အခန်း (၅၁၁-၅၁၃)
Vol. 35 Ch. 511-513
Chapter 511: သခင့်ဘေးကင်းမှုကို စိုးရိမ်မိတယ်
မကြာသေးမီက ယဲ့ယန်၏ ကံကြမ္မာစနစ်တွင် အခွင့်အလမ်းသစ် အချို့ ထပ်မံတိုးလာခဲ့သည်။
[နောင်လာမည့် အလှည့်အပြောင်း ၁ - ယနေ့တွင် သူသည် ရှန်မို၏ အာရုံစိုက်မှုကို ခံရပြီးနောက် နတ်ဆိုးမျိုးနွယ်၏ ယဇ်ပလ္လင်ကို ရှာဖွေရမည့် ခက်ခဲသောတာဝန်ကို မဖြစ်မနေ ထမ်းဆောင်ရတော့မည်။]
[နောင်လာမည့် အလှည့်အပြောင်း ၂ - သုံးရက်အကြာတွင် နတ်ဆိုးယဇ်ပလ္လင်ကို ရှာဖွေနေစဉ် မြေအောက်လိုဏ်ဂူ အမိုးပြိုကျမှုနှင့် ကြုံတွေ့ရပြီး ပြင်းထန်စွာ ဒဏ်ရာရရှိကာ အသက်ဘေးမှ သီသီလေး လွတ်မြောက်လာမည်။]
[နောင်လာမည့် အခွင့်အလမ်း ၁ - ငါးရက်အကြာတွင် နတ်ဆိုးယဇ်ပလ္လင်ကို ရှာဖွေနေစဉ် 'မြည်ဟည်းပန်း' အခင်းအကျင်းတစ်ခုကို မတော်တဆ ရှာဖွေတွေ့ရှိပြီး ၎င်းတို့ထံမှ 'မြည်ဟည်းနှင်းရည်' ကို ရရှိမည်။]
[နောင်လာမည့် အခွင့်အလမ်း ၂ - ဆယ်ရက်အကြာတွင် နတ်ဆိုးယဇ်ပလ္လင်ကို ရှာဖွေနေစဉ် နတ်ဆိုးအခြေချရွာဟောင်းတစ်ခု၏ အပျက်အစီးများကို ရှာဖွေတွေ့ရှိမည်။ အချိန်အတော်ကြာ ရှာဖွေပြီးနောက် 'မူလမိခင် သွေးနီရည်' ကန်ငယ်လေးတစ်ခုကို တွေ့ရှိမည်။]
[နောင်လာမည့် အခွင့်အလမ်း ၃ - တစ်လအကြာတွင် နတ်ဆိုးယဇ်ပလ္လင်ကို ရှာဖွေနေစဉ် နက်ရှိုင်းသော မြေအောက်လှိုဏ်ဂူထဲသို့ ပြုတ်ကျသွားပြီး အောက်ခြေတွင် မြေအောက်မီးများ ပေါက်ကွဲထွက်နေသည်ကို တွေ့ရှိမည်။ သေချာစွာ လေ့လာပြီးနောက် ထိုမြေအောက်မီးများသည် ၎င်းတို့၏ ကိုယ်ပိုင်နိယာမများအတိုင်း ပေါက်ကွဲထွက်နေခြင်းဖြစ်ပြီး စစ်မှန်သော အဓိပ္ပာယ်များ ပါဝင်နေကြောင်း သူ နားလည်သွားမည်။ ရက်အနည်းငယ်ကြာ စဉ်းစားဆင်ခြင်ပြီးနောက် သူသည် အဆင့်မြင့် ကောင်းကင်အဆင့်ဖြစ်သော "နတ်ဘုရားစည်းချက် မီးတောက်ပုံဖော်ပုံ" ကို နားလည်သဘောပေါက်သွားမည်။]
[နောင်လာမည့် အခွင့်အလမ်း ၄ - ...]
