အခန်း (၂၁-၂၂)
Vol. 3 Ch. 21-22
အခန်း(21) ငါက ပျော်ပျော်ရွှင်ရွှင် နေချင်ရုံပါပဲ
စုန့်ယီအနေဖြင့် လင်းမိန်ဟွေ့ စားသောက်ဆိုင်သို့ သွားရောက်စားသောက်ခဲ့ကြောင်း ကြားသိသော်လည်း အပြစ်မတင်သည့်အပြင် စိုးရိမ်နေသည့်ပုံပင် ပေါက်နေခဲ့သည်။
ဤအခိုက်အတန့်တွင် လင်းမိန်ဟွေ့၏ နှလုံးသားအတွင်း၌ တစ်နေရာမှ အလင်းရောင်တစ်ခု ဖြာကျလာသည်ဟု ခံစားလိုက်ရလေသည်။
စုန့်ယီကတော့ လင်းမိန်ဟွေ့ပြောသော စကားကို ကြားပြီးနောက် ပြုံးလိုက်ပြီး သူမအတွက် ဟင်းတစ်တုံးကူထည့်ပေးကာ ပြောလိုက်လေ၏။
“ဘာလို့ ဒီလိုအတွေးမျိုးတွေးရတာလဲ၊ အဲဒါတွေက မင်း ပင်ပင်ပန်းပန်းရှာထားတဲ့ ပိုက်ဆံတွေပဲလေ၊ မင်း လွတ်လွတ်လပ်လပ်သုံးပိုင်ခွင့်ရှိတာပေါ့၊ နောက်ပြီး အခု မင်းက ကိုယ့်ရဲ့ဇနီးဖြစ်နေပြီ၊
တောင်ပေါ်မြေအောက်က အကောင်းဆုံးအစားအစာတွေကို စားချင်တယ်ဆိုရင်တောင် ကိုယ်က မင်းကို ကျေနပ်အောင် အမြဲတမ်းရှာဖွေပေးမှာပဲ”
“တကယ်လား”
လင်းမိန်ဟွေ့ မယုံနိုင်အောင် ဖြစ်နေခဲ့သည်။ သူမ၏ အရင်ဘဝ၌ ကျန်းကျစ်ကုန်း၏ မိသားစုထံမှ ကြမ်းတမ်းသော ဆက်ဆံမှုများကို ခံခဲ့ရပြီး သူမက ကောင်းမွန်သော ဘဝနှင့် မထိုက်တန်ဟု အမြဲခံစားခဲ့ရသည်။
ဤအတွေးသည်က တစ်ရက်နှစ်ရက်လောက်ဖြင့် ဖြစ်ပေါ်လာသည်မဟုတ်ချေ။
ကျိုးချွေ့ဟွားနှင့် လင်းကွားချင်းတို့သည်လည်း ငယ်စဉ်တည်းက အစ်မတစ်ယောက်အနေဖြင့် မောင်ဖြစ်သူကို ဂရုစိုက်ရမည်၊ ဦးစားပေးရမည်ဟု ပြောခဲ့ကြသည်။
သူမ အရာရာကို စွန့်လွှတ်ခဲ့ရသည်။ ပညာသင်ယူခွင့်အပြင့် ပျော်ရွှင်ဖွယ်ကောင်းသည့် အရာများအားလုံးကို စွန့်ပစ်ခဲ့ရသည်။
နောက်ဆုံးတွင် သူမ၏ ဘဝပျော်ရွှင်မှုများအားလုံးကို မောင်ငယ်ဖြစ်သူအတွက် စွန့်လွှတ်ပေးခဲ့သည်။
လင်းမိသားစုက အနည်းဆုံး စိတ်ထဲတွင် အနည်းအကျဥ်းလောက်တော့ ခံစားမိလိမ့်မည်ဟု ထင်ခဲ့သော်လည်း မမျှော်လင့်ဘဲ သူတို့က ဤအရာများ အားလုံးကို ဖြစ်သင့်သည်ဟုသာ ခံစားခဲ့ကြသည်။
စုန့်ယီတစ်ယောက် သူမ၏ အလေးအနက်ဖြစ်နေသည့်အသွင်အပြင်ကို ကြည့်ပြီး သဘောကျနေခဲ့သည်။ သူက တူကို လှည့်၍ လင်းမိန်ဟွေ့၏ နဖူးကို အသာခေါက်လိုက်ရင်း ပြောလာလေ၏။
“ဘာကို တကယ်လဲလို့မေးနေတာလဲ၊ ကိုယ်တို့နှစ်ယောက်က နာမည်ခံ ဇနီးမောင်နှံတွေပဲဆိုပေမဲ့ ဒီအိမ်ထဲကို ရောက်လာပြီဆိုတာနဲ့ မိသားစုတစ်ခုဖြစ်သွားပြီပဲလေ၊ ဒီတော့ မင်းပျော်နေသရွေ့ ကိုယ်က ပျော်ရွှင်နေမှာပဲ”
ဤပျော်ရွှင်ဖွယ် စကားလုံးများက လင်းမိန်ဟွေ့၏ နှာခေါင်းကို စူးကျဥ်သွားစေပြီး ပြောမပြတတ်သော ပျော်ရွှင်မှုကို ခံစားရစေခဲ့သည်။
သူမ နှုတ်ခမ်းကိုစေ့၍ ပြုံးရန် ကြိုးစားလိုက်သည်။
“အစ်ကိုစုန့်ယီ၊ နောင်ဆိုရင် ကျွန်မ ရှင့်ကို ကောင်းကောင်း ဆက်ဆံပါ့မယ်၊ ကျွန်မ ရှင့်ကို စိတ်မချမ်းမသာမဖြစ်စေရဘူး”
မီးဖိုထဲတွင် ထင်းများက မီးတောက်လျှက်ရှိကာ တဟုန်းဟုန်းတောက်လောင်နေခဲ့သည်။
ပြတင်းပေါက် အပြင်ဘက်တွင်တ ညနေစောင်းနေပြီဖြစ်၍ အခန်းအတွင်းမှ အငွေ့အသက်က သဟဇာတဖြစ်ကာ နွေးထွေးနေသည်။
ဤအချိန်၌ လူငယ်နှစ်ဦးက ရိုးသားပွင့်လင်းစွာဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။
