← Chapters

အခန်း (၂၁၁-၂၁၂)

Vol. 22 Ch. 211-212

အခန်း (၂၁၁-၂၁၂)

Vol. 22 Ch. 211-212

အခန်း (၂၁၁) လေဓာတ် အနှစ်သာရ

"ငါ့ရဲ့ စွမ်းရည်တွေကို လေ့ကျင့်ဖို့ အခွင့်အရေးကောင်းပဲ" လုံချန်းက ပြောရင်း သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်စ ပေါ်လာသည်။ လုံချန်း၏ ဆန္ဒအတိုင်း မိုးကြိုးများမှာ တစ်ချက်ပြီးတစ်ချက် အဆက်မပြတ် ကျရောက်လာလေတော့သည်။

တစ်မိနစ်ပင် မပြည့်မီမှာပင် အတောင်ပံပါကျားသစ် အားလုံး အသတ်ခံလိုက်ရသည်။

နောက်ထပ် နှစ်မိနစ်ခန့် အကြာတွင် သားရဲတစ်ကောင် ထပ်မံ ပေါ်လာသည်။ ၎င်းမှာ အတောင်ပံပါကျားသစ်ပင် ဖြစ်သော်လည်း ကျင့်ကြံခြင်းမှာ မြေကမ္ဘာ အဆင့် ၁ ဖြစ်သည်။ ၎င်းသည် ရွှေအမြူတေ အဆင့် ၁၀ မှာ ရှိသော လုံချန်းထက် အဆင့်တစ်ဆင့် ပိုမြင့်သည်။

လုံချန်းသည် နေရာမှ မရွေ့ဘဲ မိုးကြိုးဓားသွားကိုသာ ဆက်လက် အသုံးပြုနေသည်။ သူ၏ မိုးကြိုးဓားသွား ပညာရပ်မှာ ပိုမို တိုးတက်လာပြီး နောက်ဆုံးတွင် အလယ်အလတ်အဆင့်သို့ ရောက်ရှိသွားသည်။ ယခုအခါ သူသည် မိုးကြိုးနှစ်ချက်ကို တစ်ပြိုင်နက်တည်း ကျရောက်စေနိုင်သည်။

သားရဲများမှာ ပေါ်လာလိုက် သေသွားလိုက်နှင့် အလွန်မြန်လှသည်။ နာရီဝက်ပင် မပြည့်သေးမီ လုံချန်းသည် သားရဲပေါင်း ၄၄ ကောင်ကို သတ်ဖြတ်ပြီး ဖြစ်သည်။ ယခုအခါ လုံချန်းသည် မြေကမ္ဘာ အဆင့် ၄ ရှိသော သားရဲတစ်ကောင်နှင့် ရင်ဆိုင်နေရသည်။

"နောက်ဆုံးတော့ တခြားသားရဲ ပေါ်လာပြီပဲ။ အတောင်ပံပါကျားသစ်တွေကို ကြည့်ရတာ ပျင်းတောင် ပျင်းလာပြီ" လုံချန်းက စိတ်သက်သာရာရစွာဖြင့် တိုးတိုးလေး ဆိုသည်။

သူ့ရှေ့တွင် ရှိနေသည်မှာ မြေကမ္ဘာ အဆင့် ၄ ရှိ သွေးနီအဆင့် မျောက်ဝံ တစ်ကောင် ဖြစ်သည်။ မျောက်ဝံဟု ခေါ်သော်လည်း လုံချန်းတို့ ကမ္ဘာမှ ဂေါ်ရီလာတစ်ကောင်နှင့် အလွန်တူသည်။ သွေးနီအဆင့် မျောက်ဝံများသည် အလွန်ကြီးမားသော ခွန်အားရှိသလို အလွန်လည်း လျင်မြန်ကြသည်။ ကြည့်ရသည်မှာ ကြီးမားလေးလံပုံရသော်လည်း လေကဲ့သို့ မြန်ဆန်ကြသည်။

"မိုးကြိုးဓားသွားကို ကျင့်တာ တော်လောက်ပြီ။ လက်ခြေနည်းနည်း ဆန့်ထုတ်ရအောင်" လုံချန်းက ပြုံးလိုက်ပြီး သူရပ်နေသော နေရာမှ ရုတ်တရက် ပျောက်ကွယ်သွားသည်။ သူ ရပ်နေခဲ့သော နေရာတွင် ကျင်းကြီးတစ်ကျင်း ဖြစ်သွားပြီး မျောက်ဝံ၏ လက်သီးမှာ မြေပြင်သို့ ပြင်းထန်စွာ ကျရောက်သွားသည်။

"တစ်ယောက်ယောက်ကို ရှာနေတာလား" လုံချန်း၏ အသံမှာ မျောက်ဝံ၏ အနောက်မှ တစ္ဆေတစ်ကောင်ကဲ့သို့ ထွက်ပေါ်လာသည်။ သူသည် မျောက်ဝံ၏ ဦးခေါင်းကို လက်သီးဖြင့် ထိုးလိုက်ရာ မျောက်ဝံ လှည့်ကြည့်ရန်ပင် အချိန်မရလိုက်ဘဲ ဦးခေါင်းခွံ ကွဲအက်ကာ မြေပေါ်သို့ လဲကျသွားတော့သည်။