ရှန်မို တအံ့တဩ ရေရွတ်လိုက်မိသည်။
"ကောင်းကင်ကို ဆန့်ကျင်တဲ့ ကံကြမ္မာ ရှိနေတာ မဆန်းပါဘူး"
အထူးထိပ်တန်း ကောင်းကင်အဆင့် ပုံဖော်ပုံကို မရခဲ့ရင်တောင် နတ်ဆိုးယဇ်ပလ္လင်ကို ရှာဖွေနေရင်းနဲ့တင် အဆင့်မြင့် ကောင်းကင်အဆင့် ပုံဖော်ပုံတစ်ခုကို သူ ရအောင် ယူနိုင်ခဲ့သေးသည်။ ရှန်မိုသည် ဤ "နတ်ဘုရားစည်းချက် မီးတောက်ပုံဖော်ပုံ" အကြောင်းကို တစ်ခါမျှ မကြားဖူးသော်လည်း ၎င်းမှာ ယဲ့ယန်၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံနှင့် အလွန်ကိုက်ညီမည်မှာ ထင်ရှားလှသည်။
"တချို့ အခွင့်အရေးတွေက ဘယ်လိုပဲလုပ်လုပ် လုယူလို့ မရနိုင်ဘူးပဲ… သူ့ဘာသာသူ ထားလိုက်ပါတော့" "ဘာပဲဖြစ်ဖြစ် ငါကိုယ်တိုင်ကလည်း ပုံဖော်ပုံတွေကို ထပ်ပြီး မလိုအပ်တော့ဘူးလေ"
ရှန်မိုသည် ထိုအကြောင်းကို ဆက်မစဉ်းစားတော့ဘဲ ကျင့်ကြံခြင်းကိုသာ အာရုံစိုက်လိုက်သည်။ သူသည် "ဟင်းလင်းပြင် နတ်ဆိုးနှိမ်နင်းရေး ဓားနတ်ဘုရားကျမ်း" ၏ စတုတ္ထမြောက် အလွှာကို တတ်မြောက်ထားပြီး ဖြစ်သည်။ ယခုအခါ ပဉ္စမနှင့် ဆဋ္ဌမအလွှာများသာ ကျန်တော့၏။ အကယ်၍ သူသည် ဆဋ္ဌမမြောက်အလွှာကို တတ်မြောက်သွားပါက တိုက်ကွက်တစ်ခုတည်းဖြင့် "ဟင်းလင်းပြင် ရှေးဟောင်းဓား" ခြောက်စင်းကို တစ်ပြိုင်နက် ခေါ်ယူနိုင်မည်ဖြစ်သည်။ ၎င်းကို "နတ်ဘုရားမိုးကြိုး စွမ်းအား" နှင့် ပေါင်းစပ်လိုက်လျှင် ယခင်ကထက် များစွာ သာလွန်သော စွမ်းအားကို ရရှိလိမ့်မည်။ ထို့အပြင် သူ၏ လက်ရှိကျင့်ကြံမှုမှာ ဓမ္မရုပ်ပွားတော်အဆင့်၏ အောင်မြင်မှုအဆင့်တွင်သာ ရှိသေးသဖြင့် ရှေ့ဆက် တိုးတက်ရန် နေရာများစွာ ကျန်ရှိနေသေးသည်။ ၎င်းအပြင် သူသည် "ကွမ်းခွန်း သွေးဝိညာဉ်အလင်းတန်း" မှတစ်ဆင့် ဟင်းလင်းပြင်၏ စွမ်းအားကိုလည်း နားလည်သဘောပေါက်ရန် လိုအပ်နေသေး၏။ ဤကိစ္စတစ်ခုချင်းစီတိုင်းမှာ သူ နားလည်ရန်၊ အာရုံခံရန်နှင့် ကျင့်ကြံရန်အတွက် အချိန်များစွာ လိုအပ်လှသည်။ ထို့ကြောင့် အခြားသူများအတွက် စိုးရိမ်နေမည့်အစား မိမိကိုယ်ကိုယ်သာ အာရုံစိုက်ခြင်းက ပို၍ ကောင်းမွန်ပေလိမ့်မည်။
...
တစ်လအကြာ။
ရှန်မိုသည် "မျက်နှာတစ်ထောင် ပုံရိပ်ပေါင်းများစွာ မှတ်တမ်း"ကို အသုံးပြု၍ သူ၏ ရုပ်သွင်ကို ပြောင်းလဲကာ ရွှေ့ဝူ ၆-၁ အခြေစိုက်စခန်းမှ ထွက်ခွာလာခဲ့သည်။ ဆဋ္ဌမမြောက်အလွှာတွင် အခြေစိုက်စခန်း နှစ်ခုသာ ရှိသဖြင့် ၎င်းတို့မှာ အလွန် အရေးကြီးလှသည်။ ထို့ကြောင့် ရှန်မို၊ ရှုံလင်း နှင့် ပိုင်ကျွယ် ဆိုသည့် ဓမ္မရုပ်ပွားတော်အဆင့် ပညာရှင် သုံးဦးမှာ ထိုနေရာတွင် ရေရှည် အခြေချနေထိုင်ခဲ့ကြခြင်း ဖြစ်သည်။ ပဉ္စမမြောက်အလွှာတွင်လည်း အမြဲတမ်း အခြေချနေထိုင်သော ဓမ္မရုပ်ပွားတော်အဆင့် ပညာရှင် နှစ်ဦးရှိရာ အရေးပေါ် အခြေအနေမျိုးတွင် သူတို့က