မည်မျှပင် ကြီးမားသည့် အခက်အခဲများ ရောက်ရှိလာခဲ့သည်ဖြစ်စေ ဤစကားများကြောင့် သူတို့၏ရှေ့မှလူရှိနေခဲ့လျှင် စိတ်မချမ်းမသာဖြစ်ရသည်များ ပျောက်ကွယ်သွားလိမ့်မည်ဟု ထင်ရသည်။
လင်းမိန်ဟွေ့အတွက်တော့ စုန့်ယီ၏ ကြိုးစားမှုကြောင့် စိတ်ချမ်းသာသွားခဲ့ပုံရသော်လည်း ကိစ္စများကို ဖွင့်ဟမလာသေးပေ။
နောက်ဆုံး၌ စုန့်ယီသည်လည်း ဆက်မမေးရဲတော့။ လင်းမိန်ဟွေ့အနေဖြင့် စိတ်ထဲ၌ တစ်ခုခုကို သိမ်းဆည်းထားရှိနေသည်ကိုသာ သူသိနေခဲ့သည်။
သူဆက်၍ မမေးခဲ့သည်က သူမ မပြောခဲ့သည်မှာ ရှက်ရွံ့စရာကိစ္စတစ်ခုခုဖြစ်နိိင်ပြီး သူသိမည်စိုး၍ ဖြစ်ရမည်ဟု တွေးမိခဲ့၍ပင်။
မည်သို့ပင်ဖြစ်စေ စုန့်ယီအနေဖြင့် နာမည်ခံ ခင်ပွန်းသည်ဖြစ်စေ၊ အစ်ကိုတစ်ယောက်ဖြစ်စေ၊ သူ၏အရှေ့မှ လင်းမိန်ဟွေ့အား ကာကွယ်ရမည့် တာဝန်ရှိသည်။
ထို့ကြောင့် မနက်ဖြန်တွင် မြို့သို့သွား၍ လင်းမိန်ဟွေ့ မည်သည့်အခက်အခဲများ ကြုံနေသည်ကို စုံစမ်းရန် သူဆုံးဖြတ်လိုက်သည်။
ညစာစားပြီးသော် လင်းမိန်ဟွေ့က ပန်းကန်များကို ဆေးကြောရန် သွားချင်ခဲ့သော်လည်း စုန့်ယီက သူ့မကို မသွားစေဘဲ အခန်းထဲသို့ ပြန်ပို့ကာ သေသေချာချာနားရန် တွန်းပို့လိုက်လေသည်။
လင်းမိန်ဟွေ့သည်လည်း တစ်ဖက်လူကို ငြင်းပယ်၍ မရခဲ့ပေ။ ထို့ကြောင့် အခန်းထဲသို့ လိမ်လိမ်မာမာဖြင့် ပြန်ဝင်၍သာ လှဲနေလိုက်တော့သည်ပင်။
သူမ ခုတင်ပေါ်တွင် လှဲနေပြီးမှ သူမ၏ ကိုယ်ပေါ်တွင် စိုစွတ်စေးကပ်နေသည့် ချွေးအလွှာတစ်ခုကို ခံစားလိုက်ရပြီး ရေချိုးရန် စိတ်ကူးပေါ်လာခဲ့သည်။
သို့သော် သူမအနေဖြင့် အပြင်ဘက်တွင် မချိုးနိုင်သေးပေ။ ရာသီဥတုသည်လည်း အလွန်အေးနေဆဲဖြစ်၍ အိမ်အတွင်း၌ ရေချိုးမှသာ အဆင်ပြေနိုင်လိမ့်မည်။
လင်းမိသားစုအိမ်၌ ရှိနေခဲ့တုန်းက ထင်းတဲအတွင်း၌ ပုန်း၍ ရေချိုး၍ ရခဲ့သော်လည်း ယခု စုန့်ယီအိမ်သို့ ရောက်ရှိနေသည့်အတွက် မည်သို့မှ အဆင်မပြေနိုင်တော့။
သူမသည်လည်း သန့်ရှင်းမှုကိုသာ သဘောကျသည့်အတွက် ယခုကဲ့သို့ ချွေးများဖြင့် လှဲနေရခြင်းကို စိတ်ရှုပ်လာရသည်။
သူမ ထထိုင်လိုက်သည်နှင့် စုန့်ယီလည်း ပြန်ရောက်လာခဲ့သည်။
သူမ မအိပ်သေးသည်ကို မြင်သော် စုန့်ယီက ရှက်ရှက်နှင့်ပြောလာခဲ့သည်။
“ကိုယ် ကြမ်းပြင်မှာ အိပ်တာ ပိုကောင်းမယ်၊ မဟုတ်ရင် ကိုယ်တို့နှစ်ယောက်စလုံး ကောင်းကောင်း အိပ်ရမှာ မဟုတ်ဘူး”
“အစ်ကိုစုန့်ယီ ကျွန်မ ရေချိုးချင်လို့၊ ဒီနေ့တွန်းလှည်းကိုတွန်းရင်း ချွေးတွေထွက်နေခဲ့တာ…”
လင်းမိန်ဟွေ့အနေဖြင့် ဤကိစ္စအား နောက်ဆုံးတွင် ပြောကိုပြောရမည်ဟု တွေးမိနေခဲ့သည်ပင်။
မည်သို့ပင်ဖြစ်စေ၊ သူတို့က နောင်တွင်လည်း ခေါင်မိုးတစ်ခုတည်းအောက်၌ အတူနေရတော့မည်ဖြစ်၍ အမြဲတမ်း ပုန်းအောင်းနေ၍ မရနိုင်ပါချေ။
၎င်းက သူတို့နှစ်ဦးလုံးအတွက် အဆင်မပြေဖြစ်လိမ့်မည်။
စုန့်ယီ ခဏတာ ကြောင်အသွားပြီးနောက် ရှက်ရွံ့စွာပြုံးလိုက်လေသည်။
“ကိုယ့်ကို ကြည့်ပါဦး၊ ဒါ ပထမဆုံးအကြိမ် မိန်းမယူတာဆိုတော့ မိန်းကလေးတွေက သန့်ရှင်းတာကို ကြိုက်တယ်ဆိုတာကို မေ့နေတာ၊
