← Chapters

အခန်း (၂၅-၂၆)

Vol. 3 Ch. 25-26

အခန်း (၂၅-၂၆)

Vol. 3 Ch. 25-26

အခန်း25: ဇနီးမောင်နှံက အချင်းချင်း ချစ်မြတ်နိုး၍...

လင်းမိန်ဟွေ့ ခါးသက်စွာ ပြုံးလျက် သက်ပြင်းချလိုက်သည်။

“အရင်ဆုံးစားရအောင်”

အိုးအတွင်း၌ နီညိုရောင် ပြောင်းဖူးဆန်ပြုတ်က မွှေးကြိုင်စွာ ဆူပွက်နေခဲ့သည်။ ပန်ကိတ်အနည်းငယ်လည်း ကျန်ရှိနေသေးပြီး ယခု မစားသေးလျှင် ပျက်စီးမည်ကို စိုးရိမ်ရသည်။

လင်းမိန်ဟွေ့က ပန်ကိတ်ကို စားနေခဲ့သော်လည်း ယနေ့ စုန့်ယီနှင့် ကျန်းကျစ်ကုန်းတို့၏ ပဋိပက္ခအကြောင်းကိုသာ တွေးတောနေသည်။

ကျန်းကျစ်ကုန်းမှ စုန့်ယီ တိုက်ပွဲတွင် အနိုင်ရလျှင် ယခင်ကိစ္စများကို ဆက်လက်မလိုက်တော့ဘဲ လုပ်ငန်းကို ကောင်းမွန်စွာ လုပ်ဆောင်စေမည်ဟု ပြောဆိုခဲ့သည်အတွက်ကတော့ သူမ လုံးဝမယုံကြည်ပါချေ။

ကျန်းကျစ်ကုန်းသည်က သူ၏ ဘဝတစ်လျှောက်လုံး၌ စီးပွားရေးလုပ်ဆောင်ရာတွင် သူ၏ ပြိုင်ဘက်များနှင့် မကြာခဏ ထိပ်တိုက်တွေ့ခဲ့သည်။

သူက သူ၏ မိသားစု ချမ်းသာသည်ကို အခွင့်ကောင်းယူကာ ပြိုင်ဘက်များကို ပြင်းထန်သော နည်းလမ်းများဖြင့် ဖိနှိပ်လေ့ရှိသည်။

ဈေးများ ဖြတ်ချ၍ ဒုက္ခပေးတတ်သည်။ သူက ပြိုင်ဘက်များကို ဖယ်ထုတ်ကာ လုပ်ငန်းများ ပိတ်သွားအောင် လုပ်ပြီးမှသာ လွှတ်ပေးလေ့ရှိသည်။

တစ်ကြိမ်တွင် လူငယ်တစ်ယောက်က လမ်းမေးကြည့်ရုံသာ ရှိသေးသော်လည်း ကျန်းကျစ်ကုန်းက သူ၏ လူများကို မှောင်ရိပ်ခိုကာ ထိုလူ၏ ခြေထောက်များကို ရိုက်ချိုး၍ ရေမြောင်းအတွင်း ပစ်ချစေခဲ့သည်။

ကံကောင်းစွာဖြင့် လူကောင်းတစ်ယောက်က ရှာဖွေတွေ့ရှိကာ ဆေးရုံသို့ ပို့ဆောင်ခဲ့၍သာ အသက်ရှင်ခဲ့ရသည်။ မဟုတ်ခဲ့လျှင် ထိုလူသည်က စကားတစ်ခွန်းကြောင့် အသက်ပင် ဆုံးရှုံးသွားမည်ဖြစ်သည်။

အတိုချုပ်အားဖြင့် မြို့အတွင်း၌ ကျန်းကျစ်ကုန်းကို စော်ကားသော မည်သူမဆို ကျားပါးစပ်မှ ဆံပင်ဆွဲထုတ်ရသကဲ့သို့ ဖြစ်ကာ အသက်ရှင်လိုစိတ်ပင် ပျောက်သွားနိုင်သည်ဟု ကောလာဟလများ ထွက်နေခဲ့သည်။

တကယ်တမ်းလည်း ဤသို့ပင်ဖြစ်သည်။

အတိတ်ဘဝတွင် လင်းမိန်ဟွေ့က ထိုလုပ်ရပ်များကို ကိုယ်တိုင် မြင်တွေ့ခဲ့ရမှုများ ရှိသကဲ့သို့ သူတပါးထံမှ ကြားခဲ့ရသည်လည်း များစွာရှိခဲ့သည်။

ကျန်းကျစ်ကုန်းဆိုသည့်လူက လက်လျှော့လိမ့်မည်မဟုတ်ဘဲ ပိုမို၍ အရှိန်အဟုန်မြှင့်ကာ လုပ်ဆောင်လာမည်ကို လင်းမိန်ဟွေ့ ကောင်းစွာ သိသည်။

“မိန်ဟွေ့၊ ဆန်ပြုတ်အေးနေပြီ၊ မြန်မြန်သောက်လိုက်ပါဦး”

စုန့်ယီက လင်းမိန်ဟွေ့ကို အမြန်စားရန် တိုက်တွန်းလိုက်သည်။

လင်းမိန်ဟွေ့တစ်ယောက် တစ်ဖက်လူ၏ စကားကြောင့် သတိပြန်ဝင်လာကာ ညင်သာစွာ ပြောဆိုလိုက်သည် ။

“အစ်ကိုစုန့်ယီ၊ ကျွန်မတို့ သစ်သီးယိုတွေ ဆက်မရောင်းတော့ဘူး၊ တခြားစီးပွားရေးပဲ လုပ်ကြရအောင်၊ ကျွန်မတို့ ကြိုးစားရင် ပိုက်ဆံရှာနိုင်မှာပါ။”

စုန့်ယီတစ်ယောက် အံ့အားသင့်သွားပြီး ထောင့်၌ရှိသော အရောင်တင်ထားသည့် ကြွေအိုးကြီးနှစ်လုံးကို ကြည့်လိုက်သည်။

ထိုကြွေအိုးများကို ဝယ်ယူစဉ်က လင်းမိန်ဟွေ့၏ မျက်လုံးများအတွင်း၌ အလင်းရောင်များ တောက်ပနေခဲ့သည့် ပုံစံကို သူ မှတ်မိနေသေးသည်။ ဤကြွေအိုးများသာ ရှိနေလျှင် သူမက ကောင်းမွန်သောဘဝကို နေထိုင်ရတော့မည်ဟု တွေးတောနေပုံရသည်။

