အခန်း (၄၇-၄၈)
Vol. 5 Ch. 47-48
၄၇
~
တိုက်ပွဲ ပြီးဆုံးသွားပြီးနောက် ယန်မြို့စောင့်တပ်သည် အလောင်းကောက်ရန် လူအနည်းငယ်သာ ချန်၍ ထွက်ခွာသွားကြသည် ။
အဘိုးကြီး ဟွမ် ၊ ဘုန်းကြီးနှင့် ချောင်မူ၏ တပ်သားဟောင်းများသည် ထိုတာဝန်ကို ယူလိုက်ကြ၏ ။
" ဘာ.... သခင်လေးကုံး အသက်ခံလိုက်ရပြီလား.. အိုးးးး.. ကောင်းကင်ကြီး.. "
အဘိုးကြီးဟွမ်၏ အာမေဋိတ်သံ ထွက်လာ၍ လူတိုင်းက ထူးဆန်းသည့်အကြည့်ဖြင့် ဝိုင်းကြည့်နေကြ၏ ။
" ကောင်း...ကောင်းကင်ဘုံက ပါရမီရှင်တွေကို မနာလိုဘူးလား.. မြို့စားမင်းရဲ့ သားကို ဘာလို့ခေါ်သွားတာလဲ.. "
အဘိုးကြီးဟွမ်၏ မျက်နှာထက်တွင် ဝမ်းနည်းမှုများ ပေါ်လွင်နေပြီး သူ့ခန္ဓာကိုယ်က အလွန်အမင်း စိတ်ထိခိုက်သွားသလို တုန်ရီနေသည် ။
ထိုအခါမှသာ ထူးဆန်းသည့် အကြည့်မျာ ပျေက်ကွယ်သွားတော့သည် ။
အမှန်တကယ်တော့ အဘိုးကြီးဟွမ်၏ ခန္ဓာကိုယ် တုန်ရီနေရခြင်းမှာ ဝမ်းသာအားရ ရယ်ချင်စိတ်ကို အောင့်အီးထားရသော ကြောင့်ဖြစ်သည် ။ သူ့ဘဝတစ်လျောက် လက်စားမချေနိုင်တော့ဟု ထင်ခဲ့ပြီး မြို့ခံများကဲ့သို့ပင် မျိုသိပ်ထားခဲ့ရသည် ။ ဤညနေ အိမ်ပြန်ရောက်၍ အရက်ခွက်ကြီး သုံးခွက် မသောက်လျှင် သူ၏ မိန်းမ ဖြစ်သူက စိတ်ကောက်ပေတော့မည် ။
အဘိုးကြီးဟွမ်သည် ဤလအနည်းငယ် အတွင်း သခင်လေးကုံးအား အသေခံ၍ တိုက်ခိုက်ရန် အကြိမ်များစွာ တွေးခဲ့ဖူး၏ ။ သို့သော်လည်း အိမ်တွင် ကျန်ခဲ့သည့် ကလေးခြောက်ယောက်၏ မျက်နှာကို မြင်ယောင်မိလျှင်ထိုအတွေးအား မောင်းထုတ်ပစ်ရတော့သည် ။
" အိမ်တော်ထဲအထိ ဝင်သတ်ရဲတာဆိုတော့.. လူသတ်သမားက ရက်စက်ကြမ်းကြုတ်တဲ့ပုံပဲ .. သူက လက်စားလာချေတဲ့ ဓားပြလား.. "
အဘိုးကြီးဟွမ်က အနားတွင် ရှိသော အစေခံတစ်ယောက်ကို မေးလိုက်သည် ။
အစေခံအားချန်းက...
