← Chapters

အခန်း (၂၁၉-၂၂၀)

Vol. 22 Ch. 219-220

အခန်း (၂၁၉-၂၂၀)

Vol. 22 Ch. 219-220

အခန်း (၂၁၉) ရက်စက်လွန်းတယ်

"ကျေးဇူးတင်ပါတယ် အကြီးအကဲယီ၊ ကျုပ် အဆင်ပြေမှာပါ" လုံချန်းက ယုံကြည်မှုရှိသော လေသံဖြင့် ဆိုကာ ကွင်းပြင်ဆီသို့ လျှောက်လှမ်းသွားတော့သည်။

"ငါ့ခြေဖဝါးအောက်မှာ အနင်းခြေခံရတော့မယ့်သူကတော့... တော်တော်လေး အကောင်းမြင်တတ်တာပဲ" မင်းသားလူက မျက်နှာဖုံးစွပ်ကောင်လေးကို ကြည့်ကာ လှောင်ပြုံး ပြုံးလိုက်သည်။

"အင်း... လက်တွန့်နေစရာ မလိုတော့လို့ ငါလည်း ဝမ်းသာနေတာပါ။ တိုက်ပွဲတွေမှာ သူတစ်ပါးကို ထိခိုက်အောင် လုပ်လို့ရတယ်ဆိုတာ မင်းကိုယ်တိုင် ပြသခဲ့တာဆိုတော့ ငါလည်း အစွမ်းကုန် လုပ်လို့ရပြီပေါ့" လုံချန်းက မင်းသားလူ၏ ရှေ့တွင် ရပ်လိုက်ရင်း ရယ်မောကာ ပြန်ပြောလိုက်သည်။

"ဒီတိုက်ပွဲက တော်တော်လေး စိတ်ဝင်စားဖို့ကောင်းမှာပဲ။ လုံထျန်းသာ ဒီမှာရှိရင်... သူ့ရဲ့ စွမ်းဆောင်ရည်ကိုလည်း ငါ မြင်ချင်မိတယ်" လုံရန်က မျက်နှာဖုံးစွပ်ကောင်လေးကို ကြည့်ရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။

"ဒီကောင်လေးက တကယ်ကို ပါရမီပါတာပဲ။ သူ ဘယ်နိုင်ငံကလဲဆိုတာ ငါ သိချင်မိတယ်။ ဒီလိုကလေးမျိုး ရထားတဲ့ သူ့မိသားစုကတော့ တကယ်ကို ကံကောင်းတာပဲ" တော်ဝင်အစောင့်တပ်မှူး ကျင်းကျင်းက သူ့ကိုယ်သူ သိချင်စိတ်ဖြင့် တိုးတိုးလေး ပြောလိုက်သည်။

"ဟုတ်တယ်... ဒီလိုကလေးမျိုး ရဖို့ဆိုတာ သူ့အဖေနဲ့ အမေကလည်း တော်တော်လေး ပါရမီပါရမယ်" လုံရန်ကလည်း ထပ်လောင်း ပြောကြားလိုက်သည်။

"စကားတွေ များနေတာ တော်လောက်ပြီ။ မင်း သေရမယ့်အချိန် ရောက်ပြီ" မင်းသားလူက လေးပင်သော လေသံဖြင့် ဆိုသည်။ သူ၏ လက်ထဲတွင် အနီရောင်ဓားတစ်လက်ကို ကိုင်ထားသည်။

"နေမင်းရဲ့ ပိုင်းဖြတ်ချက်" သူက အော်ဟစ်လိုက်သည်နှင့် ဓားသွားမှာ မီးတောက်များဖြင့် စတင် လောင်ကျွမ်းလာသည်။

သူသည် ဓားကို ကောင်းကင်ပေါ်သို့ မြှောက်ကာ ခုတ်ချလိုက်သည်။ မီးတောက်အကွေးတစ်စသည် လုံချန်းထံသို့ ဒေါင်လိုက် တိုးဝင်သွားသည်။ တောက်လောင်နေသော ထိုမီးတောက်သည် လမ်းတစ်လျှောက်ရှိ အရာအားလုံးကို ဖျက်ဆီးရင်း လုံချန်းထံသို့ ဦးတည်သွားတော့သည်။

ပထမ မီးတောက်အကွေးက ဓားမှ ထွက်သွားသည်နှင့် မင်းသားလူသည် ဓားကို အလျားလိုက် ထပ်မံ ပိုင်းဖြတ်လိုက်ရာ နောက်ထပ် မီးတောက်အကွေးတစ်စ ထွက်ပေါ်လာပြန်သည်။ ၎င်းသည် ပထမတစ်ခုနှင့် ပေါင်းစပ်ကာ အပေါင်းလက္ခဏာ ပုံစံဖြင့် လုံချန်းထံသို့ တိုးဝင်သွားသည်။

"သိုင်းကွက်ကောင်းပဲ" လုံချန်းက ရေရွတ်လိုက်သည်။ မီးတောက်များ လုံချန်းအနားသို့ ရောက်လာချိန်တွင် သူသည် ကောင်းကင်ပေါ်သို့ မြင့်မားစွာ ခုန်တက်လိုက်ပြီး မီတာအနည်းငယ် အကွာတွင် ပြန်လည် ဆင်းသက်လိုက်သည်။ မီးတောက်များမှာမူ သူ့ကို ကျော်ဖြတ်သွားပြီ ဖြစ်သည်။

အကြီးအကဲ ယုထျန်းဟောင်သည် ကွင်းပြင်အပြင်ဘက်တွင် ရပ်နေသည်။ သူသည် အကာအကွယ်တစ်ခုကို ဖန်တီးကာ ကွင်းထဲတွင် ရှိနေသူများကို မီးတောက်များ မထိမှန်အောင် တားဆီးပေးထားရသည်။

