အခန်း (၅၈-၆၀)
Vol. 4 Ch. 58-60
အပိုင်း (၅၈) ကြွားဝါခြင်း
ရွှီရှောင်ကျောင်းနှင့် ကျိုးဖင့်ရှန်းတို့သည် အချင်းချင်း ကြည့်လိုက်ကြ၏။ ပြည်နယ်မြို့တော်မှာ သူတို့နှစ်ယောက်လုံးကို တစ်ပြိုင်ထဲ ဘယ်သူကများ သိနေတာလဲ။
သူတို့နှစ်ယောက်သည် အံ့ဩတကြီးနှင့် လှည့်အကြည့်တွင် သူတို့လုံးဝ မျှော်လင့်မထားသူ တစ်ယောက်ကို တွေ့လိုက်ရတော့သည်။
ဝမ်ကွေးယွဲ့ဖြစ်နေတော့သည်။ ဝမ်ကွေးယွဲ့သည် အရင်ကလို လုံးဝ မဟုတ်တော့ချေ။ သူမက လက်ရှိတွင် ခေတ်အစားဆုံး ခေါက်ဆွဲကောက်ပုံ ဆံပင်လုပ်ထားသည်။ သူမ၏မျက်နှာကို ပေါင်ဒါတင်ထားကာ သဘာဝအတိုင်း မဟုတ်ဘဲ ဖြူဖွေးနေလေသည်။ သူမလက်ရှိ ဝတ်ထားသည့် ခေါင်းလောင်းပုံဘောင်းဘီနှင့် ရှပ်အင်္ကျီက လက်ရှိတွင် ခေတ်အစားဆုံးဝတ်စားပုံဖြစ်လေသည်။
ရွှီရှောင်ကျောင်းနှင့် ကျိုးဖင့်ရှန်းတို့ အမှန်တကယ် ဖြစ်နေသည်ကို မြင်လိုက်ရသဖြင့် ဝမ်ကွေးယွဲ့သည် ပိုပြီး စိတ်လှုပ်ရှားလာတော့သည်။
“တကယ်ပဲ နင်တို့ဖြစ်တောပဲ၊ ငါ နင်တို့ ကျောပြင်ကို မြင်လိုက်တော့ နင်တို့များလားလို့ စဥ်းစားမိလိုက်တာ၊ လုံးဝမထင်ထားဘူး၊ ဖင့်ရှန်း နင် ဒီမှာ ကောလိပ်တက်နေတာ ငါ သိပါတယ်၊ တစ်ရက် နှစ်ရက်လောက်နေရင် နင့်ဆီလာလည်ဖို့ စဥ်းစားထားတာ၊ ရှောင်ကျောင်း နင်ကရော ဘာလို့ မြို့တော်ကို လာခဲ့တာလဲ၊ နင်လည်း နောက်ပိုင်း ကောလိပ်ဝင်ခွင့်စာမေးပွဲ ဖြေလိုက်တာလား”
ရွှီရှောင်ကျောင်းက သူမကို တွေ့သည်နှင့်တစ်ပြိုင်နက် သူမ၏မျက်လုံးထဲတွင် ရွံရှာဟန် ဖြတ်ပြေးသွားတော့သည်။ မိန်လင်ရွာက အဒေါ်ဝမ်၏ ဆောက်တည်ရာမရ ငိုကြွေးပုံနှင့် ဝမ်အားပေါင်၏ စိတ်ပျက်ညှိုးငယ်မှုကို စဥ်းစားမိလိုက်ပြီး သူမသည် ဝမ်ကွေးယွဲ့နှင့် လုံးဝစကားမပြောချင်တော့ပေ။
စုန့်ဝေဖျင်ကတော့ သူမကို နည်းနည်းလေးမှ သဘောမကျပေ။ သူက ရွှီရှောင်ကျောင်းကို နောက်သို့ တစ်လှမ်း ပြန်ဆွဲထားလိုက်သေးသည်။
ဝမ်ကွေးယွဲ့သည် စုန့်ဝေဖျင်၏ အမူအရာကို သတိထားမိလိုက်ပြီးနောက် ရွှီရှောင်ကျောင်း၏ မျက်နှာကို ကြည့်လိုက်လေသည်။ သူမသည် အေးခဲသွားတော့သည်။
ဝမ်းနည်းသည့်အကြည့်တစ်ခုက သူမ၏မျက်နှာပေါ်တွင် ချက်ချင်းပေါ်လာတော့သည်။
“ရှောင်ကျောင်း ဟိုတုန်းက ငါ့ရွေးချယ်မှုကို နင်အခုထိ သဘောမတူဖြစ်နေသေးတာလား၊ ငါလည်း မတတ်သာဘဲ ဖိအားပေးခံလိုက်ရလို့ပါ ငါ....”
ရွှီရှောင်ကျောင်းက အေးတိအေးစက် နှာခေါင်းရှုံ့လိုက်ပြီး
“နင့်မှာ ပြောစရာရှိရင်တောင် ငါ့ကို မပြောပြနဲ့”
ဝမ်ကွေးယွဲ့သည် နင်သွားပြီး ကျိုးဖင့်ရှန်းကို ကူကယ်ရာမဲ့သလို ကြည့်လိုက်ကာ
“ဖင့်ရှန်း”
သူမနဲ့ ကျိုးဖင့်ရှန်းက နှစ်တွေအများကြီး အခန်းဖော်ဖြစ်လာခဲ့တာ။ ကျိုးဖင့်ရှန်းရဲ့အကျင့်ကို သူမ ကောင်းကောင်းသိတယ်လေ။ သည်လိုနှင့် သူမက နာကျင်ရသည့် အမူအရာတစ်ခုကို လုပ်ပြလိုက်သောအခါ ကျိုးဖင့်ရှန်းမှာ မကြည့်ရက်တော့ပေ။
ကျိူးဖင့်ရှန်းက ရွှီရှောင်ကျောင်း၏လက်ကို ကိုင်ကာ ပြောလိုက်သည်။
“ရှောင်ကျောင်း စိတ်မဆိုးပါနဲ့ဟယ်၊ ကွေးယွဲ့မှာလဲ သူ့အကြောင်းအရင်းနဲ့သူ ရှိလို့နေမှာပါ”
ဝမ်ကွေးယွဲ့က ရှေ့တစ်လှမ်းတိုးလာပြီး
“ငါ့မှာ တကယ်ပဲ အကြောင်းအရင်းတွေ ရှိလို့ပါဟယ်၊ ရှောင်ကျောင်း ငါ့ကို ယုံပါနော်၊ ငါ နင့်ကို နှုတ်မဆက်ဘဲ ထွက်သွားရတဲ့အကြောင်းအရင်တစ်ခု ရှိတယ်”
သူမက ကျိုးဖင့်ရှန်၏ လက်ကို ဆုပ်ကိုင်ထားလိုက်ကာ ပြောလိုက်လေသည်။
“အင်း ငါ့ယောက်ျားက ဟိုးဘက်နားမှာ စျေးဝယ်နေတယ်၊ သူ ခဏနေရင် ဒီဘက်ကို လာလိမ့်မယ်၊ ငါ နင်တို့ကို ဝယ်ကျွေးမယ်လေ၊ ပြီးရင် နင့်ကို အားလုံးကို အသေးစိတ်ပြောပြပါ့မယ်၊ နော်”
ရွှီရှောင်ကျောင်းက လက်မခံလိုပေ။ သို့သော် ဝမ်ကွေးယွဲ့က ကျိုးဖင့်ရှန်း၏လက်ကို ကိုင်ထားပြီး သူမ၏လက်ကို လှုပ်လိုက်ချိန်တွင် ကျိုးဖင့်ရှန်းလည်း တွေဝေသွားတော့သည်။
သူမက ရွှီရှောင်ကျောင်းနားသို့ ကပ်သွားလိုက်ပြီး
“ရှောင်ကျောင်း ကွေးယွဲ့မှာ တကယ်ပဲ အကြောင်းရှိလို့နေမှာပါ၊ ငါတို့တွေ သူပြောတာကို နားထောင်ကြည့်ကြမယ်လေ”
ရွှီရှောင်ကျောင်းကတော့ သူမတွင် အခက်အခဲရှိခဲ့သည်ဟု မယုံပေ။ သူမက ကျိုးဖင့်ရှန်းကို ဒေါသဖြင့် ကြည့်ကာ ပြောလိုက်လေသည်။
“နင့်မှာလေ ပုပ်သိုးလောက်အောင် ကောင်းနေတဲ့နှလုံးသား ရှိနေတာပဲ၊ ငါနင့်ကို အကြောင်းအရင်းနဲ့ ဖြစ်စဥ်တွေကို ပြောပြပြီးပြီ၊ သူ့မှာ ဘာအကြောင်းတွေ ရှိနိုင်မှာလဲ ကျေးဇူးပြုပြီး ငါ့ကို ပြောပြစမ်းပါ”
ကျိုးဖင့်ရှန်းက ဘေးတွင် စောင့်နေသည့် ဝမ်ကွေးယွဲ့ကို လှမ်းကြည့်လိုက်ပြီး
“နောက်ဆုံး ငါတို့တွေက နှစ်တွေအများကြီး ပညာတတ်လူငယ် သူငယ်ချင်းတွေ ဖြစ်ခဲ့တာပဲဟယ်၊ ဟိုတုန်းက ငါ ကောလိပ်သွားလိုက်တုန်းက နောက်ပိုင်းပြန်တွေ့ကြရင် ညီအစ်မတွေကို ရင်းရင်းနှီးနှီး နေကြမယ်လို့ ကတိပေးထားတယ်လေ၊ အခု ငါတို့တွေ့ဆုံရပြီဆိုတော့ ငါတို့တွေ ဘာမှမပြောဘဲ ထွက်သွားလို့ မဖြစ်ပါဘူး၊ ငါ့ကို အဖော်လုပ်ပေးတယ်လို့ မှတ်လိုက်ပါနော်”
ရွှီရှောင်ကျောင်းသည် သံက သံမဏိ မဖြစ်နိုင်သည်ကို အတိုင်းအတာတစ်ခုအထိ မုန်းမိလေတော့သည်။ အဲဒီတုန်းက ဝမ်ကွေးယွဲ့ရဲ့ ရည်ရွယ်ချက်တွေက အရမ်းသိသာနေတဲ့ဟာကို ကျိုးဖင့်ရှန်း ဒီလအမလေးက သူ့ကို ယုံနေသေးတယ်။
“ကောင်းပြီလေ၊ ဒါဆို ငါ နင့်ကို အဖော်လုပ်ပေးမယ်၊ သူ ဘယ်လိုအကွန့်အညွှန့်တွေနဲ့ ပြောပြီး နင့်ကို အရှုံးပေးရအောင် လုပ်မလဲဆိုတာ ကြားချင်သေးတယ်”
ကျိုးဖင့်ရှန်းက ဝမ်ကွေးယွဲ့ကို ကြည့်ကာ ပြောလိုက်၏။
“ကွေးယွဲ့ အတူတူ ထမင်းတနပ်တော့ စားရအောင်”
ဝမ်ကွေးယွဲ့သည် ချက်ချင်း အလွန်ပျော်သွားပြီး
“နင် ငါ့ကို ငြင်းမှာမဟုတ်တာ သိသားပဲ၊ ဒီတစ်နပ်ကိုတော့ ငါကပဲ နင်တို့ကို ကျွေးရလိမ့်မယ်၊ ငါ့ယောက်ျား အခုပဲ လာနေပြီ”
သူမ စကားပြောနေစဥ်မှာ အရပ်ပုပုအမျိုးသားရဲဘော်တစ်ယောက်က လူကြားမှ ပေါ်လာလေသည်။ ဝမ်ကွေးယွဲ့က သူ့ကို လက်ရမ်းပြလိုက်ပြီး
“လောင်ချန် ဒီဘက်မှာ”
ထိုလူရောက်လာသောအခါ ဝမ်ကွေးယွဲ့က သူ့လက်မောင်းကို ချိတ်ကာ ရွှီရှောင်ကျောင်းနှင့် တခြားသူများကို မိတ်ဆက်ပေးလေသည်။
“ဒါက ငါ့ယောက်ျား ချန်ယုံကျင်းတဲ့၊ လောင်ချန် သူတို့တွေက ကျွန်မ ရှင့်ကို ပြောပြဖူးတဲ့ ပညာတတ်လူငယ်သူငယ်ချင်းတွေလေ၊ ရွှီရှောင်ကျောင်းနဲ့ ကျိုးဖင့်ရှန်းတဲ့”
ချန်ယုံကျင်းက အပေါ်ယံတွင် ဖော်ရွေဟန်တစ်ခုနှင့် အနည်းငယ် ဝဖိုင့်ဖိုင့်ဖြစ်သည်။ သူက လက်ထဲက ပစ္စည်းများကို ဝမ်ကွေးယွဲ့ထံ လှမ်းပေးလိုက်သည်။ သူမစကားကို ကြားလိုက်ချိန်တွင် သူကလည်း သိက္ခာအပြည့်ဖြင့် ပြန်ဖြေလိုက်၏။
“ငါ သကြားလှော်သစ်ကြားသီးတွေ ဝယ်လာတယ်၊ သူတို့နဲ့ အတူတူစားကြလေ၊ အားလုံးလည်း မစားရသေးဘူးမလား၊ ထမင်းတစ်နပ်လောက် အတူတူစားကြရအောင်ပါ၊ ကွေးယွဲ့က သူ ပညာတတ်လူငယ်လုပ်တုန်းက ခက်ခဲခဲ့ပေမဲ့ ခင်ဗျားတို့နှစ်ယောက်က သူ့ကို စောင့်ရှောက်ပေးခဲ့တဲ့ အကြောင်း အမြဲတမ်းပြောနေတာ၊ ဒီနေ့တော့ ကျေးဇူးတင်တဲ့အနေနဲ့ ကျွန်တော်က မင်းတို့ကို ဒကာခံပါ့မယ်”
ရွှီရှောင်ကျောင်းနှင့် စုန့်ဝေဖျင်တို့က အချင်းချင်း ကြည့်လိုက်လေသည်။ အံ့ဩစရာ ကောင်းလောက်အောင်ပင် ဝမ်ကွေးယွဲ့၏ယောက်ျားက နိမ့်ချတတ်သူတစ်ယောက် ဖြစ်နေတော့သည်။
ဝမ်ကွေးယွဲ့က သကြားလှော်သစ်ကြားသီးကို ယူကာ ဆူပူလိုက်၏။
“ဒါတွေကို မဝယ်ပါနဲ့လို့ ကျွန်မ ရှင့်ကို ပြောထားရဲ့သားနဲ့၊ ရှင်က ကျန်မအတွက်နဲ့ အဲဒါကို ဝယ်ဖို့ သွားတန်းစီလိုက်သေးတယ်၊ ဒါက အလကားငွေဖြုန်းတီးတာပဲ”
သူမက ထိုသို့ ပြောလိုက်ပြီးသည်နှင့် ရွှီရှောင်ကျောင်းနှင့် ကျိူးဖင့်ရှန်းတို့ကို မရေမရာ လှမ်းကြည့်လေသည်။ သူမက အားတက်သရော ပြုံးလိုက်ပြီး
“လာ လာ အားလုံး စားကြရအောင်”
ကျိုးဖင့်ရှန်းက အားလုံးအတူတူ ထမင်းစားချင်သည်ဟု ပြောခဲ့သဖြင့် ရွှီရှောင်ကျောင်းကလည်း မငြင်းတော့ပေ။ အားလုံးက ချန်ယုံကျင်းနောက်မှနေ၍ စားသောက်ဆိုင်တစ်ခုဆီသို့ လိုက်သွားလိုက်ကာ သူက ဟင်းလျာများကို ရက်ရက်ရောရောမှာနေသည်ကို နားထောင်နေလိုက်ကြသည်။
ကျိုးဖင့်ရှန်းက အနည်းငယ် ရှက်သွားလေသည်။ သူမက ထိုကိစ္စကို ခံစားမိနေသည်။ ဝမ်ကွေးယွဲ့ကို အသာထား ချန်ယုံကျင်းကတော့ လူကောင်းတစ်ယောက်ပါပဲ။
“ငွေအများကြီး သုံးစရာမလိုပါဘူး၊ ငါတို့တွေ အချင်းချင်း မတွေ့တာ အရမ်းကြာနေပြီလေ၊ အတူတူ စကားပြောရရင်ကို လုံလောက်နေပါပြီ”
ချန်ယုံကျင်းက စကားပြောချင်သော်လည်း ဝမ်ကွေးယွဲ့က အရင်ဆုံး ပြန်ပြောလာ၏။
“ဘာမဖြစ်ဘူး၊ ဘာမှမဖြစ်ဘူး၊ ငါ့တို့လောင်ချန်က သဘောကောင်းတဲ့သူပါဟယ်၊ သူက အခုလောလောဆယ် လုပ်ငန်းငယ်လေးတစ်ခု လုပ်နေတာလေ၊ ငါတို့လက်ထဲမှာ ငွေအများကြီး ရှိပါတယ်၊ ဖင့်ရှန်း နင်က ကောလိပ်ကျောင်းသူပဲ ရှိသေးတယ် ငွေအများကြီး မရှာနိုင်ဘူးလေ၊ ရှောင်ကျောင်းရောပဲ၊ တောမှာဆိုတော့ ငွေရှာနိုင်မဲ့ နေရာကလည်း မရှိသလောက်ပဲ၊ နင်တို့ ဒီတစ်နပ်ကို သဘောကျမှာပဲ၊ နင်တို့အရင်က မစားဖူးတာတွေ စားကြည့်ကြလေ”
သူမ၏စကားများထဲတွင် ကြွားဝါနေသည့်အရိပ်အယောင်တစ်ခု ပါနေလေသည်။ ချန်ယုံကျင်းမှာ အနည်းငယ် အနေခက်သွားတော့သည်။ သူက ဝမ်ကွေးယွဲ့၏ အင်္ကျီလက်ကို ဆွဲလိုက်ပြီး လက်ခါပြလိုက်ကာ
“ကွေးယွဲ့ လျှောက်ပြောနေတာ နားမထောင်ပါနဲ့ဗျာ၊ ကျွန်တော်က ဒီတိုင်း ကိုယ့်ဟာကို ပတ်သွားနေရတာပါ၊ ငွေအများကြီး မရှာနိုင်ပါဘူး”
စုန့်ဝေဖျင်က ဘေးတွင် အေးစက်သလို ဟန်ဆောင်နေလိုက်ပြီး စကားတစ်ခွန်းမှ မပြောပေ။ ရွှီရှောင်ကျောင်းက နှုတ်ဆိတ်ကာ ရေသောက်လိုက်သည်။ သူမ၏ အမူအရာက အဆင်ပြေနေသော်လည်း သူမက ဘာမှ ပြန်မဖြေလိုက်ပေ။
မာချွန်းက ဝမ်ကွေးယွဲ့ကိစ္စကို နည်းနည်းသာသိလေသည်။ သူသည် ဝမ်ကွေးယွဲ့ကို ဂရုမစိုက်သော်လည်း ဒီချန်ယုံကျင်းက မိတ်ဆွေဖွဲ့ဖို့ ထိုက်တန်မှန်း မြင်နေရသည်။ ထို့ကြောင့် ချန်ယုံကျင်းစကားကို အလိုက်အထိုက် ပြန်ပြောလိုက်၏။
“အခုက ကိုယ်ပိုင်စီးပွားရေးစဖို့ အကောင်းဆုံးအချိန်ပါပဲ၊ ခင်ဗျား ဒါတွေလုပ်နေတာ ကျွန်တော် အားကျမိပါတယ်၊ အစ်ကိုချန်က လတ်တလော ဘာလုပ်ငန်းလုပ်နေတာလဲ၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို ပြောပြပေးပါလား”
ချန်ယုံကျင်းသည် စုန့်ဝေဖျင်နှင့် သူ့ဇနီးက သူ့မိန်းမအပေါ် မနှစ်မြို့မှုတချို့ ရှိနေသယောင် သတိထားမိလေသည်။ ထိုအခိုက်အတန့်တွင် သူသည် အကြောင်းအရင်းကို နားမလည်သော်လည်း အခုအချိန်တွင်တော့ မမေးနိုင်ခဲ့ချေ။ မာချွန်းက ဖြေလိုက်ချိန်တွင်တော့ သူက အလိုလို တစ်လှမ်း ဆုတ်ပေးလိုက်တော့သည်။
သူက ဝမ်းမြောက်စွာ ရယ်မောလိုက်ပြီး သူက ငွေရှာသည့်နေရာတွင် လိုက်လျောညီထွေရှိသည့်ဟန် ဖြစ်နေသည်။
“ဪဗျာ တကယ်တော့ ပတ်ဝန်းကျင်မှာ ရှုပ်ထွေးနေတာဗျ၊ ကျွန်တော်တို့ကို လွတ်လွတ်လပ်လပ် ရောင်းဝယ်ခွင့် ပြုလိုက်ပြီမလား၊ ဒါနဲ့ ကျွန်တော်လည်း ပစ္စည်းအသစ်တွေ ရမဲ့နေရာကို မေးမြန်းပြီး ပစ္စည်းတွေဝယ်ပြီး ပစ္စည်းတွေရှားပါးတဲ့နေရာမှာ ပြန်ရောင်းတာပါ၊ ငွေနည်းနည်းလေးရှာဖို့ ပမာဏနည်းနည်းပါးပါး လောက်ပါပဲ”
ရွှီရှောင်ကျောင်းက သူ့ကို လှမ်းကြည့်လိုက်ပြီး စုန့်ဝေဖျင် အစောပိုင်း လျှောက်ခဲ့သည့်လမ်းကို လျှောက်နေမှန်း သိလိုက်ရလေသည်။
မာချွန်းက ထိုစကားကို ကြားလိုက်ပြီးနောက် ခေါင်းညိတ်လိုက်ကာ
“အစ်ကိုရာ ဒီလိုသတ္တိမျိုးနဲ့ဆိုရင် ဒါက ကိစ္စသေးသေးလေးမှ မဟုတ်တာပဲ”
ဝမ်ကွေးယွဲ့က ချက်ချင်း ဖြတ်ပြောလိုက်သည်။
“ဟုတ်တယ်လို့၊ ကျွန်မ ပြောအုံးမယ်၊ ကျွန်မတို့ လောင်ချန်က အရမ်းနှိမ့်ချတာ၊ ဒီနှစ် ပထမနှစ်ဝက်မှာ သူ ယွမ်၅၀၀အပြည့်ရှာခဲ့တယ်လေ၊ ဖင့်ရှန်း ယွမ်၅၀၀နော်၊ သူတို့တွေ ပညာတတ်လူငယ် ဖြစ်တုန်းကဆိုရင် ဒါကို ရှာဖို့ ဘဝတစ်ဝက်လောက် အချိန်ယူရမှာ၊ ငါတို့လောင်ချန်က အရည်အချင်း ရှိတယ်”
ငွေအကြောင်းပြောလိုက်သည်တွင် သူမ၏မျက်နှာတစ်ခုလုံးက လင်းလက်နေတော့သည်။
“ငါတို့တွေက ဖန်းချန်းမှာ အမြဲမနေဘူးလေ၊ ငါတို့ ဒီတစ်ခါ မြို့တော်ကိုလာတာလည်း ငါတို့လောင်ချန်က ဒီက အစိုးရပိုင်စက်ရုံတစ်ခုက အစိတ်အပိုင်းတချို့ကို ပြင်ဆင်မယ်ဆိုတဲ့ သတင်းကြားလို့လေ၊ စျေးနိမ့်နိမ့်နဲ့ ရောင်းလို့ရမဲ့ ပစ္စည်းကောင်းတွေ အများကြီး ရှိတယ်၊ သူ အဆင်ပြေသွားရင် ဒီတစ်ခါ ငွေအများကြီး ရှာနိုင်မှာ”
မာချွန်းသည် နားထောင်လိုက်ပြီးနောက် သူက စုန့်ဝေဖျင်ကို လှမ်းကြည့်လိုက်လေသည်။ စုန့်ဝေဖျင် သည်ကိုလာရသည့် အကြောင်းအရင်းကလည်း အစိုးရပိုင်စက်ရုံ အပိုင်းတစ်ခုကို ပေါင်းစည်းတော့မည့်သတင်းကြောင့် ဖြစ်မှန်း သူ သိထားလေသည်။ သူတို့နှစ်ယောက် အလုပ်တစ်ခုတည်းကို လုပ်နေသည်နှင့် တူနေသည်။
စုန့်ဝေဖျင်က တည်တည်ငြိမ်ငြိမ် ရှိနေသည်ကို မြင်လိုက်ရသဖြင့် မာချွန်းက တည်ငြိမ်နိုင်လွန်းသည့်သူ့ကို စိတ်ထဲက ချီးကျူးမိတော့သည်။
ချန်ယုံကျင်းကလည်း သိုသိပ်သူတစ်ယောက်ပင်။ ထို့ကြောင့် ဝမ်ကွေးယွဲ့က ထိုစကား ပြောလိုက်သောအခါ သူသည် အနည်းငယ် အနေခက်သွားပြီး
“ကွေးယွဲ့ ပြောသလောက်လည်း မကောင်းပါဘူးဗျာ၊ ဒါက ကံစမ်းကြည့်ရတဲ့အလုပ်ပါ”
ကျိုးဖင့်ရှန်းသည် နားထောင်လေလေ ပိုပြီးမသက်မသာဖြစ်လာလေလေဟု ခံစားလိုက်လေသည်။ သူမ ဝမ်အားပေါင်ကို သိသားပဲ။ သူက ရိုးသားတဲ့လူတစ်ယောက်။ ဝမ်ကွေးယွဲ့ကို လက်ထပ်ပြီးနောက်ပိုင်း သူက ဝမ်ကွေးယွဲ့ကို စိတ်ရင်းအတိုင်း ဆက်ဆံပေးခဲ့တာ။ ဒါပေမဲ့ ဝမ်ကွေးယွဲ့က သူ့ကို ကွာရှင်းပြီး ကလေးဖျက်ချပြီး နောက်တစ်ယောက်နဲ့ လက်ထပ်ဖို့ မြို့ပြန်သွားခဲ့တယ်။ အခု ဝမ်ကွေးယွဲ့ ကြွားနေတဲ့ စကားကို နားထောင်လိုက်ရတော့ ဝမ်ကွေးယွဲ့ ခုနကပြောခဲ့တဲ့ အခက်အခဲတွေဆိုတာ လိမ်နေတာများ ဖြစ်မလား မပြောတတ်ဘူး....
