← Chapters

အခန်း (၃၇၇-၃၇၈)

Vol. 27 Ch. 377-378

အခန်း (၃၇၇-၃၇၈)

Vol. 27 Ch. 377-378

‎အခန်း ( ၃၇၇ ) - ကောင်းကင်ဘုံနှလုံးသား ပေါင်းစည်းခြင်း၊ စစ်မှန်သော မှော်ဆန်သည့် အကျိုးသက်ရောက်မှုနှင့် အချိန်ဆွဲလွန်းနေခြင်း

‎

‎

‎

‎" နတ်ဆိုးဧကရာဇ်ကြီးရဲ့ အမိန့်တော်... "

‎

‎

‎ကုချန်၏ အဖြေက ချီလျိုကို အသက်အောင့်သွားစေခဲ့သည်။

‎

‎

‎သူက ကုချန်အား ကြက်သွေးရောင်ငရဲ နတ်ဆိုးနယ်မြေသို့ ပြန်မလားဟု မေးခဲ့ရသည့် အကြောင်းရင်းမှာ သူ နတ်ဆိုးဧကရာဇ်ကြီး၏ အမိန့်တော်နှင့် ထိပ်တိုက်တွေ့မည်ကို မသိစိတ်မှ ကြောက်ရွံ့နေသောကြောင့် ဖြစ်သည်။

‎

‎

‎ထိုအမိန့်တော်ထဲတွင် မည်သည့်အရာများ ရေးသားထားသည်ကို သူ မသိသော်လည်း သူ့အရှင်၏ စရိုက်အရ နတ်ဆိုးဧကရာဇ်ကြီး ကိုယ်တိုင်ရောက်လာလျှင်တောင် သူ့ကို ခေါင်းငုံ့သွားစေရန် ခက်ခဲမည်ဖြစ်ရာ အမိန့်တော်တစ်ခုတည်းဆိုလျှင် ဆိုဖွယ်ရာပင် မရှိတော့ကြောင်း ချီလျို ကောင်းစွာ သိထားလေသည်။

‎

‎

‎သို့သော် သူ၏ အရှင်က ဤအမိန့်တော်ကို လုံးဝ လျစ်လျူရှုကာ နတ်ဆိုးဧကရာဇ်ကြီးအား မထီမဲ့မြင်ပြုလုပ်မည်ဆိုပါက နောက်ပိုင်းတွင် မည်သို့ဆက်ဖြစ်လာမည်ကို ပြောရန် ခက်ခဲပေလိမ့်မည်။

‎

‎

‎ထို့ကြောင့် နတ်ဆိုးဧကရာဇ်ကြီးနှင့် တိုက်ရိုက် ပဋိပက္ခဖြစ်ခြင်းမှ ရှောင်ရှားနိုင်ရန် ကုချန်နှင့်အတူ ရှီမိုကောင်းကင်မှ စောစီးစွာ ထွက်ခွာသွားလိုခဲ့ခြင်း ဖြစ်သည်။

‎

‎

‎သို့သော် ကုချန်တွင် ထွက်ခွာရန် ရည်ရွယ်ချက် လုံးဝမရှိကြောင်း ထင်ရှားပေသည်။

‎

‎

‎ဤတစ်ကြိမ် သူ ရှီမိုကောင်းကင်သို့ လာရခြင်း၏ အဓိကအကြောင်းရင်းမှာ နတ်ဆိုးဧကရာဇ်ကြီးကြောင့်ပင်ဖြစ်သည်ဟု ဆိုနိုင်ပေသည်။

‎

‎

‎နတ်ဆိုးဧကရာဇ်ကြီး ကိုယ်တိုင်ရောက်လာလျှင်တောင် ကုချန်က ကြောက်ရွံ့မည်မဟုတ်ရာ သာမန် အမိန့်တော်လေးတစ်ခုကို ဂရုစိုက်မည်လော။

‎

‎

‎ကုချန်က စကားဆက်မပြောတော့ဘဲ တစ်စုံတစ်ရာကို အာရုံခံနေသည့်အလား မျက်လုံးများကို အနည်းငယ် မှိတ်ထားလိုက်သည်ကို မြင်သောအခါ။

‎

‎

‎ချီလျိုသည် သူ၏ ငွေရောင်သွားလေးများကို ဖွဖွလေးကြိတ်လိုက်ပြီး မတတ်သာဘဲ ငြိမ်သက်စွာ ရပ်၍သာ စောင့်ဆိုင်းနေလိုက်လေသည်။

‎

‎

‎သို့သော် သူ၏ စိတ်နှလုံးထဲတွင် ယုံကြည်ချက်က ခိုင်မာနေပြီဖြစ်သည်။ နောက်ပိုင်းတွင် ဘာပဲဖြစ်လာပါစေ သူသည် သူ့အရှင်၏ဘေးတွင် ခိုင်မာစွာ ရပ်တည်သွားမည်သာ ဖြစ်သည်။

‎

‎

‎အဆိုးဆုံးအခြေအနေဖြစ်လာခဲ့လျှင် အရှင် နတ်ဆိုးဧကရာဇ်ကြီး၏ အမျက်ဒေါသအောက်တွင် သူ ပြာအဖြစ်သို့ ပြောင်းလဲသွားရုံသာ ရှိမည်မဟုတ်ပါလော။

‎

‎

‎ကုချန်က မျက်လုံးများကို မှိတ်ထားသော်လည်း သူ၏ ကြီးမားကျယ်ပြောလှသော နတ်ဘုရားအာရုံမှာ သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး ရှီမိုကောင်းကင်တစ်ခုလုံးဆီသို့ ပျံ့နှံ့သွားခဲ့လေပြီ။

‎

‎

‎ဤရှီမိုကောင်းကင်ကို မူလက ရှီမိုကောင်းကင်အရှင်က အုပ်ချုပ်ခဲ့ခြင်း ဖြစ်သည်။

‎

‎

‎ယခုအခါ ရှီမိုကောင်းကင်အရှင် ကျဆုံးသွားပြီဖြစ်ရာ ဤကောင်းကင်ဘုံနှင့် ပေါင်းစည်းထားသော အဆုံးမဲ့တာအို ကောင်းကင်ဘုံနှလုံးသား အမှတ်အသားမှာလည်း သဘာဝကျကျပင် အရှင်သခင်မဲ့သွားခဲ့ပြီ ဖြစ်သည်။

