အခန်း (၅၅-၅၇)
Vol. 4 Ch. 55-57
အပိုင်း (၅၅) ဒဏ်ရာရသွားတယ်
“အိုး မိန်းကလေး မင်းတော့ လန့်သွားမှာပဲ၊ ပစ္စည်းခိုးတဲ့လူနဲ့မှ တွေ့ရသလား”
“ညပိုင်း အရမ်းနောက်ကျနေပြီးတော့ ဒီမှာ လူအရမ်းများတယ်လေ၊ ဒီသူခိုးတွေက အရမ်းအတင့်ရဲတာ၊ သူတို့ကို ဖမ်းပြီး အချုပ်ထဲထည့်ပစ်ရမှာ”
“ဖမ်းဖို့ကလည်း မလွယ်ပါဘူး၊ အဲဒီလူက စက်ဘီးစီးနေတာ၊ အဝေးရောက်သွားတာနဲ့ သူက အမှောင်ထဲ ပျောက်သွားပြီး မင်းလည်း သူ့ကို ရှာတွေ့မှာ မဟုတ်တော့ဘူး၊ တမြန်နေ့ကလည်း ဖြစ်သွားသေးတယ်၊ ရွှေနားကပ် ပန်ထားတာလေ၊ သူက နားကပ်ကို ဆွဲပြေးသွားရုံမကဘူး မိန်းကလေးရဲ့နားလည်း ဒဏ်ရာရသွားခဲ့တယ်၊ ရဲတိုင်လည်း ဘာမှမထူးပါဘူး၊ သူတို့မှာ မရှာတွေ့တာ”
ရွှီရှောင်ကျောင်းသည် သူမဘေးက စကားသံများကို နားထောင်ရင်း စုန့်ဝေဖျင်၏ပုံရိပ်ကို ငေးကြည့်နေမိတော့သသည်။
သူမမှာ သူခိုးတစ်ယောက်နှင့် တွေ့ကြုံရလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။ သည် အတွေ့အကြုံက အလွန်မှ သူစိမ်းဆန်လွန်းလှသည်။ ရွှီရှောင်ကျောင်း၏ပထမဆုံးအတွေးမှာ ရဲတိုင်ဖို့ပင်။ ထို့နောက်မှ သည်ခေတ်တွင် လုံခြုံရေးကင်မရာလုံးဝ မရှိမှန်း စဥ်းစားမိလိုက်သည်။ သူမက လိုက်မသွားဘဲ ရဲများရောက်လာချိန်မှ သူခိုးရုပ်ကို သိခဲ့လျှင်တောင် ပြန်ရနိုင်ခြေက လုံးဝမရှိပေ။
“အဲဒီသူခိုးတွေက ဓားတွေ ဆောင်ထားတယ်လို့ ကြားတယ်၊ အရမ်းအန္တရာယ်များတာနော်”
“သူတို့အားလုံးက သူတို့အသက်ကိုတောင် စွန့်ကြမဲ့ လူမိုက်တွေပဲ၊ မင်း သူတို့ကို ဖမ်းမိခဲ့ရင် ဘာဆက်ဖြစ်မလဲ ဘယ်သူက သိမှာလဲ”
ထိုစကားကို ကြားလိုက်သည်တွင် ရွှီရှောင်ကျောင်း၏မျက်နှာအမူအရာမှာ ပြောင်းလဲသွားတော့သည်။ သူမ မေ့သွားသည့်အရာကို စဥ်းစားလိုက်မိလေသည်။ စုန့်ဝေဖျင်က လက်ဗလာကို သုံးနေတာပဲ။ တစ်ဖက်လူက တကယ်ပြ ဓားတစ်လက်ပါတယ်ဆိုရင် အရမ်းအန္တရာယ်များတယ်။
“စုန့်ဝေဖျင်၊ မြန်မြန်ပြန်လာခဲ့”
သူမ စကားဆုံးသွားနှင့်တစ်ပြိုင်နက် စုန့်ဝေဖျင်က ခြေတလှမ်းရှေ့တိုးလိုက်ပြီး သူခိုး၏စက်ဘီးကို ကန်လိုက်တော့သည်။
“အိုး”
“အားရလိုက်တာ”
“အဲဒီလူငယ်လေးက အရမ်းမြန်တာပဲ”
အာမေဋိတ်သံများ မဆုံးခင်မှာပင် မြေကြီးပေါ် လဲကျသွားသည့် သူခိုးက သွေးအန်လိုက်ပြီး သူ့အိတ်ကပ်ထဲက တောက်ပနေသည့် အသီးလှီးဓားတစ်လက်ကို ထုတ်လိုက်တော့သည်။
အားလုံးက အသက်ရှူရပ်သွားတော့သည်။ အနီးအနားရှိ လူအားလုံးက ခြေတစ်လှမ်းဆုတ်လိုက်၏။ ရွှီရှောင်ကျောင်းနားက လူများသည် အဝေးကြီးတွင် ရှိနေသော်လည်း သူတို့သည်လည်း အမှတ်တမဲ့ လန့်ဖျပ်သွားကြတော့သည်။
“အို.. ဟာ.. သူတို့မှာ တကယ်ပဲ ဓားတစ်လက်ရှိတယ်ဟ”
“အရမ်းအန္တရာယ်များတယ်၊ မိန်းကလေး မင်းခင်ပွန်းကို မြန်မြန် ပြန်ခေါ်လိုက်တော့၊ အသက်က ပိုအရေးကြီးတယ်”
“ဓားပဲ”
အသီးလှီးဓားကို တွေ့လိုက်ကတည်းက ရွှီရှောင်ကျောင်း၏ခြေထောက်များသည် အားနည်းသွားသလို ခံစားရပြီး မရပ်နိုင်တော့ချေ။ သူမဘေးက အဒေါ်တစ်ယောက်သာ သူမကို မြန်မြန် တွဲမထားလိုက်လျှင် သူမသည် အစောကြီးကတည်း လဲကျသွားနှင့်ပြီး ဖြစ်လိမ့်မည်။
ရွှီရှောင်ကျောင်းက ကြံရာမရဘဲ စုန့်ဝေဖျင်ကို လှမ်းခေါ်ချင်လိုက်သော်လည်း သူမမှာ စကားပင် မပြောနိုင်တော့ချေ။
သူမသည် စုန့်ဝေဖျင်၏နာမည်ကို ခေါ်လိုက်ရဲ့လားပင် မသိတော့ပေ။ သို့သော် ဓားကိုင်ထားသည့်လူက ရှေ့တို့လာသည်ကို သူမ တွေ့လိုက်ရလေသည်။ စုန့်ဝေဖျင်က နောက်တစ်လှမ်း ကြိုဆုတ်ထားလိုက်သည်။ ပုံရိပ်နှစ်ခု အချင်းချင်း ဖြတ်သွားသည့်အခိုက်တွင် ရွှီရှောင်ကျောင်း၏ နှလုံးမှာ လည်ချောင်းထဲမှ ခုန်ထွက်သွားမတတ်ပင်။
သူမသည် မျက်လုံးများကို တင်းနေအောင် မှိတ်ထားလိုက်ပြီး နှစ်ချက်လောက် မြန်မြန် အသက်ရှူလိုက်ပြီးမှ သူမ၏မျက်လုံးများကို ပြန်ဖွင့်ကာ သူမကိုတွဲထားသည့် အဒေါ်ဆီမှ ပြေးထွက်သွားလိုက်တော့သည်။ သူမသည် စုန့်ဝေဖျင်ထံသို့ ပြေးဝင်သွားလေသည်။
“ဟဲ့ မိန်းကလေး အဲဒီကို မသွားနဲ့၊ အန္တရာယ်များတယ်”
“နင့်ခင်ပွန်းကိုပဲ ဒုက္ခပိုပေးရာ ကျလိမ့်မယ်”
ထိုအဒေါ်က ရွှီရှောင်ကျောင်းကို ပြန်ဆွဲထားဖို့ အလုပ်များနေလေသည်။
ရွှီရှောင်ကျောင်းက မကြားသလို နေလိုက်ပြီး စုန့်ဝေဖျင်ဘက်ကိုသာ ကြည့်နေ၏။
အဝေးတစ်နေရာမှ စုန့်ဝေဖျင်သည် တစ်ခုခုကို အာရုံခံမိသွားဟန်တူသည်။ သူက ကိုယ့်ကိုလှည့်လိုက်ပြီး ရွှီရှောင်ကျောင်းကို လှမ်းကြည့်လိုက်သည်။ ရွှီရှောင်ကျောင်းမှာ သူ၏လှုပ်ရှားမှုကို ရှင်းရှင်းလင်းလင်း မမြင်ရပေ။ ခြေလှမ်းအနည်းငယ်အတွင်းတွင် သူခိုးသည် မြေကြီးပေါ်လဲကျသွားပြီး မလှုပ်မယှက် ဖြစ်သွားတော့သည်။
“စုန့်ဝေဖျင်၊ စုန့်ဝေဖျင်”
သူမက အသက်တစ်ချက် အရှိုက်အတွင်း အရှိန်ဖြင့် ပြေးသွားလိုက်ပြီး သူမ၏မျက်နှာပေါ်တွင် မျက်ရည်များ စီးကျလာတော့သည်။
“နင် သေချင်လို့လား စုန့်ဝေဖျင်”
တစ်နေရာမှ မလွတ်စေဘဲ သူမက စုန့်ဝေဖျင်ကို စစ်ဆေးကြည့်လိုက်ပြီး
“နင်အဆင်ပြေရဲ့လား, အဆင်ပြေရဲ့လားဟင်”
စုန့်ဝေဖျင်က သူမ၏မျက်ရည်များကို လှမ်းသုတ်ပေးလိုက်ပြီး
“ဘာမဖြစ်ဘူး၊ မကြောက်နဲ့တော့နော်”
“ဘာ ဘာမှမဖြစ်တာလဲ၊ မိန်းကလေး မင်းယောက်ျားရဲ့ ညာဖက်လက်မောင်းကို သူခိုး ဓားနဲ့ ထိုးသွားတာ၊ ငါ တွေ့လိုက်တယ်”
အနီးနားက ပျံကျဈေးသည်များက သတိလစ်နေသည့်သူခိုးကို ချည်တုတ်ဖို့ လုပ်လိုက်ကြသည်။ ထိုစကားကို ကြားလိုက်ပြီးနောက် သူတို့က ရွှီရှောင်ကျောင်းကို အော်ပြီး အသိပေးလိုက်ကြတော့သည်။
ရွှီရှောင်ကျောင်းက လက်လှမ်းလိုက်ပြီးနောက် သူ့လက်မောင်းပေါ်တွင် စေးကပ်ကပ်ခံစားချက်တစ်ခုကို ခံစားလိုက်ရတော့သည်။ သူ တကယ် ဒဏ်ရာရသွားတာပဲ။
“ငါတို့ ဒီသူခိုးကို ရဲစခန်းသွားပို့လိုက်မယ်၊ မင်းက မင်းယောက်ျားကို ဆေးရုံမြန်မြန်ခေါ်သွားသင့်တယ်၊ ကြွက်တွေ တစ်ခုခု မထိခိုက်သွားရင် ပိုကောင်းမယ်” ထိုပျံကျဈေးသည်က အလွန်မှ စိတ်အားထက်သန်နေလေသည်။
ရွှီရှောင်ကျောင်းမှာ တခြားဘာကိုမှ ဂရုမစိုက်နိုင်တော့ပေ။
“စုန့်ဝေဖျင် ဆေးရုံကို မြန်မြန်သွားရအောင်”
ဆေးရုံက သိပ်မဝေးလှပေ။ ဒုက္ခများသွားရပြီးနောက် စုန့်ဝေဖျင်သည် ညာဖက်လာတွင် ခြောက်ချက်ချုပ်လိုက်ရတော့သည်။ ကံကောင်းချင်တော့ အသားကိုသာ ဒဏ်ရာဖြစ်သွားကာ အချိန်ခဏလောက် ဂရုစိုက်လိုက်လျှင် ပြန်ကောင်းလာလိမ့်မည်။ ဘာမှ ကြီးကြီးမားမား မဖြစ်ခဲ့ပေ။
ချုပ်ရိုးချုပ်ချိန်တွင် ရွှီရှောင်ကျောင်းက ကြည့်ပင်မကြည့်ရဲချေ။ သူမသည် အတွေးနှင့်တင် နာကျင်မှုကို ခံစားလိုက်လေသည်။
ပတ်တီးစီးလိုက်ပြီးနောက်ပြီးနောက် သူမက ဒဏ်ရာကို အသာအယာ ထိကြည့်လိုက်ကာ ပြောလိုက်၏။
“စုန့်ဝေဖျင်၊ နာလား”
သူတို့သည် ပျော်ရွှင်စရာကောင်းသည့် အချိန်တစ်ခုကို ရခဲ့သော်လည်း ပျက်စီးသွားခဲ့သည်။ သူမ၏ မျက်နှာသေးသေးလေးက ကြောက်လန့်သဖြင့် ဖြူဆုတ်သွားကိ မြင်ရလိုက်ရတော့ စုန့်ဝေဖျင်မှာ အခိုက်တန့် ရင်ကွဲသွားသလို ခံစားလိုက်ပြီး သူမကို ညင်ညင်သာသာဖြင့် ချော့မော့လိုက်တော့သည်။
“မနာပါဘူး၊ မကြောက်နဲ့နော်”
ရွှီရှောင်ကျောင်း၏ နှလုံးသားသည် ပြိုလဲသွားသည့်အခြေအနေတစ်ခုထဲ ကျရောက်သွားတော့သည်။ အခုချိန်မှ သူမသည် ဖြည်းဖြည်းချင်း သတိပြန်ဝင်လာတော့သည်။ ကြောက်စိတ်နှင့် ဒေါသစိတ်က စတင်မြင့်တက်လာ၏။ ရွှီရှောင်ကျောင်းက သူမ၏ခြေထောက်ကို မ,လိုက်ပြီး စုန့်ဝေဖျင်ကို ကန်လိုက်တော့သည်။
“စုန့်ဝေဖျင်၊ နင် သေချင်လို့လား၊ အဲဒီသူခိုးမှာ ဓားနဲ့၊ သူက ဓားကိုတောင် ထုတ်လိုက်သေးတယ်၊ ပြီးတော့ နင်က အနားကို တိုးသွားလိုက်သေးတယ်၊ နင်လေ ထွက်ပြေးရကောင်းမှန်း မသိဘူးလား၊ နင်လေ ငါ့ကို လန့်ပြီးသေအောင် ခြောက်နေတာ၊ သိရဲ့လား”
သူမက ပြောရင်းဆိုရင် မျက်ရည်များ ထပ်စီးကျလာပြန်သည်။
