အခန်း (၅၂၃-၅၂၅)
Vol. 35 Ch. 523-525
Chapter 523 : တောက်… သူတွေ့သွားပြီ
ရှန်မိုသည် စစ်တလင်းကို အကြိမ်အနည်းငယ် ပတ်ပြီးနောက် အန်းကျိုးရှိနိုင်သည့် နေရာကို တဖြည်းဖြည်း ကျဉ်းမြောင်းအောင် လုပ်ဆောင်နိုင်ခဲ့လေသည်။
သူသည် အလွန်ပင် သာမန်ကာလျှံကာနိုင်လှသော စစ်မှန်သော နတ်ဆိုးတစ်ကောင်ကို သတိပြုမိလိုက်၏။ ပထမတစ်ချက်ကြည့်လျှင်မူ သူသည် အခြားသော စစ်မှန်သော နတ်ဆိုးသခင်များနှင့် ဘာမှမထူးခြားဘဲ လုံးဝကို သတိမထားမိနိုင်စရာပင်။ သို့သော် သေချာစွာ စစ်ဆေးကြည့်လိုက်သောအခါ ထိုနတ်ဆိုး၏ ကံကြမ္မာစနစ်မှာ လုံးဝကို ကွဲပြားနေသည်။ ၎င်းမှာ အမှန်စင်စစ် စတုတ္ထမြောက် မဟာကောင်းကင်နတ်ဆိုး အန်းကျိုး ပင် ဖြစ်တော့သည်။
အကယ်၍ စနစ်ကို ကြည့်နိုင်သည့် အစွမ်းမရှိလျှင်ပင် ရှန်မိုသည် ဤဧရိယာတစ်ခုလုံးကို အလွတ်မပေးဘဲ ဗုံးကြဲတိုက်ခိုက်ပြီး အန်းကျိုးကို အတင်းအကျပ် ထွက်လာအောင် လုပ်နိုင်စွမ်း ရှိပါသေးသည်။ အန်းကျိုးမှာမူ သူ၏ ရုပ်ဖျက်မှုမှာ ပြည့်စုံလှသည်ဟု ထင်မှတ်ထားသော်လည်း ရှန်မို သူ့ကို ကြိုတင်မြင်ဖူးနေသည်ဟု လုံးဝ မတွေးမိခဲ့ပေ။
"ဟိုမှာကိုး!"
ရှန်မိုမှ အော်ဟစ်လိုက်ပြီး ရုတ်တရက် "စမ်းချောင်းဝါ နတ်ဘုရားလှံ" ကို ပစ်လွှတ်လိုက်ရာ မလှမ်းမကမ်းရှိ နတ်ဆိုးအုပ်စုတစ်စုမှာ ဖုန်မှုန့်အဖြစ် ကြေမွသွားတော့သည်။
"ဒီမှာ!"
သူ နောက်ထပ် နတ်ဘုရားလှံတစ်စင်းကို ထပ်မံ ပစ်လွှတ်လိုက်ပြန်သည်။
ဝုန်း! ဝုန်း! ဝုန်း!
နတ်ဘုရားလှံများသည် ကြယ်တံခွန်များကဲ့သို့ ကျဆင်းလာပြီး နတ်ဆိုးစစ်တပ်ကို ပရမ်းပတာ ဖြစ်သွားစေကာ သူတို့ကို ထိတ်လန့်တကြား အော်ဟစ်လျက် အသည်းအသန် ထွက်ပြေးစေတော့၏။
အန်းကျိုးက နှာခေါင်းရှုံ့လိုက်သည်။
ရှန်မို၏ ပုံစံမှာ သူ့တည်နေရာအတိအကျကို မသိဘဲ ရမ်းသန်းတိုက်ခိုက်နေသည့် ပုံစံနှင့် အတိအကျ တူနေသည်။
အန်းကျိုး၏ အမြင်တွင်မူ ဤကဲ့သို့ တိုက်ခိုက်မှုမျိုးမှာ သွေးစွမ်းအားကို ဖြုန်းတီးနေခြင်းသာ ဖြစ်သည်။ အန်းကျန့်ခွမ်းကလည်း တိုးတိုးလေး ရေရွတ်လိုက်သည်။
"နတ်ဆိုးဖခင်… လူတိုင်းက ရှန်မိုကို တည်ငြိမ်ပြီး ပြတ်သားတဲ့ လူသားပညာရှင်တစ်ယောက်လို့ ပြောကြတာ… အခု ကိုယ်တိုင် မြင်ရတော့လည်း သူ့နာမည်နဲ့ လိုက်အောင် မစွမ်းဆောင်နိုင်ပါလား”