"သူ့ရဲ့ မီးတောက်တွေထဲမှာ မီးအနှစ်သာရ တကယ်ပဲ ကိန်းအောင်းနေတာပဲ" ယုထျန်းဟောင်က သူ၏ အကာအကွယ်ပေါ်တွင် ဖြစ်ပေါ်သွားသော အက်ကြောင်းကို ကြည့်ကာ ရေရွတ်လိုက်သည်။ သူသည် မင်းသားလူကို အလွန်စိတ်ဝင်စားစွာဖြင့် စိုက်ကြည့်နေမိသည်။

"သူက ဘယ်လိုလုပ် ဒီလောက် မြင့်မြင့် ခုန်နိုင်တာလဲ။ သူတို့ရဲ့ ကျင့်ကြံခြင်းကို ဝိညာဉ်အခြေတည် အဆင့် ၁ မှာပဲ ကန့်သတ်ထားတာ မဟုတ်ဘူးလား" ကျင်းကျင်းက လုံရန်ကို သိချင်စိတ်ဖြင့် မေးလိုက်သည်။

"သူတို့ရဲ့ ကျင့်ကြံခြင်းကို ကန့်သတ်ထားတာ မှန်ပေမဲ့ အနှစ်သာရတွေနဲ့ နိယာမတွေကတော့ ကျင့်ကြံခြင်းအောက်မှာ မရှိပါဘူး။ အခု သူတို့ ကျင့်ကြံခြင်းက နိမ့်နေပေမဲ့ သူတို့ရဲ့ သက်ဆိုင်ရာ ဓာတ်အနှစ်သာရတွေအပေါ် နားလည်မှုက တော်တော်လေး ကောင်းမွန်နေတယ်။ ဒါကြောင့်လည်း ထျန်းရှန်က ဝိညာဉ်အခြေတည် အဆင့် ၅ ပဲ ရှိသေးပေမဲ့ အဲဒီလောက် မြင့်မြင့် ခုန်နိုင်တာပါ။ အလားတူပဲ မင်းသားလူရဲ့ တိုက်ကွက်က ယုထျန်းဟောင်ရဲ့ ဒိုင်းကိုတောင် အက်သွားစေနိုင်တာဟာ သူတို့ သင်ယူထားတဲ့ အနှစ်သာရတွေကြောင့်ပါပဲ" လုံရန်က ကျင်းကျင်းကို ရှင်းပြရင်း တိုက်ပွဲကို စိတ်ဝင်တစား ဆက်ကြည့်နေသည်။

လုံချန်းကတော့ ရပ်မနေဘဲ သူ၏ လေအနှစ်သာရကို လောကဘုရင် အစွမ်းနှင့်အတူ အသုံးပြုလိုက်သည်။ သူသည် တခြားသူများ၏ မြင်ကွင်းမှ ပျောက်ကွယ်သွားပြီး မင်းသားလူ၏ နောက်ကျောဘက်တွင် ပေါ်လာသည်။ သူ၏ ဓားမြှောင်ဖြင့် မင်းသားလူ၏ နောက်ကျောကို ထိုးရန် ပြင်လိုက်သော်လည်း ဓားမြှောင် မရောက်ခင်မှာပင် လုံချန်း၏ ပတ်ပတ်လည်တွင် မီးကွင်းတစ်ကွင်း ပေါ်လာသည်။

လုံချန်းမှာ မီးကွင်းအတွင်း ပိတ်မိသွားစဉ်မှာပင် မင်းသားလူက လုံချန်းနှင့် ဝေးရာသို့ နောက်ဆုတ်လိုက်သည်။

"ငါ့ထောင်ချောက်ထဲ ဆင်းပေးတဲ့အတွက် ကျေးဇူးပါပဲ။ အခုတော့ မီးလောင်ခံရင်း ခွင့်လွှတ်ဖို့ တောင်းပန်လိုက်စမ်း။ အဲဒီကျမှ မင်းကို ငါ ထုတ်ပေးမယ်။ ငါ့မီးတွေထဲကနေ ထွက်ပြေးနိုင်မယ်လို့ မထင်နဲ့။ ဒီမီးကွင်းကို ငါ့ရဲ့ မီးအနှစ်သာရနဲ့ ဖန်တီးထားတာ။ မင်းရဲ့ ကန့်သတ်ထားတဲ့ ကျင့်ကြံခြင်းနဲ့ လုံးဝ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။ မင်းရဲ့ လေအနှစ်သာရတောင် မင်းကို မကူညီနိုင်ဘူး" မင်းသားလူက တောက်ပသော အပြုံးဖြင့် ပြောလိုက်သည်။

သူသည် အစွမ်းကုန် တောက်လောင်နေသော မီးကို ကြည့်ရင်း အပြုံးမပျက်ဘဲ ရှိနေသည်။

"မင်း ဘယ်လောက်ကြာကြာ ခံနိုင်မလဲ ကြည့်ကြတာပေါ့" သူက မီးတောက်ကို စိုက်ကြည့်ရင်း ရယ်မောလိုက်သည်။

'မင်းရဲ့ မီးအနှစ်သာရက ငါ့ကို တားနိုင်မယ် ထင်နေတာလား။ ရူးလိုက်တာ၊ မင်းက မီးအနှစ်သာရကို သင်ယူထားတာ ဖြစ်နိုင်ပေမဲ့... တကယ်လို့ မင်းက မီးနိယာမကိုပဲ သင်ယူထားပါစေဦး၊ အထွတ်အထိပ် အဆင့် ဟင်းလင်းပြင်နိယာမ ကိုတော့ ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး' လုံချန်းက မီးတောက်ကို ကြည့်ရင်း တွေးလိုက်သည်။

သူ၏ မျက်လုံးများမှာ အရောင်ပြောင်းသွားပြီး ကြယ်တာရာ ဟင်းလင်းပြင်ကြီးနှင့် တူသွားသည်။ သူ၏ ခန္ဓာကိုယ်ပတ်လည်တွင် ပွင့်လင်းမြင်သာသော အကာအကွယ် အလွှာတစ်ခု ဖြစ်ပေါ်လာသည်။ မီးတောက်များက သူ့ကို မထိတွေ့နိုင်တော့ဘဲ သူ၏ ခန္ဓာကိုယ်မှာ တခြား ဟင်းလင်းပြင်တစ်ခုထဲတွင် ရောက်နေသကဲ့သို့ ဖြစ်သွားသည်။ လုံချန်းသည် ထိုမီးတောက်များထဲမှ တည့်တည့် လျှောက်ထွက်လာခဲ့သည်။

