အခန်း (၄၁-၄၂)
Vol. 5 Ch. 41-42
၄၁
~
ကျိုးဝမ် က ထိုစကားကို ပြောလိုက်သောအခါ သခင်လေးကုံးသည် သူ့နောက်မှ စူးရှသည့် အကြည့်ကို ခံစားမိလိုက်သည် ။ ချောင်မူ ရိပ်မိသွားသည်မှာ ထင်ရှား၏ ။
သူ့ ဦးနှောက်တစ်ခုလုံး ပေါက်ကွဲထွက်မတက် ဖြစ်သွားပြီး မည်သည့်အရာကိုမှ စဥ်းစားချိန်မရှိတော့ပေ ။
" ကယ်ပါအုံး.. "
သခင်လေးကုံးက အော်လိုက်ပြီး ရှေ့သို့ ခုန်ထွက်လိုက်သည် ။
သို့သော်လည်း ချောင်မူနှင့် ဤမျှ နီးကပ်နေလေရာ မည်သို့ လွတ်မြောက်နိုင်ပါမည်နည်း ။
သခင်လေးကုံး ရှေ့သို့ ခြေနှစ်လှမ်း လှမ်းလိုက်ပြီးနောက် ရပ်တန့်သွား၏ ။ သူ့ဝမ်းဗိုက်တွင် ထက်မြိသော လှံတစ်ချောင်း ထိုးဖောက်ထွက်လာပြီး သွေးများ စီးကျလာသည် ။
ချောင်မူသည် သူ အသက်ပြန်ရှင်နိုင်သော်လည်း ဤအိမ်တော်အတွင်းသို့ နောက်တစ်ကြိမ်ခိုးဝင်ရန် မဖြစ်နိုင်မှန်းသိ၍ သခင်လေးကုံးအား လွှတ်ပေးရန် ရည်ရွယ်ချက်မရှိ ။ ထို့ကြောင့် ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်၏ ။
" သခင်လေး.. ဒီမှာ လူသတ်သမားဟေ့.."
ကျိုးဝမ်သည် ထိုအချိန်မှ သတိဝင်လာပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည် ။ သူ သခင်လေးကုံးကို ကြည့်မရသော်လည်း လက်ပိုက်ကြည့်နေ၍ မဖြစ်ချေ ။ သူ သည် အိမ်တော် လုံခြုံရေး တာဝန်ရှိသူ ဖြစ်၏ ။
သူ ရှေ့သို့ တိုးရန်ပြင်လိုက်သော်လည်း ချောင်မူက လှံကို ပြန်ဆွဲထုတ်၍ သခင်လေးကုံး၏ လည်ပင်းကို ချိန်ထားသည်ကို မြင်လျှင် ရပ်တန့်လိုက်ရသည် ။
" ဝုန်း... "
စာကြည့်ခန်း တံခါးက ချက်ချင်းပွင့်လာပြီး ကုံးယန်၏ မြင့်မားသည့် ပုံရိပ် ထွက်လာသည် ။ ကုံးယန်၏ မျက်နှာသည် ဒေါသကြောင့် တဆတ်ဆတ်တုန်ရီနေ၏ ။
သူ့သား၏ ဝမ်းဗိုက်တွင် ဒဏ်ရာ ရှိနေသော်လည်း အရေးကြီးသည့် နေရာမဟုတ်၍ ကုံးယန် သက်ပြင်းချလိုက်သည် ။ သူသည် ဤမြင်ကွင်းကို ကြည့်ရင်း ရင်းနှီးသည်ဟုပင် ခံစားမိိိလိုက်၏ ။
" ချောင်လင်း.. မင်း ဘယ်လို ရောက်လာတာလဲ.. မင်း မြို့ပြင်ကို ထွက်သွားမယ်ဆို.. "
ကုံးယန်၏ အသံက တည်ငြိမ်နေသည် ။
" စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့ .. မင်းဒီကို ဘာလာလုပ်တာလဲ.. တစ်ခုခု လိုချင်တာ ရှိရင်ပြောပါ.. "
" မြို့ပြင်ကို ထွက်သွားတာက ငါတို့ ချောင်ညီအကိုတွေထဲက နောက်တစ်ယောက်ပဲ.. "
ချောင်မူက ခနဲ့ဟန်ဖြင့် ပြောလိုက်ပြီး..
" ကျုပ်ဒီနေ့လာတာ မြို့စားမင်းနဲ့ ရှင်းလင်းစရာလေး ရှိလို့.. "
သူသည် အဆင့် ၇ တစ်ယောက်နှင့် ရင်ဆိုင်ဖူးသဖြင့် အဆင့် ၆ တစ်ယောက်၏ ပြိုင်ဘက် မဖြစ်နိုင်မှန်းသိ၏ ။
ထိုအခိုက် အချက်ပေးသံ ကျယ်လောင်စွာ ထွက်ပေါ်လာပြီး အစောင့်များအားလုံး ပြေးဝင်လာကြသည် ။
………
ယန်မြို့စောင့်တပ်စခန်း ...
အဘိုးကြီး ဟွမ် တစ်ယောက် လေ့ကျင့်ရေးကွင်းဘေးတွင် စိုးရိမ်နေသည့်ဟန်ဖြင့် ထိုင်နေ၏ ။ သူ၏ ပုံစံမှာ တပ်သားတစ်ယောက်နှင့် မတူဘဲ လယ်ယာမြေအတွက် စိတ်ပူနေသည့် လယ်သမားတစ်ဦးနှင့် တူနေသည် ။
" ဘာတွေ တွေးနေတာလဲ.. တပ်မှူးရဲ့ အကို အကြောင်းလား.. "
ဘုန်းကြီးက ခပ်ပေါ့ပေါ့ မေးလိုက်သည် ။
" ချောင်လင်း အကြောင်းလား.. "
အဘိုးကြီး ဟွမ် ခဏတာ စဥ်းစားလိုက်ပြီး ရင်ထဲအထိ နက်နက်ရှိုင်းရှိုင်း ခံစားချက်ကို ခံစားမိလိုက်သည် ။
" သူတို့ မိသားစုက ထူးဆန်းတယ်.. ချောင်မူရဲ့ အကိုက ချောင်မူထက်တောင် ရဲရင့်ပြီး ခွန်အားကြီးသေးတယ်.. "
" နေစမ်းပါအုံး.. ငါ အဲ့ကိစ္စ တွေးနေတာ မဟုတ်ဘူးဟ.. ငါ့အကြောင်းငါ တွေးနေတာ... "
အဘိုးကြီးဟွမ်က ခေါင်းခါပြီး ပြောလိုက်၏ ။
" ဘုန်းကြီး.. ငါ.. ငါ့ဘဝ တစ်လျောက်လုံး သတိ ကြီးကြီးထားပြီး နေခဲ့ပေမဲ့ မနေ့က ဘာလို့ စိတ်လိုက်မာန်ပါ လုပ်မိလိုက်တာလဲ .."
