အခန်း (၂၀၇-၂၀၈)
Vol. 21 Ch. 207-208
အခန်း (၂၀၇) မဖြစ်နိုင်တာ
"နည်းနည်းလောက် မြန်မြန် လုပ်ပေးလို့ ရမလား။ ငါ ဒီမှာ တစ်နေ့လုံး ရပ်နေဖို့ အချိန်မရှိဘူး"
အနောက်မှ အသံတစ်သံ ထွက်ပေါ်လာသည်။ ရုတ်တရက် ပတ်ဝန်းကျင် တစ်ခုလုံးမှာ အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်သွားလေတော့သည်။
"ဒီကောင်... သူကတော့ သေတွင်းတူးနေတာပဲ" သူ၏ အနောက်တွင် ရှိနေသူများက တုန်လှုပ်ခြောက်ခြားစွာဖြင့် တိုးတိုးလေး ကုတ်ကုတ်လေး ပြောဆိုနေကြသည်။
မင်းသားလူ၏ မျက်နှာမှာ တွန့်ရှုံ့သွားပြီး သူ့ကို စောစောက စကားပြောလိုက်သူကို ကြည့်ရန် နောက်သို့ လှည့်လိုက်သည်။
"မိုက်ရိုင်းလှချည်လား။ ငါ့ရှေ့မှာ ဒီလိုစကားမျိုး ပြောရအောင် မင်းက ဘယ်သူမို့လို့လဲ" အကြီးအကဲက ဒေါသတကြီး အော်ဟစ်လိုက်ရာ သူ၏ အသံမှာ အဝေးကြီးအထိ ဟိန်းထွက်သွားသည်။
"အကြီးအကဲတို့ရဲ့ စကားဝိုင်းကို နှောင့်ယှက်မိတာ တောင်းပန်ပါတယ်။ ဒါပေမဲ့ ကျုပ် ကြားသိရသလောက်တော့ ဒါက စာရင်းပေးသွင်းတဲ့ ကောင်တာပါ၊ ချီးမွမ်းခန်း ဖွင့်တဲ့ ကောင်တာ မဟုတ်ပါဘူး။ ကျုပ်ရဲ့ အနောက်မှာလည်း လူရာပေါင်းများစွာ တန်းစီနေကြတာလေ။ အကြီးအကဲ အနေနဲ့ သူ့ကို ချီးမွမ်းချင်တယ်ဆိုရင် စာရင်းပေးသွင်းတာတွေ အားလုံး ပြီးသွားမှ စိတ်တိုင်းကျ ချီးမွမ်းလို့ ရပါတယ်" ထိုသူက အကြီးအကဲ၏ ငေါက်ငမ်းမှုကို အေးအေးဆေးဆေးပင် ပြန်လည် တုံ့ပြန်လိုက်သည်။ သူ၏ မျက်နှာကို အနက်ရောင် မျက်နှာဖုံးတစ်ခုဖြင့် ဖုံးအုပ်ထားသည်။
"အကြီးအကဲ၊ ဒီသူငယ်ချင်း ပြောတာလည်း မှန်ပါတယ်။ ကျွန်တော် တခြားသူတွေရဲ့ အချိန်ကို မဖြုန်းသင့်ပါဘူး။ ဒီလူတန်းထဲမှာ ကျွန်တော့်ထက် ပိုပြီး ပါရမီပါတဲ့ သူတွေလည်း ရှိနေနိုင်တာပဲလေ" အကြီးအကဲ ကျင်းလျန် တစ်ခုခု မပြောမီ မင်းသားလူက ကြားဝင် ပြောဆိုလိုက်သည်။
အကြီးအကဲ ကျင်းလျန်သည် လုံချန်းကို ကြည့်ကာ သူ၏ ဒေါသကို မနည်း ထိန်းချုပ်လိုက်ရသည်။
"ရော့... ဒါက မင်းရဲ့ ပြိုင်ပွဲဝင် တံဆိပ်ပဲ။ နောက်ထပ် စမ်းသပ်မှုတွေအတွက် ကံကောင်းပါစေ" အကြီးအကဲက မင်းသားလူကို တံဆိပ် ပေးလိုက်သည်။ ထိုတံဆိပ်မှာ ကြယ်နှစ်လုံး ပါရှိပြီး တခြားသူများ၏ ငွေရောင်တံဆိပ်များနှင့် မတူဘဲ ရွှေရောင် တောက်နေသည်။
"ကျေးဇူးတင်ပါတယ် အကြီးအကဲ" မင်းသားလူက ပြောပြီး ဘေးသို့ တိုးပေးလိုက်သည်။ သူသည် လူတန်းထဲတွင် မရှိတော့သော်လည်း ထိုနေရာမှ ထွက်မသွားသေးပေ။
'တခြားသူရဲ့ ပါရမီကို အရေးမစိုက်တဲ့ သူဆိုတာ ငတုံး ဖြစ်ရင်ဖြစ် မဖြစ်ရင် ပါရမီရှင် ဖြစ်ရမယ်။ မင်းကတော့ ငတုံးတစ်ယောက်ပဲ ဖြစ်မှာပါလို့ ငါ ခံစားနေရတယ်။ မင်းရဲ့ အမှိုက်လို ပါရမီကို စောင့်ကြည့်ရသေးတာပေါ့။ ငါ့ကို ဒီလောက် ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံတဲ့ အမှိုက်တစ်ယောက်ကို ငါက ပြန်ပြီး နှစ်သိမ့်ပေးလိုက်ရင် ငါက လူတော်ကြီး ဖြစ်မသွားဘူးလား။ တကယ်ကို အခွင့်အရေးကောင်းပဲ' မင်းသားလူက တွေးတောရင်း မျက်နှာဖုံးစွပ်ထားသူကို စိတ်ဝင်တစား ကြည့်နေသည်။