“နင်သာ တစ်ခုခုဖြစ်သွားရင်ဆိုပြီး အဘွားနဲ့ ငါ့ကိုရော စဥ်းစားမိရဲ့လား၊ ပြီးတော့ အမေနဲ့ ရှောင်ကန်း၊ ကောင်စုတ်ရဲ့”
စုန့်ဝေဖျင်က သူမကိုဖက်လိုက်ပြီး သူမက သူ့ကို ရိုက်နေသည်ကို ခွင့်ပြုထားလိုက်လေသည်။
သူမက ခံစားချက်များကို ဖွင့်ချလိုက်ပြီးနောက် သူ့လက်မောင်းထဲတွင် ရှိုက်ကာ ငိုတော့သည်။ စုန့်ဝေဖျင်က သူမကို နွေးနွေးထွေးထွေး ပြန်ဖြေလိုက်၏။
“ကို့အမှားပါ သူ့မှာ ဓားပါလာမယ်လို့ ကိုလည်း ထင်မထားခဲ့ဘူးလေ၊ ဒါပေမဲ့ ကိုယ် ကိုယ်ခံပညာ နည်းနည်းပါးပါး သင်ထားပါတယ်၊ ကိုက မသေချာရင် အနားကပ်မသွားပါဘူး၊ ဘာမဖြစ်မခဲ့ဘူးလေ မဟုတ်ဘူးလား၊ မငိုနဲ့တော့နော်”
ရွှီရှောင်ကျောင်းမှာ အားလုံးဝ ပြတ်သွားတော့သည်။ သူမက မကျေမနပ်ဖြင့် ခေါင်းမော့လိုက်ပြီး
“ဘာကို ဘာမှမဖြစ်တာလဲ၊ နင် ဒဏ်ရာရသွားတာ ခြောက်ချက်တောင်ချုပ်လိုက်ရတယ်လေ”
ငိုယိုထားသည့် သူမ၏မျက်နှာက မျက်ရည်များနှင့် လွှမ်းနေဆဲပင်။ သူမသည် အလွန်ပင် သနားစဖွယ်ဖြစ်နေတော့သည်။ စုန့်ဝေဖျင်က ခေါင်းငုံံ့လိုက်ပြီး သူမ၏မျက်လုံးများကို အနမ်းတစ်ပွင့် ခြွေလိုက်ကာ
“ဘာမှမဖြစ်ပါဘူး ကို နောက်ထပ် အဲလိုမလုပ်တော့ဘူး၊ ထပ်မငိုနဲ့တော့နော်၊ လိမ္မာတယ်”
ရွှီရှောင်ကျောင်းက တစ်ချက်ရှိုက်လိုက်ပြီး သူ့ရင်ခွင်ထဲမှ ထရပ်လိုက်ကာ
“ဟွန့် နင် ကင်မရာ မပြန်ယူလာနိုင်လည်း ကိစ္စမရှိဘူးမလား၊ နင် ငါ့ကို အရမ်းစိတ်ပူရအောင် လုပ်ခဲ့တာ၊ စုန့်ဝေဖျင် ငါ တကယ် လန့်သွားတာနော်၊ စကားတောင် မပြောနိုင်ဘူး၊ ငါ နင့်ကို လှမ်းခေါ်ချင်တာ ဒါပေမဲ့ ခေါ်လို့မရဘူး”
စုန့်ဝေဖျင်က သူမ၏ပါးလေးကို ထိလိုက်ပြီး
“အဲထဲမှာ မင်း ကို့အတွက် ရိုက်ထားပေးတဲ့ဓာတ်ပုံတွေ ရှိနေတာလေ၊ ကို အဲတာကို မဆုံးရှုံးချင်ဘူး”
ဓာတ်ပုံရိုက်နေတုန်းက သူမ မြင်သမျှအားလုံးက သူပဲလေ။ ဒါက သူ့အတွက် သူမပေးတဲ့ လက်ဆောင်တစ်ခု။ သူ ဒါကို သိမ်းထားချင်တာ။
သူတို့နှစ်ယောက် ရိုက်ထားတဲ့ ဓာတ်ပုံတွေလည်း ရှိသေးတယ်။ သူမကို မြစ်ဘက် ခေါ်သွားတုန်းကရယ် တောင်ပေါ် သွားလည်တုန်းကရယ် သူမအတွက် သူရိုက်ထားပေးတဲ့ ဓာတ်ပုံတွေအားလုံးက အဖိုးတန်တယ်။
ဒီဘက်မှာက ဓာတ်ပုံထုတ်ပေးတဲ့ဆိုင်မရှိဘူး။ နောက်တစ်ခါ သူတို့အတူတူ အပြင်ထွက်ဖြစ်ကြရင် ဓာတ်ပုံတွေ ထုတ်ကြပြီး ဓာတ်ပုံအယ်လ်ဘမ်ကြီးတစ်ခုဝယ်ပြီး ဖြည်းဖြည်းချင်း ထည့်ကြမယ်လို့ သဘောတူထားကြပြီးသား။
ရွှီရှောင်ကျောင်းသည် သူပြောလိုက်သည့်စကားကို ကြားလိုက်ရပြီးနောက် သူသည် မကြာခဏဆိုသလို ကင်မရာကို ကိုင်ပြီး အထဲက ဓာတ်ပုံများကို ကြည့်တတ်ကြောင်း သတိရသွားတော့သည်။ သူမက သူ့အတွက် ဓာတ်ပုံများ ရိုက်ပေးထားသလောက် သူက ထိုဓာတ်ပုံများကို အကြိမ်ကြိမ် ကြည့်နေတတ်သည်။
“အရူး၊ ငါ နင့်ကို နောက်မှ ရိုက်ပေးလိုက်ရတာပဲ”
ရွှီရှောင်ကျောင်းက ခေါင်းငုံ့လိုက်ပြီး စုန့်ဝေဖျင်၏လက်ပေါ်က ပတ်တီးကို ညင်ညင်သာသာ တောက်ကြည့်လိုက်၏။ သူမ၏စိတ်ထဲတွင် သူမသည် အကြိမ်ကြိမ် ရေရွတ်လိုက်တော့သည်။ အရူး။
ညတွင်းချင်းပင် သူတို့သည် မှုခင်းမှတ်တမ်း ဖြည့်ရန် ရဲစခန်းသို့သွားလိုက်ကြသည်။ နောက်တစ်နေ့တွင် စုန့်ဝေဖျင်က သူမကို နောက်ထပ်တစ်ရက် ထပ်လည်ဖို့ ခေါ်သွားချင်ခဲ့သည်။ မည်သို့ပင်ဆိုဆို ရွှီရှောင်ကျောင်းက ငြင်းဆန်တော့သည်။
“နင်က ဒဏ်ရာရထားတာလေ၊ ဘာကို လည်ပတ်မှာလဲ၊ အိမ်ပြန်ပြီး အားပြန်ပြည့်အောင် လုပ်ရမယ်၊ ငတုံးကောင်”
စုန့်ဝေဖျင်က သူမသည် ကောင်းကောင်းမွန်မွန် လည်ပတ်ဖို့ အခွင့်အရေးမရခဲ့ဘူးဟု ခံစားမိသော်လည်း သူမက စိတ်ပူနေသည်ကိုလည်း သူ သိနေသည်။
“ကိုတို့တွေ ရုပ်ရှင်လည်း ထပ်မကြည့်လိုက်ရဘူး၊ ကို နောက်တစ်ခါကျမှ ထပ်ခေါ်လာပေးမယ်နော်”
ရွှီရှောင်ကျောင်းက တွေ့ကရာ အဖြေတစ်ခု ပြန်ပေးလိုက်၏။ သူမသည် ထိုကိစ္စကို မစဥ်းစားချင်သေးပေ။ အခုအချိန်တွင် အရေးအကြီးဆုံးကိစ္စမှာ စုန့်ဝေဖျင်၏ဒဏ်ရာ ပျောက်ကင်းဖို့ရန်ပင်။ သည်လောက်ရှည်လျားသည့် ဒဏ်ရာတစ်ခုဖြစ်နေရာ သေသေချာချာ ပြန်မကုသလျှင် အထူးသဖြင့် ရာသီဥတု တဖြည်းဖြည်း ပိုပူလာလျှင် ဒဏ်ရာ ရောင်တက်လာလိမ့်မယ်။ ထို့နောက်တွင်တော့ အများကို နာကျင်မှုကို ခံစားရလိမ့်မည်။
“အိမ်ပြန်မယ် အိမ်ပြန်မယ်”
အဘွားစုန့်နှင့် ဝူချွန်းဟွားတို့နှစ်ယောက်လုံးသည် သူတို့ စီရင်စုသို့ တက်ပြီး လည်ပတ်ကြစဥ် ဒဏ်ရာရလာလိမ့်မည်ဟု ထင်မထားခဲ့ကြပေ။
ဝူချွန်းဟွားက အထူးစိတ်ဆင်းရဲသွားတော့သည်။
“ဒါတွေအားလုံး အမေ့အမှားပဲ၊ အမေသာ ရှောင်ကျောင်းကို မင်းကိုဆွဲပြီး စီရင်စုမြို့ကို သွားဖို့ မပြောခဲ့ရင် မင်းလည်း ဒီအမှုကို သည်းခံလာရစရာ အကြောင်းမရှိဘူး”
စုန့်ဝေဖျင်က သူ အဆင်ပြေကြောင်း ဖော်ပြရတော့သည်။
“အမေ စိတ်မပူပါနဲ့၊ အရေပြားနဲ့ အသားက ရက်ပိုင်းလောက်နေရင် ကောင်းသွားမှာပါ”
အကြောင်းအရာတစ်ခုလုံးကို ကြားလိုက်ရပြီးနောက် အဘွားစုန့်သည် သူမ၏မြေးဖြစ်သူက တခြားဒဏ်ရာများ မရခဲ့သည်ကို မြင်လိုက်ရသဖြင့် စိတ်အေးသွားလေသည်။
“ကောင်လေးဖျင်က အရမ်းကံကောင်းတဲ့သူ ဖြစ်နေလို့ပဲ၊ ဘာမှမဖြစ်တာ ကောင်းတယ်”
အိမ်ပြန်ရောက်လာပြီးနောက်တွင် ရွှီရှောင်ကျောင်းသည် မနေ့ညက ဖြစ်ခဲ့သလို အသုံးမဝင်တော့သူ မဟုတ်တော့ချေ။ သူမက စုန့်ဝေဖျင်ကို မိသားစုများရှေ့တွင် စတင် ချီးမွှမ်းတော့သည်။
“နင်မသိလို့နော်၊ စုန့်ဝေဖျင်က အရမ်းအားကြီးတာ၊ သူခိုးဆီမှာ ဒီလောက်ရှည်တဲ့ဓားတစ်လက် ပါတာတောင် သူက မကြောက်ဘူး၊ လက်သီးနဲ့ ခြေကန်ချက် တစ်ချက်နှစ်ချက်လောက် ကောင်းကောင်း ကျွေးလိုက်တဲ့အချိန်မှာ သူခိုးရဲ့မျက်လုံးတွေက လည်သွားပြီး သတိလစ်သွားတော့တာ”
ရွှီရှောင်ကန်း၏လက်ရှိ အသက်အရွယ်သည် သူရဲကောင်းလုပ်ချင်စိတ် အထွတ်အထိတ်သို့ ရောက်နေချိန် ဖြစ်လေသည်။ ထိုစကားကို ကြားလိုက်ရသည်တွင် သူက ရွှီရှောင်ကျောင်းကို မြန်မြန် ဂျီတိုက်လိုက်ပြီး သူမကို ထိုအကြောင်း ထပ်ပြောပြခိုင်းတော့သည်။
ရွှီရှောင်ကျောင်း၏ အာဝဇ္ဇာန်းရွှင်ရွှင်နှင့် စကားများက ကြီးကျယ်ခမ်းနားပြီးသား ဖြစ်သည်။ ထိုအချင်းအရာထက် သူမက စုန့်ဝေဖျင်ကို သူရဲကောင်းပုံရိပ်တစ်ခု တမင် တည်ဆောက်ပေးချင်နေခြင်းပင်။ အဖြစ်အပျက်ကို ပြောပြလိုက်ပြီးနောက် အဘွားစုန့်နှင့် ဝူချွန်းဟွားတို့မှာ သဘာအကျကြီး ကျသွားတော့သည်။
“အဲဒီတုန်းက ဘေးမှာ အော်ဟစ်နေကြတာ လူတစ်ယောက် မကဘူး၊ သူတို့တွေက နင့်ယောက်ဖ သူခိုးကို မေ့မျောသွားအောင် ကန်လိုက်တာ တွေ့လိုက်ရတော့ သူတို့က အုပ်စုလိုက်ပြေးတက်လာပြီး သူခိုးကို ချည်တုပ်လိုက်ကြတာ၊ သူတို့အားလုံးက နင့်ယောက်ဖကို လူတွေရဲ့ အန္တရာယ်ဖယ်ရှားပေးလို့ဆိုပြီး ချီးကျူးနေကြတာလေ”
“နောက်တော့ သူတို့တွေက ရဲစခန်း ရောက်သွားမှာ သူခိုးက မကောင်းတာတွေအများကြီး လုပ်ခဲ့တာ ငါတို့တွေ သိခဲ့ရတာ၊ ပြီးခဲ့တဲ့လက လူအများကြိးက ရဲကို ခေါ်ခဲ့ကြတာတဲ့၊ သူက လူတွေရဲ့ နားကပ်၊ ဆွဲကြိုး၊ ပိုက်ဆံအိတ်နဲ့ စက်ဘီးတွေကို ခိုးခဲ့တာတဲ့၊ သူက သူရဲ့စက်ဘီးအမြန်စီးနိုင်တဲ့အပေါ် အားကိုးခဲ့တာလေ၊ ပြီးတော့ သူက ဓားတစ်ချောင်းလည်း ဆောင်ထားသေးတယ်၊ တစ်ယောက်ယောက်က သူ့ကို ဖမ်းနိုင်တယ်ဆိုရင်တောင် သူက ဓားပြပြီး လူတွေကို ခြောက်လှန့်မောင်းထုတ်နိုင်တယ်လေ၊ သူက ကောင်းကောင်းပုန်းခို တတ်သေးတော့ ရဲတွေက ရက်အများကြီး ရှာလည်း သူ့ကို ရှာမတွေ့နိုင်ခဲ့ဘူး”
“ရဲသားက နင့်ယောက်ဖကိုတေင် ချီးကျူးခဲ့သေးတယ်၊ နစ်နာသူတွေကလည်း နင့်ယောက်ဖဆီကို ညတွင်းချင်းပဲ ကျေးဇူးတင်ကြောင်းစာတွေ ရေးကြတာ”
စုန့်ဝေဖျင်က မနေ့က ဖြစ်ခဲ့သည့် အကြောင်းကို ပြောပြနေသည့် ရွှီရှောင်ကျောင်း၏စကားကို နားထောင်ရင်း ရေသောက်လိုက်တော့သည်။ ဖြစ်စဥ်တစ်ခုလုံးက ရင်ဖိုစိတ်လှုပ်ရှားစရာ အပြည့်ပင်။ ရွှီရှောင်ကျောင်း၏စကားတွင် သူသည် လူဆိုးများကို ပယ်ပယ်နယ်နယ် အနိုင်ယူခဲ့ပြီး လူများအတွက် အန္တရာယ်ကို ဖယ်ရှာပေးခဲ့သည့် သူရဲကောင်းတစ်ယောက် ဖြစ်လာတော့သည်။
