← Chapters

အခန်း (၂၃၄၃-၂၃၄၄)

Vol. 175 Ch. 2343-2344

အခန်း (၂၃၄၃-၂၃၄၄)

Vol. 175 Ch. 2343-2344

အခန်း(၂၃၄၃)

ကျန်းချန်၏ လေသံက သံသယဖြစ်ဖွယ်ရာမရှိ ပြတ်သားနေခဲ့သည်။

သူက အင်မော်တယ်တိုက်သို့ ယခုမှ ပထမဆုံးအကြိမ် ရောက်ရှိလာခြင်းဖြစ်၍ ဤနေရာနှင့် ပတ်သက်ပြီး အနည်းငယ်သာ သိထားခဲ့သည်။

သူ့ရှေ့ရှိ ထျန်းယန်ဘိုးဘေးသည် လမ်းစဥ်ပေါင်းစည်းခြင်းအဆင့် အင်မော်တယ်ဂိုဏ်းမှ ဆင်းသက်လာသူ ဖြစ်၍ ထျန်းယန်ဘိုးဘေး၏ အတွေ့အကြုံသည် အလွန်တရာပင် ထူးခြား၏။

အကယ်၍ ထျန်းယန်ဘိုးဘေးကို အသုံးချနိုင်မည်ဆိုလျှင် အင်မော်တယ်တိုက်တွင် လှုပ်ရှားရာ၌ ဒုက္ခများစွာကို သက်သာစေနိုင်လိမ့်မည် မဟုတ်ပါလား။

“အရှင်.. ဒါက အနည်းငယ် ခက်ခဲမှာ ကျွန်တော်စိုးရိမ်မိတယ်”

ကျန်းချန်၏ စကားကိုကြားလျှင် ထျန်းယန်ဘိုးဘေး၏ မျက်နှာထက်၌ ခါးသီးသော အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

“ငါက မင်းကို လမ်းပြခိုင်းရုံလေးပဲလေ.. ဘာတွေခက်ခဲနေလို့လဲ”

ကျန်းချန်က နှာခေါင်းရှုံ့ကာ အေးစက်စက် ပြောလိုက်သည်။

“ငါ မင်းကို အသက်ရှင်ဖို့ အခွင့်အရေးပေးပြီးပြီ.. မင်း ဒါကို တန်ဖိုးမထားဘူး ဆိုရင်တော့ ငါ့ကို ရက်စက်တယ် ဆိုပြီး အပြစ်မတင်နဲ့တော့”

“အရှင်.. ကျွန်တော်က အရှင့်ကို ထာဝရသက်ရှည်တောင်တန်းဆီ မခေါ်သွားချင်တာ မဟုတ်ပါဘူး.. ကျွန်တော့်မှာ ထာဝရသက်ရှည်တောင်တန်းဆီ သွားဖို့ အရည်အချင်း မရှိလို့ပါ”

ထျန်းယန်ဘိုးဘေးက အလျင်အမြန်ပင် ပြောကာ ကျန်းချန်ကို အသနားခံလိုက်သည်။

ဤအချိန်တွင် ထျန်းယန်ဘိုးဘေးသည် ကျန်းချန်က ထိပ်တန်းအဆင့် အင်မော်တယ်ဂိုဏ်း၏ တပည့်တစ်ဦး မဟုတ်ကြောင်း သေချာပေါက် သိနေခဲ့ချေပြီ။

အဘယ်ကြောင့်ဆိုသော ထိပ်တန်း အင်မော်တယ်ဂိုဏ်း၏ ပါရမီရှင်တပည့်တစ်ဦး အဆင့်အတန်းဖြင့်ဆိုလျှင် ထာဝရသက်ရှည်တောင်တန်း၏ အခြေအနေကို မသိစရာအကြောင်း မရှိသောကြောင့်ပင်။

သို့သော်လည်း ကျန်းချန် မည်သူမည်ဝါ ဖြစ်သည်က သူ့အတွက် အရေးမကြီးချေ။

လက်ရှိအချိန်၌ အသက်ရှင်ချင်သည် ဆိုလျှင် ကျန်းချန် ထံတွင် အညံ့ခံဖို့က လွဲပြီး သူ့တွင် တခြား ရွေးချယ်စရာမရှိပေ။

ကျန်းချန်က အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။

“မင်းသိထားသ‌လောက် ငါ့ကိုရှင်းပြပါ”

“အရင်တုန်းကတော့ ထာဝရသက်ရှည်တောင်တန်းမှာ ဘာကန့်သတ်ချက်မှ မရှိခဲ့ဘူး.. ဘယ်သူမဆို ဝင်ခွင့်ရှိခဲ့တယ်.. နောက်ပိုင်းမှာ အင်မော်တယ်တိုက်က လူတစ်ယောက်က အင်မော်တယ်ဂိုဏ်းရဲ့ လိုက်လံသတ်ဖြတ်ခြင်းကို ခံရပြီး ထာဝရသက်ရှည်တောင်တန်းမှာ သွားရောက် ပုန်းအောင်းနေခဲ့တယ်.. အဲဒီလူက ထာဝရသက်ရှည် တောင်တန်းထဲမှာ အခွင့်အလမ်း တစ်ခုကို ရရှိခဲ့ပြီး အစွမ်းထက် ကျင့်ကြံသူ ဖြစ်လာခဲ့တယ်.. အဲဒီနောက်မှာတော့ သူ့ကို လိုက်လံ သတ်ဖြတ်ခဲ့တဲ့ အင်မော်တယ်ဂိုဏ်းကို တစ်ယောက်တည်းနဲ့ ပြင်းပြင်းထန်ထန် ထိခိုက်အောင် တိုက်ခိုက်နိုင်ခဲ့တယ်"

