အခန်း (၂၀၁-၂၀၂)
Vol. 21 Ch. 201-202
အခန်း (၂၀၁) သားရဲနယ်မြေ
"နှင်းခဲလေးရေ" လုံချန်းသည် ရထားလုံး အပြင်ဘက်တွင် ရပ်ကာ ကျယ်လောင်စွာ အော်ခေါ်လိုက်သည်။ သူ၏ အသံမှာ အဝေးကြီးအထိ ရောက်စေရန် သူ၏ အသံကို ဝိညာဉ်စွမ်းအင်ဖြင့် မြှင့်တင်ထားသည်။
သူ ထပ်ခါတလဲလဲ အော်ခေါ်နေသော်လည်း မည်သည့် တုံ့ပြန်မှုမျှ မရှိခဲ့ပေ။
"သူ ဘယ်ကို သွားတာလဲ။ ငါ သူ့ရဲ့ တည်ရှိမှုကိုတောင် မခံစားရတော့ဘူး" လုံချန်းက စိုးရိမ်သော မျက်နှာထားဖြင့် ရေရွတ်လိုက်သည်။
"သိပ်ပြီး ခေါင်းမစားပါနဲ့၊ နှင်းခဲလေးက ဘေးကင်းကင်းနဲ့ အိပ်ပျော်နေပါတယ်" ရွှင်းက လုံချန်း၏ ရှေ့တွင် ပေါ်လာပြီး ပြောလိုက်သည်။
"ဘယ်မှာလဲ" လုံချန်းက ရွှင်းကို ကြည့်ကာ အလောတကြီး မေးလိုက်သည်။
"ဘယ်မှာလဲ ဟုတ်လား၊ ဘာကိုလဲ" ကျိချင်းက လုံချန်းကို ကြည့်ကာ စပ်စုမေးမြန်းသည်။ ရွှင်းသည် လုံချန်းနှင့် ကျိချင်း၏ ကြားတွင် ရပ်နေခြင်း ဖြစ်သည်။ ကျိချင်းမှာ ရွှင်းကို မမြင်ရသဖြင့် လုံချန်းက သူမကို စကားပြောနေသည်ဟု ထင်နေခြင်း ဖြစ်သည်။
"ဟိုမှာလေ..." ရွှင်းက လုံချန်း၏ လက်ကို ညွှန်ပြလိုက်သည်။ သူသည် သူမ ညွှန်ပြသည့် နေရာကို ကြည့်လိုက်ရာ သူ၏ လက်ညှိုးတွင် စွပ်ထားသော ရှေးဟောင်း သိုလှောင်လက်စွပ်ကို ညွှန်ပြနေခြင်း ဖြစ်ကြောင်း သတိပြုမိသွားသည်။
"မုဆိုးကြယ်" လုံချန်းက ခေါ်လိုက်သည်။ မုဆိုးကြယ်သည် အရိပ်တစ်ရိပ်ကဲ့သို့ သူ၏ ဘေးတွင် ချက်ချင်း ပေါ်လာခဲ့သည်။
"ငါ အခုချက်ချင်း ပြန်လာခဲ့မယ်" လုံချန်းသည် မင်ယုနှင့် ကျိချင်းကို ပြောလိုက်ပြီး မုဆိုးကြယ်၏ ကျောပေါ်သို့ ခုန်တက်ကာ ထွက်ခွာသွားလေတော့သည်။
မိနစ်အနည်းငယ်အတွင်းမှာပင် လုံချန်းသည် သူတို့နှင့် အတော်လေး ဝေးကွာသွားခဲ့ပြီ ဖြစ်သည်။ သူသည် လူသူမရှိသော နေရာတစ်နေရာတွင် ရပ်လိုက်သည်။ သူ၏ ဝိညာဉ်အာရုံကို အသုံးပြု၍ ပတ်ဝန်းကျင် တစ်ခုလုံးကို စစ်ဆေးလိုက်ရာ မည်သူမှ မရှိကြောင်း တွေ့ရသဖြင့် သတိကို အနည်းငယ် လျှော့ချလိုက်သည်။
"နှင်းခဲလေးက ငါ့ရဲ့ သိုလှောင်လက်စွပ်ထဲမှာ ရှိနေတယ်ဆိုတာ ဘာကို ဆိုလိုတာလဲ။ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ သိုလှောင်လက်စွပ်တွေက သက်ရှိ သားရဲတွေကို ထည့်ထားလို့ မရဘူးလေ" လုံချန်းက ရွှင်းကို ကြည့်ကာ အာမေဍိတ်သံဖြင့် ပြောလိုက်သည်။
"အင်း... နင်ပြောတာ လုံးဝ မှန်ပါတယ်။ သိုလှောင်လက်စွပ်တွေက သက်ရှိ သားရဲတွေကို ထည့်ထားလို့ မရဘူး၊ ဒါပေမဲ့ နင့်လက်က လက်စွပ်က သိုလှောင်လက်စွပ် တစ်ခုတည်းလို့ ငါ တစ်ခါမှ မပြောခဲ့ဘူး မဟုတ်လား" ရွှင်းက ရယ်မောရင်း ဆိုသည်။
လုံချန်းက ဘာမှ ပြန်မပြောဘဲ သူမ၏ ရှင်းပြချက်ကိုသာ စောင့်နေလိုက်သည်။
"နင့်လက်က လက်စွပ်က သိုလှောင်လက်စွပ် သက်သက် မဟုတ်ဘူး။ ပစ္စည်းတွေ သိုလှောင်ပေးနိုင်တာက သူ့ရဲ့ အပိုဆောင်း အားသာချက် တစ်ခုပဲ ရှိသေးတယ်၊ အဲဒါက သူ့ရဲ့ အဓိက လုပ်ဆောင်ချက် မဟုတ်ဘူး" ရွှင်းက လုံချန်းကို ဆက်လက် ရှင်းပြသည်။