သူ အနားမယူရသေးမီမှာပင် သွေးနီအဆင့် မျောက်ဝံ ၁၀ ကောင် ထပ်မံ ပေါ်လာသည်။ ၎င်းတို့အားလုံးမှာ လေကဲ့သို့ပင် အလွန် လျင်မြန်စွာ လှုပ်ရှားနေကြသည်။

လုံချန်းက ပြုံးလိုက်ပြီး လက်သီးကို ဆုပ်ကာ မျက်လုံးမှိတ်လိုက်သည်။ သူသည် ညာဘက်သို့ ရုတ်တရက် လွှဲထိုးလိုက်ရာ ထိုနေရာတွင် ပေါ်လာသော မျောက်ဝံတစ်ကောင်ကို ထိမှန်သွားသည်။ လက်သီးမှာ ဦးခေါင်းကို မထိဘဲ ရင်ဘတ်ကို ထိသွားသဖြင့် ထိုမျောက်ဝံမှာ မသေဘဲ စွန်ကြိုးပြတ်သကဲ့သို့ နောက်သို့ လွင့်ထွက်သွားသည်။ သို့သော် မြေပေါ်သို့ မကျမီမှာပင် လုံချန်းက မျောက်ဝံ၏ အနောက်တွင် ပေါ်လာပြီး နောက်ထပ် လက်သီးတစ်ချက်ဖြင့် အပြတ်ရှင်းလိုက်သည်။

လုံချန်းသည် လေနှင့်အတူ လှပစွာ ကခုန်နေသကဲ့သို့ပင် သားရဲများကို တစ်ကောင်ပြီးတစ်ကောင် သတ်ဖြတ်နေသည်။

ပိုမို သန်မာသော သားရဲများ ပေါ်လာသော်လည်း လုံချန်းအနေဖြင့် သူ၏ ဘုရင်ဓားကို ထုတ်သုံးရန် မလိုသေးပေ။ သူသည် တောင်ဖြိုဓားကိုသာ သုံးပြီး သူတော်စင်ဓား ခုနစ်သွယ်အား လေ့ကျင့်နေသည်။

ယခုအချိန်အထိ လုံချန်းသည် သူတော်စင်ဓား ခုနစ်သွယ်မှ ပဉ္စမမြောက်ပုံစံအထိသာ နားလည်သဘောပေါက်သေးသည်။ ဆဋ္ဌမမြောက်ပုံစံကို နားလည်ရန် ကြိုးစားနေသော်လည်း တစ်ခုခု လိုအပ်နေသကဲ့သို့ ခံစားနေရသည်။

ယခု သူ ရင်ဆိုင်နေရသည်မှာ မြေကမ္ဘာအဆင့် ၅ ရှိသော သွေးနီအဆင့် မျောက်ဝံ ၁၀ ကောင် ဖြစ်သည်။ ၎င်းတို့မှာ ပိုမို မြန်ဆန်ပြီး သန်မာလှသည်။ ၎င်းတို့၏ ခံစစ်မှာလည်း လုံချန်း၏ ရိုးရိုးကိုယ်ထိလက်ရောက် တိုက်ခိုက်မှုများကို ကာကွယ်နိုင်သည်။

၎င်းတို့သည် လေနှင့် တစ်သားတည်း ဖြစ်သွားကြသည်။ သူတော်စင်ဓား ခုနစ်သွယ်၏ ဆဋ္ဌမမြောက်ပုံစံမှာလည်း ဤသဘောတရားပင် ဖြစ်သည်။

"ဓားက လေနဲ့ တစ်သားတည်း ဖြစ်သွားတဲ့အခါမှသာ လေက ရန်သူတွေကို သတ်နိုင်လိမ့်မယ်" လုံချန်းက ဆဋ္ဌမမြောက်ပုံစံ၏ ဖော်ပြချက်ပါ စာသားတစ်ကြောင်းကို သတိရကာ ရေရွတ်လိုက်သည်။

'ငါ ဒီမျောက်ဝံတွေကို ယှဉ်နိုင်နေတာက လောကဘုရင် အစွမ်းကြောင့်ပဲ။ ငါ လှုပ်ရှားလိုက်တိုင်း လေရဲ့ ခုခံမှုကို ခံစားနေရတယ်။ တကယ်လို့ ငါသာ ဒီမျောက်ဝံတွေလို လေရဲ့ ခုခံမှုကို လျစ်လျူရှုနိုင်မယ်ဆိုရင် ငါ့ရဲ့ အရှိန်က ဒီထက်အများကြီး ပိုမြန်လာမှာပဲ' လုံချန်းက အတွေးထဲ နစ်ဝင်နေသော်လည်း သားရဲများ၏ တိုက်ခိုက်မှုကိုမူ ကျွမ်းကျင်စွာ ရှောင်တိမ်းနေသည်။

"နောက်တစ်ခါ ထပ်ကြိုးစားကြည့်ရအောင်" လုံချန်းက တောင်ဖြိုဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်သည်။

"သူတော်စင်ဓား ခုနစ်သွယ်၊ ဆဋ္ဌမပုံစံ၊ ကမ္ဘာဖျက်ခြင်း"

