← Chapters

အခန်း (၂၃၄၉-၂၃၅၀)

Vol. 175 Ch. 2349-2350

အခန်း (၂၃၄၉-၂၃၅၀)

Vol. 175 Ch. 2349-2350

အခန်း(၂၃၄၉)

ထွက်ခွာသွားသော ကျန်းချန်၏ ကျောပြင်ကို ငေးကြည့်ရင်း ယန်ချန်ထျန်းသည် အနည်းငယ် စိတ်အေးသွားခဲ့ပြီး စိတ်ထဲကနေ သက်ပြင်းချမိလိုက်သည်။

ထိုလူငယ်သည် ထာဝရသက်ရှည်တောင်တန်း၏ ဝင်ခွင့်နေရာကို ရရှိပြီးနောက်တွင် ရွှမ်ယန်ဂိုဏ်းမှ ထွက်ခွာသွားခဲ့ရာ ထာဝရသက်ရှည်တောင်တန်း၏ ဝင်ခွင့်နေရာအတွက် အမှန်တကယ် လာရောက်ခဲ့ပြီး အခြားသော ရည်ရွယ်ချက်မရှိသည်မှာ ထင်ရှားနေခဲ့သည်။

သို့သော်လည်း အင်မော်တယ်တိုက်ပေါ်ရှိ ထိပ်တန်း ဂိုဏ်းတစ်ဂိုဏ်း ဖြစ်ပြီး အင်မော်တယ်ဂိုဏ်းကြီး ငါးဂိုဏ်းပြီးလျှင် ဒုတိယအဆင့်၌ ရှိသော ရွှမ်ယန်ဂိုဏ်းသည် အမည်မသိလူငယ်လေး တစ်ယောက်၏ ဤမျှလောက်အထိ ဖိအားပေးခြင်းကို ခံလိုက်ရသည်မှာ သမိုင်းတွင် ပထမဆုံးအကြိမ်ဖြစ်သည်။

ယန်ချန်ထျန်းသည် ခေါင်းခါရမ်းလိုက်ပြီး ထိုအကြောင်းကို ဆက်လက် မတွေးတောတော့ပေ။

ယင်းနောက်တွင် သူ၏ စကားသံသည် ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်သွားခဲ့သည်။

“အထူး ကိစ္စတချို့ကြောင့် သိုင်းပြိုင်ပွဲကို နောက်ရက်မှပဲ ထပ်မံ ကျင်းပတော့မယ်.. အခုတော့ အားလုံးပဲ ကိုယ့်နေရာကိုယ် အရင် ပြန်လိုက်ကြတော့”

အနက်ရောင်ဝတ်စုံဝတ် လူငယ် ပေါ်ထွက်လာခြင်းကြောင့် သိုင်းပြိုင်ပွဲသည် ချောမွေ့စွာ ဆက်လက် ကျင်းပနိုင်ခြင်း မရှိတော့၍ ယန်ချန်ထျန်းသည် သိုင်းပြိုင်ပွဲကို ရွှေ့ဆိုင်းလိုက်ရုံသာ တတ်နိုင်ခဲ့သည်။

သိုင်းပြိုင်ပွဲကို ‌ရွှေ့ဆိုင်းကြောင်း ကြေညာပြီးနောက်တွင် ယန်ချန်ထျန်း၏ ပုံရိပ်သည် ရင်ပြင်ထက်ကနေ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားခဲ့သည်။

နောက်ထပ် တစ်ခဏတွင် ယန်ချန်ထန်း၏ ပုံရိပ်သည် အဓိကတောင်ထိပ်ရှိ ခန်းမတစ်ခုတွင် ပေါ်လာခဲ့သည်။

ခန်းမ၏ အလယ်ဗဟိုတွင် ဆံပင်များ ဖြူဖွေးနေပြီး အိုမင်းရင့်ရော်နေသော အဘိုးအို တစ်ဦးသည် မျက်စိမှိတ်ကာ တင်ပျဥ်ခွေ ထိုင်နေခဲ့သည်။

“ဘိုးဘေး.. အဲဒီကောင်လေးရဲ့နောက်ခံက လျှို့ဝှက်ဆန်းကြယ်ပြီး အလွန်အမင်း စွမ်းအားကြီးမားတယ် ဆိုပေမဲ့လည်း သူ့ကို ထာဝရသက်ရှည်တောင်တန်းရဲ့ ဝင်ခွင့် နေရာတစ်နေရာ ပေးလိုက်တာက ကျွန်တော်တို့ ရွှမ်ယန်ဂိုဏ်းရဲ့ဂုဏ်သိက္ခာကို ထိခိုက်စေလိမ့်မယ်လို့ ထင်တယ်”

ယန်ချန်ထျန်းသည် ခန်းမအလယ်ရှိ ဆံဖြူအဘိုးအိုကို ရိုသေလေးစားသော အမူအရာဖြင့် ကြည့်ကာ ပြောလိုက်သည်။

ရွှမ်ယန်ဂိုဏ်းသည် ထိပ်သီးဂိုဏ်းတစ်ဂိုဏ်း ဖြစ်သော်လည်း ယခုအခါတွင် လူငယ်တစ်ဦး၏ ခြိမ်းခြောက်မှုကြောင့် ထာဝရသက်ရှည်တောင်တန်း၏ ဝင်ခွင့်နေရာ တစ်နေရာကို ပေးအပ်လိုက်ရသည်။

အကယ်၍ ထိုသတင်းသာ ပျံ့နှံ့သွားလျှင် ရွှမ်ယန်ဂိုဏ်းသည် အင်မော်တယ်တိုက်တွင် ဟာသတစ်ခု ဖြစ်လာပေလိမ့်မည် မဟုတ်ပါလား။