"ဒီလက်စွပ်အကြောင်း ငါ အရင်က ပြောခဲ့တာ မှတ်မိလား။ ဒီလက်စွပ်ထဲမှာ ဟင်းလင်းပြင် နယ်ပယ်တွေ အများကြီး ရှိတယ်၊ အဲဒီအပေါ်က ကန့်သတ်ချက်တွေကို ဖယ်ရှားဖို့အတွက် လျှို့ဝှက်တဲ့ စည်းကမ်းချက်အချို့ကို နင် ဖြည့်ဆည်းပေးရုံပဲ။ အရင်ကတော့ ကန့်သတ်ချက်တွေကြောင့် ငါ ပြောပြလို့ မရခဲ့ဘူး၊ ဒါပေမဲ့ အခုတော့ အဲဒီ နယ်မြေက ပွင့်သွားပြီ ဆိုတော့ ငါ နင့်ကို ပြောပြလို့ ရပြီ"
"ကန့်သတ်ချက် တစ်ခုကို ဖယ်ရှားဖို့ စည်းကမ်းချက်ကတော့ သားရဲ နှစ်ကောင်ကို ယဉ်ပါးအောင် လုပ်ဖို့ပဲ၊ အဲဒီထဲက အနည်းဆုံး တစ်ကောင်က မြေကမ္ဘာအဆင့် ဒါမှမဟုတ် အဲဒီထက် မြင့်တဲ့ အဆင့် ဖြစ်ရမယ်။ နင်က နှင်းခဲလေးနဲ့ စာချုပ်ချုပ်ပြီးနောက်မှာ မိစ္ဆာမုဆိုး သားရဲကို ယဉ်ပါးအောင် လုပ်လိုက်နိုင်တဲ့အတွက် ဒီစည်းကမ်းချက်ကို ဖြည့်ဆည်းပေးပြီးသား ဖြစ်သွားတယ်" ရွှင်းက ဆက်ပြောသည်။
"ငါ မုဆိုးကြယ်ကို ယဉ်ပါးအောင် လုပ်ပြီးတည်းက နင် ဘာလို့ ငါ့ကို ဒါတွေ မပြောခဲ့တာလဲ" လုံချန်းက သံသယ မျက်လုံးများဖြင့် မေးလိုက်သည်။
"နင် စည်းကမ်းချက်တွေ ဖြည့်ဆည်းပေးခဲ့ပေမဲ့ သားရဲနယ်မြေပေါ်က ကန့်သတ်ချက်တွေ ဖယ်ရှားဖို့အတွက် အချိန်နည်းနည်း ယူခဲ့ရလို့ပါ။ အားလုံး ပြီးစီးသွားတဲ့အထိ ငါ စောင့်နေတာ" ရွှင်းက ပြုံးလျက် ပြန်ဖြေသည်။
"သားရဲနယ်မြေ ဟုတ်လား" လုံချန်းက အသုံးအနှုန်းအသစ်ကို ကြားသဖြင့် ထပ်မံ မေးမြန်းလိုက်သည်။
"အဲဒါက လက်စွပ်ထဲမှာ ရှိတဲ့ ဟင်းလင်းပြင် တစ်ခုပေါ့။ တကယ်တော့ အဲဒါကို ကမ္ဘာငယ်လေး တစ်ခုလို့ ခေါ်ရင် ပိုမှန်လိမ့်မယ်။ အဲဒီမှာ ထူထပ်တဲ့ ဝိညာဉ်စွမ်းအင်တွေနဲ့ ဝိညာဉ်ပင်တွေ ရှိနေလို့ နင့်ရဲ့ သားရဲတွေကို ပိုပြီး မြန်မြန် သန်မာလာအောင် ကူညီပေးနိုင်တယ်။ နင့်ရဲ့ ယဉ်ပါးပြီးသား သားရဲတွေကို အဲဒီမှာ ထားလို့ရပြီး လိုအပ်တဲ့ အချိန်ကျမှ အပြင်ကို ထုတ်ယူလို့ ရတယ်" ရွှင်းက သူ၏ သံသယများကို ရှင်းလင်းပေးလိုက်သည်။
"ဒီလက်စွပ်ထဲမှာ သီးသန့် ဟင်းလင်းပြင် တစ်ခု ရှိနေတာပေါ့..." လုံချန်းက စဉ်းစားဟန်ဖြင့် ရေရွတ်လိုက်သည်။
"အဲဒီမှာ ဝိညာဉ် စွမ်းအင်တွေ ဒီလောက် ထူထပ်နေပြီး သက်ရှိတွေကိုလည်း ထားလို့ရတယ် ဆိုရင် ငါကော အထဲဝင်ပြီး ကျင့်ကြံလို့ ရမလား" သူက စိတ်ဝင်တစား မေးလိုက်သည်။
"မရဘူး... နင့်ရဲ့ ယဉ်ပါးပြီးသား သားရဲတွေပဲ အဲဒီမှာ နေလို့ ရတာ" ရွှမ်က ခေါင်းခါပြသည်။
"ဪ..." လုံချန်းက စိတ်ပျက်သွားသော အသံဖြင့် ရေရွတ်လိုက်သည်။
"ကဲ... အထဲက နယ်မြေကို စစ်ဆေးကြည့်လိုက်ဦး" ရွှမ်က တိုက်တွန်းသည်။
လုံချန်းသည် သူ၏ လက်စွပ်ကို ကြည့်ကာ ဝိညာဉ်အာရုံကို လက်စွပ်အတွင်းသို့ ပို့လွှတ်လိုက်သည်။ ထိုနေရာတွင် သီးခြား ဟင်းလင်းပြင် နယ်ပယ် နှစ်ခု ယှဉ်တွဲ တည်ရှိနေသည်ကို မြင်လိုက်ရသဖြင့် သူ အံ့အားသင့်သွားသည်။ သူသည် သားရဲနယ်မြေ အတွင်းသို့ ဝင်ကြည့်လိုက်ရာ ကမ္ဘာမြေကြီးကဲ့သို့ပင် ကျယ်ပြောလှပြီး စိမ်းလန်းစိုပြည်နေသော ကမ္ဘာငယ်လေး တစ်ခုဖြစ်သည်ကို တွေ့လိုက်ရသည်။ ထိုကမ္ဘာထဲတွင် သူ တစ်ခါမှ မမြင်ဖူးသော ဆေးဖက်ဝင် အပင်များနှင့် ဝိညာဉ်ပင်များစွာ ရှိနေသည်။
ထိုကမ္ဘာကြီးမှာ အလွန် ကျယ်ပြောသော်လည်း ထူးဆန်းသည်မှာ လုံချန်းသည် ထိုနေရာ၏ အစိတ်အပိုင်း တိုင်းကို ရှင်းလင်းစွာ မြင်နေရခြင်းပင်။ သူသည် ထိုကမ္ဘာ၏ နတ်ဘုရား ဖြစ်နေသကဲ့သို့ ခံစားရသည်။
