်းပြီးသွားသည့်နောက်တွင် ရွှီရှောင်ကျောင်းတွင် စိတ်ပူစရာကိစ္စ မရှိတော့ရာ စုန့်ဝေဖျင်က သူမကို စျေးဝယ်ထွက်ဖို့ ခေါ်သွားပေးသည်ကို စတင် ပျော်ရွှင်လာတော့သည်။

စီရင်စုက အမှန်ပင် အများကြီး ပြောင်းလဲသွားလေသည်။

သူမသည် အရင်က မြို့သို့လာချိန်တွင် သူမ လည်ပတ်နိုင်သည့် နေရာများမှာ အစိုးရပိုင် သမဝါယမဆိုင်များ၊ အစိုးရပိုင်စျေးကြီးများနှင့် ရုပ်ရှင်ရုံသာဖြစ်လေသည်။ အစိုးရပိုင် စတိုးဆိုင်နည်းနည်းပါးပါးကလွဲလျှင် တခြားဘာမှမရှိချေ။

သို့‌သော် သည်တစ်ကြိမ်တွင်တော့ စီရင်စုသည် အများကြီးပိုပြီး စည်ကားလာခဲ့သည်။

အစည်ကားဆုံ လမ်း‌ပေါ်တွင် နှစ်မကုန်ခင် အဆောက်အအုံးများကို ဆောက်လုပ်လာခဲ့သည်။ အခုတော့ အဆောက်အအုံများက ပြီးစီးသွားခဲ့ပြီ။ ကုန်တိုက်တစ်ခုကို ဖွင့်လှစ်ထားခဲ့သည်။ ဆိုင်ထဲတွင် အရာအားလုံးရနိုင်ပြီး လူများ ဝင်ထွက်သွားလာနေကာ အလွန်မှ စည်ကားနေသည်ဟု ဆိုနိုင်သည်။

လမ်းတစ်ခုလုံးတွင်လည်း နှစ်ဖက်စလုံးတွင် ကုန်သည်လေးများတည်ထားသည့် လမ်းဘေးဆိုင်များနှင့် ခေါင်းရွက်ဗျက်ထိုးသည်များ တန်းစီနေကြသည။ မျက်စိကျိန်းလောက်စရာ ပစ္စည်းများနှင့် ပြည့်လို့နေသည။ ပစ္စည်းတော်တော်များများကိုလည်း ရောင်းချရသည်။ ညပိုင်းတွင် ပိုပြီးစည်ကားသည်ဟု ပြောကြသည်။

နှစ်‌ယောက်သားက စီရင်စုတွင် တစ်ညအိပ်ကာ ညစျေးကိုလည်ပတ်၊ ရုပ်ရှင်ကြည့်ပြီးမှ နောက်တစ်နေ့ အိမ်ပြန်ကြမည်ဟု စီစဥ်ထားလိုက်သည်။

နေ့ဘက်တွင် သူမက ကုန်တိုက်ကို သွားလည်ပြီး အသစ်ဖွင့်ထားသည့် စားသောက်ဆိုင်တစ်ခုတွင် စားသောက်ပြီး နေ့လယ်ခင်းတွင် အနားယူဖို့ တည်းခိုခန်းသို့ ပြန်လာကြသည်။ ရွှီရှောင်ကျောင်းက တဖန်အားအင်အသစ် ဖြစ်လာပြီး မီးရောင်များ လင်းလာသည်နှင့် သူမက စုန့်ဝေဖျင်ကို ဆွဲထုတ်လာတော့သည်။

“တကယ့်ကို အရင်ကနဲ့ မတူတော့ဘူးနော်၊ သရေစာမုန့်တွေလည်း အများကြီးပဲ”

ရွှီ‌ရှောင်ကျောင်းက မဆုံးနိုင်အောင် အံ့ဩတကြီးဖြစ်နေတော့သည်။ နေ့ခင်းဘက်ထက် ညခင်းတွင် အမှန်ပင် ပိုပြီးစည်ကားလေသည်။

လမ်းဘေးစျေးဆိုင် စီးပွားရေးက အစောကြီးကတည်းက အားအင်အပြည့်ဖြင့် ပြည့်လျှံလို့နေသည်။ သေးငယ်သည့်လုပ်ငန်းဆိုသည့်တိုင် အရည်အသွေးကောင်းပြီး ဈေးသက်သာသရွေ့ အရောင်းရှုံ့မည်ကို စိုးရိမ်စရာမလိုချေ။ ရွှီရှောင်ကျောင်းသည် သာမန်သွားရေစားများဖြစ်သည့် အသားတုတ်ထိုး၊ ‌ခေါက်မုန့်လိပ်၊ ထန်ဟူလူ၊ ကြက်အရေခွံကြော် စသည်များဖြစ်လသေည်။

