← Chapters

အခန်း (၄၉-၅၀)

Vol. 5 Ch. 49-50

အခန်း (၄၉-၅၀)

Vol. 5 Ch. 49-50

၄၉

~

တောထဲတွင်...

ချောင်မူက စိတ်ရှုပ်ထွေးဟန်ဖြင့် မျက်လုံးဖွင့်ကြည့်လိုက်၏ ။

သူ၏ ကျန်းမာသန်စွမ်းနေသော ခန္ဓာကိုယ်ကို ကြည့်ပြီး မျက်ရည်များ စီးကျလာသည် ။

' ငါ..ငါ.နောက်ဆုံးတော့ သေသွားပြီ..'

ထိုဝမ်စုန့်ဟဲဆိုသည့် လူ၏ လက်မှ လွတ်ရန် မလွယ်ကူခဲ့ချေ ။ သို့ရာတွင် ဤမျှ အထိ ကျန့်ကြာနေခဲ့ခြင်းက အကျိုးရှိခဲ့၏ ။

သူ သေချင်ရခြင်းမှာ ဝမ်စုန့်ဟဲ ၏ ကုသပေးခြင်းကို ခံရလျှင်ပင် လူကောင်းပြန်ဖြစ်နိုင်မည် မဟုတ်သောကြောင့်ပင် ။ သေ၍ ပြန်ရှင်လိုက်ခြင်းက ပိုမြန်သည် ။

ချောင်မူ ပြန်မွေးဖွားလာသော နေရာမှာ ဓားပြရွာသားများနှင့် နီးနေ၍ စကားပြောသံများကို ကြားလိုက်ရ၏ ။

" ချောင်လင်းက ကံမကောင်းဘူးကွာ.. သူပြန်ကောင်းလာမယ် ထင်ထားတာ နှမြောစရာပဲ .."

" သူက တကယ်ကို လေးစား စရာပဲနော်.. သူ ငါတို့ဆီက ထွက်သွားတုန်းက အတွင်းဒဏ်ရာ ရနေတာတဲ့.. ဒါကိုတောင် မြို့စားအိမ်ထဲ ခိုးဝင်ပြီး ခွေးမသားကို သတ်ရဲသေးတယ်.. သူ အသေခံပြီးကို လုပ်တာ .."

" အသက်လည်း အရမ်းပြင်းတာ.. မကျေမနပ် ဖြစ်နေသေးလို့ လက်စားချေချင်နေတာတဲ့... တကိုယ်လုံး ဒဏ်ရာ အပြည့်နဲ့တောင် ငါးရက်လောက် အသက်ရှင်ခဲ့သေးတယ်.. "

' ငါ လက်စားချေရမှာဆိုလို့ မင်းတို့ခေါင်းဆောင် ဝမ်စုန့်ဟဲပဲ ရှိတယ်.. '

ချောင်မူက ခပ်တိုးတိုး ညည်းလိုက်၏ ။ သူ ခဏကြာအောင် ရပ်နားထောင်ပြီးနောက် သူသေဆုံးပြီးဖြစ်ခဲ့သည်များကို နားလည်သွား၏ ။

ယန်မြို့ခံများ၏ အမြင်တွင် ချောင်မူ ရေတွင်းထဲ ခုန်ချသည့်အချိန်တွင် သေဆုံးပြီးဖြစ်သည် ။ သို့သော်လည်း ချောင်မူကို ဝမ်စုန့်ဟဲက ကယ်ခဲ့၏ ။ ဓားပြများ၏ အမြင်တွင် ချောင်မူ မသေသေးသည်က လက်စားချေလိုသဖြင့် တင်းခံထားသည်ဟု ထင်သွားကြပြီး ဓားပြများ၏ ဒဏ္ဍာရီ တစ်ပုဒ် ဖြစ်လာခဲ့သည် ။ ထို့ကြောင့် သေဆုံးမှု အကဲဖြတ်ချက်က ပိုတိုးတက်လာခဲ့သည် ။

ချောင်မူက သက်ရှည်သော့ကို အာရုံခံလိုက်သည် ။

သေဆုံးမှုအကဲဖြတ်ချက် - B ( သူရဲကောင်းတို့၏ စိတ်ဝိညာဥ်ကား လေအဟုန်တွင် မိုင်ထောင်ချီ ပျံသန်းသွားသည်)

