← Chapters

အခန်း (၂၃-၂၄)

Vol. 3 Ch. 23-24

အခန်း (၂၃-၂၄)

Vol. 3 Ch. 23-24

အခန်း23. ကျန်းကျစ်ကုန်း၏ အမိန့်

“အခုလို မျက်နှာချင်းဆိုင်တွေ့ပြီးပြောမယ်ဆိုရင် ငါတို့က မင်းရဲ့စကားကို နားထောင်ရမယ်လို့ ပြောနေတာလား၊ မင်းက အဲဒီလို ဆိုလိုချင်တာလား”

ကျန်းကျစ်ကုန်း၏ လေသံက ရန်လိုမှုများပြည့်နေကာ စုန့်ယီကို စူးရဲသည့် အကြည့်ဖြင့် ကြည့်နေခဲ့သည်။

သူ၏ ဘေးပတ်ဝန်းကျင်မှ လမ်းဘေးလူမိုက်တချို့သည်လည်း လှောင်ပြောင်ရယ်မောနေကြသည်ကို တွေ့နိုင်ပေသည်။

သူတို့၏အမူအရာအရ ယနေ့တွင် စုန့်ယီတစ်ယောက် ထွက်ပြေး၍မရနိုင်တော့ဟူသည့် ပုံစံမျိုးဖြစ်နေခဲ့သည်။

စုန့်ယီက ဖြောင့်မတ်မှန်ကန်စွာ ပြောဆိုခဲ့သည်။

“အဲဒီနေ့က ကျုပ်ရဲ့ဇနီးသည်ကို အကျပ်ကိုင်နေတာ ခင်ဗျားတို့လူတွေပဲလေ၊ ဒါကြောင့် ကျုပ် ဒီကို လာရှင်းတာ၊ ခင်ဗျားတို့မှာ ဘာတွေပါပြောစရာရှိနေပါစေ ကျုပ်ဆီကိုလာခဲ့၊ ကျုပ်မိန်းမကို ဒုက္ခမပေးနဲ့”

ဗီဒီယိုရုံအတွင်းမှ မီးရောင်က အလွန်မှောင်မိုက်နေကာ လူတိုင်းက အလွန် ကြမ်းတမ်းရန်လိုသည့် အမူအရာများ ရှိနေခဲ့ကြသည်။

စုန့်ယီအနေဖြင့် အနည်းငယ် ကြောက်လန့်နေရသော်လည်း မည်သို့ပင် ဖြစ်စေကာမူ လင်းမိန်ဟွေ့အတွက် ဤကိစ္စကို ယနေ့တွင် အဆုံးတိုင်အထိ ဖြေရှင်းရမည်ဟု ဆုံးဖြတ်ထားသည်။

ကျန်းကျစ်ကုန်းက ပြုံး၍ ပြောလာသည်။

“ကောင်းပြီ၊ ငါ မင်းရဲ့ ဘယ်ဘက်ခြေထောက်ကို ဒီနေ့ ချိုးပေးလိုက်မယ်၊ အဲဒါဆိုရင်ကိစ္စတွေကို ပြီးသွားပြီလို့ သဘောထားလိုက်တာပေါ့၊ ဘယ်လိုလဲ”

စုန့်ယီတစ်ယောက် ရုတ်တရက် ခေါင်းထောင်၍ ကြည့်လိုက်မိလျှင် ကျန်းကျစ်ကုန်း၏ မျက်လုံးများ၌ ကြမ်းတမ်းမှုများ တွေ့လိုက်ရသည်။

ထို့နောက် သူ စိတ်အတွင်း၌ တွေးတောကာ ပြောလိုက်သည်။

“ကျုပ်ရဲ့ ခြေထောက်တွေကို လာချိုးရင် ခင်ဗျား ထောင်ကျမှာ သေချာတယ်၊ ခင်ဗျား နံပါတ်တစ်ခုပဲ ပြောလိုက်၊ ကျုပ် လျော်ပေးမယ်”

“လျော်ကြေးပေးမယ်၊ ငါ့မှာ အ ပေါဆုံးက ပိုက်ဆံပဲ!”

ကျန်းကျစ်ကုန်းက စကားဆုံးသည်နှင့် လမ်းဘေးလူမိုက်များကို မျက်စိ မှိတ်ပြလိုက်သည်။ သူတို့က နေရာမှ ထရပ်ကာ စုန့်ယီကို ဝိုင်းရံလိုက်ကြလေသည်။

*

မနက်ခင်း လင်းမိန်ဟွေ့ နိုးလာသောအခါတွင် စုန့်ယီ ထားခဲ့သည့် စာတစ်စောင်ကို တွေ့ရှိခဲ့ရသည်။

တစ်ဖက်လူက မြို့ထဲသို့ ကိစ္စတစ်ခုခု ပြုလုပ်ရန် သွားသည်ဟု တွေးမိသောကြောင့် သူမ အရေးတယူ မပြုခဲ့ပေ။

သူ ပြန်လာသောအခါမှသာမြို့သို့ သွားမည်ဟု စဉ်းစားလိုက်သည်။

လင်းမိသားစုထဲတွင် ရှိနေခဲ့စဉ်က လင်းမိန်ဟွေ့ အိပ်ရာထသည်နှင့် ပထမဆုံး ပြုလုပ်ရသည်မှာ နံနက်စာ ပြင်ဆင်ခြင်းပင်ဖြစ်သည်။

ယခု စုန့်ယီ မရှိတော့သည့်အတွက် သူမအတွက်သာ ကြက်ဥဟင်းချိုတစ်ပန်းကန် ပြုလုပ်လိုက်သည်။

ကြက်ဥက တစ်လုံးတည်းသာ ရှိသော်လည်း လင်းမိန်ဟွေ့က အရသာရှိရှိ သောက်ခဲ့သည်။ ဤတစ်ကြိမ်တွင် မိမိကိုယ်ကိုယ်အတွက်သာ ဂရုစိုက်၍ စားရသည် ဖြစ်ပြီး သူတပါး စားသောက်ပြီး ချန်ခဲ့သည့် အကြွင်းအကျန် ဟင်းချိုကြည်ကို သောက်စရာ မလိုတော့သည့်အတွက် စိတ်အတွင်း၌ ကျေနပ်မှုတစ်မျိုးကို ခံစားရသည်။

နံနက်စာ စားပြီးနောက် သူမ အိမ်ရှင်းလင်းခြင်းကို စတင်ခဲ့သည်။ အိမ်က ရိုးရှင်းသော်လည်း စုန့်ယီအနေဖြင့် ပုံမှန်အားဖြင့် အလွန်သန့်ရှင်းအောင် ထားရှိသည့်အတွက် များစွာ အားမစိုက်ရပေ။

