← Chapters

အခန်း (၆၄-၆၆)

Vol. 5 Ch. 64-66

အခန်း (၆၄-၆၆)

Vol. 5 Ch. 64-66

အပိုင်း (၆၄.၁)

ရှန့်ဟွားဟွားက ဧည့်ခန်းထဲတွင် စောင့်နေပြီး သူမသည် ချန်ကျန်းကျူးက သူမကိုဆွဲကာ မင်းသားတစ်ယောက်ကို သွားတွေ့မည့်အချိန်ကလို ဖြစ်နေတော့သည်။

သူက ချန်ကျန်းကျူး ပြောခဲ့သလို ဖြစ်နေလေသည်။ သူမ၏မျက်နှာက နီရဲနေပြီး ရင်ခုန်နေကာ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးက ပူထူနေလေသည်။

အရမ်းစိတ်လှုပ်ရှားဖို့ကောင်းတာပဲ။

သူမက မှန်ငယ်လေးတစ်ခုကို ထုတ်လိုက်ပြီး ဘာမှ ပေကျံမနေတာ သေချာအောင် သူမ၏မျက်နှာကို ထပ်ကြည့်လိုက်၏။ ထို့နောက်တွင် သူမက ပုံစံတကျ ထိုင်လိုက်ပြီး ဆက်စောင့်နေလိုက်လေသည်။ သူမက မိနစ်နှစ်ဆယ် စောပြီးလာခဲ့တာလေ။ အစ်မရှောင်ကျောင်းကတော့ အချိန်နည်းနည်းလောက် ပိုယူသင့်ပါတယ်။

သူမ၏ အတွေးဆုံးသွားသည်နှင့်တစ်ပြိုင်နက် ရွှီရှောင်ကျောင်းက လှေကားမှ ဆင်းလာသည်ကို တွေ့လိုက်ရတော့သည်။

ရှန့်ဟွားဟွားမှာ တဖန် မှင်တက်အံ့သြရပြန်သည်။

သူမက ပြီးခဲ့တဲ့အခေါက် ညစာစားပွဲတုန်းကနဲ့ ဒီနေ့ကျတော့ လုံးဝ မတူတော့တာပဲ။

ပြီးခဲ့တဲ့အခေါက်တုန်းက သူမက အနီရောင်ဂါဝန်ကို ဝတ်ထားပြီး နတ်မိမယ်တစ်ပါးလို မှင်တက်အံ့ဩစရာ ကောင်းတယ်။ ဒီတစ်ကြိမ်ကျတော့ သူမက ရှင်းသန့်နေတဲ့ အဖြူရောင်ဝမ်းဆက်တစ်စုံကို ဝတ်ထားတော့ သူမကို စမတ်ကျပြီး ခေတ်မီစေပြီး ‘ငါက ဘုရင်မ’ဆိုတဲ့ အရောင်အဝါတစ်ခု ထုတ်လွှတ်နေတယ်။

“အားးး အစ်မရှောင်ကျောင်း ဒီနေ့ အရမ်းမိုက်တာပဲ”

ဟုတ်တယ်။ မိုက်တာ။ ရှန့်ဟွားဟွား၏စိတ်ထဲမှ ပထမဆုံး ထွက်လာသည့် စကားလုံးမှာ ချန်ကျန်းကျူးက ထိုကိုလူချောများကို ပြောတတ်လေ့ရှိသည့် စကားလုံးပင်ဖြစ်နေတော့သည်။

သူမနှင့် မျက်နှာချင်းဆိုင်လိုက်ချိန်တွင် ရွှီရှောင်ကျောင်းသည် စီရင်စုမြို့ အလုပ်သမား၊ လယ်သမား စစ်သည်ကောလိပ်တွင် သင်ခဲ့ဖူးသည့် ကျန်းမေလိနှင့် တွေ့လိုက်ရသလို ခံစားလိုက်ရတော့သည်။

သို့သော် ကျန်းမေလိက ရှန့်ဟွားဟွားလောက် အစွဲအလမ်းမကြီးပေ။

ရွှီရှောင်ကျောင်းက သူမနောက်လိုက်လာတဲ့ စုန့်ဝေဖျင်ကို ကြည့်လိုက်ပြီး

“ဒါဆို နင် အလုပ်သွားတော့လေ၊ ငါ သူနဲ့ သွားလည်လိုက်အုံးမယ်”

ရှန့်ဟွားဟွားက အလွန်စိတ်လှုပ်ရှားသွားပြီး

“အင်း အစ်မရှောင်ကျောင်း နို့လက်ဖက်ရည် အတူတူသွားသောက်ရအောင်၊ ကုန်တိုက်ထဲမှာ နို့လက်ဖက်ရည်ဆိုင်တစ်ဆိုင် ရှိတာ သိထားတယ်၊ အရသာရှိတယ်ရယ်”

ရွှီရှောင်ကျောင်းသည် ထိုစကားကို ကြားလိုက်ရသောအခါ မျက်လုံးများ လင်းလက်သွားတော့သည်။ ဒါက လုံးဝကို လုပ်ရမဲ့အရာပဲ။

စုန့်ဝေဖျင်က လူနှစ်ယောက်ထွက်သွားသည်ကို နှုတ်ဆိတ်ကာ စောင့်ကြည့်နေလိုက်ပြီး တိတ်တိတ်လေး သက်ပြင်းချမိလိုက်တော့သည်။

အစကတော့ သူက အလုပ်များမှာမလို့ ရွှီရှောင်ကျောင်းကို တစ်ယောက်ထဲ ချန်ထားခဲ့ရမှာ။ အခုတော့ ရွှီရှောင်ကျောင်းက အရမ်းကို ပေါ့ပေါ့ပါးပါးနဲ့ လျှောက်ပြီးထွက်သွားတာကို မြင်လိုက်ရတော့ သူ့နှလုံးသားထဲမှာ ရှင်းမပြတတ်အောင် လစ်ဟာသွားသလို ခံစားလိုက်ရတယ်။ စွန့်လွှတ်ခံလိုက်ရတဲ့သူက သူ ဖြစ်နေတဲ့အတိုင်းပဲ။

ရွှီရှောင်ကျောင်းမှာ နို့လက်ဖက်ရည်အကြောင်း ကြားလိုက်ချိန်တွင် သူမသည် စုန့်ဝေဖျင်အကြောင်းကို မေ့သွားတော့သည်။ သူမက ရှန့်ဟွားဟွား၏ကားပေါ်သို့ တက်သွားပြီး မေးလိုက်၏။

“အဲဒီနို့လက်ဖက်ရည်ကို သောက်ကြည့်ပြီးပြီလား၊ အရသာက ဘယ်လိုနေလဲ”

ရှန့်ဟွားဟွားသည် ရွှီရှောင်ကျောင်းက သူမ၏အစီအစဥ်ကို မျှော်လင့်နေလိမ့်မည်ဟု ထင်မထားခဲ့ရာ ချက်ချင်း စပြီး မိတ်ဆက်ပေးလေတော့သည်။

သူမသည် နောက်ကြည့်မှန်မှတဆင့် စုန့်ဝေဖျင်၏ သေးကျုံ့သွားသည့်ပုံရိပ်ကို ကြည့်ရင်း သူမ၏ ခံစားချက်များက မြင့်တက်သွားသလို ခံစားလိုက်ရတော့သည်။

ဟား ဟား။ ဒီနေ့တော့ အစ်မရှောင်ကျောင်းက ငါ့အပိုင်ပဲ။

ရှန့်ဟွားဟွားသည် သည်နေ့တွင် အဝါဖျော့ရောင်ဂါဝန်တစ်ထည်ကို ဝတ်ထားရာ သူမကို ငယ်ရွယ်ပြီး ဖျတ်လက်တက်ကြွနေဟန် ဖြစ်နေစေလေသည်။ မိန်းကလေးနှစ်ယောက်က လမ်းပေါ်တွင် လမ်းလျှောက်လာကြပြီး တစ်ယောက်က ဆွဲဆောင်မှုရှိပြီး ကျန်တစ်ယောက်က လှပလေသည်။ သူတို့သည် အလွန်မှ မျက်စိကိုဖမ်းစားနိုင်စွမ်းရှိလှသည်။ လည်ပြန်ကြည့်ကြသည့်နှုန်းက ၁၀၀% ပြည့်လုနီးနီးပင်။

သို့သော်ငြား ရှန့်ဟွားဟွားက အမှန်ပင် အလုပ်အကိုင်ရည်မှန်းချက် အပြည့်ရှိကြောင်း သိလိုက်ရ၏။

နှစ်ယောက်သားက နို့လက်ဖက်ရည်ကို ဝယ်လာခဲ့လိုက်ပြီး လမ်းထောင့်တစ်လျှောက် ကုန်တိုက်ထဲသို့ လျှောက်လာဝင်လာခဲ့ကြသည်။ တမနက်ခင်းလုံး ရှန့်ဟွားဟွားသည် သူမကို ချီးကျူးပြောဆိုသည့်အပြင် သူမ၏အလုပ်အကိုင် အစီအစဥ်များကိုလည်း ပြောပြခဲ့လေသည်။

သူမက ထိုသို့ပြောလိုက်သည့်အပြင် ရွှီရှောင်ကျောင်းကိုလည်း လက်တွဲဖို့ ဆက်တိုက် ခေါ်နေတော့သည်။

“အစ်မရှောင်ကျောင်း ယောက်ျားတွေက အားကိုးလို့မရဘူးလို့ အစ်မပဲ ပြောတာနော်၊ လူကြီးမင်းစုန့်က အစ်မကို အရမ်းချစ်တယ်ဆိုပေမဲ့ ယောကျ်ားတွေကို အားကိုးတာက ကိုယ့်ဟာကိုယ် အားကိုးတာလောက် မကောင်းဘူးလေ ဟုတ်တယ်မလား”

ရွှီရှောင်ကျောင်းက ရေရွတ်လိုက်၏။

“ဟွားဟွားလေး ဟိုတုန်းက သူ့ကို လက်ထပ်ခဲ့တဲ့ ငါ့ရဲ့ရည်ရွယ်ချက်က ငါ့ရဲ့ကျန်တဲ့ဘဝအတွက် သူ့ကို အားကိုးဖို့လေ၊ ငါးဆားနယ်တစ်ယောက်လို နေဖို့၊ ပြီးတော့ အကောင်ကြီးကြီးရဲ့ပေါင်ကို တွယ်ဖက်ထားဖို့ပဲ၊ ဒီလိုမှ ငါ့ကိုယ်ငါ အားကိုးစရာ မလိုမှာလေ”

သို့သော် ရှန့်ဟွားဟွားကတော့ သူမသည် သွေးဆောင်ခံလိုက်ရသည်ဟု ထင်မိလေသည်။

“အစ်မရှောင်ကျောင်း အစ်မတွဲပေးတဲ့ အဝတ်အစားတွေကလေ နောက်ငါးနှစ် ဟင့်အင်း ဆယ်နှစ် နေရင်တောင် ဖက်ရှင်က ဟောင်းသွားမှာ မဟုတ်လောက်ဘူး၊ အဝတ်အစားတွေက သေချာပေါက် နာမည်ကြီးနေအုံးမှာပဲ၊ အစ်မက အဝတ်အစားတွေအတွက် မွေးဖွားလာတာပါဆို၊ ညီမနဲ့လက်တွဲလိုက်၊ ညီမတို့တွေ ဖက်ရှင်ဒီဇိုင်းကို အတူတူလုပ်ကြမယ်လေ”

ရွှီရှောင်ကျောင်းက သူမကို ကြည့်လိုက်ပြီး

“တစ်ချိန်ထဲမှာ လက်ရော ဦးနှောက်ရော သုံးရမှာ၊ အရမ်းပင်ပန်းတယ်”

????

ရှန့်ဟွားဟွားက မျက်တောင်ပုတ်ခတ် ပုတ်ခတ်လုပ်လိုက်ပြီး သူမမှာ နားကြားမှားသွားသည်ဟု ခံစားလိုက်ရလေသည်။ သူမ၏စိတ်ထဲက သန်မာသည့်အမျိုးသမီးက အမှန်တွင်တော့ ဘောပင်ကိုပင် ကိုင်ရမှ ပျင်းရိနေသူတစ်ယောက် ဖြစ်နေသည်တဲ့။

“အစ်မရှောင်ကျောင်း အစ်မ ဘာလို့ အဲလိုဖြစ်နေတာလဲ”

ရွှီရှောင်ကျောင်းက အသံထွက်အော်ရယ်လိုက်ပြီး

“ဒါဆို ပြောကြည့်လေ၊ ငါ ဘယ်လိုနေသင့်တယ်လို့ ထင်လဲ”

ရှန့်ဟွားဟွားမှာ ငိုမဲ့မဲ့ဖြစ်သွားပြီး

“ညီမ တစ်ခုခု အမှားလုပ်ခဲ့မိတာပဲ ဖြစ်ရမယ်၊ အစ်မလိုလူက ဘယ်လိုဖြစ်ပြီး လက်နဲ့ဦးနှောက်ကို သုံးဖို့ ပျင်းတဲ့သူ ဖြစ်နေရတာလဲ”

ရွှီရှောင်ကျောင်းက သူမကို စိတ်ရင်းအတိုင်းကြည့်လိုက်ပြီး

“ငါက အဲလိုလူပဲလေ၊ ငါ စုန့်ဝေဖျင်ကို လက်ထပ်ပြီးသွားတဲ့နောက်ပိုင်း ငါ့အဝတ်အစားတွေကိုတောင် တစ်ခါမှ မလျှော်ခဲ့ရသလို ချက်ပြုတ်တာလဲ မလုပ်ခဲ့ရဘူး၊ နေ့တိုင်း စားလိုက် သောက်လိုက်နဲ့ ပျော်ပါးနေရတာပဲ၊ ငါ လိုအပ်တာတွေ၊ ကြိုက်တာတွေကို စုန့်ဝေဖျင်ကို ဝယ်ပေးဖို့ ပြောတယ်၊ ငါက အစားကြီးပြီး အလကားနေတဲ့လူမျိုး ဖြစ်လောက်တယ်”

ရှန့်ဟွားဟွားမှာ ထိုစကားကို ကြားလိုက်ရသောအခါ သူမ၏မျက်လုံးများက ဝိုင်းစက်သွားတော့သည်။

ယောက်ျားများကို အားကိုးရသည်က မကောင်းဘူးဟု အမြဲတမ်း ခံစားခဲ့မိသော်လည်း အစ်ရှောင်ကျောင်းက ထိုကိစ္စကို သည်လို သဘောထားကြောင်း ကြားလိုက်ရသည်တွင် သူမလည်း အကြောင်းတချို့ကြောင့် တွေ့ကြုံချင်မိသွားတော့သည်။

ရှန့်ဟွားဟွားက ထိုစိတ်ကူးကို ဖယ်ရှားဖို့ မြန်မြန်ခေါင်းခါလိုက်၏။ မဟုတ်ဘူး။ မဟုတ်ဘူး။ သူမက ကိုယ်ပိုင်စီးပွားရေးလုပ်ချင်တဲ့သူပါ။

“အင်းပါ အစ်မရှောင်ကျောင်း၊ အစ်မက အရမ်းလှတော့ အလိုလိုက်ခံရသင့်ပါတယ်၊ ညီမသာဆိုရင်လည်း အစ်မကို မင်းသမီးလေးတစ်ယောက်လို ကျွေးမွေးထားမှာပဲ”