'သူက ရွှေအမြူတေ အဆင့် ၄ ကျင့်ကြံသူပဲ။ အသက် ၂၄ ထက်တော့ အနည်းဆုံး ကြီးမှာပဲ' အကြီးအကဲ ကျင်းလျန်က လုံချန်း၏ ကျင့်ကြံခြင်းကို ကြည့်ရင်း တွေးနေသည်။
"ထျန်းရှန်ပါ... အသက် ၁၆ နှစ်ပါ" လုံချန်းက အကြီးအကဲ၏ ရှေ့တွင် ရပ်ကာ ပြောလိုက်သည်။
"မင်းက ဒီစာမေးပွဲကို လာပြီး ဟာသလုပ်နေတာလား။ ဆူပူသောင်းကျန်းတဲ့သူကို အပြစ်ပေးမယ်ဆိုတဲ့ ကြေညာချက်ကို မင်း မကြားဘူးလား။ အကြီးအကဲတစ်ယောက်ကို မင်းရဲ့ အသက်နဲ့ ပတ်သက်ပြီး လိမ်ညာရဲတယ်ပေါ့" အကြီးအကဲ ကျင်းလျန်မှာ နောက်ဆုံးတွင် ဒေါသကို မထိန်းနိုင်တော့ဘဲ လုံချန်းကို အော်ဟစ်လိုက်တော့သည်။
"အစောင့်တွေ၊ ဒီကောင့်ကို ဖမ်းပြီး လက်နှစ်ဖက်စလုံးကို ရိုက်ချိုးလိုက်စမ်း" အကြီးအကဲက ချက်ချင်း အမိန့်ပေးလိုက်သည်။
အစောင့်တစ်ဦးသည် အမိန့်ကို ကြားသည်နှင့် လုံချန်းထံသို့ အပြေး လာခဲ့သော်လည်း လုံချန်း၏ ထက်ရှသော အကြည့်က သူ့အပေါ် ကျရောက်လာသည်နှင့် သူသည် နေရာမှာတင် တောင့်ခဲသွားသည်။ ဘာကြောင့်မှန်း မသိသော်လည်း သူ၏ ခြေထောက်များမှာ ရှေ့ဆက်မတိုးနိုင်တော့ပေ။ သားရဲတစ်ကောင်က သားကောင်ကို စိုက်ကြည့်နေသကဲ့သို့ ခံစားလိုက်ရသော်လည်း လုံချန်းက အကြည့်လွှဲလိုက်သည်နှင့် ထိုခံစားချက်မှာ ပျောက်ကွယ်သွားသည်။
"ကျုပ် ဘာအမှား လုပ်မိလို့လဲ ဆိုတာကို ပြောပြပေးနိုင်မလား" လုံချန်းက တည့်တည့်ပင် မေးလိုက်သည်။
"မင်း ဘာလုပ်ခဲ့လဲဆိုတာ မင်းကိုယ်မင်း အသိဆုံးပဲ။ မင်း ငါ့ကို အသက်လိမ်ပြောတယ်လေ" အကြီးအကဲက လှောင်ပြောင်သလို ပြန်ဖြေသည်။
"ဪ... အကြီးအကဲမှာ လူတိုင်းရဲ့ အသက်ကို မြင်နိုင်တဲ့ နတ်မျက်စိ ရှိတယ်ဆိုတာ ကျုပ် မသိခဲ့ဘူး။ ဒါဆို ကျုပ် တစ်ခုလောက် မေးပါရစေ၊ ဘာလို့ အဲဒီမှာ အသက်တိုင်းတဲ့ ရတနာလုံးကို ထားထားရတာလဲ။ လူတစ်ယောက်ရဲ့ အသက်ကို ပြောဖို့ အဲဒီရတနာလုံး မလိုပါဘူး၊ အကြီးအကဲ ရှိရင် လုံလောက်နေတာပဲကို" လုံချန်းက ခပ်အေးအေးပင် ရယ်မောရင်း ပြန်ပြောလိုက်သည်။
လုံချန်း၏ စကားကို ကြားသောအခါ အကြီးအကဲ ကျင်းလျန်မှာ အံ့အားသင့်ကာ မျက်လုံးများ ပြူးကျယ်သွားရသည်။ သူ၏ မျက်နှာမှာလည်း နီရဲလာသည်။
"ကောင်းပြီလေ၊ အဲဒီ ရတနာလုံးပေါ် မင်းရဲ့ လက်ကို တင်လိုက်စမ်း။ မင်းရဲ့ တကယ့်အသက်ကို လူတိုင်း မြင်အောင် ပြလိုက်။ ဒါပေမဲ့ ငါ ပြောထားမယ်၊ ဒီတစ်ခါတော့ မင်းရဲ့ လက်နှစ်ဖက် ကျိုးရုံနဲ့ မပြီးဘူး။ လိမ်ညာပြီး လူတိုင်းရဲ့ အချိန်ကို ဖြုန်းတဲ့အတွက် မင်းရဲ့ ခြေလက်တွေ အားလုံးကို ငါ ကိုယ်တိုင် ချေမှုန်းပစ်မယ်" အကြီးအကဲက ယုတ်မာသော အပြုံးဖြင့် ပြောလိုက်သည်။ သူသည် လုံချန်းကို အပြစ်ပေးရန် အလွန် စိတ်အားထက်သန်နေပုံရသည်။
ဘေးနားတွင် ရှိနေသော မင်းသားလူကလည်း လုံချန်း၏ ကံဆိုးမည့် အခြေအနေကို ကြည့်ကာ ပြုံးနေသည်။
