← Chapters

အခန်း (၅၁၇-၅၁၉)

Vol. 35 Ch. 517-519

အခန်း (၅၁၇-၅၁၉)

Vol. 35 Ch. 517-519

Chapter 517: ကံကြမ္မာစနစ် ပြောင်းလဲခြင်း

ရွှေ့ဝူ ၆-၁ အခြေစိုက်စခန်း။

စခန်းမှာ ပြင်းထန်သော တိုက်ပွဲတစ်ခုကို ခုလေးတင် ဖြတ်ကျော်ထားခဲ့ရသည်။ ပုံမှန်နှင့် နှိုင်းယှဉ်လျှင် ဤတိုက်ပွဲ၏ အတိုင်းအတာမှာ အလွန်အမင်း ကြီးမားခြင်း သို့မဟုတ် သေးငယ်ခြင်းမျိုး မဟုတ်ဘဲ နတ်ဆိုးမျိုးနွယ်များ၏ ပုံမှန် မြို့သိမ်းတိုက်ပွဲတစ်ခုမျှသာ ဖြစ်သည်။

အခြေစိုက်စခန်းအတွင်း၌ နတ်ဆိုးနှိမ်နင်းရေး အစောင့်အများစုမှာ မြေပြင်ပေါ်တွင် လဲကျနေကြပြီး အမောတကော အသက်ရှူရင်း အနားယူနေကြသည်။ အစောင့်အများအပြားမှာ ဒဏ်ရာများဖြင့် ဗရပွ ဖြစ်နေသော်လည်း သွားကိုတင်းတင်းကြိတ်ကာ ဝေဒနာကို အံတုနေကြဆဲပင်။

"အဘိုးကြီးလီတော့ မရှိတော့ဘူး… သူ သေသွားပြီ ထင်ပါရဲ့"

"ဒီလိုနေ့ရက်တွေက ဘယ်တော့မှ ပြီးဆုံးမှာလဲ"

"ဆဋ္ဌမမြောက်အလွှာမှာ အခြေစိုက်စခန်း တည်ထောင်ဖို့က အရမ်းခက်ခဲလွန်းတယ်… ကောင်းကင်ဘုံတာအိုရဲ့ အလိုတော်အတိုင်း ပေးထားတဲ့ တာဝန်ကို ပြီးအောင် မထမ်းဆောင်နိုင်မှာ စိုးရိမ်မိတယ်"

"တကယ်လို့ ငါတို့သာ ပြီးအောင် မလုပ်နိုင်ရင် အစဖျောက် ခံလိုက်ရမှာလား"

နတ်ဆိုးနှိမ်နင်းရေး အစောင့်အချို့မှာ တိုးညှင်းပြီး စိတ်ပျက်အားလျော့သော လေသံဖြင့် ပြောဆိုနေကြသည်။ သူတို့ စကားပြောလေလေ အနာဂတ်မှာ ပို၍ မျှော်လင့်ချက်မဲ့လာလေ ဖြစ်သည်။ မြို့ရိုးအောက်တွင်မူ နတ်ဆိုးအလောင်းများမှာ တောင်ပုံရာပုံ ဖြစ်နေ၏။ ဒဏ်ရာ သိပ်မပြင်းထန်သော အစောင့်များကိုမူ နတ်ဆိုးအလောင်းများကို မီးရှို့ရန် တာဝန်ပေးထားသည်။ ထိုအလောင်းများကို "နတ်ဆိုးမီးသင်္ဂြိုဟ်စက်" ထဲသို့ ထည့်ကာ ပြာဖြစ်အောင် လုပ်ရခြင်းဖြစ်သည်။ ဤသည်မှာ နတ်ဆိုးများက ထိုအလောင်းများကို တစ်ဖန်ပြန်၍ အသုံးမပြုနိုင်စေရန် တားဆီးခြင်းပင်။

အစောင့်များသည် အလုပ်လုပ်ရာတွင် သိပ်ပြီး စိတ်အားထက်သန်မှု မရှိကြပေ။ နေ့ရက်တွေကို ဒီအတိုင်း ကုန်ဆုံးအောင် ဖြတ်သန်းနေကြရခြင်း ဖြစ်သည်။

ရှန်မိုသည် မြို့ရိုးထိပ်တွင် ရပ်လျက် နတ်ဆိုးအလောင်း မီးရှို့နေသော အစောင့်များကို ကာကွယ်ရန်အတွက် အဝေးမှ နတ်ဆိုးမျိုးနွယ်များကို စောင့်ကြည့်နေသည်။ ဓမ္မရုပ်ပွားတော်အဆင့်၏ ခွန်အားနှင့်ဆိုလျှင် သူသည် အရာအားလုံးကို ရှင်းလင်းစွာ မြင်နိုင်၊ ကြားနိုင်သည်။

သူ ဘာမှ မပြောခဲ့ပါ။

လူတိုင်းမှာ ကိုယ်ပိုင် လွတ်လပ်ခွင့် ရှိကြသည်။ သူတို့၏ အတွေးအမြင်များကို ရှန်မိုက ပြောင်းလဲပေး၍ မရနိုင်ပေ။ အမှန်တကယ်တော့ အစောင့်များသာမက နတ်ဆိုးနှိမ်နင်းရေး ဗိုလ်ချုပ်ကြီးများပင်လျှင် အလားတူ ခံစားချက်မျိုး ရှိနိုင်သည်ဟု ရှန်မို ခန့်မှန်းမိ၏။ အနာဂတ်မှာ အမှန်တကယ်ပင် မှောင်မိုက်နေသယောင် ရှိသည်။