ရွှီရှောင်ကျောင်းက ခေါင်းညိတ်လိုက်ပြီး

“ ဒါကြောင့် မင်းသမီးလေးတွေက အလုပ်လုပ်စရာမလိုဘူးလေ”

ထိုသို့ပြောလိုက်ပြီးနောက် ရှန့်ဟွားဟွားသည် ထိုစကားက မှန်သည်ဟု ခံစားမိလိုက်လေသည်။ ထိုခဏတွင် ရွှီရှောင်ကျောင်းကို အလုပ်လုပ်ခိုင်းဖို့ အကြောင်းပြချက်တစ်ခုပင် ရှာမတွေ့နိုင်အောင် ဖြစ်သွားတော့သည်။ သူမက သက်ပြင်းချလိုက်ပြီး

“ဒါပေမဲ့ အစ်မရဲ့ အဝတ်အစားတွေက အရမ်းလှတာပဲ၊ ပြီးတော့ အစ်မရဲ့တွဲစပ်ပုံက အရမ်းဖက်ရှင်ကျတယ်၊ ညီမရဲ့အဖေကပြောတယ်၊ အစ်မမှာ လုပ်ငန်းပိုင်းဆိုင်ရာ လိမ်မာပါးနပ်တဲ့စိတ်တစ်ခု ရှိတယ်တဲ့၊ ဟုတ်တယ်နော်၊ လူကြီးမင်းစုန့်ရဲ့ အင်္ဂလိပ်ကိုလည်း အစ်မပဲ သင်ပေးခဲ့တာနော်၊ အစ်မ ဘယ်လောက်တော်ကြောင်း တခြားသူတွေကို တကယ်ပဲ သိစေချင်လိုက်တာ”

သူမသည် သူမ၏စံပြပုဂ္ဂိုလ်က အလွန်မှထူးချွန်သည့် လူတစ်ယောက်ဖြစ်ကြောင်း တခြားသူများကို အမှန်ပင် သိစေချင်လေသည်။

သူမ၏ အလွန်တရာစိတ်ရှုပ်နေဟန်ကို မြင်လိုက်ရသဖြင့် ရွှီရှောင်ကျောင်းမှာ မကြည့်ရက်နိုင်တော့ပေ။

“နင်ဖက်ရှင်ဒီဇိုင်းကုမ္ပဏီ ဖွင့်ခဲ့ရင် ငါက အကြံပေးပုဂ္ဂိုလ် လုပ်ပေးနိုင်တယ်လေ”

ရှန့်ဟွားဟွားသည် ရုတ်ခြည်းဆိုသလို သွေးများပြန်ပြည့်လာတော့သည်။

“တကယ်နော်”

ဒါက ဖြစ်နိုင်ပေသည်။ ရွှီရှောင်ကျောင်းက ခေါင်းညိတ်ပြလိုက်ပြီး

“နင့်ဒီဇိုင်းတွေကို ငါက ပေါက်ကြားအောင်လုပ်မှာ မစိုးရိမ်ဘူးဆိုရင်တော့ ငါ့ကို လက်ရေးမူပြကြည့်ပေါ့၊ ငါ နင့်အတွက် ကြိုပြီး အကြံပြုလို့ရတယ်၊ နင့်ဒီဇိုင်းရဲ့ပရိသတ်က ဘယ်လိုလူတွေလဲ၊ ပြီးတော့ နာမည်ကြီးလာနိုင်မလားဆိုတာမျိုးပေါ့”

“ဝိုး အရမ်းကောင်းတာပဲ၊ အစ်မရှောင်ကျောင်း၊ ကျေးဇူးတင်ပါတယ်”

ဒါသည် နှုတ်ဖြင့် သဘောတူညီမှုတစ်ခုသာ ဖြစ်သော်လည်း ရွှီရှောင်ကျောင်းက သူမ၏ကတိကို ဖျက်လိမ့်မည် မဟုတ်မှန်း ယုံကြည်ထားလေသည်။

သည်ဆက်ဆံရေးနှင့် ရှန့်ဟွားဟွားနှင့် ရွှီရှောင်ကျောင်းက ပိုပြီးရင်းနှီးလာတော့သည်။ နှစ်ယောက်သားက မဆုံးနိုင်အောင် စကားများ ပြောခဲ့ကြပြီး သူတို့၏ လျှို့ဝှက်ချက်သေးသေးလေးတချို့ကို ပြောပြကြလေသည်။

ရွှီရှောင်ကျောင်းသည် တစ်ခုခုကို သိချင်စိတ်ဖြစ်သွားတော့သည်။

“နင်နဲ့ ချန်ကျန်းကျူးတို့ အဆင်ပြေကြရဲ့လား”

ထိုအကြောင်း ပြောလိုက်သည်တွင် ရှန့်ဟွားဟွားက တစ်ဖန် သက်ပြင်းချလိုက်ကာ

“အစ်မရှောင်ကျောင်း ကျန်းကျူးကို ကျေးဇူးပြုပြီး စိတ်မဆိုးပါနဲ့နော်၊ သူကလေ ဟို.... စိတ်ထဲဝင်လာသမျှ အကုန်လုပ်တတ်တဲ့သူ၊ အဲဒီတုန်းက သူက အစ်မကို ဒေါသထွက်အောင် လုပ်ခဲ့တော့ ဦးလေးချန်က သူ့ကို သင်ခန်းစာ ပြင်းပြင်းထန်ထန်ပေးခဲ့တယ်၊ သူက အစ်မရဲ့ စုန့်လူကြီးမင်းကို ထပ်ပြီး တွယ်ကပ်မနေတော့ပါဘူး၊ နေ့တိုင်း သူက မင်းသမီးတစ်ယောက် ဖြစ်ဖို့ မျှော်လင့်နေတော့တာ”

သူမသည် ခေါင်းခဲနေသည့်ပုံပေါက်နေတော့သည်။

“သူ့ကို ဘယ်သူက ဒီစိတ်ကူးပေးခဲ့မှန်း မသိပါဘူး၊ ဦးလေးချန်က အလုပ်များပြီး သူ့ကို အုပ်ထိန်းဖို့ အချိန်က မရှိသလောက်ပဲ၊ သူ သက်လတ်ပိုင်းဦးလေးတစ်ယောက်နဲ့ အဆက်အသွယ် လုပ်နေတာကို သိခဲ့တာလည်း ညီမပဲ၊ အဲဦးလေးက‌ ပြောတယ်တဲ့၊ သူက အရည်အချင်းရှိတဲ့ ကင်းထောက်လူငယ်တစ်ယောက်တဲ့၊ ညီမ သူ့ကို တစ်ခါတွေ့ခဲ့ဖူးတယ်၊ သူ့မှာ အလုပ်အသိအမှတ်ပြု လက်မှတ်တောင် မရှိဘူး၊ သူက နေ့တိုင်း ကျန်းကျူးကို ဆွဲပြီး ဓာတ်ပုံရိုက်ပေးနေတာကို ကျန်းကျူးကလည်း ယုံနေတာ၊ ဘယ်လောက် ဒေါသထွက်စရာ ကောင်းလိုက်သလဲ”

သက်သေအထောက်အထားမရှိလျှင် ၈၀%က အလိမ်အညာချည်းပင်။

“ဒါဆိုရင် နင် သူ့ကို ဖျောင်းဖျရမှာပေါ့၊ အလိမ်မခံရရင် ပိုကောင်းတယ်”

ရွှီရှောင်ကျောင်းသည် ထိုကောင်မလေးကို သဘောမကျသော်လည်း သူမ ဒုက္ခရောက်မှာကိုတော့ မမြင်လိုချေ။

ကုန်တိုက်ထဲတွင် စျေးဝယ်ခဲ့ကြပြီးနောက် ရှန့်ဟွားဟွားက ပန်းခြံထဲက ခုံတန်းရှည်တစ်ခုတွင် အနားယူရန် သူမကို ခေါ်လာခဲ့လိုက်၏။ သူမသည် ထိုစကားကို ကြားလိုက်ရသောအခါ စိတ်အေးရသလို လေကိုမှုတ်ထုတ်လိုက်ပြီး

“ညီမ သိပါတယ်၊ အစ်မရှောင်ကျောင်း အစ်မ ကျန်းကျူးကို တကယ်ပဲ စိတ်မဆိုးတော့ဘူးပေါ့နော်၊ စိတ်မပူပါနဲ့၊ ညီမ သူ့ကို စောင့်ကြည့်နေမှာပါ”

ချန်ကျန်းကျူး၏ အချစ်ဦးနှောက်ကို နားလည်သွားပြီးနောက်တွင် ရွှီရှောင်ကျောင်းတွင် သူမကို ဆန့်ကျင်မည့် သဘောထားတစ်ခုပင် မရှိတော့ချေ။ အမှန်တွင်တော့ သူမသည် ရှန့်ဟွားဟွားကို ကိုယ်ချင်းစာမိလေသည်။

“ငါ့အထင်တော့ နင်သာ သူ့ကို စောင့်ကြည့်မနေခဲ့ရင် သူကတော့ လူအများကြီး ပြစ်မှားနေတော့မှာပဲ”

ထိုစကားများက ရှန့်ဟွားဟွား၏နှလုံးသားထဲသို့ တန်းတန်းမတ်မတ်ရောက်သွားပြီး သူ၏ပါးစပ်ထဲက ပြစ်တင်ဝေဖန်သံများကို ဆက်ပြီး မျိုသိပ်မထားနိုင်တော့ချေ။

“ကျန်းကျူးလေ လူတွေကို ပြစ်မှားဖို့ ဘယ်လောက်များတဲ့ ကိစ္စတွေလုပ်ခဲ့မှန်း အစ်မ မသိလို့နော်၊ သူ့အတွက် ညီမတောင်းပန်ခဲ့ရတဲ့အကြိမ်တွေကိုတောင် မရေတွက်နိုင်တော့ဘူး၊ မတတ်နိုင်ဘူးလေ၊ ညီမတို့ကို အချစ်ဆုံးသူငယ်ချင်းတွေ ဖြစ်လာဖို့ ဘယ်သူ ပြောခဲ့လို့လဲ”

သူမ စကားဆုံးသွားသည်နှင့်ချက်ချင်း ရွှီရှောင်ကျောင်းသည် သူမ၏မျက်လုံးများကို ကျဥ်းထားလိုက်ပြီး သိပ်မဝေးလှသည့်နေရာက မိန်းကလေးတစ်ယောက်ကို လက်ညှိုးထိုးပြလိုက်ပြီး

“အဲဒါ ချန်ကျန်းကျူး မဟုတ်ဘူးလား”

ရှန့်ဟွားဟွားက လှည့်ကြည့်လိုက်တော့ ပန်းခြံထဲတွင် လမ်းလျှောက်နေသည့် ချန်ကျန်းကျူးကို တွေ့လိုက်ရလေသည်။ သူမနောက်တွင် လည်ပင်း၌ ကင်မရာတစ်လုံး ချိတ်ဆွဲထားပြီး မှုတ်ဆိတ်မွှေးနှင့် သက်လတ်ပိုင်းလူတစ်ယောက်က လိုက်လာလေသည်။ သူက ချန်ကျန်းကျူးနှင့် ရွှင်လန်းတက်ကြွစွာ စကားပြောနေတော့သည်။

“ချန်ကျန်းကျူး”

ရှန့်ဟွားဟွားက ခြေဆောင့်ကာ ထရပ်လိုက်ပြီး ချန်ကျန်းကျူးထံသို့ လျှောက်သွားလိုက်၏။

ရွှီရှောင်ကျောင်းကတော့ ထိုနေရာတွင်ထိုင်ပြီး စောင့်ကြည့်နေလိုက်လေသည်။ သက်လတ်ပိုင်းယောကျ်ားက ရှန့်ဟွားဟွားပြောတဲ့ ကင်းထောက်လူငယ်အတုအယောင် ဖြစ်ရမယ်။ အခြေအနေကို ကြည့်ရတာတော့ ငါ ဖြေရှင်းပေးနိုင်တဲ့ပုံပဲ။ ငါ အဲဒီကိုမသွားဘူးဆိုတာကလည်း ချန်ကျန်းကျူးက ရှုပ်တယ်လို့ ဆက်ဆံမှာကို မလိုချင်လို့ပဲလေ။

...

အပိုင်း (၆၄.၂)

သို့တိုင် သူမက မကြားသလို နေလိုက်ဆဲ။ ရှန့်ဟွားဟွားက ကိစ္စများကို အလွန်မှ နည်းလမ်းကျကျ ကိုင်တွယ်ခဲ့လေသည်။ သက်လတ်ပိုင်းယောက်ျားက လူလိမ်တစ်ယောက် ဖြစ်နေမလားဟု ရဲခေါ်ပြီး စစ်ဆေးခိုင်းရလိမ့်မည်ဟု မှန်မှန်ကန်ကန် ပြောခဲ့လေသည်။

ထိုစကားတစ်ခွန်းနှင့် ထိုလူက ပြေးတော့သည်။

မကြာခင်မှာပင် သူမသည် ကိုယ့်ဟာကိုယ် သတိရှိနေသလို ပြုမူနေသည့် ချန်းကျန်းကျူးကို ဆွဲခေါ်လာတော့သည်။

“ငါ နင့်ကို ပြီးခဲ့တဲ့တစ်ခါက ပြောခဲ့သားပဲ၊ သူက လူလိမ်ပါဆိုနေမှ၊ နင်က ဒါကို မယုံဘူး၊ ဦးလေးချန်လို ပါးနပ်တဲ့လူက နင့်လို တုံးအအ သမီးတစ်‌ယောက်ကို ဘယ်လိုမွေးခဲ့တာလဲမသိဘူး” ရှန့်ဟွားဟွားသည် မသိရကောင်းလားဟူ၍ မုန်းမိလေတော့သည်။

ချန်ကျန်းကျူးကလည်း ခိုင်မာသည့်သဘောထားတစ်ခု ရှိနေပြီး

“ဟဲ့ ရှန့်ဟွားဟွား နင့်ဟာက သိပ်စိတ်ရှုပ်ဖို့ကောင်းတာပဲ၊ အခုတလော ငါ့ကို ဂရုမစိုက်ဘဲနဲ့ နေ့တိုင်း တခြားတစ်ယောက်ကို သွားရှာပြီး ငါ့မှာ ဘာရည်မှန်းချက်မှ မရှိပါဘူးလို့ ပြောနေတာဘယ်သူလဲ၊ အခု ငါ မင်းသမီးတစ်ယောက် ဖြစ်ချင်တယ်၊ ငါ့မှာ လုံလောက်တဲ့ရည်ရွယ်ချက်ရှိတယ် ဟုတ်ပြီလား၊ ပြီးတော့ နင် ငါ့ကို အပြစ်လာပြောနေသေးတယ်”

ရွှီရှောင်ကျောင်းမှာ အော်ရယ်မိတော့သည်။ ဒီနှစ်ယောက်ကတော့လေ။ သူတို့တွေဟာလေ ဘာလို့များ လူငယ်ချစ်သူတွေ ကတောက်ကဆဖြစ်နေတဲ့ပုံမျိုးဖြစ်နေတာလဲ။ အရမ်းရယ်စရာကောင်းတာပဲ။