"ဒီကောင်ကတော့... ဘယ်အချိန်မှာ ရပ်ရမလဲဆိုတာ မသိဘူးပဲ"
"ဟုတ်တယ်၊ သူကတော့ ခြေကျိုးလက်ကျိုး ဖြစ်တော့မှာပဲ။ သူက ရွှေအမြူတေ အဆင့် ၄ ကျင့်ကြံသူလေ၊ ၁၆ နှစ် ဖြစ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး"
"သူက တကယ့် ငတုံးပဲ မဟုတ်လား"
လုံချန်းသည် လူတိုင်း၏ အာရုံစိုက်ခြင်းကို ခံနေရသည်။ စီကျင့်ပင်လျှင် မင်းသားလူ၏ ဘေးနားသို့ လာရပ်ကာ စောင့်ကြည့်နေသည်။
လုံချန်း၏ အနောက်တွင် ရှိနေသော လုံရွှယ်ရင်းမှာမူ သူမ ရှေ့ကလူ၏ ကံဆိုးမှုကို ကြည့်ကာ ခေါင်းခါနေမိသည်။
လုံချန်းက ဘာမှ ပြန်မပြောဘဲ ပထမ ရတနာလုံးပေါ်သို့ သူ၏ လက်ကို တင်လိုက်သည်။ သူ၏ လက်နှင့် ရတနာလုံး ထိလိုက်သည်နှင့် တစ်ပြိုင်နက် အကြီးအကဲ ကျင်းလျန်သည် ထိုင်နေရာမှ အလန့်တကြား ထရပ်လိုက်သဖြင့် သူ၏ ကုလားထိုင်မှာ မြေပြင်ပေါ်သို့ လဲကျသွားသည်။
မင်းသားလူမှာ အဆင့် ၆ ပါရမီရှင် ဖြစ်လာစဉ်ကပင် သူ ဤမျှလောက်အထိ အံ့အားမသင့်ခဲ့ပေ။
"မဖြစ်နိုင်တာ၊ ၁၆ နှစ်အရွယ် ရွှေအမြူတေ အဆင့် ၄ ကျင့်ကြံသူ ဟုတ်လား။ ဒါ... ဒါ ဘယ်လို မဖြစ်နိုင်တဲ့ အရှိန်အဝါမျိုးလဲ" အကြီးအကဲ ကျင်းလျန်က အော်ဟစ်လိုက်သည်။
ဘေးနားရှိ ကောင်တာများမှ အကြီးအကဲများပင် ထိုစကားကို ကြားသောအခါ ထရပ်လိုက်ကြသည်။
"၁၆ နှစ်နဲ့ ရွှေအမြူတေ အဆင့် ၄ ရောက်နေတဲ့ ကလေးလား။ သူက ဘယ်ကလဲ၊ ငါ ဘာလို့ သူ့အကြောင်း တစ်ခါမှ မကြားဖူးတာလဲ"
"သူက တကယ်ပဲ အံ့သြဖို့ကောင်းတာပဲ။ သူ့မတိုင်ခင် ရွှေအမြူတေ အဆင့်ကို အစောဆုံး ရောက်ခဲ့တာက မိန်းကလေးလင်းပဲ၊ သူက ၁၆ နှစ်မှာ ရွှေအမြူတေ အဆင့်ကို စရောက်တာလေ။ ဒါပေမဲ့ ဒီကောင်လေးက... ရွှေအမြူတေ အဆင့်ကို ရောက်ရုံတင်မကဘူး၊ အဆင့် ၄ ကိုတောင် ရောက်နေပြီ"
လူအများမှာ အံ့အားသင့်သော မျက်နှာများဖြင့် တစ်ယောက်တစ်ပေါက် ပြောဆိုနေကြသည်။
လုံချန်းကို လှောင်ပြောင်ရန် စောင့်ဆိုင်းနေသော မင်းသားလူမှာလည်း မှင်တက်သွားကာ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ စီကျင့်၏ မျက်နှာမှာလည်း မင်းသားလူနှင့် မခြား အံ့သြနေတော့သည်။
"လူငယ်လေး... စောစောက ငါ ရိုင်းရိုင်းစိုင်းစိုင်း ပြောမိတာကို တောင်းပန်ပါတယ်။ ငါ့ကို ခွင့်လွှတ်နိုင်မယ်လို့ မျှော်လင့်ပါတယ်" အကြီးအကဲ ကျင်းလျန်က မျက်နှာချိုသွေးကာ ပြောလိုက်သည်။ သူ၏ ရှေ့မှ ကောင်လေးမှာ တစ်ခါမှ မတွေ့ဖူးသော ပါရမီရှင်တစ်ဦး မဟုတ်ပါလား။ သူ၏ ပါရမီကို မစမ်းသပ်ရသေးသော်လည်း မျှော်လင့်ချက်များမှာ အမြင့်ဆုံးသို့ ရောက်နေပြီဖြစ်သည်။
လျှို့ဝှက်အခန်း တစ်ခန်းအတွင်းရှိ အဝိုင်းစားပွဲတစ်ခုံတွင် ကုလားထိုင် ၅ လုံး ချထားသည်။
စားပွဲတွင် ထိုင်နေသော လူ ၅ ဦးမှာ မှန်တစ်ချပ်ကို စိုက်ကြည့်နေကြသည်။ ထိုမှန်မှာ ယခုနှစ် စာမေးပွဲ ဖြေဆိုသူများကို ကြည့်ရှုရန် အသုံးပြုသော မှန်ဖြစ်သည်။
