အခန်း (၇၀-၇၂)
Vol. 5 Ch. 70-72
အပိုင်း (၇၀.၁) သူ ဒါကို လုပ်နိုင်တယ်
စုန့်ဝေဖျင် နင် အဲဒါကို လုပ်နိုင်တာလား မလုပ်နိုင်တာလား”
ဂွမ်းစောင်အောက်မှာ ပန်းရောင်လက်သီးတစ်တစ်ချက်က တခြားဘက်ခြမ်းကို ထုလိုက်၏။ ထို့နောက်တွင်တော့ နောက်ထပ် ကြီးမားသည့်လက်သီးက ဖုံးအုပ်လိုက်လေသည်။
“မင်း စမ်းကြည့်ပြီးပြီ မဟုတ်လား”
ရွှီရှောင်ကျောင်းက နှာခေါင်းရှုံ့လိုက်၏။ ငါ ဒါကို စမ်းကြည့်ခဲ့တာက ခွေးကောင်စုန့်ဝေဖျင်က တကယ်ပဲ ဟန်ဆောင်ကောင်းနေတာလို့ ခံစားမိလို့လေ။
“ဒါဆို ပြီးခဲ့တဲ့အခေါက်တုန်းကရော ဘာဖြစ်သွားတာလဲ၊ ညစာစားပွဲက ပြန်လာတုန်းက နင် အဲဒါကို သဘောကျရက်နဲ့ သည်းခံနိုင်ခဲ့သေးတယ်လား” ရွှီရှောင်ကျောင်းက သူ့ကို မေးလိုက်၏။
“အဲဒီအချိန်တုန်းက မင်းက မူးနေတာလေ၊ မင်း ဒါကို မမှတ်မိဖြစ်ပြီး နောင်တရသွားမှာစိုးလို့”
စုန့်ဝေဖျင်က သူမ၏လက်သီးကို သူ့နှုတ်ခမ်းထောင့်ဆီ ဆွဲလိုက်ပြီး နမ်းလိုက်လေသည်။
ရွှီရှောင်ကျောင်းက နှာခေါင်းထပ်ရလိုက်ပြီး
“ငါ မနေ့က အဲဒါကို အလိုတူ လုပ်ခဲ့တာမဟုတ်ဘူးနော်”
စုန့်ဝေဖျင်က သည်စကားကိုတော့ မထောက်ခံချေ။
“ကို မင်းကို မေးတော့ မင်းပဲ သဘောတူခဲ့တာလေ”
ရွှီရှောင်ကျောင်းက ဂွမ်းစောင်အောက်က သူမ၏ခြေထောက်ကို ဆန့်ပြီး သူ့ကို ကန်ပစ်လိုက်ကာ
“အဲတုန်းက ငါ စိတ်ရှုပ်ထွေးသွားလို့ပါနော် သူတော်ကောင်းလူဆိုးကြီးရဲ့”
စုန့်ဝေဖျင်က တဟားဟားရယ်လိုက်ပြီး သူမ၏ခြေထောက်များကို ချုပ်ထားလိုက်ကာ
“မလှုပ်နဲ့နော်၊ ဂွမ်းစောင်ကို ကန်လို့ လှန်သွားရင် လေအေးတွေ ဝင်လာလိမ့်မယ်”
မကျေမနပ်ဖြင့် ရွှီရှောင်ကျောင်းက ကိုယ်ကို နှစ်ခါလောက် တွန့်လိုက်၏။ ထို့နောက်တွင် ရုတ်တရက်ဆိုသလို တစ်ခုခုကို ခံစားမိလိုက်ပြီး လုံးဝ ရပ်တန့်သွားကာ
“နင်.. နင်နော်...”
စုန့်ဝေဖျင်က သူမ၏ရှုပ်ပွနေသည့် ဆံပင်နှင့် လည်နေသည့်မျက်ဝန်းများကို ကြည့်လိုက်၏။ သူက သူမ၏နှာခေါင်းကို ညစ်ကာ ပြောလိုက်လေသည်။
“အဲဒါကို မစိုးရိမ်ပါနဲ့လေ”
ရွှီရှောင်ကျောင်းမှာ လိမ္မာလိုက်ရတော့သည်။ ငါလေး မနေ့ညက သေလုနီးပါး ပင်ပန်းခဲ့တာလေ။ အခု သူ လိုအပ်တယ်ဆိုရင်တောင် ငါလေးကတော့ မလိုချင်ပါဘူး။
သူမသည် မတွေးဘဲ မနေနိုင်အောင် ဖြစ်သွားတော့သည်။ စုန့်ဝေဖျင်က သည်းခံနိုင်စွမ်း တော်တော်ရှိတာပဲ။
ငါတို့တွေ လက်ထပ်ခဲ့တာ သုံးနှစ်တောင် ရှိသွားပြီ။ အရင်တုန်းက ငါ သူ့မှာ မကောင်းတဲ့စိတ်ကူးတွေ ရှိနေခဲ့မယ်လို့ သတိမထားခဲ့မိဘူး။
သတိထားခဲ့မိရင်လည်း အဲလောက် အချိန်အကြာကြီး စိတ်အေးအေးနဲ့ တစ်အိပ်ရာထဲမှာမှာ သူနဲ့ အိပ်နိုင်မှာ မဟုတ်ဘူး။
သေသေချာချာ စဥ်းစားလိုက်ပြီးနောက်တွင် ရွှီရှောင်ကျောင်းက အနည်းငယ် မသင်္ကာ ဖြစ်လာတော့သည်။
“ဟဲ့ စုန့်ဝေဖျင် နင် ဘယ်တုန်းက ငါ့ကို ကြိုက်သွားတာလဲ”
အရင်က သူ ငါ့အပေါ် ဘာခံစားချက်မှ မရှိခဲ့ဘူးဆိုတာ မဖြစ်နိုင်ဘူး။ စုန့်ဝေဖျင်ကသာ ပြောရဲခဲ့ရင် ငါတော့ စိတ်ဆိုးမိမှာပဲ။
ငါလေးရဲ့ဆွဲဆောင်မှုက ဒီနေရာမှာ ကန့်သတ်ထားလို့ရတာ မဟုတ်ဘူးလေ။
သူ ဘယ်ကတည်းက ငါ့ကို စပြီး ကြိုက်သွားခဲ့တဲ့လဲ။
စုန့်ဝေဖျင်က သူ့မျက်လုံးများကို ကျဥ်းမြောင်းထားလိုက်ပြီး
“မမှတ်မိတော့ဘူး၊ အရမ်း အရမ်းကိုကြာနေပြီလေ”
သူက သူမ၏ဆံပင်များကို အမှတ်တမဲ့သပ်ပေးလိုက်ပြီး
“အရမ်းကြာနေပြီ၊ အဲဒီတုန်းက မင်းက ကို့ကို ချွဲချွဲနွဲ့နွဲ့ဖြစ်နေတဲ့ပုံကို မြင်ရတော့ မင်းက အရမ်းချစ်ဖို့ကောင်းတယ်လို့ ထင်မိတယ်၊ ပြီးတော့ မနေနိုင်ဘဲ မင်းကို ဆက်တိုက် စနောက်နေမိတာပေါ့၊ ဒါပေမဲ့ အဲတုန်းက မင်း ကို့ကို မချစ်သေးဘူးလေ၊ ကို နည်းနည်းချင်းစီ မသိမသာနဲ့ စမ်းကြည့်တော့ မင်းက အမြဲတမ်း ထွက်ပြေးဖို့ ကြိုးစားနေခဲ့တာ၊ ဒီတော့ ကို့မှာ အရင်ဆုံး မင်းရဲ့စကားကိုပဲ နားထောင်ပြီး မင်းရဲ့အခန်းဖော်ကောင်းလေး ဖြစ်ပေးရတာပေါ့”
စုန့်ဝေဖျင်က သူမကို ငုံ့ကြည့်လိုက်ပြီး
“ကို့မှာ ကို့မိန်းမရဲ့အိပ်ရာပေါ်မှာ တကယ်အိပ်ရဖို့အရေး လက်ထပ်ပြီး သုံးနှစ်တောင်ကြာခဲ့တယ်၊ ကို ဒါကို တကယ် တကယ် ခက်ခက်ခဲခဲနဲ့ ရထားတာ”
ရွှီရှောင်ကျောင်းသည် ထိုစကားကို ကြားလိုက်တော့ တခစ်ခစ်ရယ်မိတော့သည်။
“နင်က ဆန္ဒမရှိဘူးလား”
စုန့်ဝေဖျင်က သူ့မျက်လုံးများကို နိမ့်လိုက်ပြီး သူမကို ကြည့်လိုက်ကာ
“ကိုက ဆန္ဒမရှိပါဘူးလို့ ဘယ်အပိုင်းမှာ မြင်မိလဲ”
ရွှီရှောင်ကျောင်းက သူ့လက်ကို ဖျစ်ညှစ်လိုက်ပြီး
“ဆန္ဒရှိနေတယ်ဆိုရင် ဟုတ်ပြီပေါ့၊ စုန့်ဝေဖျင် နင် ငါ့ကို သုံးနှစ်ပဲ လိုက်ခဲ့ရတာပါနော်၊ နင်က အမြတ်တောင်ရသေးတယ်”
မျှော်လင့်မထားဘဲ စုန့်ဝေဖျင်က ခေါင်းညိတ်လိုက်ပြီး
“အမှန်ပဲ၊ ကိုထင်တာက ၉နှစ် ၁၀နှစ်လောက် အချိန်ယူရလိမ့်မယ်လို့ ထင်ထားတာ၊ အဲဒီတုန်းက မာချွန်းက သူ့ကို အိပ်ရာဝင် စကားပြောရင်း ကူညီပေးဖို့ မေးတယ်လေ၊ ကို စဥ်းစားတာပေါ့၊ ဘယ်လို အိပ်ရာဝင်စကားမျိုးကို ကိုက ပြောနိုင်မှာလဲလို့၊ ကို့မှာ ကို့ရဲ့မိုင်ထောင်ချီတဲ့ ရှည်လျားတဲ့ခရီးကို နည်းနည်းလေးပဲ တိုးတက်အောင် နိုင်ခဲ့သေးတာ၊ အရမ်းစောပါသေးတယ်လို့လေ”
ရွှီရှောင်ကျောင်းက သူ့ကြောင့် သဘောကျမိသွားပြီး ခြိမ်းခြောက်စကား ပြောလိုက်တော့သည်။
“ဒါပေမဲ့နော် နင် ငါ့ကို အောင်အောင်မြင်မြင်နဲ့ လိုက်နိုင်သွားပြီဆိုတော့ နောက်ဆိုရင် နင်ငါ့ကို ပိုချစ်ပေးပြီး ပိုပြီး ကောင်းကောင်းမွန်မွန် ဆက်ဆံရမယ်နော်၊ နားလည်လား”
မဟုတ်လို့ကတော့ ငါလေး သူ့ကို အချိန်မရွေး တွန်းထုတ်ပစ်ရလိမ့်မယ်။
“ဒါက ပြောစရာမှမလိုတာ” စုန့်ဝေဖျင်က သူမ၏လက်ချောင်းကို ထပ်နမ်းလိုက်ပြီး သူမကို အာမခံလိုက်လေသည်။
“ကို မင်းကို သေချာပေါက် ပိုပြီး ချစ်ပေးပါ့မယ်”
သူက သေချာပေါက် အပြောသက်သက် မဟုတ်ပါဘူး။
ရွှီရှောင်ကန်းသည် သူ့အစ်မဖြစ်သူက တဖြည်းဖြည်း ပိုအပျင်းကြီးလာသည်ကို တွေ့လိုက်ရလေသည်။
သို့နှင့် ဝူချွန်းဟွားထံတွင် တိတ်တိတ်လေး သွားဝေဖန်တော့သည်။
“အမေ မသိလို့နော်၊ မမကလည်း တကယ် ပိုပိုပြီး ပျင်းလာတယ်၊ ယောက်ဖကလည်း အဲလောက်အထိတောင် သူ့ကို အလိုလိုက်ထားတာ၊ ယောက်ဖပြန်လာပြီးကတည်းက မမကလေ သူ့မှာ ခြေမပါ လက်မပါလို လုပ်နေတော့တာ၊ ဘာကိုမှလည်း မလုပ်တော့ဘူး၊ အရင်တုန်းကဆို သားရဲ့အိမ်စာတွေ လုပ်ကူသေးတယ်၊ အခုတော့ သူက ကြည့်တောင် မကြည့်တော့ဘူး၊ အားလုံး ယောက်ဖကိုပဲ ပုံချထားတာ”
“ပြီးတော့ မမက ယောက်ဖဆီမှာ အရမ်းတွယ်ကပ်နေတာပဲ၊ အဲနေ့က ပဲငံပြာရည် မရှိတော့လို့လေ၊ ယောက်ဖက သွားဝယ်မလို့ဟာကို မမက ကလေးလေးလို သူ့နောက်က လိုက်သွားတာတဲ့၊ သူက ယောက်ဖကို လက်တောင် တွဲခိုင်းလိုက်သေးတယ်၊ အားး အရမ်းရှက်ဖို့ကောင်းတာပဲ...”