ချက်ချင်း လာရောက် ကူညီပေးကြမည် ဖြစ်သည်။ ရှန်မို၏ အံ့မခန်း မှတ်တမ်းများနှင့် ကြီးမားသော ခွန်အားများကြောင့် သူရှိနေခြင်းမှာ လူတိုင်းအတွက် စိတ်ဓာတ်ခိုင်မာစေသည့် မဏ္ဍိုင်ကြီး တစ်ခုကဲ့သို့ပင် ဖြစ်သည်။ ထို့ကြောင့် သူ ပေါ်ပေါ်ထင်ထင် ထွက်ခွာသွား၍ မဖြစ်ပေ။ သူ မထွက်ခွာမီ ရုပ်ဖျက်ခဲ့ရခြင်းမှာလည်း ဤအကြောင်းကြောင့် ဖြစ်သည်။ ဤသို့လုပ်ဆောင်မှသာ နတ်ဆိုးနှိမ်နင်းရေး အစောင့်များကြားတွင် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်ခြင်းကို ရှောင်ရှားနိုင်မည် ဖြစ်လေသည်။
ရှန်မိုသည် ဆဋ္ဌမမြောက်အလွှာမှ ထွက်ခွာလာပြီးနောက် ပဉ္စမမြောက်အလွှာသို့ ရောက်ရှိလာခဲ့သည်။ လက်ရှိအချိန်တွင် ပဉ္စမမြောက်အလွှာ၌ အခြေစိုက်စခန်းပေါင်း လေးဆယ်ကျော်ကို တည်ထောင်ထားပြီး ဖြစ်၏။ အခြေစိုက်စခန်း တစ်ခုနှင့်တစ်ခုမှာ အတော်လေး ဝေးကွာလှသော်လည်း မှောင်မိုက်နေသော ပင်လယ်ပြင်ရှိ မီးပြတိုက်များကဲ့သို့ ပဉ္စမမြောက်အလွှာ တစ်ခုလုံးကို ခြုံငုံမိလုနီးပါး ရှိနေပြီဖြစ်သည်။ ရှန်မိုသည် လူသူကင်းမဲ့သော လွင်ပြင်တစ်ခုသို့ ရောက်ရှိသွားသည်။
ထိုအခါမှသာ သူ ပစ္စည်း နှစ်ခုကို ထုတ်ယူလိုက်၏။ ၎င်းတို့မှာ "ကောင်းကင်ဖွင့်ဓား" နှင့် "မြေကမ္ဘာခွဲချပ်ဝတ်" တို့ ဖြစ်ကြသည်။ သိသာသည်မှာ မြေကမ္ဘာခွဲချပ်ဝတ်သည် ပြည့်စုံခြင်း မရှိသေးဘဲ အပိုင်းအစတစ်ခု လိုအပ်နေသေး၏။ သို့သော်လည်း ရှန်မို အချိန်မဖြုန်းတော့ဘဲ ဟေးယန်အား ဝိညာဉ်အဆီအနှစ်ကို အမြန်ဆုံး စုစည်းရန် ညွှန်ကြားလိုက်သည်။
တစ်လတိုင်တိုင် ကြိုးစားပြီးနောက် ကောင်းကင်ဖွင့်ဓား၏ သွေးအဆီအနှစ်နှင့် မြေကမ္ဘာခွဲချပ်ဝတ်၏ ဝိညာဉ်အဆီအနှစ် နှစ်ခုလုံးမှာ အပြည့်အဝ ပြင်ဆင်ပြီး ဖြစ်သွားသည်။ ယခုအချိန်သည် သွေးအဆီအနှစ်နှင့် ဝိညာဉ်အဆီအနှစ်တို့ကို တစ်ခုတည်းအဖြစ် ပေါင်းစပ်ကာ ကွမ်းခွန်း သွေးဝိညာဉ်အလင်းတန်းကို စတင်အသက်သွင်းပြီး ဟင်းလင်းပြင်၏ စွမ်းအားကို အာရုံခံရမည့် အချိန်ပင် ဖြစ်သည်။
"သခင်… ကျွန်တော် နည်းနည်း စိုးရိမ်မိတယ်"
ဟေးယန်မှာ အသံ ဩဩကြီးဖြင့် ပြောလိုက်သည်။
ရှန်မိုမှာ အံ့ဩသွားပြီး
"မင်းက ဘာကို စိုးရိမ်နေတာလဲ"
ဟေးယန်မှ စိုးရိမ်တကြီးဖြင့်
"သခင်ဘေးကင်းဖို့ကို ကျွန်တော် စိုးရိမ်တာပါ… ကိုယ်ခံပညာဘိုးဘေးရဲ့ ရုပ်ခန္ဓာက အလွန်အမင်း သန်မာခဲ့တာတောင် သူ ဟင်းလင်းပြင် စွမ်းအားကို ပထမဆုံး အာရုံခံတုန်းက ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့တာ"
"သခင်က ကိုယ်ခံပညာဘိုးဘေးလောက် မသန်မာတာ သေချာသလောက် ရှိနေတော့ သခင်က ပိုပြီး ပြင်းပြင်းထန်ထန် ဒဏ်ရာရမှာကို ကျွန်တော် ကြောက်တယ်… ကျွန်တော့်ရဲ့ သခင်ကို နောက်တစ်ခါ ထပ်ပြီး မဆုံးရှုံးချင်တော့ဘူး..."