ရှန့်ဟွားဟွားက သက်ပြင်းချလိုက်ပြီး

“ငါ နင့်ကို ပြောချင်တဲ့အကြောင်းအရာကို နင်မှမသိတာ၊ ငါ နင့်ကို အဝတ်အစားတွေကို ဘယ်လိုတွဲစပ်ရမယ်ဆိုတာ အကြိမ်ကြိမ်သင်ပေးခဲ့တယ်၊ ဒါပေမဲ့ နင်ကတော့ ကိုယ့်ဟာကိုယ် တွဲပြီးဝတ်လိုက်ရင် အနီတောက်တောက်၊ အစိမ်းတောက်တောက် ဝတ်ရင်ဝတ်၊ မဟုတ်ရင် အသက်မပါတဲ့ ဝတ်စုံတွေ ဝတ်ပြန်ရော၊ နင့်မှာ ဖက်ရှင်အမြင်လုံးဝ မရှိတာလေ၊ ငါ့မှာ နင့်အတွက်အသုံးဝင်တာ ဘာရှိသေးလို့လဲ”

ချန်ကျန်းကျူးသည် သူမက ထိုကိစ္စကို မလုပ်နိုင်သည်ကို ဝန်ခံရ‌ပေသည်။

“ဒါကြောင့် ငါ မင်းသမီးတစ်ယောက် ဖြစ်ချင်တာပါဆို၊ ငါ မင်းသမီးဖြစ်သွားတာနဲ့ တစ်ယောက်ယောက်ကတော့ အဝတ်အစားဝတ်တဲ့နေရာမှာ ငါ့ကို ကူညီပေးရမှာပဲလေ၊ ဒါဆို ငါလည်း ဘာမှလုပ်စရာ မလိုတော့ဘူးပေါ့”

ထိုစကားကတော့ အမှန်ပင်။

“ဒါပေမဲ့ နင် ဘယ်သူ့ကို သွားရှာခဲ့လဲ၊ အဲဒီလူက တစ်ချက်ကြည့်လိုက်တာနဲ့ လူလိမ်မှန်း သိနေတာကို၊ သူကဖြင့် သူ့ရည်ရွယ်ချက်က ဘာမှန်းတောင်မသိသလို သူ့မှာ အလုပ်ခွင့်ပြုမိန့်လည်းမရှိဘူး၊ နင် သူ့ကို ဘယ်လိုဖြစ်ပြီး ယုံနေရသေးတာလဲ”

ရှန့်ဟွားဟွားသည် ပြောလေလေ ပိုပြီးစိတ်ပူလာလေလေ ဖြစ်နေတော့သည်။

“သူ နင့်ကို ရောင်းစားသွားရင် ဘယ်လိုလုပ်မလဲ, သူ နင့်ကို ပြန်ပေးဆွဲသွားရင် ဘယ်လိုလုပ်မလဲ”

ချန်ကျန်းကျူးက သူမပြောခဲ့သည့် စကားကို ရွံ့သွားပြီး

“အွန်း တခြားဘယ်သူမှ ငါ့ဆီမလာပါဘူး၊ ငါက မင်းသမီးဖြစ်ချင်တာ ပြီးတော့ ဘယ်ကင်းထောက်ကမှ မလာဘူး”

ရွှီရှောင်ကျောင်းက သူမကို မှောင်ကြုတ်ပြီးကြည့်လိုက်၏။ စဥ်းစားကြည့်လိုက်တော့ ချန်ကျန်းကျူးမှာ တကယ်ပဲ မင်းသမီးဖြစ်ဖို့ အလားအလာရှိတာပဲ။

သူမက အရပ်မမြင့်ပေမဲ့ သူမမှာ ပိန်သွယ်သွယ်ခန္ဓာကိုယ်နဲ့ သုံးဖက်လှမျက်နှာအသွင်ပြင်ရှိတယ်။ သူမက အရမ်းကို ဓာတ်ပုံစားမှာပဲ။ ထပ်ပြီးပြောရရင် သူမရဲ့မိသားစုနောက်ခံကလည်း အရမ်းကောင်းတယ် ပြီးတော့ နောက်ပိုင်းကျရင် နစ်နာတာတွေ အများကြီး ခံစားရမှာမဟုတ်ဘူး။

ရွှီရှောင်ကျောင်းက ဖော်ရွေသည့်အပြုံးတစ်ခုကို ပြုံးပြလိုက်ပြီး

“နင် တကယ်ပဲ မင်းသမီးတစ်ယောက် ဖြစ်ချင်တာလား”

သူမကို ဖျော်ဖြေရေးလောကမှာ ပြဿနာ သွားရှာခိုင်းတာလည်း ဆိုးတဲ့စိတ်ကူးတော့ မဟုတ်လေဘူး။

ချန်ကျန်းကျူးသည် ရွှီရှောင်ကျောင်း၏အပြုံးကို မြင်လိုက်ရသောအခါ သူမက ကိုယ်ကိုမတ်လိုက်ပြီး

“ဘာ-ဘာလဲ၊ ကျွန်မ မင်းသမီးဖြစ်လာဖို့က ရှင်နဲ့ဘာဆိုင်လို့လဲ”

ရွှီရှောင်ကျောင်းက သူမ၏အိတ်ထဲက လိပ်စာကတ်တစ်ခုကို ချက်ချင်းထုတ်ယူလိုက်လေသည်။

နေကာမျက်မှန်နှင့်လူက သူမကို ပေးခဲ့သည့် လိပ်စာကတ်ပင်။ သူသည် လိပ်စာကတ်ကို လုံးဝ လွှင့်မပစ်ခဲ့ချေ။ အခုတော့ အသုံးဝင်လာလေသည်။

“နင် မင်းသမီးလုပ်ဖို့ တကယ်ပဲ ကြိုးစားချင်တာဆိုရင် ဒီနံပါတ်ကို ဖုန်းခေါ်ပြီး ရွှီရှောင်ကျောင်းက နင့်ကို ထောက်ခံပေးတာပါလို့ ပြောရင် ရပြီ”

နေကာမျက်မှန်နှင့်လူက အချိန်တော်ကြာသည်အထိ ကင်းထောက်တစ်ယောက် လုပ်ခဲ့သဖြင့် အမြင်တော့ မကျဥ်းလောက်ချေ။

ရှန့်ဟွားဟွားက သူမအတွက် လက်ခံလိုက်ပြီး ဖျော်ဖြေရေးကုမ္ပဏီ နာမည်ကို ဖတ်လိုက်ပြီး ချန်ကျန်းကျူးလိုပင် ချက်ချင်း မျက်လုံးများ ပြူးကျယ်သွားတော့သည်။

သူမသည် မင်းသား မင်းသမီးများနောက် မလိုက်သော်လည်း သူမ၏မိသားစုက လုပ်ငန်းလုပ်ကိုင်ခဲ့ကာ တချို့ကိစ္စများကို အနည်းနှင့်အများတော့ သိလေသည်။

“ဝိုး၊ ဒီကုမ္ပဏီက အရမ်းနာမည်ကြီးတာ၊ အခုတလော အရမ်းနာမည်ကြီးနေတဲ့ လျိူမေရင်းက သူတို့ကုမ္ပဏီကပဲလေ”

ချန်ကျန်းကျူးကလည်း လက်သီးကို တင်းနေအောင်ဆုပ်ထားပြီး

“အင်း အင်း အင်း ဟွားဟွား ဒါ အကုန် မဟုတ်သေးဘူးနော်၊ ငါ တွေ့ခဲ့တဲ့ ရုပ်ချောချော မင်းသားတချို့ကလည်း ဒီကုမ္ပဏီကပဲ”

ရွှီရှောင်ကျောင်းက ခေါင်းညိတ်လိုက်ပြီး

“နင် သိတယ်ဆိုတော့ ကောင်းတာပေါ့၊ ဒီလူက သူတို့ကုမ္ပဏီရဲ့ ကင်းထောက်တစ်ယောက်ပဲ၊ ပြီးတော့ လျိုမေရင်းကိုလည်း သူပဲ ရှာပေးထားတာ”

ရှန့်ဟွားဟွားက ချန်ကျန်းကျူး၏သံသယများကို ထုတ်ပြောလိုက်လေသည်။

“အစ်မရှောင်ကျောင်း အစ်မမှာ ဘာလို့ သူ့လိပ်စာကတ် ရှိနေတာလဲ”

ရွှီရှောင်ကျောင်းက ခေါင်းငုံ့လိုက်ပြီး သူမ၏အိတ်ကို ပြန်ပိတ်လိုက်ကာ

“ဪ သူက ငါ့ကို မင်းသမီးတစ်ယောက်လုပ်ဖို့ တိုက်တွန်းခဲ့တယ်လေ၊ ငါက မလုပ်ချင်ဘူးဆိုတော့ သူက ဒီလိပ်စာကတ်ကို ပေးခဲ့တာ”

ရှိုက်သံနှစ်ခုက တစ်ခုပြီးတစ်ခု ထွက်လာ၏။

ထို့နောက်တွင် ရှန့်ဟွားဟွား၏ စိတ်လှုပ်ရှားသံ ထွက်လာလေသည်။

“အစ်မရှောင်ကျောင်း၊ အစ်မဆီမှာ ညီမ မသိသေးတဲ့ တခြားအကြောင်းအရာများ ရှိသေးလား၊ အစ်မရယ် ဘာလို့ အဲလောက်တောင် တော်ရတာလဲ”

ချန်ကျန်းကျူးသည် စကားမပြောသော်လည်း ရှင်းမပြတတ်အောင် စိတ်လှုပ်ရှားနေလေသည်။ ရွှီရှောင်ကျောင်းက ပြိုင်ဖက်ကင်းဖြစ်ကြောင်း ထပ်ပြီး ဝန်ခံလိုက်ရတော့သည်။

“ဘာပဲဖြစ်ဖြစ်ပါ၊ သူ့ကို ဆက်သွယ်လိုက်၊ ပြဿနာမရှိလောက်ပါဘူး” ရွှီရှောင်ကျောင်းက အေးအေးဆေးဆေး လက်ခါပြလိုက်လေသည်။

ရှန့်ဟွားဟွားသည် သူမ၏စံပြပုဂ္ဂိုလ်က လူအများ၏ ကြည်ညိုခံနေရသည်ကို ကောင်းသည်ဟု ခံစားလိုက်ရပြီး

“အစ်မရှောင်ကျောင်း ဘာလို့ မင်းသမီးမလုပ်တာလဲ၊ အစ်မသာ မင်းသမီးလုပ်ရင် အရမ်းနာမည်ကြီးမှာ သေချာတယ်၊ လျိုမေရင်းထက်တောင် ပိုပြီးနာမည်ကြီးအုံးမှာ”

ရွှီရှောင်ကျောင်းက သူမကို အပြုံးလေးတစ်ခုနှင့် ကြည့်လိုက်ပြီး

“မင်းသမီးလေးဆိုတာ အလုပ်လုပ်စရာမလိုဘူးလို့ ငါ ပြောခဲ့တယ်မလား”

ရှန့်ဟွားဟွားက နှမြောစရာကောင်းလေခြင်းဟု ခံစားလိုက်ရပြီး

“ဒါဆို အင်မက အလုပ်တစ်ခု မလိုချင်ဘူးပေါ့”

ရွှီရှောင်ကျောင်းက ခဏလောက်စဥ်းစားလိုက်ပြီး

“အခြေအနေပေါ်မူတည်တယ်”

ချန်ကျန်းကျူးသည် သူတို့ပြောနေသည့်အကြောင်းအရာကို နားမလည်ချေ။ သူမက လိပ်စာကတ်ကို တင်းနေအောင်ကိုင်ထားပြီး ရွှီရှောင်ကျောင်းကို စိုက်ကြည့်လိုက်၏။

“နင်... နင် ဒီအခွင့်အရေးကို ငါ့ကို တကယ်ပေးတာလား”

ရွှီရှောင်ကျောင်းက ခေါင်းညိတ်လိုက်ပြီး

“ဒါ‌ပေါ့၊ ငါ သိမ်းထားလဲ အသုံးမဝင်ဘူးလေ”

ငါလေးက ဘယ်တော့မှ မင်းသမီးဖြစ်လာမှာမဟုတ်ဘူး။

ချန်ကျန်းကျူး ကိုယ်တိုင်က သတိနှင့် ပြောလိုက်လေသည်။

“ဒါဆိုရင်တော့ ကျေးဇူးတင်ပါတယ်၊ ငါ မင်းသမီးဖြစ်လာခဲ့ရင် နင့်ကို ကျေးဇူးပြန်ဆပ်ပါ့မယ်”

ရွှီရှောင်ကျောင်းက သူမကို ယဥ်ယဥ်ကျေးကျေး ကျေးဇူးတင်စကားပြောလိုက်ပြီး

“ကျေးဇူးပြန်ဆပ်ဖို့ မလိုပါဘူး၊ နောက်ဆိုရင် နင် ငါ့ခင်ပွန်းကို မျက်စိမကျရင်ဘဲ တော်ပါပြီ”

ချက်ချင်းပင် ချန်ကျန်းကျူးသည် ပိုပြီး အထစ်ထစ်အငေါ့ငေါ့ ဖြစ်သွားကာ

“ငါ... ငါ အရင်ကတည်းက သူ့ကို စိတ်မဝင်စားတော့ပါဘူး၊ အခု ငါ မင်းသမီးပဲ ဖြစ်ချင်တော့တာ”

“ဒါဆို အကောင်ဆုံးပဲ”

အသုံးမဝင်သည့် လိပ်စာကတ်တစ်ခုကို သုံးပြီး ချစ်သူလုဖက် ဖြစ်လာနိုင်သူတစ်ယောက်ကို ရှင်းထုတ်လိုက်ပြီး ချန်ကျန်းကျူးကို သူမ၏ ကျေးဇူးကြွေးတင်အောင် လုပ်ထားလိုက်သည်။ ရွှီရှောင်ကျောင်းသည် သည်အပေးအယူက ကောင်းမွန်သည့် ကိစ္စတစ်ခုဖြစ်သည်ဟု ခံစားမိကာ ဟိုတယ်သို့ ပြန်လာချိန်တွင် စိတ်ကြည်လင်နေတော့သည်။

သူမက ရှန့်ဟွားဟွားကို လက်ပြနှုတ်ဆက်လိုက်ပြီး ဟိုတယ်ဧည့်ခန်းထဲသို့ လှမ်းအဝင် ချန်းကျီက ထိုနေရာတွင် စောင့်နေသည်ကို တွေ့လိုက်ရ၏။

“ရှောင်ကျီ၊ ဘာလို့ရောက်နေတာလဲ၊ ကိစ္စ တစ်ခုခုရှိလို့လား” ရွှီရှောင်ကျောင်းက သူ့ကို မေးလိုက်၏။

ချန်းကျီသည် ကျုံ့ကျုံ့ကလေး ထိုင်နေလေသည်။ သူသည် ရွှီရှောင်ကျောင်းကို မြင်လိုက်သောအခါ မြန်မြန် မတ်မတ်ထိုင်လိုက်ပြီး ပြောလိုက်သည်။

“မရီး ကျွန်တော် အစ်ကိုဝေဖျင်ကို လာရှာတာ၊ သူတို့တွေက သူ ပြန်မရောက်သေးဘူးလို့ ပြေားလို့၊ ကျွန်တော် ဒီမှာစောင့်နေတာ”

ရွှီရှောင်ကျောင်းက သူ့ကို မေးလိုက်သည်။

“ဘာကိစ္စလဲ၊ အစ်မကို ပြောကြည့လေ၊ အစ်မ မင်းကို ကူညီ‌ဖြေရှင်းပေးနိုင်မလားမသိဘူး”