သက်တန်း သုံးစွဲမှု - ၁၀ နှစ်

ယခုအပတ်အတွက် အသက်လက်ကျန် - ၀ / ၅

လက်ရှိအသက် - ၄၂ နှစ်

သိုင်း - သက်ရှည်လက်သီး ( ကျွမ်းကျင်) ၊ ထပ်ဆင့်လှိုင်းခွန်အား ( ကနဦး) ၊ သိုင်းသူတော်စင်စိတ်ဝိညာဥ် ( အစပြုသူ) ၊ စစ်ဘက်သုံးလှံ ( ကျွမ်းကျင်) ၊ သံတုတ်ချောင်း ( ကျွမ်းကျင်) ၊ သံချပ်ဝတ် ( ကနဦး) ၊ ကောင်းကင်နတ်ဆိုးပြိုကွဲခြင်း (ကနဦး)

အချိန်ဆယ်နှစ်က လျင်မြန်စွာ ကုန်ဆုံးသွားသည် ။ ဤဆယ်နှစ်အတွင်း နေ့ည မပြတ် လေ့ကျင့်ခဲ့၏ ။

ချောင်မူက သူ့ဒန်တျန်သို့ အာရုံခံကြည့်လျှင် မမြင်နိုင်သည့်အတွင်းအား ဝဲကတော့ ကို ခံစားမိလိုက်သည် ။

သူ သေဆုံးပြီးနောက် အဆင့် ၈ အလယ်ဆင့်မှ အဆင့် ၇ အထွတ်အထိပ်အထိ ခုန်တက်သွားခဲ့သည် ။ ပို၍ ကောင်းသည်က သိုင်းကျွမ်းကျင်မှု တိုးတက်လာခဲ့ခြင်းပင် ။ ခက်ခဲသော သိုင်းများပင် အဆင့်တခုအထိ ကျွမ်းကျင်လာခဲ့သည် ။

ချောင်မူက သူ့အရေပြားအား ဆွဲကြည့်လိုက်ရာ နွားသားရေသဖွယ် မာကျောနေသည်ကို တွေ့လိုက်ရသည် ။ အတွင်းအား အသုံးပြုလိုက်သည်နှင့် ကျောက်တုံး တစ်တုံးလို မာကျောသွားမည်ဖြစ်၏ ။

' ခန္ဓာကိုယ်သိုင်းတွေ ရှာတာ ပိုကောင်းမယ်.. ဒါမှ အဆင့်မြင့် အကဲဖြတ်ချက်ရရင် ပိုအကျိုးရှိမှာ.. '

ယခု ချောင်မူ စိတ်ဝင်စားနေသည်က သူခိုးလာသော သိုင်းသူတော်စင်စိတ်ဝိညာဥ် သိုင်းပင် ။

' ထင်သလောက်လည်း မခက်ပါလား.. ငါ့အတွက် လွယ်နေသလိုပဲ.. '

သို့သော်လည်း ချောင်မူသည် ထိုသိုင်းကို ထုတ်မသုံးတက် ။ ဆဋ္ဌမ အာရုံ ကျင့်ကြံနည်းဖြစ်၍ မရေမရာသည့် အာရုံခံစားမှု တစ်ခုသာရှိနေ၏ ။ တိုက်ပွဲ ကြုံရပါမှ လက်တွေ့ သိနိုင်မည် ဖြစ်သည် ။

သိုင်းသူတော်စင်စိတ်ဝိညာဥ် သိုင်းသည် ဝိညာဥ်ကို သန့်စင်ခြင်း သို့တည်းမဟုတ် ဆန်းကြယ်သည့် အာရုံခံဗီဇကို လေ့ကျင့်ရန် နည်းလမ်းဖြစ်သည် ။

ယခု အာရုံခံစားမှု မည်မျှ တိုးလာသည်ကို သူ မသိသော်လည်း မြောက်အရပ်မှ တစ်စုံတစ်ခုကို ယောင်ပြပြ ခံစားမိ၏ ။