အန်းကျိုးမှာ ပြန်မဖြေသော်လည်း အန်းကျန့်ခွမ်း၏ အကဲဖြတ်မှုကို သူ သိသိသာသာ သဘောတူနေသည်။ ရှန်မိုသည် ရှုပ်ထွေးမှုများကိုသာ ဖန်တီးနေပြီး တကယ်တမ်းတွင်မူ တိတ်တဆိတ် စွမ်းအားများကို စုစည်းနေခြင်းဖြစ်ကြောင်း သူ လုံးဝ မသိခဲ့ပေ။ နောက်ထပ် စက္ကန့်ပိုင်း တစ်ရာခန့် ကုန်လွန်သွားသည်။ အန်းကျိုးသည် တစ်ခုခု မှားယွင်းနေပြီဟု တဖြည်းဖြည်း ခံစားလာရ၏။ အထက်မှ ကျလာသော ရှန်မို၏ ရမ်းသန်းတိုက်ခိုက်မှုများသည် သူရှိရာနေရာသို့ တဖြည်းဖြည်း ပို၍ နီးကပ်လာနေသည်။ ထိုလူသား ဓမ္မရုပ်ပွားတော် ပညာရှင်မှာ သူ၏ တည်နေရာအတိအကျကို မသိသေးသော်လည်း အန်းကျိုးမှာမူ စတင်၍ သတိထားနေပြီ ဖြစ်သည်။ သူ၏ ညာလက်မှာ ကျိန်စာတိုက်ခြင်းကို ဆက်လက် လုပ်ဆောင်နေဆဲဖြစ်သော်လည်း သူ၏ အခြားသော လက်များမှာမူ ကြိုတင်ကာကွယ်သည့်အနေဖြင့် နတ်ဆိုးချီများကို တိတ်တဆိတ် စုစည်းနေသည်။
"မူလဆင်ပြောင် ဓမ္မရုပ်ပွားတော်!"
"ဟင်းလင်းပြင် ရှေးဟောင်းဓား!"
အတိအကျသော အချိန်တစ်ခုတွင် ရှန်မို၏ စွမ်းအားမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။
ထိုအခါ သူ ဟိန်းဟောက်လိုက်၏။
သူ၏ ဦးခေါင်းအထက်တွင် စကြဝဠာကို နှိမ်နင်းနိုင်သော ဟိန်းဟောက်နေသည့် မူလဆင်ပြောင်ကြီးတစ်ကောင် ပေါ်ထွက်လာသည်။ ၎င်း၏ ရှည်လျားလှသော နှာမောင်းမှာ ကြယ်စင်မြစ်တစ်ခုလုံးကိုပင် စုပ်ယူပစ်နိုင်မည့်အလား အထက်သို့ တွန့်လိမ်နေသည်။ ထို့နောက် နတ်ဘုရားလျှပ်စီးများ ပေါက်ကွဲထွက်လာပြီး ဟင်းလင်းပြင် ရှေးဟောင်းဓား ငါးစင်းကို ချက်ချင်းပင် ဖန်တီးလိုက်သည်။ ထိုဓားငါးစင်းမှာ တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားပြီး အလွန်တရာ သိပ်သည်းကာ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားရှိသည့် ဓားတစ်စင်း ဖြစ်သွားတော့သည်။
မူလဆင်ပြောင်ကြီး၏ နှာမောင်းမှာ ထိုပေါင်းစည်းထားသော ဟင်းလင်းပြင် ရှေးဟောင်းဓားကို တင်းတင်းကျပ်ကျပ် ရစ်ပတ်ကိုင်ဆောင်လိုက်၏။ စွမ်းအားများ ပေါက်ကွဲထွက်လာသည်နှင့်အမျှ နှာမောင်းမှာ ထိုဓားကို လွှဲ၍ ပစ်လွှတ်လိုက်တော့သည်။
ဝုန်း!
ဟင်းလင်းပြင် ရှေးဟောင်းဓားမှာ လေထုကို ဆွဲဖြဲပစ်လိုက်သည်။ ကြယ်တွေကို လိုက်မီပြီး လကို ကျော်တက်နိုင်သည့် အရှိန်မျိုးပင်။
၎င်းမှာ အချိန်ကိုပင် ကျော်လွန်သွားနိုင်သယောင် ထင်ရသည်။
"သေစမ်း!"
ရှန်မိုမှ ခပ်အေးအေး အော်ဟစ်လိုက်သည်။ ထို့နောက် ဟင်းလင်းပြင် ရှေးဟောင်းဓားမှာ အန်းကျိုးဆီသို့ တည့်တည့်မတ်မတ် ပြေးဝင်သွားတော့သည်။ အန်းကျိုး၏ နှလုံးသားမှာ ထိတ်ကနဲ ဖြစ်သွားပြီး
"တောက်… သူ ငါ့ကို တကယ် ရှာတွေ့သွားတာပဲ!"
သူ ကျိန်ဆဲလိုက်မိ၏။
သူသည် ကျိန်စာတိုက်ခြင်းကို ချက်ချင်း ရပ်လိုက်ရပြီး အခြားသော လက်များဖြင့် နတ်ဆိုးအတတ်များကို ထုတ်ဖော်ကာ ချက်ချင်းပင် တရစပ် တိုက်ခိုက်လိုက်တော့သည်။
ဝေါကနဲ မြည်သံနှင့်အတူ!
