စိတ်ဝေဒနာရှင်တွေက အလုပ်ရှာဖို့ လိုအပ်လို့လား။
Vol. 25 Ch. 281
ဘာသာစကားဆိုသည်မှာ ထူးဆန်းသောအရာတစ်ခု ဖြစ်သည်။
၎င်းသည် ပိုမိုနက်ရှိုင်းသောအရာတစ်ခုကို ကိုယ်စားပြုနေခြင်းလည်း ဖြစ်နိုင်၏ ။
သို့သော် ကျိယွမ်သည် ထိုအရာများကို ဆက်မတွေးတော့ဘဲ ခြေပစ်လက်ပစ်ထိုင်ချလိုက်ပြီး ကိစ္စအချို့ကို စဉ်းစားနေခဲ့သည် ။
"ကျိယွမ်ကျမ်းကို ဒီမှာကျင့်ကြံလို့မရဘူး၊ ငါ အခြေခံကျတဲ့ ပုံစံအသစ်တစ်ခုကို ဖန်တီးဖို့ လိုအပ်တယ်"
ဤဂိမ်းလောကထဲတွင် ကျိယွမ်၏ ရည်မှန်းချက်မှာ သူ၏အင်အားကို အမြန်ဆုံး မြှင့်တင်ရန် ဖြစ်သည် ။
ယခင်ဂိမ်းများလို နတ်ဆိုးများကို သတ်ဖြတ်ခြင်းဖြင့် အတွေ့အကြုံရမှတ်များ ရရှိနိုင်သည့် နည်းလမ်းမျိုးကို မတွေ့ရှိသေးသဖြင့် ကျင့်ကြံခြင်းကသာ တစ်ခုတည်းသော ရွေးချယ်စရာ ဖြစ်ပုံရလေ၏ ။
သို့သော်ကျိယွမ်ကျမ်းစာကို ကျင့်ကြံရန်ကတော့ အလွန်ရှုပ်ထွေးလှသည် ။ ကြယ်တာရာအမြုတေကိုဖွဲ့စည်းရန် မဆိုထားနှင့်၊ ကောင်းကင်ဘုံတာအိုအုတ်မြစ် တည်ဆောက်ခြင်းကိုပင် ပြန်လည်တုပရန် အလွန်ခက်ခဲ၏ ။
ထို့ကြောင့် ကျိယွမ်သည် ကျင့်ကြံရန်အတွက် ကျိယွမ်ကျမ်း၏ ရိုးရှင်းသောပုံစံငယ်တစ်ခုကို ဖန်တီးရန် စီစဉ်ရတော့သည် ။
ရည်ရွယ်ချက်မှာ သူ၏ ကိုယ်ပိုင်အင်အားကို မြှင့်တင်ရန်ပင် ။
တစ်ခုကံကောင်းသည်မှာ လက်ရှိခန္ဓာကိုယ်သည် မူလမျိုးစေ့နှင့် ပေါင်းစပ်သွားခဲ့ပြီဖြစ်သောကြောင့် ဂိမ်းမှတစ်ဆင့် ကန်းလန်းလောကရှိ မူလခန္ဓာကိုယ်က ရရှိမည့် ကျင့်ကြံခြင်းစွမ်းအားမှာ ယခင်ကကဲ့သို့ အနည်းငယ်မျှသာ မဟုတ်တော့ပါ ။
ကျိယွမ်၏ လက်ရှိအစီအစဉ်မှာ မိမိကိုယ်ကို ကာကွယ်နိုင်စွမ်းရှိစေရန်အတွက် သူ၏ကျင့်ကြံခြင်းအဆင့်ကို အမြန်မြှင့်တင်ရန်ဖြစ်၏။
နောက်တစ်ခါသေရင် ပြန်ရှင်လာမှာ မဟုတ်တော့ဘူး ။ကမ္ဘာကြီးက ခဏခဏ ပြန်စနေမှာမှ မဟုတ်တာ။
ထို့နောက်တွင် သူသည် ကိုယ်ခံပညာပြိုင်ပွဲများတွင် ပါဝင်နိုင်မည် ဖြစ်သည် ။
အကယ်၍ သူ၏ ကိုယ်ခံပညာပါရမီမှာ ညံ့ဖျင်းနေပြီး ကိုယ်ခံပညာပြိုင်ပွဲများတွင် အနိုင်မရနိုင်ပါကလည်း ကိစ္စမရှိပါ ။ သူ့တွင် တာအိုနည်းစနစ်များ ရှိနေသေးသည် မဟုတ်ပါလား ။
ကိုယ်ခံပညာပြိုင်ပွဲများတွင် မသေမျိုးပညာရပ်များကို အသုံးမပြုရဟု တားမြစ်ထားသည့် စည်းမျဉ်းများလည်း ရှိပုံမရချေ ။
အဲဒီအခါကျမှ ငါ့ကိုအနိုင်ကျင့်တယ်လို့ မဆိုကြနဲ့။အမြင်ဖွင့်ပေးတယ်လို့ ခေါ်တယ်။
ထိုအချိန်၌ ကျွင်းအန်း လူနေရပ်ကွက်၏ အပြင်ဘက်တွင် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့သည် သစ်သီးများကိုင်ဆောင်ကာ စကားတပြောပြောနှင့် ရယ်မောရင်း ကျိယွမ်၏ အိမ်သို့ ဦးတည်လာနေကြသည် ။
ဝမ်ရွှီသည် သူ၏မျက်မှန်ကို ညင်သာစွာပင့်တင်လိုက်သည် ။သိသိသာသာ အရပ်ရှည်သော အမျိုးသားတစ်ဦးဖြစ်သောကြောင့် ထိုသုံးဦးထဲတွင် သူက အာရုံစိုက်ခံရဆုံးသူဖြစ်နေ၏။