အဘိုးကြီးဟွမ် သက်ပြင်းချလိုက်၏ ။ သူ မနေ့က သောက်မိခဲ့သော သူရဲကောင်းစွပ်ပြုတ်အကြောင်းကို စဥ်းစားမိနေဆဲပင် ။
သူ ပေါ့ဆစွာ လုပ်တက်သူတစ်ယောက် မဟုတ်ခဲ့ပေ ။ ထို့ကြောင့် မနေ့က ဘုန်းကြီးအား တားထားလိုက်ခြင်းဖြစ်သည် ။
" ငါတို့ ဘာတက်နိုင်လို့လဲ.. မင်း မသောက်ရင် တပ်မှူးရဲ့ ညီမက သောက်ရမှာလေ.. "
ဘုန်းကြီးလည်း သက်ပြင်းချလိုက်ပြီး ...
" ခု ပိုပြီး ဒုက္ခရောက်မှာက မင်း သခင်လေးကုံးကို စော်ကားခဲ့တာနော်.. သခင်လေးကုံးအကြောင်း မင်းလည်းသိရဲ့သားနဲ့.. ခု မင်းကို လာမရှာသေးတာ ချောင်လင်းရဲ့ ကိစ္စ မပြတ်သေးလို့နော်.. "
ချောင်လင်း ဝင်လာသည့် ပုံရိပ်က သူတို့၏ စိတ်ထဲတွင် ယခုအထိ စွဲထင်နေဆဲပင် ။
သူ ပေါ်လာလာခြင်း သခင်လေးကုံးအား ကြောက်လန့်အောင် လုပ်ခဲ့၏ ။ ထို့နောက် ရဲရင့်စွာ စိန်ခေါ်ခဲ့သည် ။ ဤလိုလူမျိုး ဤလောကတွင် ရှိနေသည်ကို သူတို့မျက်မြင်တွေ့နေရသောကြောင့်သာ ယုံနေရ၏ ။
အဘိုးကြီးဟွမ်က အတွေးတစ်ခု ရုတ်တရက် တွေးလိုက်မိသည် ။
" ချောင်လင်းက.. ဒီလို ဖြစ်အောင် တမင်လုပ်တာ ဖြစ်မလား.. "
" ဟားဟား.. ဘာလဲ.. မင်းကို ကယ်ဖို့ ဒီလို လုပ်တယ်လို့ ထင်နေလို့လား. "
ဘုန်းကြီးက ရယ်လိုက်ပြီး ...
" ငါ.. မင်းကို နှိမ့်ချ ကြည့်တာ မဟုတ်ပေမဲ့.. မင်းက ဘယ်နေရာမှာ အရေးပါနေလို့လဲ..မင်းကိုမင်း အရမ်းချစ်စရာကောင်းတဲ့ မိန်းမပျိုလေး ထင်နေတာလား.. "
" ချောင်လင်းက ငါတို့ တပ်မှူး မဟုတ်ဘူး.. ဆွေမျိုးလည်း မဟုတ်ဘူး ..ရင်းနှီးမှုလည်း မရှိဘူး.. "
အဘိူးကြီးဟွမ်က သေချာထပ်စဥ်းစားကြည့်ရာတွင် တစ်စုံတစ်ခုကို ရုတ်တရက် တွေးမိသွားသည် ။
" နေပါအုံး.. ငါတို့နဲ့ တပ်မှူးချောင်နဲ့က သိတာ မကြာသေးဘူးလေ.. ဒါပေမဲ့ သူ အသေခံသွားတာပဲ.. "
ထိုစကားပြောပြီးနောက် နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက်ကြည့်ရင်း တိတ်ဆိတ်သွား၏ ။ သူတို့ ပြန်စဥ်းစားကြည့်လိုက်လျှင် ချောင်လင်းက တမင်အာရုံ စိုက်ခံလိုက်ခြင်း ဖြစ်နိုင်နေသည် ။ ချောင်လင်း မသေမခြင်း အဘိုးကြီးဟွမ်အား သခင်လေးကုံး အာရုံစိုက်နိုင်မည် မဟုတ်ချေ ။
" အဲ့လိုသာ ဆိုရင် သူက အပြင်ပန်းမှာ ခေါင်းမာပြီး ဒေါသကြီးတယ်လို့ ထင်ရပေမဲ့ သေချာစဥ်းစားတက်တဲ့ သူပဲကွ.. သူ သံတုတ်ချောင်းသိုင်းကို ကျွမ်းကျင်အဆင့်ထိ တက်နေလို့ဖြစ်မယ် .. အပြင်ဘက်ကို ကြည့်ရင် မာမာကျောကျော ထင်ရပေမဲ့ အသေးစိတ်ကအစ အာရုံံစိုက်နိုင်တာ သာမာန်လူတွေ လုပ်နိုင်မှာ မဟုတ်ဘူး.. "
အဘိုးကြီးဟွမ်က တိုးတိုးလေး ပြောလိုက်၏ ။
ဘုန်းကြီးက ချက်ချင်း နားမလည်လိုက်ပဲ ခဏနေမှ နားလည်သွားပြီး မျက်ရည်ကျမတက် ရယ်လိုက်၏ ။
" ဟားဟားဟားဟားးးး... ဟွမ်ကြီး အဲ့လို သုံးရတဲ့ဟာလား.. မင်း စာအုပ်တွေ များများဖတ်အုံး.. အားအားရှိ သံတုတ်ချောင်းသိုင်းစာအုပ်ပဲ ဖတ်မနေနဲ့.. "
သူတို့နောက်ပြောင်နေကြသော်လည်း အဘိုးကြီးဟွမ်က မြို့ပြင်အရပ်ဆီသို့သာ ကြည့်မိနေသည် ။
ချောင်လင်းအား သတ်ရန် မြို့စားက တစ်စုံတစ်ယောက် လွှတ်လိုက်မည်လော ။
ထိုအခိုက် မြို့စားမင်း စံအိမ်တော်မှ ကျယ်လောင်သော အချက်ပေးသံများ ထွက်ပေါ်လာသည် ။
သိပ်မကြာမီပင် မြင်းစီးစစ်သည် တစ်ယောက် တပ်စခန်းအတွင်း ဝင်လာပြီး..