"အဲဒီအချိန်ကစပြီး ဒီလိုမျိုး ဖြစ်ရပ်တွေ ထပ်မဖြစ်စေဖို့အတွက် ကာကွယ်တဲ့အနေနဲ့ ရှန်းဝူတိုက်ရဲ့ အကြီးမြတ်ဆုံး အင်မော်တယ်ဂိုဏ်းကြီး ငါးဂိုဏ်းက ထာဝရသက်ရှည်တောင်တန်းကို ထိန်းချုပ်လိုက်ကြတယ်.. အဲဒီနောက်ပိုင်းမှာ ကျင့်ကြံသူတွေအနေနဲ့ ထာဝရသက်ရှည်တောင်တန်းထဲကို ဝင်ချင်တိုင်း ဝင်ခွင့်မရှိတော့ဘူး”

ထျန်းယန်ဘိုးဘေးက သူသိထားသမျှ အချက်အလက်များကို အနည်းငယ်မျှပင် မဖုံးကွယ်ဘဲ ကျန်းချန်ကို အလျင်အမြန်ပင် ရှင်းပြလိုက်သည်။

ကျန်းချန်၏ မျက်ဝန်းများက လင်းလက်သွားခဲ့၏။

“ဒါဆိုရင် ထာဝရသက်ရှည်တောင်တန်းရဲ့ ဝင်ခွင့်က အင်မော်တယ်ဂိုဏ်းကြီး ငါးဂိုဏ်းရဲ့လက်ထဲမှာ ရှိနေတာပေါ့”

“အဲဒီလိုပြောလို့ရတယ် အရှင်.. အစပိုင်းမှာတော့ ထာဝရသက်ရှည်တောင်တန်းရဲ့ ဝင်ခွင့်ကို အင်မော်တယ်ဂိုဏ်းကြီးငါးဂိုဏ်းနဲ့ မြောက်ဘက်က သိုင်းပညာကျင့်ကြံသူ အင်အားစုတွေက ပူးတွဲ ထိန်းချုပ်ခဲ့တယ်.. လွန်ခဲ့တဲ့ နှစ်ပေါင်းရှစ်ထောင်က သိုင်းပညာကျင့်ကြံသူ အင်အားစုတွေ ရှုံးနိမ့်သွားခဲ့ပြီးတဲ့နောက်မှာတော့ ထာဝရသက်ရှည်တောင်တန်းက အင်မော်တယ်ဂိုဏ်းကြီး ငါးဂိုဏ်းရဲ့ ထိန်းချုပ်မှုအောက်ကို လုံးဝကျရောက်သွားခဲ့တယ်"

"နှစ်စဥ်နှစ်တိုင်းမှာ အင်မော်တယ်ဂိုဏ်းကြီး ငါးဂိုဏ်းက ထာဝရသက်ရှည်တောင်တန်းရဲ့ ဝင်ခွင့်နေရာ အချို့ကို အင်မော်တယ်ဂိုဏ်းတွေဆီ မျှပေးလေ့ရှိတယ်.. ဒါပေမဲ့ ထျန်းယန်ဂိုဏ်းက သာမန်ဂိုဏ်းအဆင့်ပဲ ရှိတာမို့ ဝင်ခွင့်နေရာကို ရနိုင်လောက်တဲ့ အရည်အချင်း မရှိဘူး”

ထျန်းယန်ဘိုးဘေးက မချိပြုံး ပြုံးကာ ပြောလိုက်သည်။

ကျန်းချန်က ခဏမျှ စဥ်းစားလိုက်၏။

“ထာဝရသက်ရှည်တောင်တန်းထဲကို ဝင်ခွင့်ရနိုင်မဲ့ နည်းလမ်းရှိရင် ငါ့ကို ပြောပြပါ”

ရှန်းဝူတိုက်ရှိ အင်မော်တယ်ဂိုဏ်းကြီး ငါးဂိုဏ်းသည် အလွန်ပင် စွမ်းအားကြီးမားပြီး တစ်ဂိုဏ်းချင်းစီတွင် ကပ်ဘေးအဆင့် ကျင့်ကြံသူများ ရှိကြသည်။

ထို့ကြောင့် သူ့အနေဖြင့် ထာဝရသက်ရှည်တောင်တန်း ထဲကို အတင်းအကျပ် ထိုးဖောက်ဝင်ရောက်ဖို့ ဆိုသည်မှာ အမှန်တကယ်ပင် ခက်ခဲသော အလုပ်တစ်ခု ဖြစ်၏။

ထို့အပြင် သူ ယခုတစ်ကြိမ် ထာဝရသက်ရှည်တောင်တန်းထဲကို ဝင်ရခြင်းသည် ကောင်းကင်လမ်းစဥ်ကို ရှာဖွေရန် ဖြစ်၍ ၎င်းတို့ကို သတိပြုမိသွားစေရန် မလိုလားခဲ့ပေ။

ထို့ကြောင့် ကျန်းချန်သည် အင်မော်တယ် ကျင့်ကြံခြင်း အင်အားစုများနှင့် အတူ ရောနှောပြီး ထာဝရသက်ရှည်တောင်တန်း ထဲသို့ ဝင်ခွင့်ရရန် ကြိုးပမ်းဖို့ ဆုံးဖြတ်လိုက်သည်။

သိုင်းပညာ ကျင့်ကြံသူများနှင့် အင်မော်တယ် ကျင့်ကြံသူများသည် စွမ်းအားချင်း ကွဲပြားမှု ရှိသော်လည်း ကျန်းချန် ကျင့်ကြံထားသော အပြာရောင်ဧကရာဇ် သက်ရှည်ကျင့်စဥ်သည် သာမန် သိုင်းပညာကျင့်ကြံသူများ၏ ကျင့်စဥ်နှင့် ကွဲပြားသော ကျင့်စဥ်တစ်ခု ဖြစ်သည်။

