အခန်း (၆၁-၆၃)
Vol. 5 Ch. 61-63
အပိုင်း (၆၁.၁)
“ကျန်းကျူး နင် ဒီည အရမ်းလှတာပဲ”
“ဟုတ်တယ် ဟုတ်တယ်၊ အရမ်းငယ်ရွယ်ပြီး ချစ်ဖို့ကောင်းတယ်၊ ပြီးတော့ နည်းနည်းလေး ဆွဲဆောင်မှုရှိတယ်၊ ငါနင့်ကို ဖက်ချင်လိုက်တာ၊ အဝတ်အစား ဝတ်တဲ့နေရာမှာ ဘာလို့ အဲလောက်တော်နေရတာလဲ”
“အင်း အင်း ကျန်းကျူး နင်ကတော့ ဒီနေ့ ညစာစားပွဲမှာ ဆွဲဆောင်မှုအရှိဆုံးလူပဲ ဖြစ်ရမယ်”
ကြီးမားသည့်ခန်းမကြီးတစ်ခုထဲတွင် ထောင့်တစ်ခုက ဆိုဖာတစ်ခုပေါ်တွင် မိန်းကလေး တော်တော်များများက အတူတူထိုင်ရင်း စကားဖောင်ဖွဲ့နေကြလေသည်။
ချန်ကျန်းကျူးက နိမ့်နိမ့်ချချဖြင့် သူမ၏ဆံပင်ဖျားကို သပ်ချလိုက်ပြီး သူမဘေးက ရှန့်ဟွားဟွားကို လှမ်းကြည့်ကာ ချွဲချွဲနွဲ့နွဲ့ပြုံးပြလိုက်လေသည်။
“ငါ့ အဝတ်အစားတစ်စုံလုံးကို ဟွားဟွားက တွဲထားပေးတာလေ၊ နင်တို့လည်း သိပါတယ်၊ သူက အဲဒီအဝတ်အစား လက်ကမ်းစာစောင်ကို မြင်ပြီးကတည်း အဲဒါကို စွဲလမ်းပြီး အဲစာအုပ်ကို အချိန်အကြာပြီး လေ့လာနေတာ၊ သူ့ကျေးဇူးကြောင့်ပေါ့”
သူမ သူငယ်ချင်းဖြစ်သူ၏ အိပ်မက်ကို စဥ်းစားပေးလိုက်ပြီး သူမက ရှန့်ဟွားဟွားအတွက် ကြော်ငြာပေးဖို့ မမေ့ခဲ့ချေ။
“ဟွားဟွားက ပြောထားပြီးပြီ နောက်ဆိုရင် သူက အဲဒါကို ဪ ဖက်ရှင်ဒီဇိုင်းကို လေ့လာတော့မှာတဲ့၊ သူက ဖက်ရှင်ဒီဇိုင်နာတစ်ယောက် ဖြစ်လာမှာလေ၊ အဲဒီအခါကျရင် ငါက ဟွားဟွားလုပ်ထားတဲ့ အဝတ်အစားတွေကို ဝတ်ရမှာ”
အဝတ်အစားက မိန်းကလေးများကြားတွင် အမြဲတမ်း အဖိုးတန်သည့်ခေါင်းစဥ်တစ်ခုပင်။ မိန်းကလေး တော်တော်များများက ထိုစကားကို ကြားလိုက်ရသောအခါ သူတို့သည် ရှန့်ဟွားဟွားနားသို့ ချက်ချင်း စုဝေးလာကြပြီး မေးခွန်းများကို စမေးကြတော့သည်။ ရှန့်ဟွားဟွား သူတို့၏ခန္ဓာကိုယ်အချိူုးအစား ပေါ်မူတည်ပြီး ဝတ်အစားဝတ်ပုံ အကြံပြုချက်အနည်းငယ်ကို သည်အတိုင်းပေးလိုက်ကာ ဖန်တော်တော်များများ ရသွားတော့သည်။
သေးငယ်သည့် အစုအဝေးလေးက အချိန်တော်ကြာလာခဲ့ပြီးမှ လူကွဲသွားတော့သည်။
သူငယ်ချင်းတချို့ ထွက်သွားပြီးနောက်တွင် ရှန့်ဟွားဟွားက ချန်ကျန်းကျူးကို ချီးကျူးသည့် အကြည့်တစ်ခုဖြင့် ကြည့်လိုက်ပြီး
“ကျေးဇူးတင်ပါတယ်ရှင်၊ နင်က ငါ့နာမည်ကို ဘယ်လိုကြီးအောင်လုပ်ပေးရမယ်ဆိုတာ သိပြီး အသိစိတ်လေး ရှိသေးတယ်၊ ငါ့ နင့်အဝတ်အစားအတွက် အချိန်အများကြီး အကုန်ခံထားခဲ့တာ အလကား မဖြစ်ဘူးပဲ”
ချန်ကျန်းကျူးက ကိတ်မုန့်ကို တစ်ကိုက်ကိုက်လိုက်ပြီး ပြုံးကာ ကျေးဇူးတင်စကားကို လက်ခံလိုက်၏။
“ဒါပေါ့ဟဲ့၊ ငါတို့က အချစ်ဆုံးသူငယ်ချင်းတွေပဲကို၊ နင်က ငါ့အတွက် အရမ်းကိုလှနေအောင် ပြင်ဆင်ထားပေးတာ ငါကတော့ အဲဒီရွှီရှောင်ကျောင်းထက် သာသွားပြီး စုန့်ဝေဖျင် ငါ့ကို သတိထားမိလာအောင် လုပ်ရမယ်၊ ငါ နင့်ကို သေချာပေါက် ကျေးဇူးပြန်ဆပ်မှာပါ”
စုန့်ဝေဖျင်နှင့် ရွှီရှောင်ကျောင်း အကြောင်းကို ပြောလိုက်သည်တွင် ရှန့်ဟွားဟွားကလည်း စိတ်ဝင်စားသွားပြီး
“သူတို့ ဘယ်မှာလဲ၊ သူတို့ရောက်ပြီလား”
ချန်ကျန်းကျူးက တံခါးဆီသို့ အာရုံစိုက်ထားပြီး ခေါင်းခါပြလိုက်ကာ
“သူ မရောက်သေးဘူး၊ ငါ စောင့်ကြည့်နေတာ၊ သူ လာရင်တော့ ငါ့အဖေနဲ့ တခြားသူတွေကို အရင်ဆုံး နှုတ်ဆက်မှာ သေချာတယ်၊ သူ နှုတ်ဆက်ပြီးသွားတာနဲ့ ငါ သူ့ကို သွားရှာရမယ်၊ ငါ သူ့မျက်လုံးတွေကို အလင်းပွင့်သွားအောင် လုပ်ပေးဖို့ အာမခံတယ်”
သူမက မေးစေ့ကိုချီထားပြီး စတင် စိတ်ကူးယဥ်တော့သည်။
“ပြောကြည့်စမ်း၊ ငါက ဒီနေ့အခန်းထဲမှာ အလှဆုံးပဲလေ၊ လူတွေအများကြီးက ငါ့ကို ချစ်သွားကြရင် ဘယ်လိုလုပ်မလဲ”
ရှန့်ဟွားဟွားသည် ထိုစကားကို ကြားလိုက်သည်တွင် သူမက မျက်စောင်းထိုးကာ ပြောလိုက်တော့သည်။
“ထပ်ပြီး အိပ်မက်မက်နေပြန်ပြီ”
ချန်ကျန်းကျူးက ယုံကြည်မှုအပြည့်ဖြစ်နေကာ
“ဘယ်သူက အိပ်မက်မက်နေလို့လဲ၊ ဒီနေ့ ငါ့ကို လှတယ်ဆိုပြီး လူဘယ်နှစ်ယောက်တောင် ချီးကျူးခဲ့သလဲ၊ ငါက နေရာတစ်ခုလုံးမှာ အလှဆုံးပဲ၊ ငါ့အပြင် ဘယ်သူက...”
သူမသည် ပြောရင်းဆိုရင်း အသံပျောက်သွားတော့သည်။ ရှန့်ဟွားဟွားက သူမကို လှည့်ကြည့်လိုက်ရာ တံခါးကို ကြောင်ကြောင်လေး ငေးကြည့်နေသည့် သူမကို မြင်လိုက်ရ၏။
“ဘာဖြစ်လို့လဲ”
သူမက ချန်းကျန်းကျူး ကြည့်နေသည့်ဘက်ကို လိုက်ကာ တံခါးကို ကြည့်လိုက်လေသည်။ သူမကိုယ်တိုင် အနီရောင်အလင်းကြောင့် မှင်တက်အံ့ဩသွားပြီး သူမ၏မျက်လုံးများက ဖြည်းဖြည်းချင်း ကျယ်ဝန်းလာကာ
“အိုးမိုင်ဂေါ့”
ရွှီရှောင်ကျောင်းနှင့် စုန့်ဝေဖျင်တို့သည် ကားပေါ်က ဆင်းလာကြသည်။ သူမက သူမ၏လက်ကို စုန့်ဝေဖျင်၏ လက်မောင်းတွင် ချိတ်ထားလိုက်ပြီး သူ့ကိုမှီကာ ပြောလိုက်လေသည်။
“စုန့်ဝေဖျင် ဒီနေ့ညတော့ နင် အချောဆုံးပဲ”
သေချာပါသည်။ ဝတ်စုံပြည့်တစ်စုံက ယောကျ်ားတစ်ယောက်၏ အရည်အသွေးကို အမြင့်ဆုံး ဖြစ်အောင် ဆွဲထုတ်ပေးနိုင်သည်။ စုန့်ဝေဖျင်က အမှန်ပင် လမ်းလျှောက်တတ်သည် အဝတ်ချိတ်စင်တစ်ခု ပင်။
သူသည် ကျယ်ဝန်းသည့်ပခုံးနှင့် ကျဥ်းမြောင်းသည့်ခါးတစ်ခုကို ပိုင်ဆိုင်ထားပြီး ပြီးပြည့်စုံသည့် ပြောင်းပြန်သုံထောင့်ပုံတစ်ခုပင်။ ဝတ်စုံပြည့်ဝတ်ထားကာ သူ၏ မပြုံးတတ်သည့်မျက်နှာ တွဲစပ်လိုက်သောအခါ သူ၏ ခြိုးခြံကာ ဆွဲဆောင်မှုရှိသည့် စိတ်နေသဘောထားက သူ့မျက်နှာပေါ်တွင် စွဲထင်နေပြီး မနေနိုင်ဘဲ အနားပိုကပ်လာမိအောင် လူများကို လုပ်နေတော့သည်။
ဝတ်စုံပြည့်က ပြန်လည်ထူထောင်ရေးနှင့် စီးပွားရေး ဖွင့်ပေးလိုက်ခြင်းနှင့်အတူ လူသိများလာသည့်တိုင် လုပ်ငန်းရှင်အသိုင်းအဝိုင်းတွင် အလွန်အဆင့်မြင့်ပြီး လက်ရာမြောက်နေသည်မဟုတ်ချေ။ သို့သောငြား သည်ဝတ်စုံက သူ့ခန္ဓာကိုယ်ပေါ်တွင် ဝတ်ဆင်ထားသောအခါ ရှင်းမပြတတ်သည့် ကြီးမြတ်မှုကို ခံစားမိစေလေသည်။
စုန့်ဝေဖျင်က သူ့နှုတ်ခမ်းကို စူထားလိုက်ကာ သူမကို ကြည့်လိုက်၏။ သူ နည်းနည်းလေးတော့ နောင်တရသွားပြီ။ သူ့ဘေးမှ အလင်းဖြာနေသည့် မိန်းကလေးကို ကြည့်ရင်း တံခါးမှ ဝင်သွားပြီးသည်နှင့် လူဘယ်လောက်များများ၏ မျက်လုံးများက သူမထံတွင် ကပ်နေကာ လှုပ်ရှားနိုင်တော့မည် မဟုတ်သည်ကို စိတ်ကူးကြည့်နိုင်လေသည်။
“ကို မင်းကို ဝှက်ထားချင်တော့တာပဲ”
စုန့်ဝေဖျင်က သူ့လက်ကို သူမ၏ခါးပေါ်တွင် တင်ထားလိုက်လေသည်။
ရွှီရှောင်ကျောင်းက သူ့ကို မျက်လုံးမှိတ်ပြလိုက်ပြီး
“တူတူပဲ”
စုန့်ဝေဖျင်၏မျက်လုံးများက မဲမှောင်လာ၏။ သူက သူ့လက်တွင် အားအနည်းငယ်ထည့်ကာ သူမကို အနားသို့ ပိုပြီး ဆွဲကပ်ထားလိုက်တော့သည်။
ရွှီရှောင်ကျောင်းက ညစာစားပွဲပါတီများကို တက်ရောက်ခြင်းနှင့် အလွန်မှရင်းနှီးလေသည်။ သူမ၏အရင်ဘဝတွင် သူမ၏လူမှုရေးအရ ဆုံစည်းကြသည့်နေရာများမှ စားသောက်ပွဲပါသည့် ညစာစားပွဲပါတီများ ဖြစ်လေသည်။ သူမသည် အမြဲတမ်း အဓိက အာရုံစိုက်ခံရသူဖြစ်ခဲ့ပြီး တခြားသူများ၏ စိတ်ဝင်စားမှုကို လျစ်လျူရှုရာတွင် ကျင့်သားရနေသည်မှာ ကြာလှပြီပင်။
စုန့်ဝေဖျင် အတွက်ကတော့ ရွှီရှောင်ကျောင်းသည် သူမဘေးက ယောကျ်ားကို လှည့်ကြည့်လိုက်ပြီး သူ့နောက်မှ လိုက်လာကာ တံခါးဆီမှ ဝင်လာလိုက်လေသည်။ သူသည် စီးပွားရေးလောကအတွက် မွေးဖွားလာခဲ့သယောင်။ စီးပွားရေးလုပ်ငန်းခေါင်းဆောင်စုဝေးသည့် သည်လိုနေရာမျိုးတွင် သူမသည် သူ့ဘက်တွင် တွေဝေမှု တစ်စက်ကလေးမှ မခံစားခဲ့ရပေ။ ထို့အစား သူ၏ပြိုင်ဘက်ကင်းလှသည့် ယုံကြည်မှုက သူမကို ပြုစားသွားတော့သည်။
ပတ်ဝန်းကျင်မှ လူအားလုံး၏ ရင်သက်ရှုမောသံ ခပ်တိုးတိုးကို ကြည့်လိုက်ရသည်တွင် ရွှီရှောင်ကျောင်းက သူမကိုယ်သူမ စဥ်းစားလိုက်တော့သည်။ အဟုတ်ပဲ။ သူတို့နှစ်ယောက် တွဲလိုက်တာ တွေ့ဆုံပွဲတစ်ခုလုံးရဲ့ စိတ်ဝင်စားစရာအကောင်းဆုံး သေချာပေါက် ဖြစ်လာတော့တာပဲ။
ရွှီရှောင်ကျောင်း၏ မျက်လုံးထဲတွင်တော့ စားသောက်ပွဲက မကြီးမားချေ။ သို့သော် နောက်ပိုင်းမျိုးဆက်များ၏ စံနမူနာ အရိပ်အယောင်တချို့ကို တွေ့လိုက်ရလေသည်။ ဘေးတွင် ကိုယ်တိုင်ယူစနစ် သောက်စရာနှင့် မုန့်များ ထားထားပေးပြီး ထောင့်တွင် ဆိုဖာရှိကာ ဝိတ်တာများက ပြေးလွှားနေသည်မှာ တော်တော်လေး ပွဲတိုးလေသည်။
အားလုံးကဲ့သို့ပင် ချန်ဟိုင်လုံသည် အခိုက်တန့် မှင်တက်သွားမိလေသည်။
ကျန်တာကို ဘေးဖယ်ထားလိုက်အုံး။ ရွှီရှောင်ကျောင်းက ဒီအတိုင်းကို မှင်တက်စရာကောင်းတာပဲ။
သိမ်မွေ့သည့် အနီရောင်ဝတ်စုံက သူမ၏ကျက်သရေရှိလှသည့် ခန္ဓာကိုယ်ကို ရစ်ပတ်ထားသည်။ သူမသည် တင့်တယ်လှသည့် ကောက်ကြောင်းများကို ပိုင်ဆိုင်ထားလေသည်။ ဖော်ထားသည့် နေရာတစ်ခုမှ မရှိပါဘဲ သူမသည် အလွန်မှ ဆွဲဆောင်မှု ရှိနေတော့သည်။ အနီရောင်နှုတ်ခမ်းလေးက သူမ၏ ပါးပြင်ကို နွေးထွေးသည့် ကျောက်စိမ်းတစ်ခုလို ချောမွတ်နေလေသည်။ သူမ၏ ရှည်လျားပြီး အနည်းငယ် လှိုင်းထနေသည့် ဆံနွယ်ကို ချထားရာ လူတို့၏စိတ်ဝိညာဉ်ကို စုပ်ယူနေတဲ့ နတ်သမီးတစ်ပါးလို ဖြစ်နေတော့သည်။
သူမ ပေါ်လာသည်နှင့်တစ်ပြိုင်နက် ပရိသတ်များ၏ စိတ်ဝင်စားရာတစ်ခု ချက်ချင်း ဖြစ်သွားတော့သည်။
“စုန့်ကတော် မင်း ဒီနေ့ အရမ်းလှတာပဲ”
ချန်ဟိုင်လုံနှင့် စုန့်ဝေဖျင်တို့သည် နှုတ်ဆက်လိုက်ပြီးနောက် သူက အမှတ်တမဲ့ ရင်ကိုချီထားလိုက်ကာ သူ့ဗိုက်ကို ကိုင်ရင်း ရွှီရှောင်ကျောင်းဘက်သို့ လှည့်လိုက်ပြီး သူ၏ အမျိုးသားဆွဲဆောင်မှုကို ထုတ်ပြချင်နေလေသည်။
ရွှီရှောင်ကျောင်းက ယဥ်ယဥ်ကျေးကျေး ခေါင်းညိတ်ပြလိုက်ပြီး
