← Chapters

အခန်း (၃၆၉-၃၇၀)

Vol. 27 Ch. 369-370

အခန်း (၃၆၉-၃၇၀)

Vol. 27 Ch. 369-370

‎အခန်း ( ၃၆၉ ) - ပိုင်ဟွာနတ်ဆိုးအရှင်အတွက် အလွန်ကိုင်တွယ်ဖြေရှင်းရခက်ခဲနေခြင်း

‎

‎

‎

‎" မဟုတ်ဘူးလေ... ကျွန်တော်က ရှီမိုကောင်းကင်ရဲ့ သေရေးရှင်ရေးနဲ့ သက်ဆိုင်တဲ့ အရေးကြီးကိစ္စကို တင်ပြဖို့ လာခဲ့တာပါ... 'လုံလောက်တဲ့ ရိုးသားဖြူစင်မှု မရှိဘူး' ဆိုတာ ဘာသဘောလဲ "

‎

‎

‎အကယ်၍ နတ်ဆိုးဧကရာဇ်ကြီးကသာ ထိုစကားကို ပြောခဲ့ခြင်းမဟုတ်ပါက ဧကရာဇ် တာကီယွမ်သည် ထိုနေရာ၌ပင် ကျိန်ဆဲမိမည်မှာ သေချာလှသည်။

‎

‎

‎သူ၏စိတ်ထဲမှ မကျေနပ်မှုကို အတင်းအကျပ် ဖိနှိပ်ထားရင်း ဧကရာဇ် တာကီယွမ်သည် အသံကိုနှိမ့်ကာ မတတ်သာစွာ မေးမြန်းလိုက်၏။

‎

‎

‎" အရှင်... နတ်ဆိုးဧကရာဇ်ကြီးက 'ရိုးသားဖြူစင်မှု မရှိဘူး' ဆိုတာ တိတိကျကျ ဘာကို ပြောချင်တာလဲ "

‎

‎

‎ဧကရာဇ် တာကီယွမ်သည် အလွန်အမင်း နာကြည်းဝမ်းနည်းသွားလေသည်။

‎

‎

‎သူ မည်သည့်နေရာတွင် 'ရိုးသားဖြူစင်မှု မရှိ' ဖြစ်သွားသည်ကို နားမလည်နိုင်ပေ။ ထုံထျန်းနတ်ဆိုးတောင်သို့ ချဉ်းကပ်လာသည့် အချိန်မှစ၍ သူသည် ရိုသေလေးစားသော စိတ်နှလုံးကို အမြဲတစေ ထိန်းသိမ်းထားခဲ့ကာ နတ်ဆိုးဧကရာဇ်ကြီးအပေါ် အနည်းငယ်မျှပင် မရိုမသေ မလုပ်ရဲခဲ့ချေ။ ယခု အဘယ်ကြောင့် နတ်ဆိုးဧကရာဇ်ကြီးမှ သူ့အား ရိုးသားဖြူစင်မှုမရှိဟု ပြောရသနည်း။

‎

‎

‎" တစ်ချို့ကိစ္စတွေက မင်းမသိတာ ပိုကောင်းပါတယ် "

‎

‎

‎လိပ်အိုကြီးသည် ခဏတာ တိတ်ဆိတ်သွားပြီးနောက် ဤကဲ့သို့ အဖြေပေးလိုက်လေသည်။

‎

‎

‎" ကျေးဇူးပြုပြီး ရှင်းပြပေးပါ အရှင်! "

‎

‎

‎လိပ်အိုကြီး ရှောင်လွှဲနေသည်ကို မြင်သော်လည်း ဧကရာဇ် တာကီယွမ်သည် အနည်းငယ်မျှပင် စိတ်ပျက်မသွားဘဲ သွားကြိတ်ကာ တိုက်ရိုက်ပင် ဆက်လက်မေးမြန်းလိုက်သည်။

‎

‎

‎ဧကရာဇ် တာကီယွမ်၏ ဇွဲကောင်းမှုကို မြင်သောအခါ လိပ်အိုကြီးသည် အကယ်၍ တိကျသော အဖြေတစ်ခု မပေးပါက တစ်ဖက်လူမှာ လက်လျှော့မည်မဟုတ်ကြောင်း သိလိုက်လေသည်။

‎

‎

‎ထို့ကြောင့် နတ်ဆိုးဧကရာဇ်ကြီး ခုနလေးတင် ပြောခဲ့သည့် စကားကိုသာ သူ ဖြည်းညင်းစွာ ပြန်လည်ပြောပြနိုင်တော့သည်။

‎

‎

‎" အရှင် နတ်ဆိုးဧကရာဇ်ကြီးက ပြောတယ်... မင်း ထုံထျန်းနတ်ဆိုးတောင်ပေါ်ကို စတက်တုန်းက ဘယ်ခြေကို အရင်စလှမ်းခဲ့တယ်တဲ့.....

‎

‎အရှင်မင်းကြီးက ဘယ်ခြေကို အရင်စလှမ်းတဲ့သူတွေကို မကြိုက်ဘူး.....

‎

‎ဒါကြောင့်... မင်းရဲ့လုပ်ရပ်က မရိုသေရာ ရောက်တယ်တဲ့ "

‎

‎

‎ပြောပြီးနောက် လိပ်အိုကြီးသည် ဧကရာဇ် တာကီယွမ်၏ တုံ့ပြန်မှုကို မကြည့်ရက်တော့သည့်အလား ချက်ချင်းပင် ခေါင်းလှည့်ကာ ထုံထျန်းနတ်ဆိုးတောင်ထိပ်ဆီသို့ ဆက်လျှောက်သွားလေတော့သည်။

‎

‎

‎ထွက်ခွာသွားသော လိပ်အိုကြီး၏ ကျောပြင်ကို ကြည့်ကာ ဧကရာဇ် တာကီယွမ်၏ မျက်နှာတွင် နားမလည်နိုင်မှုများ ပြည့်နှက်သွားလေသည်။

‎

‎

‎ထုံထျန်းနတ်ဆိုးတောင်ကို တက်တဲ့အချိန် ဘယ်ခြေကို အရင်စလှမ်းမိလို့တဲ့လား။

‎

‎

‎ဒါက... ဘယ်လို မရိုသေမှုမျိုးလဲ။

‎

‎

‎နားမလည်နိုင်ဖြစ်ပြီးနောက် ဧကရာဇ် တာကီယွမ်၏ မျက်နှာသည် ချက်ချင်း ဖြူရော်သွားလေသည်။

‎

‎

‎ဤ နတ်ဆိုးဧကရာဇ်ကြီး ဘာတွေးနေသည်ကို သူ တကယ်ကို နားမလည်နိုင်တော့ပေ။

‎

‎

‎…………

‎

‎

‎ရှီမိုကောင်းကင်၏ အမြင့်ဆုံးနေရာရှိ ရှီမိုနန်းတော်အတွင်း၌.....