လုံချန်းသည် ကိုယ်ဟန်အနေအထား ယူလိုက်ပြီး သူ၏ ဓားကို ၃၆၀ ဒီဂရီ အဝိုင်းလိုက် လွှဲလိုက်သည်။ တောက်ပသော အလင်းတန်းတစ်တန်းသည် ဓားမှ ထွက်ပေါ်လာပြီး အပြင်သို့ ပျံ့နှံ့သွားသည်။ အပေါ်စီးမှ ကြည့်လျှင် လုံချန်းကို ဗဟိုပြု၍ ကျယ်ပြန့်လာသည့် လှပသော စက်ဝိုင်းကြီးတစ်ဝိုင်းနှင့် တူသည်။ လေထဲတွင် ပျောက်ကွယ်နေသော သွေးနီအဆင့် မျောက်ဝံ အားလုံးသည် ထိုအလင်းစက်ဝိုင်းအတွင်း ဖြတ်တောက်ခံလိုက်ရပြီး အကုန်လုံး သေဆုံးသွားတော့သည်။

"စောစောကထက်တော့ ပိုကောင်းလာပြီ၊ ဒါပေမဲ့ လုံးဝ အားစိုက်စရာ မလိုတဲ့အဆင့်တော့ မရောက်သေးဘူး။ လေရဲ့ ခုခံမှု ရှိနေသေးပေမဲ့ အရင်လောက်တော့ မဆိုးတော့ဘူး" လုံချန်းက ပြုံးလျက် ဆိုသည်။

"တော်တယ်... နင် လေရတနာလုံးကို မတွေ့ခင်မှာတင် ဆဋ္ဌမပုံစံကို တတ်မြောက်သွားလိမ့်မယ်လို့ ငါ မထင်ထားဘူး" ရွှင်း၏ အသံက လုံချန်း၏ စိတ်ထဲသို့ ရောက်လာသည်။

"ရွှင်း... နင် ဘာတွေ ပြောနေတာလဲ။ ငါ ဓားပုံစံကို နားလည်ဖို့ လေရတနာလုံး ဘာလို့ လိုမှာလဲ" လုံချန်းက နားမလည်ဘဲ မေးလိုက်သည်။

"နင် ဘာလုပ်လိုက်မိလဲဆိုတာ နင်ကိုယ်တိုင် မသိဘူးလား" ရွှင်းက ခပ်ဟဟ ရယ်ရင်း ပြောသည်။

"ငါ ဘာလုပ်လိုက်လို့လဲ"

"စောစောက စာသားကို မှတ်မိလား... ဓားက လေနဲ့ တစ်သားတည်း ဖြစ်သွားတဲ့အခါမှသာ လေက ရန်သူတွေကို သတ်နိုင်လိမ့်မယ် ဆိုတာလေ။ အဲဒါက ဆဋ္ဌမပုံစံကို တတ်မြောက်ဖို့ လေဓာတ်ကို နားလည်ဖို့ လိုတယ်လို့ ပြောတာ။ နင် လေရတနာလုံးကနေ လေနိယာမ ကို လေ့လာပြီးမှ ဒါကို တတ်မယ်လို့ ငါ ထင်ထားတာ၊ ဒါပေမဲ့ နင်က ငါ ထင်တာထက် ပိုမြန်နေတာပဲ" ရွှင်းက လုံချန်းကို ချီးကျူးလိုက်သည်။

"ဒါဆို ငါက လေနိယာမကို တတ်သွားပြီလို့ ပြောချင်တာလား။ ဟင့်အင်း... ငါ အဲဒီလို ဘာမှ မခံစားရပါဘူး" လုံချန်းက ခေါင်းခါရင်း ငြင်းသည်။

"နင်က နိယာမမျိုးစေ့ မရသေးတော့ လေဓာတ်နိယာမကို မတတ်သေးပါဘူး၊ ဒါပေမဲ့ လေဓာတ်ရဲ့ အနှစ်သာရကိုတော့ အောင်အောင်မြင်မြင် နားလည်သွားပြီ။ အဲဒါက နိယာမတစ်ခုကို ကိုယ်တိုင် လေ့လာသင်ယူခြင်းရဲ့ ပထမဆုံးခြေလှမ်းပဲ။ လေနိယာမက အခြေခံနိယာမတစ်ခု ဖြစ်ပေမဲ့ နားလည်ဖို့တော့ တကယ် ခက်ခဲပါတယ်။ အနှစ်သာရကို သိဖို့တောင် နှစ်အတော်ကြာ ကျင့်ကြံရတာမျိုးလေ" ရွှင်းက ထပ်ရှင်းပြသည်။

"ကဲ... နင် အလုပ်ရှုပ်တော့မယ် ထင်တယ်။ နောက်မှ စကားပြောကြတာပေါ့။ ဆဋ္ဌမပုံစံကို ဆက်ပြီး လေ့ကျင့်ပါ။ အဲဒါက နင့်ရဲ့ နားလည်နိုင်စွမ်းကို ပိုတိုးတက်စေလိမ့်မယ်" ပြောပြီးနောက် ရွှင်း ပြန်လည် တိတ်ဆိတ်သွားသည်။

"ဟင်း... မင်းကို ဒီမှာ တွေ့ရလိမ့်မယ်လို့ မထင်ထားဘူး" လုံချန်းက သူ့ရှေ့ရှိ မြေကမ္ဘာ အဆင့် ၆ ရှိသော မိစ္ဆာမုဆိုးသားရဲကို ကြည့်ကာ ရေရွတ်လိုက်သည်။