"အချိန်တွက်ကြည့်ရင် ဝမ်ရှင်းအန်းနဲ့ ယဲ့ယန်တို့ ပြန်လာဖို့ နီးနေပြီပဲ"

ရှန်မိုသည် သူ၏ ကံကြမ္မာစနစ်ကို တစ်ချက်ကြည့်လိုက်သည်။ ယနေ့မနက် သူနိုးလာသောအခါ ကံကြမ္မာစနစ် အနည်းငယ် ပြောင်းလဲနေသည်ကို တွေ့လိုက်ရသည်။ သူ၏ ကံကြမ္မာမှာ အနည်းငယ် ရွေ့လျားသွားပြီး အလှည့်အပြောင်းအချို့လည်း ချဉ်းကပ်လာနေပြီ ဖြစ်၏။

[အမည် - ရှန်မို]

[အဆင့် - ဓမ္မရုပ်ပွားတော်အဆင့် နောက်ဆုံးအဆင့်]

[ကံကြမ္မာ ဂုဏ်အင်္ဂါရပ်များ - ဆေးဆရာ၏ သားတော်၊ တစ်ချက်ကြားရုံဖြင့် အချက်တစ်ထောင် သိမြင်သူ၊ ဓားတာအို ပါရမီရှင်၊ ကံကောင်းခြင်း လက်ဆောင်ရသူ၊ ထိုက်ယီ ဟွမ်ယွမ် ခန္ဓာကိုယ်၊ ကံတရား၏ ကာကွယ်မှုကို ခံရသူ၊ နတ်ဆိုးနှိမ်နင်းရေး ဗိုလ်ချုပ်ကြီး]

[ကံကြမ္မာ - ယခုမှ နောက်ထပ် ဆယ်နှစ်အကြာတွင် သင်သည် ဓမ္မရုပ်ပွားတော်အဆင့်၏ အထွတ်အထိပ်မှာပင် ရပ်တန့်နေလိမ့်မည်။ မသေနိုင်သော နတ်ဆိုးဧကရာဇ်သည် လောကသို့ ပြန်လည်ရောက်ရှိလာမည်ဖြစ်ပြီး နတ်ဆိုးချီများက နတ်ဆိုးပင်လယ် တစ်ခုလုံးကို ဖုံးလွှမ်းသွားလိမ့်မည်။ ရှန်မိုသည် မသေနိုင်သော နတ်ဆိုးဧကရာဇ်၏ လက်ချက်ဖြင့် ရှုံးနိမ့်သွားကာ ပင်လယ်၏ ကိုးခုမြောက် အနက်ရှိုင်းဆုံး အလွှာသို့ ရိုက်ချခံရမည်ဖြစ်သည်။ ခန္ဓာကိုယ် ပျက်စီးပြီး တာအိုလည်း ချုပ်ငြိမ်းသွားရမည်။]

[နောင်လာမည့် အလှည့်အပြောင်း ၁ - ယနေ့ နတ်ဆိုးများ မြို့ကို တိုက်ခိုက်ပြီးနောက်တွင် ဝမ်ရှင်းအန်းနှင့် ယဲ့ယန်တို့အား နတ်ဆိုးဧကရာဇ်တစ်ပါးက လိုက်လံတိုက်ခိုက်နေသည်ကို သင် မြင်တွေ့ရလိမ့်မည်။ သူတို့ကို ကယ်တင်ရန် ဝင်ရောက်စွက်ဖက်ပြီး နတ်ဆိုးဧကရာဇ်ကို သတ်ဖြတ်လိမ့်မည်။ သို့သော် နတ်ဆိုးဧကရာဇ်၏ ကိုယ်ထဲရှိ ကျိန်စာစွမ်းအားကြောင့် သင်သည် ပြင်းထန်စွာ ဒဏ်ရာရလိမ့်မည်။ "ကိုးဘုံငရဲရေခဲမီးတောက်" သည် ထိုကျိန်စာစွမ်းအားကို ဖယ်ရှားရန်အတွက် ၎င်း၏ စွမ်းအားအားလုံးကို ကုန်ဆုံးလိုက်ရပြီး အိပ်စက်ခြင်းသို့ ကျရောက်သွားလိမ့်မည်။]

