အခန်း (၄၃-၄၄)
Vol. 5 Ch. 43-44
၄၃
~
" ဖောင်း..."
လှံရှည် အရိပ်ကို မှုန်ပြပြသာ မြင်လိုက်ရ၏ ။ လက်နှစ်ဖက်ကိုင်တူကြီး ကိုင်ဆောင်ထားသော အစောင့်မှာ အဝေးသို့ လွင့်ထွက်သွားသည် ။ ခြံဝင်းအတွင်းရှိ ရေတွင်းနံရံကို ဝင်တိုက်ကာ ရေတွင်းနံရံတွင် အက်ကြောင်းများ ပေါ်လာ၏ ။ ထိုလူက သွေးအန်ကာ မြေပြင်ပေါ်သို့ လဲကျသွားပြီး ငြိမ်သက်သွားသည် ။
" တစ်.. "
ချောင်မူက ခပ်တိုးတိုး ရေတွက်လိုက်သည် ။ သူ ကျွမ်းကျင်သည့် လှံသိုင်းမှာ တစ်ခုတည်းသာရှိ၏ ။ စစ်ဘက်လှံသိုင်းမှာ သိုင်းလောကသားများ အသုံးပြုရန်အတွက် မဟုတ်ဘဲ စစ်မြေပြင်တွင် ရန်သူကို သတ်ရန် အကောင်းဆုံးနည်းလမ်းများ ဖြစ်သည် ။
ရှေးခေတ် တိုက်ပွဲများတွင် ရှောင်တိမ်းရန် နေရာမရှိသဖြင့် ဤလှံသိုင်းကွက်တွင် ခုခံကာကွယ်သည့် လှုပ်ရှားကွက်မရှိ ။ စစ်မြေပြင်တွင် စစ်သည်အချင်းချင်း နောက်ကျောအား ကာကွယ်ပေးနိုင်သော်လည်း ယခု ချောင်မူက တစ်ယောက်တည်းဖြစ်နေ၍ သူ့နောက်ကျောက ဟာကွက် ဖြစ်နေသည် ။
" ဖုန်း..."
အဆင့် ၉ သိုင်းပညာရှင် တစ်ယောက်၏ တုတ်က ချောင်မူ၏ ကျောကို ရိုက်မိသွားသည် ။
ချောင်မူ အနည်းငယ် တုန်ရီသွားသော်လည်း လဲမကျ ။
" ဒီလူက ခန္ဓာကိုယ်သိုင်းတွေလည်း လေ့ကျင့်ထားတာလား.. "
လူတစ်ယောက်က အံ့သြတကြီး အော်လိုက်၏ ။
ချောင်မူသည် အဆင့် ၈ သိုင်းပညာရှင် ဖြစ်သည့်အပြင် သံချပ်ဝတ် သိုင်းကိုပါ လေ့ကျင့်ထား၍ သူ၏ ခန္ဓာကိုယ်က ကျောက်တုံးလို မာကျောနေသည် ။
သူ ငြိမ်ငြိမ်လေးရပ်၍ အရိုက်ခံလျှင်ပင် အဆင့် ၉ သိုင်းပညာရှင် တစ်ယောက်က သူ၏ ခုခံအားကို ထိုးဖောက်နိုင်ရန် မလွယ်ပေ ။
" ဒုတိယ တစ်ယောက်.. "
ချောင်မူက အတွင်းအား အသုံးပြုလိုက်ပြီး လှံရှည်ကို နောက်ပြန် ဝှေ့ယမ်းလိုက်လျှင် တုတ်ကိုင်ထားသော အစေခံမှာ လွင့်ထွက်သွားကာ ခြံဝင်းနံရံကို တိုက်မိသွားပြီး နံရံ ပြိုကျသွားသည် ။
