← Chapters

အခန်း (၇၃-၇၅)

Vol. 5 Ch. 73-75

အခန်း (၇၃-၇၅)

Vol. 5 Ch. 73-75

အပိုင်း (၇၃) ဆန္ဒ

စားသောက်လိုက်ကြပြီးနောက် သူတို့လေးယောက်က လမ်းခွဲလိုက်ကြလေသည်။ စုန့်ဝေဖျင်က အိမ်မပြန်ချင်သေးသဖြင့် ရွှီရှောင်ကျောင်းကို ခေါ်ကာ ရုပ်ရှင်သွားကြည့်လိုက်ပြီး ညနေခင်းတွင်တော့ အပြင်ထွက်စားလိုက်ကြသည်။ သူတို့အိမ်ပြန်ရောက်ချိန်တွင်တော့ မှောင်နေပြီဖြစ်လေသည်။

သူတို့နှစ်ယောက် ဒိတ်လုပ်နေချိန်အတွင်းတွင် စုန့်ဝေဖျင်က တခြားသူများအကြောင်းကို လုံးဝမပြောချေ။ အိမ်ပြန်ရောက်လာမှာ နေ့လယ်စာစားစဥ်က သူ့စိတ်ထဲတွင် ရောက်လာသည့်အတွေးအကြောင်းကို စဥ်းစားမိသွားတော့သည်။

“ကို့အထင်တော့ ယောင်ကျွင်းက ရှန့်ဟွားဟွားကို စိတ်ဝင်စားနေတဲ့ပုံပဲ၊ ကျေးဇူးပြုပြီး သူ့ကို မြန်မြန်မိတ်ဆက်ပေးလိုက်လေ၊ သူတို့နှစ်ယောက် တွဲသွားရင် အရမ်းကောင်းမှာပဲ”

ယောင်ကျွင်းကို လက်တွဲဖော်တစ်ယောက် မြန်မြန်ရှာပေးလိုက်။ ဒါမှ သူတို့တွေတွေ့တဲ့အချိန်တိုင်း သူ့ကျောင်းကျောင်းလေးနဲ့အမြဲတမ်း စကားပြောပြီး စနောက်မနေတော့မှာ။ ယောင်ကျွင်းတွင် တခြားအတွေး မရှိမှန်း သိထားသည့်တိုင် စုန့်ဝေဖျင်က ထိုကိစ္စကို မကြည်ပေ။

ရွှီရှောင်ကျောင်းက သည်တစ်ကြိမ်တွင်တော့ အမှန်ပင် မျက်စောင်းထိုးပစ်လိုက်တော့သည်။

“ဘာလဲ သူတို့တွေ ပထမဆုံးတွေ့တုန်းက ဟွားဟွားက ပြောတယ် ယောင်ကျွင်းက မတည်ငြိမ်ဘူးလို့ ထင်တယ်တဲ့၊ သူက တည်ငြိမ်တဲ့ကောင်လေးတွေကို ကြိုက်တာဖြစ်မယ်”

စုန့်ဝေဖျင်က သူမကို ဖက်လိုက်ပြီး

“ရှန့်ဟွားဟွားကို ရှင်းပြလိုက်ပေါ့၊ ယောင်ကျွင်းက တော်တော်လေး တည်ငြိမ်ပါတယ်လို့၊ ဒါပေမဲ့ ပါးစပ်နည်းနည်းဖွာတာပဲ ရှိတာလို့”

ရွှီရှောင်ကျောင်းသည် သူ့စိတ်ထဲက အတွေးစလေးကို သိထားလေရာ သူမက သူပြောမည့်အချိန်ကို စောင့်နေခဲ့ခြင်းပင်။

“စုန့်ဝေဖျင် ငါ ယောင်ကျွင်းနဲ့ စကားပြောတဲ့အချိန်ဆိုရင် နင် သဝန်တိုနေတာမလား”

စုန့်ဝေဖျင်က ခေါင်းညိတ်လိုက်ပြီး အရေးကြီးကိစ္စတစ်ခုလို အသိအမှတ်ပြုလိုက်တော့သည်။

“အင်း”

အခု သူ့မှာ ရာထူးအစစ်အမှန်တစ်ခု ရှိသွားပြီလေ။ မျှမျှတတနဲ့ သဝန်နိုင်ပြီပေါ့။

ရွှီရှောင်ကျောင်းက အော်ရယ်လိုက်ပြီး

“ငါ ယောင်ကျွင်းဆီက ကြားခဲ့တယ်၊ နင့်စက်ရုံမှာ ကောလိပ်ကျောင်းသားတွေကို တကယ်အလုပ်ခေါ်မလို့လား”

သည်ရက်ပိုင်းတွင် ပုဂ္ဂလိကစက်ရုံများက ကောလိပ်ကျောင်းသားများကို ခေါ်ယူရာတွင် တော်တော်လေး အထင်ကြီးစရာကောင်းသည်။ အစက စုန့်ဝေဖျင်သည် ရွှီရှောင်‌ကျောင်းကို ပြောပြရန် ညကျမှာ အခွင့်အရေးတစ်ခု ရှာဖို့ စဥ်းစားထားခဲ့လေသည်။ သူ့စိတ်ကူးထဲတွင်တော့ သူမက အံ့ဩသွားပြီး သူ့ကို အားပါးတရ ချီးကျူးပြီး နောက်ဆုံးတော့ သူ့ရင်ခွင်ထဲ ပြေးဝင်လာလိမ့်မည်။ ကျန်တာကိုတော့ ပြောနေရန်ပင်မလိုချေ။

အခုတော့ ယောင်ကျွင်း၏အာကျယ်လှသည့်ပါးစပ်က အားလုံးကို အရင်ပြောပြလိုက်လေသည်။

စုန့်ဝေဖျင်က ဘာမှမဖြစ်သလိုသာ ပြောနိုင်လေတော့သည်။

“အင်း ဒါက ကိစ္စသေးသေးလေးတွေပါ”

ရွှီရှောင်ကျောင်းက လက်ဖျောက်တီးလိုက်ပြီး

“ဒါက ကိစ္စသေးသေးလေး မဟုတ်ပါဘူး၊ အရမ်းကိုသိသိသာသာ ကြီးမားတယ်”

စုန့်ဝေဖျင်က ဝမ်းသာသွား၏။ သူမက သူ့ကို သေချာပေါက်ချီးကျူးလိမ့်မည်ဟု သိနေလေသည်။

သို့သောငြား ရွှီရှောင်ကျောင်း၏နောက်ထပ် ပြောလိုက်သည့်စကားက စုန့်ဝေဖျင်ကို စိုးရိမ်တကြီး ဖြစ်သွားစေတော့သည်။

“စုန့်ဝေဖျင် ငါတို့နှစ်ယောက် လောင်းကြေးတစ်ခုလုပ်ခဲ့တာကို မှတ်မိသေးလား”

စုန့်ဝေဖျင်က ချက်ချင်း မှတ်မိသွား၏။ သူသည် ရုတ်တရက်ဆိုသလို နိမိတ်ဆိုးတစ်ခုကို ခံစားလိုက်ရသော်လည်း လုံးဝ ထုတ်မပြလိုက်ပေ။ သူက ဘာမှမသိသလို ပြောလိုက်လေသည်။

“ရှိခဲ့ဖူးလို့လား၊ ကို မမှတ်မိပါဘူး”

ရွှီရှောင်ကျောင်းက သူ့လက်မောင်းကို ဆိတ်လိုက်ပြီး ပြောလိုက်၏။

“ရူးချင်ယောင်ဆောင်ပြီး စာရင်းကို ချေပစ်ချင်မနေနဲ့၊ နင် အဲတုန်းက သဘောတူစာချုပ်တစ်ခုတောင် လက်မှတ်ထိုးခဲ့သေးတယ်နော်”

လောင်းကြေးကို ပိုပြီးတရားဝင်စေရန် ရွှီရှောင်ကျောင်းက စာရွက်တစ်ခုကို ရှာလိုက်ပြီး ကျိုးဖင့်ရှန်း၏ကျောင်းက တည်းခိုခန်းတွင် စာချုပ်ကို စာချရေးခဲ့သေးသည်။ သူတို့နှစ်ယောက်က လက်မှတ်ထိုးခဲ့ကြသည်။

စုန့်ဝေဖျင်က နောက်ဆုံးအကြိမ် သူအိမ်ပြန်လာသည့်အချိန်က သံသေတ္တာထဲက သူမဆီကို သူ ရေးခဲ့သည့်စာများကို ဖတ်ခဲ့သည့်အကြောင်း စဥ်းစားလိုက်လေသည်။ လောင်းကြေးအကြောင်း ရေးထားသည့် စာကို မြင်ခဲ့ပြီး သူသည် မလွတ်နိုင်တော့ကြောင်း သိလိုက်လေသည်။

“အင်း၊ ကို မှတ်မိပြီ၊ သံသေတ္တာထဲကတစ်ခု”

ရွှီရှောင်ကျောင်းက ခေါင်းညိတ်လိုက်သည်ကို မြင်လိုက်ရသည်တွင် သူက ပြုံးလိုက်ပြီး

“ ဟုတ်တာပေါ့၊ ကို့ကျောင်းကျောင်းလေးက ကို့ရဲ့ကံကောင်းစေတဲ့ကြယ်လေးပဲ၊ နောက်ပိုင်းကျရင် ကိုက ကောလိပ်ကျောင်းသားတွေကို ခေါ်နိုင်မယ်လို့ မင်း ပြောခဲ့တယ်လေ၊ လောင်းကြေးက ဆန္ဒတစ်ခု၊ ဟုတ်တယ်မလား၊ ဘာလိုချင်လဲ၊ လိုတာချင်မှန်သမျှ ကို မင်းအတွက် ဝယ်ပေးမယ်”

ဟွန်း။ သူ စိုးရိမ်စိတ်တွေ ဖြစ်လာတဲ့အချိန်ဆိုရင် စကားတွေ အရမ်း များလာတယ်လေ။ ရွှီရှောင်ကျောင်းက နောက်သို့ခြေတစ်လှမ်းဆုတ်လိုက်ပြီး လက်နောက်ပစ်ကာ သူ့ကို စိုက်ကြည့်လိုက်ပြီး

“ငါ အဲဒီအချိန်တုန်းက နင့်ကို ပြောခဲ့ပြီးပြီလေ၊ ဘာဆန္ဒပဲဖြစ်ဖြစ် နင် ပြန်ပြင်လို့မရဘူးနော်”

စုန့်ဝေဖျင်က တင်းကြပ်သွားပြီး ခေါင်းညိတ်လိုက်ကာ

“ဒါပေါ့၊ ကိုက အရှုံးကို လိုလိုလားလား လက်ခံပြီး ကို့စကားကို တည်မှာပါ”

ရွှီရှောင်ကျောင်းက လက်ကို ဆန့်ထုတ်လိုက်ပြီး သူ့ရင်ဘတ်ကို ထောက်လိုက်ကာ

“အဟား စုန့်ဝေဖျင် ရှာလကာရည်အိုးကြီး၊ သဘောထားသေးလိုက်တဲ့လူကြီး၊ ငါ့ဆန္ဒက နင့်ကို အခန်းခွဲခိုင်းပြီး တစ်လလောက် တစ်ယောက်ထဲ နေခိုင်းဖို့ပဲ”

စုန့်ဝေဖျင်က သူမ၏လက်ချောင်းကို လှမ်းကိုင်လိုက်ပြီး သူမကို သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်ကာ

“အဲဆန္ဒကို ပြောင်းလိုက်”

ရွှီရှောင်ကျောင်းက ဟွန်းခနဲ ခေါင်းရှုံ့လိုက်ပြီး

“မပြောင်းပါဘူး”

စုန့်ဝေဖျင်က သူမ၏ညည်းသံကို ကြားရသည်အထိ ခေါင်းငုံ့ကာ နမ်းလိုက်ပြီး သူမကို ချောမော့တော့သည်။

“လိမ္မာလိုက်တဲ့အချစ်လေးရယ် ဆန္ဒကို ပြောင်းလိုက်ပါနော်၊ ကိုတို့တွေ အိပ်ရာခွဲမအိပ်ရသရွေ့ ကို မင်းကို ဘာမဆို ကတိပေးမယ်၊ ဟုတ်ပြီလား”

ရွှီရှောင်ကျောင်းမှာ ခံနိုင်ရည်မရှိတော့ချေ။ စုန့်ဝေဖျင်၏လက်က သူမ၏ခါးကို ထိန်းထားလေသည်။ သူမသည် အနည်းငယ် အသက်ရှူကြပ်လာသော်လည်း ခေါင်းမာနေဆဲ။

“ဟင့်အင်း မရဘူး၊ ဒီတစ်ခါတော့ ငါ နင့်ကို အပြစ်ပေးမှရမယ်”

စုန့်ဝေဖျင်က ကျိတ်ပြီး သက်ပြင်းချလိုက်ကာ ကိုယ်ကိုညွှတ်ကာ သူမကို ကောက်ချီလိုက်ပြီး အခန်းထဲကို လျှောက်သွားလိုက်တော့သည်။