“ရွှမ်ယန်ဂိုဏ်းဆီကနေ ထာဝရသက်ရှည်တောင်တန်းရဲ့ ဝင်ခွင့်နေရာ တစ်နေရာ ယူသွားတာကို ငါကရော ခွင့်ပြုချင်တယ်လို့ မင်းထင်လား”

ဆံဖြူအဘိုးအိုက သူ၏ မှိတ်ထားသော မျက်လုံးများကို ဖွင့်ကာ ပြောလိုက်သည်။

“အဲဒီ ကောင်လေးက အရမ်းသန်မာလွန်းတယ်.. သူ့ဆီကနေ အရမ်းအန္တရာယ်များတဲ့ အရှိန်အဝါ တစ်ခုကို ငါခံစားမိတယ်.. ငါကိုယ်တိုင် လှုပ်ရှားမယ် ဆိုရင်တောင် သူ့ရဲ့ ပြိုင်ဘက် ဖြစ်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ”

“ဘယ်လို”

ဘိုးဘေးထံမှ စကားကို ကြားလျှင် ယန်ချန်ထျန်းသည် အလွန်ပင် အံ့အားသင့်သွားခဲ့သည်။

သူ့ရှေ့ရှိ ရွှမ်ယန်ဂိုဏ်း၏ဘိုးဘေးသည် မည်မျှ ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအား ရှိသည်ကို ယန်ချန်ထျန်း ကောင်းစွာ သိရှိထားခဲ့၏။

သူက လွန်ခဲ့သော နှစ်ပေါင်းထောင်ချီခန့်တွင် ဝိညာဥ်ခွဲထွက်ခြင်းအဆင့်ကို ထိုးဖောက်နိုင်ခဲ့ပြီး ရွှမ်ယန်ဂိုဏ်း၏ အကြီးအကဲ ဖြစ်လာချိန်၌ ရွှမ်ယန်ဂိုဏ်း၏ ဘိုးဘေးသည် လမ်းစဥ်ပေါင်းစည်းခြင်းအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

ယခု နှစ်ပေါင်းထောင်ချီ ကုန်လွန်ပြီးနောက်တွင် ရွှမ်ယန်ဂိုဏ်း၏ ဘိုးဘေးသည် ကပ်ဘေးအဆင့်ကို မထိုးဖောက်နိုင်သေးသော်လည်း ထိုအဆင့်သို့ ရောက်ရှိရန် ခြေလှမ်းတစ်လှမ်းမျှသာ လိုအပ်တော့၏။

ဆိုရလျှင် ကပ်ဘေးအဆင့်အောက်တွင် ရွှမ်ယန်ဂိုဏ်း၏ ဘိုးဘေးသည် ပြိုင်ဘက်ကင်းလုနီးပါးပင်။

ထိုကဲ့သို့ အစွမ်းထက်သော ဘိုးဘေးပင်လျှင် သူ့ကိုယ်သူ အနက်ရောင် ဝတ်စုံဝတ် လူငယ်၏ ပြိုင်ဘက် မဟုတ်နိုင်ဟု ထင်မြင်နေခဲ့သည်။

သို့ဆိုလျှင် အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် ကပ်ဘေးအဆင့် အင်မော်တယ်ကျင့်ကြံသူ တစ်ဦး ဖြစ်နေနိုင်ပါသလော။

“ဒါ.. ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

အင်မော်တယ်တိုက်တွင် ကပ်ဘေးအဆင့်ကို ရောက်ရှိနေသော အင်မော်တယ်ကျင့်ကြံသူ အလွန်တရာပင် ရှားပါးပြီး ထိုအဆင့်ကို ရောက်ရှိနေသူ အားလုံးသည် နှစ်ပေါင်းများစွာ အသက်ရှင် နေထိုင်လာခဲ့သော သက်ကြီးရွယ်အိုများသာ ဖြစ်ကြသည်။

သို့ဖြစ်ရာ အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် ကပ်ဘေးအဆင့် ကျင့်ကြံသူ မည်ကဲ့သို့ ဖြစ်နိုင်ပါမည်နည်း။

“မဖြစ်နိုင်တာ မရှိပါဘူး.. အနက်ရောင်ဝတ်စုံဝတ် လူငယ်ရဲ့ စွမ်းအားက တကယ်ကို ထိတ်လန့်ဖို့ကောင်းတယ်.. အဲဒီကောင်လေးက သူ့ရဲ့ အရှိန်အဝါကို ဖုံးကွယ်ထားပေမဲ့ ကပ်ဘေးအဆင့် ကျင့်ကြံသူနဲ့ သေချာပေါက် ယှဥ်နိုင်တယ်လို့ ငါ မင်းကို အသေအချာ ပြောရဲတယ်”

ဆံဖြူအဘိုးအိုက လေးနက်စွာ ပြောလိုက်သည်။

“တကယ်လို့ ရွှမ်ယန်ဂိုဏ်းသာ သူ့ကို ရန်သူအဖြစ် ရွေးချယ်မယ်ဆိုရင် ဂိုဏ်းတစ်ဂိုဏ်းလုံးတောင် ပျက်စီးသွားနိုင်ခြေ ရှိတယ်”

“မဖြစ်နိုင်ဘူးထင်တယ် ဘိုးဘေး.. အင်မော်တယ်တိုက်မှာ ဒီလို ထူးခြားတဲ့ အင်မော်တယ် ကျင့်ကြံသူ တစ်ခါမှ မရှိခဲ့ဖူးဘူး”