လင်းမိန်ဟွေ့က စီးပွားရေးလုပ်ရသည်ကို ကြိုက်နှစ်သက်ကြောင်း သူသိသည်။ ထို့ကြောင့်သာ သူသည်လည်း ကျန်းကျစ်ကုန်းနှင့် သွားရောက်ရှင်းလင်းခဲ့ခြင်းဖြစ်သည်။

သစ်သီးယိုများ မရောင်းတော့ပါလျှင် သူ၏ အသွားအပြန်ခရီးက အချည်းနှီးဖြစ်သွားပေလိမ့်မည်။

“မိန်ဟွေ့၊ ကိုယ်တို့က တရားဝင်လုပ်ငန်းလုပ်နေတာလေ၊ သူ့ကို ကြောက်လန့်နေစရာ မလိုပါဘူး။ သူ ထပ်ပြီး ဒုက္ခပေးရင် ကိုယ် မင်းနဲ့အတူ တရားစွဲဖို့လုပ်မယ်…”

စုန့်ယီ ဒေါသထွက်လာခဲ့ရသည်။ ကျန်းကျစ်ကုန်းကဲ့သို့သော လူများကို ဖမ်းဆီးသင့်သည်။ မဟုတ်ပါက သူတို့က တခြားလူများအပေါ် ရာစုနှစ်များစွာ ဒုက္ခပေးနေလိမ့်မည်။

လင်းမိန်ဟွေ့သည်လည်း ဤမျှလွယ်ကူစွာ အရှုံးမပေးလိုပါချေ။ သူမ ခဏမျှ စဉ်းစားပြီးသည့်နောက် မြို့သို့ သွားကာ ကျန်းယွေ့ဖန်၏ ခင်ပွန်းဖြစ်သူ အကြီးအကဲကို သွားရောက်ရှာဖွေရန် ဆုံးဖြတ်လိုက်သည်။ သူက ဤကိစ္စကို ကူညီဖြေရှင်းပေးနိုင်ခြင်း ရှိ၊ မရှိ ကြည့်ရဦးမည်။

မည်သို့ပင်ဖြစ်စေ စုန့်ယီ တစ်ဦးတည်းကိာသာ ကျန်းကျစ်ကုန်းနှင့် ရင်ဆိုင်ရန်လွှတ်ထားပေးလိမ့်မည် မဟုတ်ပေ။ သူမသည်လည်း ဤသည်ကို ကျော်ဖြတ်သွားရပေလိမ့်မည်။

စုန့်ယီ ထပ်မံ စိတ်ပူနေမည်ကို မလိုလားသည့်အတွက် လင်းမိန်ဟွေ့ ပြုံး၍ ပြောဆိုလိုက်သည်။

“စီးပွားရေး ဆက်လုပ်ချင်ရင်တော့ ကုန်ကြမ်းတွေ ထပ်ဝယ်ရမယ်၊ မနက်ဖြန် ကျွန်မ မြို့ကို သွားဦးမယ်၊ အစ်ကိုစုန့်ယီ၊ အစ်ကို အိမ်က မုန်ညင်းစေ့တွေကို ကြဲပေးပါဦး…”

“မနက်ဖြန် ကိုယ်လည်း မင်းနဲ့လိုက်ခဲ့မယ်”

“ရှင်က ကျန်းကျစ်ကုန်းနဲ့ ခုမှပဲ ရန်ဖြစ်ထားတာလေ၊ မနက်ဖြန် ရှင်သွားရင် သူက ရှင် ထပ်ပြီး ပြဿနာရှာချင်နေတယ်လို့ ထင်နေလိမ့်မယ်၊ ကျွန်မတစ်ယောက်တည်း သွားတာ ပိုကောင်းမယ်၊ ဘာမှ ဖြစ်မှာမဟုတ်ဘူး”

လင်းမိန်ဟွေ့က အချိန်ကြာမြင့်စွာ ပြောဆိုပြီးသည့်နောက်ဆုံးတွင် စုန့်ယီလည်း လက်ခံသွားပြီး သူမနှင့်အတူ မလိုက်တော့ဟု ပြောဆိုလိုက်သည့်အတွက် လင်းမိန်ဟွေ့တစ်ယောက် သက်ပြင်းချနိုင်ခဲ့သည်။

သူတို့နှစ်ဦး စားသောက်ပြီးသည့်နောက် စုန့်ယီ၏ လက်၌ ဒဏ်ရာတစ်ခုကို လင်းမိန်ဟွေ့ တွေ့ရှိလိုက်သည်။ ထို့ကြောင့် ပန်းကန်များကို သူမကိုယ်တိုင် ဆေးကြောပြီး စုန့်ယီကို ပြောဆိုလိုက်သည်။

“အစ်ကိုစုန့်ယီ၊ ဘေးအိမ်က အန်တီယန်က တကယ်ကိုကောင်းတယ်လို့ ကျွန်မထင်တယ်၊ ဒီနေ့ သူမ အလျင်မလိုဖြစ်နေတာတောင် ကျွန်မဆီကို လာအကြောင်းကြားသေးတယ်၊

ရှင် ပြန်တုန်းကလည်း တော်တော်စိတ်ပူနေတာကို တွေ့လိုက်ရတယ်”

အန်တီယန်၏အကြောင်းကို ပြောဆိုသည်တွင် စုန့်ယီ ခဏတာ အတွေးနက်သွားပြီး အန်တီယန်က သူ့ကို ယခင်က မည်သို့ ဂရုစိုက်ပေးခဲ့သည်ကို လင်းမိန်ဟွေ့ကို ပြန်ပြောပြသည်။

“အဘွား မကျန်းမာတုန်းက ကိုယ်က ထမင်းချက်တတ်သေ့တာ မဟုတ်ဘူးလေ၊ ထမင်းတွေက ချိုလိုက်၊ ငန်လိုက်နဲ့ တခါတလေဆို ရေနွေးနဲ့ ပြုတ်ထားတဲ့ ထမင်းကိုတောင် စားခဲ့ရတယ်၊ ကံကောင်းလို့ အန်တီယန်က ကူညီပေးခဲ့တာ