"ဒါ... ဒါက မဖြစ်နိုင်ဘူး၊ မင်းက ငါ့ရဲ့ မီးကွင်းထဲကနေ ဘယ်လိုလုပ် ဘာဒဏ်ရာမှ မရဘဲ ထွက်လာနိုင်တာလဲ" မင်းသားလူက မယုံကြည်နိုင်သော အမူအရာဖြင့် နောက်သို့ တစ်လှမ်း ဆုတ်သွားသည်။

"ဒါကို မီးလို့ ခေါ်တာလား။ အားနည်းလွန်းတယ်" လုံချန်းက တည်ငြိမ်သော လေသံဖြင့် ပြောလိုက်သည်။ မင်းသားလူအတွက်တော့ ထိုအသံမှာ သေမင်း၏ အသံကဲ့သို့ ဖြစ်နေသည်။

သူသည် ဓားကို ဆုပ်ကိုင်ကာ လုံချန်းထံသို့ ပြေးဝင်သွားသည်။ ဓားကို ဝေ့ယမ်းလိုက်သော်လည်း လုံချန်းက သူရှိရာ နေရာမှ ပျောက်ကွယ်သွားကာ ရှောင်တိမ်းလိုက်သည်။ လုံချန်းက ဓားမြှောင်တစ်လက်ကို မင်းသားလူ၏ ပုခုံးထံသို့ ပစ်လိုက်သော်လည်း မင်းသားလူက အလွယ်တကူ ရှောင်လိုက်နိုင်သည်။

"မင်း ပြီးခဲ့တဲ့ တိုက်ပွဲမှာလည်း ဒီလှည့်ကွက်ကို သုံးခဲ့တာပဲ။ ဒီလှည့်ကွက်ဟောင်းက ငါ့ကို လုပ်လို့မရဘူး" မင်းသားလူက ဆိုကာ လုံချန်း ပေါ်လာနိုင်ခြေ အရှိဆုံးဖြစ်သော သူ၏ နောက်ကျောဘက်သို့ ဓားဖြင့် ဝေ့ယမ်းလိုက်သည်။

"လမ်းကြောင်း မှားနေတယ်" လုံချန်းက တိုးတိုးလေး ပြောကာ မင်းသားလူ၏ လည်ပင်းကို ဖမ်းဆွဲလိုက်သည်။ လုံချန်းသည် မင်းသားလူကို လေထဲသို့ မြှောက်ကာ မြေပြင်ပေါ်သို့ အရှိန်ဖြင့် ရိုက်ချလိုက်တော့သည်။

ကျောက်တုံးများဖြင့် ပြုလုပ်ထားသော ကွင်းပြင်ကြမ်းပြင်တွင် တွင်းကြီးတစ်တွင်း ဖြစ်သွားသော်လည်း လုံချန်းက မရပ်တန့်သေးပေ။ သူသည် မင်းသားလူကို ပြန်မ,လိုက်ပြီး မြေပြင်ပေါ်သို့ နောက်ထပ်တစ်ကြိမ် ပြင်းထန်စွာ ရိုက်ချလိုက်ပြန်သည်။

"မိတ်ဆွေလေး ထျန်း... တော်လောက်ပါပြီ။ သူ ရှုံးသွားပါပြီ" လုံချန်းက မင်းသားလူကို လေထဲတွင် မြှောက်ထားပြီး ထပ်မံ ရိုက်ချရန် ပြင်နေစဉ်မှာပင် အသံတစ်သံ ကြားလိုက်ရသည်။

"ဘာလို့ တော်ရမှာလဲ။ သူက အခုထိ အရှုံးကို လက်မခံသေးဘူးလေ" လုံချန်းက သူ့ကို လှမ်းပြောသော ယုထျန်းဟောင်ကို ရယ်မောရင်း ပြန်ပြောလိုက်သည်။

"ငါ... အ..." မင်းသားလူသည် လုံချန်း၏ စကားကို ကြားသောအခါ အရှုံးကို လက်ခံရန် ပြင်လိုက်သော်လည်း လုံချန်းက သူ့ကို စကားအဆုံးထိ ပြောခွင့်မပေးဘဲ မြေပြင်ပေါ်သို့ ထပ်မံ ရိုက်ချလိုက်ပြန်သည်။

"ငါ အရှုံးပေးပါတယ်" လုံချန်းက မင်းသားလူကို နောက်တစ်ကြိမ် ထပ်မပြီး ထပ်မံ ရိုက်ချရန် ပြင်သောအခါတွင်မူ မင်းသားလူသည် နာကျင်မှုများ ပြင်းထန်နေသည့် ကြားမှပင် အရှုံးပေးကြောင်း အမြန် အော်ပြောလိုက်သည်။ သူ၏ အရိုးများစွာမှာ ကျိုးကြေနေပြီ ဖြစ်သည်။

"အင်း... တိုက်ရတာ ပျော်ဖို့ကောင်းသလောက်တော့ ရှိသားပဲ" လုံချန်းက ရေရွတ်ရင်း မင်းသားလူကို မြေပြင်ပေါ်သို့ နောက်ဆုံးတစ်ကြိမ် ထပ်မံ ပစ်ချလိုက်သည်။

လုံချန်းသည် မင်းသားလူကို ထားခဲ့ကာ စင်ပေါ်မှ ဆင်းလာခဲ့သည်။

"မင်းက တော်တော်လေး ရက်စက်တာပဲ" ယုထျန်းဟောင်က မျက်မှောင်ကြုတ်ရင်း ပြောလိုက်သည်။

"တစ်ယောက်ယောက်ရဲ့ လက်ပြတ်သွားတုန်းကလည်း ခင်ဗျား အဲဒီလို ပြောသင့်တာပေါ့။ ခင်ဗျား ဘာမှ မပြောဘဲ နေနေတာကို အဲဒါက ခွင့်ပြုထားတယ်လို့ ကျုပ် အထင်မှားသွားတာ ဖြစ်မှာပါ" လုံချန်းက ယုထျန်းဟောင်ကို ရင်ဆိုင်ရင်း ရယ်မောကာ ပြောလိုက်သည်။

