← Chapters

သိပ္ပံပညာကို ယုံကြည်ပါ၊ ဒီကမ္ဘာမှာ သရဲမရှိပါဘူး

Vol. 25 Ch. 279

သိပ္ပံပညာကို ယုံကြည်ပါ၊ ဒီကမ္ဘာမှာ သရဲမရှိပါဘူး

Vol. 25 Ch. 279

ကျိယွမ်နှင့်ပတ်သက်သော အချက်အလက်များကို ကြားလိုက်ရသောအခါ အားလုံး၏မျက်နှာများက ပို၍ပင် အားလျော့သွား၏။

"သူ အောင်အောင်မြင်မြင်နဲ့ ပြန်လည်ဝင်စားနိုင်ခဲ့ရင်တောင်မှ သူ့မှာ တစ်နှစ်စာ မှတ်ဉာဏ်ပဲ ရှိမှာပေါ့"

ပါတီပွဲတစ်ခုမှ ပြန်လာပြီး အဝတ်အစားလဲရန် အချိန်မရသေးသည့်အလား အလွန်အမင်း ပြင်ဆင်ခြယ်သထားသော အရပ်ရှည်ရှည် အမျိုးသမီးတစ်ဦးက ပြောလိုက်သည်။

ကုံရီကျင်း၏ စကားအပြီးတွင် လူတိုင်း တိတ်ဆိတ်သွား၏။

အကယ်၍ ကြိုတင်သတင်းစကားက အမှန်ဆိုလျှင် ကမ္ဘာကြီးက မကြာမီအချိန်လေးမှာပင် reset ဖြစ်တော့မည်။

ပြန်လည်ဝင်စားသူများသာလျှင် သူတို့၏မှတ်ဉာဏ်များကို နဂိုအတိုင်း သယ်ဆောင်သွားနိုင်မည်ဖြစ်ပြီး ကျန်သူများက အားလုံးကိုမေ့သွားပြီး လွန်ခဲ့သော ၁၀ နှစ်ကိုပြန်ရောက်နေမှန်းပင် သိကြမည်မဟုတ်ပါ။

သို့သော် စိတ်မကောင်းစရာက သူတို့ထဲမှ မည်သူကမျှ ပြန်လည်ဝင်စားသူများထဲတွင် ပါဝင်လောက်အောင် ကံမကောင်းခဲ့ကြချေ။

ထို့ကြောင့် သူတို့အနေဖြင့် လွန်ခဲ့သော ဆယ်နှစ်ခန့်က အချိန်သို့ ပြန်ရောက်သွားလျှင်ပင် ထိုဆယ်နှစ်အတွင်းက မှတ်ဉာဏ်များကို ထိန်းသိမ်းထားနိုင်မည် မဟုတ်ပေ။

ဂူထဲမှလူသေအလောင်း ကျိယွမ်ကမူ သေသွားသွားသော်လည်း ကံကောင်းထောက်မစွာဖြင့် ပြန်လည်ဝင်စားသူများထဲမှ တစ်ဦးဖြစ်လာခဲ့သည်။

ကျိယွမ်မှာ ကုံရီမိသားစုအတွက် သတ်မှတ်ပေးထားသော ခွဲတမ်းဖြစ်၏။

"ဟွန်း... စုမိသားစုသာ ဝင်မရှုပ်ရင် ငါတို့ ဒီလိုလူသေကောင်နဲ့ ပိတ်မိနေမှာ မဟုတ်ဘူး"

အပျော်အပါး အလွန်အကျွံလိုက်စားမှုကြောင့် ခန္ဓာကိုယ် ပျက်စီးနေပုံရသော အမျိုးသားတစ်ဦးက နှာမှုတ်ကာ မကျေမနပ်ပြောသည်။

စုမိသားစုသည်လည်း ကြယ်ခုနှစ်ပွင့်အဆင့်ရှိသော မိသားစုဝင်တစ်ခုဖြစ်ပြီး ကုံယီမိသားစုနှင့် သိသိသာသာဆန့်ကျင်ဘက်ဖြစ်ကာ မကြာခဏဆိုသလို ဖိနှိပ်လေ့ရှိ၏။

ယခုမမျှော်လင့်ထားသော အခြေအနေမျိုးမှာပင် စုမိသားစုသည် အခြားမိသားစုများနှင့် ပူးပေါင်းကာ ကုံရီမိသားစုကို ဖိနှိပ်ခဲ့ပြီး သေပြီးသားလူတစ်ယောက်ကို ခွဲတမ်းချပေးရန် ကြိုးကိုင်းခဲ့၏။

အကယ်၍ အခြားမိသားစုများနှင့် ခွဲဝေရန် အသက်ရှင်နေသော ပြန်လည်ဝင်စားသူ နောက်တစ်ယောက်သာ အရံအဖြစ်မရှိခဲ့လျှင် ကုံရီမိသားစုသည် ယခုကိစ္စကို သေချာပေါက် ငြိမ်ခံနေမည် မဟုတ်ပေ။

"ငါ့ဦးလေးက တခြားပြန်လည်ဝင်စားသူတစ်ယောက်နဲ့ တွေ့ပြီးပြီ။ ဒီတစ်ယောက်ကတော့... ငါတို့ လုပ်သင့်တာကိုပဲ ပြီးအောင်လုပ်ကြတာပေါ့"

ကုံရီကျင်းက တည်ငြိမ်စွာ ပြောလိုက်သည်။ သူမ၏အသံမှာ နူးညံ့သော်လည်း အာဏာစက် ပါဝင်နေသဖြင့် အခြားသူများကို သူ၏အောက်တွင် ရှိနေသကဲ့သို့ ခံစားရစေသည်။

အပျော်ကျူးမှုများ၏ အရှိန်ကြောင့်အနည်းငယ် ရီဝေနေသောမျက်လုံးများနှင့်လူကလည်း ခေါင်းညိတ်ပြ၏။

"အမိန့်ပေးလိုက်စမ်း ၊ ခေါင်းတလားကိုဖွင့်ပြီး အလောင်းကို တူးထုတ်လိုက်"

ဘာပဲဖြစ်ဖြစ် သူတို့ အလောင်းကို မြင်ရဖို့ လိုအပ်နေ၏။

ချက်ချင်းပင် လီရှန်ခုန်၏ အမိန့်အရ စစ်သားအချို့ ရှေ့သို့တက်လာပြီး သင်္ချိုင်းကို စတင်တူးဆွကြတော့သည်။

ညဉ့်နက်လာပြီဖြစ်သော်လည်း တောက်ပသော မီးရောင်များအောက်တွင် သင်္ချိုင်းမြေမှာ နေ့ခင်းဘက်ကဲ့သို့ပင် လင်းထိန်နေ၏။

