← Chapters

အခန်း (၃၆၅-၃၆၆)

Vol. 27 Ch. 365-366

အခန်း (၃၆၅-၃၆၆)

Vol. 27 Ch. 365-366

‎အခန်း ( ၃၆၅ ) - နှုတ်ပိတ်နေပါ၊ အရှက်ကွဲခံပါ၊ မသွားပါနဲ့

‎

‎

‎

‎တတိယအကြီးအကဲ၏ ပြောပြချက်အရ အခြားနတ်ဆိုးနယ်မြေတစ်ခုမှ ထိုချီလျန်မျိုးနွယ်ဝင် ညီမငယ်သည် ယခင်က သူ၏နတ်ဆိုးနယ်မြေအရှင်နောက်သို့ လိုက်ကာ ရှီမိုကောင်းကင်သို့ သွားရောက်ခဲ့စဉ် သူ၏နယ်မြေအရှင်နှင့် ရှီမိုကောင်းကင်၏ အဆင့်မြင့်အရာရှိတစ်ဦးတို့၏ စကားဝိုင်းကို ကံကောင်းထောက်မစွာ ကြားခဲ့ရခြင်းဖြစ်သည်။

‎

‎

‎ထိုစကားဝိုင်းအတွင်း ရှီမိုကောင်းကင်၏ အဆင့်မြင့်အရာရှိမှ ချီလျန်မျိုးနွယ်ဝင်များ သေဆုံးသွားပြီဖြစ်ကြောင်း 'မတော်တဆ' ဖွင့်ဟပြောဆိုမိခဲ့လေသည်။

‎

‎

‎" ဒီနှစ်တွေတစ်လျှောက်လုံး... ကျွန်မတို့ ချီလျန်မျိုးနွယ်က မျိုးနွယ်ဝင် ရာနဲ့ချီပြီး ရှီမိုကောင်းကင်ကို စေလွှတ်ခဲ့ပေမယ့် သူတို့... သူတို့အားလုံး သေကုန်ကြပြီ "

‎

‎

‎တတိယအကြီးအကဲသည် ထိန်းချုပ်မရနိုင်သော နာကျင်မှုများအပြည့်ပါဝင်နေသည့် လေသံတိုးတိုးဖြင့် ပြောဆိုလေသည်။

‎

‎

‎တတိယအကြီးအကဲသည် ရှီမိုကောင်းကင်သို့ စေလွှတ်ခံရသော ချီလျန်မျိုးနွယ်ဝင်များ၏ အခြေအနေမှာ သဘာဝအရ အန္တရာယ်များလွန်းလှကြောင်း သိရှိထားသော်လည်း ရှီမိုကောင်းကင်မှ ဤမျှအထိ ရက်စက်လိမ့်မည်ဟု သူ မည်သည့်အခါကမျှ မမျှော်လင့်ထားခဲ့ချေ။

‎

‎

‎သူ၏အထင်တွင် ရှီမိုကောင်းကင်သည် ချီလျန်မျိုးနွယ်ဝင်များအား အန္တရာယ်များသော ရှေ့တန်းစစ်မြေပြင်များသို့ စေလွှတ်ခြင်း သို့မဟုတ် အသက်အန္တရာယ်ရှိသော တာဝန်အချို့ကို ပေးအပ်ခြင်းမျိုးသာ လုပ်လိမ့်မည်ဟု ထင်ခဲ့သည်။ ဤသည်မှာ သေဆုံးနှုန်း မြင့်မားမည်ဆိုသော်ငြား အချို့သောသူများမှာမူ အသက်ရှင်ကျန်ရစ်နိုင်စွမ်း ရှိနေဦးမည်ဖြစ်သည်။

‎

‎

‎သို့သော် ထိုချီလျန်မျိုးနွယ်ဝင် ညီမငယ်၏ ပြောပြချက်ကို ကြားပြီးနောက်တွင် ရှီမိုကောင်းကင်မှ ထိုလူများသည် အစမှအဆုံးတိုင် ချီလျန်မျိုးနွယ်အပေါ် လွှတ်ပေးရန် မရည်ရွယ်ခဲ့ကြောင်း သူ အဆုံး၌ နားလည်သဘောပေါက်သွားခဲ့၏။ စေလွှတ်ခံခဲ့ရသော ချီလျန်မျိုးနွယ်ဝင်များအားလုံးသည် ရှီမိုကောင်းကင်၏ အဆင့်မြင့်အရာရှိများထံမှ နည်းလမ်းအမျိုးမျိုးဖြင့် တိတ်တဆိတ် ကွပ်မျက်ခြင်းကို ခံခဲ့ကြရခြင်းပင်တည်း။

‎

‎

‎" သူတို့အားလုံး သေသွားကြပြီလား...? "

‎

‎

‎ချီလျိုသည် မသိစိတ်အလျောက် ရေရွတ်လိုက်မိကာ သူ၏မျက်လုံးများအတွင်း၌ ပြင်းထန်သော နှလုံးကွဲကြေမတတ် နာကျင်မှုအရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားလေသည်။

‎

‎

‎အံ့ဩစရာမရှိတော့ပေ။ သူတို့ ရှီမိုကောင်းကင်သို့ ဝင်ရောက်သွားပြီးကတည်းက ဘိုးဘေးပိုင်နယ်မြေတွင် ကျန်ရစ်ခဲ့သော ထိုချီလျန်မျိုးနွယ်ဝင်များ၏ ဝိညာဉ်မီးအိမ်များ အားလုံး ငြိမ်းသတ်သွားခဲ့ခြင်းမှာ အံ့ဩစရာမဟုတ်တော့ချေ။

‎

‎

‎ယခင်က ချီလျိုတွေးထင်ခဲ့သည်မှာ ထိုညီမငယ်များသည် ရှီမိုကောင်းကင်မှတဆင့် နယ်ပယ်အသီးသီးကို သိမ်းပိုက်ရန် ရှေ့တန်းစစ်မျက်နှာများသို့ စေလွှတ်ခံခဲ့ရသောကြောင့် ဖြစ်ရမည်ဟုပင်။