[နောင်လာမည့် အလှည့်အပြောင်း ၂ - ရက်အနည်းငယ်အကြာတွင် သင်သည် ကျူးရွှမ်ကျီး၊ ပိုင်လျဲ့ကျို၊ ရှုံလင်း၊ ပိုင်ကျွယ် နှင့် အခြားသော ဓမ္မရုပ်ပွားတော်အဆင့် ပညာရှင်များနှင့်အတူ နတ်ဆိုးယဇ်ပလ္လင်သို့ သွားရောက်လိမ့်မည်။ သို့သော် လမ်းခုလတ်တွင် စတုတ္ထမြောက်နှင့် ဆဋ္ဌမမြောက် မဟာကောင်းကင်နတ်ဆိုးများ၊ နတ်ဆိုးဧကရာဇ် အုပ်စုများ၏ ခြုံခိုတိုက်ခိုက်ခြင်းကို ခံရလိမ့်မည်။ ရှုံလင်းနှင့် ပိုင်ကျွယ်တို့ သေဆုံးမည်။ ကျူးရွှမ်ကျီး သတိလစ်သွားမည်။ ပိုင်လျဲ့ကျို ပြင်းထန်စွာ ဒဏ်ရာရမည်ဖြစ်ပြီး ရှန်မိုသည်လည်း ခါးအောက်ပိုင်း တစ်ခုလုံး ဆုံးရှုံးသည်အထိ ပြင်းထန်စွာ ဒဏ်ရာရလိမ့်မည်။ "မသေနိုင်သော မြစ်" နှင့် "စီပိုင်ကျွယ်" ဓမ္မရုပ်ပွားတော်များကို အတင်းအကျပ် လောင်ကျွမ်းစေပြီးမှသာ အသက်ဘေးမှ သီသီလေး လွတ်မြောက်လာမည် ဖြစ်သော်လည်း ထိုအချိန်မှစ၍ သင်၏ အခြေခံအုတ်မြစ်မှာ ပျက်စီးသွားလိမ့်မည်။]

[နောင်လာမည့် အခွင့်အလမ်း - ...]

ရှန်မိုသည် လေးနက်စွာ စဉ်းစားခန်း ဝင်သွားသည်။ သိသာသည်မှာ သူသည် ဓမ္မရုပ်ပွားတော်အဆင့်မှာပင် ရှိနေသရွေ့ ပြန်လည်နိုးထလာမည့် မသေနိုင်သော နတ်ဆိုးဧကရာဇ်ကို ယှဉ်နိုင်မည် မဟုတ်ပေ။ "ကိုးဘုံငရဲရေခဲမီးတောက်" ကို အိပ်စက်သွားစေသည့် ကျိန်စာစွမ်းအား၏ တိုက်စားမှုမှာ အကြောင်းရင်းတစ်ခု ဖြစ်သည်။ မိမိတွင် ဝှက်ဖဲတစ်ခု လျော့နည်းနေမှန်း သိပါလျက်နှင့် ပိုင်လျဲ့ကျို၊ ကျူးရွှမ်ကျီးတို့နှင့်အတူ နတ်ဆိုးယဇ်ပလ္လင်သို့ သွားရောက်ခဲ့ခြင်းကြောင့် ဓမ္မရုပ်ပွားတော်အဆင့် ပညာရှင်များစွာ သေဆုံးပြီး ဓမ္မရုပ်ပွားတော် နှစ်ခု ဆုံးရှုံးခဲ့ရခြင်းမှာ ဒုတိယ အကြောင်းရင်း ဖြစ်သည်။ ဤအချက်များ စုပေါင်းလိုက်သောအခါ ဓမ္မရုပ်ပွားတော်အဆင့်ကို ကျော်ဖြတ်ပြီး နိဗ္ဗာန်အဆင့်သို့ တက်လှမ်းရန်မှာ မဖြစ်နိုင်သလောက် ဖြစ်သွားတော့၏။ နောက်ဆုံးတွင် မသေနိုင်သော နတ်ဆိုးဧကရာဇ်၏ လက်ချက်ဖြင့် သေဆုံးခြင်းသို့ ဦးတည်သွားခြင်း ဖြစ်လေသည်။

'ကျိန်စာစွမ်းအား… ဒါဟာ အန်းကျိုးက ခြုံခိုတိုက်ခိုက်ဖို့ ကြံစည်ထားတာပဲ’

ရှန်မို၏ အကြည့်များမှာ နက်ရှိုင်းသွားသည်။ သူသည် ဤဘေးဒုက္ခကို ရှောင်ရုံသာမကဘဲ အခြေအနေကို ပြောင်းပြန်လှန်ပြီး အန်းကျိုးကို သတ်ပစ်ရန်အတွက် အခွင့်အရေးအဖြစ် ပြောင်းလဲပစ်ရမည် ဖြစ်သည်။

Chapter 518: လှံတစ်ချက်တည်းဖြင့် ထိုးနှက်ခြင်း

ထိုစဉ်မှာပင် မြေပြင်မှာ ရုတ်တရက် အသာအယာ တုန်ခါလာတော့သည်။ ရှန်မို အရှေ့ဘက်သို့ လှမ်းကြည့်လိုက်၏။ ထိုလားရာသည် နတ်ဆိုးမျိုးနွယ်များ၏ အချက်အချာနယ်မြေသို့ ဦးတည်နေခြင်းဖြစ်သည်။ နတ်ဆိုးနန်းတော်များစွာမှာ ထိုနေရာတွင် တည်ရှိနေကြသည်။ ၎င်းတို့အထဲတွင် စတုတ္ထနတ်ဆိုးနန်းတော်နှင့် ဆဋ္ဌမနတ်ဆိုးနန်းတော်တို့လည်း ပါဝင်ပြီး အန်းကျိုးနှင့် အန်းချန်တို့၏ နေအိမ်များပင် ဖြစ်၏။