သူ မျက်မှောင်ကြုတ်၍ မြောက်ဘက်သို့ ကြည့်လိုက်သော်လည်း တောင်တန်းများနှင့် သစ်တောများသာ မြင်နေရသည် ။ မည်သည် ထူးခြားမှုကိုမှ မတွေ့ ။ သို့ရာတွင် သူ့စိတ်ထဲမှ မြောက်အရပ်သို့ သွားသင့်သည်ဟု ခံစားနေမိသည် ။

' ဘာလဲ.. ငါ ရွှေလက်ချောင်း တစ်ခု ထပ်ရတာလား.. '

ချောင်မူက မြောက်ဘက်သို့ သွားရန် ပြင်လိုက်စဥ် သူ့ဘေးမှ ခြေသံများ ထွက်ပေါ်လာပြီး ...

" မင်း ဘယ်သူလဲ.. "

ခြုံပုတ်အတွင်းမှ သန်မာထွားကြိုင်းသော လူသန်ကြီးနှင့် ခေါင်းတွင် အဝတ်စချီထားသော ဓားပြတစ်စု ထွက်လာကြသည် ။

ထိုလူကြီး ချောင်မူကို အံ့အားသင့်စွာကြည့်နေ၏ ။ သူ၏ မျက်လုံးဝိုင်းကြီးများဖြင့် ထိတ်လန့်စွာ စိုက်ကြည့်နေသော်လည်း တဖြည်းဖြည်း တည်ငြိမ်သွားသည် ။

" အဟွတ် အဟွတ်.. ငါ ချောင်လင်း သရဲ မှတ်လို့ လန့်သွားတာပဲ.. မင်းတို့က ရုပ်တူနေတယ်.. "

" မင်း ဘယ်သူလဲ.. ဘာလို့ ငါတို့ စခန်းထဲ ခိုးဝင်လာတာလဲ.. "

ယခု ချောင်မူသည် ၄၂ နှစ်ရှိပြီ ဖြစ်၍ ချောင်လင်းထက် ၁၀ နှစ်ကြီး၏ ။ သက်ရှည်လက်သီးသိုင်းကြောင့် အသက်စွမ်းအင်နှင့် သွေးစွမ်းအင်များ ရုတ်လျော့လာခြင်းကို မခံစားရချေ ။ သူ့အား ကြည့်လိုက်လျှင် အသက် ၃၀ ကျော်ခန့်သာ ထင်ရပေသည် ။ သို့ရာတွင် ချောင်လင်းနှင့် နှိုင်းယှဥ်ပါက ရင့်ကျက်သည့်ပုံ ပေါ်နေသည် ။

" အဟမ်း.. "

ချောင်မူက ချောင်းဟမ့်လိုက်၏ ။ သူ ယခု အသက် ၄၀ ကျော်လာပြီ ဖြစ်၍ တည်တည်ငြိမ်ငြိမ် ပြောသင့်သည်ဟု ခံစားမိလိုက်သည် ။

" ကျုပ်နာမည် ချောင်ဆန်း ပါ.. ကျုပ်သား ချောင်လင်းကို လိုက်ရှာနေတာ.. "

" ဆရာလူသန်ကြီးက စောနက ချောင်လင်းလို့များ ပြောမိလိုက်တာလား.. သူ ဒီမှာ ရှိလား.. "

ချောင်မူ၏ စကားကို ကြားလျှင် လူထွားကြီးက ရှက်ရွံစွာ ခေါင်းကုပ်လိုက်၏ ။

……………

တစ်ခဏအကြာတွင် ရွာဆေးခန်းသို့ ရောက်လာကြ၏ ။ ချောင်မူက လူနာကုတင်ပေါ်တွင် လှဲလျောင်းနေသည့် သူ၏ ခန္ဓာကိုယ်ကို ကြည့်ပြီး ဝမ်းနည်းဒေါသ ထွက်လာသဖြင့် တဆက်ဆက်တုန်ရီနေသည် ။

" သူ ချောင်မိသားစုရဲ့ ဆောင်ပုဒ်ကို လိုက်နာပြီး ကောင်းကောင်း သေနိုင်ခဲ့တာပဲ.. ကျုပ်သား အသက်စွန့်ပြီး လူယုတ်မာ တစ်ယောက်ကို သတ်ခဲ့တာ ကျုပ် ဂုဏ်ယူတယ်.. "