ချောင်မူက သူသတ်လိုက်သော အရေအတွက်ကို ရေတွက်နေခြင်းမဟုတ် ။ အခေါင်းထမ်းလာသည့် အစေခံများကို ရေတွက် သတ်ဖြတ်နေခြင်းဖြစ်သည် ။
ထိုနေ့က သခင်လေးကုံး၏ နောက်တွင် အစေခံ ခုနှစ်ယောက် ပါလာခဲ့ပြီး နှစ်ယောက်က အခေါင်းထမ်းလာခြင်းဖြစ်သည် ။ ထိုအစေခံများထဲတွင် အဆင့် ၉ သိုင်းပညာရှင် တစ်ယောက်နှစ်ယောက်ခန့်သာရှိ၏ ။
သခင်လေးကုံးသည် အရပ်ရှည်ပြီး ကိုယ်ခန္ဓာကြံ့ခိုင်၍ ရုပ်ရည်သန့်ပြန့်သူများကိုသာ အနီးကပ် အစေခံအဖြစ် လက်ခံခြင်းပင် ။
ချောင်မူက ရန်သူများကို တိုက်ခိုက်ရင်း ကုံးယန်ဆီသို့ တစ်လှမ်းခြင်း ရှေ့တိုးလာသည် ။ သို့ရာတွင် သူ၏ ပစ်မှတ်မှာ ကုံးယန်မဟုတ် ။ ထိုနေ့က အစေခံများကို ရှာနေခြင်းဖြစ်သည် ။
ပြိုကျသွားသော နံရံအပေါက်တွင် ယန်မြို့စောင့် တပ်သားများ ရောက်ရှိနေကြပြီး တိုက်ပွဲဝင်ရန် အသင့်ပြင်ထားကြသည် ။
သူတို့က ချက်ချင်းဝင်၍ တိုက်ခိုက်မည်မဟုတ်ပေ ။
' မြို့စောင့်တပ်က ဝိုင်းထားပြီးသားဆိုတော့ ချောင်လင်း မလွတ်တော့ဘူး.. '
ကုံးယန် တွေးလိုက်သည် ။
' သူ ဘယ်သူမှ မသိဘဲ ..ဒီအထိ ရောက်လာတာ တစ်ယောက်ယောက်က အကူအညီ ပေးလို့ပဲ ဖြစ်ရမယ်.. '
အတွင်းခြံက သိပ်မကျယ်သဖြင့် မြို့စောင့်တပ်များ ဝင်ရန် နေရာ မရှိပေ ။ အိမ်တော်အစောင့်များဖြင့်ပင် ချောင်မူလက်ပန်းကြသည်အထိ တိုက်ခိုက်နိုင်၍ မြို့စောင့်တပ်အား တိုက်ခိုက်ရန်အတွက် မလိုအပ် ။ သူတို့၏ တာဝန်မှာ ချောင်မူ ထွက်မပြေးစေရန် အတွက်သာ ဖြစ်သည် ။
အိမ်တော် အနီးရှိ သာမန်လူများလည်း စပ်စုချင်စိတ်ဖြင့် စူးစမ်းနေကြသည် ။ ဤမျှ ကြီးကျယ်သည်အထိ ဖြစ်ပျက်သွား၍ လူများ စုရုံးနေကြသည် ။
ကုံးယန်က အစောင့်များ၏ နောက်ကွယ်တွင် ရပ်နေသည် ။ သူဝင်၍ မတိုက်ခိုက်သလို စကားလည်း မပြော ။တိတ်တဆိတ်သာ ကြည့်နေ၏ ။
" သုံး...လေး...ငါး...ခြောက်..."