“ဒါဆိုရင် ကိုတို့တွေ မနက်ဖြန်မှ စကြမယ်”

ရွှီရှောင်ကျောင်းသည် ဆန္ဒပြနေသည့် အတောအတွင်းမှာပင် ပြောင်ရှင်းနေအောင် အစားခံလိုက်ရလေသည်။ နောက်တစ်နေ့တွင် သူမက စုန့်ဝေဖျင်ကို လက်သီးဖြင့် ထုပစ်တော့သည်။

“ခွေးကောင်၊ ငါ ပင်ပန်းသွားပြီ” သူက လူမှမဟုတ်ဘဲ။

စုန့်ဝေဖျင်က သူမ၏လက်ကို ကိုင်လိုက်ပြီး စောင်ထဲထည့်လိုက်ကာ အပြစ်ကင်းလှသည့် မျက်နှာထားနှင့် သူမကို လွှမ်းမိုးထားတော့သည်။

“မင်းပဲ လိုချင်တယ်လို့ ပြောပြီးတော့”

ရွှီရှောင်ကျောင်းသည် ထိုစကားကို ကြားလိုက်ချိန်တွင် သူ့ကို ကန်ကျောက်ပစ်တော့သည်။ ဒါ သူ့အမှားပဲလေ။ ငါ့မှာ ဒီအခြေအနေအထိ ရောက်သွားတာတောင် တစ်ခုခုပေးဖို့ ငြင်းနေတုန်းပဲ။

“ဂရုမစိုက်ဘူး၊ ဘာပဲဖြစ်ဖြစ် ဒီနေ့ကစပြီး နင် ဟိုအခန်းမှာ သွားအိပ်ရမယ်”

စုန့်ဝေဖျင်က ခါတိုင်းလိုပင် တည်ငြိမ်နေပြီး

“ဟုတ်ပါပြီ”

ရွှီရှောင်ကျောင်းမှာ စုန့်ဝေဖျင်က သည်တစ်ကြိမ်တွင် ထိုမျှလောက် စကားနားထောင်လိမ့်မည်ဟု ထင်မထားခဲ့ချေ။ သူက ပထမဆုံးညမှာပင် လိမ်လိမ်မာမာနှင့် ခွဲအိပ်နေသည်ကို မြင်လိုက်ရသဖြင့် သူမမှာ အနည်းငယ် အံ့ဩမိသွားတော့သည်။

“စုန့်ဝေဖျင် နင်လေ ဘာလို့ အဲလောက်တောင် စကားနားထောင်ရတာလဲ”

သူမက တံခါးကို မှီထားပြီး သူ့ကို ကြည့်လိုက်၏။

စုန့်ဝေဖျင်က သူမကို ကြည့်လိုက်ပြီး

“ကို မင်းကို မဖက်ထားပေးရင် အိပ်မပျော်ဘူးမလား၊ ဒါဆို ကို ပြန်လာတာ ပိုကောင်းမယ်”

“လှလိုက်တဲ့စိတ်ကူးပါလားဟင်၊ ဒီလောက်အိပ်ရာအကြီးကြီးမှာ ငါက ကြိုက်သလို လူးလိမ့်လို့ရတယ်၊ ငါ နင့်ကို မလိုဘူး၊ အခန်းလွတ်ထဲမှာ တစ်ယောက်ထဲနေတော့” ရွှီရှောင်ကျောင်းက အခန်းဆီသို့ အပြေးပြန်လာခဲ့ပြီး တံခါးကို လော့ချလိုက်တော့သည်။ စုန့်ဝေဖျင် ဘာပဲလုပ်လုပ် ငါ တင်းခံထားရမယ်။

ရွှီရှောင်ကျောင်းက စုန့်ဝေဖျင်ကို နှစ်ရက်လောက် စောင့်ကြည့်နေလိုက်၏။ သူ ဘာမှမလုပ်သည်ကို တွေ့လိုက်ရသည်တွင် သူမသည် ဇဝေဇဝါဖြစ်နေဆဲ။ သည်အချိန်တွင် သူမသည် ရွှီရှောင်ကန်းနှင့် မကြာခဏဆိုသလို ဖုန်းပြောဖြစ်လေသည်။

“မမ နင် သွားလိုက်တာ ၂လကျော်သွားပြီ၊ နင် ဝယ်ထားတဲ့အိမ်အသစ်ကလည်း သန့်ရှင်းရေးလုပ်ပြီးလို့ ပြောင်းနေနေပြီ၊ နင် သွားတုန်းက ပြောသွားတယ်လေ၊ အားလုံး အခြေကျသွားရင် ငါ့ကို ပြန်လာခေါ်ပြီး လောကကြီးကို လိုက်ပြမယ်ဆို၊ နင် အခုထိ ဘာလို့ ငါ့ကို လာကြိုမသေးတားလဲ၊ မမ နင် စကားလည်းမတည်ဘူး”

“မမ အခု ပူလည်းမပူ အေးလည်း မအေးတော့ဘူးနော်၊ ဘယ်လောက် ကောင်းလိုက်သလဲ၊ မြန်မြန်ပြန်လာပြီး ငါ့ကို ခေါ်လည်ပေးပါဟ၊ ငါတို့အမေကလည်း ပြောနေတယ်၊ နင် အားရင် အိမ်ပြန်လာပြီး လာလည်အုံးတဲ့၊ သူ နင့်ကို အရမ်းလွမ်းနေတာ”

“မမ ငါ ယောက်ဖကို မေးပြီးပြီ၊ နင် အခု နေ့တိုင်း လုပ်စရာမရှိဘူးတဲ့၊ မြန်မြန်ပြန်လာပြီး ငါ့ကို ခေါ်လည်ပေး၊ မဟုတ်လို့ရှိရင် ရာသီဥတုပူလာရင် ပျော်စရာမကောင်းတော့ဘူး”

သူ၏တနေ့သုံးကြိမ် တိုက်တွန်းနှိုးဆော်မှုအောက်တွင် ရွှီရှောင်ကျောင်းသည် အနည်းငယ် လှုပ်လာလေသည်။ အားလုံး အခြေကျသွားရင် သူ့ကို ခေါ်လည်မယ်လို့ ငါ ကတိပေးထားခဲ့တာပဲ။ ပြီးတော့ ငါလည်း ထွက်လာတာ နှစ်လလောက်ရှိသွားပြီ။ ရွှီရှောင်ကျောင်းသည် အိမ်ပြန်ပြီး တစ်ချက်တော့ ကြည့်ချင်လေသည်။

သို့သော်လည်း ရွှီရှောင်ကန်း၏နားပူနာဆာလုပ်ခြင်းက အရမ်းကို ရုတ်တရက်ဆန်ပြီး အကြိမ်ကြိမ် ဖြစ်နေ၏။ ထိုအဖြစ်က သူမ၏သံသယကို အနည်းငယ် တိုးပွားလာစေတော့သည်။

“ဟဲ့ စုန့်ဝေဖျင် နင် ရှောင်ကန်းကို ငါ့ကွယ်ရာမှာ ဖုန်းခေါ်ထားတာလား”

စုန့်ဝေဖျင်ကတော့ ဘယ်တော့မှ ဝန်ခံလိမ့်မည်မဟုတ်ပေ။

“မဖြစ်နိုင်တာ၊ မင်း အိမ်ဖုန်းနံပါတ်ရဲ့ မှတ်တမ်းကို စစ်ကြည့်လို့ရတယ်လေ၊ ကိုယ်တိုင် စစ်ကြည့်လိုက်၊ ကို သီးသန့်ခေါ်ထားတာမရှိဘူး”

ဟုတ်နေတာပဲ။ ရွှီရှောင်ကျောင်းမှာ နားမလည်နိုင်တော့ချေ။

“ရွှီရှောင်ကန်းက ငါ့ကို အတင်းအိမ်ပြန်လာခိုင်းနေတယ်၊ တိုက်တိုက်ဆိုင်ဆိုင် ငါလည်း လုပ်စရာ မရှိတော့ အိမ်ပြန်လို့ရတယ်၊ နင် အားလား”

စုန့်ဝေဖျင်က ဒီစကားကို စောင့်နေခြင်းပင်။

“ကို အခုတလောတော့ အလုပ်မများသေးဘူး၊ ပြန်ပြီး ရက်ပိုင်းလောက် အိမ်မှာနေကြမယ်လေ၊ ကိုတို့တွေ ရှောင်ကန်းကိုခေါ်ပြီး သူ့ကို ခေါ်လာကြမယ်”

သည်ကိစ္စကို အစောကြီးကတည်း စီစဥ်ထားခြင်း ဖြစ်လေရာ ငြင်းစရာအကြောင်းမရှိပေ။ နှစ်ယောက်သားက အိမ်ပြန်လိုက်ကြပြီး ရွှီရှောင်ကန်းအတွက် တစ်ပတ်လောက် အပြင်ထွက်ခွင့် တောင်းလိုက်ပြီး သူ့ကို တောင်ပိုင်းသို့ ခေါ်လာလိုက်ကြလေသည်။

ရွှီရှောင်ကန်းက စိတ်အားတက်ကြွနေတော့သည်။ ရွှီရှောင်ကျောင်းမှာ စဥ်းစားလေ တစ်ခုခု လွဲနေသလို ခံစားနေလေလေပင်။ အစမှ အဆုံးအထိ ဒီကိစ္စ၏အကျိုးအမြတ်ရရှိသူမှာ စုန့်ဝေဖျင်ဖြစ်နေသည်။

သူတို့တွေ အိမ်ပြန်ရောက်သွားတုန်းက ငါလေးက စုန့်ဝေဖျင်ကို တစ်ခန်းထဲ ခွဲနေခိုင်းရဲရင် အမေ့ရဲ့ဇွဲကောင်းလွန်းတဲ့ ဆူပူမှုကြီးကြောင့် ငါလေး အရှုံးပေးလိုက်ရမှာ ပြောနေစရာတောင်မလိုဘူး။ ပြီးတော့ တောင်ပိုင်းကို ပြန်လာတော့လည်း သူတို့အိမ်က ခုတင်တစ်လုံးစီနဲ့ အိပ်ခန်းနှစ်ခန်းပဲ ရှိတာ။ ရွှီရှောင်ကန်းက ပြောင်းလာတာနဲ့ စုန့်ဝေဖျင်က ပြန်ပြောင်းလာရမှာလည်း ပြောနေစရာမလိုဘူး။

တိုက်တိုက်ဆိုင်ဆိုင် ဒီကောင်က အကျိုးအမြတ်တွေရခဲ့ပြီး အပြစ်ကင်းသလို ဟန်ဆောင်နေတာတဲ့။

“ကို လောင်းကြေးကို မလိုက်နာချင်တာ မဟုတ်ပါဘူး၊ အခြေအနေက ခွင့်မပေးလို့ပါ၊ ကိုက ကျောင်းကျောင်းကို မနစ်နာစေချင်ဘူးလေ၊ မင်းရဲ့ဆန္ဒကို ပြောင်းလိုက်လေ၊ ကို မင်း အဆင်ပြေအောင် လုပ်ပေးမှာပေါ့”

ရွှီရှောင်ကျောင်းက မပြောင်းလဲချင်တာလည်း အမှန်ပင်။ ဒီလို အပြစ်ဒဏ်မျိုးကို ဘယ်မှာရှိလို့လဲ။ ငါတို့နှစ်ယောက် ခွဲအိပ်ဖို့ အကြိမ်ကြိမ် အမိန့်ပေးထားပါလျက်နဲ့။ စုန့်ဝေဖျင် ဒီလူဆိုးကောင်က တကယ်တော့ ငါလေးကို လာဆွဲဆောင်နေတာပဲ။ ငါတို့နှစ်ယောက် အကြိမ်များကြီး နီးနီးကပ်ကပ် နေခဲ့ကြပြီးပြီ။ တစ်ခါ နှစ်ခါဆိုလည်း ထားပါ။ အကြိမ်ရေတိုးလာတော့ ငါလေးက ဘယ်လို သည်းခံနိုင်မှာလဲ။

သူမသည် သေချာစဥ်းစားလေလေ တစ်ခုခု လွဲနေသည်ဟု ခံစားရလေလေ ဖြစ်နေလေသည်။ သည်နေ့တွင်တော့ စုန့်ဝေဖျင်က အလုပ်ကိစ္စ တိုင်ပင်ရန် အပြင်ထွက်သွားချိန်တွင် သူမက ရွှီရှောင်ကန်းကို အပြင်သို့ ခေါ်လည်လိုက်လေသည်။ သူတို့သည် နေ့လယ်စာအတွက် အသစ်ဖွင့်ထားသည့် ဟမ်ဘာဂါဆိုင်သို့ သွားခဲ့ကြသည်။ ရွှီရှောင်ကန်းက အားရပါးရ စားနေချိန်တွင် သူမက စကားစလိုက်၏။