လင်းမိန်ဟွေ့ ဗီရိုပေါ်မှ ဖုန်များကို မွှေးပွတံဖြင့် ခါချနေစဉ် ခေါင်းမော့ကြည့်လိုက်ရာ နံရံ၌ ကွယ်လွန်သူများ၏ ဓာတ်ပုံ သုံးပုံ ချိတ်ဆွဲထားသည်ကို တွေ့ရသည်။ စုန့်ယီ၏ အဘွားနှင့် စုန့်ယီ၏ မိဘများ၏ ပုံများဖြစ်ပေသည်။

ဗီရိုပေါ်၌လည်း အမွှေးတိုင်အိုးတစ်ခု ရှိသည်။

လင်းမိန်ဟွေ့တစ်ယောက် သူမ ဤအိမ်သို့ ဝင်သောအချိန်တွင် အဘွားနှင့် ယောက္ခမများအတွက် ဖယောင်းတိုင် မထွန်းညှိပေးခဲ့ရခြင်းကို ရုတ်တရက် သတိရလိုက်မိသည်။

သူတို့အတွက် အမွှေးတိုင် မထွန်းညှိပေးခဲ့မိသည်ကိုလည်း အနည်းငယ် စိတ်မကောင်း ဖြစ်မိရသည်။

ထို့ကြောင့် ဘေးနားတွင်ရှိနေသော ဘူးအတွင်းမှ အမွှေးတိုင် သုံးချောင်းကို ယူ၍ ကွယ်လွန်သည့် သက်ကြီးရွယ်အို သုံးဦးကို အမွှေးတိုင်ထွန်းကာ ပူဇော်လိုက်သည်။

စုန့်ယီ၏ မိဘများ ဓာတ်ပုံများကို မြင်သော် သူမ စုန့်ယီကို သနားမိပြန်သည်။

လင်းမိန်ဟွေ့ သူမ၏ ယခင်ဘဝမှ အမှတ်ရစရာများကို ဂရုတစိုက် ရှာဖွေကြည့်ခဲ့သည်။ သူမမနေဖြင့် စုန့်ယီနှင့် ပတ်သက်သည့် အရာတစ်ခုခုကို တွေ့ရှိနိုင်မည်လားဟု မျှော်လင့်ကာ တွေးတောကြည့်သော်လည်း ကြာမြင့်စွာ စဉ်းစားပြီးမှ အစအနလေးများကိုသာ တွေ့ရှိရသည်။

ယခင်ဘဝက စုန့်ယီ၏ ဖခင်ဖြစ်သူမှာ သတ္တုတွင်း မတော်တဆမှုဖြင့် ဆုံးပါးခဲ့ပြီး မိခင်ဖြစ်သူက သုံးနှစ်အကြာတွင် ကွယ်လွန်ခဲ့သည်။

သူ၏ အဘွားက စုန့်ယီနှင့် အတူ နေထိုင်ခဲ့သည်။ အဘွားဆုံးပါးပြီးနောက် စုန့်ယီ၌ ဤလောကတွင် ဆွေမျိုးသားချင်း မည်သူမှ မရှိတော့ပေ။ ဤသို့သော အတွေ့အကြုံကို တွေးမိလျှင် လင်းမိန်ဟွေ့တစ်ယောက် သက်ပြင်းချမိခဲ့ရသည်။

စုန့်ယီ ရွာမှ ထွက်ခွာပြီးနောက်ပိုင်းတွင်တော့ လင်းမိန်ဟွေ့ သူနှင့်သပတ်သက်သော သတင်းကို ဘယ်သောအခါမှ မကြားရတော့ပေ။

နောက်ပိုင်းတွင် ကျန်းကျစ်ကုန်းက စုန့်ယီ အဖမ်းခံရသည်ဟု မတော်တဆ ပြောဆိုသည်ကို ကြားလိုက်ရသည်။

လင်းမိန်ဟွေ့အနေဖြင့် မည်သည့် အသေးစိတ်ကိုမျှ သေသေချာချာ မမှတ်မိပေ။ ထိုအချိန်က နိုင်ငံအနှံ့ ပြုပြင်ပြောင်းလဲရေး လှိုင်းလုံးကြီး လွှမ်းခြုံနေသည်ကိုသာ မှတ်မိသည်။

အတွေးအခေါ် ရှိသည့် လူအများစုသည် ဤအခွင့်အရေးကို ယူ၍ သူတို့၏ ပထမဆုံး အရင်းအနှီးကို ရှာဖွေခဲ့ကြသည်။ စုန့်ယီလည်း ထိုအချိန်က သူ၏ လုပ်ငန်းတွင် မှားယွင်းမှုတစ်ခု ပြုလုပ်မိခဲ့မည်။

လူတိုင်း၌ ကိုယ်ပိုင် အတက်အကျများ ရှိကြသည်။ သူမ ပြန်လည် မွေးဖွား၍ စုန့်ယီနှင့် ဆုံခွင့်ရသည့်အတွက် စုန့်ယီ၏ ဘဝကို ပျက်စီးစေမည့် ဘေးအန္တရာယ်ကို ရှောင်ရှားရန် သေချာပေါက် အကူအညီ ပေးရလိမ့်မည်။

မနက်ပိုင်းတွင် လင်းမိန်ဟွေ့က ခြံကို ရှင်းလင်းခဲ့သည်။ ခြံထဲတွင် နွေရာသီ၌ ဟင်းသီးဟင်းရွက်များ စိုက်ပျိုးရန် စီစဉ်ထားခဲ့သည်။

ဟင်းသီးဟင်းရွက် စိုက်ခင်း ပြုလုပ်ပြီးသည့်အချိန်တွင် တစ်စုံတစ်ဦးက တံခါးတွန်းဖွင့်ကာ ဝင်လာသည်ကို ကြားလိုက်ရသည်။

လင်းမိန်ဟွေ့ မော့ကြည့်လိုက်သောအခါတွင် မုဆိုးမ လျိုက တံခါးဝတွင် ရပ်နေသည်ကို တွေ့ရသည်။ သူမ ခေါင်းငုံ့၍ ဆက်လက်လုပ်ကိုင်ရင်း ပြောခဲ့သည်။

“မုဆိုးမလျို၊ ပြောစရာရှိရင် ပြောလိုက်ပါ၊ ကျွန်မ ရှင်နဲ့ အချိန်ဖြုန်းစကားပြောဖို့ အချိန်မရှိဘူး”