ဝမ်စုန့်ဟဲက မျက်နှာ မသာမယာဖြင့် ဘေးတွင် ရပ်နေ၏ ။

" အကို ချောင်ဆန်း.. စိတ်လျော့ပါဗျာ.. သေတဲ့သူက သေပြီပဲ.. ကျုပ်တို့ ဆက်ရှင်သန်နေရအုံးမယ်.. "

ဝမ်စုန့်ဟဲသည် ကယ်တင်မည်ဟု ကတိပေးခဲ့ပြီး ပျက်ကွက်ခဲ့၏ ။ ယခု ချောင်လင်း၏ အဖေ ရောက်လာ၍ သူရှက်နေမိသည် ။ သူ တာဝန် မကျေပွန်နိုင်ခဲ့ချေ ။

" မင်း ပြောတာ မှန်တယ်.. သေတဲ့သူက သေသွားပြီ.. ငါတို့က ဆက်ပြီး ရှင်သန် နေရအုံးမှာပဲ.. "

ချောင်မူက လေးလေးနက်နက် ပြောလိုက်ပြီး ...

" သွားသူရဲ့ ကိစ္စကို ပြီးမြောက်အောင် လုပ်ဆောင်ပြီးပြီ ဆိုရင် ကျန်ရစ်သူတွေက ဆက်လက် လုပ်နေရမှာပဲ.. "

" ယန်မြို့စား ဆိုတဲ့သူက ငါ့ကလေးနှစ်ယောက်ကို သတ်ခဲ့တာ.. ငါ သူ့ကို ရက်အနည်းအတွင်း သွားသတ်မယ်.. "

ဝမ်စုန့်ဟဲ.... " ... "

ဤအချိန်တွင် ဝမ်စုန့်ဟဲသည် ချောင်မူကို ကြည့်ရင်း ထူးဆန်းသည့် ရင်းနှီးမှုကို ခံစားမိလိုက်၏ ။ ချောင်ညီအကို၏ တဇွတ်ထိုးနိုင်မှုကို သူ မအံ့သြတော့ပေ ။ ချောင်ညီအကို၏ အဖေဖြစ်သူအား မြင်လိုက်ရ၍ တရားခံအား တွေ့လိုက်ရလေပြီ ။

၅၀

~

ညနေခင်း နေဝင်ရီတရော အချိန် ... ကောင်းကင်ယံတစ်ခွင်လုံး နီဆွေးနေ၏ ။

အဘိုးကြီး ဟွမ်က လမ်းကြားထဲတွင် တစ်ယောက်တည်း လမ်းလျှောက်ကာ အိမ်သို့ အလျင်စလို ပြန်လာခဲ့သည် ။

သူ့အိမ်သည်လည်း အပြင်မြို့တွင် ရှိ၏ ။ လမ်းကြားအတွင်း ပိုနက်လာလျှင် ပိုမိုမှောက်မိုက်ပြီး တိတ်ဆိတ်လာ၏ ။

အိမ်အလွတ်များ များလှသဖြင့် သူ့ခြေသံမှ လွဲ၍ မည်သည့် အသံမှ မရှိချေ ။

' ကျန်းမိသားစုက လွန်ခဲ့တဲ့ နှစ်လလောက်က ထွက်သွားတာ ..ချန်မိသားစု ထွက်သွားတာ ဘယ်တုန်းကပါလိမ့်.. လွန်ခဲ့တဲ့ ခြောက်လ လောက်က လားပဲ ..'

သူ တဖြည်းဖြည်းချင်း လျောက်လာပြီး ထောင့်တစ်ခုရောက်လျှင် ကွေ့လိုက်သည် ။

ပထမဆုံး မြင်လိုက်ရသည်က လမ်းကြားထဲတွင် ဆော့ကစားနေသော ကလေးအနည်းငယ် ပင် ။

အဘိုးကြီးဟွမ်အား မြင်လျှင် ကလေးများက ပြေးလာပြီး ကိုယ်ပေါ်တွယ်တက်တော့၏ ။ ခဏအကြာတွင် အဘိူးကြီးဟွမ်၏ ပေါင်တွင် အရုပ်တစ်ရုပ် ချိတ်ဆွဲထားပြီး ကျောတွင်လည်း ချစ်စရာကောင်းသော အရုပ်လေးတစ်ရုပ် ချိတ်ဆွဲထားကာ အော်ဟစ်နေကြသည် ။