အစေခံအချို့ စင်ပေါ်သို့ တက်လာပြီး မင်းသားလူကို ဆေးကုသရန် ခေါ်ဆောင်သွားကြသည်။

"ကဲ... စာမေးပွဲတွေ ပြီးဆုံးပါပြီ။ ဆုချီးမြှင့်ခြင်းနဲ့ ရွေးချယ်ခြင်း အခမ်းအနားကို နောက် ၅ နာရီ ကြာရင် ဒီနေရာမှာပဲ ကျင်းပသွားမှာ ဖြစ်ပါတယ်" ယုထျန်းဟောင်က ပြောကာ လှည့်ထွက်သွားတော့သည်။

လုံချန်းနှင့် အခြားသူများသည် ကွင်းပြင်ထဲမှာပင် အနားယူနေကြသည်။ အကြီးအကဲယီသည် လုံချန်းနှင့်အတူ ကျန်ရစ်ခဲ့သည်။

"ငါတို့မှာ ၅ နာရီလောက် အချိန်ရှိပါသေးတယ်။ မင်းကို ဂိုဏ်းထဲ လိုက်ပြပေးရမလား။ ငါတို့ဆီမှာ တကယ်ကို အံ့သြဖို့ကောင်းတဲ့ နေရာတွေ ရှိတယ်" အကြီးအကဲယီက လုံချန်းကို ပြုံးလျက် ပြောသည်။

"ရပါတယ် အကြီးအကဲ။ ကျွန်တော် ဘယ်မှ မသွားချင်တော့ဘူး"

"ဪ... ဒါနဲ့ အခမ်းအနားကို ဂိုဏ်းချုပ်အားလုံး လာကြမှာလား"

"ဟုတ်တယ်၊ ဂိုဏ်းချုပ် ၅ ယောက်လုံး လာကြလိမ့်မယ်"

"မိုးကြိုးဘီလူးဂိုဏ်းက လူတွေရော။ သူတို့ စာမေးပွဲကို ကြည့်ဖို့ လာတယ်လို့ ကြားတယ်၊ ဒီမှာ မတွေ့မိပါလား" လုံချန်းက သိချင်စိတ်ဖြင့် မေးလိုက်သည်။

"သူတို့က ထူးခြားတဲ့ အဆင့်အတန်းရှိသူတွေမို့ သူတို့ကို စောင့်ကြည့်မှန် ပေးထားတယ်။ သူတို့ အခန်းထဲမှာပဲ သက်သောင့်သက်သာ ကြည့်နေကြတာပါ။ ဂိုဏ်းချုပ်တွေနဲ့အတူ သူတို့လည်း လာကြလိမ့်မယ်လို့ ငါ ယုံကြည်တယ်"

"ဪ... အဲဒါဆိုရင် ကောင်းတာပေါ့" လုံချန်းက သူ၏ မျက်နှာဖုံး နောက်ကွယ်တွင် ပြုံးလိုက်မိသည်။

"မိတ်ဆွေလေး... မင်း မိုးကြိုးဘီလူးဂိုဏ်းကို ဝင်ချင်တာလား"

လုံချန်း၏ အဖြေကို မစောင့်ဘဲ အကြီးအကဲက ဆက်ပြောသည်။

"မင်းကို မိုးကြိုးဘီလူးဂိုဏ်းက ခေါ်သွားလိမ့်မယ်ဆိုတာ ငါ သေချာပါတယ်။ ဒါပေမဲ့ အဲဒီမတိုင်ခင် ငါတို့ဂိုဏ်းကို အရင်ဝင်သင့်တယ်။ ငါတို့ဂိုဏ်းချုပ်က မင်းကို မိုးကြိုးဘီလူးဂိုဏ်းဆီ ပြောင်းရွှေ့နိုင်အောင် စီစဉ်ပေးလိမ့်မယ်" အကြီးအကဲယီက ပြုံးလျက် ဆိုသည်။

"ဪ... မပူပါနဲ့။ ကျွန်တော် လုပ်သင့်လုပ်ထိုက်တာကိုပဲ ကျွန်တော် လုပ်နေတာပါ" လုံချန်းက သူ၏ မျက်နှာဖုံး နောက်ကွယ်တွင် တည်ကြည်သော အမူအရာဖြင့် ပြောလိုက်သည်။

အချိန်များ ကုန်လွန်သွားပြီး ၅ နာရီ ပြည့်သွားသောအခါ အကြီးအကဲများ ရောက်ရှိလာကြပြီး ဂိုဏ်းချုပ်များကို ကြိုဆိုရန် တန်းစီလိုက်ကြသည်။

မကြာမီ ရွှမ်းနိုင်ငံ၏ အကြီးဆုံး ဂိုဏ်းကြီး ၅ ဂိုဏ်းမှ ဂိုဏ်းချုပ်များ ကွင်းထဲသို့ ဝင်ရောက်လာကြသည်။ သူတို့ အားလုံး၏ အကြည့်မှာ လုံချန်းထံတွင် ရှိနေသည်။

ဂုဏ်ကျက်သရေ ပွင့်လန်းခြင်း ဂိုဏ်းချုပ်က ရှေ့ဆုံးမှ လာပြီး နောက်တွင် တိုက်ခိုက်ရေးဓားဂိုဏ်း၊ ကမ္ဘာမြေတောင်တန်းဂိုဏ်းနှင့် မျောလွင့်တိမ်တိုက်ဂိုဏ်းတို့၏ ဂိုဏ်းချုပ်များ အသီးသီး လိုက်ပါလာကြသည်။

သူတို့အားလုံးမှာ တန်ဖိုးကြီး အဝတ်အစားများကို ဝတ်ဆင်ထားပြီး သူတို့၏ ပတ်ဝန်းကျင်တွင် အလွန်အစွမ်းထက်သော အရှိန်အဝါများ ဖုံးလွှမ်းနေလေသည်။