ရှန်မိုမှာ ထိုစကားကို ကြားရသည့်အခါ ရယ်ရခက်၊ ငိုရခက် ဖြစ်သွားရုံသာ ရှိတော့သည်။
Chapter 512: ဒုတိယအကြိမ် ပေါင်းစည်းမှု
ရှန်မိုမှာ မြေကမ္ဘာခွဲချပ်ဝတ်တန်ဆာကို အသာအယာ ပုတ်လိုက်သည်။
"ဟေးယန်… စိတ်မပူပါနဲ့… ငါ့ကို အားနည်းတယ်လို့ မထင်နဲ့ဦး… ငါ့ရဲ့ ခွန်အားက မင်းရဲ့ အရင်သခင်နဲ့ အနည်းဆုံးတော့ တန်းတူပဲ… မဟုတ်ရင် သူ့ထက်တောင် သာဦးမယ်"
ကောင်းကင်ဖွင့်ဓား၏ ဝိညာဉ် ကျီလင်းမှ နှာခေါင်းတစ်ချက် ရှုံ့လိုက်သော်လည်း ဘာမှတော့ ပြန်မပြောပေ။
ဟေးယန်က ရိုသေစွာ ပြန်ဖြေသည်။
"သခင်က အဲဒီလို ပြောမှတော့ ကျွန်တော် ယုံကြည်ပါတယ်"
"သခင် စိတ်ချပါ… အကယ်၍ သခင်တစ်ခုခု ဖြစ်ခဲ့ရင် ကျွန်တော် တတ်နိုင်သမျှ အစွမ်းကုန် သခင်ကို ကာကွယ်ပေးပါ့မယ်"
"ကျွန်တော့်ရဲ့ ဝိညာဉ်ကို ယဇ်ပူဇော်ရမယ်ဆိုရင်တောင် ကျွန်တော် ဝန်မလေးပါဘူး”
ရှန်မို အနည်းငယ် အံ့ဩသွားသည်။
မိမိဝိညာဉ်ကို ယဇ်ပူဇော်သည်ဆိုသည်မှာ ထာဝရ ပျက်သုဉ်းသွားခြင်းကို ဆိုလိုသည်။ အကယ်၍ ပြန်လည်မွေးဖွားလာခဲ့လျှင်ပင် ထိုလက်နက်ဝိညာဉ်မှာ ယခင်ကဲ့သို့ မဟုတ်တော့ပေ။ သိသာသည်မှာ ဟေးယန်၏ မျက်လုံးထဲတွင် ဤသခင်သစ်မှာ အလွန်ပင် အရေးပါနေခြင်း ဖြစ်သည်။
"ဖေဖေ စိတ်မပူနဲ့… သမီးလည်း ဒီမှာ ရှိတယ်”
စွေ့ရှင်းမှ ရှန်မိုကို ပတ်ချာလည်ဝဲပျံရင်း စာသားတစ်ကြောင်းကို ဖော်ပြလိုက်သည်။
"သခင်… ကျွန်တော်လည်း ပါတယ်… ကျွန်တော်လည်း ပါတယ်”
ထိုက်ယီနတ်ဆိုးချပ်ဝတ်၏ ဝိညာဉ် ထိုက်အာကလည်း ဝင်ပြောပြန်သည်။ သို့သော် သူ၏ ခိုးကြောင်ခိုးဝှက် အမူအရာကို ကြည့်ရုံနှင့်ပင် သူ တစ်ခုခု မရိုးမသား ကြံစည်နေကြောင်း သိသာလှသည်။
"သမီး…. ထိုက်အာကို သေချာ စောင့်ကြည့်ထားလိုက်"
ရှန်မို အမှတ်မထင် ပြောလိုက်သည်။
"ဟုတ်ကဲ့ပါ!"
စွေ့ရှင်းက ပျော်ရွှင်စွာ ပြန်ဖြေ၏။
ထိုက်အာ - "..."
ရှန်မိုမှာ အသက်ကို ပြင်းပြင်းရှူလိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။
"ဝိညာဉ်အဆီအနှစ်… သွေးအဆီအနှစ်… ပထမဆုံး အကြိမ် ကြိုးစားမယ်”
ဟေးယန်သည် မြေကမ္ဘာခွဲချပ်ဝတ်အတွင်း စုစည်းထားသော ဝိညာဉ်အဆီအနှစ်ကို ချက်ချင်း ထုတ်လွှတ်လိုက်သည်။ စိတ်ဝိညာဉ်စွမ်းအား အမျှင်တန်း ၁၀၀ ကို အသုံးပြုမှသာ ဝိညာဉ်အဆီအနှစ် ၁ မျှင်ကို စုစည်းနိုင်သည်။ မြေကမ္ဘာခွဲချပ်ဝတ်မှာ မပြည့်စုံသေးသဖြင့် ဝိညာဉ်အဆီအနှစ် စုစည်းရန်အတွက် ပို၍များပြားသော စိတ်ဝိညာဉ်စွမ်းအားနှင့် ပို၍ရှည်လျားသော အချိန် လိုအပ်သည်။ သို့သော်ငြားလည်း ဟေးယန်သည် ရှန်မို၏ တာဝန်ကို အပြည့်အဝ ထမ်းဆောင်ခဲ့ပြီး ချပ်ဝတ်အတွင်း၌ ဝိညာဉ်အဆီအနှစ် ၃ မျှင်ကို စုစည်းထားခဲ့သည်။ ယခုမူ သူ ဝိညာဉ်အဆီအနှစ် ၁ မျှင်ကို အလွန်လိမ္မာစွာ ထုတ်ပေးလိုက်၏။
