အခန်း (၅၂၀-၅၂၂)
Vol. 35 Ch. 520-522
Chapter 520: ဒီအဆင့်လောက်နဲ့ ငါ့ကို တိုက်ခိုက်နိုင်မယ်ထင်နေလား
အန်းကျန့်လုံသည် ရှန်မိုအနေဖြင့် မိမိကိုယ်ကိုယ် ကာကွယ်ရန်သာ အာရုံစိုက်ရမည်ဖြစ်ပြီး ဝမ်ရှင်းအန်းနှင့် ယဲ့ယန်တို့ကို လှည့်ကြည့်နိုင်တော့မည်မဟုတ်ဟု သေချာပေါက် အပိုင်တွက်ထားခြင်း ဖြစ်လေသည်။ အကယ်၍ ထိုသို့သာဖြစ်ခဲ့လျှင် သူ ဝမ်ရှင်းအန်းနှင့် ယဲ့ယန်တို့ နှစ်ယောက်လုံးကို သတ်ဖြတ်ပြီး သူ၏ ရည်မှန်းချက်ကို အောင်မြင်နိုင်ပေလိမ့်မည်။
"နတ်ဆိုးဖခင်… ကျွန်တော် တာဝန်ကို အဆုံးထိ မထမ်းဆောင်နိုင်ခဲ့သလို ယဇ်ပလ္လင်ရဲ့ လုံခြုံရေးကိုလည်း မကာကွယ်နိုင်ခဲ့ဘူး… ဒါပေမဲ့ ဒီလူသားနှစ်ယောက်ကိုတော့ သူတို့ရဲ့ အသက်နဲ့ ပြန်ပေးဆပ်စေရမယ်… သူတို့သာ သေသွားရင် နတ်ဆိုးနှိမ်နင်းရေး အစောင့်တွေက ယဇ်ပလ္လင်ရဲ့ တည်နေရာအတိအကျကို ဘယ်တော့မှ ရှာတွေ့မှာ မဟုတ်တော့ဘူး”
အန်းကျန့်လုံမှာ တာဝန်ကျေပွန်သွားသည့် ခံစားချက်မျိုးဖြင့် ထူးဆန်းစွာ ရယ်မောလိုက်သည်။
ဝမ်ရှင်းအန်းသည် သူတို့ထံသို့ တိုးဝင်လာနေသည့် အဆုံးမရှိသော ရက်စက်ကြမ်းကြုတ်သည့် မကောင်းဆိုးဝါး ဝိညာဉ်လှိုင်းလုံးကြီးကို ကြည့်ပြီး မျက်နှာတစ်ခုလုံး ဖြူဖျော့သွားတော့၏။ ထိုမကောင်းဆိုးဝါး ဝိညာဉ်တစ်ခုချင်းစီတိုင်းမှာ သူနှင့် တန်းတူအဆင့်ရှိကြောင်း သူ ခံစားမိနေသည်။ ယခုအခါ ကောင်းကင်ယံတွင် ထိုဝိညာဉ်ပေါင်း သိန်းနှင့်ချီ၍ ရှိနေသည်။ ရှန်မို သူ့ကို ကူညီချင်လျှင်ပင် နေရာအနှံ့ကို ခြုံငုံကာ ထိုမကောင်းဆိုးဝါး ဝိညာဉ်အားလုံးကို သတ်ပစ်ရန်မှာ မဖြစ်နိုင်သလောက်ပင်။
ယဲ့ယန်သည်လည်း ထိုမြင်ကွင်းကြောင့် စိတ်ထဲမှ တုန်လှုပ်နေမိ၏။ သူ ရှန်မိုကိုသာ မျက်စိရှေ့မှ ပျောက်ကွယ်သွားစေချင်နေသည်။
'ဘာလို့ တခြားသူတစ်ယောက်ယောက်က ငါတို့ကို လာမကယ်တာလဲ… ဘာလို့ မင်းမှ ဖြစ်နေရတာလဲ… မင်းသာ ပေါ်မလာဘဲ သူ့ကို ဒီလောက်အထိ အကျပ်မကိုင်ခဲ့ရင် နတ်ဆိုးဧကရာဇ်က ဒီလို အသေခံတိုက်ကွက်မျိုး သုံးပါ့မလား’
ယဲ့ယန်၏ စိတ်ထဲတွင် နာကျည်းမှုများ ပြည့်နှက်နေသည်။ သူ၏ အမြင်တွင် ယခုသူကြုံတွေ့နေရသည့် ဘေးဒုက္ခအားလုံးမှာ ရှန်မို၏ အမှားသာဖြစ်သည်။ ရှန်မိုသည် နတ်ဆိုးဧကရာဇ်ကို အစွမ်းကုန်တိုက်ခိုက်ရန် ရည်ရွယ်ချက်ရှိရှိ ဖိအားပေးပြီး ရန်သူ့လက်ကို အသုံးပြုကာ သူ့ကို သတ်ရန် ကြံစည်နေသလားဟုပင် သူ သံသယဝင်မိသည်။