‎

‎

‎နတ်ဆိုးနယ်မြေမှ သက်ရှိများသည် နတ်ဆိုးနယ်မြေကို စွန့်ခွာသွားကာ နတ်ဆိုးနယ်မြေနှင့် များစွာဝေးကွာလျှင် ထိုအကွာအဝေးကို အာရုံမခံနိုင်တော့သဖြင့် ဝိညာဉ်မီးအိမ်များ သဘာဝအလျောက် ငြိမ်းသွားတတ်ပေသည်။ ထို့ကြောင့် ချီလျိုအနေဖြင့် စိုးရိမ်ပူပန်နေခဲ့သော်လည်း များစွာ မတွေးမိခဲ့ချေ။

‎

‎

‎သို့သော် အမှန်တရားမှာ ဤသို့လုံးဝမဟုတ်ခဲ့ကြောင်း မည်သူက တွေးမိမည်နည်း။

‎

‎

‎အစမှအဆုံးတိုင်အောင် ရှီမိုကောင်းကင်မှ ချီလျန်မျိုးနွယ်ဝင် ညီမငယ်တစ်ဦးတစ်ယောက်မျှ ပြန်မလာခဲ့ခြင်းမှာ အံ့ဩစရာမဟုတ်တော့ပေ။ သူတို့အားလုံး ကံဆိုးစွာဖြင့် သေပွဲဝင်ခဲ့ရခြင်းပင် ဖြစ်တော့သည်။

‎

‎

‎" ဘာလို့ စောစောကတည်းက မပြောခဲ့ရတာလဲ "

‎

‎

‎ချီလျိုသည် ရင်နာစွာဖြင့် ပြောဆိုလေသည်။

‎

‎

‎ထိုချီလျန်မျိုးနွယ်ဝင်သည် ရှီမိုကောင်းကင် အဆင့်မြင့်အရာရှိ၏ စကားဝိုင်းကို ကြားခဲ့ရပြီးကတည်းက အဘယ်ကြောင့် ဤသတင်းကို ချီလျန်မျိုးနွယ်ထံသို့ စောစီးစွာ သတင်းမပို့ခဲ့ရသနည်း။

‎

‎

‎အကယ်၍ သူတို့သာ စောစောသိခဲ့ပါက ချီလျန်မျိုးနွယ်အနေဖြင့် ပိုမိုများပြားသော မျိုးနွယ်ဝင်များ အသက်စတေးခံရခြင်းမှ ကာကွယ်ရန် သင့်လျော်သော အစီအမံများကို ပြုလုပ်နိုင်ခဲ့မည်ဖြစ်သည်။

‎

‎

‎" စောစောပြောပြခဲ့ရင်ရော ဘာအကျိုးထူးမှာမို့လို့လဲ "

‎

‎

‎တတိယအကြီးအကဲမှ အသံတိမ်တိမ်ဖြင့် ပြောဆိုလေသည်။

‎

‎

‎" အဲ့ဒီညီမငယ်က ချီလျန်မျိုးနွယ်ကို သတင်းမပို့ဘဲ တမင်သက်သက် နေခဲ့တာလို့ ပြောပါတယ်... ဘာဖြစ်လို့လဲဆိုတော့ ရှီမိုကောင်းကင်ရဲ့ အဆင့်မြင့်အရာရှိက ဒီသတင်းကို မတော်တဆ ပြောမိသွားတာမဟုတ်ဘဲ... သူ့ကို တမင်သက်သက် ကြားစေချင်လို့ လုပ်ခဲ့တာလို့ သူက သံသယရှိခဲ့လို့ပါပဲ.....

‎

‎ရည်ရွယ်ချက်ကတော့ သူပြန်လာပြီး ဒီသတင်းကို ကျွန်မတို့မျိုးနွယ်ဆီ သတင်းပို့ဖို့ပါပဲ.....

‎

‎အဲ့ဒီအချိန်မှာ ဒီသတင်းကို သိလိုက်ရရင် ကျွန်မတို့ ချီလျန်မျိုးနွယ်က သေချာပေါက် မခံမရပ်နိုင်ဖြစ်သွားလိမ့်မယ်... တစ်မျိုးနွယ်လုံးရဲ့ ဒေါသအောက်မှာ အသိဉာဏ်ကင်းမဲ့တဲ့ လုပ်ရပ်တွေကို လုပ်ဖို့ ပိုလွယ်ကူသွားပြီး... ရှီမိုကောင်းကင်အတွက် ကျွန်မတို့မျိုးနွယ်ကို ပစ်မှတ်ထားဖို့ အကြောင်းပြချက်တစ်ခု ပေးလိုက်သလို ဖြစ်သွားလိမ့်မယ်လေ.....

‎

‎ဒီအချက်ကို သူ ခန့်မှန်းမိခဲ့လို့ပဲ အခုထိ နှုတ်ပိတ်နေခဲ့ပြီး ဘာမှမကြားခဲ့ရသလို ဟန်ဆောင်နေခဲ့တာပါ... ဒီနေ့ ဘိုးဘေးပိုင်နယ်မြေကို ပြန်ရောက်လာပြီး ကျွန်မတို့ ချီလျန်မျိုးနွယ်ရဲ့ လက်ရှိအခြေအနေကို သိလိုက်ရတဲ့အချိန်ရောက်မှသာ... သူက မျက်ရည်တွေကျပြီး အတိတ်က သူကြုံတွေ့ခဲ့ရသမျှကို ကျွန်မကို ပြောပြခဲ့တာပါ "

‎

‎

‎တတိယအကြီးအကဲ၏ စကားများကြောင့် ချီလျိုသည် တိတ်ဆိတ်သွားလေသည်။

‎

‎

‎စိတ်ငြိမ်သက်သွားပြီးနောက် ချီလျန်မျိုးနွယ်ဝင် ညီမငယ်၏ လုပ်ရပ်မှာ အမှန်တကယ်ပင် မှန်ကန်ကြောင်း သူ ဝန်ခံလိုက်ရသည်။

‎

‎

‎တွေးကြည့်လိုက်စမ်းပါ။ ရှီမိုကောင်းကင် အဆင့်မြင့်အရာရှိနှင့် နတ်ဆိုးနယ်မြေအရှင်တို့၏ စကားဝိုင်းကို သာမန် ချီလျန်မျိုးနွယ်ဝင်တစ်ဦးမှ မည်သို့လုပ်၍ သိနိုင်မည်နည်း။

‎

‎

‎ချီလျန်မျိုးနွယ်ဝင်များအား ကွပ်မျက်သည့်ကိစ္စဆိုလျှင် ရှီမိုကောင်းကင်အတွင်း၌ လျှို့ဝှက်ချက်တစ်ခုပင် ဖြစ်ပေလိမ့်မည်။ ထိုရှီမိုကောင်းကင်၏ အဆင့်မြင့်အရာရှိအနေဖြင့် စကားပြောဆိုနေစဉ်အတွင်း ဤသတင်းကို ပေါက်ကြားစေသည်အထိ မည်သို့များ ပေါ့ဆနိုင်မည်နည်း။

‎

‎

‎ထို့အပြင် တိုက်တိုက်ဆိုင်ဆိုင်ပင် ချီလျန်မျိုးနွယ်ဝင်တစ်ဦးမှ ကြားသွားခဲ့ခြင်းက.....