သူသည် တောင်ဖြိုဓားကို သိမ်းလိုက်ပြီး ဘုရင်ဓားအား ထုတ်ယူလိုက်သည်။

"အခုတော့ အတည်ပေါ့" လုံချန်းသည် မိစ္ဆာမုဆိုးသားရဲကို တည်ကြည်သော မျက်နှာထားဖြင့် စိုက်ကြည့်လိုက်သည်။ သူသည် သူရဲကောင်းတစ်ယောက်ကဲ့သို့ သားရဲဆီသို့ ပြေးဝင်သွားသည်။ သူက ဓားဖြင့် ခုတ်လိုက်သော်လည်း သားရဲက နေရာမှ ပျောက်ကွယ်သွားပြီး လုံချန်း၏ နောက်ကျောတွင် ပေါ်လာကာ လက်သည်းဖြင့် ကုတ်လိုက်သည်။

လုံချန်းသည် အမြန် နောက်လှည့်ကာ ဓားဖြင့် ကာလိုက်ရသည်။ သူ၏ အားအင်အားလုံး သုံးထားသော်လည်း လုံချန်းမှာ ခြေလှမ်းအနည်းငယ် နောက်သို့ ဆုတ်သွားရသည်။

"မြေကမ္ဘာ အဆင့် ၆ မိစ္ဆာမုဆိုးသားရဲက တကယ်ကို သန်မာတာပဲ။ မုဆိုးကြယ် ဒီလောက် သန်မာလာမယ့် အချိန်ကို စောင့်နေမိတယ်" လုံချန်းက ပြုံးလျက် သားရဲကို ထပ်မံ တိုက်ခိုက်လေတော့သည်။

ဝင်္ကပါ စမ်းသပ်ခန်းမအပြင်ဘက်တွင် လူတိုင်းသည် နောက်ဆုံးကျန်ရှိနေသော ဖြေဆိုသူ သုံးဦးကို ရင်တထိတ်ထိတ်ဖြင့် စောင့်နေကြသည်။

အတန်ကြာသောအခါ တံခါးတစ်ချပ် ပွင့်လာပြီး ပထမဆုံး လူတစ်ယောက် ထွက်လာသည်။ သူမမှာ ဆံပင်ပြာနှင့် မိန်းကလေး၊ ရွှေနိုင်ငံ၏ မင်းသမီး ယွဲ့ဖေး ဖြစ်သည်။ သူမ အရင်ထွက်လာလိမ့်မည်ဟု လူအများက ခန့်မှန်းထားကြပြီးသား ဖြစ်သည်။

"အနောက်မှာ သွားရပ်လိုက်ပါ။ ကျန်တဲ့ နှစ်ယောက် ထွက်လာမှ နောက်ဆုံး ရလဒ်တွေကို ကြေညာမယ်" တာဝန်ခံ အကြီးအကဲက သူမကို ကြည့်ကာ ပြောသည်။

"ဟုတ်ကဲ့..." သူမက ခေါင်းညိတ်ကာ ယွဲ့လွမ်ဆီသို့ လျှောက်သွားသည်။

"နင် ဘယ်လောက်ရလဲ" ယွဲ့လွမ်က ပြုံးကာ မေးသည်။ ယွဲ့ဖေးသည် ရှက်ကိုးရှက်ကန်း ပြုံးလိုက်ပြီး သူမ၏ တံဆိပ်အနောက်ဘက်ကို ပြလိုက်သည်။

"ဒါ... ဒါက..." ယွဲ့လွမ်မှာ သူမ၏ အမှတ်ကို မြင်သည်နှင့် စကားများပင် ထစ်ကုန်တော့သည်။

"ဒီလို ဖြစ်လာမယ်ဆိုတာ ငါ သိပြီးသားပါ" ယွဲ့လွမ်သည် သူ၏ တံဆိပ်အနောက်ကို ကြည့်ကာ ခေါင်းခါလိုက်သည်။ သူ၏ အမှတ်မှာ ၉၀ ဖြစ်သော်လည်း သူမ၏ အမှတ်မှာမူ…

အခန်း (၂၁၂) အကြွင်းမဲ့ ထိန်းချုပ်ခြင်း

"ဒီလို ဖြစ်လာမယ်ဆိုတာ ငါ သိပြီးသားပါ" ယွဲ့လွမ် သည် သူ၏ တံဆိပ်အနောက်ဘက်ကို ကြည့်ကာ ခေါင်းခါလိုက်သည်။

သူ၏ အမှတ်မှာ ၉၀ ဖြစ်သော်လည်း သူမ၏ အမှတ်မှာမူ လုံးဝ ခြားနားနေသည်။

"၄၆ မှတ်... အဲဒါကလည်း နင့်ရဲ့ ကြယ်နှစ်လုံး ရွှေတံဆိပ်ကြောင့် ရတဲ့ အပို ၃၀ မှတ် ပေါင်းပြီးမှနော်" ယွဲ့လွမ်က ပြုံးကာ ခေါင်းခါရင်း ပြောလိုက်သည်။

"ကျမ ရင်ဆိုင်ခဲ့ရတဲ့ သားရဲ ၁၀ ကောင်လုံးက ကျမထက် ကျင့်ကြံခြင်း အဆင့်တစ်ဆင့် ပိုမြင့်နေတာလေ။ သူတို့က အရမ်း ကြောက်ဖို့ကောင်းတာ၊ ကျမ ဘာမှ မလုပ်နိုင်ခဲ့ဘူး" မင်းသမီး ယွဲ့ဖေးက ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းငုံ့ကာ ပြောရှာသည်။