ယန်ချန်ထျန်းက ယခုအချိန်အထိ မယုံကြည်နိုင် ဖြစ်နေခဲ့သည်။

ထိုစကားကိုကြားလျှင် ဆံဖြူဘိုးဘေး၏ မျက်ဝန်းများသည် လင်းလက်သွားခဲ့ပြီး တည်ငြိမ်စွာ ပြောလိုက်၏။

“အင်မော်တယ်တိုက်မှာ အင်မော်တယ် ကျင့်ကြံသူတွေချည်းပဲ ရှိတာ မဟုတ်ဘူးလေ.. အင်မော်တယ်ကျင့်ကြံသူ အင်အားစုတွေထဲမှာ အဲဒီလို ပါရမီရှင် မရှိဘူး ဆိုပေမဲ့ တခြားသော အင်အားစုတွေမှာ မရှိဘူးလို့ မဆိုလိုဘူး”

ဆံဖြူအဘိုးအို၏ စကားကိုကြားလျှင် ယန်ချန်ထျန်း၏ အမူအရာသည် ချက်ချင်းဆိုသလိုပင် အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။

ထိုအခိုက်အတန့်တွင် ကပ်ဘေးအဆင့်နှင့် နှိုင်းယှဥ်နိုင်လောက်သော စွမ်းအားရှိသည် ဟူသည့် ဆံဖြူအဘိုးအို၏ စကားကို ပြန်လည် စဥ်းစားမိသွားပြီး ယန်ချန်ထျန်း၏ စိတ်နှလုံးသည် အလွန်တရာ တုန်လှုပ်သွားခဲ့သည်။

“အဲဒီ အနက်ရောင်ဝတ်စုံဝတ် လူငယ်က အင်မော်တယ်ကျင့်ကြံခြင်းအဆင့် အင်အားစုတွေထဲက မဟုတ်ဘဲ မြောက်ဘက်ဒေသမှာ ရှိတဲ့ သိုင်းပညာကျင့်ကြံသူ အင်အားစုတွေဆီကလို့ ဘိုးဘေး ဆိုလိုချင်တာလား”

အင်မော်တယ်တိုက်တွင် အင်မော်တယ်ကျင့်ကြံသူအင်အားစုများနှင့် သိုင်းပညာကျင့်ကြံသူ အင်အားစုများသည် အင်မော်တယ်တိုက်၏ တစ်ဝက်စီကို သိမ်းပိုက်ထားခဲ့ကြသည်။

အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် အင်မော်တယ်ကျင့်ကြံခြင်း အင်အားစုမှ မဟုတ်လျှင် သေချာပေါက် မြောက်ဘက်ဒေသမှ သိုင်းပညာကျင့်ကြံသူ အင်အားစု တစ်ခုခုမှ ဖြစ်ရပေမည်။

သို့သော်လည်း အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် မြောက်ဘက်‌ဒေသရှိ သိုင်းပညာ ကျင့်ကြံသူ အင်အားစုများမှ ထူးချွန်သော ပါရမီရှင်တစ်ဦး အမှန်တကယ် ဖြစ်နေခဲ့လျှင် ထိုလူငယ်သည် ထာဝရသက်ရှည်တောင်တန်း၏ ဝင်ခွင့်နေရာ တစ်နေရာအတွက် အဘယ်ကြောင့် ရွှမ်ယန်ဂိုဏ်းဆီ လာရပါသနည်း။

ထို့အပြင် အင်မော်တယ်တိုက်တွင် အင်မော်တယ် ကျင့်ကြံသူ အင်အားစုများနှင့် သိုင်းပညာကျင့်ကြံသူ အင်အားစုများသည် မီးနှင့်ရေကဲ့သို့ မတည့်ကျပေ။

မည်သူမည်ဝါ ဖြစ်ကြောင်းသာ ပေါ်ပေါက်သွားခဲ့လျှင် မည်မျှပင် ထူးချွန်သောပါရမီရှင် ဖြစ်နေပါစေ၊ အင်မော်တယ်ကျင့်ကြံသူများ နေထိုင်သည့် နယ်မြေကနေ ဘေးကင်းစွာ ထွက်ခွာရန်မှာ အလွန်တရာ ခက်ခဲပေလိမ့်မည်။

“ဘိုးဘေး ဒါက မဖြစ်နိုင်လောက်ဘူးထင်တယ်.. ကျွန်‌တော်တို့အင်မော်တယ် ကျင့်ကြံသူတွေနဲ့ မြောက်ဘက်ဒေသမှာ ရှိတဲ့ သိုင်းပညာ ကျင့်ကြံသူတွေရဲ့ ကျင့်ကြံခြင်း လမ်းစဥ်က လုံးဝကွဲပြား ခြားနားတယ်.. ဘာလို့ ကျွန်တော်က အဲဒီအနက်ရောင်ဝတ်စုံဝတ် လူငယ်ဆီကနေ သိုင်းပညာ ကျင့်ကြံသူရဲ့ အရှိန်အဝါကို မခံစားရတာလဲ”

ယန်ချန်ထျန်း၏ မျက်ဝန်းများတွင် သံသယအရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

“အဲဒီကောင်လေးက အရှိန်အဝါကို ဖုံးကွယ်တဲ့နေရာမှာ အတော်လေး ထက်မြက်တယ်.. ငါကိုယ်တိုင်တောင် သူ့ရဲ့လှည့်စားမှုကို ခံရလုနီးပါး ဖြစ်ခဲ့တဲ့အထိပဲ.. ဒါပေမဲ့ အဲဒီအနက်ရောင်ဝတ်စုံဝတ် လူငယ်က နတ်ဘုရင်အဆင့်မှာ ရှိတဲ့ သိုင်းပညာ ကျင့်ကြံသူတစ်ဦး ဖြစ်ရမယ်လို့ ငါအသေအချာပြောနိုင်တယ်”

