အရူးတွေကို ဘာလို့လွှတ်ထားကြတာလဲ
Vol. 25 Ch. 276
မဟာပညာရှိ၏စကားကို ကြားလိုက်ရသောအခါ ကျိယွမ် အလွန်ဝမ်းသာသွားသည်။
"ညီအစ်ကိုကောင်းပဲ၊ မင်းက တကယ့်ကို ရက်ရောတာ"
သို့သော်ကျိယွမ်သည် အကုန်လုံးကို တစ်ယောက်တည်း မစားသင့်ဘူးဟု ဆုံးဖြတ်လိုက်ပြီး မဟာဉာဏ်ပညာရှိ အတွက် အရိုးအချို့ ချန်ထားပေးရန် ကြံရွယ်လိုက်၏။
သူသည် ကသောင်းကနင်းငှက်၏ အသားကို စတင်စားသုံးသည် ။ ဗိုက်ဆာနေသော်လည်း အလောတကြီးမစားဘဲ တစ်ကိုက်ချင်းစီကို ဖြည်းဖြည်းချင်း အရသာခံနေ၏။
ချိုမြိန်သော အရသာက သူ၏ ပါးစပ်ထဲတွင် ပြည့်နှက်သွားပြီး သွားရည်ကျလောက်အောင်ပင် အရသာရှိလှသည်။ ငှက်ကင်သည် လုံးဝခြောက်ကပ်မနေဘဲ ကျိယွမ် မြည်းစမ်းဖူးသမျှ မည်သည့်အရသာထက်မဆို သာလွန်နေ၏။
"ကောင်းလိုက်တာ"
ခဏအတွင်းမှာပင် အရိုးလေးတော့ချန်ထားပေးမည်ဟူသော အတွေးကို မေ့လျော့သွားပြီး ကသောင်းကနင်းငှက်တစ်ကောင်လုံးကို မနားတမ်းဝါးစားပစ်တော့သည်။
ငှက်သားစားနေရင်းမှ သူ၏ ဗိုက်ထဲသို့ နွေးထွေးမှုလှိုင်းတစ်ခု ဝင်ရောက်လာသည်ကို ခံစားလိုက်ရပြီး သူ၏ စိတ်ကလည်း ပိုမိုကြည်လင်လာ၏။
"ဒါက တကယ်ကို ကောင်းတဲ့အရာပဲ။ စားပြီးတဲ့နောက် ငါ့ရဲ့ အကြားအာရုံနဲ့ အမြင်အာရုံတွေက ပိုပြီး ထက်မြက်လာတယ်။ ဒီငှက်ကို ပို့ပေးတဲ့သူက တကယ့်ကို ကြင်နာတတ်တာပဲ၊ ငါဗိုက်ဆာနေတဲ့ အချိန်မှန်း သိလို့ ငါ့ကိုကျွေးဖို့ ပို့ပေးလိုက်တာပဲ။"
နောက်ဆုံးလက်ကျန် ငှက်တောင်ပံဖျားကို တဂျွတ်ဂျွတ်ဝါးစားရင်းမှ မဟာဉာဏ်ပညာရှိအား အမှတ်မထင်ကြည့်မိသောအခါ ကျိယွမ် အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားသည်။
မစားခင်က ကျိယွမ်သည် မဟာဉာဏ်ပညာရှိအတွက် အရိုးအချို့ချန်ပေးထားရန်စဥ်းစားမိခဲ့သေးသော်လည်း စားရင်းစားရင်းမှ အရှိန်တက်သွားပြီး အရိုးများပါမကျန် စားပစ်မိသည်မဟုတ်ပါလား။
မဟာပညာရှိက မစားချင်တော့ပါဟုပြောနေသော်လည်း ကျိယွမ်အလစ်တွင် ခိုးခိုးကြည့်ကာ တွံတွေးများ ကြိတ်မျိုချနေမိလေ၏။