ခဏစောင့်ဦးနော်၊ ကိုယ် ရေနွေးတည်ပေးမယ်၊ ပြီးရင် မင်း စိတ်ချလက်ချ ရေချိုးလို့ရပြီ…”
လင်းမိန်ဟွေ့သည်လည်း သူ့၏အမူအရာကို ကြည့်ပြီး ရယ်မောချင်နေခဲ့ရသည်။
ကြည့်ရသည်မှာ တစ်ထက်လူက မတိုင်ခင်အချိန်တွင် အမျိုးသမီးတစ်ယောက်ကိုမှပင် စေ့စေ့မကြည့်ရဲခဲ့ခြင်း ဖြစ်ရမည်။ ယခုအချိန်တွင် သူ့၏မျက်နှာသည်က ဝက်အသည်းကဲ့သို့ နီရဲနေပြီမဟုတ်ပါလား။
“အစ်ကိုစုန့်ယီ ၊ ကျွန်မ ကိုယ့်ဘာသာ ရေနွေးတည်လိုက်ပါ့မယ်၊ ဒါပေမဲ့ ရှင်က အပြင်ကို ခဏလောက်ထွက်ပြီးမှ ပြန်လာပေးလေ၊ ကျွန်မ မြန်မြန်ချိုးပါ့မယ်”
“ကောင်းပြီ၊ ကိုယ်ရွာရဲ့အရှေ့ဘက်က ဝမ်မိသားစုဆီမှာ အလုပ်ကိစ္စ နည်းနည်းရှိသေးတယ်၊ မင်း တံခါးပိတ်ပြီး ဖြည်းဖြည်းချင်း ရေချိုးလိုက်လေ”
စုန့်ယီ ပြောပြီးသည်နှင့် ကုတင်ဘေးမှ သူ့၏အင်္ကျီကို ယူလိုက်လေသည်။
သူက အပြင်သို့မထွက်မီ လင်းမိန်ဟွေ့အတွက် ရေနှစ်ပုံးကို ကူသယ်ခဲ့ပြီး ရေနွေးအိုးထဲသို့ထည့်လိုက်ကာ ထင်းထည့်ပေးပြီးမှသာ စိတ်အေးလက်အေးဖြင့် ထွက်သွားခဲ့သည်။
လင်းမိန်ဟွေ့လည်း တစ်ဖက်လူမှ ဤအသေးစိတ်အချက်အလက်များအားလုံးကို ပြုလုပ်ပေးခဲ့ကြောင်းကို မြင်တွေ့ခဲ့ပြီး စုန့်ယီမှာ အလွန်စေ့စပ် သေချာပြီး စဉ်းစားပေးတတ်သည့်သူတစ်ဦးဖြစ်ကြောင်းကို တွေးလိုက်မိလေ၏။
တစ်ဖက်လူမှာ ကောင်းကင်ဘုံက ပေးသည့် လက်ဆောင်ဖြစ်လောက်သည်ဆိုသည့် အတွေးမျိုးက သူမ၏ သူ့စိတ်ထဲ၌ ပေါ်ထွက်လာခဲ့ရသည်။
သူမအနေဖြင့် အလျှင်အမြန် ဆုံးဖြတ်ခဲ့သည့် ကိစ္စမှာ ဘဝ၏ အမှန်ကန်ဆုံး ဆုံးဖြတ်ချက် ဖြစ်လာလိမ့်မည်ဟု လုံးဝမမျှော်လင့်ထားခဲ့ပါချေ။
လင်းမိန်ဟွေ့ ရေနွေးတည်ပြီးနောက် သံဇလုံကြီးကို ပြန်သယ်လာခဲ့ပြီး အိမ်ထဲတွင် သက်တောင့်သက်သာနှင့် ရေချိုးလိုက်သည်ပင်။
နေ့ခင်းဘက်လုပ်ငန်း၌ ကြုံရသည့် ပြဿနာများက လက်ရှိတွင် မည်သည့်အရာမှ မဟုတ်သကဲ့သို့ပင်။
၅ ယွမ်ခန့် ဆုံးရှုံးခဲ့ရရုံသာ မဟုတ်ပါလော။ နောက်ပိုင်းတွင် သူမအနေဖြင့် ၅၀ ဖြစ်စေ၊ ၅၀၀ ဖြစ်စေ ရအောင်ရှာနိုင်လိမ့်မည်။ စုန့်ယီ၏ ဘဝကို ပိုကောင်းအောင် သူမ ကူညီရမည်။ မည်သူ့ကမှ သူ့ကို ပြောဆိုလာခြင်းကို ခွင့်ပြုမည်မဟုတ်ပေ။
သို့သော် ပိုက်ဆံမရှာမီ ကျန်းကျစ်ကုန်း၏ကိစ္စအား အရင်ဖြေရှင်းရမည်ပင်။
လင်းမိန်ဟွေ့တစ်ယောက် တဘက်ဖြင့် ဆံပင်ကိုသုတ်ရင်း ကျန်းကျစ်ကုန်းအား မည်သို့ ငြိမ်သက်သွားအောင်လုပ်ရမည်ကို စဉ်းစားနေခဲ့သည်။ အချိန်ကြာမြင့်စွာ စဉ်းစားပြီးမှ နောက်ဆုံး၌ အကြံတစ်ခု ရလာသည်ရ
သူမ မနက်ဖြန် မြို့သို့ ထပ်သွား၍ ကျန်းယွေ့ဖန်၏ ခင်ပွန်းဖြစ်သူ၏ ခေါင်းဆောင်နှင့် စကားပြောမည်။
ဤလောက၌ တရားမျှတသည့်သူ တစ်ယောက်မှမရှိတော့ဟု သူမ မယုံကြည်ပေ။
လမင်းက ထွက်လာခဲ့ပြီ။ ညဉ့်နက်နေပြီပင်။
လင်းမိန်ဟွေ့ သံဇလုံကို အမြန်သိမ်းဆည်းလိုက်ပြီး အိမ်ရှိပစ္စည်းများကို နေရာတကျထားပြီး တံခါးဖွင့်လိုက်သည်။
ထို့နောက်တွင် စုန့်ယီတစ်ယောက် လရောင်အောက်တွင် တံခါးပေါက်ဘေး၌ ထိုင်၍ တံခါးဘောင်ကို မှီကာ အိပ်ပျော်နေသည်ကို သူမ မြင်လိုက်ရလေသည်။
လင်းမိန်ဟွေ့ သူ့ကို ချက်ချင်းမနိုးသေးပေ။ သူမ ဒူးထောက်ထိုင်၍ လရောင်အောက်၌ စုန့်ယီအား သေသေချာချာ ကြည့်နေခဲ့သည်။