" မြို့စားအိမ်တော်ကို ရန်သူဝင်တိုက်နေတယ်.. သခင်လေးကုံး ပြန်ပေးဆွဲခံ ထားရတယ်.. မြန်မြန်ကယ်ဖို့ အသင့်ပြင်ကြ .. "
အဘိုးကြီး ဟွမ်နှင့် အခြားစစ်သည်များ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်မိကြသည် ။ သူတို့၏ စိတ်ထဲတွင် အတွေးတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည် ။
ဒီလိုပုံစံမျိုး ရင်းနှီးနေသလိုပဲ... တကယ်ဖြစ်နေတာများလား..
…………………………..
မြို့စားမင်း အိမ်တော်...
ချောင်မူက သခင်လေးကုံးအား လှံဖြင့် ထောက်ထားပြီး ကုံးယန်နှင့် ရင်ဆိုင်နေ၏ ။
ကုံးယန်က အလွန်အမင်း ဒေါသထွက်နေသော်လည်း တည်ငြိမ်နေဆဲပင် ။
သူ့သား ပြန်ပေးဆွဲခံထားရသော်လည်း ပြန်ပေးဆွဲသူက သူ့ရှေ့တွင် ရှိနေ၍ စိတ်မပူပေ ။
အိမ်တော် အစောင့်များ ပြေးလာနေကြပြီး မြို့စောင့်တပ်သားများက အပြင်မှ ဝိုင်းရံထားမည်ဖြစ်၏ ။ ချောင်လင်းသည် အတောင်ပံပါလျှင်ပင် ဤနေရာမှ ထွက်သွားနိုင်မည် မဟုတ်ချေ ။ သူ့ကို အံ့သြစေသည့် တစ်ခုတည်းသော အရာမှာ ချောင်လင်း၏ မကြောက်မရွံ့ သတ္တိပင် ။ အစောင့်များ လာနေသည်ကို မြင်နေရသော်လည်း အလွန်တည်ငြိမ်နေ၏ ။ မည်သည်ကို ကြံစည်နေပါသနည်း ။
ချောင်မူ သေလမ်းရှာရန်အတွက်သာ လာခဲ့ခြင်းကို သူ မသိ ။ ချောင်မူသည် လူများလေ ကြိုက်လေသာ ဖြစ်သည် ။ သူ၏ ဂုဏ်သိက္ခာအပြည့်ဖြင့် သေဆုံးခြင်းကို လူများစွာ မြင်နိုင်မှသာ သေဆုံးမှု အကဲဖြတ်ချက် မြင့်မားမည်ဖြစ်သည် ။
" မင်းတို့ အဲ့မှာ ရပ်နေကြ.. "
ကုံးယန်က လေးနက်သည့် အသွင်ဖြင့် လက်မြှောက်၍ အစောင့်များအား အကွာအဝေးတစ်ခုတွင် ရပ်နေခိုင်းလိုက်သည် ။
" မင်းက ရှင်းလင်းချက်တစ်ခု လိုချင်တာဆိုရင် လက်နက်ချပြီး စကားနဲ့ ပြောရအောင်.. "
" ဟားဟား..ဒါ အရှင်ကိုယ်တိုင် သင်ခန်းစာ ပေးထားတာလေ ..ကျုပ်လက်ထဲက လှံမရှိရင် ခုချိန် စကားပြောလို့ ရပါ့မလား .."
ချောင်မူက လှောင်ပြောင်ကာ ပြောလိုက်၏ ။
" ကျုပ်ညီက ခင်ဗျားကို မေးခဲ့ဘူးတယ်.. ခင်ဗျားနဲ့ ခင်ဗျားသားကြောင့် ဒုက္ခ ရောက်ခဲ့သူတွေကို ဘယ်လိုလုပ်ပေးမှာလဲလို့.. ခင်ဗျား ဘာပြန်ပြောခဲ့လဲ.. ခုတော့ ကျုပ်ညီ သေခဲ့ရပြီ.. "
ထိုစဥ်က ကုံးယန်သည် မည်သည့် ရှင်းလင်းချက်မှ မပေးခဲ့ချေ ။ အားဖူ ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် သခင်လေးကုံး လွတ်မြောက်သွား၏ ။
လက်ရှိ ချောင်မူက ချောင်လင်းအမည်ဖြင့် ညီဖြစ်သူအတွက် လက်စားချေမည့် ရဲရင့်သည့် အကိုကြီး ဟန်ပန်ကို သရုပ်ဆောင်နေသည် ။ သူ ဂုဏ်သိက္ခာ အပြည့်ဖြင့် သေချင်လျှင် အိမ်ထဲသို့ ခိုးဝင်သည့် သူခိုးအဖြစ် သေဆုံး၍မရ ။ တရားမျှတမှုအား လာရောက် ရှာဖွေသည့် အကိုကြီးအဖြစ်သာ သေဆုံးရပေမည် ။
" ဒါဆို သူက ချောင်မူရဲ့အကို ချောင်လင်းပေါ့.. "
အစောင့်များ တစ်ယောက်နှင့်တစ်ယောက် အကြည့်ခြင်း ဖလှယ်လိုက်ကြ၏ ။ ယန်မြို့၏ အရွယ်အစားမှာ သိပ်မကြီးသဖြင့် ချောင်မူ ၏ နာမည်ကို ခလေးရော ခွေးပါ သိကြသည် ။
ဤတစ်ခါတွင်တော့ အရင်တစ်ခါထက်ပင် ပို၍ ထိတ်လန့်စရာကောင်းနေသည် ။
" ငါ ချောင်မူ ကို သာမန်ပြည်သူအတွက် မြို့စားကို ရင်ဆိုင်ရဲလို့ သတ္တိကောင်းလှပြီ ထင်နေတာ.. ခု ချောင်လင်းက ပိုတောင်ကြမ်းသေးတယ် .."