အနီးအနားတွင် အထူးပြုလုပ်ထားသော ဆိုဖာကုလားထိုင်အချို့ ပေါ်လာပြီး ကုံရီမိသားစုဝင်များက သက်သက်သာသာ ထိုင်လိုက်ကြသည်။

မကြာမီ အစားအသောက်မျိုးစုံရောက်ရှိလာပြီး ထိုင်နေသောလူပေါင်းနှစ်ဆယ်ခန့်မှာ ဖြည်းဖြည်းချင်း စားသောက်ကြ၏။

ယနေ့ဖြစ်ရပ်များမှာ ရုတ်တရက်ဖြစ်ပွားခဲ့ခြင်းဖြစ်သောကြောင့် ဤလူများမှာ တစ်နေကုန် အလုပ်ရှုပ်နေခဲ့ရပြီး စားသောက်ရန်ပင် အချိန်မရခဲ့ကြပေ။

အရက်နှင့် အပျော်အပါးများကြောင့် ခန္ဓာကိုယ်ပျက်စီးနေသော သက်လတ်ပိုင်းအမျိုးသားသည် သူ၏ဖုန်းကိုကိုင်ကာ ပါဝင်သည့်အချက်အလက်များကို အထင်သေးသော အပြုံးဖြင့် ကြည့်နေသည်။

"ဒီပြန်လည်ဝင်စားသူက စိတ်ရောဂါရှိပြီး ကုလို့မရတဲ့ရောဂါလည်း ရှိနေတာပဲ။ သူ ပြန်ရှင်လာရင်တောင် ကြာကြာခံမှာမဟုတ်ဘူး၊ သိပ်ပြီး အသုံးမဝင်လှပါဘူး။"

သူသည် ကျိယွမ် ၏ အုတ်ဂူပေါ်ရှိ QR code ကို စကန်ဖတ်ကြည့်ရာ ကျိယွမ်နှင့်ပတ်သက်သော အချက်အလက်အတော်များများကို တွေ့လိုက်ရသည်။

အဆင့် (၃) စိတ်ဝေဒနာရှိပြီး ပြင်းထန်သော ထင်ရောင်ထင်မှားဝေဒနာများ ခံစားနေရကာ ဆက်သွယ်ပြောဆိုရန် လည်း ခက်ခဲသည်တဲ့။

ကျန်သော မိသားစုဝင်များအားလုံးကလည်း စားသောက်နေရင်းမှ အသီးသီးခေါင်းညိတ်ပြကာ ထိုအမျိုးသား၏ အကဲဖြတ်မှုကို သဘောတူကြသည်။

ကျိယွမ်ဆိုသော လူသေမှာ အသက်ရှိစဥ်ကလည်း အမှန်တကယ်ပင် ကံမကောင်းသူပင်။

သို့သော် သူသည် ကံကောင်းသူလည်း ဖြစ်၏။

ဘာပဲဖြစ်ဖြစ် သူသည် နောက်တစ်ကြိမ် ပြန်လည်အသက်ရှင်ရန် အခွင့်အရေး ရရှိခဲ့သည်မဟုတ်ပါလား။

တစ်နှစ်တည်းအတွက် ဖြစ်နေလျှင်တောင် ထိုရှင်သန်ခွင့်က ထိုက်တန်ပါသည်။

"မျိုးနွယ်စုတစ်ရာရဲ့ ခမ်းနားတဲ့ပွဲကိုတောင် သူမြင်ခွင့်ရမှာမဟုတ်ဘူးလို့ ငါ လောင်းရဲတယ်။ အဲဒီအချိန်ကို ပြန်ရဖို့ ငါတို့ကတော့ နောက်ထပ် ဆယ်နှစ် စောင့်ရဦးမယ်"

ထိုစကားကို ကြားသောအခါ အားလုံး၏ မျက်နှာအမူအရာများတွင် မျှော်လင့်ချက်များဖြင့် သိမ်မွေ့စွာ ပြောင်းလဲသွားကြသည်။

"ဒါကြောင့် အဲဒီအခွင့်အလမ်းအားလုံးကို ငါတို့က လုံးဝထိန်းချုပ်ထားရမယ်"

ကုံရီချိုင်၏ မျက်လုံးများက ထက်မြက်သော အလင်းတန်းများဖြင့် တောက်ပနေ၏။

လွန်ခဲ့သော ဆယ်နှစ်အတွင်း အခွင့်အလမ်းများစွာ ပေါ်ထွက်ခဲ့သော်လည်း အများစုမှာ အခြားသောကြယ်ခုနှစ်ပွင့်အဆင့်မိသားစု၏ လက်ထဲတွင်ကျရောက်သွားခဲ့ကြသည်။

အကယ်၍ သူတို့သည် အနာဂတ်တွင် ထိုအခြေအနေကို ပြောင်းလဲလိုပါက ဤပြန်လည်ဝင်စားမှုမှ ရလာမည့်အခွင့်အရေးများကို ကောင်းကောင်းအသုံးချရန် လိုအပ်၏။

"ကံမကောင်းတာက သူက သေသွားပြီလေ၊ မဟုတ်ရင် ငါတို့ သဘောတူညီချက်တစ်ခု လုပ်လို့ရမှာ"

ကုံရီကျင်းက သက်ပြင်းချကာ ခံတွင်းမတွေ့တော့သလို လက်ထဲမှာဇွန်း ခက်ရင်းကိုပင် ပစ်ချလိုက်သည်။

သူမပြောသော သဘောတူညီချက်ဆိုသည်မှာ ရိုးရှင်းပါသည်။

ကျိယွမ်ထံသို့ ကုဒ်ဝှက်ထားသော မက်ဆေ့ခ်ျများ ပေးပို့ထားရန်ဖြစ်ပြီး၊ သူသည် အချိန်နောက်ပြန်သွားသောအခါ ကုံရီမိသားစုကို ရှာဖွေပြီး ထိုကုဒ်ထဲမှအချက်အလက်များကို ပြန်လည်ပြောပြပေးရုံပင်။

အပြန်အလှန်အားဖြင့် ကုံရီ မိသားစုက ပြန်လည်ဝင်စားသူများထံသို့ ကြီးမားသောအကျိုးအမြတ်များကို လွှဲပြောင်းပေးမည်ဖြစ်သည်။

သို့သော် ဤကဲ့သို့ ပူးပေါင်းဆောင်ရွက်မှုမျိုးတွင် မရေရာမှုများ ရှိနေပြီး

အဓိကအားဖြင့် ပြန်လည်ဝင်စားသူများကသာ အသာစီးရထားသော အပေးအယူမျိုးဖြစ်၏။

အကယ်၍ သူတို့က သဘောတူညီမှုကို အလေးမထားဘဲ ကုဒ်ဝှက်ထားသော မက်ဆေ့ခ်ျများကို မိသားစုများအား ပြန်ပြောပြရန် ငြင်းဆန်ခဲ့လျှင်လည်း သူတို့က ဘာမှမတတ်နိုင်ပါ ။