" ဖေဖေ..ဖေဖေ.. သားတို့နဲ့ဆော့.. "

အဘိုးကြီးဟွမ် ဖြတ်လျောက်လာခဲ့သော လမ်းတစ်လျောက်နှင့်မတူ ဤနေရာတွင် အသက်ဝင်နေသည် ။

ပုံမှန်ဆိုလျှင် အဘိုးကြီးဟွမ် ပြန်ရောက်လျှင် ကလေးများနှင့် ကစားသော်လည်း ယနေ့ ကစားချင်စိတ်မရှိ ။ ထို့ကြောင့် ကလေးနှစ်ယောက်ကို ချီ၍ အိမ်သို့သာ ပြန်လိုက်သည် ။ သူ အိမ်ထဲသို့ ဝင်ခါနီးတွင် အိမ်နီးချင်းများ၏ အသံကို နားစွင့်ကြည့်လိုက်သည် ။

ထူးဆန်းသည်က လုံးဝ မမှောင်သေးသော်လည်း တံခါးများအား ပိတ်ထားကြ၏ ။ တစ်စုံတစ်ယောက်သည် တံခါးနားတွင် သေချာနားထောင်ကြည့်ပါက ရယ်မောသံများနှင့် အရက်နံ့ သင်းသင်းကို ရှူရှိုုက်မိပေမည် ။

" မြို့စားမင်းကြီးရဲ့သား သေဆုံးသွားပါပြီ.. ဟားဟားဟား..."

" ငါဒီနေ့ မှောက်တဲ့အထိ သောက်မယ်ကွ.. "

" လောကဓံရဲ့ အလှည့်အပြောင်းဆိုတာ ဘယ်သူမှ ကြိုမသိနိုင်ဘူး.. "

" ငါ ဒီနေ့ ခွက်ကြီး သုံးခွက် ကုန်အောင်သောက်မယ်.. "

စာအုပ်ရောင်းချသူ အိမ်နီးချင်းတစ်ဦးက တိုးတိုးပြောနေသည် ။

" ပျော်လိုက်တာ ဟေ့... ပျော်လိုက်တာ ..ပျော်လိုက်တာဟေ့.. ပျော်လိုက်တာ.. "

ဤသည်က အိမ်နီးချင်း အသားရောင်းသူမှ အပျော်လွန်၍ ထကနေခြင်းပင် ။

အဘိုးကြီးဟွမ်လည်း တံခါးပိတ်ပြီး ဖွက်ထားသော ဝိုင်ပုလင်းကို ထုတ်ယူလိုက်သည် ။ ထို့နောက် ဇနီးဖြစ်သူအား အကြောင်းစုံ ရှင်းပြလိုက်သည် ။

သိပ်မကြာမီပင် မှောင်လာပြီး ညဥ့်ပိုနက်လာ၏ ။ ဆူညံနေသော ကလေးများလည်း အိပ်သွားကြကာ အဘိုးကြီးဟွမ်၏ ဇနီးက အိုးခွက်ပုဂံများအား သန့်ရှင်းရေးလုပ်ပြီး သွားလေပြီ ။

အဘိုးကြီး ဟွမ်က ပြတင်းပေါက်မှတဆင့် အပြင်သို့ ငေးနေ၏ ။ အပြင်ဘက်တွင် လရောင်အလင်းက မိန်ဖျော့ဖျော့ထွန်းညှိပေးထားပြီး အက်စက်များ၏ ဆူညံသံများသာ ထွက်ပေါ်နေသည် ။

သူပင်ပန်းနေသော်လည်း မအိပ်ချင်သေး ။ ဝိုင်သုံးခွက် ထပ်ငှဲ့ လိုက်သည် ။

တစ်ခွက်က သူ့အတွက် ဖြစ်ပြီး ကျန်နှစ်ခွက်မှာ ဘေးနားက ထိုင်ခုံ အလွတ်နှစ်ခု အတွက်ဖြစ်သည် ။

