အခန်း (၃၆၇-၃၆၈)
Vol. 27 Ch. 367-368
အခန်း ( ၃၆၇ ) - ရာသီဥတုသာယာသည်၊ လူတိုင်းနားလည်သည်၊ အကြောင်းနှင့်အကျိုး သီအိုရီ
" ဟိုကောင်လေးကို တွေ့ဖို့လား "
နတ်ဆိုးဧကရာဇ်ကြီး မျက်မှောင်ကျုံ့လိုက်သည်နှင့် ဧကရာဇ် တာကီယွမ်၏ ပုံရိပ်သည် သူ၏စိတ်ထဲ၌ ချက်ချင်း ဖြတ်ပြေးသွားလေသည်။
အမှန်တကယ်တွင် ဧကရာဇ် တာကီယွမ်သည် ထုံထျန်းနတ်ဆိုးတောင်သို့ စတင် ရောက်ရှိလာကတည်းက နတ်ဆိုးဧကရာဇ်ကြီးသည် သူရှိနေကြောင်းကို သိရှိခဲ့သော်လည်း လျစ်လျူရှုထားခဲ့ခြင်းသာ ဖြစ်သည်။
သို့သော်.....
သူ၏လက်ဖဝါးထဲရှိ အနီရောင်အလင်းတန်းများဖြင့် တောက်ပနေသော ကျောက်စိမ်းဖြူလိပ်ခွံကို ကြည့်လျက် နတ်ဆိုးဧကရာဇ်ကြီး၏ မျက်မှောင်များမှာ ပို၍ပင် ကျုံ့သွားရလေသည်။
သူ၏အဆင့်အတန်းနှင့် စွမ်းအားအရ ရုတ်တရက် အတိတ်နိမိတ်ခံစားရခြင်းမျိုးကို သူ မယုံကြည်ခဲ့ပေ။
ရုတ်တရက် အတိတ်နိမိတ်ခံစားရခြင်းဆိုသည်မှာ အလွန်တရာ ထက်မြက်လှသော သူ၏ဝိညာဉ်ရေးရာ အာရုံခံနိုင်စွမ်းမှ သူ့ထံ ယူဆောင်လာပေးသည့် သတိပေးချက်တစ်ခုမျှသာ ဖြစ်၏။
သူ ဟောကိန်းထုတ်ရရှိခဲ့သော ကံဆိုးမည့် နိမိတ်လက္ခဏာသည် ဤကောင်လေးနှင့် သက်ဆိုင်နေနိုင်ပေသည်။
သေချာပေါက်ပင် ဤဟောကိန်းထုတ်ရရှိသော ကံဆိုးမည့် နိမိတ်သည် ဧကရာဇ်အဆင့်မျှသာရှိသော ကောင်လေးတစ်ယောက်ထံမှ မလာနိုင်ဘဲ သူ ယူဆောင်လာသည့် 'သတင်းစကား' နှင့်သာ သက်ဆိုင်နိုင်ကြောင်း နတ်ဆိုးဧကရာဇ်ကြီး သိရှိထားလေသည်။
ထို့ကြောင့် သူ၏ အကောင်းဆုံး ရွေးချယ်မှုမှာ.....
ထိုသူ့ကို လက်ခံမတွေ့ရန်ပင် ဖြစ်သည်။
နတ်ဆိုးဧကရာဇ်ကြီး၏ မျက်လုံးများမှာ တောက်ပသွားလေသည်။
ဤကျောက်စိမ်းဖြူလိပ်ခွံသည် သူ အားနည်းချိန်က ရရှိခဲ့သော အမြင့်မြတ်ဆုံး ပစ္စည်းတစ်ခုဖြစ်သည်။
အဆုံးအစမဲ့သော နှစ်ပေါင်းများစွာ တစ်လျှောက်လုံး သူသည် ကောင်းကျိုးနှင့် ဆိုးကျိုးများကို ဟောကိန်းထုတ်ရန် ဤလိပ်ခွံကိုသာ အားကိုးခဲ့၍ မရေမတွက်နိုင်သော ဘေးအန္တရာယ်များကို ဖြေရှင်းကာ အခွင့်အရေးများစွာကို ရရှိခဲ့သဖြင့် နတ်ဆိုးဧကရာဇ် ရာထူးနေရာအထိ တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် သူ၏ကာလရှည်ကြာ အတွေ့အကြုံများမှ သူ့အား အလွန်အမင်း သတိထားတတ်သော အလေ့အထတစ်ခုကို မွေးမြူပေးခဲ့လေသည်။
နတ်ဆိုးဧကရာဇ်ကြီးသည် အဘယ်ကြောင့် အမြဲတစေ ထုံထျန်းနတ်ဆိုးတောင်ထိပ်တွင်သာ နေထိုင်ကာ အခြားသက်ရှိများ အနီးသို့ မကပ်နိုင်ရန် တားမြစ်ကန့်သတ်ချက်များကို ချမှတ်ထားရသနည်း။
ပုံမှန်အားဖြင့် တိတ်ဆိတ်ငြိမ်သက်မှုကို နှစ်သက်ကာ အနှောင့်အယှက်များကို မုန်းတီးတတ်ခြင်းအပြင် ပို၍ အရေးကြီးသော အကြောင်းရင်းမှာ နတ်ဆိုးဧကရာဇ်ကြီးသည် ကံတရား၏ အကြောင်းအကျိုး အငွေ့အသက် အနည်းငယ်မျှနှင့်ပင် မစွန်းထင်းလိုသောကြောင့် ဖြစ်သည်။
ပြင်ပသက်ရှိများနှင့် ထိတွေ့ဆက်ဆံနေသရွေ့ သူသည် အကြောင်းအကျိုး ကံတရားများ၏ စွန်းထင်းမှုကို ခံရနိုင်ပေသည်။
