အခန်း (၁၃-၁၄)
Vol. 2 Ch. 13-14
အခန်း(13)
မြွေကိုက်ခံရသည့်ဖြစ်ရပ်ကြောင့် လင်းမိန်ဟွေ့သည် ယခင်ဘဝက ကျန်းမိသားစု၌ နေထိုင်ခဲ့ရသည့် အတွေ့အကြုံများကို ပြန်လည်အမှတ်ရမိခဲ့သည်။
ထိုအချိန်များသည်ကား သူမအတွက် အိပ်မက်ဆိုးတစ်ခုသဖွယ် ဖြစ်နေခဲ့ရသည်။ သို့သော်လည်း ယခု သူမ သိထားခဲ့သည့် ဗဟုသုတအလုံးစုံသည်က ကျန်းမိသားစုထံမှ ရရှိခဲ့ခြင်းသာ ဖြစ်ပေသည်။
ယခင်ဘဝ အမှတ်ရခြင်းများမှ ကိုက်ဆံ ရှာ၍ရသည့် နည်းလမ်းတစ်ခုခုသာ ရှာတွေ့ခဲ့မည်ဆိုလျှင် သူမ၏ သေဆုံးခြင်းသည်က အလကားဖြစ်သွားလိမ့်မည် မဟုတ်တော့ပေ။
မထင်မှတ်ဘဲ ထိုအချိန်တုန်းက သူမသည်ကား အတတ်ပညာများကို လေ့လာသင်ယူခဲ့သည်။
ကျန်းမိသားစုသို့ သူမ ရောက်ရှိခဲ့ပြီး အစောပိုင်းကာလများတွင် ရှိခဲ့စဉ်က သူမ အလွန်ပျင်းရိနေခဲ့သဖြင့် အချိန်ဖြုန်းရန်အတွက် ကျန်းမိသားစု၏ အစားအသောက် လုပ်ငန်းခွင်သို့ သွားခဲ့သည်။
တစ်ခါတစ်ရံ ထိုနေရာတွင် တစ်နေကုန် ထိုင်ကြည့်နေခဲ့ပြီး အလုပ်သမားများ အလုပ်လုပ်နေသည်ကိုသာ စိုက်ကြည့်နေတတ်သည်။
ဝိုင်ချက်ခြင်း၊ အသားငါးများ စီမံခြင်း၊ အသီးခြောက်များ ပြုလုပ်ခြင်း စသည်တို့သည်ကား သူမ အတွေ့ရဆုံးနှင့် အမှတ်မိဆုံးအရာများ ဖြစ်သည်။
ထိုစဉ်က သူမ ကိုယ်တိုင် စမ်းကြည့်ချင်စိတ်ကို မထိန်းနိုင်ခဲ့ပါချေ။
ယခုတော့ ထိုအရာများကို အသုံးချ၍ရပေပြီ။ ကျန်းမိသားစု၏ လုပ်ငန်းသည်က သူတို့ကဲ့သို့ နေရာအသေးလေး၌ လုပ်၍မရနိုင်ပေ။
သူမသာ ထိုစားသောက်ကုန်များကို ပြုလုပ်၍ မြို့ထဲ၌ ရောင်းချနိုင်မည်ဆိုလျှင် စားသောက်ကုန်လုပ်ငန်းတစ်ခု ဖွင့်ကာ ကျန်းမိသားစုနှင့် ယှဉ်ပြိုင်နိုင်မည်ပင်။
လင်းမိန်ဟွေ့တစ်ယောက် စိတ်ကူးကိုအကောင်အထည်ဖော်ရန်အတွက် ကုန်ကြမ်းများကို ရှာဖွေ၍ အဆင့်ဆင့်ကို သေချာစွာ လိုက်နာလုပ်ကိုင်ခဲ့သည်။
မထင်မှတ်ဘဲ ပထမဦးဆုံးအကြိမ်၌ပင် များစွာ အောင်မြင်ခဲ့ပေသည်။ သူမ၏ ပထမဦးဆုံး မြည်းစမ်းသူဖြစ်သည့် စုန့်ယီက သူမကို လက်မထောင်၍ ချီးကျူးခဲ့သည်။
“မိန်ဟွေ့၊ မင်း ဒီပညာတွေကို ဘယ်နေရာကနေ သင်ယူလာခဲ့တာလဲ၊ အရမ်းကို အံ့ဩဖို့ကောင်းတာပဲ၊ မြို့ထဲမှာတောင် ဒီလိုလုပ်နိုင်တဲ့ဆိုင် သိပ်မရှိဘူး၊ မင်း ဒါကိုကောင်းကောင်းရောင်းရမှာ သေချာတယ်”
လင်းမိန်ဟွေ့အနေဖြင့် ဤသည်ကို အသေးစိတ် ရှင်းပြ၍ မရနိုင်သဖြင့် ပေါ့ပေါ့ပါးပါးဟန်ဆောင်၍သာ အလွယ်တကူဖြေရှင်းလိုက်သည်။
စုန့်ယီက သူမ တစ်ဦးတည်း မြို့ထဲတွင် ပစ္စည်းသွားရောင်းမည်ကို စိတ်ပူသောကြောင့် သူ မတိုင်ခင်က ဖမ်းမိထားသည့် သားကောင်များကို ယူ၍ သူမနှင့်အတူ လိုက်ပါသွားခဲ့သည်။
မြို့ထဲမှ လူများက သူတို့ရောင်းချသည့် အသစ်အဆန်းများကို စိတ်ဝင်စားသွားခဲ့ကြပြီး နှစ်နာရီပင် မပြည့်မီ အကုန်ရောင်းထွက်သွားခဲ့သည်။
လင်းမိန်ဟွေ့တစ်ယောက် ဝမ်းသာအားရခြင်းများဖြင့် ခြင်းတောင်းကို သိမ်း၍ ချွေးသုတ်ရန် ခေါင်းမော့လိုက်သည့်အခါတွင် စုန့်ယီကို မည်သည့်နေရာ၌မျှ မတွေ့ရတော့ပေ။
“အစ်ကိုစုန့်ယီ”
