အခန်း (၂၀၅-၂၀၆)
Vol. 21 Ch. 205-206
အခန်း (၂၀၅) အလားအလာ
မနက်ခင်း ရောက်လာသည်နှင့် လက်တန်မြို့ တစ်မြို့လုံးမှာ စိတ်လှုပ်ရှားမှုများဖြင့် ဆူညံပွက်လောရိုက်နေသည်။ ယနေ့သည် နောက်ဆုံးတွင် လူအများ မျှော်လင့်စောင့်စားနေကြသော ပူးတွဲဂိုဏ်းဝင်ခွင့် စာမေးပွဲ ကျင်းပမည့် နေ့ပင် ဖြစ်သည်။
စာမေးပွဲတွင် ပါဝင်ဖြေဆိုမည့် မိသားစုဝင် ရှိသူများမှာမူ သူတို့၏ ချစ်ခင်ရသူများ အောင်မြင်ပါစေကြောင်း မျှော်လင့်ချက်အပြည့်ဖြင့် ဆုတောင်းနေကြသည်။
ဖြေဆိုမည့်သူနှင့် နီးစပ်မှုမရှိသူများမှာလည်း ရင်ခုန်စိတ်လှုပ်ရှားနေကြသည်။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်ဘုံမှ ပါရမီရှင်များစွာ အချင်းချင်း ယှဉ်ပြိုင်ကြပြီး သူတို့၏ အရည်အချင်းများကို ထုတ်ဖော်ပြသကြမည်ကို မြင်တွေ့ရမည်ဖြစ်သောကြောင့် ဖြစ်သည်။
"မြန်မြန်လုပ်ပါဦးရှင်၊ ဂိုဏ်းဝင်ခွင့်စာမေးပွဲက မကြာခင် စတော့မှာ။ ရှင် အချိန်ဆွဲနေလို့ ကျမတို့ နောက်ကျကုန်တော့မယ်" ဇနီးဖြစ်သူက အပြင်တွင် အသင့်စောင့်နေရင်း ပြင်ဆင်နေသော ခင်ပွန်းဖြစ်သူကို လောဆော်နေသည်။
"ဟေး... ငါ့တူက ဒီစာမေးပွဲမှာ ဝင်ဖြေမှာကွ။ သူကတော့ ဂုဏ်ကျက်သရေ ပွင့်လန်းခြင်းဂိုဏ်းရဲ့ ရွေးချယ်မှုကို သေချာပေါက် ခံရမှာပဲ" ခန္ဓာကိုယ် ထွားကျိုင်းသော အမျိုးသားတစ်ဦးက ဂုဏ်ကျက်သရေ ပွင့်လန်းခြင်းဂိုဏ်းဆီသို့ လျှောက်သွားရင်း သူ၏ သူငယ်ချင်းများကို ပြောနေသည်။
ဂိုဏ်းဝင်ခွင့် စာမေးပွဲအကြောင်းမှာ တစ်မြို့လုံး၏ ပြောမကုန်သော ခေါင်းစဉ်ဖြစ်နေသည်။ လူကြီးလူငယ်မရွေး လူတိုင်းက ထိုအကြောင်းကိုသာ ပြောဆိုနေကြသည်။
"နောက်ဆုံးတော့ ရောက်ပြီပေါ့။ အတော်လေး ကြာခဲ့ပေမဲ့ ကျမတို့ ဦးတည်ရာကို ရောက်ပြီ" အသက် ၁၈၊ ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးသည် ဂုဏ်ကျက်သရေ ပွင့်လန်းခြင်းဂိုဏ်း၏ အဝင်ဝတွင် ရပ်လိုက်သည်။ သူမတွင် ပခုံးအထိ ကျနေသော မီးလျှံရောင် ဆံပင်များ ရှိသည်။
"ခရီးကတော့ ရှည်ပေမဲ့ တော်တော်လေး ပျော်ဖို့ကောင်းပါတယ်" သူမ၏ အနောက်တွင် ရပ်နေသော မိန်းကလေးနှစ်ဦးထဲမှ တစ်ဦးက ပြုံးလျက် ဆိုသည်။
"အင်း... ကျုပ် နိုင်ငံထဲကနေ ပထမဆုံးအကြိမ် ထွက်ဖူးတာ။ ခရီးက တကယ်ပဲ ပျော်ဖို့ကောင်းတယ်" မီးလျှံရောင် ဆံပင်နှင့် မိန်းကလေးက ပြန်ဖြေလိုက်သည်။ သူမ၏ အနားတွင် နောက်ထပ် လူအနည်းငယ်လည်း ရပ်ကာ ပတ်ဝန်းကျင်ကို ကြည့်နေကြသည်။
"မင်းတို့အားလုံး ဒီစာမေးပွဲမှာ ပါဝင်ဖြေဆိုကြမှာပဲ။ အားလုံး ကံကောင်းကြပါစေလို့ ဆုတောင်းပေးပါတယ်။ ဒါပေမဲ့ တစ်ခု သတိပေးချင်တာက ဒီလိုပွဲမျိုးမှာ တစ်ခါတလေ တကယ် အန္တရာယ်ရှိနိုင်တယ်။ ဒါကြောင့် တကယ်လို့ မင်းတို့ အန္တရာယ်ရှိတဲ့ အခြေအနေမျိုး ကြုံလာရရင် အဲဒီ ရွေးချယ်ပွဲ တိုက်ပွဲကို စွန့်လွှတ်လိုက်ဖို့ ငါ မှာချင်တယ်။ မင်းတို့ရဲ့ အသက်က ပိုအရေးကြီးတယ်" သက်ကြီးပိုင်း အမျိုးသား နှစ်ဦးထဲမှ တစ်ဦးက သူတို့ကို လှည့်ကြည့်ကာ မှာကြားလိုက်သည်။
"မေ နဲ့ ရွှယ်... မင်းတို့ နှစ်ယောက်က စာမေးပွဲ မဖြေရဘူးဆိုတော့ ငါတို့နားမှာပဲ ကပ်နေကြရမယ်" ဆံပင်ဖြူနှင့် အမျိုးသားက မိန်းကလေးများကို ကြည့်ကာ ပြောသည်။