လုံချန်းသည် နေရာတစ်ခုလုံးကို လိုက်လံ ရှာဖွေကြည့်လိုက်ရာ ဟင်းလင်းပြင် ကျယ်ကြီးတစ်ခု၏ အလယ်တွင် နှင်းခဲလေးကို တွေ့လိုက်ရသည်။
နှင်းခဲလေးသည် အပူအပင် မရှိဘဲ နှစ်ခြိုက်စွာ အိပ်ပျော်နေရှာသည်။ လုံချန်းသည် စိတ်သက်သာရာ ရသွားသဖြင့် ပြုံးလိုက်မိသည်။
"အင်း... နှင်းခဲလေး အထဲမှာ ရှိနေတာပဲ" လုံချန်းက ရွှင်းကို ကြည့်ကာ ပြောလိုက်သည်။
"ဪ ဒါနဲ့... ထူးဆန်းတဲ့ အချက်တစ်ချက်တော့ ငါ ပြောပြရမယ်" ရွှင်းက တစ်ခုခုကို စဉ်းစားမိသလို ပြောလိုက်သည်။
"ဘာလဲ"
"ယေဘုယျအားဖြင့်တော့ ယဉ်ပါးပြီးသား သားရဲတစ်ကောင်က နင့်ရဲ့ ခွင့်ပြုချက် မပါဘဲ သားရဲနယ်မြေထဲကို ဝင်လို့ မရဘူး၊ ဒါပေမဲ့ ထူးဆန်းတာက နှင်းခဲလေးက အလွယ်တကူ ဝင်သွားနိုင်တာပဲ။ သူက အဲဒီ ဟင်းလင်းပြင် ရှိနေမှန်း ဘယ်လိုလုပ် သိသွားတာလဲ ဆိုတာကိုတောင် ငါ မစဉ်းစားတတ်ဘူး" ရွှင်းက စဉ်းစားရခက်နေသော မျက်နှာဖြင့် ဆိုသည်။
"ကဲ... သူက သာမန် သားရဲ မဟုတ်ဘူးလေ၊ ဟုတ်တယ် မဟုတ်လား၊ ဝိညာဉ်လမင်း ကြောင်တွေက ဥက ပေါက်တာ မဟုတ်ဘူးလို့ နင်ပြောကတည်းက ငါ နားလည်ပြီးသားပါ" လုံချန်းက ရွှင်းကို ကြည့်ကာ ပြုံးလျက် ဆိုသည်။
"အခု အားလုံး ရှင်းသွားပြီဆိုတော့ ပြန်ကြရအောင်" လုံချန်းသည် မုဆိုးကြယ်၏ ကျောပေါ်သို့ ခုန်တက်ကာ ပြန်လည် ထွက်ခွာခဲ့သည်။
လုံချန်းသည် စခန်းသို့ ပြန်ရောက်သောအခါ လူတိုင်းက သူတို့၏ ရထားလုံးများနှင့် မြင်းများအနားတွင် စောင့်ဆိုင်းနေကြဆဲ ဖြစ်သည်ကို တွေ့လိုက်ရသည်။
"နင် နောက်ဆုံးတော့ ပြန်လာပြီပဲ။ နှင်းခဲလေးကို ရှာတွေ့ခဲ့လား" မင်ယုက လုံချန်းကို မြင်သည်နှင့် မေးလိုက်သည်။
"သူ့အတွက် စိတ်မပူနဲ့။ သူ အဆင်ပြေပါတယ်" လုံချန်းက ကျိချင်း၏ ရထားလုံးဆီသို့ လျှောက်သွားရင်း ပြောလိုက်သည်။
"သွားကြစို့" သူက ရထားလုံးအနားတွင် ရပ်ကာ ကျိချင်းကို ပြောလိုက်သည်။
"မုဆိုးကြယ် ဘယ်မှာလဲ" ကျိချင်းက သံသယဖြင့် မေးသည်။
"သူက ဘဝကို အေးအေးဆေးဆေး အနားယူပြီး သာယာနေလေရဲ့။ သွားကြစို့" လုံချန်းက ပြုံးစစဖြင့် ပြန်ဖြေလိုက်သည်။
ကျိချင်းသည် မျက်မှောင်ကြုတ်ကာ ရထားလုံးထဲ ဝင်သွားသည်။ လုံချန်းက သူမနောက်မှ လိုက်ဝင်ပြီး မင်ယုက နောက်ဆုံးမှ ဝင်လာခဲ့သည်။
"ကျမတို့ မုဆိုးကြယ်ကို ထားခဲ့ကြတာလား။ သူ့ကို ကျမတို့နဲ့အတူ ခေါ်သွားသင့်တယ်လေ" မင်ယုက လုံချန်းကို လေးနက်သော မျက်နှာဖြင့် ပြောလိုက်သည်။
"သူ့အတွက် စိတ်မပူနဲ့။ သူ အဆင်ပြေပါတယ်၊ ငါတို့ လိုအပ်တဲ့ အချိန်ကျရင် သူ ရှိနေလိမ့်မယ်" လုံချန်းက ပြုံးလျက် ပြန်ဖြေသည်။
"ရှင် အဲဒီလို ပြောမှတော့လည်း..." မင်ယုက သူ့ကို သံသယ မျက်လုံးများဖြင့် ကြည့်သော်လည်း ဆက်ပြီး မမေးတော့ပေ။
"အင်း... အနည်းဆုံးတော့ အခု မြို့ထဲဝင်ဖို့ ရွှမ်းနိုင်ငံက စစ်သည်တွေနဲ့ တိုက်ခိုက်နေရမယ့် ကိစ္စကိုတော့ စိတ်ပူစရာ မလိုတော့ဘူးပေါ့" ကျိချင်းက ခပ်ဖွဖွ ရယ်မောရင်း ဆိုသည်။
လုံချန်းသည် မျက်လုံးများကို မှိတ်ကာ သက်တောင့်သက်သာ ထိုင်နေလိုက်သည်။
"နင် အရာအားလုံးကို ကိုင်တွယ်ပုံက တကယ်ပဲ အံ့သြဖို့ ကောင်းတယ်။ နင် တိုက်ခိုက်တာကို ငါ ပထမဆုံး မြင်ဖူးတာပဲ၊ ငါ ထင်ထားတာထက်တောင် နင်က ပိုပြီး သန်မာနေသေးတယ်။ အထူးသဖြင့် နင့်ရဲ့ လှုပ်ရှားမှုပညာပေါ့၊ ကြည့်ရတာ ချက်ချင်းနေရာရွှေ့ပြောင်းနိုင်တဲ့ အတိုင်းပဲ" တစ်မိနစ်ခန့် ငြိမ်သက်နေပြီးနောက် ကျိချင်းက လုံချန်းကို အားကျသော မျက်လုံးများဖြင့် ကြည့်ကာ ပြောလိုက်သည်။