“ပြန်လာတော့လည်း လူမရှိတဲ့ လမ်းကိုရောက်ရင် သူက ယောက်ဖကို ကျောပိုးခိုင်းသေးတာ၊ သူ့ အသက်ဘယ်လောက်တောင် ရှိနေပြီလဲ၊ အခုထိ အရမ်းကို ပျင်းနေတုန်းပဲလား”
ဝူချွန်းဟွားသည် ထိုစကားကို ကြားလိုက်ချိန်တွင် ဝမ်းသာအားရ ပြုံးကာ သားဖြစ်သူကို လှမ်းကြည့်လိုက်ပြီး
“နင်က နင့်မမနဲ့ နင့်ယောက်ဖကို ဘာလို့ စိတ်ဆိုးနေတာလဲ၊ ဒီအကြောင်း အမေ့ကိုပဲ ပြောရဲတဲ့ဟာကို၊ နင့်မမဆီမှာ သွားဆူပူလိုက်လေ”
ရွှီရှောင်ကန်းမှာ အလွန်ကြောက်သွားပြီး နောက်သို့ ခြေလှမ်းကြီးတစ်လှမ်း လှမ်းလိုက်ကာ
“မလုပ်ရဲပါဘူးဗျာ၊ အခု ယောက်ဖက သားဘက်မှာ မရှိတော့ဘူး၊ မမက အရမ်းအနိုင်ယူထားတာလေ၊ သူ သားကိုပေးခဲ့တဲ့ နောက်ဆုံးပေါ်ဂိမ်းစက်တုန်းကလည်း စကားကောင်းတွေ မြှောက်ပြောပြီး အံကြိတ်ရင်း သူ့အတွက် အစားအသောက်တွေ ပြင်ဆင်ပေးခဲ့လို့ပေါ့၊ ပြောစမ်းပါဗျာ၊ ယောက်ဖက မမကို ထိန်းနိုင်နေကျဟာကို ဒါပေမဲ့ အခုတော့ သားတွေ့ရသလောက် မမက ယောက်ဖကို ကိုယ့်ဟာကိုယ် ပြန်ရိုက်လို့ ပြောခဲ့ရင် ယောက်ဖကလည်း သူ့စကား နားထောင်မှာပဲ”
သူက ပြောရင်းဆိုရင်း ကိစ္စများကို အချက်ကျကျ စတင်သုံးသပ်လေတော့သည်။
“ကြည့်လေ၊ မမက စည်းကမ်းမဲ့ အလိုလိုက်ခံထားရတာ၊ ဒါကြောင့် ပြောတာပေါ့၊ မိန်းမကို အရမ်းကြီး အလိုမလိုက်သင့်ဘူးတဲ့၊ မဟုတ်ရင် သူက အကောင်းအဆိုး မသိတော့ဘူး၊ လုံးဝ အပျင်းကြီးတဲ့မိန်းမ၊ လုံးဝ မနာခံတတ်တော့တာ”
“ဘယ်သူက မနာခံတတ်တာလဲ ရွှီရှောင်ကန်း၊ နင် ငါ့အမေကို ဘာတွေပြောနေတာလဲ၊ ငါ နားထောင်နေတယ်နော်” ရွှီရှောင်ကန်း စကားဆုံးသွားသည်နှင့် ရွှီရှောင်ကျောင်း၏အသံက တံခါးဆီတွင် ထွက်ပေါ်လာတော့သည်။
ရွှီရှောင်ကန်းက အလန့်တကြားဖြစ်သွားပြီး မြန်မြန် ပြန်အော်ပြောလိုက်တော့သည်။
“အာ မမ နင် ပြန်လာပြီပေါ့၊ ငါ အမေ့ကို စာလုပ်တဲ့အကြောင်း ပြောပြနေတာပါ၊ ဆရာက ပြောတယ်၊ ဒီကျောင်းသားအပေါ် အရမ်းလျော့ရဲနေလို့ မသင့်ဘူးတဲ့၊ မဟုတ်ရင် သူက လုံးဝ စကားနားမထောင်ဘဲ နေလိမ့်မယ်၊ ရိုက်တန်ရင် ရိုက်ရမယ်တဲ့”
ရွှီရှောင်ကျောင်းက ဝက်စတူးဆိုင်ထဲသို့ လှမ်းဝင်လိုက်၏။ နောက်တွင် စုန့်ဝေဖျင်က နောက်လိုက်တစ်ယောက်လို လိုက်ဝင်လာလေသည်။ သူ့ကိုယ်နေဟန်ထားက လမ်းပေါ်တွင် လှည့်လည်နေသည့် လူမိုက်တစ်ယောက်အသွင်။
“အဲဒီနင့်ပါးစပ်နော်၊ ပိတ်ထား၊ ငါ မကြားဘူးလို့ မထင်နဲ့၊ နင် ငါ့မကောင်းကြောင်းကို ငါ့အမေဆီ သွားပြောနေတာလား”
ရွှီရှောင်ကန်းက ရွှီရှောင်ကျောင်းကို ကျောပေးလိုက်ပြီး ဝူချွန်းဟွားကို မျက်လုံးမှိတ်ပြလိုက်၏။ ဝူချွန်းဟွားက ပြုံးလိုက်ပြီး
“မဟုတ်ပါဘူး၊ သမီးရဲ့မောင်လေးက ကျောင်းကအကြောင်းတွေ ပြောပြနေတာပါ”
ရွှီရှောင်ကျောင်းက ကိုယ်ကိုလှည့်လိုက်ပြီး စုန့်ဝေဖျင်ဆီက စက္ကူထုပ်နည်းနည်းကို လှမ်းယူလိုက်ကာ ဝူချွန်းဟွားဆီလှမ်းပေးလိုက်ပြီး
“အမေ မြို့အရှေ့ခြမ်းက အဒေါ်လျိုဆိုင်က ထန်ဟူလူအရသာအသစ်တဲ့ မြည်းကြည့်ပါအုံး”
သူမသည် ထန်ဟူလူ ၅-၆ချောင်းလောက် ဝယ်လာခဲ့လေသည်။ အစကတော့ မိသားစုအားလုံးနှင့် မျှစားဖို့ ဖြစ်လေသည်။ ရွှီရှောင်ကန်းက သူမကို အားတက်သရော ကြည့်နေသည်ကို မြင်လိုက်ရသောအခါ သူမက ထန်ဟူလူကို ဘေးချထားလိုက်ပြီး သူ့ကို တမင်မပေးဘဲ ထားလိုက်ကာ
“နင့် အတွက် မပါဘူး”
ရွှီရှောင်ကျောင်းက မကျေမနပ်ဖြင့် “ငါက ပျင်းတယ်လို့ နင် ထင်နေသေးလား”
ရှီရှောင်ကန်းက ရုတ်တရက် ရင်ဘတ်ကို ပင့်ကာ လက်မြောက်ထားလိုက်ပြီး အော်ပြောလိုက်ရာ မှန်သည့်ဘက်က မခံရပ်နိုင်သည့်လေသံ အပြည့်ဖြစ်နေလေသည်။
“ဘယ်သူလဲ၊ ဘယ်သူက ငါ့အစ်မကို ပျင်းတယ်လို့ ပြောရဲတာလဲ၊ ငါ့အစ်မက နတ်သမီးလေးလို လှပပြီး သိမ်မွေ့ပြီး ဇွဲလုံ့လရှိတယ်နော်၊ ငါ့မှာ အတန်းဖော်သူငယ်ချင်းတွေအများကြီး ရှိတယ်၊ ငါ့မှာ ဒီလိုအစ်မမျိုး ရှိလို့ ဘယ်သူက အားမကျတာရှိလဲ၊ နောက်ပိုင်း ငါ့အစ်မ မကောင်းကြောင်း ပြောရဲတဲ့သူတွေကို ငါ ခွင့်လွှတ်မှာမဟုတ်ဘူးနော်”
သူ့စကားလေးနည်းနည်းက အားလုံးက ရယ်မောသွားစေတော့သည်။ ရွှီရှောင်ကျောင်းက အလျှော့ပေးလိုက်ပြီး
“ဒီလိုမှပေါ့၊ ရော့၊ ငါ နင့်ကို အကြီးဆုံးတစ်ခု ပေးမယ်”
သူမက စကားပြောနေစဥ်မှာပင် ဖုန်း မြည်လာတော့သည်။ စုန့်ဝေဖျင်က ခြေလှမ်းအနည်းငယ်ဖြင့် အခန်းဘက်ကို လျှောက်သွားလိုက်ပြီးနောက် လှမ်းအော်ပြောလိုက်တော့သည်။
“ကျောင်းကျောင်း မင်းရဲ့ဖုန်း၊ ကျိုးဖင့်ရှန်းတဲ့”
ရွှီရှောင်ကျောင်းက ပြန်အော်ပြောလိုက်၏။
“သူ ငါ့ဆီ လာလည်တာ ဖြစ်မယ်၊ ပြီးခဲ့တဲ့အခေါက် ဖုန်းခေါ်တုန်းက သူ အားရင်း လာခဲ့မယ်လို့ ပြောထားတာ”
ရွှီရှောင်ကျောင်း အခန်းထဲဝင်သွားသည်ကို ကြည့်လိုက်ပြီး ရွှီရှောင်ကန်းက သူ့ရင်ဘတ်ကို ပုတ်လိုက်လေသည်။ သူက ထန်ဟူလူကို တစ်ကိုက်ကိုက်လိုက်ပြီး အခန်းထဲဝင်လာသည့် စုန့်ဝေဖျင်ကို ညည်းညူတော့သည်။
“ယောက်ဖ မမကို ကြည့်ပါအုံး၊ သူ အခုဆို ပိုပိုပြီး သူဌေးဆန်လာပြီ၊ တကယ်ပါဗျာ ယောက်ဖက သူ့ကို အလိုလိုက်လွန်းပါတယ်”
“ငါကလား” စုန့်ဝေဖျင်ကတော့ ပြဿနာဟု မမြင်ချေ။
“မင်းအစ်မက လုံးဝအဆင်ပြေနေတာပဲလေ၊ တစ်ချိန်လုံး သူ့ကို စိတ်ဆိုးအောင် မလုပ်စမ်းပါနဲ့ကွာ”
စကားတစ်ခွန်းက ရွှီရှောင်ကျောင်းကို နင်သွားစေပြီး သူ့ကို အလဲထိုးပစ်လိုက်တော့သည်။
ရွှီရှောင်ကန်းက စိတ်ထဲတွင် ကျိတ်ပြီး ဆုံးဖြတ်ထားလိုက်တော့သည်။ အနာဂတ်မှာ သူကတော့ မိန်းမရှေ့မှာ ဘာစည်းကမ်းမှ မထားတဲ့ ယောက်ဖလိုနေမှာမဟုတ်ဘူး။
စုန့်ဝေဖျင်ကတော့ ရွှီရှောင်ကျောင်းသည် အရင်ကထက် အခုက ပိုပြီးကောင်းလာသည်ဟု အမှန်ပင် ခံစားမိလေသည်။ အခုဆိုရင် သူ(မ)က နေ့တိုင်း သူ့ကို တွယ်ကပ်နေတာကိုပဲ သူက ပျော်နေတာလေ။
သူသည် ဒီလိုဆက်ဆံရေးမျိုးကို အကြိမ်အများကြီး စိတ်ကူးယဥ်ခဲ့ရတာကိုး။
ဒါကြောင့် ရွှီရှောင်ကျောင်းက ကျိုးဖင့်ရှန်းလာမယ်လို့ ပြောတော့ သူ နည်းနည်းတော့ စိတ်ဓာတ်မိကျသား။
ညရောက်သည်အထိ စောင့်စားလိုက်ပြီး သူသည် သူမကို နှံ့နှံစပ်စပ် စားသောက်လိုက်ပြီးမှ သူမကို နေသာထိုင်သာ ရှိလှအောင် ပြုစုပေးလိုက်ရင်းက သူ့အတွေးငယ်လေးများကို ထုတ်ပြောလိုက်တော့သည်။
“ဒီတစ်ခါတော့ မာချွန်းနဲ့ အိပ်ခိုင်းမှာ ခွင့်မပြုနိုင်ဘူးနော်”
ရွှီရှောင်ကျောင်း၏မျက်နှာက နီရဲသွားပြီး သူမ၏လက်ချောင်းများက မ,ဖို့ရန်ပင် အားက လုံးမရှိတော့ချေ။ ထိုစကားကို ကြားလိုက်ပြီးနောက် ကျောင်းကျောင်းက ပြန်ဖြေလေသည်။
“ဒါဆို ဖင့်ရှန်းက ငါနဲ့ သီးသန့်စကားပြောချင်ရင် ဘယ်လိုလုပ်ရမှာလဲ”
စုန့်ဝေဖျင်က ထိုစကားကို ကြားလိုက်ရသောအခါ သူ့မျက်လုံးများက လင်းလက်လာပြီး ရှောင်လွှဲနိုင်မည့် နည်းလမ်းတစ်ခုကို ရုတ်တရက် ခံစားမိလိုက်တော့သည်။ သူ့လက်နွေးနွေးလေးများဖြင့် သူမကို ဖြည်းဖြည်းချင်း နှိပ်နှယ်ပေးလိုက်ပြီး
“နေ့ဘက်ဆို အချိန်အများကြီး ရှိတာပဲ၊ စကားပြောကြလေ၊ ဘာပဲဖြစ်ဖြစ် အပြင်ဘက်မှာ အရမ်းအေးနေတာ အပြင်ထွက်လို့လည်း မရဘူး”
ရွှီရှောင်ကျောင်းက အေးအေးလူလူဖြင့် မျက်လုံးများကို လှန်ကြည့်လိုက်သည်ကို မြင်လိုက်ရသဖြင့် သူက ဆက်ပြောလေသည်။
“ပြီးတော့ စဥ်းစားကြည့်လေ၊ ပုံမှန်ဆိုရင် သူနဲ့မာချွန်းက သူတို့ရဲ့ကိုယ်ပိုင်အဆောင်မှာ နေကြတာပဲ၊ ဒီတစ်ခါ မြို့က ဧည့်ဂေဟာမှာ သူတို့အတွက် အခန်းတစ်ခန်း ငှားပေးလိုက်မယ်လေ၊ ခုတင်နှစ်လုံး ပါတဲ့ဟာမျိုးပေါ့၊ အခန်းတစ်ခုထဲမှာ အိပ်ကြပါစေ၊ ဒါက ကောင်းမှုလုပ်ပေးတယ်လို့ စဥ်းစားလို့ရတယ်လေ”
ရွှီရှောင်ကျောင်းက အတွေးနစ်နေသည့်စိတ်ဖြင့် သေသေချာချာစဥ်းစားလိုက်ပြီး ဒါက မဆိုးဘူးဟု တွေးလိုက်တော့သည်။
“ဒါဆိုလည်း ဟုတ်ပြီလေ” သူမက ရေရွတ်လိုက်တော့သည်။
စုန့်ဝေဖျင်မှာ အလွန်ဝမ်းသာသွားပြီး ချက်ချင်းဆိုသလို သူမဆီက ကတိတောင်းလေတော့သည်။
“ဒီလိုသတ်မှတ်လိုက်ပြီနော်၊ မင်းစကားကို တည်မယ်မလား၊ ကို့ကို မလိမ်နဲ့နော်”
ရွှီရှောင်ကျောင်း၏မျက်လုံးများက ဝိုင်းစက်သွားပြီး
“ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ၊ ရွှီရှောင်ကျောင်းဆိုတဲ့ ငါက တခြားလူတွေကို ဘယ်တော့မှ မလိမ်ဘူးနော်”
“ဒါဆို ကို ဒီစကားကို မှတ်ထားလိုက်ပြီ” စုန့်ဝေဖျင်က သူ့လေးနက်မှုကို ပြန်ဆောင်ထားလိုက်ပြီး တည်တည်ငြိမ်ငြိမ်ဖြင့် ခေါင်းညိတ်လိုက်လေသည်။
နောက်မှ ပြန်စဥ်းစားကြည့်လိုက်တော့ စုန့်ဝေဖျင်၏အတွေးများက အလွန်မှ နက်ရှိုင်းသည်ဟု ရွှီရှောင်ကျောင်းမှာ ခံစားမိလိုက်တော့သည်။ သူက စကားတွေ တစ်ခွန်းပြီးတစ်ခွန်းပြောရင်း ငါလေးကို ထောင်ချောက်ထဲဝင်သွားအောင် လုပ်ခဲ့တာပဲ။
သို့နှင့် ကျိုးဖင့်ရှန်းက သူမနှင့်အတူ အိပ်ချင်သည်ဟု ဆိုလာချိန်တွင်တော့ သူမက ငြင်းရလေတော့သည်။
“ငါတို့တွေ နေ့ခင်းဖက်မှာပဲ စကားပြောကြမယ်လို့ စုန့်ဝေဖျင်ကို ကတိပေးထားလို့ပါဟယ်၊ ညပိုင်းကျရင်တော့ နင် မာချွန်းနဲ့ အိပ်နော်” ရွှီရှောင်ကျောင်းက မျက်လုံးများကို ပုတ်ခတ်ပုတ်ခတ် လုပ်နေကာ သူမ၏မျက်နှာလေးက အပြစ်ကင်းစင်အမှုအပြည့်ပင်။
ကျိုးဖင့်ရှန်းသည် သည်တစ်ကြိမ်တွင် သူမ၏အခြေအနေက ထိုးကျသွားလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။ ပြီးခဲ့တုန်းအခေါက်တုန်းက အရမ်းပျော်လွန်းလို့ သူ့(မ)ရင်ဘတ်ကို ပုတ်ပြီး ကြေညာခဲ့တာ ဘယ်သူမလို့လဲ။ ‘နင် ငါနဲ့အတူတူအိပ်ရမယ်၊ စုန့်ဝေဖျင်ကို အိပ်ဖို့နေရာ သူ့ဟာသူ ရှာပါစေ’ဆိုပြီးတော့လေ။
သူမက မျက်လုံးများကို ကျဥ်းမြောင်းထားလိုက်ပြီး ရွှီရှောင်ကျောင်းကို တွန်းလိုက်ကာ သူမနား ကပ်ထားလိုက်ပြီး တီးတိုးပြောလိုက်လေသည်။
“ရွှီရှောင်ကျောင်း နင်တော့ တစ်ခုခုပဲ”
ရွှီရှောင်ကျောင်းက တည်ငြိမ်ချင်ဟန်ဆောင်လိုက်ပြီး
“ငါက ဘာဖြစ်နိုင်မှာလဲ”
ကျိုးဖင့်ရှန်းက သူမ၏လက်ကို တွဲလိုက်ပြီး သူမကို မေးလိုက်တော့သည်။
“နင်တို့တွေ အတူတူနေကြပြီလား”
ရွှီရှောင်ကျောင်း၏မျက်နှာက ရုတ်တရက် နီရဲသွားသည်ကို တွေ့လိုက်ရသည်တွင် သူမက နားမလည်ဘဲ အဘယ်မှာ ရှိပါမည်နည်း။ ကျိုးဖင့်ရှန်းက ရွှီရှောင်ကျောင်းကို လက်မြောက်ပြလိုက်ကာ ပြောလိုက်တော့သည်။
“ဟုတ်ပါပြီ၊ ဒီတော့ နင်က အချစ်ကြောင့် နင့်သူငယ်ချင်းကို မေ့သွားတာပဲ၊ ငါ ပြောနေသားပဲ၊ နင့်စိတ်သဘောထား ပြောင်းလဲသွားပါတယ်ဆို”
ရွှီရှောင်ကျောင်းက ရယ်မောလိုက်ပြီး ဘာမှမပြောလိုက်တော့ချေ။
သူမ၏မျက်နှာပေါ်တွင် အချစ်တို့ကို မြင်တွေ့လိုက်ရသည်တွင် သူမ၏နှလုံးသားထဲတွင် စုန့်ဝေဖျင်နှင့် အတူရှိလိုကြောင်းကို ကျိုးဖင့်ရှန်းက သိလိုက်တော့သည်။
“ငါ့ကို မလိမ်စမ်းပါနဲ့ဟယ်၊ ဘာ စုန့်ဝေဖျင်ကို ကတိပေးခဲ့တာလဲ၊ ငါ ထင်တာတော့ စုန့်ဝေဖျင် ထုတ်မပြောရင်တောင် နင် ငါနဲ့အိပ်မှာ မဟုတ်ပါဘူး၊ ကျွတ်...ကျွတ်... ယောက်ျားတစ်ယောက် ရှိလာရင် မိတ်ဆွေကောင်းကို မေ့သွားတယ်တဲ့၊ ဒီစကားက နင့်ကို ပြောတာမလားဟင် ရွှီရှောင်ကျောင်း”
. . .