“သူဌေးချန်လည်း ခံ့ညားနေပါတယ်”
ကမ္ဘာကြီးထဲက သည်လိုမိန်းမလှလေးတစ်ယောက်၏ ချီးကျုးခံလိုက်ရခြင်းက လူတစ်ယောက်ကို ခံစားချက် ကောင်းသွားစေလေသည်။ ချန်ဟိုင်လုံက လှိုက်လှိုက်လှဲလှဲ ရယ်မောလိုက်ပြီး
“လာ လာ ကျွန်တော် မင်းတို့ကို မိတ်ဆက်ပေးမယ်”
ဒေသခံ စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ယောက်အနေဖြင့် သူသည် သည်လောကတွင် အလွန်မှ လွှမ်းမိုးမှု ရှိလေသည်။ စုန့်ဝေဖျင်နှင့် သူ့ဇနီးကို သူက အရင်ဆုံး သွားနှုတ်ဆက်သည်ကို အားလုံးက မြင်လိုက်ရသောအခါ သူတို့သည် ချက်ချင်းဆိုသလို ပါဝင်လာချင်တော့သည်။ သူတို့သည် ရွှီရှောင်ကျောင်းအကြောင်းကို သိချင်စိတ် ဖြစ်ပြီးသားပင်။ ချန်ဟိုင်လုံနှင့် သူတို့၏ ရင်းနှီးပုံကို မြင်လိုက်ရသဖြင့် သူတို့သည် ပိုပြီး စိတ်ဝင်စားလာကြတော့သည်။ သူတို့သည် တက်ကြွလာကာ သူတို့နှင့် မိတ်ဆွေ ဖြစ်ချင်လာတော့သည်။
တစ်ဖက်တွင်တော့ ရှန့်ဟွားဟွားက ချန်ကျန်းကျူး၏ အင်္ကျီလက်ကို ဖျစ်ညှစ်လိုက်ပြီး ခပ်ကြမ်းကြမ်း ဆွဲခါလိုက်တော့သည်။ သူမ၏ စိတ်လှုပ်ရှားနေသည့်အသံကို မဖိနှိပ်နိုင်တော့ချေ။
“အားးးး ကျန်းကျူး ရွှီရှောင်ကျောင်းက အရမ်းလှတဲ့အကြောင်း နင် ငါ့ကို ဘာလို့ မပြောပြခဲ့တာလဲ၊ သူက ပြစ်မျိုးမှဲ့မထင်အလှပဲ၊ အဝတ်အစားအားလုံးက သူ့အတွက် လုပ်ထားတာပဲ ဖြစ်ရမယ်”
ချန်ကျန်းကျူးက ဒေါသူပုန်ထသွားကာ
“ဟဲ့ ရှန့်ဟွားဟွား နင်က ဘယ်သူဖက်ကလဲ၊ သေချာကြည့်စမ်းပါ၊ အခု နင့်အချစ်ဆုံးသူငယ်ချင်းက ငါနော်၊ ငါ ချန်ကျန်းကျူးက အဲဒီရွှီရှောင်ကျောင်းကြောင့် မယှဥ်နိုင်အောင် ဖြစ်သွားရတာကို နင်က ဒီမှာ အရမ်းစိတ်လှုပ်ရှားပြနေတယ်၊ နင် ငါ့ကိုယ်စား စိတ်မတိုဘူးလားဟဲ့”
ရှန့်ဟွားဟွားက သူမကို တစ်ချက်သာ လှမ်းကြည့်လိုက်ပြီး ချက်ချင်းဆိုသလို သူမ၏အာရုံက ရွှီရှောင်ကျောင်းဆီ ပြန်လှည့်သွားကာ
“သူ့ကို ရှုံးတာ သဘာဝပဲမလားဟဲ့ ကျန်းကျူး သူက အရမ်းလှတာပဲ၊ သူက လက်ရှိ ရုပ်မြင်သံကြားပေါ်က မင်းသမီးတွေထက်တောင် ပိုလှသေးတယ်လို့ ငါ ပြောရဲတယ်”
ချန်ကျန်းကျူးသည် ရွှီရှောင်ကျောင်းက လှသည်ဟု လုံးဝ ဝန်မခံလိုချေ။ သူမက ရှန့်ဟွားဟွားကို ပြစ်တင်ပြောဆိုတော့သည်။
“ဒါတွေ အားလုံးက နင့်အမှားပဲ၊ ငါ့ကို ဆက်ဇီကျအောင် လုပ်ပေးပါလို့ ပြောထားတဲ့ဟာကို နင်က ငါ့ကို အရမ်းကလေးဆန်တာတွေ အတင်းဝတ်ခိုင်းနေတယ်၊ ငါ နင့်ကို မခေါ်တော့ဘူး”
ရှန့်ဟွားဟွားက ခေါင်းကိုက်သွားပြီး
“ချန်ကျန်းကျူး နင့်ဟာနင်လည်း သေချာကြည့်အုံး၊ ဆက်ဇီကျချင်တာလား၊ နင့်မှာ အစ်မရွှီရှောင်ကျောင်းလိုမျိုး ပြီးပြည့်စုံတဲ့ကိုယ်လုံး ရှိလို့လား၊ ဒါမှမဟုတ် နင့်မှာ တင်နဲ့ ရင် ပြီးပြည့်စုံတဲ့အချိုး ရှိလို့လား၊ ဒါနဲ့များ ဆက်ဇီကျချင်နေသေးတယ်၊ ပြီးတော့ အဲဒီဝတ်စုံ၊ နင်သာ ဝတ်လိုက်ရင်လေ ကလေးက လူကြီးအဝတ်အစား ဝတ်ထားသလို ဖြစ်နေမှာ၊ နားလည်လား၊ အခု လက်ရှိနင်က ပြီးပြည့်စုံနေပြီးသား၊ သူနဲ့ မယှဥ်စမ်းပါနဲ့ဟယ်၊ သူ့ကို ရှုံးရလို့လဲ ရှက်စရာမရှိပါဘူး”
“မရပါဘူး၊ စုန့်ဝေဖျင်က ငါ့ကို မြင်ပြီး ငါ့ကို စကားလာပြောပါအုံးတော့မလားဟဲ့” ချန်ကျန်းကျူးက ငြင်းလိုက်၏။
ထိုအခါမှ ရှန့်ဟွားဟွားသည် စုန့်ဝေဖျင်ကို ကြည့်ဖို့ အချိန်ရသွားတော့သည်။ တစ်ချက်အကြည့်တွင် သူမသည် စိတ်ကျေနပ်သွားပြီး
“ နင် အဲဒီမင်းသားတွေနဲ့ပဲ သွားကစားတာ ပိုကောင်းလိမ့်မယ်၊ စုန့်ဝေဖျင်နဲ့ ရွှီရှောင်ကျောင်းတို့က ပြီးပြည့်စုံတဲ့အတွဲတစ်ခုပဲ၊ နင် သူ့ကို လိုက်နှောင့်ယှက်နေမှာကို ငါ မခွင့်မပြုဘူး”
ရွှီရှောင်ကျောင်းဘေးမှာ ရပ်နေတဲ့ ဒီလိုရုပ်ချောတဲ့ ယောက်ျားကမှ လူတွေကို ပြီးပြည့်စုံတဲ့ စုံတွဲတစ်တွဲဆိုတဲ့ ခံစားချက်ပေးနိုင်မှာ။
“ဟွန့် အဝတ်အစား နည်းနည်းပါးပါးပဲကိုများ၊ ဘာတွေ အဲလောက်ကောင်းနေလို့လဲ၊ သူက ဘာအသိပညာမှ မရှိတဲ့ တောသူမတစ်ယောက်ပဲ၊ သူက ဒီလိုညစာစားပွဲကို တက်ရဲသေးတယ်၊ ခဏနေကျရင် ခေါင်းဆောင်က နိုင်ငံခြားသားတွေ ခေါ်လာတော့မှာ၊ သူ မရှက်ဘူးလား”
ချန်ကျန်းကျူးက မခံမရပ်နိုင် ဖြစ်သွားပြီး
“ဟွားဟွား စောင့်ကြည့်နေလိုက်၊ လူတွေအများကြီး သူ့ကို အပြေးအလွှား စကားလာပြောနေတာ၊ သူ ခဏလောက်နဲ့ မျက်နှာပျက်ရလိမ့်မယ်။ သူက ဘာပြောနိုင်မှာလဲ၊ သူ့မျက်နှာတစ်ခုပဲ ကြည့်ဖို့တန်တာ”
သူမ စကားဆုံးသွားသည်နှင့်ချက်ချင်း ထိုဘက်က လူအုပ်ကြီး၏ ရယ်သံက ပွင့်ထွက်လာလေသည်။ တစ်စုံတစ်ယောက်၏အသံက ပိုကျယ်လာကာ ရှိနေသူအားလုံးက အတိုင်းသားကြားနေရလေသသည်။
“စုန့်ကတော်က စီးပွားရေး စီမံတဲ့အပိုင်းမှာ အတွင်းကျကျ နားလည်မယ်လို့ တကယ်ထင်မထားခဲ့ဘူး။ တဆိတ်လောက် ပြောပေးပါအုံးဗျာ၊ အထူးသဖြင့် စျေးကွက်ပိုင်းအကြောင်းလေ၊ စကားလေး တစ်ခွန်းနှစ်ခွန်းနဲ့တင် မင်းက ကျွန်တော့်ကို ချက်ချင်း အသိပွင့်သွားအောင် လုပ်ပေးနိုင်တာပဲ၊ စုန့်ကတော် ကျွန်တော် ခွက်ချင်း တိုက်ချင်လို့ပါ”
ထိုစကားကို ကြားလိုက်ရချိန်တွင် ရှန့်ဟွားဟွား၏မျက်လုံးများက လင်းလက်သွားတော့သည်။
“ကျန်းကျူး သူက လှရုံတင်မကဘူးနော်၊ ထက်မြက်တယ်ဟဲ့၊ စကားပြောနေတဲ့သူက ဦးလေးကျိုးလေ၊ သူက နိုင်ငံခြားမှာ ပညာသင်ခဲ့တာ၊ ဝိုး၊ သူက အရမ်းတော်တာပဲ”
ချန်ကျန်းကျူး၏မျက်နှာက ဒေါသကြောင့် စိမ်းတလှည့် ဖြူတလှည့ဖြစ်သွားတော့သည်။
စုန့်ဝေဖျင်၏လက်က အနည်းငယ် ပိုသန်မာလာသည်ကို ခံစားလိုက်မိသဖြင့် ရွှီရှောင်ကျောင်းက သူပြောချင်သည့် စကားကို သိနေသည်။ သူမက ခေါင်းအသာအယာညိတ်ကာ တောင်းပန်းလိုက်၏။
“အားနာပါတယ် သူဌေးကျိုးရှင်၊ ကျွန်မ မသောက်တတ်လို့ပါ၊ ကျွန်မရဲ့ခင်ပွန်းကိုပဲ ကျွန်မကိုယ်စား ခွက်ချင်းတိုက်ခွင့်ပြုပါ”
တဖန် စကားနည်းနည်းပါး ပြောတာ နှုတ်ဆက်လိုက်ပြီးနောက် သူမက မသိမသာ နောက်ဆုတ်လိုက်ပြီး
“အားနာပါတယ်ရှင်၊ ကျွန်မကို ခွင့်ပြုပါအုံး၊ ဆက်ပြောကြပါ”
နောက်ဆုံး ဒီခေတ်ရဲ့ စီးပွားရေးလောကကို ယောကျ်ားတွေကပဲ လွှမ်းမိုးခဲ့တာလေ။ ငါနဲ့ စုန့်ဝေဖျင်ကလည်း လုံးဝမဆိုးဘူးဆိုတာကို သက်သေပြဖို့ စကားနည်းနည်း ပြောခဲ့ရုံပဲ။ ကျန်တဲ့ အဆက်အသွယ်အပိုင်းကိုတော့ စုန့်ဝေဖျင် ချဲ့ထွင်ဖို့ ချန်ထားပေးလိုက်မယ်။ ငါလေးက အနားယူဖို့ပဲ လိုတာလေ။
ရွှီရှောင်ကျောင်းက လမ်းတစ်လျှောက်က စပ်စုသည့်အကြည့်များကို လျစ်လျူရှုထားလိုက်လေသည်။ သူမက ချန်ကျန်းကျူးဘေးက ဆိုဖာဆီသို့ ကွေ့ပတ်ကာ သွားထိုင်လိုက်ပြီး ကိတ်ငယ်လေးတစ်တုံးကို ယူကာ ဖြည်းဖြည်းချင်း စားလိုက်လေသည်။
ရှန့်ဟွားဟွားသည် သူမ၏တစ်ကိုယ်လုံးက လင်းလက်နေသလို ခံစားလိုက်ရတော့သည်။ သူမသည် စိတ်လှုပ်ရှားသွားပြီး
“ကျန်းကျူး ငါ့ကို စောင့်နေနော်၊ ငါ သူ့ကို စကားနည်းနည်းပါးပါးလောက် သွားပြောလိုက်အုံးမယ်”
သူမက အနာဂတ်တွင် ဖက်ရှင်ဒီဇိုင်နာတစ်ယောက် ဖြစ်ချင်လေသည်။ ရွှီရှောင်ကျောင်းကို ကြည့်လိုက်ပြီး သူမ၏ခေါင်းထဲတွင် အသိဉာဏ်များ ကွန့်မြူးလာသည်ကို ခံစားလိုက်ရလေသည်။ သူမသည် ရွှီရှောင်ကျောင်း၏ ဆက်သွယ်ရမည့်အချက်အလက်ကို အမှန်ပင် ရချင်ခဲ့မိပြီး အနာဂတ်တွင်လည်း သူမလုပ်ထားသည့် အဝတ်အစားအားလုံးကို သူမကို အလကား ပေးချင်မိသွားတော့သည်။
ချန်ကျန်းကျူးက ရှန့်ဟွားဟွားကို လှမ်းဆွဲတော့မည် ပြင်လိုက်သော်လည်း ထို့နောက်တွင်တော့ သူမက စိတ်ပြောင်းသွားပြီး
“ဒါဆို အတူတူသွားကြမယ်၊ ပြီးခဲ့တဲ့အခေါက်တုန်းက ငါ သူ့ကို ရိုင်းခဲ့မိတယ်၊ ဒီတော့ ငါ သူ့ကို တောင်းပန်ချင်တယ်”
ရှန့်ဟွားဟွားက လုံးဝ သံသယမဖြစ်မိခဲ့ချေ။
“ဟုတ်တာပေါ့၊ ဟုတ်တာပေါ့၊ ယောက်ျားတစ်ယောက်က ဘာတွေကောင်းနေလို့လဲ၊ မိတ်ဆွေနဲ့ အလုပ်အကိုင်ကမှ ပိုပြီးစိတ်ဝင်စားဖို့ကောင်းတာ၊ လာ သွားပြီး ကိစ္စကို ဖြေရှင်းလိုက်ကြမယ်”
ချန်ကျန်းကျူးက ညည်းသံလိုက်ကာ အသိအမှတ် ပြုလိုက်၏။ သူမက ဝိုင်နီတစ်ခွက်ကို ကောက်ကိုင်လိုက်ကာ သူမနောက်ကလိုက်သွားတော့သည်။
ရွှီရှောင်ကျောင်းသည် စားသောက်ပွဲပြီးဆုံးမည့်အချိန်ကို စဥ်းစားနေချိန်တွင် မိန်းကလေးနှစ်ယောက်က သူမဆီသို့ အပြေးလာနေသည်ကို သတိထားမိလိုက်လေသည်။ သူမက မော့အကြည့်တွင် သူမ တစ်ခါမှ မမြင်ခဲ့ဖူးသည့် မိန်းကလေးက သူမနောက်က စိတ်ကောက်နေသည့် ချန်ကျန်းကျူးကို ဆွဲလာသည်ကို မြင်လိုက်ရလေသည်။ သူမက ခစ်ခနဲ ရယ်မိသွားတော့သည်။
ငါလေးရဲ့ တိုက်ပွဲမြေပြင်ကတော့ ရောက်လာပြီ။ အမှန်ပြင်ရရင် အသံတိတ်တိုက်ပွဲ စပြီ။
ချန်ကျန်းကျူးက သူ၏အဝတ်အစားကို စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသဖြင့် ရွှီရှောင်ကျောင်းက စိတ်ကျေနပ်သွားတော့သည်။ တစ်နေ့လုံး အင်္ကျီရွေးဖို့ သုံးခဲ့အချိန်တွေကတော့ တန်သွားပြီ။ အပြတ်သတ်နိုင်သွားတာပဲ။
ပိုနီးကပ်လာချိန်တွင် ရှန့်ဟွားဟွားသည် ဝေဆာလှသည့် အလှတရား၏ ပြင်းထန်သည့်ထိုးနှက်ချက်ကို ရင်ဆိုင်လိုက်ပြီး ရုတ်တရက်ဆိုသလို သူမ၏နှလုံးသားက မတည်မငြိမ်ဖြစ်သွားသလို ခံစားလိုက်ရတော့သည်။
“အဲ.. အစ်မရှောင်ကျောင်း မင်္ဂလာပါ၊ ညီမက ချန်ကျန်းကျူးရဲ့သူငယ်ချင်းပါ၊ ညီမနာမည်က ရှန့်ဟွားဟွားတဲ့”
ချန်ကျန်းကျူးရဲ့ သူငယ်ချင်းတဲ့လား။ ရွှီရှောင်ကျောင်းက သူမ၏မျက်လုံးများကို ကျဥ်းမြောင်းထားလိုက်လေသည်။ ဒါက အဖွဲ့လိုက် ပြဿနာလာရှာတာများလား။
အရမ်းကောင်းတယ်။ ရွှီရှောင်ကျောင်းက ပိုပြီးအေးဆေးနေသည့် ကိုယ်အနေအထားတစ်ခုကို ဆောင်ထားလိုက်ကာ
“ဒီတော့...”