သူတို့က ကမ္ဘာကြီး ၁၀ နှစ်စာနောက်ပြန်လာသည်ကို မသိသလို ၊ ထိုသို့သော အစီအစဥ်များရှိကြောင်းကိူလည်း လုံးဝမမှတ်မိတော့မည် မဟုတ်ပေ။

ထို့ကြောင့် ပြန်လည်ဝင်စားသူများကို အပြည့်အဝသိမ်းသွင်းရန်အတွက် အဓိကမိသားစုကြီးများသည် အကုန်အကျခံရန် ဝန်မလေးကြခြင်းပင်။

မိန်းမလှများ ၊ ချမ်းသာကြွယ်ဝမှု၊ အာဏာ တတ်နိုင်သမျှ အရာအားလုံးကို ရင်းကြမည်သာ။

သို့သော် ကံမကောင်းသည်မှာ ဤကျိယွမ် သေဆုံးပြီးသားသူ ဖြစ်နေသည်။

သေဆုံးသူများမှာ ဆက်သွယ်ပြောဆိုခြင်း သို့မဟုတ် ပူးပေါင်းဆောင်ရွက်ခြင်း မပြုနိုင်သဖြင့် သူတို့အစီအစဥ်များမှာ အသုံးမဝင်တော့ပေ။

ထို့ကြောင့် ကုံယီမိသားစု၏ အရေးပါသူ အများစုမှာ အခြားပြန်လည်ဝင်စားသူတစ်ဦးကို သွားရောက်ရှာဖွေကြပြီး၊ ဤ ဤနေရာကိုတော့ အဖွဲ့ငယ်လေးကိုသာ စေလွှတ်ခြင်းခံ၏။

ယနေ့ ကြိုးပမ်းအားထုတ်မှုများမှာ အချည်းနှီးဖြစ်ရန် ကံပါလာခဲ့ပြီးသားပင်။

စစ်သားများ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် သင်္ချိုင်းကို မကြာမီ တူးထုတ်နိုင်ခဲ့ပြီး ခေါင်းတလားတစ်ခု သူတို့ရှေ့တွင် ပေါ်လာသည်။

ရောက်ရှိနေသူများသည် အိုဟောင်းနေသော ခေါင်းတလားကိုကြည့်ကာ အနည်းငယ် စိုးရိမ်ထိတ်လန့်သလိုတော့ ခံစားရ၏။

သို့သော် မိန်းမသားဖြစ်သော ကုံယီကျင်းက အရင်းဆုံးတိုးသွားပြီး အခေါင်းထဲသို့ သေချာငုံ့ကြည့်၏။

သူမက မျက်မှောင်ကျုံ့ကာ ရေရွတ်လိုက်သည်။

"အရိုးတွေပဲ ကျန်တော့တာပဲ။"

ကျန်သော မိသားစုဝင်များသည်လည်း ကျိယွမ်၏ အရိုးစုကို ကြည့်ရင်း အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြ၏။

ထိုအချိန်တွင် ကုံယီချိုင်က အချိန်မဆွဲချင်သဖြင့် မြန်မြန်ကိစ္စဖြတ်ရန် လောဆော်လိုက်သည်။

"စီစဉ်ထားတဲ့အတိုင်း ဆက်လုပ်မယ်"

ကျိယွမ်ဆိုသူက သေဆုံးနေပြီဖြစ်သော်လည်း သူတို့သည် ခေါင်းတလားအတွင်းမှ အလောင်းကို သူတို့၏အစီအစဉ်များကို ပြောပြရန် ဆုံးဖြတ်ထားဆဲပင်။

အလောင်းက နားမထောင်နိုင်သော်လည်း၊ မတော်တဆ ကြားနိုင်ခဲ့လျှင်ရော..။

ထိုသူက သေသွားပြီ ဖြစ်သော်လည်း သူ၏ဝိညာဉ်က အနီးအနားမှာ လွင့်မျောနေနိုင်သည်မဟုတ်ပါလား။

ကမ္ဘာကြီး reset ဖြစ်တာလိုမျိုး ရယ်စရာကောင်းတဲ့အရာတောင် ဖြစ်ပျက်နိုင်သေးတာပဲ၊ ဒီထက်ပိုပြီး ထူးဆန်းတဲ့အရာတွေ ဖြစ်လာတာက... သိပ်တော့ မဆန်းဘူးမလား ။

"ဘယ်သူ သတင်းစကားပါးမလဲ"

ကုံယီချိုင်က မောပန်းနေသောအသံဖြင့် ထပ်မေးလိုက်သည် ။ သူကတော့ ထိုအလုပ်ကို လုပ်ချင်ပုံမရပေ။

ကုံယီမိသားစုဝင် နှစ်ဆယ်ခန့်မှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး သူလုပ်နိုးနိုး ငါလုပ်နိုးနိုးဖြင့် လူတိုင်းက တွန့်ဆုတ်နေကြသည်။

အရိုးသာကျန်တော့သည့် အလောင်းတစ်လောင်းကို စကားပြောရခြင်းက အဓိပ္ပာယ်မရှိသလို၊ အထူးသဖြင့် ယခုလို သန်းခေါင်ယံအချိန်ကြီးတွင် မည်သူမျှ မလုပ်ချင်ကြပေ။

အပျော်အပါးလိုက်စားသဖြင့် ခန္ဓာကိုယ်ပျက်စီးနေသော အမျိုးသားက ပထမဆုံးငြင်း၏။

"ဦးလေး၊ ကျွန်တော် တစ်ညလုံး မအိပ်ရသေးဘူး"

ကုံယီကျင်းက ခဏမျှ တုံ့ဆိုင်းသွားပြီး တစ်ခုခုပြောရန် ပြင်လိုက်စဉ် ကုံယီချင်း က ဝင်ပြောလိုက်သည်။

"ကျွန်တော်ပဲ လုပ်ပါ့မယ်"

ကုန်ရီချိုင်က သဘောတူသလို ခေါင်းညိတ်ပြ၏။

ကုံရီချင်းသည် သူတို့မိသားစုတွင် အတည်းငယ်သွေးဝေးသောမျိုးဆက်မှ လာသူဖြစ်သော်လည်း အတော်လေး အရည်အချင်းရှိသဖြင့် ကုံရီမိသားစု၏ ယုံကြည်အားကိုးခြင်းကို ခံရသူဖြစ်သည်။

ကုံရီချင်းက စာရွက်စာတမ်းအချို့ကို ကိုင်ဆောင်ကာ ရှေ့သို့လှမ်းသွားပြီး အရိုးများနှင့်နီးသည်အထိ ချဉ်းကပ်လိုက်၏။

"ကျိယွမ်.. ငါက ကုံရီမိသားစုက ကုံရီချင်းပါ။"

"မင်းရဲ့သင်္ချိုင်းကို ခွင့်ပြုချက်မရှိဘဲ နှောင့်ယှက်မိတဲ့အတွက် ခွင့်လွှတ်ပေးဖို့ အရင်ဆုံး တောင်းပန်ပါတယ်။"

"မင်း ငါပြောတာကို ကြားနိုင်မလားတော့ ငါမသိဘူး။ ဒါပေမဲ့ ငါ ဒီကိုရောက်နေတာ အစစ်မှန်ဆုံး စိတ်ရင်းနဲ့ပါ..."