သူ ထွက်ပြေးနိုင်မည့် ဝှက်ဖဲတစ်ခု ရှိသော်လည်း ၎င်းမှာ 'လင်းဟူ' ကို ယဇ်ပူဇော်ရမည် ဖြစ်သည်။ လင်းဟူမှာ စိတ်ဝိညာဉ်လက်နက်တစ်ခုဖြစ်ပြီး သူ၏ ကျင့်ကြံမှုကို အထောက်အကူပြုသည့်အပြင် ကိုယ်ခံပညာနှင့် နည်းစနစ်များကို ပိုမိုနက်ရှိုင်းစွာ နားလည်စေရန် ကူညီပေးသူဖြစ်သည်။ လင်းဟူကို အလွယ်တကူ စွန့်လွှတ်လိုက်ခြင်းမှာ မိမိ၏ အနာဂတ်ပါရမီကို စတေးလိုက်ခြင်း ဖြစ်သဖြင့် နှမြောစရာကောင်းလှ၏။
လင်းတုန်းထျန်းသည်လည်း သေဘေး၏ ခြိမ်းခြောက်မှုကို ခံစားနေရသည်။
သူ ထ၍ ဟိန်းဟောက်လိုက်သည်။
"ထပ်ပြီး မစဉ်းစားနေနဲ့တော့… လင်းဟူက အသေခံဖို့ အသင့်ပဲ… ငါတို့ အသက်ရှင်နေသရွေ့ အနာဂတ်အတွက် မျှော်လင့်ချက် ရှိသေးတယ်… အသက်ရှင်နေမှပဲ နောက်တစ်ကြိမ် ထပ်ကြိုးစားလို့ ရမှာ”
ယဲ့ယန် အံကို တင်းတင်းကြိတ်လိုက်သည်။ ထိုစဉ်မှာပင် တည်ငြိမ်သော အသံတစ်သံ ထွက်ပေါ်လာ၏။
"ဒီလောက်အဆင့်ပဲရှိတဲ့ နတ်ဆိုးအတတ်နဲ့ ငါ့ကို နာကျင်အောင် လုပ်နိုင်မယ်လို့ တကယ်ပဲ ထင်နေတာလား"
ဝမ်ရှင်းအန်းနှင့် ယဲ့ယန်တို့ နှစ်ဦးစလုံး ထိုအသံရှင်ရှိရာသို့ အံ့အားသင့်စွာ လှမ်းကြည့်လိုက်ကြသည်။ ထိုသူမှာ ရှန်မိုပင် ဖြစ်၏။ ယခုအခါ အန်းကျန့်လုံ၏ ခန္ဓာကိုယ်မှာ ခြောက်ကပ်နေသော ဘူးသီးခြောက်ကြီးကဲ့သို့ ဖြစ်နေပြီး လေထဲတွင်ပင် မနည်း တောင့်ခံနေရသည်။ သို့သော် သူ ရှန်မိုကို "မင်းက ဘာတွေကို ဒီလောက် ယုံကြည်မှု လွန်ကဲနေတာလဲ" ဟု မေးနေသည့်အလား ဇဝေဇဝါ အမူအရာဖြင့် ကြည့်နေဆဲပင်။
"စွေ့ရှင်း… ထိုက်အာ... သူတို့ကို ကာကွယ်လိုက်"
ရှန်မိုမှ အသာအယာ ညွှန်ကြားလိုက်သည်။
ထိုအခါ သူ၏ သိုလှောင်လက်စွပ်အတွင်းမှ ဓားကျမ်းလိပ်တစ်ခုနှင့် ချပ်ဝတ်တန်ဆာတစ်ခု ပျံထွက်လာပြီး ယဲ့ယန်နှင့် ဝမ်ရှင်းအန်းတို့ဆီသို့ ပြေးဝင်သွားသည်။ ထို့နောက် လက်နက်ဝိညာဉ် နှစ်ခု ပေါ်လာသည်။ တစ်ဦးမှာ ရုပ်ဆိုးသော ကလေးငယ်တစ်ဦးဖြစ်ပြီး အခြားတစ်ခုမှာ ပျံသန်းနေသော ဓားငယ်လေး တစ်စင်းဖြစ်သည်။
ထိုက်အာသည် ထိုက်ယီနတ်ဆိုးချပ်ဝတ်ကို ထိန်းချုပ်ကာ ဝမ်ရှင်းအန်းကို ချက်ချင်းပင် ချပ်ဝတ်အတွင်း ဖုံးအုပ်လိုက်သည်။ ဝမ်ရှင်းအန်းမှ ကျေးဇူးတင်စကား ပြောရန် ပြင်လိုက်စဉ်မှာပင် ထိုက်အာက မြှူဆွယ်သော အသံဖြင့် ပြောလိုက်သည်။
"စစ်သေနာပတိ ဝမ်… ခင်ဗျား စွမ်းအားကို လိုချင်လား"
ဝမ်ရှင်းအန်း စွံ့အသွား၏။
"..."