ရက်စက်ကြမ်းကြုတ်သော ဝိညာဉ်ပေါင်း ဒါဇင်နှင့်ချီ၍ ရုတ်တရက် ပေါ်လာပြီး သူ့ကို ကာကွယ်ပေးလိုက်သည်။ ၎င်းမှာ အန်းကျိုး၏ ခုခံရေးနည်းစနစ်တစ်ခုဖြစ်သော "ကြမ်းကြုတ်ဝိညာဉ် အကာအကွယ်" ပင် ဖြစ်သည်။ သူ ကျိန်စာတိုက်၍ သတ်ခဲ့သမျှ လူတိုင်းမှာ နောက်ဆုံးတွင် ဤကဲ့သို့ ရက်စက်သော ဝိညာဉ်များ ဖြစ်သွားကြပြီး သူ၏ ခန္ဓာကိုယ်အတွင်း၌ ခိုအောင်းနေကြခြင်း ဖြစ်သည်။ ပုံမှန်အားဖြင့် ထိုဝိညာဉ်များ ပေါ်မလာသော်လည်း သူ တိုက်ခိုက်ခံရပြီး နတ်ဆိုးချီများ ပေါက်ကွဲလာသည့်အခါတိုင်း သူ့ကို ကာကွယ်ရန် ချက်ချင်း ထွက်ပေါ်လာကြသည်။
အန်းကျိုး၏ ကျိန်စာတိုက်ခြင်းကို ခံရသူတိုင်းမှာ ထူးထူးခြားခြား အစွမ်းထက်သူများသာ ဖြစ်ကြသည်။ ရှန်မို တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် ထိုရက်စက်သော ဝိညာဉ်များထဲတွင် ယခင်က ပါရမီရှင် နတ်ဆိုးနှိမ်နင်းရေး အစောင့်များ၊ အရည်အချင်းရှိသော နတ်ဆိုးများနှင့် နတ်ဆိုးနှိမ်နင်းရေး ဗိုလ်ချုပ်ကြီးတစ်ဦးပင် ပါဝင်နေသည်ကို မြင်လိုက်ရ၏။ သို့သော် ယခုမူ သူတို့အားလုံးမှာ အန်းကျိုး၏ ခုခံရေးအတွက် အသုံးချခံ ရက်စက်သော ဝိညာဉ်များသာ ဖြစ်နေကြတော့သည်။
"ဒါကို မြင်လား… ဒါတွေဟာ တစ်ချိန်က နတ်ဆိုးနှိမ်နင်းရေးခံတပ်ရဲ့ အတော်ဆုံး အစောင့်တွေနဲ့ ဗိုလ်ချုပ်တွေပဲ!"
"သူတို့ ဒီလောကမှာ ချန်ထားခဲ့တဲ့ တစ်ခုတည်းသော အမှတ်အသားဟာ အခုတော့ ဒီရက်စက်တဲ့ ဝိညာဉ်တစ်ခုပဲ ရှိတော့တာ!"
"မင်းက သူတို့ရဲ့ နောက်ဆုံးကျန်ရှိနေတဲ့ တည်ရှိမှုကိုတောင် အကုန်ဖျက်ဆီးပစ်ဦးမှာလား" အန်းကျိုးမှာ လှောင်ပြုံးပြုံးရင်း ဟိန်းဟောက်ပြောဆိုလိုက်သည်။
Chapter 524: ငါက အာဏာစက်ပိုင်စိုးသူပဲ
အန်းကျိုးမှာ သူ၏အသံထဲတွင် နတ်ဆိုးချီများကို ရည်ရွယ်ချက်ရှိရှိ ထည့်သွင်းထားသည်။ ထိုအခါ သူ၏စကားသံများသည် အဝေးတစ်နေရာအထိ ပဲ့တင်ထပ်သွားတော့၏။ အခြေစိုက်စခန်းအတွင်းရှိ အဆင့်နိမ့်နတ်ဆိုးနှိမ်နင်းရေးအစောင့်များသည် ရှန်မိုနှင့် အန်းကျိုးကြားတွင် ဘာဖြစ်နေသည်ကို မမြင်နိုင်ကြပေ။ သို့သော် ကျန့်ပိုင်ရှန့်နှင့် အခြားသော ကောင်းကင်အဆင့် နတ်ဆိုးနှိမ်နင်းရေးအစောင့်များမှာမူ အာရုံစိုက်ကြည့်လိုက်ပါက တကယ့်တိုက်ပွဲအစစ်အမှန်ကို မြင်နိုင်ကြဆဲပင်။