"မင်းတို့ ခံစားမိလား… မြေကြီးက တုန်နေသလိုပဲ… ဟိုဘက်ကနေ လာနေတာ"

"ဒါက နတ်ဆိုးနယ်မြေ မဟုတ်လား… ဟိုမှာ နတ်ဆိုးနန်းတော်တွေ ရှိတာလေ… ထူးဆန်းတယ် ဘာလို့ အဲဒီဘက်ကနေ တုန်ခါမှုတွေ ဖြစ်နေရတာလဲ"

နတ်ဆိုးနှိမ်နင်းရေး အစောင့်များထဲမှ အသင့်အတင့် အစွမ်းရှိသူများသည်လည်း တစ်ခုခု မှားယွင်းနေကြောင်း သတိပြုမိလိုက်ကြသည်။ အားလုံး အရှေ့ဘက်သို့ အာရုံစိုက်လိုက်ကြ၏။

အဝေးမှ နတ်ဆိုးဧကရာဇ်နှစ်ပါးပင်လျှင် တစ်စုံတစ်ခုကို ရေရွတ်ရင်း ထိုလားရာသို့ လှမ်းကြည့်လိုက်ကြသည်။

ရှန်မို၏ စိတ်ထဲတွင် အတွေးတစ်ခု လက်ခနဲ ပေါ်လာသည်။ သူသည် "ချီထျန်းမျက်လုံး" ဓမ္မရုပ်ပွားတော်ကို ချက်ချင်း အသက်သွင်းလိုက်သည်။ ထိုအခါ မီးလျှံများ ဝန်းရံနေသော ဧရာမ အနီရောင်မျက်လုံးကြီးတစ်လုံး ရုတ်တရက် ထွက်ပေါ်လာပြီး ထိုအခိုက်အတန့်တွင် ရှန်မို၏ အမြင်အာရုံမှာ အံ့မခန်းအဆင့်သို့ ရောက်ရှိသွားတော့သည်။ တစ်ချက်ကြည့်လိုက်ရုံနှင့် အလွန်ဝေးကွာသော နေရာမှ အဖြစ်အပျက်ကို မြင်နိုင်စွမ်း ရှိသွားသည်။

ဝုန်း!

နတ်ဆိုးချီများ ဖုံးလွှမ်းနေသော ဧရာမ လှံရှည်ကြီးတစ်စင်းမှာ ကျောက်တံတိုင်းကို ရုတ်တရက် ရိုက်ခွဲပစ်လိုက်သည်ကို သူ မြင်လိုက်ရ၏။ ထို့နောက် ပုံရိပ်နှစ်ခုမှာ လန့်ဖျပ်တကြား အော်ဟစ်သံနှင့်အတူ လွင့်ထွက်လာခဲ့ကြသည်။

ထိုသူတို့မှာ ဝမ်ရှင်းအန်းနှင့် ယဲ့ယန်တို့ပင်။

ဧရာမ နတ်ဆိုးကျောက်တုံးကြီးများမှာ ကြယ်ကြွေနေသည့်အလား မြေပြင်ပေါ်သို့ ပြုတ်ကျနေ၏။ နတ်ဆိုးဧကရာဇ်တစ်ပါးမှာ ဒေါသတကြီး ဟိန်းဟောက်ရင်း သူတို့နောက်သို့ လိုက်လာလေသည်။

"အစုတ်ပလုတ် လူသားတွေ… ဒီမှာတင် ဇာတ်သိမ်းလိုက်တော့”

"ရှန်မိုရေ... ကယ်ပါဦး… ကယ်ပါဦး”

ဝမ်ရှင်းအန်းမှ လည်ချောင်းကွဲမတတ် အော်ဟစ်နေသည်။

သူတို့သည် ရွှေ့ဝူ ၆-၁ အခြေစိုက်စခန်းနှင့် မိုင်ပေါင်း တစ်သောင်းခန့် အကွာအဝေးတွင် ရှိနေသေးသည်။ သို့သော် ဝမ်ရှင်းအန်းနှင့် ယဲ့ယန်တို့မှာ သူတို့၏ "ဝှက်ဖဲဓားမှော်စာရွက်" များကို အသုံးပြုပြီးသွားပြီ ဖြစ်၍ ယခုအခါ သူတို့၏ အစွမ်းအားလုံး ကုန်ဆုံးနေပြီဖြစ်သည်။

"သူတို့ကို တားကြ… သူတို့ ယဇ်ပလ္လင်ကို ဖျက်ဆီးခဲ့ကြတယ်"

အန်းကျန့်လုံက ဟိန်းဟောက်လိုက်သည်။ အဝေးမှ အခြေအနေကို စောင့်ကြည့်နေသော နတ်ဆိုးဧကရာဇ်နှစ်ပါးမှာ ထိုစကားကို ကြားသောအခါ လန့်သွားကြသည်။ သူတို့ ချက်ချင်းပင် ရှေ့သို့ တိုက်စစ်ဆင်ရန် အမိန့်ပေးလိုက်တော့သည်။

အမိန့်တစ်ခုနှင့်အတူ နတ်ဆိုးစစ်သည်များမှာ ဒီရေတက်သလိုပင် တိုးဝင်လာကြ၏။ နတ်ဆိုးမျိုးနွယ်များမှာ ဝမ်ရှင်းအန်း၊ ယဲ့ယန်တို့နှင့် အခြေစိုက်စခန်းကြားတွင် တံတိုင်းတစ်ခုကဲ့သို့ ပိတ်ဆို့ထားလိုက်ကြသည်။