တက္ကသိုလ်တက်စဉ်ကလည်း ဝမ်ရွှီသည် အတန်းခေါင်းဆောင် ဖြစ်ခဲ့သည် ။ ကျောင်းပြီးသွားသောအခါမှာလည်း သူ၏ မိသားစုအဆက်အသွယ်များနှင့် ကိုယ်တိုင်ကြိုးစားမှုတို့ကို အသုံးချပြီး ရေကြောင်းဗျူရိုတွင် အလုပ်လုပ်ကိုင်နေလေပြီ။
ချင်းယွမ်နိုင်ငံ၏ ရေကြောင်းအာဏာမှာ ကုံရှင်းဂြိုဟ်ပေါ်တွင် အနှိုင်းမဲ့ဖြစ်ပြီး ရေကြောင်းကုန်သွယ်မှုမှာလည်း အလွန်ထွန်းကားသဖြင့် ရေကြောင်းဗျူရို၌ အလုပ်တစ်ခုရရန်မှာ လူတိုင်း အလွန်မက်မောအားကျနေရသော အရာဖြစ်၏။
ထိုကဲ့သို့ ဂုဏ်သိက္ခာရှိသော အလုပ်တစ်ခုမှာ အခြားအတန်းဖော်များ၏ မနာလိုမှုကို သဘာဝအတိုင်း ဆွဲဆောင်နေလေသည် ။
"လီယန်၊ နင် ကျိယွမ်အပေါ် ခံစားချက်တွေ ရှိနေတုန်းပဲလား"
လီယန်သည် ဆံပင်ကို ပိုနီတေးဆန်ဆန်မြင့်မြင့်စည်းထားပြီး သူမ၏ ရှည်လျားသော ခြေတံများပေါ်တွင် ဘဲလ်ပုံစံ ဘောင်းဘီကို ဝတ်ဆင်ထားသူလေးဖြစ်သည် ။ သူမသည် အရပ်ရှည်သော်လည်း ရုပ်ရည်မှာမူ ပျမ်းမျှထက် အနည်းငယ်သာ သာ၏ ။
ယနေ့တွင် သူမသည် မိတ်ကပ်ပါးပါးလေး လိမ်းထားပြီး သူမ၏မျက်လုံးများထဲတွင် ဝမ်းနည်းရိပ်အချို့ ရှိနေခဲ့သည် ။
လီယန်သည် ဝမ်ရွှီ၏ စကားကို ကြားသောအခါ ပြုံးလိုက်ပြီးမှ။
"အဲဒီတုန်းက ငါက ငယ်သေးလို့ပါ၊ အခုတော့..."
သူမက ခေါင်းခါလိုက်သည် ။
တက္ကသိုလ်တက်စဥ်က သူမသည် ကျိယွမ်ကို အလွန်စွဲလန်းခဲ့သည် ။
ကျိယွမ်၏ရုပ်ရည်မှာ သူတို့အတန်းထဲတွင် မည်သူမျှမနှိုင်းယှဉ်နိုင်အောင် ချောမောခဲ့သောကြောင့်လည်း ပါ၏ ။
အတန်းထဲတွင်မဟုတ်ပါ တစ်ကျောင်းလုံးမှာဟုပင် ဆိုနိုင်၏။
သူမသည် ကျိယွမ်ကို အမြဲတမ်း လိုက်ခဲ့သော်လည်း ကံမကောင်းစွာဖြင့် သူက သူမကို အကြိမ်တိုင်း ငြင်းပယ်ခဲ့လေသည် ။
နောက်ပိုင်းတွင် ကျိယွမ်၌ စိတ်ရောဂါ ဖြစ်ပွားနေကြောင်း သိလိုက်ရသောအခါ သူမသည် သူနှင့် ချက်ချင်း ပင် အလှမ်းဝေးစွာ နေထိုင်သွားခဲ့သည် ။
ကျိယွမ်သည် သူမတူအောင် ချောမောသော ရုပ်ရည်ရှိကောင်းရှိနိုင်သော်လည်း သူမကစိတ်ဝေဒနာရှင်တစ်ဦးနှင့်တော့ လက်မထပ်လိုပါ ။
မဟုတ်ပါက သူမ၏ သူငယ်ချင်းများ သိသွားလျှင် အလွန်အရှက်ရစရာ ဖြစ်သွားပေလိမ့်မည် ။
သူမတို့အဆောင်မှ မိန်းကလေးတစ်ဦးသည် ကျောင်းဆင်းပြီးချင်းမှာပင် ကိုယ်ဝန်ရကာ မြို့ငယ်လေးမှ လူငယ်တစ်ဦးနှင့် လက်ထပ်ခဲ့သည် ။
ထိုအခါ သူမ၏ အဆောင်သူငယ်ချင်းများပ အပြင်ပန်းတွင် သူမအား အားပေးကူညီဟန်ဆောင်သော်လည်း ကွယ်ရာတွင်တော့ သူမသည် အောက်တန်းကျသူနှင့် လက်ထပ်ပြီး ဘဝကို ဖျက်ဆီးလိုက်သည်ဟု အမြဲအတင်းပြောကြ၏။
ဤကဲ့သို့သော သာဓကများရှိနေသဖြင့် လီယန်သည် ကျိယွမ်နှင့် ပတ်သက်ချင်စိတ် မည်သို့ရှိတော့မည်နည်း ။
တစ်ညတာ အပျော်တွဲခြင်းမှာ ပြဿနာမရှိသော်လည်း လက်ထပ်ရန်မှာမူ လုံးဝမဖြစ်နိုင်သောအရာပင် ။
မဟုတ်ပါက သူမသည် အဆုံးမရှိ လှောင်ပြောင်ခံရလိမ့်မည် ။