" ခုန သူပြောတာ ကြားလိုက်လား.. မြို့ပြင်ထွက်သွားတာက နောက်ထပ် ချောင်တစ်ယောက်တဲ့.. တစ်ယောက်ထပ်တစ်ယောက် ပိုသတ္တိကောင်းနေတာ ဘယ်လို မျိုးနွယ်စုကြီးလဲ.. "
ချောင်မူသည် မြို့၏ လမ်းကြီးပေါ်တွင် သခင်လေးကုံးအား ပါးရိုက်ခဲ့၏ ။ ယခု ချောင်လင်းက အိမ်ထဲသို့ပင်ဝင်၍ သခင်လေးကုံးအား လှံဖြင့် ထိုးနေသည် ။
ချောင်လင်းက လူအုပ်ကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး ကုံးယန်ကို စေ့စေ့ကြည့်ကာ ...
" ကျုပ် ချောင်လင်း ဒီနေ့လာတာ.. တခြားဘာမှ မလိုချင်ဘူး ..တရားမျှတမှုပဲ လိုချင်တယ်.. "
" မင်း အရင် စိတ်ငြိမ်အောင် နားလိုက်အုံး.. ပြီးရင် ငါတို့ အေးဆေး ဆွေးနွေးကြတာပေါ့.. "
ကုံးယန်က ချောင်လင်းသည် စကားဖြင့်ပြော၍ ရနိုင်မည်ဟု ထင်မှတ်လိုက်၏ ။ သူ စိန်ခေါ်မှုများစွာကြုံဖူးသဖြင့် ဤ အခြေအနေအား တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နိုင်သည် ။
" ချောင်လင်း .. မင်း ယန်မြို့ကို ရောက်လာတာ မကြာသေးဘူးမှတ်လား.. ငါ ကုံးယန်က ဘယ်လို လူစားမျိုးလဲ ဆိုတာ ယန်မြို့မှာ ရှိတယ့် ဘယ်သူမေးမေး မေးလို့ရတယ်.. "
" မင်းရဲ့ညီ ချောင်မူက ရဲစွမ်းသတ္တိနဲ့ ပြည့်စုံပြီး စံပြလူငယ် တစ်ယောက်ဖြစ်လို့ ငါသူ့ကို တပ်မှူးရာထူးပေးခဲ့တာ.. ပြီးတော့ သူ့ကို သတ်တာ ငါမဟုတ်ဘူးလေ မြို့ပြင်က ဓားပြတွေ.. "
ချောင်မူက ပြုံးလိုက်ပြီး...
" မင်းက ကြင်နာတက်တဲ့သူလို့ ပြောကြပေမဲ့.. မင်းရဲ့သား ရက်စက် ယုတ်မာ ရိုင်းစိုင်းနေတာကို မင်းဘယ်လို ဆုံးမဖူးလို့လဲ.. အိမ်ထဲ တစ်လလောက် ပိတ်ထားပြီး နာမည်ကောင်း ယူနေတဲ့ သူကများ ..ငါ့ အမြင်ကတော့ မင်းကြင်နာတက်တယ်ဆိုတာ ပြည်သူတွေ ပြောတာ မဟုတ်ဘူး မင်းကိုမင်း ညွှန်းနေတာပဲ.. "
ကုံးယန်က မျက်မှောင်ကြုံ့လိုက်ပြီး...
" မင်းလို အပြင်လူတစ်ယောက်က ငါ့အကြောင်းကို ယန်မြို့က လူတွေလောက်သိမလား.. သူတို့တောင် ဘာမှ မပြောတာ မင်းက ဘာလို့ ကြားကဝင်ပါချင်ရတာလဲ.. "
ချောင်မူက...
" သူတို့မှာ မိသားစုတွေ ရှိတယ်လေ.. ဘယ်သူက ပေါ့ပေါ့ဆဆ ပြောရဲမှာလဲ.. "
" မင်းရဲ့သား လူဆိုးဆိုတာ လူတိုင်းသိတယ် ..သူ မပြောနဲ့ သူ့အစေခံတွေတောင် လမ်းရှင်းရုံနဲ့တင် ပေါ်ပေါ်တင်တင် လူသတ်နိုင်တယ်.. လူတွေက မင်းကို တည့်မပြောရဲလို့ သခင်လေးကုံးက မောက်မာတယ်လို့ ပြောနေကြတာပေါ့.. "
" အမှန်တရား မပြောရဲဘဲ ဘေးကနေ ကြည့်နေတာ သူတို့အမှားမဟုတ်ဘူး.. သူတို့မှာ ခွန်အားရှိရင်တော့ တရားမျှတမှုကို ရှာဖွေကြလိမ့်မယ် .. ခွန်အား မရှိရင်တော့ မိသားစုကို ကာကွယ်နိုင်ဖို့ ဘယ်သူက ရှေ့ထွက်ရဲမှာလဲ.. "
" ဒါပေမဲ့ ကျုပ်က သူတို့နဲ့မတူဘူး.. "
ချောင်မူက လှံရှည်ကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်၏ ။ သူ၏ အကြည့်က ဝမ်းနည်းမှု များ ထင်ဟပ်နေသည် ။ ချောင်မူသည် သူ့ဇာတ်ရုပ်သူ ပိုင်နိုင်စွာ နားလည်သွားပြီ ဖြစ်သည် ။
" ကျုပ်မိသားစု.. ကျုပ်ရဲ့ ချစ်လှစွာသော ညီလေး ချောင်မူက ကွယ်လွန်သွားပြီ.. ကျုပ်မှာ စိုးရိမ်ပူပန်မှုတွေ တာဝန်ဝတ္တရားတွေ မရှိတော့ဘူး.. ဒါကြောင့် ကျုပ် မှန်တယ်ထင်ရာကိုလုပ်မယ့် စစ်မှန်တယ့် ယောကျ်ားတစ်ယောက် အနေနဲ့ပဲ အသက်ရှင်တော့မယ်.. "
ချောင်မူက အားမာန်အပြည့်ဖြင့်...