အားးး။ သူ့ရဲ့ လှုပ်ရှားမှုတိုင်းက ဘာလို့များ အရမ်းကို လှနေရတာလဲ။
ရှန့်ဟွားဟွားသည် လက်သီးဆုပ်ထားလိုက်ပြီး
“အစ်မရှောင်ကျောင်း ညီမ ပြောချင်တာကလေ အစ်မ ညီမနဲ့ သူငယ်ချင်း လုပ်ပေးလို့ရလားဟင်၊ သူငယ်ချင်းကောင်းတွေ လုပ်ရအောင်လေ”
ရွှီရှောင်ကျောင်းသည် သူမ၏အင်အားတစ်ဝက်ကို လျှော့ချလိုက်တော့သည်။ သူမက မီးတောက်အောင် နေသည့်မျက်လုံးများ ဖြစ်နေသည့် ချန်ကျန်းကျူးကို ကြည့်လိုက်ပြီးနောက် ရှက်သွေးဖြာကာ စိတ်လှုပ်ရှားနေသည့် မျက်နှာဖြစ်နေသည့် ရှန့်ဟွားဟွားကို ကြည့်လိုက်လေသည်။
ဒီကောင်မလေးနှစ်ယောက်က တစ်ဖွဲ့ထဲ မဟုတ်ကြဘူးလား။
ရွှီရှောင်ကျောင်းမှာ ရယ်ချင်သွားပြီး
“ဘာလို့လဲ”
ရှန့်ဟွားဟွားက ကိုယ့်ကိုလှည့်လိုက်ပြီး ချန်းကျန်းကျူးကို လှမ်းဆွဲလိုက်ကာ
“ညီမ အစ်မကို မလိမ်ပါဘူး၊ ညီမက အစ်မနဲ့ တကယ် သူငယ်ချင်းဖြစ်ချင်တာပါ၊ ပြီးတော့ ကျန်းကျူးက အစ်မကို တကယ် ရန်လိုတာ မဟုတ်ပါဘူး။ သူ့မှာ အကျင့်ဆိုးတစ်ခု ရှိတယ်လေ၊ သူက ချောတဲ့ယောက်ျားလေးတွေကို တွေ့ရင် သူ့ခြေထောက်ကို မလှုပ်နိုင်တော့ဘဲ အမြဲတမ်း သူတို့ရဲ့ စိတ်ဝင်စားမှုကို ဆွဲထားချင်တာ၊ ဒါပေမဲ့ တကယ်တော့ သူက သူတို့ကို မကြိုက်ပါဘူး၊ ဒါက ဒါကလေ...”
“Face-con လား”
ရွှီရှောင်ကျောင်းက သူမ၏စကားကို ဖြည့်ပေးလိုက်ပြီး ချန်ကျန်းကျူး၏မျက်နှာမှာ တဖန် ညိုမည်းသွားသည်ကို အောင်အောင်မြင်မြင် တွေ့လိုက်ရတော့သည်။
...
အပိုင်း (၆၁.၂)
သို့သော်ငြား ရှန့်ဟွားဟွားက ခေါင်းညိတ်နေဆဲဖြစ်ကာ
“ဟုတ်တယ် ဟုတ်တယ် သူက face-conလေ၊ သူက စုန့်ဝေဖျင်ကို ကြိုက်တယ်လို့ ထင်နေတာ ဒါပေမဲ့ ညီမ သိနေတယ်၊ သူက စိတ်ဝင်စားမှုကို ဆွဲထားရုံပဲ၊ စုန့်ဝေဖျင်က အစကတည်းက သူ့အပေါ်ကောင်းပြီး မင်းသမီးလေးတစ်ယောက်လို ဆက်ဆံခဲ့ရင် သူက ဆက်ပြီး စိတ်ဝင်စားတော့မှာ မဟုတ်ဘူး၊။ ဒါကြောင့် သူ့ကို စိတ်မဆိုးပါနဲ့နော်၊ အစ်မ စီးပွားရေးလုပ်ရတာ ကြိုက်လားဟင်၊ ညီမလည်း ကြိုက်တယ်၊ သူငယ်ချင်းလုပ်ပြီး စီးပွားရေးအကြောင်း အတူတူ ဆွေးနွေးကြရအောင်ပါနော်”
ထိုစကားကို ကြားလိုက်ချိန်တွင် ရွှီရှောင်ကျောင်းသည် ရှန့်ဟွားဟွားက အနည်းငယ် ချစ်ဖို့ကောင်းသည်ဟု ခံစားမိလေသည်။ သူနဲ့ ချန်းကျန်းကျူးတို့က အရမ်းကို ခင်ကြတာ သိသာနေပေမဲ့ သူတို့တွေက မတူကြဘူးပဲ။ တစ်ယောက်က အလုပ်လုပ်ဖို့ပဲ စိတ်ရှိပြီး ကျန်တစ်ယောက်ကတော့ အချစ်စိတ်ပဲ ရှိတယ်။ ဒါက အရမ်းကို စိတ်ဝင်စားစရာကောင်းတဲ့ အချစ်ဆုံးသူငယ်ချင်း ပေါင်းစည်းခြင်းတစ်ခုပဲ။
“ဟုတ်ပါပြီ၊ အစ်မ မင်းနဲ့ သူငယ်ချင်း လုပ်ချင်ပါတယ်၊ ဒါပေမဲ့ သူကတော့ မလုပ်ချင်သလိုပဲနော်”
ရွှီရှောင်ကျောင်းက သူမကို စနောက်လိုက်လေသည်။
ရှန့်ဟွားဟွားက ချန်ကျန်းကျူးကို တွန်းလိုက်ပြီး
“ကျန်းကျူး နင်ပဲ အစ်မရှောင်ကျောင်းကို တောင်းပန်ချင်တာမလား၊ မြန်မြန်ပြောလိုက်လေ”
ချန်ကျန်းကျူးက သူမလက်ထဲက ဝိုင်နီခွက်ကို ညစ်ထားလိုက်ပြီး ရှန့်ဟွားဟွားကြောင့် ဒေါသဖြင့် အော်ဟစ်မိလုနီးပါး ဖြစ်သွားတော့သည်။
သောက်ကျိုးနဲ့ သူငယ်ချင်းကောင်းကြီး။ ရှန့်ဟွားဟွား နင်က ဘယ်သူ့ဘက်ကလဲဟဲ့။
သို့သော်ငြား ရှန့်ဟွားဟွားသည် ခေါင်းငုံ့လိုက်ကာ သူမ၏အိတ်ထဲက သူမ၏ရတနာကို ထုတ်ယူလိုက်လေသည်။
“ကျန်းကျူး မြန်မြန်ပြောလိုက်လေ၊ ပြီးသွားရင် ငါ အစ်မရှောင်ကျောင်းနဲ့ ဒီအဝတ်အစား စာအုပ်အကြောင်း ဆွေးနွေးချင်သေးတယ်၊ အစ်မရှောင်ကျောင်းက ဒါကို သေချာပေါက် စိတ်ဝင်စားမှာ”
ရွှီရှောင်ကျောင်းက ခေါင်းမော့လိုက်ပြီး တစ်ချက်ကြည့်လိုက်ကာ
“ဟင်”
ရှန့်ဟွားဟွားက ခေါင်းမော့လိုက်ပြီး သူမကို ကြည့်လိုက်ကာ
“အစ်မရှောင်ကျောင်း ဒီလက်ကမ်းစာစောင်ကို တွေ့ပြီးလောက်ပါပြီ ဟုတ်တယ်မလား၊ အစ်မလည်း ကြိုက်တယ် ဟုတ်တယ်မလား”
ရွှီရှောင်ကျောင်းက ခေါင်းခါပြလိုက်၏။ ရှန့်ဟွားဟွား၏ စိတ်ပျက်သွားသည့် အမူအရာကို တွေ့လိုက်သည်တွင် သူမက ထပ်ပြောလိုက်လေသည်။
“ဒီလက်ကမ်းစာစောင်ကို အစ်မ ဒီဇိုင်းဆွဲခဲ့တာလေ၊ ပြီးတော့ မျက်နှာဖုံးနဲ့ ဒီမော်ဒယ်လ်ကလည်း အစ်မပဲ”
!!!
ရှန့်ဟွားဟွားသည် သူမဘဝတွင် အပျော်ရွှင်ရဆုံးနေ့က သည်နေ့ဖြစ်သည်ဟု ရုတ်တရက် ခံစားလိုက်ရတော့သည်။
သူမသည် ခဏလောက် စိတ်ထဲမှ အော်ဟစ်လိုက်ပြီး သူမ၏ခြေထောက်များကို လှမ်းကာ ရွှီရှောင်ကျောင်း၏လက်ကို ဖမ်းဆုပ်ထားလိုက်ပြီး သူမ၏ဘေးတွင် ဝင်ထိုင်လိုက်တော့သည်။
“တကယ်လား၊ တကယ်လားဟင်၊။ ညီမ အစ်မကို ကြည့်လိုက်တုန်းက အရင်က မြင်ဖူးသလိုဖြစ်နေတာ မဆန်းတော့ပါဘူး၊ ညီမက အစ်မနဲ့ ရင်းနှီးသလို ခံစားနေမိတာ၊ ဒါပေမဲ့ အစ်မက မင်းသမီးလည်း မဟုတ်ဘူးလေ၊ အများကြီး စဥ်းစားလိုက်ပြီးမှ အကြောင်းအရင်းကိုလည်း မစဥ်းစားတတ်တော့ဘူး၊ ညီမက အစ်မကို လက်ကမ်းစာစောင်ထဲမှာ နေ့တိုင်း မြင်တာကြောင့် ဖြစ်နေတာကိုး၊ ဝါးးးး အစ်မရှောင်ကျောင်း ညီမရဲ့စံပြပုဂ္ဂိုလ်ပဲ”
ရှန့်ဟွားဟွားက နေရာတွင်ပင် ကြယ်ပွင့်လေးနောက် စတင်လိုက်နေကာ သူမ၏သူငယ်ချင်း ချန်ကျန်းကျူးကို လုံးဝမေ့သွားတော့သည်။
ချန်းကျန်းကျူးမှာ အမှန်ပင် ငိုချင်သွားတော့သည်။ ဒေါသထွက်ထွက်နှင့် ပင့်သက်ရှည်တစ်ချက် ရှိုက်လိုက်တော့သည်။ ဒါက ရွှီရှောင်ကျောင်း၏ မျက်လုံးများထဲတွင် ပီတိအပြုံးတစ်ခုနှင့် အလဲအလှယ် လုပ်သလို ဖြစ်သွားတော့သည်။ သူမသည် ချက်ချင်းဆိုသလို ပိုလို့ပင် ဒေါသထွက်လာတော့သည်။ သည်အခိုက်တန့်တွင် သူမသည် ရုတ်တရက် တွေးထားလိုက်တော့သည်။ သူမက စုန့်ဝေဖျင်ရဲ့ မျက်လုံးထဲမှာ ဆိုးသွမ်းတဲ့မိန်းမတစ်ယောက် ဖြစ်သွားမယ်ဆိုရင်တောင် ဒီတစ်ကြိမ်မှာတော့ ရွှီရှောင်ကျောင်း မျက်နှာပျက်ကို ပျက်ရမယ်။
သူမက အံကြိတ်လိုက်ပြီး ဝိုင်နီခွက်ကို မြောက်လိုက်တော့သည်။
“အစ်ရှောင်ကျောင်း ညီမ အစ်မကို ပြောပြမယ်၊ ညီမက ကျန်းကျူးကို အစ်မရဲ့ အဝတ်အစား တွဲစပ်ပုံအတိုင်း အဝတ်အစားကို တွဲပေးထားတာလေ၊ သူ့ကိုကြည့်... ကျန်းကျူး နင်ဘာလုပ်နေတာလဲ”
ကြမ်းပြင်ပေါ်သို့ ကွဲကျသွားသည့် ကျွတ်ဆတ်ဆတ် ဖန်ခွက်ကွဲသံက လူအများ၏အာရုံကို ဆွဲဆောင်လိုက်တော့သည်။
ရှန့်ဟွားဟွားက ချန်ကျန်းကျူး၏လက်ကို ကိုင်ထားကာ ရွှီရှောင်ကျောင်းရှေ့တွင် ရပ်လိုက်ပြီး သူမကို ကြည့်လိုက်၏။
“ကျန်းကျူး နင် ဘာလုပ်နေတာလဲ”
ခုနက သူမသာ ဝိုင်ခွက်ကို မကာလိုက်ရင် ဝိုင်နီတွေ အစ်မရှောင်ကျောင်းပေါ် ဖိတ်ကျကုန်တော့မယ်။
“ရှန့်ဟွားဟွား နင် ငါ့ကို သစ္စာဖောက်တယ်” ချန်ကျန်းကျူးက သည်တစ်ကြိမ်တွင် ငိုယိုတော့သည်။
သူမ ငိုလိုက်သဖြင့် ရှန့်ဟွားဟွား၏အရောင်အဝါက အတိုင်းအတာတစ်ခုအထိ ရှင်းမပြတတ်အောင် အားနည်းသွားတော့သည်။ သူမက သက်ပြင်းချလိုက်ပြီး
“ငါက နင့်ကို ဘယ်လို သစ္စာဖောက်ခဲ့လို့လဲ၊ အခု အမှားလုပ်ခဲ့တဲ့သူက နင်ဆိုတာ ရှင်းနေရဲ့သားနဲ့၊ နင် အရမ်းရိုင်းတာပဲ”
ချန်ကျန်းကျူးက ခြေဆောင့်လိုက်ကာ
“ငါက နင့်အချစ်ဆုံးသူငယ်ချင်း ဖြစ်နေရဲ့သားနဲ့ နင်က သူ့ဘက်မှာ ရပ်နေတယ်၊ စုန့်ဝေဖျင်က သူ့ကို ကြိုက်တယ်၊ ပြီးတော့ နင်ကလည်း သူ့ကိုကြိုက်တယ်”
“ငါ အစ်မရှောင်ကျောင်းကို ချစ်တယ်၊ ဒါပေမဲ့ ငါ နင့်ကိုလည်း ချစ်တယ်လေ၊ နင်လည်း ချစ်ဖို့ကောင်းတာပဲ၊ နင်တို့နှစ်ယောက်လုံးက မတူကြဘူးလေ၊ ငါ နင်တို့နှစ်ယောက်လုံးကို ချစ်ပါတယ်ဟဲ့”
ရွှီရှောင်ကျောင်းက ထိုစကားကို ကြားလိုက်ချိန်တွင် သူမ၏မျက်ခုံးများက မြင့်တက်သွားတော့သည်။ ဘုရားရေ။ ဒါကြီးက သဝန်တိုနေတဲ့ဇနီးသည် လုပ်ရပ်နဲ့ သိပ်တူနေတာပဲ။
ရှန့်ဟွားဟွားရယ် ဘယ်လိုပွေရှုပ်တဲ့ စကားမျိုး ပြောလိုက်တာတုံး။
“ဘာဖြစ်တာလဲ”
စုန့်ဝေဖျင်နှင့် ချန်ဟိုင်လုံတို့က အတူတူလျှောက်လာကြတော့သည်။
ရွှီရှောင်ကျောင်းက ခေါင်းမော့အကြည့်တွင် စုန့်ဝေဖျင်၏ စူပုတ်နေသည့်မျက်နှာကို တွေ့လိုက်ရတော့သည်။ သူမက မသင့်တော်သည့် စကားများပြောလိုက်မည် စိုးသဖြင့် ထရပ်လိုက်ပြီး သူ့လက်ကို ကိုင်လိုက်ကာ
“အဆင်ပြေပါတယ်၊ အဆင်ပြေတယ်”
တကယ်တော့ ချန်ကျန်းကျူးရဲ့လက်ထဲက ဝိုင်နီခွက်ကို သတိထားမိပြီးသားပါလေ။ သူမကသာ ခွက်ကို မှောက်ချရဲရင် ရွှီရှောင်ကျောင်းကလည်း ခွက်ကိုကာလိုက်ပြီး ချန်ကျန်းကျူးဘက် ပြန်ပက်လိုက်မှာပဲ။ ဒါမှ ဝိုင်လောင်းချခံလိုက်ရတဲ့ ခံစားချက်ကို သူမ သိသွားမှာ။ ဒါပေမဲ့ ရှန့်ဟွားဟွားက ငါလေးရဲ့ လက်နဲ့ ပါးစပ် လုပ်ပေးလိမ့်မယ်လို့ မထင်ထားခဲ့မိတာ။
“ဒါဆို နင် ဘာလို့ သူနဲ့ အဲလောက် ခင်အောင်လုပ်နေတာလဲ၊ နင် သူ့ကို တွေ့တာ ပထမဆုံးအကြိမ်ပဲ ရှိသေးတယ်၊ နင်က သူနဲ့ စကားပြောပြီး ရယ်မောနေလိုက်တာ၊ ငါ ဒေါသထွက်နေတာ နင် သတိမထားမိဘူးလား”
ချန်ကျန်းကျူးက သစ္စာဖောက်ခံရသည့် နာကျင်မှုထဲတွင် နှစ်မြှုပ်နေဆဲ။
ရှန့်ဟွားဟွားက ရယ်ရမလို ငိုရမလို ဖြစ်သွားတော့သည်။
“အစ်မရှောင်ကျောင်းက လက်ကမ်းစာစောင်ထဲက ငါရှာနေတဲ့သူလေ၊ သူက ဒီအဝတ်အစားတွေကို တွဲဖက်ခဲ့တာ၊ နင်လည်း ခုနက ကြားလိုက်တာပဲ၊ ငါတို့တွေ သူငယ်ချင်း ဖြစ်လာတာ အဲလောက်တောင် ကြာနေပြီ၊ သူက ငါ့ဆရာလို ဖြစ်နေတာ နင်လည်း သိသားပဲ၊ သူနဲ့တွေ့လိုက်ရတော့ ငါ အရမ်းပျော်သွားတာပေါ့ဟဲ့၊ နင်ကသာ ယောကျာ်းတစ်ယောက်အတွက်နဲ့ ငါတို့မိတ်ဆွေဆက်ဆံရေးကို ဖျက်ဆီးလိုက်တာ၊ မဟုတ်ရင် ငါတို့သုံးယောက် ပျော်ပျော်ရွှင်ရွှင်နဲ့ အတူတူစကားပြောကြရင် အရမ်းကောင်းနေမှာကို”
ဘယ်သူက သူနဲ့ စကားပြောချင်လို့လဲ။
ရွှီရှောင်ကျောင်းနှင့် ချန်ကျန်းကျူးတို့သည် စိတ်ထဲက တစ်ပြိုင်ထဲ ပြန်ပြောလိုက်ကြလေသည်။
ချန်ဟိုင်လုံက သည်လိုကိစ္စမျိုးကို နေသားကျပြီးဖြစ်လေသည်။ သူ့သမီးက မင်းသားများနောက် လိုက်တိုင်း သူကသာ အမြဲတမ်း အရှုပ်ထုပ်ကို လိုက်ရှင်းပေးခဲ့ရသည်။ ရွှီရှောင်ကျောင်းက ဒဏ်ရာ မရခဲ့သည်ကို တွေ့လိုက်ရသဖြင့် သူက အရင်ဆုံး တောင်းပန်ကြောင်း ဖော်ပြလိုက်ပြီးနောက် ရုပ်တည်ဖြင့် သမီးဖြစ်သူဘက် လှည့်လိုက်ကာ
“နင်တို့နှစ်ယောက် ရန်ဖြစ်ကြပြန်ပြီ၊ နင်တို့တွေလေ ရန်မဖြစ်ဘဲ သုံးရက်လောက် မနေနိုင်ကြဘူး ဟုတ်လား၊ ဒါက ဘယ်လို ဖြစ်ရတာလဲ”
သူက မိန်းကလေးနှစ်ယောက်ကို သူ့နောက်လိုက်လာရန် လက်ဟန်ပြလိုက်ပြီး
“ဟွားဟွား ပြောစမ်း၊ ကျန်းကျူးက ပြဿနာထပ်ရှာပြန်ပြီလား”
ရှန့်ဟွားဟွားက ခေါင်းညိတ်ပြလိုက်ပြီး
“ဦးလေးချန် ဒီတစ်ခါတော့ ကျန်းကျူး အရမ်းလွန်တယ်၊ သူ....”