ကျိယွမ် အနည်းငယ်အားနာသွားရင်းမှ ကြမ်းပြင်ပေါ်တွင် ကျန်ရှိနေသော အမွှေးအတောင်များဆီသို့ အကြည့်ရောက်သွားသည်။ သူ၏ မျက်လုံးများ တောက်ပသွားပြီး အမွှေးများကို ကောက်ယူကာ ဆုံးဖြတ်ချက်ကြီးတစ်ခု ချလိုက်၏။
"အမွှေးတွေတော့ ကျန်သေးတယ်။ မင်း ဒါတွေကို ဘာလို့ မစားတာလဲ ၊ ဒီငှက်က တကယ့်ကို အရသာရှိလွန်းတယ်၊ ဒါက တကယ့်ကို ရှားပါးတဲ့ စားဖွယ်ပဲ"
မဟာဉာဏ်ပညာရှိက ကျိယွမ်၏လက်ထဲမှ အမွှေးအတောင်များကို ကြည့်လိုက်ရင်းမှ သူ၏မျက်လုံးများတွင် ခံစားချက်မျိုးစုံ ဖြတ်ပြေးသွားသည်။
ရုတ်တရက် သူ၏ မျက်နှာပေါ်တွင် ပညာရှိဆန်သော အသွင်တစ်ခု ပေါ်လာပြီး သူ၏ အမူအရာက ခါတိုင်းထက် ပို
၍ လေးနက်တည်ကြည်သွားလေ၏။
"ဒီငှက်မှာ ထူးဆန်းတာ တစ်ခုခုကို မင်းသတိထားမိလား"
သူက သေသေချာချာမေးသည်။
"တစ်ခုခု မှားနေတာမျိုးဖြစ်ဖြစ်ပေါ့"
ကျိယွမ်မှာ ခဏတာ ကြောင်သွားပြီး မဟာဉာဏ်ပညာရှိအား နားမလည်သလို ကြည့်သည်။
"ဘာကို ဆိုလိုတာလဲ"
သူက ငှက်မွှေးများကို ပြန်ကြည့်၏။
ပူးပေါင်းကြံစည်မှု တစ်ခုခု ပါနေတာလား။
"ဒီငှက်က ရူးသွပ်နေပြီး ထိန်းချုပ်မရ သလိုဖြစ်နေတယ်။ ငါ သံသယရှိတာက... သူ နေမကောင်းဖြစ်နေတာပဲ"
"နေမကောင်း" ဆိုသည့် စကားလုံးက ကျိယွမ်ကို မိုးကြိုးပစ်လိုက်သကဲ့သို့ ဖြစ်သွားစေသည်။
သူ၏ အမူအရာက လုံးဝထိတ်လန့်စရာအသက်ဘေးဒုက္ခကြီးတစ်ခုခုကို ရှာဖွေတွေ့ရှိသွားသကဲ့သို့ သိသိသာသာ ပြောင်းလဲသွားသည်။
သူ၏ အမူအယာကဖြူဖျော့သွားပြီး မျက်နှာပေါ်တွင် ချွေးများချက်ချင်းစီးကျလာ၏။
"ဒါက ဆိုးတယ်၊ တကယ်ကို ဆိုးတယ်။ ဒီစုတ်ပြတ်နေတဲ့ငှက်ပိန်က ခွေးရူးပြန်ရောဂါရှိနေတာ ဖြစ်ရမယ်"
ကျိယွမ် ထိတ်လန့်သွားသည်။ ဒါကြောင့် ဒီငှက်ပိန်က အရူးလို မနားတမ်းအော်နေတာပဲ။
"ငါတို့ဆီမှာ ခွေးရူးပြန်ကာကွယ်ဆေးတွေ မရှိဘူး။ ငါ ဘာလုပ်သင့်သလဲ"
သူ အမှန်တကယ် စိုးရိမ်နေပြီး ယခင်ဘဝမှ ဗဟုသုတများကို အသည်းအသန်ပြန်စဥ်းစား၏။
ခွေးရူးပြန်နေတဲ့ ငှက်ကိုစားမိရင် ဘာလုပ်ရမလဲ။
မဟာဉာဏ်ပညာရှိကတော့ အတွေးနက်နေပြီး ဘာမှမပြောသေးဘဲ တိတ်ဆိတ်နေသည်။
ထိုအချိန်တွင် ကျိယွမ်၏ မျက်နှာက ထိတ်လန့်နေရာမှ ဒေါသထွက်လာ၏။