ခြောက်ယောက်မြောက်ကို ချောင်မူ သတ်ပြီးနောက် သက်ပြင်းချလိုက်၏ ။ ဤအစေခံများအား သတ်ရန် မခက်သော်လည်း လူရာဂဏန်းကြား ရှာရသည်မှာ မလွယ်လှချေ ။ နောက်ဆုံးတစ်ယောက်သာ ကျန်တော့သော်လည်း သူရှာမတွေ့ သဖြင့် ကုံးယန်ဆီသို့သာ ဆက်တိုးသွားသည် ။
အချိန်ကြာလာသည်နှင့် ချောင်မူ၏ အတွင်းအား လျော့နည်းလာသည် ။ သံချပ်ဝတ်သိုင်းမှာ ဓားများအား လုံးဝမတားဆီးနိုင်၍ သူ့ခန္ဓာကိုယ်တွင် ဓားဒဏ်ရာများစွာ ရရှိနေပြီဖြစ်သည် ။ သူ သွားရာလမ်းတစ်လျောက် သွေးလမ်းကြောင်းကြီး ပေါ်နေ၏ ။
ချောင်မူ ကုံးယန်နှင့် ခြေဆယ်လှမ်းအကွာသို့ ရောက်လျှင် ဓားရှည်ကိုင်ထားသော ကျိုးဝမ် ပေါ်လာသည် ။
ကျိုးဝမ်သည် ကုံးယန်၏ လက်အောက်ရှိ အသန်မာဆုံးဖြစ်ပြီး ယခုမှသာ ရှေ့သို့ ထွက်လာခဲ့ခြင်းပင် ။ သို့သော်လည်း ကျိုးဝမ်က ချက်ချင်းဝင်၍ မတိုက်ခိုက်ဘဲ ဘေးမှသာ ရပ်ကြည့်နေသည် ။ ယခု ချောင်မူ အားနည်းနေသည့် အချိန်မှသာ ရှေ့တိုးလာခဲ့၏ ။
ချောင်မူက တိုက်ခိုက်ရန် အသင့်ပြင်လိုက်၏ ။ သူ မကြောက် ။ သူ အဆင့် ၇ တစ်ယောက်အား သတ်ခဲ့ပြီးဖြစ်သည် ။
ကျိုးဝမ်နှင့် ချောင်မူကြားရှိ အတွင်းအား ကွာခြားချက်ကို ကောင်းကင်နတ်ဆိုးပြိုကွဲခြင်း သိုင်းဖြင့် ဖားထေးနိုင်မည် မဟုတ်ပေ ။ သို့ရာတွင် တိုက်ပွဲတစ်ပွဲ၏ အနိုင်အရှုံးကို အတွင်းအားသာမက ရဲရင့်မှုနှင့်လည်း သက်ဆိုင်သည် ။
နှစ်ယောက်သား ထိပ်တိုက် တွေ့ဆုံကြလေသည် ။
ချောင်မူ လက်ထဲမှ လက်ရှည်က တောက်ပနေပြီး ခုခံကာကွယ်မှု မရှိဘဲ ကျိုးဝမ်၏ အားနည်းချက်များကိုသာ ရွေးချယ်တိုက်ခိုက်လိုက်သည် ။
" ဝှီး..ချွမ်.. ရွှပ်.. "
ချောင်မူက လှံရှည်ဖြင့် ရိုက်လိုက်သည် ။ ကျိုးဝမ်က လှံရှည်ကို ဓားဖြင့် ဖယ်ထုတ်လိုက်ပြီး ကိုယ်ကိုယိမ်းကာ ချောင်မူ၏ ခါးကို ဓားဖြင့် ခုတ်လိုက်၏ ။
ကျိုးဝမ်၏ ဓားက ချောင်မူ၏ ခါးတွင် စိုက်ဝင်သွားသည် ။ ကျိုးဝမ်က ဒဏ်ရာပိုနက်စေရန် အတွင်းအား အသုံးပြုရန် ပြင်လိုက်သော်လည်း ချောင်မူက ဒဏ်ရာကို ဂရုမစိုက်ဘဲ ကျိုးဝမ်၏ လည်ပင်းကို လှံဖြင့် ထိုးလိုက်၏ ။
ကျိုးဝမ်က လန့်ဖြန့်သွားပြီး ချက်ချင်း အတွင်းအား ထုတ်သုံးလိုက်ကာ ခုခံရန် ဓားကို အမြန်ဆွဲထုတ်လိုက်ရသည် ။
" ဖောင်း.. "
ကျိုးဝမ် နောက်သို့ ခြေနှစ်လှမ်း ဆုတ်လိုက်ရ၏ ။ သူကိုင်ထားသော ဓားတွင် အက်ကွဲကြောင်းတစ်ခုပေါ်လာသည် ။ သူ၏ လက်ကောက်ဝတ် တွင် တဆစ်ဆစ်နာကျင်နေပြီး ဓားအား ဆုပ်ကိုင်မထားနိုင်တော့ချေ ။