အခန်း (၂၂၀) မတော်တဆ ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ

သူတို့အားလုံးမှာ တန်ဖိုးကြီး အဝတ်အစားများကို ဝတ်ဆင်ထားပြီး သူတို့၏ ပတ်ဝန်းကျင်တွင် အလွန်အစွမ်းထက်သော အရှိန်အဝါများ ဖုံးလွှမ်းနေလေသည်။

ဂိုဏ်းချုပ် ၅ ဦးစလုံးသည် စင်မြင့်ထက်သို့ လျှောက်လှမ်းလာပြီး ဘေးချင်းယှဉ် ရပ်လိုက်ကြသည်။ ထိပ်တန်း ကျင့်ကြံသူ ၁၀၀ မှာမူ သူတို့ရှေ့တွင် စုဝေး၍ ရပ်နေကြသည်။

"သူတို့ တစ်ယောက်ယောက်ကို စောင့်နေကြတာလား။ ဘာလို့ ဘာမှမပြောကြတာလဲ" စင်ပေါ်မှ တိတ်ဆိတ်မှုကို မြင်သောအခါ ကျင်းကျင်းက လုံရန်ကို မေးလိုက်သည်။

"တစ်ယောက်ယောက်ကို စောင့်နေတာ ဖြစ်မှာပါ။ စောင့်ကြည့်ကြတာပေါ့" လုံရန်က ပြန်ဖြေသည်။

မိနစ်အနည်းငယ် ကြာသောအခါ ခြေသံများကို ကြားလိုက်ရသည်။ ကွင်းပြင်တစ်ခုလုံး တိတ်ဆိတ်နေသဖြင့် လူတိုင်း ထိုခြေသံကို ရှင်းရှင်းလင်းလင်း ကြားကြရသည်။ သူတို့ လှည့်ကြည့်လိုက်သောအခါ လူနှစ်ယောက် သူတို့ထံ လျှောက်လာသည်ကို တွေ့လိုက်ရသည်။

တစ်ယောက်မှာ လှပသော မိန်းကလေးတစ်ဦး ဖြစ်ပြီး ကျန်တစ်ယောက်မှာမူ ခန္ဓာကိုယ် ထွားကျိုင်းသော လူငယ်တစ်ဦး ဖြစ်သည်။

"ဟေး... ငါ သူ့ကို မှတ်မိတယ်။ သူက မိန်းကလေးလင်းပဲ။ မိုးကြိုးဘီလူးဂိုဏ်းက အစွမ်းထက် ကျင့်ကြံသူတစ်ယောက်ရဲ့ ရွေးချယ်ခြင်းကို ခံခဲ့ရတဲ့သူလေ။ အခု သူက မြောက်ဘက် လအင်ပါယာမှာ နေတာ"

"ဒါဆို သူ့ဘေးက ကောင်လေးက အင်ပါယာကနေ သူနဲ့အတူ လိုက်လာတဲ့ ဧည့်သည်ပေါ့ ဟုတ်လား"

"အဲဒါ သေချာတယ်၊ ဒါကြောင့်လည်း ဂိုဏ်းချုပ်တွေက စောင့်နေကြတာကိုး" ကျင့်ကြံသူများသည် အချက်အလက်များကို ဆက်စပ်ကြည့်ရင်း တိုးတိုးလေး ပြောဆိုလာကြသည်။

'နောက်ဆုံးတော့ မင်း ရောက်လာပြီပဲ... မင်းက ငါ့ကို တော်တော်ကြာအောင် စောင့်ခိုင်းခဲ့တာပဲ' လုံချန်းက ထိုလူငယ်ကို ကြည့်ရင်း တွေးလိုက်သည်။ သူ့ကို သတ်ပစ်ချင်စိတ် ပြင်းပြနေသော်လည်း သူ၏ သတ်ဖြတ်လိုသော အရှိန်အဝါကို တစ်စက်ကလေးမျှပင် ထွက်မလာအောင် ထိန်းချုပ်ထားသည်။

"ဟမ်... ဟိုကောင်၊ မင်းရဲ့ မျက်နှာဖုံးကို ချွတ်လိုက်စမ်း" လင်းနှင့်အတူ လျှောက်လာသော လူငယ်သည် တစ်ခုခု ထူးဆန်းနေသည်ကို အာရုံခံမိသွားသည်။ သူသည် လူအုပ်ထဲသို့ ကြည့်လိုက်ရာ နောက်ဆုံးတွင် မျက်နှာဖုံးစွပ်ထားသော လုံချန်းထံ အကြည့်ရောက်သွားသည်။

မျက်နှာဖုံးစွပ်ကောင်လေး၏ ရွှေရောင်မျက်လုံးများက သူ့ကို လုံချန်းအကြောင်း သတိရသွားစေသည်။

"ကျုပ်ကိုလား။ ကျုပ် မျက်နှာဖုံး မချွတ်ချင်ဘူး" လုံချန်းက ပေါ့ပေါ့ပါးပါး လေသံဖြင့် ပြောလိုက်သည်။

"မိတ်ဆွေလေး... သခင်လေးရွမ်ရဲ့ စကားကို နားထောင်လိုက်ပါ။ သူက မြောက်ဘက် လအင်ပါယာရဲ့ မိုးကြိုးဘီလူးဂိုဏ်းက ကျင့်ကြံသူတစ်ယောက်ပါ"

"အဲဒီတော့ ဘာဖြစ်လဲ..." လုံချန်းက မယုံကြည်သလို လေသံဖြင့် မေးလိုက်သည်။

"သူ့ကို မျက်နှာဖုံး ချွတ်ခိုင်းလိုက်စမ်း" ရွမ်က ဂိုဏ်းချုပ် ၅ ဦးကို ကြည့်ကာ ပြောလိုက်သည်။