“အစတုန်းကတော့ ငါ နင့်ကို လာခေါ်ချင်ခဲ့တာ မဟုတ်ဘူး၊ လဝက်လောက်နေပြီးမှ နင့်ကို လာခိုင်းဖို့ စဥ်းစားထားခဲ့တာ၊ နင့်ယောက်ဖက နင့်ကို ကောင်းကောင်းဆက်ဆံပြီး နင့်ကို ခေါ်လည်ဖို့ နေ့တိုင်း ငါ့ကို ပြောနေလို့ပေါ့”

ရွှီရှောင်ကန်းသည် သည်ရက်ပိုင်းတွင် အလွန်ပျော်ရွှင်နေသဖြင့် သူ့ခေါင်းတွင် ဘာမှမရှိတော့ချေ။ သူသည် နေ့တိုင်း စားလိုက် လည်ပတ်လိုက်ပင်။ သူသည် စုန့်ဝေဖျင် မှာထားသည့်စကားကို လုံးဝမေ့သွားလေသည်။ ရွှီရှောင်ကျောင်း၏ စကားအနည်းငယ်ကြောင့် သူသည် စုန့်ဝေဖျင်ကို သစ္စာဖောက်မိသွားတော့သည်။

“ငါ ပြောသားပဲ၊ မမ နင်လေ ငါ့ကို ယောက်ဖကို ချစ်သလောက်တောင် မချစ်ဘူးနော်၊ နင် ငါ့ကို အနှောင့်အယှက်ဖြစ်နေတယ်လို့ မြင်နေတာလား”

သူက ကြက်‌ပေါင်တစ်ချောင်းကို ပါးစပ်အပြည့်တစ်လုပ်ကိုက်လိုက်ပြီး ပြစ်တင်ဝေဖန်တော့သည်။

“ယောက်ဖက ငါ့ကို ပြောတယ်လေ၊ အဲဒီရက်တွေတုန်းက ငါ နင့်ကို ခဏခဏ ဖုန်းခေါ်သင့်တယ်တဲ့၊ ငါ စော‌စောလာလည်ချင်ရင် ခဏခဏ ဖုန်းခေါ်ပြီး နင့်ကို ပူဆာရမယ်တဲ့၊ သူ့ဘက်ကလည်း နင့်ကို ပြောပေးမယ်တဲ့၊ ဒါမှ နင်က မြန်မြန် သဘောတူမှာတဲ့၊ ယောက်ဖရဲ့စိတ်ကူးက တကယ်ကောင်းတာပဲ”

သူ့စကား ဆုံးသွားသည်နှင့်တစ်ပြိုင်နက် စုန့်ဝေဖျင် မှာထားသည်ကို သတိရသွားပြီး ရှက်ရှက်နှင့် ခေါင်းကုပ်လိုက်ကာ

“အမ်း..မမ ယောက်ဖက အဲဒီတုန်းက ငါ့ကို ပြောထားတယ် နင့်ကို မပြောနဲ့တဲ့၊ နင် မကြားခဲ့သလိုပဲ နေလိုက်နော်၊ ဘာပဲဖြစ်ဖြစ် ငါလည်း ဒီကိုရောက်နေပြီပဲဟာ”

ရွှီရှောင်ကျောင်းက အသာအယာပြုံးလိုက်ပြီး

“အေးပါ ငါ မကြားသလို နေလိုက်ပါ့မယ်”

စုန့်ဝေဖျင်။ ခွေးကောင်။ နင် တကယ်ပဲ ကြံစည်ထားတာပဲဟဲ့။

ဒါက အစတုန်းကတော့ လောင်းကြေးသေးသေးလေးပါ။ ငါ သူ့ကို တစ်လခွဲအိပ်ဖို့ ပြောတုနးက စုန့်ဝေဖျင်ကို ခြောက်လှန့်ချင်တဲ့ စိတ်ကူးသက်သက်ပဲ။ ဒီကောင်သာ အလျှော့ပေးပြီး ငါ့ကို ချော့ခဲ့ရင် အလွန်ဆုံး တစ်ပတ်လောက်ပဲ ဖြစ်ချင်ဖြစ်သွားမှာပေါ့။

ဒါပေမဲ့ ဒီကောင်က စဥ်းလဲလိုက်တာဆိုတာလေ။ မျက်နှာပေါ်မှာတော့ ‘ကိုလောင်းကြေးကို လိုက်နာမှာပါ’ဆိုတဲ့ရုပ်နဲ့ ငါ့နောက်ကွယ်မှာတော့ ကြံစည်နေတာတဲ့လေ။

ဧကန္တ နှစ်နှစ် သုံးနှစ်လောက် အကြာကြီး ဥပုသ်စောင့်ခဲ့ရလို့ ဒီလူရဲ့ဦးနှောက်က ပုံမှန် မဟုတ်တော့တာလား။ သူက သဝန်တိုတတ်၊ ကပ်စေးနဲတတ်တဲ့ ကြောင်သူတော်ပဲ။ အပြင်ဘက်မှာ တည်ငြိမ်ပြီး ဘာမှမဖြစ်သလိုထင်ရပေမဲ့ တကယ်တမ်းတော့ သူက ဝမ်းတွင်းမဲကြီးပဲဟဲ့။

ရွှီရှောင်ကျောင်းသည် သူမ၏အတွေးများကို ရယ်ချင်သွားတော့သည်။ ဟုတ်ပြီလေ။ ဘယ်သူက ပိုတော်လည်း ကြည့်ကြတာပေါ့။

ရွှီရှောင်ကန်းသည် စုစုပေါင်း ၅ရက် ခွင့်ယူခဲ့လေသည်။ ပိတ်ရက်အပါအဝင် ၉ရက်ဖြစ်သွားခဲ့သည်။ တစ်ပတ်လောက် လည်ပတ်ပြီးနောက်တွင် ရွှီရှောင်ကျောင်းကို သူ့ကို စနေနေ့ပြန်ဖို့ စဥ်းစားလိုက်လေသည်။

သည်တစ်ကြိမ်တွင်တော့ စုန့်ဝေဖျင်က လိုက်လိမ့်မည် မဟုတ်ချေ။

သူက ရွှီရှောင်ကျောင်းကို ကြိမ်ဖန်များစွာ ပြောလေသည်။

“အိမ်မှာ ထူးထူးခြားခြား ဘာမှမရှိရင် ရှောင်ကန်းကို ပို့ပြီးတာနဲ့ စောစောပြန်ခဲ့နော်”

စကားနားထောင်ချင်ဟန် ဆောင်လိုက်ပြီး ရွှီရှောင်ကျောင်းက ခေါင်းညိတ်လိုက်၏။ ထို့နောက်တွင်တော့ သူမသည် လတစ်ဝက်လောက် မပြန်ဘဲ နေလိုက်လေသည်။

စုန့်ဝေဖျင်၏ ဖုန်းက တစ်ရက်ခြားတစ်ခါသို့မဟုတ် နှစ်ရက်ခြားတစ်ခါလောက် လာနေတော့သည်။

အကြိမ်တိုင်းတွင် ရွှီရှောင်ကျောင်းက သူ့ကို စကားလမ်းလွှဲလိုက်ပြီး ပြန်မည့်အကြောင်း မပြောချေ။

ရက်နှစ်ဆယ်ကြာပြီးနောက်တွင်တော့ စုန့်ဝေဖျင်က ဆက်ပြီး သည်းမခံနိုင်တော့ပေ။

“မင်း သိလား”

ရွှီရှောင်ကျောင်းက ရယ်သံကို ထိန်းထားလိုက်၏။ ဒီလူ ဆက်ပြီးတော့ သည်းမခံနိုင်တော့ဘူးလေ။

“ငါက ဘာကိုသိရမှာလဲ”

စုန့်ဝေဖျင်က အရင်ဆုံး ဝန်ခံရတော့သည်။

“ကို ရှောင်ကန်းကို ဒီကိုလာဖို့ ခေါ်လိုက်မှ ကို မင်းနဲ့အတူ အိပ်ရမှာမလို့လေ”

ရွှီရှောင်ကျောင်းက ‘ဪ’ ဟုသာ သံရှည်ဆွဲပြောလိုက်ပြီး

“စုန့်ဝေဖျင် နင် ဒီအကြောင်းကို တစ်သက်လုံး ဖုံးကွယ်ထားမယ်လို့ ငါက ထင်ထားတာ၊ ဟမ်၊ ငါ နင့်ကို ပြောလိုက်မယ်သိလား၊ ငါ ဒီအကြောင်းကို သိနေကြတာပေါ့၊ နင်က နင့်လောင်ကြေးကို မလိုက်နာချင်ဘူးလေ ဟုတ်တယ်မလား၊ ငါက နင့်အတွက် လိုက်နာပေးရတာပေါ့၊ ငါ ဒီမှာ တစ်လလောက် နေပြီးမှ ပြန်လာမှာ”

“ကို မင်းကို လွမ်းနေပြီ” စုန့်ဝေဖျင်က သူမကို ချက်ချင်း ပြန်လာစေချင်သည်။

“ဟွန့် နင် အခု သိသွားပြီဆိုရင် ဘာလို့ အဲလို လုပ်ခဲ့သေးလဲ”

စုန့်ဝေဖျင်က ခဏလောက် သေသေချာချာ စဥ်းစားလိုက်ပြီးမှာ အားနည်းချက်ကို ထုတ်ပြလိုက်ပြီး ဖွင့်ပြောလိုက်တော့သည်။

“ကို ကြောက်လို့ပါ”

. . .

အပိုင်း (၇၄) အောင်မြင်မှုများ

ရွှီရှောင်ကျောင်းက မမေးရသေးခင်မှာပင် သူက ကိုယ့်ဟာကို အရင် ရှင်းပြလေသည်။

“ကျောင်းကျောင်း ဒီကာလအတွင်းမှာလေ ကို မင်းကို နေ့တိုင်း ဖက်ပြီးသိပ်ခဲ့ရတုန်းက ဒါကို အိပ်မက်တစ်ခုလိုပဲ ခံစားရတာ၊ ပြီးတော့ ကို အိပ်မက်က နိုးလာတဲ့အခါ ကို့အဘွားနဲ့ ကိုက မိန်လင်ရွာက ယိုင်နဲ့နဲ့ အိမ်ငယ်လေးထဲမှာ အချင်းချင်း အမှီပြုပြီး နေလာရင်းက ရွာသားတွေရဲ့ ထူးဆန်းတဲ့အကြည့်ကို သည်းခံလာရတယ်”

ထိုစကားကို ကြားလိုက်ချိန်တွင် ရွှီရှောင်ကျောင်း၏နှလုံးသားမှာ ပျော့ပြောင်းသွားတော့သည်။

“စုန့်ဝေဖျင် ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ၊ ငါ နင်နဲ့ လက်ထပ်ပြီးသွားပြီပဲ၊ အိုက်ယား၊ ပြီးတော့ ငါက နင့်လူဖြစ်သွားပြီလေ၊ ဒါတွေအားလုံးက တကယ့်အစစ်အမှန်တွေပဲ”

စုန့်ဝေဖျင်၏အသံက တိုးသွားပြီး

“ဒါပေမဲ့ အစတုန်းကတော့ မင်းက ကိုနဲ့ တကယ့်လင်မယား ဖြစ်ချင်ခဲ့တာ မဟုတ်ဘူးလေ၊ ဟုတ်တယ်မလား၊ ကို ခံစားမိပါတယ်၊ အဲဒီတုန်းက မင်းက ဟန်ကွမ်းဟွေနဲ့ မင်းရဲ့မွေးစားမိဘတွေကို ဖယ်ထုတ်ချင်ခဲ့တာ၊ ဒီဘဝမှာ မင်းက လက်မထပ်ချင်ဘူးလို့လည်း ပြောခဲ့တယ်လေ၊ ကိုက မင်းရဲ့ဒိုင်းတစ်ခုပဲ၊ တခါတလေ ကို တကယ် ကြောက်မိတယ်၊ အိပ်ရာကနိုးလာတဲ့အခါ ကိုက မင်းရဲ့အခန်းဖော်ကောင်းတစ်ယောက်ပဲလို့ ထပ်ပြောလာမှာကိုလေ”

သူက အခန်းဖော်အကြောင်း ထပ်ပြောလိုက်သည်ကို ကြားလိုက်ရသည်တွင် ရွှီရှောင်ကျောင်းမှာ ငိုရခက် ရယ်ရခက်ဖြစ်သွားတော့သည်။

“ဟယ် ဒါတွေအားလုံးက အတိတ်မှာကျန်ခဲ့ပြီပဲ၊ အခု ငါ နင့်ကို ချစ်တယ်လေ စုန့်ဝေဖျင်ရဲ့၊ နင် ဒါကို သိပါတယ် ဟုတ်တယ်မလား”

စုန့်ဝေဖျင်က ဖုန်းကို တင်းနေအောင် ဆုပ်ကိုင်ထားလိုက်လေသည်။ သူမက ချစ်ပါသည်ဟု ပြောခဲ့သည်မှာ ပထမဆုံးအကြိမ်ပင်။