' ငါ့ဓားလည်း အက်သွားပြီ.. ငါလည်း ဒဏ်ရာ ရနေပြီ.. ငါက ဓားသိုင်းပဲ ကျွမ်းတာဆိုတော့ ..ငါ့ခွန်အားက တဝက်လောက် လျော့သွားပြီပဲ.. '
ကျိုးဝမ်၏ ဤသည်ကို တွေးပြီး မရည်ရွယ်ဟန်ဖြင့် ဘေးသို့ ရှောင်လိုက်၏ ။
ချောင်မူက သူ့အား ဖြတ်ကျော်ပြီး ကုံးယန်ဆီသို့ ဦးတည်သွားသည် ။
ကုံးယန်၏ အဓိက လူယုံမှာ အားဖူဖြစ်ပြီး ကျိုးဝမ်မှာ အခကြေးငွေနှင့် ငှားထားသော သိုင်းပညာရှင် တစ်ယောက်သာ ဖြစ်သည် ။ ထို့ကြောင့် ကျိုးဝမ်က အသေခံတိုက်ခိုက်မည် မဟုတ် ။ ခွန်အား အကြီးဆုံး ကုံးယန်ပင် ဘေးသို့ ထွက်နေလျှင် သူ မည်သည့်အတွက်ကြောင့် အသက်စွန့်ရပါမည်နည်း ။
" ဟူး..."
တစ်ကိုယ်လုံး သွေးများဖုံးလွှမ်းနေသည့် ချောင်မူက အသက်ပြင်းပြင်း ရှူလိုက်ပြီး မှုတ်ထုတ်လိုက်၏ ။
ယခု ချောင်မူသည် အားအနည်းဆုံး အခြေအနေတွင် ရှိနေပြီး ယဲ့ယဲ့သာကျန်တော့သည် ။ သို့သော်လည်း သူ၏ နေက်ဆုံး တိုက်ခိုက်မှုကို ကြောက်၍ မည်သူမှ အနားမကပ်ရဲတော့ချေ ။ ကုံးယန် ကိုယ်တိုင် ဝင်မတိုက်သဖြင့် သူတို့ပို၍ ထိတ်လန့်နေကြသည် ။
ယခု အခါတွင် ချောင်မူသည် ကုန်းယန်နှင့် ခြေလှမ်းအနည်းငယ်သာ ဝေးတော့၏ ။
ဘေး၌ ရပ်ကြည့်နေသော ကုံးယန်၏ မျက်နှာထက်တွင် စိုးရိမ်မှု အရိပ်အယောင် အနည်းငယ် ပေါ်လွင်လာသည် ။
၄၄
~
ယခုအချိန်တွင် ချောင်မူသည် ကုံးယန်နှင့် ခြေလှမ်းအနည်းငယ်သာ ကွာဝေးတော့သော်လည်း ခွန်အား ကုန်ခမ်း နေလေပြီ ။
ကောင်းကင်နတ်ဆိုးပြိုကွဲခြင်းသိုင်းမှာ အလွန်အစွမ်းထက်သော်လည်း ကြာရှည်သုံးလျှင် ဘေးထွက်ဆိုးကျိုး ပြင်းထန်လှသည် ။ ယခု ချောင်မူ၏ တစ်ကိုယ်လုံး သွေးများဖြင့် ရဲရဲနီနေ၏ ။ အတွင်းအားလည်း ကုန်ဆုံးလုနီးပါး ပင် ။ သူ၏ နောက်ဆုံးအချိန်သို့ ရောက်ရှိနေကြောင်း သူသိလိုက်သည် ။
' နောက်ဆုံး အကုန်အောရမယ်.. '
ချောင်မူသည် တပ်မှူးကြီးချူးအား လှံဖြင့်ပစ်ခဲ့ပုံကို သတိရသွား၏ ။ ယခု ရှေ့ဆက်တိုးရန် အားမရှိတော့၍ လှံဖြင့် ပစ်ရန် ဆုံးဖြတ်လိုက်တော့၏ ။
' ဒါ ငါ့အတွက် နောက်ဆုံး ပဲ.. '
ချောင်မူက လှံကို ပစ်ရန် အားယူလိုက်၏ ။ မှေးမိန်နေသော သွေးနီရောင် အရှိန်အဝါက တဖန်ပြန်၍ တောက်ပလာသည် ။
" ချောင်လင်း ..သူရဲ့ နောက်ဆုံးခွန်အားကိုသုံးနေပြီ သတိထားကြဟေ့ .."