သူမက အစားအသောက်တွေ မကြာခဏ ပေးသလို ထမင်းချက်နည်းကိုလည်း သင်ပေးခဲ့တယ်၊ ဒါကြောင့်သာ အဘွားလည်း ရေစိမ်ထမင်းကိုပဲ နေ့တိုင်းမစားခဲ့ရတာ”

စုန့်ယီ အတိတ်အကြောင်းများကို ပြောဆိုသည့်အချိန်တွင် သူ၏ မျက်နှာပေါ်၌ ခါးသီးသည့်အပြုံးတစ်ခု ပေါ်လာသည်။

လင်းမိန်ဟွေ့အနေဖြင့် ထိုခံစားချက်မျိုးကို အဘယ်ကြောင့် နားမလည်ဘဲ နေမည်နည်း။ သူမသည်လည်း ဒုက္ခများစွာ ခံခဲ့ရသည့်အတွက် ထပ်တူ ခံစားမိနိုင်ပေသည်။

လင်းမိန်ဟွေ့ အိုးခွက်များကို ဆေးကြောပြီးသွားသည့်နောက် စုန့်ယီကို ပြောလိုက်သည် ။

“ဒါဆိုရင်တော့ ကျွန်မတို့တွေ အန်တီယန်ကို ကောင်းကောင်းကျေးဇူးတင်ရမှာပေါ့၊ နောက်လည်း သူမကို ဒုက္ခပေးရဦးမှာပဲလေ”

စုန့်ယီ ပြုံး၍ ပြောဆိုလိုက်သည်။

“အန်တီယန်ရဲ့ ခင်ပွန်းသည်က အစောပိုင်းနှစ်တွေတုန်းက ကိုယ့်အဖေနဲ့ ခင်မင်ရင်းနီးတဲ့ သတ္တုတွင်းလုပ်သားတစ်ယောက်ပဲ၊ နောက်တော့ အလုပ်မှာ ဒဏ်ရာရပြီး ခြေထောက်တစ်ဖက် ဆုံးရှုံးသွားတော့ အိမ်ပြန်ပြီး လယ်လုပ်နေတာ

မနက်ဖြန် ကိုယ် သူ့အတွက် ဟင်းသီးဟင်းရွက်ခင်းကို ထွန်ယက်ပေးလိုက်မယ်၊ ပြီးရင် ဆောင်းဦးရောက်ရင် ရိတ်သိမ်းတာကိုလည်း ကူညီပေးမယ်…”

လင်းမိန်ဟွေ့သည် စုန့်ယီကို ကြည့်လိုက်သည်။ တစ်ဖက်လူက အဖြူရောင်စွပ်ကျယ်ကိုသာ ဝတ်ထားသည်။ ပခုံးရှိ အရေပြားများသည် ညိုမှောင်၍ တောက်ပနေခဲ့သည်။

ခန္ဓာကိုယ်က ကြံ့ခိုင်ပြီး ကျစ်လျစ်သည်။ သူ၏ မျက်နှာ၌လည်း အမြဲတစေ ရယ်မောပြုံးပြနေတတ်သည်။ သူ ပြုံးလိုက်လျှင် တစ်ကိုယ်လုံးက ပို၍ ရိုးသားသည့်ပုံ ပေါ်လာတတ်သည်။

လင်းမိန်ဟွေ့တစ်ယောက် တစ်ဖက်လူက လောကဓံကို တကယ်ပင် ကောင်းစွာ သိနားလည်သူတစ်ဦးဟု ခံစားရသည်။

အရေးကြီးသည့်အချိန်များတွင် အခြားသူများကို အမြဲ ကူညီနိုင်သည်။ ဤကဲ့သို့ ထက်မြက်သည့်သူမျိုးက ပျော်ရွှင်သည့်ဘဝကို နေထိုင်ရသင့်ပေသည်။

ကံမကောင်းစွာဖြင့် သူကိုယ်တိုင်ပင် ဤကဲ့သို့ မှောင်မိုက်သည့် အယူသီးမှုများကို ယုံကြည်နေခြင်းဖြစ်သည်။

“အစ်ကိုစုန့်ယီ၊ ရွာထဲမှာ ရှင့်ကို ကြိုက်တဲ့ မိန်းကလေးတွေ အများကြီးရှိမှာပဲ၊ ဒါပေမဲ့ ရှက်လို့ မပြောကြတာနေမှာ”

လင်းမိန်ဟွေ့ နောက်ပြောင်လိုက်သည်။

“ကြိုက်တာ မကြိုက်တာက အရေးမကြီးပါဘူး၊ ကိုယ့်ဘဝအတွေ့အကြုံအရ… တစ်ယောက်ယောက်က ကိုယ့်ကို ကြိုက်ပြီဆိုတာနဲ့ အဲဒါက သူတို့အတွက် ကံဆိုးခြင်းရဲ့ အစပဲလေ၊

သူတို့ ဆန္ဒရှိရင်တောင် ကိုယ်က မိန်းကလေးတွေကို ဒုက္ခမပေးနိုင်ဘူး”

စုန့်ယီသည် မနေနိုင်ဘဲ ပြောဆိုလိုက်ရင်း လက်ရှိ၌ လင်းမိန်ဟွေ့က သူ လက်ထပ်ထားသည့် မိန်းကလေးဖြစ်နေသည်ကို ရုတ်တရက် သတိရသွားသည်။

သူ၏ မျက်နှာက ချက်ချင်းပင် နီမြန်းသွားပြီး ရှင်းပြလိုက်သည်။

“မိန်ဟွေ့၊ ကိုယ်က မင်းကို ကံဆိုးမယ်လို့ ပြောတာ မဟုတ်ပါဘူး၊ ကိုယ့်ဘဝဇာတ်ကြောင်းအရ ကိုယ့်ကို ကြိုက်တဲ့သူ ရှိဖို့ မဖြစ်နိုင်ဘူးလို့ ပြောတာ၊

မင်း ကိုယ့်ကို ရွေးချယ်ခဲ့ရတာ လင်းမိသားစုက အရမ်းဒုက္ခရောက်နေလို့ မတတ်သာလို့ ဆိုတာ ကိုယ်သိပါတယ်၊ ကိုယ် ဘာမှမထင်ပါဘူး…”