"ငါ ပြောသားပဲ… မင်းတို့ သေရမယ်လို့”

အန်းကျန့်လုံမှ လှောင်ပြုံးပြုံးလိုက်သည်။

ရွှေ့ဝူ ၆-၁ အခြေစိုက်စခန်းအတွင်း၌လည်း နတ်ဆိုးနှိမ်နင်းရေး အစောင့်အချို့မှာ တစ်ခုခု မှားယွင်းနေကြောင်း အာရုံခံမိလိုက်ကြသည်။

"နတ်ဆိုးတွေက ခုလေးတင် တိုက်ထားတာ မဟုတ်လား… ဘာလို့ စစ်သည်တွေ ထပ်လွှတ်ပြန်တာလဲ"

"မဟုတ်ဘူး… ကြည့်ဦး… သူတို့က ငါတို့ကို တိုက်ဖို့လာတာ မဟုတ်ဘူး… တစ်စုံတစ်ယောက်ကို ပိတ်ဆို့နေတာ"

"ခုနက တုန်ခါမှုက အဲဒီဘက်ကနေ လာတာ... ဒါ စစ်သေနာပတိ ဝမ်တို့အဖွဲ့များလား”

ရှုံလင်းနှင့် ပိုင်ကျွယ်တို့မှာ မြို့ရိုးပေါ်မှ အပြေးအလွှား ရောက်လာကြပြီး ရှန်မို၏ ဘေးတွင် ရပ်လိုက်ကြသည်။ "ညီလေးရှန်..."

ပိုင်ကျွယ်မှ တိုးတိုးလေး ခေါ်လိုက်သည်။ သူတို့ သုံးဦးစလုံးမှာ ဓမ္မရုပ်ပွားတော်အဆင့် ကျင့်ကြံသူများ ဖြစ်ကြသလို အချင်းချင်း သိကျွမ်းနေကြသည်မှာလည်း ကြာပြီဖြစ်သည်။ အထူးသဖြင့် ပိုင်ကျွယ်သည် ရှန်မိုအပေါ်တွင် မည်သည့်အခါမှ အရှိန်အဝါ ပြလေ့မရှိပေ။ ရှန်မိုသည်လည်း မာနထောင်လွှားခြင်း မရှိချေ။ ထို့ကြောင့် သူတို့နှစ်ဦးမှာ အဆင်ပြေကြသည်။ ပိုင်ကျွယ်မှာ ရှန်မိုကို နေ့စဉ်ဘဝတွင် "ညီလေး" ဟုသာ ခေါ်လေ့ရှိ၏။

"စစ်သေနာပတိ ဝမ်နဲ့ စစ်သေနာပတိ ယဲ့တို့ ပြန်လာတာပဲ… အခြေအနေအရဆိုရင် သူတို့ နတ်ဆိုးယဇ်ပလ္လင်ကို ရှာတွေ့ခဲ့ပုံရတယ်"

ရှန်မိုမှ လေးနက်စွာ ပြောလိုက်သည်။

"ခင်ဗျားတို့ နှစ်ယောက် ခံတပ်ကို စောင့်နေကြ… ကျွန်တော် သူတို့ကို သွားကယ်လိုက်မယ်"

ရှုံလင်းနှင့် ပိုင်ကျွယ်တို့ ပြန်မပြောနိုင်ခင်မှာပင် သူ မြို့ရိုးကို အရှိန်ပြင်းပြင်းဖြင့် ကန်ကာ လျှပ်စီးလက်သကဲ့သို့ ပြေးထွက်သွားတော့သည်။

ရှုံလင်းမှ စုတ်သပ်ရင်း

"ပိုင်ကြီး… သူတစ်ယောက်တည်း သွားတာ အဆင်ပြေပါ့မလား… ဟိုမှာ နတ်ဆိုးဧကရာဇ် သုံးပါးတောင် ရှိတာ"

"အဲဒီမှာ အကွက်ဆင် စောင့်နေတဲ့ အရှင်သခင် တစ်ပါးပါး ရှိနေနိုင်တယ်လေ"

ပိုင်ကျွယ်မှ ခေါင်းခါပြသည်။

"ငါလည်း မသိဘူး… ငါတို့ သူ့ကို ကူညီဖို့ ပြင်ထားကြတာပေါ့"

"ရှုံကြီး… မင်းက သားရဲလူသား… သူက လူသားဆိုပြီးတော့တော့ လက်တွန့်မနေနဲ့ဦးနော်"

ရှုံလင်း ခေါင်းယမ်းပြလိုက်ပြီး

"စိတ်မပူပါနဲ့… ငါ ဘယ်ဟာက ပိုအရေးကြီးလဲဆိုတာ သိပါတယ်"

ရှူး!