"လွန်ခဲ့တဲ့ ကိုးနှစ်က မင်းဦးနှောက်သွေးကြောပေါက်ပြီး သေဆုံးခဲ့တယ်၊ ဆေးရုံမှာ ကယ်တင်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူး။"

"ငါတို့ ကုံရီမိသားစုမှာ အကောင်းဆုံး ဆေးဘက်ဆိုင်ရာ အဆောက်အအုံတွေ ရှိတယ်၊ ဆေးကောင်းတွေလည်း ရှိတယ်။ တကယ် မင်း ငါတို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ရွေးချယ်ပြီး အခု ငါပြောမယ့် ကုဒ်ဝှက်ထားတဲ့ သတင်းစကားတွေကို ပြန်ပြောပြပေးမယ်ဆိုရင်၊ မင်းကို အခမဲ့ ကုသပေးရုံတင်မကဘဲ အခွင့်အလမ်းတွေ၊ အာဏာ၊ အဆင့်အတန်း၊ ချမ်းသာကြွယ်ဝမှု... ဒါတွေအားလုံးကို ငါတို့ မင်းကို ပေးနိုင်တယ်..."

"ကုဒ်ဝှက်ထားတဲ့ သတင်းစကားရဲ့ အကြောင်းအရာကတော့..."

ကုံရီမိသားစု၏ ကုဒ်ဝှက်ထားသော သတင်းစကားမှာ လွန်ခဲ့သော ဆယ်နှစ်ခန့်က သူတို့ပိုင်ဆိုင်ခဲ့သော အရာများအကြောင်းဖြစ်သည်။ ကျိယွမ်က ထိုသတင်းစကားကို သူတို့ထံ ပေးပို့နိုင်သရွေ့ သူတို့သည် ကုဒ်ဝှက်စနစ်ကို သုံး၍ အဖြေကို ဖော်ထုတ်နိုင်ပေလိမ့်မည်။

သတင်းစကား၏ အကြောင်းအရာကို ကဏ္ဍသုံးခု ခွဲထားသည် ။

ပထမတစ်ခုမှာ ကမ္ဘာကြီး reset ဖြစ်ခြင်း၊ ၎င်း၏ အကြောင်းရင်းကို နားလည်ခြင်းရှင်းပြခြင်းနှင့် ကုံရီမိသားစုကို အသိပေးခြင်း။

ဒုတိယမှာ အခွင့်အလမ်းများ ရှိနိုင်မည့် နေရာများဖြစ်ပြီး၊ တတိယမှာ အရေးကြီးသော ဖြစ်ရပ်များ ဖြစ်သည်။

ကုံရီချင်းက အလေးအနက် ပြောကြားနေပြီး သတင်းစကား၏ အကြောင်းအရာမှာ အတော်လေး ရှုပ်ထွေးလှ၏။

"မင်း ကြားနိုင်မလား ဒါမှမဟုတ် မှတ်မိမလား ငါမသိတဲ့အတွက် ဒီသတင်းစကားကို အကြိမ်ကြိမ် ထပ်ပြောပေးပါမယ်။"

ဤသို့ဖြင့် သန်းခေါင်ယံချိန်တွင် လော့စ်တောင်တန်း၏သင်္ချိုင်းထဲတွင် ကုံရီချိုင်း အရိုးခြောက်ကို စကားများ ဆက်တိုက် ပြောနေခဲ့သည်။

မြင်ကွင်းမှာ အတော်လေး ထူးဆန်းသလို အနည်းငယ် ရယ်စရာလည်း ကောင်း၏။

အပျော်အပါး လိုက်စားထားသော အမျိုးသားက ပျင်းရိစွာသမ်းဝေလိုက်ပြီး တစ်ငုံသောက်လိုက်ရင်းမှ ကုံရီချင်းကို အထင်သေးသော အကြည့်ဖြင့် ကြည့်နေသည်။

ကုံရီမိသားစုတွင် သူ၏ဖခင်မှာ အာဏာရှိသူတစ်ဦးဖြစ်၏။ကုန်ရီချင်း မှာမူ ဝေးလံသောသွေးဆက်ရှိသူဖြစ်သဖြင့် သူ့ထက်အဆင့်အတန်းနိမ့်ကျလေသည်။

ထို့ကြောင့် သူက အထင်မကြီးသည်မှာ သဘာဝပင်။

"သူ ထပ်ခါတလဲလဲ ပြောနေတာ တစ်နာရီတောင် ရှိပြီ။ မပင်ပန်းဘူးလား။

ငါသာ သူ့နေရာမှာဆိုရင် အသံသွင်းထားတာပဲ သုံးလိုက်မယ်"

သူက တစ်ငုံထပ်သောက်ရင်း အရေးမပါသောအလုပ်တစ်ခုလို ပျက်ရယ်ပြု၏။

ကုံရီကျင်း၏ လှပသောမျက်နှာတွင် အကူအညီမဲ့သော အမူအရာ ပေါ်လာသည်။

"ငါတို့က ကျိယွမ် နဲ့ ညှိနှိုင်းနေတာလေ။ အသံသွင်းတာကို သုံးတာက မယဉ်ကျေးရာ ရောက်သလို စိတ်ရင်းမှန်ကိုလည်း ပြရာမရောက်ဘူး။"

"အလောင်းတစ်လောင်းကို စိတ်ရင်းမှန်အကြောင်း ပြောနေတာလား ၊ ဟိုက အရိုးပဲကျန်တော့တာလေ "

အပျော်အပါးမက်သည့် အမျိုးသားက ကူကယ်ရာမဲ့သလို ပုခုံးအားဟန်ပါပါ တွန့်ပြ၏။

အလောင်းတစ်လောင်းကို လေးစားမှုပြတယ်တဲ့လား ။ ၎င်းမှာ ယခုနှစ်အတွင်း သူကြားဖူးသမျှ အကောင်းဆုံး ဟာသဖြစ်သည်။

သူက ထပ်မံစောဒကတတ်ရန်ပြင်လိုက်စဥ်မှာပင် ကုံရီချိုင်ထံမှ စူးရဲသောအကြည့်ကျရောက်ဘာသဖြင့်