ကျောက်စိမ်းဖြူလိပ်ခွံပေါ်တွင် ဖော်ပြထားသော ကံကြမ္မာနှင့် အကြောင်းအကျိုး တာအိုကို ကာလရှည်ကြာ လေ့လာခဲ့မှုမှ နတ်ဆိုးဧကရာဇ်ကြီးအား ဤအချက်ကို နက်နက်ရှိုင်းရှိုင်း ယုံကြည်သွားစေခဲ့သည်။
ထို့ကြောင့် နတ်ဆိုးနယ်မြေရှိ နတ်ဆိုးဧကရာဇ် အသီးသီးတို့အကြားတွင်ပင် သူသည် အတိတ်ဆိတ်ဆုံး နေထိုင်တတ်သူတစ်ဦး ဖြစ်လေသည်။
ထို့အပြင် သူ၏တစ်ဦးတည်းသော အစေခံအိုကြီးမှာလည်း နတ်ဆိုးလိပ်မျိုးနွယ်မှ ဖြစ်သည်။
ထို့ကြောင့် အဆင့်တူ နတ်ဆိုးဧကရာဇ်များစွာ၏ အမြင်တွင်ပင် သူ့အား 'လိပ်အိုကြီး' ဟု နောက်ပြောင် ခေါ်ဝေါ်ကြလေသည်။
သို့သော် နတ်ဆိုးဧကရာဇ်ကြီးသည် ဤအရာများအားလုံးကို ဂရုမစိုက်ခဲ့ပေ။
မြင့်မြတ်သော လိပ်များပင်လျှင် အသက်ရှည်ကြသော်ငြား အဆုံးသတ် ရှိကြသည်သာ။
သူသည် အနည်းငယ် ပို၍ သတိထားနေခြင်းမျှသာဖြစ်ရာ ထိုအရာက ဘာများ မှားယွင်းနေမည်နည်း။
နတ်ဆိုးဧကရာဇ်တစ်ပါးပင်လျှင် အနိုင်မခံအရှုံးမပေးနိုင်သူ မဟုတ်ကြောင်း သိထားသင့်ပေသည်။
အခြားသော နတ်ဆိုးဧကရာဇ်များနှင့် နှိုင်းယှဉ်ပါက နတ်ဆိုးဧကရာဇ်ကြီးသည် သူ၏ အချီးကျူးခံရဆုံးသော အရည်အသွေးမှာ ရိုသေလေးစားတတ်သော နှလုံးသားကို ထိန်းသိမ်းထားဆဲဖြစ်ခြင်းပင်ဟု ခံစားမိလေသည်။
အကြောင်းမှာ သူ အားနည်းချိန်မှစ၍ နတ်ဆိုးဧကရာဇ်တစ်ပါး၏ တာအိုကို ရရှိပြီးနောက်တွင်ပင် ဤကျောက်စိမ်းဖြူလိပ်ခွံ၏ လျှို့ဝှက်ချက်ကို သူ မည်သည့်အခါကမျှ ထိုးထွင်းမသိမြင်နိုင်ခဲ့သောကြောင့်ပင်တည်း။
သူ အားနည်းချိန်တွင် ထိုသို့ဖြစ်သည်ကို နားလည်ပေးနိုင်သော်လည်း နတ်ဆိုးဧကရာဇ်တစ်ပါး ဖြစ်လာပြီးနောက်တွင်ပင် မသိနိုင်သေးခြင်းမှာ သူသည် ထိုအဆင့်နှင့် ဝေးကွာနေဆဲဖြစ်ကြောင်းကို ဆိုလိုခြင်းပင်။
ထို့ကြောင့် ကျောက်စိမ်းဖြူလိပ်ခွံပေါ်တွင် ကံဆိုးမည့် နိမိတ်လက္ခဏာ ပေါ်လာတိုင်း သူသည် အစွမ်းကုန် ရှောင်လွှဲရန် ကြိုးစားကာ အနည်းငယ်မျှပင် မစွန်းထင်းစေရန် အားထုတ်တတ်လေသည်။
ကျောက်စိမ်းဖြူလိပ်ခွံပေါ်တွင် ကောင်းကျိုးပေးမည့် နိမိတ်လက္ခဏာ ပေါ်လာချိန်မှသာ သူ လှုပ်ရှားလေ့ရှိသည်။
ဤအချက်ကြောင့်ပင် အဆုံးအစမဲ့သော နှစ်ပေါင်းများစွာ တစ်လျှောက်လုံး သူ၏လက်အောက်ရှိ နတ်ဆိုးကောင်းကင်ဘုံများအကြား၌ နတ်ဆိုးဧကရာဇ်ကြီးဟူသော အမည်နာမမှာ တည်ရှိမနေခဲ့ခြင်း ဖြစ်လေသည်။
" သာမန် ဧကရာဇ်ငယ်လေးတစ်ပါးမှာ ဘယ်လို အရေးကြီးတဲ့ ကိစ္စများ ရှိနိုင်မှာမို့လို့လဲ... ငါ သူ့ကို လက်ခံမတွေ့ဘူး "
နတ်ဆိုးဧကရာဇ်ကြီးသည် သူ့အား လက်ခံမတွေ့ရန် ဆုံးဖြတ်ပြီးပြီဖြစ်ရာ ဧကရာဇ် တာကီယွမ်ကို မောင်းထုတ်ရန် လိပ်အိုကြီးအား လက်ယမ်းပြ၍ အချက်ပြလိုက်လေသည်။
" အရှင် သူ့ကို တွေ့ချင်ကောင်း တွေ့ချင်လိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ် "
လိပ်အိုကြီးမှ ဖြည်းညင်းစွာ ပြောလေသည်။
" ဒီကောင်လေးကို ကျွန်တော် အရင်က မြင်ဖူးတယ်... သူက ရှီမိုကောင်းကင်က ဧကရာဇ်ငယ်လေးတစ်ပါးပါ... အရင်က ရှီမိုကောင်းကင်အရှင် အရှင့်ဆီ လာရောက်ဂါရဝပြုတုန်းက သူ့ကို ကျွန်တော် မြင်ခဲ့ဖူးတယ်.....