‎

‎

‎အင်မော်တယ် နတ်ဆိုးအရှင်တစ်စုသည် ဝိုင်းဖွဲ့ထိုင်နေကြကာ လေထုထဲရှိ အခြေအနေမှာလည်း အလွန်လေးလံနေလေသည်။

‎

‎

‎" ဒီလောက်အချိန်တွေ ကြာနေပြီကို ဘာလို့ တာအိုရောင်းရင်း တာကီယွမ်ဆီက ဘာသတင်းမှမရသေးတာလဲ "

‎

‎

‎နတ်ဆိုးအရှင်တစ်ပါးမှ လေးလံနေသော လေထုကို ဖြိုခွဲရင်း ပြောဆိုလိုက်သည်။

‎

‎

‎ယခုအခါ အင်မော်တယ် နတ်ဆိုးအရှင်များအားလုံးသည် ရှီမိုနန်းတော်အတွင်း စုရုံးနေကြကာ စိတ်တထိတ်ထိတ်ဖြင့် ထုံထျန်းနတ်ဆိုးတောင်မှ သတင်းကို စိတ်အားထက်သန်စွာ စောင့်မျှော်နေကြလေသည်။

‎

‎

‎သို့သော် သူတို့ စောင့်ရင်း စောင့်ရင်းဖြင့် သတင်းအစအနမှာ ပင်လယ်ထဲ ကျသွားသော ရွှံ့နွားတစ်ကောင်ပမာ ဘယ်တော့မှ ရောက်မလာခဲ့ရာ ဤရှီမိုကောင်းကင်မှ အင်မော်တယ် နတ်ဆိုးအရှင်များအား အတော်လေး စိုးရိမ်ပူပန်သွားစေခဲ့သည်။

‎

‎

‎" ကံကောင်းတာက တာကီယွမ် ထွက်သွားပြီးတဲ့နောက်မှာ ပိုင်ဟွာနတ်ဆိုးအရှင်က သွားပါရစေလို့ သူ့သဘောဆန္ဒနဲ့သူ ထပ်ပြီး တောင်းဆိုခဲ့တာပဲ... တာအိုရောင်းရင်း တာကီယွမ်က အတားအဆီးတွေ... ပြဿနာတွေနဲ့ ကြုံတွေ့ခဲ့ရရင်တောင်မှ မကြာခင်မှာ တာအိုရောင်းရင်း ပိုင်ဟွာက သတင်းကောင်း ပြန်ယူလာပေးလိမ့်မယ်လို့ ယူဆရပါတယ် "

‎

‎

‎အခြားနတ်ဆိုးအရှင်တစ်ပါးမှ သူတို့ကို နှစ်သိမ့်ရန် ပြောလိုက်သည်။

‎

‎

‎အမှန်တကယ်တွင် လွန်ခဲ့သော ရက်အနည်းငယ်က ဧကရာဇ် တာကီယွမ် ထုံထျန်းနတ်ဆိုးတောင်သို့ ထွက်သွားပြီး မကြာမီမှာပင်။

‎

‎

‎ပိုင်ဟွာနတ်ဆိုးအရှင်သည်လည်း နတ်ဆိုးဧကရာဇ်ကြီးထံ သတင်းပို့ရန် ထုံထျန်းနတ်ဆိုးတောင်သို့ သွားရောက်ဖို့ သူ့ဆန္ဒအလျောက် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

‎

‎

‎အကယ်၍ ဧကရာဇ် တာကီယွမ်တစ်ယောက်တည်းသာ သတင်းပို့ရန် သွားမည်ဆိုပါက သူ ပြဿနာတစ်ခုခုနှင့် ကြုံတွေ့၍ နှောင့်နှေးသွားနိုင်မည်ကို စိုးရိမ်ခဲ့ကြသောကြောင့် အခြားနတ်ဆိုးအရှင်တစ်ပါးကို စေလွှတ်ခြင်းမှာ အာမခံချက် တစ်ခုတိုးလာစေမည်ဖြစ်ရာ နတ်ဆိုးအရှင်များသည် မသင်္ကာမှုမရှိဘဲ ပိုင်ဟွာနတ်ဆိုးအရှင်ကို သွားရောက်ခွင့်ပြုခဲ့ကြ၏။

‎

‎

‎သို့သော် ထိုအချိန်တွင် နဖူး၌ မည်းနက်သော နတ်ဆိုးဂျိုတစ်ခုပါရှိသည့် အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော နတ်ဆိုးအရှင်တစ်ပါးမှ အသံသြသြဖြင့် ပြောဆိုလေသည်။

‎

‎

‎" ဟက်! တာအိုရောင်းရင်း တာကီယွမ်က ငါတို့ဘက်ကဆိုတာကို သံသယဖြစ်စရာ မလိုပါဘူး... ဒါပေမယ့် တာအိုရောင်းရင်း ပိုင်ဟွာရဲ့ ရည်ရွယ်ချက်တွေက ခန့်မှန်းရခက်တယ်... သူက နတ်ဆိုးဧကရာဇ်ကြီးဆီကို သတင်းပို့ဖို့ သွားတာလား... ဒါမှမဟုတ် ကိုယ့်အသက်ကိုယ်လုပြီး ထွက်ပြေးသွားတာလားဆိုတာ ပြောရခက်တယ် "

‎

‎

‎" နတ်ဆိုးဂျိုတာအိုရောင်းရင်း ဘာပဲဖြစ်ဖြစ် တာအိုရောင်းရင်း ပိုင်ဟွာက ငါတို့ ရှီမိုကောင်းကင်ရဲ့ နတ်ဆိုးအရှင်တစ်ပါးပဲ... အရင်တုန်းက ငါတို့အားလုံး အရှင်သခင်ကို အတူတူ အလုပ်အကျွေးပြုခဲ့ကြတာ... မင်းပြောတဲ့စကားက နည်းနည်း လွန်မနေဘူးလား "