" အဲ့လူအကြောင်းကို တစ်မြို့လုံးသိတယ်လေ.. "
" သူက ချောင်မူရဲ့ အကို ချောင်လင်း ဆိုတဲ့သူပေါ့ ..ယန်မြို့ကို မနေ့က ရောက်လာတဲ့သူ.. "
' ချောင်လင်းလား.. '
အဘိုးကြီးဟွမ် က ဘုန်းကြီးအား အလိုလို ကြည့်လိုက်မိ၏ ။ သူ မပျော်နိုင်တော့ ။ ရန်သူက ဤမျှ အစွမ်းထက်နေရခြင်းမှာ ချောင်းလင်း ဖြစ်နေသောကြောင့်ပင် ။
" အဲ့တာဆိုတော့ ..အထဲမှာ ဝိုင်းပြီး အသတ်ခံလိုက်ရတဲ့သူက ချောင်လင်းပေါ့.. "
အဘိုးကြီးဟွမ်၏ စိတ်သည် အလွန်အမင်း ရှုပ်ထွေးနေ၏ ။ တဖက်တွင် ကြီးကျယ်သည့် လက်စားချေနိုင်မှုအတွက် အောင်ပွဲခံရမည်ဖြစ်သော်လည်း တဖက်တွင် သူငယ်ချင်းကောင်းဖြစ်သူ၏ အကို သေဆုံးခဲ့ရ၍ ဝမ်းနည်းမိသည် ။
" အဲ့ချောင်လင်း ဆိုတဲ့သူက တော်တော်ထူးခြားတဲ့သူနော်......"
တပ်သားများနှင့် အစေခံများက ဆက်၍ ဆွေးနွေးနေကြသည် ။
အားချန်းသည် ချောင်လင်း အချိန်ပိုရစေရန် အချိန်ဆွဲခဲ့သော်လည်း အချက်ပေးသံ ပေါ်လာသည်နှင့် ထကြည့်နေခဲ့ခြင်းဖြစ်သည် ။
" ဒီလို ကိုယ်ကျိုးစွန့်တဲ့ သူတွေကို လက်ဖက်ရည်ဆိုင်က ပုံပြောသူတွေရဲ့ ပုံပြင်ထဲမှာပဲ ရှိတယ်မှတ်တာ.. ခုတော့ မြင်ဖူးပြီ.."
" အထူးဆန်းဆုံးက သေခါနီး လုပ်သွားတဲ့ ဟာပဲ.."
" သူ အရှင်ကုံးကို လှံနဲ့ ချိန်ထားတာ ငါမြင်လိုက်တယ်.. ငါ အဝေးကနေ ချောင်းကြည့်နေတာ.. ဒါပေမဲ့ အရှင်ကုံးကို မပစ်ဘဲ ဘာလို့ လေးထောင့်မျက်နှာနဲ့သရဲကို ပစ်လိုက်တာလဲ မသိဘူး.. "
" လေးထောင့်မျက်နှာနဲ့ သရဲလား... အဲ့တာ သခင်လေးနောက်ကို လိုက်နေကြ ကောင်ကို ပြောတာမှတ်လား.. "
" ဟုတ်တယ်.. ဟုတ်တယ်.. အဲ့ကောင်.."
" အဲ့ကောင်က သိုင်းပညာရှင် မဖြစ်သေးပေမဲ့ အရမ်းသန်တာ.. သခင်လေး နား အမြဲနေတဲ့ ကောင်လေ.. "
" ပြီးတော့ မင်းသတိထားမိလား.. ခုသေတဲ့ထဲမှာ သခင်လေးရဲ့ အနီးကပ် အစေခံတွေ အကုန်ပါသွားတယ်.. ဟမ် အဲ့ကောင်တွေက ကြာပွတ် တကိုင်ကိုင်နဲ့ မိုက်ကြေးခွဲနေတာ .ခုသေသွားတာ ကောင်းတယ်.. "
" တိုက်ဆိုင်တာလား.. တမင် အငြိုးနဲ့ သတ်တာလား မသိဘူး.. "
