အခန်း (၃၇၁-၃၇၂)
Vol. 27 Ch. 371-372
အခန်း ( ၃၇၁ ) - ငါနားလည်တယ်၊ ဘာလို့ရှင်းပြနေမှာလဲ၊ နတ်ဆိုးဧကရာဇ်ကြီးနှင့် တွေ့ဆုံခြင်း
ဘယ်ခြေကို အရင်စလှမ်းမိရုံလေးနဲ့ နတ်ဆိုးဧကရာဇ်ကြီးက သူ့ကို လက်ခံမတွေ့ဘူးတဲ့လား။
တာကီယွမ်၏ ပြောပြမှုအပြီးနောက် ပိုင်ဟွာမှာ အလွန်ပင် ယုတ္တိမရှိဟု ခံစားလိုက်ရလေသည်။
နတ်ဆိုးဧကရာဇ်ကြီးက ဘယ်လိုလုပ်ပြီး ဒီလောက် အခြေအမြစ်မရှိတဲ့ ဆင်ခြေမျိုး ပေးနိုင်ရတာလဲ။
တာကီယွမ်၏ မျက်နှာအမူအရာသာ တကယ်ဖြစ်နေပုံမရလျှင် ပိုင်ဟွာသည် တာကီယွမ်မှ သူ့အား လိမ်နေသည်ဟုပင် ထင်မိမည်ဖြစ်သည်။
" ငါတို့ရဲ့ နတ်ဆိုးဧကရာဇ်ကြီးက... အင်းလေ... သိတဲ့သူတွေကတော့ သိကြပါတယ် "
တာကီယွမ်သည် အသံကို နှိမ့်ကာ ပိုင်ဟွာနတ်ဆိုးအရှင်ကို ပြောလိုက်သော်လည်း ထုံထျန်းနတ်ဆိုးတောင်ပေါ်တွင် ရှိနေဆဲဖြစ်သောကြောင့်လားမသိ၊ သူသည် များများစားစား မပြောရဲဘဲ 'သိတဲ့သူတွေကတော့ သိကြပါတယ်' ဆိုသည့် စကားတစ်ခွန်းကိုသာ ပေးစွမ်းနိုင်ခဲ့သည်။
တာကီယွမ်၏ စကားကြောင့် ပိုင်ဟွာနတ်ဆိုးအရှင်သည် ဤနတ်ဆိုးဧကရာဇ်ကြီးနှင့် ပတ်သက်သော ကောလာဟလများကို သူ၏စိတ်ထဲတွင် ပြန်လည်သတိရသွားစေခဲ့သည်။
ကောလာဟလများအရ နတ်ဆိုးဧကရာဇ်ကြီးသည် အခြားသော စွမ်းအားရှင်များအားလုံးနှင့် မတူဘဲ အမှန်တကယ်ပင် ထူးဆန်းသော စရိုက်ရှိသည်ဟု ဆိုကြသည်။
ထိုသို့ဆိုလျှင် နတ်ဆိုးတောင်ပေါ်သို့ ဘယ်ခြေအရင်စလှမ်းမိ၍ လူတစ်ယောက်ကို လက်ခံမတွေ့ခြင်းမှာ လုံးဝ အကြောင်းပြချက်မရှိတာမျိုးတော့ မဟုတ်နိုင်ပေ။
သို့ဆိုလျှင် သူ နတ်ဆိုးဧကရာဇ်ကြီးကို မတွေ့နိုင်တော့သကဲ့သို့ ဧကရာဇ် တာကီယွမ်သည်လည်း မတွေ့ခဲ့ရရာ နတ်ဆိုးဧကရာဇ်ကြီးမှ ရှီမိုကောင်းကင်တွင် ဖြစ်ပျက်ခဲ့သည့်ကိစ္စများကို သိပ်ပြီး အာရုံစိုက်မည်မဟုတ်ဟု ဆိုလိုရာ မရောက်ပေဘူးလော။
ပိုင်ဟွာနတ်ဆိုးအရှင်၏ မျက်နှာအမူအရာမှာ ဤကိစ္စ၏ ဖြစ်တန်ခြေရှိသော အဓိပ္ပာယ်များကို တွေးတောနေရင်း အနည်းငယ် ပြောင်းလဲသွားလေသည်။
အကယ်၍ ထိုသို့သာဆိုလျှင် ဤအရာမှာ သတင်းဆိုးတော့ မဟုတ်နိုင်တော့ပေ။
ပိုင်ဟွာနတ်ဆိုးအရှင်သည် တိတ်တဆိတ် သက်ပြင်းချကာ စိတ်အေးသွားလေသည်။
ယခင်က သူ၏ အကြီးမားဆုံးသော စိုးရိမ်ပူပန်မှုမှာ ဧကရာဇ် တာကီယွမ်မှ သူ့ထက်အရင် နတ်ဆိုးဧကရာဇ်ကြီးအား တွေ့ဆုံသွားပါက နတ်ဆိုးဧကရာဇ်ကြီးထံ ကြိုတင်လွှမ်းမိုးမှုတစ်ခု ဖြစ်ပေါ်သွားစေမည်ကိုပင် ဖြစ်သည်။
ထိုသို့ဆိုလျှင် နောက်ပိုင်း သူ နတ်ဆိုးဧကရာဇ်ကြီးကို တွေ့ရလျှင်တောင်မှ နတ်ဆိုးဧကရာဇ်ကြီးအား စိတ်ပြောင်းသွားအောင် လုပ်ရန် အလွန်ခက်ခဲပေလိမ့်မည်။