ခုနလေးတင် ရှီမိုကောင်းကင်ဘက်မှာ သွေးမိုးတွေ ရွာကျနေသလိုပဲ ကျွန်တော် မြင်လိုက်ရတယ်... ပြီးတော့ အတိုင်းအတာကလည်း တော်တော်ကြီးမားတယ်... ကြည့်ရတာ..... "
လိပ်အိုကြီး၏ စကားများမှာ နတ်ဆိုးဧကရာဇ်ကြီး၏ လက်ကာပြလိုက်မှုကြောင့် ပြတ်တောက်သွားရလေသည်။
" သွေးမိုး... ဘာသွေးမိုးလဲ... ငါအရှင်က ဘာလို့ မမြင်ရတာလဲ... ငါ့ရဲ့ ထုံထျန်းနတ်ဆိုးတောင်ပေါ်မှာ ရာသီဥတုက အရမ်း သာယာနေတာပဲ "
ရာသီဥတု သာယာနေတယ်?
လိပ်အိုကြီးသည် တိတ်ဆိတ်သွားလေ၏။ ရှီမိုကောင်းကင်တွင် ဤမျှ ကြီးမားသော အပြောင်းအလဲကြီး ဖြစ်ပေါ်နေသည်ကို မကြည့်ဘဲနှင့်ပင် တစ်စုံတစ်ရာကို အာရုံခံသိရှိနိုင်ပေသည်။ ထို့အပြင် အဆုံးအစမဲ့သော သွေးမိုးများသည် ထုံထျန်းနတ်ဆိုးတောင်ပေါ်သို့ပင် ရွာကျလုနီးပါး ဖြစ်နေပြီကို အရှင်မှ မမြင်ရဘူးဟု ပြောနေသည်လော။
သရဲပြောရင်တောင် ပိုယုံရဦးမယ်!
လိပ်အိုကြီး၏ စကားမဟနိုင်ဖြစ်နေသော အမူအရာကို မြင်သော် နတ်ဆိုးဧကရာဇ်ကြီးမှ တည်ကြည်စွာဖြင့် ပြောဆိုလေသည်။
" မင်းရဲ့ စွမ်းအားက အရမ်းနိမ့်ကျလွန်းတယ်... ဒါကြောင့် ငါအရှင်လိုမျိုး မြင်ကွင်းတစ်ခုလုံးကို သဘာဝကျကျ မမြင်နိုင်တာပေါ့.....
တစ်ချို့ကိစ္စတွေက နားလည်တဲ့သူတွေပဲ နားလည်တာ... နားမလည်တဲ့ သူတွေအတွက်တော့ ဘာမှ လုပ်လို့မရဘူးလေ.....
မင်း အခု နားမလည်ရတဲ့ အကြောင်းရင်းက မင်းရဲ့ စွမ်းအားတွေ မလုံလောက်သေးလို့ပဲ.....
နောက်ပိုင်း မင်းရဲ့ စွမ်းအား လုံလောက်လာတဲ့အခါ မင်း နားလည်လာပါလိမ့်မယ်.....
ကဲ... မင်း နားလည်ပြီလား "
ဤလိပ်အိုကြီးသည် သူ အားနည်းချိန်မှစ၍ ယနေ့တိုင်အောင် သူ့နောက်သို့ လိုက်ပါလာခဲ့ခြင်း မဟုတ်ပါက နတ်ဆိုးဧကရာဇ်ကြီးသည် သူ့အား ဤမျှ ရှင်းပြနေရန် အချိန်ဖြုန်းနေမည် မဟုတ်ချေ။
" ..... "
နတ်ဆိုးဧကရာဇ်ကြီး၏ ရှင်းပြချက်သည် လိပ်အိုကြီးကို ပို၍ပင် ဆွံ့အ တိတ်ဆိတ်သွားစေခဲ့၏။
သို့သော် တစ်ဖက်လူမှာ သူ၏ အရှင်သခင်ဖြစ်နေကာ ဆုံးဖြတ်ချက်လည်း ချပြီးပြီဖြစ်ရာ သူ ငြင်းဆန်၍ မရနိုင်တော့ချေ။
သို့သော်.....
" ဘာပဲပြောပြော ဒီလူက အရှင့်ရဲ့ လက်အောက်ခံ တစ်ယောက်ရဲ့ လက်အောက်ခံပါ... အခု သူ့အနေနဲ့ အရှင့်ကို တွေ့ဖို့ ဒီလောက် အသည်းအသန် ဖြစ်နေမှတော့ တင်ပြစရာ အရေးကြီးတဲ့ ကိစ္စတစ်ခုခု ရှိနေမှာ သေချာတယ်... သူ့ကို ဘယ်လို ငြင်းလိုက်ရမလဲ "
လိပ်အိုကြီးမှ ဖြည်းညင်းစွာ မေးမြန်းလိုက်သည်။
" ငါ့လက်အောက်ခံရဲ့ လက်အောက်ခံက ငါ့လက်အောက်ခံ မဟုတ်ဘူး "
နတ်ဆိုးဧကရာဇ်ကြီးမှ တွန့်ဆုတ်ခြင်းမရှိဘဲ ပြောကြားလေသည်။
" ငြင်းရမယ့် အကြောင်းပြချက်ဆိုရင်တော့ ပိုတောင် လွယ်သေးတယ်... ဒီကောင်လေး ထုံထျန်းနတ်ဆိုးတောင်ပေါ်ကို စတက်လာတုန်းက သူက ဘယ်ခြေကို အရင်စလှမ်းခဲ့တာ ငါ မှတ်မိတယ်... ငါအရှင်က အဲ့ဒီလို ဘယ်ခြေကို အရင်စလှမ်းတတ်တဲ့ ကောင်မျိုးတွေကို အမြဲတမ်း မုန်းတယ်.....