' ရန်ငြိုးလား.. အဆင့် ၈ သိုင်းပညာရှင်က သာမန်လူတစ်ယောက်ကို ဘာလို့ အဲ့လောက်အထိ ရန်ငြိုးထားနေရတာလဲ.. '
အဘိုးကြီးဟွမ် နားထောင်ရင်း စိတ်ရှုပ်သွား၏ ။ အမှတ်မထင်အတွေးတစ်ခု သူတွေးလိုက်မိသည် ။ သို့သော်လည်း ထုတ်မပြောရဲ ။ သူပြောလျှင် ဘုန်းကြီးတို့အဖွဲ့ ရယ်ကြလိမ့်မည် ။ အိမ်ပြန်ရောက်မှသာ မှန်ကြည့်ရပေမည် ။
" အဲ့ လူတွေ အလောင်းက ဘယ်နားလေးမှာလဲ.. "
အဘိုးကြီးဟွမ်က ရုတ်တရက် မေးသည် ။
" ဟိုမှာလေ.. နံရံထောင့်နားမှာ.. "
အစေခံတစ်ယောက်က အလေးမထားဘဲ လက်ညိုးထိုးပြလိုက်၏ ။
ထိုနေရာတွင် အလောင်းနှစ်ဆယ်ကျော်ခန့် တန်းစီထားသည် ။ ချောင်မူ၏ လက်ချက်ဖြင့် သေသည်ထက် ဒဏ်ရာရသူက ပိုများလေသည် ။ အလောင်းများအား ပိတ်စအဖြူဖြင့် ဖုံးထား၍ မမြင်ရချေ ။
အဘိုးကြီးဟွမ်က ခဏတာ တွန့်ဆုတ်သွားပြီးမှ နံရံထောင့်သို့ ပြေးသွားသည်။ သူ တစ်ဦးချင်းစီ၏ မျက်နှာမှ အဖြူရောင်အဝတ်စကို ကောက်ယူကာ လျင်မြန်စွာ ကြည့်လိုက်၏။
'' တစ်ယောက် ..''
'' ဒါတော့ မဟုတ်ဘူး..''
'' နှစ်..''
'' သုံး..''
'' လေး..ဟမ်..''
အဘိုးကြီးဟွမ် ရေတွက်ရင်း အသံတုန်လာ၏ ။ တဖြည်းဖြည်း အဝတ်မနေသည့် လက်ချောင်းများပင် တုန်ရီလာသည် ။
အဘိုးကြီဟွမ် သတ္တိမရှိ ။ သူတက်ထားသော သိုင်းမှာ သံတုတ်ချောင်းသိုင်းတစ်ခုတည်းသာဖြစ်ပြီး တိုက်ပွဲတွင် ထိပ်တိုက်ရင်ဆိုင်ဝံ့သူ မဟုတ်ချေ ။
မည်သည့်နေရာမှ ရလာသည်မှန်း မသိသည့် သတ္တိများနှင့် သူရဲကောင်းစွပ်ပြုတ်အား လုသောက်ပြီးနောက် တစ်ညလုံး စိုးရိမ်စိတ်ကြောင့် အိပ်မရခဲ့ ။
သူ ထိုနေ့က အစေခံ ခုနှစ်ယောက်အား သေချာမှတ်မိသည် ။ ဤကိစ္စအား ပြန်အစမပေါ်စေရန် ထိုအစေခံများအား ရှောင်ရန် သူဆုံးဖြတ်ထားသည် ။
ယခုတော့...
" ခုနှစ်.. "
အဘိုးကြီး စိတ်ရှုပ်ထွေးစွာ ရပ်နေမိသည် ။ သူ့အား နှစ်ရက်လုံးလုံး စိတ်ဒုက္ခပေးနေသည့် ကိစ္စမှာ ပြေလည်သွားလေပြီ ။
စိတ်သက်သာရာရသွားချိန်တွင် သူ့ရင်ထဲတွင် ဖော်ပြ၍မရသော ခံစားချက်တစ်ခုလည်း ရှိနေခဲ့သည် ။
" ဟွမ်ကြီး.. မင်း အသက်ကြီးလို့ ရူးများသွားတာလား.. "