စုန့်ဝေဖျင်က မျက်လွှာချထားလိုက်ပြီး ပြုံးလိုက်၏။ မနေ့ကတော့ ကြောက်လို့ မျက်ရည်တွေနဲ့ ဖြစ်နေခဲ့တဲ့ ကျောင်းကျောင်းလေးက ဒီနေ့တော့ အားအင်အပြည့်နဲ့ အသက်ဝင်ပြီး သူ့ကို စပြီးတော့တောင် ချီးကျူးလိုက်သေးတယ်။ ပြောရမယ်ဆိုရင်တော့ ဒီခံစားချက်က မဆိုးပါဘူး။
ရွှီရှောင်ကန်းသည် နားထောင်လိုက်ပြီးနောက် သူ့စိတ်ထဲတွင် စုန့်ဝေဖျင်၏အရပ်က ပိုမြင့်လာသဖြင့် သူ့မှာ မော့မကြည့်နိုင်လောက်အောင် ခံစားလိုက်ရတော့သည်။
“ယောက်ဖ ယောက်ဖက အရမ်းအံ့ဩစရာကောင်းတာပဲ”
သူက ရုတ်တရက်ထခုန်လိုက်ပြီး လက်သီးချက်နှင့်ခြေကန်ချက်လှုပ်ရှားမှုများကို ပြသလိုက်လေသည်။
“ယောက်ဖ ဒီလိုလား၊ ရုပ်မြင်သံကြားထဲက သိုင်းပညာရှင်တွေလို ယောက်ဖက လူဆိုးတွေကို တစ်ချက်နှစ်ချက်နဲ့ အနိုင်ယူခဲ့တာပေါ့၊ ကျွန်တော် လူဆိုးတွေနဲ့တွေ့ခဲ့ရင် ကျွန်တော်လည်း ဒီလိုချမှာ”
အဘွားစုန့်နှင့် ဝူချွန်းဟွားတို့က မြန်မြန် ပြောရတော့သည်။
“အတင့်မရဲပါနဲ့၊ နင် အတင့်ရဲပြီး မလုပ်တာပိုကောင်းမယ်၊ နင်ကဖြင့် ခန္ဓာကိုယ်သေးသေးလေးနဲ့”
လက်မခံနိုင်ဘဲ ရွှီရှောင်ကန်းက ရင်ကော့ပြလိုက်ပြီး
“ကျွန်တော်က ဘာဖြစ်နေလို့လဲ၊ ကျွန်တော်လည်း အရမ်းအားကြီးပါတယ်နော်”
ရွှီရှောင်ကျောင်းက သူ့ကို ရယ်လိုက်ပြီး
“နင်က နင့်ယောက်ဖနဲ့ဆိုရင် အများကြီးလိုပါသေးတယ်ဟယ်၊ နင့်ယောက်ဖက တခြားလူတွေဆီက သိုင်းပညာနည်းနည်းပါးပါး သင်ထားပြီး အခြေခံကောင်းတစ်ခုလည်း ရှိတယ်၊ နင့်ခြေသုံးချောင်း အရည်အချင်းလောက်နဲ့တော့ လူဆိုးတွေနဲ့တွေ့ရင် ထွက်ပြေးရမယ်၊ နားလည်လား”
အဘွားစုန့်နှင့် ဝူချွန်းဟွားတို့ နှစ်ယောက်လုံးက ခေါင်းညိတ်ကြလေသည်။
ရွှီရှောင်ကန်းက အနည်းငယ် စိတ်ဓာတ်ကျသွားသည်ကို တွေ့လိုက်ရသဖြင့် စုန့်ဝေဖျင်က ရေခွက်ကို ပြန်ချထားလိုက်ပြီး ပြောလိုက်တော့သည်။
“ငါ နေပြန်ကောင်းလာရင် မင်းကို လှည့်ကွက်နည်းနည်းပါးပါး သင်ပေးမယ်၊ မင်း ပိုပြီး လေ့ကျင့်ရင်တော့ နောက်ပိုင်းကျရင် ပိုပိုကောင်းလာလိမ့်မယ်”
ရွှီရှောင်ကန်းက ချက်ချင်း ဝမ်းသာသွားပြီး
“ရေး.. ယောက်ဖက အကောင်းဆုံးပဲ”
အားလုံးက စပြီး ရယ်မောကြတော့သည်။
ဖြစ်စဥ်က မည်မျှပင် ရင်ဖိုစိတ်လှုပ်ရှားစရာကောင်းသော်ငြား နောက်ဆုံးတော့ စုန့်ဝေဖျင်က ဒဏ်ရာရခဲ့လေသည်။ ဝူချွန်းဟွားသည် ကြောက်လန့်မိသော်လည်း သည်တစ်ကြိမ်တွင်တော့ စုန့်ဝေဖျင်၏ဒဏ်ရာကို အလွန်စိတ်ပူမိလေည်။ သူမက သူ့ကို ဘာအလုပ်မှမလုပ်ခိုင်းဘဲ သူမ၏သမက် ကောင်းကောင်း ပြန်နာလှန်ထူလာရေးအတွက် နေ့တိုင်း နည်းလမ်းအမျိုးမျိုးဖြင့် ချက်ပြုတ်ပေးခဲ့သည်။
တခါတရံ သူမက အလုပ်များနေချိန်ဆိုလျှင် ရွှီရှောင်ကန်းက ဝင်ရောက်ချက်ပြုတ်ပေးတတ်သည်။ အခုတော့ သူသည် အချက်အပြုတ်တွင် အလွန်ကောင်းလာပြီး သူချက်သည့် အစားအသောက်များကလည်း အရသာအလွန်ကောင်းလာခဲ့သည်။
ရွှီရှောင်ကျောင်းကလည်း တောက်တိုမယ်ရလေးများ လုပ်ပေးလေသည်။ ပုံမှန်ဆိုလျှင် အများဆုံး အသုံးပြုတတ်သည့် စုန့်ဝေဖျင်၏ ညာဘက်လက်က ဒဏ်ရာရခဲ့သည်။ သူမက အစားအသောက်တွင် မကူညီနိုင်သော်လည်း မနက်ခင်း၊ ညပိုင်းများတွင် သူ့အတွက် အဝတ်အစားဝတ်ပေးခြင်း ချွတ်ပေးခြင်းများတွင် ကူညီပေးရသည်။
သည်အလုပ်ကို နှစ်ရက်လောက် လုပ်ပေးလိုက်ပြီးနောက် ရွှီရှောင်ကျောင်းသည် ဆက်ပြီး သည်းမခံနိုင်တော့ပေ။ ခွေးစုန့်ဝေဖျင်က ငါလေးကို မြှူဆွယ်ဖို့ တမင်ကြိုးစားနေတာလားလို့တောင် အကျိုးသင့် အကြောင်းသင့် မသင်္ကာဖြစ်လာ။
…
အပိုင်း (၅၆) ၁လက်မ ရပြီးသွားတော့ ၁ပေကို ကြံခြင်း
အစပိုင်းတွင်တော့ ရွှီရှောင်ကျောင်းက ဘာတစ်ခုမှ မူမမှန်ဖြစ်နေသည်ဟု မထင်ခဲ့ချေ။
သူမကတော့ စုန့်ဝေဖျင်ကို လူနာတစ်ယောက်လို လုံးဝသဘောထားခဲ့လေသည်။ အထူးသဖြင့် သူ့လက်မောင်း ပတ်တီးလဲချိန်တွင် သူ နာကျင်ရမည်စိုးသဖြင့် ပိုပြီး ဂရုစိုက်ပေးခဲ့သည်။
သူ့ကို အဝတ်အစားလဲပေးသည့်အချိန်တွင်လည်း ဂရုတစိုက်လုပ်ပေးတတ်ပြီး တစ်ခုခုတွေးဖို့ရန် စိတ်ကူးပင် မရှိခဲ့ချေ။
သူမကတော့ သူ့ကိုဂရုစိုက်ပေးတတ်သည့် ဇနီးသည်လေးလို အတည်ပေါက် လုပ်နေသော်ငြား စုန့်ဝေဖျင်၏ စိတ်ကတော့ အဝေးကြီးသို့ ယိမ်းယိုင်နေခဲ့လေသည်။
သူမ၏နှလုံးသားထဲတွင် သူ့ကို သိမ်းဆည်းကာ ဂရုစိုက်ပေးနေသည့် သည်ရွှီရှောင်ကျောင်းမှာ သူ့နှလုံးသားကို အမှန်ပင် လှုပ်ရှားအောင် လုပ်ခဲ့လေသည်။
သူ့အချစ်ကလေးက သူမရဲ့ကန္တာရပင်ဆူးခွံကို လုံးဝကို ဖယ်ထားခဲ့တာလေ။
စားတဲ့အချိန်ဆိုရင် သူမက ဟင်းရည်အေးသွားအောင် သူ့အတွက် မွှေပေးပြီး သူ့ပန်းကန်ထဲကို အသားထည့်ပေးတယ်။ ပြီးတော့ ဇွန်းကို ဂရုတစိုက်နဲ့ သူ့အတွက် ပြင်ဆင်ပေးတယ်။
တခါတလေ အသားလုံးလုပ်တဲ့အချိန်ဆိုရင် သူမက သူ့ကို ဘယ်လက်တောင် မသုံးခိုင်းဘူး။ အဲဒီအစား သူမက အသားလုံးကို တန်းညှပ်လိုက်ပြီး သူ့ပါးစပ်ထဲ တန်းထည့်ပေးလိုက်တာ။
သူမက မနက်ကနေညအထိ ပိုပြီးတော့တောင် စဥ်းစားပေးခဲ့သေးတယ်။ သူ့အတွက် သွားတိုက်ဆေး ညှစ်ပေးတယ်။ မှုတ်ဆိတ်ရိတ်ပေးတယ်။ သူ့ကို စောင်ခြုံပေးတယ် ပြီးတော့ ညည သူ့လက်ကို ဖိအိပ်မိမှာစိုးလို့ တရေးနိုင်း ထလိုက်သေးတယ်။
စုန့်ဝေဖျင်သည် သူမက နေ့တိုင်း စိတ်ဝင်တစားနှင့် မော်မော်ကြွားကြွား လုပ်ပေးနေချိန်တွင် ချစ်စရာကောင်းသည်ဟု ထင်မိလေသည်။ သူမ၏လက်ရှိ လိမ္မာနေသည့် အသွင်က သူ့နှလုံးသားကို ပိုလို့ပင် အသည်းယားအောင် လုပ်နေတော့သည်။
ရွှီရှောင်ကျောင်းကတော့ စုန့်ဝေဖျင်၏အတွေးများကို ဘာမှမသိပေ။ ထိုနေ့ည အိပ်ရာမဝင်ခင်တွင် ရွှီရှောင်ကျောင်းက လျိုချွန်းယန်အတွက် ကောလိပ်ဝင်ခွင့် စာမေးပွဲမေးခွန်းတစ်စုံ မှန်းပေးမည်ဟု ကတိပေးထားခဲ့သည်။ အကြောင်းမှာ လက်ထောက်ဟောင်း စုန့်ဝေဖျင်က မကူညီနိုင်သဖြင့် ရွှီရှောင်ကျောင်း ကိုယ်တိုင် လုပ်လိုက်ရသည်။
သူက မေးခွန်းများကို ပြီးသလောက် ရှိသွားခဲ့သည်။ အဖြူရောင်စာရွက်ပေါ်တွင် မေးခွန်းများကို ချရေးနေစဥ် ရွှီရှောင်ကျောင်းက စုန့်ဝေဖျင်နှင့် စာရင်းရှင်းတော့သည်။
“စုန့်ဝေဖျင် ငါက ပုံမှန်ဆိုရင် တစ်ခုခုလုပ်ဖို့ အလေးဖင့်ဆုံးနော်၊ ကြည့်၊ ငါ နင့်အတွက် ချွင်းချက်ထားပြီး လုပ်ပေးနေရပြီ”
စုန့်ဝေဖျင်သည် အစက ရွှီရှောင်ကျောင်းနှင့်အတူ စားပွဲနားတွင် ထိုင်ချင်လိုက်သော်လည်း သူမက သူ့ကို အိပ်ရာပေါ်တွင် အနားယူဖို့ အမိန့်ပေးထားလေသည်။ သူက အိပ်မပျော်သဖြင့် စာဖတ်ရန် စာအုပ်တစ်အုပ်ကို လှမ်းဆွဲလိုက်သည်။ ရွှီရှောင်ကျောင်း၏ စကားကို ကြားလိုက်ချိန်တွင် သူက ဖတ်နေသည့်စာအုပ်မှ ခေါင်းမော့လိုက်ပြီး မီးရောင်အောက်က သူမ၏သေးသေးကျစ်ကျစ်ကျောပြင်ကို ကြည့်လိုက်လေသည်။
“အင်း” စုန့်ဝေဖျင်က ပြန်ဖြေလိုက်၏။
ရွှီရှောင်ကျောင်းက လေးနက်သွားတော့သည်။ သူမက သူ့အဖြေကို ကြားလိုက်ရသောအခါ သူမက သူ့ကို ဆက်ပြီး စကားပြောလိုက်သည်။
“ဒါဆို နောက်ဆိုရင် နင် ငါ့အတွက် ပြန်ဖြည့်ဆည်းပေးရမယ်နော်၊ ငါ့ကို အရသာရှိတဲ့ အစားအသောက်တွေ ဝယ်ကျွေးရမဲ့အပြင် ငါ့ကို အလည်အပတ်လည်း ခေါ်သွားရမယ်”
သူမက သူ့ကို ပြန်လှည့်ကြည့်ပြီး ပြောလိုက်၏။
“ငါ နင့်ကို လုပ်ပေးသလို ငါ့ကို ပြန်လုပ်ပေးရင် အကောင်းဆုံးပဲ”
စုန့်ဝေဖျင်က သူမ၏ နူးညံ့သည့်မျက်နှာတခြမ်းလေးကို ငေးကြည့်နေရင်း ပြန်ဖြေလိုက်ကာ မျက်လွှာချပြီး ဘာမှမဖြစ်ခဲ့သလို စာဆက်ဖတ်နေလိုက်လေသည်။
“အင်းပါ ကို မင်းကို ကောင်းကောင်း လုပ်ပေးပါ့မယ်”
ရွှီရှောင်ကျောင်းက စာရေးနေသည်ကို အာရုံစိုက်ထားလိုက်ပြီး စကားဆက်မပြောတော့ပေ။
