အခန်း (၃၇၅-၃၇၆)
Vol. 27 Ch. 375-376
အခန်း ( ၃၇၅ ) - လက်ဖျစ်တစ်တွက်အတွင်း ဖျက်ဆီးခြင်း၊ ခြိမ်းခြောက်သွေးဆောင်ခြင်းနှင့် အားလုံးကို သုတ်သင်ခြင်း
အင်မော်တယ် နတ်ဆိုးအရှင်တစ်စုသည် ကုချန်ကို 'ခေါင်းငုံ့' သွားစေရန် မျှော်လင့်ချက်ဖြင့် နတ်ဆိုးဧကရာဇ်ကြီး၏ အမည်နာမကို အလုအယက် ထုတ်သုံးနေကြလေသည်။
အမှန်တကယ်တွင် သူတို့သည် နတ်ဆိုးဧကရာဇ်ကြီးမှ အမိန့်တော်တစ်ခု ထုတ်ပြန်လိုက်ကြောင်း ဧကရာဇ် တာကီယွမ်ထံမှ သတင်းကြိုမရထားပါက ကုချန်၏ရှေ့တွင် ဤမျှ ယုံကြည်မှုရှိရှိ ရပ်နေရဲမည်မဟုတ်ပေ။ သူတို့သည် ကုချန်ကို ခွင့်လွှတ်ပေးရန် ဒူးထောက်ငိုယို တောင်းပန်နေကြမည်မှာ ကြာလောက်ပြီ ဖြစ်သည်။
သို့သော် သက်ရှိများ၏ သဘာဝက ထိုအတိုင်းပင်ဖြစ်သည်။ပိုမိုကြီးမားသော ကျောထောက်နောက်ခံ ရှိလာသောအခါ သူတို့ထက် ပိုသန်မာသူများကိုပင် ဂရုမစိုက်တော့သည့်ဟန် ရှိလေသည်။
သို့သော် ဤရှီမိုကောင်းကင်မှ အင်မော်တယ် နတ်ဆိုးအရှင်များသည် ပစ်မှတ်ကို ရွေးချယ်မှု မှားယွင်းသွားခဲ့ကြောင်း ထင်ရှားပေသည်။
ကုချန်၏မူလရည်ရွယ်ချက်မှာ ထိုနတ်ဆိုးဧကရာဇ်ကြီးကို မြှူဆွယ်ခေါ်ထုတ်၍ သူ၏စွမ်းအားကို စမ်းသပ်ရန်ပင်ဖြစ်သည်။ ယခု ဤကောင်များ၏ စကားများကြောင့် သူ မည်သို့လုပ်၍ နောက်ဆုတ်နိုင်မည်နည်း။
" ဆူညံလိုက်တာ "
ကုချန်သည် ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်ကာ ကျယ်လောင်စွာ အော်ဟစ်နေသော အင်မော်တယ်တစ်ပါးဆီသို့ သူ၏အကြည့်ကို ရွှေ့လိုက်၏။ သူသည် သိသာထင်ရှားသော လှုပ်ရှားမှုတစ်စုံတစ်ရာ မပြုလုပ်ဘဲ အကြည့်ကို နှိမ့်ချလိုက်ရုံမျှဖြင့် ကောင်းကင်ဘုံ၏ စွမ်းအားတော် ကျဆင်းလာသကဲ့သို့ လွှမ်းမိုးနိုင်စွမ်းရှိသော စွမ်းအားအငွေ့အသက်တစ်ခုသည် ထိုအင်မော်တယ်အား မျက်စိတစ်မှိတ်အတွင်း မြေမှုန့်အဖြစ်သို့ ကြေမွသွားစေခဲ့သည်။
" ဘုန်း! "
ထိုအင်မော်တယ်မှာ အေးခဲသွား၍ ခန္ဓာကိုယ်သည် ပေါက်ကွဲထွက်သွားကာ လေဟာနယ်ထဲတွင် တောက်ပသော ကြက်သွေးရောင် ပန်းပွင့်ကြီးတစ်ပွင့်အလား ပွင့်လန်းသွားလေတော့သည်။
ဤမြင်ကွင်းမှာ စကားပြောနေကြသော အခြား အင်မော်တယ် နတ်ဆိုးအရှင်များကို ချက်ချင်းပင် နှုတ်ဆိတ်သွားစေခဲ့၏။
သူတို့သည် နတ်ဆိုးဧကရာဇ်ကြီး ရှိနေကြောင်းကို ထုတ်ပြောခဲ့ပြီးဖြစ်သော်လည်း ဤသူသည် အဘယ်ကြောင့် အနည်းငယ်မျှ ကြောက်ရွံ့မှု မပြရသနည်းဆိုသည်ကို သူတို့ အမှန်တကယ် စိတ်ကူးမယဉ်နိုင်အောင် ဖြစ်သွားကြသည်။
သူသည် အင်မော်တယ်ဘုရင်တစ်ပါး ဖြစ်နေလျှင်တောင်မှ စစ်မှန်သည့် နတ်ဆိုးဧကရာဇ်တစ်ပါး၏ ရှေ့တွင် ရိုသေလေးစားမှုကို ထိန်းသိမ်းထားသင့်ပေသည်။
