အခန်း (၂၃၄၅-၂၃၄၆)
Vol. 175 Ch. 2345-2346
အခန်း(၂၃၄၅)
တစ်ချိန်က ဟုန်ထျန်းယန် နေထိုင်ခဲ့သော ခြံဝင်းသည် ယခုအခါတွင် ရွှမ်ယန်ဂိုဏ်း၏ ရွှေအမြုတေအဆင့် တပည့်တစ်ဦး နေထိုင်သောနေရာ ဖြစ်နေခဲ့သည်။
ကျန်းချန်၏ စွမ်းအားဖြင့်ဆိုလျှင် ရွှေအမြုတေအဆင့်ကျင့်ကြံသူ တစ်ဦးက သူတို့ရှိနေသည်ကို မသိရှိစေရန် လုပ်ဆောင်ဖို့သည် လေညှင်းလေး တိုက်ခိုက်သကဲ့သို့ပင် လွယ်ကူလှ၏။
ဤသို့ဖြင့် သုံးရက် ဟူသော အချိန်သည် လျင်မြန်စွာပင် ကုန်ဆုံးသွားခဲ့သည်။
ယနေ့တွင် ကျန်းချန်နှင့် ဟုန်ထျန်းယန် တို့သည် ပြိုင်ပွဲတွင် ပါဝင်ရန်အတွက် ရွှမ်ယန်ဂိုဏ်း၏ အဓိကတောင်ထိပ်ရှိ ရင်ပြင်ဆီသို့ စောစီးစွာ ရောက်ရှိလာခဲ့ကြသည်။
သူတို့ ရင်ပြင်ဆီသို့ ရောက်ရှိလာသောအခါတွင် ရင်ပြင်တစ်ခုလုံး၌ လူများဖြင့် ပြည့်နှက်နေခဲ့ပြီး ရွှမ်ယန်ဂိုဏ်းမှ အကြီးအကဲများနှင့် တပည့်အများစုသည် ရောက်ရှိနေခဲ့ကြပြီဖြစ်သည်။
ဤပြိုင်ပွဲသည် ရွှမ်ယန်ဂိုဏ်း၏ နှစ်စဥ်ကျင်းပမြဲ ဖြစ်သော ခမ်းနားသည့် ပြိုင်ပွဲတစ်ခုလည်း ဖြစ်၏။
ဆိုရလျှင် ပြိုင်ပွဲသည် ထာဝရသက်ရှည်တောင်တန်း၏ ဝင်ခွင့်နေရာနှင့် တိုက်ရိုက် သက်ဆိုင်နေခဲ့သည်။
ထာဝရသက်ရှည်တောင်တန်းသည် အင်မော်တယ်တိုက်၏ အန္တရာယ်အရှိဆုံး တားမြစ်နယ်မြေ ဖြစ်သော်လည်း အန္တရာယ်နှင့် အခွင့်အရေးသည် အမြဲတစေ ဒွန်တွဲနေမြဲဖြစ်၏။
ထိုနေရာတွင် ကောင်းကင်ကိုပင် ဆန့်ကျင်နေသော အခွင့်အလမ်းများစွာ ရှိသလို အင်မော်တယ်တစ်ပါး ဖြစ်လာနိုင်မည့် လျှို့ဝှက်ချက်များပင် ရှိနေနိုင်သည်။
ယင်းကြောင့်လည်း ထာဝရသက်ရှည်တောင်တန်းသည် အလွန် အန္တရာယ်များပြီး ဝင်ရောက်သူတိုင်းတွင် သေဆုံးနိုင်ခြေ ကိုးဆယ်ရာခိုင်နှုန်းခန့် ရှိမှန်း သိထားသော်လည်း အင်မော်တယ်တိုက်မှ ကျင့်ကြံသူများသည် ထာဝရသက်ရှည်တောင်တန်း ထဲသို့ ဝင်ခွင့်ရရှိရန် အသေအလဲ ကြိုးစားနေကြခြင်းပင်။
အင်မော်တယ်ဂိုဏ်းကြီး ငါးဂိုဏ်းသည် ထာဝရသက်ရှည်တောင်တန်းကို ထိန်းချုပ်ပြီးနောက် အစပိုင်းတွင် ဝင်ခွင့်နေရာနှင့်ပတ်သက်၍ တပည့်များကို မပေးဘဲ အကြီးအကဲများကိုသာ ပေးအပ်ခဲ့သည်။
ဤသို့ဖြင့် တစ်နှစ်တွင် အဓိကဂိုဏ်းကြီးများမှ အကြီးအကဲများသည် ထာဝရသက်ရှည်တောင်တန်း ထဲတွင် ကျဆုံးသွားခဲ့ကြပြီး ယင်းသည် အင်မော်တယ်ကျင့်ကြံခြင်း လောက၏ အင်အားစု တစ်ခုလုံးကို အပြင်းအထန် ထိခိုက်စေခဲ့သည်။
ဤအခွင့်အရေးကို အရယူကာ မြောက်ဘက်ဒေသရှိ သိုင်းပညာ ကျင့်ကြံသူများသည် အင်မော်တယ် ကျင့်ကြံသူများကို တိုက်ခိုက်ခဲ့ကြသည်။
အကယ်၍သာ အင်မော်တယ်ဂိုဏ်းကြီး ငါးဂိုဏ်းတွင် ကပ်ဘေးအဆင့် ကျင့်ကြံသူအချို့ မရှိခဲ့လျှင် အင်မော်တယ်ကျင့်ကြံခြင်း အင်အားစုများသည် ရှုံးနိမ့်သွားနိုင်ပေသည်။