သူ၏ပါးစပ်ကို အသာပြန်ပိတ်ထားလိုက်၏။

ဤသို့ဖြင့် အချိန်များ ကုန်ဆုံးသွားသည်။

တိတ်ဆိတ်သော သင်္ချိုင်းမြေတွင် ကုံရီချင်း၏ ကြည်လင်သော အသံမှာ ဆက်လက် ပျံ့လွင့်နေဆဲပင်။

ကျန်သော မိသားစုဝင်များကတော့ အနားယူရန် နေရာအသီးသီးတွင်ထိုင်ချလိုက်ကြသည်။

သူတို့အားလုံး ဟိုပြေးရ ဒီပြေးရနှင့် တစ်နေ့လုံး အလုပ်ရှုပ်နေခဲ့ကြသည်မဟုတ်ပါလား။

အချိန်များ ထပ်မံကုန်ဆုံးသွားပြီး ကမ္ဘာကြီး ပြန်စရန် ၁၅ မိနစ်ခန့်သာ လိုတော့သည်။

ကုံရီချင်းသည် ညောင်းလာသဖြင့်ခေါင်းတလားအဖုံးကို မှီထားရင်း ဆက်လက် ပြောကြားနေ၏။

အပျော်အပါး လိုက်စားထားသော အမျိုးသားက တစ်ဖန် သမ်းဝေပြန်သည်၊ သူ၏မျက်လုံးများမှာ အိပ်ချင်ဇောဖြင့် မှေးစင်းနေပြီး လူလုံးပင်သိပ်မကွဲချင်တော့ပေ။

"အခုထိ တတွတ်တွတ် ပြောနေတုန်းပဲလား"

ကုံရီချိုင်က အသုံးမကျသော အရက်သမားမျိုးဆက်သစ်ကို မာန်မဲသလို ထပ်မံစိုက်ကြည့်ပြီး ကုံရီချင်း ထံသို့ လျှောက်သွားလိုက်သည်။

သူက နူးညံ့စွာ ပြော၏။

"မင်း ခဏလောက် နားလိုက်ပါလား ၊ ငါတို့ တခြားနေရာက တုံ့ပြန်မှု တစ်ခု ရထားပြီ၊ ပြန်လည်ဝင်စားမဲ့သူက ငါတို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူထားတယ်။"

မိသားစုကြီးများသည် ပြန်လည်ဝင်စားသူ တစ်ဦးတည်းနှင့်သာ ပူးပေါင်းဆောင်ရွက်မည် မဟုတ်သည်မှာ သဘာဝပင်။ သူတို့က ရနိုင်သမျှလူများကို သိမ်းသွင်းကြမည်သာ။

သို့သော် ပြန်လည်ဝင်စားသူများကို ပေးထားသော ကုဒ်ဝှက်ထားသော သတင်းစကားများကိုတော့ အမှားအယွင်း မရှိစေရန်အတွက် ထပ်တူကျရန် အထူးဂရုစိုက်ကြ၏။

"ရပါတယ် ဒုတိယဦးလေး။ မိနစ်အနည်းငယ်ပဲ လိုတော့တာပါ။ ကျွန်တော် နောက်ထပ် ခဏလောက်ပဲ ထပ်ရွတ်ဖတ်ပါ့မယ်၊ ဘာမှ မဖြစ်ပါဘူး"

ကုံရီချင်းက ဇွဲကောင်းစွာ ပြန်ဖြေသည်။

ထိုအချိန်တွင် ကုံရီကျင်းက ရေတစ်ခွက်ကို ယူလာပြီး သူ့ထံ ကမ်းပေးလိုက်၏။

"ကျေးဇူးပဲ"

ကုံရီချင်း က ဖန်ခွက်ကို လှမ်းယူပြီး သောက်ရန် ပြင်လိုက်သည်။

ထိုအခိုက်မှာပင် ရုတ်တရက်ဆိုသလို မြေကြီးက ကိုင်လှုပ်ခံလိုက်ရသလို တုန်ခါသွားလေ၏။

"ဟင်."

သူတို့ခြေထောက်အောက်ရှိ မြေပြင်မှာ လှိုင်းများလိုလှိမ့်တက်လာပြီး သစ်ပင်များ ယိမ်းထိုးကာ မြင့်မားသော အဆောက်အအုံများကတော့ အလွန်အမင်း တုန်ခါသွားကြသည်။

အမှတ်တမဲ့ဖြစ်သောကြောင့် ကုံရီချင်း၏ လက်ထဲရှိ ဖန်ခွက်မှာလည်း ခေါင်းတလားထဲသို့ ပြုတ်ကျသွားလေ၏။

ငလျင်တစ်ခုနှင့် ဆင်တူသော ထိုတုန်ခါမှုမှာ သုံးစက္ကန့်ခန့်သာ ကြာမြင့်ပြီး ချက်ချင်း ပြန်ငြိမ်သွားခဲ့သည်။

"ဘာလဲဟ "

ရောက်ရှိနေသူများသည် အံ့အားသင့်ခြင်း သို့မဟုတ် ထိတ်လန့်တုန်လှုပ်ခြင်းများ ဖြစ်နေကြပြီး မြေပြင်တွင် ငြိမ်သက်စွာထိုင်ကာ ပြန်မထရဲသေးပေ။

ကုံရီချိုင်၏ မျက်ခုံးများတွနိ့ချိုးသွားပြီး သေချာစဥ်းစားနေ၏။

"Reset မဖြစ်ခင် ကမ္ဘာကြီးက လက္ခဏာတွေ ပြနေပြီ။ သတင်းစကားက အမှန်ပဲ ထင်တယ်။"

ကုံရီကျင်း၏ မျက်လုံးများတွင်လည်း ရှုပ်ထွေးသော ခံစားချက်များ ပေါ်နေသည်။

"ကမ္ဘာကြီး reset ဖြစ်သွားပြီးရင် ငါက... ငါကိုယ်တိုင် ဖြစ်နေပါဦးမလား"

ဝန်ခံရလျှင် ကမ္ဘာကြီးပြန်လည်စတင်ခြင်းနှင့်ပတ်သက်၍ ကုံရီကျင်းမှာ လက်မခံနိုင်ဘဲ ငြင်းဆန်ချင်နေမိ၏။

ထိုသို့ မဖြစ်စေချင်ပါ။

သို့သော် ထိုစဉ်မှာပင် ပျင်းရိနေသော အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

"ဟေး... မင်း ရေတွေကို ငါ့အရိုးတွေပေါ် မှောက်ချလိုက်တာလား။"

လူတိုင်း၏ အကြည့်မှာ ခေါင်းတလားဆီသို့ ပြိုင်တူရောက်သွား၏။

ခေါင်းတလားအတွင်းတွင် အရိုးစုတစ်ခု ငေါက်ကနဲ ထထိုင်လိုက်သည်။

"သရဲဟ"

"အောင်မလေးဗျ.."