" အရှင်... အရှင်က အရမ်းလွန်လွန်းနေပြီ... ကျုပ်တို့ ရှီမိုကောင်းကင်က အရှင် နတ်ဆိုးဧကရာဇ်ကြီးရဲ့ လက်အောက်ခံ အင်အားစုတစ်ခုပဲ... ရှီမိုကောင်းကင်က စွမ်းအားရှင်တွေကို ရမ်းကားသတ်ဖြတ်တာက အရှင် နတ်ဆိုးဧကရာဇ်ကြီးရဲ့ မျက်နှာကို အိုးမဲသုတ်နေတာပဲ... အရှင်က အရှင် နတ်ဆိုးဧကရာဇ်ကြီးရဲ့ အမျက်ဒေါသနဲ့ အပြစ်တင်မှုကို တကယ်ပဲ မကြောက်ဘူးလား "
အခြေအနေမဟန်သည်ကို မြင်သောအခါ အခြားနတ်ဆိုးအရှင်တစ်ပါး ခုန်ထွက်လာကာ အားလုံး၏စိတ်ဓာတ်ကို အတင်းအကျပ် မြှင့်တင်ပေးရန် ကြိုးစားလေသည်။
ယခုအချိန်တွင် သူတို့သည် ကုချန်ကို လုံးဝ ခေါင်းငုံ့၍မရကြောင်း သူ သိထား၏။
မည်သို့ပင်ဆိုစေ ယခင်က ရှီမိုကောင်းကင်သို့ ဝင်ရောက်လာခဲ့သော ထိုချီလျန်မျိုးနွယ်ဝင်များအားလုံး သေဆုံးသွားခဲ့ပြီဖြစ်ကာ တစ်ယောက်မျှ အသက်ရှင်မကျန်ရစ်ခဲ့ပေ။
ယခု ဤအင်မော်တယ်ဘုရင်ကို မခြိမ်းခြောက်နိုင်ပါက နောက်ထပ် အမွှေးတိုင်တစ်တိုင်စာ အချိန်အကြာတွင် သူတို့၏ အစစ်အမှန် သေနေ့ရောက်လာပေလိမ့်မည်။
သို့သော် ခုန်ထွက်လာသော ဤနတ်ဆိုးအရှင်၏ စကားများသည်လည်း မည်သည့်အကျိုးသက်ရောက်မှုမျှ မရှိခဲ့ချေ။
ကုချန်၏မျက်လုံးများမှာ အနည်းငယ် နိမ့်ဆင်းသွားကာ ထိုနတ်ဆိုးအရှင်ကို တစ်ချက် ကြည့်လိုက်၍ ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်လေသည်။
" ပုရွက်ဆိတ်တစ်ကောင်ကများ ကောင်းကင်ဘုံကို အော်ဟစ်ရဲတယ်ပေါ့လေ "
စကားဆုံးသည်နှင့်တစ်ပြိုင်နက် မြင့်မားသော ကောင်းကင်ယံအထက်ရှိ လေဟာနယ်သည် လိမ်ကောက်သွားကာ အဆုံးမဲ့တာအိုများ ဆူပွက်လာ၍ နတ်ဆိုးချီများ ရုတ်တရက် ထကြွလာကာ နတ်ဆိုးလက်ဝါးကြီးတစ်ခုအဖြစ် ချက်ချင်း ဖွဲ့စည်းသွားလျက် ပြင်းထန်စွာ ဖိချလိုက်လေတော့သည်။
" အား!!! "
ထိုနတ်ဆိုးအရှင်သည် ကောင်းမွန်သော ခုခံမှုတစ်ခုကိုပင် မလုပ်နိုင်ခဲ့ချေ။ သူ၏ ခန္ဓာကိုယ်ပတ်လည်ရှိ အကာအကွယ် နတ်ဆိုးချီများနှင့်အတူ သူသည် တစ်ခဏမျှပင် မခံနိုင်ဘဲ ကျဆင်းလာသော နတ်ဆိုးလက်ဝါးကြီး၏ ချေမွဖျက်ဆီးမှုကို ခံလိုက်ရလေသည်။
သာမန် နတ်ဆိုးအရှင်တစ်ပါးမှာ ကုချန်၏အာရုံစိုက်မှုကိုပင် ခံရလောက်အောင် တန်ဖိုးမရှိပေ။
သူသည် ယခင်က ထိုရှီမိုကောင်းကင်အရှင်နှင့်ပင် တိုက်ခိုက်နိုင်ခဲ့သူ ဖြစ်သည်။
ထို့နောက်တွင် သူသည် "ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်း" ကို ၅ ရာခိုင်နှုန်းအထိ ဉာဏ်အလင်းပွင့်ခဲ့ရာ သူ၏စွမ်းအားမှာ မည်မျှအထိ တိုးတက်လာခဲ့သည်ကို မသိနိုင်တော့ချေ။
ယခုအခါ နတ်ဆိုးအရှင်အဆင့်ရှိ သက်ရှိများသည် သူ၏အမြင်တွင် ပုရွက်ဆိတ်များထက် များစွာ ပိုမိုသန်မာခြင်း မရှိတော့ပေ။ သူတို့ကို လက်ဖျစ်တစ်တွက်အတွင်း သူ အလွယ်တကူ သုတ်သင်ပစ်နိုင်လေပြီ!