တစ်ဖက်လူသည်ကား မျက်ခုံးမွှေးထူထဲပြီး၊ မျက်လုံးအိမ် ကျယ်ကာ၊ နှာတံတို့က စင်းနေခဲ့သည်။ သူ၏ ထောင့်ချိုးညီသော ဂျုံရောင်မျက်နှာက ဖြောင့်မတ်ခြင်းတို့ကို ဖော်ပြနေသည်ပင်။
မတိုင်ခင်က သူ့အနေဖြင့် အနည်းငယ်ပိန်ပါးသည်။ စကားလည်းနည်းသည့်အတွက် မှိုင်းထိုင်းနေသည်ဟု ထင်ခဲ့ရသည်။
သို့သော်လည်း ဤရက်ပိုင်း နေ့ရောညပါ အတူနေလာပြီးနောက် တစ်ဖက်လူမှာ အလွန်ပင် အဖိုးတန်သည့်သူတစ်ဦးဖြစ်သည်ကို တွေ့လာရသည်။
တစ်ဖက်လူမှာ အရည်အချင်းရှိပြီး စဉ်းစားပေးတတ်ရုံသာမကဘဲ အရေးအကြီးဆုံးမှာ အလွန်ကြင်နာတတ်ပြီး စိတ်ကောင်းရှိသည့်သူလည်းဖြစ်နေခဲ့သည်။
“အစ်ကိုစုန့်ယီ ထပါဦး၊ ဒီမှာ မအိပ်နဲ့လေ၊ ညဘက် ဒီအပြင်ဘက်မှာအိပ်နေရင် ကျန်းမာရေးကို ထိခိုက်လိမ့်မယ်”
လင်းမိန်ဟွေ့ တစ်ဖက်လူအား ကြည့်ပြီး အလွန်ကျေနပ်နေသည်။ ပြီးမှသာ စုန့်ယီအား ညင်ညင်သာသာ တွန်းနိုးလိုက်လေသည်
စုန့်ယီ မျက်လုံးများကို ဖွင့်လိုက်ချိန်တွင် အနည်းငယ် ငိုက်မျဉ်းနေခဲ့သေးသည်။ သူက သူ့၏ရှေ့မှ မိန်းမလှလေးအား ခဏလောက် ကြောင်ငေးကာ ကြည့်နေခဲ့မိလေသည်။
သူမက အမြဲတစေ ဆံပင်များကို ကျစ်ဆံမြီး ကျစ်ထားသောကြောင့် ဆံပင်သိပ်မများဟု ထင်ခဲ့ရသည်။
သို့သော် ယခု ဖြန့်ချထားသည့်အချိန်တွင်တော့ ထူထပ်ပြီး ရေညှိကဲ့သို့ စိုပြည်နေခဲ့သည်။ ဆံပင်က ဆပ်ပြာရနံ့လည်း သင်းနေသေးသည်။
စုန့်ယီတစ်ယောက် ရင်ထဲ၌ တစ်ခုခုက လှုပ်ရှားနေသကဲ့သို့ ခံစားရပြီး မငြိမ်မသက် ဖြစ်သွားခဲ့ရသည်။
“အဟွတ်၊ ကိုယ် မင်း တံခါးဖွင့်တာကို စောင့်နေရင်း ဘယ်တုန်းက အိပ်ပျော်သွားတာလဲ မသိလိုက်ဘူး… မြန်မြန် အိမ်ထဲပြန်ဝင်တော့လေ၊ အအေးမမိစေနဲ့”
“အင်း၊ အထဲကို ဝင်ကြတာပေါ့”
လင်းမိန်ဟွေ့အနေဖြင့် သူမ ရေချိုးထားသည့် ပစ္စည်းနှင့်နေရာများအားလုံးကို ရှင်းလင်းထားသော်လည်း လေထဲ၌ ထူးခြားသည့် ရနံ့တစ်ခု ကျန်နေသေးသည်ကို သတိမထားမိခဲ့ပါချေ။
ထိုအရာက ဆပ်ပြာရနံ့နှင့် ကိုယ်သင်းနံ့များ ရောနေခြင်းဖြစ်ကာ စိုစွတ်နေသည့် ဆံပင်မှ မွှေးရနံ့များကို ပျံ့လွှင့်နေခဲ့သည်။ ဆိုရလျှင် နွေဦးည၏ နှင်းစက်များ သို့မဟုတ် နွေရာသီ၏ ရနံ့များဟု ဆိုရလိမ့်မည်။
စုန့်ယီ အခန်းထဲသို့ ဝင်သွားချိန်တွင် သူ့၏နှလုံးသားက ပြင်းထန်စွာ ခုန်နေခဲ့သည်။ လင်းမိန်ဟွေ့က အပေါ်ထပ် အင်္ကျီကိုချွတ်ကာ ခုတင်ပေါ်၌ လှဲအိပ်ပြီး အသက်ရှူသံများက ပုံမှန်အဖြစ်ကာရှည်လျားလာသည့်အချိန်မှသာ သူ ခုတင်နားသို့ ချည်းကပ်ရဲခဲ့သည်။
သူ ခုတင်ဘေး၌ ထိုင်ပြီး လင်းမိန်ဟွေ့၏ ထူထဲ နက်မှောင်သည့် ဆံပင်များကို ငေးကြောင်ကြည့်နေမိခဲ့သည်။
မတိုင်က သူ့အတွက် ကြင်ဖက်ရှာပေးချင်ခဲ့သော အောင်သွယ်များ အမြဲရှိခဲ့သော်လည်း သူ အမြဲငြင်းဆန်ခဲ့သည်။
သူ့အနေဖြင့် ဇနီးတစ်ယောက်မယူလိုခြင်းမဟုတ်ပေ။ သူ့၏ဘဝအတွေ့အကြုံအရ မိဘမရှိ၊ ညီအစ်ကိုများနှင့်ကူညီမည့်သူ မရှိသောကြောင့် တခြားသောမိန်းကလေးတစ်ယောက်ကို လက်ထပ်လျှင် သူမ၏ဘဝကိုပါ ပင်ပန်းလိမ့်မည်ဟု ခံစားရ၍ ခိုင်မာစွာ ငြင်းဆန်ခဲ့သည်ပင်။
သို့သော် ယခုအချိန်တွင်တော့...