ဆံဖြူအဘိုးအိုက သေချာသော အမူအရာဖြင့် ပြောလိုက်သည်။

“နတ်ဘုရင်အဆင့် သိုင်းပညာကျင့်ကြံသူလား”

ယန်ချန်ထျန်းက အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။

သိုင်းပညာကျင့်ကြံသူများ၏ နတ်ဘုရင်အဆင့် ဆိုသည်မှာ ကပ်ဘေးအဆင့်ရှိ အင်မော်တယ် ကျင့်ကြံသူများနှင့် နှိုင်းယှဥ်နိုင်သောအဆင့် ဖြစ်သည်။

ကျင့်ကြံခြင်းအဆင့်ခြင်း တူညီလျှင် ကပ်ဘေးအဆင့် အင်မော်တယ် ကျင့်ကြံသူသည် နတ်ဘုရင်အဆင့်ကို ဖိနှိပ်နိုင်သည် ဆိုသော်လည်း နတ်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦး၏ စွမ်းအားသည် လျှော့တွက်၍ မရပေ။

“ဘိုးဘေး.. ကျွန်တော်တို့ အင်မော်တယ် ကျင့်ကြံသူတွေနဲ့ မြောက်ဘက်ဒေသမှာရှိတဲ့ သိုင်းပညာ ကျင့်ကြံသူတွေက ကမ္ဘာမကြေ ရန်သူတွေပဲ.. ဘိုးဘေးက သူ ဘယ်သူဘယ်ဝါဆိုတာ သိနေမှတော့ ဘာလို့ ဖမ်းမထားလိုက်ဘဲ ထာဝရသက်ရှည်တောင်တန်းရဲ့ ဝင်ခွင့်နေရာ တစ်နေရာကို ပေးလိုက်ရတာလဲ”

ယန်ချန်ထျန်း၏ မျက်နှာသည် အလွန်တရာပင် လေးနက်နေခဲ့သည်။

အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် ဤမျှငယ်ရွယ်သော အသက်အရွယ်ဖြင့်ပင် နတ်ဘုရင်အဆင့်ကို ရောက်ရှိနေ၍ ထူးချွန်သောပါရမီရှင် ဆိုသည်မှာ တွေးနေစရာပင်မလိုပေ။

အကယ်၍ ထိုကဲ့သို့ ထူးချွန်သော ပါရမီရှင်ကို ကြီးထွားခွင့်ပေးလိုက်မည်ဆိုလျှင် ထိုလူငယ်သည် အင်မော်တယ် ကျင့်ကြံသူများ အတွက် ကြီးမားသော ပြဿနာများ တစ်ချိန်ချိန်တွင် ဖြစ်ပေါ်စေနိုင်သည်။

“ငါတို့ ရွှမ်ယန်ဂိုဏ်းရဲ့ စွမ်းအား‌လောက်နဲ့ နတ်ဘုရင်တစ်ပါးကို အနိုင်ယူနိုင်မယ်လို့ မင်းထင်နေတာလား”

ဆံဖြူအဘိုးအိုက အေးစက်စက် ပြောလိုက်သည်။

“သူ့ကို ထာဝရသက်ရှည်တောင်တန်းရဲ့ဝင်ခွင့်နေရာ တစ်နေရာပေးလိုက်တာက မြွေကို ထိတ်လန့်မသွားစေချင်တဲ့ ဗျူဟာပဲ.. သူသာ ထာဝရသက်ရှည်တောင်တန်းကို သွားခဲ့မယ်ဆိုရင် သေချာပေါက် တောင်တန်းထဲမှာ သေဆုံးရလိမ့်မယ်”

“ဘိုးဘေးရဲ့ အကြံက တကယ်ကို ထက်မြက်တာပဲ”

ဆံဖြူအဘိုးအို၏ စကားကိုကြားလျှင် ယန်ချန်ထျန်း၏ မျက်ဝန်းများတွင် စူးရှသော အလင်းတန်းတစ်ခု လင်းလက်သွားခဲ့သည်။

ထာဝရသက်ရှည်တောင်တန်း၏ ဝင်ခွင့်နေရာသည် သူတို့ ဘိုးဘေးက အနက်ရောင်ဝတ်စုံဝတ် လူငယ်ကို ပေးလိုက်သော ငါးစာ ဆိုသည်မှာ သံသယဖြစ်ဖွယ်ရာ မရှိပေ။

ထိုကောင်လေးသာ ထာဝရသက်ရှည်တောင်တန်းသို့ သွားခဲ့မည်ဆိုလျှင် ထာဝရသက်ရှည်တောင်တန်း ပွင့်သောအခါတွင် အင်မော်တယ်ဂိုဏ်းကြီး ငါးဂိုဏ်း အပါအဝင် အင်မော်တယ်ကျင့်ကြံသူ အင်အားစုအားလုံးသည် ထာဝရသက်ရှည်တောင်တန်းတွင် စုရုံး ရောက်ရှိနေကြမည် ဖြစ်သည်။

ထိုအချိန်အခါသို့ရောက်လျှင် အနက်ရောင်ဝတ်စုံဝတ် ကောင်လေးသည် မည်မျှပင် ထူးချွန်သောပါရမီရှင် ဖြစ်နေပါစေ၊ မြေမြှုပ်စရာနေရာပင် ရှိလိမ့်မည် မဟုတ်ဟု သူ‌တွေးမိခဲ့သည်။

