အခန်း (၂၀၉-၂၁၀)
Vol. 21 Ch. 209-210
အခန်း (၂၀၉) ဒုတိယအဆင့်
"ငါတို့ဂိုဏ်းချုပ်က မင်းသာ ငါတို့ဂိုဏ်းကို ဝင်မယ်ဆိုရင် အဲဒီဆေးလုံးကို ပေးဖို့ အသင့်ပဲ။ မြေကမ္ဘာအဆင့် ဆေးလုံးတိုင်းက ဘယ်လောက် အစွမ်းထက်လဲဆိုတာ မင်း သိမှာပါ။ အထူးသဖြင့် ဒီ သွေးကြောသန်မာဆေးလုံးက ပိုတောင် ထူးခြားသေးတယ်။ အင်ပါယာတွေမှာတောင် ရှာရခက်တဲ့ ပစ္စည်းမျိုးပေါ့။ အဲဒါက မင်းရဲ့ သွေးကြောတွေကို သန်မာစေပြီး ကျင့်ကြံခြင်း အရှိန်ကို အဆမတန် မြန်စေလိမ့်မယ်။ ဘယ်လိုလဲ" ထိုအမျိုးသမီးက ဆွဲဆောင်မှုရှိသော အပြုံးဖြင့် ပြောလိုက်သည်။
"နေဦး... မိတ်ဆွေလေး၊ ရွေးချယ်ဖို့အတွက် အလောတကြီး လုပ်စရာ မလိုပါဘူး" နောက်ထပ် အမျိုးသားတစ်ဦး လျှောက်လာရင်း လုံချန်း၏ အတွေးကို ဖြတ်ပြောလိုက်ပြန်သည်။
သူသည် အဝါရောင်ဝတ်စုံ ဝတ်ထားပြီး ယုထျန်းဟောင်ထက် အနည်းငယ် ပိုကြီးပုံရသည်။
"ငါ့နာမည်က ရေးပါ... ငါ့ကို စီနီယာရေးလို့ ခေါ်နိုင်ပါတယ်။ ငါက မျောလွင့်တိမ်တိုက်ဂိုဏ်းရဲ့ တာဝန်ပေးဌာန တာဝန်ခံ အကြီးအကဲပါ။ ညီလေးရှန်းကို ငါတို့ဂိုဏ်းဆီ ဖိတ်ခေါ်ချင်ပါတယ်။ မင်းက ငါတို့ဂိုဏ်းရဲ့ ထိပ်တန်းတပည့် ဖြစ်လာမှာဖြစ်သလို မင်းလိုချင်တဲ့ အရင်းအမြစ်မှန်သမျှကို ရလိမ့်မယ်။ ဒါ့အပြင် ငါတို့ဂိုဏ်းချုပ်က မင်းရဲ့ တောင်းဆိုချက်မှန်သမျှကို အရမ်းကြီး မလွန်ကဲရင် ဖြည့်ဆည်းပေးမယ်လို့ မှာထားတယ်။ ပြီးတော့ ငါတို့ဂိုဏ်းရဲ့ ရတနာဖြစ်တဲ့ သွေးမျိုဓားကိုလည်း ပေးမှာပါ။ အဲဒီလက်နက်က မြေကမ္ဘာအဆင့် လက်နက်တစ်လက်လိုပဲ အစွမ်းထက်တယ်လို့ ကျော်ကြားတယ်လေ" ထိုသူက လုံချန်းကို ပြုံးကြည့်ရင်း ဆိုသည်။
"ဟိုး... မင်းက ရတနာတွေကို လိုချင်တာလား၊ ဒါမှမဟုတ် တကယ့် ခွန်အားကိုလား သူငယ်ချင်းလေး။ ငါတို့မြေကမ္ဘာ တောင်တန်းဂိုဏ်းက နှစ်ခုစလုံး ပေးနိုင်တယ်။ ဟိုဂိုဏ်းက ပေးမယ့် မြေကမ္ဘာအဆင့်နီးပါး အစွမ်းထက်တဲ့ ဓားက ဘာလုပ်ဖို့လဲ။ ငါတို့တွေက တကယ့် မြေကမ္ဘာအဆင့် ဓားတစ်လက်ကို ပေးမှာ" နောက်ထပ် ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာပြန်သည်။ ဝတ်စုံနှင့် ပြောစကားများအရ သူသည် မြေကမ္ဘာတောင်တန်းဂိုဏ်းမှ ဖြစ်ကြောင်း လုံချန်း သိလိုက်သည်။
"ဒါတင် မဟုတ်သေးဘူး။ ငါတို့ဂိုဏ်းရဲ့ မြေကမ္ဘာအဆင့် ခန္ဓာကိုယ်ကျင့်စဉ်ကိုလည်း ကျင့်ကြံခွင့် ရဦးမှာ။ အဲဒီကျင့်စဉ်နဲ့သာ မင်းရဲ့ ခန္ဓာကိုယ်ကို လေ့ကျင့်မယ်ဆိုရင် မင်းရဲ့ ခွန်အားက အနည်းဆုံး နှစ်ဆ တက်လာမယ်ဆိုတာ ငါ ၂၀၀ ရာခိုင်နှုန်း အာမခံတယ်" ထိုသူက ဆက်ပြောသည်။
လုံချန်းသည် တစ်ယောက်ပြီးတစ်ယောက် ကြားဖြတ်ပြောနေကြသဖြင့် စတင် စိတ်ပျက်လာသည်။ သူ စကားပြောရန် ပြင်လိုက်စဉ်မှာပင် ပဉ္စမမြောက် လူတစ်ယောက် ပြေးလာပြန်သည်။