"ကောင်လေး... မျက်နှာဖုံး ချွတ်လိုက်ပါ၊ ဒါက မင်းရဲ့ အနာဂတ်အတွက်ပါ။ မင်းက တကယ် ပါရမီရှိတဲ့သူမို့ ငါတို့ကတစ်ဆင့် မိုးကြိုးဘီလူးဂိုဏ်းရဲ့ ရွေးချယ်ခြင်းကို ခံရရင် မင်းဘဝက တကယ်ကို လမ်းကြောင်း ဖြောင့်ဖြူးသွားမှာပါ" အနောက်ဘက် စစ်သည်တော်ဂိုဏ်း၏ ဂိုဏ်းချုပ်က ချော့မော့သော အပြုံးဖြင့် ပြောလိုက်သည်။

လုံချန်းက အခြားသူများကို ကြည့်လိုက်သော်လည်း သူတို့ကလည်း ထိုအတိုင်းပင် ပြောကြသည်။

"ကောင်းပြီလေ" လုံချန်းက သူ၏ မျက်နှာဖုံး နောက်ကွယ်တွင် ပြုံးလိုက်ပြီး လက်ကို မျက်နှာဖုံးထံသို့ ယူဆောင်သွားသည်။

ချင်ရို့၊ ယွဲ့ဖေးနှင့် လုံရွှယ်ရင်းတို့ အားလုံးက သူ့ကို စိတ်ဝင်တစား ကြည့်နေကြသည်။ ကြည့်မှန်မျက်နှာပြင်၏ အာရုံစိုက်မှုကလည်း လုံချန်းထံတွင် ရှိနေသဖြင့် ပရိသတ်အားလုံးက သူ့ကို စိုက်ကြည့်နေကြသည်။

လုံချန်းသည် မျက်နှာဖုံးကို ကိုင်ကာ ဖြည်းဖြည်းချင်း ချွတ်လိုက်သည်။

"ဘာ..." ကျင်းကျင်းနှင့် လုံရန် နှစ်ဦးစလုံးမှာ ကောင်လေး၏ မျက်နှာကို မြင်သောအခါ မှင်တက်သွားကြသည်။ လင်းနှင့် ရွမ်ပင်လျှင် ထိတ်လန့်သွားသဖြင့် နောက်သို့ တစ်လှမ်း ဆုတ်လိုက်မိသည်။

"ဒါက..." ယုထျန်းဟောင်သည် မျက်နှာဖုံးစွပ်ကောင်လေး၏ မျက်နှာကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။

"မင်းက တော်တော် ရုပ်ဆိုးတာပဲ။ မင်း ဘာလို့ မျက်နှာဖုံး စွပ်ထားလဲဆိုတာ အခုမှ သိတော့တယ်" ရွမ်က ရွံရှာဖွယ် အမူအရာဖြင့် ပြောလိုက်သည်။

လုံချန်း၏ မျက်နှာမှာ သူ၏ မူလမျက်နှာနှင့် လုံးဝ ကွဲပြားနေသည်။ သူ၏ မျက်နှာမှာ သူ အိပ်မက်ထဲတွင် မြင်ခဲ့သော ထျန်းရှန်၏ မျက်နှာနှင့် အတိအကျ တူညီနေသော်လည်း မျက်နှာပေါ်တွင် ဓားဒဏ်ရာ အမာရွတ်ကြီးတစ်ချက် ရှိနေသည်။ ထိုအမာရွတ်က မျက်နှာ၏ တစ်ဖက်မှ အခြားတစ်ဖက်သို့ စောင်းလျက် တန်းနေသည်။

"အခု ကျေနပ်ပြီလား" လုံချန်းက ပြုံးလိုက်ပြီး မျက်နှာဖုံးကို ပြန်စွပ်လိုက်သည်။ သူ မျက်နှာဖုံး ပြန်စွပ်လိုက်ချိန်တွင် လက်ဖြင့် အောင်ပွဲခံ သင်္ကေတတစ်ခု ပြလိုက်သည်။ ပရိသတ်ထိုင်ခုံတွင် ထိုင်နေသော လူများထဲမှ တစ်ဦးသည် ထိုသင်္ကေတကို မြင်သောအခါ မတ်တတ်ရပ်လိုက်ပြီး ထွက်ပေါက်ဆီသို့ စတင် လျှောက်လှမ်းသွားတော့သည်။

'အဲဒီ မျက်နှာဖုံးစွပ် မိန်းကလေးက ဘာဖြစ်တာလဲ။ ဒီလိုအချိန်မှာ ထွက်သွားတာလား' သူမ၏ အနားတွင် ထိုင်နေသူများက တွေးမိသော်လည်း မကြာမီမှာပင် ဂရုမစိုက်တော့ပေ။

"ဟွန့်... မင်းကို တခြား တစ်ယောက်များလားလို့။ အဲဒီကောင်က သေသွားပြီဆိုပေမဲ့ သေချာအောင် ကြည့်လိုက်တာပါ" ရွမ်က ပြုံးလိုက်ပြီး စင်ပေါ်သို့ လျှောက်လှမ်းသွားသည်။

"ဘယ်သူ သေသွားတာလဲ စီနီယာအစ်ကို" လင်းက ရွမ့်နောက်မှ လိုက်ရင်း မေးလိုက်သည်။

"မင်း သိဖို့မလိုပါဘူး ဂျူနီယာ ညီမလေးလင်း" ရွမ်က ပြန်ဖြေသည်။

"ငါ တကယ်ပဲ မှားသွားတာလား" ချင်ရို့က လုံချန်းကို ကြည့်ရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။ ယွဲ့ဖေးကလည်း မျက်နှာဖုံးစွပ်ကောင်လေးမှာ လုံချန်း မဟုတ်ကြောင်း မြင်လိုက်ရသဖြင့် စိတ်ပျက်စွာ ခေါင်းခါလိုက်သည်။

"ကောင်းပြီ၊ လူစုံပြီဆိုတော့ စတင်ကြရအောင်" ဂုဏ်ကျက်သရေ ပွင့်လန်းခြင်း ဂိုဏ်းချုပ်က ပြုံးလျက် ပြောသည်။