" မင်း! "
ကုချန်က နောက်ထပ် နတ်ဆိုးအရှင်တစ်ပါး၏ အသက်ကို ပေါ့ပေါ့ပါးပါး ဖျက်ဆီးပစ်လိုက်သည်ကို မြင်သောအခါ ကျန်ရှိနေသော ရှီမိုကောင်းကင်မှ အင်မော်တယ် နတ်ဆိုးအရှင်များသည် နောက်ဆုံးတွင် ထိတ်လန့်သွားကြလေတော့သည်။
သူတို့ရှေ့ရှိ ဤလူသည် အမှန်တကယ်ပင် ရူးသွပ်နေသူဖြစ်ကြောင်း သူတို့ မယုံကြည်နိုင်အောင် ဖြစ်သွားကြသည်။ သူသည် အရှင် နတ်ဆိုးဧကရာဇ်ကြီး၏ အမိန့်တော်ကိုပင် ဂရုမစိုက်ခဲ့ပေ။
ပြီးပြီ...အရာအားလုံး ပြီးဆုံးသွားပြီ။
မျက်စိတစ်မှိတ်အတွင်း ဤအင်မော်တယ် နတ်ဆိုးအရှင်များ၏ မျက်နှာပေါ်တွင် မျှော်လင့်ချက်မဲ့မှုများ ပေါ်လာလေသည်။
ယခင်က သူတို့ တွေးထင်ထားခဲ့သည်မှာ နတ်ဆိုးဧကရာဇ်ကြီး သူတို့ကို ကျောထောက်နောက်ခံ ပေးထားသဖြင့် ရှီမိုကောင်းကင်တွင် မတုန်မလှုပ် ဆက်လက်နေထိုင်နိုင်မည်ဟုထင်ခဲ့ကြသည်။
ကြက်သွေးရောင်ငရဲ နတ်ဆိုးနယ်မြေမှ ဤအဆင့်တက်ခါစ အင်မော်တယ်ဘုရင်သည် ရှီမိုကောင်းကင်သို့ တိုက်ရိုက်ဝင်ရောက်လာကာ အရှင် နတ်ဆိုးဧကရာဇ်ကြီး၏ အမိန့်တော်ကို လုံးဝ ဂရုမစိုက်ခဲ့ချေ။
" အမွှေးတိုင်တစ်ဝက်စာ အချိန်ကျန်သေးတယ် "
ကုချန်သည် ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သော်လည်း သူ၏ တည်ငြိမ်သောအသံမှာ ဤအင်မော်တယ် နတ်ဆိုးအရှင်များ၏ နားထဲတွင် ယမဘုံကိုးလွှာမှ လေပြင်းများ တိုက်ခတ်လာသကဲ့သို့ ဖြစ်နေလေသည်။
အသက်ရှင်ခြင်းနှင့် သေဆုံးခြင်းဟူသော ဤကြီးမားလှသည့် ဖိအားအောက်တွင် နတ်ဆိုးအရှင် အချို့မှာ မခံနိုင်တော့ဘဲ ကုချန်၏ဘေးတွင် ရပ်နေသော ချီလျိုထံသို့ အသနားခံသော အကြည့်များဖြင့် ကြည့်ကာ တစ်ယောက်ပြီးတစ်ယောက် အသံလှိုင်းပို့၍ ပြောလိုက်ကြသည်။
" မျိုးနွယ်စုခေါင်းဆောင် ချီလျို... ကျေးဇူးပြုပြီး အရှင့်ကို စကားကောင်းလေး နည်းနည်းလောက် ပြောပေးပါ… နောက်ပိုင်း မင်း ဘာတွေပဲ တောင်းဆိုတောင်းဆို ငါတို့ အားလုံး သဘောတူပါ့မယ် "
" ဟုတ်တယ်...မင်းတို့ ချီလျန်မျိုးနွယ် ဘာလိုချင်လဲ နယ်မြေလား...ရတနာတွေလား...ငါတို့ အားလုံး ပေးနိုင်ပါတယ်... ဒီကျယ်ပြောလှတဲ့ ရှီမိုကောင်းကင်ကြီးကို မင်းတို့ စိတ်ကြိုက် ရွေးချယ်နိုင်ပါတယ် "
ဤအင်မော်တယ် နတ်ဆိုးအရှင်များသည် ချီလျိုမှ ရှေ့ထွက်ကာ စစ်ပွဲကို ရပ်တန့်ရန် ကုချန်အား ဖျောင်းဖျပေးနိုင်လိမ့်မည်ဟု မျှော်လင့်နေကြသည်။
အဘယ်ကြောင့်ဆိုသော် သူတို့၏အမြင်တွင် ကုချန် ရှီမိုကောင်းကင်သို့ လာရောက်၍ 'သူ၏ ဩဇာအာဏာကို တည်ဆောက်' ရခြင်း၏ အကြောင်းရင်းမှာ ချီလျန်မျိုးနွယ်ကြောင့်သာ ဖြစ်ရမည်ဟု ယူဆသောကြောင့်ပင်။
ခေါင်းလောင်းကို ချည်နှောင်သူကသာ ဖြုတ်ရမည်ဖြစ်ရာ ချီလျန်မျိုးနွယ်၏ မိသားစုခေါင်းဆောင်ဖြစ်သော ချီလျိုကသာ ဤအင်မော်တယ်ဘုရင်ကို ဖျောင်းဖျနိုင်ပေလိမ့်မည်။
သို့သော် ဤနတ်ဆိုးအရှင်များ၏ ကတိပေးမှုများနှင့် သွေးဆောင်မှုများကို ရင်ဆိုင်ရချိန်တွင် ချီလျို၏ စိတ်နှလုံးသည် အနည်းငယ်မျှ မတုန်လှုပ်သွားသည့်အပြင် သူတို့အပေါ် သူ၏ အကြည့်များမှာ ပို၍ပင် ရွံရှာစရာ ကောင်းလာလေသည်။
သူ့ရဲ့ အရှင်သခင်ကို သူက ဖျောင်းဖျရမယ်တဲ့လား။
အစေခံတစ်ဦးအနေဖြင့် အရှင်သခင်ကို ဖျောင်းဖျပိုင်ခွင့် မရှိကြောင်း ချီလျို ကောင်းစွာ သိထားသည်။