‎

‎

‎တိုက်ဆိုင်မှုတစ်ခုသည် ကံတရားကြောင့် ဖြစ်နိုင်ပေသည်။ သို့သော် ထပ်တလဲလဲဖြစ်နေသော တိုက်ဆိုင်မှုများသည် အလျင်း ကံတရားကြောင့် မဟုတ်ပေ။

‎

‎

‎တစ်ခုတည်းသော ရှင်းလင်းချက်မှာ ရှီမိုကောင်းကင်၏ အဆင့်မြင့်အရာရှိသည် ချီလျန်မျိုးနွယ်တစ်ရပ်လုံးအား ပစ်မှတ်ထားရန် ရည်ရွယ်ချက်ဖြင့် ထိုချီလျန်ညီမငယ်အား အသုံးပြုကာ သတင်းစကားကို ချီလျန်မျိုးနွယ်ထံ ပြန်လည်ရောက်ရှိစေရန် တမင်သက်သက် လုပ်ဆောင်ခဲ့ခြင်းပင်ဖြစ်သည်။ ချီလျန်မျိုးနွယ်အနေဖြင့် ဤသတင်းကို ကြားသောအခါ အသိဉာဏ်ကင်းမဲ့သော တုံ့ပြန်မှုများ ပြုလုပ်လာမည်ဟု သူတို့ မျှော်လင့်ထားခဲ့ကြသည်။

‎

‎

‎ထို့အပြင် ထိုချီလျန်ညီမငယ်ကလည်း ဤအချက်ကို သေချာပေါက် ခန့်မှန်းမိခဲ့သည့်အတွက်ကြောင့်ပင် သူသည် အရှက်ကွဲခံကာ ဤအချိန်အထိ နှုတ်ပိတ်နေခဲ့ခြင်း ဖြစ်သည်။

‎

‎

‎ချီလျိုသည် ထိုညီမငယ်အား အပြစ်မတင်သင့်ရုံသာမက လွန်စွာ ကျေးဇူးတင်သင့်ကြောင်း သိလိုက်ရသည်။

‎

‎

‎အကယ်၍ သူသာ ထိုအချိန်က ကိစ္စရပ်အား အမှန်တကယ် သတင်းပို့ခဲ့ပါက ချီလျန်မျိုးနွယ်သည် ပြန်လမ်းမရှိသော ချောက်ကမ်းပါးထဲသို့ ကျရောက်ပြီးဖြစ်နေလောက်ပြီဖြစ်သည်။

‎

‎

‎" ကျွန်မကိုယ်စား အဲ့ဒီညီမငယ်ကို ကျေးဇူးတင်ပေးပါ... အခုတော့ သူ့ကို အနားယူခိုင်းလိုက်ပါဦး... နောက်မှ သူ့ဆီ ကျွန်မကိုယ်တိုင် လာလည်ပါ့မယ် "

‎

‎

‎ချီလျိုသည် ကြေကွဲအက်ရှသော အသံဖြင့် ပြောကြားလေသည်။

‎

‎

‎ကုချန်သည် ဘေးတွင်ထိုင်လျက် ချီလျိုနှင့် တတိယအကြီးအကဲတို့၏ စကားဝိုင်းကို နားထောင်ရင်း အခြေအနေကို အကြမ်းဖျင်း နားလည်သွားခဲ့သည်။

‎

‎

‎အခြားသော နတ်ဆိုးနယ်မြေများအားလုံး ကြက်သွေးရောင်ငရဲ နတ်ဆိုးနယ်မြေသို့ ချစ်ကြည်ရေးပြသရန် ရောက်လာကြချိန်တွင် ရှီမိုကောင်းကင်မှ အဘယ်ကြောင့် မတုန်မလှုပ် ရှိနေခဲ့ရသနည်းဆိုသည်ကို ထိုအခါမှသာ သူ သဘောပေါက်သွားလေတော့သည်။

‎

‎

‎ရှီမိုကောင်းကင်၏ လက်အောက်ရှိ ရာနှင့်ချီသော နတ်ဆိုးနယ်မြေများသည် ယခင်က ချီလျန်မျိုးနွယ်ကို တိတ်တဆိတ် ဖိနှိပ်ရန် ရှီမိုကောင်းကင်ထံမှ အရိပ်အမြွက်များ ရရှိခဲ့သည့်အတွက် ချီလျန်မျိုးနွယ်ဝင်များအား အန္တရာယ်များသော တာဝန်များကို ထမ်းဆောင်ရန် စေလွှတ်ခဲ့သော်ငြား သူတို့သည် အစွန်းရောက်သည့်အထိတော့ မလုပ်ဆောင်ခဲ့ကြပေ။

‎

‎

‎ထို့ကြောင့် ယခု ရှီမိုကောင်းကင်အရှင် ကျဆုံးသွားသည့်အခါ ထိုနတ်ဆိုးနယ်မြေအရှင်များသည် ကြက်သွေးရောင်ငရဲ နတ်ဆိုးနယ်မြေသို့ 'သစ္စာခံ' ရန် မည်သည့်ဝန်ထုပ်ဝန်ပိုးမျှမရှိဘဲ လာရောက်နိုင်ခဲ့ကြခြင်း ဖြစ်သည်။