"ငါတို့တစ်ဦးစီကနေ အတွင်းစည်း တပည့် အဖြစ် ရွေးချယ်ခံရသူတွေရဲ့ နာမည်ကို မျက်နှာပြင်မှာ ပြသပါလိမ့်မယ်။ တကယ်လို့ မင်းရဲ့နာမည်က ဂိုဏ်းနှစ်ဂိုဏ်း ဒါမှမဟုတ် နှစ်ဂိုဏ်းထက်ပိုတဲ့ ဂိုဏ်းတွေရဲ့ ရွေးချယ်ခြင်းကို ခံရမယ်ဆိုရင် မင်းနှစ်သက်ရာ ဂိုဏ်းကို ရွေးချယ်နိုင်ပါတယ်" တိုက်ခိုက်ရေးဓားဂိုဏ်းချုပ်က ကောင်းကင်တွင် မျောလွင့်နေသော မျက်နှာပြင်ကြီးကို ညွှန်ပြလိုက်သည်။

ဂိုဏ်းအမည်များ၏ ရှေ့တွင် နာမည်စာရင်း ၅ ခု ပေါ်လာသည်။

ဂုဏ်ကျက်သရေ ပွင့်လန်းခြင်း ဂိုဏ်းက ကျင့်ကြံသူ ၂၅ ဦး၊ တိုက်ခိုက်ရေးဓားဂိုဏ်းက ၂၈ ဦး၊ အနောက်ဘက် စစ်သည်တော်ဂိုဏ်းက ၃၆ ဦး၊ မျောလွင့်တိမ်တိုက်ဂိုဏ်းက ၂၉ ဦးနှင့် ကမ္ဘာမြေတောင်တန်းဂိုဏ်းက ၂၈ ဦးတို့ကို အသီးသီး ရွေးချယ်ခဲ့ကြသည်။

နာမည်များ၏ ၅၀ ရာခိုင်နှုန်းကျော်မှာ ဂိုဏ်းချုပ် ၅ ဦးလုံး၏ စာရင်းတွင် ပါဝင်နေခြင်းမှာ မည်သူ့အတွက်မှ အံ့သြစရာ မဟုတ်ပေ။

ထိုတူညီသော နာမည်များထဲတွင် တုန်းရှင်းအင်ပါယာမှ မင်းသားလန်၊ ရွှေနိုင်ငံမှ အိမ်ရှေ့မင်းသား ယွဲ့ကျန်းနှင့် ချင်ရို့တို့ ပါဝင်သည်။ ယွဲ့ဖေးမှာ ထိပ်ဆုံး ၇၅ ဦးစာရင်းတွင် မပါဝင်သော်လည်း သူမ၏ အဆင့် ၆ ပါရမီကြောင့် ဂိုဏ်းချုပ်များကြားတွင် ရေပန်းစားသော နာမည်တစ်ခု ဖြစ်နေခဲ့သည်။

အံ့သြစရာမရှိဘဲ ထိုကျင့်ကြံသူ အများစုမှာ ဂုဏ်ကျက်သရေ ပွင့်လန်းခြင်းဂိုဏ်း သို့မဟုတ် တိုက်ခိုက်ရေးဓားဂိုဏ်းကိုသာ ရွေးချယ်ကြသည်။ ကျန်ဂိုဏ်း ၃ ခုကို ရွေးချယ်သူမှာ အလွန်နည်းပါးလှသည်။

မင်းသားလန်က တိုက်ခိုက်ရေးဓားဂိုဏ်းကို ရွေးချယ်ခဲ့ပြီး အိမ်ရှေ့မင်းသား ယွဲ့ကျန်း၊ မင်းသမီး ယွဲ့ဖေးနှင့် ချင်ရို့တို့မှာမူ ဂုဏ်ကျက်သရေ ပွင့်လန်းခြင်းဂိုဏ်း၏ အတွင်းစည်း တပည့်များ ဖြစ်ရန် ရွေးချယ်ခဲ့ကြသည်။

"စာမေးပွဲမှာ ပါဝင်သူတချို့က တကယ်ကို အံ့သြဖို့ကောင်းပြီး ပိုကောင်းတဲ့ ရာထူးနဲ့ ထိုက်တန်ပါတယ်။ ငါတို့အားလုံးက လူဝမ်ကို အဓိကတပည့် ရာထူး ပေးအပ်ပါတယ်။ သူက ဆေးကုသမှု ခံယူပြီးရင် ကြိုက်နှစ်သက်ရာ ဂိုဏ်းကို ရွေးချယ်ခွင့် ရှိပါမယ်။ သူ ရွေးချယ်တဲ့ ဂိုဏ်းအလိုက် ဆုလာဘ်တွေကို ချီးမြှင့်သွားမှာပါ"

"နောက်ဆုံးတစ်ယောက်နဲ့ ငါတို့စာမေးပွဲရဲ့ အဆင့် ၁ ဖြစ်တဲ့... ထျန်းရှန်... မင်းရဲ့ ပါရမီက အံ့မခန်းပါပဲ၊ စာမေးပွဲ အစမှာတင် ငါတို့ရဲ့ ကမ်းလှမ်းချက်အားလုံးကို မင်း သိထားပြီးသားပါ။ အဆုံးကျမှ ဆုံးဖြတ်မယ်လို့ မင်း ပြောခဲ့တယ်။ အခုတော့ မင်း ရွေးချယ်ရမယ့်အချိန် ရောက်ပြီ... ငါတို့ထဲက ဘယ်ဂိုဏ်းကို မင်း ရွေးမလဲ" တိုက်ခိုက်ရေးဓားဂိုဏ်းချုပ်က လုံချန်းကို ကြည့်ကာ မေးလိုက်သည်။

"ကျွန်တော်... ကျွန်တော် အနောက်ဘက် စစ်သည်တော်ဂိုဏ်းကို ရွေးပါတယ်" လုံချန်းက ပြုံးလျက် ပြောလိုက်သည်။

"ဘာ" ဂိုဏ်းချုပ်များ အားလုံး၏ မျက်နှာတွင် အမူအရာများ ပြောင်းလဲသွားပြီး မျက်မှောင်ကြုတ်လိုက်ကြသည်။ အနောက်ဘက် စစ်သည်တော်ဂိုဏ်းချုပ်မှာပင် ထိတ်လန့်သွားပြီးမှ သူ၏ မျက်နှာပေါ်တွင် ပြုံးပန်းဝေသွားတော့သည်။