‎

‎

‎နတ်ဆိုးအရှင်တစ်ပါးသည် ဤစကားများကို ကြားသောအခါ မတတ်သာဘဲ ပြန်လည်ချေပလိုက်လေသည်။

‎

‎

‎ယခုအခါ ရှီမိုကောင်းကင်သည် ကမောက်ကမဖြစ်နေ၍ လူတိုင်း အန္တရာယ်နှင့် ကြုံတွေ့နေရရာ စည်းလုံးညီညွတ်မှု အလိုအပ်ဆုံးအချိန်ပင် ဖြစ်သည်။ ဤအချိန်မျိုးတွင် ဤသို့သော စကားများကို ဖြန့်ဝေခြင်းက အခြေအနေတစ်ခုလုံးကို တမင်သက်သက် နှောင့်ယှက်ဖျက်ဆီးနေခြင်း မဟုတ်ပါလော။

‎

‎

‎အခြားသော နတ်ဆိုးအရှင်များသည်လည်း ဤသည်ကို ကြားသောအခါ နတ်ဆိုးဂျိုအရှင်အား အနည်းငယ် မကျေနပ်သော အကြည့်များဖြင့် ကြည့်လိုက်ကြကာ ဤကဲ့သို့သော အချိန်မျိုးတွင် ပိုင်ဟွာနတ်ဆိုးအရှင်အား အကြောင်းမဲ့ အပုပ်ချပြောဆိုခြင်းမှာ အမှန်တကယ်ပင် မသင့်လျော်ဟု ယူဆခဲ့ကြသည်။

‎

‎

‎ထိုနေရာတွင်ရှိနေသော နတ်ဆိုးအရှင်များ၏ တုံ့ပြန်မှုများကို မြင်သော် နတ်ဆိုးဂျိုအရှင်သည် နောက်ထပ် တစ်စုံတစ်ရာ ဆက်ပြောလိုစိတ် ရှိနေသော်ငြား နောက်ဆုံးတွင် အေးစက်စက် နှာခေါင်းတစ်ချက်မှုတ်ရုံသာ တတ်နိုင်တော့ပြီး ဆက်မပြောတော့ချေ။

‎

‎

‎ပိုင်ဟွာနတ်ဆိုးအရှင် ရှီမိုကောင်းကင်ကို သစ္စာဖောက်သည်ဆိုသည့် ခိုင်လုံသော အထောက်အထားမျိုး သူ့ထံတွင် အမှန်တကယ် မရှိပေ။ သို့မဟုတ်ပါက သူ စောစောကတည်းက ထုတ်ဖော်ပြောဆိုခဲ့ပြီး ဖြစ်လိမ့်မည်။

‎

‎

‎သို့သော် အစမှအဆုံးတိုင်အောင် ပိုင်ဟွာနတ်ဆိုးအရှင်သည် သူတို့ဘက်မှ မဟုတ်ကြောင်းကိုသာ သူ အမြဲတမ်း ခံစားနေခဲ့ရသည်။

‎

‎

‎သူသည် ထိုစကားများကို စိတ်လိုက်မာန်ပါ ပြောလိုက်ခြင်းသာဖြစ်ပြီး ယခု လူတိုင်း မကျေမနပ်ဖြစ်နေသည်ကို မြင်သောအခါ နတ်ဆိုးဂျိုအရှင်သည် အခြေအနေကို နားလည်သဖြင့် ဆက်မပြောတော့ခြင်း ဖြစ်သည်။

‎

‎

‎…

‎

‎

‎" ဒါက ထုံထျန်းနတ်ဆိုးတောင်ပဲ..... "

‎

‎

‎ထုံထျန်းနတ်ဆိုးတောင်ခြေတွင် ပန်းပွင့်လေးတစ်ပွင့်ကဲ့သို့ လှပသော မျက်နှာသွင်ပြင်ရှိ၍ ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ကျက်သရေရှိသည့် အမျိုးသမီးတစ်ဦးသည် အာကာသပြင်ပအထိ ထိုးတက်နေသော ဧရာမ နတ်ဆိုးတောင်ကြီးကို မော်ကြည့်ကာ တိုးညင်းစွာ သက်ပြင်းချလိုက်လေသည်။

‎

‎

‎" ရှီမိုကောင်းကင်အရှင် ကျဆုံးသွားတာနဲ့တင် အဲ့ဒီလူမိုက်တွေက... ဆက်ပြီး သွေးထိုးလှုံ့ဆော်မှုတွေ လုပ်ပြီး နတ်ဆိုးဧကရာဇ်ကြီးကို လှည့်စားနေကြဦးမယ်ဆိုရင်တော့ ရှီမိုကောင်းကင်က သွေးထွက်သံယိုမှုတွေ... မငြိမ်သက်မှုတွေနဲ့ ထပ်ပြီး ပြည့်နှက်သွားတော့မှာပဲ "

‎

‎

‎ပိုင်ဟွာနတ်ဆိုးအရှင်သည် တစ်ကိုယ်တည်း တိုးဖွစွာ ရေရွတ်လိုက်လေသည်။

‎

‎

‎အားနည်းချိန်မှစ၍ တက်လှမ်းလာခဲ့သော နတ်ဆိုးအရှင်တစ်ပါးအနေဖြင့် ယခုအခါ ရှီမိုကောင်းကင်သည် များစွာ ကမောက်ကမဖြစ်နေကြောင်း ပိုင်ဟွာနတ်ဆိုးအရှင် နက်နက်ရှိုင်းရှိုင်း သိရှိထားသည်။ အကယ်၍ နောက်ထပ် ပဋိပက္ခများ ထပ်မံဖြစ်ပွားလာပါက ရှီမိုကောင်းကင် လက်အောက်ရှိ ရာနှင့်ချီသော နယ်မြေများအတွက် ကောင်းမွန်သော နေ့ရက်များ ရှိတော့မည်မဟုတ်ဟု စိုးရိမ်ရလေသည်။