လင်းမိန်ဟွေ့ အော်ခေါ်လိုက်မိပြီး ပတ်ဝန်းကျင်ကို လှည့်ပတ် ရှာဖွေကြည့်သောအခါ မည်သူ့ကိုမျှ မတွေ့သဖြင့် အနည်းငယ် စိုးရိမ်လာခဲ့သည်။
ဤအချိန်၌ ရုတ်တရက် သူမ၏ ပခုံးကို တစ်စုံတစ်ယောက်က ပုတ်လိုက်လေသည်။ လင်းမိန်ဟွေ့ လန့်၍ လှည့်ကြည့်လိုက်သောအခါ စုန့်ယီက သူမကို အပြုံးတစ်ခုဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရသည်။
“အစ်ကိုစုန့်ယီ၊ ရှင် ဘယ်နေရာကို သွားနေတာလဲ”
လင်းမိန်ဟွေ့၏ အသံသည်က အနည်းငယ် စိုးရိမ်နေဟန်ရှိသည်။ သူမ အမှန်တကယ် ကြောက်သွားခဲ့ခြင်း ဖြစ်ပေသည်။
သို့သော်လည်း စုန့်ယီက ပြန်မဖြေခဲ့ဘဲ သူမ၏ မျက်နှာကိုကြည့်ကာ သူ၏ လက်ဖဝါးကို အပေါ်သို့ဆန်ထုတ်ပြီး လက်သီးဆုပ်ကိုဖြန့်ပြလာခဲ့သည်။
လင်းမိန်ဟွေ့၏ မျက်နှာက ရှုပ်ထွေးမှုများဖြင့် ပြည့်နေစဉ်မှာပင် စုန့်ယီက သူ့၏လက်ကို ဖွင့်ဟလိုက်ပြီး ပန်းရောင်လိပ်ပြာဆံထိုးနှစ်ခုက သူ့၏လက်ဖဝါးအတွင်း၌ ပေါ်လာခဲ့သည်။
“ဆံထိုးက အရမ်းလှတာပဲ”
လင်းမိန်ဟွေ့သည်ကား ငယ်ရွယ်သည့် ကလေးမလေးတစ်ဦးပင် ဖြစ်နေသေးသည်။ ဤကဲ့သို့ အမျိုးသမီးသုံးပစ္စည်းမျိုးကို မြင်လိုက်သည့်အခါတွင် သူမ၏ စိတ်ထဲမှ မပျော်ရွှင်မှု အလုံးစုံက ချက်ချင်းဘေးဖယ်ခံလိုက်ရပြီး သူမ၏ မျက်လုံးများသည်လည်း ပျော်ရွှင်မှုနှင့်အတူ လင်းလက်တောက်ပလာခဲ့သည်။
“လာခဲ့၊ ကိုယ် မင်းကို ညှပ်ပေးမယ်”
စုန့်ယီက သက်ရှိနှင့်တူသည့် လိပ်ပြာဆံထိုးနှစ်ခုကို လင်းမိန်ဟွေ့၏ ခေါင်းပေါ်၌ ညှပ်ပေးလိုက်သည်။
သူမ လမ်းလျှောက်သည့်အခါတွင် လိပ်ပြာတောင်ပံလေးများက လေထဲ၌ တဖျတ်ဖျတ် လွင့်နေခဲ့ပြီး အစစ်အမှန် လိပ်ပြာနှစ်ကောင်က သူမခေါင်းပေါ်၌ နားနေသကဲ့သို့ပင် ဖြစ်နေခဲ့လေ၏။
အပြန်လမ်း၌ လင်းမိန်ဟွေ့မှာ လမ်းပေါ်၌ လူအများ လည်ပြန်ကြည့်ရသည့် မိန်းကလေး ဖြစ်လာခဲ့သည်။ အထူးသဖြင့် သူမ၏ အသက်အရွယ်တူ မိန်းကလေးများက သူမကို တွေ့သည့်အခါတွင်_
“အားကျတယ်”
ဆိုသည့် စာလုံးကို သူတို့မျက်နှာပေါ်၌ တိုက်ရိုက် ရေးထားသကဲ့သို့ပင် ဖြစ်နေခဲ့သည်။
လင်းမိန်ဟွေ့ ပျော်ပျော်ရွှင်ရွှင်နှင့် အရှေ့မှ မြောက်ကြွကြွခြေလှမ်းများဖြင့် လျှောက်သွားနေခဲ့ကာ စုန့်ယီကမူ စိတ်ကျေနပ်ပျော်ရွှင်သည့်အပြုံးနှင့် အနောက်ဘက်မှ လိုက်ခဲ့သည်။
သူသည်ကား လင်းမိန်ဟွေ့ကို ကမ္ဘာပေါ်၌ အကောင်းဆုံးအရာများကို ပေးလိုပေသည်။ ထို့မှသာ ကမ္ဘာပေါ်မှ အမျိုးသမီးအားလုံးက သူမကို အားကျနေရလိမ့်မည်။
လင်းမိန်ဟွေ့၏ ကိုယ်တိုင်လုပ် စားသောက်ကုန်ပစ္စည်းများက မိသားစုဝင်ငွေကို ဖြည့်ဆည်းပေးသောကြောင့် သူတို့နှစ်ဦး၏ဘဝသည် အနည်းငယ်ပို၍ သက်သောင့်သက်သာ ဖြစ်လာခဲ့သည်။
လင်းမိန်ဟွေ့သည်ကား ငွေများစွာ မရရှိလျှင်ပင် ကျေနပ်ရောင့်ရဲနေတတ်သူ ဖြစ်ချေသည်။ ယခင်ဘဝ၌ ဆင်းရဲဒုက္ခရောက်ခဲ့ရသည့်အခြေအနေနှင့် ယှဉ်လျှင် ဤသည်မှာ သက်ရှိကမ္ဘာပေါ်မှ ကောင်းကင်ဘုံကဲ့သို့ပင်။
သူမက အရာအားလုံးကို ပျော်ပျော်ရွှင်ရွှင် လုပ်နေခဲ့ပြီး မည်သို့မျှ မပင်ပန်းခဲ့ပါချေ။