"ဟုတ်ကဲ့ပါ မျိုးနွယ်စု ခေါင်းဆောင်" သူတို့ နှစ်ဦးစလုံးက တစ်ပြိုင်နက် ခေါင်းညိတ်ကာ ပြန်ဖြေကြသည်။
'ငါ့မြေးလေး... မင်း ဒီမှာ ရှိနေပါစေလို့ ငါ မျှော်လင့်ပါတယ်' ဆံပင်ဖြူနှင့် အမျိုးသားသည် ဂုဏ်ကျက်သရေ ပွင့်လန်းခြင်းဂိုဏ်း၏ တံခါးကြီးများကို ကြည့်ရင်း တွေးနေမိသည်။
အကယ်၍ သူ၏ မြေးဖြစ်သူက တကယ်တမ်း မည်သည်များ လုပ်ဖို့ စီစဉ်နေသည်ကိုသာ သူ သိခဲ့မည်ဆိုလျှင် ထိုကဲ့သို့ ဆုတောင်းနေဦးမည်လား ဆိုသည်မှာ မသေချာပေ။
ထိုသူမှာ လုံမျိုးနွယ်စု၏ ခေါင်းဆောင် လုံရန်ပင် ဖြစ်သည်။ သူနှင့်အတူ လုံမျိုးနွယ်၏ အကြီးအကဲချုပ် လုံမူ၊ လုံရွှယ်ရင်း၊ ရွှယ်၊ မေ နှင့် စာမေးပွဲ ဖြေဆိုရန် ရွေးချယ်ခံထားရသော အခြား မျိုးနွယ်စုဝင် လူငယ်များ ပါဝင်သည်။
"ဪ... စိတ်ဝင်စားဖို့ ကောင်းသားပဲ။ လုံမျိုးနွယ် ခေါင်းဆောင် ကိုယ်တိုင် ကလေးတွေကို လိုက်ပို့ပေးတာပေါ့။ စီနီယာရန်က သူတို့အပေါ် အဲဒီလောက်တောင် ယုံကြည်မှု ရှိနေတာလား" အမျိုးသမီး အသံတစ်သံ အနောက်မှ ထွက်ပေါ်လာသည်။
မျိုးနွယ်စု ခေါင်းဆောင် လုံရန်နှင့် အကြီးအကဲချုပ် လုံမူတို့သည် စကားပြောလိုက်သူကို ကြည့်ရန် လှည့်လိုက်ကြသည်။
"ဪ ကျင်းကျင်းလေးပါလား။ မျှော်လင့်ထားတဲ့အတိုင်းပဲ၊ တော်ဝင်မိသားစုဝင်တွေကို လိုက်ပို့ဖို့ မင်းကိုပဲ တာဝန်ပေးလိုက်တာပေါ့" လုံရန်က ထိုအမျိုးသမီးကို ကြည့်ကာ ရယ်မောလျက် ဆိုလိုက်သည်။
သူမသည် အသက် ၃၀ ကျော်ခန့် ရှိပုံရသော အမျိုးသမီး ဖြစ်သည်။ သူမ၏ နက်ပြာရောင် မျက်လုံးများမှာ ထူးခြားသော တောက်ပမှု ရှိနေပြီး သူမ၏ မျက်လုံးကို ကြည့်မိသူတိုင်းကို ဆွဲဆောင်ထားသယောင် ရှိသည်။
သူမသည် ရင်ဘတ်တွင် လမင်းပုံစံ ပါရှိသော အပြာရောင် ကျင့်ကြံသူ ဝတ်ရုံကို ဝတ်ဆင်ထားသည်။ သူမ၏ ကျောဘက်တွင် ဓားအိမ်တစ်အိမ် ပါရှိပြီး ထိုအထဲတွင် လေးလံသော ဓားကြီးတစ်လက် ရှိနေသည်။
"ဟုတ်ပါတယ်၊ တော်ဝင်အစောင့်တပ်ရဲ့ တပ်မှူးတစ်ယောက်အနေနဲ့ တော်ဝင်မိသားစုဝင်တွေရဲ့ ဘေးကင်းလုံခြုံမှုကို အာမခံဖို့က ကျမရဲ့ တာဝန်ပဲလေ" ထိုအမျိုးသမီးက လေးနက်သော မျက်နှာထားဖြင့် ဆိုသည်။
"ဟားဟား... မင်းကတော့ အရင်အတိုင်း အမြဲတမ်း တည်ကြည်နေတာပဲ" လုံရန်က ပြောလိုက်သော်လည်း ထိုမိန်းကလေးကတော့ ဘာမှ ပြန်မပြောဘဲ နေလိုက်သည်။
"ရွှယ်ရင်း... နောက်ဆုံးတော့ နင်နဲ့ ပြန်တွေ့ရပြီ" ပြာလွင်သော မျက်လုံးနှင့် အမျိုးသမီး၏ အနောက်တွင် ရပ်နေသော လူငယ်တစ်ဦးက လုံရွှယ်ရင်းကို ကြည့်ကာ ပြောလိုက်သည်။
"တတိယ မင်းသား ယွဲ့တင့်၊ ရှင်လည်း ဒီကို ရောက်နေတာပဲ" လုံရွှယ်ရင်းက အေးအေးလူလူပင် ပြုံးပြလိုက်သည်။
"ဒါပေါ့... ငါ ဒီကို ဂိုဏ်းဝင်ဖို့ လာခဲ့တာလေ" တတိယ မင်းသား ယွဲ့တင့်က တောက်ပသော အပြုံးဖြင့် ဆိုသည်။
သူနှင့်အတူ နောက်ထပ် လူ ၄ ဦး ရှိနေသေးသည်။ သူတို့မှာ ဒုတိယ မင်းသား ယွဲ့လွမ်၊ ပထမ မင်းသမီး ယွဲ့မြောင်၊ တတိယ မင်းသမီး ယွဲ့ဖေးနှင့် ဒုတိယ မင်းသမီးတို့ ဖြစ်ကြသည်။
"မင်းတို့နဲ့အတူ ၅ ယောက်ပဲ ပါတာလား။ အိမ်ရှေ့မင်းသား... အဟမ်း... ကျုပ် ဆိုလိုတာက ပထမ မင်းသား ယွဲ့မင်က မပါဘူးလား" အကြီးအကဲချုပ် လုံမူက အံ့အားသင့်စွာ မေးလိုက်သည်။