“အစ်ကိုစုန့်ယီ၊ ဘယ်လို အဓိပ္ပာယ်မရှိတဲ့စကားတွေကို ပြောနေတာလဲ။ ဘယ်မိန်းကလက ကိုယ့်ရဲ့ မင်္ဂလာကိစ္စကို အပျော်သဘောထားပြီး ကစားမှာလဲ… ကျွန်မ ရှင့်ကို လက်ထပ်တာ…”

လင်းမိန်ဟွေ့တစ်ယောက် မူလက တစ်ဖက်လူကို လက်ထပ်သည်မှာ တစ်သက်လုံးအတွက် ကိစ္စဟု ပြောဆိုချင်ခဲ့သော်လည်း စကားလုံးများကို ပြန်မျိုချလိုက်ရသည်။

ယခုအချိန်တွင် သူမအနေဖြင့် စုန့်ယီကို ဝန်ထုပ်ဝန်ပိုးများ မဖြစ်စေလိုပါချေ။ စုန့်ယီက သူမ၏ ဘဝကို စိတ်ပူနေသည်ဖြစ်ကာ သူမက လင်းမိသားစု ထပ်မံ ဒုက္ခပေးမည်ကို ကြောက်ရွံ့နေရမည်ဟု တွေးတောနေခဲ့လိမ့်မည်။

ဆိုရလျှင် ကျိုးချွေ့ဟွားသည်က စုန့်ယီကို ဤမျှလွယ်ကူစွာ လွှတ်ပေးမည် မဟုတ်သည်ကို သူမ ကောင်းစွာ သိသည်။

နောက်ထပ် သူတို့၏ မိသားစု၌ ပြဿနာပေါ်လာလျှင် သူတို့နှစ်ဦးလုံးကိုသော်လည်းကောင်း၊ စုန့်ယီကိုသော်လည်းကောင်း လာရောက်ဒုက္ခပေးမည်မှာ သေချာသည်။

စုန့်ယီကတော့ လင်းမိန်ဟွေ့၏ စကားကို နားထောင်ရင်း သူ လင်းမိန်ဟွေ့၏ အတွေးများကို နားလည်သည်ဟု ထင်သွားခဲ့သည်။

“စိတ်မပူပါနဲ့၊ နောက်ဆို ဘဝက ပိုကောင်းလာလိမ့်မယ်၊ လင်းမိသားစုက အဲဒီလောက် အနိုင်ကျင့်လို့ရနိုင်တော့မှာ မဟုတ်ဘူး၊

ကိုယ်တို့လည်း လမ်းခွဲလို့ရသေးတယ်၊ မင်းက မင်းရဲ့ ပျော်ရွှင်တဲ့ဘဝကို သေချာပေါက် ရှာတွေ့လိမ့်မယ်”

ဤစကားများကို ကြားရသည့်အခါ လင်းမိန်ဟွေ့တစ်ယောက် ရှင်းမပြနိုင်အောင် မပျော်မရွှင်ဖြစ်သွားခဲ့ပြီး မျက်နှာတစ်ခုလုံးရ ညှိုးငယ်စွာဖြင့် အခန်းအတွင်းသို့သာ ပြန်ဝင်သွားတော့သည်။

စုန့်ယီကတော့ သူ သူမကို မည်သို့ စိတ်ဆိုးအောင လုပ်မိခဲ့ကြောင်းကို မသိခဲ့ပေ။ သူ မည်သည့်စကားကိုမှ ထပ်မပြောရဲတော့ဘဲ မီးဖိုရှေ့၌သာ ငေးငိုင်စွာ ထိုင်နေမိသည်။

ခဏအကြာတွင် လင်းမိန်ဟွေ့က အခန်းထဲမှ အော်ပြောလာသည်ကို ကြားလိုက်ရသည်။

“အစ်ကိုစုန့်ယီ၊ဒီကိုလာခဲ့၊ ကျွန်မ ရှင့်ဒဏ်ရာကို ‘ယူနန်ပိုင်ယောင်’ဆေး လိမ်းပေးမယ်၊ ဒီဆေးက သွေးတိတ်ပြီး အရောင်ကျတယ်”

စုန့်ယီက စကားနားထောင်စွာဖြင့် ထလာပြီး အခန်းထဲသို့ ဝင်သွားခဲ့သည်။

ထို့နောက်တွင်တော့ လင်းမိန်ဟွေ့က အညိုရောင် ဖန်ပုလင်းလေးကို လက်၌ ကိုင်ထားသည်ကို တွေ့ရှိလိုက်ရသည်။

ထိုအရာက သူ၏အဘွား နာမကျန်းဖြစ်ခဲ့စဉ်က ကျန်ခဲ့သည့်ဆေးဖြစ်ကြောင်းကို သူ သိရှိပေသည်။ ပုလင်းက တစ်ဝက်ခန့် ကျန်ရှိနေသေးပြီး သက်တမ်းကုန်နေပြီလား၊ မကုန်သေးလားဆိုသည်ကို မသိ။

လင်းမိန်ဟွေ့က သူ မည်သည့်အရာကို တွေးတောနေကြောင်းကို နားလည်ပုံရသည်။ သူ့ကို ခုံတန်းပေါ် ဆွဲခေါ်၍ ထိုင်ခိုင်းလိုက်သည်။

“စိတ်မပူပါနဲ့၊ ယူနန်ဘိုင်ယောင်က တရုတ်တိုင်းရင်းဆေးပဲ၊ သက်တမ်းကုန်သွားရင်လည်း ဘာမှ မဖြစ်ပါဘူး”

စုန့်ယီ၏ ဒဏ်ရာက မနက်ပါချေ ထိုင်ခုံခြေထောက်နှင့် ခုံတန်းများဖြင့် အရိုက်ခံထားရသည့်အတွက် ပွန်းပဲ့ရာများသာ ဖြစ်သည်။

ဘေးပတ်ပတ်လည်၌လည်း ညိုမည်းနေခဲ့သည်။ ကြည့်ရသည်မှာ ပြင်းထန်သော်လည်း တကယ်တမ်း၌ ကြွက်သားနှင့် အရိုးများက မထိခိုက်သွားပါချေ။

လင်းမိန်ဟွေ့က ဆေးပုလင်းထဲကို လက်ညှိုးဖြင့် တို့၍ အနာပေါ်သို့ အမှုန်းဖြူးလိုက်သည်။

