ကျန်းရုဟွာ၏ လမ်းညွှန်မှု
Vol. 25 Ch. 277
ခြံဝင်းအတွင်း၌ သွေးညှီနံ့များ လွှမ်းနေဆဲဖြစ်သည်။
ရှီရုရှန်းနှင့် ရှီရုလန် မောင်နှမနှစ်ယောက်မှာ ကြောက်မက်ဖွယ်ကောင်းသောအဆုံးသတ်နှင့် ရင်ဆိုင်သွားရလေပြီ။
မဟာဉာဏ်ပညာရှိကျိကျန်းက ခြံဝင်းအတွင်းရှိ ကြောက်မက်ဖွယ် မြင်ကွင်းကို ကြည့်ကာ မှတ်ချက်ချ၏။
"မင်းက နည်းနည်း စိတ်မြန်သွားတာကိုး။ သူတို့ကို သတ်တာ မြန်လွန်းသွားတယ်"
ကျိယွမ်၏ လုပ်ဆောင်ချက်များက မြန်ဆန်ပြီး ပြတ်သားလွန်းလှသည်။ သူသည် ကံကြမ္မာတောင်ကုန်း တစ်ခုလုံးကို အမြစ်ပြတ်အောင် ချေမှုန်းပြီး ရှီရုရှန်းနှင့် ရှီရုလန်တို့ကိုလည်း ချကခချင်းသတ်ဖြတ်ခဲ့၏။
"ဘာလို့လဲ"
ကျိယွမ်က မဟာဉာဏ်ပညာရှိကျိကျန်းအား နားမလည်သလို ကြည့်သည်။
"အဲဒီမှာ နောက်ထပ် ငှက်တွေရှိသေးလားလို့ ငါတို့ မေးခဲ့သင့်တာလေ။ ငါ အဲဒါတွေကို မြည်းတောင် မကြည့်ရသေးဘူး"
မဟာဉာဏ်ပညာရှိကျိကျန်းက ကျိယွမ်၏အမှားကို ထောက်ပြလိုက်သည်။
"နောင်မှာ အခွင့်အရေးတွေ အများကြီး ရှိလာမှာပါ"
ကျိယွမ်က အရေးမကြီးသလိုပြောရင်းမှ သူ့လက်ထဲတွင်ရှိနေသော ထူးဆန်းသော သစ်သားတံခါးငယ်လေးတစ်ခုကို လေ့လာနေ၏။
ဤတံခါးမှာ ကံကြမ္မာတောင်တန်း၏ အားကိုးရာဖြစ်သော 'ကံကြမ္မာတံခါး' ပင် ဖြစ်သည်။
ရှီရုလန်သည် ဤကံကြမ္မာတံခါးကို အသုံးပြု၍ ကသောင်းကနင်းငှက်၏ ပုံရိပ်ယောင်ကို ဆင့်ခေါ်နိုင်ခဲ့ခြင်းပင်။
သို့သော် ကျိယွမ်၏ မျက်လုံးထဲတွင်မူ ဤကံကြမ္မာတံခါးသည် လျူဖုန်းနယ်မြေ၏ အနန္တအသွင်ကူးပြောင်းတံခါးသာဖြစ်၏။
သို့သော် ဤသစ်သားတံခါးငယ်လေးမှာ စစ်မှန်သော အနန္တအသွင်းကူးပြောင်းတံခါးတော့ မဟုတ်ပေ။ ၎င်းသည် တံခါးအစစ်၏ ပုံရိပ်ယောင် အနည်းငယ်ကိုသာ ဆင့်ခေါ်နိုင်သော အမှတ်အသားတစ်ခုပင်။
"အနန္တအသွင်ကူးပြောင်းတံခါးထဲမှာ ဂိမ်းတံခါးရော ရှိမလားမသိဘူး ၊ ရှိမယ်ဆိုရင် ငါတို့ အဲဒီမှာ နေ့တိုင်း ဂိမ်းကစားလို့ရမှာပေါ့"
ကျိယွမ်က သစ်သားတံခါးလေးအား ကြည့်နေရင်းမှ သူ့ဘာသာ စဉ်းစားနေမိသည်။
"နန်းတော်ကို ပြန်မယ် ၊ ဒီမှာ အနံ့အသက်တွေ မကောင်းဘူး"
မဟာဉာဏ်ပညာရှိကျိကျန်းက အလောင်းများကို မသတီသလိုကြည့်ကာ တိုက်တွန်းလိုက်ရာ သူတို့နှစ်ဦးလုံး ခြံဝင်းထဲမှ ပျောက်ကွယ်သွားကြ၏။
ချင်းဟုန်မြို့ထဲတွင်တော့ ကျိယွမ်၏ ဒေါသတကြီးအော်ဟစ်သံကြောင့် အတော်လေး လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားခဲ့သည်။
ယင်နတ်ဘုရားများနှင့် ကျင့်ကြံသူများသည် မည်သည့်အရာများ ဖြစ်သွားကြသည်ကို မသိကြသဖြင့် မေးခွန်းများစွာ ကျန်ရစ်ခဲ့၏။
နောက်ပိုင်းရက်များတွင် ချင်းဟုန်မြို့မှာ ယခင်အတိုင်း ပြန်လည်အေးချမ်းသွားသည်။ မူလနတ်ဘုရား မျှဝေခြင်းအသင်းသည်လည်း စနစ်တကျ ဆက်လက်ဖွံ့ဖြိုးနေခဲ့၏။ရှင်းဟွာအဖွဲ့ မှာလည်း အရှိန်အဟုန်ဖြင့် လည်ပတ်နေသည်။
ကန်းလန်ကမ္ဘာတစ်ခုလုံး၏ သုံးပုံတစ်ပုံခန့်မှာ နည်းစနစ်များတင်ခြင်းနှင့် အပြန်အလှန်ကူညီခြင်းများဖြင့် အလုပ်များနေကြ၏။ တောထွက်ကျင့်ကြံနေသော ကျင့်ကြံသူကြီးအချို့ပင် ထွက်ပေါ်လာပြီး နည်းစနစ်များ လာရောက်လှူဒါန်းလေသည်။