"တောက်....ဘယ်သူက ငါ့ကို ရောဂါကူးထားတဲ့ငှက်နဲ့ ထောင်ချောက်ဆင်ဖို့ ဒီလောက်တောင် ယုတ်မာရတာလဲ"
ကျိယွမ်သာ အလွန်ဒေါသထွက်သွားပါက အကျိုးဆက်များက သေချာပေါက်ပြင်းထန်သွားပေလိမ့်မည်။
လောကကြီးက တစ်နေ့ထက်တစ်နေ့ ပိုဆိုးလာပြီ။ နေမကောင်းတဲ့ ငှက်ကို ကြိုးမချည်ဘဲ လွှတ်ထားကြတယ်။
ငှက်သခင်မသိဘဲ ငှက်ကိုစားလိုက်ခြင်းက လုံးဝကိုယ်ကျင့်တရားနှင့် မညီညွတ်နိုင်သည်ကို ကျိယွမ်ဝန်ခံပါသည်။
သို့သော် မစားရုံမျှဖြင့် ဘေးကင်းပြီဟု မဆိုနိုင်ပါ။
တကယ်လို ဒီရူးနေတဲ့ငှက်က သူ့ကို ဆိတ်ခဲ့လျှင် မည်သို့လုပ်မည်နည်း။
ဒီငှက်ပိုင်ရှင်က ကိုယ်ကျင့်တရား လုံးဝမရှိဘူး။
"ဒါကို ဘယ်သူလုပ်တာလဲ"
ကျိယွမ်က ဒေါသတကြီး အော်ဟစ်လိုက်သည်။
သူ၏ အစွမ်းထက်သော နတ်ဘုရားအာရုံသည် ထိုအခိုက်အတန့်တွင် ပြန့်နှံ့သွားပြီး ချင်းဟုန်မြို့တစ်ခုလုံးကို လွှမ်းခြုံသွား၏။ ချင်းဟုန်မြို့ရှိ ယင်နတ်ဘုရားအားလုံးမှာ ပြင်းထန်လှသောအရှိန်အဝါကို ခံစားလိုက်ရပြီး ၎င်းတို့၏ မျက်နှာများ သိသိသာသာ ပြောင်းလဲသွားသည်။
"ဘာဖြစ်တာလဲ"
"ဘယ်သူက သွေးဝတ်စုံဓားနတ်ဘုရား ကို ရန်စရဲတာလဲ"
ယင်နတ်ဘုရားများသာမက မြို့အတွင်းရှိ ကျင့်ကြံသူအားလုံးလည်း ဤဖြစ်ရပ်ကို သတိပြုမိကြပြီး အလွန်တုန်လှုပ်သွားကြ၏။
ဘယ်သူက သွေးဝတ်စုံဓားနတ်ဘုရားကို ဒီလောက်ဒေါသထွက်အောင် လုပ်ရဲပါလိမ့်။
သွေးဝတ်စုံဓားနတ်ဘုရားက မည်မျှကြောက်မက်ဖွယ်ကောင်းသော ပုဂ္ဂိုလ်ဖြစ်ကြောင်း လူတိုင်းသိကြသည်။ သူသည် လူပေါင်းများစွာကို သတ်ခဲ့သော်လည်း တစ်ကြိမ်မှ ဒေါသကို မဖော်ထုတ်ခဲ့ဖူးပါ ၊ သူက မသတ်ဖြတ်ခင် ဒေါသကို ဘယ်တော့မှ မပြသဘဲ မြင်မြင်ချင်း သတ်ဖြတ်တတ်သူဖြစ်၏။
ယခုလိုဒေါသထွက်ခြင်းမှာ သူ့အတွက် ပထမဆုံးအကြိမ်ပင်။
ဘယ်သူက နဂါးအသည်းကို စားထားလို့ သူ့ဒေါသကို စိန်ခေါ်ရဲတာလဲ ။
ကန်းလန်လောကမှာ သွေးဝတ်စုံဓားနတ်ဘုရားအား စိန်ခေါ်ဝံ့တဲ့သူ ရှိသေးတာလား။
တစ်ချိန်တည်းမှာပင် ခြံဝင်းအတွင်း၌ရှိနေသော ရှီရူလန်သည် ထိုဒေါသတကြီး အော်ဟစ်သံကြီးကို ကြားလိုက်ရသည်။ သူမ၏ မျက်လုံးများက မှိန်ဖျော့နေသော်လည်း ကျေနပ်နေပုံရပြီး ကာမအရသာထက် အဆပေါင်းတစ်သိန်းမက ပြင်းထန်သော ခံစားမှုကို ခံစားနေရသကဲ့သို့ပင်။