"မင်းသားမင်က တစ်ယောက်တည်း နေတတ်တဲ့ သဘာဝ ရှိတာ သိတဲ့အတိုင်းပဲလေ။ သူက ကျမတို့နဲ့ မလိုက်ဘဲ တစ်ယောက်တည်း ထွက်သွားတာ။ သူက ကိုယ့်ဘာသာကိုယ် ခရီးသွားချင်လို့တဲ့" ကျင်းကျင်းက အကြီးအကဲချုပ်ကို ပြန်ဖြေလိုက်သည်။
"အစ်ကိုက ဒီကို ရောက်နေလောက်ပါပြီ။ ကျမတို့ သူ့ကို တွေ့ရမှာပါ" ဒုတိယ မင်းသမီးက ကြားဖြတ်ပြောလိုက်သည်။
'သူ သူတို့နဲ့ ပါမလာဘူးပဲ... ကြည့်ရတာ သူ ပျောက်ဆုံးနေတုန်းပဲ ထင်တယ်' ဒုတိယ မင်းသား ယွဲ့လွမ်သည် လုံချန်းကို ရှာမတွေ့သဖြင့် တွေးနေမိသည်။
ချင်မျိုးနွယ်စုနှင့် ကုမျိုးနွယ်စုမှ လူများသည်လည်း အခြားတစ်နေရာတွင် ရှိနေကြသည်။
"လူတိုင်းပဲ သေချာ နားထောင်ကြပါ။ ဂိုဏ်းဝင်ခွင့် စာမေးပွဲအတွက် စာရင်းပေးသွင်းခြင်း လုပ်ငန်းစဉ်ကို ခဏနေရင် စတင်တော့မှာ ဖြစ်ပါတယ်။ ဖြေဆိုမယ့်သူများ အားလုံး စာရင်းပေးသွင်းတဲ့ ကောင်တာတွေမှာ တန်းစီကြဖို့ အကြံပြုလိုပါတယ်"
"ခင်ဗျားတို့ရဲ့ ဝင်ရောက်ယှဉ်ပြိုင်ခွင့် တံဆိပ်ကို ရရှိဖို့အတွက် ကောင်တာမှာ စမ်းသပ်မှု အသေးစားတစ်ခု လုပ်ရပါလိမ့်မယ်။ စမ်းသပ်မှု ကျရှုံးသူတွေကို ဝင်ပြိုင်ခွင့် ပြုမှာ မဟုတ်ပါဘူး။ အသက် ၂၅ နှစ်ထက် ကြီးတဲ့သူတွေလည်း ဝင်ပြိုင်ခွင့် မရှိပါဘူး။ ဆူပူသောင်းကျန်းတာ ဒါမှမဟုတ် လိမ်လည်ဖို့ ကြိုးစားတာ တွေ့ရှိရင် ထိုက်တန်တဲ့ အပြစ်ဒဏ်ကို ခံရပါလိမ့်မယ်"
ဟိန်းထွက်နေသော အသံကြီးမှာ နေရာအနှံ့ ပျံ့လွင့်သွားသည်။ ထိုအသံမှာ ဘယ်ကလာသည်ကို မည်သူမျှ မသိကြပေ။
"အသံကို နေရာအနှံ့ ရောက်အောင် တစ်ယောက်ယောက်က မှော်ပစ္စည်း တစ်ခုခု သုံးနေတာ ဖြစ်ရမယ်" ကျင်းကျင်းက ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရင်း ရေရွတ်လိုက်သည်။
"အရင်နှစ်တွေနဲ့ မတူဘဲ ဒီနှစ်က ပူးတွဲစာမေးပွဲ ဖြစ်သလို လူလည်း အရမ်းများတဲ့အတွက် ရွေးချယ်ခံရတဲ့ ကိုယ်စားလှယ်လောင်းတွေရဲ့ အုပ်ထိန်းသူတွေကိုသာ ဂိုဏ်းဝင်းအတွင်းထဲကို ဝင်ခွင့်ပြုမှာ ဖြစ်ပါတယ်" အသံကြီးက ထပ်မံ ထွက်ပေါ်လာသည်။
ထိုအသံကို ကြားသည်နှင့် လူအုပ်ကြီးကြားတွင် ဆူညံသွားတော့သည်။ ပွဲကြည့်ရန် သက်သက် လာခဲ့ကြသူများမှာ ထိုကြေညာချက်ကြောင့် စိတ်ပျက်သွားကြသည်။
သူတို့ စိတ်အနှောင့်အယှက် ဖြစ်သော်လည်း ဂုဏ်ကျက်သရေ ပွင့်လန်းခြင်းဂိုဏ်း၏ အနီးအနားတွင် ရှိနေသဖြင့် မည်သူမျှ ထုတ်ဖော် မပြောရဲကြပေ။ ဂိုဏ်း၏ လုပ်ဆောင်ပုံကို ဝေဖန်ရန် သူတို့ မဝံ့ရဲကြခြင်း ဖြစ်သည်။ သို့သော် လူအများစုမှာ ဝင်ခွင့်ရနိုးဖြင့် ဂိုဏ်းအပြင်ဘက်တွင်ပင် ဆက်လက် စောင့်ဆိုင်းနေကြသည်။
"မင်းရဲ့ နာမည်နဲ့ အသက်ကို ပြောပါ။ မင်းရဲ့ ဘယ်ဘက်က ရတနာလုံးပေါ်ကို လက်တင်လိုက်ပါ"
အသက်လတ်ပိုင်း အမျိုးသားတစ်ဦးသည် ဂိုဏ်းအဝင်ဝရှိ ကောင်တာတစ်ခုတွင် ထိုင်နေသည်။ ထိုကဲ့သို့သော ကောင်တာပေါင်း ၁၀ ခုခန့် ရှိပြီး တစ်ခုစီတွင် လူတန်းကြီးများ ရှည်လျားစွာ တန်းစီနေကြသည်။
ကောင်တာတစ်ခုစီတွင် စမ်းသပ်သည့် ရတနာ လုံးနှစ်စုံစီ တင်ထားသည်။
"ကျွန်တော့်နာမည်က စွန်းလီပါ။ အသက် ၂၅ နှစ် ရှိပါပြီ" ပထမဆုံး ကောင်တာတွင် တန်းစီနေသူက ပြန်ဖြေလိုက်သည်။