သို့သော် ယခုအခါ ဧကရာဇ် တာကီယွမ်သည်လည်း အရှင်မင်းကြီး နတ်ဆိုးဧကရာဇ်ကို မတွေ့ခဲ့ရရာ တစ်ဖက်မှကြည့်လျှင် ၎င်းကို သတင်းကောင်းတစ်ခုအဖြစ် အမှန်တကယ် မှတ်ယူနိုင်ပေသည်။
" ကောင်းပြီလေ... ဒါဆိုရင်လည်း တာအိုရောင်းရင်း တာကီယွမ်နဲ့ အတူတူပဲ ပြန်ကြတာပေါ့ "
ပိုင်ဟွာနတ်ဆိုးအရှင်သည် ခဏတာ တွေးတောလိုက်ပြီးနောက် သဘောတူညီစွာ ခေါင်းညိတ်လိုက်လေသည်။
" ဟူး..... "
ဧကရာဇ် တာကီယွမ်သည် သက်ပြင်းချလိုက်ကာ သူ၏မျက်နှာအမူအရာမှာလည်း အနည်းငယ် ညှိုးနွမ်းနေလေသည်။
အကယ်၍ နတ်ဆိုးဧကရာဇ်ကြီးသာ ရှီမိုကောင်းကင်၏ ကိစ္စရပ်များတွင် ဝင်ရောက်စွက်ဖက်လိုခြင်းမရှိပါက သူတို့ ဘာလုပ်သင့်သနည်း။
ချီလျန်မျိုးနွယ်နှင့် မဟာမိတ်ဖွဲ့ထားသော ထိုအင်မော်တယ်ဘုရင်သာ ရှီမိုကောင်းကင်အပေါ် အမှန်တကယ် လှုပ်ရှားရန် ရည်ရွယ်ထားပါက သူတို့လို အင်မော်တယ် နတ်ဆိုးအရှင်များအတွက် လွတ်မြောက်ရာလမ်း ရှိတော့မည်မဟုတ်ပေ။
ဒီတစ်ခေါက် ပြန်ရောက်ရင် တစ်ခြား တာအိုရောင်းရင်းတွေကို ချက်ချင်း အသိပေးသင့်တယ်။ အခြေအနေက မျှော်လင့်ချက်မရှိတော့ဘူးဆိုရင် ကိုယ့်အသက်ကိုယ်လုပြီး ထွက်ပြေးတာ အကောင်းဆုံးပဲ။
ဘာပဲဖြစ်ဖြစ် ရှီမိုကောင်းကင်က အင်မော်တယ် နတ်ဆိုးအရှင်အားလုံးသာ တစ်ခြား နတ်ဆိုးကောင်းကင်ဘုံတွေဆီကို ထွက်ပြေးသွားကြမယ်ဆိုရင် အဲ့ဒီအင်မော်တယ်ဘုရင် ဘယ်လောက်ပဲ အာဏာရှင်ဆန်ဆန် ပြုမူပါစေ သူတို့ကို ပြဿနာရှာနိုင်တော့မှာ မဟုတ်ဘူး။
ဤသည်ကို တွေးမိပြီးနောက် ဧကရာဇ် တာကီယွမ်သည် ဆက်လက် တွန့်ဆုတ်မနေတော့ဘဲ ရှီမိုကောင်းကင်ရှိ အင်မော်တယ် နတ်ဆိုးအရှင်များအားလုံးကို ဤသတင်းအကြောင်း အသိပေးရန်အတွက် စိတ်အားထက်သန်စွာဖြင့် ချက်ချင်း ပြန်ရန် ပြင်ဆင်လိုက်လေသည်။
သို့သော် သူ ထွက်ခွာတော့မည့်ဆဲဆဲတွင် အနောက်ဘက်မှ အော်ခေါ်သံတစ်ခုကို ရုတ်တရက် ကြားလိုက်ရလေသည်။
" နေဦး! "
ရင်းနှီးနေသော အသံကို ကြားလိုက်ရသဖြင့် ဧကရာဇ် တာကီယွမ်သည် မသိစိတ်မှ ရပ်တန့်သွားပြီး အနောက်သို့ လှည့်ကြည့်လိုက်လေသည်။
ဒါက နတ်ဆိုးဧကရာဇ်ကြီးဘေးက လိပ်အိုကြီး မဟုတ်ဘူးလား။ သူက ဘာလို့ ထပ်ရောက်လာရတာလဲ။
" နတ်ဆိုးဧကရာဇ်ကြီးက မင်းကို တွေ့ချင်တယ်တဲ့ "
လိပ်အိုကြီး၏ အကြည့်များမှာ ဧကရာဇ် တာကီယွမ်ကို ကျော်လွန်ကာ ပိုင်ဟွာနတ်ဆိုးအရှင်ကို ကြည့်၍ ဧကရာဇ် တာကီယွမ်ကို မှင်သက်သွားစေသော အဖြေတစ်ခုကို ပေးလိုက်လေသည်။
နတ်ဆိုးဧကရာဇ်ကြီးက ငါ့ကို တွေ့ချင်တာလား။
ပိုင်ဟွာနတ်ဆိုးအရှင်မှာလည်း အံ့အားသင့်သွားလေသည်။
တာအိုရောင်းရင်း တာကီယွမ် ခုနလေးတင် ပြောသွားတာ သူရော ငါရော အရှင်မင်းကြီး နတ်ဆိုးဧကရာဇ်ကို တွေ့ခွင့်မရဘူးဆို။ အခုကျမှ ဘယ်လိုဖြစ်လို့.....