"ဟားဟားဟား၊ နောက်ဆုံးတော့ သူ ရူးသွားပြီ။ ငါတို့ တာဝန်ကို ကျေပွန်သွားပြီ"
"ငါတို့ အလုပ်ပြီးပြီ၊ အခု အေးအေးဆေးဆေး ထွက်သွားလို့ရပြီပေါ့"
"စိတ်မကောင်းစရာက ချင်းဟုန်မြို့က လူတိုင်း သူ့လက်ထဲမှာ သေရတော့မယ်။အေးလေ.. ဒါက လိုအပ်တဲ့ စတေးမှုပဲ။ ဒီပြဿနာအားလုံးရဲ့ အဓိက အကြောင်းရင်းက သွေးဝတ်စုံနတ်ဘုရားပဲ။ အပြစ်တင်ချင်ရင် သူ့ကိုသာ အပြစ်တင်လိုက်ကြပေါ့"
ရှီရူလန်က ချင်းဟုန်မြို့မှ သာမန်ကျင့်ကြံသူများအတွက် သနားသလို ပြုမူနေသော်လည်း သူ၏မျက်လုံးများတွင်တော့ လူသတ်ပွဲကြီးအတွက် အလွန်စိတ်လှုပ်ရှားနေပုံရ၏။
သို့သော် ထိုစဉ်မှာပင် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုက လေထုထဲတွင် ရုတ်တရက် ပြည့်နှက်သွားသည်။
အခန်းထဲရှိ မောင်နှမနှစ်ဦးမှာ တောင့်တင်းသွားစဥ်မှာပင် သွေးရောင်လွှမ်းသော ပုံရိပ်တစ်ခုက ၎င်းတို့ရှေ့တွင် ပေါ်လာ၏။
ရောက်လာသူကို မြင်လိုက်ရသောအခါ ရှီရူလန်၏ မျက်လုံးများမှာ ထိတ်လန့်မှုကြောင့် ပြူးကျယ်သွားသည်။
"ဘာတွေ ဖြစ်ကုန်တာလဲ"
ရှီရူရှန်းသည်လည်း အလားတူပင် အံ့အားသင့်သွား၏။
ကသောင်းကနင်းငှက်ကို လွှတ်လိုက်ပြီဆိုလျှင် သွေးဝတ်စုံဓားနတ်ဘုရားက ရူးသွပ်သွားပြီး လူတိုင်းကို စတင်သတ်ဖြတ်နေရမည် မဟုတ်ပါလား။
သူက ဘယ်လိုလုပ်ပြီး ဒီကို ရုတ်တရက် ရောက်လာတာလဲ။
"ဒါဆို မင်းတို့နှစ်ယောက်က ငါ့ကို ဒုက္ခပေးဖို့ ရောဂါသည်ငှက်ကို သုံးခဲ့တာလား၊ ကောင်းပြီလေ..... မင်းတို့မှာ သတ္တိတွေ တော်တော်ရှိတာပဲ"
ကျိယွမ်က သူတို့နှစ်ဦးကို စူးစိုက်ကြည့်နေပြီး သူ၏အေးစက်သောမျက်ဝန်းများ၌ ဒေါသကို သိသာစွာ မြင်တွေ့နေရသည်။
ရှီရူလန်သည် မယုံကြည်နိုင်စွာ မျက်လုံးပြူးနေ၏။
"ဘာဖြစ်လို့လဲ ၊ ကသောင်းကနင်းငှက်က ရှင့်ကို ဘာလို့ မထိခိုက်စေတာလဲ"
ရှီရူရှန်းလည်း တွေဝေသွားပြီးနောက် သူ၏ အမူအရာ ချက်ချင်း ညိုးငယ်သွားလေသည်။ တစ်ချိန်တည်းမှာပင် မည်သည့်နေရာတွင် မှားယွင်းသွားသဖြင့် ဤကဲ့သို့ ရလဒ်ထွက်ပေါ်လာသနည်းဟု သူတွေးနေမိ၏။