" ဒီ ဝိုင်တစ်ခွက်က ခင်ဗျားတို့ ချောင်ညီအကို ကို ကျုပ် ဂုဏ်ပြုတယ်.. "

အဘိုးကြီး ဟွမ်က ရီဝေဝေဖြင့် တိုးတိုးလေး ပြောလိုက်သည် ။

" ကျုပ် ခင်ဗျားတို့ အကြောင်း ဘာမှ ပြောမပေးနိုင်ဘူး.. ကျုပ်ရင်ထဲမှာပဲ သိမ်းထားရတယ်.. ဒါပေမဲ့ ကျုပ်အသက်.. ကျုပ်မိသားစု အသက်တွေကို ခင်ဗျားတို့ ကယ်ခဲ့တာ ကျုပ်တသက် မမေ့ဘူး.. "

ကမောက်ကမ ဖြစ်နေသော ဤခေတ်ပျက်ကြီးတွင် သာမန် လူများ၏ အသက်ဟူသည်က မြက်တစ်ပင် ဖုန့်မှုန့်တစ်မှုန့်နှင့် မခြား ။

အဘိုးကြီးဟွမ်သည် အပြင်မြို့တွင် နေထိုင်သူဖြစ်သဖြင့် ဒုက္ခပေါင်းစုံ မြင်တွေ့ခဲ့ရသူ ဖြစ်၏ ။ မိသားစု ပျက်ဆီးခြင်းနှင့် အစာငတ်သေဆုံးသူများကိုပင် မြင်တွေ့နေရသည် ။ သို့သော်လည်း ထိုအလောင်းများက သူ့အား မည်သည့် ခံစားချက်မှ မပေးနိုင် ။ ယခု ချောင်ညီအကို၏ သေဆုံးခြင်းက သူ့အား စိတ်အနှောက်ယှက် ဖြစ်စေ၏ ။ သူ လူပေါင်းစုံ မြင်တွေ့ခဲ့ဖူးသော်လည်း ချောင်ညီအကိုကဲ့သို့ ရဲရင့်သူမျိုး မမြင်ဖူးချေ ။

ကမ္ဘာကြီးက ပို၍ ရှုပ်ထွေးလာလေလေ ကပ်ရောဂါ မျိုးစုံ ပေါ်ပေါက်လာပြီး လူများ၏ နှလုံးသား အတွင်းမှ ရက်စက်မှုနှင့် တစ်ကိုယ်ကောင်းဆန်မှုတို့ကို ပိုမို ထင်ဟပ် ပြသနေမည် ဖြစ်သည် ။

……….

အိမ်အတွင်းခန်းထဲတွင် အသက် ၁၅ နှစ် ၁၆ နှစ်ခန့် မိန်းကလေးတစ်ယောက်က အဘိုးကြီးဟွမ်၏ ဇနီးနှင့် စကားပြောနေ၏ ။

" အဖေ မူးနေပြီလား.. တကယ်ဆို မြို့စားရဲ့သား သေသွားတာကို သူပျော်နေရမှာလေ ..ဘာလို့ ဝမ်းနည်းနေတဲ့ပုံ ပေါက်နေတာလဲ.. "

" ဟမ့်.. အဲ့ ခွေးသတောင်းစား သေသွားတာ စောလိုက်တာ.. နောက်ထပ် နှစ်နည်းနည်းနေရင် သမီးကိုယ်တိုင် သတ်ပစ်နိုင်တယ်.. "

အဘိုးကြီးဟွမ်၏ သမီးအကြီးဆုံးက အသက် ၁၅ နှစ်ကျော်သာ ရှိသေးပြီး ပိန်ပိန်ပါးပါးနှင့် ကြံ့ခိုင်သော ကိုယ်ခန္ဓာကို ပိုင်ဆိုင်ထား၏ ။ သူမ၏ ဆံပင်ရှည်များကို နောက်တွင် မြင်းမြီးပုံစံ သပ်သပ်ရပ်ရပ် စည်းနှောင်ထားပြီး သူမ၏ လည်ပင်းက လှပစွာ ပေါ်လွင်နေသည် ။ သူမ၏ တည်ငြိမ်သော အကြည့်များနှင့် ပေါင်းစပ်လျှင် ထူးခြားသည့် ဆွဲဆောင်မှု တစ်မျိုး ရှိနေသည် ။