ရွာအတွင်းရှိ လူများသည်က ဤသို့ပင် ဖြစ်ပေသည်။ အားလပ်သောအခါတွင် တခြားသူများ၏ အိမ်သို့လာရောက်လည်ပတ်ကြသည်။

လင်းမိန်ဟွေ့သည်ကားစုန့်မိသားစုနှင့် လက်ထပ်ထားသည်မှာ မကြာသေးပေ။ ရွာအတွင်းမှ လူများက ကောလာဟလများ နားထောင်ရန်၊ ညစာစားပြီး ပြောစရာလေးများ ရှိရန် သေချာပေါက် ဆန္ဒရှိကြမည်ဖြစ်သည်။

လင်းမိန်ဟွေ့က သူတို့၏ လှုပ်ရှားမှုများ၌ ဘယ်သောအခါမှ ပါဝင်လေ့မရှိ။ သူတို့ကို မြင်ပါကလည်း ရှောင်ရှားလေ့ရှိသည်။

မုဆိုးမ လျိုက ဖရဲစေ့ ဝါးရင်း သူမ၏ ပါးလျသည့် မျက်ခုံးမွှေးများကို ပင့်လိုက်ပြီး ပြောလာသည်။

“စုန့်ယီက မင်းအမေရဲ့အိမ်ကို ယွမ်ငါးရာ လက်ဖွဲ့လက်ဆောင်ပေးခဲ့တယ်လို့ ကြားတယ်၊ ဒီပမာဏက နည်းတဲ့ပမာဏ မဟုတ်ဘူးနော်၊ မင်းကလည်း စီးပွားရေးလုပ်ဖို့ ဒီလောက် အသည်းအသန် ဖြစ်နေတာ၊ မင်း စုန့်ယီကို ကျေးဇူးတင်နေတယ်လို့ ခံစားရလို့လား...”

“ဒါ ကျွန်မတို့ ဇနီးမောင်နှံကြားက ကိစ္စပါ၊ မုဆိုးမ လျို၊ ရှင့်ရဲ့စကားက နည်းနည်းတော့ လွန်နေပြီ”

လင်းမိန်ဟွေ့က ပေါက်တူးကို နင်း၍ မြေကြီးကို ဆက်တူးနေခဲ့သည်။ ခြံအတွင်းမှ မြေကြီးက အနည်းငယ်မာနေသည့်အတွက် တူးရသည်မှာ အားများစွာ စိုက်ထုတ်ရသည်။

သူမ မူလက စုန့်ယီ ပြန်လာအောင် စောင့်ဆိုင်းလိုခဲ့သည်။ သို့သော် သူမတွင် မည်သည့်အရာမှ လုပ်စရာမရှိဟု တွေးမိသည့်အတွက် သူမ တတ်နိုင်သမျှကို လုပ်ကိုင်လိုက်သည်။

မုဆိုးမလျိုက ခြံအတွင်းသို့ ဝင်လာပြီး တံခါးဝ၌ ထိုင်လိုက်သည်။

“လင်းမိန်ဟွေ့၊ အဲဒီပိုက်ဆံက စုန့်ယီရဲ့အဖေ သတ္တုတွင်းမတော်တဆမှုကြောင့် ရခဲ့တဲ့ လျော်ကြေးဆိုတာ မင်းသိလား၊ သူ့အမေနဲ့ အဘွား နေမကောင်းတုန်းကတောင် အဲဒီပိုက်ဆံကို သုံးချင်ခဲ့ကြတာ မဟုတ်ဘူး၊ စုန့်ယီအတွက် သိမ်းထားခဲ့တာလို့ သူတို့အမြဲပြောတယ်”

လင်းမိန်ဟွေ့အနေဖြင့် မုဆိုးမလျိုက သူမကို စိတ်အနှောင့်အယှက်ဖြစ်အောင် တမင်တကာ ပြုလုပ်နေသည်ကို သိသော်လည်း စုန့်ယီ၏ ဖခင်မှာ ယွမ်တစ်သောင်းအတွက် သူ၏ အသက်ကို ပေးဆပ်ခဲ့သည်ကို ကြားလိုက်ရသောအချိန်တွင် စိတ်ဓာတ်ကျသွားရသည်။

သူမ ပေါက်တူးကို ပြင်းပြင်းထန်ထန် ပေါက်၍ မြေကြီးကို ပို၍ပင် အားပြင်းစွာ လှန်လိုက်သည်။

ထို့နောက် တီးတိုးပြောလိုက်လေသည်။

“ပိုက်ဆံကမရှိတော့ရင် ပိုက်ဆံ ထပ်ရှာလို့ရတာပဲ”

ဤသို့ ပြောဆိုခဲ့သော်လည်း ဝမ်းနည်းမှုနှင့် သံယောဇဉ်တစ်မျိုးက သူမ၏ ရင်အတွင်း ပြည့်နှက်လာသည်။

စုန့်ယီသာ သူမကို သနားစရာကောင်းသည်ဟု မထင်ခဲ့ပါက ဤငွေကို သုံးလိုမည် မဟုတ်ပေ။

လင်းမိန်ဟွေ့အနေဖြင့် ဤသို့သော ကြင်နာမှုကို သူမ၏ ရင်အတွင်း နက်နက်ရှိုင်းရှိုင်း ထားခဲ့ပြီး ဤဘဝတွင် သူ့ကို ကောင်းစွာ ပြန်ပေးဆပ်မည်ဟု တွေးလိုက်သည်။

“မင်းကတော့ ပါးစပ်လေးနှင့် ပြောရလွယ်တာပေါ့၊ မင်းရဲ့ နည်းနည်းပါးပါးလောက် အရည်အချင်းနဲ့ တစ်နေ့ကို ယွမ်အနည်းငယ်ပဲ ရှာနိုင်တာ... ပြီးတော့ လူဆိုးတွေ ရိုက်နှက်တာကို ခံရပြီးမှ ယွမ်နည်းနည်း ရတာ၊ ဘယ်တော့မှ ပြီးဆုံးမှာလဲ”

မုဆိုးမ လျိုက ဤအကြောင်းကို မတိုင်ခင် အချိန်က ကြားခဲ့ရသည်။

ယခုရွာအတွင်း၌ ကောလာဟလအသစ်များ ထွက်နေခဲ့ပေသည်။

စုန့်မိသားစု၏ သတို့သမီးသစ်မှာ ငြိမ်ငြိမ်မနေဘဲ၊ စီးပွားရေးလုပ်ရန် လောဘတကြီးဖြင့် ထွက်သွားသည်။