ဘုန်းကြီးက အမြန်လျောက်လာပြီး ဆဲလိုက်၏ ။ အလောင်းများအား အရာရှိအမိန့်မရှိဘဲ ဖွင့်ကြည့်နေသည်က အန္တရာယ် များလှသည် ။
သို့သော်လည်း အဘိုးကြီးဟွမ်က မကြား ။ ကြောင်တောင်တောင်ဖြင့် မေးသည် ။
" ဘုန်းကြီး.. သခင်လေးကုံးနောက်ကို အမြဲလိုက်နေတဲ့ မီးခိုးရောင်ဝတ်အဘိူးကြီးကို မြင်မိသေးလား.. "
" သူ သေသွားပြီ ဆိုလားပဲ.. "
" သခင်လေးကုံးရော.. "
" သေပြီလေ.. ခုနကပဲ အဲ့အကြောင်းပြောနေတာကို မင်း အဲ့လောက် မြန်မြန်မေ့သွားတာလား.. "
အဘိုးကြီးဟွမ်က အချိန်အတော်ကြာအောင် တိတ်ဆိတ်သွားပြီးမှ ဖြည်းဖြည်းချင်းပြောလိုက်သည် ။
" အဲ့တာဆို မနေ့က သခင်လေးကုံးနောက် ပါလာတဲ့သူတွေ အကုန်သေသွားပြီ.. သူ သေချာလုပ်တာလို့ ထင်လား.. "
" ဟုတ်လား.. မင်းစိတ်ပူနေတဲ့ ကိစ္စက အဆင်ပြေသွားပြီပေါ့.. "
ဘုန်းကြီးက သိပ်မစဥ်းစားဘဲ ပြန်ဖြေသည် ။
" တကယ်တော့ ..ပြုံးနေတက်သူတွေဟာ ကံကောင်းတတ်တယ်လို့ ဆရာတော်ကြီးတွေ ပြောတာ ကြားဖူးတယ်.. "
အဘိုးကြီးဟွမ်က သူ၏ အဝါရောင်သွားများပေါ်အောင် ပြုံးဖြီးဖြီး လုပ်၍...
" ဘုန်းကြီး... ငါချောလား.. "
ဘုန်းကြီးက အဘိုးကြီးဟွမ်၏ ပြီတီတီရုပ်ကို ကြည့်ပြီး တကိုယ်လုံး ကြက်သီးဖြန်းဖြန်းထသွား၏ ။
" ဟွမ်ကြီး.. မင်းအိမ်မှာ မှန်မရှိဘူးလား.."
အဘိုးကြီးဟွမ် ခပ်ဖျော့ဖျော့သာ ပြုံးလိုက်သည် ။ ကံကောင်းတတ်သည် ဟူသော စကားက မှန်ကန် နေပါသည်လော ။
သူ အမှန်တကယ် ကံကောင်းနေ၍ ချောင်ညီအကိုနှင့် ဆုံမိခြင်းဖြစ်မည် ။ သူ ချောင်မူ ပေးခဲ့သော ကတိအား သတိရမိသွားသည် ။ ချောင်မူသာမက ချောင်လင်းသည်ပင် ထိုကတိအား ဆက်လက်စောင့်ထိန်းခဲ့ လေသည် ။
အဘိုးကြီး ဟွမ်က ခြံဝင်း သန်ု့ရှင်းရေးအား ဆက်လုပ်တော့သည် ။ ချောင်လင်းသည် လူဆိုးတစ်ယောက်သာ ဖြစ်ရမည်ဖြစ်ပြီး သူသေသွားပြီ ။ ထို့ကြောင့် အသက်ရှင် နေသူ တစ်ယောက်အနေဖြင့် အာမချောင်သင့် ။ သူ သောက်ခဲ့သော သူရဲကောင်းစွပ်ပြုတ်နှင့်အတူ ဗိုက်ထဲတွင်သာ ချေဖျက်လိုက်တော့မည် ။