"အရိုးဖုတ်.."

အပျော်အပါး လိုက်စားထားသော အမျိုးသားမှာ နှလုံးရပ်မတတ်လန့်ဖြန့်သွားပြီး လဲကျလုနီးပါး ဖြစ်သွားသည်။

အခြားသူများလည်း အလားတူ ထိတ်လန့်နေကြပြီး အခေါင်းနှင့်ဝေးရာသို့ ပြေးကုန်၏။

အလောင်းက ပြန်ရှင်လာပြီ။

အလောင်းက တကယ်ပဲ ပြန်ရှင်လာတာ။

"မင်းက...ကျိယွမ်လား"

ကုံရီချင်းက ထိတ်လန့်နေသော်လည်း အားတင်းကာ မရဲတရဲ မေးလိုက်သည်။

အရေးအကြောင်းဆို ပြေးရန်ကိုတော့ စိတ်ထဲတွင် အသင့်ပြင်ထား၏။

အရိုးခြောက်က တန်းမဖြေဘဲ မျက်လုံးဟောက်ပတ်ကြီးများဖြင့် ပတ်ပတ်လည်မှ လူများကို တစ်ချက်ကြည့်သည်။

"အင်း... မင်းတို့က ငါ့သင်္ချိုင်းပေါ်မှာ ကဖို့ တစ်အုပ်တစ်မကြီးရောက်နေကြတာလား"

လက်ရှိတွင် အသက်ပြန်ရှင်လာသည်ဆိုသော်လည်း ကျိယွမ်၏အရိုးများမှာ ခိုင်ခိုင်မာမာ မရှိဘဲ လျော့တိလျော့ရဲ အရိုးစုတစ်ခုအဖြစ်သာ ရှိနေသဖြင့် လှုပ်တုတ်လှုပ်တုတ်ဖြစ်နေ၏။

သူ့ကိုယ်သူ ပြန်ကြည့်ကာ ကျိယွမ် အနည်းငယ် မှင်တက်သွားသည်။

သူက အမှန်တကယ်ပင် အရိုးစုတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ခြင်းပင်။

ဒီဂိမ်းကတော့ စလာကတည်းက ဟုတ်နေပြီ။ ဒီလိုကြီးဆို ငါက တစ်ဘဝလုံးရုပ်သေးရုပ်လို နေထိုင်ရတော့မယ်လို့ ဆိုလိုတာလား။

သူ၏တုန့်ပြန်သံကြောင့် ကုံရီချင်း၏ မျက်နှာတွင် စိတ်လှုပ်ရှားမှုများ ပေါ်လာသည်။

"မင်းမှာ... တကယ်ပဲ အသိစိတ် ရှိနေတာလား ၊ ဒါဆိုရင် သရဲတွေက တကယ်ရှိတာပေါ့"

ကမ္ဘာကြီးပြန်စခြင်းက အမှန်တကယ်ဖြစ်လာသည်မို့ လောကတွင် သရဲများရှိနေတာကိုလည်း လက်ခံပေးရန် ပိုလွယ်ကူလာသည်။

ထိုအချိန်တွင် ဟောင်းလောင်းဖြစ်နေသော ဦးခေါင်းခွံက လှုပ်ခါသွားပြီး ကုံရီချင်းအား တုန်တုန်ရီရီကြည့်၏။

"ကောင်လေး.. အယူသည်းတာတွေကို မယုံနဲ့။ သိပ္ပံပညာကို ယုံကြည်ရမယ်၊ ဒီလောကမှာ သရဲဆိုတာ မရှိပါဘူး"

ကျိယွမ်တွင် ဤကိစ္စနှင့် ပတ်သက်၍ သက်သေများစွာ ရှိသည်။

သာမန်လူမဆိုထားနှင့် ခရမ်းရောင်နန်းတော်အဆင့်ကျင့်ကြံသူတစ်ဦး သေဆုံးသွားလျှင်ပင် သူတို့သည် အမှန်တကယ် ပျောက်ကွယ်သွားခြင်းဖြစ်ပြီး သရဲအဖြစ် ကျန်ရှိမနေပေ။

အစွမ်းထက်သော ယင်နတ်ဘုရားအဆင့် ကျင့်ကြံသူများသာလျှင် သူတို့၏ မူလဝိညာဥ်အစအနကို ထိန်းသိမ်းထားနိုင်ပြီး အခြားပုံစံတစ်ခုဖြင့် ရှင်သန်နိုင်ပေလိမ့်မည်။

အကယ်၍ ထိုအရာကို သရဲဟု ခေါ်မည်ဆိုလျှင်တော့ အနည်းငယ် လက်ခံနိုင်ဖွယ်ရှိသည်။

ထို့ကြောင့် ဤကမ္ဘာတွင် သရဲဟူ၍ တကယ်မရှိပေ။

အခေါင်းထဲမှ အရိုးခြောက်မှာ ကတုန်ကယင်ဖြစ်နေသော်လည်း လေသံမှာ တည်ကြည်လှသည်။

သို့သော် ရောက်နေသောလူများအတွက်မူ သူပြောလိုက်သည့်စကားမှာ လုံးဝအဓိပ္ပာယ်မရှိသလို ဖြစ်နေ၏။

သူတို့က အချင်းချင်း မသိမသာကြည့်မိကြသည်။

သင်္ချိုင်းကုန်းထဲက သူ့ဘာသာထလာတဲ့ အရိိုးခြောက်အလောင်းကြီးက ငါတို့ကို သိပ္ပံပညာအကြောင်းနဲ့ ကမ္ဘာပေါ်မှာ သရဲမရှိဘူးလို့ ပြောနေတယ်။

ငါတို့က ယုံလိုက်ရမှာလား။

ကုံရီချိုုင်၏ လေသံပျော့လေးဖြင့် အရိုးခြောက်ကို အသိပေး၏။

"ညီလေး၊ မင်း မသိသေးတာ ဖြစ်နိုင်ပေမယ့်၊ မင်းက တကယ်တော့ သေသွားပြီလေ။"

"ဟုတ်တယ်၊ ငါ့ရဲ့ ဒီဂိမ်းက ဇာတ်ကောင်ကတော့ တကယ်ပဲ သေသွားပြီ"

အရိုးခြောက်ကျိယွမ်က ခေါင်းညိတ်ပြလိုက်ပြီး စဥ်းစားနေသည်။

ဒါဆို ငါက သရဲကျင့်ကြံသူဖြစ်လာရတော့မယ်လို့ ဆိုလိုတာလား ။သရဲအင်မော်တယ် ဖြစ်မှာပေါ့ ။