"ကျုပ် ခန့်မှန်းကြည့်ရမလား... ခင်ဗျားက တိုက်ခိုက်ရေးဓားဂိုဏ်းက ဖြစ်ပြီး ကျုပ်ကို ဖိတ်ခေါ်ဖို့ လာတာ မဟုတ်လား" ထို ၅ ယောက်မြောက်လူ စကားမပြောရသေးခင်မှာပင် လုံချန်းက ဖြတ်ပြောလိုက်သည်။
"အာ... ဟုတ်ပါတယ်။ ငါ့နာမည်က မူချင်းပါ။ တိုက်ခိုက်ရေးဓားဂိုဏ်းရဲ့ အမာခံ အကြီးအကဲတစ်ယောက်ပါ။ မင်းကို ငါတို့ဂိုဏ်းဆီ ဖိတ်ခေါ်ဖို့ လာတာပါ" ထိုမိန်းကလေးက ပြန်ဖြေသည်။
"အင်း... ကျုပ် ထင်တဲ့အတိုင်းပဲ။ ခင်ဗျားတို့ကရော ဘာတွေ ပေးနိုင်မှာလဲ" လုံချန်းက အေးအေးလူလူ မေးလိုက်သည်။
"ငါတို့ဂိုဏ်းချုပ်က မင်းကို သူ့ရဲ့ တိုက်ရိုက်တပည့်အဖြစ် လက်ခံချင်နေတာ။ မင်းက ဂိုဏ်းမှာ အမြင့်ဆုံး အဆင့်အတန်းကို ရမှာဖြစ်ပြီး ကြိုက်တဲ့ အရင်းအမြစ်နဲ့ ပညာရပ်တွေကို သုံးခွင့်ရမယ်။ ဒါ့အပြင် မင်းသာ ငါတို့ဂိုဏ်းကို ရွေးမယ်ဆိုရင် တို့ဂိုဏ်းချုပ်က သူကိုယ်တိုင် သုံးတဲ့ ဝိညာဉ်ဖြတ်ဓားကို လက်ဆောင်အဖြစ် ပေးမယ်လို့ မှာလိုက်တယ်"
သူမ၏ စကားကြောင့် တစ်ကွင်းလုံး ဆူညံသွားတော့သည်။
"ဘာ... ဝိညာဉ်ဖြတ်ဓား ဟုတ်လား။ အဲဒါ ဂိုဏ်းချုပ်ကိုယ်တိုင် သုံးတဲ့ လက်နက် မဟုတ်လား"
"ဟုတ်တယ်။ ရွှမ်းနိုင်ငံမှာ အရှိန်အဝါ အကြီးဆုံး လက်နက်လို့ သတ်မှတ်ထားတဲ့ ဓားပဲ"
"သူကတော့ ဒီကလေးကို ရအောင် စည်းရုံးတော့မှာပဲ။ သူ့ရဲ့ အမြတ်နိုးဆုံး ဓားကိုတောင် ပေးမယ်ဆိုတော့။ ဒါမျိုး ဖြစ်နိုင်မယ်လို့ ငါ တစ်ခါမှ မတွေးဖူးဘူး"
အကြီးအကဲများပင်လျှင် အံ့အားသင့်သော မျက်နှာထားများဖြင့် တီးတိုး ပြောဆိုနေကြသည်။
"ဒါကတော့ မတရားဘူးလေ" အနောက်စစ်သည်တော် ဂိုဏ်းချုပ်က တိုက်ခိုက်ရေးဓား ဂိုဏ်းချုပ်ကို ကြည့်ကာ အော်လိုက်သည်။
"မင်းလည်း မင်းရဲ့ လက်နက်တွေကို ပေးလို့ရတာပဲလေ။ ဒါပေမဲ့ ကံဆိုးတာက ဒီနိုင်ငံမှာ အစွမ်းထက်ဆုံး တိုက်ခိုက်ရေးလက်နက်က တစ်လက်ပဲ ရှိတာ" တိုက်ခိုက်ရေးဓား ဂိုဏ်းချုပ်က သူ၏ လက်ထဲမှ ဓားကို ကြည့်ကာ လှောင်ပြုံး ပြုံးလိုက်သည်။
"ပွဲက မပြီးသေးပါဘူး။ အားလုံးက သူ့အပေါ်မှာပဲ မူတည်နေတာ" ဂုဏ်ကျက်သရေ ပွင့်လန်းခြင်း ဂိုဏ်းချုပ်က အေးအေးလူလူ ပြန်ပြောလိုက်သော်လည်း အတွင်းစိတ်၌ စိုးရိမ်နေသည်။
"မင်းအနေနဲ့ အင်အားအကြီးဆုံး ဂိုဏ်းကိုပဲ ရွေးမှာ သေချာပေမဲ့ ငါ ထပ်မေးပါရစေ။ မိတ်ဆွေလေး... ဘယ်ဂိုဏ်းကို ဝင်ဖို့ ဆုံးဖြတ်ထားလဲ" ယုထျန်းဟောင်က တောက်ပသော အပြုံးဖြင့် မေးလိုက်သည်။
အခြား ဖြေဆိုသူများမှာမူ လုံချန်းကို မနာလိုသော အကြည့်များဖြင့် ကြည့်နေကြပြီး အကြီးအကဲများကတော့ မျှော်လင့်ချက် အပြည့်ဖြင့် စောင့်ကြည့်နေကြသည်။
"ကျုပ်... ကျုပ် လောလောဆယ် ဘယ်ဂိုဏ်းကိုမှ မဝင်ချင်သေးဘူး။ အခုတော့ စာမေးပွဲ အဆင့်ဆင့်ကို ဖြတ်ကျော်ပြီး ကျုပ်ကိုယ်ကျုပ် စမ်းသပ်ချင်ရုံပဲ။ ဆုံးဖြတ်ချက်ကိုတော့ နောက်မှပဲ ချပါတော့မယ်" လုံချန်းက ဘာကိုမှ ဂရုမစိုက်ဟန်ဖြင့် အေးအေးဆေးဆေး ပြန်ပြောလိုက်သည်။