သို့သော်လည်း ဤအကြောင်းကို အဘိုးကြီးဟွမ် စိတ်ထဲမှ ထုတ်မရ ။ ဤသို့သော အခြေအနေအထိ မည်သို့ ရောက်ခဲ့ပါသနည်း ။ သူပေးလိုက်သော သံထုတ်ချောင်းသိုင်းက အဖိုးတန်သည်ဟု သူ မထင် ။
၄၈
~
မြို့စားစံအိမ်တော်ရှိ ရေတွင်း၏အောက်တွင် တသွင်သွင် စီးဆင်းနေသော မြေအောက်မြစ်တစ်စင်း ရှိ၏ ။ ဤသည်က အရေးကြုံလျှင် ထွက်ပြေးရမည့် လျို့ဝှက်လမ်းလည်း ဖြစ်သည် ။
ချောင်မူက အပျက်အဆီး အစအနများနှင့်အတူ ရေတွင်းထဲသို့ ပြုတ်ကျလာခဲ့သည် ။ သူ စဥ်းစားချိန်မရ၍ လုပ်မိလုပ်ရာ လုပ်လိုက်မိခြင်းပင် ။
သူ ရုပ်ပျက်ဆင်းပျက် သေရန် ရွေးချယ်စရာ မရှိပေ ။ ရန်သူ့လက်၌ သူ၏ ခန္ဓာကိုယ်အား အပ်လိုခြင်းမရှိ ။ သူ ထပ်ခါထပ်ခါ ပြန်ပေါ်လာရအုံးမည်ဖြစ်သည် ။ မလိုလားအပ်သော အန္တရာယ်များ ပေါ်ပေါက်လာနိုင်သည် ။
ချောင်မူ အောက်သို့ ရောက်လျှင် မြစ်တစင်း ရှိနေမှန်း သိသွားပြီး ရေစီးအတိုင်း အလိုက်သင့် လိုက်သွားသည် ။
တဖြည်းဖြည်း ဝေးလာသလို သူ၏ စိတ်သည်လည်း မှုန်ပြပြ အသိသာ ကျန်တော့၏ ။
ချောင်မူသည် ရေပေါ်တွင် ပေါလောမျောနေပြီး သူ့မျက်နှာထက်တွင် တည်ငြိမ်သော အပြုံးတစ်ခု ရှိနေသည် ။ သူ၏ နောက်ဆုံး အတွေးမှာ....
' စောင့်နေလိုက် ကုံးယန်.. '
' မြစ်က အရှေ့ဘက်ကမ်းကို နှစ်သုံးဆယ်စီးရင် အနောက်ဘက်ကမ်းကိုလည်း နှစ်သုံးဆယ် စီးတယ်တဲ့.. ဆင်းရဲတဲ့ သက်လတ်ပိုင်း တွေကို ဘယ်တော့မှ လျော့မတွက်နဲ့.. '
' ငါ သတ်လတ်ပိုင်းအရွယ်မှာ မင်းငါ့ကို အနိုင်ကျင့်ရင် ငါအဘိုးကြီးဖြစ်တဲ့အခါကျ မင်းကို ပြန်လာရိုက်မယ်ကွ.. '
…………..
အချိန်အတော်ကြာပြီးနောက်...
ယန်မြို့ပြင်ရှိ တောင်များကြားတွင်...
ဝမ်စုန့်ဟဲသည် တုန်ရှန် တောင်မှ ဓားပြများကို ဦးဆောင်လာပြီး တောင်ကြားအတွင်း အခြေချရန် ပြင်ဆင်နေ၏ ။
ဓားပြရွာသားများ မြစ်ဘေးတွင် ရေချိုးအဝတ်လျော်နေကြစဥ် ရေစီးဖြင့် မျောပါလာသော လူတစ်ယောက်ကို မြင်လိုက်ကြ၏ ။
ဝမ်စုန့်ဟဲက ဤသတင်းကို ကြားလျှင် အပြေးရောက်လာသည် ။ သူ သာမန်အလောင်းတစ်ခုဟု ထင်ခဲ့သော်လည်း သေချာကြည့်ပြီးမှ မသေသေး၍ အံ့သြသွားသည် ။ မျက်နှာအား သေချာကြည့်လိုက်ရာ..
" ဒါ.. ဒါ ချောင်လင်း ဟ.."