‎

‎

‎ထို့ကြောင့် ကုချန်သည် သူ၏ နတ်ဝိညာဉ်ကို ရှီမိုကောင်းကင်၏ အဆုံးမဲ့တာအိုများနှင့် အလွယ်တကူ ချိတ်ဆက်လိုက်ပြီး ဤကောင်းကင်ဘုံ၏ ကောင်းကင်ဘုံနှလုံးသား အမှတ်အသားနှင့် ပေါင်းစည်းကာ ရှီမိုကောင်းကင်၏ အရှင်သခင်သစ် ဖြစ်လာခဲ့လေသည်။

‎

‎

‎" ဘုန်း! "

‎

‎

‎ကုချန်၏ နတ်ဘုရားအာရုံက ရှီမိုကောင်းကင်၏ ကောင်းကင်ဘုံနှလုံးသား အမှတ်အသားနှင့် လုံးဝ ပေါင်းစည်းသွားသည့် အခိုက်အတန့်တွင် သူ၏ နတ်ဘုရားအာရုံမှာ ချက်ချင်း အဆုံးအစမဲ့ မြင့်တက်သွားသည်ဟု ခံစားလိုက်ရသည်။ ရှီမိုကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားရုံသာမက ရှီမိုကောင်းကင် လက်အောက်ရှိ နတ်ဆိုးနယ်မြေများစွာဆီသို့ပင် ပျံ့နှံ့သွားခဲ့လေသည်။

‎

‎

‎ရှီမိုကောင်းကင် တစ်ခုလုံးနှင့် အောက်ဘက်ရှိ ရာနှင့်ချီသော နတ်ဆိုးနယ်မြေများက သူ့ထံသို့ သိမ်မွေ့သော ဆက်သွယ်မှုတစ်ခုကို တည်ဆောက်လိုက်သကဲ့သို့ ရေးရေးမျှ ခံစားလိုက်ရသည်။

‎

‎

‎ကုချန်ကို ပို၍ အံ့အားသင့်သွားစေသည်မှာ ဤကောင်းကင်ဘုံ၏ ကောင်းကင်ဘုံနှလုံးသားနှင့် ပေါင်းစည်းလိုက်ချိန်တွင် ရှီမိုကောင်းကင်ရှိ ကောင်းကင်နှင့် မြေကြီး၏ အဆုံးမဲ့တာအိုများထံမှ အဆုံးမဲ့တာအို နိယာမ အသိအမြင်များသည် စမ်းချောင်းလေးများကဲ့သို့ ကောင်းကင်ဘုံနှလုံးသား အမှတ်အသားဆီသို့ စုဆင်းလာနေသည်ကို သူ အမှန်တကယ် ခံစားလိုက်ရခြင်းပင် ဖြစ်သည်။

‎

‎

‎ထိုအရာများမှာ ဤကောင်းကင်ဘုံအတွင်းရှိ မရေမတွက်နိုင်သော သက်ရှိများ၏ ကျင့်ကြံခြင်းလုပ်ငန်းစဉ်တစ်လျှောက် နားလည်သဘောပေါက်မှုများပင် ဖြစ်သည်။

‎

‎

‎ကျင့်စဉ်များ...နတ်ဘုရားစွမ်းရည်များ... အားလုံး အကျုံးဝင်လေသည်။

‎

‎

‎ဤမရေမတွက်နိုင်သော အဆုံးမဲ့တာအို နိယာမ အသိအမြင်များသည် ကောင်းကင်ဘုံနှလုံးသား အမှတ်အသားမှတစ်ဆင့် ကုချန်၏ အသိစိတ်ပင်လယ်အတွင်းသို့ ဝင်ရောက်လာသောအခါ ငါးရာခိုင်နှုန်းကို ကျော်လွန်ပြီးနောက် နားလည်ရန် ခက်ခဲနက်နဲလာခဲ့သော "ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်း" သည် အမှန်တကယ်ပင် ၎င်း၏ တိုးတက်မှုကို တစ်ဖန် ပြန်လည်အရှိန်မြှင့်လာကြောင်းကို သူ ခံစားလိုက်ရလေသည်။

‎

‎

‎ဤရှီမိုကောင်းကင်နှင့် ပေါင်းစည်းခြင်းက ဤကဲ့သို့သော အကျိုးကျေးဇူးများ ရှိနေသည်ပေါ့။

‎

‎

‎ကုချန်သည် ရုတ်တရက် မျက်လုံးများကို ဖွင့်လိုက်ရာ သူ၏ အကြည့်များတွင် ထိန်းချုပ်မရနိုင်သော စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေလေသည်။

‎

‎

‎ဒီတစ်ခေါက်တော့ သူ တကယ့် ရတနာသိုက်ကြီးကို အမှတ်မထင် တွေ့သွားတာပဲ။

‎

‎

‎ယခင်က သူ၏ မူလခန္ဓာကိုယ်သည် အချိန်မြစ်ပေါ်တွင် ထိုလျှို့ဝှက်ဆန်းကြယ်သော လက်ကို နောက်တစ်ကြိမ် မြင်တွေ့ခဲ့ရပြီး ထိုအခွင့်အရေးကို အသုံးချကာ "ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်း" ကို ငါးရာခိုင်နှုန်းအထိ တိုးမြှင့်နားလည်နိုင်ခဲ့သည်။

‎

‎

‎သို့သော် "ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်း" ၏ နားလည်သဘောပေါက်မှု ငါးရာခိုင်နှုန်းသို့ ရောက်ရှိသွားသည်နှင့် အဆင့်သစ်တစ်ခုသို့ ဝင်ရောက်သွားသကဲ့သို့ ဖြစ်သွားခဲ့သည်။ ကုချန်၏ ခန္ဓာကိုယ်သုံးခု တစ်ပြိုင်နက်တည်း လုပ်ဆောင်နေသည့်တိုင်အောင် သူ၏ နားလည်သဘောပေါက်မှု တိုးတက်နှုန်းမှာ သိသိသာသာကို နှေးကွေးသွားခဲ့ရသည်။