ခဏအကြာတွင် သူမက စာရေးပြီးခါနီးလာခဲ့သည်။ စုန့်ဝေဖျင်က သူမ အကြောဆန့်နေသည်ကို မြင်လိုက်ရပြီး သူမက အနည်းငယ်ပင်ပန်းနေမှန်း သိလိုက်လေသည်။ ထို့ကြောင့် သူက စာအုပ်ကို ပိတ်လိုက်ပြီး ပြောလိုက်၏။
“ကို အိပ်ချင်ပြီ၊ အိပ်ရအောင်”
ရွှီရှောင်ကျောင်းက စားပွဲကို ရှင်းလိုက်ပြီး
“အင်း၊ ငါလည်း စာရေးပြီးသွားပြီ၊ မနက်ဖြန် ဒါကို ချွန်းဟွားကို ပြပြီး သူ့ကို နည်းနည်းတော့ ရှင်းပြပေးရမယ်၊ နင့်အဝတ်အစားတွေကို ကိုယ်တိုင်မဆွဲချွတ်နဲ့လေ ငါ နင့်အတွက် ချွတ်ပေးမယ် ခဏစောင့်”
စုန့်ဝေဖျင်က ‘အင်း’တစ်လုံးနှင့် ပြန်ဖြေလိုက်ပြီး သူမကို စောင့်နေလိုက်သည်။
သိမ်းဆည်းပြီးသွားသည့်နောက်တွင် ရွှီရှောင်ကျောင်းက ခဏလောက် အကြောဆန့်လိုက်ပြီး ရေရွတ်ရင် စုန့်ဝေဖျင် ရှိရာသို့ လျှောက်လာခဲ့လေသည်။
“ငါ့လက်တွေကို လှုပ်ရှားရတာ တကယ်ပင်ပန်းလိုက်တာ၊ မနက်ဖြန်ကျရင်တော့ ချွန်းဟွားကို အသစ်ဖွင့်ထားတဲ့စားသောက်ဆိုင်မှာ ကျွေးဖို့ ပြောရမယ်”
သူမသည် စုန့်ဝေဖျင်က သူ့အင်္ကျီကို ကြယ်သီးဖြုတ်ဖို့ လက်ပင့်လိုက်သည်ကို မြင်လိုက်ချိန်တွင် သူမက သူ့ကို ကူညီဖို့ လက်မြောက်လိုက်ပြီး
“ နင် ငါ့ကို တင်နေတဲ့အကြွေးကိုတော့ သေသေချာချာ မှတ်ထားလိုက်”
စုန့်ဝေဖျင်က အောက်ဆုံးက ပထမဆုံးကြယ်သီးကို ဖြည်းဖြည်းချင်း စဖြုတ်လိုက်သည်။ ရွှီရှောင်ကျောင်း၏လက်က သူ့လည်ပင်းအောက်က ပထမကြယ်သီးကို ထိလိုက်သည်ကို ခံစားလိုက်ရသဖြင့် သူက မျက်လုံးလွှာချလိုက်ပြီး သူမကို ကြည့်လိုက်ကာ
“ကို မင်းကို အခုပဲ ကျေးဇူးပြန်ဆပ်နိုင်ပါတယ်”
ရှပ်အင်္ကျီ၏ကြယ်သီးများက အလွန်သေးလေသည်။ လက်တစ်ဖက်တည်းနှင့် ဖြုတ်ဖို့က မလွယ်ကူချေ။ ရွှီရှောင်ကျောင်းက ခုတင်စွန်းတွင် ထိုင်ကာ လက်နှစ်ဖက်လုံးကို သုံးထားရသည်။
“နင်က အခုကို ဘယ်လိုကျေးဇူးပြန်ဆပ်မှာလဲ၊ ငါတို့တွေ အပြင်ထွက်လည်ပတ်နိုင်တာလည်း မဟုတ်ဘူး၊ ငါတို့ အပြင်ထွက်လည်နိုင်တယ်ဆိုရင်တောင် လူအရမ်းများလို့ သူတို့တွေက နင့်ကို ဝင်တိုက်သွားရင် ဘယ်လိုလုပ်မလဲ၊ နာကျင်ရမှာပဲ နင်ပဲနော်”
အဲဒီအပြင် ငါ့မှာလည်း စိတ်မကောင်းဖြစ်ရအုံးမယ်။
စုန့်ဝေဖျင်က သူမ၏အာရုံစိုက်ထားသည့် မျက်ခုံးများကို ကြည့်ကာ လေသံတိုးတိုးဖြင့် ပြန်ဖြေလိုက်လေသည်။
“ဒီမေတ္တာဝန်ဆောင်မှုကို ပြန်ပေးဆပ်ဖို့က တခြားနည်းလမ်းမရှိတော့ ကိုက ကို့ခန္ဓာကိုယ်ကိုပဲ အသုံးချနိုင်တော့တယ်”
သူက ထိုစကားကို ပြောလိုက်ချိန်တွင် ရွှီရှောင်ကျောင်းသည် သူ့လည်းပင်က ကြယ်သီးများကို ဖြုတ်ပေးနေပြီး သူမ၏လက်ချောင်းဖျားများက သူ့လည်ဇလုတ်ကို သွားထိမိတော့သည်။ သူက စကားပြောနေသဖြင့် သူမ၏လက်ချောင်းများက မသိမသာ တုန်ယင်နေသည်။
သူ့လက်မောင်းကို ကာကွယ်ထားဖို့ရန် ရှပ်အင်္ကျီက လျှောကျနေပြီး ကော်လံကို ဖွင့်ထားလေသည်။ သူ့လည်ပင်းက ရှည်လျားသွယ်လျနေသည်။ တခုလုံးက ရွှီရှောင်ကျောင်း၏မျက်လုံးများတွင် ပေါ်လွင်နေတော့သည်။
လေထုက ရုတ်တရက် ပူတက်လာတော့သည်။ ရွှီရှောင်ကျောင်းက နောက်ထပ်မလှုပ်ရှားရသေးခင် စုန့်ဝေဖျင်က သူမ၏လက်ချောင်းကို ကိုင်လိုက်ကာ နောက်ကြယ်သီးတစ်လုံးဆီသို့ ရွှေ့ပေးလိုက်ပြီး
“ကြယ်သီး ဆက်ဖြုတ်ပေးလေ”
ရွှီရှောင်ကျောင်းက သူမ၏လက်ချောင်းများကို ဆွဲရုတ်လိုက်သော်လည်း သူက လက်ချောင်းများကို တင်းနေအောင် ကိုင်ထား၏။
“စုန့်-စုန့်ဝေဖျင် နင် ဘာလုပ်နေတာလဲ၊ ဘယ်သူက နင့်ခန္ဓာကိုယ်ကို လိုချင်လို့လဲ”
ရွှီရှောင်ကျောင်းက ဘယ်တော့မှ ဝန်ခံလိမ့်မည်မဟုတ်ပေ။ ယခုလေးတင် သူမသည် စုန့်ဝေဖျင်၏ လည်ဇလုတ်ကို မြင်လိုက်ချိန်တွင် အနားသို့ ကပ်သွားပြီး အသာအယာကိုက်လိုက်ကာ သူ့ညည်းညူသံကို နားထောင်ချင်ခဲ့မိလေသည်။
“လွှတ်နော်”
သူမက နူးနူးညံ့ညံ့ ငြင်းဆန်လိုက်ပြီး သူမ၏ခန္ဓာကိုယ်တွင် အားများမကျန်တော့သလို ခံစားလိုက်ရလေသည်။
စုန့်ဝေဖျင်က မလှုပ်မယှက်ပင်။ သူက သူမ၏လက်ချောင်းများကို ဖမ်းဆုပ်ထားလိုက်ပြီး ကြယ်သီးအားလုံးကို ဖြည်းဖြည်းချင်း ဖြုတ်လိုက်၏။ ထို့နောက်တွင် သူက သူမ၏လက်များကို သူ့ရင်ဘတ်နှင့် ကပ်ထားလိုက်တော့သည်။
“ကို့ကို ပြန်ပြီး ကျေးဇူးမဆပ်စေချင်ဘူးလား”
စုန့်ဝေဖျင်က လေသံတိုးတိုးနှင့် သူမကို မေးလိုက်၏။
နွေးထွေးသည့်အထိအတွေ့က ပျံ့နှံ့သွားတော့သည်။ ရွှီရှောင်ကျောင်း၏နှလုံးသား ခုန်နှုန်းက အနည်းငယ် ပိုမြန်လာပြီး
“စုန့်ဝေဖျင် နင်..နင် ဒဏ်ရာထားတယ်လေ”
ထိုစကားကို ပြောလိုက်ပြီးမှ သူမသည် နောင်တရမိသွားတော့သည်။
ရွှီရှောင်ကျောင်းရယ် နင်ဘာတွေ ပြောနေတာတုန်းဟဲ့။
ထိုကဲ့သို့ပင် သူမထက် ခေါင်းတစ်လုံးမြင့်နေသည့် စုန့်ဝေဖျင်က တခိခိရယ်လိုက်ပြီး
“အင်း ဒါဆို ပိုသက်သာလာတာနဲ့ ကိုတို့တွေ လုပ်နိုင်ပြီလား”
ရွှီရှောင်ကျောင်း၏ အဖြေကို မစောင့်ဘဲ သူက ထပ်ပြောလိုက်၏။
“တကယ်တော့ ကိုတို့ အခုလုပ်လို့ရပါတယ်”
သူ့အသံက တိုးညင်းပြီး ဆွဲဆောင်နေကာ သူမ၏ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံထားလေသည်။ လေထုက အလွန်သိပ်သည်းနေကာ ဘယ်သူမှ မလွှတ်မြောက်နိုင်ပေ။
ရွှီရှောင်ကျောင်းက သူမ၏မျက်လုံးများကို တင်းနေအောင် မှိတ်ထားလိုက်ပြီး သူ့ကို အတင်း တွန်းထုတ်ကာ သူမလည်ပင်းထဲက ခုန်ထွက်တော့မည့်ဆဲဆဲ ဖြစ်နေသည့် သူမ၏နှလုံးခုန်နှုန်းကို လျစ်လျူရှုထားလိုက်ပြီး
“စုန့်ဝေဖျင် မရှုပ်နဲ့တော့၊ အဲလိုစကားမျိုးတွေ မပြောစမ်းပါနဲ့”
သူမသည် လုံးဝ မသန်မာပေ။ သို့သော် စုန့်ဝေဖျင်သည် ရှေ့သို့ညွှတ်ထားရသဖြင့် ငြိမ်အောင် ထိန်းပြီး မထိုင်နေချေ။ သူက နောက်ကို ပြန်မှီလိုက်ပြီး ညည်းသံတစ်ချက် ထုတ်လိုက်တော့သည်။
ရွှီရှောင်ကျောင်းက သူ့ထံမှနေ၍ အိပ်ရာဆီသို့ လေးဘက်ထောက်ပြီး သွားမည်ပြင်လိုက်စဥ် သူ့အသံကို ကြားလိုက်ပြီး ချက်ချင်းရပ်သွားတော့သည်။ ထို့နောက် သူမက ကိုယ်ကိုလှည့်လိုက်ပြီး
“စုန့်ဝေဖျင် နင့်လက်မောင်းကို ထိမိသွားတာလား၊ မရှုပ်ပါနဲ့တော့လို့ ငါ နင့်ကို ပြောသားပဲ၊ ငါ့ကို မြန်မြန်ပြစမ်း”
သူမက သူမ၏အတွေးများကို ရပ်လိုက်ပြီး သူ့ဒဏ်ရာ ပွင့်ထွက်သွားမှာကို အနည်းငယ် စိုးရိမ်သွားတော့သည်။
စုန့်ဝေဖျင်၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖျတ်ခနဲ လက်သွား၏။ သူက ဝမ်းနည်းသွားသည့် လေသံတစ်ခုဖြင့် ပြောလိုက်သည်။
“အင်း ထိမိသွားတယ်၊ နာလိုက်တာ”
ရွှီရှောင်ကျောင်းမှာ ပိုပြီးစိတ်ပူသွားတော့သည်။ စုန့်ဝေဖျင်က ထပ်ပြောလိုက်သည်။
“မိန်းမဆီက အနမ်းတစ်ခုလောက်ရရင်တော့ ပိုပြီးသက်သာလာမှာကို”
စကားတစ်ခွန်းတည်းနှင့် ရွှီရှောင်ကျောင်းသည် ထပ်ပြီး စုန့်ဝေဖျင်၏လှည့်စားခံလိုက်ရမှန်း သိလိုက်တော့သည်။
သူမက လက်ထဲက ခေါင်းအုံးကို ကောက်မလိုက်ပြီး စုန့်ဝေဖျင်ဆီသို့ ပစ်ထည့်လိုက်ကာ
“စုန့်ဝေဖျင် နင်ဟာလေ ဆိုးသွမ်းလိုက်တာ”
သူမက စုန့်ဝေဖျင်ကို နည်းနည်းထပ်ပြီး ရိုက်ပစ်ချင်သော်လည်း သူ့လက်မောင်းကို ထိခိုက်မိသွားမည်စိုးသဖြင့် သူ့ကို လက်ညှိုးထိုးပြီး စကားကြမ်းကြမ်း ပြောလေတော့သည်။
“စောင့်ကြည့်နေလိုက်၊ နင် နေပြန်ကောင်းလာတာနဲ့ ငါ နင့်ကို နာအောင် ရိုက်ပစ်မယ်”
စုန့်ဝေဖျင်က အသာအယာချောင်းဟန့်လိုက်ပြီး ရွှင်မြူးနေသည့်စိတ်ကို မျိုသိပ်ထားကာ သူမ၏ လက်ချောင်းလေးကို လှမ်းကိုင်လိုက်ပြီး
“နာတယ်၊ ကို မင်းကို လိမ်နေတာ မဟုတ်ပါဘူး၊ တစ်ချိန်လုံးနာနေတာ၊ ကို သည်းခံထားရတာ”
သူက အတည်ပေါက်နှင့် ပြောလိုက်၏။ ရွှီရှောင်ကျောင်းက မသင်္ကာဖြစ်သွားပြီး
“တကယ်လား”
စုန့်ဝေဖျင်က ခေါင်းညိတ်ပြလိုက်ကာ
“ခုနကပဲ ထိမိသွားတယ်မလား၊ ပြီးခဲ့တဲ့ နှစ်ရက်ကတည်းက နာနေတာ၊ မင်း စိတ်ပူနေမှာစိုးလို့ ကိုက ဘာမှမပြောခဲ့တာ”
ရွှီရှောင်ကျောင်းက တီးတိုးပြောလိုက်ပြီး
“နင် ဘာလို့ ဘာမှမပြောခဲ့တာလဲ၊ ငါ ဘာလုပ်ပေးရမလဲ”
စုန့်ဝေဖျင်က သူမကို ကြည့်လိုက်ပြီး