ဒီလူက မြင့်မြတ်တဲ့ တောင်တော်ပေါ်မှာ ဘယ်ခြေကို အရင်စလှမ်းခဲ့တယ်... ဒါက ငါအရှင်ကို မရိုသေတာ သိသာနေတာပဲ... အဲ့တော့ ငါအရှင်က သူ့ကို ဘာလို့ လက်ခံတွေ့ရမှာလဲ "
ဘယ်ခြေကို... အရင်စလှမ်းခဲ့လို့ဆိုတဲ့ အကြောင်းပြချက်လေးနဲ့လား။
" ..... "
ဤစကားကို ကြားသောအခါ လိပ်အိုကြီးမှာ ပို၍ပင် ဆွံ့အ တိတ်ဆိတ်သွားခဲ့ရသည်။ အတန်ကြာပြီးနောက် သူသည် သတိထားကာ ခပ်တိုးတိုး ပြောဆိုလိုက်၏။
" အဲ့ဒီလို ပြောလိုက်တာက သူ့အတွက် နည်းနည်း... နာကျင်စရာများ ဖြစ်မနေဘူးလား "
နတ်ဆိုးဧကရာဇ်ကြီးမှာ နှုတ်ပိတ်နေလျက် ကျောက်စိမ်းဖြူလိပ်ခွံကိုသာ ခေါင်းငုံ့ကာ ကလိနေသည်ကို မြင်သော် လိပ်အိုကြီးသည် ဖြည်းညင်းစွာ နောက်ဆုတ်သွားရုံသာ တတ်နိုင်တော့၍ တောင်အောက်သို့ ဖြည်းဖြည်းချင်း ဆင်းသွားလေတော့သည်။
ထုံထျန်းနတ်ဆိုးတောင်သည် အလွန်မြင့်မားလှကာ သူ၏လှုပ်ရှားမှုများမှာလည်း လွန်စွာ နှေးကွေးလှသည်။ ဧကရာဇ် တာကီယွမ်ကို တွေ့ရရန် အချိန်အတန်ကြာ ယူရဦးမည်သာ ဖြစ်သည်။
ငြင်းပယ်ခံရသည့် သတင်းကို ကြားသောအခါ ထိုကောင်လေး အလွန်အမင်း စိတ်ပျက်မသွားစေရန်သာ သူ မျှော်လင့်နိုင်တော့သည်။
လိပ်အိုကြီး ထွက်ခွာသွားသည်ကို မြင်ပြီးနောက် နတ်ဆိုးဧကရာဇ်ကြီးသည် နောက်ဆုံးတွင် ခေါင်းမော့လာခဲ့သည်။
ရှီမိုကောင်းကင်အရှင် ကျဆုံးသွားသည့် သတင်းကို သူ မည်သို့များ မသိဘဲ နေမည်နည်း။
အမှန်တကယ်တွင် ရှီမိုကောင်းကင်အရှင် ကျဆုံးသွားသည်နှင့်တစ်ပြိုင်နက် ကောင်းကင်နှင့် မြေကြီးကြားရှိ အဆုံးမဲ့တာအိုများ၏ လှုပ်ရှားမှုများမှတစ်ဆင့် ဤသတင်းကို သူ သိရှိခဲ့ပြီး ဖြစ်သည်။
သူ ဘာမှမသိသလို ဟန်ဆောင်နေရသည့် အကြောင်းရင်းမှာ ဤအကြောင်းအကျိုး ကံတရားများ၏ စွန်းထင်းမှုကို အကြောင်းမဲ့သက်သက် မခံလိုသောကြောင့်သာ ဖြစ်သည်။
ဟောကိန်းထုတ်ရရှိသော အရောင်မှာ အနီရောင်ဖြစ်ကာ ကြီးမားသော ကံဆိုးမှုကို ညွှန်ပြနေသည်။
ဟောကိန်း၏ပုံရိပ်မှာ ငါးမျှားတံတစ်ခု ဖြစ်နေကာ တစ်စုံတစ်ယောက်မှ ဤကိစ္စကို ထောင်ချောက်တစ်ခုအဖြစ် အသုံးချ၍ သူ့အား တမင်သက်သက် မြှူဆွယ်နေခြင်းကို ဆိုလိုပေသည်။
ဤအရာများအားလုံးကို သူ သိနေပြီဖြစ်ရာ နတ်ဆိုးဧကရာဇ်ကြီးအနေဖြင့် မည်သို့လုပ်၍ ထောင်ချောက်ထဲ ဝင်ရမည်နည်း။
" အကြောင်းအကျိုး ကံတရား... အကြောင်းအကျိုး ကံတရား... အကြောင်းတရားရှိလို့ အကျိုးတရား ဖြစ်လာတယ်... အကြောင်းတရားမရှိရင် အကျိုးတရားဆိုတာ မရှိဘူး... ဒါပေမယ့် ငါအရှင် အတိတ်က စိုက်ပျိုးခဲ့တဲ့ ကောင်းမွန်တဲ့ ကံတရားတွေကို ဘယ်တော့များမှ ရိတ်သိမ်းခွင့် ရမှာပါလိမ့် "
နတ်ဆိုးဧကရာဇ်ကြီး တိုးဖွစွာ သက်ပြင်းချလိုက်သည်နှင့် သူ၏ လက်ဖဝါးထဲရှိ ကျောက်စိမ်းဖြူလိပ်ခွံပေါ်မှ မြင်ကွင်းမှာလည်း ယင်းနှင့်အညီ စတင်ပြောင်းလဲလာခဲ့လေသည်။
ကြက်သွေးရောင် ငါးမျှားနေသည့် မြင်ကွင်းမှာ ပျောက်ကွယ်သွားကာ မျိုးနွယ်စုတစ်ခု ပြောင်းရွှေ့နေသည့် မြင်ကွင်းတစ်ခုဖြင့် အစားထိုး ဝင်ရောက်လာခဲ့သည်။
ထို့အပြင် ထိုကြက်သွေးရောင်မှာ အမှန်တကယ်ပင် အလွန်မြင့်မြတ်လှသော ခရမ်းရောင်အသွေးအဖြစ်သို့ ပြောင်းလဲသွားခဲ့လေသည်။
ထိုမျှမက မျိုးနွယ်စု ပြောင်းရွှေ့နေသည့် မြင်ကွင်းထဲမှ သက်ရှိများမှာ အခြားသူများမဟုတ်ဘဲ ချီလျန်မျိုးနွယ်ပင် ဖြစ်နေချေတော့သည်။