*
အခန်း(22)နူးညံ့ညင်သာမှုအရှိဆုံးသောအိပ်မက်နယ်မြေ
ခုတင်ပေါ်တွင် တခြားလူတစ်ဦးက သူ့ဘေး၌ အိပ်နေခဲ့သည်။ စိမ်းသက်သော်လည်း ရင်းနှီးသည့်သူတစ်ဦးလည်းဖြစ်နေပြန်သည်။
သူမ၏ ကိုယ်ပေါ်မှ မွှေးရနံ့တစ်ခုကိုလည်း ရရှိနေခဲ့သေးသည်။
စုန့်ယီ ရုတ်တရက် ဤသည်က ကံကြမ္မာတစ်မျိုး ဖြစ်နိုင်သည်ဟု တွေးလိုက်မိသည်။
သူ လင်းမိန်ဟွေ့အား နှောင့်ယှက်မိမည်ကို စိုးရိမ်ခဲ့ပြီး အသက်ရှူနှုန်းကိုပင် ရပ်ထားခဲ့မိသည်။
မမျှော်လင့်ဘဲ ကောင်းမွန်စွာ အိပ်ပျော်နေသည့် လင်းမိန်ဟွေ့တစ်ယောက် မျက်လုံးမှိတ်ထားရင်း မျက်တောင်များ နည်းနည်းမြင့်တက်လာပြီး ရုတ်တရက် ကိုယ်ကို လှည့်လိုက်လေသည်။
စုန့်ယီတစ်ယောက် စိုးရိမ်တကြီး နောက်ဆုတ်လိုက်မိသည်။ ဤလှုပ်ရှားမှုကြောင့် သူ ခုတင်အောက်သို့ ပြုတ်ကျလုနီးပါးပင် ဖြစ်သွားရလေသည်။
ကံကောင်းစွာဖြင့် သူ ခုတင်အစွန်းကို ဆွဲကိုင်ထားခဲ့သောကြောင့် မြေကြီးပေါ်ငို့ ပြုတ်ကျကာ ပိုကြီးသည့်ဆူညံသံကို မဖြစ်စေခဲ့ပါချေ။
လင်းမိန်ဟွေ့က အိပ်ပျော်နေရင်းဖြင့် ရေရွတ်လိုက်သည်။
“အစ်ကိုစုန့်ယီ မြန်မြန် အိပ်တော့၊ မနက်ဖြန် မြို့ကိုသွားရဦးမယ်၊ အဲဒီလိုလူတွေ ကျွန်မ မနှိမ်စေရဘူး၊ တရားမျှတမှု ရအောင်ယူရမယ်”
ထိုအခါမှ လင်းမိန်ဟွေ့ အမှန်တကယ် အနိုင်ကျင့်ခံနေရသည်ကို စုန့်ယီ သိလိုက်ရသည်။
နောက်တစ်နေ့ နံနက်စောစောတွင်တော့ စုန့်ယီက လင်းမိန်ဟွေ့အတွက် မှတ်စုတစ်စောင်ချန်ထားခဲ့ပြီး မြို့သို့ ထွက်ခွာသွားခဲ့လေသည်။
သူ မြို့ဈေးသို့သွား၍ ယမန်နေ့က ဖြစ်ခဲ့သည့် ကိစ္စအား ဈေးအတွင်းမှလူများအား မေးမြန်းခဲ့လေသည်။
သစ်သီးယိုများကို ရောင်းသည့် မိန်းကလေး၏ ခင်ပွန်းသည်ဟူသောစကားကိုကြားလျှင် ဈေးဆိုင်ပိုင်ရှင်များက ချက်ချင်းပင် အတင်းအဖြင်းများကိုပြောလာတော့သည်။
“အဲဒီ ကောင်မလေးက တကယ်ကိုသည်းခံလွန်းတယ်၊ အဲဒီ လူဆိုးတွေက သူမဆီကနေ အတင်းအဓမ္မ ငွေညှစ်ဖို့ လာတယ်ဆိုတာ ရှင်းနေတာပဲ၊ ဒါပေမယ့် သူမကို အပြစ်တင်လို့လည်း မရဘူး၊
အဲဒီ လူမိုက်ကောင်တွေက ကျန်းကျစ်ကုန်းရဲ့ လူတွေလေ ၊ သူတို့ကို ဒေါသထွက်အောင်လုပ်ရင် နောင်အလုပ်လုပ်ချင်ရင်တောင် အလုပ်ရတော့မှာ မဟုတ်ဘူး”
“ငါတို့တွေအားလုံးလည်း အဲဒီလူမိုက်ကောင်တွေကြောင့် ဆင်းရဲဒုက္ခရောက်ခဲ့ရသေတာပဲ၊ ရဲဘော်လေး ငါပြောပြမယ်၊ မင်း ဒီကိစ္စကို မေ့လိုက်တာက ပိုကောင်းလိမ့်မယ်”
“အဲဒီကောင်မလေးက တော်တော်လေးကောင်းတယ်၊ ဒါပေမဲ့ သူမက ဒီလူမိုက်တွေကို ဘယ်လိုများ စိတ်ဆိုးအောင်လုပ်မိလဲ မသိဘူး၊
ဒီနောက်ပိုင်း မင်းရဲ့ဇနီးသည်ကို ဒီဈေးကို မလာဖို့ ပြောပြထားလိုက်ပါ၊ အချိန် ခဏလောက်စောင့်နေပြီးမှ ကြည့်ကြတာပေါ့၊ သူတို့က လူတွေကို ထပ်ပြီး ဒုက္ခပေးဦးမှာပဲ”
ဤလူများ၏ စကားအား နားထောင်ပြီးသည့်နောက်တွင် စုန့်ယီလည်း ကိစ္စအား အကြမ်းဖျင်းနားလည်သွားခဲ့သည်။
သူက ထိုလူများကို ကျေးဇူးတင်ပြီးနောက် ကျန်းကျစ်ကုန်း၏အိမ်က မည်သည့်နေရာ၌ ရှိသည်ကို သွားစုံစမ်းခဲ့သည်။
ကျန်းကျစ်ကုန်းသည်က မြို့တွင် နာမည်ကြီးသည့်အတွက်ကြောင့် ရှာဖွေရသည် မခက်ခဲလှပါချေ။