“ကို့မှာ စိတ်ကူးတစ်ခုရှိတယ်”
ရွှီရှောင်ကျောင်းက သူ့ကို တိုက်တွန်းလိုက်သည်။
“ပြောလေ၊ ငါတို့ မဝယ်ရသေးတဲ့ဆေး ရှိသေးလို့လား”
စုန့်ဝေဖျင်က ခေါင်းခါပြလိုက်ပြီး
“ဒီနားလာခဲ့၊ ကို့ကို ပေးဖက်လိုက်ရင် ကောင်းသွားလိမ့်မယ်၊ မင်းက ကို့ကို တစ်ခါလောက်နမ်းလိုက်ပြီး မြန်မြန်ပြန်နေကောင်းလာမှာ”
ထိုအခါမှ ရွှီရှောင်ကျောင်းသည် စုန့်ဝေဖျင်က သူမကို ထပ်ပြီး စနောက်နေမှန်း သတိထားမိတော့သည်။
အားးးး။ စုန့်ဝေဖျင်။ သူက တကယ်ဆိုးတာပဲ။
**
ဝူချွန်းဟွားသည် လူငယ်အတွဲ၏ အခြေအနေကို ကြည့်လိုက်၏။ သူမသည် သမက်ဖြစ်သူအတွက် စိတ်မကောင်း ဖြစ်ရသော်လည်း အတွေးတစ်ခုက မကြာခဏဆိုသလို သူမ၏စိတ်ထဲ ရောက်ရောက်လာလေသည။
သမက်ဖြစ်သူရဲ့ဒဏ်ရာက တန်သွားပါတယ်လေ။ စိတ်ပူနေတဲ့သမီးဖြစ်သူက ဘယ်လောက်တောင် အလုပ်များနေတဲ့ပုံကို တွေ့ရတော့ ဒီတစ်ခါတော့ သူမက သူမရဲ့ခင်ပွန်းကို ချစ်မြတ်နိုးတတ်မှန်း သိလိုက်ရတယ်။
ရွှီရှောင်ကျောင်းသည် စိတ်ညစ်မိသော်လည်း စုန့်ဝေဖျင်အတွက် လုပ်ပေးသင့်သည်များ အားလုံးကို လုပ်ပေးခဲ့သည်။ သူမက စုန့်ဝေဖျင်၏ မျက်နှာသေနှင့်မျက်နှာပုံစံကို သင်ယူတတ်မြောက်ခဲ့ခြင်းသာ။
သူမက စုန့်ဝေဖျင်ကို အဝတ်အစား လဲပေးချိန်ဖြစ်စေ၊ သူရေမချိးခင် သူ့လက်မောင်းကို ရေစိုခံပတ်တီး စည်းပေးချိန်ဖြစ်စေ သူမက ရုပ်တည်နှင့် နေတတ်ပြီး စုန့်ဝေဖျင်က သူမကို ဘယ်လောက်စစ ဘာအမူအရာမှပင် မပြခဲ့ချေ။
စုန့်ဝေဖျင်က သူမကို ပြုံးပြပြီး
“ အခုမှ ဘာလို့ အရမ်း ရုပ်တည်နေရတာလဲ၊ လုံးဝ ချစ်စရာမကောင်းတော့ဘူးနော်”
ရွှီရှောင်ကျောင်းက သူ့လှည့်ကွက်များထဲသို့ ဝင်မသွားဘဲ
“ဒါကို နင့်လို တကယ့်လူရည်မွန်တစ်ယောက်ဆီက သင်ထားတာလေ”
“မင်းက ကို့ကို လူရည်မွန်တစ်ယောက်လို ဆက်ဆံစေချင်တာလား၊ ကို့ခန္ဓာကိုယ်ကို ပေးမယ်လို့ မင်းကို ကတိပေးထားပြီးပြီလေ” စုန့်ဝေဖျင်က သူ့မျက်ခုံးများကို ပင့်လိုက်၏။
ရွှီရှောင်ကျောင်းက သူ့ကို ပြစ်တင်ဝေဖန်ပြန်သည်။
“နင်က ဒါကို ပြောနေသေးတယ်နော်၊ ဘယ်သူက လိုအပ်လို့လဲ”
စုန့်ဝေဖျင်သည် သူမက ထပ်ပြီး စိတ်ရှုပ်သွားသည်ကို မြင်လိုက်ရချိန်တွင် သူက သူမကို ချောမော့လိုက်ပြီး
“ဒါဆို ကို နောက်တစ်နည်းနဲ့ ကြိုးစားမယ်လေ၊ ကို နေကောင်းသလောက်ဖြစ်နေပြီ၊ ရက်ပိုင်းလောက်နေရင် မင်းကို ပြည်နယ်မြို့တော်ကို ခေါ်သွားပေးမယ်”
ရွှီရှောင်ကျောင်းက မျက်လုံးများကို ကျယ်လာအောင် ဖွင့်လိုက်ပြီး
“တကယ်လား”
ကျိုးဖင့်ရှန်းက ပြည်နယ်မြို့တော်တွင် ရှိနေ၏။
စုန့်ဝေဖျင်က ခေါင်းညိတ်ပြလိုက်ပြီး
“ ပြီးခဲ့တဲ့အခေါက်က ကို ကြားထားတာရှိတယ်၊ အဲဒီမှာ ပြန်လည်ပြင်ဆင်ဖို့ လိုအပ်နေတဲ့ အစိုးရပိုင်စက်ရုံတစ်ခု ရှိတယ်တဲ့၊ သူတို့တွေက လျှပ်စစ်ပစ္စည်းတွေကို လုပ်တာ ပြီးတော့ အကျိုးအမြတ် အရမ်းများတယ်၊ သူတို့တွေက ပြီးခဲ့တဲ့လ အနည်းငယ်ကတည်းက ကုန်ပစ္စည်းတွေကို စပြီး ရှင်းထုတ်နေတာ၊ ကိုတို့တွေ တောင်ပိုင်းကို တင်ပို့ပြီး ရောင်းလို့ရမဲ့ ပစ္စည်းတချို့ ရနိုင်မလားလို့ ကြည့်ရမယ်”
သည်သတင်းကို ပြီးခဲ့သည့်အခေါက်က သူနှင့်အလုပ်အတူတူ လုပ်ခဲ့သည့် သူဌေးက သူ့ကို ပြောပြခဲ့ခြင်းပင်။ သူဌေးက စက်ရုံခေါင်းဆောင်များနှင့် သိပြီး သူ့နားမည်ကို ပြောလိုက်သည်နှင့် ပစ္စည်းတစ်သုတ်လောက် ရနိုင်လိမ့်မည်ဟု ပြောထားခဲ့သည်။
သို့သော် သူက ရွှီရှောင်ကျောင်းကို ပြောပြလိုက်ချိန်တွင်တော့ ပိုပြီး မယုတ်မလွန်ဖြစ်အောင် နေလိုက်သည်။
ရွှီရှောင်ကျောင်းက နောက်တစ်ကြိမ် သူနှင့်အတူ ခရီးထွက်မည်ဟု သဘောတူထားပြီးသား ဖြစ်သော်လည်း သူတို့က တောင်ပိုင်းသို့ သွားရမည်ဟု စဥ်းစားမိလေသည်။ ထင်မထားဘဲ သူတို့သည် မြောက်ပိုင်းပြည်နယ်မြို့တော်သို့ သွားကြမည်။
“ကောင်းတာပေါ့၊ ဒါဆို ငါ ဖင့်ရှန်းနဲ့ သေချာပေါက် သွားတွေ့ပြီး လည်ပတ်ရလိမ့်မယ်၊ ငါ အခုပဲ သူ့ကို စာရေးလိုက်မယ်”
စိတ်အားတက်ကြွလာပြီး ရွှီရှောင်ကျောင်းက စားပွဲနားတွင် ထိုင်ချလိုက်၏။ သူမသည် ပြီးခဲ့သည့်ရက်ပိုင်းလောက်က ဟန်ဆောင်နေလာခဲ့ရသည်ကို အလွန်ပင်ပန်းခဲ့လေသည်။ ရွှီရှောင်ကျောင်းက စုန့်ဝေဖျင်ကို ပြုံးပြလိုက်ကာ သေသေချာချာစဥ်းစားလိုက်ပြီး
“စုန့်ဝေဖျင် ငါ ဒီလိုကျေးဇူးပြန်ဆပ်ပုံကို အရမ်းကျေနပ်တယ်”
စုန့်ဝေဖျင်က သူမကို ကြည့်လိုက်ပြီး
“ကို့ရဲ့အဲဒီကျေးဇူးဆပ်ပုံကိုတော့ မစဥ်းစားပေးဘူးလား”
ရွှီရှောင်ကျောင်းက နှာခေါင်းရှုံ့လိုက်ပြီး
“မစဥ်းစားပါဘူး”
တကယ်တော့ အဲကိစ္စကို အကြိမ်ကြိမ် စဥ်းစားခဲ့သားပဲ။ ဒါပေမဲ့... ဟွန့်... ဒါက သူ့လုပ်ဆောင်ချက်ပေါ် မူတည်သေးတယ်။
စုန့်ဝေဖျင်က ထိုအကြောင်းကို မပြောတော့ချေ။ သူက အကူအညီတောင်းလိုက်လေသည်။
“ကို့ကို အင်္ကျီချွတ်ကူပါအုံး”
ထိုအကြောင်းပြောလိုက်မှ ရွှီရှောင်ကျောင်းတွင် ပြောစရာစကား ထပ်ရှိလာပြန်သည်။
“ဟဲ့ စုန့်ဝေဖျင် ငါ့ကို မလိမ်စမ်းပါနဲ့၊ ဒီနေ့ နင် ရှောင်ကန်းကို သူ့အိမ်စာ လုပ်ကူနေတာ ငါတွေ့ပါတယ်နော်၊ နင် ညာဖက်လက်နဲ့တောင် စာရေးခဲ့တာ”
သူမက စုန့်ဝေဖျင်ဆီ လျှောက်သွားလိုက်ပြီး သူ့ဒဏ်ရာကို တို့လိုက်ကာ
“နင် အားလုံး ကောင်းနေပါပြီနော်၊ ဒါပေမဲ့ နေ့တိုင်း နာတယ်ဆိုပြီး ငါ့ကို လိမ်နေသေးတယ်”
စုန့်ဝေဖျင်က အလိမ်ပေါ်သွားလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။ သူ့နှုတ်ခမ်းထောင့်များက ကွေးတက်သွားပြီး
“ဒါဆိုရင် အခုချိန်ကစပြီး ကိုယ့်ကို အင်္ကျီကူမချွတ်တော့ဘူးပေါ့”
“မကူတော့ဘူး”
ရွှီရှောင်ကျောင်းက သူ့နဖူးကို တောက်လိုက်ပြီး
“နင် ငါ့ကို လိမ်နေတာကို ထည့်မတွက်ပေးတာပဲ သဘောထားကြီးနေပြီနော်”
စုန့်ဝေဖျင်က သက်ပြင်းချလိုက်ပြီး
“ကို့သိမ်မွေ့နုနယ်တဲ့ ဇနီးလေး မရှိတော့ဘူး”
ရွှီရှောင်ကျောင်း သူ့ကို အရင်က ပြုစုပေးချိန်က သူမသည် ဂရုစိုက်တတ်ပြီး သိမ်မွေ့နုနှယ်သည့် ဇနီးတစ်ယောက်ဖြစ်ကြောင်း ရေရွတတ်လေသည်။ ထိုကြောင့် သူက ထိုအကြောင်းကို ချရေးထားပြီး မကြာခဏဆိုသလို ထုတ်ပြောတတ်သည်။
သို့တိုင် သူ့တွင် အားကိုးစရာတစ်ခုတော့ ရှိနေသေးသည်။
“ကိုက မင်းကို ပြည်နယ်မြို့တော်ကို ခေါ်သွားမှာဆိုတော့ ဆုတစ်ခုခုများ မရှိဘူးလား”
ရွှီရှောင်ကျောင်းသည် စုန့်ဝေဖျင်က တဖြည်းဖြည်းနှင့် ပိုလူလည်ကျလာသည်ဟု ခံစားလိုက်ရပြီး
“ဒီမှာ စုန့်ဝေဖျင် ငါ့ကို ပြည်နယ်မြို့တော် ခေါ်သွားပေးမှာက နင့်ကို ပြုစုပေးခဲ့တဲ့အတွက် ငါ့ဆုလေ၊ နင်က ဆုတစ်ခု လိုချင်နေသေးတယ်တဲ့လား၊ နင့်အိပ်မက်က အရမ်းလှတာပဲနော်”
စုန့်ဝေဖျင်က သူ့နဖူးကို ကိုင်ထားလိုက်ပြီး ပြောလိုက်၏။
“ကျစ်... လှည့်စားဖို့ တဖြည်းဖြည်းပိုခက်လာပြီ”
စုန့်ဝေဖျင် စိတ်ဓာတ်ကျသွားသည်ကို တွေ့လိုက်ရသဖြင့် ရွှီရှောင်က တဖန် အော်ရယ်လိုက်တော့သည်။ သူမက စုန့်ဝေဖျင်၏ဘေးတွင် ထိုင်ချလိုက်ပြီး သူမလှုပ်ရှားမှုများက အမှတ်မထင် နီးကပ်သွားတော့သည်။
“စုန့်ဝေဖျင် ငါတို့တွေ ဘယ်တော့ ခရီးထွက်မှာလဲ”
စုန့်ဝေဖျင်က သူမနီးကပ်လာသည်ကို ဝမ်းသာသွားပြီး သူ့ကို စနောက်မနေတော့ဘဲ
“အဘွားနဲ့အမေ့ကို အရင်ဆုံး ပြောလိုက်အုံးမယ်လေ၊ ရက်ပိုင်းလောက်နေ ကို လုံးဝ ကောင်းသွားပြီ၊ ပြီးမှ ကိုတို့တွေ ခရီးထွက်ကြမယ် ဟုတ်ပြီလား”
ရွှီရှောင်ကျောင်းက ခေါင်းညိတ်ပြလိုက်ပြီး
“ဒါဆို ငါ ကျိုးဖင့်ရှန်းကို ချက်ချင်းစာရေးလိုက်မယ်”
သူမက စားပွဲနားတွင် တဖန်သွားထိုင်လိုက်၏။ စုန့်ဝေဖျင်၏ဘေးတွင် လှစ်ဟာသွားလေသည်။ သူက နှုတ်ဆိတ်ကာ သူမ၏ကျောပြင်ကို ငေးကြည့်နေမိပြီး အနည်းငယ် နှမြောသွားတော့သည်။ ဒဏ်ရာက ပိုပြီးပြင်းထန်ခဲ့ရင် ပိုကောင်းမှာပဲ။
သူ နည်းနည်းလောက်ထပ်ပြီး ဟန်ဆောင်လို့ရတာပေါ့။ ဘာလို့များ အလိမ်ပေါ်သွားပါလိမ့်နော်။
အတွက်မှားလေခြင်း။
...