"ဟူး... ကျိယွမ်က ဘဝကံမကောင်းရှာဘူး ။ သူက မိဘမဲ့တစ်ယောက်ဖြစ်ပြီး တက္ကသိုလ်ကို ခက်ခက်ခဲခဲ တက်ခဲ့ရတယ်၊ ပြီးတော့မှ စိတ်ရောဂါ ဖြစ်သွားတာ ။ အခု... သူ နောက်တစ်ခါ အသည်းအသန် ဖျားနေပြန်ပြီ ။ သူ ဘယ်လိုနေလဲဆိုတာ ငါသိချင်တယ်"
ဆံပင်ကေအတိုနှင့် အမျိုးသားက သနားကရုဏာစိတ်များဖြင့် ပြောလိုက်သည် ။
သို့သော် သူ၏မျက်များထဲတွင် လောဘစိတ်အချို့ ကိန်းအောင်းနေပြီး အခြားသူများ သတိမထားမိအောင် ကောင်းစွာ ဖုံးကွယ်ထားလေသည် ။
"အေးကွာ... ကံဆိုးမ သွားရာ မိုးလိုက်လို့ရွာဆိုသလိုပဲ"
ဝမ်ရွှီကလည်း သနားစိတ်ဖြင့် မသက်မသာညည်းတွား၏ ။
မကြာမီပင် သူတို့သုံးဦးသည် ကျိယွမ်၏ အိမ်ရှေ့သို့ရောက်လာကာ တံခါးခေါက်လိုက်ကြသည် ။
ဆံပင်အတိုနှင့် အမျိုးသားသည် ပတ်ဝန်းကျင်ကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး ကျေနပ်ပုံရသွားလေသည် ။
မကြာမီ တံခါးပွင့်လာကာ
ကျိယွမ်သည် တံခါးဝတွင် ရပ်နေပြီး အပြင်ဘက်မှ လူသုံးဦးကို တည်ငြိမ်စွာ နှုတ်ဆက်လာ၏။
"အတန်းဖော်ဟောင်းတွေ ရောက်လာကြတာပဲ ။ အထဲဝင်ပြီး ထိုင်ကြပါဦး"
ဝမ်ရွှီသည် အံ့သြသွားသော်လည်း ချက်ချင်း ပြန်ဖုံးကွယ်လိုက်ကာ ဂရုတစိုက်မေးလိုက်၏။
"ကျိယွမ်၊ မင်းမျက်နှာက... ဘာလို့ ဒီလောက် ဖြူဖျော့နေတာလဲ"
ကျိယွမ်သည် လက်ရှိတွင် အချိန်မရွေး သေဆုံးသွားနိုင်သည့် လူမမာတစ်ဦးကဲ့သို့ ဖြစ်နေသည် ။
"ဟုတ်တယ်၊ ငါ နေသိပ်မကောင်းဘူး"
ကျိယွမ်က အမှန်အတိုင်း ဖြေလိုက်ရင်းမှ သူ၏ အတန်းဖော်သုံးဦးကို ကြည့်လိုက်သောအခါ အတိတ်မှ အမှတ်တရများက ဒီရေကဲ့သို့ မှတ်ဉာဏ်အတွင်းဝင်ရောက်လာ၏ ။
ကျိယွမ်ဂိမ်ထဲသို့မရောင်ခင် မူလမျိုးစေ့ဘဝမှာရှိနေစဉ်ကပင် သူတို့သည် ကျိယွမ်ကို လာကြည့်ခဲ့ကြသေးသည် ။
သို့သော် ထိုစဉ်က ကျိယွမ်မှာ ဆေးရုံကုတင်ပေါ်တွင် အမြဲတမ်း အိပ်ပျော်နေခြင်း သို့မဟုတ် သတိမေ့မြောနေခြင်းကြောင့် စကားမပြောနိုင်ခဲ့သဖြင့် သူတို့နှင့် အဆက်အသွယ် မရခဲ့ပေ ။
"ဆေးရုံရော သွားပြီးပြီလား ။ အခြေအနေ တော်တော်ဆိုးလား"
လီယန်က ကျိယွမ်၏မျက်နှာကို ကြည့်ကာ စိုးရိမ်တကြီး မေးလိုက်သည် ။
သူမ၏ တစ်ချိန်က အသည်းစွဲအား ယခုကဲ့သို့ သေလုမျောပါး ဖြစ်နေသည်ကို မြင်ရသည်မှာ စိတ်မကောင်းစရာပင် ။
"ဒါက ကြီးပြင်းလာရခြင်းရဲ့ ပေးဆပ်မှုလား" ဟု သူမ တွေးမိ၏။
"သိပ်မဆိုးပါဘူး၊ ကိစ္စအသေးအမွှားလေးပါ"
ကျိယွမ်က လက်ကာပြလိုက်သည် ။
သူ ကျင့်ကြံနေသရွေ့ ဤပြဿနာများသည် ပြဿနာပင် မဟုတ်တော့ပါ ။
မှန်ပါသည်။ သူ၏ ခန္ဓာကိုယ်မှ ကျိန်စာပြဿနာကို လက်ရှိတွင် မဖြေရှင်းနိုင်သေးသော်လည်း သာမန်လူတစ်ယောက် ဖြစ်လာစေရန်နှင့် ကျိန်စာပြန်ပေါ်လာခြင်းကို နှောင့်နှေးအောင်လုပ်ရန်မှာတော့ ဖြစ်နိုင်ပါသေးသည် ။
"ဒါက ဘယ်လိုလုပ် အသေးအမွှား ဖြစ်နိုင်မှာလဲ ။ နင့်မျက်နှာကိုလည်း ကြည့်ဦး"
လီယန်က ကျိယွမ်အတွက် တကယ်စိုးရိမ်နေသကဲ့သို့ မျက်လုံးများပင် နီမြန်းလာလျက် ပြောလိုက်၏ ။
သူမတွင် ကျိယွမ်အပေါ် ခံစားချက်မရှိတော့သော်လည်း သူ ယခုကဲ့သို့ အရွယ်ကောင်းနှင့် သေသွားသည်ကိုတော့ မမြင်လိုပါ ။