အသံက လွှင့်ပျံလာသည်ကို ကြားလိုက်ရချိန်တွင် စုန့်ဝေဖျင်က အပြစ်ကင်းသလို ဟန်ဆောင်နေသည့် ရွှီရှောင်ကျောင်းကို ကြည့်လိုက်ပြီး
“ဘာဖြစ်တာလဲ”
ရွှီရှောင်ကျောင်းက သူမ၏နှုတ်ခမ်းကို ပွတ်ကာ ပြန်ဖြေလိုက်တော့သည်။
“အင်း သူတို့နှစ်ယောက်က ငါ့အတွက် တကယ်ပဲ ရန်ဖြစ်ချင်နေကြတာ”
အစတုန်းကတော့ ရန်သူတွေက တဖွဲ့ထဲလို့ ထင်ထားခဲ့တာ။ ဒါပေမဲ့ ပြောင်းပြန်ဖြစ်နေရောလေ။ တစ်ယောက်က ငါလေးကို အနိုင်ကျင့်ပြီး နောက်တစ်ယောက် ငါလေးကို ကာကွယ်ပေးခဲ့တယ်။ ဒါပေမဲ့ ငါလေးကို အနိုင်ကျင့်ခဲ့တဲ့တစ်ယောက်က ငါလေးကို ကာကွယ်ပေးတဲ့သူရဲ့ လုံးဝနင်းခြေခံလိုက်ရတာပဲ။
ဟုတ်တာပေါ့။ အချစ်ပဲရှိတဲ့ဦးနှောက်က အလုပ်လုပ်တဲ့ဦးနှောက်ကို ဘယ်နိုင်ပါ့မလဲ။
“စုန့်ဝေဖျင် ငါ အရမ်း ဆွဲဆောင်မှုနေတယ်ရော၊ အချိန်တိုလေးအတွင်းမှာ ငါ နောက်ထပ်ဖန်တစ်ယောက်ကို ရလိုက်ပြန်ပြီ” ရွှီရှောင်ကျောင်းက ထုတ်ကြွားတော့သည်။
မက်မွန်ပွင့်တစ်ပွင့် ရှိတာ သူတစ်ယောက်ထဲ မဟုတ်ပါဘူးနော်။ ငါလေးမှာလည်း ဖန်တစ်ယောက်ရှိပါ့။
စုန့်ဝေဖျင်က စိတ်ထဲတွင် သက်ပြင်းချမိတော့သည်။ သူမက ဆွဲဆောင်မှုရှိရုံတင် မဟုတ်ဘူးလေ။ အချိန်တိုလေးအတွင်းမှာ သူ လူအများကြီးကို တားခဲ့ရတာ။ တချို့က သူ့ဆက်သွယ်ရမဲ့လိပ်စာကို လိုချင်တယ်။ တချို့က သူနဲ့ အလုပ်လုပ်ချင်တယ်။ ပြီးတော့ တချို့က သူ့ကို ကြယ်ပွင့် တစ်ယောက်လိုတောင် သတ်မှတ်ပြီး ကြော်ငြာတွေမှာ ထည့်သွင်းချင်တယ်တဲ့။
အခုဆိုရင် မိန်းကလေးတိုင်းကလည်း သူ့ကို အရမ်းသဘောကျနေကြပြီ။
“ပြန်ကြမလား”
စုန့်ဝေဖျင်သည် တခြားသူများအား သူမကို ထပ်ပြီး မကြည့်စေချင်တော့ပေ။
ရွှီရှောင်ကျောင်းက စိတ်ထဲမထားချေ။
“နင် ဟိုဖက်မှာ တစ်ခုခု တိုးတက်လာအောင် လုပ်ခဲ့ပြီးပြီလား၊ အခု ပြန်တော့မှာလား၊ ခဏနေ ခေါင်းဆောင်တွေနဲ့ နိုင်ငံခြားဧည့်သည်တွေ ရောက်လာတော့မှာလေ”
“ကို လိပ်စာတော်တော်များများကိုတော့ လဲလှယ်ထားပြီးပြီ၊ အခုတော့ ကို့မှာ လုပ်စရာကိစ္စမရှိတော့ဘူး၊ လက်တွဲဖို့ စိတ်ကူးရှိတယ်ဆိုရင်တောင် ချက်ချင်း လုပ်လို့မရသေးဘူးလေ၊ အခုက အရင်ဆုံး အချင်းချင်း မျက်နှာပြရုံလောက်ပဲ၊ ခေါင်းဆောင်က မလာသေးဘူး၊ ဒီတော့ အရင် ပြန်နှင့်ရအောင်၊ ကိုတို့တွေ သူတို့နဲ့ မတွေ့ရလဲ ဘာမှမဖြစ်ပါဘူး”
သူတို့သည် စကားပြောနေကြစဥ် တံခါးနားတွင် ဆူညံသံတစ်ခု ထွက်လာလေသည်။ သူတို့နှစ်ယောက်လုံးက တပြိုင်ထဲလှည့်ကြည့်လိုက်ကြပြီး ဝတ်စုံပြည့်ဝတ်ထားပြီး လယ်သာဖိနပ် စီးထားသည့် လူနှစ်ယောက်က အရပ်မြင့်မြင့် နိုင်ငံခြားသားတချို့နှင့်အတူ ဝင်လာသည်ကို တွေ့လိုက်ရလေသည်။
“ပြောရင်းဆိုရင်း ရောက်လာတာပဲ၊ အခု ငါတို့ ပြန်လို့ရသေးလား”
ရွှီရှောင်ကျောင်းက စုန့်ဝေဖျင်ကို လှမ်းကြည့်လိုက်ပြီး
“ဒါပေမဲ့ ကိုတို့နဲ့မှ မဆိုင်တာ၊ ခေါင်းဆောင်ကတော့ မိန့်ခွန်းပြောချင်ပြောမှာပေါ့၊ ခဏလောက် ထိုင်လိုက်ကြတာပေါ့၊ ခေါင်းဆောင် စကားပြောပြီးသွားမှ ငါတို့ ပြန်ကြမလား”
တစ်ခုတည်းသော ရွေးချယ်စရာ ဖြစ်လေသည်။ စုန့်ဝေဖျင်က ခေါင်းညိတ်လိုက်ပြီး သူမနှင့်အတူ ဆိုဖာတွင် ထိုင်စောင့်နေလိုက်၏။
ချန်ဟိုင်လုံက မြန်မြန်ရောက်လာပြီး စုန့်ဝေဖျင်နှင့် ရွှီရှောင်ကျောင်းတို့ကို တောင်းပန်စကား ပြောလိုက်တော့သည်။
“ဟွားဟွားဆီက ကြားခဲ့ပြီးပါပြီ၊ ကျွန်တော့်ရဲ့ဒီသမီးက ကျွန်တော်အလိုလိုက်ထားမိလို့ ပျက်စီးနေတာ၊ စုန့်ကတော် ကျွန်တော် တကယ် ရှက်မိပါတယ်ဗျာ၊ ကျွန်တော်တို့ မင်းကို ပြစ်မှားမိတော့မလို့”
ရွှီရှောင်ကျောင်းက အနည်းငယ်အံ့ဩသွားတော့သည်။ ချန်ဟိုင်လုံသည် သမီးဖြစ်သူကို အလွန် ချစ်မြတ်နိုးသော်လည်း အမှန်နှင့်အမှားကို အံဩစရာကောင်းလောက်အောင် ခွဲခြားတတ်လေသည်။ ဒါက ဒီခေတ်ရဲ့ စီးပွားရေးခေါင်းဆောင်တွေက ရိုးသားပြီး မျှတတဲ့သဘောထား ရှိတာကြောင့်ပဲမလား။
ငါလေးက နစ်နာခဲ့တာမျိုး မရှိပါဘူး။ ပြီးတော့ ချန်ကျန်းကျူးက ငါလေးရဲ့ရုပ်ရည်နဲ့ သူ့သူငယ်ချင်း ရှန့်ဟွားဟွားဆီက စိတ်ပိုင်းဆိုင်ရာ ထိုးနက်ချက်ကို ခံစားခဲ့ရတာပဲ။ အဆင်တော့မပြေနိုင်ဘူး။
သူမက သဘောထားကြီးကြီးဖြင့် ခေါင်းညိတ်ပြလိုက်ပြီး
“ကိစ္စမရှိပါဘူး၊ ကလေးတွေ သိပ်ပြီး မစဥ်းစားတတ်ကြတာပါ”
ချန်ဟိုင်လုံသည် ရွှီရှောင်ကျောင်းက ကြီးမြတ်လှသည်ဟု ရုတ်တရက် ခံစားလိုက်ရတော့သည်။
“ကျွန်တော်တို့ နောက်မှ ဆက်ပြောကြမယ်နော်၊ ကျွန်တော် ဟိုဘက်ကို အရင်သွားစရာရှိနေလို့ပါ”
သူက ခေါင်းဆောင်ရှိရာဖက်သို့ မြန်မြန် လျှောက်သွားလိုက်တော့သည်။ သူနှင့် ရှန့်ဟွားဟွား၏ အဖေတို့က စားသောက်ပွဲ စီစဥ်သူများ ဖြစ်ကြလေသည်။ ခေါင်းဆောင်ရောက်လာပြီဖြစ်သဖြင့် သူက ပျက်ကွက်လို့မရသည်မှာ သဘာဝပင်။
ချန်ဟိုင်လုံ ထွက်သွားသည်နှင့်တစ်ပြိုင်နက် ရှန့်ဟွားဟွားက ချန်ကျန်းကျူးကို ထပ်ပြီး ဆွဲခေါ်လာပြန်သည်။
စုန့်ဝေဖျင်၏ သူစိမ်းဆန်သည့် ခံစားချက်ကို အာရုံခံမိသဖြင့် ရှန့်ဟွားဟွားက ချန်ကျန်းကျူးကို ချက်ချင်းဆွဲကာ ရွှီရှောင်ကျောင်းဘေးတွင် ထိုင်ခိုင်းလိုက်၏။
“အစ်မရှောင်ကျောင်း၊ ညီမတို့တွေ တောင်းပန်ဖို့ လာခဲ့တာပါ၊ ခုနက ကျန်းကျူးလုပ်ခဲ့တာတွေက မှားတာပါ၊ သူမှားမှန်းလည်း သိနေပါပြီ၊ ပြီးတော့ စုန့်လူကြီးမင်း ကျေးဇူးပြုပြီး သူ့ကို စိတ်မဆိုးပါနဲ့နော်”
ချန်ကျန်းကျူးသည် မောက်မာသော်လည်း ဆိုးဆိုးရွားရွား လွန်ကဲနေသည်တော့ လုံးဝမဟုတ်ချေ။ အစောပိုင်းက မကျေနပ်ချက်များ ဖုံးလွှမ်းသွာခြင်းကြောင့်ပင်။ အခုတော့ သူမက တည်ငြိမ်သွားပြီ ဖြစ်ပြီး သူမ၏အပြုအမူက အောင်မြင်သွားခဲ့လျှင် ရွှီရှောင်ကျောင်းကို မည်မျှထိခိုက်စေမည် ဖြစ်ကြောင်း သိလိုက်လေသည်။
ထို့အပြင် တစ်ချက်ကြည့်ရုံဖြင့် စုန့်ဝေဖျင်က ရွှီရှောင်ကျောင်းကို အလွန်ချစ်မှန်း သိနိုင်လေသည်။ သူမသည် ထိုသို့လုပ်ခဲ့လျှင် နောက်ဆိုလျှင် စုန့်ဝေဖျင်က သူမကို သေချာပေါက် လျစ်လျူရှုထားပေတော့မည်။
ချန်ကျန်းကျူးက နှစ်ကြိမ်လောက် တွန့်လိမ်လိုက်ပြီး ပြောလိုက်၏။
“ရွှီ- ရွှီရှောင်ကျောင်း ခုနက ငါ မှားသွားပါတယ်၊ ငါ တောင်းပန်ပါတယ်”
သူမက မျက်မှောင်ကြုတ်လိုက်ပြီး
“ဒါပေမဲ့ နင်က ငါ့ထက်လှတယ်ဆိုတာကိုတော့ ဝန်ခံမှာမဟုတ်ဘူးနော်”
ရွှီရှောင်ကျောင်းသည် ချန်ကျန်းကျူးက မျှော်လင့်ချက်မဲ့တာ မဟုတ်မှန်း ရုတ်တရက် ခံစားလိုက်ရလေသည်။
ရှန့်ဟွားဟွားက အဆုံးသတ် မကောင်းသည့် စကားများကို ပြောမိမှာစိုးသဖြင့် ကိစ္စများကို အဆင်ပြေသွားအောင် မြန်မြန်ပြောပေးလိုက်တော့သည်။
“အင်းပါ အင်းပါ၊ နင်က ချစ်စရာကောင်းတယ်၊ အစ်မရှောင်ကျောင်းက ဆက်ဇီကျတယ်၊ နင်တို့နှစ်ယောက်က မတူဘူး၊ ပြီးတော့ နှိုင်းယှဥ်လို့မရဘူး၊ ကျန်းကျန်း အစ်မရှောင်ကျောင်းက ဝတ်စုံတွဲတဲ့အကြောင်း ပြောတာကို နားထောင်ရအောင်၊ နင်လည်း ဒီလက်ကမ်းစာစောင်ထဲမှာ တွဲထားတဲ့အဝတ်အစားတွေကို ကြိုက်တယ်မလား၊ ဒါတွေအားလုံးကို အစ်မရှောင်ကျောင်းက လုပ်ထားတာတဲ့၊ ဘယ်လောက်လှလိုက်သလဲ”
ချန်ကျန်းကျူးက မသိမသာ နှာခေါင်းရှုံ့လိုက်သော်လည်း ဘာမှတော့မပြောလိုက်ချေ။
ရွှီရှောင်ကျောင်းက ရှန့်ဟွားဟွား၏ မျှော်လင့်ချက်ဖြင့် တောက်ပနေသည့် မျက်လုံးများကို ကြည့်ကာ မငြင်းရက်တော့ပေ။ သူမလည်း ငြီးငွေ့နေသဖြင့် ထိုင်ချလိုက်ပြီး သူမကို ပြောပြလိုက်တော့သည်။
စကားနည်းနည်းပါးပါး ပြောလိုက်ပြီးနောက်တွင် ခန်းမထဲ၌ ရုတ်ရုတ်သဲသဲအသံတစ်ခုကို ကြားလိုက်ရတော့သည်။
ရှန့်ဟွားဟွားက တီးတိုးပြောလိုက်၏။
“မိန့်ခွန်းပြောမှာ မဟုတ်ဘူးလား၊ ခေါင်းဆောင်က မိန့်ခွန်းပြောတော့မှာမလား”
ရွှီရှောင်ကျောင်းက ခေါင်းညိတ်လိုက်၏။ ဟုတ်မယ်ထင်တယ်။
သို့သော် ခဏလောက် စောင့်လိုက်ပြီးနောက်တွင် မိုက်သံကလွဲလျှင် ဘယ်ခေါင်းဆောင်ကမှ စကားပြောရန် ထွက်မလာခဲ့ချေ။
“ဘာဖြစ်တာလဲ” ချန်ကျန်းကျူးလည်း သိချင်သွားတော့သည်။
“မသိဘူး၊ ငါ့အဖေနဲ့ နင့်အဖေတို့က အရမ်းစိတ်ပူနေတဲ့ပုံပဲ” ရှန့်ဟွားဟွားကလည်း လည်ဆန့်ပြီး လှမ်းကြည့်လိုက်၏။
သူမအဖေအတွက် အနည်းငယ်စိတ်ပူသွားကာ ရှန့်ဟွားဟွားက ထရပ်လိုက်ပြီး လျှောက်သွားလိုက်ရင်း
“နင်တို့တွေ အရင်ဆုံံး ထိုင်နေကြ၊ ကျန်းကျူး ကောင်းကောင်းနေနော်၊ ငါ တစ်ချက်လောက် သွားကြည့်အုံးမယ်”
အချိန်တိုအတွင်းတွင် သူမသည် မျက်နှာပေါ်တွင် စိုးရိမ်နေသည့်ရုပ်နှင့် ပြန်ရောက်လာလေသည်။
“အိုးဟယ် တိုက်ဆိုင်လိုက်တာ၊ ဒီနေ့ နိုင်ငံခြားသားတချို့ ပါလာတာမလား၊ ဒါနဲ့ ငါတို့မြို့ခေါင်းဆောင်က စကားပြန်တစ်ယောက် ခေါ်ထားတာလေ၊ အဲလူ ဘာဖြစ်တာလဲ မသိပါဘူး၊ အစားမှားပြီး နေမကောင်းလို့တဲ့၊ ကြည့်ရတာ သူ စကားပြန် မလုပ်ပေးနိုင်တော့ဘူးထင်တယ်၊ ဒါပေမဲ့ ဘယ်လိုလုပ်ကြမလဲ”
ချန်ကျန်းကျူးက ထိုစကားကို ကြားလိုက်ချိန်တွင် သူမက ပြောလိုက်လေသည်။
“ဒါဆို အဲဒီနိုင်ငံခြားသားတွေက စကားပြန် ခေါ်မလာတာလား၊ အရင်က ဒီကို အလုပ်ကိစ္စနဲ့ လာရင် သူတို့ရဲ့စကားပြန်ကို အမြဲတမ်းခေါ်လာနေကျမလား”
“တစ်ဖက်လူက ငါတို့တွေ စကားပြန်ခေါ်လာမယ်လို့ ကြားထားလို့ သူတို့က သူတို့လူကို မခေါ်ခဲ့တာ၊ ပါးနပ်တဲ့နည်းလမ်းနဲ့မှ ဒုက္ခရောက်ရတယ်လို့၊ ဒီတစ်ခါ ငါတို့တွေကတော့ မျက်နှာပျက်ရပါပြီဟယ်၊ စကားပြန်ဖို့မပြောနဲ့ အင်္ဂလိပ်စာ ဘာညာကို ဘယ်သူက နားလည်မှာလဲ”
ချန်ကျန်းကျူးသည်လည်း အနည်းငယ်စိတ်ပူသွားကာ
“ဒါဆို နင့်အဖေနဲ့ ငါ့အဖေတော့ ဝေဖန်တိုက်ခိုက်ခံရတော့မှာပဲ”
ရှန့်ဟွားဟွားက ခေါင်းညိတ်ပြလိုက်ပြီး
“ပြောစရာ လိုသေးလို့လား၊ သူတို့အမှားမဟုတ်ရင်တောင် သူတို့တွေက အပြစ်ပေးခံရအုံးမှာ၊ တစ်ယောက်ယောက် ဒီအခြေအနေကို ကယ်တင်ပေးနိုင်ရင် ကောင်းမှာပဲ”
ထိုစကားကို ကြားလိုက်ချိန်တွင် ရွှီရှောင်ကျောင်းနှင့် စုန့်ဝေဖျင်တို့က အပြန်အလှန်ကြည့်လိုက်ကြပြီး တစ်ပြိုင်ထဲ ပြောလိုက်ကြလေသည်။
“နင် (မင်း) သွားမလား”
...