သူ မေးမြန်းပြီးနောက်တွင် ဗီဒီယိုရုံက ကျန်းကျစ်ကုန်းဒ မိသားစုပိုင်သည်ကို သိလိုက်ရသည်။
စုန့်ယီလည်း သူ ဤလူမျာကို မည်သို့ စိတ်ဆိုးအောင်လုပ်မိသည်ကို သိလိုက်ရလေသည်။ ယမန်နေ့က လင်းမိန်ဟွေ့ ပြန်ရောက်ချိန်တွင် ထိုကိစ္စနှင့်ပတ်သက်၍ မည်သည့်စကားကိုမှ မပြောရဲသည်မှာ အံ့သြစရာမဟုတ်တော့ပေ။
စုန့်ယီ မတိုင်ခင်က ကိစ္စများကို ပြန်တွေးကြည့်ပြီးနောက် အပြစ်ရှိသကဲ့သို့ ခံစားရပြီး ဒေါသထွက်လာခဲ့ရသည်။
သူ လင်းမိန်ဟွေ့အား သူ့ကဲ့သို့ ကံဆိုးသွားအောင် လုပ်မိသည်ကို သညည်းခံနိုင်ရည်မရှိပါချေ။ သို့သော်လည်း ယခုအချိန်တွင်တော့ သူ့အနေဖြင့် ကျန်းကျစ်ကုန်းနှင့် အရင်ဆုံး စကားပြောလိုသေးသည်။
ဗီဒီယိုရုံက မှောင်မည်းနေပြီး မျက်နှာပြင်တစ်ခုတည်း၌သာ ဗီဒီယိုဇာတ်ကားတစ်ခုကို ပြသနေခဲ့သည်။ လူငယ်များစွာက ဇာတ်ကားထဲတွင် ဆွဲဆောင်ခံနေခဲ့ရသည်။
စုန့်ယီ အရှေ့သို့ လျှောက်လာပြီး တီဗွီကို ပိတ်လိုက်သည့်အခါမှသာ လူတိုင်းက သတိဝင်လာကြသည်။
“ဝန်ထမ်းတွေ ဘယ်ရောက်သွားပြီလဲ၊ တစ်ယောက်ယောက်က ဗီဒီယိုကြည့်တာကို ပိတ်နေတယ်၊ မင်းတို့ ဂရုမစိုက် ကြဘူးလား”
မကြာမီတွင် စုန့်ယီလည်း လူမိုက်သုံးဦး၊ လေးဦးခန့်က နှုတ်ခမ်း၌ သွားကြားထိုးတံများကို ကိုက်ခဲ၍ တံခါးဝမှ ဝင်လာသည်ကို မြင်လိုက်ရသည်။
သူတို့သည်ကား ထိုနေ့က လင်းရှောင်ရှုအား ငွေညှစ်ခဲ့သည့်လူများပင် ဖြစ်နေခဲ့သည်။
စုန့်ယီလည်း လက်သီးကို တင်းတင်းဆုပ်လိုက်မိပြီး သူတို့ နေရာသို့မရောက်မီမှာပင် ကုလားထိုင်များကို ကောက်မ၍ သူတို့ထံသို့ ပစ်ပေါက်လိုက်သည်။
“မင်းက အတော်ကြီးကို သတ္တိရှိနေတာပဲ၊ ဒါ ဘယ်သူ့နယ်မြေလဲဆိုတာကိုတောင် မသိဘဲ ရမ်းကားရဲတယ်ပေါ့”
“ဒါ ဘယ်သူ့ရဲ့နယ်မြေပဲဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး၊ ငါ့ရဲ့ဇနီးကို တစ်ယောက်ယောက်က အနိုင်ကျင့်လာရင်တော့ ငါက လာရှင်းရမှာပဲ...”
စုန့်ယီ ထိုလူများက ကုလားထိုင်များကို ရှောင်လိုက်သည်ကို မြင်လျှင် ဗီဒိုအောက်မှ ဗီဒီယိုအောက်စက်အား ထုတ်ယူလိုကာပြီး အမြင့်သို့မြှောက်ကာ ရိုက်ချရန် ပြင်လိုက်သည်။
သူ ထိုကဲ့သို့ လုပာတော့မည်ကို မြင်လျှင် လမ်းဘေးလူဆိုးအတချို့က သူတို့၏ လက်များကို အလျင်အမြန်မြှောက်ပြီး ပြောလာသည်။
“အစ်ကို၊ အစ်ကို၊ အဲဒါကို မရိုက်ချပါနဲ့၊ အဲဒါက ဈေးကြီးလွန်းတယ်၊ မင်းရော ငါပါ အဲဒါကို လျော်ပေးဖို့ မတတ်နိုင်ဘူး၊ ပြောစရာရှိရင် စကားကောင်းကောင်း ပြောပြီး ညှိနှိုင်းလို့မရဘူးလား”
စုန့်ယီ ဤကဲ့သို့ လုပ်သည်က ကျန်းကျစ်ကုန်းအား ဆွဲထုတ်ရန်သက်သက်ပင် ဖြစ်ပေ၏။ ဤကိစ္စအား ယနေ့ မဖြေရှင်းလျှင် သူတို့သည်က နောင်ပိုင်းတွင်လည်း လင်းမိန်ဟွေ့အား ဒုက္ခပေးဦးမည်ဖြစ်။ သူ့အနေဖြင့် ထိုမျှလောက်အထိဘ သဘောမကောင်းနိုင်ပေ။
“ကျန်းကျစ်ကုန်းကို ခေါ် လာခဲ့”
“ကျန်းကျစ်ကုန်းက အလုပ်ရှုပ်နေတယ်၊ သူက ဗီဒီယိုရုံတွေ အများကြီးပိုင်တာ၊ ဒီတစ်ခုတည်းကိာကို မကြာခဏမလာနိုင်ဘူး”
စုန့်ယီသည် ထိုလူများက သူ့ကို လှည့်စားရန် ကြိုးစားနေသည်ကို မြင်လျှင် တီဗွီအောက်စက်ကို လက်တစ်ဖက်ဖြင့် မလိုက်ပြန်သည်။