အခန်း ( ၃၆၈ ) - အတိတ်ဖြစ်ရပ်များ၊ ကြီးမားသော အကြောင်းနှင့်အကျိုး ကံတရား၊ လုံလောက်မှုမရှိသော စိတ်နှလုံး
အကယ်၍ ချီလျိုသာ ဤနေရာတွင် ရှိနေ၍ ဤကျောက်စိမ်းဖြူလိပ်ခွံပေါ်ရှိ ပုံရိပ်ကို မြင်တွေ့လိုက်ရပါက သူ၏မျက်နှာအမူအရာမှာ သေချာပေါက် ပြောင်းလဲသွားမည်ဖြစ်သည်။
ဤမြင်ကွင်းသည် ချီလျန်မျိုးနွယ်၏ ရှေးဟောင်းမှတ်တမ်းများတွင် မှတ်တမ်းတင်ထားသော ချီလျန်မျိုးနွယ်မှ အင်မော်တယ်နယ်မြေကို ပုန်ကန်ကာ နတ်ဆိုးနယ်မြေထဲသို့ ပြောင်းရွှေ့လာခဲ့သည့် အခိုက်အတန့်ပင် ဖြစ်လေသည်။
လိပ်ခွံပေါ်တွင် ပေါ်လာသော မြင်ကွင်းနှင့် ပျောက်ကွယ်သွားရန် လုံးဝ မဖြစ်နိုင်သည့် နက်ရှိုင်းပြည့်ဝသော ထိုခရမ်းရောင်အလင်းတန်းကို ကြည့်လျက် နတ်ဆိုးဧကရာဇ်ကြီးသည် အတိတ်ကို လွမ်းဆွတ်သတိရနေသည့် အမူအရာကို မတတ်သာဘဲ ပြသလိုက်မိလေသည်။
အတိတ်တွင် ချီလျန်မျိုးနွယ်မှ အင်မော်တယ်နယ်မြေကို ပုန်ကန်ရန် ပြင်ဆင်နေချိန်၌ သူသည် နတ်ဆိုးဧကရာဇ်အဆင့်သို့ တက်လှမ်းနိုင်ခဲ့ကာစသာ ရှိသေးသည်။
ထိုအချိန်က အင်မော်တယ်နယ်မြေနှင့် နတ်ဆိုးနယ်မြေတို့သည် စစ်မက်ဖြစ်ပွားနေဆဲဖြစ်ကာ ချီလျန်မျိုးနွယ်၏ ဘိုးဘေးကြီးသည် လျှို့ဝှက်လမ်းကြောင်းတစ်ခုမှတစ်ဆင့် သူတို့ အင်မော်တယ်နယ်မြေမှ ပုန်ကန်တော့မည့် သတင်းကို နတ်ဆိုးနယ်မြေထံသို့ ပေးပို့ခဲ့၏။
နတ်ဆိုးဧကရာဇ်များအားလုံးသည် ဤသည်မှာ အင်မော်တယ်နယ်မြေကို အနိုင်ယူရန် လွန်စွာကောင်းမွန်သော အခွင့်အရေးဖြစ်သည်ဟု ယုံကြည်ခဲ့ကြသဖြင့် ချီလျန်မျိုးနွယ်၏ အညံ့ခံမှုကို လက်ခံကာ နတ်ဆိုးနယ်မြေထဲသို့ ခေါ်ဆောင်လာရန် ပြင်ဆင်ခဲ့ကြသည်။
သို့သော် ချီလျန်မျိုးနွယ်ကို ခေါ်ဆောင်လာခြင်းဆိုသည်မှာ ဒေါသထွက်နေသော အင်မော်တယ်နယ်မြေမှ အင်မော်တယ်ဧကရာဇ်၏ ချက်ချင်းသတ်ဖြတ်ခြင်းကို မခံရစေရန် အင်မော်တယ်နယ်မြေမှ ထွက်ခွာလာသည့် ခရီးစဉ်တစ်လျှောက် ချီလျန်မျိုးနွယ်ကို အကာအကွယ်ပေးရမည်ဟု ဆိုလိုခြင်းဖြစ်သည်။
ထို့ကြောင့် တစ်ဖက်မှကြည့်လျှင် ဤသည်မှာ ကောင်းမွန်သော ကိစ္စဖြစ်သော်လည်း လွယ်ကူသော အလုပ်တစ်ခုတော့ မဟုတ်ပေ။
မည်သို့ပင်ဆိုစေကာမူ ခေါ်ဆောင်ခြင်း အောင်မြင်ခဲ့လျှင်တောင် သူတို့သည် နတ်ဆိုးဧကရာဇ်များ ဖြစ်နေကြပြီဖြစ်ရာ ချီလျန်မျိုးနွယ်သည် သူတို့အတွက် မည်သည့်အကျိုးကျေးဇူးကိုမျှ ယူဆောင်လာပေးမည် မဟုတ်ပေ။
ထိုအစား ချီလျန်မျိုးနွယ်ကို ကာကွယ်ပေးခြင်းဖြင့် အင်မော်တယ်နယ်မြေမှ အင်မော်တယ်ဧကရာဇ်တစ်ပါးနှင့် ကြီးမားသော တိုက်ပွဲကြီးတစ်ခု ဆင်နွှဲရမည့် အန္တရာယ်ကိုသာ ရင်ဆိုင်ရမည်ဖြစ်သည်။
ထို့အပြင် ချီလျန်မျိုးနွယ်၏ အညံ့ခံမှုသည် ရိုးသားဖြူစင်နေလွန်းရာ အင်မော်တယ်နယ်မြေမှ ထိုလူအိုကြီးများ ဆင်ထားသော ထောင်ချောက်တစ်ခု မဟုတ်ကြောင်း မည်သူမှ ရာခိုင်နှုန်းပြည့် ကျိန်းသေပေါက် ပြောနိုင်မည်နည်း။
ထို့ကြောင့် ချီလျန်မျိုးနွယ်ကို နတ်ဆိုးနယ်မြေသို့ ခေါ်ဆောင်ရာတွင် မည်သူက ဦးဆောင်အကာအကွယ်ပေးမည်ကို ရွေးချယ်ရာ၌ နတ်ဆိုးဧကရာဇ်များအားလုံးသည် ခေါင်းငုံ့ကာ နှုတ်ပိတ်နေခဲ့ကြ၍ မည်သူတစ်ဦးတစ်ယောက်ကမျှ တာဝန်ယူရန် ဆန္ဒမရှိခဲ့ကြပေ။
ထိုအချိန်က နတ်ဆိုးဧကရာဇ်ကြီးသည်လည်း ဤတာဝန်ကို မယူလိုခဲ့ချေ။
