← Chapters

အခန်း (၁၅-၁၆)

Vol. 2 Ch. 15-16

အခန်း (၁၅-၁၆)

Vol. 2 Ch. 15-16

အခန်း(15) ငါ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှ မလုပ်နိုင်ဘူး

တံခါးသစ်သားက တကျွီကျွီ မြည်လာခဲ့သည်။ လင်းမိန်ဟွေ့လည်း စုန့်ယီ ဈေးမှ ပြန်လာရောက်လာပြီဖြစ်ကြောင်းကို သိနေခဲ့သောကြောင့် ပျော်ရွှင်သွားခဲ့လေသည်။

ဈေး၌ သစ်သီးယိုများ ရောင်းအားကောင်းနေသည့်အတွက် လင်းမိန်ဟွေ့က လူများ၏ အရသာကို ပို၍ ပြည့်စုံစေရန် အမျိုးအစား များစွာ ပြုလုပ်ရန် ဆုံးဖြတ်လိုက်သည်။

ဤအကြံကို စုန့်ယီအားပြောပြခဲ့ချိန်တွင် စုန့်ယီက နံနက်စောစော ထ၍ သစ်သီးပေါင်း ပြုလုပ်ရန် ကုန်ကြမ်းများ ဝယ်ယူရန် ထွက်သွားခဲ့သည်။

သူမ၏ အလုပ်ကို တစ်စုံတစ်ယောက်က ထောက်ခံအားပေးနေသည့် ခံစားချက်က အလွန် ကောင်းမွန်သည့်အတွက် လင်းမိန်ဟွေ့အနေထြင့် အလုပ်လုပ်ရန် ပို၍ စိတ်အားထက်သန်လာစေသည်။

နံနက်စောစောတွင် သူမက စုန့်ယီ၏ အိမ်မှ အိုးခွက် ပန်းကန်များ အားလုံးကို ပြတင်းပေါက်ရှေ့၌ရှိသည့် ကျောက်တုံးစင်ပေါ် တွင် တင်၍ သန့်ရှင်းရေး ပြုလုပ်ထားခဲ့သည်။

သူမက စုန့်ယီ သစ်သီးပေါင်း ပြုလုပ်ရန်အတွက် ကုန်ကြမ်းများ ဝယ်လာမည့်အချိန်ကို စောင့်နေခြင်းဖြစ်ပေသည်။

သို့သော်လည်း အိမ်တံခါးဝသို့ ရောက်ချိန်တွင် စုန့်ယီ၏ လက်ထဲ၌ မည်သည့် အရာမှ မပါလာသည်ကို သတိထားမိခဲ့သည်။ သူမ အံ့ဩသင့်နေချိန်တွင် သူမ၏မောင်ဖြစ်သူ လင်းရှောင်ရှုက စုန့်ယီ၏ နောက်မှ ဖြည်းဖြည်းချင်း လိုက်ဝင်လာသည်ကို တွေ့လိုက်ရလေ၏။

လင်းမိန်ဟွေ့ တစ်ချက် ကြည့်လိုက်ရုံဖြင့် သူ ပြဿနာ ရှာလာသည်ကို သိရှိလိုက်သည်။

လင်းမိန်ဟွေ့က သူမ၏ လက်များကို အင်္ကျီပေါ်၌ သုတ်၍ လင်းရှောင်ရှု၏ ကော်လာများ တွန့်ကြေနေသည်ကို မြင်လျှင် မေးလိုက်သည်။

“နင် ဘယ်သူနဲ့ ထပ်ပြီး ရန်ဖြစ်လာတာလဲ”

“ အစ်မရဲ့ မျက်လုံးထဲမှာ ကျွန်တော်က ရန်ဖြစ်တာကလွဲရင် တခြားဘာမှမလုပ် တတ်ဘူးလို့ ထင်နေတာလား”

လင်းရှောင်ရှုက လမ်းဘေးမှ လူဆိုဂိုဏ်းသားများနှင့် တြွေ့ခဲ့ရသည့်အပေါ် စိတ်ဆိုးနေခဲ့သည့်အတွက် လင်းမိန်ဟွေ့၏ ဆူပူမှုကို သဘောမကြနိုင်ပေ။

အိမ်တွင်ဆိုလျှင် လင်းမိန်ဟွေ့က သူ့ကို ဤသို့ လက်ညှိုးထိုး၍ မဆူဝံ့ပါချေ။

လင်းမိန်ဟွေ့က လင်းမိသားစု၏ ကိစ္စများနှင့် တစ်သက်လုံး ပတ်သက်မှု မရှိဘဲနေလိုခဲ့သည်။ သို့သော်လည်း သူမ၏ ရှေ့မှမောင်လေးမှာ ငယ်သေးသည့်အတွက် လူအများ၏ အပြောများကို အမှန်ထင်ကာ နားယောင်တတ်ဆဲပင်။

ကျိုးချွေ့ဟွားက သူ့ကို အလိုလိုက်သည်။ သို့သော်လည်း လူ့အဖွဲ့အစည်းတွင် မည်သူမျှ သူ့ကို အလိုမလိုက်ပေ။

လင်းမိန်ဟွေ့က သူ့ကို ကိုယ့်ကိစ္စကို ကိုယ်တိုင် ဂရုစိုက်ရန် သတိပေးလိုခဲ့သည်။

“နင် ဒီအချိန်မှာ အိမ်မှာ စာမကြိုးစားဘဲနဲ့ အဝတ်အစားတွေ ဒီလိုတွန့်ကြေနေတာ၊ ငါခန့်မှန်းကြည့်လို့ရတယ်...”

“ကိုယ့်ကိစ္စကိုယ်ပဲ ဂရုစိုက်စမ်းပါ...”

