← Chapters

အခန်း (၅၁၄-၅၁၆)

Vol. 35 Ch. 514-516

အခန်း (၅၁၄-၅၁၆)

Vol. 35 Ch. 514-516

Chapter 514 သခင်ရယ် ကျွန်တော်က သစ္စာရှိပါတယ်

ကျီလင်းမှ တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။

"ငါကတော့ ဘာပဲဖြစ်ဖြစ် ရတယ်… ငါ့အတွက်တော့ အရေးမကြီးဘူး"

ထိုက်အာမှာ ဖြဲပြုံး ပြုံးလိုက်ရင်း

"ဒါဆို ဘာစောင့်နေဦးမှာလဲ… အခုပဲ ခွဲကြစို့လေ… ငါကတော့ သူ့နားမှာ နေ့တိုင်း ကပ်နေရတာကို မကြိုက်ဘူး"

"အဲဒီ ကိုးဘုံငရဲရေခဲမီးတောက်ကလည်း တကယ့်ကို ကြောက်စရာကြီး"

ရုတ်တရက် သူ၏ မျက်စိရှေ့တွင် စာသားတစ်ကြောင်း ပေါ်လာသည်။

"ခွဲကြည့်ဖို့ပဲ စမ်းကြည့်လိုက်လေ… ဘာဖြစ်မလဲဆိုတာ ကြည့်ရအောင်"

ထိုက်အာ လှုပ်ရှားဖို့ ပြင်လိုက်စဉ်မှာပင် ထက်မြက်သော ဓားအချို့က သူ၏ လည်ပင်းကို ချိန်ရွယ်ထားသည်ကို သတိပြုမိလိုက်သည်။

ဟေးယန်မှ အေးဆေးစွာ ပြောလိုက်သည်။

"သခင်က မသေသေးဘူး… သတိလစ်သွားတာပဲ ရှိသေးတာ… ငါတို့ ခွဲလို့မရဘူး"

"ကြည့်ဦး… သခင် မျက်လုံးပွင့်လာပြီ"

ထိုက်အာသည် ထိုအသံနောက်သို့ လိုက်ကြည့်လိုက်ရာ မျက်လုံးပွင့်လျက် သူ့ကို တည်ငြိမ်စွာ ကြည့်နေသော ရှန်မိုကို မြင်လိုက်ရသည်။ သူ ချက်ချင်းပင် ထိတ်လန့်သွားတော့၏။

သူသည် လူသားတစ်ယောက်ကဲ့သို့ပင် တံတွေးကို အသည်းအသန် မြိုချလိုက်ရင်း အမူအရာ ပျက်သွားသည်။

"သခင်... သခင် ထင်သလို မဟုတ်ပါဘူး… ကျွန်တော် ကျိန်ဆိုရဲပါတယ်… ကျွန်တော်က သခင်အပေါ်မှာ အကြွင်းမဲ့ သစ္စာရှိတာပါ”

ရှန်မိုသည် တစ်ကိုယ်လုံး သွေးများဖြင့် ရွှဲနစ်နေသော်လည်း သူ၏ နှုတ်ခမ်းထောင့်တွင် တည်ငြိမ်သော အပြုံးတစ်ခု ပေါ်လာသည်။

"ထိုက်အာ… ကိုယ့်ကိုယ်ကိုယ် အထင်မကြီးစမ်းပါနဲ့… မင်းရဲ့ မူလဘဝက ဘာလဲဆိုတာကို မမေ့နဲ့ဦး"

ထိုက်အာ တစ်ကိုယ်လုံး တုန်တက်သွားပြီး သူ၏ ခေါင်းမှာ မြေပြင်ကို ဆုံကျောက်ကျသလိုပင် တဒုန်းဒုန်းနှင့် အဆက်မပြတ် ဦးညွှတ်တော့သည်။ သို့သော် သူ၏ မည်းနက်သော မျက်လုံးများကမူ ရှန်မို၏ တစ်ကိုယ်လုံးရှိ ဒဏ်ရာများကို အကဲခတ်လျက် ဟိုဟိုဒီဒီ ဝဲနေဆဲပင်။

ရှန်မို အသာအယာ ပြုံးလိုက်ပြီး စိတ်ဝိညာဉ်စွမ်းအားများ တိုးလျှံလာစေကာ "မသေနိုင်သော မြစ်" ဓမ္မရုပ်ပွားတော်ကို အသက်သွင်းလိုက်သည်။

ဝေါကနဲ မြည်သံနှင့်အတူ ခဏချင်းမှာပင် ရှန်မို၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများသည် သာမန်မျက်စိဖြင့် မြင်နိုင်သည့် အရှိန်အဟုန်ဖြင့် စတင်ကျက်လာတော့သည်။ အသက်ရှူအကြိမ် ၁၀ ကြိမ်မပြည့်ခင်မှာပင် ဒဏ်ရာအများစုမှာ ပိတ်သွားခဲ့ပြီ ဖြစ်လေ၏။