မည်သို့ပင်ဆိုစေ သူသည် နတ်ဆိုးဧကရာဇ်အဆင့်သို့ မကြာသေးမီကမှ တက်လှမ်းထားနိုင်ခဲ့သူဖြစ်ရာ သူ၏အခြေခံအုတ်မြစ်မှာ ထိုဝါရင့် နတ်ဆိုးဧကရာဇ်များနှင့် နှိုင်းယှဉ်၍မရနိုင်သောကြောင့် သူသည် သူ့ကိုယ်သူ အကြပ်အတည်းထဲသို့ မကျစေလိုသဖြင့် တိတ်ဆိတ်စွာပင် နေခဲ့၏။
သို့သော် နတ်ဆိုးဧကရာဇ်ကြီးသည် နတ်ဆိုးဧကရာဇ်အဆင့်သို့ ယခုမှ တက်လှမ်းထားသူဖြစ်ရာ ထိုဝါရင့် နတ်ဆိုးဧကရာဇ်များနှင့် နှိုင်းယှဉ်လျှင် ဩဇာလွှမ်းမိုးမှု မရှိသူ' သာ ဖြစ်သည်။ အကယ်၍ ထိုလူအိုကြီးများသာ မလုပ်ဆောင်လိုပါက ဤတာဝန်သည် သူ့အပေါ် ကျရောက်လာရန် ဖြစ်နိုင်ခြေ မြင့်မားလွန်းနေပေသည်။
ထို့ကြောင့် မမျှော်လင့်ထားသည်များကို ပြင်ဆင်နိုင်ရန် နတ်ဆိုးဧကရာဇ်ကြီးသည် သူကိုယ်တိုင် ချီလျန်မျိုးနွယ်ကို ခေါ်ဆောင်လာပါက ကောင်းကျိုးဖြစ်မည်လား သို့မဟုတ် ဆိုးကျိုးဖြစ်မည်လားဆိုသည်ကို ဟောကိန်းထုတ်ကြည့်ခဲ့လေသည်။
သို့သော် ဟောကိန်းရလဒ်သည် နတ်ဆိုးဧကရာဇ်ကြီးကို များစွာ အံ့အားသင့်သွားစေခဲ့၏။
လိပ်ခွံပေါ်တွင် ပျောက်ကွယ်သွားရန် လုံးဝ မဖြစ်နိုင်သော နက်နဲ၍ လွန်စွာမြင့်မြတ်သည့် အရောင်တစ်ခု ပေါ်ထွက်လာခဲ့လေသည်။
ရွှေနှင့်ခရမ်းရောင်သည် ကောင်းကျိုး၊ အနက်နှင့်အနီရောင်သည် ဆိုးကျိုး!
ဤမျှ ပြည့်ဝသော ခရမ်းရောင်သည် အမြင့်မားဆုံးသော ကောင်းကျိုးကို ညွှန်ပြနေခြင်းပင်!
နတ်ဆိုးဧကရာဇ်ကြီးသည် ဤလျှို့ဝှက်ဆန်းကြယ်သော ကျောက်စိမ်းဖြူလိပ်ခွံကို ရရှိခဲ့သည့်အချိန်မှစ၍ ဤကဲ့သို့သော ဟောကိန်းလက္ခဏာမျိုးကို တစ်ခါမျှ မမြင်ဖူးခဲ့ပေ။
သူ အများဆုံး ဟောကိန်းထုတ်ဖူးသမျှထဲတွင် အကောင်းဆုံးရလဒ်မှာ မှိန်ဖျော့သော ခရမ်းရောင်မျှသာ ဖြစ်သည်။
ထို့အပြင် အတိတ်က ထိုဟောကိန်းရလဒ်သည် သူ၏ လက်ရှိ နတ်ဆိုးဧကရာဇ်ရာထူးနေရာအတွက် အခြေခံအုတ်မြစ်ချရန် အဓိက ကူညီပေးခဲ့ခြင်းဖြစ်သည်။
နတ်ဆိုးဧကရာဇ်အဆင့်သို့ ရောက်ရှိနိုင်စွမ်းရှိသော ကံကောင်းမှုမျိုးကပင် ဤကျောက်စိမ်းဖြူလိပ်ခွံပေါ်၌ မှိန်ဖျော့သော ခရမ်းရောင်အဖြစ်သာ ပေါ်လာခဲ့ခြင်းဖြစ်သည်။
သို့ဆိုလျှင် ထိုနက်ရှိုင်း၍ မြင့်မြတ်ဆုံးသော ခရမ်းရောင်သည် မည်သို့သော ကြီးမားလှသည့် ကံကောင်းမှုမျိုးကို ညွှန်ပြနေနိုင်မည်နည်း။
နတ်ဆိုးဧကရာဇ်ကြီးသည် ဘာကိုမျှ နားမလည်ခဲ့သော်လည်း အလွန်အမင်း အံ့အားသင့်သွားခဲ့ရ၏။
ထို့ကြောင့် အခြားသော နတ်ဆိုးဧကရာဇ်များ တိတ်ဆိတ်နေချိန်တွင် သူသည် ဤတာဝန်ကို လက်ခံရန် အစပြုခဲ့လေသည်။
ထိုအချိန်က အခြားနတ်ဆိုးဧကရာဇ်များမှာ နတ်ဆိုးဧကရာဇ်ကြီးသည် အနည်းငယ် လောကြီးလွန်းနေသည်ဟု ခံခံစားခဲ့ရရုံမှအပ အခြားဘာကိုမျှ မခန့်မှန်း မသိရှိနိုင်ခဲ့ချေ။ သူသည် နတ်ဆိုးဧကရာဇ်အဖြစ် တက်လှမ်းပြီးနောက် သူ့ကိုယ်သူ သက်သေပြရန် စိတ်အားထက်သန်နေခြင်းသာဖြစ်မည်ဟု ယူဆကာ နတ်ဆိုးဧကရာဇ်ကြီးထံသို့ ထိုတာဝန်ကို လွှဲအပ်လိုက်ကြလေသည်။
ယင်းနောက် နတ်ဆိုးဧကရာဇ်ကြီးသည် ချီလျန်မျိုးနွယ်ကို အကာအကွယ်ပေးကာ ရှီမိုကောင်းကင်သို့ ခေါ်ဆောင်လာ၍ အခြေချနေထိုင်စေခဲ့သည်။
သို့သော် သူသည် ကျောက်စိမ်းဖြူလိပ်ခွံပေါ်မှ ဟောကိန်းအတိုင်း လိုက်နာလုပ်ဆောင်ခဲ့သော်ငြား သူ၏စိတ်ထဲမှ သံသယများမှာ မည်သည့်အခါတွင်မျှ ပျောက်ကွယ်သွားခြင်း မရှိခဲ့ချေ။
အဘယ်ကြောင့်ဆိုသော် ချီလျန်မျိုးနွယ်ထံတွင် သူ့အတွက် ဤမျှကြီးမားသော ကံကောင်းမှုများ ပါဝင်နေနိုင်သည့် မည်သို့သော လျှို့ဝှက်ချက်ရှိနေသနည်းဆိုသည်ကို သူ နားမလည်သောကြောင့်ပင်။
