သွားပြီ၊ ငါပြန်လည်ဝင်စားတော့မယ်ဆိုတာ တစ်ကမ္ဘာလုံး သိသွားပြီ
Vol. 25 Ch. 278
ကျန်းရုဟွာ၏ မက်ဆေ့ကိုမြင်သောအခါ ကျိယွမ်က အလွန်ရယ်ချင်သွားပြီး အဖြစ်မှန်ကို ရှင်းပြလိုက်သည်။
"ငါ့မှာ အခုထိ လက်ထပ်စာချုပ်တောင် မရှိသေးတာကို၊ ကျင့်ကြံဖော်လည်း မရှိပါဘူး"
ထိုစကားကို ကြားသောအခါ ကျန်းရူဟွာက ခဏမျှ စဉ်းစားပြီးမှ ပို၍ပင် အထင်ကြီးသွားတော့သည်။
"ဒါဆို မင်းက... သူတို့ကို အပြင်မှာပဲ ထားတာပေါ့။ တကယ်ကို ပါးနပ်တာပဲ"
သူ၏ရှေ့မှလူသည် မည်သူကိုမှ ကျင့်ကြံဖော်အဖြစ် မသတ်မှတ်ရသေးဘဲ ကျွမ်းကျင်စွာကစားနေကြောင်း သူ ချက်ချင်း နားလည်သွားသည်။
ကလေးတောင်ဒီအရွယ်ရောက်နေပြီ ၊တရားဝင် လက်မထပ်ရသေးဘူးဆိုတော့ တော်တော်ကျွမ်းတာပဲ။
သူက ကျိယွမ်အား အသံတိတ်လက်မထောင်ပြလိုက်သည်။
ခဏအကြာတွင် ဝိညာဉ်လှေသည် လုံးဝ စတင်ရပ်တန့်သွား၏။
ကျင့်ကြံသူ အမျိုးသား၊ အမျိုးသမီးများသည် အမူအရာအမျိုးမျိုးဖြင့် မိမိတို့နေရာများမှထွက်လာပြီး လှေပေါ်မှ ဆင်းကြသည်။ လှေအောက်တွင်လည်း ကြိုဆိုရန်လာကြသော ယုန်ရထားအချို့လည်း ရောက်ရှိနေပြီဖြစ်သည်။
"နှုတ်ဆက်ခဲ့ပါတယ် သူငယ်ချင်း"
ကျိယွမ်က ခပ်တိုးတိုးပြောကာ လမ်းခွဲရန်ပြင်၏။
ကျန်းရူဟွာက ပြုံးလျက် ခေါင်းညိတ်၏။
"မင်းရဲ့ မင်္ဂလာဆောင်ကျရင် ငါ့ကို ဖိတ်ဖို့ မမေ့နဲ့ဦး"
"ဟားဟား ဟားဟား ၊ တကယ်ကို ထက်သန်နေတာပဲ ၊ ကောင်းပါပြီ"
ကျိယွမ် ဆက်ငြင်းခုံမနေတော့ဘဲ ပေါ့ပေါ့ပါးပါးပင် သဘောတူလိုက်သည်။
သူကိုယ်တိုင်ဖန်တီးထားသော ဇာတ်ကောင်တစ်ခုအဖြစ် သရုပ်ဆောင်နေခြင်းသာ ဖြစ်သဖြင့် ကတိစကားများသည် စကားလုံးသက်သက်သာ ဖြစ်ပြီး လက်တွေ့ဖြစ်လာမည်လည်း မဟုတ်ပါ။
ထိုနောက် ကျန်းရူဟွာသည် လှေအောက်သို့ အာရုံစိုက်ကြည့်လိုက်ရာ အဝါရောင်ဝတ်စုံနှင့် တောက်ပလှပသော မိန်းမပျိုလေးတစ်ဦးကို ချက်ချင်း မြင်လိုက်ရသည်။
သူ့မျက်ဝန်းတွင် စိတ်အေးသွားဟန်နှင့် ဂုဏ်ယူရိပ်များ ဖြတ်ပြေးသွား၏။
'ဒီကလေးမက သူ့အဖေကို လာကြိုရကောင်းမှန်း သိသေးတာပဲဟု တွေးလိုက်သော်လည်း သမီးဖြစ်သူနှင့် တွေ့သည့်အခါ မျက်နှာသာပေးမည်မဟုတ်ဟု ဆုံးဖြတ်လိုက်၏။
သူက ဟိုအဘိုးကြီးကိစ္စကြောင့် ငါ့ကိုမျက်နှာလုပ်ချင်နေတာပဲ ။
သူသည် သမီးဖြစ်သူ လာရောက်နှုတ်ဆက်မည်ကို စောင့်ရင်း ခပ်မတ်မတ် ရပ်နေလိုက်သည်။
မျှော်လင့်ထားသည့်အတိုင်း သမီးဖြစ်သူက ဝမ်းသာအားရ မျက်နှာထားဖြင့် သူ့ထံသို့ တည့်တည့်ပြေးလာ၏။
သူက မျက်နှာထားကိုတည်တည်တံ့တံ့ထားနေသော်လည်း အတွင်းစိတ်တွင်မူ အလွန်ဝမ်းသာနေမိသည်။
"ဆရာတူအစ်ကိုကြီး ၊ နောက်ဆုံးတော့ ပြန်ရောက်လာပြီပေါ့"
ကျန်းရူဟွာ၏ မျက်နှာမှာ တောင့်တင်းသွားပြီး နားမလည်နိုင်ဖြစ်သွားရသည်။
မိမိ၏သမီးသည် စောစောက သူနှင့် စကားဖောင်ဖွဲ့လာသော သူငယ်ချင်းအသစ်ထံသို့ လျှောက်သွားကာ သူ၏လက်ကို သဘာဝကျကျ ချိတ်လိုက်သည်ကို တွေ့လိုက်ရသောကြောင့်ပင်။
သူမ၏ မျက်ဝန်းထဲတွင် ထိုလူငယ်မှလွဲ၍ အခြားသူ မရှိသကဲ့သို့ပင်။
ငါ့ကိုတောင်မမြင်ဘူးပေါ့ ၊ အဖေတစ်ယာက်လုံး အရှင်လတ်လတ်ကြီး ရပ်နေတာလေ။
ကျန်းရူဟွာ၏ ရင်ထဲတွင် ဒေါသများက တလိပ်လိပ် စတင်မြင့်တက်လာသည်။
သမီးဖြစ်သူသည် သူ့ကိုလာကြိုခြင်း မဟုတ်ရုံသာမက မီတာအနည်းငယ်အကွာတွင် ရပ်နေသောသူ့ကို သတိပင်မထားမိပေ။
အဆိုးဆုံးမှာ သူမပြာပြာသလဲ ပြေးကြိုလိုက်သူက သူ၏သူငယ်ချင်းအသစ်ဖြစ်နေခြင်းပင်။
"နေဦး...ဒါဆိုရင် .."