ထို့အပြင် အရာအားလုံး၏ အမှန်တရားကို စောစီးစွာ သိရှိထားပြီးဖြစ်သော ချီလျိုသည် သူ၏ အမုန်းတရားများကို ဖြေဖျောက်ရန် ဤအင်မော်တယ် နတ်ဆိုးအရှင်များအား အစိမ်းလိုက် ဆွဲဖြဲပစ်ချင်နေသည်ဖြစ်ရာ သူတို့၏ စည်းကမ်းချက်များကို သူက မည်သို့ သဘောတူနိုင်မည်နည်း။
နယ်မြေတွေ...အမြင့်မြတ်ဆုံး ရတနာတွေတဲ့လား... ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်သလဲ။
အရှင် ဤနေရာတွင် ရှိနေမှတော့ ဤရှီမိုကောင်းကင်ရှိ အရာအားလုံးသည် ချီလျန်မျိုးနွယ်၏ စီမံခန့်ခွဲမှုအောက်တွင် ရှိနေမည် မဟုတ်ပါလော။ ရာနှင့်ချီသော နတ်ဆိုးနယ်မြေများသည် အမြင့်မြတ်ဆုံး ရတနာများနှင့် နတ်ဘုရားအဆင့် လက်နက်မျိုးစုံကို ဆက်သခဲ့ကြပြီးဖြစ်ရာ ချီလျန်မျိုးနွယ်အနေဖြင့် ကိုယ်တိုင် ရှာဖွေနေရန် အလုပ်ရှုပ်ခံစရာ မလိုတော့ချေ။
ဒီလူအိုကြီးတွေက ရှီမိုကောင်းကင်မှာ အနေကြာလွန်းသွားလို့ ထင်ပါတယ်။
သူတို့က ဒီလောက် ရယ်စရာကောင်းတဲ့ အကြောင်းပြချက်တွေနဲ့ ငါ့ကို စိတ်လှုပ်ရှားအောင် လုပ်ချင်နေကြတာလား။
" အမွှေးတိုင်တစ်တိုင်စာ အချိန်ကုန်သွားပြီ "
ခဲလုနီးပါး ဖြစ်နေသော လေထုထဲတွင် ကုချန်သည် သူ၏မျက်လုံးများကို ဖြည်းညင်းစွာ မော့လိုက်ကာ အေးစက်စွာ ပြောဆိုလိုက်၏။
" မင်းတို့ တကယ်ကို အသက်ရှင်ဖို့ ရည်ရွယ်မထားတဲ့ပုံပဲ "
ကုချန်၏စကားသည် ဤရှီမိုကောင်းကင်မှ အင်မော်တယ် နတ်ဆိုးအရှင်များကို မျက်ရည်မထွက်ဘဲ ငိုချင်သွားစေခဲ့သည်။
" ချီလျန်မျိုးနွယ်ဝင်တွေကို လွှဲပြောင်းပေးရမယ် "
ထိုချီလျန်မျိုးနွယ်ဝင်တွေ အားလုံး သေကုန်ပြီလို့ သူတို့ ပြောခဲ့ပြီးပြီပဲ... သူတို့ ဘာကို လွှဲပြောင်းပေးနိုင်မည်နည်း။
" အရမ်းကောင်းတယ် "
ကုချန်က ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး ထပ်မပြောချင်တော့ဘဲ ယင်ကောင်ရိုက်သကဲ့သို့ လက်တစ်ဖက်ကို ပေါ့ပေါ့ပါးပါး မြှောက်ကာ ထိုနေရာတွင်ရှိနေသော အင်မော်တယ် နတ်ဆိုးအရှင်များ အားလုံးဆီသို့ ရိုက်ချလိုက်လေသည်။
ကုချန် လှုပ်ရှားလိုက်သည်ကို မြင်သောအခါ ရှီမိုနန်းတော်တစ်ခုလုံး၌ ထိတ်လန့်တုန်လှုပ်မှုများ ချက်ချင်း ပျံ့နှံ့သွားလေသည်။
ဤအင်မော်တယ် နတ်ဆိုးအရှင်များ အားလုံးသည် ကုချန်မှ သူတို့ကို သတ်ဖြတ်ရန် အမှန်တကယ် စီစဉ်နေကြောင်း မြင်တွေ့လိုက်ရသောအခါ…..
" အရှင်... ကျွန်တော်တို့ကို ချမ်းသာပေးပါ "
" အရှင်...အရှင် ဒီလိုလုပ်လို့ မရဘူး... အရှင် နတ်ဆိုးဧကရာဇ်ကြီး အမျက်ဒေါသထွက်လိမ့်မယ် "
" အရှင် ကျွန်တော်တို့ကို သတ်လို့ မရဘူး...အရှင် နတ်ဆိုးဧကရာဇ်ကြီးရဲ့ အမိန့်တော် လာနေပါပြီ "
တောင်းပန်သံများ၊ ခြိမ်းခြောက်သံများနှင့် ကြိမ်းမောင်းသံများ အားလုံး တစ်ပြိုင်နက်တည်း ထွက်ပေါ်လာလေသည်။
သို့သော် ဤအင်မော်တယ် နတ်ဆိုးအရှင်များ ဘာပြောနေသနည်းဆိုတာကို ကုချန် လုံးဝ ဂရုမစိုက်ကြောင်း ထင်ရှားပေသည်။ ကောင်းကင်ကို ဖုံးလွှမ်းနိုင်သော နတ်ဆိုးလက်ဝါးကြီးတစ်ခု ချက်ချင်း ဖွဲ့စည်းသွားပြီး ရှီမိုနန်းတော် တစ်ခုလုံးကို ဖုံးအုပ်ကာ ရုတ်တရက် ဖိချလိုက်လေတော့သည်။
သူသည် ဤပုရွက်ဆိတ်များကို ရှီမိုကောင်းကင်အရှင် နေထိုင်ခဲ့သော ရှီမိုနန်းတော်နှင့်အတူ လက်ဝါးတစ်ချက်တည်းဖြင့် လုံးဝ ဖျက်ဆီးပစ်လိုခြင်းပင်တည်း။