ရှန်မိုသည် "စီပိုင်ကျွယ်" ဓမ္မရုပ်ပွားတော်ကို အသက်သွင်းကာ "ကောင်းကင်နင်း တစ္ဆေခြေလှမ်း" ကို အသုံးပြုလိုက်သည်။

ဟင်းလင်းပြင်ကို ဖြတ်ကျော်သွားသော သတ္တဝါတစ်ကောင်ကဲ့သို့ပင်။

နတ်ဆိုးမျိုးနွယ်များမှာ အဖြူရောင် အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားသည်ကိုသာ မြင်လိုက်ရသည်။ ရှန်မိုမှာတော့ မိုင်ပေါင်း တစ်ထောင်ခန့် အကွာအဝေးသို့ ချက်ချင်း ရောက်ရှိသွားပြီဖြစ်လေ၏။

"အားလုံး အတူတူ တိုက်ကြ… သူ့ကို တား”

နတ်ဆိုးဧကရာဇ် နှစ်ပါးမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး ဘယ်နှင့် ညာမှ ဝိုင်းလိုက်ကြသည်။ ထိုအခါ နတ်ဆိုးချီများ ပေါက်ကွဲထွက်လာပြီး ကြမ်းတမ်းသော နဂါးနှစ်ကောင်အသွင်ဖြင့် ပြေးဝင်လာကြသည်။

ရှန်မို၏ အမူအရာမှာတော့ မပြောင်းလဲဘဲ သူ၏လက်ထဲတွင် ခန့်ညားသော ရှေးဟောင်းလှံရှည်ကြီး တစ်စင်း ပေါ်ထွက်လာသည်။

"စမ်းချောင်းဝါ နတ်ဘုရားလှံ!"

"ငါ့လမ်းက ဖယ်စမ်း”

သူ တိုးညှင်းစွာ ဟိန်းဟောက်လိုက်ပြီး လှံရှည်ကြီးဖြင့် ထိုးနှက်လိုက်သည်။

ထိုအခါ ကြမ်းတမ်းလှသော နတ်ဆိုးနဂါးနှစ်ကောင်မှာ တစ်ချက်တည်းဖြင့်ပင် နာကျင်စွာ တွန့်လိမ်သွားပြီး ဆားနှင့်ထိသော မျှော့များကဲ့သို့ပင် တစ်လက်မချင်းစီ ကြေမွ ပျက်စီးသွားတော့လေ၏။

Chapter 519: ငါ မင်းကို မသတ်နိုင်ရင်တောင် သူတို့ကိုလည်း မင်း မကာကွယ်နိုင်ပါဘူး

နတ်ဆိုးဧကရာဇ်နှစ်ပါးစလုံး၏ မျက်နှာများမှာ ရုတ်တရက် ဖြူဖျော့သွားကြသည်။ သူတို့၏ ကျင့်ကြံမှုမှာ နိမ့်လှသည်တော့ မဟုတ်ပေ။ နတ်ဆိုးဧကရာဇ်အဆင့်၏ အလယ်အလတ်အဆင့်သို့ပင် ရောက်ရှိနေကြပြီ ဖြစ်သည်။ ခုနက တိုက်ကွက်မှာ သူတို့၏ အစွမ်းကုန် အားစိုက်ထားသော တိုက်ကွက်ဖြစ်သော်လည်း ရှန်မိုမှ လှံတစ်ချက်တည်းဖြင့် ချေဖျက်ပစ်နိုင်ခဲ့သည်လား။

"မင်းတို့နှစ်ယောက်လည်း ငါ့လမ်းက ဖယ်စမ်း"

ရှန်မိုမှ လက်တစ်ချက် ဝေ့ယမ်းလိုက်ရာ သူ၏ လက်ဖဝါးထဲတွင် နောက်ထပ် "စမ်းချောင်းဝါ နတ်ဘုရားလှံ" တစ်စင်း ထပ်မံ ဖြစ်ပေါ်လာသည်။ သူ၏ ညာဘက်လက်မောင်း ကြွက်သားများမှာ ဖောင်းတက်လာပြီး ပေါက်ကွဲအားပြင်းသော စွမ်းအားများ တိုးလျှံလာခဲ့၏။ နတ်ဘုရားလှံသည် အသက်ကို ခြွေယူမည့် လျှပ်စီးလက်သကဲ့သို့ လေထုကို ဖောက်ထွင်း၍ ပြေးဝင်သွားတော့သည်။

နတ်ဆိုးဧကရာဇ်များ၏ မျက်နှာတွင် အံ့ဩမှုများ မရှိတော့ဘဲ ကြောက်ရွံ့မှုများသာ အစားထိုးဝင်ရောက်လာသည်။ ဤမျှ တိုတောင်းသော အချိန်အတွင်းမှာပင် ဒုတိယမြောက် အားပြင်းသော တိုက်ကွက်ကို ထပ်မံ ထုတ်ဖော်နိုင်သည့် လူသားတစ်ဦးကို သူတို့ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်လေ၏။ ပုံမှန်အားဖြင့် အဆင့်မြင့် တိုက်ကွက်များကို အဆက်မပြတ် အသုံးမပြုနိုင်ကြသည် မဟုတ်ပါလား။ သို့သော် ရှန်မိုအတွက်မူ ထိုစည်းမျဉ်းမှာ အကျုံးမဝင်သကဲ့သို့ပင်။

"မြန်မြန်ရှောင်”