ချန်းကျီက ခေါင်းကို ပွတ်သပ်လိုက်ပြီး ပြောလိုက်တော့သည်။

“အများကြီးတော့ မဟုတ်ပါဘူး၊ ကျွန်တော် ဒီနေ့ ဂိုဒေါင်းမှာ ပစ္စည်းတွေသွား ချလာတာ၊ သူတို့ သယ်ယူပို့ဆောင်ရေးအဖွဲ့က ရနိုင်တဲ့ ပစ္စည်းတွေအများကြီးကို စာရင်းလုပ်ထားတယ်၊ အစ်ကိုဝေဖျင်အတွက် အသုံးဝင်လောက်တယ်လို့ ထင်လို့ ကျွန်‌တော် သူ့ကို ပြောပြဖို့ စဥ်းစားထားတာ၊ ပြီးတော့ ရောက်တုန်းလေ အစ်မတို့ အားတဲ့အချိန် ကျွန်တော့်အိမ်မှာ ထမင်းတနပ်လောက်စား သွားဖို့ဖိတ်ချင်တာလည်းပါတယ်”

ရွှီရှောင်ကျောင်းမှာ အနည်းငယ် အံ့ဩသွားတော့သည်။ စုန့်ဝေဖျင်က ချန်းကျီကို အရမ်းစိတ်ဝင်စားတာလည်း မဆန်းတော့ဘူး။ ချန်းကျီရဲ့ အတွေ့အကြုံနဲ့ သူနဲ့ဆင်နေတ့ အကြောင်းအရင်းကြောင့်ပဲ မဟုတ်ဘူး။ ချန်းကျီရဲ့အကျင့်စရိုက်ကြောင့်လည်း တစ်စိတ်တစ်ပိုင်း ပါတာကိုး။

“သူ ပြန်မလာသေးဘူး၊ ဒါပေမဲ့ ခဏနေတော့ ပြန်လာမှာပါ၊ အစ်မ မင်းနဲ့အတူ စောင့်ပေးမယ်”

ရွှီရှောင်ကျောင်းက ဖျော်ရည်နှစ်ခွက် မှာလိုက်ပြီး ချန်းကျီနှင့် စကားပြောရင်း သူ့ထံမှာ အတင်းသတင်းတချို့ကို နားထောင်နေလိုက်သည်။

စကားပြောရင်း ချန်းကျီက သူနေသည့်အိမ်အကြောင်းကို ပြောပြလေသည်။

“အစ်မလည်း ကျွန်တော်တို့နေရာကို မြင်ခဲ့ပြီးပါပြီ၊ အရမ်းကို ယိုယွင်းနေတာ၊ ကျွန်‌တော့်အိမ်နီးချင်းအားလုံးက ပြောင်းသွားကြပြီ၊ ဒါကြောင့် ကျွန်တော်လည်း အိမ်ကို ရောင်းချင်နေတာ၊ ဒါပေမဲ့ နေရာက မကောင်းတော့ အိမ်က စျေးနိမ့်နေတယ်၊ ဘယ်လိုလုပ်ပြီး ရောင်းလို့ရမှာလဲ၊ လုံးဝ အဓိပ္ပာယ်မရှိဘူး”

ရွှီရှောင်ကျောင်းသည် နားထောင်ရင်း သူမ၏ နှလုံးသားမှာ လှုပ်ရှားသွားတော့သည်။

ရှန့်ဟွားဟွားက ငါလေးကို အလုပ်အကိုင်တစ်ခု မလိုချင်ဘူးလားလို့ မေးခဲ့တယ်။ ကြည့်ရတာ ငါလေးတော့ အလုပ်တစ်ခု လုပ်နိုင်တော့မှာပဲ။

...

အပိုင်း (၆၅) အလုပ်အကိုင်

ရာသီဥတုက ပူပြင်းလွန်းလှသည်။ ရွှီရှောင်ကျောင်းက ဟိုတယ်သို့ ပြန်လာပြီး ရေချိုးလိုက်၏။ စုန့်ဝေဖျင်က ချန်းကျီနှင့် စကားပြောပြီးနောက်မှ လိုက်တက်လာခဲ့လေသည်။

“ရှောင်ကျီ ပြန်သွားပြီလား” ရွှီရှောင်ကျောင်းက သူ့ကို မေးလိုက်၏။

စုန့်ဝေဖျင်က ဆံပင်လေမှုတ်စက်ကို ယူကာ သူမ၏ဆံပင်ကို လေမှုတ်ပေးလိုက်သည်။ သူက လေကို အနှေးဆုံး settingတွင် ထားလိုက်ပြီး အသာအယာ ညည်းလိုက်လေသည်။

“သူ ပြန်သွားပြီ၊ သူ ကို့ကို အရမ်းအသုံးတည့်တဲ့ သတင်းပေးသွားတယ်၊ သန်ဘက်ခါကျရင် သူ့ဆီမှာ ညနေစာ လာစားမယ်လို့ ကတိပေးလိုက်တယ်၊ မင်းလည်း သဘက်ခါကျရင် လုပ်စရာမရှိဘူးမလား”

ရွှီရှောင်ကျောင်းက ခေါင်းခါပြလိုက်၏။ ငါလေး လုပ်စရာဘာရှိနိုင်မှာလဲ။

စုန့်ဝေဖျင်က သူမ၏ ရှည်လျားအိ်စက်သည့် ဆံနွယ်များကို သပ်ပေးလိုက်ပြီး

“မင်းက ကောင်မလေးတွေနဲ့ ထပ်ပြီး ထွက်လည်အုံးမယ်လို့ ကိုက ထင်ထားတာ”

ရွှီရှောင်ကျောင်းသည် သူ့ပါးစပ်ထဲက သဝန်တိုခြင်းကို ခံစားမိနိုင်လေသည်။

“နင်ပဲ အလုပ်ကိစ္စဆွေးနွေးဖို့ ငါ့ကို ထားခဲ့တာမလား၊ ပြီးတော့ နင်ကပဲ ငါ့ကို ပြောနေရသလား”

ခြောက်လုလုဆံပင်များနှင့် ရွှီရှောင်ကျောင်းက အိပ်ရာပေါ်တက်လိုက်ပြီး အသစ်ဝယ်ထားသည့် ဂိမ်းစက်ကို ယူလိုက်ကာ

“ရေသွားချိုးတော့လေ”

ပြီးခဲ့သည့်ရက်ပိုင်းလောက် စုန့်ဝေဖျင်သည် သူ၏နှစ်ရှည်လများ တွယ်တာလာရသည့် ဆန္ဒ ပြည့်ဝသွားပြီး သူမ၏အိပ်ရာပေါ်သို့ တက်ခွင့်ရခဲ့လေသည်။ သို့သော်ငြား ရာသီဥတုက အလွန်ပူပြင်းရာ ရွှီရှောင်ကျောင်းမှာ သူ့ရင်ခွင်ထဲတွင် သူနှင့်အတူ မအိပ်ချင်တော့ပေ။

သို့တိုင် ဒါက မရှိတာထက်တော့ ပိုကောင်းလေ‌သေးသည်။

စုန့်ဝေဖျင်က ခေါင်းညိတ်ပြလိုက်ပြီး

“ကို ခဏနေ ပြန်ထွက်လာရင် မင်းကို တစ်ခုခု ပြောပြမယ်”

ရွှီရှောင်ကျောင်းသည် စုန့်ဝေဖျင်က အသေးအဖွဲကိစ္စ ပြောလိမ့်မည်ဟု ထင်ထားခဲ့သော်လည်း အကြောင်းအရာက ထိုမျှလောက် ခမ်းနားနေလိမ့်ဟုတော့ မထင်ထားခဲ့ချေ။

“စက်ရုံတစ်ခု ထောင်မယ် ဟုတ်လား” ရွှီရှောင်ကျောင်းက သူ့စကားကို သံယောင်လိုက်ပြောလိုက်၏။

စုန့်ဝေဖျင်က ခေါင်းညိတ်ပြလိုက်ပြီး

“ဟုတ်တယ်၊ ဒီမှာ စက်ရုံထောင်ဖို့အတွက် မူဝါဒတွေက အရမ်းကောင်းနေတယ်၊ ပြီးတော့ ကို ဒီနေ့ ငွေကြေးထောက်ပံ့မှုအကြောင်း မြို့ခေါင်းဆောင်တွေကို မေးထားပြီးပြီ၊ လျှော့ပေးထားတဲ့နှုန်းထားက အရမ်းခိုင်မာတယ်၊ ကို သူဌေးချန်ဆီက ကြားခဲ့တာ စီးပွားဖွံ့ဖြိုးရေးဇုံကို အ‌ရှေ့ဘက်ခြမ်းမှာ နေရာချထားတယ်တဲ့၊ အစိုးရက မြေအသုံးပြုမှုကို ငါးနှစ်အလကား ခွင့်ပြုပေးထားတယ်၊ ဒါကြောင့် အခုချိန်က အခွင့်အရေးကောင်းတစ်ခုပဲ”

ရွှီရှောင်ကျောင်းမှာ နားထောင်နေရင်းမှ အတွေးနစ်သွားတော့သည်။ အခုနေ သူ့မှာ ဘာမှမရှိသလောက် ဖြစ်နေတာတောင် သူ့မှာ ဒီလောက်ကြီးတဲ့သတ္တိမျိုး ရှိနေပြီးပြီ။ ရွှီရှောင်ကျောင်းက သိချင်စိတ် ဖြစ်သွားတော့သည်။

“ဒါဆို နင်က ဘယ်လိုစက်ရုံမျိုး ဆောက်ချင်တာလဲ”

သူမသည် သူက ချမ်းသာလာအောင် မည်သို့လုပ်မည်ကို အရင်ဆုံးသိချင်မိလေသည်။

“ခရီးဆောင်အိတ်စက်ရုံ” စုန့်ဝေဖျင်က သူ့ရည်မှန်းချက်ကို ရှင်းလင်းအောင် လုပ်ထားပြီးသားပင်။

သူသည် ရွှီ‌ရှောင်ကျောင်းက ငြင်းပယ်မည်ကို စိုးရိမ်မိသဖြင့်

“ကို့အနေနဲ့ ငွေအများကြီး ချေးဖို့လိုတယ်ဆိုပေမဲ့ စိတ်မပူပါနဲ့၊ ကို့မှာ သားရေပစ္စည်းရနိုင်တဲ့ ပါတနာတွေနဲ့ ပြည်တွင်း ပြည်ပ ရောင်းဝယ်ရေးလမ်းကြောင်းတွေ ရှိပါတယ်၊ လုပ်ထားတဲ့ အရည်အသွေးက ကောင်းနေသရွေ့ ရောင်းအားက ပြဿနာတစ်ခုမဟုတ်သလို ချေငွေးကိုလည်း မကြာခင် ပြန်ဆပ်နိုင်လိမ့်မယ်”

ရွှီရှောင်ကျောင်းက ခုတင်ဘေးကို မှီထားလိုက်ပြီး သူ့ကို ကြည့်ရင်း

“စုန့်ဝေဖျင် ဒီနေ့ ရှန့်ဟွားဟွားက ပြောလိုက်တယ်၊ ငါက ထက်မြက်တယ်တဲ့၊ ငါ့ အမြင်မှာတော့ နင်က အထက်မြက်ဆုံးသူပဲ”

နှစ်ဆယ်ဝန်းကျင်ပဲရှိသေးတဲ့ တောရွာက လူငယ်တစ်ယောက်အတွက် ဒီလိုဆုံးဖြတ်ချက်မျိုးချဖို့ဆိုတာ သတ္တိဘယ်လောက်တောင် ထုတ်လိုက်ရမလဲ။

“လုပ်ပါ၊ ငါ နင့်ကို အားပေးနေတယ်”

ဒီလိုခေတ်မှာ လေတင်ပိုင်းမှာရှိနေရင်ဝက်တောင် ပျံနိုင်တာ စီးပွားရေးမှော်ဆရာကြီး စုန့်ဝေဖျင်ဆိုရင်တော့ ပြောနေစရာတောင်မလိုဘူး။

စုန့်ဝေဖျင်သည် သူ့စိတ်ထဲတွင် နွေးထွေးသွားသလို ခံစားလိုက်ရတော့သည်။

“ကို ကြိုးစားရမယ်လေ ဒါမှ မင်းလည်း တတ်နိုင်သလောက်မြန်မြန် ဘဝကောင်း‌ကောင်းတစ်ခုမှ နေနိုင်မှာ”

ရွှီရှောင်ကျောင်းက ပြုံးလိုက်ပြီး

“ ငါ့ဘဝက မကောင်းသေးလို့လား”

စုန့်ဝေဖျင်က ခေါင်းခါပြလိုက်ပြီး

“မလုံလောက်သေးဘူး”

သူမက အကောင်းဆုံးနဲ့ ထိုက်တန်တာလေ။

စုန့်ဝေဖျင်သည် သူ့အစီအစဥ်အကြောင်း အများစုကို ပြောပြီးသွားခဲ့သည်။ ဆိုင်းမဆင့်ဗုံမဆင့် ရွှီရှောင်ကျောင်းက သူမ၏ကိုယ်ပိုင်အစီအစဥ်ကို စဥ်းစားမိလိုက်လေသည်။

“စုန့်ဝေဖျင် ငါ့မှာလည်း ကိုယ်ပိုင်အလုပ်အကိုင်တစ်ခု လုပ်ဖို့စီစဥ်ထားတာရှိတယ်”

စုန့်ဝေဖျင်က ခေါင်းညိတ်ပြလိုက်ပြီး

“မင်း ဘာလုပ်ချင်တာလဲ”

သူသည် ရွှီရှောင်ကျောင်း၏အရည်အချင်းကို သံသယမရှိပါချေ။

သို့သော် ရွှီရှောင်ကျောင်းက ထိုကိစ္စကို စပရိုက်တစ်ခုလို သိမ်းထားလိုက်လေသည်။၊

“မပြောပြဘူး၊ နင်က ချေးငွေအကြောင်း ပြောထားတာဆိုတော့ အခု နင့်မှာရှိတဲ့ ငွေကို အများကြီး သုံးဖြစ်မှာ မဟုတ်တော့ဘူး၊ နင့်မှာရှိတဲ့ငွေ နည်းနည်းလောက် ငါ့ကို ပေး”

ချန်းကျီ၏စကားအရ ယွမ်၂၀၀၀-၃၀၀၀ဆိုလျှင် လုံလောက်သည်။

နောက်ပိုင်းကိစ္စကိုတော့ စုန့်ဝေဖျင် ငွေရှာပြီးမှ သူမက ဆက်လုပ်ရလိမ့်မည်။

သူမအတွက်တော့ စုန့်ဝေဖျင်၏ နှလုံးသားက အင်မတန်စိတ်အေးရစေလေသည်။ သူမက သူ့ကို မပြောပြလျှင် သူကလည်း မမေးချေ။

သူတို့နှစ်ယောက်လုံးက အလွန်မှ လုပ်ရည်ကိုင်ရည်ရှိကြသည်။ နောက်လဝက်အတွင်းတွင် မြို့တော်ခေါင်းဆောင်များ၏ ညွှန်ကြားချက်များနှင့် ချန်ဟိုင်လုံ၏ အာမခံပေးမှုကြောင့် ချေးငွေလုပ်ငန်းစဥ်က မြန်မြန်ဆန်ဆန် ပြီးမြောက်သွားပြီး ဖွံ့ဖြိုးရေးဇုံထဲတွင် မြေတစ်ကွက် ရယူမည့် လုပ်ငန်းစဥ်ကို ဆက်လုပ်လိုက်သည်။