လင်းရှောင်ရှုက မျက်နှာမည်းမှောင်စွာဖြင့် လင်းမိန်ဟွေ့ကို စိုက်ကြည့်လိုက်သည်။

သူသည်ကား လင်းမိန်ဟွေ့၏ ဆုံးမခြင်းကို လက်မခံနိုင်ပေ

လင်းမိန်ဟွေ့က ပို၍ ဒေါသထွက်လာသည်။

မောင်နှမ နှစ်ယောက် ထပ်မံ ရန်ဖြစ်တော့မည့်အခြေအနေကို ပေမြင်လျှင် စုန့်ယီက အလျင်အမြန် ရှင်းပြသည်။

“မိန်ဟွေ့၊ ကိုယ်ဈေးသွားတုန်းက သူ့ကိုတွေ့ခဲ့တာ၊ လမ်းဘေးက လူမိုက်တစ်ချို့ သူ့ကိုတားပြီး ပိုက်ဆံတောင်းနေတာလေ၊ ရှောင်ရှုရဲ့ အမှားမဟုတ်ဘူး! သူ ပြန်သွားရင် အရိုက်ခံရမှာစိုးလို့၊ ခဏလောက် ဒီမှာနေဖို့ ကိုယ်ခေါ်လာခဲ့တာ”

လင်းမိန်ဟွေ့က စုန့်ယီကို ကောင်းစွာ သိသည်။ သို့သော်လည်း သူသည်ကား စိတ်ထား နူးညံ့လွန်း၍ လင်းမိသားစုက မည်မျှ ဆိုးရွားသည်ကို နားမလည်ပေ။

“ဘယ်မှာ အတားခံရတာလဲ”

“ရုပ်ရှင်ရုံ အဝင်ဝမှာ”

စုန့်ယီက လင်းမိန်ဟွေ့အား မည်သည့် အရာမှ ဖုံးကွယ်ထားရန် စိတ်ကူး မရှိပေ။ လင်းမိန်ဟွေ့က ချက်ချင်းပင် သဘောပေါက်သွားကာ လင်းရှောင်ရှုကို တစ်ချက် ကြည့်၍ လေးနက်စွာဖြင့် ပြောလိုက်သည်။

“သူ မသွားသင့်တဲ့နေရာတွေကို မသွားဘူးဆိုရင် အဲဒီလမ်းဘေးက လူမိုက်တွေ သူ့ကို မတားဘူး၊ ရေကန်နားမှာ၊ မှောင်တဲ့နေရာနားမှာ.. လူတိုင်း ဒီအမှန်တရားကို နားလည်ကြတယ်၊ သူက ကလေးမဟုတ်တော့ဘူး”

ရုပ်ရှင်ရုံက ကျန်းကျစ်ကုန်း၏ မိသားစု အပိုင်ဖြစ်သည်။ လင်းမိန်ဟွေ့က ကျန်းမိသားစုနှင့် မည်သည့် အရာနဲ့မှ မပတ်သက်လိုတော့ပေ။

ထို့ကြောင့် သူမ သတိလက်လွတ်ဖြင့် ထိုနေရာများကို မကျေမနပ် ဖြစ်လာခဲ့ကာ သူမ၏ လေသံက ပို၍ ပြင်းထန်လာသည်။

မထင်မှတ်ဘဲ လင်းရှောင်ရှု၏ မျက်လုံးများက လင်းမိန်ဟွေ့ကို ကြည့်လာသည့်အချိန်တွင် ရုတ်တရက် ပြောင်းလဲသွားသည်။

သူ၏ မျက်လုံးမှာ ဝံပုလွေနှင့် ဆင်တူနေကာ ကြောက်မက်ဖွယ် ကောင်းလွန်းသဖြင့် လင်းမိန်ဟွေ့ပင် လန့်သွားရသည်။

ငယ်စဥ်အချိန်က လင်းရှောင်ရှု၏ စိတ်ဓာတ်က မဆိုးလှပေ။ တစ်ခါတရံ အရသာရှိသည့် အစားအစာ ရရှိလျှင် သူ၏ အစ်မဖြစ်သူ လင်းမိန်ဟွေ့ကို သတိရတတ်သည်။

နောက်ပိုင်းတွင်မှ ကျိုးချွေ့ဟွားနှင့် လင်းကွားချင်းတို့၏ သူမ အပေါ်ထားရှိသည့် သဘောထားများ ပိုဆိုးလာခဲ့ကာ လင်းရှောင်ရှုကလည်း သူမကို အနိုင်ကျင့်၍ ရန်လိုလာခဲ့သည်။

တစ်ခါတရံ သူ၏ ဆန္ဒ မပြည့်လျှင် ထိုးကြိတ်ခြင်းများကိုပင် ပြုလုပ်လာသည်။ ဤသို့ဖြင့် နှစ်ယောက်ကြားမှ ဆက်ဆံရေးက ပို၍ ဆိုးရွားလာသည်။

လင်းမိန်ဟွေ့၏ စကားကို နားထောင်ပြီး လင်းရှောင်ရှုက သူ၏ လက်သီးများကို ဆုပ်လိုက်သည်။ သူ၏ မျက်လုံးများက ဒေါသ အပြည့်နှင့်ဖြစ်နေခဲ့ကာ မပျေမနပာဖြင့် ပြောလာသည်။

“ဟုတ်တယ်၊ ကျွန်တော်က လမ်းမှန်မလိုက်ဘဲ ဆိုးသွမ်းတဲ့အလုပ်တွေပဲ လုပ်တယ်လေ၊ ဟမ့်.. အမက ဂရုစိုက်မှာလား ၊ဘာပဲဖြစ်ဖြစ် အစ်မက လက်ထပ်ပြီးပြီပဲ၊ ကျွန်တော် ဘာပဲဖြစ်ဖြစ် အစ်မဆုံးမစရာမလိုဘူး”

လင်းမိန်ဟွေ့သည်ကား ကိုယ်ပိုင်စည်းမျဥ်းများရှိသည့် သူတစ်ယောက် ဖြစ်သည်။ သူမက သူ၏ အစ်မဖြစ်သည့်အတွက် သူ့ကို လမ်းပြရန်နှင့် ဆုံးမရန် တာဝန်ရှိသည်ဟု တွေးခဲ့သည်။

သူမ ဆန္ဒ မရှိသော်လည်း ပြောသင့်သည်ကို ပြောရမည်။ သူ နားထောင်ခြင်း မနားထောင်ခြင်းက သူ့အပိုင်းသာ ဖြစ်သည်။

“နင်ကို နင့်ရဲ့ ယောက်ဖက ကယ်ခဲ့တာကို မပြောပါနဲ့ဦး. နင်က ဒီနေရာမှာ နှာခေါင်းကြီးကြီးနဲ့ မျက်နှာကြီးကြီးနဲ့ မာနတကြီး လုပ်နေတယ်၊ နင်က ငါ့အိမ်ထဲကို ဝင်လာတာ၊ အစ်မတစ်ယောက်အနေနဲ့ ငါနင့်ကို ဆုံးမရမှာပဲ”