အကျိုးဆက်အနေဖြင့် စီးပွားရေးကို ကောင်းစွာမလုပ်နိုင်ဘဲ စော်ကားခံရသည်။ ဤအကြောင်းကို သူမဘက်မှ စ၍ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

လင်းမိန်ဟွေ့၏ ပုံပန်းသဏ္ဌာန်ကို ဤမျှ လှပ ကောင်းမွန်အောင် မည်သူက ပြုလုပ်ပေးထားသည်နည်း။

လင်းမိန်ဟွေ့ကို လင်းမိသားစုမှ မွေးစားခဲ့ခြင်း ဖြစ်သည်။ သူ့၌ ချောမောသည့် မျက်နှာသာမက၊ နှစ်ဖက်ခွဲကျစ်ထားသည့် ဆံပင်ထူထူများလည်း ရှိသည်။

သူမ လမ်းလျှောက်သောအခါ လှုပ်ရှားနေသည်က ပြောစရာမလိုအောင် မည်မျှ အားအင်ပြည့်ဝသည်ကို ပြသသည်။ ။

သူမအနေဖြင့် ငယ်ရွယ်စဉ်ကတော့ အတော်ချောသည်ဟု ထင်ခဲ့ရသော်လည်း ယခု အသက်ကြီးလာသောအခါ လှပမှုများလျော့နည်းလာရသည်။

ထိုအချိန်တွင် လင်းမိန်ဟွေ့ကို ထိုသို့ မြင်သောအခါ ဒေါသထွက်မိသည်။ မူလက သူမကို လှောင်ပြောင်လိုခဲ့သည်။ သို့သော် ဤကောင်မလေးက အလွန်စကားပြော မြန်ဆန်၍ သူမကိုလည်းကောင်းစွာ မပြောဘဲနေလိမ့်မည်ဟု မထင်ခဲ့ပေ။

မုဆိုးမ လျို ဤဒေါသကို မည်သို့မျိုချနိုင်မည်နည်း။ သူမ မနက်နိုးလာသောအချိန်တွင် လင်းမိန်ဟွေ့နှင့် ကောင်းစွာ စကားပြောမည်ဟု တွေးထားခဲ့သည်။

“ဘဝက တဖြည်းဖြည်း ကောင်းလာတာပဲ၊ လမ်းမှားကို မရောက်သရွေ့တော့ သေချာပေါက် ပိုကောင်းလာမှာပါ”

လင်းမိန်ဟွေ့က မြေကြီးကို နောက်ဆုံးတစ်ခေါက်တူး၍ ပြီးသောအခါ ချွေးများ သုတ်ကာ ရေအိုးဆီ သွားလိုက်ပြီး ရေတစ်ခွက်ခပ်သောက်လိုက်သည်။

ရေက အလွန်လန်းဆန်းစေပြီး အရသာရှိနေပေသည်။

မုဆိုးမလျိုက သူမ၏ ရင်ဘတ် ဖောင်းကြွလာကာ ငယ်ရွယ်နုပျိုမှုကို ပြသနေသည်ကို မြင်သောအခါ မနာလိုစိတ် ပိုမို ပေါ်ပေါက်လာရသည်။

“မကောင်းတဲ့ လမ်းတွေ ဆိုတာ မရှိဘူး၊ ဆင်းရဲတဲ့ လမ်းတွေပဲ ရှိတယ်”

“ဘာလို့ မရှိရမှာလဲ၊ အဒေါ်လျိုက အဆင့်မြင့်တဲ့သူလည်း မဟုတ်ဘူး၊ နိမ့်တဲ့သူလည်း မဟုတ်ဘူး၊ ဒါပေမဲ့မင်္ဂလာလည်း မဆောင်ဘဲ တစ်နေကုန် သူများယောက်ျားတွေနဲ့ အလုပ်လုပ်နေတယ်

ဒါက လမ်းမှားရောက်တာ မဟုတ်ဘူးလား ကျွန်မက ဆင်းရဲတာကို မကြောက်ဘူး၊ ဒါပေမဲ့ စိတ်ထဲမှာ သမာဓိမရှိတာကို ကြောက်တယ်”

လင်းမိန်ဟွေ့အနေဖြင့် မုဆိုးမလျိုက သူမအပေါ် အပြစ်ဖို့ချင်နေသည်ကို သိထားသည်။

သူမက တစ်ဖက်လူ၏စကားကိုကြားရသည်နှင့် အလုပ်ကြမ်းလုပ်ပေးနိုင်ဖို့အသင့်ဖြစ်နေသည့် ယောက်ျားတစ်ဦး မဟုတ်...။

စကားကိုဆုံးအောင် ပြောဆိုပြီး ရှင်းရှင်းလင်းလင်း ရှင်းထားလိုက်မှသာ ကောင်းပေလိမ့်မည်။ သို့မှသာ နောက်တစ်ကြိမ် တံခါးဝလာ၍ ပြသနာလာရှာခြင်းကို ရှောင်နိုင်ပေလိမ့်မည်။

မုဆိုးမလျိုတစ်ယောက် ဤစကား ကြားလိုက်ရလျှင် မျက်နှာတစ်ခုလုံး ဖြူဖျော့သွားခဲ့သည်။ သူမက ထရပ်ကာ လင်းမိန်ဟွေ့ကို လက်ညှိုးထိုး၍ အော်ဟစ်လာလေသည်။

“မင်း ဘာပြောလိုက်တာလဲ ပြန်ပြောစမ်း...”

သူမ ဒေါသထွက်နေသည်ကို မြင်သော် လင်းမိန်ဟွေ့က ပါးစပ်ကိုသုတ်၍ ဧည့်သည်ကို ပြန်လွှတ်ရန် တံခါးဖွင့်ပေးလိုက်လေသည်။

*

အခန်း24. လမ်းပေါ်ကနေ ဆွဲခေါ်လာတာ

“ဒီစကားကိုပဲ ထပ်ပြောပြန်ပြီလား၊ မုဆိုးမ လျို၊ ရှေ့ဆက်ပြီး ဘာမှ လုပ်စရာမရှိရင်လည်း အိမ်ကိုပြန်ပြီး မြေတွေများများ တူးဆွနေတာ ပိုကောင်းလိမ့်မယ်၊ ဒီလိုဆိုရင် သူများတွေ ရှင့်အိမ်လာပြီး တံခါးရိုက်ချိုးတာကိုလည်း ရှောင်နိုင်တာပေါ့...”