‎

‎

‎ဒီနှုန်းအတိုင်းဆိုလျှင် ဤ "ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်း" ကို လုံးဝ နားလည်သဘောပေါက်ရန် မဆိုထားနှင့်၊ ၎င်း၏ ကျင့်ကြံမှု ဆယ်ရာခိုင်နှုန်းသို့ ရောက်ရှိရန်ပင် ယုံကြည်နိုင်လောက်အောင် အချိန်အလွန်ကြာမြင့်ပေလိမ့်မည်။

‎

‎

‎ယခုအခါ သူသည် ရှီမိုကောင်းကင်၏ ကောင်းကင်ဘုံနှလုံးသားနှင့် ပေါင်းစည်းပြီး ဤကောင်းကင်ဘုံ၏ နက်နဲမှုအမျိုးမျိုးကို အာရုံခံသိရှိလိုက်ရချိန်တွင် ရှီမိုကောင်းကင်ရှိ သက်ရှိအားလုံးက သူ့အား အဆုံးမဲ့တာအို အမှန်တရား နားလည်ခြင်းကို ကျင့်ကြံရန် ကူညီပေးနေသကဲ့သို့ ဖြစ်နေကြောင်း ကုချန် အံ့အားသင့်ဖွယ် တွေ့ရှိလိုက်ရလေသည်။

‎

‎

‎သက်ရှိအားလုံး၏ အသိအမြင်များနှင့် ကျင့်ကြံမှုများကို ကောင်းကင်ဘုံနှလုံးသားက ပြောင်းလဲပေးလိုက်ပြီး သူ၏ အသိအမြင်နှင့် ကျင့်ကြံမှုများအဖြစ်သို့ ရောက်ရှိလာကာ "ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်း" ၏ တိုးတက်မှုကို ဆက်လက် တွန်းအားပေးနေလေသည်။

‎

‎

‎ကောင်းကင်နှင့် မြေကြီးတစ်ခုကို ပေါင်းစည်းခြင်းက ဤကဲ့သို့သော မှော်ဆန်သည့် အသုံးဝင်မှုမျိုး ရှိနေသည်ပေါ့။

‎

‎

‎" ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်း " ၏ အဆက်မပြတ် နက်ရှိုင်းလာသော နားလည်သဘောပေါက်မှုကို ခံစားရင်း ကုချန် သဘာဝကျကျပင် စိတ်လှုပ်ရှားသွားလေသည်။

‎

‎

‎သေချာပေါက် သူ့ကို ပို၍ ပျော်ရွှင်သွားစေသည်မှာ "ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်း" ကို ကျင့်ကြံရန်အတွက် မှန်ကန်သော နည်းလမ်းကို သူ နောက်ဆုံးတွင် ရှာဖွေတွေ့ရှိသွားခြင်းပင် ဖြစ်သည်။

‎

‎

‎ယခင်က သူသည် "ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်း" ၏ နားလည်သဘောပေါက်မှုကို သူ၏ ကိုယ်ပိုင်အင်အားဖြင့်သာ တွန်းအားပေးခဲ့ပြီး နောက်ပိုင်းတွင် "ချီတစ်ခုမှ သန့်စင်သူသုံးပါး ခွဲထွက်ခြင်း" ဖြင့် ဖန်တီးထားသော ကိုယ်ပွားနှစ်ခု၏ အကူအညီဖြင့်ပင် ကျယ်ပြောလှသော ကောင်းကင်ဘုံနှင့် အဆုံးမဲ့ စကြာဝဠာများရှိ တာအိုအားလုံးနှင့် အပြောင်းအလဲများကို လွှမ်းခြုံထားပုံရသော ဤအမြင့်မားဆုံး နိယာမရှေ့တွင် သူသည် ယုံကြည်နိုင်လောက်အောင် သေးငယ်နေဆဲဖြစ်ကာ အလွန်ကို လိုအပ်ချက်များစွာ ရှိနေသေးသည်။

‎

‎

‎သို့သော် ယခုအခါ ဤ "ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်း" ကို ကျင့်ကြံရန် သူ၏ ကိုယ်ပိုင်အင်အား တစ်ခုတည်းကိုသာ အားကိုးနေစရာ မလိုဘဲ သက်ရှိအားလုံးထံမှ စွမ်းအားများကို ငှားရမ်းအသုံးပြုနိုင်ကြောင်း ကုချန် တွေ့ရှိသွားခဲ့လေပြီ။

‎

‎

‎" ငါ မှားခဲ့တယ်...အရင်က ငါ့အတွေးတွေ အမြဲတမ်း မှားယွင်းနေခဲ့တာပဲ...'ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်း' က ဒီကျယ်ပြောလှတဲ့ ကောင်းကင်ဘုံတွေရဲ့ တာအိုကို ဖော်ပြနေတာ...လူတစ်ယောက်တည်းက ဘယ်လိုလုပ်ပြီး ဒါကို အပြည့်အဝ နားလည်သဘောပေါက်နိုင်မှာလဲ...

‎

‎ဒီကောင်းကင်ဘုံတွေရဲ့ တာအိုကို နားလည်သဘောပေါက်ဖို့ဆိုရင် ဒီကောင်းကင်ဘုံတွေထဲက သက်ရှိအားလုံးရဲ့ စွမ်းအားကို ငှားရမ်းရမှာပေါ့...

‎

‎သက်ရှိအားလုံးက ငါပဲ...ငါကလည်း သက်ရှိအားလုံးပဲ "

‎

‎

‎ကုချန်က စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်လေသည်။

‎

‎

‎" ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်း " အတွက် မှန်ကန်သော ကျင့်စဉ်ကို သူ နောက်ဆုံးတွင် ရှာတွေ့သွားခဲ့ပြီ ဖြစ်သည်။

‎

‎

‎ရှီမိုကောင်းကင်နှင့် ပေါင်းစည်းခြင်းက ရှီမိုကောင်းကင်အရှင်အတွက် သူ၏ အဆုံးမဲ့တာအိုများအပေါ် နားလည်သဘောပေါက်မှုကို နက်ရှိုင်းလာစေရန်သာ ကူညီပေးနိုင်ကောင်း ကူညီပေးနိုင်လိမ့်မည်။ သို့သော် ကုချန်အတွက်မူ ၎င်း၏ အကျိုးကျေးဇူးများမှာ စိတ်ကူးယဉ်၍ပင် မရနိုင်အောင် ကြီးမားလှပေသည်။