အတွေးများစွာ ဖြတ်ပြေးသွားပြီးနောက် ကျန်းရုဟွာ ချက်ချင်း နားလည်သွားတော့သည်။
သူနှင့်တစ်လမ်းလုံး စကားပြောလာသူမှာ အခြားသူမဟုတ် သမီးဖြစ်သူ၏ စီနီယာအစ်ကိုကြီး 'ကျိယွမ်' ပင် မဟုတ်ပါလား။
'ဒါကြောင့်ကိုး.. အားလုံး ရှင်းသွားပြီ"
ကျန်းရူဟွာ အားလုံးကိုနားလည်သွားသလို အလွန်လည်း ဒေါသထွက်သွားသည်။
ချိုသာပြီး ချစ်စရာကောင်းတယ်။
အလိုက်သိပြီး နူးညံ့တယ်။
ငါ့သမီးကျန်းလင်းစုက တကယ်ပဲ ဒီလိုပုံစံလား။
ပြီးတော့... ရင်သားထွားတဲ့ ဂျူနီယာညီမလေးဆိုတာကတော့ ..။
ကျန်းရူဟွာ၏ မျက်လုံးများမှ မီးပွင့်မတတ် ဖြစ်နေသော်လည်း သူ၏သမီးဖြစ်သူက သူမ၏အစ်ကိုကြီးကိုသာ ကြည့်နေပြီး သူ့ဘက်ကို တစ်ချက်မျှပင် လှည့်ကာမကြည့်ပါ ။
"ကျန်း....လင်း.......စု"
သူပေါက်ကွဲသွားလေပြီ ၊ သည်းမခံနိုငိသည့်အဆုံး၌ အံကြိတ်ကာ အကျယ်ကြီး အော်ဟစ်လိုက်သည်။ အကယ်၍ အသံဖြင့်သာ လူသတ်၍ရပါက သူ၏ အသံက ကျိယွမ်ကို အပိုင်းပိုင်း ဆွဲဖြတ်မိပေလိမ့်မည်။
ငါက ငါ့သမီးကို ပြန်ပိုးဖို့ နည်းလမ်းတွေကို တစ်လမ်းလုံး သင်ပေးလာမိခဲ့တာလား ။
ထိုအသံကြောင့် ကျန်းလင်းစု၏ မျက်နှာပေါ်မှ အပြုံးများ တောင့်တင်းသွားသည်။
သူမသည် ဘာလုပ်ရမှန်းမသိ ဖြစ်သွားပြီး ကျိယွမ်၏လက်ကို ချိတ်ထားဆဲမှ ကျန်းရူဟွာကို အံ့သြတကြီး ကြည့်လျက် ခေါ်လိုက်သည်။
"အဖေ"
"တော်စမ်း... ငါက နင့်အဖေဆိုတာတော့ သိသေးတယ်ပေါ့"
ကျန်းရူဟွာက ပါးစပ်ကအော်ဟစ်သလို
မျက်လုံးများကလည်း ကျန်းလင်းစုနှင့် ကျိယွမ်၏ လက်တွဲထားမှုကို ဒေါသတကြီး စိုက်ကြည့်နေ၏။
ကျိယွမ်သည်လည်း မမျှော်လင့်ထားသော တိုက်ဆိုင်မှုများကြောင့် အံ့သြသွားရသည်။
"ဒီနှာဗူး ကျင့်ကြံသူက... နင့်အဖေလား"
ထိုစကားကြောင့် ကျန်းလင်းစု မှင်သက်သွားသလို ကျန်းရူဟွာလည်း မျက်နှာအနည်းငယ် ပျက်သွားသည်။
ဘာက်ို နှာဗူးကျင့်ကြံသူလဲ .