ယင်းကိစ္စ ဖြစ်ပြီးနောက်တွင် ထိုအဖြစ်မျိုး ထပ်မံ မဖြစ်ပွားစေရန် အတွက် အင်မော်တယ်ဂိုဏ်းကြီး ငါးဂိုဏ်းသည် စည်းမျဥ်းသစ် တစ်ခုကို ထပ်မံ ဖြည့်စွက်ခဲ့သည်။
ယင်းမှာ အင်မော်တယ်ဂိုဏ်းတစ်ဂိုဏ်းဆီသည် သက်တမ်းကုန်ဆုံးရန် နီးကပ်နေသော အစွမ်းထက် ကျင့်ကြံသူတစ်ဦးစီသာလျှင် ထာဝရသက်ရှည်တောင်တန်း ထဲသို့ စေလွှတ်နိုင်သော စည်းမျဥ်း ဖြစ်၏။
ထို့အပြင် အင်မော်တယ်ဂိုဏ်းကြီးများသည် ၎င်းတို့၏ ပါရမီရှင်တပည့်များက ထူးခြားသော ကံကြမ္မာများကို ပိုင်ဆိုင်ထားသူများ ဖြစ်၍ ထာဝရသက်ရှည်တောင်တန်းထဲတွင် အခွင့်အလမ်းများရရှိရန် လွယ်ကူရုံသာမက တောင်တန်းထဲကနေ အသက်ရှင်လျက် ပြန်လည် ထွက်လာနိုင်ရန်မှာလည်း ပိုမို လွယ်ကူမည်ဟု ယူဆခဲ့ကြသည်။
အကယ်၍ ဂိုဏ်း၏ ပါရမီရှင်တပည့်က ထာဝရသက်ရှည်တောင်တန်းထဲ သေဆုံးသွားခဲ့လျှင်ပင် ယင်းသည် ဂိုဏ်း၏ စွမ်းအားအပေါ် ကြီးမားသော သက်ရောက်မှု မရှိနိုင်သဖြင့် မြောက်ဘက်ဒေသရှိ သိုင်းပညာကျင့်ကြံသူ အင်အားစုများအတွက် အခွင့်အရေးရတော့မည် မဟုတ်ပေ။
ရွှမ်ယန်ဂိုဏ်းက ကျင်းပသောပြိုင်ပွဲတွင် ပါဝင်ကြမည့် သူများသည် နှစ်ပေါင်းတစ်သောင်းအောက်သာ ကျင့်ကြံထားသော တပည့်များ ဖြစ်၍ ၎င်းတို့သည် ဟုန်ထျန်းယန်၏ ခေတ်ပြိုင်များ မဟုတ်ကြပေ။
ဟုန်ထျန်းယန်သည် ထိုလူငယ်တပည့်များထဲမှ မည်သူ့ကိုမှ မသိသဖြင့် ကျန်းချန်ကို ထိုတပည့်များနှင့် ပတ်သက်ကာ ခွဲပြနိုင်ခြင်း မရှိခဲ့ချေ။
သို့သော်လည်း ဟုန်ထျန်းယန်သည် ရွှမ်ယန်ဂိုဏ်း၏ အကြီးအကဲအချို့ အကြောင်းကိုမူ ကောင်းစွာ သိထားခဲ့သည်။
ရွှမ်ယန်ဂိုဏ်းသည် အင်မော်တယ်ဂိုဏ်းကြီး ငါးဂိုဏ်း ပြီးလျှင် ဒုတိယအဆင့်၌ ရှိသော လမ်းစဥ်ပေါင်းစည်းခြင်းအဆင့် ဂိုဏ်းတစ်ဂိုဏ်း ဖြစ်၍ သဘာဝကျစွာပင် အလွန်တရာစွမ်းအား ကြီးမားပြီး အစွမ်းထက် ကျင့်ကြံသူဆယ်ဦးခန့် ရှိသည်။
ရှင်းလင်းစွာ ဆိုရလျှင် လမ်းစဥ်ပေါင်းစည်းခြင်း အဆင့်သို့ ရောက်ရှိနေသော ဘိုးဘေး အပြင် ဝိညာဥ်ခွဲထွက်ခြင်းအဆင့် အကြီးအကဲ ကိုးဦး ရှိ၏။
ထိုအစွမ်းထက် ကျင့်ကြံသူဆယ်ဦး အပြင် ရွှမ်ယန်ဂိုဏ်းတွင် ဝိညာဥ်ခွဲထွက်ခြင်းအဆင့်သို့ ရောက်ရှိနေသည့် ပါရမီရှင်လူငယ် တစ်ဦးရှိပြီး ထိုလူငယ်သည် လမ်းစဥ်ပေါင်းစည်းခြင်းအဆင့်နှင့် ကပ်ဘေးအဆင့်သို့ပင် ရောက်ရှိရန် မျှော်လင့်နိုင်သော ပါရမီရှင်တစ်ဦး ဖြစ်သည်။
ကျန်းချန်နှင့် ဟုန်ထျန်းယန်တို့ ရင်ပြင်၏ ထောင့်တစ်နေရာ၌ လေသံတိုးတိုးဖြင့် စကားပြောဆိုနေစဥ်မှာပင် ရင်ပြင်အထက်ရှိ လေထုထဲတွင် နေရာလွတ် လှိုင်းလုံး တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
မကြာမီမှာပင် ကလေးမျက်နှာ ကဲ့သို့ နုနယ်သော မျက်နှာနှင့် ဖြူဖွေးသော ဆံပင်များ ရှိပြီး ရွှေရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အဘိုးအိုတစ်ဦးသည် ရင်ပြင်အထက်ရှိ လေထုထဲတွင် ပေါ်လာခဲ့သည်။