ယခုအချိန်တွင် မှန်ထဲ၌ အကြီးအကဲ ကျင်းလျန်နှင့် သူ၏ ရှေ့တွင် ရပ်နေသော မျက်နှာဖုံးစွပ် လူငယ်ကို ပြသနေသည်။
"စိတ်ဝင်စားစရာပဲ... ဒီလောက် ကြောက်စရာကောင်းတဲ့ ကျင့်ကြံခြင်း အရှိန်အဝါမျိုး ရှိတဲ့သူပေါ့။ ဒီကလေးက အနာဂတ်မှာ တစ်နေ့နေ့ကျရင် ကြီးကျယ်တဲ့သူ ဖြစ်လာမှာ သေချာတယ်" ကုလားထိုင်တွင် ထိုင်နေသူ တစ်ဦးက ပြောလိုက်သည်။ သူမှာ မြေကမ္ဘာတောင်တန်းဂိုဏ်း၏ ဂိုဏ်းချုပ် ဖြစ်သည်။
"ဟုတ်တယ်... ဒါပေမဲ့ သူ ဒီလို ကျင့်ကြံခြင်းအဆင့်ကို ရောက်ဖို့အတွက် နတ်ဆေးရည်တွေ ဒါမှမဟုတ် ထူးဆန်းတဲ့ ဆေးပင်တွေကို စားသုံးခဲ့တာလည်း ဖြစ်နိုင်တာပဲ" ဂုဏ်ကျက်သရေ ပွင့်လန်းခြင်းဂိုဏ်း၏ ဂိုဏ်းချုပ်က တည်ငြိမ်စွာ ဆိုသည်။
"ဘယ်လို အကြောင်းကြောင့်ပဲ ဖြစ်ဖြစ်၊ ဒီကောင်က တခြားသူတွေထက် အများကြီး ရှေ့ရောက်နေတာကတော့ အမှန်ပဲ။ အကယ်လို့ သူ့ရဲ့ ပါရမီက အဆင့် ၃ ထက် မနိမ့်ဘူးဆိုရင် ကျုပ်တို့ဂိုဏ်းထဲကို ခေါ်ယူဖို့ ဝန်မလေးပါဘူး" မျောလွင့်တိမ်တိုက်ဂိုဏ်း၏ ဂိုဏ်းချုပ်က ပြောလိုက်သည်။
"ကျုပ်ကတော့ သူ့မှာ အဆင့် ၂ ပါရမီပဲ ရှိရင်တောင် လက်ခံမှာပဲ။ ကံကောင်းခြင်းဆိုတာ ကိုယ်တိုင်က ခွန်အားတစ်မျိုးပဲလေ။ ဒီလို အံ့သြစရာကောင်းတဲ့ ဆေးအပင်မျိုးကို ရှာတွေ့ဖို့ဆိုတာ အလွန်အမင်း ကံကောင်းဖို့ လိုတာပဲ" အနောက်စစ်သည်တော်ဂိုဏ်း၏ ဂိုဏ်းချုပ်က ပြုံးလျက် ဆိုသည်။
တိုက်ခိုက်ရေးဓားဂိုဏ်း၏ ဂိုဏ်းချုပ် တစ်ဦးသာလျှင် မှန်ကို ကြည့်ရင်း တိတ်ဆိတ်နေလေသည်။
"သူ... သူ... ဒီလောက် ငယ်ငယ်လေးနဲ့ ရွှေအမြူတေ အဆင့် ၄ ကို ရောက်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ အဆင့် ၇ ပါရမီရှင် တောင်မှ ဒါကို မလုပ်နိုင်ဘူး။ သူ ကျိန်းသေပေါက် အလွန် ရှားပါးတဲ့ ရတနာတွေကို သုံးပြီး ကျင့်ကြံခဲ့တာ ဖြစ်ရမယ်" မင်းသားလူက အံ့အားသင့်စွာ ရေရွတ်လိုက်သည်။ သူ၏ အံ့သြမှုကြောင့် အသံကို မထိန်းနိုင်ဘဲ ဘေးနားမှ လူများပါ ကြားသွားကြသည်။
"မှန်တယ်၊ အဲဒါ အဓိပ္ပာယ် ရှိတယ်"
"သူက ရတနာတွေ သုံးထားတာပဲကိုး၊ ကံကောင်းလိုက်တာ"
"ဟားဟား... ငါကတော့ သူက ပါရမီရှင်လို့ ထင်နေတာ။ တကယ်တော့ သူက အခွင့်ထူးခံ ကောင်လေးပဲ ဖြစ်မှာပါ"
အကြီးအကဲ ကျင်းလျန်ပင်လျှင် ထိုဖြစ်နိုင်ခြေကို တွေးတောရင်း မျက်မှောင်ကြုတ်သွားသည်။
'ဟုတ်သားပဲ၊ ငါ စိတ်လှုပ်ရှားလွန်းလို့ အဲဒါကို မစဉ်းစားမိဘူး။ သူ့မှာ အလားအလာ ညံ့နေတာမျိုးလည်း ရှိနိုင်တာပဲ' အကြီးအကဲ ကျင်းလျန် တွေးတောရင်း မျက်နှာထား ပြောင်းသွားသည်။
"ဒုတိယ ရတနာလုံးပေါ် လက်တင်လိုက်" သူက လုံချန်းကို ကြည့်ကာ ပြောလိုက်သည်။
"အင်း..." လုံချန်းက အေးအေးလူလူပင် ဆိုကာ ဒုတိယ ရတနာလုံးဆီသို့ သူ၏ လက်ကို ဆန့်ထုတ်လိုက်သည်။
လူအုပ်ကြီးမှာ ထိုမြင်ကွင်းကို အလွန်အမင်း စိတ်ဝင်တစား စောင့်ကြည့်နေကြသည်။ ဂိုဏ်းမှ ဂိုဏ်းသားများပင်လျှင် လုံချန်း၏ အလားအလာကို သိရှိရန် ရင်ခုန်စွာ စောင့်ဆိုင်းနေကြသည်။