‎

‎

‎သို့သော် ရှီမိုကောင်းကင်မှာမူ ကွဲပြားနေခဲ့သည်။

‎

‎

‎ဤနှစ်များတစ်လျှောက်လုံး ရှီမိုကောင်းကင်၏ အင်မော်တယ်နတ်ဆိုးအရှင်များသည် မရေမတွက်နိုင်သော ချီလျန်မျိုးနွယ်ဝင်များ၏ သွေးများဖြင့် သူတို့၏လက်များကို စွန်းထင်းစေခဲ့ပြီဖြစ်ရာ ချီလျန်မျိုးနွယ်ရှေ့တွင် သူတို့ကိုယ်သူတို့ နှိမ့်ချနိုင်တော့မည် မဟုတ်ချေ။

‎

‎

‎အဘယ်ကြောင့်ဆိုသော် သူတို့ နှိမ့်ချခဲ့လျှင်တောင်မှ နောက်ပိုင်းတွင် စုံစမ်းစစ်ဆေးခံရပါက သူတို့အတွက် သေချာပေါက် သေလမ်းသာဖြစ်မည်ကို သိနေကြသောကြောင့်ပင်။

‎

‎

‎ထို့ကြောင့် ရှီမိုကောင်းကင်အရှင် ကျဆုံးသွားသော်ငြားလည်း ရှီမိုကောင်းကင်မှ မည်သူတစ်ဦးတစ်ယောက်မျှ အညံ့ခံကြောင်း ပြသရန် ရောက်မလာခဲ့ခြင်း ဖြစ်သည်။

‎

‎

‎ရှီမိုကောင်းကင်သည် နောက်ဆုံးအချိန်အထိ ခုခံရန် ဆုံးဖြတ်ထားကြောင်း ထင်ရှားနေပေသည်။

‎

‎

‎" ဒီလိုအခြေအနေမျိုး ဖြစ်နေမှတော့ ငါကိုယ်တိုင် ရှီမိုကောင်းကင်ကို တစ်ခေါက်လောက် သွားရလိမ့်မယ် "

‎

‎

‎ကုချန်မှ ရုတ်တရက် ပြောကြားလိုက်ရာ ချီလျိုနှင့် တတိယအကြီးအကဲတို့မှာ အံ့ဩသွားကြလေသည်။

‎

‎

‎တတိယအကြီးအကဲမှာ ဤစကားကို ကြားသောအခါ လွန်စွာဝမ်းမြောက်သွားခဲ့၏။ အရှင်သခင်၏ ရှီမိုကောင်းကင်သို့ သွားရောက်မည့် ရည်ရွယ်ချက်မှာ အထူးပြောနေစရာပင် မလိုချေ။ သူသည် ချီလျန်မျိုးနွယ်အတွက် တရားမျှတမှုကို ရှာဖွေပေးရန် သွားရောက်ခြင်းပင် ဖြစ်သည်။

‎

‎

‎ယခင်က ကုချန်မပြောခဲ့သည့်တိုင် ချီလျန်မျိုးနွယ်သည် အရှင်သခင်၏ လက်အောက်ခံမျှသာဖြစ်ကာ အရှင်သခင်ထံမှ မည်သည့်အရာကိုမျှ တောင်းဆိုပိုင်ခွင့် မရှိသည့်အတွက်ကြောင့် တတိယအကြီးအကဲအနေဖြင့် မေးမြန်းရန် ခက်ခဲနေခဲ့ခြင်းသာ ဖြစ်သည်။

‎

‎

‎သို့သော် ယခုအခါ အရှင်သခင်သည် ချီလျန်မျိုးနွယ်အတွက် 'တရားမျှတမှုကို ဖော်ဆောင်ပေးရန်' သူ၏သဘောဆန္ဒအလျောက် ဖော်ပြလာပြီဖြစ်ရာ မည်သည့်ပြဿနာမျှ မရှိတော့ချေ။

‎

‎

‎သို့ရာတွင် တတိယအကြီးအကဲ၏ ဝမ်းမြောက်နေသော အမူအရာနှင့် နှိုင်းယှဉ်ပါက ချီလျို၏ အမူအရာမှာ များစွာပို၍ တည်ငြိမ်နေခဲ့သည်။ အမှန်တကယ်တွင် ကုချန်မှ ရှီမိုကောင်းကင်သို့ သွားမည်ဟု ပြောသည်ကို ကြားလိုက်သောအခါ သူသည် မသိစိတ်အလျောက် ရုတ်တရက် ပြောလိုက်မိလေသည်။

‎

‎

‎" သခင်... မသွားပါနဲ့ "

‎

‎

‎မသွားပါနဲ့?

‎

‎

‎ကုချန်သည် ချီလျိုအား စိတ်ဝင်တစား စိုက်ကြည့်ကာ သူ့ထံမှ ရှင်းပြချက်ကို စောင့်မျှော်နေလေသည်။

‎

‎

‎ကုချန်၏အကြည့်အောက်တွင် ချီလျိုသည် ကြီးမားလှသော ဖိအားတစ်ခုကို ခံစားလိုက်ရဟန် ရှိ၏။ သူ၏ဒူးများ ခွေယိုင်သွားကာ မြေပြင်ပေါ်သို့ လဲကျသွားလျက် သူ၏ ချောမွေ့သော နဖူးပြင်မှ ချွေးစေးများ စိမ့်ထွက်လာလေသည်။

‎

‎

‎သို့သော် သူ၏ငွေရောင်သွားလေးများကို ကြိတ်ကာ သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းလိုက်ပြီးနောက် ခိုင်မာစွာပင် ဆက်လက် ပြောဆိုလေ၏။

‎

‎

‎" ကျွန်မအနေနဲ့ သခင့်ရဲ့ စွမ်းအားကို နည်းနည်းလေးမှ သံသယမရှိပါဘူး... သခင်က ရှီမိုကောင်းကင်တစ်ခုလုံးကို သုတ်သင်ပစ်ချင်တယ်ဆိုရင်တောင် ဘာအခက်အခဲမှ ရှိမှာမဟုတ်ပါဘူး.....

‎

‎ဒါပေမယ့် အခု ရှီမိုကောင်းကင်အရှင် သေဆုံးသွားပြီဖြစ်လို့ ဒါက တစ်ခြား ကောင်းကင်ဘုံတွေရဲ့ အာရုံစိုက်မှုကို ဆွဲဆောင်နေပြီဖြစ်ပါတယ်... တကယ်လို့ ရှီမိုကောင်းကင်ပါ ထပ်ပြီး ဖျက်ဆီးခံရမယ်ဆိုရင်.....