ပို၍ အစွမ်းထက်သောယင်နတ်ဘုရားများစွာသည်လည်း ဖုန်းထျန်းနယ်မြေ သို့ ဦးတည်နေကြပြီး ဒဏ္ဍာရီလာ သွေးဝတ်စုံဓားနတ်ဘုရာကို တွေ့ဆုံရန် စိတ်ဆောနေကြကုန်၏။
ဤကာလအတွင်း ကျိယွမ်သည် ရေခဲတောင်သခင်မအား ယင်နတ်ဘုရားအဆင့်သို့ တက်လှမ်းခြင်း၌ ကူညီရန်အတွက် ယင်နတ်ဘုရား သုံးပါးကို သူမဆီသို့ စေလွှတ်ခဲ့သည်။
ရေခဲတောင်သခင်မ၏ အဖိုးဖြစ်သူသည် ယင်နတ်ဘုရား သုံးပါးကို မြင်သောအခါ အတော်လေး အံ့ဩသွား၏။
အထူးသဖြင့် သွေးဝတ်စုံဓားနတ်ဘုရားဆိုသူမှာ သူ၏မြေးမလေး တစ်ချိန်က ပြောဖူးသော ညီအစ်ကို တော်စပ်ထားသည့် ကောင်းကင်ဘုံတာအိုအုတ်မြစ်ပိုင်ရှင် ဖြစ်ကြောင်း ကြားလိုက်ရချိန်တွင် ပို၍ အံ့ဩသွားခဲ့သည်။
ယင်နတ်ဘုရား သုံးပါးသည် ရေခဲတောင်သခင်မ၏အဖိုးကို တွေ့သောအခါ သူ၏ခန္ဓာကိုယ်ပေါ်ရှိ ပြင်းထန်သော ဒဏ်ရာများကို ချက်ချင်း သတိပြုမိကြ၏။
သူ၏ဒဏ်ရာများမှာ အလွန်ပြင်းထန်ပြီး သက်တမ်းမှာလည်း နှစ်တစ်ရာပင် မကျန်တော့ပေ။
ယင်နတ်ဘုရားသုံးပါးသည် အလွန်ဝေးလံသောနေရာမှ လာခဲ့ကြရသော်လည်း ရေခဲတောင်သခင်မနှင့် သွေးဝတ်စုံဓားနတ်ဘုရားတို့၏ နီးကပ်သော ဆက်ဆံရေးကို သိထားသဖြင့် အဖိုးအို၏ ဒဏ်ရာများကို ဝိုင်းဝန်းကုသပေးရန် ဆုံးဖြတ်လိုက်ကြ၏။
သူတို့သုံးဦး ပူးပေါင်းပြီး အဖိုးတန်ရတနာများကို အသုံးပြုကာ ကုသပေးခဲ့သဖြင့် အဖိုးအို၏ ဒဏ်ရာများမှာ ၈၀ ရာခိုင်နှုန်းခန့်အထိ သက်သာပျောက်ကင်းသွားခဲ့သည်။
မူလနတ်ဘုရားမျှဝေခြင်းအသင်းတွင်လည်း နည်းစနစ်အရေအတွက်မှာ တစ်နေ့တခြားတိုးပွားလာနေသလို ရှင်းဟွာအဖွံ့မှ စုဆောင်းရရှိသော နည်းစနစ်များမှာလည်း တုန်လှုပ်စရာကောင်းသော ပမာဏသို့ ရောက်ရှိလာ၏။
ဖိုရမ်ပေါ်တွင်လည်း ပို့စ်အမျိုးမျိုး ပေါ်လာခဲ့သည်။
"ဟားဟား၊ ငါ ကောင်းကင်အဆင့်အလယ်အလတ်နည်းစနစ်တစ်ခု ရပြီ"
"တစ်ယောက်ယောက် ကူညီကြပါဦး! ငါလဲလှယ်ထားတဲ့ ကောင်းကင်အဆင့် နည်းစနစ် ခိုးခံလိုက်ရလို့"
"တရားမျှတမှုအတွက် စီနီယာဓားနတ်ဘုရားကို အမြန်သွားရှာကြ။"
"၁၀၀ % က ခုထိမပြည့်သေးဘူးလား"
"သူငယ်ချင်းတို့ ရအောင်ကြိုးစားကြ၊ ငါတို့အားလုံး နတ်ဘုရားအဆင့်နည်းစနစ်တွေ ရရမယ်"
"ဒီဘဝမှာ နတ်ဘုရားအဆင့်နည်းစနစ်တွေ ရဖို့ မျှော်လင့်နိုင်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ ရှင်းဟွာအဖွဲ့ကိုရော သွေးဝတ်စုံဓားနတ်ဘုရားကိုရော ကျေးဇူးတင်ပါတယ်။"
"ငါ ဆုံးဖြတ်လိုက်ပြီ ငါ့ရဲ့ စီနီယာအစ်မရော၊ ဂျူနီယာညီမလေးကိုရော နှစ်ယောက်လုံး ယူမယ်။"
လက်ရှိတွင် ရှင်းဟွာအဖွဲ့ထဲ၌ စုဆောင်းမိသော နည်းစနစ်များမှာ ထိတ်လန့်စရာ ကောင်းလောက်အောင် များပြားလာနေပြီး စုစုပေါင်း တိုးတက်မှုပြဘာတန်းမှာ ၉၉ ရာခိုင်နှုန်းတွင် နှစ်ရက်ကြာ ရပ်တန့်နေခဲ့သည်။
သို့သော်လည်း ဖိုရမ်အတွင်းရှိ ကျင့်ကြံသူများအကြား မကျေနပ်မှုများ မရှိဘဲ တစ်ဦးကိုတစ်ဦး အားပေးကြ၏။ နတ်ဘုရားအဆင့်နည်းစနစ် ရရှိရန် ခြေတစ်လှမ်းသာ လိုတော့သဖြင့် နည်းစနစ်များ တင်သည့်နှုန်းမှာ ပို၍ မြန်လာသည်။
" ၁၀၀ % ပြည့်အောင် မြန်မြန် တင်ကြပါဟ့ "
"ငါ့ဦးလေးဂိုဏ်းချုပ်ရဲ့အိပ်ခန်းထဲကို ဝင်ခိုးမှ ရတော့မယ်"
...........