ရွှီရှောင်ကျောင်းကတော့ ချန်းကျီ၏ အကူအညီဖြင့် သူမလည်း အိမ်ရောင်းချင်ကြသည့် အိမ်ထောင်ဦးစီးများနှင့် သဘောတူစာချုပ်တွင် လက်မှတ်ထိုးခဲ့သည်။ တစ်ဖက်က ငွေချေပြီး ကျန်တစ်ဖက်က ပိုင်ရှင် ပြောင်းလဲပေးခဲ့သည်။ အလွန်မှ ချောချောမွေ့မွေ့ပင်။

ကိစ္စများ ပြီးသလောက်ရှိသောအခါ ရွှီရှောင်ကျောင်းက အိမ်ပြန်ချင်လာတော့သည်။

အကြောင်းမှာ သည်နေရာသည် အမှန်ပင် အလွန်မှ ပူပြင်းသောကြောင့်ပင်။

စုန့်ဝေဖျင်က သူမ၏ကိစ္စများကို အစမှ အဆုံးအထိ တစ်ခါမှ မ‌နှောင့်ယှက်ခဲ့ရာ သူမကို အလွန်မှ လွတ်လပ်သလို ခံစားရစေလေသည်။ စာချုပ်နှင့် အိမ်တချို့ဝယ်ယူပြီး အိမ်ပိုင်ဆိုင်မှုကို လက်မှတ် ထုတ်ခဲ့ပြီးနောက်တွင် သူမက ထိုအရာများကို စုန့်ဝေဖျင်ကို မပြခဲ့ချေ။ အခုချိန်ကစပြီး ဒါက သူမ၏ကိုယ်ပိုင်အလုပ်အကိုင် ဖြစ်လာလိမ့်မည်ဟု ဆုံးဖြတ်ထားလိုက်တော့သည်။ ဘာပဲဖြစ်ဖြစ်ပါ အခုအခြေအနေအရလည်း အမြတ်အစွန်းက အများကြီးရသေးမှာ မဟုတ်ဘူး နောက်မှာပဲ စုန့်ဝေဖျင်ကို စပရိုက်တိုက်ရမယ်။

သူမ ထွက်လာသည်မှာ နှစ်လနီးပါး ရှိနေပြီဖြစ်သည်။ သူမသည် အိမ်ပြန်ချင်လာတော့သည်။ စုန့်ဝေဖျင်ကလည်း အိမ်ကို စိတ်ပူနေသည်။ ထို့ကြောင့် သူသည် သူမနှင့်အတူ အိမ်ပြန်ပြီး အခြေအနေ ကြည့်ချင်လေသည်။ သို့သော်ငြား စက်ရုံက ဆောက်လက်စဖြစ်နေ၏။ ထို့ကြောင့် သူက ပြန်ချင်လျှင်တောင် အိမ်တွင် အကြာကြီးနေလို့ မဖြစ်နိုင်ပေ။

“နင့်ပါတနာကို အရင်ဆုံး ကြီးကြပ်ထားခိုင်းလိုက်ပေါ့၊ နင် အိမ်ပြန်ပြီးရင် စောစောပြန်လာလို့ရတာပဲ၊ ဘာပဲဖြစ်ဖြစ် နင်က အသားအရေထူတော့ အပူဒဏ်ကို မကြောက်ရဘူး၊ ငါကတော့ အိမ်ပြန်ပြီး အပူရှောင်ချင်လှပြီ” ရွှီရှောင်ကျောင်းက ဟာသလုပ်တော့သည်။

စုန့်ဝေဖျင်သည် အခက်အခဲများနှင့် ကျင့်သားရနေပြီးသားပင်။ သူ့ကျင့်သားမရနိုင်သည့်အရာက သူနှင့် ရွှီရှောင်ကျောင်းတို့ ခွဲခွာရမည့်အရေးပင်။

“ဒီတစ်ခါ ကိုယ်ပြန်သွားပြီးလို့ ဒီကိုပြန်လာရင် အနည်းဆုံး နှစ်လလောက်ကြာမှာ၊ ကိုယ် ဆောက်လုပ်ရေးဆိုက်တစ်ခုကို သွားကြည့်ရမယ်၊ ပြီးတော့ စက်ပစ္စည်းလည်း ဝယ်ရအုံးမယ်”

သူ ဆိုလိုသည့်သဘောကို ရွှီရှောင်ကျောင်းက နားမလည်ဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် သူက ပိုပြီးပွင့်ပွင့်လင်းလင်း ပြောလိုက်တော့သည်။

“မင်း ကို့ကို လွမ်းနေမှာလား”

ရွှီရှောင်ကျောင်းကို စကားပြောရင်း သူက ပစ္စည်းများကို ဖြည်းဖြည်းချင်း သိမ်းဆည်းနေလေသည်။ သူတို့သည် လက်မှတ်ဖြတ်ထားပြီးဖြစ်ကာ သူတို့၏ဇာတိမြို့သို့ ပြန်ကြဖို့ ပြင်ဆင်နေကြလေသည်။

သူက ကိစ္စများကို အေးအေးလူလူနှင့် အလျင်မလိုသည့် အပြုအမူဖြင့် လုပ်တတ်သဖြင့် လူများကို တည်ငြိမ်အေးချမ်းကာ အောင်မြင်မှုကို အာမခံနေသည့် ခံစားချက်မျိုးအမြဲတမ်း ရစေလေသည်။

“ဟင့်အင်း”

ရွှီရှောင်ကျောင်းက ပြောလိုက်ပြီး သူ ခါးကုန်းလိုက်သည်ကို အခွင့်အကောင်းယူကာ တစ်ချက် ခုန်လိုက်ပြီး သူ့ကျောပေါ်သို့ ခုန်တက်လိုက်တော့သည်။ သူမ၏လက်မောင်းများက သူ့လည်ပင်းကို သိုင်းဖက်ထားပြီး သူမ၏ခြေထောက်က သူ့ခါးကို ချိတ်ထားကာ

“ဒါပေမဲ့ စုန့်ဝေဖျင် နင် ချန်ကျန်းကျူးလို မက်မွန်ပန်းလေးနဲ့ တစ်ခုခု ထပ်လုပ်ရဲလုပ်ကြည့်နော်၊ သတိထားနေ”

သူမက ကြောက်စရာကောင်းလောက်အောင် ခြိမ်းခြောက်လိုက်ပြီး

“နင် ပတ်ရှုပ်ရဲရှုပ်ကြည့်နော် ငါလည်း အရံလူတစ်ယောက် ရှာပစ်မယ်၊ နားလည်လား”

“ခွင့်မပြုနိုင်ပါဘူး”

စုန့်ဝေဖျင်က လက်နောက်ပစ်ကာ သူမကို ထိန်းထားလိုက်ပြီး ရှေ့သို့ဆွဲလှည့်လိုက်ကာ သူမကို ဖက်ထားလိုက်လေသည်။ ထို့နောက်တွင် သူက သူမ၏တင်ပါးကို ပုတ်လိုက်ပြိး

“ပေါက်ကရတွေ လုပ်ခွင့်မပြုဘူးနော်”

ရွှီရှောင်ကျောင်းက ‌ဒေါပွသွားပြီး

“နင် ငါ့ကို ရိုက်တယ်”

စုန့်ဝေဖျင်က သူမကို ရိုက်လိုက်သည့်အပြင် သူမကိုလည်း ဖျစ်ညစ်လိုက်‌သေးသည်။

“မင်း ကို့ကို ပြန်ရိုက်လေ”

သူတို့နှစ်ယောက်သည် အနမ်းပေးခဲ့ကြပြီးဖြစ်သော်လည်း ရွှီရှောင်ကျောင်းက သူလုပ်ရပ်များအပေါ် ရှက်မိနေဆဲပင်။

“စုန့်ဝေဖျင် နင်လေ တကယ်အရှက်မရှိဘူး”

ပါးနှပ်သည့်အမူအရာဖြင့် သူသည် မျက်နှာပေါ်တွင် အလွန်လေးနက်နေသော်လည်း သူ့လက်ကို အလွန်ဆိုးသွမ်းနေလေသည်။

စုန့်ဝေဖျင်က ရှေ့သို့ညွှတ်ကာ သူမ၏နှုတ်ခမ်းထောင့်လေးကို နမ်းလိုက်ပြီး

“တချို့က ပြောကြမယ်၊ ကိုယ့်မိန်းမရှေ့မှာဆိုရင် အရှက်မရှိနေသင့်ရင် နေရမယ်တဲ့၊ ကိုက သင်ယူနေတာလေ”

ရွှီရှောင်ကျောင်းသည် သူ့ဖျတ်ခနဲအန်းတွင် အနည်းငယ်အသဲယားသွားတော့သည်။ သူမက လည်ပင်းကို ကျုံ့ထားလိုက်ပြီး နောက်သို့ဆုတ်လိုက်၏။ သူမ၏လက်က ပြုတ်ကျမသွားအောင် သူ့လည်ပင်းကို သိုင်းဖက်ထားကာ

“စုန့်ဝေဖျင် နင် အတတ်ကောင်းတွေ သင်ခဲ့တာပဲ”

သူမသည် စိတ်ရွှင်လန်းနေကာ ဆက်ပြီး ဟန်မဆောင်နိုင်တော့ချေ။ သူမ၏လက်ပေါ် အားထည့်လိုက်ပြီး သူ့မျက်လုံးများကို ကြည့်လိုက်ကာ သူ့ကို ပြန်တုံ့ပြန်လိုက်၏။

“ငါ နင့်ကို လွမ်းနေမယ်”

**

သူတို့၏မြို့ငယ်ကို တဖန်ပြန်အလာ ရွှီရှောင်ကျောင်းသည် အရာအားလုံးက အေးချမ်းသွားသလို ခံစားလိုက်ရတော့သည်။ ပျားပန်းခတ်မျှ စည်ကားလှသည့်မြို့ကြီးက ချက်ချင်းဆိုသလို သူတို့ကို အဝေးတွင် ချန်ရစ်ခဲ့တော့သည်။ အမည်မသိ ငှက်သံများနှင့် ပုစဥ်းရင်ပွဲသံများက သူမ၏စိတ်နှလုံးကို ငြိမ်သက်လာစေတော့သည်။

သည်ခေတ်တွင် မြို့ကြီးများ၏ ဖွံဖြိုးတိုးတက်မှုနှုန်းက ကုန်းတွင်းပိုင်း နေရာငယ်လေးများထက် ၅ဆ ၁၀ဆလောက် ‌ရှေ့ရောက်နေသည်။

တခြားလူများက ကတ္တရာလမ်းမများ၊ တောက်ပသည့်မီးရောင်မှားနှင့် ယာဥ်မျိုးစုံရှိနေကြသော်လည်း သည်မြို့ငယ်လေးကတော့ မီးဖိုမီးခိုးများနှင့် ကျေးလက်ဖုန်ထူလမ်းများနှင့် ပြည့်နေလေသည်။ စက်ဘီများပင် ရှားပါးနေဆဲ။

သို့တိုင်။

“စုန့်ဝေဖျင် ဟိုဘက်က စိတ်လှုပ်ရှားစရာတွေနဲ့ ယှဥ်လိုက်တော့ ငါတို့မြို့လေးက လေထုအခြေအနေလေးကို တကယ်ပို သဘောကျတာ သိလိုက်ရတယ်”

သူမနှင့် စုန့်ဝေဖျင်တို့သည် စိတ်ကူးဖြင့်မှန်းဆကြည့်လာရင်း လမ်းလျှောက်လာလေသည်။

“နောက်ဆိုရင် ငါတို့တွေ လှပတဲ့တောင်တွေနဲ့ ကြည်လင်တဲ့ရေတွေရှိတဲ့နေရာမှာ အိမ်ကြီးတစ်လုံး ဆောက်ပြီး နေနိုင်ရမယ်၊ ပင်လယ်ဘက်ကိုမျက်နှာမူထားပြီး အိမ်မွေးတိရစ္ဆာန်တစ်ကောင်လောက် မွေးပြီး ပန်းခြံလေးတစ်ခုရှိရင် အကောင်းဆုံးပဲ၊ နေ့တိုင်း ပင်လယ်ပြင်ကို ကြည့်ပြီး ပန်းပင်ရေလောင်းမယ် ပြီးနောက် ငှက်သံတွေကို နားထောင်မယ်၊ ပြီးပြည့်စုံသွားပြီ”

စုန့်ဝေဖျင်က သူမ စကားကိုနားထောင်လိုက်ပြီး ခေါင်းညိတ်လိုက်ကာ

“ဟုတ်ပြီ”

သူက သူမ ပြောသမျှကို မှတ်ထားလိုက်သည်။

ရွှီရှောင်ကျောင်းက တစ်ခုခု ပြောချင်လိုက်သော်လည်း ကားဂိတ်ပြင်ဘက်က အဘွားစုန့်၊ ဝူချွန်းဟွားနှင့် ရွှီရှောင်ကန်းတို့ကို တွေ့လိုက်ရသောအခါ သူမသည် အရာအားလုံးကို ချက်ချင်း မေ့ပျောက်သွားတော့သည်။

“အဘွား၊ အမေ၊ ရှောင်ကန်း”

သူမသည် စုန့်ဝေဖျင်ကို ထားခဲ့ပြီး ပြေးထွက်သွားတော့သည်။

“သမီးတို့ ပြန်လာပြီ”

သူမသည် အချိန်အကြာကြီး ထွက်လာခဲ့ပြီးနောက်တွင် အားလုံးကို အလွန်လွမ်းနေရလေသည်။

စုန့်ဝေဖျင်က ‘နောက်ကျရင် မင်းလိုချင်တဲ့အတိုင်း အိမ်တစ်လုံး ဆောက်ပေးမယ်’ဟု ပြောမည်ပြင်လိုက်၏။၊

သို့သော်ငြား သူက စကားတစ်လုံး မပြောရသေးခင်မှာပင် သူမက ပျံထွက်သွားနှင့်လေသည်။

သူက အော်ရယ်လိုက်မိ၏။ တကယ်ဖြစ်လာမှပဲ ပြောတာပိုကောင်းပါတယ်လေ။

သမီးဖြစ်သူနှင့် သမက်ဖြစ်သူတို့ အန္တရာယ်ကင်းကင်း ပြန်လာသည်ကို တွေ့လိုက်ရသဖြင့် ဝူချွန်းဟွားမှာ စိတ်အေးသွားတော့သည်။

“သမီးတို့တွေ နောက်ဆုံးတော့ ပြန်လာကြပြီ၊ နင်တို့တွေ အိမ်ကို ခဏတိုင်း ဖုန်းခေါ်တယ်ဆိုပေမဲ့ နင်တို့အဘွားနဲ့ အမေက စိတ်ပူနေရတုန်းပဲ၊ နင်တို့လေးတွေ ကောင်းစာနိုင်ပါ့မလား၊ ကောင်းကောင်း အိပ်နိုင်ပါ့မလားဆိုပြီး စိတ်ပူနေရတာ၊ အခုဆို ပူလာပြီလေ၊ တောင်ပိုင်းမှာ ပိုပူတယ်လို့ ကြားတယ်၊ နင်တို့တွေ နေသားမကျမှာ စိုးရိမ်နေတာ၊ အခုတော့ နင်တို့တွေ ပြန်လာကြပြီးတော့ အိမ်မှာ ထပ်အနားယူလိုက်ကြအုံး”