" သူများမပြောရဲရင် ကျုပ်ပြောမယ်.. သူများ မလုပ်ရဲရင် ကျုပ်လုပ်မယ်.. "
ချောင်မူသည် သရုပ်ဆောင်နေခြင်းသာဖြစ်၏ ။ သူ သေလမ်းရှာနေခြင်းသာဖြစ်ပြီး ကိုယ်ကျိုးစွန့်မည့်သူ မဟုတ်ချေ ။ သို့သော်လည်း သူ ဤစကားများ ပြောပြီးနောက် နှလုံးသားအတွင်းမှ ကျေနပ်မှု ပီတိလှိုင်းများ တဟုန်တိုး တက်လာသည်ကို ခံစားမိလိုက်၏ ။ သူ့တွင် အသက်အပိုများ ရှိ၍ အကျိုးရှိသည့် အရာတစ်ခုခု လုပ်လိုက်ရသည်က ပိုကောင်းပေသည် ။
ချောင်မူ၏ စကားများကို ကြားလျှင် အစောင့်များ၏ အမူအရာမှာ ပြောင်းလဲကုန်ကြသည် ။
သူတို့အရင်က ဤလူသည် ချောင်လင်းဟု ခေါ်ကြောင်းသာ သိကြသည် ။ ညီဖြစ်သူအတွက် လက်စားချေမည် အကိုတစ်ယောက်ဟုသာ မှတ်ယူထားကြ၏ ။ ယခုတော့ ချောင်လင်း ဤနေရာသို့ ရောက်နေသည်မှာ လက်စားချေရန် အကြောင်းတစ်ခုတည်းအတွက် ဟုတ်ပုံမရတော့ပေ ။
အစောင့်များသည် မြို့စားကုံးယန်ဘက်မှ ဖြစ်သော်လည်း နှလုံးသားအတွင်း ထိမိသွားကြ၏ ။ ဤရှုပ်ထွေးနေသည့် လောကကြီးတွင် အများအကျိုးအတွက် သေရဲသူတစ်ဦးကို မြင်ရသည်မှာ အထင်ကြီးဖွယ် ကောင်းလှပေသည် ။
ဓားသမား ကျန်းချန်က ခေါင်မိုးတစ်ခုပေါ်တွင် ပုန်းပြီး တိတ်တဆိတ်နားထောင်နေသည် ။
အစောင့်များ၏ လက်မှ သူလွတ်လာသော်လည်း စံအိမ်တော်မှ စူးရှသည့် အချက်ပေးသံ ကြားလိုက်ရ၍ ပြန်ရောက်လာခြင်းပင် ။
' ဒီချောင်မူနဲ့ ချောင်လင်းတို့ရဲ့ မျိုးနွယ်က ဘယ်လို မျိုးနွယ်စု မျိုးလဲ.. ဒီလို လူမျိုးကိုတောင် မွေးထုတ်ပေးနိုင်တယ်.. '
သူ ရင်ထဲမှ ချီးကျူးမိလိုက်၏ ။
ကုံးယန်၏ မျက်နှာက လငပုတ်ဖမ်းသလို မည်းမှောင်နေသည် ။ ချောင်လင်းသည် ချောင်မူထက်ပင် ပြောရဆိုရခက်နေသည်ကို သဘောပေါက်လိုက်၏ ။
" ချောင်လင်း.. မင်းက သေရမှာ မကြောက်တယ့် စစ်မှန်တယ့် သူရဲကောင်း တစ်ယောက်ပဲ "
သူ ဤသို့သာ ပြောနိုင်တော့သည် ။
" မင်းရဲ့ ညီက ဓားပြတွေ လက်ထဲမှာ သေခဲ့တာလေ.. ပြီးတော့ မင်းရော မင်းညီရော အသေခံပြီး မျိုးဆက်အပြတ်ခံမလို့လား.. "
ကုံးယန်သည် ယခုအချိန်တွင် ချောင်မိသားစုအား သံသယ ဝင်လာ၏ ။ ချောင်မူသည် သူ့အား တစ်ကောင်ကြွက်ဟု ပြောခဲ့သော်လည်း သေဆုံးချိန်တွင် အကိုဟူသည့်လူ ပေါ်လာသည် ။ ယခု မြို့ပြင် ထွက်သွားသူနှင့် ချောင်းလင်းပေါင်းလျှင် သုံးယောက်ရှိနေပြီဖြစ်သည် ။
သို့သော်လည်း သူ မသိသည်က သူ၏ စကားများသည် ချောင်မူကို ပို၍ ဒေါသထွက်သွားစေခဲ့သည် ။ ယခု သူလာခဲ့ခြင်းမှာ မဆိုင်သည့်သူများ မထိခိုက်စေရန်အတွက်ဖြစ်၏ ။
" ..ငါ ချောင်လင်းက ထင်ရာဇွတ်လုပ်တက်တဲ့ လူမိုက်တစ်ယောက်ပဲ.. ငါသေမှာကို ကြောက်နေစရာလား..ဟားဟားဟား.. "
ချောင်မူက ကျယ်လောင်စွာရယ်လိုက်ပြီး ...