တစ်လောကလုံးက ရူးနေကြပါသည်ဟု လက်ဖျားခါထားသော အရူးနှစ်ယောက်ထံသို့ ရူးသွပ်စေသောငှက်ကို သူမက လွှတ်ကာ ရူးအောင်လုပ်ခဲ့သည်။
ရလဒ်က မည်သို့ဖြစ်လာသနည်း။
"မင်းတို့ ကလေးမတွေက ငါ့ကို ခွေးရူးပြန်အောင် လုပ်ဖို့ ရောဂါသည်ငှက်ကို သုံးပြီး ဒုက္ခပေးတယ်ပေါ့ ဟုတ်လား "
" ဒါပေမဲ့ ငါမကြောက်ဘူး။ ငါက ကျင့်ကြံသူတစ်ယောက်၊ ငါ့ဘာသာ ကာကွယ်ဆေး ဖန်တီးလို့ရတယ် ၊ ကသောင်းကနင်းငှက်ဆိုတဲ့ အဓိပ္ပာယ်မရှိတာတွေက ငါ့ကို လုံးဝ မထိခိုက်ဘူး"
ကျိယွမ်သည် လုံးဝကိုဒေါသထွက်နေပြီး ရှားရှားပါးပါး ဒေါသတကြီး ဆဲဆိုနေ၏။
ကံကောင်းသည်မှာ သူသည် ကျင့်ကြံသူဖြစ်သောကြောင့် ခွေးရူးပြန် ကာကွယ်ဆေးကို ဖန်တီးနိုင်ခြင်းပင် ၊၊ အကယ်၍ သာမန်လူတစ်ယောက်သာ ဤငှက်ကို စားမိခဲ့လျှင် အသက်ဆုံးရှုံးရပေလိမ့်မည်။
ကျိယွမ်၏ ဒေါသဟုန်းဟုန်းထနေသော အမူအရာကို မြင်လိုက်ရသောအခါ ရှီရူလန်၏ စိတ်ဓာတ်များ ပြိုလဲသွားသည်။ ကျိယွမ်၏ စကားများမှာ သူမအတွက် ရှုပ်ထွေးနေသော်လည်း သူသည် ရူးသွပ်ခြင်း သို့မဟုတ် အကြမ်းဖက်ခြင်း လက္ခဏာ တစ်စုံတစ်ရာ မပြသသလို ရူးသွပ်မှု အရှိန်အဝါလည်း မရှိပေ။
"မင်း ကသောင်းကနင်းပေးငှက်ကို စားလိုက်တာလား"
ရှီရူရှန်းက ကျိယွမ်ကို ထိတ်လန့်တကြား ကြည့်သည်။
၎င်းမှာ ရှေးဟောင်း နတ်ဘုရားငှက်၊ ဒဏ္ဍာရီလာ သတ္တဝါဖြစ်၏။ ၎င်းကို စားလိုက်သည်တဲ့။ သူက ဘယ်လိုလုပ်ပြီး ဘာမှမဖြစ်ဘဲ နေနိုင်တာလဲ။
ရှီရူရှန်း စိတ်ရှုပ်ထွေးသွားသော်လည်း အတွေးတစ်ခုရလိုက်သောအခါ သူ၏ အမူအရာက တစ်ဖန် ပြန်လည် တည်ကြည်လာသည်။
သူတို့၏ ထောင်ချောက် မအောင်မြင်လျှင် သွေးဝတ်စုံဓားနတ်ဘုရားကို နားချရန် ကံကြမ္မာနှင့်တရားမျှတမှုကို အသုံးပြုရပေလိမ့်မည်။
သို့သော် ထိုနားချမှုမှာ ခေတ္တခဏသာ ဖြစ်ပြီး သူသည် သွေးဝတ်စုံဓားနတ်ဘုရားကို နောက်ထပ် ချောင်းမြောင်းတိုက်ခိုက်ရန်အတွက် သတိလက်လွတ်ဖြစ်အောင်သာ ရည်ရွယ်၏။
"သွေးဝတ်စုံဓားနတ်ဘုရား၊ မင်း ကံကြမ္မာကို ယုံလား ၊ အနာဂတ်ရဲ့ မြင်ကွင်းတစ်ခုကို ကြည့်ချင်လား"