သူမက ပြောပြီး အဘွားစုန့်က သူမဘေးတွင် ခေါင်းညိတ်နေလေသည်။ သူမလည်း မြေးလေးနှင့် မြေးမလေးတို့အတွက် စိတ်မကောင်းဖြစ်ရလေသည်။

ရွှီ‌ရှောင်ကျောင်းက အိမ်တွင် အနားယူနိုင်သော်လည်း စုန့်ဝေဖျင်ကတော့ မလုပ်နိုင်ပေ။ သို့သော် သူတို့နှစ်ယောက်သည် အိမ်သားများ၏စိတ်ချမ်းမှုကို မဖျက်ဆီးလိုရာ ထိုအကြောင်းကို မပြောလိုက်ပေ။ သူတို့က ခေါင်းညိတ်သဘောတူလိုက်ကြသည်။

ရွှီရှောင်ကျောင်းသည် အိမ်ပြန်ရောက်ချိန်တွင် ဖရဲသီးတစ်စိတ်ကို ကိုယ်တိုင်ယူလိုက်ပြီး တစ်စိတ်ကို စုန့်ဝေဖျင်ဆီ လှမ်းပေးလိုက်ကာ သည်ခရီးအတွင်း ပျော်စရာအကြောင်းအရာများကို အားလုံးကို စပြီးပြောပြလေသည်။ တစ်ချက်မှာ အားလုံး၏ဗဟုသုတကို တိုးတက်စေရန်ဖြစ်ပြီး နောက်တစ်ချက်မှာ သူတို့ သည်တစ်ကြိမ် ခရီးထွက်ချိန်က အရာအားလုံးသည် အဆင်ပြေပြေရှိကြောင်း မိသားစုများကို စိတ်အေးရစေရန်ဖြစ်လေသည်။

အချိန်တစ်ခုအထိ အိမ်လေးက အင်မတန်မှာ အသက်ဝင်နေတော့သည်။

ညပိုင်းတွင် ဝူချွန်းဟွားက အိမ်ရာထဲတွင် လဲလျောင်းရင်း ဟိုလှည့်သည်လှည့်နှင့် အိပ်မပျော်နိုင် ဖြစ်နေလေသည်။ သူမက ပျော်နေခြင်းပင်။

ဒီတစ်ခါ သမီးနဲ့ သမက်ပြန်လာတုန်းက အခြေအနေတွေက ကွာခြားနေတာကို သူမက ရှင်းရှင်းလင်းလင်း ခံစားမိနေတယ်။

ဘယ်လိုပြောရမလဲ။ သူတို့နှစ်ယောက်က မိသားစုတစ်ခုနဲ့ ပိုတူလာသလိုပဲ။

ညပိုင်း အိပ်ရာမဝင်ခင်တုန်းက သမက်ဖြစ်သူက သမီးရဲ့လက်ကို တွဲပြီး အခန်းထဲဝင်သွားတာ သူမ တွေ့လိုက်ရသား။

ဒါ။ ဒါ...။ ဝူချွန်းဟွားသည် သူမ၏ပေါင်ကို အားရပါးရ ရိုက်လိုက်တော့သည်။ သူမရဲ့မြေးလေးနဲ့ သိပ်မဝေးတော့ဘူးပေါ့။

သို့သော်ငြား တတိယနေ့တွင်တော့ သူမသည် အနည်းငယ် စိတ်ပျက်ရပြန်တော့သည်။ စုန့်ဝေဖျင်က တစ်ရက်သာ အနားယူပြီး တစ်ဖန်အလုပ်များနေသောကြောင့်ပင်။

“ရှောင်ကျောင်း အမေတို့မိသားစုက အခုဆိုရင် အခြေအနေကောင်းနေတာ သမီးလည်း တွေ့သားပဲ၊ အမေ့ရဲ့ဝက်စတူဆိုင်ကလည်း တစ်နေ့ကို ၁၀ယွမ်ကျော် ဝင်နေပြီ၊ ‌ဝေဖျင်ကို အရမ်းပင်ပန်းခိုင်းဖို့ မလိုတော့ပါဘူး၊ သမီး သူနဲ့ စကားပိုပြောပြီး သူ့ကို ပိုပြီး အနားယူခိုင်းပါအုံး”

သူတို့တွေ များများ အနားယူလေလေ အခွင့်အရေး ပိုများလာလေလေပဲကိုး။

ရွှီရှောင်ကျောင်းသည် သူမ၏အမေ၏အတွေးကို မသိချေ။ သူမသည် အိမ်ပြန်ရောက်လာတော့ သူမ၏ ငါးဆားနယ်ဘဝကို လုံးဝပြန်ရောက်လာခဲ့လေသည်။ သူမသည် နေ့တိုင်း စားလိုက် သောက်လိုက် ပျော်ပါးလိုက်ပင်။ အိမ်ပြင်လုံးဝမထွက်ဘဲ အပူရှောင်နေတော့သည်။

ဝူချွန်းဟွား၏ စကားကို ကြားလိုက်ရသောအခါ သူမက စိတ်ထဲမထားမိဘဲ

“အမေ စုန့်ဝေဖျင်က အလုပ်များနေရတာကို ကြိုက်တာ၊ ဒီတော့ သူ အလုပ်များနေပါစေလေ၊ သမီးတို့ ပထမဆုံး လက်ထပ်ကြတုန်းက သမီး သူနဲ့အတူဒုက္ခရောက်မှာ အမေပဲ အမြဲတမ်း စိုးရိမ်နေတာမလား၊ အခု သူ အရမ်းကို စိတ်အားထက်သန်နေတာ အဲဒါ မကောင်းဘူးလား”

ဝူချွန်းဟွားသည် သက်ပြင်းချလိုက်ပြီး

“စိတ်အားထက်သန်တာတော့ ကောင်းပါတယ်၊ တစ်ခုပဲ၊ သူ ပင်ပန်းလာမှာကို အမေက စိုးရိမ်တာပါ၊ ပြန်လာပြီးမှ သူက ဘာလို့ စီရင်စုမြို့ကို သွားနေရပြန်တာလဲ”

ရွှီရှောင်ကျောင်းက ဖရဲသီးပါးစပ်အပြည့် တကိုက် ကိုက်လိုက်ပြီး သူမ၏လက်ထဲက ဝတ္ထုစာအုပ်ကို လှန်လိုက်ပြီး ဖြည်းဖြည်းချင်း ဖတ်နေလေသည်။ သူမက ပြန်ဖြေလိုက်၏။

“ဪ အဲမှာ ပစ္စည်းတစ်သုတ် သွားယူစရာလို့လေ၊ ဒီနေ့ ပြန်လာမှာမလား၊ သူက ပစ္စည်းတွေ သွားယူပြီး အရင်ဆုံး ဂို‌ဒေါင်ထဲမှာ သိမ်းထားမှာ၊ နောက်မှာ ပစ္စည်းတွေကို ထုတ်ရောင်းမှာ၊ ဒီတစ်ခါတော့ သမီးက အဲမှာ ရက်ပိုင်းလောက် သွားနေရလိမ့်မယ်”

စုန့်ဝေဖျင်သည် ချေးငွေကို ထုတ်လာခဲ့ပြီးဖြစ်သည်။ သူက သည်တစ်ကြိမ်တွင် တချို့ကို ပြန်ထုတ်မရောင်းခဲ့လျှင် အချည်းနှီးဖြစ်သွားလိမ့်မည်။ သူသည် ယွမ်ထောင်ချီတန်းသည့် ပစ္စည်းများကို သည်အတိုင်း ဝယ်လာခဲ့လိုက်သည်။ အခုတော့ သည်နေရာ၏ ဈေးကွက်နေရာလွှတ်က ကြီးသည်ထက်ကြီးလာရာ သူသည် လက်ပြောင်းပြီး ငွေရှာနိုင်လေသည်။

“ဒါဆို သမီးလည်း လိုက်သွားသင့်တာပေါ့၊ ဝေဖျင်တစ်ယောက်ထဲ အလုပ်လုပ်နေရင် ဘယ်လောက်တောင် ပင်ပန်းနေမလဲ”

ရွှီရှောင်ကျောင်းက စာအုပ်ဖတ်နေရာမှ မော့ကြည့်လိုက်ပြီး

“သမီးလည်း အလုပ်များနေရင် ပင်ပန်းမှာပဲမလား၊ ရာသီဥတုက အရမ်းပူတာ၊ သူ့ဟာသူပဲ လုပ်ပါစေ”

ဝူချွန်းဟွားမှာ ထိုစကားကို ကြားလိုက်ရသည်တွင် ဘာပြန်ပြောရမည်မသိဖြစ်သွားကာ

“ဪ ဪ ဪဟဲ့ ဘယ်လိုဖြစ်ပြီး နင့်လို ဒီလောက်ချမ်းသာသုခနဲ့ ပြည့်စုံတဲ့ ဇနီးလေးတစ်ယောက် ရှိနေနိုင်ရတာလဲ၊ နင့်ကို အလိုလိုက်ထားတာ စုန့်ဝေဖျင်ပဲဖြစ်မှာ”

ရွှီရှောင်ကျောင်းက စတင် ဂုဏ်ယူလေတော့သည်။

“ဒါတော့ သမီးလည်း မတတ်နိုင်ဘူးလေ၊ သမီးဘဝက ကောင်းနေတာကိုးလို့”

ရွှီရှောင်ကျောင်းသည် အိမ်တွင် တစ်ယောက်တည်း နှစ်ရက်လောက် သာယာနေလိုက်လေသည်။ အမှန်တွင်တော့ သူမသည် စုန့်ဝေဖျင်ကို အနည်းငယ် လွမ်းနေမိသည်။ သို့သော် အခုတော့ စုန့်ဝေဖျင်က တစ်ရက်ခြားဆိုသလို သမဝါယမကို ဖုန်းခေါ်လာတတ်သည်။ ထို့ကြောင့် လျိုချွန်းယန်က သူမကို ဆက်တိုက် စနောက်နေတတ်ပြီး သူမကလည်း စုန့်ဝေဖျင်ကို နေ့တိုင်းဖုန်းခေါ်ခိုင်းဖို့ ရှက်လာရတော့သည်။

သို့သော် စုန့်ဝေဖျင်သည် သည်တကြိမ် စီရင်စုမြို့မှ ပြန်လာသောအခါ သူမအတွက် စပရိုက်ကြီးတစ်ခု ဝယ်လာခဲ့လေတော့သည်။

...

အပိုင်း (၆၆) ခွဲခွာခြင်း

“ဖုန်းတပ်ဆင်မလို့ ဟုတ်လား”

ရွှီရှောင်ကျောင်းက အံ့ဩသွားသည်။

စုန့်ဝေဖျင်က ခေါင်းညိတ်ပြလိုက်ပြီး

“ဒီတစ်ကြိမ်သွားတာ ကို စီရင်စုကို ဆက်သွယ်ထားပြီးပြီ၊ မနက်ဖြန် လူတစ်ယောက်က တယ်လီဖုန်း လာတပ်ဆင်ပေးလိမ့်မယ်၊ နောက်ဆို ကို မင်းကို ဆက်သွယ်စရာရှိလာရင် အိမ်ကို ဖုန်းခေါ်လိုက်ရုံပဲဆိုတော့ အဆင်ပြေသွားပြီလေ”

ရွှီရှောင်ကျောင်းသည် အလွန်ပျော်သွားပြီး သူမ၏ခေါင်းကို ပုတ်လိုက်ကာ

“ဟုတ်ပါ့ဟယ်၊ စုန့်ဝေဖျင်ရယ်၊ ဖုန်းတပ်ဆင်ဖို့ ငါ ဘာလို့ မစဥ်းစားခဲ့မိပါလိမ့်နော်”

ရွှီရှောင်ကျောင်းသည် အကြောင်းတချို့က သူမမှာ တုံးအလာသယောင် ခံစားလိုက်ရတော့သည်။ ငါ့မှာ စုန့်ဝေဖျင်ကို နေ့တိုင်းလွမ်းနေရပြီး အမြဲတမ်း သမဝါယမက ဖုန်းကိုပဲ သုံးခဲ့ရတာ။ ငါတို့လည်း အိမ်မှာ ဖုန်းတစ်လုံး တပ်ထားလို့ရတာကို မေ့သွားတာပဲ။

ဧကန္တ ချစ်မိသွားရင် လူတွေကို တုံးအသွားစေတာများလား။

သို့သော် ရွှီရှောင်ကျောင်းက ထိုသို့ စဥ်းစားပေးလိုက်သေးသည်။

“စုန့်ဝေဖျင်၊ နင်ကတော့ ဉာဏ်ကောင်းနေတုန်းပဲ”

အဘွားစုန့်နှင့် ဝူချွန်းဟွားတို့ပင် ဖုန်းတပ်ဆင်မည့် ဆုံးဖြတ်ချက်ကို ထောက်ခံခဲ့လေသည်။

သူတို့သည် ငွေဘယ်လောက်ကုန်ကျမည်ကို မတွက်ချက်ကြတော့ပေ။ အဓိကအကြောင်းအရင်းမှာ စုန့်ဝေဖျင်က မကြာခဏဆိုသလို ခရီးဝေးသွားတတ်သည်။ ဖုန်းတစ်လုံးသာရှိလျှင် သူ့အတွက် အိမ်ကို ဆက်သွယ်ရန် အဆင်ပြေသွားလိမ့်မည်။ တစ်ခုခုဆိုလျှင်လည်း သူ့မိသားစုက အချိန်မီ သိရှိနိုင်လေသည်။ ဒါက သူတို့အတွက် ငွေကိုချွေတာရမည့်နေရာ မဟုတ်ပေ။

ဝူချွန်းဟွားက ထိုအကြောင်းကို သိလိုက်ရပြီးနောက် သူမက ခေါင်းတွင်တွင်ညိတ်လိုက်ပြီး

“အခုဆို အဆင်ပြေသွားပါပြီ၊ ဖုန်းတပ်ဆင်ထားတော့ နောက်ဆိုရင် တစ်ခုခုကို အမေတို့ကို ဆက်သွယ်ရတာ ပိုပြီးကူသွားလိမ့်မယ်”

အဘွားစုန့်ကလည်း ဝင်ထောက်ခံသည်။

“အင်း အင်း လူလေးဖျင်က သေချာစဥ်းစားထားတာပဲ၊ ဖုန်းတစ်လုံးတော့ တပ်ဆင်ဖို့ အချိန်တန်ပါပြီလေ”

ရွှီရှောင်ကန်းက သည်အတိုင်းကို အလွန်ဝမ်းသာနေတော့သည်။

“ယောက်ဖ၊ ယောက်ဖက တကယ့်ကို လုပ်နိုင်စွမ်းရှိတာပဲ၊ ဖုန်းတစ်လုံး တပ်ဆင်မယ်ဆိုရင် အရမ်းကို ဗာဟီရများပြီး အထူးဝါယာကြိုးတစ်မျိုးကို ဆွဲပေးဖို့ လူလိုတယ်လို့ ကျွန်တော်ကြားဖူးတယ်၊ ဟား ဟား ကျွန်တော်တို့အိမ်မှာ ဖုန်းတပ်ဆင်ပြီးသွားရင် ကျွန်တော့်အခန်းဖော်တွေကို ခေါ်လာပြီး လာပြအုံးမယ်”