အကယ်၍ ချီလျန်မျိုးနွယ်အတွင်း၌ အမှန်တကယ်ပင် ကြီးမားသော ကံကောင်းမှုတစ်ခု ရှိနေပါက အင်မော်တယ်နယ်မြေမှ အင်မော်တယ်ဧကရာဇ်အဆင့် လူအိုကြီးများမှာ မည်သို့လုပ်၍ စောစီးစွာ မသိဘဲနေမည်နည်း။
သို့သော် ကျောက်စိမ်းဖြူလိပ်ခွံပေါ်မှ ဟောကိန်းမှာ မည်သည့်အခါမျှ မမှားခဲ့ဖူးချေ။
ထို့ကြောင့် နတ်ဆိုးဧကရာဇ်ကြီးသည် စိတ်ရှုပ်ထွေးနေခဲ့သော်လည်း သူ့စိတ်ထဲတွင်သာ သိမ်းထားနိုင်ခဲ့၍ ချီလျန်မျိုးနွယ်ကို ခေါ်ဆောင်ရသည့် တာဝန်ကို အမှားအယွင်းမရှိ ပြီးမြောက်အောင် ဆောင်ရွက်ခဲ့၏။
သို့သော် ဤတာဝန်ကို ပြီးမြောက်ပြီးနောက် နတ်ဆိုးဧကရာဇ်ကြီးသည် ချီလျန်မျိုးနွယ်နှင့် နောက်ထပ် မည်သည့် ထိတွေ့ဆက်ဆံမှုမျှ မလုပ်တော့ချေ။
အကြောင်းမှာ ကျောက်စိမ်းဖြူလိပ်ခွံပေါ်တွင် ဖော်ပြထားသော ပုံရိပ်သည် အင်မော်တယ်နယ်မြေကို ပုန်ကန်ခြင်းမှသည် နတ်ဆိုးနယ်မြေထဲသို့ ဝင်ရောက်လာသည့် ချီလျန်မျိုးနွယ်၏ ခရီးစဉ်ကိုသာ ကိုယ်စားပြုသောကြောင့် ဖြစ်သည်။
ချီလျန်မျိုးနွယ် နတ်ဆိုးနယ်မြေတွင် အခြေချပြီးသည်နှင့်တစ်ပြိုင်နက် ဟောကိန်းထုတ်ထားသည့် အဖြစ်အပျက်များလည်း အဆုံးသတ်သွားပြီဖြစ်သည်။
အကယ်၍ နတ်ဆိုးဧကရာဇ်ကြီးအနေဖြင့် ချီလျန်မျိုးနွယ်နှင့် ထိတွေ့ဆက်ဆံမှု များပြားနေပါက မျက်စိဖြင့် မမြင်ရသော ကံကြမ္မာနှင့် အကြောင်းအကျိုး ကံတရားအပေါ် သေချာပေါက် သက်ရောက်မှု ရှိသွားစေမည်ဖြစ်သည်။
ထို့ကြောင့် အကောင်းဆုံး ရွေးချယ်မှုမှာ ချီလျန်မျိုးနွယ်အပေါ် မည်သည့် လွှမ်းမိုးမှုမျှ မပြုလုပ်ရန်နှင့် သူတို့နှင့် ပိုမို ထိတွေ့ဆက်ဆံခြင်း မရှိဘဲ ကံတရားကို သူ၏ သတ်မှတ်ရာလမ်းကြောင်းအတိုင်း စီးဆင်းခွင့်ပြုရန်ပင် ဖြစ်သည်။
နတ်ဆိုးဧကရာဇ်ကြီးသည် ဤသို့တွေးတောခဲ့ကာ ယင်းနှင့်အညီ ပြုမူနေထိုင်ခဲ့လေသည်။
ချီလျန်မျိုးနွယ်ကို ခေါ်ဆောင်လာပြီးနောက် မည်သည့် ကံကောင်းမှု သို့မဟုတ် အကျိုးကျေးဇူးကိုမျှ မရရှိခဲ့သည့်အပေါ် နှစ်ပေါင်းများစွာ ကြာမြင့်လာသည့်တိုင်အောင် နတ်ဆိုးဧကရာဇ်ကြီးသည် လုံးဝ ဂရုမစိုက်ခဲ့ချေ။
အကြောင်းအကျိုး ကံတရားနှင့် ကံကြမ္မာဟူသော သဘောတရားသည် စိတ်ကူးယဉ်ဆန်ပုံရသော်လည်း အမှန်တကယ်တွင် အစစ်မှန်ဆုံးပင် ဖြစ်သည်။
မကောင်းသော မျိုးစေ့များကို စိုက်ပျိုးခြင်းက မကောင်းသော အသီးအပွင့်များကို ကျိန်းသေပေါက် ဖြစ်ပေါ်စေမည်။
ကောင်းမွန်သော ဆက်နွယ်မှုများ တည်ဆောက်ခြင်းက ကောင်းမွန်သော ရလဒ်များကို ကျိန်းသေပေါက် ဖြစ်ပေါ်စေမည်သာ။
ထိုအချိန်က ချီလျန်မျိုးနွယ်ကို ခေါ်ဆောင်လာကာ ကယ်တင်ပေးခြင်းဖြင့် သူသည် ကောင်းမွန်သော ဆက်နွယ်မှုတစ်ခုကို တည်ဆောက်ခဲ့ပြီးဖြစ်သည်။ ချက်ချင်း လက်ငင်း အကျိုးကျေးဇူး မရှိရခြင်းမှာ အချိန်မကျသေးခြင်းသာ ဖြစ်ကာ ကောင်းကျိုးအသီးအပွင့်မှာ မမှည့်သေးခြင်းသာ ဖြစ်သည်။
အချိန်ကြာလာလေလေ နတ်ဆိုးဧကရာဇ်ကြီးသည် ပို၍ မျှော်လင့်လာလေလေဖြစ်သည်။
အတိတ်က ဤကောင်းမွန်သော ဆက်နွယ်မှုသည် မည်သို့သော ကောင်းကျိုးအသီးအပွင့်များကို သီးပွင့်လာမည်နည်းဆိုသည့်အပေါ် နတ်ဆိုးဧကရာဇ်ကြီးသည် ကြီးမားစွာ မျှော်လင့်နေခြင်း ဖြစ်၏။
နတ်ဆိုးဧကရာဇ်ကြီး မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေစဉ်မှာပင်.....