သူသည် ချောင်လင်းအား အထင်ကြီးလေးစားခဲ့ပြီး စုဆောင်းရန် ကြိုးစားဖူး၏ ။
" ချောင်လင်းက မကောင်းမှုကို ရွံရှာပြီး ရဲရင့်တယ့်သူပါ.. သူတစ်ခါတစ်လေ တဇွတ်ထိုး လုပ်တက်ပေမဲ့ သွေးဖို့ လိုနေတဲ့ ကျောက်မျက်ရတနာလိုပဲ ..ဟူး.. ဒီလို လူတွေ ငါအရင်က မြင်ဘူးတယ်.. အသက်ရှည်တဲ့သူကို မရှိဘူး.. "
ဝမ်စုန့်ဟဲ အတိတ်အား ပြန်တွေးလိုက်မိ၏ ။
" ငါ ချောင်လင်းနဲ့ ပြန်တွေ့ရမယ်လို့ ထင်ထားပင်မယ့် ဒီလောက်စောစော ပြန်တွေ့ရမယ် မထင်ဘူး.. သူ ဘယ်သူနဲ့ တွေ့လာတာပါလိမ့်.. "
ဝမ်စုန့်ဟဲက အဝေးမှ သန်မာသော လူတစ်ယောက်ို လှမ်းခေါ်လိုက်၏ ။
" ကျန်းခွေ.. သူ့ကို တောင်ပေါ်ခံတပ် သယ်ခဲ့လိုက်.. ဆေးခန်းထဲ ထည့်ထား.. "
" အကိုစုန့်ဟဲ.. ဒီလူကို ကိုယ်တိုင် ကုပေးမလို့လား.. "
ကျန်းခွေက အံ့အားသင့်စွာ မေးသည် ။
" ဟုတ်တယ်လေ.. မကုဘဲ သေအောင် ပစ်ထားရမှာလားဟ.. "
ဝမ်စုန့်ဟဲက သတိလစ်နေသော ချောင်မူကို ကြည့်၍ ပြုံးလိုက်ပြီး...
" ချောင်လင်း.. မင်းငါနဲ့သိနေတာ တော်တော်ကံကောင်းတယ်.. ဒီလောက် ပြင်းထန်တဲ့ ဒဏ်ရာနဲ့ဆို တခြားလူနဲ့ တွေ့ရင် သေနေပြီ.. ငါနဲ့တွေ့တာ မင်းကံကောင်းတာပဲ.. "
" ဟားဟား..ဟူတ်တယ်.. ဒီကလေး ကံတော်တော်ကောင်းတယ် .."
ကျန်းခွေ ဟူသည့် လူထွားကြီးကလည်း ရယ်၍ ဝင်ထောက်ခံလိုက်သည် ။
" အကိုစုန့်ဟဲ သူ့ကို ကယ်လိုက်တာ သိရင် ဒီလောက်ကြီးတဲ့ ကျေးဇူးကို ဘယ်လို ပြန်ဆပ်ရမလဲဆိုပြီး တွေးပူနေလောက်တယ် .."
ဝမ်စုန့်ဟဲက အတိတ်မှ အတွေးပုံရိပ်များကို စဥ်းစားရင်း လက်နှစ်ဖက် နောက်ပစ်၍ တောင်ပေါ်ဆေးခန်းသို့ လမ်းလျှောက်သွားသည် ။
လမ်းတစ်လျောက် သူက ကျန်းခွေအား ရင်ဖွင့်လာ၏ ။
" ငါ ငယ်ငယ်က ဆေးပညာသင်ယူပြီး အဆင့်တသ်ခုအထိ ရောက်ခဲ့သေးတယ်.. "
" ဒါပေမဲ့ ဆေးပညာက လူတစ်ယောက်ချင်းစီကိုပဲ ကယ်လို့ရတာ လူအများကို မကယ်ပေးနိုင်ဘူး.. အဲ့တာကြောင့် ဆေးပညာကို စွန့်လွှတ်ပြီး ငါ စာပေ လေ့လာခဲ့တယ်.. "
" နောက်ပိုင်းကျတော့ ရာထူး စာမေးပွဲ အောင်ပြီး အရာရှိတစ်ယောက် ဖြစ်လာတာပေါ့.. ဒါပေမဲ့ မျိုးနွယ်ခြားတွေနဲ့ တိုက်ပွဲပြီးတော့ စာပေပညာဆိုတာ မျိုးနွယ်ခြားတွေနဲ့ တွေ့ရင် ဘာမှ အသုံးမဝင်ဘူးဆိုတာ သိလာခဲ့တယ်.. "
" ဟီးဟီး.. ငါတို့ စကားပြောတာ လမ်းကြောင်းလွဲနေပြီ.. သူ့ကို အဲ့မှာ ထားလိုက်.. ကျွတ်ကျွတ် ..ဒဏ်ရာတွေက တော်တော်ပြင်းတာပဲ.. "
…………
သုံးရက် ကြာပြီးနောက်...