သူတို့ တစ်ချက်ကြည့်လိုက်ရုံနှင့် ထိုရက်စက်သောဝိညာဉ်များကို မှတ်မိသွားကြပြီး ၎င်းတို့မှာ မည်သူမည်ဝါဖြစ်ကြောင်းကိုပါ သိရှိသွားကြတော့၏။
ကျန့်ပိုင်ရှန့်၏ဘေးတွင်ရှိသော အရပ်ရှည်ရှည် စစ်သေနာပတိတစ်ဦးက အော်ခေါ်လိုက်သည်။
"ဆရာ…"
သို့သော် ထိုသူ စကားမဆုံးခင်မှာပင် ကျန့်ပိုင်ရှန့်မှ သူ၏ပါးစပ်ကို လျင်မြန်စွာ ပိတ်လိုက်သည်။
ထို့နောက် ကျန့်ပိုင်ရှန့် တိုးတိုးလေး ကပ်ပြောလိုက်သည်။
"အဲဒါ မင်းရဲ့ဆရာမဟုတ်ဘူး… အန်းကျိုးက ဖန်တီးထားတဲ့ ရက်စက်တဲ့ဝိညာဉ်တစ်ခုပဲ"
အရပ်ရှည်ရှည်စစ်သေနာပတိသည် အခြေအနေကို နားလည်သွားပြီး မျက်လုံးများ မှေးမှိန်သွားတော့၏။ သူတို့၏ဆရာမှာ လွန်ခဲ့သောအချိန်ကတည်းက ကျိန်စာတိုက်သတ်ခြင်း ခံခဲ့ရပြီးသားဖြစ်သည်။ အကယ်၍ သူသာ အသက်ရှင်နေသေးပါက ရှန်မိုကို ခုခံရန်အတွက် အန်းကျိုးကို ကူညီပေးစရာ အကြောင်းမရှိပေ။ ထိုနေရာတွင် ရှိနေသည်မှာ အန်းကျိုး၏ ယုတ်ညံ့သောကျိန်စာစွမ်းအားဖြင့် ပြုပြင်ထားသည့် ဝိညာဉ်အကြွင်းအကျန်သက်သက်သာ ဖြစ်ပါသည်။ အဆုံးစွန်ထိ စဉ်းစားကြည့်လျှင် အန်းကျိုးသည်သာ အသေသင့်ဆုံးသူ ဖြစ်သည်။
ကျန့်ပိုင်ရှန့်မှ တိုးညှင်းသောလေသံဖြင့် အမိန့်ပေးလိုက်သည်။
"ကောင်းကင်အဆင့် နတ်ဆိုးနှိမ်နင်းရေးအစောင့်အားလုံး နားထောင်ကြ… မင်းတို့ ဘာပဲမြင်မြင် အားလုံးဟာ အတုအယောင်တွေပဲ"
မြို့ရိုးပေါ်ရှိ ကောင်းကင်အဆင့် နတ်ဆိုးနှိမ်နင်းရေးအစောင့်တိုင်းမှာ ကိုယ်ကိုမတ်ကာ လေးလေးနက်နက် ခေါင်းငြိမ့်ပြလိုက်ကြသည်။ လူသားဖြစ်စေ၊ သားရဲဖြစ်စေ သို့မဟုတ် နဂါးမျိုးနွယ်ဖြစ်စေ ကောင်းကင်အဆင့်အထိ ရောက်လာသူ မည်သူမဆိုမှာ လူအ မဟုတ်ကြပေ။ အန်းကျိုးသည် ထိုရက်စက်သောဝိညာဉ်များကို သူတို့မြင်အောင် တမင်တကာ အသံကျယ်ကျယ်နှင့် ပြောနေခြင်းဖြစ်ကြောင်း သူတို့ ချက်ချင်းရိပ်မိလိုက်ကြသည်။
ရှန်မို၏လက်ကို တုံ့ဆိုင်းသွားအောင်၊ ရှန်မိုကို တွေဝေသွားအောင် သူတို့ ကြံစည်နေခြင်းဖြစ်သည်။
သို့သော် ကျန့်ပိုင်ရှန့်၏ သတိပေးချက်မှာ အချိန်မီ ရောက်လာခဲ့လေသည်။ ကောင်းကင်အဆင့် အစောင့်များမှ ဘာမှမပြောသရွေ့ ကျန်တဲ့သူများမှာ ထိုရက်စက်သောဝိညာဉ်များကို သတိထားမိကြမည်မဟုတ်ပေ။
ဤနည်းဖြင့် အန်းကျိုး၏ လှည့်ကွက်မှာ ပျက်ပြယ်သွားခဲ့ရတော့သည်။
"တောက်..."