ရှီရူရှန်းက စိတ်ကို တည်ငြိမ်အောင်ထားပြီး ပုရောဟိတ်ကြီးတစ်ဦးကဲ့သို့ စတင်ပြောဆိုလိုက်သည်။
ထိုအချိန်တွင် တစ်ချိန်လုံးရပ်ကြည့်နေသော မဟာဉာဏ်ပညာရှိက အမြန်ကြားဖြတ်ပြော၏။
"သူ့ပါးစပ်ကို အခုချက်ချင်း ဖြဲပစ်လိုက်"
"မဟုတ်ရင် ငါတို့အမေတွေကို ဆုံးရှုံးရတော့မယ်"
ကျိယွမ်သည် မဟာဉာဏ်ပညာရှိ ဆိုလိုသည်ကို ချက်ချင်း နားလည်သွားသည်။
"မင်းက ငါ့ရဲ့ မိဘတွေကို ကျိန်ဆဲရဲတယ်ပေါ့၊ မင်း သေချင်နေတာပဲ"
သူက တွန့်ဆုတ်မနေခဲ့ပေ။ မှော်ဂါထာကို သုံးပြီး ၎င်းတို့နှစ်ဦးစလုံး၏ ပါးစပ်ကို ဖြဲပစ်လိုက်သည်။ ထို့နောက် မရေမတွက်နိုင်သော အပ်များဖြင့် ၎င်းတို့၏ ပါးစပ်များကို ချက်ချင်း ပြန်၍ ချုပ်ပစ်လိုက်၏။
ရှီရူလန်နှင့် ရှီရူရှန်းတို့မှာ ရုန်းကန်ရန်ပင် အခွင့်အရေးမရခဲ့ပါ ။ နှစ်ယောက်စလုံးမှာ နောင်တနှင့် နာကျင်မှုမှလွဲ၍ ဘာမှ မခံစားရတော့သလိုပင် ကြေကွဲသွားကြလေသည်။
သူတို့၏ အစီအစဉ်က ပျက်စီးသွားလေပြီ။တစ်ဖက်လူက သူတို့ပြောသမျှကို နားထောင်တော့မည် မဟုတ်ပေ။ ဤနာကျင်မှုသည် အစောပိုင်းက ရရှိခဲ့သော သာယာမှုထက် နှစ်ဆပို၍ ပြင်းထန်လှသည်။
"သူတို့ရဲ့ ဝိညာဉ်တွေကို ရှာဖွေပြီးမှ သတ်ပစ်လိုက်။"
မဟာဉာဏ်ပညာရှိက သတိပေး၏။
ကျိယွမ်က သဘောပေါက်ပါတယ်ဟူသော အထာဖြင့် ခေါင်းညိတ်ပြကာ ရှီမောင်နှမနှစ်ဦးကို ကြည့်ပြီး လှောင်ပြုံးပြုံးလိုက်သည်။
"မင်းတို့က ငါ့ကို ချောင်းမြောင်းတိုက်ခိုက်နိုင်မယ် ထင်နေတာလား၊ ဒီမှာ တကယ့်အစွမ်းကို ဘယ်သူပိုင်ဆိုင်ထားလဲဆိုတာ မင်းတို့ လုံးဝ မသိဘူးပဲ။"
ကံကြမ္မာမှော်ဆရာနှစ်ဦးမှာ သေဆုံးသွားရန် သေချာသွားလေပြီ ။ သူတို့က သေရမှာကို မကြောက်ကြသော်လည်း သူတို့၏ တာဝန်ကို မပြီးမြောက်ဘဲ သေရမှာကိုတော့ ကြောက်ကြ၏။
"မလုပ်နဲ့"
သူတို့ ရင်ထဲမှာ အော်ဟစ်နေကြသော်လည်း ကျိယွမ်က သူတို့အား အခွင့်အရေး မပေးခဲ့ပါ။
ထိုအချိန်မှာပင် သူ၏ နတ်ဘုရားအာရုံသည် ဝိညာဉ်ရှာဖွေရန်အတွက် ၎င်းတို့၏ ဝိညာဉ်များထဲသို့ ကျူးကျော်ဝင်ရောက်သွားသည်။ သူတို့၏ မျက်လုံးများက ဗလာဖြစ်သွားပြီး မျက်နှာအမူအယာများပြင်းထန်သော နာကျင်မှုလက္ခဏာများ ပြသလာ၏။