ကျိုးဖင့်ရှန်းနှင့် ဝမ်ကွေးယွဲ့တို့က ဘေးချင်းကပ်ထိုင်နေကြသည်။ သူမက ဝမ်ကွေးယွဲ့၏လက်ကို အသာအယာထိကာ ပြောလိုက်၏။
“ကွေးယွဲ့ နင် ငါတို့ကို မရှင်းပြချင်ဘူးလား..”
“အာ အာ ဟုတ်သားပဲ၊ လောင်ချန် အစားအသောက်တွေ ဘယ်တော့ရမှာလဲ မြန်မြန်စားကြည့်ပါအုံး၊ ကျွန်မ ဗိုက်ဆာနေပြီ၊ သူတို့လည်း စားရသေးဘူး၊ သူတို့လည်း ဗိုက်ဆာနေမှာပဲ”
ချန်ယုံကျင်းက ခေါင်းညိတ်ကာ ပြန်ဖြေလိုက်၏။
“မင်းတို့တွေ စကားပြောနှင့်ကြ၊ ကျွန်တော် တစ်ချက်လောက် သွားကြည့်လိုက်အုံးမယ်”
ချန်ယုံကျင်း ထွက်သွားသည်ကို တွေ့လိုက်သည်နှင့် ဝမ်ကွေးယွဲ့က တောင်းပန်လေသည်။
“ဖင့်ရှန်း ငါတို့လောင်ချန်က ငါ ပညာတတ်လူငယ်ဖြစ်ခဲ့ဖူးတာပဲ သိတာ၊ ငါ သူ့ကို တခြားအကြောင်း မပြောရသေးဘူး၊ အရင်ဆုံးစားကြမယ်၊ အရင်ဆုံးစားကြမယ်၊ စားသောက်ပြီးမှ ငါ နင်တို့ကို အချိန်ယူပြီး ပြောပြမယ်လေ နော်၊ ငါ နင်တို့ကို မလိမ်ဘူးလို့ ကတိပေးတယ်”
ရွှီရှောင်ကျောင်းက ဝမ်ကွေးယွဲ့ကို သူမ၏စိတ်ထဲတွင် ကြက်ခြေခတ် ပြထားပြီးဖြစ်သော်လည်း သူမ၏မှတ်ချက်များနှင့် ပတ်သက်ပြီး ဘာမှ ထုတ်မပြခဲ့ပေ။ သူမက ဝမ်ကွေးယွဲ့အပေါ်တွင် ဘာမျှော်လင့်ချက်မှ မရှိတော့ပေ။
ကျိုးဖင့်ရှန်းက ထိုစကားကို ကြားလိုက်ချိန်တွင် ပိုပြီးတော့ပင် စိတ်ပျက်သွားတော့သည်။
“ကွေးယွဲ့ ငါက နင်နဲ့ ထမင်းစားချင်တာ မဟုတ်ဘူး၊ နင်နဲ့ အရင်ကအကြောင်းတွေကို ပြန်ပြောချင်တာ၊ ရှောင်ကျောင်းက အမြဲတမ်း ထင်နေခဲ့တာ နင်က....”
‘နင်က မျက်ဖြူဝံပုလွေတစ်ယောက်တဲ့’။ သူမက ထိုစကားများကိုတော့ မပြောလိုက်ချေ။
“ငါ နင်တို့ကို ရှင်းပြပြီး အခြေအနေကို ရှင်းလင်းအောင် လုပ်ချင်ပါတယ်၊ နောက်ဆုံး ငါတို့တွေက သူငယ်ချင်းကောင်းတွေပဲလေ”
ဝမ်ကွေးယွဲ့က ကျိုးဖင့်ရှန်း၏လက်ကို ကိုင်လိုက်ပြီး ရွှီရှောင်ကျောင်းကို တဖန်ကြည့်လိုက်ကာ စိတ်ရင်းနှင့် ပြောလိုက်လေသည်။
“ငါ နင့်ကို ရှင်းပြချက်ပေးဖို့ အကြွေးတင်နေတယ်ဆိုတာ ငါ သိပါတယ်၊ ငါ နှုတ်တောင်မဆက်ဘဲ ထွက်သွားမိခဲ့တယ်၊ ငါ ရှောင်ကျောင်းကိုလည်း ရှင်းပြဖို့ အကြွေးတင်နေတယ်၊ ဒါပေမဲ့ ငါတို့တွေ ဒါကို စားရင်းနဲ့ လုပ်မှဖြစ်မှာလား၊ ထမင်းကောင်းကောင်း စားကြရအောင်ပါဟယ်၊ စားသောက်ပြီးရင် နင်တို့ကို အားလုံးကို အတိအကျပြောပြမယ်လို့ ကတိပေးတယ်”
သူမက စကားပြောနေစဥ်မှာပင် ချန်ယုံကျင်းက ပြန်ရောက်လာလေသည်။ ဝမ်ကွေးယွဲ့က နှစ်ကြိမ်လောက် ရယ်မောကာ ကျိုးဖင့်ရှန်းကို မျက်လုံးမှိတ်ပြလိုက်၏။ သူမက တွေဝေစွာဖြင့် ခေါင်းညိတ်လိုက်သည်ကို မြင်လိုက်ရသည်တွင် ကျိုးဖင့်ရှန်းက တဖန် ဝမ်းသာသွားပြန်ကာ
“လောင်ချန် ဘယ်လိုလဲ”
ချန်ယုံကျင်းက ခေါင်းညိတ်ပြလိုက်ပြီး
“သူတို့တွေ လုပ်နေကြပါပြီ၊ ခဏနေ ရောက်လာလိမ့်မယ်”
ဝမ်ကွေးယွဲ့က အပြုံးတစ်ခုနှင့် တုံ့ပြန်လိုက်ပြီး အားလုံးကို သကြားလှော်သစ်ကြားသီး ဝေပေးလိုက်ကာ စားဖို့ လက်ယက်ပြလိုက်တော့သည်။ သူမသည် စိတ်ထဲတွင် သက်သာရာရသလို ခံစားလိုက်လေသည်။
ရွှီရှောင်ကျောင်းက သူမကို မကြိုက်ရင်တောင် တခြားလူတွေရဲ့ရွေးချယ်မှုကို အမြဲတမ်းလေးစားပြီး ဘယ်တော့မှ အတင်းမပြောတတ်တာ သူမ သိတယ်လေ သူမ ထွက်သွားတဲ့အချိန်တုန်းက ရွှီရှောင်ကျောင်းက နည်းနည်းတော့ စိတ်ဆိုးမှာပေါ့။ ပြီးတော့ ဒီနေ့ မဟုတ်တာတွေလည်း ပြောမှာ မဟုတ်ဘူး။ ဒါပေမဲ့ ကျိုးဖင့်ရှန်းကတော့ မတူဘူး။ သူမက စိတ်ထားပျော့ပြောင်းတယ်။ ဒီပျော့ပြောင်းတဲ့စိတ်ထားကလည်း အားလုံးအပေါ်ထားတာ။ သူမသာ တကယ်ပဲ အခက်အခဲ မရှိခဲ့ရင် သူမက ဝမ်အားပေါင်းကို သေချာပေါက် ကိုယ်စားပြုပြီး ဒီကိစ္စကိုတောင် ထုတ်ပြောလာနိုင်တယ်။
ဝမ်ကွေးယွဲ့သည် သူမတစ်ယောက်တည်း စဥ်းစားလိုက်၏။ သူမက ထမင်းစားပွဲမှာ ရှင်သန်အောင်နိုင်သရွေ့ သူတို့တွေ လမ်းခွဲသွားကြပြီဆိုတာနဲ့ အချင်းချင်း ပြန်တွေ့ကြတော့မှာ မဟုတ်ဘူး။ သူတို့တွေ သူမကို ဘယ်လိုတွေးတယ်ဆိုတာ ဘယ်သူက ဂရုစိုက်မှာလဲ။
အခု အရေးအကြီးဆုံးကိစ္စက အခုအချိန်မှာ သူမ ဘယ်လောက်ကောင်းအောင် နေနေတယ်ဆိုတာကို သူတို့ ပြဖို့ပဲ။
အစတုန်းကတော့ သူတို့သုံးယောက်ထဲမှာ သူမက အခြေအနေ အဆိုးဆုံးပဲလေ။ ကျိုးဖင့်ရှန်းက ကောလိပ်ဝင်ခွင့်ရတယ်။ နောက်ဆိုရင် ထမင်းစားလက်မှတ်တစ်ခု ရလာလိမ့်မယ်။ မိန်လင်ရွာက လူတိုင်းက သူမကို အားကျကြတယ်။ ရွှီရှောင်ကျောင်းကတော့ သူမက လယ်သမား စုန့်ဝေဖျင်ကို လက်ထပ်ခဲ့ပေမဲ့ စုန့်ဝေဖျင်က သူမအပေါ်အရမ်း ကြင်နာတတ်တယ်။ သူမက နေ့တိုင်း ဘာမှလုပ်စရာမလိုဘူး။ ဒါတောင် လူတွေက သူမကို ဂရုစိုက်ပေးကြတယ်။ သူတို့ ပြောတာတော့ သူမက ကံကောင်းတယ်တဲ့။ သူမ ကိုယ်တိုင်ကျတော့ရော။ သူတို့တွေက ပြောတယ်။ သူမက ရွာဌာနခွဲစာရေးရဲ့ သားနဲ့လက်ထပ်လိုက်တယ်။ သူမ အလုပ်လုပ်တဲ့အချိန် အလင်းတချို့ကြောင့် ပါးပြောင်နိုင်ခဲ့တာကလွဲရင် နောက်ဆုံး အသုံးဝင်တာမရှိခဲ့ဘူး။
သူမကတော့ ဝမ်အားပေါင်နဲ့ ကွာရှင်းခဲ့တာကို နောင်တမရသလို ကလေးဖျက်ချခဲ့တာကိုလည်း နောင်တမရပါဘူး။ သူမသာ ဒီလိုမလုပ်ခဲ့ရင် အခုလက်ရှိရနေတဲ့ ဘဝကောင်းလေးကို ပိုင်ဆိုင်ရလိမ့်မှာ မဟုတ်ဘူး၊ သူတို့သုံးယောက်ထဲမှာ အခု သူမက ပထမအဆင့်မှာပဲလေ၊ ကောလိပ်သွားပြီးရင်လည်း သူတို့တွေက ငွေရှာဖို့ အလုပ်လုပ်ရင်း အဆုံးသတ်ရမှာပဲ၊ ကျိုးဖင့်ရှန်းက မာချွန်းလို ကောလိပ်ကျောင်းသားတစ်ယောက်ကို ခင်ပွန်းတစ်ယောက်လို ရှာတွေ့တယ်ဆိုရင်တောင် သူတို့နှစ်ယောက်လုံးက ချန်ယုံကျင်းတစ်ယောက်ထဲ ရှာသလောက်တောင် ရှာနိုင်မှာမဟုတ်ဘူး။
ရွှီရှောင်ကျောင်းလည်း ရှိသေးတယ်။ ရွှီရှောင်ကျောင်းက ကောလိပ်ဝင်ခွင့် လုံးမဖြေခဲ့တာ သူမ သိလိုက်ပြီလေ။ အခုတော့ သူမက ရွာမှာ လယ်စိုက်နေတုန်းပဲ ဖြစ်မှာပေါ့။ သူမကတော့ ကျန်တဲ့ဘဝကို ဒီလိုပဲဖြစ်နေမှာပဲ။ ရွှီရှောင်ကျောင်းက သူမရဲ့လက်သန်းလောက်တောင် ယှဥ်နိုင်မှာမဟုတ်ဘူး။
ဝမ်ကွေးယွဲ့က အတွေးနစ်ရင်း ရယ်မောလိုက်ကာ
“ဖင့်ရှန်း၊ ရှောင်ကျောင်း ငါ နင်တို့ကို တွေ့ရလိမ့်မယ်လို့ လုံးဝမထင်ထားခဲ့ဘူး၊ ငါ လက်ထပ်ပြီးကတည်း လောင်ချန်နဲ့ ဖုန်းချန်းမှာပဲ နေလာတာလေ၊ ဒီပထမဆုံးခရီးမှာ အရင်က သူငယ်ချင်းဟောင်းတွေနဲ့ မမျှော်လင့်ဘဲ တွေ့ရတယ်လို့၊ ရုပ်မြင်သံကြားထဲမှာ ပြောကြတဲ့အတိုင်းပဲ၊ တွေ့ရဖို့ ရေစက်ပါလာရင် မိုင်ထောင်ချီဝေးနေလေသည်း တွေ့ရမှာပဲတဲ့”
သူမက ချန်ယုံကျင်းကို ထိလိုက်ပြီး ပြောလိုက်လေသည်။
“ဟုတ်တယ်မလား လောင်ချန်၊ ကျွန်မတို့ရုပ်မြင်သံကြားစက်ထဲက ဇာတ်လမ်းတွဲထဲမှာ ပြောခဲ့တဲ့စကားလို့ မှတ်မိတာပဲ”
ဝမ်ကွေးယွဲ့က သူမ၏အိမ်တွင် ရုပ်မြင်သံကြားစက်တစ်ခု ရှိကြောင်း ဘာသဲလွန်စမှ မချန်ဘဲ ကြွားလုံးထုတ်တော့သည်။ သူမက တစ်ခုခုကို ရုတ်တရက် စဥ်းစားမိသွားပြီး သူမ၏အမူအရာကို ပိုလို့ပင် စိတ်လှုပ်ရှားလာလေသည်။ သူမက ပါးစပ်ကို ဖွင့်လိုက်ပြီး ရွှီရှောင်ကျောင်းကို ပြောလိုက်၏။
“ရှောင်ကျောင်း နင် မသိဘူးမလား၊ အခု ဟန်ကွမ်းဟွေနဲ့ ချန်းရွှယ်တို့ လက်ထပ်လိုက်ပြီ၊ သူတို့လည်း ဖန်းချန်းမှာ နေတာများလား၊ နင် အရင်က မြို့မှာ နေခဲ့တုန်းက ဖန်းချန်းမှာ နေခဲ့တာလား”
တခြားလူများ၏ ကံဆိုးမှုအကြောင်း ပြောနေချိန်တွင် သူမသည် ရွှီရှောင်ကျောင်း တုံ့ပြန်မှာကို မလိုခဲ့ချေ။
“နင်မသိလို့နော်။ ချန်းရွှယ်က တကယ်အရှက်မရှိတာ၊ ပညာတတ်လူငယ်တွေ မြို့ကို ပြန်လို့ရပြီးဆိုတုန်းက သူတို့တွေ လက်ထပ်ထားရင် ပြန်လို့မရနိုင်ဘူး၊ ဒါကြောင့် သူက ဟန်ကွမ်းဟွေကို ကျောက်ယန်ယန်နဲ့ ကွာရှင်းဟန်ဆောင်ဖို့ အကြံပေးပြီး အရင်ဆုံး မြို့ကို ပြန်သွားတာ၊ နောက်မှ ပြန်လက်ထပ်ကြတာလေ၊ ကျောက်ယန်ယန်က အ,တာပါ၊ တစ်ချက်လေး ချော့လိုက်တာနဲ့ သူက သဘောထားပြောင်းသွားရော၊ ပြီးကြလေရောလေ၊ ကွာရှင်းလဲပြီးရော ဟန်ကွမ်းဟွေက သူ့ကို မလိုချင်တော့ဘူး”
သူမက ပြောပြောလေလေ အားရလာလေလေ ဖြစ်နေတော့သည်။
“ဟန်ကွမ်းဟွေက ပြောင်းလဲသွားပြီး ချန်းရွှယ်နဲ့ လက်ထပ်လိုက်တယ်၊ အဲဒီနောက်ပိုင်း ကျောက်ယန်ယန် ဘာဖြစ်သွားလဲ ပြောကြည့်စမ်း၊ နင်သာ ငါ့ကို မေးလာခဲ့ရင်တော့ ကျောက်ယန်ယန်လိုလူက သူ့အစ်မဆီကနေ လုယူရဲ...”