အပိုင်း (၇၀.၂)
ရွှီရှောင်ကျောင်းက သူမကို လှည့်ကြည့်လိုက်သည်။ ထင်တောင်မထားဘူး။ စုန့်ဝေဖျင်က ဒါကိုသတိမထားတာကို ကျိုးဖင့်ရှန်းက ဘယ်လိုသတိထားမိသွားတာတဲ့လဲ။
ရွှီရှောင်ကျောင်းက ဒါကို ဝန်ခံရပါသည်။ တကယ်လည်း ငါလေးက စုန့်ဝေဖျင်နဲ့ ခွဲပြီးမအိပ်ချင်ပါဘူး။ စုန့်ဝေဖျင်ကို အင်တင်တင်နဲ့ သဘောတူချင်ဟန်ဆောင် လိုက်တာပဲရှိတာ။ ဒါကြောင့် စုန့်ဝေဖျင်က ငါလေး နောင်တရသွားမှာစိုးလို့ဆိုပြီး နောက်ပိုင်းကျတော့ ငါလေးကို မမျှတတဲ့သဘောတူညီချက်တွေ လုပ်ခိုင်းခဲ့သေးတယ်။ ငါလေးကို နှိပ်ပေးတယ်။ လက်သည်းဆေးဆိုးပေးတယ်။ ငါလေးကို အပြင်ခေါ်လည်တယ်။ မဆုံးနိုင်အောင်ပဲ။
ဘာပဲဖြစ်ဖြစ် ငါလေးက အမြတ်ရခဲ့သားပဲ။
“အဲဒီ ငတုံးစုန့်ဝေဖျင်ကတောင် သတိမထားမိဘူး။ နင်က ဘယ်လိုသတိထားမိသွားတာလဲ” သူမက ကျိုးဖင့်ရှန်းကို မေးလိုက်၏။
ကျိုးဖင့်ရှန်းက သူမ၏မျက်လုံးများကို ပုတ်လိုက်ပြီး
“နင့်မျက်လုံးတွေကို ကြည့်စမ်း၊ အရင်က ငါ စုန့်ဝေဖျင်အကြောင်း ပြောရင် နင် ဒီလိုပုံစံမဟုတ်ပါဘူး၊ အခု ငါ သူ့အကြောင်းပြောတော့ ပျားရည်စက်တွေ စီးကျနေလိုက်တာ၊ နင့်ကို ကြည့်ရုံနဲ့တင် ချိုမြိန်တဲ့ခံစားချက်တွေ ရနေပါပြီဟယ်၊ သူ့စိတ်က အရှုံးအမြတ်တွေနဲ့ စိုးရိမ်နေတဲ့အချိန် ငါစိတ်ကတော့ ဒါကို ရှင်းရှင်းလင်းလင်း မြင်နိုင်တယ်လေ”
ရွှီရှောင်ကျောင်းက သူမကို တွန်းလိုက်ပြီး
“နင်လေ အားလုံးကို သိနေတာနော်၊ ဘာပဲဖြစ်ဖြစ် ငါ စုန့်ဝေဖျင်ကို အခန်းတစ်ခု ငှားခိုင်းထားတယ်၊ နင် မာချွန်းနဲ့ အိပ်ပေါ့”
ထိုအကြောင်းကို ပြောလိုက်သည်တွင် ကျိုးဖင့်ရှန်းက ရှက်ရွံ့သွားတော့သည်။ သူတို့နှစ်ယောက်က ရယ်စရာများ ပြောလိုက်ကြပြီး ပျော်ပျော်ရွှင်ရွှင် ရယ်မောလိုက်ကြ၏။
မာချွန်းသည် ကျိုးဖင့်ရှန်းနှင့်အတူ တစ်ခန်းထဲ အိပ်ရမည့်အကြောင်း သိလိုက်ရသောအခါ သူသည် ကန်စွန်းရိုင်းပန်းပွင့်လို ချက်ချင်း ပွင့်လန်းလာတော့သည်။
“အစ်ကိုစုန့် ဒီစေတနာကို ကျွန်တော် မှတ်ထားပါ့မယ်”
သဘောကောင်းလှသည့် စုန့်ဝေဖျင်ကြီးကတော့ ခါတိုင်းလိုပင် မာထန်တည်ငြိမ်နေဆဲ။
“ကိစ္စမရှိပါဘူး၊ ဒါပေမဲ့ စိတ်ကူးမယဥ်သေးနဲ့အုံး၊ မင်းတို့တွေက တစ်ခန်းထဲဆိုပေမဲ့ အထဲမှာ ခုတင်နှစ်လုံးနဲ့၊ တစ်ယောက်တစ်လုံးစီ အိပ်ရမှာ”
မာချွန်းမှာ ထိုအခြေအနေအထိ ရောက်ရန် ခြေတစ်လှမ်းလှမ်းဖို့ပင် စိတ်မကူးကြည့်ခဲ့ပေ။ ကျိုးဖင့်ရှန်းနှင့် အခန်းတစ်ခုထဲတွင် အိပ်ရမည်ဟု စဥ်းစားလိုက်ရုံနှင့်ပင် သူသည် လက်နှစ်ဖက်ကို ပွတ်ရင်း တခိခိရယ်မောက စိတ်လှုပ်ရှားနေတော့သည်။
“အစ်ကိုစုန့်က ဒီလောက်အထိ လုပ်ပေးနိုင်လိမ့်မယ်လို့ ကျွန်တော် လုံးဝ မထင်ထားခဲ့ဘူး၊ စိတ်မပူပါနဲ့ဗျာ၊ အစ်ကို့စက်ရုံမှာ ကောလိပ်ကျောင်းသားတချို့ကို ခေါ်ချင်တယ်လို့ ပြောခဲ့တယ်မလား၊ ကျွန်တော် ပြန်ရောက်တာနဲ့ အစ်ကို့အတွက် ကောင်းကောင်း ကြော်ငြာပေးပါ့မယ်၊ ပြောရမယ်ဆိုရင် ကျောင်းပြီးတော့မဲ့ ကျောင်းသားတချို့နဲ့ ခင်တယ်လေ၊ သူတို့အိမ်က တောင်ပိုင်းမှာ၊ ကျွန်တော်တို့ ခဏခဏ ဆက်သွယ်ဖြစ်ကြတယ်၊ သူတို့ထဲကတချို့က ကိုယ်ပိုင်အစီအစဥ်တွေ ရှိကြပြီးတော့ ထမင်းစားလက်မှတ်ရမဲ့အလုပ်ကိုပဲ မလုပ်ချင်ကြဘူး၊ သူတို့တွေက ကိုယ်တိုင် အလုပ်တစ်ခု ရှာချင်နေကြတာ၊ ကျွန်တော် ပြန်ရောက်ရင် အစ်ကို့အတွက် မေးပေးမယ်”
စက်ရုံတွင် ကောလိပ်ကျောင်းသားများကို ခေါ်ယူခြင်းက ပထမအသုတ် ကုန်ပစ္စည်း စမ်းထုတ်ပြီးနောက်ပိုင်းမှ စုန့်ဝေဖျင် စဥ်းစားခဲ့မိသည့် စိတ်ကူးပင်။
သူ့စက်ရုံတွင် ခေါ်ယူထားသည့် မရှိသလောက်ပညာရှင်များက အရည်အချင်းရှိကြသော်လည်း သူတို့၏စိတ်ကူးများက လုံလောက်အောင် မဆန်းသစ်ကြတော့သလို သူတို့၏စာတွေ အသိပညာကလည်း လုံလောက်အောင် မကြွယ်ဝကြချေ။ ထို့အပြင် စက်ရုံကို ရေရှည် တိုးတက်ကြီးထွားအောင် လုပ်ချင်လျှင် အဆင်မြင့်အရည်အချင်းများကို လိုအပ်မည်ဖြစ်ကြောင်း သူ နားလည်ထားလေသည်။ အရည်အချင်းရှိသူများကို သူ့နေရာနှင့်သူ နေရာချပေးလိုက်သည်နှင့် သူတို့သည် ခိုင်ခိုင်မာမာ ရပ်တည်နိုင်ပြီး စျေးကွက်ကို သိမ်းယူနိုင်လိမ့်မယ်။
“ဟုတ်ပြီလေ၊ ကျေးဇူးတင်ပါတယ်၊ မလောပါနဲ့၊ အရင်ဆုံး အချိန်ယူပြီး စုံစမ်းလိုက်အုံး” သူက ကျောင်းတစ်ခုထဲကိုပဲ ထည့်စဥ်းစားခဲ့သည်မဟုတ်ချေ။
ထိုအကြောင်းကို စဥ်းစားလိုက်တော့ စုန့်ဝေဖျင်သည် ရွှီရှောင်ကျောင်းက သူ၏ကံကောင်းစေသည့် ကြယ်ပွင့်ကလေး ဖြစ်သည်ဟု ခံစားလိုက်ရတော့သည်။
ညပိုင်းတွင် စုန့်ဝေဖျင်က ရွှီရှောင်ကျောင်းကို အားရပါးရဖက်လိုက်ပြီး
“ဟိုတုန်းက မင်း လုပ်ခဲ့တဲ့ စာပြပေးတဲ့သင်တန်းကလေ လုပ်ခဲ့တာ တကယ်မှန်သွားတာပဲ”
ရွှီရှောင်ကျောင်းကတော့ သူနှင့် တွေးခေါ်ပုံခြင်း မတူချေ။ နေ့ခင်းဘက်တွင် တစ်နေ့လုံး ကျိူးဖင့်ရှန်းနှင့် ရယ်စရာများပြောကာ ရယ်မောခဲ့ပြီး ညဘက်တွင်တော့ သူက နွေးထွေးသည့်အိပ်ရာထဲ ဝင်ကာ မီးဖိုတစ်ခုနှင့်တူသည့် စုန့်ဝေဖျင်ကို မှီထားလိုက်၏။ သူမက အနည်းငယ် အိပ်ငိုက်လေသည်။
“ဘာလို့လဲ၊ အဲဒီတုန်းက ငါရှာခဲ့တဲ့ငွေတွေက နင် စီးပွားရေးလုပ်ဖို့ အရင်းအနှီးဖြစ်လာလို့လား”
ရွှီရှောင်ကျောင်းက လှုပ်ရှားလိုက်ပြီး သက်သောင့်သက်သာရှိသည့် အနေအထားကို တွေ့လိုက်ရပြီး သူမ၏မျက်လုံးများကို မှိတ်ထားလိုက်ကာ
“ဒါက ငါ ဘယ်လောက်တော်လဲဆိုတာကို ပြနေတာပဲ”
စုန့်ဝေဖျင်က သူမကို ကြည့်လိုက်ပြီး
“အဲဒါတင်မကဘူး”
“လူတော်တော်များများက အဲဒီတုန်းက သူတို့ဆက်သွယ်ရမဲ့လိပ်စာကို ထားခဲ့ကြတယ်မလား၊ သိပ်မကြာခင်တုန်းက သူတို့ထားခဲ့တဲ့ လိပ်စာအတိုင်း သူတို့ကို ဆက်သွယ်ဖို့ သူတို့ကျောင်းတွေကို ကို စာပို့လိုက်သေးတယ်၊ စက်ရုံက လက်ရှိမှာ ပထမအဆင့်ပဲရှိသေးတယ်၊ ပြီးတော့ ငယ်နေသေးတယ်လေ၊ ကြည့်ရတာ အခုက အရှိန်ကောင်းလာပြီ၊ ဒါပေမဲ့ ဒုတိယနဲ့ တတိယအဆင့်ပြီးသွားတဲ့အချိန်ကျရင် ဝန်ထမ်းတွေ ခန့်ဖို့က ပြဿနာကြီးတစ်ခုဖြစ်လာမှာ”
“တချို့ ကောလိပ်ကျောင်းသားတွေကို စက်ရုံမှာ အလုပ်ခန့်ဖို့ စီစဥ်ထားတယ်၊ ဒါပေမဲ့ လက်ရှိ ပညာရေးကို ကြည့်ရင် အလုပ်တွေက ကောလိပ်ကျောင်းသားတွေကို အာမခံချက်တွေ ပေးထားတယ်လေ၊ ဘာမှပြစရာမရှိရင် ဘယ်သူကမှ စက်ရုံမှာ လုပ်ချင်ကြမှာ မဟုတ်ဘူးလေ၊ စာသင်ပေးထားတဲ့ ဆက်ဆံရေးနဲ့ဆိုတော့ ဒါက အများကြီး ပိုအဆင်ပြေသွားလိမ့်မယ်၊ အနည်းဆုံးတော့ ကိုတို့တွေ စာကနေတဆင့် ဆက်သွယ်ပြီး သူတို့ကို အသိပေးထားလို့ရတာပေါ့။ သူတို့ကို ကြားလူ လုပ်ခိုင်းလို့ရတယ်လေ၊ လူအများကြီးနဲ့ဆိုရင် အောင်မြင်မှုတချို့တော့ ရှိမှာပါ”
ဒီလိုနည်းနဲ့ သူတို့တွေ ရည်ရွယ်ချက်မရှိ အချိန်ဖြုန်းစရာမလိုတော့ဘူးလေ။
သူက စကားအများကြီးပြောနေကာ ရွှီရှောင်ကျောင်းက အိပ်ပျော်လုနီးနီးပင်။ အိပ်မောမကျခင် သူမက ရေရွတ်လိုက်သေးသည်။
“ငါ့ကောင်းမှုတွေကို မှတ်ထားပြီး ငါ့ကို ပြန်ပေးဆပ်ရမယ်နော်”
သူမ၏ အလွန်နာခံတတ်သည့် ရုပ်လေးကို မြင်လိုက်ရတော့ စုန့်ဝေဖျင်မျာ ခေါင်းငုံ့ပြီး သူမ၏ပါးလေးကို နမ်းလိုက်ကာ
“သေချာပေါက် ပြန်ပေးမှာပေါ့”
တခြားဖက်တွင်တော့ ကျိုးဖင့်ရှန်းက အရူးတစ်ယောက်လို ပြုံးဖြီးကာ အိပ်ရာပေါ်တွင် ထိုင်နေသည့် မာချွန်းကို ကြည့်လိုက်ပြီး စိတ်ဆိုးသည့်ရယ်သံတစ်ချက် ထွက်လာတော့သည်။
“နင် အဲဒီမှာ ထိုင်ပြီး ဘာလို့ ငါ့ကို ကြည့်နေတာလဲ၊ ငါ့ကို ကြည့်နေရုံနဲ့ နင် လုံးဝမအေးတော့တာလား၊ မြန်မြန် အိပ်ရာဝင်ဖို့ မပြင်တော့ဘူးလား”
မာချွန်းက နောက်စေ့ကို ပွတ်သပ်လိုက်ပြီး
“ပြင်မှာပေါ့၊ အခု ပြင်ပြီ၊ ငါ အရမ်း စိတ်လှုပ်ရှားနေလို့ပါ ဖင့်ရှန်း ငါ အရမ်းပျော်နေလို့ပါ”
မာချွန်းက လဲချလိုက်ပြီး ဂွမ်းစောင်ခြုံလိုက်ကာ ကျိုဖင့်ရှန်းဘက်သို့ ကိုယ်ကို လှည့်ထားလိုက်လေသည်။
“ငါ နင်နဲ့အတူတူ တစ်ခန်းထဲ အိပ်နိုင်မဲ့အချိန်ကို အမြဲတမ်း စိတ်ကူးခဲ့ရတာ၊ ဒါပေမဲ့ ဒီနေ့ တကယ် ဖြစ်လာလိမ့်မယ်လို့ ထင်မထားခဲ့ဘူး”