အပိုင်း (၅၇) ထွက်ခွာခြင်း
ပြည်နယ်မြို့တော်က ကောလိပ်တွင် မာချွန်းက ကျောင်းစာတိုက်မှ စာတစ်စောင်ကို ကျိုးဖင့်ရှန်းအတွက် ယူလာပေးလေသည်။ သူက စာကို မြင်တော့ အလွန်ပျော်သွားပြီး ‘ဒီနေ့တော့ ဖင့်ရှန်း ပျော်နေတော့မှာပဲ’ဟု စဥ်းစားမိလိုက်၏။
“ဟေး မာချွန်း မင်း အပြင်က ပြန်လာတာ၊ မင်းရဲ့ရည်းစားအတွက် အရသာရှိတဲ့တစ်ခုခု ဝယ်ခဲ့ပြန်ပြီလား”
အခန်းဖော်တစ်ယောက်က မာချွန်း အိတ်ဖောင်းဖောင်းတစ်ခု သယ်လာသည်ကို မြင်လိုက်ပြီး အပြုံးတစ်ခုနှင့် သူ့ကို နှုတ်ဆက်လေသည်။
မာချွန်းက စာကို သူ့အိတ်ကပ်ထဲ ဂရုတစိုက်ထည့်လိုက်ပြီး
“ဟုတ်တယ်၊ ဒီနေ့ အတန်းမရှိဘူးလေ၊ ဒါနဲ့ ငါ အပြင်ထွက်တာ”
အခန်းဖော်က မာချွန်းကို လက်မထောင်ပြလိုက်ပြီး ပြောလိုက်၏။
“မင်းလို အရမ်းဂရုစိုက်တတ်လူမျိုး တခါမှ မတွေ့ဖူးပါဘူးကွာ၊ ကျိုးဖင့်ရှန်းက အရမ်းကံကောင်းတာပဲ”
မာချွန်းက ဘာမှမဟုတ်သလို လက်ခါပြလိုက်၏။ သူတို့နှစ်ယောက်သည် စကားအနည်းငယ် ပြောလိုက်ပြီး လမ်းခွဲခဲ့ကြသည်။
သူသည် တခြားလူများ၏ ချီးမွှမ်းစကားများကို အတည်မမှတ်ခဲ့ချေ။ သူက ကျိုးဖင့်ရှန်း အပေါ်ကောင်းတယ်လို့ အားလုံးက ထင်ကြပေမဲ့ ကျိုးဖင့်ရှန်းကလည်း သူ့အပေါ် ကောင်းတယ်လေ။ ပြီးတော့ သူလုပ်ပေးတာတွေက စုန့်ဝေဖျင်ကို လုံးဝမမီမှန်းလည်း ဝန်ခံရမယ်။
မာချွန်းသည် ပစ္စည်းများကို အဆောင်ထဲတွင် အရင်ထားခဲ့လိုက်ပြီးနောက် ပြန်ထွက်လာကာ စာသင်ခန်း အပြင်ဘက်တွင် ကျိုးဖင့်ရှန်းကို သွားစောင့်နေလိုက်၏။ ကျိုးဖင့်ရှန်းထွက်လာချိန်တွင် သူက သူမကို သတင်းပြောပြလိုက်လေသည်။
“ဖင့်ရှန်း ရွှီရှောင်ကျောင်း မင်းဆီ စာရေးလာတယ်”
ကျိုးဖင့်ရှန်းက ချက်ချင်း ပြုံးရယ်လိုက်ပြီး
“တကယ်လား”
မာချွန်းက စာကို သူမအားလှမ်းပေးလိုက်ပြီး
“ကိုက မင်းကို လိမ်ပါ့မလား၊ ကဲပါ၊ ကို စာ ယူလာခဲ့တယ်”
ကျိုးဖင့်ရှန်းက စာအိတ်ကို ဖွင့်ဖောက်ဖို့ပင် မစောင့်နိုင်တော့ပေ။ ခေါင်းငုံ့ကြီး စာဖတ်လိုက်လေသည်။
မာချွန်းက ပြုံးကာ သူမကို ဘေးသို့ လှမ်းဆွဲလိုက်၏။ သူက အပြင်ဘက်ခြမ်းတွင် ရပ်ကာ သူမကို တခြားသူများက ဝင်မတိုက်မိအောင် ကာကွယ်ပေးထားလိုက်သည်။
ကျိုးဖင့်ရှန်းက စာကို အရင်ဆုံး အကြမ်းဖတ်လိုက်၏။ သူမသည် စာအဆုံးကို တွေ့လိုက်ရချိန်တွင် ပိုပြီးတော့ပင် ဝမ်းသာသွားတော့သည်။
“မာချွန်း ရှောင်ကျောင်းက ပြောတယ်၊ သူနဲ့ စုန့်ဝေဖျင်တို့က ပြည်နယ်မြို့တော်ကို လာပြီး ငါ့တို့ဆီ လာလည်မှာတဲ့”
မာချွန်းလည်း အလွန်ဝမ်းသာသွားပြီး
“တကယ်လား”
သူက စုန့်ဝေဖျင်နှင့် ရွှီရှောင်ကျောင်းတို့ကို ကျိုးဖင့်ရှန်းလောက်တော့ မခင်ပေ။ သို့တိုင် သူသည် သည်နှစ်ယောက်၏ အကူအညီမပါလျှင် တက္ကသိုလ် တက်နိုင်လိမ့်မည်မဟုတ်ပေ။ သူ့စိတ်ထဲတွင် အမြဲတမ်း ကျေးဇူးတင်ခဲ့မိသည်။ သူတို့နှစ်ယောက်က လာလည်ကြမည်ဟု ကြားလိုက်ချိန်တွင် သူက လက်နှစ်ဖက်ကို ပွတ်ကာ ပြောလိုက်၏။
“ဒါဆိုရငိ ကိုတို့တွေ သူတို့ကို သေသေချာချာ ဧည့်ခံရမယ်”
ကျိုးဖင့်ရှန်း ‘အင်း’သံတစ်ချက်ဖြင့် ထောက်ခံလိုက်၏။ သူမက သေသေချာချာ စဥ်းစားလိုက်ပြီး
“သူတို့နှစ်ယောက် လာကြရင် ဗဟိုပန်းခြံကို အတူတူသွားလည်ပြီး အဲရောက်ရင် တောင်လဲ တက်ကြမယ်”
မာချွန်းက မငြင်းသည်မှာလည်း သဘာဝပင်။
“မင်းတော့ ဝမ်းသာနေတော့မှာပဲ၊ မင်းတောင် မိန်လင်ရွာကို မသွားရသေးဘူး ရွှီရှောင်ကျောင်းက ဒီကိုရောက်လာပြီ”
ကျိုးဖင့်ရှန်းက ချက်ချင်း ပြန်ပြင်ပေးလိုက်၏။
“ဘာမိန်လင်ရွာလဲ၊ ရှောင်ကျောင်းတို့မိသားစုက အခု မြို့ကို ပြောင်းသွားပါပြီဆို၊ နင် မေ့ပြန်ပြီ”
မာချွန်းက အခိုက်တန့် လျှာလိပ်သွားခြင်းဖြစ်ရာ
“ဒါပေါ့ ကို မမေ့ပါဘူး၊ ကို့အမြင်က မင်းက ကို့ထက် ရွှီရှောင်ကျောင်းနဲ့ ပိုပြီး ရင်းနှီးနေတေယ်၊ မင်း ပြောတာကို နားထောင်ရုံနဲ့ သေသေချာချာ မှတ်မိပါတယ်နော်၊ ရွှီရှောင်ကျောင်းတို့ မိသားစုက စက်ဘီး၊ ရုပ်မြင်သံကြားစက်နဲ့ လက်ပတ်နာရီကြီးတစ်လုံး ဝယ်ခဲ့တဲ့အပြင် အခုဆိုရင် မြို့မှာ ပြောင်းနေကြပြီ၊ ဟုတ်တယ်မလား”
ကျိုးဖင့်ရှန်းက အော်ရယ်လိုက်ပြီး
“ရှောင်ကျောင်းက စာထဲမှာ ပြောထားတယ်၊ စုန့်ဝေဖျင်က သူ့ကို ကင်မရာတစ်လုံး ဝယ်ပေးထားတယ်တဲ့၊ ဒီတစ်ခါ သူ ကင်မရာယူလာပြီး ငါတို့အတွက် ဓာတ်ပုံရိုက်ပေးမယ်တဲ့”
သူမကတော့ လုံးဝ မအားမကျမိလေဘူး။ ရွှီရှောင်ကျောင်းက ကောင်းမွန်တဲ့ဘဝတစ်ခုမှာ နေနေတယ်ဆိုရင်ပဲ သူမက အမှန်တကယ်ဝမ်းသာနေပြီလေ။
သို့သော် မာချွန်းမှာတော့ ဖိအားအကြီးကြီး အောက်သို့ရောက်သွားသလို ခံစားလိုက်ရတော့သည်။
“ကြည့်ရတာ ငါတော့ ပိုပြီး ကြိုးစားမှဖြစ်တော့မယ်”
ကျိုးဖင့်ရှန်းက စာကို ခေါက်လိုက်ပြီး ပြောလိုက်၏။
“ဘာကို ပိုကြိုးစားမှာလဲ၊ မာချန်း နင်က ထက်မြက်ပြီးသားပဲ၊ ဒီတစ်ခါ ပညာတော်သင်ဆုတောင် ရခဲ့တာကို”
မာချွန်းသည် သူ့ချစ်သူက သူ့အား ထက်မြက်သည်ဟု ချီးကျူးလိုက်ချိန်တွင် အားတက်သွားတော့သည်။ သို့တိုင် သူက စုန့်ဝေဖျင်ကို ဥပမာယူဖို့ ဆုံးဖြတ်ထားလိုက်ပြီး
“ငါက စုန့်ဝေဖျင်လိုဖြစ်လာအောင် ကြိုးစားရမယ်လေ၊ နောက်ပိုင်း ငါတို့လက်ထပ်တဲ့အချိန်ကျရင် ငါ မင်းကို အရာအားလုံး ဖြည့်ဆည်းပေးမယ်”
ကျိုးဖင့်ရှန်သည် သူမနှင့် မာချွန်းတို့ စတွဲချိန်ကတည်းက သူ့ကို ရွေးချယ်ထားခဲ့လေသည်။ သူမတွင် ရွှီရှောင်ကျောင်းကဲ့သို့ ဆန့်ကျင်တတ်သည့်ပါးစပ် မရှိသလို နှုတ်မာ စိတ်ပျော့သူလည်း မဟုတ်ပေ။ သူတို့နှစ်ယောက်က လက်ထပ်ဖို့ရန် တိုင်ပင်ထားခဲ့ကြသည်။
မာချွန်း၏စကားကို ကြားလိုက်ချိန်တွင် သူမ ပြုံးကာ ခေါင်းခါပြလိုက်ပြီး
“စုန့်ဝေဖျင်က ရွှီရှောင်ကျောင်းအတွက် ပစ္စည်းတွေအများကြီး ဝယ်ပေးတာလို့ ငါ နင့်ကို ပြောခဲ့တုန်းက ငါလည်း နင့်ကို ငါ့အတွက် ပစ္စည်းတွေ ဝယ်ပေးစေချင်တယ်လို့ မတွေးခဲ့ပါဘူး”
သူမက ဒီပျော်ရွှင်မှုကို မျှဝေခံရမည့် လူတစ်ယောက်ကိုပဲ ရှာချင်ခဲ့တာလေ။ ဘာမနာလိုမှုမှ မပါပါဘူး။
မာချွန်းက ခေါင်းညိတ်လိုက်ပြီး
“ဒါပေါ့ မင်း ပြောချင်တဲ့အဓိပ္ပာယ်ကို ကို သိပါတယ်၊ ဟဲ ဟဲ ကိုက ပစ်မှတ်တစ်ခု ရှာချင်ရုံသက်သက်ပါ၊ ကို့ပစ်မှတ်မှ စုန့်ဝေဖျင်လေ၊ သူက ကို့ရဲ့စံပြပုဂ္ဂိုလ်”
ကျိုးဖင့်ရှန်းက မငြင်းလိုက်ပေ။ သွားများပေါ်သည်အထိ ပြုံးကာ ပြန်ဖြေလိုက်ပြီး
“အင်းပါ၊ ဒါဆိုရင်တော့ အခုချိန်ကစပြီး ငါလည်း ရှောင်ကျောင်းလို ပျော်ရွှင်မှုတွေ ခံစားရတော့မှာပဲ”
မာချွန်းက အပြောတင်မဟုတ်ဘဲ အလုပ်နှင့်လည်း သက်သေပြလေသည်။ နွေရာသီ ရောက်လာ၏။ သူက ကျိုးဖင့်ရှန်းအတွက် ဤအဝတ်အစား သုံးလေးစုံလောက် ဝယ်ပေးခဲ့သည်။ ထိုအဖြစ်က ကျိုးဖင့်ရှန်း၏ အခန်းဖော်ကို အားကျသွားစေတော့သည်။
ထို့ကြောင့် ရွှီရှောင်ကျောင်းက သူမကို လာတွေ့ချိန်တွင် သူမ တွေ့လိုက်ရသည်က သိမ်မွေ့ပြီး ဉာဏ်ပညာနှင့် ပြည့်စုံသည့်ကျိုးဖင့်ရှန်း ဖြစ်နေတော့သည်။
နှစ်ယောက်သားက အားရဝမ်းသာစွာဖြင့် ပြေးဖက်လိုက်ကြ၏။ ရွှီရှောင်ကျောင်းက ကျိုးဖင့်ရှန်၏ မျက်နှာကို နှစ်လိုဖွယ် နမ်းလိုက်လေသည်။
“ဖင့်ရှန်း နင်လေ ဘာလို့ ပိုပိုပြီး လှလာပြီး နင့်စိတ်သဘောလေးကလည်း ပိုပိုကောင်းလာခဲ့တယ်”