သာ့ရှန်းတိုင်းပြည်သို့ ဦးတည်နေသော ဝိညာဉ်လှေပေါ်တွင် အပြာရင့်ရောင် ဝတ်စုံဝတ်ထားသော ကျန်းရုဟွာသည် တည်ငြိမ်စွာ ရှိနေ၏။
"ရှင်းဟွာအဖွဲ့ခေါင်းဆောင်သစ် သွေးဝတ်စုံဓားနတ်ဘုရားကတော့ တစ်ခုခုပဲ။ ဒီ ၉၉ ရာခိုင်နှုန်းက နှစ်ရက်တောင် ရပ်နေတယ်"
သာ့ရှန်းတိုင်းပြည်သို့ သွားရာလမ်းတွင် သူသည်လည်း ရှင်းဟွာအဖွဲ့၏ စွဲဆောင်မှုကိုခံရပြီး ခေတ်ရေစီးကြောင်းထဲ ဝင်ရောက်မိသွားတော့သည်။ သို့သော် သူ၏ ကိုယ်ပိုင်တိုးတက်မှုမှာ ၅၁ ရာခိုင်နှုန်းသို့ ရောက်ရှိပြီးနောက် ရှေ့ဆက်တိုးရန် ခက်ခဲလာသည်။
ထို့ကြောင့် သူ၏ အာရုံက အများဆိုင်အခန်း၏ စုစုပေါင်းတိုးတက်မှုပြဘားတန်းပေါ်သို့ ပြောင်းရွှေ့သွား၏။
"ငါ့ဘားတန်းက ၅၁ ရာခိုင်နှုန်းကနေ တတ်ဖို့လမ်းမမြင်ဘူး ၊ မိသားစုပိုင်နည်းစနစ်တချို့ တင်တော့လည်း " အသုံးပြုပြီးပါပြီ အကျုံးမဝင်ပါ" တဲ့ ၊ အဲဒီတော့ အများဆိုင်အခန်းကိုပဲ မျှော်လင့်ရတော့မယ်"
ထိုအချိန်တွင် ကျန်းရုဟွာက သူ၏ဘေးတွင် ရှိနေသောလူငယ်ကို ကြည့်လိုက်မိသည်။
ထိုလူငယ်အားစတင်တွေ့ရှိချိန်က အလွန်ချောမောသောရုပ်ရည်ကြောင့် သတိထားမိခြင်းလည်းဖြစ်သလို ထိုလူငယ်က လက်ထဲရှိရှင်းဟွာအဖွဲ့ ကျောက်စိမ်းပြားကို ကိုင်ကာ ကစားနေခဲ့သောကြောင့်လည်းဖြစ်၏။
ကျန်းရုဟွာက အတွေ့အကြုံအလွန်ရှိသောသူတစ်ဦး၏ လေသံဖြင့် လူငယ်အား ဆွေးနွေးလိုက်သည်။
"ငါထင်တာတော့ ဒီ ၉၉ ရာခိုင်နှုန်းက အနည်းဆုံး တစ်နှစ်လောက် ကြာဦးမှာပဲ။ ဘာပဲဖြစ်ဖြစ် ဒါက နတ်ဘုရားအဆင့် နည်းစနစ်လေ။ သွေးဝတ်စုံ ဓားနတ်ဘုရားက ဒါကို တကယ်ပေးချင်ရဲ့လားဆိုတာကလည်း အဓိကျသလို၊ အဲဒီနည်းစနစ်က တကယ်ရှိရဲ့လားဆိုတာကိုလည်း ထည့်တွက်ရမယ်"
ဤချောမောသော လူငယ်မှာ ကျန်းရုဟွာနှင့် ဝိညာဉ်လှေပေါ်တွင်မှ ဆုံခဲ့သူဖြစ်သည်။ သာ့ရှန်းတိုင်းပြည်သို့ သွားသော ဝိညာဉ်လှေပေါ်တွင် လူများစွာပါလာသောလည်း ရှင်းဟွာကျောက်စိမ်းပြားကို ကိုင်ထားသော ကျင့်ကြံသူမှာ လက်ချိုးရေတွက်ရုံသာ ရှိသည်။
ဤလူငယ်၏ အရှိန်အဝါမှာ ထူးဆန်းပြီး သူ၏ ကျင့်စဉ်အဆင့်ကိုလည်း ခန့်မှန်းရ ခက်ခဲသဖြင့် စကားစမိရာမှ သူတို့နှစ်ဦးမှာ အတော်အတန် ရင်းနှီးသွားကြခြင်း ဖြစ်သည်။
ချောမောသေ လူငယ်က ကျန်းရုဟွာမော့ကြည့်လိုက်ရာ သူ့မျက်လုံးများတွင် အပြုံးတစ်ခု ရှိနေ၏။
"သူငယ်ချင်း .. သွေးဝတ်စုံဓားနတ်ဘုရားလိုလူမျိုးက ကတိတည်တဲ့သူပါ။ သူက ဘာလို့လူတွေကို လိမ်ရမှာလဲ ၊ ငါတော့ လောင်းရဲတယ်။ နောက်သုံးရက်နေရင် တိုးတက်မှုပြတန်းက ၁၀၀ ရာခိုင်နှုန်း ပြည့်သွားပြီး လူတိုင်း နတ်ဘုရားအဆင့်နည်းစနစ်တွေကို ကြည့်နိုင်လိမ့်မယ်"
ကျန်းရုဟွာက လူငယ်အား မင်းနုပါသေးတယ်ဆိုသောအကြည့်ဖြင့် ပြုံး၏။
"မင်းက တော်တော်အယုံလွယ်သေးတာကိုး ။ ဘာပဲဖြစ်ဖြစ် ဒါက နတ်ဘုရားအဆင့်နည်းစနစ်လေ၊ ကန်းလန်နယ်မြေမှာတောင် မရှိနိုင်တဲ့အရာပဲ။ ဘယ်သူက အလကား ပေးချင်မှာလဲ ၊ ပေးခဲ့ရင်တောင် အဲဒါက အစိတ်အပိုင်း အစအနလောက်ပဲ ဖြစ်လိမ့်မယ်လို့ ငါလောင်းရဲတယ်"
ကျန်းရုဟွာကလည်း ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်။
"သူငယ်ချင်း.. မင်းက အဆိုးမြင်လွန်းနေပြီ"
ချောမောသော လူငယ်ကလည်း ကျန်းရုဟွာအား အခိုင်အမာတုန့်ပြန်သည်။