ကျိုးဖင့်ရှန်းက မျက်နှာနုနုလေးကိုသာ ဖော်ထားပြီး အိပ်ရာထဲတွင် အလုံးစုံ ဖုံးကွယ်နေသည်ကို မြင်လိုက်ရသည်တွင် သူ့နှလုံးသားက အသဲတယားယား ဖြစ်သွားတော့သည်။
“ဖင်-ဖင့်ရှန်း ငါ့အိပ်ရာဖက်လာခဲ့ပါလား၊ ငါ့ဖက်က တော်တော်လေးနွေးတယ်”
ကျိုးဖင့်ရှန်းက ငြင်းလိုက်လေသည်။
“ငါ့ဖက်လည်း နွေးတယ်”
မာချွန်းက ခေါင်းကုတ်လိုက်ပြီး
“ဒါဆို အိပ်ရာချင်း လဲရအောင်၊ ငါ့အိပ်ရာက အရမ်းပူနေတယ်၊ တကယ်၊ နင် အအေး ကြောက်တယ်မလား၊ ငါ နင့်အတွက် နွေးအောင်လုပ်ထားပေးတယ်၊ ဒီဖက်ကို လာခဲ့”
သူသည် တစ်အိပ်ရာထဲ အိပ်ဖို့အတွက် မတောင်းဆိုရဲပေ။ သို့သော် သူမ အိပ်ခဲ့သည့် အိပ်ရာပေါ်တွင် လဲလျောင်းနိုင်သည့်အတွေးက လှပသည့်အိပ်မက်တစ်ခုပင်။
ကျိုးဖင့်ရှန်းက သူ့ကို ရယ်မောလိုက်ပြီး
“အရူး၊ အိပ်ရာပေါ်မှာ လျှပ်စစ်စောင်တွေ ရှိတာပဲ၊ ငါ့ဘက်လည်း မအေးပါဘူး”
ဪ ဟုတ်သားပဲ။ မာချွန်းက ချက်ချင်း စိတ်ပျက်သွားပြီး
“ဘာလို့ ပူနေပါလိမ့်လို့ စဥ်းစားနေတာ၊ တကယ်ပါကွာ စုန့်ဝေဖျင်က ဘာလို့ လျှပ်စစ်စောင်တွေကို မှာထားပေးခဲ့တာလဲ”
ကျိုးဖင့်ရှန်းက သူ့ကို မီးဝင်းဝင်းတောက်သည့် အကြည့်ဖြင့် ကြည့်လိုက်ပြီး
“နင် ဘာတွေ စဥ်းစားနေတာလဲ၊ ရူးသွားပြီလား”
“ငါက စဥ်းစားကြည့်ရုံလေးပါ၊ စဥ်းစားရုံလေး၊ ဟီဟီး ဖင့်ရှန်း မအိပ်ခင် စကားပြောရအောင်နော်”
ဒီစကားကမှ ဟုတ်သေးတယ်။ ကျိုးဖင့်ရှန်းက ရင်ခုန်သံမြန်သွားသည့် သူမ၏နှလုံးသားကို ပွတ်သပ်ပေးလိုက်ပြီး
“အင်း၊ ဒါဆို ကောင်းကောင်းပြောနော်၊ အရူးလုပ်နေတာတွေ တော်တော့ အရူး”
မအိပ်ခင် ချစ်သူနှင့် မျက်နှာချင်းဆိုင် စကားပြောပြီး သူမ အိပ်ပျော်သွားသည်ကို တိတ်တိတ်လေး ကြည့်နေရသည်က မာချွန်းအတွက် ကံကောင်းခြင်းပင်။ သူသည် လေထဲတွင် မြောနေသလို ခံစားလိုက်တော့သည်။
သို့နှင့် သည်တစ်ကြိမ်တွင် သူတို့လေးယောက် စုမိကြသည်တွင် အားလုံးက ပျော်ရွှင်ခဲ့ရသည်ဟု ဆိုနိုင်လေသည်။
ရွှီရှောင်ကျောင်းနှင့် ကျိုးဖင့်ရှန်းတို့က တဖန် ပြန်ဆုံတွေ့ရဖြင့် ဝမ်းသာရသည်။ သူတို့၏ သူငယ်ချင်းဆက်ဆံရေးက ခိုင်မာလေသည်။ မာချွန်းက ကျိုးဖင့်ရှန်းနှင့် တစ်ခန်းထဲ နေနိုင်ခဲ့သည့်အတွက် ပိုပြီး ဝမ်းသာခဲ့ရသည်။ စုန့်ဝေဖျင်ကတော့ ရွှီရှောင်ကျောင်း၏စိတ်ထဲတွင် အမြဲတမ်း သူ့ထက်တစ်နေရာ မြင့်နေသည့် ကျိုးဖင့်ရှန်းကို အနိုင်ရသွားပြီး ရွှီရှောင်ကျောင်းဘေးတွင် အိပ်နိုင်သည့် သူ့နေရာကို ထိန်းသိမ်းနိုင်ခဲ့သည်ဟု တွေးလေသည်။ သူက အနည်းငယ် ဂုဏ်ယူမိသလို ခံစားရသည်ဟု ဆိုရမည်။
ပြန်လည်ဆုံတွေ့ခြင်းက တိုတောင်းလှသော်လည်း ခွဲခွာခြင်းက ဝမ်းနည်းစရာ မဖြစ်ခဲ့ချေ။
အကြောင်းမှာ အခုဆိုလျှင် ရွှီရှောင်ကျောင်းက အိမ်တွင် ဖုန်းရှိနေပြီး ကျိုးဖင့်ရှန်းနှင့် သူမတို့က မကြာခဏ ဖုန်းပြောကြသည်။ တစ်ချိန်လုံး အချင်းချင်း မတွေ့ရသည်ကလွဲလျှင် ဝေးကွာသည့်ခံစားမျိုး သိပ်မရှိတော့ချေ။ ထို့အပြင် သူတို့သည် နောက်တစ်ခါ တွေ့မည့်အချိန်ကို သဘောတူထားခဲ့ကြပြီး ဖြစ်လေသည်။
ကျိုးဖင့်ရှန်းက ရွှီရှောင်ကျောင်း၏လက်ကို ကိုင်ထားပြီး
“ဒါဆို နင့် မင်္ဂလာဆောင်ကျမှ လာတော့မယ်လို့ သတ်မှတ်လိုက်ပြီနော်”
ရွှီရှောင်ကျောင်းက ခေါင်းညိတ်လိုက်ပြီး
“သေချာတာပေါ့ဟဲ့၊ ဘယ်သူမှ မလာလည်း ကိစ္စမရှိဘူး၊ ဒါပေမဲ့ နင်ကတော့ လာကိုလာရမယ်နော်၊ ပြီးတော့ ငါ ဂရုမစိုက်ဘူး၊ ငါ ရက်သတ်မှတ်ပြီးတာနဲ့ နင် အတန်းရှိရှိ မရှိရှိ လာကိုလာရမယ်နော်”
ကျိုးဖင့်ရှန်းက အာမခံလိုက်၏။
“ဒါပေါ့ဟဲ့”
နှစ်ယောက်သားက ပြုံးကာ အချင်းချင်း ပွေ့ဖက်လိုက်ကြ၏။ ကျိုးဖင့်ရှန်းနှင့်မာချွန်းတို့က ရထားပေါ်သို့ တက်သွားတော့သည်။
သူတို့ ရထားပေါ်ရောက်သွားသည်နှင့် တပြိုင်နက် မာချွန်းက စတင်မေးခွန်းထုတ်တော့သည်။ သူ ဘာလို့ နားမလည်တာလဲ။
“ဘာလဲဟင်၊ ဘာမင်္ဂလာဆောင်လဲ၊ ရွှီရှောင်ကျောင်းက လက်ထပ်တော့မယ်တဲ့၊ သူက စုန့်ဝေဖျင်နဲ့ လက်ထပ်ပြီးသား မဟုတ်ဘူးလား၊ ဘာမင်္ဂလာဆောင်ရှိတာလဲ”
ကျိုးဖင့်ရှန်က သူ့ကို ရှင်းပြလိုက်၏။
“အိုး စုန့်ဝေဖျင်ပေါ့၊ သူက ရွှီရှောင်ကျောင်းအတွက် နောက်ထပ်မင်္ဂလာပွဲ လုပ်ချင်ပေးချင်တာတဲ့၊ စုန့်ဝေဖျင်က သူတို့ မင်္ဂလာဆောင်တုန်းက အရမ်းရိုးရိုးရှင်းရှင်း လုပ်ခဲ့တယ်လို့ ခံစားရလို့တဲ့”
သူမက ပြန်ပြောပြလိုက်လေသည်။
“တကယ်တော့ အရမ်းလည်း ရိုးရှင်းတာမျိုး မဟုတ်ပါဘူး၊ နင် မသိလို့နော်၊ အဲဒီအချိန်တုန်းက စုန့်ဝေဖျင်က တကယ်ဆင်းရဲတာ၊ အဲဒီတုန်းက ရှောင်ကျောင်း သူနဲ့လက်ထပ်မှာကို ငါ သဘောမတူခဲ့ပေမဲ့ သူက အတတ်နိုင်ဆုံးကောင်းအောင် လုပ်ခဲ့ပါတယ်၊ အနီရောင်ဂါဝန်တစ်ထည် ဝယ်ပေးတယ်၊ အိမ်ကို အလှဆင်ပေးတယ်၊ ပြီးတော့ ရှောင်ကျောင်းအတွက် ဖွယ်ဖွယ်ရာရာ စားပွဲနည်းနည်းပါးပါးနဲ့ ညစာစားပွဲလည်း လုပ်ပေးခဲ့သေးတယ်၊ ယွမ်၂၀-၃၀ လောက် ကုန်ကျခဲ့မှာပဲ၊ အဲဒီအချိန်ကနဲ့တွက်ရင် ငွေကပမာဏ အများကြီးပဲလေ”
ကျိုးဖင့်ရှန်းက ခေါင်းညိတ်လိုက်ပြီး
“ဒါနဲ့ ရှောင်ကျောင်းက လူမှန်နဲ့ လက်ထပ်ခဲ့တာလို့ ပြောရမှာပေါ့၊ အခုတော့ သူတို့ရဲ့အခြေအနေက ပိုကောင်းလာပြီလေ၊ စုန့်ဝေဖျင်က သူ့အတွက် တရားဝင်မင်္ဂလာပွဲတစ်ခု လုပ်ပေးမှာတဲ့၊ စုန့်ဝေဖျင်က တောင်ပိုင်းမှာ စက်ရုံထောင်ထားတာ နင်သိတယ်မလား၊ အခုက သူဌေးဖြစ်သွားပြီ”
သူမက ပြောရင်းက ရွှီရှောင်ကျောင်းအတွက် ဝမ်းသာပေးရလေသည်။
“စုန့်ဝေဖျင်ရဲ့အလုပ်ကလည်း ကောင်းလာပြီ၊ ပြီးတော့ ရှောင်ကျောင်းကိုလည်း ကောင်းသည်ထက် ကောင်းအောင် ဆက်ဆံပေးတယ်၊ ရှောင်ကျောင်းကတော့ သေချာပေါက် ပျော်ပြီးရင်း ပျော်စရာပဲ ဖြစ်လာတော့မှာ”
. . .
အပိုင်း (၇၁) တိုးတက်မှု
စုန့်ဝေဖျင်က အပြင်ဘက်တွင် စက်ရုံတစ်ခု တည်ထောင်ခဲ့မှန်းကို စုန့်မိသားစုက နှစ်သစ်ကူးကျမှ သိရလေသည်။
တစ်ခုခုဆိုလျှင် စိတ်ထဲတွင်သာ ထားတတ်ကာ ဘယ်တော့မှ မအံ့ဩတတ်ခဲ့သည့် အဘွားစုန့်မှာ သူမ၏မြေးကြောင့် တအံ့တဩ ဖြစ်ခဲ့ရသည်။
"အိုကွယ် ငါ့ရဲ့ကောင်လေးဖျင်က စက်ရုံတစ်ခုကို တကယ်ပဲ ဖွင့်ခဲ့သတဲ့၊ လူတွေပြောပြောနေကြတဲ့ အဲဒီလိုစက်ရုံကြီးမျိုးလား"
စုန့်ဝေဖျင်က ခေါင်းညိတ်ပြလိုက်၏။ သူ့ကိုယ်စား ရွှီရှောင်ကျောင်းက ထပ်ပြောလိုက်လေသည်။
"အဘွား သူက ဘယ်လိုလုပ်ပြီး ဒီကိစ္စကို အဘွားကို လိမ်ပြောရမှာလဲ၊ သမီးရဲ့ဒီအိတ်ကို ကြည့်လိုက်၊ ဒါ စုန့်ဝေဖျင်ရဲ့စက်ရုံက ထုတ်ထားတာ၊ အကောင်းစားလို့ မထင်ဘူးလား"
အဘွားစုန့်က ပါးစပ်နားရွက်တက်ချိတ်မတတ် ပြုံးလိုက်ကာ
"ကောင်းတယ် ကောင်းတယ်၊ ကောင်းတယ်၊ ငါတို့ရဲ့ကောင်လေးဖျင်က အလားအလာရှိတဲ့သူမှန်း သိပြီးသား၊ ရှောင်ကျောင်း ဒါတွေအားလုံးက သမီးယူလာပေးတဲ့ ကံကောင်းခြင်းတွေပါ"
ဝူချွန်းဟွားသည် စုန့်ဝေဖျင်က တစ်ခွန်းမှ မပြောဘဲ သည်လောက်ကြီးမားသည့်ခြေလှမ်းကို လှမ်းခဲ့မည်ဟု မျှော်လင့်မထားခဲ့ချေ၊။
"အိုး မထူးဆန်းတော့ပါဘူး၊ အမေ အရင်က ပြောခဲ့သေးတယ်၊ ရှောင်ကျောင်းရယ် တောင်ပိုင်းကို လိုက်သွားပြီး သားကို သွားရှာပါလားလို့လေ၊ ဒီတစ်ခါကျတော့ နှစ်ဝက်လောက်ကြာတာတောင် သူ လိုက်မသွားခဲ့ဘူး၊ ဝေဖျင်က အပြင်မှာ စက်ရုံဖွင့်ဖို့ အလုပ်များနေလို့ကိုး"
သူမက ရွှီရှောင်ကျောင်း၏လက်ကို ကိုင်လိုက်ပြီး
"ဒီကလေးမ သိရဲ့သားနဲ့ အမေတို့ကို မပြောပြခဲ့ဘူး"
စုန့်ဝေဖျင်က သူမကို ပြုံးပြလိုက်ပြီး
"အမေ ကျွန်တော် ပြောပြလိုက်ရင် အမေတို့စိတ်ပူနေမှာ စိုးလို့ပါ၊ ဒါပေမဲ့ အခု စက်ရုံက တရားဝင် စပြီး ထုတ်လုပ်နေပြီ၊ အားလုံးကလည်း အဆင်ပြေပြေပဲဆိုတော့ အားလုံးဝမ်းသာရအောင် ဖွင့်ပြောပြတာပါ"
ဒါသည် မိသာစုကို ဖုံးကွယ်ထားရသည့် သူနှင့်ရွှီရှောင်ကျောင်းတို့၏ မူလက စိတ်ကူးပင်။
ယခုတော့ စက်ရုံကို အောင်အောင်မြင်မြင် တည်ထောင်ခဲ့ပြီး မိသားစုကလည်း ထိုအကြောင်းကို သိရသည့်အတွက် ဝမ်းသာကြလိမ့်မည်။ အကယ်၍သာ သူ ငွေအများကြီး ချေးထားသည်ကို သူတို့က သိနေခဲ့ပြီး ရွှီရှောင်ကျောင်းကလည်း သည်းခံနိုင်စွမ်း မရှိခဲ့လျှင် သူတို့သည် စိတ်ပူနေရုံသာ တတ်နိုင်ကြလိမ့်မည်။