သူမက ကျောက်ယန်ယန်သည် ရွှီရှောင်ကျောင်း၏ သတို့သားလောင်း ဟန်ကွမ်းဟွေကို လုယူချင်ခဲ့သည်ဟု ပြောချင်လိုက်သော်လည်း စုန့်ဝေဖျင် လှမ်းကြည့်လိုက်သည့်အကြည့်တစ်ချက်တွင် ရပ်တန့်သွားတော့သည်။
“သူက ဟိုတုန်းက လုံးဝမမှန်ကန်ခဲ့တာပါ၊ အခု ဒီလို ဆိုးရွားတဲ့ဘဝရသွားတာ တန်တယ်၊ သူက အခုဆိုရင် သနားစရာအခြေအနေတစ်ခုမှ နေနေရတာလေ၊ သူ အိမ်ပြန်သွားပြီးနောက်ပိုင်း သူ့ကို အလုပ်တစ်ခု သွင်းပေးခဲ့တယ်၊ ဒါပေမဲ့ တစ်လအတွင်းမှာပဲ သူ့ယောက်မ ချော့မော့တာ ခံလိုက်ရပြီး အလုပ်ကို သူ့ယောက်မဆီ ပေးလိုက်တယ်လေ၊ ပြောစမ်းပါဟယ်၊ သူက မအလွန်းဘူးလား၊ အရင်က လက်ထပ်ခဲ့ဖူးလို့ဆိုပြီး အခုထိလက်မထပ်နိုင်သေးဘူး”
“ဟန်ကွမ်ဟွေနဲ့ ချန်းရွှယ်တို့လည်း အဆင်မပြေကြပါဘူး”
သူမက လက်သည်းနီ ဆိုးထားသည့် လက်များဖြင့် သူမ၏ပါးစပ်ကို အုပ်ထားကာ ပြုံးလိုက်လေသည်။
“နင်တို့ မသိလို့နော်၊ သူတို့ရတဲ့အလုပ်က မကောင်းဘူး၊ သူက အပြင်မှာလည်း တခြားလူတွေနဲ့ တွဲခုတ်နေတာ၊ တကယ် လူမဟုတ်ဘူး၊ သူ့မိဘတွေကလည်း သူ့ရဲ့အလုပ်လုပ်ချင်စိတ် မရှိတာကို အထင်သေးပြီး အခုဆိုရင် သူ့ညီလေးကိုပစားပေးနေကြတာ၊ သူနဲ့ချန်းရွှယ်တို့က အိမ်ငှားနေကြတာလေ၊ သူတို့က ငါတို့လိုတောင် အိမ်ပိုင်မရှိဘူး၊ ငါတို့မိသားစုလို ရုပ်မြင်သံကြားစက်နဲ့ စက်ဘီးတစ်စီး ဝယ်ဖို့ဆိုရင်တော့ ပြောနေစရာတောင်မလိုတော့ဘူး၊ သူတို့မှာ ရေဒီယိုတစ်လုံးတောင် မရှိဘူးလေ”
ဟန်ကွမ်းဟွေနှင့် တခြားသူများ၏ သတင်းကို ကြားလိုက်ရသည်တွင် ကျိုးဖင့်ရှန်းသည် အခိုက်တန့် အနည်းငယ် ဝမ်းနည်းမိသွားတော့သည်။ ရွှီရှောင်ကျောင်း၏ဆက်ဆံရေးကြောင့် သူမသည် သည်လူများနှင့် အများကြီး အဆက်အဆံ မရှိခဲ့ဘဲ သူတို့ကို အလွန်မုန်းခဲ့ရသည်။ သူတို့သည် အဆင်ပြေမနေကြောင်း ကြားလိုက်ရတော့လည်း သူမက လက်ခုပ်မတီးနိုင်ပေ။
သူက ပိုပြီး မလှုပ်မရှားဖြစ်နေသည့် ရွှီရှောင်ကျောင်းကို ကြည့်လိုက်၏။
ရွှီရှောင်ကျောင်းက ဟန်ကွမ်းဟွေနှင့် တခြားသူများအကြောင်းကို စုံစမ်းဖို့ ဘယ်တော့မှ မစဥ်းစားခဲ့ချေ။ ထိုလူများက ချမ်းသာနေနေ ဆင်းရဲနေနေ သူမသည် အကောင်းဆုံးနေထိုင်နိုင်သူ ဖြစ်ကာ တခြားသူများက မော့ကြည့်ရမည့်သူ ဖြစ်လာမည်ကြောင်း သူမက သိထားပြီးသားပင်။ ဒါသည် အကောင်းဆုံး မျက်နှာဖြတ်ရိုက်ခြင်း အဆင့်တစ်ခု မဟုတ်ပါလား။
ဝမ်ကွေးယွဲ့က ခဏလောက် စကားဆက်ပြောလိုက်၏။ ကျိုးဖင့်ရှန်း၏ နည်းနည်းပါးပါး တုံ့ပြန်မှုကလွဲလျှင် ရွှီရှောင်ကျောင်းက နှုတ်ဆိတ်နေဆဲပင်။ သို့သော် ဝမ်ကွေးယွဲ့က ဂုဏ်ယူနေလေသည်။ သူမက စဥ်းစားလိုက်၏။ ကြည့်စမ်း။ နင် အားကျနေပြီ ဟုတ်။ အမှန်တွင်တော့ သူမ ပြောခဲ့သည့် ဟန်ကွမ်းဟွေနှင့် တခြားသူများအကြောင်း ဒုတိယကိစ္စပင်။ လက်ရှိတွ် သူမက ဘဝကောင်းတစ်ခု၌ နေနေကြောင်း ကြွားဝါလိုက်ခြင်းသာ။
အစားအသောက်များကို တည်ခင်းထားလိုက်သည်။ ရွှီရှောင်ကျောင်းက နှုတ်ဆိတ်နေသည်ကို မြင်လိုက်သော်လည်း သူမက စိတ်မဆိုးပေ။ သူမက ချန်ယုံကျင်းကို အသားတစ်တုံး ထည့်ပေးလိုက်ပြီး ရွှီရှောင်ကျောင်းကို ပြောလိုက်လေသည်။
“ရှောင်ကျောင်းက နင်က ရွာမှာနေနေတာဆိုတော့ လျှပ်စစ်ပစ္စည်းတွေ ဝယ်ဖို့ နည်းလမ်းအများကြီး မရှိလောက်ဘူး၊ အခု သူတို့တွေ တွေ့ကြပြီးပြီဆိုတော ငါ အပိုပြောတမဟုတ်ဘူးနော်၊ ငါတို့လောင်ချန်က စီးပွားရေး သေးသေးလေးတချို့ လုပ်နေပြီး အဆက်အသွယ်လည်း အများကြီး ရှိတယ်၊ နင့်မှာ ဝယ်ချင်တာ တစ်ခုခုရှိရင ပြောလေ၊ နင့်အတွက် လောင်ချန်ကို ယူထားခိုင်းလိုက်မယ်”
ချန်ယုံကျင်းက ရွှီရှောင်ကျောင်းနှင့် သူ့ယောက်ျားက လုံးဝ စိတ်မဝင်စား ဖြစ်နေရသည့် အကြောင်းအရင်းကို ဝမ်ကွေးယွဲ့အား မေးချိန်မရခင်မှာပင် သူ့မိန်းမက အလွန် စိတ်အားထက်သန်နေသည်ကို ကြားလိုက်ရလေသည်။ သူကလည်း ပြုံးကာ ခေါင်းညိတ်လိုက်ပြီး
“ဟုတ်တယ် ဟုတ်တယ်၊ တကယ်လို့များ ရဖို့ ခက်အခဲတစ်ခုခုရှိခဲ့ရင် ကျွန်တော် ကူညီပေးလို့ရပါတယ်၊ ဒီသာမန်အိမ်သုံးပစ္စည်းအားလုံးက ပြဿနာမရှိပါဘူး၊ ကင်မရာတို့လိုဟာမျိုးပဲ ရှားပါးတာ၊ ပြီးတော့ တောင်ပိုင်းက မြို့ကြီးတွေမှာပဲ ရနိုင်တာ၊ ကျွန်တော်လည်း မဝယ်နိုင်သေးပါဘူး”
ဝမ်ကွေးယွဲက လက်ဟန်ပြလိုက်ပြီး သူ့ကို ပုတ်လိုက်ကာ
“အိုက်ယား ရှောင်ကျောင်းနဲ့ တခြားလူတွေက စျေးကြီးတဲ့ကင်မရာကို မလိုပါဘူး၊ ကျွန်မတို့တောင် မဝယ်နိုင်တာကို”
သူမက အပြုံးတစ်ခုဖြင့် ရွှီရှောင်ကျောင်းဘက်သို့ လှည့်လိုက်ပြီး
“ရှောင်ကျောင်း နင် ရေဒီယိုအသံဖမ်းစက်ဖြစ်ဖြစ် တစ်ခုခု ဝယ်ချင်တာရှိလား၊ လောင်ချန်က ရှာပေးနိုင်ပါတယ်၊ စျေးလည်း ပိုပေါတယ်၊ ရုပ်မြင်သံကြားစက်လည်း ရတယ်ပါတယ်၊ ဒါပေမဲ့ အဲဒါက အရမ်းစျေးကြီးတယ်၊ ရွာမှာ ငွေရှာရခက်တာ သိပါတယ်၊ ဒါကြောင့် ငါ နင့်ကို မပြောတာ”
“အဟွတ် ဟွတ် ဟွတ်”
သူမ စကားဆုံးသွားသည်နှင့် မာချွန်းမှာ သီးသွားပြီး ဆက်တိုက် ချောင်းဆိုးသွားတော့သည်။ အားလုံးက သူ့ကို ကြည့်နေသည်ကို မြင်လိုက်ရသည်တွင် သူက မြန်မြန်လက်ခါပြလိုက်ပြီး
“ဘာမှမဟုတ်ပါဘူး၊ ဘာမှမဟုတ်ပါဘူး၊ ကျွန်တော် မတော်တဆ သီးသွားလို့ပါ”
ခဏကြာပြီးနောက်တွင် သူသည် ဝမ်ကွေးယွဲ့၏အရင်က အကျင့်စရိုက်ကို နားမလည်ခဲ့သော်လည်း ကြွားဝါချင်သည့် သူမ၏ လက်ရှိရည်ရွယ်ချက်ကို သေချာမြင်နိုင်သွားတော့သည်။
သူသည် အမှန်ပင် ဆက်ပြီး နားမထောင်နိုင်တော့ဘဲ အတည်ပေါက်လေသံဖြင့် ဝမ်ကွေးယွဲ့ကို ပြောလိုက်တော့သည်
“ခင်ဗျား အဲဒီအတွက်တော့ စိတ်ပူစရာမလိုပါဘူး၊ ရွှီရှောင်ကျောင်းအိမ်က ပစ္စည်းတွေက ခင်ဗျားအိမ်က ဟာတွေထက် ပိုကောင်းပါတယ်”
သူက လက်ချိုးရေပြတော့သည်။
“ကျွန်တော် အားလုံးကိုတော့ မသိပါဘူး၊ ရွှီရှောင်ကျောင်း ဖင့်ရှန်းကို ရေးတဲ့စားထဲမှာ အားလုံးပါတယ်၊ ဖီးနစ်တံဆိပ်စက်ဘီး၊ ရှန်ဟိုင်းတံဆိပ် လက်ပတ်နာရီကြီး၊ တိပ်ရီကော်ဒါ၊ ဂိမ်းစက်နဲ့ ရုပ်မြင်သံကြားစက်”
သူ တစ်ခုခုပြောလိုက်သည့် အကြိမ်တိုင်းတွင် ဝမ်ကွေးယွဲ့၏ မျက်နှာက တောင့်တင်းသွားတော့သည်။ နောက်ဆုံးတွင် မာချွန်းက သူမကို ခပ်ပြင်းပြင်း ရိုက်သွင်းလိုက်တော့သည်။
“ဪ ခင်ဗျားပြောတဲ့ ကင်မရာလေ၊ စုန့်ဝေဖျင်လည်း ဝယ်ထားတယ်၊ အင်း ဒီနေ့ ကျွန်တော်တို့ ကျောင်းမှာတုန်းကတောင် ဓာတ်ပုံတွေ ရိုက်ခဲ့သေးတယ်”
“ဒါကြောင့်လေ ခင်ဗျား အဲကိစ္စကို တကယ်ပဲ စိတ်ပူပေးစရာ မလိုပါဘူး”
ကြွားမနေနဲ့တော့။ မာချွန်းက နှာခေါင်းရှုံ့လိုက်၏။
ချန်ယုံကျင်းသည် နားထောင်လေလေ ပိုပြီး အံ့ဩရလေလေ ဖြစ်လာတော့သည်။ စုန့်ဝေဖျင်က အလွန်လုပ်နိုင်စွမ်း ရှိလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။
“ဟာဗျာ ညီလေးစုန့်က ကင်မရာတစ်လုံးတောင် ဝယ်နိုင်တာပဲ၊ အံ့ဩစရာပဲ၊ အံ့ဩစရာပဲ”
“မဖြစ်နိုင်တာ”
ဝမ်ကွေးယွဲ့က အများအမြင်ကို ဂရုမစိုက်ဘဲ ပြောလိုက်တော့သည်။
“ငါတို့လောင်ချန်တောင် မဝယ်နိုင်တာ၊ စုန့်ဝေဖျင်က လယ်သမားတစ်ယောက်ပဲ၊ သူက ကင်မရာတစ်လုံးကို ဘယ်ကရနိုင်မှာလဲ”
မာချွန်းသည် သူမ၏စကားကို ကြားလိုက်ပြီးနောက် စဥ်းစားမိလိုက်တော့သည်။ ငါ မင်းကို နင်ပြီးသေအောင် လုပ်ပေးမယ်။ သူက ပါးစပ်ဖွင့်ကာ ထပ်ပြောလိုက်၏။
“ဪ ကျွန်တော် ပြောဖို့မေ့နေတာ၊ သူက လယ်မစိုက်တော့ဘူးဗျ၊ သူက မြို့မှာ အိမ်ကြီးတစ်လုံး ဝယ်လိုက်ပြီး မိသားစုက အဲဒီကို ပြောင်းနေကြတယ်လေ၊ သူတို့က ဆိုင်တစ်ဆိုင်တောင် ဖွင့်ထားပြီး လုပ်ငန်းတစ်ခုတောင် စနေကြပြီလေ”
ဝမ်ကွေးယွဲ့သည် အခိုက်တန့် မှင်တက်သွားတော့သည်။
“မဖြစ်နိုင်တာ၊ မြို့မှာ အိမ်တစ်လုံး ဝယ်ဖို့က ဘယ်လောက်တောင် ကုန်ကျလိုက်သလဲ၊ ရွှီရှောင်ကျောင်းက ရွှံ့ခြေထောက်ကို လက်ထပ်ထားတာလေ၊ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ
ဝမ်ကွေးယွဲ့၏ စကားများက ပိုပိုပြီး မသင့်တော်တော့သည်ကို တွေ့လိုက်ရသည်တွင် ချန်းယုံကျင်းက သူမကို ထိလိုက်ပြး သူမအတွက် စကားဖာပေးဖို့ ကြိုးစားလိုက်ကာ
“မြို့မှာ အိမ်တစ်လုံးဝယ်ပြီး ဆိုင်တစ်ဆိုင် ဖွင့်ဖို့ဆိုတာ ကျွန်တော် လောင်ချန် မယှဥ်နိုင်ပါဘူး”
ဝမ်ကွေးယွဲ့က စိတ်ပျက်သွားတော့သည်။ သူမက ဘယ်လိုဖြစ်ပြီး မယှဥ်နိုင်ရမှာလဲ၊ သူမက မယှဥ်နိုင်ဘူးဆိုရင် ဒီထမင်းတစ်နပ်က ဘာအဓိပ္ပာယ် ရှိတော့မှာလဲ။ ပြီးတော့ သူမ ပြောခဲ့တာတွေက ဟာသတစ်ခုပဲ ဖြစ်သွားမှာပေါ့။
ရွှီရှောင်ကျောင်းမှာ သူမ ဂုဏ်ယူပြီးကြွားခဲ့တဲ့ ပစ္စည်းအားလုံး ရှိတယ်တဲ့။ သူမ မတတ်နိုင်လို့ မရနိုင်တဲ့ပစ္စည်းကို ဆက်ပြောတာတောင် တစ်ဖက်လူမှာ ရှိပြီးသားတဲ့။
သူမ၏ စိတ်ပျက်သွားသည်ကို တွေ့လိုက်ရသောအခါ ရွှီရှောင်ကျောင်းက စိတ်ထဲတွင် မဲ့ရွဲ့လိုက်တော့သည်။ ဝမ်ကွေးယွဲ့က ဘာလို့ ထမင်းအတင်းစားခိုင်းနေလဲဆိုတာကို ငါလည်း အပြည့်အဝ နားလည်ပြီးသား။ မိန်လင်ရွာက သူ့အပြုအမူတွေက အတုအယောင်ပဲဆိုတာကို ရှင်းပြနေတာပဲ။ အမှန်က သူ ဘဝကောင်းမှာ နေနေတယ်ဆိုတာကို ကြွားချင်နေတာ။
သူမက တူကိုချထားလိုက်ပြီး ကျိုးဖင့်ရှန်းကို လက်လျှော့လိုက်ဖို့ အချက်ပြလိုက်တော့သည်။
ကျိုးဖင့်ရှန်းသည် ဝမ်ကွေးယွဲ့က ‘ရွှီရှောင်ကျောင်းက ရွှံ့ခြေထောက်နဲ့ လက်ထပ်ထားတာပဲ’ဟု ပြောသည်ကို ကြားလိုက်ရချိန်တွင် သူမ၏နှလုံးသားက အေးစက်လာတော့သည်။ သူမလည်း ဝမ်ကွေးယွဲ့၏ ရည်ရွယ်ချက်ကို နားလည်သွားတော့သည်။
ကျိုးဖင့်ရှန်းလည်း ထမင်း ပြီးအောင်စားဖို့ မလိုတော့ကြောင့် သိလိုက်တော့သည်။ သူမက တူကိုချပြီး ချက်ချင်း ထွက်သွားတော့မည် ပြင်လိုက်သော်လည်း နောက်ဆုံးတွင် သူမသည် တခြားသူများကို မလေးစားသည့်ကိစ္စ တခါမှမလုပ်ခဲ့ဖူးရာ ထိုအခိုက်တွင် တွေဝေသွားတာ့သည်။
နေရာက ခဏလောက် အနည်းငယ် တိတ်ဆိတ်သွားလေသည်။ ထိုအဖြစ်က ဝင်လာသည့် စုံတွဲ၏ စကားကို အနည်းငယ်ကျယ်လောင်သွားစေတော့သည်။
“ဒီစားသောက်ဆိုင်က တကယ်အကြီးကြီးပဲနော်၊ ကျွန်မတို့ ဒီမှာ တကယ်ပဲ စားကြမှာလား”
အမျိုးသမီးရဲဘော်၏အသံက အနည်းငယ်သတိရှိနေသည်။
ထို့နောက်တွင် အမျိုးသားရဲဘော်အသံက ဝင်လာလေသည်။
“ငါ မင်းကို အရင်က မြို့က အစိုးရပိုင်စားသောက်ဆိုင်ကို တစ်ခါခေါ်သွားဖူးတယ်လေ၊ ပြီးတော့ အဲတုန်းက အရမ်းကောင်းတယ်လို့ ထင်ခဲ့တာ၊ ပြီးခဲ့တဲ့ လပိုင်းလောက်ကမှ အဲဒါက ဘာမှမဟုတ်ဘူးဆိုတာ သိသွားတာ၊ မင်း ဒီကို နောက်ဆုံးတော့ တစ်ခါလောက် ရောက်လာပြီဆိုတော့ မင်းကို သေချာပေါက် ပစ္စည်းကောင်းလေးတွေ ဝယ်ပေးမှာပေါ့၊ ပြီးတော့ မင်းက အခု ၄-၅လလောက်ရှိနေပြီလေ၊ မင်းရဲ့အာဟာရကို ဖြည့်ဆည်းဖို့လိုတယ်”
သူသည် ဂရုစိုက်တတ်သူတစ်ယောက်မှန်း သိနိုင်လေသည်။ အမျိုးသမီးရဲဘော်၏အသံက ချိုမြနေ၏။
“ကျွန်မ ဒီမှာရှိနေတော့ ရှင့်အလုပ်ကို နှောင့်နှေးအောင် လုပ်မိမလား မသိဘူးနော်၊ ရှင့်အလုပ်က ရဖို့ ခက်တယ်၊ ဒီတော့ အလုပ်မပြုတ်စေနဲ့အုံး”
“မနှောင့်နှေးပါဘူးကွာ၊ ငါ မင်းကို ပြောပြီးပြီမလား၊ သူတို့တွေက အခုတလော ပြန်လည် ပြင်ဆင်နေတာမလို့ အလုပ်အားလုံး ရပ်ထားတယ်လို့၊ အခုတလော ငါ ခေါင်းဆောင်နဲ့လိုက်ပြီး ဧည့်သည်တွေကို ဧည့်ခံနေရတာ၊ အားတယ်၊ အလုပ်မများဘူး၊ ပြီးတော့ ခေါင်းဆောင်က ပြောတယ်၊ ငါက လုပ်တတ်ကိုင်တတ်လို့ အလုပ်ပြုတ်မှာမဟုတ်ဘူးတဲ့၊ စိတ်မပူနဲ့”
လူနှစ်ယောက်က စကားဖောင်ဖွဲ့ပြီး ရွှီရှောင်ကျောင်းတို့စားပွဲဘေးတွင် ဝင်ထိုင်လိုက်ကြသည်။
လူနှစ်ယောက်၏ အသံက ပြတ်တောင်းပြတ်တောင်း ဖြစ်နေပြီး ဘယ်သူကမှ အာရုံမစိုက်ကြပေ။ ကျိုးဖင့်ရှန်းက တွေဝေနေဆဲဖြစ်ကာ ရွှီရှောင်ကျောင်းကတော့ သူမ၏တူကို သည်အတိုင်း ချလိုက်တော့သည်။