နွေဦးရာသီကို ရောက်ရှိလာမှသာ မတတ်နိုင်ဘဲ ရက်အနည်းငယ် နားခဲ့သည်။
မိုးများ ဆက်တိုက်ရွာသွန်းခြင်းကြောင့် လူအများကို အသက်ရှူကျပ်စေသည်။ အိမ်အတွင်း၌ အစိုဓာတ်များဖြစ်လာခဲ့ကာ နံရံများ၊ ကြမ်းပြင်များက ရေလောင်းထားသကဲ့သို့ စိုရွှဲနေခဲ့သည်။ ပရိဘောဂများနှင့် အိပ်ရာခင်းများပင် အစိုဓာတ်များရှိနေခဲ့သည်။
မနက်ခင်းနိုးလာသောအခါတွင် စုန့်ယီ ကြမ်းပြင်ပေါ်၌ ခင်၍အိပ်သည့် အိပ်ရာခင်းက ရေများပင် စိမ့်ထွက်တော့မလို ဖြစ်နေခဲ့သည်။ လင်းမိန်ဟွေ့ တစ်ယောက် ဤအခြေအနေကို မြင်သောအခါ အလွန်ပင် စိတ်ပူသွားခဲ့ရသည်။
သူမက နေ့ဘက်၌ စုန့်ယီ၏အိပ်ရာခင်းကို ထုတ်၍ နေပူလှန်းလိုသော်လည်း မိုးက တောက်လျှောက်ရွာနေဆဲပင်။
ညဘက်အချိန်၌ စုန့်ယီက ထိုစိုစွတ်အေးစက်သည့် အိပ်ရာထဲသို့ ထပ်ဝင်နေသည်ကို မြင်လျှင် လင်းမိန်ဟွေ့ နောက်ဆုံး၌ မပြောဘဲ မနေနိုင်တော့ပေ။
“အစ်ကိုစုန့်ယီ၊ ကြမ်းပြင်က အရမ်းစိုနေတာ၊ ရှင့်ရဲ့ အိပ်ယာခင်းနဲ့ စောင်လည်း စိုနေပြီ၊ ရှင်လည်း ခုတင်ပေါ်မှာ လာအိပ်ပါလား”
လင်းမိန်ဟွေ့က ဤစကားကို သူမ၏ စိတ်ရင်းဖြင့် ပြောခြင်း ဖြစ်ပေသည်။ စုန့်ယီတစ်ယောက် အိပ်ယာပေါ်၌ တုန်ရီနေသည်ကို သူမ မကြည့်ရက်ပေ။
သူနှင့်အတူနေလာခဲ့သည့် ဤအချိန်များအတွင်း စုန့်ယီသည်က ယဉ်ကျေးကာ ထိန်းသိမ်းတတ်သည့်သူတစ်ဦး ဖြစ်သည်ကို သူမ လုံးဝယုံကြည်ခဲ့သည်။
သူ့နှင့်အတူရှိလျှင် မည်သည့်အရာမျှ စိတ်ပူစရာမလိုပါချေ။
“မလိုပါဘူး မိန်ဟွေ့၊ ကိုယ်ဒီမှာပဲ နေလို့ရပါတယ်၊ နောက်ထပ် ရက်နည်းနည်းလောက်ပဲ သည်းခံပြီးရင် နွေးဦးအဝင်က ပြီးသွားတော့မှာပါ”
စုန့်ယီသည်လည်း လင်းမိန်ဟွေ့၏ ရည်ရွယ်ချက်ကို နားလည်ပေသည်။ သူ့အနေဖြင့် ၎င်းကို မလိုချင်ခြင်း မဟုတ်ဘဲ သူ့ကိုယ်သူ ခွင့်မပြုနိုင်ခြင်း ဖြစ်သည်။
သူနှင့် လင်းမိန်ဟွေ့သည်က အစကတည်းက အတုအယောင်လက်ထပ်မှုဟု သဘောတူထားပြီးသား ဖြစ်သည်။ သူတို့ထံတွင် လက်ထပ် မှတ်ပုံတင်လက်မှတ်လည်း မရရှိသေးသောကြောင့် သူတို့၏ ဂုဏ်သတင်းကပင် တရားဝင်မဖြစ်သေးပေ။
အမျိုးသားတစ်ဦးဖြစ်သည့် သူ့အတွက် အရေးမကြီးသော်လည်း လင်းမိန်ဟွေ့အတွက်မူ ကွာခြားသည်။ သူမက ငယ်ရွယ်သေးသည့် မိန်းကလေးတစ်ဦး ဖြစ်သောကြောင့် သူ့အနေဖြင့် လင်းမိန်ဟွေ့၏ ဂုဏ်သတင်းသည်က မည်သည့်အရာနှင့်မျှ မလဲနိုင်အောင် အရေးကြီးပေသည်။
သူမ၏အနာဂတ်ကို သူ ဖျက်ဆီးနိုင်ခြင်း မရှိပါချေ။
“အစ်ကိုစုန့်ယီ၊ ရှင်သာ အအေးမိပြီးဖျားသွားမယ်ဆိုရင် မကောင်းဘူးလေ၊ တခြားလူတွေ ဘာတွေပဲပြောပါစေ ကျွန်မ ဂရုမစိုက်ပါဘူး”
သူမသည်ကား တခြားလူများ၏ ဝေဖန်ပြောဆိုခြင်းကို အသားကျနေပြီ ဖြစ်၍ မည်သည့်အခါမှ ဂရုမစိုက်တော့ပေ။ စုန့်ယီတစ်ဦးတည်းကသာ သူမအပေါ် အမှန်တကယ် ကောင်းမွန်သည့်သူဖြစ်သည်ပင်။
သို့သော်လည်း သူမ မည်သို့ပင် ပြောစေကာမူ စုန့်ယီက သဘောတူသောကြောင့် အဆုံးတွင် လက်လျှော့လိုက်ရတော့သည်။
လင်းမိသားစုအတွက်မူ လင်းမိန်ဟွေ့ အိမ်မှ ပြောင်းထွက်သွားပြီးသည့်နောက် ဆဲဆိုသံများက နည်းပါး၍ ဆူညံသံများလည်း သိသိသာသာ နည်းပါးသွားခဲ့သည်။