ကျီလင်းကမူ စိတ်ထဲတွင် ငြင်းဆန်ချင်နေသော်လည်း သူများအိမ်မှာ ခိုကပ်နေရသည့်အခါ ဦးညွှတ်ရမည်သာ ဖြစ်သည်။ ခေတ္တမျှ ဝေခွဲမရဖြစ်ပြီးနောက် သူသည်လည်း သွေးအဆီအနှစ် ၁ မျှင်ကို ထုတ်လွှတ်လိုက်သည်။ ရှန်မို၏ ထိန်းချုပ်မှုအောက်တွင် ထိုစွမ်းအားနှစ်ခုသည် လေထုထဲ၌ တစ်ခုနှင့်တစ်ခု ရောယှက်ကာ ပေါင်းစပ်သွားကြ၏။ သို့သော် ၎င်းတို့မှာ တစ်ခုနှင့်တစ်ခု ရောနှောသွားခြင်းမရှိဘဲ သီးခြားစီသာ ဖြစ်နေကြသည်။ ခဏအကြာတွင် ဝိညာဉ်အဆီအနှစ်မှ ပထမဆုံး အားလျော့သွားပြီး ပေါက်ကွဲကာ လေထဲတွင် ပျောက်ကွယ်သွားတော့သည်။
"ကွမ်းခွန်း သွေးဝိညာဉ်အလင်းတန်း" ကို ပထမဆုံးအကြိမ် ကြိုးစားမှုမှာ ကျရှုံးခြင်းဖြင့် အဆုံးသတ်သွားခဲ့သည်။
ရှန်မိုသည် အသံတစ်ချက် ထွက်သွားကာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရပြီး ခန္ဓာကိုယ်အတွင်း၌ သွေးများ ဆူပွက်လာသလို ခံစားလိုက်ရသည်။ ဝိညာဉ်အဆီအနှစ်နှင့် သွေးအဆီအနှစ်ကို သူကိုယ်တိုင် ထိန်းချုပ်နေခြင်း ဖြစ်သောကြောင့် ကျရှုံးမှု၏ နောက်ဆက်တွဲဒဏ်ကိုလည်း သူကိုယ်တိုင် ခံစားရခြင်းဖြစ်သည်။ သို့သော်ငြားလည်း သူ၏ ရုပ်ခန္ဓာမှာ ဤမျှလောက်သော ဒဏ်ပြန်ကန်မှုကို ခံနိုင်ရည်ရှိလောက်အောင် သန်မာပြီးသား ဖြစ်သည်။
"ဒုတိယအကြိမ် ထပ်ပြီး ကြိုးစားမယ်"
ရှန်မိုသည် အသက်ကို ပြင်းပြင်းရှူကာ အသက်ရှူနှုန်းကို ထိန်းညှိလိုက်ပြီး ဆယ့်ငါးမိနစ်မပြည့်ခင်မှာပင် အမိန့်ထပ်ပေးလိုက်ပြန်သည်။ ဝိညာဉ်အဆီအနှစ်များ သိပ်မကျန်တော့သဖြင့် ကြိုးစားမှုတိုင်းကို တန်ဖိုးထားရမည်ဖြစ်သည်။ အကယ်၍ ယနေ့ သုံးကြိမ်စလုံး ကျရှုံးသွားခဲ့လျှင် နောက်ထပ် တစ်လအထိ ထပ်စောင့်ရမည် ဖြစ်သည်။
ဒုတိယအကြိမ် ကြိုးစားမှု။
ရှန်မို၏ ထိန်းချုပ်မှုအောက်တွင် သွေးအဆီအနှစ်နှင့် ဝိညာဉ်အဆီအနှစ်တို့သည် ရေကဲ့သို့ပင် တစ်ခုနှင့်တစ်ခု ထပ်မံ ပေါင်းစပ်သွားကြသည်။ ထိုနှစ်ခုကြားမှ မျှခြေကို ထိန်းညှိရန်မှာ အလွန်ပင် ခက်ခဲလှသည်။ အမှားအယွင်း အနည်းငယ် ရှိသည်နှင့် အရာအားလုံး ပျက်စီးသွားမည် ဖြစ်သည်။ ရှန်မိုသည် ယခင်က ထူးခြားသော မီးလျှံများကို ပေါင်းစပ်စဉ်က ဤကဲ့သို့ အတွေ့အကြုံမျိုး ရှိခဲ့ဖူးသည်။ သို့သော် ထူးခြားသော မီးလျှံများ၏ အခြေအနေတွင် သူ အကြိမ်ကြိမ် ထပ်ခါတလဲလဲ ကြိုးစားနိုင်သည်။
'နေဦး… ဒါကို စမ်းကြည့်ရင် ကောင်းမလား...'