‎

‎

‎" ငါ ဒီကိုလာခဲ့တဲ့ ပထမအချက်က... နတ်ဆိုးဧကရာဇ်ကြီးကို ရှီမိုကောင်းကင်ရဲ့ အမှန်တရားကို အသိပေးပြီး ဒေါသမထွက်ဖို့ ဖျောင်းဖျဖို့ပဲ... ဒုတိယအချက်က နတ်ဆိုးဧကရာဇ်ကြီးရဲ့ရှေ့မှာ စကားနည်းနည်းလောက် ဝင်ပြောနိုင်မယ့် နည်းလမ်းကို ရှာဖွေပြီး... ချီလျန်မျိုးနွယ်ရဲ့ အသက်တွေကို ကာကွယ်ပေးနိုင်အောင် ကြိုးစားဖို့ပဲ "

‎

‎

‎ပိုင်ဟွာနတ်ဆိုးအရှင်သည် သူ၏စိတ်ထဲတွင် တိတ်တဆိတ် တွက်ဆလိုက်လေသည်။

‎

‎

‎ရှီမိုကောင်းကင်မှ နတ်ဆိုးအရှင်တစ်ပါးဖြစ်သော သူသည် အဘယ်ကြောင့် ချီလျန်မျိုးနွယ်ကို ဘက်လိုက်နေရသနည်း ဆိုသည်မှာတော့ ဇာတ်လမ်းက ရှည်ပေသည်။

‎

‎

‎အမှန်တကယ်တွင် အတိတ်ရှိ ပိုင်ဟွာနတ်ဆိုးအရှင် အားနည်းနေချိန်၌ သူသည် ချီလျန်မျိုးနွယ်၏ ဘိုးဘေးကြီး ချီရှောင်၏ စောင့်ရှောက်မှုကို ခံခဲ့ရကာ နောက်ပိုင်းတွင် နယ်မြေအားလုံးကို တုန်လှုပ်စေခဲ့သော ပိုင်ဟွာနတ်ဆိုးအရှင် ဖြစ်လာခဲ့ခြင်း ဖြစ်သည်။

‎

‎

‎သို့သော် ဤအကြောင်းအကျိုး ကံတရားကို ချီရှောင်၏ တောင်းဆိုမှုအရ ပြင်ပလောကသို့ မည်သည့်အခါမျှ ထုတ်ဖော်ပြောဆိုခြင်း မပြုခဲ့ပေ။

‎

‎

‎ချီလျန်မျိုးနွယ်၏ လက်ရှိ မိသားစုခေါင်းဆောင်ဖြစ်သော ချီလျိုပင်လျှင် ပိုင်ဟွာနတ်ဆိုးအရှင်နှင့် ချီလျန်မျိုးနွယ်တို့ကြား ဤကဲ့သို့သော ဆက်နွယ်မှုမျိုး ရှိနေကြောင်းကို လုံးဝ မသိခဲ့ချေ။

‎

‎

‎သို့သော် ဤအဆုံးအစမဲ့သော နှစ်ပေါင်းများစွာ တစ်လျှောက်လုံး ပိုင်ဟွာနတ်ဆိုးအရှင်သည် ချီလျန်မျိုးနွယ်ကို အမြဲတစေ တိတ်တဆိတ် ကူညီထောက်ပံ့ပေးခဲ့လေသည်။

‎

‎

‎အတိတ်က ရှီမိုကောင်းကင်သို့ စေလွှတ်ခံခဲ့ရသော ချီလျန်မျိုးနွယ်ဝင်များအနက် မရေမတွက်နိုင်သော လူများကို ပိုင်ဟွာနတ်ဆိုးအရှင်သည် အမိုက်မှောင်ထဲတွင်ရော အလင်းထဲတွင်ပါ တိတ်တဆိတ် ကယ်တင်ခဲ့၍ လျှို့ဝှက်စွာ နေရာချထားပေးခဲ့၏။ ရှီမိုကောင်းကင်မှ နတ်ဆိုးအရှင်များပင်လျှင် ဤအရာကို တစ်ခါမျှ သတိမထားမိခဲ့ကြပေ။

‎

‎

‎" အရမ်းလောလွန်းတယ်... အင်အားကြီးမားတဲ့ အင်မော်တယ်ဘုရင်တစ်ပါးကို အားကိုးလို့ရပြီဆိုရင်တောင် ဒီလောက် မဆင်မခြင် မလုပ်သင့်ဘူးလေ... ဘာပဲဖြစ်ဖြစ် ရှီမိုကောင်းကင်အရှင်က နတ်ဆိုးဧကရာဇ်ကြီးရဲ့ လက်အောက်ခံပဲ.....

‎

‎ဒီလောက် မဆင်မခြင်လုပ်ပြီး နတ်ဆိုးဧကရာဇ်ကြီးကို ဒေါသထွက်အောင် လုပ်မိရင်... အင်မော်တယ်ဘုရင်တစ်ပါးကတောင် မင်းတို့ကို ကာကွယ်ပေးနိုင်တော့မှာ မဟုတ်ဘူး "

‎

‎

‎ပိုင်ဟွာနတ်ဆိုးအရှင်သည် သက်ပြင်းချလိုက်ကာ ဖြေရှင်းရခက်ခဲလွန်းနေကြောင်း ခံစားလိုက်ရလေသည်။

‎

‎

‎အကြောင်းမှာ ပြဿနာအားလုံးကို ဖန်တီးခဲ့သော ချီလျန်မျိုးနွယ်အား ချမ်းသာပေးရန် နတ်ဆိုးဧကရာဇ်ကြီးကို မည်သို့ ဖျောင်းဖျရမည်ကို သူလည်း မသိသောကြောင့်ပင်။

‎

‎

‎သို့သော် အတိတ်က ချီရှောင်၏ သူ့အပေါ် အသက်ကယ်တင်ခဲ့သော ကျေးဇူးတရားအပြင် အခြားတစ်ခုလည်း ရှိနေသေး၏။

‎

‎

‎၎င်းမှာ ချီရှောင် အင်မော်တယ်ဘုရင်အဆင့်သို့ တက်လှမ်းရန် တိတ်တဆိတ် မကြံစည်မီ သူ့ထံ လျှို့ဝှက်စွာ ဆက်သွယ်ခဲ့၍ အကျပ်အတည်းကြုံလာပါက ချီလျန်မျိုးနွယ်အတွက် အမွေအနှစ်တစ်ခု ချန်ထားပေးနိုင်မည့် နည်းလမ်းကို ရှာဖွေပေးရန် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

‎

‎

‎ချီရှောင်၏ နောက်ဆုံးဆန္ဒလေးတစ်ခုတည်းနှင့်ပင် ပိုင်ဟွာနတ်ဆိုးအရှင်သည် လက်ပိုက်ကြည့်မနေနိုင်ခဲ့ချေ။