အခန်း ( ၃၇၆ ) - ပုရွက်ဆိတ်များကို ချေမွခြင်း၊ အင်မော်တယ်ဘုရင် လက်နက်နှင့် မမျှော်လင့်ထားသော အကျိုးအမြတ်များ
နတ်ဆိုးလက်ဝါးကြီး မကျဆင်းလာသေးသော်လည်း ၎င်း၏ ကြီးမားကျယ်ပြောလှသော ကောင်းကင်ဘုံစွမ်းအားမှာ ရှီမိုကောင်းကင်တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့ပြီဖြစ်သည်။
တစ်ခဏတာမျှ အရပ်ရပ်မှ နတ်ဆိုးနယ်မြေအရှင်များနှင့် စွမ်းအားရှင်များအားလုံးသည် ရှီမိုကောင်းကင်ဘက်သို့ ထိတ်လန့်တကြား မော့်၍လှမ်းကြည့်လိုက်ကြကာ ဆူပွက်လုနီးပါးဖြစ်နေသော အဆုံးမဲ့တာအိုများ၏ လှုပ်ရှားမှုများမှတစ်ဆင့် အရာအားလုံးကို ချက်ချင်း နားလည်သဘောပေါက်သွားကြလေသည်။
" ဟာ... အဲ့ဒီအင်မော်တယ်ဘုရင်က ရှီမိုကောင်းကင်မှာ တကယ်ကို လက်ရဲဇာတ်ရဲ လှုပ်ရှားလိုက်တာပဲ "
" ဒါက ကောင်းကင်ကြီးကို ဆုတ်ဖြဲပစ်တော့မှာပဲ... ပထမ ရှီမိုကောင်းကင်အရှင်ကို သတ်တယ်... ပြီးတော့ ရှီမိုကောင်းကင်ကို ဖျက်ဆီးမယ်ပေါ့လေ...သူက နတ်ဆိုးဧကရာဇ်ကြီးရဲ့ အမျက်ဒေါသကို တကယ်ပဲ မကြောက်ဘူးလား "
" ဒေါသထွက်တာ... မထွက်တာက နောက်မှထား ဒီနေ့ ရှီမိုနန်းတော်က အဲ့ဒီအင်မော်တယ် နတ်ဆိုးအရှင်တွေထဲက တစ်ယောက်မှ အသက်ရှင်ရက် ကျန်ရစ်မှာ မဟုတ်တော့ဘူး... ငါစိုးရိမ်မိတယ် "
အရပ်ရပ်မှ နတ်ဆိုးနယ်မြေအရှင်များ၏ နှုတ်ဖျားမှ စိတ်လှုပ်ရှားစွာ အာမေဍိတ်သံများ ထွက်ပေါ်လာကြလေသည်။
သူတို့အားလုံးသည် ကြက်သွေးရောင်ငရဲ နတ်ဆိုးနယ်မြေနှင့် ဤအဆင့်တက်ခါစ အင်မော်တယ်ဘုရင်ထံသို့ ချက်ချင်း အညံ့ခံရန် စောစီးစွာ ဆုံးဖြတ်ခဲ့သော သူတို့၏ ဆုံးဖြတ်ချက်မှာ မည်မျှ ပြတ်သား၍ မှန်ကန်ခဲ့ကြောင်းတွေးကာ အောင်ပွဲခံ ဝမ်းမြောက်နေကြလေသည်။
အကယ်၍ သူတို့သာ အတိတ်က ရှီမိုကောင်းကင်ကဲ့သို့ ခေါင်းမာမာဖြင့် ခုခံခဲ့မည်ဆိုပါက ယနေ့တွင် ၎င်း၏ ခြေရာအတိုင်း လိုက်ကာ ယခုကဲ့သို့ ဖြစ်သွားပေလိမ့်မည်။
နတ်ဆိုးဧကရာဇ်ကြီး မည်သို့ ဒေါသထွက်မည်ဆိုသည်ကတော့ နောက်မှတွေးရမည့် ကိစ္စဖြစ်သည်။
အကယ်၍ ကိုယ့်အသက်သာ ပါသွားခဲ့လျှင် နတ်ဆိုးဧကရာဇ်ကြီး ဒေါသထွက်သည်ဖြစ်စေ၊ မထွက်သည်ဖြစ်စေ ဘာအဓိပ္ပာယ် ရှိတော့မည်နည်း။
မည်သို့ပင်ဆိုစေ သူတို့ သိထားသည်မှာ တစ်ခုတည်းသာဖြစ်သည်။ ယနေ့ ရှီမိုနန်းတော်သည် သေချာပေါက် ဖျက်ဆီးခံရတော့မည်ဟူ၍ပင်။
" ဘုန်း! "
မရေမတွက်နိုင်သော တုန်လှုပ်မှု၊ မယုံကြည်နိုင်မှု သို့မဟုတ် မျှော်လင့်ချက်မဲ့မှု အကြည့်များအောက်တွင်.....
ကုချန်သည် အထက်မှနေ၍ အရာအားလုံးကို ချေမွပစ်ရန် သူ၏နတ်ဆိုးလက်ဝါးကြီးကို ရိုက်ချလိုက်လေသည်။
ဤအင်မော်တယ် နတ်ဆိုးအရှင်များသည် ခုခံရန် သူတို့၏ ကိုယ်ပိုင်နည်းလမ်း အသီးသီးကို အသုံးပြုခဲ့ကြသည်။
သို့သော် သူတို့၏ နည်းလမ်းများမှာ ကြီးမားလှသော ကွာဟချက်ကြီးရှေ့တွင် ရထားလုံးကို တားဆီးရန် ကြိုးစားနေသော ပုစဉ်းရင်ကွဲတစ်ကောင်ပမာ ရယ်စရာကောင်းလွန်းနေလေသည်။
နတ်ဆိုးလက်ဝါးကြီး ကျဆင်းလာသည်နှင့်အမျှ များပြားလှသော အင်မော်တယ် နတ်ဆိုးလက်နက်များမှာ မြေမှုန့်များကဲ့သို့ သုတ်သင်ခံလိုက်ရပြီးနောက် ဤရှီမိုကောင်းကင်မှ အင်မော်တယ် နတ်ဆိုးအရှင်များသည် တောက်ပသော မီးရှူးမီးပန်းများကဲ့သို့ ပေါက်ကွဲထွက်သွားကာ အရိုးစလေးတစ်စမျှပင် မကျန်ရစ်ခဲ့ချေ!