အရိုးစု၏ စကားကြောင့် အနီးရှိလူများမှာ ပို၍ပင်ဇဝေဇဝါ ဖြစ်ကုန်ကြ၏။

ဂိမ်းဇာတ်ကောင် ။

ဘာပြောတာလဲ အဲဒါက ။

သို့သော် ထိုအရိုးခြောက်မှာ မသေခင်လူ့ဘဝတွင် စိတ်ကျန်းမာရေး မကောင်းသူဖြစ်ကြောင်း ပြန်လည်စဉ်းစားလိုက်မိသောအခါ၊ အရာအားလုံးက ရုတ်တရက် အဓိပ္ပာယ်ရှိသွားပုံရသည်။

"အစ်ကို ကျိယွမ်၊ စောစောက ပြောတာတွေကို ကြားခဲ့လား"

ကုံရီကျင်းက သတ္တိမွေးကာ မရဲတရဲမေးလိုက်သည်။

ရိုးရိုးသားသား ပြောရလျှင် မကြာမီ ကမ္ဘာကြီးပြန်လည်းစတင်ခြင်း ဖြစ်တော့မည် မဟုတ်ပါက၊ သူမအနေဖြင့် ဦးခေါင်းခွံတစ်ခုကို "အစ်ကို" ဟု ခေါ်ဝံ့မည် မဟုတ်ပေ။

"ဟေ.."

"သူ ဘာပြောလိုက်လို့လဲ"

ကျိယွမ် အလွန်အံ့သြသွားသည်။

"မင်းတို့ ရူးများရူးနေတာလား ၊ အရိုးပဲ ကျန်တော့တဲ့ အလောင်းတစ်လောင်းကို ညကြီးမင်းကြီးမှာ တကူးတကလာပြီးစကားပြောနေတာ ၊ မင်းတို့မှာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ဘာတွေရှိနေတာ မဟုတ်ဘူးလား"

ကျိယွမ်၏ စကားများက သူတို့ အားလုံးကို တစ်ဖန် ဆွံ့အသွားစေပြန်သည်။

သရဲတွေက ဘာလို့ဒီလောက် စကားတတ်ရတာလဲ။

အခြားသူများငိုင်နေသော်လည်း ကုံရီချင်းက သတိဝင်သွားပြီး လျင်မြန်စွာ ဝင်ပြောသည်။

"ဒီကမ္ဘာကြီးက ပြန်လည်စတင်တော့တော့မယ်၊ ငါတို့ ကုံရီမိသားစုက မင်းနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ မျှော်လင့်ထားတယ်..."

ဆက်လက်၍ သူက အခြေအနေကို အကျဉ်းချုပ် ရှင်းပြလိုက်၏။

နားထောင်ပြီးနောက် ကျိယွမ်မှာ အလွန်အမင်း အံ့အားသင့်သွားသည်။

"ကမ္ဘာကြီးက reset ဖြစ်တော့မယ် ဟုတ်လား"

ဒါက သူ လုံးဝ မမျှော်လင့်ထားသော အရာပင် မဟုတ်ပါလား။

ဘယ်လိုအစွမ်းမျိုးက ကမ္ဘာကြီးကို တစ်ဖန်ပြန်လည်စတင်အောင် လုပ်နိုင်မှာလဲ ၊ သူ စိတ်ကူးပင် မယဉ်နိုင်ပေ။

သူသည် ဝမ်ယုကုန်းမြေတိုက်ကြီး၏ ကောင်းကင်ဘုံတာအိုကို ထိန်းချုပ်ထားနိုင်လျှင်ပင် ထိုတိုက်ကြီးကို reset မလုပ်နိုင်သလို အချိန်ကိုလည်း နောက်ပြန်မလှည့်နိုင်ပါ။

ဤကမ္ဘာတွင် ထိုကဲ့သို့သော အရာမျိုး ကြုံတွေ့ရလိမ့်မည်ဟု သူလုံး မထင်ထားခဲ့ပေ။ဘယ်သူမှလည်း ထင်ထားမည် မဟုတ်ပါ။

"စိတ်ဝင်စားဖို့ ကောင်းလိုက်တာ။ ဒီဂိမ်းက အတော်လေး စိန်ခေါ်မှု ရှိပုံရတယ်"

ကျိယွမ်က ခေါင်းတလားဘောင်ကို လက်ချောင်းဖြင့် တဒေါက်ဒေါက်ခေါက်ရင်း ရေရွတ်လိုက်သည်။

"ဒါနဲ့ ဒီဂိမ်းရဲ့ နောက်ဆုံးဘော့စ် က ဘယ်သူလဲ မင်းတို့ သိလား"

ကုံရီချင်း ပြန်မဖြေနိုင်ပါ ။ သူက နားမလည်စွာ မျက်မှောင်ကြုတ်လိုက်မိသည်၊ စိတ်ဝေဒနာ ခံစားနေရသူတစ်ဦးနှင့် ဆက်သွယ်ရသည်မှာ အတော်လေး ဒုက္ခရောက်လှ၏။

"ဒါက ဂိမ်းမဟုတ်ဘူး၊ ဒါက လက်တွေ့ပဲ"

ကုံရီကျင်းက ပြတ်ပြတ်သားသား ဝင်ပြောလိုက်သည်။

ထိုအခါမှ ကုံရီချင်းကလည်း ဖြည့်စွတ်၏။

"Reset က လက်တစ်ကမ်းမှာပဲ ရှိတော့တယ်၊ ငါတို့ ကုံရီမိသားစုက ခုနကပြောခဲ့သလို ရှင်နဲ့ ပူးပေါင်းချင်တယ်။ ရှင် ဘယ်လို သဘောရသလဲ..."

ဒါက အရေးကြီးဆုံး အချက်ဖြစ်သည်။

ကျိယွမ်တွင် လွန်ခဲ့သော ဆယ်နှစ်စာ မှတ်ဉာဏ်များ မရှိသော်လည်း ကုဒ်ဝှက်ထားသော သတင်းစကားများ ရှိနေရုံနှင့် ကုံရီ မိသားစုအတွက် လုံလောက်ပြီဖြစ်သည်။

"ငါ့မှာ ပြီးအောင်လုပ်ရမယ့် ကိုယ်ပိုင်ဂိမ်းတာဝန်တွေ ရှိတယ်"

ကျိယွမ်က ငြင်းဆန်မလိုပြင်ပြီးမှ စိတ်ပြောင်းသွား၏။

"အခြေအနေအရပေါ့ ၊ တကယ်လို့ ငါ မင်းတို့နဲ့ မတော်တဆ တွေ့ဖြစ်ခဲ့ရင်တော့ ပူးပေါင်းဖို့ စဉ်းစားပေးပါ့မယ်။"

သူက ကုံရီမိသားစုနှင့် ပူးပေါင်းဆောင်ရွက်မှုကို အလေးအနက် မထားဘဲ ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။