‎

‎

‎ဤသည်မှာ ရှီမိုကောင်းကင် တစ်ခုတည်းနှင့် ပေါင်းစည်းပြီးနောက်တွင်သာ ရှိသေးသည်။ အကယ်၍ သူက အခြားသော နတ်ဆိုးကောင်းကင်ဘုံများ သို့မဟုတ် အင်မော်တယ်နယ်မြေ ကောင်းကင်ဘုံများနှင့် ဤကျယ်ပြောလှသော ဟွမ်သွမ့်ပင်လယ်အတွင်းရှိ မရေမတွက်နိုင်သော ကမ္ဘာများအားလုံးနှင့်ပါ ပေါင်းစည်းနိုင်ခဲ့လျှင်ကော ဘယ်လိုနေမည်နည်း။

‎

‎

‎ကုချန်သည် အမှောင်ထုထဲတွင် ခံစားချက်တစ်ခုကို ရေးရေးမျှ ခံစားလိုက်ရသည်။

‎

‎

‎ဤမရေမတွက်နိုင်သော ကျယ်ပြောလှသည့် ကမ္ဘာများအားလုံးကို သူ လက်ခံပေါင်းစည်းနိုင်သောအချိန်သည် သူ၏ "ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်း" ကျင့်ကြံမှု အမှန်တကယ် ကြီးမားသော အောင်မြင်မှုအဆင့်သို့ ရောက်ရှိသွားမည့် အချိန်ပင် ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။

‎

‎

‎ကုချန်က ရှီမိုကောင်းကင်နှင့် ပေါင်းစည်းခြင်း၏ အံ့သြဖွယ် အသုံးဝင်မှု အမျိုးမျိုးကို ဂရုတစိုက် အာရုံခံနေစဉ်မှာပင် ရှီမိုကောင်းကင်၏ အပြင်ဘက်၌ ဧကရာဇ် တာကီယွမ်နှင့် ပိုင်ဟွာနတ်ဆိုးအရှင်တို့ နောက်ကျမှ ရောက်ရှိလာကြလေသည်။

‎

‎

‎မျက်စိတစ်မှိတ်အတွင်း ဖျက်ဆီးခံလိုက်ရသော ရှီမိုနန်းတော်နှင့် ကောင်းကင်ယံအထက်တွင် ရပ်နေသော ကုချန်ကို မြင်သောအခါ ဧကရာဇ် တာကီယွမ်၏ မျက်နှာမှာ ချက်ချင်း ဖြူရော်သွားလေတော့သည်။

‎

‎

‎ရှီမိုနန်းတော်... အမှန်တကယ် ဖျက်ဆီးခံလိုက်ရပြီလော။

‎

‎

‎ဒီလူက ရှီမိုနန်းတော်ကို တကယ် ဖျက်ဆီးရဲတယ်ပေါ့။

‎

‎

‎ဧကရာဇ် တာကီယွမ်မှာ မယုံကြည်နိုင်အောင် ဖြစ်သွားရလေသည်။

‎

‎

‎သူသည် ယခင်က ရှီမိုကောင်းကင်မှ တာအိုရောင်းရင်းများကို နတ်ဆိုးဧကရာဇ်ကြီး၏ အမိန့်တော်အကြောင်း အသိပေးခဲ့ပြီးဖြစ်သည်။

‎

‎

‎ကုချန် ရောက်လာချိန်တွင် နတ်ဆိုးဂျိုအရှင်နှင့် အခြားသူများသည် ဤသတင်းကို သူ့အား သေချာပေါက် ပြောပြခဲ့လိမ့်မည်ဟု သူ ယုံကြည်ထားခဲ့သည်။

‎

‎

‎တာအိုရောင်းရင်းများက အရှင် နတ်ဆိုးဧကရာဇ်ကြီးအကြောင်းကို ထုတ်ပြောခဲ့ပြီးဖြစ်သော်လည်း ဤလူက ဤမျှ ရမ်းကားနေဆဲပင်။ အရူးတစ်ယောက်၊ တကယ့် အရူးတစ်ယောက်ပဲ။

‎

‎

‎" တာအိုရောင်းရင်း ပိုင်ဟွာ... နတ်ဆိုးဧကရာဇ်ကြီးရဲ့ အမိန့်တော်ကို ချက်ချင်း ထုတ်ပြလိုက်...ဒီလူက နတ်ဆိုးဧကရာဇ်ကြီးရဲ့ ဂုဏ်သိက္ခာကို လျစ်လျူရှုထားတာ...သူ ကြီးမားတဲ့ တန်ဖိုးတစ်ခု ပေးဆပ်ရမယ် "

‎

‎

‎ဧကရာဇ် တာကီယွမ်သည် သွားကြိတ်ကာ ပြောလိုက်လေသည်။

‎

‎

‎ကုချန်၏ရူးသွပ်မှုသည် ဧကရာဇ် တာကီယွမ်၏ စိတ်နှလုံးကို ထိတ်လန့်သွားစေသော်လည်း တစ်ချိန်တည်းမှာပင် သူ့ကို စိတ်လှုပ်ရှားစေခဲ့သည်။

‎

‎

‎အဘယ်ကြောင့်ဆိုသော် ကုချန် ရူးသွပ်စွာ ပြုမူလေလေ အရှင် နတ်ဆိုးဧကရာဇ်ကြီးကို ဒေါသထွက်စေမည့် ဖြစ်တန်ခြေ ပိုမြင့်မားလေလေ ဖြစ်သောကြောင့်ပင်။

‎

‎

‎ယခုအခါ ရှီမိုကောင်းကင်မှ နတ်ဆိုးအရှင် တာအိုရောင်းရင်းများအားလုံး သေဆုံးသွားပြီဖြစ်ရာ အကယ်၍ အရှင် နတ်ဆိုးဧကရာဇ်ကြီးက ဤအင်မော်တယ်ဘုရင်ကိုပါ 'ရှင်းလင်း' လိုက်နိုင်မည်ဆိုလျှင် ဤကျယ်ပြောလှသော ရှီမိုကောင်းကင်ကြီးသည် နောက်ဆုံးတွင် သူ အလွယ်တကူ သိမ်းပိုက်နိုင်မည့် နေရာဖြစ်လာမည် မဟုတ်ပါလော။