ဝိုင်းရံထားသော အစောင့်များ နောက်သို့ ဆုတ်သွားကြ၏ ။ မည်သူမှ အချောင်မသေချင်ကြ ။
ကုံးယန် မျက်နှာပျက်သွား၏ ။ ယခု ချောင်မူ၏ ပစ်မှတ်က သူသာလျှင် အဖြစ်နိုင်ဆုံးပင် ။
အစောင့်များ နောက်သို့ဆုတ်သွားသဖြင့် မြင်ကွင်းပိုရှင်းလာသည် ။
ချောင်မူက လှံကို ပစ်လွှတ်ရန် ပြင်လိုက်စဥ် သူ၏ မျက်လုံးထောင့်မှ အစောင့်များ၏ နောက်ရှိ အစေခံတစ်ဦးကို မြင်လိုက်ရသည် ။
' ဒါ ခုနှစ်ယောက်မြောက်အစေခံပဲ.. '
အစေခံသည် သန်မာသော်လည်း သေရမည်ကို ကြောက်သဖြင့် အစောင့်များ၏ နောက်တွင်နေ၍ အယောင်ပြ တိုက်ခိုက်နေခြင်းဖြစ်သည် ။ အစောင့်များသာ နောက်မဆုတ်လျှင် သူ့အား ချောင်မူ မြင်သွားမည်မဟုတ် ။
' ငါ မင်းကို နောက်ဆုံးတော့ တွေ့ပြီ..'
' နောက်ဆုံးခွန်အား တစ်ချက်စာ ကျန်သေးတာ တော်သေးတယ်.. '
ချောင်မူက ကုံးယန်အား ချိန်ထားသော လက်ထဲမှလှံကို ထိုအစေခံဆီသို့ ပစ်ပေါက်လိုက်၏ ။
" ဝှီး... ဒုတ်.."
လှံရှည်က မြားတစ်စင်းအသွင် လေထဲတွင် ပျံသန်းသွားပြီး စူးရှသည့် အသံထွက်ပေါ်လာ၏ ။ ပြန့်ကျဲနေသော အစောင့်များကြားထဲမှ ပျံသန်းသွားပြီး အစေခံ၏ လည်ပင်းကို စိုက်ဝင်သွားကာ နံရံတွင် ချိတ်ဆွဲထားသည် ။
ထို အစေခံ၏ မျက်လုံးများက ပြူးကျယ်နေပြီး ဖြစ်ပျက်သမျှကို မယုံနိုင်လိုက် ။ မည်သည့်အတွက်ကြောင့် သာမန်အစေခံတစ်ဦးအား ပစ်မှတ်ထားရပါသနည်း ။
' ဘာလို့ ငါလဲ.. '
သို့ရာတွင် နားမလည်နိုင်သူမှာ သူ တင်မဟုတ်ချေ ။ အကုန်လုံးက အံ့သြနေ၏ ။ ပစ်မှတ်လွဲသွားသည်လော ။ ဤသည်က မယုံနိုင်စရာ ကောင်းလှသည် ။
ချောင်မူ စိတ်ကျေနပ်သွား၏ ။ သူ၏ ခွန်အား ကုန်းဆုံးသွားသဖြင့် တစ်ကိုယ်လုံး တုန်ရီနေသည် ။ ကောင်းကင်နတ်ဆိုးပြိုကွဲခြင်းသိုင်းကြောင့် သွေးဆုံးရှုံးမှု အလွန်များသဖြင့် ပင်ပန်းနွမ်းနယ်မှုက သူ့ကို လွှမ်းမိုးလာသည် ။