“ဒီလောက်ပဲ စားတော့မယ်၊ ကျွန်မတို့လည်း လုပ်စရာရှိသေးတော့ အရင်ပြန်နှင့်ပါ့မယ်၊ ဧည့်ဝတ် ပြုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”
သူမက ပြောရင်းဆိုရင်း ထရပ်လိုက်တော့သည်။ သူမ၏အမြင်တွင်တော့ ချန်ယုံကျင်းက အမှန်ပင် ကောင်းမွန်လေသည်။ ဝမ်ကွေးယွဲ့က အကျင့်စရိုက်ပြဿနာများ ရှိသော်လည်း ဒါက လင်မယားကြားက ကိစ္စပင်။ သူမက ဝမ်ကွေးယွဲ့၏ အတိတ်အကြောင်းကို ပြောလိမ့်မည် မဟုတ်သလို ဝမ်ကွေးယွဲ့ကိုလည်း ထပ်ပြီးမတွေ့ချင်တော့ပေ။
ချန်ယုံကျင်းသည်လည်း သူ့မိန်းမ၏ စကားက လူကို ဒေါသထွက်စေမှန်း သိလေသည်။ သူက သက်ပြင်းချလိုက်၏။ ဝမ်ကွေးယွဲ့က တခြားနေရာတိုင်းမှာ ကောင်းပေမဲ့ လူတွေကို ဒေါသထွက်အောင် လုပ်ရတာ သဘောကျတဲ့ ဒီပါးစပ်ရှိနေတာပဲ။ သူမက သူမကိုယ်သူမက ကြွားဝါနေရတာကို ကြိုက်ပြီး တခြားသူတွေကို အထင်သေးတတ်တယ်။ အိမ်း။ သူမ လူတွေကို ထပ်ပြီး စိတ်ဆိုးအောင်လုပ်ခဲ့ပြန်ပြီ။
သူက ကိစ္စများကို မြန်မြန် ဖျန်ဖြေလိုက်တော့သည်။
“အိုး မပြန်သေးပါနဲ့၊ မပြန်သေးပါနဲ့၊ ခင်ဗျားတို့လည်း ကွေးယွဲ့ရဲ့စိတ်ကို သိမှာပါပဲ၊ သူက ပါးစပ်ကို ပိတ်မထားတတ်ဘူး၊ ပညာတတ်လူငယ်တွေ အတူတူတွေ့ရဖို့က လွယ်တာမဟုတ်ဘူးလေ၊ စကား နည်းနည်းပါးပါးကြောင့် သူငယ်ချင်းဆက်ဆံရေးကို မထိခိုက်ပါစေနဲ့ဗျာ”
ရွှီရှောင်ကျောင်းက သူ့ကို ခေါင်းညိတ်ပြလိုက်ပြီး
“ကျွန်မတို့မှာ လုပ်စရာရှိသေးလို့ပါ၊ နောက်တစ်ခါမှ ပြောကြတာပေါ့”
သူမက ကိုယ်ကိုအလှည့်တွင် ဘေးစားပွဲတွင် ထိုင်နေသည့် လူငယ်စုံတွဲနှင့် အကြည့်ချ င်းဆုံသွားတော့သည်။
ထို့နောက်တွင် အံ့ဩသွားသည့်အသံတစ်ခုက ထွက်လာ၏။
“ရွှီရှောင်ကျောင်း မဟုတ်လား”
ထိုအသံကို ကြားလိုက်ချိန်တွင် အားလုံးက ကြောင်အမ်းအမ်း ဖြစ်သွားပြီး အသံလာရာဘက်ကို ကြည့်လိုက်ကြတော့သည်။
ဝမ်ကွေးယွဲ့သည် ရုတ်ခြည်းဆိုသလို ဖြူဆုတ်သွားလေတော့သည်။
“ဝမ်အားပေါင်”
…
အပိုင်း (၅၉) ပါးချခြင်း
ရွှီရှောင်ကျောင်းသည် ဝမ်ကွေးယွဲ့ ထုတ်ပြောလိုက်သည့် စကားကြောင့် မျက်နှာညိုမည်းသွားသည့် ဝမ်အားပေါင်ကို ကြည့်လိုက်ပြီးနောက် ရင်ထဲတွင် သက်ပြင်းချလိုက်မိတော့သည်။
ဒီနေ့တော့ တကယ့်ကို တိုက်ဆိုင်မှုတစ်ခုပါပဲလား။
ရွှီရှောင်ကျောင်းသည် ဝမ်အားပေါင်က ပြည်နယ်မြို့တွင် ရှိကြောင်း သိထားလေသည်။ အကြောင်းမှာ ဝမ်အားပေါင်ကို အကြံပေးခဲ့သူမှာ သူမကိုယ်တိုင် ဖြစ်နေသောကြောင့်ပင်။
နှစ်သစ်ကူးပြီးသွားတော့ ဝမ်အားပေါင်ကို အဒေါ်ဝမ်က သူ့လက်ရှိမိန်းမနဲ့ လက်ထပ်ဖို့ နားချခဲ့တယ်။ သူက သူ့မိန်းမအသစ်ကို ကောင်းကောင်းမွန်မွန် ဆက်ဆံတယ်ဆိုပေမဲ့ နေ့တိုင်း ထိုင်းမှိုင်းပြီး အားအင်မရှိ ဖြစ်နေသေးတယ်ဆိုတော့ ဘယ်လောက်တောင် အတွင်းနက်နက် ထိခိုက်မိသွားလဲဆိုတာ မသိဘူးပေါ့။ အားအင်မဲ့နေတဲ့ အရွယ်ရောက်ပြီးသား ယောက်ျားတစ်ယောက်လေ။ ဘယ်လို လွှတ်ထားနိုင်မှာလဲ။
အဒေါ်ဝမ်က သားဖြစ်သူကို ဒီလိုမြင်နေရတော့ စိတ်ပူပြီပေါ့။ အဲကိစ္စကို စဥ်းစားလိုက်ပြီး သူမက ရွှီရှောင်ကျောင်းကို စဥ်းစားမိသွားခဲ့တယ်။
မိန်လင်ရွာမှာ ရွှီရှောင်ကျောင်းက အသိပညာနဲ့ ပြည့်စုံတယ်လို့ အသိအမှတ်ပြုထားကြတာလေ။ သူမက အားလုံးအတွက် စိုက်ပျိုးရေးသင်တန်း ပေးနိုင်ရုံမကဘူး ကောလိပ်ကျောင်းသားတွေကိုလည်း စာပြပေးနိုင်တယ်။ သူမရဲ့အသိပညာက သေချာပေါက် ပြိုင်ဘက်ကင်းတယ်။ နောက်တစ်ချက်က ရွှီရှောင်ကျောင်းက ကံကောင်းတယ်လေ။ အစတုန်းက သူမက ဆင်းရဲတဲ့မိသားစု အခြေအနေတစ်ခုနဲ့ ယောက်ျား စုန့်ဝေဖျင်ကို လက်ထပ်ခဲ့တယ်လေ။ ဒါပေမဲ့ သူမရဲ့ဘဝက အခုတော့ တခြားသူတွေထက် ပိုကောင်းနေတယ်။ စုန့်ဝေဖျင်ရဲ့မိသားစုက သူမကြောင့်ပဲ အင်မတန်ချမ်းသာကြွယ်ဝလာခဲ့တာ။
နောက်တစ်ချက်က သူမက ချောမောရုံ မကဘူး၊ စိတ်သဘောထားကောင်းမွန်ပြီး တွေ့တဲ့လူတိုင်းကို ပြုံးပြတတ်တယ်။ မကောင်းတဲ့အတင်းတွေ ပြောတတ်တဲ့ လူတချို့ကလွဲရင် ဘယ်သူကမှ ရွှီရှောင်ကျောင်းကို မကြိုက်တာမရှိဘူး။ သူမအကြောင်း ပြောလိုက်ရင် လူကို အဆင်ပြေသွားစေပြီး စိတ်အေးသွားသလို ခံစားရတယ်။
အဒေါ်ဝမ်သည် ရွှီရှောင်ကျောင်းဆီ သွားလိုက်ပြီး သူမ၏သားဖြစ်သူကို အသိဉာဏ်ဖွင့်ပေးဖို့ တောင်းဆိုခဲ့လေသည်။
ရွှီရှောင်ကျောင်းက ဘာတစ်ခွန်းမှ မပြောဘဲ သဘောတူလိုက်ကာ အချိန်တစ်ခုအထိ စိတ်ပိုင်းဆိုင်ရာ အတိုင်ပင်ခံတစ်ယောက် ဖြစ်လာတော့သည်။
သူမ၏စကားအရဆိုလျှင်တော့ ဝမ်အားပေါင်၏ တွေးခေါ်နိုင်စွမ်းက အကန့်အသတ်ဖြစ်နေလေသည်။ ငါကတော့ အဲလိုပဲထင်တာပဲ။ သူ့တစ်ဘဝလုံး ရွာမှာပဲနေမယ်ဆိုရင် သူက ဘယ်လောက်များများ တွေးခေါ် မျှော်မြင်နိုင်မှာလဲ။ ပြောစရာရှိတာကို ရှင်းအောင်ပြောပြီးလိုက်ပြီးတော့ဝမ်အားပေါင်ကို အကြံပေးလိုက်ပြီး ခရီးထွက်လေ့လာဖို့ သူ့ကို ပြောလိုက်တယ်။ အခုဆိုရင် စီးပွားရေးကလည်း ပွင့်သွားပြီ။ အပြင်လောကကြီးက တစ်နေ့ပြီးတစ်နေ့ ပြောင်းလဲနေတာလေ။ အပြင်ထွက် အလုပ်ရှာပြီး အကောင်းဆုံး လုပ်လိုက်ပေါ့။ အဲဒါက အလုပ်မဖြစ်ဘူးဆိုရင်တောင် အပြင်လောကကြီးကို တစ်ချက်လောက်တော့ ကြည့်နိုင်သေးတယ်လေ။
အဲဒီတုန်းက ဝမ်အားပေါင်က နောက်တစ်ခါ လက်ထပ်ခဲ့ပေမဲ့ သူက ဝမ်ကွေးယွဲ့ကို အရမ်း ဒေါသထွက်နေတုန်းပဲ။ ဝမ်ကွေးယွဲ့ အဲလောက် ရက်စက်သွားရတဲ့ အကြောင်းအရင်းကို သူ နားလည်ပါတယ်။ သူ့မှာက ငွေမရှိ အရည်အချင်းမရှိမလို့လေ။ ရွှီရှောင်ကျောင်းက ဒီစကားကို ပြောလိုက်တော့ သူ့မှာ ရင်နှင့်အပြည့် ဒေါသဖြစ်ရပြီး အောင်မြင်မှုကို ရှာဖွေချင်လာမိတော့တယ်။
သူက ရွှီရှောင်ကျောင်းကို သူသွားနိုင်မည့်နေရာကို မေးခဲ့လေသည်။ ရွှီရှောင်ကျောင်းက ခဏလောက် သေသေချာချာ စဥ်းစားလိုက်၏။ တောင်ပိုင်းက အရမ်းဝေးပြီး အဲကလူတွေရဲ့ အတွေးအခေါ်က ပိုပြီး အထိန်းအကွပ်မဲ့တယ်။ ဝမ်အားပေါင်က တခါမှ ခရီးမထွက်ဖူးဘူးဆိုတော့ မလုံခြုံဘူး။ သူမက စီရင်စုပြည်နယ်၏ မြို့တော်သို့ သွားရန် အကြံပေးလိုက်တော့သည်။
စီးပွားရေး ဖွင့်ပေးလိုက်ပြီဆိုတော့ ပြည်နယ်မျိုတော်မှာ အကြီးမားဆုံး တိုးတက်တဲ့ အခွင့်အရေးတွေ ရှိမယ်။ စက်ရုံနဲ့ စွန့်ဦးလုပ်ငန်းငယ်လေးတွေကိုလည်း တည်ဆောက်ကြလိမ့်မယ်။ ဝမ်အားပေါင်က အလုပ်ကြိုးစားပြီး အားထုတ်မှုလုပ်နေသရွေ့ သူက ဆိုးဆိုးရွားရွားဖြစ်မှာမဟုတ်ဘူး။
ထိုအချိန်က ရွှီရှောင်ကျောင်းသည် သူ အလိမ်ခံရမည်စိုးသဖြင့် အထူးလက်ကမ်းစာစောင်တစ်ခုကို ရေးပေးလိုက်သေးသည်။ သူ့အတွက် သာမန်နည်းပရိယာယ်တချို့အပြင် အင်တာဗျူးအရည်အချင်း လေ့ကျင့်ခန်းများကို စုဆောင်းပေးခဲ့သည်။ ဝမ်အားပေါင်သည် ပြည်နယ်မြို့သို့ ရောက်လာသောအခါ သူကလည်း ရွှီရှောင်ကျောင်းကို အကြိမ်အနည်းငယ် အထူးတလည် ဖုန်းခေါ်ခဲ့သေးသည်။
သူက အလုပ်တစ်ခုရပြီး အခြေကျသွားပြီးမှ ရွှီရှောင်ကျောင်းနှင့် တဖြည်းဖြည်း အဆက်အသွယ် ပြတ်သွားခဲ့တော့သည်။
ထို့ကြောင့် ဝမ်အားပေါင်သည် သည်နေ့ ရွှီရှောင်ကျောင်းကို တွေ့ချိန်တွင် အလွန်အံ့ဩသွားရခြင်း ဖြစ်လေသည်။
သို့သော် ဝမ်ကွေးယွဲ့၏ အသံကို ကြားလိုက်သည်တွင် ဝမ်အားပေါင်သည့် သူ၏ရွှင်လန်းသည့် အမူအရာက တစ်ဖန်ပျောက်ဆုံးသွားခဲ့ပြန်သည်။
အစပိုင်းက ရွှီရှောင်ကျောင်းပြောတာ မှန်တယ်လေ။ သူ အမြင်ကျဥ်းခဲ့တယ်။ ဝမ်ကွေးယွဲ့လိုလူမျိုးက မိခင်တစ်ယောက် ဖြစ်ဖို့ လုံးဝမထိုက်တန်ဘူး။ သူမကို ပေးသွားလိုက်စမ်းပါ။ သူ့ဘဝက ပိုပြီး ကောင်းသထက်ကောင်းနေသ၍ အဆုံးကျရင် နောင်တရမဲ့သူက သူမဟုတ်ဘူး။
သူက ဒီဆင်ခြင်နိုင်စွမ်းကို နားလည်ပေမဲ့ အဲဒီလူကို ထပ်တွေ့လိုက်ရတဲ့အခါ ဒေါသမထွက်ဘူးလို့ ပြောရင်တော့ လိမ်ရာကျတာပဲ။
ဟိုတုန်းက သူ ဝမ်ကွေးယွဲ့ကို သွားရှာတုန်းက သူမကို ထပ်ပြီး လုံးဝလာမရှာတော့ဘူး၊ သူတို့နှစ်ယောက်ကြားမှာ ဖြစ်ခဲ့တာတွေကိုလည်း မပြောတော့ဘူးလို့ ဝမ်ကွေးယွဲ့ကို ကတိပေးခဲ့တယ်လေ။ ဒါတွေအားလုံးက အဓိပ္ပာယ်မရှိတဲ့ စကားတွေဖြစ်သွားပြီဆိုတော့ သူလည်း လုံးဝကို မပြောချင်တော့ပါဘူး။ အဲကြောင်းပြောရင် သူ့မိန်းမပဲ ဝမ်းနည်းရမှာ။ အဲဒါထက် အသုံးလည်း မဝင်တော့ဘူးလေ။
ဝမ်အားပေါင်က ထရပ်လိုက်ပြီး သူ့မိန်းမ လျန်ရှောင်းလျို့ကို ခေါ်လိုက်ကာ
“သွားစို့၊ ငါတို့ ဒီမှာ မစားတော့ဘူး”
လျန်ရှောင်းလျို့ကို ဆွဲလိုက်ရင်း သူက ရွှီရှောင်ကျောင်းကို ပြောလိုက်၏။
“မင်း ဒီနှစ်ရက်အတွင်း မပြန်သေးရင် ကျွန်တော် မနက်ဖြန် မင်းကို ထမင်းကျွေးပါ့မယ်၊ ဘယ်မှာ တည်းကြတာလဲ”
လျန်ရှောင်းလျို့ကလည်း ရွှီရှောင်ကျောင်းကို သိလေသည်။ သူမကလည်း ဝမ်အားပေါင်လိုပင် ရွှီရှောင်ကျောင်းကို ကျေးဇူးတင်လေသည်။ သူမသည်လည်း ရွှီရှောင်ကျောင်းကို တွေ့လိုက်ချိန်တွင် အံ့ဩသွားတော့သည်။
“အစ်မရှောင်ကျောင်း၊ ဘာလို့ မြို့တော်ကို ရောက်လာတာလဲ၊ ဝမ်းသာစရာကောင်းလိုက်တာ၊ ကျွန်မ အစ်မကို မတွေ့က တော်တော်လေး ကြာသွားပြီ၊ အားပေါင် ဘာလို့ မနက်ဖြန်စောင့်နေအုံးမှာလဲ၊ သူတို့တွေ စားပွဲက တူတွေကို အများကြီးသုံးခဲ့မယ်လို့ ကျွန်မ မထင်ဘူး၊ အစ်မရှောင်ကျောင်း သေချာပေါက် ကောင်းကောင်းစားခဲ့မှာ မဟုတ်ဘူး၊ အစ်မရှောင်ကျောင်း အစ်မနဲ့ အစ်ကိုဝေဖျင်တို့ လာပြီး နည်းနည်းထပ်စားပါ၊ ကျွန်မတို့ စားရင်း စကားပြောလို့ရတာပေါ့”
သူမက ဒေါသကြီးသည့် စိတ်နေစိတ်ထား ရှိလေသည်။ ဟိုတုန်းက သူမသည် ဝမ်အားပေါင်ကို လက်ထပ်ခဲ့သည်မှာ ဝမ်မိသားစုက ချမ်းသာပြီး ဝမ်အားပေါင်က ရိုးသားသောကြောင့်ပင်။ ဝမ်အားပေါင်က အရင်က လက်ထပ်ခဲ့ဖူးမှန်း သူမ သိထားခဲ့ပြီး သူ့မိန်းမက ထွက်ပြေးသွားခဲ့မှန်းလည်း သိထားလေသည်။ သို့သော် သူမက ဂရုမစိုက်ပေ။ သူမက ရိုးသားသည့် ယောကျ်ားတစ်ယောက်ကိုသာ ရှာချင်ခဲ့လေသည်။ သူသည် သူမအဖေလို မပျင်းရိသရွေ့ အဆင်ပြေလေသည်။
သူမတွင် အမြင်ကောင်းတစ်ခု ရှိမှန်း အချက်အလက်များက သက်သေပြခဲ့လေသည်။ ဝမ်အားပေါင်သည် ရိုးသားပြီး အလုပ်ကြိုးစားသည်။ သူတို့ ပထမဆုံးလက်ထပ်ခဲ့ချိန်က သစ်တုံးကြီးတစ်ခုလို နေခဲ့သည့်အချိန်ကလွဲလျှင် သူသည် နောက်ပိုင်းတွင် တဖြည်းဖြည်း အားတက်လာပြီး ပြည်နည်မြို့တော်သို့ လာကာ အလုပ်တစ်ခု ရှာတွေ့ခဲ့သည်။ သူသည် သူမအပေါ်တွင်လည်း ကြင်နာတတ်လေသည်။ အလုပ်အခြေကျပြီး လပိုင်းအတွင်း ဝမ်အားပေါင်က သူမကို ပြည်နယ်မြို့တော်သို့ အကြိမ်ကြိမ် ခေါ်လည်ခဲ့သည်။ ကလေး မွေးပြီးလျှင် သူတို့က မြို့တော်တွင် အိမ်တစ်လုံး ငှားနေကြမည်ဟု နှစ်ယောက်သား တိုင်ပင်ခဲ့ကြသည်။ အနာဂတ်က သေချာပေါက် ကောင်းသည်ထက် ပိုကောင်းလာလိမ့်မည်။
ထိုအရာအားလုံးက ရွှီရှောင်ကျောင်း၏ ကူညီစောင်မပေးမှုကြောင့်ပင်။
“ရှောင်ကျောင်း၊ လာခဲ့ပါ၊ အစ်မတို့တွေ မြို့ကို ပြောင်းသွားပြီး ကျွန်မလည်း ကိုယ်ဝန် ရှိလာတော့ စကားပြောဖို့ အစ်မကို လာရှာဖို့ မလွယ်ခဲ့ဘူး၊ စကားလေးဘာလေး ပြောကြတာပေါ့”
သူမက ဘေးရွာမှာ လက်ထပ်ပြီး ပြောင်းလာခြင်း ဖြစ်လေသည်။ သူသည် ရွှီရှောင်ကျောင်းနှင့် စုန့်ဝေဖျင်တို့ကိုသာ သိပြီး တစ်ခါတလေမှသာ သူတို့နှင့် စကားပြောနိုင်လေသည်။
ဝမ်ကွေးယွဲ့က ဝမ်အားပေါင်ကို လှမ်းကြည့်လိုက်ပြီး သူက သူတို့နှစ်ယောက်အကြောင်း ဘာတစ်ခုမှ ပြောလိမ့်မည် မဟုတ်သည်ကို သိလိုက်၏။ သူမက အသက်ပြင်းပြင်း နှစ်ချက်လောက် ရှူလိုက်ပြီး အပြုံးတစ်ခုဖြင့်
“ဒါဆို နင်တို့တွေ စကားပြောကြပါ၊ လောင်ချန်နဲ့ ငါ အရင်ပြန်နှင့်မယ်၊ နောက်တစ်ခါကျမှ ဆုံကြတာပေါ့”
ထိုသို့ပြောလိုက်ပြီး သူမက ချန်ယုံကျင်း၏ လက်မောင်းကို အတင်းဆွဲကာ သူ့ကို ထပြီး မြန်မြန် ထွက်သွားဖို့ အချက်ပြလိုက်လေသည်။