‎အခန်း ( ၃၇၈ ) - အမိန့်တော် ရောက်ရှိလာခြင်း၊ အမည်နာမမှာ ဝူလျန်ဖြစ်ပြီး မင်းသာလျှင် ဖြစ်ရမည်

‎

‎

‎

‎ဧကရာဇ် တာကီယွမ်၏ မျက်လုံးများတွင် မျှော်လင့်ချက် အရိပ်အယောင်တစ်ခု ပေါ်လွင်နေလေသည်။

‎

‎

‎ရှီမိုကောင်းကင်အရှင် သေဆုံးသွားပြီးနောက် ဤအင်မော်တယ် နတ်ဆိုးအရှင်များသည် အဘယ်ကြောင့် ရှီမိုကောင်းကင်တွင် အမြဲနေထိုင်ပြီး နတ်ဆိုးဧကရာဇ်ကြီးကို ဆက်သွယ်ရန် ကြိုးစားနေခဲ့ကြသနည်း။

‎

‎

‎ဤသည်မှာ သူတို့က နတ်ဆိုးဧကရာဇ်ကြီးအပေါ် အလွန်သစ္စာရှိနေသောကြောင့် မဟုတ်သလို သူတို့ကိုယ်သူတို့ ကာကွယ်ရန် သက်သက်အတွက်လည်း မဟုတ်ပေ။

‎

‎

‎အကြောင်းရင်း၏ အဓိကအစိတ်အပိုင်းမှာ ဤအင်မော်တယ် နတ်ဆိုးအရှင်များသည် ရှီမိုကောင်းကင်အရှင်၏ သေဆုံးမှုကို အခွင့်ကောင်းယူကာ ရှီမိုကောင်းကင်ကို 'ခွဲဝေ' ယူလိုသောကြောင့်ပင် ဖြစ်သည်။

‎

‎

‎သူတို့၏ စွမ်းအားဖြင့် ရှီမိုကောင်းကင်တစ်ခုလုံးကို မသိမ်းပိုက်နိုင်ချေ။

‎

‎

‎သို့သော် ရှီမိုကောင်းကင်၏ အစိတ်အပိုင်းတစ်ခုကို ခွဲဝေယူနိုင်သရွေ့ ၎င်းသည် သူတို့၏ ကိုယ်ပိုင်ကျင့်ကြံခြင်းနှင့် အနာဂတ် တက်လှမ်းမှုများအတွက် ကြီးမားလှသော အကျိုးကျေးဇူး ဖြစ်လာမည်ဖြစ်သည်။

‎

‎

‎မည်သို့ပင်ဆိုစေ နတ်ဆိုးနယ်မြေ၌ပင် အင်မော်တယ်ဘုရင်များမှာ ဖီးနစ်ငှက်၏ အမွေးအမျှင်များကဲ့သို့ ရှားပါးနေဆဲပင် ဖြစ်သည်။

‎

‎

‎ယခု ရှီမိုကောင်းကင်အရှင် သေဆုံးသွားပြီဖြစ်ရာ အရှင် နတ်ဆိုးဧကရာဇ်ကြီး ကိုယ်တိုင်ပင်လျှင် ရှီမိုကောင်းကင်ကို ထိန်းချုပ်ရန် ပိုမိုကောင်းမွန်သော သူကို အချိန်တိုအတွင်း ရှာတွေ့နိုင်မည်မဟုတ်ဘဲ လစ်လပ်ထားရဖွယ် ရှိလေသည်။

‎

‎

‎ဤနည်းဖြင့် ဤနတ်ဆိုးအရှင်များသည် 'အသိုက်လု' ယူရန် အခွင့်အရေး ရရှိလာမည်ဖြစ်သည်။ အကယ်၍ သူတို့က ရှီမိုကောင်းကင်ကို အချိန်အတိုင်းအတာတစ်ခုအထိ ခွဲဝေသိမ်းပိုက်ထားနိုင်မည် ဆိုလျှင်တောင် သူတို့အတွက် ကြီးမားသော အကျိုးကျေးဇူး ဖြစ်စေလိမ့်မည်။

‎

‎

‎အကယ်၍ ဤကဲ့သို့သော အကျိုးကျေးဇူးများသာ မရှိပါက ဤနတ်ဆိုးအရှင်များသည် ရှီမိုကောင်းကင်အရှင် သေဆုံးကြောင်း သိလိုက်ရသည့် အခိုက်အတန့်တွင် ငှက်များနှင့် သားရဲများကဲ့သို့ လူစုကွဲသွားကြမည်သာ ဖြစ်သည်။ ကြီးမားသော အန္တရာယ်ကို ရင်ဆိုင်ပြီး ရှီမိုကောင်းကင်တွင် မည်သူ နေရဲမည်နည်း။

‎

‎

‎ယခုအခါ နတ်ဆိုးဧကရာဇ်ကြီး၏ အမိန့်တော် ရှိနေပြီဖြစ်သည်။

‎

‎

‎ဧကရာဇ် တာကီယွမ်သည် ရှီမိုကောင်းကင်ရှိ အခြား အင်မော်တယ် နတ်ဆိုးအရှင်များ သေဆုံးသွားကြောင်းကို သိလိုက်ရလျှင်တောင် သူ၏ စိတ်ထဲတွင် ကြောက်ရွံ့မှု အနည်းငယ်မျှသာ ရှိပေမည်။ အမှန်တကယ်တွင် မျှော်လင့်ချက်က ကြောက်ရွံ့မှုထက် ပိုမိုကြီးမားနေလေသည်။

‎

‎

‎မုန်တိုင်း ကြီးလေလေ၊ ရလိုက်တဲ့ ငါးက ပိုတန်ဖိုးကြီးလေလေပဲ။

‎

‎

‎အခြား နတ်ဆိုးအရှင်များ သေဆုံးသွားသည့် သတင်းသည် သူအတွက်လည်း သတင်းကောင်းတစ်ခု ပင်ဖြစ်သည်။

‎

‎

‎" သွားမယ်! "

‎

‎

‎ဧကရာဇ် တာကီယွမ်သည် ပိုင်ဟွာနတ်ဆိုးအရှင်၏ လက်ထဲရှိ နတ်ဆိုးဧကရာဇ်ကြီး၏ အမိန့်တော်ကို တစ်ချက်ကြည့်လိုက်ပြီး စိတ်တည်ငြိမ်သွားကာ မည်သည့် တွန့်ဆုတ်မှုမျှမရှိဘဲ ရှီမိုကောင်းကင်သို့ ပျံသန်းဝင်ရောက်သွားလေသည်။