လုံချန်းသည် နောက်ဆုံးတွင် ရတနာလုံးပေါ်သို့ သူ၏ လက်ကို တင်လိုက်သည်။ ၁... ၂... ၃... စက္ကန့်များစွာ ကုန်ဆုံးသွားသော်လည်း ရတနာလုံးမှာ အလင်းမထွက်လာသေးပေ။
လူတိုင်း မျှော်လင့်ချက် ကုန်တော့မည့် အချိန်တွင်မှ ရတနာလုံးမှာ စတင် တောက်ပလာသည်။ ၎င်းသည် အနီရောင်၊ ထို့နောက် လိမ္မော်ရောင်၊ ထို့နောက် အဝါရောင် အလင်းများဖြင့် တောက်ပလာသည်။ လူတိုင်းမှာ အရောင်များ ထပ်မံ ပြောင်းလဲလာမလားဟု ရင်တထိတ်ထိတ်ဖြင့် စောင့်နေသော်လည်း အဝါရောင်တွင်ပင် ရပ်တန့်သွားခဲ့သည်။
"ဟား... အဆင့် ၃ ပါရမီတဲ့လား... ငါ ထင်တာ မှန်တာပဲ။ သူက ကျင့်ကြံခြင်းအဆင့် မြင့်ဖို့အတွက် ရတနာတွေကိုပဲ အားကိုးခဲ့တဲ့သူပဲ။ သူ့ရဲ့ ပါရမီက အဆင့် ၃ ပဲ ရှိတာ" မင်းသားလူက လုံချန်းကို ကြည့်ကာ လှောင်ပြုံးဖြင့် ဆိုလိုက်သည်။
"ဟူး... မျှော်လင့်ထားသလောက်လည်း မဟုတ်ပါဘူး..." စီကျင့်သည် ခေါင်းခါကာ လှည့်ထွက်သွားရန် ပြင်လိုက်သည်။
"အဆင့် ၃ ပဲလား... ဟွန်း... ရော့၊ ဒီမှာ ပြိုင်ပွဲဝင်တံဆိပ်ကို ယူသွား။ စာမေးပွဲမှာ ဝင်ဖြေလို့ ရပြီ" အကြီးအကဲ ကျင်းလျန်က ပြောလိုက်သော်လည်း သူ၏ မျက်နှာမှာ စောစောကကဲ့သို့ ခင်မင်ပျူငှာခြင်း မရှိတော့ပေ။
သူသည် အဆင့် ၃ ပြိုင်ပွဲဝင်တံဆိပ် တစ်ခုကို ကောက်ယူရန် ပြင်လိုက်စဉ်မှာပင် ရုတ်တရက် ကွင်းပြင်တစ်ခုလုံးမှ အံ့အားသင့်စွာ အသက်ရှုသံများ ထွက်ပေါ်လာသည်။ ခဏလေးအတွင်းမှာပင် ဆူညံနေသော ကွင်းပြင်ကြီးမှာ လုံးဝ တိတ်ဆိတ်သွားလေတော့သည်။
အခန်း (၂၀၈) ဖိတ်ခေါ်မှု
အကြီးအကဲ ကျင်းလျန်သည် အဆင့် ၃ ပြိုင်ပွဲဝင်တံဆိပ်တစ်ခုကို ကောက်ယူရန် ပြင်လိုက်စဉ်မှာပင် ရုတ်တရက် ကွင်းပြင်တစ်ခုလုံးမှ အံ့အားသင့်စွာ အသက်ရှုသံများ ထွက်ပေါ်လာသည်။ ခဏလေးအတွင်းမှာပင် ဆူညံနေသော ကွင်းပြင်ကြီးမှာ လုံးဝ တိတ်ဆိတ်သွားလေတော့သည်။
အကြီးအကဲ ကျင်းလျန်သည် လူတိုင်း အဘယ်ကြောင့် ဤမျှ တိတ်ဆိတ်သွားသနည်းဟု တွေးတောရင်း မျက်မှောင်ကြုတ်လိုက်သည်။ သူသည် အကြည့်ကို အပေါ်သို့ မြှင့်ကြည့်လိုက်ရာ သူ၏ မျက်လုံးများ ပြူးကျယ်သွားပြီး စကားများပင် ထစ်ကုန်တော့သည်။
လျှို့ဝှက်အခန်းအတွင်း၌မူ ဂိုဏ်းချုပ် ၅ ဦးစလုံးသည် မှင်တက်စွာဖြင့် သူတို့ရှေ့ရှိ မှန်ချပ်ကို ကြည့်ရင်း မတ်တတ်ရပ်နေကြသည်။ သူတို့ မြင်နေရသည်ကို သူတို့ကိုယ်တိုင်ပင် မယုံကြည်နိုင်ကြပေ။ သူတို့သည် တစ်ဦးမျက်နှာ တစ်ဦး ကြည့်လိုက်ကြပြီး တစ်ဖက်လူ ဘာတွေးနေသည်ကို အလွယ်တကူပင် ခန့်မှန်းနိုင်ကြသည်။
"ဒါ... ဒါက..." မင်းသားလူသည် လုံချန်းကို ကြည့်ကာ စကားများ ထစ်နေသည်။
"အဆင့် ၇ ပါရမီပဲ..." စီကျင့်က ရှုံးနိမ့်မှုကို လက်ခံလိုက်သော မျက်နှာထားဖြင့် စကားကို အဆုံးသတ်ပေးလိုက်သည်။ ယခုအချိန်အထိ သူမသည် အဆင့် ၆ ပါရမီရှင် မင်းသားလူကို လိုက်မီရန် အသည်းအသန် ကြိုးစားနေရသူ ဖြစ်သော်လည်း၊ ယခုအခါ ကျော်ဖြတ်ရန် မဖြစ်နိုင်သော တောင်ကြီးသဖွယ် အဆင့် ၇ ပါရမီရှင်တစ်ဦး ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။