ဝူချွန်းဟွားက မျက်လုံးများထဲက မျက်ရည်များကို သုတ်လိုက်ပြီး
"အိုး ဒီကလေးနှစ်ယောက်က ဒီလောက်ကြီးတဲ့ကိစ္စကို တိတ်တိတ်လေး လုပ်သွားခဲ့တာပဲ"
ရွှီရှောင်ကန်းက ထိုအကြောင်းကို ဂရုမစိုက်ပေ။ သူ့မျက်လုံးများက တောက်ပလို့နေပြီး
"ယောက်ဖ ကျွန်တော့်ကိုလည်း စက်ရုံဆီ ခေါ်သွားပေးပါနော်၊ ပြီးခဲ့အခေါက်က မမလည်း ပြောထားတယ်လေ၊ ကျွန်တော့်ကို အမြင်ကျယ်အောင် ခေါ်သွားမယ်တဲ့"
ဒါက မဖြစ်နိုင်တာတော့ မဟုတ်ချေ။ သို့သော်လည်း ရွှီရှောင်ကျောင်းတွင် သတ်မှတ်ချက်များ ရှိလေသည်။
"၁လပိုင်း ၁၅ရက်အထိတော့ စောင့်အုံး၊ နင့်ယောက်ဖနဲ့ငါ အရင်သွားလိုက်အုံးမယ်၊ ငါတို့တွေ အခြေကျပြီဆိုရင် အဘွားနဲ့ အမေ့ကို ပြန်လာတွေ့မယ်၊ အဲဒီအချိန်ကျရင် နင့်ကို ဟိုမှာရက်ပိုင်းလောက် နေလို့ရအောင် ခေါ်သွားပေးမယ်၊ နွေရာသီကျောင်းပိတ်ရက် ရောက်ရင်တော့ နင် ကြာကြာနေလို့ရပါတယ်"
ရွှီရှောင်ကန်းမှာ သည်တစ်ကြိမ်တွင် မလိုက်သွားနိုင်ခဲ့သော်လည်း သူသွားရမည်ဆိုသည့်အတွက် ပျော်နေလေသည်။
"ရေးးး"
ထို့ကြောင့် သည်တစ်ကြိမ်တွင် နှစ်ယောက်သားက တောင်ပိုင်းသို့ သွားသောအခါ မိသားစုက စိတ်မပူကြတော့ချေ။
အရင်ကဆိုလျှင် စုန့်ဝေဖျင်က တခြားသူများ၏စကားကို နားထောင်ခဲ့ရပြီး သေချာပေါက် အားမလိုအားမရ ဖြစ်ခဲ့လိမ့်မည်။ သို့သော် သည်တစ်ကြိမ်တွင်တော့ သူသည် သူဌေးတစ်ယောက် ဖြစ်လာတော့မည်။ မည်သို့ဆိုစေ ပိုလွယ်ကူလာလိမ့်မည်။
စုန့်ဝေဖျင်၏ အလုပ်က တိုးတက်တော့မည်ဟု ပြောခဲ့သည့် ကျိုးဖင့်ရှန်း၏စကားက မှန်ပေသည်။
နှစ်သစ်ကူးပြီးနောက်တွင် ကုန်ပစ္စည်း ပထမအသုတ်ကို အချိန်အကြာအကြီးပေးကာ စုံစမ်းလာခဲ့ကြသည့် ပါတနာများကပဲ ချက်ချင်း ဝယ်ယူသွားခဲ့ကြသည်။
ချက်ချင်းပင် စုန့်ဝေဖျင်ထံတွင် အမှာစာများ တင်လာကြပြီး ကုန်ပစ္စည်းအတွက် အလျင်စလို ဖြစ်လာကြသည်။
သည်အရှိန်ကို အသုံးချလိုက်ပြီး စက်ရုံက ဆောက်လုပ်ရေး ဒုတိယအဆင့်ကို မရပ်လိုက်ဘဲ စတင်လိုက်တော့သည်။
စီမံကိန်း ပထမအဆင့် အတည်ဖြစ်သွားသည်နှင့် ဒုတိယအဆင့်က အများကြီး ပိုမြန်ဆန်လာခဲ့သည်။ စုန့်ဝေဖျင်က အပြင်ထွက်ပြီး ပတ်သွားနေစရာ မလိုတော့ချေ။ စက်ပစ္စည်းနှင့် အပိုပစ္စည်း ရရှိနိုင်မည့်ကိစ္စကို အရင်ပါတနာဟောင်းများနှင့် ဆက်သွယ်လိုက်ရုံနှင့် ဖြေရှင်းနိုင်သည်။
ရွှီရှောင်ကျောင်းက ရယ်မောလိုက်ပြီး သူ့ကို စနောက်တော့သည်။
"ဒါကိုလေ ပထမအကြိမ် အသစ် ဖြစ်ပြီး ဒုတိယအကြိမ်က အကြောင်းသိသွားတယ်လို့ ခေါ်တယ်"
သူမ စကားက မှန်ပေသည်။ ပထမအကြိမ်ပြီးသွားသည့်နောက်တွင် ကိစ္စများက အလွန်မြန်မြန်ဆန်ဆန် ပြီးမြောက်သွားခဲ့သည်။ နှစ်လအတွင်းတွင် အလုပ်ရုံ၏ဒုတိယအဆင့်က ထုတ်ကုန်လုပ်ငန်းကို စတင်နိုင်ခဲ့သည်။
ထုတ်လုပ်နိုင်စွမ်းအား မြင့်လာသည်နှင့်အမျှ အမြတ်ကလည်း သိသိသာသာ တိုးလာခဲ့သည်။ ရွှီရှောင်ကျောင်း၏ အသေချာဆုံး ပင်ကိုသိစိတ်က သူမ၏မုန့်ဖိုးမှာ ပိုများသည်ထက် များလာခဲ့ခြင်းပင်။
သို့နှင့် သူမကလည်း ကိုယ်ပိုင်အလုပ်ကို စတင် တိုးချဲ့တော့သည်။
သို့သော် သည်တစ်ကြိမ်တွင်တော့ သူမက ချန်းကျီကို အားမကိုးတော့ချေ။ မြန်ဆန်သည့် စီးပွားရေး တိုးတက်မှုနှင့် လူဦးရေထူထပ်လာခြင်းကြောင့် အရည်အသွေးမြင့် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှား ပေါ်ထွက်လာခဲ့သည်။ ရွှီရှောင်ကျောင်းက ကျွမ်းကျင်ပညာရှင်များကိုသာ အကူအညီ တောင်းလိုက်တော့သည်။
ချန်းကျီဘက်တွင်တော့ သူကလည်း အောင်မြင်မှု တချို့ရထားပြီးဖြစ်သည်။
အစကတော့ စုန့်ဝေဖျင်၏ အစီအစဉ်အရ သူသည် ဖွံ့ဖြိုးရေးဇုံထဲက စက်ရုံရှေ့တွင် မြေဝယ်ပြီး နှစ်သစ်ကူးပြီးလျှင် အဆာပြေဆိုင်များ ဆောက်မည်ဟု စဉ်းစားထားခဲ့သည်။ အကြောင်းမှာ စက်ရုံများကို သည်ဧရိယာတွင် ဆောက်လုပ်နေဆဲဖြစ်သောကြောင့်ပင်။ ဆောက်လုပ် ပြီးစီးသွားသည်နှင့် ဝန်ထမ်းများက နေ့တိုင်း အလုပ် အသွားအပြန်လုပ်နိုင်လိမ့်မည်
စားသုံးသူအလျဉ်ကလည်း မသေးချေ။ ထို့ကြောင့် ဝက်စတူး လာရောင်းလျှင် ချန်းကျီအတွက် ကွက်တိပင်။
သို့သော်ငြား ချန်းကျီ၏တိုးတက်မှုက စုန့်ဝေဖျင်၏အစီအစဉ်ထက် အများကြီး ပိုမြန်ဆန်လေသည်။
မနှစ်က နောက်ပိုင်း ၆လအတွင်းတွင် စုန့်ဝေဖျင်သည် အလုပ်အရမ်းများခဲ့ပြီး ချန်းကျီကို ဂရုမစိုက်ခဲ့မိချေ။ သို့သော်ငြား ချန်းကျီက ရွှီရှောင်ကျောင်း၏ စကားများကို မှတ်သားထားခဲ့သည်။ စုန့်ဝေဖျင် လာပြီဟု သိလိုက်သည်နှင့် အမြဲတမ်း အချိန်ပေးပြီး စုန့်ဝေဖျင်ထံ သွားလည်ကာ ရွှီရှောင်ကျောင်းကို ဖုန်းခေါ်ပြီး အခြေအနေကို တင်ပြတတ်သည်။
နှစ်ဝက်အတွင်းတွင် သူ့ဝက်စတူးလုပ်ငန်းက ရှီရှောင်ကျောင်း၏ဇာတိမြို့က ဝူချွန်းဟွား၏ ဝက်စတူးဆိုင်ထက် သိသိသာသာ အများကြီးတိုးတက်လာခဲ့သည်။
ခြင်းဖြင့်သယ်ရာမှ ထမ်းရောင်းရသည်အထိ ချန်းကျီ၏ဝက်စတူးရောင်းအားက တဖြည်းဖြည်းပိုပြီး ကောင်းလာခဲ့သည်။ သူက ပထမဆုံး ငွေအများကြီး စုဆောင်းခဲ့ပြီးနောက်တွင် ဆိုင်ခန်း ငှားရကောင်းနိုးနိုး တိုင်ပင်ရန် ရွှီရှောင်ကျောင်းကို ဖုန်းဆက်ခဲ့လေသည်။
သူက စုန့်ကျီဝက်စတူးဆိုင်၏ ပထမဆုံးဆိုင်ခွဲ ဆိုင်းဘုတ်တင်မည်ဟု အမြဲတမ်း စဉ်းစားလာခဲ့ခြင်းပင်။
သို့သော် ထိုအချိန်က ရွှီရှောင်ကျောင်း သူ့ကိုပေးခဲ့သည့်အကြံဉာဏ်မှာ အရင်ဆုံး သုံးဘီးတစ်စီး ဝယ်လိုက်ဖို့ပင်။
သုံးဘီးတစ်စီးနှင့်ဆိုလျှင် အရောင်း အဝယ်လုပ်ရသည်က ပိုအဆင်ပြေလာခဲ့သည်။
သုံးဘီးစီးပြီး အချိန်တစ်ခုအထိ လမ်းတကာပတ်ရောင်းသည်က နောက်ပိုင်း ဆိုင်တစ်ဆိုင်ဖွင့်လျှင် ကိုယ့်ဟာကိုယ် ကြောညာပြီးသားဖြစ်ရုံသာမက လူဦးရေထူထပ်ပြီး ဈေးသင့်သည့်နေရာတစ်ခုကို ရွေးချယ်ရန်အတွက်လည်း လိပ်စာများကို စစ်ဆေးကြည့်နိုင်သည်။
ချန်းကျီက စကားနားထောင်ပြီးသားပင်။
ထို့ကြောင့် သည်တစ်ကြိမ် သူတို့ တောင်ပိုင်းကို ရောက်လာသည်နှင့် ချန်းကျီက ရွှီရှောင်ကျောင်းကို လာပြီး အကျိုးအကြောင်းပြောပြခဲ့သည်။
အစပိုင်းတွင်တော့ စုန့်ဝေဖျင်က ချန်းကျီကို သူ့စက်ရုံတွင် အလုပ်လုပ်စေချင်ကြောင်း ပြောခဲ့သေးသည်
အခုတော့ ချန်းကျီက ရွှီရှောင်ကျောင်း၏ဝန်ထမ်း ဖြစ်လာခဲ့သည်။ အသိသာဆုံးအချက်မှာ ချန်းကျီ၏ ရွှီရှောင်ကျောင်းကို ခေါ်သည့်ပုံစံက 'မရီး’မှနေ၍ 'အစ်မရှောင်ကျောင်း' ဖြစ်သွားခြင်းပင်။
"အစ်မရှောင်ကျောင်း အစ်မ ကျွန်တော့်ကို ဟင်းချက်နည်းနဲ့ ငွေကြေးထောက်ပံ့ပေးခဲ့တုန်းက ဒါကို အစ်မရဲ့လက်ခွဲလို့ပဲ မှတ်ယူထားခဲ့တာ၊ ကျွန်တော့်ဆိုင်ခွဲ ဆိုင်းဘုတ်ကို ချိတ်ထားပြီးပြီ၊ ထပ်မငြင်းပါနဲ့တော့ဗျာ"
အစပိုင်းကတော့ ရွှီရှောင်ေကျာင်းက ချန်းကျီ သူမ၏အကူအညီကို လက်ခံနိုင်ရန် သဘောရိုးသာ ပြောလိုက်ခြင်း ဖြစ်သော်လည်း အခုတော့ ထိုသို့ မစဉ်းစားတော့ချေ။ သူမတွင် ဝက်စတူးဆိုင်တိုးတက်မှုအတွက် အစီအစဉ်အသစ်များ ရှိလာလေသည်။
သို့သော်လည်း သည်အကြောင်းကို စုန့်ဝေဖျင်အား ပြောပြဖို့က စောလွန်းနေသေးသည်။ စုန့်ဝေဖျင်၏စက်ရုံ အားလုံးတည်ဆောက်ပြီးစီးသွားပြီး ငွေကြေး အတည်တကျသွားမှ သူမက သူ့ကို လုပ်ခိုင်းဖို့ စဉ်းစားထားလိုက်၏။
သူမက ချန်းကျီအား အစီအစဉ်ကို အရင်ဆုံးပြောပြထားလိုက်သည်။
ထိုအကြောင်းကို ကြားလိုက်သည်တွင် ချန်းကျီမှာ အနည်းငယ်အားတက်သွားတော့သည်။
"အစ်မ ရှောင်ကျောင်း အစ်မက ဝက်စတူးဟင်းစက်ရုံကို ဆောက်ချင်တာ ဟုတ်လား"
သူ့က သူ့မေးခွန်းကို ပြန်ဖြေလိုက်၏။
"ဟုတ်တယ်၊ အခုက အေးနေသေးလို့ အဆင်ပြေတာ၊ မနှစ်တုန်းက ပူတဲ့အချိန်ကဆိုရင် ဝက်စတူးတွေက တစ်ရက်တောင် အထားမခံဘူး၊ ပြီးတော့ ရောင်းအားကိုလည်း ထိခိုက်တယ်။ အများစုက တခြားနေရာကနေ လာကြပြီး ခဏခဏ လာကြတာ၊ ဝက်စတူးကို မြည်းကြည့်ပြီးတော့ အရသာရှိတာ သိသွားလို့ ဝယ်သွားချင်ပေမဲ့ တခြားနည်းလမ်းမရှိဘူးလေ။ ဒါက ဆုံးရှုံးမှုကြီး တစ်ခုပဲ၊ အစ်မရှောင်ကျောင်း ပြောသလိုသာ လုပ်နိုင်မယ်ဆိုရင် ဝက်စတူးထုပ်ပိုးပြီး စင်ပေါ် အရောက်တင်တဲ့လုပ်ငန်းက အနည်းဆုံး ၁၅ရက်တော့ ခံနိုင်တယ်၊ ဒါဆိုရင် စိုးရိမ်စရာ မလိုတော့ဘူး"