သူ၏ပေါ့ပေါ့ဆဆစကားကြောင့် အပျော်အပါးမက်သောအမျိုးသားက မကျေနပ်သော အမူအရာ ပေါ်လာ၏။

"ကုံရီမိသားစုက ဘာကို ကိုယ်စားပြုလဲဆိုတာ မင်းနားမလည်သေးဘူး ထင်တယ်"

" မင်းသာ ငါတို့မိသားစုနဲ့ တွဲနေမယ်ဆိုရင် မင်းမှာ အာဏာ၊ ချမ်းသာကြွယ်ဝမှု၊ မိန်းမတွေ ..အရာအားလုံး ရှိလာမှာ"

ဆယ်နှစ်စာမှတ်ဉာဏ် ရှိသော အခြား ပြန်လည်ဝင်စားသူသာဆိုလျှင် သူ သတိထားဆက်ဆံမိမှာ သေချာ၏။

သို့သော် ကျိယွမ်ကတော့ မတူပေ။

ဒီကောင်က တစ်နှစ်စာ မှတ်ဉာဏ်ပဲ ရှိတဲ့ စိတ်ဝေဒနာရှင် တစ်ယောက်ပဲ။

ဒါကြောင့် သူ့ကို စော်ကားမိရင်လည်း ဖြစ်တယ်ဆိုတဲ့ သဘောမျိုးပင်။

ကျိယွမ်က ထိုမျက်ကွင်းချောင်အမျိုးသားကို တစ်ချက် ကြည့်လိုက်သည်။

"ဂိမ်းတစ်ခုရဲ့ ပိုင်ဆိုင်မှုတွေဆိုတာ... အကုန်လုံးက ကိန်းဂဏန်းတွေပဲ မဟုတ်ဘူးလား ၊ ချမ်းသာကြွယ်ဝမှုလား... ငါ့မှာ အများကြီး ရှိတယ်။"

"အာဏာ... ငါ့မှာ မလိုချင်အောင် ရှိတယ်။"

"အမျိုးသမီးတွေ ဆိုရင်တော့... ငါ့မှာ မိန်းမရှိတယ်၊ ငါ လျှောက်မရှုပ်ဘူး။"

ကျိယွမ်၏ စကားများကြောင့် အားလုံးမှာ ဘာပြောရမှန်းမသိ ဖြစ်ကုန်၏။

စောစောက ရန်စစကား ပြောခဲ့သော အမျိုးသားမှာလည်း ဘာပြန်ပြောရမှန်း မသိတော့ပေ။

ဘာလို့ အရူးတစ်ယောက်နဲ့ ငြင်းခုံနေမှာလဲ ။

ကုံရီချင်းက မျက်ကွင်းချောင်ကို တစ်ချက်ကြည့်ကာ အရေးတကြီးဝင်ပြောသည်။

"ကုဒ်ဝှက်ထားတဲ့ သတင်းစကားရဲ့ အကြောင်းအရာကတော့..."

၁၀ မိနစ်ခန့်သာ လိုတော့သဖြင့် ကျိယွမ် မမှတ်မိမှာ စိုးရိမ်သောကြောင့် ကုဒ်ဝှက်ထားသော သတင်းစကားကို အမြန် ထပ်ပြောလိုက်၏။

ကျိယွမ်က ပခုံးတွန့်လိုက်သည်။

"မင်းတို့ရဲ့ တဝန်ကို ငါ စိတ်မပါ့တပါနဲ့ပဲ လက်ခံပေးလိုက်မယ်။ အချိန်ရရင် ဒါမှမဟုတ် အဆင်ပြေရင်တော့ ငါ လုပ်ပေးမယ်။ ဒါပေမယ့် ဒါက ငါ့ရဲ့ ပင်မတာဝန်ကို နှောင့်ယှက်မယ်ဆိုရင်တော့ စိတ်မရှိနဲ့တော့။"

ဘာပဲဖြစ်ဖြစ် သူ ပြီးအောင်လုပ်ရမယ့် ပင်မတာဝန် ရှိနေသေးသည်မဟုတ်ပါလား။

ကျန်ရှိသော အချိန်များကို ကုံရီမိသားစုက ကျိယွမ်အား ကြီးမားသော ကတိကဝတ်များ ပေးခြင်းဖြင့် ဆွဲဆောင်နေရင်း ကုန်ဆုံးစေခဲ့သည်။

ကျိယွမ်ကတော့ ပေါ့ပေါ့ပါးပါး နားထောင်နေပြီး ကမ္ဘာကြီးပြန်စမည့်ဆိုသောအချိန်ကို တိတ်တဆိတ် စောင့်ဆိုင်းနေလိုက်၏။

ထိုအချိန်တွင် မြေကြီးတုန်ခါသံက ပိုမိုကျယ်လောင်စွာ ထွက်ပေါ်လာသည်။

ကျိယွမ်၏ ဟောင်းလောင်းဖြစ်နေသော အရိုးခေါင်းမှာ အသက်ဝင်လာသကဲ့သို့ ကောင်းကင်ယံကို စိုက်ကြည့်နေသည်။

ကမ္ဘာကြီးက တကယ်ပဲ reset ဖြစ်တော့မှာလား။

ဘယ်လိုမျိုး reset ဖြစ်မလဲဆိုတာကို သူ အတိအကျ မြင်ချင်သည်။

ထိုအချိန်တွင် သူ၏အမြင်အာရုံမှာ တဖြည်းဖြည်း မှုန်ဝါးလာသလို ခံစားလိုက်ရ၏။

ကမ္ဘာတစ်ခုလုံးမှာ ထပ်နေသော မျဉ်းကြောင်းများဖြင့် ဖွဲ့စည်းထားသကဲ့သို့ ဖြစ်လာသည်။

သူ၏ရှေ့မှ ကုံရီမိသားစုဝင်များမှာလည်း မျဥ်းပိုင်းမျဥ်းပြတ်များနှင့်အတူအပိုင်းအပြတ်များအဖြစ် ပြောင်းလဲသွားကုန်၏။

ထိုအချိန်မှာပင် ဝမ်းနည်းကြေကွဲဖွယ်ကောင်းသော ငှက်အော်သံတစ်ခု အပေါ်ဘက်မှ ထွက်ပေါ်လာသည်။

မော့ကြည့်လိုက်သောအခါ ကောင်းကင်ယံတွင် တစ်ကိုယ်လုံးသွေးချင်းချင်းနီပြီး သနားစရာကောင်းသော ငှက်နီကြီးတစ်ကောင် ပျံသန်းနေသည်ကို သူ မြင်လိုက်ရသလိုလိုပင်။

သူ၏အရိုးများမှာ ရုတ်တရက် အစိတ်စိတ်အမွှာမွှာ ကြေမွသွားတော့သည်။

ငါလည်း အဖြတ်ခံလိုက်ရတာလား။

-------------------

All Chapters