ထို့အပြင် ဝူရှင်း သူ့ကို သင်ပေးထားသော အရှိန်အဝါ ပြောင်းလဲခြင်း အတတ်ကိုလည်း တတ်မြောက်ထား၍ သူကိုယ်တိုင် မဖော်ထုတ်မချင်း ကပ်ဘေးအဆင့် ကျင့်ကြံသူများပင် လွယ်လွယ်နှင့် သိရှိနိုင်လိမ့်မည် မဟုတ်ပေ။

‌”ယေဘုယျအားဖြင့် ပြောရရင်တော့ အဆင့်မြင့် ဂိုဏ်းကြီးတွေကပဲ ထာဝရ သက်ရှည်တောင်တန်းရဲ့ ဝင်ခွင့်နေရာကို ပိုမို ရရှိကြတယ်.. အဆင့်နိမ့်ဂိုဏ်းတွေ အတွက်ကတော့ အစွမ်းထက်ပုဂ္ဂိုလ် တစ်ဦးဦးရဲ့ နောက်ခံမရှိရင် ထာဝရသက်ရှည်တောင်တန်းရဲ့ ဝင်ခွင့်နေရာကို ရဖို့ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စပဲ”

ထိုစကားကို ပြောနေစဥ် ထျန်းယန်ဘိုးဘေး၏ မျက်နှာထက်၌ ကူကယ်ရာမဲ့သော အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ထျန်းယန်ဘိုးဘေးသည် သန္ဓေဝိညာဥ် အဆင့်ကို ထိုးဖောက်ခဲ့သည်မှာ နှစ်ပေါင်းထောင်ချီ ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း သူ၏ ကျင့်ကြံခြင်းအဆင့်သည် ဤအဆင့်တွင်သာ ရပ်တန့်နေခဲ့သည်။

အကယ်၍ ဖြစ်နိုင်လျှင် ထျန်းယွမ်ဘိုးဘေးသည် ထာဝရသက်ရှည်တောင်တန်း ဆီသို့ တစ်ခေါက်လောက် သွားချင်မိ၏။

ကျန်းချန်က ထျန်းယွမ်ဘိုးဘေးကို တစ်ချက်ကြည့်လိုက်သည်။

“မင်း အရင်တုန်းက ရွှမ်ယန်ဂိုဏ်းဝင် တစ်ယောက်လို့ ငါ့ကို ပြောခဲ့တယ် မဟုတ်လား.. ဒါဆို မင်းတို့ ထျန်းယန်ဂိုဏ်းက ဘာလို့ ထာဝရသက်ရှည်တောင်တန်းရဲ့ ဝင်ခွင့် တစ်နေရာကိုတောင် မရနိုင်ရတာလဲ”

“အရှင်.. အမှန်အတိုင်းပြောရရင် ကျွန်တော်က ရွှမ်ယန်ဂိုဏ်းရဲ့စည်းမျဥ်းကို ချိုးဖောက်ခဲ့တဲ့အတွက် ရွှမ်ယန်ဂိုဏ်းရဲ့အပြစ်ပေးတာကို ခံရမှာ ကြောက်ပြီး ထွက်ပြေးလာခဲ့တာပါ”

ထိုအကြောင်းကို ‌ပြောပြနေစဥ် ထျန်းယန်ဘိုးဘေး၏ မျက်နှာထက်တွင် ရှက်ရွံ့သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

ကျန်းချန်က ခေါင်းညိတ်လိုက်ပြီး ထျန်းယွမ်ဘိုးဘေး၏ ဝိညာဥ်ဆီသို့ လက်ညှိုးညွှန်လိုက်ကာ ထျန်းယန်ဘိုးဘေး၏ ဝိညာဥ်ပေါ်တွင် အမှတ်အသား တစ်ခုကို ချန်ရစ်လိုက်သည်။

“အခု ပြန်သွားပြီး မင်းရဲ့ခန္ဓာကိုယ်ကို ပြန်လည် တည်ဆောက်ပါ.. ပြီးရင် ငါ့ကို ရွှမ်ယန်ဂိုဏ်းဆီ ခေါ်သွားပေးရမယ်.. ထွက်ပြေးဖို့တော့ လုံးဝမကြိုးစားနဲ့.. မင်းကမ္ဘာအဆုံးအထိ ထွက်ပြေးမယ်ဆိုရင်တောင် ငါ မင်းကို သတ်နိုင်တယ်”

ကျန်းချန်က လက်တစ်ဖက်ကို ဝှေ့ယမ်းကာ ထျန်းယန်ဘိုးဘေးကို ပြောလိုက်သည်။

ရွှမ်ယန်ဂိုဏ်းသည် အင်မော်တယ်ကျင့်ကြံခြင်း အင်အားစုများထဲတွင် နာမည်ကျော်ကြားသော လမ်းစဥ်ပေါင်းစည်းခြင်းအဆင့်ဂိုဏ်းတစ်ဂိုဏ်း ဖြစ်၍ ထာဝရသက်ရှည်တောင်တန်း၏ ဝင်ခွင့်နေရာများစွာကို ရရှိထားသည်။

ထို့ကြောင့် သဘာဝကျစွာပင် ကျန်းချန်သည် ရွှမ်ယန်ဂိုဏ်းကို ပစ်မှတ်ထားလိုက်၏။

“စိတ်ချပါအရှင်”

ထျန်းယန်ဘိုးဘေးက မချိပြုံး ပြုံးလိုက်ပြီး ပြန်လည် ဖြေကြားလိုက်သည်။

သူက ရွှမ်ယန်ဂိုဏ်းဆီ မပြန်ချင်သော်လည်း အခြေအနေအရ လက်ခံခဲ့ရသည်။

ယခုအခါတွင် ကျန်းချန်၏ အမိန့်ကို နာခံရန်မှလွဲ၍ သူ့တွင် ရွေးချယ်စရာ မရှိပေ။

ထို့နောက်တွင် ထျန်းယန်ဘိုးဘေးသည် တွေဝေမနေတော့ဘဲ ရွှေရောင်အလင်းတန်း တစ်ခုအဖြစ်သို့ ပြောင်းလဲကာ ပိရှန်းမြို့၏ အထက် ကောင်းကင်ယံကနေ ပျောက်ကွယ်သွားခဲ့သည်။