"စိတ်မပူပါနဲ့။ နင် တော်တော်လေး ကောင်းကောင်း လုပ်နိုင်ခဲ့ပါတယ်။ အခု နင်က ထိပ်ဆုံး ၄၀၀ ထဲမှာ ပါနေပြီပဲ၊ အမှတ်ဖြတ်မယ့် ထိပ်ဆုံး ၅၀၀ ထက် အများကြီး သာပါသေးတယ်" ယွဲ့လွမ်က သူမ၏ ခေါင်းကို အသာအယာ ပုတ်ရင်း အားပေးလိုက်သည်။

"အဲဒီ အပို အမှတ် ၃၀ ကြောင့်ပါ၊ မဟုတ်ရင် ကျမမှာ ၁၆ မှတ်ပဲ ရှိမှာ" ယွဲ့ဖေးက ပြန်ပြောသည်။

"အဲဒါတွေက အပိုမှတ်တွေ မဟုတ်ပါဘူး။ နင်က ထူးခြားတဲ့သူ ဖြစ်နေလို့ ရတဲ့ ဆုလာဘ်တွေပါ" ယွဲ့လွမ်က သူမကို ပြုံးကြည့်ရင်း ဆိုသည်။

သူတို့ စကားပြောနေစဉ်မှာပင် အမှန်တရားကို မသိကြသော လူအုပ်ကြီးက သူမ၏ အမှတ်ကို အမျိုးမျိုး ခန့်မှန်းနေကြသည်။

"အမှတ် ၂၀၀ ကျော်လောက် ရှိမှာပဲ။ သူမက အဆင့် ၆ ပါရမီရှင်လေ၊ တိုက်ခိုက်ရေး စွမ်းရည်ကလည်း အံ့မခန်း ဖြစ်မှာ သေချာတယ်"

"ငါတော့ မသေချာဘူး။ ကြည့်ရတာတော့ နည်းနည်း ပျော့ပုံရတယ်။ ဒါပေမဲ့ သူမရဲ့ ပါရမီကို ထောက်ရင်တော့ အမှတ် ၁၅၀ ဝန်းကျင်လောက် ရနိုင်မယ် ထင်တယ်"

ကျန်ရှိနေသော နှစ်ဦး ထွက်လာသည်ကို စောင့်ရင်း လူများမှာ သူတို့ စိတ်ထဲရှိရာများကို လျှောက်ပြောနေကြသည်။ ယွဲ့ဖေးမှာမူ ထိုစကားများကို ကြားလေလေ ပို၍ ရှက်လေလေ ဖြစ်နေတော့သည်။

စိတ်အာရုံ လှည့်စားမှုအတွင်း၌မူ လုံချန်းသည် မြေကမ္ဘာအဆင့် ၆ ရှိသော မိစ္ဆာမုဆိုးသားရဲကို သတ်ဖြတ်ပြီး ဖြစ်သည်။ သူသည် အမောတကော အသက်ရှုနေရပြီး ပင်ပန်းနွမ်းနယ်နေပုံ ရသည်။

"ငါ့ရဲ့ ဝိညာဉ်စွမ်းအင်တွေ ကုန်သလောက် ဖြစ်နေပြီ။ ဒီပုံရိပ်ယောင်ထဲမှာ ဘာလို့ အနားယူဖို့ အချိန်မပေးတာလဲ" လုံချန်းက သူ့ရှေ့တွင် ပေါ်လာသော မြေကမ္ဘာအဆင့် ၆ မိစ္ဆာမုဆိုးသားရဲ ၁၀ ကောင်ကို ကြည့်ရင်း ရေရွတ်လိုက်သည်။

"ကောင်းပြီလေ... အချိန်မရှိဘူးဆိုရင်လည်း ငါ့ဘာသာငါ အချိန်ဖန်တီးယူရတာပေါ့" လုံချန်း၏ အကြည့်များ တည်ကြည်သွားသည်။

ယခင်က ရွှေရောင် တောက်နေသော သူ၏ မျက်လုံးများတွင် မြူနှင်းများ ဖုံးလွှမ်းသွားသကဲ့သို့ ဖြစ်သွားသည်။ တစ်ကွင်းလုံးမှာလည်း ပုံရိပ်ယောင် နယ်မြေတွင် ပြဿနာ တစ်ခုခု တက်သွားသကဲ့သို့ ခဏတာ ဝေဝါးသွားသည်။

မိစ္ဆာမုဆိုးသားရဲ ၁၀ ကောင်လုံးသည် ရပ်နေသည့် နေရာမှာတင် ရပ်တန့်သွားကြသည်။ ရှေ့သို့လည်း မတိုး၊ နောက်သို့လည်း မဆုတ်နိုင်ကြတော့ပေ။

"အဲဒီမှာ ခဏ စောင့်နေကြဦး။ ခဏနေမှ ငါတို့ ဆက်ကစားကြမယ်" လုံချန်းက ပြောရင်း မြေပြင်ပေါ်တွင် ထိုင်ချလိုက်သည်။ ဤအခိုက်အတန့်တွင် သူသည် ဤပုံရိပ်ယောင် တစ်ခုလုံးကို အကြွင်းမဲ့ ထိန်းချုပ် ထားနိုင်ပြီ ဖြစ်သည်။

လက်တွေ့ကမ္ဘာတွင် သက်ရှိများအပေါ် ပုံရိပ်ယောင် အသုံးပြုရန် ကန့်သတ်ချက်များ ရှိသော်လည်း၊ သူကိုယ်တိုင် ပုံရိပ်ယောင် ဝင်္ကပါအတွင်း ရောက်နေသည့်အခါမှာတော့ အခြေအနေက လုံးဝ ခြားနားသွားသည်။