ရွှီရှောင်ကျောင်းက ခေါင်းညိတ်ပြလိုက်ပြီး
"ဒါအကုန်မဟုတ်သေးဘူး၊ လက်ရှိအခြေအနေကို ကြည့်လိုက် ထုတ်ကုန်အားလုံးက သူတို့ရဲ့နာမည်ကို ကျယ်ပြန့်အောင် လုပ်ပြီး ဈေးကွက်ကို ဖမ်းဆုပ်ထားတာ၊ ဒါက အစာအးသောက်စက်ရုံတစ်ခု တည်ထောင်တာနဲ့ အတူတူပဲ၊ ငါတို့ရဲ့အရည်အသွေးက အဆင့်မီနေသရွေ့ မင်းသား မင်းသမီးတွေကို ကြော်ငြာခိုင်းပြီး ငါတို့ပစ္စည်းကို ရောင်းခိုင်းလို့ရတယ်၊ ပြီးရင် နိုင်ငံထဲက မြို့ကြီးတွေမှာ ရောင်းပြီး ဈေးကွက်ကို သိမ်းထားနိုင်တယ်၊ ဒါကို နိုင်ငံခြားအထိ တင်ပို့လို့တောင် ရနိုင်တယ်"
ချန်းကျီက ဒီအဆင့်အထိ လုံးဝ မစဉ်းစားခဲ့ဖူးချေ။ ဝက်စတူးအသားတုံးလေးတစ်တုံးက သည်အဆင့်အထိ ရောက်ရှိခဲ့လျှင် အောင်မြင်မှုက မည်မျှဖြစ်ပါမည်နည်း။
သူက စဉ်းစားလေလေ ပိုပြီး စိတ်လှုပ်ရှားလာလေလေ ဖြစ်သွားတော့သည်။
"အစ်မရှောင်ကျောင်း ကျွန်တော် အစ်မကို ကူညီပေးမယ်"
ရွှီရှောင်ကျောင်းက အချက်ကျကျ ခေါင်းညိတ်ပြလိုက်ပြီး
"ကူညီရမှာပေါ့၊ ငါက စိတ်ကူးထုတ်ပေးမှာ၊ အသေးစိတ်ကိစ္စကို စုန့်တေဖျင်က လုပ်မှာ၊ နင် လက်တွဲလုပ်ချင်လား၊ အချိန်တန်ရင်တော့ ကူညီရမှာပေါ့၊ အခုချိန်ကစပြီး နင်က အစားအသောက်စက်ရုံရဲ့ ဝါရင့်ဝန်ထမ်း ဖြစ်သွားပြီ၊ နှစ်တိုင်း အမြတ်ရလိမ့်မယ်"
ရွှီရှောင်ကျောင်းက သည်ကိတ်မုန့်ကြီးကို အလှဆင်ဖို့ မတွန့်ဆုတ်ချေ။ အကြောင်းမှာ စုန့်ဝေဖျင်က သူမ ပြောသည့်အတိုင်း လုပ်နိုင်လိမ့်မည်ကို ယုံကြည်ထားသောကြောင့်ပင်။
ချန်းကျီက ထိုစကားကို ကြားလိုက်သောအခါ ရယ်မောလေသည်။ သူသည် ထိုအချိန်ကစပြီး နေ့တိုင်း ပိုလို့ပင် တက်ကြွလာခဲ့သည်။
ချန်းကျီအတွက် တိုးတက်ရေး အစီအစဥ် ချပေးလိုက်ပြီးနောက်တွင် ရွှီရှောင်ကျောင်းက ရှန့်ဟွားဟွားကိစ္စကိုလည်း လုပ်ပေးရသေးသည်။
သူတို့သည် တောင်ပိုင်းသို့ ရောက်လိုက်ပြီးနောက်ပိုင်းတွင် သူတို့ အစောပိုင်းက တည်းခိုသည့်ဟိုတယ် အပြင် စုန့်ဝေဖျင်က အိမ်လေးတစ်လုံးကို ဝယ်ခဲ့သေးသည်။
အိမ်က မကြီးသော်လည်း တောင်ဖက်ခြမ်းက အရှေ့အနောက် အခန်းများ မပါသည်ကလွဲလျှင် ဖွဲ့စည်းပုံက သူတို့ဇာတိမြို့က အိမ်နှင့် ဆင်တူလေသည်။ သူတို့သည် ပြောင်းရွှေ့လာပြီးနောက် တယ်လီဖုန်းတစ်လုံး တပ်ဆင်လိုက်ပြီး အားလုံးကို ပိုပြီးအဆင်ပြေလာအောင် လုပ်ထားလိုက်သည်။
ရှန့်ဟွားဟွားသည် ထိုအကြောင်းကို သိသွားပြီးနောက်တွင် ရွှီရှောင်ကျောင်းနောက်ကို အတင်းရော အဓမ္မပါ နောက်က တကောက်ကောက် စတင်လိုက်လေတော့သည်။ သူမက ရွှီရှောင်ကျောင်းကို ခဏခဏဖုန်းခေါ်ပြီး သူမ၏စတူဒီယိုကို လာကြည့်ပေးဖို့ ပြောတတ်သည်။
ရှန့်ဟွားဟွားက တစ်ချက် လာကြည့်ပေးဖို့ ပြောထားသော်လည်း သူမကို အလုပ်သမားတစ်ယောက်လို အသုံးချချင်နေမှန်း ရွှီရှောင်ကျောင်းက သိလေသည်။
စုန့်ဝေဖျင်က လုံးဝသဘောမကျတော့ပေ။ ဒါက သူ အစကတွေးထားသည်နှင့် လုံးဝကို ကွာခြားနေလေသည်။
“မရဘူး၊ ပြီးခဲ့တဲ့နှစ်လအတွင်းမှာ မင်း ကိုနဲ့ သေသေချာချာ အတူနေပေးခဲ့တာ မဟုတ်ဘူး”
ရွှီရှောင်ကျောင်းသည် စုန့်ဝေဖျင်ကို ဆန့်ကျင်ရသည်မှာ ပိုပိုပြီး ခက်ခဲလာသည်ဟု ခံစားရတော့သည်။
“ငါက နင့်ကို အဖော်မလုပ်ပေးဘူးတဲ့၊ စုန့်ဝေဖျင်ရယ်၊ ငါ ညတိုင်း ဘာလုပ်နေရလဲ”
ငါလေး အရမ်းပင်ပန်းနေပြီ။ ဟုတ်ပြီနော်။
စုန့်ဝေဖျင်သည် ထိုစကားကို ကြားလိုက်ရတော့ သူ့မျက်လုံးများက မည်းနက်သွားတော့သည်။ သူက သူမ၏လက်ချောင်းများကို ဖျစ်ညှစ်လိုက်ပြီး သူမကို ငုံ့နမ်းလိုက်၏။
ရွှီရှောင်ကျောင်းက လက်ဆန့်လိုက်ပြီး သူ့ကို ပိတ်ဆို့ထားလိုက်ကာ
“ရပ်၊ ရပ်၊ ရပ်၊ ငါ မိတ်ကပ်လိမ်းပြီးသွားပြီ”
စုန့်ဝေဖျင်က ကြိတ်ပြီး သက်ပြင်းချလိုက်ကာ
“ဒီကိုလာကတည်းက ကို့မှာ အရင်ဆုံး ဒုတိယအဆင့်ကို တိုးချဲ့နေရပြီး အိမ်တစ်လုံး ရှာနေရတာ၊ အဲဒီတုန်းက မင်းက မင်းရဲ့ကိုယ်ပိုင်အလုပ်စလုပ်ဖို့ အမြဲတမ်း အပြင်ထွက်နေတာလေ၊ နောက်တော့ မင်း ယောင်ကျွင်းနဲ့ တွေ့တယ်၊ နောက်တော့ ချန်းကျီ၊ အခုကျတော့ ရှန့်ဟွားဟွား၊ ငါးဆားနယ် မလုပ်တော့ဘူးလားဟင်”
ရွှီရှောင်ကျောင်းသည် စုန့်ဝေဖျင်က အိပ်ရာဝင်စကားကို ချုပ်ကြောင်း မတွေ့ရအောင် သေချာသင်ထားခဲ့သလို ခံစားလိုက်ရတော့သည်။ ထိုအချင်းအရာထက် သူက သည်နေရာတွင် တိုးတိုးတိတ်တိတ် ညည်းညူနေသေးသည်။
“ကို့အလုပ်က မင်းအလုပ်နဲ့ မတူဘူးလေ၊ ကို့အလုပ်က ငွေကို နေရာတကျ ထားတတ်သရွေ့ အရမ်းလွယ်ကူတယ်၊ ဒီ့အပြင် ယောင်ကျွင်းက မင်းရဲ့လုပ်ငန်းပါတနာလေ၊ သူနဲ့ တွေ့နေတုန်း မင်းက ကို့ကို အဖော်လုပ်ပေးနေမှာ မဟုတ်လား၊ ချန်ကျီကျတော့ ကို သူနဲ့ နှစ်ခါ သုံးခါပဲ တွေ့ရသေးတယ်၊ ဘယ်လိုဖြစ်ပြီး မင်းက အဲလောက်များသွားအောင် လုပ်နိုင်ရသလဲ”
စုန့်ဝေဖျင်က သက်ပြင်းချပြီး သူမကို ဖက်ထားလိုက်၏။ သူမပြောသမျှကို သူ နားလည်ပါတယ်။ ဒါပေမဲ့ စိတ်ထဲမှာတော့ သူတို့တွေ မိန်လင်ရွာမှာ နေတုန်းက အချိန်ကို သဘောကျမိတုန်းပဲ။ စားလိုက် သောက်လိုက်၊ ပျော်ပါးလိုက်နဲ့ နေ့တိုင်း သူက သူမကို လုပ်ကျွေးဖို့ စောင့်ဆိုင်းနေတာလေ။
သူမရဲ့လူမှုကွန်ရက် ပိုပိုပြီး ကျယ်လာတာနဲ့အမျှ သူမရဲ့နှလုံးသားထဲက သူ့နေရာကလည်း နည်းသထက်နည်းလာခဲ့တယ်။
ရွှီရှောင်ကျောင်းကတော့ စုန့်ဝေဖျင် ဘာတွေးနေသည်ကို ဂရုမစိုက်ချေ။ သူတို့နှစ်ယောက်လုံး ခိုင်မာသည့်ဆက်ဆံရေး ရှိလာပြီးကတည်း စုန့်ဝေဖျင်က တဖြည်းဖြည်း သဘောထားသေးလာသည်ကို သူမက နားလည်ထားပြီးသားပင်။
“သွားစမ်းပါ၊ သဘောထားသေးလိုက်တဲ့သရဲကြီး၊ ငါ ဟွားဟွားကို လာတွေ့ပါ့မယ်လို့ ကတိပေးပြီးသွားပြီ၊ ငါ သွားမှာပဲ၊ နင်လည်း ယောင်ကျွင်းနဲ့ ဖောက်သည်တွေကို သွားတွေ့စရာ ရှိတယ်မလား၊ ဒီမှာ လာပြီး ငေးမှိုင်နေရလား”
စုန့်ဝေဖျင်က လက်ကိုပင့်ကာ လက်မှနာရီကို ကြည့်လိုက်၏။ ထို့နောက် သူက ရွှီရှောင်ကျောင်းကို တင်းနေအောင် ဖက်ထားလိုက်ပြီး သူမကို ဆိုဖာပေါ်တွင် ထိုင်ခိုင်းလိုက်လေသည်။
“၁၀မိနစ်လိုပါသေးတယ်၊ ကို့ကို ခဏလောက် ပေးဖက်ထားပါအုံး”
ပွေ့ဖက်ထားရုံနှင့် မလုံလောက်ပေ။ သူက ပိုပြီးလိုချင်လေသည်။ သူက ရွှီရှောင်ကျောင်း၏မျက်နှာကို ကိုင်ထားလိုက်ပြီး သူမကို ကြည့်ရင်းက သူ့လက်ချောင်းဖျားများအောက်က နွေးနေသည့် အသားအရေကို ခံစားနေလိုက်၏။ သူ့အသံက အနည်းငယ်လေးနက်နေလေသည်။
“စကားချိုချိုလေး နည်းနည်းလောက် ပြောပါအုံး”
ရွှီရှောင်ကျောင်းမှာ ချက်ချင်း ရှက်သွားတော့သည်။ သူမက သူ့ကို ဆိတ်ပစ်လိုက်၏။ ရုတ်ခြည်းဆိုသလို သူမ၏ယုံကြည်မှုများ ပျောက်ဆုံးသွားတော့သည်။
“နင် သေချင်နေတာလား”
ဟုတ်ပါတယ်။ အခုတလော စုန့်ဝေဖျင်ကို လက်ဖျားခါလောက်တဲ့ စကားလုံးချိုချိုလေးတွေ အများကြီးပြောခဲ့မိပါတယ်။ ဒါပေမဲ့ အဲစကားတွေအားလုံးကို အမှောင်ထဲမှာ ပြောခဲ့တာလေ။ အခုတော့ နေ့ခင်းကြောင်တောင်ကြီး။ သူက အခု ဘာဖြစ်ချင်နေတာတဲ့လဲ။
စုန့်ဝေဖျင်က ရှေ့သို့ညွှတ်လိုက်ပြီး သူမ၏နှုတ်ခမ်းထောင့်ကို ဖျတ်ခနဲ နမ်းလိုက်ပြီး
“ဒါဆိုရင် ကိုယ့်ကို ကိုကိုအလိမ္မာလေးလို့ ခေါ်”
ရွှီရှောင်ကျောင်းက သူ့ကို ရှောင်လိုက်ပြီး
“မခေါ်ဘူး၊ မခေါ်ဘူး”
စုန့်ဝေဖျင်က သူမကို ခေါ်လိုက်သည်။
“ကျောင်းကျောင်း၊ အချစ်ကလေး၊ ကလေးလေး၊ ကျေးဇူးပြုပြီး တစ်ခါလောက် ခေါ်ပါကွာ နော်”
သူ့အသံက ပိုပိုပြီး ရှတတဖြစ်လာလေသည်။ တစ်ခါခေါ်လိုက်တိုင်း ရွှီရှောင်ကျောင်းမှာ ဖြည်းဖြည်းချင်း ပျော့ပြောင်းသွားတော့သည်။
ဒါက အရူးလုပ်တာပဲဟဲ့။
ရွှီရှောက်ကျောင်းက မတတ်သာတော့ဘဲ သူ့လည်ပင်းကို သိုင်းဖက်ထားလိုက်ပြီး သူ့နားထဲတွင် ချိုသာစွာ ခေါ်လိုက်တော့သည်။
“ကိုကိုဝေဖျင်၊ ကိုကိုအလိမ္မာလေး~ ကိုကိုက အကောင်းဆုံးပဲ”
မျက်လုံးများ ဆုံသွားသည့်အခိုက်တွင် နေရာတိုင်း၌ မီးပွင့်များ ဖြာထွက်သွားတော့သည်။
ရွှီရှောင်ကျောင်းခမျာ သတိပြန်ဝင်လာချိန်တွင်တော့ သူမ၏နှုတ်ခမ်းနီးအားလုံးက ပျက်သွားပြီး ဖြစ်တော့သည်။
“စုန့်ဝေဖျင်၊ ခွေးကောင်ကြီး”
. . .