"ကျေးဇူးပါ" လုံချန်းက ပြုံးလျက် ပြန်ဖြေသည်။ သို့သော် သူသည် ထိုအချိန်က လှုပ်ရှားမှုပညာကို သုံးခြင်း မဟုတ်ဘဲ အမှန်တကယ် နေရာရွှေ့ပြောင်းခြင်းကို အသုံးပြုခဲ့ခြင်း ဖြစ်ကြောင်း သူမကို ရှင်းမပြခဲ့ပေ။ ခဏတာမျှသော အသိဉာဏ် ပွင့်လင်းမှု အပြီးတွင် သူ၏ ဟင်းလင်းပြင် နိယာမ ကျွမ်းကျင်မှုမှာ အဆမတန် တိုးတက်လာခဲ့သည်။ အပြည့်အဝ ကျွမ်းကျင်ရန် လိုပါသေးသော်လည်း ယခင်ကထက် များစွာ သာလွန်သွားပြီ ဖြစ်သည်။
သူ၏ ဟင်းလင်းပြင် နိယာမ မျိုးစေ့မှာလည်း နောက်ဆုံးတွင် ပျိုးပင်လေး တစ်ပင်အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
မင်ယုသည်လည်း လုံချန်းကို ကြည့်ရင်း တစ်ခုခုကို တွေးနေမိသည်။
'ဒါက တကယ်ပဲ အရှိန်ပြင်းတဲ့ လှုပ်ရှားမှုပညာလား။ ငါတောင် မမြင်ရလောက်အောင် ဘယ်လိုလုပ် အဲဒီလောက် မြန်နိုင်မှာလဲ။ ကြည့်ရတာ သူက တကယ်ပဲ နေရာရွှေ့ပြောင်းနိုင်သလိုပဲ... ဒါပေမဲ့ အဲဒါက မဖြစ်နိုင်ဘူးလေ။ နေရာရွှေ့ပြောင်းခြင်းက ဟင်းလင်းပြင်ကို ထိန်းချုပ်တာနဲ့ သက်ဆိုင်ရမှာ။ ငါ နိယာမတွေ အားလုံးအကြောင်း ဖတ်ဖူးပေမဲ့ ဟင်းလင်းပြင် နိယာမ ဒါမှမဟုတ် နေရာရွှေ့ပြောင်းခြင်း အကြောင်း တစ်ခါမှ မကြားဖူးဘူး'
'သဘာဝတရားကို ဆန့်ကျင်တဲ့ ဒီလို လှုပ်ရှားမှုပညာမျိုး တကယ်ပဲ ရှိတာလား၊ ဒါမှမဟုတ် သူက ဘယ်သူမှ မကြားဖူးတဲ့ နိယာမတစ်ခုကို တကယ်ပဲ တတ်မြောက်ထားတာလား' သူမ လုံချန်းကို ကြည့်ရင်း တွေးနေမိသည်။ သူမ တိုက်ရိုက် မေးချင်သော်လည်း မေးသင့် မမေးသင့်ကို မဝေခွဲနိုင် ဖြစ်နေသည်။ လူတိုင်းတွင် ကိုယ်ပိုင် လျှို့ဝှက်ချက် ရှိကြပြီး လုံချန်းကို စိတ်အနှောင့်အယှက် မဖြစ်စေချင်ပေ။
သူတို့သည် ရွှမ်းနိုင်ငံသို့ သွားရာလမ်းတွင် နောက်ဆုံး ဒုတိယအဆင့် နိုင်ငံဖြစ်သော မြေရိုင်းနိုင်ငံသို့ ဘာပြဿနာမှ မရှိဘဲ ဝင်ရောက်ခဲ့ကြသည်။ ထိုနိုင်ငံသည် ရွှမ်နိုင်ငံနှင့် အနီးဆုံး ဖြစ်သည်။
နာရီအနည်းငယ်အတွင်းမှာပင် ထိုနိုင်ငံမှ ထွက်ခွာလာပြီး ရှေ့သို့ ဆက်လက် ချီတက်ခဲ့ကြသည်။ နိုင်ငံမှ ထွက်လာသည်နှင့် လမ်းများမှာ အတိုက်အခိုက် မရှိဘဲ ပိုမို ကောင်းမွန် ချောမွေ့လာသည်ကို သတိပြုမိကြသည်။
သူတို့သည် ကောင်းမွန်စွာ ဖောက်လုပ်ထားသော လမ်းများပေါ်တွင် သက်တောင့်သက်သာဖြင့် ခရီးဆက်ခဲ့ကြသည်။
၆ နာရီခန့် ခရီးနှင်ပြီးနောက် သူတို့သည် ရွှမ်းနိုင်ငံ၏ အဝင်ဝသို့ နောက်ဆုံးတွင် ရောက်ရှိလာခဲ့သည်။
ထိုနေရာတွင် အဝင်ပေါက် နှစ်ပေါက် ရှိသည်။ တစ်ပေါက်မှာ သေးငယ်ပြီး သာမန်လူများအတွက် ဖြစ်ပုံရကာ အခြားတစ်ပေါက်မှာမူ ပို၍ ကြီးမားသည်။ ဒုတိယ အဝင်ဝမှာ ကုန်သည်များနှင့် ကိုယ်ပိုင် ရထားလုံးများ ရှိသော အရေးကြီး ပုဂ္ဂိုလ်များအတွက် ဖြစ်ပုံရသည်။
သူတို့၏ အရှိန်မှာ နှေးသွားပြီးနောက် ရထားလုံးမှာ နောက်ဆုံးတွင် ရပ်တန့်သွားခဲ့သည်။ ကျိချင်းသည် ရထားလုံး တံခါးကို ဖွင့်ကာ အပြင်သို့ လှမ်းကြည့်လိုက်ရာ သူမ၏ ရှေ့တွင် ရထားလုံး ပေါင်းများစွာ တန်းစီနေသည်ကို မြင်လိုက်ရသဖြင့် မှင်တက်သွားရသည်။