"အာ..." ယုထျန်ဟောင် ကြောင်အသွားသည်။
"စာမေးပွဲကို ဆက်ဖြေချင်ရင်လည်း ရပါတယ်။ မင်း ငါတို့ဂိုဏ်းကို ဝင်လိုက်မယ်ဆိုရင် အဲဒါတွေကို ငါတို့တွေ စီစဉ်ပေးလို့ ရတာပဲ" ယုထျန်ဟောင်က ချက်ချင်း သတိပြန်ဝင်လာပြီး ဆက်လက် စည်းရုံးပြန်သည်။
"ငါတို့လည်း လုပ်ပေးနိုင်ပါတယ်" ကျန်သည့် ကိုယ်စားလှယ် ၄ ဦးကလည်း ပြိုင်တူ ပြောကြသည်။
"ကျုပ် ပြောစရာရှိတာ ပြောပြီးပြီ..." လုံချန်းက စိတ်ပျက်သော လေသံဖြင့် ဆိုကာ သူတို့ကြားထဲမှ တိုးထွက်ပြီး ထွက်ခွာသွားသည်။
"စာမေးပွဲရဲ့ နောက်တစ်ဆင့်က ဘယ်မှာလဲ" သူသည် အစောင့်ကို တံဆိပ်ပြကာ မေးလိုက်သည်။
"အာ... အာ..." အစောင့်သည် ယုထျန်းဟောင်ကို ကြည့်ကာ ထစ်ထစ်အအ ဖြစ်နေသည်။
"သူက စာမေးပွဲကို ဆက်ဖြေချင်တယ်ဆိုရင်လည်း သူ့ဆန္ဒအတိုင်း လိုက်လျောပေးလိုက်ပါ။ သူ့ရဲ့ ဆုံးဖြတ်ချက်ကို စာမေးပွဲအပြီးမှာ စောင့်ကြည့်ရုံပေါ့။ သူ့ကို ဒုတိယအဆင့်ဖြစ်တဲ့ ဝင်္ကပါ စမ်းသပ်ခန်းမကို ခေါ်သွားလိုက်"
"ဟုတ်ကဲ့ အကြီးအကဲ" အစောင့်သည် လုံချန်းကို ကိုယ်တိုင် လိုက်ပို့ပေးသည်။ လုံချန်းသည် မထွက်ခွာမီ လုံရွှယ်ရင်းကို တစ်ချက် ကြည့်ချင်သော်လည်း သံသယ မဝင်စေရန် နောက်လှည့်မကြည့်ဘဲ ထွက်လာခဲ့သည်။
လုံချန်း ထွက်သွားသော်လည်း လူတိုင်းမှာ သူ၏ စွမ်းဆောင်ရည်ကြောင့် မှင်တက်နေကြဆဲ ဖြစ်သည်။ စာရင်းပေးသွင်းမှုများ ဆက်လက် ပြုလုပ်ရာတွင် လုံချန်းနောက်ပိုင်း၌ အဆင့် ၇ ပါရမီရှင် ထပ်မံ ပေါ်မလာတော့ပေ။
သို့သော် အဆင့် ၆ ပါရမီရှင် တစ်ဦး ထပ်မံ ပေါ်လာခဲ့သည်။ သူမမှာ ဆံပင်ပြာနှင့် မိန်းကလေး ယွဲ့ဖေး ဖြစ်သည်။ သူမသည် ဒုတိယအဆင့် နိုင်ငံဖြစ်သော ရွှေနိုင်ငံမှ ဖြစ်ကြောင်း လူများ သိရှိလိုက်ကြသည်။
စုစုပေါင်း နောက်တစ်ဆင့်သို့ တက်ရောက်ခွင့်ရသူများမှာ... အဆင့် ၂ ပါရမီရှင် ၁၇၂၄ ဦး၊ အဆင့် ၃ ပါရမီရှင် ၄၇၀ ဦး၊ အဆင့် ၄ ပါရမီရှင် ၁၀၂ ဦး၊ အဆင့် ၅ ပါရမီရှင် ၁၉ ဦး၊ အဆင့် ၆ ပါရမီရှင် ၂ ဦး နှင့် အဆင့် ၇ ပါရမီရှင် ၁ ဦး တို့ ဖြစ်သည်။
ရွေးချယ်ခံရသူ အားလုံးသည် ခန်းမကြီးတစ်ခန်းအတွင်း ရပ်နေကြသည်။ ထိုခန်းမမှာ အလွန်ကျယ်ဝန်းပြီး လူအားလုံးကို ဆံ့သည်။ ခန်းမ၏ အရှေ့ဘက် နံရံတွင် တံခါး ၅၀ ရှိပြီး အားလုံးမှာ တူညီနေကြသည်။
"ဒီခန်းမကို ဝင်္ကပါ စမ်းသပ်ခန်းမလို့ ခေါ်တယ်။ နာမည်အတိုင်းပဲ ဒီနေရာက ဝင်္ကပါတွေကို သုံးထားတာ၊ အထူးသဖြင့် ပုံရိပ်ယောင် ဝင်္ကပါ တွေပေါ့။ ငါတို့ဂိုဏ်းက တပည့်တွေလည်း သူတို့ရဲ့ တိုက်ခိုက်ရေး စွမ်းရည်ကို စမ်းသပ်ဖို့ ဒီနေရာကို သုံးကြတယ်"