" အရှင်... ဒါက ဘာသဘောလဲ "
ပိုင်ဟွာနတ်ဆိုးအရှင် နားမလည်နိုင်ဖြစ်နေဆဲမှာပင် ဧကရာဇ် တာကီယွမ်သည် မနေနိုင်စွာ ဝင်ပြောလိုက်လေသည်။
" တာအိုရောင်းရင်း ပိုင်ဟွာကလည်း ကျွန်တော်လိုပဲ ထုံထျန်းနတ်ဆိုးတောင်ပေါ်ကို တက်တုန်းက ဘယ်ခြေကို အရင်စလှမ်းခဲ့တာလေ! "
ဧကရာဇ် တာကီယွမ်သည် နားမလည်နိုင်ဖြစ်နေရ၏။ နတ်ဆိုးဧကရာဇ်ကြီးမှာ သူ့အား လက်ခံမတွေ့လိုခဲ့သည့်အတွက် သူ့ကဲ့သို့ ထုံထျန်းနတ်ဆိုးတောင်ပေါ်သို့ ဘယ်ခြေကို အရင်စလှမ်းခဲ့သော ပိုင်ဟွာနတ်ဆိုးအရှင်ကိုလည်း လက်ခံတွေ့လိုမည်မဟုတ်ပေ။
ဒါပေမယ့် ဘာလို့ နတ်ဆိုးဧကရာဇ်ကြီးက အခုကျမှ ပိုင်ဟွာနတ်ဆိုးအရှင်ကို တွေ့ချင်ရတာလဲ။
" အခု... နတ်ဆိုးဧကရာဇ်ကြီးက နတ်ဆိုးတောင်ပေါ်ကို ဘယ်ခြေအရင်စလှမ်းတဲ့ သူတွေကို ကြိုက်သွားပြီတဲ့... အဲ့ဒီ အကြောင်းပြချက်ဆိုရင် လုံလောက်ပြီလား "
လိပ်အိုကြီးသည် ဧကရာဇ် တာကီယွမ်ကို တစ်ချက်ကြည့်ကာ ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်၏။
လိပ်အိုကြီးကိုယ်တိုင်လည်း နတ်ဆိုးဧကရာဇ်ကြီး၏ အမိန့်ကြောင့် ဇဝေဇဝါဖြစ်နေခဲ့သော်လည်း တစ်ဖက်လူမှာ အလွန်မြင့်မြတ်လှသော နတ်ဆိုးဧကရာဇ်ကြီးပင် မဟုတ်ပါလော။
နတ်ဆိုးဧကရာဇ်က မင်းလို သာမန် နတ်ဆိုးအရှင်တစ်ပါးကို သူ့ရဲ့ ဆုံးဖြတ်ချက်တွေအတွက် ရှင်းပြနေဖို့ လိုသေးလို့လား။
မင်းစိတ်ထဲမှာ ဘယ်လောက်ပဲ သံသယတွေနဲ့ မကျေနပ်မှုတွေ ရှိနေပါစေ မင်း ခံစားမျိုသိပ်ရုံပဲ တတ်နိုင်မှာပေါ့!
" အခုကျတော့လည်း ကြိုက်သွားပြန်ပြီတဲ့လား..... "
ဧကရာဇ် တာကီယွမ်သည် တစ်ကိုယ်တည်း တီးတိရေရွတ်လိုက်၏။ သူ၏မျက်လုံးများတွင် နားမလည်နိုင်မှုများ ပြည့်နှက်နေလေသည်။
ယခုအချိန်တွင် သူ ဘယ်လောက်ပဲ တုံးအပါစေ နားလည်သွားခဲ့ပြီဖြစ်သည်။
နတ်ဆိုးဧကရာဇ်ကြီးသည် နတ်ဆိုးတောင်ပေါ်သို့ ဘယ်ခြေအရင်စလှမ်းသူများကို မကြိုက်ခြင်းမဟုတ်ဘဲ သူ့ကို လက်ခံမတွေ့ချင်ရုံ သက်သက်ပင်။
ဤသည်ကို တွေးမိသောအခါ ဧကရာဇ် တာကီယွမ်၏ မျက်နှာမှာ ချက်ချင်းပင် ဖြူရော်သွားလိုက်၊ စိမ်းကန်သွားလိုက်ဖြင့် အရောင်အသွေးစုံ ပြောင်းလဲသွားလေတော့သည်။
သူသည် နတ်ဆိုးဧကရာဇ်ကြီးအပေါ် အမြဲတစေ ရိုသေလေးစားခဲ့ကာ နတ်ဆိုးတောင်သို့ တက်စဉ်တွင်လည်း အနည်းငယ်မျှပင် ကျူးလွန်ဖောက်ဖျက်မှု မရှိခဲ့ပေ။ နတ်ဆိုးဧကရာဇ်ကြီးသည် အဘယ်ကြောင့် သူ့ကို လက်ခံမတွေ့လိုရသနည်း။
သို့သော် ဧကရာဇ် တာကီယွမ်သည် လျင်မြန်စွာပင် ဤခံစားချက်များအားလုံးကို သူ၏ စိတ်နှလုံး နက်ရှိုင်းရာထဲသို့ အတင်းအကျပ် ဖိနှိပ်ထားလိုက်ကာ အရိပ်အယောင်လေးမျှပင် ထပ်မပြရဲတော့ချေ။
လိပ်အိုကြီး တွေးသလိုပင် တစ်ဖက်လူမှာ နတ်ဆိုးဧကရာဇ်ကြီး ဖြစ်ပေသည်။ သူ့ကို ငြင်းပယ်ရန် အကြောင်းပြချက်တစ်ခုကို ပေါ့ပေါ့ပါးပါး ဖန်တီးလိုက်ခြင်းကပင် သူ့အပေါ် လုံလောက်သော အသိအမှတ်ပြုမှု ပြသရာရောက်နေပြီဖြစ်သည်။
သူသည် သာမန် နတ်ဆိုးအရှင်ငယ်လေးတစ်ပါးမျှသာ ဖြစ်ရာ နတ်ဆိုးဧကရာဇ်ကြီး၏ ဆုံးဖြတ်ချက်များကို ဝေဖန်ရန် မည်သည့်အခွင့်အရေး ရှိမည်နည်း။