"ငါကတော့ ၉၀ ရာခိုင်နှုန်း သေချာတယ်၊ သုံးရက်နေရင် နတ်ဘုရားအဆင့်နည်းစနစ် ထွက်လာလိမ့်မယ်။"
ထိုလူငယ်သည် အလွန်ယုံကြည်ချက် ရှိနေ၏။ အကြောင်းမှာ ထိုလူငယ်မှာ ကျိယွမ် ဖြစ်နေသောကြောင့်ပင်။
ယခုပုံစံအတိုင်း ဆက်သွားနေပါက တိုးတက်မှုပြဘားတန်းမှာ သုံးရက်အတွင်း ပြည့်တော့မည်ကို သူသိနေသည် မဟုတ်ပါလား။
အခြားအကြောင်းရင်းတစ်ခုမှာ သုံးရက်အကြာတွင် ဂိမ်းအိုင်ကွန်အသစ်သည်လည်း အပြည့်အဝဒေါင်းလုဒ်ဆွဲပြီးတော့မည်ဖြစ်ရာ သူသည် ဂိမ်းထဲသို့ ဝင်ချင်လှပြီ ဖြစ်သည်။
ထို့ကြောင့် နတ်ဘုရားအဆင့်နည်းစနစ်ကို ဆက်လက် ဆုပ်ကိုင်ထားတော့မည် မဟုတ်ပေ။ နတ်ဘုရားအဆင့် နည်းစနစ်လေး တစ်ခုအတွက်နှင့် သူကပ်စေးနှဲနေမည့် သူမျိုးလည်း မဟုတ်ချေ။
ကျိယွမ်၏ အယုံလွယ်ပုံကိုမြင်သောအခါ ကျန်းရုဟွာက ဘာမှမပြောတော့ဘဲ ပြုံးလိုက်သည်။
ဒီကောင်လေးက မခံရဖူးသေးတော့ သင်ခန်းစာမရသေးဘူးပဲ။အတွေ့အကြုံက ရတနာဆိုတာ လူငယ်တွေ နားမလည်ကြဘူး။
ထို့နောက် သူက တစ်ခုခုကို သတိရသွားပြီး စကားလမ်းကြောင်း ပြောင်းလိုက်၏။
"သူငယ်ချင်း ..မင်းက သာ့ရှန်းကလား ၊ ရှန်ကွမ်းဂိုဏ်းက ကျိယွမ်ဆိုတဲ့ကျင့်ကြံသူ သိလား"
ထိုမေးခွန်းကို ကြားလိုက်ရသောအခါ ကျိယွမ်၏ မျက်လုံးများ လင်းလက်သွားပြီး ကျန်းရုဟွာအား ထူးဆန်းစွာကြည့်သည်။
"သိတာပေါ့! သူက သာ့ရှန်းရဲ့ နံပါတ်တစ် ပြိုင်ဘက်ကင်းစိတ်ဝိညာဥ်အရှင်သခင်လေ။ သာ့ရှန်းမှာ အချောဆုံးလူ၊ အင်အားကလည်း ကြီးသေးတယ်၊ မဟုတ်မခံစိတ်လည်းရှိ ၊ အမှန်တရားကိုလည် မြတ်နိုးတဲ့အပြင် အလွန်ယဉ်ကျေးသိမ်မွေ့တယ်... သာ့ရှန်းရဲ့ အရှင်သခင်ပဲ"
ကျိယွမ်သည် သူ့ကိုယ်သူ ဖော်ပြရန် သူသိသမျှ စကားလုံးအကောင်းစားများကို အကုန်သုံးလိုက်၏။
ကျန်းရုဟွာမှာ ကျိယွမ်၏ ဟိမဝန္တာချီးမွမ်းခန်းကိုကြားပြီး ခေတ္တမျှ မှင်တက်သွားကာ မျက်မှောင်ကြုတ်လိုက်သည်။
"မင်းက သူ့ကို အတော်လေး ကြည်ညိုပုံရတယ်"
ကျန်းရုဟွာက ထိုသို့ပြောပြီး အနည်းငယ် စဉ်းစားသွားမိသည်။
ရှန်ကွမ်းဂိုဏ်းမှာ သေးငယ်သောသာ့ရှန်းတိုင်းပြည်၏ အမြင့်ဆုံးအင်အားစုဖြစ်သလို ၊ စိတ်ဝိညာဥ်အဆင့်ကျင့်ကြံသူတစ်ဦးကလည်း သာ့ရှန်းတွင် အမြင့်ဆုံးအဆင့် ဖြစ်နိုင်၏။ ထို့ကြောင့် သာရှန်းမှလာသော ကျင့်ကြံသူတစ်ဦးအနေဖြင့် သူ့ကို ကြည်ညိုခြင်းမှာ သဘာဝကျပါသည်။
"ငါ့ကိုယ်ငါ ကြည်ညိုသလောက်ကို သူ့ကို ကြည်ညိုတာ"
ကျိယွမ်က သူ၏ကြည်ညိုမှုကို အလေးအနက် ထုတ်ပြော၏။
ထိုအချိန်တွင် တစ်လမ်းလုံးဟိုငေးဒီငေးလုပ်လာသော မဟာဉာဏ်ပညာရှိရှကလည်း ဝင်ပြောလာသည်။
သူက သာ့ရှန်းတိုင်းပြည်မှာတင် နံပါတ်တစ် မဟုတ်ဘူး၊ အရှေ့ပိုင်းဒေသတစ်ခုလုံးမှာ နံပါတ်တစ်၊ ကန်းလန်လောက တစ်ခုလုံးမှာတောင် နံပါတ်တစ် စိတ်ဝိညာဥ်အဆင့်ပဲ"
ကျန်းရုဟွာမှာ ပြောစရာစကားများပင် ပျောက်ဆုံးသွား၏။
သာ့ရှန်းကလာတဲ့ကောင်တွေက ဦးနှောက်မှမှန်ရဲ့လား။
သူက မဟာပညာရှိကို တစ်ချက်ကြည့်လိုက်သော်လည်း စကားဆက်မပြောတော့ပေ။
သာ့ရှန်း၏ နံပါတ်တစ် ဆိုသည်ကို လက်ခံနိုင်သော်လည်း အရှေ့ပိုင်းဒေသ သို့မဟုတ် ကန်းလန်လောက၏ နံပါတ်တစ်ဆိုသည်မှာ အနည်းငယ် လွန်လွန်းနေ၏။
"ငါမမှားဘူးဆိုရင်၊ တိုင်းပြည်တစ်ရာ နယ်မြေထဲက ရှန်ကွမ်းဂိုဏ်းရဲ့ ကန်းဖူလူတစ်ယောက်ပဲ အရှေ့ပိုင်းဒေသရဲ့ ပါရမီရှင်စာရင်းထဲမှာ ပါတာ မဟုတ်လား။ ကျိယွမ်က နေရာတော်တော်များများမှာ ကန်းဖူလူလောက်တော့ မကောင်းဘူး ထင်တယ်"