ကုံးယန်နှင့် အစောင့်များ၏ အံ့အားသင့်နေသည့် အကြည့်အောက်တွင် ချောင်မူသည် ကျေနပ်အားရစွာ ရယ်မောလိုက်၏ ။ သူ၏ နောက်ဆုံးအချိန်တွင် အသက်လေးဆယ်ကျော်အရွယ် အဘိုးကြီးဟွမ်၏ မျက်နှာကို အမှတ်မထင် တွေးလိုက်မိ၍ ရယ်လိုက်မိခြင်းပင် ။
ချောင်မူသည် ချောင်လင်းအမည်ဖြင့် ပြန်ရောက်လာသောအခါ ဆာလောင်နေသော တစ္ဆေတစ်ယောက်သဖွယ် လုစားနေသည့် အဘိုးကြီးဟွမ်ကို မြင်ခဲ့ရ၏ ။
ချောင်လင်းအဖြစ် ပြန်လာသည်ဖြစ်၍ အဘိုးကြီးဟွမ်အား ရင်နှီးကျွမ်းဝင်မှု မပြခဲ့သော်လည်း ဤလုပ်ရက်အား နှလုံးသားအတွင်းမှပင် ကျေးဇူးတင်မိလေသည် ။
ထို့ကြောင့် ကျေးဇူးတရားကို ပြန်ဆပ်နိုင်ရန် ထိုနေ့က မျက်မြင်အားလုံးအား ရှင်းလင်းခဲ့သည် ။
အားဖူ ၊ သခင်လေးကုံး နှင့် အစေခံ ခုနှစ်ယောက် ။ အားလုံး သေဆုံးကြလေပြီ ။ အဝါရောင်သွားများရှိသည့် ရဲရင့်သည့် တပ်သားအိုကြီးတစ်ယောက်အကြောင်းကို သိသူမရှိတော့ပေ ။
ချောင်မူက ကျေနပ်အားရစွာဖြင့်...
" သူရဲကောင်းတို့၏ စိတ်ဝိညာဥ်ကား မိုင်ထောင်ချီ လေအဟုန်လို ပျံသန်းသွားသည်..ဟားဟားဟား.. "
ယခု ချောင်မူတွင် လက်နက် မရှိတော့ ။ သူ့ခန္ဓာကိုယ်မှ စီးကျလာသော သွေးများက နေရောင်အောက်တွင် တလက်လက် တောက်ပနေသည် ။
' အဘိုးကြီးဟွမ်.. ငါ ချောင်မူက ထာဝရအသက် ရှိတဲ့သူဆိုတော့ ဒီဘဝမှာ ဘယ်သူမှ ငါ့အတွက် သေဆုံးခွင့် မပေးနိုင်ဘူး.. '
' ဘယ်သူမှ ငါနဲ့ လာလုမသေရဘူး.. '
' ငါ ဒီဘဝမှာ စိတ်လွတ်ကိုလွတ် နေမယ်.. '
" အခု မင်းတို့ ငါ့ကို သတ်လို့ရပြီ.."
ချောင်မူက လေးလံနေသော မျက်ခွံများကို ကျိုးစားဖွင့်ပြီး ပြောလိုက်၏ ။ ထို့နောက် သေခြင်းတရားအား မျက်လုံးမှိတ်ပြီး စောင့်နေလိုက်တော့သည် ။
ကုံးယန်က လှောင်ပြောင်သော အသံဖြင့်..
" သေချင်တာလား.. မင်း ဒီလောက်လွယ်လွယ်နဲ့ သေလို့ရမယ်ထင်နေတာလား.. "
သူ ချောင်မူနှင့် ဝေးဝေးနေခဲ့သော်လည်း ယခုအခါတွင်မူ ချောင်မူ၏ အနားသို့ တလှမ်းခြင်းတိုးလာပြီး...