အန်းကျိုးသည် ရွှေ့ဝူ ၆-၁ အခြေစိုက်စခန်းမှ ဘာတုံ့ပြန်မှုမျှ မရှိသည်ကို မြင်လိုက်ရသည်။ တစ်စုံတစ်ယောက်မှ သူ၏အကြံကို ကြိုသိပြီး မပြန့်ပွားခင်မှာတင် အမြစ်ဖြတ်ပစ်လိုက်ကာ အခြေအနေကို ပိုဆိုးမလာအောင် လုပ်ဆောင်လိုက်ပြီဖြစ်ကြောင်း သူ သဘောပေါက်လိုက်၏။
ရှန်မိုကမူ နောက်လှည့်မကြည့်ပေ။ ထိုရက်စက်သောဝိညာဉ်များကို မြင်လိုက်ရသည့် အခိုက်အတန့်မှာပင် အန်းကျိုး၏ အကြံအစည်ကို သူ နားလည်ပြီးသားဖြစ်သည်။ အခြေစိုက်စခန်းမှ အသံပေါင်းစုံ ထွက်လာလျှင်ပင်၊ ဓမ္မရုပ်ပွားတော်အဆင့် ပညာရှင်များက သူ့ကို မတိုက်ခိုက်ရန် တောင်းပန်လျှင်ပင် သူကတော့ တိုက်ခိုက်မည်သာဖြစ်သည်။ ရန်သူအပေါ် နူးညံ့ပျော့ပျောင်းခြင်းမှာ မိမိကိုယ်ကိုယ် ရက်စက်ခြင်းပင်။ ဤကဲ့သို့သော ကိစ္စမျိုးတွင် ရှန်မိုတစ်ယောက် မည်သည့်အခါမှ တွေဝေလေ့မရှိပေ။
"နတ်ဆိုးကို အပြတ်ရှင်းစမ်း”
ရှန်မိုမှ လက်ညှိုးညွှန်လိုက်သည်။
ထိုအခါ ဟင်းလင်းပြင် ရှေးဟောင်းဓားမှာ ထိုရက်စက်သောဝိညာဉ်များဆီသို့ တည့်တည့်မတ်မတ် ထိုးစိုက်သွားတော့သည်။ ၎င်းတို့မှာလည်း မျက်လုံးများ ဗလာဖြစ်နေကာ သေဘေးကိုမကြောက်ဘဲ သူ့ထံသို့ တိုးဝင်လာကြ၏။
ဘုံး!
ပထမဆုံး ရက်စက်သောဝိညာဉ်မှာ ချက်ချင်းပင် ချေမှုန်းခံလိုက်ရသည်။ ထို့နောက် ဒုတိယ၊ တတိယ၊ စတုတ္ထ... နတ်ဆိုးနှိမ်နင်းရေး ဗိုလ်ချုပ်ကြီးဖြစ်ခဲ့ဖူးသော ဝိညာဉ်ပင်လျှင် ဟင်းလင်းပြင် ရှေးဟောင်းဓားကို အတင်းတိုးဝင်ကာ တိုက်မိသွားသည်။ သို့သော် သူတို့၏ နောက်ဆုံးအချိန်တွင်မူ ထိုဗလာဖြစ်နေသော မျက်လုံးများထဲ၌ စိတ်အေးသွားသည့် အရိပ်အယောင်တစ်ခု လက်ခနဲ ပေါ်လာသည်။ ငရဲ၏ အဆုံးမရှိသော နှိပ်စက်ညှဉ်းပန်းမှုများ နောက်ဆုံးတော့ ပြီးဆုံးသွားပြီဟူသည့်အလား။
သို့သော် အန်းကျိုးအတွက်မူ ဟင်းလင်းပြင် ရှေးဟောင်းဓားမှာ အလွန်တရာ ကြောက်စရာကောင်းလှသည်။ သူ နှစ်ပေါင်းများစွာ ပြုပြင်မွေးမြူထားခဲ့သော ရက်စက်သည့်ဝိညာဉ်များမှာ ထိုဓားကို တစ်စက္ကန့်မျှပင် နှောင့်နှေးအောင် မလုပ်နိုင်ခဲ့ကြပေ။
"ငါဟာ အာဏာစက်ကို ပိုင်စိုးတဲ့သူပဲ… ငါ ဒီမှာ အသေမခံနိုင်ဘူး”
အန်းကျိုးမှ တိုးညှင်းစွာ အော်ဟစ်လိုက်ပြီး အန်းကျန့်ခွမ်းကို ဆွဲကာ ဟင်းလင်းပြင် ရှေးဟောင်းဓားဆီသို့ လွှတ်ပစ်လိုက်သည်။ သူကိုယ်တိုင်ကမူ ထိုတွန်းကန်အားကို အသုံးချ၍ အဝေးသို့ လျှပ်စီးသဖွယ် ထွက်ပြေးတော့၏။
အန်းကျန့်ခွမ်းမှာ ဘာဖြစ်သွားမှန်းပင် မသိလိုက်မီမှာပင် အရာအားလုံးကို ဖောက်ထွင်းနိုင်သည့် ထက်ရှလှသော ဟင်းလင်းပြင် ရှေးဟောင်းဓားမှာ သူ၏ရှေ့တည့်တည့်သို့ ရောက်နေပြီဖြစ်သည်။
"ငါ..."
အန်းကျန့်ခွမ်း၏ စိတ်ထဲတွင် ပြောစရာစကားများ ထောင်နှင့်ချီ၍ ရှိနေသည်။ စောစောက အန်းကျိုးသည် အန်းကျန့်လုံကို ယဇ်ပူဇော်စရာအဖြစ် ပြောနေသည်ကို ကြားခဲ့စဉ်က တစ်နေ့တွင် သူလည်း ဤကဲ့သို့ အသုံးချခံရမည်လားဟု သူ တွေးမိခဲ့သည်။ သို့သော် ထိုနေ့မှာ ဤမျှလောက် မြန်မြန်ဆန်ဆန် ရောက်လာလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။
ဖတ်ကနဲ!