" ငါတို့ ချောင်မိသားစုရဲ့ ဆောင်ပုဒ်က.. ထိုက်တန်တဲ့ သေခြင်းတရားနဲ့ သေဆုံးနိုင်ဖို့ပဲ.. "
" ငါ ..ချောင်လင်း..မကောင်းဆိုးဝါးတွေ ရက်စက်ကြမ်းကြုတ်တဲ့ သူတွေကို မသတ်နိုင်မှာကိုပဲ ကြောက်တယ်.. ငါ့ သတ္တိတွေ ထုတ်မပြရဲဘဲ သွေးကြောင်နေမှာကိုပဲ ကြောက်တယ်. ငါ့ရဲ့ ကံကြမ္မာက ပေးတဲ့ တာဝန်ကို အဆုံးထိ မထမ်းဆောင်နိုင်မှာကိုပဲ ကြောက်တယ်.. "
ဤစကားများကို ကြားလိုက်ရသူတိုင်း နှလုံးသားထဲပင် စွဲထင်သွား၏ ။ မြို့စားကုံးယန်၏ မျက်နှာအမူအရာပင် အနည်းငယ် ပြောင်းသွားသည် ။
မည်သို့သော မိသားစုမျိုးက ရဲဝင့်စွာ သေဆုံးရန် မိသားစုဆောင်ပုဒ်အဖြစ် လက်ဆင့်ကမ်းထိန်းသိမ်းနေပါသနည်း ။ ဤလောကရှိ မိသားစုတိုင်းသည် သူတို့၏ သားစဥ်မြေးဆက် များ ဆက်လက်မွေးဖွားပြီး မျိုးရိုးကို ထာဝစဥ် တည်တံ့ချင်ကြ၏ ။
သို့သော်လည်း ဤချောင်မိသားစုက သေခြင်းတရားအား ရှာဖွေနေကြသည် ။
ချောင်မူက ကုံးယန်အား စဥ်းစားရန် အချိန်မပေးခဲ့ပေ ။ ကြီးကျယ်ခန်းနားသည့် မြင်ကွင်းတစ်ခု ဖန်တီးရန် ဆုံးဖြတ်လိုက်တော့၏ ။
" ချောင်မူ သေသွားပြီ .."
" သူက အားနည်းလို့ သေရတာ သေထိုက်တယ်.. "
" မင်းက သန်မာတော့ ..မင်းပြောတဲ့ စကားက အမှန်ဖြစ်တာပေါ့.. ဒါ ယန်မြို့လည်လမ်းမပေါ်မှာ မင်း ချောင်မူကို သင်ပေးခဲ့တဲ့ သင်ခန်းစာ မှတ်လား.. "
" ကျိုးကြောင်းဆီလျော်မှု ဘယ်လောက်ရှိရှိ ခွန်အား.. အာဏာရှိတဲ့သူနဲ့ တွေ့ရင် သေရမှာပဲ.. ဒါ ဒီလောကအတွက် အမှန်တရား.."
" ငါ ဒီနေ့ လာတာက သခင်ကြီး ကုံးယန်ကို တရားမျှတမှု ဘယ်လို ရအောင် ယူရလဲဆိုတာ ပြချင်လို့ပဲ.. "
ချောင်မူ စကားပြောပြီးနောက် လက်ကို ဝှေ့ယမ်းလိုက်၏ ။
သခင်လေးကုံးက သူ့ရင်ဘက်ကို အံ့သြတကြီး ငုံ့ကြည့်လိုက်သည် ။
ချောင်မူ၏ လှံက သူ့ကျောမှတဆင့် ရင်ဘက်အား ထိုးဖောက်သွားလေပြီ ။ သွေးများ အဆက်မပြတ် စီးကျလာသည် ။ အခြေအနေက ရုတ်ချည်း ပြောင်းလဲသွား၏ ။
ကုံးယန်သည် ချောင်လင်းနှင့် ညှိနှိုင်းနိုင်မည်ဟု ယုံကြည်ခဲ့သည် ။
သခင်လေးကုံးကလည်း သူ့အဖေ ကိုယ်တိုင်ရှိနေ၍ အသက်ရှင်ရန် မျှော်လင့်တကြီး စောင့်မျှော်နေသည် ။
ယခု ချောင်မူ၏ လှံက သူတို့၏ မျှော်လင့်ချက်ကို ကြေမွသည်အထိ ဖျက်ဆီးလိုက်သည် ။
သွေးများ ရွှဲနစ်နေသည့် ဝတ်ရုံဖြင့် သခင်လေးကုံးသည် ရှေ့သို့ ခြေလှမ်းအနည်းငယ် ယိုင်ထိုးသွားပြီး သူမျက်လုံး များဖြင့် သူ့အဖေအား အားကိုးတကြီး ကြည့်ရင်း တဖြည်ဖြည်း အသက်စွမ်းအား ပျောက်ကွယ်လာသည် ။
" ငါ....ငါ.. မသေချင်ဘူး.."
ဤစကားများ ပြောပြီးနောက် သခင်လေးကုံး မြေပြင်ပေါ်သို့ လဲကျသွားပြီး လုံးဝ ငြိမ်သက်သွားသည် ။
ချောင်မူက သခင်လေးကုံး၏ အသက်မဲ့ခန္ဓာကိုယ်ကို ကြည့်၍ တိုးတိုးလေးပြောလိုက်၏ ။
" မင်း အသက်ရှင်ချင်တာလား ..အဘိုးကြီးဟွမ်ရဲ့ ခုနှစ်ယောက်မြောက် ကလေးကလည်း အသက်ရှင်နိုင်ဖို့ ဆုတောင်းနေခဲ့မှာပဲ.. "
၄၂
~
သခင်လေးကုံး ကွယ်လွယ်သွားလေပြီ ။ သူ၏ သေဆုံးမှုမှာ ရုတ်တရက် ဖြစ်ခဲ့ခြင်းပင် ။
သခင်ကြီးကုံးယန် နှင့် ခြံဝင်းအတွင်းရှိ လူများအားလုံးက ချောင်လင်းသည် အဖိုးတန်ရတနာ သို့မဟုတ် အရေးကြီးပစ္စည်းတစ်ခုခုအတွက် သခင်လေးကုံးအား ပြန်ပေးဆွဲထားသည်ဟု ယုံကြည်ခဲ့ကြသည် ။
ကုံးယန်သည်ပင် မည်သည့် တောင်းဆိုမှုမဆို ဖြည့်စီးပေးရန် ဆုံးဖြတ်ထားသည် ။
ယခုကဲ့သို့ ချောင်မူက ရုတ်တရက် လှုပ်ရှားမည်ဟု မည်သူမှ ထင်မထားချေ ။ ယခု သခင်လေးကုံး သေသွားပြီဖြစ်၍ ချောင်လင်း ဘာကို လိုချင်မှန်းကို သူတို့ နားမလည်နိုင်တော့ ။
သခင်ကြီးကုံးယန် တုန်လှုပ်နေ၏ ။ သူ့ကမ္ဘာတစ်ခုလုံး ပြိုပျက်သွားသကဲ့သို့ပင် ခံစားနေရသည် ။ သူ့အမြင်အာရုံများ ဝေ့ဝါးနေပြီး ဖြစ်ပျက်ခဲ့သမျှကို မယုံကြည်နိုင်သေး ။ ခံစားချက် အစစ်အမှန်အား ဖုံးကွယ်ထားတက်သူ ဖြစ်သော်လည်း ယခုအခါတွင်မူ သားဖြစ်သူ၏ အလောင်းကိုကြည့်ရင်း မျက်ရည်များ စီးကျလာသည် ။
" ဘာလို့လဲ.."