လင်းမိန်ဟွေ့က တစ်ဖက်လူ၏ ခေါင်းမာသည့် စရိုက်ကို ကြည့်ကာ အမြဲတမ်း သူစိမ်းတစ်ယောက်နှင့်တူစွာ နေတတ်သည့် လင်းရှောင်ရှုကို ပို၍ပင် စိတ်တိုလာသည်။

စုန့်ယီ သူ့ကို ကယ်ခဲ့သည်က မှန်ကန်ပေသည်။ သို့သော်လည်း လင်းရှောင်ရှုကဲ့သို့သော ဆိုးသွမ်းသည့် ကလေးကို သင်ခန်းစာ ပေးသင့်သည်။ ထိုသို့ပြုမှသာ သူ့အနေဖြင့် မှတ်မိ၍ သူ၏ အကျင့်များကို ပြောင်းလဲလိမ့်မည်။

နှစ်ယောက်၏လေသံများက ပို၍ တင်းမာလာသည်။ ဤအချိန်၌ လင်းရှောင်ရှုက ခနဲ့သည့် အပြုံးဖြင့် ရယ်၍ ပြောလာလေ၏။

“ကျွန်တော်တို့ မိသားစု အခုနောက်ပိုင်း ဘာလို့ အမြဲကံမကောင်းတာလဲ မအံ့ဩဘူး၊ အားလုံး အစ်မကြောင့်ပဲ၊ အစ်မက အရှုံးသမားတစ်ယောက်ကို လက်ထပ်လိုက်လို့ အစ်မနဲ့ပတ်သက်ခဲ့တဲ့ ၊ မိသားစု ဒုက္ခရောက်နေတာ ၊ လင်းမိန်ဟွေ့.. အစ်မ ဘယ်လောက်ကြီးကြီးကျယ်ကျယ်ပဲ ဖြစ်နေပါစေ ဒီလင်းရှောင်ရှုကို ဆုံးမရမယ့် အလှည့်မဟုတ်ဘူး”

လင်းမိန်ဟွေ့တစ်ယောက် လင်းရှောင်ရှု၏ စကားများက အလွန်အမင်း လွန်ကဲလာသည်ကို ကြားလိုက်သည့်အတွက် သူမ၏ လက်ကို မြှောက်၍ သူ၏ ပခုံးကို ရိုက်လိုက်သည်။

အားမပါသော်လည်း သူမ၏ လေသံက အနည်းငယ် ပြင်းထန်သည်။

“နင်ဘာတွေ လျှောက်ပြောနေတာလဲ!”

လင်းမိန်ဟွေ့ ထိုသို့ပြောပြီးနောက် စုန့်ယီကို ကြည့်လိုက်လျှင် သူသည် တစ်ဖက်လူက နှုတ်ခမ်းများကို တင်းတင်းစေ့၍ စိတ်ခံစားမှုများကို ထိန်းထားသည်ကို တွေ့ရသည်။

လင်းမိန်ဟွေ့က လင်းမိသားစုမှာ မည်သည့် နေရာကို ရောက်နေပါစေ လူများကို ငြိမ်းချမ်းစွာ မနေစေအောင်ပွုလုပာနေသည်ဟု ခံစားလာရသည်။

စုန့်ယီက သူတို့ကို ဆိုးကျိုးများ ယူဆောင်လာခြင်း မဟုတ်ပေ။ လင်းမိသားစုကသာ ပြဿနာ ရှာနေခြင်း ဖြစ်သည်။

“ ကျွန်တော့်ကို ရိုက်ရဲတယ်လား”

လင်းရှောင်ရှု လုံးဝ စိတ်ဆိုးသွားသည်။

သူ စင်ပေါ်၌ တင်ထားသည့် မြေအိုးများနှင့် ခွက်များကို မြင်လိုက်သည်။ ထို့ကြောင့် တံခါးဘေးမှ သစ်သားတုတ်ကို ကောက်ယူ၍ ရူးသွပ်နေသကဲ့သို့ ရိုက်ချပစ်လိုက်လေသည်။

မြေအိုးများက ပျက်စီးလွယ်သည့်အတွက် ဤသို့ ရိုက်ခွဲလိုက်သောအခါ အားလုံးက ကွဲကြေသွားခဲ့သည်။

ဤသည်က လင်းမိန်ဟွေ့ တစ်မနက်လုံး ဆေးကြောထားသည့် ရလဒ်များ ဖြစ်သည်။ ထို့အပြင် ထိုပစ္စည်းများသည်က စုန့်ယီ၏ အိမ်၌ ရှိနေသမျှ မြေအိုးများလည်း ဖြစ်ပေသည်။

လင်းမိန်ဟွေ့ အလွန် စိတ်ထိခိုက်သွားရသည်။ သူမက လင်းရှောင်ရှုကို တွန်းဖယ်၍ တံခါးကို ဒေါသတကြီး လက်ညှိုးထိုးပြလိုက်သည်။

“လင်းမိသားစုဆီကို ပြန်သွားတော့၊ နင့်မိဘတွေကိုပဲ သေသေချာချာ ဂရုစိုက်ခိုင်းလိုက်...”

စုန့်ယီအနေဖြင့် လင်းမိန်ဟွေ့နှင့် သူမ၏မောင်နှင့် ရန်ဖြစ်နေသည်ကို မမြင်လိုသေးသည့်အတွက် အရှေ့သို့ တိုး၍ နှစ်သိမ့်ပေးလိုက်သည်။

“မိန်ဟွေ့၊ သူတို့က မြေအိုးလေးတွေသက်သက်ပါပဲ၊ ကွဲရင် ကွဲပါစေ၊ ရှောင်ရှုက ငွေညှစ်ခံရလို့ စိတ်မကောင်းဖြစ်နေတာ၊ သူ့ကို ဆူတာ ရပ်လိုက်ပါဦး...”