"လီယန်၊ နင် အများကြီး တွေးနေပြီ ။ကျိယွမ်က မတ်တပ်တောင်ရပ်ပြီး ငါတို့ကို စကားပြောနိုင်နေတာပဲ၊ အခြေအနေက သိပ်မဆိုးနိုင်ပါဘူး"
ဆံပင်ကေအတိုနှင့် အမျိုးသားက လက်ရှိအခြေအနေကို ထောက်ပြ၏။
အကယ်၍ သူသာ တကယ် အသည်းအသန် ဖျားနေပါက ကုတင်ပေါ်တွင် လဲနေမည်မဟုတ်ပါလား။
ယခုလို တံခါးဝအထိလာကာ မတ်တပ်ရပ်နိုင်ပြီး စကားပြောနိုင်သေးသည်ဆိုပါက အခြေအနေမှာ သိပ်မပြင်းထန်သေးဟု ဆိုလိုခြင်းပင် ။
"ဟုတ်တယ်၊ ငါ အဆင်ပြေပါတယ် ။ တစ်ထိုင်တည်းနဲ့ ပေါက်စီ ခြောက်လုံးတောင် စားနိုင်သေးတယ်"
ကျိယွမ်က သူ၏ကုလားထိုင်ပေါ်တွင် ထိုင်လိုက်ရင်း ထိုစကားကိုထောက်ခံလိုက်သည် ။
ဤကဲ့သို့သော နာကျင်မှုမှာ သူ့အတွက် ဘာမှမဟုတ်သော်လည်း သူသည် အကြောင်းမဲ့ ဒုက္ခခံလိုသူတော့ မဟုတ်ပါ ။ သူသည် အဆင်ပြေဆုံးနည်းလမ်းကို အမြန်ဆုံး ရှာဖွေမည်သာ။
"နောက်ရက်နည်းနည်းအတွင်းမှာ ငါ အဆင်ပြေသွားမှာပါ"
ကျိယွမ်က ယုံကြည်မှုရှိရှိ ပြောလိုက်သည် ။
သူ၏ယုံကြည်ချက်ရှိသောအမူအယာ နှင့်စကားများကြောင့် အခြားသူများမှာ အနည်းငယ် စိတ်သက်သာရာ ရသွားကြ၏ ။
ထိုအချိန်တွင် ဝမ်ရွှီက အကြောင်းအရာပြောင်းလိုက်သည်။
"ကျိယွမ်၊ မင်း အလုပ်မရှာရသေးဘူး မဟုတ်လား ။ ငါ မင်းကို အလုပ်တစ်ခုနဲ့ မိတ်ဆက်ပေးရမလား ။ လစာကတော့ သိပ်မများဘူး၊ ဒါပေမဲ့ အရမ်းပေါ့ပေါ့ပါးပါးရှိပြီး တည်ငြိမ်ပါတယ်"
ဝမ်ရွှီသည် နောက်ဆုံးတွင် သူ၏ ရည်ရွယ်ချက်ကို ထုတ်ပြောလိုက်လေပြီ။
လက်ရှိတွင် သူသည် ရေကြောင်းဗျူရိုတွင် အစမ်းခန့်ကာလ ဖြစ်သည် ။
အာဇာနည်မိသားစု၏သားသမီးဖြစ်သော ကျိယွမ်ကဲ့သို့ လူတစ်ယောက်ကို ကူညီခြင်းမှာ သူ့အတွက် အမှတ်များစွာ ရနိုင်၏။
ကျိယွမ်သည် ထိုစကားကို ကြားသောအခါ အံ့အားသင့်သွားလေသည် ။
"ငါက စိတ်ဝေဒနာရှင် မဟုတ်ဘူးလား ။ စိတ်ဝေဒနာရှင်တွေက အလုပ်ရှာဖို့ လိုအပ်လို့လား"
စိတ်ဝေဒနာရှင်များက အလုပ်ရှာရန် လိုအပ်ပါသလား ။
သူတို့ကို အလုပ်ခန့်မည့် ကုမ္ပဏီရော ရှိပါ့မလား ။
စိတ်ဝေဒနာရှင်များပင် အလုပ်ရှာနေရသည်ဆိုပါက ဤကုံရှင်းဂြိုဟ်မှာ ပြိုင်ဆိုင်မှု အလွန်ပြင်းထန်လွန်းနေလေပြီ ။
ဝမ်ရွှီမှာ ဆွံ့အသွားလေသည် ။
စိတ်ဝေဒနာရှိသူတစ်ဦးက "စိတ်ဝေဒနာရှင်တွေ အလုပ်လုပ်ဖို့ လိုလို့လား" ဟု ဤမျှ ပေါ့ပေါ့ပါးပါး ပြောသည်ကို သူ ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်၏။
အရူးတွေက သူတို့ကိုယ်သူတို့ အရူးဆိုတာ သိလို့လား။
၎င်းမှာ အလွန်ထူးဆန်းနေလေသည် ။
လီယန်လည်း အံ့သြသွား၏ ။
သို့သော် သေချာစဉ်းစားကြည့်ပြီးမှ သူမ နားလည်သွားသည် ။
စိတ်ရောဂါရှိခြင်းမှာ လူထုံလူအ ဖြစ်သွားခြင်း မဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာ ပြဿနာအချို့ ရှိနေခြင်းသာဖြစ်၏ ။
"မင်း အလုပ်မလုပ်ရင်တောင် အစိုးရရဲ့ ထောက်ပံ့ကြေးနဲ့ ရပ်တည်နိုင်ပါတယ် ။
ဒါပေမဲ့..."