ဤအချက်ကို သဘောပေါက်သွားသောအခါ ဧကရာဇ် တာကီယွမ်သည် ပထမဦးစွာ လိပ်အိုကြီးကို ဦးညွှတ်လိုက်ပြီးနောက် ပိုင်ဟွာနတ်ဆိုးအရှင်ဘက်သို့ လှည့်ကာ တိုးညင်းသောအသံဖြင့် ပြောဆိုလိုက်လေသည်။
" ဒါဆိုရင် အရာအားလုံးကို တာအိုရောင်းရင်း ပိုင်ဟွာအပေါ်မှာပဲ ပုံအပ်လိုက်ပါတော့မယ် "
" တာအိုရောင်းရင်း တာကီယွမ်... စိတ်ချပါ... ရှီမိုကောင်းကင်ရဲ့ ကိစ္စတွေကို နတ်ဆိုးဧကရာဇ်ကြီးဆီကို အမှန်အတိုင်း တင်ပြပေးပါ့မယ် "
ပိုင်ဟွာနတ်ဆိုးအရှင်သည်လည်း ဇဝေဇဝါဖြစ်နေကာ နတ်ဆိုးဧကရာဇ်ကြီးမှ အဘယ်ကြောင့် ဧကရာဇ် တာကီယွမ်ကို လက်ခံမတွေ့ဘဲ သူ့ကိုမှ သီးသန့်တွေ့ချင်နေရသနည်းဆိုတာကို နားမလည်နိုင်ခဲ့ပေ။
သို့သော် သူသည် ခေါင်းညိတ်လိုက်ကာ ရှီမိုကောင်းကင်၏ ကိစ္စရပ်များကို တင်ပြပေးရန် ကတိပေးလိုက်သည်။
ပိုင်ဟွာနတ်ဆိုးအရှင် ခေါင်းညိတ်လိုက်သည်ကို မြင်သောအခါ ဧကရာဇ် တာကီယွမ်သည်လည်း သက်ပြင်းချကာ စိတ်အေးသွားလေသည်။
ဤခရီးစဉ်တွင် သူသည် နတ်ဆိုးဧကရာဇ်ကြီးကို မတွေ့ခဲ့ရသော်ငြား အနည်းဆုံးတော့ ပိုင်ဟွာနတ်ဆိုးအရှင်မှ နတ်ဆိုးဧကရာဇ်ကြီးနှင့် တွေ့ရတော့မည်ဖြစ်ရာ တာဝန်ပြီးမြောက်သည်ဟု သတ်မှတ်၍ရနိုင်သည့်အတွက် ဤခရီးစဉ်မှာ အလကားမဖြစ်ခဲ့တော့ချေ။
" ငါ့နောက်လိုက်ခဲ့ "
လိပ်အိုကြီးသည် ပိုင်ဟွာနတ်ဆိုးအရှင်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ဖြည်းညင်းစွာ လမ်းပြခေါ်ဆောင်သွားလေသည်။
ပိုင်ဟွာနတ်ဆိုးအရှင်သည် အလျင်အမြန် နောက်မှလိုက်သွားကာ လိပ်အိုကြီးနှင့်အတူ ထုံထျန်းနတ်ဆိုးတောင်ထိပ်ဆီသို့ တက်သွားလေတော့သည်။
အချိန်အနည်းငယ် အကြာတွင် လိပ်အိုကြီးသည် နောက်ဆုံး၌ ပိုင်ဟွာနတ်ဆိုးအရှင်အား နတ်ဆိုးဧကရာဇ်ကြီးရှေ့သို့ ခေါ်ဆောင်လာခဲ့လေသည်။
" သခင်... ကျွန်တော် လူခေါ်လာခဲ့ပါပြီ "
လိပ်အိုကြီးသည် နတ်ဆိုးဧကရာဇ်ကြီးထံ သတင်းပို့လိုက်ပြီးနောက် ဘေးသို့ ဆုတ်သွားလေသည်။
" ပိုင်ဟွာက အရှင် နတ်ဆိုးဧကရာဇ်ကြီးကို ဂါရဝပြုပါတယ် "
ပိုင်ဟွာနတ်ဆိုးအရှင်သည် နတ်ဆိုးဧကရာဇ်ကြီးအား မော့မကြည့်ရဲဘဲ ရိုသေစွာ ဦးညွှတ်လိုက်လေသည်။
" ပြောပါ... ဘာကိစ္စလဲ "
နတ်ဆိုးဧကရာဇ်ကြီးသည် ပိုင်ဟွာနတ်ဆိုးအရှင်ကို ငုံ့ကြည့်လိုက်သော်ငြား သူ၏လေသံမှာ နွေးထွေးမှုအပြည့် ရှိနေလေသည်။
အဘယ်ကြောင့်ဆိုသော် သူ၏အမြင်တွင် ပိုင်ဟွာနတ်ဆိုးအရှင်သည် သူ၏ ကြီးမားကောင်းမွန်သော ကံတရားများကို ယူဆောင်လာသူ ဖြစ်နေသောကြောင့် သူ့ကို မည်သို့ပင် ကြည့်ကြည့် မျက်စိပသာဒဖြစ်နေလေသည်။
" အရှင် နတ်ဆိုးဧကရာဇ်ကြီးကို တင်ပြပါတယ်... အရှင့်ရဲ့ လက်အောက်ခံက ရှီမိုကောင်းကင်ရဲ့ ကိစ္စတွေအတွက် လာခဲ့တာပါ "
ပိုင်ဟွာနတ်ဆိုးအရှင်သည် သူ၏စကားလုံးများကို ဂရုတစိုက် ရွေးချယ်ပြောဆိုခဲ့သော်လည်း အမှန်တရားကို ဖုံးကွယ်ထားရန် မဝံ့ရဲဘဲ ဤကာလအတွင်း ရှီမိုကောင်းကင်၌ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို အသေးစိတ်ကအစ နတ်ဆိုးဧကရာဇ်ကြီးအား ပြန်လည်ပြောပြခဲ့လေသည်။