မြို့စား၏သား သေဆုံးသွားသဖြင့် မကျေမနပ် ဖြစ်နေသူ ဟူ၍ သူမ သာ ရှိပေမည် ။

သူမက ခဏစဥ်းစားပြီး အဘိုးကြီးဟွမ်ထံသို့ သွားလိုက်သည် ။

" အကြီးမ.. နင့်အဖေကို မနှောက်ယှက်နဲ့ သူ့ဟာသူ လွှတ်ထားလိုက်ပါ.. "

အဘိုးကြီးဟွမ်၏ ဇနီးက နူးညံ့သောအသံဖြင့် တားလိုက်သည် ။

" သမီး မနှောက်ယှက်ပါဘူး.. ဖေကြီး ပျော်သွားအောင် အံ့သြစရာတစ်ခု သွားပြမလို့.. "

သူမက အဘိုးကြီးဟွမ်၏ အနားတွင် ဝင်ထိုင်လိုက်သည် ။

" သမီးကြီး.. သမီးရဲ့ မောင်လေး ညီမလေးတွေက ငယ်သေးလို့ မသိတက်သေးပေမဲ့ သမီးမှတ်ထားရမှာ တစ်ခုရှိတယ်.. "

" အဖေ ချောင်ညီအကိုတွေ အကြောင်း ပြော... "

အဘိုးကြီးဟွမ် စကားပြောနေစဥ် ရုတ်တရက် မျက်လုံးပြူးသွား၏ ။

သူ၏ သမီးဖြစ်သူက လက်ညိုးတစ်ချောင်းကို ထုတ်၍ စားပွဲကို ငြင်သာစွာ ထိလိုက်လျှင် အပေါက်တစ်ခု ဖြစ်ပေါ်လာသည် ။

" သမီး ဘယ်တုန်းက အတွင်းအား ရသွားတာလဲ.. "

အဘိုးကြီး ဟွမ်က အံ့သြတကြီး မေးလိုက်သည် ။

" မင်း လွန်ခဲ့တဲ့ ရက်အနည်းငယ်က ပေါင် ၃၀၀ ပဲ မနိုင်သေးတာလေ.. ပေါင် ၅၀၀ တောင် မ နိုင်သေးတာ မဟုတ်ဘူး.. ဘယ်လိုလုပ် အတွင်းအား ရသွားတာလဲ.. "

" ပြီးခဲ့တဲ့လက.. "

သူမက တည်တည်ငြိမ်ငြိမ် ပြန်ဖြေသည် ။

" ဒီလို အောင်မြင်မှုမျိုးကို ဘာလို့ အဖေ့ကို အစောကြီး မပြောပြတာလဲ.. "

အဘိုးကြီဟွမ်က မေးလိုက်သည် ။

ဆင်းရဲသူများသည် စာပေလိုက်ပြီး ချမ်းသာသူများမှာ သိုင်းပညာကို လေ့ကျင့်သည် ဟူသော စကားအတိုင်းပင် သိုင်းပညာရှင် ဖြစ်ရန် အစောပိုင်းလေ့ကျင့်ရသည်က အကုန်အကျများပေသည် ။ အဘိူးကြီး ဟွမ်၏ ငွေရှာနိုင်မှုက အသက် ၁၅ နှစ်အရွယ် ကလေးတစ်ယောက်အား သိုင်းပညာရှင် ဖြစ်အောင် ပျိုးထောင်ရန် ခက်ခဲလှပေသည် ။

" သမီးဘာသာ အကောင်းဆုံးကျိုးစားခဲ့တာလေ.."

သမီးကြီးက အပြစ်ကင်းဟန်ဖြင့် ပုခုံးတွန့်ပြလိုက်ပြီး...