“သူ မလာရင်ငါ ဒါတွေအားလုံးကို ရိုက်ချိုးပစ်မယ်၊ ပြီးသွားရင် ငါ သူ့ကို ညစ်ညမ်းဗီဒီယိုတွေ ဖြန့်ဝေမှုနဲ့ တရားစွဲမယ်၊ ရဲတွေက ဘယ်သူ့ကို အရင်ဆုံးလာဖမ်းမလဲ ကြည့်ရအောင်။”
စုန့်ယီက ပစ္စည်းများကိုရိုက်ချိုးလျှင် ပစ္စည်းဖိုးပေးရုံသက်သက်သာဖြစ်သည်ကို သိထားသည်။ သို့သော်လည်း ကျန်းကျစ်ကုန်း၏ လုပ်ရပ်ကသော မတူပါချေ။
သူသည်က ညစ်ညမ်းဗီဒီယိုများကို ဖြန့်ဝေနေခြင်းဖြစ်သည့်အတွက် ဥပဒေကို ချိုးဖောက်နေခြင်းဖြစ်သည်။ ဖမ်းမိသည်နှင့် ထောင်ကျမည်မှာ သေချာပေသည်။
သူသာ အစောင့်ကြီးအား စီးကရက်တစ်လိပ်ပေးပြီး ဗီဒီယိုကြည့်လိုသည်ဟု မပြောလျှင် အထဲသို့ ဝင်၍ရမည်မဟုတ်သကဲ့သို့၊ ဤသက်သေကိုလည်း ရနိုင်မည်မဟုတ်ပင်။
လမ်းဘေးလူမိုက်များက ဤစကားကြားသည်နှင့် ချက်ချင်းထိတ်လန့်သွားကြသည်။ ကျန်းကျစ်ကုန်းအနေဖြင့် ဤကဲ့သို့အထူးဗီဒီယိုများမှာ ယုံကြည်ရသည့် ဖောက်သည်ဟောင်းများထံ၌သာ ပြသရမည်ဟု အမြဲပြောခဲ့သည်။
ယခု စုန့်ယီ ခိုးဝင်လာပြီဆိုသည်ကိုသိလျှင် သူတို့သည်လည်း သေချာပေါက် အဆူခံရမည်ဖြစ်သည်။
“အစ်ကိုကြီး၊ ဒီလိုကြည့်ပါလား၊ ခင်ဗျား ပြောစရာရှိရင် ကျွန်တော်တို့ကို ပြောပါ၊ ကျွန်တော်တို့ ကူညီနိုင်ရင် သေချာပေါက် ကူညီပါ့မယ်၊ ကျွန်တော်တို့ ကျန်းကျစ်ကုန်းကို မခေါ်လို့ မရဘူးလား။”
“ဒီနေ့ ကျန်းကျစ်ကုန်းကိုမှ မတွေ့ရင် ငါ ဘယ်နေရာကိုမှမသွားဘူး၊ မင်းတို့လည်း အလုပ်မလုပ်နိုင်ဘူး”
စုန့်ယီအနေဖြင့် အများအားဖြင့် စကားအများကြီး ပြောတတ်သည့်သူမဟုတ်ပေ။
သူ့အနေဖြင့် တစ်နေ့နေ့၌ ဤကဲ့သို့ ပြဿနာမျိုးကို ရင်ဆိုင်ရလိမ့်မည်ဟု မည်သည့်အခါကမျှ မတွေးဖူးပါချေ။ သို့သော် ဤကိစ္စကို သူကိုယ်တိုင် စခဲ့ခြင်းဖြစ်သည့်အတွက် လင်းမိန်ဟွေ့အတွက် သူ ကိုင်တွယ်ဖြေရှင်းပေးရလိမ့်မည်။ သို့မဟုတ်လျှင် နောက်ပိုင်းတွင်လည်း သူမ အလုပ်လုပ်နိုင်တော့မည်မဟုတ်တော့ပေ။
လမ်းဘေးလူမိုက်များမှာ စုန့်ယီအား မဖြောင်းဖျနိုင်တော့သည့်အတွက် အဆုံးတွင်တော့ ပတ်ဝန်းကျင်မှ လူမိုက်နှစ်ယောက်ကို ကျန်းကျစ်ကုန်းအား သွားခေါ်ရန် အမိန့်ပေးလိုက်ရသည်။
ထို့အပြင် ဗီဒီယိုကြည့်နေသည့်သူများအားလည်း အရင်ဆုံး ထွက်သွားခိုင်းလိုက်ရသည်။
ထို့နောက် ခေါင်းဆောင်ဖြစ်ဟန်သူသည့်လူက ကုလားထိုင်တစ်လုံးကို ရွှေ့ပြီး စုန့်ယီ၏မျက်နှာချင်းဆိုင်၌ ထိုင်ကာ စီးကရက်သောက်ရင်း ကျန်းကျစ်ကုန်းအား စောင့်နေခဲ့သည်။
“မင်းတော့! ဒီနေ့ မင်း ဒုက္ခကြီးရောက်တော့မယ်ဆိုတာ မသိဘူးလား၊ ငါက ကျန်းကျစ်ကုန်းကို မခေါ်ဖို့ ကြိုးစားဖြောင်းဖျခဲ့တယ်၊ ဒါပေမဲ့ မင်း နားမထောင်ဘူး
သူ မကြာခင်ရောက်လာတော့မှာ၊ ဒီနေ့တော့ မင်း ဒီနေရာကနေ သေချာပေါက် အကောင်းအတိုင်း ထွက်သွားနိုင်မှာ မဟုတ်ဘူး၊ ဘယ်ခြေထောက်ကို ချန်ထားမလဲဆိုတာကိုပဲ စဉ်းစားထား”
လမ်းဘေးလူမိုက်က မီးခြစ်အား ခြစ်လိုက်ကာ မီးခိုးကွင်းတစ်ခုအား မှုတ်ထုတ်လိုက်ပြီး ညိုမှောင်နေသည့်မျက်နှာဖြင့် စုန့်ယီအား စိုက်ကြည့်နေခဲ့သည်။