‎

‎ပြီးတော့... အဲ့ဒါက နတ်ဆိုးဧကရာဇ်ကြီးကိုပါ အထိတ်တလန့် ဖြစ်သွားစေခဲ့မယ်ဆိုရင်တော့..... "

‎

‎အခန်း ( ၃၆၆ ) - နတ်ဆိုးဧကရာဇ်ကို ငါးမျှားခြင်း၊ ချက်ချင်းထွက်ခွာခြင်းနှင့် ကျောက်စိမ်းဖြူလိပ်ခွံ

‎

‎

‎

‎ချီလျို၏ စကားမဆုံးသေးသော်လည်း ကုချန်သည် သူ၏ဆိုလိုရင်းကို နားလည်ပြီးဖြစ်လေသည်။

‎

‎

‎အခြားကြောင့်မဟုတ်ဘဲ သူ ရှီမိုကောင်းကင်သို့သွားကာ သူ၏ 'ဒေါသ' ကို မထိန်းနိုင်ဘဲ ရှီမိုကောင်းကင်တစ်ခုလုံးကို သတ်ဖြတ်ပစ်လိုက်မိမည်ကို စိုးရိမ်နေခြင်းဖြစ်သည်။ ထိုသို့ဆိုလျှင် ထုံထျန်းနတ်ဆိုးတောင်မှ နတ်ဆိုးဧကရာဇ်ကြီး၏ အာရုံစိုက်မှုကို ခံရရုံမက ဒေါသထွက်စေကာ အမျက်ဒေါသများ ကျရောက်လာမည်ကို ကြောက်ရွံ့နေခြင်းပင်တည်း။

‎

‎

‎နတ်ဆိုးဧကရာဇ်ကြီးသည် ပုံမှန်အားဖြင့် လောကီရေးရာများတွင် ဝင်ရောက်စွက်ဖက်လေ့မရှိဘဲ သူ၏လက်အောက်ခံ အင်မော်တယ်ဘုရင်များအကြား ကိစ္စရပ်များတွင်လည်း မည်သည့်အခါမျှ ဝင်ရောက်စွက်ဖက်လိုခြင်း မရှိပေ။

‎

‎

‎သို့သော် အမည်ခံအားဖြင့် ရှီမိုကောင်းကင်အရှင်သည် သူ၏လက်အောက်ခံတစ်ဦး ဖြစ်နေဆဲပင်။

‎

‎

‎ယခုအခါ ရှီမိုကောင်းကင်အရှင်မှာ အကြောင်းရင်းမသိရဘဲ သေဆုံးသွားရုံသာမက ရှီမိုကောင်းကင်ပါ တစ်စုံတစ်ယောက်၏ 'မြေလှန်' ဖျက်ဆီးခြင်းကို ခံလိုက်ရပြီဆိုပါက.....

‎

‎

‎နတ်ဆိုးဧကရာဇ်ကြီးသည် လောကီရေးရာများကို လျစ်လျူရှုထားတတ်သူ ဖြစ်လျှင်တောင်မှ လက်ပိုက်ကြည့်နေမည်တော့ မဟုတ်တန်ရာ။

‎

‎

‎ရွှံ့ဖြင့်လုပ်ထားသော ဘုရားဆင်းတုတော်ပင်လျှင် ဒေါသထွက်တတ်သေးရာ အလွန်မြင့်မြတ်လှသော နတ်ဆိုးဧကရာဇ်ကြီးဆိုလျှင် ဆိုဖွယ်ရာ ရှိပါဦးမည်လော။

‎

‎

‎ဘေးတွင်ရှိနေသော တတိယအကြီးအကဲသည်လည်း ဤအချက်ကို ရှင်းလင်းစွာ သဘောပေါက်သွားလျက် မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားလေ၏။

‎

‎

‎ဟုတ်ပေသည်။ ယခင်က သူ တွေးထင်ထားခဲ့သည်မှာ ရှီမိုကောင်းကင်အရှင် သေဆုံးသွားပြီဖြစ်ရာ သူ့အရှင်သခင်၏ မြင့်မြတ်သော စွမ်းအားတော်ဖြင့် ရှီမိုကောင်းကင်ကို အပြစ်ပေးရန်မှာ မည်သည့်အခက်အခဲမျှမရှိဘဲ လွယ်ကူသော ကိစ္စတစ်ခုဖြစ်မည်ဟုပင်။

‎

‎

‎သို့သော် သူသည် နတ်ဆိုးဧကရာဇ်ကြီး ရှိနေကြောင်းကို လုံးဝ မေ့လျော့နေခဲ့လေသည်။

‎

‎

‎သို့သော် နတ်ဆိုးဧကရာဇ်ကြီးသည် လွန်စွာ လျှို့ဝှက်ဆန်းကြယ်၍ အလွန်အမင်း တိတ်ဆိတ်နေတတ်သူ ဖြစ်နေသောကြောင့် ဤသို့ မေ့လျော့သွားခြင်းမှာ တတိယအကြီးအကဲ၏ အပြစ်မဟုတ်ချေ။

‎

‎

‎မည်သို့ပင်ဆိုစေကာမူ ချီလျန်မျိုးနွယ်သည် နတ်ဆိုးနယ်မြေသို့ ပြောင်းရွှေ့လာပြီးကတည်းက နတ်ဆိုးဧကရာဇ်ကြီးကို တစ်ခါမျှ မမြင်ဖူးခဲ့သလို သူနှင့်ပတ်သက်သော အကြောင်းအရာများကို ကြားဖူးခြင်းမှာလည်း အလွန်နည်းပါးလှသည်။

‎

‎

‎ရှီမိုကောင်းကင်အတွင်းရှိ ရာနှင့်ချီသော နတ်ဆိုးနယ်မြေများကြားတွင်ပင် နယ်မြေအသီးသီးမှ အရှင်များအပါအဝင် သက်ရှိအများစုသည် ရှီမိုကောင်းကင်အရှင်ကိုသာ သိကြကာ နတ်ဆိုးဧကရာဇ်ကြီးကို မသိကြပေ။