အပိုင်း (၇၂) လောင်းကြေးတစ်ခု
ရွှီရှောင်ကျောင်းသည် ရှန့်ဟွားဟွားနှင့် ဆုံရန် ချိန်းဆိုထားသည့်နေရာသို့ ရောက်လာပြီး သူမသည် ၁၀မိနစ်ကျော်ပင် နောက်ကျနေပြီးဖြစ်လေသည်။ သူမမှာ အနည်းငယ် ရှက်မိလေတော့သည်။
“အားနာလိုက်တာ ဟွားဟွားရယ်၊ ကိစ္စလေး ရှိလို့နောက်ကျသွားတယ်”
ဒီခွေးကြီးကို အပြစ်ပေးဖို့ နည်းလမ်းတစ်ခုတော့ ရှာမှဖြစ်တော့မယ်။
ရှန့်ဟွားဟွားက ရွှီရှောင်ကျောင်းနှင့် မျက်နှာချင်းဆိုင်ရင်း နှင်းဆီရောင် စွန်းနေသည့်ဖန်ခွက်ကို သောက်လိုက်ပြီး စိတ်ထဲ မထားချေ။
“ရပါတယ်၊ ညီမလည်း အရေးကြီးတာမဟုတ်ပါဘူး၊ သွားမယ်၊ သွားကြမယ်၊ ညီမရဲ့စတူဒီယိုဆီ အစ်မကို ခေါ်သွားပေးမယ်”
တစ်ခါတရံ ရွှီရှောင်ကျောင်းသည် ခံစားချက်များ တက်လာတတ်လေသည်။ ဆိုင်ဖွင့်ပြီးကတည်းက ကိစ္စများသည် တနေ့ တနေ့ကုန်ဆုံးသွားတိုင်း အမှန်ပင် ပြောင်းလဲလာခဲ့လေသည်။
သူမ အိမ်က ထွက်သွားပြီး အိမ်ပြန်လာချိန်အထိ နှစ်ဝက်အတွင်းတွင် မရေမတွက်နိုင်သော စက်ရုံများကို တည်ဆောက်ပြီးကြကာ မြင့်မားသည့် အဆောက်အအုံများစွာကလည်း ဆောက်လုပ်ဆဲပင်။ သူမ သိသည့်လူများက အလျင်အမြန် တိုးတက်လာကြသည်။
ချန်းကျီက လမ်းတကာ ပတ်လျှောက်ခဲ့ရသည့်အခြေအနေမှ ဆိုင်ခန်းငှားပြီး အသေးစား လုပ်ငန်းပိုင်ရှင်တစ်ယောက် ဖြစ်လာခဲ့သည်။ လေပွေတစ်ချက်ဖြတ်အတိုက်တွင် ရှန့်ဟွားဟွားက အားအင်အပြည့် ခိုင်မာသည့်ဆုံးဖြတ်ချက်ဖြင့် သူမ၏ကိုယ်ပိုင် စတူဒီယိုကို တည်ထောင်ခဲ့သည်။ ချန်ကျန်းကျူးက အခုတော့ လမ်းကြောင်းမှန်ပေါ်တွင် မင်းသမီးတစ်လက်ဖြစ်နေပြီ။
သည်လိုလျင်မြန်သည့် အရွေ့က နောက်ပိုင်းမျိုးဆက်နှင့် အတိုင်းအတာတစ်ခုအထိ ဆင်တူလှသည်။ သို့သော်ငြား ရွှီရှောင်ကျောင်းကတော့ နေဝင် နေထွက်ရှိသည့် မိန်လင်ရွာက အေးဆေးသည့် နေ့ရက်များကို လွမ်းမိလေသည်။
သို့သော် တိုးတက်မှုမရှိလျှင် ကြီးထွားမှု ရှိမည်မဟုတ်သည်ကိုလည်း သူမက သိနေသည်။ သည်လို တုန်လှုပ်ဖွယ်အပြောင်းအလဲများကသာ တိုင်းပြည်ကို အမှန်အကန် တောင့်တင်းအောင် လုပ်ပေးနိုင်ပေသည်။
ရှန့်ဟွားဟွား၏ စတူဒီယိုသည် နှစ်ထပ်တိုက်တစ်လုံးဖြစ်ပြီး သေးငယ်သည့် လူလတ်တန်းစား ပတ်ဝန်းတစ်ခုအသွင် အလွန်မှ သက်သောင့်သက်သာဖြစ်အောင် အလှဆင်ထားလေသည်။
သူမ၏စတူဒီယိုကို ရွှီရှောင်ကျောင်းအား မိတ်ဆက်ပေးနေချိန်တွင် အနည်းငယ် စိတ်လှုပ်ရှားနေမှန်း မြင်နေရသည်။
“ဒါက အဖေ ညီမကိုပေးထားတဲ့ အဆောက်အအုံလေးပါ၊ ဒါပေမဲ့ ဒီနေရာက နည်းနည်းတော့ အစွန်ကျတယ်၊ နေရာကို အရမ်းကြီးတော့ သဘောမကျခဲ့ဘူး၊ ဒါကြောင့် ညီမလည်း ဒါကို ဘာမှမလုပ်ဘဲ ဒီအတိုင်းထားထားခဲ့တာ၊ အဲဒီတုန်းက အလုပ်တစ်ခု စလုပ်ချင်တော့ အများကြီး သေချာစဥ်းစားပြီးမှ ဒီနေရာကို ရွေးခဲ့တာလေ၊ နောက်ထပ်အားသာချက်တစ်ခုက ဘေးမှာ အဝတ်အစားစက်ရုံ ရှိတယ်၊ ညီမ အကျိူးတူလုပ်နေတာလေ၊ ညီမဆွဲထားတဲ့ ဒီဇိုင်းတွေကို ထုတ်ခဲ့ရင် သွားကြည့်ဖို့ အရမ်းနီးတော့ အဆင်ပြေတယ်လေ”
သူမက တောက်ပသည့်မျက်လုံးများနှင့် ရွှီရှောင်ကျောင်းကို ကြည့်လိုက်၏။
“အစ်မရှောင်ကျောင်း ညီမ အခုတလောဆွဲထားတဲ့ ဒီဇိုင်းကို ကြည့်ပြီး အကြံဉာဏ်လေးတွေပေးပါအုံး”
ရွှီရှောင်ကျောင်းမှာ သည်လိုဖြစ်လာမယ်မှန်း သိထားသဖြင့် အစောကြီးကတည်းက ပြင်ဆင်ထားခဲ့လေသည်။ ထို့အပြင် သူမသည် နောက်ကျမှ ရောက်လာခဲ့သဖြင့် ခံစားချက်အတိုင်း လုပ်လို့မရနိုင်ပေ။
“ဟုတ်ပြီလေ၊ အကြမ်းဆွဲထားတာတွေကို ယူလာခဲ့လေ၊ တစ်ချက်လောက်ကြည့်ရအောင်”
ထို့နောက်တွင်တော့ ရွှီရှောင်ကျောင်းက ရှန့်ဟွားဟွားကို ဒီဇိုင်းအယူအဆအကြောင်း တစ်မနက်ခင်းလုံး ရှင်းပြလိုက်တော့သည်။
“ဒီတစ်ခုက ဆွဲထားတာ ကောင်းတယ်၊ ခါးပေါ်က အရောင်ရင့်ရင့်က အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ကောက်ကြောင်းကို ပေါ်လွင်စေနိုင်ပြီး ပိုပြီးပြည့်စုံတဲ့အချိုးအစားတစ်ခုကို ဖန်တီးပေးတယ်၊ အဲလိုပဲ တကယ်လို့များ အရောင်တစ်ခုလုံးက ပြောင်ဖြစ်နေရင် အလှဆင်တဲ့ပစ္စည်းတွေထည့်ပြီး ခုနက ပုံစံလိုမျိုးရအောင် လုပ်လို့ရတယ်၊ ဥပမာ ခါးပတ်တို့၊ ကျောက်တို့၊ အိတ်တို့ စသည်ဖြင့်ပေါ့”
“ဒီတစ်ခုက သိပ်မကောင်းဘူး၊ အရောင်အများကြီးထည့်တာက ပညာတစ်ခုပဲ၊ အဲဒီပန်းတွေနဲ့ ရှပ်အင်္ကျီတွေကို ကြည့်လိုက်၊ အမြင်ရှုပ်တယ်လို့ ထင်ရပေမဲ့ ရိုးမသွားဘူး၊ ဒါတောင် လူတွေကို မူးနောက်တဲ့ခံစားချက်ဖြစ်စေတယ်၊ ဒါက အရောင်တွေဆန့်ကျင်ဘက်သဘောရဲ့ အသိပညာပဲ၊ ဒီလိုစတိုင် အဝတ်အစား ဒီဇိုင်းတွေကို မဆွဲခင် အရင်ဆုံး အရောင်နဲ့ပတ်သက်တဲ့အယူအဆကို လေ့လာသင့်တယ်”
“နှစ်ဖက်လုံးမှာ ရေပြင်ညီနဲ့ ဒေါင်လိုက် ပုံပေါ်ထားတာက တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတယ်၊ ကြည့်ရတာ ဟွားဟွားက အချိုးမညီတဲ့ဒီဇိုင်းအကြောင်း တချို့သိထားပြီးသားပဲ၊ ဒါပေမဲ့ အချိုးမညီတဲ့ဒီဇိုင်းရဲ့ ရည်ရွယ်ချက်က အမြင်ဆန်းဖို့ မဟုတ်ဘူး၊ အလှတရားကို ပေါ်လွင်စေဖို့နဲ့ ဖက်ရှင်အမြင်တစ်ခုကို ဖန်တီးဖို့ပဲ၊ ဥပမာ စကပ်တစ်ထည်မှာ ရှေ့နဲ့နောက်ကို အချိုးမညီတဲ့ပုံစံ ဒီဇိုင်းဆွဲလို့ရတယ်၊ ရှေ့ကတိုပြီး နောက်က ရှည်နေတာမျိုး၊ တကယ်လို့ ဝယ်သူရဲ့ပေါင်က တုတ်နေတယ်ဆိုရင် အနောက်ဘက်က ရှည်နေတဲ့အခြမ်းက အားနည်းချက်ကို ဖုံးကွယ်ထားပေးနိုင်တယ်။ ရှေ့ပိုင်းက တိုတဲ့အခြမ်းက ခြေထောက်ကို ပိုပြီးရှည်လာအောင် လုပ်ပေးနိုင်တယ်။ နောက် ဥပမာတစ်ခုက နင် ဘယ်ညာ အချိုးမညီဆွဲထားတဲ့ စကပ်၊ ပိုတိုတဲ့အပိုင်းက ကိုယ်ထည်ကို အချိုးကျစေတယ်လို့ ခံစားရစေပြီး ပိုရှည်တဲ့အခြမ်းက ခေတ်မီတဲ့အမြင်တစ်ခုကို ပေးနိုင်တယ်”
....
ဆွေးနွေးမှု စတင်လိုက်ကတည်းက ရှန့်ဟွားဟွားသည် မှတ်စုများကို ဆက်တိုက် လိုက်မှတ်လာလေသည်။ သူမက အင်း အင်း အင်း ကလွဲလျှင် ဘာမှတစ်ခွန်းမှမပြောချေ။
ပြီးခဲ့သည့် နှစ်လအတွင်း ဒီဇိုင်းအကြမ်းများအားလုံးကို အကဲဖြတ်ပြီးနောက်တွင်တော့ နေ့လည်ခင်း ရောက်လာခဲ့သည်။ ရွှီရှောင်ကျောင်းကိုကြည့်နေသည့် ရှန့်ဟွားဟွား၏ စူးရှသည့်အကြည့်က သူမ၏အိုင်ဒေါကို ကြည့်သည့်အကြည့်ထက် ပိုပြီး ပူပြင်းနေတော့သည်။
သူမက ရွှီရှောင်ကျောင်းအတွက် လက်ဖက်ရည်တစ်ခွက် ယူလာပေးပြီး မနေနိုင်တော့ဘဲ သက်ပြင်းချလိုက်တော့သည်။
“အစ်မရှောင်ကျောင်း အစ်မသာ ဖက်ရှင်ဒီဇိုင်နာ ဖြစ်လာရင် တလောကလုံးမှာ သေချာပေါက် နာမည်ကြီးလာမှာ၊ မရေမတွက်နိုင်တဲ့သူတွေကလည်း အစ်မ ဒီဇိုင်းဆွဲထားတဲ့ အဝတ်အစား ဝတ်ရတာကို ဂုဏ်ယူနေကြမှာပဲ၊ အစ်မရဲ့အရည်အချင်းကို အလကားအဖြစ်မခံပါနဲ့၊ ဒီဇိုင်နာတစ်ယောက် မြန်မြန်လုပ်လိုက်ပါတော့”
သူမက အလွန်မှ စိတ်လှုပ်ရှားနေဟန်ဖြင့် ပြောနေရာ ရွှီရှောင်ကျောင်းမှာ အာခေါင်ခြောက်သလို ခံစားလာရတော့သည်။
“ဒီဂုဏ်အရောင်အဝါကို နင့်အတွက် ထားပေးလိုက်ပါမယ် ဟွားဟွားရယ်၊ ငါကတော့ နင့်ကို အရမ်းမျှော်လင့်ထားတယ်”
ရှန့်ဟွားဟွားက အနည်းငယ် နှမြောမိသလိုခံစားရသော်လည်း သူမ၏အိုင်ဒေါဆီမှ အားပေးစကား ကြားလိုက်ရပြီးနောက်တွင် သူမသည် ချန်းကျီကဲ့သို့ပင် ချက်ချင်း စိတ်အားတက်လာတော့သည်။
ခဏလောက် အနားယူလိုက်ပြီးနောက်တွင် ရှန့်ဟွားဟွားက ရွှီရှောင်ကျောင်းကို အကောင်းစား ထမင်းတနပ်တော့ ကျွေးချင်သည်ဟု ဆိုင်းမဆင့်ဗုံမဆင့် ပြောလိုက်လေသည်။
“အစ်မရှောင်ကျောင်း မြို့လယ်ခေါင်မှာ အသစ်ဖွင့်ထားတဲ့ ကုန်တိုက်ကို သွားရအောင်၊ အဲဒီမှာ ကော်ဖီဆိုင်၊ နို့လက်ဖက်ရည်ဆိုင်နဲ့ စားသောက်ဆိုင်မျိုးစုံရှိတယ်၊ အစ်မ ငါး ကြိုက်တယ်မလား၊ အဲဒီမှာ ငါးချဥ်ဆိုင်တစ်ဆိုင်ရှိတယ်၊ စားလို့ကောင်းတယ်နော်၊ ပြီးခဲ့တဲ့ တစ်ခေါက်က ညီမနဲ့ ကျန်းကျူး သွားစားခဲ့ကြသေးတယ်၊ မနေ့ညက ညီမ သူ့ကို ဖုန်းခေါ်က သူက အဲဒါကို စားချင်နေတာတဲ့လေ၊ သွားစားပြီး နောက်တစ်ခါ သူ့ကို ဖုန်းခေါ်တဲ့အခါ သူ့ကို အားကျသွားအောင် ပြောပြရမယ်”
ရွှီရှောင်ကျောင်းက ငြင်းလိမ့်မည်မဟုတ်သည်က သဘာဝပင်။ သူမသည် သည်နေ့ စကားအများကြီး ပြောခဲ့ရာ သူမကိုယ်တိုင်ကို ဆုချပေးချင်လေသည်။
“ဒါဆိုရင် ငါ ဒီနေ့တော့ အများကြီးစားမှာပဲ”
ဘာပဲဖြစ်ဖြစ်လေ စုန့်ဝေဖျင်လည်း အိမ်မှာမရှိဘူး။ ငါလေးလည်း အိမ်မပြန်ချင်သေးဘူး။
သည်လိုဖြစ်လျက်နှင့်ပင် ရှန့်ဟွားဟွားမှာတော့ ရွှီရှောင်ကျောင်းကို လုံလောက်အောင် ကောင်းကောင်း မပြုစုခဲ့ရသလို ခံစားနေရလေသည်။ သူမက ထိုနေရာသို့ သွားဖို့ အိမ်က ကားကို ယူလာပြီး လမ်းတစ်လျှောက်တွင် ရွှီရှောင်ကျောင်းကို လစာပေးမည့်အကြောင်း တိုင်ပင်လာတော့သည်။
ရွှီရှောင်ကျောင်းက မလိုချင်ပေ။ ဒါက ခင်မင်မှုအရ ကူညီခြင်းပင်။ ငွေ ကိစ္စပါလာသည်နှင့် သဘောတရားက ပြောင်းလဲသွားလိမ့်မည်။
“ဒါပေမဲ့ အစ်မရှောင်ကျောင်းရယ် ညီမရဲ့အတိုင်ပင်ခံ မလုပ်ချင်ဘူးလို့တော့ မပြောပါနဲ့၊ အစ်မ ဟိုတုန်းက ညီမကို ကတိပေးခဲ့တယ်လေ၊ ကတိကို ပြန်ရုပ်သိမ်းလို့တော့မရဘူးနော်” ရှန့်ဟွားဟွားက သူမကို ထောင်ဖမ်းချင်လေသည်။
ရွှီရှောင်ကျောင်းကလည်း အရူးမဟုတ်ချေ။
“ငါက အကြံပေးတစ်ယောက် လုပ်ခဲ့ရင်တောင် နေ့တိုင်း လာမှာမဟုတ်ဘူးလေ၊ အဲဒီကိစ္စကို တွေးမနေနဲ့”
ရှန့်ဟွားဟွားမှာ စိတ်ပျက်သွားတော့သည်။ နှမြောစရာကောင်းလိုက်တာဟယ်။
“ညီမက ကျန်းကျူးကို ရည်ရွယ်ချက်မရှိဘူးလို့ အမြဲတမ်း ပြောလာတာ၊ ဒါပေမဲ့ အစ်မလည်း သူနဲ့ ဘာမှမကွာပါဘူး”