" ဘုန်း! "
ဤအင်မော်တယ် နတ်ဆိုးအရှင်များကို ပုရွက်ဆိတ်များကဲ့သို့ ချေမွပစ်ပြီးနောက် နတ်ဆိုးလက်ဝါးကြီးသည် ဆက်လက်ကျဆင်းသွားကာ ရှီမိုနန်းတော်ကိုပါ တစ်ပါတည်း ဖျက်ဆီးပစ်လိုက်လေသည်။
ဤအရာအားလုံးကို ကြည့်နေသော ကုချန်၏အကြည့်များမှာ တည်ငြိမ်နေ၍ သူ၏မျက်လုံးများထဲတွင် သနားညှာတာမှု အရိပ်အယောင်လေးမျှပင် မရှိခဲ့ချေ။
ဤတစ်ကြိမ် သူ ရှီမိုကောင်းကင်သို့ လာခဲ့ရခြင်းမှာ နတ်ဆိုးဧကရာဇ်ကြီးကို မြှူဆွယ်ခေါ်ထုတ်ရန်သာမက သူ၏ဩဇာအာဏာကို တည်ဆောက်ရန်အတွက်လည်း ဖြစ်သည်။
ချီလျန်မျိုးနွယ်သည် သူ၏အစေခံ လက်အောက်ငယ်သားများ ဖြစ်သော်လည်း ကုချန်သည် ဤနေရာတွင် ထာဝရ နေထိုင်သွားနိုင်မည် မဟုတ်ချေ။
ယနေ့ သူ၏လုပ်ရပ်သည် ရှီမိုကောင်းကင်ရှိ ရာနှင့်ချီသော နတ်ဆိုးနယ်မြေများကို ဟန့်တားရန်လည်း ရည်ရွယ်လေသည်။
နောင်အနာဂတ်တွင် တစ်စုံတစ်ယောက်မှ ချီလျန်မျိုးနွယ်ကို ပစ်မှတ်ထားလိုပါက သူတို့ မည်သို့သော တန်ဖိုးမျိုး ပေးဆပ်ရမည်ဆိုသည်ကို အရင်ဆုံး စဉ်းစားသင့်ပေသည်။
" သခင်က ကျွန်မတို့ ချီလျန်မျိုးနွယ်အတွက် ဒီလောက်ကြီးမားတဲ့ အမုန်းတရားကို လက်စားချေပေးခဲ့ပါပြီ... ချီလျန်မျိုးနွယ် တစ်ခုလုံး ထာဝရ ကျေးဇူးတင်ရှိနေမှာပါ "
ထိုအင်မော်တယ် နတ်ဆိုးအရှင်များ ပေါက်ကွဲကာ ပြာဖြစ်သွားသည်ကို မြင်သောအခါ ချီလျို၏မျက်လုံးများတွင် မျက်ရည်များ ပြည့်လျှံလာပြီး ကုချန်၏ရှေ့တွင် ဒူးထောက်ချလိုက်ကာ ကျေးဇူးတင်မှုနှင့် အညံ့ခံမှုများ ပြည့်နှက်နေသော အသံဖြင့် ပြောလိုက်လေသည်။
ဤအခိုက်အတန့်တွင် ကုချန်သည် ချီလျို၏ ဝိညာဉ်အမှတ်အသားကို လွှတ်ပေးလိုက်လျှင်တောင် ချီလျိုသည် ကုချန်အပေါ် စိတ်နှလုံးအကြွင်းမဲ့ လုံးဝ အညံ့ခံသွားပြီဖြစ်ရာ သစ္စာဖောက်ရန် ဖြစ်နိုင်ခြေ လုံးဝမရှိတော့ချေ။
ချီလျန်မျိုးနွယ်၏ ကြီးမားလှသော လက်စားချေမှု ပြီးမြောက်သွားပြီဖြစ်ရာ ချီလျိုအတွက် ဤထက်ပို၍ စိတ်သက်သာရာရစေမည့် သတင်း ဘာရှိနိုင်ဦးမည်နည်း။
သူ၏သခင်သာ မရှိပါက ချီလျန်မျိုးနွယ်ဝင်များအား ရှီမိုကောင်းကင်မှ တိတ်တဆိတ် သတ်ဖြတ်ခဲ့သည်ဟူသော သတင်းကို ချီလျန်မျိုးနွယ် သိရှိခဲ့လျှင်တောင် ဘာမျှလုပ်နိုင်မည် မဟုတ်ပေ။
ထိုညီမငယ်များအတွက် လက်စားချေပေးရန်ဆိုသည်ကို မဆိုထားနှင့်၊ မကျေနပ်မှု အနည်းငယ်မျှပင် မပြရဲဘဲ သူတို့၏ ဒေါသကိုသာ မျိုသိပ်ထားရုံ တတ်နိုင်ပေလိမ့်မည်။
သူ၏သခင်သာ မရှိပါက ဤအမုန်းတရားကို နှစ်သိန်းပေါင်းများစွာ၊ သန်းပေါင်းများစွာ ကြာလျှင်တောင် လက်စားချေနိုင်မည် မဟုတ်ပေ။
ယနေ့တွင် သခင်သည် ဤမုန်းတီးဖွယ်ကောင်းသော ကောင်များကို သတ်ဖြတ်ကာ ချီလျန်မျိုးနွယ်၏ ကြီးမားသော အမုန်းတရားကို လက်စားချေပေးခဲ့ရုံသာမက နတ်ဆိုးဧကရာဇ်တစ်ပါး၏ ခြိမ်းခြောက်မှုအောက်မှပင် ဤသို့ လုပ်ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။