မုဆိုးမလျိုတစ်ယောက် ဒေါသတကြီးနှင့် မျက်လုံးများ နီရဲစွာဖြင့် တံခါးဆီသို့ ဒေါသတကြီး လျှောက်သွားခဲ့သည်။ ထွက်ခွာတော့မည့် အချိန်တွင် လင်းမိန်ဟွေ့ဆီ လှည့်၍ ထပ်ပြောလာပြန်သည်။

“မင်းက စုန့်ယီနဲ့ အခုမှ လက်ထပ်တာဆိုတော့ သူ ဘယ်လောက် အစွမ်းထက်လဲဆိုတာ မသိလောက်သေးဘူး၊ တစ်နေ့ကျရင် မင်း သူ့ကြောင့် ဘေးဒုက္ခရောက်နေမယ်ဆိုရင် မင်းပဲ ငိုရမှာနော်”

“ကောင်းကျိုးပဲ ဖြစ်ဖြစ်၊ ဆိုးကျိုးပဲ ဖြစ်ဖြစ်၊ အားလုံးက ကျွန်မရဲ့ ဘဝပါပဲ၊ မုဆိုးမလျို၊ ဖြည်းဖြည်းသွားပါ၊ ကျွန်မ လိုက်မပို့တော့ဘူး”

လင်းမိန်ဟွေ့တစ်ယောက် တံခါးကို ပြင်းပြင်းထန်ထန် ပိတ်ကာ သော့ခလောက်ဖြင့်ပင် ပိတ်လိုက်သည်။ ပတ်သက်မှု မရှိသင့်သည့်သူများက ထပ်မံလာရောက်၍ သူတို့ကို ကံဆိုးစေမည့်နည်းလမ်းကို ရှောင်ရပေမည်။

“မင်းရဲ့ အမေ ကျိုးချွေ့ဟွားက မင်းကို ဘာလို့ သဘောမကျတာလဲဆိုတာ မဆန်းဘူး၊ မင်းရဲ့ပါးစပ်က အရိုက်ခံရဖို့ပဲ မွေးဖွားလာတာ...”

မုဆိုးမလျိုက ဆဲဆိုရင်း ထွက်ခွာသွားသည်။

သူမထွက်သွားပြီးချိန်တွင် ခြံအတွင်း၌ တိတ်ဆိတ်ငြိမ်သက်မှုများက ပြန်လည်ရောက်ရှိလာခဲ့လေသည်။ ခြံထောင့်၌ ဟင်းသီးဟင်းရွက်စိုက်ခင်း သုံးကွက် တူးဖော်၍ပြီးသွားခဲ့ပေပြီ။

လင်းမိန်ဟွေ့တစ်ယောက် လတ်လတ်ဆတ်ဆတ်တူးဖော်ထားသည့်မြေရနံ့ကို ရှူရှိုက်မိပြီးနောက် စိတ်ထဲတွင် တဖြည်းဖြည်း ပေါ့ပါးလာခဲ့ရသည်။

သူ၏ အခြေအနေသည်က ယခင် လင်းမိသားစု၌ ရှိစဉ်ကထက် အဆများစွာ ပိုမို ကောင်းမွန်သည်။ လင်းမိသားစု၌ ရှိစဉ်ကပင် သူမက ခိုင်မာစွာ ရှင်သန်နိုင်ခဲ့ပါက ယခုဆိုလျှင် တစ်နေ့ထက်တစ်နေ့ ပိုမို ကောင်းမွန်လာမည်မှာ သေချာပေသည်။

စုန့်ယီက နေ့လယ်စာအတွက် ပြန်ရောက်မလာသောကြောင့် လင်းမိန်ဟွေ့က မနေ့က ကျန်ခဲ့သည့် ပန်ကိတ်များကို စားလိုက်ပြီး ရေနွေးဖြင့်သာ မျှောချလိုက်သည်။

မွန်းလွဲပိုင်းတွင် လင်းမိန်ဟွေ့က ဘေးဘက်ရှိ အိမ်နီးချင်းများထံမှ မုန်ညင်းစေ့ တချို့ကို သွားရောက်ချေးယူခဲ့သည်။

ဦးစွာ ဟင်းသီးဟင်းရွက်များ စိုက်ပျိုးပြီးမှ ရေခပ်ပြီး ဟင်းသီးဟင်းရွက်ခင်းကို ရေလောင်းရန် စီစဉ်ထားခဲ့သည်။ အရာအားလုံးပြီးစီးသည့် အချိန်သို့ရောက်ပါက စုန့်ယီသည့်လည်း ပြန်ရောက်နေလောက်ပြီဖြစ်၍ ညနေစာ အတူ စားနိုင်ပေမည်။

ကောင်းကင်က တဖြည်းဖြည်း မှောင်စပြုလာခဲ့ပြီ။ အိမ်ခေါင်မိုးအောက်မှ စာကလေးများလည်း အသိုက်သို့ ပြန်ရောက်နေခဲ့ပေပြီ။ သို့သော် စုန့်ယီမူ ပြန်မရောက်သေးပေ။

လင်းမိန်ဟွေ့တစ်ယောက် စောင့်ဆိုင်းနေရင်း အနည်းငယ် စိုးရိမ်လာခဲ့ရသည်။

သူမ မီးထွန်းညှိလိုက်ပြီး တံခါးကို ကြည့်နေမိသည်။ ဤသို့သော စိုးရိမ်စိတ်က အတော်လေး ထူးဆန်းသည်။

ခဏကြာပြီးနောက် လင်းမိန်ဟွေ့ ရယ်မောလိုက်မိသည်။ သူမ အမှန်တကယ်ပင် အနည်းငယ် စိတ်မရှည် ဖြစ်နေခြင်းဖြစ်ပေလိမ့်မည်။

ဖြစ်နိုင်သည်မှာ စုန့်ယီက လမ်းခရီး၌ တစ်ခုခုကြောင့် နှောင့်နှေးနေခြင်း ဖြစ်လိမ့်မည်။

သူမအနေနဲ့ အဘယ်ကြောင့် မလိုအပ်သည့် အတွေးများဖြင့် သူ့အပေါ် တစ်ခုခု ဖြစ်လာမည်ကို စိုးရိမ်နေရသည်နည်း။

ထိုအခိုက်တွင် တစ်စုံတစ်ဦးက သစ်သားတံခါးကို ခေါက်လာခဲ့သည်။

“လင်းမိန်ဟွေ့၊ လင်းမိန်ဟွေ့၊ အိမ်မှာရှိလား”