ရွှေရောင်ဝတ်စုံဝတ် အဘိုးအို ထွက်ပေါ်လာသည်နှင့် ရင်ပြင်ပေါ်ရှိ ဆူညံနေသော အသံများသည် ချက်ချင်းပင် တိတ်ဆိတ်သွားခဲ့သည်။
“အရှင်.. ဒီလူက ရွှမ်ယန်ဂိုဏ်းရဲ့အကြီးအကဲ ယန်ချန်ထျန်းပဲ.. ကျွန်တော် ရွှမ်ယန်ဂိုဏ်းမှာ ရှိနေစဥ်ကတည်းက ဝိညာဥ်ခွဲထွက်ခြင်း အဆင့်ကို ရောက်ရှိနေတဲ့ ကျင့်ကြံသူတစ်ယောက်ပဲ”
လေထဲတွင် ပေါ်ထွက်လာသော ရွှေရောင်ဝတ်စုံဝတ် အဘိုးအိုကို မြင်လျှင် ဟုန်ထျန်းယန်သည် ကျန်းချန်အား ခပ်တိုးတိုးရှင်းပြလိုက်သည်။
ကျန်းချန်သည် ရွှေရောင်ဝတ်စုံဝတ် အဘိုးအို ယန်ချန်ထျန်းကို အကဲခတ်လိုက်၏။
အင်မော်တယ် ကျင့်ကြံသူများ၏ ဝိညာဥ်ခွဲထွက်ခြင်းအဆင့်သည် နတ်ဘုရားနယ်မြေ၏ နယ်မြေနတ်ဘုရား အဆင့်နှင့် ညီမျှ၏။
သူ့ရှေ့ရှိ အဘိုးကြီး၏ အရှိန်အဝါသည် နယ်မြေနတ်ဘုရားအဆင့်နှင့်ပင် ယှဥ်နိုင်သော အဆင့်သို့ ရောက်ရှိနေ၍ ထိုအဘိုးအိုသည် လမ်းစဥ်ပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူ တစ်ဦး ဖြစ်သည်မှာ ထင်ရှားနေခဲ့သည်။
ထို့အပြင် ကျန်းချန်သည် ရွှမ်ယန်ဂိုဏ်း၏ အဓိက တောင်ထိပ်တွင် ရွှေရောင်ဝတ်စုံဝတ် အဘိုးအိုထက်ပင် ပိုမို အစွမ်းထက်သော အရှိန်အဝါ နှစ်ခုကို ခပ်ရေးရေး ခံစားမိခဲ့သည်။
အထူးသဖြင့် ၎င်းတို့ထဲမှ အရှိန်အဝါတစ်ခုသည် လမ်းစဥ်ပေါင်းစည်းခြင်း အဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီး ထိုအရှိန်အဝါပိုင်ရှင်သည် မြေကြီးအရှင် အဆင့် သို့မဟုတ် ကောင်းကင်အရှင်အဆင့် ကျင့်ကြံသူ တစ်ဦးနှင့်ပင် ယှဥ်နိုင်ပြီး နတ်ဘုရင်အဆင့်နှင့် ညီမျှသော ကပ်ဘေးအဆင့်ကို ရောက်ရှိရန် ခြေလှမ်းတစ်လှမ်းမျှသာ လိုတော့၏။
သို့သော်လည်း ကျန်းချန်သည် ထိုအဆင့်လောက်ကို ဂရုစိုက်မနေခဲ့ပေ။
အင်မော်တယ် ကျင့်ကြံသူများ၏ စွမ်းရည်သည် ထူးခြားမှုရှိ၍ အကယ်၍သာ ကပ်ဘေးအဆင့် ကျင့်ကြံသူသုံးဦး ရှိလျှင် အနည်းငယ် စိုးရိမ်ကောင်း စိုးရိမ်မိပေလိမ့်မည်။
သို့ဖြစ်ရာ လမ်းစဥ်ပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူလောက်သည် သူ့အတွက် မည်ကဲ့သို့ ခြိမ်းခြောက်မှု ဖြစ်စေနိုင်ပါအံ့နည်း။
“ထုံးစံအတိုင်းပဲ. ရွှမ်ယန်ဂိုဏ်းရဲ့ နှစ်စဥ်ကျင်းပမြဲဖြစ်တဲ့ ပြိုင်ပွဲကို ငါကိုယ်တိုင် ဦးစီးပြီး ကျင်းပသွားမယ်.. ဒီနှစ်ရဲ့ ထာဝရသက်ရှည်တောင်တန်း အတွက် ဝင်ခွင့်ပြိုင်ပွဲကို စတင်ကြောင်း ကြေညာလိုက်တယ်.. ပြိုင်ပွဲမှာ ပါဝင်မဲ့တပည့်တွေအနေနဲ့ ရင်ပြင်ရဲ့ အလယ်ဗဟိုက တိုက်ခိုက်ရေးကွင်းကို လာဖို့ ဖိတ်ခေါ်ပါတယ်”
ထိုအခိုက်အတန့်တွင် ယန်ချန်ထျန်း၏ လေးနက်သော စကားသံသည် ရင်ပြင်တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားခဲ့သည်။
“ဝှစ်..ဝှစ်..”