သူသည် သူ၏ ဘယ်ဘက်ရှိ ရတနာလုံးပေါ်သို့ လက်တင်လိုက်သည်။ ရတနာလုံးပေါ်တွင် အစက်ကလေးများ တစ်စက်ပြီးတစ်စက် ပေါ်လာသည်။ အစက် ၂၇ စက် ရောက်သောအခါ ရပ်တန့်သွားသည်။
"မင်းက ဂုဏ်ကျက်သရေ ပွင့်လန်းခြင်းဂိုဏ်းက လူတွေကို အ,တယ်လို့ ထင်နေတာလား။ ဒါမှမဟုတ် မင်းကိုယ်တိုင်ကပဲ အ,နေတာလား။ အသက် ၂၅ နှစ်ထက် ငယ်တဲ့ ကျင့်ကြံသူတွေပဲ ဝင်ပြိုင်ခွင့်ရှိတယ်လို့ ကြေညာချက်မှာ အသေအချာ ပြောထားပြီးသားလေ" ထိုအမျိုးသားက ရှေ့မှ လူငယ်ကို ကြည့်ကာ လေးနက်သော လေသံဖြင့် ဆိုလိုက်သည်။ သူသည် ဂုဏ်ကျက်သရေ ပွင့်လန်းခြင်းဂိုဏ်း၏ အကြီးအကဲများထဲမှ တစ်ဦး ဖြစ်သည်။
"ကျွန်တော့်... ကျွန်တော့်... ကျွန်တော် တကယ်ပဲ ၂၅ နှစ် ရှိတာပါ" လူငယ်က အလောတကြီး ပြန်ဖြေသည်။
"သနားစရာ ငတုံးလေးပဲ... သူက ဒုတိယအဆင့် နိုင်ငံက ဆင်းရဲတဲ့ မိသားစုက လာတာ ဖြစ်ရမယ်။ စာမေးပွဲရဲ့ အခြေခံ စည်းမျဉ်းတွေကိုတောင် သူ မသိဘူး။ သူ လက်တင်လိုက်တဲ့ ရတနာလုံးက လူတစ်ယောက်ရဲ့ တကယ့် အသက်ကို သိဖို့ သုံးတာလေ။ အရင်နှစ်တွေကလည်း ဒါကို သုံးခဲ့တာပဲ။ အခုဆို လူတိုင်းနီးပါး ဒါကို သိနေကြပြီ" ထိုဖြစ်ရပ်ကို ကြည့်ရင်း အနောက်မှ လူတစ်ဦးက ရယ်မောလျက် ဆိုလိုက်သည်။
"အစောင့်တွေ၊ ဒီလူကို ခေါ်သွားပြီး လက်နှစ်ဖက်စလုံးကို ရိုက်ချိုးလိုက်စမ်း။ လိမ်လည်ဖို့ ကြိုးစားတဲ့အတွက် ထိုက်တန်တဲ့ အပြစ်ပေးမှုပဲ" အကြီးအကဲက အသံကျယ်ကြီးဖြင့် အမိန့်ပေးလိုက်သည်။
အစောင့်အချို့ အပြေးရောက်လာပြီး ထိုလူကို အတင်းအဓမ္မ ဆွဲခေါ်သွားကြလေတော့သည်။
"ကျွန်တော်က ယွဲ့တင့်ပါ။ အသက် ၁၈ နှစ် ရှိပါပြီ" တတိယ မင်းသား ယွဲ့တင့်သည် ကောင်တာတစ်ခု၏ ရှေ့တွင် ရပ်နေသည်။
သူသည် ဘယ်ဘက်ရှိ ရတနာလုံးပေါ် လက်တင်လိုက်ရာ အစက် ၁၈ စက် ပေါ်လာသည်။
"ဟွန်း... အခု ညာဘက်က ရတနာလုံးပေါ် လက်တင်လိုက်ဦး" အကြီးအကဲက ယွဲ့တင့်ကို ကြည့်ကာ ပြောသည်။
"အာ... မေးရတာ အားနာပေမဲ့ ကျွန်တော်က ပထမဆုံးအကြိမ် ပါဝင်တာမို့လို့ပါ။ ဒီ ဒုတိယ ရတနာလုံးက ဘာအတွက် သုံးတာလဲဆိုတာ ပြောပြပေးလို့ ရမလား" လူတန်း၏ ၆ ယောက်မြောက်တွင် ရှိသော လူက သူ၏ ရှေ့မှ လူကို မေးလိုက်သည်။
"ဒုတိယ ရတနာလုံးလား။ အဲဒါကို အရည်အချင်း ရတနာလုံးလို့ ခေါ်တယ်။ လူတစ်ယောက်ရဲ့ အလားအလာကို တိုင်းတာဖို့ သုံးတာပေါ့။ ဒါပေမဲ့ ဂိုဏ်းမှာ ရှိတဲ့ ဒီရတနာလုံးတွေက အဆင့်နိမ့် အလားအလာ ရတနာလုံးတွေဆိုတော့ အဆင့် ၇ အထိပဲ တိုင်းတာနိုင်တယ်။ တကယ်လို့ လူတစ်ယောက်ရဲ့ အလားအလာက အဆင့် ၇ ထက် မြင့်နေရင်တောင် ဒီရတနာလုံးက အဆင့် ၇ လို့ပဲ ပြလိမ့်မယ်။ တစ်ယောက်ယောက်က လက်တင်လိုက်ရင် အရောင် ၇ မျိုးထဲက တစ်မျိုး ပြလိမ့်မယ်။ အဲဒါတွေကတော့ အနီ၊ လိမ္မော်၊ အဝါ၊ အစိမ်း၊ အပြာ၊ မဲနယ် နဲ့ ခရမ်းရောင်တို့ပဲ... ခရမ်းရောင်က အမြင့်ဆုံး အဆင့် ၇ ဖြစ်ပြီး အနီရောင်ကတော့ အနိမ့်ဆုံး အဆင့် ၁ ပေါ့" ရှေ့မှ လူက စေတနာရှေ့ထားကာ ရှင်းပြလိုက်သည်။
"အဆင့် ၇ ဟုတ်လား။ အဲဒါက တကယ့်ကို အံ့သြစရာကြီး မဟုတ်ဘူးလား။ အဲဒီထက် မြင့်တဲ့ အလားအလာရှိတဲ့ လူမျိုး ရှိနိုင်မယ်လို့တောင် ငါ မထင်ဘူး" မေးခွန်းမေးခဲ့သော လူက အံ့အားသင့်စွာ ရေရွတ်လိုက်သည်။