ချန်ယုံကျင်းက အတိုင်းအတာတစ်ခုအထိ ဒေါသထွက်သွားတော့သည်။ ဒီနေ့ သူ့မိန်းမ ဘာတွေဖြစ်နေမှန်း နားမလည်တော့ဘူး။ သူမရဲ့ ပညာတတ်လူငယ် သူငယ်ချင်းတွေနဲ့ တွေ့ရတာ ကောင်းတဲ့ကိစ္စပဲလေ။ အတူတူ ထမင်းစားပြီး စကားပြောကြတာ ဘယ်လောက်တောင် ကောင်းလိုက်သလဲ။ ပြီးတော့ စုန့်ဝေဖျင်က အပြင်မှာ အဆက်အသွယ် ရှိတဲ့သူတစ်ယောက်ဆိုတာ သူ နားလည်ခဲ့ရတယ်။ သူသာ အဆက်အသွယ်တချို့ ရနိုင်ခဲ့ရင် သူ့လုပ်ငန်းလည်း အနာဂတ်မှာ ပိုပိုပြီး ကောင်းလာမှာပဲ။
သူက ဝမ်ကွေးယွဲ့၏ လက်ကို ပြန်ဆွဲထားလိုက်ပြီး ဝမ်အားပေါင်ကို အပြုံးတစ်ခုနှင့် ဖိတ်ခေါ်လိုက်လေသည်။
“ကွေးယွဲ့ ဘာလို့ ပြန်မှာလဲ၊ ငါ့ အမြင်တော့ နင်တို့နှစ်ယောက်က ရွာမှာ တွေ့ပြီး အချင်းချင်း သိခဲ့ကြတာမလား၊ ငါတို့အားလုံး အချင်းချင်း သိနေမှတော့ လာပြီး ထိုင်ကြပါ၊ အတူတူ စားသောက်ကြတာပေါ့၊ ကျွန်တော် ဟင်းပွဲတွေ ထပ်မှာလိုက်မယ်၊ အားမနာပါနဲ့၊ အတူတူ စားရအောင်ပါ”
လျန်ရှောင်းလျို့သည် အစက ဝမ်အားပေါင် မျက်နှာပျက်သွားသည်ကို သတိထားမိလိုက်ပြီး အကြောင်းအရင်းကို နားမလည်ခဲ့ပေ။ သို့သော် သူမသည် ချန်ယုံကျင်း၏စကားကို ကြားလိုက်ပြီး ဝမ်ကွေးယွဲ့၏ ဖြူဆုတ်နေသည့် မျက်နှာကို ကြည့်လိုက်ချိန်တွင် သူမသည် ရုတ်ခြည်းဆိုသလို အရာအားလုံးကို နားလည်သွားတော့သည်။
“ကွေးယွဲ့ ဟုတ်လား၊ ဝမ်းကွေးယွဲ့လား”
သူမက ကိုယ်ကို လှည့်လိုက်ပြီး ဝမ်အားပေါင်ဘက်သို့ ကြည့်ကာ
“ပြော၊ သူက ဝမ်ကွေးယွဲ့လား”
ဝမ်အားပေါင်က စကားမပြောသည်ကို တွေ့လိုက်ရချိန်တွင် သူမသည် နားမလည်ဘဲ အဘယ်မှာရှိပါမည်နည်း။
“ဒီတော့ နင်က ဝမ်ကွေးယွဲ့ပေါ့လေ၊ နင်က ဒီမှာရပ်ပြီး စကား ပြောရဲသေးတယ်ပေါ့လေ”
သူမက ရုတ်တရက် ရှေ့တစ်လှမ်း တိုးလာ၏။ ဝမ်အားပေါင်က အလွန်လန့်သွားသဖြင့် သူက သူမကို မြန်မြန်တွဲထားလိုက်ကာ
“ရန်မဖြစ်ပါနဲ့၊ ရန်မဖြစ်ပါနဲ့၊ မင်က ကလေးနဲ့ ကိုယ်ဝန် လွယ်ထားရတာ၊ သွားရအောင်ပါ”
လျန်ရှောင်းလျို့က သူ့လက်ကို ရိုက်ချလိုက်ပြီး
“သွားမယ်ဟုတ်လား၊ ဘယ်ကို သွားမှာလဲ၊ ရှင်က အရမ်းခေါင်းမာပြီး မျက်ကန်းဖြစ်နေတာ၊ သူ့အတွက် သိက္ခာဆယ်ပေးချင်သေးတာလား၊ ရှင် စိတ်ဓာတ်ကျခဲ့ရတဲ့အချိန်ကို မေ့သွားပြီလား၊ ဖွီး၊ ကျွန်မရဲ့လူပဲရှင့်၊ ကျွန်မက သူ့အတွက် ကိုယ့်ဟာကိုယ် စိတ်မကောင်းဖြစ်ရမှာပေါ့”
သူမက ပြောရင်းဆိုရင်း အင်္ကျီလက်ကို လိပ်တင်လိုက်ကာ ဝမ်ကွေးယွဲ့ကို လက်ညှိုးထိုးပြီး ဆဲဆိုတော့သည်။
“အဲလူက နင့်ယောက်ျားအသစ်ပဲ ဖြစ်ရမယ်၊ အဟက်၊ ဟုတ်မှာပါလေ၊ နင်က ဆင်းရဲသားကို အထင်သေးပြီး လူချမ်းသာကို သဘောကျတယ်ပေါ့၊ နင်က အားပေါင်ကို ကွာရှင်းစာချုပ်အတုနဲ့ သူ့ကို ဘာပဲဖြစ်ဖြစ် မြို့ကို ခေါ်ပါ့မယ်လို့တောင် လိမ်ခဲ့သေးတာပဲ၊ ဖွီး”
ဝမ်ကွေးယွဲ့၏ အမူအရာက ချက်ချင်းပြောင်းလဲသွားတော့သည်။ သူမက ချန်ယုံကျင်းကို ထွက်သွားဖို့ လှမ်းဆွဲလိုက်ပြီး
“လောင်ချန်၊ လောင်ချန်၊ မြန်မြန်သွားရအောင်၊ သူ မဟုတ်တာတွေ ပြောနေတာ၊ သူက စိတ်ရူးပေါက်နေတာ”
“ဝမ်ကွေးယွဲ့”
ဝမ်အားပေါင်၏ မျက်နှာ တစ်ခုလုံးပေါ်တွင် ဒေါသက အတိုင်းသားပေါ်နေပြီး
“မင်း ဘာပြောလိုက်တယ်၊ နင်ကမှာ စိတ်ရူးပေါက်နေတဲ့လူ”
လျန်ရှောင်းလျို့သည် သူမ၏ဗိုက်ကို ထောက်ထားပြီး သူမကို ကြည့်လိုက်ကာ
“ဪ ငါက နေမကောင်းဘူးတဲ့လေ၊ နင်က မျက်လုံးဖွင့်လျက်နဲ့ကို တကယ်ပဲ လိမ်ပြောနိုင်တာပဲ၊ ပြီးတော့ အမှန်ကို အမှားဖြစ်အောင် လုပ်နေတယ်၊ ဟိုက ဘာလောင်ချန်ဆိုတဲ့ နာမည်နဲ့လူ၊ အိုး ဟုတ်တယ်၊ ရှင်ပဲ၊ ရှင်က ဝမ်အားပေါင်ရဲ့ လက်ရှိယောက်ျားပေါ့ ဟုတ်လား၊ ရှင့်မျက်လုံးတွေကို သေချာဖွင့်ထားနော်၊ ရှင့်မိန်းမကမှ နေမကောင်းတဲ့သူရှင့်၊ သူက လက်ထပ်ခဲ့ပြီး တစ်ဖက်လူကို လိမ်စားပြီး ကွာရှင်းစာချုပ်အတုကို အစစ်ဖြစ်အောင် လုပ်ခဲ့တာ”
“ဒါက အသေးစား နာမကျန်းမှုလေးပါလေ၊ မြို့ကို ပြန်ဖို့အတွက် သူကိုယ်ဝန်ဆောင်ထားတဲ့ ကလေးကိုတောင် ရက်ရက်စက်စက် ဖျက်ချခဲ့တာ၊ ပြောစမ်းပါ၊ ဒါက ရူးနေတာ မဟုတ်ရင် ဘာတဲ့လဲ၊ ဝမ်ကွေးယွဲ့ နင်ကမှ နှလုံးသားမဲ့ပြီး ရူးနေတဲ့သူဟဲ့”
သူမ စကား ဆုံးသွားသည်နှင့် စားသောက်ဆိုင်တစ်ခုလုံး ငြိမ်ကျသွားတော့သည်။
“အိုး သူ့ပုံက ရည်မွန်တဲ့လူတစ်ယောက်ပုံနဲ့ အဲလောက်တောင် ရက်စက်မယ်လို့ လုံးမထင်ရဘူး”
“ဒါက လူတွေပြောကြသလိုပဲ မလား၊ လူတစ်ယောက်ရဲ့မျက်နှာကို သိပေမဲ့ သူ့နှလုံးသားကိုတော့ မသိဘူးတဲ့လေ၊ ဒီလိုမိန်းမတစ်ယောက်ကို ရွေးမိတာက တကယ့်ကို ရှစ်ဘဝလောက် ကံဆိုးတာပဲ”
“ဖွီး ကိုယ်တိုင် လွယ်ထားရတဲ့ကလေးကို ဖျက်ချဖို့ဆိုတာ တကယ့်ကို လူမဆန်တာပဲ”
“ဒီလိုမိန်းမမျိုးကို ခပ်ကြမ်းကြမ်းလေး ရိုက်ပစ်သင့်တယ်”
ဘေးဘီတွင် စားသောက်နေကြသူများမှာ အများကြီး မဟုတ်သော်လည်း လက်ရှိတွင် လျန်ရှောင်းလျို့၏ စကားကို ကြားလိုက်သူ အားလုံးက သူတို့၏စိတ်ထဲတွင် တစ်နည်းနည်းဖြင့် အတွေးများ ထွက်လာပြီး စတင် တီးတိုးပြောကြတော့သည်။
ရွှီရှောင်ကျောင်းက စိတ်ထဲတွင် နှာခေါင်းရှုံ့လိုက်ပြီး စုန့်ဝေဖျင်ကို မှီထားလိုက်လေသည်။
ဟုတ်တာပေါ့။ မကောင်းမှုက ဝဋ်လည်မှာပဲလေ။ ဝမ်ကွေးယွဲ့ကတော့ ထင်ထားမှာပေါ့။ ချန်ယုံကျင်းက ဒီဘဝမှာ ဒီအကြောင်းကို ဘယ်တော့မှ သိမှာ မဟုတ်ဘူးလို့လေ။ ဒါပေမဲ့ ကံတရားက လူတွေနဲ့ ကစားရတာ သဘောကျပုံရတယ်။ ငါနဲ့ ဖင့်ရှန်းက မပြောပေမဲ့ တခြားသူကတော့ ပြောမှာပဲလေ။
“အမလေး အမေရေ”
မာချွန်းသည် လေသံတိုးတိုးဖြင့် အာမေဋိတ်သံ ပြုမိတော့သည်။ သူပြောတဲ့အတိုင်းပဲ။ ရွှီရှောင်ကျောင်းက ဘယ်လိုလူမလို့လဲ။ သူမက တခြားသူတွေကို အဲလောက် အေးတိအေးစက်နဲ့ ဘယ်တုန်းက ကြည့်ဖူးလို့လဲ။ ဟုတ်နေပါပြီ။ ဒီဝမ်ကွေးယွဲ့က အရမ်းလွန်သွားပြီ။ မထူးဆန်းတော့ပါဘူး။
သူက ကျိုးဖင့်ရှန်းအနားသို့ ကပ်သွားလိုက်ပြီး သူမကို တီးတိုးပြောလိုက်တော့သည်။
“ရွှီရှောင်ကျောင်း ပြောတာမှန်တယ်၊ ဖင့်ရှန်း နင်က အရမ်းသဘောကောင်းတယ်၊ လအ,မလေး”
ကျိုးဖင့်ရှန်းသည် သက်ပြင်းချလိုက်ပြီး ဝမ်ကွေးယွဲ့၏ မလုံမလဲနှင့် စိတ်ဓာတ်ပြိုလဲနေပုံကို ကြည့်လိုက်လေသည်။ ဝမ်ကွေးယွဲ့တွင် ခါးသီးသည့် အကြောင်းပြချက် လုံးဝမရှိမှန်း နားလည်လိုက်တော့သည်။ သူမက တမင်လုပ်ခဲ့တာပဲ။
“ကွေးယွဲ့ ငါ့ကို ပြောစမ်းပါ၊ သူ ..သူပြောတာ အမှန်ပဲလား” ချန်ယုံကျင်း၏အသံက တုန်ယင်နေလေသည်။
ဝမ်ကွေးယွဲ့က လျန်ရှောင်းလျို့ကို ခပ်စိမ်းစိမ်းကြည့်လိုက်ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်ကာ ချန်ယုံကျင်းကို တွယ်ကပ်ထားလိုက်ပြီး
“လောင်ချန်၊ လောင်ချန် ကျွန်မ ပြောတာနားထောင်ပါအုံး၊ ကျွန်မမှာလည်း ကျွန်မရဲ့အကြောင်းရှိပါတယ်၊ ရှင်က အဲဒီမိန်လင်ရွာကိုမှ မသိတာ၊ ကျွန်မသာ အဲဒီမှာ တစ်ဘဝလုံး နေရမယ်ဆိုရင် သေရလိမ့်မယ်၊ ကျွန်မ ဖိအားပေးခံရတာပါ၊ ဟုတ်တယ်၊ ဖိအားပေးခံရတာ၊ ကျွန်မ မလုပ်ချင်ခဲ့ဘူး”
ချန်ယုံကျင်းက သူမကို လက်ရမ်းပြလိုက်၏။ သူ့ဘေးကလူက အဲလောက်တောင် ရက်စက်လိမ့်မယ်လို့ လုံးဝထင်မထားခဲ့ဘူး။
အရမ်းကျောချမ်းဖို့ကောင်းတာပဲ။
ချန်ယုံကျင်းက စားပွဲပေါ်သို့ ငွေအကြွေစများကို ပစ်တင်လိုက်ပြီး တံခါးမှ တစ်ဟုန်ထိုး ပြေးထွက်သွားတော့သည်။ ဝမ်ကွေးယွဲ့က သူ့ကျောပြင်ကို ကြည့်လိုက်ပြီး သူမ၏မျက်ရည်များကို သုတ်လိုက်ကာ မုန်းတီးစွာဖြင့် ကိုယ်ကို ပြန်လှည့်လာပြီး
“ရှောင်ကျောင်း၊ ဖင့်ရှန်း နင်တို့ အခု ပျော်သွားပြီလား၊ နင်တို့က ငါ့ကို ငွေကြေးမရှိ၊ စွန့်ပစ်ခံရတာကို မြင်ချင်ကြတာလား”
ရွှီရှောင်ကျောင်းနှင့် ကျိုးဖင့်ရှန်းတို့က စကားမပြောရသေးချင်မှာပင် လျန်ရှောင်းလျို့က ဝါးလုံးကွဲ အော်ရယ်လိုက်ကာ
“အိုးဟယ် ဝမ်ကွေးယွဲ့ နင့်ကိုယ်နင် ဘယ်လောက်တောင် အရှက်မဲ့နိုင်တယ်လို့ ထင်နေတာလဲ၊ ဘယ်သူ့စိတ်က နင့်ဘေးမှာ နေ့တိုင်း ရှိတယ်လို့လဲ၊ နင့်ကိုယ်နင် ပြန်ကြည့်အုံး၊ နင်နဲ့ တန်ရဲ့လားလို့၊ ငါ နင့်ကို ပြောလိုက်မယ်၊ အသိပညာရှိလို့ အောက်ဆုံးကို ထိုးမချပါဘူးဆိုပြီး သူတို့ကို အသုံးမချနဲ့၊ နင့်ကို ပြောလိုက်မယ်၊ ငါ လျန်ရှောင်းလျို့ရှေ့မှာတော့ အသုံးမဝင်ဘူးနော်”
ဝမ်ကွေးယွဲ့၏ ရင်ဘတ်က ပြင်းပြင်းထန်ထန် လှိုက်တက်လာကာ
“ဝမ်အားပေါင် သူ့ကို ကြည့်စမ်း၊ သူက ဒီလို အနိုင်ကျင့်တဲ့သူလား”
ဝမ်အားပေါင်က သူမကို ရှုပ်ထွေးသည့်အကြည့်ဖြင့် ကြည့်လိုက်ပြီး
“မင်း အရမ်းလွန်သွားပြီ၊ ပြီးတော့ ရှောင်းလျို့ပြောတာ အမှန်ပဲ”
“ငါ နင်တို့တွေကို ဘယ်တော့မှ မတွေ့ချင်တော့ဘူး” ဝမ်ကွေးယွဲ့က လှည့်ထွက်သွားကာ ချန်ယုံကျင်းနောက် လိုက်သွားတော့သည်။
လျန်ရှောင်းလျို့က သက်ပြင်းချလိုက်ပြီး
“ငါတို့ကလည်း နင့်ကို မတွေ့ချင်ပါဘူးနော်”
‘ခစ်ခနဲ” တစ်ချက်ထွက်သွာပြီး ရွှီရှောင်ကျောင်းက ဝါးလုံးကွဲ အော်ရယ်တော့သည်။ သူမက လျန်ရှောင်းလျို့ကို ကြည့်ကာ ပြောလိုက်လေသည်။
“ရှင့်ပါးစပ်ကတော့ ပြိုင်ဖက်ကင်းပါပေတယ်”
လျန်ရှောင်းလျို့က အနားသို့ကပ်သွားကာ ရွှီရှောင်ကျောင်း၏ လက်ကို ချိတ်လိုက်ပြီး
“အစ်မရှောင်ကျောင်း၊ အစ်မလည်း ဒေါသထွက်တာပဲ ဟုတ်တယ်မလား၊ ဒါပေမဲ့ အစ်မက သူ့ကို လုံးဝဂရုမစိုက်တာ ကျွန်မ သိပါတယ်၊ ဟွန့်၊ ကျွန်မကတော့ သည်းမခံနိုင်ဘူး၊ သူ ကျွန်မတို့အားပေါင်ကို ဆက်ဆံသွားတဲ့ပုံကို သည်းမခံနိုင်တာ၊ ဒီလောက် ရက်စက်တဲ့ကိစ္စ လုပ်ခဲ့ပြီးတာတောင် သူက ဘဝမှာ သာယာပြီး အရမ်းကို အဆင်ပြေပြေနေနေတာတဲ့လေ”
ရွှီရှောင်ကျောင်းကလည်း သည်းခံမနေချေ။ ဝရုန်းသုန်းကား ဖြစ်နေသည်ကို ကြည့်ရှုရန် အလွန် ပျင်းနေခြင်းသာ။ ဘာပဲဖြစ်ဖြစ်ပါလေ။
“လူတစ်ယောက်က တစ်ခုခုကို လုပ်ပြီဆိုတာနဲ့ တခြားလူတွေက အနှေးနဲ့အမြန် သိသွားကြမှာပဲလေ”
သဘောမကျချင်စရာလူများက သွားလိုက်ပြီဖြစ်ရာ ကျန်သည့်လူအားလုံးမှာ မိတ်ဆွေကောင်းများ ဖြစ်ကြလေသည်။ ကျိုးဖင့်ရှန်းနှင့် ဝမ်အားပေါင်တို့ကလည်း အချင်းချင်း သိကြသည်။ သူတို့အားလုံးက မိတ်ဆက်လိုက်ကြပြီးသည်နှင့်ချက်ချင်း တစ်ယောက်နှင့်တစ်ယောက် ရင်းနှီးသွားကြတော့သည်။
လေထုက တည်ငြိမ်သွားပြီးနောက်တွင် သူတို့သည် နောက်ထပ်စားပွဲတစ်ခုကို ယူလိုက်ပြီး အရင်ချိန်က အကြောင်းများကို ပြန်ပြောင်းပြောကြရန် ထိုင်လိုက်ကြတော့သည်။
ဝမ်အားပေါင်သည် သူ့အတွေးအမြင်က အမှန်ပင် ကျယ်ပြန့်လာသောကြောင့် ဖြစ်ဟန်တူသည်။ အခုလေးတင် ဒေါသနှင့်တွေ့ကြုံလိုက်ရပြီး သူ့ခံစားချက်များက ဝမ်ကွေးယွဲ့နှင့် လက်ထပ်ခဲ့သည့်အကြောင်း အတွေးတွင် ဆက်ပြီး အတက်အကျ ဖြစ်မနေတော့သည်။
သူက စုန့်ဝေဖျင်ကို ဝမ်းသာအားရ မေးလိုက်၏။
“အစ်ကိုဝေဖျင် မြို့တော်ကိုလာတဲ့ ဒီခရီးမှာ ကိစ္စများရှိနေလို့လား၊ ကျွန်တော့်အကူအညီလိုရင် မေးသာမေးပါ၊ ကျွန်တော် ဒီမှာ နေတာ လတော်တော်ကြာသွားပြီ။ ပြီးတော့ ကျွန်တော်တို့ ညွှန်မှူးနဲ့လည်း နေရာအများကြီး ခရီးသွားခဲ့ဖူးတယ်၊ ကျွန်တော်လည်း တချို့သတင်းတွေကိုတော့ သိပါတယ်”
အမှန်ပင် စုန့်ဝေဖျင်က သူ့ကို အားနာမနေတော့ချေ။ အမျိုးသားရဲဘော်တချို့က အတူတူထိုင်ကြပြီး စုန့်ဝေဖျင် လုပ်ချင်သည့်အရာအကြောင်းကို ဆွေးနွေးလိုက်ကြလေသည်။
အမျိုးသမီးရဲဘော်များကလည်း အတူတူထိုင်ကြပြီး အစားအသောက်ကို စိတ်စားနေကြသည်။
လျန်ရှောင်းလျို့သည် ရွှီရှောင်ကျောင်းကို အမှန်ပင် အားကိုးလေသည်။ ဝမ်အားပေါင် အကူအညီ ပေးနိုင်သည်ကို တွေ့လိုက်ရသဖြင့် သူမက ဝမ်းသာသွားတော့သည်။ သူမက လေသံတိုးတိုးဖြင့် ရွှီရှောင်ကျောင်းကို ကျေးဇူးတင်စကားဆိုလိုက်၏။
“အစ်မရှောင်ကျောင်း၊ အစ်မက အဲတုန်းက အားပေါင်ကို မထောက်ပြပေးခဲ့ရင် အခုဆို သူ မိန်လင်ရွာမှာပဲ လယ်စိုက်နေရအုံးမှာ၊ ဘယ်လိုလုပ်ပြီး ဒီနေ့လိုဖြစ်လာပါ့မလဲ”
ရွှီရှောင်ကျောင်းက သူမ၏ကျေးဇူးများသည်ဟု မတွေးချေ။