ဝမ်ရွှီက တုံ့ဆိုင်းနေပြီးမှ ဆက်ပြောသည်။
"ကျိယွမ်၊ ငါပြောမယ့်စကားက စိတ်နာစရာ ဖြစ်ကောင်းဖြစ်နိုင်တယ်၊ ဒါပေမဲ့ စိတ်ထဲမထားပါနဲ့ ။
မင်းသာ အလုပ်အကိုင်မရှိဘဲ အိမ်မှာပဲ နေနေမယ်ဆိုရင် မင်းအတွက် အိမ်ထောင်ပြုဖို့နဲ့ ကလေးယူဖို့ ခက်ခဲလိမ့်မယ် ။"
"အစိုးရက စီစဉ်ပေးတဲ့ အိမ်ထောင်ဖက် ရှာဖွေရေးမှာတောင် အဲဒီမိန်းကလေးတွေက မင်းကို သဘောကျမှာ မဟုတ်ဘူး"
အာဇာနည်ဝင်များ၏ သားသမီးများအတွက် ချင်းယွမ်နိုင်ငံတွင် ကာကွယ်စောင့်ရှောက်မှုများစွာ ရှိပါသည် ။
၎င်းတို့မှာ ထောက်ပံ့ကြေး အမျိုးမျိုးရရှိရုံသာမက အိမ်ထောင်ဖက် ရှာဖွေပေးခြင်းကိုလည်း စီစဉ်ပေးသည် ။
သို့သော် ကျိယွမ်၏ စိတ်ပိုင်းဆိုင်ရာ ပြဿနာများကြောင့် သူသည် အိမ်ထောင်ဖက် ဈေးကွက်၏ အောက်ခြေတွင်သာ ရှိနေပါလိမ့်မည် ။
မည်သည့်အမျိုးသမီးက ထိုကဲ့သို့သော ဝန်ထုပ်ဝန်ပိုးကို ထမ်းချင်ပါမည်နည်း ။
"ဟုတ်တယ် ကျိယွမ် ။ တည်ငြိမ်တဲ့ အလုပ်မရှိရင် အိမ်ထောင်ဖက်တွေ့ဆုံပွဲတွေမှာ အောင်မြင်ဖို့ အခွင့်အလမ်းက အရမ်းနည်းတယ် ။"
"ရေကြောင်းဗျူရိုမှာ အလုပ်လုပ်ပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ ရာထူးတက်တော့မယ့် ဝမ်ရွှီနဲ့ မတူဘူး ။
သူသာ ချိန်းတွေ့မယ်ဆိုရင် အလွန်ရေပန်းစားတဲ့သူ ဖြစ်မှာပဲ"
လီယန်က သူမ၏ဆံပင်ကို ပြင်ရင်း ဝမ်ရွှီကို လေးစားသော အကြည့်များဖြင့် ကြည့်ကာ ပြောလိုက်သည် ။
"ဒါကတော့ ချဲ့ကားပြောတာပါ ။ ငါက သာမန်အလုပ်တစ်ခု လုပ်နေတာပါ"
ဝမ်ရွှီက လက်ကာပြလိုက်သော်လည်း သူ၏ မျက်လုံးထဲမှ ဂုဏ်ယူမှုကိုတော့ ဖုံးကွယ်မထားနိုင်ပါ ။
သူသည် ကျိယွမ်ကို ကြည့်ပြီး ဆက်ပြောသည်။
"ငါ မင်းအတွက် ရှာထားတဲ့ အလုပ်က အရမ်းလွယ်ပါတယ် ။ မင်း ဂိုဒေါင်တစ်ခုကို စောင့်ရုံပဲ၊ ဘာမှ အခိုးမခံရအောင် ကြည့်ပေးရုံပဲ ။ ဘာအရည်အချင်းမှ မလိုဘူး၊ ဘယ်သူမဆို လုပ်နိုင်တယ်"
လီယန်ကလည်း ချက်ချင်း ဝင်ပြောပေးသည်။
"ဟုတ်တယ် ကျိယွမ်၊ နင် ဘာလို့ အဲဒါကို မစဉ်းစားတာလဲ ။
နင့်ရဲ့ မိဘတွေက သူတို့ရဲ့ မျိုးဆက် ပြတ်သွားတာကို အလိုရှိမှာ မဟုတ်ဘူး မဟုတ်လား"
ကျိယွမ်က ပြုံးလိုက်သည် ။
"အလုပ်လုပ်ရမယ် ၊ အဲဒါ မဖြစ်နိုင်ဘူး"
သူက ခေါင်းကိုပါ ခါပြ၏ ။
၂၁ရာစု ကမ္ဘာကြီးနှင့် ဆင်တူသော ခေတ်မီလူ့အဖွဲ့အစည်းသို့ ပြန်ရောက်လာပြီးမှ အလုပ်လုပ်ရန် အပြောခံရသည်တဲ့။
၎င်းမှာ သူ့ကို သေခိုင်းနေခြင်းပင် မဟုတ်ပါလား ။
"ငါ့အတွက် စိတ်မပူပါနဲ့ ။ ငါ အလုပ်မလုပ်ရင်တောင် ဇနီးတစ်ယောက် ရှာနိုင်မှာပါ"
ကျိယွမ်က အိမ်ထောင်ဘက်ကိစ္စကိုပိုင်နိုင်စွာ ပြောလိုက်သည် ။
သူသာ အလိုရှိပါက သတို့သမီးလေးနှင့်အတူ မြို့ပြရေးရာဗျူရိုသို့ သွားပြီး လက်ထပ်စာချုပ် ချုပ်ဆိုနိုင်၏။
ထို့ပြင် သူ အနည်းငယ် အင်အားတောင့်တင်းလာလျှင် ကြယ်အမြုတေ၏ ပုံရိပ်ယောင်ကို ဤစကြဝဠာထဲသို့ ယူဆောင်လာနိုင်ပြီးနောက် နင်းထောင်ကိုပါ ခေါ်ယူပြီး လက်ထပ်နိုင်သည် ။
သို့သော် ၎င်းမှာ မယားပြိုင်မှုဖြင့် တရားစွဲခံရခြင်းသို့ ဦးတည်သွားနိုင်သည့် အနေအထားတော့ရှိနေ၏ ။
သို့သော် ကျိယွမ်သည် မကြောက်ပါ ။
သူ့တွင် စိတ်ဝေဒနာရှင်ဖြစ်ကြောင်း သက်သေခံလက်မှတ် ရှိသည် ။
ဤလက်မှတ်မှာ အကာအကွယ်ပေးသည့် အဆောင်လက်ဖွဲ့တစ်ခုပင်။
ထို့ကြောင့် သူသည် ဥပဒေချိုးဖောက်ရန် မကြောက်ပါ၊ မယားပြိုင်မှုကို ပို၍ပင် မကြောက်ပါ ။
"ဒါကတော့..."
ဝမ်ရွှီက သူ့ကို ထပ်မံ ဖျောင်းဖျချင်နေသည် ။
ကျိယွမ်၏ ရောဂါနှင့် အလုပ်မရှိခြင်းကြောင့် အိမ်ထောင်ပြုရန်နှင့် ကလေးယူရန်မှာ အလွန်ပင် ခက်ခဲပါလိမ့်မည် ။
"ဒါပေမဲ့ ရှင့်မှာ အလုပ်မရှိရင်..."