အနီးအနားတွင် စွေ့ရှင်းမှ လေထဲ၌ စာသားတစ်ကြောင်း ရေးလိုက်သည်။
"စိတ်မပူပါနဲ့… ဖေဖေက ရှင့်ကို ဘေးကင်းအောင် စောင့်ရှောက်ဖို့ မှာထားတယ်… အရာအားလုံး အဆင်ပြေသွားမှာပါ… ဒီမကောင်းဆိုးဝါး ဝိညာဉ်တွေက ကြည့်ရတာ ကြောက်စရာကောင်းပေမဲ့ တကယ်တော့ ဘာမှ မဟုတ်ပါဘူး"
စွေ့ရှင်း ရေးသားပြီးသည်နှင့် "ကောင်းကင်ဖြိုခွင်းဓားကျမ်း" မှ မည်းနက်သော ဓားချီတစ်ချက် ထွက်ပေါ်လာပြီး တိုးဝင်လာသော မကောင်းဆိုးဝါး ဝိညာဉ်တစ်ခုကို ထက်ပိုင်းဖြတ်ပစ်လိုက်သည်။ ထိုသတ္တဝါမှာ စူးစူးဝါးဝါး အော်ဟစ်ကာ ကြေမွပျက်စီးသွားပြီး လုံးဝ ပျောက်ကွယ်သွားတော့သည်။
ယဲ့ယန်မှာ အကြီးအကျယ် တုန်လှုပ်သွားရလေ၏။
ဒါက ဘာလဲ။
လက်နက်ဝိညာဉ်တွေလား။
လက်နက်ဝိညာဉ် ထွက်ပေါ်လာနိုင်သည့် စိတ်ဝိညာဉ်လက်နက်မျိုးမှာ ကောင်းကင်အဆင့် လက်နက်ဖြစ်ရမည်။ ရှန်မိုက ကောင်းကင်အဆင့် လက်နက်နှစ်ခုကို တစ်ပြိုင်နက် ထုတ်ပြလိုက်သည့်အပြင် နှစ်ခုလုံးမှာ လက်နက်ဝိညာဉ်များ ရှိနေကြသည်။
အံ့ဩစရာပင်!
လင်းတုန်းထျန်းမှ မနေနိုင်ဘဲ ပြောလိုက်သည်။
"ရှန်မိုရဲ့ ကံတရားက တကယ့်ကို မယုံနိုင်စရာပဲ… ငါတို့ဆိုရင် ကောင်းကင်အဆင့် လက်နက် တစ်ခုတောင် မရဖူးဘူး… သူကတော့ နှစ်ခုတောင် ရှိနေတာ… နှစ်ခုလုံးမှာလည်း လက်နက်ဝိညာဉ်တွေ ရှိနေသေးတယ်”
ယဲ့ယန်မှာ တိုးတိုးလေး ရေရွတ်လိုက်သည်။
"သူ ဘာလို့ ဒီလောက် ကြောက်ရွံ့မှု ကင်းနေတာလဲ ဆိုတာ မဆန်းတော့ဘူး… သူက အစကတည်းက ပြင်ဆင်ထားတာပဲ"
မရေမတွက်နိုင်သော နတ်ဆိုးများနှင့် နတ်ဆိုးနှိမ်နင်းရေး အစောင့်များ၏ အကြည့်အောက်တွင် ရှန်မိုတစ်ယောက် အန်းကျန့်လုံကို ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်
"ကဲ... အခု မင်းအလှည့်ပဲ"
Chapter 521: နတ်ဆိုးဧကရာဇ်သတ်ရတာ မခက်ပါဘူး
အန်းကျန့်လုံ၏ ခုနကမှ ပြေလျော့သွားသော အမူအရာမှာ ရုတ်တရက် ပြန်လည် တင်းမာသွားတော့သည်။
'လက်နက်ဝိညာဉ်လား… ပြီးတော့ ဒီလောက်တောင် အစွမ်းထက်တာလား!'