ဤသည်က လင်းရှောင်ရှုကို ဘဝ၌ ပျော်စရာများက များစွာ ပျောက်ဆုံးနေသကဲ့သို့ ခံစားရစေသည်။
လင်းရှောင်ရှုက ပျင်းရိ၍ စာမလုပ်ချင်သည့်အခါ ကျောင်းလစ်၍ ကျောင်းပြင်ပမှ လမ်းဘေးလူမိုက်များနှင့် ပေါင်းရန် နည်းလမ်းများကို အမြဲစဉ်းစားတတ်သည်။
အချိန်ကြာလာသည်နှင့်အမျှ သူက ပို၍ပင် စည်းကမ်းမဲ့လာခဲ့သည်။
“ရှောင်ရှု မြို့ထဲမှာ ရုပ်ရှင်ရုံအသစ်ဖွင့်တယ်လို့ ကြားတယ်၊ သွားကြည့်ရအောင်”
ထိုနေ့ နေ့လည်၌ လင်းရှောင်ရှုတစ်ယောက် စာသင်ခန်း စားပွဲခုံပေါ်၌ အိပ်ပျော်နေခဲ့သည်။ ထိုအချိန်တွင် သူ့သူငယ်ချင်းများ၏ အော်ခေါ်သံများက အတန်းပြင်မှ ထွက်ပေါ်လာသည်။
သူ အိပ်ချင်မူးတူးနှင့် ခေါင်းထောင်လိုက်သည်။ “ရုပ်ရှင်ရုံ” ဆိုသည့်စကားလုံးကို ကြားလိုက်သည့်အခါတွင် သူ ချက်ချင်းဆိုသလို တက်ကြွလာခဲ့ပြီး ဆရာမ အတန်းထဲ မဝင်မှ အမြန်ဆုံး ခိုးထွက်ခဲ့သည်။
ဤသည်က မကြာသေးခင်ကမှ ခေတ်စားလာသည့် အသစ်အဆန်းတစ်ခုပင်။ ထိုရုပ်ရှင်ရုံတွင် ဟောင်ကောင်ရုပ်ရှင်များကို ကြည့်၍ရသည်ဟု ကြားရသည်။ ဤသည်က အလွန်ကောင်းမွန်လွန်းသည်မဟုတ်ပါလား။ သူ သွား၍ ခံစားကြည့်ရမည်ပင်။
လူနှစ်ဦးက ကျောင်းနောက်ဘက်နံရံမှ တက်ဆင်း၍ ထွက်လာခဲ့ကြသည်။
လမ်းဘေးလူမိုက်များကလည်း ကျောင်း အပြင်ဘက်၌ စောင့်နေနှင့်ပြီးသားပင်။ သူတို့ကအဖွဲ့လိုက် မြို့ဘက်သို့ လျှောက်သွားကြသည်။
သူတို့ အမှန်တကယ်လည်း ဒဏ္ဍာရီလာ ရုပ်ရှင်ရုံကို တွေ့ခဲ့ရသည်။ အပြင်မှ ပိုစတာကို ကြည့်ရုံနှင့်ပင် သူတို့အထဲမှ လူအတော်များများ စိတ်လှုပ်ရှားခဲ့ကြသည်။
ကံမကောင်းစွာဖြင့် စုံစမ်းကြည့်သောအခါ ဈေးနှုန်းက မနည်းပေ။ ထို့ကြောင့် လူအနည်းငယ်က ကိုယ်ပိုင်နေရာအတွက် ပိုက်ဆံကို ကိုယ်တိုင်စု၍ ပေးရတော့သည်။
အလုပ်ရှင်ကလည်း လုပ်ငန်းအသစ်ဖြစ်သောကြောင့် သူတို့ကို တားဆီးခြင်းမရှိဘဲ ဝင်ခွင့်ပြုခဲ့သည်။
ဤကဲ့သို့ ငွေဖြုန်းသည့် အပြုအမူများသည် ပတ်ဝန်းကျင်၌ အနားယူနေသည့် လူမိုက်များ၏ အာရုံကို ချက်ချင်းဖမ်းစားသွားခဲ့သည်။
ဤလူမိုက်များသည်ကား ကျောင်းမှစောစောထွက်ကာ မည်သည့်အလုပ်မျှ လုပ်ကိုင်ခြင်းမရှိဘဲ တစ်နေ့လုံး လမ်းပေါ်၌ လျှောက်သွားနေကြသည်။
သူတို့၏ ခန္ဓာကိုယ်က အားအင်ကြီးမား၍ အရပ်ပိုရှည်သည်ဆိုသည့် အားသာချက်ကိုယူ၍ ဤဧရိယာ၌ ငွေညှစ်ရန် ပစ်မှတ်များကို မကြာခဏ ရှာတတ်ကြသည်။
လင်းရှောင်ရှုကဲ့သို့ အရွယ်မရောက်သေးဘဲ ရုပ်ရှင်ရုံကဲ့သို့ ဈေးကြီးသည့်နေရာများကို လွတ်လွတ်လပ်လပ် ဝင်ထွက်နိုင်သည့် ကျောင်းသားများသည်က သူတို့၏ အဓိကပစ်မှတ် ဖြစ်လာခဲ့သည်။
“မင်းတို့တွေ ရပ်လိုက်စမ်း”
*
အခန်း(14)လင်းရှောင်ရှု အကျပ်အတည်းကြုံခြင်း
စိတ်ဓာတ်တက်ကြွနေသည့် လင်းရှောင်ရှု၏ လည်ပင်းနောက်က အေးစက်သွားခဲ့ရသည်။
လမ်းဘေးလူမိုက်တစ်ယောက်က သူ့၏ အင်္ကျီကော်လံကို ဆွဲကိုင်ကာ သူ့ကိုအနောက်သို့ ဆွဲလှည့်လိုက်လေသည်။
သူသည်ကား လည်ပင်းအညှစ်ခံရသောကြောင့် လုံးဝလှုပ်၍မရခဲ့ပေ။