"မင်းတို့ သိထားတဲ့အတိုင်း ပါရမီက အရေးကြီးသလို ခွန်အားကလည်း အရေးကြီးတယ်။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်တဲ့ ခွန်အား မရှိရင် မင်းတို့ သေရမှာပဲ၊ အဲဒီအခါ ပါရမီက ဘာမှ ကူညီနိုင်မှာ မဟုတ်ဘူး၊ ဒါကြောင့် ဒုတိယအဆင့်က မင်းတို့ရဲ့ ခွန်အားကို စမ်းသပ်မှာ ဖြစ်တယ်"
"မင်းတို့အားလုံး တံခါးတွေထဲကို ဝင်သွားပြီး ပုံရိပ်ယောင်တွေကို ဖြတ်ကျော်ရမယ်။ အဲဒီမှာ သန်မာတဲ့ သားရဲတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်။ ပထမဆုံး အနေနဲ့ မင်းတို့နဲ့ ကျင့်ကြံခြင်းအဆင့် တူညီတဲ့ သားရဲတစ်ကောင်နဲ့ ရင်ဆိုင်ရမယ်။ နောက်တော့ အဲဒီအဆင့်တူ သားရဲ ၁၀ ကောင်နဲ့ ရင်ဆိုင်ရမယ်"
"အဲဒါပြီးရင် မင်းတို့ထက် ကျင့်ကြံခြင်းအဆင့် အဆင့်သေး တစ်ဆင့် ပိုမြင့်တဲ့ သားရဲ တစ်ကောင်၊ ပြီးတော့ ၁၀ ကောင်... အဲဒီကနေ အဆင့် ၂ ဆင့် ပိုမြင့်တဲ့ သားရဲ ၁ ကောင်၊ ၁၀ ကောင်... စသဖြင့် မင်းတို့ စိတ်အာရုံထဲမှာ အသတ်ခံရတဲ့အထိ ဆက်တိုက် ရင်ဆိုင်ရမှာပဲ။ မင်းတို့ ရှုံးနိမ့်သွားတာနဲ့ ပုံရိပ်ယောင်ထဲကနေ အပြင်ကို ပြန်ရောက်လာလိမ့်မယ်"
"မင်းတို့ရဲ့ ပြိုင်ပွဲဝင်တံဆိပ်က မင်းတို့ သတ်နိုင်ခဲ့တဲ့ သားရဲအရေအတွက်ကို မှတ်တမ်းတင်ထားပြီး အမှတ်ပေးသွားမှာပါ။ အဆင့်တူ သားရဲတစ်ကောင်ကို ၁ မှတ်၊ အဆင့် ၁ ဆင့် ပိုမြင့်ရင် ၅ မှတ်၊ အဆင့် ၂ ဆင့် ပိုမြင့်ရင် ၁၀ မှတ်၊ အဆင့် ၃ ဆင့် ပိုမြင့်ရင် ၁၅ မှတ် စသဖြင့် ရလိမ့်မယ်"
"ဒီစမ်းသပ်မှုမှာ ထိပ်ဆုံးက အမှတ်အများဆုံး ၅၀၀ ပဲ နောက်တစ်ဆင့်ကို တက်ခွင့်ရမယ်" ဒုတိယအဆင့် တာဝန်ခံ အကြီးအကဲက ရှင်းပြသည်။
"ဒါဆို ပါရမီ စမ်းသပ်ခဲ့တာတွေက ဒီမှာ အသုံးမဝင်တော့ဘူးပေါ့"
"အဲဒီလိုပဲ ထင်တာပဲ..."
အဆင့်နိမ့် ပါရမီရှင်များမှာ မျှော်လင့်ချက် ပြန်လည်ရှိလာကာ ဆူညံသွားကြသည်။
"အံ့သြဖို့ကောင်းလိုက်တာ။ အခုတော့ ငါ သူ့ကို ကျော်တက်နိုင်ပြီ။ ငါ့ရဲ့ ကျင့်ကြံခြင်းက သူ့ထက် မမြင့်ပေမဲ့ တိုက်ခိုက်ရေးမှာတော့ ငါက အတော်ဆုံးပဲ။ ငါ ပထမ ရအောင် ယူပြီး လူတိုင်းကို အံ့သြစေရမယ်" မင်းသားလူသည် လူအုပ်ထဲမှ မျက်နှာဖုံးစွပ်ကောင်လေးကို ကြည့်ကာ ပြုံးလိုက်သည်။
"ဪ... တစ်ခု ပြောဖို့ မေ့သွားတယ်။ မင်းတို့ထဲက တချို့က စာရင်းပေးတုန်းက ထူးခြားတဲ့ တံဆိပ်တွေ ရခဲ့တယ် မဟုတ်လား။ အဲဒီတံဆိပ်တွေက ဒီအဆင့်မှာ အသုံးဝင်တယ်"
"ငွေရောင် ကြယ်တစ်လုံးတံဆိပ် ရသူတွေက အပို ၁၀ မှတ်နဲ့ စရမယ်။ ရွှေရောင် ကြယ်နှစ်လုံးတံဆိပ် ရသူတွေက အပို အမှတ် ၃၀ ရမယ်"
"ရွှေဖြူ လပြည့်ဝန်းတံဆိပ် ရသူကတော့ စစချင်းမှာတင် အပို အမှတ် ၁၀၀ ရမှာ ဖြစ်တယ်"
အကြီးအကဲ၏ စကားကြောင့် တစ်ကွင်းလုံး ပိုမို ဆူညံသွားတော့သည်။ သူ ထိုသို့ပြောစဉ် လုံချန်းကို တစ်ချက် လှမ်းကြည့်လိုက်သည်။