“အင်း ကျောင်းကျောင်း ဒါပေမဲ့ ကို မင်းကို ချစ်တယ်၊ ကို မင်းကို အရမ်းချစ်တယ်၊ ကိုတို့ အခန်းခွဲအိပ်ခဲ့တဲ့ နေ့တွေတုန်းကဆိုရင် နေ့တိုင်း ကို နိုးလာပြီး မင်းကို လှမ်းဖက်ခဲ့ပေမဲ့ မင်းက ကို့ဘေးမှာမရှိဘူးလေ၊ ကို အရမ်းကို နေမထိထိုင်မသာ ဖြစ်ခဲ့ရတယ်”

ရွှီရှောင်ကျောင်းက အနည်းငယ် နောင်တရမိသွားလေသည်။ သူမက သူ့ကို ချော့မော့တော့သည်။

“ဒါဆိုလည်း ငါ့ကိုပြောပေါ့၊ နင် ငါ့ကို ချော့ရင် ငါက နင့်ကို ပြန်လာခွင့်ပေးမှာပဲကို၊ အရူး၊ ဝမ်းနည်းမနေနဲ့၊ ငါ မနက်ဖြန် ပြန်လာခဲ့မယ် ဟုတ်ပြီလား”

စုန့်ဝေဖျင်က အခွင့်အရေးကို အသုံးချပြီး ကတိတောင်းတော့သည်။

“ဒါဆိုရင် နောက်ဆိုရင် ကို့ကို ခွဲအိပ်ခိုင်းတာမျိုး မလုပ်လို့ရမလားဟင်၊ မင်း ကို့ကို ရိုက်လို့လည်းရတယ်။ ဆူလို့လည်းရတယ်”

ရွှီရှောင်ကျောင်းက သက်ပြင်းချလိုက်ပြီး

“စုန့်ဝေဖျင် နင်လေ အရမ်းကို အောင်မြင်နေပြီဟာကို အဲလောက်တော့ စိတ်မချနိုင် ဖြစ်နေသေးတာလား၊ ငါ နင့်အတွက် စိတ်မကောင်းတောင် ဖြစ်လာပြီ”

သူမက အရမ်းလွန်သွားသည်ဟု ခံစားရလေအောင် စုန့်ဝေဖျင်က အလွန်မှသနားစဖွယ်ပြောလေသည်။ သူ့တွင် စိတ်ကူးငယ်လေးများ ရှိခဲ့သော်လည်း ဒါက အကုန်ပင်။ အမှန်တွင်တော့ သူတို့ ခွဲအိပ်ခဲ့သည့် ရက်အနည်းငယ်တွင် သူမကိုယ်တိုင်လည်း အသားမကျခဲ့ချေ။ သူမသည် သူ့လက်မောင်းပေါ်တွင် အမြဲတမ်း အိပ်ရာနိုးနေကျပင်။ သူ့ဘေးမှာ မရှိသည့်အတွက်လည်း သူမမှာ ကောင်းကောင်း အိပ်မပျော်နိုင်ခဲ့ပေ။

“အင်းပါ၊ ငါ ကတိပေးတယ်၊ ငါတို့တွေ ဘယ်တော့မှ ထပ်ပြီး ခွဲမအိပ်တော့ဘူး”

ဝူချွန်းဟွားသည် သမီးဖြစ်သူက နောက်ဆုံးတော့ ပြန်သွားခဲ့သည်ကို မြင်လိုက်ရမှ သူမက ရွှီရှောင်ကန်းကို ထုတ်ပြောတော့သည်။

“နင့်အစ်မနဲ့ နင့်ယောက်ဖကြားမှာ ဘာတွေဖြစ်ခဲ့မှန်း မသိပါဘူး၊ ဒီတစ်ခါ နင့်ယောက်ဖ သူ့ကို ချော့နေတာ လဝက်ကျော်တောင် ကြာသွားတယ်”

ရွှီရှောင်ကန်းက အပြစ်မကင်းသလို ခံစားလိုက်ရ၏။ သူက ထိုကိစ္စကို ဝူချွန်းဟွားအား ဖုံးကွယ်ထားဖို့ စိတ်ကူးမရှိချေ။

“ကျွန်တော့်ကြောင့် ဖြစ်မှာပါ”

ဝူချွန်းဟွားက သားဖြစ်သူကို ကြည့်လိုက်ပြီး

“နင်က ဘယ်လိုဆိုင်သွားတာလဲ၊ နင့်ယောက်ဖဘက်မှာ ပြဿနာသွားရှာခဲ့တာလား”

ဒါက မဖြစ်သင့်ပါဘူး။ ဝူချွန်းဟွားသည် သမီးဖြစ်သူနှင့် သားဖြစ်သူအတွက် အမြဲတမ်း စိတ်ချထားခဲ့လေသည်။

ရွှီရှောင်ကန်းက သူ့နှာခေါင်းထိပ်ကို ပွတ်သပ်ကာ ပြောလိုက်၏။

“အဲဒီတုန်းက ယောက်ဖက အိမ်ကို ဖုန်းခေါ်ပြီး မမကို လောဆော်ဖို့နဲ့ သူဖုန်းဆက်တဲ့အကြောင်း မမကို မပြောပြဖို့ ပြောခဲ့တယ်မလား၊ ဒါပေမဲ့ အမေရယ် အမေ မသိလို့နော်၊ မမက အရမ်းလည်တာပဲ။ သူက အဲဒီအကြောင်းကို ကျွန်တော့်ဆီက အစ်ထုတ်တော့ ကျွန်တော်လည်း သတိထားမိဘဲ လွှတ်ခနဲ ပြောထွက်သွားတာ”

ဝူချွန်းဟွားက သက်ပြင်းချလိုက်၏။ ဖုန်းလာတုန်းက စဉ်းစားနေခဲ့တာလေ။ ဝေဖျင်က အိမ်ဖုန်းကို မသုံးဘဲနဲ့ အပြင်ဖုန်းနဲ့ ဖုန်းခေါ်လိုက်ပါလိမ့်ပေါ့။ နောက်မှ ဒါက လျှို့ဝှက်ချက်တစ်ခုဆိုတာကို ရှောင်ကန်းပြောလို့ သိရတယ်။ ရှောင်ကျောင်းကတော့ ဝေဖျင်ကို အခက်တွေ့အောင် လုပ်နေတာပဲ ဖြစ်ရမယ်လို့ တွေးခဲ့တာ။ မဟုတ်ရင် သူမရဲ့သားမက်က ဒီလို ဘယ်လုပ်ပါ့မလဲ။

“နင့်အစ်မကို မပြောပါနဲ့လို့ ငါ နင့်ကို မပြောခဲ့ဘူးလား” ဝူချွန်းဟွားက ရွှီရှောင်ကန်းကို ကြည့်လိုက်ပြီး

“နင့်အစ်မပြောတာ တကယ်မှန်နေတာပဲ၊ နင့်ပါးစပ်ကလေ ခရာကြီးတစ်ခုနဲ့ တူနေပြီ”

ရွှီရှောင်ကန်းမှာ အသနားခံရတော့သည်။

“ယောက်ဖက မမကို ချော့တာ အောင်မြင်သွားပြီမလား၊ မမကလည်း ပြန်သွားပြီပဲဟာ၊ အမေ ကျွန်တော့်ကို မဆူပါနဲ့တော့၊ နောက်ဆိုရင် မမဘေးမှာရှိရင် သေချာပေါက် သတိထားပါ့မယ်၊ သူက အရမ်းကို ဉာဏ်များတာတောင် အားလုံးက သူ့ကို ခင်ရလွယ်တယ်လို့ ပြောနေကြသေးတယ်၊ တကယ်တော့ သူနဲ့ခင်ရတာ ခက်တာမှ”

သူက လေးလေးနက်နက် ခေါင်းခါလိုက်ပြီး

“မမနဲ့ သဘောထားသေးတဲ့သူတွေကို ဆက်ဆံရတာ တကယ်ခက်တာပဲ”

ဆက်ဆံရခက်ခဲသည့် ရွှီရှောင်ကျောင်းမှာတော့ စုန့်ဝေဖျင်ထံ ပြန်ရောက်သွားချိန်တွင် လိမ္မာသွားလေသည်။ အဓိကအကြောင်းအရင်းမှာ အချိန်အကြာကြီး ခွဲခွာနေခဲ့ရပြီးနောက်တော့ သူမသည် စုန့်ဝေဖျင်ကို လွမ်းခဲ့ရသောကြောင့်ပင်။

ညပိုင်းတွင် နှစ်ယောက်သားက အချင်းချင်း ပွေ့ဖက်ထားလိုက်ပြီး အိပ်ရာပေါ်တွင် လဲလျောင်းလိုက်ကြ၏။ စုန့်ဝေဖျင်က ဝမ်းနည်းရသဖြင့် ပြောပြန်သည်။

“ပြီးခဲ့တဲ့အခေါက်က ကိုယ်တို့တွေ ထပ်ပြီး မခွဲတော့ဘူးလို့ သဘောတူထားခဲ့တဲ့ဟာကို၊ မင်းက ဒီလောက် အကြာကြီးနေမှ ပြန်လာခဲ့တာနော်”

မနှစ်က သူ စက်ရုံထောင်နေသည့်အချိန်တွင် ရွှီရှောင်ကျောင်းက ဇာတိမြို့တွင် နှစ်ဝက်လောက် တစ်ယောက်တည်း နေခဲ့ရသည်ကို သတိရမိနေသေးသည်။ သူမမွေးနေ့ ကျင်းပပေးရန် အပြေးပြန်လာခဲ့သည့်နေ့တွင် သူမက ငိုယိုပြီး အချိန်အကြာကြီး ထပ်မခွဲတော့ပါဟု ပြောခဲ့လေသည်။

ရွှီရှောင်ကျောင်းက သူ့လက်မောင်းကို ခေါင်းအုံးရင်း အလွန်မှ လုံခြုံသလို ခံစားလိုက်ရ၏။ သူမက လေးတိလေးကန်ဖြင့် ပြောလိုက်လေသည်။

“ဒါက နင် ငါ့ကို စိတ်ဆိုးအောင်လုပ်လို့ မဟုတ်ဘူးလား၊ နင်က မနာလိုတွေဖြစ်ပြီး နေ့တိုင်း အိမ်မှာပဲ နင့်ကို စောင့်ခိုင်းစေချင်နေတာ၊ ငါ အပြင်ထွက်တဲ့အခါတိုင်းလည်း တခြားရဲဘော်တွေနဲ့ သဝန်တိုသေးတယ်၊ ငါက အိပ်ရာခွဲအိပ်ပြီး နင့်ကို ခြောက်ချင်ခဲ့တာ၊ ဒါကို နင်က ငါ့ကို ဆန့်ကျင်သေးတာလေ၊ ဟွန့်”

စုန့်ဝေဖျင်သည် သူ့ဗျူဟာက မှားခဲ့မှန်း သိပြီးဖြစ်လေသည်။

“ကို မှားသွားပါတယ်၊ ကို အဲလိုမလုပ်ခဲ့သင့်ဘူး၊ အခုချိန်ကစပြီး ကို မင်း စကားကို နားထောင်မယ်နော်၊ မင်း အပြင်ထွက်လည်ရင် ကို မတားတော့ဘူး ဟုတ်ပြီလား၊ ကိုက မင်းရဲ့ ငါးဆားနယ်လေး လုပ်ချင်တဲ့ အိပ်မက်အကြောင်း စဥ◌်းစားမိလို့ မင်းကို အိမ်မှာ ပိုအနားယူစေချင်တာပါ”

ရွှီရှောင်ကျောင်းက သူ့ကို ကြည့်လိုက်ပြီး

“ငါးဆားနယ် လုပ်လို့ဝသွားပြီလေ၊ စုန့်ဝေဖျင် နင်နဲ့အတူရှိနေရတာကပဲ ပျော်ရွှင်မှုပါ”

စုန့်ဝေဖျင်က သူမကို ကြည့်လိုက်ပြီး

“ကိုက မင်းကို ကမ္ဘာပေါ်မှာ အပျော်ရွှင်ရဆုံးသူ ဖြစ်စေချင်တာ၊ နောက်ဆုံး အိပ်ရာမခွဲအိပ်တော့ဘူးလို့ ကို့ကို ကတိပေး၊ မင်း ကို့ကို တခြားနည်းနဲ့ အပြစ်ပေးလို့ရပါတယ်ကွာ၊ ဒီတစ်ခုပဲနော်”

ရွှီရှောင်ကျောင်းက လက်ကို ဆန့်လိုက်ပြီး သူ့ခေါင်းကို သပ်ပေးလိုက်ကာ

“သိပါပြီ၊ ငါလေးက ချစ်ခင်ပွန်းကို လုံခြုံတဲ့ခံစားချက်တစ်ခု ပေးပါ့မယ်နော်”

“အင်း”

စုန့်ဝေဖျင်က သူမကို ငုံ့နမ်းလိုက်ကာ သူ၏နူးညံ့သိမ်မွေ့လှသည့်ဇနီးဆီမှာ စိတ်အားထက်သန်သည့် တုံ့ပြန်မှုကို ဖြည်းဖြည်းချင်း ရယူလေတော့သည်။