ကျန်းရုဟွာက သူကြားဖူးထားသည့်အချင်နှင့် ထောက်ပြလိုက်သည်။
"ငါ ကန်းဖူလူကို မြင်ဖူးတယ်၊ သူက ကျိယွမ်ကို မယှဉ်နိုင်ပါဘူး"
မဟာဉာဏ်ပညာရှိက ကျိယွမ်ကို တစ်ချက်ကြည့်ကာ ထိုအချက်ကို ငြင်းလေသည်။
"တကယ်လို့ သူတို့ တိုက်မယ်ဆိုရင် ကန်းဖူလူက ကျိယွမ်ရဲ့ တစ်ကွက်တောင် ခံနိုင်မှာ မဟုတ်ဘူး။"
"ဟွန်း..အိုကြီးအိုမတစ်ယောက်က အားနည်းတဲ့သူကို နိုင်စားပြီး လူငယ်တွေကို လိမ်နေတာပဲ"
ကျန်းရုဟွာသည် ကျိယွမ်၏ လူလည်ကျမှုအကြောင်းကို စဉ်းစားကာ စိတ်ပျက်နေသည်။
အသက်တစ်ထောင်နီးပါးရှိသော စိတ်ဝိညာဥ်အဆင့်ကျင့်ကြံသူကြီးက အသက် ၂၀ ပင်မပြည့်သေးသော သူ့သမီးနောက်ကို လိုက်နေခြင်းကို မည်သို့မှလက်မခံနိုင်ပေ။
ကျန်းရုဟွာ၏ ကြမ်းတမ်းသောကဲ့ရဲ့စကားကို ကြားသောအခါ ကျိယွမ် မနေနိုင်တော့ပါ။
"ဘာအထောက်အထားမှ မရှိဘဲ တစ်ဖက်လူရဲ့ ဂုဏ်သိက္ခာကို ဘာလို့ ညှိုးနွမ်းအောင် ပြောနေရတာလဲ ၊လူငယ်တွေကိုလှည့်စားတယ်ပြောရအောင် ကျိယွမ်ကလည်း အတော်လေး ငယ်သေးတာပဲကို "
စီနီယာအစ်ကိုကြီး ကန်းဖူလူထက် အားနည်းသည်ဟု ပြောသည်မှာ ထားပါတော့၊ သူ့ကို အိုကြီးအိုမကြီးဟု ခေါ်သည်ကိုမူ သူလုံးဝသည်းမခံနိုင်ပေ။
သူသည် အသက်ငယ်သေးပြီး သူမန်လူသားလောကမှာပင် လူပျိုပေါက် အရွယ်သာ ရှိပါသေးသည်။အသက်အလွန်ရှည်သော ကျင့်ကြံခြင်းလောကဆိုလျှင် ကလေးသာသာဟုပင် ပြောနိုင်၏။
"သူ ဘယ်လောက်ပဲ ငယ်ငယ်၊ မင်းထက်တော့ ငယ်မလား"
ကျန်းရုဟွာကလည်း လက်မခံပါ။ သူ့ရှေ့က လူငယ်မှာ တက်ကြွလန်းဆန်းနေပြီး သိသိသာသာကို ငယ်ရွယ်နေသည်။ ကျိယွမ်ဆိုသူမှာမူ သာ့ရှန်းကဲ့သို့သော စွမ်းအင်နည်းပါသည့် နေရာမျိုးတွင် စိတ်ဝိညာဥ်အဆင့်ကိုရောက်ရန် နှစ်ပေါင်းများစွာ အားထုတ်ခဲ့ရမည်ဖြစ်ရာ အသက်ကြီးနေသော အဘိုးကြီးတစ်ယောက်သာ ဖြစ်ရမည်။
"ငါနဲ့ အသက်တူတူပဲ"
ကျိယွမ်က လေသံတိုးတိုးဖြင့် ရေရွတ်လိုက်ပြီး ကျန်းရုဟွာအား နားမလည်သလိုကြည့်၏။
"သူငယ်ချင်း၊ မင်းက ကျိယွမ်ကို သိလို့လား ၊ ဘာလို့ သူ့အပေါ် ဒီလောက် ရန်လိုနေရတာလဲ"
ကျန်းရုဟွာက တိုက်ရိုက် ပြန်မဖြေပေ။
သူ့သမီးငယ်ငယ်လေးနှင့် အဘိုးကြီးကျိယွမ်တို့ကြားက ကိစ္စကြောင့် သာ့ရှန်းတိုင်းပြည်အထိ တကူးတက လာခဲ့ရသည်ဟုပြောရန်မှာ အလွန် ရှက်ဖို့ကောင်းလှသည်မဟုတ်ပါလား။
ကျန်းရုဟွာက မသိမသာဖြင့် စကားလမ်းကြောင်း ပြောင်းလိုက်၏။
"မင်း စောစောက ပြောတယ်နော်၊ သွေးဝတ်စုံဓားနတ်ဘုရားက သုံးရက်အတွင်း နတ်ဘုရားအဆင့်နည်းစနစ် ထုတ်ပေးမယ်ဆိုတာ။ ကဲ... ဘယ်သူမှန်လဲဆိုတာ သုံးရက်နေရင် သိရအောင် ငါတို့ ကျောက်စိမ်းပြားချင်း အဆက်အသွယ် လုပ်ထားမလား"
ကျိယွမ်က သဘောကျစွာရယ်လိုက်ပြီး ခေါင်းညိတ်သည်။
"တကယ်လို့ မင်း ရှုံးခဲ့ရင်၊ ရှင်းဟွာအဖွဲ့ဖိုရမ်မှာ မင်းရဲ့ နာမည်ရင်းနဲ့ ငါ့ကို တောင်းပန်ရမယ်နော်"
နှမြောစရာကောင်းသည်မှာ ဖိုရမ်တွင် ဗီဒီယိုပိုစ့်များ တင်၍ မရခြင်းဖြစ်သည်။ မဟုတ်လျှင် ဤသူငယ်ချင်းအသစ်ကို ဗီဒီယိုရိုက်ပြီး တောင်းပန်ခိုင်းရလျှင် ပို၍ပင် ပျော်စရာကောင်းပေလိမ့်မည်။
ကျန်းရုဟွာက ကျိယွမ်၏ကျောက်စိမ်းပြားနံပါတ်ကို သူ၏အဆက်အသွယ်စာရင်းထဲသို့ ထည့်ရင်းမှ မှတ်ချက်ချသည်။
"မင်းက အတော်လေး ယုံကြည်ချက် ရှိနေတာပဲ... "
"ဟမ်..."