ဟင်းလင်းပြင် ရှေးဟောင်းဓားမှာ အန်းကျန့်ခွမ်းကို တစ်ခဏချင်းမှာပင် ဖောက်ထွင်းသွားတော့သည်။ ရွှေသရဖူ စစ်မှန်သော နတ်ဆိုးသခင်၏ ခန္ဓာကိုယ်မှာ ထိုဓား၏ အရှိန်ကို ဆံခြည်တစ်မျှင်ပင် လျော့ကျအောင် မလုပ်နိုင်ခဲ့ပါချေ။
Chapter 525: ငါ အဲ့ဒီနေရာ ရောက်နိုင်ရင်
"ထွက်ပြေးဖို့ ကြိုးစားနေတာလား"
ရှန်မို လှောင်ပြုံးပြုံး၍ ပြောလိုက်သည်။
အန်းကျိုးမှာ တကယ်ပင် မြန်ဆန်လှသော်လည်း စီပိုင်ကျွယ်နှင့် နှိုင်းယှဉ်လျှင်မူ ခရုတစ်ကောင်ကဲ့သို့ပင် နှေးကွေးလွန်းလှသည်။
ရှန်မိုမှာ တွေဝေမနေဘဲ သူ၏ စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြုကာ စီပိုင်ကျွယ် ဓမ္မရုပ်ပွားတော်ကို အသက်သွင်းလိုက်သည်။
သူသည် အခြားသော ဓမ္မရုပ်ပွားတော်အဆင့် ပညာရှင်များနှင့် မတူပေ။ ပုံမှန်အားဖြင့် ထိုအဆင့်ရှိ ပညာရှင်များသည် တိုက်ပွဲတစ်ခုတွင် သူတို့၏ ဓမ္မရုပ်ပွားတော်ကို နှစ်ကြိမ်သာ အသက်သွင်းလေ့ရှိကြ၏။ ထိုထက် ပိုပါက သူတို့၏ အခြေခံအုတ်မြစ်ကို ထိခိုက်စေနိုင်ပါသည်။ အသက်အန္တရာယ်နှင့် ရင်ဆိုင်ရသည့် အခြေအနေမျိုးမှလွဲ၍ တတိယအကြိမ်မြောက် ဓမ္မရုပ်ပွားတော် အသက်သွင်းခြင်းကို မည်သူမျှ ပေါ့ပေါ့ဆဆ မလုပ်ဝံ့ကြချေ။
သို့သော် ရှန်မိုမှာမူ ထူးခြားနေသည်။ သူ၏ စိတ်ဝိညာဉ်စွမ်းအားက ပင်လယ်ကဲ့သို့ ကျယ်ပြောပြီး သွေးစွမ်းအားကလည်း တောင်ကြီးတစ်လုံးကဲ့သို့ ခိုင်ခံ့လှသဖြင့် ဓမ္မရုပ်ပွားတော်များ၏ စွမ်းအင် ကုန်ဆုံးမှုကို ကောင်းကောင်း ခံနိုင်ရည်ရှိသည်။ သုံးကြိမ်မက လေးကြိမ်၊ ငါးကြိမ်အထိပင် သူ တောင့်ခံနိုင်သည်။
"စီပိုင်ကျွယ် ဓမ္မရုပ်ပွားတော်!"
"ကောင်းကင်နင်း တစ္ဆေခြေလှမ်း!"