“ထိပ်သီးအင်မော်တယ်ဂိုဏ်းရဲ့ ပါရမီရှင် ဆိုတဲ့ဂုဏ်ပုဒ်နဲ့ ထိုက်တန်ပါပေတယ်.. သခင်လေးက တကယ်ကို ထူးခြားတာပဲ.. သမီးလေးက ရှီဝမ်တောင်တန်းမှာ သခင်လေးနဲ့ ဆုံတွေ့ခဲ့ရတာ ငါတို့ရှမိသားစုအတွက် တကယ်ကို ဂုဏ်ယူစရာပါပဲ”

ထျန်းယွမ်ဘိုးဘေးကို ကျန်းချန်က နှိမ်နင်းလိုက်သည်ကိုမြင်လျှင် ရှယီ၏ မျက်နှာထက်တွင် အလွန်အမင်း စိတ်လှုပ်ရှားသော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

ဤအချိန်တွင် ကောင်းကင်ယံ၌ ဝင့်ကြွားစွာ ရပ်နေသော ပုံရိပ်ကို ကြည့်ရင်း ရှချင်းမုန့်၏ လှပသောမျက်ဝန်းလေးသည် လင်းလက်နေခဲ့ပြီး အထင်ကြီး လေးစားသော အရိပ်အယောင်များဖြင့် ပြည့်နှက်နေခဲ့သည်။

လက်ကျန် အချိန်များတွင် ကျန်းချန်သည် ပိရှန်းမြို့စားစံအိမ်တွင် ဆက်လက် ကျင့်ကြံနေခဲ့ပြီး သူ၏ ဒဏ်ရာများ အပြည့်အဝ ပျောက်ကင်းပြီးလျှင် ထျန်းယန်ဘိုးဘေးကို ရှာဖွေကာ ရွှမ်ယန်ဂိုဏ်းဆီ သွားရန် အသင့်ပြင်ထားခဲ့သည်။

သို့သော်လည်း ကျန်းချန်၏ အစီစဥ်သည် ထျန်းယန်ဘိုးဘေးကြောင့် ပျက်ပြားသွားခဲ့၏။

ထျန်းယန်ဂိုဏ်းသို့ ပြန်ရောက်ပြီး ဒုတိယမြောက်နေ့မှာပင် ထျန်းယန်ဘိုးဘေးသည် ကျန်းချန် ထံသို့ သတင်းတစ်ခုကို ပေးပို့ခဲ့သည်။

ထိုသတင်းမှာ ရွှမ်ယန်ဂိုဏ်းသည် ထာဝရသက်ရှည်တောင်တန်း၏ ဝင်ခွင့်နေရာ အတွက် မကြာမီမှာပင် ပြိုင်ပွဲ ပြုလုပ်တော့မည် ဟူသော သတင်းပင်။

ထိုသတင်းကို ရရှိပြီးနောက်တွင် ကျန်းချန်သည် မြို့စားစံအိမ်တွင် ဒဏ်ရာများကို ဆက်လက် ကုသမည့် သူ၏ အစီအစဥ်အား စွန့်လွှတ်လိုက်သည်။

သို့သော်လည်း ဤကာလအတွင်း ကုသခဲ့မှုကြောင့် ကျန်းချန်သည် သူ၏ အထွတ်အထိပ် အခြေအနေသို့ အပြည့်အဝပြန်လည် မရောက်ရှိသေးသည့်တိုင် အင်အားဆယ်ပုံ ရှစ်ပုံခန့် ပြန်လည် ရရှိနေခဲ့ချေပြီ။

သူ၏ လက်ရှိ အခြေအနေဖြင့်ဆိုလျှင် နတ်ဘုရင် သတ္တမအဆင့်ခန့် အစွမ်းရှိသည့် အင်မော်တယ် ကျင့်ကြံသူနှင့် မတွေ့မချင်း သူ့ကို ခြိမ်းခြောက်နိုင်သူသည် အလွန်တရာပင် နည်းပါးပေလိမ့်မည်။

နတ်ဘုရင် သတ္တမအဆင်သည် အင်မော်တယ် ကျင့်ကြံသူများထဲတွင် ကပ်ဘေးအဆင့်၏ နှောင်းပိုင်းအဆင့်နှင့် ညီမျှ၏။

အင်မော်တယ်တိုက်ကို စိုးမိုးထားသည့် အင်မော်တယ်ဂိုဏ်းကြီး ငါးဂိုဏ်းတွင်ပင် ကပ်ဘေးအဆင့် နှောင်းပိုင်းရှိ ကျင့်ကြံသူ အရေအတွက် များပြားလိမ့်မည် မဟုတ်ပေ။

ရွှမ်ယန်ဂိုဏ်းသည် အင်မော်တယ်ဂိုဏ်းကြီး ငါးဂိုဏ်းထက် အဆင့်နိမ့်သည့် လမ်းစဥ်ပေါင်းစည်းခြင်း အဆင့်ဂိုဏ်း ဖြစ်၍ ကပ်ဘေးအဆင့် ကျင့်ကြံသူ မရှိချေ။

ထို့ကြောင့် ကျန်းချန်အတွက် ခြိမ်းခြောက်မှု တစ်စုံတစ်ရာ ဖြစ်လာရန်မှာ မဖြစ်နိုင်သလောက်ပင်။

ကျန်းချန်က တွေဝေမနေတော့ဘဲ ရှယီ တို့ကို နှုတ်ဆက်လိုက်ကာ ထျန်းယန်ဂိုဏ်း ဆီသို့ အလျင်အမြန်ပင် ထွက်ခွာသွားခဲ့သည်။