ခဏအကြာ၌ ကျန်းကျစ်ကုန်း ရောက်ရှိလာခဲ့လေသည်။ သူ တံခါးဝမှ ဝင်လာသည်နှင့် စုန့်ယီကို မြင်တွေ့ခဲ့ကာ လှောင်ပြောင်လိုက်သည်။
“ဒါ မကြာခင်က ငါ့ရဲ့ဇနီးလောင်းကို ခိုးယူပြီး လက်ထပ်လိုက်တယ်ဆိုတဲ့ စုန့်ယီ မဟုတ်လား၊ မင်းက ငါ့ရဲ့ဗီဒီယိုရုံထဲမှာ ပြဿနာရှာနေတယ်ပေါ့၊ ဘာလဲ၊ လင်းမိန်ဟွေ့က မင်းကို စိတ်မကျေနပ်စေတဲ့အတွက် ပြန်ပေးချင်နေလို့လား”
ကျန်းကျစ်ကုန်းကို လွယ်လွယ်လှည့်စား၍ မရပါချေ။ လင်းမိသားစုက သူ့မိသားစုနှင့် လက်ထပ်ရန် လက်ခံခဲ့ပြီးနောက်တွင် စုန့်ယီ၏ ယွမ်တစ်သောင်းလက်ဖွဲ့အား လက်ခံခဲ့သည်။
ဤကိစ္စသည်က မြို့ထဲတွင် ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့သွားခဲ့သည်ပင်။
သူ ထိုကိစ္စကို သိရှိပြီးသော်လည်း မည်သည့်စကားကိုမှ မပြောခဲ့ပေ။ ဤနေရာက ဤမျှကြီးသည်ပင်။ မကြာခင် တစ်ခုခုဖြစ်လာလျှင် သူ့ထံ လာမေးရလိမ့်မည်ပင်။ ထိုအခါသော် သူ စာရင်းအင်းများကို သေချာရှင်းရန် နောက်မကျသေး။ ဤမျှမြန်မြန်ရောက်လာလိမ့်မည်ဟုသော် မထင်ထားခဲ့သည်ပင်။
စုန့်ယီ သူ့အား လင်းမိန်ဟွေ့အား စော်ကားသည်ကို နားထောင်ပြီး ကျန်းကျစ်ကုန်းအား ဒေါသတကြီး ကြည့်လိုက်သည်ပင်။
“ခင်ဗျား ဘာကိစ္စပဲဖြစ်ဖြစ် ကျွန်တော့်ဆီ လာပါ။ မိန်းကလေးတစ်ယောက်ကို နှိပ်စက်ဖို့ ဘယ်လို အရည်အချင်းမျိုးတွေ ရှိနေလို့လဲ။ သူက ထုတ်ကုန်ခြောက်လေး နည်းနည်းရောင်းချင်ရုံပဲ။ ခင်ဗျားက ဘာလို့ ခများလူတွေကို ထပ်ခါထပ်ခါ နှိပ်စက်ခိုင်းရတာလဲ။”
“စုန့်ယီ၊ ခင်ဗျားက ဘာလို့ ကျွန်တော် သူ့စီးပွားရေးကို နှောင့်ယှက်တယ်လို့ ပြောရတာလဲ။ သူက စီးပွားရေးလုပ်တတ်တာ မဟုတ်ဘူး၊ ပစ္စည်းမကောင်းတာတွေ ရောင်းတာ...”
“ကျွန်တော် လင်းမိန်ဟွေ့ရဲ့ ပစ္စည်းတွေအားလုံးကို ကူညီလုပ်ပေးခဲ့တာပါ။ ဘယ်တစ်ခုမှ မကောင်းတာ မရှိဘူး။ ခင်ဗျားက တမင်တကာ လက်စားချေပြီး ပြဿနာရှာနေတာ။ ပြောပါဦး၊ ဒီကိစ္စကို ဘယ်လို ဖြေရှင်းမလဲ။”
စုန့်ယီသည် ရိုင်းစိုင်းပြီး ဆင်ခြင်တုံတရားမရှိသည့် ကျန်းကျစ်ကုန်းအား ကြည့်ရင်း လင်းမိသားစုက လင်းမိန်ဟွေ့အပေါ် အမှန်တကယ်ပင် ရက်စက်သည်ဟု သူ့စိတ်ထဲမှ တွေးလိုက်သည်ပင်။ ဤကဲ့သို့လူနှင့် လက်ထပ်ခဲ့လျှင် နေ့တိုင်း အိမ်တွင်းအကြမ်းဖက်မှု မခံရလျှင်ပင် ကောင်းမည်မဟုတ်ပင်။ မည်သို့လုပ် ကောင်းမွန်သည့်ဘဝကို ရနိုင်မည်နည်း။
ကျန်းကျစ်ကုန်း ဤစကားကြားသော် ရယ်မောလိုက်သည်ပင်။ စုန့်ယီနားသို့ လျှောက်သွားပြီး စုန့်ယီ၏ မျက်နှာကို ပုတ်လိုက်သည်ပင်။
“မင်းက ပစ္စည်းတွေ ရိုက်ချိုးပြီး ရဲကို ခေါ်ချင်ပြန်ပြီ။ မင်းက ဒီကို ငြိမ်းချမ်းရေး ရှာဖို့ လာတယ်လို့ ငါ ဘာလို့ မမြင်ရတာလဲ။ ငါ့ကို ပြဿနာရှာဖို့ လာတဲ့ပုံပဲ...”
စုန့်ယီသည် ကျန်းကျစ်ကုန်း၏ ညိုမှိုင်းနေသည့် မျက်လုံးများအား ကြည့်ပြီး ဤကိစ္စ ယနေ့ သေချာပေါက် ဖြေရှင်းနိုင်မည်မဟုတ်သည်ကို သိလိုက်သည်ပင်။ သူ ဗီဒီယိုအသံသွင်းစက်အား ချလိုက်ပြီး တီဗွီအား ပြန်ထားလိုက်သည်ပင်။
ကျန်းကျစ်ကုန်းအား ပြန်လှည့်ကြည့်ပြီးပြောသည်။
“ကျွန်တော်က ခင်ဗျားနဲ့ မျက်နှာချင်းဆိုင် စကားပြောချင်တာပဲ”