သူ လုံးဝကို အံ့အားသင့်သွားရသည်။ ဤကဲ့သို့ အခြေအနေမျိုး ဖြစ်လာလိမ့်မည်ဟု သူ လုံးဝ မမျှော်လင့်ထားခဲ့ပေ။ သို့သော် ၎င်းမှာ သူ၏ အပြစ်တော့ မဟုတ်ချေ။
မည်သို့ပင်ဖြစ်စေ ဓမ္မရုပ်ပွားတော်အဆင့် ကျင့်ကြံသူတိုင်းမှာ လက်နက်ဝိညာဉ်ပါရှိသော ကောင်းကင်အဆင့် စိတ်ဝိညာဉ်လက်နက် နှစ်ခုကို ဒီအတိုင်း သာမန်ကာလျှံကာ ထုတ်သုံးနိုင်စွမ်း မရှိကြပေ။ ဤကဲ့သို့ အတွေ့အကြုံမျိုး မရှိသဖြင့် သူ မှားယွင်းတွက်ချက်မိသွားခြင်း ဖြစ်သည်။
"မကောင်းဆိုးဝါး ဝိညာဉ်များ ခန္ဓာကိုယ်ကို ဝါးမြိုစမ်း”
အန်းကျန့်လုံမှ ဟိန်းဟောက်လိုက်ပြီး သူ၏ ခန္ဓာကိုယ်အတွင်းရှိ နောက်ဆုံးလက်ကျန် နတ်ဆိုးချီများကို ညှစ်ထုတ်ကာ မကောင်းဆိုးဝါး ဝိညာဉ်မုန်တိုင်းကြီးကို ရှန်မိုဆီသို့ ဦးတည်စေလိုက်သည်။
ထိုအခါ တစ်ခဏချင်းမှာပင် ကောင်းကင်ယံတစ်ခုလုံး၌ အဆုံးမရှိသော ရက်စက်ကြမ်းကြုတ်သည့် မကောင်းဆိုးဝါး ဝိညာဉ်များဖြင့် ပြည့်နှက်သွားတော့သည်။ တစ္ဆေများ၏ ငိုကြွေးအော်ဟစ်သံများ လွှမ်းမိုးသွားပြီး ၎င်းတို့မှာ သူတို့၏ အစွယ်များကို ထုတ်ပြနေကြသည်။ ရှန်မို၏ ဝိညာဉ်ကို အပိုင်းပိုင်း ဆွဲဖြဲပစ်ပြီး ထာဝရ ငြိမ်းချမ်းမှု မရနိုင်အောင် လုပ်ဆောင်တော့မည့်အလားပင်။
"ဒါကို ငါ စောင့်နေတာ"
"ချီထျန်းမျက်လုံး ဓမ္မရုပ်ပွားတော်!"
"ကွမ်းခွန်း သွေးဝိညာဉ်အလင်းတန်း!"
ရှန်မိုမှာ ဘာအကြောက်အလန့်မျှ မရှိပေ။
သူ တိုးညှင်းစွာ ဟိန်းဟောက်လိုက်သောအခါ "ကောင်းကင်ဖွင့်ဓား" နှင့် "မြေကမ္ဘာခွဲချပ်ဝတ်" တို့မှ သွေးအဆီအနှစ်နှင့် စိတ်ဝိညာဉ်စွမ်းအားများ ပေါက်ကွဲထွက်လာသည်။ တစ်ပြိုင်နက်တည်းမှာပင် ချီထျန်းမျက်လုံး ဓမ္မရုပ်ပွါးတော်လည်း ပေါ်ထွက်လာခဲ့၏။ လောကရှိ အရာအားလုံးမှာ နှေးကွေးသွားသလို ခံစားရပြီး သူ၏ မျက်လုံးထဲတွင် မည်သည့်အရာမှ ဖုံးကွယ်ထား၍ မရနိုင်တော့ပေ။ ဤမျှ တိကျသော ထိန်းချုပ်မှုဖြင့် သွေးအဆီအနှစ်နှင့် ဝိညာဉ်စွမ်းအားတို့မှာ မပင်မပန်းဘဲ တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားကြသည်။
ခွဲခြား၍မရအောင် ပြည့်စုံစွာ ပေါင်းစည်းသွားခြင်းပင်။
ခဏချင်းမှာပင် ရှန်မို၏ လက်ဖဝါးမှ အလင်းတန်းတစ်ခု ပွင့်ထွက်လာသည်။ မရေမတွက်နိုင်သော နတ်ဆိုးများနှင့် နတ်ဆိုးနှိမ်နင်းရေး အစောင့်များသည် ထိုမြင်ကွင်းကို ကြည့်ရင်း မိန်းမောသွားကြတော့၏။ ဝေါကနဲ မြည်သံနှင့်အတူ!
ဤအလင်း၏ အရောင်မှာ အလွန်ပင် ထူးဆန်းလှသည်။ ၎င်းမှာ ကောင်းကင်အောက်ရှိ အရာခပ်သိမ်းကို ရောင်ပြန်ဟပ်နေသယောင် ရှိသည်။ သက်ရှိအပေါင်းတို့၏ ရုပ်လွှာပေါင်းစုံကို မြင်နေရသလိုပင်။
ထိုအရာအတွင်း၌ ကြီးမားထက်မြက်သော စွမ်းအားများ ပါဝင်နေသည်။ သို့သော် ၎င်းမှာ လုံးဝ မတည်ငြိမ်ဘဲ ကြမ်းတမ်းရှုပ်ထွေးနေသည်။ တို့ထိလိုက်ရုံမျှဖြင့် အရာအားလုံးကို ဖုန်မှုန့်အဖြစ် ပေါက်ကွဲပျက်စီးစေမည့်အလား ခံစားရစေ၏။
"သွားစမ်း!"
ရှန်မိုမှ တိုးညှင်းစွာ အော်ဟစ်လိုက်ပြီး ကွမ်းခွန်း သွေးဝိညာဉ်အလင်းတန်းကို ရှေ့သို့ လွှတ်လိုက်သည်။ အစပိုင်းတွင် သူ၏ အရှိန်မှာ အလွန်ပင် နှေးကွေးနေသယောင် ထင်ရသည်။ သို့သော် သေချာကြည့်လျှင်မူ ၎င်းမှာ စိတ်ကူး၍မရနိုင်လောက်အောင် လျင်မြန်လှလေ၏။ တစ်ခါတစ်ရံ မြန်လိုက်၊ တစ်ခါတစ်ရံ နှေးလိုက်နှင့် ဆန့်ကျင်ဘက်ဖြစ်ကာ ခန့်မှန်းရခက်လှသည်။ မရေမတွက်နိုင်သော မကောင်းဆိုးဝါး ဝိညာဉ်များနှင့် ရက်စက်လှသော ဝိညာဉ်တစ်သန်းတို့မှာ ကွမ်းခွန်း သွေးဝိညာဉ်အလင်းတန်း၏ လွှမ်းခြုံမှုကို ချက်ချင်း ခံလိုက်ရသည်။
ဝုန်း!