ရွှီရှောင်ကျောင်းက သူ့နားကို ဆွဲဆိတ်ကာ ပြောလိုက်တော့သည်။

“ဟဲ့ကောင်လေး နင့်မှာ ကြွားတတ်တဲ့အကျင့်က ရှိတုန်းပဲ၊ နင် အဲဒီအကျင့်ကို အခုထိ မပြင်သေးဘူးလား”

ဖုန်းကိုတောင် မတပ်ဆင်ရသေးဘူး။ သူက ထုတ်ကြွားချင်နေပြီ။

ရွှီရှောင်ကန်းက သူ့နားကို ပွတ်ကာ ပြောလိုက်လေသည်။

“မမရယ် မမ လွှတ်ပါဗျ၊ အဲလိုသဘောမျိုး မဟုတ်ပါဘူး၊ ကျွန်တော် မပြောတော့ဘူး၊ ကျွန်တော် ထပ်မပြောတော့ပါဘူး၊ ဟုတ်ပြီလား”

ရွှီရှောင်ကျောင်းက ဟွန့်ခနဲ ဝူချွန်းဟွားဘက်သို့ လှည့်သွားကာ

“အမေ သူ့ကို နည်းနည်းလောက် ဆုံးမပါအုံး၊ ဘယ်လိုအကျင့်ဆိုးမှန်း မသိဘူး၊ နင်လေ စုန့်ဝေဖျင်ဆီက သင်ယူပြီး ပိုပြီးတည်တည်ငြိမ်ငြိမ် ဖြစ်အောင် နေပါအုံးလား”

ရွှီရှောင်ကန်းက စုန့်ဝေဖျင်နောက်တွင် မြန်မြန်သွားပုန်းနေလိုက်ပြီး

“မမ နင်လေ အခုဆိုရင် ယောက်ဖကို ပိုပိုပြီး သဘောကျလာတာ ငါ တွေ့တယ်နော်၊ နင်က ငါ့ကို သူ့ဆီကနေ အားလုံးကို သင်ယူစေချင်နေတာချည်းပဲ”

သူက ညည်းညူပြန်သည်။

“တမြန်နေ့တုန်းကလည်း ဇွဲလုံ့လရှိတဲ့သူဖြစ်အောင် ယောက်ဖဆီကနေ သင်ယူပါလို့ နင် ငါ့ကို ပြောခဲ့သေးတယ်၊ မနေ့ကလည်း အမြင်ကျယ်အောင် ယောက်ဖဆီကနေ သင်ယူဖို့‌ပြောပြန်ရော၊ ဟိုနေ့ကလည်း ကျွမ်းကျင်လိမ္မာတတ်အောင် ယောက်ဖဆီက သင်ပါလို့ ပြောသေးတယ်၊ ဒီနေ့ကျတော့လည်း တည်ငြိမ်တဲ့သူတစ်ယောက်ဖြစ်အောင် သင်ခိုင်းပြန်ပြီ၊ ဘာပဲဖြစ်ဖြစ် အခုဆိုရင် ယောက်ဖက နင့်မျက်လုံးထဲမှာ နေရာတိုင်းမှာ ပြီးပြည့်စုံနေတာလား”

ထိုစကားထွက်လာသည်နှင့် ရွှီရှောင်ကျောင်းမှလွဲလျှင် အားလုံးက အော်ရယ်ကြတော့သည်။ စုန့်ဝေဖျင်ကပင် နှုတ်ခမ်းများ ကွေးသွားအောင် ပြုံးမိသွားတော့သည်။

“စိတ်ပုပ်လိုက်တဲ့ကောင်စုတ်”

ရွှီရှောင်ကျောင်းက ပြေးလွှားသွားသည့် ရွှီရှောင်ကန်း၏ပုံရိပ်ကို ကြည့်လိုက်ပြီး

“နင် ပြန်လာရဲရင် ပြန်လာကြည့်စမ်း -င်ပွင့်သွားအောင် ရိုက်ပစ်မယ်”

သူမက လှည့်ကြည့်လိုက်တော့ ဝူချွန်းဟွားက အော်ရယ်နေသေးသည်ကို တွေ့လိုက်ရလေသည်။ သူမက ခြေဆောင့်လိုက်ပြီး

“အမေ အမေက ပြုံးနိုင်သေးတယ်နော်”

ဝူချွန်းဟွားက သူမ၏ရယ်သံကို မြန်မြန် ချုပ်တီးထားလိုက်၏။ သမီးဖြစ်သူက ရှက်လွယ်တတ်မှန်း သိထားရာ ကိစ္စများကို မြန်မြန်ပြေလည်သွားအောင် လုပ်ပေးဖို့ ကြိုးစားလိုက်ရတော့သည်။

“ဝေဖျင်က လိမ္မာတဲ့ကလေးပါ၊ သူက အဘက်ဘက်က ပြည့်စုံတယ်လို့ အမေတော့ ထင်တယ်”

ရွှီရှောင်ကျောင်းက မျက်စောင်းဖြင့်ကြည့်လိုက်ပြီး

“အမေက အဲအကြောင်းကို ပြောနိုင်သေးတယ်နော်၊ ရှောင်ကန်းကို ကြည့်အုံး၊ သူ သမီးကို ပြန်ခံပြောတတ်နေပြီ”

ဝူချွန်းဟွားက သမီးဖြစ်သူကို နှစ်သိမ့်ပေးလိုက်ပြီး

“သူက အဲလိုမဟုတ်ပါဘူးကွယ်၊ ရှောင်ကန်းက သမီးကို စနေတာပါ၊ သမီး အိမ်မှာမရှိတဲ့အတောအတွင်း ရှောင်ကန်းက အရမ်းလိမ္မာတာ၊ သူကျောင်းပြန်လာတဲ့အချိန် အမေ တစ်ခါတလေ အလုပ်များနေရင် ဒီကောင်လေးကပဲ အစားအသောက်ချက်ပြုတ်ပေးတာ၊ သူ့အရည်အချင်းက အရမ်းကောင်းတယ်လို့ သမီးပဲ ပြောတယ်မလား၊ သူက အချက်အပြုတ်တင် ကူပေးတာမဟုတ်ဘူးနော် အိမ်သန့်ရှင်းရေးလည်း လုပ်ပေးသေးတယ်၊ ဒီကလေးက အရမ်းဉာဏ်ကောင်းတာ၊ မနက်ခင်းဆိုရင် ရို့ကျားမိုကိုတောင် ရောင်းတတ်နေပြီ၊ ပထမရက်က သူ့အခန်းဖော်တွေက သူ့ကို ငွေပေးလိုက်တယ်လေ၊ နောက်ရက်ကျတော့ သူက ကျောင်းယူသွားပေးဖို့ အဆင်သင့်လုပ်ထားပြီးပြီ၊ သူက ရို့ကျားမို အခု၂၀-၃၀လောက် ယူသွားပေးရတယ်”

ရွှီရှောင်ကျောင်းက ခေါင်းညိတ်လိုက်ပြီး

“သူက လိမ္မာသားပဲ”

သူမက စုန့်ဝေဖျင်ဘက်ကို ပြန်လှည့်ကြည့်လိုက်ပြီး

“ငါ့အထင်တော့ သူ့ကို အလိုလိုက်နေတဲ့သူက နင်ပဲဖြစ်မယ်၊ ငါ သူ့ကို ရိုက်မှာစိုးလို့ သူက နင့်နောက်မှာ သွားပုန်းနေတာလေ၊ သူ ပြန်လာတဲ့အချိန်ဆိုရင် နင်က သူ့ကို ဆုံးမအုံးမှပေါ့ဟဲ့”

အမှန်တွင်တော့ စုန့်ဝေဖျင်က ရွှီရှောင်ကန်းကို အလွန်စိတ်တိုင်းကျလေသည်။ သို့သော် ရွှီရှောင်ကျောင်းက ထုတ်ပြောလာသဖြင့် သူက အလိုလို လိုက်နာပေးရတော့သည်။

“အင်းပါ၊ စိတ်မဆိုးပါနဲ့တော့၊ ငါ သူ့ကို ဆုံးမလိုက်ပ့ါမယ်”

ထိုစကားကို ကြားလိုက်ပြီးနောက်တွင် ဝူချွန်းဟွားနှင့် အဘွားစုန့်တို့က နားလည်သည့်အကြည့်တစ်ခုနှင့် အချင်းချင်း ကြည့်လိုက်ကြလေသည်။ လူငယ်စုံတွဲလေးက ပိုပိုပြီး တွယ်ကပ်လာတာပဲ။

တယ်လီဖုန်းကို တပ်ဆင်ပြီးနောက်တွင် စုန့်ဝေဖျင်က ဖုန်းလိုင်းကို စမ်းသပ်ဖို့ရန် သူ့ပါတနာကို အရင်ဆုံး ဖုန်းခေါ်လိုက်လေသည်။ ရွှီရှောင်ကျောင်းကလည်း စမ်းကြည့်ဖို့ အလွန်မှ စိတ်အားထက်သန်နေတော့သည်။

သူမက ခဏလောက် စဥ်းစားလိုက်ပြီးနောက် ရှန့်ဟွားဟွားကို ဖုန်းခေါ်လိုက်လေသည်။

ရှန့်ဟွားဟွားက ဖုန်းလက်ခံရလိုက်ချိန်တွင်တော့ သူမက အလွန်ဝမ်းသာနေတော့သည်။

“ဟယ် အစ်မရှောင်ကျောင်း၊ အစ်မ ညီမကို ဖုန်းခေါ်လာမယ်လို့ မထင်ထာဘူး၊ ညီမ အရမ်းဝမ်းသာတာပဲ”

ရွှီရှောင်ကျောင်းထံသို့လည်း သူမ၏စိတ်အားထက်သံသည့် အသံက သက်ရောက်သွားတော့သည်။

“ငါတို့အိမ်မှာ တယ်လီဖုန်း တပ်လိုက်တာလေ၊ အဆင်ပြေလား သိချင်တာနဲ့ ငါ နင့်ကို ဖုန်းစမ်းခေါ်ကြည့်တာ၊ နင် ငါ့အသံကို ရှင်းရှင်းလင်းလင်း ကြားရလား”

ရှန့်ဟွားဟွားက ဖုန်းကိုင်ထားရင်း ခေါင်ညိတ်လိုက်ပြီး

“အင်း အင်း အရမ်းကြည်နေတာပဲ၊ အစ်မရဲ့ကိုယ်ပိုင်အသံ မဟုတ်တဲ့အတိုင်းပဲ၊ ဒါပေမဲ့ တော်တော်လေး လှနေတုန်းပဲ”

ရှန့်ဟွားဟွားက ဖုန်းပြန်ဖြေလိုက်သည်တွင် သူမ‌ဘေးက ချန်ကျန်းကျူးကလည်း အနားသို့ကပ်လိုက်ပြီး သူမကို လေသံတိုးတိုးနှင့် မေးလိုက်လေသည်။

“ရွှီရှောင်ကျောင်းလေ”

သူမ၏အသံက တိုးသော်လည်း ဖုန်းနှင့်ကပ်ထားသဖြင့် ရွှီရှောင်ကျောင်းက သူမ၏အသံကို ကြားရသေးသည်။

“ချန်ကျန်းကျူး နင့်ဆီ ရောက်နေတာပဲ”

ရှန့်ဟွားဟွားက ‘အင်း’သံပြုကာ ထောက်ခံလိုက်ပြီး

“ဟုတ်တယ် ဟုတ်တယ်၊ သူ လာလည်တာတဲ့၊ အစ်မရှောင်ကျောင်း အစ်မကို သတင်းကောင်းတချို့ ပြောပြအုံးမယ်၊ ကျန်းကျူးက အဲဒီမိုမျိုးနွယ် ကင်းထောက်ဆီ ဖုန်းခေါ်လိုက်သေးတယ်၊ တိုက်တိုက်ဆိုင်ဆိုင် သူကလည်း ဒီမှာရှိနေတာနဲ့ ကျန်းကျူးနဲ့ ပြီးခဲ့တဲ့တုန်းက တွေ့လိုက်ကြသေးတယ်၊ ညီမ သူနဲ့အဖော်လိုက်သွားတာလေ၊ ကင်းထောက်မိုက ပြောတယ်၊ ကျန်းကျူးရဲ့ အပြင်ပန်းအခြေအနေက အရမ်းကောင်းတယ်တဲ့ ပြီးတော့ သူနဲ့ စာချုပ်တောင် ချုပ်ပြီးသွားပြီ’

သူမက ဝမ်းသာအားရလေသံနှင့် ပြောလိုက်လေသည်။

“အစတုန်းက ကင်းထောက်မိုက အစ်မက မင်းသမီးလုပ်ဖို့ သဘောတူလိုက်ပြီလို့ ထင်ထားတာ၊ သူက ဖုန်းထဲမှာ အစ်မရဲ့နာမည်ကို ကြားလိုက်တာနဲ့ ရောက်ချလာတာလေ၊ ညီမတို့တွေက အစ်မနဲ့ တွေ့ရအုံးမှာလားလို့တောင် သူက ဆက်တိုက်မေးနေတာ၊ ညီမ မြင်သလောက်တော့ သူက အရမ်းနှမြောနေတဲ့ပုံပဲ၊ ဒါပေမဲ့ အစ်မက ကျန်းကျူးကို သူ့ဆီမှာ ထောက်ခံပေးထားတာဆိုတော့ သူက ဝမ်းနည်းစိတ် အများကြီးလျော့သွားတဲ့ပုံပဲ ဟား ဟား”

ရှန့်ဟွားဟွားက ဆက်ပြောချင်နေပြီး ချန်ကျန်းကျူးက သူမကို ဘေးသို့ တွန်းထုတ်လိုက်ကာ

“ဟွားဟွား ဖယ်စမ်းပါအုံး၊ ငါလည်း သူနဲ့ စကားနည်းနည်း ပြောအုံးမယ်”

ရှန့်ဟွားဟွားက ခဏရပ်သွားပြီး

“အင်းပါ နင့်ကို ခဏလောက် ပေးပြောလိုက်မယ်”

သူမက ဖုန်းထဲက ရွှီရှောင်ကျောင်းဘက်သို လှည့်ကာ ပြောလိုက်တော့သည်။

“အစ်မရှောင်ကျောင်း ကျန်းကျူးက စကားနည်းနည်းလောက် ပြောချင်လို့တဲ့”

သူမက ဖုန်းကို ချန်ကျန်းကျူးဆီ ပေးလိုက်ပြီး သူမကို တိုးတိုးလေး ပြောလိုက်လေသည်။

“စကားကို ကောင်းကောင်းပြောနော်”

ချန်ကျန်းကျူးက သူမ သိပါတယ်ဟူသည့်ပုံစံဖြင့် ရှန့်ဟွားဟွားကို ဘေးသို့ တွန်းထုတ်လိုက်တော့သည်။

ဖုန်းကို ကိုင်ထားပြီး သူမက ပထမဆုံးတစ်ခွန်းကို အထစ်အငေါ့ငေါ့ ပြောလိုက်လေသည်။

“အစ်မ အစ်မရှောင်ကျောင်း”

ရွှီရှောင်ကျောင်းက သူမနှင့် ချန်းကျန်းကျူးတို့တွင် ပြောစရာစကားမရှိဟု ပြောတော့မည်ဆဲဆဲတွင် ချန်ကျန်းကျူး၏အသံကို ကြားလိုက်ရလေသည်။ အသံက တော်တော်လေး ပြေလည်နေ၏။