ပြောပြီးနောက် စုန့်ယီက ခြံအလယ်မှ အဝတ်လှန်းကြိုးမှ အဖြူရောင် ပဝါတစ်ထည်ကို ယူ၍ ချွေးများသုတ်ရန် လင်းရှောင်ရှုကို ပေးလိုက်သည်။

သို့ရာတွင် လင်းရှောင်ရှုက ပဝါကို ယူ၍ မြေပေါ်သို့ ပြင်းပြင်းထန်ထန် ပစ်ချလိုက်လေသည်။ ထို့နောက် စုန့်ယီကို ဒေါသတကြီးမျက်လုံးဖြင့် ကြည့်၍ မည်သည့် အရာမှ မဆင်ခြင်ဘဲ ပြောခဲ့ပြန်သည်။

“ဒီနေရာမှာ လူကောင်းဟန်ဆောင်မနေပါနဲ့၊ ကျွန်တော့်အစ်မက ခင်ဗျားလို နတ်ဆိုးကြယ်ဆီက မြှူဆွယ်ခံနေရတာ၊ ကျွန်တော် ခင်များရဲ့လှည့်ကွက်တွေကို လက်မခံဘူး၊

ကျွန်တော် ပြောလိုက်မယ်၊ ကျွန်တော်တို့ လင်းမိသားစု မျက်စိထဲမှာ ခင်များက ခွေးတစ်ကောင်တောင် မဟုတ်ဘူး”

လင်းရှောင်ရှု၏ ဆိုးရွားလှသည့် ပုံစံက လင်းမိန်ဟွေ့ကို ဒေါသထွက်လွန်းပြီး စကားမပြောနိုင်လောက်အောင် ဖြစ်စေသည်။ ဤလောကတွင် ဤသို့ မျက်လုံးဖြူဝံပုလွေစိတ် ရှိသည့်လူမျိုးက မည်သို့ ရှိနေသည်လဲ။

စုန့်ယီသာ သူမ၏ ဘေးနား၌ မရှိခဲ့လျှင် သူမက လင်းရှောင်ရှုကို ကျေးဇူးဆပ်တတ်ခြင်း၏ အဓိပ္ပာယ်ကို တကယ်ပင် သင်ပေးခဲ့မိမည်။

“လင်းရှောင်ရှု၊ နင် တစ်ခုခုကို ဖျက်ဆီးရင် လျော်ကြေးပေးရမယ်၊ ဒီပစ္စည်းတွေ စုစုပေါင်း သုံးယွမ်ကျတယ်၊ ငါ့ကို ပေး...”

လင်းမိန်ဟွေ့က လင်းရှောင်ရှုဆီသို့ သူမ၏ လက်ကို ဆန့်တန်းလိုက်၍ ဆုံးဖြတ်ချက်ချလိုက်သည်။

သူမသည်ကား လင်းရှောင်ရှုကို သူ လုပ်ချင်ရာ လုပ်၍ ဥပဒေမဲ့ ဖြစ်နေခြင်းကို မလိုလားပေ။ ထို့ကြောင့် အသိစိတ်ဝင်စေရမ်အတွက် လင်းရှောင်ရှုဆီမှ ဤသုံးယွမ်ကို တောင်းရလိမ့်မည်။

လင်းရှောင်ရှုက သူ၏ လက်တစ်ဖက်ကို ဘောင်းဘီအိတ်ကပ်ထဲ ထည့်၍ လင်းမိန်ဟွေ့ကို တစ်ဖက်စောင်းကာ ကြည့်လိုက်သည်။

“လင်းမိန်ဟွေ့၊ အစ်မက လက်ထပ်ပြီးတဲ့အချိမ်မှာ ကိုယ့်မိသားစုကိုတောင် အသိအမှတ်မပြုဘူးလို့ မထင်ထားဘူး၊ အစ်မက တကယ်ပဲ အတွင်းရောအပြင်ပါ လှိုက်စားတဲ့ မျက်လုံးဖြူဝံပုလွေပဲ၊

အခုကစပြီး လင်းမိသားစုကို ပြန်လာဖို့တောင် တွေးတောင် မတွေးနဲ့တော့၊ မဟုတ်ရင် ကျွန်တော်လည်း အစ်မကို လင်းမိသားစုဆီက ထမင်းကို နှစ်ပေါင်းများစွာ စားခဲ့တဲ့အတွက် ပြန်တောင်းရလိမ့်မယ်”

လင်းမိန်ဟွေ့ တစ်ခဏတာမျှ ကြောင်အမ်းရသွားသည်။ တကယ်တမ်း လင်းရှောင်ရှု၏ မျက်လုံးများ၌ သူမသည်က သူတပါး၏ထမင်းကို အလကားထိုင်စားသည့် သူတစ်ယောက်သာ ဖြစ်နေခဲ့သည်ပင်။

သူမ လင်းမိသားစု၌ နှစ်ပေါင်းများစွာ နေလာခဲ့သည်။ ၅ နှစ်အရွယ်တွင် မီးဖို၌ ချက်ပြုတ်နေခဲ့ပြီး ၇ နှစ်အရွယ်တွင် ပြောင်းပင်များကို လိုက်ချိုးခဲ့သည်။

ဤအကြောင်းကို တွေးမိသောအခါ လင်းမိန်ဟွေ့ တစ်ခဏတာ စိတ်မကောင်းဖြစ်၍ သူမ၏ မျက်လုံးများကလည်း နီရဲလာသည်။

လင်းရှောင်ရှုလည်း ဒေါသထွက်စွာပြောနောက်တွင် ကိုယ်ကို လှည့်၍ တံခါးကို ခြေထောက်ဖြင့် ကန်ဖွင့်ကာ ထွက်သွားသည်။

လင်းမိန်ဟွေ့က ခြံထဲရှိ ရှုပ်ပွနေသည့် အရာများကို လှည့်ကြည့်၍ ခဏတာ တိတ်ဆိတ်နေခဲ့သည်။ စုန့်ယီက သူ့မကို နှစ်သိမ့်လိုသော်လည်း လင်းမိန်ဟွေ့က တိတ်တဆိတ် ခေါင်းလှည့်သွားခဲ့သည်။

စုန့်ယီအား သူမ ငိုကြွေးနေသည်ကို မမြင်စေလိုပေ။

တကယ်တမ်းတွင် ထိုမိသားစုအတွက် ငိုကြွေးခြင်းသည်က လုံးဝ မထိုက်တန်ပါချေ။

*

အခန်း(16)

ခြံထဲတွင် စာငှက်လေးများက အိမ်ခေါင်မိုးပေါ်၌ ရပ်၍ ကျီကျီကျာကျာ မြည်နေကြသည်။

လင်းမိန်ဟွေ့က မြေအိုး အကွဲအစများကို ကောက်ရန်အတွက် ကိုယ်ကို ကိုင်းညွတ်၍ စုန့်ယီကို တီးတိုး ပြောလိုက်ချေသည်။

“တောင်းပန်ပါတယ်၊ အစ်ကိုစုန့်ယီ၊ ဒီသစ်သီးပေါင်းတွေကို ရောင်းပြီးသွားတဲ့အချိန်ကျရင် ကျွန်မ ရှင့်ကို ပြန်ပေးပါ့မယ်...”