အနီရောင်လှိုင်းထန်သည့် လှုပ်ရှားမှုကြားတွင် ရဲဘော်စုန့်ဝေဖျင်သည် နောက်ထပ်အမှန်တရားကို သိမြင်သွားလေသည်။ ဇနီးဖြစ်သူကို ဘယ်တော့မှ မလှည့်စားနှင့်ဟူ၍။ သူ့ဇနီးနှင့် ပတ်သက်လာလျှင် အမြဲတမ်းအရှုံးပေးသည့်လမ်းစဥ◌်က အကောင်းဆုံးပင်။

သည်ကိစ္စဖြစ်ခဲ့ပြီးနောက်တွင်တော့ ရွှီရှောင်ကျောင်းသည် သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးက တိုးတက်လာသည်ဟု ခံစားလိုက်ရ၏။

သူမသည် အမျိုးသားများနှင့် ပြောဆိုဆက်ဆံလာရချိန်တွင် စုန့်ဝေဖျင်၏ခံစားချက်ကို သတိမထားဘဲ စဉ်းစားပေးတတ်လာပြီး စုန့်ဝေဖျင်ကို စိတ်ချစေသည့် ခံစားချက် ပေးတတ်လာသည်။ စုန့်ဝေဖျင်ကတော့ သူမကို အချိန်ပိုပေးတတ်လာပြီး သူတို့ဘယ်သွားသွား ပြဿနာမရှိတော့ချေ။

သည်နှစ်သည် အေးချမ်းကာ နွေးထွေးခဲ့လေသည်။ သို့သော် လူတိုင်း၏လုပ်ငန်းက အလျင်အမြန် တိုးတက်ပြောင်းလဲလာခဲ့သည်။

စုန့်ဝေဖျင်၏ လက်ကိုင်အိတ် ထုတ်လုပ်သည့် စက်ရုံသည် တည်ဆောက်ရေးကာလ အားလုံး ပြီးမြောက်သွားခဲ့သည်။ ထုတ်လုပ်မှုလမ်းကြောင်း ၁၂ခုကျော်က အိတ်အရွယ်အစားနှင့် အမျိုးအစား အမျိုးစုံကို အပြည့်အဝ ထုတ်ပေးနိုင်ပြီး အလုပ်အပ်သူအမျိုးမျိုး၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ခဲ့သည်။ သူတို့၏ ထိပ်တန်းအရည်အသွေးကြောင့် သူတို့က အစကတည်းက ရှန်ဟိုင်းလို အဓိကမြို့ကြီးများသို့ တင်ပို့ရောင်းချလာခဲ့သည်။ ထုတ်လုပ်ရေးစွမ်းအား တိုးလာပြီးနောက်တွင် စက်ရုံက ပြည်တွင်းအရည်အသွေးမြင့် အိတ်အမျိုးမျိုး ထုတ်လုပ်သူများ၏ ခေါင်းဆောင် ဖြစ်လာခဲ့သည်။

ထို့အပြင် ရွှီရှောင်ကျောင်းကလည်း စုန့်ဝေဖျင်၏စက်ရုံတွင် အလုပ်လုပ်ပေးခဲ့သေးသည်။

သူမက အိတ်ဒီဇိုင်နာအဖြစ် အချိန်ပိုင်း လုပ်ပေးခဲ့သည်။

ဆောက်လုပ်ရေး တတိယအဆင့်တွင် သူမက သူမအတွက် စတူဒီယိုနှင့် ထုတ်လုပ်ရေးအခန်းတစ်ခုကို ဆောက်ပေးဖို့ အဆိုပြုခဲ့သည်။ အင်ဂျင်နီယာချုပ်အဖြစ် ယောင်ကျွင်းက ဘာမှမပြောဘဲ သဘောတူပေးခဲ့သည်။

ရွှီရှောင်ကျောင်းက တစ်ခါတရံ အတွေးကွန့်မြူးလာပြီး အလုပ်တက်သည့်နေ့တွင် နေ့တစ်ဝက်လောက် ချရေးလိုက် ပုံဆွဲလိုက် လုပ်နေတတ်သည်။ သူမသည် တော်တော်လေး အရည်အချင်းရှိပေသည်။ သူမက လှုပ်ရှားလိုက်သမျှသည် လက်ရာမြောက်သည့်ပစ္စည်းတစ်ခု ဖြစ်လိမ့်မည်။ သူမ၏အနုပညာကို အပြည့်အဝ တင်ဆက်ပေးခဲ့သည်။ သူမ၏စိတ်ထဲတွင် မရေမတွက်နိုင်အောင် များပြားလှသည့် နာမည်ကြီးပစ္စည်းများ ရှိနေသည်။ ထို့ကြောင့် သူမ၏လမ်းကြောင်းက အလိုလို အရည်အသွေးမြင့် နောက်ဆုံးပေါ် လမ်းကြောင်းတစ်ခု ဖြစ်ခဲ့သည်။

သူမက အကန့်အသတ်နှင့်ထုတ်သည့် အိတ်နည်းနည်းပါးပါးကိုသာ ဒီဇိုင်းဆွဲခဲ့သည်။

အိတ်တစ်လုံးစီက သီးသန့်ဝယ်သူစိတ်တိုင်းကျ လုပ်ပေးထားသည်နှင့် ညီမျှသည်။ ရောင်းချသည့် ပစ္စည်းကလည်း အထူးသီးသန့်ဖြစ်သည်။

စတူဒီယိုကို ဆောက်ပြီးသွားသည့်နောက်တွင် သူမက အကြိမ်အနည်းငယ်သာ စမ်းကြည့်ခဲ့ရပြီး သူမ၏ဒီဇိုင်းများက အထက်တန်းလွှာကြားတွင် ချက်ချင်းနီးပါး နာမညကြီးလာခဲ့သည်။

ရွှီရှောင်ကျောင်း ဆွဲထားသည့် အထူးထုတ်အိတ်တစ်လုံးကို ပိုင်ဆိုင်နိုင်ခြင်းက ခေတ်ရှေ့ပြေးသည့် ဖက်ရှင်ဖြစ်ခြင်း၏ လက္ခဏာတစ်ခု ဖြစ်လာခဲ့သည်။

ကုမ္ပဏီ၏နာမည်က ပိုမြင့်မားသည့် အဆင့်တစ်ခုကို အလိုလိုရောက်ရှိသည်က ပြောနေရန်ပင် မလိုချေ။

ယောင်ကျွင်းက သူ့ဆုံးဖြတ်ချက် ပြတ်သားမှုနှင့် ပတ်သက်ပြီး ပျော်ရွှင်ခဲ့ရသည်။ ရွှီရှောင်ကျောင်းအတွက် သီးသန့်စတူဒီယိုတစ်ခု ဆောက်ပေးသည်က မှန်ကန်မှန်း သိခဲ့သည်။ သူက ရှန့်ဟွားဟွားကို တိုးတိုးလေး ညည်းညူလေသည်။

“တချို့လူတွေက တကယ်ပဲ ဖက်ရှင်အတွက် မွေးဖွားလာတာနော်”

သူသည် ရှန့်ဟွားဟွားကို ပိုးပန်းနေပြီး မကြာခဏဆိုသလို အပြင်မှာ ထွက်စားဖို့ မေးတတ်သည်။

ရှန့်ဟွားဟွား၏ ယောင်ကျွင်းအပေါ် ပထမဆုံးအမြင်က သူသည် နပ်သည်ဟူ၍။ သို့သော် သူ့ကို ပိုသိလာပြီးနောက်ပိုင်းတွင်တော့ သူသည် ရွှီရှောင်ကျောင်း ပြောခဲ့သည်နှင့် တစ်ထပ်တည်းဖြစ်နေမှန်း တွေ့လိုက်ရသည်။ သူသည် အမှန်ပင် စိတ်ရှည်တတ်သူတစ်ယောက်ပင်။ အခုတော့ သူမတွင် အောင်မြင်သည့် အလုပ်အကိုင်တစ်ခု ရှိနေပြီး တစ်ယောက်ယောက်နှင့် ဒိတ်လုပ်ကြည့်ဖို့ကို စိတ်မကွက်မိတော့ချေ။

သို့သော်ငြား သည်တစ်ကြိမ်တွင်တော့ သူမသည် မကျေမနပ်ဖြစ်တော့သည်။

“အစ်မရှောင်ကျောင်းက တကယ်မမျှတပါဘူး၊ သူက ဘာလို့ နင့်စက်ရုံမှာ စတူဒီယိုတစ်ခု ဆောက်ခိုင်းခဲ့တာလဲ၊ ငါ သူ့ကို စတူဒီယို ပေးခဲ့တုန်းကကျတော့ သူက မလိုချင်ဘူးတဲ့”

ယောင်ကျွင်းက ချက်ချင်းဆိုသလို အသာကလေး မျက်လွှာချထားလိုက်ပြီး

“ဟော ဘာတတ်နိုင်မှာလဲ၊ လူတွေအားလုံးက ဒီလိုပဲ မဟုတ်ဘူးလား၊ ချစ်သူကို ကျော်ပြီး သူငယ်ချင်းကို ရွေးလို့လား၊ ငါတို့စက်ရုံကို သူ့ယောက်ျားဆီမှာ သွားဖွင့်ဖို့ ဘယ်သူ ပြောခဲ့လို့လဲ၊ ဟုတ်တယ်မလား”

သူသည် ရှန့်ဟွားဟွားကို စတင်ပိုးပန်းကတည်းက ရှန့်ဟွားဟွားသည် ရွှီရှောင်ကျောင်းကို အကြွင်းမဲ့ လေးစားမှန်း သိခဲ့ရသည်။ ရွှီရှောင်ကျောင်း ဘာပဲလုပ်လုပ် အထင်ကြီးစရာဟု သူမက ခံစားသည်။ ရှန့်ဟွားဟွား၏မျက်လုံးထဲတွင် သူ့နေရာက ရွှီရှောင်ကျောင်း တစ်ဝက်လောက်ပင် မမြင့်ချေ။ ထို့ကြောင့် အခုတော့ ယောင်ကျွင်းသည် သူ့စိတ်ထဲတွင် ရွှီရှောင်ကျောင်း၏နေရာကို ပိုပြီးနိမ့်စေချင်ပြီး သူ့နေရာကိုတော့ မြင့်လာစေချင်လေသည်။

သို့သော် ဒါကလည်း အကြိမ်တိုင်းကျရှုံးမြဲပင်။

“နင်လေ ဘယ်လိုဖြစ်ပြီး အစ်မရှောင်ကျောင်းကို အဲလိုပြောနိုင်ရတာလဲ၊ နင်က ဘာသိလို့လဲ၊ သူက ငါ့စတူဒီယိုကို မလိုချင်ပေမဲ့ သူ ငါ့နေရာကိုလာတိုင်း ငါ့ကို သေသေချာချာလေး သင်ပေးတယ်နော်၊ သူ့အကူအညီသာ မရှိရင် ငါ့စတူဒီယိုက ဒီလောက်အထိ မြန်မြန် နာမည်ကြီးလာမှာ မဟုတ်ဘူး၊ နင် ဆက်ပြောနေရင် ငါ နင့်ကို မခေါ်တော့ဘူး”

ကြည့်လေ။ ရွှီရှောင်ကျောင်းရဲ့အမာခံပရိတ်သတ်ပဲ။

ရွှီရှောင်ကျောင်းတွင် အမာခံပရိတ်သတ်က တစ်ယောက်ထက် ပိုရှိနေသည်။ အခုတော့ ချန်ကျန်းကျူးသည် နာမည်ကြီးတစ်ယောက် ဖြစ်လာခဲ့သည်။ သူမက ဟိုတုန်းက ရွှီရှောင်ကျောင်းနှင့် ပြန်ပြေလည်အောင် လုပ်ခဲ့သည့်အတွက် အလွန်မှကံကောင်းသည်ဟု ခံစားရသည်။ မဟုတ်လျှင် သူမသည် ရွှီရှောင်ကျောင်း ကိုယ်တိုင်ဆွဲထားသည့် အိတ်များကို အလွယ်တကူ ရနိုင်လိမ့်မည် မဟုတ်ချေ။ အခုအချိန်တွင် သူမသည် အဝတ်အစားနှင့် အိတ်အတွက် ဘာကြော်ငြာကို မှ လက်မခံတော့ချေ။ ပွဲတစ်ခုခုရှိတိုင်း သူမက ရှန့်ဟွားဟွား ဒီဇိုင်းထုတ်ပေးသည့် အဝတ်အစားနှင့် ရွှီရှောင်ကျောင်း ဒီဇိုင်းဆွဲထားသည့် အိတ်တို့ကို ဝတ်ဆင်လေသည်။ တစ်ချက်မှာ သူတို့အတွက် ကြော်ငြာပေးရန်ဖြစ်ပြီး နောက်တစ်ချက်ကတော့ သူတို့သည် အခုချိန်တွင် နာမည်ကြီးနေပြီ ဖြစ်သောကြောင့်ပင်။ လူများက မေးလာလျှင် သူမက ဟိုတုန်းက ရွှီရှောင်ကျောင်း ညစာစားပွဲသို့ တက်ခဲ့သည့်အချိန်ကလို ပြုမူတတ်သည်။ ရွှင်ရွှင်လန်းလန်းဖြင့် ‘နှစ်ယောက်လုံးက ကျွန်မရဲ့ မိတ်ဆွေသူငယ်ချင်းတွေပါ’ဟု ပြောတတ်ကာ မကြွားဝါသလိုနှင့် ကြွားဝါမိသလို ခံစားရလေသည်။