ကျိယွမ်က ဆက်ပြော၏။
" လမ်းမှာတုန်းက ဒီလူက ငါ့ကို ရင်သားထွားတဲ့ ဂျူနီယာညီမလေးနဲ့ အတူအိပ်ဖြစ်အောင် ဘယ်လိုလုပ်ရမယ်ဆိုတာတွေ သင်ပေးနေတာ။"
ကျန်းလင်းစု၏ နားရွက်များ ချက်ချင်း နီရဲသွားပြီး သူမ၏ မျက်ဝန်းများမှာလည်း ရှက်သွေးဖြန်းကာ ပိုမိုစွဲမက်ဖွယ် ကောင်းသွားသည်။
"မင်း ...မင်းလျှောက်ပြောနေတာ"
ကျန်းရူဟွာ ဒေါသပေါက်ကွဲသွားတော့သည်။
လမ်းတွင်တွေ့ခဲ့သော လူငယ်သည် သမီးဖြစ်သူ၏ စီနီယာအစ်ကိုကြီးဆိုသူ ဖြစ်နေလိမ့်မည်ဟု သူက မည်သို့ ထင်ထားခဲ့မည်နည်း။
"ဒါတင်မကဘူး၊ မယားအများကြီး ဘယ်လိုယူရမလဲဆိုတာလည်း သူက ငါ့ကို ကပ်မေးနေသေးတယ်"
ကျိယွမ်က ကျန်းလင်းစုကို သနားသလို ကြည့်ရင်း ထပ်ပြောလိုက်သည်။
"ညီမလေး၊ နင့်မှာ မိထွေးတွေ အများကြီး ထပ်ရတော့မယ် ထင်တယ်"
ထိုစကားကိုကြားလိုက်ရသောအခါ ကျန်းရူဟွာ၏ မျက်နှာပေါ်မှ ဒေါသများ လုံးဝ ပျောက်ကွယ်သွား၏။
ကျန်းလင်းစုကလည်း ဖခင်ဖြစ်သူအား စိတ်နာသလိုကြည့်ပြီး အံကြိတ်လျက်
ကြုံးဝါးလေ၏။
"ဒါကို အမေ့ကို ပြန်ပြောပြမယ်"
"မလုပ်နဲ့"
ကျန်းရူဟွာတကယ်ကို ကြောက်သွားခြင်းဖြစ်သည်။ ကျန်းလင်းစု၏ အမေမှာ အလွန်နူးညံ့သိမ်မွေ့ပြီး အာဏာပြတတ်သူ မဟုတ်သော်လည်း ငိုရသည်ကို အလွန်ဝါသနာပါသူ ဖြစ်၏။
အကယ်၍ သူမသာ သိသွားပါက သူ့ရှေ့တွင် ထိုကိစ္စကို အမြဲအစဖော်ကာ ၁၀ နှစ်တိတိ ထိုင်ငိုနေမည် ဖြစ်ရာ သူ မည်သို့ ခံနိုင်မည်နည်း။
ငါ့ကိုသာ သတ်လိုက်ကြပါတော့ ။
.........
နာရီဝက်ခန့် ကြာပြီးနောက်။
ကျန်းရူဟွာသည် ဒေါသများအစား စိုးရိမ်စိတ်နှင့်အတူ အားကိုးရာမဲ့မှုများဖြင့် ပြည့်နှက်နေသည်။ သမီးဖြစ်သူနှင့် ပြန်ဆုံတွေ့မှုက ဤကဲ့သို့ ပုံစံမျိုးဖြင့် ဖြစ်လာမည်ဟု မမျှော်လင့်ထားခဲ့ပေ။
အထူးသဖြင့် ကျိယွမ်၏ ရှေ့တွင် သူ၏ ဂုဏ်သိက္ခာများ ပျက်စီးသွားခြင်းပင်။
"ကျိယွမ်... ဂျူနီယာညီမလေးနဲ့ အတူအိပ်ဖို့ ကိစ္စတွေကို အတည်မယူပါနဲ့၊ ငါက အဲဒါမျိုး အားမပေးတတ်ဘူး ၊ ဒါက ဂုဏ်သိက္ခာအရလည်း သိတယ်မှတ်လား မကောင်းဘူးလေ "
ကျန်းလင်းစု ထွက်သွားသည်နှင့် ကျန်းရူဟွာက ကျိယွမ်အနီးသို့ကပ်ကာ အလျင်အမြန် ဖြေရှင်းသည်။
ကျိယွမ်က ကျန်းရုဟွာအား သိမ့်မွေစွာ ပြုံးပြ၏။
"မိတ်ဆွေကြီးက အထင်လွဲနေပါပြီ။ ဂျူနီယာညီမလေးနဲ့ ကျွန်တော်ကြားက ဆက်ဆံရေးက လုံးဝတရားဝင်ပါတယ်။ ဖိုရမ်ပေါ်က ကိစ္စတွေကလည်း လုပ်ကြံထားတာတွေပါ၊ ကျွန်တော့်မှာ တခြား စီနီယာမမလည်း မရှိပါဘူး"
"ပြီးတော့ ဂိုဏ်းချုပ်ကြီးရဲ့ သမီးဆိုတာကလည်း အစ်ကိုကြီးကန်းဖူလူရဲ့ မိန်းမပါ ၊ ကျွန်တော်နဲ့ ဘာမှမဆိုင်ပါဘူး "
သို့သော် ထိုစကားက ကျန်းရူဟွာကို ပို၍ အထင်လွဲသွားစေသည်ကိုတော့ ကျိယွမ် မသိလိုက်ပါ။
ဒီကောင်က အိမ်ထောင်ရှိ မိန်းမတွေကိုတောင် ကြိုက်တာလား။
သူက ကျိယွမ်၏ ကျင့်ဝတ်ကို အနည်းငယ်အထင်သေးသွားသော်လည်း ပြင်းပြင်းထန်ထန် ပြော၍မရပါ ။
သမီးဖြစ်သူက နိုင်ကွက်ကို ကိုင်ထားသည်မဟုတ်ပါလား။