သူသည် ပုံရိပ်ယောင် နိယာမအား နားလည်ထားသူ ဖြစ်သဖြင့် ဤပုံရိပ်ယောင်ကို သူအလိုရှိသလို ပြောင်းလဲနိုင်သည်။ ဤဝင်္ကပါက သူ့အပေါ် အကျိုးသက်ရောက်နေသည်မှာ သူကိုယ်တိုင်က အကျိုးသက်ရောက်ခံရန် ခွင့်ပြုထားသောကြောင့်သာ ဖြစ်သည်။ သူ ဝင်္ကပါထဲ ခြေချလိုက်သည့် အချိန်မှစ၍ ဤဝင်္ကပါသည် ပုံရိပ်ယောင်အပေါ် ထိန်းချုပ်နိုင်စွမ်း လုံးဝ ဆုံးရှုံးသွားခဲ့ပြီ ဖြစ်သည်။

လုံချန်းသည် တရားထိုင်သည့် ပုံစံဖြင့် ထိုင်ကာ ကျင့်ကြံခြင်းကို စတင်လိုက်သည်။ သူသည် တိုက်ခိုက်လိုစိတ်များ ပြင်းပြနေသဖြင့် သူ၏ ဝိညာဉ်စွမ်းအင်များကို အမြန်ဆုံး ပြန်လည် စုစည်းလိုနေသည်။

သူသည် ပုံရိပ်ယောင်ထဲတွင် တစ်နာရီကျော်ခန့် ကျင့်ကြံပြီးနောက် မျက်လုံးကို ဖွင့်လိုက်သည်။ သူသည် လက်ခြေများကို ဆန့်ထုတ်ကာ မတ်တတ်ရပ်လိုက်သည်။

"စောင့်ပေးတဲ့အတွက် ကျေးဇူးပဲ" လုံချန်းက ပြုံးလျက် ဆိုလိုက်သည်။ သူ၏ မျက်လုံးများမှ မြူနှင်းရောင် အလင်းများ လက်သွားသောအခါ ပုံရိပ်ယောင်မှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီး မိစ္ဆာမုဆိုးသားရဲများလည်း ပြန်လည် လှုပ်ရှားလာကြသည်။

၎င်းတို့သည် ဆာလောင်နေသော ဝံပုလွေများသဖွယ် လုံချန်းဆီသို့ ခုန်အုပ်လာကြသည်။ လုံချန်းသည် နေရာမှ ရုတ်တရက် ပျောက်ကွယ်သွားပြီး သားရဲတစ်ကောင်၏ အပေါ်တွင် ပေါ်လာသည်။

သူသည် ဘုရင်ဓားကို အောက်သို့ စိုက်ချလိုက်ရာ သားရဲ၏ ဦးခေါင်းခွံအား ထိုးဖောက်သွားသည်။ ထိုသားရဲမှာ အသံပင် မထွက်နိုင်ဘဲ မြေပေါ်သို့ အသက်မဲ့စွာ လဲကျသွားတော့သည်။

သူသည် ဆက်တိုက်ပင် နေရာရွှေ့ပြောင်းခြင်း လုပ်ကာ သားရဲများ၏ အနားတွင် ပေါ်လာပြီး ကမ္ဘာ့အကောင်းဆုံး လုပ်ကြံသတ်ဖြတ်သူ တစ်ဦးကဲ့သို့ သူတို့ကို အမဲလိုက်နေသည်။

မိစ္ဆာမုဆိုးသားရဲများသည် အလွန်ကောင်းမွန်သော ခံစစ် ရှိကြသော်လည်း ဘုရင်ဓားကိုတော့ မယှဉ်နိုင်ကြပေ။ ထို့အပြင် လုံချန်းသည် သူတို့၏ အားနည်းချက် ရှိသော နေရာများကိုသာ ရွေးချယ် တိုက်ခိုက်နေသည်။

သူသည် မုဆိုးကြယ်နှင့် ပဋိညာဉ်ပြုထားသူ ဖြစ်သဖြင့် မိစ္ဆာမုဆိုးသားရဲများ၏ အားသာချက်နှင့် အားနည်းချက်များကို အလွန် ကောင်းမွန်စွာ သိရှိထားခြင်း ဖြစ်သည်။

ဝင်္ကပါ စမ်းသပ်ခန်းမအတွင်း၌မူ မင်းသမီးယွဲ့ဖေး ထွက်လာပြီးကတည်းက ၄ နာရီခန့် ကြာမြင့်သွားပြီ ဖြစ်သည်။

လုံချန်းနှင့် မင်းသားလူတို့ ဝင်သွားခဲ့သည်မှာ ၅ နာရီကျော် ရှိသွားပြီ ဖြစ်သည်။ သူတို့သည် ယခင်က ရွှမ်နိုင်ငံမှ ကျင့်ကြံသူတစ်ဦး တင်ထားသော စံချိန် ၃ နာရီ ၁၆ မိနစ် ကိုပင် ကျော်ဖြတ်သွားကြပြီ ဖြစ်သည်။

ခန်းမအတွင်းရှိ လူအများစုမှာ ဒုတိယမြောက်လူ ထွက်လာမည့်အချိန်ကို ထိုင်ကာ စောင့်နေကြသည်။ အချို့မှာ စောင့်ရသည်မှာ ကြာလွန်းသဖြင့် အိပ်ပျော်နေကြပြီး အချို့ကတော့ မည်သူ ဦးဆုံး ထွက်လာမည် ဆိုသည်ကို ငြင်းခုံနေကြဆဲ ဖြစ်သည်။