ကျိုးဖင့်ရှန်းကလည်း သူမက ရွှီရှောင်ကျောင်း၏မျက်နှာက ချောမွတ်ပြီး နှင်းဆီရောင်သမ်းနေသည်ကို တွေ့လိုက်ရချိန်တွင် ရွှီရှောင်ကျောင်းက အဆင်ပြေနေမှန်း သိလိုက်ရလေသည်။
“နင်လည်း လှလာတယ်”
သူတို့ထဲက တစ်ယောက်က နူးညံ့ပြီး တစ်ယောက်က ထက်မြက်လေသည်။ အတူတူ ရပ်နေလိုက်ချိန်တွင် သူတို့သည် ပန်းချီကားတစ်ချပ်လို လှပနေတော့သည်။
အဖွဲ့လိုက် နှုတ်ဆက်လိုက်ပြီးနောက် ကျိုးဖင့်ရှန်က ရွှီရှောင်ကျောင်းနား ပိုကပ်သွားလိုက်လေသည်။ ပန်းနှစ်ပွင့်၏ ကာကွယ်သူများက နောက်မှ လိုက်ပါလာကြလေသည်။
မာချွန်းကလည်း စုန့်ဝေဖျင်ကို တွေ့ရသဖြင့် အလွန်မှ ဝမ်းသာနေလေသေည်။
“ဟဲ ဟဲ စုန့်ဝေဖျင်၊ အစ်ကိုကြီးစုန့် ကျွန်တော်တို့ နောက်ဆုံးတစ်ခါ တွေ့ပြီးကတည်းက မတွေ့တာကြာပြီနော်၊ မင်း ဒီခရီးကို သေသေချာချာ ပျော်ရမှာပါ”
စုန့်ဝေဖျင်က သူ့မျက်နှာပေါ်က မက်မွန်ပွင့်များကို တွေ့လိုက်ရချိန်တွင် သူနှင့်ကျိုးဖင့်ရှန်းတို့ အဆင်ပြေနေမှန်း သိလိုက်ရပြီး
“မင်းရော နေရာတစ်ခု ရသွားပြီလား”
ကျိုးဖင့်ရှန်းက မိန်လင်ရွာသို့လာပြီး ရွှီရှောင်ကျောင်းဆီ လာလည်ချိန်တွင်မာချွန်းလည်း လိုက်လာခဲ့သည့်အချိန်ကို မှတ်မိနေသေးသ်။ မိန်းကလေးနှစ်ယောက်က အတူတူနေကြပြီး သူကတော့ မာချွန်းနှင့် နေခဲ့ရသည်။ ညတိုင်း မာချွန်းက သူ့ကို ကူညီဖို့ တောင်းဆိုတတ်ပြီး သူ့တွင် နေရာတစ်ခုပင် မရှိဘဲ ကျိုးဖင့်ရှန်းကို တခြားသူများက လုယူသွားမည်ကို စိုးရကြောင်း ဆက်တိုက် ညည်းညူနေတတ်ခဲ့သည်။
မာချွန်းက ခေါင်းကုပ်လိုက်ပြီး ကိုယ့်ဟာကို အနည်းငယ်ကျေနပ်သလို ခံစားလိုက်မိလိုက်ပြီး
“ဒါပေါ့ဗျ၊ ကျွန်တော်တို့ တွဲနေတာ တော်တော်ကြာပြီ၊ ကျွန်တော်တွေ နောက်ပိုင်းကျရင် လက်ထပ်ဖို့တောင် တိုင်ပင်ပြီးသွားပြီ”
သူက လက်မောင်းဖြင့် စုန့်ဝေဖျင်ကို ထိကာ ပြောလိုက်၏။
“စုန့်ဝေဖျင် ဖင့်ရှန်းက မိန်လင်ရွာက ပြန်လာပြီးနောက်ပိုင်းမှ ကျွန်တော့်အပေါ် သူ့သဘောထား ပြောင်းသွားခဲ့တာ၊ ပြီးတော့ ကျွန်တော်လည်း ပိုပြီးတော့ ကြိုးစားခဲ့တာ၊ အဆင်ပြေသွားတယ်၊ အစ်ကို ကျွန်တော့်အတွက် ညအိပ်ရာဝင်စကားတွေ ပြောပေးလိုက်တာလား၊ ကျေးဇူးတင်လိုက်တာဗျာ”
အမှန်တွင်တော့ စုန့်ဝေဖျင်က ညအိပ်ဝင်စကား မပြောခဲ့ပေ။ ဘာညအိပ်ရာဝင်စကား ဖြစ်ရမှာလဲ။ သူတို့က စောင်နှစ်ထည်အောက်မှာ အိပ်နေရတုန်းရှိသေးတယ်။ သူကိုယ်တိုင်ကလည်း သွားရမဲ့ခရီးက အရှည်ကြီး ရှိသေးတယ်။ ဒီတော့ သူ့မှာ တခြားသူတွေကို အာရုံမစိုက်နိုင်သေးပါဘူး။
ဒါပေမဲ့ ရွှီရှောင်ကျောင်းက ပြောခဲ့ပြီးပြီလေ။ မာချွန်းက တော်တယ်လို့ သူမက ထင်လို့ ကျိုးဖင့်ရှန်းကို စမ်းကြည့်ဖို့တောင် နားချပေးခဲ့ပြီးပြီ။ တဖက်လှည့်နဲ့ ပြောရရင် ဒါကို ညအိပ်ရာဝင်စကား ပြောတယ်လို့ သတ်မှတ်လို့ရပါတယ်။
“အင်း” စုန့်ဝေဖျင်က ဣန္ဒြေနှင့် ခေါင်းညိတ်ပြလိုက်လေသည်။
မာချွန်းက သူ့ရင်ဘတ်ကို ပုတ်ကာ ပြောလိုက်လေသည်။
“ဒီတစ်ခါတော့ ကျွန်တော်က အိမ်ရှင်လုပ်ပြီး အစ်ကိုတို့ကို ပျော်စရာတွေ လိုက်ပို့ပေးမယ်၊ ကျွန်တော် ဖင့်ရှန်းဆီက ကြားထားတယ် အစ်ကို စီးပွားရေးလုပ်နေတာဆို၊ မူဝါဒတွေ ဖွင့်လိုက်ပြီးနောက်ပိုင်း ကျွန်တော်လည်း အလုပ်အမျိုးမျိုးအတွက် အပြင်ထွက်ကြည့်လိုက်သေးတယ်၊ ပြီးတော့ ပြည်နယ်မြို့တော်ကို နည်းနည်းပါးပါး နားလည်သွားတယ်၊ ကျွန်တော်တို့ ညနေစာစားတဲ့အချိန်ကျရင် အသေးစိတ် ပြောပြမယ်”
ဒါသည် မျှော်လင့်မထားသည့် စပရိုက်တစ်ခုပင်။ စုန့်ဝေဖျင်က သူ့ကို ဟန်ဆောင်မနေတော့ချေ။
“ကောင်းပြီ ငါ မင်းကို ဒုက္ခပေးရအုံးမယ်”
သူက ပြည်နယ်မြို့တော်ကို တခါမှ မရောက်ဖူးဘူးလေ။ ဒါပေမဲ့ မာချွန်းကတော့ ရောက်နေတာ တစ်နှစ်လောက်ရှိပြီ။ မာချွန်းက သူ့ထက် သတင်းတွေ ပိုသိမှာပဲ”
သူတို့သည် ပြည်နယ်မြို့တော်သို့ ရောက်လာချိန်က နေ့လယ်ရောက်နေပြီဖြစ်သည်။ မာချွန်းက သူတို့နှစ်ယောက်အတွက် ကျောင်းနားက တည်းခိုခန်းတစ်ခုတွင် အခန်းငှားထားပြီးဖြစ်လေသည်။
သောကြာနေ့သာ ရှိသေးသဖြင့် မာချွန်းနှင့် ကျိုးဖင့်ရှန်းတို့က ညနေပိုင်း အတန်းများရှိနေသည်။ နေ့လယ်ခင်းတွင် ရိုးရှင်းသည့် ထမင်းတစ်နပ်စားလိုက်ပြီး ကျောင်းကို ပတ်လျှောက်ကြည့်လိုက်ကြသည်။ ရွှီရှောင်ကျောင်းနှင့် စုန့်ဝေဖျင်တို့က အနားယူရန် တည်းခိုခန်းသို့ ပြန်ခဲ့ကြသည်။
တည်းခိုခန်းကို တစ်ယောက်ခန်းတစ်ခန်းနှင့် ခုတင်နှစ်လုံးတစ်ခန်း ငှားထားခဲ့သည်။ ပတ်ဝန်းကျင်က တော်တော်လေး ကောင်းမွန်လှသည်။
ရွှီရှောင်ကျောင်းက ကင်မရာကို ကိုင်ပြီး ကျောင်းတွင် သူမရိုက်လာသည့် ဓာတ်ပုံများကို ကြည့်ရင်း စုန့်ဝေဖျင်နှင့် စကားပြောနေလိုက်သည်။
ပြည်နယ်မြို့တော် ကောလိပ်ရဲ့ ပတ်ဝန်းကျင်က တကယ်ကောင်းတယ်နော်၊ အထူးသဖြင့် အဲဒီရေကန်လေ၊ ရေက အရမ်းကြည်ပြီး ကန်ထဲမှာ ငါးတွေလည်း အများကြီးပဲ”
စုန့်ဝေဖျင်က ခေါင်းညိတ်လိုက်၏။ ရွှီရှောင်ကျောင်းက ကောလိပ်တက်ခဲ့ပြီးဖြစ်သဖြင့် ကောလိပ်ကို အထူးတလည် စိတ်မဝင်စားနေချေ။ သို့သော် စုန့်ဝေဖျင်ကတော့ စိတ်ထဲတွင် တစ်မျိုး တွေးနေလေသည်။
“မင်းသာ အဲဒီတုန်းက ကောလိပ်စာမေးပွဲ ဝင်ဖြေခဲ့ရင် အခုချိန် မင်း ကောလိပ် ရောက်နေလောက်ပြီ”
ရွှီရှောင်ကျောင်းက အိပ်ရာပေါ်လဲချလိုက်ပြီး ခြေထောက်များကို လှုပ်ခါလိုက်ကာ
“ငါ စိတ်မဝင်စားပါဘူး၊ ဒါပေမဲ့ ငါ ပြန်ရောက်ရင် ရှောင်ကန်းကို ပြပြီး သူ စာကြိုးစားချင်စိတ် ဖြစ်အောင် အားပေးလို့ရတယ်လေ၊ သူ ဘွဲ့ရသွားရင် သူက နင့်အတွက် ဝန်ထမ်းတစ်ယောက် လုပ်ပေးလိမ့်မယ်”
စုန့်ဝေဖျင်က ကောလိပ်ကျောင်းသားများကို အလွန်မှ လေးစားနေမိသည်။ ထိုစကားကို ကြားလိုက်ချိန်တွင် ရွှီရှောင်ကျောင်းက စိတ်ကူးယဥ်နေသည်ဟု ခံစားလိုက်ရပြီး
“မင်း ကို့ကို အထင်ကြီးနေတာပဲ၊ ကို့အတွက် အလုပ်လုပ်ပေးဖို့ ကောလိပ်ကျောင်းသားတွေကို ခေါ်ရမတဲ့လား၊ ကိုက အဲလောက်အရည်အချင်း မရှိပါဘူး”
ရွှီရှောင်ကျောင်းက သူ့ကို လှမ်းကြည့်လိုက်ပြီး
“ဒါဆိုရင်တော့ နင့်က ကိုယ့်ဟာကိုယ် အရမ်းလျှော့တွက်တာပဲ စုန့်ဝေဖျင်”
သူမက မျက်လုံးကို လှန်ကြည့်လိုက်ပြီး
“ငါတို့လောင်းကြမလား”
“ဘာလောင်းမှာလဲ”
ရွှီရှောင်ကျောင်းက ထထိုင်ကာ ပြောလိုက်သည်။
“နောက်ပိုင်းကျရင် နင်က ကောလိပ်ကျောင်းသားတွေကို နင့်ဝန်ထမ်းတွေအဖြစ် ခေါ်ယူလိမ့်မယ်လို့ ငါ လောင်းတယ်”
သူမက ခဏလောက်စဥ်းစားလိုက်ပြီး
“ဆုက တောင်းဆိုမှုတစ်ခု၊ ဘာတောင်းဆိုမှုပဲ ဖြစ်ဖြစ် ရတယ်”
“အိပ်ရာကို နွေးအောင်လုပ်ပေးဖို့ရော ပါလား” စုန့်ဝေဖျင်က သူမကို ကြည့်လိုက်၏။
ရွှီရှောင်ကျောင်းက သူမ၏ခြေထောက်ကို ဆန်းကာ သူ့ကို ကန်ထည့်လိုက်ပြီး
“ဟဲ့ စုန့်ဝေဖျင် နင်လေ နေ့တိုင်း ဘာတွေစဥ်းစားနေတာလဲ၊ ငါ နင့်ကို အတည်ပြောနေတာလေ”
“ကိုက အတည်မဟုတ်လို့လား”
စုန့်ဝေဖျင်က မျက်ခုံးများကို ပင့်လိုက်ပြီး အကြောင်းပြချက်ဖြင့် ငြင်းခုံလိုက်လေသည်။
“မင်းပဲ ဘာတောင်းဆိုချက်ပဲဖြစ်ဖြစ် ရတယ်ဆို”
ရွှီရှောင်ကျောင်းက နှာခေါင်းရှုံ့လိုက်ပြီး
“ရတယ်လေ၊ နင် အိပ်ရာကို နွေးအောင် လုပ်ပေးလို့ရတယ်၊ ဟုတ်ပြီလား၊ ဘာပဲဖြစ်ဖြစ် နင် နိုင်မှာမဟုတ်ဘူး”