အခန်း(၂၃၄၉)ပြီး၏။

အခန်း(၂၃၅၀)

တိမ်ကင်းစင်သော ကောင်းကင်ယံထက်တွင် ခန္ဓာကိုယ်၌ မီးလျှံများဖြင့် ပြည့်နှက်နေသော မီးလျှံမြင်း တစ်စင်းသည် ရထားလုံးတစ်စီးကို ဆွဲငင်ကာ လေထဲ၌ ပျံသန်းနေခဲ့သည်။

ရထားလုံးရှေ့တွင် ထိုင်ကာ မောင်းနှင်နေသောသူမှာ ထျန်းယန်ဂိုဏ်း၏ ဘိုးဘေး ဟုန်ထျန်းယန် ဖြစ်၏။

ထာဝရသက်ရှည်တောင်တန်း ဖွင့်လှစ်ရန် လဝက်ခန့် လိုသေးသဖြင့် ကျန်းချန်သည် အင်မော်တယ်တိုက်ရှိ အင်မော်တယ်ကျင့်ကြံခြင်းလောက ဆီသို့ လှည့်လည်ကြည့်ရှုရန်နှင့် အင်မော်တယ်ကျင့်ကြံသူများ အကြောင်းကို လေ့လာရန် ရည်ရွယ်ခဲ့သည်။

ထို့ကြောင့် ဟုန်ထျန်းယန်က ရထားလုံးတစ်စီး ရှာဖွေကာ ကျန်းချန်ကို တင်ဆောင်၍ ထာဝရသက်ရှည်တောင်တန်း ရှိရာအရပ်ဆီသို့ အေးအေးလူလူ မောင်းနှင်လာခဲ့သည်။

လမ်းတစ်လျှောက်တွင် ဟုန်ထျန်းယန်၏ ရှင်းပြပေးမှုမှတစ်ဆင့် ကျန်းချန်သည် အင်မော်တယ်ကျင့်ကြံခြင်းလောကနှင့် ပတ်သက်၍ ပိုမိုသိရှိလာခဲ့သည်။

ထိုစဥ်က ပိရှန်းမြို့တွင် အဘယ်ကြောင့် သိုင်းပညာရှင်တစ်ယောက် ရှိနေခဲ့သည်ကို အဆုံးသတ်တွင် သူနားလည်သွားခဲ့၏။

အဘယ်ကြောင့်ဆိုသော် အင်မော်တယ်တိုက်ရှိ အင်မော်တယ်ကျင့်ကြံခြင်း လောကသည် အင်မော်တယ် ကျင့်ကြံသူများနှင့် သိုင်းပညာ ကျင့်ကြံသူများ ပေါင်းစပ် ဖွဲ့စည်းထားသော လောကတစ်ခု ဖြစ်နေသောကြောင့်ပင်။

အင်မော်တယ်တိုက်တွင် အင်မော်တယ်ကျင့်ကြံသူ အင်အားစုများ စတင် ပေါ်ပေါက်လာစဥ်တွင် သိုင်းပညာ ကျင့်ကြံသူများ မရှိခဲ့ပေ။

သို့သော်လည်း အင်မော်တယ်ကျင့်ကြံခြင်း လမ်းစဥ်တွင် ကျင့်ကြံသူ၏ ဝိညာဥ်အရင်းအမြစ် လိုအပ်ချက်သည် အလွန်ပင် မြင့်မားပြီး ဝိညာဥ်အရင်းအမြစ် မရှိသူတစ်ဦးသည် ကျင့်ကြံသူတစ်ဦး လုံးဝ ဖြစ်မလာနိုင်ပေ။

တဖြည်းဖြည်းနှင့် အင်မော်တယ် ကျင့်ကြံသူ အင်အားစုများကြားတွင် မကျင့်ကြံနိုင်သော သာမန်လူများစွာ ပေါ်ပေါက်လာခဲ့သည်။

ထိုသာမန်လူများသည် သာမန်ဘဝဖြင့် မနေထိုင်လိုကြပေ။

သူတို့က မြောက်ဘက်ဒေသရှိ သိုင်းပညာ ကျင့်ကြံသူများ ထံမှ သိုင်းပညာ ကျင့်စဥ်များကို သင်ယူကာ သိုင်းပညာကျင့်ကြံခြင်း လမ်းစဥ် ပေါ်သို့ လျှောက်လှမ်းခဲ့ကြ၏။

အင်မော်တယ် ကျင့်ကြံခြင်းလမ်းစဥ်နှင့် နှိုင်းယှဥ်လျှင် သိုင်းပညာလမ်းစဥ်သည် ဝိညာဥ်အရင်းအမြစ် မလိုအပ်သည် ဖြစ်ရာ လူတိုင်းနီးပါးသည် သိုင်းပညာလမ်းစဥ်သို့ ခြေချနိုင်ကြသည်။

သိုင်းပညာ ကျင့်ကြံခြင်း လမ်းစဥ်တွင် ပါရမီကသာလျှင် သိုင်းပညာရှင် တစ်ဦး၏ အနာဂတ် အောင်မြင်မှုကို အဆုံးအဖြတ်ပေးမည် ဖြစ်၏။

ထိုအချက်ကြောင့်ပင် အင်မော်တယ်လမ်းစဥ်ကို ကျင့်ကြံရန် အရည်အချင်း မပြည့်မီသော အင်မော်တယ် ကျင်ကြံခြင်းလောကမှ လူတချို့သည် သိုင်းပညာ လမ်းစဥ်သို့ လျှောက်လှမ်းခဲ့ကြသည်။