"ကံကြမ္မာတောင်တန်းဆိုပါလား"
"ကံကြမ္မာ မှော်ဆရာတွေရော "
"ကံကြမ္မာတံခါးတဲ့ "
"ဒီနှစ်ယောက်က တကယ့်ကို အရူးတွေပဲ"
၎င်းတို့၏ မှတ်ဉာဏ်များကို စကန်ဖတ်ပြီးနောက် ဤနှစ်ယောက်မှာ ရူးသွပ်နေကြောင်း ကျိယွမ် ကောက်ချက်ချလိုက်သည်။
"ကံကြမ္မာတောင်တန်းက ဘာတွေလုပ်နေတာလဲ ၊ ဒီအရူးတွေကို အိမ်မှာ မထိန်းထားဘဲနဲ့ ၊ သူတို့ကို အပြင်လွှတ်ပြီး သူတစ်ပါးကို ဒုက္ခပေးခိုင်းနေတာလား"
ကျိယွမ်၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုသော အငွေ့အသက်များ ဖြတ်ပြေးသွားသည်။
သူသည် မိမိ၏ ရူးသွပ်မှုကို အကြောင်းပြပြီး သူတစ်ပါးကို နှိပ်စက်သော လူများကို စက်ဆုပ်သည်။ သူတို့သည် တစ်စုံတစ်ဦးကို စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြစ်အောင် နှိပ်စက်ပြီးနောက် အရူးလက်မှတ်ကို ထုတ်ပြကာ မည်သည့် အကျိုးဆက်ကိုမျှ ရင်မဆိုင်ကြပေ။
"ပြစမ်း.."
သူ၏လက်ကို ဆန့်ထုတ်လိုက်ပြီး ရှီရူလန်၏ သိုလှောင်အိတ်ထဲမှ ထူးဆန်းသော ပုံသဏ္ဌာန်ရှိသည့် တံခါးငယ်လေးတစ်ခုကို ဆွဲယူလိုက်သည်။
၎င်းမှာ ကံကြမ္မာတံခါးကို ခေါ်ယူရန် ကံကြမ္မာတောင်တန်းမှ အသုံးပြုသော ကိရိယာဖြစ်၏။
"အရူးတွေက တာဝန်မယူနိုင်ဘူးဆိုတော့ မင်းတို့ကံကြမ္မာတောင်တန်းကပဲ တာဝန်အပြည့်အဝ ယူရတော့မှာပေါ့"
"သွေးမျိုးဆက်ဦးဆောင်မှု ကျိန်စာအတတ်"
ကျိယွမ်သည် အစွမ်းထက်သော နတ်ဘုရားကျိန်စာတစ်ခုကို ထုတ်ဖော်လိုက်သည်။ ကျိန်စာသည် မိုင်ထောင်ပေါင်းများစွာကို ဖြတ်ကျော်သွားပြီး မထင်မရှား တောင်ကုန်းလေးတစ်ခုပေါ်သို့ ကျရောက်သွား၏။
ရုတ်တရက် ထိုတောင်ပေါ်မှ စူးရှသော အော်ဟစ်သံများ ဆက်တိုက် ထွက်ပေါ်လာတော့သည်။
မရေမတွက်နိုင်သော ကျင့်ကြံသူများသည် နာကျင်မှုကြောင့် အော်ဟစ်နေကြပြီး ၎င်းတို့၏ မျက်နှာများတွင် ထိတ်လန့်မှုများ ပြည့်နှက်နေသည်။
သို့သော် ဘာဆွေဖြစ်နေမှန်းကိုတော့ သူတို့ လုံးဝ မသိကြပါ။