ဒါပေမဲ့ ဒီကောင့်ကို နည်းနည်းပညာပြမှ ရတော့မယ် ၊ သူ့ကိုယ်သူ ဂိုဏ်းကြီးကတပည့်ဆိုပြီး အမျိုးသမီးတွေကို ဖျက်ဆီးနေတာ။
ကျန်းရူဟွာက ကျိယွမ်ကို ပညာပေးလိုသဖြင့် တစ်မျိုးကြံကာ တိုက်ရိုက်တောင်းဆိုလိုက်၏။
"အဲဒီတော့ သာ့ရှန်းပြည်ရဲ့ နံပါတ်တစ် စိတ်ဝိညာဥ်ဆိုတာ မင်းပေါ့ ၊ မင်းကို ငါကစိန်ခေါ်မယ်ဆိုရင်ရော မင်းတိုက်ရဲလား"
သူလို စိတ်ဝိညာဥ်အဆင့်နှောင်းပိုင်းတစ်ဦးက မနေ့တစ်နေ့ကမှ အဆင့်တက်လာသော ကျိယွမ်ထက် ပိုမိုအစွမ်းထက်သည်ဟု ယုံကြည်နေသည်။
ဒါကိုအနိုင်ကျင့်တယ် မခေါ်ဘူး ၊ လူကြီးက ကလေးကို ဆုံးမတယ်လို့ခေါ်တယ် ။
သို့သော် ကျိယွမ်က ခေါင်းယမ်း၏။
"ကျွန်တော်က လူကြီးကို ရိုသေပြီး လူငယ်ကို ကိုယ်ချင်းစာတတ်တဲ့သူပါ၊ အဘိုးကြီးတွေကို မနှိပ်စက်ချင်ဘူး"
သူက ထိုသို့ငြင်းရုံသာ မကသေးပါ။
"အဲဒီအစား ဂျူနီယာညီမလေးကိုပဲ ကျွန်တော်နဲ့ ယှဉ်ပြိုင်ခိုင်းရင် ဘယ်လိုလဲ"
ကျန်းရူဟွာခမျာ သွေးအန်မတတ် ဖြစ်သွားရသည်။
"တော်စမ်း..မင်းမတိုက်ရဲရင် ထားလိုက်တော့"
သူက ကျိယွမ်အနားမှ ဒေါသတကြီး ထွက်သွားတော့သည်။
ကျိယွမ်လည်း မတတ်သာသလို ပုခုံးတွန့်လိုက်၏။
နောက်ရက်များတွင် ကျိစယ်တောင်ထိပ်၌ လူတစ်ယောက် တိုးလာခဲ့သည် ၊ ထိုသူကတော့ ကျန်းရူဟွာပင်။
ကျန်းရူဟွာသည် တောင်ထိပ်၌နေထိုင်ပြီး ကျိယွမ်ကို လုံးဝအလွတ်မပေးဘဲ စောင့်ကြည့်နေတော့သည်။
နိုင်ကွက်ကိုရထားသော သမီးဖြစ်သူကို မပြောရဲသဖြင့် ကျိယွမ်ကိုသာ မျက်စောင်းတခဲခဲလုပ်နေရ၏။
ကျိယွမ်ကတော့ ပုံမှန်အတိုင်းပင် အချိန်အများစုကို သူ၏အခန်းထဲတွင် တစ်ယောက်တည်း နေပြီး နည်းစနစ်များကို ပြန်လည်ပြုပြင်နေခဲ့၏။
သို့သော် ရှင်းဟွာအဖွဲ့ဖိုရမ်နှင့် မူလနတ်ဘုရားမျှဝေခြင်းအသင်းတို့ကတော့ ငြိမ်သက်မနေခဲ့ပါ ။ နည်းစနည်းများဆက်တိုက်တင်နေကြပြီး ထင်မြင်ချက်အမျိုးမျိုးဖြင့် ဆူညံနေကြသည်။
ထို့အပြင် တစ်ခါတစ်ရံတွင် သွေးဝတ်စုံမဟာမိတ်အဖွဲ့ မှ လူများကလည်း ကျိစယ်တောင်ထိပ်သို့ တိတ်တဆိတ်လာလည်တတ်၏။
တစ်ခါတစ်ရံတွင် သွေးဝတ်စုံဓားနတ်ဘုရားထံ သစ္စာခံလာကြသော ယင်နတ်ဘုရားအသစ်များကလည်း တွေ့ဆုံရန် လာရောက်ကြသည်။
အထူးသဖြင့် နတ်ဘုရားအဆင့်နည်းစနစ်များကို လူသိရှင်ကြား အမှန်တကယ် ထုတ်ပြန်ပေးပြီးနောက် ကျိယွမ်ကို လာတွေ့သူက ပို၍ပင် များပြားလာ၏။
ယခုအချိန်တွင် ကျိယွမ်သည် ကွန်ကရစ်အိမ်လေးထဲတွင် ထိုင်နေပြီး သူ့မျက်လုံးများမှာ နက်ရှိုင်းစွာ စဥ်းစားနေဟန်ရှိသည်။
"ဒီတစ်ခါ အခြားဂိုဏ်းတွေက ယူလာပေးတဲ့ နည်းစနစ်တွေနဲ့ဆိုရင် အခု ငါ့မှာ နတ်ဘုရားအဆင့်နည်းစနစ် ခြောက်ခုနဲ့ ကောင်းကင်အဆင့် နည်းစနစ်နှစ်ထောင်ကျော် ရှိနေပြီ ၊ ကန်းလန်လောကမှာလည်း သူငယ်ချင်းဖိတ်ခေါ်ဆုလာဘ်ဗျူဟာက အောင်မြင်ပုံရတယ်"
ကျိယွမ် အလွန် စိတ်လှုပ်ရှားနေသည်။
ရှိရှိသမျှ ရန်သူဂိုဏ်းများအား သူကိုယ်တိုင်းလိုက်လံဖျက်ဆီးပြီး မျှော်လင့်ခြင်းလမင်းကို ရှာဖွေလျှင်ပင် ယခု သူရနေသော အခြေအနေကို ဘယ်လိုမှ မနှိုင်းယှဉ်နိုင်ပေ။