မကောင်းဆိုးဝါး ဝိညာဉ်များထံမှ နာကျင်စွာ အော်ဟစ်သံများ ထွက်ပေါ်လာသည်။ ကွမ်းခွန်း သွေးဝိညာဉ်အလင်းတန်း ဖြတ်သန်းသွားရာ နေရာတိုင်းတွင် ထိုဝိညာဉ်များသည် နေရောင်အောက်ရှိ နှင်းလူရုပ်များကဲ့သို့ပင် အရည်ပျော်သွားပြီး ဘာအရိပ်အယောင်မျှ မကျန်ဘဲ ပျောက်ကွယ်သွားတော့သည်။ ပို၍ ကြောက်စရာကောင်းသည်မှာ ၎င်းတွင် ခုခံ၍မရသော ဆွဲငင်အားတစ်ခု ရှိနေခြင်းပင်။
မကောင်းဆိုးဝါး ဝိညာဉ်အချို့မှာ ထွက်ပြေးရန် ကြိုးစားကြသော်လည်း မလွတ်မြောက်နိုင်ကြပေ။ သူတို့သည် ကွမ်းခွန်း သွေးဝိညာဉ်အလင်းတန်း၏ အရည်ပျော်ခြင်း ခံရသည်ကိုသာ ကြည့်နေကြရတော့သည်။
အန်းကျန့်လုံ၏ မျက်လုံးများ ပြူးကျယ်သွား၏။ သူ မြင်နေရသည်ကို လုံးဝ လက်မခံနိုင်ပေ။
သူသည် သွေးအဆီအနှစ်အားလုံးကို အသုံးပြုပြီး သူ၏ အသန်မာဆုံး တိုက်ကွက်ကို ထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။
သို့ပါလျက်နှင့် ရန်သူက ဤမျှ လွယ်လွယ်ကူကူ ချေဖျက်ပစ်လိုက်သည်လား။
"ကဲ... အခု မင်းအလှည့်ပဲ"
ရှန်မို၏ အကြည့်မှာ အလွန် တည်ငြိမ်နေသည်။ သူ၏ လက်ဖဝါးကို လှည့်လိုက်သောအခါ ရှေးဟောင်းဆန်ပြီး အတိုင်းအဆမဲ့သော ဓားတစ်စင်း ပေါ်လာသည်။ ၎င်းမှာ "ဟင်းလင်းပြင် ရှေးဟောင်းဓား" ပင် ဖြစ်သည်။
"သွားစမ်း”
ခဏချင်းမှာပင် ဟင်းလင်းပြင် ရှေးဟောင်းဓားကို လေထုကို ဖြတ်သန်း၍ ပစ်လွှတ်လိုက်သည်။ တစ်စက္ကန့်တွင် ရှန်မို၏ လက်ထဲ၌ ရှိနေပြီး နောက်တစ်စက္ကန့်တွင်မူ အန်းကျန့်လုံ၏ ရှေ့တည့်တည့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ထိုနတ်ဆိုးဧကရာဇ်မှာ တုံ့ပြန်ရန် အချိန်မရလိုက်မီမှာပင် ဟင်းလင်းပြင် ရှေးဟောင်းဓားသည် သူ၏ ရင်ဘတ်ကို တည့်တည့်မတ်မတ် ဖောက်ထွင်းသွားတော့သည်။ သူ၏ နတ်ဆိုးနှလုံးသားမှာ ချက်ချင်းပင် အပြင်သို့ ဆွဲထုတ်ခြင်း ခံလိုက်ရ၏။ နတ်ဆိုးသွေးများသည်လည်း ရေပန်းတစ်ခုကဲ့သို့ ပန်းထွက်လာပြီး မီတာ တစ်ရာခန့်အထိ စီးကျလာခဲ့သည်။
"ဒီလောက်တောင် မြန်တာလား… သူ့ကို သတ်ရတာ ဝက်တွေ၊ ခွေးတွေကို သတ်ရသလိုပဲ ဘာမှ မခက်ဘူး"
ဝမ်ရှင်းအန်းမှ အံ့အားသင့်စွာဖြင့် မှတ်ချက်ပေးလိုက်သည်။
စွေ့ရှင်း၏ ဘေးတွင် လွင့်မျောနေသော စာသားတစ်ကြောင်း ပေါ်လာသည်။
"ဟဲဟဲ… ဒါ သမီး ဖေဖေလေ… ဘယ်လိုလုပ် အားမကြီးဘဲ နေမှာလဲ"
"ဟင်… အဲဒီ နတ်ဆိုးဧကရာဇ်ရဲ့ အလောင်းက ဘာလို့ မြေပြင်ပေါ် မကျဘဲ လေထဲမှာ ဝဲနေတာလဲ… ထူးဆန်းလိုက်တာ"
ဝမ်ရှင်းအန်းမှာ တစ်စုံတစ်ခု ထူးခြားနေသည်ကို သတိပြုမိလိုက်သည်။ သူတစ်ယောက်တည်း မဟုတ်ပေ။ နတ်ဆိုးနှိမ်နင်းရေး အစောင့်များနှင့် နတ်ဆိုးများပါ တစ်ခုခု မှားယွင်းနေကြောင်း အာရုံခံမိကြ၏။
"အဲဒါ ဘာလဲ..."