အကယ်၍ နောက်ပိုင်းတွင် နတ်ဆိုးဧကရာဇ်ကြီးမှ သူ၏ မိုးကြိုးပမာ အမျက်ဒေါသများ၏အောက်တွင် ချီလျန်မျိုးနွယ်အား သုတ်သင်ခဲ့မည်ဆိုလျှင်တောင် ထိုက်တန်သည်ဟု ချီလျို ခံစားလိုက်ရလေသည်။
" ထတော့ "
ကုချန်က တည်ငြိမ်စွာ လက်ယမ်းပြလိုက်ပြီး ချီလျိုအား မတ်တတ်ရပ်ရန် အချက်ပြလိုက်လေသည်။
သို့သော် နောက်တစ်ခဏတွင် သူ၏ အကြည့်များ အနည်းငယ် လှုပ်ရှားသွားပြီး ရှီမိုနန်းတော်ဘက်ဆီသို့ တစ်ချက် ကြည့်လိုက်လေသည်။
ဖုန်ထူပြီး ပြိုကျနေသော ရှီမိုနန်းတော်အတွင်းမှ အံ့မခန်း နတ်ဆိုးအလင်းတန်းတစ်ခု ကောင်းကင်ယံသို့ ထိုးထွက်လာကာ ဤနေရာမှ ထွက်ပြေးလွတ်မြောက်ရန် ရည်ရွယ်နေပုံရသည်ကို သူ မြင်လိုက်ရသည်။
" ဘယ်သွားမလို့လဲ "
ကုချန်သည် ထွက်ပြေးနေသော လောကကြီးကို တုန်လှုပ်စေနိုင်သည့် နတ်ဆိုးအလင်းတန်းကို ကြည့်ကာ အလောတကြီးမရှိဘဲ လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး ၎င်း၏ရှေ့သို့ ရောက်သွားကာ ထိုနတ်ဆိုးအလင်းတန်းကို သူ၏လက်ဖဝါးထဲတွင် ဆုပ်ကိုင်လိုက်လေသည်။
" ချလွင်...! ချလွင်...! "
နတ်ဆိုးအလင်းတန်းမှာ ကုချန်၏ထိန်းချုပ်မှုမှ လွတ်မြောက်လိုသည့်အလား ပြင်းထန်စွာ ရုန်းကန်နေပြီး နတ်ဆိုးအလင်းတန်းအတွင်းမှ အင်မော်တယ်ဘုရင်၏ စွမ်းအားလှိုင်းများက ဆက်တိုက်ဆိုသလို ထွက်ပေါ်နေလေသည်။သို့သော် ဤအရာများမှာ ကုချန်အတွက် အသုံးမဝင်ခဲ့ချေ။
သူ၏အကြည့်များမှာ တည်ငြိမ်နေကာ လက်ဖဝါးကို တဖြည်းဖြည်းချင်း ဆုပ်လိုက်၏။ ထိုအခါ နတ်ဆိုးအလင်းတန်းကို ဖုံးလွှမ်းနေသော လှိမ့်တက်လာသည့် နတ်ဆိုးချီများနှင့် ထိုအင်မော်တယ်ဘုရင်၏ စွမ်းအားတို့မှာ ချက်ချင်း ချေမွခံလိုက်ရကာ နတ်ဆိုးအလင်းတန်း၏ အစစ်အမှန် ပုံပန်းသွင်ပြင်ကို ဖော်ပြလာလေသည်။
ဤသည်မှာ အမှန်တကယ်ပင် တောက်ပနေသော ဓားရှည်တစ်လက်ဖြစ်ပြီး ဓားသွားပေါ်တွင် မှိန်ဖျော့သော နဂါးပုံစံ အမှတ်အသားများ ထူထပ်စွာ ဖုံးလွှမ်းနေကာ ဓားသွား၏ အစွန်းတွင် စစ်မှန်သော နဂါးတစ်ကောင်က ချီများကို မှုတ်ထုတ်နေသကဲ့သို့ အလွန် ကြီးစိုးလွှမ်းမိုးနိုင်စွမ်း ရှိလေသည်။
ရှီမိုကောင်းကင်အရှင်ရဲ့ အင်မော်တယ်ဘုရင် လက်နက်လား။
ခဏတာ တစ်ချက်ကြည့်လိုက်ရုံဖြင့် ဤသည်မှာ စစ်မှန်သော အင်မော်တယ်ဘုရင် လက်နက်တစ်ခုဖြစ်ကြောင်း ကုချန် မြင်တွေ့ခဲ့ပြီးဖြစ်သည်။ ယခင်က ရှီမိုကောင်းကင်အရှင်ကိုယ်တိုင် ကြက်သွေးရောင်ငရဲ နတ်ဆိုးနယ်မြေသို့ သွားရောက်ခဲ့စဉ်က သူသည် အပြည့်အဝ ယုံကြည်မှုရှိနေခဲ့သဖြင့် ဤအင်မော်တယ်ဘုရင် လက်နက်ကို မယူဆောင်သွားခဲ့ခြင်း ဖြစ်ပုံရသည်။
ထို့နောက်ပိုင်းတွင် အချိန်မြစ်ထဲသို့ သူ ကျဆင်းသွားသောအခါ ဤဘုရင်လက်နက်ကို ပြန်လည်အသုံးပြုရန် အခွင့်အရေး မရခဲ့တော့ချေ။