‎

‎

‎မကြာမီမှာပင် သူနှင့် ပိုင်ဟွာနတ်ဆိုးအရှင်တို့သည် ရှီမိုနန်းတော်အထက်သို့ ရောက်ရှိလာကြသည်။

‎

‎

‎" နတ်ဆိုးဧကရာဇ်ကြီးရဲ့ အမိန့်တော် ရောက်လာပြီ "

‎

‎

‎ဧကရာဇ် တာကီယွမ်က အသံကျယ်ကျယ်ဖြင့် ကြေညာလိုက်ရာ သူ၏အသံသည် အဆုံးမဲ့တာအိုများနှင့်အတူ တုန်ခါသွားပြီး ရှီမိုကောင်းကင် တစ်ခုလုံးသို့ ပျံ့နှံ့သွားလေသည်။

‎

‎

‎သူသည် ကုချန်ကို အောင်ပွဲခံသည့်ဟန်ဖြင့် ကြည့်လိုက်လေသည်။

‎

‎

‎မင်းက အင်မော်တယ်ဘုရင်ဆိုတော့ရော ဘာဖြစ်လဲ။

‎

‎

‎အခု အရှင် နတ်ဆိုးဧကရာဇ်ကြီးရဲ့ အမိန့်တော် ကျရောက်လာပြီဆိုတော့ နတ်ဆိုးဧကရာဇ်ကြီး ကိုယ်တိုင် ရောက်လာသလိုပဲ။ မင်းက အင်မော်တယ်ဘုရင် ဖြစ်နေရင်တောင်မှ အမိန့်တော်ကို နာခံစွာ လက်ခံရမှာပဲ မဟုတ်လော။

‎

‎

‎သို့သော် ဧကရာဇ် တာကီယွမ်ကို အံ့အားသင့်သွားစေသည်မှာ သူ၏ရှေ့ရှိ အင်မော်တယ်ဘုရင်က သူ့ကို တစ်ချက်လေးမျှပင် မကြည့်ဘဲ ဘေးရှိ ပိုင်ဟွာနတ်ဆိုးအရှင်ထံသို့ အကြည့်ရွှေ့ကာ ဂရုမစိုက်ဟန်ဖြင့် မေးလိုက်ခြင်းဖြစ်သည်။

‎

‎

‎" မင်းက ပိုင်ဟွာနတ်ဆိုးအရှင်လား "

‎

‎

‎" အရှင့်ကို တင်ပြပါတယ်...ဟုတ်ပါတယ် "

‎

‎

‎ကုချန်၏ အမေးကို ရင်ဆိုင်ရချိန်တွင် နတ်ဆိုးဧကရာဇ်ကြီး၏ အမိန့်တော်ကို ကိုင်ဆောင်ထားသော်ငြားလည်း ပိုင်ဟွာနတ်ဆိုးအရှင်သည် ပေါ့ဆစွာ မပြုမူရဲဘဲ အလျင်အမြန် ရိုသေစွာ ပြန်ဖြေလိုက်လေသည်။

‎

‎

‎" အင်း... မင်း အရမ်းကောင်းကောင်း လုပ်ခဲ့တယ် "

‎

‎

‎ဒီနှစ်တွေတစ်လျှောက်လုံး ချီလျန်မျိုးနွယ်ဝင်များကို ကယ်တင်ခဲ့သော ပိုင်ဟွာနတ်ဆိုးအရှင်၏ လုပ်ရပ်များကို အသိအမှတ်ပြုကာ ချီးကျူးသည့်အနေဖြင့် ကုချန်က ခေါင်းအနည်းငယ် ညိတ်လိုက်လေသည်။

‎

‎

‎ကုချန် ခေါင်းညိတ်လိုက်သည်ကို မြင်သောအခါ သူ၏ဘေးတွင် ရပ်နေသော ချီလျိုသည်လည်း အနည်းငယ် သက်ပြင်းချကာ စိတ်အေးသွားလေသည်။

‎‎

‎

‎သူအရှင်က ခေါင်းညိတ်လိုက်ပြီဖြစ်ရာ ပိုင်ဟွာနတ်ဆိုးအရှင်နှင့် ပတ်သက်၍ သူ့အရှင်က ဆက်လက် အရေးယူတော့မည် မဟုတ်ကြောင်း ဆိုလိုပေသည်။

‎

‎

‎" မင်း! "

‎

‎

‎ကုချန်နှင့် ပိုင်ဟွာနတ်ဆိုးအရှင်တို့အကြား အပြန်အလှန် စကားပြောဆိုမှုကို ကြားသောအခါ ဧကရာဇ် တာကီယွမ်၏ မျက်လုံးများ ချက်ချင်း ပြူးကျယ်သွားလေသည်။

‎

‎

‎သူက အရူးတစ်ယောက် မဟုတ်ပေ။ စကားအနည်းငယ်ဖြင့်ပင် ပိုင်ဟွာနတ်ဆိုးအရှင်သည် ရှီမိုကောင်းကင်ကို သစ္စာဖောက်ပြီး ဤအင်မော်တယ်ဘုရင်ဘက်သို့ ပါသွားပြီဖြစ်ကြောင်း သူ သိလိုက်လေသည်။

‎

‎

‎" ပိုင်ဟွာ... မင်းက သစ္စာဖောက်ရဲတယ်ပေါ့... "

‎

‎

‎ဧကရာဇ် တာကီယွမ်သည် ဒေါသတကြီး အော်ဟစ်လိုက်သော်လည်း သူ စကားမဆုံးမီမှာပင် အင်မော်တယ်ဘုရင်အဆင့် ဖိအားက ချက်ချင်း ကျဆင်းလာကာ သူ၏ ခန္ဓာကိုယ်ကို ပေါက်ကွဲသွားစေပြီး လုံးဝ သေဆုံးသွားစေခဲ့သည်။

‎

‎

‎" ဆူညံလိုက်တာ "