သိမ်မွေ့သော စကြာဝဠာ အာရုံခံမှုသည် ရှီမိုကောင်းကင်အရှင် ကျဆုံးသွားခဲ့သည့် အချက်ကို နတ်ဆိုးဧကရာဇ်ကြီးထံ စောစီးစွာ အသိပေးခဲ့ပြီးဖြစ်သော်လည်း ရှီမိုကောင်းကင်အရှင် သေဆုံးရသည့် တိကျသော အကြောင်းရင်းကို သိလိုက်ရသောအခါ သူသည် အလွန်ပင် အံ့အားသင့်သွားရလေသည်။
ဤမျှ စွမ်းအားကြီးမားသော ပုဂ္ဂိုလ်တစ်ဦး ရှီမိုကောင်းကင်တွင် မည်သည့်အချိန်က ပေါ်လာခဲ့သနည်း။ ရှီမိုကောင်းကင်အရှင်ကို သေသည်အထိ တွန်းပို့နိုင်စွမ်းရှိနေသည်တဲ့လော။
အခန်း ( ၃၇၂ ) - ဘာပဲပြောပြော အဆင်ပြေသည်၊ နတ်ဆိုးဧကရာဇ်ကြီး၏ အမိန့်တော်- ကံကောင်းမှုက ပထမ
" အရှင် ကျဆုံးသွားရတာက အဲ့ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ အင်မော်တယ်ဘုရင်နဲ့ သက်ဆိုင်နေတယ်ဆိုပေမယ့်လည်း ဆက်စပ်မှုက သိပ်မကြီးမားလှဘူးလို့ ဒီလက်အောက်ခံက ခံစားမိပါတယ် "
ပိုင်ဟွာနတ်ဆိုးအရှင်သည် သူ၏စကားလုံးများကို ဂရုတစိုက်ရွေးချယ်ကာ သတိထား၍ ပြောဆိုလိုက်လေသည်။
သူ၏မူလရည်ရွယ်ချက်မှာ ကုချန်၏နာမည်ကို ရှင်းလင်းပေးရန် ဖြစ်သည်။
မည်သို့ပင်ဆိုစေ ကုချန်သာ အဆင်ပြေနေသရွေ့ သူ့အပေါ် မှီခိုနေရသော ချီလျန်မျိုးနွယ်သည်လည်း အဆင်ပြေနေမည်သာ ဖြစ်သည်။
သို့သော် နတ်ဆိုးဧကရာဇ်ကြီး ဒေါသထွက်ကာ မကျေမနပ်ဖြစ်မည်ကို စိုးရိမ်သဖြင့် သူ၏ ကာကွယ်ပေးလိုသော ရည်ရွယ်ချက်များကို သိသာထင်ရှားလွန်းစွာ မပြရဲခဲ့ချေ။
သို့သော် ပိုင်ဟွာနတ်ဆိုးအရှင်၏ ရှင်းပြချက်ကို ကြားလိုက်ရချိန်တွင် နတ်ဆိုးဧကရာဇ်ကြီး၏ မျက်နှာအမူအရာမှာ ပုံမှန်အတိုင်းသာ ရှိနေခဲ့သည်။
ရှီမိုကောင်းကင်အရှင်၏ ကျဆုံးမှုသည် ထိုအဆင့်တက်ခါစ အင်မော်တယ်ဘုရင်နှင့် မသက်ဆိုင်ဘူးတဲ့လော။
ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ!
ကံကြမ္မာနှင့် အကြောင်းအကျိုး တာအိုတွင် ကျွမ်းကျင်သော နတ်ဆိုးဧကရာဇ်ကြီးသည် ရှီမိုကောင်းကင်အရှင် သေဆုံးရသည့်အကြောင်းရင်းကို ကောင်းစွာ သိရှိထားလေသည်။
ရှီမိုကောင်းကင်အရှင်သည် ယခင်က ကြက်သွေးရောင်ငရဲ နတ်ဆိုးနယ်မြေမှ ထိုကောင်လေးနှင့် 'မကောင်းသော အကြောင်းတရား' ကို ဖန်တီးခဲ့မိသဖြင့် 'မကောင်းသော အကျိုးတရား' ရရှိသွားခဲ့ခြင်းပင်။
ကုချန် တည်ရှိနေခြင်းသည် ရှီမိုကောင်းကင်အရှင် သေဆုံးရခြင်း၏ အဓိကအကြောင်းရင်းအစစ်အမှန်ဖြစ်သည်ဟု ဆိုနိုင်ပေသည်။
သို့သော် နတ်ဆိုးဧကရာဇ်ကြီးသည် ပိုင်ဟွာနတ်ဆိုးအရှင်၏ စကားများကို ကြားဖြတ်ဟန့်တားခြင်း၊ ငြင်းဆန်ခြင်း မပြုခဲ့ချေ။
အဘယ်ကြောင့်ဆိုသော် ဤပိုင်ဟွာလေးသည် သူ့ထံသို့ ကောင်းမွန်သော ကံတရားများ ယူဆောင်လာပေးမည်ဖြစ်ကြောင်း ကျောက်စိမ်းဖြူလိပ်ခွံမှ ပြသထားသောကြောင့် သူ ဘာပဲပြောပါစေ မှန်ကန်နေမည်သာ ဖြစ်သည်။
သူ လုပ်ရမည့်အရာမှာ ဤကောင်းမွန်သော ကံတရားကို ချောမွေ့စွာ ရရှိနိုင်ရန်အတွက် မည်သည့် ဆုံးဖြတ်ချက်မျှ မချဘဲ ရေစီးအတိုင်း လိုက်ပါသွားရန်သာ ဖြစ်သည်။
" ဒါဆိုရင် ငါအရှင် ဘာလုပ်သင့်တယ်လို့ မင်းထင်လဲ "