ယခုအခါတွင် အင်မော်တယ် ကျင့်ကြံသူများနှင့် သိုင်းပညာရှင်များသည် အတူယှဥ်တွဲ၍ နေထိုင်ကြသော်လည်း သိုင်းပညာရှင်များ၏ အဆင့်အတန်းသည် အလွန်တရာပင် နိမ့်ကျပြီး အင်မော်တယ် ကျင့်ကြံသူများနှင့် နှိုင်းယှဥ်၍ မရပေ။

ဆိုရလျှင် သိုင်းပညာရှင် အားလုံးနီးပါးသည် အင်မော်တယ်ကျင့်ကြံခြင်း အင်အားစု အများစုတွင် အစေခံများ အဖြစ် ခိုင်းစေခံနေရ၏။

ကျန်းချန်သည် အင်မော်တယ် ကျင့်ကြံခြင်း လောကရှိ သိုင်းပညာရှင်များ၏ အခြေအနေကို အံ့ဩခြင်း မရှိခဲ့ပေ။

သိုင်းပညာလမ်းစဥ်ကို ကျင့်ကြံကြသော သူများသည် အင်မော်တယ် ကျင့်ကြံခြင်း‌ လောကမှ လူများ ဖြစ်သော်လည်း သူတို့ ကျင့်ကြံနေသည်မှာ မြောက်ဘက်ဒေသရှိ သိုင်းပညာရှင်များ၏ သိုင်းပညာ ကျင့်စဥ်များ ဖြစ်သည်။

အင်မော်တယ် ကျင့်ကြံခြင်းလောကရှိ အဓိက အင်အားစုများသည် သိုင်းပညာရှင်များ ပေါ်ထွက်လာမှုကို မတားဆီးသော်လည်း အင်မော်တယ် ကျင့်ကြံခြင်း လောက အတွင်း သိုင်းပညာ ထွန်းကားလာခြင်းကို ခွင့်မပြုခဲ့ကြပေ။

ဟုန်ထျန်းယန်သည် ရထားလုံးကို မောင်းနှင်ရင်း မြို့ပေါင်းများစွာကို ဖြတ်သန်းကာ ကျန်းချန်ကို ခေါ်ဆောင်လာခဲ့သည်။

သိပ်မကြာမီမှာပင် ကျန်းချန်တို့သည် အင်မော်တယ် ကျင့်ကြံခြင်း လောက၏ အစည်ကားဆုံး နယ်မြေသို့ ‌ရောက်ရှိလာခဲ့ကြသည်။

“အရှင်.. အရှေ့က မြို့က တန်ယန်မြို့ပဲ.. တန်ယန်မြို့က တန်မိသားစုက အင်မော်တယ် ကျင့်ကြံခြင်း လောကမှာ အရမ်းကိုနာမည် ကျော်ကြားပြီး နံပါတ်တစ် မိသားစု အဖြစ် လူသိများတယ်”

ထိုအခိုက်အတန့်တွင် ရထားလုံးကို မောင်းနှင်နေသော ဟုန်ထျန်းယန်သည် ကျန်းချန်ကို တရိုတသေ ပြောလိုက်သည်။

ရွှမ်ယန်ဂိုဏ်း၏ ခရီးစဥ်ပြီးနောက်တွင် ဟုန်ထျန်းယန်သည် ကျန်းချန်ကို ပို၍ ရိုသေလာခဲ့သည်။

ကျန်းချန်က ရွှမ်ယန်ဂိုဏ်းအတွင်း အလွန်တရာ ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းရည်ကို ပြသခဲ့ပြီး ရွှမ်ယန်ဂိုဏ်း၏ ဝိညာဥ်ခွဲထွက်ခြင်း အဆင့် ပါရမီရှင်ကို အလွယ်တကူ အနိုင်ယူနိုင်ခဲ့ရုံသာမက တစ်ကိုယ်တော် စွမ်းရည်ဖြင့် ရွှမ်ယန်ဂိုဏ်းတစ်ခုလုံးကို တုန်လှုပ်စေခဲ့ကာ ထာဝရသက်ရှည်တောင်တန်း၏ ဝင်ခွင့် တစ်နေရာကို အတင်းအကျပ် ပေးအပ်စေခဲ့သည်။

ဤကဲ့သို့သော ပုဂ္ဂိုလ်၏ နောက်သို့ လိုက်ပါခွင့်ပေးရခြင်းသည် အစေခံ ဖြစ်ရလျှင်ပင် သူ့အတွက် ကြီးမားသော အခွင့်အလမ်း တစ်ခုပင်။

ရထားလုံးအတွင်း၌ မျက်စိမှိတ်၍ ကျင့်ကြံနေသော ကျန်းချန်သည် သူ၏ မျက်လုံးများကို ဖွင့်လိုက်ပြီး စူးစမ်းစွာ မေးမြန်းလိုက်သည်။

“ဒီတန်ယန်မြို့က တန်မိသားစုရဲ့ စွမ်းအားက အင်မော်တယ်ဂိုဏ်းကြီး ငါးဂိုဏ်းနဲ့ ယှဥ်ရင် ဘယ်လို အခြေအနေရှိလဲ”