ရှီမိုကောင်းကင်အရှင် အချိန်မြစ်ထဲတွင် သေဆုံးသွားသည်နှင့်အမျှ သူ၏ အသက်နှင့်ယှဉ်၍ ကျင့်ကြံထားသော ဤအင်မော်တယ်ဘုရင် လက်နက်အတွင်းရှိ ဝိညာဉ်သည်လည်း ချက်ချင်း ပျက်စီးသွားခဲ့သည်။
ယခုအခါ ဤအင်မော်တယ်ဘုရင် လက်နက်သည် အခွံလွတ်တစ်ခုမျှသာဖြစ်ပြီး ၎င်းအတွင်း၌ နတ်ဝိညာဉ် မရှိတော့ဘဲ ၎င်း၏ မွေးရာပါ အသိစိတ်အတိုင်းသာ လှုပ်ရှားနိုင်တော့သည်။
သို့သော် ဤအရာများသည် ကုချန်အတွက် ပြဿနာမဟုတ်သည့် အတွက် အလုပ်ရှုပ်သက်သာသွားစေသည်။
အဘယ်ကြောင့်ဆိုသော် သူသည် ဤအင်မော်တယ်ဘုရင် လက်နက်ကို အသုံးပြုရန် ရည်ရွယ်ချက်မရှိဘဲ ၎င်းကို အဆုံးမဲ့ဓားအတွင်းသို့ အရည်ကျိုပေါင်းစပ်ရန် စီစဉ်ထားသောကြောင့် ဖြစ်သည်။ အကယ်၍ ဤဓားရှည်အတွင်း၌ နတ်ဝိညာဉ် ရှိနေခဲ့လျှင်တောင် သူက ဖယ်ရှားပစ်မည်သာ ဖြစ်သည်။
" ဒါလည်း အကျိုးအမြတ်တစ်ခုပဲလေ "
ကုချန်သည် တိုးတိတ်စွာ ရယ်မောလိုက်၏။
ဤတစ်ကြိမ် ရှီမိုကောင်းကင်သို့ လာရောက်ရာတွင် ဤအင်မော်တယ်ဘုရင် လက်နက်ကို ရရှိနိုင်ခဲ့ခြင်းကပင် အကြီးမားဆုံး အကျိုးအမြတ်ဖြစ်နေပြီ ဖြစ်သည်။
ရှီမိုကောင်းကင်အရှင်သည် ဤဘုရင်လက်နက်ကို သွန်းလုပ်ရန် မရေမတွက်နိုင်သော အားထုတ်မှုများကို သုံးစွဲခဲ့ရမည်ဖြစ်သော်လည်း ယခုအခါ အရာအားလုံးက ကုချန်အတွက် အကျိုးရှိသွားခဲ့ပြီ ဖြစ်သည်။
" သခင်... ကျွန်မတို့ ပြန်ကြတော့မလား "
ကြီးမားသော လက်စားချေမှု ပြီးမြောက်သွားပြီဖြစ်သော ချီလျိုသည် ဦးစွာ သူ၏ခံစားချက်များကို ငြိမ်သက်အောင် ထိန်းလိုက်ပြီးနောက် ကုချန်ထံမှ အမိန့်တောင်းခံလိုက်လေသည်။
ယခုအခါ ရှီမိုနန်းတော် ဖျက်ဆီးခံလိုက်ရပြီဖြစ်ရာ ရှီမိုကောင်းကင်သည် ခေါင်းဆောင်မဲ့သွားပြီဖြစ်ပြီး ချီလျန်မျိုးနွယ်၏ ကြီးမားသော လက်စားချေမှုလည်း ပြီးမြောက်သွားပြီဖြစ်သဖြင့် ဆက်လက်နေထိုင်ရန် အကြောင်းပြချက် မရှိတော့ပုံရသည်။
သို့သော် ကုချန်သည် ခေါင်းခါလိုက်၏။
" မလောပါနဲ့... နတ်ဆိုးဧကရာဇ်ကြီးရဲ့ အမိန့်တော် မရောက်လာသေးဘူးလေ "
ရှီမိုနန်းတော်မှ ပုရွက်ဆိတ်တစ်စုကို ဖျက်ဆီးပစ်ရခြင်းက ကုချန်အတွက် စိတ်ဝင်စားစရာ မကောင်းခဲ့ချေ။
သူ၏အစစ်အမှန် ပစ်မှတ်မှာ နတ်ဆိုးဧကရာဇ်ကြီးသာ ဖြစ်သည်။
အကယ်၍ သူသာ ဤတိုင်း ပြန်ထွက်သွားမည်ဆိုလျှင် ပျင်းစရာကောင်းလွန်းနေ၏။
ထို့အပြင် နတ်ဆိုးဧကရာဇ်ကြီးအပြင် ကုချန် လုပ်ဆောင်ရန် အခြားကိစ္စတစ်ခု ရှိသေးသည်။ ယင်းမှာ သူ၏ ဒုတိယခန္ဓာကိုယ်၏ နတ်ဘုရားအာရုံကို ရှီမိုကောင်းကင်၏ ကောင်းကင်နှင့် မြေကြီးအတွင်းသို့ ပေါင်းစပ်၍ ၎င်းကို လုံးဝ ထိန်းချုပ်နိုင်ရန် ကြိုးစားကာ ကောင်းကင်ဘုံနယ်မြေတစ်ခုကို ထိန်းချုပ်ခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများ ကို ကြည့်ရှုရန်ပင် ဖြစ်သည်။