‎

‎

‎ကုချန်က ဂရုမစိုက်ဟန်ဖြင့် ရေရွတ်လိုက်ပြီးနောက် ပိုင်ဟွာနတ်ဆိုးအရှင်ဘက်သို့ လက်ယမ်းပြလိုက်ရာ နတ်ဆိုးဧကရာဇ်ကြီး၏ အမိန့်တော်လိပ်သည် လေမတိုက်ဘဲ ရွေ့လျားလာကာ ကုချန်၏ လက်ထဲသို့ ပျံသန်းဝင်ရောက်လာလေသည်။

‎

‎

‎" အရှင်... "

‎

‎

‎ဤမြင်ကွင်းကို ကြည့်ရင်း ပိုင်ဟွာနတ်ဆိုးအရှင်၏ မျက်နှာတွင် စိုးရိမ်ပူပန်မှု အရိပ်အယောင်တစ်ခု ပေါ်လာလေသည်။

‎

‎

‎မည်သို့ပင်ဆိုစေ ဤသည်မှာ အရှင် နတ်ဆိုးဧကရာဇ်ကြီး၏ အမိန့်တော် ဖြစ်သည်။ အကယ်၍ အနည်းငယ်မျှ မှားယွင်းစွာ ကိုင်တွယ်မိပါက အရှင် နတ်ဆိုးဧကရာဇ်ကြီးကို စော်ကားသလို ဖြစ်သွားနိုင်ပေသည်။

‎

‎

‎ထုံထျန်းနတ်ဆိုးတောင်ပေါ်တွင် နတ်ဆိုးဧကရာဇ်ကြီးက စကားပြောရ အလွန်လွယ်ကူပုံရသည်။

‎

‎

‎သို့သော် ပိုင်ဟွာနတ်ဆိုးအရှင်သည် တစ်ဖက်လူကို သဘောကောင်းသူတစ်ဦးဟု ထင်မှတ်လောက်အောင် မမိုက်မဲပေ။

‎

‎

‎နတ်ဆိုးဧကရာဇ် နေရာအထိ တက်လှမ်းနိုင်ခဲ့သူတိုင်း အလောင်းကောင်တောင်တန်းများနှင့် သွေးပင်လယ်များထဲမှ တိုက်ခိုက်ထွက်ပေါ်လာခဲ့ကြသည်ချည်း မဟုတ်ပါလော။

‎

‎

‎တစ်ဖက်လူ၏ ညင်သာပုံရသော အမူအရာမှာ သူနှင့် သူမအကြား ကွာဟချက် လွန်းမင်းစွာ ကြီးမားနေသောကြောင့် တမင်သက်သက် ပြသထားသည့် ထင်ယောင်ထင်မှားတစ်ခုမျှသာ ဖြစ်နိုင်ပေသည်။

‎

‎

‎" ကိစ္စမရှိဘူး "

‎

‎

‎ကုချန်သည် လက်ယမ်းပြကာ ပိုင်ဟွာနတ်ဆိုးအရှင်အား စိုးရိမ်မနေရန် အချက်ပြလိုက်လေသည်။

‎

‎

‎နောက်တစ်ခဏတွင် သူသည် လက်ဖျစ်တစ်ချက်တီးကာ ဤနတ်ဆိုးဧကရာဇ်ကြီး၏ အမိန့်တော်ကို ဖွင့်လှစ်လိုက်လေသည်။

‎

‎

‎" ဝုန်း…! "

‎

‎

‎အမိန့်တော် ဖွင့်လှစ်လိုက်သည့် အခိုက်အတန့်တွင် ၎င်း၏ မျက်နှာပြင်ပေါ်ရှိ မရေမတွက်နိုင်သော ရွှေရောင် တာအိုအမှတ်အသားများသည် ချက်ချင်း တောက်ပလာပြီး ကျယ်ပြောလှသော ဤကမ္ဘာလောကကြီးထဲတွင် နတ်ဆိုးဧကရာဇ်အဆင့် ဖိအားတစ်ခု ခဏတာ ထွက်ပေါ်လာလေသည်။

‎

‎

‎ထိုဖိအား၏ ပြင်းအားမှာ အင်မော်တယ်ဘုရင်တစ်ပါးထက်ပင် သာလွန်နေပြီး ဤကမ္ဘာလောကရှိ အဆုံးမဲ့တာအိုများကို ခဏတာမျှ အေးခဲသွားစေခဲ့သည်။

‎

‎

‎သို့သော် ဤဖိအားက လျင်မြန်စွာ လာပြီး လျင်မြန်စွာပင် ပျောက်ကွယ်သွားလေသည်။

‎

‎

‎၎င်းသည် ထွက်သက်ဝင်သက် တစ်ကြိမ်စာမျှပင် မကြာလိုက်ဘဲ အရိပ်အယောင်မျှမကျန် ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။

‎

‎

‎ထို့နောက် အမိန့်တော်ပေါ်ရှိ မရေမတွက်နိုင်သော ရွှေရောင် တာအိုအမှတ်အသားများသည် လေဟာနယ်ထဲမှ အနက်ရောင်ဝတ်စုံနှင့် လူလတ်ပိုင်းအရွယ် ပုံရိပ်တစ်ခုကို ပုံဖော်ပေးလိုက်လေသည်။

‎

‎

‎" အရှင် နတ်ဆိုးဧကရာဇ်ကြီး "

‎

‎

‎ရင်းနှီးနေသော ထိုပုံရိပ်ကို မြင်သောအခါ ပိုင်ဟွာနတ်ဆိုးအရှင်သည် အလွန်အမင်း အံ့အားသင့်သွားပြီး သူ့အား အလျင်အမြန် ဦးညွှတ်လိုက်လေသည်။

‎

‎

‎အဘယ်ကြောင့်ဆိုသော် ဤပုံရိပ်သည် ထုံထျန်းနတ်ဆိုးတောင်ပေါ်တွင် သူမြင်တွေ့ခဲ့ရသော နတ်ဆိုးဧကရာဇ်ကြီးနှင့် အတိအကျ တူညီနေသောကြောင့်ပင်။

‎

‎

‎ကုချန်၏ အကြည့်ကလည်း ဤပုံရိပ်ပေါ်သို့ ကျရောက်သွားလေသည်။

‎

‎

‎ဤသည်မှာ အစစ်အမှန် နတ်ဆိုးဧကရာဇ်ကြီး မဟုတ်ဘဲ ဤအမိန့်တော်တွင် တွယ်ကပ်ထားပြီး ယခု အလိုအလျောက် နိုးထလာသော သူ၏ ဆန္ဒဝိညာဉ်စတစ်ခုမျှသာ ဖြစ်ကြောင်း သူ သိလေသည်။