‎

‎

‎ဤအချက်ကို ကြည့်ခြင်းအားဖြင့် ထိုနတ်ဆိုးဧကရာဇ်ကြီးသည် ပုံမှန်အားဖြင့် မည်မျှ 'တိတ်ဆိတ်စွာ' နေထိုင်တတ်ကြောင်း ထင်ရှားပေသည်။

‎

‎

‎သို့သော် မည်မျှပင် တိတ်ဆိတ်စွာ နေထိုင်ပါစေ သူသည် စစ်မှန်သော ဧကရာဇ်တစ်ပါးဖြစ်ကာ နတ်ဆိုးနယ်မြေရှိ သန်းရာနှင့်ချီသော သက်ရှိများမှ မော်ကြည့်ရမည့် ဖြစ်တည်မှုတစ်ခုပင် ဖြစ်သည်။

‎

‎

‎မည်သည့်သက်ရှိကမျှ နတ်ဆိုးဧကရာဇ်ကြီး၏ ဩဇာလွှမ်းမိုးမှုကို လျစ်လျူမရှုရဲကြပေ။

‎

‎

‎" နတ်ဆိုးဧကရာဇ်ကြီး? "

‎

‎

‎ကုချန်သည် ချီလျိုနှင့် တတိယအကြီးအကဲတို့၏ တုံ့ပြန်မှုများကို မြင်တွေ့ရသောအခါ ပို၍ပင် စိတ်ဝင်စားသွားလေတော့သည်။

‎

‎

‎ယခုအခါ သူ၏မူလခန္ဓာသည် ပြီးပြည့်စုံသော စစ်မှန်သည့် အင်မော်တယ်တစ်ပါးအဖြစ် တာအိုကို သက်သေပြနိုင်ခဲ့ပြီဖြစ်ကာ သူ၏ "ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်း" ကျင့်စဉ်ကိုလည်း ငါးရာခိုင်နှုန်းအထိ အောင်မြင်စွာ တိုးမြှင့်နိုင်ခဲ့ပြီဖြစ်သောကြောင့် ဤအချိန်တွင် သူ၏ တိုက်ခိုက်ရေးစွမ်းအားမှာ မည်မျှ အားကောင်းနေမည်ကို ကုချန်ကိုယ်တိုင်ပင် ခန့်မှန်း၍မရနိုင်တော့ချေ။

‎

‎

‎အထူးသဖြင့် ခန္ဓာကိုယ်သုံးခု တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားချိန်တွင် သာမန် အင်မော်တယ်ဘုရင်များဆိုလျှင် သူနှင့် တစ်ကွက်မျှပင် ယှဉ်နိုင်မည်မဟုတ်ဟု ကုချန် ခန့်မှန်းမိ၏။

‎

‎

‎သင့်လျော်သော နှိုင်းယှဉ်စရာမရှိသဖြင့် သူ အတိအကျ မည်မျှသန်မာနေပြီကို ကုချန် မသေချာခြင်းသာ ဖြစ်သည်။

‎

‎

‎ထို့ကြောင့် သူသည် ဤလျှို့ဝှက်ဆန်းကြယ်၍ အမည်မသိရသော နတ်ဆိုးဧကရာဇ်ကို စိတ်ဝင်စားလာခဲ့လေသည်။

‎

‎

‎သူသည် အင်မော်တယ်ဘုရင်တစ်ပါး၏ တိုက်ခိုက်ရေးစွမ်းအားကို မျက်မြင်ကိုယ်တွေ့ ကြုံဖူးခဲ့ပြီးဖြစ်သည်။

‎

‎

‎သို့ဆိုလျှင် ပိုမို ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးဧကရာဇ်တစ်ပါးဆိုပါက မည်မျှစွမ်းအားကြီးမားမည်ကို သူ သိချင်နေမိသည်။

‎

‎

‎ရှီမိုကောင်းကင်၏ ကိစ္စကို အကြောင်းပြချက်အဖြစ် အသုံးချကာ ကုချန်သည် ထိုအရာကို 'မြည်းစမ်း' ကြည့်ချင်နေလေ၏။

‎

‎

‎နတ်ဆိုးဧကရာဇ်ကြီးနှင့် သူ၏စွမ်းအားကို စမ်းသပ်ရန်အတွက် ထုံထျန်းနတ်ဆိုးတောင်သို့ သွားရောက်တိုက်ခိုက်ခြင်းမှာ လွန်စွာမိုက်မဲရာကျပြီး အလွန်လည်း အန္တရာယ်များပေသည်။ မည်သို့ပင်ဆိုစေကာမူ ထိုနေရာသည် တစ်ဖက်လူ၏ ပင်မစခန်းဖြစ်ရာ အကြောင်းရင်းမသိနိုင်သော အန္တရာယ်များ ရှိနေမည်ကို မည်သူသိနိုင်မည်နည်း။

‎

‎

‎ဤကိုယ်ပွားသေဆုံးသွားလျှင်တောင် သူ၏ မူလခန္ဓာကိုယ်မှာ ထိခိုက်မည်မဟုတ်သော်ငြား ကိုယ်ပွားတစ်ခု ဆုံးရှုံးရခြင်းအတွက် ကုချန် ရင်နာရမည်သာဖြစ်သည်။ အကြောင်းမှာ "ချီတစ်ခုမှ သန့်စင်သူသုံးပါး ခွဲထွက်ခြင်း" နည်းစနစ်သည် ကိုယ်ပွားနှစ်ခုသာ ဖန်တီးနိုင်ပြီး ကိုယ်ပွားတစ်ခုစီတိုင်းသည် ထူးခြားပြိုင်ဘက်ကင်းကာ တစ်ကြိမ်သေဆုံးသွားပါက မည်သည့်အခါမျှ ပြန်လည်ဖွဲ့စည်း၍ မရနိုင်တော့သောကြောင့်ပင်။

‎

‎

‎သို့သော် ရှီမိုကောင်းကင်ကိစ္စကို အကြောင်းပြကာ နတ်ဆိုးဧကရာဇ်ကြီးကို 'မြှူဆွယ်‌ခေါ်ထုတ်' ရန် နည်းလမ်းရှာမည်ဆိုပါက အရာရာသည် များစွာ ပိုမိုထိန်းချုပ်ရလွယ်ကူသွားမည်ဖြစ်သည်။