လင်းမိန်ဟွေ့ မီးအိမ်ကို ဂရုစိုက်ကိုင်ရင်း အပြေးအလွှား ထရပ်ကာ တံခါးဖွင့်ပေးလိုက်သည်။

ထို့နောက် တံခါးဝတွင်ရပ်နေသော ဘေးအိမ်မှ အဒေါ်ယန်ကို တွေ့လိုက်ရလေသည်။ အဒေါ်ယန်သည်က အသက် ၅၀ ကျော် အမျိုးသမီးတစ်ဦးဖြစ်ပေသည်။

သူမက အနည်းငယ် ဝပြီး ကြင်နာတတ်သည်။ သူမကို ကြည့်ရုံဖြင့်ပင် ရင်းနှီးသည့် ခံစားမှုကို ပေးနိုင်ပေသည်။

“မိန်ဟွေ့၊ မကောင်းတော့ဘူး၊ စုန့်ယီက မြို့မှာ တစ်ယောက်ယောက်နဲ့ ရန်ဖြစ်လာတယ်တဲ့၊ ဘာတွေ ဖြစ်ခဲ့သေးလဲဆိုတာ မြန်မြန်သွားကြည့်ဦး”

အဒေါ်ယန်က ထိုသို့ ပြောဆိုပြီးသည်နှင့် စိုးရိမ်တကြီးဖြက့် ရွာအဝင်ဝကို လှမ်းကြည့်လိုက်သည်။ နှစ်ပေါင်းများစွာတစ်လျှောက်တွင် သူမက စုန့်ယီတစ်ယောက် ခက်ခက်ခဲခဲ ဖြတ်သန်းခဲ့ရသည်ကို မြင်ခဲ့ရသည်။

သူမက အကြာခဏ စုန့်ယီအတွက် အိမ်မှုကိစ္စများကို ကူညီပေးလေ့ရှိသည်။ ဆိုရလျှင် စုန့်ယီက သူမအတွက် သူမ၏ကလေးတစ်ဦးနှယ်ဖြစ်ပေသည်။

စုန့်ယီ လက်ထပ်တော့မည်ဟု ကြားသောအခါတွင် သူမလည်း ရက်အနည်းငယ် ပျော်ရွှင်ခဲ့သည်။ နေ့ခင်းဘက်အချိန်က ထိုမိန်းကလေးမှ သူတို့အိမ်မှ မုန်ညင်းစေ့များ လာရောက်ချေးယူသွားသောကြောင်း သူမက လုပ်ကိုင်စွမ်းဆောင်မှုရှိသည့် လူတစ်ဦးဖြစ်ကြောင်း တွေးမိခဲ့သည်။

ထို့အတွက် စုန့်ယီ၏ အိမ်ထောင်မရှိခြင်းနှင့် မတည်ငြိမ်သည့် ဘဝအတွက် စိုးရိမ်စရာ မလိုတော့ဟု တွေးခဲ့သေးသည်။

မထင်မှတ်ဘဲ ညနေဘက်၌ သူမ၏ ခင်ပွန်းသည် မြို့မှ စက်ဘီးဖြင့် ပြန်လာချိန်တွင် စုန့်ယီက တစ်စုံတစ်ဦးနှင့် ခိုက်ရန်ဖြစ်နေသည်ကို တွေ့ရှိခဲ့ရပြီး အတော်လေး ပြင်းထန်သည်ဟု ပြောဆိုခဲ့သည်။

ထိုနောက် သူမက လင်းမိန်ဟွေ့ကို အမြန်လာခေါ်ခဲ့ခြင်းဖြစ်ကာ မြို့သို့သွားပြီး စုန့်ယီကို ကူညီနိုင်မည့်သူ ရှာရန် ပြောလိုက်လေသည်။

လင်းမိန်ဟွေ့လည်း တစ်ဖက်မှ စကားများကို ကြားလျှင် သူမ၏ အပေါ်ထပ်အင်္ကျီကို ဆွဲယူဝတ်ဆင်၍ တံခါးပိတ်လိုက်ကာ မြို့သို့ သွားရန် အလျှင်အမြနပြင်ဆင်လိုက်သည်။

သို့သော်လည်း သူမ အပြင်ထွက်တော့မည့် အချိန်တွင် အဝေးမှ ရင်းနှီးသည့် ပုံရိပ်တစ်ခု အိမ်ဘက်သို့ လာနေသည်ကို တွေ့လိုက်ရသည်။

သူ၏နောက်မှလည်း လူတစ်ဦးက လိုက်ပါလာခဲ့သည်။ လင်းမိန်ဟွေ့၏ မျက်လုံးများက ပူနွေးလာရသည်။

သူမ မတိုင်ခင်ကတည်းက စိတ်ပူနေခဲ့သည့် နှလုံးသားသည်လည်း နောက်ဆုံးတွင်တော့ သက်သာရာရသွားခဲ့ရသည်။

“အစ်ကိုစုန့်ယီ”

လင်းမိန်ဟွေ့ အချှင်အမြန်ပြေးသွားလိုက်ပြီး တစ်ထက်လူကို ကြည့်လိုက်လေသည်။ ပိုမိုနီးကပ်လာသောအခိုက်တွင် စုန့်ယီက ခေါင်းကိုငုံ့၍ ဖုံးကွယ်လိုက်သည်ကို တွေ့လိုက်ရသောကြောင့် လင်းမိန်ဟွေ့ ပို၍ပင် စိတ်ပူသွားခဲ့ရသည်။

အဒေါ်ယန်လည်း ထိုနေရာ၌ ရှိနေသေးသည်ဟု တွေးမိပြီးနောက် သူမက အနောက်သို့ လှည့်ကြည့်ကာ အဒေါ်ယန်ကို ပြောလိုက်လေ၏။

“အန်တီယန်၊ အခု အဆင်ပြေသွားပါပြီ၊ အစ်ကိုစုန့်ယီလည်း ပြန်ရောက်လာပြီဆိုတော့ အန်တီလည်း အိမ်ကိုပြန်ပြီး ညစာ ချက်လိုက်ပါဦး”

စုန့်ယီ အဆင်ပြေသည်ကို မြင်သောကြောင့် အဒေါ်ယန်ကလညား ဇနီးမောင်နှံနှစ်ယောက် စကားပြောနေသည်ကို အနှောင့်အယှက်မပေးတော့ဘဲ သူ၏ အိမ်သို့ ပြန်သွားခဲ့သည်။