လီယန်က ဆက်ပြောချင်နေပါသည် ။
ရှင့်မှာ ကောင်းကောင်းစားဖို့ ပိုက်ဆံလည်း ရှိမှာမဟုတ်ဘူးဟူ၍။
ဝမ်ရွှီနှင့်လီယန်တို့နှစ်ယောက်တို့ မအောင်မြင်သည်ကိုမြင်လျှင် ဆံပင်ကေအတိုနှင့် အမျိုးသား၏ မျက်လုံးများ တောက်ပလာသည် ။
"ဟေး... မင်းတို့ရဲ့ အတွေးအခေါ်တွေက အရမ်းခေတ်နောက်ကျနေပြီ ။
ကျိယွမ်ရဲ့ အခြေအနေနဲ့ သူက ဘာလို့ မိန်းမ မရနိုင်ရမှာလဲ ။"
"ငါ တော်တော်လေး ချောပြီး စိတ်ထားကောင်းတဲ့ မိန်းကလေးတစ်ယောက်ကို သိတယ် ။ သူက မကြာသေးခင်ကမှ ချိန်းတွေ့ချင်နေတာ ။ ငါ သူ့ကို ကျိယွမ်နဲ့ မိတ်ဆက်ပေးလို့ ရတယ်"
လီယန်မှာ အံ့သြသွားပြီး ဆံပင်ကေအတိုနှင့် အမျိုးသား၏ နားနားတွင်ကပ်ကာ တိုးတိုးလေးသတိပေးလိုက်၏။
"အဲဒီမိန်းကလေးရဲ့ ဘဝကို မဖျက်ဆီးလိုက်ပါနဲ့"
ဝမ်ရွှီကလည်း ဆံပင်အတိုနှင့် အမျိုးသားကို စဉ်းစားနေသော အကြည့်ဖြင့် ကြည့်လိုက်သည် ။
"သူက ဘယ်လိုမိန်းကလေးလဲ၊ သူ့ရဲ့ စရိုက်ကရော ဘယ်လိုလဲ"
"သူက တကယ့်ကို တင့်တယ်တဲ့သူပါ ။ တက္ကသိုလ်တုန်းက သူက ငွေကြေးထောက်ပံ့မှုတောင် ရခဲ့သေးတယ် ။
ဒါပေမဲ့ သူက ဆင်းရဲတဲ့ နောက်ခံက လာတာ၊ ဝေးလံခေါင်ဖျားတဲ့ ဒေသကပေါ့၊ ဒါပေမဲ့ သူက အရမ်းကြိုးစားတယ် ။"
"သူက ထျန်းယွဲ့မြို့မှာ အိမ်ထောင်စုစာရင်း ရချင်နေတာ... ဒါကြောင့်မို့လို့ပါ"
ဆံပင်အတိုနှင့် အမျိုးသားက ထိုမိန်းကလေး၏ နောက်ခံကို ရှင်းပြပါသည် ။
သူမက ဆင်းရဲသော မိသားစုမှ လာသော မိန်းကလေးတစ်ဦးဖြစ်ပြီး အလွန်ရည်မှန်းချက်ကြီး၏ ။
ထျန်းယွဲ့မြို့မှာ ချင်းယွမ်နိုင်ငံ၏ ပြည်နယ်မြို့တော် ဖြစ်ပြီး
ဤနေရာမှ အိမ်ထောင်စုစာရင်းမှာ အလွန်တန်ဖိုးရှိလေသည် ။
အထူးသဖြင့် အခန်းသုံးခန်းပါ တိုက်ခန်းကို ပိုင်ဆိုင်ထားသည့် ကျိယွမ်ကဲ့သို့သော လူမျိုး၏အိမ်ထောင်စုစာရင်းဆိုလျှင် ပို၍ပင် တန်ဖိုးရှိပါသည် ။
အကယ်၍ ထိုအိမ်ကို ရောင်းလိုက်ပါက ချင်းယွမ်ငွေ လေးငါးသန်းခန့် တန်ကြေးရှိပြီး ၎င်းမှာ ဆင်းရဲသော နောက်ခံရှိသူတစ်ဦးအတွက် တစ်သက်လုံး ကြိုးစားလျှင်ပင် မဝယ်နိုင်သောအရာပင် ။
ဝမ်ရွှီက အနည်းငယ် တုံ့ဆိုင်းနေ၏။
"ကျိယွမ်က မင်းရဲ့ အတန်းဖော်ဟောင်းပဲ ။ သူ့ကို အကွက်မဆင်နဲ့ဦး ။ တကယ် အဲဒီမိန်းကလေးက..."
သူသည် ကျန်သည့်စကားကို ဆက်မပြောတော့ပါ ။
အကယ်၍ ၎င်းမှာ လက်ထပ်ပြီး လိမ်လည်ခြင်းဖြစ်နေပါက မည်သို့လုပ်မည်နည်း ။
အဆုံးတွင်တော့ ကျိယွမ်က စိတ်ပိုင်းဆိုင်ရာ ပြဿနာအချို့ ရှိနေသူဖြစ်သည် ။
အကယ်၍ ထိုမိန်းကလေးက လှည့်ကွက်အချို့ သုံးလိုက်မည်ဆိုပါက သူမသည် ကျိယွမ်၏ ပိုင်ဆိုင်မှုနှင့် ချမ်းသာကြွယ်ဝမှု အားလုံးကို ရရှိသွားနိုင်၏ ။
"စိတ်မပူပါနဲ့၊ ငါသိတဲ့ မိန်းကလေးက အရမ်းရိုးသားပါတယ်"
ဆံပင်ကေအတိုနှင့် အမျိုးသားက ပြုံးကာ အာမခံလိုက်သည် ။
"သူက အရမ်းရှေးရိုးစွဲပြီး အထိန်းအသိမ်း ရှိတယ် ။ သူ တစ်ယောက်ယောက်ကို ရွေးချယ်ပြီးပြီဆိုရင် တစ်သက်လုံး စွန့်ခွာမှာ မဟုတ်ဘူး ။ လွန်ခဲ့တဲ့ ရက်အနည်းငယ်ကတင် သူ ငါ့ကို ညည်းပြသေးတယ်၊ သုံးကြိမ်ပဲ တွေ့ရသေးတဲ့ ချိန်းတွေ့တဲ့လူက သူ့လက်ကို ကိုင်ဖို့ ကြိုးစားလို့တဲ့။ သူက အဲဒီလူကို အထင်သေးသွားတာ၊ ဒါကိုကြည့်ရင် သူ ဘယ်လောက် ရှေးရိုးစွဲလဲဆိုတာ သိနိုင်တယ်"
ဆံပင်ကေအတိုနှင့် အမျိုးသားက ပြောရင်းမှ တဟားဟား ရယ်လိုက်သေးသည် ။
အမှန်စင်စစ် ဤစကားများကို ထိုမိန်းကလေးက ကုတင်ပေါ်တွင် သူ့ကို ပြောပြခဲ့ခြင်း ဖြစ်၏ ။
ထိုစဉ်က ဆံပင်ကေအတိုနှင့် အမျိုးသားက မနေနိုင်စွာမေးခဲ့သေးသည်။
"ငါဆို နင့်ကို နှစ်ခါပဲ တွေ့ရသေးတယ်၊ အဲဒီ ချိန်းတွေ့တဲ့လူထက်တောင် နည်းသေးတယ်လေ ။ ဒါဆို ဘာလို့..."