ထိုက်အာမှာ ကြောင်အမ်းအမ်း ဖြစ်သွားသည်။ ဟေးယန်ကိုယ်တိုင်ပင် အတော်လေး အံ့ဩသွားရ၏။ ရှန်မိုတွင် ဤဓမ္မရုပ်ပွားတော် ရှိမှန်း သူသိသော်လည်း ဤမျှ ကြောက်စရာကောင်းသော ပြန်လည်ရှင်သန်နိုင်စွမ်း ရှိလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ဘာပဲဖြစ်ဖြစ် ရှန်မိုသည် ယခင်က ဤမျှအထိ ပြင်းထန်စွာ ဒဏ်ရာရဖူးခြင်း မရှိခဲ့ပေ။ "မသေနိုင်သော မြစ်" ဓမ္မရုပ်ပွားတော်၏ ပြန်လည်ကုသနိုင်စွမ်းမှာလည်း တကယ့်တကယ် အသုံးချခံရခြင်းမျိုး မရှိခဲ့ဖူးပါ။

ဟေးယန်၏ စိတ်ထဲတွင် ခံစားချက်များစွာ ဖြစ်ပေါ်လာမိသည်။

သခင်သစ်က ဤမျှ ယုံကြည်မှုရှိနေသည်မှာ မဆန်းတော့ပေ။

ဒါဟာ သူ့ရဲ့ ဝှက်ဖဲပဲကိုး!

ဤကဏ္ဍတွင်တော့ သခင်သစ်မှာ သိုင်းဘိုးဘေးထက်ပင် သာလွန်ကြောင်း သူ ဝန်ခံရပေလိမ့်မည်။

ကျီလင်းကမူ ဘာမှမပြောသော်လည်း သူလည်း အံ့ဩနေသည်မှာ သိသာလှသည်။

ထိုက်အာမှာမူ တုန်ရီနေရုံမှတစ်ပါး အခြားမတတ်နိုင်တော့ပေ။

ရှန်မိုမှာတော့ တည်ငြိမ်နေဆဲပင်။ လက်နက်ဝိညာဉ်များ၏ တုံ့ပြန်မှုမှာ သူ မျှော်လင့်ထားသည့်အတိုင်းပင် ဖြစ်သည်။ မြေကမ္ဘာခွဲချပ်ဝတ်တန်ဆာမှာ ရခါစဖြစ်သဖြင့် မသိသေးခြင်း ဖြစ်သလို ကျီလင်းနှင့် ထိုက်အာတို့မှာလည်း သိရုံသာသိပြီး "မသေနိုင်သော မြစ်" ဓမ္မရုပ်ပွားတော်က ဘယ်လောက်အထိ စွမ်းအားကြီးလဲဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိကြခြင်းဖြစ်သည်။ ယခုမူ သူတို့သည် မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ကြရပြီ ဖြစ်၏။

"ဆက်မယ်"

ရှန်မို လက်ဖဝါးကို လှန်ကာ နောက်ထပ် ဟင်းလင်းပြင် ရှေးဟောင်းဓားတစ်စင်းကို စုစည်းလိုက်ပြီး ထိုဟင်းလင်းပြင် ဝဲဂယက်ငယ်လေးဆီသို့ ထိုးသွင်းလိုက်ပြန်သည်။

အရိုးထဲအထိ စိမ့်ဝင်ပြီး ဝိညာဉ်ကို ဆွဲဖြဲမည့် နာကျင်မှုမှာ ထပ်မံ ရောက်ရှိလာပြန်သည်။

သူ၏ အသားများ ကွဲအက်ကုန်ပြီး သွေးနှင့် အသားများ စုတ်ပြတ်သွားပြန်သည်။ သို့သော် တစ်ကြိမ် ကြုံဖူးသွားပြီဖြစ်ရာ ယခုတစ်ခေါက်တွင်မူ ရှန်မိုတစ်ယောက် သတိမလစ်သွားတော့ဘဲ သွားကိုတင်းတင်းကြိတ်ကာ အံတုတောင့်ခံလိုက်သည်။

ထို့နောက် တတိယအကြိမ်၊ စတုတ္ထအကြိမ်၊ ပဉ္စမအကြိမ်... ပြင်းထန်သော ဝေဒနာများကို အကြိမ်ကြိမ် ဖြတ်သန်းပြီးတိုင်း သူ၏ စိတ်နှလုံးထဲတွင် အသစ်အဆန်းတစ်ခု စတင်ဖြစ်ပေါ်လာသည်။ ဟင်းလင်းပြင်၏ စွမ်းအားမှာ နာကျင်မှုတစ်ခုချင်းစီနှင့်အတူ သူ၏ သွေးထဲတွင် စွဲထင်လာပြီး သူ၏ အရိုးထဲအထိ ထွင်းထုသွားသလိုပင်။