“အင်း ဘာပြောချင်လို့လဲ ပြောလေ”

အခုက သူမက ပြောစကားလိုက်ပြီးဖြစ်ရာ ရွှီရှောင်ကျောင်းက ငြင်းလိုက်ရမှာကို အလွန်မှ ရှက်မိသွားတော့သည်။

ချန်ကျန်းကျူးကို ဖုန်းကို တင်းနေ‌အောင် ကိုင်ထားပြီး

“အမ်...အင်း.. ကင်းထောက်မိုနဲ့ ညီမကို မိတ်ဆက်ပေးဖို့ ကျေးဇူးတင်ပါတယ်၊ ဒီတစ်ခါ ညီမ မင်းသမီး တကယ် ဖြစ်လာရင် နောက်ကျရင် အစ်မကို ကျေးဇူးပြန်ဆပ်ပါ့မယ်”

သူမက ခဏလောက် သေသေချာချာစဥ်းစားလိုက်ပြီး ဆက်ပြောလိုက်၏။

“အစ်မ ဟွားဟွားနဲ့ အဝတ်အစားဒီဇိုင်းတချို့ လုပ်မှာမလား၊ နောက်ပိုင်း ညီမ နာမည်ကြီးလာရင် အစ်မတို့ အဝတ်အစားကို အလကား ကြော်ငြာပေးဖို့ ကူညီမယ်လေ”

“ပြီးတော့ လူကြီးမင်းစုန့်က စက်ရုံတစ်ခု ထောင်တော့မယ်လို့ အဖေ့ဆီက ကြားထားတယ်၊ အစ်မ စိတ်မဆိုးဘူးဆိုရင် နောက်ကျရင် အစ်မအတွက် ကြော်ငြာပေးနိုင်ပါတယ်”

ရွှီရှောင်ကျောင်းသည် ချန်ကျန်းကျူးက တော်တော်လေး စိတ်ရင်းနှင့် ဖြစ်နေမည်ဟု မျှော်လင့်မထားခဲ့ချေ။ သူက စုန့်ဝေဖျင်ကို ‘ကိုကိုဝေဖျင်’ဟု မခေါ်တော့ဘဲ ယဥ်ကျေးသည့် အသုံးအနှုန်းဖြင့် ‘လူကြီးမင်းးစုန့်’ဟု ခေါ်လေသည်။ သူမသည် အလွန်မှ သတိရှိနေတော့သည်။

ရွှီရှောင်ကျောင်းက တခစ်ခစ် ရယ်မောလိုက်ပြီး

“ဒါဆိုရင် ဒီစကားကို မှတ်ထားလိုက်မယ်နော်”

ထိုစကားကို ကြားလိုက်တော့ ချန်ကျန်းကျူးက ပြုံးလိုက်ပြီး

“အင်း အင်း အင်း”

ဘေးတွင်တော့ ရှန့်ဟွားဟွားက ထိုစကားကို ကြားသွားပြီး အနည်းငယ် ဝမ်းသာသွားတော့သည်။ သူမက ဖုန်းကို မြန်မြန်ဖမ်းဆွဲလိုက်ပြီး စကားအများကြီး စပြောလေတော့သည်။

ဖုန်းချသည်အထိ ချန်ကျန်းကျူးမှာ စကားပြောဖို့ အခွင့်အရေး လုံးဝထပ်မရခဲ့ချေ။

သူမက အလွန်မကျေမနပ်ဖြစ်သွားပြီး

“ဟဲ့ ဟွားဟွား နင်လေ အရမ်းစိတ်တိုဖို့ကောင်းတာပဲ၊ ငါ့မှာ သူနဲ့ စကားပြောလို့မပြီးသေးဘူး”

ရှန့်ဟွားဟွားက ဘောပင်တစ်ချောင်းယူလိုက်ပြီး ရွှီရှောင်ကျောင်း၏ ဖုန်းနံပါတ်ကို ဂရုတစိုက် ချ‌ရေးလိုက်လေသည်။ ထိုစကားကို တုံ့ပြန်သည့်အနေဖြင့် သူမက ချန်ကျန်းကျူးကို ကြည့်လိုက်ပြီး

“နင် ဘာတွေပြောနေတာလဲ၊ နင် အရင်က အစ်မရှောင်ကျောင်းကို စိတ်ဆိုးအောင် လုပ်ခဲ့ဖူးတယ်လေ၊ သူက နင့်ကို စေတနာနဲ့ ပြန်ပြီးတော့တောင် ကူညီပေးခဲ့သေးတယ်၊ ကျေးဇူးတင်စကား နည်းနည်းပါးပါး ပြောရင် တော်ရောပေါ့၊ နင်က သူနဲ့ မိတ်ဆွေဖြစ်ချင်သေးတာလား”

ချန်ကျန်းကျူကို ခဏလောက်စဥ်းစားလိုက်ပြီး

“မိတ်ဆွေဖြစ်လည်း ကောင်းတာပဲ၊ သူက အခုတော့ အရမ်းတော်တယ်လို့ ငါ ထင်တယ်လေ”

ရှန့်ဟွားဟွားက လက်မခံချေ။

“လူတွေကဖြင့် နင့်ကို ခွင့်လွှတ်သေးတာမဟုတ်ဘူး၊ နင်က မိတ်ဆွေဖြစ်ချင်နေသေးတယ်၊ နင်လေ အရင်ဆုံး မင်းသမီးဖြစ်လာအောင် ကြိုးစားသင့်တာ”

ချန်ကျန်းကျူးက ရှန့်ဟွားဟွားချရေးထားသည့် ဖုန်းနံပါတ်ကို ကူးရေးလိုက်ကာ ပြောလိုက်၏။

“ဘာပဲဖြစ်ဖြစ် နောက်ဆိုရင် ငါက သူ့ကို ဖုန်းခေါ်အုံးမှာပဲ”

ရှန့်ဟွားဟွားက နှာခေါင်းရှုံ့လိုက်ပြီး

“အေးပါ အေးပါ၊ သူ နင့်ကို လျစ်လျူမရှုဘူးဆိုရင်တော့ သူ့ကို ဖုန်းခေါ်ပေါ့”

“သူက ငါ့ကို ဘာလို့ လျစ်လျူရှုရမှာလဲ၊ သူက ဖုန်းထဲမှာ ရယ်တောင် ရယ်နေတဲ့ဟာကို၊ သူက ငါ့ကို ကင်းထောက်မိုနဲ့ မိတ်ဆက်ပေးခဲ့တာလေ၊ ဒီတော့ သူ စိတ်မဆိုးတော့ပါဘူးဟဲ့၊ ပြီးတော့ နောက်ပိုင်း ငါ မင်းသမီးဖြစ်လာရင် သူ့ကို ကျေးဇူးပြန်ဆပ်မယ်လို့ ပြောထားပြီးပြီ၊ သူက ငါ့ကို ပိုပိုပြီး သဘောကျလာမှာ သေချာတယ်”

နှစ်ယောက်သား အပြန်အလှန် တကျက်ကျက် စကားများနေကြတော့သည်။ စိတ်ထဲတွင်တော့ သူတို့နှစ်ယောက်လုံးက အစ်မရှောင်ကျောင်းက တကယ်ကောင်းတာပဲဟု ထောက်ခံလိုက်ကြလေသည်။

ရွှီရှောင်ကျောင်းကတော့ မိန်းကလေးနှစ်ယောက်ကြားက အချေအတင်စကားကို ဂရုမစိုက်ပေ။ ဖုန်းခေါ်ဆိုမှုက အဆင်ပြေခဲ့သည်။ သူမသည် အများကြီး ပိုစိတ်အေးသွားတော့သည်။

အခုချိန်ကစပြီး စုန့်ဝေဖျင်က ခရီးသွားတဲ့အချိန်မှာ ဆက်သွယ်ရေးပြဿနာအတွက် စိတ်ပူစရာ မလိုတော့ဘူးလေ။

သို့သော်ငြား တယ်လီဖုန်းကို တပ်ဆင်ပြီးကတည်းက အချိန်က ဓာတ်ပုံရိုက်ခလုတ်လေးကို နှိပ်လိုက်သလို လျှက်တပြက်အတွင်း ကုန်သွားတော့သည်။ မျက်စိတမှိတ်အတွင်းတွင် လဝက်ကျော် ကုန်ဆုံးသွားခဲ့လေသည်။ စုန့်ဝေဖျင်က သူ့လက်ထဲကပစ္စည်းများကို ရောင်းထုတ်ခဲ့ပြီးဖြစ်လေသည်။ ကျန်သည့်ပစ္စည်းများကိုတော့ မှာယူထားသည့် လီစန်းထျယ်ကို လွဲပေးလိုက်၏။ လက်မှတ်ဖြတ်ပြီးနောက်တွင် သူက အလုပ်ခရီးကို ဆက်သွားရပေမည်။

ခရီးမထွက်ခင်တစ်ရက်တွင် စုန့်ဝေဖျင်က ရွှီရှောင်ကျောင်း စိတ်မကောင်းဖြစ်နေသည်ကို သတိထားမိလိုက်တော့သည်။

သူကလည်း သူ့ကိုယ်ပိုင်အစီအစဥ်များ ရှိနေသည်။

“ဒီနေ့ ရုပ်ရှင်သွားကြည့်ဖို့ စီရင်စုကို သွားကြမယ်လေ”

ရွှီရှာင်ကျောင်းက သူခရီးမထွက်ခင် အတူတူလည်ပတ်နိုင်မည်ဆိုလျှင် သူမကတော့ ငြင်းဆန်လိမ့်မည် မဟုတ်ချေ။ သူမက သေသေချာချာ ဝတ်စားထားပြီး စုန့်ဝေဖျင်နှင့်အတူ ထွက်လာခဲ့လေသည်။

စီရင်စုရုပ်ရှင်ရုံက ပြန်လည်မွမ်းမံပြင်ဆင်ထားသည်။ အနောက်ဘက်တန်းတွင် စုံတွဲများအတွက် ထိုင်ခုံများရှိလေသည်။ ရွှီရှောင်ကျောင်းနှင့် စုန့်ဝေဖျင်တို့က ထိုနေရာတွင် ထိုင်လိုက်ကြ၏။ သို့သော်ငြား သူတို့၏စိတ်ကတော့ ရုပ်ရှင်ထဲတွင် အမှန်ပင် ရှိမနေချေ။

ရွှီရှောင်ကျောင်းက သူ့ကို မှီထားကာ ပြောလိုက်၏။

“စုန့်ဝေဖျင် ဘာလို့ကိစ္စတွေက အမြန်ကြီး ပြီးသွားတာလဲ၊ နင် အခုလေးတင်မှ ပြန်လာပြီး ခရီးပြန်ထွက်သွားတော့မလိုပဲ ခံစားရတယ်”

သူတောင် ခရီးမထွက်ရသေးဘူး ငါလေးက သူ့ကို လွမ်းတောင်နေပြီပဲ။

စုန့်ဝေဖျင်၏ခံစားချက်များက သူမထက်ပင် ပို၍နက်ရှိုင်းရုံသာရှိတော့သည်။

ရွှီရှောင်ကျောင်း၏အချစ်တို့က သိပ်မကြာခင်မှသာ ထွက်ပေါ်လာခြင်းပင်။ အတိတ်က သူ ခရီးဝေးသွားလျှင် သူမက သူ့ကို ဂရုမစိုက်သည်ကို ခံစားမိလေသည်။ သူ့အတွက်တော့ မတူညီချေ။

အချစ်တွေက ဘယ်ကနေ ဖူးပွင့်လာမှန်းတော့မသိပါဘူး။ ဒါပေမဲ့ အမြဲတမ်း နက်ရှိုင်းနေတာပဲ။ ဘယ်တုန်းက စခဲ့တာမှန်း မသိပေမဲ့ သူ ခရီးသွားတဲ့အချိန်တိုင်း သူမကို နက်နက်ရှိုင်းရှိုင်း လွမ်းတတ်လာခဲ့တယ်။

သူက လက်ကိုဆန့်လိုက်ပြီး သူမကို ပွေ့ကာ သူ့‌ပေါင်ပေါ်တင်လိုက်ပြီး သူမ မေးနေကျ မေးခွန်းကို မေးလိုက်တော့သည်။

“ကို့ကို လွမ်းနေမှာလား”

ဒီတစ်ကြိမ်တွင်တော့ ရွှီရှောင်ကျောင်းက အလွန်လိမ္မာနေ၏။

“လွမ်းမှာပေါ့၊ စုန့်ဝေဖျင်၊ ငါ နင့်ကို လွမ်းနေမယ်”

သူမက သူ့ကို လွမ်းသည့်အ‌ကြောင်း ကိုယ်တိုင် ဝန်ခံလိုက်တော့သည်။ သူ့ကို ပီတိဖြစ်သွားစေသလို တစ်ချိန်ထဲတွင် အနည်းငယ် လွမ်းတသသဖြစ်သွားစေတော့သည်။

“တကယ်ပဲ ကိုနဲ့ မလိုက်တော့ဘူးလား” စုန့်ဝေဖျင်က သူမကို သူနှင့်အတူ ခေါ်သွားချင်လေသည်။

ရွှီရှောင်ကျောင်းက သူ့ရင်ခွင်ထဲတွင် ခေါင်းခါလိုက်ပြီး

“နင်က အရမ်းအလုပ်များတာလေ၊ နေရာတိုင်းကို ပြေးလွှားနေရတာ၊ ပြီးတော့ စက်ဝယ်ဖို့ တခြားနေရာကိုလည်း သွားရအုံးမယ်၊ ငါ လိုက်သွားရင်လည်း နင့်ကို ကူညီနိုင်တာ မဟုတ်ဘူး၊ တစ်ခုခုဆိုရင် ငါက နင့်ကို ဆွဲထားသလိုဖြစ်နေမှာ၊ ပြီးတော့ အဲဒီမှာ အရမ်းပူတာပဲ၊ ငါ နေလို့ရတာ အဆင်ပြေမှာမဟုတ်ဘူး”

သူမက သည်ကိစ္စကို အကြိမ်ကြိမ် တနုံ့နုံ့ စဥ်းစားခဲ့ပြီး

“အိမ်မှာ အဘွားနဲ့အမေတို့နဲ့ နေခဲ့တာ ပိုကောင်းပါတယ်၊ နင့်အတွက်လည်း ဒုက္ခမများတော့ဘူးပေါ့”

သူမက အမှန်ပြောနေကြောင်း စုန့်ဝေဖျင် သိလေသည်။ သို့သော် သူကလည်း သူမကို ကောင်းကောင်း မစောင့်ရှောက်နိုင်မှာ စိုးရိမ်မိသည်။

“ကိုလေ မင်းကို သေးသေးလေးဖြစ်အောင် လုပ်ပြီး တစ်ချိန်လုံး ကိုနဲ့အတူ သယ်သွားချင်လိုက်တာ”

ရွှီရှောင်ကျောင်းက အသံထွက်ရယ်လိုက်ပြီး

“ငါလည်း တစ်ချိန်ထဲမှာ ကြီးနိုင် သေးနိုင် လုပ်ချင်လိုက်တာ၊ ဒါပေမဲ့ ဒီလိုမျက်လှည့်ဆန်တဲ့ပစ္စည်းမျိုး မရှိဘူးလေ”

စုန့်ဝေဖျင်က ခဏတုံ့ဆိုင်းသွား၏။

အင်း... တကယ်တော့ ရှိပါတယ်။

All Chapters