ပိုင်ဟွာနတ်ဆိုးအရှင်၏ စကားကို နားထောင်ပြီးနောက် နတ်ဆိုးဧကရာဇ်ကြီးသည် ဆုံးဖြတ်ချက်မချဘဲ ပိုင်ဟွာနတ်ဆိုးအရှင်၏ အမြင်ကို ညင်သာစွာ မေးမြန်းလိုက်လေသည်။
" လက်အောက်ခံပဲဖြစ်တဲ့ ပိုင်ဟွာက အရှင် နတ်ဆိုးဧကရာဇ်ကြီးအတွက် ဆုံးဖြတ်ချက်တွေ မချရဲပါဘူး "
နတ်ဆိုးဧကရာဇ်ကြီး၏ လေသံမှာ ညင်သာလွန်းသော်ငြား ပိုင်ဟွာနတ်ဆိုးအရှင်မှာ လွန်စွာ စိုးရိမ်ထိတ်လန့်နေဆဲပင်။
အဘယ်ကြောင့်ဆိုသော် ဤနတ်ဆိုးဧကရာဇ်ကြီးမှာ စကားပြောရလွယ်ကူလွန်းနေသည်ဟု သူ ခံစားရသောကြောင့်ပင်။ အစမှအဆုံးတိုင်အောင် သူ၏စကားများကိုသာ နားထောင်နေကာ ဖြတ်မပြောသလို မည်သည့်အမြင်ကိုမျှလည်း ထုတ်ဖော်မပြောဆိုရာ ပိုင်ဟွာ ကြိုတင်ပြင်ဆင်ထားခဲ့သော ဆင်ခြေများမှာ အသုံးမဝင်ဖြစ်သွားရလေသည်။
ယခုအခါ နတ်ဆိုးဧကရာဇ်ကြီးသည် သူ၏အမြင်ကိုပင် ကြားချင်သည်ဟု ပြောလာရာ ဤနတ်ဆိုးဧကရာဇ်ကြီး ဘာကြံစည်နေမှန်းမသိသဖြင့် ပိုင်ဟွာနတ်ဆိုးအရှင်မှာ ပို၍ပင် စိုးရိမ်ထိတ်လန့်သွားရလေသည်။
" ပြောသာပြောပါ... ငါအရှင် မင်းကို အပြစ်မတင်ပါဘူး "
နတ်ဆိုးဧကရာဇ်ကြီးသည် လက်ယမ်းပြကာ ပိုင်ဟွာနတ်ဆိုးအရှင်အား ဆက်ပြောရန် အချက်ပြလိုက်လေ၏။
မြှားမှာ လေးကြိုးပေါ်ရောက်နေပြီဖြစ်ရာ မပစ်လွှတ်ဘဲ မနေနိုင်တော့ချေ။
နတ်ဆိုးဧကရာဇ်ကြီး ဤသို့ပြောသည်ကို ကြားသောအခါ ပိုင်ဟွာနတ်ဆိုးအရှင်သည် သူ၏ ငွေရောင်သွားလေးများကို ကြိတ်လျက် သူ၏ 'အမြင်' ကိုသာ ပြောပြနိုင်တော့သည်။
" ဒီလက်အောက်ခံရဲ့ အမြင်ဆိုရင်တော့... အခု ရှီမိုအရှင်လည်း ကျဆုံးသွားပြီဖြစ်လို့ နတ်ဆိုးဧကရာဇ်ကြီးအနေနဲ့ အဲ့ဒီအဆင့်တက်ခါစ အင်မော်တယ်ဘုရင်ကို လက်အောက်ခံအဖြစ် သိမ်းသွင်းပြီး... အရှင့်ရဲ့ အင်အားကို ချဲ့ထွင်နိုင်မယ်ဆိုရင် ပိုကောင်းတဲ့ ရွေးချယ်မှုတစ်ခု ဖြစ်နိုင်ပါတယ် "
ဤနတ်ဆိုးဧကရာဇ်ကြီးကို ဖျောင်းဖျရန်အတွက် သူ့ကို စိတ်လှုပ်ရှားစေနိုင်မည့် အကြောင်းပြချက်တစ်ခု ရှိရမည်ကို ပိုင်ဟွာနတ်ဆိုးအရှင် ကောင်းစွာ သိထားလေသည်။
ရှီမိုကောင်းကင်အရှင်ကို သေသည်အထိ တွန်းပို့ခဲ့သော ထိုအင်မော်တယ်ဘုရင်သည်သာ အကောင်းဆုံး အကြောင်းပြချက်ပင် ဖြစ်သည်။
သေဆုံးသွားသော အင်မော်တယ်ဘုရင်တစ်ပါးနှင့် သက်ရှိထင်ရှားရှိနေသော အင်မော်တယ်ဘုရင်တစ်ပါး၊ မည်သူက ပိုအရေးကြီးသည်မှာ ထင်ရှားနေပေသည်။
ရှီမိုကောင်းကင်အရှင်မှာ မည်မျှပင် ကြီးကျယ်ခမ်းနားခဲ့ပါစေ သေဆုံးသွားပြီသာ ဖြစ်သည်။
ကြက်သွေးရောင်ငရဲ နတ်ဆိုးနယ်မြေရှိ အင်မော်တယ်ဘုရင်သည်တော့ အသက်ရှင်နေဆဲ ဖြစ်၏။
အကယ်၍ ကုချန်ကို ရှီမိုကောင်းကင်အရှင်၏ နေရာတွင် အစားထိုးရန် လက်အောက်ခံအဖြစ် သိမ်းသွင်းနိုင်ခဲ့ပါက သူ၏လက်အောက်ရှိ အင်မော်တယ်ဘုရင် အရေအတွက်မှာ ပြောင်းလဲသွားမည်မဟုတ်ရာ နတ်ဆိုးဧကရာဇ်ကြီးအတွက် အရှုံးမရှိနိုင်ပေ။
ဤသည်မှာ နတ်ဆိုးဧကရာဇ်ကြီးအတွက် သံသယဝင်စရာမလိုလောက်အောင် ဆွဲဆောင်မှုအရှိဆုံး အကြောင်းပြချက်ပင် ဖြစ်သည်။
ပိုင်ဟွာနတ်ဆိုးအရှင်သည် အလွန်ပါးနပ်လေ၏။ အစမှအဆုံးတိုင်အောင် သူ၏ ရည်ရွယ်ချက်အစစ်အမှန်မှာ ချီလျန်မျိုးနွယ်ကို ကာကွယ်ပေးရန်ဖြစ်သော်ငြား.....