အပိုင်း (၆၂) ဆွဲဆောင်ခြင်း
စုန့်ဝေဖျင်က ထိုနေရာသို့ လျှောက်သွားလိုက်သည်ကို စောင့်ကြည့်လိုက်ပြီး ရွှီရှောင်ကျောင်းက ဖြည်းဖြည်းချင်း ပြန်ထိုင်ချလိုက်လေသည်။ သူမသည် ထိုဘက်က အခြေအနေကို ထပ်ပြီး ဂရုမစိုက်တော့ဘဲ ရှန့်ဟွားဟွားဖက်သို့ လှည့်လိုက်ကာ
“မင်း စကားပြောချင်သေးလား”
ရှန့်ဟွားဟွားနှင့် ချန်ကျန်းကျူးတို့သည် ကြောင်အမ်းအမ်း ဖြစ်သွားတော့သည်။ ရှန့်ဟွားဟွားက မယုံနိုင်တော့ဘဲ
“ဆရာမ၊ စုန့်လူကြီးမင်းက ဘာသာပြန်တတ်တာလား”
ချန်ကျန်းကျူးသည် စုန့်ဝေဖျင်က နေရာတိုင်းတွင် တော်သည်ဟု ထင်ခဲ့သော်လည်း သူ့ကို ထိုမျှလောက်တော့ ယုံကြည်မှုမရှိခဲ့ချေ။ စုန့်ဝေဖျင်က ထိုဘက်တွင်ရှိသည့် လူအုပ်ကြီးထံ လျှောက်သွားလိုက်သည်ကို မြင်လိုက်သည်တွင် သူက ကိုယ့်ဟာကို အရူးလုပ်နေတာ ဖြစ်မလားဟု စိုးရိမ်သွားကာ
“သူ ကိုင်တွယ်နိုင်ပါ့မလား”
သူမသည် အင်္ဂလိပ်စကား မပြောတတ်သော်လည်း သူမအဖေနှင့်အတူ ကမ္ဘာကြီးကို မြင်တွေ့ခဲ့ဖူးလေသည်။ ဘာသာပြန်ခြင်းအလုပ်က ခက်ခဲသည်။ အင်္ဂလိပ်စာကို သိရုံလောက်နှင့်တော့ သေချာပေါက် မလုံလောက်ချေ။ သူသည် အင်္ဂလိပ် စကားပြောနိုင်ရမည့်အပြင် စကားကိုလည်း နားလည်နိုင်စွမ်းရှိမှဖြစ်မည်။ ပိုအရေးကြီးသည်က ဘာသာပြန်ရာတွင် တိကျမှုရှိမှဖြစ်မည်။ မှန်ကန်အောင် မပြောနိုင်ခဲ့လျှင် အပြစ်ဖြစ်ရတော့မည်။ သူသည် စကားကို သေသေချာချာ မရှင်းပြနိုင်ခဲ့လျှင် ကိစ္စများကို နှောင့်နှေးသွားစေကာ နားလည်မှုလွဲသွားနိုင်လေသည်။ ပို၍ပင် ပြင်းထန်လာလိမ့်အုံးမည်။
ရွှီရှောင်ကျောင်းက အာမခံပေးလိုက်ပြီး
“သူ ကိုင်တွယ်နိုင်ပါတယ်”
ပြီးတော့ စုန့်ဝေဖျင်က အရည်အချင်းရှိတယ်ဆို ငါလေး အရမ်းကိုသေချာသိနေတယ်လေ။
စုန့်ဝေဖျင်က အင်္ဂလိပ်စာကို နှစ်နှစ်ကျော်လောက် မနားတမ်း လေ့လာခဲ့တာကို သိထားခဲ့တယ်လေ။ အစပိုင်းတုန်းကတော့ သူက အင်္ဂလိပ်စာအုပ်တွေထဲက စာတွေကို လေ့လာခဲ့ပြီး နောက်တော့ စာလုံးကို ကျက်မှတ်ခဲ့တယ်။ နောက်မှ အင်္ဂလိပ်စာအုပ်တွေကို သူ့ဟာသူ စပြီး ဖတ်ခဲ့တာ။ ငါလေး ပြောတဲ့ စီးပွားရေး စာအုပ်တွေအပါအဝင်ပဲ။ သူက အဲဒီစာအုပ်တွေရဲ့ အင်္ဂလိပ်ဘာသာနဲ့ အမြဲတမ်း ဝယ်ခဲ့တာ။ အခြေအနေ တိုးတက်လာတော့ သူက ကတ်ဆတ်တစ်လုံးဝယ်ပြီး နေ့တိုင်း အင်္ဂလိပ်တိပ်ခွေတွေကို နားထောင်ခဲ့တယ်။
လယ်သမားနောက်ခံကလာတဲ့ ဒီလိုလူငယ်လေးတစ်ယောက်က ဒီလိုကြီးမားတဲ့ ဇွဲလုံ့လရှိလိမ့်မည်လို့ ဘယ်သူက ထင်ထားမှာလဲ။
ရွှီရှောင်ကျောင်းသည် သူမ၏အရင်ဘဝတွင် နိုင်ငံခြား၌ ပညာသင်ခဲ့ဖူးသော်လည်း သူမ၏အင်္ဂလိပ်စာ အဆင့်က စုန့်ဝေဖျင်ထက် ပိုကောင်းသည်ဟု မပြောရဲသေးချေ။ နောက်ဆုံး စုန့်ဝေဖျင်၏ ဦးစားပေးလေ့လာမှုက စီးပွားရေးနယ်ပယ် ဖြစ်လေသည်။
ရွှီရှောင်ကျောင်း၏ ပြတ်သားမှုကို ကြားလိုက်ရချိန်တွင် ရှန့်ဟွားဟွား၏ သိလိုစိတ်က ထိုးတက်သွားတော့သည်။ သူမသည် ရွှီရှောင်ကျောင်းက အဝတ်အစား တွဲဖက်ခြင်းအကြောင်း ပြောဖို့မလိုတော့ဘဲ ချန်းကျန်းကျူးနှင့်အတူ ဟိုဘက်က ဖြစ်နေသည့်ကိစ္စများကို နားစွင့်ထားလိုက်တော့သည်။
စုန့်ဝေဖျင် သွားလိုက်ပြီး မိနစ်ပိုင်းလေးအတွင်းတွင် မြင်ကွင်းက ငြိမ်သက်လာခဲ့သည်။ ထိုနောက်တွင် ခေါင်းဆောင် ပြောလိုက်သည့် ချီးကျူးစကားများ ထွက်လာတော့သည်။
“တော်လိုက်တာ၊ တော်လိုက်တာ”
ရှန့်ဟွားဟွားနှင့် ချန်ကျန်းကျူးတို့သည် အချင်းချင်းကြည့်လိုက်ကြ၏။ ဒီတော့ တကယ်ဖြစ်တာကိုး။
သို့နှင့် အခိုက်တန့်အတွင်းတွင် ခေါင်းဆောင်သည် စပြီး မိန့်ခွန်းပြောလိုက်တော့သည်။
ချန်ဟိုင်လုံသည် နိုင်ငံခြားသားတချို့က ခေါင်းညိတ်ပြီး စုန့်ဝေဖျင်ကို “good”ဟု ပြောလိုက်သည်ကို ကြားလိုက်ရသောအခါ သူတို့သည် စုန့်ဝေဖျင်ကို အလွန်သဘောကျကြောင်း သိလိုက်တော့သည်။ သို့သော် ခေါင်းဆောင် စပြီး စကားပြောချိန်တွင်တော့ သူသည် တစ်ဖန် စိုးရိမ်လာမိပြန်သည်။ စုန့်ဝေဖျင်က သူတို့နဲ့ဆက်ဆံနေတာ ပြဿနာမရှိဘူးလို့ထင်ရပေမဲ့ သူက ခေါင်းဆောင်ရဲ့စကားကို ကောင်းကောင်းလေး စကားပြန်လုပ်ပေးနိုင်မယ်ဆိုတာတော့ မသေချာလေဘူး။ ဆက်ဆံရေးက ဆက်ဆံရေး။ စကားပြန်တာက စကားပြန်တာပဲလေ။
သူသည် အသက်အောင့်ထားလိုက်ပြီး စုန့်ဝေဖျင်၏ တခြားဘက်တွင် ရပ်ကာ စုန့်ဝေဖျင်၏စကားများကို နားထောင်နေလေသည်။
ခေါင်းဆောင်က နိုင်ငံခြားသားတချို့အတွက် အချိန်အကြာကြီး ရပ်မနေလိုက်ချေ။ သူသည် နိုင်ခြားသားဧည့်သည်များဘေးတွင် ရပ်ကာ တည်တည်ငြိမ်ငြိမ်ဖြင့် အစမှ အဆုံးအထိ တစ်ချက်မှမနားဘဲ တိတ်တိတ်လေး စကားပြန်ပေးနေသည်ကို နားထောင်လိုက်လေသည်။ နိုင်ငံခြားသားများက ဆက်တိုက်ခေါင်းညိတ်နေကြသည်။
အိုး။ အောင်မြင်သွားတာပဲ။
ချန်ဟိုင်လုံသည် ချက်ချင်း အလွန်ဝမ်းသာသွားတော့သည်။ နိုင်ငံခြားသားတွေ လာမယ်ဆိုတာ သူသိထားပြီး အရံစကားပြန် တစ်ယောက်ကို မပြင်ဆင်ထားခဲ့မိတာက သူတို့ရဲ့အမှားလေ။ တော်ပါသေးရဲ့။ စုန့်ဝေဖျင်က လာကယ်ပေးပေလို့ပဲ။ အခုတော့ ခေါင်းဆောင်တွေကို ရှင်းပြဖို့ ပိုပြီးလွယ်ကူသွားပြီ။
ခေါင်းဆောင်၏မိန့်ခွန်းက မရှည်လျားချေ။ မိန့်ခွန်းပြောပြီးသည့်နောက်တွင် သီးခြားစကားဝိုင်းတစ်ခု ပြောခဲ့ကြသည်။ သည်အချိန်တွင် စုန့်ဝေဖျင်၏အခန်းက ပိုပြီး ထင်ရှားလာတော့သည်။ သူသည် ခေါင်းဆောင်၏ စကားများကို စကားပြန်ပေးရသည့်အပြင် ဧည့်သည်၏မေးခွန်းများကို တရုတ်စကားသို့ ပြန်ပေးရလေသည်။ သူက သူတို့ကို မေးခွန်းမေးပြီး အဖြေရလျှင် ထိုအဖြေကို ထပ်ပြီး စကားပြန်ပေးရသည်။
မကြာခဏဆိုလို နေရာတစ်ခုလုံးက တိတ်ဆိတ်သွားတတ်သည်။ သူ၏တိုးညင်း တည်ငြိမ်သည့်အသံက ပဲ့တင်နေသည်ကိုသာ ကြားနိုင်လေသည်။
ချန်ကျန်းကျူးသည် စုန့်ဝေဖျင်ကို မကြိုက်တော့ဖို့ အခုလေးတင် ဆုံးဖြတ်ခဲ့သော်လည်း အခုတော့ သူမသည် တစ်ဖန်စပြီး ယိမ်းယိုင်လာတော့သည်။
“ဟွားဟွား နင် မြင်လိုက်လား၊ သူက တကယ့်ကို အံ့ဩစရာကောင်းတာပဲ၊ သူ့ခန္ဓာကိုယ်တစ်ခုလုံးက တောက်ပနေတဲ့အတိုင်းပဲ၊ ဘယ်လိုဖြစ်ပြီး ဒီလောက် ထူးချွန်းတဲ့လူတစ်ယောက် ရှိနေနိုင်ရတာလဲ”
စုန့်ဝေဖျင်သည် အမှန်ပင် အရည်အချင်းတချို့ရှိကြောင်း ရှန့်ဟွားဟွားမှာ ဝန်ခံရတောသည်။ ကျန်းကျူး သူ့ကို စွဲလမ်းနေတာလည်း မဆန်းတော့ပါဘူးလေ။
ချန်ကျန်းကျူးက သူမ၏လက်သီးများကို ဆုပ်ထားလိုက်ပြီး
“သူ အင်္ဂလိပ်စကားကို ဘယ်သူ့ဆီက သင်ခဲ့လဲ သိချင်လိုက်တာ၊ အသံထွက်က အရမ်းကောင်းတာပဲ၊ ငါ့အဖေက ငါ့ကို အင်္ဂလိပ်စာလေ့လာဖို့ ဆက်တိုက်ပြောနေတာ၊ ပြောကြည့်စမ်း၊ ငါ သူ့ကိုမေးရင် သူက ငါ့ကို ဆရာရဲ့အချက်အလက် ပြောပြမယ်ထင်လား”
ဟိုဘက်တွင်လည်း ပုံမှန်ထပ်ပိုသည့် စကားဝိုင်းတစ်ခု ပြီးဆုံးသွားပြီးနောက် ဧည့်သည်များကလည်း နည်းနည်းပါးပါး သိချင်သွားကြလေသည်။ စုန့်ဝေဖျင်မှာ အင်္ဂလန်လေသံစစ်စစ်တစ်ခု ရှိတာ သူ ပြောနိုင်တယ်။ ဒါက လူတိုင်း နားလည်နိုင်တဲ့အရာမျိုး မဟုတ်ဘူးလေ။
သူသည်လည်း ချန်ကျန်းကျူးနည်းတူ မေးခွန်းတစ်ခုတည်းကို မေးခဲ့လေသည်။
“ထက်မြက်လိုက်တဲ့လူငယ်လေး မင်း အင်္ဂလိပ်စာကို ဘယ်သူ့ဆီက သင်ခဲ့တာလဲ၊ အရမ်းကို ကျွမ်းကျင်တာပဲ၊ ငါလည်း မင်းရဲ့ဆရာကို တွေ့ပြီး သူနဲ့ စကားကောင်းကောင်း ပြောချင်လိုက်တာ”
ရွှီရှောင်ကျောင်းသည် သူမကို ထိုနေရာဆီလာဖို့ ခေါင်းညိတ်ပြီး အချက်ပြနေသည့် စုန့်ဝေဖျင်ကို ကြည့်လိုက်လေသည်။ သူမက ဘေးတွင် တီးတိုးပြောနေကြသည့် ရှန့်ဟွားဟွားနှင့် ချန်ကျန်းကျူးတို့ကို လှည့်ကြည့်လိုက်ကာ ချန်ကျန်းကျူး၏မေးခွန်းကို ချောချောမောမော ပြန်ဖြေပေးလိုက်တော့သည်။
“သူ ငါ့ဆီက သင်ခဲ့တာလေ”
သူမက ထပ်ရပ်လိုက်ပြီး ကွေ့ပတ်သွားလိုက်ပြီး ကြောင်အမ်းအမ်းဖြစ်နေသည့် လူနှစ်ယောက်အတွက် ပြီးပြည့်စုံသည့် ကျောဘက်မြင်ကွင်းကို ချန်ရစ်ခဲ့လိုက်တော့သည်။
“အားးးး ကျန်းကျူး နင် ကြားလိုက်လား၊ ငါ့အိုင်ဒေါဟဲ့၊ ငါ့အိုင်ဒေါက စုန့်ဝေဖျင်ရဲ့ဆရာတဲ့၊ ဝိုး သူက အရမ်းအံ့ဩဖို့ကောင်းတာပဲ၊ ဝါး... စုန့်လူကြီးမင်းက သူနဲ့တောင်မတန်တော့ဘူး”
ချန်ကျန်းကျူးလည်း အချိန်တော်တော်ကြာအောင် ကြောင်အမ်းအမ်းဖြစ်သွားပြီးမှ မျက်စောင်း ထိုးလိုက်တော့သည်။ သူကပဲ သူမကို face-conလို့ ခေါ်ရတယ်ရှိသေး။ သူမ အမြင်တော့ ရှန့်ဟွားဟွားကမှ face-conအစစ်ပဲ။
“ဘာတွေ အဲလောက်ကြီးကျယ်နေလို့လဲ”
ရှန့်ဟွားဟွားက ရွှီရှောင်ကျောင်း မကောင်းကြောင်းကို ဘယ်သူ့ကို ပြောခွင့်မပေးတော့ချေ။
“လူကြီးမင်းစုန့်ကို သူ့ဆရာမနဲ့ မိတ်ဆက်ခိုင်းမယ်လို့ နင်ပဲ အခုလေးတင် ပြောလိုက်တယ်လေ၊ ဆရာမက အစ်မရှောင်ကျောင်းလို့ ကြားလိုက်တော့ နင်က ဒီလိုလုပ်ပြီပေါ့လေ၊ ဟွန့်”
“ဟဲ့ ဟဲ့ ဟဲ့ ကျေးဇူးပြုပြီး နင့်အသံကို တိုးစမ်းပါ” ချန်ကျန်းကျူးက သူမ၏ပါးစပ်ကို အုပ်ထားလိုက်သည်။ သူမက ဘာလို့အဲလောက် အသံကျယ်နေရတာလဲ။
ရှက်ရှက်နှင့် သူမက ပြောလိုက်ရတော့သည်။
“အေးပါ အေးပါ၊ ငါ ဝန်ခံတယ်၊ သူက နည်းနည်းထက်မြက်ပါတယ်ဟဲ့”