ထိုရထားလုံး အချို့ပေါ်ရှိ တံဆိပ်များကို ကြည့်ခြင်းဖြင့် ၎င်းတို့မှာ သူမ သိထားသော အနီးအနားရှိ တော်ဝင်နိုင်ငံများမှ ဖြစ်ကြောင်း သိလိုက်ရသည်။
အဝင်ဝတွင် အစောင့်နှစ်ဦး ရှိနေပြီး ပထမဆုံး ရထားလုံးအနားတွင် ရပ်နေသော အမျိုးသားတစ်ဦးနှင့် စကားပြောနေကြသည်။
"ငါတို့တွေ ရွှမ်းနိုင်ငံ အဝင်ဝကို ရောက်ပြီ။ ရှေ့မှာ လူတန်းကြီးက တော်တော် ရှည်တာပဲ။ တော်တော်ကြာဦးမယ် ထင်တယ်" သူမသည် ရထားလုံး တံခါးကို ပြန်ပိတ်ရင်း ပြောလိုက်လေတော့သည်။
အခန်း (၂၀၂) ရွှမ်းနိုင်ငံ
"ငါတို့တွေ ရွှမ်းနိုင်ငံ အဝင်ဝကို ရောက်ပြီ။ ရှေ့မှာ လူတန်းကြီးက တော်တော် ရှည်တာပဲ။ တော်တော်ကြာဦးမယ် ထင်တယ်" သူမသည် ရထားလုံး တံခါးကို ပြန်ပိတ်ရင်း ပြောလိုက်သည်။
"နောက်ဆုံးတော့ ရောက်ပြီပေါ့..." လုံချန်းသည် ပြတင်းပေါက်ဆီသို့ ကြည့်ရင်း ရေရွတ်လိုက်သည်။
နာရီဝက်ခန့် ကြာပြီးနောက် သူတို့၏ ရထားလုံးသည် အဝင်ဝသို့ နောက်ဆုံးတွင် ရောက်ရှိသွားသည်။
တော်ဝင်ဆရာဝမ်နှင့် ဗိုလ်ချုပ်ယောင်တို့သည် သူတို့၏ ရထားလုံးပေါ်မှ ဆင်းကာ အစောင့်များရှိရာသို့ လျှောက်သွားကြသည်။
"မြေကမ္ဘာအဆင့် ကျင့်ကြံသူတွေလား" အစောင့်များသည် သူတို့နှစ်ဦးကို မြင်သောအခါ မျက်မှောင်ကြုတ်သွားကြသော်လည်း၊ နိုင်ငံအသီးသီးမှ လူများနှင့်အတူ ပါလာသည့် မြေကမ္ဘာအဆင့် ကျင့်ကြံသူများစွာကို မြင်ဖူးထားသဖြင့် ထိတ်လန့်ခြင်းတော့ မရှိပေ။
မည်သည့် မြေကမ္ဘာအဆင့် ကျင့်ကြံသူမှ သေတွင်းထဲ တိုးရန်အတွက် ရွှမ်းနိုင်ငံထဲတွင် ပြဿနာရှာလောက်အောင် မိုက်မဲမည်မဟုတ်ဟု သူတို့ ယုံကြည်ထားကြသည်။ ထို့ပြင် အကယ်၍ သူတို့ တစ်ခုခု လုပ်ဆောင်ရန် ကြိုးစားပါက အလွယ်တကူ ကိုင်တွယ်နိုင်သည့် တော်ဝင်အစောင့်တပ်မှူးမှာလည်း အနီးအနားတွင် ရှိနေသည်။
"ခင်ဗျားတို့ ဘယ်ကလာတာလဲ၊ ဘာကိစ္စနဲ့ လာတာလဲ" အစောင့်များက မေးမြန်းလိုက်သည်။ အကြောင်းရင်းကို ခန့်မှန်းမိသော်လည်း သူတို့၏ တာဝန်အရ လူတိုင်းကို မေးမြန်းရခြင်း ဖြစ်သည်။
"ငါတို့က ဟွမ်းကျိနိုင်ငံကပါ။ ငါက မင်းသားနဲ့ မင်းသမီးကို စောင့်ရှောက်ဖို့ လိုက်ပါလာတာပါ။ ဒါက ငါတို့ရဲ့ တော်ဝင် တံဆိပ်ပြားပါ" ဗိုလ်ချုပ်ယောင်က အရင်ဆုံး ပြန်ဖြေကာ တံဆိပ်ပြားကို ထုတ်ပြလိုက်သည်။
"ငါတို့ကတော့ တုန်းရှင်းနိုင်ငံငါကပါ။ တို့ရဲ့ အိမ်ရှေ့မင်းသားကို စောင့်ရှောက်ဖို့ လိုက်လာတာပါ။ သူက ဂိုဏ်းဝင်ခွင့် စာမေးပွဲမှာ ပါဝင်ဖြေဆိုမှာ ဖြစ်ပါတယ်" တော်ဝင်ဆရာ ဝမ်က ဆိုသည်။ သူသည် ပြတ်တောက်နေသော လက်မောင်းကို ဖုံးကွယ်ရန် ဝတ်ရုံကို ဝတ်ထားပြီး သူ၏ ဘယ်ဘက်လက်ဖြင့် တံဆိပ်ပြားကို ထုတ်ပြလိုက်သည်။
"တစ်ခုခုတော့ ထူးဆန်းနေတယ်။ တုန်းရှင်းနိုင်ငံက ဟွမ်းကျိထက် ပိုသန်မာတယ်လို့ ကြားဖူးထားတာ။ ဘာလို့ မင်းတို့နှစ်ဖွဲ့က အတူတူ ခရီးသွားနေတာလဲ။ ပြီးတော့ မင်းတို့ရဲ့ အခြွေအရံတွေကော။ ရထားလုံး တစ်စီးတည်းနဲ့ အစောင့်တွေလည်း မပါဘူးလား" အစောင့်တစ်ဦးက ထူးဆန်းသည်ကို သတိပြုမိပြီး တော်ဝင်ဆရာ ဝမ်ကို မေးလိုက်သည်။