အိမ်မှာ လှဲအိပ်နေရုံနှင့် နည်းစနစ်များက အလိုလို စီးဝင်လာနေသည်မဟုတ်ပါလား။
ယခုအချိန်တွင် သူသည် ကမ္ဘာပေါ်မှ
နည်းစနစ်အားလုံးကို စုစည်းထားသူဟု ပင် ပြောနိုင်နေလေပြီ။
လူသားလောကမှ ကိုယ်ခံပညာလက်စွဲစာအုပ်များစွာကိုပင် သူ ရရှိထားသည်။
"ဒီနည်းစနစ်တွေနဲ့ဆို အကြာကြီး ခံမှာပဲ။"
ကျိယွမ်က ရထားသောနည်းစနစ်များကို စစ်ဆေးကြည့်ရင်းမှ ဂိမ်းကျောက်ပြားကို ကြည့်လိုက်ရာ သူ့မျက်လုံးထဲတွင် စိတ်လှုပ်ရှားရိပ်များ ဖြတ်ပြေးသွား၏။
"ဂိမ်းက နောက်ဆုံးတော့ ဒေါင်းလို့ပြီးသွားပြီ။"
"ဒါပေမဲ့... ငါ သေသွားပြီဆိုတာက ဘာကို ဆိုလိုတာလဲ"
ဂိမ်းထဲတွင် သူ၏ဇာတ်ကောင်မှာ အကြောင်းပြချက်မရှိဘဲ သေဆုံးသွားခဲ့၏။
ထိုအရာက ကျိယွမ်ကို အလွန် အံ့အားသင့်စေသည်။ လူသေဘဝက စရသောဂိမ်းမျိုးကို သူ မတွေ့ဖူးသေးပါ။
"အခု ဂိမ်းထဲဝင်ရင်... ငါ ဘယ်လိုပုံစံ ဖြစ်နေမှာလဲ ၊ အရိုးစုလား"
ကျိယွမ် အလွန်သိချင်နေသည်။
စောစောကပင် သူသည် အချိန်အတန်ကြာ အနားယူမည်ဖြစ်ကြောင်း အားလုံးကို ကြေညာထားပြီးဖြစ်၏။
သူ မစီမံသော်လည်း ရှင်းဟွာအဖွဲ့ ၊ မူလနတ်ဘုရားမျှဝေခြင်းအသင်းနှင့် သွေးဝတ်စုံမဟာမိတ်အဖွဲ့တို့သည် ပုံမှန်အတိုင်း ဆက်လက်လည်ပတ်နေလိမ့်မည်သာ။
ကျန်းလင်းစုကိုလည်း ထိုအကြောင်းကို သူ ပြောပြထားပြီးဖြစ်၏။
"ဂိမ်းထဲကို ဝင်မယ်"
.........
ညအချိန်ဖြစ်သည်။
သုသာန်ကြီးတစ်ခုထဲတွင် လရောင်သည် သစ်ရွက်များကြားမှ ဖြတ်ကာစီးဆင်းကျနေပြီး မြေပြင်ပေါ်တွင် ငှက်ပုံသဏ္ဌာန် အရိပ်များကျနေ၏။
အလင်းစက်အချို့များသည် အုတ်ဂူများပေါ်သို့ ဟိုတစ်ကွက် ဒီတစ်ကွက်ကျရောက်နေပြီး ကြောက်မက်ဖွယ်ကောင်းကာ တိတ်ဆိတ်ခြောက်ကပ်သော မြင်ကွင်းကို ဖန်တီးပေးနေသလိုပင်။
ကျောက်စာတိုင်များဘေးရှိ ပေါင်းပင်များမှာလည်း ထူထပ်နေပြီး အနက်ရောင်ပိုးကောင်များက မြက်ပင်များကို တိတ်ဆိတ်စွာ ကိုက်ဖြတ်နေကြသည်။
ရုတ်တရက် ပုစွန်နှင့်တူသော သတ္တဝါတစ်ကောင်ပေါ်လာပြီး ပိုးနက်ကောင်တစ်ကောင်ကို ကိုက်ခွဲပစ်လိုက်၏။
ဂျောက်....
တစ်ချိန်တည်းမှာပင် လေးလံသော ခြေသံများ ထွက်ပေါ်လာပြီး ထိုပုစွန်နှင့်တူသောသတ္တဝါမှာ ချက်ချင်း နင်းခြေခံလိုက်ရပြန်သည်။
"မြန်မြန်လုပ်၊ လော့စ်တောင်တန်းကို ပိတ်ဆို့ထားလိုက်၊ ဘယ်သူ့ကိုမှ အဝင်မခံနဲ့"
စစ်ဦးထုပ်ဆောင်းထားသော လူလတ်ပိုင်းတစ်ဦးက ပြတ်သားစွာ အမိန့်ပေးလိုက်၏။
သူ့မျက်နှာမှာ ပန်းပုသမားတစ်ယောက်က သေသေချာချာထွင်းထုထားသကဲ့သို့ ခိုင်မာပြီး၊ သူ၏ တောင့်တင်းသော ခန္ဓာကိုယ်ထဲတွင် ကြီးမားသော ခွန်အားများ ပုန်းကွယ်နေသလို အားမာန်ပြည့်ဝနေ၏။
ယခုအချိန်တွင် သူ၏မျက်နှာမှာ ပြတ်သားနေသော်လည်း အနာဂတ်အတွက် ဝေခွဲမရဖြစ်နေသော အရိပ်အယောင်များလည်း ရှိနေသည်။
သုဿာန်ထဲ၌ စစ်သားများမှာ ရာနှင့်ချီ၊ ထောင်နှင့်ချီကာ တဖြည်းဖြည်း ပိုများလာခဲ့၏။