ယန်ချန်ထျန်း၏ စကားသံအဆုံးသတ်သည်နှင့် ရင်ပြင်မှ တပည့်များသည် ရင်ပြင်၏ အလယ်ဗဟိုဆီသို့ လျင်မြန်စွာ ပြေးဝင်သွားခဲ့ကြသည်။
ကျန်းချန်ကလည်း တွေဝေမနေဘဲ ဟောင်ထျန်းယန်၏ တံဆိပ်ပြားကို ယူကာ ရွှမ်ယန်ဂိုဏ်း၏ တပည့်များနှင့် ရောနှောပြီး ရင်ပြင်၏ အလယ်ဗဟိုရှိ တိုက်ခိုက်ရေးကွင်း ဆီသို့ လျင်မြန်စွာ ရောက်ရှိလာခဲ့သည်။
သူက ရွှမ်ယန်ဂိုဏ်းမှ တပည့်များကို အကဲခတ်ကြည့်လိုက်ရာ လူဆယ်ဂဏန်းခန့်သည် သန္ဓေဝိညာဥ် အဆင့်သို့ ရောက်ရှိနေပြီး အများစုကမူ ရွှေအမြုတေ အဆင့်တွင်သာ ရှိသေးသည်ကို တွေ့ရှိလိုက်ရသည်။
ထိုရွှေအမြုတေအဆင့်ရှိ တပည့်များသည် ထာဝရသက်ရှည်တောင်တန်း၏ ဝင်ခွင့်နေရာကို ရရှိရန်မှာ မဖြစ်နိုင်သလောက်ပင်။
သို့သော်လည်း ဤပြိုင်ပွဲသည် ရွှမ်ယန်ဂိုဏ်း၏ နှစ်စဥ်ကျင်းပလေ့ ရှိသော ကြီးကျယ်ခမ်းနားသည့် ပြိုင်ပွဲတစ်ခု ဖြစ်သည်။
ရှင်းလင်းစွာဆိုရလျှင် ရွှေအမြုတေအဆင့်ရှိ တပည့်များသည် ထာဝရသက်ရှည်တောင်တန်း၏ ဝင်ခွင့်နေရာကို မရနိုင်လျှင်ပင် ဤပြိုင်ပွဲ၌ မိမိတို့၏ စွမ်းရည်ကို ထုတ်ဖော်ပြသနိုင်ခွင့် ရှိကြသည်။
အကယ်၍ ဂိုဏ်း၏ အကြီးအကဲများထဲမှ တစ်ဦးဦး၏ မျက်စိကျခြင်းကို ခံရပြီး အဓိကတပည့် ဖြစ်လာခဲ့လျှင် ယင်းသည် ကြီးကျယ်သော အခွင့်အရေးတစ်ခုပင် မဟုတ်ပါလော။
သိပ်မကြာခင်မှာပင် ကျန်းချန်၏ အကြည့်သည် တိုက်ခိုက်ရေးကွင်းထဲတွင် ဝင့်ကြွားစွာ ရပ်နေသော ရွှေရောင်ဝတ်စုံဝတ် လူငယ်တစ်ဦး ဆီသို့ ရောက်ရှိသွားခဲ့သည်။
ထိုလူငယ်က လက်နှစ်ဖက်ကို နောက်ပစ်ကာ ဝင့်ကြွားစွာ ရပ်နေခဲ့ပြီး သူ၏ ဆံပင်များကို ရွှေရောင်သရဖူ တစ်ခုဖြင့် သေသပ်ကျနစွာ စည်းနှောင်ထားသည်။
သူ၏ အမူအရာက အတော်လေး တည်ငြိမ်နေခဲ့ပြီး ပတ်ဝန်းကျင်ရှိ လူငယ်များနှင့် ယှဥ်လျှင် အရှိန်အဝါသည် သိသိသာသာပင် အားကောင်းနေခဲ့သည်။
ထိုရွှေရောင်ဝတ်စုံဝတ် လူငယ်သည် ရွှမ်ယန်ဂိုဏ်း၏ နံပါတ်တစ် ပါရမီရှင် ဖြစ်သည်မှာ သံသယဖြစ်ဖွယ်ရာ မရှိပေ။
ထိုလူငယ်သည် ဝိညာဥ်ခွဲထွက်ခြင်း အဆင့်ကို ရောက်ရှိနေရုံသာမက လမ်းစဥ်ပေါင်းစည်းခြင်း အဆင့်ရှိ ယန်ချန်ထျန်းထက်ပင် သိပ်မနိမ့်ကျပေ။
“ပြိုင်ပွဲဝင်စည်းမျဥ်းကတော့ အရင်နှစ်တွေက အတိုင်းပဲ”
“ပါဝင်မဲ့ တပည့်တွေ အားလုံးက အချင်းချင်း တိုက်ခိုက်ရမှာဖြစ်ပြီး တိုက်ခိုက်ရေးကွင်းထဲမှာ နောက်ဆုံး ကျန်ရှိတဲ့ ငါးယောက်က ဝင်ခွင့်နေရာကို ရရှိမှာဖြစ်တယ်”
ယန်ချန်ထျန်းက တည်ငြိမ်စွာ ပြောလိုက်သည်။
“အခုအချိန်ကစပြီး ရွှမ်ယန်ဂိုဏ်းရဲ့ နှစ်စဥ်ကျင်းပလေ့ ရှိတဲ့ ထာဝရသက်ရှည်တောင်တန်း အတွက် ဝင်ခွင့်ပြိုင်ပွဲကို တရားဝင် စတင်လိုက်ပါပြီ”
ယန်ချန်ထျန်း၏ စကားသံ အဆုံးသတ်သည်နှင့် ရင်ပြင်အလယ်ဗဟိုရှိ တိုက်ခိုက်ရေးကွင်း၏ အခြေအနေသည် ချက်ချင်းပင် တင်းမာသွားခဲ့သည်။