“ဘာတွေ ပြောနေတာလဲ ၊ ဒီပစ္စည်းတွေက အသစ်လဲသင့်နေတာကြာပြီ၊ ကိုယ် ခဏနေရင် အပြင်သွားပြီး အသစ်တွေ ဝယ်လာခဲ့မယ်၊ စိတ်မကောင်းမဖြစ်ပါနဲ့”

စုန့်ယီက အနားသို့လျှောက်လာခဲ့ကာ လင်းမိန်ဟွေ့၏ လက်ကို ဆုပ်ကိုင်လိုက်သည်။ သူမ၏ လက်ချောင်းများက ရေများနှင့် ရှည်ကြာစွာ ထိတွေ့ထားမှုကြောင့် ဖွေးစွတ်နေသည်ကို မြင်လိုက်ရလျှင် သူ၏ မျက်လုံးများတွင် စိတ်မသက်မသာ ဖြစ်သည့် အရိပ်အရောင်များက ပေါ်လာခဲ့ရသည်။

လင်းမိန်ဟွေ့အနေဖြင့် လင်းမိသားစု၌ ဤနှစ်များတစ်လျှောက် မည်သို့ နေလာခဲ့သည်ကို တကယ်ပင် မသိပါချေ။ လင်းရှောင်ရှုပင်လျှင် ဤမျှ မာနကြီးနေသည်ဆိုပါက လင်းကွားချင်းနှင့် သူ၏ ဇနီးသည်တို့က သူမအပေါ်ကို အဘယ်မျှလောက်အထိ ဖိနှိပ်ချယ်လှယ်ခဲ့ကြပါမည်နည်း။

သူ့အနေဖြင့် သူမကို ငိုကြွေးစေချင်စိတ်မရှိနိုင်သည့်အတွက် နူးညံ့စွာ ပြောလိုက်သည်။

“လင်းရှောင်ရှုရဲ့ စကားတွေကို စိတ်ထဲမထားပါနဲ့၊ သူက အခု ကလေးပဲရှိသေးတာမလား၊ အခုကစပြီး ဒါက မင်းရဲ့အိမ်ပဲ၊ ကိုယ်ရှိနေသရွေ့ ဘယ်သူမှ မင်းကို အနိုင်ကျင့်လို့မရဘူး...”

မူလတုန်းက လင်းမိန်ဟွေ့အနေဖြင့် သိပ်ပြီး တွေးတောနေခြင်စမရှိသေးပေ။ သို့သော်လည်း စုန့်ယီ၏ နှစ်သိမ့်စကားများကို ကြားပြီးနောက် သူမ၏ ရင်ထဲတွင် နာကျင်ခံစားလာရသည်။

ဤသည်က ပျော်ရွှင်ဝမ်းနည်းရသည့် စိတ်ခံစားချက်ပင်။ လင်းမိန်ဟွေ့က နှာခေါင်းတွင် စူးရှရှ ခံစားချက်နဲ့အတူ ပြောလိုက်သည်။

“အစ်ကိုစုန့်ယီ၊ ရှင်က တကယ်ကို ကောင်းမွန်လွန်းတဲ့သူတစ်ယောက်ပဲ”

စုန့်ယီက လင်းမိန်ဟွေ့၏ ဆံပင်ကို ပွတ်သပ်၍ ပြုံးလိုက်သည်။

“ကိုယ်က လူတိုင်းအပေါ်ကို ဒီလောက်မကောင်းပါဘူး၊ မိန်ဟွေ့ .. မင်းက ကိုယ့်ရဲ့အိမ်ကိုလာပြီး အိမ်ရဲ့ အတွင်းအပြင် သန့်ရှင်းရေးလုပ်ပေးခဲ့တယ်၊ ပိုက်ဆံရှာဖို့ သစ်သီးပေါင်းတောင် ရောင်းသေးတယ်၊ ကိုယ် မင်းကို သေချာပေါက် ကောင်းကောင်းမွန်မွန်ဆက်ဆံရမှာပေါ့”

နေရောင်အောက်တွင် စုန့်ယီ ဝတ်ဆင်ထားသည့် ရှပ်အင်္ကျီက ပို၍ ဖြူဖွေးနေခဲ့သည်။ သူ၏ ကျယ်ပြန့်သည့် ပခုံးများနှင့် ကြမ်းတမ်းသည့် လက်ကောက်ဝတ်အရိုးအဆစ်များက သူ့ကို ကြည့်လိုက်ရုံမျှဖြင့် လူများကို စိတ်လုံခြုံမှုတို့ ပေးစွမ်းနိုင်စေခဲ့သည်။

သူတို့၏ မျက်လုံးများ ဆုံလိုက်သည့်အခိုက်တွင် လင်းမိန်ဟွေ့က စုန့်ယီ၏ မျက်ဝန်းထဲ၌ သူမ၏ အရိပ်ကို ရုတ်တရက် မြင်လိုက်ရသည်။

သူမက ဤခဏတွင် ကြောင်အမ်းနေခဲ့ပြီး စုန့်ယီ မျက်နှာပြင်က နီရဲလာသည်ကို သတိပြုမိမှသာ လင်းမိန်ဟွေ့တစ်ယောက် သူမက စုန့်ယီကို ဆုပ်ကိုင်ထားဆဲပင် ဖြစ်ကြောင်းကို သတိဝင်သွားခဲ့ရကာ အလျင်အမြန် ပြန်ရုပ်လိုက်မိသည်။

သူမက အနည်းငယ် စိတ်လှုပ်ရှားနေခဲ့ပြီး ချောင်းအနည်းငယ်ဆိုးလိုက်မိသည်။ စုန့်ယီလည်း အနည်းငယ်လောက်မသက်မသာဖြစ်နေရသည်။ ထိုနောက်တယ် နှစ်ယောက်လုံး တစ်ပြိုင်နက်တည်း ပြောမိကြလေ၏။