"မှန်တာပေါ့၊ အင်အားအကြီးဆုံး အင်ပါယာတွေမှာတောင် အဆင့် ၇ ပါရမီရှင်တွေပဲ ရှိတယ်လို့ ငါ ကြားဖူးတယ်။ အဆင့် ၈ ပါရမီရှင်ဆိုရင်တော့ အင်ပါယာတွေမှာတောင် နှစ်ပေါင်း တစ်ထောင်မှာ တစ်ယောက် ပေါ်ထွန်းတဲ့ ပါရမီရှင်လို့ သတ်မှတ်ခံရမှာပဲ" ရှေ့မှ လူငယ်က ခေါင်းညိတ်ရင်း ပြန်ဖြေသည်။
ယွဲ့တင့်သည် အသက်ကို ပြင်းပြင်းရှုလိုက်ကာ ရတနာလုံးပေါ်သို့ သူ၏ လက်ကို တင်လိုက်လေတော့သည်။
အခန်း (၂၀၆ )နှစ်ပေါင်းတစ်ထောင်မှ တစ်ယောက်ပေါ်သော ပါရမီရှင်
"မှန်တာပေါ့၊ အင်အားအကြီးဆုံး အင်ပါယာတွေမှာတောင် အဆင့် ၇ ပါရမီရှင်တွေပဲ ရှိတယ်လို့ ငါ ကြားဖူးတယ်။ အဆင့် ၈ ပါရမီရှင်ဆိုရင်တော့ အင်ပါယာတွေမှာတောင် နှစ်ပေါင်း တစ်ထောင်မှာ တစ်ယောက် ပေါ်ထွန်းတဲ့ ပါရမီရှင်လို့ သတ်မှတ်ခံရမှာပဲ" ရှေ့မှ လူငယ်က ခေါင်းညိတ်ရင်း ပြန်ဖြေသည်။
ယွဲ့တင့်သည် အသက်ကို ပြင်းပြင်းရှုလိုက်ကာ ရတနာလုံးပေါ်သို့ သူ၏ လက်ကို တင်လိုက်လေတော့သည်။
သူ လက်တင်လိုက်သည်နှင့် တစ်ပြိုင်နက် ရတနာလုံးသည် အနီရောင်အလင်းတန်းများ စတင်တောက်ပလာပြီးနောက် မကြာမီမှာပင် လိမ္မော်ရောင်၊ ထိုမှတစ်ဆင့် အဝါရောင်သို့ ပြောင်းလဲသွားသည်။ စက္ကန့်အနည်းငယ် ကြာအောင် စောင့်ကြည့်နေသော်လည်း ရတနာလုံး၏ အရောင်မှာ ထပ်မံပြောင်းလဲခြင်း မရှိတော့ပေ။
"အဆင့် ၃ အလားအလာ... မင်း ဝင်သွားလို့ ရပြီ။ ရော့... ဒါက မင်းရဲ့ ဝင်ရောက်ယှဉ်ပြိုင်ခွင့် တံဆိပ်ပဲ။ အသေအချာ သိမ်းထားပါ။ တကယ်လို့ ပျောက်သွားရင် ဆက်ပြီး ယှဉ်ပြိုင်ခွင့် ရမှာ မဟုတ်ဘူး" အကြီးအကဲက တည်ကြည်သော လေသံဖြင့် ဆိုသည်။
"ဟုတ်ကဲ့ပါ ဆရာ" ယွဲ့တင့်က ပြောဆိုပြီးနောက် ထွက်ခွာသွားသည်။ သူသည် အစောင့်များကို တံဆိပ်ပြသကာ ဂိုဏ်းဝင်းအတွင်းသို့ အလွယ်တကူ ဝင်ရောက်သွားခဲ့သည်။
"အဆင့် ၁ အလားအလာပဲ ရှိတာလား။ ငါတို့ဂိုဏ်းကို အမှိုက်ပုံးလို့ မင်း ထင်နေတာလား" အခြားအကြီးအကဲတစ်ဦးက ဒုတိယ ရတနာလုံးပေါ် လက်တင်ထားသော လူငယ်တစ်ဦးကို ရက်ရက်စက်စက် ဆူပူနေသည်။ ထိုရတနာလုံးမှာ အားနည်းသော အနီရောင်အလင်းကိုသာ ထုတ်လွှတ်နေသည်။
"ဟားဟား... အဆင့် ၁ တဲ့လား။ သူက တကယ့်ကို အမှိုက်ပဲ" ထိုလူ၏ အနောက်တွင် ရှိနေသူများက ဝိုင်းဝန်းရယ်မောကြသည်။
"တိတ်စမ်း" အကြီးအကဲက အသံကျယ်ကြီးဖြင့် ဟောက်လိုက်သဖြင့် အားလုံး ချက်ချင်း ငြိမ်ကျသွားသည်။
"မင်း စာမေးပွဲ ဖြေဆိုခွင့် မရှိဘူး။ ထွက်သွားတော့" အကြီးအကဲက ထိုလူငယ်ကို ဒေါသတကြီး ကြည့်ကာ ပြောလိုက်သည်။
လူငယ်မှာ စိတ်ပျက်အားငယ်သော မျက်နှာထားဖြင့် တန်းစီရာမှ ထွက်ခွာသွားလေတော့သည်။
လူတိုင်း စာရင်းပေးသွင်းခြင်း လုပ်ငန်းစဉ်များကို ဖြတ်သန်းနေစဉ်မှာပင် လူတစ်ယောက်သည် ဂိုဏ်းအနီးအနားသို့ တိတ်တဆိတ် ရောက်ရှိလာသည်။
ထိုသူသည် မျက်နှာတွင် အနက်ရောင် မျက်နှာဖုံးတစ်ခု စွပ်ထားသည်။ အရပ်မှာ ၅ ပေ ၁၁ လက်မခန့် ရှိပြီး ဒူးအထိ ကျနေသော ကတ္တရာစေးကဲ့သို့ နက်မှောင်သည့် ကျင့်ကြံသူ ဝတ်ရုံကို ဝတ်ဆင်ထားသည်။