" လက်ဖက်ရည်ဆိုင်က ပုံပြောသူတွေ ပြောတယ်လေ.. ပါရမီရှင်တွေက သူတို့ကိုယ်သူတို့ ဖုံးကွယ်မထားရင် မြန်မြန်သေတက်တယ်တဲ့.. "

အဘိုးကြီးဟွမ်က ပြန်ငြင်းရန် ပြင်လိုက်သော်လည်း ချောင်ညီအကိုအကြောင်း စဥ်းစားမိသွား၍ ပါးစပ်ပိတ်ထားလိုက်တော့သည် ။

" အင်းပါ အင်းပါ.. ငါ့သမီးကြီး အရွယ်ရောက်လာပြီပဲ.. "

အဘိုးကြီးဟွမ်က စိတ်လှုပ်ရှားလွန်းသဖြင့် မျက်ရည်ဝဲလာသဖြင့် မျက်လုံး ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်၏ ။ သို့သော်လည်း စားပွဲပေါ်မှ အရက်နှစ်ခွက်ကို ကြည့်ကာ သက်ပြင်းချလိုက်ပြန်သည် ။

" သမီးကြီး.. သမီးက အဖေ့ထက် အများကြီး သန်မာနေပြီဆိုတော့ အဖေသင်ပေးနိုင်တာ ဘာမှ မရှိတော့ဘူး.. အဖေ မှာချင်တာ တစ်ခုပဲရှိတယ် အဲ့တာ သမီးရဲ့ ဘဝကို ဘယ်တော့မှာ မမေ့နဲ့. ........"

"....... ချောင်မိသားစုမှာ မျိုးဆက်တွေ ကျန်သေးသလားတော့ မသိဘူး.. သမီးကြီး တစ်ချိန်ကျ အောင်မြင်တဲ့သူ ဖြစ်လာရင် ချောင်မိသားစုကို ကျေးဇူးဆပ်နိုင်ဖို့ ကြိုးစားပါ.. "

" သမီး နားလည်ပါတယ်.. "

သမီးကြီးက သဘောတူဟန်ဖြင့် ခေါင်းညိတ်လိုက်၏ ။ သူမ ချောင်ညီအကို အကြောင်းအား နှလုံးသားထဲတွင် သိမ်းစည်းထားလိုက်သည် ။

သူမက ငယ်သေးသဖြင့် အဘိုးကြီဟွမ်ကဲ့သို့ မဟုတ်ချေ ။ သူမ၏ ခွန်အားကို ဖုံးကွယ်ထားတက်သော်လည်း ချောင်ညီအကို၏ သူရဲကောင်းဆန်မှုကို ကြားလျှင် လေးစားအားကျလာ၏ ။ သူမ အဖေက ကျေးဇူးမဆပ်ခိုင်းလျှင်ပင် သူမ အတက်နိုင်ဆုံး ကူညီမည်ဖြစ်သည် ။

" ဟုတ်ပြီ ဟုတ်ပြီ.. သမီး အရင် သွားအိပ်တော့ ..ဖွံဖြိုးဆဲ အရွယ်မှာ ညဥ့်နက်တဲ့အထိ မနေသင့်ဘူး.. "

အဘိုးကြီးဟွမ်က ပြုံး၍ ပြောလိုက်သည် ။ ယခု သူ၏ စိတ်ခံစားချက်များ ပိုကောင်းလာ၏ ။

သမီးကြီး ထွက်သွားပြီးနောက် အဘိုးကြီးဟွမ် ထိုင်ခုံ အလွတ်နှစ်ခုရှေ့တွင်ရှိသော ခွက် နှစ်ခွက်ကို ကြည့်ပြီး ပြုံးလိုက်၏ ။

သူ ချောင်ညီအကိုအတွက် မြေပြင်ပေါ်သို့ အရက်လောင်းချရန် ပြင်လိုက်သည် ။ သို့သော်လည်း လောင်းချခါနီးတွင် နှမြောသွားပြီး မော့သောက်လိုက်ကာ...

" တပ်မှူး.. ကျုပ် ခင်ဗျားကို မလိမ်ဘူးနော်.. "

" ကျုပ်မှာ တခြားအရည်အချင်း မရှိပေမဲ့ ကောင်းမွန်တဲ့ ဗီဇတွေ မွေးထုတ်ပေးနိုင်တယ်.. "

အဘိုးကြီးဟွမ်က သွားဝါကြီးများ ပေါ်အောင် ပြုံးလိုက်ပြီး ကျေနပ်အားရစွာဖြင့်...

" ကျုပ် နဂါးက ကမ္ဘာပေါ်မှာ ပြိုင်ဘက်ကင်းပဲ.. "

All Chapters