အခန်း(၂၃၄၃)ပြီး၏။

အခန်း(၂၃၄၄)

အင်မော်တယ်တိုက်၏ တောင်ဘက်ရှိ နာမည်ကျော်ကြားသည် ရွှမ်ယန်ဂိုဏ်းသည် မိုင်ပေါင်း သိန်းချီသော နယ်မြေကို လွှမ်းမိုးအုပ်ချုပ်ထားသော ဂိုဏ်းတစ်ဂိုဏ်း ဖြစ်သည်။

အင်မော်တယ်တိုက်ရှိ အင်မော်တယ် ကျင့်ကြံခြင်း အင်အားစုများထဲတွင် ရွှမ်ယန်ဂိုဏ်းသည် အင်မော်တယ်ဂိုဏ်းကြီးငါးဂိုဏ်းပြီးလျှင် ဒုတိယအဆင့်ရှိသည့် လမ်းစဥ် ပေါင်းစည်းခြင်းအဆင့် အဖွဲ့အစည်း ဖြစ်ပြီး ဂိုဏ်းအတွင်း၌ လမ်းစဥ်ပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူ များစွာ ရှိသည်။

ဤအချက်ကြောင့်ပင် ရွှမ်ယန်ဂိုဏ်းသည် အင်မော်တယ်တိုက်၏ နယ်မြေတစ်ခုကို စိုးမိုးထားနိုင်ပြီး ကျင့်ကြံသူပေါင်းများစွာ၏ စိတ်ကူးအိပ်မက်ထဲမှ မြင့်မြတ်သော ကျင့်ကြံခြင်းနယ်မြေတစ်ခု ဖြစ်နေခြင်းပင်။

ရွှမ်ယန်ဂိုဏ်းသည် ရွှမ်ယန်တောင်တွင် တည်ရှိပြီး အဝေးကနေ လှမ်းကြည့်လျှင် မြေပြင်ကနေ ထိုးထွက်နေသော ရွှမ်ယန်တောင်၏ လှပသော တောင်ထွတ်သည် မီတာထောင်ချီ အမြင့်သို့ပင် ရောက်ရှိနေခဲ့ပြီး ကောင်းကင်တိုင်လုံးကြီးများ သဖွယ် တည်ရှိနေခဲ့၏။

တောင်ထိပ်တွင် ကောင်းကင်နှင့်မြေကြီး၏ ဝိညာဥ်စွမ်းအားများသည် အလွန်ပင် ကြွယ်ဝပြီး အင်မော်တယ်မြူခိုးများသဖွယ် လွှမ်းခြုံထား၏။

ပါရမီ သိပ်မထူးချွန်သော လူများပင်လျှင် ထိုပတ်ဝန်းကျင်တွင် တစ်နှစ်ပတ်လုံး ကျင့်ကြံပါက ‌‌ရွှေအမြုတေအဆင့်ကို ထိုးဖောက်ပြီး သန္ဓေဝိညာဥ် အဆင့်သို့ပင် ရောက်ရှိနိုင်မည့်အခွင့်အရေး ရှိ၏။

ရွှမ်ယန်တောင်၏ အပြင်ဘက်ရှိ လေထုထဲတွင် လူသားပုံရိပ်နှစ်ခုသည် ကြယ်တံခွန်များ သဖွယ် လေထုကို ဖြတ်ကျော်ကာ ရွှမ်ယန်ဂိုဏ်းရှိရာ ဆီသို့ အရှိန်အဟုန်ဖြင့် ပျံသန်းလာကြသည်။

ထိုပုံရိပ်နစ်ခုသည် အခြားသူများ မဟုတ်ဘဲ ကျန်းချန်နှင့် ထျန်းယန်ဘိုးဘေး တို့ပင် ဖြစ်သည်။

ထျန်းယန်ဘိုးဘေး၏ သတင်းစကားကို ရရှိပြီးနောက်တွင် ကျန်းချန်သည် ထျန်းယန်ဂိုဏ်းသို့ ချက်ချင်းပင် သွားရောက်ခဲ့ပြီး ခန္ဓာကိုယ် ပြန်လည် တည်ဆောက်ထားသည့် ထျန်းယန်ဘိုးဘေးနှင့်အတူ ရွှမ်ယန်ဂိုဏ်း ဆီသို့ ခရီးထွက်လာခဲ့ခြင်း ဖြစ်သည်။

ကျန်းချန်ထံတွင် အညံ့ခံပြီးနောက်တွင် ထျန်းယန်ဘိုးဘေးသည် ကျန်းချန်အတွက် အစွမ်းကုန် ကြိုးစားပေးခဲ့သည်။

သူက ထျန်းယန်ဂိုဏ်းသို့ ပြန်လည် ရောက်ရှိသည်နှင့် ရွှမ်ယန်ဂိုဏ်း၏ အကြောင်းကို စုံစမ်းခဲ့၏။

ထိုအချက်ကြောင့်ပင် ထျန်းယန်ဘိုးဘေးသည် ရွှမ်ယန်ဂိုဏ်းက ထာဝရသက်ရှည်တောင်တန်း၏ ဝင်ခွင့်နေရာ အတွက် ပြိုင်ပွဲ ကျင်းပတော့မည်ကို သိရှိခဲ့ပြီး ကျန်းချန်အား အကြောင်းကြားနိုင်ခဲ့ခြင်း ဖြစ်သည်။

ထိုသတင်းကို သိရှိပြီးနောက်တွင် ကျန်းချန်သည် တုံ့ဆိုင်းမနေခဲ့ဘဲ ရွှမ်ယန်ဂိုဏ်း ဆီသို့ အမြန်ဆုံး အရှိန်အဟုန်ဖြင့် ခရီးထွက်လာခဲ့၏။