သူ့ထံမှ ထွက်ပေါ်နေသော ကြောက်မက်ဖွယ်ရာ အရှိန်အဝါကြောင့် သူသည် အလွန်သန်မာပုံရသော်လည်း၊ ဝါရင့် ကျင့်ကြံသူများက သူ၏ ကျင့်ကြံခြင်းအဆင့်ကို ကြည့်လိုက်သောအခါ ရွှေအမြူတေ အဆင့် ၄ တွင် ရှိနေသည်အား တွေ့ရသဖြင့် အံ့အားသင့်သွားကြသည်။
"ဒီလူက ဘယ်သူလဲ။ သူ့ဆီက ထွက်နေတဲ့ အရှိန်အဝါက မြေကမ္ဘာအဆင့် ကျင့်ကြံသူ တစ်ယောက်လိုပဲ အားကောင်းနေတာ၊ ဒါပေမဲ့ သူက ရွှေအမြူတေ အဆင့် ၄ မှာပဲ ရှိနေသေးတာပဲ"
လူအများမှာ ထိုမျက်နှာဖုံးစွပ်ထားသူ၏ မည်သူမည်ဝါ ဖြစ်ကြောင်းကို တွေးတောရင်း အံ့သြနေကြသည်။
သူနှင့်အတူ အဖြူရောင် မျက်နှာဖုံးစွပ်ထားသော နောက်ထပ် လူတစ်ယောက်လည်း ရှိနေသေးသည်။ ထိုဒုတိယမြောက်လူမှာ မိန်းကလေးတစ်ဦး ဖြစ်သည်မှာ ထင်ရှားသည်။
ထိုမျက်နှာဖုံးစွပ် အမျိုးသားမှာ လုံချန်းပင် ဖြစ်သည်။ သူသည် ကောင်းကင် ဖုံးလွှမ်းခြင်း စွမ်းရည်ကို သုံး၍ သူ၏ ကျင့်ကြံခြင်းအဆင့်ကို လျှော့ချထားခြင်း ဖြစ်ကာ၊ မျက်နှာဖုံးစွပ် မိန်းကလေးမှာတော့ မင်ယု ဖြစ်သည်။
"ငါက စာမေးပွဲဝင်ခွင့်တံဆိပ် ယူလိုက်မယ်၊ နင်က ငါ့ရဲ့ အုပ်ထိန်းသူအဖြစ် လိုက်ခဲ့။ ဒါပေမဲ့ ငါ အချက်ပေးတာနဲ့ နင် ဂိုဏ်းထဲကနေ ချက်ချင်း ထွက်သွားရမယ်။ ဟုတ်ပြီလား၊ ပြီးတော့ ကျိချင်းနဲ့ သူမနဲ့ ပတ်သက်တဲ့သူတွေနဲ့ ဝေးဝေးမှာ နေပါ။ သူတို့ကို ဒီကိစ္စထဲ ပါဝင်မလာစေချင်ဘူး" လုံချန်းက သူ၏ ဘေးတွင် ရှိနေသော မင်ယုကို မှာကြားလိုက်သည်။
"အင်းပါ" မင်ယုက ခေါင်းညိတ်သည်။
လုံချန်းသည် ရှေ့သို့ လျှောက်သွားကာ လူတန်းတစ်တန်းတွင် ဝင်စီလိုက်သည်။ သူ တန်းစီလိုက်သည်နှင့် နောက်ထပ် လူတစ်ယောက်က သူ၏ အနောက်တွင် လာစီသည်။
လုံချန်းသည် တဖြည်းဖြည်း တိုတောင်းလာသော လူတန်းထဲတွင် စောင့်နေရသဖြင့် ပျင်းရိလာကာ အနောက်သို့ လှည့်ကြည့်လိုက်သည်။ ထိုအခါ သူ၏ အနောက်တွင် ရပ်နေသောသူကို မြင်လိုက်ရသဖြင့် လုံချန်းမှာ အံ့အားသင့်သွားရသည်။ ကံကောင်းထောက်မစွာဖြင့် သူသည် မျက်နှာဖုံးစွပ်ထားသဖြင့် သူ၏ အမူအရာမှာ လုံခြုံစွာ ဖုံးကွယ်ထားပြီးသား ဖြစ်သည်။
"ဟင်" လုံရွှယ်ရင်းက အံ့သြသွားသည်။ သူမသည် လူတန်းတွင် လာစီကာရှိသေး ရှေ့ကလူက ရုတ်တရက် လှည့်ကြည့်လာသောကြောင့် ဖြစ်သည်။
စာမေးပွဲ ဖြေဆိုမည့်နေရာတွင် အဘယ်ကြောင့် မျက်နှာဖုံးစွပ်ထားရသည်ကို သူမ တွေးမရသဖြင့် အံ့သြနေခြင်း ဖြစ်သည်။
လုံချန်းမှာမူ တုန်လှုပ်မှုကြောင့် ဘာမှမလုပ်နိုင်ဘဲ ငြိမ်သက်နေမိသည်။
"အာ... တစ်ခုခု လိုအပ်လို့လားဟင်" လုံရွှယ်ရင်းက ဇဝေဇဝါ မျက်နှာထားဖြင့် မေးလိုက်သည်။
လုံချန်းသည် သတိကို ချက်ချင်း ပြန်စုစည်းလိုက်ကာ ဘာမှ ပြန်မပြောဘဲ ရှေ့သို့ ပြန်လှည့်လိုက်သည်။
'ထူးဆန်းလိုက်တာ...' လုံရွှယ်ရင်းသည် ထိုသူ၏ အပြုအမူကြောင့် ထူးဆန်းသလို ခံစားလိုက်ရသော်လည်း ဆက်ပြီး မတွေးတောတော့ရန် ဆုံးဖြတ်လိုက်သည်။
'သူမ ဒီကို ရောက်နေတာပဲ... တခြားသူတွေလည်း သူမနဲ့ ပါလာတာလား။ သူတို့ကို ဒီကိစ္စထဲ ဆွဲသွင်းလို့ မဖြစ်ဘူး' လုံချန်း အတွေးနက်သွားသည်။
လူတန်းမှာ တဖြည်းဖြည်း တိုလာပြီး လူများကို ဆက်တိုက် စမ်းသပ်နေကြသည်။ အဆင့် ၂ နှင့် အထက်ရှိသော သူများကို ပြိုင်ပွဲဝင်တံဆိပ် ပေးသော်လည်း အဆင့် ၁ သမားများကိုမူ ပြန်လွှတ်နေကြသည်။