"ဒါ တကယ်ပဲလား"
"ငါတို့နိုင်ငံမှာ အဆင့် ၇ ပါရမီရှင် ပေါ်လာတာလား"
"အံ့သြဖို့ကောင်းလိုက်တာ။ သူ့ကို ကောင်းကောင်း ကျိုးနွံအောင် သင်ပေးနိုင်ရင် ငါတို့နိုင်ငံမှာ ကောင်းကင် အဆင့် ကျင့်ကြံသူတစ်ယောက် ရှိလာတော့မှာပဲ"
"အဲဒါကတော့ ခက်လိမ့်မယ်။ မိန်းကလေးလင်းလိုမျိုး အင်ပါယာတစ်ခုခုက သူ့ကို ချက်ချင်း လာခေါ်သွားမှာ သေချာတယ်။ ဒါပေမဲ့ တစ်ခုတော့ ရှိတာပေါ့၊ မြောက်ဘက် လအင်ပါယာက အဆင့် ၇ သမားကိုပဲ အာရုံစိုက်နေရင် မင်းသားလူလို အဆင့် ၆ သမားကို သတိမထားမိဘဲ နေနိုင်တယ်။ အဲဒါတော့ အမြတ်ပဲ"
လူအုပ်ကြီးထဲမှ တစ်ယောက်တစ်ပေါက် ဝေဖန်သံများ ထွက်ပေါ်နေသည်။ မင်းသားလူသည် နောက်ဆုံးစကားကို ကြားသောအခါ မျက်နှာ ပျက်သွားပြီး ပြောလိုက်သူကို လိုက်ရှာသော်လည်း လူများလွန်းသဖြင့် ရှာမတွေ့ပေ။
ဂုဏ်ကျက်သရေ ပွင့်လန်းခြင်းဂိုဏ်းမှ အတွင်းစည်းတပည့်အချို့သည်လည်း စာရင်းပေးသွင်းမှုကို ကြည့်ရန် ထွက်လာကြရာ လုံချန်း၏ စမ်းသပ်မှုကို မြင်တွေ့သွားကြသည်။
"အဆင့် ၇ ပါရမီတဲ့လား... နှမြောဖို့ကောင်းလိုက်တာ၊ မြောက်ဘက် လအင်ပါယာက သူ့ကို ခေါ်သွားတော့မှာပဲ" အတွင်းစည်းတပည့်တစ်ဦးက ခေါင်းခါရင်း ပြောသည်။
"ငါ့အထင်တော့ ငါတို့ဂိုဏ်းချုပ်က သူ့ကို ဒီအတိုင်း အလွယ်တကူ လက်လွှတ်မှာ မဟုတ်ဘူး။ သူက မိန်းကလေးလင်းလို အဆင့် ၆ မဟုတ်ဘူး၊ အဆင့် ၇ ကွ။ အင်ပါယာမှာတောင် တွေ့ရခဲတဲ့ ပါရမီရှင်ပဲ။ သူက ကောင်းကင်ဘုံအဆင့်ကို အလွယ်တကူ ရောက်နိုင်တဲ့သူဆိုတော့ စွန့်စားရကျိုး နပ်ပါတယ်" နောက်ထပ် တပည့်တစ်ဦးက ပြန်ပြောသည်။
"စိတ်ကူးယဉ်မနေစမ်းနဲ့။ ငါတို့ဂိုဏ်းက မြောက်ဘက် လအင်ပါယာက ဂိုဏ်းငယ်လေး တစ်ဂိုဏ်းကိုတောင် ယှဉ်နိုင်တဲ့ အင်အား ရှိလို့လား" သူ၏ သူငယ်ချင်းက ရယ်မောရင်း ဆိုသည်။
"ဂိုဏ်းက ဘာလုပ်မလဲဆိုတာ ဂိုဏ်းချုပ်အပေါ်မှာပဲ မူတည်တယ်။ ငါ့အမြင်တော့ သူ့ကို ငါတို့ဆီမှာ ထားဖို့ ကြိုးစားသင့်တယ်။ တကယ်လို့ အင်ပါယာကို ပေးလိုက်ရရင်တောင် ငါတို့ဂိုဏ်းအတွက်တော့ မဆိုးပါဘူး။ ငါတို့တွေ အင်ပါယာဆီကနေ အကျိုးအမြတ်တွေ တောင်းလို့ရတာပဲလေ"
"အခု ဂိုဏ်းချုပ်က ဘယ်သူ့ကို လွှတ်ပြီး သူ့ကို ဖိတ်ခေါ်မလဲ မသိဘူးနော်"
ထိုတပည့်များမှာ ထောင့်တစ်နေရာတွင် ရပ်ကာ ဆွေးနွေးနေကြသည်။
အကြီးအကဲ ကျင်းလျန်မှာမူ သူ၏ ကမ္ဘာကြီး ပြောင်းပြန် လှန်သွားသလို ခံစားနေရသည်။ စောစောက အဝါရောင်မှာ တန့်နေသော ရတနာလုံးသည် ယခုအခါ တောက်ပသော ခရမ်းရောင်အလင်းများကို ထုတ်လွှတ်နေသည်။
"အ... အဆင့် ၇ ပါရမီရှင်" သူသည် လုံချန်းကို မယုံနိုင်သော အကြည့်ဖြင့် ကြည့်ကာ ထစ်ထစ်အအ ပြောလိုက်သည်။