သူတို့သည် ကန်းလန်နယ်မြေ၏ ကံကြမ္မာနှင့် ၎င်း၏လမ်းကြောင်းတည်ရှိမှုကို မြင်နိုင်ကြသော်လည်း ကံကြမ္မာတောင်တန်း၏ ကံကြမ္မာကိုမူ မြင်နိုင်ခဲ့ပုံမရချေ။
တောင်တန်းပေါ်ရှိ ကျင့်ကြံသူအားလုံးကတော့ ကျိယွမ်၏ သွေးမျိုးဆက်ကျိန်စာသင့်ပြီး သေဆုံးကုန်ကြလေပြီ။
အကယ်၍ သူတို့သာ ယင်နတ်ဘုရားများ ဖြစ်ခဲ့လျှင် ကျိယွမ်အနေဖြင့် ၎င်းတို့ကို ဤမျှလွယ်လွယ်ကူကူ ကျိန်စာတိုက်နိုင်မည် မဟုတ်ပေ။
သို့သော် စိတ်ဝိညာဥ်အဆင့်များနှင့် ခရမ်းရောင်နန်းတော်အဆင့်ကျင့်ကြံသူများအတွက်မူ ၎င်းတို့ကို သေအောင် ကျိန်စာတိုက်ခြင်းမှာ လွယ်ကူသော အလုပ်တစ်ခုသာ ဖြစ်သည်။
"မလုပ်ပါနဲ့"
ရှီရူလန်၏ မျက်လုံးများ ဖောင်းကြွလာပြီး သွေးမျက်ရည်များ စီးကျလာခဲ့သည်။
ကံကြမ္မာတောင်တန်းတွင် ဖြစ်ပျက်သမျှကို သူမ ခံစားသိရှိနေရ၏။
"ရှင်က မိစ္ဆာပဲ"
သူမ၏ နှလုံးသားမှာ ဒေါသနှင့်အတူ နောင်တများဖြင့် ပြည့်နှက်နေသည်။ သို့သော် ကံမကောင်းစွာဖြင့် ကျိယွမ်၏ ချုပ်နှောင်မှုမှ သူမ ရုန်းမထွက်နိုင်ပေ။
"ကောင်းပြီ၊ မင်းတို့ရဲ့ အုပ်ထိန်းသူတွေကတော့ တာဝန်ယူသွားပြီ... ဆိုတော့ အခု မင်းတို့ အလှည့်ပဲ..."
"စိတ်မကောင်းပါဘူး၊ ငါက တရားရုံး မဟုတ်တဲ့အတွက် မင်းတို့နှစ်ယောက်လုံးလည်း တာဝန်ယူရလိမ့်မယ်။"
ကျိယွမ်က သူ၏ လက်ညှိုးကို ခါယမ်းလိုက်ရာ စွမ်းအင်လှိုင်းတစ်ခု သူတို့ဆီသို့ စီးဝင်သွားပြီး ခဏချင်းမှာပင် ခေါင်းနှစ်လုံးမှာ ပေါက်ကွဲသွားတော့သည်။
ခြံဝင်းအတွင်း လုံးဝ တိတ်ဆိတ်သွား၏။
စည်းကမ်းမဲ့တာတွေကို ငါအလွန်မုန်းတယ် ။
........
တစ်ချိန်တည်းမှာပင် အရှေ့ပိုင်းဒေသတွင် ဖြစ်သည်။
ခန်းမကြီးထဲရှိ ဘီးတပ်ကုလားထိုင်ပေါ်တွင် ထိုင်နေသော အဘိုးအိုတစ်ဦး၏ နှုတ်ခမ်းပေါ်တွင် ပြုံးရိပ်တစ်ခု ပေါ်လာ၏။
"စိတ်ဝင်စားစရာပဲ... ဒါဆို အဲ့ဒီတုန်းက ပြဿနာရှာခဲ့တာ သူတို့ပေါ့။"
"ကျိကျန်း ...ဒါက ကောင်းချီးတစ်ခုလား ဒါမှမဟုတ် တခြားတစ်ခုခုလားဆိုတာ ငါ သိချင်မိပါရဲ့။"
သုသည် ကျိကျန်းကို တပည့်အဖြစ် လက်ခံရန် ကြိုးပမ်းခဲ့သော်လည်း ငြင်းပယ်ခံခဲ့ရသည်ကို ယခုအချိန်ထိ သတိရနေဆဲပင် ..။
----------------