ချန်းကျီကတော့ ရွှီရှောင်ကျောင်းကို အလွန်မှ သစ္စာရှိလေသည်။ တစ်ချိန်က အနာဂတ်အတွက် မရေမရာဖြစ်ခဲ့သည့် လူငယ်တစ်ယောက်သည် အခုတော့ မရှိတော့ချေ။ အခုတော့ သူသည် စုန့်ကျီဝက်စတူး အစားအသောက်စက်ရုံ၏ ဝန်ထမ်းဖြစ်နေသည်။

အိတ်စက်ရုံက လမ်းကြောင်းပေါ်သို့ အပြည့်အဝ ရောက်သွားပြီးနောက်တွင် ရွှီရှောင်ကျောင်းက အစားအသောက်စက်ရုံတစ်ခု ဆောက်ဖို့ အကြံထုတ်ခဲ့သည်။ သူမက ဝက်စတူးကို တနိုင်ငံလုံးတွင် ရောင်းချချင်သည်။

အစားအသောက်က လူအများအတွက် အရေးအကြီးဆုံးအရာပင်။ အမှန်တွင်တော့ စုန့်ဝေဖျင်တွင်လည်း အစောကြီးကတည်း သည်စိတ်ကူးရှိခဲ့လေသည်။ ရွှီရှောင်ကျောင်း ပြောလိုက်သည့်စကားကို ကြားလိုက်တော့ သူကလည်း သဘောတူပြီးသားပင်။

အိတ်စက်ရုံ အုတ်မြစ်ချတည်ဆောက်ခဲ့ပြီးသည့်အတွက် အစားအသောက်စက်ရုံ တည်ဆောက်ရေးက ပိုပြီးစိတ်အပူအပင်ကင်းခဲ့ရသည်။ နှစ်ကုန်တွင် အစားအသောက်စက်ရုံကို အပြီးသတ်ခဲ့ပြီး ထုတ်လုပ်ရေးကို စတင်နိုင်ခဲ့သည်။ ရောင်းအားက အပြုသဘောဆောင်မည်မှာတော့ ပြောရန်ပင် မလိုချေ။

စုန့်ဝေဖျင်သည် ပြန်သုံးသပ်ကြည့်လိုက်တော့ သည်နှစ်အတွင်း သူတို့၏တိုးတက်မှုက အမှန်ပင် အလွန်မြန်ဆန်နေသည်ဟု ခံစားလိုက်ရ၏။

တစ်ချိန်က မိန်လင်ရွာတွင် နေခဲ့စဉ်က ယွမ်တစ်ရာကို ငွေပမာဏအများကြီးဟု သူ ထင်ခဲ့ဖူးသည်။ နောက်ပိုင်း လမ်းကြားလေးထဲတွင် ဝက်စတူးရောင်းခဲ့ပြီး လီစန်းတျယ်နှင့် ကုန်ပစ္စည်းဝယ်ဖို့ ခရီးထွက်ခဲ့ချိန်တွင်တော့ ယွမ်တစ်ထောင်ကို ရှာရခက်သည့်ဟု ခံစားခဲ့မိသည်။ နောက်တော့ သူသည် မြို့သို့ပြောင်းလာပြီး သူ့မိသားစုအတွက် ယွမ်သောင်းချီပိုင်သည့် အိမ်ထောင်စုတစ်ခု လုပ်ပေးချင်ခဲ့သည်။ အခု ပြန်ကြည့်လိုက်တော့ သူသည် သန်းချီတန် ပိုင်ဆိုင်မှုရှိသူတစ်ယောက် ဖြစ်လာခဲ့သည်။

တစ်ချိန်က လက်လှမ်းမမီခဲ့သည့် အရာများကို သူသည် တစ်လှမ်းချင်း ရရှိအောင် လုပ်ခဲ့သည်။ အနာဂတ်တွင် ပိုကောင်းသည်ထက် ကောင်းလာလိမ့်မည်ဟု စိတ်ထဲတွင် ယုံကြည်ထားလေသည်။

မပြောင်းလဲသွားသည့် တစ်ခုတည်းသောအရာမှာ သူမသည် အမြဲတမ်း သူ့ဘေးတွင် ရှိနေခြင်းပင်။

သူ့ဇနီးသည်လေးက သူ့ကို ဆင်းရဲသားဘဝမှ အခြေခံလိုအပ်ချက်များပြည့်စုံပြီး ချမ်းသာလာသည်အထိ အဖော်ပြုပေးခဲ့သည်။ ဆင်းရဲစဥ◌်က သူမသည် ဘယ်တော့မှ မညည်းညူခဲ့ပေ။ ချမ်းသာလာတော့လည်း သူမသည် မာန်မာနမရှိချေ။ အစမှ အဆုံးအထိ သူမသည် ‘ငါးဆားနယ်သီချင်း’ကို ဆိုရတာကြိုက်သည့် အလိမ္မာတုံးလေး ဖြစ်ခဲ့လေသည်။

နှစ်သစ်ကူးတွင်တော့ သူက သူမကို သူ့ရင်ခွင်ထဲတွင် ဖက်ထားကာ မီးရှူးမီးပန်းများကို ကြည်ရင်း လှလှလေးပြုံးနေသည့်မျက်နှာကို လှည့်ကြည့်မိလေသည်။ ရုတ်တရက်ဆိုသလို သူတို့ လက်ထပ်ခဲ့သည့်နှစ်ကို သတိရသွားတော့သည်။ သူမသည် ခမ်းနားလှသည့်မီးရှူးမီးပန်းများကို ကြည့်နေချိန်တွင် သူမသည် ပျော်ရွှင်ကာ ပြုံးနေလေသည်။

“အချစ်ကလေး၊ မင်္ဂလာပွဲ လုပ်ကြမယ်”

. . .

အပိုင်း (၇၅) ဇာတ်သိမ်း

မတ်လ။ နွေဦးက နွေးထွေးနေပြီး ပန်းများက ပွင့်လန်းနေကြသည်။ စီရင်စုအတွင်းရှိ အသစ်ဖွင့်ထားသည့် ဟိုတယ်တစ်ခုကို အတွင်း အပြင် ပြောင်လက်နေအောင် သန့်ရှင်းထားသည်မှာ ကြေးမုံမှန်လိုပင် ချောမွတ်နေလေသည်။ မနက်ခင်းစောစောတွင် အထဲကလူများက ဝင်လိုက် ထွက်လိုက်နှင့်ပင်။ နေရာတိုင်းတွင် ပျားပန်းခတ်မျှ စည်ကားနေ၏။

သည်ဟိုတယ်ကို ဖွင့်ထားသည်မှာ တစ်လ ရှိသွားပြီ။ ပထမဆုံး ဖွင့်ပွဲအချိန်က စည်းကားခဲ့သည်ကလွဲလျှင် အဲဒီကတည်းက ဘာလှုပ်ရှားမှုမှ မရှိခဲ့ချေ။

သည်ဟိုတယ်က ကြယ်ပွင့်အဆင့် ဟိုတယ်တစ်ခုဖြစ်ကြောင်း ပြောကြသည်မှာ လူတိုင်း သိလေသည်။ သာမန်လူများက မတတ်နိုင်ကြပေ။ သည်မနက်ခင်းတွင်တော့ အလွန်မှ စည်ကားနေပြီး အနီးနားက နေထိုင်သူများကို သိလိုစိတ်များ ဖြစ်စေတော့သည်။

“ဘာပွဲကြီးရှိလို့လဲ၊ ဟိုတယ်ကို ဖွင့်ပြီး ရက်ပိုင်းလောက်မှာ လူတချို့က လာတည်းကြတယ်မလား၊ လူချမ်းသာတစ်ယောက်ပဲ နေမှာပေါ့”

“ဟုတ်တယ် ဟုတ်တယ်၊ အရမ်းချမ်းသာတဲ့ အဲဒီလူတွေကလွဲရင် ငါတို့လို သာမန်လူတွေက အဲဒီမှာ မတည်းနိုင်ပါဘူး၊ ဒါပေမဲ့ မနေ့က လူအများကြီး ဝင်သွားတာ ငါ တွေ့လိုက်တယ်၊ ဒီကမ္ဘာကြီးမှာ လူချမ်းသာတွေ ပိုပိုပြီး များလာတာ တွေ့ရတာပဲ”

သည်အချိန်တွင် အတွင်းသတင်းကို သိကြသည့် အနီးနားက လူတချို့က လျှို့ဝှက်ချက်ကို အဖြေထုတ်ပေးဖို့ ရှေ့တိုးလိုက်ကြ၏။

“ကျစ်… နင်တို့ မသိဘူးလား၊ ဒီနေ့ အထဲမှာ မင်္ဂလာဆောင်တစ်ခု လုပ်နေတာလေ”

မင်္ဂလာဆောင် ဟုတ်လား”

“အထဲမှာ မင်္ဂလာဆောင်နေတာ ဟုတ်လား”

“ဟုတ်တယ်၊ ဟိုတယ်ထဲမှာ ခန်းမတစ်ခုရှိတယ်၊ အဲဒါကို မင်္ဂလာဧည့်ခံပွဲအတွက် သုံးတာ၊ ကြီးလိုက်တာမှ စားပွဲ ၁၂လုံး အလုံး၂၀လောက်ထည့်ဖို့ ပြဿနာမရှိဘူး၊ ဒါကို ခမ်းနားကြီးကျယ်တယ်လို့ ခေါ်တာ”

ထိုလူ၏မျက်လုံးများက အံ့ဩရိပ်ဖြင့် ပြည့်နက်သွားပြီး သူ ကြားခဲ့သည့်သတင်းကို ဆက်ပြောလေသည်။

“သူတို့တွေ ဘယ်လောက်တောင် ရက်ရောကြလဲ သိလား၊ သတို့သားနဲ့ သတို့သမီးတို့ရဲ့ ဆွေမျိုး မိတ်ဆွေတွေအားလုံးကို မနေ့က ဒီကို ခေါ်လာခဲ့ကြတာ၊ လူအများကြီးပဲ၊ သူတို့နေချင်တဲ့အခန်းမှာ နေဖို့ ဟိုတယ် အခန်းတွေကို ချက်ချင်း မှာနေကြတာ၊ စဥ◌်းစားကြည့်လေ၊ ဒီလို ကြယ်ပွင့်ရဟိုတယ်တစ်ခုက ငွေဘယ်လောက်တောင် ကုန်ကျလိမ့်မလဲ”

“အိုး အံ့ဩစရာကောင်းလိုက်တာ”

“သတို့သားက အရမ်းချမ်းသာတာပဲ”

“မဟုတ်ဘူးလား၊ အခု ခေတ်စားနေတဲ့ ပစ္စည်းလေ၊ နာမည်ကြီးအိတ်တွေဆိုလား၊ နာမည်ကြီး မင်းသမီးတွေကိုင်တဲ့ အိတ်တွေ၊ အဲဆိုင်ကို အဲဒီလူက ဖွင့်ထားတာတဲ့၊ နောက်ပြီး ငါတို့စီရင်စုက စုန့်ကျီဝက်စတူးဆိုင်၊ အဲဆိုင်ကလည်း ဆိုင်ခွဲတွေအများကြီး ဖွင့်ထားတာ၊ အဲဒါလည်း သူတို့ဟာပဲတဲ့၊ သူတို့တွေ တနေ့တနေ့ ငွေဘယ်လောက် ရှာနိုင်လိုက်ကြမလဲ”

ထိုစကားများ ထွက်လာသည်နှင့်တပြိုင်နက် အားလုံးက ပိုပြီး အံ့ဩသွားကြတော့သည်။

“ကျွတ်…ကျွတ်… တကယ် အံ့ဩစရာပဲ”

ထိုအံ့ဩစရာကောင်းသည့် စုန့်ဝေဖျင်က ထိုအချိန်တွင် ဟိုတယ်ထဲ၌ ရှိနေပြီး တော်တော်လေး စိတ်လှုပ်ရှားနေလေသည်။