တစ်စုံတစ်ရာသော အချိန်တွင်မူ သူသည် ရုတ်တရက် နားလည်သဘောပေါက်သွားခဲ့၏။

သူ အလိုလိုပင် လက်ကို ဆန့်ထုတ်လိုက်သည်။ သူ၏ ရှေ့မှ လေထုမှာ တကယ်ပင် ပုံစံပျက်ယွင်းလာတော့သည်။ တစ်ခါတစ်ရံတွင် ရေကန်မျက်နှာပြင်ကဲ့သို့ လှိုင်းထနေပြီး၊ တစ်ခါတစ်ရံတွင် တောက်လောင်နေသော မီးလျှံများအပေါ်မှ လေထုကဲ့သို့ ကွေးညွှတ်သွားသည်။ ၎င်းမှာ ထူးဆန်းပြီး တောက်ပသော အပိုင်းအစများစွာအဖြစ် ရောင်ပြန်ဟပ်နေတော့သည်။

ရှန်မိုမှ အသာအယာ တို့ထိလိုက်သည်။ သူ၏ ရှေ့မှ ဟင်းလင်းပြင်မှာ တကယ်ပင် ထိတွေ့၍ရသော ဒြပ်ဝတ္ထုတစ်ခုကဲ့သို့ လှိုင်းထသွားသည်။ ထို့နောက် သူ၏ နတ်ဘုရားနန်းတော်အတွင်းသို့ စိတ်အာရုံသွင်းကြည့်လိုက်သည်။ နတ်ဘုရားနန်းတော်အတွင်း၌ ထင်ရှားသော ပြောင်းလဲမှု မရှိပေ။ အပေါ်ယံကြည့်လျှင် မည်သည့်အရာမှ အသစ်ပေါ်မလာသကဲ့သို့ပင်။ သို့သော် သူသည် မျက်လုံးကိုမှိတ်ကာ သေချာစွာ အာရုံခံကြည့်လိုက်သောအခါ ဆံခြည်မျှင်ခန့်သာရှိပြီး ပုံသဏ္ဌာန်မရှိ၊ အရောင်အသွေးမရှိသော စွမ်းအားအသစ်တစ်ခု ထပ်မံရောက်ရှိနေကြောင်း ချက်ချင်း သိလိုက်ရသည်။

'ဒါဟာ... ဟင်းလင်းပြင် စွမ်းအားပဲ’

ရှန်မို၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။ ဤဟင်းလင်းပြင် စွမ်းအား အစအနလေးမှာ သေးငယ်ပြီး အားနည်းနေသော်လည်း ၎င်းအတွင်း၌ ပါဝင်နေသော စစ်မှန်သည့် ဖျက်ဆီးခြင်းနှင့် ရှုပ်ထွေးမှုတို့ကို သူ အာရုံခံမိနေပြီ ဖြစ်သည်။ ဤဟင်းလင်းပြင် စွမ်းအား အစအနလေးကို မည်သည့် တိုက်ကွက်တွင်မဆို ပေါင်းစပ်လိုက်သည်နှင့် ထိုတိုက်ကွက်၏ စွမ်းပကားမှာ အဆင့်သစ်တစ်ခုသို့ မြင့်တက်သွားပေလိမ့်မည်။

Chapter 515: ပြဿနာအနည်းငယ်တက်ခြင်း

ရှန်မိုတစ်ယောက် တိတ်ဆိတ်စွာပင် နားလည်သဘောပေါက်မှုလောကထဲ၌ နစ်မြုပ်နေခဲ့သည်။ တဖြည်းဖြည်းနှင့် သူသည် ဟင်းလင်းပြင်စွမ်းအား၏ ဆန်းကြယ်သော အသုံးဝင်ပုံများကို စတင်ဆုပ်ကိုင်မိလာ၏။ ၎င်းမှာ စစ်မှန်သော ရှုပ်ထွေးမှုနှင့် ဖျက်ဆီးခြင်းတို့ ပေါင်းစပ်ထားသည့် ကိုယ်ထည်တစ်ခုကဲ့သို့ပင်။ မည်သည့်ကိုယ်ခံပညာတိုက်ကွက်ကိုမဆို ကြီးမားသော စွမ်းပကားများ ထပ်လောင်းပေးနိုင်သည်။

သို့သော် ၎င်း၏ ကန့်သတ်ချက်များမှာလည်း သိသာလှသည်။ ဟင်းလင်းပြင်စွမ်းအား အမျှင်တန်းတစ်ခုမှာ တစ်ကြိမ်သာ အသုံးပြုနိုင်သည်။ ၎င်းကို ဝှက်ဖဲတစ်ခုအနေနှင့်သာ အသုံးပြုနိုင်ပြီး မကြာခဏ အသုံးချရန်မှာ မဖြစ်နိုင်ပေ။ သူသည် ဟင်းလင်းပြင်စွမ်းအားများ ပိုမိုရရှိလိုပါက "ကွမ်းခွန်း သွေးဝိညာဉ်အလင်းတန်း" ကို အသုံးပြု၍ ဟင်းလင်းပြင်ဝဲဂယက်များကို ထပ်မံရှာဖွေရမည်ဖြစ်သည်။ သို့သော် "ကွမ်းခွန်း သွေးဝိညာဉ်အလင်းတန်း" ရရှိရန်အတွက် ဝိညာဉ်အဆီအနှစ်နှင့် သွေးအဆီအနှစ်တို့ကို ရောယှက်ပေါင်းစပ်ရသည့် လုပ်ငန်းစဉ်တစ်ခုလုံးမှာ အလွန်တရာ နှေးကွေးလှသည်။ ထို့ကြောင့်ပင် ဟင်းလင်းပြင်စွမ်းအားမှာ အလွန်ရှားပါးပြီး အဖိုးတန်လွန်းနေခြင်း ဖြစ်လေ၏။