ရှန်မို၏ စိတ်ထဲတွင် အတွေးတစ်ခု ရုတ်တရက် ပေါ်လာပြီး သူသည် "ချီထျန်းမျက်လုံး"
ဓမ္မရုပ်ပွားတော်ကို ချက်ချင်း အသက်သွင်းလိုက်သည်။
ထိုအခါ မီးလျှံများ ဝန်းရံနေသော ဧရာမ မျက်လုံးတစ်လုံး လေထဲတွင် ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။ ၎င်းမှာ ကမ္ဘာပေါ်ရှိ အရာခပ်သိမ်းကို ဖောက်ထွင်းမြင်နိုင်သည့်အလား လူတစ်ယောက်၏ စိတ်နှလုံးအတွင်းပိုင်းအထိပင် မြင်နိုင်စွမ်း ရှိပုံရသည်။
ချီထျန်းမျက်လုံးမှာ ရှေးဟောင်းခေတ်မှ ရှားပါးလှသော သတ္တဝါတစ်မျိုး ဖြစ်သည်။ အစွမ်းအထက်ဆုံး ချီထျန်းမျက်လုံးများသည် မျက်တောင်တစ်ချက် ခတ်လိုက်ရုံဖြင့် နေ့ကို ဖြစ်စေနိုင်ပြီး မျက်လုံးမှိတ်လိုက်လျှင် ညကို ဖြစ်စေနိုင်သည်ဟု ဆိုကြသည်။
တကယ့်ကို နတ်ဘုရားကဲ့သို့ပင်။
ချီထျန်းမျက်လုံး ဓမ္မရုပ်ပွားတော်ကို အသက်သွင်းလိုက်သည်နှင့် တစ်ပြိုင်နက် ရှန်မိုသည် ကမ္ဘာကြီး ပြောင်းလဲသွားသကဲ့သို့ ခံစားလိုက်ရသည်။
အချိန်မှာလည်း နှေးကွေးသွားသလိုပင်။
မိုင်ပေါင်း ထောင်ချီ အကွာအဝေးမှာရှိသော ပိုးကောင်လေး တစ်ကောင်၏ တောင်ပံခတ်သံကိုပင် သူ အလွန်တရာ ရှင်းလင်းစွာ မြင်နေရသည်။
ထိုအခါ ဝိညာဉ်အဆီအနှစ်နှင့် သွေးအဆီအနှစ်တို့၏ မျှခြေမှာ ပြဿနာ မဟုတ်တော့ပေ။ စွမ်းအားနှစ်ခုသည် အချစ်ဦးများ တစ်ဦးကိုတစ်ဦး ဖက်တွဲထားသကဲ့သို့ ရောယှက်သွားကြပြီး ပြည့်စုံစွာ ပေါင်းစပ်သွားကြတော့သည်။
ကောင်းကင်နှင့် မြေကမ္ဘာကို ထိုစဉ် ရောင်ပြန်ဟပ်နေသည့်အလား တောက်ပသော ခုနစ်ရောင်ခြည် အလင်းတန်းတစ်ခု ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။
၎င်းမှာ "ကွမ်းခွန်း သွေးဝိညာဉ်အလင်းတန်း" ပင် ဖြစ်လေသည်။
Chapter 513: သခင်တော့ သတိလစ်သွားပြီ ကိုယ့်လမ်းကိုယ် သွားကြမယ်
ဤအလင်းတန်း၏ ဖြာထွက်မှုအောက်တွင် ပတ်ဝန်းကျင်ရှိ လေထုပင်လျှင် အနည်းငယ် ပြောင်းလဲလာတော့သည်။ ၎င်းမှာ မီးတောက်တစ်ခု၏ ဘေးပတ်လည်တွင် လေထုမှာ လှိုင်းထနေပြီး ပုံစံပျက်နေသကဲ့သို့ပင်။
ရှန်မို၏ အကြည့်များမှာ စူးရှသွားသည်။ ဤအရာမှာ ဟင်းလင်းပြင် ကိုယ်တိုင်ပင်လား။
အကယ်၍ ထူးခြားသော နည်းစနစ်တစ်ခုသာ မရှိလျှင် ကျင့်ကြံသူတစ်ဦးသည် သူ၏ တစ်သက်တာလုံး ဟင်းလင်းပြင်၏ ကန့်သတ်ချက်အတွင်းမှာပင် ပိတ်မိနေပေလိမ့်မည်။ "ကွမ်းခွန်း သွေးဝိညာဉ်အလင်းတန်း" ကဲ့သို့သော အရာမျိုးကို အသုံးပြုမှသာလျှင် ဟင်းလင်းပြင် အတားအဆီး တည်ရှိနေခြင်းကို သတိပြုမိလာမည် ဖြစ်သည်။ ၎င်းတည်ရှိနေမှန်း သိမှသာလျှင် ၎င်းကို ဖောက်ထွက်ရန်၊ ထိန်းချုပ်ရန်နှင့် ပြောင်းလဲရန် ကြိုးစားနိုင်မည် မဟုတ်ပါလား။
"ကွမ်းခွန်း သွေးဝိညာဉ်အလင်းတန်း" ကိုယ်တိုင်မှာ ငြိမ်သက်နေသော်လည်း ၎င်း၏ အလင်းတန်းမှာမူ တစ်စုံတစ်ရာက ဆွဲငင်နေသည့်အလား လားရာတစ်ခုသို့ ညွှန်ပြနေသည်။
ဟေးယန် ချက်ချင်းပင် ပြောလိုက်သည်။