“ငါက သူ့ကို နည်းနည်းပါးပါးပဲ ပြောပြခဲ့တာပါ၊ အားပေါင်ကိုယ်တိုင်က အခက်အခဲတွေကို ခံနိုင်ရည်ရှိတာ၊ သူက တစ်ယောက်ထဲ မြို့တော်ကိုလာခဲ့ပြီး အခက်ခဲနဲ့ နာကျင်မှုတွေအများကြီး ခံစားခဲ့ရမှာသေချာတယ်၊ ဒါတောင် သူက ဇွဲလုံ့လရှိတယ်လေ”
သူမက လျန်ရှောင်းလျို့ကို ချီးကျူးလိုက်၏။
“ နင်က အမြင်ကောင်းတာပါ့၊ နငလည်း အားပေါင် ထွက်လာနိုင်အောင် အားပေးခဲ့တယ်လေ၊ အခု ကြည့်လိုက်၊ နင်က ကံကောင်းခြင်းတွေ ခံစားနေရပြီလေ”
လျန်ရှောင်းလျိုက ဝမ်းသာအားရဖြင့် သွားများ ပေါ်သည်အထိ ပြုံးလိုက်ပြီး
“ဘာပဲဖြစ်ဖြစ်ပါ၊ ဒါက အစ်မရှောင်ကျောင်းကြောင့်ပါ၊ အစ်ကိုဝေဖျင်ကို ပြောလိုက်ပါနော်၊ အချိန်မရွေး အားပေါင်ရဲ့အကူအညီ လိုလာခဲ့ရင် ချက်ချင်း ပြောသာပြောပါလို့၊ ကျွန်မတို့အားပေါင်က အခုဆိုရင် ပုံမှန်ဝန်ထမ်း ဖြစ်သွားပြီ၊ အင်း သူက ရိုးသားတဲ့သူလေ၊။ သူက အရင်ကလို ယာယီအလုပ်သမား မဟုတ်တော့ဘူးမလား၊ ပြီးတော့ သူတို့ စက်ရုံမှာ မီးလောင်မှုတစ်ခု ဖြစ်ခဲ့သေးတယ်၊ သူ့အသက်ကို စွန့်ပြီး မီးငြှိမ်းပေးခဲ့တာလေ၊ သူက သောင်းချီတန်တဲ့ စက်ပစ္စည်းတွေကို ကယ်တင်ပေးခဲ့တာလို့ ပြောတယ်၊ ဒါကြောင့် စက်ရုံညွှန်မှူးက သူ့ကို အချိန်ပြည့်ဝန်ထမ်း ခန့်လိုက်တာ၊ သူ့လစာ တိုးလာတဲ့အပြင် ညွှန်မှူးကလည်း သူ့ကို အရမ်းတန်ဖိုးထားတာ၊ သူက အခုဆိုရင် လူအများကြီးအကြောင်း သိသွားပြီ၊ သူက ကိစ္စတစ်ခုခုဆို ကူညီပေးနိုင်လိမ့်မယ်”
စကားဆုံးသွားသည်နှင့်တစ်ပြိုင်နက် တစ်ဖက်က မာချွန်းက သူ့ပေါင်ကို လက်ဝါးဖြင့် ရိုက်လိုက်ပြီး
“ဒါက တိုက်ဆိုင်မှုတစ်ခုပဲ မဟုတ်လား”
ဒီကိစ္စက တကယ်ပဲ တိုက်ဆိုင်မှုတစ်ခုပဲ။
စုန့်ဝေဖျင် သွားရှာမဲ့ အစိုးရပိုင်စက်ရုံက ဝမ်အားပေါင်လက်ရှိလုပ်နေတဲ့ စက်ရုံဖြစ်နေတယ်တဲ့။ တိုက်ဆိုင်လိုက်ပုံများ လက်ရှိ စက်ရုံပူးပေါင်းတာနဲ့ ကုန်ပစ္စည်း သီးသန့်ဖက်စပ်ရောင်းဝယ်ရေးကို ဝမ်အားပေါင်ရဲ့လက်ရှိ ညွှန်မှူးက တာဝန်ယူထားတာတဲ့။ ဝမ်အားပေါင်ကလည်း ဒီကိစ္စအတွက် နေ့တိုင်း သူ့နောက် လိုက်ပေးလိုက်ပေးရတာ။
အားလုံးကို အံ့ဩစရာကောင်းလောက်အောင် ချောမွေ့သွားခဲ့သည်။
ရွှီရှောင်ကျောင်းနှင့် စုန့်ဝေဖျင်တို့ကို လိုက်ပို့ပေးပြီးနောက်တွင် မာချွန်းက ရထားထွက်သွားသည်ကို စောင့်ကြည့်လိုက်ပြီး မနေနိုင်တော့ဘဲ သက်ပြင်းချလိုက်တော့သည်။
“ငါ စုန့်ဝေဖျင်ကို နည်းနည်းတော့ အားကျသွားပြီ၊ သူ့ဘဝက ဘာလို့များ အဲလောက် ကောင်းမွန်နေတာလဲ”
အစကတော့ ဒါက လမ်းမရှိတဲ့ လုပ်ငန်းလို့ သူ ထင်ထားခဲ့တာ။ ဒါပေမဲ့ သူ့မိန်းမက လမ်းဖွင့်ပေးလိုက်ပြီး ဒါကို ခြေတစ်လှမ်းနဲ့ အတည်ဖြစ်သွားအောင် လုပ်ခဲ့တယ်။ ဒါက ဘယ်လို ကံကောင်းခြင်းမျိုးပါလိမ့်။
ကျိုးဖင့်ရှန်းကတော့ သူတို့နှစ်ယောက်အတွက် ဝမ်းသာလေသည်။
“ဒါက ဖြစ်ရမဲ့ကံ ပါလာရင် ဖြစ်လာတယ်ဆိုတဲ့ သဘောပဲပေါ့၊ ရှောင်ကျောင်းကို ကြည့်လေ၊ သူက လှတယ်၊ အကျင့်စရိုက်ကောင်းတစ်ခု ရှိပြီး လူတွေကို ကူညီပေးတတ်တယ်၊ မိန်လင်ရွာမှာတုန်းကဆိုရင် သူ့ကို သဘောမကျတဲ့သူ မရှိဘူး၊ ကြည့်လေ၊ သူက ဝမ်အားပေါင်ကို ကူညီပေးခဲ့တော့ အခု ကောင်းမွန်တဲ့ ကျေးဇူးတရား ပြန်ခံစားရတာပေါ့၊ မဟုတ်ရင် စုန့်ဝေဖျင်က ထပ်ပြီး ဟိုပြေးသည်ပြေး လုပ်နေရအုံးမှာ”
မာချွန်းက ခေါင်းညိတ်လိုက်ပြီး
“ကျွတ်... မကောင်းတဲ့သူကတော့ ဝဋ်ပြန်ခံရလိမ့်မယ်၊ ဝေဖျင်နဲ့ငါ လုပ်ငန်းအကြောင်း တိုင်ပင်ကြတုန်းက ငါတို့တွေ ချန်ယုံကျင်းနဲ့ မမျှော်လင့်ဘဲ တွေ့ခဲ့သေးတယ်၊ ဪ သူလည်း ဝင်ခွင့်ရခဲ့ပါတယ်၊ ရလဒ်ကျတော့ရော၊ ဒီလိုမိန်းမမျိုးနဲ့ လက်ထပ်ပါလို့ သူ့ကို ဘယ်သူပြောခဲ့လို့လဲ၊ ချန်ယုံကျင်းက ရုံးခန်းထဲတောင် မဝင်လိုက်ရဘဲ မောင်းထုတ်ခံလိုက်ရတာကို ကြည့်ရင် ဝမ်အားပေါင်က သူ့ခေါင်းဆောင်ကို ပြောပြထားတယ်ထင်တယ်”
“တစ်ဖက်မှာတော့ စုန့်ဝေဖျင်က ယွမ်၂၀၀၀ တန်ဖိုးကုန်ပစ္စည်းတွေ ရသွားတယ်လေ၊ အဲဒါကို တောင်ပိုင်းဆီ သင်္ဘောနဲ့ တင်လိမ့်မယ်၊ ငွေနှစ်ဆရဖို့ကတော့ ပြဿနာမရှိဘူး၊ ငါ့အထင်တော့ စုန့်ဝေဖျင်က မကြာခင် ယွမ်တစ်သောင်းအိမ်ထောင်စု ပိုင်ရှင်တစ်ယောက် ဖြစ်လာတော့မယ်”
သူ့တွင် အားကျသည့်အမူအရာတစ်ခု ရှိနေလေသည်။ သူသည် သည်တစ်ကြိမ်တွင် လုပ်ငန်းကိစ္စများကို တိုင်ပင်ရန် စုန့်ဝေဖျင်နှင့်အတူ အကြိမ်တော်တော်များများ လိုက်သွားခဲ့ပြီး သူ့ဗဟုသုတက အများကြီး တိုးတက်လာခဲ့သည်။ သူသည် စမ်းကြည့်ဖို့ စိတ်အားထက်သန်နေပြီး သူ့ကိုယ်ပိုင်လုပ်ငန်းကို စတင်ချင်နေတော့သည်။
ကျိုးဖင့်ရှန်းက သူ့ကို လှမ်းကြည့်လိုက်ပြီး
“နင် စိတ်လှုပ်ရှားသွားတာလား”
“အင်းပေါ့၊ ဖင့်ရှန်း ငါလည်း ရေကို စမ်းကြည့်မယ်ဆိုရင် နင်ဘယ်လို သဘောရလဲ”
ကျိုးဖင့်ရှန်းက သူနှင့်အတူ ဖြည်းဖြည်းချင်း လမ်းလျှောက်ပြန်လာခဲ့ပြီး
“အများကြီး မလုပ်နဲ့၊ ငါ အားမပေးဘူး၊ ဒီအတိုင်း ညခင်းဆိုင်လေးပဲ ဖွင့်အုံး၊ ရှောင်ကျောင်းက အရင်ဆုံး နင့်ကို စာကြိုးစား လေ့လာခိုင်းဖို့ ငါ့ကို အကြံပေးလိုက်တယ်၊ အသိပညာက တန်ဖိုးအရှိဆုံးပဲတဲ့ ငါ သူ့ကို ယုံတယ်၊ နင်လည်း သူ့ကို ယုံရင် ပိုကောင်းမယ်”
သူမက ထပ်ပြောလိုက်သည်။
“ပညာတတ်လူငယ်တွေ မြို့ကို ပြန်ရတုန်းက သူက ကွေးယွဲ့ကို ဝမ်အားပေါင်နောက်ပဲ အေးအေးလိုက်ဖို့ နားချခဲ့သေးတယ်၊ နောက်ပိုင်းကျရင် သူ မြို့ကို တက်နိုင်မယ်ပေါ့၊ အခုတော့ လျန်ရှောင်းလျို့က သူ့နောက်လိုက်ပြီး မြို့ကို ရောက်လာခဲ့ပြီ၊ ကွေးယွဲ့ရဲ့ကံကိုလည်း ကြည့်ပါအုံး”
မာချွန်းက အခိုက်တန့် သေချောစဥ်းစားလိုက်ပြီး သက်ပြင်းချလိုက်ကာ
“သူ့ကို မယုံခဲ့တာတွေက ဆုံးရှုံးမှုကို ခံစားရမှာပဲ ဒီတော့ ငါလည်း သူ့ကို ယုံပါတယ်”
ရထားပေါ်တွင် ရက်ပိုင်းလောက် ပျော်ရွှင်ခဲ့ရသည့် ရွှီရှောင်ကျောင်းက ဝမ်ကွေးယွဲ့အကြောင်း လုံးဝမေ့သွားလေသည်။ သူတို့သည် အိပ်ခန်းပါသည့် ရထားတစ်ခုကို လက်မှတ်ဖြတ်ခဲ့သည်။ လူအများကြီး မရှိပေ။ ရွှီရှောင်ကျောင်းက စုန့်ဝေဖျင်ကို ပျင်းရိလေးတွဲကာ မှီထားပြီး ဂိမ်းကစားနေ၏။
“စုန့်ဝေဖျင် ဒီတစ်ခါရော ငါ အထောက်အပံ့အကြီးကြီး လုပ်ခဲ့ပြီမလား”
စုန့်ဝေဖျင်က ခေါင်းညိတ်လိုက်၏။ သူမက လုပ်ငန်းရဲ့ အောင်မြင်မှုအများစုကို ထောက်ပံ့ပေးခဲ့တာပဲလေ။
“အားလုံးက မင်းရဲ့ကျေးဇူးကြောင့်ပါ၊ ဘာဆုလိုချင်လဲ” သူက ပါးစပ်ဖွင့်လိုက်လေသည်။
ရွှီရှောင်ကျောင်းက ခဏလောက်စဥ်းစားလိုက်ပြီး
“ဆုကတော့လား ငါ အခု မစဥ်းစားရသေးဘူး၊ ငါတို့ တောင်ပိုင်းရောက်အထိ စောင့်ကြတာပေါ့”
စုန့်ဝေဖျင်က ခေါင်းညိတ်လိုက်ကာ သူ့အစီအစဥ်ကို ပြောပြလိုက်လေသည်။
“မင်း အဲဒီကို ရောက်ရင် ပြီးခဲ့တဲ့အခေါက်က ကိုနဲ့အတူတူ အလုပ်ခဲ့တဲ့ သူဌေးကို သွားတွေ့ဖို့ အရင်ဆုံး အဖော်လိုက်ခဲ့ပေးနော်၊ သူ့နာမည်က ချန်ဟိုင်လုံတဲ့၊ သူက အရမ်းဖြောင့်မတ်တဲ့သူ၊ သူက ဒီတစ်ခါလည်း ကိုတို့ကို သတင်းပေးခဲ့တာလေ ပြီးတော့ ကိုတို့တွေ သဘောတူထားတာ တစ်ခုရှိတယ်၊ တကယ်လို့များ ကိုတို့က ပစ္စည်းတွေရလာခဲ့ရင် သူ့ကို အရင်ဆုံးပေးရမယ်လို့လေ၊ ပစ္စည်းတွေအားလုံးနီးပါး တင်ပြီးသွားရင်း အရင်ဆုံး မင်းကို ခေါ်လည်ပေးမယ်နော်၊ ပြီးမှ တခြား လုပ်ငန်းအခွင့်အရေးတွေ ရှိမရှိ ကြည့်ကြမယ်၊ ကိုတို့ ပြန်သွားရင် ပစ္စည်းတစ်သုတ်လောက်တော့ ယူပြန်သွားရလိမ့်မယ်”
ရွှီရှောင်ကျောင်းက သူ့စကားကို လုံးဝသဘောတူလိုက်သည်။
“ကောင်းပြီ”
ထိုနောက် သူမက သူ့ကို လှည့်ပြီး စိုက်ကြည့်လိုက်ကာ
“ဟဲ့ စုန့်ဝေဖျင် နင် ပြီးခဲ့တဲ့တစ်ခေါက်က အဲမှာ အကြာကြီးနေခဲ့တာ၊ ရှက်စရာကောင်းတဲ့ အတွေးတွေတော့ မရှိပါဘူးနော် ဟုတ်တယ်မလား၊ ဟွန်း ဒီတစ်ခါ ငါလည်း လိုက်လာတာဆိုတော့ နင် သေချာဖုံးကွယ်တာ ပိုကောင်းမယ်၊ ငါ့ကို ရှာမတွေ့စေနဲ့”
စုန့်ဝေဖျင်က အလွန်မှ တည်ငြိမ်နေပြီး
“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”
ထိုစကားပြောပြီး သိပ်မကြာခင်တွင် ရွှီရှောင်ကျောင်းသည် စုန့်ဝေဖျင်ကို အဖော်လုပ်ပြီး ချန်ဟိုင်လုံဆီ သွားခဲ့လေသည်။ သူတို့ နှုတ်ဆက်ပြီးသည်နှင့် တစ်ပြိုင်နက် ဆယ်ကျော်သက်စွန်းစွန်း မိန်းမမငယ်လေးတစ်ယောက်က မစောင့်နိုင်တော့ဘဲ ရောက်လာလေတော့သည်။
“ကိုကိုဝေဖျင် နောက်ဆုံးတော့ ရောက်လာပြီနော်”
ရွှီရှောင်ကျောင်းက ချက်ချင်းဆိုသလို သူမ၏မျက်လုံးများကို ကျဥ်းမြောင်းထားလိုက်တော့သည်။
ကိုကို။ ဝေ ဖျင် တဲ့လေ။
...
အပိုင်း (၆၀) အဝတ်အစားချပ်ဝတ်တန်ဆာ
ရွှီရှောင်ကျောင်းက စုန့်ဝေဖျင်၏လက်ကို ကိုင်ထားကာ စုန့်ဝေဖျင်၏ခါးကို ခပ်နာနာလေး ဆိတ်ပစ်လိုက်တော့သည်။ စုန့်ဝေဖျင်က အနည်းငယ် တွန့်သွားသည်ကို ခံစားမိလိုက်သဖြင့် သူမအပြုံးက ပိုပြီးသိမ်မွေ့နှစ်လိုဖွယ် ကောင်းလာလေသည်။
“အဲဒါက ဘယ်သူလဲ” သူမက အပြုံးတစ်ခုနှင့် မေးလိုက်၏။
ချန်ဟိုင်လုံက ရွှီရှောင်ကျောင်းအပေါ် အလွန်မှ ကောင်းမွန်သည့် သဘောထားတစ်ခု ရှိနေပြီး
“စုန့်ကတော် မိတ်ဆက်ပေးပါရစေ၊ ဒါက ကျွန်တော့်သမီး ချန်ကျန်းကျူးတဲ့၊ ကျန်းကျူး ဒါက စုန့်ဝေဖျင်ရဲ့ ဇနီးသည် မိန်းကလေးရွှီရှောင်ကျောင်းတဲ့ သူ့ကို လာနှုတ်ဆက်လိုက်အုံး”
ချန်ကျန်းကျူး၏မျက်နှာက အပြစ်ကင်းစင်မှုအပြည့်ပင်။ သို့သော် ရွှီရှောင်ကျောင်းကို ကြည့်လိုက်ချိန်တွင်တော့ သူမက မသိမသာ ရန်လိုနေတော့သည်။
“ဒါဆို ရှင်က ကိုကိုဝေဖျင်ရဲ့မိန်းမ ရွှီရှောင်ကျောင်းပေါ့လေ”
ချန်ဟိုင်လုံသည် သူ့သမီးဖြစ်သူကို မတတ်သာဘဲ ကြည့်လိုက်ကာ
“ကျန်းကျူး မရိုင်းနဲ့စမ်း၊ သူ့ကို နှုတ်ဆက်လိုက်”
ချန်ကျန်းကျူးက အင်တင်တင်ဖြင့် ထုတ်ပြောလိုက်လေသည်။
“အစ်မရှောင်ကျောင်း တွေ့ရတာဝမ်းသာပါတယ်”
ရွှီရှောင်ကျောင်းက ယဥ်ယဥ်ကျေးကျေးပြုံးလိုက်ပြီး
“တွေ့ရတာဝမ်းသာပါတယ်”
စုန့်ဝေဖျင်။ ခွေးကောင်။ ရထားပေါ်မှာတုန်းက မဖြစ်နိုင်ပါဘူးလို့ ဘယ်သူပြောခဲ့တာလဲ။ အခုတော့ ဒီမက်မွန်ပွင့်လေးက သူ့ရှေ့မှာ ပေါ်လာခဲ့ပြီလေ။
ရွှီရှောင်ကျောင်းသည် စုန့်ဝေဖျင်၏ခါးကို နောက်တစ်ချက် ထပ်ဆိတ်လိုက်ပြီးမှ သူမ၏ဒေါသမှာ လျော့ပါးသွားတော့သည်။
ချန်ဟိုင်လုံက သူ့သမီးဖြစ်သူ၏ ထောင်လွှားမှုကို အသားကျနေပြီးဖြစ်လေသည်။ သူက သမီးဖြစ်သူ၏ စိတ်သဘောထားကို သိထားရာ အပြုံးတစ်ခုဖြင့် တောင်းပန်လိုက်ရတော့သည်။
“စုန့်ကတော် သူ့ကို စိတ်မကွက်ပါနဲ့နော်၊ ကျွန်တော့်သမီးကို အလိုလိုက်ထားမိတော့ နည်းနည်းလေး ဆိုးနေတာပါ”
ရွှီရှောင်ကျောင်းက အင်မတန် သဘောထားကြီးပြလိုက်ကာ
“ကလေးတွေပဲ၊ အရမ်းကို အပြစ်ကင်းပြီး ချစ်ဖို့ကောင်းပါတယ်၊ ဒါပေါ့ ကျွန်မ စိတ်မကွက်ပါဘူး၊ ကျွန်မတို့ ဝေဖျင် အရင်တစ်ခါ ဒီကိုလာတုန်းက သူ့ကို စောင့်ရှောက်ပေးခဲ့လို့ သူဌေးချန်ကို ကျေးဇူးတင်ရမှာပါ”
သူမက အလွန်ပွင့်ပွင့်လင်းလင်း ပြောလိုက်သဖြင့် သူမက သဘောထားကြီးပြီး လိုက်လျောညီထွေ နေတတ်သည့် စိတ်သဘောထားတစ်ခုရှိကြောင်း ချန်ဟိုင်လုံ ခံစားမိလိုက်သည်။
“ဒါက စောင့်ရှောက်တယ်လို့ ပြောလို့မရပါဘူး၊ ညီလေးစုန့်က လုပ်ရည်ကိုင်ရည်ရှိတဲ့သူတစ်ယောက်ပါ၊ သူ့အနာဂတ် အောင်မြင်မှုတွေက ကျွန်တော့်ထပ် နိမ့်မှာမဟုတ်ဘူး”
အဖွဲ့က အေးအေးဆေးဆေး စကားပြောလိုက်ကြပြီး လေထုက ကောင်းမွန်နေသည်။ ချန်ကျန်းကျူးတစ်ယောက်က မကျေနပ်ဟန် ထုတ်ပြနေကာ
“ဘယ်သူက ကလေးလဲ၊ ကျွန်မက ၁၈နှစ်ပြည့်ပြီးသွားပြီ၊ ပြီးတော့ အဖေ၊ အဖေက အသက် ၄၀-၅၀ ရောက်နေပြီကို ဘာလို့ ညီလေးစုန့်လို့ ခေါ်နေတာလဲ”
သူမက ရုတ်တရက်ကြီး စုန့်ဝေဖျင်ထက် မျိုးဆက်တစ်ခုစာ ငယ်တဲ့လူတော့ မဖြစ်ချင်ပါဘူး။
ချန်ဟိုင်လုံးက ဒေါသကို ထိန်းချုပ်ထားလိုက်ပြီး