‎

‎အခန်း ( ၃၇၀ ) - ပိုင်ဟွာ၏ အတွေးများ၊ ကောင်းကျိုးနှင့် ဆိုးကျိုး အပြောင်းအလဲများ၊ ဒါဟာ ဆော့နေတာမဟုတ်ဘူး

‎

‎

‎

‎" တကယ်လို့ တခြားနည်းလမ်းမရှိတော့ဘူးဆိုရင်လည်း ချီလျန်မျိုးနွယ်အတွက် အမွေအနှစ်တချို့ ချန်ထားခဲ့ဖို့ ကြိုးစားရမှာပဲ "

‎

‎

‎ပိုင်ဟွာနတ်ဆိုးအရှင်သည် တိုးတိတ်စွာ ရေရွတ်လျက် မတတ်သာစွာဖြင့် သက်ပြင်းချလိုက်လေသည်။

‎

‎

‎အခြေအနေမှာ ပြန်လည်ကုစား၍ မရနိုင်တော့ပါက သူ့အနေဖြင့် ချီလျန်မျိုးနွယ်တစ်ခုလုံးကို ကာကွယ်ပေးရန် ကြိုးပမ်းနေမှုကို စွန့်လွှတ်ရုံသာရှိပြီး နှစ်များတစ်လျှောက် ရှီမိုကောင်းကင်မှ သူ ကယ်တင်ခဲ့သော ထိုချီလျန်မျိုးနွယ်ဝင်များကိုသာ ကာကွယ်ပေးကာ ချီလျန်မျိုးနွယ်အတွက် အမွေအနှစ်တစ်ခု ချန်ထားပေးနိုင်ရန် သူတို့ကို သေချာစွာ နေရာချထားပေးရမည်ဖြစ်သည်။

‎

‎

‎သို့သော် ဤသည်မှာ သူ ကာကွယ်ပေး‌ခဲ့ရာမှ အသက်ရှင်သန်ခွင့်ရခဲ့ကြသော ချီလျန်မျိုးနွယ်ဝင်များအနေဖြင့် နတ်ဆိုးနယ်မြေသို့ မည်သည့်အခါမျှ ပြန်လည်ဝင်ရောက်နိုင်တော့မည်မဟုတ်ဘဲ ထိုအချိန်မှစ၍ ချီလျန်မျိုးနွယ်ဟူသော အမည်နာမကိုလည်း စွန့်လွှတ်ရမည်ပင်။

‎

‎

‎မည်သို့ပင်ဆိုစေ ထိုအချိန်ရောက်လျှင် အင်မော်တယ်နယ်မြေ၌ဖြစ်စေ၊ နတ်ဆိုးနယ်မြေ၌ဖြစ်စေ ချီလျန်မျိုးနွယ်သည် 'သစ္စာဖောက်များ' အဖြစ် သတ်မှတ်ခံရမည်ဖြစ်၏။ အကယ်၍ သူတို့သာ ချီလျန်မျိုးနွယ်ဟူသော အမည်နာမဖြင့် ဆက်လက်နေထိုင်နေမည်ဆိုပါက ဟွမ်သွမ့်ပင်လယ်အတွင်းရှိ ကမ္ဘာငယ်လေးတစ်ခု၌ နေထိုင်လျှင်တောင် လုံခြုံနိုင်မည် မဟုတ်ချေ။

‎

‎

‎" မဖြစ်ဘူး... ငါ မြန်မြန်လုပ်မှရမယ်... တာကီယွမ်ဆိုတဲ့ကောင် နတ်ဆိုးဧကရာဇ်ကြီးကို တွေ့ပြီးပြီလား မသိဘူး "

‎

‎

‎ပိုင်ဟွာနတ်ဆိုးအရှင်သည် ခဏတာ တွေးတောလိုက်ပြီးနောက် ထုံထျန်းနတ်ဆိုးတောင်ပေါ်သို့ အလျင်စလို တက်သွားလေသည်။

‎

‎

‎ဧကရာဇ် တာကီယွမ်သည် နတ်ဆိုးဧကရာဇ်ကြီးကို တွေ့ခဲ့ပြီးပြီလားဆိုသည်ကို သူ မသိသော်လည်း တာကီယွမ်၏ စရိုက်အရ သူသည် သေချာပေါက် ပုံကြီးချဲ့ပြောဆိုမည်ဖြစ်ကာ ရှီမိုကောင်းကင်အရှင် သေဆုံးမှုအတွက် ချီလျန်မျိုးနွယ်၏ နောက်ကွယ်ရှိ အင်မော်တယ်ဘုရင်အပေါ် လုံးဝ အပြစ်ပုံချလိမ့်မည်ကိုမူ သူ ကောင်းစွာ သိထား၏။

‎

‎

‎အကယ်၍ နတ်ဆိုးဧကရာဇ်ကြီးသာ တာကီယွမ်အား ယုံကြည်သွားပါက သူ မည်သို့ပင်ပြောစေကာမူ နတ်ဆိုးဧကရာဇ်ကြီးသည် သူ့ကို ယုံကြည်တော့မည်မဟုတ်ချေ။

‎

‎

‎ထို့ကြောင့် အရေးအကြီးဆုံးကိစ္စမှာ ထုံထျန်းနတ်ဆိုးတောင်ပေါ်သို့ အမြန်တက်သွားကာ နတ်ဆိုးဧကရာဇ်ကြီး တစ်စုံတစ်ရာ အရေးမယူမီ ဖျောင်းဖျရန်ပင် ဖြစ်သည်။

‎

‎

‎ထုံထျန်းနတ်ဆိုးတောင်ထိပ်ရှိ နန်းတော်အတွင်း၌.....