ဟေးယန် အံ့ဩတကြီး ရေရွတ်လိုက်သည်။

"ပုံမှန်ဆိုရင် နိဗ္ဗာန်အဆင့် ကျင့်ကြံသူတွေမှသာ ဟင်းလင်းပြင်စွမ်းအားကို တတ်မြောက်နိုင်တာပါ… ဒါပေမဲ့ သခင်က ဓမ္မရုပ်ပွားတော်အဆင့်မှာတင် ဒါကို ဆုပ်ကိုင်နိုင်လိမ့်မယ်လို့ ကျွန်တော် မထင်ထားခဲ့ဘူး" ထိုက်အာကလည်း အခွင့်အရေးရခိုက် မြှောက်ပင်ပြောဆိုလိုက်သည်။

"ဟုတ်ပါ့ ဟုတ်ပါ့… သခင်က တကယ့်ကို အံ့ဩဖို့ကောင်းတာပဲ… ဟို သိုင်းဘိုးဘေးဆိုတဲ့ လူထက်တောင် အများကြီး ပိုသန်မာသေးတယ်”

ကျီလင်းကမူ ဘာမှမပြောပေ။

စွေ့ရှင်း၏ ဘေးတွင်မူ စာသားတစ်ကြောင်း ပေါ်လာသည်။

"သမီးရဲ့ ဖေဖေက အသန်မာဆုံးပဲ”

ရှန်မို အသာအယာ ပြုံးလိုက်မိ၏။ ယခု သူပိုင်ဆိုင်ထားသော ဟင်းလင်းပြင်စွမ်းအားမှာ အားနည်းနေသေးသော်လည်း ၎င်းမှာ အစပျိုးလာသော ပျိုးပင်လေးနှင့်တူသည်။ တစ်နေ့တွင် ၎င်းမှာ မိုးထိအောင် မြင့်မားသော သစ်ပင်ကြီးတစ်ပင် ဖြစ်လာလိမ့်မည်။ ထိုနေ့မှာ သိပ်မဝေးတော့ဟု ရှန်မို ယုံကြည်၏။

နောက်ထပ် တစ်လ ကုန်လွန်သွားခဲ့သည်။ နတ်ဆိုးပင်လယ်၏ ဆဋ္ဌမမြောက်အလွှာ၏ အနက်ရှိုင်းဆုံးနေရာ နက်ရှိုင်းလှသော မှောင်မိုက်မှုများကြားမှ ရုတ်တရက် ပြင်းထန်သော ဆူညံသံများ ထွက်ပေါ်လာသည်။ မြည်ဟည်းသံကြီးနှင့်အတူ အထက်မှ အမိုးခုံးမှာ အက်ကွဲသွားပြီး မြေပြင်မှာလည်း ပြိုကျသွားတော့သည်။

ညာဘက်မှ ပုံရိပ်တစ်ခုမှာ သွက်လက်သော မျောက်တစ်ကောင်ကဲ့သို့ ဧရာမကျောက်တုံးကြီးများနှင့် နက်ရှိုင်းသော ကျင်းများကြားတွင် ပါးနပ်စွာ ခုန်လွှားနေသည်။ ဘယ်ဘက်မှ ပုံရိပ်မှာမူ အနည်းငယ် ထွားကြိုင်းပြီး ကျောက်တုံးငယ်လေးများနှင့် တွေ့သည့်အခါ ရှောင်မနေတော့ဘဲ အားဖြင့်သာ တိုးတိုက်ဖြတ်ကျော်သွားသည်။ ဤနှစ်ယောက်မှာ ဝမ်ရှင်းအန်းနှင့် ယဲ့ယန်တို့ ဖြစ်ကြ၏။

ယဲ့ယန်၏ အံ့မခန်း ကံကောင်းမှုအပေါ် အခြေခံ၍ သူတို့နှစ်ယောက် နတ်ဆိုးယဇ်ပလ္လင်တစ်ခု၏ တည်နေရာအစစ်အမှန်ကို ရှာတွေ့ခဲ့ကြပြီ ဖြစ်သည်။ ထို့ပြင် သူတို့ ထူးဆန်းသော ပေါက်ကရတစ်ခုကိုလည်း လုပ်ခဲ့သေးသည်။ ဤသည်မှာ သွေးကန်ထဲရှိ သွေးများကို အကုန်သွန်ပစ်ခဲ့ခြင်း ဖြစ်လေ၏။ ဤအပြုအမူက မသေနိုင်သော နတ်ဆိုးဧကရာဇ်၏ ပြတ်တောက်နေသော အင်္ဂါအစိတ်အပိုင်းများ ပြန်လည်ရှင်သန်ရန် အချိန်ကို များစွာ နှောင့်နှေးသွားစေသည်။