သံချပ်ကာယာဉ်များနှင့် တိုက်လေယာဉ်များစွာကလည်း ဝေဟင်တွင် ဝဲပျံနေကြသည်။
အမြဲခြောက်ကပ်နေသော လော့စ်တောင်တန်းသည် ယခင်က ဤမျှလောက် လူအများကြီးကို တစ်ခါမှ မမြင်ဖူးခဲ့ပေ။
သို့သော် ဤလူများသည် သုဿန်သို့လာခဲ့ကြသော်လည်း ကွယ်လွန်သွားသော မိသားစုကို လာရောက်ဂါရဝပြုရန် ရောက်လာကြခြင်းကား မဟုတ်ပါ။
စစ်သားများကြားတွင်လည်း တီးတိုးပြောဆိုသံများကို အခါအားလျော်စွာ ကြားနေရသည်။
"ဒါတွေက အားလုံး အမှန်ပဲလား"
"ဟုတ်ပါ့မလား..ဒါက တကယ့်ကို အဓိပ္ပာယ်မရှိတာပဲ"
"ဘုရားသခင်က ငါတို့ကို နောက်ပြောင်နေတာလား"
"မှန် မမှန်တော့မသိဘူး ၊ အပြင်လောကမှာတော့ အခု ရုန်းရင်းဆန်ခတ်တွေ ဖြစ်နေပြီ၊ ကမ္ဘာပျက်တော့မယ့်အတိုင်းပဲ"
"အဘိုးကြီးဝမ် ပြောတာတော့ စောစောလေးကတင် လူတစ်ရာကျော်က ဂိတ်တွေကို အတင်းဖြတ်ဖို့ ကြိုးစားလို့ အကုန် ပစ်သတ်ခံလိုက်ရတယ်တဲ့"
"ဟွန့်... အဲဒါတွေက အရင်းရှင်တွေရဲ့ လက်ပါးစေတွေ ဖြစ်မှာပေါ့"
စစ်ဖိနပ်စီးထားသော လီရှန်ခုန်သည် မြက်တောများပေါ်တွင် သွက်လက်စွာလျှောက်လှမ်းလာရာ တရှပ်ရှပ်မြည်သံများပင် ထွက်ပေါ်နေ၏။
စစ်သားများ၏ ပြောစကားများက သူ့နားထဲသို့ ရောက်လာပြီး သူ့မျက်လုံးများတွင် ရှုပ်ထွေးနက်ရှိုင်းသော အမူအရာများ ပေါ်လာသည်။
"ကမ္ဘာကြီးက ၁၀ နှစ်စာ Reset ဖြစ်တော့မယ်"
(လွန်ခဲ့တဲ့ ၁၀ နှစ်ကနေ ပြန်စတော့မယ်)
"ဒါ ဖန်ဆင်းရှင်ရဲ့ နောက်ပြောင်မှုလား"
"ဒါက တကယ်ပဲ ဖြစ်နိုင်ပါ့မလား..."
"တကယ်လို့ ဒါက အမှန်ဆိုရင်..."
သူသည် လမ်းလျှောက်နေရင်းမှ အကြောင်းအရာများစွာကို စဥ်းစားနေမိသည်။
လွန်ခဲ့သော တစ်ရက်ခန့်က ကုံရှင်း ဂြိုဟ်ပေါ်ရှိ လူသားအားလုံးသည် သူတို့၏ စိတ်ထဲတွင် အေးစက်ပြီး ခံစားချက်ကင်းမဲ့သော အသံတစ်ခုကို ကြားလိုက်ရသည်။ ထိုအသံက နိုးထနေသူများသာမက အိပ်ပျော်နေသူ ၊ သတိလစ်နေသူများပါမကျန် ကြားရသောအသံပင်။
"ကမ္ဘာကြီးဟာ ၂၄ နာရီအတွင်း ၁၀ နှစ်စာ Reset ပြန်ဖြစ်လိမ့်မယ်။ အန်းကျန့်ထျန်၊ အားရှု၊ ကျိယွမ်... ကျန့်ရှီး၊ စုစုပေါင်း လူ ၉၉ ယောက်ဟာ သူတို့ရဲ့ မှတ်ဉာဏ်တွေနဲ့အတူ လွန်ခဲ့တဲ့ ၁၀ နှစ်ဆီကို ပြန်သွားရလိမ့်မယ်။ကျန်တဲ့သူတွေကတော့ ဘာမှမှတ်မိမှာ မဟုတ်ဘူး"
ထိုအသံသည် လူတိုင်း၏ စိတ်ထဲတွင် ပေါ်လာခြင်းဖြစ်ပြီး နားမကြားသူများပင် ဤသတင်းစကားကို ကြားလိုက်ရသည်။
ချက်ချင်းဆိုသလိုပင် ကုံရှင်းပေါ်တွင် ပရမ်းပတာများ ဖြစ်ကုန်တော့သည်။
မှန်သည်မှားသည် မသိသေးသော်လည်း ဤသတင်းစကားက အလွန် တုန်လှုပ်ဖွယ် ကောင်းလွန်းလှသည် မဟုတ်ပါလား။
ကမ္ဘာကြီးက Reset ပြန်ဖြစ်တော့မယ်။
(အစက ပြန်စတော့မယ်)
လူအချို့ကတော့ မှတ်ဉာဏ်တွေနဲ့အတူ လွန်ခဲ့တဲ့ ၁၀ နှစ်ဆီကို ပြန်သွားပြီး ပြန်လည်မွေးဖွားလာမယ်တဲ့။
ထိုသို့ဖြစ်ခဲ့ပါက ကုံရှင်းဂြိုဟ်ပေါ်ရှိ နိုင်ငံအားလုံးတွင် ကြီးမားသော အပြောင်းအလဲများကို ဖြစ်ပေါ်စေမှာ သေချာ၏။