‎

‎

‎သူသည် နတ်ဆိုးဧကရာဇ်ကြီး၏ ပြိုင်ဘက် မဟုတ်လျှင်တောင်မှ သူ၏ အာမခံချက်ဖြစ်သော "ကံကြမ္မာပြောင်းပြန်လှန်အမွှေးတိုင်" နှင့် "အကြွင်းမဲ့အရိပ်ခြောက်ပါးအဆောင်" တို့ ရှိနေသဖြင့် အနည်းဆုံးတော့ သူ၏လုံခြုံရေးအတွက် စိတ်ချရမည်ဖြစ်သည်။

‎

‎

‎ဤအချက်ကို တွေးမိလိုက်သောအခါ ကုချန်သည် ချက်ချင်းပင် စိတ်အေးသက်သာရာ ရသွားလေသည်။

‎

‎

‎တစ်ချိန်တည်းမှာပင် သူသည် စိုးရိမ်ပူပန်နေသော အမူအရာများရှိနေသည့် ချီလျိုနှင့် တတိယအကြီးအကဲတို့ကို ကြည့်ကာ ငြင်းဆန်၍မရနိုင်သော လေသံဖြင့် ပြောလိုက်သည်။

‎

‎

‎" အခုပဲ ငါကိုယ်တော်နောက်ကနေ ရှီမိုကောင်းကင်ကို လိုက်ခဲ့ကြ... ချက်ချင်း ထွက်ခွာမယ်! "

‎

‎

‎...

‎

‎

‎နတ်ဆိုးနယ်မြေ၊ ထုံထျန်းနတ်ဆိုးတောင်.....

‎

‎

‎ဤနေရာသည် ရှီမိုကောင်းကင်ထက် ကျော်လွန်သည့် နေရာတစ်ခုဖြစ်ရာ ပိုမို ရှေးကျ၍ ခန့်မှန်းမရနိုင်သော နယ်မြေတစ်ခုပင် ဖြစ်သည်။

‎

‎

‎အဆုံးအစမဲ့ ကျယ်ပြန့်သော ကမ္ဘာမြေပြင်မှနေ၍ မှောင်မည်းနေသော တောင်တန်းကြီးတစ်ခု ပေါ်ထွက်နေကာ မိုင်ပေါင်း သန်းနှင့်ချီ၍ ရှည်လျားသည့် ကောင်းကင်ယံသို့ တည့်မတ်စွာ ထိုးတက်နေလေသည်။

‎

‎

‎ဤတောင်ထွတ် မည်မျှမြင့်မားသည်ကို မည်သူမျှ မသိကြပေ။ ဧကရာဇ်အဆင့်ရှိသူတစ်ဦးပင်လျှင် တောင်ထိပ်ကို တစ်ချက်တည်းဖြင့် မမြင်နိုင်ချေ။

‎

‎

‎ထိုအချိန်တွင် ဧကရာဇ် တာကီယွမ်သည် ဤမှောင်မည်းနေသော တောင်ကြီးကို အားထုတ်၍ တက်နေလေသည်။

‎

‎

‎သူသည် ရှီမိုကောင်းကင်မှ ဧကရာဇ်တစ်ပါး ဖြစ်ရာ အဆုံးအစမဲ့သော အမြင့်ဆီသို့ မျက်စိတစ်မှိတ်အတွင်း ပျံသန်းသွားနိုင်သင့်ပေသည်။

‎

‎

‎သို့သော် ကံမကောင်းစွာဖြင့် ထုံထျန်းနတ်ဆိုးတောင်တဝိုက်တွင် မျက်စိဖြင့် မမြင်ရသော တားမြစ်ကန့်သတ်ချက်များ ရှိနေ၍ သက်ရှိအားလုံးကို ထိုနေရာတွင် ပျံသန်းခွင့် မပေးထားပေ။

‎

‎

‎နတ်ဆိုးဧကရာဇ်ကြီးထံသို့ လာရောက် ဂါရဝပြုကြသော အင်မော်တယ်ဘုရင်များပင်လျှင် တောင်တက်လမ်းကို နာခံစွာ တက်ကြရသည်ဟု သူ ကြားဖူးထားရာ သူ့ကဲ့သို့ သာမန် ဧကရာဇ်ငယ်လေးတစ်ပါးအတွက် မည်သို့ ချွင်းချက် ဖြစ်နိုင်မည်နည်း။

‎

‎

‎သို့သော် ရက်ပေါင်းများစွာ တက်ပြီးနောက် ထုံထျန်းနတ်ဆိုးတောင်သည် အဆုံးသတ်မရှိကြောင်း တာကီယွမ် တွေ့ရှိလိုက်ရသည်။ အထက်သို့ မော်ကြည့်လိုက်သောအခါ တောင်ကိုယ်ထည်သည် ကောင်းကင်ဘုံနှင့် နယ်ပယ်ပေါင်းစုံကို ဖောက်ထွက်ကာ အမည်မသိ နေရာတစ်ခုဆီသို့ ဦးတည်နေသကဲ့သို့ ကျယ်ပြောလှသော ဟင်းလင်းပြင်ကြီးသာ ရှိနေဆဲဖြစ်သည်။

‎

‎

‎ဘယ်တော့မှ သူ တောင်ထိပ်ကို ရောက်ပါမည်နည်း။

‎

‎

‎ဧကရာဇ် တာကီယွမ်သည် စိတ်ထဲတွင် သက်ပြင်းချလိုက်သော်လည်း အပြင်သို့ ထုတ်မပြရဲပေ။

‎

‎

‎အဘယ်ကြောင့်ဆိုသော် ထုံထျန်းနတ်ဆိုးတောင်ပေါ်သို့ ခြေချလိုက်သည့် အချိန်မှစ၍ သူ၏ လှုပ်ရှားမှုတိုင်းသည် ကြီးမြတ်သော နတ်ဆိုးဧကရာဇ်ကြီး၏ မျက်စိအောက်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သူ သိထားသောကြောင့်ပင်။

‎

‎

‎နတ်ဆိုးဧကရာဇ်ကြီး၏ အမြင်တွင် သူသည် လမ်းဘေးမှ ပုရွက်ဆိတ်တစ်ကောင်လောက်ပင် အသုံးမကျသော်ငြားလည်း။

‎

‎

‎သူ၏ အနည်းငယ်သော မရိုသေမှုက နတ်ဆိုးဧကရာဇ်ကြီးကို အမျက်ဒေါသ ထွက်စေခဲ့လျှင် မည်သို့ လုပ်မည်နည်း။

‎

‎

‎ဤသည်မှာ ကြီးလေးသော ကိစ္စဖြစ်၍ သူ ဂရုစိုက်ရမည်သာ ဖြစ်သည်။

‎

‎

‎သူ ရိုးသားဖြူစင်မှုကို နတ်ဆိုးဧကရာဇ်ကြီးသည် ကျိန်းသေပေါက် သိမြင်တော်မူလိမ့်မည်။

‎

‎

‎...