သို့သော်လည်း ထိုနေရာကို စောင့်ကြပ်နေသော နတ်ဆိုးဧကရာဇ်များ သူတို့ကို ချက်ချင်းပင် သိရှိသွားကြသည်။ ကံကောင်းထောက်မစွာဖြင့် ဝမ်ရှင်းအန်းနှင့် ယဲ့ယန်တို့မှာ ကြိုတင်ပြင်ဆင်ထားခဲ့သဖြင့် "အဝေးပြေး မှော်စာရွက်" ကို အသုံးပြုကာ အကွာအဝေးတစ်ခုအထိ ချက်ချင်း ပြေးခွာနိုင်ခဲ့ကြသည်။

ပြဿနာမှာ ဆဋ္ဌမမြောက်အလွှာ၏ နေရာအားလုံးနီးပါးမှာ နတ်ဆိုးများ၏ နယ်မြေဖြစ်နေခြင်းပင်။ အဝင်ဝနားရှိ အခြေစိုက်စခန်း နှစ်ခုဝန်းကျင်သာ နတ်ဆိုးနှိမ်နင်းရေးခံတပ်၏ နယ်မြေဟု ခေါ်နိုင်ပေသည်။

မှော်စာရွက်ကို အသုံးပြုခဲ့သော်လည်း သူတို့နှစ်ဦးမှာ ခဏတာမျှသာ အမီလိုက်ခံရခြင်းမှ လွတ်မြောက်ခဲ့ခြင်း ဖြစ်သည်။

မကြာခင်မှာပင် အခြားနတ်ဆိုးမျိုးနွယ်များက သူတို့ကို ထပ်မံတွေ့ရှိသွားကြပြန်သည်။

ထို့ကြောင့်... သူတို့နောက်သို့ လိုက်လံတိုက်ခိုက်နေသော နတ်ဆိုးအရေအတွက်မှာလည်း ပို၍ ပို၍ များပြားလာတော့သည်။

ဝမ်ရှင်းအန်းနှင့် ယဲ့ယန်တို့ ထွက်ပြေးရင်း တစ်နေရာ၌ ပြန်ဆုံမိကြကာ အခြေစိုက်စခန်းဆီသို့ တန်းတန်းမတ်မတ် ဦးတည်လိုက်ကြသည်။

နတ်ဆိုးဧကရာဇ်သည် သတင်းရရချင်း နောက်မှ လိုက်လာခဲ့၏။ သူ့ကို စတုတ္ထမြောက် မဟာကောင်းကင်နတ်ဆိုး "အန်းကျိုး" က ယဇ်ပလ္လင်ကို စောင့်ကြပ်ရန် တာဝန်ပေးထားခြင်း ဖြစ်သည်။ အကယ်၍ ဤလူသားနှစ်ဦး မသေဘဲ လွတ်သွားပါက သူသည် ပြင်းထန်သော အပြစ်ပေးမှုကို ခံရပေလိမ့်မည်။ ယခုအခါ သွေးကန်မှာ အသွန်ခံလိုက်ရပြီး နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်မှုများ အလဟဿ ဖြစ်သွားပြီဖြစ်ရာ သူ အန်းကျိုးကို ပြန်လည်ရှင်းပြရန် လိုအပ်နေပြီဖြစ်သည်။

"အစုတ်ပလုတ် လူသားတွေ… မင်းတို့ သေရမယ်”

ဒေါသတကြီး အော်ဟစ်သံကြီး နောက်မှ ထွက်ပေါ်လာသည်။ ထို့နောက် ထူထပ်သော နတ်ဆိုးချီများ ဖုံးလွှမ်းနေသည့် ဧရာမ လှံရှည်ကြီးတစ်စင်းမှာ ကျောက်တုံးကြီးတစ်ခုကို ဖောက်ထွက်၍ သူတို့ဆီသို့ တည့်တည့် ပြေးဝင်လာသည်။

ဝမ်ရှင်းအန်း ထိတ်လန့်သွားပြီး သူ၏ အသက်ကယ်ဝှက်ဖဲကို ချက်ချင်း ထုတ်လိုက်၏။

"ဝှက်ဖဲဓားမှော်စာရွက်"

သူသည် စိတ်ဝိညာဉ်စွမ်းအား အနည်းငယ်ကို မှော်စာရွက်ထဲသို့ ထည့်သွင်းကာ နောက်သို့ လှမ်းပစ်လိုက်သည်။

ချောက်ကနဲ မြည်သံနှင့်အတူ ရှေးဟောင်းဆန်ပြီး ခန့်ညားလှသော ဓားတစ်စင်း ရုတ်တရက် ပေါ်ထွက်လာကာ နတ်ဆိုးလှံကြီးဆီသို့ ခုတ်ပိုင်းလိုက်သည်။

ဝုန်း!