ကျန်းရုဟွာက ကျောက်စိမ်းပြားကိုတလှည့် ကျိယွမ်ကိုတလှည့်ကြည့်နေ၏။
"မင်းက မူလနတ်ဘုရားလား"
ကျန်းရုဟွာက အံ့အားသင့်စွာ အော်လိုက်သည်။
သူသည် ပျင်းပျင်းရှိတိုင်း ဖိုရမ်ကို အမြဲကြည့်လေ့ရှိသဖြင့် မူလနတ်ဘုရားသည် လတ်တလော နာမည်ကြီးနေသောသူတစ်ဦးဖြစ်ကြောင်း သိ၏။
ထိုသူသည် နည်းစနစ်များရရှိသည့် အခြေအနေများကို မကြာခဏ တင်လေ့ရှိပြီး အထူးသဖြင့် သူတို့ဂိုဏ်းထဲမှ စိတ်ဝင်စားစရာ ဇာတ်လမ်းများကို တင်လေ့ရှိသည်။
ဥပမာ - ရင်သားထွားသော ဂျူနီယာညီမလေးနှင့် အေးစက်သော စီနီယာအစ်မတို့၏ ဇာတ်လမ်းများပင်။
ထိုပို့စ်များကို ကြည့်ခြင်းအားဖြင့် မူလနတ်ဘုရားဆိုသူမှာ အမြုတေအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်ရမည်ဟု သူက ယူဆထားသည်။
"ဟဲဟဲ ဟဲဟဲ ...ဒါနဲ့ .. မင်းရဲ့ညီမလေးနဲ့ စီနီယာအစ်မကြားမှာ ဘယ်သူ့ကို ရွေးရမလဲ ဆုံးဖြတ်ပြီးပြီလား"
ကျန်းရုဟွာက ရွှေနောက်နောက် အပြုံးဖြင့် အကဲစမ်းကာ မေးလိုက်၏။
"အဲဒါတွေက အတုတွေပါ၊ ငါ လုပ်ကြံရေးထားတာ"
ကျိယွမ်က ချက်ချင်း ပြာပြာသလဲ ငြင်းလေသည်။ သူတွင် ဂျူနီယာညီမလေးလည်း မရှိ၊ စီနီယာအစ်မလည်း မရှိပါ။
ထိုသို့ ပြာပြာသလဲငြင်းလိုက်သည်ကိုပင် ကျန်းရုဟွာ သဘောပေါက်သလို ထရယ်၏။
"ဟားဟား ဘာလို့ ရှက်နေတာလဲ သူငယ်ချင်းရ ၊ ငါတို့က ယောကျ်ားချင်းပဲ၊ ငါ နားလည်ပါတယ်။ ငါ့တုန်းကလည်း အဲဒီလိုပဲကွ"
ကျန်ရုဟွာက စီနီယာပီသစွာ သူ၏အတွေ့အကြုံအား မျှဝေချင်နေ၏။
"ငါတုန်းကဆို တစ်ယောက်က ဂျူနီယာညီမလေး၊ နောက်တစ်ယောက်က စီနီယာအစ်မ"
"နောက်ပိုင်းမှာတော့ ငါက ငါ့ရဲ့ ဂျူနီယာညီမလေးနဲ့ အောင်အောင်မြင်မြင် လက်ထပ်နိုင်ခဲ့တယ်"
ကျန်းရုဟွာက ဂုဏ်ယူဝင့်ကြွားစွာဖြင့် စကားဆက်သည်။
"မင်း ပြောပုံအရဆိုရင် မင်းရဲ့ စီနီယာအစ်မက နည်းနည်း မာနကြီးပြီး မျိုးရိုးမြင့်တဲ့သူ ဖြစ်ပုံရတယ်။ ငါ့အမြင်အရတော့ မင်း ဂျူနီယာညီမလေးကိုပဲ ရွေးသင့်တယ်။ မဟုတ်ရင် မင်းရဲ့ အနာဂတ်က... ဟူး"
ကျန်းရုဟွာက ထိုကိစ္စမျိုးတွင် အလွန်အတွေ့အကြုံများသူ တစ်ဦးကဲ့သို့ သက်ပြင်းချလိုက်သည်။
"မင်း ပြောပုံအရဆိုရင် မင်းရဲ့ ဂျူနီယာညီမလေးက မင်းအပေါ် သံယောဇဉ် တော်တော်လေး ရှိပုံရတယ်။ စီနီယာအစ်မကတော့ နည်းနည်း ဝေးကွာပြီး အေးစက်နေသလိုပဲ"
ကျိယွမ်က ကျန်းရုဟွာ၏ ထိုဝေဖန်ချက်ကို အနည်းငယ် သဘောတူမိသည်။ သူ ဇာတ်လမ်းဆင်စဉ်က ဂျူနီယာညီမလေး ဇာတ်ကောင်အတွက် ကျန်းလင်းစုကို နမူနာထားခဲ့သဖြင့် ပို၍ အသက်ဝင်နေခြင်း ဖြစ်သည်။ စီနီယာအစ်မ ဇာတ်ကောင်မှာမူ အနည်းငယ် ပေါ့နေသလို ခံစားရသည်။
"မင်းပြောပုံအရဆိုရင် ဂျူနီယာညီမလေးရဲ့ အဖေက အတော်လေး ဆက်ဆံရခက်မဲ့ပုံပဲ။ သူက ဂိုဏ်းချုပ်နဲ့ ဘယ်လိုပတ်သက်လဲ မသိပေမဲ့ မင်းကို အထင်သေးပြီး ဂိုဏ်းချုပ်ရဲ့ သမီးကိုပဲ မျက်နှာသာပေးနေတာ။"
"ဒါပေမဲ့ ဒါက ကိုင်တွယ်ရ လွယ်ပါတယ် ၊ ဂျူနီယာညီမလေးက မင်းအပေါ် စိတ်ရှိနေမှတော့...."
" လပြည့်ည တစ်ညမှာ နှစ်ယောက်သား အပေးအယူတည့်အောင် လုပ်ပြီး ဆန်ကိုထမင်းဖြစ်အောင်ချက်လိုက်ရုံပဲ။ တစ်ခါတည်း လက်ထပ်လိုက်ပြီးမှ မင်းရဲ့ ယောက္ခမလောင်းကို သွားတွေ့လိုက်။"
"သူက ဘာလုပ်နိုင်တော့မှာလဲ ၊ မင်းကို ရိုက်မလား "
ကျန်းရုဟွာက သူ၏အလွန်ကောင်းမွန်သော အကြံဉာဏ်များကို ရက်ရင်ရောရောဝေမျှရင်း မုတ်ဆိတ်ကို သပ်ကာ ဂုဏ်ယူနေသည်။
ထမင်းဖြစ်သွားရင် ဆန်မှပြန်မဖြစ်တော့တာ ၊ သူ့ ယောက္ခမလောင်းကြီး ဘာတတ်နိုင်ဦးမှာလဲ ။
ကျိယွမ်မှာတော့ ဘာပြန်ပြောရမှန်း မသိတော့ပါ။