" ချောင်လင်း.. မင်းသေပြီးရင် မင်းရဲ့ ခန္ဓာကိုယ်ကို မြို့ဝင်တံခါးမှာ ဆယ်ရက်လောက် ချိတ်ထားမယ်လို့ ငါကျိန်တယ်.. "
ကုံးယန် ထိုစကားကို ပြောလိုက်သည်နှင့် ချောင်မူ၏ မျက်လုံးများ ရုတ်တရက် ပြန်ပွင့်လာ၏ ။
ရှေ့တိုးလာနေသော အစောင့်များ နောက်သို့ ခြေနှစ်လှမ်းဆုတ်မိသွားသလို ကုံးယန်လည်း ရပ်တန့်လိုက်သည် ။
' သောက်ခွေး မေ့တော့မလို့.. ငါ့ခန္ဓာကိုယ်ကို အကောင်းအတိုင်း ထားခဲ့လို့ မရဘူးလေ.. '
ချောင်မူ တွေးလိုက်သည် ။ ထို့နောက် သူ၏ လက်ကျန် အသက်အဆီအနှစ် အားလုံးကို အသုံးပြု၍ ကောင်းကင်နတ်ဆိုးပြိုကွဲခြင်းသိုင်းကို ထုတ်သုံးလိုက်ပြီး အမြန်ဆုံးနှုန်းဖြင့် ပြေးတော့၏ ။
" ဒီကောင် ပြေးတော့မယ် အားလုံး တားကြစမ်း.. "
ကုံးယန်က အမိန့်ပေးလိုက်သည် ။
မြို့စောင့်တပ်သားများက ပြိုကျနေသော နေရာတွင် ခံစစ်ပြင်ထား၏ ။
သို့သော်လည်း ချောင်မူက ထွက်ပြေးရမည့်အစား ရေတွင်းဆီသို့ ဦးတည်ပြီး ခေါင်းနှင့် ဝင်တိုက်လိုက်သည် ။
ရေတွင်းက အက်ကွဲကြောင်းများ ပြည့်နေသဖြင့် ချောင်မူခေါင်းကွဲ သွားပြီး အုတ်အကျိုးအပဲ့များနှင့်အတူ ရေတွင်းထဲသို့ ပြုတ်ကျသွား၏ ။
" ဟာ.. သတ္တိကောင်းလိုက်တာ.. "
" ဒီလူ ချောင်မူရဲ့ အကိုဖြစ်နေတာမဆန်းဘူး .. ချောင်မူထက်တောင် ရဲရင့်သေးတယ်.. "
အစောင့်များ အံ့သြသွားကြသည် ။
ချောင်မူ၏ ရဲရင့်မှုကြောင့် ရန်သူများပင် လေးစားမိသွား၏ ။
ခေါင်မိုးပေါ်တွင် ချောင်းကြည့်နေသည့် ကျန်ချန်သည် တုန်လှုပ်သွားမိလေသည် ။ ချောင်မူသည် သူ့အတွက်ကြောင့် ဝမ်းနည်းဖွယ် သေဆုံးခဲ့ရ၏ ။ ယခု ချောင်မူ၏ အကိုချောင်လင်းသည်ပင် သေခဲ့ရလေပြီ ။ သူ ချောင်ညီအကို နှစ်ယောက်လုံးကို မြင်တွေ့ခဲ့ရပြီး အများအတွက် ကိုယ်ကျိုးစွန့်မှုနှင့် မြင့်မြတ်သည့် စိတ်ထားကို မြင်တွေ့ခဲ့ရသည် ။
" သူရဲကောင်းဆိုတာ သေခြင်းတရားနဲ့ ရင်ဆိုင်ရရင်တောင် ဟားတိုက်ရယ်မောနိုင်တာပါလား.. "
" ဒါ ချောင်လင်းနဲ့ ချောင်မူရဲ့ ယုံကြည်ချက်လား.. "
သူ၏ နှလုံးသားအတွင်းမှပင် ပြင်းထန်သည့် စူးစမ်းလိုစိတ် ဖြစ်ပေါ်လာသည် ။ မည်သည့် မိသားစုမျိုးက သေခြင်းတရားအား ဆောင်ပုဒ်အဖြစ် လက်ကိုင်ထားပါသနည်း ။ အသက်ထက် သစ္စာစောင့်သိသည့် ညီအကိုနှစ်ဦးကို မည်သို့ မိသားစုမျိုးမှ မွေးထုတ်ပေးနိုင်ပါသနည်း ။