'ဒီကောင်လေး ရူးသွားတာလား။ သူက ဘာလို့ ဂိုဏ်း ၅ ဂိုဏ်းထဲမှာ အားအနည်းဆုံး ဂိုဏ်းကိုမှ ရွေးရတာလဲ' ကမ္ဘာမြေတောင်တန်း ဂိုဏ်းချုပ်က မျက်မှောင်ကြုတ်ရင်း တွေးလိုက်သည်။

"ကောင်းလိုက်တာ၊ မြန်မြန် လာခဲ့ပါဦး မိတ်ဆွေလေး၊ မင်းကို ဆုလာဘ် ပေးပါရစေ" အနောက်ဘက် စစ်သည်တော် ဂိုဏ်းချုပ်က လုံချန်းကို ကြည့်ကာ တောက်ပသော အပြုံးဖြင့် ဆိုသည်။

"နောက်တစ်ခါ ထပ်စဉ်းစားပါဦး ကောင်လေး... မင်း ပိုသန်မာတဲ့ ဂိုဏ်းကို ရွေးသင့်တယ်" ဂုဏ်ကျက်သရေ ပွင့်လန်းခြင်း ဂိုဏ်းချုပ်က လုံချန်းကို လေးပင်သော လေသံဖြင့် ပြောလိုက်သည်။

"ကျွန်တော် ဆုံးဖြတ်ပြီးပါပြီ" လုံချန်းက ပြောကာ စင်ပေါ်သို့ လျှောက်လှမ်းသွားသည်။

တိုက်တိုက်ဆိုင်ဆိုင်ပင် အနောက်ဘက် စစ်သည်တော် ဂိုဏ်းချုပ်သည် စင်၏ အခြားတစ်ဖက် ထောင့်စွန်းတွင်... ရွမ့်ဘေးနား၌ ရပ်နေခြင်း ဖြစ်သည်။ ရွမ့်အခြားတစ်ဖက်တွင်မူ ဂုဏ်ကျက်သရေ ပွင့်လန်းခြင်း ဂိုဏ်းချုပ် ရပ်နေသည်။

လုံချန်းသည် စင်ပေါ်သို့ တက်လိုက်ပြီး ဂိုဏ်းချုပ်များ အားလုံးကို ကျော်ဖြတ်ကာ အနောက်ဘက် စစ်သည်တော် ဂိုဏ်းချုပ်ထံသို့ သွားလိုက်သည်။

လုံချန်းသည် ဂိုဏ်းချုပ် ၃ ဦးကို ကျော်ဖြတ်ကာ ဂုဏ်ကျက်သရေ ပွင့်လန်းခြင်း ဂိုဏ်းချုပ်ရှေ့သို့ ရောက်လာသည်။

"မင်းမှာ အခွင့်အရေး ရှိပါသေးတယ်... ငါ့ဂိုဏ်းကို ရွေးလိုက်ပါ" ဂုဏ်ကျက်သရေ ပွင့်လန်းခြင်း ဂိုဏ်းချုပ်က သူ့ကို ဆွဲဆောင်ရန် နောက်ဆုံးတစ်ကြိမ် ကြိုးစားလိုက်ပြန်သည်။

လုံချန်းက မရပ်တန့်ဘဲ နောက်ထပ် တစ်လှမ်း တိုးလိုက်သော်လည်း သူ၏ ခြေထောက် မြေပြင်ပေါ်သို့ မကျခင်မှာပင် သူ ပျောက်ကွယ်သွားခဲ့သည်။

လုံချန်းသည် ရွမ့်နောက်ကျောတွင် ပေါ်လာသည်။ သူ၏ လက်ထဲတွင် ဓားမြှောင်တစ်လက် ရှိနေပြီး ၎င်းမှာ ရွမ့်လည်ပင်းကို ထောက်ထားလျက် ရှိနေပြီ ဖြစ်သည်။

"မင်း ဘာလုပ်နေလဲဆိုတာ သိရဲ့လား" ရွမ်က လေးပင်သော လေသံဖြင့် မေးလိုက်သည်။

"မလှုပ်နဲ့နော် မိတ်ဆွေ... မင်းရဲ့ လည်ပင်းက မတော်တဆ ပြတ်သွားနိုင်တယ်" လုံချန်းက ပေါ့ပေါ့ပါးပါး အသံဖြင့် ပြောလိုက်သည်။

"ထျန်းရှန်၊ ဒါ နောက်ရမယ့် အချိန်မဟုတ်ဘူး။ သခင်လေးရွမ်ကို အမြန်လွှတ်လိုက်စမ်း" တိုက်ခိုက်ရေးဓား ဂိုဏ်းချုပ်က သူ၏ ဓားကို ထုတ်လိုက်ရင်း တည်ကြည်သော လေသံဖြင့် ပြောလိုက်သည်။

လုံချန်း၏ ဓားမြှောင်က ရွမ့်လည်ပင်းကို ဖိလိုက်ရာ လည်ပင်းတွင် ဒဏ်ရာ အနည်းငယ် ပေါ်လာသည်။ ထိုဒဏ်ရာမှ သွေးများ စီးကျလာသည်။

"အိုး... ခင်ဗျားက သူ့ကို အသေခံခိုင်းနေတာလား။ တကယ်လို့ ကျွန်တော်က မတော်တဆ သူ့လည်ပင်းကို ဖြတ်မိသွားရင် ဘယ်လိုလုပ်မလဲ။ သူ့နောက်ကွယ်က အင်အားစုတွေကို ခင်ဗျား ရှင်းပြနိုင်မှာလား။ ခင်ဗျားက သူ့သေဆုံးမှုအတွက် တာဝန်မယူချင်ဘူး မဟုတ်လား" လုံချန်းက ရွမ့်ခေါင်းကို မတော်တဆ ဖြတ်မိမှာကို တကယ် စိုးရိမ်နေသည့်အလား တည်ကြည်သော လေသံဖြင့် ပြောလိုက်လေသည်။

All Chapters