"နာမည်နဲ့ အသက်" အကြီးအကဲတစ်ဦးက ရှေ့မှ လူငယ်ကို မေးသည်။
"ကျွန်တော်က ယွဲ့ကျန်းပါ။ အသက် ၂၀ ရှိပါပြီ" လူငယ်က ယဉ်ကျေးစွာ ပြန်ဖြေသည်။ သူသည် ခါးအထိ ကျနေသော ကောင်းကင်ပြာရောင် ဆံပင်များ ရှိပြီး သူ၏ နက်ပြာရောင် မျက်လုံးများမှာ ဆံပင်နှင့် လိုက်ဖက်လှသည်။ သူသည် ပထမ ရတနာလုံးပေါ်သို့ လက်တင်လိုက်သည်။
"အခု ဒုတိယ ရတနာလုံးပေါ် လက်တင်လိုက်" အကြီးအကဲက အေးအေးလူလူပင် ပြောသည်။
"ဟုတ်ကဲ့" ယွဲ့ကျန်းက ဒုတိယ ရတနာလုံးပေါ် လက်တင်လိုက်သည်။ ရတနာလုံး၏ အရောင်ပြောင်းလဲမှု ရပ်တန့်သွားသည်နှင့် အကြီးအကဲ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာတော့သည်။
"အဲဒါကို ကြည့်စမ်း။ အဲဒီကောင်က ဘယ်ကလဲ"
"အံ့သြဖို့ကောင်းလိုက်တာ။ အဆင့် ၅ ပါရမီပဲ"
"အပြာရောင်၊ အပြာရောင် ထွက်လာတာဟ။ ဒီစာမေးပွဲမှာ ပထမဆုံး အဆင့် ၅ ပါရမီရှင်ပဲ"
သူ၏ အနောက်မှ လူများမှာ အံ့အားသင့်စွာ ပြောဆိုနေကြသလို ဘေးနားမှ လူတန်းများကလည်း မှင်တက်သွားကြသည်။
"ဟွန်း၊ အဆင့် ၅ ဖြစ်တော့ ဘာဖြစ်လဲ။ အရင်စာမေးပွဲတွေမှာလည်း အဆင့် ၅ တွေ အများကြီး ရှိခဲ့တာပဲ" အချို့ကမူ မနာလိုသဖြင့် နှာခေါင်းရှုံ့ကြသည်။
"တော်တော်လေး ကောင်းပါတယ်။ ဒီနှစ်မှာ ပါရမီရှင်တွေ မရှိတော့ဘူးလို့ ငါ ထင်နေတာ၊ မင်း ပေါ်လာမှပဲ။ မင်းဟာ ငါတို့ဂိုဏ်းအတွက် ကောင်းမွန်တဲ့ အားဖြည့်မှုတစ်ခု ဖြစ်လာမှာပါ။ နောက်ထပ် စမ်းသပ်မှုတွေအတွက် ကံကောင်းပါစေ" အကြီးအကဲက ပြုံးလျက် ယွဲ့ကျန်းကို ပြောကာ ပြိုင်ပွဲဝင်တံဆိပ်ကို ပေးလိုက်သည်။ သို့သော် သူ၏ တံဆိပ်မှာ တခြားသူများနှင့် မတူဘဲ ကြယ်တစ်လုံး ပါရှိနေသည်။
"အာ... အကြီးအကဲ၊ ဒီကြယ်က ဘာအတွက်လဲဆိုတာ မေးလို့ ရမလားခင်ဗျာ" ယွဲ့ကျန်းက သူ၏ တံဆိပ်ကို အသေအချာ ကြည့်ရင်း မေးလိုက်သည်။
"စိတ်မပူပါနဲ့။ ဒါက မင်းအတွက် ကောင်းတဲ့အရာပါ။ ဒီတံဆိပ်ကိုပဲ အသေအချာ သိမ်းထားပါ။ အကျိုးကျေးဇူးတွေကိုတော့ မကြာခင် သိရပါလိမ့်မယ်" အကြီးအကဲက တည်ငြိမ်စွာ ရှင်းပြသည်။
"ကောင်းပါပြီ။ ရှင်းပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာ" ယွဲ့ကျန်းက ပြုံးလျက် ဂိုဏ်းဝင်ပေါက်ဆီသို့ လျှောက်သွားသည်။
"နောက်တစ်ယောက်" အကြီးအကဲ၏ မျက်နှာမှာ ချက်ချင်း ပြန်လည် တည်ကြည်သွားကာ နောက်ထပ် လူတစ်ယောက်ကို ကြည့်လိုက်သည်။
နောက်တစ်ယောက်မှာ ရှေ့သို့ တိုးလာသည်။
"နေဦး၊ အဲဒါ ရွှမ်းနိုင်ငံရဲ့ အင်အားကြီး မျိုးနွယ်စု ၅ ခုထဲက စီမျိုးနွယ်ရဲ့ သမီးကြီး မဟုတ်လား"
"ဟုတ်တယ်။ သူက အနည်းဆုံး အဆင့် ၄ အလားအလာတော့ ရှိမှာပဲ။ အဆင့် ၅ ဒါမှမဟုတ် အဲဒီထက်တောင် မြင့်နိုင်တယ်။ အသက် ၂၁ နှစ်နဲ့တင် ရွှေအမြူတေ အဆင့် ၃ ကို ရောက်နေပြီလေ။ သူ လူတိုင်းကို အံ့အားသင့်စေမှာ သေချာတယ်"
ရွှမ်းနိုင်ငံမှ လာကြသူများမှာ သူမကို မှတ်မိကြသဖြင့် တစ်ယောက်တစ်ပေါက် ပြောဆိုနေကြသည်။
ထိုသူမှာ မိန်းကလေးတစ်ဦး ဖြစ်သည်။ သူမ၏ နက်မှောင်သော အစိမ်းရောင် ဆံပင်များကြောင့် လူအုပ်ကြားတွင် ပေါ်လွင်နေသည်။ လူများ၏ ချီးမွမ်းသံများကို ကြားသောအခါ သူမသည် ဂုဏ်ယူစွာဖြင့် ပြုံးနေမိသည်။