"လမ်းမှာ မြေကမ္ဘာအဆင့် သားရဲတစ်ကောင်ရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရလို့ပါ။ အဲဒီသားရဲကို သတ်နိုင်ခဲ့ပေမဲ့ ငါတို့ဘက်က အစောင့်တွေ အကုန်သေကုန်ပြီး ဟွမ်းကျိဘက်ကလည်း အစောင့် ၁၃ ယောက် သေဆုံးခဲ့ရပါတယ်" တော်ဝင်ဆရာ ဝမ်က စိတ်ပျက်လက်ပျက် အသံဖြင့် ပြန်ဖြေလိုက်သည်။
"ကောင်းပြီ၊ ဝင်လို့ရပြီ" အစောင့်က ပြောကာ သူတို့နှစ်ဦးကို စာရွက်တစ်ရွက်စီ ပေးလိုက်သည်။
"ဒါက ဝင်ခွင့် လက်မှတ်ပဲ။ အဲဒီမှာ ဝင်တဲ့ရက်စွဲ ပါတယ်... အသုံးဝင်မှာမို့လို့ သိမ်းထားလိုက်ပါ" အစောင့်က ရှင်းပြသည်။
"ကျေးဇူးတင်ပါတယ်" ဗိုလ်ချုပ်ယောင်နှင့် တော်ဝင်ဆရာ ဝမ်တို့သည် သူတို့၏ ရထားလုံးများဆီသို့ ပြန်လျှောက်သွားကြသည်။ သူတို့အဖွဲ့သည် ဝင်ခွင့်ရသွားသဖြင့် နိုင်ငံအတွင်းသို့ စတင် ဝင်ရောက်ခဲ့ကြသည်။
"ပထမအဆင့် နိုင်ငံက ဒုတိယအဆင့် နိုင်ငံတွေထက် အများကြီး ပိုကြီးတယ်၊ ဒါပေမဲ့ မြို့တွေကတော့ တစ်မြို့နဲ့တစ်မြို့ ပိုပြီး နီးနီးကပ်ကပ် တည်ရှိနေကြတယ်" ကျိချင်းက လုံချန်းကို ပြောပြသည်။
"ယုမျိုးနွယ်က ရွှမ်းနိုင်ငံရဲ့ မြို့တော်မှာ တည်ရှိပြီး အဲဒီမှာ အကြီးဆုံး ဂိုဏ်းအချို့လည်း ရှိတယ်။ ယုထျန်းဟောင်က ယုမျိုးနွယ် ခေါင်းဆောင်ရဲ့ သားကြီးဖြစ်ပြီး မိန်းကလေးလင်းရဲ့ အဖေလည်း ဖြစ်တယ်။ မြောက်ဘက် လအင်ပါယာက လူတွေက မိန်းကလေးလင်းရဲ့ အိမ်ဖြစ်တဲ့ ယုမျိုးနွယ် စံအိမ်မှာပဲ တည်းခိုမှာ သေချာတယ်" ကျိချင်းက လုံချန်းကို သတင်းအချက်အလက်များ ဆက်လက် ပြောပြနေသည်။
"ယုထျန်းဟောင်က ဂုဏ်ကျက်သရေ ပွင့်လန်းခြင်း ဂိုဏ်းရဲ့ အကြီးအကဲ တစ်ယောက် မဟုတ်လား" လုံချန်းက မေးလိုက်သည်။
"အင်း။ ဂုဏ်ကျက်သရေ ပွင့်လန်းခြင်းဂိုဏ်းက ဒီအချက်ကို တော်တော်လေး ဂုဏ်ယူနေတာဆိုတော့ လူတိုင်းနီးပါး သိကြတယ်။ မိန်းကလေးလင်းကို မြောက်ဘက် လအင်ပါယာက ဆရာတစ်ယောက်က ရွေးချယ်သွားပြီးကတည်းက သူတို့က တခြားသူတွေကို ခြိမ်းခြောက်ဖို့အတွက် ဒီအကြောင်းကို အတော်လေး ကြော်ငြာထားတာ" ကျိချင်းက ရယ်မောရင်း ပြန်ဖြေသည်။
"အဲဒီ ဂုဏ်ကျက်သရေ ပွင့်လန်းခြင်း ဂိုဏ်းက မြို့တော်ထဲမှာပဲ ရှိတာလား"
"အင်း၊ တကယ်လို့ ယုမျိုးနွယ် စံအိမ်မှာ တစ်ခုခု ဖြစ်ရင် သူတို့ ကူညီဖို့ ရောက်လာမှာ ကျိန်းသေတယ်" ကျိချင်းက ခေါင်းညိတ်ကာ ဆိုသည်။
"သူတို့ လာစရာ မလိုပါဘူး။ ကျုပ်ကိုယ်တိုင်ပဲ ဟိုကို သွားမှာပါ။ သူတို့နဲ့ ရှင်းစရာလေးတွေ ရှိလို့" လုံချန်းက စဉ်းစားဟန်ဖြင့် ပြောလိုက်သည်။
"ဪ ဒါနဲ့၊ ဒီနိုင်ငံမှာ အသန်မာဆုံး လူတွေရဲ့ ခွန်အားအဆင့်ကို ခင်ဗျား သိသလား" ရထားလုံးသည် မြို့တော်ဆီသို့ ဦးတည်မောင်းနှင်နေစဉ် လုံချန်းက မေးလိုက်သည်။
"အသန်မာဆုံး... အင်း... ဘယ်သူ အသန်မာဆုံးလဲ ဆိုတာ ပြောဖို့ ခက်တယ်၊ ဘာလို့လဲဆိုတော့ သူတို့ရဲ့ တကယ့် ခွန်အားအစစ်အမှန်ကို ဘယ်သူမှ ရှင်းရှင်းလင်းလင်း မသိကြလို့ပဲ။ ဒါပေမဲ့ သတင်းအချက်အလက် အချို့တော့ ရှိတယ်"
"ဒီနိုင်ငံမှာ အဓိက ဂိုဏ်းကြီး ၅ ဂိုဏ်း ရှိတယ်၊ အဲဒီ ဂိုဏ်းချုပ်တွေ အားလုံးက မြေကမ္ဘာအဆင့်ရဲ့ ထိပ်တန်းမှာ ရှိကြတယ်။ အဲဒီ ၅ ဂိုဏ်းကတော့ ဂုဏ်ကျက်သရေ ပွင့်လန်းခြင်းဂိုဏ်း၊ တိုက်ခိုက်ရေးဓား ဂိုဏ်း၊ လွင့်မျော တိမ်တိုက်ဂိုဏ်း၊ မြေကမ္ဘာ တောင်တန်းဂိုဏ်း နဲ့ အနောက်ပိုင်း စစ်သည်တော် ဂိုဏ်းတို့ပဲ"