ထိုမိန်းကလေးက ခေါင်းခါပြီး မအူမလည်ဖြေ၏။
"ရှင်က မတူဘူးလေ ။ အဲဒါက ချိန်းတွေ့တဲ့လူပဲဟာ" တဲ့။
ဝမ်ရွှီသည် ၎င်းကို ကြားသောအခါ ဘာမှ ထပ်မပြောတော့ပါ ။
"ဘာဖြစ်လို့လဲ အတန်းခေါင်းဆောင် ။ ငါချွေဖန်ကို မယုံလို့လား"
ဆံပင်အတိုနှင့် အမျိုးသားက မကျေမနပ်အသံဖြင့် မေးလိုက်၏ ။
ဝမ်ရွှီသည် အချိန်အတော်ကြာ တုံ့ဆိုင်းနေသော်လည်း ပြောစရာစကား ရှာမတွေ့ခဲ့ပါ ။
ချွေဖန်က ဆက်လက်၍ မကျေမနပ် ပြော၏။
"အတန်းခေါင်းဆောင်၊ ငါ တက္ကသိုလ်တုန်းက အမှားတွေလုပ်ခဲ့ပြီး အတိုးကြီးစား ချေးငွေတွေ ယူခဲ့ဖူးတာ မှန်ပါတယ်၊ ဒါပေမဲ့ ကျောင်းဆင်းပြီးကတည်းက ငါ ပြုပြင်ပြောင်းလဲနေပါပြီ ။ ငါ အလုပ်ကောင်းကောင်းတောင် ရနေပြီ ။ ငါ့ကို အမြင်စောင်းနဲ့ မကြည့်ပါနဲ့"
အခြေအနေက အဆင်မပြေသလိုဖြစ်လာသည်ကို သိသဖြင့် လီယန်က ကြားဖြတ်လိုက်ရသည်။
"ဝမ်ရွှီ၊ ချွေဖန်က အခု အရင်လို မဟုတ်တော့ပါဘူး ။ သူ ကျောင်းဆင်းပြီး တစ်နှစ်တောင်မပြည့်သေးဘူး ဆေးဝါးကုမ္ပဏီတစ်ခုမှာ ကြီးကြပ်ရေးမှူးအဖြစ် ရာထူးတိုးသွားပြီ"
ကျိယွမ်၏ မျက်လုံးများမှာ လီယန်၏စကားကို ကြားသောအခါ တောက်ပသွားသည် ။
လက်ရှိတွင် သူ့၌ ထောက်ပံ့ကြေးများ ရှိနေသော်လည်း တစ်လလျှင် ၂၀၀၀ ကျော်သာရ၏။ ၎င်းမှာ သူ ရှင်သန်ရန်အတွက် တော်တော်လေးရုန်းကန်ရမည့် ပမာဏ ဖြစ်သည် ။
ကျင့်ကြံခြင်းနှင့် ကိုယ်ခံပညာ လေ့ကျင့်ရန်အတွက်ဆိုလျှင် ပစ္စည်းအမျိုးမျိုးဝယ်ယူရမည့်ဖြစ်သောကြောင့် ပိုက်ဆံပမာဏတော်တော်များများ ပိုလိုနေအပ်နေ၏။
ချွေဖန်က အတိုးကြီးစား ချေးငွေများအကြောင်း ပြောနေသည်ကို ကြားသောအခါ ကျိယွမ်၏ စိတ်ထဲတွင် အတွေးများစွာ ပေါ်လာတော့သည် ။
အခြားသူများကို အတုယူပြီး... အတိုးအကြီးစား ချေးငွေတစ်ခု ယူလိုက်လျှင် ဘယ်လိုနေမလဲ ။
ကျိယွမ်သည် တီဗီဇာတ်လမ်းတွဲများနှင့် အန်နီမေးများစွာတွင် တွေ့ဖူးသည် ၊ အဓိကဇာတ်ဆောင်များသည် လုပ်ငန်းစတင်ချိန်တွင် ပိုက်ဆံမရှိတတ်ကြပါ ။
ပိုက်ဆံလိုလာလျှင် သူတို့ဘာလုပ်ကြသနည်း ။
အတိုးကြီးစား ချေးငွေကို ယူလိုက်ကြသည် ။
ပြီးလျှင်တော့ ရိုးရိုးလေးပဲ ဖြေရှင်း၏။
ဖြေရှင်းပုံက ဘယ်တော့မှ ပြန်မဆပ်တော့ခြင်းပင် ။
ထို့အပြင် ချင်းယွမ်နိုင်ငံရှိ အတိုးအကြီးစား ချေးငွေလုပ်ငန်းအများစုမှာ ဥပဒေ၏ အစွန်းဖျားတွင် လုပ်ကိုင်နေကြခြင်း ဖြစ်၏ ။
ချေးငွေပေးသူများသည် ဂိုဏ်းစတားများနှင့် ဆက်နွှယ်နေလေ့ရှိပြီး မကောင်းသော လုပ်ငန်းများတွင် ပါဝင်နေကြသူများဖြစ်သည် ။
ကျိယွမ်အနေဖြင့် ချေးငွေယူလိုက်ခြင်းမှာ လူ့အဖွဲ့အစည်းရှိ အဖျက်သမားများကို ရှင်းလင်းပေးသည်ဟုပင် ယူဆနိုင်သည်မဟုတ်ပါလား။
အဆုံးတွင်တော့ သူသည် ချေးထားသောအရာကို ပြန်ဆပ်ရန် လုံးဝရည်ရွယ်ချက်မရှိပါ ။
"ငါ ဒီကိစ္စထဲမှာ မပါတော့ဘူး ။ မင်းဘာသာ ကျိယွမ်ကိုပဲ နားဝင်အောင် ပြောတော့"
ဝမ်ရွှီက လက်လျှော့လိုက်သည် ။
သူ၏ရာထူးတိုးရန်အတွက်မဟုတ်တော့သော်လည်း ကျိယွမ်ကို ကူညီခြင်းက သူ့အတွက် နစ်နာစရာမရှိပါ ။
"အင်း"