သူမအနေဖြင့် အမှုန့်များစွာ ဖြူးမိမည်ကို စိုးရိမ်သောကြောင့် သတိထားနေခဲ့ရသည်။

လင်းမိန်ဟွေ့ ခဏလောက် တုံ့ဆိုင်းနေပြီးပြီး သူမ၏လက်ချောင်းများဖြင့် ဒဏ်ရာပေါ်သို့ ညင်သာစွာ ပွတ်လိမ်းလိုက်သည်။

မူလက စုန့်ယီ၏ အသားအရေကို မထိမိစေရန် သတိထားခဲ့သော်လည်း နောက်ဆုံးတွင်တော့ ညင်သာစွာ ထိမိသွားခဲ့လေသည်။

*

အခန်း(26) မတူကွဲပြားသော ခံစားချက်

စုန့်ယီသည်ကား ဤကဲ့သို့ နူးညံ့သည့် ထိတွေ့မှုကို တစ်ခါမှ မခံစားဖူးပါချေ။

သူ၏ မှတ်ဉာဏ်ထဲ၌ နွေရာသီညများတွင် အဘွားဖြစ်သူက သီချင်းလေးများညည်းဆိုပြီး သူမ၏ အရိုးပေါ်နေသည့်လက်များဖြင့် သူ၏ ပခုံးကို မကြာခဏ ပုတ်ပေးသည်များသာ ရှိခဲ့ဖူးသည်။

သို့သော်လည်း ဤအရာများသည်က လုံးဝ မတူညီပါချေ။ လင်းမိန်ဟွေ့၏ လက်ချောင်းထိပ်များသည် များစွာ နူးညံ့ပြီး သူ၏ ပခုံးကို ထိလိုက်သည့်အခိုက်တွင် ငှက်မွေးလေး ပြုတ်ကျသကဲ့သို့ပင် ခံစားရသည်။

ထိုမျှ ပေါ့ပါးနေသော်လည်း စုန့်ယီက သူ၏ နှလုံးသားမှာ အမြင့်ဆုံးနေရာမှ ပြုတ်ကျသွားသကဲ့သို့ ခံစားလိုက်ရလေသည်။

လင်းမိန်ဟွေ့ ခဏတာ ကြောင်အမ်းသွားပြီး တစ်ဖက်လူ၏ နောက်ကျောကို ခရမ်းရောင်အရည်ဖြင့် လိမ်းပေးလိုက်သည်။

“ဒဏ်ရာက တော်တော်ဆိုးတာပဲ၊ အစ်ကိုစုန့်ယီ၊ နောက်ဆက်တွဲ ပြဿနာတွေ မဖြစ်ရအောင် မနက်ဖြန် တစ်ရက်လောက် နားလိုက်ပါဦး”

“အဲဗီလောက် ပြင်းပြင်းထန်ထန် တွေးမနေပါနဲ့၊ ကိုယ်တို့တွေက ကျေးလက်နေလယ်သမားတွေပဲလေ၊ တစ်ခါတလေ ထိခိုက်မိတာမျိုးတွေ ရှိမှာပေါ့၊ ဒါကြောင့် ကိုယ့်ကို စိတ်မပူပါနဲ့”

စုန့်ယီ အနောက်ကို လှည့်လိုက်သည့်အခိုက်တွင် သူ၏ မျက်လုံးများသည် လင်းမိန်ဟွေ့၏ အင်္ကျီပေါ်သို့ ကျရောက်သွားသည်။

အဖြူရောင်အင်္ကျီက ပုံမှန်အတိုင်းပင်ဖြစ်သော်လည်း လင်းမိန်ဟွေ့၏ ကောက်ကြောင်းများကို အထူး ပေါ်လွင်နေစေသည်။ စုန့်ယီတစ်ယောက် သူ၏ လည်ချောင်းက တင်းကျပ်လာသည်ဟု ခံစားလိုက်ရသည်။

“ရှင့်ကို စိတ်မပူရဘူးလား၊ ကျွန်မက ရှင််ကို စိတ်မပူရင် ဘယ်သူ့ကို စိတ်ပူနေရမှာလဲ၊ ကျွန်မက ရှင့်ရဲ့ ဇနီးပဲလေ…”

လင်းမိန်ဟွေ့သည်ကတော့ စုန့်ယီ၏ ပြောင်းလဲမှုများကို မသိသေးပါချေ။ သို့သော်လည်း ဤညနေများတွင် အခန်းက အနည်းငယ် အိုက်နေသည်ဟု ခံစားရပြီး ပြတင်းပေါက်ကိုဖွင့်၍ လေဝင်လေထွက်ကောင်းအောင် ပြုလုပ်သင့်သည်ဟု တွေးမိခဲ့သည်။

စုန့်ယီက ခါးကို ကိုင်းညွတ်လိုက်သည့်အခိုက်တွင် သူ၏ နောက်ကျောဘက်မှ အေးမြမှုကို ခံစားလိုက်ရသည်။

သူ တီးတိုးလေး ပြောဆိုလိုက်သည် ။

“နောက်ဆို အချိန်တွေက ပိုကောင်းလာရင် မင်း ဒီရွာကနေ ထွက်သွားဖို့ နည်းလမ်းရှာပြီး ကျန်းကျစ်ကုန်းနဲ့ ဝေးဝေးနေလိုက်ပါ၊ မင်းရဲ့ အရည်အချင်းတွေနဲ့ဆိုရင် မင်းဘဝက သေချာပေါက် မဆိုးရွားလောက်ဘူး”

လင်းမိန်ဟွေ့ ရပ်တန့်သွားပြီး စုန့်ယီ၏ ခိုင်မာတောင့်တင်းသည့် နောက်ကျောပြင်ကို ကြည့်လိုက်သည်။

စုန့်ယီက သူမကို အကြိမ်မည်မျှ ကူညီပေးခဲ့သည်ကို သူမ မမှတ်မိတော့ပါချေ။

မသိစိတ်ထဲ၌ပင် စုန့်ယီက သူမ၏ နှလုံးသားအတွင်းသို့ ဖြည်းဖြည်းချင်း ဝင်ရောက်လာခဲ့သည်။ သူတို့က တစ်ဦးနှင့်တစ်ဦး မှီခို၍ ဂရုစိုက်ကြသည်။ သူတို့အနေဖြင့် ခွဲခွာ၍ ထွက်ခွာသွားရန်ဆိုသည်မှာ မဖြစ်နိုင်တော့ပါ။