“တန်မိသားစုက အင်မော်တယ်ဂိုဏ်းကြီး ငါးဂိုဏ်းကို မယှဥ်နိုင်ပါဘူး.. အလွန်ဆုံးရှိရင် ရွှမ်ယန်ဂိုဏ်းနဲ့ အဆင့်တူလောက်ပါပဲ.. တန်မိသားစုက အင်မော်တယ်တိုက်ရဲ့ နံပါတ်တစ်မိသားစုလို့ နာမည်ကျော်ကြားရတဲ့ အဓိက အကြောင်းအရင်းက အဂ္ဂိရတ်ပညာရပ်မှာ အရမ်းကို ထူးချွန်လို့ပဲ.. အင်မော်တယ် ဂိုဏ်းကြီးငါးဂိုဏ်းက အစွမ်းထက် ကျင့်ကြံသူတွေတောင် တန်မိသားစုဆီမှာ ဆေးလုံးတွေ လာဝယ်ကြရတယ်.. ပြောရရင် တန်မိသားစုက စွမ်းအား မကြီးပေမဲ့ အင်မော်တယ်ဂိုဏ်းကြီး ငါးဂိုဏ်းနဲ့ မဟာမိတ်ဆက်ဆံရေးမျိုး ရှိတဲ့အင်အားစုပဲ.. အင်မော်တယ် ကျင့်ကြံခြင်း လောကမှာတော့ သူတို့ကို မကြောက်ရတဲ့ အင်အားစုဆိုတာ မရှိသလောက်ပဲ”

ဟုန်ထျန်းယန်က လျင်မြန်စွာပင် ရှင်းပြလိုက်သည်။

ထိုအခိုက်အတန့်တွင် ကျန်းချန်၏ မျက်ဝန်းထဲ၌ ထူးခြားသော အလင်းတန်း တစ်ခု လင်းလက်သွားခဲ့၏။

သူက အနည်းငယ် စဥ်းစားပြီးမှ မေးလိုက်သည်။

“ထျန်းယန်.. အခု ငါတို့ ထာဝရသက်ရှည်တောင်တန်းနဲ့ ဘယ်လောက်ဝေးသေးလဲ”

ဟုန်ထျန်းယန်က ခဏမျှ စဥ်းစားလိုက်ပြီးမှ ပြန်ဖြေလိုက်သည်။

“အရှင်.. ကျွန်တော် ရထားလုံးကို အစွမ်းကုန် မောင်းနှင်မယ်ဆိုရင်တော့ အလွန်ဆုံး သုံးရက်အတွင်း ထာဝရသက်ရှည်တောင်တန်းကို ရောက်နိုင်ပါတယ်”

ကျန်းချန်က ခေါင်းညိတ်လိုက်ပြီး ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။

“ဒါဆိုရင် ငါတို့ တန်ယန်မြို့ကို ဝင်ကြည့်ကြတာပေါ့”

သူတို့က ရွှမ်ယန်ဂိုဏ်းကနေ တန်ယန်မြို့သို့ ငါးရက်အတွင်း ရောက်လာခဲ့၍ ထာဝရသက်ရှည်‌တောင်တန်း မဖွင့်လှစ်မီ အချိန်များစွာ ကျန်ရှိနေသေးသည်။

သို့ဖြစ်၍ ကျန်းချန်သည် တန်ယန်မြို့သို့ သွားရန် မလောခဲ့ပေ။

သူ၏ ကျင့်ကြံခြင်းနှင့် စွမ်းအားအရ ပြင်ပအကူအညီ မပါလျှင် အဆတစ်ရာစနစ်ဖြင့် ပင်လျှင် နောက်ထပ် တစ်ဆင့်သို့ တက်လှမ်းရန်ပင် အလွန်တရာ ခက်ခဲသောအလုပ် ဖြစ်၏။

အကယ်၍ ကျင့်ကြံခြင်း အဆင့်ကို လျင်မြန်စွာ မြှင့်တင်လိုလျှင် ကျင့်ကြံခြင်း အရင်းအမြစ်များကို ရယူရန် နည်းလမ်းသာ ရှိ၏။

သိုင်းပညာလမ်းစဥ်နှင့် အင်မော်တယ်လမ်းစဥ်သည် လုံးဝခြားနားသော ကျင့်ကြံခြင်း လမ်းစဥ် နှစ်မျိုး ဖြစ်သော်လည်း ကျင့်ကြံခြင်း အရင်းအမြစ်များစွာကမူ အတူတူပင် ဖြစ်သည်။

တန်မိသားစုသည် အင်မော်တယ် ကျင့်ကြံခြင်းလောက၏ နံပါတ်တစ်မိသားစု အဖြစ် လူသိများပြီး အဂ္ဂိရတ်ပညာရပ်တွင် အလွန်တရာ ထူးချွန်သည် ဖြစ်ရာ ၎င်းတို့ထံတွင် ကြွယ်ဝသော ကျင့်ကြံခြင်း အရင်းအမြစ် ရှိနေမည်မှာ သေချာသလောက်ပင်။

ထို့အပြင် ကျန်းချန်သည် အင်မော်တယ် ကျင့်ကြံခြင်းလောကမှ ဆေးဝါးနှင့် နတ်ဘုရားနယ်မြေမှ ဆေးဝါးတို့၏ ကွာခြားချက်ကိုလည်း သိလိုခဲ့သည်။

“ဟုတ်ကဲ့ပါ အရှင်”

ဟုန်ထျန်းယန်က ပြန်လည် ဖြေကြားလိုက်ပြီး ရထားလုံးကို တန်ယန်မြို့ဆီသို့ တိုက်ရိုက်ပင် မောင်းနှင်လိုက်သည်။

ဟုန်ထျန်းယန်က ရထားလုံးကို မောင်းနှင်လာရင်း တန်ယန်မြို့သို့ ချဥ်းကပ်လာစဥ်မှာပင် ကြောက်မက်ဖွယ် မီးလုံးတစ်လုံးသည် ဥက္ကာခဲကဲ့သို့ အရှိန်အဟုန်ဖြင့် ကျန်းချန်တို့ ရှိရာသို့ လွင့်လာခဲ့သည်။