ဘယ်ဘက်မှ နတ်ဆိုးဧကရာဇ် လှမ်းအော်ဟစ်လိုက်သည်။ နတ်ဆိုးဧကရာဇ်နှစ်ပါးမှာ ဘယ်နှင့် ညာသို့ အသည်းအသန် ရှောင်တိမ်းကြသော်လည်း စမ်းချောင်းဝါလှံမှာ တစ်လှမ်း ပို၍ မြန်ဆန်နေခဲ့သည်။ ထို့နောက် တစ်ချက်တည်းဖြင့်ပင် ၎င်းမှာ နတ်ဆိုးဧကရာဇ်တစ်ပါး၏ ဘယ်ဘက်ခြမ်းနှင့် အခြားတစ်ပါး၏ ညာဘက်ခြမ်းတို့ကို ဖောက်ထွင်းသွားခဲ့သည်။ သူတို့ အသံတစ်ချက် ထွက်သွားပြီးသည်နှင့် ခန္ဓာကိုယ် ထက်ဝက်ခန့်မှာ သွေးနှင့် အသားများအဖြစ် ပေါက်ကွဲထွက်သွားတော့သည်။ သူတို့၏ ခန္ဓာကိုယ်များမှာ ကောင်းကင်ယံမှ မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး အောက်ရှိ နတ်ဆိုးစစ်သည်များအပေါ်သို့ ပိကျသွားသည်။ နတ်ဆိုးငယ်များစွာမှာ အော်ဟစ်ရန်ပင် အချိန်မရလိုက်ဘဲ အသားဖတ်များအဖြစ် ကြေမွသွားကြတော့၏။

လမ်းပိတ်ထားသော "စစ်မှန်သော နတ်ဆိုးသခင်" များမှာလည်း ထိတ်လန့်တုန်လှုပ်ကုန်ကြသည်။

ထိုသူတို့မှာ နတ်ဆိုးဧကရာဇ်များ ဖြစ်ကြသော်လည်း ဤမျှလွယ်လွယ်နှင့် ပြင်းထန်စွာ ဒဏ်ရာရသွားခဲ့ကြသည်လား။

အကယ်၍ သူတို့သာ ဤဓမ္မရုပ်ပွားတော်အဆင့် ပညာရှင်၏ လမ်းကို ပိတ်မိပါက ဒဏ်ရာရရုံနှင့် ပြီးမည်မဟုတ်ဘဲ ဤနေရာမှာတင် မြေမြှုပ်ခံရပေလိမ့်မည်။

ဘာတစ်ခုမှပင် ကျန်ရစ်တော့မည် မဟုတ်ပေ။

စစ်မှန်သော နတ်ဆိုးများသည် နတ်ဆိုးငယ်များနှင့် မတူကြချေ။ နတ်ဆိုးငယ်များမှာ မိုက်မဲစွာ တိုးဝင်ပြီး အသေခံကြသော်လည်း စစ်မှန်သော နတ်ဆိုးများမှာမူ မလုပ်ဆောင်မီ အမြဲတမ်း တွက်ချက်တတ်ကြကာ သက်ရှိသတ္တဝါတိုင်းတွင် ရှိအပ်သော ခံစားချက်များ ရှိကြသည်။

"ဖယ်စမ်း"

ရှန်မို တိုးညှင်းစွာ ဟိန်းဟောက်လိုက်ရာ သူ၏ အသံမှာ ဒီရေလှိုင်းကြီးတစ်ခုကဲ့သို့ လိမ့်တက်လာခဲ့သည်။ ၎င်းဖြတ်သန်းသွားရာ နေရာတိုင်းရှိ စစ်မှန်သော နတ်ဆိုးသခင်များမှာ ကြောက်ရွံ့စွာ ဦးညွှတ်ပြီး လမ်းဖယ်ပေးလိုက်ကြ၏။ မိုက်မဲသော နတ်ဆိုးငယ် အနည်းငယ်မှာ သူ့ကို တိုက်ခိုက်ရန် ကြိုးစားကြသော်လည်း ထိုဟိန်းဟောက်သံအောက်မှာပင် သူတို့၏ အသားများမှာ တစ်လက်မချင်းစီ ကွာကျသွားပြီး အရိုးစုများသာ ကျန်ရစ်တော့သည်။

ကျယ်ပြောလှသော စစ်တလင်းရှိ သန်းနှင့်ချီသော နတ်ဆိုးများထဲတွင် တစ်ဦးတစ်ယောက်မျှ ရှန်မို၏ လမ်းကို မပိတ်ရဲကြတော့ပေ။

ဝမ်ရှင်းအန်းနှင့် ယဲ့ယန်တို့မှာ ရှန်မို ပြေးဝင်လာသည်ကို မြင်သောအခါ မျက်နှာများမှာ ဝမ်းသာအားရ ဖြစ်သွားကြ၏။ ယဲ့ယန်သည် ရှန်မိုကို မနှစ်သက်သော်လည်း ဤအခိုက်အတန့်တွင် ရှန်မို သူ့ကို ကယ်တင်ရန် လာနေခြင်းဖြစ်ရာ သူလည်း ပျော်ရွှင်မိပါသည်။

ဝမ်ရှင်းအန်းအတွက်မူ ပြောနေစရာပင် မလိုတော့ပေ။ သူသည် ရှန်မို၏ လူတစ်ယောက်အဖြစ် သူ့ကိုယ်သူ သတ်မှတ်ထားသည်မှာ ကြာပြီဖြစ်သည်။