ရှန်မို၏ အစောပိုင်းတိုက်ခိုက်မှုကြောင့် ခန္ဓာကိုယ် ထက်ဝက်ခန့် ပျက်စီးနေသော နတ်ဆိုးဧကရာဇ် နှစ်ပါးမှာ နာကျင်မှုကို အံတုကာ ထရပ်လိုက်ကြပြီး အန်းကျန့်လုံ၏ အလောင်းကို စိုက်ကြည့်နေကြသည်။ သူတို့သည် ထိုအလောင်းမှ စီးထွက်လာသော နက်ရှိုင်းပြီး ရှေးဟောင်းဆန်သည့် ထူးခြားဆန်းကြယ် စွမ်းအားတစ်ခုကို အာရုံခံမိနေကြသည်။ ထိုစွမ်းအားမှာ သူတို့အတွက် ထူးဆန်းစွာပင် ရင်းနှီးနေလေ၏။ ထိုအရာမှာ... "အာဏာစက်" စွမ်းအားတစ်မျိုး ဖြစ်ပုံရသည်။
Chapter 522 : နတ်ဆိုးဧကရာဇ်ကို ငါးစာချ၍
စစ်တလင်း၏ တစ်နေရာတွင်.
အန်းကျိုးနှင့် အန်းကျန့်ခွမ်းတို့ အတူတကွ တိတ်ဆိတ်စွာ ရပ်နေကြသည်။ အန်းကျိုး၏ ပုံပန်းသဏ္ဌာန်မှာ ဧရာမ ငါးမန်းကြီးတစ်ကောင်နှင့် တူပြီး သူ၏ ဝမ်းဗိုက်တွင် ခြေလက် ရှစ်စုံ ပါရှိသည်။ သို့သော် သူသည် ခြေလက် နှစ်စုံကို ဝှက်ထားပြီး ခြောက်စုံကိုသာ ထုတ်ပြထားသည်။ သူသည် ခန္ဓာကိုယ်ကိုလည်း ရည်ရွယ်ချက်ရှိရှိဖြင့် တော်တော်လေး သေးငယ်သွားအောင် လုပ်ထားသည်။ ဤပုံစံကြောင့် သူသည် သူ၏ လက်အောက်ရှိ “ရွှေသရဖူ စစ်မှန်သော နတ်ဆိုးသခင်" များနှင့် ဘာမှမခြားတော့ပေ။ စစ်တလင်းပေါ်တွင် ထိုကဲ့သို့သော စစ်မှန်သော နတ်ဆိုးသခင်များစွာ ရှိနေသဖြင့် မည်သည့်နတ်ဆိုးကမျှ သူ့ကို သတိမထားမိကြချေ။
ထိုအချိန်တွင် အန်းကျိုး၏ လက်ဖဝါးထဲ၌ မှိန်ဖျော့ဖျော့ အနက်ရောင် မြူခိုးစိုင်တစ်ခု ရှိနေသည်။ သူ စိတ်ကူးလိုက်သည်နှင့် ၎င်းမှာ တီကောင်တစ်ကောင်ကဲ့သို့ တွန့်လိမ်လှုပ်ရှားလာ၏။ လေထုထဲတွင်လည်း အန်းကျန့်လုံ၏ အလောင်းမှ အနက်ရောင် မြူမျှင်လေးများ မှိန်ဖျော့စွာ ထွက်ပေါ်လာနေသည်။ အစပိုင်းတွင် အနည်းငယ်မျှသာ ရှိသော်လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် နွားမွေးများကဲ့သို့ များပြားလာတော့သည်။ သေချာကြည့်လျှင်မူ ၎င်းမှာ အနက်ရောင် မြူခိုးများ မဟုတ်ဘဲ မရေမတွက်နိုင်သော အနက်ရောင် ပိုးကောင်လေးများ ဖြစ်နေသည်ကို တွေ့ရမည် ဖြစ်သည်။ ၎င်းတို့မှာ တစီစီ မြည်ဟီးလျက် ပစ်မှတ်ကို ရှာဖွေနေကြသည်။
ရှန်မိုသည် အန်းကျန့်လုံ၏ အလောင်းနှင့် အနီးဆုံးနေရာတွင် ရှိနေသည်။ ထောင်နှင့်သောင်းနှင့်ချီသော အနက်ရောင်ပိုးကောင်များသည် ရှန်မိုဆီသို့ ချက်ချင်းပင် အုပ်စုလိုက် တိုးဝင်သွားကြသည်။ အန်းကျိုး ပြုံးလိုက်ပြီး