လျှို့ဝှက်အခန်းအတွင်းရှိ ဂိုဏ်းချုပ် ၅ ဦးစလုံးသည် သူတို့၏ ဆက်သွယ်ရေး ကျောက်စိမ်းများကို အသုံးပြုကာ သူတို့ ယုံကြည်ရသော လက်အောက်ခံများထံ ချက်ချင်း သတင်းပို့လိုက်ကြသည်။ ထို့နောက်မှ သူတို့ ထိုင်ခုံများတွင် ပြန်လည် ထိုင်လိုက်ကြသည်။
"မင်း အဲဒီကောင်လေးအပေါ် အထင်မှားခဲ့တာပဲ။ သူ ကျင့်ကြံခြင်းအဆင့် မြင့်နေတာက ရတနာတွေကြောင့် မဟုတ်ဘဲ သူ့ရဲ့ ထူးကဲတဲ့ ပါရမီကြောင့်ပဲ။ မင်း သူ့ကို မတရား စွပ်စွဲခဲ့တာပဲ" တိုက်ခိုက်ရေးဓားဂိုဏ်းချုပ်က ဂုဏ်ကျက်သရေ ပွင့်လန်းခြင်းဂိုဏ်းချုပ်ကို ကြည့်ကာ ပြောလိုက်သည်။
"မင်း ဘာတွေ ပြောနေတာလဲ။ ထျန်ရှန်းက ရတနာတွေကြောင့် ကျင့်ကြံတာလို့ ငါ တစ်ခါမှ မပြောခဲ့ဘူး။ ဖြစ်နိုင်ခြေ ရှိတယ်လို့ပဲ ပြောခဲ့တာ။ ဒါပေမဲ့ အဲဒီလို မဟုတ်တာကို သိရတော့ ငါ တကယ် ဝမ်းသာပါတယ်။ သူက ငါ့ဂိုဏ်းအတွက် တကယ့်ကို ကောင်းမွန်တဲ့ အားဖြည့်မှုတစ်ခု ဖြစ်လာမှာပါ" ဂုဏ်ကျက်သရေ ပွင့်လန်းခြင်းဂိုဏ်းချုပ်က ပြုံးလျက် ဆိုသည်။
"မင်းကလည်း မွေးမလာသေးတဲ့ ကြက်ကလေးတွေကို ရေတွက်နေတာပဲ။ သူက မင်းဂိုဏ်းကို ရွေးမရွေးဆိုတာ သူ့အပေါ်မှာပဲ မူတည်တယ်လေ" တိုက်ခိုက်ရေးဓားဂိုဏ်းချုပ်က ခပ်စပ်စပ် ပြန်ပြောလိုက်သည်။
"စောင့်ကြည့်လိုက်လေ" ဂုဏ်ကျက်သရေ ပွင့်လန်းခြင်းဂိုဏ်းချုပ်က မှန်ကို ပြန်ကြည့်ကာ ပြောလိုက်သည်။
"အာ... မိတ်ဆွေလေး ရှန်း... စောစောက ငါ့ရဲ့ ရိုင်းစိုင်းမှုကို ခွင့်လွှတ်ပေးပါ။ ငါ့ရဲ့ အသက်အရွယ်ကို ထောက်ထားပြီး မေ့ပစ်ပေးဖို့ မျှော်လင့်ပါတယ်။ ငါ့မှာ မျက်စိ ပါပေမဲ့ မင်းရဲ့ တောက်ပတဲ့ ပါရမီကို မမြင်ခဲ့မိဘူး" အကြီးအကဲ ကျင်းလျန်က မျက်နှာချိုသွေးကာ ပြောနေသည်။
'ဒီကောင်လေးက အဆင့် ၇ ပါရမီရှင်တဲ့လား၊ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဂိုဏ်းချုပ်လည်း သေချာပေါက် သိသွားလောက်ပြီ။ သူ့ဆီကို တစ်ယောက်ယောက် လွှတ်ပြီး စည်းရုံးမှာ သေချာတယ်။ ထျန်ရှန်းကို ဂိုဏ်းချုပ်ရဲ့ တိုက်ရိုက်တပည့် အဖြစ်တောင် တင်မြှောက်နိုင်တယ်။ တကယ်လို့ ဒီကောင်လေးက ငါ့ကို သတ်ပေးဖို့ တောင်းဆိုရင်တောင် ဂိုဏ်းချုပ်က နှစ်ခါမစဉ်းစားဘဲ ငါ့ကို သတ်ပစ်မှာပဲ' အကြီးအကဲ ကျင်းလျန်သည် အတွင်းစိတ်၌ ငိုကြွေးနေသော်လည်း အပြင်ပန်းတွင်မူ အပြုံးမပျက်အောင် ကြိုးစားနေရသည်။
"ကျုပ်ရဲ့ ပြိုင်ပွဲဝင်တံဆိပ်ကို ရနိုင်မလား" လုံချန်းက တည့်တည့်ပင် မေးလိုက်သည်။
"အာ... ဟုတ်သားပဲ" အကြီးအကဲ ကျင်းလျန်သည် တံဆိပ်များကြားတွင် အသည်းအသန် ရှာဖွေပြီးနောက် ရွှေဖြူရောင် တောက်ပနေသော တံဆိပ်တစ်ခုကို ထုတ်ပေးလိုက်သည်။ ထိုတံဆိပ်တွင် ကြယ်များ မပါသော်လည်း လပြည့်ဝန်းပုံစံ ထွင်းထုထားသည်။
လုံချန်းသည် တံဆိပ်ကို ယူကာ ဘာမှမပြောဘဲ လှည့်ထွက်ခဲ့သည်။
"မင်း ဒီမှာပဲ ဆက်ရပ်နေမှာလား၊ ဒါမှမဟုတ် ဖယ်ပေးမှာလား" လုံချန်းက မင်းသားလူကို ကြည့်ကာ မေးလိုက်သည်။ မင်းသားလူမှာ ကြောင်တောင်တောင်ဖြင့် ဖယ်ပေးလိုက်ရာ လုံချန်းသည် သူ၏ဘေးမှ ဖြတ်ကျော်သွားခဲ့သည်။