ရွှီရှောင်ကျောင်းက ခေါင်းညိတ်လိုက်၏။
“ဟုတ်တယ်လေ၊ ငါ ပြောခဲ့တဲ့အတိုင်းပဲ၊ မင်းသမီးလေးတွေက အလုပ်လုပ်စရာမလိုဘူး၊ နင့်ကို တစ်ခါတလေ လမ်းကြောင်းပေးတာပဲ ဟုတ်နေပြီနော်၊ နင်က တော်ပြီးသား၊ ဆုလာဘ်အနေနဲ့ကတော့ ငါနဲ့ လိုက်တဲ့ အဝတ်အစားကောင်းကောင်းလေးတွေ ရှိခဲ့ရင် နင် ချုပ်ပြီး ငါ့ကို နည်းနည်းပါးပါးလောက် ပေးရင် ရပြီ”
ရှန့်ဟွားဟွားသည် ရွှီရှောင်ကျောင်းနှင့် ပထမဆုံးတွေ့ချိန်က သူမဝတ်ဖို့အတွက် အဝတ်အစား ချုပ်ပေးဖို့ရန်က သူမ၏အိပ်မက်ဖြစ်နေရာ ပြောရန်ပင်မလိုချေ။
ရှန့်ဟွားဟွားက ခဏလောက်စဥ်းစားလိုက်ပြီး
“ဒါဆိုလည်း ဟုတ်ပြီလေ၊ အခုချိန်ကစပြီး ညီမက အစ်မအတွက် အဝတ်အစားတွေ တာဝန်ယူပေးမယ်၊ အစ်ကိုဝေဖျင်အတွက်ရော ပြီးတော့ အစ်မတို့အနာဂတ်က ကလေးအတွက်ရော”
ရွှီရှောင်ကျောင်းက သူမကို မြန်မြန်တားရတော့သည်။
“ငါ့အတွက်ဆိုရင်ပဲ ရပါပြီဟယ်”
ကလေးအတွက်တော့ အဝေးကြီး လိုပါသေးတယ်။
ကလေးအကြောင်း ပြောလိုက်သည်တွင် ရှန့်ဟွားဟွားမှာ သိချင်စိတ် ဖြစ်လာတော့သည်။ နှစ်ယောက်သားက ကားပေါ်က ဆင်းလိုက်ကြပြီး ဆိုင်ဘက်သို့ လျှောက်သွားရင်က သူမက မေးလိုက်လေသည်။
“အစ်မရှောင်ကျောင်း အစ်မတို့ ဘယ်တော့မှ ကလေးယူကြမှာလဲ”
ရွှီရှောင်ကျောင်းသည် အဖြေပြန်မပေးရသေးခင်မှာပင် ရုတ်တရက် ရပ်တန့်သွားလေသည်။
“ကျောင်းကျောင်း”
ရွှီရှောင်ကျောင်းနှင့် ရှန့်ဟွားဟွားတို့က တပြိုင်ထဲ လှည့်ကြည့်လိုက်ကြ၏။ လာနေသူများက စုန့်ဝေဖျင်နှင့် ယောင်ကျွင်းတို့ပင်။
ရွှီရှောင်ကျောင်းသည် အပြင်ထွက်လာခင်က သူ၏ စိတ်မြန်လက်မြန်ရှိလှပုံကို မှတ်မိနေဆဲပင်။ သူမသည် သူ့ကို မျက်စောင်းထိုးချင်ပါသော်လည်း တခြားသူများ ရှိနေသဖြင့် မျိုသိပ်ထားလိုက်ကာ
“အလုပ်ကိစ္စ တိုင်ပင်တာ ပြီးသွားကြပြီလား”
သူမက ရှန့်ဟွားဟွားကို မိတ်ဆက်ပေးရင်း မေးလိုက်လေသည်။
“ဒါက ယောင်ကျွင်းတဲ့၊ စုန့်ဝေဖျင်ရဲ့လုပ်ငန်းပါတနာလေ”
ယောင်ကျွင်းသည် ဒေသခံတစ်ယောက်ဖြစ်သော်လည်း အရပ်က စံနှုန်းမီလေသည်။ သူသည် စုန့်ဝေဖျင်လောက် အရပ်မမြင့်သော်လည်း သေချာပေါက် အရပ်တော့မပုချေ။ သူသည် စုန့်ဝေဖျင်လိုပင် ဂျာကင်တစ်ထည် ဝတ်ထားပြီး တော်တော်လေး အလေးအနက်ရှိပုံ ပေါ်သည်။ သို့သော် စကားပြောလိုက်ချိန်တွင်တော့ သူ့အကျင့်က ပေါ်လာတော့သည်။
ရှန့်ဟွားဟွားနှင့် ပုံမှန်အတိုင်း နှုတ်ဆက်ပြီးနောက်တွင် သူက ရွှီရှောင်ကျောင်းကို ညည်းညူတော့သည်။
“ဟာ ခယ်မလေးရာ နင် အဲဒီလူအကြောင်း မသိလို့နော်၊ သူ့မှာလေ အကြောင်းပြချက်လည်း စုံပါ့၊ အစကတော့ နေ့လယ်လည်း ရောက်တော့မှာမလို့ အလုပ်အကြောင်းပြောရင်း အတူတူထမင်းစားမယ်လို့ တွေးထားတာ၊ ပြီးတော့ ဘာဖြစ်သွားလဲ၊ သူက အဆင်မပြေဘူးလို့ပြောပြီး ကော်ဖီပဲ သောက်ချင်တာတဲ့လေ၊ ဒါနဲ့ ငါတို့ သွားသောက်လာခဲ့တာ၊ ငါလည်း အဲဒါမျိုးကို တစ်ခါမှမသောက်ဖူးပါဘူး, ဒါနဲ့ စုန့်ဝေဖျင်နဲ့ငါလည်း ဒီတိုင်းအလိုက်သင့် တစ်ခွက်လောက် မှာလိုက်တာပေါ့၊ ဘုရားရေ ခါးလိုက်တာဆိုတာကွာ၊ ငါ့မှာ သည်းခံရင်း ထပ်ပြီး သည်းခံခဲ့ရတာ၊ ငါ့မှာ အားကုန်သုံးပြီး မျိုချခဲ့ရတယ်ဟ”
သူက စုန့်ဝေဖျင်ကို လက်မထောင်ပြလိုက်ပြီး
“ငါ ဝေဖျင်ကိုတော့ လေးစားတယ်၊ သူ့အမူအရာက လုံးဝပြောင်းမသွားဘူးနော်၊ သူ့ဟာက အရသာရှိတယ်လို့ ငါ ထင်သွားတာပေါ့၊ ဒါနဲ့ မပြန်ခင် ငါ သူ့ဟာကို တိတ်တိတ်လေး တစ်ငုံလောက် ခိုးသောက်ခဲ့တာ၊ အမလေးဗျာ အတူတူပါပဲ၊ သေအောင် ခါးတာ”
စကားအနည်းငယ်တွင် သူသည် ရွှီရှောင်ကျောင်းကို ရယ်မောရအောင် လုပ်ပေးလိုက်တော့သည်။
စုန့်ဝေဖျင်က ယောင်ကျွင်းကို မရေမရာ လှမ်းကြည့်လိုက်ပြီး သူတို့ကို မေးလိုက်၏။
“သွားစားကြမလို့လား”
ရှန့်ဟွားဟွားက ခေါင်းညိတ်လိုက်ပြီး
“အင်း အင်း အစ်မရှောင်ကျောင်းက ဒီမနက်တုန်း ကျွန်မရဲ့ဒီဇိုင်းအကြမ်းတွေကို အကြံပေးခဲ့တာလေ၊ ကျွန်မက အစ်မကို ဒီနေရာက နာမည်ကြီး ငါးချဥ်ဆိုင်မှာ ကျွေးမလို့၊ အစ်ကိုဝေဖျင် အစ်ကိုတို့လည်း လိုက်ခဲ့ပါလား”
စုန့်ဝေဖျင်က ဘာမှမပြောရသေးခင်မှာပင် ယောင်ကျွင်းက သဘောတူလိုက်တော့သည်။
“ဒါပေါ့ ဒါပေါ့၊ ကျွန်တော်တို့အားလုံး ဆုံနေကြပြီဆိုတော့ အတူတူ စားရမှာပေါ့၊ သွားကြမယ်၊ သွားကြမယ်၊ ကျွန်တော်လည်း ပါးစပ်ထဲက အခါးဓာတ်ကို ဖြစ်နိုင်ရင် ချက်ချင်းဆေးဖို့ ထမင်းတနပ်တော့ သေချာစားမှဖြစ်မယ်”
သူက စုန့်ဝေဖျင်၏ပခုံးပေါ် လက်တင်လိုက်ပြီး ဆိုင်ဘက်သို့ လျှောက်သွားလေသည်။ ရှန့်ဟွားဟွားက သူ့နောက်ကျောကို ကြည့်လိုက်ပြီး ရွှီရှောင်ကျောင်းကို တီးတိုးပြောလိုက်၏။
“အစ်မ ရှောင်ကျောင်း၊ ဒီလူက အရမ်းမျက်စိကျလောက်တယ်နော်” မတည်ငြိမ်သလို လေးနက်မှု မရှိတဲ့ အငွေ့အသက်တစ်ခု ထုတ်ပြနေတာပဲ။
ရွှီရှောင်ကျောင်း၏ ယောင်ကျွင်းအပေါ် ပထမဆုံးအမြင်ကလည်း ရှန့်ဟွားဟွားကဲ့သို့ပင်။ သို့သော် သူနှင့် ပိုပြီး ဆက်ဆံလာခဲ့ပြီးနောက်တွင် ယောင်ကျွင်းက ဖြည်းဖြည်းချင်း အားကိုးရသူတစ်ယောက်မှန်း သိလာခဲ့ရသည်။
သူသည် စကားပြောကောင်းသော်လည်း တစ်ယောက်ယောက်က သူ့ကို အကုန်ဖွင့်ချပြီး ကိုယ်တိုင် ညှိနှိုင်းတိုင်ပင်ခိုင်းလျှင်တော့ သူသည် အမှန်ပင် စကားမကြွယ်တော့ချေ။ ဆန့်ကျင်ဘက်အနေဖြင့် စက်ရုံ တည်ဆောက်စဥ်က သူသည် အလုပ်ကို ထူးထူးခြားခြား ကောင်းကောင်း ကြီးကြပ်ပေးခဲ့သည်။ သူသည် အသေးစိတ်ကအစ လုံးဝတွေဝေမနေဘဲ သေချာစောင့်ကြည့်တတ်ပြီး နမော်နမဲ့နိုင်ခြင်း မရှိချေ။
“ပါးစပ်ကပဲ ပြောတတ်တာပါ၊ တကယ်တော့ သူက အရမ်းကောင်းတဲ့သူ ပြီးတော့ အကျင့်စရိုက်ကလည်း ကောင်းတယ်၊ နင် သူနဲ့ နောက်တစ်ခါ ထပ်တွေ့ရင် သိလာလိမ့်မယ်”
ရှန့်ဟွားဟွားက နှုတ်ခမ်းများကို ကွေးထားလိုက်သည်။ သူမက ထိုစကားကို မယုံခဲ့ချေ။
ယောင်ကျွင်းကတော့ သူမ ဘာတွေးနေသည်ကို မသိပါချေ။ သူသည် အပေါင်းအသင်းမင်သူတစ်ယောက် ဖြစ်ပြီး ရှန့်ဟွားဟွားက မိန်းမလှလေးတစ်ယောက်ဖြစ်သည်။ ထို့ကြောင့် အခြေအနေက တိတ်ဆိတ်မနေသင့်ဟု သူက ထင်သည်။ ထို့ကြောင့်ပင် စားသောက်နေစဥ် တစ်လျှောက်လုံး အားလုံးက သူပြောနေသည်ကိုသာ နားထောင်လာကြတော့သည်။
ရွှီရှောင်ကျောင်းက သူနှင့် လိုက်လျောညီထွေ ရှိသည်။ သူက သူမကို ရယ်အောင် လုပ်လိုက်သည့်အခါတိုင်း စုန့်ဝေဖျင်ဆီက အကြည့်ကို အကြိမ်ကြိမ် သွားဆွနေလေသည်။ သို့သော်ငြား တဖက်လူကတော့ လုံးဝသတိမထားမိချေ။
နောက်ဆုံးတွင် စုန့်ဝေဖျင်က သူရှိသေးကြောင်း သိသာစေရန် သူ့လက်ကို ရွှီရှောင်ကျောင်း၏ပေါင်ပေါ် တင်ထားလိုက်တော့သည်။
စုန့်ဝေဖျင် နည်းနည်း လှုပ်ရှားလိုက်သည်ကို သတိထားမိသဖြင့် ရွှီရှောင်ကျောင်းက ကျိတ်ပြီး မျက်စောင်းထိုးလိုက်တော့သည်။ ဒီသဝန်တတ်လွန်းတဲ့ စုန့်ဝေဖျင်ကတော့လေ။ ယောင်ကျွင်းက ချစ်သူ မရှိရင်တောင် ဘာဖြစ်လဲ။ သူတို့တွေက အခုလည်း ပုံမှန်အတိုင်း ပြောဆိုနေကြတာပဲကို။
သဘောထားသေးလိုက်တာ စုန့်ဝေဖျင်ရယ်။
ငါးချဥ်က တော်တော်လေး အရသာရှိလေသည်။ ယောင်ကျွင်းက အားရပါးရ စားလိုက်၏။ ရှန့်ဟွားဟွားက သိမ်သိမ်မွေ့မွေ့ စားနေသည်ကို တွေ့လိုက်ရသည်တွင် အကြောင်းတချို့ကြောင့် သူ့မှာ အသဲယားသွားသလို ခံစားလိုက်ရတော့သည်။ သူက အမှတ်တမဲ့ စကားပြောချင်သွားတော့သည်။ သူက သေချာစဥ်းစားလိုက်ပြီး အထင်ကြီးစေမည့် အကြောင်းအရာ ပြောဖို့တွေးလိုက်တော့သည်။
“ဝေဖျင် မင်း ခေါ်ထားတဲ့ ကောလိပ်ကျောင်းသားတွေနဲ့ ငါ စကားပြောကြည့်ပြီးပြီ၊ တချို့ကတော့ တကယ်အရည်အချင်းရှိပါတယ်၊ သူတို့က ဘွဲ့ရပြီးရင် စက်ရုံမှာ အလုပ်ဝင်ဖို့ သဘောတူထားတယ်”
သည်နေ့ခေတ် ကောလိပ်ကျောင်းသားများက အလွန်မှ ရှားပါးလေးသည်။ ရှန့်ဟွားဟွားသည် ကောလိပ်ကျောင်းသား ဟူသည့်စကားကို ကြားလိုက်ချိန်တွင် အနည်းငယ် အံ့ဩသွားတော့သည်။
“ရှင်တို့တွေ ကောလိပ်ကျောင်းသားတွေကို အလုပ်ခေါ်နေတာလား”
ယောင်ကျွင်းက ရင်ကိုချီလိုက်ပြီး
“ဟုတ်ပါတယ်၊ အရည်အချင်းက တိုးတက်မှုအတွက် အဓိကသော့ချက်ပဲလေ၊ ကျွန်တော်တို့ ကုမ္ပဏီက တဖြည်းဖြည်း ကြီးလာပြီး တောင့်တင်းလာရင် အရည်အချင်းရှိတဲ့သူတွေကို ထောက်ပေးမှာ၊ ပြီးတော့ ကျွန်တော်တို့ရဲ့ လူမှုဖူလုံရေး အကျိုးအမြတ်က အရမ်းကောင်းတယ်၊ အစိုးရပိုင်အလုပ်သမားတွေထက် ၃-၄ဆလောက် ပိုတယ်၊ နှစ်သစ်ကူးမှာဆိုရင်လည်း ဆုကြေးအမျိုးမျိုးရှိသေးတယ်”
ဟုတ်ပါသည်။ ထိုစကား အားလုံးက စုန့်ဝေဖျင်ပြောခဲ့သည့် စကားများပင်။ သို့တိုင် သူက သူ့ကိုယ်သူ ကြွားလုံးထုတ်နိုင်လေသည်။
“ပြီးတော့ ကျွန်တော့်ကို ကြည့်လေ၊ ကျွန်တော် ယောင်ကျွင်းက ကောလိပ်ကျောင်းသားတစ်ယောက်ပါ”
ရှန့်ဟွားဟွားက မယုံချေ။
“တကယ်လား”
ကောလိပ်ကျောင်းသားတစ်ယောက် ပြီးတော့ အခုထိ သိပ်ပြီး အခြေမကျသေးဘူး။ ပညာတတ်အရောင်အဝါ လုံးဝမရှိဘူး။
ယောင်ကျွင်းက ပိုလို့ပင် တက်ကြွလာတော့သည်။
“ဒါပေါ့၊ အရင်တုန်းကအကြောင်း ပြန်စဥ်းစားကြည့်လိုက်ရင်...”
ရွှီရှောင်ကျောင်းမှာ ယောင်ကျွင်း၏ ကြွားလုံးများကို နားထောင်ပြီး ရှန့်ဟွားဟွားကို မှင်တက် အံ့ဩသွားအောင် လုပ်နေသည်ကို နည်းနည်း ရယ်ချင်သွားတော့သည်။ သူတို့တွေ ကောလိပ်ကျောင်းသားများအကြောင်း ပြောနေသည်ကို ကြားလိုက်ကြချိန်တွင် သူမစိတ်ထဲသို့ တစ်ခုခုက ရုတ်တရက်ဝင်လာခဲ့သည်။
ငါလေးက တစ်ခါက စုန့်ဝေဖျင်နဲ့ လောင်းကြေးတစ်ခု လုပ်ခဲ့ဖူးတဲ့ပုံပဲ။
ဒီလောင်းကြေးနဲ့ သူမက စုန့်ဝေဖျင် သူ့မှတ်ဉာဏ်ကို တိုးတက်လာအောင် လုပ်နိုင်ခဲ့တာပဲ။