ရွှမ်ယန်ဂိုဏ်းမှ တပည့်များသည် သုံးယောက် တစ်စု၊ ငါးယောက် တစ်စုစီဖြင့် အုပ်စုများ ဖွဲ့ကာ ပတ်ပတ်လည်ရှိ အခြားသူများကို သတိကြီးစွာဖြင့် ကြည့်နေခဲ့ကြသည်။
၎င်းတို့အားလုံးသည် အချိန်မရွေး တိုက်ခိုက်တော့မည့်အသွင် ရှိနေကြသည်။
အခန်း(၂၃၄၅)ပြီး၏။
အခန်း(၂၃၄၆)
ကျန်းချန်က ထောင့်တစ်နေရာတွင် တစ်ကိုယ်တည်းရပ်နေသော်လည်း အမူအရာကမူ တည်ငြိမ်နေခဲ့သည်။
စင်စစ် ဤကဲ့သို့ အချင်းချင်း ရောထွေးကာ တိုက်ခိုက်ခိုင်းသည့်ပုံစံသည် တရားမျှတမှု မရှိပေ။
ဥပမာအားဖြင့် ဝိညာဥ်ခွဲထွက်ခြင်း အဆင့်ရှိ ရွှမ်ယန်ဂိုဏ်းမှ ပါရမီရှင်သည် သူသာ အလိုရှိလျှင် အားနည်းသော ကျင့်ကြံသူအချို့ကို ဝင်ခွင့်တစ်နေရာ ရရှိစေသည်အထိ အကူအညီပေးနိုင်ပေသည်။
ရွှမ်ယန်ဂိုဏ်း အနေဖြင့် ဤကဲ့သို့ စည်းမျဥ်းမျိုး ထုတ်ထားခြင်းသည် တမင်တကာ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေသည်မှာ ထင်ရှားနေခဲ့၏။
ဆိုရလျှင် ဂိုဏ်း၏ အထွတ်အထိပ် ပါရမီရှင်များသည် ဂိုဏ်း၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှု အတွက် အလွန်အရေးပါသော အခန်းကဏ္ဍတွင် ပါဝင်နေခဲ့သည်။
ထာဝရသက်ရှည်တောင်တန်းသည် အန္တရာယ်များဖြင့် ပြည့်နှက်နေပြီး တောင်တန်းထဲသို့ ဝင်ရောက်သွားသည့် မည်သူမဆို အသက်ရှင်လျက် ပြန်လည်ထွက်လာနိုင်မည်ဟု အကြွင်းမဲ့ အာမခံချက်မရှိပေ။
ထို့ကြောင့် ရွှမ်ယန်ဂိုဏ်းသည် ဂိုဏ်း၏ အထွတ်အထိပ် ပါရမီရှင် အားလုံးကို တောင်တန်းထဲသို့ ဝင်ရောက်စေလိုခြင်း မရှိချေ။
ယင်းအတွက်ကြောင့်ပင် ထာဝရသက်ရှည်တောင်တန်း၏ ဝင်ခွင့်နေရာကို ဆုံးဖြတ်ရန် အတွက် ဤကဲ့သို့ အချင်းချင်းရောထွေးကာ တိုက်ခိုက်ခိုင်းသည့် ပုံစံကို အသုံးပြုခဲ့ခြင်း ဖြစ်၏။
ပြိုင်ပွဲကို ဝင်ရောက် ယှဥ်ပြိုင်ကြသော ရွှမ်ယန်ဂိုဏ်းမှတပည့်များသည်လည်း ထိုအချက်ကို ကောင်းစွာ သိရှိထားကြသည်။
ထို့ကြောင့် ပြိုင်ပွဲဝင် အများစုသည် ငါးဦး သို့မဟုတ် ခြောက်ဦးစီ ပါဝင်သော အုပ်စုငယ်လေးများ ဖွဲ့ထားခဲ့ကြပြီး အဆုံးအထိ ခံနိုင်ရည်ရှိအောင် ကြိုးစားကာ ထာဝရသက်ရှည်တောင်တန်း၏ ဝင်ခွင့်နေရာကို ရယူလိုခဲ့ကြသည်။
ရင်ပြင်၏ အလယ်ဗဟိုတွင် လက်နှစ်ဖက်ကို နောက်ပစ်ကာ ဝင့်ကြွားစွာ ရပ်နေသော ဝိညာဥ်ခွဲထွက်ခြင်းအဆင့်ရှိ လူငယ်နှင့် ထောင့်တစ်နေရာရှိ အနက်ရောင်ဝတ်စုံမှ လူငယ်မှလွဲ၍ ကျန်ရှိသောလူ အားလုံးနီးပါးသည် တစ်ကိုယ်တော်လှုပ်ရှားသူ မရှိသလောက်ပင်။
ဝိညာဥ်ခွဲထွက်ခြင်းအဆင့်ရှိ ရွှေရောင်ဝတ်စုံဝတ် လူငယ်သည် ရွှမ်ယန်ဂိုဏ်း၏ နံပါတ်တစ် ပါရမီရှင် ဖြစ်ပြီး လူငယ်များကြားတွင် ပြိုင်ဘက်ကင်း ပါရမီရှင်လည်း ဖြစ်သည်။
ထိုအချက်ကို ပြိုင်ပွဲတွင် ပါဝင်ကြသော ရွှမ်ယန်ဂိုဏ်းမှ တပည့်အားလုံးသည် ကောင်းစွာ သိရှိထားကြ၏။