"ရှန်မို… ငါတို့နောက်မှာ နောက်ထပ် နတ်ဆိုးဧကရာဇ်တစ်ပါး ကျန်သေးတယ်”

ဝမ်ရှင်းအန်းမှ အော်ပြောလိုက်သည်။

ရှန်မိုက ခေါင်းငြိမ့်ပြကာ

"သိပါတယ်… ခင်ဗျားတို့ နှစ်ယောက် အရင်သွားနှင့်ကြ"

နောက်တစ်စက္ကန့်တွင် သူ၏ အရှိန်မှာ ပေါက်ကွဲထွက်လာပြီး ဝမ်ရှင်းအန်းနှင့် ယဲ့ယန်တို့ကို ဖြတ်ကျော်ကာ အန်းကျန့်လုံဆီသို့ တန်းတန်းမတ်မတ် ဦးတည်လိုက်သည်။

အန်းကျန့်လုံမှ ဟိန်းဟောက်လိုက်သည်။

"ရှန်မို… မင်း နောက်တစ်ခါ ထပ်ပေါ်လာပြန်ပြီလား… မင်း သေရမယ်… လူသားတွေ အားလုံး သေသင့်တယ်"

သူ သူ၏ ရင်ဘတ်ကို ထုလိုက်ရာ ပါးစပ်မှ သွေးများပင် အရူးအမူး ပန်းထွက်လာသည်။ ထို့နောက် ချက်ချင်းပင် နတ်ဆိုးချီများမှာ သူ၏ ပတ်ပတ်လည်တွင် မီးတောက်များကဲ့သို့ တဟုန်းဟုန်း တောက်လောင်လာပြီး ကောင်းကင်ယံအထိ မြင့်တက်သွားတော့၏။

တကယ့်ကို ကြောက်စရာကောင်းလှသော မြင်ကွင်းပင်။

"ငါ မင်းကို မသတ်နိုင်ရင်တောင် သူတို့ကိုလည်း မင်း ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး”

အန်းကျန့်လုံလည်း ရူးသွပ်စွာ ဟိန်းဟောက်လိုက်သည်။ သူ၏ ထွားကြိုင်းသော ခန္ဓာကိုယ်မှာ မျက်ဝါးထင်ထင်ပင် ပိန်လှီသွားသော်လည်း သူ၏ ပတ်ပတ်လည်ရှိ နတ်ဆိုးချီများမှာမူ ပို၍ပင် ပြင်းထန်လာခဲ့သည်။ သူသည် ဝမ်ရှင်းအန်းနှင့် ယဲ့ယန်တို့ကို သတ်ရန်အတွက် သူ၏ အနာဂတ် ပါရမီအားလုံးကို ယဇ်ပူဇော်နေခြင်း ဖြစ်သည်။

"မကောင်းဆိုးဝါး ဝိညာဉ်တစ်သန်း!"

အန်းကျန့်လုံ အော်ဟစ်လိုက်သည်။

ထိုအခါ နတ်ဆိုးချီများမှာ မရေမတွက်နိုင်သော မကောင်းဆိုးဝါး ဝိညာဉ်များအဖြစ် စုစည်းသွားပြီး ရှန်မို၊ ဝမ်ရှင်းအန်းနှင့် ယဲ့ယန်တို့ဆီသို့ လှိုင်းလုံးကြီးများကဲ့သို့ ပြေးဝင်သွားတော့သည်။ ထိုရက်စက်ကြမ်းကြုတ်သော ဝိညာဉ်များသည် သွေးပျက်ဖွယ် ရယ်မောသံများနှင့်အတူ ခုန်အုပ်လာကြ၏။ အဝေးမှ အခြေစိုက်စခန်းရှိ နတ်ဆိုးနှိမ်နင်းရေး အစောင့်များပင်လျှင် အရိုးထဲအထိ စိမ့်ဝင်သော အအေးဓာတ်ကို ခံစားလိုက်ရသည်။

"အဲဒီတိုက်ကွက်က တကယ်ကို အားပြင်းတာပဲ… အဲဒီ နတ်ဆိုးဧကရာဇ်က ဒါကို ထုတ်ဖော်ဖို့ သူ့ရဲ့ သွေးအဆီအနှစ်အားလုံးကို သုံးလိုက်ပုံရတယ်"

"သူက ဗိုလ်ချုပ်ရှန်တို့ အားလုံးကို အဲဒီတိုက်ကွက်နဲ့ လွှမ်းခြုံထားတာ… အကယ်၍ ဗိုလ်ချုပ်ရှန်က သူ့ကိုယ်သူပဲ ကာကွယ်မယ်ဆိုရင် စစ်သေနာပတိ ဝမ်နဲ့ စစ်သေနာပတိ ယဲ့တို့ကို ကြည့်ရှုဖို့ အချိန်ရမှာ မဟုတ်ဘူး"

"တောက်… အဲဒီ နတ်ဆိုးဧကရာဇ်က တကယ့်ကို ရက်စက်တာပဲ… ဒီတိုက်ကွက်က အရမ်းကို ယုတ်မာလွန်းတယ်"

All Chapters