“အစ်ကိုစုန့်ယီ၊ ကျွန်မက မကောင်းဘူးလို့ ရှင်ထင်နေတာလား”

လင်းမိန်ဟွေ့က ဆေးလိမ်းပြီးသွားသောကြောင့် ပစ္စည်းများသိမ်းဆည်း၍ စားပွဲရှေ့၌ ရပ်နေရင်း ဤမေးခွန်းကို မေးလိုက်သည်။

စုန့်ယီလည်း မတိုင်ခင်က သူ မှားယွင်းသည့်စကားများကို ပြောမိကြောသ်း ချက်ချင်းသိလိုက်ရပြီး သူ၏ နားရွက်များပင် နီရဲသွားသည်။

“မိန်ဟွေ့၊ ကိုယ်ပြောတာကို နားထောင်ဦး၊ မင်း ကိုယ့်ကို လက်ထပ်ခဲ့တာ လင်းမိသားစုက မင်းမလိုချင်တဲ့အိမ်ထောင်ရေးကို အတင်းအကြပ် လက်ထပ်ခိုင်းလို့ပဲလေ၊ ဒါကြောင့် မင်း ဘာမှမတတ်နိုင်ခဲ့တာ၊ ကိုယ် မင်းအတွက် အခွင့်အရေး ပေးသင့်တာပဲ မဟုတ်ဘူးလား…”

“ကျွန်မ ဘာအခွင့်အရေးမှ မလိုချင်ဘူး”

လင်းမိန်ဟွေ့ နောက်ကိုလှည့်လိုက်သည့်အချိန်တွင် ခရမ်းရောင်ဆေးပုလင်းကို မတော်တဆ တိုက်မိပြီး ဆေးရည်များက စားပွဲအနှံ့ ဖိတ်စင်ကုန်သည်။

သူမက သန့်ရှင်းရန် ပြင်နေစဉ် စုန့်ယီက သူ၏ လက်ကို ဆန့်တန်း၍ ဖမ်းဆုပ်လိုက်သည်။

“မလှုပ်နဲ့၊ ဆေးရည်တွေက ဆေးကြောရခက်တယ် ကိုယ် သန့်ရှင်းလိုက်မယ် မင်း သွားနားလိုက်တော့…”

လင်းမိန်ဟွေ့က စုန့်ယီ၏ လက်ဖဝါးများ ပူလောင်နေသည်ကို ခံစားလိုက်ရသည်။

သူမ စုန့်ယီကို တစ်ချက်ကြည့်လိုက်မိကာ သူမ၏ နှလုံးသားကလည်း တဒိတ်ဒိတ်ခုန်နေလေသည်။ အဆုံးတွင် သူမ စုန့်ယီ၏ လက်ကို ဆုပ်ကိုင်လိုက်သည် ။

“အစ်ကိုစုန့်ယီ၊ ကျွန်မ ဘယ်မှ မသွားဘူး၊ ရှင့်ဘေးမှာဘဲ နေပြီး ရှင့်ကို ဂရုစိုက်မယ်၊ အဝတ်လျှော်မယ်၊ ထမင်းချက်မယ်၊ အတူတူ စီးပွားရေးလုပ်ပြီး ပိုက်ဆံရှာကြရအောင်၊ အဲဒီလိုရမလား”

အခန်းအတွင်းရှိ မီးများက မှိန်ဖျော့ပြီး အနည်းငယ် လှောင်ပိတ်နေခဲ့သည်။ လင်းမိန်ဟွေ့၏ လက်များက ကြမ်းတမ်းနေပုံရသော်လည်း နူးညံ့မှုတစ်ခုက စုန့်ယီ၏ နှလုံးသားကို ဆက်လက် အရည်ပျော်စေခဲ့သည်။

သူ၏ နှလုံးခုန်နှုန်းက ရပ်သွားသကဲ့သို့ ခံစားလိုက်ရကာ လက်နှစ်ဖက်ဖြင့် လင်းမိန်ဟွေ့၏ ပခုံးများကို ဖက်လိုက်သည်။

“မိန်ဟွေ့၊ မင်းက တကယ့်ကို ကောင်းမွန်တဲ့ မိန်းကလေးပဲ၊ ကိုယ် မင်းကို ဒုက္ခပေးမှာ စိုးရိမ်တယ်… ရွာထဲက လူတွေက ကိုယ့်ကို သေမင်းကြယ်လို့တောင် ပြောကြတာ ကိုယ့်နဲ့တွေ့တဲ့သူ ဘယ်သူမဆို ကံမကောင်းဘူးတဲ့”

စုန့်ယီ မနေနိုင်တော့ဘဲ ဤစကားကို ပြောဆိုလိုက်မိသည်။

လင်းမိန်ဟွေ့မှာ သစ်သီးယိုလုပ်ရာ၌ များစွာ တော်သော်လည်း ကျန်းကျစ်ကုန်းလူများနှင့် ပဋိပက္ခဖြစ်ခဲ့သည့်အတွက် လင်းမိန်ဟွေ့၏ စီးပွားရေးကို မဖြစ်ထွန်းနိုင်ခဲ့တော့ပေ။

ဤကိစ္စအတွက် သူ့၌ တာဝန်ရှိသည်။ သူ အကြိမ်များစွာ စဉ်းစားပြီးသည့်နောက် သူမက သူ့ကို စွန့်ခွာသွားသက့်သည်ဟူ၍သာ ဆုံးဖြတ်ချက် ရလာခဲ့သည်။

လင်းမိန်ဟွေ့လည်း စုန့်ယီ၏ ရှုပ်ထွေးသည့်စိတ်အခြေအနေကို ခံစားမိလေသည်။ သူသည်က သူမကို စွန့်ခွာချင်နေသောကြောင့် မဟုတ်ကြောင်းကို သိလိုက်ရသောကြောင့် သူမ၏ ရင်ထဲ၌ အနည်းငယ် ချိုမြိန်သွားရသည်။

“အစ်ကိုစုန့်ယီ၊ ဒီခေတ်ကြီးမှာ ဒီလို မြေရှင်ပဒေသရာဇ် အယူသီးမှုတွေကို မယုံကြည်ကြတော့ဘူး အစ်ကိုစုန့်ယီရဲ့ အဖေက သတ္တုတွင်းမတော်တဆမှုနဲ့ ဆုံးတာ၊ အဲဒါက မတော်တဆမှုပဲ၊ အမေ အဘွားက နှစ်ယောက်လုံး ဖျားနာပြီး ဆုံးပါးငွားတာလေ၊ အစ်ကိုစုန့်ယီကြောင့် လုံးဝ မဟုတ်ဘူး”