"ယုတ်ညံ့သော ကျိန်စာစွမ်းအားမှာ ပုံစံအမျိုးမျိုး ရှိတယ်… ငါ အသုံးအများဆုံး တစ်ခုကတော့ 'ကြားခံသုံး ကျိန်စာသတ်ကွက်'ပဲ… အဲဒါက ပစ်မှတ်နဲ့ ဆက်စပ်နေတဲ့ ပစ္စည်းတစ်ခုခု လိုအပ်တယ်… ကြားခံသုံး ကျိန်စာသတ်ကွက်ရဲ့ အားသာချက်က အာဏာစက် စွမ်းအား မလိုအပ်တာပဲ… အဝေးကနေ ကျိန်စာတိုက်လို့ရတယ်… တကယ့်ကို အဆင်ပြေတာ… ဒါပေမဲ့ ဒီတစ်ခေါက်ကတော့ 'ယဇ်ပူဇော် ကျိန်စာသတ်ကွက်'ပဲ"
အန်းကျန့်ခွမ်းမှာ အံ့ဩသွားပြီး
"ယဇ်ပူဇော် ကျိန်စာသတ်ကွက်လား… ဒါကို အဖေပြောတာ တစ်ခါမှ မကြားဖူးဘူး"
အန်းကျိုးမှာ ပြုံးလျက်
"ဘာလို့လဲဆိုတော့ ငါ ဒါကို လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကမှ ရှာဖွေတွေ့ရှိခဲ့ပြီး တဖြည်းဖြည်းနဲ့ ကျွမ်းကျင်အောင် လုပ်ခဲ့တာမို့လို့ပဲ… ယဇ်ပူဇော် ကျိန်စာသတ်ကွက်က ပစ်မှတ်ရဲ့ ပိုင်ဆိုင်ပစ္စည်းတွေ မလိုဘူး… ဒါပေမဲ့ ယဇ်ပူဇော်စရာတစ်ခုတော့ လိုတယ်… ယဇ်ပူဇော်တဲ့ အရာရဲ့ အရည်အသွေးနဲ့ အရေအတွက်က ကျိန်စာရဲ့ ထိခိုက်နိုင်စွမ်းကို တိုက်ရိုက် သတ်မှတ်ပေးတာ"
အန်းကျန့်ခွမ်း စဉ်းစားဟန်ဖြင့်
"ဒါဆိုရင် အကယ်၍ အဖေက နတ်ဆိုးဧကရာဇ် တစ်ပါးကို ယဇ်ပူဇော်လိုက်မယ်ဆိုရင် ကောင်းကင်အဆင့် နတ်ဆိုးနှိမ်နင်းရေး အစောင့်တစ်ယောက်ကို သေချာပေါက် ကျိန်စာတိုက် သတ်နိုင်တာပေါ့”
အန်းကျိုး အသာအယာ ခေါင်းငြိမ့်ပြလိုက်ပြီး
"အတိအကျပဲ… ပြီးတော့ အန်းကျန့်လုံကို ရှန်မိုကိုယ်တိုင် သတ်ခဲ့တာဖြစ်လို့ အန်းကျန့်လုံကို ကြားခံအနေနဲ့ သုံးပြီး ရှန်မိုကို ကျိန်စာတိုက်တာက ပိုပြီးတော့တောင် ထိရောက်ဦးမှာ… ကြည့်နေလိုက်… ရှန်မို ဒုက္ခတကယ့်ကို ရောက်စေရမယ်… ငါ လုပ်ပြမယ်"
အန်းကျန့်ခွမ်း၏ စိတ်ထဲတွင် ပို၍ပင် လေးစားသွားမိသည်။ အတိတ်ကာလက ရှန်မိုကို သတ်ရန် ကြိုးစားခဲ့ကြသော မဟာကောင်းကင်နတ်ဆိုးများ ရှိခဲ့ဖူးသော်လည်း ရှန်မိုတစ်ယောက် အမြဲတမ်း လွတ်မြောက်သွားနိုင်ခဲ့သည်။ သို့သော် ယခုမူ ဤမျှ နီးကပ်သော အကွာအဝေးတွင် နတ်ဆိုးဧကရာဇ်တစ်ပါးကို ယဇ်ပူဇော်၍ အသုံးပြုနေခြင်းဖြစ်ရာ ရှန်မိုသည် သေတာထက် ဆိုးသော ကံကြမ္မာနှင့် သေချာပေါက် ရင်ဆိုင်ရပေတော့မည်။
"အချိန်တန်ပြီ… ကျိန်စာသတ်ကွက်!"