အချို့ကတော့ ထိုစကားကို မယုံကြည်ကြပေ။
အချို့ကတော့ လုံးဝ ရူးသွပ်သွားကြပြီး ကမ္ဘာကြီးက Reset ပြန်ဖြစ်တော့မယ်ဟုဆိုကာ... သူတို့ လုပ်ချင်သမျှကို လျှောက်လုပ်ကြတော့သည်။
ရလဒ်အနေဖြင့် နေရာတိုင်း၌ ဗရမ်းဗတာများဖြစ်ပေါ်ပြီး လူ့အဖွဲ့အစည်း၏ စည်းစနစ်များ ချက်ချင်း ပြိုလဲသွားခဲ့၏။
လူသတ်မှု၊ မုဒိမ်းမှု၊ လုယက်မှု၊ ဖျက်ဆီးမှု... စသည်တို့သည် ယခင်က ယဉ်ကျေးခဲ့သော လူ့အဖွဲ့အစည်းတွင် လွှမ်းမိုးသွားတော့သည်။
ကမ္ဘာကြီးပြန်လည်စတင်ခြင်းကြောင့် ပြန်လည်မွေးဖွားတော့မည့် လူ ၉၉ ယောက်ကိုတော့ နိုင်ငံအသီးသီး၏ အစိုးရတပ်ဖွဲ့များက လုံးဝ ထိန်းချုပ်ထားလိုက်၏။
ချင်းယွမ်နိုင်ငံတစ်ခုတည်းမှာတင် ပြန်လည်မွေးဖွားမည့်သူက ၃၅ ယောက်အထိ ရှိနေသည်။
အချက်အလက်များအရ ထိုလူများထဲမှ တစ်ယောက်သည် ဤလော့စ်တောင်တန်းထဲတွင် ရှိနေ၏။
ပြန်လည်မွေးဖွားလာမည့်သူ ၃၅ ယောက်ကို ကြယ်ခုနှစ်ပွင့်အဆင့်အဓိကမိသားစုကြီးများက အသားစားမည့် ဝက်များကဲ့သို့ ခွဲဝေယူထားကြသည်။
၁၀ နှစ်စာမှတ်ဉာဏ်များနှင့် ပြန်လည်မွေးဖွားလာမယ့်သူ တစ်ယောက်ကိုသာ သူတို့ ထိန်းချုပ်ထားနိုင်ပါက ၊ ထိုအရာက သူတို့မိသားစုများအတွက် အလွန်ကြီးမားသော အခွင့်အရေးကြီးများ ရလာနိုင်မည် မဟုတ်ပါလား။
ချင်းယွမ်နိုင်ငံ၏ အခြေအနေ၊ ကုံရှင်းဂြိုဟ်၏ အခြေအနေပင် သိသိသာသာ ပြောင်းလဲသွားနိုင်၏။
သို့သော် ထိုအရာများက ဖြစ်လာနိုင်သည်များအတွက် ကြိုတင်ပြင်ဆင်ထားခြင်းဖြစ်ပြီး ။ သတင်းစကားက အမှန်မဟုတ်သည်လည်း ဖြစ်နေနိုင်သည်။
ကမ္ဘာကြီးက Reset မဖြစ်သလို၊ ဘယ်သူမှလည်း မှတ်ဉာဏ်တွေနဲ့အတူ လွန်ခဲ့သော ၁၀ နှစ်ဆီကို ပြန်သွားမှာ မဟုတ်ခြင်းမျိုးလည်း ဖြစ်နိုင်၏။
သို့သော်လည်း လီရှန်ခုန်ကတော့ လော့စ်တောင်တန်းကို ပိတ်ဆို့ထားရန်အမိန့်အား လက်ခံရရှိထားဆဲပင်။
သူတို့၏ စုံစမ်းစစ်ဆေးမှုအရ လော့စ်တောင်တန်းထဲမှာ ပြန်လည်မွေးဖွားလာတော့မည့်လူတစ်ယောက် ရှိနေသည်။
သို့သော် ထို့လူက နည်းနည်းတော့ ထူးခြား၏။
"အစီရင်ခံပါတယ် တပ်မှူး၊ ကုံရီ မိသားစု ရောက်လာပါပြီ။"
သူအတွေးလွန်နေခိုက် အသံတစ်ခု ထွက်ပေါ်လာသည်။
လီရှန်ခုန်၏ တွေဝေနေသောမျက်နှာထားမှာ ချက်ချင်းပင် တည်ကြည်သွား၏။
ချင်းယွမ်နိုင်ငံတွင် တော်ဝင်မိသားစုနှင့်ကြယ်ခုနှစ်ပွင့်မိသားစုများက အုပ်ချုပ်ကြသည်။
ကြယ်ခုနှစ်ပွင့်အဆင့် အင်အားကြီးသော မိသားစု ၂၁ ခုတိတိရှိပြီး
ဤမိသားစု ၂၁ ခုသည် ချင်းယွမ်နိုင်ငံ၏ တကယ့် အာဏာအချက်အချာများ ဖြစ်၏။
ကုံရီမိသားစုသည် ယခင်ကထက် အင်အားနည်းလာပြီးကြယ်ခုနှစ်ပွင့်အဆင့်မိသားစုများထဲတွင် နေရာမြဲရန် ရုန်းကန်နေရသော်လည်း သူတို့သည် အဖွဲ့ဝင် ဖြစ်နေဆဲပင်။
ထိုအချိန်တွင် ယာယီလေယာဉ်ကွင်း၌ လေယာဉ်ငါးစင်း ထပ်မံဆင်းသက်လာခဲ့သည်။
လေယာဥ်ဆိုက်သည်နှင့် လူ ၂၀ ကျော်ခန့်ရှိသော အုပ်စုတစ်စုက လေယာဥ်ပေါ်မှဆင်းကာ အရေးတကြီး လျှောက်လာကြ၏။
လီရှန်ခုန်က သူတို့ကို နှုတ်ဆက်ရန် အမြန်သွားလိုက်ရသည်။