အချိန်တန်လျှင် သူမက စုန့်ဝေဖျင်ကို အခန်းလွတ်တစ်ခုတွင် တစ်လလောက် နေခိုင်းပြီး သူ ဘာဆက်လုပ်မည်ကို စောင့်ကြည့်လိုက်အုံးမည်ဟု စဥ်းစားလိုက်လေသည်။
စုန့်ဝေဖျင်က ဂရုမစိုက်ပေ။
“ကို ရှုံးရင်လည်း အကျိုးတော့ ရှိသေးတာပဲလေ”
သူရှုံးခဲ့ရင် သူက ကောလိပ်ကျောင်းသားတွေကို ဝန်ထမ်းအဖြစ် ငှားခဲ့တဲ့ သဘောပဲပေါ့။ အဲလိုသာဆိုရင် သူ့အောင်မြင်မှုတွေကလည်း နိမ့်မှာ မဟုတ်သလို သူမကလည်း အဲဒီအချိန်ကျရင် ပိုပြီး ပျော်နေမှာပဲလေ။
ရွှီရှောင်ကျောင်းက ခေါင်းညိတ်လိုက်ပြီး
“ဟုတ်တယ်၊ ငါ နင့်အပေါ် ဘယ်လောက်တောင် ကောင်းလိုက်သလဲ ကြည့်လေ”
သူမက ကင်မရာကို ချထားလိုက်ပြီး မေးထောက်ရင်း သူ့ကို ကြည့်နေလိုက်ကာ
“အဲဒီအချန် မကြာခင်ရောက်လာဖို့ တကယ်မျှော်လင့်နေပြီ၊ စုန့်ဝေဖျင် နင်ကလေ တခြားသူပြောတဲ့ အောင်မြင်တဲ့လူတစ်ယောက် သေချာပေါက်ဖြစ်လာမှာ”
ဒီနေ့ ဒါကို သတိထားမိခဲ့တယ်။ စုန့်ဝေဖျင်က ဘာမှမပြောပေမဲ့ သူ ကောလိပ်ကို တွေ့ပြီး ကျောင်းသားတွေ သွားလာနေတာကို ကြည့်ရင်း ကျောင်းဝန်းထဲက အားကောင်းတဲ့ ပညာတတ်ရပ်ဝန်းကို ခံစားမိတော့ သူက အားကျတာပဲဖြစ်ဖြစ် နှမြောတာဖြစ်ဖြစ် စိတ်ပျက်တာဖြစ်ဖြစ် ခံစားမိမှာပဲ။ ရှုပ်ထွေးတဲ့ သိမ်ငယ်စိတ်တစ်ခုတောင် ဖြစ်ချင်ဖြစ်သွားမှာ။
သူ့ကို အဲလိုမျိုး မဖြစ်စေချင်ဘူး။ သူ့ကို အနာဂတ်ကို ကြိုသွားပြီး သူက အနာဂတ်မှ အရမ်းကိုအောင်မြင်ပြီး အင်အားကြီးပြီး စီးပွားရေးလောကမှာ အထင်ကရတစ်ယောက်တောင် ဖြစ်နေတယ်ဆိုတာကို မြင်စေချင်တာ။ ပြီးတော့ ငါလေးကလည်း သူ့အောင်မြင်မှုကို မျက်လုံးနဲ့ ကိုယ်တိုင်တွေ့ရလိမ့်မယ်။
သူက သိမ်ငယ်စရာ မလိုပါဘူး။
စုန့်ဝေဖျင်က အော်ရယ်လိုက်ပြီး ပြောလိုက်သည်။
“မင်း ပင်ပန်းနေပြီလား၊ တစ်ရေးအိပ်လိုက်အုံး”
ရွှီရှောင်ကျောင်းက ‘အင်း’ဟု တစ်ခွန်းပြောကာ အတည်ပြုလိုက်ပြီး လဲချလိုက်ပြီး သူ့ဘေးက နေရာကို ပုတ်ပြလိုက်ကာ
“ဒီကိုလာခဲ့၊ အတူတူအိပ်ရအောင်”
သူမ ပြလိုက်သည့် နေရာက သူမနှင့် အလွန်မှနီးကပ်နေသည်။ ထိုကြောင့် သူတို့နှစ်ယောက် အတူတူ အိပ်လိုက်ချိန်တွင် သူက သူမကို ဖက်မိတော့လုနီးနီးပင်။
စုန့်ဝေဖျင်က ရုတ်တရက် ခံစားချက်အားလုံး လွှတ်ထွက်သွားပြီး နာနာခံခံဖြင့် အိပ်ရာဆီသို့ သွားလိုက်ကာ သူ့မိန်းမကို လက်မောင်းပေါ်တင် အိပ်ဖို့ ပြင်လိုက်လေသည်။
ရွှီရှောင်ကျောင်းက ကျိတ်ရယ်လိုက်ပြီး
“ဟဲ့ စုန့်ဝေဖျင် နင် နေ့ခင်းဆို ဘယ်တော့မှ မအိပ်ပါဘူး”
သူမက နေ့လယ်ခင်းတွင် တစ်ရေးအိပ်တတ်သည့်အကျင့်ရှိပြီး သူကတော့ မအိပ်တတ်ပေ။ သူက သူမကို မကြာခဏ စကားလာပြောတတ်ပြီး သူမ အိပ်ပျော်သွားလျင် သူတစ်ယောက်တည်း အလုပ်များနေတတ်သည်။
“စုန့်ဝေဖျင်က အတည်ပေါက်နှင့် ပြောလိုက်၏။
“ကို ခရီးပန်းနေလို့လေ၊ ဒီနေ့တော့ အိပ်ချင်တယ်”
သူက သူမဘေးတွင် လဲချလိုက်သည်ကို တွေ့လိုက်ရသဖြင့် ရွှီရှောင်ကျောင်းက သူ့ဆန္ဒအတိုင်း သူ့ကို မှီထားလိုက်ကာ
“ဒါဆို နင်က နောက်ဆိုရင်တော့ မအိပ်ဘူးပေါ့”
သူမ၏အနီးကပ်လှုပ်ရှားမှုကို ခံစားမိသဖြင့် စုန့်ဝေဖျင်က သူမကို ငုံ့ကြည့်လိုက်ပြီး သူ့နှလုံးသားထဲတွင် နွေးထွေးသွားသလို ခံစားလိုက်တော့သည်။
“အိပ်မှာပေါ့၊ အခုချိန်ကစပြီး ကို မင်းနဲ့အတူ အိပ်တော့မှာ”
ရွှီရှောင်ကျောင်းက ညည်းလိုက်ပြီး ဘာမှမပြောလိုက်ပေ။ သူမက အမှန်ပင် အိပ်ချင်နေပြီး ခဏအတွင်း အိပ်ပျော်သွားတော့သည်။
စုန့်ဝေဖျင်က သူမကို အချိန်အကြာကြီး ငေးကြည့်နေပြီး သူမကို စိတ်တိုင်းကျဖက်ထားလိုက်ပြီး မျှော်လင့်မထားဘဲ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားလေသည်။
ညနေခင်းတွင် သူတို့လေးယောက်က အတူတူ ထွက်လာခဲ့ကြသည်။ မာချွန်းက ပြည်နယ်မြို့တော်၏ ညရှုခင်းကို ပြရန် သူတို့ကို ခေါ်လာခဲ့သည်။
မာချွန်းက ပြည်နယ်မြို့တော်ကို ကျိုးဖင့်ရှန်းထက် အများကြီး ပိုရင်းနှီးလေသည်။
“ကျွန်တော်က တက်ရတဲ့အတန်း တော်တော်လေးနည်းတော့ လွယ်ကူသွားတယ်မလား၊ ညပိုင်းဆိုရင် ကျွန်တော် ဒီနေရာကိုလာပြီး ညစျေးဆိုင်လေးတစ်ခု ခင်းနေကျလေ၊ လမ်းဘေးဆိုင်သေးသေးလေး ဆိုပေမဲ့ တကယ်တော့ တော်တော်လေး အမြတ်ကောင်းတယ်”
ကျိုးဖင့်ရှန်းအတွက် အရသာရှိသည့်အစားအသောက်နှင့် အဝတ်အစားများကို ဝယ်ပေးနိုင်သည့် ငွေရှိရသည့်အကြောင်းအရင်းက မိသားစုမှ ပို့လာသည့်ငွေကို သုံးခြင်းကြောင့်မဟုတ်ဘဲ အားလုံးက သူကိုယ်တိုင် ရှာထားသည့် ငွေဖြစ်နေခြင်းပင်။
ကျိုးဖင့်ရှန်းနှင့် ရွှီရှောင်ကျောင်းတို့က အလယ်မှာ လျှောက်လာခဲ့ကြသည်။ ရွှီရှောင်ကျောင်းက ထိုစကားကို ကြားလိုက်ချိန်တွင် သူမက ကျိုးဖင့်ရှန်းအနား ကပ်လိုက်ပြီး လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။
“မာချွန်းက နင့်ကို ကောင်းကောင်းဆက်ဆံတာပဲနော်၊ အဲဒါထက်လေ သူက တက်ကြွတယ်”
ပတ်ဝန်းကျင်က အနည်းငယ် ဆူညံနေပြီး မိန်းကလေးနှစ်ယောက်က တီးတိုးပြောနေကြသည်။ ဘေးနှစ်ဖက်လုံးက ကောင်လေးများက သူတို့စကားကို မကြားရပေ။ ကျိုးဖင့်ရှန်းကလည်း သူမကို တိတ်တိတ်လေး ပြန်ဖြေလိုက်၏။
“သူ ပြောတာတော့ သူက စုန့်ဝေဖျင်ဆီကနေ သင်ထားတာတဲ့၊ ငါက နင့်အလင်းရောင်နဲ့ ပါးပြောင်နေတာပါ”
ကျိုးဖင့်ရှန်းက စုန့်ဝေဖျင်ကို မော့ကြည့်လိုက်ပြီးနောက် ရွှီရှောင်ကျောင်းကို ငုံ့ကြည့်လိုက်ကာ
“နင်တို့နှစ်ယောက် ဘယ်လိုလဲ”
ရွှီရှောင်ကျောင်းက သူမ၏ နှာခေါင်းကို ပွတ်သပ်လိုက်၏။ နွေဦးကနေ နွေရာသီအထိ သူတို့တွေ အခုမှ နည်းနည်းလေးပဲ တိုးတက်ခဲ့တာလေ။
ကျိုးဖင့်ရှန်းက သူမအတွက် စိတ်ပူသွားပြီး
“နင် ဘယ်လိုလုပ်ရမယ်ဆိုတာ သိရက်နဲ့၊ နင်ကလေ နင့်ငယ်ရွယ်တဲ့အချိန်ကောင်းကို ဖြုန်းတီးနေတာ”
ရွှီရှောင်ကျောင်းက သူမကို ကြည့်လိုက်ပြီး
“ဧကန္တ နင်တို့နှစ်ယောက် အဲလိုများလား”
ကျိုးဖင့်ရှန်းက သူမကို တွန်းလိုက်ကာ ပြန်ပြောလေသည်။
“နင် ဘာတွေ ပြောနေတာလဲ၊ ငါတို့က လက်မထပ်ရသေးဘူးနော်၊ ငါတို့က လက်ထပ်ပြီးတဲ့အထိ စောင့်နိုင်တယ်”
ရွှီရှောင်ကျောင်းက တခစ်ခစ်ရယ်မောလိုက်ပြီး
“ငါတို့တွေက မတူဘူးလေ၊ နင်တို့က အရင်ဆုံး ချစ်ကြပြီးမှာ လက်ထပ်ကြမှာ၊ ငါတို့က အရင်ဆုံး လက်ထပ်ပြီးမှ ချစ်သွားကြတာ”
“ဒါဆို နင်တို့တွေ မကြာခင်လား” ကျိုးဖင့်ရှန်းက သူမကို ကြည့်လိုက်သည်။
ရွှီရှောင်ကျောင်းသည် နေ့လယ်ခင်းက သူတို့နှစ်ယောက် ချင်းချင်း ဖက်အိပ်နေခဲ့သည့် မြင်ကွင်းကို သတိရသွားတော့သည်။ သူ့လက်မောင်းပေါ်မှာ နိုးလာရတဲ့ခံစားချက်က တော်တော်လေး ကောင်းတာပဲ။
သူမက မပြောလိုက်သော်လည်း ကျိုးဖင့်ရှန်းက သူမ၏မျက်နှာပေါ်မှ ရှက်ရွံ့မှုကို တွေ့လိုက်ရပြီး သူမ၏စိတ်ထဲတွင် အနည်းငယ်နားလည်သွားကာ
“ဘာပဲဖြစ်ဖြစ် မြန်မြန်လုပ်၊ ငါ့မှာ တခြားသူငယ်ချင်းကောင်းတွေ ရှိတာမဟုတ်ဘူး၊ နင်တစ်ယောက်ပဲ ရှိတာ၊ ငါတို့က ကလေးတွေရနေပြီး နင်ကတော့ အံကြိတ်နေရတာမျိုးနဲ့ ဇာတ်မသိမ်းရင် ပိုကောင်းမယ်”
ရွှီရှောင်ကျောင်းက ပြန်ချေပမည် ပြင်လိုက်စဥ်တွင် အနောက်ဘက်မှနေ၍ တစ်စုံတစ်ယောက် ခေါ်သံကို ကြားလိုက်ရလေသည်။
“ရှောင်ကျောင်း၊ ဖင့်ရှန်း တို့မလား”