ထို့ကြောင့်လည်း ရွှမ်ယန်ဂိုဏ်းမှ တပည့်အားလုံး နီးပါးသည် ရွှေရောင်ဝတ်စုံဝတ် လူငယ်နှင့် ဝေးဝေးတွင်သာ နေခဲ့ကြသည်။
ယင်းကြောင့် ရွှေရောင်ဝတ်စုံဝတ် လူငယ်၏ ပတ်ပတ်လည် ဆယ်မီတာ အတွင်း၌ လူသူမရှိဘဲ ဟာလာဟင်းလင်း ဖြစ်နေခဲ့သည်။
အချိန်မည်မျှ ကြာသွားသည် မသိပေ။
သန္ဓေဝိညာဥ်အဆင့် တပည့်တစ်ဦး ဦးဆောင်သော ငါးဦးပါ အဖွဲ့တစ်ဖွဲ့သည် အဆုံးသတ်တွင် ၎င်းတို့၏ နံဘေးရှိ အခြားအဖွဲ့တစ်ဖွဲ့ကို စတင် တိုက်ခိုက်လိုက်သည်။
သူတို့ တိုက်ခိုက်လိုက်သောအဖွဲ့ကလည်း သူတို့၏ လက်နက်များကို ထုတ်ယူကာ ပြန်လည် ရင်ဆိုင်လိုက်ကြ၏။
ထိုအဖွဲ့နှစ်ဖွဲ့၏ တိုက်ပွဲသည် ရင်ပြင်အတွင်းရှိ တင်းမာနေသော အခြေအနေကို လုံးဝ ပေါက်ကွဲသွားစေခဲ့သည်။
တိုက်ခိုက်ရေးကွင်း အတွင်းရှိ ရွှမ်ယန်ဂိုဏ်းမှ တပည့်များသည် ၎င်းတို့၏ ခွန်အားများကို ထုတ်ဖော်ကာ အဖွဲ့လိုက် ထိပ်တိုက် ရင်ဆိုင်ခဲ့ကြသည်။
သန္ဓေဝိညာဥ်အဆင့် ကျင့်ကြံသူ ဦးဆောင်ခြင်းမရှိသည့် အဖွဲ့အချို့သည် အလွန်လျင်မြန်စွာပင် ရှုံးနိမ့်သွားခဲ့ပြီး တိုက်ခိုက်ရေးကွင်းထဲကနေ ဆုတ်ခွာသွားခဲ့ရသည်။
တိုက်ခိုက်ရေးကွင်း ထဲတွင် ကျန်းချန်နှင့် ဝိညာဥ်ခွဲထွက်ခြင်းအဆင့်ရှိ ရွှေရောင်ဝတ်စုံဝတ် လူငယ်တစ်ဦးသာလျှင် မည်သည့် လှုပ်ရှားမှုမှ မပြုလုပ်ဘဲ နေရာမှာပင် ရပ်နေခဲ့ကြ၏။
ဝိညာဥ်ခွဲထွက်ခြင်းအဆင့်ရှိ ရွှေရောင်ဝတ်စုံဝတ် လူငယ်သည် အလွန်အမင်း စွမ်းအားကြီးမားသဖြင့် ရွှမ်ယန်ဂိုဏ်း၏ မည်သည့် တပည့်တစ်ဦးမျှပင် လာရောက် ရန်စဝံ့ခြင်းမရှိခဲ့ပေ။
ကျန်းချန်ကမူ တိုက်ခိုက်ရေးကွင်း၏ ထောင့်တစ်နေရာတွင် ရပ်နေခဲ့၍ မည်သူကမှ သူ့ကို ရုတ်တရက် သတိမထားမိခဲ့ကြခြင်းပင်။
ရွှမ်ယန်ဂိုဏ်းမှ တပည့်များက သူ့ကို အာရုံစိုက်မနေကြသဖြင့် ကျန်းချန်သည် အစပြု တိုက်ခိုက်ရန် အစီအစဥ်မရှိခဲ့ပေ။
သူ့အနေဖြင့် ဤပြိုင်ပွဲကို လာရောက် ယှဥ်ပြိုင်ခြင်းသည် ထာဝရသက်ရှည်တောင်တန်း၏ ဝင်ခွင့်တစ်နေရာကို ရယူလိုခြင်းသာ ဖြစ်၍ အဆုံးသတ်တွင် တိုက်ခိုက်ရေးကွင်းထဲ၌ ရပ်တည်နေနိုင်သရွေ့ ကျေနပ်မည်သာ။
ရွှမ်ယန်ဂိုဏ်းမှ တပည့်များက သူ့ကို လာရောက် မတိုက်ခိုက်ကြသဖြင့် ကျန်းချန်သည် စိတ်အေးလက်အေး ဖြစ်နေခဲ့သည်။
သို့သော်လည်း ဤအခြေအနေသည် အချိန်အကြာကြီး မခံခဲ့ပေ။
ရွှမ်ယန်ဂိုဏ်းမှ ရွှေအမြုတေအဆင့် တပည့်တချို့သည် အလွန်လျင်မြန်စွာပင် ကျန်းချန်၏ တည်ရှိမှုကို သတိပြုမိသွားကြပြီး သူတို့၏ လက်ထဲရှိ လက်နက်များကို ဝှေ့ယမ်းကာ ကျန်းချန်အား တိုက်ခိုက်လိုက်ကြသည်။
ကျန်းချန်က တည်ငြိမ်သော အမူအရာဖြင့်ပင် လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ ကြောက်မက်ဖွယ်ရာ စွမ်းအားတစ်ခုသည် ချက်ချင်းဆိုသလို ထွက်ပေါ်လာခဲ့ပြီး ရွှေအမြုတေအဆင့် တပည့်များကို တိုက်ခိုက်ရေးကွင်း အပြင်ဘက်သို့ လွင့်စင်သွားစေခဲ့သည်။