‎

‎

‎နတ်ဆိုးဧကရာဇ်ကြီးသည် မျက်မှောင်ကျုံ့လိုက်ကာ တစ်စုံတစ်ရာ မကျေနပ်သော လေသံဖြင့် ပြောဆိုလေ၏။

‎

‎

‎" မပြီးကြသေးဘူးလား "

‎

‎

‎နတ်ဆိုးဧကရာဇ်ကြီးသည် အလွန်အမင်း စိတ်အနှောင့်အယှက်ဖြစ်နေပုံရသည်။ အကြောင်းမှာ နောက်ထပ် နတ်ဆိုးအရှင်တစ်ပါး ထုံထျန်းနတ်ဆိုးတောင်ပေါ်သို့ တက်လာသည်ကို သူ အာရုံခံသိရှိလိုက်သောကြောင့်ပင်။

‎

‎

‎သူသည် တစ်ယောက်ကို မောင်းထုတ်လိုက်ကာရှိသေး၊ ယခု နောက်တစ်ယောက် ရောက်လာပြန်သည်။ သူ၏ထုံထျန်းနတ်ဆိုးတောင်ကို မည်သူမဆို ဝင်ထွက်သွားလာနိုင်သည့် နေရာတစ်ခုဟု ထင်မှတ်နေကြသလော။

‎

‎

‎" ဒါလည်း ရှီမိုကောင်းကင်ကပဲ ဖြစ်ရမယ်... တာကီယွမ်ဆိုတဲ့ ကောင်လေးနဲ့ ရည်ရွယ်ချက်တူတူပဲ ဖြစ်လောက်တယ် "

‎

‎

‎လိပ်အိုကြီးသည် ခဏတာ အာရုံခံကြည့်ပြီးနောက် ဖြည်းညင်းစွာ ပြောဆိုလိုက်သည်။

‎

‎

‎" မင်းသွားပြီး သူ့ကိုလည်း မောင်းထုတ်လိုက် "

‎

‎

‎နတ်ဆိုးဧကရာဇ်ကြီးသည် စိတ်မရှည်စွာဖြင့် လက်ယမ်းပြလိုက်ကာ နောက်မှရောက်လာသော ပိုင်ဟွာနတ်ဆိုးအရှင်ကိုလည်း ယခင်အတိုင်း မောင်းထုတ်ရန် လိပ်အိုကြီးအား အချက်ပြလိုက်လေသည်။

‎

‎

‎လိပ်အိုကြီးသညါ ခေါင်းညိတ်လိုက်ကာ ထွက်သွားရန် ပြင်လိုက်၏။

‎

‎

‎ပိုင်ဟွာနတ်ဆိုးအရှင် ထုံထျန်းနတ်ဆိုးတောင်ပေါ်သို့ တက်လာချိန်တွင်လည်း ဘယ်ခြေကို အရင်စလှမ်းခဲ့သည်ကို သူ သတိထားမိလိုက်ရာ ငြင်းပယ်ရန် အကြောင်းပြချက်မှာ အသင့်ရှိနေပြီးဖြစ်သည်။ ယခင် 'အတွေ့အကြုံ' ရှိထားပြီးဖြစ်ရာ လိပ်အိုကြီးသည် ဘာလုပ်ရမည်ကို သဘာဝကျကျပင် သိနေလေသည်။

‎

‎

‎" ဟုတ်ကဲ့ပါ "

‎

‎

‎လိပ်အိုကြီး ဖြည်းညင်းစွာ ထွက်ခွာသွားသည်ကို မြင်သော် နတ်ဆိုးဧကရာဇ်ကြီးသည် ဖြေညင်းစွာ ခေါင်းညိတ်လိုက်လေသည်။

‎

‎

‎ထို့နောက် သူ၏လက်ဖဝါးထဲရှိ ကျောက်စိမ်းဖြူလိပ်ခွံကို ပေါ့ပေါ့ပါးပါးပင် ကြည့်လိုက်မိရာ နတ်ဆိုးဧကရာဇ်ကြီးအား ရုတ်တရက် အေးခဲသွားစေခဲ့တော့သည်။

‎

‎

‎အဘယ်ကြောင့်ဆိုသော် ကျောက်စိမ်းဖြူလိပ်ခွံ၏ ကျောဘက်တွင် ငါးမျှားနေသည့် မြင်ကွင်းကို ပြသနေဆဲဖြစ်သော်ငြား။

‎

‎

‎လိပ်ခွံပေါ်ရှိ ကြက်သွေးရောင်မှာ မည်သည့်အချိန်က ပျောက်ကွယ်သွားမှန်းမသိစွာ ပြည့်ဝသော ရွှေရောင်ဖြင့် အစားထိုး ဝင်ရောက်လာသောကြောင့်ပင်တည်း။

‎

‎

‎ဒါ... ဘာဖြစ်ရတာလဲ။ ဟောကိန်းတစ်ခုတည်းမှာပဲ ကံဆိုးမယ့်နိမိတ်ကနေ ကောင်းကျိုးပေးမယ့်နိမိတ်အဖြစ် ပြောင်းလဲသွားတယ်ပေါ့?!

‎

‎

‎နတ်ဆိုးဧကရာဇ်ကြီးသည် ဤကဲ့သို့သော နိမိတ်မျိုးကို အမှန်တကယ် တစ်ခါမျှ မမြင်ဖူးခဲ့ချေ!

‎

‎

‎သို့သော် ကံဆိုးမည့်နိမိတ်မှာ မည်သို့လုပ်၍ ကောင်းကျိုးပေးမည့်နိမိတ်အဖြစ် ရုတ်တရက် ပြောင်းလဲသွားနိုင်သနည်း။

‎

‎

‎ဒါက မမှန်ဘူး!

‎

‎

‎အကယ်၍ ကျောက်စိမ်းဖြူလိပ်ခွံအပေါ် အလွန်အမင်း ယုံကြည်မှုမရှိပါက နတ်ဆိုးဧကရာဇ်ကြီးသည် လိပ်ခွံ၏ ဟောကိန်းတွင် ပြဿနာတစ်ခုခုရှိနေပြီဟုပင် သံသယဝင်မိမည်ဖြစ်သည်။

‎

‎

‎သို့သော် နတ်ဆိုးဧကရာဇ်ကြီး၏ ဂရုတစိုက် လေ့လာမှုအောက်တွင် လိပ်ခွံမျက်နှာပြင်ပေါ်ရှိ ပြည့်ဝသော ရွှေရောင်သည် တဖြည်းဖြည်းချင်း မှေးမှိန်လာနေပုံရကြောင်းကို အမှန်တကယ်ပင် သူ တွေ့ရှိလိုက်ရသည်။

‎

‎

‎ကောင်းကျိုးအလင်းတောင် ပြန်မှေးမှိန်လာပြန်ပြီလား။

‎

‎

‎နတ်ဆိုးဧကရာဇ်ကြီးသည် မှင်သက်သွား၍ ဖြည်းညင်းစွာ ထွက်ခွာသွားသော လိပ်အိုကြီးကို မသိစိတ်အလျောက် လှမ်းကြည့်လိုက်မိရာ တစ်စုံတစ်ရာကို နားလည်သဘောပေါက်သွားဟန်ဖြင့် အလျင်အမြန်ပင် ပြောဆိုလိုက်လေ၏။