ဒါသည် အလွန်မှ ကျယ်ဝန်းသည့် ခန်းမတစ်ခုဖြစ်ပြီး အပြင်အဆင်တစ်ခုလုံးက ခေတ်မီလှကာ နံရံများကို အဖြူရောင်သုတ်ထားပြီး တအိအိလှုပ်နေသည့် ဥပရောစတိုင် မီးဆိုင်းများကို မြင့်မြတ်လှသည့်အလင်းနှင့် မျက်နှာကျက်ပေါ်တွင် လင်းထိန်ကာ ချိတ်ဆွဲထားလေသည်။ ခန်းမတစ်ခုလုံးသည် ပန်းများ၊ ပူဖောင်းများနှင့် ပြည့်နေပြီး ဝမ်းသာရွှင်လန်းဖွယ်မြင်ကွင်းတစ်ခု ဖြစ်နေလေသည်။

ခန်းမအလယ်တွင် ရှည်လျားသည့် T ပုံစံစင်တစ်ခုကို လုပ်ထားပြီး တစ်ဖက်တစ်ချက်တွင် စားပွဲ ၁၂လုံးကျော်ကို ချထားည်။ သည်အချိန်တွင် စားပွဲတိုင်း၌ လူများပြည့်နေပြီဖြစ်သည်။

သည်လိုပျော်ရွှင်ဖွယ် အခိုက်တန့်လေးတွင် မပျော်ရွှင်သူဟူ၍ မရှိပေ။ ထို့အပြင် ဒါသည် အားလုံးက သည်လိုမြင်ကွင်းကို ပထမဆုံး မြင်ဖူးကြခြင်းပင်။

အထူးသဖြင့် မိန်လင်ရွာက ထိုအိမ်နီးချင်းများပင်။

“ဟဲ့ ပြောစမ်းပါ၊ နှစ်အနည်းငယ်အတွင်းမှာ ငါ ရုတ်တရက် စုန့်ဝေဖျင်ကိုတောင် မမှတ်မိတော့ဘူး၊ သူ့ရဲ့ခမ်းနားကြီးကျယ်နေပုံကိုလည်း ကြည့်လိုက်ပါအုံး”

“ဘယ်သူက မဟုတ်ဘူးလို့ ပြောလို့တုံး၊ သူတို့တွေက မင်္ဂလာပွဲလုပ်မယ်လို့ ပြောတုန်းက ငါ့မှာ ဆွံ့အခဲ့ရသေးတယ်၊ စုန့်ဝေဖျင်နဲ့ ရွှီရှောင်ကျောင်းတို့ လက်ထပ်ကြတုန်းက မင်္ဂလာပွဲက လုပ်ခဲ့ပြီးပြီမလား၊ ကြက်သားနဲ့ အသားတွေပါတာတောင် ငါ သေချာမှတ်မိနေသေးတယ်၊ ပြန်တော့လည်း သကြားလုံးတွေ ဝေသေးတယ်လေ၊ ငါ့တစ်ဘဝလုံးမှာ မင်္ဂလာပွဲကို ဒီလိုကျင်းပနိုင်မယ်လို့တော့ လုံးဝ မထင်ထားဘူး”

“ပြီးတော့ အဲဒီစားပွဲ၁၂လုံးကို ကြည့်လိုက်စမ်း၊ လူအပြည့်ပဲ၊ ငါ ပတ်ကြည့်လိုက်တာ ငါတို့ဘေးက စားပွဲနှစ်လုံးကလွဲရင် ငါ မှတ်မိတဲ့သူ မပါဘူး၊ သူတို့ထဲတချို့က သူဌေးကြီးတွေနဲ့ တူတယ်၊ ကြည့်စမ်း၊ ဝေဖျင်နဲ့ ရှောင်ကျောင်းတို့က တကယ် အရည်အချင်းရှိပြီး လူအများကြီးနဲ့ သိကြတာပဲ”

ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်းတွင် သူနှင့် ရွှီရှောင်ကျောင်းတို့သည် လူအများကြီးနှင့် ခင်မင်ခဲ့ကြသည်ကို စုန့်ဝေဖျင်ကိုယ်၌ပင် မျှော်လင့်မထားခဲ့ချေ။

မိန်လင်ရွာက အိမ်နီးချင်များကအစ ရွှီရှောင်ကျောင်း အလုပ်သမား၊ လယ်သမား စစ်သည်ကောလိပ်တွင် သင်တန်းပို့ချစဉ်က တွေ့ခဲ့သည့် ကျန်းမေလိလို မိန်းကလေးအဖွဲ့အထိ။

သယ်ယူပို့ဆောင်ရေးအဖွဲ့တွင် တွေ့ခဲ့သည့် လီစန်းထျယ်ကအစ စီရင်စုတွင် ပစ္စည်းရောင်းရင်း တွေ့ခဲ့သည့် ပါတနာများအဆုံး။

အနီးကပ်သင်တန်းတွင် အတူတူသင်ပေးခဲ့ကြသည့် ရင်းနှီးသည့်ကျောင်းသား၊ ကျောင်းသူတချို့။

တောင်ပိုင်းက စီးပွားရေးပါတနာများနှင့် လက်တွဲလုပ်နေကြသည့်မိတ်ဆွေများ။

ထို့အပြင် သူ့အရင်းနှီးဆုံး မိသားစုဝင်များ။

သူ မသိလိုက်ခင်မှာပင် သူနှင့်ရွှီရှောင်ကျောင်းတို့သည် လူအများကြီးနှင့် ကိစ္စရပ်အများကြီးကို အတူတူ ရင်ဆိုင်တွေ့ကြုံခဲ့ပြီး ဖြစ်နေလေသည်။

ယောင်ကျွင်းက မိုက်ခရိုဖုန်းတစ်ခုနှင့် သူ့ဘေးတွင် ရပ်နေပြီး အခန်းအနားစတင်ဖို့ စောင့်နေလေသည်။ သူသည် သည်နေ့၏အခန်းအနားမှူးပင်။

စုန့်ဝေဖျင်က ဧည့်သည်များကို ငေးမောကာ ကြည့်နေသည်ကို မြင်လိုက်ရသဖြင့် သူက စုန့်ဝေဖျင်ကို တွတ်လိုက်ပြီး ပြောလိုက်လေသည်။

“ဟေး ဝေဖျင်၊ မင်း စိတ်လှုပ်ရှားနေတာလား”

စုန့်ဝေဖျင်က မည်သို့ ဝန်ခံနိုင်ပါမည်နည်း။

သူခေါင်းခါပြလိုက်သည်ကို မြင်လိုက်တော့ ယောင်ကျွင်းက တဟင်းဟင်း ရယ်မောလိုက်ပြီး

“ဒါဆို မင်း အခု ဘယ်လိုခံစားနေရလဲ ငါ့ကို ပြောပြလေ၊ ဟွားဟွားနဲ့ ငါ လက်ထပ်တဲ့အခါ ငါ သိထားရတာပေါ့”

စုန့်ဝေဖျင်က သူ့ကို လှမ်းကြည့်လိုက်ပြီး ပြန်ဖြေဖို့ရန် ငြင်းလိုက်ကာ

“အခမ်းအနားမှူးသာ ကောင်းကောင်းလုပ်စမ်းပါ”

သည်အခိုက်တွင် သူသည် သူ့ခံစားချက်ကို ယောင်ကျွင်းနှင့် ဝေမျှရန် စိတ်မဝင်စားချေ။

ယောင်ကျွင်းက သူ့ရင်ဘတ်ကို ပုတ်လိုက်ပြီး ပြောလိုက်၏။

“စိတ်မပူပါနဲ့၊ ငါ့ဝမ်းကွဲညီ မင်္ဂလာဆောင်တုန်းက မင်းလည်း ရှိတာပဲ၊ ငါက အခမ်းအနားမှူးကောင်း မဟုတ်ဘူးလို့ဘယ်သူ ပြောခဲ့လို့လဲ၊ လူအများကြီးက သူတို့ရဲ့မင်္ဂလာဆောင်မှာ ငါ့ကို အခမ်းအနားမှူး လုပ်ပေးဖို့ မေးနေကြတာနော်၊ အခု မင်း ငါ့ဆီလာတယ်ဆိုတာ မင်း ငါ့ကို ယုံကြည့်တဲ့သဘောပဲပေါ့၊ စိတ်ချထားစမ်းပါ”

သူက အရင်ဆုံး သူ့ကိုယ်သူ ချီးမွှမ်းလိုက်ပြီးမှ စုန့်ဝေဖျင်ကို ရယ်မောလိုက်ကာ

“ဟေ့ မင်း ငါ့ကို မပြောပြရင်တောင် မင်း စိတ်လှုပ်ရှားနေတာ ငါ သိပါတယ်ကွ၊ အဲဒီတုန်းကလည်း ငါ့ဝမ်းကွဲညီက စကားပြောရင်း စိတ်လှုပ်ရှားလို့ လှုပ်နေတာလေ၊ မင်းက သူ့ထက် ပိုသာတယ်ဆိုပေမဲ့ မင်းလည်း အဲလောက် မဟုတ်ပါဘူးကွာ”

သူက စုန့်ဝေဖျင်ကို မျက်စိမှိတ်ပြလိုက်ပြီး

“စိတ်လှုပ်ရှားနေပါတယ်ကွာ ဟုတ်တယ်မလား၊ မင်္ဂလာပွဲတုန်းက ခယ်မလေး မင်္ဂလာဝတ်စုံ ဝတ်ထားတာကို မင်း မမြင်ဖူးသေးဘူးမလား၊ စောင့်ကြည့်နေလိုက်၊ မင်းရဲ့ကျန်တဲ့ဘဝမှာ ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်တော့ဘူး”

အဝတ်စားလဲခန်းထဲတွင် အဝတ်လဲအခန်းငယ်လေး ပွင့်လာပြီး ရွှီရှောင်ကျောင်းက ထွက်လာချိန်တွင် အဝတ်လဲခန်းတစ်ခုလုံးက အခိုက်တန့် ငြိမ်သက်သွားလေသည်။

ရှန့်ဟွားဟွားသည် ရင်ဘတ်ပေါ် လက်နှစ်ဖက်ကို ယှက်ကာတင်လိုက်ပြီး ချန်ကျန်းကျူး၊ ကျန်းမေလိ၊ ကျိုးဖင့်ရှန်းတို့နှင့်တူ အနားကပ်လာလေသည်။

စိတ်လှုပ်ရှားဖို့ ကောင်းလိုက်တာ။ ဆွံ့အမိတာပဲ။

ဒီနေ့အမျိုးသမီးဇာတ်လိုက်လေးက အင်မတန်ကို လှတာပဲ။

သည်မင်္ဂလာဝတ်စုံကို ရှန့်ဟွားဟွား၏စတူဒီယိုတွင် ရွှီရှောင်ကျောင်းကိုယ်တိုင် ဒီဇိုင်းဆွဲခဲ့ခြင်းဖြစ်သည်။ ရှန့်ဟွားဟွားသည် အပြီးသတ်ဆွဲပြီးသွားသည့်နောက်တွင် စာရွက်ပေါ်က ပုံကြမ်းကို မြင်ခဲ့ဖူးလေသည်။ အခုတော့ ရွှီရှောင်ကျောင်းက ဝတ်ထားကာ မည်မျှမှင်တက်အံ့ဩစရာကောင်းမှန်း သူမသည် အမှန်ပင် နားလည်သွားတော့သည်။

စုန့်ဝေဖျင်က ရွှီရှောင်ကျောင်းကို မင်္ဂလာဝတ်စုံနှင့် မတွေ့ဖူးကြောင့် ရွှီရှောင်ကျောင်း ပြောပြခဲ့ဖူးသည်ကို သတိရသွားပြီး ပိုပြီး စိတ်လှုပ်ရှားသွားတော့သည်။ စုန့်ဝေဖျင်ကတော့ မှင်တက်အံ့ဩပြီး ဆွံ့အနေတော့မှာ ပြောစရာတောင်လိုမှာမဟုတ်ဘူး။

ဝူချွန်းဟွားသည် နှုတ်ခမ်းများပေါ်တွင် ဂုဏ်ယူရသည့်အပြုံးတစ်ခုနှင့် ရွှီရှောင်ကျောင်းကို ကြည့်ရင်း သူမ၏မျက်လုံးတွင် မျက်ရည်များနှင့် တောက်ပနေလေသည်။

“အမေ့သမီးလေးက လှလိုက်တာ၊ ဝေဖျင်ကတော့ ခဏနေကျရင် ဇဝေဇဝါဖြစ်ကုန်တော့မှာပဲ”

သူမက လက်လှမ်းလိုက်ပြီး ရွှီရှောင်ကျောင်း၏လက်ကို လှမ်းကိုင်လိုက်ကာ သူမ၏ နူးညံ့သည့် ပါးကလေးကို အသာအယာ ပွတ်သပ်ပေးလိုက်ပြီး

“ကြည့်ပါအုံး၊ ဘာလို့မှန်းကို မသိဘူး၊ သမီးက ဝေဖျင်နဲ့ လက်ထပ်ပြီးသားကို အမေ့မှာ သမီးကို ကြည့်နေရင်းနဲ့ မခွဲချင်သလို ခံစားနေရတယ်”