ချွေဖန်တောက်ပသော အပြုံးနှင့် ကျိယွမ်အားကြည့်လိုက်သည်။
ကျိယွမ်ကလည်း ရောယောင်ကာ ခေါင်းညိတ်လိုက်ပြီး စဉ်းစားတွေးတောဟန်ဖြင့်ငြိမ်နေ၏။
"မင်းတို့အားလုံးကို ကျေးဇူးတင်ပါတယ်"
ထိုနောက် သူတို့သည် အိမ်ထဲတွင် ခေတ္တမျှ ထပ်မံ စကားပြောကြပြီးနောက် ကျိယွမ် အနားယူနိုင်ရန် ပြန်လည်ထွက်ခွာသွားကြ၏။
ကျိယွမ်သည် ၄င်းတို့ပြန်သွားပြီးနောက် အိမ်အပြင်ဘက်သို့ ငေးကြည့်ရင်း အနည်းငယ်စဥ်းစားနေခဲ့သည်။
ထို့နောက်သူ၏ ဖုန်းကို ထုတ်လိုက်ပြီး အဆက်အသွယ်များထဲမှ ချွေဖန်၏ ဖုန်းနံပါတ်ကို ရှာလိုက်၏ ။
သူ ခေတ္တမျှ စဉ်းစားပြီးနောက် မက်ဆေ့ခ်ျတစ်ခု ပို့လိုက်သည် ။
"ချွေဖန်၊ ငါ့ကို ပိုက်ဆံ နည်းနည်းလောက်ချေးနိုင်မလား"
သူကိုယ်တိုင် ချေးငွေရှာမည့်အစား အခြားသူတစ်ယောက်ကိုပဲ လုပ်ခိုင်းလိုက်လျှင် ပိုမကောင်းပေဘူးလား ။
ထို့အပြင် ချွေဖန်သည် သူ့အပေါ် စေတနာကောင်း ရှိပုံမရပါ ။
"ဟမ်...မင်းကို ပိုက်ဆံချေးရမယ် ၊ ဘယ်လောက်လဲ ။ ဘာအတွက်လဲ"
ချွေဖန်က ချက်ချင်း ပြန်စာပို့သည် ။
"တစ်သောင်းလောက် ။ ငါ အခု ပိုက်ဆံ နည်းနည်း လိုနေလို့"
ကျိယွမ်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည် ။
"အင်း..."
ချွေဖန်က အနည်းငယ်တုံ့ဆိုင်းနေ၏ ။ အကယ်၍ သူသာ ကျိယွမ်၏ ပိုင်ဆိုင်မှုကို မက်မောနေခြင်း မဟုတ်ပါက သိပ်ပြီး ဂရုစိုက်နေမည် မဟုတ်ပါ ။
သို့သော် ဤတစ်ကြိမ်တွင်တော့ သူက ထောက်ထားစာနာဟန် ပြလိုက်သည်။
"ငါ့ဆီမှာ အခု ပိုက်ဆံမရှိသေးဘူး ။ စိတ်မရှိပါနဲ့ ။ ဒါနဲ့ ကျိယွမ်၊ နောက်သုံးရက်နေရင် ရှောင်မေနဲ့ တွေ့ချင်လား ။ မင်း တွေ့မယ်ဆိုရင် ငါ မင်းကို ပိုက်ဆံရမယ့် နည်းလမ်းတစ်ခု ပြောပြနိုင်တယ်"
"ရတာပေါ့"
ကျိယွမ်က ပြုံးလိုက်သည် ။ ဤအရာမှာ သူ စောင့်နေသည့်အရာ ဖြစ်၏။
ချွေဖန်၏စရိုက်အရ သူ့ကို တစ်သောင်း အလွယ်တကူ ချေးလိမ့်မည် မဟုတ်ပါ ။
"ငါ့မှာ အတိုးကြီးစား ချေးငွေပေးတဲ့ အဆက်အသွယ်တစ်ခု ရှိတယ် ။ နောက်သုံးရက်နေရင် ရှောင်မေနဲ့ တွေ့ပြီးမှ အဲဒီလူနဲ့ပါ တစ်ခါတည်း တွေ့လိုက်မလား"
ချွေဖန်က အကြံပြုလာသည် ။
"ဟူး... သူတို့က အများကြီး ချေးပေးလား ။ ငါ တကယ်တော့ ပိုက်ဆံ တော်တော်လိုနေတာ"
ကျိယွမ်က အကွက်နည်းနည်းသုံးလိုက်သည် ။
သူသည် တတ်နိုင်သမျှ များများ ချေးချင်နေသည် မဟုတ်ပါလား ။
"အများကြီးပေါ့ ။ စိတ်မပူနဲ့ ။ မင်းရဲ့ အိမ်ကို အပေါင်ထားမယ်ဆိုရင် လေးငါးသန်းလောက်တောင် အလွယ်တကူ ချေးလို့ရတယ်"
ချွေဖန်က အမှန်အတိုင်း ပြန်ဖြေရင်းမှ မျက်လုံးများတောက်ပလာ၏။
ကျိယွမ်၏ အိမ်မှာ လေးငါးသန်းခန့် တန်သော်လည်း လက်တွေ့တွင်မူ ချေးငွေမှ ထိုမျှအထိ ရနိုင်မည် မဟုတ်ပါ ။
ထို့ပြင် သူနှင့် ရှောင်မေနှစ်ဦးစလုံးမှာ အတိုးကြီးစား ချေးငွေများကြောင့် ကြွေးမြီ သောင်းနှင့်ချီ ရှိနေကြပြီ ဖြစ်၏။
သူတို့က ချေးငွေ ပြန်မဆပ်နိုင်သဖြင့် ကျိယွမ်၏ အိမ်ကို လိမ်လည်ယူရန် စီစဉ်နေကြခြင်းပင် ။
ငါးကတော့ အစာကို သူအလိုလို လာဟပ်နေပြီ။
--------------