အန်းကျိုးမှ အမိန့်ပေးလိုက်သည်။ မရေမတွက်နိုင်သော အနက်ရောင်ပိုးကောင်များသည် ရှန်မိုဆီသို့ အုပ်စုလိုက် ပြေးဝင်သွားကြတော့၏။
ရှန်မိုသည် စိတ်ဝိညာဉ်စွမ်းအားနှင့် သွေးစွမ်းအားတို့ဖြင့် ကာကွယ်ရန် ကြိုးစားသော်လည်း ထိုအနက်ရောင်ပိုးကောင်များတွင် ဒြပ်ထုမရှိသည်ကို သူ တွေ့လိုက်ရသည်။ ၎င်းတို့သည် သူ၏ ဝိညာဉ်ရေးနှင့် သွေးအခြေခံ နည်းစနစ်အားလုံးကို အလွယ်တကူ ဖြတ်ကျော်ကာ သူ့ထံသို့ တည့်တည့်မတ်မတ် လာနေကြ၏။
'ငါ့ရဲ့ သတ်မှတ်ထားတဲ့ ကံကြမ္မာမှာ ငါ့ကို အန်းကျိုးက အကွက်ဆင်တာ ခံရမယ်ဆိုတာ မဆန်းတော့ဘူးပဲ… ဒီလို ကျိန်စာမျိုးက တကယ့်ကို ကာကွယ်ရ ခက်ခဲလွန်းတယ်… ရုတ်တရက်ဆိုရင် ရှောင်တိမ်းဖို့ နည်းလမ်းကောင်း တကယ်မရှိဘူး’
ရှန်မိုသည် မရေမတွက်နိုင်သော အနက်ရောင်ပိုးကောင်များကို ရှောင်တိမ်းရင်း လျင်မြန်စွာ နောက်ဆုတ်လိုက်သည်။ မူလကံကြမ္မာတွင်မူ ဤကျိန်စာကို ခံစားရပြီးနောက် သူ၏ ကိုယ်ထဲရှိ "ကိုးဘုံငရဲရေခဲမီးတောက်" မှာ အကြီးအကျယ် အိပ်စက်သွားခဲ့ပြီး ဘယ်တော့မှ နိုးမလာတော့ပေ။ သို့သော် ယခုမူ သူ့အနေဖြင့် ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်သည်။ ကျိန်စာတိုက်ခြင်းကို ဖြေရှင်းရန်အတွက် ယုတ်ညံ့သော ကျိန်စာစွမ်းအားကို တိုက်ရိုက် တုံ့ပြန်ရန် မလိုအပ်ပေ။ ကျိန်စာတိုက်နေသူကို သတ်နိုင်သရွေ့ ကျိန်စာကိုလည်း ဖျက်ဆီးနိုင်သည်။
ယခု ရှန်မို လုပ်ရမည့်အရာမှာ မရေမတွက်နိုင်သော နတ်ဆိုးများကြားတွင် အန်းကျိုးကို ရှာဖွေရန်ပင် ဖြစ်သည်။ ဤမျှ အစွမ်းထက်သော နည်းစနစ်မျိုးကို အသုံးပြုနေသဖြင့် အန်းကျိုးသည် အနီးအနားရှိ နတ်ဆိုးစစ်တပ်ထဲတွင် တစ်နေရာရာ၌ ပုန်းအောင်းနေမည်ဖြစ်ကြောင်း သူသိသည်။
"စီပိုင်ကျွယ် ဓမ္မရုပ်ပွားတော်!"
ရှန်မိုမှ ဟိန်းဟောက်လိုက်သည်။ မြင့်မြတ်ပြီး ထူးခြားဆန်းပြားသော စီပိုင်ကျွယ် ဓမ္မရုပ်ပွားတော် ပေါ်ထွက်လာလေ၏။
ရှန်မိုသည် "ကောင်းကင်နင်း ဟင်းလင်းပြင်ခြေလှမ်း" ကို အသုံးပြုလိုက်ရာ သူ၏ ခန္ဓာကိုယ်မှာ ဝိညာဉ်ဆန်လာပြီး လျင်မြန်သော မြင်းဖြူတစ်ကောင်ကဲ့သို့ လွင့်မျောသွားတော့သည်။
မရေမတွက်နိုင်သော အနက်ရောင်ပိုးကောင်များသည် သူ့နောက်သို့ လိုက်လာကြသော်လည်း အနောက်မှသာ ကပ်လိုက်နိုင်ကြသည်။ ရှန်မိုမှာတော့ အရှိန်ကို မြှင့်တင်ကာ နတ်ဆိုးစစ်တပ်၏ အပေါ်တွင် ပတ်ပတ်လည် ပျံသန်းနေသည်။
သူသည် ရှာဖွေစမ်းသပ်နေခြင်း ဖြစ်၏။ အန်းကျိုးနှင့် ပိုနီးကပ်လေ ကျိန်စာစွမ်းအား ပိုပြင်းထန်လာလေ ဖြစ်ပြီး အနက်ရောင်ပိုးကောင်များမှာလည်း ပို၍ မြန်ဆန်လာကြသည်။ ဤနည်းဖြင့် သူသည် အန်းကျိုး ပုန်းအောင်းနေသည့် နေရာကို တဖြည်းဖြည်း ကျဉ်းမြောင်းအောင် လုပ်ဆောင်နိုင်ခဲ့လေသည်။