'ဒါဆို သူက ငါ့ထက် အမှတ် ၇၀ တောင် ရှေ့ရောက်နေတာပေါ့။ ငါ သူ့ကို ကျော်တက်ပြီး ငါက အတော်ဆုံးဆိုတာကို သက်သေပြရမယ်' မင်းသားလူက တည်ကြည်သော မျက်နှာထားဖြင့် တွေးတောလိုက်လေတော့သည်။
အခန်း (၂၁၀) နင် ငါ့ကို လှည့်စားလို့ မရပါဘူး
'ဒါဆို သူက ငါ့ထက် အမှတ် ၇၀ တောင် ရှေ့ရောက်နေတာပေါ့။ ငါ သူ့ကို ကျော်တက်ပြီး ငါက အတော်ဆုံးဆိုတာကို သက်သေပြရမယ်' မင်းသားလူက တည်ကြည်သော မျက်နှာထားဖြင့် တွေးတောလိုက်သည်။
"ကဲ... အဆင့် ၂ တံဆိပ်ရှိတဲ့သူတွေ အရင်သွားမယ်။ မင်းတို့ တံဆိပ်တွေမှာ နံပါတ်တွေ ရေးထားတယ်။ နံပါတ် ၁ ကနေ ၅၀ အထိ ရှေ့ထွက်ခဲ့ပြီး တံခါးတွေထဲ ဝင်သွားကြ" အကြီးအကဲက ကျယ်လောင်စွာ အမိန့်ပေးလိုက်သည်။
တံဆိပ်ရထားသူများမှာ သူတို့၏ နံပါတ်များကို အသေအချာ ကြည့်ရှုကြပြီးနောက် လူ ၅၀ ရှေ့ထွက်လာသည်။ သူတို့သည် တံခါးများအတွင်းသို့ ဝင်သွားကြပြီး ခဏအကြာတွင် ပြန်ထွက်လာကြသည်။ ယခုအခါ သူတို့၏ တံဆိပ်အနောက်ဘက်တွင် နံပါတ်တစ်ခု ပေါ်နေပြီဖြစ်သည်။
"တံဆိပ်အနောက်မှာ ပေါ်နေတဲ့ နံပါတ်က မင်းတို့ရရှိတဲ့ အမှတ်ပဲ။ အဲဒီအမှတ်ကို ကြည့်ပြီး နောက်တစ်ဆင့်အတွက် ထိပ်ဆုံး ၅၀၀ ကို တို့တွေ ရွေးချယ်သွားမှာ ဖြစ်တယ်"
လူများမှာ တစ်သုတ်ပြီးတစ်သုတ် ဝင်လိုက် ထွက်လိုက် ဖြစ်နေကြသည်။ အချို့က ပုံရိပ်ယောင်ထဲတွင် ကောင်းကောင်း တိုက်ခိုက်နိုင်ခဲ့သဖြင့် မျှော်လင့်ချက် ရှိနေကြသော်လည်း၊ အချို့ကတော့ ထိုထက်ပို လုပ်နိုင်ခဲ့သင့်သည်ဟု တွေးကာ စိတ်ပူနေကြသည်။
"အတော်လေး ကြာဦးမယ့်ပုံပဲ" လုံချန်းက တီးတိုးရေရွတ်ရင်း နံရံတစ်ခုဆီသို့ လျှောက်သွားသည်။ သူသည် နံရံကို ကျောမှီကာ မျက်လုံးမှိတ်လျက် အနားယူနေလိုက်သည်။
"ဟိုလေ... ဒီမှာရှင့်" ချိုသာသော အသံတစ်သံကြောင့် သူ သတိဝင်လာသည်။ ထိုအသံမှာ မည်သူ့အသံ ဖြစ်ကြောင်း သူ သိနေသည်။ သူ တုံ့ပြန်သင့်၊ မတုံ့ပြန်သင့် စဉ်းစားနေပြီးမှ နောက်ဆုံးတွင် မျက်လုံးဖွင့်ကာ ရှေ့မှလူကို ကြည့်လိုက်သည်။
ထိုသူမှာ ဆံပင်နီနှင့် မိန်းကလေး ဖြစ်သည်။ အသက် ၁၉၊ ၂၀ ခန့် ရှိပုံရသည်။
'လုံရွှယ်ရင်းလား...' သူမကို ကြည့်ရင်း လုံချန်း တွေးလိုက်သည်။
"ကျ... ကျမ ရှင့်ရဲ့ မျက်နှာကို ကြည့်လို့ ရမလား" လုံချန်းကို ကြည့်ရင်း သူမက မေးလိုက်သည်။
"ဘာဖြစ်လို့လဲ" လုံချန်းက လေသံအေးအေးဖြင့် မေးသည်။
"ရှင့်ရဲ့ ရွှေရောင်မျက်လုံးတွေက ကျမသိတဲ့ လူတစ်ယောက်နဲ့ တူနေလို့ပါ။ ရှင်က အဲဒီလူ ဟုတ်မဟုတ် သိချင်လို့ပါ" လုံရွှယ်ရင်းက မျက်နှာဖုံးစွပ် လူငယ်ကို ပြောလိုက်သည်။
"မင်းကို ငါ သိတယ်လို့ မထင်ဘူး၊ ဒါပေမဲ့ မင်း ငါ့ကို သိချင်တယ်ဆိုရင်တော့ ငါ စိတ်မရှိပါဘူး" မျက်နှာဖုံးစွပ်လူက ခပ်ဟဟ ရယ်ရင်း လုံရွှယ်ရင်း၏ ရင်ဘတ်ကို တည့်တည့် စိုက်ကြည့်လိုက်သည်။
"ဒါက..." လုံရွှယ်ရင်းသည် ချက်ချင်းပင် သူမ၏ လက်မောင်းများကို ရင်ဘတ်ရှေ့တွင် ကာလိုက်ရသည်။