“နင်က ကလေးမဟုတ်တော့ဘူးလို့သာ ပြောနေတာ၊ နေ့တိုင်း ကလေး စကားပြောနေတာပဲ”
ချန်ဟိုင်လုံက ကြီးသူ ငယ်သူ ထိုကိစ္စမျိုးကို စိတ်ထဲမထားပေ။ သူ့သမီးက သူမ စိတ်ပျော်သလို လူတွေကို ခေါ်ပြောနိုင်တာပဲ။ သူနဲ့ စုန့်ဝေဖျင်တို့ကလည်း ဘာပဲဖြစ်ဖြစ် အတူတူပါပဲ။
ပြီးတော့ စုန့်ကတော်နဲ့ သူ့မှာ လိုက်လျောညီထွေနေတတ်တဲ့ စိတ်သဘောထားရှိကြတယ်။ သူတို့ကသာ သူ့ကို ဦးလေးလို့ခေါ်ရင် သူက အိုသွားသလို ဖြစ်သွားမှာပေါ့။
ချန်ဟိုင်လုံက စုန့်ဝေဖျင်နှင့် ရွှီရှောင်ကျောင်းတို့ကို ပြုံးပြလိုက်ပြီး
“သူက ကလေးတစ်ယောက်ပါ၊ သူ ကြိုက်သလိုခေါ်နေတာ၊ ဒီအတိုင်း ပတ်ပြီး ကစားနေတာ၊ စိတ်ထဲမထားနဲ့၊ ကျွန်တော်တို့တွေက မျိုးဆက်တစ်ခုထဲပဲလေ၊ ကျွန်တော်လည်း မအိုသေးဘူးလို့ ခံစားရတယ် ဟား ဟား”
သူက သူ့သမီးဘက်သို့ လှည့်ပြီး ပြဿနာမရှာဖို့ ပြောလိုက်တော့သည်။
“နင် လုပ်စရာမရှိဘူးဆိုရင်လည်း ကိုယ့်ဟာကိုယ် သွားလည်ပတ်ချည်၊ ဒီမှာမနေနဲ့၊ လူကြီးတွေ ကိစ္စကိုလည်း နားမလည်ဘဲနဲ့၊ သွားလည်ချည်၊ ဟွားဟွားနဲ့ စကားသွားတာဖြစ်ဖြစ် နင်တို့ကလေးမတွေ စကားဝိုင်းအကြောင်း တစ်ယောက်ယောက်နဲ့ သွားပြောချည်”
အဖွဲ့က ချန်ကျန်းကျူးကို တမင်တကာ လျစ်လျူရှုထားလိုက်ပြီး စီးပွားရေးလောကအကြောင်း ပြောဆိုဖို့ ထိုင်လိုက်ကြသည်။
ချန်ကျန်းကျူးက ဟိုဟို သည်သည်ကြည့်လိုက်ကာ ဒေါသထွက်ထွက်နှင့် နှာခေါင်းရှုံ့လိုက်ပြီး ပြေးထွက်သွားလေသည်။
ရွှီရှောင်ကျောင်းက အစမှ အဆုံးအထိ မြင်လိုက်ရပြီး စုန့်ဝေဖျင်၏အကြည့်က မယိမ်းယိုင်သွားဘဲ သူ့မျက်နှာပေါ်တွင် ဖြောင့်မတ်သည့် အမူအရာတစ်ခု ရှိနေသည်။ သူက ချန်ကျန်းကျူးကို လုံးဝ အလေးမထားသည်ကို သိလိုက်ရဖြင့် သူမ၏နှလုံးသား တည်ငြိမ်သွားတော့သည်။ ဒါပေမဲ့ ချန်ကျန်းကျူးရဲ့ အမူအရာကို ကြည့်ရတာတော့ သူမက သူ့အပေါ် အလေးအနက်ဖြစ်နေတာပဲ။
ချန်ကျန်းကျူး ငါ့ကို ကြည့်တဲ့ပုံက အချစ်ပြိုင်ဘက်တစ်ယောက်ကို ကြည့်တဲ့ပုံ။
လုပ်ငန်းက ချောချောမွေ့မွေ့ဖြစ်ခဲ့သော်လည်း ကုန်ပစ္စည်းများက လမ်းခရီးတွင်သာ ရှိသေးသည်။ ချန်ဟိုင်လုံက စုန့်ဝေဖျင် သူ့ကို ပြသည့် နမူနာများကို အလွန်ကျေနပ်သွားသည်။ သူသည် ကုန်ပစ္စည်းများကို တာဝန်ယူနိုင်သည်ဟု ထုတ်ပြောခဲ့လေသည်။ သည်လိုနှင့် စုန့်ဝေဖျင်က ပစ္စည်းများကို သီးသန့် ရောင်းစရာ မလိုတော့ချေ။
စုန့်ဝေဖျင်က လူအ,လေး မဟုတ်တော့ပေ။ သူသည် ပြည်နယ်မြို့တော်တွင် စျေးညှိခဲ့စဥ်က ထိုကိစ္စကို လျှို့ဝှက်ထားရန် တာဝန်ရှိသူနှင့် သဘောတူညီမှုတစ်ခု လုပ်ခဲ့သည်။ သူတို့နှစ်ယောက်နှင့် ဝမ်အားပေါင်ကလွဲလျှင် ဘယ်သူကမှ အရောင်းအဝယ်စျေးကို မသိကြပေ။ သူသည် ချန်ဟိုင်လုံကို စျေးအမှန် မပြောမည်က သဘာဝပင်။ ထို့အပြင် သည်လို နောက်ဆုံးပေါ် လျှပ်စစ်ပစ္စည်း အစိတ်အပိုင်းများကို တင်ပို့နိုင်လေသည်။ အရည်အသွေး အောင်လျှင် ဈေးကို အလွယ်တကူ ညှိနှိုင်းနိုင်သည်။
နှစ်ဘက်စလုံးက နောက်ဆုံးစျေးကို ကျေနပ်ကြသည်။ စုန့်ဝေဖျင်က ချက်ချင်း ချန်ဟိုင်လုံနှင့် စာချုပ်တစ်ခု လက်မှတ်ထိုးခဲ့သည်။
ရွှီရှောင်ကျောင်းသည် စုန့်ဝေဖျင်က အလွန်အရည်အချင်းရှိမှန်း သိထားသည့်တိုင် သူမ၏မျက်လုံးနှင့် မြင်လိုက်ရချိန်တွင် အံ့ဩမိဆဲပင်။ ပုံမှန်ဆိုလျှင် သူသည် စကားပြောရာတွင် တည်တံ့သော်လည်း စျေးညှိနှိုင်းရာတွင် သူသည် အလွန်မှ စကားပြောလိမ္မာပါးနပ်ပြီး လက်တွေ့ကျလေသည်။ ချန်ဟိုင်လုံက စုန့်ဝေဖျင်အပေါ် အလွန်အထင်ကြီးမှန်း သိသာသည်။
ဒီလူ။ တောက်ပနိုင်တာကိုး။ မိန်းမငယ်လေးတွေကို ဆွဲဆောင်နိုင်တာလည်း မဆန်းဘူး။
ရွှီရှောင်ကျောင်းက စုန့်ဝေဖျင်နောက်မှ ဟိုတယ်အခန်းထဲသို့ လိုက်ဝင်လာ၏။ သူမသည် အခန်းထဲသို့ ရောက်သည်နှင့်တစ်ပြိုင်နက် တလမ်းလုံးထားသည့် အပြုံးက ပျောက်ကွယ်သွားတော့သည်။ သူမက လက်ကိုဆန့်လိုက်ကာ စုန့်ဝေဖျင်ကို တို့လိုက်ပြီး
“စုန့်ဝေဖျင် နင် လိမ်တယ်”
စုန့်ဝေဖျင်က လက်တစ်ဖက်နှင့် သူမ၏လက်ချောင်းကို ဖမ်းဆုပ်ထားလိုက်ပြီး ကျန်လက်တစ်ဖက်နှင့် သူ့အင်္ကျီကို မ,လိုက်ကာ ခါးပေါ်က အသားစိုင်ကို ကြည့်လိုက်လေသည်။ ဟုတ်နေပါပြီ။ အားလုံး ပြာနှမ်းနေတာပဲ။
“ဆိတ်ထားတာ အရမ်းနာတယ်နော်” စုန့်ဝေဖျင်က မျက်လုံးများကို ချကာ သူမကို ကြည့်လိုက်လေသည်။
ရွှီရှောင်ကျောင်းက ‘သူဘာအမှား လုပ်ထားလို့လဲ’ ဟူသည့် မျက်နှာထားကို တွေ့လိုက်ရပြီး အေးတိအေးစက် နှာခေါင်းရှုံ့လိုက်ကာ
“နင်ကပဲ စွပ်စွဲခံရသလို ခံစားနေသေးတယ်၊ နင်က အပြင်ဘက်မှ မက်မွန်ပွင့်ကို ဆွဲဆောင်ဖို့ ကြိုးစားလို့လေ၊ ငါ နင့်ကို နည်းနည်းပါးပါးပဲ ဆိတ်ခဲ့တာ သက်သာနေပြီမှတ်၊ ပြောစမ်း၊ နင် ချန်ကျန်းကျူးနဲ့ ဘယ်လို ပတ်သက်ခဲ့တာလဲ”
ရွှီရှောင်ကျောင်းသည် စောစောက သူ့ကို ဆိတ်ခဲ့ချိန်က ရွှီရှောင်ကျောင်း သဝန်တိုနေသွားမှန်း စုန့်ဝေဖျင် သိလိုက်သည်။ သူကဖြင့် ချန်ကျန်းကျူး ဘယ်လိုရုပ်လဲဆိုတာကိုတောင် မမှတ်မိတော့တာ။ ဒီတော့ သူမအပေါ် ဘာသဘောမှမရှိတာ သဘာဝပဲလေ။
အဲဒီအစား ရွှီရှောင်ကျောင်းက သဝန်တိုပြီး သူ့ကို ဆိတ်နေတော့ သူ့မှာ တော်တော်လေးကို ပျော်လိုက်ရတာ။
“မပတ်သက်ပါဘူး၊ သူက သူဌေးချန်ရဲ့သမီးလေ၊ သူက အရမ်းအချစ်ခံရတယ် ထင်ပါရဲ့၊ ပြီးခဲ့တဲ့တစ်ခေါက်က ကို သူဌေးချင်အတွက် ပစ္စည်းလာပို့ပေးတုန်းက ကို သူနဲ့ တစ်ခါ တွေ့ခဲ့တယ်၊ ကို ကတိပေးပါတယ်၊ ကို သူ့ကို စကားတစ်ခွန်းတောင် မပြောခဲ့ပါဘူး”
“နင်က သူနဲ့ စကားတောင် ပြောချင်တယ်ပေါ့လေ၊ စုန့်ဝေဖျင် ငါ အိုလာပြီလို နင် တွေးနေတာတော့ မဟုတ်ဘူးမလား၊ အာ.. အဲကောင်မလေးက ငယ်ရွယ်ပြီး လှတာကိုး၊ သူ နင့်ကို ကိုကိုဝေဖျင်လို့ ခေါ်တုန်းက နင့်အရိုးတွေ ကြွပ်ဆတ်သွားတာပဲ” ရွှီရှောင်ကျောင်းက ဝါးစားမတတ်ကြည့်လိုက်၏။
စုန့်ဝေဖျင်က သဘာဝကျကျ ပြုံးလိုက်ပြီး
“မင်း ကို့ကို ခေါ်လေ၊ ကို အရိုးတွေကျိုးပေးမယ်၊ ထပ်ခေါ်ပါအုံး”
ရွှီရှောင်ကျောင်းက အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး
“အိပ်မက် မက်နေလိုက်၊ အဲမှာ မိန်းကလေးကျန်းကျူးက နင့်ကို ခေါ်တာကို စောင့်နေလိုက်”
သူမက လက်ပိုက်ကာ ရပ်နေလိုက်ပြီး သူမ၏ပါးစပ်ကို ဖောင်းထားလိုက်ကာ အလွန်မှ စိတ်ဆိုးနေဟန် ဖြစ်နေလေသည်။ တကယ်ချစ်ဖို့ကောင်းလိုက်တာ။
စုန့်ဝေဖျင်က ရှေ့တစ်လှမ်းတိုးလိုက်ပြီး သူမ၏ဖောင်းနေသည့်ပါလေးကို တို့လိုက်ကာ
“မင်း သဝန်တိုနေတာလား”
“ဘယ်သူ၊ ဘယ်သူက သဝန်တိုတာလဲ”
“ဟုတ်တယ်၊ ငါ သဝန်တိုတယ် စုန့်ဝေဖျင်၊ ငါ နင့်ကို အဲဒီ ကျန်းကျူးလား ရင်ကျူးလား သူ့ကို စကားတစ်ခွန်းမှ သွားပြောခွင့် မပြုဘူးနော်၊ နင် သူ့ကို ပြုံးပြဖို့ မပြောနဲ့ ကြည့်တာတောင် ခွင့်မပြုဘူး၊ ငါ နင့်ကို ပြောတာကြားလား”
ဟုတ်ပါတယ်။ စုန့်ဝေဖျင်က ဒါကို လုပ်ထားပြီးသားပါ။ ဒါပေမဲ့ ငါလေးက ပေါက်ကရဂျီကျချင်လို့လေ။
သူမ၏ ပိုင်စိုးပိုင်နင်းပုံစံကြောင့် စုန့်ဝေဖျင်က သွားများဖြီးကာ
“လိမ္မာတယ်၊ ကို့ကို မှားပြီး မစွပ်စွဲပါနဲ့၊ ကို သူ့ရုပ်ကိုတောင်မမှတ်ဘူး၊ ပြီးတော့ ကို သူနဲ့ တစ်ခါမှ စကားမပြောဖူးဘူး၊ တခြားအမျိုးသမီးရဲဘော်တွေရှေ့မှာလည်း တစ်ခါမှ မပြုံးခဲ့ဖူးဘူး၊ ကို မင်း ကြည့်ဖို့အတွက်ပဲ ပြုံးတာ၊ စိတ်မဆိုးနဲ့တော့နော်၊ နော်”
ရွှီရှောင်ကျောင်းက နှုတ်ဆိတ်နေသည်ကို မြင်လိုက်ရသည်တွင် သူက သူမဆီ ချဥ်းကပ်သွားကာ ပြောလိုက်လေသည။
“မင်းရဲ့ ဒေါသတွေ ဖွင့်ချဖို့ ကို့ကို နည်းနည်းလောက် ထပ်ရိုက်လိုက်ပါလား”
ရွှီရှောင်ကျောင်းက သူ့ကို ကြည့်လိုက်ပြီး
“နင့်အသားက အရမ်းမာတယ်၊ ငါနင့်ကို ရိုက်ရင်တောင် နာမှာမဟုတ်ဘူး”
“ဒါဆို ကို့ကို နည်းနည်းလောက် ထပ်ဆိတ်လိုက်”
စုန့်ဝေဖျင်က သူမကို တွယ်ကပ်ထားပြီး တစ်ချက်အဆွဲတွင် သူမသည် ယိမ်းယိုင်သွားကာ သူ့ပေါ် ထိုင်ချမိသွားတော့သည်။
“ကို့ကို ထပ်ပြီး စိတ်မဆိုးပါနဲ့တော့နော်၊ ဟုတ်ပြီလား”
အမှန်တွင်တော့ ရွှီရှောင်ကျောင်းက စိတ်တည်ငြိမ်ခဲ့ပြီးဖြစ်လေသည်။ စုန့်ဝေဖျင်က စကားက မှန်မှန်းလည်း သူမက သိသည်။ သူသည် တခြားသူများကို သွားစဖို့ရန် အရင်ဆုံးမလုပ်ဆောင်ခဲ့ပေ။ အခုတော့ သူမသည် သူ့ပေါင်ပေါ်က ယိုင်တိုင်တိုင်နှင့် ထလိုက်ကာ ဆက်ပြီး စိတ်ဆိုးချင်ဟန်ဆောင်ကာ မနေနိုင်တော့ပေ။ သူမက သူ့ကို စိုက်ကြည့်လိုက်ပြီး
“စုန့်ဝေဖျင် နင်က ဘာလို့ အဲလောက်တောင် ချောရတာလဲ”
စုန့်ဝေဖျင်၏အပြုံးက ပိုလို့ပင် တောက်ပလာ၏။
“မဟုတ်ရင် ကိုက မင်းနဲ့ ဘယ်လိုလုပ်ပြီး ထိုက်တန်တော့မှာလဲ”
သူက လက်ကို ဆန့်လိုက်ပြီး သူမကို အနားကပ်လာဖို့ လက်ဟန်ပြလိုက်ကာ
“ကိုယ့်ကို တစ်ခါလောက်ဖက်ပါအုံး”
ရွှီရှောင်ကျောင်းက ခေါင်းခါပြလိုက်ပြီး
“ဟင့်အင်း၊ ငါ စိတ်ဆိုးနေသေးတယ်”
စုန့်ဝေဖျင်က သူ့လက်ကို ဆန့်ပြီး သူမကို လှမ်းဆွဲလိုက်ရာ ရွှီရှောင်ကျောင်းသည် သူ့ရင်ဘတ်နှင့် တိုက်မိသွားတော့သည်။
သူမက သူ့ရင်ခွင်ထဲတွင် ကိုအာလာလေးတစ်ကောင်လို မှီထားလိုက်၏။ အလွန်မှ သက်သောင့်သက်သာ ရှိလှသည်။ ရွှီရှောင်ကျောင်းက သူ့ခါးကို သည်အတိုင်းဖက်ထားပြီး ပျင်းပျင်းနှင့် လှုပ်ရှားနေသည်ကို ရပ်ထားလိုက်တော့သည်။
“အခုလောလောဆယ်တော့ ငါ နင့်ကို ခွင့်လွှတ်ထားလိုက်မယ်”
**
“ဘာတွေ အဲလောက်ကောင်းနေလို့လဲ၊ သူက နည်းနည်းလေးပဲ ပိုပြီးရုပ်ချောတာမလား၊ သူ ဘယ်လိုရုပ် ဖြစ်နေလဲဆိုတာ နင်မသိလို့နော်၊ သူ့အပြုံးကလေ အရမ်းကို အတုအယောင်ဆန်လိုက်တာ ပြီးတော့ ငါ့ကိုများ အပြစ်ကင်းသလေးနဲ့ ချီးကျူးလိုက်သေးတယ်၊ ငါက ကလေးတစ်ယောက်ပဲလို့ သွယ်ဝိုက်ပြီးတော့ ပြောလိုက်တာ မဟုတ်ဘူးလား၊ ဟွန်း၊ ငါက ဘယ်လို ငယ်နေလို့လဲ၊ ငါက အသက်ပြည့်ပြီးသား”
မင်းသမီးလေးအခန်းတစ်ခုတွင် ချန်ကျန်းကျူးက သူမဘေးမှ မိန်းကလေးကို ဒေါသထွက်ထွက်နှင့် ညည်းညူနေလေသည်။
ရှန့်ဟွားဟွားမှာ သူမ၏သူငယ်ချင်းကောင်းလေးကို မခန့်မှန်းနိုင်အောင် ဖြစ်နေရပြီး
“ကျန်းကျူး နင်ပြောနေတဲ့ ဒီစုန့်ဝေဖျင်က တကယ်ပဲ အဲလောက်ကောင်းလို့လား၊ နင် ပြောတဲ့ပုံအရဆိုရင် နင် သူ့ကို တစ်ခါပဲ တွေ့ဖူးသေးတာမလား၊ ပြီးတော့ နင် သူ့ကို စကားပြောသွားတုန်းက သူ နင့်ပြန်မပြောဘူးဆို၊ နောက်ပြီး အခု တစ်ဖက်လူက လက်ထပ်ထားပြီးသားဆိုတာကို နင် သိသွားပြီလေ၊ နင် ဘာလို့ အဲလောက် ကြိုးစားနေမှန်း ငါ တကယ် မသိတော့ဘူး”
ဒါပေမဲ့ သူမကတော့ အထူးတလည် အံ့ဩတာ မရှိပါဘူး။ ချန်ကျန်းကျူးက အဲလိုပဲလေ။ သူတို့နှစ်ယောက် သူငယ်ချင်းကောင်းတွေ ဖြစ်လာကတည်းက ချန်ကျန်းကျူးက ရုပ်ချောတဲ့သူ တစ်ယောက်ယောက်ကို တွေ့လိုက်ရတိုင်း သူမရဲ့မျက်လုံးတွေကို ဖယ်ခွာနိုင်တာမျိုးမရှိခဲ့ဘူး။
ချန်ကျန်းကျူးက ရှန့်ဟွားဟွားကို ဆွဲကာ ထိုင်ခိုင်းလိုက်ပြီး
“အိုး နင် သူ့ကိုမသိပါဘူး။ သူက ငါ အရင်က ကြိုက်ခဲ့ဖူးတဲ့ မင်းသားတွေ ပိုချောတယ်၊ သူက အရမ်းချောတာနော်၊ ဘာပဲဖြစ်ဖြစ် အခု ငါ သူ့ကို အရမ်းကြိုက်နေပြီ”
“အဲဒီလူက လက်ထပ်ထားပြီးသားလေ၊ နင့်ဦးနှောက်က ဘယ်လိုခွဲခြားရမယ်ဆိုတာကိုတောင် မသိတော့ဘူး၊ နင့်အဖေသာ သိသွားရင် သူ နင့်ကို သေချာပေါက် သေအောင်ရိုက်လိမ့်မယ်”
ချန်ကျန်းကျူးက ထိုကိစ္စကို ဂရုမစိုက်ပေ။
“ဘာပဲဖြစ်ဖြစ် အခုတော့ စုန့်ဝေဖျင်က ငါ့ကို ကြည့်နေတာကို လိုချင်တယ်၊ ဟွားဟွား နင့်မှာ အကြံတွေ အများကြီးရှိတာပဲ၊ စုန့်ဝေဖျင်က ငါ့ကို သတိထားမိသွားနိုင်မဲ့ နည်းလမ်းတစ်ခုကို မြန်မြန် စဥ်းစားပေးသင့်တယ်၊ ပြီးတော့ ငါ့အတွက် စကားနည်းနည်းပါးပါး လောက်ပြောပေး”
“နင်က စကားတစ်ခွန်းနှစ်ခွန်းလောက် ပြောပြီးရင် လက်လျှော့မှာလား၊ တစ်ဖက်လူကို ဆက်ပြီး မတွယ်ကပ်တော့ဘူးလား”