ထိုအရာမျိုးကို သူက လုပ်မည့်သူမျိုးမဟုတ်ပါ။ ပို၍ အရေးကြီးသည်မှာ သူပြောခဲ့သမျှမှာ လုပ်ကြံထားခြင်းသာဖြစ်၏။
ကျိယွမ်က သိပ်ဟက်ဟက်ပတ်ပတ် မရှိသည်ကို မြင်သောအခါ ကျန်းရုဟွာက အားမရစွာ ထပ်မံအကြံပြုသည်။
"သူငယ်ချင်း၊ ငါ့စကားကို နားထောင်ရင် မင်းဂျူနီယာညီမလေးကို အိမ်ခေါ်လာနိုင်မှာ သေချာတယ်။ သမီးဆိုတာ လက်ထပ်ပြီးရင် အိမ်ပြင်ထုတ်လိုက်တဲ့ ရေလိုပဲ။ ဟိုဟာ ဒီဟာဖြစ်ပြီးပြီဆို မင်းရဲ့ ဂျူနီယာညီမလေးက မင်းဘက်ကပဲ ပါမှာ"
" သူ့မိသားစုကလည်း အင်အားရှိတယ်ဆိုတော့ မင်းကိုရှင်းဟွာအဖွဲ့ နတ်ဘုရားအဆင့်နည်းစနစ်တွေ ရအောင် နည်းပညာတွေ၊ အရင်းအမြစ်တွေ ကူညီပေးနိုင်လိမ့်မယ်။ နောက်ဆို မင်း စိတ်ဝိညာဥ် ကျင့်ကြံသူတောင် ဖြစ်လာနိုင်တယ်။ အဲဒီအချိန်ကျရင် မင်းကို နှာခေါင်းရှုံ့ခဲ့တဲ့ ယောက္ခမကတောင် မင်းရှေ့မှာ ခေါင်းငုံ့ရလိမ့်မယ်။ တကယ်လို့ မင်း ခရမ်းရောင်နန်းတော်အဆင့်ကိုသာ ရောက်ခဲ့ရင် သူ့ခေါင်းပေါ်တောင် တက်နင်းလို့ရတယ်၊ သူ ဘာမှမပြောရဲတော့ဘူး"
နောက်ဆုံးအပိုင်းကတော့ ကျန်းရုဟွာက သူ့ဘဝနှင့်ယှဥ်၍ နည်းနည်း ပိုပြောလိုက်ခြင်းပင်။
သို့သော် ထိုအရာက စိတ်ကူးယဉ်မှုသာ ဖြစ်သည်။ ကံမကောင်းစွာဖြင့် သူ၏ စိတ်ကူးယဉ်မှုမှာ ယခုထိ လက်တွေ့မဖြစ်သေးပေ။ သူသည် လက်ရှိတွင် စိတ်ဝိညာဥ်အဆင့်နှောင်းပိုင်းသာ ရှိသေးပြီး ခရမ်းရောင်နန်းတော်အဆင့်နှင့် အလှမ်းဝေးနေဆဲပင်။
သူ၏ ယောက္ခမမှာမူ စိတ်ဝိညာဥ်အထွတ်အထိပ် အဆင့်ဖြစ်သဖြင့် သူ့ထက် အများကြီး ပို၍ အစွမ်းထက်၏ ။ ထို့ကြောင့် လောလောဆယ် မော်မကြည့်ဝံ့သူက သူသာဖြစ်နေရသည်။
"မင်းက အတွေ့အကြုံတွေ တော်တော်ရှိတာပဲ"
ကျိယွမ်က အလိုက်သင့် မြှောက်ပင့်ပေးလိုက်သည်။
"ကောင်လေး ..မင်း ငါ့စကားကို နားထောင်ရင် လဝက်အတွင်း အလှလေးကို ရလိမ့်မယ်။ မင်း ဂျူနီယာညီမလေးနဲ့ လက်ထပ်တဲ့အခါ ငါသာ သာ့ရှန်းမှာ ရှိနေသေးရင် ငါ့ကို အောင်သွယ်တော်အဖြစ် ဖိတ်ရမယ်နော်၊ မင်းတို့ရဲ့ မင်္ဂလာအရက်ကို ငါ အးရပါးရကို သောက်ပစ်မှာ ဟားဟား ဟားဟား "
ကျန်းရုဟွာက ဂုဏ်ယူစွာ ပြောသည်။
ကျိယွမ်နှင့် ဆုံရသည်မှာ သူ၏ ဂိုဏ်းသားဘဝနေ့ရက်များကို ပြန်သတိရစေ၏။ သို့သော် မိသားစုဆီ ပြန်ရောက်ပြီးနောက်တွင် ထိုနေ့ရက်များမှာ အမှတ်တရများသာ ဖြစ်ကျန်ခဲ့တော့သည်။
ကျိယွမ်က ပခုံးတွန့်ပြကာ နားအေးပြီးရော ခေါင်းညိတ်၏။
"ကောင်းပါပြီ"
သူက ပေါ့ပေါ့ပါးပါး သဘောတူလိုက်သည်။ တကယ်တော့ ထိုသူငယ်ချင်းအသစ်ကို ဖိတ်ရန်အကြောင်းမရှိပါ။ သူနှင့် ဂျူနီယာညီမလေးမှာ အဖြူထည်သက်သက်သာ ဖြစ်ပြီး အခြားပတ်သတ်မှုမည်မည်ရရ မရှိကြပေ။
ကျန်းရုဟွာကတော့ သူ့အရှိန်နှင့်သူ ဆက်လိမ့်နေ၏။
"မင်းနဲ့ ဆုံရတာ ကံကြမ္မာပဲ။ တကယ်လို့ ဂျူနီယာညီမလေးနဲ့ ပတ်သက်ပြီး အခက်အခဲရှိရင် ငါ့ကို ဆက်သွယ်လိုက်။ ငါ အားတဲ့အချိန်တွေမှာ အောင်သွယ်ပေးရတာ ဝါသနာပါတယ်"
"အင်းပါ "
ကျိယွမ်မှာ ထပ်မံ ခေါင်းညိတ်လိုက်ရင်းမှ ဝိညာဉ်လှေဦးဆီသို့ လှမ်းကြည့်ကာ အသိပေးလိုက်သည်။
"သူငယ်ချင်း၊ ဝိညာဉ်လှေက မကြာခင် ရပ်တော့မှာ။ ငါ့ဂျူနီယာညီမလေး ငါ့ကို လာကြိုလိမ့်မယ်"
ထိုစကားကို ကြားလျှင် ကျန်းရုဟွာ၏ အပြုံးမှာ ပို၍ ကျယ်ပြန့်သွားသည်။
"တွေ့လား ၊ မင်းရဲ့ ဂျူနီယာညီမလေးက မင်းအပေါ် သေချာပေါက် စိတ်ရှိနေတာပဲ။"
သူသည် သူ၏သမီးကို သတိရသွားပြီး စိတ်ထဲတွင် အနည်းငယ် ဝမ်းနည်းသွားမိ၏။
ငါသမီးကတော့ ငါ့ကို လာကြိုမယ်မထင်ဘူး ။