"ရှင် ဒီလို လုပ်နေတာ ကျမကို မောင်းထုတ်ချင်လို့လားလို့ ကျမ ခံစားနေရတယ်" လုံရွှယ်ရင်းက တစ်ခုခုကို ရုတ်တရက် တွေးမိသွားဟန်ဖြင့် ဆိုသည်။
"ဘာလို့ အဲဒီလို လုပ်ရမှာလဲ။ လာပါ... ငါနဲ့အတူ လာထိုင်ပါဦး" လုံချန်းက ပြောရင်း လုံရွှယ်ရင်း၏ လက်ကို ဆွဲရန် လက်ကမ်းပေးလိုက်သည်။ လုံရွှယ်ရင်းသည် နောက်သို့ ဆုတ်ရန် ကြိုးစားသော်လည်း လုံချန်း၏ လက်မှာ အလွန်မြန်လှသဖြင့် သူမ၏ လက်ကို ဖမ်းမိသွားလေသည်။
"ငါက မင်းရှာနေတဲ့လူ မဟုတ်ပါဘူး... ဒါပေမဲ့ ငါက သူ့ထက် မညံ့စေရဘူးလို့ ငါ ကတိပေးပါတယ်။ သူ့ကို မေ့လိုက်ပြီး ငါနဲ့ပဲ အချိန်ဖြုန်းပါလား" လုံချန်းက လုံရွှယ်ရင်းကို သူ့ထံ ဆွဲခေါ်ရင်း ပြောလိုက်သည်။
"သူက ငါ့လောက် သန်မာရဲ့လား" လုံချန်းက မေးရာ လုံရွှယ်ရင်းက ခေါင်းခါပြသည်။
"တွေ့လား၊ ငါက သူ့ထက် ပိုတော်ပါတယ်။ ပြီးတော့ မင်းက တကယ့်ကို ချစ်ဖို့ကောင်းတာပဲ" လုံချန်းက ပြုံးလျက် လုံရွှယ်ရင်းကို စိုက်ကြည့်ရင်း ဆိုသည်။
"ဟွန်း... ဂိုဏ်းချုပ်က သူ့ကို စောင့်ကြည့်ခိုင်းလိုက်တာ။ တစ်ခုတော့ သိသွားပြီ၊ ဒီကောင်က မိန်းမချောလေးတွေကို ဝါသနာပါတာပဲ" ထောင့်တစ်နေရာမှ လူတစ်ယောက်သည် လုံချန်းကို တိတ်တဆိတ် စောင့်ကြည့်နေသည်။ လုံချန်းက ထိုသူ ရှိနေသည်ကို သိပြီးသား ဖြစ်သဖြင့် ဟန်ဆောင်နေခြင်း ဖြစ်သည်။ လုံရွှယ်ရင်းက သူ၏ မျက်နှာဖုံးကို ခွာရန် ကြိုးစားလာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ ယခု သူ လုပ်နိုင်သည်မှာ သူမ၏ အာရုံကို လွှဲပစ်ရန်သာ ဖြစ်သည်။
"ကျမလက်ကို လွှတ်ပါ" လုံရွှယ်ရင်းက သူမလက်ကို ရုန်းထွက်ရန် ကြိုးစားသည်။
"မင်းက ငါ့မျက်နှာဖုံးကို ခွာချင်တာ မဟုတ်လား။ တကယ်လို့ ငါက မင်းရှာနေတဲ့လူ မဟုတ်ဘူးဆိုရင် မင်း ငါ့ကို နမ်းရမယ်နော်" လုံချန်းက လက်ကို မလွှတ်ဘဲ အေးအေးဆေးဆေးပင် ပြောလိုက်သည်။ သူသည် စောင့်ကြည့်နေသော သူလျှိုများ ကြားစေရန် အသံကို တမင် မြှင့်ပြောနေခြင်း ဖြစ်သည်။ သူသည် လုံမျိုးနွယ်စုနှင့် ပတ်သက်သည်ဟု မည်သူ့ကိုမှ သံသယ မဝင်စေလိုပေ။
"ကျမ... ဘယ်တော့မှ မလုပ်ဘူး။ ရှင်က သူ မဟုတ်နိုင်ပါဘူး၊ ကျမ မှားသွားတာပါ" လုံရွှယ်ရင်းက ရွံရှာသော လေသံဖြင့် ဆိုသည်။
"ဒါဆို ငါက အနမ်း မရတော့ဘူးပေါ့။ မင်း ငါ့အချိန်တွေကို ဖြုန်းလိုက်တာပဲ။ သွားတော့" လုံချန်းက စိတ်ပျက်ဟန်ဖြင့် ပြောကာ သူမ၏ လက်ကို လွှတ်ပေးလိုက်သည်။ လုံရွှယ်ရင်းသည် ချက်ချင်းပင် သူနှင့် ဝေးရာသို့ ဆုတ်ခွာသွားတော့သည်။
သူမသည် နောက်သို့ပင် လှည့်မကြည့်ဘဲ အမြန် ထွက်သွားခဲ့သည်။
လုံချန်းသည် မျက်လုံးမှိတ်ကာ အနားယူနေပြီး အခြားသူများကို ဂရုမစိုက်တော့ပေ။ မိန်းကလေး နှစ်ယောက်က သူ့ကို စိုက်ကြည့်နေသည်ကို သူ သိသော်လည်း လျစ်လျူရှုထားလိုက်သည်။