အင်မော်တယ်ဂိုဏ်းကြီး ငါးဂိုဏ်းက ထာဝရသက်ရှည်တောင်တန်းကို ထိန်းချုပ်လိုက်ကတည်းကပင် တောင်တန်းထဲသို့ ဝင်ရောက်နိုင်မည့် အခွင့်အရေးသည် တစ်နှစ်လျှင် တစ်ကြိမ်သာ ရှိတော့၏။

အကယ်၍ ယခုတစ်ကြိမ်ကို လွဲချော်သွားလျှင် နောက်ထပ်တစ်နှစ် ထပ်မံ စောင့်ရပေလိမ့်မည်။

ယခုအခါတွင် နတ်ကုန်းမြေတိုက်သည် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု၏ ကျူးကျော်မှုကို ခံနေရ၍ အခြေအနေ အလွန်ဆိုးရွားနေသည် ဖြစ်ရာ ကျန်းချန်သည် ဤနေရာတွင် အချိန်နောက်ထပ် တစ်နှစ်ကို အလဟဿ မဖြုန်းတီးလိုခဲ့ပေ။

“မင်းတို့နှစ်ယောက် ရပ်လိုက်ကြစမ်း”

ကျန်းချန်က ရွှမ်ယန်ဂိုဏ်း၏ ဂိတ်တံခါးရှေ့သို့ ရောက်ရှိလာသောအခါတွင် ရွှမ်ယန်ဂိုဏ်းမှ တပည့်နှစ်ဦးသည် ရုတ်တရက် ထွက်လာခဲ့ပြီး ကျန်းချန်တို့ နှစ်ယောက်ကို တားဆီးလိုက်သည်။

ထိုနှစ်ယောက်က သန္ဓေဝိညာဥ်အဆင့် ကျင့်ကြံသူများ ဖြစ်ကာ ၎င်းတို့၏ အရှိန်အဝါသည် အလွန်တရာပင် အားကောင်းပြီး ထျန်းယန်ဘိုးဘေးထက်ပင် ပိုမို၍ အစွမ်းထက်နေခဲ့သည်။

သူ့ရှေ့မှ နှစ်ဦးကိုမြင်လျှင် ထျန်းယန်ဘိုးဘေးသည် ဂါဝရပြု၍ ပြုံးကာ ပြောလိုက်သည်။

“စီနီယာတို့.. ကျွန်တော် ဟုန်ထျန်းယန်က ရွှမ်ယန်ဂိုဏ်းရဲ့တပည့်တစ်ယောက်ပါ.. ထာဝရသက်ရှည်တောင်တန်းရဲ့ ဝင်ခွင့်နေရာအတွက် ကျင်းပပြုလုပ်တဲ့ သိုင်းပြိုင်ပွဲကို ကြည့်ရှုဖို့ ရောက်လာတာပါ”

ထိုစကားကိုပြောရင်း ထျန်းယန်ဘိုးဘေးသည် ရွှမ်ယန်ဂိုဏ်း၏ တပည့်သင်္ကေတ တံဆိပ်ပြားကို ထုတ်ယူကာ ပြလိုက်သည်။

“ဝင်သွားပါ”

ဟုန်ထျန်းယန်၏ တံဆိပ်ပြားကိုမြင်လျှင် ရွှမ်ယန်ဂိုဏ်းမှ တပည့်နှစ်ဦးသည် ခွင့်ပြုလိုက်ပြီး ကျန်းချန်တို့၏ ရှေ့ကနေ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားကြသည်။

ရွှမ်ယန်ဂိုဏ်းသည် ထာဝရသက်ရှည်တောင်တန်း၏ ဝင်ခွင့်နေရာအတွက် နှစ်စဥ် သိုင်းပြိုင်ပွဲ ကျင်းပလေ့ရှိသည်။

ထိုပြိုင်ပွဲကာလသို့ ရောက်လျှင် ပြင်ပတွင် ကျင့်ကြံနေကြသော တပည့်များသည် ဂိုဏ်းသို့ ပြန်ရောက်လာလေ့ ရှိကြသည်။

ဟုန်ထျန်းယန် ရွှမ်ယန်ဂိုဏ်းကနေ ထွက်ခွာသွားသည်မှာ ယခုဆိုလျှင် နှစ်ပေါင်းထောင်ချီ ကြာမြင့်ခဲ့ပြီ ဖြစ်ရာ ထို ရွှမ်ယန်ဂိုဏ်းမှ တပည့်နှစ်ဦးသည် ဟုန်ထျန်းယန် မည်သူမည်ဝါဖြစ်ကြောင်း သေချာပေါက် မသိရှိကြပေ။

ထို့အပြင် ဟုန်ထျန်းယန်သည် ကျန်းချန်ကို ရွှမ်ယန်ဂိုဏ်းဆီခေါ်လာရာတွင် အန္တရာယ် ရှိနိုင်သည်ကို သိသဖြင့် သူ၏ ခန္ဓာကိုယ်ကို ပြန်လည် တည်ဆောက်စဥ်ကပင် မူလရုပ်ရည်ကို စွန့်လွှတ်ခဲ့သည်။

ထို့ကြောင့် သူကိုယ်တိုင် ထုတ်မပြောသရွေ့ ဟုန်ထျန်းယန်ကို သိရှိသူများပင်လျှင် မှတ်မိနိုင်လိမ့်မည် မဟုတ်ပေ။

ဟုန်ထျန်းယန်သည် ရွှမ်ယန်ဂိုဏ်းမှ တပည့်တစ်ဦး ဖြစ်၍ ကျန်းချန်သည် ရွှမ်ယန်ဂိုဏ်းအတွင်းသို့ အနှောင့်အယှက်မရှိသလောက် ဝင်ရောက်နိုင်ခဲ့သည်။