"သခင်… အဲဒီဘက်မှာ အနီးဆုံး 'ဟင်းလင်းပြင် ဝဲဂယက်' ရှိနေတဲ့ နေရာပဲ… သခင် သတိထားရမယ်… အကယ်၍ စိတ်ထဲကနေ အလိုလို အန္တရာယ်ရှိတယ်လို့ ခံစားရရင် ချက်ချင်း ရပ်လိုက်ပါ… ဟင်းလင်းပြင် ဝဲဂယက်ကို ဘယ်တော့မှ မထိမိပါစေနဲ့… အဝေးကနေပဲ အာရုံခံပြီး နားလည်အောင် ကြိုးစားလို့ရတာပါ"
ရှန်မို အနည်းငယ် ခေါင်းငြိမ့်ပြလိုက်သည်။
သူသည် ဘယ်ဘက်လက်ဖြင့် "ကွမ်းခွန်း သွေးဝိညာဉ်အလင်းတန်း" ကို ပင့်မကာ ဖြည်းညှင်းစွာ ရှေ့သို့ လှမ်းလာခဲ့၏။ သွေးဝိညာဉ်အလင်းတန်းမှာ သူ့အတွက် လမ်းပြပေးနေ၏။ သူသည် အခြေစိုက်စခန်းနှင့် ဝေးရာသို့ ရှောင်ဖယ်ကာ ရှေ့ဆက်ခဲ့သည်။
ထို့နောက် နောက်ဆုံးတွင် သူ မြင့်မားသော တောင်ခြေတစ်ခုသို့ ရောက်ရှိသွားသည်။ ထိုနေရာတွင် မြစ်တစ်စင်း စီးဆင်းနေ၏။ မြစ်ထဲ၌ မိမိကိုယ်ကိုယ် အထင်ကြီးနေသော ရေနေနတ်ဆိုးအချို့က ရှန်မိုကို တိုက်ခိုက်ရန် ကြိုးစားကြသော်လည်း သူ အမှတ်မထင်ပင် အားလုံးကို ရှင်းလင်းပစ်လိုက်သည်။
အပေါ်ယံကြည့်လျှင် ဤနေရာမှာ ထူးခြားမှု မရှိသလိုပင်။ သို့သော် ရှန်မိုသည် "ကွမ်းခွန်း သွေးဝိညာဉ်အလင်းတန်း" ညွှန်ပြသည့်ဘက်သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် သူ၏ စိတ်ထဲတွင် ပြင်းထန်သော အန္တရာယ် အချက်ပေးသံတစ်ခု ရိုက်ခတ်လာခဲ့သည်။ သူသည် ရှေ့တည့်တည့်သို့ အာရုံစိုက်ကြည့်လိုက်သည်။ ထိုနေရာတွင် မြေကွက်လပ်တစ်ခုသာ ရှိပြီး ကျောက်ခဲအချို့ မြေပြင်ပေါ်တွင် ပြန့်ကျဲနေရုံမျှသာ ဖြစ်သည်။
"သခင်… ရှာတွေ့သွားပြီ ထင်တယ်"
ဟေးယန်မှ တိုးတိုးလေး ပြောလိုက်သည်။
ရှန်မို ခေါင်းငြိမ့်ပြ၏။
သူ ဘာမှ မမြင်ရသော်လည်း ထိုနေရာတွင် ကြီးမားသော အန္တရာယ်ရှိနေကြောင်း အာရုံခံမိသည်။ အနည်းငယ်မျှ ထပ်တိုးလိုက်ရုံနှင့် သူသည် ပြင်းထန်စွာ ဒဏ်ရာရသွားနိုင်သည်။ သူ အနည်းငယ် စိတ်သက်သာရာရသွားမိ၏။ ကံကောင်းထောက်မစွာဖြင့် သူ၏ ကံကြမ္မာမှာ အလွန်ထူးခြားနေ၍သာ ဖြစ်သည်။ မဟုတ်ဘဲ ကံကြမ္မာမှာ သာမန်သာဆိုလျှင် ဘာမှမသိဘဲ ထိုနေရာထဲသို့ တန်းတန်းမတ်မတ် လျှောက်ဝင်သွားမိပေလိမ့်မည်။
ရှန်မိုသည် ဟင်းလင်းပြင်ကို ဖြတ်၍ လက်လှမ်းကာ ဧရာမ ကျောက်တုံးကြီးတစ်တုံးကို ဆွဲယူလိုက်သည်။ ထို့နောက် လက်ဝါးတစ်ချက် ရိုက်လိုက်သောအခါ ကျောက်တုံးမှာ ကျောက်မှုန့်များအဖြစ် ကြေမွသွားပြီး ၎င်းတို့ကို စိတ်ဝိညာဉ်စွမ်းအားဖြင့် ပတ်ပတ်လည် ဝန်းရံကာ လက်ထဲတွင် ဆုပ်ကိုင်ထားလိုက်သည်။ ထို့နောက် ရှန်မိုသည် ထိုကျောက်မှုန့်များကို အားပြင်းပြင်းဖြင့် လွှင့်ပစ်လိုက်သည်။
ဝေါကနဲ မြည်သံနှင့်အတူ ကျောက်မှုန့်များသည် မြေကွက်လပ်ဆီသို့ လွင့်စင်သွားသည်။ ထိုနေရာ၏ ဘေးပတ်လည်သို့ ရောက်သွားသော ကျောက်မှုန့်များမှာ ပုံမှန်အတိုင်းပင် မြေပြင်ပေါ်သို့ ကျသွားသည်ကို ရှန်မို မြင်လိုက်ရသည်။ သို့သော် အလယ်ဗဟိုသို့ ရောက်သွားသော ကျောက်မှုန့်များမှာမူ ဘာအရိပ်အယောင်မျှ မကျန်ဘဲ ပျောက်ကွယ်သွားတော့သည်။