လုံချန်း သိပ်မဝေးသေးခင်မှာပင် နောက်ထပ် လူတစ်ယောက်က သူ့ရှေ့တွင် လာပိတ်ရပ်သည်။
"မင်းက ထျန်းရှန် ဖြစ်ရမယ်" ထိုသူမှာ အသက် ၃၀ ကျော်ခန့် ရှိပြီး နက်မှောင်သော ဆံပင်ကို မြင်းမြီးပုံစံ စည်းထားသည်။
"ခင်ဗျားက ဘယ်သူလဲ" လုံချန်းက ပြန်မေးသည်။
"ဪ... ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ဖို့ မေ့သွားတယ်။ ငါက ယုထျန်းဟောင်ပါ။ ဂုဏ်ကျက်သရေ ပွင့်လန်းခြင်းဂိုဏ်းရဲ့ အမာခံ အကြီးအကဲ တစ်ဦးပေါ့။ ငါက ငါတို့ဂိုဏ်းချုပ်ရဲ့ ကိုယ်စား မင်းကို ဖိတ်ခေါ်ဖို့ လာတာပါ" ယုထျန်းဟောင်က ပြုံးလျက် ဆိုသည်။
'ယုထျန်းဟောင်... ငါ့အဖေရဲ့ သူငယ်ချင်းဟောင်း နဲ့ လင်းရဲ့ အဖေပေါ့။ ဒီလောက် စောစော တွေ့ရလိမ့်မယ်လို့ မထင်ထားဘူး။ သူ့ဆီကနေတော့ ကောင်းတဲ့ ခံစားချက်မျိုး မရဘူးပဲ' လုံချန်း တွေးနေမိသည်။
"ကျုပ် ဘာလို့ ခင်ဗျားတို့ ဂိုဏ်းကို ဝင်ရမှာလဲ" လုံချန်းက မေးလိုက်သည်။
"အကျိုးကျေးဇူးတွေကတော့ အများကြီးပဲလေ။ ပထမဆုံး အနေနဲ့ မင်း ဂိုဏ်းဝင်ခွင့် စာမေးပွဲတွေ ဖြေနေစရာ မလိုတော့ဘူး။ မင်းကို အထူးတပည့် ရာထူး ပေးမယ်။ မင်းရဲ့ အဆင့်အတန်းက အမာခံတပည့်တွေထက် မြင့်ပြီး အတွင်းစည်း အကြီးအကဲတွေနဲ့ တန်းတူ ဖြစ်လိမ့်မယ်" ယုထောင်ဟောင်က ရှင်းပြသည်။
"ဂိုဏ်းရဲ့ လေ့ကျင့်ရေး အဆောက်အအုံတွေကို အခမဲ့ သုံးနိုင်မယ်၊ သိုင်းကျမ်းဆောင်က ကြိုက်တဲ့ ပညာရပ်ကို ယူလို့ရမယ်၊ ဂိုဏ်းချုပ် ကိုယ်တိုင်လည်း မင်းကို သင်ကြားပေးလိမ့်မယ်"
'ဒီလောက် မက်လုံးပေးတာကို ဒီကလေး ငြင်းနိုင်မှာ မဟုတ်ပါဘူး' ယုထျန်းဟောင်က ယုံကြည်မှုရှိရှိ တွေးနေသည်။
"နေဦး... အဲဒီ ငတုံးနောက်ကို မလိုက်နဲ့ဦး ကောင်လေး" နောက်မှ ထွက်ပေါ်လာသော အသံတစ်သံကြောင့် လုံချန်း လှည့်ကြည့်လိုက်သည်။
ထိုသူမှာ မောဟိုက်နေသော အမျိုးသမီးတစ်ဦး ဖြစ်သည်။ သူမသည် မီးလျှံရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး ကိုယ်လုံးကိုယ်ပေါက်မှာ အလွန် ဆွဲဆောင်မှု ရှိသည်။
"ခင်ဗျားကရော ဘယ်သူလဲ" လုံချန်းက မေးသည်။
"ငါလား... ငါက ကျူးဖုန်းလင်ပါ။ အနောက်ဘက် စစ်သည်တော်ဂိုဏ်းရဲ့ ပြင်ပဆက်ဆံရေးဌာန တာဝန်ခံ အကြီးအကဲ ဖြစ်သလို ဂိုဏ်းချုပ်ရဲ့ သမီးလည်း ဖြစ်တယ်။ မင်းကို ငါတို့ဂိုဏ်းကို ဖိတ်ခေါ်ချင်လို့ပါ။ ဟိုလူ ပေးနိုင်တာတွေ အပြင် ငါတို့က ပိုပေးနိုင်သေးတယ်။ ငါတို့ဂိုဏ်းချုပ်က ကံကောင်းလို့ ရထားတဲ့ မြေကမ္ဘာအဆင့် သွေးကြောသန်မာဆေးလုံးကို မင်းကို ပေးဖို့ ဆုံးဖြတ်ထားတယ်။ မြေကမ္ဘာအဆင့် ဆေးလုံးဆိုတာ အင်ပါယာတွေမှာတောင် တွေ့ရခဲတာနော်။ မင်းရဲ့ သွေးကြောတွေကို သန်မာစေပြီး ကျင့်ကြံခြင်း အရှိန်ကို အဆမတန် မြန်စေလိမ့်မယ်။ ဘယ်လိုလဲ" ထိုအမျိုးသမီးက ဆွဲဆောင်မှုရှိသော အပြုံးဖြင့် ပြောလိုက်လေတော့သည်။