တစ်ချိန်တည်းမှာပင် သူ၏ အေးစက်စက် ကြုံးဝါသံသည် လေထုထဲတွင် ထွက်ပေါ်လာခဲ့၏။
“ထာဝရသက်ရှည်တောင်တန်းရဲ့ ဝင်ခွင့်တစ်နေရာက ငါ့အတွက်ပဲ.. မသေချင်ဘူးဆိုရင် ငါ့ကို လာမရှုပ်ကြနဲ့”
ကျန်းချန်၏ စကားကိုကြားလျှင် တိုက်ခိုက်ရေးကွင်းထဲရှိ ရွှမ်ယန်ဂိုဏ်းမှ တပည့်များနှင့် ပတ်ပတ်လည်ရှိ ကြည့်ရှုသူများပါ ခဏမျှ မှင်တက်သွားခဲ့ကြပြီး သူတို့၏ အကြည့်သည် ကျန်းချန်ဆီသို့ စုပြုံ၍ ကျရောက်သွားခဲ့သည်။
“ဒီကောင်လေးက ဘယ်သူလဲ"
"သူ့ကို ကြည့်ရတာ အားမနည်းပုံပဲ"
"ဒါနဲ့ ဘာလို့ ငါသူ့ကို တစ်ခါမှ မမြင်ဖူးရတာလဲ”
“အမှန်ပဲ.. ရွှေအမြုတေအဆင့် တပည့်တွေကို တိုက်ခိုက်ရေးကွင်းအပြင်ဘက်အထိရောက်အောင် တိုက်ထုတ်နိုင်ပုံထောက်ရင် ဒီကောင်လေးက သန္ဓေဝိညာဥ်အဆင့် ကျင့်ကြံသူပဲဖြစ်ရမယ်”
“ငါရွှမ်ယန်ဂိုဏ်းမှာ ရှိနေတာ နှစ်ပေါင်းတစ်ထောင့်သုံးရာရှိပြီ ဒီလိုမျိုး သန္ဓေဝိညာဥ်ပါရမီရှင်မျိုးကို တစ်ခါမှ မတွေ့ဖူးဘူး”
“ဒီကောင်လေးက ရွှမ်ယန်ဂိုဏ်းကရော ဟုတ်ရဲ့လား”
“မင်းတို့ကလည်း မဖြစ်နိုင်တာတော့ မပြောစမ်းပါနဲ့.. ရွှမ်ယန်ဂိုဏ်းက မဟုတ်ဘဲ ဘယ်လိုလုပ်ပြီး ဂိုဏ်းထဲဝင်လာပြီး ပြိုင်ပွဲမှာ ပါဝင်နိုင်မှာလဲ”
“............”
ပြိုင်ပွဲကို ဦးစီး ကျင်းပနေသော လေထုထဲရှိ အကြီးအကဲယန်ထျန်ချန်းသည် ဤအခိုက်အတန့်တွင် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။
ရွှမ်ယန်ဂိုဏ်းတွင် သန္ဓေဝိညာဥ်အဆင့် ပါရမီရှင်တပည့် ဆယ်ဂဏန်းခန့်သာ ရှိ၏။
ရွှမ်ယန်ဂိုဏ်း၏ အကြီးအကဲတစ်ဦး အနေဖြင့် ယန်ချန်ထျန်းသည် ရွှမ်ယန်ဂိုဏ်း၏ သန္ဓေဝိညာဥ်အဆင့် ပါရမီရှင်တိုင်းကို သိရှိထားခဲ့သည်။
သူ၏ မှတ်ဥာဏ်ထဲတွင် ရွှမ်ယန်ဂိုဏ်း၏ သန္ဓေဝိညာဥ်အဆင့်ပါရမီရှင်ထဲ၌ ထိုကဲ့သို့ ပါရမီရှင်မျိုး မရှိပေ။
ပို၍ အရေးကြီးသည်မှာ ထိုလူငယ်သည် အရှိန်အဝါကို ဖုံးကွယ်ထားသည်မှာ ထင်ရှားနေခဲ့ပြီး လမ်းစဥ်ပေါင်းစည်းခြင်းအဆင့် ရှိသည့် သူ၏ စွမ်းအားဖြင့်ပင် ထိုလူငယ်၏ ကျင့်ကြံခြင်း အဆင့်ကို မမြင်နိုင်ခြင်းပင်။
“ဒီကောင်လေးက တခြား အင်အားစုကများလား”
ယန်ချန်ထျန်းက အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။
အင်မော်တယ်ဂိုဏ်းကြီး ငါးဂိုဏ်းပြီးလျှင် ဒုတိယအဆင့်၌ရှိသော ရွှမ်ယန်ဂိုဏ်းသည် အင်မော်တယ်တိုက် တစ်ခုလုံးတွင် အလွန်တရာ နာမည်ကျော်ကြားသော ဂိုဏ်းတစ်ဂိုဏ်းဖြစ်သည်။
လမ်းစဥ်ပေါင်းစည်းခြင်းအဆင့် ရှိသည့် ကျင့်ကြံသူများပင်လျှင် ရွှမ်ယန်ဂိုဏ်းထဲသို့ လွယ်လွယ်ကူကူ မဝင်ရောက်နိုင်ပေ။
ထိုအခိုက်အတန့်တွင် ယန်ချန်ထျန်း၏ မျက်ဝန်းများသည် အနည်းငယ် လင်းလက်သွားခဲ့သည်။