ဟုန်ထျန်းယန်က သူ၏ စွမ်းအားကို အစွမ်းကုန် အသုံးပြုကာ ရထားလုံးကို ကာကွယ်လိုက်၏။

သို့သော်လည်း အစွမ်းထက် မီးလုံးကြောင့် ရထားလုံးသည် အတော်လေး တုန်ခါသွားခဲ့သည်။

“ဘာတွေဖြစ်နေတာလဲ”

ရထားလုံးအတွင်း ထိုင်နေသော ကျန်းချန်သည် အနည်းငယ်မျက်မှောင်ကြုတ်သွားခဲ့၏။

ဟုန်ထျန်းယန်က လေးနက်သော စကားသံဖြင့် ပြန်ဖြေလိုက်သည်။

“အရှင်.. အရှေ့မှ လူနှစ်ယောက်က ကျွန်တော်တို့ရဲ့ သွားလမ်းကို ပိတ်ဆို့ထားကြတယ်”

ကျန်းချန်က ရထားလုံး တံခါးကို တွန်းဖွင့်လိုက်ပြီး အပြင်သို့ ထွက်လာခဲ့သည်။

သူက ပတ်ဝန်းကျင်ကို အကဲခတ်လိုက်ရာ ပေထောင်ချီ အကွာရှိ ပုံရိပ်နှစ်ခု ဆီသို့ ကျရောက်သွားခဲ့သည်။

ထိုပုံရိပ်နှစ်ခုသည် အဘိုးအို တစ်ဦးနှင့် လူငယ်တစ်ဦးတို့ ဖြစ်ကြ၏။

၎င်းတို့ထဲမှ လူငယ်၏ ကျင့်ကြံခြင်း အဆင့်သည် သန္ဓေဝိညာဥ် အဆင့်သို့ ရောက်ရှိနေပြီး လက်ဖဝါးပေါ်တွင် အနီရောင်အလင်းတန်းများ မှိန်ပြပြ ရှိနေခဲ့သည်။

အစောပိုင်းက တိုက်ခိုက်မှုသည် ထိုလူငယ်၏ လက်ချက် ဖြစ်သည်မှာ ထင်ရှားနေခဲ့၏။

ထိုလူငယ်၏ နံဘေးတွင်မူ ဝိညာဥ်ခွဲထွက်ခြင်း အဆင့်ရှိ အဘိုးအိုတစ်ဦး ရှိနေခဲ့သည်။

ထိုအဘိုးအိုသည် အေးစက်စက် အမူအရာဖြင့် လက်နှစ်ဖက်ကို ဟန်ပါပါ နောက်ပစ်ထားခဲ့သည်။

သူ၏ မျက်ဝန်းထဲတွင် မည်သည့်အရာကိုမှ ဂရုမစိုက်သော အမူအရာများ ဖြစ်ပေါ်နေခဲ့သည်။

“တန်မိသားစုက ကိစ္စတစ်ခုကို ဆောင်ရွက်နေတဲ့အတွက် လမ်းလွှဲကနေ သွားကြပါ.. ဒီလိုမှမဟုတ်ရင်တော့ ညှာတာနေမှာမဟုတ်ဘူး”

ထိုအဘိုးအိုနှင့် လူငယ်သည် ကျန်းချန်တို့ နှစ်ဦးကိုသာမက ဖြတ်သန်းသွားလာနေကြသော ကျင့်ကြံသူအားလုံး နီးပါးကိုပါ တားဆီးနေကြသည်။

အစပိုင်းတွင် တားဆီးခံရသော ကျင့်ကြံသူများသည် အလွန်တရာ ဒေါသထွက်ခဲ့ကြသော်လည်း အဘိုးအိုက တန်မိသားစု၏ အမည်ကို ပြောလိုက်သည်နှင့် ထိုကျင့်ကြံသူ အားလုံး၏ မျက်နှာ အမူအရာသည် ချက်ချင်းပင် ပြောင်းလဲသွားခဲ့သည်။

တန်မိသားစုသည် တန်ယန်မြို့၏ အရှင်သခင်ဖြစ်ပြီး အင်မော်တယ် ကျင့်ကြံခြင်း လောက၏ နံပါတ်တစ် မိသားစု အဖြစ် လူသိများသော တည်ရှိမှုတစ်ခု ဖြစ်၏။

အင်မော်တယ်ကျင့်ကြံခြင်းလောကရှိ အင်မော်တယ်ဂိုဏ်းကြီးငါးဂိုဏ်းမှ ကျင့်ကြံသူများပင်လျှင် တန်မိသားစုအပေါ်တွင် ယဥ်ကျေးစွာ ဆက်ဆံကြရသည်။

ဤကဲ့သို့သော တည်ရှိမှုကို သာမန် ကျင့်ကြံသူများသည် မည်ကဲ့သို့ အလွယ်တကူ ရန်စဝံ့ပါမည်နည်း။

သူတို့ရှေ့မှ အဘိုးအိုနှင့် လူငယ်က မည်သူမည်ဝါ ဖြစ်မှန်း သိလိုက်ရသည်နှင့် ကျင့်ကြံသူ အများစုသည် သူတို့၏ ပါးစပ်ကို လိမ်လိမ်မာမာ ပိတ်လိုက်ကြပြီး လမ်းလွှဲကနေ ထွက်သွားရန် ရွေးချယ်လိုက်ကြသည်။

အခန်း(၂၃၅၀)ပြီး၏။

All Chapters