ဟုန်ထျန်းယန်သည် ဂိုဏ်း၏ အုပ်ချုပ်ရေးခန်းမ ဆီသို့ တိုက်ရိုက်ပင် သွားရောက်ခဲ့ပြီး ကျန်းချန် အတွက် ပြိုင်ပွဲဝင်ရန် အမည်စာရင်း သွင်းပေးခဲ့သည်။

ရွှမ်ယန်ဂိုဏ်းသည် နယ်မြေတစ်ခုကို စိုးမိုးထားသည့် လမ်းစဥ်ပေါင်းစည်းခြင်းအဆင့် ဂိုဏ်းတစ်ဂိုဏ်း ဖြစ်၍ ထာဝရသက်ရှည်တောင်တန်း၏ ဝင်ခွင့်နေရာကို တစ်နှစ်လျှင်‌ ခြောက်နေရာ ရရှိထား၏။

ထိုဝင်ခွင့်ခြောက်နေရာ အတွက် ရွှမ်ယန်ဂိုဏ်းတွင် ပြိုင်ပွဲလုပ်ကာ အဆုံးအဖြတ်ပေးမည် ဖြစ်သည်။

ထိုခြောက်နေရာထဲမှ တစ်နေရာကို ရွှမ်ယန်ဂိုဏ်း၏ အဆင့်မြင့် အကြီးအကဲတစ်ဦး အတွက် ကြိုတင် သတ်မှတ်ထားသည်။

ကျန်ရှိသော ဝင်ခွင့်နေရာ ငါးနေရာကိုမူ ရွှမ်ယန်ဂိုဏ်းမှ ပါရမီရှင်တပည့်များက ယှဥ်ပြိုင်ကြရမည် ဖြစ်၏။

ဟုန်ထျန်းယန်သည် ရွှမ်ယန်ဂိုဏ်း၏ တပည့်ဟောင်း တစ်ဦးဖြစ်၍ ပြိုင်ပွဲနှင့် ပတ်သက်ပြီး နားလည်နေခဲ့သည်။

ဟုန်ထျန်းယန်၏ ရှင်းပြမှုဖြင့်ပင် ကျန်းချန်သည် ပြိုင်ပွဲအကြောင်းကို အကြမ်းဖျဥ်း နားလည်သွားခဲ့သည်။

“အရှင်.. ရွှမ်ယန်ဂိုဏ်းမှာ နာမည်ကျော်ပါရမီရှင်တပည့်တွေအများကြီးရှိတယ်.. ကြားရသလောက်တော့ ရွှမ်ယန်ဂိုဏ်းရဲ့နံပါတ်တစ် ပါရမီရှင်တပည့်က ဝိညာဥ်ခွဲထွက်ခြင်းအဆင့်ကို ရောက်ရှိနေပြီလို့ ဆိုကြတယ်.. ဒါ့အပြင် ဝင်ခွင့်နေရာအတွက် ယှဥ်ပြိုင်မဲ့သူတွေက အနည်းဆုံး သန္ဓေဝိညာဥ်နှောင်းပိုင်းအဆင့် ကျင့်ကြံသူတွေပဲ”

ဟုန်ထျန်းယန်က အလေးအနက်ပင် ပြောလိုက်သည်။

အင်မော်တယ်ဂိုဏ်းကြီး ငါးဂိုဏ်း ပြီးလျှင် ဒုတိယအဆင့်၌ ရှိသော ရွှမ်ယန်ဂိုဏ်းသည် သံသယဖြစ်ဖွယ်ရာ မရှိ အင်အားကြီးမားလှ၏။

ကျန်းချန်က သူ့ကို တစ်ကွက်တည်းဖြင့်ပင် အသာအယာ အနိုင်ယူခဲ့သော်လည်း ထာဝရသက်ရှည်တောင်တန်း၏ ဝင်ခွင့်နေရာ တစ်နေရာကို အလွယ်တကူ ရရှိနိုင်လိမ့်မည် ဟုန်ထျန်းယန် မထင်ပေ။

ထို့အပြင် သူ၏ ရွှမ်ယန်ဂိုဏ်း တပည့် အဆင့်အတန်းသည် ပြဿနာတချို့ ရှိနေသေး၏။

ယခုအချိန်တွင် သူ့ကို မည်သူမှ သတိမထားမိသော်လည်း ကျန်းချန်သာ ဝင်ခွင့်နေရာ တစ်နေရာကို ရရှိသွားလျှင် သူတို့ မည်သူမည်ဝါ ဖြစ်ကြောင်း ပေါ်ပေါက်သွားနိုင်ပေသည်။

ထိုကဲ့သို့ ဖြစ်လာခဲ့လျှင် သူတို့သည် ကြီးမားသော ပြဿနာများနှင့် ရင်ဆိုင်ရရန် အလားအလာ အလွန်များနေခဲ့၏။

သို့သော်လည်း ဟုန်ထျန်းယန်သည် သူနှင့် ကျန်းချန်က တစ်လှေတည်းစီးများ ဖြစ်နေပြီကို ကောင်းစွာ သိရှိထားသဖြင့် ကျန်းချန်ကို နောက်ထပ် ခြေလှမ်း တစ်လှမ်း ထပ်မံ လှမ်းနိုင်ရန် အကူအညီပေးရုံသာ တတ်နိုင်ခဲ့သည်။

“ငါနားလည်ပြီ.. အရင်ဆုံး နေဖို့ နေရာတစ်နေရာရှာပြီး ပြိုင်ပွဲကျင်းပတဲ့ အချိန်အထိ စောင့်ကြတာပေါ့”

ကျန်းချန်က တည်ငြိမ်စွာ ပြုံး၍ ပြောလိုက်သည်။

သူက ပြိုင်ပွဲတွင် ရင်ဆိုင်ရမည့် ရွှမ်ယန်ဂိုဏ်းမှ ပါရမီရှင်တပည့်များကို လုံးဝ ဂရုမစိုက်ပေ။