စုန့်ယီက အိမ်ထဲသို့ ဝင်လာပြီးနောက် ရေအိုးအတွင်းမှ ရေတစ်ခွက်ခပ်၍ သောက်လိုက်သည်။

လင်းမိန်ဟွေ့ သူ၏ မျက်နှာတစ်ခြမ်း၌ ဒဏ်ရာကို မြင်သောအခါ ညင်သာစွာ ထိကြည့်လိုက်ပြီး မေးလိုက်လေ၏။

“ဘယ်လို ဖြစ်တာလဲ”

စုန့်ယီကို ပြန်ပို့ပေးသည့်လူက သူမကို စကားပြောလာသည်။

“မင်္ဂလာပါ ညီမလင်း၊ ကျွန်တော် ရွာအရှေ့ဘက်က လီမိသားစုက လီတုန်ပါ၊ ဒီနေ့ မြို့ကနေ ပြန်လာတော့ ဗီဒီယိုရုံကို လူတစ်စု ဝိုင်းထားတာကို တွေ့ခဲ့ရတယ်လေ၊

ဒါနဲ့ ကျွန်တော်လည်း အနားကို သွားကြည့်လိုက်တော့ စုန့်ယီကို ကျန်းကျစ်ကုန်းရဲ့လူတွေ ဝိုင်းထားတာ တွေ့ရတယ်၊ ဒါကြောင့် ရွာထဲက လူအနည်းငယ်ကို ခေါ်ပြီး စုန့်ယီကို ဆွဲထုတ်လာခဲ့တာပါ”

လင်းမိန်ဟွေ့တစ်ယောက် ဤစကား ကို ကြားသည်နှင့် သူမ၏ စိုးရိမ်ခဲ့မှုများက ဖြစ်လာပြီဟု နားလည်လိုက်သည်။

စုန့်ယီ ကျန်းကျစ်ကုန်းကို သွားရှာစဉ်က သေချာပေါက် အရှုံးနှင့် ကြုံခဲ့ရခြင်း ဖြစ်လိမ့်မည်။

ကျန်းကျစ်ကုန်းသည်က အခွင့်အရေးသမားဖြစ်ပြီး အလွန် ဆိုးယုတ်ရုံသာမက၊ ဆက်ဆံရေးတွင်လည်း အလွန် ရက်စက်သည်။

သူ၏ ယခင်ဘဝက ကျန်းကျစ်ကုန်းမှာ သူမက သူ၏ မိသားစုဝင်ကို အနည်းငယ်မျှ စော်ကားမိရုံမျှဖြင့် သူမကို စားသောက်ရန်ပင် ခွင့်မပြုခဲ့ချေ။ အချိန်ကြာလာသောအခါ သူမအစာအိမ်ရောဂါကို ပြင်းထန်စွာ ခံစားခဲ့ရသည်။

ဤမျှသာမက၊ သူက သူ့ကို မကြာခဏ အိမ်တွင်းအကြမ်းဖက်မှုများ ပြုလုပ်ခဲ့သည်။

သူ၏ ကိုယ်ပိုင်ဇနီးကိုပင် ဤသို့ ဆက်ဆံပါက အခြားသူများအပေါ် သနားမည် မဟုတ်ပေ။

“အစ်ကိုစုန့်ယီကို ကူညီပေးတဲ့အတွက် တုန်ဇီကို အများကြီးကျေးဇူးတင်ပါတယ်၊ နောက်ရက်ကျရင် အားလုံးအတွက် ဟင်းကောင်းကောင်း ချက်ကျွေးပါ့မယ်၊ ဒီနေ့တော့ အစ်ကိုစုန့်ယီ ဒဏ်ရာရထားတာဆိုတော့ တုန်ဇီကို ခေါ်မထားတော့ဘူး၊ စောစောပြန်နားလိုက်ပါဦး”

လင်းမိန်ဟွေ့က ကျေးဇူးဆပ်ရမည့်အကြောင်းများကို သိသည်။

သူမက တုန်ဇီကို ကျေးဇူးတင်စကား အနည်းငယ် ပြောဆိုလိုက်ပြီးနောက် တုန်ဇီလည်း ကောင်းစွာ နားလည်ပြီး တံခါးပိတ်ပေးကာ ထွက်ခွာသွားသည်။

“ဘယ်နေရာတွေမှာ ထိခိုက်သေးလဲကျွန်မ ကြည့်ပါရစေ...”

လင်းမိန်ဟွေ့က အိမ်အတွင်း မီးအိအ်ကို ဖွင့်လိုက်လျှင် နူးညံ့သည့် အဝါရောင်မီးက စုန့်ယီ၏ မျက်နှာပေါ်တွင် ထွန်းလင်းလာသည်။

မျက်နှာက အရောင်အသွေးစုံနေခဲ့ကာ မျက်ခုံးများ၌လည်း သွေးအစွန်းအထင်း တချို့ ရှိနေသေးသည်။ ခေါင်းမာသည့် စုန့်ယီက လင်းမိန်ဟွေ့မှ သူ၏ ဒဏ်ရာကို မမြင်ရစေရန် တစ်ဖက်သို့လှည့်လိုက်လေသည်။

“အဆင်ပြေပါတယ်”

“ဘာလို့ သူ့ကို သွားရှာတာလဲ”

လင်းမိန်ဟွေ့၏ နှာခေါင်းက စပ်ဖျဉ်းဖျဉ်း ဖြစ်လာပြီး အသံသည်လည်း အနည်းငယ် ကြမ်းတမ်းနေသည်။ သူမ စုန့်ယီကို ကြည့်လိုက်သည်။ သူ၏ အင်္ကျီသည် ပခုံးများ၌ စုတ်ပြဲနေသည်ကို တွေ့ရပြန်သည်။

ကြယ်သီးအချို့လည်း ပြုတ်ထွက်နေသည်။ အောက်စဘက်၌လည်း သွေးများ ပေနေခဲ့သည်။ သို့သော် ၎င်းက စုန့်ယီ၏ သွေး ဟုတ်ပုံမရပေ။

လင်းမိန်ဟွေ့ သုံးကြိမ်တိုင်တိုင် လှည့်ပတ်ကြည့်ရှုပြီး စုန့်ယီမှာ ပြင်ပဒဏ်ရာ အနည်းငယ်သာ ရရှိသည်ကို သေချာသွားခဲ့ရပြီး ထိုအချိန်မှသာ စိတ်သက်သာရာရသွားသည်။