နတ်ဆိုးဧကရာဇ်ကြီးရှေ့တွင် ချီလျန်မျိုးနွယ်ကို ကာကွယ်ပေးလိုသည့် ရည်ရွယ်ချက်ကို အနည်းငယ်မျှပင် ထုတ်ဖော်မပြခဲ့ဘဲ နတ်ဆိုးဧကရာဇ်ကြီး၏ ရှုထောင့်မှနေ၍သာ စဉ်းစားပေးခဲ့ပြီး နတ်ဆိုးဧကရာဇ်ကြီးအနေဖြင့် ကုချန်ကို လက်အောက်ခံအဖြစ် သိမ်းသွင်းကာ ရန်သူမှ မိတ်ဆွေအဖြစ် ပြောင်းလဲ၍ ရှီမိုကောင်းကင်ရှိ ကမောက်ကမဖြစ်မှုများကို အဆုံးသတ်နိုင်ရန် မျှော်လင့်ကြောင့် ဆိုခဲ့ခြင်းဖြစ်သည်။
ပိုင်ဟွာနတ်ဆိုးအရှင်သည် စကားပြောဆိုပြီးနောက် နတ်ဆိုးဧကရာဇ်ကြီး၏ ဆုံးဖြတ်ချက်ကို စိုးရိမ်တကြီး စောင့်မျှော်နေလေသည်။
သူသည် ပြဿနာကို နတ်ဆိုးဧကရာဇ်ကြီး၏ ရှုထောင့်မှ စဉ်းစားပေးနေပုံရသော်လည်း အချက်တစ်ချက်ကိုမူ တမင်သက်သက် လျစ်လျူရှုထားခဲ့သည်။ ယင်းမှာ နတ်ဆိုးဧကရာဇ်ကြီး၏ ဂုဏ်သိက္ခာပင် ဖြစ်သည်။
ကြီးမြတ်သော နတ်ဆိုးဧကရာဇ်တစ်ပါး၏ လက်အောက်ခံတစ်ဦး အသတ်ခံလိုက်ရပါလျက်နှင့် ကျူးလွန်သူသည် မည်သည့်အပြစ်ပေးမှုမျှ မခံရပါက နတ်ဆိုးဧကရာဇ်ကြီး၏ ဂုဏ်သိက္ခာကို မည်သည့်နေရာတွင် သွားထားရမည်နည်း။
နောင်အနာဂတ်တွင် မည်သည့် အင်မော်တယ်ဘုရင်မှ နတ်ဆိုးဧကရာဇ်ကြီးအား အကြွင်းမဲ့ အလုပ်အကျွေးပြုရဲတော့မည်နည်း။
ထို့ကြောင့် နတ်ဆိုးဧကရာဇ်ကြီးသည် ဒေါသတကြီးဖြင့် ကုချန်ကို အပြစ်ပေးမည်မှာ ဖြစ်နိုင်ခြေများလွန်းနေလေသည်။
ခဏတာ တိတ်ဆိတ်သွားပြီးနောက်.....
ပိုင်ဟွာနတ်ဆိုးအရှင်သည် နတ်ဆိုးဧကရာဇ်ကြီး၏ ပေါ့ပါးသော အသံကို ကြားလိုက်ရလေသည်။
" မင်းပြောခဲ့သမျှ အရာအားလုံးကို ငါအရှင် သိပါပြီ... ငါအရှင်ရဲ့ အမိန့်တော်ကို ယူသွားပါ... တကယ်လို့ အဲ့ဒီအင်မော်တယ်ဘုရင်နဲ့ တွေ့တဲ့အခါ ဒီအမိန့်တော်ကို ပြသလိုက်ပါ... အရာအားလုံးက သဘာဝကျကျ ဖြေရှင်းပြီးသား ဖြစ်သွားပါလိမ့်မယ် "
နတ်ဆိုးဧကရာဇ်ကြီး၏ အသံအဆုံးတွင် ဧကရာဇ် အမှတ်အသားများ ဖုံးလွှမ်းနေသော အမိန့်တော်တစ်ခု ပိုင်ဟွာနတ်ဆိုးအရှင်၏ ရှေ့မှောက်သို့ ကျဆင်းလာလေ၏။
" ဒီလက်အောက်ခံက အရှင့်ရဲ့အမိန့်ကို နာခံပါ့မယ် "
ပိုင်ဟွာနတ်ဆိုးအရှင်သည် နှလုံးတစ်ချက် စောင့်ခုန်သွားသော်လည်း အမိန့်တော်ကို လက်ထဲတွင် ရိုသေစွာ ကိုင်ထားလိုက်၏။ သူ၏မျက်လုံးများထဲ၌ မသိမသာ စိုးရိမ်ပူပန်မှု အရိပ်အယောင်တစ်ခု ရှိနေလေသည်။
ထိုအမိန့်တော်ထဲတွင် မည်သည့်အကြောင်းအရာများ ရေးသားထားသည်ကို သူလည်း မသိပေ။
နတ်ဆိုးဧကရာဇ်ကြီးသည် သူ၏ဂုဏ်သိက္ခာကို ထိန်းသိမ်းကာ ကုချန်ကို အရေးယူရန် ရွေးချယ်မည်လား သို့မဟုတ် တစ်ဖက်လူကို သိမ်းသွင်းရန် ကြိုးစားမည်လား။ အရာအားလုံးသည် သူ၏ကံကြမ္မာအပေါ်မှာသာ မူတည်တော့မည်။
.........