ထိုဧရာမလှံကြီးမှာ ချက်ချင်းပင် ဖုန်မှုန့်အဖြစ် ကြေမွသွားတော့သည်။သို့သော် "ဟင်းလင်းပြင် ရှေးဟောင်းဓား" မှာ အရှိန်မပျက်ဘဲ နတ်ဆိုးဧကရာဇ်ဆီသို့ ဆက်လက် ခုတ်ပိုင်းသွားသည်။ နတ်ဆိုးဧကရာဇ်မှာ လျင်မြန်စွာပင် ရှောင်တိမ်းလိုက်ရ၏။ သို့သော် သူ၏နောက်မှ နတ်ဆိုးများမှာမူ ရှောင်ရန် အချိန်မရလိုက်ပေ။ ဟင်းလင်းပြင် ရှေးဟောင်းဓား၏အောက်တွင် "စစ်မှန်သော နတ်ဆိုးသခင်" ပေါင်း တစ်သောင်းကျော်မှာ ချက်ချင်းပင် နှစ်ပိုင်းပြတ်သွားကြပြီး မြေပြင်ပေါ်တွင် နတ်ဆိုးအလောင်းများနှင့် သွေးများဖြင့် ပြည့်နှက်သွားတော့လေ၏။

"ဟာ... အံ့ဩဖို့ ကောင်းလိုက်တာ”

ဝမ်ရှင်းအန်းမှ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။ ယဲ့ယန်၏ စိတ်ထဲတွင်လည်း အလားတူပင် တုန်လှုပ်နေမိသည်။

ဤဝှက်ဖဲဓားမှော်စာရွက်မှာ တကယ့်ကို အစွမ်းထက်လှသည်။

ရှန်မိုသည် ဘာမှချန်မထားဘဲ သူတို့ကို အသက်ကယ်ဝှက်ဖဲ အစစ်အမှန် ပေးခဲ့ပုံရ၏။ ထိုသို့တွေးမိသည်နှင့် ယဲ့ယန် စိတ်ထဲမှ ပြန်လည်ကျိန်ဆဲလိုက်သည်။

ငါက ဘာလို့ ရှန်မိုကို ကျေးဇူးတင်နေမိတာလဲ။

တကယ့်ကို အဓိပ္ပာယ်မရှိလိုက်တာ။

Chapter 516: ရှန်မို့စိတ်နဲ့ဆိုရင် သေချာပေါက် ထောင်ချောက်မိလိမ့်မယ်

"ငါ မင်းတို့ နှစ်ယောက်လုံးကို ငါ့လက်နဲ့ပဲ အပိုင်းပိုင်း ဆွဲဖြဲပစ်မယ်”

နတ်ဆိုးဧကရာဇ်မှာ ဒေါသတကြီး ဟိန်းဟောက်ရင်း သူတို့နောက်သို့ အရှိန်အဟုန်ဖြင့် လိုက်လံတိုက်ခိုက်တော့သည်။

ဝမ်ရှင်းအန်းနှင့် ယဲ့ယန်တို့မှာလည်း မပေါ့ဆရဲကြပေ။ သူတို့သည် ရှိသမျှ ခွန်အားကို အကုန်သုံး၍ အသက်လုကာ ထွက်ပြေးနေကြ၏။

အဝေးတစ်နေရာတွင် စတုတ္ထမြောက် မဟာကောင်းကင်နတ်ဆိုး "အန်းကျိုး" သည် သူ၏ နတ်ဆိုးမျိုးဆက် တစ်ဦးနှင့်အတူ တိတ်ဆိတ်စွာ ရပ်ကြည့်နေသည်။

ထိုနတ်ဆိုး၏ အမည်မှာ "အန်းကျန့်ခွမ်း" ဖြစ်ပြီး အန်းကျိုး၏ အရည်အချင်းအရှိဆုံး မျိုးဆက်များထဲမှ တစ်ဦးဖြစ်သည်။ သူ၏ ခန္ဓာကိုယ်ထဲတွင် မဟာကောင်းကင်နတ်ဆိုး၏ သွေးမျိုးဆက် တစ်ဝက်ကျော် ပါဝင်နေပြီး ယခုအခါ သူသည် နတ်ဆိုးဧကရာဇ်အဆင့်၏ တံခါးခုံသို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။

အန်းကျန့်ခွမ်း မနေနိုင်ဘဲ ပြောလိုက်၏။

"နတ်ဆိုးဖခင်… ကျွန်တော်တို့ ဘာလို့ အခု လှုပ်ရှားပြီး အဲဒီ လူသားနတ်ဆိုးနှိမ်နင်းရေး အစောင့်နှစ်ယောက်ကို မသတ်ရတာလဲ"

"သူတို့က ယဇ်ပလ္လင်ရဲ့ တည်နေရာကို သိသွားတဲ့အပြင် ပြန်လည်ရှင်သန်ခြင်း အစီအစဉ်ကိုလည်း ဖျက်ဆီးခဲ့ကြတယ်… အကယ်၍ သူတို့သာ အခြေစိုက်စခန်းကို အသက်ရှင်လျက် ပြန်ရောက်သွားရင် ဒါဟာ အဖေ့ရဲ့ မျက်နှာကို ဖြတ်ရိုက်လိုက်တာနဲ့ အတူတူပဲ”

"တခြား မဟာကောင်းကင်နတ်ဆိုးတွေရဲ့ အထင်သေးတာကိုလည်း အဖေသေချာပေါက် ခံရပါလိမ့်မယ်”