အခြားနိုင်ငံများမှ လာသူများမှာ သူမကို မသိကြသော်လည်း ဘေးနားမှ ပြောဆိုသံများကြောင့် သူတို့၏ မျှော်လင့်ချက်မှာလည်း မြင့်တက်လာသည်။
အကြီးအကဲပင်လျှင် မျှော်လင့်ချက် ရှိလာသော်လည်း မျက်နှာတွင်တော့ ဘာမှ မပေါ်စေဘဲ တည်ငြိမ်စွာပင် စောင့်နေသည်။
"စီကျင့်... အသက် ၂၁ နှစ်ပါ" မိန်းကလေးက ယုံကြည်မှုအပြည့်ရှိသော အပြုံးဖြင့် အကြီးအကဲ၏ ရှေ့တွင် ရပ်ကာ ပြောလိုက်သည်။
သူမသည် ပထမ ရတနာလုံးကို ထိပြီးနောက် ဒုတိယရတနာလုံးသို့ ဆက်လက် စမ်းသပ်လိုက်သည်။ သူမ ထိလိုက်သည်နှင့် လူအုပ်ကြီးမှာ ထပ်မံ ဆူညံသွားပြန်သည်။ ရတနာလုံးမှ တောက်ပလာသော အပြာရောင်အလင်းတန်းကြောင့် လူတိုင်း အံ့အားသင့်သွားကြသည်။
'ဒီနေ့တော့ တကယ့်ကို ကောင်းတဲ့နေ့ပဲ။ အဆင့် ၅ ပါရမီရှင် နှစ်ယောက် တစ်ယောက်ပြီး တစ်ယောက် ပေါ်လာတာပဲ' အကြီးအကဲ၏ မျက်နှာပေါ်တွင် နောက်ဆုံး၌ အပြုံးတစ်ခု ပေါ်လာတော့သည်။
'ဟွန်း၊ ငါက အဆင့် ၅ ပါရမီရှင်လေ၊ ဒီစာမေးပွဲမှာ အမြင့်ဆုံးပဲ။ အဆင့် ၆ ဆိုတာ ပေါ်လာစရာ အကြောင်းမရှိဘူး။ အခု ငါ့ရဲ့ တောက်ပရမယ့် အချိန်ပဲ' ထိုသို့ တွေးတောရင်း မိန်းကလေးသည် ကြယ်တစ်လုံးပါသော တံဆိပ်ကို ယူလိုက်သည်။
သူမ တံဆိပ်ကို ကိုင်လိုက်ရုံရှိသေး၊ ဘေးနားမှ ကောင်တာတွင် ကျယ်လောင်သော ဆူညံသံကြီး ထွက်ပေါ်လာသည်။
"အ...အ...အဆင့် ၆၊ ဒါ အဆင့် ၆ ကွ"
"နှစ်ပေါင်းတစ်ထောင်မှာ တစ်ယောက် ပေါ်တတ်တဲ့ ပါရမီရှင် ပေါ်လာပြန်ပြီ။ သူလည်း မိန်းကလေးလင်းလိုမျိုး အင်ပါယာတစ်ခုခုရဲ့ ရွေးချယ်မှုကို ခံရတော့မှာပဲ"
"ဟုတ်တယ်။ ဒီမှာ မိုးကြိုးဘီလူးဂိုဏ်းက လူတွေလည်း ရှိနေတာလေ။ အဆင့် ၆ ပါရမီရှင်ဆိုတာ အင်ပါယာမှာတောင် တွေ့ရခဲတဲ့ ပါရမီရှင်မျိုးလို့ ငါ ကြားဖူးတယ်။ သူ မြောက်ဘက် လအင်ပါယာကို ပါသွားမှာ သေချာသလောက်ပဲ"
"မင်းသားလူ၊ မင်း ငါ့ကို တကယ်ပဲ အံ့အားသင့်အောင် လုပ်လိုက်တယ်လို့ ပြောရမှာပဲ။ မင်းက ရွှမ်းနိုင်ငံရဲ့ အိမ်ရှေ့မင်းသား ဆိုတော့ ပါရမီကောင်းမယ်လို့ ငါ ထင်ထားပေမဲ့၊ ဒီလောက်အထိ ထူးချွန်လိမ့်မယ်လို့တော့ မမျှော်လင့်ထားဘူး" အကြီးအကဲ ကျင်းလျန်က ပြုံးပျော်လျက် မတ်တတ်ရပ်ကာ ပြောလိုက်သည်။
"ချီးမွမ်းတဲ့အတွက် ကျေးဇူးတင်ပါတယ် အကြီးအကဲ ကျင်းလျန်" မင်းသားလူက တည်ငြိမ်စွာ ပြန်ပြောသည်။
"ကောင်းတယ်... ကောင်းတယ်... အောင်မြင်မှုအပေါ်မှာ ယစ်မူးမသွားတဲ့ စိတ်ဓာတ်မျိုး ရှိတာ တကယ်ကို ကောင်းတယ်။ မင်းရဲ့ ခရီးက အဝေးကြီး သွားရဦးမှာပါ။ ဘုရင်ပိုင်ကတော့ မင်းလို သားမျိုး ရထားတာ တကယ်ကို ကံကောင်းတာပဲ" အကြီးအကဲက သဘောကျစွာ ပြောသည်။
"ကျွန်တော်က အဲဒီလောက် မတော်ပါဘူး အကြီးအကဲ။ ကျွန်တော် ရရှိသမျှ အရာအားလုံးက ခမည်းတော်ရဲ့ သင်ကြားပြသမှုတွေကြောင့်ပါ" မင်းသားလူက ယုံကြည်မှုရှိရှိ ပြန်ပြောသည်။
"နည်းနည်းလောက် မြန်မြန် လုပ်ပေးလို့ ရမလား။ ငါ ဒီမှာ တစ်နေ့လုံး ရပ်နေဖို့ အချိန်မရှိဘူး" အနောက်မှ အသံတစ်သံ ထွက်ပေါ်လာသည်။ ရုတ်တရက် ပတ်ဝန်းကျင် တစ်ခုလုံးမှာ အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်သွားလေတော့သည်။