“ကျွန်မ လုပ်လိုက်မယ်”

“ကိုယ် လုပ်လိုက်မယ်”

ဤသို့ အချင်းချင်း နားလည်မှုရှိနေခြင်းကို သဘောပေါက်လိုက်သောကြောင့် သူတို့နှစ်ယောက်လုံး စိတ်သက်သာရာရစွာ ပြုံးလိုက်ကြသည်။

စုန့်ယီက တံမြက်စည်းတစ်ချောင်းကို ကောက်ယူ၍ မြေအိုး အကွဲအစများကို လှဲလိုက်သည်။ လင်းမိန်ဟွေ့က အမှိုက်ပုံးကို ရှာဖွေခဲ့သည်။

အကွဲအစများကို ရှင်းလင်းပြီးနောက် စုန့်ယီက အိမ်၌ ရှိသည့် လှည်းငယ်လေးကို တွန်း၍ ပြောလာသည်။

“မိန်ဟွေ့၊ မင်း အိမ်မှာစောင့်နေမလား၊ ကိုယ် ဈေးဝယ်သွားလိုက်ဦးမယ်”

“အစ်ကိုစုန့်ယီ၊ ကျွန်မလည်း ရှင်နဲ့လိုက်ခဲ့ဦးမယ်။ ကျွန်မ ကြွေအိုးအလှလေးတွေ ရွေးချင်တယ်”

လင်းမိန်ဟွေ့၏ စိတ်ခံစားချက်က များစွာ ပို၍ ကောင်းလာသည်။

အိုးများ ကွဲသွားပြီ ဖြစ်သည့်အတွက် ပိုမို ကောင်းမွန်သည့် ကြွေအိုးများ ဖြင့် အစားထိုးလိုက်တော့မည်။ သို့ဆိုပါက သစ်သီးပေါင်းများက ကောင်းမွန်သည့် အရသာရှိသကဲ့သို့ ပို၍လည်စ လှပလိမ့်မည်။

အတိတ်ဘဝက ကျန်းမိသားစု၏ အစားအစာ အလုပ်ရုံ၌ ကြီးမားသည့် ကြွေအိုးများ ပြည့်နေခဲ့သည်။ ထိုအိုးများက မီးရောင်အောက်တွင် နက်မှောင်ပြောင်လက်နေပြီး ခန့်ညားထည်ဝါနေသည်။

သူမသာ သစ်သီးယိုလုပ်ငန်းကို ချဲ့ထွင်လိုသည်ဆိုလျှင် အစားအစာ အလုပ်ရုံ၏ လုပ်ငန်းစဉ်များကို တင်းတင်းကျပ်ကျပ် လိုက်နာရမည်။ ထိုသို့ပြုလုပ်မှသာ သူမထံတွင် ကျန်းမိသားစုနှင့် ယှဉ်ပြိုင်ရန် အခွင့်အရေး ရရှိလာလိမ့်မည်။

စုန့်ယီက ခေါင်းညိတ်၍ လှည်းငယ်လေးကို ပြန်ကြည့်လိုက်သည်။

“မိန်ဟွေ့၊ မင်း လှည်းပေါ်မှာ ထိုင်လိုက်လေ၊ ကိုယ် မင်းကို မြို့ကို ခေါ်သွားမယ်”

လင်းမိန်ဟွေ့က ခေါင်းကိုခါရမ်း၍ ရှက်ပြုံးပြုံးလိုက်သည်။

“ရှင် ဘာတွေပြောနေတာလဲ၊ အိမ်နီးချင်းတွေက မြင်ရင် ကောလာဟလတွေ ပြောကြလိမ့်မယ်၊ သူတို့ မဟုတ်တာတွေ လုပ်ကြံပြီး လိုက်ဖြန့်တာတွေကို ကျွန်မ ထပ်ပြီး မကြားချင်တော့ဘူး”

စုန့်ယီက လင်းမိန်ဟွေ့ ထိုသို့ပြောလာသည်ကိုကြားလျှင် သူမက အလွန်ချစ်စရာကောင်းသည်ဟု ထင်မြင်မိခဲ့ကာ ဆက်ပြောလိုက်သည်။

“လူတိုင်းက ကိုယ့်ဘဝနဲ့ကိုယ်ပဲ နေတာပဲလေ၊ သူတို့ပြောချင်ရာ ပြောကြပါစေ၊ ကိုယ်တို့လည်း ကိုယ်တို့ရဲ့ ဘဝနဲ့ပဲ နေကြမယ်၊ ကိုယ်တို့တွေ အိမ်ကနေတောင် မထွက်ဘဲနဲ့ ဘာမှမလုပ်ဘဲ အပြောခံရမှာကို ကျေညက်နေလို့ မရဘူးလေ”

“အစ်ကိုစုန့်ယီ ပြောတာ မှန်တယ်!”

နောက်ဆုံးတွင် လင်းမိန်ဟွေ့က လှည်းပေါ်တွင် ထိုင်လိုက်ကာ စုန့်ယီက သူမကို တွန်း၍ ထွက်သွားခဲ့သည်။

ကံကောင်းစွာဖြင့်ပင် စုန့်ယီ၏ အိမ်က ရွာအဝင်ဝတွင် ရှိနေခဲ့သည်။ ရွာမှ လူများလည်း ယခုဆိုလျှင် လယ်ကွင်းများဆီသို့ သွားနေခဲ့ကြပေပြီ။

လင်းမိန်ဟွေ့ ရွာသားများနှင့် သိပ်ပြီး မတွေ့ခဲ့ရပေ။ သူမ စိုးရိမ်ခဲ့သည့် စိတ်အနှောက်အယှက်ဖြစ်ခြင်းမျိုး မဖြစ်ခဲ့ပေ။ ထိုအစား လှည်းပေါ်၌ ထိုင်ကာ အေးဆေးတည်ငြိမ်စွာ လှည့်ပတ်ကြည့်ရင်း အိမ်ထောင်သည်အမျိုးသမီးတစ်ယောက်၏ ချိုမြိန်မှုကို ခံစားနေခဲ့သည်။