ရွှီရှောင်ကျောင်းက ပြုံးကာ သူမကို ဖက်ထားလိုက်ပြီး

“အမေ မခွဲနိုင်ရင် သမီး လက်မထပ်တော့ဘူးလေ၊ သမီးက အမေ့နားပဲ ကပ်နေပြီး အမေ့ရဲ့အမြီးလေးပဲ လုပ်တော့မယ်”

ဝူချွန်းဟွားက အသံထွက် အော်ရယ်လိုက်ပြီး

“ဘာတွေ ပေါက်ကရ ပြောနေတာလဲ၊ အမေက မြေးလေး ချီရဖို့ မျှော်လင့်နေပါသေးတယ်နော်၊ ပြီးတော့ ဝေဖျင်က သမီးကို အဲလောက်ကောင်းကောင်း ဆက်ဆံပေးတာ၊ အမေက သမီးကို သူ့လက်ထဲ ထည့်ပေးရတာ စိတ်ချပါတယ်”

ဝေဖျင်က သူ့အလုပ် အောင်မြင်လာပြီးနောက်တော့ ပထမဆုံးလုပ်ခဲ့တာက သမီးဖြစ်သူအတွက် ဒီလိုမင်္ဂလာပွဲတစ်ခုကို စီစဉ်ပေးတာ ဖြစ်လိမ့်မယ်လို့ လုံးဝမထင်ထားခဲ့တာလေ။ သူမက ဘာလို့ စိတ်ပူနေရအုံးမှာလဲ။

“သွားစို့၊ အမေ သမီးကို လိုက်ပို့ပေးမယ်”

မနက်ဆယ်နာရီတွင် မင်္ဂလာပွဲသည် တရားဝင် စတင်ခဲ့လေသည်။

ယောင်ကျွင်းက မိုက်ခရိုဖုန်းကို ယူလိုက်ပြီး အားလုံးကို ငြိမ်သက်ပေးဖို့ တောင်းဆိုလိုက်သည်။

သူက ရွှမ်းရွှမ်းဝေနေအောင် ပြောလိုက်ပြီး စုန့်ဝေဖျင်နှင့် ရွှီရှောင်ကျောင်းတို့သည် သူငယ်ချင်းများ ဖြစ်ခဲ့ပြီးမှ တဖြည်းဖြည်း ခင်မင်လာကြကာ အတူတူလက်တွဲခဲ့ကြသည့် သူတို့၏ အချစ်ဇာတ်လမ်းလေးကို မိတ်ဆက်ပေးလိုက်သည်။ သူ၏ကျလောက်သည့် စကားများတွင် ဇာတ်လမ်းလေးက ပိုပြီး အဖိုးတန်လာခဲ့သည်။

သူသည် သတို့သမီးကို ဝင်လာဖို့ ကြေညာလိုက်ချိန်တွင် ပရိသတ်အားလုံးက ခေါင်းကို လှည့်လိုက်ကြကာ တံခါးရှိရာဖက်သို့ ကြည့်လိုက်ကြလေသည်။

ဘယ်လို ဖော်ပြရမလဲ။

သူမက ကမ္ဘာမြေကြီးပေါ် မတော်တဆ ကျဆင်းလာတဲ့ နတ်သမီးလေးတစ်ပါးလိုပဲ။

သူမ၏ ရှည်လျားနက်မှောင်လှသည့် ဆံနွယ်တွေကို စုချည်ထားသည်။ သူမက နူးညံ့လှပသည့် သရဖူလေးတစ်ခုကို ဆောင်းထားပြီး နောက်မှာ ဇာပဝါအရှည်ကြီးတစ်ခုက လိုက်ပါလာကာ နှင်းပန်းလေးလိုပဲ ကျော့ရှင်းလွန်းလှသည်။

ဇာပါးပါးလေးကို အလွှာလိုက်ထပ်ထားသည့် အဖြူရောင်မင်္ဂလာဝတ်စုံသည် သူမကို ခမ်းနားလှသည့် တိမ်ဖြူလေးများသဖွယ် ရစ်ပတ်ထားလေသည်။ သူမသည် နူးညံ့သန့်စင်သည့် အလင်းရောင်ထဲတွင် ပွင့်လန်းနေသည့် ပန်းလေးတစ်ပွင့်နှယ်။

မထင်မရှား ထည့်သွင်းထားသည့် ပုလဲများက အလင်းရောင်အောက်တွင် အဖြူရောင်အလင်းတန်းကို ရောင်ပြန်ဟပ်နေပြီး ကျက်သရေရှိရှိ နှစ်လိုဖွယ် တောက်ပနေကာ သူမကို အလွန်ကျက်သရေရှိပြီး လှပနေစေတော့သည်။

ဂါဝန်ရှည်လေးက ယိမ်းနွဲ့နေ၏။ ရွှီရှောင်ကျောင်း၏ခြေလှမ်းများနှင့်အတူ လှိုင်းငယ်လေးများက လှိမ့်ထွက်လာကာ အိပ်မက်တစ်ခုနှယ်။

သိမ်မွေ့သည့် ရှိုက်သံများက တစ်ခုပြီးတစ်ခုပြီး ထွက်လာခဲ့သည်။ ထို့နောက်တွင်တော့ ထိုအရာများသည် ဖိနှိပ်ခံလိုက်ရလေသည်။ သည်အခိုက်တွင် သည်လိုမြင့်မြတ်လှသည့် အခြေအနေကို ဘယ်သူမှ ဖျက်ဆီးလိုစိတ် မရှိကြချေ။

သူတို့၏ နားထဲတွင်တော့ ယောင်ကျွင်း၏အသံက ဝင်လာသည်။ စုန့်ဝေဖျင်မှာ သူပြောနေသည့်စကားကို မကြားနိုင်တော့ချေ။

သူ့မျက်လုံးထဲတွင် သူ့ဆီသို့ တစ်လှမ်းချင်း လျှောက်လာနေသည့် သူ့ရှေ့က အမျိုးသမီးလေးသာ ရှိတော့သည်။

ဒါနဲ့ ထိုက်တန်ရအောင် သူ ဘာတွေလုပ်ခဲ့လို့လဲ။ သူဆိုတဲ့ စုန့်ဝေဖျင်ကလေ။ ဒီဘဝမှာ ဒါနဲ့ ထိုက်တန်အောင် ဘာတွေလုပ်ခဲ့လို့လဲ။ ဒီလောက်လှပပြီး စိတ်သဘောထားပြည့်ဝတဲ့ အမျိုးသမီးလေးကို လက်ထပ်နိုင်ဖို့လေ။

သူသည် မသိမသာ ခေါင်းကို ငုံ့ထားလိုက်လေသည်။ ချက်ချင်းဆိုသလို သူ့ဝတ်စုံ၏ အင်္ကျီလက်များပေါ်တွင် အနက်ရောင်အစက်နှစ်စက် ပေါ်လာခဲ့သည်။

သူက ခေါင်းပြန်မော့လိုက်ပြီး သူ့လည်ချောင်းထဲတွင် အသံကို ခက်ခက်ခဲခဲ ကြိုးစားကာ မြိုသိပ်ထားလိုက်ပြီး ရှေ့ကို လှမ်းလိုက်တော့သည်။

ဝူချွန်းဟွားသည် ရွှီရှောင်ကျောင်း၏လက်ကို သူ့လက်ဖဝါးထဲသို့ ထည့်ပေးလိုက်ချိန်တွင် သူသည် ရွှီရှောင်ကျောင်းကို ကြည့်လိုက်မိလေသည်။ သူမက နှုတ်ခမ်းများကို စေ့ထားရမှာ သွားများ ပေါ်လာအောင် ပြုံးပြရင်း သူ့ကို ညင်ညင်သာသာလေး ခေါ်လိုက်သည်ကို တွေ့လိုက်ရ၏။

“စုန့်ဝေဖျင်”

ထိုအခိုက်အတန့်လေးတွင် သူ့နှလုံးမှာ ဗုံတစ်လုံးလို တုန်ခါသွားတော့သည်။ သူ့မျက်လုံးထဲတွင် တခြားဘယ်သူမှ မမြင်တော့ချေ။

သူသည် ယောင်ကျွင်း၏ အစီအစဉ်အတိုင်းတစ်လှမ်းချင်းလိုက်လာရင်း သူတို့၏ဆွေမျိုးနှင့် မိတ်ဆွေသူငယ်ချင်းများက စင်ပေါ်တက်လာကာ ဆုတောင်းပေးကြသည့် နားထောင်လိုက်လေသည်။ သူသည် ရွှီရှောင်ကျောင်းကို ခေါ်လာလိုက်ပြီး နှစ်ဖက်လူကြီးများရှေ့တွင် ဒူးထောက်လိုက်တော့သည်။

နောက်ဆုံးတွင်တော့ ရွှီရှောင်ကျောင်းက သူ့မျက်နှာချင်းဆိုင်တွင် ရပ်နေ၏။

ယောင်ကျွင်းက မနေနိုင်တော့ဘဲ သက်ပြင်းချလိုက်ပြီး

“ကျွန်တော့်ရှေ့က စုံတွဲကတော့ တကယ့်ကို မိုးနတ်မင်းက စုံဖက်ပေးထားတဲ့ ရွှေအဆင်းနဲ့ စုံတွဲတစ်တွဲပါပဲ၊ သူတို့တွေက အရမ်းကို လိုက်ဖက်ကြတဲ့စုံတွဲတွေလို့ မထင်ကြဘူးလား ခင်မျာ”

မြင်ကွင်းတစ်ခုလုံးက ချက်ချင်းဆိုသလို သဘောတူကြောင်း အားပေးသံများ ပွင့်ထွက်လာလေသည်။

ဘယ်သူက တခြားအကြောင်း ပြောနိုင်အုံးမှာလဲ။ ဒီနေရာမှာရှိတဲ့ ဘယ်သူကမှ ဒါကို မငြင်းနိုင်ဘူးလေ။ သူတို့တွေ တကယ့်ကို လိုက်ဖက်လွန်းတဲ့စုံတွဲပဲကိုး။

“ကောင်းပါပြီ၊ အချင်းချင်း အပြန်အလှန် သစ္စာပြုဖို့ အချိန်ကျရောက်လာပါပြီ”

သူက စုန့်ဝေဖျင်ဖက်ကို လှည့်လိုက်ပြီး

“လူကြီးမင်းစုန့်ဝေဖျင် မိန်းကလေး ရွှီရှောင်ကျောင်းကို တစ်သက်စာလက်တွဲဖော်အဖြစ် သူ့ကို လေးစား၊ချစ်မြတ်နိုးပြီး ဆင်းရဲအတူ ချမ်းသာအတူ၊ ဝမ်းနည်းအတူ ပျော်ရွှင်အတူ ဆက်ဆံပေးဖို့ ဆန္ဒရှိပါသလား”

ဒါသည် စုန့်ဝေဖျင်၏အိပ်မက်ပင်။

“ဆန္ဒရှိပါတယ်”

“ကောင်းပါပြီ၊ ဒါဆိုရင် မိန်းကလေး ရွှီရှောင်ကျောင်းကရော လူကြီးမင်း စုန့်ဝေဖျင်ကို အပြန်အလှန်ချစ်မြတ်နိုးပြီး၊ လေးစားချစ်ခင်ပြီး ကျန်တဲ့ဘဝတစ်လျှောက်လုံးကို ဖျားနာသည်ဖြစ်စေ ကျန်းမာသည်ဖြစ်စေ ခက်ခဲရသည်ဖြစ်စေ အောင်မြင်ရဖြစ်စေ သူနဲ့အတူ နေထိုင်ဖို့ ဆန္ဒရှိပါသလား”

ရွှီရှောင်ကျောင်းက သူမရှေ့က စုန့်ဝေဖျင်ကို ကြည့်လိုက်၏။ ဒီလူက သူမကို တကယ်ပဲ ချစ်တာလေ။

“ဆန္ဒရှိပါတယ်”

သူတို့သည် ဟိန်းထွက်လာသည့် လက်ခုပ်သံများကြားတွင် လက်စွပ်ချင်း လဲဝတ်လိုက်ကြပြီးနောက် ပွေ့ဖက်လိုက်ကြတော့သည်။

ရွှီရှောင်ကျောင်းက စုန့်ဝေဖျင်၏ ရှိုက်သံကို ကြားလိုက်ရ၏။

သူမ၏မျက်ဝန်းထဲတွင် မျက်ရည်များ ဝေ့လာပြီး သူမကို သူ၏ကျယ်ဝန်းသည့်ကျောပြင်ကို ညင်ညင်သာသာ သပ်ပေးလိုက်ကာ

“စုန့်ဝေဖျင် ဘာလို့ ငိုနေတာလဲ”

စုန့်ဝေဖျင်က မတ်မတ်ရပ်လိုက်ပြီး သူမကို ငုံ့ကြည့်လိုက်ကာ သူမ၏မျက်ခုံးများကြားကို အနမ်းတစ်ပွင့် ရိုက်နှိပ်လိုက်ပြီး

“ကို ပျော်လို့ပါ”

ဒီဘဝမှာတော့ နောင်တဆိုတာ မရှိတော့ပါဘူး။

. . .

ပြီးပါပြီ။

All Chapters