သူက ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး ခပ်တိုးတိုး မေးလိုက်သည် ။
မြို့စားကုံးယန်သည် မျှော်စင်တစ်ခုလို တည်ငြိမ်ပြီး အာဏာရှိသူ တစ်ဦးဖြစ်သည် ။ သို့သော်လည်း ယခုအချိန်တွင်မူ သူ့မျက်လုံး များသည် နီရဲနေပြီး သွေးကြောများ ယှက်သန်းနေသည် ။ သူ့အသက်ရှူသံများ ဂရောက်ဂယက် ဖြစ်နေသည် ။
သူ ချောင်လင်းနှင့် ဆွေးနွေးနိုင်မည်ဟု ထင်ခဲ့၏ ။ ချောင်လင်း၏ စကားလုံးတိုင်းကို ဆွေးနွေးရာတွင် ပို၍ အကျိုးရစေရန်ဟု ထင်ခဲ့၏ ။ ထို့ကြောင့် သူလည်း ချောင်မူ၏ စကားနောက်သို့ စီးမျောလိုက်ပါပြီး ဆွေးနွေးရန် ပြင်ဆင်နေသည် ။ ယခုမှသာ သူသိလိုက်သည် ။ ချောင်လင်းသည် သူနှင့် ဆွေးနွေးလိုခြင်းမရှိ ။ သူ့အား ကစားနေရုံမျှသာ ဖြစ်သည် ။
" ဘယ်လို ထင်လို့လဲ... "
ချောင်မူက ပြုံးလိုက်ပြီး ..
" ဒီအဖြေကို လိုချင်ရင် မင်းရဲ့သား သတ်ခဲ့တဲ့ လူတွေရဲ့ ဝိညာဥ်ကို သွားမေးကြည့်လေ.. သူတို့ကလည်း မင်းကို ဘာလို့လဲလို့ ပြန်မေးလိမ့်မယ်ထင်တယ် .."
" ငါမင်းကို မေးနေတာကွ ခွေးသတောင်းစားရ .. မင်း ဟန်ဆောင်နေတာ ရပ်လိုက်တော့.. "
ကုံးယန်က စိတ်မထိန်းနိုင်ဘဲ အော်ဆဲလိုက်မိသည် ။
ချောင်မူ ပြုံးလိုက်သည် ။ ဤသည်က သူလိုချင်သည့် အကျိုးသက်ရောက်မှုပင် ။
" အရှင်ကုံး.. ကျုပ် ပြောပြီးသားလေ.. ဒီတစ်ခါ ကျုပ်လာတာ တရားမျှတမှု လာယူတာပါလို့ဆို.. "
ချောင်မူက သွေးစွန်းနေသော လှံရှည်ကို တစ်ချက်ယမ်းလိုက်ပြီး သခင်လေးကုံး၏ အလောင်းကို ငုံ့ကြည့်လိုက်ကာ..
" ကောင်းတာလုပ်တဲ့သူတွေက ကောင်းကျိုးကို မခံစားရဘူးဆိုရင် ဒီလောကကြီး ကိုယ်တိုင်က မှားယွင်းနေတာ သေချာတယ်.. "
ချောင်မူက ခိုင်မာပြတ်သားသော အသံဖြင့်...
" လောကကြီးက တရားမျှတမှုကို မပေးနိုင်ဘူးဆိုရင် ငါ ကိုယ်တိုင်ယူမယ်.. "
လူတိုင်း အံ့သြ သွားကြသည် ။ ချောင်လင်း သခင်လေးကုံးကို ပြန်ပေးဆွဲထားခြင်းမှာ အရင်ကတည်းက ဆွေးနွေးရန် ရည်ရွယ်ချက် မရှိမှန်း သိလိုက်ကြသည် ။
ဘဏ်ဓားပြများသည် ထွက်ပြေးရန် ဓားစာခံများ လိုအပ်၏ ။ သို့ပေသည့် ချောင်မူသည် ထွက်ပြေးရန် ရည်ရွယ်ချက်မရှိ၍ ဓားစာခံကို အသုံးပြု၍ မီးစာထည့်လိုက်သည် ။
ချောင်မူက သခင်လေးကုံး၏ ခါးတွင် ထိုးထားသော လှပသည့် ဓားတစ်ချောင်းကို ကောက်ယူလိုက်သည် ။
ဓားအား လှပသေသပ်စွာ ပြုလုပ်ထားပြီး ကျောက်မျက်ရတနာများ စီခြယ်ထား၏ ။ သခင်လေးကုံးကိုယ်တိုင်ပင် သုံးရမည်ကို နှမြောသဖြင့် အမြဲသိမ်းဆည်းထားသည် ။
ချောင်မူက ဓားကို ကုံးယန်ဆီသို့ အားထည့် ပစ်လိုက်သည် ။
ဓားက ကုံးယန်၏ ရှေ့တွင် ကျလာပြီး မြေကြီးထဲသို့ စိုက်နေ၏ ။ ဓားလက်ကိုင်မှာ တုန်ခါနေသည် ။
" ကုံးယန်.. "
ချောင်မူက ထီမထင်ဟန်ဖြင့်...