လင်းရှောင်ရှုတစ်ယောက် သူ ကျောင်းမှ ခိုးထွက်လာသည့်အတွက် အပြစ်ရှိသကဲ့သို့ ခံစားရကာ တောင်းပန်လိုက်သည်။
“ကျွန်တော်မှားပါတယ်၊ ဒီလိုနေရာမျိုးကို ဘယ်တော့မှ မလာရဲတော့ပါဘူး၊ ကျွန်တော်တို့ကို မဖမ်းပါနဲ့”
လင်းရှောင်ရှုက မည်သူက သူ့ကိစ္စကို ဝင်ရှုပ်နေသနည်းဟူ၍ တွေးတောနေခဲ့သည်။
တစ်ဖက်လူကသာ သူ့၏အမေဖြစ်သူကို ပြောပြလျှင် သူ့၏ခြေထောက်များ ကျိုးရတော့မည်။
သူ၏ ပညာရေးအခြေအနေက အစကတည်းက မကောင်းခဲ့ပါချေ။ သူသည်ကား ယခုမှသား အားကစားကျောင်းကို တက်ခွင့်ရသည်ဖြစ်ပြီး သူ့အမေက ရက်အနည်းငယ်ခန့်သာ ပျော်ရသေးသည်။
သူနောက်ထပ်ပြဿနာတစ်ခုခု ရှာလျှင် တံမြက်စည်းက သူ့ကိုစောင့်နေလိမ််မည်ပင်။
လမ်းဘေးလူမိုက်အချို့က လင်းရှောင်ရှု၏စကားကိုကြားလျှင် နားလည်သွားခဲ့ကြပြီး တစ်ဖက်လူက သူတို့ကို သူများကိစ္စသို့ဝင်ရှုပ်တတ်သည့်သူများဟု ထင်နေကြောင်းကို သိသွားခဲ့သည်။
သူတို့က လင်းရှောင်ရှု၏ ခေါင်းနောက်ကိုပုတ်၍ လှောင်ပြောင်လိုစွာဖြင့် ပြောလိုက်သည်။
“မင်းအမေက ရိုက်မှာကို ကြောက်တယ်ပေါ့၊ ဒါဆို ငါတို့ကို မင်းရဲ့ပိုက်ဆံတွေပဲ ပေးခဲ့လိုက်၊ ငါတို့က အခုကစပြီး မင်းကိုကာကွယ်ပေးမယ်”
သူငယ်ချင်းတချို့ကမူ လမ်းဘေးလူမိုက်ကိုမြင်သောအခါ မျက်နှာများ ဖြူဖတ်ဖြူရော်ဖြစ်သွားခဲ့ကြကာ တီးတိုးပြောဆိုကြပြီး မည်သည့်အရာကိုမျှ မပြောရဲကြတော့ပေ။
သို့သော်လည်း လင်းရှောင်ရှုက မနေနိုင်စွာဖြင့် ပြောလိုက်သည်။
“အစ်ကိုတို့၊ ကျွန်တော်တို့က ကျောင်းသားတွေပဲလေ ဘယ်ကနေပိုက်ဆံရှိမှာလဲ”
“ပိုက်ဆံမရှိဘဲ ရုပ်ရှင်ရုံကို လာတာလား”
“ဒါတွေအားလုံးက နေ့စဉ်အသုံးစရိတ်တွေထဲက နည်းနည်းချင်းစီ စုဆောင်းထားတာတွေပါ၊ ရှိတဲ့ပိုက်ဆံတွေအားလုံးကို ခုနကပဲ ဆိုင်ရှင်ကို ပေးလိုက်ရတယ်”
လင်းရှောင်ရှု၏ အသံသည်ကား တုန်ရီနေခဲ့ပြီး လမ်းဘေးလူမိုက်အချို့ကို တိတ်တဆိတ် ခိုးကြည့်လိုက်သည်။ သူ့ထံတွင် ငွေကြေးဟူ၍ တစ်ပြားတစ်ချပ်မျှ မရှိသောကြောင့် ဤခဏတွင် အဆင်ပြေလိမ့်မည်ဟု တွေးလိုက်သည်။
သို့သော်လည်း ထိုလမ်းဘေးလူမိုက်များက သူတို့လက်များကို ဆန့်တန်း၍ လင်းရှောင်ရှု၏မျက်နှာကို ပြင်းထန်စွာ ရိုက်လိုက်ကြလေသည်။
“ပိုက်ဆံမရှိရင် အိမ်ပြန်ပြီး မင်းအမေဆီကို သွားတောင်းလိုက်! ငါတို့နဲ့ မင်းရဲ့သူငယ်ချင်းတွေက ဒီမှာ မင်းကို ဒီမှာစောင့်နေမယ်”
လင်းရှောင်ရှုတစ်ယောက် စကားများလွန်းမိ၍ နောင်တရသွားခဲ့သည်။
သို့သော်လည်း ယခုအချိန်တွင် နောင်တရခြင်းက အသုံးမဝင်တော့ပေ။ သူက လမ်းဘေးလူမိုက်များကို သေသေချာချာကြည့်၍ မည်သည့်အရာကိုမျှ မှားမပြောမိအောင် ဂရုစိုက်နေခဲ့သည်။
“အစ်ကို၊ နောက်ပိုင် ကျွန်တော်တို့ မုန့်ဖိုးစုမိရင် သေချာကပေါက်ပို့ပေးပါ့မယ်။ ဒါကြောင့် ကျွန်တော်တို့ကို လွှတ်ပေးပါလား”
ကျဲလျို့ဇီက ဤစကားကို ကြားသောအခါတွက် လင်းရှောင်ရှုကို ချက်ချင်း ကန်ချလိုက်လေသည်။
ပြီးနောက် လင်းရှောင်ရှုကို သူ့၏လက်သီးဖြင့် ထိုးကြိတ် ခြေထောက်များဖြင့် ကန်ကျောက်၍ ပါးစပ်မှလည်း ဆဲဆိုလိုက်သည်။