အန်းကျိုးမှာ အသာအယာ ပြုံးလိုက်ရုံသာ ပြုံးပြီး

"ပြောစမ်းပါဦး… အကယ်၍ သူတို့က ယဇ်ပလ္လင်ရဲ့ တည်နေရာကို ပြန်ယူသွားနိုင်ခဲ့ရင် နတ်ဆိုးနှိမ်နင်းရေးခံတပ်က ဘယ်လို တုံ့ပြန်လာမလဲ"

အန်းကျန့်ခွမ်း ခေတ္တမျှ တန့်သွားပြီး

"သူတို့က ယဇ်ပလ္လင်ကို ဖျက်ဆီးဖို့အတွက် ဓမ္မရုပ်ပွားတော်အဆင့် ပညာရှင်တစ်ယောက်ကို စေလွှတ်ပါလိမ့်မယ်… ဖြစ်နိုင်ရင် မဟာနတ်ဆိုးဧကရာဇ်ရဲ့ ပြတ်တောက်နေတဲ့ အင်္ဂါအစိတ်အပိုင်းတွေကိုပါ ဖျက်ဆီးပစ်ဖို့ ကြိုးစားကြမှာပဲ..."

အန်းကျိုး တဟားဟား ရယ်ကာ

"ဒါဆိုရင် ဘယ်သူ ရောက်လာမယ်လို့ မင်းထင်သလဲ"

လူသားတစ်ဦး၏ ပုံရိပ်မှာ အန်းကျန့်ခွမ်း၏ စိတ်ထဲတွင် ချက်ချင်းပင် လက်ခနဲ ပေါ်လာသည်။

"ရှန်မို… ရှန်မိုပဲ ဖြစ်ရမယ်”

"သူက ဓမ္မရုပ်ပွားတော်အဆင့် ပညာရှင်အားလုံးထဲမှာ အသန်မာဆုံး တစ်ယောက်လို့ ပြောကြတယ်လေ"

အန်းကျန့်ခွမ်းမှ ဆက်ပြောလိုက်သည်။

"ကျွန်တော် ကြားတာတော့ ဆုကြေးစာရင်းမှာ ရှန်မိုရဲ့ အမည်က ရှီထျန်း နဲ့ အောက်ကွမ်း တို့ရဲ့ အောက်မှာ တတိယနေရာအထိ မြင့်တက်လာပြီလို့ သိရတယ်"

"သခင် 'အန်းချန်း' နဲ့ သခင် 'အန်းချန်' တို့ နှစ်ယောက်လုံးက မဟာနတ်ဆိုးဧကရာဇ်ရဲ့ သွေးတွေကို ဆုကြေးအနေနဲ့ ထပ်တိုးလိုက်ကြတယ်… အထူးသဖြင့် သခင်အန်းချန်းကဆိုရင် မဟာနတ်ဆိုးဧကရာဇ် သွေးသုံးစက်အထိတောင် ကမ်းလှမ်းထားတာ”

အန်းကျိုးမှာ ပြုံးလျက်

"အတိအကျပဲ… အကယ်၍ ငါတို့ ရှန်မိုကို သတ်နိုင်ခဲ့ရင် မဟာနတ်ဆိုးဧကရာဇ် သွေး ရှစ်စက်လုံးကို ရမှာ"

"အဲဒါဆိုရင် ငါ နတ်ဆိုးဧကရာဇ်အဆင့်ရဲ့ အထွတ်အထိပ်ကို တက်လှမ်းနိုင်ဖို့ အခွင့်အရေး ရှိသွားပြီ"

အန်းကျန့်ခွမ်းသည် ချက်ချင်းပင် နားလည်သွားပြီး သူ၏ မျက်လုံးများ ဝင်းလက်လာသည်။

"ဒါဆို အဖေဆိုလိုတာက... ရန်သူကို အကွက်ထဲ ဆွဲသွင်းဖို့လား”

အန်းကျိုး ကျေနပ်စွာ ခေါင်းငြိမ့်ပြသည်။

"မှန်တယ်… ဒါက လူသားတွေရဲ့ ထုံးစံအတိုင်း ဗျူဟာတစ်ခုပဲ"

"အခုတော့ ငါတို့က အဲဒါကို ပြောင်းပြန်လှန်ပြီး လူသားတွေကိုပဲ ပြန်သုံးမှာ”

အန်းကျန့်ခွမ်းသည် လုံးဝ သဘောတူသည့်အနေဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။ သို့သော် အဝေးမှ ဟိန်းဟောက်သံများကို ကြားရသောအခါ ထွက်ခွာသွားသော နတ်ဆိုးဧကရာဇ်ဘက်သို့ ညွှန်ပြလိုက်ပြီး

"နတ်ဆိုးဖခင်… ဒါဆို 'အန်းကျန့်လုံ' ကော ဘယ်လိုလဲ… သူကတော့ လုံးဝ စိတ်လွတ်နေပြီ"

"အခု အခြေစိုက်စခန်းနဲ့လည်း သိပ်မဝေးတော့ဘူး… ကျွန်တော် စိုးရိမ်တာက..."