" ဓားကိုယူပြီး လာတိုက်စမ်း.. "
" ခင်ဗျား လက်စားချေချင်ရင် ကျုပ်ကို လာသတ်စမ်း.. "
ကုံးယန် ၏ မျက်နှာက မှိုင်းညို့နေသည် ။ သူ၏ တုန်ရီနေသော လက်ဖြင့် ဓားရိုးကို ကိုင်လိုက်လျှင် ရင်ဘက်တစ်ခုလုံး တင်းကျပ်လာပြီး သွေးတစ်ပွက် အန်မိလိုက်၏ ။ ချောင်မူ၏ လှုံ့ဆော်မှုကြောင့် သူ ရရှိထားသော အတွင်းဒဏ်ရာ ပိုဆိုးလာခြင်းပင် ။
ကုံးယန်က သွေးအန်ပြီးနောက် အနည်းငယ် တည်ငြိမ်လာပြီး လေသံတိုးတိုးဖြင့်...
" မင်းငါ့ကို ဆွပေးချင်နေတာလား.. "
ထို့နောက် အစောင့်များကို လက်ယမ်းပြလိုက်သည် ။
အစောင့်များက ချောင်မူကို ဝန်းရံရင်း တဖြည်းဖြည်း ရှေ့တိုးလာ၏ ။
ကုံးယန်က အေးစက်စက်လေသံဖြင့် ...
" မင်းက ငါနဲ့ တိုက်ခိုက်ဖို့ အရည်အချင်းမရှိဘူး.. "
သူ ရထားသော အတွင်းဒဏ်ရာများမှာ မနည်း ။ သူ ချောင်လင်းနှင့် တိုက်ခိုက်လျှင် အနိုင်ယူနိုင်မည်ဟု ယုံကြည်သော်လည်း ဒဏ်ရာပိုဆိုးလာမည်ဖြစ်သည် ။ ထို့ကြောင့် အန္တရာယ်ဖြစ်မည့်လမ်းကို ရွေးမည်မဟုတ်ပေ ။
" သတ်.. အဲ့ကောင်ကို သတ်စမ်း.. "
ကုံးယန်၏ အမိန့်ပေးသံအဆုံးတွင် အစောင့်များက ချောင်မူထံသို့ ပြေးဝင်လာကြသည် ။ အပြင်တွင် စောင့်နေသည့် မြို့စောင့်တပ်များပင် အိမ်တော်အတွင်းသို့ ပြေးဝင်လာကြ၏ ။
" ဝှစ်.. ဝှစ်..ဝှစ်...ဝှစ်..."
မြားများ အရပ်မျက်နှာ ပေါင်းစုံမှ ဝင်လာ၏ ။
ချောင်မူသည် အရင်က မြားများကို လှံဖြင့် မကာကွယ်နိုင်ခဲ့သော်လည်း ယခု သိုင်းပညာရှင် ဖြစ်နေပြီဖြစ်၍ ကွာခြားလာလေပြီ ။
ချောင်မူက လှံရှည်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်၍ စက်ဝိုင်းပုံ ပြင်းပြင်းထန်ထန် လှည့်ပတ်လိုက်၏ ။
" ကောင်းကင်နတ်ဆိုး ပြိုကွဲခြင်း .."
လှံရှည်၏ ထိပ်တွင် သွေးရောင်အော်ရာများ ထွက်ပေါ်လာပြီး လည်ပတ်သည့် အရှိန်ကြောင့် မြားများ လွင့်စင်ထွက်ကုန်သည် ။
မြားပထမလှိုင်း ပြီးသည်နှင့် ချောင်မူသည် လှံရှည်ကို ကိုင်ဆွဲပြီး ရန်သူများထံသို့ ပြေးဝင်သွားသည် ။ သူသည် ရန်သူ တစ်ထောင်ကျော်ကို တစ်ယောက်တည်း ရင်ဆိုင်ဖူးသဖြင့် အုပ်စုဖွဲ့ တိုက်ပွဲတွင် အတွေ့အကြုံ ရှိသူဟု ခေါ်ဆိုနိုင်သည် ။ အဆင့် ၉ သိုင်းပညာရှင် တစ်ယောက်အနေဖြင့် အဆင့် ၇ သိုင်းပညာရှင်နှင့် တိုက်ခိုက်ခဲ့သဖြင့် တစ်ယောက်ချင်းတိုက်ပွဲတွင်လည်း အတွေ့အကြုံရှိသူဟု ခေါ်ဆိုနိုင်သည် ။ သူ သေသည့်အခါတိုင်း ပိုမိုသန်မာလာမည် ဖြစ်သည် ။ သူသေဆုံးတိုင်း ဓားသွားပေါ်တွင် လျောက်လှမ်းခဲ့သဖြင့် သူ၏ စိတ်အား ပုံသွင်းပေးသကဲ့သို့ ဖြစ်နေသည် ။
" လာ.. ငါ့ကို သတ်ကြစမ်း.. "
ချောင်မူသည် လှံရှည်ကို ကိုင်ဆွဲ၍ လူအုပ်အတွင်း ဝင်ရောက်တိုက်ခိုက် လိုက်ပြီး သူ၏ အရှိန်အဝါသည် အစောင့် ရာပေါင်းများစွာထက်ပင် ပိုမို ထင်ရှားနေ၏ ။
" ချောင်မူ သေပြီးရင်.. ငါ ချောင်လင်း ကျန်သေးတယ်.. "
" ငါ ချောင်လင်း သေပြီးရင် နောက်ထပ် ချောင်လင်း ထောင်ပေါင်းများစွာ ပေါ်လာလိမ့်မယ်.."
" တရားမျှတမှုဆိုတာ လူတိုင်းရဲ့ နှလုံးသားထဲမှာ ရှိတယ်.. ကုံးယန်.. မင်း ကမ္ဘာပေါ်မှာ ရှိတယ့် ဖြောင့်မတ်သူတိုင်းကို သတ်နိုင်ရဲ့လား.. "
ချောင်မူ၏ ကျယ်လောင်သည့် ဟိန်းဟောက်သံကြီးကြောင့် အစောင့်များ၏ နှလုံးသား အတွင်းဝယ် ဆန်းကျယ်သည့် ကြောက်ရွံ့မှုများ ဖြစ်ပေါ်လာခဲ့သည် ။
ချောင်လင်း သေတော့မည် ။ သို့သော်လည်း ချောင်းလင်း၏ သူရဲကောင်းဆန်မှုကို လူတိုင်း ထာဝစဥ် မှတ်မိနေကြပေလိမ့်မည် ။