ဤစကားများက ဆေးကောင်းတစ်လက်ကဲ့သို့ပင် စုန့်ယီ၏ နှလုံးသားအတွင်းရှိ ဒဏ်ရာကို နွေးထွေးစေပြီး ကုစားပေးခဲ့သည်။

စုန့်ယီ၏ ရင်ထဲ၌ မည်သူမျှ မသိနိုင်လောက်အောင် ထိန်းချုပ်ထားရသည့် နာကျင်မှုများက လင်းမိန်ဟွေ့၏ နူးညံ့သည့်စကားများကြောင့် သက်သာရာရသွားသည်။

သူ၏ မျက်လုံးများ နီရဲလာပြီး ဘေးကိုလှည့်လိုက်လေ၏။

“ကိုယ့်ရဲ့မိသားစုက အရမ်းဆင်းရဲတယ်၊ ကူညီပေးမဲ့ မိဘတွေလည်း မရှိဘူး ဘဝက ခက်ခဲကြမ်းတမ်းပြီး စိတ်ပျက်စရာကောင်းတယ်”

“ဘာဖြစ်လဲ ကျွန်မတို့မှာ လက်တွေ၊ ခြေထောက်တွေရှိတယ်၊ ကြိုးစားပြီး လုပ်ကိုင်စားသောက်မယ် ဘဝက သိပ်မဆိုးပါဘူး”

လင်းမိန်ဟွေ့၏ မျက်လုံးများက အရောင်တောက်ပနေပြီး စုန့်ယီ၏ နှလုံးသားကို လှုပ်ရှားစေသည်။ စုန့်ယီတစ်ယောက် သူ၏ ပါးစပ်များ ခြောက်သွေ့နေသကဲ့သို့ ခံစားရပြီး ရေသောက်ရန် လှည့်လိုက်လေသည်။

သို့သော်လည်း လင်းမိန်ဟွေ့က သူ ထွက်ပြေးရန် ကြိုးစားနေသည်ဟု ထင်ပြီမှတ်း သူ့ကို ရပ်တန့်သွားစေရန် ဖက်ထားလိုက်သည်။

“မိန်ဟွေ့၊ လွှတ်လိုက်ပါ”

“အစ်ကိုစုန့်ယီ၊ ကျွန်မ မလွှတ်ပေးနိုင်ဘူး၊ ကျွန်မ ရှင့်ကို လက်ထပ်ပြီးကတည်းက ကျွန်မက ရှင့်အပိုင်ပဲ”

လင်းမိန်ဟွေ့၏ အသံက နူးညံ့နေခဲ့သည်။ သူမ မည်သို့ဖြစ်နေမှန်းကိုပင် မသိပါချေ။ သူမ၏ ရင်ဘတ်အတွင်းမှ နှလုံးကသာ ခုန်ထွက်တော့မလို ဖြစ်နေခဲ့ကာ နှလုံးခုန်နှုန်းက များစွာ လျှင်မြန်နေသည်ဟုသာ ခံစားရသည်။

စုန့်ယီက သူမ ကိုယ်ခန္ဓာ၏ ကိုယ်သင်းနံ့နှင့် အပူချိန်ကို ခံစားလိုက်ရပြီး ရုတ်တရက် နောက်သို့ပြန်လှည့်၍ လင်းမိန်ဟွေ့ကို သူ၏ လက်မောင်းများအတွင်း ထွေးပွေ့လိုက်မိသည်။

သူ့ထံတွင် ပြောစရာများစွာ ရှိသော်လည်း မည်သည့်အရာကိုမှ မပြောတော့ပေ။ လင်းမိန်ဟွေ့၏ မျက်လုံးများ ဝေဝါးနေသည်ကို ကြည့်ပြီး သူ့၏ခေါင်းကို ဖြည်းဖြည်းချင်း ငုံ့လိုက်မိသည်။

သူမ၏ ပန်းရောင်တောက်ပနေသည့် နှုတ်ခမ်းများကို နမ်းချင်နေခဲ့သည်။

သူတို့၏ ပတ်ပတ်လည်ရှိ လေထုက ငြိမ်သက်နေပုံရသော်လည်း လူနှစ်ဦး၏ အသက်ရှူသံများက ပို၍ပို၍ မြန်ဆန်လာခဲ့သည်။ သူတို့ကိုယ်သူတို့ မထိန်းချုပ်နိုင်တော့သည့်အချိန်တွင်တော့ ခြံတံခါးက ရုတ်တရက် လေတိုက်၍ ကျယ်လောင်စွာ ပွင့်သွားခဲ့လေသည်။

စုန့်ယီ ရုတ်တရက် သတိပြန်ဝင်လာပြီး လင်းမိန်ဟွေ့ကို သူ၏ လက်မောင်းများအတွင်းမှ ညင်သာစွာ တွန်းထုတ်လိုက်သည် ။

“ကိုယ်ကိုကြည့်ဦး၊ ခုနက ပြန်လာတုန်းက ခြံတံခါးကိုတောင် မပိတ်မိဘူး၊ ကိုယ် တံခါးပိတ်လိုက်ဦးမယ်

စောစော အနားယူကြရအောင်”

လင်းမိန်ဟွေ့လည်း အနည်းငယ်လောက် ထိတ်လန့်သွားရသည်။ သူမလည်း ကိုယ်ကိုလှည့်ပြီး အိပ်ယာပြင်ဆင်ရင်းဖြင့် သူမ၏ အတွေးများကို ဖုံးကွယ်ထားလိုက်မိသည်။

စုန့်ယီ ခြံတံခါးပိတ်ရန် သွားသည်ကို ကြားမှသာ လင်းမိန်ဟွေ့ သက်ပြင်းချလိုက်မိသည်။ သူမအနေနဲ့ မတိုင်ခင်က ဖြစ်ပျက်ခဲ့သည်များကို အံ့ဩနေမိခဲ့ရသည်။