" သခင်... ဒီလိုလုပ်တာ တကယ်ပဲ အဆင်ပြေပါ့မလား "
ပိုင်ဟွာနတ်ဆိုးအရှင် ထွက်ခွာသွားပြီးနောက် လိပ်အိုကြီးသည် နတ်ဆိုးဧကရာဇ်ကြီးကို ကြည့်ကာ သံသယအနည်းငယ်ဖြင့် မေးမြန်းလိုက်လေသည်။
ပိုင်ဟွာနတ်ဆိုးအရှင်မှာ နတ်ဆိုးဧကရာဇ်ကြီး မည်သည့်ရွေးချယ်မှု ပြုလုပ်မည်ကို မသေချာသော်လည်း လိပ်အိုကြီးမှာ နတ်ဆိုးဧကရာဇ်ကြီးနောက်သို့ တစ်သက်လုံး လိုက်ပါလာခဲ့သူဖြစ်ရာ သူ၏အရှင်သခင်ကို သူ ဘယ်လိုလုပ် နားမလည်ဘဲ နေမည်နည်း။
အကယ်၍ နတ်ဆိုးဧကရာဇ်ကြီးသာ ရှီမိုကောင်းကင်၏ ကိစ္စရပ်များတွင် အမှန်တကယ် ဝင်ရောက်စွက်ဖက်လိုပါက ယခုအချိန်ထိ စောင့်မနေဘဲ စောစီးစွာကတည်းက ဝင်ရောက်စွက်ဖက်ခဲ့ပြီး ဖြစ်လိမ့်မည်။
ထို့ကြောင့် ထိုအမိန့်တော်ထဲတွင် သတ်ဖြတ်လိုသော ရည်ရွယ်ချက်များစွာ မပါဝင်ဘဲ သိမ်းသွင်းလိုသော ရည်ရွယ်ချက်ကသာ ပိုများမည်မှာ သေချာပေသည်။
သို့သော် အကယ်၍ ထိုအဆင့်တက်ခါစ အင်မော်တယ်ဘုရင်ကို အမှန်တကယ် သိမ်းသွင်းလိုက်ပါက သူ၏သခင် လက်အောက်ရှိ အခြားသော အင်မော်တယ်ဘုရင်များမှာ မည်သို့ တွေးထင်ကြမည်နည်း။
" သူတို့ ဘယ်လိုတွေးမယ်ဆိုတာ ငါအရှင်နဲ့ ဘာဆိုင်လို့လဲ "
နတ်ဆိုးဧကရာဇ်ကြီးသည် လိပ်အိုကြီး တွေးနေသည်ကို ထိုးထွင်းသိမြင်သွားပုံရကာ ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်လေသည်။
" အသုံးမကျတဲ့ကောင်တစ်သိုက်... ငါအရှင်အတွက် အကျိုးပြုဖို့နေနေသာသာ ပြဿနာတွေပဲ ထပ်ခါတလဲလဲ ဖန်တီးနေကြတာ... ငါအရှင်က သူတို့ကို ပြဿနာမရှာတာကပဲ သူတို့ကို မျက်နှာသာ အများကြီး ပေးထားပြီးသားဖြစ်နေပြီ! "
တစ်ယောက်ချင်းစီတိုင်းသည် သူ့အား စိတ်မအေးရစေသည့် သူချည်းပင်။
ဤရှီမိုကောင်းကင်အရှင်ဆိုလျှင်လည်း သေသွားတာတောင် သူ့အတွက် ကြီးမားသည့် သေတွင်းကြီးတစ်ခုကို တူးထားရစ်ခဲ့သေးသည်။
အကယ်၍ သူသာ မပါးနပ်၍ ကျောက်စိမ်းဖြူလိပ်ခွံနဲ့ ကြိုတင် ဟောကိန်းမထုတ်ခဲ့ဘူးဆိုလျှင် ထိုတွင်းထဲသို့ တကယ်ပင် ခုန်ဆင်းမိလောက်၏။
ထိုသို့သာဆိုလျှင် နောက်ပိုင်း ရှီမိုကောင်းကင်အရှင်၏ အလောင်းကို အကြိမ်တစ်ထောင်မျှ ကြိမ်လုံးနှင့် ရိုက်လျှင်ပင် သူ၏အမုန်းများကို ဖြေဖျောက်ရန် ခက်ခဲလိမ့်မည်။
ထို့အပြင် နတ်ဆိုးဧကရာဇ်ကြီးသည် အင်မော်တယ်ဘုရင် အနည်းငယ်မှ သူ့အပေါ် သစ္စာရှိမရှိဆိုသည်ကို ဂရုမစိုက်ပေ။
မည်သို့ပင်ဆိုစေ သူသည် နတ်ဆိုးဧကရာဇ်တစ်ပါး ဖြစ်နေပြီဖြစ်ရာ အင်မော်တယ်ဘုရင်များသည် သူ့အား များများစားစား မကူညီနိုင်တော့ချေ။
ယခုအခါ 'အသုံးမကျသော လက်အောက်ခံများ' ကို တည်ငြိမ်အောင် ထိန်းထားခြင်းနှင့် နတ်ဆိုးဧကရာဇ်အဆင့် 'ကြီးမားသော ကံကောင်းမှု' ကို ရရှိခြင်းတို့အကြားတွင် မှန်ကန်သော ရွေးချယ်မှုပြုလုပ်ရန် နတ်ဆိုးဧကရာဇ်ကြီးအတွက် များစွာ တွေးနေစရာ မလိုခဲ့ချေ။
အင်မော်တယ်ဘုရင် လက်အောက်ခံ အနည်းငယ်က ဘာများ အရေးကြီးလို့လဲ။ သူတို့က ငါအရှင်ကို ရှေ့ဆက်တက်လှမ်းနိုင်အောင် ကူညီပေးနိုင်လို့လား။
မကူညီနိုင်မှတော့ ငါအရှင်ကို 'ရက်စက်တယ်၊ တရားမျှတမှုမရှိဘူး' လို့ အပြစ်တင်လို့ မရဘူးပေါ့!