‎

‎

‎" မဟုတ်သေးဘူး... ဒါက မမှန်ဘူး! "

‎

‎

‎ထုံထျန်းနတ်ဆိုးတောင်၏ ထိပ်ရှိ အနည်းငယ် ဟောင်းနွမ်းနေသော ရှေးဟောင်းခန်းမဆောင်တစ်ခုအတွင်း အနက်ရောင်ဝတ်ဆင်ထား၍ မည်သည့်စွမ်းအားအငွေ့အသက်မျှ မရှိသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် တင်ပျဉ်ခွေထိုင်လျက် သူ၏လက်ထဲရှိ အရာတစ်ခုကို စူးစိုက်ကြည့်ကာ တစ်စုံတစ်ခုကို ရေရွတ်နေလေသည်။

‎

‎

‎သူ၏လက်ထဲတွင် လက်ဖဝါးနှစ်ဖက်စာခန့် အရွယ်အစားရှိသော ကျောက်စိမ်းဖြူ လိပ်ခွံတစ်ခု ရှိနေ၏။

‎

‎

‎ဤအခိုက်အတန့်တွင် ကျောက်စိမ်းဖြူ လိပ်ခွံပေါ်၌ မှိန်ဖျော့သော အနီရောင်အလင်းတန်းတစ်ခု ရေးရေးမျှ ပေါ်ထွက်လာလေသည်။

‎

‎

‎အချိန်ကြာလာသည်နှင့်အမျှ မှိန်ဖျော့သော အနီရောင်အလင်းတန်းသည် ပိုမိုအားကောင်းလာကာ ငါးမျှားနေသည့် မြင်ကွင်းတစ်ခုကို ရေးရေးမျှ ဖော်ပြနေသကဲ့သို့ ရှိသော်လည်း ငါးမျှားတံကို ကိုင်ထားသူကိုမူ မှုန်ဝါးဝါး ကောက်ကြောင်းတစ်ခုအဖြစ်သာ မြင်ရကာ လုံးဝ ရှင်းလင်းမှုမရှိချေ။

‎

‎

‎ရွှေရောင်နှင့် ခရမ်းရောင်သည် ကောင်းကျိုး၊ အနက်ရောင်နှင့် အနီရောင်သည် ဆိုးကျိုး၊ ထို့အပြင် ဤငါးမျှားနေသည့် မြင်ကွင်းမှာ.....

‎

‎

‎တစ်ယောက်တစ်ယောက်က 'ငါးမျှား' နေတာလား၊ ပြီးတော့ အဲ့ဒီငါးမျှားရခြင်းရဲ့ ရည်ရွယ်ချက်က... ငါအရှင်ကိုများလား။

‎

‎

‎လူလတ်ပိုင်းအမျိုးသားသည် ကျောက်စိမ်းဖြူ လိပ်ခွံပေါ်ရှိ ပိုမိုအားကောင်းလာသော အနီရောင်အလင်းတန်းကို ကြည့်ကာ မျက်လုံးများ တောက်ပသွား၏။ သူ ဘာကို တွေးနေသည်ကို မသိနိုင်ပေ။

‎

‎

‎ဤကျောက်စိမ်းဖြူ လိပ်ခွံသည် သူ အတိတ်က ရရှိခဲ့သော အမြင့်မြတ်ဆုံး နတ်ဘုရားအဆင့် ပစ္စည်းတစ်ခုဖြစ်ပြီး သူ၏ အားနည်းမှုမှ ရုန်းထွက်နိုင်ရန်၊ ကောင်းကျိုးနှင့် ဆိုးကျိုးများကို ကြိုတင်သိမြင်နိုင်ရန်၊ ကံဆိုးမှုများကို ကံကောင်းခြင်းအဖြစ် ပြောင်းလဲနိုင်ရန်နှင့် သူ၏ လက်ရှိ နတ်ဆိုးဧကရာဇ်အဆင့်သို့ ရောက်ရှိစေရန် ကူညီပေးခဲ့၏။ ဟောကိန်းထုတ်ရာတွင် မည်သည့်အခါမျှ အမှားအယွင်းမရှိခဲ့ဟု ဆိုနိုင်သည်။

‎

‎

‎ယနေ့တွင် သူ ရုတ်တရက် အတိတ်နိမိတ်တစ်ခုကို ခံစားလိုက်ရ၍ ဤကျောက်စိမ်းဖြူ လိပ်ခွံကို အသုံးပြုကာ ဟောကိန်းထုတ်ကြည့်ခဲ့ရာ ဤကံဆိုးမည့် နိမိတ်လက္ခဏာကို ရရှိခဲ့သဖြင့် သူ မပျော်မရွှင် ဖြစ်သွားရလေသည်။

‎

‎

‎ထိုအချိန်၌ပင် အိုမင်းနေသော လိပ်ကြီးတစ်ကောင်သည် တံခါးအပြင်ဘက်မှ ဖြည်းညင်းစွာ တွားသွားဝင်ရောက်လာကာ လူသားစကားဖြင့် ပြောဆိုလေသည်။

‎

‎

‎" အရှင် နတ်ဆိုးဧကရာဇ်ကြီး... ဟိုကောင်လေးက တောင်တက်နေတာ အတော်ကြာနေပြီ... အရေးကြီးတဲ့ သတင်းပို့စရာ ရှိနေပုံရတယ်... အရှင်က တကယ်ပဲ သူ့ကို လက်ခံမတွေ့ဘူးလား "

All Chapters