ထူးခြားဆန်းပြားလှသော စီပိုင်ကျွယ် ပေါ်လာသည်နှင့်တစ်ပြိုင်နက် ရှန်မို၏ခြေထောက်များမှာ ပြင်းထန်သော လေပြင်းတစ်ခု၏ ပင့်တင်မှုကို ခံလိုက်ရသည့်အလား။ တစ်ခဏတွင် သူသည် မူလနေရာမှာ ရှိနေသော်လည်း နောက်တစ်ခဏတွင်မူ အန်းကျိုး၏ နောက်ကျောတည့်တည့်သို့ ရောက်ရှိနေပြီဖြစ်၏။
ထိုအခါ သေဘေး၏ အငွေ့အသက်မှာ အန်းကျိုး၏ နှလုံးသားထဲသို့ ရုတ်တရက် ရိုက်ခတ်သွားသည်။ သေမင်း၏ အရိပ်က သူ့ကို ဖုံးလွှမ်းသွားခဲ့ပြီ။ သူ ဘာမှ ထပ်မစဉ်းစားတော့ဘဲ သူ၏ ရင်ဘတ်ထဲမှ ကျိန်စာမှုန့် အမြောက်အမြားကို ထုတ်၍ ပက်လိုက်သည်။ သူ ရှန်မိုကို ဒဏ်ရာရအောင် လုပ်နိုင်ဖို့ မဟုတ်တော့ဘဲ ရှန်မို၏ အရှိန်ကို နှေးကွေးသွားအောင်သာ ရည်ရွယ်ခြင်းဖြစ်သည်။
အန်ကျိုးမှာ သူ့ ခွန်အားကို သူ ကောင်းကောင်းသိပါသည်။ သူသည် အာဏာစက်ကို ပိုင်စိုးသော အရှင်သခင်တစ်ပါး ဖြစ်သော်လည်း သူ၏ အထူးပြုမှာ အဝေးမှ ကျိန်စာတိုက်သတ်ခြင်းသာ ဖြစ်ပြီး တိုက်ရိုက် ရင်ဆိုင်တိုက်ခိုက်ခြင်း မဟုတ်ပေ။
ထို့အပြင် သူသည် စောစောက ယဇ်ပူဇော်ကျိန်စာသတ်ကွက်အတွက် သူ၏ "ယုတ်ညံ့သော ကျိန်စာစွမ်းအား" အမြောက်အမြားကို အသုံးပြုထားခဲ့ရ၏။ သို့ပါလျက်နှင့် ရှန်မိုကို မသတ်နိုင်ခဲ့ဘဲ ရပ်တန့်လိုက်ရသေးသည်။ ကျိန်စာစွမ်းအားနှင့် နတ်ဆိုးချီများ အလွန်အမင်း ကုန်ဆုံးသွားခြင်းက သူ့ကို အခြားရွေးချယ်စရာ မရှိတော့အောင် လုပ်လိုက်သလိုပင်။ သူ ထွက်ပြေးဖို့ပဲ ရှိတော့သည်။ ယခုအခါ သူသည် နှစ်ပေါင်းများစွာ ပြင်ဆင်လာခဲ့သော ကျိန်စာမှုန့်အားလုံးကို တစ်ပြိုင်နက်တည်း သုံးပစ်လိုက်၏။ သူ၏ ရည်မှန်းချက်မှာ တစ်ခုတည်းသာရှိသည်။ ရှန်မိုကို အချိန်ဆွဲထားပြီး မိမိ ထွက်ပြေးနိုင်ဖို့ အခွင့်အရေး ရှာရန်ပင်။
ဗုန်း! ဗုန်း! ဗုန်း!
ကျိန်စာမှုန့်များ ပေါက်ကွဲသွားပြီး မြူခိုးပေါင်းစုံ နေရာအနှံ့ ပျံ့နှံ့သွားတော့သည်။
ရှန်မိုသည် သူ၏ ခန္ဓာကိုယ်တစ်ခုလုံး ချက်ချင်းပင် လေးလံလာသလို ခံစားလိုက်ရသည်။ သူ၏ ခေါင်းမှာ အနည်းငယ် မူးနောက်လာပြီး အတွေးများလည်း ထိုင်းမှိုင်းသွားသည်။ စိတ်ဝိညာဉ်စွမ်းအားနှင့် သွေးစွမ်းအားများမှာလည်း ကောင်းမွန်စွာ လည်ပတ်ခြင်း မရှိတော့ပေ။ သူ၏ အရေပြားများ ခြောက်သွေ့လာပြီး ကြွက်သားများလည်း ပျော့ခွေကာ ခွန်အားများ ဆုံးရှုံးသွားသလို ခံစားရသည်။ ၎င်းမှာ သူ့အပေါ်သို့ အဆုံးမရှိသော ဆိုးကျိုးများ စုပုံကျလာသည့်အလားပင်။ ဤအရာအားလုံးမှာ သူ့ကို နှေးကွေးစေရန်၊ နုံးချိစေရန်နှင့် သတ်ပစ်ရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။
ကျိန်စာမှုန့်များ အလုပ်လုပ်သည်ကို မြင်သောအခါ အန်းကျိုးမှ ထူးဆန်းစွာ ရယ်မောလိုက်သည်။ သို့သော် သူ ဘာမှ ထပ်မပြောတော့ဘဲ အရှိန်မြှင့်ကာ ထွက်ပြေးတော့၏။ စစ်တလင်းမှ လွတ်မြောက်ပြီး ဆဋ္ဌမအလွှာ၏ အနက်ရှိုင်းဆုံးနေရာသို့ ရောက်သွားနိုင်သရွေ့ သူ အသက်ရှင်မည် ဖြစ်လေသည်။
"အဲဒီနေရာကို ရောက်နိုင်သရွေ့... ငါ..."
အန်းကျိုး ရှေ့သို့ စိုက်ကြည့်နေသည်။ ထိုနေရာတွင် နတ်ဆိုးနန်းတော်တစ်ခုမှာ မှိန်ဖျော့ဖျော့ ပေါ်လာပြီဖြစ်သည်။
၎င်းမှာ အန်းချန်၏ နယ်မြေဖြစ်သော ဆဋ္ဌမနတ်ဆိုးနန်းတော်ပင်။
သူ အသက်အန္တရာယ်နှင့် ကြုံနေရသည်ကို သိလျှင် အန်းချန်အနေဖြင့် လက်ပိုက်ကြည့်နေမည် မဟုတ်သည်မှာ သေချာသည်။
ရှူးကနဲ!