မြို့သို့ ရောက်သော် လင်းမိန်ဟွေ့က အရင်ဆုံး ပစ္စည်းပေးဝယ်ရေးနှင့် သမဝါယမဆိုင်သို့ သွား၍ အနက်ရောင် ကြွေအိုးကြီး နှစ်လုံးကို ရွေးလိုက်သည်။

အိုးများက ဝင်ပေါက်ကျဉ်းပြီး ကိုယ်ထည်က ကြီးကာ မေတ္တာဗုဒ္ဓ ရုပ်ပွားတော်နှင့်ပင်တူညီသည်။

ထိုအိုးများက ချောမွတ်၍ ထိတွေ့ရသည်မှာလည်း အေးမြသည်။ လင်းမိန်ဟွေ့ ထိုအိုးများကို အလွန်သဘောကျနေခဲ့လေသည်။

အိုးနှစ်လုံးက စုစုပေါင်း တစ်ယွမ်နှင့်ရှစ်ဆယ်ကျသင့်သည်။ အရည်အသွေးကလည်း ကောင်းမွန်သောကြောင့် လင်းမိန်ဟွေ့၏ စိတ်ထဲတွင် ချက်ချင်းပင် ပျော်ရွှင်လာခဲ့သည်။

နောက်ပိုင်းတွင် လင်းမိန်ဟွေ့က လတ်ဆတ်သည့် လိမ္မော်သီးနှင့် ပန်းသီးအချို့၊ ဆားတစ်ထုပ်၊ ပျားရည်တို့ကို ရွေးလိုက်သည်။

ထို့နောက် သေးငယ်သည့် ဖန်ပုလင်း တချို့ကိုလည်း ဝယ်လိုက်သည်။ ထိုသို့ပြုလုပ်မှသာ ရောင်းသည့်အချိန်တွင် အမျိုးအစားများကို ခွဲခြားရ လွယ်ကူပေလိမ့်မည်။

ဖန်ပုလင်းများက ကြည်လင်ပြီး တောက်ပနေသည့်အတွက် ဖောက်သည်များ အနေဖြင့် သစ်သီးပေါင်းများကို ပိုမို မြင်ရလွယ်ကူသည်။

ဤပစ္စည်းများက နောက်ထပ် တစ်ယွမ်ခွဲ ကျသင့်သည်။ လင်းမိန်ဟွေ့က ပိုက်ဆံအတွက် အနည်းငယ် စိုးရိမ်သော်လည်း စုန့်ယီကမူ အလွန်တည်ငြိမ်နေခဲ့လေသည်။

“စိတ်မပူပါနဲ့၊ ပိုက်ဆံကုန်သွားရင်တောင် ပြန်ရှာလို့ရပါတယ်”

စုန့်ယီက ပစ္စည်းများ အားလုံးကို လှည်းပေါ်တွင် တင်၍ ကြိုးဖြင့် ချည်လိုက်သည်။

အချိန်ကညနေစောင်းနေပေပြီ။ လင်းမိန်ဟွေ့က မလှမ်းမကမ်းရှိ ပေါက်စီဆိုင် တစ်ဆိုင်ကို မြင်လိုက်ရသည်။ သူမ စုန့်ယီနှင့်အတူ အဆာပြေ တစ်ခုခုသောက်ရန် တွေးနေသည့် အချိန်တွင် အဝေးမှ လင်းကွားချင်းက လင်းရှောင်ရှုကို ဆွဲခေါ်လာပြီး သူ၏ နောက်မှ ရဲနှစ်ယောက် ပါလာသည်ကို တွေ့လိုက်ရသည်။

အဝေးမှ လင်းကွားချင်း ပြောလာသည်ကို သူမကြားလိုက်ရသည်။

“ကလေးတွေဆီက ပိုက်ဆံညှစ်တာက ဒီအတိုင်းကျော်သွားလို့မရဘူး။ ဒါက ရာဇဝတ်မှုပဲ၊ လွန်ခဲ့တဲ့နှစ်အနည်းငယ်ကသာဆို ဖမ်းမိရင် ထောင်ကျလိမ့်မယ်၊ ရဲအရာရှိမင်းတို့၊ ဒီလူဆိုးတွေကို အမြစ်ပြတ်ရှင်းပေးရမယ်”

လင်းမိန်ဟွေ့က ထိုသူများ ဗီဒီယိုရုံဘက်သို့ လျှောက်သွားသည်ကို ကြည့်၍ စိတ်ထဲတွင် မကောင်းသည့် ခံစားမှုတစ်ခု ဖြစ်လာသည်။

ရဲများက အမှုကို စုံစမ်းရန် သွားလျှင် ကျန်းကျစ်ကုန်း၏ ဗီဒီယိုရုံ လုပ်ငန်းကို သေချာပေါက် ထိခိုက်လိမ့်မည်။

ဤသည်က ကျန်းကျစ်ကုန်းကို သွယ်ဝိုက်၍ စော်ကားခြင်း မဟုတ်လော။

စုန့်ယီ လှည့်ကြည့်လိုက်သောအခါ လင်းမိန်ဟွေ့က မျက်နှာပျက်ပျက်ဖြင့် အဝေးကို ငေးကြည့်နေသည်ကို တွေ့လိုက်ရသည်။

“ဘာဖြစ်တာလဲ ၊ တစ်နေရာရာက မသက်မသာဖြစ်နေတာလား ၊ ကိုယ်တို့ အိမ်ကို အရင်ပြန်ကြမလား၊ ကိုယ် မင်းအတွက် ချက်ပြုတ်ပေးမယ်”

“ကောင်းပြီ၊ အိမ်ပြန်ရအောင်”

လင်းမိန်ဟွေ့က လင်းကွားချင်းနှင့် တွေ့ရမည်ကို စိုးရိမ်သည်။ လင်းကွားချင်းသာ သူတို့ကိုမြင်လျှင် စုန့်ယီအား သက်သေအဖြစ် ထွက်ဆိုရန် ဆွဲခေါ်နိုင်သည်ဟု တွေးမိသည်။ ထိုသို့ဆိုလျှင် ပို၍ ပြဿနာများစွာ ဖြစ်သွားလိမ့်မည်။

လမ်းတစ်လျှောက်လုံးတွင် လင်းမိန်ဟွေ့က ကြွေအိုးကြီး နှစ်လုံးကို ကိုင်ထားကာ မကွဲမကြေဘဲ ဘေးကင်းစွာ သယ်ဆောင်နိုင်ရန်အတွက် သေချာအောင် ပြုလုပ်ခဲ့သည်။