သူက နတ်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်ရာ ရွှမ်ယန်ဂိုဏ်းမှ ပါရမီရှင်တပည့်များကိုမပြောနှင့်၊ ရွှမ်ယန်ဂိုဏ်း၏ လမ်းစဥ်ပေါင်းစည်းခြင်းအဆင့်ရှိ ကျင့်ကြံသူများပင်လျှင် သူ ထာဝရသက်ရှည်တောင်တန်း၏ ဝင်ခွင့်နေရာ တစ်နေရာ ရယူခြင်းကို တားဆီးနိုင်လိမ့်မည် မဟုတ်ပေ။

ကျန်းချန်က သူ့ကို နေစရာနေရာ ရှာခိုင်းလိုက်သည်ကို ကြားလျှင် ဟုန်ထျန်းယန်သည် တစ်ခဏမျှ မှင်တက်သွားခဲ့ပြီး မျက်နှာထက်တွင် အခက်တွေ့သော အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ဤအခိုက်အတန့်တွင် ဟုန်ထျန်းယန်သည် ကျန်းချန်ကို မည်သည့်နေရာသို့ ခေါ်သွားပြီး နေထိုင်ခိုင်းရမှန်း အမှန်တကယ် မသိတော့ပေ။

သူက သူ၏ ယခင် တံဆိပ်ပြားကို အသုံးပြုကာ ရွှမ်ယန်ဂိုဏ်းထဲသို့ ဝင်ရောက်လာနိုင်ခဲ့သော်လည်း သူယခင်က နေထိုင်သည့် နေရာသို့ ပြန်သွားရန်မှာ မဖြစ်နိုင်တော့ချေ။

အကယ်၍ သူက ဂိုဏ်း၏ အုပ်ချုပ်ရေးခန်းမသို့ သွားကာ နေရာထိုင်ခင်း စီစဥ်ပေးရန် သွားပြောခဲ့လျှင် သူ မည်သူမည်ဝါ ဖြစ်ကြောင်း ပေါ်ပေါက်သွားပေလိမ့်မည် မဟုတ်ပါလော။

“မင်း ရွှမ်ယန်ဂိုဏ်းမှာ နေခဲ့တဲ့ နေရာကိုပဲ သွားကြတာပေါ့”

ကျန်းချန်က ဟုန်ထျန်းယန်၏ စိတ်ကို ရိပ်စားမိခဲ့ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

ဟုန်ထျန်းယန်သည် အနည်းငယ် တုံ့ဆိုင်းနေပြီးမှ ကျန်းချန်ကို ပြောလိုက်၏။

“အရှင်.. ကျွန်တော် အရင်က နေခဲ့တဲ့နေရာမှာ ရွှမ်ယန်ဂိုဏ်းက တပည့်တွေ နေနေလောက်ပြီ ထင်တယ်”

“အဆင်ပြေပါတယ်.. သူတို့တွေ ငါတို့ ရှိနေတာကို သိခွင့်ရမှာ မဟုတ်ဘူး”

ကျန်းချန်က ယုံကြည်မှုအပြည့်ဖြင့် ပြုံးကာ ပြောလိုက်သည်။

ထိုစကားကိုကြားလျှင် ဟုန်ထျန်းယန်သည် တွေဝေမနေတော့ဘဲ သူ ယခင် နေထိုင်သည့်နေရာသို့ ကျန်းချန်ကို ခေါ်ဆောင်သွားခဲ့သည်။

သိပ်မကြာခင်မှာပင် သူတို့နှစ်ဦးသည် ခြံဝင်း တစ်ခု ဆီသို့ရောက်ရှိလာကြ၏။

ဟုန်ထျန်းယန် ဘာစကားမှ မပြောရသေးခင်မှာပင် ကျန်းချန်သည် ဟုန်ထျန်းယန်၏ ပခုံးကို လက်ဖြင့် အသာအယာဆုပ်ကိုင်လိုက်သည်။

နောက်ထပ်တစ်ခဏတွင် ကျန်းချန်သည် သူ့ကို ခြံဝင်းအတွင်းရှိ အခန်းတစ်ခန်းထဲသို့ အေးအေးလူလူ ခေါ်ဆောင်သွားသည်ကို ဟုန်ထျန်းယန် တွေ့ရှိလိုက်ရသည်။

“တကယ်ကို ကြောက်စရာကောင်းတဲ့ နည်းလမ်းပါလား”

ဟုန်ထျန်းယန် အတော်လေး အံ့ဩ ထိတ်လန့်သွားခဲ့သည်။

ထိုအခိုက်အတန့်တွင် ဟုန်ထျန်းယန်သည် သူ့ရှေ့မှ လူငယ်လေးကို အထင်သေးမိနေဆဲ ဖြစ်ကြောင်း ကိုယ့်ကိုယ်ကိုယ် သိလိုက်သည်။

ဤကဲ့သို့ အရှိန်အဝါကို ဖုံးကွယ်သော နည်းလမ်းမျိုးသည် သန္ဓေဝိညာဥ်အဆင့် ကျင့်ကြံသူတစ်ဦး ပိုင်ဆိုင်နိုင်သည့် အတတ်မျိုး မဟုတ်ပေ။

ထိုလူငယ်က ထာဝရသက်ရှည်တောင်တန်း၏ ဝင်ခွင့်နေရာတစ်နေရာကို ရရှိနိုင်မည်ဟု ယုံကြည်မှု ရှိနေသည်မှာ မထူးဆန်းတော့ချေ။

သူ့အထင် ထိုလူငယ်လေးသည် အနည်းဆုံး ဝိညာဥ်ခွဲထွက်ခြင်းအဆင့်သို့ ရောက်ရှိနေသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ဖို့များ၏။

အခန်း(၂၃၄၄)ပြီး၏။

All Chapters