သို့သော် ထိုဝမ်းနည်းမှုမှာ ချက်ချင်း ပျောက်ကွယ်သွားသည်။အကယ်၍ ဤမူလနတ်ဘုရားတွင် သမီးတစ်ယောက်ရှိလျှင်လည်း ထိုသမီးက သူ့လိုပင် လာကြိုမည် မဟုတ်ဟု သူက တွေးမိလိုက်သဖြင့် စိတ်ထဲတွင် ပို၍ တရားကျသွားသောကြောင့် ဖြစ်၏။
အင်း...သမီးတွေဆိုတာက..ဒီလိုပါပဲ။
ထိုအချိန်တွင် ကြည်လင်သော အသံလေးတစ်ခု ထွက်ပေါ်လာသည်။
"ဖေဖေ .. ပြန်ရောက်လာပြီလား"
ကျိကျန့်ကျွင်းသည် တောက်ပသောအပြုံးလေးဖြင့် ကျိယွမ်၏ ရင်ခွင်ထဲသို့ ပြေးဝင်လာပြီး အားပါးတရဖက်လိုက်၏။
ကျိယွမ်က သမီးဖြစ်သူကို ကြည့်ကာ အနည်းငယ် သက်ပြင်းချလိုက်ပြီး သတိပေးရသည်။
"ကျန့်ကျွင်း၊ ယောကျ်ားနဲ့ မိန်းမကြားက စည်းကမ်းကို သတိရပါဦး"
အရွယ်ရောက်နေသော သမီးတစ်ယောက်အတွက် အဖေဖြစ်သူက သင့်တော်သော အကွာအဝေးကို ထိန်းသိမ်းရန် လိုအပ်သည် မဟုတ်ပါလား။
အကယ်၍ ဤမြင်ကွင်းကို ဗီဒီယိုရိုက်ပြီး အွန်လိုင်းပေါ် တင်လိုက်ပါက သူသည် နက်တစ်ဇင် (netizens) များ၏ ဝိုင်းဆဲခြင်းကို ခံရမည် မဟုတ်ပါလား။
(netizens = အင်တာနက်ပေါ်မှ တက်ကြွလှုပ်ခြားသူများ )
"ကျန့်ကျွင်းက ဖေဖေရဲ့ သမီးပဲဟာ၊ သားအဖချင်းဖက်တာ ဘာဖြစ်လို့လဲ"
ကျိကျန့်ကျွင်းက မျက်နှာလေးစူပုတ်သွားပြီး ကျိယွမ်၏ ရင်ခွင်ထဲမှ ထွက်လိုက်သည်။
ထိုအချိန်တွင် ကျန်းရုဟွာမှာ မှင်တက်နေသောအမူအယာဖြင့် ကျိယွမ်ကို ကြည့်နေ၏။
"မင်းမှာ သမီးရှိတယ်ပေါ့"
"ဟုတ်တယ်"
ကျိယွမ်က ဖုံးကွယ်နေစရာမဟုတ်သဖြင့် ခေါင်းညိတ်လိုက်သည်။
"ဖိုရမ်မှာ ငါတင်ခဲ့တဲ့ ဇာတ်လမ်းတွေက အများအားဖြင့် လုပ်ကြံထားတာတွေပါ။ ငါ့မှာ စီနီယာအစ်မလည်း မရှိသလို....."
"ဒါပေမဲ့ ဖေဖေ့မှာ ရင်သားဖွံ့ဖြိုးတဲ့ ဂျူနီယာညီမလေး ရှိတယ်လေ"
ကျိကျန့်ကျွင်းက တခိခိရယ်ကာ ဝင်ပြော၏။
-"သူ့ကို အိမ်ကို ဘယ်တော့ ခေါ်မှာလဲ ၊ အဲဒါဆိုရင် သူက... သမီးရဲ့ တတိယမြောက်မေမေ ဖြစ်လာမှာလား"
ကျိကျန့်ကျွင်းက ထိုကိစ္စအလေးအနက် စဉ်းစားနေသည်။
သူမ၏ မွေးမိခင်မှာ ကျင်းလီဖြစ်၏။ ဒုတိယမေမေမှာ နင်းထောင်ဖြစ်ပြီး တတိယမေမေကတော့ ကျန်းလင်းစု ဖြစ်လာလိမ့်မည်ဟု သူမထင်နေသည်။
"ဘာတွေ လျှောက်ပြောနေတာလဲ"
ကျိယွမ်မှာ အတော်လေး ရှက်သွား၏။
လူတော်တော်များများက အတော်လေး နားလည်မှု လွဲနေကြသည်ကို မြင်ရသဖြင့် သူအနေဖြင့် နောက်နောင်တွင် ဇာတ်လမ်းများ လျှောက်မဆင်တော့ဟု ဆုံးဖြတ်လိုက်ရသည်။
တစ်ဖက်တွင်မူ အနီး၌ ရပ်နေသော ကျန်းရုဟွာသည် ကျိကျန့်ကျွင်း၏ စကားကို ကြားကာ မျက်လုံးပြူးသွားတော့သည်။
"သူငယ်ချင်း၊ မင်းရဲ့ နည်းလမ်းတွေက ဒီလောက်တောင် အဆင့်မြင့်တာလား"
သူ ဆရာလုပ်ခဲ့မိသည်များကို အတော်လေး ရှက်သွားသည်။ ဤကလေးမလေး၏ စကားအရ သူ့ရှေ့က လူတွင် တာအိုလက်တွဲဖော်နှစ်ယောက် ရှိနှင့်ပြီးသား ဖြစ်၏။
အခြေအနေအရဆိုလျှင် ထိုအဖော်နှစ်ဦးမှာလည်း အဆင်ပြေပြေ ရှိနေပုံရသည်။ ယခုလည်း တတိယမြောက် တစ်ယောက်ကို ထပ်မံ စဉ်းစားနေပြန်၏။
ဤအချက်က သူ့ကို မနာလိုဖြစ်စေသလို၊ စောစောက သူပေးခဲ့သော အကြံပေးချက်များအတွက်လည်း အားနာသွားစေသည်။
သူသည် ကျိယွမ်ထံသို့ လျှို့ဝှက် မက်ဆေ့ခ်ျတစ်ခု ချက်ချင်း ပို့လိုက်၏။
"သူငယ်ချင်း၊ မင်း ဘယ်လိုလုပ်ပြီး တာအိုလက်တွဲဖော်နှစ်ယောက်တောင် ရှိနေတာလဲ ပြီးတော့ နောက်ထပ်တစ်ယောက်ကိုလည်း ဘယ်လိုများ ထပ်ချိတ်နိုင်ရတာလဲ ၊ ငါ့ကို သင်ပေးပါဦး ၊ မင်းရဲ့ ကျေးဇူးကို ငါ အမြဲ အောက်မေ့နေမှာပါ"
ကျန်းရုဟွာနှာ ကျိယွမ်၏ ပညာခန်းများကို လုံးဝလေးစားသွားပြီး သင်ယူချင်စိတ်များ တဖွားဖွားပေါ်နေတော့သည်။
မိန်းမအများကြီးယူရတာ မခက်ဘူး ၊ အဲဒီမိန်းမတွေကို အတူတူထားနိုင်တာကမှ ဆရာပဲ။
-----------------