"မသေနိုင်သော မြစ်" ဓမ္မရုပ်ပွားတော် ပေါ်ထွက်လာသည်။ မမြင်နိုင်သော ရေစီးကြောင်းများက ရှန်မို၏ ခန္ဓာကိုယ်ပေါ်မှ ဖြတ်သန်းစီးဆင်းသွားပြီး ဆိုးကျိုးအားလုံးကို ဆေးကြောသန့်စင်ပစ်လိုက်သည်။
ထိုအခါ ရှန်မို၏ အရှိန်မှာ အထွတ်အထိပ်သို့ မြင့်တက်သွားတော့သည်။ တစ်ခဏချင်းမှာပင် သူသည် အန်းကျိုး၏ နောက်ကျောတည့်တည့်တွင် ပေါ်လာခဲ့သည်။
"သွားရမယ့် အချိန်တန်ပြီ"
ရှန်မို၏ အသံမှာ သေမင်း၏ အသံကဲ့သို့ ထွက်ပေါ်လာသည်။
အန်းကျိုး၏ ခန္ဓာကိုယ်မှာ တောင့်ခဲသွားတော့၏။
နောက်တစ်စက္ကန့်တွင် ဟင်းလင်းပြင် ရှေးဟောင်းဓားမှာ ဘယ်ကမှန်းမသိ ပေါ်လာပြီး အန်းကျိုး၏ ရင်ဘတ်ကို တည့်တည့်မတ်မတ် ဖောက်ထွင်းသွားလေသည်။ အေးစက်သော အဖြူရောင် မီးလျှံများမှာ သူ၏ ရင်ဘတ်မှ စတင်ကာ လောင်ကျွမ်းလာသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်းတို့က အန်းကျိုးကို ဝါးမြိုပစ်လိုက်တော့၏။
"မင်းမှာ နတ်ဆိုးနှလုံးသား တစ်ခုတည်း ရှိတာမဟုတ်ဘူးဆိုတာ ငါသိတယ်… ဒါကြောင့် ကိုးဘုံငရဲ ရေခဲမီးတောက်ကို တိုက်ရိုက် ထုတ်သုံးလိုက်တာ"
ရှန်မို တည်ငြိမ်စွာ လှမ်းပြောလိုက်သည်။
အန်းကျိုးမှ လက်လှမ်းပြီး တစ်စုံတစ်ခု ပြောရန် ကြိုးစားသော်လည်း သူ၏ ဦးခေါင်းမှာ ကိုးဘုံငရဲ ရေခဲမီးတောက်၏ ဝါးမြိုခြင်းကို ခံလိုက်ရပြီဖြစ်သည်။ သူ နောက်ဆုံးအဆင့်အနေဖြင့် အသုံးပြုရန် ကြိုးစားသော ကျိန်စာစွမ်းအားမှာလည်း ဝါးမြိုခံလိုက်ရသည်။ စက္ကန့်ပိုင်း အနည်းငယ်အတွင်းမှာပင် အန်းကျိုးသည် အေးစက်သော အဖြူရောင်မီးလျှံများကြားတွင် လုံးဝ ပြိုလဲသွားတော့သည်။ သူ၏ ဧရာမ ငါးမန်းပုံစံ ခန္ဓာကိုယ်နှင့် ခြေလက် ရှစ်စုံမှာ တဟုန်းဟုန်း တောက်လောင်နေသော မီးထဲမှ နှင်းခဲများကဲ့သို့ပင် အရည်ပျော်သွားပြီး ဘာအမှတ်အသားမျှ မကျန်တော့ပေ။
အဝေးတစ်နေရာတွင်မူ ရှန်မို၏ အစောပိုင်း တိုက်ခိုက်မှုကြောင့် ခန္ဓာကိုယ် ထက်ဝက်ခန့်သာ ကျန်ရှိတော့သော နတ်ဆိုးဧကရာဇ် နှစ်ပါးမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။ ထို့နောက် အသက်လုကာ ထွက်ပြေးကြတော့လေ၏။
ရှန်မို၏ တကယ့်ခွန်အား မည်မျှရှိမှန်း သူတို့ အစက မသိခဲ့ကြပေ။ သို့သော် အခုတော့ သေချာ သိသွားကြပြီ။ မြင့်မြတ်လှသော စတုတ္ထမြောက် မဟာကောင်းကင်နတ်ဆိုးနှင့် အာဏာစက်ကို ပိုင်စိုးသူပင်လျှင် သူ့ကို မယှဉ်နိုင်ပါချေ။
ထို့ကြောင့် အသက်စွန့်ပြီး တိုက်နေရန် မည်သည့်အကြောင်း ရှိတော့မည်နည်း။
ထွက်ပြေးဖို့ကလွဲပြီး တခြားနည်းလမ်း မရှိတော့ပါချေ။