သူမသည် အရင်ဘဝက ထိုအစားအသောက်များကို အများကြီး မစားခဲ့သော်လည်း ထိုမုန့်များကို မြင်လိုက်ချိန်တင် ရင်းနှီးသည့်ခံစားချက်တစ်ခုကို ခံစားနေရဆဲပင်။ သူမသည် သည်ဘဝတွင်တော့ အမှန်ပင် မြည်းစမ်းချင်မိလေသည်။

ရွှီရှောင်ကျောင်းက သူမလည်ပင်းတွင် ချိတ်ဆွဲထားသည့် ကင်မရာကို ချွတ်လိုက်ပြီး ပြောလိုက်လေသည်

“စုန့်ဝေဖျင် ငါ အရင်ဆုံး ညရှုခင်း ဓာတ်ပုံရိုက်လိုက်မယ်၊ ပြီးတော့ ခဏနေရင် ငါ နင့်အတွက် ဓာတ်ပုံရိုက်ပေးမယ်”

စုန့်ဝေဖျင် သူမသဘောအတိုင်း လိုက်လျောနေကြပင်။

ဝေးကွာလှသည့်ကာလတွင် စည်ကားသည့် ကလပ်များနှင့် အရက်ဘားများ မရှိသော်လည်း ကျယ်ပြောလှသည့် အမှောင်ယံထဲတွင် လင်းထိန်နေသည့်မီးရောင်များနှင့် လမ်းသွယ်လေးတစ်ခုက သူ့ကိုယ်ပိုင်ထူးခြားမှုရသတစ်ခု ရှိနေလေသည်။

ရွှီရှောင်ကျောင်းက စုန့်ဝေဖျင်ကို ကြည့်လိုက်ပြီး ရုတ်တရက်စိတ်ကူးတစ်ခု ရသွားကာ

“စုန့်ဝေဖျင် ဒီမှာ ရပ်နေ၊ မလှုပ်နဲ့နော်၊ ငါ နင့်ကို ဓာတ်ပုံရိုက်မလို့၊ ပြီးရင် ငါတို့နှစ်ယောက်ကို ဓာတ်ပုံရိုက်ပေးဖို့ လူတယောက်ကို အကူအညီတောင်းရမယ်”

သူမက ကင်မရာနှင့် အ‌ဝေးသို့ လျှောက်သွားလိုက်ပြီး ရှုထောင့်ကောင်းတစ်ခုကို ရွေးလိုက်ကာ စုန့်ဝေဖျင်နှင့် မျက်နှာချင်းဆိုင်လိုက်ပြီး

“ဒီမှာ ငါ့ကို ကြည့်၊ ပြုံးမယ်~”

ကင်မရာကို ချိန်ထားလိုက်ပြီး ရွှီရှောင်ကျောင်းသည် ကင်မရာထဲကတဆင့် စုန့်ဝေဖျင်ကို ကြည့်လိုက်လေသည်။ ညယံအောက်တွင် သူသည် ချောမောသိမ်မွေ့နေသည်ဟု ခံစားရလေသည်။ အထူးအရောင်အဝါတစ်ခုပင် ရှိနေသည်။

ဓာတ်ပုံရိုက်လိုက်ပြီးနောက် သူမက စုန့်ဝေဖျင်ကို သူ့ကိုယ်အနေအထား ပြောင်းခိုင်းရန် ခေါင်းအမော့တွင် ကင်မရာထဲတွင် သူ့အမူအရာက ရုတ်တရက် ပြောင်းသွားသည်ကို မြင်လိုက်ရလေသည်။

ထိုနောက်တွင် ရွှီရှောင်ကျောင်းသည် သူမလက်ထဲက ကင်မရာက ထိန်းမနိုင်ဘဲ လွတ်ကျသွားသလို ခံစားလိုက်ရတော့သည်။ ထို့နောက်တွင် သူမက သတိပြန်ဝင်လာချိန်တွင်တော့ သူမလက်ထဲတွင် ကင်မရာက မရှိတော့ပေ။

ထို့နောက်တွင် ရွှီရှောင်ကျောင်းသည် သူမ၏ကင်မရာ လူကြားထဲတွင် ခိုးခံလိုက်ရမှန်း သိလိုက်ရတော့သည်။

စုန့်ဝေဖျင်က ခြေလှမ်းအနည်းငယ်ဖြင့် အပြေးရောက်လာပြီး

“မင်းလက် ဒဏ်ရာရသွားသေးလား”

သူမသည် ဓာတ်ပုံရိုက်ချိန်က သူမ၏လက်ကို တိပ်ဖြင့် ပတ်ထားခဲ့သည်။

ရွှီ‌ရှောင်ကျောင်းက ခေါင်းခါပြလိုက်ပြီး ပြန်လှည့်ကြည့်လိုက်ကာ လက်ထဲတွင် ကင်မရာကြိုးတစ်ခုဖြင့် စက်ဘီးစီးပြီး ထွက်ပြေးသွားသည့်လူတစ်‌ယောက်ကို မြင်လိုက်ရလေသည်။

စုန့်ဝေဖျင်က သူမကို လှမ်းကြည့်လိုက်ပြီး ပြောလိုက်၏။

“စောင့်နေ”

All Chapters