"အဲဒီ ၅ ဂိုဏ်းထဲမှာ ဂုဏ်ကျက်သရေ ပွင့်လန်းခြင်း ဂိုဏ်းက အသန်မာဆုံးလို့ ဆိုကြပြီး လွင့်မျောတိမ်တိုက် ဂိုဏ်းက အားအနည်းဆုံးလို့ ဆိုကြတယ်" ကျိချင်းက လုံချန်းကို စိုးရိမ်သော မျက်လုံးများဖြင့် ကြည့်ရင်း ပြောလိုက်သည်။ သူမသည် လုံချန်းအား ဂုဏ်ကျက်သရေ ပွင့်လန်းခြင်း ဂိုဏ်းနှင့် ပြဿနာ မတက်ရန် သတိပေးနေခြင်း ဖြစ်ပုံရသည်။
"ဂုဏ်ကျက်သရေ ပွင့်လန်းခြင်း ဂိုဏ်းချုပ်က မြေကမ္ဘာအဆင့် ၁၀ ရှိတယ်လို့ ဆိုကြတယ်။ ကျန်တဲ့ ဂိုဏ်း ၄ ဂိုဏ်းရဲ့ ဂိုဏ်းချုပ်တွေကတော့ မြေကမ္ဘာအဆင့် ၉ မှာ ရှိကြတယ်။ ဒါပေမဲ့ တိုက်ခိုက်ရေးဓား ဂိုဏ်းချုပ်က အဆင့် ၁၀ ကို တက်လှမ်းသွားပြီလို့ ကောလာဟလ ထွက်နေပေမဲ့ အဲဒီဂိုဏ်းကတော့ ဒါကို အတည်လည်း မပြုသလို ငြင်းလည်း မငြင်းဘူး" သူမက လုံချန်းကို ပြောပြသည်။
"အဆင့် ၁၀ ပေါ့..." လုံချန်းသည် သူ၏ မေးစေ့ကို ပွတ်ရင်း အတွေးထဲ နစ်ဝင်သွားသည်။
"ရွှမ်းနိုင်ငံရဲ့ ဘုရင်ကကော"
"ဘုရင်လား။ သူကတော့ မြေကမ္ဘာအဆင့် ၈ ပဲ ရှိပါသေးတယ်။ ပြီးတော့ သူက ဂုဏ်ကျက်သရေပွင့်လန်းခြင်း ဂိုဏ်းချုပ်ရဲ့ ညီလည်း ဖြစ်တယ်" ကျိချင်းက ပြန်ဖြေသည်။
မင်ယုသည်လည်း လုံချန်းနှင့်အတူ ထိုစကားများကို စိတ်ဝင်တစား နားထောင်နေရင်း ဤတာဝန်၏ ခက်ခဲမှုအား တွေးတောနေမိသည်။
"ငါတို့တွေ မြို့တော်ကို မနက်ဖြန် ရောက်မယ်၊ ဂိုဏ်းဝင်ခွင့် စာမေးပွဲကတော့ သန်ဘက်ခါပေါ့။ ငါ့အတွက် အကောင်းဆုံး အခွင့်အရေးကတော့ သူတို့ ယုမျိုးနွယ် စံအိမ်မှာ ရှိနေတုန်း တိုက်ခိုက်ဖို့ပဲ" လုံချန်းက တိုးတိုးလေး ရေရွတ်လိုက်သည်။
"အဲဒါက မလွယ်လှဘူးနော်။ ယုမျိုးနွယ် ခေါင်းဆောင်က မြေကမ္ဘာအဆင့် ၅ ရှိပြီး ယုထျန်းဟောင်က မြေကမ္ဘာအဆင့် ၃ ရှိတယ်။ အစောင့်တွေလည်း ရာနဲ့ချီ ရှိနေမှာ" ကျိချင်းက စိုးရိမ်တကြီး ဆိုသည်။
"စိတ်မပူပါနဲ့။ ကျုပ်မှာ နည်းလမ်းရှိပါတယ်" လုံချန်းက ပြုံးလျက် ပြောလိုက်သည်။ ခရီးတစ်လျှောက်လုံးတွင် သူသည် မြို့တော်ရှိ ဂိုဏ်းများနှင့် မျိုးနွယ်စုများအကြောင်း သတင်းအချက်အလက်များကို ပိုမို စုဆောင်းခဲ့သည်။
တစ်ညလုံး ခရီးနှင်ပြီးနောက် သူတို့သည် နောက်ဆုံးတွင် မြို့တော်သို့ ရောက်ရှိလာခဲ့သည်။
သူတို့ ရွှမ်းနိုင်ငံ၏ မြို့တော်သို့ ရောက်ချိန်မှာ နေ့လယ်ခင်း ဖြစ်သည်။ ထိုမြို့ကို လက်တန်ဟု ခေါ်ပြီး ရွှမ်းနိုင်ငံ၏ မြို့တော်နှင့် တော်ဝင်မျိုးနွယ်၏ အခြေစိုက်ရာ ဖြစ်သည်။
ရွှမ်းနိုင်ငံ၏ ဂိုဏ်းကြီး ၅ ဂိုဏ်းထဲမှ ၃ ဂိုဏ်းမှာ လက်တန်မြို့တွင် အခြေစိုက်သည်။ ၎င်းတို့မှာ ဂုဏ်ကျက်သရေ ပွင့်လန်းခြင်းဂိုဏ်း၊ တိုက်ခိုက်ရေး ဓား ဂိုဏ်းနှင့် မြေကမ္ဘာတောင်တန်း ဂိုဏ်းတို့ ဖြစ်ကြသည်။ စတုတ္ထမြောက် ဂိုဏ်းဖြစ်သော အနောက်ပိုင်းစစ်သည်တော်ဂိုဏ်းမှာ ရွှမ်းနိုင်ငံ၏ နယ်စပ်မြို့ဖြစ်သော ဖူရှားမြို့တွင် တည်ရှိသည်။ ပဉ္စမမြောက် ဂိုဏ်းဖြစ်သော လွင့်မျော တိမ်တိုက်ဂိုဏ်းမှာမူ ရွှမ်းနိုင်ငံ၏ မြောက်ဘက်တွင် တည်ရှိသည်။
"ခင်ဗျားတို့ အခန်းရော ရပါ့မလား။ မြို့ထဲမှာ နိုင်ငံအသီးသီးက လာတဲ့ ဖြေဆိုသူတွေနဲ့ တော်တော် ပြည့်နေပုံရတယ်" လမ်းမပေါ်ရှိ လူအုပ်ကြီးကို ကြည့်ရင်း လုံချန်းက မေးလိုက်သည်။