ဤ အချိန်အတောအတွင်း ဝမ်စုန့်ဟဲသည် ယန်မြို့တွင် ဖြစ်ပျက်ခဲ့သည်များကို သိရှိသွား၏ ။ သူ တမင် စုံစမ်းရန်ပင် မလိုအပ်ချေ ။ တစ်စုံတစ်ယောက်က တမင် သတင်းဖြန့်နေပုံရသည် ။
" ချောင်လင်းက ကုံးယန်လက်ထဲ ရောက်သွားမယ် မထင်ထားဘူး .. သူက သူရဲကောင်းဘွဲ့နဲ့ တကယ်ကို ထိုက်တန်တယ်.. ငါသူ့ကို အကဲဖြတ်တာ လွဲသွားတာပဲ.. "
ဝမ်စုန့်ဟဲ အံ့သြနေရ၏ ။ ထို့ကြောင့် ချောင်လင်းကို ကုသရာတွင် ပိုမို အားစိုက်ခဲ့သည် ။
လေးရက်မြောက်နေ့...
ချောင်လင်းက စိတ်ရှုပ်ထွေးစွာဖြင့် မျက်လုံး ဖွင့်ကြည့်လိုက်သည် ။ သူ မရင်းနှီးသည့် အိမ်အမိုး တစ်ခုကို မြင်လိုက်ရ၏ ။
" နိုးပြီလား.. "
ဝမ်စုန့်ဟဲ၏ အသံထွက်ပေါ်လာသည် ။
ချောင်မူ...." ....."
သူ အခြေအနေအား နားမလည်နိုင်သေးပေ ။ သူ လူသူကင်းမဲ့သည့် နေရာတစ်ခုတွင် ပြန်လည် မွေးဖွားလာသင့်သည် မဟုတ်လော ။ မည်သည့် အတွက်ကြောင့် ဤနေရာသို့ ရောက်နေရပါသနည်း ။ မည်သည့်အတွက်ကြောင့် သူစိမ်းများက သူ့အား သနားသည့် အသွင်ဖြင့် ဝိုင်းကြည့်နေကြပါသနည်း ။
" ချောင်လင်း.. ငါက ဝမ်စုန့်ဟဲလေ.. မင်း ခန္ဓာကိုယ်က အန္တရာယ် ရှိသေးတယ် မလှုပ်နဲ့အုံး.. "
ဝမ်စုန့်ဟဲက ခင်မင်ရင်းနှီးဟန်ဖြင့် ကြင်နာစွာ ပြောလိုက်သည် ။
" မင်းနဲ့ ငါက တကယ်ကို ရေစက်ပါတယ်.. မင်းမြစ်ထဲမှာ ဒဏ်ရာတွေနဲ့ မျောလာတာတွေ့လို့ ငါတို့ ကယ်ထားတာ.. "
ပတ်တီးအပြည့်ဖြင့် ကုတင်ပေါ်တွင် လှဲနေသော ချောင်မူ၏ မျက်လုံးများ ပြူးကျယ်သွားပြီး ထထိုင်ရန် ရုန်းကန်လိုက်၏ ။
" ထပြီး ငါတို့ကို ကျေးဇူးတင်စရာ မလိုပါဘူး.. "
ဝမ်စုန့်ဟဲက ချောင်မူကို ပြန်ဖိထားလိုက်သည် ။
" မင်း မြို့စားအိမ်ထဲဝင်ပြီး အဲ့ခွေးကောင်ကို ဘယ်လို သတ်ခဲ့တယ်ဆိုတာကို ငါတို့ သတင်းကြားပြီးပြီ.. မင်းလုပ်ခဲ့တာနဲ့ ယှဥ်ရင် ငါတို့ လုပ်တာက အသေးအဖွဲလေးပါ.. စိတ်ထဲမထားနဲ့.. "
ချောင်မူက မျက်လုံးပြူး မျက်ဆန်ပြူးဖြင့်သာ ကြည့်နေသည် ။
' ဝမ်စုန့်ဟဲ.. မင်းနဲ့ငါနဲ့ ဘာပြဿနာ ရှိလို့ ငါ့ကို ကယ်ထားရတာလဲ.. '
ယခုအခါတွင် ချောင်မူသည် တစ်ကိုယ်လုံး ပတ်တီးစီးခံထားရ၍ လည်ပင်း ပင်လှုပ်မရ ။ သူ့ခန္ဓာကိုယ်ရှိ အတွင်းအားလည်း သုံးမရတော့ ။
" မ....ဟ...ု.တ်..ဘူ..း.."