တစ်ယောက်မှာ ဆံပင်ပြာနှင့် မိန်းကလေး ဖြစ်သည်။ သူမသည် လူတိုင်းကို အံ့အားသင့်စေခဲ့သော ဒုတိယမြောက် အဆင့် ၆ ပါရမီရှင် ရွှေနိုင်ငံ၏ တတိယမြောက် မင်းသမီး ယွဲ့ဖေး ဖြစ်သည်။
ဒုတိယ မိန်းကလေးမှာလည်း သူ သိသောသူ ဖြစ်သည်။ သူမသည်လည်း ရွှေနိုင်ငံမှပင် ဖြစ်ကာ ချင်မျိုးနွယ်စု မျိုးနွယ်ဦးစီးချုပ်၏ မြေးမလေး ချင်ရို့ ဖြစ်သည်။
"နင် ငါ့ကို လှည့်စားလို့ မရပါဘူး..." သူတို့နှစ်ဦးလုံးက ပြိုင်တူပင် တိုးတိုးလေး ရေရွတ်လိုက်ကြသည်။ သို့သော် လုံရွှယ်ရင်းကဲ့သို့ လုံချန်းအနားသို့တော့ ကပ်မလာကြပေ။
ဒုတိယအဆင့် စမ်းသပ်မှုမှာ နာရီပေါင်းများစွာ ကြာအောင် ဆက်လက် ကျင်းပခဲ့သည်။ အဆင့် ၂ ပါရမီရှင်များ၏ စမ်းသပ်မှု ပြီးဆုံးသွားသောအခါ ရွှမ်းနိုင်ငံမှ လူငယ်တစ်ဦးက အမှတ်အများဆုံး ရရှိခဲ့သည်။ ထူးဆန်းသည်မှာ သူသည် ဝိညာဉ်အခြေတည် အဆင့် ၉ သာ ရှိသော်လည်း သူ၏ တိုက်ခိုက်ရေး စွမ်းရည်မှာ အလွန် ထူးကဲနေခြင်း ဖြစ်သည်။
သူသည် စုစုပေါင်း ၇၆ မှတ် ရရှိခဲ့သည်။ သူသည် ရွှေအမြူတေ အဆင့် ၂ ရှိသော သားရဲ ၁၀ ကောင်ကို သတ်ရန် ကြိုးစားရင်း ပုံရိပ်ယောင်ထဲတွင် ရှုံးနိမ့်သွားခဲ့ခြင်း ဖြစ်သည်။
အဆင့် ၂ စမ်းသပ်မှု ပြီးသောအခါ အဆင့် ၃ သမားများ အလှည့် ရောက်လာသည်။
လူများကို ဆက်တိုက် စမ်းသပ်နေကြပြီးနောက် မကြာမီမှာပင် အဆင့် ၅ ပါရမီရှင်များ၏ စမ်းသပ်မှုပါ ပြီးဆုံးသွားသည်။
ယခုအချိန်အထိ ထိပ်ဆုံး ၁၀ ယောက်လုံးမှာ ရွှမ်းနိုင်ငံမှ ဖြစ်ကြသည်။ လက်ရှိ အမှတ်အများဆုံးမှာ ရွှမ်းနိုင်ငံမှ အဆင့် ၅ ပါရမီရှင်တစ်ဦး ရရှိထားသော ၁၈၀ မှတ် ဖြစ်သည်။ အဆင့် ၁၁ မှာမူ ရွှေနိုင်ငံမှ အဆင့် ၅ ကျင့်ကြံသူတစ်ဦး ဖြစ်သည်။ ရွှေနိုင်ငံ၏ အိမ်ရှေ့မင်းသားမှာ အမှတ် ၁၂၀ ရရှိခဲ့သည်။ ချင်ရို့မှာမူ ရွှေနိုင်ငံ ဖြေဆိုသူများထဲတွင် ဒုတိယ အမှတ်အများဆုံးအဖြစ် ၉၅ မှတ် ရရှိထားပြီး လက်ရှိတွင် အဆင့် ၂၉ မှာ ရှိနေသည်။
လူတိုင်း စိတ်လှုပ်ရှားနေကြပြီ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ယခုအခါ အဆင့် ၆ နှင့် အဆင့် ၇ ပါရမီရှင်များ အလှည့် ရောက်လာသောကြောင့် ဖြစ်သည်။ သူတို့ သုံးဦးစလုံး တစ်ပြိုင်တည်း ဝင်ရောက် စမ်းသပ်ရန် ဆုံးဖြတ်လိုက်ကြသည်။
အကြီးအကဲ၏ ခေါ်သံကြောင့် လုံချန်းသည် မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။ သူသည် ထရပ်ကာ ရှေ့သို့ လျှောက်သွားပြီး တံခါးတစ်ပေါက်၏ ရှေ့တွင် ရပ်လိုက်သည်။ မင်းသားလူ နှင့် မင်းသမီး ယွဲ့ဖေး တို့သည်လည်း သူ၏ ဘယ်ဘက်နှင့် ညာဘက်ရှိ တံခါးများတွင် ရပ်လိုက်ကြသည်။
"ဝင်သွားလို့ ရပြီ" အကြီးအကဲက ဆိုသည်။ သူတို့ သုံးဦးစလုံး တစ်ပြိုင်တည်း ဝင်သွားကြသည်။