"မျက်နှာဖုံးစွပ်ကောင်လေးက ပါရမီ ပိုကောင်းပေမဲ့ သူက အရမ်း ငယ်သေးတယ်။ တိုက်ခိုက်ရေး စွမ်းရည်ကတော့ အဲလောက် မရှိနိုင်ပါဘူး။ သူက ရွှမ်းနိုင်ငံကလည်း မဟုတ်လောက်ဘူး၊ မဟုတ်ရင် မျက်နှာဖုံး စွပ်ထားမှာ မဟုတ်ဘူးလေ။ သူ့မှာ ကောင်းမွန်တဲ့ တိုက်ခိုက်ရေး ပညာရပ် ရှိဖို့ဆိုတာ မဖြစ်နိုင်ပါဘူး" အဆင့် ၅ ပါရမီရှင်တစ်ဦးက သူ၏ သူငယ်ချင်းကို ပြောနေသည်။

"မင်း အဲဒါကိုတော့ သေချာ မပြောနိုင်ဘူး... ငါ့အမြင်တော့ မင်းသားလူ ရှုံးတော့မယ် ထင်တယ်" အခြားလူတစ်ယောက်က ကြားဖြတ် ပြောလိုက်သည်။

"မင်းက ဘယ်သူ..." ထိုသူသည် စကားပြောသူဘက်သို့ လှည့်ကြည့်လိုက်ပြီးနောက် ထိတ်လန့်သွားကာ မျက်လုံးများကို အမြန် ပြန်မှိတ်လိုက်ရသည်။

မင်းသားလူ ရှုံးလိမ့်မည်ဟု ပြောလိုက်သူမှာ အသက် ၂၄၊ ၂၅ ခန့်ရှိသော အမျိုးသားတစ်ဦး ဖြစ်သည်။ သူသည် လက်ရှိတွင် ဤစမ်းသပ်မှု၏ အဆင့် ၁ နေရာကို ရယူထားသူ သခင်လေးတွမ် ဖြစ်သည်။ သူသည် အဆင့် ၅ ပါရမီရှင် ဖြစ်သော်လည်း သူ၏ အမှတ်မှာ ၁၈၀ အထိ ရှိနေသည်။ သူ၏ ကျင့်ကြံခြင်းမှာလည်း ရွှေအမြူတေ အဆင့် ၄ မှာ ရှိနေသည်။

"ဘာလို့ အဲဒီလို ထင်ရတာလဲ သခင်လေးတွမ်" ထိုလူငယ်က ရိုရိုသေသေ မေးလိုက်သည်။

"မင်းတို့ သတိမထားမိလိုက်ဘူး ထင်တယ်။ အကြီးအကဲ ကျင်းလျန်က အစောင့်ကို ဒီကောင်လေးကို ခေါ်သွားဖို့ ပြောတဲ့အချိန်မှာ အဲဒီကောင်လေး အစောင့်ကို ကြည့်လိုက်တဲ့ အကြည့်က အရမ်း ကြောက်ဖို့ကောင်းတယ်။ ငါက သူကြည့်တဲ့ ပစ်မှတ် မဟုတ်တာတောင် ငါ့ကျောရိုးထဲအထိ စိမ့်သွားသလို ခံစားရတယ်။ သူက နည်းနည်းလေးတောင် ကြောက်ရွံ့ပုံ မပေါ်ဘူး။ တစ်ကမ္ဘာလုံးကို ဂရုမစိုက်ဘဲ အစောင့်ကို သတ်ပစ်ဖို့ အသင့်ဖြစ်နေတဲ့ ပုံမျိုးပဲ။ အဲဒီကောင်လေးကို... ဘယ်တော့မှ မပြစ်မှားသင့်ဘူး..." သခင်လေးတွမ်က သတိပေးသည့် လေသံဖြင့် ပြောဆိုပြီးနောက် မျက်လုံးပြန်မှိတ်လိုက်သည်။

ဒုတိယမြောက် တံခါးပွင့်လာပြီး တစ်စုံတစ်ယောက် ထွက်လာသည်။

သူသည် အလွန်မြင့်မားသော ပါရမီကြောင့် လူတိုင်းကို အံ့အားသင့်စေခဲ့သော သူ၊ မိမိကိုယ်ကို ထျန်ရှန်း ဟု ခေါ်ဆိုသည့် မျက်နှာဖုံးစွပ် ကောင်လေး ဖြစ်သည်။

"ကျန်တဲ့လူတွေ ထွက်လာပြီလား" သူက အကြီးအကဲကို ကြည့်ကာ မေးလိုက်သည်။

"အာ... မထွက်သေးဘူး။ မင်းသားလူ အထဲမှာ ရှိနေသေးတယ်" အကြီးအကဲက အမြန် ပြန်ဖြေသည်။

"ဪ..." လုံချန်းက ဂရုမစိုက်ဟန်ဖြင့် ဆိုကာ ထောင့်တစ်နေရာတွင် သွားထိုင်ပြီး မျက်လုံးမှိတ်ထားလိုက်သည်။ သူသည် ထွက်လာပြီးနောက် သူ၏ အမှတ်ကို တစ်ချက်ပင် ကြည့်ခြင်း မပြုပေ။