‎

‎

‎" မသွားနဲ့ဦး... ခဏနေဦး! "

‎

‎

‎ထိုစကားကို ကြားသောအခါ လိပ်အိုကြီးသည် ရပ်တန့်သွားလျက် နတ်ဆိုးဧကရာဇ်ကြီးကို နားမလည်နိုင်သော အမူအရာဖြင့် လှည့်ကြည့်လာလေသည်။

‎

‎

‎သို့သော် နတ်ဆိုးဧကရာဇ်ကြီး၏ အကြည့်များကမူ ကျောက်စိမ်းဖြူလိပ်ခွံပေါ်တွင်သာ စူးစိုက်နေခဲ့သည်။

‎

‎

‎လိပ်အိုကြီး ရပ်တန့်သွားသည်နှင့်တစ်ပြိုင်နက် ကျောက်စိမ်းဖြူလိပ်ခွံပေါ်တွင် ဖြည်းဖြည်းချင်း မှေးမှိန်လျော့ပါးလာနေသော ရွှေရောင်သည်လည်း ရုတ်တရက် မှေးမှိန်ခြင်း ရပ်တန့်သွားလေတော့သည်။

‎

‎

‎ဒါက.....

‎

‎

‎နတ်ဆိုးဧကရာဇ်ကြီး၏ မျက်လုံးများသည် တောက်ပသွားကာ တစ်စုံတစ်ရာကို နားလည်သဘောပေါက်သွားကြောင့် ဖော်ပြနေလေ၏။

‎

‎

‎တူညီသော ဟောကိန်းအတွက် နိမိတ်လက္ခဏာမှာ အစမှအဆုံးတိုင်အောင် မည်သည့်အခါမျှ ပြောင်းလဲမသွားခဲ့ချေ။ ရှီမိုကောင်းကင်၏ အဖြစ်အပျက်များကို အသုံးချကာ သူ့အား 'ငါးမျှား' ရန် ကြိုးစားနေသူ တစ်စုံတစ်ယောက် အမြဲရှိနေခဲ့သည်။

‎

‎

‎ပြောင်းလဲသွားသည့် တစ်ခုတည်းသော အရာမှာ ဟောကိန်း၏ ရလဒ်ပင် ဖြစ်သည်။

‎

‎

‎မကြာသေးမီက အလွန်အမင်း ကံဆိုးမည့်နိမိတ် ဖြစ်ခဲ့သော်လည်း ယခုအခါ အလွန် ကောင်းကျိုးပေးမည့်နိမိတ် ဖြစ်လာခဲ့လေပြီ။

‎

‎

‎ယခုလေးတင် လိပ်အိုကြီး၏ လုပ်ရပ်များနှင့် ဟောကိန်း၏ ကောင်းကျိုး၊ ဆိုးကျိုး ပြောင်းလဲမှုတို့အပေါ် ပေါင်းစပ်တွေးတောကြည့်လိုက်သောအခါ.....

‎

‎

‎နတ်ဆိုးဧကရာဇ်ကြီးမှာ ချက်ချင်းပင် နားလည်သွားလေတော့သည်။

‎

‎

‎ဟောကိန်း၏ ကောင်းကျိုးနှင့် ဆိုးကျိုး လုံးဝကွဲပြားနေရခြင်း၏ အကြောင်းရင်းမှာ ထုံထျန်းနတ်ဆိုးတောင်သို့ သတင်းလာပို့သော သူအပေါ် မူတည်နေသောကြောင့်ပင်။

‎

‎

‎ဧကရာဇ် တာကီယွမ် လာစဉ်က ဟောကိန်းမှာ ကြက်သွေးရောင်ကို ပြသခဲ့သည်။

‎

‎

‎သို့သော် နောက်ပိုင်း ဤကောင်မလေး လာသောအခါ ဟောကိန်းမှာ ရွှေရောင်ဖြစ်နေခဲ့သည်။

‎

‎

‎ယခုလေးတင် ထိုကောင်မလေးကို ပြန်လွှတ်ရန် လိပ်အိုကြီးအား သူ ခွင့်ပြုလိုက်ပါက ဟောကိန်းပေါ်ရှိ ပြည့်ဝသော ရွှေရောင်သည်လည်း သေချာပေါက် ပျောက်ကွယ်သွားလိမ့်မည်ဟု နတ်ဆိုးဧကရာဇ်ကြီး ခန့်မှန်းမိလေသည်။

‎

‎

‎ထို့ကြောင့် ဟောကိန်း၏ ကောင်းကျိုးနှင့် ဆိုးကျိုး ပြောင်းလဲမှုသည် လာရောက်သူ ကွဲပြားခြင်းပေါ်မူတည်၍ ဖြစ်ပေါ်လာခြင်းပင်တည်း!

‎

‎

‎" သာမန် ဧကရာဇ်ငယ်လေးတစ်ပါးကများ ငါအရှင်အပေါ် အကြံအစည်လုပ်ဖို့ ကြိုးစားနေတယ်ပေါ့! "

‎

‎

‎တာကီယွမ်ဆိုသော ကောင်လေးမှ သူ့အပေါ် လှည့်စားရန် ကြိုးစားနေသည်မှာ သေချာသည်ဟု ခံစားလိုက်ရသောကြောင့် နတ်ဆိုးဧကရာဇ်ကြီး၏ အမူအရာမှာ မကျေမနပ်ဖြစ်နေ၏။ အကယ်၍ သူ၏ နတ်ဆိုးဧကရာဇ် ဂုဏ်သိက္ခာကိုသာ ထည့်မတွက်ရပါက ထိုကောင်လေးကို နေရာမှာတင် ရိုက်သတ်ပစ်မိမည် ဖြစ်သည်။

‎

‎

‎သို့သော် ယခု အရေးအကြီးဆုံးကိစ္စမှာ တာကီယွမ်ကို မည်သို့ ကိုင်တွယ်ရမည်ဆိုသည်မဟုတ်ဘဲ နောက်မှရောက်လာသော ထိုကလေးမကို သူ့ထံ အမြန်လာတွေ့ခိုင်းရန်ပင် ဖြစ်သည်။