လုံချန်းသည် အခန်းထဲသို့ ရောက်သောအခါ အတွင်း၌ လှပသော ဝင်္ကပါပုံစံများကို မြင်လိုက်ရသည်။ ဝင်္ကပါ မျဉ်းကြောင်းများစွာ တစ်ကြောင်းနှင့်တစ်ကြောင်း ဆက်နွှယ်နေပြီး လှပသော ပုံစံတစ်ခု ဖြစ်နေသည်။
လုံချန်းသည် ရှေ့သို့ တိုးသွားကာ ဝင်္ကပါ၏ အလယ်ဗဟိုတွင် ထိုင်လိုက်သည်။ သူ ထိုင်လိုက်သည်နှင့် တစ်ပြိုင်နက် ပတ်ဝန်းကျင်မှ အခန်းမှာ ပျောက်ကွယ်သွားပြီး လွင်ပြင်ကျယ်ကြီးတစ်ခုသို့ ရောက်သွားသည်။ ခြေမျက်စိအထိ မြင့်သော မြက်ခင်းပြင်ကြီးမှာ အရပ်မျက်နှာ အနှံ့ ရှိနေသည်။
လုံချန်း သိပ်မစောင့်လိုက်ရဘဲ သူ့ရှေ့တွင် သားရဲတစ်ကောင် ရုတ်တရက် ပေါ်လာသည်။
"အတောင်ပံပါတဲ့ ကျားသစ်" လုံချန်းက သားရဲကို ကြည့်ရင်း တိုးတိုးလေး ဆိုသည်။ ၎င်းမှာ ကျားသစ်နှင့် တူသော်လည်း အဖြူရောင် ဖြစ်ကာ ကျောတွင် လှပသော အတောင်ပံ နှစ်ဖက် ပါရှိသည်။ သို့သော် အတောင်ပံ ပါသော်လည်း အတောင်ပံပါကျားသစ်များသည် မပျံသန်းနိုင်ကြကြောင်း လူသိများသည်။
ကျားသစ်သည် ရှေ့သို့ စတင် တိုးလာသောအခါ လုံချန်းသည် သူ၏ လက်ညှိုးကို ကောင်းကင်သို့ ထိုးပြလိုက်သည်။ စောစောကအထိ တိမ်ဖြူများ ရှိနေသော ကောင်းကင်ကြီးမှာ လုံချန်း လက်ညှိုးထိုးလိုက်သည်နှင့် တစ်ပြိုင်နက် ကတ္တရာစေးကဲ့သို့ နက်မှောင်သွားသည်။ ကောင်းကင်ယံမှ လျှပ်စီးများ လက်လာပြီး မိုးခြိမ်းသံများ ဟိန်းထွက်လာသည်။
သူသည် ပြေးလာသော ကျားသစ်ဆီသို့ လက်ညှိုးကို နှိမ့်ချလိုက်သည်။ သူ၏ လက်ညှိုး ကျားသစ်ဆီသို့ ဦးတည်သွားသည်နှင့် အလွန် အားကောင်းသော မိုးကြိုးတစ်ချက်သည် ကျားသစ်အပေါ်သို့ ကျရောက်သွားတော့သည်။
ရွှေအမြူတေ အဆင့် ၁၀ မှာ ရှိသော အတောင်ပံပါကျားသစ်သည် ချက်ချင်းပင် မြေပေါ်သို့ လဲကျသွားသည်။ သူ၏ အရေပြားများမှာ လောင်ကျွမ်းသွားပြီး အသက်ရှု ရပ်တန့်သွားခဲ့သည်။
ထိုကျားသစ် ပျောက်ကွယ်သွားပြီးနောက် နှစ်မိနစ်ခန့် ဘာမှ ဖြစ်မလာသော်လည်း နောက်ဆုံးတွင်တော့ လုံချန်း၏ ရှေ့၌ အတောင်ပံပါကျားသစ် ၁၀ ကောင် ထပ်မံ ပေါ်လာခဲ့သည်။
လုံချန်းသည် ဤအခိုက်အတန့်ကို စောင့်နေခြင်း ဖြစ်သဖြင့် ပြုံးလိုက်ကာ တီးတိုး ဆိုလိုက်သည်။
"မိုးကြိုးဓားသွား"
ကောင်းကင်ယံမှ လျှပ်စီးတစ်ချက် ကျရောက်လာပြီး ကျားသစ်အုပ်စု၏ အလယ်တည့်တည့်သို့ ထိမှန်သွားသည်။ မိုးကြိုးတစ်ချက်တည်းနှင့်ပင် ကျားသစ် ၅ ကောင်မှာ နေရာမှာတင် သေဆုံးသွားခဲ့သည်။
ကျန်ရှိနေသော ကျားသစ်များမှာ လန့်ဖျန့်သွားကြပြီး လုံချန်းကို ဝိုင်းရန် ကြိုးစားကြသည်။
"ငါ့ရဲ့ စွမ်းရည်တွေကို လေ့ကျင့်ဖို့ အခွင့်အရေးကောင်းပဲ" လုံချန်းက ပြောရင်း သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်စ ပေါ်လာသည်။ လုံချန်း၏ ဆန္ဒအတိုင်း မိုးကြိုးများမှာ တစ်ချက်ပြီးတစ်ချက် အဆက်မပြတ် ကျရောက်လာလေတော့သည်။