ထုံထျန်းနတ်ဆိုးတောင်ပေါ်တွင် လိပ်အိုကြီးသည် ဧကရာဇ် တာကီယွမ်ရှေ့သို့ ဖြည်းညင်းစွာ တွားသွားလာလေသည်။
သူ့ထံသို့ တွားသွားလာသော လိပ်အိုကြီးကို ကြည့်လျက် ဧကရာဇ် တာကီယွမ်သည် လွန်စွာ အံ့ဩသွားမိလေ၏။
ဤလိပ်အိုကြီးကို သူ တစ်ခါမျှ မမြင်ဖူးခဲ့သော်လည်း နတ်ဆိုးဧကရာဇ်ကြီး၏ ဘေးတွင် ၎င်းရှိနေကြောင်းကို သူ ကြားဖူးထားလေသည်။ ၎င်း၏အဆင့်အတန်းမှာ လေးစားဖွယ်ဖြစ်ကာ အချို့သောအခြေအနေများတွင် နတ်ဆိုးဧကရာဇ်ကြီး၏ဆန္ဒကို ကိုယ်စား ပြောကြားပေးသော ကိုယ်ပွားတစ်ခုအဖြစ်ပင် သတ်မှတ်၍ရနိုင်ပေသည်။
ထို့ကြောင့် လိပ်အိုကြီးကို မြင်လိုက်ရသောအခါ ဧကရာဇ် တာကီယွမ်သည် လွန်စွာဝမ်းမြောက်သွားခဲ့၍ သူ၏ရိုးသားဖြူစင်မှုမှာ နတ်ဆိုးဧကရာဇ်ကြီးကို စိတ်လှုပ်ရှားစေခဲ့သဖြင့် သူ့ကို လက်ခံကြိုဆိုရန် ဤလိပ်အိုကြီးကို စေလွှတ်လိုက်ခြင်းဖြစ်မည်ဟု ယုံကြည်လိုက်လေသည်။
" ဂါရဝပြုပါတယ် အရှင်! "
ဧကရာဇ် တာကီယွမ်သည် လိပ်အိုကြီးကို ကြည့်ကာ အလျင်အမြန် ဦးညွှတ်လိုက်၏။
ထို့နောက် သူသည် စိတ်အားထက်သန်စွာဖြင့် ပြောလေသည်။
" အရှင် နတ်ဆိုးဧကရာဇ်က ကျွန်တော့်ကို လာခေါ်ဖို့ စေလွှတ်လိုက်တာလား... ပွင့်ပွင့်လင်းလင်း ပြောရရင် ရှီမိုကောင်းကင်မှာ ကြီးမားတဲ့ အဖြစ်အပျက်ကြီးတစ်ခု ဖြစ်ပွားခဲ့တဲ့အတွက်... နတ်ဆိုးဧကရာဇ်ကြီးကို တင်ပြစရာ အရေးပေါ် ကိစ္စတွေ တကယ်ကို ရှိနေလို့ပါ "
ဧကရာဇ်တာကီယွမ်၏ အလျင်စလိုဖြစ်နေလျက် တိတ်တဆိတ် မျှော်လင့်နေသည့် အမူအရာကို မြင်သောအခါ လိပ်အိုကြီးသည် အနည်းငယ် တုံ့ဆိုင်းသွားမိသော်လည်း စကားဆိုလိုက်လေသည်။
" နတ်ဆိုးဧကရာဇ်ကြီးက မင်းကို လက်ခံမတွေ့ချင်ဘူး... ဘာဖြစ်လို့လဲဆိုတော့... မင်းရဲ့ စိတ်နှလုံးက လုံလောက်တဲ့ ရိုးသားဖြူစင်မှု မရှိလို့ပဲ "
ငါ့ရဲ့ စိတ်နှလုံးက... လုံလောက်တဲ့ ရိုးသားဖြူစင်မှု မရှိဘူး?
လိပ်အိုကြီး၏စကားကို ကြားသောအခါ ဧကရာဇ် တာကီယွမ်သည် ချက်ချင်းပင် အရှိုက်တည့်တည့် ထိုးခံလိုက်ရသလို ဖြစ်သွားလေတော့သည်။
နတ်ဆိုးဧကရာဇ်ကြီးက... ဒါကို ဘာသဘောနဲ့ ပြောတာပါလိမ့်?!