မုန်းဖို့ကောင်းလိုက်တာ။ လူတစ်ယောက်က ဘယ်လိုဖြစ်ပြီး အဲလောက်လှ အဲလောက်အရည်အချင်း ရှိနိုင်ရတာလဲ။ စုန့်ဝေဖျင်က သူ့ကို အရမ်းချစ်တာလည်း မဆန်းတော့ဘူး။ စိတ်တိုစရာကောင်းလိုက်တာ။
နိုင်ငံခြားသားဧည့်သည်များက သူတို့ထံလျှောက်လာသည့် ရွှီရှောင်ကျောင်းကို ကြည့်လိုက်ကာ တအံ့တဩ ပြောကြလေသည်။
“အိုး ဘုရားရေ မင်းရဲ့ဇနီးက တကယ့်လိုလှတဲ့ အမျိုးသမီးလေးပဲ”
သူ့အမူအရာက ပိုနေလေသည်။ သူ့လက်ကို ဆန့်လိုက်ပြီး သူတို့နိုင်ငံ၏ဓလေ့အတိုင်း ရွှီရှောင်ကျောင်းကို ဖက်ကာ နှုတ်ဆက်ချင်လိုက်သည်။ သို့သော် ရွှီရှောင်ကျောင်းက အရင်ဆုံး လက်တစ်ဖက် ကမ်းလိုက်သည်ကို မြင်လိုက်ရသဖြင့် သူသည် မတတ်သာတော့ဘဲ နှမြောတသဖြစ်လျက် ရွှီရှောင်ကျောင်းနှင့် လက်ဆွဲနှုတ်ဆက်လိုက်ရတော့သည်။
“မိန်းမလှလေး တွေ့ရတာဝမ်းသာပါတယ်”
အားလုံးသည် ရွှီရှောင်ကျောင်းက ဧည့်သည်များနှင့် လွတ်လွတ်လပ်လပ် စကားပြောနေသည်ကို စောင့်ကြည့်နေလေသည်။ သူတို့ဘာပြောနေမှန်း နားမလည်ကြသော်လည်း သူတို့သည် ပြေပြစ်သည့်စကားဝိုင်းတစ်ခု ပြောနေကြမှန်းတော့ သိနိုင်ကြလေသသည်။
ထို့အပြင် သူ ပါးစပ်က ထွကလာသည့် နူးညံ့ပြေပြစ်လှသည့် အင်္ဂလိပ်စကားပြောလေသံသည် အတိုင်းအတာတစ်ခုအထိ အထက်တန်းဆန်လှပြီး ယဥ်ကျေးသည့် ရသတစ်ခု ဖြစ်နေလေသည်။
အချိန်တစ်ခုအထိ စုန့်ဝေဖျေင်နှင့် သူ့ဇနီးတို့သည့် အားလုံး၏ မျက်လုံးထဲတွင် နေရာတစ်ခု ထပ်ရလာပြန်လေသည်။
သည်လူနှစ်ယောက်က စီးပွားရေးလောကတွင် နာမည်ကြီးမျး ဖြစ်လာလိမ့်မည်ကတော့ ပြောရန်ပင်မလိုချေ။
ရွှီရှောင်ကျောင်းနှင့် စုန့်ဝေဖျင်တို့သည် စကားပြန်များအဖြစ် ဆောင်ရွက်ပေးနေသဖြင့် သူတို့ကို ခေါင်းဆောင်များနှင့် စားပွဲတစ်ခုထဲတွင် ညစာစားဖို့ စီစဥ်ပေးလိုက်လေသည်။
ရွှီရှောင်ကျောင်းသည် စုန့်ဝေဖျင်က အစပိုင်း စကားပြန်တစ်ယောက်သာ လုပ်ပေးနေရင်းက နောက်ပိုင်းတွင် တဖြည်းဖြည်းနှင့ အားလုး၏ စကားဝိုင်းအတွင်းသို့ ဝင်လာနိုင်ပုံကို စောင့်ကြည့်နေမိလေသည်။ ထို့နောက်တွင် ခေါင်းဆေက သူ့သဘောထားအမြင်များကို စိတ်ဝင်တစားနှင့် နားထောင်နေလေသည်။
ကံကြမ္မာက အလုပ်ကြိုးစားသူတွေကို မျက်နှာပေးနေကျပဲ။ ဒီလိုရေရှည် စုဆောင်းမှုတစ်ခုသာ မရှိခဲ့ရင် သူက ဒီနေ့လို ထက်မြက်တောက်ပနေနိုင်မှာ မဟုတ်လေဘူး။
တကယ့်ကို ဂုဏ်ယူစရာကောင်းလိုက်တာ။
ရွှီရှောင်ကျောင်းက ဝိုင်ခွက်ကို ကိုင်ထားပြီး ဝိုင်နီတစ်ငုံ သောက်လိုက်ပြီး စုန့်ဝေဖျင်၏ မှာကြားချက်များကို မေ့ထားလိုက်တော့သည်။
ငါလေးက ခေါင်းဆောင်တွေနဲ့ နှစ်ချီသောက်ခဲ့ပြီးပြီပဲ။ နောက်ထပ် တစ်ငုံနှစ်ငုံလောက် သောက်တော့ ဘာဖြစ်လဲ။
ဘာပဲဖြစ်ဖြစ် ဘေးမှာ စုန့်ဝေဖျင် ရှိနေတာပဲလေ။
စားသောက်ပြီးသွားသောအခါ ရွှီရှောင်ကျောင်းသည် ကျင့်ဝတ်မပျက် ရယ်ရယ်မောမော စကားဆက်ပြောလိုက်သေးသည်။ သို့တိုင် စုန့်ဝေဖျင်ကတော့ သူမ အနည်းငယ် မူးနေမှန်း သိနေ၏။
ခေါင်းဆောင်ကလည်း တိုက်တိုက်ဆိုင်ဆိုင် ပြောစရာစကား ထပ်ရှိနေပြန်သည်။
“ကောင်းတယ် ကောင်းတယ်၊ လူငယ်လေး ငါတော့ မင်းကို အရမ်းသဘောကျနေပြီ၊ မင်းရဲ့ယဥ်ကျေးပုံတင်မကဘူး မင်းရဲ့အရည်အချင်းကော၊ မင်းမှာ စီးပွားရေးစိတ်ဓာတ်တစ်ခု ရှိတာပဲ၊ ငါတို့တွေက စီးပွားရေးကို သေချာပေါက် ဦးစားပေးရမယ်၊ စီးပွားရေးဆိုတာ မင်းတို့လို အရည်အချင်းရှိတဲ့လူတွေ မပါလို့မဖြစ်ဘူးလေ၊ အခုဆိုရင် ဒီနေရာမှာ ငွေကြေးအထောက်အပံ့တစ်ခုလည်း ရှိလာပြီ၊ မင်းလိုရင် လျှောက်ထားနိုင်တယ်၊ လူလေး ငါကတော့ မင်းကို အရမ်းမျှော်လင့်နေမိပြီ”
အတိုအထွာစကားဝိုင်းလေးက အချိန်တစ်ခုအထိ ကြာသွားလေသည်။ စုန့်ဝေဖျင်သည် ရွှီရှောင်ကျောင်းကို ခေါ်ထုတ်လာချိန်တွင်တော့ သူမသည် အနည်းငယ် လွတ်နေပြီဟု သေချာခံစားမိနေသည်။
“မင်း မူးနေပြီလား” စုန့်ဝေဖျင်က သူမကို ကားပေါ်မှ တွဲဆင်းလာခဲ့သည်။
ရွှီရှောင်ကျောင်းက ခေါင်းခါပြလိုက်ပြီး သူမ၏လက်ချောင်းကို ထောင်လိုက်ကာ
“ ငါက တစ်ငုံနှစ်ငုံလောက်ပဲ သောက်တာလေ၊ ဘယ်လိုလုပ်ပြီး မူးရမှာလဲ”
စုန့်ဝေဖျင်က သက်ပြင်းချလိုက်တော့သည်။ ရွှီရှောင်ကျောင်းက ဝိုင်နီကို လုံးဝခံနိုင်ရည်မရှိသည့်ပုံကို သူ သိလိုက်ရတော့သည်။ ပြီးခဲ့တဲ့အခေါက်က အတိုင်းပဲ။ တစ်ငုံနှစ်ငုံလောက်ပဲ သောက်ပြီးတာနဲ့ နည်းနည်း မူးလာတော့တာပဲ။
သူက အကြိမ်ကြိမ်ပြောခဲ့သည့် စကားကို ထပ်ပြောရပြန်သည်။
“မင်းကို လုံးဝ ထပ်သောက်ခွင့်မပြုတော့ဘူး”
ရွှီရှောင်ကျောင်းက စုန့်ဝေဖျင်၏ဆွဲဆောင်မှုထဲတွင် နှစ်မျောနေဆဲ။ သူမက သူတွဲထားအတိုင်း လိုက်လာပြိး စုန့်ဝေဖျင်အနားသို့ ပိုပြီးတိုးသွားလိုက်ကာ
“ စုန့်ဝေဖျင် နင်လေ ဘာလို့အဲလောက်တောင် ထက်မြက်ရတာလဲဟင်”
သူတို့သည် အခန်းတံခါးနား ရောက်တော့မည်ကို တွေ့လိုက်ရသဖြင့် စုန့်ဝေဖျင်က သူမကို မလုပ်ဖို့ မတားတော့ချေ။ သူက သူမကို ဂရုတစိုက် တွဲထားကာ ပြောလိုက်လေသည်။
“အားလုံးက မင်းရဲ့အားထုတ်မှုကြောင့်ပါ”
ရွှီရှောင်ကျောင်း အလိုက်သင့် ခေါင်းညိတ်လိုက်ပြီး
“ဒါဆို ပြော၊ ငါ လှရဲ့လား”
စုန့်ဝေဖျင်က သူမကို ငုံ့ကြည့်လိုက်ပြီး သူမ၏နှုတ်ခမ်းလေးများကို ပုတ်လိုက်ကာ ဘာမှမပြောလိုက်ချေ။ ထို့နောက် သူက ခေါင်းငုံ့ကာ သော့ကို ထုတ်လိုက်လေသည်။
“မရဘူးကွာ”
ရွှီရှောင်ကျောင်းသည် မကျေမနပ် ဖြစ်သွားကာ တံခါးသော့အိမ်ကို ကျောမီထားလိုက်ကာ သူ့ကို ကြည့်လိုက်ပြီး
“ပြောဆို၊ ငါ လှလားလို့”
သူမ၏မျက်လုံးများက ပိုးသားလေးလို နှစ်လိုဖွယ်အတိပင်။ သူမက လက်ကိုဆန့်လိုက်ပြီး သူ့လည်ပင်ကို သိုင်းဖက်ထားလိုက်လေသည်။
“ဒီနေ့ ငါ လှတယ်လို့ လူအများကြီးက ပြောကြတယ်၊ ငါ မိန်းမလှလေးတွေအားလုံးထဲမှာ ထင်ပေါ်ရဲ့လား၊ နင်ကတော့ ငါလှတာကို ချီးမွှမ်းဖော်တောင် မရဘူးနော်”
သူမက ချွဲနွဲ့ကာ လုပ်နေပြီး သူမ၏ ဖမ်းစားချင်းခံခဲ့ရသည့်သူများနှင့်အတူ အတူတူဖျက်ဆီးပစ်ဖို့ ကမ္ဘာပေါ်ကြီးထဲကို လမ်းမှားရောက်လာသည့် နတ်ဆိုးမလေးတစ်ပါးနှယ် ပြုမူနေတော့သည်။
သူမသည် စကားပြောလိုက်ချိန်တွင် ကောင်းကောင်း မထိန်းသိမ်းတော့ချေ။ သူမ၏လက်ကလေးများက သူ့လည်ကုပ်ကို အသာအယာ ကုတ်ခြစ်နေလေသည်။
သူမသည် အမှန်ပင် မူးနေလေသည်။ စုန့်ဝေဖျင်ကတော့ သည်ချိုမြိန်သည့်ညှဉ်းပန်းမှုကို တဖန်တွေ့ကြုံရပြန်သည်။
နောက်တစ်နေ့တွင် သူမက ဖြစ်ပျက်သမျှကို မေ့သွားတတ်သည့်အကျင့်ရှိနေမှန်း သိနေသဖြင့် စုန့်ဝေဖျင်က သူ့ခံစားချက်များကို စတင် ဖော်ပြလေတော့သည်။
“ ဘယ်သူကမှ မင်းကို မမြင်နိုင်အောင် ကို မင်းကို တကယ်ဝှက်ထားချင်ခဲ့တာပါ”
ရွှီရှောင်ကျောင်းက ထိုစကားကို ကြားလိုက်ရသောအခါ မကျေနပ်နိုင်အောင် ဖြစ်သွားပြန်သည်။
“နင်ကလေ သိပ်ကပ်စေးကုပ်တာပဲ၊ ဒါတွေက ရုပ်ရည်လေးပဲဟာကို၊ ပြီးတော့ ငါက နင့်လူ ဖြစ်နေတုန်းပဲလေ၊ စုန့်ဝေဖျင်ရဲ့၊ နင့်မှာလဲ မက်မွန်ပန်းတွေ နည်းနည်းပါးပါး ရှိတာပဲမလား၊ ဒီနေ့ နင့်ကို ပေါ်တင်တစ်မျိုး၊ တိတ်တိတ်လေးတဖုံ ကြည့်နေကြတဲ့ အမျိုးသမီးတွေမှ အများကြီးနော်၊ မိန်းကလေးချန်ကျန်းကျူးလည်း ရှိသေးတယ်၊ ငါသာ သူ့ကို ဒီနေ့ ရက်ရက်စက်စက် မနင်းခြေထားရင် သူ နင့်နားမှာ ကပ်နေလောက်ပြီ”
တစ်ခုခုကို စဥ်းစားမိသွားပြီး သူမက အရူးမလေးလို ပြုံးလိုက်လေသည်။
“ဘာပဲဖြစ်ဖြစ်ပါလေ၊ နင်က ငါ့လူပဲ”
သူမက ထိုစကားကို ပြောလိုက်သောအခါ စုန့်ဝေဖျင်က သူ့နှုတ်ခမ်းများကို ကွေးထားလိုက်လေသည်။
“ဟုတ်ပါတယ်”
သူက သူမကို ဖက်ထားလိုက်ပြီး တံခါးကို ဖွင့်ချင်သော်လည်း ရွှီရှောင်ကျောင်းက သူ့ကို အခွင့်အရေးတစ်ခုပင် မပေးချေ။
“ဟဲ့ ငါက နင့်လူပါလို့ ပြောပြီးပြီလေ စုန့်ဝေဖျင်ရယ်၊ နင် ငါ့ကို မနမ်းချင်ဘူးလား”
စုန့်ဝေဖျင်၏မျက်လုံးများက မဲနက်လာပြီး သူကို ငုံ့ကြည့်လိုက်ကာ
“နမ်းချင်တာပေါ့”
“ဒါဆို နမ်းလေ” ရွှီရှောင်ကျောင်းက မကျေမနပ် ညည်းညူလိုက်တော့သည်။
မည်သူက ငြင်းပယ်နိုင်ပါမည်နည်း။ စုန့်ဝေဖျင်သည် သူက သည်းခံနိုင်စွမ်းအရှိဆုံး လူတစ်ယောက်ဖြစ်မည်ဟု ထင်ခဲ့သော်လည်း သည်အခိုက်လေးတွင် ထိုသူတော်စင်ရုပ်သွင်များကို ဆက်ပြီး မပြသချင်တော့ပေ။ သူသည် အရိုးခံ ဆန္ဒလှိုင်းကို လွှတ်ပေးလိုက်ကာ သူမကို ထိန်းချုပ်ချင်သွားတော့သည်။
စုန့်ဝေဖျင်က လှမ်းဆွဲလိုက်ပြီး သူမကို ကောက်ချီလိုက်တော့သည်။ သူက သူမကို အနားသို့ ဆွဲကပ်ထားလိုက်ကာ အနည်းငယ် ယိုင်သွားပြီး ကျန်သည့်လက်တစ်ဖက်နှင့် တံခါးကို ဖွင့်လိုက်လေသည်။
လေထုက ရုတ်ခြည်းဆိုသလို ပူတက်လာတော့သည်။ ရွှီရှောင်ကျောင်းကို တံခါးနားတွင် ကပ်ထားလိုက်လေသည်။ သူမ ရှူထုတ်လိုက်သည့်လေက ပူနွေးလာလေသည်။
“စုန့်ဝေဖျင် စုန့်ဝေဖျင်” သူမက အမှတ်တမဲ့ လေသံဖြင့်ခေါ်လိုက်၏။
အခန်းထဲတွင် မီးရောင်က ရှိမနေဘဲ နံရံထောင့်တွင်ထွန်းထားသည့် မီးအိမ်လေးတစ်ခုသာ ရှိသည်။ မှိန်ပျပျမီးရောင်အောက်တွင် သူမ၏ဆံနွယ်တစ်ချောင်းက သူမ၏နှုတ်ခမ်းထောင့်တွင် ကပိုကယို တင်နေလေသည်။ ပိုပြီးတော့ပင် အသက်ရှူမှားလောက်အောင် ဖြစ်ရလေသည်။
စုန့်ဝေဖျင်က ရှေ့သို့ညွှတ်လိုက်ပြီး သူမ၏နှုတ်ခမ်းများကို နမ်းရှိုက်လိုက်တော့သည်။
...