အန်းကျန့်ခွမ်းမှ တိုးတိုးလေး ပြောလိုက်သည်။

အန်းကျိုးမှာ တည်ငြိမ်စွာဖြင့်

"မင်း ဘာကို စိုးရိမ်နေလဲဆိုတာ ငါသိပါတယ်… ရှန်မိုရဲ့ ခွန်အားက ကြီးမားတယ်ဆိုတော့ အန်းကျန့်လုံ တစ်ယောက် ရှန်မိုလက်ထဲမှာ သေသွားမှာကို မင်း စိုးရိမ်နေတာ မဟုတ်လား"

အန်းကျန့်ခွမ်းမှာ အခက်တွေ့စွာဖြင့် ခေါင်းငြိမ့်ပြသည်။

ရှန်မို မည်မျှ ကြောက်စရာကောင်းသည်ကို သူတို့ မျက်မြင်တွေ့ခဲ့ရသည်မှာ ကြာပြီဖြစ်သည်။ ယခင်က တတိယမြောက် မဟာကောင်းကင်နတ်ဆိုး "အန်းမိုင်" ပင်လျှင် ရှန်မိုလက်ထဲတွင် သေဆုံးခဲ့ရသည်။ ဤနတ်ဆိုးဧကရာဇ်များတွင် "အာဏာစက်" စွမ်းအား မရှိကြပေ။ ရှန်မိုနှင့် ထိပ်တိုက်တွေ့ပါက သူတို့ ရှုံးနိမ့်ဖို့က သေချာသလောက်ပင်။

အန်းကျိုးမှ အေးဆေးစွာ ပြောလိုက်သည်။

"ငါ ပြောပြမယ်… သူ သေချာပေါက် သေမှာပါ"

အန်းကျန့်ခွမ်း မှင်တက်သွားရသည်။

အန်းကျိုး ဆက်၍

"သူ့ကို 'ယုတ်ညံ့သော ကျိန်စာစွမ်းအား' နဲ့ ကျိန်စာတိုက်ထားပြီးပြီ… သူ့ကို သတ်နိုင်တဲ့ ဓမ္မရုပ်ပွားတော်အဆင့် ပညာရှင်က အနည်းငယ်ပဲ ရှိတယ်… အဲဒီထဲမှာ အဓိက ပစ်မှတ်က ရှန်မိုပဲ… သူ သေတာနဲ့ တစ်ပြိုင်နက် ငါ ရှန်မိုအပေါ် ကျိန်စာသတ်ကွက်ကို ထုတ်လွှတ်နိုင်လိမ့်မယ်"

"ရှန်မိုကို ချက်ချင်း သေအောင် မသတ်နိုင်ရင်တောင် သူ့ကို ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင် လုပ်နိုင်မှာပါ"

"ယုတ်ညံ့သော ကျိန်စာအဆိပ်က သူ့ခန္ဓာကိုယ်ထဲမှာ စွဲကျန်နေလိမ့်မယ်"

"ဒီနည်းနဲ့ ငါတို့ရဲ့ ရန်သူကို အနက်ရှိုင်းဆုံးနေရာအထိ ဆွဲသွင်းမယ့် အစီအစဉ်က အောင်မြင်သွားမှာပဲ"

ဤစကားကို ကြားသောအခါ အန်းကျန့်ခွမ်း၏ စိတ်ထဲတွင် ပို၍ပင် လေးစားအားကျမှုများ ဖြစ်ပေါ်လာသည်။

"အဖေ့ရဲ့ ယုတ်ညံ့သော ကျိန်စာစွမ်းအားဟာ အာဏာစက် အမျိုးအစား ၁၀ မျိုးထဲမှာ အယုတ်ညံ့ဆုံး၊ အယုတ်မာဆုံးနဲ့ ရှာဖွေရ အခက်ဆုံးပဲ"

"အဲဒီ ရှန်မိုဆိုတဲ့ လူက တခြားသူတွေကို ကယ်တင်ချင်တဲ့စိတ်နဲ့ အကွက်ထဲကို သေချာပေါက် သက်ဆင်းလာမှာပါ”

အန်းကျိုး ခေါင်းငြိမ့်ပြလိုက်သည်။

"ရှန်မိုကို ဒဏ်ရာရအောင် လုပ်နိုင်ဖို့အတွက် နတ်ဆိုးဧကရာဇ် တစ်ပါးကို ယဇ်ပူဇော်လိုက်ရတာက ဘာမှ မဟုတ်ပါဘူး"

အန်းကျန့်ခွမ်းလည်း လိုက်၍ ခေါင်းငြိမ့်လိုက်မိလေသည်။

သို့သော် သူ၏ စိတ်ထဲတွင်မူ ကြောက်စိတ် အနည်းငယ် ဝင်လာမိ၏။

အကယ်၍ သူတို့သည် ယနေ့ အန်းကျန့်လုံကို ယဇ်ပူဇော်နိုင်လျှင် နက်ဖြန်တွင် အန်းကျန့်ခွမ်း ကိုယ်တိုင်လည်း ယဇ်ပူဇော်ခံရမည် မဟုတ်ပါလား။

All Chapters