“မင်းကို မုန့်ဖိုးစုခိုင်းရမယ်ပေါ့၊ မင်းကို မုန့်ဖိုးစုခိုင်းရဦးမယ်… ငါတို့က မင်းဆီမှာ မုန့်ဖိုးဘယ်လောက်ရှိမယ်ဆိုတာ ဘယ်လိုလုပ်ပြီးသိနိုင်မှာလဲ”
လင်းရှောင်ရှုက ခေါင်းကိုပွေ့ဖက်၍ ရှောင်တိမ်းနေရင်းဖြင့် နာကျင်စွာ အော်ဟစ်၍ တောင်းပန်နေခဲ့ရသည်။
သူငယ်ချင်းအချို့က ဤသည်ကို မြင်သောအခါ ကြောက်လန့်သွားကြသည်။
လင်းရှောင်ရှုနှင့် ပုံမှန်ရင်းနှီးသည့် ကျောင်းနေဖက်တစ်ဦးက အလွန်ကြောက်လန့်နေခဲ့သည်။
သူက လင်းရှောင်ရှု၏ အဝတ်များကို ဆွဲ၍ ပြောလိုက်သည်။
“ရှောင်ရှု၊ မင်းအမေက စုန့်ယီဆီကနေ သတို့သမီးတင်တောင်းကွေအဖြစ် ယွမ်တစ်သောင်းလက်ဆောင်တောင်းခဲ့တယ်လေ၊ မင်းတို့မိသားစုဆီမှာ ပိုက်ဆံရှိမှာပဲ၊ အိမ်ပြန်ပြီးတော့ ပိုက်ဆံနည်းနည်းလောက် ခိုးယူလာခဲ့ပါလား”
လင်းရှောင်ရှု စိတ်ထဲ၌ တုန်လှုပ်သွားခဲ့ရသည်။ ယခုအချိန်တွင်မူ သူ့အနေဖြင့် ဆင်းရဲသည့်အကြောင်းကို ငိုယို၍ပြောလျှင်ပင် အသုံးမဝင်တော့သည်ကို သူသိလိုက်သည်။
သူက ထိုစကားများသည့်လူကို မကျေမနပ်ဖြင့် ကြည့်လိုက်မိကာ ဤကဲ့သို့ လူများနှင့် နောက်ပိုင်းတွင် အဆက်ဖြတ်ရမည်ဟု တွေးလိုက်သည်။
သူ့အမေက စုန့်ယီထံမှ ယွမ်တစ်သျာင်း တင်တောင်းလက်ဆောင်ရခဲ့သည့်အကြောင်းကို ပြောခဲ့ခြင်းက သူ့၏အပြစ်ပင်။ ထိုအတွက်ကြောင့် လူများစွာ မနာလိုဖြစ်ကြမည်ပင်။
အဘယ်ကြောင့်ဆိုသော် ကလေးတစ်ဦးဖြစ်သည့် သူပင်လျှင် ယွမ်တစ်သောင်းဆိုသည်မှာ အလွန်များပြားလှသော ငွေပမာဏဖြစ်ကြောင်းကိုသိထားခဲ့ပေသည်။
ဤလူဆိုးများသည်ကား ထိုအကြောင်းကို ကြားသွားပြီးချိန်တွင်သူတို့ကို လွှတ်ပေးရန် မည်သို့သော စိတ်ဆန္ဒရှိမည်နည်း။
ကျဲလျို့ဇီက တစ်ဖက်လူထံတွင် ဤကဲ့သို့ ငွေများစွာကို ကြားသောအခါ သူတို့အချင်းချင်းမျက်နှာချင်းဆိုင်လျက် ကြည့်လိုက်ကြကာ လင်းရှောင်ရှု၏ကော်လံကို ဆွဲ၍ ပြောခဲ့သည်။
“အိမ်ပြန်ပြီး သွားယူခဲ့”
“ကျွန်တော် မရဲဘူး၊ ကျွန်တော့်အမေက ပိုက်ဆံပေးမှာ မဟုတ်ဘူး”
ရှောင်ရှုက ငို၍ ပြောလိုက်သည်။
“မင်းအတွက် ကောင်းမွန်တဲ့အကြံတစ်ခုရှိတယ်၊ မင်းအိမ်ပြန်ပြီး မင်းအမေကို ပြောလိုက်၊ မင်းက ငါ့ရဲ့ ပြည်ပက တင်သွင်းလာတဲ့ နေကာမျက်မှန်ကို ဖျက်ဆီးခဲ့မိတယ်၊ အဲဒါ ယွမ် ၁၀၀ တန်တယ်လို့ ပြောလိုက်”
လမ်းဘေးလူမိုက်က သူ့နေကာမျက်မှန်ကို ချွတ်၍ ကိုင်းကို ဖြုတ်ကာ လင်းရှောင်ရှု၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။
လင်းရှောင်ရှုတစ်ယောက် မည်းမှောင်နေသည့် မျက်မှန်ကိုင်းကို ကြည့်၍ ရင်ထဲ၌ တုန်လှုပ်သွားခဲ့ရသည်။
သူတို့မိသားစုအတွက် ၁၀၀ ယွမ်ဆိုသည်မှာ မစားမသောက်ဘဲ တစ်လစာ စုဆောင်းရမည့် ငွေပမာဏပင်ဖြစ်သည်။
လင်းရှောင်ရှု ချက်ချင်းဆိုသလို ကျိုးချွေ့ဟွားက တံမြက်စည်းကိုင်၍ သူကို တစ်အိမ်လုံးအနှံ့ လိုက်ရိုက်နေမည့် မြင်ကွင်းကို သတိရသွားခဲ့သည်။ သူ တံတွေးမြိုချလိုက်မိသည်။
လင်းရှောင်ရှု မည်သည့်အရာမျှ မပြောရသေးစဉ်မှာပင် လမ်းဘေးလူမိုက်က သူ့ကို အားဖြငာ့လိုက်တွန်းလိုက်သောကြောင့် မီတာအနည်းငယ်အကွာသို့ ရောက်သွားသည်။