အဘယ်ကြောင့် ဤခဏတာအတွင်း စွဲလမ်းရစ်မူးသွားသကဲ့သို့ ဖြစ်သွားရသနည်း။

အတိတ်ဘဝတွက် ကျန်းကျစ်ကုန်းသည်လည်း သူမကို ထိဖူးသည်။ သို့သော်လည်း သူ့ကို ထိမိသည့်အခါမျိုးတွင် စက်ဆုပ်ရွံရှာသည့် ခံစားမှုမျိုးသာ ခံစားခဲ့ရသည်။

အစပိုင်းတွင် ကျန်းကျစ်ကုန်းက ကြင်နာပြီး စကားပြောကောင်းသော်လည်း နောက်ပိုင်းတွင် လင်းမိန်ဟွေ့၏ ငြင်းဆန်မှုများကို များစွာ စိတ်မရှည်တော့ချေ။

သူက သူမကို ထိုးကြိတ်ပြီး ဆဲဆိုသည်များပင် လုပ်ဆောင်ခဲ့သည်။

လင်းမိန်ဟွေ့အနေဖြင့် ဒုက္ခများစွာ ခံခဲ့ရသည်။

သို့သော်လည်း မတိုင်ခင်က စုန့်ယီ၏ ရင်ခွင်အတွင်း၌မူ သူမ အလွန်ကွဲပြားစွာ ခံစားခဲ့ရသည်ကို မမျှော်လင့်မိခဲ့ချေ။

ချိုမြိန်ပြီး နွေးထွေးသည်။

လှေတစ်စင်းက ၎င်းအတွက် ရပ်နားရာ ဆိပ်ကမ်းတစ်ခုကို ရှာဖွေတွေ့ရှိသကဲ့သို့ပင် စိတ်ချမ်းသာမှုကို ခံစားရသည်။

သူမ၏နောက်မှ စုန့်ယီ၏ ခြေသံများကို ကြားလိုက်ရလျွင် လင်းမိန်ဟွေ့လည်း ခုတင်ပေါ်သို့ လျှင်မြန်စွာ တက်ပြီး စောင်ကို ခေါင်းအထိ အုပ်ခြုံလိုက်သည်။ သူမ၏ စိတ်လှုပ်ရှားနေသည့်ပုံကို စုန့်ယီအား မမြင်စေလိုပါချေ။

စုန့်ယီ အခန်းထဲသို့ ဝင်လာပြီးချိန်တွင် လင်းမိန်ဟွေ့က ခုတင်ပေါ်တွင် အိပ်နေပြီဖြစ်ကြောင်းကို တွေ့လိုက်ရပြီး သူ အလွန်စိတ်လိုက်မာန်ပါ ပြုမူမိသည်ဟု ခံစားလိုက်ရသည်။

ခြံတံခါးသာ မပွင့်လာခဲ့လျှင် သူ မည်သို့ အရိုင်းအစိုင်းအလုပ်မျိုး လုပ်မိမည်ကို မသိနိုင်ပေ။ စုန့်ယီ သူ့ကိုယ်သူ အပြစ်တင်လိုက်ပြီး လင်းမိန်ဟွေ့ဘေး၌ တိတ်ဆိတ်စွာ လှဲအိပ်လိုက်သည်။

ညနက်နေပြီ။ ပြတင်းပေါက်အပြင်ဘက်၌ အရှေ့ဘက်လေက တိုက်ခတ်နေပြီး အခန်းအတွင်းရှိ မီးလုံးများက အနည်းငယ် တုန်ခါနေသည်။

စုန့်ယီက မနေနိုင်တော့ဘဲ စကားစမိသည်။

“မိန်ဟွေ့၊ ခုနတုန်းက ကိုယ် ဘာဖြစ်သွားမှန်း မသိတော့ဘူး၊ ကိုယ် တောင်းပန်ပါတယ်၊ စိတ်ထဲကုု မထားပါနဲ့၊ မနက်ဖြန် ကိုယ် သစ်သားပြားတစ်ချပ်လုပ်ပြီး အပြင်ဘက်မှာ အိပ်မယ်၊ ဒါမှ မင်း ကောင်းကောင်း အနားယူနိုင်မှာ”

လင်းမိန်ဟွေ့တစ်ယောက် တစ်ဖက်လူက သူမ၏ ခံစားချက်များကို ဤမျှလောက်အထိ နားမလည် သဘောမပေါက်ဖြစ်နေလိမ့်မည်ဟု မမျှော်လင့်မိချေ။

သူမလည်း ကူကယ်ရာမဲ့သွားခဲ့ရကာ သူ့ကို ဆက်လက်နေရန်အတွက် မပြောနိုင်တော့ဘဲ ညင်သာစွာသာ ပြန်ဖြေလိုက်မိသည်။

စုန့်ယီက လင်းမိန်ဟွေ့၏ အဖြေမှာ အလွန် တိုးတိမ်နေသည်ကိုကြားလျှင် ဤယနေ့ စီးပွားရေးကိစ္စကြောင့် တွေးမိခဲ့ရသည်။

သူမက သူ့၏ဒဏ်ရာများကြောင့် အပြစ်ရှိသကဲ့သို့ ခံစားနေရခြင်းဖြစ်မည်။

“ဒီနေ့မှာ ကိုယ် ကိစ္စကို ကောင်းကောင်း မကိုင်တွယ်နိုင်ခဲ့ဘူး၊ ကျန်းကျစ်ကုန်းက အရမ်းချမ်းသာပြီး သူ့ဘေးမှာ လူတွေရှိတာကို သိသိကြီးနဲ့ ကိုယ် တစ်ယောက်တည်း သွားပြောခဲ့တယ်၊ တကယ်ကို စိတ်လိုက်မာန်ပါ ဖြစ်သွားတာပဲ”

“အစ်ကိုစုန့်ယီ၊ ရှင် ကျွန်မအတွက် လုပ်ပေးတာကို ကျွန်မသိပါတယ်၊ ကျွန်မ ရှင့်ကို အပြစ်မတင်ပါဘူး”

လင်းမိန်ဟွေ့က ယနေ့ စုန့်ယီ၏ဘက်မှ ပြဿနာမရှာလျှင်ပင် ကျန်းကျစ်ကုန်းက ပြသနာလာရှာမည် ဖြစ်ကြောင်းကို သိထားသည်။

သူမက စုန့်ယီကို ဘယ်လိုလုပ်ပြီး အပြစ်တင်နိုင်မှာလဲ။

All Chapters