ဤတစ်ကြိမ် စုန့်ယီ ဒုက္ခရောက်သည်မှာ သူမကြောင့် ဖြစ်ကြောင်းကို သိနေခဲ့သည်။ ထို့ကြောင့် မည်သည့်စကားကိုမှ ထပ်မံပြောဆိုတော့ပေ။

မျက်လုံးများကသာ နီရဲပြီး စုန့်ယီ၏ အင်္ကျီကို ချွတ်၍ သေချာလျှော်ဖွပ်ကာ အဝတ်လှန်းကြိုးပေါ် တင်လိုက်သည်။ အစအဆုံး လင်းမိန်ဟွေ့က မည်သည့် အရာမှ ထပ်မံပြောဆိုခြင်း မရှိဘဲ တိတ်ဆိတ်နေခဲ့သည်။

စုန့်ယီက လင်းမိန်ဟွေ့ သူ့ကို စိုးရိမ်နေမှန်း သိသည်။ ထို့ကြောင့် သူ လင်းမိန်ဟွေ့၏ နောက်ဘက်သို့ သွား၍ မတ်တပ်ရပ်လိုက်သည်။

“မိန်ဟွေ့၊ ကိုယ် အဆင်ပြေပါတယ်၊ အဲဒီလူတွေက ကျိုးကြောင်းညီညွတ်မှု မရှိဘူး၊ ဒါကြောင့် ကိုယ် အခုလို လုပ်ရပ်နှင့် အရေးယူဖို့ကလွဲလို့ တခြားရွေးစရာ မရှိဘူး...”

လင်းမိန်ဟွေ့က ခြံထဲ၌ ငေးကြောင်ကာ ထိုင်လိုက်ရင်း သက်ပြင်းချလိုက်မိသည်။

မှောင်မည်းနေသည့်သည့် ညအချိန်ကာလတွင် လင်းမိန်ဟွေ့တစ်ယောက် အဝေးမှ နက်ပြာရင့်ရောင် ကောင်းကင်ကို ကြည့်နေမိသည်။

ယခင်ဘဝက ဖြစ်ခဲ့သည့် အရာအားလုံးက မည်းမှောင်သည့် တိမ်တိုက်ကြီးနှယ် သူမကို အသက်ရှူကျပ်စေသည်။

ဤဘဝတွင်မူ အခြားရွေးချယ်မှုကို ပြုလုပ်ကာ ကျန်းကျစ်ကုန်းနှင့် ပတ်သက်မှု မရှိတော့ဟု သူမ မူလက ထင်ထားခဲ့သည်။

မထင်မှတ်ဘဲ ရက်အနည်းငယ်အတွင်း၌ပင် စုန့်ယီနှင့် ကျန်းကျစ်ကုန်းတို့အကြား၌ ပဋိပက္ခ ဖြစ်ပွားခဲ့ပြီ။

ကျန်းကျစ်ကုန်း၏ စရိုက်အရဆိုပါက သူမ၏အကြောင်းကို မကောင်းပြောဆိုမည်မှာ သေချာသည်။

သူမ၏ မိသားစုက ကျန်းမိသားစုထံမှ အိမ်ထောင်ဖက် လက်ဖွဲ့ပစ္စည်း တောင်းခဲ့သည့် အကြောင်းပင် စုန့်ယီကို ပြောပြကောင်း ပြောပြလိမ့်မည်။

သူမ မည်သည့် မျက်နှာဖြင့် စုန့်ယီကို ရင်ဆိုင်ရမည်နည်း။

စုန့်ယီက လင်းမိန်ဟွေ့ဒ ဘေး၌ ထိုင်ချလိုက်ပြီး ခဏတာ တိတ်ဆိတ်နေပြီးမှ ပြောလာသည်။

“နောက်ပိုင်းမှာ မင်း မတရားခံရမယ်ဆိုရင်ရင် တစ်ယောက်တည်း မခံစားနေနဲ့၊ ကျန်းကျစ်ကုန်းက မင်းကို နှိပ်စက်တုန်းက ဘယ်သူမှ ကာကွယ်ပေးမယ့်သူ မရှိခဲ့ဘူး၊ ကိုယ်က ဘယ်လိုလုပ်ပြီး သူ့ လွှတ်ပေးထားနိုင်မှာလဲ ၊

သူက ကိုယ့်ကို ပြောခဲ့တယ်၊ ကိုယ် တစ်ယောက်တည်း သူတို့ဘက်က သုံးယောက်နဲ့ တိုက်ခိုက်ပြီး အနိုင်ရရင် မင်းကို စီးပွားရေး ကောင်းကောင်း လုပ်ခိုင်းမယ်လို့ ပြောခဲ့တယ်...”

လင်းမိန်ဟွေ့ တစ်ဖက်လူဖက်သို့ ခေါင်းလှည့်လိုက်လျှင် သူ၏ မျက်နှာပေါ်မှ ပွန်းပဲ့ရာများကို တွေ့လိုက်ရသည်။

သူမ၏ လည်ချောင်းအတွင်း၌ တစ်ဆို့လာခဲ့ရပြန်သည်။

“ဒါဆို ရှင် အနိုင်ရခဲ့လား၊ ရှုံးခဲ့လား”

စုန့်ယီ ရုတ်တရက် ပြုံးလိုက်သည်။

သူ၏ ဖြူဖွေးသည့် သွားများကိုပင် ဖော်ပြရင်း ရိုးသားဖြောင့်မတ်စွာနှင့် ပြောလာလေ၏။

“သေချာပေါက် အနိုင်ရခဲ့တာပေါ့. အဲဒီကပစ္စည်းတွေကို ဖျက်ဆီးမိတဲ့အတွက် ပိုက်ဆံပေးလျော်ရမှာကို စိုးရိမ်ခဲ့လို့သာ မဟုတ်ရင် ဟိုးအစောကြီးကတည်းက သူတို့ကို အလဲထိုးလိုက်ပြီ”

ဤဖြစ်ရပ်များက လင်းမိန်ဟွေ့အား သူမ၏ ယခင်ဘဝက အခြေအနေများနှင့် ကျန်းကျစ်ကုန်း၏ ရက်စက်ကြမ်းကြုတ်မှုကို ပြန်ပြောင်းသတိရစေခဲ့ပြီး စုန့်ယီအတွက် စိုးရိမ်ပူပန်စေခဲ့သည်။

စုန့်ယီ၏ နာကျင်မှုများကို မြင်ပြီးနောက်တွင် သူမ၏ နှလုံးသားထဲမှ အတွင်းမှ ချစ်ခင်တွယ်တာမှုများလည်း ပိုမို ခိုင်မာလာခဲ့ပုံပင်။

All Chapters