အပိုင်း (၆၃) သံသယ
မနက်အလင်းရောင်က မှိန်ဖျဖျပင်။ ရွှီရှောင်ကျောင်းက အခန်းထောင့်ကို ငေးကြောင်ကြောင် ကြည့်နေလိုက်ပြီး အတွေးနစ်နေတော့သည်။
ဘေးတွင် စုန့်ဝေဖျင်က သူမကို တင်းနေအောင် ဖက်ထားလေသည်။ သူမ၏ ချစ်စဖွယ် ငေးကြောင်ကြောင်ရုပ်လေးကို တွေ့လိုက်ရသည်တွင် သူက သူမ၏နှုတ်ခမ်းထောင့်လေကို ဖျတ်ခနဲနမ်းလိုက်ပြီး
“ဘာတွေ စဥ်းစားနေတာလဲ”
ရွှီရှောင်ကျောင်းက လှည့်ကြည့်လိုက်ပြီး သူ့ရင်ခွင်ထဲတွင် မြှုပ်ထားလိုက်ပြီး မျက်လုံးများကို မှိတ်ကာ သူ့ကို ပြန်မဖြေလိုက်ချေ။
ငါလေး ဘာစဥ်းစားနေတာလဲတဲ့လား။ စုန့်ဝေဖျင်က အဲဒါကို လုပ်နိုင်လား။ မလုပ်နိုင်ဘူးလားဆိုတာ စဥ်းစားနေတာလေ။
ဒီတစ်ခါ ငါ လုံးဝမမူးဘူးလေ။ နည်းနည်းလေး ရီဝေဝေလေးပဲဖြစ်တာ။ မနေ့က ဖြစ်ခဲ့တာတွေကို မှတ်မိနေတယ်။ ငါတို့နှစ်ယောက်ပဲ ရှိတာလေ။ ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက်။ မီးတောက်က အရမ်းကို ပြင်းပြလွန်းတာ လေထုတောင် လောင်ကျွမ်းတော့မတတ်ပဲ။ ဒါပေမဲ့ သူတို့နှစ်ယောက်ကြားမှာ အနမ်းကလွဲရင် ဘာမှမဖြစ်ခဲ့ဘူး။
ရွှီရှောင်ကျောင်းက ထိုအရာကို သိသိသာသာခံစားခဲ့ရသော်လည်း စုန့်ဝေဖျင်က အမှန်ပင် ထိန်းချုပ်ထားခဲ့ရခြင်းပင်။
နင် အဲဒါကို တကယ်မလုပ်နိုင်ပါဘူး။ ဟုတ်တယ်မလား။
ရွှီရှောင်ကျောင်းက သူ့ရင်ဘတ်ကို တို့ထိကာ သူ့ကို အမှန်ပင် စုံစမ်းစစ်ဆေးချင်မိတော့သည်။
သို့သော် မနက်ခင်းစောစောစီးစီး စုန့်ဝေဖျင်က သခွတ်ပန်းကြီးတစ်ပွင့်လို ပြုံးနေသည်ကို မြင်လိုက်ရသဖြင့် သူမ၏ စိတ်သဘောထားက ပြိုလဲသွားရတော့သည်။ သူမသည် ငါလေးကို သူ့ကို နေရာမှာတင် စိတ်ပျက်သွားရအောင်တော့ မလုပ်ချင်ပါဘူးလေ။
အမယ်။ မသိရင် မနေ့ညက သူတို့တွေ မင်္ဂလာဦးညတစ်ခု ဖြစ်ခဲ့တဲ့ပုံနဲ့။
သူမ၏နှုတ်ဆိတ်နေသည်ကို တွေ့လိုက်ရသဖြင့် စုန့်ဝေဖျင်သည် မနေ့ညက ဖြစ်ခဲ့သည်များကို သူမ မေ့သွားပြီဟု ထင်သွားကာ
“မနေ့ညက ဖြစ်ခဲ့တာ မင်း တကယ်ပဲ မေ့သွားပြီလား”
ရွှီရှောင်ကျောင်း နိုးလာသည်နှင့်တစ်ပြိုင်နက် စုန့်ဝေဖျင်က သူကို မနေ့ညကအကြောင်းကို မှတ်မိသေးလားဟု မေးလာလေသည်။
ရွှီရှောင်ကျောင်းက ခေါင်းခါပြလိုက်ပြီး
“မမေ့ပါဘူး၊ မုန်းစရာကောင်းလိုက်တာ”
စုန့်ဝေဖျင်က စိတ်အေးသွားသလို သက်ပြင်းချလိုက်ပြီး သူမ၏ခေါင်းလေးကို လက်ဆန့်ကာ သပ်ပေးလိုက်လေသည်။ သူမသာ မေ့သွားခဲ့ရင် သူတော့ အဲကြောင်းကို နှမြောလိုက်ရတော့မှာ စိုးရိမ်နေရတာ။ မနေ့က သူ့ဘဝမှာ ဆန္ဒအပြင်းအပြဆုံး စိတ်အင်အားကို တကယ်သုံးခဲ့တာပဲ။
သူမ မှတ်မိသေးတယ်ဆိုတော့ တော်သေးတာပေါ့။ အနည်းဆုံးတော့ နောက်ဆိုရင် သူ သူမကို နမ်းလို့ရပြီလေ။ စုန့်ဝေဖျင်က အနည်းငယ် စိတ်ကျေနပ်သွားတော့သည်။
သို့သော်ငြား အနာဂတ်တွင် သောက်စားပြီး ပြဿနာထပ်ရှာခြင်းမှ ကာကွယ်ရန် စုန့်ဝေဖျင်က စိတ်ဆုံးဖြတ်လိုက်တော့သည်။
“ထပ်မသောက်နဲ့တော့နော်၊ ဒီတစ်ခါတော့ ကို အတည်ပြောတာ”
သူ အခုချိန်ကစပြီး သူမကို သေသေချာချာ စောင့်ကြည့်မှဖြစ်တော့မယ်။
ရွှီရှောင်ကျောင်းက အမှတ်တမဲ့ ညည်းလိုက်ပြီး စိတ်ထဲကတော့ ပြန်ပြောလိုက်လေသည်။ သူ့မှာ နောက်ဆုံး ပြောတာဆိုတာ ရှိလာမှာလဲမဟုတ်ဘဲနဲ့။
စုန့်ဝေဖျင်က သူမ၏ဆံပင်ကို သပ်ပေးနေလေသည်။ သူ၏ အတန်သင့်အားကို ခံစားမိလိုက်ပြီး ရွှီရှောင်ကျောင်းက သူ၏မျက်လုံးများကို သက်သက်သာသာ မှိတ်ထားလိုက်လေသည်။ ရုတ်တရက် သူမက ထိုသို့ တွေးမိသွားတော့သည်။ ဒါလည်း ဆိုးပါဘူးလေ။
ဘာပဲဖြစ်ဖြစ် ငါတို့တွေက ကလေးမှမလိုချင်တာ။ မေတ္တာစိတ်လေးနဲ့ ချစ်ကြတာလဲ ကောင်းတာပါပဲ။
ထိုအကြောင်းကို စဥ်းစားလိုက်ပြီးနောက် ရွှီရှောင်ကျောင်းက စိတ်အေးသွားတော့သည်။ သူမက သူ့လက်မောင်းပေါ်တွင် အကြောဆန့်ရင်း ပြောလိုက်တော့သည်။
“စုန့်ဝေဖျင် ဒီနေ့ ငါတို့တွေ ဘယ်ကို သွားလည်ကြမှာလဲ”
လုပ်စရာရှိတာအားလုံးကို လုပ်ပြီးသွားပြီလေ။ ငါလေးကို ခေါ်လည်ဖို့ အချိန်ကျပြီ။
သူမ၏ညအိပ်ဂါဝန်ကို မနေ့ညက သူ့အကူအညီဖြင့် ဝတ်ခဲ့ရခြင်းပင်။ ဂါဝန်က တိုလွန်းနေသည်။ သူမ လှုပ်ရှားလိုက်သောအခါ သူမ၏နူးညံ့သည့်အသားအရေက သူ့ခန္ဓာကိုယ်ကို လာဖိမိသွားပြီး စုန့်ဝေဖျင်မှာ ချက်ချင်း တောင့်တင်းသွားတော့သည်။
စုန့်ဝေဖျင်က မသိမသာ နောက်သို့ကျုံ့လိုက်ပြီး သူမနှင့်တိုင်ပင်လိုက်၏။
“ကို မင်းကို မနက်ဖြန်မှ ခေါ်လည်ပေးမယ်၊ ဒီနေ့ကတော့ ကိုနဲ့အတူ လူတစ်ယောက်ကို သွားတွေ့ဖို့ လိုက်ခဲ့ရမယ်”
“ဘယ်သူလဲ၊ ထပ်ပြီး မိန်းမတော့ မဟုတ်ဘူးမလား”
ရွှီရှောင်ကျောင်းက သူ့ကို ကြည့်လိုက်၏။
စုန့်ဝေဖျင်က ခေါင်းခါပြလိုက်ပြီး
“ကောင်လေးတစ်ယောက်ပါ၊ ရှောင်ကန်းထက် နည်းနည်းလောက်ပဲ ကြီးလိမ့်မယ်”
စုန့်ဝေဖျင်က ရွှီရှောင်ကျောင်းကို ခေါ်ပြီး သွားတွေ့မည်သူမှာ ချန်းကျီဟု ခေါ်သည်။
ချန်းကျီသည် ပိန်ပိန်သေးသေးလေးဖြစ်နေ၏။ ရွှီရှောင်ကျောင်းက သူ့ကို ပထမဆုံး တွေ့ရချိန်တွင် သူသည် လမ်းဘေးအရိပ်ထဲတွင် ဆောင့်ကြောင့်ထိုင်နေပြီး ပျင်းရိစွာ ငိုက်မြည်းနေလေသည်။ သူသည် စုန့်ဝေဖျင်ကို တွေ့လိုက်ရသောအခါ သူ့မျက်လုံးများက ရုတ်တရက်ဆိုသလို အံ့ဩရိပ်များ ပေါက်ထွက်လာတော့သည်။ သူက “အစ်ကိုဝေဖျင်’ဟု အော်ခေါ်လိုက်ပြီးနောက် သူတို့ထံသို့ ပြေးလာလေသည်။
သည်လမ်းက အလွန်မှ စုတ်ချာလွန်းသည်။ တစ်ထပ်အိမ်ငယ်လေးများစွာက ပြန့်ကျဲနေသည်။ ရွှီရှောင်ကျောင်းသည် စုန့်ဝေဖျင်က ပြီးခဲ့သည့်အခေါက်က သည်နေရာတွင် တစ်လလောက် နေခဲ့လိမ့်မည်ဟု ထင်မထားခဲ့ချေ။
ချန်းကျီက တရားဝင်တရုတ်စကားကို တစ်နည်းနည်းဖြင့် ဗန်းစကားလိုပြောရင်း စုန့်ဝေဖျင်ဘေးတွင် တတွတ်တွတ်ပြောလာလေသည်။
“အစ်ကိုဝေဖျင် ဒီတစ်ခါရော ကျွန်တော့်အိမ်မှာ နေမလို့လား”
စုန့်ဝေဖျင်က ခေါင်းခါလိုက်ပြီး သူ့ကို ရွှီရှောင်ကျောင်းနှင့် မိတ်ဆက်ပေးလိုက်၏။
“ရှောင်ကျီ၊ ဒါက မင်းရဲ့ မရီးလေ၊ ငါ ဒီတစ်ခါ ဒီမှာ နေမှာ မဟုတ်ဘူး၊ ငါ မင်းကို လာတွေ့တာ”
သူက ဝယ်လာသည့် အစားအသောက်များကို ချန်းကျီအား လှမ်းပေးလိုက်ပြီး ရွှီရှောင်းကျောင်းကို သူနှင့်မိတ်ဆက်ပေးလိုက်၏။
“သူ့ကို ရှောင်ကျီလို့ ခေါ်လို့ရတယ်၊ သူ့မိဘတွေက မရှိတော့ဘူး၊ ပြီးတော့ သူက တစ်ယောက်ထဲနေတာ၊ တော်တော်လေး သနားစရာကောင်းတယ်”
ရွှီရှောင်ကျောင်းသည် သိလိုစိတ်ကို မျိုသိပ်ထားလိုက်ပြီး အပြုံးလေးနှင့် ချန်းကျီကို နှုတ်ဆက်လိုက်တော့သည်။
“တွေ့ရတာ ဝမ်းသာပါတယ် ချန်းကျီ”
ချန်းကျီသည် ရွှီရှောင်ကျောင်းကို မြင်လိုက်ရသောအခါ အခိုက်တန့် အနည်းငယ်ရှက်သွားလေသည်။ သူက နောက်စေ့ကို ပွတ်သပ်လိုက်၏။ သူ၏ ဝါညစ်ညစ်မျက်နှာပေါ်တွင်တော့ ရိုးသားသည့်အပြုံးတစ်ခု ရှိနေကာ
“တွေ့ရတာ ဝမ်းပါတယ် မရီး၊ မရီးက အရမ်းလှတာပဲ”
ချန်းကျီ၏အိမ်သည် တစ်ထပ်အိမ်ငယ်များ တန်းစီထားသည့်အလယ်တွင်ရှိလေသည်။ အဝင်မှ သုံးလေးမီတာလောက်သာ ကျယ်ဝန်းသည့် ခြံဝင်းတစ်ခုဖြစ်ပြီး နောက်တွင် သုံးခန်းသာသာ သာရှိသည့် အိမ်ပုလေးတစ်လုံး ရှိနေသည်။ အိမ်ထဲတွင် ဘာမှမရှိချေ။ အနည်းငယ် ယိုယွင်းနေပုံပေါ်သည်။
အခန်းသုံးခန်းကို အရှေ့နှင့် အနောက်ခန်းများအဖြစ်ခွဲထားသည်။ စုန့်ဝေဖျင်က သုံးခန်းထဲက တစ်ခန်းကို ညွှန်ပြလိုက်ပြီး ပြောလိုက်၏။
“ပြီးခဲ့တဲ့ အခေါက်တုန်းက ကိုယ် ဒီအခန်းမှာ နေခဲ့တာလေ”
ချန်းကျီက ပြုံးကာ ရွှီရှောင်ကျောင်းကို မိတ်ဆက်လိုက်သည်။
“မရီး၊ ဒါက ကျွန်တော့်အရင်နေခဲ့တဲ့အခန်းလေ၊ ကျွန်တော့်မိဘတွေ ဆုံးသွားတော့ ကျွန်တော် သူတို့ကို အခန်းကို ပြောင်းနေလိုက်တာ၊ ဒီအခန်းက အမြဲတမ်းလွှတ်နေတာ”
သူတို့သည် အခန်းထဲသို့ မဝင်ခဲ့ချေ။ ခြံဝင်းထဲတွင် စားပွဲတစ်လုံးနှင့် ထိုင်ခုံရှည်များရှိလေသည်။ ချန်းကျီက ခုံတန်းရှည်နှင့် စားပွဲများကို သန့်ရှင်းနေအောင် သုတ်လိုက်ပြီး စုန့်ဝေဖျင်နှင့် ရွှီရှောင်ကျောင်းတို့ကို ထိုင်ခိုင်းလိုက်၏။
စုန့်ဝေဖျင်က ချန်းကျီကို အမြဲတမ်း စိတ်ထဲတွင်ရှိနေသဖြင့် သည်နေ့ သူ့ကို လာတွေ့လိုက်ခြင်းပင်။ ထိုင်လိုက်ပြီးနောက် စုန့်ဝေဖျင်က သူ့ကို မေးလိုက်၏။
“အဲဒီလူတွေ မင်းကို အနိုင်ကျင့်ကြသေးလား”
ချန်းကျီက အသံကျယ်ကျယ် အော်ရယ်လိုက်ပြီး
“ဟင့်အင်း၊ အစ်ကိုဝေဖျင်၊ အစ်ကို သူတို့တွေကို တီးပလိုက်ပြီးကတည်းက သူတို့တွေ ကျွန်တော့်ကို ထပ်ပြီး လာမနှောင့်ယှက်ရဲတော့ဘူး၊ ပြီးတော့ ကျွန်တော် အစ်ကို့ဆီက လှည့်ကွက်နည်းနည်းပါးပါး သင်ထားသေးတယ်လေ။ သူတို့ထဲက တချို့က ကျွန်တော့်ကို ပြဿနာလာရှာတော့ ကျွန်တော် ပြန်ကျွေးတာ ခံလိုက်ရတယ်၊ အခု ကျွန်တော် သူတို့ကို မကြောက်တော့ဘူး”
ရွှီရှောင်ကျောင်းက သူတို့စကားဝိုင်းကို နားထောင်လိုက်ပြီးမှ ပြီးခဲ့သည့်အခေါက်က စုန့်ဝေဖျင်က ချန်းကျီကို ကူညီပေးခဲ့မှန်း ဖြည်းဖြည်းချင်း နားလည်လာခဲ့သည်။
တိုက်တိုက်ဆိုင်ဆိုင် ချန်းကျီတွင် အခန်းလွတ်တစ်ခု ရှိနေသဖြင့် စုန့်ဝေဖျင်က ပြောင်းလာခဲ့ခြင်းပင်။ တစ်ချက်မှာက သူသည် ချန်းကျီကို ကူညီပေးဖို့ ခဏလောက်နေလိုက်ခြင်းပင်။ ဒုတိယတစ်ချက်ကတော့ သူလည်း ငွေအနည်းငယ် ချွေတာနိုင်ပေမည်။
စုန့်ဝေဖျင်က သည်တစ်ကြိမ် ချန်းကျီကို လာတွေ့ခြင်းက တခြားကိစ္စအတွက်ပင်။
“ငါ မင်းအတွင် အလုပ်တစ်ခု ရှာတွေ့ထားတယ်၊ မင်းက ငယ်သေးတယ်၊ ကြီးကြီးမားမား အလုပ်တွေ မလုပ်နိုင်သေးဘူး၊ ငါ့အသိတစ်ယောက်က ဂိုဒေါင်တစ်ခု ပိုင်ထားတယ်၊ သူက ကုန်ပစ္စည်းတွေကို ချဖို့ ခဏခဏ လိုတတ်တယ်၊ ငါ သူ့ကို အသိပေးထားပြီးပြီ၊ မင်း နောက်ပိုင်း လုပ်စရာမရှိရင် ကုန်ပစ္စည်းတွေ သွားချကူလိုက်”
ချန်းကျီသည် စုန့်ဝေဖျင်က သူ့အတွက် အလုပ်တစ်ခု ရှာပေးလိမ့်မည်ဟု ထင်မထားခဲ့ပေ။
“တကယ်လား အစ်ကိုဝေဖျင်၊ တစ်ယောက်ယောက်က ကျွန်တော့်ကို လိုသလား”