ဒုတိယအဆင့် တာဝန်ခံ အကြီးအကဲသည် သီးခြား အခန်းတစ်ခန်ယထဲသို့ ဝင်သွားသည်။ ပုံမှန်ဆိုလျှင် လူအားလုံး ထွက်လာမှ ကြည့်ရမည် ဖြစ်သော်လည်း သူသည် သိချင်စိတ်ကို မထိန်းနိုင်တော့ပေ။ လုံချန်း ထွက်လာကတည်းက သူ၏ အမှတ်ကို သူ မြင်ချင်နေခဲ့သည်။

ထိုအခန်းအတွင်းရှိ နံရံပေါ်တွင် စမ်းသပ်မှု၏ အဆင့်သတ်မှတ်ချက် အလိုက် နာမည်များ ပေါ်နေသည်။

"ဟင်... နံပါတ် ၁ က တွမ်လား။ အဆင့် ၆ မိန်းကလေးနဲ့ ဒီမျက်နှာဖုံးစွပ်ကောင်လေးက ဘယ်ရောက်သွားတာလဲ" သူသည် နာမည်များကို အသည်းအသန် လိုက်ရှာသည်။

အတန်ကြာ ရှာဖွေပြီးနောက် မင်းသမီး ယွဲ့ဖေး၏ နာမည်ကို အဆင့် ၃၂၅ မှာ တွေ့လိုက်ရသည်။

"၄၆ မှတ်တည်းလား။ သူ့ရဲ့ တိုက်ခိုက်ရေး စွမ်းရည်က တကယ်ပဲ အားနည်းတာပဲ... ဒါပေမဲ့ ဟိုကောင်လေးက ဘယ်မှာလဲ။ သူက သူ့ထက်တောင် အမှတ်နည်းနေတာလား" အကြီးအကဲသည် စာရင်းကို အောက်ဆုံးအထိ ဖတ်သော်လည်း ထျန်းရှန်၏ နာမည်ကို မတွေ့ရပေ။

"နာမည် နှစ်ခု ပျောက်နေတယ်။ မင်းသားလူနဲ့ ထျန်းရှန်။ မင်းသားလူကတော့ အထဲမှာ ရှိနေသေးလို့ အမှတ်မပေါ်သေးတာ ထားပါတော့၊ ဒါပေမဲ့ ထျန်းရှန်က ဘာဖြစ်လို့လဲ၊ ဘာလို့ သူ့အမှတ်က ဒီမှာ မရှိတာလဲ။ သူ စာမေးပွဲမှာ မပါဝင်ခဲ့သလို ဖြစ်နေတာပဲ" အကြီးအကဲမှာ ဇဝေဇဝါ ဖြစ်သွားတော့သည်။

လုံချန်း ထွက်လာပြီး ၂၃ မိနစ်ခန့် အကြာတွင် တတိယမြောက် တံခါး ပွင့်လာသည်။

မင်းသားလူသည် ပင်ပန်းနွမ်းနယ်နေသော မျက်နှာထားဖြင့် ထွက်လာသည်။ သူ ထွက်လာသည်နှင့် တစ်ပြိုင်နက် တစ်စုံတစ်ဦးကို လိုက်ရှာသည်။ လုံချန်းကို မြင်လိုက်ရသောအခါ သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပွင့်လန်းသွားသည်။

"အကြီးအကဲ၊ လက်ရှိ အမှတ်အများဆုံးက ဘယ်လောက်လဲ" မင်းသားလူက မေးလိုက်သည်။

"လောလောဆယ် ဝူမျိုးနွယ်စုက တွမ်က အမှတ် ၁၈၀ နဲ့ အမှတ်အများဆုံးပဲ" အကြီးအကဲယီက ပြုံးကာ ဖြေသည်။

"ဪ... ဒါဆို သူငယ်ချင်းလေး ထျန်းရှန်ကရော။ သူ ထိပ်ဆုံးမှာ ရှိနေမယ်လို့ ကျုပ် ထင်ထားတာ၊ တကယ်တော့ သူက ကျုပ်ကို စိတ်ပျက်အောင် လုပ်လိုက်တာပဲ။ အဆင့် ၇ ပါရမီရှင် ဆိုတာ နှမြောဖို့ကောင်းလိုက်တာ" မင်းသားလူက လှောင်ပြုံး ပြုံးရင်း ပြောလိုက်သည်။

"အကြီးအကဲယီ၊ ကျုပ် ပထမ ရပြီ ထင်တယ်။ ကျုပ်ရတဲ့ အမှတ်က ၃၂၀ ဗျ" မင်းသားလူက အခြားသူများ ကြားစေရန် ကျယ်လောင်စွာ ပြောလိုက်ပြီး သူ၏ တံဆိပ်အနောက်ဘက်ကို အကြီးအကဲယီအား ပြလိုက်သည်။

ထိုအမှတ်ကို ကြားလိုက်ရသည့်အခါ တစ်ကွင်းလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်။

"သူငယ်ချင်းလေး ရှန်။ မင်းရဲ့ စွမ်းဆောင်ရည်က ညံ့တယ်ဆိုရင်တောင် ဒီလောက်တော့ မဆိုးနိုင်ပါဘူး။ မင်းရဲ့ တံဆိပ်လေး ပြပါဦး၊ မင်း ဘယ်လောက်ရလဲဆိုတာ ငါ တစ်ချက်လောက် ကြည့်ပါရစေ" မင်းသားလူက လုံချန်းကို လှမ်း၍ လှောင်ပြောင်လိုက်လေတော့သည်။

All Chapters