“မင်းအိမ်က ဘယ်မှာလဲ၊ ငါမင်းနဲ့အတူ လိုက်ခဲ့မယ်”
“ကျွန်တော့်အမေက ပိုက်ဆံကို အသက်လို တန်ဖိုးထားတယ်၊ သူ ဒီလောက်လွယ်လွယ် ထုတ်ပေးမှာ မဟုတ်ဘူး၊ အစ်ကို၊ ကျွန်တော့်ခြေထောက်တွေကိုပဲ ဘာလို့ မချိုးလိုက်တာလဲ”
လင်းရှောင်ရှုက ငိုကြွေး၍ ကံကောင်းထောက်မစွာဖြင့် ဤလမ်းဘေးလူမိုက်က သူ့ကို သနားလိမ့်မည်ဟု မျှော်လင့်ခဲ့သည်။
သူ့အမေက သူ့အစ်မများကို ငွေအတွက် အကုန်ရောင်းစားခဲ့သည်ကို သူ သေသေချာချာ သိထားပေသည်။
သူ၏ ကြောက်ရွံ့မှုကို မြင်သောအခါ လမ်းဘေးလူမိုက်က လှောင်ပြောင်လိုက်သည်။
“မင်းခြေထောက်ကို ငါချိုးလိုက်ရင် ငါ့မှာ ပြဿနာတက်လိမ့်မယ်၊ ငါပိုက်ဆံပဲလိုချင်တယ်၊ ပိုက်ဆံမရရင် ငါ ရဲကို ဖုန်းခေါ်ရတော့မယ်”
ရဲကို ဖုန်းခေါ်လိုက်မည်။
လင်းရှောင်ရှု စိတ်ပျက်အားငယ်မှုများဖြင့် ပြည့်နှက်သွားသည်။
သူအနေဖြင့် မည်သည့်အတွက်ကြောင့်မှန်းမသိရဘဲ သူ့အစ်မ လင်းမိန်ဟွေ့၏ အေးစက်သည့်မျက်လုံးများကို သတိရသွားခဲ့သည်။
ထိုစဉ်က လင်းမိန်ဟွေ့သည်လည်း ဤကဲ့သို့ပင် စိတ်ပျက်လက်ပျက်ဖြစ်နေမည်ပင်။
လင်းရှောင်ရှုက ပြေးချင်သော်လည်း သူ့၏ အင်္ကျီကော်လံကို တင်းတင်းဆွဲထားခြင်းခံရသည်။ ရုပ်ရှင်ရုံသို့ သွားသည့် လမ်းပေါ်၌ မည်သူမျှမရှိသောကြောင့် သူအနေဖြင့် ငိုနေရုံသာ တတ်နိုင်တော့သည်။
ဤအချိန်၌ ရင်းနှီးသည့်လူတစ်ဦး သူ့မျက်စိရှေ့သို့ ရောက်ရှိလာခဲ့သည်။
အရပာရှည်၍ ဖြောင့်တန်းသည့်ကိုယ်လုံးကိုယ်ထည်ရှိကာ အပြာရောင်တီရှပ်ကို ဝတ်ဆင်ထားသည့် စုန့်ယီက လမ်းကြားဘေးမှ ဖြတ်လျှောက်သွားခဲ့သည်။
လင်းရှောင်ရှု၏ မျက်လုံးများက ချက်ချင်းပဲ လင်းလက်သွားခဲ့ပြီး လှမ်းအော်လိုက်သည်။
“အစ်ကိုစုန့်ယီ”
ထိုအသံကြားသောကြောင့် စုန့်ယီကလျှောက်နေရပ်မှ ရပ်၍ လှည့်ကြည့်လိုက်လေ၏။ ထို့နောက်တွင် လမ်းကြားလေးထဲ၌ ကော်လံကိုဆွဲကိုင်ခံထားရသည့် လင်းရှောင်ရှုကို မြင်သောကြောင့် မျက်မှောင်ကြုတ်၍ ပြောလိုက်မိသည်။
“မင်း ဒီမှာ ဘာလုပ်နေတာလဲ”
“အစ်ကိုစုန့်ယီ၊ ကျွန်တော့်ကို ကယ်ပါဦး”
စုန့်ယီကမူ ဤကိစ္စကို မကိုင်တွယ်ချင်ခဲ့ပါချေ။ လင်းမိသားစု၏ လင်းမိန်ဟွေ့အပေါ် ထားသည့် သဘောထားက အလွန်ဆိုးရွားလွန်းခဲ့သည်။ ထို့ကြောင့် စုန့်ယီက ဤမိသားစုနှင့် လွန်ခဲ့သည့်အချိန်ကတည်းက ရှင်းရှင်းလင်းလင်း ခွဲခြားထားပြီးသားပင်။
လင်းရှောင်ရှုက မျက်ရည်များရွှဲရွှဲနှင့် ငိုနေခဲ့ကာ သူ့နောက်၌ လမ်းဘေးလူမိုက်တစ်ဦးလည်း ရှိနေသည်ကို မြင်သောအခါ စုန့်ယီ နောက်ဆုံး၌ စိတ်ပျော့သွားခဲ့သည်။
“ဘာဖြစ်နေတာလဲ။ ဘာလို့ သူ့ကို ဒီလိုဆုပ်ကိုင်ထားတာလဲ”
စုန့်ယီက အသံကျယ်ကျယ်ဖြင့် မေးလိုက်သည်။
လမ်းဘေးလူမိုက်က တစ်ဖက်လူမှာ တစ်ယောက်တည်းရောက်ရှိလာသည်ကို မြင်သောအခါ စိတ်အေးသွားခဲ့ပြီး သူ့လက်များကို ယုံကြည်မှုရှိရှိ ဆန့်ထုတ်ရင်း ပြောလာလေ၏။