သူက ထိုကောင်လေးနှင့် ပတ်သက်၍ ချက်ချင်း မမေးမြန်းသေးဘဲ ပြိုင်ပွဲအပြီးတွင်မှ မေးမြန်းရန် ဆုံးဖြတ်လိုက်သည်။
---------------
“ကောင်လေး.. ရွှမ်ယန်ဂိုဏ်းရဲ့ တပည့်ထဲမှာ မင်းကို ငါက ဘာလို့ မမြင်ဖူးရတာလဲ”
သိမ်းငှက်မျက်လုံး ကဲ့သို့ စူးရှသော မျက်ဝန်းကို ပိုင်ဆိုင်ထားသော လူတစ်ဦးသည် ကျန်းချန်ကို စူးစိုက်ကြည့်ကာ မေးခွန်းထုတ်လိုက်သည်။
သိမ်းငှက်မျက်လုံးပိုင်ရှင် လူသည် အလွန်တရာပင် သန်မာပြီး သန္ဓေဝိညာဥ် အလယ်အလတ်အဆင့်ကို ရောက်ရှိနေပြီဖြစ်၏။
ကျန်းချန်က ထိုလူကို တစ်ချက်သာ ကြည့်လိုက်ပြီးနောက်တွင် လုံးဝ အရေးမစိုက်ဘဲ နေရာမှာတင် ရပ်ကာ မျက်စိကို မှိတ်ထားလိုက်သည်။
ကျန်းချန်က သူ့ကို အလေးမထားဘဲ လျစ်လျူရှုလိုက်သည်အား မြင်လျှင် ထိုလူ၏ မျက်ဝန်းထဲ၌ ဒေါသ အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
သူက ရွှမ်ယန်ဂိုဏ်း၏ သန္ဓေဝိညာဥ်အဆင့် ပါရမီရှင် ဆယ်ဦးထဲမှ တစ်ဦး ဖြစ်ပြီး ရွှမ်ယန်ဂိုဏ်းမှ တပည့်များကြားတွင် သူ၏ အဆင့်အတန်းသည် အလွန်တရာပင် မြင့်မားလှ၏။
ရွှမ်ယန်ဂိုဏ်း တစ်ခုလုံးမှာပင် သူအလေးထားရသော ပါရမီရှင် အရေအတွက်သည် လက်တစ်ဖက်စာထက် မပိုပေ။
ယခု သူ့ရှေ့ရှိ အနက်ရောင်ဝတ်စုံဝတ် လူငယ်က သူ့ကို ဤမျှအထိ လျစ်လျူရှုနေခဲ့ရာ သူ့အနေဖြင့် မည်ကဲ့သို့ ဒေါသမထွက်ဘဲ နေနိုင်ပါအံ့နည်း။
“ဒီကောင်လေးကို ဝိုင်းတိုက်ကြစမ်း”
သိမ်းငှက်မျက်လုံးပိုင်ရှင် လူငယ်၏ ခန္ဓာကိုယ်ကနေ ပြင်းထန်သော လူသတ်ငွေ့များ ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့သည်။
ထို့နောက်တွင် သူက ရွှေအမြုတေအဆင့် တပည့်အချို့ကို ဦးဆောင်ကာ ကျန်းချန်းကို ဝင်ရောက် တိုက်ခိုက်လိုက်၏။
ကျန်းချန်က မည်သည့်နေရာကိုမှ မရွေ့ဘဲ မူလနေရာမှာပင် ဝင့်ကြွားစွာ ရပ်နေခဲ့သည်။
သူက သူ့ကို တိုက်ခိုက်လာသော ရွှမ်ယန်ဂိုဏ်းမှ တပည့်များကို လုံးဝ ဂရုစိုက်မနေခဲ့ပေ။
သိမ်းငှက်မျက်လုံးပိုင်ရှင် ကျင့်ကြံသူနှင့် အဖွဲ့သည် ကျန်းချန်၏ ခန္ဓာကိုယ်နှင့် ဆယ်ပေအကွာသို့ ရောက်ရှိသောအခါတွင် ရွှေရောင်အတားအဆီး တစ်ခုသည် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
သိမ်းငှက်မျက်လုံးပိုင်ရှင် ကျင့်ကြံသူတို့ လူစု၏ တိုက်ခိုက်မှုအားလုံးသည် ထိုရွှေရောင်အတားအဆီး ပေါ်သို့ ကျရောက်သွားခဲ့၏။
ရုတ်တရက် ကြောက်မက်ဖွယ်ရာကောင်းသော တန်ပြန်စွမ်းအားတစ်ခုသည် ရွှေရောင်အတားအဆီး ထံမှ တစ်ဆင့် ချက်ချင်းဆိုသလို ပျံ့နှံ့သွားခဲ့ရာ သိမ်းငှက်မျက်လုံး ပိုင်ရှင် ကျင့်ကြံသူတို့ အဖွဲ့သည် တုံ့ပြန်ရန်ပင် အချိန်မရလိုက်ဘဲ သွေးများကို အန်ထုတ်လိုက်ရကာ တိုက်ခိုက်ရေးကွင်း၏ အပြင်ဘက် အထိ လွင့်စင်သွားခဲ့သည်။
အခန်း(၂၃၄၆)ပြီး၏။