"အကြီးအကဲ ချိုင်"
ကုံရီချိုင်က လီရှန်ခုန်ကို တစ်ချက်ကြည့်ကာ ခေါင်းညိတ်ပြသည်။
သူ၏မျက်နှာက အလွန်အမင်း မောပန်းနေဟန် ပေါ်၏။
"အခြေအနေတွေ ဘယ်လိုလဲ"
"ပစ်မှတ်ရဲ့ ဂူကို ရှာတွေ့ပါပြီ၊ ဒါပေမဲ့ မတူးရသေးပါဘူး"
လီရှန်ခုန်က ချက်ချင်း အစီရင်ခံလိုက်သည်။
ကုံရီချိုင်၏ နောက်မှပါလာသော အမျိုးသား၊ အမျိုးသမီးများသည် လီရှန်ခုန်၏ အစီရင်ခံမှုကို ကြားသောအခါ သူတို့၏ မျက်လုံးများတွင် ဒေါသများ ပြည့်နှက်သွားကြသည်။
လူတိုင်းကြားခဲ့ရသောအသံကသာ အမှန်ဆိုပါက ပြန်လည်မွေးဖွားလာမည့်သူနှင့် မိတ်ဆွေဖွဲ့ပြီး သဘောတူညီချက်တစ်ခု လုပ်နိုင်ခြင်းက သူတို့မိသားစုအတွက် အကျိုးအမြတ် အများကြီး ရှိမည်မဟုတ်ပါလား။
သို့သော် သူတို့မိသားစုအတွက် ခွဲတမ်းချပေးလိုက်သော ပြန်လည်မွေးဖွားလာမည့်သူက... လူသေတစ်ယောက်ဖြစ်နေ၏။
ငါတို့က လူသေနဲ့ ဘယ်လို လက်တွဲလုပ်ဆောင်နိုင်မှာလဲ။
သူတို့အားလုံး လုံးဝမကျေမနပ် ဖြစ်နေကြသည်။
ကံကောင်းသည်မှာ ကုံရီမိသားစုမှာ နာမည်ဂုဏ်သတင်း အနည်းငယ် ကျန်ရှိနေသေးခြင်းပင်။
ယခုတူးမည့် လူသေအလောင်းအပြင် နောက်ထပ် ပြန်လည်မွေးဖွားလာမည့်သူတစ်ယောက်လည်းရှိသေးပြီး ထိုလူကိုတော့ ကုံရီမိသားစုက အခြားမိသားစုတစ်ခုနှင့် ခွဲဝေယူခွင့်ရထား၏။
ထို့ကြောင့် လော့စ်တောင်တန်းကို ရောက်ရှိလာသောအဖွဲ့သည် မိသားစု၏ အရေးမပါသောအစိတ်အပိုင်းတစ်ခုသာ ဖြစ်သည်။
"သွားမယ်..ငါ့ကို လိုက်ပြ"
ကုံရီချိုင်က အသံနက်ကြီးဖြင့် ပြောလိုက်၏။
မည်သို့ဆိုစေကာမူ ထိုသူ၏ ရုပ်အလောင်းကို သူ အရင်ဆုံး မြင်ချင်နေသည်။
မိသားစုက အမိန့်ပေးထားသဖြင့် ထိုအရာကို ပြီးဆုံးအောင် လုပ်ဆောင်ရပေလိမ့်မည်။
လူသေနှင့် သဘောတူညီချက်တစ်ခုလုပ်ရန် မဖြစ်နိုင်သော်လည်း သဘောတူညီချက်စာချုပ်ကိုတော့ အုတ်ဂူထဲမှာ ထည့်ထားနိုင်သည် မဟုတ်ပါလား။
ထိုနည်းလမ်းက စိတ်မချရသော်လည်း ရွေးချယ်စရာမရှိပါ။
မကြာမီ လူ ၂၀ ကျော်ရှိသော အုပ်စုသည် ခြောက်ကပ်နေသော အုတ်ဂူတစ်ခုရှေ့သို့ ရောက်ရှိလာ၏။
ဤအုတ်ဂူသည် နှစ်ပေါင်းများစွာ ဂရုမစိုက်ဘဲ ပစ်ထားခြင်းခံရပုံပေါ်ပြီး ပတ်ပတ်လည်တွင် ပေါင်းပင်များ ပေါက်နေသည်။
ကုံရီချိုင်က အုတ်ဂူကိုသေချာကြည့်ရှုပြီးနောက် ပန်းအချို့ကို အုတ်ဂူရှေ့တွင် ချထားပေးလိုက်၏။
ကုံရီမိသားစုမှ အခြားတပည့်များကလည်း ထိုနည်းအတိုင်း လိုက်လုပ်ကြသည်။
ခြောက်ကပ်သော အုတ်ဂူလေးသည် ယနေ့ကဲ့သို့ အထူးနေ့မဟုတ်ဘဲ အမှတ်တရ ပန်းစည်းများစွာ ရရှိသွားလေ၏။
ထိုအချိန်တွင် အတွင်းရေးမှူးတစ်ဦးနှင့် တူသောလူတစ်ယောက်က စာရွက်စာတမ်းအချို့ကို ကိုင်ကာ ဖြည်းဖြည်းချင်း ဖတ်ပြလိုက်သည်။
"အမည် ကျိယွမ်၊ လွန်ခဲ့တဲ့ ကိုးနှစ်က အသက် ၁၉ နှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။သေဆုံးရတဲ့ အကြောင်းရင်းကတော့... ဦးနှောက်အတွင်း သွေးယိုစီးမှုကြောင့်ပါ။"
-----------------