သူသည် အသက်မွေးဖို့ အရင်က အပြင်ထွက်ပြီး အလုပ်မရှာခဲ့သည်တော့ မဟုတ်ချေ။ သူသည် အရမ်းပိန်လွန်းသဖြင့် သူတို့က သူတို့ကို လုံးဝမလိုချင်တာပင်။ မဟုတ်လျှင် သူတို့က သူ့ကို စာချုပ်တစ်မျိုးမျိုးတွင် လက်မှတ်ထိုးစေချင်ကြသည်။ ကံကောင်းချင်တော့ သူက စာလုံးများကို နည်းနည်းပါးပါး ဖတ်တတ်လေသည်။ စာချုပ်က သံသယဖြစ်စရာ ကောင်းနေသည်ကိုတွေ့လိုက်ရပြီး ထိုလူများတွင် မကောင်းသည့်ရည်ရွယ်ချက် ရှိနေမှန်း သိလိုက်သဖြင့် သူက အလုပ် ထပ်မရှာတော့ခြင်းပင်။
စုန့်ဝေဖျင်က ခေါင်းညိတ်လိုက်ပြီး
“မင်း အရင်ဆုံး စမ်းကြည့်လိုက်လေ၊ ဉာဏ်ရှိရှိနေပြီး အခွင့်အရေးကောင်းတိုင်းကို ဖမ်းဆုပ်တတ်ရမယ်”
“အင်း အင်း အင်း” ချန်းကျီက မြန်မြန်ဆန်ဆန် ခေါင်းညိတ်လိုက်၏။
အပြန်လမ်းတွင် ရွှီရှောင်ကျောင်းက စုန့်ဝေဖျင်ကို မေးလိုက်၏။ သူ အနိုင်ကျင့်ခံနေရတာကို မြင်လိုက်တုန်းက နင် သူ့ကို ကယ်ခဲ့တာလား”
စုန့်ဝေဖျင်က ခေါင်းညိတ်ပြလိုက်၏။
ထိုအကြောင်းကို စဥ်းစားကြည့်မိတော့ ဒါက တိုက်ဆိုင်မှုတစ်ခုပင်။ ထိုအချိန်က စုန့်ဝေဖျင်သည် သည်မြို့သို့ ရောက်စလေးတင် ရှိသေးလေသည်။ ထိုနေ့က ချန်ဟိုင်လုံထံ ကုန်ပစ္စည်းများကို လွှဲပေးလိုက်ပြီးနောက်တွင် သူသည် နေဖို့ နေရာတစ်ခု ရှာလိုက်လေသည်။
သူသည် တစ်ယောက်တည်းဖြစ်နေသဖြင့် ဘယ်တည်းခိုခန်းတွင်မှ တည်းခိုဖို့ စဥ်းစားမထားချေ။ ပတ်မေးလိုက်ပြီးနောက် ချန်းကျီနေသည့်နေရာတွင် အများကြီးစျေးသက်သာသည့် နေရာတစ်ခုရှိမှန်း ကြားခဲ့ရသည်။ ထို့ကြောင့် သူက နေဖို့ရန် လာရှာကြည့်ချင်ခဲ့သည်။
ထို့နောက်တွင်တော့ သူသည် ချန်းကျီနှင့် တွေ့ခဲ့ရသည်။ ထိုအချိန်က သူသည် သူ့ထပ်ကြီးသည့် ကလေးတချို့၏ မြေပေါ်သို့ တွန်းလဲခြင်းခံလိုက်ရသည်။ သူ့နှာခေါင်းနှင့်မျက်နှာက ပွန်းပဲ့နေပြီး ရိုက်ခံထားရသဖြင့် ယောင်ကိုင်းနေလေသည်။
စုန့်ဝေဖျင်သည် မည်မျှပင် အသည်းမာသည်ဖြစ်စေ ဘာမှမလုပ်ဘဲတော့ မနေနိုင်ချေ။ ချန်းကျီကို ကယ်ပေးလိုက်ပြီးနောက်တွင် စုန့်ဝေဖျင်က သူ့အိမ်တွင် နေဖို့ အခွင့်အရေးကို အသုံးချလိုက်လေသည်။ ချန်းကျီကလည်း ကျေးဇူးပြန်ဆပ်ရမည်ကို သိလေသည်။ သူက တစ်လလုံးလုံး ငွေတပြားမှ မတောင်းခဲ့ဘဲ စုန့်ဝေဖျင်နှင့်အတူ နေလိုက်လေသည်။
“သူက ပိန်တယ်ဆိုပေမဲ့ ၁၆-၁၇ လောက်တော့ရှိပြီ၊ သူ တော်တော်လေး ဉာဏ်လည်းကောင်းတယ်၊ သူ့မိဘတွေက မနှစ်က ဆုံးသွားတာထင်တယ်၊ စီးပွားရေး ဖွင့်ပေးလိုက်ပြီဆိုတော့ သူ ငတ်သေမှာတော့ မဟုတ်ပါဘူး၊ သူက ကားဂိတ်နားနဲ့ တခြားနေရာတွေကိုသွားပြီး လမ်းပြလုပ်ရင်း ဒါမှမဟုတ် တခြားသူဆီကို သတင်းပေးရင်း ငွေနည်းနည်းပါးပါး ရှာခဲ့တာ၊ အဲတစ်ခေါက်က သူ အရိုက်ခံရတာကလည်း သူ ငွေရှာနိုင်တာကို တခြားသူတွေ တွေ့သွားပြီး ပြဿနာရှာနေတာ”
ရွှီရှောင်ကျောင်းက သိချင်သွားတော့သည်။
“နင် ဘာလို့ သူ့အတွက် အလုပ်ရှာပေးလိုက်သေးတာလဲ”
စုန့်ဝေဖျင်က သူ့နှုတ်ခမ်းများကို စေ့ထားလိုက်ပြီး သူ့ကို လှမ်းကြည့်လိုက်ကာ
“သူက တော်တော်လေး သနားစရာကောင်းတဲ့ အခြေအနေတစ်ခုထဲမှာလေ၊ အိမ်နီးချင်းတွေက သူ့ကို ဂြိုဟ်ဆိုးတစ်ကောင်ဆိုပြီး ဘယ်သူမှ သူ့ကို စကားမပြောကြဘူးလေ”
“ဂြိုဟ်ဆိုး’ ဟူသည့်စကားလုံးထွက်လာသည်နှင့်တစ်ပြိုင်နက် ရွှီရှောင်ကျောင်းသည် စုန့်ဝေဖျင်၏ စိတ်အခြေအနေကို ချက်ချင်းနားလည်သွားတော့သည်။ သူ့အတိတ်က ရုန်းကန်မှုတွေကို ချန်းကျီဆီမှာ မြင်လိုက်ရတာပဲဖြစ်ရမယ်။
အဲဒီတုန်းက အဘွားစုန့်ရဲ့သားနှစ်ယောက်နဲ့ ချွေးမနှစ်ယောက်လုံးကလည်း သေသူသေ၊ ထွက်ပြေးသူ ထွက်ပြေားနဲ့ စုန့်ဝေဖျင်နဲ့ အဘွားစုန့်တို့က အချင်းချင်း မှီခိုရင်း ကျန်ခဲ့ရရှာတာ။
အဲလို သတင်းအချက်လက်နည်းပါးပြီး အစွန်းရောက် အယူသီးတဲ့ခေတ်ထဲမှာ သူ ဝမ်းနည်းစရာ နစ်နာစရာတွေအများကြီး ခံစားရခဲ့မှာပဲ။
ရွှီရှောင်ကျောင်းသည် ရုတ်တရက် သတိရသွားတော့သည်။ သူတို့တွေ ညစာဧည့်ခံပွဲလုပ်ကြတုန်းက အဘွားဖက်က စုန့်ဝေဖျင်ရဲ့ ဝမ်းကွဲဦးလေးက စုန့်ဝေဖျင်ကို မြင်တော့ မြွေနဲ့ ကင်းမြီးကောက်ကို ရှောင်သလို ရှောင်နေခဲ့တဲ့ပုံပဲ။
ဆွေမျိုးတွေက အဲလိုပဲ။ လေနဲ့ပါလာတဲ့ သတင်းကို နားထောင်ကြပြီး မိုးလိုပဲ ပြုမူတတ်ကြတဲ့ အဲဒီရွာသားတွေဆိုရင်တော့ ပြောနေစရာတောင်မလိုဘူး။
“စုန့်ဝေဖျင်” ရွှီရှောင်ကျောင်းက သူ့လက်ကို ကိုင်လိုက်လေသည်။
သူမ၏ စိတ်မကောင်းသည့်ရုပ်လေးကို မြင်လိုက်သည်တွင် စုန့်ဝေဖျင်သည် အနည်းငယ် သဘောကျသွားတော့သည်။
“မင်း ဘာဖြစ်နေတာလဲ”
ရွှီရှောင်ကျောင်းက စူပုတ်ထားလိုက်ပြီး
“နင့်အတွက် ငါ ရင်နာရလို့ပါ”
စုန့်ဝေဖျင်၏ မျက်လုံးများက အနွေးဓာတ်တစ်ခုနှင့် ဖျတ်ခနဲလက်သွားလေသည်။ သူက သူမ၏ လက်များနှင့် လက်ချင်းယှက်ကာ တွဲလိုက်ပြီး
“ဒါတွေအားလုံးက အတိတ်ပါလေ”
သူမနဲ့ တွေ့ဆုံပြီးနောက်ပိုင်း အရာအားလုံးက ပိုကောင်းလာခဲ့တာပဲ။ ဒီတော့ အတိတ်က သူ ခံစားခဲ့ရတဲ့ နစ်နာမှုနဲ့ အာဃာတတရားကို အချိန်အတိုင်းတစ်ခုအထိတော့ ကျေးဇူးတင်ရပါတယ်။
စုန့်ဝေဖျင်သည် သူ့စိတ်ထဲက ကိစ္စတစ်ခုကို ဖြေရှင်းလိုက်ပြီးနောက်တွင် ရွှီရှောင်ကျောင်းကို ရက်အနည်းငယ်လောက် ခေါ်လည်လိုက်လေသည်။
သူတို့သည် အသစ်ဖွင့်ထားသည့် အပန်းဖြေဥယျာဥ်ကို သွားခဲ့ကြသည်။ စုန့်ဝေဖျင်က လှုပ်ရှားမှုအားလုံံးတွင် သူမနှင့်အတူ ကစားပေးခဲ့သည်။ ကင်မရာထဲတွင် သူမ၏ အော်နေပုံနှင့် အော်ရယ်နေပုံများက ကျန်ရစ်တော့သည်။ စုန့်ဝေဖျင်က ဓာတ်ပုံအားလုံးကို ထုတ်ဖို့ ဓာတ်ပုံဆိုင်ကို သွားခဲ့ပြီး အားလုံးကို အလွန်မှ မြတ်နိုးရလေသည်။
သူတို့သည် စိတ်ခံစားမှုအကောင်းဆုံး အချစ်ရုပ်ရှင်ကို ကြည့်ခဲ့ကြသည်။ မှိန်ဖျဖျ အလင်းရောင်အောက်တွင် တခြားလူငယ်ချစ်သူများလို သူတို့သည်လည်း တိတ်တိတ်လေး ဖက်ကာ အနမ်းပေးကြပြီး တွယ်ရစ်နေမိခဲ့ကြသည်။
သူတို့သည် လမ်းထောင့်နားက နာမည်အကြီးဆုံး ကော်ဖီဆိုင်သို့ သွားခဲ့ကြပြီး မြို့ပတ်ကားပေါ်တွင် ထိုင်ကာ တစ်နေ့လုံး တပူးတွဲတွဲရှိခဲ့ကြလေသည်။
ထို့ကြောင့် စုန့်ဝေဖျင်က စတင်အလုပ်များတော့မည့်အချိန်တွင် ရွှီရှောင်ကျောင်းက အနည်းငယ် အင်တင်တင် ဖြစ်မိသွားတော့သည်။
သူမသည် စုန့်ဝေဖျင်နှင့် မခွဲလိုသေးချေ။
စုန့်ဝေဖျင်က သည်နေ့တွင် စျေးကွက်ကို စုံစမ်းဖို့ရန် သွားမည်ဖြစ်ကာ နောက်အလုပ်တစ်ခုတွင် ရင်းနှီးရမည့် ပစ္စည်းများကို ကြည့်ရှုရန်အတွင်း ပြီးခဲ့သည့်အခေါက်က ပါတနာတချို့နှင့် သွားတွေ့ရမည်။
“မင်း ကိုနဲ့ လိုက်ခဲ့ချင်လား” စုန့်ဝေဖျင်က ခေါ်လိုက်၏။
ရွှီရှောင်ကျောင်းက သက်ပြင်းချလိုက်ပြီး ခေါင်းခါလိုက်ကာ သူ့နောက် လိုက်မသွားဖို့ သူမကိုယ်သူမ ဖိအားပေးလိုက်တော့သည်။
“ငါက နင်နဲ့ ပေါင်းထားတဲ့အမြွှာလိုတောင် ဖြစ်တော့မယ်၊ စုန့်ဝေဖျင် ငါ နင့်ကို ပိုပိုပြီး တွယ်ကပ်လာတာကို သတိမထားဘူးလား”
စုန့်ဝေဖျင်းက ပြုံးလိုက်ပြီး
“ကိုကတော့ တခြားကို မလိုတော့ချင်တော့ဘူး”
ရွှီရှောင်ကျောင်းက ကိုယ့်ဟာကိုယ် အနည်းငယ် အထင်သေးမိသွားတော့သည်။ အရင်က သူမ တစ်သက်စာအတွက် အခန်းဖော်လုပ်မယ်လို့ ဘယ်သူပြောခဲ့တာလဲ။ နောက်ဆုံးတော့ ငါလေးက ငါလေးရဲ့အခန်းဖော်နဲ့ တွဲနေခဲ့မိပြီတဲ့လေ။
“ဟင့်အင်း ရှန့်ဟွားဟွားက ငါ့ကို ခဏခဏ လာရှာနေတာ၊ ငါ သူနဲ့ တွေ့ရမယ်၊ ပြီးတော့ ဒီကောင်မလေးက ကောင်းပါတယ်၊ ငါ သူ့ကို အရမ်းသဘောကျတယ်”
ထိုအကြောင်းကို ပြောလိုက်တော့ စုန့်ဝေဖျင်က အနည်းငယ် မကျေမနပ်ဖြစ်မိလေသည်။ တစ်ပတ်လုံးနီးပါး ရှန့်ဟွားဟွားက နေ့လယ်ခင်းတိုင်း ဟိုတယ်ဧည့်ခန်းမှာ စောင့်နေတတ်ပြီး သူတို့တွေ တွေ့ကြရင်လည်း ရွှီရှောင်ကျောင်းဘေးမှ ကပ်နေတာ သူ့ကိုတောင် မသိမသာ ရန်ရှာနေတတ်သေးတယ်။
ဟိုတုန်းက ကျိုးဖင့်ရှန်းထက်တောင် ပိုပြီး စိတ်ရှုပ်ဖို့ကောင်းသေးတယ်။
“သူ့မှာ ဘာလို့များ အဲလောက်အချိန်တွေအများကြီး ရှိနေတာလဲ” စုန့်ဝေဖျင်က မျက်မှောင်ကျုံ့လိုက်၏။
ရွှီရှောင်ကျောင်းက ဖြူလွှလွှ ဝမ်းဆက်တစ်စုံကို လဲဝတ်လိုက်ပြီး သူမ၏ခန္ဓာကိုယ်ပေါ်တွင် ချိုင်းပြတ်အဖြူရောင်အင်္ကျီနှင့် ခါးမြင့်အဖြူရောင်ဘောင်းဘီ ဝတ်ထားလေသည်။ သူမသည် လန်းဆန်းကာ စွမ်းရည်ရှိသူတစ်ယောက်နှင့် တူနေလေသည်။ ရှေ့ရက်အနည်းငယ်က ဖြူစင်ပြီး နှစ်လိုဖွယ်ကောင်းသည့်ရုပ်မှာ မရှိတော့ပေ။
ရွှီရှောင်ကျောင်းက နှုတ်ခမ်းနီဆိုးလိုက်ပြီး မှန်ထဲတွင် စစ်ဆေးကြည့်လိုက်၏။ သူမက သူမ၏ရုပ်လေးကို ပြီးပြည့်စုံသွားပြီဟု ထင်မိလေသည်။ ထို့နောက် သူမက စုန့်ဝေဖျင်ဘက်သို့ လှည့်ကာ
“သူက စိတ်ပါလက်ပါနဲ့ လုပ်ငန်းတစ်ခုကို စချင်နေတာလေ၊ မဟုတ်ဘူးလား၊ ပြီးတော့ ငါ့ကို သူနဲ့လက်တွဲဖို့ တိုက်တွန်းနေတာ၊ ငါ သွားကြည့်ကြည့်လိုက်အုံးမယ်”
ရွှီရှောင်ကျောင်းက စုန့်ဝေဖျင်ကို ဝင့်ကြွားကာ ကြည့်လိုက်ပြီး
“စုန့်ဝေဖျင် ပြောလို့မရဘူးနော်၊ ငါ နင့်ထက်စောပြီး သူဌေးဖြစ်လာနိုင်တယ်”
စုန့်ဝေဖျင်က သူမ၏နှာခေါင်းလေးကို ဖျစ်ကာ ပြောလိုက်၏။
“အခုချိန်ကစပြီး ကျွန်တော့်ကို စောင့်ရှောက်ပေးပါအုံးနော် သူဌေးရွှီ”
ရွှီရှောင်ကျောင်းက ပိုလို့ပင် ပျော်ရွှင်သွားပြီး
“ဆွေးနွေးရတာ လွယ်ပါတယ်လေ၊ နင် လုပ်ဆောင်ချက်အပေါ်ပဲ မူတည်တာ၊ အိပ်ရာကို သေသေချာချာလေး နွေးအောင်လုပ်ပေးပေါ့၊ ငါ နင့်ကို ဆုကြီးတစ်ခုချပေးမယ်”
သူမ စကားဆုံးသွားသည်နှင့်တစ်ပြိုင်နက် စုန့်ဝေဖျင်၏မျက်လုံးများက မဲနက်လာပြီး ခေါင်းလေးကို ငုံ့ကာ သူမကို မေးလိုက်လေသည်။
“ဘာဆုလဲ”
ရွှီရှောင်ကျောင်းက သူ့ကို မြန်မြန် တွန်းထုတ်လိုက်ပြီး
“နင် ဘာလုပ်တာလဲ၊ အနားကပ်မလာနဲ့နော်၊ စုန့်ဝေဖျင် နင်လေ ပိုပိုပြီး အရှက်မရှိဖြစ်လာပြီ”
တစ်ခါလှည့်တိုင်း အထိခံနေရတယ်။ ရွှီရှောင်ကျောင်းသည် သူမ၏အိတ်ကို ယူလိုက်ကာ ဖိနပ်လဲဝတ်ဖို့ ပြင်ဆင်လိုက်၏။
“ရှန့်ဟွားဟွား ငါ့ကို အောက်ထပ်မှာ စောင့်နေပြီ၊ နင် ငါ့နှုတ်ခမ်းနီးကို စွန်းအောင်လုပ်ခဲ့မိရင် ငါ နင့်ကို သေအောင်ရိုက်ရလိမ့်မယ်”
စုန့်ဝေဖျင်က နှမြောတသဖြစ်သွားကာ
“ဒါဆိုလည်း ဆုအကြောင်းကို ညကျမှ ပြောကြမယ်”
ဖွီး။ ဘယ်သူက ပြောချင်နေလို့လဲတဲ့။