“ ငါ့ရဲ့ ပြည်ပက တင်သွင်းလာတဲ့ မျက်မှန်က သူကြောင့် ကိုင်းကျိုးသွားတယ်လေ၊ ဒါကြောင့် ပြုပြင်ဖို့အတွက် လျှော်ကြေးအဖြစ် ငါ သူ့ဆီက ပိုက်ဆံတောင်းနေပေမဲ့ သူက ငြင်းလိုက်တယ်”
“ဘယ်လောက်လဲ”
စုန့်ယီက ငွေဖြင့်ဖြေရှင်း၍ရသည့်ကိစ္စများက ပြောရလွယ်သည်ဟု တွေးလိုက်သည်။
မျက်မှန်က ဈေးကြီးသည့် ပစ္စည်းဟုမထင်ရပေ။ ထို့အပြင် တစ်ဖက်လူကလည်း ပုံမှန်အားဖြင့် သာမန်အဝတ်အစားကိုသာ ဝတ်စားသည့် လမ်းဘေးလူမိုက်တစ်ဦးဖြစ်သောကြောင့် သူ မေးလိုက်သည်။
လင်းရှောင်ရှုက ငို၍ ပြောလိုက်သည်။
“အစ်ကိုစုန့်၊ ကျွန်တော် အဲဒါကို မဖျက်ဆီးခဲ့ပါဘူး၊ သူက ပိုက်ဆံညှစ်ချင်တာ…”
“ပါးစပ်ပိတ်ထားစမ်း”
ကျဲလျို့ဇီ ပြော၍ လက်ရွယ်လိုက်သည်။
စုန့်ယီက လျှောက်သွား၍ ထိုလူ၏ လက်ကို ဖမ်းလိုက်လေသည်။
“ပြောစရာရှိတာ ပြောပါ၊ သူက ကလေးပဲရှိသေးတယ်၊ သူ ဘာလုပ်လုပ် ဖျက်ဆီးခဲ့မိရင်တောင်ရင် မင်းကို ပေးလျော်လိုက်ရုံပဲရှိတာ”
စုန့်ယီက အေးစက်စက်ပြောလိုက်သည်။
စုန့်ယီက လူများနှင့် သိပ်ပြီးမဆက်ဆံတတ်ပေ။ သူ၏ လျစ်လျူရှုမှုက သူ့ကိုမြင်သည့်သူများကို ကြောက်ရွံ့စေခဲ့သည်။
“ငါ့ မျက်မှန်က ၁၀၀ ယွမ်တန်တယ်၊ ပိုက်ဆံရရင် ကျွန်တော်သွားမယ်”
ကျဲလျို့ဇီက ယုံကြည်မှုရှိရှိ ပြောလိုက်သည်။
စုန့်ယီက မျက်မှန်ဘောင်ကို လှမ်းယူ၍ ဘယ်ညာကြည့်လိုက်သည်။
လမ်းဘေးလူမိုက်က စုန့်ယီတစ်ယောက် ပစ္စည်းက အလွန်ဈေးကြီး၍ သူ မတတ်နိုင်မည်ကို စိတ်ပူနေသည်ဟု ထင်သောကြောင့် ဆက်ပြောလိုက်သည်။
“မျက်မှန်အသစ်က ၂၀၀ ယွမ်ကျော်တယ်၊ ဒါက ၇၀%လောက် အသစ်ဖြစ်နေသေးတဲ့အတွက် မျက်မှန်ဖိုးကို ၁၀၀ ယွမ်ပဲပေးရမှာ၊ ဒါက မင်းအတွက် တော်တော်လေး ဈေးသက်သာတယ်”
ယခင်တုန်းကဆိုလျှင် စုန့်ယီအနေဖြင့် လှည့်စားခံရနိုင်ခဲ့သည်။
သို့သော် သူ ဤရက်ပိုင်းအတွင်း ကုန်စည်ဒိုင်သို့ မကြာခဏ ဝင်ထွက်နေခဲ့သည်။ အတွင်း၌ ပစ္စည်းများက သိပ်မရှိပေ။
သူသည်ကား မှတ်ဉာဏ်ကောင်း၍ ဤကဲ့သို့ မျက်မှန်မျိုးကို ထိုနေရာ၌ မြင်ဖူးသည်ကို မှတ်မိနေသည်။
ဤသည်က သာမန်ပလတ်စတစ်ဖြင့် ပြုလုပ်ထားခြင်းပင်။
အမှန်တကယ်လည်း စုန့်ယီက ဘောင်ပေါ်တွင် :
“လွတ်လပ်ရေးခေတာ ပလတ်စတစ်စက်ရုံ အမှတ် (၂) က ထုတ်လုပ်သည်”
ဆိုသည့် စာသားကို တွေ့လိုက်ရသည်။
သူ့မျက်နှာ မည်းမှောင်သွားခဲ့ပြီး မျက်မှန်ကို လမ်းဘေးလူမိုက်ဆီ ပစ်ပေးလိုက်သည်။
“မင်းကို သတိပေးလိုက်မယ်၊ မင်းအခု ဒီကနေ ထွက်သွားမလား၊ ဒါမှမဟုတ် ငါနဲ့အတူ ရဲစခန်းကို လိုက်ခဲ့မလား၊ ဒီမျက်မှန်တွေ ဘယ်နိုင်ငံက တင်သွင်းလာလဲဆိုတာ ရဲကိုပြောလိုက်၊ သေချာရင် ငါ လျော်ကြေးပေးမယ်”
စုန့်ယီ ပြောပြီးသည်နှင့် လင်းရှောင်ရှုကို ဆွဲခေါ်၍ ခြေလှမ်းကျဲကြီးများဖြင့် ထွက်သွားခဲ့သည်။
လင်းရှောင်ရှု တစ်ယောက် ထိတ်လန့်တုန်လှုပ်နေခဲ့သည်။ လမ်းဘေးလူမိုက်က သူ့ကို လိုက်ဖမ်းလိမ့်မည်ဟု ထင်ခဲ့သော်လည်း သူ့နောက်၌ လှုပ်ရှားမှုမရှိသည်ကို မမျှော်လင့်ထားခဲ့ပေ။
သူ ဤစုန့်ယီကို အနည်းငယ်မူ အထင်ကြီးမိသွားရသည်။ ထိုသူကသူ၏ သစ္စာမဲ့သည့်သူငယ်ချင်းများထက် များစွာ ပိုကောင်းပေသည်။