"စိတ်မပူပါနဲ့။ ငါတို့ ဒါအတွက် ကြိုတင် ပြင်ဆင်ထားပြီးသားပါ။ အခန်းတွေ ကြိုတင် စာရင်းပေးဖို့ ငါတို့နိုင်ငံက လူတစ်ယောက်ကို အစောကြီးတည်းက လွှတ်ထားခဲ့တာ"
"အခန်းတွေကို ကြိုပြီး စာရင်းပေးထားရတာ ပိုက်ဆံ ပိုကုန်ပေမဲ့ လမ်းဘေးမှာ အိပ်ရတာထက်တော့ ပိုကောင်းတာပေါ့။ လူအများကြီး လာမယ်ဆိုတာ ငါတို့ မျှော်လင့်ထားပြီးသားမို့လို့ ဒါက လိုအပ်ပါတယ်" ကျိချင်းက ရယ်မောရင်း ဆိုသည်။
"ပညာရှိတဲ့ တွေးခေါ်မှုပဲ" လုံချန်းက ကျိချင်းကို ချီးကျူးလိုက်သည်။
ခဏအကြာတွင် ရထားလုံး ရပ်တန့်သွားပြီး တံခါးကို လာခေါက်သံ ကြားလိုက်ရသည်။
"ကျုပ်တို့ ရောက်ပြီ မင်းသမီး" သူမ တံခါးဖွင့်လိုက်သည်နှင့် ဗိုလ်ချုပ်ယောင်က အသိပေးလိုက်သည်။
"နောက်ဆုံးတော့..." ကျိချင်းသည် မင်ယု၊ လုံချန်းတို့နှင့်အတူ ရထားလုံးပေါ်မှ ဆင်းလိုက်သည်။
"ဒါက ကြည်နူးဖွယ် ကြယ်စင် တည်းခိုခန်းပေါ့... မဆိုးပါဘူး" သူမ၏ ရှေ့မှ အဆောက်အအုံကို ကြည့်ရင်း ကျိချင်းက ပြုံးလိုက်သည်။ ဤအဆောက်အအုံမှာ ၄ ထပ် ရှိပြီး အဝင်ဝတွင် တည်းခိုခန်း၏ ကိုယ်ပိုင် အစောင့် နှစ်ဦး ရှိနေသည်။
"ကဲ... အခန်း ဘယ်နှစ်ခန်း ရခဲ့လဲ" ကျိချင်းက ဗိုလ်ချုပ်ယောင်၏ အနားတွင် ရပ်နေသော အမျိုးသားကို မေးလိုက်သည်။ သူသည် အခန်းများ စာရင်းပေးရန် သူမ တာဝန်ပေးထားခဲ့သူ ဖြစ်သည်။
"ကျုပ်... ကျုပ် တောင်းပန်ပါတယ် မင်းသမီး၊ ကျုပ် အခန်း ၆ ခန်းပဲ ရခဲ့ပါတယ်။ ကျုပ် အစောကြီး လာခဲ့ပေမဲ့ အခန်းအများစုက ကြိုပြီး စာရင်းပေးထားလို့ပါ" ထိုအမျိုးသားက ခေါင်းငုံ့ကာ စိတ်ပျက်လက်ပျက် ပြောလိုက်သည်။
"၆ ခန်းပဲလား၊ ငါတို့က အားလုံးပေါင်း ၁၉ ယောက် ရှိတာလေ" သူမမှာ အံ့အားသင့်စွာ ရေရွတ်လိုက်သည်။
"ငါနဲ့ မိုင်ယာက အခန်းတစ်ခန်း အတူတူ နေလို့ရတယ်၊ ဗိုလ်ချုပ်ယောင်နဲ့ အက်စတယ်လင်က ဒုတိယ အခန်းမှာ နေကြမယ်။ အစောင့် ၁၀ ယောက်နဲ့ ရထားမောင်းသူ ၃ ယောက် ရှိသေးတယ်... ပြီးတော့ ဆရာလုံနဲ့ မင်ယုလည်း ရှိသေးတယ်" သူမသည် နည်းလမ်းရှာရန် ကြိုးစားရင်း စိုးရိမ်တကြီး ပြောလိုက်သည်။
"ကျုပ်တို့ အခန်းတွေကို သုံးလို့ရပါတယ်..." သူမ စဉ်းစားနေစဉ် အနောက်မှ အသံတစ်ခု ထွက်ပေါ်လာသည်။
သူမ လှည့်ကြည့်လိုက်သောအခါ မင်းသားလန်နှင့် တော်ဝင်ဆရာ ဝမ်တို့ ရပ်နေသည်ကို တွေ့လိုက်ရသည်။
"ကျုပ်တို့ ဒီတည်းခိုခန်းမှာ အခန်း ၁၅ ခန်း စာရင်းပေးထားတယ်၊ ဒါပေမဲ့ ခင်ဗျာယတို့ မြင်တဲ့အတိုင်းပဲ... ကျုပ်တို့ဘက်က လူတွေ တော်တော်များများ သေသွားပြီဆိုတော့ ကျုပ်တို့နှစ်ယောက်ပဲ ကျန်တော့တာ။ အဲဒီ အခန်းတွေက ခင်ဗျားတို့အတွက် အသုံးဝင်မယ်ဆိုရင် အကုန်ယူသုံးလို့ ရပါတယ်" မင်းသားလန်က ကျိချင်းကို ပြောလိုက်သည်။
"ဪ ကျေးဇူးတင်ပါတယ်၊ ကျမ ပိုက်ဆံ ပြန်ပေးပါ့မယ်" မင်းသမီး ကျိချင်းက မင်းသားလန်ကို ကျေးဇူးတင်စကား ပြောလိုက်သည်။
"ပိုက်ဆံအတွက် စိတ်မပူပါနဲ့။ ဒါကို ဆရာလုံကို ကျုပ် မရည်ရွယ်ဘဲ စိတ်အနှောင့်အယှက် ဖြစ်အောင် လုပ်မိခဲ့တဲ့အတွက် တောင်းပန်တဲ့ လက်ဆောင်လို့ပဲ သဘောထားပေးပါ" မင်းသားလန်က တောင်းပန်သော မျက်နှာထားဖြင့် ပြောလိုက်သော်လည်း၊ ကြောက်ရွံ့မှုကြောင့် လုံချန်းကိုတော့ တည့်တည့် မကြည့်ဝံ့သေးပေ။