ထိုနေရာမှာ "ဟင်းလင်းပြင် ဝဲဂယက်" တည်ရှိရာ နေရာအစစ်အမှန်ပင် ဖြစ်သည်။ ပြဿနာမှာ အနည်းဆုံးတော့ "ရုပ်ပွားတော်ပုံဖော်ပုံ" ဆိုလျှင် စိတ်ကူးကြည့်၍ ရသေးသည်။ သို့သော် ဤဟင်းလင်းပြင် ဝဲဂယက်မှာမူ ပုံသဏ္ဌာန်မရှိ၊ အရောင်အသွေးမရှိဘဲ ထိတွေ့၍လည်း မရနိုင်ပေ။ ဤအရာကို သူ ဘယ်လိုလုပ်ပြီး အာရုံခံကာ နားလည်အောင် ကြိုးစားရမည်နည်း။
'ဟင်းလင်းပြင်... ဟင်းလင်းပြင်...' '
"ဟင်းလင်းပြင် နတ်ဆိုးနှိမ်နင်းရေး ဓားနတ်ဘုရားကျမ်း" ဆိုတာကလည်း ဟင်းလင်းပြင်ကနေပဲ နားလည်သဘောပေါက်ခဲ့တာ ဖြစ်နိုင်မလား’
ရှန်မို၏ စိတ်ထဲတွင် အတွေးတစ်ချက် ရုတ်တရက် လက်ခနဲ ပေါ်လာသည်။ သူ လက်ဖဝါးကို လှန်လိုက်ရာ "ဟင်းလင်းပြင် ရှေးဟောင်းဓား" တစ်စင်း ရုတ်တရက် ပေါ်ထွက်လာလေ၏။
ရှန်မိုသည် သူ၏ စိတ်ဝိညာဉ်အာရုံ အစိတ်အပိုင်းတစ်ခုကို ခွဲထုတ်လိုက်ပြီး ဟင်းလင်းပြင် ရှေးဟောင်းဓားကို ရှေ့တည့်တည့်သို့ ပျံသန်းသွားရန် ထိန်းချုပ်လိုက်သည်။
မျှော်လင့်ထားသည့်အတိုင်းပင်။
ဟင်းလင်းပြင် ရှေးဟောင်းဓားသည် ထိုနေရာနှင့် ထိတွေ့လိုက်သည်နှင့် တစ်ပြိုင်နက် သူ ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရသည်။ သူ၏ ဝိညာဉ်သာမက ရုပ်ခန္ဓာပါ နာကျင်လာခြင်း ဖြစ်၏။ ဟင်းလင်းပြင်၏ တိုက်စားမှုမှာ တကယ့်ကို ကြောက်စရာကောင်းလှသည်။ ၎င်းသည် ဝိညာဉ်နှင့် ခန္ဓာကိုယ်ကို တစ်ပြိုင်နက် တိုက်ခိုက်နိုင်သည်။
ရှူး!
ရှန်မို၏ လက်သန်းလေးပေါ်တွင် ဒဏ်ရာတစ်ခု ရုတ်တရက် ကွဲထွက်သွားသည်။ ထို့နောက် လက်သူကြွယ်၊ လက်ခလယ်၊ လက်ညှိုး၊ လက်မ၊ လက်ဖဝါး၊ လက်မောင်း... တစ်ခုပြီးတစ်ခု ဒဏ်ရာများ ဖြစ်လာတော့သည်။ သူ၏ အသားများမှာ ကွဲအက်ကုန်၏။
မြွေငယ်လေးများကဲ့သို့ တစ်ခုပြီးတစ်ခု ပေါ်လာသော ဒဏ်ရာများသည် သူ၏ လက်မောင်းတစ်လျှောက် ရစ်ပတ်သွားကြသည်။ သူ၏ အသားများကို ဝါးမြိုနေသလို၊ သူ၏ ဝိညာဉ်ကို ဆွဲဖြဲနေသလိုပင်။ ထိုနာကျင်မှုမှာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို အပိုင်းပိုင်း ဆွဲဖြဲပစ်တော့မည့်အလား။
ဤနာကျင်မှုမျိုးကို သူ တစ်ခါမှ မကြုံဖူးပေ။
ခဏချင်းမှာပင် သူ၏ ကိုယ်မှ သွေးများ တရဟော စီးကျလာတော့သည်။
သူ ကြာကြာ တောင့်မခံနိုင်ခဲ့ပါ။
အသက်ရှူအကြိမ် ၁၀၀ ခန့် ကြာပြီးနောက်တွင်မူ ထိုနာကျင်မှုကို မခံစားနိုင်တော့ဘဲ လုံးဝ သတိလစ်သွားတော့သည်။
ဟေးယန်နှင့် စွေ့ရှင်းတို့မှာ ထိုမြင်ကွင်းကို ကြည့်ပြီး အလွန်အမင်း စိုးရိမ်သွားကြသည်။
ထိုက်အာမှ အသံတိုးတိုးဖြင့် ခေါ်လိုက်သည်။
"သခင်… သခင်… ကျွန်တော် ပြောတာ ကြားလား"
ရှန်မို ဘာမှ ပြန်မဖြေပေ။
ချက်ချင်းပင် ထိုက်အာ၏ စိတ်ထဲတွင် အတွေးများ လှည့်ပတ်လာတော့သည်။
"သခင်ကတော့ သတိလစ်သွားပြီ… ကဲ... ပစ္စည်းတွေ ခွဲယူကြပြီး ကိုယ့်လမ်းကိုယ် သွားကြစို့”