‎

‎

‎သို့သော် ဆန္ဒဝိညာဉ်စတစ်ခုမျှသာ ဖြစ်လင့်ကစား အင်မော်တယ်ဘုရင်အဆင့်ကို ကျော်လွန်နေသော မှိန်ဖျော့ဖျော့ ဖိအားတစ်ခုကို ကုချန် ခံစားနိုင်သေးသည်။

‎

‎

‎နတ်ဆိုးဧကရာဇ်ဟူသော ဂုဏ်ပုဒ်မှာ အမှန်တကယ်ပင် ထိုက်တန်သည်ဟုသာ ဆိုရပေမည်။

‎

‎

‎" ငါက နတ်ဆိုးဧကရာဇ်ကြီးပဲ... မိတ်ဆွေငယ်က ကိုယ့်ကိုယ်ကိုယ် ဘယ်လို ခေါ်လဲ "

‎

‎

‎နတ်ဆိုးဧကရာဇ်ကြီး ထွက်ပေါ်လာပြီး မျက်စိတစ်မှိတ်အတွင်း ဤကမ္ဘာလောကရှိ ကျန်ရစ်နေသော တာအိုနိယာမများမှတစ်ဆင့် အရာအားလုံးကို သူ သိရှိသွားလေသည်။

‎

‎

‎သို့သော် ရှီမိုနန်းတော်ကို ကုချန် ဖျက်ဆီးပစ်လိုက်ပြီဆိုသည်ကို သိလျက်နှင့်ပင် နတ်ဆိုးဧကရာဇ်ကြီးသည် ဒေါသထွက်သည့် အရိပ်အယောင်မျှ မပြခဲ့ချေ။ ထိုအစား သူ့ကိုယ်သူ မိတ်ဆက်ပြီးနောက် ကုချန်၏နာမည်ကို မေးမြန်းလိုက်လေသည်။

‎

‎

‎" ဝူလျန် "

‎

‎

‎နတ်ဆိုးဧကရာဇ်ကြီး ဘာကြံစည်နေသနည်းဆိုသည်ကို ကုချန် မသိသော်လည်း သူ၏ နာမည်ကို တည်ငြိမ်စွာ ပြောလိုက်သည်။

‎

‎

‎နတ်ဆိုးနယ်မြေရှိ သူ၏ ကိုယ်ပွားသည် မူလကိုယ်ပိုင်ခန္ဓာ၏ အမည်ကို အသုံးပြု၍ မရနိုင်ချေ။

‎

‎

‎ထို့ကြောင့် ကုချန်သည် အဆုံးမဲ့ဓား၏ အမည်ကို အသုံးပြုကာ 'ဝူလျန်' ဟူသော တာအိုဘွဲ့အမည်ကို ပေါ့ပေါ့ပါးပါးပင် သူ့ကိုယ်သူ ပေးလိုက်လေသည်။

‎

‎

‎" ဝူလျန်...နာမည်ကောင်းပဲ...ခံ့ညားတဲ့ အငွေ့အသက်လည်း ရှိတယ် "

‎

‎

‎နတ်ဆိုးဧကရာဇ်ကြီးက ရေရွတ်လိုက်ပြီး သူ၏ လေသံတွင် သဘောကျ နှစ်သက်မှု အရိပ်အယောင် ပါဝင်နေလေသည်။

‎

‎

‎" မိတ်ဆွေငယ် ဝူလျန်... မင်းက ရှီမိုကောင်းကင်အရှင်ကို သတ်ပြီး သူ့ရဲ့ ရှီမိုနန်းတော်ကို မြေလှန်ပစ်လိုက်တာဆိုတော့ ဒီကိစ္စအတွက် မင်းက ဒီဧကရာဇ်ကို ရှင်းပြချက်တစ်ခု ပေးရလိမ့်မယ်လို့ ထင်တယ် "

‎

‎

‎နတ်ဆိုးဧကရာဇ်ကြီး ဤစကားကို ပြောလိုက်သည်နှင့်တစ်ပြိုင်နက် မူလက အနည်းငယ် ပြေလျော့နေသော လေထုမှာ ချက်ချင်း တင်းမာသွားလေတော့သည်။

‎

‎

‎" ရှင်းပြချက်... ဘယ်လို ရှင်းပြချက်မျိုးကို လိုချင်တာလဲ "

‎

‎

‎ကုချန်၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားလေသည်။ ဤနတ်ဆိုးဧကရာဇ်နှင့် အေးအေးဆေးဆေး စကားပြောနိုင်မည်ဟု သူ တစ်ခါမျှ မတွေးခဲ့ဖူးရာ ယခု ထင်သည့်အတိုင်းပင် ဓားမြှောင်က ပေါ်ထွက်လာခဲ့လေပြီ။

‎

‎

‎သို့သော် ကိစ္စမရှိပေ။ သူ၏ ရည်ရွယ်ချက်မှာ နတ်ဆိုးဧကရာဇ်၏ အတိုင်းအတာကို စမ်းသပ်ရန်နှင့် ဤနတ်ဆိုးနယ်မြေ၏ ရေက ဘယ်လောက်တောင် နက်ရှိုင်းသလဲဆိုတာ ကြည့်ရန်ပင် ဖြစ်သည်။

‎

‎

‎သို့သော် နတ်ဆိုးဧကရာဇ်ကြီး၏ နောက်ဆက်တွဲ အဖြေက ကုချန်ကို အံ့အားသင့်ကာ မှင်သက်သွားစေခဲ့သည်။

‎

‎

‎" ရှီမိုကောင်းကင်အရှင် သေသွားပြီဆိုတော့ ဒီကျယ်ပြောလှတဲ့ ရှီမိုကောင်းကင်ကို တစ်ယောက်ယောက်ကတော့ စီမံအုပ်ချုပ်ရမှာပဲ မဟုတ်လား... ဒီဝန်ထုပ်ဝန်ပိုးက မိတ်ဆွေငယ် ဝူလျန်ဆီကိုပဲ ကျရောက်ရတော့မှာပေါ့ "

All Chapters