ချောင်မူက ပါးစပ်ကို ကြိုးစားဖွင့်ပြီး ငြင်းလိုက်သော်လည်း အသံက မသဲမကွဲသာ ထွက်လာသည် ။
" ဘာကို ပြောချင်တာလဲ ..မင်းပြောတာ ငါတို့ နားမလည်ဘူး.. "
ဝမ်စုန့်ဟဲက ညင်သာစွာ နှစ်သိမ့်ပေးလိုက်၏ ။
" မလောနဲ့.. မလောနဲ့.. မင်း ပြန်ကောင်းလာတဲ့ အချိန်ကြမှ အားရအောင် ပြောကြတာပေါ့.. "
' မင်းက စကားပြောချင်သေးတာလား.. ငါ့ကို ဒီလိုလုပ်ပြီးမှ စကားပြောချင်သေးတာလား.. '
ချောင်မူ၏ မျက်လုံးက ပိုမိုပြူးလာ၏ ။ သူ သွေးတပွက် အန်ထွက်သွားပြီး သတိလစ်တော့မလို ဖြစ်သွားသည် ။ သွေးများ အန်ထွက်သွားသည်နှင့် အားအနည်းငယ် ပြန်ရလာပြီး စာကြောင်းတစ်ကြောင်းဆုံးအောင် ပြောလိုက်နိုင်သည် ။
" လွှတ်...လွှတ်ပေးပါ.. လက်လျော့လိုက်တော့.. ငါ့ကို.. မကုနဲ့.."
ဝမ်စုန့်ဟဲက ဤစကားကိုကြားလျှင် သနားဟန်ဖြင့် ကြည့်လိုက်ပြီး ...
" ချောင်လင်း.. မင်းတစ်ကိုယ်လုံး နာကျင်နေတယ်ဆိုတာ ငါသိပါတယ်.. ဒါပေမဲ့ ဘဝကို ဘယ်တော့မှ လက်မလျော့ပါနဲ့.. ငါမင်းကို အကုန်ပြန်ကောင်းအောင် ကုပေးမယ်.. "
" ငါ ဝမ်စုန့်ဟဲ.. ငါ့ရှေ့မှာ မင်းလို သူရဲကောင်းတစ်ယောက်ကို သေခွင့် မပေးနိုင်ဘူး.. "
ထိုစကားကို ကြားလျှင် ချောင်မူ သွေးသုံးလုပ် အန်လိုက်ပြီး သတိလစ် သွားသည် ။
ဝမ်စုန့်ဟဲက ချောင်မူ၏ အသက်ကို ထိန်းထားနိုင်ရန် အလှုပ်ရှုပ် နေတော့သည် ။
………..
ငါးရက်မြောက်နေ့...
ဝမ်စုန့်ဟဲသည် ကုတင်ပေါ်ရှိ ချောင်လင်း၏ အသက်ရှုသံကို စမ်းသပ်ကြည့်ရာ ချောင်လင်း အသက်မရှိတော့ ။
သူ တုန်လှုပ်သွားသည် ။ ကုသရာတွင် မည်သည် မှားယွင်း သွားပါသနည်း ။
အမှန်တကယ် ချောင်လင်း၏ ဒဏ်ရာများမှာ ပြင်းထန်လှသည် ။ ရက်အနည်းငယ် ဆွဲဆန့်နိုင်ခဲ့သော်လည်း သေခြင်းတရား၏ လက်ထဲမှ ပြန်ဆွဲမထုတ်နိုင်ခဲ့ချေ ။
သူ ဝံ့ကြွားစွာ ပြောခဲ့သော်လည်း သူချောင်လင်း၏ အသက်ကို မကယ်နိုင်လိုက် ။ ရုတ်တရက် သူ့မျက်နှာထက်တွင် ပူနွေးသည့် ရေစီးကြောင်းတစ်ခု စီးကျလာသည်ကို ခံစားမိလိုက်သည် ။