ချန်ကျန်းကျူးက ခေါင်းတွင်တွင်ညိတ်လိုက်ပြီး
“တစ်ခါလောက် စမ်းကြည့်တာပေါ့၊ နင့် ငါ့အကြောင်း မသိလို့လား၊ ဘာပဲဖြစ်ဖြစ် ငါက ငယ်ငယ်လေးကတည်းက ငါ မရနိုင်တဲ့ဟာကို မရ ရအောင် ယူလာခဲ့တာပဲ၊ အဲဒီမင်းသားတွေလည်း အတူတူပဲ၊ ငါ သူတို့ကို ငွေပစ်ပေးလိုက်တာနဲ့ သူတို့က ငါ့အပေါ်ကောင်းသွားရော၊ နောက်တော့ ငါလည်း ထပ်ပြီး စိတ်မဝင်စားတော့ဘူး”
ရှန့်ဟွားဟွားက သက်ပြင်းချလိုက်ပြီး
“ နင့်ကို ဘာပြောရမယ်မှန်းကို မသိတော့ဘူး၊ ကောင်းပြီလေ၊ ငါ နင့်ကို အကြံတချို့ ပေးမယ်၊ ငါ့ဘိုးဘေးရေ တစ်ဖက်လူက လက်ထပ်ပြီးသားနော်၊ နင် ဘာတွေ စဥ်းစားနေမှန်း ငါ တကယ် မသိတော့ဘူး”
သူမက ချန်ကျန်းကျူးကို အမှန်ပြင် မဖြောင်းဖျနိုင်ခဲ့ရာ အရင်ဆုံး ဝတ်ကျေတမ်းကျေ ပေးလိုက်ပြီးမှ တွေ့ချင်လိုက်တော့သည်။
သူငယ်ချင်းဖြစ်သူက လိုလိုလားလား အကြံပေးနေသည်ကို ကြားလိုက်ရသဖြင့် ချန်ကျန်းကျူးက ဝမ်းသာအားရ လက်ခုပ်တီးလိုက်ပြီး
“ဟုတ်တယ်၊ သူက လက်ထပ်ပြီးသား၊ နင် မသိလို့နော်၊ ဒါပေမဲ့ သူ့မိန်းမကလည်း တော်တော်လေး ချောတယ်၊ ငါ့ အထင်တော့ သူ့မိန်းမကြောင့် သူ ငါ့ကို လျစ်လျူရှုထားတာ ဖြစ်မယ်၊ ငါက တကယ်တော့ တစ်ဖက်လူလောက် မရင့်ကျက်သလို ဆွဲဆောင်မှုလည်းမရှိတာတော့ ဟုတ်ပါတယ်၊ ကျေးဇူးပြုပြီး ငါ့အတွက် မြန်မြန်လေး အဖြေတစ်ခု ရှာပေးစမ်းပါ”
ရှန့်ဟွားဟွားက သူမ၏ သေးငယ်ပြားချပ်နေသည့် ကိုယ်လုံးကိုကြည့်လိုက်ပြီး ရှင်းမပြတတ်တော့ပေ။
“နင်က ဘာလို့ ဝတ်စားနေတာလဲ၊ သူနဲ့ နင့်အဖေက အလုပ်ကိစ္စ ပြောပြီးသွားကြပြီမလား၊ သူတို့တွေ လာမဲ့အတောအတွင်းမှာ ဒီကို လာသေးမှာ မဟုတ်ဘူးလေ၊ နင်က ဝတ်စားပြီးတော့ ဘယ်သူ့ကို ပြနိုင်မှာမလို့လဲ”
ချန်ကျန်းကျူးသည် စိတ်လှုပ်ရှားနေသေးဟန်တူပြီး
“သူ လာပါလိမ့်မယ်၊ ရက်အနည်းငယ်အတွင်းမှာ အလုပ်ကိစ္စ အခွင့်အလမ်းတချို့ရှိတယ်၊ ညစာစားပွဲလည်း လုပ်လိမ့်မယ်၊ ငါ့အဖေက သူ့ကို ဖိတ်စာပေးထားတယ်လို့ ကြားထားတယ်၊ အဲကျရင် ငါတို့တွေက သူနဲ့လိုက်သွားမယ်လေ၊ ဒါဆို ငါ သူနဲ့ တွေ့နိုင်တာပေါ့၊ ဟွားဟွား ငါ ဘာဝတ်ရမလဲ ကျေးဇူးပြုပြီး ငါ့ကို ကူညီပေးစမ်းပါဟယ်၊ နင်ပေးတဲ့ ဒီဇိုင်းတွေက အကြိမ်တိုင်း အရမ်းကြည့်ကောင်းတယ်”
ချန်ကျန်းကျူးနှင့်မတူဘဲ မိသားစု စီးပွားရေးအကြောင်း လုံးဝ မသိသည့် ရှန့်ဟွားဟွားက အမှန်ပင် လုပ်ငန်းတစ်ခုကို လုပ်ချင်နေသည်။ စီးပွားရေး ဖွင့်ပေးလိုက်ပြီးနောက်တွင် သူမသည် မြန်ဆန်သည့် အပြောင်းအလဲများကို တွေ့ခဲ့ရပြီး သန်မာသည့်အမျိုးသမီးတစ်ယောက်ဖြစ်ဖို့ ဆုံးဖြတ်ထားခဲ့သည်။
“အဲဒီလုပ်ငန်းအခွင့်အလမ်း ညစာစားပွဲက လူအကန့်အသတ်ရှိတယ်မလား၊ ပြီးတော့ နင့်အဖေက သူ့ကို ဖိတ်စာတစ်စောင် ပေးလိုက်တယ်ဟုတ်လား”
အဲဒီစုန့်ဝေဖျင်က အရည်အချင်းတချို့ သေချာပေါက် ရှိတာပဲ။ ဒီစီးပွားရေးအခွင့်အလမ်း ညစာစားပွဲကို သူမ စုံစမ်းထားပြီးပြီ။ တက်ရောက်နိုင်တဲ့သူတွေ အားလုံးက ချမ်းသာပြီး ပါဝါရှိတဲ့လူတွေချည်းပဲ။ သူ့အဆင့်အတန်းကို စိတ်ကူးကြည့်လို့တောင် ရနိုင်တယ်။ စုန့်ဝေဖျင်က ချန်ဟိုင်လုံရဲ့ ထောက်ခံချက် ရတယ်ဆိုတော့ အံ့ဩစရာပဲ။
ချန်ကျန်းကျူးကတော့ အများကြီး နားမလည်ချေ။
“ဒါကြောင့်ပေါ့၊ စုန့်ဝေဖျင်က တကယ် ထက်မြက်တာပါဆို၊ အိုး ဟွားဟွားရယ် အများကြီး စဥ်းစားမနေပါနဲ့၊ ငါ ဘာဝတ်သင့်လဲ မြန်မြန် အကြံထုတ်ပေးပါလားဟယ်၊ နင်လည်း သွားမှာပဲလေ၊ ဟုတ်တယ်မလား၊ အဲဒီအချိန်ကျရင် စုန့်ဝေဖျင်နဲ့ တွေ့ပေးဖို့ ငါ နင့်ကို ခေါ်သွားပေးမယ်”
ရှန့်ဟွားဟွားက ယောကျာ်းဖြစ်ဖြစ် ဘာဖြစ်ဖြစ် စိတ်မဝင်စားပေ။ သူမက တွယ်ကပ်ခံနေရသဖြင့် ခေါင်းကိုက်လာတော့သည်။ သူမက အိတ်ထဲမှာ အဝတ်အစားပုံစာအုပ်တချို့ကို ထုတ်လိုက်ကာ ပြောလိုက်၏။
“အေးပါ အေးပါ၊ နင် ဘာဝတ်ရမလဲဆိုတာ ငါ ပြပေးပါ့မယ်၊ ငါ နင့်အတွက် ငါသင်ထားတဲ့ စကေးတွေ အားလုံးကို ထုတ်သုံးပေးမယ်”
သည်လက်ကမ်းစာအုပ်များကို ထုတ်လာပြန်သည်ကို တွေ့လိုက်ရသည်တွင် ချန်ကျန်းကျူးက မေးငေါ့ကာ သူမကို ကြည့်လိုက်ပြီး
“အိုး နင်လေ ဒီအဝတ်အစားလက်ကမ်းစာအုပ်တွေကို ဟောင်းနွမ်းတဲ့အထိ လှန်လှောပြီးတာတောင် သိမ်းထားတုန်းပဲ၊ နင် ဒါကို နားလည်ပြီးသား မဟုတ်ဘူးလား၊ တွဲဝတ်ပြထားတဲ့ အဝတ်အစားက နည်းနည်းပါးပါးပဲ ရှိတာမဟုတ်ဘူးလား၊ ပြီးတော့ ဒီအဝတ်အစားတွေက ခေတ်ကုန်နေပါပြီဟယ်”
ရှန့်ဟွားဟွားက သူမကို ဝါးစားမတတ်ကြည့်လိုက်ပြီး
“ နင် ဘာသိလို့လဲ၊ ဒါက အဝတ်အစား နည်းနည်းပါးပါး တွဲစပ်ထားတာပဲ မဟုတ်ဘူးဟဲ့၊ အထဲမှာ သိမ်မွေ့နက်နဲတဲ့အချက်တွေ ပါတယ်၊ ဒါက ရသတစ်ခုပဲ၊ နင် နားလည်လား၊ ရိုးရှင်းတဲ့အဝတ်အစားတွေကို ဒီလောက်လှနေအောင် တွဲစပ်နိုင်တဲ့သူကို ငါ တစ်ခါမှ မမြင်ဖူးသေးဘူး၊ ဒါက သာမန်ကာလျှံကာ ရလာနိုင်တဲ့ အရည်အချင်းမဟုတ်ဘူးဟဲ့၊ ဒီအဝတ်အစား တစ်စုံကို အသုံးချပြီး အဝတ်အစား တွဲဖက်တဲ့အရည်းကို လေ့လာခဲ့တာ၊ အခု ငါ့အဝတ်အစားတွေက ကောင်းတယ်လို့ ဘယ်သူ မပြောလို့လဲ၊ နင်လည်း အကြိမ်တိုင်း နင့်အဝတ်အစားတွေကို တွဲပေးဖို့ ငါ့ကို လာမေးတာပဲမလား”
အမှန်ပင်။ ချန်ကျန်းကျူးက ခေါင်းညိတ်လိုက်ပြီးနောက် နောင်တရသွားကာ
“ဟုတ်ပါတယ်၊ နင် ပြောတာမှန်တယ်၊ ဘာပဲဖြစ်ဖြစ် ဒီထဲမှာ ဆီလျော်တာမျိုးကို မတွေ့မိဘူး၊ ဒီထဲကလူကို တွေ့နိုင်ရင် ကောင်းမှာပဲ၊ ငါ့ကို ပွင့်ပွင့်လင်းလင်း ပြောစမ်းပါ၊ ဒါဆို ငါလည်း နင့်ကို တစ်ချိန်လုံး မေးနေစရာ မလိုတော့ဘူးပေါ့”
ရှန့်ဟွားဟွားက လက်ကမ်းစာစောင်ထဲက လူကို လေးစားအားကျစိတ်ဖြင့် ထိကြည့်လိုက်ပြီး
“အရူးမ၊ ငါ ပြောပြရင်တောင် နင်က နားလည်မှာလည်း မဟုတ်ဘဲနဲ့၊ သူက မျက်နှာဖုံးတပ်ထားတော့ နှမြောစရာဘဲ ပြီးတော့ ဘယ်မှာသွားရှာရမယ်မှန်းလည်း မသိဘူး”
သူမက အခိုက်တန့် နှမြောသတဖြစ်သွားပြီးနောက် သူမ၏အင်အားကို ပြန်စုစည်းလိုက်ကာ
“ကဲပါ၊ ထပ်မပြောတော့ဘူး၊ ငါ နင့်အဝတ်အစားတွေကို တွဲပေးမယ်၊ ဒါပေမဲ့ နင် ငါ့စကားကို နားထောင်ရမယ်နော်၊ အဲဒီစုန့်ဝေဖျင်က နင့်ကို လျစ်လျူရှုထားခဲ့ရင် နင် သူ့ကို ထပ်ပြီး တွယ်ကပ်မနေရဘူး”
ချန်ကျန်းကျူးက အပေါ်ယံသာ ခေါင်းညိတ်ပြလိုက်ပြီး
“အေးပါ အေးပါ၊ အဝတ်အစားတွေ ရွေးဖို့ ငါနဲ့လိုက်ခဲ့တော့”
ချန်ကျန်းကျူးက သူမ၏ စကားကို နားမထောင်မှန်း သိလိုက်သဖြင့် ရှန့်ဟွားဟွားက သက်ပြင်းချလိုက်တော့သည်။ သူမက လမ်းလျှောက်ရင်း စဥ်းစားလာခဲ့သည်။ ဒီတစ်ခါ ချန်ကျန်းကျူးက အဲဒီစုန့်ဝေဖျင်ကို စိတ်မဝင်စားတော့အောင် လုပ်ဖို့ နည်းလမ်းတစ်ခု ရှာမှဖြစ်မယ်။ မဟုတ်ရင် မိန်းမကောင်းလေးတစ်ယောက်က အိမ်ထောင်သည်ယောကျ်ားတစ်ယောက်ကို တွယ်ကပ်နေတာ ဘာနဲ့ သွားတူနေမလဲ။
စီးပွားရေး ညစာစားပွဲကိုတော့ စုန့်ဝေဖျင်သည် သူမ၏အသိပညာ ချဲ့ထွင်ရန် သွားရောက်ဖို့ စဥ်းစားထားလေသည်။ ရွှီရှောင်ကျောင်းက သူနှင့်လိုက်သွားမည်ကိုတော့ ပြောနေရန်ပင် မလိုတော့ချေ။
သို့သော် သည်လို ခမ်းနားသည့်ပွဲတစ်ခုအတွက် သူမသည် ဝတ်စရာ ဝတ်စုံတစ်ခု သေချာပေါက် လိုအပ်လေသည်။
စုန့်ဝေဖျင်က ဖက်ရှင်ကျသူတစ်ယောက်ပင်။ သူ့ကို နောက်ဆုံးပေါ် ဝတ်စုံတစ်ခု ဝယ်ပေးလိုက်လျှင် အဆင်ပြေပြီ။ ရွှီရှောင်ကျောင်းက သူမကိုယ်တိုင်အတွက် အဝတ်အစားဝယ်ဖို့ အဓိက အာရုံစိုက်ထားလိုက်သည်။
“ကြည့်ထားလိုက်၊ ခဏနေ ညစာစားပွဲကျရင် အဲဒီချန်ကျန်းကျူးက သေချာပေါက် တက်ပြီး သေချာပေါက်လည်း ဝတ်စားထားလိမ့်မယ်၊ ငါ အရမ်းကို သာမန်ဖြစ်နေလို့မရဘူး၊ အားထုတ်မှု နည်းနည်းပါးပါးတော့ ပြရလိမ့်မယ်”
ငါလေးလည်း ဒီတစ်ခါတော့ ကောင်းကောင်းဝတ်စားဖို့လိုပြီး တခြားတွေကို သေချာပေါက် အနိုင်ယူခွင့်ပေးမှာ မဟုတ်ဘူး။
သူမက အဝတ်လဲခန်းမှ လျှောက်ကာ ထွက်လာသည်ကို တွေ့လိုက်ရသည်တွင် စုန့်ဝေဖျင်က အနည်းငယ် မှင်တက်အံ့ဩသွားတော့သည်။
“မင်းက အလှဆုံးပဲ”
ရွှီရှောင်ကျောင်းက ချုံဆမ်း ဝတ်စုံတစ်ခုကို စမ်းဝတ်ကြည့်ထားသည်။ သူသည် ပုံမှန်ဆိုလျှင် ပွယောင်းယောင်း ချုံဆမ်းဝတ်စုံကို ဝတ်ခဲ့လေသည်။ သူမက ချုံဆမ်းကို ဝတ်လိုက်သောအခါ သူမ၏ ခန္ဓာကိုယ်ကောက်ကြောင်းကို အပြည့်အဝ ပေါ်လွင်သွားတော့သည်။ အနက်ရောင်ဒီဇိုင်းက သူမ၏ ဖြူဖွေးလှသည့ ခါးလိုင်းအသားကို လှစ်ပြနေရာ ရှင်းမပြတတ်အောင် ဆွဲဆောင်နေတော့သည်။
ရွှီရှောင်ကျောင်းက မှန်ထဲတွင် လှည့်ကြည့်လိုက်ပြီး သူမ၏ပုံရိပ်ကို အလွန်ကျေနပ်သွားသော်လည်း သူမ၏အဝတ်အစားက အလွန်မကောင်းနေချေ။
“အင်း ဒါက နည်းနည်း အရမ်းခမ်းနားလွန်းနေတယ်၊ လူငယ်သိပ်မဆန်ဘူး၊ နောက်ဝတ်စုံတစ်ခု”
ထို့နောက် သူမက ခါးမြင့်အနက်ရောင် ဂါဝန်ကို ပြောင်းဝတ်လိုက်သည်။
သူမသည် ဒေါက်မြင့်ဖိနပ်ကို ဝတ်ကာ အဝတ်လဲခန်းမှ လမ်းလျှောက်ထွက်လာချိန်တွင် စုန့်ဝေဖျင်သည် သူမက သူ့နှလုံးသားထဲသို့ တစ်လှမ်းချင်း လျှောက်ဝင်လာနေသလို ခံစားလိုက်ရတော့သည်။
အနက်ရောင်ပိတ်သားနှင့် ဖြူဖွေးနေသည့် အသားအရေက ပြီးပြည့်စုံသည့်တွန်းကန်မှုတစ်ခုကို ဖန်တီးထားကာ သူမ၏အသားအရေတစ်ခုလုံးကို အလွန်ဖြူဖွေးသွားစေပြီး ဝင်းလက်နေသယောင်။ စကပ်က ဒူးအထက်တွင်ရှိပြီး ဒေါက်မြင့်ဖိနပ်၏ သက်ရောက်မှုကြောင့် လူများက သူမ၏ ခြေတံ မည်မျှရှည်ကြောင်း အမှတ်တမဲ့ စတင် စိတ်ကူးကြည့်မိကြတော့သည်။
စုန့်ဝေဖျင်၏အသံက အနည်းငယ် တိမ်ဝင်နေပြီး
“အချစ်လေးရေ ဒါတော့ မဖြစ်ဘူးနော်”
အရမ်းတိုလွန်းတယ်လေ။
ရွှီရှောင်ကျောင်းက စုန့်ဝေဖျင်၏ အကြံပေးချက်ကို ဂရုမစိုက်ပါချေ။ သို့တိုင် သူမက မှန်ထဲတွင် ဘယ်ညာလှည့်ကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်ကာ
“မကောင်းဘူး၊ ဒါက ဆွဲဆောင်မှု ရှိပေမဲ့ သိပ်ပြီးတော့ မခမ်းနားဘူး၊ နောက်တစ်စုံစမ်းကြည့်မယ်”
ရွှီရှောင်ကျောင်းက အဝတ်အစားများကို တစ်ခုပြီး တစ်ခု လဲဝတ်နေသည်ကို ကြည့်နေရင်း စုန့်ဝေဖျင်သည် သူ့နှလုံးသားက ရိုလာကိုစတာပေါ် ရောက်နေသလို ပုံမှန်မဟုတ်ဘဲ ခုန်နေပြီး လူများကို ရင်ခုန်အောင်လုပ်နေတော့သည်။
သူမက ဘယ်လိုဖြစ်ပြီး အဲလောက်လှရက်နိုင်ရတာလဲ။
ရွှီရှောင်ကျောင်းက စုန့်ဝေဖျင်၏ ခံစားချက်ကို မသိပေ။ အမျိုးသမီးတိုင်းသည် သူတို့၏ချပ်ဝတ်ကို ရွေးချယ်နေချိန်တွင် စိတ်ထဲ၌ ဘာမှမရှိကြပေ။ သူမက တခြားဘာအတွေးမှမရှိဘဲ အဝတ်အစားများကို စုန့်ဝေဖျင်အား ပြလိုက်သည်။
အဝတ်အစား ၇စုံ ၈စုံလောက် လဲလိုက်ပြီးနောက် သူမသည် နောက်ဆုံးတော့ အနီရောင်ဂါဝန်တစ်ထည်ကို မျက်စိကျသွားတော့သည်။
“နင် ဒါကို စိတ်တိုင်းကျသွားပြီလား၊ ဒါက တိုလည်းမတိုဘူး၊ ဖော်ထားတာလည်း မရှိဘူး”
စုန့်ဝေဖျင်က စကားပြောဖို့ တွေဝေနေမိလေသည်။ နောက်ဆုံးတော့ သူသည် ခေါင်းသာညိတ်နိုင်တော့သည်။
ညစာစားပွဲမတိုင်ခင် သူက အဝတ်အစားလဲပြီး ရွှီရှောင်ကျောင်းကို စောင့်နေလိုက်၏။ ရွှီရှောင်ကျောင်း အခန်းထဲမှ ထွက်လာချိန်တွင်တော့ သူသည် နောင်တရမိသွားတော့သည်။
မီးတောက်လို အနီရောင်နှုတ်ခမ်းလေးနဲ့ ဆွဲဆောင်မှုရှိလိုက်တာ။ သေလောက်အောင် လက်ရာမြောက်လွန်းတဲ့ လက်ရာတစ်ခုကတောင် ယှဥ်နိုင်မှာ မဟုတ်ဘူး။
စုန့်ဝေဖျင်က ရှေ့သို့လှမ်းသွားကာ သူမကို ပွေ့ဖက်ထားလိုက်ပြီး
“ဘယ်လိုလုပ်မလဲ၊ ကို မင်းကို မသွားစေချင်တော့ဘူး”
ရွှီရှောင်ကျောင်းက နောက်သို့ ခြေတစ်လှမ်းဆုတ်ကာ သူ့ကို ရှောင်လိုက်ပြီး
“ငါ့ဆံပင်တွေ ပွအောင်မလုပ်နဲ့နော်၊ ခွေခွေလေး ဖြစ်နေအောင် အများကြီး ကြိုးစားထားရတာ၊ သွားကြမယ် စုန့်ဝေဖျင်၊ ထွက်ရအောင်”
သူမသည် အကန့်သတ်ကို ရောက်တော့မည့် စုန့်ဝေဖျင်၏ နာကျင်နေသည့်နှလုံးသားကို လုံးဝ လျစ်လျူရှုထားလိုက်လေသည်။ ငါလေးက တိုက်ပွဲ ဝင်ရတော့မှာလေ။