‎

‎

‎" မင်းသွား... အဲ့ဒီကလေးမကို ငါ့ဆီ ခေါ်ခဲ့! "

‎

‎

‎နတ်ဆိုးဧကရာဇ်ကြီးသည် လျင်မြန်စွာ အမိန့်ပေးလိုက်၏။

‎

‎

‎" ..... "

‎

‎

‎ခုနလေးတင် သူပဲ လက်ခံမတွေ့ချင်ပါဘူးဆိုပြီး အခုကျမှ ဘာလို့ ဒီလောက်မြန်မြန် စိတ်ပြောင်းသွားရတာလဲ။

‎

‎

‎လိပ်အိုကြီးမှာ တိတ်ဆိတ်နေဆဲပင်။ သူ၏အရှင်သခင် ဘာကိုတွေးနေသည်ကို သူ မသိသော်လည်း ပိုင်ဟွာနတ်ဆိုးအရှင်ကို အပေါ်သို့ ခေါ်ဆောင်လာရန် နာခံထွက်ခွာသွားရုံသာ တတ်နိုင်တော့သည်။

‎

‎

‎လိပ်အိုကြီး ထွက်ခွာသွားသည်နှင့်အမျှ ကျောက်စိမ်းဖြူလိပ်ခွံပေါ်ရှိ ရွှေရောင်သည် အမှန်တကယ်ပင် အဆပေါင်းများစွာ ပိုမိုပြည့်ဝလာကာ ခရမ်းရောင် အရိပ်အယောင်တစ်ခုကိုပင် ရေးရေးမျှ မြင်လိုက်ရသကဲ့သို့ ရှိလေသည်။

‎

‎

‎ကောင်းမွန်တဲ့ အကြောင်းအကျိုး ကံတရား၊ ကြီးမားတဲ့ ကံကောင်းမှုပဲ!

‎

‎

‎နတ်ဆိုးဧကရာဇ်ကြီး၏ မျက်နှာတွင် ဝမ်းမြောက်မှုများ ပေါ်လွင်လာလေသည်။

‎

‎

‎သူ၏ယခင်ခန့်မှန်းချက်သည် အမှန်တကယ်ပင် မှန်ကန်နေခဲ့သည်။ ဟောကိန်း၏ ကောင်းကျိုးနှင့် ဆိုးကျိုး ကွဲပြားနေရခြင်းအကြောင်းရင်းမှာ သတင်းလာပို့သူ ကွဲပြားခြင်းပေါ်လိုက်၍ ဖြစ်ပေါ်လာခြင်းပင်တည်း။

‎

‎

‎... ... ... ...

‎

‎

‎ထုံထျန်းနတ်ဆိုးတောင်၏ တောင်ခါးပန်းတွင်.....

‎

‎

‎အပေါ်သို့ အလျင်စလို တက်လာသော ပိုင်ဟွာနတ်ဆိုးအရှင်သည် တောင်ပေါ်မှ ငေးမောကာ ဆင်းလာသည့် ဧကရာဇ် တာကီယွမ်နှင့် ဆုံတွေ့လိုက်လေသည်။

‎

‎

‎" တာအိုရောင်းရင်း တာကီယွမ်... နတ်ဆိုးဧကရာဇ်ကြီးကို တွေ့ခဲ့ရလား "

‎

‎

‎ဧကရာဇ် တာကီယွမ်၏ ပုံပန်းသွင်ပြင်ကို မြင်သောအခါ ပိုင်ဟွာနတ်ဆိုးအရှင်သည် မှင်သက်သွားကာ မေးမြန်းလိုက်မိလေသည်။

‎

‎

‎" မတွေ့ခဲ့ရဘူး "

‎

‎

‎ဧကရာဇ် တာကီယွမ်မှ ခေါင်းခါလိုက်ပြီးနောက် ပိုင်ဟွာနတ်ဆိုးအရှင်ကို လှမ်းကြည့်ကာ ထုံထိုင်းစွာဖြင့် ပြောလေသည်။

‎

‎

‎" နတ်ဆိုးဧကရာဇ်ကြီးက ငါ့ကို မရိုသေဘူးဆိုပြီး လက်ခံမတွေ့ချင်ဘူးတဲ့... အော်... ဒါနဲ့ တာအိုရောင်းရင်း ပိုင်ဟွာ... ခုနက ထုံထျန်းနတ်ဆိုးတောင်ပေါ်ကို တက်လာတုန်းက မင်း ဘယ်ခြေကို အရင်စလှမ်းခဲ့လဲ "

‎

‎

‎" အင်း... ငါ ဘယ်ခြေကို အရင်စလှမ်းခဲ့တာ "

‎

‎

‎ဧကရာဇ် တာကီယွမ်သည် အဘယ်ကြောင့် ဤမျှ ထူးဆန်းသော မေးခွန်းကို ရုတ်တရက် မေးလာသနည်းဆိုသည်ကို ပိုင်ဟွာနတ်ဆိုးအရှင် မသိသော်ငြား များစွာမတွေးတော့ဘဲ ပြန်ဖြေလိုက်လေသည်။

‎

‎

‎" ဘယ်ခြေလား... ဒါဆို မျှော်လင့်ချက်မရှိတော့ဘူး... မင်း ထပ်ပြီး အချိန်ဖြုန်းနေစရာ မလိုတော့ဘူး... ငါနဲ့ပဲ အတူတူ ပြန်လိုက်ခဲ့တော့ "

‎

‎

‎ဧကရာဇ် တာကီယွမ်သည် ခေါင်းခါလျက် ပြောလေ၏။

‎

‎

‎" ခုနက နတ်ဆိုးဧကရာဇ်ကြီးက... ထုံထျန်းနတ်ဆိုးတောင်ပေါ်ကို တက်တုန်းမှာ ငါက ဘယ်ခြေကို အရင်စလှမ်းခဲ့လို့ ငါ့ရဲ့စိတ်နှလုံးက ရိုးသားဖြူစင်မှု မရှိဘူးတဲ့လေ...

‎

‎အခု မင်းကလည်း ဘယ်ခြေကို အရင်စလှမ်းခဲ့တာဆိုတော့... နတ်ဆိုးဧကရာဇ်ကြီးက မင်းကိုလည်း လက်ခံတွေ့မှာ မဟုတ်လောက်တော့ဘူး "

All Chapters