သို့သော်လည်း သူမသည်ကား တခြား ကိစ္စတစ်ခုကိုသာ အဆက်မပြတ်တွေးနေမိသည်။ ဤအတိုင်းနေပါက ကျန်းမိသားစုက သူတို့ကို ဒုက္ခပေးရန် ခက်ခဲသည်။

သို့သော်လည်း ယခု လင်းကွားချင်းက မရည်ရွယ်ဘဲ ကျန်းမိသားစုကို ရန်စလိုက်ပြီ ဖြစ်သည်။ နောင်လာမည့် ကာလတွင် ကျန်းမိသားစုက သေချာပေါက် လက်စားချေလိမ့်မည်။

သူမအနေဖြင့် ဘဝသစ်တစ်ခု ရရှိခဲ့ပြီး ဤဘဝမှာလည်း မူလဘဝမှ ခိုးယူထားခြင်းသာ ဖြစ်နေခဲ့သည်။ သူမက ကျန်းမိသားစုကို မကြောက်ပေ။ သို့သော်လည်း ကျန်းမိသားစုက စုန့်ယီကို ထိခိုက်စေမည်ကိုတော့ကြောက်မိသည်။

မည်သို့ ပင် ဖြစ်စေ သူမ စုန့်ယီကို လက်ထပ်ပြီးသည်မှစ၍ သူ့အတွက် ပြဿနာများ အလုံအလောက် ရှာပေးခဲ့ပြီးပြီ။ ဤမလိုအပ်သည့် ပြဿနာကို ထပ်ပေါင်းထည့်လိုက်လျှင် သူမအနေဖြင့် စုန့်ယီ၏ သူမအပေါ်ထားရှိသည့် ကြင်နာမှုကို အမှန်တကယ်ပင် ရှက်ရလိမ့်မည်။

အိမ်သို့ပြန်ရောက်သော် စုန့်ယီက လင်းမိန်ဟွေ့ကို အနားယူရန် ခိုင်းလိုက်သည်။ သူကတော့ မီးဖိုချောင်သို့ သွား၍ ခေါက်ဆွဲပန်းကန်လုံးကြီး နှစ်လုံး ပြုလုပ်ခဲ့လေသည်။

“မိန်ဟွေ့၊ ခေါက်ဆွဲ စားဦးလေ”

စုန့်ယီက လင်းမိန်ဟွေ့ မည်သည့်အရာများကို စိတ်ပူနေသည်ကို မသိပေ။ သို့သော်လည်း သူမ တစ်ခုခုကိုစိုးရိမ်နေသည်ဟု ခံစားရသည်။

သို့သော်လည်း သူမ စိတ်မပျော်မည်ကို စိုး၍ မမေးမြန်းခဲ့ပါချေ။ သူက သူမ ခေါက်ဆွဲစားနေသည်ကို တိတ်တဆိတ် ကြည့်နေပြီး သူ၏ ရင်ထဲတွင် ဖော်ပြ၍ မရသည့် ခံစားမှုတစ်ခုကို ခံစားရသည်။

သူမက ဒဏ်ရာရထားသည့် ကြောင်လေးတစ်ကောင်နှင့်တူသည်။

တစ်စုံတစ်ခု ကြုံလာလျှင် တစ်ယောက်တည်း တွေးနေတတ်သည်။ သို့သော်လည်း အရေးကိစ္စများတွင် သူ့ကို ပါဝင်လာမည်ကိုလည်း စိုးရိမ်နေတတ်ပြန်သည်။

သူက မည်သည့် အရာကိုမျှ မကြောက်ပေ။ သူသည်ကား အမြဲတစေ တစ်ယောက်တည်းသာ ရှိနေခဲ့ပြီး စိတ်ပူစရာလည်း မည်သည့် အရာမှ မရှိပေ။

“အစ်ကိုစုန့်ယီ၊ ရှင်လည်း စားပါဦး...”

“မင်း တစ်ခုခု စိုးရိမ်နေတာလား ၊ စိတ်ထဲမှာပဲ သိမ်းမထားပါနဲ့၊ ကိစ္စတစ်ခုလုရှိရင် ကိုယ့်ကို ပြောပြလေ၊ ပြောပြရင် နှစ်ယောက်ဆိုတော့ ဖြေရှင်းနည်းတစ်ခုလည်း ရှိကောင်းရှိလာနိုင်တာပဲ”

စုန့်ယီက ခေါက်ဆွဲတစ်လုပ် စား၍ ပြောလိုက်သည်။ သူ့အနေဖြင့် သူမ စိတ်မသက်မသာ ဖြစ်နေဆဲကိုမြင်နေရ၍ အဆုံးတွင် မနေနိုင်တော့ဘဲ မေးလိုက်ခြင်းသာဖြစ်အေသည်။

လင်းမိန်ဟွေ့က ခေါင်းခါ၍ ပြုံးပြလိုက်သည်။

“ကျွန်မ သစ်သီးယိုလုပ်ဖို့ စဉ်းစားနေတာပါ၊ အဆင့်တွေ မှားပြီး ကုန်ကြမ်းတွေ အလဟဿဖြစ်မှာကို စိုးရိမ်နေတာလေ”

စုန့်ယီက ဤသည်ကို ကြားသောအခါစိတ်သက်သာရာရသွားခဲ့ပြီး သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။

“မင်း တစ်ခါလုပ်ပြီးပြီပဲ၊ ဘာမှ မှားမှာမဟုတ်ပါဘူး၊ ယုံကြည်ပြီးတော့သာ လုပ်လိုက်၊ မှားသွားမယ်ဆိုရင်လည်း ကစ္စမရှိဘူး၊ ကိုယ် အကုန်စားပစ်လိုက်မယ်။ မင်းက အသစ်တွေ လုပ်ပြီး ရောင်းပေါ့”

လင်းမိန်ဟွေ့ တစ်ဖက်လူ၏ စကားကြောင်း ပြုံးလိုက်မိသည်။ ထို့နောက် သူမက ခေါက်ဆွဲ၏ရနံ့ကို ရှူရှိုက်လိုက်ကာ ချက်ချင်းပင် ခေါက်ဆွဲက အရသာရှိလွန်းသည်ဟု ခံစားလိုက်ရလေသည်။

All Chapters